ပဉ္စာနန္တရိယကံမှလွဲရင် ဝိပဿနာကုသိုလ်က ကယ်တင်နိုင်ပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၁၈-၉-၆၁)
လူ့ပြည်ကနေ ဆောက်တာ
တရားနာတယ် တရားအားထုတ်တယ်ဆိုတာသည် ဒကာ ဒကာမတို့ သူများအရေးမဟုတ်ဘူး၊ ကိုယ့်အရေးလို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား) တရားနာတယ်ဆိုတာလည်း ကိုယ့်အရေး၊ တရားအားထုတ်တယ်ဆိုတာလည်း ကိုယ့် အရေး (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီကိုယ့်အရေးကိုယ်လုပ်ရပါလိမ့်မတုံးလို့ အားလုံး ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ကိုယ်ပြုထားတဲ့ အမှားကို ကိုယ်ကိုယ်တိုင် ဖြေရှင်းတာလို့ မှတ်ပါ (မှန်ပါ့) ကိုယ်ပြုထားတဲ့အမှားကို ကိုယ်ကိုယ်တိုင် ပြင်ဆင်တယ်လို့ မှတ်ကြပါနော် (မှန်ပါ့)။
ဘာ့ကြောင့်တုံးလို့ဆိုတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း နတ်ပြည်မှာ ဘယ်က လက်သမားက နတ်ဘုံတွေ ဆောက်ပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် လူ့ပြည်က ပြုထားတဲ့ ကုသိုလ်တွေက ဆောက်တယ်ဆိုလို့ရှိရင် ဒါ လူ့ပြည်ကနေ ဆောက်တာ (မှန်ပါ့)။
ဒါဖြင့် နတ်ပြည်မှာ နတ်ဘုံတွေ ဘယ်သူဆောက်ပါလိမ့်မတုံးဆိုတော့ လူ့ပြည်မှာ ဒီဒကာ ဒကာမတွေကပဲ ကုသိုလ်ကံတွေက ဆောက်တယ်ဆိုရင် မလွဲဘူး (မှန်ပါ့)။
တစ်ခါ ငရဲမှာလည်း ငရဲကြီး ရှစ်ထပ်ရှိတယ်၊ ငရဲငယ် ၁၂၀ လို့ရှိတယ်၊ ဟ ဒါတွေ ဘယ်သူကများ တည်ဆောက်ပါလိမ့်မတုံး၊ ဟိုက လက်သမားတွေနဲ့ ဟိုတင် လုပ်တာတွေပဲလားလို့ မေးတော့ မဟုတ်ဘူး၊ ဝမ်းထဲက ဒကာ ဒကာမတွေ၏ အကုသိုလ်က လုပ်ထားတာ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ပြုထားတဲ့ကုသိုလ်, ကိုယ်ပြုထားတဲ့ အကုသိုလ် မကောင်းတာကို လူ့ပြည်ကလုပ် ရင် လူ့ပြည်က ဖယ်ရှင်းမှ ရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျသွာပါပြီ ဘုရား) နတ်ပြည်ကလုပ်လို့ရှိရင် နတ်ပြည်က ဖယ်ရှင်းမှ ရမှာပဲ (မှန်ပါ့)။
တရားနာကြတာ ဘယ်အကျိုးငှာတုံး
ဒါဖြင့် ဒီတဒကာ ဒကာမတွေ အခု တရားနာကြတာ ဘယ်အကျိုးငှာတုံးလို့ မေးတဲ့အခါကျတော့မှ လူ့ပြည် က မသိလို့ လုပ်ထားတဲ့ တဏှ, မာန, ဒိဋ္ဌိအလုပ်တွေ (မှန်ပါ့) အဲဒီ တဏှာ, မာန, ဒိဋ္ဌိအလုပ်တွေကို သိတဲ့အချိန်မှာ ဖျက်ပစ်လိုက်မယ်ဆိုလို့ရှိရင်လည်း ဆောက်ပြီးသား ငရဲတွေဟာ ပျက်သွားတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ငရဲလည်း လူ့ပြည်က တည်ဆောက်တာပဲ၊ နတ်ပြည်လည်း လူ့ပြည်က တည်ဆောက် တာဖြစ်တော့ လူ့ပြည်ဟာ ဒကာကြွယ် ဗဟိုဌာနကြီးဖြစ်နေတယ် (မှန်ပါ့) အဲဒီ ဗဟိုဌာနကနေပြီး တည်ဆောက်၊ ဗဟိုဌာနက ဖျက်မယ်ဆိုလည်း ရပါတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ်ပြုထားတဲ့ အကုသိုလ်တွေက သားခင်ထား, သမီးခင်ထား၊ သားမဟုတ်တာ သားလုပ်ထားတဲ့ ဒိဋ္ဌိ, သမီးမဟုတ်တာ သမီးလုပ်ထားတဲ့ ဒိဋ္ဌိ, ငါ့ဟာမဟုတ်တာ ငါ့ဟာလုပ်ထားတဲ့ ဒကာ ဒကာမတွေ မာနပေါ့ဗျာ (မှန်ပါ့) မခင်ကောင်းတာတွေ ခင်တဲ့တဏှာပေါ့ဗျာ (မှန်ပါ့) စိတ်က ဖောက်ပြန်ပြီး သားလုပ်ပြီးခင်, သမီးလုပ်ပြီး ခင်နေတာတွေလည်း ရှိသေးတယ် (ရှိပါတယ် ဘုရား)။
တဏှာ, မာန, ဒိဋ္ဌိက ဘယ်မှာဖြစ်တာတုံး
အဲဒီ တဏှာ, မာန, ဒိဋ္ဌိက ဘယ်မှာဖြစ်တာပါလိမ့်မတုံးလို့ ဒကာသစ် မေးရင် လူ့ပြည်ဝမ်းထဲမှာ ဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
လူ့ပြည်ဝမ်းထဲမှာဖြစ်တော့ ဒါတွေ ဖြေဖျောက်ချင်လို့ အသိဉာဏ်နဲ့ ဖျောက်ချင်တယ် ဆိုလို့ရှိရင် လူ့ပြည်ကနေ ဖျောက်လိုက်ရင် ရပါတယ် (ရပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ မိလက္ခရဟန်းကို ထောက်ကြည့်လို့ရှိရင် ဒကာ ဒကာမ တွေ သိပါတယ် (မှန်ပါ့)။
မိလက္ခရဟန်းကို ခဏခဏပြောခဲ့တယ် ဒကာ ဒကာမတွေ သူဟာ တစ်သက်လုံး မုဆိုးလုပ်စားတယ် (မှန်ပါ့) တစ်သက်လုံး မုဆိုးလုပ်စားတယ်ဆိုတော့ ဒကာ ဒကာမတို့ ဘာမှမသိလို့ဆိုတာ သေချာပါတယ် (သေချာပါတယ် ဘုရား)။
သို့ရာတွင် သူသည် တောထဲမှာသွားပြီး သားကောင်, ငါးကောင်တွေ မီးကင်ပြီး သကာလ စားသောက်၊ ပိုတာ ရောင်းစားဆိုတော့ တစ်နေ့သ၌ကျတော့ သားကောင်, ငါးကောင်တွေ စားရတာ ရေငတ်လာတာနဲ့ ရဟန္တာတွေ တောထဲမှာ သီတင်းသုံးနေတာရှိတယ် (မှန်ပါ့)။
ရေမတွေ့ရဘဲနဲ့ ရေပျောက်နေတယ်
အဲဒီရဟန္တာတွေ သီတင်းသုံးနေတဲ့ကျောင်းသွားပြီး ရေသွားတောင်းပြီး ရေအိုးမှာ ခပ်သောက်တဲ့အခါမှာ ရေမတွေ့ရဘဲနဲ့ ရေပျောက်နေတယ်ဆိုတာ ဒကာသစ်တို့ ကြားဖူးပြီ (ကြားဖူးပါပြီ ဘုရား)။
ဘာဖြစ်လို့ ရေပျောက်သတုံးလို့ မေးတဲ့အခါကျတော့ ရေအိုးက နဂိုရ်ကအပြည့်၊ သူခပ်မှ ပျောက်ရတယ် (မှန်ပါ့ ဘုရား)။
ဟာ ဒါလူ့ပြည်က အကုသိုလ်က ဦးမာဒင်ရေ လူ့ပြည်တွင် အကျိုးပေးပြီ (မှန်ပါ့) ဘယ်သူက ရေပျောက် အောင် လုပ်သတုံးလို့ မေးလို့ရှိရင် ဝမ်းထဲ အကုသိုလ်က ပျောက်အောင်လုပ်တယ်၊ ရဟန္တာခပ်ထားတာ အပြည့်နော် (မှန်ပါ့ ဘုရား) ဒကာကြွယ် သူ့အကုသိုလ်ကံက ဖျောက်ပစ်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် လူ့ပြည်ကဖြစ်တဲ့ အကုသိုလ်ကို လူ့ပြည်ကနေပြီး သကာလ လူ့ပြည်က ဖျောက်ရင်လည်း ရတယ်ဆိုတာ ကို သက်သေကလေးသာဓကလေး လုံလောက်အောင်လို့ ဦးမာဒင် ပြပေးပါတယ် (မှန်ပါ့)။
အဲဒီမှာ သူက ရေကလေး ရေအိုးထဲက ခပ်လိုက်တဲ့အခါ ရေအိုးက ချောက်ချောက် ချောက်ချောက်နဲ့ မြည်နေတယ်၊ ရေမရှိတဲ့ အသံမြည်နေတယ် (မှန်ပါ့) ကော်လိုက်-ခပ်လိုက်တဲ့အခါလည်း ဦးလှဘူး ရကိုမရဘူး (မရပါ ဘုရား)။
