12003

မာတိကာသို့

ခန္ဓာငါးပါးသည် ကမ်းနားသစ်ပင်နှင့်တူပုံ

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

ခန္ဓာငါးပါးသည် ကမ်းနားသစ်ပင်နှင့်တူပုံ

နေ့အလုပ်ပေး-တရားတော်

(၂၂-၉-၆၁)

ဘယ်လောက်သေခဲ့ရတယ်ဆိုတာ

အားလုံး ဒကာ ဒကာမတွေက ဘယ်လိုအခြေအနေဆိုက်နေသလဲလို့ မေးလို့ရှိရင်ဖြင့် ဘဝပေါင်းများစွာကြာ ခဲ့ကြပြီး တစ်ဘဝထက်, တစ်ဘဝစုတိပြီး ပဋိသန္ဓေ၊ ပဋိသန္ဓေပြီး ပဝတ္တိ၊ ပဝတ္တိပြီး စုတိ၊ စုတိ-ပဝတ္တိ-ပဋိသန္ဓေဆိုပြီး သကာလ ဒကာ ဒကာမတွေ စုတိ၊ တော်တော်ကြာ ပဋိသန္ဓေလာပြန်ပြီ၊ တော်တော်ကြာ ပဝတ္တိနေရပြန်ပြီ၊ တော်တော် ကြာစုတိပြီး သေရပြန်ပြီဆိုတဲ့ ဒီလိုပဋိသန္ဓေပေါင်း ဒီလိုပဝတ္တိနေခဲ့ရတဲ့ အပေါင်း စုတိခဲ့ရတဲ့အပေါင်း ဒကာကြွယ် ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်ဘူးဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကိုက အဝိဇ္ဇာဖုံးလို့သာ မမြင်တာလို့ မှတ်ကြပါနော် (မှန်ပါ့) စင်စစ်အားဖြင့် ဒကာသစ်တို့ တပည့်တော်တို့နောက်က ဘယ်နှစ်ခါ ပဋိသန္ဓေနေ၍ ဘယ်နှစ်ခါ ပဝတ္တိအခါမှာ နေခဲ့ရတယ်၊ ဘယ်လောက်သေခဲ့ရတယ်ဆိုတာ မည်သူမှ မသိကြဘဲ ဖြစ်နေတယ် (မှန်ပါ့) နေခဲ့ရတယ်ဆိုတာကတော့ သေချာတယ် (သေချာပါတယ်) ဘယ်လောက်တုံးလို့ ရေတွက်ပါဆိုတော့ အစမရှိအောင်ပဲ ရှည်လွန်းတယ် (မှန်ပါ့ ဘုရား)။

အဲဒီလို လာပြီးသကာလ နေခဲ့ရတဲ့ဘဝတွေဟာ ဘယ်သူ့ကြောင့် ဒါလောက်တောင် ပဋိသန္ဓေနေခြင်း ဆင်းရဲ- ပဝတ္တိ အိုးခြင်းဆင်းရဲ- စုတိသေခြင်းဆင်းရဲဆိုတဲ့ ဆင်းရဲလက်စ မပြတ်ဘဲနဲ့ ဆင်းရဲလက်စသာ ရှည်ပြီးနေခဲ့ရတဲ့ ဘဝတွေသည်တဲ့ ဘယ်သူ့ဒဏ်ချက် ဘယ်သူ့လက်ချက်ဆိုတဲ့ဥစ္စာ ဒကာကြွယ် လက်သည်ရှာဖို့ အရေးကြီးတယ် (ကြီးပါ တယ် ဘုရား)။

လက်သည်ရှာကြည့်ပါ

လက်သည်ရှာကြည့်ပါ ဒကာ ဒကာမတို့နော် (မှန်ပါ့) လက်သည်ရှာကြည့်လို့ လက်သည် မမိလို့ရှိရင်ဖြင့် ကိုယ်ဟာ သူစီမံသလိုပဲ လက်သည်စီမံသလိုပဲ ပဋိသန္ဓေနေလိုက်ဟဲ့၊ အိုလိုက်, နာလိုက်, သေလိုက်ဟဲ့ဆိုတဲ့ ဒီလမ်းကို ပဲ အမြဲသွားနေရမယ် (သွားနေရမှာပါ) မသွားရဘူးလား (သွားရပါတယ် ဘုရား)။

အဲဒါ ဘာကြောင့် သွားရသတုံးလို့ မေးတဲ့အခါကျတော့ လက်သည်မမိလို့ဘုရား (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဘာ့ကြောင့်ပါလိမ့် (လက်သည်မမိလို့ပါ ဘုရား)။

ဒီမှာလည်း ဆရာဘုန်းကြီးက ဘုရားဟောတဲ့ နည်းအတိုင်း လက်သည်ဖမ်းပေးမယ် (မှန်ပါ့) လက်သည်ဖမ်းပေး ပြီး သံသရာရေယဉ်ကြောမှာ မျောတတ်တဲ့လက်သည်ကိုဖြင့် ငါတို့ အမိဖမ်းပြီး သကာလ သတ်ရလို့ရှိရင်ဖြင့် သံသရာ ထဲမှာ ဒို့မြုပ်ခြင်း၊ မျောခြင်းဆိုတာကြီးဟာ လွတ်ရတော့မယ်ဆိုတာ သေသေချာချာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

တဏှာလက်သည်ပဲဆိုတာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ လက်သည်ဖမ်းပေးလိုက်တော့ ဘာတွေ့သတုံးလို့ မေးတဲ့အခါကျ တော့ သေခါနီးကျလာပြီဆိုရင် တဏှာ, ဥပါဒါန်တို့က ဘယ်ဘဝဟာ မင်းကောင်းတယ်ဆိုပြီးသကာလ ဘယ်ဘဝ-ရှေ့ဘဝ သူက ကူးပြီးသကာလ ကောင်းတယ်လို့ ပြောလိုက်ပြန်တော့ ကံကနေပြီး သကာလ အဲဒီ့ဘဝကို ပဋိသန္ဓေ အနေခိုင်းလိုက်တယ် (မှန်ပါ့) ဒါဖြင့် တဏှာလက်သည်ပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ကံဆိုတာကတော့ ဒကာ ဒကာမတွေ သိပြီးသားအတိုင်း ခဏခဏလည်း ပြောဟောနေလို့ ကံဟာလက်သမား ပါ ဒကာ ဒကာမတို့ ခန္ဓာကိုဆောက်တဲ့ အိမ်ပိုင်ရှင်က တဏှာပါလို့ ပြောတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကို ဒကာ ဒကာမတို့ ဘယ်အိမ်ဆောက်ပါဆိုတဲ့ဥစ္စာက တဏှာကခိုင်းတာ (မှန်ပါ့ ဘုရား) ကံလက်သမား ကတော့ဖြင့် လက်သမားပီပီပဲ ဒကာ ဒကာမတို့ လူ့ခန္ဓာအိမ်ဆောက်လိုက် တိရစ္ဆာန်ခန္ဓာအိမ်ဆောက်လိုက် (မှန်ပါ့) ပြိတ္တာ အပါယ်လေးပါး ခန္ဓာအိမ်ကို (ဆောက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ကံကလိုရင်းလား-တဏှာကလိုရင်းလား (တဏှာကလိုရင်းပါ) တဏှာက အိမ်ပိုင်ရှင်ကိုးဗျ (မှန်ပါ့) တဏှာက ပစ္စည်းရှင်-ကံကလက်သမား (မှန်ပါ့) ခန္ဓာကြီးက အထည် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကံကလက်သမား

တဏှာကအိမ်ပိုင်ရှင် (မှန်ပါ့) ကံက (လက်သမားပါ) ဖြစ်ပေါ်လာတဲ့ ခန္ဓာအိမ်ကြီးက ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ကံစီမံသလိုဖြစ်ရတယ် (မှန်ပါ့) တစ်ခါတလေ ခြေလေးချောင်းနဲ့ ကံက ခန္ဓာအိမ်ဆောက်လိုက်လို့ နွားကြီးများ ဖြစ်ရတယ် (မှန်ပါ့) ကျွဲကြီးများဖြစ်ရ၊ ကင်းခြေများရင်လည်း ဖြစ်ရ၊ အမျိုးမျိုးအဖုံဖုံ နောက်ချေးပိုးထိုး တွေများဖြစ်ရ (မှန်ပါ့ ဘုရား) ဒီဟာတွေဖြစ်တာသည်ကားလို့ဆိုရင် ကံက ဆောက်တာပဲ (မှန်ပါ့)။

ကံကတော့ ဆောက်တော့ဆောက်တာပဲ၊ သူဆောက်ချင်သလို ဆောက်ရသလား၊ တဏှာ အိမ်ပိုင်ရှင်စီမံသလို ဆောက်ရသလားလို့ ဦးမာဒင်တို့ မေးရင် ဘယ့်နှယ်ဖြေကြပါ့မလဲ (တဏှာအိမ်ပိုင်ရှင် စီမံသလို ဆောက်ရပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ တဏှာဟာ လိုရင်းပဲဆိုတဲ့ဥစ္စာ သေချာပါပြီ (သေချာပါတယ် ဘုရား)။

ဒါ့ကြောင့် ဟေ့ ခန္ဓာယောကျ်ားလက်သမား နောက်ခန္ဓာအိမ်ဆောက်ရလိမ့်မယ်လို့ မထင်နဲ့တော့လို့ ဘုရားက ပထမဘိသိက်ခံပြီးတဲ့အခါ အနေကဇာတိ သံသာရံများရွတ်တဲ့အခါကျတော့ တဏှာယောကျ်ားလက်သမား နောက်ခန္ဓာ အိမ်ဆောက်ရလိမ့်မယ်လို့ မင်း မအောက်မေ့နဲ့ဆိုတော့ ကံပါသေးရဲ့လား (မပါပါဘုရား)။

မပါတော့ပါဘူးတဲ့၊ ဘာ့ကြောင့်တုံး ဆိုတော့ ကံက မပြဋ္ဌာန်းတဲ့လူ ဖြစ်နေပါတယ် (မှန်ပါ့) ကံက ဘာပါလိမ့် (မပြဋ္ဌာန်းတဲ့လူ ဖြစ်နေပါတယ်ဘုရား)။

မပြဋ္ဌာန်းတာဖြစ်နေတော့ ပြဋ္ဌာန်းတာက ဒကာသစ်တို့၊ ဦးမာဒင်တို့ ဘယ်သူပါလိမ့်ဗျာ (တဏှာပါ ဘုရား)။

ခန္ဓာအိမ်ဆိုတဲ့ဥစ္စာသည်

ဒါဖြင့် တဏှာက လိုချင်တာ ညွှန်ပြသမား (မှန်ပါ့ ကံက ခန္ဓာအိမ်ဆောက်သမား (မှန်ပါ့)။

ခန္ဓာအိမ်ဆိုတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ အိုဘေး, နာဘေး, သေဘေး အပြည့်ရှိတာကို ခန္ဓာအိမ်လို့ ခေါ် တယ် (မှန်ပါ့ ဘုရား)။

အိုဘေး, နာဘေး, သေဘေးအပြည့်ရှိတာ ဘာခေါ်ကြမယ် (ခန္ဓာအိမ်ခေါ်ပါတယ် ဘုရား)။

ခန္ဓာအိမ်ခေါ်တယ်ဆိုတော့ အခု ဒကာ ဒကာမတွေမှာ ခန္ဓာအိမ်ကြီးကိုဖြင့် ဆောက်ထားပြီ (ဆောက်ထားပါ ပြီ ဘုရား) ဘယ်သူပါလိမ့်မတုံးလို့ လက်သည်ရှာတော့ ကံတွေ့တယ် (မှန်ပါ့)။

ဪ ကံစီမံသလို ခံရတာပဲလို့ ဒကာ ဒကာမတွေကတော့ သူတို့သိသလောက် ဉာဏ်ကလေးနဲ့ ဦးမာဒင် ဒါပဲ ပြောတယ် (ပြောပါတယ် ဘုရား)။

စင်စစ်တော့ ကံစီမံသလို ခံရတာလား၊ တဏှာလက်ညှိုးညွှန်သလို ကံက လုပ်ရတာလား (တဏှာလက်ညှိုး ညွှန်သလို ကံကလုပ်ရတာပါဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လက်သည် အဖမ်းလွဲနေတယ် (လွဲနေပါတယ် ဘုရား) လက်သည် အဖမ်း သေသေချာချာလွဲပါတယ်ဆိုတာဖြင့် ပေါ်ကြပါပြီ (ပေါ်ပါပြီ ဘုရား)။

ကံစီမံသလို ခံယူကြတာလား၊ တဏှာစီမံသလို ခံရတာလား (တဏှာစီမံသလို ခံရတာပါဘုရား)။

ခင်ဗျားတို့က ပဋိစ္စသမုပ္ပါဒ် မကြည့်လိုက်လို့ပါတဲ့၊ ဒီက တဏှဥပါဒါန်နှစ်ခု (မှန်ပါ့) ဒီက ကံတစ်ခု (မှန်ပါ့) ဒီကံစီမံလိုက်တဲ့အခါကျတော့ကို ဒကာ ဒကာမတို့ ခန္ဓာငါးပါး ပေါ်လာတယ် (မှန်ပါ့) စုတိပြီးတော့ ခန္ဓာငါးပါးပေါ် လာတယ် (ပေါ်ပါတယ် ဘုရား)။

ဒီခန္ဓာငါးပါးကလည်း ဒကာ ဒကာမတွေ မြင်တဲ့အတိုင်းကံက ဆောက်တာတော့ ဘုန်းကြီးတို့လည်း မငြင်းပါ ဘူး (မှန်ပါ့) ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်တာကိုးဗျ (မှန်ပါ့)။

ကမ္မဝဋ်ကြောင့်ဝိပါကဝဋ်ဖြစ်ပါတယ်

ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်ဖြစ်ပါတယ် ဘုရား) ဒါလည်း မငြင်းပါဘူး၊ သို့သော်လည်း သူဟာ အရင်းကျ သလား-မကျဘူးလားဆိုတာ ဒကာသစ်တို့-ဒကာကြွယ်တို့က တွေးဖို့ လိုလာတယ် (လိုပါတယ် ဘုရား)။

လိုတဲ့အခါကျတော့ တဏှာကြိုက်တာကို ဆောက်ပေးရတယ် (မှန်ပါ့) ခန္ဓာအိမ်ကို ဘာတုံး (တဏှာကြိုက်တာ ကို ဆောက်ပေးရပါတယ်ဘုရား)။

တဏှာက သားစွဲသွားလို့ရှိရင်ဖြင့် ပြိတ္တာခန္ဓာအိမ်ကြီးကို၊ သေခါနီး သားစွဲသွားတယ်-သမီးစွဲသွားတယ်-ပစ္စည်းစွဲသွားတယ်ဆိုရင် တဏှာစွဲတဲ့ခန္ဓာလာပေါ့ (မှန်ပါ့) ကံလုပ်တဲ့ခန္ဓာပေါ်သလား၊ တဏှာလုပ်တဲ့ ခန္ဓာပေါ်သလား (တဏှာလုပ်တဲ့ ခန္ဓာပေါ်ပါတယ်ဘုရား)။

