အိမ်တွင်းပဋိစ္စသမုပ္ပါဒ်တရားတော် (၂)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
အိမ်တွင်းပဋိစ္စသမုပ္ပါဒ်တရားတော် (၂)
နေ့အလုပ်ပေး တရားတော်
(၃၀-၉-၆၁)
အကြောင်းဖြတ်လို့ရှိရင် အကျိုးပြတ်တယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မဟာနိဒါနသုတ်ဆိုပြီး ရှင်အာနန္ဒာကို ဟောပါတယ်၊ နိဒါနဆိုတာ အကြောင်းရှာကွ၊ အကြောင်းရှာပြီး သကာလ အကြောင်းဖြတ်လို့ရှိရင် အကျိုးပြတ်တယ်ကွာ ဆိုပြီး သကာလ မဟာနိဒါန သုတ်ဆိုပြီး သုတ်မဟာဝါ ပါဠိတော်မှာ ဒကာကြွယ် ဟောထားတယ်နော် (မှန်ပါ့ ဘုရား)။
အဲဒါတွေ ဟောထားတာ ထောက်တော့ဖြင့် ဪ ငါတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် အကြောင်းရှိလို့ အကျိုးဖြစ်နေတယ်၊ အကျိုးခန္ဓာကြီး ရနေတာပဲ (မှန်ပါ့ ဘုရား)။
အကြောင်းကို သိမ်းလိုက်လို့ရှိရင် အကျိုးခန္ဓာ ဒုက္ခသစ္စာကြီး ပြတ်မှာပဲဆိုပြီး သကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးသည် မဟာနိဒါနသုတ်ကို ဟောတယ် (မှန်ပါ့)၊ မဟာက ကြီးကျယ်တာ၊ နိဒါနက အကြောင်း၊ မင်းတို့ခန္ဓာ ကိုယ်ကြီးမှာ ကြီးကျယ်တဲ့အကြောင်းတွေ ရှိသကွာ၊ အဲဒီ့ကြီးကျယ်တဲ့ အကြောင်းတွေကို မင်းတို့က ဝိပဿနာမဂ်ဉာဏ် တွေနဲ့ မဖြတ်ပဲထားလို့ရှိရင် မင်းတို့အကျိုးကျတဲ့အခါကျတော့ အော်ကာငင်ကာ တစာစာနဲ့ မင်းတို့ ဒုက္ခအကြီးအကျယ် ရောက်ပြီး သကာလ လွတ်ရေး, ကျွတ်ရေး မမြင်သေးတဲ့ အခြေအနေရောက်မယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် မဟာနိဒါနသုတ်ဆိုတာ ဘုန်းကြီးများက နာမည်ပေးလိုက်တယ်တဲ့၊ ခင်ဗျားတို့ အိမ့်ပြင်ပမှာဖြစ်တာ မဟုတ်ဘူး၊ အိမ်တွင်းတွင် ပဋိစ္စသမုပ္ပါဒ်ဖြစ်နေတာ ိုတာကိုလည်း ဒကာ ဒကာမတွေ သိရမယ်နော် (မှန်ပါ့ ဘုရား)။
လောဘဆိုတဲ့ တရားသည်
ကိုင်း ဒါဖြင့် စ,ကြပါစို့တဲ့၊ ဒီဒကာ ဒကာမတွေမှာ အခုလောဘဆိုတဲ့ တရားဟာ သမုဒယသစ္စာ လူတိုင်း သိတယ်နော် (မှန်ပါ့)၊ လောဘဆိုတဲ့ တရားသည်ကားလို့ဆိုရင်ဖြင့် ဒီလောဘသည် ရှာမှီးတဲ့လောဘ၊ ရှာမှီးရတာ သာယာတဲ့လောဘ (မှန်ပါ့)၊ လောဘ ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးပါ ဘုရား)။
ရှာမှီးတဲ့လောဘ, ရှာမှီးလို့ရတာ သာယာတဲ့ လောဘ (မှန်ပါ့)၊ ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးရှိပါတယ် ဘုရား)။
အဲဒီလောဘ၏ ရေသောက်မြစ်ကို မင်းတို့ ရှာလို့ရှိရင် ကောင်းမယ်တဲ့၊ လောဘ၏ ရေသောက်မြစ် သည်ကား လို့ဆိုရင်ဖြင့် ဘယ်ကလာတယ်ဆိုတာ မသိလို့ရှိရင် သမုဒယသစ္စာ လောဘဟာ သူ့မှာလည်း အကြောင်းရှိသေးတာပဲ (မှန်ပါ့ ဘုရား)။
လောဘ၏အကြောင်းကို ယနေ့ရှာကြစို့
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သမုဒယသစ္စာ တဏှာ လောဘ၏အကြောင်းကို ယနေ့ရှာကြစို့ (မှန်ပါ့)၊ ရှာလိုက်လို့ရှိရင် သမုဒယသစ္စာသည် ကျုပ်တို့ကို တစ်သံသရာလုံး အပါယ်ထဲက ခေါင်းမပေါ်နိုင်အောင် နှိပ်စက်တတ်တဲ့တရား၊ ၎င်းင်းနှိပ်စက်တတ်တဲ့တရား၏ ရေသောက်မြစ်ကို ဖြတ်လိုက်ရလို့ရှိရင် နှိပ်စက်တတ်တဲ့အပါယ် သည် ပြတ်သွားတော့မယ် (မှန်ပါ့)၊ မပြတ်ပေဘူးလား (ပြတ်ပါတယ် ဘုရား)။
ဒါ့ကြောင့် ဒကာကြွယ်တို့ ဆင်းရဲဇာတ်သိမ်းတာကို ဟောမှာပါပဲ၊ တိုတိုတော့နော် (မှန်ပါ့ ဘုရား)။
ဘာဟောမယ်ထင်ကြသတုံး (ဆင်းရဲဇာတ်သိမ်းတာ ဟောမှာပါ ဘုရား)။
အဲဒါ ဆင်းရဲဇာတ်သိမ်းတာကို ဟောလို့ရှိရင်ဖြင့် ဆင်းရဲဇာတ်သိမ်းတာကို တို့သည် ဟောတဲ့အတိုင်းကျင့်ဖို့ ပဲ (မှန်ပါ့ ဘုရား)။
ကျင့်လိုက်ရလို့ ရှိရင်ဖြင့် ကိုယ် အခုဆင်းရဲနေတဲ့ ရှာမှီးရတဲ့ဒုက္ခတွေ, ဒီခန္ဓာကိုယ်ကြီးကို ပြုစုနေရတဲ့ ဒုက္ခတွေ, ဒီခန္ဓာကိုယ်ကြီးအတွက်နဲ့ စိတ်မအေး-လက်မအေးနဲ့ နေရတဲ့ဒုက္ခတွေ၊ ဒါတွေဟာ ဆင်းရဲဆိုးတွေပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အဲဒီဆင်းရဲဆိုးတွေကို ဆင်းရဲခြင်းအကြောင်း ဖြတ်လိုက်လို့ရှိရင်ဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ ဆင်းရဲဆိုးတွေဟာ ဆင်းရဲကြောင်း ဖြတ်မှရမယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ မနေ့ကတရား နည်းနည်းဆက်ပြီးမှ ရှေ့ဆက်ကြရအောင် (မှန်ပါ့ ဘုရား)။
အခုတရားနာနေတဲ့ ဒကာ ဒကာမတွေ ဘယ်သူတွေတုံးလို့မေးရင် သမုတိနယ်ကတော့ဖြင့် ဒကာ ဒကာမတွေ ပဲ (မှန်ပါ့)၊ ပရမတ္တနယ်ကနေ ကြည့်လိုက်တော့ ဪ ဝေဒနာသည်တွေပါကလားလို့ ပြောရမယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဝေဒနာသည်လို့ ပြောရသတုံး
ဘယ့်နှယ်ကြောင့် တပည့်တော်တို့ကို ဝေဒနာသည်လို့ ပြောရသတုံးဆိုတော့ ဪ တရားနာလာကြတာ ကျန်းမာလို့ လာနိုင်ကြတာ (မှန်ပါ့ ဘုရား)။
တရားနာလာနိုင်ကြတာ (ကျန်းမာလို့ လာနိုင်ကြတာပါ)၊ ကျန်းမာတယ်ဆိုတာ သုခဝေဒနာဖြစ်နေလို့ လာ နိုင်ကြတယ် (မှန်ပါ့)၊ ဒုက္ခဝေဒနာဖြစ်နေရင် မလာနိုင်တော့ဘူး (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် တရားနာကြတာသည် ဘယ်သူတွေတုံးလို့ မေးလို့ရှိရင်ဖြင့် ဝေဒနာက္ခန္ဓာတွေပဲ ဘုရား (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (ဝေဒနာက္ခန္ဓာတွေပါ ဘုရား)။
ဪ ဒီလိုဆိုလို့ရှိရင် နေရာကျပါပြီတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယောကျ်ားလည်းမဟုတ်ဘူး၊ မိန်းမလည်းမဟုတ်ဘူး၊ ကျန်းမာလို့ လာနိုင်ကြတယ် (မှန်ပါ့)၊ ကျန်းမာတာက ဘာဝေဒနာပါလိမ့် (သုခဝေဒနာပါ ဘုရား)။
ဪ ဒါ ဒကာ ဒကာမတွေက ကျုပ်သွားချေဦးမယ် ပြောတာ (မှန်ပါ့)၊ ကျုပ်တရားနာချေဦးမယ်လို့ ပြောတယ်တဲ့၊ ဘယ်လိုပဲပြောပြော ဒုက္ခဝေဒနာ လဲလောက်အောင်ဖြစ်နေလို့ရှိရင်ဖြင့် ဦးမာဒင် မလာနိုင်ဘူး (မလာ နိုင်ပါ)၊ သုခဝေဒနာကလေး ပေါ်ပေါက်လာတဲ့ အခါကျလို့ရှိရင် လာကြတာပဲ (မှန်ပါ့)၊ ဒါဖြင့် ဝေဒနာတွေ လာကြ တာ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဝေဒနာတွေ လာကြတာပါ ဘုရား)၊ ဒကာကြွယ် သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါ ဘာလုပ်လိုက်တာတုံးလို့ ဆရာဘုန်းကြီးက ဘာအကူအညီပေးလိုက်တာတုံး-မေးတဲ့အခါကျတော့မှ ဒိဋ္ဌိ ဖြုတ်လိုက်တာလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။
အခု လာကြတာသည်တဲ့ ဒကာ ဒကာမဆိုတာ ပြောပါတယ် (မှန်ပါ့)၊ ကျန်းမာလို့လာကြတာ (မှန်ပါ့)၊ ကျန်းမာတာဟာ ဝေဒနာပဲ (မှန်ပါ့)၊ ဘာဝေဒနာပါလိမ့် (သုခဝေဒနာပါ)၊ သုခဝေဒနာနဲ့ ဦးလှဘူးကြီးတို့ တရားနာ နေတယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ်တို့ တရားနာနေတာ ဘယ်သူတုံးဆိုတော့ ကျန်းမာတဲ့ဝေဒနာနဲ့ နာနေတာဘုရား (မှန်ပါ့)၊ ဒါဖြင့် ဝေဒနာက္ခန္ဓာတွေ တရားနာနေတယ် (မှန်ပါ့ ဘုရား)။
ဘယ်သူတွေ တရားနာနေသတုံး (ဝေဒနာတွေ တရားနာနေပါတယ် ဘုရား)။
ငါ-ငါ့ဥစ္စာမဟုတ်ဘူး
ဒါ့ကြောင့် ဘုန်းကြီးကပြောတယ် ဒကာ ဒကာမတို့၊ တရားဆိုတဲ့ဥစ္စာ စ,လာကတည်းက ဪ သုညတ ငါ-ငါ့ဥစ္စာမဟုတ်ဘူး၊ ဒိဋ္ဌိဖြုတ်တာကို အရေးကြီးပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အခု တရားပြတာသည် အပြောမှာတော့ ဒကာ ဒကာမတွေပဲ၊ အရှိမှာတော့ ဝေဒနာက္ခန္ဓာတွေ (မှန်ပါ့ ဘုရား)။
အပြောကဖြင့် (ဒကာ ဒကာမတွေပါ)၊ အရှိကတော့ (ဝေဒနာက္ခန္ဓာတွေပါ)၊ အရှိကတော့ (ဝေဒနာက္ခန္ဓာတွေ ပါ)၊ ဒကာ ဒကာမတွေရယ်လို့ လိုက်စမ်းတဲ့အခါကျတော့ ကျန်းမာတာ တွေ့ကြတာပဲ (မှန်ပါ့ ဘုရား)။
ကျန်းမာလို့ လာနိုင်ကြတယ်ဆိုတော့ ဝေဒနာက္ခန္ဓာတွေ လာနေတာ (မှန်ပါ့)၊ တစ်လှမ်းမကျန်းမာရင် တစ်လှမ်း တွင် ဗိုင်းဗိုင်းလဲတယ် (မှန်ပါ့ ဘုရား)။
တစ်လှမ်းမှာ ဒုက္ခဝေဒနာလာရင် တစ်လှမ်းမှာပဲ ဒီဓမ္မာရုံတော့ မရောက်ဘူး ဒီဆရာသမားဆီ မရောက် ပါဘူး (မှန်ပါ့)၊ ကျန်းမာတဲ့ဝေဒနာမို့ နောက်တစ်လှမ်းမှာလည်း ကျန်းမာတာပဲ၊ နောက်တစ်လှမ်းမှာပဲ (ကျန်းမာတာ ပါပဲ ဘုရား)။
ကျန်းမာတဲ့ဝေဒနာနဲ့ လှမ်းလှမ်း-လှမ်းလှမ်းလာပြီး ဒီကျတော့ ထိုင်နေတာလည်း သုခဝေဒနာနဲ့ ကျန်းမာလို့ ထိုင်နိုင်တာပဲ (မှန်ပါ့)၊ လာတုန်းကလည်း ကျန်းမာလို့ လာနိုင်တာပဲ (မှန်ပါ့)၊ ထိုင်နေနိုင်တာကော (ကျန်းမာလို့ ထိုင်နေနိုင်တာပါ ဘုရား)။