အဲဒီတွင် သူက ဒီအနားရှိတဲ့ ရဟန္တာကို ဪ ရဟန်းများ သူများ ဆွမ်းတွေ, ကွမ်းတွေကို နံနက်မိုးလင်း သွားပြီး သပိတ်နဲ့ ယူပြီး သကာလ သုံးဆောင်ဘုန်းပေးပြီး ကိုယ့်ကျောင်းမှာ သေနာသနဝတ်ဆိုတဲ့ ရေကလေးတောင် ပြည့်အောင်မခပ်ဘူးတဲ့ (မှန်ပါ့) ရေကလေးတောင်မခပ်ဘူး၊ အိုးကို ခြောက်နေတာပဲလို့ သူကတောင် အပြစ်တင်လိုက် သေးတယ် (မှန်ပါ့)။
ထိုကဲ့သို့ အပြစ်တင်ပြီးနေတုန်း ရဟန္တာက ကြားတယ်၊ ဪ ဒီဒကာ ဘယ့်နှယ်ဒကာပါလိမ့်မတုံးလို့ တွေးတယ်၊ ငါ မနက်တုန်းက ခပ်ထားတာ အပြည့်ပဲ၊ ဘယ့်နှယ်ကြောင့် သူ ရေမရှိဘူး ပြောပါလိမ့်မတုံး ဆိုပြီး သကာလ ရဟန္တာက သွားကြည့်တော့လည်း ဦးမာဒင် ရေက အပြည့်ပဲ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ရဟန္တာက ဒကာ လာဦး-လာဦးဆိုပြီး ရဟန္တာလက်နဲ့ ရေခပ်ပြီးမှ သူ့ကို တိုက်ရတယ် (မှန်ပါ့) ရဟန္တာ တိုက်တော့လည်း သူရေသောက်ရပါတယ် (မှန်ပါ့) သူကိုယ်တိုင်ခပ်တော့လည်း ဒကာကြွယ် ရေပျောက်တယ် (ပျောက် ပါတယ် ဘုရား)။
ရေပျောက်အောင် ဘယ်သူလုပ်သတုံး
ကဲ ဦးမာဒင်ပဲ စဉ်းစားပါတော့ ရေပျောက်အောင် ဘယ်သူလုပ်သတုံးဆိုတော့ သူပြုထားတဲ့ အကုသိုလ် က သူပြုထားတဲ့ သတ်မှု, ဖြတ်မှုတွေက လုပ်ထားတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ သူ့စိတ်ထဲမှာ ဒကာ ဒကာမတို့ ခင်ဗျားတို့ သတိထားဖို့ကို ဘုန်းကြီးများ သတိပေးတယ်လို့ အောက်မေ့ ပါ (မှန်ပါ့) မိလက္ခရဟန်းဆိုတဲ့ဥစ္စာ သူဟာ မုဆိုးပါပဲ (မှန်ပါ့ ဘုရား)။
ဒါနဲ့ သူ့စိတ်ထဲအောက်မေ့တယ်၊ ဪ ငါမသေခင်ကိုက အကုသိုလ်တွေ အကျိုးပေးနေပါပေါ့လား၊ ရေသွားခပ်တယ်၊ ရေအိုးက ချောက်ချောက်-ချောက်ချောက်မြည်တယ်၊ သူများခပ်ပေးတော့ ငါ့မှာသောက်ရတယ်၊ ငါ့အကျိုးပေးသဖြင့် အလွန်ဆိုးနေပါပေါ့လား၊ ငါ့သေရင် တစ်လမ်းသွားပဲဆိုတာ ဒကာသစ် သူ့ဟာသူရိပ်မိတယ် (မှန်ပါ့)။
အဲဒီကဲ့သို့ ရိပ်မိတဲ့အခါကျတော့မှ ရဟန္တာနား သူပြန်ကပ်ပြီး အရှင်ဘုရား ဒီအကုသိုလ်တွေ ပယ်နိုင်ရှားနိုင် တဲ့ တရားများ ဒါတွေကိုပြုပြီးသား အကုသိုလ်တွေကို ပယ်နိုင်ရှားနိုင်တဲ့ တရားများ ရှိသေးသလား ဘုရားဆိုတော့ ဒကာ ရှိတယ်လို့ ဖြေလိုက်တယ် (မှန်ပါ့)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာလည်း ဘယ်လိုပဲ မိုက်တေပြီး သကာလ အမျိုးမျိုး သောက်ခဲ့, မူးခဲ့, ရူးခဲ့, ပြစ်မှားခဲ့တာတွေ ဒါတွေ သံသယမရှိပါနဲ့ (မှန်ပါ့)။
ပျောက်တဲ့တရားရှိတယ်တဲ့
အခု ရဟန္တာက ဖြေလိုက်ပြီ ဦးမာဒင်ရဲ့ ပျောက်တဲ့တရားရှိတယ်တဲ့ (မှန်ပါ့) ဒီတော့ ကျုပ်တို့ ဘာပူစရာရှိ သတုံး (မရှိပါ ဘုရား)။
ဘာမှမပူကြပါနဲ့ ဒကာ ဒကာမတို့ ကိုယ့်အရေးကို ဘုရားဟောတဲ့အတိုင်း ဆရာသမားက ဒီအလုပ်-လုပ်ဆို တာသာ လုပ်ရုံပဲ (မှန်ပါ့)။
ကိုယ့်အတွက်ကတော့ဖြင့် ဘယ်လိုမှ သံသယမရှိကြပါနဲ့၊ နို့မဟုတ်ရင် ကိုယ့်သံသယက ကိုယ့်ကို အပါယ်ချပါ လိမ့်မယ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါနဲ့ပဲ ရဟန္တာကရှိတယ်လို့ ပြောတော့ ရှိရင် ဘုရားတပည့်တော် သင်္ကန်းဝတ်ပြီး လုပ်ပါရစေတဲ့ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ငါ့မှာလည်း သင်္ကန်းရှိတယ်၊ မင်း သင်္ကန်းဝတ်တာပေါ့ကွာဆိုပြီး သင်္ကန်းဝတ်ပြီး လုပ်ငန်းကို လုပ်တယ် (မှန်ပါ့) လုပ်ငန်းလုပ်တဲ့အခါကျတော့ ဦးမာဒင်ရေ- ကုက္ကုစ္စတွေက လာတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဘာလာသတဲ့ (ကုက္ကုစ္စတွေလာပါတယ် ဘုရား)။
ကုက္ကုစ္စအကြောင်းကိုလည်း ဉာဏ်နားနဲ့ထောင်ပါ (မှန်ပါ့) ဒါလာတတ်တဲ့အလုပ် လာမြဲအလုပ်လို့လည်း မှတ်ပါ (မှန်ပါ့ ဘုရား)။
ဪ သူ ရဟန်းလည်းဖြစ်ပြီး တရားအားထုတ်ခိုင်းလို့ ဝိပဿနာအားထုတ်ခိုင်းတော့ ဝိပဿနာဉာဏ် တွေက ဖြစ်ပျက်မြင်တဲ့ဉာဏ်က မလာဘဲနဲ့ ဒကာကြွယ်ရေ ငါက ဘယ်နေရာ ဘာသတ်ထားတာ၊ ဒါတွေချည်း မြင်နေ တယ် (မှန်လှပါ ဘုရား)။
နောက်ဟာတွေချည်း ပြန်တွေးတယ်
ဘယ်အကုသိုလ်တွေ ငါပြုထားတယ်ဆိုတဲ့ အဲဒါတွေလည်း နောက်ဟာတွေချည်း ပြန်တွေးတယ် (မှန်ပါ့) ဒါ ကုက္ကုစ္စလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ကုက္ကုစ္စပါ) ကုက္ကုစ္စလို့ မှတ်ကြစမ်းပါ ဒကာ ဒကာမတို့၊ အဲဒီ ကုက္ကုစ္စက တရားလုပ်မှ လာတာနော် (မှန်ပါ့)။
အဲဒီတော့ ဒီဥစ္စာကိုလည်း အရေးတကြီးပဲ ဆုံးမပါတယ် (မှန်ပါ့) တရားလုပ်နေတုန်း ခင်ဗျားတို့က လိမ်ထား တာ, ကောက်ထားတာ, ကျစ်ထားတာ ဒါတွေရှိတယ်၊ ဒါတွေရှိပြီး သကာလ အပြောမှား အဆိုမှားတွေဆိုတာ လူတိုင်း ရှိတာပဲ (မှန်ပါ့)။
ရှိတာပဲ နည်းနည်းများ ရှိနေလို့ရှိရင် မသိအောင် ဖုံးလိုက်ဖိလိုက်ပြီး လိမ်လိုက် ကောက်လိုက်ရတာတွေ တစ်နည်းအားဖြင့် စကားအားဖြင့် လှည့်ပြီး သုံးလိုက်ရတာတွေ ဒါတွေဟာ လူတိုင်းရှိတာပဲတဲ့ (မှန်ပါ့ ဘုရား) မသိခင် တုန်းကတော့ လူတိုင်းရှိတာပဲ။
ရိုးရိုးပြောလို့ မပြီးမှာဖြင့် ချက်ချင်း ဒေါသထွက်လာမှာစိုးတဲ့အတွက် ဖုံးကာ-ဖိကာနဲ့ ဦးမာဒင် ဒီလိုစကား တွေလည်း ရှိတယ် (မှန်ပါ့) ဒကာကြွယ် ရှိတယ်နော် (ရှိပါတယ် ဘုရား)။
တချို့မှာလည်း သူတို့သိလို့ရှိရင်ဖြင့် မိန်းမဆိုတာ အူဘိုမျိုးတွေဟ၊ ငါပေးလိုက်-ကမ်းလိုက်တာလည်း သူတို့သိ လို့ရှိရင် သူတို့က ဗြုန်းခနဲဆို ဆူတတ်တယ်, ပူတတ်တယ် ဆိုပြီး သကာလ ဖုံးရ, ဖိရတာတွေလည်း ယောကျ်ားများမှာ လည်း တစ်ပုံကြီးပေါ့ဗျာ (မှန်ပါ့)။