အဲဒါတွေ ဝေဖန်ကြည့်တော့မှ ဪ ကိလေသဝဋ်ကျွတ်မှပါလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာပါလိမ့်ဗျာ (ကိလေသဝဋ်ကျွတ်မှပါ ဘုရား)။

ကိလေသဝဋ်ကျွတ်လို့ရှိရင် ကမ္မဝဋ် နင်သွားတော့လို့ ဆိုစရာ လိုသေးသလား (မလိုပါ ဘုရား)။

ဒါ့ကြောင့် ကံကို သမုဒယသစ္စာမဖွဲ့ဘဲနဲ့ တဏှာကို သမုဒယသစ္စာဖွဲ့တာကို ဒကာသစ်တို့-ဦးမာဒင်တို့ ထောက် ကြည့်တာပေါ့ (မှန်ပါ့) ဟောဒီ သမုဒယကြောင့် ဟောဒီ ဒုက္ခဖြစ်တယ်ဆိုတာ ကံကျော်သွားပြီ (မှန်ပါ့) မကျော်ဘူးလား (ကျော်ပါတယ် ဘုရား)။

ဒီသမုဒယကြောင့် တဏှာဥပါဒါန်ဆိုတဲ့ သမုဒယကြောင့် ဒကာ ဒကာမတို့ ဒုက္ခခန္ဓာကြီးပေါ်လာတယ် (မှန်ပါ့ ဘုရား) ကံပါသေးရဲ့လား (မပါပါ ဘုရား)။

နို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အရေးရှိကံ၊ အရေးရှိကံနဲ့ ကံပဲမူတည်ပြီးသကာလ ကံခေါင်းပေါ် ချည်း လျှောက်ပုံကြတယ် (မှန်ပါ့) ကံခေါင်းပေါ်ချည်း လျှောက်ပုံတော့ ဪ ကိုယ့်ပဋိစ္စသမုပ္ပါဒ်မှ ကိုယ်မမြင်တော့ ပုံမိပုံရာ ပုံလိုက်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ လက်သမားရှာတဲ့အခါ

ဒါဖြင့် ကိုယ်အကြောင်း ကိုယ်သိတော့ အခုတစ်ခါ ဆရာသမားက အရင်းကျကျပြောပြန်တော့လည်း ဒကာ ဒကာမတို့ ဘယ်သူ့အပေါ်မှာ ပုံချရမှာပါလိမ့် (တဏှာ့အပေါ်မှာ ပုံချရမှာပါဘုရား) ဘုရားညည်းတာလည်း

အနေကဇာတိ သံသာရံ၊

သန္ဓာဝိဿံ အနိဗ္ဗိသံ။

ဂဟကာရံ ဂဝေသန္တော၊

ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

ငါ လက်သမားရှာတဲ့အခါ တဏှာတွေ့တယ်လို့ ပြောတာ (မှန်ပါ့) ကံတွေ့တယ် ပြောရဲ့လား (မပြောပါ ဘုရား)။

အဲဒါတွေ ထောက်ကြည့်တော့မှ ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံမကောင်း အကြောင်းမသင့်လို့ တပည့်တော်တို့ဘုရား အကျိုး, အကန်း, အပဲ့ဖြစ်ရတယ်၊ ကံမကောင်း အကြောင်းမသင့််လို့ သားဆိုး, သမီးဆိုးနဲ့ တွေ့ရတယ်ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့လွဲတယ် (လွဲပါတယ် ဘုရား) တပည့်တော်တို့ တဏှာ တပည့်တော်တို့ မနိုင်လို့ ဒီဒုက္ခတွေ အစုံတွေ့ရတယ်ဆိုရင် ကိုက်တယ် (ကိုက်ပါတယ် ဘုရား)။

တပည့်တော်တို့ တဏှာကို (တပည့်တော်တို့ မနိုင်လို့ ဒုက္ခတွေ့ရပါတယ်ဘုရား) မနိုင်လို့ ဒီဒုက္ခအစုကြီး တွေ့ရတယ်လို့ ဒီလိုညည်းလိုက်ရင် ဘုန်းကြီးများကလည်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နဲ့ လဲလိုက် (မှန်ပါ့) သစ္စာလေးပါး နဲ့လည်း သွားကိုက်တဲ့အတွက် ဪ ဒကာ ဒကာမတွေ အမြင်မှန်ပြီလို့ သေသေချာချာ ဆိုရဲပါတယ် (မှန်ပါ့)။

အခုတော့ အမြင်မှန်မရတော့ သူများနှုတ်ယောင်ခံပြီး သကာလ ဦးမာဒင်ရေ ကမ္မဝဋ်ကြီး ပဓာနထားပြော နေတယ် (မှန်ပါ့) ကိလေသဝဋ်ကျွတ်သွားလို့ရှိရင် ကမ္မဝဋ်လာစရာရှိသေးသလား (မရှိပါ ဘုရား) ဝိပါကဝဋ်ကော (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာသစ်တို့ ဦးမာဒင်တို့ လိုရင်းဘယ်သူပါလိမ့် (တဏှာပါ ဘုရား)။

ဟိုဘဝ-ဒီဘဝ မျှောချလိုက်တာ တဏှာပဲ

ဪ ဒါဖြင့် သံသရာထဲမှာ ဟိုဘဝ-ဒီဘဝ မျှောချလိုက်တာ တဏှာပဲဟေ့ (မှန်ပါ့)။

ဟိုဘဝ-ဒီဘဝမျှောလိုက်တာ (တဏှာပါ ဘုရား) တဏှာပဲ့ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေချာကြ ပလား (သေချာပါပြီ ဘုရား)။

ဪ ဒါဖြင့် ဟိုဘဝ-ဒီဘဝကို တပည့်တော် အသိညာဏ်မရလို့ မမြင် ရှိပါစေဦးတော့၊ တစ်ခါတလေ များ သားရှိရာ သွားတယ် မိဘများက (မှန်ပါ့) သူသွားချင်လို့ သွားရတာလား၊ တဏှာမျှောလို့ မျောရရှာတာလား (တဏှာမျှောလို့ မျောရရှာတာပါဘုရား)။

ဒါတောင်မှ ဒကာ ဒကာမတွေကလည်း ကိုယ်တိုင်သွားပြီး သကာလ မျောနေရတာတောင်မှ ဦးမာဒင်ရေ ကံပေါ်ချချင်ချနေတာပဲ (ချနေပါတယ် ဘုရား)။

စင်စစ်တော့ တဏှာက မလှုံ့ဆော်ပဲနဲ့ နင့်သားဆီသွားလိုက်ပါဦးလား၊ နင့်သမီးဆီ သွားလိုက်ပါဦးလား၊ ဟိုမှာ ဘယ့်နှယ်နေမှန်း မသိဘူးဆိုတာက ဘယ်သူက ပြောတာတုံး (တဏှာက ပြောတာပါဘုရား)။

ဒါနဲ့ ခန္ဓာကိုယ်ကြီးက လှုပ်လှဲ့ လှုပ်လှဲ့နဲ့ ဒကာကြွယ်သွားပြီ (သွားပါပြီ ဘုရား) ကံကြောင့် သွားတာလား, တဏှာကြောင့်သွားတာလား (တဏှာကြောင့် သွားတာပါ) ဒါ အထင်အရှားပဲ (မှန်ပါ့)။

သွားရပါသော်ကော ဘုရား ကိုယ့်လည်း ဒီတစ်ယောက်ရှိတာလို့ဆိုတာ အဖြေကထွက်လာတယ် (မှန်ပါ့) ဒီတစ်ယောက် ခပ်နေရတယ်ပြောမှာပဲ (ပြောမှာပါ ဘုရား)။

အဲဒီတော့ အဖြေ့ကိုက ကံထွက်သလား တဏှာထွက်သလား (တဏှာထွက်ပါတယ် ဘုရား) သို့သော် အရေးရှိ လာတဲ့အခါ ဒကာ ဒကာမတွေက ကံစီမံသလို ခံရုံပဲ (မှန်ပါ့) လွဲလိုက်တဲ့ ဒကာ ဒကာမတွေ (လွဲပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

စွဲချက်ဘယ်သူ့တင်ကြမယ်

ကဲ ဒါဖြင့် ယနေ့ကစပြီး စွဲချက်ဘယ်သူ့တင်ကြမယ် (တဏှာကို တင်ရပါမယ်) ဒုက္ခဖြစ်လေသမျှ တဏှာ ကြောင့် (တဏှာကြောင့်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အေး ဒါဖြင့် ပစ္စည်းတွေဘာတွေ ရှုံးကြ, ဆုံးကြတယ် ဆိုတာလည်း ဒကာသစ် လက်သည်ရှာလို့ရှိရင် တဏှာကြောင့်ပဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒီ့ထက် အမြတ်ရမလားလို့ လွှတ်လိုက်တာနဲ့ ရှုံးသွားတာသည်ကားလို့ဆိုရင် မူလတဏှာဆိုတာ သေချာတယ် (သေချာပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာကို အရင်းအမြစ်နဲ့တကွ ဖြတ်တဲ့နည်းကို မရသေးသရွေ့ကာလပတ်လုံး တဏှာမျှောသလို မျောရချည်းသေးရဲ့ဆိုတာ ဆုံးဖြတ်ချက်ချကြပါတော့ (မှန်ပါ့ ဘုရား)။

ဘာမျှောသလို မျောရမှာတုံး (တဏှာမျှောသလို မျောရမှာပါဘုရား) တဏှာမျှောသလို မျောရဦးမယ်ဆိုတာဖြင့် ဘာမှသံသယမရှိနဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

သားကလေးစွဲသွားလို့ ပြိတ္တာဖြစ်သတဲ့၊ သမီးကလေးများ စွဲသွားလို့ ပြိတ္တာဖြစ်သတဲ့ဆိုတော့ ကံကလားဗျာ စွဲတဲ့တဏှာကလား (စွဲတဲ့တဏှာကပါ ဘုရား)။

ဟာ ဒကာသစ်ရှင်းနေပြီ (ရှင်းပါပြီ) ဘုရားဟောတော်မူတာက သမုဒယသစ္စာကြောင့် ခန္ဓာဒုက္ခသစ္စာ ဖြစ်တယ်ကွ (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဘယ်ဘဝက လာကြသတုံး

အေး ဒါကြောင့် ဒကာ ဒကာမတွေ ယခု ဘယ်ကလာကြသတုံး၊ ဘယ်ဘဝက လာကြသတုံးလို့ မေးတော့ မပြောတတ်ပါဘူး ဘုရား၊ ဘယ်ဘဝက လာတယ်တော့ မပြောတတ်ဘူး ဘုရာ့၊ သို့သော် တဏှာရေမျှောလိုက်လို့ လူ့ ဘဝဆိပ်ကမ်းတော့ ရောက်နေပြီ (မှန်ပါ့) ဘယ်သူမျှောလိုက်ပါလိမ့် (တဏှာရေမျှောလိုက်ပါတယ် ဘုရား)။

တဏှာရေမျှောလိုက်တာနဲ့ လူ့ဘဝဆိပ်ကမ်းတော့ ဆိုက်နေကြပြီ (မှန်ပေါ့)။

ကဲ လူ့ဘဝဆိပ်ကမ်းရောက်နေတော့ လူ့ပြည်မှာရှိနေတဲ့ အာရုံတွေနဲ့ ပေါင်းဆုံမိပြန်တော့လည်း တဏှာ က ပွားလာတယ် (ပွားပါတယ်)။

နောက်ဘယ်သွားကြဦးမှာတုံးလို့ မေးလို့ရှိရင်လည်း ဘယ့်နှယ်ဖြေကြမလဲ (တဏှာရေယဉ်မျောဦးမှာပါ) ဒကာ သစ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ မျောလေသမျှ ဒကာ ဒကာမတို့ မျောလေသမျှ မြုပ်လေသမျှ ဘယ်သူ့သတ္တိပါလိမ့် (တဏှာ့ သတ္တိပါဘုရား) တဏှာ့သတ္တိပဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဆွဲမိဆွဲရာ ဆွဲသမား

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တော့ဖြင့်တဲ့ တဏှာ့အကြောင်းကို တဏှာကမျှောသမား၊ ကျုပ်တို့ ကလည်း ရောက်ရာကို ဆွဲမိဆွဲရာ ဆွဲသမားဆိုတာ ပေါ်တော့မှာပဲ (မှန်ပါ့)။

အင်း ဒကာ ဒကာမတွေ သေသေချာချာမှတ်ကြပေတော့၊ အခု ဒီသံသရာထဲမှာ မျောပြီးသကာလ လာတာက တဏှာရေလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ကောင်းပြီ ဒကာ ဒကာမတို့ တဏှာရေထဲမှာ ကျုပ်တို့သည် ဘုံဘဝက တဏှာရေမျှောလိုက်တာနဲ့ မျောလာ တယ်ဆိုတာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ကျုပ်တို့ မျောလာတာတော့ မျောပါစေတော့တဲ့၊ တဏှာကို ကျုပ်တို့ကမဖြတ်နိုင်လို့ သူစီမံ သလိုခံရတယ် ဆိုတာရှိပါစေတော့ (မှန်ပါ့)။

ဒီဘဝကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘာလုပ်ပြန်သတုံးလို့ မေးတယ်နော် (မှန်ပါ့)။

မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ မျှောလာတဲ့ တဏှာရေက ဒီကြားထဲက မျောတယ် (မှန်ပါ့) ကမ်းနား သစ်ပင်က ငါးပင်ရှိတယ် (မှန်ပါ့)။

ကမ်းနားသစ်ပင်က (ငါးပင်ရှိပါတယ်) ငါးပင်ရှိတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ကောင်းပြီ ကမ်းနားသစ်ပင်က ဘယ်နှစ်ပင်ပါလိမ့် (ငါးပင်ပါ ဘုရား)။

ဒီက ပုထုဇန်တစ်ယောက်ကလည်း တဏှာရေမျှောတာနဲ့ ဒီဘက်မျောတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မျောလာတဲ့လူဟာ အထက်တက်ချင်တာ မလွဲဘူး (မှန်ပါ့) မျောလာတဲ့ ပုဂ္ဂိုလ်ဟာ ကုန်းပေါ်, ကမ်းပေါ် တက်ချင်တယ်ဆိုတာတော့ ငြင်းဖို့မလိုဘူး (မလိုပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာမျှောလို့ မျောလာတယ်

ဘာမျှောလို့ မျောလာပါလိမ့် (တဏှာရေမျှောလို့ မျောလာပါတယ်ဘုရား) တဏှာမျှောလို့ မျောလာတယ်ဆိုတာ ကဖြင့် ဒကာ ဒကာမတွေ ရှင်းလင်းပါပြီ (မှန်ပါ့)။

