သံသရာစခန်းသတ်ချင်ရင် မဂ်အလုပ်,လုပ်ရန်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၂၇-၉-၆၁)
အလုပ်-လုပ်ရလိမ့်မယ်
အားလုံး ဒကာ ဒကာမတွေ အလုပ်-လုပ်ရလိမ့်မယ်ဆိုတာ အောက်မေ့ရလိမ့်မယ်နော် (မှန်ပါ့)၊ အလုပ်-လုပ်မှသာလျှင် ဝင်းထဲမှာရှိတဲ့ သံသရာဆက်တက်တဲ့ ပဋိစ္စသမုပ္ပါဒ် ပြတ်မယ် (မှန်ပါ့)၊ အလုပ်မလုပ်လို့ရှိရင်ဖြင့် သံသရာဆက်တဲ့ ပဋိစ္စသမုပ္ပါဒ် မပြတ်ပါဘူးလို့ မှတ်ရမယ် (မှန်ပါ့)။
ဒကာကြွယ် ဉာဏ်မသွင်းရင် ပြတ်ပါ့မလား (မပြတ်ပါ ဘုရား)။
အဲဒီတော့ ဉာဏ်သွင်းရမည့်အလုပ်ကို ဆုတောင်းယူလို့ မရဘူး (မရပါ ဘုရား)။
ဉာဏ်သွင်းရမည့်အလုပ်ကို (ဆုတောင်းယူလို့ မရပါဘုရား)၊ ဆုတောင်းယူလို့မရတော့ ဪ ဒီနေရာ ဖြင့် ဒီလိုဆက်နေတာ ဒီလိုဉာဏ်နဲ့ ဒီလိုဖြတ်မှ ဒီလိုခရီးပေါက်မှာပဲဆိုတဲ့ဥစ္စာ ဘုရားက ဟောတယ် (မှန်ပါ့)။
ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးကွာ တဲ့ သဗ္ဗညုတဉာဏ်နဲ့ ကြည့်ပါတယ် တဲ့၊ ဥပမာကွာ တဲ့ သုခဝေဒနာတစ်ခုဖြစ်တယ်၊ ချမ်းသာတယ်၊ ဥပမာ ဒကာကြွယ်မှာ ပစ္စည်းရလို့ ချမ်းသာတယ်၊ သားသမီးကျန်းမာ လို့ ချမ်းသာတယ်ဆိုတော့ သုခဝေဒနာကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီချမ်းသာတဲ့နောက်ကနေပြီးသကာလ တဲ့၊ တယ်နေရာကျပါလားဆိုတဲ့ တဏှာလည်း လိုက်တတ်တယ် (လိုက်ပါတယ်)၊ ငါဖြင့်ကွာ နေရာကျလိုက်တာဆိုတဲ့ မာနလည်း လိုက်တတ်တယ် (လိုက်ပါတယ် ဘုရား)၊ ဒိဋ္ဌိ ကလည်း တစ်ခါ ဪ ဒီလိုဆိုလို့ရှိရင်ဖြင့် တော်သေးရဲ့ဆိုတဲ့ ဒိဋ္ဌိကလည်း လိုက်တတ်တယ် (လိုက်တတ်ပါတယ် ဘုရား)။
တဏှာ, မာန, ဒိဋ္ဌိ လိုက်တယ်
ဒါဖြင့် သုခဝေဒနာနောက်ကလည်း တဏှာ, မာန, ဒိဋ္ဌိ လိုက်တယ် (မှန်ပါ့)။
သုခဝေဒနာ နောက်ကလည်း တဏှာ, မာန, ဒိဋ္ဌိလိုက်တယ် (မှန်ပါ့)၊ သုခဝေဒနာနောက်ကလည်း (တဏှာ, မာန, ဒိဋ္ဌိ လိုက်ပါတယ်ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီနေ့ အလုပ်တရားက စ,နေလို့ ဒါ တို့ကို အရေးအကြီးဆုံး ပြောပါပေါ့လား လို့ အောက်မေ့ရမယ်နော် (မှန်ပါ့)။
ဒီဘက်က ဝမ်းထဲမှာ ဒကာ ဒကာမတွေက သားကလေး သမီးကလေး ပစ္စည်းကလေးရလို့ စိတ်ချမ်းသာတယ် ဆိုတော့ ဒကာကြွယ် သုခဝေဒနာပေါ့ဗျာ (မှန်ပါ့)၊ ဒီသုခဝေဒနာနောက်က စိတ်ချမ်းသာပြီဆိုမှဖြင့် သဘောကျတယ် ဆိုတဲ့ တဏှာက မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် သုခဝေဒနာနောက်က တဏှာလိုက်တယ် (မှန်ပါ့)၊ တဏှာလိုက်တော့ ဒကာ ဒကာမတွေ က သိပြီးသားအတိုင်း ထားပါတော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ လို့ဆိုတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း တဏှာ, ဥပါဒါန်, ကံ (မှန်ပါ့)၊ ဒီဘက်က ဇာတိ ဇရာ မရဏ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဝမ်းထဲ ချမ်းသာလုံးပေါ်လာလို့ရှိရင်ဖြင့် နောက်က တဏှာလိုက်ပါတယ် (လိုက်ပါတယ် ဘုရား)။
တဏှာလိုက်တော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဆရာဝန်ကြီးတို့ သိတဲ့အတိုင်း ဥပါဒါန်က သူ့နိယာမပဲ လိုက်မှာပေါ့ (လိုက်မှာပါ ဘုရား)၊ ဥပါဒါန်လိုက်လို့ရှိရင်ဖြင့် ကံကလည်း လိုက်မှာပဲ (လိုက်မှာပါ ဘုရား)၊ ကံက လိုက်လို့ရှိရင်ဖြင့် စုတိမနေ ကွယ်လွန်လို့ရှိရင်ဖြင့် အင်း ဇာတိ, ဇရာ, မရဏကတော့ ဒကာသစ် မလိုက်ချင်ပါ ဘူးဆိုလို့ (မရပါ ဘုရား)။
ဒုက္ခရောက်ချင်လို့ပဲ
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာ နောက်က တဏှာလိုက်လာတာကို ဒကာကြွယ်တို့က ဦးလှဘူးတို့က မဖြတ်တော့ပါဘူး၊ တပည့်တော်တို့ဖြင့် ဒီအတိုင်းပဲ နေပါတော့မယ်ဆိုလို့ရှိရင်ဖြင့် အင်း ဒကာ ဒကာမတို့ ဒုက္ခရောက်ချင်လို့ပဲ (မှန်ပါ့)။
ဘယ်လိုပါလိမ့် (ဒုက္ခရောက်ချင်လို့ပါ ဘုရား)၊ ဒုက္ခရောက်ချင်လို့ လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ရှင်းရှင်း ဒကာ ဒကာမတွေ နားထောင်ပါ (မှန်ပါ့ ဘုရား)၊ ဝမ်းထဲမှာ ပစ္စည်းရရ, သားကလေး-သမီးကလေး ရပ်ဝေးက ပြန်လာလာ, ရာထူးတက်တက်, လိမ္မာတာက ပိုလိမ္မာလို့ဖြစ်စေ ဝမ်းထဲမှာတော့ ဒကာကြွယ်,ရေ ပြုံး တဲ့ သုခဝေဒနာကလေးပေါ်မှာပဲ (ပေါ်ပါတယ် ဘုရား)၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီပေါ်လာတာကလေးကို ဒကာကြွယ်တို့က ပေါ်တဲ့အတိုင်း နေတော့မယ်ဆိုတော့ နောက်စိတ်စဉ်မလာ လည်း ဒကာသစ် သေမှာပဲ (မှန်ပါ့)၊ နောက် စိတ်စဉ်မလာရင် (သေမှာပါ ဘုရား)။
သေမှာဖြစ်နေတော့ ဖြစ်စဉ်ကလည်း လာရမယ် (လာမှာပါ ဘုရား)၊ လာတဲ့စိတ်က ဘာလာမတုံးဆိုလို့ရှိရင် ဝမ်းသာတာကလေးကို သဘောကျတဲ့ တဏှာက (လာမှာပါ ဘုရား)၊ ဒါကလေးမျိုး များများဖြစ်ချင်တဲ့ ဥပါဒါန်က (လာမှာပါ ဘုရား)။
ဒီဟာကလေးနဲ့ပဲ ကျုပ်တို့သည်ကားလို့ဆိုလို့ရှိရင် သွားလိုက်-လာလိုက် ကျွေးလိုက်-ခင်လိုက်-ပွတ်သတ် လုပ် လိုက်ဆိုတဲ့ ကာယကံ, ဝစီကံတွေလည်း မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ကံလာတယ်ဆိုတော့ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ လာရတော့မယ် (လာရပါမယ် ဘုရား)၊ မလာပေဘူးလား (လာမှာပါ ဘုရား)။
စဉ်းစားကြပါ-စဉ်းစားကြပါ ဒကာ ဒကာမတွေ ဒါ-သိနိုင်ခဲတယ်၊ ဆဆက္ကသုတ်မှာ လာတယ်လို့ အောက်မေ့ ပါ (မှန်ပါ့ ဘုရား)၊ သိကြားမစ,ခင် ဒါ သိကြား၏အလုပ်စဉ်ကို ပြနေတယ်လို့ ဒကာသစ်က မှတ်ပါ (မှန်ပါ့)။
ဒကာကြွယ် သုခဝေဒနာနောက်က (ဝါ) သောမနဿဝေဒနာနောက်က ဘာလိုက်တတ်သတုံး (တဏှာလိုက် တတ်ပါတယ် ဘုရား)၊ တဏှာလိုက်ရင် သူ့နောက်က ဘာလုပ်မတုံး (ဥပါဒါန်လိုက်ပါတယ် ဘုရား)၊ ဒကာကြွယ် ဒီဟာတွေက တားလို့ ဆည်းလို့ ရသေးရဲ့လား (မရပါ ဘုရား)။
အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာ
အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာ ဒါ-မတားတတ်တော့ဘူးတဲ့ (မတားတတ်ပါ ဘုရား)။
ဒကာ ဒကာမတို့ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာ (မတားတတ်တော့ပါ ဘုရား)၊ မတားတတ်တော့ သုခဝေဒနာ နောက်က တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သေသေချာချာ ဒကာ ဒကာမတွေ ဒါ အလုပ်တရားဖြစ်နေလို့ ထည့်လည်း ပြောလို့လည်း ဒီဥစ္စာသည် ကား လို့ဆိုရင် သိတာ၊ ကိုယ့်သန္တာန်အစဉ်မှာဖြင့် ဒီတရားအစဉ်က ဒကာသစ် အမြဲလိုက်နေတယ် (လိုက်နေပါ တယ် ဘုရား)။
ကဲ ဝမ်းထဲမှာ လူဖြစ်ရလို့ ဝမ်းသာတယ်၊ ဘာဝေဒနာပေါ်ကြသတုံး (သုခဝေဒနာပေါ်ပါတယ် ဘုရား)။
သုခဝေဒနာပေါ်တော့ ဒကာ ဒကာမတွေက အင်း ဒီလိုဖြင့် သဘောကျပါရဲ့ဆိုတဲ့ တဏှာကကော (လာပါတယ် ဘုရား)၊ သဘောကျတဲ့အပြင်မှာလည်း ဒီအလုပ်ကို ဒီရမှုကို မစွဲလမ်းဘူးလား (စွဲလမ်းပါတယ် ဘုရား)၊ စွဲလမ်းပြီးသကာလ ဒါကလေး သိမ်းဖို့ဆည်းဖို့ကော အားမထုတ်ဘူးလား (အားထုတ်ပါတယ် ဘုရား)၊ ဒါဖြင့် တဏှာ ဥပါဒါန် ကံ သုံးခုလိုက်ပြီ (မှန်ပါ့)။
တဏှာဥပါဒါန်ကံ သုံးခုလိုက်တဲ့အခါကျတော့ စုတေမနေ သေလွန်တဲ့အခါကျတော့ ဘယ်ဇာတိ, ဘယ်ဇရာ, ဘယ်မရဏလို့ မဆိုနိုင်ဘူး၊ အပါယ်လေးပါးမှာ တစ်ခုခုတော့ဖြင့် အပါယ်ဇာတိ အပါယ် ပဋိသန္ဓေနေရမယ် (မှန်ပါ့)၊ အပါယ်ဇရာ အပါယ်မှာ အိုရမယ် (မှန်ပါ့)၊ အပါယ်မှာ သေရမယ်ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝမ်းသာတာကို ဘုန်းကြီးများက မသိချင်လို့ မဟုတ်ဘူး၊ ခင်ဗျား တို့က ဝမ်းသာရုံတွင် ရပ်တတ်တဲ့ ဒကာ ဒကာမတွေ မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)။
ဝမ်းသာတဲ့နောက်က နှစ်သက်တဲ့တဏှာက လိုက်တယ် (လိုက်ပါတယ် ဘုရား)၊ စွဲလမ်းတဲ့ဥပါဒါန် (လိုက်ပါ တယ်)၊ လိုက်တယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နင့်အဖော် ထောင်ကျော်ခေါ်
