ဝေဒနာနဲ့ တရားနာနေပုံ
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
အမရပူမြို့ မင်္ဂလာတိုက်ဟောင်း – မိုးကုတ် ဆရာတော်ဘုရား
အမရပူမြို့- ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၃-၁၀-၆၂)
ဝေဒနာက္ခန္ဓာနဲ့ တရားနာနေတယ်
အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ မိမိတို့ ခန္ဓာကိုယ်ကြီးကို မနေ့ကပြောခဲ့တဲ့အတိုင်း ဉာဏ်နဲ့လှည့်လိုက်တဲ့အခါမှာ ဝေဒနာက္ခန္ဓာနဲ့ တရားနာနေတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့)။
ဉာဏ်က ခန္ဓာကိုယ်လှည့်ထားတော့ ကျန်းမာလို့ တရားနာနိုင်တယ်ဆိုလို့ရှိရင် သုခဝေဒနာနဲ့တရားနာတယ် (မှန်ပါ့) ချောင်းတွေ ဘာတွေဆိုးပြီး သကာလ တရားနာနေကြတော့ ဪ ဒုက္ခဝေဒနာနဲ့တရားနာနေတာပါကလား (မှန်ပါ့) နားကကြားပြီး တရားနာနေကြပြန်တော့လဲ ဪ ဥပေက္ခာ ဝေဒနာနဲ့နာနေတာပါကလား (မှန်ပါ့)။
ဒါဖြင့် တရားနာနေတာ ဘယ်သူတွေတုံး လို့ မေးတဲ့အခါကျတော့ သူ့အခိုက်အတန့် သူ့အခိုက်အတန့်နဲ့ ဝေဖန်လိုက်တဲ့အခါကျတော့ ဝေဒနာက္ခန္ဓာနဲ့ တရားနာနေတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဝေဒနာက္ခန္ဓာနဲ့တရားနာနေပါတယ် ဘုရား)။
ဝေဒနာက္ခန္ဓာနဲ့ တရားနာနေတယ်၊ မနာမကျင် မကိုက်မခဲဘဲနဲ့ တရားနာရတော့ သုခဝေဒနာနဲ့ တရားနာနေတယ် (မှန်ပါ့) ချောင်းဆိုးရင်း ရင်ကျပ်ရင်းနဲ့နာနေရတော့ (ဒုက္ခဝေဒနာနဲ့နာပါတယ် ဘုရား)။
ဆရာသမားကြည့်၊ ဆရာသမားပြောတဲ့ အသံတွေကြားပြီးနာနေကြပြန်တော့လဲ (ဥပေက္ခာဝေဒနာနဲ့ နာပါတယ် ဘုရား)။
ဪ ဒီဥစ္စာအားလုံးတရားနာလာကြတဲ့ဥစ္စာ ဝေဒနာက္ခန္ဓာပြောင်းလွှဲပြီး နာနေကြတယ် (မှန်ပါ့) သုခဝေဒနာနဲ့ တရားနာလိုက် (မှန်ပါ့) ဒုက္ခဝေဒနာဖြစ်ခိုက်နဲ့ တရားနာလိုက်၊ ဥပေက္ခာဝေဒနာဖြစ်ခိုက်နဲ့ (တရားနာလိုက်ပါ ဘုရား)။
ဪ တရားနာနေကြတာ ယောကျ်ားတွေလား မိန်းမတွေလား မည်သူမည်ဝါတွေလား လို့ မေးလို့ရှိရင်ဖြင့် ဝေဒနာက္ခန္ဓာတွေပါဘုရား လို့ ဆိုရင်ဖြင့်လဲ ဦးလှဘူး အမှန်တွေဘဲ (မှန်ပါ့ ဘုရား) ဦးမာဒင် အမှန်ဘဲနော် (အမှန်ပါ ဘုရား)။
သက္ကာယဒိဋ္ဌိပြုတ်ပါစေ
ဒီဥစ္စာ ဆရာသမား ဘယ့်နှယ်ကြောင့် ဒီအကြောင်းပြောပါလိမ့်မတုံး လို့ ဒကာသစ်က အကြီးအကျယ် မေးလို့ရှိရင် ငါ တရားနာနေတယ်ဆိုတဲ့ သက္ကာယဒိဋ္ဌိပြုတ်ပါစေလို့ ဒါပြောနေတာ (မှန်ပါ့)။
ကျွန်မတို့ တရားနာနေတယ်၊ ကျွန်တော်တို့ တရားနာနေတယ်ဆိုတဲ့ဥစ္စာတွေ မဖြစ်ပါစေနဲ့လို့ ဝေဒနာတွေနဲ့ပြောင်းပြီး ဝေဒနာက္ခန္ဓာတွေနဲ့ တရားနာနေရတာ ထင်ရှားပါစေတော့ဆိုပြီး ဒကာ ဒကာမတို့ ဒါ၊ ခန္ဓာဉာဏ်ရောက်ပြောနေတဲ့ တရားလို့မှတ်ပါ (မှန်ပါ့)။
တကာကြီး ဦးမာဒင် ဘာတဲ့တုံးဗျာ (ခန္ဓာဉာဏ်ရောက်ပြောနေတဲ့ တရားပါ ဘုရား)။
သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ပါ၊ ခံ့ခံ့ကျန်းကျန်းနဲ့ တရားနာရင် ဘာတဲ့ဗျာ (သုခဝေဒနာနဲ့နာပါတယ် ဘုရား)။
အင်း၊ ပုဂ္ဂိုလ်သတ္တဝါတရားနာတာ မဟုတ်ပါဘူး၊ သုခဝေဒနာနဲ့နာတာ (မှန်ပါ့) ချောင်းဆိုးရင်ကျပ်ဝေဒနာနဲ့ တရားနာနေရပြန်တော့လဲ အင်း၊ ဒုက္ခဝေဒနာနဲ့ တရားနာတယ် (မှန်ပါ့)။
မျက်လုံးက ဆရာသမားဆီစိုက်ပြီး သကာလ နားက ဆရာသမားပြောတဲ့ အသံကို ကြားပြီး သကာလ နာနေရပြန်တော့ (ဥပေက္ခာဝေဒနာနဲ့နာပါတယ် ဘုရား)။
ဒီကနံတယ်၊ဟိုကနံတယ်၊ရှူရင်းရှိုက်ရင်းနဲ့နာနေရပြန်တော့လဲ ဘာပါလိမ့် (ဥပေက္ခာဝေဒနာနဲ့နာပါတယ်) သဘောကျပြီ (ကျပါပြီ ဘုရား)။
ဥပေက္ခာဒေနာနဲ့နာနေတော့ တခါတလေတောင်တွေးရင်း၊မြောက်တွေးရင်းနဲ့လဲ နာနေတယ် (မှန်ပါ့) တခါတလေကျတော့ ရှူရင်း,ရှိုက်ရင်းနဲ့လဲ နာနေရတယ် (မှန်ပါ့) အင်း၊ ဒါဘယ်သူတွေပါလိမ့်ဗျာ (ဥပေက္ခာဝေဒနာတွေပါ ဘုရား)။
အဲဒီလိုကျတော့ အင်း၊ ယောကျ်ားတွေ တရားနာနေတာမဟုတ်ဘူး၊ မိန်းမတွေ တရားနာနေတာ မဟုတ်ဘူး၊ ဝေဒနာက္ခန္ဓာကြီး အလှည့်ကျနဲ့ တရားနာနေကြတယ် (မှန်ပါ့)။
ဘယ်သူတရားနာနေပါလိမ့်
ဘယ်သူတရားနာနေပါလိမ့် (ဝေဒနာက္ခန္ဓာကြီး အလှည့်ကျနဲ့ တရားနာနေပါတယ် ဘုရား)။
ဝေဒနာက္ခန္ဓာ အလှည့်ကျနဲ့ တရားနာနေတော့ ဒါဖြင့် ဘယ်အချိန် လက်ညှိုးထိုးရင်ဖြင့် ဝေဒနာထိုးမိရမယ် (မှန်ပါ့)။
ခန္ဓာကိုယ်ကြီးကို လက်ညှိုးထိုးရင် ဘာထိုးမိပါ့မလဲ (ဝေဒနာက္ခန္ဓာထိုးမိပါတယ် ဘုရား) ဝေဒနာဘဲ ထိုးမိမယ် (မှန်ပါ့)။
အဲဒါကြောင့် ဦးမာဒင်တို့ ဘယ်သူတွေ တရားနာနေသလဲမေးရင် ဝေဒနာက္ခန္ဓာ တရားနာနေတယ်ဘုရာ့ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဪ၊ဘယ်သူများ တရားနာနေပါလိမ့် (ဝေဒနာက္ခန္ဓာတရားနာနေပါတယ် ဘုရား) ဝေဒနာက္ခန္ဓာ တရားနာနေတယ် (မှန်ပါ့)။
ဪ ဒကာ ဒကာမတို့ ဒီအထဲ အန္တရာယ်ကင်းဘေးရှင်းတဲ့ပုဂ္ဂိုလ်များ ပါသေးသလား (မပါ ပါ ဘုရား)ဝေဒနာနဲ့ တရားနာနေတယ် (မှန်ပါ့) အန္တရာယ်ကင်း ဘေးရှင်းဖြစ်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
သို့သော် ဒကာ ဒကာမတွေ အထင်ကတော့ကို တဲ့ အန္တရာယ်ကင်းဘေးရှင်းပြီး တရားကြိုးစားမှဘဲလို့ ဒီလိုထင်ကြတယ် (ထင်ကြပါတယ် ဘုရား) ထင်ချင်လို့သာထင်တာ၊ ခင်ဗျားတို့ ဝေဒနာက္ခန္ဓာနဲ့တရားနာနေတာ (မှန်ပါ့) တခါတလေ ချောင်းဆိုးရင်းများ တရားနာနေတယ်ဆိုတော့ ဘာဝေဒနာနဲ့ တရားနာနေသလဲ (ဒုက္ခဝေဒနာနဲ့တရားနာနေတယ် ဘုရား) ဘယ်ချမ်းသာတော့မှာတုံး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အောက်က နာရင်း,ကျဉ်ရင်းနဲ့လဲ တရားအာရုံတွေပျက်သွားမှာစိုးလို့ဘုရာ့၊ နာနေရတယ်ဆိုပြန်တော့လဲ ဘယ်ဝေဒနာနဲ့ နာနေသလဲ (ဒုက္ခဝေဒနာနဲ့နာနေပါတယ် ဘုရား)။
ဉာဏ်လှည့်လှည့်ပေးနေရတယ်
ဒီဟာကလေးမြင်အောင် ဒီလို့ကို ဉာဏ်လှည့်လှည့်ပေးနေရတယ်၊ (မှန်ပါ့) လှည့်လှည့်ပေးနေတဲ့ အခါကျတော့ ဝေဒနာပေါ်မှန်းသိတော့ ဦးမာဒင် ဝေဒနာပျက်မှန်းသိတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာပေါ်မှန်းသိတော့ (ဝေဒနာပျက်မှန်းသိပါတယ် ဘုရား)။
ဒီလို သိလိုက်တဲ့အခါကျတော့ ပေါ်တာရော ပျက်တာရောသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊ ဝေဒနာက္ခန္ဓာအစစ်ဘဲဆိုတဲ့ဉာဏ်က မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ရောက်တော့ သက္ကာယဒိဋ္ဌိပြုတ်တယ် (ပြုတ်ပါတယ် ဘုရား)။
ဪ ဒီသက္ကာယဒိဋ္ဌိပြုတ်သွားမယ်ဆိုရင်ဖြင့် ဒီတရားပွဲမှာ သောတာပန်ချက်ချင်းတည်မယ် (မှန်ပါ့)။
ဒါ့ကြောင့် ဒကာသစ်တို့ တရားနာတိုင်း ဘယ်သူတရားနာသတုံးလို့ မေးတိုင်းမေးတိုင်းဟာ ဉာဏ်က ခန္ဓာလှည့်ပြီး ဪ ဝေဒနာတွေလှည့်ပြီး တရားနာနေတာ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ဝေဒနာတွေလှည့်ပြီး တရားနာနေပါတယ် ဘုရား) ဝေဒနာက္ခန္ဓာတွေ လှည့်ဖြစ်ပြီး တရားနာနေတယ်ဆိုရင်ဖြင့် အမှန်ပါဘဲ (အမှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီဝေဒနာက္ခန္ဓာနဲ့ တရားနာနေတော့ကိုတဲ့ ဒီဥစ္စာသက္ကာယဒိဋ္ဌိပြုတ် (မှန်ပါ့)။
ဝေဒနာက္ခန္ဓာနဲ့လှည့်ပြီး တရားနာနေမှန်းသိတော့ ဘာပြုတ်သလဲ (သက္ကာယဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။
ဝေဒနာက္ခန္ဓာဆိုတာ နာရင်းမတ္တနဲ့ဘဲ ဒုက္ခပြောင်းသွားလိုက် သုခပြောင်းသွားလိုက် (မှန်ပါ့) ဒုက္ခပျက်သွားလိုက် သုခကပေါ်လိုက်၊ သုခပျက်သွားလို့ ဥပေက္ခာက ပေါ်လိုက် (မှန်ပါ့ ဘုရား)။
နာမည်သာတူ၍ ပျက်လိုက်,ဖြစ်လိုက်
အင်း၊ ဝေဒနာက္ခန္ဓာပေမဲ့လဲ နာမည်သာတူ၍ ပျက်လိုက်,ဖြစ်လိုက်,ပြောင်းလိုက်,လွှဲလိုက်တွေကလဲ ရှိနေတာကော ဧကန်ဘဲ (မှန်ပါ) ဦးလှဘူး ဧကန်ပေါ့ (ဧကန်ပါ ဘုရား)။
အဲဒီ ဧကန်ကြီးကြည့်လိုက်ပြန်တော့ ပျက်လိုက် ဖြစ်လိုက်၊ အင်း ဒုက္ခပျက်လိုက် သုခအစားထိုးလိုက်၊ သုခပျက်ပြားသွားပြန်လဲ ဥပေက္ခာ အစားထိုးလိုက်၊ အင်း ပျောက်ပျက်လျက်နဲ့ တရားနာနေတယ် (မှန်ပါ့ ဘုရား)။