မိန်းမတွေဘက်ကလည်း ယောကျ်ားများနဲ့ပတ်သက်ပြီး သကာလ ဖြစ်ရ-ကြုံရ ဖုံးရ-ဖိရတာတွေလည်း ခင်ဗျား တို့ကတော့ ဖုံးတာ-ဖိတာပေါ့ အပြီးသတ်တော့ လိမ်တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါတွေကလည်း လူတိုင်းမှာမရှိဘူးဆိုလို့ ဦးလှဘူး ရပါ့မလား (မရပါ ဘုရား)။
အဲဒါတွေဟာ တရားအားထုတ်မှ ဪ ကံက ဒီအလုပ်တွေ လုပ်ထားတာဆိုပြီး မလာစေနဲ့ (မှန်ပါ့) ဒီဥစ္စာလာလို့ရှိရင်လည်း ဒကာ ဒကာမတွေ ဖြစ်ပျက်သာရှုပစ် (မှန်ပါ့)။
ဖြစ်ပျက်သာရှုပစ်ပါ
ဖြစ်ပျက်သာရှုပစ်ပါ၊ ဒေါသကလေးတွေပါ ဒါကလေးတွေက (မှန်ပါ့) ဒေါသနဲ့ ယှဉ်တဲ့ ဒေါသ, ဣဿ, မစ္ဆရိယ, ကုက္ကုစ္စကိုး (မှန်ပါ့) ဒါရှုပစ်လိုက်ရင် ပြီးတာပါပဲ (မှန်ပါ့ ဘုရား)။
မိလက္ခတိဿမှာတော့ အရေးကြုံလာတော့ သတ်ဖြတ်ထားတာတွေ ဒကာသစ် ပေါ်နေတယ် (မှန်ပါ့) ပေါ်ပြီး သကာလ နေတာနဲ့ တရားအားထုတ်လို့ကို မရဘူး (မှန်ပါ့) ဖြစ်ပျက်တွေ မမြင်ဘဲနဲ့ ဖြစ်နေတယ် (မှန်ပါ့)။
ကိုင်း ဖြစ်သ၍အကြောင်း အကောင်းချည်းပဲ၊ မတတ်နိုင်ဘူးဆိုပြီး ရဟန္တာနားပြန်ကပ်တယ် (မှန်ပါ့) အရှင်ဘုရား တပည့်တော် လူထွက်ပါရစေဘုရား မထူးပါဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့်တုံး ပြောစမ်းပါဦးဆိုတော့ တပည့်တော်ဟာ အရှင်ဘုရားလုပ်ခိုင်းထားတဲ့ တရားတွေ ဉာဏ်ထဲ မှာမထင်တဲ့အပြင် တပည့်တော်ပြုထားတဲ့ အကုသိုလ်တွေသာ အကွင်းအကွက်ကြီး ထင်ထင်နေတယ်၊ အဲဒါကြောင့် တပည့်တော်သည်ကားလို့ဆိုရင် မထူးတဲ့အတူတူ လူပဲလွတ်ပါရစေတော့လို့ အရှင်ဘုရားကို လျှောက်ပါတယ်။
မထွက်ပါနဲ့ဦး၊ ထွက်ချင်တယ်ဆိုလို့ရှိရင်လည်း အသင် ရဟန်းဘောင်မှာနေတဲ့ အပြစ်ကလေးတွေကို ကြွေး ဆပ်ပြီး သကာလ ဒဏ်ထားတဲ့အဓိပ္ပာယ်မျိုး လုပ်ရသေးတယ်ဆိုတော့ ဒါဖြင့် ဘုရားတပည့်တော်ကို ဒဏ်ထားပါ ထွက်ပါရစေတဲ့။
ကဲကဲ ဒဏ်ထားမယ်၊ မင်းသည်ကားလို့ဆိုရင် သဖန်းသားအစို ငါ့ကျောင်းနားမှာရှိတယ်၊ အဲဒါ လှည်းတစ်စီး တိုက်လောက် ခုတ်လိုက်စမ်း (မှန်ပါ့ ဘုရား)။
သဖမ်းသားအစို
သဖမ်းသားအစိုဆိုတာ ဦးမာဒင်တို့မြင်ဖူးသားပဲ၊ ခုတ်လိုက်ကတည်းက အစေးထွက်လာတယ် (မှန်ပါ့) အဲ ဒါတွေ လှည်းတစ်စီးတိုက်လောက် သူရတယ်၊ အရှင်ဘုရား သဖန်းသားအစို လှည်းတစ်စီးတိုက်လောက်ရပြီတဲ့ (မှန်ပါ့ ဘုရား)။
ကဲကွာ အဲဒါကို ငါ့ဆီမှာ မီးပွတ်မီးဆုံရှိပါတယ်၊ အဲဒီမီးဆုံနဲ့ မင်းသည်ကားလို့ဆိုရင် မတောက်-တောက် အောင် ရှို့စမ်းလို့ဆိုပြီး သကာလ ရဟန္တာက ဒကာကြွယ်ရေ အရှို့ခိုင်းတယ် (မှန်ပါ့) ဘယ်နှယ်မှ ဒီလောက်စိုနေတာ ကြီး မီးပွတ်ကျည်ကလေးသေးသေးနဲ့ မီးကလေးထွက်တာ ကလေးနဲ့ ရှို့နေလို့ လောင်နိုင် ပြောင်နိုင်ပါ့မလား (မလောင် နိုင် မပြောင်နိုင်ပါ ဘုရား) လောင်ဖို့ ပြောင်ဖို့အရေး အတော်ကွာဝေးနေပြီ (ဝေးပါတယ် ဘုရား)။
အဲဒီတွင် ရဟန္တာကို သွားလျှောက်တယ်၊ အရှင်ဘုရား အရှင်ဘုရားပြောတဲ့ လှည်းတစ်စီးတိုက်လောက် ကြီး မီးပွတ်ကျည်နဲ့ ရှို့လိုက်တာ တစ်နေ့လုံးရှို့တာ တပည့်တော် မီးစာတွေရှာပြီး ရှို့လည်း မလောင်ပါရော့ ဆိုတော့၊ အေး-အေး ငါလာခဲ့ပါမယ်ကွာဆိုပြီးတော့ ရဟန္တာက ကြွလာတယ် ဒကာသစ်ရေ (မှန်ပါ့ ဘုရား)။
ကြွလာပြီး သကာလ သူ့ဣဒ္ဓိိဝဓအဘိညာဏ်နဲ့ တန်ခိုးနဲ့ တစ်ခါတည်း မြေကြီးနှစ်ချမ်းခွဲပြီး သကာလ အောက်မှာ ရှိတဲ့ ငရဲကို ပြတယ် (မှန်ပါ့) ကြည့်စမ်း အောက်မှာ ဘာတွေရှိသတုံး ကြည့်စမ်း၊ အော်ကာငင်ကာ တစာစာနဲ့ ငရဲခံနေကြတာတွေ အကုန်မြင်ရတယ် (မှန်ပါ့ ဘုရား)။
မြင်ရတဲ့အခါကျတော့ ဒကာသစ် ထိပ်လန့်သွားတယ် (မှန်ပါ့) ဪ ငါသေရင် ဒီရောက်မှာပါလား (မှန်ပါ့) ကြောက်စရာကြီး, လန့်စရာကြီးပါလား၊ ပြန်ရက်လည်းရှိတဲ့ အရပ်မျိုး မဟုတ်ဘူးဆိုပြီး သကာလ သူ့စိတ်ထဲမှာ အင်မတန်မလန့်တဲ့အပြင် ရဟန္တာကလည်း သူသံဝေဂတော့ ရသွားပြီလို့ သိတယ်၊ ဒါ့ကြောင့် သံဝေဂဆိုတာ ထိတ်လန့် တဲ့ ဉာဏ်ပြောတာ (မှန်ပါ့ ဘုရား)။
ငရဲမီးကလေး
ဒါနဲ့ပဲ သူသည် ထိတ်လန့်နေတုန်းပဲ ရဟန္တာက သူကိုယ်တိုင်ပဲ ငရဲထဲဆင်းပြီး ငရဲမီးကလေးကို ပိုးစိမ်းဖြူလောက် ပေါ့ဗျာ (မှန်ပါ့) ဒကာသစ်သွားပြီး လက်ညှိုးနဲ့ လက်မနဲ့ ညှပ်ပြီး သကာလ ယူခဲ့တယ် (မှန်ပါ့) ယူတော့သူလည်း မြင် တယ်၊ ရဟန္တာကြွသွားတာလည်း သူမြင်တယ်၊ ဟိုက ယူလာတာလည်း မြင်တယ်၊ ရဟန္တာဆိုတော့ သူသွားနိုင်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါနဲ့ပဲ ပိုးစိမ်းဖြူးလောက် မီးကလေးယူပြီး ဒကာကြီး ကြည့်ဆိုပြီး သကာလ သူတစ်နေ့လုံး မီးရှို့လို့မရတဲ့ မီးပုံကြီးကို ဦးမာဒင် ပိုးစိမ်းဖြူလောက်ရှိတဲ့ ငရဲမီးကလေးထည့်လိုက်တာကိုး (မှန်ပါ့) ထည့်သည်နဲ့ တစ်ပြိုင်နက်တည်း ပြာကျသွားတာပဲ (မှန်ပါ့) ငရဲမီးဆိုတာ ဒါလောက်ပြင်းတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ငရဲခါးစည်းခံမည်ဆိုတဲ့အသုံး, မသုံးလိုက်ပါနဲ့ (မှန်ပါ့) ခင်ဗျားကို လည်း ခါးစည်းကြိုး ဘယ်သူမှ မပေးပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ငရဲခါးစည်းခံမယ်လို့ ဒေါသများ ထွက်လာတဲ့အခါ ဒကာကြွယ် သုံးသေးသဗျ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဒေါသထွက်လာတဲ့အခါ ဒီအသုံးကို ခင်ဗျားတို့ ကိုယ်မသုံးသော်လည်း ကြားဖူးတာတွေရှိပါလိမ့် မယ် (ရှိပါတယ် ဘုရား)။
ကျုပ်တို့ ဘယ်ငရဲမှ မကြောက်ဖူးဆိုပြီး ဒေါသအလိုက် လင်မယားဆိုသလို မောင့်နှင့်နှမဆိုသလိုပဲ ဒေါသ အလျောက် ပြောတတ်ဆိုတတ်တာတွေလည်း ရှိပါတယ် (မှန်ပါ့ ဘုရား)။