သို့သော် သူမျောတဲ့ချောင်းဘေးမှာ မခိုင်မြဲတဲ့ ကမ်းနားသစ်ပင်က ငါးပင်ရှိတယ် (မှန်ပါ့ ဘုရား) မခိုင်မြဲတဲ့ ကမ်းနားသစ်ပင် (ငါးပင်ရှိပါတယ် ဘုရား)။

မခိုင်မြဲတဲ့ ကမ်းနားသစ်ပင်က (ငါးပင်ရှိပါတယ် ဘုရား) ဒကာသစ် ဘယ်နှစ်ပင်ပါလိမ့် (ငါးပင်ပါ ဘုရား) အဲဒီတော့ ဦးမာဒင်တို့က မှတ်ရလိမ့်မယ်၊ ဪ ကမ်းနားသစ်ပင်ဆိုတာ တခြားလားအောက်မေ့တယ် ခန္ဓာငါးပါး ပါကလား (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ကမ်းနားသစ်ပင်ဟာ ဘယ်သူပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။

အင်း မျောတဲ့ပုဂ္ဂိုလ်ကလည်း ကုန်းပေါ်တက်ချင်တော့ ခန္ဓာငါးပါးကမ်းနားသစ်ပင်တော့ သူဆွဲတော့မယ် (မှန်ပါ့) မဆွဲပေဘူးလား (ဆွဲပါတယ် ဘုရား)။

ဆွဲရင် ကမ်းနားသစ်ပင်ဆိုတာကလည်း နဂိုက ရေတွေစီးထားလို့ ဦးမာဒင်ရေ အမြစ်တွေက မြေနဲ့တွယ်နေတဲ့ ဥစ္စာက အတော်နည်းနေတယ် (နည်းပါတယ် ဘုရား)။

မြေတွေ ရေကစားတာနဲ့ အမြစ်ဆုံတွေကပေါ်နေတယ် (ပေါ်နေပါတယ်) အကိုင်းတွေကလည်း နိမ့်ရာဘက် ရှိုင်းရတာ ဖြစ်နေတော့ ကိုင်းရတာဖြစ်နေတော့ ရေထဲပဲ အခက်အလက်တွေက ကျနေတယ် (မှန်ပါ့)။

တဏှာရေနဲ့ မျောလာတဲ့ ပုထုဇန်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကလည်း ခန္ဓာငါးပါးကမ်းနားသစ်ပင်ကြီးကို တွေ့ရာ ဝင်ဆွဲလိုက်ရင် (မှန်ပါ့) ဆွဲလိုက်တော့ ဒကာကြွယ်ရေ ပြုတ်ကျမှာပဲ (ကျမှာပါ) နဂိုကမှ မခိုင်ပဲကိုးဗျ (မှန်ပါ့)။

ခန္ဓာငါးပါးက အနိစ္စတရား

ဒါ့ကြောင့် ဒီခန္ဓာငါးပါးက အနိစ္စတရားတွေလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အဲဒါတွေ ခင်ဗျားတို့က, အခုဆွဲနေကြပြန်ပြီ (ဆွဲနေပါတယ် ဘုရား) ဆွဲနေကြတယ်ဆိုတော့ ဒကာ ဒကာမ တွေက မသိဘဲနေမှာစိုးလို့ ရုပ်ဟာလည်းငါပဲ (မှန်ပါ့) ဝေဒနာလည်း (ငါပါဘုရား) သညာလည်း (ငါပါဘုရား) သင်္ခါ ရလည်း (ငါပါဘုရား) ဝိညာဏ်ဆိုတာလည်း (ငါပါဘုရား)။

ရော ဒီခန္ဓာငါးပါးကြီး ငါ-ငါ့ဘာမှတ်လို့တုံး (မှန်ပါ့) ငါ ကျန်းကျန်းမာမာရှိသေးတယ်ဆိုတော့ ရူပက္ခန္ဓာ သူဆွဲလိုက်တယ် (မှန်ပါ့) ငါကောင်းစားနေတယ်ဆိုတော့ ဝေဒနာက္ခန္ဓာ ဆွဲလိုက်တယ် (မှန်ပါ့ ဘုရား)။

ငါ့အကြံဉာဏ်ပဲဆိုတော့ သညာက္ခခန္ဓာဆွဲလိုက်တယ် (မှန်ပါ့) ငါစေတနာ ကောင်းကောင်းထားတာကွ စေတနာ ကောင်း ခေါင်းဘယ်ရွေ့မတုံးကွဆိုတော့ စေတနာကို ငါထင်လိုက်တယ် (မှန်ပါ့) ငါ့စိတ်မစမ်းနဲ့ဟေ့ဆိုတော့ စိတ်ကိုပဲ ဆွဲလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ခန္ဓာငါးပါးကလည်း ကမ်းနားသစ်ပင်နဲ့တူတဲ့ အနိစ္စတရား (မှန်ပါ့) ဒါတွေကို ပဲ ဒကာ ဒကာမတွေက ဟိုဆွဲလိုက်-ဒီဆွဲလိုက်၊ ပြုတ်မှကျပါ့မလား (ပြုတ်ကျပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့ မျောလာရတဲ့ အထဲမှာ ခင်ဗျားတို့သည်ကားလို့ိ ဆိုလို့ရှိရင်ဖြင့် ရောက်ရာခန္ဓာ ငါးပါးစွဲလိုက်တဲ့ အဓိပ္ပာယ်ကို ဘုရားဟောတယ် (မှန်ပါ့ ဘုရား)။

ရောက်ရာ ခန္ဓာငါးပါးကို (စွဲလိုက်တဲ့ အဓိပ္ပာယ်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် အခု အိမ်မှာရှိတဲ့ သမီးကလေးရှိတယ်၊ မြေးကလေးရှိတယ်၊ ခင်ပွန်းမလည်းရှိတယ်၊ တိုက်တာတွေ လည်း ရှိတယ်၊ မိမိထိုက်တန်သလောက် ပစ္စည်းကလေးလည်း ရှိကြတယ် (မှန်ပါ့) ဘယ်သူ့အခင်ဆုံးတုံးမေးတော့ ကိုယ့်ကိုယ်အခင်ဆုံးပေါ့ဘုရာ့ (မှန်ပါ့) ကိုယ့်ကိုယ်က ခန္ဓာဘယ်နှစ်ပါး ရှိသတုံး (ငါးပါးရှိပါတယ် ဘုရား)။

ကမ်းနားသစ်ပင် အနိစ္စတရားတွေ

အင်း ငါးပါးကလည်း ကမ်းနားသစ်ပင် အနိစ္စတရားတွေ (မှန်ပါ့) ဒီဟာတွေ ဒကာ ဒကာမတွေက ဆွဲဦးမယ်ဆိုလို့ရှိရင်ဖြင့် မျောသမားသည် မြုပ်သမားဖြစ်ဖို့တော့ ကပ်နေပြီ (ကပ်နေပါပြီ ဘုရား)။

မျောသမားသည် (မြုပ်သမားဖြစ်ဖို့ ကပ်နေပါပြီဘုရား) ဟာ ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဆရာဝန်ကြီး တို့ စဉ်းစားရမည့်အချိန်ရောက်ပြီ (ရောက်ပါပြီ) မဆွဲမှတော်မယ် (မှန်ပါ့) မဆွဲမှ ဒကာသစ်ရေ (တော်ပါမယ် ဘုရား)။

နဂိုက အပင်ခြေမှာ မြေရှိရဲ့လား (မရှိပါ) ကိုင်းကျနေတာကလည်း ချောင်းထဲမှာပဲ (မှန်ပါ့) တဏှာရေမျော လာတဲ့ ပုထုဇန်ကလည်း တက်ချင်တော့ ဆွဲမိဆွဲရာ ဆွဲလိမ့်မယ် (မှန်ပါ့) မဆွဲကောင်း ဆွဲကောင်း သူသိသေးရဲ့လား (မသိပါ ဘုရား)။

ဪ ဒါကြောင့် ဒကာ ဒကာမတွေ ဒီကျတော့ တပည့်တော်ဘုရား ကိုယ့်ခန္ဓာကိုယ်တော့ဖြင့် ကျန်းမာ စေချင်တယ်ဘုရာ့၊ ချမ်းသာစေချင်တယ်ဘုရာ့၊ အခုကောင်းစားတာကလေးတွေလည်း မပျက်စီးစေချင်ဘူးဘုရာ့၊ လက်ရှိ သညာ-ပညာကလေးတွေလည်း မပျောက်စေချင်ဘူးဘုရား (မှန်ပါ့) အင်း အားကိုးလုံးကလေးတွေ လာကုန်ပြီ (မှန်ပါ့) ဦးမာဒင် ကမ်းနားသစ်ပင်ဆွဲပြီ (ဆွဲပါပြီ ဘုရား)။

ကမ်းနားသစ်ပင် ဆွဲပါတယ်

ဘာဆွဲကြပါလိမ့် (ကမ်းနားသစ်ပင် ဆွဲပါတယ်ဘုရား) ဪ အောက်ကနေဆွဲတာလား-အထက်ကနေ ဆွဲတာလားဆိုတာကို မျောလာတဲ့ပုဂ္ဂိုလ်သာ အကဲခတ်ပါတော့ (အောက်ကနေ ဆွဲတာပါ) အောက်ကနေဆွဲတယ် (မှန်ပါ့ ဘုရား)။

သစ်ပင်ကိုင်းတွေကလည်း ဒကာ ဒကာမတို့ ကိုယ်ဆွဲမှီလောက်တဲ့ ရေထဲမှာ အဖျားတွေကကျနေတယ် (ကျနေပါတယ်) အညွန့်အဖျားတွေက အောက်ကျနေတယ် (မှန်ပါ့) မျောလာတဲ့ပုဂ္ဂိုလ်ဆိုတော့ တက်ချင်လိမ့်မယ်ဆိုတာ ကလည်း အငတ်သမားကိုးဗျ (မှန်ပါ့) မဆွဲပေဘူးလား (ဆွဲပါတယ် ဘုရား)။

ပထမသစ်ပင်ဆိုတာကြီး ရူပက္ခန္ဓာဆွဲဆောင်တော့လည်း ကမ်းနားသစ်ပင်မို့ ဆွဲတဲ့ပုဂ္ဂိုလ်ပေါ်မှာပဲ ပြုတ်ကျ တယ် (ပြုတ်ကျပါတယ်) ဒါဖြင့် ဆွဲကျိုးနပ်-မနပ် (မနပ်ပါ ဘုရား)။

မျောရတဲ့အထဲမှာ ပင်လုံးနဲ့တကွ မြေဆိုင်ပါဆွဲတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ပြုတ်ကျတယ် (ပြုတ်ကျပါတယ် ဘုရား)။

ဘယ့်နှယ်တုံး အရင်ဒုက္ခပေါ်မှာ ဘာဆင့်ပါလိမ့်မတုံး မေးကြရင် (နောက်ဒုက္ခဆင့်ပါတယ် ဘုရား)။

အရင်ဒုက္ခပေါ်မှာ (နောက်ဒုက္ခဆင့်ပါတယ်) အင်း ဒါ့ကြောင့်လည်း ဒကာ ဒကာမတွေ ရောက်ရာဘဝမှာ မအားကြဘူး (မအားပါ) ဘာ့ကြောင့် မအားပါလိမ့် (နောက်ဒုက္ခဆင့်လို့ပါ ဘုရား)။

နောက်ဒုက္ခဆင့်တယ် (မှန်ပါ့) မိမိခန္ဓာကျွေးချင် မွေးချင်တဲ့ဒုက္ခ၊ မိမိခန္ဓာခင်ချင်တဲ့ဒုက္ခ (မှန်ပါ့) မိမိခန္ဓာ အားကိုးချင်တဲ့ (ဒုက္ခပါ ဘုရား)။

အင်း ဒီထဲကလည်း အခု ငါးပင်သာပြရတယ်၊ ခင်ဗျားတို့ကလည်း ငါးသောင်းလောက် ကမ်းနားသစ်ပင် ဆွဲထားတယ် (မှန်ပါ့) ဒီထဲက ခန္ဓာငါးပါးမို့ ဘုရားက ကမ်းနားသစ်ပင်ငါးပင်လို့ ပြလိုက်တာ (မှန်ပါ့) ခင်ဗျားတို့က ပေါက်နေတာက ငါးပင်မှာကပဲ (မှန်ပါ့) သားခန္ဓာငါးပါး၊ သမီးခန္ဓာငါးပါးကလည်း ခင်လျက်မင်လျက် ဆွဲလျက်ပဲ (မှန်ပါ့ ဘုရား)။

ဝ,ပလား

ဝ,ပလား – မျောလာတဲ့ သံသရာ့ခရီးသည်ရဲ့ ဝ,ပလားလို့ မေးတဲ့အခါကျလို့ရှိရင် မဝသေးဘူး (မဝသေးပါ) သားခန္ဓာငါးပါးကိုဆွဲလို့ (မဝသေးပါ) သမီးခန္ဓာငါးပါးဆွဲလို့ (မဝသေးပါ) ကိုယ့်ခန္ဓာကြီးဆွဲလို့ကော (မဝသေးပါ) မြုပ်မှ မြုပ်ပါ့မလား (မြုပ်မှာပါ) အင်း ကိုယ့်ဟာကိုယ် ဗျာဒိတ်ပေးထားကြနော် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမယ်လေး ကြောက်စရာကြီးပါလား ဒကာကြွယ် (မှန်ပါ့) ခင်ဗျားတို့ကလည်း ခက်လိုက်တဲ့ဖြစ်ခြင်း၊ သူတို့ကို မဆွဲရတော့ ညအိပ် ညနေ ခရီးသွားတော့မယ်ဆိုလို့ရှိရင်လည်း မဆွဲရတဲ့တစ်နေ့မှာ ဟိုက စိတ်မချလက်မချ ဖြစ်နေတယ် (မှန်ပါ့) ဘာဖြစ်လို့တုံး (မဆွဲရလို့ပါ) ကမ်းနားသစ်ပင် မဆွဲရလို့ (မှန်ပါ့) ဘာဖြစ်လို့တုံး၊ ပြုတ်မကျလို့ (မှန်ပါ့) ပြုတ်မကျမှာစိုးတယ် (မှန်ပါ့) ပြုတ်ကျမှလည်း မျက်စိမျက်နှာကလည်း ပြုံးသော်လည်းကောင်း၊ မဲ့သော်လည်း ကောင်း ဖြစ်ရမှာကိုးဗျ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က မပြုံးမမဲ့ဘဲနဲ့ နေရလို့ရှိရင်ပဲ ပျင်းခြောက်ကြီးတဲ့ (မှန်ပါ့) ဘယ့်နှယ်ဖြစ်နေသလဲ (ပျင်းခြောက်ကြီးပါ ဘုရား)။