ပျောက်ပျက်လျက်နဲ့ တရားနာနေတော့ ဪ တရားနာနေတာ မခိုင်မမြဲပါကလား၊ ပျောက်ပျက်မှုနဲ့ တရားနာနေပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ထိုကဲ့သို့ ပေါ်လာတာ ထောက်လိုက်တော့မှ သဿတဒိဋ္ဌိက ဦးမာဒင်ပြုတ်ထွက်သွားတယ် (ပြုတ်ထွက်ပါတယ်) ပျောက်ပျက်ပြီး တရားနာနေတယ် (မှန်ပါ့)။
သုခဝေဒနာပျောက်သွားပြီး ဒုက္ခဝေဒနာက တရားနာနေတယ် (မှန်ပါ့) ပျောက်ပျက်ပြီး တရားနာနေတဲ့သဘောကို ကြည့်လိုက်တော့ သဿတဒိဋ္ဌိတွေ ပျောက်သွားတယ် (မှန်ပါ့ ဘုရား)။
တခါ ဥစ္ဆေဒဒိဋ္ဌိပျောက်အောင် ဉာဏ်နဲ့ကြည့်မယ်ဆိုတော့ ဒုက္ခဝေဒနာပျောက်ပြီး သုခဝေဒနာတွေက အစားထိုးလာတာလဲ ဒီဟာကလေး တရားနာလိုက်ပြန်တော့ သုခကလေးဖြစ်ပြီးလာရပြန်တယ် (လာရပါတယ် ဘုရား)။
အင်း၊ ဒုက္ခပျောက်ပြီး သုခနဲ့နာနေပြန်တယ် (မှန်ပါ့)ဒုက္ခပျောက်ပြီး သုခနဲ့နာနေတာ ထောက်လိုက်ပြန်တော့လဲ ဒကာ ဒကာမတွေ ဒုက္ခနေရာ သုခအစားထိုးတယ်ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိပြတ်တယ်လို့ ယူတဲ့အယူဟာ ယူလို့ရသေးသလား (မရပါ ဘုရား)။
ဒိဋ္ဌိပြုတ်တယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာနဲ့ တရားနာနေတယ်လို့သိရင် သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) တစ်ခုသော ဝေဒနာကလေးပျက်သွားတာ မြင်လိုက်လို့ရှိရင် သဿတဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)။
တစ်ခုသော ဝေဒနာကလေး အစားထိုးလာတာမြင်လိုက်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) ဦးလှဘူး သဘောကျပလား (ကျပါပြီ ဘုရား)။
မကျမရှိပါနဲ့၊ ဒီဟာမကျလို့ရှိရင် ခင်ဗျားတို့ အပါယ်လေးပါး ငရဲမျိုးစေ့ မပြုတ်မှာစိုးလို့ ရှေ့ပိုင်းမှာ ဦးမာဒင် ဒါတည့်ပေးနေတယ် (မှန်ပါ့) ဒကာသစ် အရေးကြီးတယ်နော် (အရေးကြီးပါတယ် ဘုရား)။
ဘာကုသိုလ်ကြီးပြုလို့ ဘာကြီးလုပ်နေနေ ဒကာ ဒကာမတို့ ဒီမျိုးစေ့ သက္ကာယရယ်, သဿတရယ်, ဥစ္ဆေဒရယ် ဒီသုံးမျိုးမပြုတ်လို့ရှိရင် မဂ်ဖိုလ်လဲတားမယ်, အပါယ်လဲသွားရမယ် (မှန်ပါ့ ဘုရား)။
သက္ကာယ, သဿတ, ဥစ္ဆေဒိဋ္ဌိဆိုတဲ့ ဒီသုံးခု တစ်ခုခုရှိခဲ့သည်ရှိသော် ဘယ်လိုပင်အားထုတ်ငြားသော်လဲ မဂ်ဖိုလ်တားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) မဂ်ဖိုလ်လဲတားတယ်၊ အပါယ်လဲ သွားရတယ် (မှန်ပါ့)။
ဦးမာဒင် ဘာတဲ့တုံး (မဂ်ဖိုလ်လဲတားတယ်၊ အပါယ်လဲ သွားရပါတယ်) ဒိဋ္ဌိဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) သက္ကယဒိဋ္ဌိကတစ်မျိုး (မှန်ပါ့) သဿတဒိဋ္ဌိက (တစ်မျိုးပါ)ဥစ္ဆေဒဒိဋ္ဌိက (တစ်မျိုးပါ ဘုရား)။
ဒီသုံးမျိုးတစ်ခုခုရှိခဲ့သော် ခန္ဓာထဲမှာ ဒီဟာကိုမရှင်းဘဲနဲ့နေခဲ့သော် ဒိဋ္ဌိတစ်မျိုးမျိုးရှိမယ် (မှန်ပါ့)။
ထိုကဲ့သို့ ရှိလျက်နဲ့ လှူကြ, တန်းကြ, ပေးကြ, ကမ်းကြလို့ရှိရင် နတ်ရွာသုဂတိတော့ ရောက်တယ် (မှန်ပါ့)နိဗ္ဗာန်တော့ မရောက်နိုင်ဘူး (မှန်ပါ့ ဘုရား)။
နတ်ရွာသုဂတိတော့ (ရောက်နိုင်ပါတယ်) နိဗ္ဗာန်တော့ (မရောက်နိုင်ပါ) ဒကာသစ် ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး (ဒိဋ္ဌိမပြုတ်လို့ပါ)ဒိဋ္ဌိမပြုတ်လို့ (မှန်ပါ့)။
ဒိဋ္ဌိပြုတ်မှ
ဦးမာဒင်ဘာတဲ့ (ဒိဋ္ဌိမပြုတ်လို့ပါ) ဒါဖြင့် ဒိဋ္ဌိမပြုတ်လို့ဆိုတော့ ဒိဋ္ဌိပြုတ်မှ ကျုပ်တို့အပါယ်လွတ်မှာ (မှန်ပါ့)ဒိဋ္ဌိပြုတ်မှလဲ သောတာပန်တည်မယ် (မှန်ပါ့) ဒိဋ္ဌိပြုတ်မှလဲ အပါယ်တံခါးပိတ်မယ် (မှန်ပါ့)။
ဒါ့ကြောင့် ရှေ့ပိုင်းမှာ ဒကာ ဒကာမတို့ နေကောင်းလို့တရားနာရင်လဲ ဘာနဲ့နာသတုံး (သုခဝေဒနာနဲ့နာပါတယ် ဘုရား)။
အင်း၊ ပုဂ္ဂိုလ် သတ္တဝါပျောက်ပြီ (ပျောက်ပါပြီ ဘုရား) ချောင်းဆိုးရင်း ရင်ကျပ်ရင်းနဲ့လဲ တရားနာနေရတယ် (မှန်ပါ့ ဒုက္ခဝေဒနာတွေနဲ့ပါ ဘုရား)။
အင်း၊ ဒုက္ခဝေဒနာနဲ့ တရားနာနေတယ်ဆိုတာ သိပြီနော် (မှန်ပါ့) မျက်လုံးက ဆရာသမားဆီကြည့်၊ နားကကြားလျက်နဲ့နာနေရတော့ (ဥပေက္ခာဝေဒနာနဲ့ပါ ဘုရား) ဒီလိုသိပြန်တော့ သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာပြုတ်သွားသတုံး (သက္ကာယဒိဋ္ဌိပြုတ်သွားပါတယ် ဘုရား)။
ကြပ်ကြပ်မပျင်းမရိဘဲနဲ့ ဒီဥစ္စာ ဒို့ ဒါကလေးရှိနေလို့ရှိရင် ဒို့ပြုတဲ့ ကုသိုလ်ဟာ သုဂတိကဘဲ မတက်တော့ဘူး၊ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့ ဘုရား)သူကဘဲ ထိုးချနေတာဘဲ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဒို့ဆရာဘုန်းကြီး ရှေ့ပိုင်းမှာ သက္ကာယဒိဋ္ဌိဖြုတ်နေတာကိုး၊ ဒါ့ကြောင့် ဒို့ အရေးတကြီးမှတ်ပြီးတော့ ဒို့အိမ်ရောက်တဲ့အခါလဲ ဪ သုခဝေဒနာနဲ့ ထိုင်လိုက်တယ် ဪ ဒုက္ခဝေဒနာနဲ့ ထိုင်ပြန်ပြီ၊ ဪ ဥပေက္ခာဝေဒနာနဲ့ ထိုင်ပြန်ပြီဆိုတာလဲ နှလုံးသွင်းနေ (မှန်ပါ့)ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ထိုကဲ့သို့ နှလုံးသွင်းလိုက်သည်ရှိသော် ဦးမာဒင် သက္ကာယဒိဋ္ဌိပြုတ်ပါပြီ (မှန်ပါ့)။
သုခဝေဒနာကလေးချုပ်သွားတာမြင်လိုက်လို့ရှိရင်လဲတဲ့ သဿတဒိဋ္ဌိပြုတ်ပါပြီ (မှန်ပါ့)။
ဒုက္ခဝေဒနာကလေးအစားထိုးတာ မြင်လိုက်ပြန်လို့ရှိရင်လဲ ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါပြီ (မှန်ပါ့ ဘုရား)။
သုခပျောက်သွားတာ မြင်လိုက်တော့ (သဿတဒိဋ္ဌိပြုတ်ပါတယ်) သုခဝေဒနာနေရာ ဒုက္ခဝေဒနာကလေး အစားထိုးပြီး တရားနာနေရပြန်တော့ (ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါတယ်) ဒိဋ္ဌိဘယ်နှစ်မျိုးပြုတ်သလဲ (နှစ်မျိုးပြုတ်ပါတယ် ဘုရား)။
သေပျော်တဲ့တရားဘဲ
ဝေဒနာနဲ့ တရားနာနေတယ်လို့ သိရင် သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)။
ဪ အခုတရားနာနေတဲ့ ဝေဒနာကလေးဟာလဲ ပျောက်သွားပြန်ပြီလို့ သိရင် (သဿတဒိဋ္ဌိပြုတ်ပါတယ်) ဒီပျောက်သွားတဲ့ တရားကလေးမရှိရင် ဗိုင်းကနဲ လဲမသေဘဲနဲ့ နောက်ဝိညာဏ်နဲ့ တရားနာနေတာသိရပြန်တော့ (ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။
ခင်ဗျားတို့ သေပျော်တဲ့တရားဘဲ (မှန်ပါ့)အင်မတန်အဖိုးတန်သွားပြီ (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘယ့်နှယ်တုံး (အဖိုးတန်သွားပါပြီ)အင်မတန်အဖိုးတန်သွားပြီတဲ့ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်သွားတယ်လို့ ဘုန်းကြီးက ချီးမြှောက်ပြောတာလားလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ တသံသရာလုံးဟာ သူအပါယ်ချနေတာ (မှန်ပါပ) ဒိဋ္ဌိမပြုတ်လို့ သူက အပါယ်ချနေတာ (မှန်ပါ့)သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိမပြုတ်လို့ (သူက အပါယ်ချနေတာပါ) အခုတော့ဖြင့် ဪ ဒိဋ္ဌိအလုပ်မဟုတ်ဘူး၊ ဝေဒနာအလုပ်ကိုး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
တရားနာတာ ဘယ်သူ့အလုပ်တုံး (ဝေဒနာ့အလုပ်ပါ ဘုရား)။
တရားနာတဲ့အတွင်းမှာလဲ တခါတလေ ကျန်းကျန်းမာမာနဲ့ နာရတယ်၊ ကျန်းမာတာချုပ်ပြီး မကျန်းမာတာနဲ့ နာရတာလဲ ရှိသေးတယ် (ရှိပါတယ် ဘုရား)။
ကျန်းမာတာချုပ်တာ မြင်လိုက်ပြန်တော့လဲ သဿတဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) မကျန်းမမာဘဲနဲ့ နာနေရတာမြင်လိုက်ပြန်တော့လဲ ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) အင်မတန်သဘောပါတယ်လို့မှတ်ပါ (မှန်ပါ့)။
တရားကလဲ စစ်တော့ ခန္ဓာ့အဖြစ်နဲ့ကိုက်တယ် (မှန်ပါ့) တရားကလဲအစစ် ခန္ဓာ့အဖြစ်နဲ့ကိုက်တယ်လို့ ဦးဗထွေး သေသေချာချာမှတ်ပါ (မှန်ပါ့) ဦးမာဒင် ရှင်းပလား (ရှင်းပါပြီ ဘုရား) ရှင်းပြီ ရှင်းပြီ။
ကိုင်း၊ ဒါဖြင့် ဒီဝေဒနာတွေကို မသိကြဘူး တဲ့၊ သုခနဲ့တရားနာနေတယ်၊ ဒုက္ခနဲ့တရားနာနေတယ်၊ ဥပေက္ခာနဲ့ တရားနာနေတယ်၊ ဝေဒနာက္ခန္ဓာကြီးနဲ့ တရားနာနေတယ်လို့မသိကြတော့ ဘယ့်နှယ်ဖြစ်နေသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဝေဒနာပစ္စယာ တဏှာဆိုတာလာတယ် (မှန်ပါ့ ဘုရား)။
