အိမ်တွင်းပဋိစ္စသမုပ္ပါဒ်တရားတော် (၃)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
အိမ်တွင်းပဋိစ္စသမုပ္ပါဒ်တရားတော် (၃)
နေ့အလုပ်ပေး တရားတော်
(၁-၁၀-၆၁)
ခံစားချင်ကြလို့ တဏှာပေါ်လာတယ်
ခံစားချင်ကြလို့ တဏှာပေါ်လာတယ်ဆိုတာ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် သိပြီးပါ ပြီ (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ်ကြီးမှာ ဝေဒနာက္ခန္ဓာသုံးပါးကို အလိုဖြည့်ချင်တာနဲ့ပဲ တဲ့ တဏှာပေါ်လာတယ် (မှန်ပါ့)၊ ဒီတဏှာ ကလည်း ဒကာ ဒကာမတွေ အလွန်ကောက်ကျစ်ပါတယ် (မှန်ပါ့ ဘုရား)။
ဒီတဏှာသည်ကားလို့ဆိုရင် ဘယ်လိုများ ကောက်ကျစ်သတုံးဆိုတဲ့ဥစ္စာဖြင့် သားမဟုတ်တာကို သားလုပ်ပြီး သကာလ ဒီသားအတွက် ရှာကွ (မှန်ပါ့)၊ သမီးမဟုတ်တာကို သမီးလုပ်ပြီးသကာလ ဒီသမီးအတွက်ရှာကွ (မှန်ပါ့)၊ ငါမဟုတ်တာကို ငါလုပ်ပြီးသကာလ ငါ့အတွက်လည်း ရှာကွ (မှန်ပါ့)
ဒါဖြင့် တဏှာသည် လိမ်လည်ကောက်ကျစ်တဲ့အထဲမှာဖြင့် ဒကာကြွယ် ဗိုလ်စွဲတယ် (စွဲပါတယ် ဘုရား)၊ ဘယ်သူပါလိမ့်ဗျာ (တဏှာပါ ဘုရား)။
ဪ ဒီတဏှာဆိုတဲ့ တရားသည် ဒကာ ဒကာမတို့ ကောက်ကျစ်တယ်နော် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဟိုဘက်အိမ်မှာလည်း ဒေါင်ချာစိုင်းနေတာပဲ (မှန်ပါ့)၊ ဒီအိမ်မှာလည်း ဒေါင်ချာစိုင်း နေတာပဲတဲ့၊ အရှင်သခင်ရှာလိုက်တော့ တဏှာတစ်ခုတည်း (မှန်ပါ့)။
ဒီတဏှာတစ်ခုတည်းက နေပြီးသကာလ အဘိုးကြီး-အဘိုးကြီးအလိုက်၊ အဘွားကြီး-အဘွားကြီးအလိုက်၊ လူငယ် ဖြင့် လူငယ်အလိုက် တစ်ခါတည်း ကောက်ကျစ်ပြီးသကာလ ထားလိုက်တာ အဖေမမာလို့-သားသမီးနေမကောင်းလို့၊ သားသမီးကလေးတွေ မင်္ဂလာကိစ္စရှိလို့နဲ့၊ တစ်ခါတည်း ကိစ္စတွေ မအားအောင် ရှာမှီးတဲ့ကိစ္စတွေ မအားအောင် အလုပ်ခိုင်းနေတာ ဒကာသစ်ရေ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဟိုအိမ် ဒီအိမ်မှာ သားကိစ္စ, သမီးကိစ္စ, ဆွေကိစ္စ, မျိုးကိစ္စတွေနဲ့ ကိုယ့်အရေးဆိုတဲ့ သူတော်ကောင်းအလုပ်တောင် လုပ်ခွင့်မရပါဘုရား-ရှုပ်လိုက်တဲ့ဖြစ်ခြင်း လူ့ပြည်များ မပြောပါနဲ့တော့ အစရှိသည်နဲ့ ဒကာကြွယ်တို့က ညည်းရတယ်နော် (ညည်းရပါတယ် ဘုရား)။
လူ့ပြည်မပြောပါနဲ့တော့ဆိုတာ မဟုတ်ပါဘူး ဒီတဏှာကောက်ကျစ်မှုကို မသိလို့ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။
တဏှာကောက်ကျစ်မှုကို မသိလို့
ဘယ်သူကောက်ကျစ်မှု မသိလို့ပါလိမ့် (တဏှာကောက်ကျစ်မှု မသိလို့ပါ ဘုရား)။
ဒါ့ကြောင့် ယနေ့ ဒီတဏှာကောက်ကျစ်မှုကလေးဟာ ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေဟာ ကိုယ်မအား, စိတ်မအား၊ လူက ဒီမှာနေငြားသော်လည်း စိတ်ကမအား (မှန်ပါ့)၊ လူက ဟိုမှာနေငြားသော်လည်း သားသမီးများက တခြားနေပြန်လည်း စိတ်ကမအားဘူး (မှန်ပါ့ ဘုရား)။
တဏှာက တစ်ခါတည်း သားသမီးမဟုတ်တာ သားသမီးလုပ်ထားတော့ ဒကာသစ်ရေ သူကောက်ကျစ်ထား လိုက်တဲ့ဖြစ်ခြင်းဟာဖြင့် ကျုပ်တို့မှာဖြင့် ဒီအလိမ်ကလည်း မဖြေနိုင်တဲ့အတွက် ဒကာကြွယ်ရေ အပင်ပန်းချည့် ခံနေရ တယ် (မှန်ပါ့ ဘုရား)။
သူကောက်ကျစ်ထားတာကြောင့် သားကိစ္စတွေနဲ့ အားသေးရဲ့လား (မအားပါ)၊ သမီးကိစ္စတွေနဲ့ကော (မအား ပါ)၊ ပစ္စည်းကိစ္စတွေနဲ့ကော (မအားပါ)၊ ဒါ ဘယ်သူကောက်ကျစ်ထားတာနဲ့ မအားတဲ့ကိစ္စ, ရှာမှီးတဲ့ကိစ္စတွေ လာရပါ လိမ့် (တဏှာကောက်ကျစ်ထားလို့ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာသည်ကားလို့ဆိုရင်ဖြင့် ဘယ့်နှယ်ကြောင့် တို့အပေါ်မှာ ဒါလောက် လိမ်လည်ကောက်ကျစ်ပြီးသကာလ တို့နွားလုပ်ပြီးသကာလ ခိုင်းနေပါလိမ့်မလဲ၊ ရှာမှီးခြင်းကိစ္စခိုင်းတာ (မှန်ပါ့ ဘုရား)။
တဏှာက ဘာလုပ်ပါလိမ့်မလဲ (ရှာမှီးခြင်းကိစ္စခိုင်းပါတယ်)၊ ရှာမှီးခြင်းကိစ္စတွေနဲ့ ခိုင်းလိုက်တဲ့ဖြစ်ခြင်း အရွယ် နဲ့ မလိုက် အလုပ်များနေရတာ ဒကာကြွယ်ရေ ဘယ်သူကောက်ကျစ်မှုကို ကျုပ်တို့လိုက်နာနေရတယ်ဆိုတာ ပေါ်ပါ ပြီ (ပေါ်ပါပြီ)၊ ဘယ်သူပါလိမ့် (တဏှာကောက်ကျစ်မှုကို လိုက်နေရပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဟိုအိမ်ကြည့်လိုက်ပြန်လည်း အလိမ်မပြေ (မှန်ပါ့)၊ ဒီအိမ်ကြည့်လိုက် ပြန်လည်း (အလိမ်မပြေပါ ဘုရား)၊ တဏှာကောက်ကျစ်ထားတဲ့ လိမ်လည်မှုဟာလေ (မပြေပါ ဘုရား)။
မပြေတော့ ခင်ဗျားတို့, ကျုပ်တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် မပြေသလို ဆင်းရဲနေပါတယ် (မှန်ပါ့ ဘုရား)။
မပြေတော့ ဘယ်လိုတုံး (မပြေသလို ဆင်းရဲပါတယ် ဘုရား)၊ ဒါကြောင့် ဘုန်းကြီးက ပြောရတယ် အလိမ်ပြေ ပြီး သေသွားတဲ့ပုဂ္ဂိုလ်ဟာ ရှားတယ်ဟေ့ (မှန်ပါ့ ဘုရား)။
အလိမ်ပြေပြီးသေသွားတဲ့ပုဂ္ဂိုလ်ဟာ (ရှားပါတယ် ဘုရား)၊ ဒကာကြွယ် စဉ်းစားပါ၊ မရှားဘူးလား (ရှားပါတယ် ဘုရား)။
အသေက စောသွားရှာတယ်
သားအမှတ်ပြုတ်, သမီးအမှတ်ပြုတ်ပြီးသကာလ အလိမ်ပြေပြီးသကာလ သေသွားတဲ့ပုဂ္ဂိုလ်ဟာဖြင့် ရှာမှ ရှားပါတယ် (မှန်ပါ့)၊ သားကိစ္စတန်းလန်း မပြီးပဲနဲ့ သေသွားရတယ်ဆိုတဲ့ သေခြင်းဆိုးစကားတွေတော့ အားကြီးပြော ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
သမီးကိစ္စမပြီးပြတ်ပဲနဲ့ အသေက စောသွားရှာတယ်ဆိုပြီး ကိုယ်လည်း မသေချင်သေးဘူး၊ ဒီကိစ္စမပြီးခင်ဆိုတော့ ဒကာသစ်က စဉ်းစားစမ်း၊ ဒီသေမည့်လူဟာ အလိမ်မိ သေသွားတာလား၊ အလိမ်ပြေပြီး သေသွားတာလား (အလိမ်မိ ပြီး သေသွားတာပါ)၊ ဟာ ဦးမာဒင်ရေ ကြောက်စရာကြီးပါလား (မှန်ပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ် မသာတွေ ပို့လိုက်ရတာလည်း မနည်းပါဘူးနော် (မှန်ပါ့)၊ ဘယ်လိုမသာတွေများပါလိမ့် (အလိမ်မိသေသွားတဲ့ မသာတွေများပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အလိမ်မိသေသွားတဲ့ မသာတွေဆိုလို့ရှိရင်ဖြင့် တဏှာလိမ်, ဒိဋ္ဌိလိမ်မိသောကြောင့် တဏှာဒိဋ္ဌိချယ်လှယ်တဲ့ သူတို့၏ ပို့ရာစခန်းဖြစ်တဲ့ အပါယ်လေးပါးသွားရုံပဲ (မှန်ပါ့)၊ ဘယ်မှာသွားစရာမရှိဘူး၊ အလိမ် မိသေသွားတာကိုးဗျ (မှန်ပါ့ ဘုရား)။
သူတို့၏ ဆိုင်ရာပိုင်ရာ သူတို့လက်ညှိုးညွှန်ရာ သူတို့ကွန်းရာ ကျုပ်တို့လိမ့်ပြီးသကာလ ဒကာကြွယ် အပါယ် လေးပါးသွားကြရတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ ဒကာသစ်က လက်သည်ရှာတော့ အလိမ်မပြေရှာလို့ ဘုရား (မှန်ပါ့ ဘုရား)။
အလိမ်မပြေရှာလို့
ဘယ်လိုမှတ်ကြမယ် (အလိမ်မပြေရှာလို့ပါ)၊ ဒကာ ဒကာမတွေ ဒီစကား သေးသေးသိမ်သိမ် မမှတ်ပါနဲ့ သုံး ဆယ့်တစ်ဘုံ ဗိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်၊ အပါယ်လေးပါး တွန်းချနေတဲ့ ပုဂ္ဂိုလ်၏ အလိမ်မပြေမှုနဲ့ သေကြရရင် သေခြင်းဆိုး အစစ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘယ်လိုမှတ်မယ် (အလိမ်မပြေမှုနဲ့ သေကြရရင် သေခြင်းဆိုးအစစ်ပါ)၊ ဒကာသစ် မငြင်းနဲ့နော် (မငြင်းပါ)၊ ငြင်းစရာမလိုပါဘူး (မှန်ပါ့ ဘုရား)။
သားစွဲ သေသွားလေရဲ့, သမီးစွဲ သေသွားလေရဲ့၊ သမီးမှမဟုတ်ဘဲ နာမ်ရုပ်တွေပဲ (မှန်ပါ့)၊ သင်္ခါရတရား ဖြစ်ပျက် (မှန်ပါ့)၊ အဲဒါတွေ အစွဲပြုပြီးသကာလ စိတ်မချ လက်မချနဲ့ သေသွားရှာတယ်လို့ ဒကာကြွယ်တို့ မသာပေါင်း များစွာ တွေ့ဖူးပါတယ် (တွေ့ဖူးပါတယ် ဘုရား)။
ဒကာကြွယ် ဒီမသာ ဘယ်သွားပါ့မတုံးလို့ စဉ်းစားစမ်း (အပါယ်သွားမှာပါ)၊ ငြင်းဖို့များ လိုသေးသလား (မလိုပါ ဘုရား)။
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောတဲ့ လူတစ်သိန်းမှာ တစ်ယောက် သုဂတိမရောက်ဆိုတဲ့ အဓိပ္ပာယ် ဦးမာဒင် ရှင်းပြီ (ရှင်းပါပြီ)၊ ဘယ့်နှယ်ကြောင့်တုံးဗျ (အလိမ်မိပြီး သေသွားလို့ပါ ဘုရား)။
အလိမ်မိပြီးတော့ သေသွားတယ်၊ သားဟူသော အစွဲမပြုတ်ပါဘူး (မပြုတ်ပါ)၊ သမီးဟူသောအစွဲ (မပြုတ်ပါ)၊ ငါဟူသောအစွဲ (မပြုတ်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာမပြုတ်ပဲနဲ့ သေသွားရင် အလိမ်မိပြီး သေသွားတယ်၊ ဘယ်သူ့ အလိမ်တုံးမေးတော့ တဏှာနဲ့ဒိဋ္ဌိ တွဲလိမ်လိုက်တယ် (မှန်ပါ့ ဘုရား)။
ဘယ်သူက တွဲလိမ်လိုက်ပါလိမ့် (တဏှာနဲ့ ဒိဋ္ဌိက တွဲလိမ်လိုက်ပါတယ်)၊ တဏှာနဲ့ဒိဋ္ဌိတွဲပြီး လိမ်လိုက်တယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သေတဲ့ပုဂ္ဂိုလ်လည်း အလိမ်မပြေပဲနဲ့ သေသွားတယ် (မှန်ပါ့)၊ ဘေးကမသာပို့တဲ့ ပုဂ္ဂိုလ်တွေကကော တဲ့၊ ဒီဥစ္စာ အလိမ်ပြေလို့ ဝမ်းနည်းကြတာ, ဆွေးကြတာ, တောင့်တကြတာလား-အလိမ်ပြေလို့လားဆိုတာ အကဲ ခတ်ဦး (အလိမ်မပြေလို့ တောင့်တကြတာပါ ဘုရား)။
