သူများပါးစပ်လမ်းဆုံးမှု ဇာတ်သိမ်းပုံ
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၂၃-၉-၆၁)
ဉာဏ်က ခန္ဓာကိုယ်လှည့်ပါ
တရားနာကြတဲ့ ဒကာ ဒကာမတွေသည်တဲ့ တရားကို နားကနာပြီး သကာလ ဉာဏ်က ခန္ဓာကိုယ်လှည့်ပါ ဆိုတာ သတိပေးရတယ်နော် (မှန်ပါ့)။
တရားဘယ်က နာကြမယ် (နားကနာပါမယ်) နားကတော့ ကြားရုံပဲရှိတာပဲတဲ့၊ ခန္ဓာထဲ အနိစ္စ, ဒုက္ခ, အနတ္တ ဆိုတာ ကြားတတ်တဲ့ စိတ်က မသိတော့ဘူး၊ ဉာဏ်ကမှသိတယ် (မှန်ပါ့) အဲဒီတော့ ကြားတတ်တဲ့စိတ်က မသိတော့ ဉာဏ်ကမှသိနိုင်တော့ ဉာဏ်က ခန္ဓာလှည့်ပါ (မှန်ပါ့)။
ဒါဖြင့် နားက တရားနာ၊ ဉာဏ်က ခန္ဓာလှည့်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သန္တာန် အရှိနဲ့ အသိ ကိုက်ပါလိမ့် မယ် (မှန်ပါ့) အရှိနဲ့အသိ ကိုက်ပါလိမ့်မယ်လို့ ဦးလှဘူးတို့ သတိပေးတယ်နော် (မှန်ပါ့ ဘုရား)။
အဲဒီတော့ အရှိနဲ့ အသိကိုက်သွားလို့ရှိရင်ဖြင့် ဘယ်ဉာဏ်များရသတုံးလို့ မေးတဲ့အခါကျတော့ ယထာဘူတ ဉာဏ်ရတယ် (မှန်ပါ့)။
အရှိနဲ့ အသိကိုက်တော့ ဘယ်ဉာဏ်ရသတုံး (ယထာဘူတဉာဏ်ရပါတယ် ဘုရား) ယထာဘူတဉာဏ်ရတယ်လို့ မှတ်သားပါ (မှန်ပါ့ ဘုရား)။
ယထာဘူတဉာဏ်ဆိုတဲ့ဥစ္စာ
ယထာဘူတဉာဏ်ဆိုတဲ့ဥစ္စာ ဘာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးကြလို့ရှိရင်ဖြင့် ယောကျ်ားလည်း မရှိဘူး၊ မိန်းမလည်း မရှိဘူး၊ ပုဂ္ဂိုလ်သတ္တဝါလည်း မရှိဘူး ခန္ဓာထဲမှာ ဖြစ်မှုပျက်မှုနှစ်ခုသာ ရှိတယ်ဆိုတာ ပေါ်လာလိမ့် မယ် (မှန်ပါ့ ဘုရား)။
ယောကျ်ားလည်း မရှိ၊ မိန်းမလည်း မရှိ၊ ပုဂ္ဂိုလ်သတ္တဝါလည်း မရှိ ဘာသာလျှင်ရှိပါလိမ့် (ဖြစ်မှုပျက်မှုသာ ရှိပါတယ်ဘုရား)။
ဖြစ်မှုပျက်မှုနှစ်ခုသာ ရှိတယ်လို့ နားကနာပြီး ဉာဏ်က ခန္ဓာစိုက်လိုက်လို့ရှိရင်ဖြင့် ဒီနှစ်ခုမြင်လို့ရှိရင်ဖြင့် နိဗ္ဗာန်ဆိပ်ဦးရောက်ပါပြီလို့ မှတ်ပါ (မှန်ပါ့)။
နိဗ္ဗာန်ဆိပ်ဦးရောက်ပြီလို့ မှတ်ပါ (မှန်ပါ့) နိဗ္ဗာန်ကြီးသွားရာ စောင်းတန်းဆိပ်ဦးကို ဧကန်ရောက်ပြီလို့ ဆိုတာ ဒကာသစ်တို့၊ ဦးမာဒင်တို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ငါ-ဘာဖြစ်နေပါလိမ့်မတုံးလို့ ဒီနေရာမှာ မတွေးလိုက်ပါနဲ့ (မှန်ပါ့) နိဗ္ဗာန်ဆိပ်ဦးဆိုတာ ရှေ့ဆက်သွားလို့ရှိရင် နိဗ္ဗာန်ပဲ၊ နိဗ္ဗာန်၏ ရှေ့နားရောက်ပါပြီလို့ ပြောတာ (မှန်ပါ့)။
အဲဒီတော့ ငါဘာဖြစ်နေပါလိမ့်မလဲ၊ ဘယ့်နှယ်ကြောင့် နိဗ္ဗာန်မမြင်ပါသေးသတုံးလို့ ကိုယ့်ဟာကိုယ် သံသယရှိ ပြီး တရားအားထုတ်ပြီး မနေလိုက်ပါနဲ့၊ နိဗ္ဗာန်ဆိပ်ဦး ရောက်တယ်ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက်ဖို့ရာ ကပ်နေပါပြီ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့်တုံးလို့ ဆိုလို့ရှိရင်ဖြင့် ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်ဟာ တစ်သံသရာလုံးမရခဲ့လို့ ယောကျ်ား နှိပ်စက်လို့၊ မိန်းမနှိပ်စက်လို့၊ ယောက်ျားဖြစ်ချင်တယ်ဆိုတာ ယောကျ်ားက နှိပ်စက်တာ (မှန်ပါ့)။
မိန်းမတွေကလည်း ယောကျ်ားဖြစ်ချင်တယ်ဆိုတာ
မိန်းမတွေကလည်း ယောကျ်ားဖြစ်ချင်တယ်ဆိုတာ ယထာဘူတဉာဏ်မရတော့ ယောကျ်ားဖြစ်ချင်တယ် ဖြစ်လာ တယ် (မှန်ပါ့ ဘုရား)။
ယောကျ်ားတွေကလည်း ထို့အတူပဲ နတ်ဖြစ်ချင်တယ်, ဗြဟ္မာဖြစ်ချင်တယ်ဆိုရင် ယထာဘူတဉာဏ် မရသေး လို့ ဖြစ်ချင်တာ (မှန်ပါ့)။
ယထာဘူတဉာဏ် တကယ်တမ်းရပြီဆိုလို့ရှိရင်ဖြင့် ယောကျ်ားလည်း မဖြစ်ချင်ဘူး၊ မိန်းမလည်း မဖြစ်ချင်ဘူး ဒကာ ဒကာမတို့ ယောကျ်ားကိစ္စသိမ်း, မိန်းမကိစ္စ သိမ်းပြီး သကာလ ဒုက္ခချုပ်ငြိမ်းရာသာ ရောက်ချင်တယ်ဆိုတဲ့ဥစ္စာ လာတာပါပဲ (မှန်ပါ့)။
အဲဒါ့ကြောင့် နိဗ္ဗာန်နီးသလား၊ ဝေးသလားလို့ ဒကာ ဒကာမတွေက ကိုယ့်အတွေးနဲ့ ကိုယ်တွေးတဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ ဘုန်းကြီးကပဲ ဘုရားဆုံးဖြတ်ချက်ချပေးတဲ့အတိုင်း ချပေးလိုက်ပါတယ် (မှန်ပါ့)။
ဖြစ်မှုနဲ့ ပျက်မှုကလေးတွေပါလား
ခန္ဓာထဲမှာ ဟိုနေရာကယားတယ်၊ ဒီနေရာက နာတယ်၊ ဟိုနေရာက အောင့်တယ်၊ ဒီနေရာက ချမ်းသာတယ်၊ ဒါကလေးတွေ လျှောက်ကြည့်လို့ မျက်လုံးမှိတ်ပြီးကြည့်တဲ့အခါကျတော့ ဪ ဒါဖြစ်မှုနဲ့ ပျက်မှုကလေးတွေပါလား၊ ဖြစ်မှုနဲ့ ပျက်မှုကလေးတွေပါလားလို့ မျက်လုံးသာမှိတ်ကြည့် (မှန်ပါ့)။
ဖြစ်မှုနဲ့ ပျက်မှုကလေးတွေချည်းပဲ ဦးမာဒင်တို့ ဒကာသစ်တို့ တွေ့ပါလိမ့်မယ် (မှန်ပါ့)။
တွေ့လို့ရှိရင်ဖြင့် ဪ နဂိုရှိက ဖြစ်မှုပျက်မှုပါကလား (မှန်ပါ့) ဒို့ ယထာဘူတဉာဏ် မရခင်တုန်းက ဒီနေရာ ငါနာတာ, ငါယားတာ, ငါကောင်းတာ, ငါအနာပျောက်သွားတာ အစရှိသည်နဲ့ ဒါတွေကို ယထာဘူတဉာဏ် မရခင်တုန်းကတော့ ဒိဋ္ဌိနဲ့ တွဲနေတယ် (မှန်ပါ့)။
ငါနာတာ, ငါယားတာ, ငါကောင်းတာ, ငါ့အနာကလေး ပျောက်သွားတာ (မှန်ပါ့) အင်း ယထာဘူတဉာဏ် မရခင်တုန်းကတော့ ဒိဋ္ဌိမပြုတ်ပါဘူး (မပြုတ်ပါ ဘုရား)။
ဒိဋ္ဌိမပြုတ်တော့ကိုတဲ့ ငါ့အနာနဲ့ ငါပဲ သေမှာထင်ပါရဲ့ (မှန်ပါ့) ငါယားတာသည်ကားလို့ဆိုရင် ငါ့အယားနဲ့ ငါပဲ ဒုက္ခဖြစ်နေတာပဲ (မှန်လှပါ ဘုရား)။
အင်း ယထာဘူတဉာဏ်မရသေးတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိမပြုတ် ငါမပြုတ်ဖြစ်ပြီး သကာလ နေတော့ ကိုတဲ့ ဒကာသစ်ရေ တစ်သံသရာလုံး မျက်လုံးမပွင့်ခဲ့တဲ့ဥစ္စာ အဲဒီ့အချိန်လည်း မပွင့်သေးဘူးပဲ မှတ်လိုက်တာပေါ့ (မှန်ပါ့)။
ခန္ဓာကိုယ်ကို ဉာဏ်နဲ့ စိုက်လိုက်တော့
နောက်တော့ ခန္ဓာကိုယ်ကို ဉာဏ်နဲ့ စိုက်လိုက်တော့ ဟိုနေရာကယား, ဒီနေရာကနာ, ဟိုနေရာကကောင်း ဟိုနေရာက အလတ်စားကလေးပေါ်တယ်ဆိုရင် ဪ ဒါကလေးတွေ ခန္ဓာရှိမှဖြင့် ဒီတရားတွေပဲ ဖြစ်မှုပျက်မှု ပဲရှိတယ်လို့ ဉာဏ်နဲ့လည်း တွေ့မယ် (မှန်ပါ့) ထိုကဲ့သို့ ဉာဏ်နဲ့တွေ့ပြီဆိုမှဖြင့် ဒကာကြွယ်ကပဲ မှတ်လိုက်တာပေါ့ ဪ အကန်းဘဝမှ ပျောက်ပေပြီ (မှန်ပါ့) အရူးဘဝမှ ပျောက်ပေပြီ (မှန်ပါ့ ဘုရား) အရှိသိပြီ (မှန်ပါ့)။
အရှိသိပြီဆိုတော့ ဘယ့်နှယ်တုံး (အရူး, အကန်းဘဝမှ ပျောက်ပါတယ်ဘုရား) အရူး, အကန်းဘဝမှ လွန်မြောက် ပြီး သကာလ ဟုတ်တိုင်းမှန်စွာ သိလာတဲ့ ယထာဘူတဉာဏ်ရပါတယ် (မှန်ပါ့) ဟုတ်တိုင်းမှန်စွာသိလို့ ယထာဘူတဉာဏ် ရပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ယောကျ်ားယားတာလည်း မဟုတ်ဘူး၊ မိန်းမယားတာလည်း မဟုတ်ဘူး၊ ငါယားတာလည်း မဟုတ်ဘူး၊ သူယား တာလည်း မဟုတ်ဘူး၊ ဝေဒနာကလေးတွေ ဖြစ်ပေါ်မှုကိုပြတာ (မှန်ပါ့) ပျောက်သွားပြန်တော့ ဝေဒနာကလေးတွေ ၏ ပျက်မှုကိုပြတာ (မှန်ပါ့) စိတ်ကလေးတွေ၏ ဖြစ်ပေါ်မှုပြတာ (မှန်ပါ့) စိတ်ကလေးတွေ၏ ပျက်မှုပြတာ (မှန်ပါ့)။
ဤကဲ့သို့ ဖြစ်မှုပျက်မှုကလေးသာရှိပါကလားလို့ ဆိုတာ ဉာဏ်ထဲမှာ မျက်လုံးမှိတ်ပြီး ကြည့်လိုက်တဲ့အခါ ဒါကလေးတွေချည်းပဲ ဆက်ပြီးတွေ့တယ် (မှန်ပါ့)။
ဒါကလေးတွေချည်းပဲ ဆက်တွေ့တဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အရူး, အကန်းဖြင့် ပျောက်လို့ ဟုတ်တိုင်းမှန်စွာသိတဲ့ ယထာဘူတဉာဏ်ဖြင့် ရပေါ့ (မှန်ပါ့) ဒါ နိဗ္ဗာန်ဆိပ်ဦးရောက်ပြီ (မှန်ပါ့)။
နိဗ္ဗာန်ဆိပ်ဦးရောက်ပြီ
ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (နိဗ္ဗာန်ဆိပ်ဦးရောက်ပါပြီ ဘုရား) နိဗ္ဗာန်ဆိပ်ဦးဆိုတာ နိဗ္ဗာန်နားကပ်နေပြီ လို့ ပြောတာပါပဲ (မှန်ပါ့)။
နိဗ္ဗာန်ဆိပ်ဦးရောက်ပြီဆိုတာ နိဗ္ဗာန်နားကပ်နေပြီလို့ ပြောပါတယ် (မှန်ပါ့)။
အဲဒီတော့ ဘယ့်နှယ်ဖြစ်သတုံးလို့ မေးတဲ့အခါကျတော့ တစ်သံသရာလုံးက ယောကျ်ား၊ မိန်းမထင်ပြီး ငါယား တယ်, သူနာတယ်, ငါကောင်းစားတယ်, သူကောင်းစားတယ်, ထင်လာတဲ့ ဒိဋ္ဌိဟာ ဒီနေရာမှာတဲ့ ‘သုတဝါ အရိယသာ ဝကော’ ဖြစ်သောကြောင့် ပညာနားနဲ့ ကြားပြီး သကာလ ဉာဏ်အမြင်နဲ့ မြင်လိုက်သည်ဖြစ်လေသောကြောင့် ကြားတုန်း ကတော့ ပညာနားနဲ့ ကြားတယ် (မှန်ပါ့) မြင်တော့ ပညာအမြင်နဲ့ မြင်လိုက်သည် ဖြစ်လေသောကြောင့် ဒါ ယထာဘူတဉာဏ်ရပြီ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဘယ်ဉာဏ်ရပါလိမ့် (ယထာဘူတဉာဏ်ရပါတယ် ဘုရား) “ယထာဘူတဉာဏန္တိ ယထာဘူတံသဘာဝဠာနဉာ ဏံ” လို့ အဋ္ဌကထာဆရာများ ဖွင့်သောကြောင့် အယာဘူတအရှိနဲ့ အသိကို ကိုက်အောင် ကြည့်နိုင်တဲ့ဉာဏ်ဟာ ယထာဘူတဉာဏ် (မှန်ပါ့)။