ဪ ဘယ့်နှယ်ကြောင့် ဒီတဏှာ ဥပမာ ဒီကခပ်ကြီးကြီးဟာ ဝေဒနာထားပါနော်၊ ဒါခန္ဓာကိုယ် ဝေဒနာက္ခန္ဓာကိုယ်ကြီးထားပါ (မှန်ပါ့) ဒီဝေဒနာသည် ဘယ့်နှယ်ကြောင့်နောက်ကနေပြီး ဝေဒနာပစ္စယာ တဏှာနဲ့ ခန္ဓာဖြစ်စဉ်ကြီးက ဒီအစဉ်ကြီးသွားနေပါလိမ့်မလဲ ဆိုတော့ ဝေဒနာမချုပ်လိုက်သေးလို့ (မှန်ပါ့) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။
ဝေဒနာပစ္စယာ တဏှာ
အင်း၊ ဘုရားအဆူဆူကလဲ ဝေဒနာပစ္စယာ တဏှာတဲ့ (မှန်ပါ့)ကိုယ့်သန္တာန်ကြည့်ပြန်တော့လဲ ဟုတ်,မဟုတ် အကဲခတ်ကြည့်ပြန်တော့ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာခင်တာ ဘာပါလိမ့်မတုံး (တဏှာပါ ဘုရား)။
ခန္ဓာက ဝေဒနာက္ခန္ဓာ၊ ခင်တာက တဏှာ (မှန်ပါ့ ဘုရား) ဝေဒနာပစ္စယာ (တဏှာပါ)အင်း ဒါ့ကြောင့်လဲ ဟောပေတာဘဲ (မှန်ပါ့)ဒါ့ကြောင့်လဲ ဟောပေတာဘဲဆိုတာ ဒကာ ဒကာမတွေ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။
ဝေဒနာပစ္စယာ (တဏှာပါ) ဪ ကိုယ့်ခန္ဓာကြီးက (ဝေဒနာက္ခန္ဓာပါ) ဪ ဒီခန္ဓာကိုယ်ကြီးကို ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုပြီးတော့ ခင်ရှာလွန်းလို့ အန္တရာယ်ကင်း ဘေးရှင်းပါရစေဆိုပြီး သကာလ မေတ္တာများပို့ပြီး သကာလ “အဟံအဝေရာ ဟောမိ” အဟံ=ငါသည်၊ အဝေရော=ရန်မရှိသည်၊ ဟောမိ-ဖြစ်ရပါလို၏ဆိုတော့ မေတ္တာလိုလိုနဲ့ ခင်မှုကိုးဗျ (မှန်ပါ့) ဝေဒနာပစ္စ (တဏှာပါ ဘုရား)။
မေတ္တာလိုလိုနဲ့ ဘာဖြစ်သတုံး (တဏှာပါ) ဒါ့ကြောင့် “ရာဂေါ မေတ္တာယ ဝေဉ္စတိ”ရာဂေါ=ခင်တတ်တဲ့ရာဂသည်၊ မေတ္တာယ=မေတ္တာလိုလိုနဲ့၊ ဝေဉ္စတိ=သတ္တဝါတွေကို လှည့်စား၏တဲ့ (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်များ မေတ္တာပို့ပြီး
ခင်ဗျားတို့ ကိုယ့်ကိုယ်များ မေတ္တာပို့ပြီး သကာလ နေကြတဲ့ ဒကာ ဒကာမတွေ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ တခါတလေကျတော့ ကိုယ့်ကိုယ်ခင်လို့ ပို့တာလဲရှိတယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ် သနားလို့ ပို့တာလဲရှိတယ် (မှန်ပါ့) သို့သော် ရိုးရိုး ဦးမာဒင်တို့၊ ဦးလှဘူးတို့၊ ဒကာသစ်တို့က ပြောရလို့ရှိရင် ဘာပြစ်ဖြစ်မယ်ထင်ကြသတုံး ခင်ဗျားတို့ (တဏှာပြစ်ပါ) သွားပြီဗျ (မှန်ပါ့) မေတ္တာကိုဟုတ်ကဲ့လား (မဟုတ်ပါ) ခင်လို့ပို့တာ (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘယ်လိုကြောင့်ပို့တာတုံး (ခင်လို့ပို့တာပါ)နောက်က ဒကာ ဒကာမတွေ မုသားမဖြစ်စေနဲ့၊ ဘယ်လိုကြောင့်ပို့ကြတာတုံး (ခင်လို့ပို့တာပါ) သွားပြီ မေတ္တာကို မဟုတ်ဘူး (မဟုတ်ပါ ဘုရား)။
မေတ္တာဆိုတဲ့ ဥစ္စာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် သူ့ကိုခင်တဲ့အထဲမထည့်ပါနဲ့ (မှန်ပါ့) သနားတဲ့အထဲ မေတ္တာထည့်ရမယ်၊ မုဒိတာ ဝမ်းမြောက်အောင် ဒီလိုလုပ်ရမှာ (မှန်ပါ့) အန္တရာယ်ကင်း ဘေးကင်းစေချင်လို့ လုပ်ရမှာလား (မဟုတ်ပါ)ခင်လို့ကော (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သုံးနေတာက ဒီခန္ဓာကြီး ခလုတ်မထိဆူးမငြိအောင်ဆိုပြီး သကာလ သူ့ဘဲအားကိုးပြီး သူကျန်းမာမှ စီးပွားရေးက နေရာကျတာကိုး (မှန်ပါ့) ဆိုတော့ ဦးမာဒင် ဘာနဲ့ လွဲနေသတုံး (ရာဂနဲ့လွဲနေပါတယ် ဘုရား)။
တဏှာက အပို့ခိုင်းနေတာ
ဒါက “ရာဂေါ မေတ္တာယ သေဉ္စတိ” ရာဂေါ=ရာဂသည်၊ မေတ္တာယ=မေတ္တာလိုလိုနဲ့၊ ဝေဉ္စတိ=မေတ္တာအပို့ခိုင်း၏တဲ့ (မှန်ပါ့)အင်း တဏှာက အပို့ခိုင်းနေတာ (မှန်ပါ့) သို့သော် ဒကာ ဒကာမတွေက ဒါလောက်မသိပါဘူး (မသိပါ ဘုရား)။
”အဟံ အဝေရော ဟောမိ”အဟံ=အကျွန်ုပ်သည် (ဝါ)ငါသည်၊ အဝေရော=ရန်မရှိသည်၊ ဟောမိ=ဖြစ်ရပါလို၏၊ ခင်ဗျားတို့ စလိုက်ပြီ (မှန်ပါ့ ဘုရား)။
အင်း၊ ဦးလှဘူး ဘယ်အကျိုးငှာ ဘယ်သဘောနဲ့ပို့တာတုံးလို့ မေးတဲ့အခါကျတော့ ဟာ ကိုယ့်ကိုယ်အခင်ဆုံးဘဲဘုရာ့ ခင်လို့ပို့ရတာ (မှန်ပါ့) ခင်ရင် ဒါမေတ္တာကို မဟုတ်ပါဘူး (မှန်ပါ့) တဏှာဖြစ်နေပြီ (ဖြစ်ပါတယ် ဘုရား)။
ဘာဖြစ်နေသတုံး (တဏှာဖြစ်နေပါတယ်) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါတသက်လုံးကို ခင်ဗျားတို့ အခု ဆရာဘုန်းကြီးသာဖော်မပြောဘူးဆိုလို့ရှိရင်ဖြင့် ဦးမာဒင်သွားပြီ (သွားပါပြီ) ဘာနဲ့ပို့နေတာပါလိမ့် (တဏှာနဲ့ပါ)အင်း၊ ခင်ဗျားတို့က မေတ္တာနဲ့ဆို (မသိခင်ကပါ) မသိဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဘယ်သူက လုပ်နေတာတုံးဆိုတော့ ခင်ဗျားတို့ မေတ္တာပို့နေတာ တဏှာပယောဂက ဝင်ပို့နေတာ၊ မေတ္တာကနောက်ဆုတ်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မေတ္တာက ဘယ်ရောက်နေသတုံး (နောက်ဆုတ်နေပါတယ်) ဘယ်သူကဝင်ပို့သတုံး (တဏှာပယောဂက ဝင်ပို့ပါတယ်) ဟာ ဒါဖြင့် ခင်ဗျားတို့ဟာ ပယောဂပူးနေပြီ (မှန်ပါ့ ဘုရား)။
ပယောဂပူးနေတယ်
ဦးမာဒင် ဘာဖြစ်နေတာတုံး (ပယောဂပူးနေပါတယ်) ပူးပေမဲ့ ခင်ဗျားတို့ကလဲ မသိပါဘူး (မသိပါ ဘုရား)။
မသိလိုက်တဲ့ဖြစ်ခြင်းမှ ကြာပလား၊ ကြာကြပလား မေတ္တာပို့နေတာ၊ ဒီနည်းနဲ့ပို့နေတာ၊ ကြာကြပလား မေးရင်တဲ့ ဒကာသစ် ဘယ့်နှယ်ဖြေပါ့မလဲ (ကြာပါပြီ) ပယောဂမှန်းသိရဲ့လား (မသိပါ)ဟာ ဒါဖြင့် နာတာရှည်ဘဲ (မှန်ပါ့) ကြောက်စရာကြီးပါလား (မှန်ပါ့ ဘုရား)။
အေး၊ ဒါကြောင့် ပြင်ကြစမ်းပါဦးဆိုရတယ်နော် (မှန်ပါ့) ပြီးတော့ဖြင့်တဲ့ ဝေဒနာပစ္စယာ တဏှာဆိုတော့ ဝေဒနာကြီးကို တဏှာနဲ့ မေတ္တာပို့တယ် (မှန်ပါ့ ဘုရား)။
ဝေဒနာက္ခန္ဓာကြီးကို (တဏှာနဲ့ မေတ္တာပို့ပါတယ်) အင်း၊ တဏှာနဲ့ မေတ္တာပို့တယ်လို့ပြောရတာ သိပ်နာတယ် (မှန်ပါ့) မေတ္တာပို့တာ မေတ္တာစေတသိက်နဲ့ပို့ရတယ် (မှန်ပါ့ ဘုရား) တဏှာနဲ့ပို့လို့ကို မရဘူး(မရပါ)ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ သိစရာတွေကလဲ ဦးမာဒင် များလိုက်တာ (များပါတယ်) ရာဂေါ မေတ္တာယဝေဉ္စတိ၊ ရာဂေါ=ရာဂဆိုတဲ့တဏှာက၊ မေတ္တာယ=မေတ္တာလိုလိုနဲ့၊ ဝေဉ္စတိ=ကိုယ့်ကိုယ်ကို အပို့ခိုင်း၏ (မှန်ပါ့ ဘုရား) အံမာလေး တဏှာက အပို့ခိုင်းနေတာနော် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်သူက အပို့ခိုင်းသတုံး (တဏှာက အပို့ခိုင်းပါတယ်)တဏှာက မင့်ကိုယ်မင်း ချမ်းသာအောင်ပို့ဆိုပြီး သကာလ တဏှာကဝင်ပြီး၊ ဦးမာဒင်ကြီးတို့ ပယောဂဖြစ်ပြီး သကာလ ဝင်ပြီးများ ပို့နေလိုက်တာ ကျုပ်အန္တရာယ်မကင်းတာ ဘာကြောင့် ဘာလိမ့်မတုံးလို့ မသိရှာဘူး (မသိပါ) မေတ္တာမှမဟုတ်ဘဲ (မှန်ပါ့) တဏှာကဝင်ပြီး ပယောဂအဖြစ်နဲ့ ပို့နေတဲ့ဥစ္စာ ဒကာဦးလှဘူး သိလောက်ပြီ (သိပါပြီ) သိပြီ မဟုတ်လား (မှန်ပါ့)ပြင်ကြနော် (မှန်ပါ့ ဘုရား)။
ဝမ်းသာတာက တဏှာဖြစ်တယ်
ကဲ၊ ဒါဖြင့် သွားကြပါစို့၊ ဒကာ ဒကာမတို့ “ဝေဒနံပဋိစ္စ တဏှာ ဝေဒနာပစ္စယာ တဏှာ”တော့ပေါ်ပြီ (ပေါ်ပါပြီ)ဒီခန္ဓာကြီးက ဝေဒနာက္ခန္ဓာကြီး (မှန်ပါ့)ဒီခန္ဓာကြီးသည် ကျန်းမာလို့ ဝမ်းသာရသေးတယ် (မှန်ပါ့ ဘုရား)။
ကျန်းမာလို့ ဘယ့်နှယ်တဲ့တုံး (ဝမ်းပဲသာရပါသေးတယ်) ဒါကကျန်းမာတဲ့ ဝေဒနာ၊သုခဝေဒနာ (မှန်ပါ့) ဝမ်းသာတာက ခင်လွန်းလို့ ဝမ်းသာတာ (မှန်ပါ့)ဝမ်းသာတာက တဏှာဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဝေဒနာပစ္စယာ (တဏှာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကျန်းမာလို့ ဝမ်းသာရသေးတယ် (မှန်ပါ့) ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
ဒီလိုကော အယူရှိရဲ့လား (ရှိပါတယ်) ကျန်းမာလို့ (ဝမ်းသာပါတယ်) ဝမ်းသာတယ် (မှန်ပါ့)အံမာလေး ဖြစ်မှဖြစ်ရပလေ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ကျန်းမာတာက သုခဝေဒနာ၊ ဟုတ်လား၊ ဝမ်းသာတာက (တဏှာပါ)ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။