ကောင်းပြီ ဒါဖြင့် သွားပါဦး၊ ကာယကံ, ဝစီကံနဲ့လည်း ဒီပစ္စည်းကလေး သိမ်းလိုက်, ဆည်းလိုက်၊ နင့်အဖော် ထောင်ကျော်ခေါ်တဲ့ဆိုတဲ့ အသွားများလို ကာယကံ, ဝစီကံတွေကလည်း တွဲလျက်ပဲ (တွဲလျက်ပါ)၊ နောက် ဒီဟာမျိုး ထပ်လုပ်ဦးမယ်ဆိုတဲ့ ပါးစပ်ကလည်း ပြောလျက်ပဲ (ပြောလျက်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီ့ကံတွေလုပ်ပြီး တစ်ခါ စုတေမနေ သေလွန်တော့ ဒကာကြွယ် ဘာလာမတုံး (ဇာတိလာပါမယ်)၊ ဇာတိ, ဇရာ, မရဏ လာမယ် (မှန်ပါ့)၊ သေကပရိဒေဝ ဒုက္ခ ဒေါမနဿ (လာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒီဘက်က ဝမ်းသာတာ, ရွှင်ပျတာ (မှန်ပါ့)၊ ဒီဘက်က သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ငိုရတာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ငိုချင်တဲ့သဘောလည်း ရွှင်ပျတဲ့သဘောဟာ မသိမ်းရလို့ရှိရင်ဖြင့် ငိုရတဲ့သဘော ရောက် ပါတယ် (ရောက်ပါတယ် ဘုရား)။
ရွှင်ပျတဲ့သဘောသည် (ငိုရတဲ့သဘော ရောက်ပါတယ် ဘုရား)။
ရွှင်ပျတာသည် ငိုရတာလမ်းဆုံး
သေသေချာချာမှတ်ပါ ဒကာ ဒကာမတွေ ငွေကလေးရလို့ ရွှင်ပျတယ်ဆိုလို့ရှိရင်ဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ဝိပဿနာဉာဏ်တွေ မသွင်းတတ်လို့ရှိရင် ဒကာသစ်,ရေ ငိုရမှာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရွှင်ပျတာသည် ငိုရတာလမ်းဆုံး (မှန်ပါ့)၊ ရွှင်ပျတာသည် (ငိုရတာ လမ်းဆုံးပါဘုရား)။
သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ခင်ဗျားတို့က ဒီ-အဓိပ္ပာယ်ကို ကိုယ်ပိုင်ဉာဏ်နဲ့တော့ ဒကာကြွယ်ရေ မသိဘူးနော် (မှန်ပါ့)။
အခု ပဋိစ္စသမုပ္ပါဒ်နဲ့ဆက်ပြီး ပြလိုက်တဲ့အခါကျတော့ ဒကာသစ်ရေ ရွှင်ပျတာဟာ ငိုရဖို့ပဲ (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ဒါ-သုခဝေဒနာကြောင့် တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ လိုက်လာတယ် (မှန်ပါ့)၊ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ကိုင်း အားလုံး ဒကာ ဒကာမတို့ ဪ သုခဝေဒနာ တို့မှာ အကြားအမြင်မရှိလို့ရှိရင် အခက်ကြီး ပါကလား၊ ရွှင်ပျတာသည် ငိုရဖို့ပဲ (မှန်ပါ့)။
ရွှင်ပျတာသည် (ငိုရဖို့ပါ)၊ ဒါ-ဘယ်ပုဂ္ဂိုလ်ကို ဒကာသစ်က ဆိုချင်သတုံး (အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
ဒကာ ဒကာမတွေ ဘယ်သူ့ဆိုကြပါ့မတုံး (အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ပါ)၊ ဪ ဒါဖြင့် ဒကာကြွယ် အကြားအမြင်ရှိဖို့ တယ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား)။
ဦးလှဘူး ဘယ့်နှယ်တုံး (အကြားအမြင်ရှိဖို့ အရေးကြီးပါတယ် ဘုရား)။
ခင်ဗျားတို့ ထုံးစံကတော့ဖြင့် ရွှင်ပျလို့ရှိရင်ဖြင့် နေရာကျတာတွင် ဇာတ်သိမ်းတယ် (ဇာတ်သိမ်းပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ဖြစ်စဉ်ကဖြင့် ရွှင်ပျတာသည် ငိုရဖို့ပဲဟေ့ (မှန်ပါ့)။
ရွှင်ပျတာသည် (ငိုရဖို့ပါ)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီတရားကို ကြပ်ကြပ်စဉ်းစားပါ၊ သိကြားမင်းကြီးဟာ ဒါနဲ့ နိဗ္ဗာန်ဝင်ကာဖြစ်ပြီး သကာလနေလို့ ဪ ငါတို့ ရွှင်ပျမှုတွေသည် နောက်ဆုံးပိတ်ကျတော့ ငိုရတာ လမ်းဆုံးပါကလား (မှန်ပါ့)။
အကြားအမြင်မရှိလို့ ဖြစ်ရခြင်း
ရွှင်ပျမှုသည် (ငိုရတာ လမ်းဆုံးပါ)၊ ခုံပေါ်မှာလည်း ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ပြထားတယ် (မှန်ပါ့)၊ ချက်ချင်းတော့ မငိုရပါဘူး (မှန်ပါ့)၊ နောက် ငိုရမယ်ပြောတာ (မှန်ပါ့ ဘုရား)။
နောက်ငိုရမည့် ပြောတဲ့အပြောသည် ဒကာ ဒကာမတို့ အကြားအမြင်မရှိလို့ ဖြစ်ရခြင်း (မှန်ပါ့)။
ဘယ်လိုကြောင့်ပါလိမ့် (အကြားအမြင်မရှိလို့ ဖြစ်ရခြင်းပါ ဘုရား)၊ ဒကာသစ်တို့ ဒီဥစ္စာ သိပ်အရေးကြီးလို့ (မှန်ပါ့)၊ ဆရာဝန်ကြီး သိပ်အရေးကြီးတယ်နော် (မှန်ပါ့)။
သိပ်အရေးကြီးပါတယ် ဒကာကြွယ်ရာ (မှန်ပါ့)၊ ဒီဟာကို ဒီအတိုင်းသာ ရပ်နေတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့် အခု ခဏမငိုရ၊ နောက်ခဏတော့ဖြင့် ဒကာ ဒကာမတို့ ငိုရတော့မယ်ဆိုတာ မှတ်ရတော့မယ် (မှတ်ရပါမယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒီဘဝက ရွှင်ပျတာ (မှန်ပါ့)၊ ဒီနောက်ဘဝကျတော့ ငိုရတာဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဒီဘဝက (ရွှင်ပျပါတယ်)၊ နောက်ဘဝကျတော့ (ငိုရပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီငိုရတာ ဖြစ်ရပါလိမ့်မတုံး၊ ရွှင်ပျတာ ၊ ရွှင်ပျတာ တော်ရောပေါ့၊ ဘာဖြစ်လို့ ငိုရပါ လိမ့်မတုံး မေးတော့မှ ရွှင်ပျတဲ့နောက်က သဘောကျတဲ့တဏှာ လိုက်နေတယ် (လိုက်ပါတယ် ဘုရား)။
တဏှာနောက်က စွဲလမ်းတဲ့ဥပါဒါန်က (လိုက်ပါတယ်)၊ ပြီးတော့မှ အားထုတ်တဲ့ ကာယကံ, ဝစီကံက (လိုက် ပါတယ်)၊ ဒါ့ကြောင့် ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ လိုက်တယ် (မှန်ပါ့)၊ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ရွှင်ပျတာသည် ငိုရတာလမ်းဆုံးပဲ (မှန်ပါ့ ဘုရား)။
ရွှင်ပျတာသည် (ငိုရတာ လမ်းဆုံးပါ)၊ ဒကာသစ် ဒီဟာ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဒီကျအောင်က အကြောင်းအကျိုးက မဆက်တတ်တော့ ငိုရမှာပဲ ၊ ဪ ဖြစ်မှ ဖြစ်ရပလေ ကံမကောင်း အကြောင်းမသင့်လို့ ဆိုလိုက်တယ် (မှန်ပါ့)။
မဟုတ်ပါဘူးတဲ့ ဒီမှာ ရွှင်ပျမှုကို အကြားအမြင်မရှိပဲနဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် မဖြစ်တတ်တဲ့အတွက် ငိုရတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရွှင်ပျတာဟာ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ် ဘယ်လမ်းဆုံးသလဲ (ငိုရတာ လမ်းဆုံး ပါတယ် ဘုရား)။
ကဲ ငိုရတော့ ဒကာ ဒကာမတွေက ဖြစ်မှဖြစ်ရလေခြင်း အစရှိသည်နဲ့ မျက်ရည်ကြီးငယ်ကျရင်ထုကာ တစ်ခါတည်းလှိမ့်ပြီး ငိုကြ၊ အင်း ဒီကိစ္စတွေဟာ မြို့ထဲရွာထဲမှာ တွေ့ကြ, ကြုံကြမတွေ့ဖူးတဲ့အိမ် ဒကာကြွယ် တယ်ရှား (မှန်ပါ့)။
ရွှင်ပျလို့ ငိုရတာပါ
အဲဒါ ဘယ့်နှယ်ကြောင့် ဒါတွေ တွေ့ရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ရွှင်ပျလို့ ငိုရတာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုဆိုကြပါ့မလဲ (ရွှင်ပျလို့ ငိုရတာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါရွှင်ပျလို့ ငိုရတယ်ဆိုတဲ့ဥစ္စာသည် ဒကာကြွယ် အကြောင်းအကျိုး မဝေးပါဘူး (မှန်ပါ့ ဘုရား)။
အကြောင်းအကျိုး ဝေးသေးသလား (မဝေးပါ)၊ ရွှင်ပျတဲ့နောက်က ဒကာ ဒကာမတွေကတဲ့ အကြားအမြင် မရှိတော့ကို ဪ ဒီရွှင်ပျတာသည်ကားလို့ဆိုရင် ငိုရမည့်ဇာတ်ကို ရောက်ရမှာပါကလား ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ခန္ဓာ့နိယာမကို ဒကာသစ်တို့က နားမလည်တော့ ဒီအတိုင်းနေလိုက်တာပဲ (မှန်ပါ့ ဘုရား)။
ဒီအတိုင်းနေလိုက်တော့ အင်း ဝမ်းသာတဲ့ နောက်ကနေပြီးသကာလ ဝမ်းသာတာ သဘောကျက တဏှာ (မှန်ပါ့)၊ ဝမ်းသာတာ စွဲလမ်းတဲ့ဥပါဒါန် (မှန်ပါ့)၊ ဝမ်းသာမှုကိုပင်လျှင် ကာယကံ, ဝစီကံနဲ့ ပြောကာဆိုကာလုပ်ကာ ကိုင်ကာကော မရှိဘူးလား (ရှိပါတယ်)၊ အဲဒါ ကမ္မဘဝပဲ (မှန်ပါ့)၊ စုတေမနေ သေလွန်တော့ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခဒေါမနဿ ရ-မရ (ရပါတယ် ဘုရား)။
အင်း ဒီသောက ပရိဒေဝဆိုတဲ့ ငိုမှု, စိုးရိမ်မှုတွေ ဒကာ ဒကာမတွေ ရွှင်ပျတာကို အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မို့ ငိုရတာပဲ (မှန်ပါ့ ဘုရား)။
အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မို့ (ငိုရတာပါ)၊ ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဒါက အနာဂတ်ဘဝနဲ့ ဆက်ပြမယ်နော် (မှန်ပါ့)၊ ဒကာကြွယ် ပစ္စုပ္ပန်ဘဝနဲ့ ဆက်ပြကြဦးစို့ (မှန်ပါ့ ဘုရား)။
ယခုဘဝတွင် ဒကာ ဒကာမတို့ ခင်ဗျားတို့ အင်း-ယောကျ်ားသည် မိန်းမရှိမှ တင့်တယ်တယ်၊ မိန်းမကလည်း ယောကျ်ားရှိမှပဲ အထိန်းအအုပ်နဲ့ ကျွေးမည့်လူနဲ့ မွေးမည့်လူနဲ့ ရှိတယ်ဆိုပြီး အိမ်ထောင်ကျ ရွှင်ပျကြတယ်နော် (မှန်ပါ့ ဘုရား)။