တယ်လည်း ပြင်းထန်တဲ့ ငရဲမီးပါကလား
ဒါနဲ့ပဲ ပြာကျသွားတဲ့အခါကျတော့ အရှင်ဘုရား၊ တယ်လည်း ကြောက်စရာကောင်းပါကလား၊ တပည့်တော် တစ်နေ့လုံး မီးရှို့လို့ မရတာ ငရဲမီး ပိုးစိမ်းဖြူလောက်ကလေး ထည့်လိုက်တော့ ဖျတ်ခနဲဆို ပြာကျသွားတယ်၊ တယ်လည်း ပြင်းထန်တဲ့ ငရဲမီးပါကလား (မှန်ပါ့) ဒါ လွတ်ရေး, ကျွတ်ရေး ရှိသေးသလားဘုရားလို့ ထပ်မေးပြန်တယ် (မှန်ပါ့ ဘုရား)။
ရှိတာပေါ့ဆိုတော့ အရင်တုန်းကတော့ လက်တွေ့မဟုတ်သေးတော့ ဦးမာဒင် မကြောက်သေးဘူး (မှန်ပါ့) အခုတော့ သူကိုယ်တိုင်လည်း မြင်ရ၊ ငရဲမီး၏ ထက်ပုံ မြင်ပုံကိုလည်း ကိုယ်တိုင်မြင်ရတဲ့အတွက် ဒကာသစ် လန့်သွား တယ် (လန့်သွားပါတယ် ဘုရား) လန့်သွားတဲ့အခါကျတော့ အရှင်ဘုရား တရားထူးသာ ပေးပါတော့ ဘုရား၊ သေချင် သေပစေ ကြိုးစားတော့မယ်တဲ့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဒီစိတ်ပေါ်လာရမယ် (ပေါ်လာရပါမယ် ဘုရား) သေချင် သေပစေ ဘာလုပ်ရမလဲ (ကြိုးစားရပါမယ် ဘုရား)။
ကြိုးစားရမယ်၊ ဘာ့ကြောင့်တုံးလို့မေးတော့ ခုနင်က အမှားတွေက လူတိုင်းမှာရှိတယ်ဆိုတာလည်း သေချာပြီး သားပါ (သေချာပြီးသားပါ ဘုရား)။
အမှားတွေက ဘာတုံးဗျာ (လူတိုင်းမှာ ရှိပါတယ်) လူတိုင်းရှိတယ်၊ ပစ္စည်းရှိတဲ့လူတွေလည်း လိမ်လည်ကောက် ကျစ်တဲ့ အလုပ်တွေ တစ်ပုံကြီး (မှန်ပါ့) မရှိတဲ့ပုဂ္ဂိုလ်လည်း မရှိလို့ပဲ ညာပြီး သကာလ လိမ်လည်ကောက်ကျစ်ရတဲ့ အလုပ်တွေကော (ရှိပါတယ် ဘုရား)။
ဒီဟာ အကုသိုလ်တွေပဲလို့ ဒကာသစ် သိပြီးသားပေါ့ဗျာ (မှန်ပါ့) သို့သော် ဒီဟာတွေသည်ကားလို့ဆိုရင် အနာရှိလို့ရှိရင် ပျောက်တဲ့ဆေးရှိတယ် (မှန်ပါ့ ဘုရား)။
ပဉ္စာနန္တရိယထံမှတစ်ပါး
အနာရှိရင် (ဆေးရှိပါတယ်) အဲ ယခု ဘုန်းကြီးပေးမည့် ဝိပဿနာအလုပ်, မဂ်အလုပ်ဆိုတာ ဆေးအကြီး ဆုံးပဲ (မှန်ပါ့) ခင်ဗျားတို့မှာ ပဉ္စာနန္တရိယထံမှတစ်ပါး ကျန်တာတွေ အကုန်ပျောက်ပါတယ် (မှန်ပါ့ ဘုရား)။
ပဉ္စာနန္တရိယကံမှတစ်ပါး (ကျန်တာတွေ အကုန်ပျောက်ပါတယ် ဘုရား) ခုနင်ကပြောခဲ့တဲ့ အကုသိုလ်လောက် တွေ အကုန်ပျောက်တယ်လို့ ဆိုတာ ဒကာ ဒကာမတို့ ရဲရဲတင်းတင်း ကြိုးစားပါ (မှန်ပါ့) ရဲရဲတင်းတင်း ကြိုးစားပါ၊ ဘာမှမပူနဲ့ အကုန်ပျောက်နိုင်တယ် (မှန်ပါ့ ဘုရား)။
မဂ်သည် တစ်နေ့ကပဲ ပြောခဲ့ပါတယ် “ကုသလာကုသလံဇဟံ” ဆိုတဲ့အတိုင်း ဝဋ်ကုသိုလ်တွေကိုလည်း သူပဲ ဖြတ်ချလိုက်တာပဲ (မှန်ပါ့) အပါယ်သွားမည့် အကုသိုလ်တွေကော (သူပဲဖြတ်ချပါတယ် ဘုရား)။
ဒါဖြင့် အနာရှိလို့ ဆေးရှိတာကို မသိတဲ့ ပုဂ္ဂိုလ်အတွက်သာ ခက်တာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ထုံးစံ ပြောတာကလေး ရှိပါသေးတယ် မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာတယ်၊ အဲဒီ့ အကာမျိုးကတော့ မလုံဘူး (မှန်ပါ့)။
ခင်ဗျားတို့ပြုတဲ့ သာမည ဥပုသ်ကလေးစောင့်လို့ သာမညဒါနကလေးနဲ့ ကာမယ်ဆိုတော့ ဦးမာဒင် မရဘူး (မရပါ)။
မိုးကြိုးပစ် ထန်းလက်ကာ
မရဘူးတဲ့၊ အဲဒါ မိုးကြိုးပစ် ထန်းလက်ကာပဲဖြစ်နေတယ် (မှန်ပါ့) တော်တော်ကြာ ပြန်ရောက်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာနေလို့ ဦးမာဒင် တော်ပါ့မလား (မတော်ပါ ဘုရား) နိုင်တဲ့ဆေးနဲ့ ကုတာအေးပါတယ် (မှန်ပါ့ ဘုရား)။
နိုင်တဲ့ဆေးနဲ့ ကုတာပဲ အေးပါတယ်ဆိုတာ ဘုန်းကြီး ဒကာ ဒကာမတွေအားလုံး အရင်းအချာချည့်ပဲ၊ ဪ တကယ့် ဆေးကောင်းပါလား (မှန်ပါ့ ဘုရား)။
ငါတို့က အနာမရှိတဲ့ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ အနာရှိတဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ အေးအေးလည်း နေလို့မတော် သေးဘူး၊ ပျောက်အောင်တော့ ကုတာကောင်းတယ်။ ဒါဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ချပြီးသားမဟုတ်လား (မှန်ပါ့) အားလုံးတစ်ပွဲလုံးချကြပါ ဒကာ ဒကာမတို့ မကြောက်ပါနဲ့တဲ့၊ ဒီဥစ္စာက သက်သေသာဓက လုံလောက်အောင်လည်း ပြပါပြီ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ခုနင်က မိလက္ခရဟန်းလို့ခေါ်တဲ့သူ ရဟန်းလည်း ဖြစ်သွားပြီဆိုပါတော့ဗျာ။ ခုနင်က ကြောက်တာနဲ့ပဲ သင်္ကန်းမချွတ် လူမထွက်တော့ဘူး (မှန်ပါ့) ကိုင်း အနာရှိပျောက်စေနိုင်တဲ့ ဆေးရှိတယ်ဆိုပြီး သကာလ ငါတော့ ဖြင့် ဒီငရဲမှလွတ်အောင် ကြိုးစားမှပဲဆိုတာ ဒကာ ဒကာမတို့ ကြိုးစားပါတယ် (မှန်ပါ့) ကြိုးစားတော့ သူဘယ်လောက် ထိအောင် ပြင်းပြင်းထန်ထန် ကြိုးစားသတုံးလို့ မေးတဲ့အခါကျတော့ ခေါင်းပေါ်မှာ ကရွတ်ခွေခေါင်းခုကို ရေဆွတ်ပြီး သကာလ ခေါင်းပေါ်မှာ တင်ထားတယ်၊ ခြေထောက်ကိုလည်း ဒကာ ဒကာမတို့ အဝတ်ရေဆွတ်ပြီး ပတ်ထားတယ်၊ ဘာဖြစ်လို့တုံး ခြေအေးတော့လည်း မအိပ်အောင်လို့ ခေါင်းပေါ်က ရေတစ်စက် တစ်စက်ကျတဲ့အခါလည်း မျက်လုံး ကျယ်အောင်လို့ဆိုတော့ သူ့စိတ်ကူး မဆိုးဘူးနော် (မဆိုးပါ ဘုရား) ကျန်းမာရေးလိုက်သေးသလား (မလိုက်ပါ ဘုရား)။
အရေးကြီးရင် ကြီးသလို လုပ်ရမှာ
ဒကာကြွယ် ခင်ဗျားတို့က ကျန်းမာရေးကလေး, ဘာကလေး ရှုပ်မနေနဲ့ဦး၊ အရေးကြီးရင် ကြီးသလို လုပ်ရမှာ (မှန်ပါ့ ဘုရား)။
အရေးကြီးရင် (ကြီးသလိုလုပ်ရမှာပါ ဘုရား) အရေးကြီးတုန်း ကျန်းမာရေးလိုက်နေလို့ မဖြစ်ဘူး (မဖြစ်ပါ ဘုရား)။