ဪ ဒါ့ကြောင့် ဘုရားဟောတာဘဲ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ကျန်းမာတာများ ဘုန်းကြီးတို့ ကြောက်လိုက်တာ မပြောနဲ့တော့ (မှန်ပါ့) အကုန်သေအောင်သတ်မလို့ မပြောချင်လို့သာ (မှန်ပါ့) ခင်ဗျားတို့သတ်မည့် တဏှာက ဖြစ်နေပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ကျန်းမာရင် ဘာဖြစ်နေသလဲ (တဏျာဖြစ်နေပါတယ်) ဒါဖြင့် ကျိုးကန်းနေတာက တော်တော်ရှိသေးတယ်၊ အတော်ဆိုးနေတယ် ဒကာ ဒကာမတို့ (မှန်ပါ့)။
ကြည့်စမ်းပါလား ဒကာသစ်တို့၊ ကိုယ်ကိုယ်တိုင် စဉ်းစားကြည့်၊ ဦးမာဒင်တို့ ဦးသန်းမောင်တို့ သေသေချာချာ စဉ်းစားကြည့်၊ ကျန်းမာတုန်းရှာမှဘဲ (မှန်ပါ့ ဘုရား) ကျန်းမာတာက ဝေဒနာက္ခန္ဓာ၊ ရှာမှဆိုတော့ တဏှာ (မှန်ပါ့) ဪ ဒီလူကျန်းမာတာ အပါယ်သွားပြီ (မှန်ပါ့)။
ဘယ့်နှယ်ဆိုမတုံး (ကျန်းမာတာ အပါယ်သွားပါပြီ ဘုရား) အင်း ဦးမာဒင် ဘယ့်နှယ်ဖြစ်ကုန်သတုံး၊ ကျန်းမာတာ (အပါယ်သွားပါတယ် ဘုရား) ဒါဖြင့် ညည်းစရာကောရှိသေးသလား (မရှိပါ ဘုရား)။
ဒါက ကျန်းမာတာက ဦးလှဘူးတို့ ဒကာသစ်တို့ဆီမှာ ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ ဘုရား) ဝေဒနာလဲသုခဝေဒနာ (မှန်ပါ့) ကျန်းမာတာက သုခဝေဒနာ (မှန်ပါ့၊ သုခဝေဒနာပါ ဘုရား) ကျန်းမာတော့ ငွေရှာတယ် (မှန်ပါ့) မရှာကြဘူးလား (ရှာပါတယ် ဘုရား)။
အင်း၊ ကျန်းမာရင် ငွေရှာတယ်၊ ငွေရှာတော့ ဘာရသလဲ (တဏှာရပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ကျန်းမာရင် အပါယ်သွားတော့မယ် (မှန်ပါ့)ကြောက်စရာကြီးဘဲ (မှန်ပါ့) သေသေချာချာစဉ်းစားမှနော် (မှန်ပါ့)။
မသိတဲ့လူ ကျန်းမာမှာကိုကြောက်တယ်
ခင်ဗျားတို့ ကျန်းမာတာ ဘုန်းကြီးက မသိတဲ့လူ ကျန်းမာမှာကို ဦးမာဒင် ကြောက်နေတယ် (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ကြောက်တာပါလိမ့်မတုံး၊ ဆရာဘုန်းကြီးကလဲ ဒို့ကျန်းမာမှာကို၊ ဒို့ ဒကာရင်း, ဆရာရင်းတွေဘဲ ကျန်းကျန်းမာမာရှိရင် ပိုကြိုက်လို့ဘဲ (မှန်ပါ့) အို ခင်ဗျားတို့က မူမမှန်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ကတော့ ဘာတုံး (မူမမှန်ပါ ဘုရား) ဘုန်းကြီးကတော့ ကျန်းမာရင် ကြိုက်ပါတယ်၊ သို့သော် ခင်ဗျားတို့ကျန်းမာရင် မူကိုက မမှန်တော့ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘယ်လိုမူမမှန်ပါလိမ့် (တဏှာဖြစ်လို့ပါ ဘုရား)ကျန်းမာရင်ငွေရှာမယ် (မှန်ပါ့)ကျန်းမာရင် တရားအားထုတ်မယ်က တယ်နည်းပါတယ် (မှန်ပါ့)။
ကျန်းမာရင် (ငွေရှာပါမယ်) ငွေရှာမယ်ဆိုတော့ ကျန်းမာတာက ဘာဝေဒနာ (သုခဝေဒနာပါ ဘုရား) ငွေရှာတာက (တဏှာပါ ဘုရား) ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ)အဲဒါကို ဒကာ ဒကာမတွေက မသိဘူး၊ တစ်ယောက်နဲ့တစ်ယောက်များ တွန်းပေးကြပေးတယ် (မှန်ပါ့)။
ဦးလှဘူးတို့ တွန်းပေးတယ် (တွန်းပေးပါတယ်) မင်းကျန်းမာတုန်း ဘာလုပ်နေသတုံးကွ၊ မကျန်းမာတော့ မခက်ပေဘူးလား (မှန်ပါ့)ကျန်းမာတုန်း ရှာရဖွေရတယ် (မှန်ပါ့)လူကြီးစကားလေဗျာ (မှန်ပါ့)။
ဦးမာဒင် ဘာစကားပါလိမ့် (လူကြီးစကားပါ ဘုရား) အံမာလေး ကြောက်စရာလူကြီးစကားပါလား (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့က ဒီအထဲ လူကြီးချည့်ပါဘဲ (မှန်ပါ့) ကိုယ့်သားနဲ့ကိုယ့်သမီးနဲ့ နေကြတာတွေ ဒီအတိုင်းပြောကြတာဘဲ (မှန်ပါ့)။
ဪ ကျန်းမာရင် ဘာလုပ်ကြမတုံး (ငွေရှာပါတယ်)ကဲ၊ ပါဠိတော်ထဲသွင်းလိုက် (ဝေဒနာပစ္စယာတဏှာပါ ဘုရား) သုခဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တဏှာပစ္စယာ (ဥပါဒါနံပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝပါ) ကမ္မဘဝပစ္မယာ (ဇာတိပါ) ဇာတိကရိုးနေတယ်ဗျာ၊ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ (မှန်ပါ့) ကျန်းမာလို့ (မှန်ပါ့) ကြောက်စရာကြီးပါလား (မှန်ပါ့)။
မကျန်းမာရင်လဲ ဒေါသ,သောကနဲ့ သူသွားဦးမယ်
ဒကာ ဒကာမတို့ ကျန်းမာတာ ဘယ့်နှယ်တုံး (ကြောက်စရာကြီးပါ ဘုရား) ဦးလှဘူး ဒါဖြင့် အတော်ခက်နေပြီ (မှန်ပါ့) အတော်ခက်နေပြီ ဒကာသစ် (မှန်ပါ့) မကျန်းမမာဘဲနေပြန်လဲ ပဋိစ္စသမုပ္ပါဒ်တစ်မျိုးပြလိမ့်ဦးမယ် (မှန်ပါ့) မကျန်းမာရင်လဲ ဒေါသ,သောကနဲ့ သူသွားဦးမယ် ဇာတိကျအောင် (မှန်ပါ့) အလတ်စား တစ်နေ့ရွှေ, တစ်နေ့ငွေနေပြန်လဲ ဥပေက္ခာက လာဦးမှာဘဲ (လာဦးမှာပါ ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာမညှပ်လို့ရှိရင် အပါယ်အရောက်ပို့တာ သွားပေတော့ (မှန်ပါ့) သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ကျုပ်တို့ အိမ်ပေါ်မှာနေတာဘဲ၊ ငါးပါးလဲလုံပါတယ်၊ တခါတလေ ကျုပ်တို့က ရှစ်ပါးတောင် ဖြည့်လိုက်သေးတယ်၊ ဥပုသ်နေ့တိုင်း (မှန်ပါ့) ကျုပ်တို့အတွက်တော့ ကျုပ်တို့စိတ်ချတယ် (မှန်ပါ့) ကျုပ်တို့က ရှာပေမဲ့ ကျုပ်တို့ရိုးရိုးရှာတာတဲ့ (မှန်ပါ့) ရိုးရိုးရှာလဲ တဏှာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
များများရှာလဲ တဏှာဘဲ (မှန်ပါ့) ရိပ်မိပြီမဟုတ်လား (ရိပ်မိပါပြီ) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝပစ္စယာ (အပါယ်ဇာတိပါ ဘုရား)။
အဲဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဟောတယ်၊ လူတစ်သိန်းသေလို့ သုဂတိနတ်ရွာ တစ်ယောက် မရောက်ဘူးကွ တဲ့ (မှန်ပါ့) ဟောသင့်သလား၊ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။ ဒကာ ဒကာမတို့ ဘယ့်နှယ်တုံး သဘောတူကြရဲ့လား (တူပါတယ် ဘုရား) အကုန်သာသွားပါတော့ ခင်ဗျားတို့၊ ဒီအတိုင်းဘဲဖြစ်နေတာ (မှန်ပါ့) သိပ်ကြောက်စရာကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဖြစ်စဉ်ကို ဒါဘယ်နှစ်ခါဖြစ်ပြီးပလဲ ကျန်းမာလို့ ငွေရှာတာ (မရေတွက်နိုင်ပါ ဘုရား) ဒါ ရိုးရိုးပြောကြပါ (မှန်ပါ့) သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။
ကျန်းမာရင် ဘာလုပ်ကြသလဲ(ငွေရှာပါတယ်)ငွေရှာတော့ ကျန်းမာတာက ဝေဒနာက္ခန္ဓာ၊ ငွေရှာတာက (တဏှာပါ) ဟာ ဒါဖြင့် ဝေဒနာပစ္စယာ တဏှာ (မှန်ပါ့) ဒကာသစ်ရိပ်မိပလား (ရိပ်မိပါပြီ)။
ငါးပါး,ရှစ်ပါးသီလဟာ သူ့ဟာသူနေတာဘဲ
အဲဒီတော့ ခင်ဗျားတို့က ဒါလောက်ထိအောင် နှစ်နှစ်ခြိုက်ခြိုက်မသိတော့ ခုနက ငါးပါးသီလလဲလုံ၊ အပါယ်မရောက်တော့ဘူး၊ ရှစ်ပါးသီလကလေးတောင် ဖြည့်ထားတော့ ကျုပ်တို့တော့ စိတ်ချရပြီ တဲ့ (မှန်ပါ့)။
ဘယ်စိတ်ချရမတုံးဒကာ ဒကာမတို့ ငါးပါး,ရှစ်ပါးသီလဟာ သူ့ဟာသူနေတာဘဲ၊ကျန်းမာလို့ ငွေရှာတာက နေ့တိုင်းကြီး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကျန်းမာလို့ ငွေရှာတာက (နေ့တိုင်းပါ ဘုရား)။
ဒါဖြင့် နေ့တိုင်းဟာ ငွေရှာတာသည် ဒကာ ဒကာမတို့ နေ့တိုင်းလား,နာရီတိုင်းလား (နာရီတိုင်းပါ ဘုရား) ဟာ တက်လမ်းရှိသေးသလား (မရှိပါ ဘုရား)။
တက်လမ်းရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါ ဒကာ ဒကာမတွေ ဘုန်းကြီးက ရင်းရင်းချာချာတွေကို အားလုံးဘဲ ပြောတယ်၊ ဝိပဿနာလုပ်ပါ (မှန်ပါ့)။
အို အရှင်ဘုရားကပြောတော့ အလွယ်ကလေး၊ အလုပ်ကမအားဘူးတဲ့ (မှန်ပါ့) မအားတာဟာ အပါယ်သွားမလို့ မအားဘူးပြောတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သွားမလို့ မအားဘူးပြောတာလဲ (အပါယ်သွားမလို့ မအားဘူးပြောတာပါ ဘုရား)။
ဒါဖြင့် ကျုပ်မတတ်နိုင်ဘူး၊ ခင်ဗျားတို့ဘဲ ချီတက်ပေရော့၊ ဒါဘဲပြောရုံရှိတော့တယ် (မှန်ပါ့) ဒီ့ပြင်ဟာ ဘာပြောစရာရှိသေးသလဲ (မရှိပါ ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒို့ကသာပြုံးနေတာနော်
ဒါ ဆရာရင်း,သမားရင်းမို့ ဪ ဒို့အဖြစ်ဟာ ဒို့ကသာပြုံးနေတာနော်၊ ဓမ္မကတော့ အပါယ်ရောက်အောင် ပို့လိုက်တယ် (မှန်ပါ့)။
ဒို့ကတော့ (ပြုံးပါတယ်) ဓမ္မကတော့ (အပါယ်ရောက်အောင်ပို့ပါတယ်) အဲဒီတော့ကို ခင်ဗျားတို့ပြုံးတာက အမှန်လား၊ ဓမ္မစီမံတာက အမှန်လား (ဓမ္မစီမံတာက အမှန်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီက ရှေ့နည်းနည်းကလေးပြင်ကြပါ (မှန်ပါ့) ကျန်းမာတိုင်း ကျန်းမာတိုင်း ဒီကနေပြီး သိအောင်လုပ် (မှန်ပါ့)။