ဒကာကြွယ်ရေ- ခင်ဗျားတို့ဖြစ်စဉ်ကလည်း မျောသမားက မြုပ်သမားဖြစ်ရမှ တင်းတိမ်တယ် (မှန်ပါ့ ဘုရား)။

မျောသမားက မြုပ်သမား

မျောသမားက (မြုပ်သမား ဖြစ်မှတင်းတိမ်ပါတယ်) ဒကာသစ် လွန်ကုန်ပြီ (လွန်ပါတယ်) မြုပ်သမားက (မျောသမားဖြစ်မှ တင်းတိမ်ပါတယ်ဘုရား)။

မျောသမားဟာ ဒကာ ဒကာမတို့တဲ့၊ သောင်ကမ်းပေါ်ရောက်ဖို့ဟာ အရေးကြီးတယ် (မှန်ပါ့) မြုပ်သမားဖြစ်ဖို့ အရေးမကြီးဘူး (မှန်ပါ့) သို့သော် ခင်ဗျားတို့က မျက်စိလည်ပြီး သကာလ နေတာနဲ့ ဒကာကြွယ်ရေ ဘာသမားဖြစ်ချင် သတုံး (မြုပ်သမားဖြစ်ချင်ပါတယ် ဘုရား)။

မကောင်းပါဘူးဗျာ (မှန်ပါ့) ဒကာ ဒကာမတို့ ကောင်းကြရဲ့လား (မကောင်းပါ ဘုရား)။

မကောင်းသာ မကောင်းတယ်။ ဘေးကပုဂ္ဂိုလ်က မဆွဲနဲ့ မဆွဲနဲ့ဆိုတော့ မဟုတ်ဘူးဘုရာ့၊ အရှင်ဘုရားတို့က သိတာမဟုတ်ဘူး၊ ဒါပဲအားကိုးနေရတယ် (မှန်ပါ့) အမယ်လေး သူကတောင် ဆင်ခြေလဲလိုက်သေးတယ် (လဲပါ တယ် ဘုရား)။

ပြုတ်ကျမှာကြီးမို့ မဆွဲပါနဲ့ ခင်ဗျားတို့ မြေစိုင်ပါပိပြီး မြုပ်ပါလိမ့်မယ်ဆိုတာ မဟုတ်ဘူး ကိုယ်တော်တို့ ပြောတာ တခြား၊ တပည့်တော်တို့အကြိုက်က တခြားဖြစ်နေတယ် (မှန်ပါ့) ဘာကြောင့်တုံး မြုပ်သမားမဖြစ်ရရင် မကျေနပ်လို့ (မှန်ပါ့) ဒါလောက်ဆိုးနေတာ (ဆိုးပါတယ်) သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒကာကြွယ် ဘယ်အထဲကပါလိမ့် (မြုပ်သမားထဲကပါ ဘုရား) ဟာ ခင်ဗျား မြုပ်သမားဆိုရင် ဆွမ်းသွတ် မရဘူးနော် (မှန်ပါ့) မြုပ်သမားဆိုရင် ဆွမ်းသွတ်မရတော့ဘူး၊ အမျှကိမရတော့ဘူး၊ ငရဲရောက်သွားတာကိုး (မှန်ပါ့) မျောသမားဆိုလို့ရှိရင် တော်သေးတယ် (မှန်ပါ့) မြုပ်သမားဆိုရင် ဒီ့ထက်ဆိုး (ဆိုးပါတယ် ဘုရား)။

ခန္ဓာငါးပါး ကမ်းနားသစ်ပင်

အဲဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ခန္ဓာငါးပါး ကမ်းနားသစ်ပင်ကို တဏှာနဲ့မျှောလိုက်တော့ ဟိုဘဝကနေ မျှောလိုက်တဲ့တဏှာကြောင့် ဒီခန္ဓာကြီး မျောလာတယ် (မှန်ပါ့) ကမ်းနားသစ်ပင်ငါးခုကိုလည်း ဒကာ ဒကာမတွေက သားခန္ဓာငါးခု, သမီးခန္ဓာငါးခု, ပစ္စည်းခန္ဓာ ငါးခုတွေနဲ့ ဦးမာဒင်တို့ ဆွဲလိုက်တဲ့ဖြစ်ခြင်းဟာ ဘယ်လောက် ကြာလာပတုံးတဲ့၊ ဒီဘဝတွင် အသက်နဲ့ အမျှပေါ့ဘုရား (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မလဲ (အသက်နဲ့ အမျှပါဘုရား) အသက်နဲ့ အမျှတဲ့ (မှန်ပါ့ ဘုရား) လူလားမြောက် ကတည်းက ဘုရာ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်အချိန်က စ,ဆွဲကြသလဲ (လူလားမြောက်ကတည်းကပါ ဘုရား) တချို့အပင်တွေလည်း ပြုတ်ကျကုန်ပြီ ဗျာ့ (ကျပါပြီ) ဒါလည်း နောက်အပင်ကျရင် မဆွဲတော့ဘူးလို့ နေရဲ့လား (မနေပါ ဘုရား)။

‘ဖျတ်’ခနဲဆို သားကလေးအားကိုးလိုက်၊ သားကလေးက ပက်ခနဲဆို သေသွားလိုက်၊ မဟုတ်ပါလား၊ ဒီဟာတွေ ဆွဲလို့ မတော်ပါလား၊ ငါပဲ မျက်ရည်ကြီးငယ်ကျပြီး အပါယ်လေးပါးမြုပ်ကြောင်းတွေ ငါ့သန္တာန်ပေါ်ရတယ် (မှန်ပါ့) နောက်မဆွဲဘူးလို့ ဒကာကြွယ် လာရဲ့လား (မလာပါဘုရား) ရွှေ့ပြီး ဆွဲပြန်တယ် (မှန်ပါ့)။

အင်း သူလိုလိမ္မာတာ, သူလိုအဆင်းတူကလေး, သူလိုစိတ်ထားကောင်းကောင်းကလေး တွေ့ပြန်မယ်ဆိုလို့ ရှိရင်ဖြင့် ဒါကလေး အစားထိုးဆွဲရမယ်ဘုရာ့ (မှန်ပါ့) ဘာဖြစ်လို့တုံး အရင် မြုပ်ရတာ မကျေနပ်လို့ (မှန်ပါ့-မကျေနပ် လို့ပါ ဘုရား) အမယ်လေး ကြောက်စရာကြီးပါလား ဦးမာဒင်ရ (မှန်ပါ့) ဒကာကြွယ် ဘယ့်နှယ်တုံး (ကြောက်စရာ ကြီးပါ ဘုရား)။

နှစ်ခါမြုပ်ချင်ပြီ

အရင် ဆွဲရတာတုံးကလည်း သူ့အတွက်နဲ့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ပြီ (ဖြစ်ရမှာပါ ဘုရား) အခုနောက်တစ်ခါ တွေ့ပြန်တော့ အစားထိုးကလေးကော ဒကာကြွယ် ပေါ်လာမယ်ဆို ဝမ်းသာမလား- ဝမ်းနည်းမလား (ဝမ်းသာမှာပါ ဘုရား) အင်း သွားပြီ၊ နှစ်ခါမြုပ်ချင်ပြီ (မြုပ်မှာပါ ဘုရား) မြုပ်လို့ပဲ တင်းတိမ်နိုင်တဲ့သဘောရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ပြောကြတာပေါ့၊ သားကလေး တစ်ယောက်ထွန်းကားလာတယ်၊ ဆွဲစရာပေါ်လာတယ် (မှန်ပါ့) သမီးကလေးတစ်ယောက် ထွန်းကားလာတယ်၊ ဘာပေါ်လာတာတုံး (ဆွဲစရာပေါ်လာပါတယ် ဘုရား)။

ဪ ကိုယ်မြုပ်စရာလို့ ဒီလိုမဟုတ်ဘူး၊ သူက ထွန်းကားလာတယ်တဲ့ (မှန်ပါ့)။

ဒကာကြွယ် ဘာတဲ့တုံး (ထွန်းကားလာတယ်တဲ့) မြုပ်စရာမဟုတ်လား စင်စစ်က (မြုပ်စရာပါ ဘုရား) သူ့ အားကိုးရင် မြုပ်ရမယ် (မြုပ်ရမှာပါ ဘုရား) သူက အနိစ္စ ခန္ဓာကိုယ်ကိုးဗျ (မှန်ပါ့)။

အနိစ္စခန္ဓာကိုယ် အားကိုးလိုက်တဲ့အခါကျတော့ အနိစ္စအဖြစ်သို့ ရောက်တော့ ဒကာ ဒကာမတွမှာ သူက အနိစ္စရောက်၊ ဟုတ်လား (မှန်ပါ့) ကိုယ်က တာဝန်ယူပြီးသကာလလုပ်လို့ ပူဆွေးဒုက္ခတွေနဲ့ ကိုယ်ကမြုပ် (မှန်ပါ့) ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါကိုပင်လျှင် သူများလာတဲ့အခါ ဧည့်ခံတဲ့အခါ ဒကာကြွယ်တို့က ဘယ်လိုများ ဧည့်ခံသတုံးဆိုတော့ ခင်ဗျား မျက်စိ မျက်နှာမကောင်းပါလား၊ ဘာများဖြစ်လာသတုံးတဲ့၊ အားကိုးကလေးပြုတ်သွားလို့ပေါ့ဗျာ (မှန်လှပါ ဘုရား) အဲဒီတော့ ကျုပ်တော့ ရှာဦးမယ် (မှန်လှပါ)။

အားကိုးပြုတ်လို့ တစ်ခါမြုပ်ပြီးပြီ

ဟာ ဂွကျလိုက်တာ (မှန်ပါ့) ဘယ့်နှယ်တုံး အားကိုးပြုတ်လို့ တစ်ခါမြုပ်ပြီးပြီ၊ အဲဒါ ဒကာကြွယ်က ဘာ ပြောပြန်သတုံး (အားကိုးပြုတ်လို့ အစားရှာရဦးမယ်တဲ့)။

ဒီလိုနေလို့တော့ မဖြစ်ဘူးဗျတဲ့ (မှန်ပါ့) အင်း ဟိုလိုနေဦးမယ်ပေါ့လေ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာရှာတာတုံး (အားကိုးရှာတာပါ ဘုရား) ဟာ ဦးလှဘူးက မြုပ်စရာရှာတယ် (မှန်လှပါ)။

ဘယ့်နှယ်ဖြစ်ကြတာတုံး (မြုပ်စရာရှာပါတယ် ဘုရား) ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တစ်ပင်လဲ တစ်ပင်ထူဆိုတာ သဘောကျကြပလား (ကျပါတယ် ဘုရား)။

တစ်ပင်လဲ တစ်ပင်ထူဆိုတာ ဘာပါလိမ့် (မြုပ်စရာရှာတာပါ ဘုရား) တိုးတိုးမပြောနဲ့ ခင်ဗျားတို့ ကျယ်ကျယ် ပြော၊ တစ်ပင်လဲ တစ်ပင်ထူဆိုတာ မြုပ်စရာရှာတာ (မှန်ပါ့)။

နဂိုက အားကိုးရှာတာ (မှန်ပါ့) အားကိုးရှာတဲ့အခါကျတော့ နောက်အပူရော, အရင်အပူတွေရော တစ်ခါတည်း ရောပြီး သကာလ ဒကာကြွယ် မြုပ်ရတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

မြုပ်စရာရှာတာ

အဲဒါ ခင်ဗျားတို့ကတော့ အားကိုးရှာတာပဲတဲ့၊ တရားသဘောနဲ့ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် မြုပ်စရာရှာတာ (မှန်ပါ့)။

ခင်ဗျားတို့ကတော့ (အားကိုးရှာတာပါ) တရားသဘောကတော့ (မြုပ်စရာရှာတာပါဘုရား) ကဲ ဒကာကြွယ် ဘယ်ဟာက မှန်သတုံး (မြုပ်စရာရှာတာက မှန်ပါတယ်ဘုရား) အခုသိပလား (သိပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူ့မှ အားမကိုးနဲ့တော့ ဒကာကြွယ်ရ (မှန်ပါ့) အိမ်ရောက်လို့ရှိရင် ပြောရဲပါ့မလား၊ ငါဘယ်သူ့ မှ အားမကိုးတော့ဘူးဟေ့၊ ကိုယ့်တရားပဲ ကိုယ်အားကိုးတော့မယ်လို့ ရဲရဲတင်းတင်းပြောပါ (မှန်ပါ့) မပြောရဲဘူးလား (ပြောရဲပါတယ် ဘုရား) မတော် ထမင်းမကျွေးဘဲများနေရင် ခက်နေဦးမလားလို့၊ ဒီလိုများ လာချင်လာနေဦးမှာ (မှန်ပါ့ ဘုရား)။

ကြောက်စရာလို့ ဒီလို မအောက်မေ့ပါနဲ့ (မှန်ပါ့) အားကိုးရင် မြုပ်ရလိမ့်မယ် (မှန်ပါ့) ဦးမာဒင် ဘာတဲ့တုံး (အားကိုးရင် မြုပ်ရမှာပါဘုရား)။

အားကိုးတော့ ခင်ဗျားတို့က အားကိုးတယ်ဆိုကတည်းက ဆွဲပြီ (မှန်ပါ့) တဏှာဥပါဒါန်နဲ့ဆွဲပြီ၊ တဏှာနဲ့ ခင်ဥပါဒါန်နဲ့ မလွှတ်တော့ဘူူး (မှန်ပါ့) မလွှတ်တော့ ဒီဥစ္စာလည်း ကမ်းနားသစ်ပင် အနိစ္စတရားကို (မှန်ပါ့) ခန္ဓာ ငါးပါးအနိစ္စတရားဆိုတော့ ‘ဖျတ်’ခနဲဆို ပြုတ်ပြီ (မှန်ပါ့) ခဏခဏ ခင်ဗျားတို့ ကြည့်လိုက်တဲ့အခါ ခန္ဓာထဲမှာ ဖျတ်, ဖျတ်ဖျတ်, ဖျတ်နဲ့ ဝေဒနာက ပြုတ်ကျ၊ သညာက ပြုတ်ကျ၊ ရုပ်တွေက ဦးမာဒင် ပြုတ်ကျ (မှန်ပါ့) ကမ်းနားသစ်ပင်တွေ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အမြုပ်သမား ဖြစ်ပါလိမ့်မယ်

အဲဒါတွေ အားကိုးလို့ရှိရင်ဖြင့် နောက်ဆုံးပိတ်တစ်နေ့မှာ ခင်ဗျားတို့အမြုပ်သမား ဖြစ်ပါလိမ့်မယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ခင်ဗျားတို့က တဏှာမျှောသလို မျောလာတယ် ကြည့်ပါ ဒကာ ဒကာမတို့၊ နောက်ဘဝက တဏှာမျှောလိုက် လို့ ဟောဒီမှာ ရောက်လာတယ် (မှန်ပါ့ ဘုရား) ရောက်တဲ့ခန္ဓာငါးပါးကို ခင်ဗျားတို့က ကမ်းနားသစ်ပင်မှန်းမသိတော့ အရမ်းခင်, အရမ်းဆွဲချတယ် (မှန်လှပါ ဘုရား)။