တော်တော်ကြာကျတော့ သားသေ, လင်ဆုံးဆိုတဲ့ကိစ္စတွေ မကြုံရဘူးလား (ကြုံရပါတယ်)၊ မကြုံတဲ့ပုဂ္ဂိုလ် ရှားပါတယ် (ရှားပါတယ်)၊ အဲဒီတော့ ဘာဖြစ်ရမလဲ (ငိုရမယ်)၊ အိမ်ထောင်ကျချင်တုန်းကတော့ (ရွှင်ပျပါတယ်)၊ အေး ရွှင်ပျကြတယ်နော် (မှန်ပါ့ ဘုရား)။
အိမ်ထောင်ကျတုန်းကတော့ ရွှင်ပျကြတယ် ဒကာ ဒကာမတို့ နောက်ကျတော့ ငိုရတယ် (မှန်ပါ့)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။
အကြားအမြင်ရှိရင်တော့ ပြောင်းလို့ လွှဲလို့ရပါတယ်
ဪ ဒီဟာတွေဟာ ပစ္စုပ္ပန်မှာလည်း ဒကာကြွယ် ဒီအတိုင်းလာပါတယ် (လာပါတယ်)၊ သံသရာမှာ ကော (ဒီအတိုင်းလာပါတယ်)၊ ဖြုတ်လို့ရသေးရဲ့လား (မရပါ)၊ အကြားအမြင်ရှိရင်တော့ ပြောင်းလို့ လွှဲလို့ရပါတယ် (ရပါတယ် ဘုရား)။
အကြားအမြင်ရှိရင် (ပြောင်းလို့လွှဲလို့ ရပါတယ်ဘုရား)၊ ဒါဖြင့် ဒကာကြွယ် အကြားအမြင်မရှိတာလောက် ကျုပ်တို့မှာဖြင့် နောက်ပိုင်း ဒုက္ခရောက်တာ ဘယ်ရှာတွေ့တော့မတုံး (မတွေ့ပါ)၊ ဒကာသစ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
အကြားအမြင်မရှိတာ နောက်ပိုင်း ငိုရတာ လမ်းဆုံးပါတယ် (မှန်ပါ့ ဘုရား)။
အကြားအမြင်မရှိတာသည် (ငိုရတာ လမ်းဆုံးပါတယ်)၊ ဘယ်အိမ်မှာသွားကြည့်ကြည့် ၊ တော်တော်ကလေး အရွယ်လေးဆယ်, ငါးဆယ်, ခြောက်ဆယ်ကျလို့ရှိရင်ဖြင့်၊ မသေသေးတဲ့အိမ် ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အင်း-ဒါဖြင့် နဂိုတုန်းကတော့ ဒီသား, ဒီသမီး, ဒီခင်ပွန်းမနဲ့ ရစတုန်းကတော့ဖြင့် တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေး ရှိကြတုန်းကတော့ဖြင့် ရွှင်ပျကြတာ အမှန်ပဲ (မှန်ပါ့ ဘုရား)။
နောက်ကျတော့ နာနာဘာဝ ဝိနာဘာဝဆိုတဲ့ သေကွဲ-ရှင်ကွဲက ရှိတယ် (ရှိပါတယ် ဘုရား)၊ မရှိဘူးလား (ရှိ ပါတယ် ဘုရား)။
အဲဒီကျလာတော့ ကဲ စဉ်းစားကြ ဘာဖြစ်ကြသတုံး (ငိုရပါတယ်)၊ နဂိုကတော့ ဘာတဲ့ (ရွှင်ပျပါတယ်)၊ နောက်တော့ ဘာဖြစ်သတုံး (ငိုရပါတယ်)၊ ဪ ဒါ ဘယ်ပုဂ္ဂိုလ်တုံးလို့ အကဲခတ်ဦး (အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ် ပါ ဘုရား)။
အရိယာတို့၏စကားကို ကြားဖူးအောင် နားထောင်စမ်းပါ
ဒါဖြင့် ဒကာကြွယ်ရေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သုတဝါ အရိယသာဝကော”ဆိုတဲ့ဥစ္စာ တယ် အရေးကြီးပါကလား (ကြီးပါတယ်)၊ အကြားအမြင်များဖို့ မင်းတို့ ဂရုစိုက်ကြစမ်းပါကွာ (မှန်ပါ့)၊ အရိယာတို့၏စကားကို ကြားဖူးအောင် နားထောင်စမ်းပါကွာ (မှန်ပါ့)၊ ဘုရားက ဟောတာ ဘုရားက အရိယာကိုးဗျ (မှန်ပါ့ ဘုရား)။
အရိယာတို့၏စကားကို ကြားဖူးအောင်တော့ လုပ်ထားကြစမ်းပါကွာဆိုတာ ရွှင်ပျတဲ့ပုဂ္ဂိုလ် ငိုရမှာစိုးလို့ ပြော တာ (မှန်ပါ့ ဘုရား)။
ရွှင်ပျတဲ့ပုဂ္ဂိုလ် (ငိုရမှာစိုးလို့ပြောတာ)၊ အခုတော့ဖြင့် ဒကာကြွယ် မြို့ထဲလျှောက်လည်စမ်းပါဗျ၊ ဟိုအိမ်သွား ပြန်လို့ရှိရင်လည်း သူ့အပူကလေးနဲ့သူ (မှန်ပါ့)၊ နောက်လျှောက်လိုက်ပြန်ကော (သူ့အပူကလေးနဲ့ သူပါ)၊ ရှေ့ဘက် လှည့်လိုက်ဦး ဒကာကြွယ်ရ (သူ့အပူကလေးနဲ့သူပါ)၊ ဒကာကြွယ် ဒါနဲ့ချည့် ဧည့်ခံနေတာများတယ် (မှန်ပါ့ ဘုရား)။
အဲဒါ သူတို့ ဘယ်ကလာတယ်လို့ လက်သည် အခုထက်ထိ ရှာမတွေ့သေးဘူး (မတွေ့ပါ)၊ အခု ဒီမှာ တရား နာတဲ့ ဒကာ ဒကာမတွေကျတော့ တွေ့ပြီ ဒကာသစ်ရေ (မှန်ပါ့)၊ အင်း ဘယ်ကလာတာပါလိမ့် (ရွှင်ပျတာက လာတာပါ ဘုရား)။
နဂိုက တည်ထောင်စက ရွှင်ပျတယ် (မှန်ပါ့)၊ သားသမီးရစက ရွှင်ပျတယ် (မှန်ပါ့)၊ အခုတော့ ဒါဖြင့် ဘယ့် နှယ်နေကြသတုံးလို့ဆိုတော့ ဒကာသစ် အိမ်တွေလည်တော့ ငိုရတာပဲ တွေ့တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကြည့်စမ်းပါဦး ကျုပ်တို့ဖြစ်တဲ့ ဖြစ်စဉ်များ ပြောပါရစေဦး ထိုင်စမ်းပါဦး-ဘာများဧည့်ခံရမှာတုံး အောက်မေ့ တယ်၊ ငိုရတာ ပြောနေတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘာပြောလေ့ ဆိုလေ့ရှိသတုံး (ငိုရတာ ပြောလေ့ဆိုလေ့ရှိပါတယ် ဘုရား)။
သူ့စီးပွားရေးကလည်း အကြောင်းမညီညွတ်ဘူး၊ အိမ်မှာရှိတဲ့ လူတွေကလည်း ထော်လော်ကန့်လန့်ဖြစ်နေကြ တယ်၊ တစ်ရပ်တစ်ကျေးသွားတဲ့ ပုဂ္ဂိုလ်ကလည်း အခု ဘယ်မှ သတင်းမကြားဘူး (မှန်ပါ့)၊ အံမာလေး- ဦးလှဘူး ဒါနဲ့ပဲ ဧည့်ခံနေတယ် (မှန်ပါ့ ဘုရား)။
ဧည့်ခံတော့ ဒကာကြွယ်တို့ကလည်း ဘယ့်နှယ်ပြောခဲ့ရသတုံး မတတ်နိုင်ဘူးဟေ့ (မှန်ပါ့)၊ ဒါပဲ သူပြောတတ် တာပဲ (မှန်ပါ့)၊ ကိုယ်မှ အကြားအမြင်မရှိတော့ မတတ်နိုင်ဘူး ပြောလိုက်ရတာပဲ (မှန်ပါ့ ဘုရား)။
အဲဒါ့ကြောင့် ဘုရားက “သုတဝါ အရိယသာဝကော” (မှန်ပါ့)၊ သုတဝါ=အကြားအမြင် ပညာနဲ့ ပြည့်စုံသော၊ အရိယသာဝကော=အရိယာတို့၏ တပည့်သားတစ်ယောက်မင်းတို့လုပ်ကြ (မှန်ပါ့)၊ ရွှင်ပျတဲ့နောက်က ငိုရတဲ့အလုပ်ကို မလိုက်ရအောင် ကြားဖူးတဲ့ အရိယာသာဝက ဖြစ်အောင်လုပ်ပါဆိုတဲ့ဥစ္စာ ဒကာကြွယ်မှာတယ် (မှာပါတယ်)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ရွှင်ပျရင် ဘာဖြစ်ရမယ် (ငိုရမှာပါ ဘုရား)၊ မမေ့နဲ့နော် (မှန်ပါ့)၊ ခင်ဗျားတို့က ရွှင်မှုရှိလို့ ရှိရင်ဖြင့် အင်း မိုးမမြင် လေမမြင် ဖြစ်တတ်တယ် (မှန်ပါ့)၊ ငိုချင်လို့ အဲဒါ (မှန်ပါ့)။
ငိုချင်လို့ပါ တဲ့၊ အဲဒီတော့ အခု ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ တပည့်သား-ဘုန်းကြီးများကရော ဘုရားအဆုံးအမကိုယူပြီး ဆုံးမတော့ အရိယာတို့၏ တပည့်သားဖြစ်ကြပါပြီ၊ အဆုံးအမ, ခံတဲ့ပုဂ္ဂိုလ် ကျတော့ (မှန်လှ ပါ)။
တို့-ငိုရအောင် ဆက်မည့် ပဋိစ္စသမုပ္ပါဒ်
အဲဒီတော့ ဒီပဋိစ္စသမုပ္ပါဒ်ဟာ တို့-ငိုရအောင် ဆက်မည့် ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့)၊ တဏှာ, ဥပါဒါန်, ကံတွေ ဟာ ငိုရအောင်လုပ်မှာ (မှန်ပါ့ ဘုရား)၊ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
လုပ်တဲ့အခါကျတော့ ဒကာ ဒကာမတွေက အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မို့ ငိုရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီတဏှာ, ဥပါဒါန်, ကံ မလာအောင် ကျုပ်တို့က ဒီကြားထဲမှာ ရွှင်တဲ့စိတ်ကလေးကို ဒကာကြွယ် ရေ ဖြစ်ပျက်ရှုပါ (မှန်လှပါ ဘုရား)၊ ရွှင်တဲ့စိတ်ကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ရွှင်တဲ့စိတ် ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက် မဂ် (မှန်လှပါ)၊ ဒကာသစ် ဘာတဲ့ (ဖြစ်ပျက်-မဂ်ပါ ဘုရား)။
ဟာ ဒီမဂ်ဟာ ဘာဖြတ်လိုက်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ငိုရမည့်တရားတွေ ဖြတ်ချလိုက်တယ် (မှန်ပါ့)၊ တဏှာ ဥပါဒါန် ကံတွေ ဘယ့်နှယ်တုံး (ဖြတ်ချပါတယ် ဘုရား)။
ဒါဖြင့် အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်မှာတော့ ရွှင်ပျလို့ မဂ်ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အကြား အမြင်ရှိတဲ့ပုဂ္ဂိုလ်မှာ (ရွှင်ပျလို့ မဂ်ရပါတယ် ဘုရား)။
အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာ ရွှင်ပျလို့ ငိုရတယ် (မှန်ပါ့ ငိုရပါတယ်ဘုရား)၊ အံမာ တယ်ခြားနားပါ ကလား (ခြားနားပါတယ် ဘုရား)။
ဒကာသစ်,ရေ ဒီဥစ္စာ ဆဆက္ကသုတ်မှာ လာတယ်၊ ဥပရိပဏ္ဏာသပါဠိတော် ဆဆက္ကသုတ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒါ ကြိုးစားခိုင်းပါကွာ တဲ့၊ မင်းတို့ ဒကာ ဒကာမတွေ သနားလို့ရှိရင်ဖြင့် ရွှင်ပျတဲ့ဥစ္စာ ကို ဇာတ်သိမ်းမှ ငိုရတဲ့ဥစ္စာ ဇာတ်သိမ်းမှာ (ရွှင်ပျတဲ့တရားကို ဝိပဿနာရှုပါမှ ငိုရတာ ဇာတ်သိမ်းမတဲ့ (မှန်ပါ့)။
ဝိပဿနာမရှုရင်
ရွှင်ပျတာကို ခင်ဗျားတို့က ဒီအတိုင်းထားလိုက်လို့ရှိရင်ဖြင့် ကိုင်း တရားတစ်ပွဲလုံးပဲ ဆုံးဖြတ်ချက်ချပါ တော့ ဝိပဿနာမရှုရင် ငိုရတာတော့ လမ်းဆုံးမှာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