အရူးချည့်ပဲဟေ့
ဪ မသာသမားနဲ့ မသာပို့သမားတွေဖြင့် အရူးချည့်ပဲဟေ့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆုံးဖြတ်ချက်ချမလဲ (အရူးချည့်ပါ ဘုရား)၊ ဒကာသစ် သေသေချာချာတွေးမှနော် (မှန်ပါ့)၊ သေသေ ချာချာတွေးမှ ဝိပဿနာဉာဏ်နဲ့ တွေးမှ ဒကာ ဒကာမတွေ ရှင်းပါတယ် (မှန်ပါ့)၊ ဒီအတိုင်း ခင်ဗျားတို့ချင်း ဟုတ်နေ တာကတော့ အလကားပါပဲ (မှန်ပါ့)။
ဦးလှဘူးတို့ချင်း တစ်ယောက်နဲ့တစ်ယောက် စကားပြေထိုးပြီးသကာလ သက်သာမှုနဲ့ ပြောနေကြတာကတော့ အလွဲနဲ့အချော်ချည့် မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ကို ဒီတဏှာအလိမ်မပြေတာ ဒကာသစ် ဒီနေ့လက်သည်ကလေး ရှာပေးချင်တယ် (မှန်ပါ့)၊ ဪ ဒီတဏှာလိမ်ဟာ ဘယ့်နှယ်ကြောင့် မပြေပဲနဲ့ သေပွဲဝင်ကြရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ယထာဘူတဉာဏ် မရလို့ (မှန်ပါ့)၊ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဘယ်ဉာဏ်မရလို့လဲ (ယထာဘူတဉာဏ်မရလို့ပါ ဘုရား)၊ ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်မရလို့ (မှန်ပါ့)၊ ဦးလှဘူး ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ရုပ်-ရုပ်မှန်း, နာမ်-နာမ်မှန်း, အနိစ္စကို အနိစ္စမှန်းသိတဲ့ ယထာဘူတဉာဏ်ကို မရလို့ ဦးမာဒင်ရေ အလိမ်မပြေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း ဒကာ ဒကာမတို့ လက်သည် မဖမ်းတတ်လို့ရှိရင်လည်း ခက်တယ်နော် ဒကာကြွယ် (မှန်ပါ့)။
ကဲ ဒကာကြွယ်,ရေ အလိမ်မပြေပဲနဲ့ သေသွားတဲ့ပုဂ္ဂိုလ်များ ဘယ်ဉာဏ်မရလိုက်တာပါလိမ့် (ယထာ ဘူတဉာဏ် မရလိုက်တာပါ ဘုရား)၊ ရှင်းပြီ (မှန်ပါ့)၊ ဦးမာဒင် ရှင်းပြီ (ရှင်းပါပြီ)၊ ဘယ်ဉာဏ်မရလို့ပါလိမ့် (ယထာဘူတ ဉာဏ် မရလို့ပါ ဘုရား)။
သုံးဆယ့်နှစ်ကြိမ်လောက် မှာတယ်
ဒါ့ကြောင့် ဘုရားက “ယထာဘူတံ ဉာဏာယ သတ္ထံ ပရိယေသိတဗ္ဗော” ယထာဘူတံ=ဟုတ်တိုင်းမှန်စွာ၊ ဉာဏာယ=သိဖို့ရာအလို့ငှာ၊ သတ္ထံ=မင်းတို့ဆုံးမတတ်တဲ့ဆရာကို၊ ပရိယေသိတဗ္ဗော=ရှာဖြစ်အောင် ရှာပါကွာ တဲ့ (မှန်ပါ့)။
အကြိမ်ပေါင်း သုံးဆယ့်နှစ်ကြိမ်လောက် မှာတယ် (မှန်ပါ့)၊ မှာသင့်, မမှာသင့် (မှာသင့်ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီကိုယ်တော်မြတ်ကြီး ဒါလောက်ကရုဏာ ကြီးကြီးမားမားနဲ့ မှာပါလိမ့်မလဲ လို့ ဒကာ သစ်တို့ ဒကာကြွယ်တို့ ဦးမာဒင်တို့ အတွေးထုတ်တော့မှ ဪ အပါယ်လေးပါးသွားမှာ စိုးရိမ်လို့ပဲ (မှန်ပါ့)။
ဒီလိုမယူပဲနဲ့ သေသွားတော့ဗျာ (အပါယ်လေးပါး သွားမှာ စိုးရိမ်လို့ပါဘုရား)၊ သားဟူသော အမှတ်နဲ့ဆိုရင် ဒိဋ္ဌိပဲ (မှန်ပါ့)၊ ခင်လျက်, မင်လျက်နဲ့ သေသွားရင် တဏှာပဲ (မှန်ပါ့ တဏှာပါဘုရား)၊ ဒီတဏှာကလည်း ဥပါဒါန် ကံ ဇာတိ ဇရာ မရဏဆိုတော့ အပါယ်လေးပါးဇာတိတွေ သူလုပ်တော့မယ် (လုပ်မှာပါ ဘုရား)။
ဒိဋ္ဌိကလည်း ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေနဲ့ အပါယ်လေးပါးရောက်အောင် သူပို့တော့မယ်ဆိုတာ ငြင်းဖို့လိုသေသလား (မလိုပါ ဘုရား)။
ဒါဖြင့် အလိမ်မပြေတဲ့ပုဂ္ဂိုလ်များ ဒကာကြွယ် ဘယ်စခန်းနဲ့ဘယ်များ မြန်းကြလေသတုံး လို့ မေးဖို့မလို ဘူး (မလိုပါ ဘုရား)၊ အပါယ်လေးပါးပဲ သွားကြလေတယ် (သွားပါတယ် ဘုရား)၊ ကြောက်စရာကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား)။
ဒီနေ့ ဒါ့ကြောင့် ဒီတရားကို ဒကာ ဒကာမတို့ အထူးဂရုစိုက်ပြီး ဪ ငါတို့သားဟူသော အထိမ်းအမှတ်၊ သမီးဟူသော အထိမ်းအမှတ်ဟာ ရုပ်နာမ်တွေပျောက်, အနိစ္စတွေ ပျောက်အောင် လိမ်ထားတယ်၊ ဒီလိုလိမ်ထားတာ ဘယ်သူပါလိမ့်မတုံး မေးတော့ တဏှာဒိဋ္ဌိ (မှန်ပါ့)။
လိမ်ထားတာ (တဏှာဒိဋ္ဌိပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒကာ ဒကာမတို့ လက်သည်မိပြီနော် (မိပါပြီ ဘုရား)။
ယထာဘူတဉာဏ် မရလိုက်လို့ပါ
အဲဒီဟာ သူလိမ်ချင်လို့ လိမ်တာလားလို့ မေးတော့ ဒကာသစ်တို့ ဦးမာဒင်တို့ ဘယ်ဉာဏ်မရလိုက်လို့လဲ (ယထာဘူတဉာဏ် မရလိုက်လို့ပါ ဘုရား)။
ဒါဖြင့် ယထာဘူတဉာဏ် ရအောင် ရှာစမ်းပါကွ ဆိုပြီး အကြိမ်ပေါင်းများစွာမှာတာဟာ ဦးမာဒင် မှာသင့်, မမှာသင့် (မှာသင့်ပါတယ် ဘုရား)၊ တကယ့် ကရုဏာတော်ရင်ကြီးပါလား (မှန်ပါ့)။
ဦးလှဘူး ဘယ့်နှယ်ဆိုမလဲ (တကယ့်ကရုဏာတော်ရင်ကြီးပါ ဘုရား)၊ တကယ့်ကရုဏာတော်ရင်ကြီးနော် (မှန်ပါ့)။
အဲဒီလိုသိလာတော့မှ ဪ-တကယ် ကြည်ညိုစရာကောင်းပါကလား (မှန်ပါ့ ဘုရား)၊ အရိယာတို့စိတ်နဲ့ကို တစ်ခါတည်း ကြည်ညိုလာတယ် (မှန်ပါ့)။
တကယ့်ကို တို့ကို တစ်ခါတည်း ယထာဘူတဉာဏ် မရ-ရအောင် ရှာပါကွ ဆိုတဲ့ တစ်လုံးဟာ အလိမ်မသေ အောင်လို့ အပါယ်လေးပါးမရောက်အောင်လို့ မှာတော်မူတာပဲဆိုတာကလေးဟာ ဦးမာဒင် ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။
ဒီတွင်မှ ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တဆိုတဲ့ ကိုယ်တော်ကြီးဟာ ဂုဏ်တော်တွေ, ကရုဏာတော်တွေ တစ်ခါတည်း အကြီးအကျယ်ပေါ်လာတယ် (မှန်ပါ့)၊ အရင်ကြည်ညိုပုံနဲ့ အများကြီးခြားနားတယ် (ခြားနားပါတယ် ဘုရား)၊ မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။
အို ကြည်ညိုပုံကိုပဲ ဪ ငါရူးနေတာ တခြားမဟုတ်ဘူး၊ ငါ အလိမ်မိနေတာ တခြားမဟုတ် ဘူး၊ ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်မရလို့ တဲ့ (မှန်ပါ့)။
အဲဒီတော့ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ် ရဖို့ရာလည်း ဘုရားက အဖျင်းဆုံး သုံးဆယ်နဲ့နှစ်ကြိမ်, လောက် မှာသတဲ့ (မှန်ပါ့ ဘုရား)။
ဒါ-တို့က မလိုက်နာမိတာပဲ၊ တကယ့်ကို ကျေးဇူးဥပကာရကြီးလှတယ်၊ သားသမီးအဖြစ်နဲ့ တစ်ခါတည်းထား ပြီး သူရှေ့အပါယ်မသွားစေချင်လို့မှာတာပဲ (မှန်ပါ့)၊ မပေါ်လာကြသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။
ဆပ်လို့မကုန်အောင် တင်ထိုက်တဲ့ ကျေးဇူးရှင်
ဒကာ ဒကာမတို့ သာမည ကျေးဇူးရှင်လားဗျာ၊ ကျေးဇူးကို ဆပ်လို့မကုန်အောင် တင်ထိုက်တဲ့ကျေးဇူးရှင်လား (ဆပ်လို့မကုန်အောင် တင်ထိုက်တဲ့ ကျေးဇူးရှင်ပါ ဘုရား)။
ဒါ့ကြောင့် သောတာပန်တို့များ ကြည်ညိုပြီဆို ဒကာသစ် ဓားနဲ့ မင့်လည်ပင်းခုတ်လှီးသတ်မယ်၊ ဟောဒီဘုရား မကြည်ညိုရဘူးဆိုရင်တောင် သတ်ချင်သတ်တော့ဗျာ မကြည်ညိုတာတော့ဖြင့် မဖြစ်နိုင်ဘူး၊ ကြည်ညိုရမှာပဲ (မှန်ပါ့ ဘုရား)၊ မရဲဘူးလား (ရဲပါတယ် ဘုရား)၊ အဲဒါက ဒီလိုဂုဏ်တွေကို လှိုက်လှိုက်လှဲလှဲသိလာလို့ (မှန်ပါ့)၊ ပေါ် ကြပလား (ပေါ်ပါပြီ)။
အေး ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဪ ဒီကိုယ်တော်ကြီးဟာ ဟုတ်တိုင်းမှန် စွာ သိတဲ့ဉာဏ်ကို ရှာပါဟဲ့ လို့ အကြိမ်ပေါင်း သုံးဆယ်ကျော်မှာတယ်ဆိုတော့ ဒကာကြွယ် သာမညကရုဏာလား (မဟုတ်ပါ ဘုရား)၊ သူ့မရလိုက်ရင် အလိမ်ကမိပြီ (မှန်ပါ့)။
အလိမ်မိလို့ရှိရင် အလိမ်မိပြီးသေသွားရင် အပါယ်လေးပါးမှ တစ်ပါးလည်း သွားစရာမရှိဘူး (မရှိပါ ဘုရား)။
အပါယ်လေးပါးဆိုတာ ဒကာ ဒကာမတို့ ရေတစ်ပေါက်တိုက်မည့်လူ မရှိဘူးနော် (မှန်ပါ့)၊ ထမင်းတလုပ် ကျွေးမည့်လူကော (မရှိပါ ဘုရား)၊ ကျွေးချင်လို့ရှိရင်လည်း သံရေပူပဲ** (မှန်ပါ့ ဘုရား)၊ သောက်ချင်လို့ရှိရင်လည်း သံရေပူပဲ (မှန်ပါ့ ဘုရား)။
** ငရဲကို ရည်ရွယ်၍ ဆိုခြင်းဖြစ်သည်။
ယထာဘူတဉာဏ် ရမှ အလိမ်ပြေမယ်
ကိုင်း ဒကာ ဒကာမတို့ စဉ်းစားဝံ့ကြရဲ့လား (မစဉ်းစားဝံ့ပါ ဘုရား)၊ အဲ ဒါဖြင့် ယထာဘူတဉာဏ် ရမှ အလိမ်ပြေမယ် (မှန်ပါ့)။
ဒါဖြင့် ယထာဘူတဉာဏ်ရမှ အလိမ်ပြေမယ်ဆိုတာကို ဦးမာဒင်တို့ သေသေချာချာမှတ်စမ်းပါ (မှန်ပါ့)။
ဪ ငါတို့တစ်သက်လုံး အလိမ်မိပြီးသကာလ နေခဲ့တယ်၊ သားမဟုတ်တာ သားလုပ်၊ ငါမလုပ်တာ ငါလုပ်ပြီးသကာလ အလိမ်မိနေခဲ့တာ ဘာ့ကြောင့်ပါလိမ့်မတုံး (ယထာဘူတဉာဏ်မရလို့ပါ ဘုရား)။
သမီးမဟုတ်တာ သမီးလုပ်၊ မောင်မဟုတ်တာ မောင်လုပ်ပြီးသကာလ နေတာဟာ ရုပ်နာမ်အနိစ္စတွေကို တို့ အလိမ်မိပြီးဖြစ်နေလို့ ဒီအခြင်းအရာတွေ ပေါ်နေတာကိုးဆိုတာက ရှင်းတယ် (ရှင်းပါတယ် ဘုရား)၊ ဘယ်ဉာဏ်မရလို့ တုံး (ယထာဘူတဉာဏ်မရလို့ပါ ဘုရား)။
ကိုင်း ဒကာကြွယ်တို့ ဦးမာဒင်တို့ စဉ်းစားစမ်း၊ ဒီဉာဏ် ဘယ်လောက် အရေးကြီးသလဲ (အရေးကြီးပါတယ် ဘုရား)၊ အပါယ်လေးပါး တံခါးပိတ်တဲ့ဉာဏ်ပါလား (မှန်ပါ့)၊ နိဗ္ဗာန်ရောက်နိုင်တဲ့ဉာဏ်ပါလား (မှန်ပါ့)။