အရမ်းခင်ပြီးတော့ (အရမ်းဆွဲချပါတယ် ဘုရား) ဆွဲချတော့ ဦးမာဒင်ရေ ဒါတွေက ခိုင်သလား-မခိုင်တာ တွေလား (မခိုင်ပါ ဘုရား) အနိစ္စတရားတွေ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီ အနိစ္စတရားတွေကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အတင်းအဓမ္မ ဆွဲလို့ရှိရင် အနိစ္စပါလို့ ဆိုတာ အတင်းအဓမ္မဆွဲလိုက်တော့ မြန်မြန်ပြုတ်တာပဲ (မှန်ပါ့) မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဆွဲတဲ့လူအပေါ်မှာပဲ ပြုတ်ကျတယ်

ပြုတ်တော့ အခြားပေါ်မှာ ပြုတ်ကျသလားတဲ့၊ ဆွဲတဲ့လူအပေါ်မှာပဲ ပြုတ်ကျသလား (ဆွဲတဲ့လူအပေါ်မှာပဲ ပြုတ်ကျပါတယ် ဘုရား)။

တပည့်တော်တို့ကလည်း ဒီလိုမှ မှီခိုရာမှမရှိလို့ရှိရင် မဖြစ်ဘူးဘုရား (မှန်ပါ့) သားကလေးသော်လည်းကောင်း အရွယ်ကြီးလာတော့ ဆွဲထားရတယ် (မှန်ပါ့) သမီးကလေးသော်လည်းကောင်း (အရွယ်ကြီးလာတော့ ဆွဲထားရပါတယ် ဘုရား) ကိုယ့်ကိုယ်သော်လည်းကောင်း (အရွယ်ကြီးလာတော့ ဆွဲထားပါတယ်) ဘာတွေများ ဆွဲထားကြပါလိမ့် (အနိစ္စ တရားတွေပါဘုရား) အနိစ္စတရားတွေချည်း ဆွဲထားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ သံသရာ့ခရီးသည် အမျောသမားက အမြုပ်သမားဖြစ်အောင် အလုပ်ကို ကိုယ့်ဟာကိုယ်လုပ်တာ (မှန်ပါ့)။

အမျောသမားက (အမြုပ်သမားဖြစ်အောင် ကိုယ့်ဟာကိုယ်လုပ်ပါတယ်ဘုရား) သနားစရာမှရှိရဲ့လား (မရှိပါ ဘုရား)။

ဒါ့ကြောင့် ဘုရားအဆူဆူလည်း ခင်ဗျားတို့ကို သပိတ်မှောက်သွားထင်ပါရဲ့ (မှန်ပါ့) ဆိုးလွန်းလို့ (မှန်ပါ့)။

ဟ အမျောသမားရ-အမြုပ်သမားမလုပ်ပါနဲ့၊ သောင်တင်အောင်သာ သောင်ဆီရောက်အောင် မြန်မြန် သွားပါလို့ဆိုတာ မဟုတ်ဘူး၊ ကမ်းနားသစ်ပင်ချည်း နင်းဆွဲနေတယ် (ဆွဲနေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆွဲတဲ့လူအပေါ်မှာပဲ ပိရပါတယ်

ဆွဲလိုက်တဲ့အခါကျတော့ ဆွဲတဲ့လူအပေါ်မှာပဲ ပိရပါတယ် (ပိရပါတယ် ဘုရား) မြေစိုင်နဲ့တကွ ပိရတယ် (မှန်ပါ့) မပိရဘူးလား (ပိရပါတယ် ဘုရား)။

ဒါ့ကြောင့် ဟိုအိမ်မှာ မျက်စိမျက်နှာမသာတာ ဦးမာဒင် သွားမေး (မှန်ပါ့) ဘာဖြစ်လို့တုံး၊ ဘယ်သူပြုတ်ကျလို့ ပြောတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား) ဟိုဘက်အိမ် သွားမေးမြန်တော့ကော (ပြုတ်ကျတယ် ပြော ပါတယ်) ပြုတ်ကျလို့ မကြားလိုက်ဘူးလား၊ လက်မောင်းကို ပြုတ်သွားတယ် (မှန်ပါ့) တောင်ကြီးမက ပြိုသွားတယ် (မှန်ပါ့)။

အမယ် ကြီးကျယ်လိုက်တာ မနည်းပါလား (မနည်းပါဘုရား) ဘုရားက ကမ်းနားသစ်ပင်လို့ ဟောတာ သူက တောင်ကြီးတောင် ထည့်လိုက်သေးတယ် (မှန်ပါ့)။

အမယ်လေး ကြောက်စရာပါလား ဒကာ ဒကာမတို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် ဒီတရားမျိုး နာဖူးပလား (မနာဖူးပါ ဘုရား) မြို့ထဲ ရွာထဲဗျာ၊ တောင်ကြီးပြိုလို့ လက်မောင်း ပြုတ်သွားလို့, ကျုပ်တို့ အခက်ကြီးကြုံပါပေါ့လား၊ မကယ်ကြတော့ဘူးလား၊ မယူကြတော့ဘူးလားတဲ့ (မှန်ပါ့)။

ကြည့်မနေကြပါနဲ့ အစရှိသည်နဲ့ မျက်ရည်ခံထိုးတယ် (ထိုးပါတယ် ဘုရား) ဟ ဘာဖြစ်လို့ မျက်ရည်ခံထိုး ပါလိမ့် (ပြုတ်ကျလို့ပါ) ပြုတ်ကျလို့ (မှန်ပါ့)။

ခိုင်တာဆွဲတာလား၊ မခိုင်တာဆွဲတာလား

သူက ခိုင်တာဆွဲတာလား၊ မခိုင်တာဆွဲတာလား (မခိုင်တာ ဆွဲတာပါ) မခိုင်တာ သူမသိဘူးလား (မသိပါ ဘုရား) မသိလို့ ဆွဲတယ် (မှန်ပါ့)။

ဆွဲတဲ့ပုဂ္ဂိုလ်ကလည်း လွတ်လွတ်လပ်လပ်လား၊ အမျောသမားလား (အမျောသမားပါ ဘုရား)။

အမျောသမားက မြုပ်ချင်လို့ဆွဲတာ ခင်ဗျားတို့က ဪ မင်းမှာဖြစ်မှ-ဖြစ်ရလေကွာလို့ လောကွတ်ချော် ချင်သေးသလား (ချော်ပါတယ် ဘုရား) ဦးမာဒင် နောက်ကိုမချော်နဲ့ (မှန်ပါ့ ဘုရား)။

ဘယ်မှာ ခင်ဗျားတို့ သူ့ဟာသူ မျောလာတဲ့ပုဂ္ဂိုလ်က မြုပ်ချင်လို့ ဆွဲတဲ့ဥစ္စာ မင်းတို့ဖြစ်မှ ဖြစ်ရပလေ ငါတောင် စိတ်မကောင်းဘူးလို့ သွားပြီး လောကွတ်မချော်နဲ့ (မှန်ပါ့)။

ငါပါစိတ်မကောင်းဘူး ဆိုလို့ရှိရင် ငါပါမြုပ်ချင်လို့သာ မှတ်ပေတော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သို့သော်လည်း ခင်ဗျားတို့ လောကကြီးထဲမှာတော့ ဒီစကားလောက်မှ မသုံးလို့ရှိရင်လည်း မသာမှာ ဧည့်ခံ မကောင်းဘူး (မှန်ပါ့) အမယ်လေး ကြောက်စရာကြီးပါလား (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ်တို့ မသာသွားတော့ ဧည့်ခံစကားကလေး ထည့်ရသေးတယ် (ထည့်ရပါတယ် ဘုရား) ငါလည်း သတိထားတယ်၊ သတိထားလျက်နဲ့ ဒီလိုဖြစ်သွားတယ်ဆိုတော့ ငါလည်း ဘယ်စိတ်ကောင်းမတုံးကွ (မှန်ပါ့)။

ဒါလည်း ဧည့်ခံတာကိုးဗျ (မှန်ပါ့) ငါအမြုပ်ထမ်းချင်တယ်ကွ (မှန်ပါ့) ဒီအဓိပ္ပာယ် မရောက်ဘူးလား၊ ရောက် သလား (ရောက်ပါတယ် ဘုရား)။

လှိုက်လှိုက်လှဲလှဲပဲ သုံးလိုက်သလား

သို့သော် ဒကာကြွယ်တို့က ဒါ-ဧည့်ခံစကားအဖြစ်နဲ့ သုံးတာလား-လှိုက်လှိုက်လှဲလှဲပဲ သုံးလိုက်သလား (ဧည့်သည် စကားအဖြစ်နဲ့ သုံးပါတယ်ဘုရား) ဘာဟုတ်မလဲ သွေးနီးရင် လှိုက်လှိုက်လှဲလှဲ သုံးတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သွေးနီးရင် (လှိုက်လှိုက်လှဲလှဲ သုံးပါတယ်ဘုရား) သွေးဝေးလို့ရှိရင် ဧည့်ခံစကား (မှန်ပါ့)။

ခင်ဗျားတို့ စကားတွေရှုပ်လိုက်တာ ကျုပ်တောင် နားမလည်ဘူး (မှန်ပါ့) အတော်ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဆရာဘုန်းကြီး ဘုရားဆီကယူပြီးပေးတဲ့ ဉာဏ်နဲ့ ကြည့်လိုက်တော့မှ အမျောသမား ဒီကျတော့ ခင်မိခင်ရာ, သား, လင်, ခင်ပွန်းတွေ ခင်မိခင်ရာ ကိုယ့်ကိုယ်ခင်မိခင်ရာ (မှန်ပါ့)။

သူ့ဟာသူခင်လို့ သူ့ဟာသူ တစ်ပါတည်း ပြုတ်ကျတယ်၊ သူ့ဟာသူ သောကပရိဒေဝတွေ ဖြစ်ရတဲ့ဥစ္စာကို ခင်ဗျားတို့က ဘေးကနေ ကျွတ်-ထိုးပြီးသကာလ ဒကာကြွယ်တို့က ဧည့်ခံနေလို့ရှိရင် ကိုယ်လည်း အပါးမဝသေးတာ သေချာတယ် (မှန်ပါ့ ဘုရား)။

ကိုယ်လည်း ဉာဏ်အပါး မဝသေးတာ ဘယ့်နှယ်နေကြသလဲ (သေချာပါတယ်) ဦးမာဒင် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဉာဏ်အပါးမဝတဲ့ပုဂ္ဂိုလ်နဲ့

ဒါဖြင့် ဉာဏ်အပါးမဝတဲ့ပုဂ္ဂိုလ်နဲ့ အပါးဝတဲ့ပုဂ္ဂိုလ် ဒကာသစ် ဘယ်ဟာကများသတုံး (အပါးမဝတဲ့ပုဂ္ဂိုလ်က များပါတယ်ဘုရား) မြုပ်ပါလိမ့်မယ် (မှန်ပါ့) မြုပ်ပါလိမ့်ဦးမယ်ဆိုတာ သေချာပြီ ဒကာကြွယ်ရ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့ပြင်ရဲပါ့မလား (ပြင်ရဲပါတယ် ဘုရား) ဟာ.. မဟုတ်သေးဘူး ခင်ဗျားတို့၊ မြို့နဲ့ ရန်ဖြစ်ကုန်လိမ့်မယ် (မှန်ပါ့)။

သူ့ဟာသူဖြစ်တာ မသာဖိတ်လို့ သွားလို့ရှိရင်ဖြင့် ဘယ့်နှယ်ကြောင့် သူသည် သောကပရိဒေဝ ဒီအိမ်မှာ ဆူပူပြီး, အော်ဟစ်ပြီးသကာလ ငိုနေကြပါလိမ့်မတုံး၊ ညည်းတို့မှားလို့ ညည်းတို့ဖြစ်ရတာ ဒို့ဘာမှ မဆိုင်ဘူးလို့ ပြောရဲ ပါ့မလား (မပြောရဲပါ ဘုရား) ရန်ဖြစ်မယ်ဗျ (မှန်ပါ့)။

ရန်ဖြစ်မယ် ၊ အမယ်လေး ကရုဏာနည်းလိုက်တာ, မေတ္တာနည်းလိုက်တာနဲ့ ဟိုက ပြောလိုက်ဦးမယ် (မှန်ပါ့)။

စင်စစ်ကတော့ ဘုရားဟောတာကတော့ ဪ သူမှားလို့ သူမျက်ရည်ကျတာ (မှန်ပါ့) သူ-အဆွဲမှားလို့ သူ့အပေါ်ပြုတ်ကျတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

သူ အဆွဲမှားတာနဲ့ (သူ့အပေါ် ပြုတ်ကျပါတယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့ ပြုတ်ကျတဲ့ပုဂ္ဂိုလ် သွားမေးတဲ့ အခါကျတော့ မင်းအဆွဲမှားလို့ မင်းဒုက္ခရောက်တာလို့ တရားသဘောနဲ့ ပြောဦးတော့ တရား ကျုပ်ကြားဖူးပါတယ်၊ ဒီကနေခံလိမ့်မယ် (မှန်ပါ့) တရားတော့ ကျုပ်ကြားဖူးပါတယ်၊ သို့သော် ကျုပ်အဖြစ်က ဆိုးလွန်းလို့ (မှန်ပါ့) အင်း ဒီကတက်လာတာကိုး (တက်လာပါတယ် ဘုရား)။

တရားတော့ ဘာတဲ့ (ကြားဖူးပါတယ်) ကျုပ်အဖြစ်က (ဆိုးလွန်းလို့ပါ) ဟာ တရားထက် ပိုဆိုးတာတော့ မရှိ ပါဘူး မရှိပါဘူး၊ ဒီဥစ္စာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမယ်လေး ဒီလောက်ဆိုရင် ဒကာကြွယ်တို့က လှည့်ပြန်ချပ်ပြန်လာဦးမှာ (မှန်ပါ့) အမယ် သူပြော တာက ဟုတ်သကိုးလို့ ဒီလိုများပြန်လာဦးမှာလား (အရင်ကတော့ ပြန်ခဲ့တယ်ဘုရား) အရင်ကတော့ ပြန်ခဲ့တယ်၊ ရှေ့တော့ ကဆုန်ချပြေးမှာ စိုးရတယ်။

ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ကျုပ်တို့ အခုတိုင်းပြည်သာယာတုန်း စိတ်ကလေး, ဉာဏ်ကလေး ကလည်း ရွှင်တုန်း (မှန်ပါ့)။