တစ်ခါ ဆရာဘုန်းကြီးကမေးတော့ ဒကာ ဒကာမတွေက အဖြေပေးကြတာလည်း ကျန်းမာလို့ ပေးနိုင်ကြ တာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အလုံးစုံအကုန်ဟာ လာတာလည်း ဝေဒနာက္ခန္ဓာ၊ ထိုင်တာလည်း ဝေဒနာက္ခန္ဓာ၊ ဖြေနေကြတာလည်း (ဝေဒနာက္ခန္ဓာပါ ဘုရား)။
ဪ ဒါဖြင့် ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ ဝေဒနာဟုတ်၏လို့ အခုအချိန်ကစပြီး နှလုံးသွင်းပါ (မှန်ပါ့)၊ ရှင်း ကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူတွေပါလိမ့်ဗျာ (ဝေဒနာက္ခန္ဓာတွေပါ)၊ ဝေဒနာက္ခန္ဓာတွေဆိုတော့ သိကြပါပြီ တဲ့၊ ကိုင်း ဒါဖြင့် တရားထူး,တရားမြတ်ရှာနိုင်တာလည်း ဝေဒနာက္ခန္ဓာ, သုခဝေဒနာဖြစ်ပေါ်တုန်းသာ ရှာနိုင်ကြတယ် (မှန်ပါ့)၊ ဒုက္ခဝေဒနာဖြစ်ပေါ်ရင် (မရှာနိုင်ပါ ဘုရား)။
မရှာနိုင်ဘူး တဲ့၊ ဥပေက္ခာဝေဒနာဖြစ်ပေါ်နေလည်း သူ့ဟာသူ လျစ်လျူရှုနေမှာပဲ၊ တရားမရှာပါဘူး (မရှာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အခု တရားနာပြီး သကာလ နေကြတာတွေ မည်သူမည်ဝါလို့ ပရမတ်နယ်ကနေပြီး မရွှေ့ပဲနဲ့ နေလိုက်လို့ ရှိရင်ဖြင့် သုခဝေဒနာသမားတွေပဲ လို့ ဆိုကြပါစို့ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဝေဒနာတွေကို ဒကာ ဒကာမတွေက သိပြီးနေတော့မှ ဪ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်၊ ဝေဒနာသာ ဟုတ်၏ဆိုတဲ့ဥစ္စာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
တရားနာတာသည် သုခဝေဒနာနဲ့
တရားနာတာသည် သုခဝေဒနာနဲ့ နာကြတယ် (မှန်ပါ့)၊ သုခဝေဒနာမရှိတဲ့ပုဂ္ဂိုလ် တရားပွဲထဲကတောင်မှ ထ,ပြေးရတယ် (ပြေးရပါတယ် ဘုရား)၊ တချို့လည်း အိမ်ကပဲ ဒုက္ခဝေဒနာဖြစ်နေလို့ မလာနိုင်ဘူး (မလာနိုင်ပါ ဘုရား)။
ဒါဖြင့် အခု တရားနာနေတယ်ဆိုတာ သုခဝေဒနာပေါ်နေတယ်ဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)၊ ပထမဝေဒနာလည်း သုခ၊ ဒုတိယဝေဒနာလည်း သုခ-တစ်လှမ်းတစ်လှမ်း လှမ်းလာတာလည်း သုခ (မှန်ပါ့)၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဝေဒနာက္ခန္ဓာကြီးဆိုတာ ကိုယ့်အတွက်မှာ သူများပြောလားတဲ့၊ တရားနာနေနိုင် တဲ့သဘောကိုက ပြောနေတာလားဆိုတာ အကဲခတ်ပါ (တရားနာနေနိုင်တဲ့သဘောကိုက ပြောတာပါ ဘုရား)၊ သုခ ဝေဒနာနဲ့ နာနေတယ် (မှန်ပါ့)၊ သုခဝေဒနာမရှိရင် (မနာနိုင်ပါ ဘုရား)။
မနာနိုင်တော့ဘူး၊ ပြန်တော့မယ်, သွားတော့မယ်, ဝမ်းကနာတယ်, ခေါင်းကခဲတယ်, မူးဝေလာတယ် အစရှိသည်နဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒုက္ခဝေဒနာသမားဆိုရင် မနာနိုင်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာကလေးနဲ့ တရားနာနေတယ်ဆိုတဲ့ဥစ္စာ ဘယ်သူတရားနာနေသတုံး၊ ဝေဒနာက္ခန္ဓာကြီး တရားနာနေတယ် (မှန်ပါ့)၊ ဘယ်သူ တရားနာနေသတုံး (ဝေဒနာက္ခန္ဓာကြီး တရားနာနေပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ကဲ ဒါဖြင့် ဒီဝေဒနာသည်ကား လို့ဆိုလို့ရှိရင် သုခဝေဒနာနဲ့ တရားနာတယ်၊ ဒုက္ခဝေဒနာနဲ့ ဒကာ ဒကာမတွေ တရားနာပျက်တယ် (မှန်ပါ့)။
သုခဝေဒနာကျတော့ သူတော်ကောင်းပုဂ္ဂိုလ်မှာ တရားနာတယ် (မှန်ပါ့)၊ ဒုက္ခဝေဒနာကျတော့ (တရားနာ ပျက်ပါတယ် ဘုရား)၊ တရားနာပျက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဥပေက္ခာဝေဒနာကျတော့လည်း ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ တစ်ခါတလေ ကိုယ်ကပေါ်မှန်းမသိတာက များတယ် (များပါတယ် ဘုရား)။
ပေါ်မှန်းမသိတာက များပြီး သကာလ နေတော့ ဥပေက္ခာဝေဒနာနဲ့ကျတော့ ဒကာ ဒကာမတို့သည်ကားလို့ ဆိုရင်ဖြင့် အတွေးသန်နေတဲ့အခါ ပါတယ် (ပါပါတယ် ဘုရား)၊ အဲအတွေးသန်နေတာကတော့ ဘာပါလိမ့် (ဥပေက္ခာ ဝေဒနာပါ ဘုရား)။
အေး ဒါ့ကြောင့် တရားနာတာ သုခဝေဒနာ၊ တရားမနာတာ ဒုက္ခဝေဒနာ၊ ကိုယ့်ဟာကိုယ် တွေးလုံးရှုပ် ပြီး သကာလ နေတာကတော့ဖြင့် ဥပေက္ခာဝေဒနာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘယ်အချိန်မှာ သုခဝေဒနာဆိုတာ
ဒါဖြင့် ဘယ်အချိန်မှာ သုခဝေဒနာဆိုတာလည်း ကိုယ့်ဟာကိုယ်သိရမယ် (သိရပါမယ် ဘုရား)၊ ဘယ်အချိန် ဒုက္ခဝေဒနာဆိုတာလည်း (သိရပါမယ် ဘုရား)၊ ဘယ်အချိန် ဥပေက္ခာဝေဒနာဆိုတာလည်း (ကိုယ့်ဟာကိုယ်သိရပါမယ် ဘုရား)။
အဲဒီလို သိတဲ့ပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့် ဝေဒနာက ဝေဒနာ၊ သိတာက ပညာ (မှန်လှပါ)၊ ဝေဒနာက (ဝေဒနာပါ ဘုရား)၊ သိတာက (ပညာပါ ဘုရား)။
အဲဒီလို သိသိ-သိသိသွားပြန်လို့ရှိရင် ဝေဒနာကို ဝေဒနာမှန်း သိလို့ရှိရင်ဖြင့် ဝေဒနာပေါ်တာသိလို့ ဝေဒနာ ပျက်တာ သိပါတယ် (မှန်ပါ့)။
ဝေဒနာပေါ်တာသိရင် (ဝေဒနာပျက်တာ သိပါတယ်)၊ ဒါ့ကြောင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်ဆိုတာ တခြားမဟုတ်ဘူး၊ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိနေရင် ဝေဒနာပျက်တိုင်းပျက်တိုင်း သိနေတာပဲ (မှန်ပါ့ ဘုရား)၊ သုခဝေဒနာပေါ်တာ သိနေရင်လည်း ပျက်တာသိတာပဲ (မှန်ပါ့)၊ ဒုက္ခဝေဒနာပေါ်တာသိလည်း ပျက်တာသိတာပဲ (မှန်ပါ့)၊ ဥပေက္ခာဝေဒနာပေါ်တာသိရင်လည်း (ပျက်တာသိပါတယ် ဘုရား)။
ဒီလိုမှမသိတဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင် ဘုရားက ဘယ်လိုအပြစ်တင်သတုံး ဆိုလို့ရှိရင်ဖြင့် တဲ့ အန္ဓပုထုဇန် ဟေ့ ကန်းလိုက်တဲ့ဖြစ်ခြင်း (မှန်လှပါ ဘုရား)။
ဘာဖြစ်နေတယ်လို့ကိုမသိဘူး (မှန်ပါ့)၊ တရားနာတာလည်း သုခဝေဒနာလို့ မသိဘူး၊ တရားမနာတာလည်း ဒုက္ခဝေဒနာလို့ မသိဘူး (မသိပါ ဘုရား)၊ ကြံတွေးပြီး သကာလ နေတာတွေလည်း ဥပေက္ခာဝေဒနာလို့ မသိဘူး (မသိပါ ဘုရား)။
အရူးပုထုဇန်, အကန်းပုထုဇန်
ဒါဖြင့် တောင်မှန်း-မြောက်မှန်းမသိတဲ့ အရူးပုထုဇန်, အကန်းပုထုဇန် (မှန်ပါ့ ဘုရား)၊ ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ တစ်သံသရာလုံးမှာ ဝေဒနာက္ခန္ဓာကြီးနဲ့ စခန်းသွားပြီး သကာလ နေလိုက်တဲ့ ဥစ္စာ ဘယ်ဝေဒနာမှ သူမသိဘူး (မသိပါ ဘုရား)၊ သိပြန်တော့လည်း တဲ့ ပုထုဇန်တို့၏ထုံးစံက သုခဝေဒနာသိပြန် တော့လည်း တဏှာနဲ့သိတယ် (မှန်ပါ့)၊ ဒုက္ခဝေဒနာသိပြန်တော့ ဒေါသနဲ့သိတယ် (မှန်ပါ့)၊ ဥပေက္ခာဝေဒနာ သိပြန် တော့လည်း မောဟနဲ့သိတယ် (မှန်ပါ့)၊ သိပြန်တော့လည်း အရုပ်ဆိုးလိုက်တာ (မှန်ပါ့)။
ဒကာကြွယ် သိပြန်တော့လည်း (အရုပ်ဆိုးပါတယ် ဘုရား)၊ သိပြန်တော့ ပဋိစ္စသမုပ္ပါဒ် ပေါ်လာတယ် (မှန်ပါ့)၊ သံသရာဆက်မည့် ပဋိစ္စသမုပ္ပါဒ် ပေါ်လာတယ် (မှန်ပါ့)၊ တယ်လည်းဆိုးပါလား (ဆိုးပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ယခု ဒကာ ဒကာမတွေ နေ့မအား, ညမအားနဲ့ အလုပ်တွေဆက်ပြီး သကာလ နက်ဖြန်မှ လုပ်စရာတွေလည်း ဒကာသစ် မနည်းဘူးနော် (မနည်းပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒကာသစ်တို့- ဒကာကြွယ်တို့ အပင်ပန်းခံနေကြပါလိမ့်မတုံး လို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဝေဒနာနှိပ်စက်တာ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (ဝေဒနာနှိပ်စက်ပါတယ် ဘုရား)၊ သုခဝေဒနာကလည်း တဏှာနဲ့ အရှာခိုင်းတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သုခဝေဒနာသည် တဏှာကို ဖြစ်စေတယ် (မှန်ပါ့)။
ဒုက္ခဝေဒနာကလည်း ဒကာ ဒကာမတို့ ဒေါသကိုဖြစ်စေတယ် (မှန်ပါ့ ဘုရား)၊ ဥပေက္ခာဝေဒနာကလည်း မောဟကိုဖြစ်စေတယ် (မှန်ပါ့)၊ တယ်လည်းကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
သုခဝေဒနာက (တဏှာကို ဖြစ်စေပါတယ်ဘုရား)၊ အဲ လောဘကို ဖြစ်စေတယ် (မှန်ပါ့)၊ ဒုက္ခဝေဒနာက (ဒေါသကိုဖြစ်စေပါတယ် ဘုရား)၊ ဥပေက္ခာဝေဒနာက (မောဟကို ဖြစ်စေပါတယ် ဘုရား)။
ဝိပဿနာဉာဏ် ကင်းဆိတ်ရင်
ဪ ဒါဖြင့် ဝိပဿနာဉာဏ်များ ဦးမာဒင် ကင်းဆိတ်လိုက်ရလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်ဟာ အလယ် က ဖောက်တဲ့ ပဋိစ္စသမုပ္ပါဒ်လည်း လာတာပဲ (မှန်ပါ့)။
သုခဝေဒနာက တဏှာဖြစ်စေတာကို သုခဝေဒနာပေါ်မှန်း မသိတဲ့ပုဂ္ဂိုလ်ဟာ တဏှာကတော့ ပေါ်လာတာ ပဲ (ပေါ်ပါတယ် ဘုရား)၊ မသိမှ မသိပဲကိုး (မှန်ပါ့)၊ မသိရင် ဘာပေါ်ရမလဲ (တဏှာပေါ်ပါတယ် ဘုရား)၊ ဒါ့ကြောင့် ဝေဒနာပစ္စယာ တဏှာ (မှန်ပါ့)။
ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ အေး သုခဝေဒနာပစ္စယာ တဏှာ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဘယ့်နှယ်ကြောင့် ဒီတဏှာ ပေါ်ပါလိမ့်မတုံးလို့ ဒကာသစ်မေးတော့ သုခဝေဒနာဖြစ်တာကို မသိလိုက်တာနဲ့ သုခဝေဒနာက တစ်ခါတည်း ငါ့ထုံးစံအတိုင်း ငါက တဏှာကျေးဇူးပြုမယ်၊ တဏှာကို ဆက်ပေးလိုက် မယ်ဆိုပြီး မင်းတို့ဟာမင်းတို့ ချောက်ကျပေတော့ဆိုပြီး တဏှာဆက်ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါ သုခဝေဒနာဖြစ်တာကို ဘာဖြစ်လု့ိတုံး (မသိလို့ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် ဘာမသိတာတုံး (သုခဝေဒနာဖြစ်တာကို မသိလို့ပါ)၊ မသိလိုက်တော့ သူ့ထုံးစံအတိုင်း ဘာတွန်း ပေးလိုက်သတုံးဗျာ (တဏှာတွန်းပေးလိုက်ပါတယ်)၊ တဏှာကို ဖြစ်ခွင့်ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တဏှာဖြစ်ခွင့်ပေးလိုက်ပြီဆိုမှဖြင့် တဏှာက ဘာလုပ်ပါလိမ့်မတုံး လို့ မေးတဲ့အခါ ရှာဟဲ့ (မှန်ပါ့)။
ရှာဟဲ့ စီးပွားရှာဟဲ့ ခိုင်းလိုက်တယ် (မှန်ပါ့)၊ ကြောက်စရာကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား)။
သေသေချာချာနားထောင်ပါ ဒကာ ဒကာမတို့ (မှန်ပါ့)၊ မြတ်စွာဘုရား ဟောတော်မူတာဟာ အင်မတန်မှ သိမ်မွေ့နက်နဲခက်ခဲပါတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကိုလည်း မသိ-သိအောင်လို့ အင်မတန်မှ ဆရာဘုန်းကြီးက ပြောဆိုနေရတယ် (မှန်ပါ့ ဘုရား)။
သုခဝေဒနာဖြစ်တာ မသိလိုက်လို့ရှိရင်
သုခဝေဒနာဖြစ်တာ မသိလိုက်လို့ရှိရင် ဒကာသစ် ဘာလာမယ် (တဏှာလာပါမယ်)၊ တဏှာလာရင် အရှာ ခိုင်းတော့မယ် (မှန်ပါ့ ဘုရား)။
တဏှာလာရင် (အရှာခိုင်းမှာပါ)၊ ရော ခင်ဗျားတို့ ခက်ကုန်ပြီ (မှန်ပါ့)၊ ဒကာကြွယ် ခက်ကုန်ပြီဗျ (ခက်ပါတယ် ဘုရား)။
အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ သုခဝေဒနာဆိုတဲ့ ခန္ဓာထဲ ချမ်းသာလုံးကလေးကို မသိလိုက် လို့ရှိရင် ဒီ့ထက် ချမ်းသာအောင် မသိလိုက်တဲ့အခါကျတော့ကိုတဲ့ ဒကာ ဒကာမတို့ ချမ်းသာမှုကို သာယာတဲ့ တဏှာ လာတယ် (လာပါတယ် ဘုရား)။
ဒီတဏှာက ဘယ်လိုကျေးဇူးပြုလိုက်သတုံး မေးတဲ့အခါကျတော့မှ ဒီ့ထက်ချမ်းသာအောင် ရှာဟေ့-ဆိုပြီး တဏှာက တစ်ခါရှာမှုကို ပိုခိုင်းလိုက်တယ် (မှန်ပါ့ ဘုရား)။
တဏှာက ဘယ်ဘက်လှည့်သတုံး (ရှာမှုပိုခိုင်းပါတယ်)၊ ဒါ့ကြောင့် တဏှံ ပဋိစ္စ ပရိယေသနာတဲ့ (မှန်ပါ့)၊ တဏှာကြောင့် ပရိယေသနတော့ ဖြစ်ပဟေ့တဲ့ (မှန်ပါ့)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒကာကြွယ်တို့ ခင်ဗျားတို့ကို အခု မြည်တယ်,တွန်တယ်လို့ ဒကာကြွယ် တို့က မအောက်မေ့နဲ့ (မှန်ပါ့ ဘုရား)။
ပရိယေသန အရှာထွက်ပြီဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တဏှာဖြစ်တာလည်း မသိလိုက်ဘူး (မှန်ပါ့)၊ လက်သည်အကြောင်းရင်းဖြစ်သည့် ဝေဒနာဖြစ်တာလည်း မသိလိုက်လို့ ခင်ဗျားတို့ ဒေါင်ချာစိုင်းပေါ့လို့ အောက်မေ့ ပါ (မှန်ပါ့)။
ပရိယေသန အရှာထွက်လို့ရှိရင်ဖြင့် ဒကာသစ် သူ့အထက်နားက ဘယ်သူရှိသတုံး ၊ တဏှာရှိတယ် (မှန်ပါ့)။
ဒီတဏှာက အလိုလိုပေါ်တဲ့ တဏှာလား၊ သုခဝေဒနာက လာတာလား (သုခဝေဒနာက လာတာပါဘုရား)။
ဪ ဒကာကြွယ်ကြီးတို့က ထူတာနဲ့ သုခဝေဒနာကို မသိလိုက်ဘူး (မသိလိုက်ပါ ဘုရား)၊ မသိလိုက်တော့ သူ့ထုံးစံအတိုင်း သုခဝေဒနာက တဏှာကျေးဇူးပြုလိုက်တယ် (မှန်ပါ့)။
တဏှာကျေးဇူးပြုလိုက်တော့ တဏှာက ငါလည်း ဆိုင်ရာ ကျေးဇူးပြုပါသော်ကော ဆက်ပေးပါသော်ကော ဆိုပြီး သကာလ သူ, ကိန်းတဲ့ပုဂ္ဂိုလ်ကို အရှာခိုင်းတော့တာပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ပရိယေသန ရှာနေကြတာ
ဒါဖြင့် သုခဝေဒနာပစ္စယာတဏှာ၊ တဏှာပစ္စယာ ပရိယေသနာ (မှန်ပါ့)၊ သေသေချာချာမှတ်ပါ (မှန်ပါ့)။
သုခဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ပရိယေသနာပါ ဘုရား)။
ဪ ဒါဖြင့် ဈေးချိုတစ်ခုလုံး ရန်ကုန်သိမ်ကြီးဈေး, စကော့ဈေး အစရှိသည် ဘာလုပ်နေကြတာတုန်း လို့ မေးလို့ရှိရင် ဒကာသစ်တို့, ဦးမာဒင်တို့က သိတယ်၊ ပရိယေသန ရှာနေကြတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်နေကြတာတုံး (ပရိယေသန ရှာနေကြတာပါ ဘုရား)။
ပရိယေသနရှာတာ ဘယ်ကလာတာတုံးမေးတော့ (တဏှာက လာပါတယ်)၊ ဒီတဏှာကလည်း အလိုလို မိုးပေါ် ကျလား၊ ဘယ်ကလာတာတုံး (သုခဝေဒနာက လာပါတယ်ဘုရား)။
ဝေဒနာမသိတာနဲ့ ဒီဒကာ ဒကာမတွေ တဏှာကပေါ်၊ တဏှာက စီမံလိုက်တာနဲ့ ရှာမှုကိစ္စကြီးနဲ့ပဲ ခင်ဗျား တို့ အချိန်ကုန်ပြီး သကာလ တဲ့ အိုပွဲ, နာပွဲ, သေပွဲသာ ဝင်သွားတဲ့ပုဂ္ဂိုလ်တွေလည်း မနည်းပါဘူး (မနည်းပါ ဘုရား)။
ဒါ ဘာကို လက်သည်အစ မသိလိုက်တာလဲလို့ မေးကြည့်စမ်း (သုခဝေဒနာကို မသိလိုက်တာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မြို့ထဲ, ရွာထဲ အားလုံးသော ပုဂ္ဂိုလ်တွေ ဒီလိုဝိပဿနာကို နက်နက်နဲနဲ မနာရသေးတဲ့ ပုဂ္ဂိုလ်တွေမှာ ဖြင့်တဲ့ ပရိယေသန အရေးကြီးတယ်ဘုရာ့၊ ပရိယေသန အရေးကြီးတယ်ဘုရာ့ဆိုတဲ့ ပုဂ္ဂိုလ်များ ကျွံပြီး-လွန်ပြီး အသံ ထွက်လာတာ (မှန်ပါ့ ဘုရား)။
ကျွံပြီး-လွန်ပြီးသားတွေ (မှန်ပါ့)၊ တဏှာဖြစ်တာလည်း သူမသိဘူး (မှန်ပါ့)၊ သူ့အထက်က ဝေဒနာဖြစ်တာ ကော (မသိပါ ဘုရား)။
ဪ လူအ,တွေပါလား (မှန်ပါ့)၊ လူအ,လူနတွေပဲလို့ ဦးမာဒင် ပြောထိုက်တယ် (ပြောထိုက်ပါတယ်)၊ ဟုတ်-မဟုတ်လည်း အကဲခတ်စမ်း (ဟုတ်ပါတယ် ဘုရား)။
အင်မတန် ဟုတ်ပါတယ်တဲ့၊ သုခဝေဒနာဖြစ်တာကို သူမသိလိုက်တဲ့အတွက် တဏှာက ကြားဝင်ပြီး ချက်ချင်း ခိုလိုက်တယ် (မှန်ပါ့)။
တဏှာကလည်း ဝမ်းထဲခိုလိုက်ပါရော သွားဟဲ့ ရှာချေဆိုတဲ့ဥစ္စာ (လာပါတယ်)၊ ဘယ့်နှယ်တုံး ပြေးရ,လွှားရ တဲ့ကိစ္စ ရောက်ပလား (ရောက်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် မသိလိုက်ပါလိမ့်
ဘယ့်နှယ်ကြောင့် ပြေးရ, လွှားရတဲ့ကိစ္စတွေ ဒကာ ဒကာမတွေ ထူထပ်နေပါလိမ့်မလဲလို့ ဒကာကြွယ်မေးတော့ တဏှာဖြစ်တာ မသိလိုက်ဘူး (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တဏှာဖြစ်တာကို မသိလိုက်တာလည်း ဘယ့်နှယ်ကြောင့် မသိလိုက်ပါလိမ့်မတုံးမေးတော့ ဝေဒနာဖြစ်တာကို မသိလိုက်လို့ တဏှာဖြစ်တာကို သူ-မသိလိုက်ဘူး (မှန်ပါ့)။
ဝေဒနာဖြစ်တာကို သူသိလိုက်မယ်ဆိုရင် တဏှာချုပ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ တဏှာ ချုပ်လို့ရှိရင် ပရိယေသနရှာတဲ့ကိစ္စကလည်း ငြိမ်းသွားတယ် (ငြိမ်းသွားပါတယ် ဘုရား)။
အခုတော့ဖြင့် ချွေးဒီးဒီးကျလည်း ငါ ဘာ့ကြောင့်ပါလိမ့် မသိဘူး (မှန်ပါ့)၊ လမ်းမှာ ချော်လဲနေလည်း (မသိ ပါ)၊ ကံမကောင်းလို့ လဲရတာတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာတဲ့တုံး (ကံမကောင်းလို့ လဲရတာပါတဲ့ ဘုရား)။
ကံမကောင်းလို့ လဲတာလားတဲ့ ဒကာ ဒကာမတို့ တဏှာခိုင်းလို့ လဲတာလား (တဏှာခိုင်းလို့ လဲတာပါ ဘုရား)။
ဒီတဏှာကလည်း ခိုင်းချင်လို့ ခိုင်းတာလားလို့ တစ်ခါကြည့်တော့ကို သုခဝေဒနာကို မသိလိုက်လို့ သုခဝေဒနာ က တဏှာဖြစ်စေတာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ လက်သည်က ကံမကောင်းလို့ မဟုတ်ဘူး ၊ ဝေဒနာ မသိလိုက်တာနဲ့ ခင်ဗျားတို့ ချော်လဲရတာ (မှန်ပါ့)၊ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဘာမသိလိုက်တာတုံး (ဝေဒနာမသိလိုက်တာပါ ဘုရား)။
အင်း ဒကာသစ်တို့များ တစ်ခါတလေ ဒီနေ့မသိတာ ရှိပါစေတော့၊ နက်ဖြန်အရှာထွက်ပြန်ပြီဆိုတော့ နက်ဖြန်လည်း မသိပြန်ဘူး (မှန်ပါ့)၊ သဘက်ခါ အရှာထွက်ပြန်တော့ကော (သဘက်ခါမသိပါ)၊ ဖိန်းနွှဲခါ အရှာထွက် ပြန်ကော (ဖိန်းနွှဲခါ မသိပါ)၊ ဟာ ဘယ်တော့များ သိဦးမှာပါလိမ့် (ဘယ်တော့မှ မသိပါ)၊ ခက်နေပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ရေ-မသိသေ-သေသွားတဲ့လူ များပြီ (များပါပြီ)၊ ဆုံးဖြတ်ချက်ချပါတော့ ဘယ်လိုဆုံးဖြတ် ချက်ချမလဲ (မသိသေ-သေသွားတဲ့ လူများပါတယ် ဘုရား)။
ဝေဒနာကိုသိတဲ့ပုဂ္ဂိုလ် ရှားပါတယ် (ရှားပါတယ်)၊ ဝေဒနာကို သိလိုက်လို့ရှိရင် ဝေဒနာက-ဝေဒနာ သိတာက ဉာဏ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဝေဒနာက ဖြစ်ပျက်၊ သိတာက မဂ်ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ဖြစ်စဉ်-ဒကာသစ် တဏှာလာသေးရဲ့လား (မလာပါ)၊ ခိုင်းတတ်တဲ့တဏှာမှ မလာပဲ ရှာတတ်တဲ့ ပရိယေသန လာပါဦးမလား (မလာပါ ဘုရား)။