ကျန်းမာရေးဆိုတာက ဒီအတိုင်းနေတဲ့အချိန်မှာ ကျန်းမာရေးလိုက်ရမယ် (မှန်ပါ့) သေခါနီးက ဒီကျန်းမာရေး အရေးကြီးပြီး ဟိုက အကုသိုလ်တွေ ကြွေးမကျေရင် ဘယ့်နှယ်လုပ်မလဲ (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါ ဘုန်းကြီးက ပျာပျာသလဲ ခိုင်းနေတယ်လို့ ဒကာကြွယ်က အယူမရှိနဲ့ဦး (မှန်ပါ့) ပျာချိန်ရောက်လို့ အပျာခိုင်းတာ (မှန်ပါ့)။
ဒကာသစ် ဘာတဲ့တုံး (ပျာချိန်ရောက်လို့ အပျာခိုင်းတာပါ ဘုရား)။
ပျာချိန်ရောက်လို့ ပျာရမှာကို ကျန်းမာရေး လိုက်နေလို့ ဒကာကြွယ် ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) အဲဒီတော့ ကြိုးစားလိုက်၊ အပြစ်ရှိနေတဲ့ပုဂ္ဂိုလ် အပြစ်ကုစားပါဆိုတာ သတိပေးပါတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မိလက္ခရဟန်း
ဒါနဲ့ ခုနင်က မိလက္ခရဟန်းက ခေါင်းပေါ်မှာ ရေစို ကရွတ် ခွေကြီးကို စွပ်ပြီး သကာလ ရေတွေကလည်း ပေါက်ပေါက် ပေါက်ပေါက်ကျလို့၊ ခန္ဓာကိုယ်ကြီးမှာ ခြေထောက်ကလည်း တစ်ခါတည်း အေးပြီး သကာလ နေတော့ ကိုင်း အေးတာလည်း အေးရုပ် ရှုမှပဲ ရေကလေး တစ်စက်တစ်စက်ကျတော့လည်း ကျတဲ့ဝေဒနာတွေ ရှုရုံပဲဆိုပြီး သကာလ ရှုလိုက်တာ ဖြစ်ပျက်တွေမြင် ၁-နံပါတ် (မှန်ပါ့) ဖြစ်ပျက်တွေမုန်း ၂-နံပါတ်ပေါ့ဗျာ (မှန်ပါ့ ဘုရား) ဖြစ် ပျက်တွေဆုံးသွားပြီး ဒကာ ဒကာမတို့ သောတာပန်တွင်မကဘူး သကဒါဂါမ်-အနာဂါမ်တည်တယ် (မှန်ပါ့ ဘုရား) သောတာပန်တည်ရင်ပဲ အပါယ်မှ မကျတော့ဘဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နဂိုရ်က ငရဲကိုသွားဖို့ရာလည်း သေချာပြီးသား (မှန်ပါ့) စောစော စီးစီးကလည်း ရေအိုးထဲက ရေတောင်ပျောက်လို့ လူ့ပြိတ္တာဖြစ်နေပြီ (မှန်ပါ့) ငရဲသွားဖို့ရာကလည်း (သေချာပါတယ်) ပစ္စုပ္ပန်မှာလည်း လူ့ပြိတ္တာဖြစ်နေတယ် (မှန်ပါ့)။
အဲဒါတွေ အနာဂါမ်တည်လို့ ဒကာ ဒကာမတွေ ငရဲဆိုတာ ဘာမှ အသံမကြားဘူး (မှန်ပါ့) ဒါဖြင့် နိုင်တဲ့ဆေး ရှိသေးတယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
နိုင်တဲ့ဆေး (ရှိပါသေးတယ် ဘုရား) ရှိပါသေးတယ်ဆိုတာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကောင်းပြီ ဘာပါလိမ့်မတုံးဆိုတော့ ခုနင်က တမဂ်ရလည်း နိုင်တာပဲ၊ နှစ်မဂ်ရလည်း (နိုင်ပါတယ် ဘုရား) သုံးမဂ်ရလည်း (နိုင်ပါတယ် ဘုရား)။
နိုင်တာချည်းပဲဆိုတော့ ဪ ဒီဆေးမျိုးလည်း ရှိသေးတယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အဲဒီတော့မှ သူ အနာဂါမ်လည်း တည်တော့မှ သူကိုယ်တိုင် တစ်ခါတည်း ဒကာသစ်နှယ် ဂါထာရွတ်လာ တယ် (မှန်ပါ့ ဘုရား)။
အနာဂါမ်ဖြစ်လို့ ရွတ်တာ
အလ္လံ ပလာလပုဉ္ဇာဟံ၊
သီသေ နာဒါယ စင်္ကမိံ။
ပတ္တောသ္မိ တတိယံ ဌာနံ၊
ဧတ္ထ မေ နတ္တိ သံသယော။(ခန္ဓဝဂ္ဂအဋ္ဌကထာ၊ ၂၅၃)
ဆိုတာ သူကိုယ်တိုင် အနာဂါမ်ဖြစ်လို့ ရွတ်တာ (မှန်ပါ့ ဘုရား) ငါဟာတဲ့ ကောက်ရိုးကရွတ်ခွေကြီး စွပ်ပြီး သကာလ ငါတရားအားထုတ်တယ် (မှန်ပါ့) ခြေထောက်မှာလည်း ဂုံအိတ်တွေ ပတ်ပြီး သကာလ အားထုတ်တယ် (မှန်ပါ့) မနက်လင်း ပါရောတဲ့ ငါ အနာဂါမ်တည်တယ် (မှန်ပါ့) အနာဂါမ်တည်တော့ ခုနင်က မြင်ပြီးသားအပါယ်ငရဲ ရေပျောက်သွား တာတွေဟာလည်း အကုန်ပြန်ပြီး သကာလ အကောင်းပြန်ဖြစ်ကုန်ပြီ (မှန်ပါ့)။
ဒီတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သည် ကုသိုလ် အကုသိုလ် စွန့်နိုင်တယ်ဆိုတာ ပေါ်သွားတယ် (ပေါ်သွားပါတယ် ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဘာမှ သံသယမရှိဘဲနဲ့ ဆရာဘုန်းကြီးကလည်း ခေါင်းဆောင် တယ်၊ ခင်ဗျားတို့ကိုလည်း သံသယမရှိလောက်အောင် အခု မိလက္ခရဟန်းကို ထုတ်ပြပြီ (မှန်ပါ့)။
ဪ ဒို့မှာလည်း အနာတွေရှိနေလို့ ဆေးကုရမှာလည်း ပျော့ပျော့ကုနေလို့တော့ မရဘူး၊ ခပ်တင်းတင်း ကလေး ကုမှပဲ ဆိုတာလည်း ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ)။
အဲဒီတော့ ဒုက္ခမချုပ်သေးရင်တော့ ခပ်တင်းတင်းလုပ်ပါ (မှန်ပါ့) ချုပ်ပြီးလို့ရှိရင် ခင်ဗျားတို့ လျှော့ချင်, လျှော့ပါ (မှန်ပါ့) ခန္ဓာကိုယ်ဖြစ်ပျက်တွေ ဆုံးသွားတဲ့အချိန်ကျတော့ ဒကာသစ် အရေးကြီးစရာလိုသေးသလား (မလို ပါ ဘုရား)။
ခြံပေါက်ဖွင့်ပေးလို့မှ မထွက်တဲ့ နွားဟာ နွားမိုက်
အဲဒါကြောင့် အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ အပြစ်ရှိတဲ့ပုဂ္ဂိုလ်မို့ အပြစ်ကို တစ်ခါတည်း ဖြေ ဖျောက်ကြပါဆိုတဲ့ဥစ္စာ ဖြေနည်းပေးလို့မှ ခြံပေါက်ဖွင့်ပေးလို့မှ မထွက်တဲ့ နွားဟာ နွားမိုက်ဖြစ်ရမယ် (မှန်ပါ့) ဖြေနည်း ပေးလို့မှ ဒီအဖြေကို ကျကျနန မဖြေဘူး-မလုပ်ဘူးဆိုလို့ရှိရင်လည်း ခုနင်က နွားမိုက်နဲ့ ဒကာကြွယ် ထူးပါ့မလား (မထူးပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ နွားမိုက်တွေလည်း မဟုတ်တော့ လူလိမ်မာတွေဖြစ်ပြီး သကာလ နေတာကို ဆင်ခြင် လည်းပြီး သကာလ မနေလိုက်ပါနဲ့ ဆိုတာကိုပဲ သတိပေးရပြန်တယ် (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား) ပျောက်တယ်နော် (ပျောက်ပါတယ် ဘုရား)။
အနာဂါမ်တောင် တည်သွားတယ်၊ ဒီပုဂ္ဂိုလ်အကြောင်း အင်္ဂုတ္တိုရ်အဋ္ဌကထာမှာ ဒကာသစ် သေသေချာချာ လာတယ် (မှန်ပါ့) ဦးမာဒင် ဘာမှ သံသယမရှိနဲ့ လုပ်ရုံပဲ (မှန်ပါ့) သံသယမရှိနဲ့ အကုန်ပျောက်စေနိုင်တယ်ဆိုတာဖြင့် ဦးလှဘူး သေချာတယ် (သေချာပါတယ် ဘုရား)။
သတ္ထာဒေဝမနုဿာနံ