အရှိနဲ့ အသိကိုက်အောင်သိနိုင်တဲ့ဉာဏ် (ယထာဘူတဉာဏ်ပါ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မျက်စိနှစ်ကွင်း အလင်းရပြီ၊ အရူးအနှမ်းဘဝမှလည်း လွန်မြောက်ပြီး လမ်းဖြင့် အဖြောင့်သွားတတ်ပြီဆိုတာ ဦးမာဒင် သေသေချာချာ မှတ်ပါ (မှန်ပါ့)။
မျက်စိကန်း လမ်းလျှောက်သလို
ရှေးတုန်းကတော့ဖြင့် ဒီလိုမမြင်တဲ့အတွက် မျက်စိကန်း လမ်းလျှောက်သလို ဒကာကြွယ်ရေ လျှောက်လိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ့)။
မျက်စိကန်း လမ်းလျှောက်ဆိုတာကတော့ ဘာမှသိလို့ သွားတာမဟုတ်ဘူး၊ ဦးတည့်ရာသွားတာ (မှန်ပါ့ ဘုရား) အဲ ဦးတည့်ရာသွားပြီး သကာလ နေသောကြောင့် အင်း နတ်ပြည်ကောင်းနိုးနိုး, ဗြဟ္မာ့ပြည်ကောင်းနိုးနိုး, လူ့ပြည်ပြန်ရကောင်းနိုးနိုး၊ ဒါ မျက်စိကန်းသွားတာ (မှန်လှပါ) သူသွားတဲ့နေရာဟူသရွေ့ သည်အိုပွဲ, နာပွဲ, သေပွဲခင်းတဲ့နေရာချည်းပဲ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် အိုပွဲ, နာပွဲ, သေပွဲတွေ ခင်းတဲ့နေရာမှာ ယထာဘူတဉာဏ် မရတော့ ဦးမာဒင်ကြီးတို့ သွားချင်သလိုသွားနေတယ် (မှန်ပါ့)။
သွားချင်သလို သွားပြီး သကာလ နေကြတော့ သွားတော့ ဟိုကျတော့ အိုပွဲကြီးနဲ့ ခန္ဓာကိုယ်ကြီး မအိုဘူးထင် ပြီး ဆုတောင်းလိုက်တာ အိုပွဲကြီးနဲ့ ဘွားခနဲ တွေ့တယ် (မှန်ပါ့) ခန္ဓာကိုယ်ကြီး မနာဘူးထင်ပြီး ဆုတောင်းလို့ရပြန်လည်း နာပွဲကြီးနဲ့လည်း ဘွားခနဲတွေ့တယ် (တွေ့ပါတယ် ဘုရား) ခန္ဓာကိုယ်ကြီး မသေဘူးထင်ပြီး ဆုတောင်းလိုက်တာ ဟိုကျတော့ သေပွဲကြီးနဲ့ ဘွားခနဲ တွေ့လိုက်တယ် (မှန်ပါ့)။
မှားကုန်ပါပေါ့လားလို့ လာတော့လာရဲ့ (လာပါတယ် ဘုရား) လာပင်လာငြားသော်လည်း ယထာဘူတဉာဏ် ဆိုတာကလေးက မရသေး၊ ဪ ဒီဘုံသာ ဒီလိုဖြစ်တယ်၊ ဟိုဘုံကျရင် ဒီ့ထက်သာ နေရာကျမှာပဲဆိုပြီး သကာလ မျက်စိကန်းသွားပြန်တာပဲ (သွားပါတယ် ဘုရား)။
မျက်စိကန်းသွားပြန်တော့ သွားတဲ့နေရာမှာ အကန်းသွားဖြစ်နေတဲ့အတွက် သူသွားရမှာလည်း အိုပွဲကြီးနဲ့ ဘွားခနဲ တွေ့ပြန်ရော (တွေ့ပါတယ် ဘုရား) နာပွဲကြီးနဲ့ကော (တွေ့ပါတယ် ဘုရား) သေပွဲကြီးနဲ့ကော (ဘွားခနဲ တွေ့ပါတယ်ဘုရား)။
ဟာ ဦးမာဒင် မျက်စိကန်းသွားတာကဖြင့် သွားလေ ဆိုးလေပါလား (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (သွားလေ ဆိုးလေပါ ဘုရား)။
ဒါ့ကြောင့် နိဗ္ဗာန်ဆိပ်ဦးကို မရောက်သေးသရွေ့ ကာလပတ်လုံးဖြင့် ဒီပွဲချည်းပဲ တိုးတက်ပြီး သွားနေမှာပဲဆို တာကို ဦးလှဘူးတို့, ဒကာကြွယ်တို့, ဦးမာဒင်တို့ မှတ်ကြ (မှန်ပါ့)။
နတ်ပြည်လည်း ဒါပဲ
ဪ ဒါဖြင့် ဒို့ခန္ဓာကိုယ် ဉာဏ်နဲ့စိုက်ပြီး ကြည့်လိုက်လို့ရှိရင် ခန္ဓာရှိတဲ့နေရာဖြင့် ဖြစ်ပျက်အနိစ္စနဲ့နေရမှာ ပဲ (မှန်ပါ့) ဆိုတော့ တစ်တန်းတည်းဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား) နတ်ပြည်လည်း ဒါပဲ၊ ဗြဟ္မာ့ပြည် လည်း ဒါပဲ အနိစ္စ, ဒုက္ခ, အနတ္တကို ခန္ဓာလုပ်နေကြတယ် (မှန်ပါ့)။
အခုတော့ ယထာဘူတဉာဏ်ရလာတဲ့အခါကျတော့ အနိစ္စ, ဒုက္ခ, အနတ္တကို ယောကျ်ားလည်း မဟုတ်တော့ဘူး၊ မိန်းမလည်း မလုပ်တော့ဘူး၊ သားလည်း မလုပ်ချင်ဘူး၊ သမီးလည်း မလုပ်ချင်တော့ဘူး ဆိုကတည်းကိုက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ အမှန်သိတဲ့ မျက်စိရသွားပါတယ် (ရပါတယ် ဘုရား)။
ဘာရသွားပါလိမ့် (အမှန်သိတဲ့ မျက်စိရသွားပါတယ် ဘုရား) အမှန်သိတဲ့ မျက်စိရသွားတဲ့အတွက် နိဗ္ဗာန်ဆိပ်ဦး သို့ ရောက်ပါပြီ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အမှန်သိတဲ့ မျက်စိကလေးဟာ တစ်သံသရာလုံးမရခဲ့လို့ ပွဲတွေတိုးလိုက်ရတာ ဟိုပွဲကောင်းနိုးနိုး, ဒီပွဲကောင်း နိုးနိုးနဲ့ ဦးမာဒင်တို့ ဆရာဝန်ကြီးတို့ တိုးခဲ့ကြတဲ့ဥစ္စာ ဘယ်ပွဲမှ တစ်ခါတည်း ဒစုက္ခသိမ်းခဲ့ရတယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒုက္ခထဲပဲ နွဲခဲ့ရတယ် (မှန်ပါ့) ဒုက္ခကြီးတယ်, ဒုက္ခသေးတယ်, ဒါပဲ ရွေးခဲ့ရတာပဲ (မှန်ပါ့) အမြတ်အစွန်းကဖြင့် ကိုယ်သွားသရွေ့ မျက်စိကန်းသွားနေတာကိုး (မှန်ပါ့)။
မျက်စိကန်းသွားနေတဲ့အခါကျတော့ ဦးတည်ရာသွားပြီး တွေ့စရာဒုက္ခဟူသရွေ့ ကိုယ့်ဒုက္ခကြီးပဲဆိုတာ တစ်ခါ တည်းဖြစ်တယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဖြစ်ပျက်သာဟုတ်တယ်ကွ
အဲဒါကြောင့် ယခုအချိန်မှာ ယထာဘူတဉာဏ်ဆိုတာ ငါမဟုတ်, သူမဟုတ် ဖြစ်ပျက်သာဟုတ်တယ်ကွ၊ ဒီလိုပဲ သိတဲ့ဉာဏ်ဟာ ဘာဉာဏ်ခေါ်ကြမလဲ (ယထာဘူတဉာဏ်ပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ ဒီဉာဏ်ကလေးတစ်လုံး ရဖို့ရာလည်း တော်တော်ပဲတရားနာပြီး, တော်တော်ပဲ ဉာဏ်စိုက်ကြည့်မှ ဉာဏ်နာနဲ့ထောင်ပြီး ဉာဏ်မျက်စိနဲ့ ကြည့်မှသာလျှင်လည်း ဦးမာဒင်မရ- အမှန်ရောက်တော့မှာပဲ (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် သူများပါးစပ် လမ်းဆုံးတယ် (မှန်ပါ့)။
သူများပါးစပ် (လမ်းဆုံးပါတယ် ဘုရား) ဪ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ယထာ ဘူတဉာဏ် မပေးနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့လို့ရှိရင် သူများပါးစပ်လမ်းဆုံးမှာ သိပ်ကြောက်တယ် (မှန်ပါ့)။
ဘယ်လောက်ထိအောင် ကြောက်သတုံးလို့ မေးတဲ့အခါကျတော့ သူများပါးစပ် လမ်းဆုံးတာကွာတဲ့၊ ငါ ရှင်းပြ စမ်းပါမယ်တဲ့၊ အခု တရားနာနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဝါဂွမ်းသဘောထားပါ (မှန်ပါ့)။
သူများပါးစပ်က ဒီပါးစပ်က ထွက်လာတဲ့လေက မှုတ်လိုက်လို့ရှိရင်ဖြင့် ဥပမာ အရှေ့ဘက်ကို အနောက်ဘက် ကနေ မှုတ်လိုက်တယ်ဆိုရင် အရှေ့ဘက် လွင့်သွားတာပဲ (မှန်ပါ့ ဘုရား)။
အရှေ့ဘက်က မှုတ်လိုက်ပြန်လည်း အနောက်ဘက်လွင့်သွားတာပဲ (မှန်ပါ့) တောင်ဘက်ကမှုတ်လိုက် မြောက် ဘက်လွင့်၊ မြောက်ဘက်က မှုတ်လိုက်ရင် တောင်လွင့်၊ အထက်က မှုတ်လိုက်ရင် အောက်လွင့် (မှန်ပါ့) အောက်ကမှုတ် လိုက်ရင် အထက်လွင့် (မှန်ပါ့) ဝါဂွမ်းတည်ရာမရှိဘူး (မှန်ပါ့) ပါးစပ်စီမံသလိုပဲ (မှန်ပါ့)။
ကိုယ့်ကိုယ်ကိုယ် နင်ပဲမှတ်ထားတယ်
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလည်းတဲ့ အမေ မိဘတည်းဟူသော ပါးစပ်ကလည်း တစ်ခါတည်း နင်-ကောင်းကောင်းနေ နင်-ကောင်းကောင်းဖြစ်မှာပေါ့ဆိုတော့ ကိုယ့်ကိုယ်ကိုယ် နင်ပဲမှတ်ထားတယ် (မှန်ပါ့ ဘုရား)။
ငါ-ကောင်းကောင်းနေ ငါ-ကောင်းကောင်း ဖြစ်မှာပေါ့ဆိုတော့ ဪ သူ့အမေကလည်း သူ့ကိုယ်သူ ငါတဲ့ (မှန်ပါ့)။ ဪ သူက ငါကိုး၊ မိမိကနင်ကိုး (မှန်ပါ့) ဪ နင်ရှိတယ်, ငါရှိတယ် ဖြစ်လာတယ် (မှန်ပါ့) ဟော-ရုပ်နာမ်တွေ ပျောက်ကုန်ပြီ (ပျောက်ပါပြီ ဘုရား)။
ရုပ်နာမ်တွေ ပျောက်ကုန်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့) သူရှိတယ်၊ ငါရှိတယ်ဆိုတော့ ဘာတွေပျောက်ကုန်သလဲ (ရုပ်နာမ်တွေ ပျောက်ကုန်ပါတယ်ဘုရား)။
ဟာ ဦးမာဒင် သွားပြီ၊ ယထာဘူတဉာဏ် မလာနိုင်ဘူး (မှန်ပါ့) ဟာ ဘယ့်နှယ်ကြောင့် ဒီအမှတ် ကြီး, ဒီအစွဲကြီး, ဒီအချိန်ထိ မြဲနေပါလိမ့်မတုံးဆိုတော့ အမေ့ပါးစပ်လမ်းဆုံးခဲ့လို့ (မှန်ပါ့) အဖေ့ပါးစပ် (လမ်းဆုံးခဲ့လို့ ပါ ဘုရား) ရပ်ရွာပါးစပ် (လမ်းဆုံးခဲ့လို့ပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဝါဂွမ်းဖြစ်ပြီ (ဖြစ်ပါပြီ) သူများပါးစပ်စီမံရာ ကျုပ်တို့လိုက်ရတယ် (လိုက်ရပါတယ်) ဒီဘက်က မှုတ်လိုက်တော့ ဝါဂွမ်းသည် ဟိုဘက်ပြေးရတယ် (ပြေးရပါတယ် ဘုရား)။
အင်း ဒါဖြင့် သူများပါးစပ် လမ်းဆုံးခဲ့ရတဲ့ အခြေအနေလောက်ဆိုးတာ ဒကာသစ် ရှာမတွေ့ဘူး (မတွေ့ ပါ ဘုရား) တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
သူများပါးစပ် လမ်းဆုံးလို့
အဲဒီတော့ ခင်ဗျားတို့ ဪ သံသရာထဲမှာဖြင့် အိုဘေး, နာဘေး, သေဘေးရှိတဲ့နေရာ တပည့်တော်တို့ ထပ်ပြန်တလဲလဲ ရောက်နေတာ တပည့်တော်တို့၏ လက်သည် တွေ့ပြီဘုရာ့၊ ယထာဘူတဉာဏ်မရဘဲနဲ့ သူများပါးစပ် လမ်းဆုံးလို့ ဖြစ်ရလေခြင်း (မှန်ပါ့) သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဘာထင်ကြသတုံး (သူများပါးစပ် လမ်းဆုံးလို့ဖြစ်ရတာပါ ဘုရား)။
နာလိုက်တာ ဦးမာဒင်ရေ၊ နာလိုက်တာ (မှန်ပါ့) ဒကာကြွယ် သိပ်နာပါလား (မှန်ပါ့)။
သေသေချာချာ တရားပွဲထဲမှာ ဒကာ ဒကာမတွေ စဉ်းစားပါ၊ ဒါသစ္စသံယုတ်ကို ပြောနေပါတယ် (မှန်ပါ့ ဘုရား)။