ကျန်းမာတာကိုသိအောင်လုပ်ရင် (ငွေရှာရပ်ပါ) ငွေရှာရပ်သွားရော (မှန်ပါ့)မရပ်ဘူးလား (ရပ်ပါတယ်) ကျန်းမာတာသည် သုခဝေဒနာ၊ ပေါ်တိုင်း ပေါ်တိုင်း သိအောင်လုပ် (မှန်ပါ့) ပေါ်တိုင်း ပေါ်တိုင်းသိတော့ ပျက်တိုင်း ပျက်တိုင်း သိတယ် (မှန်ပါ့)။
ဒါဖြင့် ကျန်းမာတာက ဖြစ်ပျက် (မှန်ပါ့) သိတာက မဂ် (မှန်ပါ့) ဆိုတော့ ဒါဖြတ်ချလိုက်တယ် (မှန်ပါ့) သွားပြီ၊ အပါယ်မသွားတော့ဘူး (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကျန်းမာတာက (ဖြစ်ပျက်ပါ) ကျန်းမာမှန်းသိတာက (မဂ်ပါ ဘုရား)ကဲ၊ဒါဖြင့် ငွေရှာပြတ်ပြီ (ပြတ်ပါပြီ)မပြတ်ဘူးလား (ပြတ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာသစ်တို့က ဆင်ခြေလဲမယ်၊ ဦးမာဒင်တို့ကလဲ စကားတတ်တတ်၊ ဦးသန်းမောင်တို့ကလဲ စကားတတ်တတ်၊ ဆင်ခြေလဲလိုက်မယ် တပည့်တော်တို့ ဘာနဲ့စားနေမှာတုံး (မှန်ပါ့ ဘုရား) သူ တဏှာဘက်လှည့်လိုက်မယ် (လှည့်ပါတယ် ဘုရား)။
ဘယ်ဘက်လှည့်လိုက်သတုံး (တဏှာဘက် လှည့်လိုက်ပါတယ်)တဏှာဘက်လှည့်လိုက်တဲ့စကား၊ ဪ ခင်ဗျားတို့ကလဲ ဒီစားချင်တဲ့တဏှာသေမှ နိဗ္ဗာန်ရောက်တာ (မှန်ပါ့)။
မဟုတ်ဘူးလား (မှန်ပါ့) စားချင်တဲ့တဏှာ မသေလို့ရှိရင် ဦးမာဒင် ဘယ်တော့မဆို ငတ်နေတာဘဲ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
စားချင်တဲ့တဏှာမသေရင် (ဘယ်တော့မဆို ငတ်နေပါတယ်) အဲ ခင်ဗျားတို့ကတော့ ဘာနဲ့စားမတုံးဆိုတော့ ဝ,မလားလို့မေးတာ (မှန်ပါ့) သူလာရင်ငတ်မယ် (မှန်ပါ့) တဏှာလာရင် (ငတ်မှာပါ ဘုရား)။
ဘယ်တော့ သူ အငတ်ပြေသတုံး
တဏှာက တစ်သိန်းရှိလဲ တော်ပြီလို့ပြောရဲ့လား (မပြောပါ ဘုရား) ဆယ်သိန်းရှိကော (မပြောပါ ဘုရား)ဒါဖြင့် ဘယ်တော့ သူ အငတ်ပြေသတုံး (ဘယ်တောမှ မပြေပါ ဘုရား)။
ဒါဖြင့် ခေါင်းထဲဝင်တာတောင်မှ တစ်ခါတည်း သားတွေ,သမီးတွေကို ခင်လျက်တန်းလန်း (မှန်ပါ့) ကောင်းကောင်းနေရစ်ကြပေတော့၊ ငါတော့ မနေသာလို့ သွားရတော့မယ်၊ အင်း ငတ်လျက်နဲ့သေတယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကျန်းမာတာက ဖြစ်ပျက် (မှန်ပါ့) ခန္ဓာထဲကြည့်လိုက်ရင် သိတာဘဲ (မှန်ပါ့)။
ကျန်းမာတာက (ဖြစ်ပျက်ပါ ဘုရား)သိလိုက်တော့ (မဂ်ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကျန်းမာမှုသိနေတာက တဏှာနဲ့သိနေတယ် (မှန်ပါ့) အခု ဆရာဘုန်းကြီးသင်တာက ဉာဏ်နဲ့သိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တစ်ယောက်နဲ့တစ်ယောက် ဧည့်ခံတဲ့အခါ ကျန်းမာသလားမေးတာက ဦးသန်းမောင် တဏှာနဲ့သိတာ (မှန်ပါ့) ဉာဏ်နဲ့သိရဲ့လား (မသိပါ ဘုရား)။
ဉာဏ်နဲ့သိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အင်း၊ ကျန်းတော့ကျန်းမာပါရဲ့ဆိုပြီး ခန္ဓာဉာဏ်လှည့်ပြီး ကျန်းမာတာကလေးကလဲ ဖြစ်ပြီးပျက်သွားလေရဲ့ဆိုပြီး ဉာဏ်လှည့်မှအမှန်ကိုး (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း၊ ဒကာ ဒကာမတို့ ကျန်းမာရင် ငွေရှာတယ်ဆိုလို့ရှိရင်ဖြင့် အပါယ်သွားလိမ့်မယ် (သွားမှာပါ ဘုရား)။
ဒါ သီလနဲ့ဆေးလို့ရှိရင် ပဋစ္စသမုပ္ပါဒ်ကို သီလက ဖြတ်နိုင်ပါ့မလားမေးတော့ မဂ်ကမှဖြတ်နိုင်တယ် (မှန်ပါ့)။
အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့အတွက်ဟာ အမျိုးမျိုးသော ဆင်ခြေတွေက ခင်ဗျားတို့မှာရှိနေတော့ တချို့ယူမှုတွေကလဲ မှားနေတော့ ဦးမာဒင် အတော်ပြင်ရတယ် (ပြင်ရပါတယ် ဘုရား)။
ငါးပါး၊ရှစ်ပါးရှိနေတာ ငါ့ကိုယ် ဘာစိုးရိမ်စရာရှိသတုံးတဲ့ (မှန်ပါ့) သူက ဘယ်လောက်များသတုံး (များပါတယ်) ကျန်းမာလို့ ငွေရှာဆိုတာက သေချာနေတယ် (သေချာပါတယ် ဘုရား)။
သေတော့ ဘယ်သူပြင်လို့ ရပါ့မတုံး (မရပါ) တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိ (မှန်ပါ့) ပြင်လို့ကိုရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် အရပ်ကပြောတာတွေမယုံနဲ့၊ မဂ်ကပြောတာကိုယုံ၊ သူကဖြတ်ပေးတယ် (မှန်ပါ့)ကိုယ်က ခန္ဓာထဲ ဉာဏ်လှည့်လိုက် (မှန်ပါ့)။
ဒီမဂ်က ပြောတာ ယုံမလား
ဒါဖြင့် ခင်ဗျားတို့အရပ်က ပြောတာယုံမလား၊ ဒီမဂ်က ပြောတာ ယုံမလား (မဂ်ကပြောတာ ယုံပါတယ်) ဒီက ရှေ့အရပ်ပြောအကုန်ဖြုတ်၊ ဟုတ်ကို မဟုတ်ဘူး သူ့ဟာက(မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မင်း ငါးပါး ရှစ်ပါးနဲ့ကွာ မင့်အတွက်များတော့ စိတ်ချမနေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မင့်အတွက်များတော့ (စိတ်ချမနေနဲ့)ဘယ် စိတ်မချရလို့ အနှစ် နှစ်သောင်းတောထဲမှာ တရားအားထုတ်နေတဲ့ ရဟန်းကြီးတစ်ပါးဟာ တခါတည်းမကျွတ်ဘဲနဲ့ တိရစ္ဆာန်ဘုံသွားပြီး နဂါးကြီးသွားဖြစ်တယ် (မှန်ပါ့)။
အနှစ်,နှစ်သောင်း သီလဆောက်တည်မယ် (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ) မတတ်နိုင်ဘူးဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲ ဒကာ ဒကာမတို့ မဂ်မှလဲ စိတ်ချရတယ် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ အားကိုးရာအစစ်သည် မဂ္ဂင်အစစ်ဘဲ (မှန်ပါ့)။
အားကိုးရာအစစ်က (မဂ္ဂင်အစစ်ပါ)ဒါ မရသေးလို့ရှိရင်ဖြင့် ဘယ်အခါကာလမှ တင်းတိမ်တဲ့စိတ် မလာကြပါနဲ့ဆိုတဲ့ ဥစ္စာလေးလေးစားစားနဲ့ ကန့်ကွက်ပြီး သတိပေးလိုက်တယ် (မှန်ပါ့) သူများပြောကို မယုံနဲ့ (မှန်ပါ့)။
ဦးမာဒင် သူများပြောတာကို ယုံမလား၊ ဒီ ပဋိစ္စသမုပ္ပါဒ် ပြတ်၊မပြတ်ကိုယုံမလား (ပဋိစ္စသမုပ္ပါဒ် ပြတ်၊မပြတ်ကို ယုံပါတယ် ဘုရား) ပြတ်၊မပြတ်ကို အဓိကထားရလိမ့်မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်ဟာ
နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဆက်လို့ ရောက်တာလား၊ ပြတ်လို့ရောက်တာလား (ပြတ်လို့ရောက်တာပါ ဘုရား)။
ဒါဖြင့် ပြတ်အောင်ဘယ်သူလုပ်သတုံး (မဂ်ကလုပ်ပါတယ်) ဒါဖြင့် သေချာနေပြီ (မှန်ပါ့) ခိုင်လုံနေပြီ (ခိုင်လုံပါတယ် ဘုရား)။
ခိုင်လုံနေတာ ဦးမာဒင်တို့က ဆင်ခြေလဲချင်သေးသလား (မလဲချင်ပါ ဘုရား) မလဲနဲ့ မလဲနဲ့၊ လဲရင်မှားပြီ (မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ ထိုက်တန်သလောက် ဒါနတွေလဲ ပြုထားပြီကွာ (မှန်ပါ့)ထိုက်တန်တဲ့ သီလတွေဆိုရင်လဲ အသက်နဲ့မပြတ် ဆောက်တည်ခဲ့တာ မနည်းလှပါဘူး (မှန်ပါ့)။
မင့်အတွက်တော့ ဒို့အားလုံးထဲမှာ စိတ်အချဆုံးဘဲဟေ့ အစရှိသည်နဲ့ပြောလိုက်တယ်၊ ကျန်းမာလို့ငွေရှာတာတော့ ဘယ်သူထည့်သတုံး (မထည့်ပါ ဘုရား) ထည့်သေးရဲ့လား (မထည့်ပါ ဘုရား)။
အဲဒါကျတော့ ဘယ်လိုပြောတတ် ဆိုတတ်သတုံးမေးတော့ ကျန်းမာလို့ ငွေရှာတာတော့ကွာ သမ္မာအာဇီဝဘဲ၊ ကိစ္စမရှိပါဘူး၊ ကိုယ့်ငွေအရင်းက အညွန့်ထွက်လာတာဘဲ (မှန်ပါ့) ဒီလိုပြောတတ်ကြတယ် (ပြောပါတယ် ဘုရား)။
ဒီလိုပြောလိုက်တော့ သမ္မာအာဇီဝက သီလတော့မပျက်ပါဘူး ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်က မပြတ်ဘူး (မပြတ်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သီလကတော့ မပျက်ပါဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ် ပြတ်ရဲ့လားလို့မေးတော့ (မပြတ်ပါ) မပြတ်ရင် ပြင်ဆင်ကြပေါ့ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တစ်ချက်ပြန်မေးမယ် ခင်ဗျားတို့ ခုနကတရားကို၊ နိဗ္ဗာန်ရောက်တာသည် ပဋိစ္စသမုပ္ပါဒ် ပြတ်လို့ရောက်တာလား၊ မပြတ်ဘဲနဲ့ရောက်သလား (ပြတ်လို့ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ပြတ်မှုဟာ အရေးအကြီးဆုံးအချက် (အရေးအကြီးဆုံးအချက်ပါ) သူပြတ်မှ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့ ဘုရား)။
ဒါတွေ အကိုးအကားတွေ ထုတ်နေမယ်ဆိုလို့ရှိရင် “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ”(မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခချုပ်တယ်တဲ့ (မှန်ပါ့) ဒုက္ခနိရောဓောနိဗ္ဗာနံ (မှန်ပါ့) ဒုက္ခချုပ်ရင် နိဗ္ဗာန်ဘဲတဲ့ (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သူပြော လူပြောမယုံနဲ့