ကျုပ်တို့အရေးကြီးနေတဲ့အချိန်

အခုအချိန်မှာ သေဘေးကိုလည်း ရှောင်ဖို့ရာ ကျုပ်တို့အရေးကြီးနေတဲ့အချိန်၊ ဉာဏ်ကလည်း ထက်တဲ့အချိန် မို့ ဪ မဆွဲကောင်းဘူးဟ၊ ဒို့က အမျောသမားတွေ (မှန်ပါ့)။

ခန္ဓာငါးပါးကို ဘယ်ဟာမှ မခင်ကောင်းဘူးဟ၊ ခင်သရွေ့ ဒို့အပေါ်မှာ ပိုပြီးမြုပ်မှာပဲ (မှန်ပါ့) ဆိုတာ ကျုပ် တို့က ဒါ ဝိပဿနာရှုရမယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာ မရှုတဲ့ပုဂ္ဂိုလ်ကဖြင့် ဒကာ ဒကာမတို့ အတင်းဆွဲပြီး တဏှာ, ဥပါဒါန်နဲ့ ဆွဲမှာပဲ (မှန်ပါ့) တဏှာ, ဥပါဒါန်ဆွဲလေလေ ဦးမာဒင်ရေ ကမ်းနားသစ်ပင်က နဂိုကမခိုင်တာက များလေလေ (မှန်ပါ့) ကိုယ်ကလည်း ရေစီး ကမျောလာရတာက မောလာတော့ တွေ့ရာကိုပဲ ဆွဲတော့တာပဲ (မှန်ပါ့ ဘုရား)။

အဲ အခု ဒကာ ဒကာမတွေမှာ တွေ့ရာဆွဲနေကြတယ် (မှန်ပါ့) ဒါကလေး ဘာတော်သတုံး (ဘာမှမတော် ပါ) မတော်ပေမယ့် မတော်ဘူးပြောရင် မကြိုက်ဘူးဗျ (မကြိုက်ပါ) မွေးစားသားကလေးဆို မပြောပါနဲ့ မပြောပါနဲ့၊ မတော် သူသိသွား ခက်ချည်ရဲ့ (မှန်ပါ့) ဘာဖြစ်လို့တုံး-ဥပါဒါန်မရှိမှာစိုးလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါလောက်လည်း ခင်ဗျားတို့ ဥပါဒါန်ကလည်း အဆွဲကသန်တယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီကရှေ့ဆွဲကြဦးမလားတဲ့ (မဆွဲပါ) မုသားများဖြစ်ကုန်ပါ့မယ် (မဖြစ်ပါ) မုသားဖြစ်မှာလည်း ဒကာကြွယ် စိုးရတယ် (မှန်ပါ့) မစိုးရဘူးလား (စိုးရပါတယ် ဘုရား)။

အေး ဒါ့ကြောင့် ဝိပဿနာဉာဏ်မပါသေရွေ့ ကာလပတ်လုံးဖြင့် ဆွဲမိဆွဲရာဆွဲကြမှာပဲ (မှန်ပါ့) ဝိပဿနာ ဉာဏ်မပါသရွေ့ကာလပတ်လုံး (ဆွဲမိဆွဲရာဆွဲမှာပါ ဘုရား)။

ဉာဏ်နဲ့ စောင့်ကြည့်နေဖို့သာ

ဝိပဿနာဉာဏ်ပါတော့ ဘယ်ခန္ဓာ ကြည့်လိုက်ကြည့်လိုက် ကမ်းနားသစ်ပင်တွေမှန်း သိနေတော့ အနိစ္စပဲ- အနိစ္စပဲ-အနိစ္စ သွားအားကိုးလို့ရှိရင် လွဲကုန်မှာပေါ့ (မှန်ပါ့) အနိစ္စဆိုတာ ပျက်စီးတာ (မှန်ပါ့) အဲဒါစောင့်သာကြည့် နေဖို့ အရေးကြီးတယ်-ဦးမာဒင်ရေ ဆွဲဖို့အရေးမကြီးဘူး (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်နဲ့ (ဆွဲဖို့အရေးမကြီးပါ) ဉာဏ်နဲ့ စောင့်ကြည့်နေဖို့သာ အရေးကြီးတယ် (မှန်ပါ့) တဏှာ, ဥပါဒါန်နဲ့ ဆွဲဖို့မလိုဘူး (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ဉာဏ်နဲ့ စောင့်ကြည့်တာက နည်းတယ် (မှန်ပါ့) တဏှာ, ဥပါဒါန်နဲ့ ဆွဲတာက (များပါတယ်) ခုထက်ထိ ပြန်မလာသေးဘူး၊ အချိန်တော်တော်ကြာသွားပြီ (မှန်ပါ့) ဘာနဲ့ ဆွဲနေသတုံး (တဏှာ, ဥပါဒါန်နဲ့ ဆွဲနေပါ တယ်ဘုရား)။

ဒီလိုပဲ လူကြီးစိတ်မချလိမ့်မယ်လို့ လူငယ်တွေများ မသိရှာဘူး (မှန်ပါ့) ဪ လူကြီးစိတ်မချလိမ့်မယ်လို့ လူငယ်တွေဟာ မသိရှာဘူးတဲ့ ဒကာကြွယ် (မှန်ပါ့) သူက ဆွဲထားတာက နည်းနည်းနောနောမှ မဟုတ်ဘဲ လူကြီးဆွဲ ထားတာက (မှန်ပါ့ ဘုရား)။

ဟိုက အလွတ်ရုန်းတာတောင်မှ ဒီကသူတို့ဘာမှ မသိဘူး၊ ကိုယ်ဆွဲထားတာမသိဘူးလို့ ကိုယ်ကပဲ လူကြီးပီပီ ပြောလိုက်ချင်သေးတယ် (ပြောပါတယ်) အမယ်လေး မိုက်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့) ဆွဲရင် ဘယ်သူ့အပေါ် ပြုတ်ကျမှာတုံး (ကိုယ့်အပေါ် ပြုတ်ကျမှာပါဘုရား)။

ဒါပြုတ်ချင် ပြုတ်ပေစေဘုရား၊ ပေလည်းပြုတ်ချင်ပြုတ်ပေစေတဲ့ (မှန်ပါ့) မပေဘူးလား (ပေပါတယ်ဘုရား)။

အဲဒါ ကမ်းနားသစ်ပင် အနိစ္စတရားကို မသိတဲ့အဖြစ်တွေတာဖြင့် ဒကာကြွယ်ရေ- အမျောသမားက အမြုပ် သမားဖြစ်ဖို့ သေချာတယ် (သေချာပါတယ် ဘုရား)။

ဒကာသစ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အမျောသမားက အမြုပ်သမားဖြစ်ဖို့ သေချာပါတယ်) သဘောပါ ကြပလား (ပါပါတယ် ဘုရား)။

ကမ်းနားသစ်ပင် မဆွဲပါစေနဲ့

ဒီဥစ္စာ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ လာပါတယ်လို့ ဆိုတာ ဒကာ ဒကာမတွေ မှတ်ပါနော် (မှန်ပါ့ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီတရားကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောရပါလိမ့်မတုံးဆိုတော့ သောင်ကမ်းရှာ ပါစေ၊ ကမ်းနားသစ်ပင် မဆွဲပါစေနဲ့ဆိုတာကို ရည်ရွယ်ချက်ထားဟောတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာရှာစေချင်ပါလိမ့် (သောင်ကမ်း ရှာစေချင်ပါတယ်) ကမ်းနားသစ်ပင်ဖြစ်နေတယ်၊ မဆွဲစေချင်လို့ (မှန်ပါ့ ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တယ်လည်း မြင်တဲ့ ကိုယ်တော်ကြီးပါလား (မှန်ပါ့) ဒကာ ဒကာမတို့ဆွဲရင် မြုပ်ရှာတော့မယ်ဆိုတာ သူကသိ တယ် (မှန်ပါ့) သောင်ကမ်းရှာပါစေဆိုတာတော့ဖြင့် သူအရေးတကြီးအလိုရှိနေတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်သောင်ကမ်းရှာကြပါ၊ ကမ်းနားသစ်ပင်ဖြင့် မဆွဲလိုက်ပါနဲ့ဆိုတာ ကိုင်း ခင်ဗျားတို့ မသာတွေပို့ဖူး ကြတဲ့ ဒကာ ဒကာမတွေချည်းပဲ (ပို့ဖူးပါတယ် ဘုရား)။

ကိုယ့်နီးစပ်လို့၊ မကင်းကြလို့ ပို့ရတဲ့ မသာတွေဟူသရွေ့ဟာ အဲဒီမသာမှာ မျက်ရည်ကြီးငယ်ကျပြီး တက်တဲ့လူ လည်းတက်လို့ (မှန်ပါ့) အင်း အချို့လည်း အရုပ်အဆင်းတွေ ပျက်လို့ (မှန်ပါ့) ဒီလိုနေတဲ့ ပုဂ္ဂိုလ်တွေက ကဲ-ဦးမာဒင် ကံမကောင်းအကြောင်းမသင့်လို့ ဖြစ်တာလား၊ အဆွဲမှားလို့ ပြုတ်ကျတာလား (အဆွဲမှားလို့ ပြုတ်ကျတာပါ ဘုရား)။

ဒါ ခင်ဗျားတို့က လူကြီးပီပီ ဧည့်ခံတဲ့အခါကျတော့ သူတို့အိမ်က ကံမကောင်းဘူး၊ ခဏခဏပဲ ဒီအသံတွေ ကြားရတယ် (မှန်ပါ့) အင်း မှန်ရဲ့လား (မမှန်ပါ) အဆွဲမှားလို့ ဘာပါလိမ့် (ပြုတ်ကျပါတယ်) အဲဒါ ကံမကောင်းတာ လား (မဟုတ်ပါ ဘုရား)။

ကံပယ်ချင်လို့ မဟုတ်ပါဘူး

ဒါ့ကြောင့် ဘုန်းကြီးက ကံပယ်ချင်လို့ မဟုတ်ပါဘူး၊ စွဲချက်လွဲလို့ ဟောရပါတယ် (မှန်ပါ့) ကံ သူ့နေရာနဲ့ သူသာ သုံးရမှာကိုး (မှန်ပါ့ ဘုရား)။

အခုတော့ အရေးရှိလို့ရှိရင် အဆွဲမှားလို့ မျက်ရည်ကျရတာ ကံမကောင်းရှာဘူးတဲ့ (မှန်ပါ့) ဒကာကြွယ် ဒီဟာကံလုပ်တာ ဟုတ်ရဲ့လားဗျ (မဟုတ်ပါ ဘုရား)။

ကိုယ်က အမျောသမားက ကမ်းနားသစ်ပင် ဆွဲလိုက်လို့ ကမ်းနားသစ်ပင်က အနိစ္စရောက်ပြီ အသုဘပို့လိုက် ရလို့ ကိုယ်ငိုချင်းချရတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကံမကောင်းတာလား ဆွဲလို့ဖြစ်တာလား (ဆွဲလို့ ဖြစ်တာပါဘုရား)။

ဟိုသူစိမ်းတစ်ယောက်သေနေတဲ့ အခါကျတော့ မတတ်သာလို့ လိုက်ပို့ရတဲ့ အသုဘကျတော့ အပြုံးတောင် မပျက်ဘူး (မပျက်ပါ) မိတ်ဆွေနဲ့ သင်္ဂဟနဲ့ ပြောတာနဲ့ ဆိုတာနဲ့ ဆေးလိပ်ကမ်းတာယူခဲ့၊ ယပ်တောင်ကမ်းလည်း ယူခဲ့ပြီး ပြန်လာတာပဲ (မှန်ပါ့) အပြုံးများ ပျက်သေးသလား (မပျက်ပါ) ဘာဖြစ်လို့ မပျက်သတုံး ဟိုမှာအဆွဲမရှိဘူး (မှန်ပါ့)။

အဆွဲမရှိတော့ သူများ မျက်ရည်ကြီးငယ်ကျပြီး ပြုတ်ကျတဲ့သဘောပါရဲ့လား (မပါပါ) မသေချာဘူးလား (သေချာပါတယ် ဘုရား) သေချာပါတယ် ဒကာကြွယ်ရ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဆွဲမှပြုတ်ကျပြီး မျက်ရည်ကြီးငယ်ကျရတာပါ (မှန်ပါ့) မဆိုင်တဲ့ပုဂ္ဂိုလ်တွေအတွက် မျက်ရည်ကြီးငယ်ကျရဲ့လား (မကျပါ) ဥပါဒါန်မရှိလို့ (မှန်ပါ့) ဥပါဒါန်ဆိုတာ ဆွဲကိုင်တဲ့သဘော (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဥပါဒါန်ပြုတ်ရင် မျက်ရည်တွေသိမ်းပါတယ် (သိမ်းပါတယ်) ဒုက္ခကော (သိမ်းပါတယ်) ဥပါဒါန်မပြုတ် ရင် (မသိမ်းပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကမ်းနားသစ်ပင် ရှောင်ရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စဖြစ်ရပါလို၏လို့

ဒီအထဲ စပ်မိလို့ပဲ ပြောလိုက်ပါဦးမယ် ဒကာ ဒကာမတို့ ဗဟုသုတလည်း တိုးရော့ (မှန်ပါ့) ဘယ်ခန္ဓာရပါလို၏ ဆိုရင် ကမ်းနားသစ်ပင်ဖြစ်ရပါလို၏ (မှန်ပါ့) နတ်ခန္ဓာဖြစ်ရပါလို၏ (ကမ်းနားသစ်ပင် ဖြစ်ရပါလို၏) ဗြဟ္မာ့ခန္ဓာ ဖြစ်ရပါလို၏ (ကမ်းနားသစ်ပင် ဖြစ်ရပါလို၏)။

မတောင်းကြနဲ့ (မှန်ပါ့) ပြုတ်ကျမှာချည်းပဲ (မှန်ပါ့) ပြုတ်ကျမည့် ပစ္စည်းကိုဖြင့် အနိစ္စဖြစ်ရပါလို၏လို့ ဆိုတာနဲ့ ဘာထူးသေးသတုံး (မထူးပါ ဘုရား)။

အနိစ္စဖြစ်လို့ရှိရင် “ယံ အနိစ္စံ၊ တံဒုက္ခံ၊ တဒေဝ အနတ္တ” လို့ သံယုတ်ပါဠိတော်များမှာ လာထားတယ် (မှန်ပါ့) အနိစ္စစွဲမြဲရင် ဒုက္ခတော့ဖြင့် (ဖြစ်ရမှာပါ ဘုရား) အနတ္တတော့ဖြင့် (ဖြစ်ရမှာပါ ဘုရား) ဒုက္ခသစ္စာတော့ဖြင့် (ဖြစ်ရမှာပါ ဘုရား)။

ဪ ခင်ဗျားတို့ တစ်သံသရာလုံးက သံသရာ့ခရီးသည် အမျောသမားတွေ ဆွဲမိဆွဲရာဆွဲလို့ အမြုပ်သမား ဖြစ်ခဲ့လို့ ဘုရားအဆူဆူနဲ့ လွဲရတယ်ဆိုတာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