ဘယ်လိုပါလိမ့် (ဝိပဿနာမရှုရင် ငိုရတာ လမ်းဆုံးမှာမဟုတ်ပါ ဘုရား)၊ ကြောက်စရာကောင်းလိုက်တာ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ကတော့ တစ်ဖက်တည်းမြင်တယ် (မှန်လှပါ)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတော့ စိုးရိမ်ရှာ လွန်းလို့ ရွှင်ပျရင် ငိုရလိမ့်မယ်ကွာ ဆိုပြီး သောမနဿဝေဒနာဆိုတာ ရွှင်ပျတဲ့ဝေဒနာ၊ သုခဝေဒနာဆိုတာလည်း အတူတူပဲ (မှန်ပါ့ ဘုရား)။
အဲဒါကို ဒကာကြွယ်တို့- ဒကာသစ်တို့- ဆရာဝန်ကြီးတို့က ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
တစ်ခါတည်း နောက်က ဉာဏ်သွင်းလိုက်တယ် (မှန်ပါ့)၊ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်မို့ ဉာဏ်သွင်းလိုက်တယ် (မှန်ပါ့)၊ ဉာဏ်သွင်းလိုက်တော့ ရွှင်ပျတာက အနိစ္စ (မှန်ပါ့)၊ ရွှင်ပျတာရှုတာက (မဂ္ဂပါ ဘုရား)၊ ဆိုတော့ ဒကာသစ် ငိုခြင်း၏အကြောင်းတွေကော ငိုရမှာတွေကော ဇာတ်သိမ်း-မသိမ်း စဉ်းစားစမ်း (ဇာတ်သိမ်းပါတယ် ဘုရား)။
တဏှာ, ဥပါဒါန်, ကံတွေက ငိုခြင်း၏အကြောင်း (မှန်ပါ့)၊ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝတွေက ငိုရတဲ့အကျိုး (မှန်ပါ့)၊ အကြောင်းရော အကျိုးရော ဒကာသစ် ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ် ဘုရား)၊ ဇာတ်သိမ်း တယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ မြင်လိုက်ပလား (မြင်ပါပြီ ဘုရား)၊ ရွှင်ပျတာကို ဝိပဿနာရှုလိုက်တာနဲ့ ငိုခြင်း၏ အကြောင်း ရော ငိုမည့်ကိစ္စပါ ဇာတ်သိမ်းတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
တော်သေးတယ် ဒကာကြွယ်၊ ကျုပ်တို့ ဒီအကြောင်း သိရလို့ (မှန်ပါ့)
နို့မဟုတ်လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုယ့်မှာ ရွှေတွေ, ငွေတွေ, သားကလေး, သမီးကလေး, လိုတာကလေး ပြည့်စုံပြီဆိုမှဖြင့် ရွှင်ပျပြီးသကာလ နေတာဟာ ဒီအတိုင်းပဲ၊ ဝိပဿနာဉာဏ်မသွင်းတော့ဘူး (မှန်ပါ့)၊ မသွင်းတော့ နောက်ဆုံးပိတ် တစ်နေ့ ဒီပစ္စည်းနဲ့ ရှင်ကွဲ,ကွဲပြန်တော့ ငိုရတယ် (မှန်ပါ့)၊ သေကွဲ-ကွဲပြန်တော့ (ငိုရပါ တယ် ဘုရား)၊ ဒကာသစ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
အင်း ဒါက အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်များ ဝိပဿနာရှုရမယ်လို့ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်များမှာ ဖြင့် ရွှင်ပျတာ ငိုရဖို့ပဲ (မှန်ပါ့)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ရွှင်ပျတာဟာ ငိုရဖို့ပါ ဘုရား)။
ကဲ အကြားအမြင်ရှိကြပြီ၊ ဒကာ ဒကာမတွေ အခု ဆရာဘုန်းကြီးက သင်ပြီ ၊ ဘုရားက သင်ပေးပါ ဆိုလို့ ဘုန်းကြီးများက တစ်ဆင့် သင်ပြီ ဒကာကြွယ် (မှန်ပါ့ ဘုရား)၊ ရွှင်ပျတဲ့စိတ်ကလေးကို ကျုပ်တို့က ဘာလုပ်ရ မလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
သူလည်း အနိစ္စပဲ
ဪ သူလည်း အနိစ္စပဲ၊ သင်္ခါရဓမ္မဆိုတော့ သင်္ခါရတရားပါလား၊ အနိစ္စတရားပါလားဆိုပြီး ဒကာသစ် ရှုလိုက်ပြီဗျာ (မှန်ပါ့)၊ ငိုကြောင်းတွေကော ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ် ဘုရား)၊ ငိုမည့်ကိစ္စတွေကော (ပြတ်ပါ တယ် ဘုရား)။
ဪ ဒကာသစ် ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ဒီဥစ္စာတွေ မကောင်းတာတွေ ပယ်နိုင်ပါလိမ့်မတုံးမေး တော့ အကြားအမြင်ရှိလို့ပေါ့ ဘုရား (မှန်လှပါ ဘုရား)၊ ပေါ်ပြီ (ပေါ်ပါပြီဘုရား)။
ဒကာ ဒကာမတွေ ဘယ်လိုကြောင့်ပါလိမ့် (အကြားအမြင်ရှိလို့ပါ ဘုရား)၊ အကြားအမြင်ရှိလို့ (မှန်ပါ့)၊ ဒကာကြွယ်ရေ တယ်ကွာပါလား (ကွာပါတယ် ဘုရား)။
ကဲ တစ်ခါ ခပ်ကြမ်းကြမ်းကလေးနဲ့ပဲ ဒကာ ဒကာမတွေ နားလည်မှု ပြောပါဦးမယ်ဆိုလို့ရှိရင်ဖြင့် ရွှင် ပျတာသည် အသေရဖို့ပဲ (မှန်ပါ့)၊ ဒီဘက် ဇာတိ ဇရာ မရဏ လာသေးတာကိုးဗျ (မှန်ပါ့ ဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
ရွှင်ပျတာသည် (အသေရဖို့ပါ ဘုရား)၊ ဒါက ဘယ်ပုဂ္ဂိုလ်ပါလိမ့်ဗျာ (အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတွေနဲ့ ရှေးက ပုဗ္ဗေစကတပုညတာဆိုတဲ့ ပြုခဲ့ဖူးတဲ့ ကောင်းမှုထူးတွေကရှိလို့ ယခု ဆရာသမားတွေနဲ့ကြုံ၊ သာသနာတော်နဲ့ကြုံ၊ ထောင်တတ်တဲ့နားနဲ့ကြုံ၊ ကြုံလို့ ရွှင်ပျတာကို ဒကာသစ်တို့က ရှုလိုက်ပါ ပြီဗျာ, ဟုတ်လား (မှန်ပါ့)၊ အသေကိစ္စတွေ ဘယ့်နှယ်တုံး (ဇာတ်သိမ်းပါတယ် ဘုရား)။
ဪ နို့မဟုတ်ရင်ဖြင့် ရွှင်ပျမှုသည် အသေရဦးမယ်ဗျာ (မှန်ပါ့)၊ မရပေဘူးလား (ရမှာပါ ဘုရား)။
အသေဇာတ်သိမ်းတယ်
အခုတော့ဖြင့် ရွှင်ပျမှုကို တစ်ခါတည်း ဝိပဿနာရှုပြီး အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်မို့ ဝိပဿနာရှုလိုက်တာ ဒကာကြွယ်,ရေ ရွှင်ပျတာသည် အသေဇာတ်သိမ်းတယ် (မှန်ပါ့)။
ဘယ်လိုပါလိမ့် (ရွှင်ပျတာသည် အသေဇာတ်သိမ်းပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဒီနေ့တရားမှာ ခင်ဗျားတို့ သိပ်အဖိုးတန်တယ်ဆိုတာ ဒကာကြွယ် ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပါ့ ဘုရား)၊ နို့မဟုတ်လို့ရှိရင် ဒကာ ဒကာမတွေက ဘာအလိုရှိသတုံးလို့မေးလို့ရှိရင် တပည့်တော်တဲ့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဟာ တပည့်တော်တို့ အရေးအကြီးဆုံးပဲဘုရာ့ (မှန်ပါ့)၊ ဒါ လူတိုင်းတောင့်တပါတယ် (မှန်ပါ့)။
စိတ်ချမ်းသာ ကိုယ်ချမ်းသာဟာ ဘယ်သူ မတောင့်တတဲ့ ပုဂ္ဂိုလ်ရှိသတုံး (မရှိပါ ဘုရား)၊ အဲ သုခဝေဒနာ တောင့်တကြတယ် (မှန်ပါ့)။
ခန္ဓာထဲမှာ ချမ်းသာမှုကို အလိုရှိကြတယ် (မှန်ပါ့)၊ စိတ်ချမ်းသာ, လက်ချမ်းသာနဲ့ နေချင်လိုက်တာ ဘုရား, မေတ္တာပို့ပေးပါဘုရာ့ (မှန်ပါ့)၊ ဒီလိုများလျှောက်တာတွေ ဘုန်းကြီးတို့ထံမှာဖြင့် ပွေနေတာပဲ (မှန်ပါ့)။
ရွှင်ပျတာကိုဖြစ်ပျက်ရှု
အဲဒီတော့ စိတ်ချမ်းသာ, လက်ချမ်းသာနဲ့ ရှေ့ကိုငိုရမည့်ကိစ္စကို ဇာတ်သိမ်းချင်ကြလို့ရှိရင် ရွှင်ပျတာကို ဒကာကြွယ် ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဒါမှသာလျှင် တဏှာ, ဥပါဒါန်, ကံချုပ်လို့ ဇာတိ, ဇရာ, မရဏဆိုတဲ့ အသေရတာတွေ ငိုရတာတွေ ဒကာ ဒကာမတွေ ဇာတ်မသိမ်းပေဘူးလား (သိမ်းပါတယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါ သိကြားမင်းကို ဟောနေတာနော် (မှန်ပါ့)၊ သိကြားမင်းကို ဟောနေတာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါ သောတာပန်တည်မည့် တရားပါ (မှန်ပါ့)
သောတာပန်တည်မည့်တရားပါ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ရွှင်ပျတဲ့ပုဂ္ဂိုလ်ဟာ အသိ ဉာဏ်မရှိရင် အသေနဲ့အငို ရပါတယ် (မှန်ပါ့)။
အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသေဇာတ်သိမ်း အငိုငြိမ်းပါတယ် (မှန်ပါ့)။
ဘာလုပ်လိုက်ပါလိမ့် ဒကာသစ် (အသေဇာတ်သိမ်း အငိုငြိမ်းပါတယ်)၊ ဘယ်လိုလုပ်လိုက်လို့ပါလိမ့် (ဖြစ်ပျက် ရှုလိုက်လို့ပါ)၊ ဪ ဝိပဿနာဉာဏ်ဝင်လိုက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်ဉာဏ်ဝင်လိုက်ပါလိမ့် (ဝိပဿနာဉာဏ်ဝင်လိုက်ပါတယ် ဘုရား)၊ ဒကာကြွယ် ဘယ်လောက်ကျေးဇူးများ သတုံး (များပါတယ် ဘုရား)။
အင်မတန် ကျေးဇူးများတယ်ဆိုတာ ဒကာ ဒကာမတို့ ခင်ဗျားတို့ အင်မတန် ဘုန်းရှိ ကံရှိတဲ့ ပုဂ္ဂိုလ်တွေမို့ ဆရာဝန်ကြီး ဒီအဓိပ္ပာယ်သိရတာနော် (မှန်ပါ့)၊ သေသေချာချာလာမှာ (မှန်ပါ့)၊ အကြားအမြင်မရှိရင် သေသေချာချာ အသေထည်နဲ့ အငိုဇာတ်ဟာ ခင်းရမယ် (မှန်ပါ့)။
မခင်းချင်ပါဘူးဆိုလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရ မရ (မရပါ ဘုရား)။
ကိုင်း အကြားအမြင်ရှိတော့ တစ်ခါတည်း ရွှင်ပျတာကလေးကို ဒကာကြွယ်တို့, ဒကာသစ်တို့ ဘာလုပ် ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုဆိုတာ ဝိပဿနာတင်လိုက်တာပဲ (မှန်ပါ့)။
ဝိပဿနာတင်လိုက်တော့
ဝိပဿနာတင်လိုက်တော့ ခုနင်ကမြင်တဲ့အတိုင်းပဲတဲ့၊ သူများပြောလည်း မဟုတ်ပါဘူး (မှန်ပါ့)၊ ဒီက ရွှင်ပျ တာ ဒီကဝိပဿနာမဂ်ဆိုပြီး ဝမ်းထဲကဉာဏ်နဲ့နေပြီး ကိုယ့်ရွှင်ပျတဲ့စိတ်ကို ကိုယ့်ဉာဏ်နဲ့ပဲ ရှုလိုက် (မှန်ပါ့)။