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သူပြော လူပြောမယုံနဲ့၊ ဟောဒီခန္ဓာပြတ်၊ မပြတ် အရေးကြီးပါတယ် (အရေးကြီးပါတယ် ဘုရား) ဟောဒီ ဝေဒနာက္ခန္ဓာနဲ့ ဟောဒီ တဏှာခန္ဓာနဲ့မဆက်ရင် ခင်ဗျားတို့ နိဗ္ဗာန်ရောက်မယ် (ရောက်မှာပါ) ဆက်နေသ၍ကာလပတ်လုံး (မရောက်ပါ ဘုရား)။
ဒါဖြင့် သူ့ကို ခုံတင်လိုက် (မှန်ပါ့) သူပြော လူပြောကို ခုံမတင်ပါနဲ့ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ကို (ခုံတင်ရပါမယ်) ခုံတင်လိုက်တော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာက ဘုရားကဟောခဲ့လို့ ဖြစ်နေတာလို့ ဒီလိုမယူနဲ့ (မှန်ပါ့) သဘောကျပြီနော် (ကျပါပြီ) ဘုရားမရှိလဲ သူက ရှိနေတာဘဲ (မှန်ပါ ဘုရား)။
ဘုရားပွင့်လာတဲ့အချိန်ကျတော့ ဒီအစဉ် မင်းတို့သန္တာန်ရှိတယ်လို့ဟောမှ ကျုပ်တို့ကသိရတယ် (မှန်ပါ့)နဂိုကတော့ရှိပြီးသားဘဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)
နဂိုကရှိပြီးသားဆိုတော့ ဘုရားက နာမည်ပေးတာ (မှန်ပါ့) ပင်ကိုယ်ကတော့ရှိပြီးသား (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် ဘုရားမပွင့်ခင်က အပါယ်သွားတာတွေ ပဋိစ္စသမုပ္ပါဒ်နဲ့ ကင်းသွားသလား၊ ဒီအစဉ်အတိုင်း သွားသလား (ဒီအစဉ်အတိုင်း သွားပါတယ်)ဒါဖြင့် ဘုရားမပွင့်ခင်ကရှိတယ် (မှန်ပါ့ ဘုရား)။
ပစ္စေကဗုဒ္ဓါတွေရှိတယ်
တစ်ခါရှင်းပြပါမယ်၊ ဘုရားမပွင့်ခင်က ပစ္စေကဗုဒ္ဓါတွေရှိတယ် (မှန်ပါ့) ဘာနဲ့ ဒီပစ္စေကဗုဒ္ဓါတွေဟာ နိဗ္ဗာန်ကို ကြွကြပါလိမ့် ဟောဒီမဂ်နဲ့ (မှန်ပါ့) ဟောဒီမဂ်နဲ့ ဖြတ်လိုက်တာ (မှန်ပါ့) ဒီဘက် ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ်)ဒါ့ကြောင် ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူကြတယ် (မှန်ပါ့) ဒီတော့ ဘုရားမပွင့်ခင်ကရှိတာ သေချာပြီ (သေချာပါပြီ)သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဪ ခင်ဗျားတို့ ရှင်းအောင် ပြောရတာကတစ်မျိုး၊ နားလည်အောင်ပြောရတာကတစ်မျိုးနဲ့ ခက်လိုက်တာအတော့်ကို (မှန်ပါ့) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ကဲ ဒါဖြင့် တရားဘဲဆက်ကြပါစို့ ဒကာသစ်နော်(မှန်ပါ့) ကျန်းမာတာက ဘာဝေဒနာတုံး (သုခဝေဒနာပါ) ကျန်းမာတော့ ဒကာသစ်တို့က ဘာများလုပ်ချင်ကိုင်ချင်ရှိပါလိမ့် (ငွေရှာချင်ပါတယ်) ငွေရှာတော့ ဝေဒနာပစ္စယာ (တဏှာပါ) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
အဲ ကျန်းမာလို့ငွေရှာတဲ့ဥစ္စာကို ဒီလမ်းစဉ်ပဋိစ္စသမုပ္ပါဒ်ကြီးကတော့ဖြင့် ခင်ဗျားတို့ ဒီအတိုင်းဘဲနေမှာဘဲတဲ့၊ ဘုန်းကြီးက လျှော့ဟောလဲ ဘုန်းကြီးအပါယ်ကျမယ် (မှန်ပါ့)အမှန်ပြောမှဘဲသစ္စာဖြစ်မှာဘဲ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း၊ ဒါဖြင့် ဝေဒနာပစ္စယာ တဏှာလို့ ဘုရားဟောတယ် (မှန်ပါ့) ကျန်းမာလို့ငွေရှာတာကို ဟောတာ (မှန်ပါ့)။
ဘယ်သူဟောတာလုံး (ကျန်းမာလို့ ငွေရှာတာကိုဟောပါတယ်) ကျန်းမာလို့ ငွေရှာတာတော့ ခင်ဗျားတို့ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ဝေဒနာပစ္စယာ မဂ္ဂေါဒါ ကျန်းမာလို့ငွေမရှာတာ (မှန်ပါ့)ဝေဒနာဖြစ်ပျက်ကို မဂ်နဲ့အားထုတ်နေတာကတော့ (ငွေမရှာတာပါ)ကျန်းမာတာနဲ့ ငွေမရှာဘူးသူက (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကျန်းမာတဲ့အခါမှာ မသိတဲ့ပုဂ္ဂိုလ်ကျန်းမာမှများ ဘုန်းကြီးစိုးရိမ်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)ဪ သူတော့ ကျန်းမာပြီ သွားရှာတော့မှာဘဲ (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သူကျန်းမာရင် သွားရှာတော့မှာဘဲ (မှန်ပါ့) ဒါမသိတဲ့ ပုဂ္ဂိုလ်အတွက် ဟောတာ (မှန်ပါ့ ဘုရား)။
သိတဲ့ပုဂ္ဂိုလ်အတွက်ကတော့ ဒကာ ဒကာမတို့ ကျန်းမာလို့ မဂ်ရတယ် (မှန်ပါ့) သူ့ကိုဖြစ်ပျက်ရှုလိုက် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ရှုရမယ်
ကျန်းမာတဲ့ ဝေဒနာဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်တော့ မဂ်ကလေးက နောက်ကလိုက်လာတယ် (မှန်ပါ့)ဒီတော့ ကျန်းမာလို့ မဂ်ရတယ်၊ဟုတ်လား (မှန်ပါ့)။
ဒါဖြင့် ကျန်းမာတဲ့နည်းကိုလဲ ခင်ဗျားတို့ အမျိုးမျိုးသုံးကြတယ် (မှန်ပါ့) ငွေရှာတဲ့နည်းသုံးမလား မဂ်ရတဲ့နည်းသုံးမလား (မဂ်ရတဲ့နည်းသုံးပါမယ်)အဲဒါ လူထဲမို့လို့ ခင်ဗျားတို့ရှက်လို့ပြောတာကိုး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခုတော့ရိပ်မိပြီတဲ့၊ အားလုံးနောက်က ဒကာ ဒကာမတွေ အမိတွေ,အဖတွေ,ဆွေမျိုးဉာတကာတော်ခဲ့လို့ ဒီတရားစစ်ကိုပြောတာ၊ ဒါဘယ်နည်းမှ လျှော့မဟောနိုင်ဘူး (မှန်ပါ့)ဦးမာဒင် ဘုန်းကြီးက လျှော့ဟောလဲ ဘုန်းကြီးမှားမှာဘဲ (မှန်ပါ့) ခင်ဗျားတို့အတွက်လဲ ငဲ့ပြီးမဟောနိုင်ဘူး (မှန်ပါ့) တရားဟာတရားဘဲ (မှန်ပါ့)သဘောပါပလား (ပါ ပါပြီ ဘုရား)။
ကျန်းမာလို့ငွေရှာရင် ဘယ်သွားရမယ် (အပါယ်လေးပါး သွားရပါမယ်) ကျန်းမာလို့ ဝိပဿနာအားထုတ်ရင် မဂ်ရမယ် (မှန်ပါ့)သဘောကျပလား (ကျပါပြီ ဘုရား)။
ကျန်းမာလို့ (ဝိပဿနာ အားထုတ်ရင် မဂ်ရပါမယ်) အဲဒါ တခြားကို တရားရှာမနေပါနဲ့၊ ကျန်းမာတဲ့ဝေဒနာကိုဘဲ ဖြစ်ပျက်ရှုလိုက် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာဖြစ်ပျက်ရှုရမလဲ (ကျန်းမာတဲ့ ဝေဒနာကိုဘဲ ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျန်းမာရင် ခြေလှမ်းပြင်လိုက် (မှန်ပါ့ ဘုရား)။
ကျန်းမာရင် ဘာလုပ်ကြမယ် (ကျန်းမာရင် ခြေလှမ်းပြင်ရပါမယ်) ဘယ်လှမ်းကြမလဲ (ဝေဒနာဖြစ်ပျက်ရှုပြပီးမဂ်ဆီ လှမ်းရပါမယ် ဘုရား)။
အို အပါယ်လှမ်းမယ် ဆိုလိုက်ပါ၊ ရှုပ်မနေစမ်းပါနဲ့ ဒကာသစ်ရေ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကျန်းမာရင် ခြေလှမ်းဘယ်ပြင်နေကြသလဲ (အပါယ်ပြင်နေကြပါတယ်) ကဲ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ ဒီတရားမျိုးကို မနာရသေးသ၍ ကာလပတ်လုံးဖြင့် ကိုယ်ဟာကလေးနဲ့ကိုယ် ပြုံးနေကြတာဘဲ (မှန်ပါ့ ဘုရား)။
ဒီပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်ကြိမ်တုံး
ဦးလှဘူး ဘယ့်နှယ်တုံး (ပြုံးနေပါတယ်)မပြုံးနဲ့ဦး၊ မပြုံးပါနဲ့ တနေ့မှာ ဒီပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်ကြိမ်တုံး (မရေတွက်နိုင်ပါ ဘုရား)။
ကျန်းမာလို့ ငွေရချင်တဲ့တဏှာနဲ့သွားနေတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ ဘယ်နှစ်ကြိမ်တုံး (မရေတွက်နိုင်ပါ ဘုရား)။
ကဲ မရေတွက်နိုင်တာက အသာထား၊ ဒီကရတဲ့ငွေကလေးနဲ့ ခင်ဗျားတို့က ဆွမ်းကလေးကျွေး, ကျောင်းကလေး ဆောက်, ဘုရားကလေးတည်တာက ဒီက အကြိမ်နဲ့ဟုတ်လား၊ ဆွမ်းကျွေး၊ဘုရားတည်၊ကျောင်းဆောက်နဲ့ ဘယ်သူကများသတုံး (ဒီကအကြိမ်က များပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒါကယ်ယူနိုင်ပါ့မလား (မကယ်ယူနိုင်ပါ ဘုရား) ဒီထဲက တခါပိုမိုပြီးရှင်းချင်လို့ရှိရင် ကျန်းမာလို့ငွေရှာ ငါလုပ်ငါရတယ်ဆိုတဲ့ဒိဋ္ဌိကလဲ မပြုတ်ပြန် (မှန်ပါ့)ပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား)။
အဲဒီ ဒိဋ္ဌိကလဲ ခင်ဗျားတို့ကို သုဂတိသာပို့တယ်၊ ပို့ပြီးဆွဲချတယ် (မှန်ပါ့) အပါယ်လေးပါးထဲ ဆွဲချတယ် (မှန်ပါ့) အဲဒီတော့ ခင်ဗျားတို့လုပ်တာက အလွဲနဲ့ အချော်ချည့်ဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ပြင်ကြပါဦး၊ ပြင်ချိန်ကလေးရသေးတယ်ဆိုတာ ဦးမာဒင် ဘုန်းကြီးသည် ချောက်လှန့်ပြောတာလား အမှန်ပြောတာလား (အမှန်ပြောတာပါ ဘုရား)။