သူများပါးစပ် လမ်းဆုံးတာကွာ မင်းလုပ်ရင် မင်းရမှာပေါ့ကွဆိုတော့ ဒီပြည်မှာလည်း မင်းပဲ၊ ဟိုပြည်မှာလည်း မင်းပဲ၊ သဿတဒိဋ္ဌိဟောချလိုက်တယ်၊ တစ်ခါတည်းဟုတ်တယ် ယူချလိုက်တယ် (မှန်ပါ့)။
သဿတဒိဋ္ဌိပါ
မင်းလုပ်ရင် မင်းရမယ်ဆိုတာ ခုထက်တိုင်တိုင် ခင်ဗျားတို့ တရားထူးမနာရသေးရင် ကိုယ်လုပ်ရင် ကိုယ်ရမယ် ဆိုတဲ့ အယူမစွန့်ဘူးနော် (မစွန့်ပါ ဘုရား) ဒီကိုယ်သည်ပင်လျှင် ဟိုကိုယ်ဖြစ်မှာပဲ (မှန်လှပါ ဘုရား)။
ဒီကိုယ်ပဲစံရမှာပဲ၊ ဒီကိုယ်ပဲခံရမှာပဲဆိုတဲ့ဥစ္စာ ဒီကိုယ်လုပ် ဒီကိုယ်ခံဟုတ်လား၊ ကိုယ်လုပ်, ကိုယ်ခံပေါ့ကွဆို တော့ ဒီကိုယ်ပျောက်တယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။
အဲဒါ ဦးမာဒင်ကြီးတို့၊ ဒကာကြွယ်တို့ မေးချင်ပါတယ်၊ ခင်ဗျားတို့ ပါးစပ်က ထွက်လာတာလား၊ သူများပါးစပ် ကထွက်လာလို့ ခင်ဗျားတို့က ယုံကြည်နေရတာလား (သူများပါးစပ်က ထွက်လာလို့ ယုံကြည်နေရတာပါ ဘုရား)။
ဟာ ဒါ့ကြောင့် ဘုရားက ခင်ဗျားတို့ ဝါဂွမ်းလို့ ဟောတာ (မှန်ပါ့) သူများပါးစပ်လမ်းဆုံးတယ် (မှန်ပါ့)။
ဟိုက သဿတဒိဋ္ဌိပြောချလိုက်တဲ့ ဥစ္စာ ခင်ဗျားတို့က ကိုယ်လုပ်ကိုယ်ရတာပဲဆိုတဲ့ သဿတဒိဋ္ဌိကို ကိုယ်က လည်း ဝါဂွမ်းသဘောဖြစ်ပြီး သကာလ နေတော့ မကြံတတ်, မစည်တတ် ဖြစ်နေတော့ အင်း သူများက ဒိဋ္ဌိပေး တာ ကိုယ်က ဒိဋ္ဌိပဲ လက်ခံလိုက်ရတယ် (မှန်ပါ့) တယ်လည်း ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ယထာဘူတဉာဏ် မရသေးရင်
ဒကာ ဒကာမို့ အခုပြောနေတဲ့တရားဟာ ယထာဘူတဉာဏ် မရသေးရင် ဒီအပြစ်တွေ သင့်နေမယ်ဆိုတာကို ရေရေလည်လည် သိပါစေတော့လို့ သစ္စသံယုတ် ထုတ်လာတယ် (မှန်ပါ့)။
ဒကာကြွယ်ကြီးတို့ ကြည့်ပါလား၊ အို ကိုယ်လုပ် ကိုယ်ရတာဘုရား ဒီဥစ္စာတော့ ကိုယ့်ခင်ပွန်းမက ဒီဘက် ကို ခပ်ပျော့ပျော့နေလို့ရှိရင်ဖြင့် သူမလုပ် သူမရမှာပေါ့ဘုရာ့ (မှန်ပါ့) ဆိုတော့ ဒါအဟုတ်ပဲ မှတ်နေရတယ် (မှတ်ပါ တယ် ဘုရား)။
ဒီကိုယ်သည်ပင်လျှင် ဟိုလိုက်ပြီး သကာလ နတ်ရွာသုဂတိမှ လိုက်ဖြစ်မယ်၊ သူပဲစံရမယ်ဆိုတဲ့ အဓိပ္ပာယ်မရောက် ဘူးလား (ရောက်ပါတယ် ဘုရား) ဘာဒိဋ္ဌိဖြစ်နေသတုံး (သဿတဒိဋ္ဌိဖြစ်နေပါတယ် ဘုရား)။
ပျက်စီးတယ် ဒီမှာလုပ်တဲ့ရုပ်နာမ်ဟာ ဒီမှာပျက်စီးတယ်လို့ လာသေးသလား (မလာပါ ဘုရား)။
ဟာ ဦးမာဒင် ရှင်းပါဦး၊ ဒါ ခင်ဗျားက ကိုယ်တိုင်သိတာလား သူများ ပြောသံကြားနဲ့ ခင်ဗျား ထင်နေတာလားမေးရင် (သူများပြောသံကြားနဲ့ ထင်နေတာပါဘုရား) ဒါဖြင့် သူများပါးစပ် လမ်းဆုံးရတာသည် ကြောက်စရာအကောင်းဆုံး (မှန်ပါ့)။
ဒကာကြွယ် ဒီနေ့ဟောတဲ့တရား သေးသေးသိမ်သိမ် မမှတ်ပါနဲ့ (မှန်ပါ့) ဒကာသစ်ဘယ်ဟာ ကြောက်စရာ ကောင်းဆုံးတုန်းဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) သူများပါးစပ်လမ်းဆုံးတဲ့ ဘေးအကြီးဆုံး (မှန်ပါ့)။
သူများပါးစပ်လမ်းဆုံးတဲ့ဘေး
ဒကာ ဒကာမတို့ ဘာတဲ့တုံး (သူများပါးစပ် လမ်းဆုံးတဲ့ ဘေးဟာ အကြီးဆုံးပါပဲဘုရား)။
ဒကာကြွယ် သဘောပါပလား (ပါပါပြ) သူများပါးစပ်လမ်းဆုံးတဲ့ဘေးဟာ (အကြီးဆုံးပါ) အကြီးဆုံးမို့ပဲ ကိုယ်ကိုယ်တိုင် သဿတဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ကိုယ်က နဂိုကပါလာတဲ့ သဿတဒိဋ္ဌိလား၊ သူများပါးစပ်ကပြောတာနဲ့ ဖြစ်ရတဲ့ သဿတဒိဋ္ဌိလား၊ အကဲခတ် စမ်း (သူများပါးစပ်က ပြောတာနဲ့ ဖြစ်ရတဲ့ သဿတဒိဋ္ဌိပါ) သူများပါးစပ်ကပြောတာ ကိုယ်ယုံကြည်မိလို့ ဖြစ်ရတဲ့ သဿတဒိဋ္ဌိ (မှန်ပါ့ ဘုရား)။
မင်းလုပ်ရင် မင်းရမှာပေါ့ကွာ၊ မင်းမလုပ်ရင် မင်းမရမှာပေါ့ကွ၊ သူများရှာမနေနဲ့ကွ (မှန်ပါ့) မင်းသည်သာလျှင် လုပ်ကွ၊ မင့်အကျိုး မင်းလုပ်လို့ မင်းခံစားရတာပေါ့ကွဆိုပြီး သကာလ တစ်ခါတည်း မင်းတစ်ဆက်တည်း၊ သူတစ်ဆက် တည်းဆိုတဲ့ သဿတဒိဋ္ဌိကြီးက လာဦးမှာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီလိုလာတော့ ဒကာ ဒကာမတွေ ဪ ဒီဒိဋ္ဌိဆိုတာ နိဗ္ဗာန်တားတဲ့ဒိဋ္ဌိ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်တားတဲ့ ဒိဋ္ဌိကိုဘယ်ကရသတုံး
ဒီဒိဋ္ဌိဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်တားတဲ့ ဒိဋ္ဌိပါ) နိဗ္ဗာန်တားတဲ့ ဒိဋ္ဌိကို ခင်ဗျားတို့ ဘယ်ကရသတုံးလို့ ဘုန်းကြီး ပဲ မေးမေး၊ ဘုရားကပဲ မေးမေး၊ ကဲ ဒကာကြွယ်ဖြေစမ်းပါ (သူများပါးစပ်ကရပါတယ် ဘုရား)။
ဟာ သွားပြီ၊ သွားပြီ ဦးမာဒင်ရေ (မှန်ပါ့) ဆရာဝန်ကြီးသွားပြီ (မှန်ပါ့) ဘယ်ကရတာတုံး ခင်ဗျားတို့ (သူများပါးစပ်ကရပါတယ် ဘုရား)။
ကိုင်း အဲဒါကြောင့် ဘုရားက နာနာသတ္ထာရဘေးဆိုတာ အထူးထူးသော ဆရာတွေပြောတဲ့ ပါးစပ်ဘေး ဟာ မင်းတို့ ခန္ဓာထဲမှာ ဖြစ်ပျက်ဒုက္ခသစ္စာ မသိသေးသရွေ့ ကာလပတ်လုံး ဒီဘေးသင့်ဦးမယ်ကွ (မှန်ပါ့) ကဲ ဟောထိုက်-မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။
ဦးလှဘူးရေ- တယ်ကြောက်စရာ ကောင်းပါကလား (ကြောက်စရာ ကောင်းပါတယ်ဘုရား)။
ခန္ဓာထဲမှာ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ ဟောမည့်လူကလည်း မရှိ၊ ကိုယ်ကိုယ်တိုင်ကလည်း မကြည့်တတ်ဖြစ်နေ သရွေ့ ကာလပတ်လုံးဖြင့် သူများပါးစပ်ဘေးသင့်လိမ့်မယ်လို့ ဘုရားက သေသေချာချာ ဟောတယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား) ဘာဘေးတဲ့တုံး (သူများပါးစပ်ဘေး သင့်မှာပါဘုရား။
ကိုယ့် နဂိုက ပါလာတဲ့ဘေးလား ဒကာ ဒကာမတွေ ဒီဘဝကျမှ အသစ်ရတဲ့ဘေးလား (ဒီဘဝကျမှ အသစ်ရတဲ့ ဘေးပါဘုရား)။
မသိဘေးသင့်တယ်
ကိုယ်ကတော့ နောက်ဘဝကတော့ မသိဘေးသာသင့်တယ် (မှန်ပါ့) ဒီဘဝ သူများပါးစပ်လမ်းဆုံးတော့ အမှားဘေးပိုသင့်တယ် (မှန်ပါ့) တယ်လည်း ကြောက်စရာ ကောင်းပါလား (ကြောက်စရာ ကောင်းပါတယ် ဘုရား)။
သေသေချာချာမှတ်ကြပါ ဒကာ ဒကာမတို့ ဒီဘဝ အမိဝမ်းခေါင်းထဲ ပဋိသန္ဓေနေတုန်းကလည်း ဘာမှမသိလို့ မသိဘေးသင့်တယ် (မှန်ပါ့) မသိတာပဲ ဘေးသင့်တယ် (မှန်ပါ့) နောက်ကျတော့ လူကြီးသူမတွေနဲ့ မဟောတတ်-မပြောတတ်တဲ့ ဆရာသမားတွေနဲ့ ဒိဋ္ဌိဖြုတ်တတ်တဲ့ နည်းတွေ မပေးတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြပြီဆိုတော့ ပုဂ္ဂိုလ် က အမျိုးမျိုးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အဲဒီကျတော့ကိုတဲ့ ဒကာ ဒကာမတို့ နဂိုကမသိဘေး (မှန်ပါ့) နောက်ကျတော့ သူတို့ပြောတာက ဒိဋ္ဌိကမကုန် တော့ အမှားဘေး (မှန်ပါ့ ဘုရား)။
မသိဘေးပေါ် ဘာဘေးဆင့်သလဲ (အမှားဘေးဆင့်ပါတယ် ဘုရား)။
မသိမှားကသာ ဆိုးတယ်
ဪ မသိတာ-မသိတာပီပီ တော်သေးတယ်၊ မသိမှားကသာ ဆိုးတယ် (ဆိုးပါတယ် ဘုရား)။
ဒကာကြွယ် သေသေချာချာ နားထောင်ပါ၊ ဦးမာဒင် သေသေချာချာ နားထောင် (မှန်ပါ့) မသိဘေးကျတော့ ဝမ်းထဲမှာ ကိုးလ, ဆယ်လနေခဲ့ရလို့ မသိဘေးသင့်တာအမှန်ပဲ (မှန်ပါ့) ဘာလုပ်ရမယ်-ဘာကိုင်ရမယ်လည်း မသိဘူး (မှန်ပါ့) အဲဒါ မသိဘေးသင့်နေတာပဲ (မှန်ပါ့ ဘုရား)။
နောက်ကျတော့ အရွယ်ကလေးရောက်လာတဲ့အခါကျတော့ ဟိုရှာ-ဒီရှာ၊ ဟိုစာအုပ်ကြည့်-ဒီစာအုပ်ကြည့် အမျိုးမျိုး အဖုံဖုံတွေ ကြည့်လိုက်တော့ သစ္စာကလည်း မပါတော့ ကိုယ်ကလည်း သုညတတရား မနာထားတော့ဟာ ဒီဟာဟုတ်သဟေ့၊ ဒီဟာဟုတ်တယ်ဟေ့ ဒီလို လှူဒါန်းပေးကမ်းလို့ရှိရင် ဒီဟာ နတ်ရွာသုဂတိ ရောက်သတဲ့ (မှန်ပါ့ ဘုရား)။
အဲဒီတော့ လူချမ်းသာထက် နတ်ချမ်းသာက မြင့်သတဲ့ဆိုပြီး သကာလ တစ်ခါတည်း ငါသည်ပင်လျှင် နတ်ဖြစ် အောင်လုပ်လိုက်တယ် (မှန်ပါ့) လာပြီ ခင်ဗျားတို့ဟာ (မှန်ပါ့ ဘုရား)။
ငါ နတ်ဖြစ်အောင်လုပ်မယ်ကွ၊ ငါဗြဟ္မာဖြစ်အောင် လုပ်မယ်ကွဆိုပြီး သကာလ လုပ်ကြပြီဆိုပါစို့ (မှန်ပါ့) အင်း ဘာဘေးသင့်သတုံး (အမှားဘေးသင့်ပါတယ်) ဒိဋ္ဌိအမှားဘေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း မွေးလာတုန်းက မမွေးခင်ကတော့ မသိဘေး (မှန်ပါ့) လူလားမြောက်တော့ (အမှားဘေးပါ) အမှားဘေးသင့်တယ် (မှန်ပါ့) ဒကာသစ် တယ်နာတယ် (နာပါတယ်) သိပ်နာသနော် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဒီနေ့ဥစ္စာက ခင်ဗျားတို့ ယထာဘူတဉာဏ်၏ ကျေးဇူးများပုံကို ဦးမာဒင် သေသေချာချာ ပြောချင်လို့ (မှန်ပါ့) မှားတာသိမှာလည်း မှန်တာ အဖိုးတန်တာကြီးဟာ ထူးကဲတယ် (မှန်ပါ့) မှားတာမသိလို့ရှိရင် မှန်တာ ဒါလောက် အဖိုးတန်မှန်းမသိဘူး (မသိပါ ဘုရား)။
အမှားတွေသိမှ အမှန်အဖိုးတန်တာ