အေး ဒါ့ကြောင့် အားလုံး သီလရင်တွေရော နောက်က ဒကာ ဒကာမေတွေရော ဪ အနာမသိ တော့လည်း ဆေးမရှိဘူး၊ အနာသိပြန်တော့လည်း ဆေးကဆရာဘုန်းကြီးကပေးတဲ့ ဆေးလည်း မဟုတ်ဘူး၊ ဘုရားက ငါကိုယ်တိုင် သတ္ထာဒေဝမနုဿာနံ = ငါဟာ ဆရာပါကွာတဲ့ ဆေးသမားကြီးပါ၊ ဘယ်အနာမဆို ငါပျောက်အောင် ကုနိုင်ပါတယ်၊ သူကိုယ်တိုင် “သတ္ထာဒေဝမနုဿာနံ” လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဒေဝမနုဿာနံ = နတ်လူဆိုတဲ့ လူမမာတို့၏ သတ္ထာ = ငါဘုရားက ဆရာကြီးပါကွာတဲ့၊ အကုန်ပျောက်အောင် လုပ်နိုင်ပါတယ်တဲ့ (မှန်ပါ့) ဆိုတော့ သူလည်း တာဝန်ခံတယ်ဗျာ (မှန်ပါ့) တာဝန်ခံတဲ့အတိုင်း သက်သေသာဓကနဲ့ ထုတ်ပြလိုက်ပြန်တော့လည်း ဦးမာဒင် မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ ဆိုတဲ့ ဥစ္စာကလေး ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မလာစေနဲ့ (မှန်ပါ့) ဪ ငါက တော်တော်ဆိုးခဲ့တယ်၊ ဒီဘက် သွားတတ်တာပဲ (သွားပါတယ် ဘုရား)။
အဲဒီတော့ ဘဲစားဘဲချေများ ဖြစ်နေမလား၊ အဟုတ်မှ ပျောက်ပါ့မလား၊ မလာစေနဲ့ ဒါကုက္ကုစ္စပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လာရင် ဒီကုက္ကုစ္စကို ဖြစ်ပျက်ရှုပါ (မှန်ပါ့)။
လာရင် ဘာလုပ်ရမလဲ (ကုက္ကုစ္စဖြစ်ပျက်ရှုရပါမယ်) နို့မဟုတ်လို့ရှိရင်ဖြင့် ကုက္ကုစ္စနဲ့ပဲ ခင်ဗျားတို့ အပါယ်ရောက် ပါတယ် (မှန်ပါ့ ဘုရား)။
ဧရကပတ္တ နဂါးမင်းကြီး
ဧရကပတ္တ နဂါးမင်းကြီးဆိုတာ ရဟန်းအဖြစ်နဲ့ သူနဂါးမဖြစ်ခင်က အနှစ် နှစ်သောင်း တရားအားထုတ်ခဲ့တယ်၊ ဘာမှ အသုံးမကျတဲ့ ပြိန်းရွက်ကလေးကို ဆွဲလိုက်တာ ပြတ်သွားတာနဲ့ ဒါကလေး ကုက္ကုစ္စဖြစ်ပြီး နဂါးသွားဖြစ်ရတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒီတော့ ကုက္ကုစ္စဆိုတာသည် ဒကာ ဒကာမတို့ အကျယ်လည်း မပြောပါဘူးတဲ့၊ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ နှိပ်စက်တဲ့ ကုက္ကုစ္စ (မှန်ပါ့) ဒါ့ကြောင့် ဒီအရေးကိုဖြင့် မလာစေပါနဲ့ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ရိုးရိုးအားထုတ် ဖြောင့်ဖြောင့်အားထုတ် ပျောက်တယ်လို့ တစ်ထစ်ချယူပြီး အားထုတ်ပါဆိုတာကိုလည်း သတိ ပေးလိုက်တယ် (မှန်ပါ့) အချည်းနှီးကတော့ လုံးဝမဖြစ်ဘူးဆိုတာလည်း မှတ်လိုက်ပါ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဆေးတွေ့ပြီလို့ ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဆေးတွေ့ပြီလို့ ဆုံးဖြတ်ချက်ချရပါမယ် ဘုရား)။
ဆေးတွေ့ပြီ ဘယ်လောက် အကုသိုလ်ကြီးကြီး ပဉ္စာနန္တရိယ အကုသိုလ်ကံကလွဲလို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ ပြေပျောက်နိုင်တာ မဂ်ဆေးပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အဲဒီမဂ်ဆေး အားထုတ်တော့မယ်ဆိုတော့ ဘုရားက အားထုတ်နည်း ငါသုံးနည်းပြောမယ်ကွာ တဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ အားထုတ်နည်း ဘယ်နှစ်နည်းပြောမလဲ (သုံးနည်းပြောပါမယ် ဘုရား)။
သုံးနည်းပြောမယ်လို့ ဒကာ ဒကာမတွေမေးတာ တခြားမဟုတ်ဘူး၊ အိမ်ပြန်တဲ့အခါ ဪ ဒို့ ဒီသုံးနည်း တစ်နည်းနည်းနဲ့ အားထုတ်ရမှာပါကလားဆိုတာ ပေါ်လာအောင်လို့ ပြောပါတယ် (မှန်ပါ့)။
တရားအားထုတ်တဲ့အခါ သုံးနည်း
မင်းတို့ တရားအားထုတ်တဲ့အခါ သုံးနည်းနဲ့ အားထုတ်ကြကွာ၊ မိမိကိုယ်ကို အဓိပတိထား၍ အားထုတ်တာ တစ်မျိုး (မှန်ပါ့)။
ဒကာသစ် ဘာတဲ့ (မိမိကိုယ်ကို အဓိပတိထား၍ အားထုတ်တာ တစ်မျိုးပါ ဘုရား)။
လောကကြီးကို အဓိပတိထား၍ အားထုတ်တာက (တစ်မျိုးပါ ဘုရား)။
ဓမ္မကို အဓိပတိထား၍ အားထုတ်တာက (တစ်မျိုးပါ ဘုရား)။
ဒါဖြင့် ၁-နံပါတ်က ဘာတဲ့ ဒကာ ဒကာမတို့ (မိမိကိုယ်ကို အဓိပတိထား၍ အားထုတ်ရပါမယ် ဘုရား)။
၂-နံပါတ်က ဘာတဲ့ (လောကကြီးကို အဓိပတိထားပြီး အားထုတ်ရပါမယ် ဘုရား)။
၃-နံပါတ်က ဘာတဲ့ (ဓမ္မကို အဓိပတိထားပြီး အားထုတ်ရပါမယ်) တရားကို အဓိပတိထား၍ အားထုတ်ခြင်း တစ်မျိုး (မှန်ပါ့)။
ဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဆည်းပူးလို့ ရတော်မူတဲ့ ဉာဏ်တော်ကြီးနဲ့ ဒီသုံးနည်းနဲ့ အားထုတ်ရင် မင်းတို့ အကုသိုလ်တွေ မပျောက်မရှိပါဘူးကွဆိုတော့ ကျုပ်တို့၏ ကျေးဇူးရင်ဖြစ်တဲ့ ကိုယ်တော်ကြီးက ကျုပ်တို့ကို ကယ်တင်ဖို့ နည်းပေးတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့က ဒီလိုမဖြစ်စေနဲ့၊ ဒီကန်ထဲရေနည်းနေလို့ နက်ဖြန် ရေခန်းမှာ ကျီး, လင်းတတို့၏ အစာဖြစ်သော ကြောင့် ဒီငါးကလေးကို ဖမ်းပြီး လွှတ်မှပဲဆိုပြီး ပန်းကန်ကလေး, ခွက်ကလေးနဲ့ ကော်ငြားသော်လည်း ငါးက ထွက်ထွက် ပြေးရင်လည်း မကောင်းဘူး (မှန်ပါ့)။
နက်ဖြန်သေရမှာကိုးဗျ (မှန်ပါ့) နက်ဖြန်ရေခန်းရင် သေမှာမို့ သူတော်ကောင်းက ဒီငါးကလေးတော့ သွားဆယ် ပြီး ရေများတဲ့ဆီ ပို့မှပဲဆိုတော့ ငါးက ရန်သူမှတ်ပြီး ပြေးနေတော့ ဒကာသစ် ငါးမိုက်ပဲ (ငါးမိုက်ပါ ဘုရား) မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ပြင်ဘက်ထွက်နေမယ်ဆိုရင်
ဒီမှာလည်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကယ်တင်တဲ့နည်း, သုံးနည်း ပေးပါလျက်သားနဲ့ ခင်ဗျားတို့က မလုပ်လို့ ပြင်ဘက်ထွက်နေမယ်ဆိုရင် ငါးမိုက်ဖြစ်ဦးမှာပဲ (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒါ့ကြောင့် ဒို့ဟာ လူပါကွ၊ တိရစ္ဆာန်မဟုတ်ပါဘူးကွ ဆိုတာ အခုက တင်းထားပါ (မှန်ပါ့) အခုကပဲ တင်းထားကြပါဆိုတာကိုဖြင့် သတိပေးလိုက်ပြန်တယ် (မှန်ပါ့)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတို့ မိမိကိုယ်ကိုယ်ကို အဓိပတိထားရမယ်တဲ့ (မှန်ပါ့)။