အမှန်ပြောတာ ချောက်ပြောတာမဟုတ်ဘူး (မှန်ပါ့ ဘုရား)ခင်ဗျားတို့ အမိအဖ, ဆွေမျိုးဉာတကာ, ညီအစ်ကို, မောင်နှမတွေ မတော်ဖူးသူ မည်သည်မရှိတော့ သနားလို့ပြောနေတာ (မှန်ပါ့)။
ခင်ဗျားတို့ကတော့ ဆင်ခြေက အင်မတန်များတယ် (များပါတယ် ဘုရား) ဒီဆင်ခြေဟူသ၍ကိုလဲ ဘုန်းကြီးများကလဲ သတိထားမိတယ် (မှန်ပါ့)။
ဪ သူ့ဆင်ခြေဟာ သူမအားဘူးဆိုတာ အပါယ်သွားမှာ (မှန်ပါ့) ဒါပြောတာကိုး (မှန်ပါ့) ဒါဘဲ၊ ဒီ့ပြင်ဆင်ခြေလဲစရာကို မပါဘူး (မှန်ပါ့)။
တပည့်တော်တို့ အပါယ်ဆင်းတာဘုရာ့
ဒကာ ဒကာမတွေ တရားကော အားထုတ်ဖြစ်ကြရဲ့လား၊ တပည့်တော်တို့ကဘုရား၊ ရတုန်းရခါကလေး ရှာနေရတယ် (မှန်ပါ့) အင်း၊ ရတုန်းရခါတဲ့ (မှန်ပါ့) တည့်တည့်သာပြောပါ၊ တပည့်တော်တို့ အပါယ်ဆင်းတာဘုရာ့ (မှန်ပါ့) အမလေး ကြောက်စရာကြီးပါလား (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ)။
ကဲ ဒါဖြင့် ဝေဒနာပစ္စယာ ဘာတုံး (တဏှာပါ)တဏှာပစ္စယာ (ဥပါဒါနံပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ) ကမ္မဘဝပစ္စယာ (ဇာတိပါ) အပါယ်ဇာတိထည့်မိအောင်ထည့်ပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီ တဏှာ၊ဥပါဒါန်၊ကံ က လုပ်တဲ့ဇာတိဟာလဲ ဒကာသစ်ပြောင်းလို့ကို မရဘူး (မရပါ ဘုရား) အပါယ်လေးပါးဘဲ ရတယ် (ရမှာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါ့ကြောင့် ခင်ဗျားတို့ချင်းတွေ့လဲ သတိပေးပါ၊ ကျန်းမာလို့ ဒို့ ငွေရှာတဲ့ဥစ္စာ ငွေရှာတာမဟုတ်ဘူးဟေ့၊ ဒယ်အိုးရှာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘာရှာတာတုံး (ဒယ်အိုးရှာတာပါ ဘုရား)အပါယ်ဒယ်အိုးရှာတာ (မှန်ပါ့)။
ကောင်းပြီ၊အဲဒီကျလာတော့ ဆွမ်းသွတ်လို့ရ၊မရ အကဲခတ်စမ်းပါ (မရပါ ဘုရား) ခင်ဗျားတို့တင်လိုက်တဲ့ ဆွမ်းကလေးကိုလဲ တဲ့၊ ကိုယ့်အမေမိဘရယ်လို့ သားသမီးတွေက ရှာဖွေထားခဲ့တာလဲ တပုံကြီး ပစ္စည်းပစ္စယရှိတယ်၊ ဆွမ်းကလေးတော့သွတ်မှဘဲ (မှန်ပါ့)။
ဒီသွတ်လိုက်တဲ့ဆွမ်းကလေးလဲ သူက ဘာကြိုက်တတ်တယ်ဆိုကန်တော့ပွဲထဲ ဘာကလေးထည့် (မှန်ပါ့) အဲဒါ စားကိုမစားနိုင်ဘူးဗျ ဟိုက (မှန်ပါ့)အပါယ်ရောက်တော့ အပါယ်အစာနဲ့ ပြီးရတယ် (မှန်ပါ့) အပါယ်ရောက်တော့ အပါယ်အစာနဲ့ပြီးရတယ် (မှန်ပါ့) ရေငတ်တယ်ဆို သံရေပူသောက်ရုံဘဲ၊ ထမင်းဆာတယ်ဆို သံတွေခဲမျိုရုံဘဲ (မှန်ပါ့) မရဘူးလို့ ဘုရားက သေသေချာချာဟောတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကျန်းမာတာ ဖြစ်ပျက်ရှု
ဒါဖြင့် မှားတုန်းက မှားခဲ့တာကို ပြင်ကြစို့ဆိုတော့ ကျန်းမာတာ ဖြစ်ပျက်ရှု (မှန်ပါ့) ကျန်းမာတာကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ကျန်းမာတာက ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား) ဒါ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက်ရှုလိုက်တော့ဒုတိယကွက် ပဋိစ္စသမုပ္ပါဒ်ကြည့်ပါတဲ့၊ ဝေဒနာနိရောဓာ တဏှာနိရောဓော သွားဖြစ်တယ် (မှန်ပါ့) တဏှာနိရောဓာ (ဥပါဒါနနိရောဓော) ဥပါဒါနနိရောဓာ (ကမ္မဘဝနိရောဓော) ကမ္မဘဝနိရောဓာ (ဇာတိနိရောဓောပါ ဘုရား) ဟော၊ အပါယ်ဇာတိတွေ အကုန်ချုပ်တယ် ဝိပဿနာကူလိုက်တော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဝိပဿနာကူလိုက်တော့လဲ အပါယ်ဇာတိတွေ ဘယ့်နှယ်တုံး (အကုန်ချုပ်ပါတယ် ဘုရား) အဲ၊ ဆေးလဲအရှိသားဘဲ၊ ခင်ဗျားတို့က အနာချည့်ပေါက်ချင်လို့ ခက်နေတာ (မှန်ပါ့)။
ဦးလှဘူးတို့က ဘာအစားထဲကလဲ (အနာပေါက်ချင်တဲ့အစားထဲကပါ) အနာချည့်ပေါက်ချင်တဲ့အစားထဲက (မှန်ပါ့) အင်း၊ ခက်ပါသေးတယ် (မှန်ပါ့)။
ကျန်းမာလို့ရှိရင် ဒကာ ဒကာမတွေ ဝိပဿနာကြိုးစားပါ (မှန်ပါ့) မကျန်းမာတော့ကောလို့ မေးတဲ့အခါကျတော့ မကျန်းမာတော့ ခန္ဓာကိုယ်ထဲမှာ ဒုက္ခဝေဒနာပေါ်တယ် (မှန်ပါ့)။
ဒုက္ခဝေဒနာပေါ်ပြန်တော့လဲ ဒကာ ဒကာမတို့ မကျန်းမာတာ ခင်ဗျားတို့က ဪ တပည့်တော်တို့ မကျန်းမာတာ သိပ်ခက်တာဘဲဘုရား (မှန်ပါ့)။
မကျန်းမာတော့ ဘာတွေပေါ်လာသတုံး၊ သိပ်ခက်တာဘဲတဲ့ (မှန်ပါ့) ဒါဖြင့် ဒုက္ခကြောင့် ဒေါမနဿလိုက်ပြီ (မှန်ပါ့) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) ဒေါမနဿနောက်က သောက (လိုက်ပါတယ် ဘုရား) သောကနောက်က ပရိဒေဝ (လိုက်ပါတယ် ဘုရား) ပရိဒေဝနောက်က ဥပါယာသ (လိုက်ပါတယ် ဘုရား) ဥပါယာသနောက်က အဝိဇ္ဇာ (လိုက်ပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)။
မကျန်းမာတာကိုလဲ စိုးရိမ်တယ်
ဪ ခင်ဗျားတို့ မကျန်းမာတာကိုလဲ စိုးရိမ်တယ် (မှန်ပါ့) ခင်ဗျားတို့ မကျန်းမာတာကို (စိုးရိမ်ပါတယ် ဘုရား) သေမှာကို စိုးရိမ်တာ မဟုတ်ပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
မကျန်းမာတာ ဘာစိုးရိမ်တာတုံး (အပါယ်သွားမှာ စိုးရိမ်ပါတယ် ဘုရား) အပါယ်သွားမှာ စိုးရိမ်တာ ဒကာ ဒကာမတို့၊ မပျောက်မှာ စိုးရိမ်တာ မဟုတ်ပါဘူး (မှန်ပါ့) ဝိပဿနာမပါရင် မကျန်းမာမှာလဲ စိုးရိမ်ရတယ် (စိုးရိမ်ရပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒီလိုလုပ်ကြပေတော့၊ ဒကာ ဒကာမတို့ မကျန်းမာတဲ့ဝေဒနာ ဖြစ်ပျက်ရှု (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တော့ မကျန်းမာတဲ့ဝေဒနာက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား) ဟောဒီ ဒုက္ခ၊ဒေါမနဿ၊ပရိဒေဝ၊အဝိဇ္ဇာ၊အပါယ်ဇာတိ ဘယ့်နှယ်တုံး (ချုပ်ပါတယ် ဘုရား)။
မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) မကျန်းမာလဲ နိဗ္ဗာန်သွားနိုင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကျန်းမာလဲ (နိဗ္ဗာန်သွားနိုင်ပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ မကျန်းမာလို့ ရဟန္တာဖြစ်တာတွေလဲ တပုံကြီး (မှန်ပါ့)။
တနေ့ကဘဲ ပြောခဲ့သေးတယ်၊ဆန္နကျတော့ မကျန်းမာတာနဲ့ ရဟန္တာဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကိုင်း၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သနားလို့ရှိရင် ဘုန်းကြီးများက ခင်ဗျားတို့ကို ကျန်းမာရင် ငွေရှာချင်တော့ မကျန်းမာတာဘဲ ကြိုက်တယ် (မှန်ပါ့) သဘောတူကြရဲ့လား (တူပါတယ် ဘုရား)။
ဟာ၊ အသံတွေနည်းသွားတယ် ခင်ဗျားတို့၊ အသံအများကြီးနည်းတယ် (မှန်ပါ့)။
မကျန်းမာလို့ရှိရင် ခင်ဗျားတို့မကျန်းမာတဲ့ ဝေဒနာဖြစ်ပျက်ရှုပေးပါ (မှန်ပါ့ ဘုရား)။
မကျန်းမာတဲ့ဝေဒနာကို (ဖြစ်ပျက်ရှုပေးရပါမယ်)ဖြစ်ပျက်ရှုလိုက်တော့ ဒီဘက်က ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အဝိဇ္ဇာ, သင်္ခါရ ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား)။
ဪ မကျန်းမာတာလဲ နိဗ္ဗာန်သွားနိုင်တာဘဲ (သွားနိုင်ပါတယ် ဘုရား) ကျန်းမာလို့ကော (နိဗ္ဗာန်သွားနိုင်ပါတယ် ဘုရား)။
ဥပေက္ခာဝေဒနာကော ခန္ဓာထဲ မရှိဘူးလား
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ တပည့်တော်တို့ကျန်းမာတာလဲ မဟုတ်ဘူး၊ မကျန်းမာတာလဲ မဟုတ်ဘူးဆိုတဲ့ ဥပေက္ခာဝေဒနာကော ခန္ဓာထဲ မရှိဘူးလား (ရှိပါတယ် ဘုရား)။
မျက်လုံး,နား,နှာခေါင်း,လျှာ ဆိုတဲ့ ဥပေက္ခာဝေဒနာ မရှိဘူးလား (ရှိပါတယ်) သားတွေ, သမီးတွေ အလုံးစုံ ဥပေက္ခာထားနိုင်တဲ့ ဝေဒနာကော (ရှိပါတယ်) အဲဒီ့ဝေဒနာပေါ်ရင်လဲ ဖြစ်ပျက်ရှု (မှန်ပါ့)။
ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ဒီဘက်က အဝိဇ္ဇာသင်္ခါရဉာဏ်နာမ်ရုပ် အကုန်ချုပ်တယ် (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးပါးသည် နိဗ္ဗာန်သွားတဲ့တရား (မှန်ပါ့)။