အခုတော့ဖြင့် အိုကြီး, အိုမတွေနဲ့ ဒကာကြွယ်တို့ လူစု၊ ဦးမာဒင်တို့ လူစုတွေများ အင်း ဘာများဖြစ်နေ ကြပါလိမ့်မတုံး- ဝေဒနာမသိသေးပါ ဘုရာ့ (မှန်ပါ့)၊ ဘာ့ကြောင့်တုံး ရှာတုန်းကိုးဘုရာ့ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာလုပ်နေသတုံး (ရှာတုန်းပါ)၊ ဘာမသိလို့ ဒါလောက်ရှာနေတာတုံး (ဝေဒနာမသိလို့ ရှာနေတာပါ ဘုရား)။
ဝေဒနာမသိတော့ ဝေဒနာက ကျေးဇူးပြုတဲ့ တဏှာက ပေါ်လာတယ် (ပေါ်လာပါတယ်)၊ ပေါ်လာတဲ့အခါ ကျတော့ တဏှာက သူခိုင်းပြီ (ခိုင်းပါပြီ)၊ ခိုင်းတော့ ခင်ဗျားတို့က ဘာလုပ်ကြသတုံး (အရှာထွက်ပါတယ်)၊ အရှာထွက် ရတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
ဪ ခင်ဗျားတို့ချင်းကျတော့လည်း ကျေနပ်ပြီးနေကြတယ်၊ ဘယ့်နှယ်တုံး ခင်ဗျားရှာရဖွေရတာ ရှာကျိုး များ နပ်ကဲ့လားတဲ့ (မှန်ပါ့)၊ ဟာ ဒီနှစ်တော်ပါတယ်၊ ရှေ့နှစ်ကနဲ့စာရင် ဒီနှစ်တော်ပါတယ် (မှန်ပါ့ ဘုရား)။
ရှေ့နှစ်ကနဲ့စာရင်
ဘာတုံး ရှေ့နှစ်ကနဲ့စာရင် ဒီနှစ် ဒုက္ခအကြီးအကျယ် ရောက်ပါတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ရှာရတာပိုပြီးကော (မှန်ပါ့ ဘုရား)။
အဲဒီကျအောင်လည်း ဒကာသစ်ရေ ခင်ဗျားတို့ချင်းတော့ဖြင့် ဒါ အင်မတန်ဟုတ်နေတာပဲ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဒကာကြွယ်တို့ချင်းကျတော့ ဘယ့်နှယ်တုံး (ဟုတ်နေပါတယ်)၊ ဒါနဲ့ ဧည့်ခံနေတာ (မှန်ပါ့)၊ ဒီလိုကြားရတာ ကျုပ်ဝမ်းသာသဗျာ (မှန်ပါ့)၊ အင်း ဟိုမှာဖြင့် အရှာထွက်လို့ အပါယ်ရောက်တော့မယ်၊ ဒီက ဝမ်းသာတုန်းရှိသေးတယ် (မှန်ပါ့ ဘုရား)။
ရှာရတဲ့ကိစ္စနဲ့ အပါယ်ရောက်တော့မယ် (မှန်ပါ့)၊ ဒါကို ဒကာကြွယ်က ဘယ့်နှယ်ဧည့်ခံလိုက်သတုံး (ဝမ်းသာ တာနဲ့ ဧည့်ခံပါတယ်)၊ ဖြစ်မှဖြစ်ရပေလေတယ်၊ ဒကာသစ် သေသေချာချာတွေးမှနော် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။
ဒါ ဘုန်းကြီးက ဟောတာလားတဲ့၊ မဟာနိဒါနသုတ်၊ သုတ်မဟာဝါပါဠိတော်မှာ ဘုရားကဟောပါတယ် (မှန်ပါ့)၊ ခင်ဗျားတို့ကတော့ ခင်ဗျားတို့ချင်း နှုတ်ခမ်းပဲ့ချင်းမီးမှုတ် မသိတဲ့လူချင်း စခန်းသွားနေတာကတော့ဖြင့် ဒကာကြွယ်ရေ ဒီလိုမှမပြောရင် မကောင်းလို့ပဲ ဆိုတာတောင်မှ မလာပါဘူး (မှန်ပါ့ ဘုရား)။
ကိုယ့်အထဲက ကိုယ်နဲ့ သံယောဇဉ်စပ်တဲ့ မိတ်ဆွေတွေဟာ ယနေ့ရှာဖွေလို့ ကြီးပွားပြီး သကာလ လာတယ် ဆိုလို့ရှိရင်ဖြင့် သိပ်ဝမ်းသာပစ်လိုက်တာပဲ (မှန်ပါ့)၊ မသာကြဘူးလား (သာပါတယ် ဘုရား)။
ခင်ဗျားတို့က ကံတက်တယ်လို့ ပြောကြတယ် (ပြောပါတယ် ဘုရား)၊ ဘယ်ကံတက်ရမတုံးဗျ၊ ဒေါင်စိုင်းနေတဲ့ ဥစ္စာကြီး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒေါင်စိုင်းနေတယ်ဆိုတာက ရှာခိုင်းလိုက်ရင် ရှာရတဲ့ကိစ္စကြီးဟာက ဒကာ ဒကာမတို့ ဘယ်သူက ခိုင်းသတုံး (တဏှာက ခိုင်းတာပါ)၊ တဏှာခိုင်းလို့ ရှာရတဲ့ကိစ္စကြီး ကြီးကျယ်ခမ်းနားလာတဲ့ဥစ္စာ တဏှာ အရှင်သခင်က ခင်ဗျား တို့ သမုဒယသစ္စာ (မှန်ပါ့ ဘုရား)။
အပါယ်ချောက်တွန်းမလို့ အရှာခိုင်းတာ (မှန်ပါ့)၊ အဲဒါ ကံတက်လာတယ်လို့ ထင်သေးတယ်၊ ကံမတက်ရဘူး ဒကာ ဒကာမတို့ ချောက်ကျတာ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
သေသေချာချာ စဉ်းစားမိတော့ ဒါဟာ ခင်ဗျားတို့ ရှေးနားနဲ့တော့ မထောင်နဲ့ (မှန်ပါ့)၊ အခုဟောနေတဲ့ မဟာနိဒါနသုတ် ဘုရားဟောတော်မူတဲ့ တရားနဲ့နာကြည့်မှ ပရိယေသနကိစ္စအတွက် ဒကာ ဒကာမတွေ ပရိယေသန ကိစ္စဆိုတဲ့ဥစ္စာ ဘယ်ကလာတာတုံး (တဏှာက လာတာပါ)၊ ကဲ ပေါ်ပလားဗျာ (ပေါ်ပါပြီ ဘုရား)။
တဏှာသည် မည်းတဲ့တရားလား
ဒါဖြင့် တဏှာသည် မည်းတဲ့တရားလား, ဖြူတဲ့တရားလား ဒကာကြွယ် (မည်းတဲ့တရားပါ)၊ မည်းတဲ့တရား ခိုင်းသလို ခံမနေရဘူးလား၊ ရှာသမားက (ခံနေရပါတယ် ဘုရား)။
အင်း သူသည် အဖြူများဖြစ်ဦးမှာလား (မဖြစ်ပါ)၊ အဲဒါ ကံတက်လာတယ်တဲ့ဗျာ၊ ခင်ဗျားတို့ချင်း ခင်ဗျား တို့ချင်း ဧည့်ခံတော့လေ (မှန်ပါ့)၊ အင်း ခင်ဗျား ကြီးမှတောင် အကျိုးပေးတယ် (မှန်ပါ့)၊ ဝမ်းသာပါ့ဗျာ၊ ငယ်ငယ် တုန်းကသာ ကိုယ့်အားကိုးရင် ကိုယ်ဌေးနိုင်လိုက်တာ၊ ကြီးမှချမ်းသာတာဆိုတာကတော့ မလုပ်နိုင်တဲ့အချိန် ချမ်းသာ တာ၊ ကျုပ်တို့ဖြင့် မေတ္တာလည်း ပို့မိပါရဲ့တဲ့ (မှန်ပါ့)၊ အံမာ ကောင်းလိုက်တဲ့စကား (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အတော်ဆိုးနေပြီ (ဆိုးပါတယ် ဘုရား)။
ဒကာကြွယ် ဒီဥစ္စာက ဒကာကြွယ်တို့ အမှားတွေ ဖော်ပြောတယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။
သူ့ခမျာမှာ ဥပမာမယ် ဒကာကြွယ်က ရှာနေတယ်၊ ဒကာသစ်က ချီးမွမ်းတယ်၊ အခုဗျာ အကြောင်းအကျိုး ကျုပ်တို့ဖြင့် အတွင်းမသိရငြားသော်လည်း အပြင်ကကြားရတာနဲ့ပဲ မအားဖူးတဲ့ ရောင်းလိုက်ရတာ (မှန်ပါ့)၊ မအား ဖူးတဲ့၊ မအားကတည်းက ဒုက္ခသစ္စာကြီး (မှန်ပါ့ ဘုရား)။
မအားတာက ဘာတုံး (ဒုက္ခသစ္စာပါ)၊ အဲဒါကို ဒကာသစ်ကနေပြီး ဓမ္မမိတ်ဆွေချင်းဆိုတော့ ကျုပ်ဝမ်းသာမိ တယ်ဗျာ၊ ကြားရတာနဲ့တဲ့၊ ဟိုမှာဖြင့် လျှာထွက်နေပြီ- ဒီကဝမ်းသာတုန်း ရှိသေးတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
ဟိုမှာ ဘာဖြစ်နေသတုံး (လျှာထွက်နေပါတယ်)၊ အဲဒါကို ဒီက ဒကာသစ် ဘာတဲ့တုံး (ဝမ်းသာပါတယ်တဲ့ ဘုရား)။
အံမာလေး ဟိုနွားဖြင့် ဝန်ကြီးတင်လို့ ရုန်းလို့ ဟိုမှာ ရေကလည်းငတ် ဝန်ကလည်းလေးနဲ့ လျှာထွက် နေတာ ဒီကနောက်က ဝမ်းသာတုန်းရှိသေးတယ် (မှန်ပါ့)။
ဒါလောက်ဆိုးရွားတဲ့လူတွေ မသိဆိုးရွားဖြစ်နေလို့ ပြောချင်တာပြောနေတယ်ဆိုတာ ဦးမာဒင် ပေါ်ပြီဗျ (ပေါ်ပါပြီ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ လက်သည်ကို မတွေးတတ်ဘူးဗျ (မှန်ပါ့ ဘုရား)။
အကြောင်းမတွေးတတ်လို့ရှိရင်
ဒါဖြင့် အကြောင်းမတွေးတတ်လို့ရှိရင် ဒကာကြွယ် စဉ်းစားစမ်း၊ အကြောင်းသိမ်းတတ်ပါ့မလား (မသိမ်းတတ် ပါ ဘုရား)၊ မသိမ်းတတ်ရင် အကျိုးလက်စ သတ်ပါ့မလား (မသတ်ပါ ဘုရား)။
အဲ ဒကာကြွယ်ရ အားလုံး အမှားချည့်ပဲ၊ လူတစ်သိန်းသေလို့ နတ်ရွာသုဂတိတစ်ယောက် မရောက်ပါ ဘူးကွ တဲ့ (မှန်ပါ့)၊ ဘုရားဟောတာများ စကားကြီးသေးသလား (မကြီးပါ)၊ ဦးမာဒင် ကြီးသေးသလား (မကြီးပါ ဘုရား)။
မကြီးဘူး၊ ဒီတစ်ယောက်တောင် များနေတယ် (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ (များနေပါတယ် ဘုရား)၊ တစ်ယောက်တောင် များနေတဲ့ အဓိပ္ပာယ်ရောက်တယ် (ရောက်ပါတယ် ဘုရား)၊ ဘာ့ကြောင့်တုံး-ရှာရင်းဖွေရင်း သေသွားကြတယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (ရှာရင်းဖွေရင်း သေသွားကြပါတယ် ဘုရား)၊ အင်း ဒကာ ဒကာမတွေ ရှာရင်း, ဖွေရင်း သေသွားတဲ့ အသုဘပေါင်း ဒကာသစ် ဘယ်လောက်ပို့ဖူးသတုံး (မရေတွက်နိုင်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်း ပါပြီ)။
ဒါ ဘယ်သူက အရှာခိုင်းတာတုံး (တဏှာက အရှာခိုင်းတာပါဘုရား)၊ တဏှာကလည်း ခိုင်းချင်လို့ခိုင်း တာလား ဝေဒနာမသိတဲ့ပုဂ္ဂိုလ် အရှာခိုင်းတာလား (ဝေဒနာမသိတဲ့ပုဂ္ဂိုလ် အရှာခိုင်းတာပါဘုရား)၊ ဝိပဿနာမလုပ် တတ်တဲ့ပုဂ္ဂိုလ် အရှာခိုင်းတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ ဝေဒနာ မည်မျှလောက် အရေးကြီးတယ်ဆိုတာ ဒကာကြွယ် ဒီပါဠိတော်ကြီးတွေကို အကွက်အဆစ်နဲ့တကွ ကိုင်ပြောလာတော့မှ ဝေဒနာမသိမှုဟာ တို့မှာဖြင့် ဒေါင်ချာစိုင်းတာပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အခု ရှာဖွေနေကြတာ ဒကာသစ် မြို့ထဲမှာ တောင်ကလူကမြောက်-မြောက်ကလူကတောင်၊ အရှေ့ကလူက အနောက်-အနောက်ကလူကအရှေ့ အို ခြေချင်းလိမ်နေတာပဲ (မှန်ပါ့)၊ ဟ ဘာလုပ်နေကြတာတုံး ဆို တော့ ပရိယေသနပေါ့-ဘုရား (မှန်ပါ့)၊ ဒါပဲ ဒကာသစ် ဒီ့ပြင် ဘာဖြစ်ဦးမလဲ (မဖြစ်ပါ ဘုရား)။
ပရိယေသနကိစ္စပေါ့ ဘုရား၊ ဦးမာဒင် ဒီ့ပြင် ဘာဖြေဦးမလဲ (မဖြေပါ ဘုရား)၊ ဒီ-ပရိယေသန ဘယ်ကလာ သတုံး (တဏှာက လာပါတယ် ဘုရား)။
အဲ ဒါဖြင့် တဏှာအုပ်ချုပ်နေတဲ့လူ (မှန်ပါ့)၊ တဏှာစီမံသလို ပြေးလွှားနေတဲ့လူတွေ (မှန်ပါ့)၊ ဆိုထိုက်- မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဝေဒနာနုပဿနာ မရှုတဲ့ပုဂ္ဂိုလ်