ကိုယ်မှားခဲ့တဲ့ အချက်တွေက ဒုက္ခအမျိုးမျိုးကြုံခဲ့ပြီဆိုတော့မှ ဒီအမှန်ကလေးတစ်လုံးဟာဖြင့် အဖိုးမဖြတ်နိုင် ဘူးဆိုတာ လာတယ် (မှန်ပါ့) အမှားတွေသိမှ အမှန်အဖိုးတန်တာ ပေါ်လွင်ထင်ရှားပါတယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ ဝမ်းထဲတုန်းက ဘာဘေးသင့်သတုံး (မသိဘေးသင့်ပါတယ် ဘုရား)။
နောက် ပြင်ဘက်ကျတဲ့အခါကျတော့ သာသနာပလဲဖြစ်မယ်၊ ပြီးတော့ ဆရာတွေကလည်း ဒကာ ဒကာမတွေ သိတဲ့အတိုင်း သုညတဒေသနာတော်တွေ- သစ္စာတရားတော်တွေ မကြာရ, မသိရတော့ သာမညဟာတွေ ကြားရပြန် တော့ ဒိဋ္ဌိတွေကဝင်လာပြီး သကာလ အမှားဘေးသင့်တယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် မသိဘေးပြီးတော့ ဘာလာသေးသတုံး (အမှားဘေးလာပါတယ်) ဒကာသစ် သိပ်ဆိုးတယ် (ဆိုးပါ တယ် ဘုရား) ဦးမာဒင် သိပ်ဆိုးတယ် (ဆိုးပါတယ် ဘုရား)။
သေသေချာချာ စဉ်းစားကြည့်မှ ဪ ဒို့သံသရာထဲမှာ တာရှည်ကြီး နေခဲ့ရတဲ့ အပါယ်လေးပါးဟာလည်း ကိုယ့်အိမ်အဖြစ်နဲ့ နေခဲ့ရတဲ့ ဘေးတွေသင့်တာဟာ လက်သည်ဖြင့် ယနေ့တွေ့ပြီ (မှန်ပါ့ ဘုရား)။
ကိုယ်က ပုထုဇန်မို့ မသိဘေးသင့်တယ် (မှန်ပါ့) နောက်ကျတော့ သူများပါးစပ်လမ်းဆုံးတော့ အမှားဘေးသင့် တယ် (မှန်ပါ့) မသိဘေးနဲ့ အမှားဘေးတွန်းချလိုက်တာနဲ့ အပါယ်ငရဲဟာ ကိုယ့်အိမ်ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
မသိဘေးနဲ့ အမှားဘေး ဝိုင်းနှိပ်စက်လိုက်တာ
မသိဘေးနဲ့ အမှားဘေး ဝိုင်းနှိပ်စက်လိုက်တာ (အပါယ်ငရဲဟာ ကိုယ့်အိမ်ဖြစ်နေပါတယ် ဘုရား)။
အပါယ်လေးပါးဟာ ကိုယ့်အိမ်ဖြစ်သွားတယ် ဒကာကြွယ်ရ (မှန်ပါ့) အိုဘေး, နာဘေး, သေဘေးတွေဆိုတာ ကိုယ့်ပစ္စည်းချည်း ဖြစ်တာပဲ (မှန်ပါ့) ဘယ်လောက် ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ ဘေးနှစ်ဘေးကို ယနေ့ပြောရခြင်းသည် ယထာဘူတဉာဏ်မရရင် ဒီနှစ်ဘေးဟာ သင့်မြဲလို့မှတ် (မှန်ပါ့ ဘုရား)။
ဒီနှစ်ဘေးဟာ ဘယ့်နှယ်တုံး (သင့်မြဲပါ ဘုရား) သင့်မြဲပဲတဲ့။
ဟိုက ကလေးသူငယ်တွေ ငယ်ငယ်တုန်းကတော့ မသိဘေးသင့်နေတာကတော့ ရှိပါစေတော့၊ ဘာဖြစ်လို့တုံး ထောင်တတ်တဲ့နားက မပါသေး (မှန်ပါ့) မြင်တတ်တဲ့ မျက်လုံးကကော မရှိသေး (မှန်ပါ့) ဆိုတော့ မသိဘေးပဲ သင့်တယ် (မှန်ပါ့)။
နောက်ကျတော့ ဟိုစာအုပ်ကြည့်- ဒီစာအုပ်ကြည့်- ဟိုဆရာပြောတာ နားထောင် ဒီဆရာပြောတာနားထောင် နဲ့ သုညတတရားကလည်းမဟုတ် သစ္စာကလည်း မထိုက်ဆိုတော့ ပုဂ္ဂိုလ်သတ္တဝါရှိတဲ့ဘက် လှည့်တယ် (လှည့်ပါတယ်) ငါလုပ်-ငါရတယ်ဆိုတဲ့ ဘက်လှည့်သွားတယ် (သွားပါတယ် ဘုရား)။
အဲဒီကျတဲ့အခါကျလို့ ရှိရင်ဖြင့် မရဘူးလားဆိုတော့ ရပါတယ်တဲ့၊ မရဘူးလို့ မဆိုပါဘူး၊ မိမိလုပ်ရင် မိမိရတယ် ဆိုတဲ့အတိုင်းတော့ မရဘူးလို့တော့ မဆိုပါဘူး၊ ဒိဋ္ဌိကမကွာပဲ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိကမကွာပဲ ဖြစ်နေတယ်
ဒိဋ္ဌိက ဘယ့်နှယ်တုံး (မကွာပဲ ဖြစ်နပါတယ်ဘုရား) အဲဒီကျတော့ ဒိဋ္ဌိဘေးသင့်တယ် (မှန်ပါ့)။
ဒိဋ္ဌိဆိုတာ မိစ္ဆံပဿတီတိဒိဋ္ဌိ၊ မိစ္ဆံ= မှားသောအကျင့်ကို၊ ပဿတိ= မြင်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဒိဋ္ဌိ= ဒိဋ္ဌိမည်၏ဆိုတော့ လူမဟုတ်တာကို လူရယ်လို့မြင်ရင် မိစ္ဆာဒိဋ္ဌိပဲ (မှန်ပါ့) နတ်မဟုတ်တာ နတ်ရယ်လို့ မြင်ထားရင် (မိစ္ဆာဒိဋ္ဌိပါ ဘုရား) မိစ္ဆာဒိဋ္ဌိပဲလို့ ဆိုသဖြင့် အဲဒီ့ ပြောသံဆိုသံ သူများ ပါးစပ်ဘေးသင့်လိုက်တာ မသိဘေးပေါ် အမှားဘေးဆင့်တယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (မသိဘေးပေါ် အမှားဘေးဆင့်ပါတယ် ဘုရား) ဪ ဒီအကန်းနဲ့ ဒီအရူးဟာဖြင့် မသိဘေးပေါ် အမှားဘေးဆင့်ပြန်ပြီဆိုလို့ရှိရင်ဖြင့် ဘယ်ဆေးမှ ကုရဖို့ မမြင်တော့ဘူး (မှန်ပါ့) သိပ်ကြောက်စရာကောင်း ပါလား (ကောင်းပါတယ် ဘုရား)။
ဒကာကြွယ် ဒါ ခင်ဗျားတို့ သံဝေဂရဖို့ပြောနေတယ်လို့ မယူပါနဲ့၊ ဖြစ်စဉ်နောက်က ဒီအတိုင်းပါပဲလို့ ပြောတာ (မှန်ပါ့)။
ဖြစ်စဉ် (နောက်က ဒီအတိုင်းပါဘုရား) မသိဘေးပေါ် (အမှားဘေးဆင့်ပါတယ် ဘုရား) အမှားဘေးဆင့် နေတယ်ဆိုတာ အတော် သေချာသွားပြီ (သေချာသွားပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ဒီသာသနာကလေးကိုဖြင့် အခုပြောတဲ့ သုညတတရားဆိုတာက ပုဂ္ဂိုလ်သတ္တဝါမရှိ ဘူး- ဝေဒနာသာရှိတယ်၊ ဖြစ်ပျက်သာရှိတယ်ဆိုတာ ပုဂ္ဂိုလ်သတ္တဝါဆိတ်သုဉ်းနေလို့ သုညတတရား (မှန်ပါ့)။
သုညတတရားဆိုတော့
စိတ်သာရှိတယ်- ဖြစ်ပျက်တာရှိတယ်ဆိုတော့ ဘာတရားတုံး (သုညတတရားပါ ဘုရား) သုညတတရားဆိုတော့ ငါ-ငါ့ဥစ္စာလို့ စွဲသေးရဲ့လား (မစွဲပါ ဘုရား)။
ဒါဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ သိလိုက်ရင်လည်း ဘာတရားတုံး (သုညတတရားပါဘုရား) သုညတတရားဟာ ပုဂ္ဂိုလ်သတ္တဝါပါသေးရဲ့လား (မပါပါဘုရား) ပုဂ္ဂိုလ်သတ္တဝါဆိတ်လို့ သုဉ်းလို့ သုညတတရားခေါ်ပါတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ပုဂ္ဂိုလ်သတ္တဝါ ဆိတ်၍ သုဉ်း၍ ဘာတုံး (သုညတတရားပါ ဘုရား) အဲဒီတရားတွေကို မနာရသေးသရွေ့ ကာလပတ်လုံးဖြင့် ဦးမာဒင်ပဲ စဉ်းစား- ဒကာကြွယ်စဉ်းစား၊ ပုဂ္ဂိုလ်သတ္တဝါ ပျောက်ဖို့ အတော်ခဲယဉ်းတယ် (ခဲယဉ်း ပါတယ် ဘုရား) မခဲယဉ်ဘူးလား (ခဲယဉ်းပါတယ် ဘုရား)။
ခဲယဉ်းနေသရွေ့ ကာလပတ်လုံးလည်း ဒိဋ္ဌိကမကွာပါဘူး (မကွာပါ ဘုရား) မကွာသရွေ့ ကာလပတ်လုံးလည်း မဂ်ဉာဏ်-ဖိုလ်ဉာဏ် ဘယ်တော့မှ မရ (မှန်ပါ့) ဒိဋ္ဌိဟာ မဂ်တား-ဖိုလ်တားပဲ (မှန်ပါ့)။
ဒိဋ္ဌိရှိနေရင် (မဂ်တား, ဖိုလ်တားပါ ဘုရား) အဲဒါကြောင့် ကျုပ်တို့ နိဗ္ဗာန်မရခဲ့တဲ့အပြစ်တွေကို ယနေ့ ဖော်ပြောပါပြီတဲ့၊ မသိဘေးပေါ် အမှားဘေးဆင့်လို့ ဟုတ်လား (မှန်ပါ့) အဖြစ်ဆိုးနဲ့ကြုံရလေခြင်း (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
မသိဘေးပေါ် အမှားဘေးဆင့်
ဘာတဲ့တုံး ဒကာ ဒကာမတို့ (မသိဘေးပေါ် အမှားဘေးဆင့်လို့ အဖြစ်ဆိုးနဲ့ကြုံရလေခြင်း) အဲဒီတွင် ငိုချင်း တောင်ချဖို့ ကောင်းတယ် (မှန်ပါ့) ဦးမာဒင် မချထိုက်ဘူးလား (ချထိုက်ပါတယ် ဘုရား)။
ဘာ့ကြောင့်ချထိုက်သလဲလို့ ဒကာ ဒကာမတွေကို သေသေချာချာ ပြောတော့မှ တပည့်တော်တို့ဘုရား ချမ်းသာ မတွေ့ခဲ့တာ မသိဘေးနဲ့အပေါ် အမှားဘေးဆင့်လို့ ဖြစ်ရတယ် (မှန်ပါ့) တစ်သံသရာလုံး တစ်ခါတည်း သူများပါးစပ် ထဲမှာ လမ်းဆုံးခဲ့ရတယ် (မှန်ပါ့) သူများပါးစပ်ခေါင်းထဲမှာ ကိုယ့်အလောင်းဝင်ခဲ့ရတယ် (မှန်ပါ့)။
တိရစ္ဆာန်တွေဖြစ်တော့ နိုင်ရာစားကိုးဗျ (မှန်ပါ့) သူများပါးစပ်ခေါင်းထဲမှာ ကိုယ့်အလောင်းဝင်ရတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါ ဘာဖြစ်နေကြတာတုံး၊ ဒါလောက်တောင် နိုင်ရာစားအဖြစ်နဲ့ သံသရာရှည်ပြီး သကာလ အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်ပြီး သကာလ ဘဝအမျိုးမျိုးဖြစ်နေတာ ဟာ လက်သည်ရှာပါဦးမယ်ဆိုပြီးတော့ ဒကာ ဒကာမတို့ ယနေ့ သစ္စသံယုတ်ကို နာရတော့မှ ဪ မသိဘေးပေါ် အမှားဘေးဆင့်လို့ ဒီလိုဖြစ်ရတာကိုး (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဦးလှဘူး ဘာတဲ့ဗျာ (မသိဘေးပေါ် အမှားဘေးဆင့်လို့ ဒီလိုဖြစ်ရတာပါဘုရား) တယ်ကြောက်စရာကောင်း ပါလား (ကြောက်စရာကောင်းပါတယ် ဘုရား)။
အင်မတန် ကြောက်စရာကောင်းပါတယ် ဒကာ ဒကာမတို့ မသိဘေးပေါ် အမှားဘေးဆင့်တာလောက် ကျုပ်တို့ ခင်ဗျားတို့ နစ်နာမှုကြီးတာဖြင့် ရှာမတွေ့ဘူး (မတွေ့ပါ ဘုရား)။
ရင်ဝလှံစူး, ဦးခေါင်းမီးလောင်
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိများကွာ ရင်ဝလှံစူး, ဦးခေါင်းမီးလောင်တာတောင် ဖြည်း ဖြည်းမှ နှုတ်ချင်နှုတ်စမ်းပါ (မှန်ပါ့) ဒီ ဒိဋ္ဌိတစ်လုံးဖြင့် ငါလုပ်-ငါရဆိုတဲ့ ဒိဋ္ဌိမျိုးကိုဖြင့် ရုပ်နာမ်တွေကို ငါလုပ်နေတဲ့ ဒိဋ္ဌိကွ (မှန်ပါ့)။