ကိုင်း တရားခွင်သို့ ဝင်ပြီဆိုပါတော့ ဆရာဘုန်းကြီးပေးတဲ့အတိုင်း ဝေဒနာရှုကြပြီ စိတ်ရှုကြပြီ, ရုပ်ရှု ကြပြီ ဖြစ်ပျက်မြင်အောင်ဖြင့် ရှုကြတဲ့အချိန်မှာ ကိုယ့်စိတ်ကလေး ဒီလို ထားလိုက်စမ်းပါ (မှန်ပါ့) ကိုယ့်စိတ်ကလေး ဒီအတိုင်း ထားလိုက်စမ်းပါတဲ့ စိတ်ထားနည်း မင်းတို့ကို သင်ပါဦးမယ် (မှန်ပါ့)။
ငါသည် ယခု အကုသိုလ်ကြွေးတွေ ဆပ်မလို့ သံသရာထဲက ထွက်မလို့ ငါ-တားထုတ်တာ၊ ကိုယ့်ကိုယ်ကိုယ် မြှောက်လိုက်ပါ (မှန်ပါ့)။
စားစရာမရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဝတ်စရာမရှိလို့ (တရား အားထုတ်တာ မဟုတ်ပါ ဘုရား)။
နေစရာ ထိုင်စရာ အိမ်မရှိလို့ (တရားအားထုတ်တာ မဟုတ်ပါ) ဟိုဘဝ, ဒီဘဝလိုချင်လို့ (တရားအားထုတ် တာ မဟုတ်ပါ) ဒါကလေးတော့ စဉ်းစား (မှန်ပါ့)။
ဦးမာဒင် ဒါကိုစဉ်းစား (မှန်ပါ့) ဟိုဘဝ, ဒီဘဝလိုချင်ရင်လည်း တရားမပေါက်ဘူး (မပေါက်ပါ ဘုရား) ဟိုဘဝ, ဒီဘဝတောင့်တပြီး သကာလ ဒီဘဝကောင်းစားရေးကို လိုချင်ရင်လည်း တရားမပေါက်နိုင်ဘူးတဲ့ (မှန်ပါ့) ဟိုဘဝကောင်းစားအောင်လို့ အားထုတ်ပြန်တော့လည်း တဏှာပါနေတယ် (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် မြှောက်လိုက်ပါ
ဒါဖြင့် ဒီလေးချက်ကို သေသေချာချာ မှတ်ပါ (မှန်ပါ့) တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် မြှောက်လိုက်ပါ (မှန်ပါ့) ကိုယ့်ကိုယ်ကိုယ် အဓိပတိထားလိုက်ပါ (မှန်ပါ့)။
ငါသည် စားစရာမရှိလို့ တရားအားထုတ်သည် မဟုတ်ဘူး (မှန်ပါ့) ဝတ်စရာမရှိလို့ (တရားအားထုတန်သည် မဟုတ်ပါ) နေစရာ, ထိုင်စရာမရှိလို့ (တရားအားထုတ်သည်မဟုတ်ပါ ဘုရား)။
ဒီဘဝချမ်းသာရေး, ဟိုဘဝချမ်းသာရေးကို အလိုရှိလို့လည်း (တရားအားထုတ်သည် မဟုတ်ပါ) တဏှာပါမှာ စိုးလို့ ဘုရားက ရှောင်စေတော်မူတာ (မှန်ပါ့)။
နို့ ဘယ်လိုထားရမှာတုံး၊ ရှောင်ကြဉ်မှုကတော့ လေးခုပြောပြီးပြီ (မှန်ပါ့) စားစရာမရှိလို့၊ အစားလိုလို့ လည်း တရားအားထုတ်တာ မဟုတ်ဘူး၊ သဘောကျပလား (ကျပါပြီ) အဝတ်အလိုရှိလို့ (တရားအားထုတ်တာလည်း မဟုတ်ပါ ဘုရား) နေရာထိုင်ခင်း အလိုရှိလို့ (တရားအားထုတ်တာလည်း မဟုတ်ပါ) ဟိုဘဝ, ဒီဘဝချမ်းသာရေး, ဟိုဘဝ, ဒီဘဝကောင်းစားရေးကို အလိုရှိလို့လည်း (တရားအားထုတ်တာ မဟုတ်ပါ ဘုရား)။
ဒါတွေ ရှောင်ရမှာကိုး
ဪ ဦးမာဒင် ဒါတွေ ရှောင်ရမှာကိုးဗျ (မှန်ပါ့) လေးချက်နော် (မှန်ပါ့) ဒါတွေရှောင်ပြီးမှ ငါသည်တဲ့၊ ငါ့မှာ ဇာတိ, ဇရာ, မရဏ အခုရှိနေတယ် (မှန်ပါ့) အဲ့ဒီ ဇတိ, ဇရာ, မရဏတို့မှ လွတ်လိုလို့ ငါတရားအားထုတ်တာ ဆိုပြီး ၁-နံပါတ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
၁-နံပါတ် ဘယ်လိုဆုံးဖြတ်ချက်ချမတုံး (ဇာတိ, ဇရာ, မရဏမှ လွတ်လိုလို့ တရားအားထုတ်ပါတယ်) အဲ ဒါဟာ ဒုက္ခအကြီးဆုံးကို ကျွတ်ချင်လို့ အားထုတ်တာပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဇာတိ, ဇရာ, မရဏတို့မှ လွတ်ရေး, ကျွတ်ရေးကိုသာ အလိုရှိ၍ အားထုတ်တယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဓိပတိထား၍ အားထုတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ရရဲ့မဟုတ်လား (ရပါတယ်) ဒီတော့ ဒကာကြွယ်က စဉ်းစား၊ ဦးမာဒင်တို့၊ ဒကာသစ်တို့က စဉ်းစား၊ ဪ ဒီဥစ္စာ အကုန်တဏှာသတ်ပြီး အားထုတ်တာပါလား (မှန်ပါ့)။ မာနသတ်ပြီး (အားထုတ်တာပါ) ဒိဋ္ဌိသတ်ပြီး (အားထုတ် တာပါ) ဇာတိ, ဇရာ, မရဏမှ လွတ်လို၍ (အားထုတ်တာပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါက ဘယ်သူ့ အဓိပတိထားရတာပါလိမ့် (မိမိကိုယ်ကို အဓိပတိထားရပါတယ်) ကိုယ့်ကိုယ် အဓိပတိထားပြီး အားထုတ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီတဲ့ ဒါဖြင့် နေရာကျပါပြီ၊ ၁-နံပါတ်အောင်ပြီ (မှန်ပါ့) စိတ်ထားပြောင်းတတ်ကြပလား (ပြောင်းတတ် ကြပါပြီ ဘုရား)။
တဏှာ ဒိဋ္ဌိသတ်ပြီးသား အရှုခိုင်းတာ
ဒီအခုပြောခဲ့တဲ့ စားစရာမရှိ, ဝတ်စရာမရှိ, နေစရာထိုင်စရာမရှိ, ဟိုဘဝဒီဘဝလိုချင်လို့ မဟုတ်၊ သက်သက် ဇာတိ, ဇရာ, မရဏတွေကို လွန်မြောက်ချင်လို့ အားထုတ်တယ်ဆိုပြီး ကြိုးစားပါ (မှန်ပါ့) တဏှာ ဒိဋ္ဌိသတ်ပြီးသား အရှုခိုင်းတာ (မှန်ပါ့) ဒါက မိမိကိုယ်ကို အဓိပတိထားတယ် (မှန်ပါ့ ဘုရား)။
မိမိမှာ စားစရာမရှိလို့ လုပ်သည်မဟုတ်ဘူး (မှန်ပါ့) မိမိမှာ ဝတ်စရာမရှိလို့ (လုပ်သည်မဟုတ်ပါ) မိမိမှာ နေစရာထိုင်စရာ မရှိလို့ (လုပ်သည်မဟုတ်ပါ) မိမိသည် ဟိုဘဝ ဒီဘဝကောင်းစားရေးအလိုရှိလို့ (လုပ်သည်မဟုတ်ပါ ဘုရား)။
သက်သက် ဇာတိ, ဇရာ, မရဏတို့ကို ရွံခြင်း မုန်းခြင်း လွန်မြောက်ခြင်းကို အလိုရှိလို့သာ အားထုတ်ပါတယ်ဆို ပြီး ဝီရိယ ပြင်းထန်လိုက် (မှန်ပါ့) ရရမယ်ဟေ့ (မှန်ပါ့ ဘုရား)။
ဒကာသစ် ရရမယ်လို့ ဘုရားကဟောထားတာ ကျုပ်တို့က သံသယရှိဖို့လိုသေးသလား (မလိုပါ) ဒီစိတ်ထားဖြင့် ပြင်မိအောင်ပြင်ကြပါ (မှန်ပါ့) တော်တော်အရေးကြီးတယ်နော် (ကြီးပါတယ် ဘုရား)။
လောကကို အဓိပတိထားတယ်
နောက် ဒုတိယအချက်က လောကကို အဓိပတိထားတယ် (မှန်ပါ့) ခုနင်က အတိုင်းပဲ၊ ငါသည်ကား စားစရာမရှိ, ဝတ်စရာမရှိ, နေစရာ-ထိုင်စရာမရှိ, ဟိုဘဝ ဒီဘဝလိုချင်လို့ အားထုတ်သည်မဟုတ်ဘူး ဆိုပြီး သကာလ အားထုတ်ရင်း မတ္တနဲ့ ကိုယ့်စိတ်ထဲမှာ ကာမဝိတက်ဆိုတဲ့ လောဘကလေးဟာ ပေါ်လာတယ် (မှန်ပါ့) အင်း ဒီဥစ္စာ ဘယ်သူ့စိတ် မချသေးဘူး၊ သွားဦးမှ ထင်ပါရဲ့၊ လာဦးမှထင်ပါရဲ့၊ ပြောလိုက်ဦးမှ ထင်ပါရဲ့၊ မတော်လို့ ကျွံလွန်ကုန်ရင် ဒုက္ခရောက် ကုန်ရော့မယ် အစရှိသည်နဲ့ ကာမဝိတက်ကလေးတွေ လာတတ်တယ် (မှန်ပါ့ ဘုရား)။