ကိုယ့်ဉာဏ်နဲ့ရှုလိုက်တော့ ဟိုလိုက်နေကျ တဏှာ, ဥပါဒါန်, ကံချုပ် (ချုပ်သွားပါတယ်)၊ မရဏတို့, သောက တို့ (ချုပ်သွားပါတယ် ဘုရား)။
ကဲ မရဏဆိုတာ သေရတာ၊ သောကဆိုတာ စိုးရိမ်ရတာ၊ ပရိဒေဝဆိုတာ ငိုကြွေးရတာ (မှန်ပါ့)။
အဲဒါတွေဟာ အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒကာကြွယ်ရေ အသေဇာတ်သိမ်း အငိုငြိမ်းပါတယ် (မှန်ပါ့)၊ တယ်လည်း ထူးခြားပါကလား (ထူးခြားပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ကိုယ့်အကြောင်း ကိုယ်သိကြပြီမဟုတ်လား (သိကြပါပြီ)၊ ကြားရခဲတယ်လို့ပြောတာ ဘုန်း ကြီးက ချီးမြှောက်ပြောတာလား၊ ဒကာ ဒကာမတို့ အခု သေသေချာချာ မျက်မြင်အားဖြင့် မှန်နေသလားဆိုတာလည်း အကဲခတ်ပါဦး (မျက်မြင်အားဖြင့် မှန်နေပါတယ် ဘုရား)။
ဒါ့ကြောင့် ဒီအလုပ်ဟာ မကြိုးစားရင် မဖြစ်ဘူး (မှန်ပါ့ ဘုရာ)။
ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (မကြိုးစားရင် မဖြစ်ပါဘုရား)။
ဒါဖြင့် သုခဝေဒနာ ကိုယ်ပေါ်မှာပေါ်လည်း ဖြစ်ပျက်ရှုပါ (မှန်ပါ့)၊ ဝမ်းထဲပေါ်ရင်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဒီလိုဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဖြစ်ပျက်နဲ့ မဂ်နဲ့ စပ်မိသွားသည်နဲ့ တစ်ပြိုင်နက်တည်း ငိုကြောင်းတွေရော, သေရငိုရတွေရော ဇာတ်သိမ်းပါတယ် (မှန်ပါ့)၊ မသိမ်းပါနဲ့ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)။
ဪ ဒါဖြင့် တို့က ငိုကြွေးပြီး စိတ်ဒုက္ခ ကိုယ်ဒုက္ခရောက်ရမှာများ တပည့်တော်တို့ အစိုးရိမ်ဆုံးဘုရား လို့ ဒကာ ဒကာမတွေ လူတိုင်းလျှောက်ကြမှာပဲ (လျှောက်ပါတယ် ဘုရား)။
ကိုယ်၏ဆင်းရဲခြင်း, စိတ်၏ဆင်းရဲခြင်းဖြင့် တပည့်တော်တို့ဖြင့် ဘယ်တော့မှ မကြုံချင်ဘူး (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘယ်တော့များ ကြုံချင်ကြသလဲ (မကြုံချင်ပါ ဘုရား)၊ မကြုံချင်ပေမယ့်လည်း ခင်ဗျားတို့ ရွှင်ပျတဲ့နောက်ကနေပြီးသကာလ ခင်ရတဲ့ တဏှာလိုက်မယ်၊ စွဲလမ်းတဲ့ ဥပါဒါန်လိုက်မယ်၊ ကာယကံ, ဝစီကံတွေနဲ့ ခင်ဗျားတို့က ပြောလိုက်ဆိုလိုက်နေကြမယ်ဆိုလို့ရှိရင် ငိုရဦးမှာပဲ (ငိုရဦးမှာပါ)၊ ကိုယ်၏ဆင်းရဲခြင်းကော (ဖြစ်ရမှာ ပါ)၊ စိတ်၏ဆင်းရဲခြင်းကော (ဖြစ်ရမှာပါ ဘုရား)။
အကြားအမြင် မရှိပြီဆိုမှဖြင့်
အဲဒါ အကြားအမြင် မရှိပြီဆိုမှဖြင့် ဒကာသစ်ရေ အပါယ်ရောက်သွားမယ် (မှန်ပါ့)။
ကိုင်း ဒါ-အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အပါယ်ရောက်ကြောင်းလည်းသိမ်း (မှန်ပါ့)၊ အပါယ်ထည် တွေလည်းပျောက် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် အပါယ်ရောက်ကြောင်း သိမ်းမှသာလျှင် အပါယ်ရောက်မည့် ခန္ဓာထည်တွေ ပျောက်မယ်ဆိုတာ ဒကာ ကြွယ် ကောင်းကောင်းရိပ်မိပါပြီ (ရိပ်မိပါပြီ)၊ အင်း ရွှင်ပျတဲ့နောက်က မဂ်လိုက်ပါ (မှန်ပါ့)။
ဘယ်လိုဆိုကြမလဲ (ရွှင်ပျတဲ့နောက်က မဂ်လိုက်ရပါမယ် ဘုရား)။
ဒါဖြင့် သောမနဿဝေဒနာပေါ်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ကိုယ်ပေါ်မှာ သုခကလေးပေါ် ရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ကျုပ် တစ်နေ့က နေကောင်းလိုက်တာဆိုတော့ ကိုယ်ပေါ်မှာ သုခပေါ်တာ (မှန်ပါ့)၊ အခုတော့ဖြင့် စိတ်ကို ပျက်လို့ (မှန်ပါ့ ဘုရား)။
အင်း လာပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ သုခကလေးပျောက်သွားလို့ သူ-ဘာဖြစ်နေသတုံး (ဒုက္ခဖြစ်နေ ပါတယ်)၊ စိတ်ပျက်နေတယ်ဆိုတော့ သောကပရိဒေဝဖြစ်ပြီ (မှန်ပါ့ ဘုရား)။
အင်း ဒီ့ထက်များ ဝေဒနာကြီးလာဦးမှာလား မပြောတတ်ဘူး၊ ဒါနဲ့သေမှာပဲလား မပြောတတ်ဘူး (မှန်ပါ့)။
အင်း သုခ သာယာလိုက်တဲ့အတွက် ဒကာ ဒကာမတို့ နောက်ကနေပြီးသကာလ လိုက်လာလိုက်တဲ့ တရားတွေက ဆိုးရွားတာချည့်ပဲဆိုတာ ဘာမှငြင်းနေဖို့ မလိုဘူး (မလိုပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သုခလာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ သောမနဿလာရင် (ဖြစ်ပျက်ရှုရမှာပါ)၊ ဖြစ်ပျက် ရှုလိုက်တော့ အကျိုးယုတ်သလား အကျိုးရှိသလား (အကျိုးရှိပါတယ် ဘုရား)။
ဘယ်လိုသိမ်းကြပါလိမ့်ဗျာ
ဪ နဂိုကတော့ ကျုပ်တို့ ဇာတ်မသိမ်းတတ်ဘူးနော် (မှန်ပါ့)၊ အခုတော့ဖြင့် ဒကာသစ်ရေ ဇာတ်သိမ်း တတ်ပလား (ဇာတ်သိမ်းတတ်ပါပြီ)၊ အသေဇာတ်လည်း သိမ်းတတ်ပါပြီ အငိုဇာတ်ကော (သိမ်းတတ်ပါပြီ)၊ အင်း ဘယ်လိုသိမ်းကြပါလိမ့်ဗျာ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
သုခပေါ်တိုင်း-ပေါ်တိုင်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဒကာကြွယ် သိပ်အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒီဘက်က တဏှာကော သေသွားပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မာနကော (သေ သွားပါပြီ)၊ ဒိဋ္ဌိကော (သေသွားပါပြီ)၊ ဪ ပပဉ္စတရားချုပ်သိမ်းတာ ဝေဒနာရှုလို့ဟေ့ (မှန်ပါ့ ဘုရား)။
ပပဉ္စတရားချုပ်ငြိမ်း ရုပ်သိမ်းတာ (ဝေဒနာရှုလိုပ့ါ ဘုရား)၊ ဒကာကြွယ် ပေါ်ပလားဗျ (ပေါ်ပါပြီ ဘုရား)။
သိကြားမင်းက အရှင်ဘုရား တဲ့၊ ပပဉ္စတရား ဘယ်ကလာသတုံးဆိုတော့ ဝေဒနာကလာတာကွတဲ့-ဘုရား က (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခု ကျုပ်တို့ဝေဒနာရှုလိုက်တော့ ပပဉ္စတွေ ဘယ့်နှယ်နေသလဲ (သေသွားပါတယ်)၊ ဒီဘက်က တဏှာ, ဥပါ ဒါန်တွေ ဘယ့်နှယ်နေကြသလဲ (သေသွားပါတယ်)၊ ဒကာသစ် အဖိုးတန်တယ် (မှန်ပါ့)၊ အဖိုးတန်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဦးလှဘူး နေရာကျပြီ (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတို့ ဘုရားက နိဂုံးချုပ်ကလေးစကားတစ်လုံး ပြောလိုက်ပြန်တယ် (မှန်ပါ့)၊ ငါကွာတဲ့ ဘုရားဖြစ်တဲ့နေ့ကစပြီး အင်မတန်မှ ကြီးကျယ်တဲ့ မင်းတို့မမြင်နိုင်တဲ့ သဗ္ဗညုတဉာဏ်တော်နဲ့ ငါကြည့်လိုက်တယ်တဲ့၊ သုခဝေဒနာ ဖြစ်ပျက်မရှုပဲနဲ့ အသေသိမ်းတယ်၊ အငိုသိမ်းတယ်ဆိုတာ ငါမမြင်ဖူးဘူးကွတဲ့ (မှန်ပါ့ ဘုရား)။
ကိုယ်တော်မြတ်ကြီး ပြောပုံလည်း နားထောင်ပါ ဒကာ ဒကာမတို့ (မှန်ပါ့)၊ သုခဝေဒနာ ဖြစ်ပျက်မရှုပဲနဲ့ အသေသိမ်းတယ်၊ အငိုသိမ်းတယ်ဆိုတာ ငါမမြင်ဖူးဘူးတဲ့ (မှန်ပါ့)၊ သူ့ကိုရှုမှ အသေသိမ်းတယ်၊ အငိုသိမ်းတယ်ဆိုတာ မှန်တယ်ဟေ့တဲ့ (မှန်ပါ့)၊ ဆိုတော့ ဒါနိဂုံးချုပ်လိုက်တဲ့အထဲမှာဖြင့် ဒကာကြွယ် တယ်ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
နတ်ချမ်းသာကြိုက်တာ
ဒါ့ကြောင့် ဒကာ ဒကာမတွေ ချဲ့ထွင်ပြီး ဘုန်းကြီးက သတ်ပေးပြန်တယ်၊ ဒကာ ဒကာမတို့ ဒီဘဝက စုတေ မနေ သေလွန်ရလို့ရှိရင်ဖြင့် နတ်ပြည်များ မကြိုက်ဘူးလားဆိုလို့ရှိရင် ကြိုက်တယ်ပြောကြမှာပဲ (ပြောကြမှာပါ)၊ နတ်ကြိုက်တာလား-နတ်ချမ်းသာကြိုက်တာလား မေးရင်တော့ ဘယ့်နှယ်ဖြေကြမလဲ (နတ်ချမ်းသာကြိုက်တာပါ ဘုရား)။
ဟာ ဒါဖြင့် သုခဝေဒနာကြိုက်ပြီ၊ နတ်ပြည်သွားပြီး ငိုဦးတော့မယ် (မှန်ပါ့)၊ နတ်ပြည်သွားပြီး သေဦးတော့ မယ် (မှန်ပါ့)၊ မသေရပေဘူးလား (သေရမှာပါ)၊ မငိုရပေဘူးလား (ငိုရမှာပါ)၊ ဒါ ချမ်းသာကြိုက်လို့ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မျိုး နတ်ပြည်ဆုတောင်း ဗြဟ္မာ့ပြည်ဆုတောင်းတာပဲ (မှန်ပါ့ ဘုရား)။
ဉာဏ်နားနဲ့ထောင် ဉာဏ်နားနဲ့ထောင် ဒကာ ဒကာမတို့ တရားကတော့ဖြင့် မှန်လိုက်တာ လွန်နေပြီ (မှန်ပါ့)၊ ဉာဏ်နားနဲ့ထောင်ကြည့်တော့မှ ဪ တို့ နတ်ပြည်တောင်းတာဟာ ချမ်းသာလိုချင်လို့ကိုး (မှန်ပါ့ ဘုရား)။
ချမ်းသာဆိုတာ သုခဝေဒနာ (မှန်ပါ့)၊ အဲဒီသွားပြီး သုခဝေဒနာကြိုက်တဲ့ ဒကာ ဒကာမတွေ ဒါက သုခ ဝေဒနာ၊ ဒါက ကြိုက်တဲ့တဏှာ (မှန်ပါ့)၊ ဒီတဏှာ, ဥပါဒါန်, ကံတွေကြောင့် ဒီနတ်ဇာတိ, ဇရာမရဏ ရ,မရ (ရပါ တယ်)၊ နတ်တို့၏ သောကပရိဒေဝ ရ,မရ (ရပါတယ် ဘုရား)။