ဘယ့်နှယ်ကြောင့် ဒီလူတွေ အရူးအနှမ်းဖြစ်ပြီး တောင်ကမြောက်ပြေး-မြောက်ကတောင်ပြေး၊ မအားအောင် ဖြစ်နေကြပါလိမ့်မတုံး ဆိုတော့ ဝေဒနာနုပဿနာ မရှုတဲ့ပုဂ္ဂိုလ် (မှန်လှပါ)၊ ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။
ဘယ်သူပါလိမ့်ဗျာ (ဝေဒနာနုပဿနာမရှုတဲ့ ပုဂ္ဂိုလ်ပါဘုရား)၊ သုခဝေဒနာလာလည်း ခင်ဗျားတို့က ဖြစ်ပျက် မရှုတော့ တဏှာက မရပ်ဘူး (မှန်ပါ့ ဘုရား)၊ မရပ်တော့ တဏှာကနေပြီး သကာလ တဏှံပဋိစ္စပရိယေသနာဆိုပြီး အရှာခိုင်းတော့တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒကာကြွယ်,ရေ ရှာနေတဲ့ လူအပေါင်း ဘယ်သူ့ကျွန်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ ဘယ်သူ့ ကျွန်ပါလိမ့် (တဏှာ့ကျွန်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီလူဟာ တဏှာ့ကျွန်ဖြစ်ရပါလိမ့်မတုံးလို့ တစ်ခါ ဒကာသစ်တို့ လက်သည်ရှာဦး (ဝေဒနာ ပါ ဘုရား)၊ ဝေဒနာကို ဝိပဿနာရှုလို့ တဏှာ့ကျွန် ဖြစ်ရတယ်ဘုရာ့ (မှန်ပါ့)။
ဝေဒနာကို (ဝိပဿနာမရှုလို့ တဏှာ့ကျွန်ဖြစ်ရပါတယ် ဘုရား)၊ တဏှာ့ကျွန်ဖြစ်ရတယ်ဘုရားဆိုတော့ သူ, အကြောင်းအကျိုးဆက်မိတယ် (မှန်ပါ့)၊ မဆက်မိသေးဘူးလား (ဆက်မိပါတယ် ဘုရား)။
ဒကာကြွယ် ကျုပ်မသေချင်သေးဘူးဗျာ၊ ရှာလို့ကောင်းတုန်း (မှန်လှပါ)၊ ကျွန်ခံလို့ကောင်းတုန်း (မှန်လှပါ ဘုရား)၊ ဒကာသစ် ဒီလိုပုဂ္ဂိုလ်လည်း တွေ့ဖူးပါတယ် (တွေ့ဖူးပါတယ် ဘုရား)။
ရှာလို့ကောင်းတုန်းဗျာ၊ ကျုပ်မှာ အခု တစ်ခါတည်းဝင်ပြီး မမာလိုက်လို့ အချိန်အခါ ကျုပ်မေ့နေတာ (မှန်ပါ့)၊ ဘာတုံးဆိုတော့ ကျွန်ဈေးကောင်းနေတာ (မှန်ပါ့)၊ ခါးတောင်းကြိုက် မဖြုတ်ရဘူး (မှန်ပါ့)၊ အဲဒါ ဂုဏ်ယူနေတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒကာကြွယ် ဘာဂုဏ်ယူနေတာတုံး (ကျွန်ဈေးကောင်းတာ ဂုဏ်ယူနေတာပါ ဘုရား)၊ ကျွန်ဈေးကောင်း၍ ခါးတောင်းကြိုက် မဖြုတ်ရတာကို သူ့မှာ လာဘ်ကြီးဝင်နေတယ် ထင်နေတာ (မှန်ပါ့)၊ သဘောကျ ပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ပါဠိတော်နဲ့ ဒကာသစ် ကိုက်ပလား (ကိုက်ပါပြီ)၊ ပရိယေသန ဘယ်ကလာသတုံး (တဏှာကလာပါ တယ် ဘုရား)၊ တဏှာ ဘယ်ကလာပါလိမ့် (ဝေဒနာကလာပါတယ် ဘုရား)။
ဝိပဿနာရှုတဲ့ပုဂ္ဂိုလ် တဏှာချုပ်တယ်
ဒါဖြင့် ဝေဒနာကို ကျုပ်တို့က ဝိပဿနာရှုတဲ့ပုဂ္ဂိုလ် တဏှာချုပ်တယ် (မှန်ပါ့)၊ တဏှာချုပ်ရင် ပရိယေသန ဇာတ်သိမ်းတယ် (သိမ်းပါတယ် ဘုရား)၊ မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။
ဒါ့ကြောင့် တဲ့ ဝေဒနာကုန်ရင် တဏှာကုန်သောကြောင့် ရှာမှု, ဖွေမှုဆိုတဲ့ဥစ္စာ နိဗ္ဗာန်မှာ မရှိပါဘူးဆိုတဲ့ ဥစ္စာ ဒါပေါ့ဗျ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
တယ်လည်း အရာကျယ်တဲ့တရားပါလားဆိုတာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ် လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ်တို့ ဦးမာဒင်တို့ ဒကာသစ်တို့က ကြိုးစားရှာနော်၊ ကြိုးစားရှာ ငယ်တုန်း, ငယ် တုန်း၊ ပြီးတော့ ရှာနိုင်ကြမှာမဟုတ်ဘူး (မှန်ပါ့)။
အင်း ဘာစကားပါလိမ့်၊ လူကြီးစကား ထားပါတော့ဗျာ (မှန်ပါ့)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါနဲ့ ဧည့်ခံနေတယ်မဟုတ်လား (မှန်ပါ့)။
ကိုယ်ကလည်း ဒီအထဲက ကြီးပွားလာတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ဒီအထဲကလာတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ဒါပဲသင် တတ်တာပဲ (မှန်ပါ့ ဘုရား)၊ ဒါပဲ သင်တတ်တော့ ကိုယ်ကလည်း တဏှာအုပ်ချုပ်သမား (မှန်ပါ့)။
ဟိုပုဂ္ဂိုလ်လည်း မင်းကို တဏှာအုပ်ချုပ်နေတာ မင်းဟာ ကျေးဇူးများပါတယ်ကွာ လို့ ပြောလိုက်တာနဲ့ ကော အတူတူပဲ (အတူတူပါပဲ ဘုရား)။
ဒါဖြင့် သူအပါယ်သွားတာကို၊ သူဒုက္ခရောက်တာကို ကျေနပ်မကျေနပ် (ကျေနပ်ပါတယ် ဘုရား)။
မကောင်းပါဘူးဗျာ (မှန်ပါ့)၊ မကောင်းပါဘူး-မကောင်းပါဘူး၊ ဒကာကြွယ် အကြောင်းအကျိုး ဆက်ကြည့်မှ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အကြောင်းအကျိုး ဆက်မကြည့်လို့ရှိရင် (မပေါ်ပါ ဘုရား)၊ မပေါ်တဲ့ပြင် ခင်ဗျားတို့က မေတ္တာရှိလို့ ပြောနေ တာတဲ့ (မှန်ပါ့)၊ ကျုပ်က စိတ်ကောင်းနဲ့ ပြောလိုက်တယ် (မှန်ပါ့)၊ အင်း ဘာစိတ်ကောင်းတုံး-တဏှာစိတ်ကောင်း နဲ့ ပြောလိုက်တာ (မှန်ပါ့)။
ဟိုက နားထောင်တဲ့ပုဂ္ဂိုလ်ကလည်း တဏှာနားနဲ့ပဲ ထောင်လိုက်တယ် (မှန်ပါ့ ဘုရား)၊ လူကြီးစကား-လူကြီး စကားဆိုတာ မြေဝယ်မကျနားထောင်မှ (မှန်လှပါ)။
လောကီနဲ့လောကုတ် ဆိုတာ
မြေဝယ်မကျ နားထောင်မှ တဲ့၊ အတော်ဆိုးသွားတာ (ဆိုးပါတယ် ဘုရား)၊ ဒကာသစ် လောကီနဲ့လောကုတ် ဆိုတာ ကန့်လန့်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
လောကီကတော့ ပရိယေသနမှ မရှာတဲ့ပုဂ္ဂိုလ် လူပျင်း, သူပျင်းကွ၊ ငတ်တာ ကောင်းတယ်ကွ (မှန်ပါ့)၊ ဒီလို ပြောကြမှာပဲ တစ်ယောက်နဲ့တစ်ယောက်နော် (ပြောပါတယ် ဘုရား)၊ လောကုတ္တရာဘက်ကနေကြည့်တော့ ပရိယေသန သည်ကားလို့ဆိုရင် ဘယ်သူ့ကျွန်မှ လုပ်နိုင်တာတုံး (တဏှာ့ကျွန်မှ လုပ်နိုင်တာပါ ဘုရား)၊ ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါပြီ)၊ ပါဠိတော်က ဒီအတိုင်းကိုး (မှန်ပါ့)။
ဒီတဏှာ့ကျွန်ကလည်း ဘယ့်နှယ်ကြောင့် ဒီကျွန်သပေါက်အဖြစ်သို့ သူရောက်ရပါလိမ့်မတုံး လို့ မေးတဲ့ အခါကျတော့ ဒကာသစ် ဖြေစမ်း (ဝေဒနာမသိလို့ပါ ဘုရား)၊ ဝေဒနာမသိဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ဝေဒနာမသိသရွေ့ တဏှာမသေပါဘူး (မှန်ပါ့)၊ တဏှာမသေသရွေ့လည်း ပရိယေသနရှာတဲ့ ကျွန် သပေါက်ဟာဖြင့် နေ့နဲ့ညဉ့်တောင် ပြောင်းအိပ်ရပုံရတယ် (မှန်ပါ့)၊ မရဘူးလား၊ ရသလား (ရပါတယ် ဘုရား)၊ ဒီနေ့ ည အလုပ်ရှုပ်လွန်းလို့ မအိပ်ရဘူးဗျာ၊ နေ့လယ်မှ အတိုးချအိပ်ရမှာပဲ (မှန်ပါ့)၊ ဘယ်လောက်များ ပရိယေသနကိစ္စ ကြီးကျယ်တယ်ဆိုတာ ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပရိယေသန ရှာရတယ်ဆိုတဲ့ဥစ္စာ ခြေလျင်သွားရတဲ့နေရာ ရှိတယ်၊ လေယာဉ်ပျံနဲ့ သွားရတာရှိတယ်၊ ရထား နဲ့ သွားရတာရှိတယ်၊ စက်ဘီးနဲ့ သွားလိုက်ရတဲ့နေရာ ရှိသေးတယ် (မှန်ပါ့)။
ဒီသွားလေသရွေ့ ဘုရားသွား ကျောင်းတက်လားလို့ မေးလို့ရှိရင်ဖြင့် ပရိယေသနကြောင့် သွားတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုရားသွား-ကျောင်းတက်က ခုနစ်ရက်တစ်ပတ်, ရှစ်ရက်တစ်ပတ်တောင် မှန်ဖို့ အတော်ခဲယဉ်းပါတယ် (ခဲယဉ်းပါတယ်)၊ ပရိယေသန အလုပ်ကတော့ဖြင့် ဒကာ ဒကာမတို့ တစ်နေ့ကို အိမ်တွင်းနဲ့အိမ်ပြင်ပဲ ဘယ်နှစ်ခေါက် ပြန်သတုံးမေးလို့ရှိရင် (မရေတွက်နိုင်ပါ ဘုရား)။
ဟိုက လာတောင်းလည်း စာရင်းကြည့်ပါရစေဦးဆိုပြီး အတွင်းဝင်လာတာကတစ်မျိုး၊ စာရင်းကြည့်ပြီးလို့ ရှင်းပေးလို့ အပြင်ထွက်ရတာက တစ်မျိုး (မှန်ပါ့)။
ပရိယေသနက အိမ်တွင်းနဲ့ အိမ်ပြင်တွင်ပဲ ဒကာသစ် ဘယ်နှစ်ခေါက်ကျမယ်ထင်သတုံး (မရေတွက်နိုင်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
တဏှာ့ဒဏ်ချက် မိနေတာ
ဒါ ဘယ်သူ့ဒဏ်ချက်မိနေသတုံး (တဏှာ့ဒဏ်ချက် မိနေတာပါဘုရား)၊ ဒီတဏှာကလည်း အလိုလို နှိပ်စက် ချင်လို့လားတဲ့ ခင်ဗျားတို့ ဝေဒနာပေါ်မှာ မေ့မှုကြောင့်လား (ဝေဒနာပေါ်မှာ မေ့မှုကြောင့်ပါ ဘုရား)၊ ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။
ဝေဒနာမေ့နေတဲ့ ဒကာ ဒကာမတွေဖြင့် ဒီဒဏ်ချက်ကဖြင့် အကြီးအကျယ်သင့်မှာပဲ (သင့်ပါတယ် ဘုရား)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေဒနာနုပဿနာလို့ ဦးမာဒင်တို့ သာမညဟောသလား အကြီး အကျယ်ဟောသလား (အကြီးအကျယ် ဟောပါတယ်)၊ ဒါတွေမြင်တာကိုး (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ပင်ပန်းတာ မြင်တော်မူတယ် ဘုရားက (မှန်ပါ့)၊ ဝေဒနာမရှုရင် ဒီလူတွေဖြင့် ကောင်းစား ဖို့ မမြင်ဘူး၊ ဘယ်တော့မှ ကိုယ်အေး, စိတ်အေးအေးစရာအကွက် မမြင်ဘူးဆိုပြီး ဝေဒနာနုပဿနာ ဟောတော်မူ တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ-သုခဝေဒနာကြောင့် တဏှာလာတာ သေချာပြီနော် (သေချာပါပြီ)၊ ကိုင်း ဒါဖြင့် ဒုက္ခဝေဒနာ ရောက်နေတယ်ဆိုတော့ ဥပမာ ခန္ဓာကိုယ်ထဲမှာ ခေါင်းကိုက်တယ်, လည်နာတယ်, ရင်နာတယ် အစရှိသည်နဲ့ ဒကာ ကြွယ် တစ်ခါတစ်ခါလည်း မလာလားဗျာ (လာပါတယ် ဘုရား)။