ဝေဒနာသုံးပါးသည် (နိဗ္ဗာန်သွားတဲ့တရားပါ) နိဗ္ဗာန်သွားတဲ့တရားဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဝေဒနာသုံးပါးလဲပေါ်၊ တစ်ပါးလဲပေါ်၊ ဘာဖြစ်လို့ပါလိမ့်ပါမတုံးဆိုတော့ မဂ်မဝင်လို့မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဒါကလေးက မဂ်မဝင်လို့ (မှန်ပါ့) ဦးမာဒင် ရိပ်မိပြီ (ရိပ်မိပါပြီ) ဦးသန်းမောင်ကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဝေဒနာကြားထဲ ဝေဒနာ့နောက်က မဂ်လိုက်ပေး (မှန်ပါ့) ရှုတဲ့မဂ်မလိုက်လို့ ဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းရတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဆေးရှိလျက်နဲ့ မသောက်မိလို့ အပါယ်ရောက်တယ် (မှန်ပါ့) ဆေးရှိတာ သောက်မိလို့ရှိရင် အပါယ်နာပျောက်ပြီ (ပျောက်ပါပြီ ဘုရား) မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဆင်ခြေတော့ လဲတတ်တယ်နော် (မှန်ပါ့) ခင်ဗျားတို့ လဲလိုက်တဲ့ ဆင်ခြေကလဲ ဦးမာဒင်တို့ ဦးသန်းမောင်တို့ သိပ်ကြောက်စရာကောင်းတာဘဲ (မှန်ပါ့)။
ဘာဖြစ်လို့ သိပ်ကြောက်သတုံးလို့ မေးတဲ့အခါကျတော့ သူက အပါယ်မျက်စောင်းထိုးပြီး ခွေလဲတယ် (မှန်ပါ့)။
ဘယ်လိုလဲပါလိမ့် (အပါယ်မျက်စောင်းထိုးပြီး ခွေလဲပါပါတယ်) ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အပါယ်မျက်စောင်းထိုးပြီး
အပါယ်မျက်စောင်းထိုးပြီးတော့ ခွေလဲပါတယ်ဘုရာ့၊ တပည့်တော်တို့က ငယ်လဲငယ်သေးတယ်၊ ကိုယ်ကမွေးထားတဲ့ ဗု၊စု၊ခရု တွေကလဲရှိနေတော့ အရှင်ဘုရားများလိုလဲ မလွယ်ဘူး (မှန်ပါ့ ဘုရား)။
အင်း၊ သူသွားတော့မယ် (မှန်ပါ့) သွားတော့မယ် သွားတော့မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သွားမှာတုံး (အပါယ်သွားမှာပါ) အမလေး ကြောက်စရာကြီးပါကလား ဒကာ ဒကာမတို့ (မှန်ပါ့)။
ဪ ဒါနဲ့ ခင်ဗျားတို့မအားဘဲနဲ့ အပါယ်သွားရတယ် (မှန်ပါ့) အလုပ်နဲ့လက်နဲ့ကော ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား) အပါယ်ကော (ရောက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် မအားတာဟာ အပါယ်နာ ပေါက်တာဘဲ (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မအားရာ အနာပေါက်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) အခုလဲ အလုပ်နဲ့လက်နဲ့ ပြတ်ရဲ့လား (မပြတ်ပါ ဘုရား)ကိစ္စက အပါယ်နာကြီးပေါက်တယ် (မှန်ပါ့)။
ကဲ ဒါဖြင့် ခင်ဗျားတို့အတွက်ကဖြင့် မျှော်လင့်ချက်ကို မရှိဘူး (မရှိပါ ဘုရား) ပစ္စုပ္ပန်မှာမအား (မှန်ပါ့) သံသရာမှာ အပါယ်နာပေါက် (မှန်ပါ့) ဦးမာဒင် ဘယ်ဟာကြိုက်သတုံး (ဘယ်ဟာမှမကြိုက်ပါ) ဟာ မကြိုက်ပေမဲ့ ယူရမယ်။
မကြိုက်ပေမဲ့ယူရမှာဘဲ (ယူရမှာပါ) ဒီအတိုင်းနော်၊ နည်းနည်းကလေးမို့ ကျန်းမာလာလို့ရှိရင်လဲ ကိုယ့်ဆိုင်ရာ ဆိုင်ရာ မေးချင်လာတာဘဲ (မှန်ပါ့)။
ဘယ့်နှယ်နေသတုံး၊ ဘယ့်နှယ်နေသတုံး၊ ဘယ့်နှယ်နေသတုံးဆိုရင် တဏှာက စ,တာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်နေသတုံးဆိုတာ ဘယ့်နှယ် ပြောကြပါ့မလဲ (တဏှာက စ,တာပါ) တဏှာက စ,တယ်တဲ့၊ အင်း အသင့်အတင့်ရှိပါရဲ့ဆိုတော့ အေး၊ ကြိုးစားလုပ်ဆိုတော့ ဥပါဒါန်ကလာပြီ (မှန်ပါ့ ဘုရား) မလာသေးဘူးလား (လာပါတယ် ဘုရား)။
ဥပါဒါန်လာရင် ကာယကံ,ဝစီကံကလဲ ကူညီနိုင်တာ ကူညီမယ်ဆိုတော့ ကာယကံ,ဝစီကံ မလာဘူးလား (လာပါတယ်) သွားပေရော့ အပါယ်ဇာတိ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီး တရားအားထုတ်ရတာဟာ တပည့်တော်တို့ သေသေချာချာသိလာတာ လုပ်စားချိန်မရှိဘူး (မှန်ပါ့) ဒါ ခင်ဗျားတို့ တပွဲလုံးက ထောက်ခံတယ် (မှန်ပါ့) သေသေချာချာထောက်ခံမယ် (ထောက်ခံပါတယ် ဘုရား)။
လုပ်စားချိန်ရှိသေးရဲ့လား
ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ လုပ်စားချိန်ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိဘူး၊ ဘုန်းကြီး တရားနာရလို့ ရှိရင် လုပ်စားချိန်မရှိတော့ဘူး၊ သုခဝေဒနာလာလဲ သုခဝေဒနာရှုရမှာကိုး (မှန်ပါ့) ဒုက္ခဝေဒနာပေါ်လဲ (ရှုရမှာပါ) ဥပေက္ခာဝေဒနာပေါ်လဲ (ရှုရမှာပါ) ဝေဒနာတွေကလဲ မပြတ်ဘူးဘုရာ့ (မှန်ပါ့) ရှုလဲနေရမယ်ဆိုတော့ လုပ်စားချိန်မရှိတော့ဘူး တဲ့ (မှန်ပါ့)။
ဪ ခင်ဗျားတို့ကလဲ ခက်လိုက်တာ လုပ်စားချင်တာကိုး (မှန်ပါ့) မလုပ်ဘဲနဲ့ချမ်းသာလို့ရှိရင် ရှိလာလေ ချမ်းသာလေဘဲ (မှန်ပါ့) လုပ်စားချင်လို့ရှိရင် အပါယ်ထိအောင်သွားရမယ် (သွားရပါမယ်)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ လုပ်စားချင်တဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ တဏှာဥပါဒါန်သွားတဲ့ ပုဂ္ဂိုလ် (မှန်ပါ့) မဂ်အားထုတ်နေတဲ့ပုဂ္ဂိုလ်သည် အငတ်ပျောက်တဲ့ပုဂ္ဂိုလ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ်အားထုတ်တဲ့ပုဂ္ဂိုလ်က (အငတ်ပျောက်တဲ့ ပုဂ္ဂိုလ်ပါ) အဲဒီတော့ အားမထုတ်ဘဲ အငတ်ပျောက်တဲ့ အလုပ်မှမလုပ်ဘဲနဲ့ အငတ်သဘောချည့်ပြောနေရင် ဒီဟာတွေလာမှာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဆင်ခြေကော လဲချင်သေးသလား (မလဲချင်ပါ) လဲချင်ရင်လဲ ခင်ဗျားတို့သွားပြီ (မှန်ပါ့) မသွားသေးဘူးလား (သွားမှာပါ ဘုရား)။
အရှင်ဘုရား၊ တရားသာ အားထုတ်နေရမယ်ဆိုရင် ဘုရားဟောတော်မူတာကြီးသာ လိုက်နေရရင် တပည့်တော်တို့ လုပ်စားတဲ့ အချိန်မရှိဘူး (မှန်ပါ့)။
ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန်ရောက်စေချင်တယ်
ဟုတ်လား၊ ဘုန်းကြီးက လုပ်စားနေမှာကို အင်မတန်ကြောက်တယ်၊ ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန်ရောက်စေ ချင်တယ် (မှန်ပါ့) မလုပ်ဘဲနဲ့ ဝ,တာ ကြိုက်တယ် (မှန်ပါ့)။
ခင်ဗျားတို့ကလဲ ကြက်လို ယက်စားရမှ ကြိုက်တာဖြစ်နေတော့ မတတ်နိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ကဲ ဒါဖြင့် လုပ်စားကြမလား၊ မလုပ်ဘဲနဲ့ ဝ,တာကြိုက်သလား (မလုပ်ဘဲနဲ့ ဝ,တာ ကြိုက်ပါတယ် ဘုရား)။
ဟာ ဒီဥစ္စာ ခင်ဗျားတို့ အပြောတွင် ညီညွတ်မှာနော်၊ အလုပ်ကျတော့ လုပ်မှာမဟုတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ့) သုခဝဒေဝနာပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ်) ဒုက္ခဝေဒနာပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ်) ဥပေက္ခာဝေဒနာပေါ်ရင်လဲ (ဖြစ်ပျက်ရှုရပါမယ်) ဟော ငတ်တတ်တဲ့တဏှာ ပျောက်ပြီ (မှန်ပါ့) လိုချင်တဲ့ တဏှာ လုပ်စားချင်တဲ့တဏှာ (ပျောက်ပါပြီ ဘုရား)။
ဒါ့ကြောင့်ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတပည့်သားတွေကို သက်သေခံလုံလောက်အောင် ဒကာသစ်ပြတယ်နော် (မှန်ပါ့)ရဟန္တာဖြစ်တဲ့နေ့ကစပြီး ဆွမ်းခံကျွေးနေရတာတွေ မရှိပေဘူးလား (ရှိပါတယ်) ခန္ဓာ့ကျွန်ခံရတာ နာလိုက်တာ (မှန်ပါ့)ဒီစိတ်နေ့တိုင်း ပေါ်တယ် (မှန်ပါ့ ဘုရား)။
ခန္ဓာ့ကျွန်ခံခဲ့ရတာ တသံသရာလုံးကလဲ ကျွန်ခံရသေးတယ်၊ အခုထက်ထိလဲ တဏှာကုန်တာတောင်မှ ဒီခန္ဓာကြီးက ကျွေးပါဦး၊ဆိုတော့ သူခိုင်းနေသေးတယ် (မှန်ပါ့)ဆိုပြီး သကာလ ရဟန္တာဖြစ်တဲ့နေ့ကစပြီး ခန္ဓာကြီးကို ပရိနိဗ္ဗာန်စံချင်တဲ့စိတ် ချက်ခြင်းပေါ်တယ် (မှန်ပါ့)လုပ်စားရမှာ ဘယ်လောက်ကြောက်သတုံး (ကြောက်ပါတယ် ဘုရား)။
ခင်ဗျားတို့ကဖြင့်မေးလိမ့်မယ်၊ တရားအားထုတ်နေရင် ဘယ့်နှယ်ဘာလုပ်စားမလဲ (မှန်ပါ့) တယောက်နဲ့တယောက်နဲ့ ခင်ဗျားတို့က ဒါဘဲ ပြောမှာဘဲ(မှန်ပါ့) မင်းတို့သိပ်မလိုက်နဲ့နော် (ငတ်ကုန်မယ်) အမလေး ဒုက္ခဘဲ၊ ငတ်နေတာတော့ သူမသိဘူး (မှန်ပါ့ ဘုရား) အခုတော့ သိကြပလား (သိပါပြီ ဘုရား)။
အငတ်ပျောက်တယ် အောက်မေ့
ဒါဖြင့် တရားအားထုတ်တာသည် ဒကာ ဒကာမတို့ အငတ်ပျောက်တယ် အောက်မေ့ (မှန်ပါ့)ရှင်းပြီနော် (ရှင်းပါပြီ) တရားအားမထုတ်ရင် အငတ်ကြီးပွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားအားထုတ်ရင် (အငတ်ပျောက်ပါတယ်) တရားအားမထုတ်ရင် (အငတ်ကြီးပွားပါတယ် ဘုရား)။
ဒါဖြင့် ဘယ်ဟာကြိုက်သတုံး (အငတ်ပျောက်တာကြိုက်ပါတယ်) အငတ်ပျောက်တာကြိုက်ရင် အားသာထုတ်၊ ရှုပ်မနေနဲ့ (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ နာရီစေ့ပြီ တော်ကြဦးစို့။
သာဓု သာဓု သာဓု။