အမေမဟုတ်တာ အမေလုပ်နေတဲ့ ဒိဋ္ဌိကွ၊ အဘ, မဟုတ်တာ အဘလုပ်နေတဲ့ဒိဋ္ဌိကွ၊ အပြောတွင် လမ်းမဆုံးပဲ အထပ်ပါလိုက်နေတဲ့ ဒိဋ္ဌိကွ၊ ဒါကိုဖြင့် ရင်ဝ, လှံစူး-ဦးခေါင်း မီးလောင်တာထက် မြန်မြန်ပယ်လိုက်စမ်းပါ၊ နို့မဟုတ် ဒီအမှားဘေးကြီးလွန်းလို့တဲ့ (မှန်ပါ့ ဘုရား) ကဲ မဟောပေဘူးလား (ဟောပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒကာကြွယ် ကျုပ်တို့ ခင်ဗျားတို့ ဒီအကြောင်းတွေ သိရတော့ ဪ ကိုယ့်အဖြစ်ဆိုးကြီးဟာ မသိဘေး ပေါ် အမှားဘေးကြီးဆင့်တာနဲ့ ဒုက္ခပင်လယ်ဝေခဲ့ရတာဟာ ဪ ဒါ သူများပါးစပ်ပဲဟေ့ (မှန်ပါ့) ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်ကြသေးဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ဦးမာဒင် သူများပါးစပ်သွင်းလေ ကြောက်စရာကောင်းလေပဲ (ကောင်းပါတယ် ဘုရား) ဘုရားကလည်း သူများပါးစပ်ထဲ သွင်းလိုက်တာ ဝါဂွမ်းဖြစ်သွားတယ် (ဖြစ်သွားပါတယ် ဘုရား) တောင်လေက မြောက်ကိုဗျာ (မှန်ပါ့) တောင်ဘက်ကနေ ပါးစပ်နဲ့မှုတ်လိုက် မြောက်ဘက်သွား (သွားပါတယ် ဘုရား) မြောက်ဘက်ကနေမှုတ်လိုက် (တောင် ဘက်သွားပါတယ် ဘုရား) အဲ ကျုပ်တို့ ကိုယ်ပိုင် နေမှု-ထိုင်မှု-ခိုင်မြဲမှုပါသေးသလား (မပါပါ ဘုရား)။
သစ္စာသိအောင်လုပ်မှ ဒီဘေးလွတ်မယ်
ဘုရားက နိဂုံးချုပ်လိုက်ပါပြီ၊ အဲဒါဖြင့်ကွာတဲ့ မင်းတို့ ဒီအတိုင်းမနေနဲ့၊ သစ္စာသိအောင်လုပ်မှ ဒီဘေးလွတ်မယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာတဲ့တုံး (သစ္စာသိအောင်လုပ်မှ ဒီဘေးလွတ်မှာပါ) ဒကာသစ် ဒါဖြင့်ဗျာ အားလုံး ဒကာ ဒကာမတွေ အသေအလဲ ဒီဥစ္စာဖြင့် သိအောင် ကျုပ်တို့ ရှာရလိမ့်မယ် (မှန်ပါ့) အသေအလဲရှာရမယ် (ရှာရမှာပါ ဘုရား) သာမညရှာလို့တော့ မရပါဘူး (မရပါ ဘုရား)။
ဒကာကြွယ် သူမသိသေးလို့ရှိရင် သစ္စာမသိသေးလို့ရှိရင် ဝါဂွမ်းဖြစ်ရမယ်၊ သူများပါးစပ်လမ်းဆုံးရမယ် (မှန်ပါ့) မသိဘေး-မှားဘေး ဒကာ ဒကာမတွေ အတန်တန်သင့်ရမယ် (မှန်ပါ့) ဆိုတော့ အားလုံး နောက်က တရားနာ နေကြတဲ့ ဒကာ ဒကာမတွေဟာ ဒို့သံသရာရှည်တဲ့ လက်သည်အစစ်ဖြင့် အမြစ်နှစ်ခုနဲ့တကွ ယနေ့ တွေ့ပဟ (မှန်ပါ့) ယထာဘူတဉာဏ်မရလိုက်တာ သိပ်နာပါကလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ယထာဘူတဉာဏ်မရတော့ (သိပ်နာပါတယ် ဘုရား) သူ့မရသရွေ့ ကာလပတ်လုံး မသိဘေး-မှားဘေး ဘဝတိုင်း သင့်မယ် (မှန်ပါ့)။
မသိဘေး-မှားဘေး ဘဝတိုင်းတွေ့ပါမယ်
ဘယ့်နှယ်ဆိုကြမယ် (မသိဘေး-မှားဘေး ဘဝတိုင်းတွေ့ပါမယ် ဘုရား) မသိဘေးက အဝိဇ္ဇာ၊ မှားဘေးက ဒိဋ္ဌိ (မှန်ပါ့ ဘုရား) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။
မသိဘေးက (အဝိဇ္ဇာပါဘုရား) မှားဘေးက (ဒိဋ္ဌိပါ့ ဘုရား) တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒကာကြွယ် ကောင်းကောင်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) တော်သေးသဗျာ အသေမစောကြသေးလို့ (မှန်ပါ့) တော်သေးတယ်လို့ ဒကာ ဒကာမတွေ ခြိမ်းခြောက်ပြောနေတယ်လို့ အောက်မေ့မနေပါနဲ့၊ ခင်ဗျားတို့ ဒီနေ့ပြောတဲ့ စကား အလွန်အရေးကြီးတယ် (မှန်ပါ့)။
သိပ်အရေးကြီးတာပဲဆိုတာကိုဖြင့် တစ်ထစ်ချမှတ်လိုက်စမ်းပါ (မှန်ပါ့)။
တစ်သံသရာလုံး ဘာဘေးသင့်သတုံး (မသိဘေး, မှားဘေးသင့်ပါတယ် ဘုရား) မသိဘေး, မှားဘေးသင့်လိုက် တော့ ဒုက္ခပင်လယ်ဝေခဲ့ကြတယ် (ဝေခဲ့ပါတယ် ဘုရား)။
အဲဒီ ပင်လယ်ဝေတာဟာလည်း ဒကာ ဒကာမတို့ ဒီဘေးနှစ်ခု ဒဏ်ချက်ပါ (မှန်ပါ့) ဆိုထိုက်ကြရဲ့လား (ဆို ထိုက်ပါတယ် ဘုရား)။
ဒီဘေးနှစ်ခု၏ (ဒဏ်ချက်ပါဘုရား) အဲဒီဒဏ်ချက်ကလည်း ဘယ်လိုသင့်သတုံးဆိုတော့ မသိဘေးနဲ့ မှားဘေး သင့်လို့ရှိရင် အပါယ်မှာ ခန္ဓာနဲ့ဆပ်ရတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (အပါယ်မှာ ခန္ဓာနဲ့ ဆပ်ရပါတယ်ဘုရား) ဟာ ဘာဘေးသင့်လို့ဆပ်ရပါလိမ့် (မသိ ဘေးနဲ့ မှားဘေးသင့်လို့ ဆပ်ရပါတယ်ဘုရား) ဒကာကြွယ် တယ်နာပါကလား (နာပါတယ်ဘုရား)။
ခန္ဓာနဲ့ ဆပ်လို့ ကြွေးပြေပြီး ပြန်တက်လာပြန်ပြီ ဆိုပြန်တော့လည်း တိရစ္ဆာန်ဘုံ ပြန်တက်ရပြန် တော့လည်း မသိဘေးနဲ့ မှားဘေးသင့်ပြန်တာပဲ (မှန်ပါ့)။
ဘယ့်နှယ်တုံး (မသိဘေးနဲ့ မှားဘေးသင့်ပါတယ် ဘုရား) ဒါဖြင့် အင်မတန် လူ့ပြည်က အပ်တစ်စင်း, ဗြဟ္မာ ပြည်က အပ်တစ်စင်းချကြည့် အသွားချင်းထိစရာရှိသေးတယ်၊ လူ့ဘဝက ဒါ့ထက်ရခဲ့သေးတယ် ဆိုတော့ ခင်ဗျားတို့ လူ့ဘဝရတယ် (မှန်ပါ့)။
နေရင်းက အပါယ်လေးပါး
ရပြန်တော့လည်း တစ်ခါအခုဘာဖြစ်နေကြပြန်သတုံးလို့ မေးပြန်တော့လည်း ခုနင်က မသိဘေးနဲ့ မှားဘေးက လက်စမသတ်သေးဘူး (မှန်ပါ့) လက်စမသတ်သေးတော့ နေရင်းပြန်ဦးမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ရောက်တယ် (ရောက်ပါတယ် ဘုရား)။
ဘယ်လိုရောက်သလဲ (နေရင်းပြန်ဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ်) နေရင်းက အပါယ်လေးပါးကိုးဗျ (မှန်ပါ့ ဘုရား)။
နေရင်းက (အပါယ်လေးပါးပါ ဘုရား) အဲဒါကြောင့် ဒီတစ်ခါဖြင့် ဪ အမိအရဖြင့်ယူမှပဲ၊ မယူလို့ရှိ ရင်ဖြင့် ဒီ့ထက် ကိုယ်ကျိုးနည်းဖြင့် မရှိတော့ဘူးဆိုတာကို ဒကာ ဒကာမတွေ တစ်ထစ်ချဆုံးဖြတ်ချက်ချပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မသိဘေးနဲ့ မှားဘေးသင့်လိုက်တာ မသိဘေးက အဝိဇ္ဇာ (မှန်ပါ့) အမှားဘေးက သူများပါးစပ် (မှန်ပါ့)။
အမှားဘေးက (သူများပါးစပ်ပါ ဘုရား) သူများပါးစပ်ကြောင့် သင့်တာ (မှန်ပါ့)။
အမှားဘေးက (သူများပါးစပ်ပါ ဘုရား) ကိုယ့်အမေမိဘကလည်း ဘာမှနားမလည်းတော့ သူလည်း သူတတ် တာ သင်လိုက်တော့ တစ်ခါတည်း သူကလည်း ဒိဋ္ဌိတွေချည်း သင်လွှတ်တာပဲ (မှန်ပါ့ ဘုရား)။
ဟောဒါ နင့်နှမ ဧကန်မှတ်၊ ဟောဒါ နင့်အစ်မမှတ်၊ သူကလည်း တတ်တာသင်ရရှာတာကိုးဗျ (မှန်ပါ့) အပြစ်ဆိုတာတော့ မဟုတ်ဘူး၊ တတ်တာက ဒါပဲတတ်တယ် (မှန်ပါ့) အဲဒီတော့ ကျုပ်တို့ကလည်း အရိုးစွဲမှတ်ချလိုက် တယ် (မှန်ပါ့)။
ဒါလည်း သေသည်တိုင်အောင်တောင်မှပဲ ဒီအမေ, ဒီအစ်မ ဒုက္ခရောက်လို့ရှိရင် ကိုယ်ဒုက္ခရောက်ရမယ်၊ ဒီအစ်မသေရင် ငါငိုရမယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဒီဥစ္စာ စွန့်နိုင်သေးရဲ့လား (မစွန့်နိုင်ပါ ဘုရား)။
သူများပါးစပ်လေဗျာ (မှန်ပါ့) သူများပါးစပ်ကြောင့် မှားဘေးသင့်ချလိုက်တာ တစ်ခါတည်း ငိုစရာရှိရင် ငိုမယ်ကွ (မှန်ပါ့) ပြုံးစရာရှိ ပြုံးမယ်ကွ (မှန်ပါ့)။
ပြုံးစရာရှိရင် ဒကာ ဒကာမတို့ တဏှာဥပါဒါန် ကံဖြစ်ရတယ် (မှန်ပါ့) ငိုစရာရှိလို့ရှိရင် ဒေါသ, သောက, ဥပါယာသ အဝိဇ္ဇာသင်္ခါရဖြစ်ရတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်လည်နည်းတွေချည်း သင်လွှတ်လိုက်တယ်ဆိုရင် လွဲသေးသလား (မလွဲ ပါ ဘုရား) အဲဒါ ဘာဘေးပါလိမ့် (မသိဘေးနဲ့ မှားဘေးပါ ဘုရား)။
လွတ်စေချင်လွန်းလို့ ဒီအပြစ်ကိုဒါလောက်ပြရတယ်
ဒကာသစ် ဒီဥစ္စာကို ထပ်ပြန်တလဲလဲ ပြောနေရခြင်းသည် လွတ်စေချင်လွန်းလို့ ဒီအပြစ်ကို ဒါလောက်ပြရ တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လွတ်စေချင်လွန်းလို့ ဒီအပြစ်ကို ပြရပါတယ် (မှန်ပါ့) ဒီယထာဘူတဉာဏ်မရဘဲနဲ့ သေသွားတဲ့ အသုဘပေါင်း ဒကာကြွယ် ဘယ်လောက်ရှိမယ်ထင်သတုံး (မရေတွက်နိုင်ပါ ဘုရား) ဒါဖြင့် မသိဘေးနဲ့ အမှားဘေးသင့်ပြီး သေသွား ရှာတယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အင်း သူ ဘယ်များ ဘာဖြစ်နေသတုံး၊ ဘာမှမဖြစ်ဘူး ဒုက္ခပင်လယ်ဝေတဲ့ နေရာရောက်နေမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်ပါပြီ ဘုရား)။
ဘယ်နေရာရောက်မှာပါလိမ့် (ဒုက္ခပင်လယ်ဝေတဲ့နေရာ ရောက်မှာပါဘုရား) ဪ သူက ဘယ်လိုများ သေသွားရှာပါလိမ့် (မသိဘေးနဲ့ အမှားဘေးသင့်ပြီး သေသွားပါတယ်ဘုရား)။
မယုံရင် အဲဒီ အခုလို ယထာဘူတဉာဏ်မရတဲ့ ပုဂ္ဂိုလ်ဟာ သားစွဲတာတန်းလန်း အမှားဘေးသင့်တယ် (မှန်ပါ့) သမီးစွဲတာ တန်းလန်းဆိုရင်ကော (အမှားဘေးသင့်ပါတယ်) ပစ္စည်းစွဲသွားတာ တန်းလန်းဆိုရင်ကော (အမှားဘေးသင့် ပါတယ်) ပစ္စည်းမဟုတ်တာ ပစ္စည်းလုပ်ထားတာကိုး (မှန်ပါ့)။
အဲဒီတော့ မသိဘေးနဲ့ လာခဲ့တဲ့ပုဂ္ဂိုလ် အမှားဘေးသင့်ပြီး သေလေရဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘယ်လောက် ကြောက်စရာကောင်းသတုံး ဒကာကြွယ် (ကြောက်စရာကောင်းပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အမှားဘေးတော့ဖြင့် ပြင်မှပဲ
ကိုင်း ဒါဖြင့် ဒို့ဖြင့် ဘုရားသခင် သာသနာတော်ကြီးကလည်းရှိ၊ သာသနာတော်ကြီးဘက်က ချီးမြှောက်ပေး မည့်ပုဂ္ဂိုလ်ကလည်း ဒို့မှာ ဘုန်းထူး, ကံထူးရှိလို့ ဒီနေရာ, ဒီဌာန ကြုံကြဆုံကြတဲ့အခါ ဒီဘေးဖြင့် ရှောင်မှပဲ (မှန်ပါ့)။
မသိဘေးတော့ဖြင့် ရှိပစေတော့ (မှန်ပါ့) အမှားဘေးတော့ဖြင့် ပြင်မှပဲ (မှန်ပါ့) အမှားဘေး ပြင်လိုက်လို့ရှိရင် မသိဘေးပါ-ပါသွားတယ် (ပါပါတယ် ဘုရား)။