အဲဒီ့ဝေဒနာကလည်း ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်တဲ့ ဝေဒနာက သူကလည်း ကျေးဇူးပြုပြန်တာပဲ (မှန်ပါ့)၊ သူက ကိုယ်-ကိုယ်တိုင်တော့ မရှာဘူး (မှန်ပါ့)။
ဒီဆေးပေးပါဦး, ဟိုဆေးရှာပေးပါဦးဆိုတဲ့ဥစ္စာ ဒုက္ခဝေဒနာရှိတဲ့ပုဂ္ဂိုလ်မှာ မင်းသည်ကားလို့ဆိုရင်ဖြင့် အလို အရှိဆုံး ပြောစမ်းလို့ မေးလို့ရှိရင် ဒကာသစ် သူဖြေလိမ့်မယ်နော် ပျောက်ချင်တာ အရေးအကြီးဆုံး (မှန်ပါ့ ဘုရား)။
ဒုက္ခဝေဒနာရောက်နေတဲ့ပုဂ္ဂိုလ်မှာ အရေးအကြီးဆုံး ဘာလိုချင်ပါလိမ့် (ပျောက်ချင်တာဟာ အရေးအကြီးဆုံး လိုချင်ပါတယ် ဘုရား)။
အင်း ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ)၊ ဝေဒနာပစ္စယာ တဏှာပဲ (မှန်ပါ့)၊ ပျောက်ချင်တာက တဏှာကိုး (မှန်ပါ့ ဘုရား)။
ဒုက္ခဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ ဦးမာဒင် ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။
ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်
ပေါ်ပြီ ဒကာ ဒကာမတို့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်များ လေနာ, ရင်နာတွေ ထနေတဲ့ပုဂ္ဂိုလ် မျက်စိ-မျက်နှာ နာနေတဲ့ပုဂ္ဂိုလ်, နားလေးနေတဲ့ပုဂ္ဂိုလ်, အမျိုးမျိုးအဖုံဖုံ ဝေဒနာဆိုင်ရာဆိုင်ရာဖြစ်နေတဲ့ ပုဂ္ဂိုလ် မေးကြည့်စမ်းပါ ဒကာကြွယ်ရ မင်း-အလိုအရှိဆုံးပြောဟေ့ (ပျောက်ချင်တာပါ ဘုရား)။
ဒါဖြင့် ပျောက်ချင်တာသည် ပျောက်ခြင်းအလိုရှိတဲ့ တဏှာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပျောက်ခြင်းကို (အလိုရှိတဲ့တဏှာပါ)၊ ဒါဖြင့် ဒုက္ခဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။
ဒါဖြင့် ပျောက်ခြင်း, အလိုရှိခြင်းကြောင့်တဲ့ သူသည်ကားလို့ဆိုလို့ရှိရင် ကိုယ်တိုင်သွားနိုင်တဲ့ ဆေးမြစ်တူးသွား မယ်ဆိုလည်း ကိုယ်တိုင်သွားမှာပဲ (မှန်ပါ့)၊ သူတစ်ပါးရအောင် အရှာခိုင်းရင်လည်း ရှာမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနံ ပဋိစ္စ တဏှာပဲလာတယ် (မှန်ပါ့)၊ တဏှံ ပဋိစ္စ ပရိယေသနာ မလာဘူးလား (လာပါတယ် ဘုရား)။
တဏှာ အကြောင်းရင်းခံပြီးတော့ ပရိယေသန လာပြန်တယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခဝေဒနာရောက်နေတဲ့ ပုဂ္ဂိုလ်များမှာ တဏှာမပေါ်ဘူးလား (ပေါ်ပါတယ်)၊ တဏှာလာရင် တဏှံ ပဋိစ္စသူသည်တဲ့ ဓာတ်စာအရှာခိုင်းတယ် (မှန်ပါ့)၊ အနာပျောက်စေလိုတဲ့ ဆေးအရှာခိုင်းတယ် (မှန်ပါ့)၊ ကိုယ်ကိုယ်တိုင် ဆေးရှာချင်လည်း (ရှာမှာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ခင်ဗျား ဆေးမြစ်ရှာ ထွက်နေရသတုံးဆိုတော့ ပျောက်ချင်လို့ပေါ့ ဘုရား (မှန်ပါ့)၊ မလာ ဘူးလား (လာပါတယ် ဘုရား)။
တဏှာနဲ့သိပြီး ဉာဏ်နဲ့မသိပဲ ဖြစ်နေတယ်
ဒါဖြင့် ဒုက္ခဝေဒနာကိုတော့ သူသိတော့ သိပါတယ်တဲ့ ၊ တဏှာနဲ့သိပြီး ဉာဏ်နဲ့မသိပဲ ဖြစ်နေတယ် (မှန်ပါ့)၊ တဏှာနဲ့တော့ (သိပါတယ်)၊ ဉာဏ်နဲ့တော့ (မသိပါ ဘုရား)။
ဒါဖြင့် သွားလိုက် ဒုက္ခဝေဒနံ ပဋိစ္စတဏှာ (မှန်ပါ့)၊ တဏှံ ပဋိစ္စ (ပရိယေသနာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အို ကျုပ်တို့တော့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ် ရှာမှပဲ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ သူ များလို ပုံထားနိုင်တာမဟုတ်ဘူး၊ ကိုယ်က ညစာ, မနက်စာတောင် သွားနိုင်လာနိုင်မှ (မှန်ပါ့)။
ကျုပ်တို့တော့ဖြင့် ဘယ်တရားရယ်လို့လည်း နှလုံးမသွင်းနိုင်ဘူး၊ ကိုယ့်မှာ ဒါအရေးကြီးနေတယ်၊ အင်း သူများနဲ့ တူတာမဟုတ်ဘူး၊ ကိုယ့်ဒုက္ခက အတော်ကြီးတယ် (မှန်ပါ့)။
စားအိုးကလည်းကြီးတယ် (မှန်ပါ့)၊ ကြီးအောင်လည်း ဘယ်သူလုပ်ထားတာလဲ သူမသိပါဘူး (မှန်ပါ့)၊ အင်း ရှာမယ်ဆိုတဲ့ သဘောကဖြင့် သူများထက် ပိုရှာချင်တဲ့သဘော ဒကာသစ် လာ-မလာ (လာပါတယ်)၊ သူက ဘယ်ပုဂ္ဂိုလ်တုံး မေးတဲ့အခါကျတော့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။
ဒါဖြင့် ဒုက္ခရောက်နေတာက ဒုက္ခဝေဒနာ (မှန်ပါ့)၊ ဒုက္ခပျောက်ချင်တာက (တဏှာပါ ဘုရား)၊ တဏှာ အကြောင်းရင်းခံပြီး သူများထက်ပိုရှာတဲ့ ပရိယေသန (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ နည်းနည်းကလေး သူတို့က ပိုဆင်းရဲတဲ့လူဟာ ဘုရား မနက်များ အစောကြီးထပြီး ရေထမ်းတယ်တဲ့ဘုရားတဲ့ (မှန်ပါ့)။
အစောကြီးထပြီး သူ-ဘာလုပ်သတုံး (ရေထမ်းပါတယ်)၊ ဟ ဘယ့်နှယ်ကြောင့် သူက ပရိယေသန သူများ ထက် စောစောလုပ်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ သူများနဲ့ မတူလို့ပေါ့ဆိုတဲ့ အဓိပ္ပာယ် သူထွက်လာတယ် (မှန်ပါ့)။
သူများနဲ့ မတူဘူးဆိုတော့ သူ့မှာ ဆင်းရဲတဲ့ဝေဒနာရှိတယ် (ရှိပါတယ်)၊ ဆင်းရဲတဲ့ဝေဒနာရှိလို့ ရှာလိုတဲ့ တဏှာဟာ သူများထက် စောစောပေါ်တယ် (ပေါ်ပါတယ်)၊ ပေါ်တဲ့အတွက် စောစောကြီးရှာတယ် (မှန်ပါ့ ဘုရား)။
ဒါလည်း ဒုက္ခဝေဒနာကြောင့် တဏှာပေါ်၊ တဏှာကြောင့် ရှာမှုအလုပ်ကိုလုပ် (မှန်ပါ့)၊ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ)၊ တယ်လည်းဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
လက်သည်ရှာကြပါဦး
ဒါဖြင့် သုံးဆယ့်တစ်ဘုံမှာဖြင့် လက်သည်ရှာကြပါဦး ဒကာ ဒကာမတို့ ဝေဒနာမသိမှု နှိပ်စက်နေတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာနှိပ်စက်နေသလဲ (ဝေဒနာမသိမှု နှိပ်စက်နေပါတယ်)၊ ဒကာကြွယ် ဘယ်လောက်ဝေဒနာ အရေးကြီးသလဲ (ကြီးပါတယ် ဘုရား)၊ ဝေဒနာမသိတဲ့ပုဂ္ဂိုလ်ဟူသရွေ့ အိမ်ရှိလျက်နဲ့ အိမ်ပေါ်မနေနိုင်ဘူး (မှန်ပါ့)၊ စီးပွားရှာထွက်တယ် ဟုတ်လား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အိမ်ရှိလျက်နဲ့ အိမ်ပေါ်မနေတာသည် ဘယ်သူနှိပ်စက်တာတုံး (ဝေဒနာနှိပ်စက်တာပါ)၊ ဝေဒနာနှိပ်စက်တယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အိမ်ကို ဆောက်သာဆောက်ထားရတယ်၊ နေချိန်မရှိ ဘူး (မှန်ပါ့)၊ ဘယ်သူနှိပ်စက်လို့တုံး (ဝေဒနာနှိပ်စက်လို့ပါ)၊ ဝေဒနာနှိပ်စက်တော့ တဏှာကပေါ် (မှန်ပါ့)၊ ဝေဒနာ မသိလိုက်တော့ တဏှာပေါ်၊ တဏှာပေါ်တော့ အရှာချည့်ထွက်နေရတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အိမ်ကို ခင်ဗျားတို့သည်ကားလို့ဆိုရင်ဖြင့် အရှုံးခံပြီး သကာလ ဒကာ ဒကာမတွေ ထားကြတယ်၊ အိမ် ကို မီးမလောင်အောင်၊ ကိုယ့်အိမ်ကလေး မပျက်အောင်ဆိုပြီး ဒိဋ္ဌိက စွဲတော့စွဲတာပဲ (မှန်ပါ့)၊ စွဲသာစွဲတယ်၊ ဒိဋ္ဌိက သာ အစွဲမပြုတ်တာနေတော့ မနေရတာများတယ် (များပါတယ် ဘုရား)။
နေတော့ ဘယ့်နှယ်တုံး (မနေရပါ)၊ ဥပမာမယ် ဒကာသစ်ပဲ တွေးကြည့်လိုက်တဲ့အခါကျတော့ ဒကာသစ်ရေ မိုးလင်းကတည်းက တစ်နေ့လုံးမှာ ဆိုင်နဲ့အိမ် ဘယ်မှာနေရတာများသတုံးမေးရင် ဘယ့်နှယ်ဖြေမတုံး (ဆိုင်က များ ပါတယ်)၊ ဆိုင်မှာနေရတာက များတယ် (မှန်ပါ့ ဘုရား)။
ဘယ်သူနှိပ်စက်တာပါလိမ့်
တစ်ခါ ဆိုင်ကအလုပ်တွေဘာတွေက အကြွေးတွေဘာတွေ အမျိုးမျိုးအဖုံဖုံ လည်ပြီး သကာလ တောင်းရ ပြု ရတဲ့အခါကျတော့ အိမ်မှာနေရသေးရဲ့လား (မနေရပါ ဘုရား)။
အို အိမ်ဆောက်လျက်နဲ့ အိမ်မနေရတာဟာ ဘယ်သူနှိပ်စက်တာပါလိမ့် (ဝေဒနာနှိပ်စက်တာပါ)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာနှိပ်စက်တော့ တဏှာက ပေါ်တယ် (ပေါ်ပါတယ်)၊ တဏှာပေါ်တော့ ပရိယေသန အရှာကထွက်လာ တယ် (မှန်ပါ့)၊ မထွက်ရဘူးလား (ထွက်ရပါတယ် ဘုရား)။
အဲဒါကို ဒကာ ဒကာမတွေက ဂုဏ်မယူပါနဲ့တော့ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုသတုံး (ဂုဏ်မယူပါနဲ့)၊ ဂုဏ်မယူကြနဲ့တော့တဲ့၊ ဒီပရိယေသနကိုသာဖြင့် ခင်ဗျားတို့ မြို့သုံး သုံး လည်း တဏှာက ခိုင်းတာပဲ (မှန်ပါ့)၊ ခပ်ရိုင်းရိုင်းသုံးလည်း (တဏှာက ခိုင်းပါတယ် ဘုရား)၊ တဏှာက ခိုင်းတာပဲ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ကို ဒီတဏှာမျိုးကျတော့ ဒကာ ဒကာမတွေက သားလည်းဝေပေးနိုင်တယ်၊ သမီးလည်း (ဝေပေး နိုင်ပါတယ် ဘုရား)၊ မဟုတ်ဘူး နင့်ဟာနင်လုပ် တော်တော်ကြာကျလို့ရှိရင်ဖြင့် လူကြီးတွေ မျက်စိကွယ်သွားတဲ့အခါ ကျလို့ရှိရင် နင်မရှာတတ် မဖွေတတ်ဖြစ်နေမယ်ဆိုတော့ သူ့လောဘကလေးနဲ့ သူရှာလို့ ခိုင်းတာ (မှန်ပါ့ ဘုရား)။