နဂိုက ဘာသမားတုံး (အမျောသမားပါ ဘုရား) ရောက်ရာမှာ ဘာလုပ်ပြန်သတုံး (ဆွဲပါတယ် ဘုရား) ရောက်ရာမှာ ဆွဲပြန်တယ် (မှန်ပါ့) ကိုယ့်ခန္ဓာဆွဲလိုက်၊ သားသမီးခန္ဓာ (ဆွဲပါတယ် ဘုရား) ဒါ ခင်ဗျားတို့ အားကိုးလုံးကလေး၊ အားကိုးလုံးကလေးဆိုတာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရောက်ရာဆွဲတာပဲ (မှန်ပါ့)။

အဲဒီတော့ တစ်ယောက်သော ပုဂ္ဂိုလ်ကလည်း ချီးမွမ်းတယ်၊ ဪ ခင်ဗျားမှာတော့ သားကြီး, သမီးကြီး တွေက အတုံးအရုံးကိုးဗျဆိုတော့ ဟိုကပြုံးတယ် (မှန်ပါ့) သူက ဆွဲထားရတာ အင်မတန်နေရာကျနေတယ် အောက်မေ့ နေတယ် (မှန်ပါ့ ဘုရား) မပြုံးကြဘူးလား (ပြုံးပါတယ် ဘုရား)။

တော်တော်ကြာကျတော့ သားကြီး-သမီးကြီးက ထော်လော်ကန့်လန့်သော် လည်းကောင်း၊ အနိစ္စသော် လည်း ကောင်း လာတဲ့အခါကျလို့ရှိရင် ဒီပုဂ္ဂိုလ်သာဆိုးတယ် (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ ဆွဲထားတဲ့ဟာက သူ့အပေါ် ချည်းပြုတ်ကျတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ မသိခင်တုန်းကတော့ဖြင့် သားက ငါးယောက်, သမီးက ငါးယောက်၊ လူလိမ်မာ, ပညာတတ်ချည်းပဲ (မှန်ပါ့) ဆိုလို့ရှိရင် ဒကာကြွယ်တို့ကတော်လိုက်တာ အကျိုးပေး၊ သူတို့အကျိုးပေးတော်လိုက်တာ (မှန်ပါ့) ကမ်းနားသစ်ပင် က များသကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လောကွတ်ဘယ်လိုလုပ်လေ့ရှိသတုံး

ကမ်းနားသစ်ပင်များတာကို ဒကာကြွယ်တို့က လောကွတ်ဘယ်လိုလုပ်လေ့ရှိသတုံး (တော်တယ်လို့ ပြောကြပါ တယ်ဘုရား) အကျိုးပေးကောင်းလိုက်တာ (မှန်ပါ့)။

အကျိုးပေးကောင်းတယ်လို့ ပြောတာ ဟိုမှာဖြင့် သစ်ပင်ပိရမှာနော် (မှန်ပါ့ ဘုရား) နည်းသလား ဒကာ ဒကာမတို့ (မနည်းပါ ဘုရား)။

ဆယ်ပင်ပိရမယ်ဆိုတော့ တစ်ပင်ပိနဲ့ ဆယ်ပင်ပိနဲ့ သေချက် ဘယ်သူနာပါ့မတုံး (ဆယ်ပင်ပိက နာပါတယ် ဘုရား)။

သို့သော် ဒကာကြွယ်တို့ လူစုက နှုတ်သီးကောင်း-လျှာပါးနဲ့ ချီးမွမ်းလိုက်တယ် (မျန်ပါ့ ဘုရား) တော်လိုက် တာဗျာ သမီးငါးယောက် ကြည့်လိုက်ပြန်လည်း နေတတ်, ထိုင်တတ်တွေနဲ့ (မှန်ပါ့) သားငါးယောက်ကြည့်လိုက်ပြန် လို့ ရှိရင်လည်း အမေမိဘ ဆရသမား ရိုရိုသေသေနဲ့, ကိုင်းကိုင်းညွတ်ညွတ်နဲ့၊ ဒီလိုများဖြင့် ဖြစ်ချင်သေးတယ် (မှန်လှပါ) ဘာဖြစ်လို့တုံး၊ ဆယ်ပင်ပိပြီးသေချင်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ အလွဲချည်းပဲဆိုတာ ဒကာကြွယ် ဒါ သေသေချာချာ ပြောတာပါဗျာ (မှန်ပါ့ ဘုရား) အခု ကမ်းနားသစ်ပင် ကြည့်စမ်း ဒကာ ဒကာမတို့ အနိစ္စတရားဟူသရွေ့ ဒကာသစ်မှတ်လိုက် ကမ်းနားသစ်ပင် (မှန်ပါ့ ဘုရား) ဒါ့ကြောင့် ဘုရားက ကမ်းနားသစ်ပင်လို့ ဟောတော်မူတာ (မှန်ပါ့)။

အနိစ္စတရားဟူသရွေ့ (ကမ်းနားသစ်ပင်ပါ ဘုရား) ပြုတ်မကျတဲ့ အပင်ရယ်လို့ (မရှိပါ ဘုရား) မရှိဘူး၊ မျးများဆွဲလေလေ (များများပြုတ်ကျလေပါ ဘုရား)။

များများပြုတ်ကျလေဆိုတော့ ဆွဲတဲ့လူအပေါ်ကျမှာလား မဆွဲတဲ့လူအပေါ်ကျမှာလား (ဆွဲတဲ့လူအပေါ် ကျမှာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဆွဲမိ ဆွဲရာဆွဲလို့ မှတ်လိုက်

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါး ကမ်းနားသစ်ပင်တရား၊ ရေစုံမျောလာတဲ့ သံသရာ့ခရီးသည် မျောသမား (မှန်လှပါ ဘုရား) မျောသမားက မြုပ်သမားအဖြစ်သို့ ရောက်သွားရခြင်းသည် ဒကာ ဒကာမတို့ ရောက်ရာမှာ ဆွဲမိ ဆွဲရာဆွဲလို့ မှတ်လိုက် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရောက်ရာမှာ (ဆွဲမိဆွဲရာဆွဲလို့ပါ ဘုရား) ဒကာကြွယ် အခု လက်သမား-ဘာကလေးလွှတ်ပလား၊ မလွှတ်သေး ဘူးဗျ (မှန်ပါ့ ဘုရား) မလွှတ်သေးဘူး-ဆွဲမိဆွဲရာဆွဲတုန်းပဲ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဒကာကြွယ်တို့ ရေနစ်တဲ့ပုဂ္ဂိုလ် မြင်ဘူးလိမ့်မယ် (မှန်ပါ့) အင်းထဲ, ချောင်းထဲလေ (မှန်ပါ့ ဘုရား) မြုပ်သွားတဲ့ပုဂ္ဂိုလ်ဟာ မယုံရင် သူ့လိုက်ပြီး ပိုက်နဲပ တိုက်တိုက်၊ ထိုးဝါးနဲ့ရှာရှာ၊ လှေနဲ့ငုပ်ငုပ်ပေါ့ဗျာ (မှန်ပါ့) ဆွဲမိဆွဲရာဆွဲထားတယ် (ဆွဲထားပါတယ် ဘုရား) မဆွဲဘူးလား (ဆွဲထားပါတယ် ဘုရား) လွှတ်သေးရဲ့လား (မလွှတ်ပါ ဘုရား) ဆွဲသာ ဆွဲတယ်၊ သူ့မှာ အရှင်ဆွဲလား-အသေဆွဲလား (အသေဆွဲပါတယ် ဘုရား) ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) သေဖို့ရာဆွဲတယ် (မှန်ပါ့ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ သားဆွဲ, သမီးဆွဲ, မျိုးဆွဲ, ဆွဲချင်တာဆွဲ သေဖို့ဆွဲတာသာမှတ်လိုက် (မှန်ပါ့) အဖန်ဖန် သေဖို့ ဆွဲတာ (မှန်ပါ့)။

ဒကာကြွယ် ဘာတဲ့တုံး (အဖန်ဖန်သေဖို့ ဆွဲတာပါဘုရား) အဲဒါကို ခင်ဗျားတို့ အဖန်ဖန်သေဖို့ဆွဲတာကိုမှ မပြည့်မှာစိုးလို့ ဤသား, ဤသမီး, ဤမြေး, ဤမြစ်နဲ့ ဘဝတိုင်းဆုံ၍ (မှန်လှပါ) အမယ်လေး ဒကာကြွယ်တိုးများ မိုက်လိုက်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တိုးပြီး မိုက်တာပါ

ဘာဖြစ်တာတုံး (တိုးပြီး မိုက်တာပါဘုရား) အင်း ဒီ့ပြင်မှာ မိုက်တာလား-ဆုတောင်းပြည့်ဘုရားရှေ့မှာ မိုက်တာလား (ဆုတောင်းပြည့်ဘုရားရှေ့မှာ မိုက်တာပါဘုရား)။

ဟာ ခင်ဗျား လွန်ကုန်ပြီ (မှန်ပါ့) ဆုတောင်းပြည့်ဘုရားဆိုတာ အင်မတန်ကြောက်စရာကောင်းတာ (မှန်ပါ့) သူ့ဆီတောင်းတဲ့ ဆုသည်ကားလို့ဆိုရင် ဝဋ်တွေတောင်းလိုက်မယ်ဆိုရင် ဝဋ်တွေ အပြည့်အစုံဖြစ်မသွားပေဘူူး လား (ဖြစ်သွားပါတယ် ဘုရား)။

သို့သော်လည်းတဲ့ ဘုရားအလိုရှိတာတောင်းတာလား၊ ဘုရားအလိုမရှိတာ အတင်းတောင်းတာလား (ဘုရား အလိုမရှိတာ အတင်းတောင်းပါတယ်ဘုရား)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခြေထောက်နဲ့ ကန်မထုတ်ရုံတမယ် ကျန်တယ် ခင်ဗျားတို့အလုပ် ကဖြင့် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဤသား, ဤသမီး, ဤမြေး, ဤမြစ်နဲ့ ဘဝတိုင်း တစ်ခါတည်း မျောသမားသည် မြုပ်သမားဖြစ်ပြီး သေရပါလို၏ (မှန်ပါ့) ဒါ-တောင်းလိုက်တာကိုး (မှန်ပါ့) ဒီ့ပြင် ဘာပါသေးသတုံး (ဘာမှ မပါပါဘုရား)။

အသံကဖြင့် အမျိုးမျိုးပြောင်းလိမ့်မယ်၊ ဖြစ်စဉ်က ဒါပဲ (မှန်ပါ့ ဘုရား)။

အသံကတော့ဖြင့် (အမျိုးမျိုးပြောင်းပါလိမ့်မယ် ဘုရား) အသံကတော့ စာရေးကောင်း-ကောင်းသလောက်ဖြစ် မှာပဲ (မှန်ပါ့ ဘုရား) ဖြစ်စဉ်ကတော့ဖြင့် မျောသမားက-မြုပ်သမား များများကြီး ဖြစ်ရပါလို၏ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (မျောသမားက မြုပ်သမား များများကြီး ဖြစ်ရပါလို၏ ဘုရား) ဒကာကြွယ်ရိပ်မိပြီ (ရိပ်မိပါ ပြီ ဘုရား)။

အလုပ်နဲ့မသိမ်းလို့ရှိရင်ဖြင့်

ဒါဖြင့် ဒါ အလုပ်နဲ့မသိမ်းလို့ရှိရင်ဖြင့် ဘုရားက မရဘူးကွာတဲ့ (မှန်ပါ့) ကဲ ဒါဖြင့် မဆွဲမိအောင် ကြည့် ကြစို့ (မှန်လှပါ ဘုရား)။

မဆွဲမိအောင် ကြည့်ကြစို့ဆိုတော့ ဒကာသစ်က ကြည့်လိုက် ဒီကမ်းနားသစ်ပင်ဟာ ဒကာသစ်ရေ အောက် က အမြစ်များများရှိငြားသော်လည်း မြေနဲ့ တွယ်နေတာက နည်းတယ် (မှန်ပါ့) သွားဆွဲရင် ဘာဖြစ်မယ်ထင်သတုံး (ပြုတ်ကျမှာပါ ဘုရား)။

ဘယ်သစ်ပင် ကြည့်လိုက်ကြည့်လိုက် ကမ်းနားသစ်ပင်ကြည့်လိုက်ရင် ဘယ်လိုပါလိမ့် (ပြုတ်ကျမှာချည်းပါ) ပြုတ်ကျမှာချည်းပဲဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် သူ့ကို ဘယ်လိုကြည့်ရမတုံးဆိုတော့ မဆွဲဘဲနဲ့ သူသည် ခဏကလေးဖြစ်ပြီး ခဏကလေးပျက်သည်၊ ခဏဖြစ်ပြီး ခဏပျက်မည်-ခဏခဏပြုတ်ကျနေမည့်သဘောကို ခင်ဗျားတို့က မမြင်-မြင်အောင်ကြည့်ရမယ် (မှန်ပါ့) မဆွဲနဲ့-မဆွဲနဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) မဆွဲပါနဲ့တဲ့၊ ဆွဲလို့ရှိရင် မျောသမားက မြုပ်သမားဖြစ်မှာစိုးလို့ (မှန်ပါ့ ဘုရား)။

အခု မျောသမားဖြစ်ရတာက ဦးမာဒင် တော်သေးတယ်နော် (မှန်ပါ့) မြုပ်သမားဖြစ်တော့ သစ်ပင်ရော မြေစိုင်ရော ပိတော့ မနာလားဗျာ (နာပါတယ် ဘုရား)။

ဒါဖြင့် မျောသမားနဲ့ မြုပ်သမား ဒကာကြွယ်ဘယ်ဟာက သက်သာသေးသတုံး (မျောသမားက သက်ပါတယ်) မျောသမားက သက်သာသေးတယ် (မှန်ပါ့ ဘုရား)။

သို့သော် ခင်ဗျားတို့က မျောသမားအဖြစ်တွင် ကျေနပ်တဲ့ပုဂ္ဂိုလ်လား မြုပ်သမားဖြစ်ရမှ ကျေနပ်တာလား ဆိုတော့ အလုပ်သွားကြည့် (မှန်ပါ့) အလုပ်သွားက ဘယ်လိုပြောပါလိမ့် (မြုပ်သမားဖြစ်မှ ကျေနပ်ပါတယ်ဘုရား)။