အေး ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့တိုင်း တရားနာတာ မပျင်းကြပါနဲ့၊ ဒီဉာဏ်ရဖို့ အလုပ် (မှန်ပါ့)၊ ဒီဉာဏ်မရလို့ရှိရင် ဦးမာဒင် အလိမ်မပြေပဲနဲ့ သေမယ် (မှန်ပါ့)၊ သေလို့ရှိရင် အပါယ်လေးပါးပဲ (မှန်ပါ့)၊ ပြန်တက်လမ်းက မြင်သေးရဲ့လား (မမြင်ပါ)၊ မမြင်တော့ဘူးဆိုတဲ့ဥစ္စာ ဒကာကြွယ် သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
အခု ဘုန်းကြီးများ ခေါင်းဆောင်ပြီးသကာလ အားလုံး ဒကာ ဒကာမကြီးတွေရော၊ ဒကာ ဒကာမငယ်တွေရော အခု ဖြစ်ပျက်တွေ့ကြပလားဟေ့လို့ မေးလိုက်တဲ့ဥစ္စာ ဒကာသစ် ယထာဘူတဉာဏ် ရပလားကွ (မှန်ပါ့)၊ အလိမ်ပြေ ပလားဟေ့ (မှန်ပါ့)၊ ဒါ မေးတာဗျ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီဒကာ ဒကာမတွေက ဒါကလေးမှ မလုပ်ရသေးလို့ရှိရင် အလိမ်မပြေသေး (မှန်ပါ့)၊ အလိမ်မပြေရင် သေခြင်းဆိုး သေရချေရဲ့သာမှတ် (မှန်ပါ့ ဘုရား)။
သေခြင်းဆိုး သေရချေရဲ့
အလိမ်မပြေရင် ဘယ့်နှယ်တုံး (သေခြင်းဆိုး သေရချေရဲ့ပါ ဘုရား)၊ သိပ်ကြောက်စရာကောင်းပါလား (ကောင်း ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ကိုယ့်ဟာကလေးနဲ့ဖြင့် ကိုယ့်ရွှေ, ကိုယ့်ငွေ, ကိုယ့်တိုက်, ကိုယ့်ရာကလေးနဲ့ တင်းတိမ်မနေ ပါနဲ့ဆိုတာကိုလည်း မှာတယ်နော် (မှန်ပါ့)၊ လိုရင်းမဟုတ်သေးလို့ (မှန်ပါ့)၊ လိုရင်းဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။
မဟုတ်သေးပါဘူးတဲ့ အလိမ်က မိလျက်ကြီးဖြစ်နေတော့ ဒီဥပါဒါန်တွေနဲ့ စွဲလမ်းပြီးသကာလ သေကြတော့ အလိမ်မပြေပဲနဲ့ သေသွားကြတော့ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ (မှန်ပါ့)၊ ဆိုတော့ ဒကာသစ် လွတ်ရေးကျွတ်ရေး မမြင်တော့ဘူး (မမြင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ယထာဘူတဉာဏ်ကိုလည်း ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ မရပါ လိမ့်မလဲဆိုတာကို ဆင့်မေးပါဦး (မှန်ပါ့)။
အင်း အလိမ်မိတာတော့ဖြင့် မိပါစေတော့ အလိမ်မိတာ ဘယ်သူ့ကြောင့်တုံးဆိုတော့ ယထာဘူတဉာဏ် မရလို့ (မှန်ပါ့ ဘုရား)။
ယထာဘူတဉာဏ် ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံးလို့ မေးတော့ကို ခုနင်ကတဲ့ ဒကာ ဒကာမတို့ အကြား အမြင်မရှိလို့ မရတာပဲ (မှန်ပါ့)
အဿုတဝါဖြစ်နေလို့ (မှန်ပါ့)၊ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့ ဒကာသစ် ယထာဘူတဉာဏ်မရတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဿုတဝါ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရတာသည် ဒကာ ဒကာမတို့ ယထာဘူတဉာဏ် မရနိုင်တော့ ဘူးတဲ့ (မှန်ပါ့)၊ ယထာဘူတဉာဏ်မရလို့ရှိရင်လည်း ဦးမာဒင် အလိမ်မပြေတော့ဘူး (မပြေပါ ဘုရား)၊ ပြေပါဦးမလား (မပြေပါ)၊ ဒကာကြွယ် တယ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီအလိမ်မိပါလိမ့်
ကိုင်း ဒကာ ဒကာမတို့ ဒီဥစ္စာ တစ်သက်လုံး မှတ်ရမယ်နော် (မှန်ပါ့)၊ သတ္တဝါတွေ အလိမ်မိတာသည် တဏှာ၏လက်ချက်မိပါတယ်, ဒိဋ္ဌိ၏ လိမ်ချက်မိပါတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒီအလိမ်မိပါလိမ့်မတုံး အကဲခတ် ပါ (ယထာဘူတဉာဏ် မရလို့ပါဘုရား)။
ယထာဘူတဉာဏ်ဆိုတာ ဒကာသစ်တို့ ခဏခဏကြားရတယ် ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ယထာဘူတဉာဏ် မရတော့ကို အလိမ်မိတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒကာကြွယ် ယထာဘူတ ဉာဏ် ခင်ဗျားတို့ မရကြပါလိမ့်မလဲလို့ မေးတော့ အပ္ပဿုတ=အကြားအမြင်နည်းလို့ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အင်း ဘယ်သူ့ကြောင့်ပါလိမ့် (အကြားအမြင်နည်းလို့ပါ ဘုရား)။
ဒါဖြင့် အကြားအမြင်နည်းတဲ့ အပြစ်ဟာလည်း ယထာဘူတဉာဏ် မရနိုင်ဘူး (မှန်ပါ့)၊ ယထာဘူတဉာဏ်မရ လို့ရှိရင် တဏှာလိမ်ချက်မိလျက်နဲ့ပဲ သေပွဲဝင်ရမယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒီလိုအကျိုးအကြောင်းတွေ အကုန်စစ်လိုက်တော့မှ ဒကာကြွယ်တို့ လူကြီးပိုင်းက ဦးမာဒင်တို့ စဉ်းစားကြည့်တော့မှ ဪ အခု ဆရာကောင်း, သမားကောင်းနဲ့တွေ့တာ အလွန့်အလွန် ကျေးဇူးများသကိုး (မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင် ဒို့-အလိမ်မပြေပဲနဲ့တော့ သေပွဲဝင်ရတော့မယ် (မှန်ပါ့ ဘုရား)။
သောတာပန် တစ်ပိုင်းဖြစ်နေပြီ
ယထာဘူတဉာဏ်ရတယ်ဆိုကတည်းက သောတာပန် တစ်ပိုင်းဖြစ်နေပြီ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အေး ဒါ့ကြောင့် ကဲ တစ်ခါ ဒကာသစ်ရေ-ဆက်ပါဦးနော် (မှန်ပါ့)၊ အလိမ်ဘယ့်နှယ်ကြောင့် မပြေပါလိမ့်မတုံး (ယထာဘူတဉာဏ် မရလို့ပါ)၊ ဪ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ် မရဘူးပေါ့ဗျာ (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ် မရပါလိမ့်မတုံးလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (အကြား အမြင်နည်းလို့ပါ ဘုရား)။
ဪ အကြားအမြင်နည်းကြလို့ (မှန်ပါ့)၊ ဒါ့ကြောင့် တရားနာပါဆိုတာများ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တရားနာပါလို့ ဆရာဘုန်းကြီးကပြောတော့ ခင်ဗျားတို့က ဆရာဘုန်းကြီးဆီမှာ တရားနာများအောင်လို့လို့ ထင်လိမ့်မယ် လွဲလိုက်တဲ့ဖြစ်ခြင်း ခင်ဗျားတို့မဟောရရင် ဘုန်းကြီးဟာ ဘုန်းကြီးကျင့်နေဖို့ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ အလိမ်မပြေပဲနဲ့ အပါယ်လေးပါးသွားမှာစိုးလို့ ပြောနေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ယထာဘူတဉာဏ် ဘယ့်နှယ်ကြောင့် မရပါလိမ့် ဒကာသစ်ရေ (အကြားအမြင်နည်းလို့ပါ)၊ ဦးမာဒင်ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)၊ အကြောင်းအကျိုး သေသေချာချာ ဆက်တာနော် (မှန်ပါ့ ဘုရား)။
ဪ ဒီဒကာ ဒကာမတွေ အကြားအမြင်များတဲ့ ယထာဘူတဉာဏ်မရ၊ ယထာဘူတဉာဏ်မရတော့ တဏှာဒိဋ္ဌိ အလိမ်မိ (မှန်ပါ့)။
သေတဲ့အခါကျတော့ အလိမ်မပြေပဲနဲ့ သေရတဲ့အတွက် တဏှာ ဒိဋ္ဌိ စီမံရာသွား (မှန်ပါ့)၊ ဒကာကြွယ် တယ် နာတယ် (နာပါတယ် ဘုရား)။
မသေလို့တွေ့ရတာ
အေး သေသေချာချာ နားကြီးကြီးနဲ့ထောင်မှ ဦးမာဒင် ဒီဥစ္စာ ဪ ဟုတ်ပါလားဟေ့ (မှန်ပါ့)၊ တကယ်အရေးကြီးတဲ့တရား ယနေ့ပြောနေပါကလား ဆိုတဲ့ဥစ္စာ ဒကာသစ် ပေါ်လာတယ် (ပေါ်လာပါတယ်)၊ အင်မတန် အရေးကြီးတယ်ဆိုတာ ဦးမာဒင် သေသေချာချာ မှတ်စမ်းပါ (မှန်ပါ့)၊ မသေလို့တွေ့ရတာ (မှန်ပါ့ ဘုရား)။
မသေလို့ တွေ့ရတာ၊ အသေဦးတဲ့ပုဂ္ဂိုလ်တွေဖြင့် အလိမ်ပြေခန်းဖြင့် ဒကာကြွယ် မရပါဘူး (မရပါ ဘုရား)၊ ဒါနလုပ်ပြန်လည်း နတ်ရွာသုဂတိရောက်ဖို့ဆိုတော့ အလိမ်မိတာပဲ (မှန်ပါ့)၊ သီလဆောက်တည်ပြန်လည်း အသက်ရှည် ဖို့ဆိုတော့ (အလိမ်မိပါတယ် ဘုရား)၊ အလိမ်မိတဲ့ဘက်ချည့် သွားတာပဲ (သွားပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်မရမီစပ်ကြားကလေး ထည့်ပြန်တော့ကော (အလိမ်မိပါတယ်)၊ အလိမ်မိတဲ့ဘက် သွားပြန်တာပဲ (မှန်ပါ့)။
ဒကာကြွယ် ဒါ့ကြောင့် အလှူပေးတိုင်းဟာ အလိမ်လွတ်တဲ့ဥစ္စာက ဦးမာဒင်တို့, ဒကာကြွယ်တို့ ရှာမှရှား (ရှားပါတယ် ဘုရား)။
ခင်ဗျားတို့ နားကြီးကြီးနဲ့ ထောင်ကြည့်တော့မှ ဪ ဒီအလှူဟာလည်း အလိမ်ပြေပြီး လှူတဲ့အလှူလား, အလိမ်မိလျက်နဲ့ လှူနေတဲ့အလှူလားဆိုတာ အလှူ့ရှင်စိတ်ထားကို ကြည့်လိုက်ရင် သိပါတယ် (မှန်ပါ့)၊ များသောအား ဖြင့် အလိမ်မိပြီးလှူကြတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ့လိမ်ချက်ပါလိမ့် (တဏှာဒိဋ္ဌိလိမ်ချက်ပါ)၊ တဏှာဒိဋ္ဌိတို့၏ လိမ်ချက် (မှန်ပါ့)
ဒါ့ကြောင့် သူတို့ ကာမသဝ, ဘဝါသဝ ဘုံအားဖြင့် ဘဝဂ်တောင်တက်လိမ်မယ်ပြောတာ (မှန်ပါ့)၊ လူ့ပြည် များ အသာထားပါဦး၊ နေဝသညာနာသညာယတနဘုံမှာရှိတဲ့ ပုထုဇန်ဗြဟ္မာတွေ ငါလိုက်လိမ်မယ်ကွ (မှန်ပါ့)။
ကိုင်း ဘယ်လောက်များ စွမ်းရည်သတ္တိ ရှိတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့လို ပါမွှားတွေကို မဆိုပါနဲ့ (မှန်ပါ့)၊ ဟိုမှာ သမထတန်ခိုးကြောင့် လက်ညှိုးတစ်ချောင်း ထောင်လိုက်လို့ရှိရင် နှစ်ယူဇနာ, သုံးယူဇနာ, နှစ်ကမ္ဘာ, သုံးကမ္ဘာဆိုသလို လင်းတဲ့ တန်ခိုးရှင် ဗြဟ္မာကြီးတွေတောင် လိမ်ချလိုက်တယ် (မှန်ပါ့)၊ မလိမ်ဘူးလား (လိမ်ပါတယ်)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒါလောက်ကျယ်ကျယ်ဆိုရင် ဒကာသစ် သိပါပြီ (သိပါပြီ)၊ ဘယ်သူ့ကြောင့် အလိမ်မိပါလိမ့် မတုံး (တဏှာဒိဋ္ဌိကြောင့် မိပါတယ်)၊ အဲ တဏှာဒိဋ္ဌိက အလိမ်သမားကိုးဗျ (မှန်ပါ့ ဘုရား)။
ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်မရလို့
အဲဒီ့အလိမ်ကို ဘယ့်နှယ်ကြောင့် မိပါလိမ့်မတုံးမေးတော့ ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်မရလို့ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒီအလိမ် ဘယ့်နှယ်ကြောင့်မိကြပါလိမ့် (ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်မရလို့ပါ)၊ မရလို့-မရလို့နော် (မှန်ပါ့ ဘုရား)။
ကဲ ဒကာ ဒကာမတု့ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ် ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး (အကြားအမြင် နည်းလို့ပါ)၊ အကြားအမြင်နည်းတဲ့ သတ္တိကလည်း အပါယ်သွားဖို့ပဲ (မှန်ပါ့ ဘုရား)။
အကြားအမြင်နည်းတဲ့ သတ္တိကလည်း (အပါယ်သွားဖို့ပါ)၊ အပါယ်သွားဖို့ပဲဆိုတာ သေချာကြပလား (သေချာ ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အကြားအမြင် ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ နည်းပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ဒီလို အခုလို ဆရာသမားကောင်းဖြစ်တဲ့ ကလျာဏမိတ္တကို မရှာကြလို့ (မှန်ပါ့)၊ မနစ်နာဘူးလား (နစ်နာပါ တယ် ဘုရား)။
ကဲ ဒကာသစ် ဒကာသစ်တို့လည်း ဘုန်းကြီးနဲ့ မတွေ့ဘူး၊ ဦးမာဒင်လည်း ဘုန်းကြီးနဲ့ မတွေ့တော့ဘူး၊ ဒကာကြွယ်လည်း မတွေ့တော့ဘူးဆိုရင်ဖြင့် ကလျာဏမိတ္တ မတွေ့တော့ဘူး (မတွေ့ပါ ဘုရား)၊ မတွေ့ရင် အလိမ် မပြေဘူး (မပြေပါ ဘုရား)။
မပြေလို့ရှိရင်ဖြင့် တဏှာဒိဋ္ဌိဆိုတဲ့ လိမ်တတ်တဲ့ တရားနှစ်ခု၏ စီမံရာလိုက်နာပြီး အပါယ်လေးပါးပဲ ကိုယ့်အိမ် ကိုယ့်ရာ လုပ်ရုံပဲ (မှန်ပါ့)၊ ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ)၊ ဘယ်လောက်များ ဆိုးရွားသတုံး (ဆိုးရွားပါတယ် ဘုရား)။
အခု လေးချက်ရှိသွားပြီနော် ဒကာသစ် (မှန်ပါ့)၊ ကဲ ပြန်ပြောကြပါ ဒကာ ဒကာမတို့ အလိမ်ဘယ့်နှယ် ကြောင့် မပြေပါလိမ့် (တဏှာဒိဋ္ဌိကြောင့်ပါ)၊ ယထာဘူတဉာဏ်မရလို့ (မှန်ပါ့ ဘုရား)။
အလိမ်ဘယ့်နှယ်ကြောင့် မပြေပါလိမ့် (ယထာဘူတဉာဏ် မရလို့ပါ)၊ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ အလိမ် မပြေတာ ဒီဉာဏ်မရရင် ဘယ်တော့ပြီးမှာတုံး (မပြီးပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အလိမ်ဘယ့်နှယ်ကြောင့် မပြေသတုံး
အလိမ်ဘယ့်နှယ်ကြောင့် မပြေသတုံး (ယထာဘူတဉာဏ် မရလို့ပါဘုရား။
ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ ယထာဘူတဉာဏ် မရပါလိမ့်မတုံး (အကြားအမြင်နည်းလို့ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် အကြားအမြင် နည်းပါလိမ့်မတုံး မေးတော့မှ ကလျာဏမိတ္တနဲ့ မတွေ့ရဘူး (မှန်ပါ့)၊ ပေါ် ပြီဗျ (ပေါ်ပါပြီ ဘုရား)။
ဒကာကြွယ် ကလျာဏမိတ္တ ဘယ်လောက်အရေးကြီးသလဲ (ကြီးပါတယ်)၊ ကိုယ့်ကိုကယ်တင်မည့် ဆရာသမား နဲ့ မတွေ့လို့ရှိရင်ဖြင့် အလိမ်ခံပြီးသေရုံပဲ (မှန်ပါ့ ဘုရား)။
ကဲ ဦးမာဒင် ပေါ်ပြီဗျ (ပေါ်ပါပြီ)၊ ပေါ်ပြီ-ပေါ်ပြီ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ ဦးလှဘူး ခင်ဗျား တော်သေးတယ်နော် (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် ဘယ်လိုအောက်မေ့ကြမလဲ (တော်ပါသေးတယ်)၊ တော်သေး တယ် တော်သေးတယ်နော် (မှန်ပါ့ ဘုရား)။
တော်သေးတယ် ဒကာကြွယ်ရေ ကျုပ်တို့မှာ အလိမ်ပြေရတယ် (မှန်ပါ့)၊ ဖျတ်ဆို ခန္ဓာဉာဏ်လှည့်လိုက်တဲ့ အတွက်ဟာ ဘယ်ယောကျ်ား-မိန်းမဟုတ်ရမတုံး ဖြစ်ပျက်တဲ့ အနိစ္စတွေပါကလား (မှန်ပါ့)၊ ဆိုတော့ အလိမ်တော့ပြေ သွားပြီ (ပြီးသွားပါပြီ ဘုရား)။
ဒီ့ပြင်အချိန် လိမ်ချင်လိမ်၊ ဉာဏ်ဦးတည်လိုက်ရင် လိမ်လို့မရဘူး (မရပါ)၊ ယထာဘူတဉာဏ်နဲ့သာ ဦးတည် လိုက်စမ်း (ပျောက်သွားပါတယ် ဘုရား)။
ယထာဘူတဉာဏ် ဘယ်ကရသတုံး
အဲဒါ ယထာဘူတဉာဏ် ဘယ်ကရသတုံးမေးတော့ကိုတဲ့ “သုတဝါ အရိယသာဝကော”ဆီက ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီပုဂ္ဂိုလ်နဲ့ အသုတဝါဆိုတဲ့ ခုနင်က အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒကာသစ် ပြောတဲ့အတိုင်းတဲ့ ယထာဘူတဉာဏ် မရရှာဘူး (မရပါ)၊ ဒီမှာတော့ ‘သုတဝါအရိယသာဝကော’ဆိုတဲ့အတိုင်း အကြားအမြင်များတော့ ယထာဘူတဉာဏ်ရတယ် (ရပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါနဲ့ ပြန်မေးပါတယ် ဒကာ ဒကာမတို့ အလိမ် ဘယ့်နှယ်ကြောင့် မပြေပါလိမ့် (ယထာဘူတဉာဏ် မရလို့ပါ)၊ သေချာပြီ၊ ဒါမမေ့နဲ့နော် (မှန်ပါ့ ဘုရား)။
အိမ်မှာ ခင်ဗျားတို့ ထမင်းစားချိန်လည်း တစ်ယောက်နဲ့တစ်ယောက် မေးနေပါ (မှန်ပါ့)၊ ဟေ့ ဒီနေ့ ဆရာဘုန်းကြီးက အရေးကြီးတဲ့အချက်တွေ ပြောလိုက်တယ်ကွ (မှန်ပါ့)၊ တစ်ယောက်နဲ့တစ်ယောက်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
တို့သည်ကားလို့ဆိုရင် သားမဟုတ်တာ သားလုပ်, သမီးမဟုတ်တာ သမီးလုပ်ပြီး တို့အလိမ်မိနေကြတယ် (မှန်ပါ့)၊ ဒါ ဘယ်ဉာဏ်မရလို့ပါလိမ့်မလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် မေးပါ (ယထာဘူတဉာဏ် မရလို့ပါဘုရား)။
ယထာဘူတဉာဏ် ဘယ့်နှယ်ကြောင့် မရပါလိမ့် (အကြားအမြင်နည်းလို့ပါ)၊ အကြားအမြင်နည်းတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အကြားအမြင် ဘယ့်နှယ်ကြောင့်နည်းပါလိမ့်မတုံးဆိုတော့ ကလျာဏမိတ္တ မရလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အကြားအမြင် ဘယ့်နှယ်ကြောင့်နည်းပါလိမ့် (ကလျာဏမိတ္တ မရလို့ပါဘုရား)။
တော်သေးသဗျာ အခု ဆရာကောင်း သမားကောင်းနဲ့ လာတွေ့ရတာ ကလျာဏမိတ္တကောင်းနဲ့ လာတွေ့လို့ ခင်ဗျားတို့ အလိမ်ပြေတာနော် (မှန်ပါ့)၊ ဦးမာဒင်-နို့မဟုတ်ရင် ပြေစရာကို (မရှိပါ)၊ မပြေပါဘူးတဲ့ ရိုးရာနဲ့ သေချေ ရဲ့ (မှန်ပါ့ ဘုရား)။
ရိုးရာနဲ့ မုချသေရ မယ်
နောက်က ဒကာ ဒကာမတွေ ဘယ်လိုအောက်မေ့ကြမယ် (ရိုးရာနဲသေချေပါရဲ့ပါ ဘုရား)၊ ရိုးရာနဲ့ မုချသေရ မယ် (မှန်ပါ့)၊ ဪ သားကလေးစွဲ သေသွားရှာတယ် (မှန်ပါ့)၊ သားကလေးရှင်ပြုချင်လျက်နဲ့ (မှန်ပါ့) ရှင်မပြုရ ပဲနဲ့ သေသွားရှာတယ် တော်ပါသေးရဲ့ (မှန်ပါ့ ဘုရား)။
ရှင်ပြုချင်တဲ့စိတ်ကလေးနဲ့ သေသွားရှာတယ် (မှန်ပါ့)၊ ဘယ်ဟုတ်ရမတုံးတဲ့ သူ့သားကလေးကို သူ့သားဟူသော အထိမ်းအမှတ်ပြုပြီး သေတာလား (မဟုတ်ပါ)၊ ဒါဖြင့် ဒိဋ္ဌိလိမ်တန်းလန်းနဲ့ သေတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ချင်း မသာဂုဏ်ရှိအောင် ပြောတာတော့ ဘုန်းကြီးမတတ်နိုင်ဘူးပေါ့ဗျာ (မှန်ပါ့)၊ ဒကာကြွယ် ဒီလိုပြောတာလည်း ရှိသေးတယ် (ရှိပါတယ်)၊ ဦးမာဒင် ကြားဖူးပါလိမ့်မယ်ဗျာ (ကြားဖူးပါတယ် ဘုရား)။
မသာဂုဏ်ရှိအောင် အနားက ဧည့်ခံပြောနေတာရှိသေးတယ် (ရှိပါတယ် ဘုရား)၊ ဪ သူ့သားကလေး ရှင်ပြုချင်တဲ့စိတ်ကလေးနဲ့ သေသွားရှာတယ် (မှန်လှပါ)၊ မသာဂုဏ်တက်အောင်လို့ (မှန်ပါ့)။
ဘယ်ဟုတ်ရမတုံး သူ့သားကလေးဆိုပေါ့ (မှန်ပါ့)၊ သူ့သားကလေးဆိုကတည်းက အလိမ်ပြေပလား အလိမ်မိ တုန်းပဲလား (အလိမ်မိတုန်းပါ ဘုရား)၊ အလိမ်မိပြီး သေသွားတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒီမသာ ဟာ အလကားပါပဲ (မှန်ပါ့)။
ဒကာကြွယ် ဘယ့်နှယ်ဆိုမလဲ (အလကားပါ)၊ အလကား အလိမ်မိမပြေပဲကိုး (မပြေပါ ဘုရား)။
ဟို နားမလည်တဲ့ပုဂ္ဂိုလ်အတွက်တော့ ဟုတ်နေမှာပေါ့၊ ဪ စိတ်ကလေးက တော်သေးရဲ့၊ သားကို သင်္ကန်းချည်ချင်တဲ့ စိတ်ကလေးနဲ့ သေသွားရှာတယ် (မှန်လှပါ)၊ သားဟူသော အဓိပ္ပာလည်း မဖြုတ်ဘူး (မဖြုတ်ပါ ဘုရား)၊ ဖြုတ်သေးရဲ့လား (မဖြုတ်ပါ ဘုရား)၊ မဖြုတ်တော့ တကယ်ကော မထင်ဘူးလား (ထင်ပါတယ် ဘုရား)၊ တကယ်ထင်ရင် ဒိဋ္ဌိတဏှာ တန်းလန်းနဲ့ သေတယ် (မှန်ပါ့)။
ဒိဋ္ဌိတဏှာတန်းလန်းနဲ့ သေကတည်းကိုက
ဒိဋ္ဌိတဏှာတန်းလန်းနဲ့ သေကတည်းကိုက တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ အပါယ်ဇာတိ (မှန်ပါ့)၊ ဒီ့ပြင် သွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာသစ် ခုနင်က ဧည့်ခံတာ ဟုတ်ပါသေးရဲ့လား (မဟုတ်ပါ ဘုရား)၊ သို့သော် သာမည နား တွေမှာတော့ဖြင့် ဦးမာဒင် ဟုတ်ယောင်ယောင် (မှန်ပါ့)၊ တကယ်စစ်စစ်နဲ့ တွေးလိုက်တော့ (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ၊ နောက်ခင်ဗျားတို့ ဒီစကားတွေလည်း ပြင်ကြစမ်းပါ (မှန်ပါ့)။