ဝေဒနာချုပ်အောင်ကျတော့ မသင်တတ်ဘူး
ဒါမှ နင့်ကိုယ်ချမ်းသာမှာပေါ့ဆိုတော့ ဝေဒနာကချည့်လာကိုင်တယ် (မှန်ပါ့)၊ အင်း လောကီက ဒကာ ကြွယ်ရေ ဝေဒနာကြောင့် တဏှာဖြစ်၊ တဏှာကြောင့် ပရိယေသနဖြစ်ဆိုတာ ကိုယ်တိုင်မြင်ထားသလို သင်ထားတာ (မှန်ပါ့)၊ ဝေဒနာချုပ်အောင်ကျတော့ မသင်တတ်ဘူး (မသင်တတ်ပါ ဘုရား)။
ဘယ့်နှယ်ဖြစ်နေသတုံး (မသင်တတ်ပါ)၊ မသင်တတ်ဘူး (မှန်ပါ့)၊ အံမာလေး ဖြစ်မှဖြစ်ရပလေ။
ဒီ့ပြင်ဟာကျတော့ နင်ချမ်းသာအောင် နင်ရှာ နင်ချမ်းသာချင်ရင် နင့်လောဘကလေးနဲ့ နင်ရှာပေါ့ (မှန်ပါ့)၊ တို့က ထမင်းကျွေးထားမယ် (မှန်ပါ့)၊ အံမာ-မအေမိဘဝတ္တရားကလည်း အတော်လာပါကလား (လာပါတယ် ဘုရား)။
နင်တို့ အခုတည်ထောင်စဆိုလို့ရှိရင် ငွေကလေး ဘာကလေး အရင်းအနှီးဖြစ်အောင် တို့ကကျွေးထားမယ် (မှန်ပါ့)၊ ဒကာသစ် လာပြီဗျ (လာပါတယ်)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါ ဘယ်သူကသင်တာတုံးဗျ (တဏှာကပါ ဘုရား)၊ လူကြီးတွေက ဆိုပါတော့ဗျာ ငဲ့မနေနဲ့တော့၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
သူက ဒါပဲတတ်တာ (မှန်ပါ့)၊ နင့်ဝင်ရင် နင်ချမ်းသာအောင်ဆိုတော့ ဝေဒနာကပြောတာ (မှန်ပါ့)၊ နင်ချမ်းသာ အောင် နင်လောဘကလေးနဲ့ နင်ရှာ (မှန်ပါ့)၊ အံမာ ဒါ ဘယ်သူက သင်တာတုံးဗျ (လူကြီးတွေက သင်တာပါ ဘုရား)။
အင်း ဝေဒနာပဋိစ္စသမုပ္ပါဒ်ကတော့ သင်တတ်တယ်၊ ဝေဒနာပဋိစ္စသမုပ္ပါဒ်ကို ပြတ်အောင်ကျတော့ (မသင်ပါ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် သားသမီးကလေးချစ်ပါတယ်ဆိုပြီး မီးပုံထဲထိုးချ တယ် (မှန်ပါ့)၊ အပါယ်ထဲထိုးချတယ်၊ ဘာဖြစ်လို့တုံး ခင်လွန်းလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဟို အစ်နေ့ မူစလမန်တွေ နွားတွေဘာတွေ လည်လှီးရသလို ဖြစ်နေပြီ (မှန်ပါ့)၊ ချစ်လှစွာသော နွားကလေး မှကိုး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီမှာလည်း ချစ်လှစွာသော သားကလေး, သမီးကလေးကျမှ ဒကာကြွယ် ဘာအမွေပေးသတုံးဆိုရင် ဘယ့်နှယ် ပြောမလဲ (အပါယ်ထဲ တွန်းချတာ အမွေပေးပါတယ်)၊ ဘာဖြစ်လို့တုံး ချစ်လွန်းလို့ (မှန်ပါ့ ဘုရား)။
အံမာလေး ဝေဒနာမသိတဲ့ဥစ္စာ တစ်ခါတည်း ကိုယ့်ဟာကိုယ် အပါယ်တွန်းချနေတာတောင်မှ ဦးမာဒင်ရေ မရိပ်မိဘူး (မရိပ်မိပါ)၊ ဘယ်လောက်များ နစ်နာတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီနေ့ ဒီဝေဒနာသည် ဒကာသစ် နှစ်မျိုးပြီးသွားပြီ (မှန်ပါ့)၊ သုခဝေဒနာကြောင့်လည်း တဏှာ တဏှာကြောင့် ပရိယေသနာ (မှန်ပါ့)၊ ဒုက္ခဝေဒနာကြောင့်လည်း (တဏှာပါ)၊ တဏှာကြောင့် (ပရိယေသနာ ပါ ဘုရား)။
ကဲ တစ်ခါသွားကြဦး၊ ဥပေက္ခာဝေဒနာကြောင့်လည်း တဏှာလာဦးမှာပဲ (လာပါတယ်)၊ ဥပေက္ခာဝေဒနာ က သူများတိုက်တွေ,တာတွေတည်တာ ကြည့်လိုက်တော့ မမြင်လိုက်ဘူးလားဗျာ (မြင်ပါတယ် ဘုရား)။
သူများလိုနေချင်ရင် သူများလိုရှာမှပေါ့
မြင်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဪ ဒီလိုတိုက်မျိုး ဘယ်တော့များ နေရပါ့မလဲဆိုတဲ့ နေချင်တဲ့ တဏှာ လာပြီ (လာပါပြီ)၊ မမြင်ပဲနဲ့ လာတာလား မြင်လို့ လာတာလား (မြင်လို့လာတာပါ ဘုရား)။
ဟာ ဒီလို သူများလိုနေချင်ရင် သူများလိုရှာမှပေါ့ (မှန်ပါ့)၊ လာပြီ-လာပြီ ဒကာ ဒကာမတို့ မလာသေးဘူး လား (လာပါပြီ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဥပေက္ခာဝေဒနာပစ္စယာ ဒကာသစ် ဘယ့်နှယ်ဆိုမလဲ (တဏှာပါ)၊ မြင်တာက ဥပေက္ခာဝေဒနာ (မှန်ပါ့)၊ မြင်တော့ ဒီလိုဖြစ်ချင်တာက (တဏှာပါ ဘုရား)။
ဒီလိုဖြစ်ချင်ရင် သူများလို ရှာမှဖြစ်မှာပဲဆိုတော့ (တဏှံ ပဋိစ္စပရိယေသနာပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဝေဒနာသုံးပါး ဘယ်လောက်ဆိုးတယ်ဆိုတာ အခု ဒကာ ဒကာမတို့ ဝေဒနာပစ္စယာတဏှာလို့ ဘုရားက တစ်လုံးတည်းဟောတာကိုလည်း ဘုန်းကြီးက အခု တစ်လုံးတည်းနဲ့ အကုန် ဝေဒနာသုံးပါးကို တဏှာချည့် ကျေးဇူး ပြုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ထုတ်ပြတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် “သုခဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စာယာ ပရိယေသနာ” (မှန်ပါ့)၊ ဒုက္ခဝေဒနာပစ္စယာ (တဏှာ ပါ)၊ တဏှာပစ္စယာ (ပရိယေသနာပါ)၊ ဥပေက္ခာဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ပရိယေသနာပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ ပရိယေသနချည့် သွားသွားပေါင်းတယ် (မှန်ပါ့)၊ မပေါင်းကြဘူးလား (ပေါင်း ပါတယ် ဘုရား)။
ကိုင်း ဒါကတော့ဖြင့် ဆုံးမှာလည်းမဟုတ်တော့ ဒကာ ဒကာမတွေ ဒီလိုလုပ်ကြဦး (မှန်ပါ့)၊ ဪ ဝေဒနာ မသိမှုသည် ပရိယေသနလမ်းဆုံးနေပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ရှင်းပြီ (ရှင်းပါပြီ)။
ဝေဒနာမသိမှုကြောင့်
ဝေဒနာမသိမှုကြောင့် (ပရိယေသန လမ်းဆုံးနေပါတယ် ဘုရား)၊ ကိုးခုထိအောင်တော့ သွားမှာပေါ့ဗျာ (မှန်ပါ့)၊ အခု ဒီကနေ့ နှစ်ခုဟောတယ်၊ တဏှာရယ်, ပရိယေသနရယ် နှစ်ခုဟောတယ် (မှန်ပါ့)၊ လက်သည် အရင်း ကျတာကဖြင့် ဘယ်သူပါလိမ့် (ဝေဒနာပါ ဘုရား)၊ ဝေဒနာပဲဆိုတာ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာမသိမှုကြောင့် ပရိယေသန ရှာမှီးမှုနဲ့ပဲ ခေါင်းထဲ ဝင်ကြရ တယ်။
ဝေဒနာမသိမှုကြောင့် (ပရိယေသနနဲ့ပဲ ခေါင်းထဲ ဝင်ကြရပါတယ် ဘုရား)
ပရိယေသနရှာရင်း ဘယ်သူဖြင့်ဟေ့ ဘယ်မှာ သူ-ရစရာကလေးသွားပြီးတောင်းရင်း အဲဒီမှာ သေရှာ သတဲ့ (မှန်လှပါ)၊ ဦးမာဒင် ကြားဖူးပါလိမ့်မယ် (ကြားဖူးပါတယ် ဘုရား)။
တရားရှာသွားလို့ သေတာမဟုတ်ပါဘူး (မှန်ပါ့)၊ တရားရှာသွားလို့ သေတာမဟုတ်ပါဘူး၊ ရစရာရှိလို့ သွား ရင်း (သေတာပါ ဘုရား)။
အင်း အဲဒီမှာ အလုပ်ကလေးတစ်ခု တည်ထောင်မလို့ သွားလိုက်လို့ (သေတာပါ ဘုရား)၊ မသေဘူးလား (သေပါတယ် ဘုရား)၊ ဒါ ပရိယေသနဆက်တာပဲ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ် ပရိယေသန အရှာသွားရင်း ရှာရင်း အဝေးသွားရင်း အနည်းမှာရှာရင်း ဒီလိုသေတဲ့ အသုဘ ဒကာကြွယ် ဘယ်လောက်ပို့ဖူးသတုံး (မရေတွက်နိုင်ပါ ဘုရား)။
လွန်လှချည့်လား (မှန်ပါ့ ဘုရား)၊ လွန်လှချည့်လား၊ ဒကာ ဒကာမတို့ သေသေချာချာစဉ်းစားပါ ဝေဒနာ နှိပ်စက်မှု လက်သည် အရင်းကျတယ် (မှန်ပါ့)။
ဘာ-အရင်းကျသလဲ (ဝေဒနာနှိပ်စက်မှု အရင်းကျပါတယ် ဘုရား)၊ ချမ်းသာချင်တဲ့ဝေဒနာ (မှန်လှပါ)၊ ဒုက္ခရောက်လို့ ဒုက္ခပျောက်ချင်တဲ့တဏှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
သူများကို မြင်ရ,ကြားရတာ၊ သူများကိုယ်ကြီးမြင်ရလို့ သူများ ရကော်ဒါတွေ, ရေဒီယိုတွေ ကြားရလို့ ကိုယ် လည်း သူများလို ထယ်ထယ်ဝါဝါ နေချင်တဲ့တဏှာကြောင့် သူများလို အရှာထွက်ရတယ် (မှန်ပါ့)၊ မထွက်ရဘူးလား (ထွက်ရပါတယ် ဘုရား)။
အဲဒီတော့ ဒကာကြွယ် သေသေချာချာ စဉ်းစားတဲ့ ဝေဒနာပစ္စယာ တဏှာဟာ သေချာတယ် (မှန်ပါ့)၊ တဏှာပစ္စယာ ပရိယေသနာကော (သေချာပါတယ် ဘုရား)။
တဏှာပစ္စယာ ပရိယေသနာ
ဒါ မမေ့ပါနဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ရွတ်ကြစမ်းပါဦး ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာ ပစ္စယာ (ပရိယေသနာပါ ဘုရား)၊ သုံးခေါက်လောက် ရွတ်စမ်း (သုံးခေါက်ရွတ်သည်)။
အဲဒါ ဒီတရားကို နှလုံးသွင်းကြ၊ ရကြပြီနော် (မှန်ပါ့)၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ပရိယေသနာပါ ဘုရား)။
ဪ ဒါဖြင့် ဒါ အိမ်ကျလို့ရှိရင်လည်း ဒီဟာကလေး မမေ့ကြနဲ့ (မှန်ပါ့)၊ ဒါကလေး မမေ့ကြပါနဲ့ တဲ့၊ ဪ ငါအခု ပရိယေသနကိစ္စနဲ့ ထွက်လာတာ ဘယ်သူပါလိမ့်မတုံး တဏှာကြောင့် (မှန်ပါ့)။
ဒီတဏှာကလည်း မိုးပေါ်ကျ မဟုတ်နိုင်ရာ (မှန်ပါ့)၊ ဘယ်ကများလာပါလိမ့် (ဝေဒနာကလာပါတယ် ဘုရား)။