ဪ-ဒါဖြင့် ဒကာ ဒကာမတို့ နတ်ချမ်းသာဆုတောင်းတဲ့ပုဂ္ဂိုလ်များဟာဖြင့် သေချင်သေးလို့ ငိုချင်သေးလို့ ပျိုးပြန်တာပဲ (မှန်ပါ့ ဘုရား)။
ဉာဏ်နားနဲ့ထောင်ပါ (မှန်ပါ့)၊ ဉာဏ်နားနဲ့ထောင်တော့ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ဒကာကြွယ် နတ် ချမ်းသာများ ဖြစ်ချင်သေးသလား (မဖြစ်ချင်ပါ)၊ ဘာကြောက်သွားသတုံး (ငိုရမှာ, သေရမှာ ကြောက်ပါတယ်)၊ ငိုရ မှာနဲ့ သေရမှာက ပါလာတယ် (မှန်ပါ့)၊ မပါပေဘူးလား (ပါပါတယ် ဘုရား)။
အင်း နတ်ခန္ဓာကြီးရတော့ ဒကာ ဒကာမတွေ တော်တော်ကြာတော့ နတ်တို့၏ သေကွဲ,ရှင်ကွဲကိစ္စ (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ်)၊ သေကွဲဆိုတော့ အသေရတာပဲ (မှန်ပါ့)၊ ရှင်ကွဲဆိုတော့ အငိုရတယ် (မှန်ပါ့)၊ ဒီနှစ်ခု လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
အသေလည်းရ အငိုလည်းရ
ဒါဖြင့် ဒကာကြွယ် အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်များမှာ သုခဝေဒနာတောင့်တ၊ နတ်ချမ်းသာတောင့်တတယ် ဆိုတဲ့ဥစ္စာ ငိုချင်လို့ သေချင်လို့ပါပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုပါလိမ့် (ငိုချင်လို့ သေချင်လို့ပါ)၊ ဘုရားလည်းသွားပြီး ဆုတောင်းတယ် (မှန်ပါ့)၊ လှူဒါန်းပေးကမ်း ပြီးသကာလလည်း ဘာတုံး (ဆုတောင်းပါတယ်)၊ ဪ-ပစ္စည်းလည်းကုန် အသေလည်းရ အငိုလည်းရ (မှန်ပါ့)၊ ကြောက်စရာကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား)။
အကြားမြင်မရှိတော့ ဒကာကြွယ် ပစ္စည်းကလည်း လှူတာတန်းတာ ကုန်သေးတယ် (ကုန်ပါတယ်)၊ ရတော့ ဘာတွေရသလဲ (အငိုတွေ အသေတွေ ရပါတယ်ဘုရား)။
အငိုနဲ့အသေတွေ ရတယ်ဆိုတော့ ဆရာဝန်ကြီးတို့ စဉ်းစားကြည့်တာပေါ့၊ အကြားအမြင်မရှိတဲ့ လူများ၏ အလုပ်ဟာဖြင့် အသေဆုတောင်း, အငိုဆုတောင်းယူတာပဲ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ပြောင်းပြန်ဖြစ်နေသလားလို့ မေးတော့ တရားက မှန်ပါရဲ့၊ ခင်ဗျားတို့နားက ပြောင်းပြန်ဖြစ်နေ တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဗြဟ္မာ့ပြည် ဆုတောင်း၊ စကြဝတေးမင်းဆုတောင်း ဒီသား, ဒီသမီး, ဒီမြေး, ဒီမြစ်နဲ့ ပြန်တွေ့ဖို့ရာဆုတောင်းတဲ့ ပုဂ္ဂိုလ်ဟာလည်း ဘာတွေရမယ် ထင်ကြသတုံး (အငိုနဲ့အသေ ရမှာပါဘုရား)။
ဟာ ဒကာကြွယ် သုခဝေဒနာဆုတောင်းမယ် ဒါချည့်ရမှာပဲ (မှန်ပါ့)၊ သူတို့နဲ့နေရမှ ချမ်းသာမှာကိုး (မှန်ပါ့)၊ အဲဒီချမ်းသာဆုတောင်းလိုက်တဲ့ ပုဂ္ဂိုလ်ဟာတဲ့ ဆင်းရဲပဲ ရရှာတယ် (မှန်ပါ့ ဘုရား)။
ချမ်းသာဆုတောင်းတာ (ဆင်းရဲပဲ ရပါတယ်)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါ့ကြောင့် ဦးလှဘူးတို့ ဒီအရွယ်ကြီးကျမှ၊ ဦးလှဘူးတို့ ဒီအရွယ်ကြီးကျမှ တော်-တော်သေးရဲ့ ပြင်ချိန်ကလေး ရလိုက်သေးလို့ ဒကာသစ်ရ၊ တော်သေးတယ်နော် (မှန်ပါ့ ဘုရား)။
ပြင်လို့မရပဲနဲ့ သူ့ဟာသူဟုတ်ပြီး သေသွားတဲ့ပုဂ္ဂိုလ်တွေဖြင့် ဒကာကြွယ်ရေ ကိုယ်ကျိုးနည်းကုန်ကြပြီ (နည်းပါ ပြီ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
သူ့ဟာသူတော့ ဟုတ်နေတာပဲ (ဟုတ်ပါတယ်)၊ သူ့ဟာသူသာဟုတ်၊ အကြားအမြင်မရှိလို့ ဟုတ်ရရှာတာ (မှန်ပါ့)၊ အကြားအမြင်မရှိတော့ ကြည့်စမ်း-နတ်ဆိုတဲ့ ချမ်းသာကြီး လိုချင် ဗြဟ္မာဆိုတဲ့ ချမ်းသာကြီး လိုချင်, သားနဲ့ သမီးနဲ့ ပြန်တွေ့ချင်ပြီး ချမ်းသာလိုချင်တယ် (မှန်ပါ့)၊ အဲဒီချမ်းသာဆိုတာ ဝေဒနာက္ခန္ဓာ (မှန်ပါ့)၊ အဲဒီ့ဝေဒနာက္ခန္ဓာ တောင့်တတဲ့ ပုဂ္ဂိုလ်ဟာ အသေနဲ့အငိုရမှာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာရမှာပါလိမ့် (အသေနဲ့အငို ရမှာပါဘုရား)။
သူ့ဖြစ်စဉ်ကိုက တန်းနေတာ
အသေနဲ့အငိုနဲ့ ရတယ်ဆိုတဲ့ဥစ္စာကဖြင့် ဘုန်းကြီးက စကားတတ်လို့ ဒကာ ဒကာမတွေ စိတ်ဓာတ်ဆွဲနိုင်လို့ မဟုတ်ပါဘူးတဲ့ (မှန်ပါ့)၊ သူ့ဖြစ်စဉ်ကိုက တန်းနေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သူ့ဖြစ်စဉ်ကိုက တန်းတော့ ဒီဥစ္စာ ဘုန်းကြီးက လွှဲဟောလည်းဟာ မင်းသည်ကား ပြုံးသာပြုံးပါကွာ၊ ဆုသာတောင်းပါကွာ၊ ကောင်းစားပါလိမ့်မယ်လို့ ဘုန်းကြီးကလည်း မဟောနိုင်ဘူး (မှန်ပါ့)၊ ဒီတန်းနေတဲ့သဘောက ဒကာသစ် ငြင်းလို့ရသေးရဲ့လား (မရပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး နိဂုံးချုပ်တဲ့တစ်လုံး မှတ်လိုက်ပါဦး ဒကာကြွယ် (မှန်ပါ့)။
သုခဝေဒနာဖြစ်ပျက်မရှုပဲနဲ့ အသေဇာတ် အငိုဇာတ် ရပ်လိမ့်မယ်လို့ ငါ-ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ့)၊ မကုန်သေးဘူးလား စကား (ကုန်ပါတယ် ဘုရား)။
ဒကာကြွယ် ကုန်ပြီ (မှန်ပါ့)၊ သုခဝေဒနာ မရှုပဲနဲ့ အသေရပ် ဟုတ်လား (မှန်ပါ့)၊ အငိုရပ်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ့)။
ကဲ သူ့အမြင် ဘယ်လောက်ကျယ်သတုံး (ကျယ်ပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တရားမများသေးပါဘူး ဒကာကြွယ်၊ တစ်လုံးတည်းဟောတုန်း ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာသစ်က ဆုံးဖြတ်ချက်ချ၊ သုခဝေဒနာ ဆုတောင်းယူတဲ့ ပုဂ္ဂိုလ် လူသုခ, နတ်သုခတွေ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဆုတောင်းယူတဲ့ပုဂ္ဂိုလ်များ
ဆုတောင်းယူတဲ့ပုဂ္ဂိုလ်များ အကြားအမြင် ရှိ, မရှိ အကဲခတ်စမ်း (အကြားအမြင်မရှိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ နောက်တောင်းတာမြင်လို့ရှိရင် ကိုယ်တိုင်တောင်းလည်း မင်းဟာ မျက်စိကန်းတစ္ဆေမကြောက် မင်းလုပ်နေတာလားလို့ ကိုယ့်ဟာကိုယ်မေး (မှန်ပါ့)။
သူများတောင်းတာမြင်လို့ရှိရင် ဪ မသိရှာလို့ကိုးဆိုပြီး မကဲ့ရဲ့နဲ့တော့ လှည့်သာပြန်ခဲ့ (မှန်ပါ့)၊ အတော် ဆိုးတယ် (ဆိုးပါတယ် ဘုရား)။
ဒကာကြွယ် ခင်ဗျားတို့ ဘုရားဖူးသွားတိုင်း သွားတိုင်း အို-တောင်းနေလိုက်တာ သုခတွေချည့် တောင်းနေတာ ပဲ (မှန်ပါ့)။
ဘာတွေများ တောင်းနေကြသလဲ (သုခတွေချည့် တောင်းနေပါတယ် ဘုရား)။
အင်း ဒကာသစ်တို့က စိတ်ထဲက ဆုံးဖြတ်ချက်ချစမ်း ၊ ဒကာကြွယ်တို့က ဆုံးဖြတ်ချက်ချစမ်း၊ ဘုန်းကြီး တို့ တရားတစ်ပွဲလုံးက ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချစမ်း- သူ နတ်ပြည်တောင်း, ဗြဟ္မာ့ပြည်တောင်း သူ့သား သမီးတွေနဲ့ ပြန်ပြီးပေါင်းဖို့ရာတောင်း၊ အင်း ဘာတွေများ ရရှာမှာပါလိမ့်မတုံး (အိုဘေး, နာဘေး, သေဘေး ရမှာပါ ဘုရား)။
ကဲ သနားစရာမကောင်းဘူးလား (မှန်ပါ့)၊ သနားစရာ သိပ်ကောင်းတယ် (ကောင်းပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုတဲ့ (သနားစရာ သိပ်ကောင်းပါတယ်ဘုရား)၊ ဉာဏ်နဲ့ သေသေချာချာကြည့်မှနော် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဒီဉာဏ်တရားကို ခင်ဗျားတို့ မနာရလို့ရှိရင်ဖြင့် ဒကာကြွယ်ရေ- ဒီဘဝ လူဖြစ်ကျိုး မနပ်သေးပါ ဘူး (မှန်ပါ့)၊ နပ်ပါ့မလား (မနပ်ပါ ဘုရား)၊ အတော်ကိုရှုံးတယ် (ရှုံးပါတယ် ဘုရား)။
ရှုံးလိုက်တာမှ ဒကာ ဒကာမတို့ တစ်သံသရာလုံး ဆည်မရအောင် ရှု့းတယ် (မှန်ပါ့)။
ဘယ်လိုရှုံးပါလိမ့် (ဆည်မရအောင် ရှုံးပါတယ်)၊ ဦးလှဘူး တော်သေးတယ်နော် (မှန်ပါ့)၊ တော်သေးတယ် အသေမစောတဲ့ ဒကာ ဒကာမတွေမို့ တွေ့ကြ, ကြုံကြသေးတယ် (မှန်ပါ့ ဘုရား)။
အသေသာစောသွားတဲ့ ပုဂ္ဂိုလ်တွေဖြင့် ကိုယ်ကျိုး အကြီးအကျယ် နည်းကုန်ကြပြီလို့ ခင်ဗျားတို့ ဆုံးဖြတ်ချက် ချရင် မလွဲပါဘူး (မလွဲပါ ဘုရား)၊ လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒီ့ပြင်လူမကြည့်နဲ့ ကိုယ့်အမေ, ကိုယ့်အဖေတွေ ပြန်မျှော်လိုက် သူများတစိမ်းကြည့်ရတာ ဝေးတယ် (မှန်ပါ့)။
ရိုးရိုးပဲ ဒီအတိုင်းပဲ သေသွားလေသလား
ကိုယ့်အမေ, ကိုယ့်အဖေတို့ ဪ ဒီလိုများ သိသွားရှာသလား၊ ဒီအလုပ်ပဲ လုပ်သွားလေသလားဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချယူ (မှန်ပါ့)။