ဒကာကြွယ် ပြင်ရလိမ့်မယ်နော် (ပြင်ရမှာပါ ဘုရား)၊ ပြင်ပေမယ့်လည်း ခဲပေါက်ခံရအောင်လည်း မပြင်နဲ့ (မှန်ပါ့)။
ဟာ သူ့သားကလေး သင်္ကန်းချည်ချင်လျက်နဲ့ သေသွားတယ်ဆိုပေမယ့်ကွာ အပါယ်ပါပဲလို့ သွားလုပ်မနေ နဲ့ (မှန်ပါ့)၊ သွားလုပ်မနေနဲ့ မပြောချင် မြုံနေ (မှန်ပါ့)။
ဒါပဲရှိတော့တာပဲ (မှန်ပါ့)၊ ဟိုမှာ အပါယ်သွားမည့် အပူတွေက ရှုပ်နေရတဲ့အထဲ ဒီက ထိုးချတဲ့လူ လာပြန် ပြီ။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယထာဘူတဉာဏ်မရတာဟာလည်း အကြားအမြင်နည်းတယ် (နည်းပါ တယ် ဘုရား)၊ အကြားအမြင် ဘယ့်နှယ်ကြောင့် ဒကာသစ် နည်းပါလိမ့်မတုံး (ကလျာဏမိတ္တမရလို့ပါ ဘုရား)၊ ကလျာဏမိတ္တမရလို့ (မှန်ပါ့)။
ကိုင်း ဒါဖြင့် လက်သည်အစစ်ပေါ်လာပြီ (ပေါ်လာပြီ)၊ ကလျာဏမိတ္တရမှ အကြားအမြင်များတယ် (မှန်လှပါ)၊ အကြားအမြင်များမှ ယထာဘူတဉာဏ်ရတယ် (မှန်ပါ့)၊ ယထာဘူတဉာဏ်ရမှ အလိမ်ပြေမယ် (မှန်ပါ့)၊ ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါပြီ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ပြန်ပြီး အနုလောမ, ပဋိလောမ ဒကာသစ်,ရေ ဒါကလေးဟာ မမေ့ပါနဲ့နော် (မှန်ပါ့)၊ မမေ့ပါနဲ့ တဲ့ ယထာဘူတဉာဏ်တို့ဆိုတာ အလွန်အရေးကြီးနေလို့ ပြောပါတယ် (မှန်ပါ့ ဘုရား)။
အကြားအမြင်နည်းလို့ပါ
အလိမ် ဘယ့်နှယ်ကြောင့် မပြေပါလိမ့် (ယထာဘူတဉာဏ် မရလို့ပါ)၊ ဘယ့်နှယ်ကြောင့် ဒကာသစ်တို့ လူစု တွေ ယထာဘူတဉာဏ် မရပါလိမ့် (အကြားအမြင်နည်းလို့ပါ ဘုရား)၊ တရားနာ နည်းတာကို ဆိုတာ (မှန်ပါ့)၊ ပဋိစ္စ သမုပ္ပါဒ်တရား, သစ္စာတရားကို ဆိုပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘယ့်နှယ်ကြောင့် အကြားအမြင် နည်းပါလိမ့် ဒကာသစ်,ရေ (ကလျာဏမိတ္တ မဆည်းကပ်လို့ပါ ဘုရား)၊ သဘောကျပြီ (ကျပါပြီ)။
ဪ-ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ကလျာဏမိတ္တဟာ သောတာပန်ဟာ သူ့ကြောင့် တည်ရတာဟေ့ဆိုပြီးသကာလ ရှင်အာနန္ဒာကို ဘုရားဟောတာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)၊ မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။
ရှင်အာနန္ဒာကို ဘုရားက မေးလိုက်တယ်၊ အာနန္ဒာ-ကလျာဏမိတ္တများ နိဗ္ဗာန်ရောက်တဲ့နေရာ သူ့အတွက် ဘယ်လောက်အကူအညီရသတုံးကွ တဲ့ (မှန်ပါ့)၊ ထက်ဝက် အကူအညီရပါတယ်ဘုရား လို့ ရှင်အာနန္ဒာက နိဗ္ဗာန်ထက်ဝက် အကူအညီမေးပါသတဲ့ (မှန်ပါ့)
မင်း-သာဝကဉာဏ်နဲ့ ပြောနေတာတဲ့၊ ဘုရားက အပြစ်တင်လိုက်တယ် (မှန်ပါ့)၊ မင်း-ရှိတဲ့ဉာဏ်ကလေးဟာ သေးသိမ်တယ်လို့ ပြောတာပါပဲ (မှန်ပါ့)၊ စင်စစ် သူမပါရင် မရဘူးကွ နိဗ္ဗာန်၊ သူ့ကြောင့်ရတယ်လို့ လုံးလုံးဆို တဲ့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နောက်ဆုံးပိတ် အခုပြောလိုက်တဲ့ ကလျာဏမိတ္တ အရေးကြီးကြောင်း ဦးမာဒင် ပေါ်ပြီ (ပေါ်ပါပြီ)၊ ဒကာ ကြွယ်ရေ ပေါ်ပလား (ပေါ်ပါပြီ)။
ဒကာကြွယ်တို့ပဲ ရိုးရာနဲ့ ကိုယ့်အထည်ကလေးနဲ့ကိုယ်သာနေလို့ ဒီ-ကလျာဏမိတ္တဆီကို မရ,အရမရှာတော့ပါ ဘူးဆိုရင်ဖြင့် အလိမ်မိပြီး သေမှာပဲ (သေရမှာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ အလိမ်မိသေတော့ ခုနင်က ဆုံးဖြတ်ချက်ချပေးထားတယ် သေခြင်းဆိုး (မှန်ပါ့)။
ဘယ့်နှယ်တုံး (သေခြင်းဆိုးသေပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကလျာဏမိတ္တကလည်း
ကောင်းပြီ ဒကာသစ် ဆက်ပါဦး၊ ဒီကလျာဏမိတ္တကလည်း ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေ မရပါလိမ့် မတုံးဆိုတဲ့ ဥစ္စာကလေး တစ်ခါ အကြောင်းရှာပါဦး (မှန်ပါ့)၊ ကလျာဏမိတ္တ သူတို့ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး ဆိုတော့ သူတို့က ဝိစာရဏဆိုတဲ့ စီစစ်တတ်တဲ့ဉာဏ်မရှိလို့ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့်တုံး (ဝိစာရဏဆိုတဲ့ စီစစ်တတ်တဲ့ဉာဏ် မရှိလို့ပါ ဘုရား)၊ စိစစ်တတ်တဲ့ဉာဏ်က မပါဘူး တဲ့ တွေ့ရာအဟုတ်မှတ်နေတယ် (မှန်ပါ့)၊ တော်တော်အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။
ဒကာကြွယ် ဘာတဲ့တုံး (စီစစ်တတ်တဲ့ ဝိစာရဏဉာဏ်မပါလို့ပါ ဘုရား)၊ အဲ ပါဠိလိုသုံးတော့ ဝိစာရဏ၊ မြန်မာလိုတော့ စိစစ်တတ်တဲ့ဉာဏ်ရှိမှ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်ဉာဏ်လိုပါလိမ့် (စိစစ်တတ်တဲ့ ဝိစာရဏဉာဏ် လိုပါတယ်)၊ စိစစ်တတ်တဲ့ဉာဏ်ဆိုတာ ဒကာ ဒကာမ တို့ တရားဟောပုဂ္ဂိုလ်တွေ ဟောပြီးသကာလနေတာလည်း ကိုယ်ကလည်း စိစစ်ဦးမှ (မှန်ပါ့)၊ သူ့ဆီ လမ်းဆုံးနေလို့ မဟုတ်သေးဘူး (မှန်ပါ့)၊ သူဟာ သစ္စာဆိုက်သလား ၊ ဘုရားကြိုက် သစ္စာဆိုက်သလား ပဋိစ္စသမုပ္ပါဒ်ပြတ်သလား ပဋိစ္စသမုပ္ပါဒ် လည်နေသလား (မှန်ပါ့)၊ ဒီလိုမှ မစီစစ်တတ်ပြန်တော့လည်း ခင်ဗျားတို့သည် တဲ့ ကလျာဏမိတ္တ အစစ်ကို မတွေ့နိုင်ဘူး (မတွေ့နိုင်ပါ ဘုရား)။
စီစစ်တတ်တဲ့ဉာဏ်မပါလို့ရှိရင်
ကိုယ်က စီစစ်တတ်တဲ့ဉာဏ်မပါလို့ရှိရင်လည်း ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ မရပါဘူး (မရပါ ဘုရား)။
ဥပမာမယ်ဆီအကြောင်းမှ ကိုယ်က စီစစ်တတ်တဲ့ဉာဏ် ကိုယ်က မရလို့ရှိရင်ဖြင့် ဒီဆီဟာ ဘာနဲ့ရောထားတယ်၊ ဒီဆီဟာ ဘာနဲ့ရောတယ်၊ ဒါဟာ မယ်ဆယ်ဆီနဲ့ ရောတယ်၊ အမျိုးမျိုးအဖုံဖုံ ရောစရာတွေများပါတယ် (ရောပါတယ် ဘုရား)၊ ကိုယ်က ဆီကို စီစစ်တတ်တဲ့ဉာဏ်မပါလို့ရှိရင် ဒီဆီပုံးတွေဟာ ဂဟေပိတ်ချည့်ပဲဆိုလို့ရှိရင် အကုန်ယူသွား မှာပဲ (မှန်ပါ့)၊ မယူပေဘူးလား (ယူပါတယ် ဘုရား)။
အဲဒီတော့ အဆိုးလည်း ပါလာမယ်၊ အကောင်းက နည်းလိမ့်မယ် (မှန်ပါ့)၊ မနည်းပေဘူးလား (နည်းပါတယ် ဘုရား)။
အဲဒါ ဘာလို့တုံး လို့ ဒကာသစ် မေးလိုက်တော့ ဘယ့်နှယ်ဖြေမလဲ (ဝိစာရဏဉာဏ်မပါလို့ပါ ဘုရား)။
ဪ-ဒါဖြင့် ဆရာသမားက ကလျာဏမိတ္တဆိုငြားသော်လည်း ကိုယ်က စီစစ်တဲ့ဉာဏ်မရှိရင်လည်း ကလျာဏ မိတ္တအစစ်နဲ့ မတွေ့နိုင်ဘူး (မတွေ့နိုင်ပါ ဘုရား)၊ “မိတ္တရူပက”ဆိုတဲ့ အတုတွေနဲ့ တွေ့မှာလည်း စိုးရတယ် (မှန်ပါ့)။
ဒကာကြွယ် တော်တော်ခက်တယ်နော် (ခက်ပါတယ်)၊ ဒီနေ့တရားကို ဒကာသစ်ရေ တစ်ခါမှလည်း မဟောဖူး သေးပါဘူး (မှန်ပါ့)၊ ဒီဥစ္စာက ခင်ဗျားတို့လိုချင်တဲ့ အိမ်တွင်း ပဋိစ္စသမုပ္ပါဒ် ဆက်မှာပဲ (မှန်ပါ့ ဘုရား)။
တဏှာ၏ကောက်ကျစ်ပုံ၏ လက်သည်
သို့သော်လည်း တဲ့ တဏှာ၏ကောက်ကျစ်ပုံ၏ လက်သည်တွေကို အမြစ်ရှာနေတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာကောက်ကျစ်ပုံ၏ အမြစ်တွေကို (ရှာနေပါတယ်)၊ ရှာနေတယ်ဆိုတာ အခုရှာလို့ တော်တော်တွေ့လာ ပြီ (တွေ့လာပါပြီ)၊ ဦးမာဒင် တော်တော်တွေ့ပြီ (တွေ့ပါပြီ)၊ ဒကာကြွယ် တော်တော်တွေ့ပလား (တွေ့ပါပြီ ဘုရား)။
အင်း လိမ်လည်ကောက်ကျစ်တာသည်ကား တဏှာဒိဋ္ဌိနော် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ကျုပ်တို့ လိမ်လည် ကောက်ကျစ်ခံနေရပါလိမ့်မလဲ (ယထာဘူတဉာဏ်မရလို့ပါ ဘုရား)။
ဟော ဒကာသစ် ရှင်းပြီ (ရှင်းပါပြီ)၊ ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်ပေါ့ဗျာ (မှန်ပါ့)၊ အနိစ္စ- အနိစ္စမှန်း သိတဲ့ဉာဏ်, ဒုက္ခကို ဒုက္ခမှန်းသိတဲ့ဉာဏ်, ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းသိတဲ့ဉာဏ် (မှန်ပါ့ ဘုရား)၊ ဒီဉာဏ်မရလို့ အလိမ်မပြေတာ (မှန်ပါ့ ဘုရား)။
ဒီဉာဏ်ကိုလည်း အားလုံး ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် မရကြပါလိမ့်မတုံး (အကြားအမြင်နည်းလို့ပါ)၊ ကဲ ကိုယ့်ဟာကိုယ် အိမ်တွင်းပုန်းလုပ်နေလို့တော့ ဒကာကြွယ် မရဘူး (မရပါ ဘုရား)။
ရှာရမယ်၊ ဘုရား ဘယ်နေရာပွင့်သတုံး၊ မရှာသင့်ဘူးလားဗျာ (ရှာသင့်ပါတယ်)၊ တရားကောင်း ဘယ်နေရာ ရှိသတုံး (ရှာရပါမယ်)၊ ဒါမှ အကြားအမြင်များရမှာကိုးဗျ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒကာသစ်ရေ အကြားအမြင် ဒကာ ဒကာမတွေ နည်းနေပါလိမ့်မတုံး (ကလျာဏမိတ္တ မရှိလို့ပါ)၊ အဲ ကလျာဏမိတ္တနဲ့ မတွေ့လို့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာနဲ့မတွေ့လို့လဲ (ကလျာဏမိတ္တနဲ့ မတွေ့လို့ပါ)၊ ကြောက်စရာကောင်းလိုက်တာ (မှန်ပါ့ ဘုရား)။