အမှားဘေးပြင်လိုက်လို့ရှိရင် (မသိဘေးပါ ပါသွားပါတယ်ဘုရား) မသိဘေးပါစင်သွားတယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အားရှိစရာ သိပ်ကောင်းပါတယ် (ကောင်းပါတယ် ဘုရား) အမှားဘေးကို ပြင်လိုက် လို့ရှိရင် (မသိဘေးပါ ပါသွားပါတယ်) မသိဘေးပါ ကိစ္စပြီးပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာဖြစ်လို့တုံး မှားတာဟာ မှန်ပါတယ်ဆိုကတည်းက အဝိဇ္ဇာက ဝိဇ္ဇာသွားဖြစ်တယ် (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာက (ဝိဇ္ဇာသွားဖြစ်ပါတယ် ဘုရား) အဝိဇ္ဇာက မသိတာကိုး (မှန်ပါ့) ဝိဇ္ဇာဖြစ်သွားတော့ သိတာဆိုတော့ မှန်မသွားဘူးလား (မှန်ပါတယ်)။
ဒါဖြင့် မှားဘေးပြင်လိုက်လို့ရှိရင် မသိဘေးပါ ပြီးပါတယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာတဲ့တုံးဗျာ (မသိဘေးပြင်လိုက်လို့ရှိရင် အမှားဘေးပါ ပြီးပါတယ်ဘုရား)။
မှားဘေးပြင်လိုက်လို့ရှိရင် မသိဘေးပါ ပြီးပါတယ်ဆိုတာ ဪ ယနေ့ကြားရပြီ (ကြားရပါပြီ ဘုရား)။
ဦးမာဒင် ယနေ့ကြားရတယ် (ကြားရပါတယ်) အမှားဘေးပြင်လိုက်ရင် (မသိဘေးပါ ကိစ္စပြီးပါတယ်ဘုရား) မသိဘေးပါပြီးပါတယ်ဆိုတော့ ဒိဋ္ဌိရော အဝိဇ္ဇာရော ပြုတ်တယ်ပြောချလိုက်တာ (မှန်ပါ့)။
ဒိဋ္ဌိရော (အဝိဇ္ဇာရောပြုတ်ပါတယ်) ကိုင်း ဘယ်လောက် ဒကာ ဦးလှဘူး အဖိုးတန်တယ်ဆိုတဲ့ဥစ္စာဖြင့် ပြောဖို့မလိုပါဘူး (မလိုပါ ဘုရား)။
အင်မတန် အဖိုးတန်တယ်ဆိုတဲ့ဥစ္စာ မသိဘေးဖြုတ်လိုက်လို့ရှိရင် အမှားဘေးပါတယ်ဆိုသဖြင့် မသိတာက အဝိဇ္ဇာဆိုတော့ အကန်းကပျောက်တယ် (မှန်ပါ့ ဘုရား)။
မှားဘေးဆိုတာက အရူးဆိုတာ ထန်းလျက်ကိုပဲ ချဉ်ချင်-ချဉ်ဘယ်ပြောနေတာ (မှန်ပါ့) အမှားဘေးသင့်နေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ထန်းလျက်ချိုလာအောင် ပြင်ပေးလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါသည်ကားလို့ဆိုရင် မသိဘေး ရှင်းသွားလို့ အမှားဘေးကလည်း ခုနင်က အမှားဘေး ရှင်းသွားတဲ့အတွက် မသိဘေးဆိုတဲ့ဥစ္စာလည်း အဝိဇ္ဇာအုပ်ချုပ် နေလို့ မမြင်လို့ပြောတာ (မှန်ပါ့ ဘုရား)။
ထန်းလျက်လည်းသိ-ချိုမှန်းလည်းသိ
အခုတော့ ထန်းလျက်လည်းသိ-ချိုမှန်းလည်းသိတယ် (မှန်ပါ့) ထန်းလျက်ကယ်လို့ သိတာက ဒကာ ဒကာမတို့ မျက်စိမြင်လို့ (မှန်ပါ့) ချိုမှန်းသိတာကလည်း ဒိဋ္ဌိကင်းလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်ဟာ ဦးမာဒင်တို့၊ ဆရာဝန်ကြီးတို့ သိပ်အရေးကြီးပါတယ် (ကြီးပါတယ်) မသိဘေးနဲ့ အမှားဘေးကာကွယ်နိုင်တာဖြင့် ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။
မသိဘေးနဲ့ အမှားဘေးကာကွယ်နိုင်တာက (ဝိပဿနာဉာဏ်ပဲ ရှိပါတယ်) ဝိပဿနာဉာဏ်ပဲ ရှိတော့တယ် (မှန်ပါ့) မဂ်ဉာဏ်ဆိုတာကတော့ သူအခြေခံမှ ပေါ်မှာကိုးဗျ (မှန်ပါ့) သူအခြေခံမရသေးရင် (မပေါ်ပါ ဘုရား)။
အဲဒီတော့ ဘယ်ဉာဏ်အရေးကြီးတယ်ဆိုတာဖြင့် ဝိပဿနာဉာဏ်ပဲ (မှန်ပါ့) အဲဒါစာလိုသုံးတော့ ယထာဘူတ ဉာဏ်ဟေ့ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ) ဘာဉာဏ်တဲ့တုံး (ယထာဘူတဉာဏ်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ယထာဘူတဉာဏ်ရရင် နိဗ္ဗာန်ဆိပ်ဦးသို့ ရောက်ပါပြီ (ရောက်ပါပြီ ဘုရား)။
ဘာတဲ့တုံး (နိဗ္ဗာန်ဆိပ်ဦးသို့ ရောက်ပါပြီ) ဪ ဒါဖြင့် ဒကာ ဒကာမတို့ မျက်စိလည်ပျောက် လမ်း ဖြောင့်ပေါ်ရောက်၊ အသွားသွက်ဖို့ပဲ လိုတော့တယ် (မှန်ပါ့) နိဗ္ဗာန်မြို့နဲ့ဖြင့်ရောက်တော့မှာပဲဆိုတာ ငြင်းဖို့မလိုတော့ ဘူး (မလိုတော့ပါဘုရား)။
နိဗ္ဗာန်ဆိပ်ဦးရောက်ပုံ
ဦးမာဒင် ဒီနေ့တရား သိပ်အဖိုးတန်တယ်နော် (တန်ပါတယ် ဘုရား) တိုက်တွန်းလုံးရော, နှိုးဆော်လုံးရော, အမှားပြင်လုံးရော, နိဗ္ဗာန်ဆိပ်ဦးရောက်ပုံရောဆိုတော့ ဒကာကြွယ်ရေ ဒီဥစ္စာ သိပ်အဖိုးတန်ပါတယ် (တန်ပါတယ်) အင်မတန် အဖိုးတန်တယ်ဆိုတာ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် သူများပါးစပ်လမ်းမဆုံးဘဲနဲ့ ကိုယ့်ခန္ဓာကို ကိုယ့်ဉာဏ်နဲ့ ကြည့်ပါတော့မယ်ဆိုတော့ ဖြစ်မှု, ပျက်မှုကလေးတွေ သွားတွေ့တယ် (မှန်ပါ့ ဘုရား)။
ယားတာ ဝေဒနာ၊ မရှိတာက အနိစ္စ၊ ဟော ဝေဒနာအနိစ္စပါပဲ (မှန်ပါ့ ဘုရား)။
ယားတာ (ဝေဒနာပါ) ပျောက်သွားတော့ မရှိတော့ဘူး (မှန်ပါ့) မရှိတာ ဘယ့်နှယ်ခေါ်မလဲ (အနိစ္စပါ) ဒါဖြင့် ဝေဒနာအနိစ္စ (မှန်ပါ့) ယောကျ်ားအနိစ္စမဟုတ်ဘူး (မဟုတ်ပါ) မိန်းမအနိစ္စမဟုတ်ဘူး (မဟုတ်ပါ) ဘာပါလိမ့် (ဝေဒနာ အနိစ္စပါဘုရား)။
ဒကာကြွယ် ဒါဘာတုံးလို့ ဆိုတော့မှ ယထာဘူတဉာဏ် (မှန်ပါ့) ဒကာသစ် ဘာတဲ့ (ယထာဘူတဉာဏ်ပါ ဘုရား)။
ယထာဘူတဉာဏ်ရတယ်
ယထာဘူတဉာဏ်ရတယ် (မှန်ပါ့) ကောင်းတာကလေးက ဝေဒနာ (မှန်ပါ့) မရှိပြန်ဘူး အနိစ္စ (မှန်ပါ့) သုခ ဝေဒနာ အနိစ္စ (မှန်ပါ့) အင်း ငါကောင်းစားတာဆိုတဲ့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) ငါဘာဖြစ်နေပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာပြုတ်တယ် (မှန်ပါ့) ဒါ ဘာမှန်းမသိပါဘူးဆိုတဲ့ အဝိဇ္ဇာလည်း ပြုတ်တယ် (မှန်ပါ့ ဘုရား)။
ကောင်းတာက သုခဝေဒနာ၊ ပျောက်သွားတာက အနိစ္စ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဝေဒနာ အနိစ္စပေါ့ (မှန်ပါ့ ဘုရား)။
ခန္ဓာထဲဘာရှိပါလိမ့် (ဝေဒနာအနိစ္စပါ) ဝေဒနာအနိစ္စရှိတယ်ဆိုသဖြင့် ငါဘာဖြစ်ပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာ မောဟကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ငါဘာဖြစ်ပါလိမ့်မတုံးဆိုတော့ ငါဆိုတဲ့ဒိဋ္ဌိကလည်း ဘာဖြစ်ပါလိမ့်မလဲက ဝိစိကိစ္ဆာ၊ ငါက ဒိဋ္ဌိ (မှန်ပါ့) အဲဒီ့ ငါကလည်း မရှိဘူး (မှန်ပါ့)။
ငါက မရှိတာ ဘယ်လိုကြောင့်တုံးဆိုတော့ ဝေဒနာ အနိစ္စမှန်းသိပြီ (မှန်ပါ့) ငါရှိသေးရဲ့လား (မရှိတော့ပါ) ဘာဖြစ်ပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာကော (မရှိပါ ဘုရား)။
ဒါဖြင့် ငါဘာဖြစ်ပါလိမ့်မလဲဆိုတဲ့ဥစ္စာ ငါကဒိဋ္ဌိ၊ ဘာဖြစ်ပါလိမ့်မလဲဆိုတာက မောဟ၊ ဒီနှစ်ခုပြုတ်ထွက်သွား တယ် (မှန်ပါ့ ဘုရား)။
ငါဘာဖြစ်ပါလိမ့်မလဲလို့ နဂိုက ခင်ဗျားတို့ အင်မတန် သုံးလေ့ နှုန်းလေ့လည်းရှိမယ် (မှန်ပါ့) ထင်လည်း ထင်တယ် (မှန်ပါ့) ဪ ငါဘာများဖြစ်ချင်ပါလိမ့် ယားလိုက်တာ၊ ဦးမာဒင်ကြီးတို့ သုံးတာပေါ့ (သုံးပါတယ် ဘုရား)။
သုံးတော့သုံးပါ
အခုတော့ သုံးတော့သုံးပါတဲ့၊ အထင်ကိုတော့ ဖြုတ်ပစ်ပါ (မှန်ပါ့ ဘုရား)။
သုံးတော့သုံးပါ ဒကာ ဒကာမတို့ ဘာတဲ့ (အထင်ကို ဖြုတ်ပစ်ရပါမယ်) အင်း ငါဘာမှမဖြစ်ဘူး၊ ဝေဒနာ အနိစ္စဖြစ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ငါဆိုကတည်းက ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့) ဘာမှဖြစ်တာ မဟုတ်ဘူးဆိုကတည်းက ဝိစိကိစ္ဆာလည်း ပြုတ်ပြီ (မှန်ပါ့) ဝိစိကိစ္ဆာဆိုတာ မောဟ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဒိဋ္ဌိနဲ့ မောဟပြုတ်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မသိဘေးလည်းပြုတ်၊ အမှားဘေးလည်းပြုတ် (မှန်ပါ့ ဘုရား)။
မသိဘေးကော (ပြုတ်ပါတယ်) အမှားဘေးကော (ပြုတ်ပါတယ် ဘုရား)။
ဟာ ဒကာသစ် သေပျော်နေပြီဗျ (မှန်ပါ့) ဒကာကြွယ် ဘယ့်နှယ်တုံး (သေပျော်နေပါပြီ ဘုရား)။
မသေနဲ့ဦး- မသေနဲ့ဦး၊ သေပျော်ပေမယ့် မသေနဲ့ဦး (မှန်ပါ့) မဖြစ်သေးဘူးတဲ့၊ ဒါလောက်နဲ့ ဒုတိယဘဝကျမှ မဂ်ဉာဏ်ရမယ်၊ ဒီဟာနဲ့ သေလို့ရှိရင် (မှန်ပါ့) တစ်ခါတည်း ဒုတိယဆိုတဲ့ ဥစ္စာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာကြီး ထမ်းပိုးပြီး သယ်နေဦးမှာက ဒီဘဝလည်း ဘယ်လောက်အသက်ရှည်မှန်းမသိတော့ ခန္ဓာဝန်ထမ်းသမားအဖြစ်က မလွတ်သေးဘူး (မှန်ပါ့) ဒုတိယဘဝသွားပြီး တာဝန်ထမ်းရဦးမှာ ဒုတိယဘဝကျမှ တာဝန်ပြီးတော့ နိဗ္ဗာန်ရမယ်ဆို တာလည်း မကောင်းသေးဘူး (မှန်ပါ့ ဘုရား)။
အခုဆေးရင်ကောင်းတယ်
အခုရှိတဲ့ ကျင်ကြီး အခုမသင့်တဲ့နေရာမှာ ဧည့်ခန်းရောက်နေတယ်ဆိုရင် အခုဆေးရင်ကောင်းတယ် (မှန်ပါ့ ဘုရား)။
ကျင်ကြီးဟာ ဧည့်ခန်းပေါ်မှာ ကလေးကမနေသာလို့ စွန့်သွားတော့ ဖြေးဖြေးဆေးတာကောင်းသလား၊ အခု ဆေးတာကောင်းသလား (အခုဆေးတာ ကောင်းပါတယ်ဘုရား)။