ဒီလိုပဲ ဝေဒနာဖြစ်ပျက်ရှုသွားလေသလား ၊ ရိုးရိုးပဲ ဒီအတိုင်းပဲ သေသွားလေသလား၊ နောက်ဘဝ ချမ်းသာ ရေးကို အလိုရှိပြီး သေသွားလေသလားလို့ မေးလို့ရှိရင် သူတို့ဟာသူတို့ သူတို့ပြောသံတွေ နားထောင်ပြီး ဆုံးဖြတ်ချက် ချလိုက်ရင်ပဲ တည့်နေပြီ (တည့်နေပါပြီ)၊ မတည့်သေးဘူးလား (တည့်ပါပြီ ဘုရား)။
တည့်တော့ ဒကာ ဒကာမတွေက ဪ နစ်နာသွားရှာတယ် (မှန်ပါ့ ဘုရား)၊ သူကိုယ်တိုင် သိလာတယ် (သိပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် သူတို့ နစ်နာသွားပြီလို့ ခင်ဗျားတို့က ပြောနိုင်ရသတုံး စကားကြီး စကားကျယ်နဲ့လို့ သူများ က ပြောချင်ပြောလိမ့်မယ် ၊ ခင်ဗျားတို့က သုတဝါအရိယသာဝကော သွားဖြစ်တယ် (မှန်ပါ့)။
ဘယ်လိုဖြစ်သွားသတုံး (သုတဝါ အရိယသာဝကောဖြစ်သွားပါတယ်)၊ အရိယာတို့၏တပည့်သား အကြား အမြင်များတဲ့ပုဂ္ဂိုလ် ဖြစ်သွားတယ် (မှန်ပါ့)၊ ဒါ့ကြောင့် ခင်ဗျားတို့က ဖြတ်တတ်တယ် (မှန်ပါ့)။
သူ့ခမျာများ မဖြတ်ပဲနဲ့ တန်းလန်းကြီး ဟိုဘဝကျအောင်ပဲ ငိုပွဲ,သေပွဲခင်းနေပြီ (မှန်ပါ့)၊ မခင်းသေးဘူးလား (ခင်းပါတယ် ဘုရား)။
ဒကာဦးလှဘူးရေ-အကြားအမြင်များမှုဟာ သုတဝါအရိယသာဝကော ဆိုတဲ့ စကားတစ်လုံးဟာ ဒကာသစ် ဘယ်လောက်အဖိုးတန်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒုက္ခဝေဒနာကလေး လှည့်ကြဦးစို့ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ ဒုက္ခဝေဒနာကလေး ရောက်ကြတယ် ဒကာ ဒကာမတွေက ကိုယ်ပေါ်မှာ အနာပေါက်ကြတယ် ၊ အင်း သားတွေက ထော်လော် ကန့်လန့်ဖြစ်လို့ သားတွေက တစ်ရပ်တစ်ကျေး မပြောမဆိုပဲနဲ့ ထွက်သွားလို့ ငွေကုန်လူပန်းနဲ့ ရှာရ, ဖွေရဆိုတဲ့ စိတ် ဒုက္ခတွေလည်း ရှိကြတယ် (ရှိပါတယ် ဘုရား)။
အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ကျတော့
အဲဒီ့စိတ်ဒုက္ခတွေကိုတဲ့ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီဒုက္ခနောက်ကနေပြီး ဒေါမနဿလိုက်တယ် (မှန်ပါ့)၊ ဒေါမနဿနောက်ကနေပြီး သောကလိုက်တယ် (မှန်ပါ့)။
သောကနောက်ကနေပြီး မျက်ရည်သုတ်ကာ-သုတ်ကာနဲ့ ပရိဒေဝလိုက်တယ် (မှန်ပါ့)၊ နောက်ကျတော့ ပြင်း စွာ ပင်ပန်းခြင်းဆိုတဲ့ အိပ်မပျော်တာ လာတယ် (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
တစ်ခါတည်း ဒါတွေလိုက်တဲ့အခါကျတော့ ဒိဥစ္စာဟာတဲ့ သိတဲ့ပုဂ္ဂိုလ်ဖြစ်တာလား၊ မသိတဲ့ပုဂ္ဂိုလ်ဖြစ်တာလား (မသိတဲ့ပုဂ္ဂိုလ်ဖြစ်တာပါ ဘုရား)။
ဒါဖြင့် ဒီလိုတွေးလိုက်ပါဦးတဲ့ သူ့မှာ ဒုက္ခဝေဒနာနောက်က ဒေါသ, သောက, ပရိဒေဝ, ဥပါယာသလိုက်တာ မသိလို့ ဒီထဲလည်းလူက အဝိဇ္ဇာပါတယ် (မှန်ပါ့)။
ဒီအထဲမှာ (အဝိဇ္ဇာပါပါတယ်)၊ အဝိဇ္ဇာတွဲလျက်ပါပဲ (မှန်ပါ့)၊ ဒုက္ခထဲလည်း (အဝိဇ္ဇာတွဲလျက် ပါပါတယ်)၊ ဒေါမနဿထဲလည်း (အဝိဇ္ဇာတွဲလျက်ပါ ဘုရား)။
ဟော ဥပါယာသထဲမှာကော (အဝိဇ္ဇာတွဲလျက် ပါပါတယ်)၊ အဝိဇ္ဇာတွဲတော့ သူ့နှစ်ခုတွဲကြီးသွားတယ် (မှန်ပါ့ ဘုရား)။
နှစ်ခုတွဲသွားတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဒီလိုသွားလိုက်ပါဦး၊ ဒီအထဲ အဝိဇ္ဇာတွေက ပါနေတော့ အဝိဇ္ဇပစ္စယာ (သင်္ခါရာပါ ဘုရား)။
ဟော သေသည်၏အခြားမဲ့၌ ဟောဒီသင်္ခါရနှစ်ခုပေါ်တယ် (မှန်ပါ့)၊ ခန္ဓာဖြစ်ကြောင်း သင်္ခါရနှစ်ခု လာပေါ်တယ် (မှန်ပါ့)၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ ခန္ဓာငါးပါး လာပေါ်တယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာ ဒုက္ခရောက်လို့ရှိရင်ဖြင့် ငိုပွဲနဲ့သေပွဲ ပြန်ရပြန်ပြီ (မှန်ပါ့)။
အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ (ငိုပွဲ သေပွဲ ပြန်ရပါတယ်)၊ သူ့မှာ ဒုက္ခဖြစ်ရင် ငိုပွဲနဲ့သေပွဲ ပြန်ရတယ် (မှန်ပါ့)။
သူ-ဒုက္ခဖြစ်ရင် (ငိုပွဲနဲ့သေပွဲ ပြန်ရပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒါတွေ မကြားရဘူးဆိုလို့ရှိရင် ဒကာကြွယ် အင်မတန် နစ်နာသွားပြီ (နစ်နာ ပါတယ် ဘုရား)။
သူ့မှာ ဒုက္ခဖြစ်တိုင်းဖြစ်တိုင်း ဒီတရားတွေက မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်လို့ရှိရင် စုတေမနေ သေလွန်တဲ့အခါကျတော့ ငိုပွဲ, သေပွဲက (လာပါတယ် ဘုရား)၊ မလာပါနဲ့ဆိုလို့ ရပ်ဆိုင်းလို့ (မရပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်အတိုင်း သွားမှာပဲ
ကိုင်း တရားတစ်ပွဲလုံး စဉ်းစားတာပေါ့၊ ဒီပဋိစ္စသမုပ္ပါဒ်အတိုင်း သွားမှာပဲ (မှန်ပါ့)၊ ဒါ ဘုန်းကြီးက မဖြစ်ပါစေနဲ့လို့ ဆုပေးလို့လည်းမရဘူး (မှန်ပါ့)၊ ခင်ဗျားတို့ဝမ်းထဲ ဖြစ်နေတာ ဒီက မဖြစ်ပါစေနဲ့ ဆုပေးလည်း ပို နေတာပဲ (ပိုပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားရှေ့သွားပြီးသကာလ ခင်ဗျားတို့ ဒီဟာတွေ လုပ်ထားလို့ရှိရင်ဖြင့် ဒီအကျိုးပေးမဖြစ်ပါရစေနဲ့ဆိုလို့ကော (မရပါ ဘုရား)၊ ဒကာသစ် ရပါ့မလား (မရပါ ဘုရား)။
ဘုရားလည်း မတားနိုင်ဘူး (မှန်ပါ့ ဘုရား)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်က ကိုယ့်အကြောင်းက ကိုယ်လုပ်ထားတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူလုပ်ထားတာတုံး (ကိုယ့်ပဋိစ္စသမုပ္ပါဒ်က ကိုယ်လုပ်ထားတာပါ ဘုရား)၊ ကိုယ့်အကြောင်းကို ကိုယ် လုပ်ပြီး ကိုယ်အကျိုး ကိုယ်ခံနေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်အကြောင်း ကိုယ်လုပ်ပြီးသကာလ (ကိုယ့်အကျိုး ကိုယ်ခံနေတာပါ ဘုရား)။
အဲဒါ အကြားအမြင်ရှိလို့လား မရှိလို့လား (မရှိလို့ပါ ဘုရား)။
ဒါဖြင့် အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ်များ ကိုယ်ပေါ်မှာ ဒုက္ခပေါ်ပေါ်၊ စိတ်ထဲပေါ်ပေါ်တဲ့ ပစ္စုပ္ပန်မှာလည်း ဆင်းရဲ (မှန်ပါ့ ဘုရား)၊ သံသရာမှာလည်း ငိုပွဲ, သေပွဲခင်း (မှန်ပါ့)၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
ပစ္စုပ္ပန်ကော (ဆင်းရဲပါတယ် ဘုရား)၊ သံသရာကျတော့ကော (ငိုပွဲ, သေပွဲ ခင်းရပါတယ်ဘုရား)။
ဒကာသစ် ဒါ အကြားအမြင်ရှိလို့လား-မရှိလို့လား (မရှိလို့ပါ ဘုရား)၊ ဒကာကြွယ်,ရေ လွန်ကုန်ပြီ (မှန်ပါ့ ဘုရား)။
အကြားအမြင်မရှိတာလောက် ဒကာသစ်တို့-ဒကာကြွယ်တို့ ဆိုးရွားတာ မိုက်မှားတာ ရှာမတွေ့ဘူး (မတွေ့ပါ ဘုရား)၊ သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။
ဒါ့ကြောင့် သောတာပန်တည်ချင် မင်းတို့ တရားနာဦးကွဆိုတာ ဒကာသစ် ဟောထိုက်-မဟောထိုက် (ဟော ထိုက်ပါတယ် ဘုရား)။
တရားမနာလို့ရှိရင် အကြားအမြင်က ဘယ့်နှယ်နေသလဲ (မရှိပါ ဘုရား)။
မရှိတော့ သူ့မှာ ဒုက္ခရောက်လို့ရှိရင်ဖြင့် ပစ္စုပ္ပန် ဒုက္ခရောက်၊ သံသရာမှာ ငိုပွဲ, သေပွဲခင်း (မှန်ပါ့)၊ တယ် နစ်နာပါကလား ဒကာ ဒကာမတို့ (နစ်နာပါတယ် ဘုရား)၊ သိပ်ကြောက်စရာကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။
ဉာဏ်နားနဲ့ထောင်ကြ
ဉာဏ်နားနဲ့ထောင်၊ ဉာဏ်နားနဲ့ထောင်ကြ ဒကာ ဒကာမတို့၊ ဒီဥစ္စာက ရမ်းပြောနေတာလား၊ တပည့်တော် တို့စိတ်နဲ့ တပည့်တော်တို့ ဖြစ်စဉ်အတိုင်း ပြောနေတာလားမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဖြစ်စဉ်အတိုင်းပြောနေတာ ပါ ဘုရား)၊ ဒါ မဖြစ်ပါနဲ့ဆိုလို့ ရရဲ့လား (မရပါ ဘုရား)၊ အကြားအမြင်မရှိတဲ့ပုဂ္ဂိုလ် မဖြစ်ပါနဲ့ဆိုလို့ မရပါဘူး (မရပါ ဘုရား)၊ ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာသစ်,ရေ ခင်ဗျားတို့က တရားနာတဲ့ပုဂ္ဂိုလ်တွေဆိုတော့ ကိုယ်ပေါ်မှာ ဒုက္ခလာ လည်း ဒကာသစ်က ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)၊ ဝမ်းထဲ ဒုက္ခရောက်ရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
ဝမ်းထဲ ကျုပ်စိတ်ထဲမှာ ဒေါမနဿချည့် ဖြစ်နေတယဆိုရင် မြန်မြန်ရှုပါ (မှန်ပါ့)၊ နို့မဟုတ်ရင် ဒါတွေ တန်း သွားမှာစိုးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒကာသစ်တို့-ဒကာကြွယ်တို့ကပဲ စဉ်းစားပါ၊ ဪ ဒုက္ခကို ကျုပ်တို့က ဖြစ်ပျက်ရှုလိုက်တယ်၊ ဒုက္ခတရားလည်း သူ-သင်္ခတတရားပဲ၊ အနိစ္စတရားပဲလို့ ကျုပ်တို့က ရှုလိုက်ပါတယ် (မှန်ပါ့)၊ ဖြစ်ပျက်နောက်က မဂ် လိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် ဒကာသစ် လိုက်ဖြစ်ပါလိမ့်မတုံးဗျာ (အကြားအမြင်ရှိလို့ပါ ဘုရား)၊ အကြားအမြင် ရှိလို့ လိုက်ဖြစ်တယ် (မှန်ပါ့)