ကလျာဏမိတ္တနဲ့လည်း ဘယ့်နှယ်ကြောင့် သူတို့သည် တွေ့အောင် မရှာပါလိမ့်မလဲလို့ မေးပြန်တယ် (စီစစ် တတ်တဲ့ဉာဏ်မရှိလို့ပါ ဘုရား)၊ သူ့ဝမ်းထဲ စီစစ်တတ်တဲ့ဉာဏ် မရှိပြန်ဘူး (မှန်ပါ့)၊ အရမ်းသမားဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
အရမ်းသမားဖြစ်နေပါတယ်
ဒကာကြွယ် ဘာတဲ့ (အရမ်းသမားဖြစ်နေပါတယ်)၊ ဘယ်ဉာဏ်မရှိတာပါလိမ့် (စီစစ်တတ်တဲ့ဉာဏ် မရှိတာပါ ဘုရား)။
ဒကာ ဒကာမတို့ သာမည ဒီတရားကို ဟောနေတယ်လို့ မအောက်မေ့နဲ့ ဦးမာဒင် (မှန်ပါ့)၊ တော်တော်ကို ဒီဥစ္စာ ခင်ဗျားတို့ အရေးကြီးတယ် မှတ်ထားပါ (မှန်ပါ့ ဘုရား)။
အခုပြောခဲ့တဲ့ အချက်အလက်တွေ အကြောင်းအကျိုး မဆက်လို့ရှိရင်ဖြင့် အလိမ်မိပြီး သေကြ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဘယ်လိုသေရမှာတုံး (အလိမ်မိပြီး သေရမှာပါ)၊ ဒကာသစ် သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါ တယ် ဘုရား)။
အဲဒီတော့ အခုတွေ့ရတဲ့ပုဂ္ဂိုလ်တွေ, အခုကြုံရတဲ့ပုဂ္ဂိုလ်တွေ, အခုဆုံရတဲ့ပုဂ္ဂိုလ်တွေဟာဖြင့် ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ် ချွန်, ပုဂ္ဂိုလ်မြတ်တွေပဲဆိုတဲ့ဥစ္စာ သူများပြောစရာမလိုပါဘူး ကိုယ့်ဟာကိုယ် သိလိုက်တော့ (မှန်ပါ့ ဘုရား)။
ဟို ဖြစ်ပျက်ကလေးတွေမြင်လို့ ရှုနေတဲ့ပုဂ္ဂိုလ်များ ဘယ်စိတ်လာလာ ဪ ဒါကြည့်လိုက်ရင် ဖြစ်ပျက်တာပဲ၊ ဘယ်ဝေဒနာလာလည်း ကြည့်လိုက်ရင် အခုဖြစ်ပြီး အခုပျက်တာချည့်ပဲဆိုရင် ဪ ဒါ နောက် ကြောင်းတွေ မှန်လာလို့ဗျ (မှန်ပါ့)၊ နောက်ကြောင်းတွေမှန်လာတော့ အလိမ်ပြေနေတာ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
နောက်ကြောင်းတွေ မှန်လို့ (အလိမ်ပြေနေတာပါ)၊ အလိမ်ပြေတာဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် စီစစ်တတ်တဲ့ဉာဏ်ဟာလည်း ဦးမာဒင် အတော်အရေးကြီးပါလား (ကြီးပါတယ်)၊ ဒါက သူများပေးလို့မရဘူး (မရပါ ဘုရား)၊ ကိုယ်တိုင် ပဋိသန္ဓေကတည်းကပါမှ (မှန်ပါ့ ဘုရား)။
ဘုရားလက်ထက်က ဒိဋ္ဌိကြီးတွေကလည်း ဘုရားပဲတဲ့၊ ဘုရားကလည်း ဘုရားပဲ၊ စီစစ်တတ်တဲ့ဉာဏ်မရှိတဲ့ ပုဂ္ဂိုလ် ဒိဋ္ဌိကိုးကွယ်တာပဲ (မှန်ပါ့)၊ စီစစ်တတ်တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ဘုရားဆီ ရောက်တာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
တချို့ စီစစ်တတ်တဲ့ဉာဏ်ရှိတယ်၊ ပထမ လက်ဦးဆရာဖြစ်နေတာနဲ့ မနည်းပြောင်းယူရတာတွေလည်း ဒကာကြွယ် ရှိသေးတယ် (ရှိပါတယ် ဘုရား)၊ ဥပါလိသူကြွယ်တို့ဆိုရင် နောက်မှ ပြောင်းယူရတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် စီစစ်တတ်တဲ့ ဉာဏ်ဟာလည်းတဲ့ ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေမှာ မရပါလိမ့်မလဲ, မရောက် ကြပါလိမ့်မလဲလို့ ဒကာသစ် မေးရတယ် (မေးရပါတယ် ဘုရား)။
ယောနိသောမနသိကာရ မရှိလို့
မေးရတော့ ဪ သူ့မှာသည်ကားလို့ဆိုရင်ဖြင့် ယောနိသောမနသိကာရ မရှိလို့ (မှန်ပါ့)၊ ဒါတွေတွေး လိုက်တော့ ဘယ့်နှယ်ကြောင့် စီစစ်တတ်, ရွေးချယ်တတ်တဲ့ဉာဏ် မရှိပါလိမ့်မတုံး (ယောနိသော မနသိကာရ မရှိလို့ ပါ)၊ အဲ အယောနိသောမနသိကာရ ဖြစ်နေလို့ပေါ့ဗျာ (မှန်ပါ့)။
ယောနိသောမနသိကာရဆိုတာ မရှိပဲဖြစ်နေလို့ ဒကာကြွယ် သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါ တယ်)၊ ဒကာသစ် တော်တော်အဓိပ္ပာယ်ပေါ်ပလား (ပေါ်သွားပါပြီ ဘုရား)၊ အဓိပ္ပာယ်သိပ်ပေါ်သွားပြီ ဦးမာဒင်ရေ ပေါ်သွားပြီ (ပေါ်သွားပါပြီ)၊ နှလုံးသွင်းမကောင်းလို့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် စီစစ်တဲ့ဉာဏ် မရပါလိမ့်မတုံး (နှလုံးသွင်းမကောင်းလို့ပါ)၊ အဲ နှလုံးသွင်းမကောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ ဖြစ်ချင်ရာဖြစ်ကွာ၊ ဒါမှဒါပဲဟေ့ မထူးဘူးဟေ့ (မှန်ပါ့)၊ အဲ ဒီလိုလည်း လာတတ်တယ် (လာတတ် ပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီလိုဆိုတော့လည်း လွဲချင်လွဲကွာ, ချော်ချင်ချော်ကွာ အပါယ်ဇောက်ထိုး သွားချင်သွားကွာဆိုတဲ့ အဓိပ္ပာယ် ရောက်နေတယ် (ရောက်ပါတယ် ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် စီစစ်တတ်တဲ့ဉာဏ်မရှိတာလည်း နှလုံးသွင်းမှားမှုကြောင့် (မှန်ပါ့)၊ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဦးလှဘူး ဘာတဲ့တုံး (စီစစ်တတ်တဲ့ဉာဏ်မရှိတာလည်း နှလုံးသွင်းမှားမှုကြောင့်ပါ)၊ နှလုံးသွင်းမှားမှုကြောင့် (မှန်ပါ့)၊ ဦးမာဒင် ပေါ်ပြီဗျနော် (ပေါ်ပါပြီ ဘုရား)။
ပေါ်ပြီတဲ့ ဒကာ ဒကာမတို့ ချီးမြှောက်ပြောတာမဟုတ်ဘူး သေပျော်တဲ့တရားနော် (မှန်ပါ့)၊ အကုန်လျှောက် စစ်တော့မှ ဪ ဘယ်သူဆိုတာ လက်သည်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အလိမ်မပြေတဲ့လက်သည်တွေ
ကိုယ့်ကိုယ်ကိုယ် အလိမ်မပြောတာကတော့လည်း အထင်အရှားကိုး (မှန်ပါ့)၊ ဒီအလိမ်မပြေတဲ့လက်သည်တွေ အဆင့်ဆင့်မရှာတတ်ပြန်တော့လည်း ကိုယ့်မှာ အလိမ်မိပြီး သေသွားပြန်တော့ လူ့ပြည်အလည်လာ-အပါယ်မှာ အမြဲ နေ (မှန်ပါ့)။
ဒီလိုဖြစ်သွားတော့ ဦးမာဒင် သိပ်နာတယ် (နာပါတယ်)၊ ဒကာ ဒကာမတို့ မနာဘူးလား (နာပါတယ် ဘုရား)။
ဒါ့ကြောင့် ယနေ့ဟောတဲ့တရားဟာ ရကော်ဒါပါတဲ့ပုဂ္ဂိုလ်လည်း အင်မတန်ကောင်းပါတယ် (မှန်ပါ့)၊ ရကော်ဒါ မရှိတဲ့ပုဂ္ဂိုလ်လည်း တရားမိတ်ဆွေချင်း မေးကြတာပေါ့ (မှန်ပါ့ ဘုရား)၊ မပျောက်အောင် မေးရမယ် (မှန်ပါ့)၊ တို့ အလိမ်မိနေတာ ဘာ့ကြောင့်တုံး (ယထာဘူတဉာဏ် မရလို့ပါဘုရား)။
အဲ အလိမ်မိနေတယ်ဆိုတော့ အရုပ်ဆိုးနေပြီပေါ့ဗျာ (မှန်ပါ့)၊ ယထာဘူတဉာဏ်မရဘူး၊ ယထာဘူတဉာဏ် ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး (အကြားအမြင်မရှိလို့ မရတာပါ)၊ အကြားအမြင် ဘယ့်နှယ်ကြောင့် ဒါလောက်နည်း နေပါလိမ့်မတုံး (ကလျာဏမိတ္တ မရှိလို့ပါ)၊ ကလျာဏမိတ္တဆိုတဲ့ ဆရာကောင်း, သမားကောင်း မတွေ့လို့ (မှန်ပါ့)။
ဒီဆရာကောင်း သမားကောင်း ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ မတွေ့ပါလိမ့်မတုံး (စီစစ်တတ်တဲ့ ဝိစာရဏဉာဏ် မရှိလို့ပါ)၊ အင်း ကိုယ့်နားတွင် ကိုယ်လမ်းဆုံးနေရင်တော့ ပြီးရော (မှန်ပါ့ ဘုရား)။
စီစစ်တတ်တဲ့ဉာဏ်က မပါဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ကိုယ့်နားတွင် ကိုယ်လမ်းဆုံးနေရင် သွားပြီ ဒကာကြွယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် စီစစ်တတ်တဲ့ဉာဏ်ကလည်း ဒကာသစ်တို့ တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် မပေါ် ပါလိမ့်မတုံး (နှလုံးသွင်းမှားလို့ပါ)၊ နှလုံးသွင်းမှားနေလို့ (မှန်ပါ့ ဘုရား)၊ အယောနိသောမနသိကာရပေါ့ဗျာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ့ကြောင့်တဲ့ဗျာ (အယောနိယော မနသိကာရကြောင့်ပါ ဘုရား)။
အဲဒီ့ အယောနိသောမနသိကာရကလည်း ဒကာကြွယ်မှတ်တော့နော် (မှန်ပါ့)၊ အယောနိသောမနသိကာရက အဝိဇ္ဇာကြောင့်ဖြစ်ရတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အလိမ်မှာ ဒကာ ဒကာမတို့ လက်သည်ရင်း အဝိဇ္ဇာလာမိတယ် (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နှလုံးသွင်းမှားတာဟာ ဘယ်သူ့ကြောင့်
”အယောနိသောမနသိကာရ” နှလုံးသွင်းမှားတာဟာ ဒကာကြွယ် ဘယ်သူ့ကြောင့်ပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား)။
အဲဒီတော့ ပါဠိတော်ထဲ သွားဝင်တယ်နော် (မှန်ပါ့ ဘုရား)၊ အဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်ဟာဖြင့် “အယောနိသော မနသိကာရ” ဖြစ်မှာပဲဟေ့ဆိုတဲ့ ဘုရားပါဠိတော်နဲ့ သွားကိုက်တယ် (ကိုက်ပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ့ကြောင့် နောက်ဆုံးပိတ်ကျတော့ ဒကာ ဒကာမတွေ မှတ်မိသထက် မှတ်မိအောင် ဪ-နှလုံးသွင်းမှား သည် အဝိဇ္ဇာက လာတာကိုး (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုရားက “အာသဝါနံ သမုပ္ပါဒါ အဝိဇ္ဇာစ ဥပ္ပဇ္ဇတိ”တဲ့ (မှန်ပါ့)၊ အာသဝါနံ=ကာမာသဝ ဘဝါသဝ ဆိုတဲ့ တရားတို့၏၊ သမုပ္ပါဒါ=ဖြစ်ခြင်းကြောင့်၊ အဝိဇ္ဇာ=အဝိဇ္ဇာသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ ဒီအဝိဇ္ဇာဟာ အာသဝက လာတာဟေ့တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဝိဇ္ဇာ ဘယ်ကလာသတုံး (အာသဝက လာပါတယ်)၊ ကိုင်း ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောလိုက်တယ် “ဣဒံမေပုညံ အာသဝက္ခယံ ဝဟံဟောတု” အာသဝေါ တရားကုန်ပါရစေ၊ ဤတရားအားထုတ်ရတဲ့ အတွက် အာသဝေါတရား ကုန်ပါရစေဆိုတဲ့ ခင်ဗျားတို့ဆုတောင်းကို ဘုန်းကြီးကပဲ ရှေ့က တိုင်ပေးပြီးသကာလ ဒကာ ဒကာမတွေ လိုက်စေတယ်ဆိုတာ ခုနင်က အလိမ်မိပြီး သေကြပါစေတော့လို့ (မှန်ပါ့)၊ မသေမည့်ပုဂ္ဂိုလ်ကတော့ မရှိပဲကိုးဗျ (မရှိပါ ဘုရား)။