ကျင်ကြီးကျတော့ ခင်ဗျားတို့ အခုဆေးချင်တယ်၊ ဒိဋ္ဌိအခု မဆေးချင်တာ အတော်ခက်နေတာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ချက်ချင်းဆေးနော် (မှန်ပါ့) ဧည့်ခန်းကို ရောက်နေတာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ခင်ဗျားတို့ ဒိဋ္ဌိက ဘယ်ရောက်နေသလဲ (ဧည့်ခန်းရောက်နေပါတယ်) ဧည့်ခန်းရောက်နေတယ်တဲ့၊ တကယ့် မလျော်တဲ့ နေရာရောက်နေတာ (မှန်ပါ့ ဘုရား)။
မလျော်တဲ့ နေရာရောက်နေတယ်ဆိုတော့ ဘုရားရှေ့လည်း ဒိဋ္ဌိ (မှန်ပါ့) ငါလှူလို့ ငါရတယ် (မှန်ပါ့) မလျှော့ နိုင်ဘူး (မှန်ပါ့) တကယ့် ဧည့်ခံနေရာရောက်နေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဖြင့် မြန်မြန်ဆေးတာ ကောင်းပါတယ် (မှန်ပါ့ ဘုရား)။
ဒကာသစ် ဘုရားရှေ့ရောက်နေတာများ မြင်လိုက်ရဲ့လား (မမြင်ပါ) တချို့ ဒကာ ဒကာမတွေများဟာ ဆုတောင်းရှည်ကြီးနဲ့ တစ်ခါတည်း ဒီကဲ့သို့ လှူရ ပေးရ ကမ်းရတဲ့အတွက် တပည့်တော်မ သေသည်၏အခြားမဲ့၌ တပည့်တော်မပဲ နတ်သမီးဖြစ်ရပါလို၏တဲ့ (မှန်ပါ့) တပည့်တော်မပဲ ဖြစ်ပါရစေ (မှန်ပါ့) အမယ်လေး ဒီကလည်း တပည့်တော်မ ဟိုမှာလည်း တပည့်တော်မပဲ (မှန်ပါ့) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိဆက်သွားတာ ကိုးဗျ (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား) အဲဒါ ဘယ်ရှေ့မှာတုံး (ဘုရားရှေ့မှာပါ ဘုရား) ဟာ ဒါဖြင့် ဧည့်ခန်းရောက်နေပြီ (မှန်ပါ့ ဘုရား) ပေါ်ပြီ-ပေါ်ပြီ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်ရောက်နေသတုံး (ဧည့်ခန်းရောက်နေပါတယ် ဘုရား) ဟာ မြန်မြန်ဆေးမှ တော်မယ် (မှန်ပါ့) ဒကာကြွယ် တာရှည်ထားလို့ (မတော်ပါ ဘုရား)။
မတော်ဘူး ခင်ဗျားတို့က တကယ့်နေရာကို ရောက်နေတဲ့ဥစ္စာ ဖြစ်နေတာ ဒါ ကလေးကျင်ကြီးလား- လူကြီးကျင်ကြီးလား (လူကြီးကျင်ကြီးပါ ဘုရား) ပေါ်ပြီ (မှန်ပါ့) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အေး ကလေးကျင်ကြီးဟာ ဒါလောက် အနံ့မဆိုးဘူး (မှန်ပါ့) နို့ကဖြစ်လာတဲ့ကျင်ကြီးဟာ ဒါလောက် အနံ့မပြင်းလှဘူး (မှန်ပါ့ ဘုရား) ဒီအစားအသောက်တွေက ဖြစ်လာတဲ့ ကျင်ကြီးက (အနံ့ပြင်းပါတယ် ဘုရား)။
လူကြီးကဖြစ်တဲ့ ဒိဋ္ဌိက သာဆိုးတယ်
အဲ ဒီမှာလည်း လူကြီးကဖြစ်တဲ့ ဒိဋ္ဌိက သာဆိုးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဦးမာဒင် နှေးနှေးမှ ဆေးမလား လူကြီးကျင်ကြီးကို (အမြန်ဆေးရမှာပါ ဘုရား) အမြန်ဆေးရမှာ၊ ဘယ့်နှယ်ကြောင့် တုံးဆိုတော့ တကယ့် ဘုရားရှေ့ကို ရောက်နေတယ် (ရောက်နေပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ခင်ဗျားတို့က ဘုရားပေါ်တက်ပြီး ကျင်ကြီးစွန့်တဲ့ ခွေးကျတော့ ခွေးများ မသိလိုက်တာ လွန်နေတာပဲ၊ အမယ် လေး ခင်ဗျားတို့ကများ အပြစ်တင်နေသေးတယ် (မှန်ပါ့)။
အင်း ကိုယ်ကတော့ ဘုရားရှေ့ ဧည့်ခန်းမှာ ဟိုကျောက်ပြားတွေ ခင်းထားတဲ့အပေါ်သွားပြီးတော့ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
အညိုအမည်း ဒိဋ္ဌိတွေသွားပြီး သကာလ အဖြစ်ခံရတယ်ဆိုတော့ ဒကာကြွယ် မနာဘူးလား (နာပါတယ် ဘုရား)။
အေး ဒါ့ကြောင့် အပြောတွင်ပြောပြီး အထင်မလိုက်လို့ရှိရင်လည်း ဒါ ကျင်ကြီးမဖြစ်ပါဘူး (မှန်လှပါ) ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးက ဖွင့်လိုက်တယ်၊ တစ်ခုတစ်ခုမြင်တာပဲ (မှန်ပါ့) မြင်ရုံတွင် မြင်တာသည် သာယာသလား-ဟုတ်လား ပြစ်မှားသလား၊ မပြစ်မှားပါဘူး ဘုရားဆိုရင် ဥပေက္ခာပဲ (မှန်ပါ့)။
ဒီမြင်တာကလေးသည်ကားလို့ဆိုရင် မြင်မှုဝေဒနာကလေးဖြစ်သောကြောင့် အင်း သူလည်းမြင်, ဒါသည် ငါလည်းမဟုတ်ဘူး၊ သူလည်း မဟုတ်ဘူး၊ မြင်တဲ့ဥပေက္ခာ ဝေဒနာပဲ၊ ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့)။
ဒီလိုရှုလိုက်တဲ့အခါကျတော့ ငါမြင်ဆိုတဲ့ဒိဋ္ဌိလည်း ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီဥစ္စာကို ဘာပါလိမ့်မတုံး ဆိုတဲ့ မသိတဲ့အဝိဇ္ဇာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဟာ ဒါဖြင့် ဒကာ ဒကာမတို့ မသိဘေးနဲ့ အမှားဘး ပြုတ်ပြီ (ပြုတ်ပါပြီ ဘုရား)။
ဝိပဿနာနှလုံးသွင်းလိုက်ရင် မသိဘေးနဲ့ အမှားဘေးက (ပြုတ်ပါပြီ) ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား)။
ဝိပဿနာနဲ့သာ နှလုံးသွင်းပါ ဒကာ ဒကာမတို့ ဘာဘေးလွတ်ပါလိမ့် (မသိဘေးနဲ့ အမှားဘေး လွတ်ပါတယ် ဘုရား)။
မသိဘေးနဲ့ အမှားဘေးလွတ်တယ် (မှန်ပါ့) အင်း ဒါကလေးဟာ ဖြစ်ပြီးပျက်တာပဲ၊ အနိစ္စတရားကလေးပဲ လို့ သိလိုက်လို့ရှိရင်ဖြင့် မသိဘေးနဲ့ အမှားဘေးလွတ်တယ် (မှန်ပါ့) အဲဒါ တစ်ခါတည်းအကုန်ပြုတ်တယ် (ပြုတ်ပါတယ် ဘုရား)။
အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ပြီ
သိတယ် သမ္မာဒိဋ္ဌိက ဝင်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အမှန်သိတဲ့ သမ္မာဒိဋ္ဌိဝင်မလာဘူး လား (ဝင်လာပါတယ် ဘုရား) အမြင်မှန်ကော မရဘူးလား (ရပါတယ်) အမြင်မှန်ရကတည်းက အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) အမှားပြင်လိုက်ကတည်းက မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိဖြစ်ပြီ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ ဘေးနှစ်ခုကင်းပါတယ် (မှန်ပါ့)။
ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ (ဘေးနှစ်ခုကင်းပါတယ် ဘုရား) ဘာဘေး, ဘာဘေးပါလိမ့် (မသိဘေးနဲ့ အမှား ဘေးပါ ဘုရား) မသိဘေးနဲ့ အမှားဘေးဖြင့် စင်းလုံးချောလွတ်သွားတယ် (မှန်ပါ့ ဘုရား) ဒါ ဒီတရားကို ဆင် ခြင်ကြမှလည်း သိတယ်နော် (မှန်ပါ့ ဘုရား)။
ကဲ တရားနှလုံးသွင်းကြ၊ ခန္ဓာကိုယ်ထဲမှာ ဖြစ်တယ်, ပျက်တယ်ဆိုတဲ့ တရားနှစ်ခုမှတစ်ပါး ဘာမှမရှိဘူး လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဖြစ်မှု, ပျက်မှုမှတစ်ပါး ဘာမှမရှိဘူး
ခန္ဓာကိုယ်ထဲမှာ ဥဒယဗ္ဗယမှတစ်ပါး (ဘာမှ မရှိပါဘုရား) မြန်မာလိုပြန်လိုက်တော့ ဥဒယ, ကဖြစ်တာ၊ ဒယ, ကပျက်တာ (မှန်ပါ့ ဘုရား) ဖြစ်မှု, ပျက်မှုမှတစ်ပါး ဘာမှမရှိဘူး၊ ရှိတာကလည်း ဒါပဲ မြင်တာကလည်း ဒါပဲလို့ ဆုံးဖြတ်ချက်ချလို့ရှိရင်ဖြင့် မသိဘေး, အမှားဘေးလွတ်ပါတယ် (မှန်ပါ့)။
ဒါဖြင့် မျက်စိနှစ်ကွင်း အလင်းရ၍ လမ်းကောက် မသွားတော့ဘူး (မှန်ပါ့) မျက်စိနှစ်ကွင်း အလင်းရ၍ (လမ်းကောက် မသွားတော့ပါဘုရား)။
မျက်စိနှစ်ကွင်း အလင်းရတယ်ဆိုတာသည် ဒကာ ဒကာမတို့ မသိဘေးစင်သွားတာ (မှန်ပါ့) လမ်းကောက် မသွားတော့ဘူးဆိုတော့ ဒိဋ္ဌိက တဏှာနဲ့ တွဲနေတော့ အင်မတန် ကောက်ပါတယ် (မှန်ပါ့) အဲဒီလမ်းကောက်လည်း မသွားတော့ဘူး ဒိဋ္ဌိပြုတ်သွားလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ‘ဧကာယနော အယံ ဘိက္ခဝေမဂ္ဂေါ’ (မှန်ပါ့) ဘိက္ခဝေ= ရဟန်းတို့၊ အယံမဂ္ဂေါ= ဤမသိဘေး, အမှား ဘေးမှ လွတ်တဲ့ဉာဏ်သည်၊ ဧကာယနော= တစ်ကြောင်းတည်းနဲ့ နိဗ္ဗာနအရောက်ပို့၏ ဆိုတော့ မသိဘေး, အမှားဘေး လွတ်သွားရင်ပဲ ခင်ဗျားတို့ ကျုပ်တို့ ဘာပူစရာမရှိတော့သတုံး (မရှိပါ) ရှင်းပလား ဒကာကြွယ် (ရှင်းပါပြီ ဘုရား)။
မသိဘေး, အမှားဘေးလွတ်လို့ရှိရင် တစ်ဖြောင့်တည်းရောက်တယ်ကွ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
မသိဘေး, အမှားဘေးလွတ်ရင် (တစ်ဖြောင့်တည်းရောက်ပါတယ် ဘုရား) တစ်ဖြောင့်တည်း ရောက်တယ်ဆို သဖြင့် ကျုပ်တို့ ခင်ဗျားတို့ဖြင့်တဲ့ တရားနားတုန်း နိဗ္ဗာန်ဆိပ်ဦးရောက်ပါပြီ (မှန်ပါ့) အားထုတ်လို့ရှိရင် နိဗ္ဗာန်ကို ကိုယ်တိုင်မြင်ရပါလိမ့်မယ် (မှန်ပါ့)။
ကိုယ်တိုင်ရောက်ပါလိမ့်မယ်ဆိုတဲ့ဥစ္စာ ဒကာကြွယ် သေသေချာချာမှတ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် အလုပ်လုပ်မှရမယ်၊ တရားနာရင် နိဗ္ဗာန်ဆိပ်ဦးရောက်ပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက် မြင်လာတယ်ဆိုရင်
တရားနာလို့ တစ်ခါတည်း ဖြစ်ပျက် မြင်လာတယ်ဆိုရင် နိဗ္ဗာန်ဆိပ်ဦးရောက်ပြီ (မှန်ပါ့) အားထုတ်လို့ တစ်ခါတည်း ဖြစ်ပျက်တွေမုန်းလို့ ဖြစ်ပျက်တွေဆုံးရင်ပဲ နိဗ္ဗာန်ကို ရောက်ပါပြီ (မှန်ပါ့)။