လိုက်ဖြစ်တော့ ဒီဘက်က ခုနင်က အဝိဇ္ဇာနဲ့ တွဲလျက် တွဲလျက်တွေ လာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာမှ မပါလို့ရှိရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာက (မလာပါ ဘုရား)၊ သင်္ခါရပစ္စယာ ဝိညာဏံက (မလာပါ ဘုရား)။
ဟာ ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား)၊ ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ အကျိုးထူး ခံစားရပါလိမ့်မလဲလို့ ဒကာကြွယ် မေးစမ်း (အကြားအမြင်များလို့ပါ ဘုရား)။
ကဲ နေရာကျပြီ (ကျပါပြီ ဘုရား)၊ အကြားအမြင်ရှိတဲ့ကျေးဇူးဟာ သံသရာစခန်းသတ်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (အကြားအမြင်ရှိတဲ့ကျေးဇူးဟာ သံသရာစခန်းသတ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ အမြင်နော် (မှန်ပါ့)၊ ဘုန်းကြီးတို့ ရှေးကလို ယပ်တောင်ကြီးကွယ်ပြီးသကာလ မင်းတို့ ဒီလိုဖြစ်လိမ့်မယ်လို့ ရမ်းပြောနေတာ မဟုတ်ဘူး (မှန်ပါ့)။
ခင်ဗျားတို့ ဝမ်းထဲဖြစ်တဲ့တရားက ခင်ဗျားတို့ဖြစ်စဉ်ပဲ၊ ခင်ဗျားတို့ ဝမ်းထဲဖြစ်တဲ့တရားကို ဟောဒီဖြစ်ပျက် ရှုတဲ့ ဝိပဿနာဉာဏ်နဲ့ ဖြတ်လိုက် (မှန်ပါ့)၊ ဒါပြောနေတာ၊ မလုပ်တတ်စရာကို မရှိဘူး (မှန်ပါ့ ဘုရား)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ပေါ်လာရင် ဖြစ်ပျက်သာရှု
ပေါ်လာရင် ဖြစ်ပျက်သာရှု (မှန်ပါ့)၊ ဒုက္ခလာရင်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဒေါမနဿကလေး လာရင်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက်ရှုလိုက်တော့ ဪ အသေဇာတ်သိမ်း အငိုငြိမ်းပါတယ် (မှန်ပါ့)။
အသေဇာတ်သိမ်း (အငိုငြိမ်းပါတယ် ဘုရား)၊ ဒါ ဘယ့်နှယ်ကြောင့် ဒကာသစ် ဒီဥစ္စာ မြန်လှချည့်လား မေးတော့မှ ဒကာကြွယ် အဖြေ ဘယ်လိုထွက်လာသတုံး (အကြားအမြင်များလို့ပါ ဘုရား)၊ အကြားအမြင်ရှိတယ် (မှန်ပါ့)။
ဒါ့ကြောင့် ခင်ဗျားတို့ တရားမနာပဲနဲ့ ဒီအလုပ်-လုပ်တတ်ပါ့မလား (မလုပ်တတ်ပါ ဘုရား)။
ဒါဖြင့် တရားမနာရင် ဒီအလုပ်-မလုပ်တတ်တော့ ဒီဘက်ကဟာတွေက ဒါတွေမလာဘူးဆိုရင် သောတာပန် တည်တော့မယ် (တည်ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တရားမနာပဲနဲ့ သောတာပန်တည်နိုင်ပါ့မလား (မတည်နိုင်ပါ ဘုရား)၊ ဒကာသစ် ကောင်းကောင်းရှင်း ပါပြီ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒကာဒကာမတို့ သိပ်အဖိုးတန်တယ် နော် (တန်ပါတယ် ဘုရား)၊ ဒါဖြင့် ဒုက္ခလာလည်း ဘာ လုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဒေါမနဿလာလည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီဘက်က အဝိဇ္ဇာတို့ တဏှာ သင်္ခါရတို့ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဪ ဒါဖြင့် ပပဉ္စချုပ်ပြန်ပြီ (မှန်ပါ့)။
သိကြားကမေးသတာကိုး ဒကာ ဒကာမတွေရဲ့ (မှန်ပါ့)၊ ပပဉ္စ ဘယ်ကလာသတုံးဆိုတော့ ဝေဒနာကလာတာကွ ဆိုတော့ ကျုပ်တို့က ဝေဒနာဖြစ်ပျက်ရှုလိုက်တော့ ပပဉ္စမချုပ်ပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။
ဪ တယ်အဖိုးတန်ပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကိုယ့်အသေကိုယ်ရပ်ချင်ရင်
ဒကာသစ် သေပျော်ပြီ (သေပျော်ပါပြီ)၊ ရှုဖြစ်အောင်လည်း ရှုကြပါဆိုတာ တိုက်တွန်းပါတယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုံး ကိုယ့်အငို ကိုယ်တိတ်ချင်လို့ရှိရင် ရှုရမှာပဲ (မှန်ပါ့)၊ ကိုယ့်အသေကိုယ်ရပ်ချင်ရင်ကော (ရှုရမှာပါ)၊ ကိုယ့်အနာကိုယ်သိမ်းချင်ရင်ကော (ရှုရမှာပါ)၊ ရှုရမှာပဲဆိုတာဖြင့် မငြင်းပါနဲ့တော့ (မှန်ပါ့)၊ သဘောပါပလား (ပါပါ ပြီ ဘုရား)။
သဘောပါပြီတဲ့၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက နိဂုံးချုပ်ပြောလိုက်ပြန်တယ် (မှန်ပါ့)၊ ဒုက္ခဝေဒနာ မရှုပဲနဲ့ ဒေါသ, သောက, အဝိဇ္ဇာသိမ်းပြီးသကာလ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါဘုရား ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ့)၊ ကဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒုက္ခဝေဒနာမရှုပဲနဲ့ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါဘုရားမဟောဘူးတဲ့ (မှန်ပါ့)၊ ဟောစရာကော ရှိရဲ့လားကြည့်စမ်း (မရှိပါ)၊ မရှိပါဘူး သံသရာဆက်သွားတယ် (မှန်ပါ့)၊ ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့ သိကြားမင်း သောတာပန်တည်တဲ့တရားဟာ ဪ ဝေဒနာရှုတာကိုဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ်)၊ ဒကာသစ်ရေ သိပ်အဖိုး တန်တယ်နော် (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ထဲမှာ ယားတယ်ဆိုတာ ဒုက္ခဝေဒနာ (မှန်ပါ့ ဘုရား)၊ ကိုယ်ပေါ်မှာ ယားချင်တဲ့နေရာယား၊ ဖြစ်ပျက်သာရှု (မှန်ပါ့ ဘုရား)။
ဝမ်းထဲမှာ ဒေါမနဿ ဆူနေအောင်ဖြစ်နေလည်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ စိုးရိမ်တာကလေး လာကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်သာ ရှုလိုက်လို့ရှိရင်ဖြင့် သူက ဖြစ်ပျက်၊ ရှုတာက မဂ် (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာ တွေ မချုပ်ဘူးလား (ချုပ်ပါတယ်)၊ အသေတွေ အငိုတွေကော မသိမ်းလား (သိမ်းပါတယ် ဘုရား)။
သံသရာစခန်း သတ်ပါလားဗျ
ဪ ဒါ ဒုက္ခဝေဒနာရှုလိုက်တဲ့ စွမ်းရည်သတ္တိ ဒကာကြွယ်ရေ သံသရာစခန်း သတ်ပါလားဗျ (မှန်ပါ့)၊ သံသရာစခန်းသတ်တယ်ဆိုတာ ဒကာသစ်၊ ဒကာကြွယ် နိဗ္ဗာန်ရောက်တယ်ပြောတာ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဆိုတာ တခြားမဟုတ်ပါဘူး ဟောဒီဒုက္ခတွေ မလာတာဆိုတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
”ဒုက္ခဿ အန္တံ ကရိဿတိ” ဒုက္ခဿ=ဒုက္ခ၏၊ အန္တံ=အဆုံးကို၊ ကရိဿတိ=မျက်မှောက်ပြုနိုင်လတံ့၊ ဟောဒီ ဉာဏ်က ဒုက္ခအဆုံးကို မြင်လိမ့်မယ်တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာတုံးလို့မေးရင် ဒုက္ခဆုံးတာလို့ ဖြေလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဆိုတာ (ဒုက္ခဆုံးတာပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာသည် ဒုက္ခဖြစ်တဲ့တရား၊ ဒုက္ခဖြစ်ကြောင်း ဖြတ်တဲ့တရား မလာပဲနဲ့လည်း ဒုက္ခဆုံးပါ့မလား (မဆုံးပါ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ရှုတဲ့မဂ်နဲ့ ကင်း၍ နိဗ္ဗာန်မရနိုင် (မရနိုင်ပါ ဘုရား)။
ဖြစ်ပျက်ရှုတဲ့မဂ်နဲ့ ကင်း၍ (နိဗ္ဗာန်မရနိုင်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီဒကာ ဒကာမတွေသည်ကားလို့ဆိုလို့ရှိရင်ဖြင့် အလုပ်သဘောကိုလည်းသိ၊ အလုပ်-လုပ်မှရမယ်ဆိုတာလည်း ပဋိစ္စသမုပ္ပါဒ်က ပြနေတော့ ငါတို့သည်ကားလို့ဆိုရင်ဖြင့် ဒီတစ်ခါတွေ့ရတာသည် နောက်ဆုံး ပိတ်ဘဝပဲ၊ အဟုတ်လုပ်ရင် အဟုတ်ရမှာပဲ (မှန်ပါ့ ဘုရား)။
အဟုတ်လုပ်ရင် (အဟုတ်ရမှာပါ)၊ မလျှော့ကြနဲ့ ဒကာ ဒကာမတို့ အဟုတ်လုပ်ရင် အဟုတ်ရမယ်၊ ဘာမှ ငြင်းစရာမလိုဘူး (မလိုပါ)၊ လိုသေးသလား (မလိုပါ ဘုရား)။
အခုကြည့်လေ ဒကာ ဒကာမတို့ ပြတ်ပြတ်သွားတာသည် မဂ်ဝင်လိုက်ရင် ပြတ်တာပဲ (မှန်ပါ့)၊ မဂ်ဝင်ရင်တော့ ဖြင့် (မပြတ်ပါ)၊ မပြတ်ပဲနဲ့ တန်းနေတာပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
အေး ဒါတွေသိရတော့မှ ဒကာသစ်ရေ နေရာကျတယ် (မှန်ပါ့)၊ ဪ သံသရာစခန်း သတ်ချင် လို့ရှိရင်ဖြင့် မဂ်အလုပ်လုပ်ပါမှ (မှန်ပါ့ ဘုရား)။
သံသရာစခန်းသတ်ချင်ရင် (မဂ်အလုပ်-လုပ်ရမှာပါ ဘုရား)၊ မလုပ်ရင်ဖြင့် (မရပါ)၊ သဘောပါပလား (ပါပါ ပြီ ဘုရား)။
ဒကာကြွယ် ဥပေက္ခာဝေဒနာလည်း သူရှုလိမ့်ဦးမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။