အလိမ်ပြေပြီး သေကြပါစေဆိုပြီးသကာလ ဒကာကြွယ်ရေ “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု”ဆိုတာ သူဟာ လက်သည် (မှန်ပါ့)၊ သူဟာ အကြီးဆုံးလက်သည်ပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
သူဟာ အကြီးဆုံး လက်သည်
ဘယ်လိုမှတ်ကြမယ် (သူဟာ အကြီးဆုံး လက်သည်ပါ)၊ ဒါဖြင့် ဒကာသစ်ရေ ပြောင်းပြန်လည်း နားလည်သွား တော့ အစဉ်အတိုင်း နားလည်သွားဖို့လည်း ဒကာသစ်တို့ လိုလာတယ် (လိုလာပါတယ်)၊ အာသဝကြောင့် အဝိဇ္ဇာ ဖြစ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အာသဝကြောင့် (အဝိဇ္ဇာဖြစ်ပါတယ်)၊ အဝိဇ္ဇာကြောင့် နှလုံးသွင်းမှားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။
အဝိဇ္ဇာကြောင့် (နှလုံးသွင်းမှားပါတယ် ဘုရား)၊ နှလုံးသွင်းမှားတာသည် ဒကာ ဒကာမတို့ စီစစ်မှုမရှိလို့ (မှန်ပါ့)။
စီစစ်မှု ဘယ့်နှယ်ကြောင့် မရှိပါလိမ့်မတုံးဆို ကလျာဏ မိတ္တက မတွေ့လို့ (မှန်ပါ့)၊ ဒီပြန်ရောက်တာပဲ (မှန်ပါ့)။
ဒီကလျာဏမိတ္တ ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ မတွေ့ပါလိမ့်မတုံးဆိုတော့ (အကြားအမြင် နည်းလို့ပါ)၊ အဲ အကြားအမြင်နည်းလို့၊ ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ အကြားအမြင်နည်းပါလိမ့်မတုံးဆိုတော့ (ယထာဘူတဉာဏ် မရလို့ပါ ဘုရား)။
ယထာဘူတဉာဏ်မရတော့ ခင်ဗျားတို့ ဘာဖြစ်သတုံး (အလိမ်ခံရပါတယ်)၊ တဏှာဒိဋ္ဌိတို့၏ အလိမ်ခံရတယ် (မှန်ပါ့)၊ တဏှာဒိဋ္ဌိတို့၏ အလိမ်ခံရတော့ နိဗ္ဗာန်မရောက် အပါယ်ရောက် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒကာကြွယ် ဒီနေ့တရား ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ်)၊ ဒကာ ဒကာမတို့ ဒါဟာ ဘုရားစီစဉ် ထားတဲ့ အစီအစဉ်၊ အင်း ဒီအစီအစဉ်ဟာ တော်တော်အရေးကြီးပါကလား ၊ တစ်သံသရာလုံး ဒီအစီအစဉ် ကို တို့မလိုက်လာပဲနဲ့ ဒီအလိမ်မိလျက်နဲ့ချည့် သေရတယ် (မှန်ပါ့ ဘုရား)။
ဒီအစီအစဉ်ဖျက်လိုက်ရလို့ ရှိရင်ဖြင့် အောက်လမ်းသမားသည် ဒကာ ဒကာမတို့ သံသရာ့ အောက်လမ်းသမား သည် သံသရာ့ထွက်ရပ်လမ်းကို ရောက်ရမယ် (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
ဒကာကြွယ် ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ်)၊ ဒါ့ကြောင့် ဒကာသစ် ဒီနေ့တရားသည် သေပျော် တဲ့တရား (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘယ့်နှယ်ဆိုမလဲ (သေပျော်တဲ့တရားပါ ဘုရား)၊ သေပျော်တဲ့တရား၊ တစ်သံသရာလုံး အလိမ်မိတာ ဟာ အခုပြေတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတို့ လိမ်ပြီးသကာလ တစ်ဘဝမှာလည်း တွေ့ရာ သားသမီးလုပ်ပြီးသကာလ လုပ်ကျွေးနေတာ ပဲ (မှန်ပါ့)၊ လုပ်ကျွေးပြီးသကာလ ခင်လျက်, မင်လျက်နဲ့ သေရင် အပါယ်သွားပြန်တာပဲ (သွားပါတယ် ဘုရား)။
အပါယ်ကနှစ်ကုန်လို့ တက်ပြန်တော့လည်း အလိမ်ကမပြေတော့တွေ့ရာ သားသမီးလုပ်ပြန်တာပဲ၊ သား, လင်, ခင်ပွန်းလုပ်ပြန်တာပဲ (မှန်ပါ့)၊ လုပ်ပြန်ပြီးသကာလ အလိမ်မပြေပဲနဲ့ သေပြန်တော့ အပါယ်ပဲပြန်ရောက်တယ် (မှန်ပါ့ ဘုရား)။
အလိမ်မိလိုက် အပါယ်ရောက်လိုက်
အလိမ်မိလိုက် အပါယ်ရောက်လိုက်၊ အပါယ်က တက်လိုက် ပြန်အလိမ်မိလိုက် (မှန်ပါ့)၊ ဦးမာဒင် ဘယ်မှာ ထွက်လမ်းပါသေးသလဲ (မပါပါ)၊ ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
အပါယ်ကတက်လာတော့လည်း ဘာဖြစ်ပြန်သတုံး (အလိမ်မိပါတယ်)၊ သား, လင်, ခင်ပွန်းနဲ့ နေကြတာပဲ၊ တိရစ္ဆာန်လည်း တိရစ္ဆာန်အလိုက်ပေါ့ (မှန်ပါ့)၊ လူတွေလည်း လူ့အလိုက်၊ နတ်လည်း နတ်အလိုက်ပေါ့ (မှန်ပါ့)၊ အလိမ်က မိမနေကြဘူးလား (မိပါတယ်)၊ ဘယ့်နှယ်လုပ်မလဲ ဘုရာ့ဆိုရင် ဒါအလိမ်မိပြီးသားသာမှတ် (မှန်ပါ့ ဘုရား)။
ဒီသား, ဒီသမီးတွေ ကိုယ်တည်ထောင်ထားတာတွေ စွန့်ပစ်ပြီး သူတော်ကောင်းအလုပ်နဲ့ လုပ်ရမယ်ဆိုတာ မဟုတ်သေးပါဘုရာ့ (မှန်ပါ့)၊ မဟုတ်သေးပါဘူး၊ ဒါကိုယ့်သားသမီးတွေပဲ၊ လူပဲ၊ တိရစ္ဆာန်မှမဟုတ်ပဲပဲ (မှန်ပါ့)၊ အဲဒီ တော့ ဒီဟာတွေကို တပည့်တော်တို့ ဥပေက္ခာမလုပ်နိုင်ဘူး (မှန်ပါ့ ဘုရား)၊ တစ်ခါတည်း ဇွတ်ငြင်းတော့တာပဲ (မှန် ပါ့ ဘုရား)။
ဘုရားကလည်း သားများ, သမီးများ သင်္ဂြိုဟ်ထောက်ပံ့ရမယ်ဆိုတယ်၊ ခင်ဗျားတို့ကလည်း အပိုအဆစ်တွေက ထည့်တယ်၊ တဏှာတွေပါ ထည့်တယ် (မှန်ပါ့)၊ ဟိုကတော့ ကျွေးရုံ-မွေးရုံ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကခင်တာ, မင်တာ အပါယ်ကျလောက်အောင် အဆစ်ထည့်ပစ်လိုက်တယ် (မှန်ပါ့)၊ ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အပါယ်ရောက်သွားတာလည်း အလိမ်မိလို့ (မှန်ပါ့)၊ အပါယ်က နှစ်စေ့လို့ တက်လာ တော့ ဘာဖြစ်ပြန်သတုံး (အလိမ်မိပါတယ် ဘုရား)။
ရောက်ရာမှာ အလိမ်မိပြန်တယ် (အလိမ်မိပြီးသကာလ စွဲလမ်းမှုနဲ့ သေသွားပြန်တော့ ဘယ်ရောက်သွားသတုံး (အပါယ်ရောက်ပါတယ်)၊ တက်လာပြန်ပြီ နှစ်ကုန်လို့ (အလိမ်မိပါတယ်)၊ ရောက်ရာဘဝမှာ ဘာဖြစ်ပြန်သတုံး (အလိမ် မိပါတယ် ဘုရား)။
ကဲ ဦးမာဒင် ယထာဘူတဉာဏ် ဘယ်လောက်အရေးကြီးသလဲ (ကြီးပါတယ်)၊ ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ တစ်သက်နဲ့တစ်ကိုယ်ဖြင့် ကြားရပေပြီ (မှန်ပါ့)၊ ဪ-တော်တော်အရေးကြီး ပါကလား (ကြီးပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အိမ်တွင်း ပဋိစ္စသမုပ္ပါဒ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတစ်ခေါက်လှည့်ပြီးလို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့လည်း ကျေနပ်ပါပြီ (မှန်ပါ့)၊ ဘုန်းကြီး လည်း ရှေ့ကို ဒီဥစ္စာ ပရိယေသနကိစ္စနဲ့ ပတ်သက်ပြီးသကာလ သူပြောတော့မယ် (မှန်ပါ့)၊ အိမ်တွင်း ပဋိစ္စသမုပ္ပါဒ် ကို ဒီတဏှာက စ,ရမှကိုးဗျ (မှန်ပါ့ ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ လိမ်လည်ကောက်ကျစ်တာကို မဖြေနိုင်တာ အဘယ့်ကြောင့် (ယထာဘူတ ဉာဏ် မရလို့ပါဘုရား)၊ ရှင်းပြီ (မှန်ပါ့)။
ယထာဘူတဉာဏ် ဘယ်အတွက်ကြောင့် ဒကာ ဒကာမတွေ မရပါလိမ့်မလဲ (အကြားအမြင်နည်းလို့ပါ ဘုရား)၊ ဪ ဟုတ်ပြီ ဟုတ်ပြီ၊ အကြားအမြင်နည်းတဲ့ အပြစ်ကလည်း အတော်ကြီးပါလား (ကြီးပါတယ် ဘုရား)။
အကြားအမြင် ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် ဒါလောက်နည်းနေပါလိမ့်မတုံး (ကလျာဏမိတ္တမရလို့ပါ)၊ ကလျာဏမိတ္တ မတွေ့ဘူး (မှန်ပါ့)၊ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ မပေါင်းရဘူး (မှန်ပါ့)။
ဒီကလျာဏမိတ္တကို ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ မရပါလိမ့်မတုံး (စီစစ်တတ်တဲ့ဉာဏ်မရှိလို့ပါ ဘုရား)၊ စီစစ်တတ်တဲ့ဉာဏ်မရှိတော့ သူက တစ်ကျပ်ရှိတယ်၊ သူက တစ်မတ်ရှိတယ်လို့မှ ကိုယ့်ဆရာသမားတွေ စာအုပ်တွေကို ချိန်မှ မချိန်တတ်တော့ပဲ (မှန်ပါ့)၊ မချိန်တတ်ကတည်းကိုက ဒကာကြွယ်ရေ ဒီဥစ္စာ အမှန်တွေ့ဖို့ ဘယ့်နှယ်တုံး (ခဲယဉ်းပါတယ် ဘုရား)။
ဒါဖြင့် စီစစ်တတ်တဲ့ဉာဏ်ဟာလည်း ဒကာသစ် အတော်အရေးကြီးတယ် (ကြီးပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း စီစစ်တတ်တဲ့ဉာဏ် ဘယ့်နှယ်ကြောင့် မရပါလိမ့် (နှလုံးသွင်းမှားလို့ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်း ပါပြီ)။
နှလုံးသွင်း ဘယ့်နှယ်ကြောင့် မှားပါလိမ့် (အဝိဇ္ဇာကြောင့် နှလုံးသွင်းမှားပါတယ် ဘုရား)။
အဝိဇ္ဇာက ဘယ်ကလာပါလိမ့်မတုံး (အာသဝက လာပါတယ်)၊ ဒါဖြင့် အာသဝေါတရား မကုန်သရွေ့ အလိမ် မပြေ (မှန်ပါ့)။
အာသဝေါတရား မကုန်သရွေ့
အာသဝေါတရား မကုန်သရွေ့ (အလိမ်မပြေပါ ဘုရား)၊ ရှင်းကြပါလား (ရှင်းပါပြီ)။
ဒါဖြင့် အာသဝေါတရား ကုန်ချင်လို့ရှိရင်ဖြင့် ဘယ့်နှယ်လုပ်ကြမှာတုံးဆိုတဲ့ မေးခွန်းဟာ တစ်ခါတည်း ထွက် လာတယ် (မှန်ပါ့)၊ မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား)။
အဲ ဒီကျတော့ ဒကာ ဒကာမတို့ အာသဝေါတရားကုန်ဖို့အရေးဟာ အလွယ်ကလေးပါ (မှန်ပါ့)၊ ဘယ့်နှယ် ကုန်ရမတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ စဉ်းစားကြည့် ဖြစ်ပျက်မြင်လို့ရှိရင် ကုန်တာပဲ (မှန်ပါ့)။