ဪ ဒါဖြင့် တို့ဝေဒနာကို ဝိပဿနာမရှုသရွေ့ ကာလပတ်လုံး ဒီတဏှာမသေ၊ ဒီတဏှာမသေရင် ပရိယေသနကိစ္စကြီးဟာဖြင့် တို့ အပါယ်ရောက်အောင် ပို့တော့မှာပဲ (မှန်ပါ့)၊ ဆိုပြီး ချက်ချင်းသတိရလို့ရှိရင် ချက်ချင်း ပေါ်တဲ့ ဝေဒနာတွေကို ဝိပဿနာရှုပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ချက်ချင်းပေါ်တဲ့ ဝေဒနာတွေကို (ဝိပဿနာရှုရပါမယ် ဘုရား)၊ ဝိပဿနာရှုရမယ်ဆိုတော့ ဒီဟာကလေး ရ,ထားမှ ဦးမာဒင် အဖိုးတန်မှာပဲ (မှန်ပါ့)၊ သဘောကျကြပလား (ကျပါပြီ)။
ဒါဖြင့် ဒီလိုလုပ်ကြပါစို့ တဲ့ ဒကာ ဒကာမတို့ ဝေဒနာပေါ်တိုင်း,ပေါ်တိုင်း ဘုရားက “သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ” မင်း သိအောင်လုပ် တဲ့ (မှန်ပါ့)။
ဒကာသစ် ဟောသင့်-မဟောသင့် (ဟောသင့်ပါတယ်)၊ “ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ၊ ဟ ဒုက္ခဝေဒနာပေါ်လည်း မင်း-ဖြစ်ပျက် သိအောင်လုပ် (မှန်ပါ့)၊ ဟောသင့်သလား (ဟောသင့်ပါတယ် ဘုရား)။
အပါယ်ကျအောင် သူသွားဦးမှာ
ဪ ပရိယေသနဒုက္ခတွေ ရောက်မှာစိုးလို့ (မှန်ပါ့)၊ နောက် ဒီပရိယေသနကနေပြီး အပါယ်ကျအောင် သူသွားဦးမှာကိုးဗျ (မှန်ပါ့)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အပါယ်ကျမှာ သူ့မျက်စိအောက်မှာ မကြည့်ချင်တာနဲ့ ဒကာ ဒကာမတို့ ဝေဒနာနုပဿနာကို သေသေချာချာ ဟောရှာတယ် (မှန်ပါ့)၊ အရင်း အင်မတန်ကျတဲ့တရားလို့ ဦးမာဒင် မှတ်လိုက်စမ်းပါ (မှန်ပါ့)။
အရင်း အင်မတန် မကျဘူးလား (ကျပါတယ် ဘုရား)၊ အင်မတန် အရင်းကျပါတယ် ဒကာ ဒကာမတွေ ဆ၈်းရဲလက်စ မသတ်ပဲနဲ့ အမောဆိုက်ပြီး သကာလ ရောဂါမရသင့်ပဲနဲ့ ရပြီးတော့ နေကြ, သေကြတာတွေဟာ ဝေဒနာ လက်ချက်ချည့် မှတ်လိုက် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ့လက်ချက်ပါလိမ့် (ဝေဒနာ့လက်ချက်ပါ ဘုရား)၊ ပေါ်ကြပြီ (ပေါ်ပါပြီ)။
ဒကာ ဒကာမတွေ ဝေဒနာအမျိုးမျိုး အဖုံဖုံ ငှက်ဖျားတွေ ဟုတ်လား (မှန်ပါ့)၊ အမျိုးမျိုးသော ဝေဒနာတွေ ဖြစ်ပြီး အအေးမိတာတွေ, အပူမိတာတွေ, ရှာဖွေရင်းဆိုတဲ့ဥစ္စာဟာ ဝေဒနာ့လက်ချက်တွေ (မှန်ပါ့)။
ဝေဒနာကို ကျုပ်တို့ကနိုင်အောင် မလုပ်နိုင်တာနဲ့ ဖြစ်ပျက်မရှုနိုင်တာနဲ့ ဒကာကြွယ်-ရေ သူက ပရိယေသန ဘက် ထိုးခိုင်းလိုက်တယ် (ခိုင်းပါတယ် ဘုရား)။
ထိုးခိုင်းလိုက်တော့ ဒကာကြွယ်တို့ကလည်း လက်သည် ဖမ်းမမိတော့ ထုံးတမ်းပဲဘုရာ့၊ ဒါလုပ်ရမှာပဲ (မှန်ပါ့)၊ ထုံးတမ်းထဲ ရောက်သွားတယ် (ရောက်ပါတယ် ဘုရား)။
ထုံးတမ်းထဲ ရောက်သွားတယ်
ဘယ်အထဲ ရောက်သတုံး (ထုံးတမ်းထဲ ရောက်ပါတယ် ဘုရား)၊ ကဲ ဦးမာဒင် ဘယ်အထဲ သွင်းလိုက် သတုံး (ထုံးတမ်းထဲ သွင်းလိုက်ပါတယ် ဘုရား)။
အံမာလေး ထုံးတမ်းထဲသွင်းရင် နိဗ္ဗာန်မရောက်တဲ့ ပုဂ္ဂိုလ်တွေလည်း ခင်ဗျားတို့ ဆွမ်းခံတုန်း တွေ့ရ မှာပဲ (တွေ့ရမှာပါ ဘုရား)၊ အခု ဂေါတမမြတ်စွာဘုရား ဆွမ်းခံတယ်လို့ တွေ့သေးသလား (မတွေ့ပါ ဘုရား)၊ ပရိ ယေသန မရှာတော့ဘူးဗျ (မှန်ပါ့)၊ ရှာသေးရဲ့လား (မရှာပါ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့သည် လက်သည်တွေ့သွားတဲ့ ပုဂ္ဂိုလ်ကာ ဆွမ်းခံမထွက်တော့ပါဘူး (မှန်ပါ့)၊ ဒကာကြွယ် တို့ ဆွမ်းခံထွက်သေးသလား (မထွက်ပါ ဘုရား)၊ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်ကြီးတို့ ဘယ်များတွေ့သေးသလဲ (မတွေ့ပါ ဘုရား)၊ ဆွမ်းခံတဲ့ ပရိယေသနကိစ္စ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အင်း ဘယ်ဟာသိသွားလို့ပါလိမ့် (ဝေဒနာသိသွားလို့ပါ ဘုရား)။
ဪ ဝေဒနာသိသွားလို့ ပရိယေသနတွေချုပ်လို့ ပရိယေသနချုပ်တဲ့ နိဗ္ဗာန်ရောက်တယ် (ရောက်ပါ တယ်)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဘယ်မှ ဆွမ်းခံတာမတွေ့ဘူး၊ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေလည်း ဘယ်မှာဆွမ်းခံနေတယ်လို့ ဒကာကြွယ် ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။
တစ်ဆူတစ်ဆူမှာလည်း ကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်သွားတဲ့ပုဂ္ဂိုလ်တွေလည်း ဘယ် ဆွမ်းခံထွက်တယ်လို့ ရှိသေးရဲ့လား (မရှိပါ)၊ ဘယ်သူချုပ်သွားတာတုံး (ဝေဒနာချုပ်သွားတာပါ ဘုရား)။
ဪ ဝေဒနာချုပ်တာ သိပ်ချမ်းသာပါကလား (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဝေဒနာချုပ်တာဟာ (ချမ်းသာပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနာတစ်လုံးကို ခင်ဗျားတို့, ကျုပ်တို့သည်ဆုံးအောင် လိုက်နိုင်ကြပါမူကား ဒကာသစ် အလုံးစုံကိစ္စ ပြီးတယ် (မှန်ပါ့ ဘုရား)။
ဝေဒနာတစ်လုံး အဆုံးလိုက်နိုင်ရင် (အလုံးစုံကိစ္စပြီးပါတယ် ဘုရား)၊ အလုံးစုံကိစ္စပြီးတယ်ဆိုတာ ဒကာကြွယ် ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ဝေဒနာနုပဿနာဖြင့် မမေ့ပါနဲ့
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာနုပဿနာဖြင့် မမေ့ပါနဲ့ (မမေ့ပါ ဘုရား)၊ မေ့လိုက်ရင် ဆင်းရဲဘက် တွန်းချတယ် (မှန်ပါ့ ဘုရား)။
မေ့လိုက်ရင် (ဆင်းရဲဘက် တွန်းချပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ယုတ်စွအဆုံးဗျာ နည်းနည်းစားချင်တဲ့ ပုဂ္ဂိုလ်ဟာ နည်းနည်းပဲ ဒုက္ခရောက်တယ် (မှန်ပါ့)၊ များများစားချင်တဲ့ ပုဂ္ဂိုလ်ဟာ (များများ ဒုက္ခရောက်ပါတယ် ဘုရား)။
များများတိုက်တွေတည်ချင်တဲ့ပုဂ္ဂိုလ်ဟာ (များများဒုက္ခရောက်ပါတယ်)၊ များများ အရောင်းအဝယ်ကြီး လုပ် ချင်တဲ့ပုဂ္ဂိုလ်ဟာ (များများဒုက္ခရောက်ပါတယ် ဘုရား)။
ဒါဖြင့် တဏှာများလို့ ပရိယေသနများတယ် (မှန်ပါ့)၊ ဝေဒနာများလို့ တဏှာများတယ် (မှန်ပါ့)၊ တဏှာများ လို့ (ပရိယေသနများပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာများရင် တဏှာများပါတယ် (မှန်ပါ့)၊ တဏှာများရင် (ပရိယေသနများပါ တယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာများ ချုပ်သွားလို့ရှိရင်ဖြင့် တဏှာ ဘယ့်နှယ်တုံး (ချုပ်ပါတယ်)၊ ပရိယေသနကိစ္စတွေကော (ချုပ်သွားပါတယ် ဘုရား)။
ဪ ဒါဖြင့် သံသရာမှာ စခန်းသတ်တဲ့တရားဟာ ဝေဒနာသိမှုတရားပါကလား (မှန်ပါ့ ဘုရား)။
သံသရာစခန်းသတ်တဲ့ တရားဟာ (ဝေဒနာသိမှုတရားပါ)၊ ဝေဒနာသိမှုတရားပဲဆိုတာ ဒကာ ဒကာမတို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုခဝေဒနာနောက်က တဏှာ, ဒုက္ခဝေဒနာနောက်က ဒေါသ တဏှာ, ဥပေက္ခာဝေဒနာနောက်ကလည်း မောဟတဏှာ ဒီ-ကိလေသာတွေ မချုပ်သရွေ့ကာလပတ်လုံး ဘယ်သူ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ငါ-မဟောဘူးဟေ့-ဆိုတာ ဝေဒနာက အဓိကထားဟောတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘာ အဓိကထားဟောသလဲ (ဝေဒနာအဓိကထား ဟောပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဝေဒနာလာလာ ကျုပ်တို့ ဒကာ ဒကာမတွေက ဖြစ်ပျက်ရှုရမယ် (မှန်ပါ့)။
ဘယ်ဝေဒနာလာလာ (ဖြစ်ပျက်ရှုရမှာပါ)၊ ဖြစ်ပျက်ရှုရလိမ့်မယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)၊ သုခလာလည်း (ဖြစ်ပျက်ရှုရပါမယ်)၊ ဒုက္ခလာလည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဥပေက္ခာလာလည်း (ဖြစ်ပျက်ရှုရ ပါမယ်)၊ သောမနဿများ လာနေရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ဒေါမနဿ လာနေရင် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
ဝေဒနာသုံးမျိုးကို ယနေ့ လှည့်ရှုပါ
မရှုရင် တဏှာလာမယ် (မှန်ပါ့)၊ တဏှာလာရင် ပရိယေသနကိစ္စကို ခင်ဗျားတို့ ကာယကံ, ဝစီကံ, ကျူးလွန်မှု တွေ အကုန်ခိုင်းတော့မယ် (မှန်ပါ့)။
ပရိယေသန ရှာရတယ်ဆိုတာ ဒကာသစ် အကောင်းချည့်၊ စိတ်ထားကောင်းကောင်းချည့် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
မဖြစ်နိုင်တော့ သီလပျက်မှုတွေ လာရမလား- မလာရဖူးလား (လာရမှာပါ ဘုရား)၊ သီလပျက်ရင်ပဲ အပါယ် မရောက်တော့ဘူးလား ရောက်ရမှာလား (ရောက်ရမှာပါ)၊ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာတွေ အကုသိုလ်ပွားလေသရွေ့ ဝေဒနာမနိုင်မှုက လာတာပဲ (မှန်ပါ့ ဘုရား)။
အကုသိုလ်ပွားလေသရွေ့ (ဝေဒနာမနိုင်မှုက လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုးကို ယနေ့ လှည့်ရှုပါ (မှန်ပါ့)၊ ပေါ်ရာကို ရှုပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။