ဆိပ်ဦးတွင် မဟုတ်ပါဘူး၊ နိဗ္ဗာန်ကို (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘေးအတန်တန်-ရန်အထပ်ထပ်မှ လွတ်ပါပြီ (မှန်ပါ့) ဘေးအတန်တန်ဆိုတဲ့ မသိ ဘေးတွေ ရန်အထပ်ထပ်ဆိုတဲ့ ဒိဋ္ဌိတွေ (မှန်ပါ့) အဲဒါတွေ ဒကာ ဒကာမတွေ အကုန်လွတ်ပါပြီ (မှန်ပါ့)။
ဒါဖြင့် ယနေ့သည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတွေမှာ တစ်သံသရာလုံးသင့်တဲ့ဘေးကို ယနေ့ ဉာဏ်နဲ့ ဆေးလိုက်ပြီ (မှန်ပါ့) သမာဒိဋ္ဌိဉာဏ်နဲ့ ဆေးလိုက်တယ် (မှန်ပါ့)။
ယားတာ-နာတာကလေးဖြစ်ရင် ပျက်သွားတယ် (မှန်ပါ့) ဪ ဒါ ဖြစ်ပျက်သာရှိတယ်လို့ သိတဲ့ဉာဏ် ကလေးသည် မိစ္ဆာဒိဋ္ဌိကိုလည်း ဆေးပစ်လိုက်တယ် (မှန်ပါ့) မသိတဲ့ အဝိဇ္ဇာကိုလည်း ဆေးလျှော်ပစ်လိုက်တယ် (မှန်ပါ့) ဒကာကြွယ်ရေ သိပ်နေရာကျတယ် (ကျပါတယ် ဘုရား)။
ဒါ့ကြောင့် သမ္မာဒိဋ္ဌိမဂ္ဂင်တည်းဟူသော ရေနဲ့ မဆေးသရွေ့ကာလပတ်လုံး မိစ္ဆာဒိဋ္ဌိ အညစ်အကြေး-အဝိဇ္ဇာ အမိုက်အမဲတွေ ဘယ်တော့မှ ပျောက်သွားလိမ့်မယ်လို့ မအောက်မေ့ပါနဲ့ (မှန်ပါ့ ဘုရား)။
သမ္မာဒိဋ္ဌိနဲ့ ဆေးရပါမယ်
ဒိဋ္ဌိအမိုက်အမဲ-အဝိဇ္ဇာ အညစ်အကြေး ဘာနဲ့ဆေးရမလဲ (သမ္မာဒိဋ္ဌိနဲ့ ဆေးရပါမယ်) သမ္မာဒိဋ္ဌိမဂ္ဂင်နဲ့ ဆေးမှ ရမယ် (မှန်ပါ့ ဘုရား)။
သမ္မာဒိဋ္ဌိမဂ္ဂင်က ဆုတောင်းနဲ့ ပေါ်တာလားတဲ့ ပုဂ္ဂိုလ် သတ္တဝါပျောက်ပြီး ဖြစ်ပျက်မြင်လို့ ပေါ်တာလား (ပုဂ္ဂိုလ်သတ္တဝါပျောက်ပြီ ဖြစ်ပျက်မြင်လို့ ပေါ်တာပါဘုရား)။
ဪ နေရာကျလိုက်တာ ဒကာကြွယ်ရေ (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါလည်း ပျောက်လိုက်သေးတယ် (မှန်ပါ့) ဉာဏ်နဲ့ မျက်လုံးသာမှိတ်ကြည့်နော် (မှန်ပါ့) မျက်လုံးနဲ့ ကြည့်ပြန်တော့လည်း ဆံပင်တွေပေါ်မယ်၊ သွားတွေပေါ်မယ်၊ ယောဂီတွေအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ၊ မျက်လုံးနဲ့ လဘယ်တော့မှမကြည့်နဲ့ (မှန်ပါ့) တစ်ခါတည်း ဉာဏ်နဲ့သာ ခန္ဓာကိုယ်ထဲစိုက်ကြည့် (မှန်ပါ့)။
ဉာဏ်နဲ့သာ ခန္ဓာကိုယ်ထဲ စိုက်ထားပြီး ဟိုနေရာကယား၊ ဒီနေရာက ကောင်း၊ ဟိုနေရာက အလတ်စားပေါ့၊ ဝေဒနာသုံးပါးအတိုင်း ရှုရင်လေ (မှန်ပါ့) စိတ်တွေရှုရင်လည်း ပေါ်တာရှုရုံပေါ့ (မှန်ပါ့ ဘုရား)။
အဲဒါတွေ တွေ့တဲ့အခါကျတော့ ဖြစ်မှုတစ်မျိုး, ပျက်မှုတစ်မျိုး, ဖြစ်မှုတစ်မျိုး, ပျက်မှုတစ်မျိုး, ဖြစ်မှုတစ်မျိုး, ပျက်မှုတစ်မျိုးမှတစ်ပါး ဒကာသစ် ဘာများပြောသေးသတုံး (ဘာမှ မပြောပါဘုရား) ဘယ်သူက ပြောတာတုံး မေးတော့ မှ ခန္ဓာက ပြောတာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သူများပါးစပ်ဘေး လွတ်ပေါ့ (လွတ်ပါပြီ) ကိုယ်တိုင်မြင်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ကိုယ်တိုင်မြင်ကတည်းက ဘယ့်နှယ်တုံး (သူူများပါးစပ် ဘေးလွတ်ပါပြီဘုရား)။
သူများပါးစပ်ဘေးလွတ်သွားတာက၊ နာနာသတ္ထာရ ဥလ္လောကနဘေး** ဆိုတဲ့ဥစ္စာ တစ်ခါတည်းလွတ်သွား တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
** နာနာသတ္ထာရ ဥလ္လောကနေ ဆရာအမျိုးမျိုးကို မျှော်ကြည့်ခြင်း။
ကိုယ်တိုင်မြင်လို့ သူများပါးစပ်ဘေးလွတ်တာန
ဪ သူများပါးစပ်ဘေး လွတ်သွားလို့ရှိရင်လည်း ဦးမာဒင်ရေ-သေပျော်ပြီ (မှန်ပါ့) ကိုယ်တိုင်မြင်လို့ သူများပါးစပ်ဘေးလွတ်တာနော် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကိုယ်တိုင်မမြင်ခဲ့တဲ့ ဘဝတွေတုန်းကဖြင့် သူများ ပါးစပ်လမ်းဆုံးပြီးသွားခဲ့ကြရတာနဲ့ အပါယ်လည်း အိမ်ဦးကြမ်းပြင်ဖြစ်ခဲ့ပါပြီ (မှန်ပါ့ ဘုရား)။
အပါယ်လေးဘုံမှာ (အိမ်ဦးကြမ်းပြင်ဖြစ်ခဲ့ပါပြီ) ဟင် ဘယ့်နှယ်ကြောင့်ပါလိမ့် ဒကာသစ်ရေ (သူများ ပါးစပ်လမ်းဆုံးလို့ပါ ဘုရား)။
သူများပါးစပ်ဘေးသင့်တယ် (မှန်ပါ့) တယ်လည်းကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ဒိဋ္ဌဓမ္မော ကိုယ်တိုင်မြင်အောင် လုပ်စမ်းကွနော် (မှန်ပါ့) ပတ္တဓမ္မော= ကိုယ့်ဉာဏ်ထဲကို ရောက်အောင်လုပ်ကွနော် (မှန်ပါ့) ဝိဒိတဓမ္မော= သူများဆုံးဖြတ်ချက်ချတာ အသာထား မင့်ဟာမင်း ဆုံးဖြတ်ချက်ချနိုင်အောင် လုပ်စမ်းပါ (မှန်ပါ့) ဝိဒိတဓမ္မောလို့ မလာဘူးလား (လာပါတယ် ဘုရား)။
တိဏ္ဏဝိစိကိစ္ဆောတဲ့ မင့်ဟာမင်း ဝိစိကိစ္ဆာကင်းအောင် လုပ်ကွတဲ့ (မှန်ပါ့) သူများပြော မင်းကလမ်းဆုံးမနေနဲ့ တဲ့ (မှန်ပါ့) မလာဘူးလား (လာပါတယ်) ဓမ္မစကြာရတဲ့ပုဂ္ဂိုလ်များ ဒါအကြီးအကျယ်မှာတယ် (မှန်ပါ့) မမှာဘူးလား (မှာပါတယ် ဘုရား)။
အဲဒါတွေ ထောက်ကြည့်တော့မှ ဪ သူများပါးစပ်ဘေးကြောင့် ဒါလောက်ဟောတာကိုး (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘယ့်နှယ်ကြောင့် ဒါလောက် ပြောကြပါလိမ့် (သူများပါးစပ်ဘေးကြောင့် ပြောပါတယ်ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က သူများပါးစပ်ဘေးကို မကြောက်သေးသရွေ့ ကာလပတ်လုံးဖြင့် ကိုယ်တိုင်မြင်ရေးကို မရသေးပါဘူး (မှန်ပါ့) သူများပါးစပ်ဘေး ကြောက်လာလို့ရှိရင်ဖြင့် ကိုယ်တိုင်မြင်ရေးကိုဖြင့် ကြိုးစားဖြစ်တော့မယ် (မှန်ပါ့ ဘုရား)။
ကြိုးစားဖြစ်လို့ရှိရင်ဖြင့် ဝိဂတကထံကထောတဲ့ ဝိစိကိစ္ဆာကင်းသွားပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
သောတာပန်တည်ပြီလို့ အောက်မေ့
တစ်ခါ ဝိစိကိစ္ဆာကင်းသွားတယ်ဆိုလို့ရှိရင်လည်း သောတာပန်တည်ပြီလို့ အောက်မေ့ (မှန်ပါ့ ဘုရား)။
အဲဒါ သူများပါးစပ်ဘေးဆုံးမှ သောတာပန်ကလည်းတည်တယ် (မှန်ပါ့) သူများ ပါးစပ်ဘေး မဆုံးသေးရင် (သောတာပန် မတည်ပါဘုရား)။
ဪ ဒါဖြင့် ယနေ့ကစပြီး ကိုယ့်ခန္ဓာကပြောတာ ကိုယ်ကြည့်တော့ဟေ့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်တဲ့တုံး (ကိုယ့်ခန္ဓာကပြောတာ ကိုယ်ကြည့်ရပါမယ် ဘုရား)။
အဲဒီကြည့်လိုက်လို့ ကိုယ့်ခန္ဓာက ဖြစ်ပျက်လည်းတွေ့ပါပြီဆိုလို့ရှိရင်ဖြင့် သူများပါးစပ်ဘေးဖြင့် ကင်းဝေးပေါ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မသိဘေး, မှားဘေးလွတ်တာသည် ကိုယ်တိုင်တွေ့ရမှ (မှန်ပါ့) ခန္ဓာကိုယ်ထဲ ကြည့် လိုက်တဲ့အခါမှာ (ကိုယ်တိုင်တွေ့ရပါမယ်) ဘာဘေးလွတ်သွားသတုံး (မသိဘေး, အမှားဘေးလွတ်ပါတယ် ဘုရား)။
မသိဘေး, သူများပါးစပ်ကြောင့် မှားဘေး မလွတ်သေးဘူးလား (လွတ်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ယနေ့ပြန်ပြီး သကာလ ယနေ့ ခန္ဓာကိုယ်ထဲက ဘာတွေပြောနေတယ် ဆိုတာကို သာ တစ်ခါတည်း ကြည့်လိုက်ပါ (မှန်ပါ့) ကြည့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း မသိဘေးနဲ့ အမှားဘေးလွတ်ပြီး သကာလ နိဗ္ဗာန်ဆိပ်ဦးရောက်ပါပြီ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်နောက်ချည့်လိုက်
ရောက်ရင်ဆက်သွား ဒီဖြစ်ပျက်ကို (မှန်ပါ့) ဆက်သွားဖြစ်ပျက်နောက်ချည့်လိုက် (မှန်ပါ့) လိုက်သွားပြန်တဲ့ အခါကျတော့ တစ်ကိုယ်လုံးဟာ ဖြစ်ပျက်မှတစ်ပါး ဘာမှမရှိဘူး၊ အို မွေး-သေပဲ တွေ့တော့မယ် (မှန်ပါ့ ဘုရား)။
ဓမ္မကလေး ပေါ်လာတာက မွေးတာ (မှန်ပါ့) ဓမ္မကလေးချုပ်သွားတာက သေတာ (မှန်ပါ့) မွေး-သေပဲ ရှိတော့ ဪ ကိုယ့်အဖြစ်ဆိုးကြီးပါကလား မွေးလိုက်-သေလိုက် မွေးလိုက်-သေလိုက် ခန္ဓာထဲမှာ ဒါပဲရှိ တယ် (မှန်ပါ့ ဘုရား) ဝေဒနာကလေးကြည့်လိုက်ပြန်လည်း မွေး-သေပါ (မှန်ပါ့ ဘုရား) စိတ်ကလေးကြည့်လိုက်ပြန် လည်း (မွေး-သေပါ ဘုရား) ရုပ်ကလေးကြည့်လိုက်ပြန်လည်း (မွေး-သေပါ ဘုရား)။
မုန်းလျက်နဲ့ ပေရှုနေ
ဪ မွေး-သေချည်းတွေ့ရတဲ့ အခါကျတော့ ရွံစရာ, မုန်းစရာ မလိုချင်စရာပါကလား-လာတာပဲ (မှန်ပါ့) လာသည်နဲ့ တစ်ပြိုင်နက်တည်း နိဗ္ဗိန္ဒဉာဏ် ထိုးတက်ပြီး သကာလ ပေရှု (မှန်ပါ့) မုန်းလျက်နဲ့ ပေရှုနေ (မှန်ပါ့ ဘုရား)။
အဲဒီကျလာတော့မှ မုန်းပါများလို့ မလိုချင်လာလို့ရှိရင် ဖျတ်ဆို ခုနင်က ဖြစ်ပျက်တွေ အကုန်ပျောက်ပဲ (မှန်ပါ့) ပျောက်ပြီး သကာလ အနိစ္စ အကုန်ပျောက်ပြီး အနိစ္စနိဗ္ဗာန်ကြီး ဘွားခနဲ ပေါ်လာပါတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် “နိဗ္ဗာနံ မဂ္ဂဿ အရမ္မဏပစ္စယေန ပစ္စယော” ဖြစ်ကရော (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ယနေ့တရားမှာဖြင့် မသိဘေး, အမှားဘေးစင်၍ ကိုယ်တိုင်မျက်လုံးပွင့်ပြီး သကာလ သူများပါးစပ် လမ်းဆုံးတာ ဇာတ်သိမ်းတဲ့တရားလို့ ဒကာကြွယ် သေသေချာချာမှတ် (မှန်ပါ့ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။