ဪ သုံးဆယ့်တစ်ဘုံမှာ တောတွေ, တောင်တွေ, ရေတွေ, မြေတွေ, ပစ္စည်းတွေ, သားတွေ, မယားတွေ, စိန်တွေ, ရွှေတွေ, ကားတွေ အကုန်အလုံးစုံ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့ ခင်စရာ, မင်စရာမရှိ ဘူး၊ အနိစ္စလက္ခဏာနဲ့ ဒုက္ခလက္ခဏာ (မှန်ပါ့)၊ အနတ္တလက္ခဏာနဲ့ အသုဘလက္ခဏာ (မှန်ပါ့)။
ဒုက္ခသစ္စာအမှန်ဖြစ်အောင် ဉာဏ်ထဲမှာ ကြည့်လိုက်လို့ရှိရင် အာသဝက ဘယ်သွားငြိမလဲ (မငြိပါ ဘုရား)၊ ငြိနိုင်သေးရဲ့လား (မငြိနိုင်ပါ ဘုရား)။
ဒါ့ကြောင့် ဒီတရားကို အာသဝေါတရားကုန်ဖို့အရေးကဖြင့် ဒကာကြွယ် သေသေချာချာမှတ် ဝိပဿနာလုပ် မှရမယ် (မှန်ပါ့)၊ ဝိပဿနာမလုပ်ရင် (မရပါ ဘုရား)၊ မရနိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါ့ကြောင့် ဦးမာဒင်တို့ ဝိပဿနာဖြင့် ကြိုးစားပါ (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ အိုကြီးအိုမ နဲ့ ဒကာကြွယ်တို့ အိုကြီးအိုမနဲ့ ကြိုးစားရသတုံးဆိုတော့ အို-အာသဝေါတရားကုန်အောင် လုပ်နေတာ ပြောလိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း ဘာဖြစ်အောင်လုပ်ကြမယ် (အာသဝေါတရားကုန်အောင် လုပ်ကြပါမယ် ဘုရား)။
အာသဝမကုန်တော့ အဝိဇ္ဇာဖြစ်မယ်
ကြည့်လေ အာသဝမကုန်တော့ အဝိဇ္ဇာဖြစ်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အဝိဇ္ဇာဖြစ်လို့ ရှိရင် ‘အယောနိသော မနသိကာရ’ လာလိမ့်မယ် (လာမှာပါ ဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီ ‘အယောနိသော မနသိကာရ’ လာခဲ့လို့ရှိရင်ဖြင့် စီစစ်တတ်တဲ့ဉာဏ် ဆုံးရှုံးရမယ် (မှန်ပါ့)၊ မဆုံးရှုံးပေ ဘူးလား (ဆုံးရှုံးပါတယ် ဘုရား)၊ ဒါက ပြောင်းပြန်တက်လာတာ ဒကာသစ်ရေ (မှန်ပါ့)။
အဲဒီ စီစစ်တတ်တဲ့ဉာဏ် ဆုံးရှုံးတာသည် ဘယ်သူ့ကြောင့်တုံးလို့မေးတော့ ကလျာဏမိတ္တမတွေ့လို့ (မှန်ပါ့)၊ ဒီကလျာဏမိတ္တ ဘာ့ကြောင့် မတွေ့ပါလိမ့်မတုံး (အကြားအမြင်နည်းလို့ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ အကြားအမြင်နည်းနေပါလိမ့်မတုံး (ယထာဘူတဉာဏ်မရလို့ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ယထာဘူတဉာဏ် မရပါလိမ့်မတုံး လို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ အလိမ် မပြေလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
အခုတော့ဖြင့် ဒကာ ဒကာမတို့ အလိမ်လည်းပြေပါပြီ (မှန်ပါ့ ဘုရား)၊ အေး မင်းက သားရယ်, သမီး ရယ်, ဆွေရယ်, မျိုးရယ်, မိတ်ဆွေရယ်, သင်္ဂဟရယ်လို့ မင်းက ဘာလုပ်လုပ် တို့-ဝိပဿနာဉာဏ်မှန်နဲ့ ကြည့်လိုက် တဲ့အခါကျလို့ရှိရင်ဖြင့် အနိစ္စပဲ တွေ့တယ် (မှန်ပါ့)၊ ဒုက္ခပဲ (တွေ့ပါတယ်)၊ အနတ္တပဲ (တွေ့ပါတယ် ဘုရား)၊ ဆိုတော့ ဒကာ ဒကာမတွေက စဉ်းစားတော့ ဒါဘာဖြစ်တာတုံးဆိုတော့ အလိမ်ပြေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
အင်း ဖြစ်ပျက်တွေ တွေ့တာ ဘာပါလိမ့် (အလိမ်ပြေတာပါ ဘုရား)။
ဟာ ဦးမာဒင် သေပျော်ပြီ (မှန်လှပါ)၊ ဘယ်လိုသေပျော်သတုံး (အလိမ်ပြေလို့ပါ ဘုရား)။
ခုနင်က ပြောခဲ့ပြီးပြီ အပါယ်နဲ့အလိမ်နဲ့ဟာ လှည့်နေတာ (မှန်ပါ့)၊ လူ့ပြည်လာတာ အလိမ်ခံလိုက် အပါယ် ကျပြီ အပါယ်က နှစ်စေ့လို့တက်ပြန်တော့ အလိမ်မိတာ (မှန်ပါ့ ဘုရား)။
အလိမ်မိလိုက်-အပါယ်ကျလိုက်
အလိမ်မိလိုက်-အပါယ်ကျလိုက်၊ အပါယ်ကျလိုက်-အလိမ်မိလိုက်၊ အပါယ်နဲ့အလိမ်ချည့် လှည့်နေတာ (မှန်ပါ့ လှည့်နေပါတယ် ဘုရား)၊ ဒီ့ပြင် ဘာပါသေးသတုံး (ဘာမှ မပါပါဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါ့ကြောင့် နေ့လယ်ကတောင် နည်းနည်းပြောပြီးပြီ (မှန်ပါ့ ဘုရား)၊ ဪ မြေပုံမှားပြီး ငိုကြတယ် (မှန်ပါ့)၊ မြေပုံမှားပြီးတော့ (ငိုကြပါတယ် ဘုရား)။
မြေပုံကို သူ့သား, လင်, ခင်ပွန်းရယ်လို့ သူကတော့ အမှတ်ထားတာပဲ၊ ရေတွေက ကြီးသွားပြီး သူများက ဒီနေရာ အစားထိုးလာတယ် (မှန်ပါ့)။
အဲဒါ သွားငိုတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာကြွယ်က ဘယ်လိုစဉ်းစားသတုံး (အလိမ်မိတာပါ ဘုရား)၊ အလိမ်မိပြန် တာပဲ (မှန်ပါ့)၊ မြေပုံတောင်မှားတယ် (မှန်ပါ့)၊ မမှားဘူးလား (မှားပါတယ် ဘုရား)။
အဲဒီကျအောင် မှားတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ ငိုချင်လို့ရှိရင် ခင်ဗျားတို့ မြေပေါ်မှာရှိသရွေ့ အကုန် လျှောက်ငို (မှန်ပါ့)၊ ကိုယ့်အမေ, ကိုယ့်အဖေ မသေဘူးတဲ့နေရာလို့ မရှိပါဘူး (မရှိပါ ဘုရား)၊ ကိုယ်မသေဘူးတဲ့နေရာ ကော (မရှိပါ ဘုရား)။
ဒါဖြင့် ငိုရင်လည်း တောက်လျှောက်ငိုရင်လည်း ကောင်းတယ်၊ ဘယ်နားမှာပါလိမ့်မတုံး ရွေးမနေနဲ့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်နားမှာ မီးထွန်းရမှာတုံး ဘယ်နားမှာ ဘာဖြစ်ရမှာတုံး ရွေးမနေနဲ့ ဦးမာဒင်ရဲ့၊ လျှောက်ပြီး မြေပေါ်သာ လှိမ့်ငိုလိုက် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မသေဘူးတဲ့နေရာမရှိ
ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတော့ မသေဘူးတဲ့နေရာမရှိ (မှန်ပါ့)၊ အမေ, အဖေ မသေဘူးတဲ့နေရာကော (မရှိပါ ဘုရား)၊ မမြှုပ်ဘူးတဲ့နေရာတွေကော (မရှိပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီအတိုင်း မြေပုံရှာငိုရတာနဲ့, လှိမ့်ငိုရတာနဲ့ ဒကာသစ် ဘယ်ဟာကမှန်သတုံး (လှိမ့်ငိုရတာက မှန်ပါ တယ်)၊ ဒါဖြင့် လှိမ့်ငိုပါလားဗျ ငိုချင်လို့ရှိရင် (မှန်ပါ့)။
အလကား မဟုတ်တာတွေ ရွေးနေတယ်ဆိုတော့ အလကားချင်းတူတူဖြင့် လှိမ့်သာငို၊ လှိမ့်ငိုတာက အမှန် ရောက်သေးတယ် (မှန်ပါ့)၊ မြေပုံရွေးငိုတာက (အမှားပါ)၊ လှိမ့်ငိုလို့ရှိရင် (မှန်ပါတယ် ဘုရား)။
ဒါဖြင့် ဘယ်ဘက်က ခင်ဗျားတို့နေမတုံး (ဘယ်ဘက်ကမှ မနေပါ ဘုရား)။
ဒကာသစ်.. အမှန်တော့ လှိမ့်ငိုတာက မှန်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ကိုယ်မသေဖူးတဲ့ နေရာကော (မရှိပါ ဘုရား)၊ ကိုယ်မနာဖူးတဲ့နေရာကော (မရှိပါ ဘုရား)၊ ကိုယ်မမြှုပ်ဖူးတဲ့နေရာ (မရှိပါ ဘုရား)၊ ဥပသာဓကဆိုတဲ့ နာမည်နဲ့ပဲ ဒီအထဲမှာ သောင်းလေးထောင် မြှုပ်ဖူးတယ်၊ တစ်နေရာထဲမှာ တစ်နေရာထဲမှာ (မှန် ပါ့ ဘုရား)။
ဒကာကြွယ်ရေ-ဒကာကြွယ်ဆိုလည်း နာမည်နဲ့ဆိုရင် ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား)။
အဲဒါလောက်တောင် ဆိုးရွားနေတဲ့ သံသရာရှည်မှုကြီးကိုဖြင့် ဒကာ ဒကာမတို့ အလိမ်မိလို့သာ မှတ်ပေတော့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သူများ အသုဘသွားပို့ ကိုယ်က မျက်ရည်သုတ်မိတာတွေလည်း အလိမ်မပြေသေးလို့ (မှန်ပါ့)၊ ဘယ်လိုကြောင့် ပါလိမ့် (အလိမ်မပြေသေးလို့ပါ ဘုရား)။
အလိမ်မပြေသေးတော့ ဪ တို့သားသမီးကလေးလည်း ဟိုနေရာမှာ (မှန်ပါ့)၊ အင်း ဒါ ဘာဖြစ် သတုံး (အလိမ်မိတာပါ ဘုရား)။
ဟာ ဘယ်သူကလိမ်တာတုံးလို့ မေးတဲ့အခါကျတော့မှ ဝမ်းထဲမှာ တဏှာနဲ့ဒိဋ္ဌိက လိမ်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အလိမ် ဘယ်ကလာသတုံး
ဘယ်သူကပါလိမ့် (တဏှာနဲ့ဒိဋ္ဌိက လိမ်ပါတယ်)၊ ဒါဖြင့် ဒီ-အလိမ် ဘယ်ကလာသတုံး (ယထာဘူတဉာဏ် မရလို့ပါ)၊ ယထာဘူတဉာဏ်မရလို့ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ယထာဘူတဉာဏ် ဘယ့်နှယ်ကြောင့် မရပါလိမ့် (အကြားအမြင်နည်းလို့ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် အကြားအမြင်နည်းနေပါလိမ့် (ကလျာဏမိတ္တ မတွေ့လို့ပါ)၊ အဲ ဆရာကောင်း သမား ကောင်း မတွေ့လို့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် မတွေ့ပါလိမ့်မတုံး (စီစစ်တတ်တဲ့ဉာဏ် မရှိလို့ပါ)၊ စီစစ်တတ်တဲ့ဉာဏ်မရှိလို့ (မှန်ပါ့ ဘုရား)။
စီစစ်တတ်တဲ့ဉာဏ်ကလည်း ဘယ့်နှယ်ကြောင့် မရှိပါလိမ့် (နှလုံးသွင်းမှားလို့ပါ)၊ နှလုံးသွင်းမှားလို့ (မှန်ပါ့)။
နှလုံးသွင်း ဘယ့်နှယ်ကြောင့် မှားပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား)။
ဟ အဝိဇ္ဇာကလည်း ဘယ်ကများလာပါလိမ့်မတုံး မေးတော့ အာသဝေါကြောင့် (မှန်ပါ့ ဘုရား)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်ဟာ အာသဝေါကုန်ပါတယ် (မှန်ပါ့)၊ ဖြစ်ပျက်ဆုံးတဲ့ပုဂ္ဂိုလ်လည်း အာသဝေါ ကုန်ပါတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။