ဝိပဿနာပြတော့မယ်

ကဲ ဒကာ ဒကာမတို့ ဝိပဿနာပြတော့မယ် (မှန်ပါ့) ဟိုဟာက အပြစ်ပြတာပဲ ရှိပါသေးတယ် (မှန်ပါ့) အပြစ်ကို ပျောက်အောင်လုပ်နည်းက ကျန်ပါသေးတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာငါးပါးဆိုတဲ့ဥစ္စာ အားလုံးသိပြီးသားဖြစ်ပါတယ်တဲ့ (မှန်ပါ့) ဒီခန္ဓာငါးပါး ကို ဒကာ ဒကာမတွေက ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကမ်းနားသစ်ပင်မဆွဲနဲ့လို့ ဆိုတဲ့ဥစ္စာ တဏှာနဲ့ မဆွဲနဲ့၊ ဉာဏ်နဲ့ကြည့်လို့ ခိုင်းပါတယ် (မှန်ပါ့ ဘုရား)။

တဏှာနဲ့တော့ (မဆွဲရပါ) ဉာဏ်နဲ့တော့ (ကြည့်ရပါမယ် ဘုရား)။

ဉာဏ်နဲ့ကြည့်တော့ ဒကာ ဒကာမတို့ ဪ မခိုင်ပါလား၊ ဪ မခိုင်ပါလားဆိုပြီး ဒီလိုသွားရမယ် (မှန်ပါ့) မခိုင်ပါလား-မမြဲပါလား-ပြုတ်ကျမှာပါကလားလို့ ခင်ဗျားတို့ အမြဲတမ်းကြည့်ပေးပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလို ကြည့်နေတဲ့အချိန်ကျတော့ကိုတဲ့ တဏှာကလည်း ဒကာ ဒကာမတို့ ဘယ်လိုဖြစ်နေသတုံး-ရပ်နေတယ် (မှန်ပါ့)။

အရင်မျောလာတာကြီးက ဉာဏ်နဲ့ဆီးပြီး တားလိုက်တဲ့အတွက် သူမျောချင်သလို မျောသေးရဲ့လား (မမျော ရပါ ဘုရား)။

ဖြစ်ပျက်ရှုနေချိန်မှာ သမုဒယသစ္စာ, တဏှာ, လောဘဆိုတဲ့ တဏှာကလည်း ရပ်စဲတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) တဏှာက ရပ်စဲနေတယ် (မှန်ပါ့) မရပ်စဲဘူးလား (ရပ်စဲပါတယ် ဘုရား)။

ရပ်စဲလို့ရှိရင် သူဘယ်သူနဲ့ နေပါလိမ့်တုံးဆိုတော့ မဂ္ဂင်ပေါ်ရောက်နေတယ် (မှန်ပါ့) မဂ္ဂင်သောင်ပေါ် ရောက် နေတယ် (မှန်ပါ့) တဏှာမျှောလို့ မရဘူး (မရပါ ဘုရား)။

တဏှာက ဘယ်လိုပါလိမ့် (မျှောလို့ မရပါ) ဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ် တဏှာမျှောလို့ မရဘူး (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာကလည်း ကိုယ့်ခန္ဓာငါးပါးဖြစ်စေ၊ သားသမီးခန္ဓာ ငါးပါးဖြစ်စေ မခိုင်ဘူး၊ မမြဲဘူး၊ ဖြစ်ပျက်ရှုနေတာ ပဲ (မှန်ပါ့) ရှုနေတဲ့ပုဂ္ဂိုလ်ကို တဏှာကကော မျှောလို့ရရဲ့လား (မရပါ) ကမ်းနားသစ်ပင်ကလည်း ကိုယ့်အပေါ် ပြုတ်ကျသေးရဲ့လား (မကျပါ ဘုရား)။

တဏှာရေမျှောမှုမှလည်း ရပ်စဲတယ်

ဟာ ဒါဖြင့် ဒီပုဂ္ဂိုလ်သည် တဏှာရေမျှောမှုမှလည်း ရပ်စဲတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆွဲမှုမှလည်း၊ ကိုယ့်ခန္ဓာပေါ် ပြုတ်ကျမည့်အမှုမှလည်း ရပ်စဲတယ် (ရပ်စဲပါတယ် ဘုရား)။

ရေမျှောမှုမှလည်း (ရပ်စဲသွားပါတယ်) ပြုတ်ကျမှုမှလည်း (ရပ်စဲသွားပါတယ် ဘုရား)။

အင်း သူဘယ်ပေါ်ရောက်နေလို့ သူလွတ်နေပါလိမ့်မတုံးလို့ မေးတော့ ဒကာ ဒကာမတို့ မဂ္ဂင်ပေါ်ရောက် နေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်အပေါ် ရောက်နေသလဲ (မဂ္ဂင်ပေါ် ရောက်နေပါတယ်ဘုရား)။

ဒကာသစ် ဝိပဿနာကျေးဇူးပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဆရာဝန်ကြီး မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာကျေးဇူး ပေါ်ပြီတဲ့ ဒကာ ဒကာမတို့ ဝိပဿနာကျေးဇူး သေသေချာချာပေါ်ပြီ (ပေါ်ပါပြီ) ကိလေသာ ရပ်တယ်ဆိုကတည်းက မျှောလို့ရသေးရဲ့လား (မရပါ ဘုရား)။

ကိလေသာမရပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီကပြီး ဟိုသွားမယ်၊ ဟိုကပြီး ဒီသွားမယ် (မှန်ပါ့) ကိုယ့်အလုပ်တွေက ရှုပ်နေတာကိုးဗျ (မှန်ပါ့ ဘုရား)။

ကိုယ့်အလုပ်တွေက ရှုပ်နေတော့ ဒီကပြီး ဟိုသွားမယ်၊ ဟိုကပြီး ဒီသွားမည့်ပုဂ္ဂိုလ်မှာ မဂ္ဂင်ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) မပေါ်ကတည်းက သူ့မှာရပ်တည်လို့ (မရပါ) မရဘူးဆိုတာ အထူးတလည်ပြောဖို့ မလိုတော့ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝိပဿနာရှုနေရင်း မဂ္ဂင်သောင်ကမ်းပေါ် ရောက်နေတယ် (မှန်ပါ့) တဏှာရေကလည်း မမျှောနိုင်တော့ဘူး (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်သာရှုနေ

ဟိုဟာတွေကိုလည်း အင်း ပြုတ်ကျလိမ့်မယ်-ပြုတ်ကျလိမ့်မယ်-ပြုတ်နေတဲ့တရားတွေ၊ ပြုတ်တတ်တဲ့ တရားတွေဆိုပြီး ဖြစ်ပျက်သာရှုနေ (မှန်ပါ့) ခန္ဓာငါးပါးကို (မှန်ပါ့) ဝေဒနာကြိုက်တဲ့လူ ဝေဒနာရှု၊ စိတ်ကြိုက်တဲ့လူ (စိတ်ရှုရပါမယ်) ရုပ်ကြိုက်တဲ့လူ (ရုပ်ရှုရပါမယ် ဘုရား)။

အဲ ရှုချင်တာရှု၊ ပြုတ်ကျလိမ့်မယ်-ပြုတ်ကျလိမ့်မယ်၊ ပျက်စီးနေပြီ-ဟုတ်လား (မှန်ပါ့) ဖြစ်ပြီးပျက်နေတဲ့ ဓမ္မမှတစ်ပါး ဘာမှမရှိဘူး၊ ပြုတ်ကျတတ်တဲ့ တရားတွေချည်းပဲလို့ ရှုရင်း မတ္တနဲ့ ကြည့်နေတဲ့အခါကျတော့ ဪ ပြုတ်ကျတတ်တဲ့ တရားမို့ ဒကာ ဒကာမတွေက ပြုတ်ကျတတ်တဲ့ အနိစ္စတွေ မမြင်ရပေဘူးလား (မြင်ရပါတယ် ဘုရား)။

မြင်ရတဲ့အခါကျလို့ရှိရင်ဖြင့် ဥပါဒါန်နဲ့ မစွဲတဲ့အတွက် ဒကာ ဒကာမတွေ ကိုယ့်အပေါ်လည်း ပြုတ်မကျဘူး (မကျပါ) မဂ္ဂင်တည်းဟူသော ရပ်တည်ရာရလို့လည်း တဏှာရေကလည်း မျှောလို့ မရဘူး (မရပါ ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ်ဘယ်နေရာရောက်နေလို့ပါလိမ့်မလဲ-အလွတ်ကြီးလွတ်နေတဲ့ဥစ္စာဆိုတော့မှ အို မဂ္ဂင်အလုပ် လုပ်နေလို့ မဂ္ဂင်ဖောင်ပေါ်ရောက်နေလို့ မဂ္ဂင်သောင်ကမ်းပေါ် ရောက်နေလို့ တဏှာရေလည်း မမျှောနိုင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အင်း ဟိုကမ်းနားသစ်ပင်လည်း မဆွဲတဲ့အတွက် သူ့မှာ မြုပ်စရာလည်း မရှိဘူး (မှန်ပါ့ ဘုရား)။

မြုပ်-မျောလွတ်တဲ့ အလုပ်

ဒါဖြင့် မြုပ်-မျောလွတ်တဲ့ အလုပ်သည် မြုပ်-မျောကိုလွတ်အောင်လုပ်တဲ့ အလုပ်သည် ဝိပဿနာပဲရှိတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မြုပ်-မျောကို လွတ်အောင်လုပ်တဲ့ အလုပ်သည် (ဝိပဿနာပဲ ရှိပါတယ်) ဝိပဿနာပဲ ရှိတယ်ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ခန္ဓာမှာ ဝေဒနာရှုပါ (မှန်ပါ့) စိတ်ရှုပါ (မှန်ပါ့) ကြိုက်တာရှုပေါ့ဗျာ (မှန်ပါ့) ဖြစ်ပျက်မြင်ရင် ပြီးကြစတမ်းပဲ (မှန်ပါ့)။

ဘာ့ကြောင့်တုံးဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ရယ်လို့ သူမလို ချင်ဘူး (မှန်ပါ့) ကမ်းနားသစ်ပင် ပြုတ်ကျတာမြင်ဖို့ပဲ အရေးကြီးတယ် (မှန်ပါ့) အကုန်ကမ်းနားသစ်ပင်ချည်းဟော တယ် (မှန်ပါ့) ဝေဒနာရှုကွယ်၊ သညာရှုကွယ်လို့ မဟောတော့ဘူး (မှန်ပါ့) ပြုတ်ကျမှာသိနေဖို့ အရေးကြီးနေတာပဲ (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ် (မှန်ပါ့) ဘာအရေးကြီးပါလိမ့် (ဖြစ်ပျက်မြင်ဖို့ အရေးကြီးပါတယ်ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ဆိုတာက ကမ်းနားသစ်ပင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) မြင်တာက (မဂ္ဂင်ပါ ဘုရား)။

ဒါဖြင့် ကမ်းနားသစ်ပင်ကို မဂ္ဂင်နဲ့ ကြည့်လိုက်တဲ့အခါကျတော့၊ မဂ်မျက်လုံးတပ်ပြီး ကြည့်လိုက်တဲ့အခါကျတော့ မဆွဲဖြစ်တော့ဘူး (မှန်ပါ့)။

မဆွဲဖြစ်လို့ သူ့မှာ ဒီဘဝ ဆွဲရမည့်သစ်ပင်ပိလို့လည်း သူသေလည်း မသေဘူး၊ မြုပ်လည်းမမြုပ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာရေကလည်း ခန်းသွားပြီ

နောက်တဏှာကလည်း မျှောစရာမရှိတဲ့အတွက် မဂ္ဂင်သောင်ကြီးပေါ် သူတင်တော့ နောက်တဏှာကလည်း မျှောနိုင်သေးရဲ့လား (မမျှောနိုင်ပါ ဘုရား) တဏှာရေကလည်း ခန်းသွားပြီ (မှန်ပါ့) တဏှာရေခန်းသွားတာ ရိပ်မိ ပလား (ရိပ်မိပါပြီ) ကမ်းနားသစ်ပင်တွေက မပိတာကော ရိပ်မိပလား (ရိပ်မိပါပြီ) ဆွဲမှ မဆွဲတော့ပဲ (မှန်ပါ့)။

ဒါဖြင့် တဏှာဥပါဒါန်ချုပ်၊ ဥပါဒါန်ချုပ်လို့လည်း မြုပ်စရာမရှိ (မှန်ပါ့) တဏှာရေခန်းလို့လည်း မျောစရာ မရှိ (မှန်ပါ့ ဘုရား)။

ဥပါဒါန်ချုပ်လို့လည်း (မြုပ်စရာမရှိပါ ဘုရား) တဏှာရေခန်းလို့လည်း (မျောစရာမရှိပါ ဘုရား)။

ဒါဖြင့် သူ-မဂ္ဂင်ဖောင်ပေါ်-မဂ္ဂင်သောင်ပေါ်ရောက်ပြီ (ရောက်ပါပြီ ဘုရား)။

မဂ္ဂင်သော်ပေါ် ရောက်လို့ရှိရင်ဖြင့် ဒီ-မဂ္ဂင်သောင်ကြီးသည် ဒကာ ဒကာမတို့ ဘယ်လိုလှိုင်း, ဘယ်လိုဂယက်, ဘယ်လိုဝဲနဲ့ ကြုံကြုံ သူ့မှာ ပျက်စီးလှုပ်ရှားတဲ့သဘောမျိုး ရှိပါရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဒကာ ဒကာမတို့ ဒီကမ်းနားသစ်ပင်ကို ဘယ်တော့မှ မဆွဲတော့ပါဘူးဆိုတဲ့ ဉာဏ်လာလို့ရှိရင်ဖြင့် ဒါမဂ္ဂင်ငါးပါးက ရှစ်ပါးဖြစ်မှာပဲ (မှန်ပါ့)။

ဘယ်တော့မှ မဆွဲဘူးဆိုတဲ့ ဉာဏ်လာရင် (မဂ္ဂင်ငါးပါးက ရှစ်ပါးဖြစ်ပါမယ် ဘုရား)။

အဲ ဘယ်တော့မှ မဆွဲဘူးဆိုရင်ဖြင့် ကမ်းနားသစ်ပင်တွေဟာ ဒကာ ဒကာမတွေ ရှေ့တွင် ပျောက်သွားပြီး သကာလ တကယ့် ဆွဲရာ, ကိုင်ရာ, ခိုင်ရာ, မြဲရာဖြစ်တဲ့ နိဗ္ဗာန်က ဒီဘက်က လာပေါ်တယ် (မှန်ပါ့ ဘုရား)။

နိစ္စနိဗ္ဗာန်ပေါ်တယ်

အနိစ္စပျောက်ပြီးသကာလ နိစ္စနိဗ္ဗာန်ပေါ်တယ် (မှန်ပါ့) ဒါဖြင့် နိဗ္ဗာန်နဲ့ မဂ်ဉာဏ်ကျန်တယ် (မှန်ပါ့)။

နိဗ္ဗာန်နဲ့ (မဂ်ဉာဏ်ကျန်ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှုသာရှုနေ၊ ပျက်လိမ့်မယ်, စီးလိမ့်မယ်၊ ပျက်နေပြီး စီးနေပြီလို့သာ ရှုနေ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ) သစ္စာလေးပါးကော ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။