ဗျာပါဒဝိတက်ကလေးကလည်း စိတ်မချ, လက်မချကော (မှန်ပါ့) ဗျာပါဒဝိတက်ကလည်း ဖြစ်တတ်တယ်၊ ဝိဟိံသဝိတက်ကလည်း ဖြစ်တတ်တယ် (မှန်ပါ့ ဘုရား)။
အဲဒီဝိတက်တွေ လာပြီဆိုမှဖြင့် လောကကြီး အဓိပတိထားပြီး မင်းက တရားအားထုတ်နေတယ်၊ တရားအား ထုတ်နေရင်း မတ္တနဲ့ မင့်မှာ ကာမဝိတက် လောဘကလာတယ်၊ ဒေါသကလည်း လာတယ်၊ ဣဿာ မစ္ဆရိကတွေကလည်း မင်းစိတ်ထဲပေါ်နေတယ်၊ ဪ မင်းမရှက်ဘူးလား (မှန်ပါ့) မင်းကိုယ်စောင့်နတ်က မင်းဘာလုပ်နေတယ်ဆိုတာ သိတယ် (မှန်ပါ့) လောကကြီးကို မျက်စောင်းထိုးပြီး သကာလ ကြိုးစားရမယ် (မှန်ပါ့ ဘုရား)။
မင်းအားထုတ်နေတဲ့ ဇရပ်စောင့်ကလည်း သိတယ် (မှန်ပါ့) လောကကြီးထဲမှာ သူတစ်ပါးစိတ်သိတဲ့ ပုဂ္ဂိုလ် တွေကလည်း မင်းကို အဝေးကနေပြီး မင်းတရားအားထုတ်နေလိုက်တာ ဝိတက်တွေက ရှုပ်လို့လို့ မင်းမရှက်ဘူးလား (မှန်ပါ့) ဒါ ဘာကို အဓိပတိထားတာတုံး (လောကကို အဓိပတိထားတာပါ ဘုရား)။
မင်းမရှက်ဘူးလား
မင်းနေတဲ့ တောစောင့်နတ်-တောင်စောင့်နတ်တွေကလည်း မင်းတရားအားထုတ်တယ်ဆိုပြီး မင်းမှာ ဒီဝိတက် တွေက လာနေတယ်၊ မင်းမရှက်ဘူးလားလို့ လောကကြီးကို ရှက်ပြီး သကာလ လည်း ဒါတွေ မလာအောင် ကြိုးစားပါ (မှန်ပါ့ ဘုရား)။
ဘာ အဓိပတိထားရမယ် (လောကကြီးကို အဓိပတိထားရပါမယ် ဘုရား)။
ကိုယ်စောင့်နတ်ကိုလည်း ရှက်ပေးပါ (မှန်ပါ့) ကျောင်းစောင့်နတ်၊ ဇရပ်စောင့်နတ်တွေကော (ရှက်ပေးရပါမယ် ဘုရား)။
ဘေးကနတ်တွေကလည်း အသိဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ တရားအားထုတ်နေသတဲ့ကွာ ဖြစ်ပုံကဖြင့် သူ့ဖြင့် လောဘကြီးက ဝင်လို့ ဒေါသကြီးက ဝင်လို့, မောဟကြီးက ဝင်လို့, ဣဿာမစ္ဆရိယတွေရှုပ်လို့ (မှန်ပါ့ ဘုရား)။
သူများက မြင်တယ်၊ မင်းက မင့်ကိုယ်ကို ဖုံးလို့ရတယ်လို့ ထင်တာ၊ ဘေးက သူတစ်ပါးစိတ်သိတဲ့ ပုဂ္ဂိုလ်တွေ က မင်းဘာဖြစ်နေတယ်ဆိုတာ အကုန်သိတယ်၊ မင်းမရှက်ဘူးလားလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမပေးပါ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဆုံးမတတ်ပလား (ဆုံးမတတ်ပါပြီ) ဘေးကကိုယ့်သိတဲ့ ပုဂ္ဂိုလ်တွေက တစ်ပုံကြီးကိုးဗျ (မှန်ပါ့) သဘောပါပြီ (ပါပါ ဘုရား)။
အဲဒီလို အားထုတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် အခုပြောတဲ့အတိုင်း နှလုံးသွင်းလိုက်တဲ့အခါ လောကကြီးကို အဓိပတိထားပြီး ဒကာသစ် ကြိုးစားလိုက်ပြန်တော့လည်း ဒါတွေလာသေးရဲ့လား (မလာပါ) လာရင် ဒါနဲ့ချောက်ပစ် (မှန်ပါ့) ချောက်ရမှာလား၊ တကယ်သိတာလား (တကယ်သိတာပါ ဘုရား)။
တကယ်သိတဲ့ ပုဂ္ဂိုလ်တွေက
တကယ်သိတဲ့ ပုဂ္ဂိုလ်တွေက ဦးမာဒင်ရေ-တကယ်ရှက်စရာကြီးပါလား (မှန်ပါ့) ဟန်နဲ့ ပန်နဲ့ လုပ်ပြီး သကာလ ဝမ်းထဲမှာလည်း တရားအားထုတ်သလိုလိုနဲ့ တော်တော်နေ ဟိုဟာကလေးက ဝင်လာ-ဒီဟာကလေးက ဝင်လာဆိုတော့ မင်းမရှက်ဘူးလားလို့ မေး (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ်လိုမေးရမယ် (မင်းမရှက်ဘူးလားလို့ မေးရပါမယ်) မင်းကိုယ်စောင့်နတ်ကလည်း ဘာတုံး (သိပါတယ်) ဇရပ်နောင်နတ်, တောစောင့်နတ်တွေကကော (သိပါတယ်) သူတစ်ပါးစိတ်သိတဲ့ ပုဂ္ဂိုလ်တွေကကော (သိပါတယ်) ဪ မင်းမရှက်ဘူးလားလို့ မေး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ဒကာ ဒကာမတို့ တစ်ယောက်တည်း ဗွေဖောက်နေတဲ့အခါ ဘေးကလူနဲ့ ချောက်ပါ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က ဘုရားကဘာဖြစ်လို့ ဒီလိုဟောတာလို့ ဒကာကြွယ် ထင်သတုံး၊ ဗွေဖောက်တတ်လို့ ဟောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဟောပါလိမ့် (ဗွေဖောက်တတ်လို့ ဟောပါတယ် ဘုရား)။
ဒကာကြွယ် ကြီးသော-ငယ်သော မဟုတ်ပါဘူးနော်၊ သူဟာ အရေးကြုံလို့ရှိရင် ဒီကြားထဲကနေပြီး သကာလ ဖျတ်ခနဲဆိုပြီး ကိလေသာက ကြားထိုးဝင်တတ်သေးတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုရားက သိတယ် (မှန်ပါ့) ငါ့တပည့်တွေသည်ကားလို့ဆိုရင် ကြားထိုးနှိပ်စက်တာနဲ့ ပဋိစ္စသမုပ္ပါဒ် ဆက်ရချည်ရဲ့၊ သံသရာရှည်ချည်ရဲ့ဆိုပြီး သကာလ လောကကြီးလည်း အဓိပတိထားပြီး အားထုတ်ကြဟေ့လို့ မှာပြန်တယ် (မှန်ပါ့)။
ကဲ မှာသင့်-မမှာသင့် (မှာသင့်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒကာကြွယ် ဒီလိုကော တစ်ခါတစ်ခါ မလာဘူးလား (လာပါတယ် ဘုရား) လာတဲ့ဥစ္စာနောက် ခင်ဗျားဖြေဖျောက်ပစ်ပါနော် (မှန်ပါ့)။
မင့်ကိုယ်စောင့်နတ်ကို မင်းမရှက်ဘူးလား
ဟေ့ မင့်ကိုယ်စောင့်နတ်ကို မင်းမရှက်ဘူးလား၊ မင်းက အလကား ဖုံးကာ-ဖိကာနဲ့ (မှန်ပါ့) ဒါ မင့်နေရာ မဟုတ်ဘူးကွ မလာခဲ့နဲ့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဟော မင့်တိုက်စောင့်နတ်တွေကလည်း သိတယ်ကွ၊ အိမ်နားက သစ်ပင်စောင့်နတ်တွေကကော (သိပါ တယ် ဘုရား)။
သူတစ်ပါးစိတ်သိတဲ့ ပုဂ္ဂိုလ်တွေကကော (သိပါတယ် ဘုရား) ရဟန္တာပုဂ္ဂိုလ်တွေကကော (သိပါတယ် ဘုရား) ဒီတော့ မင်းမရှက်ဘူးလား (မှန်ပါ့) ကိုယ့်ကိုယ်ကိုယ် ရှက်အောင်လုပ်ပစ်ပါ (မှန်ပါ့)။
ကိုယ့်ကိုယ်ကိုယ် ရှက်အောင်လုပ်ပစ်လိုက်တဲ့အခါကျလို့ရှိရင် ဦးမာဒင် ဒီစိတ်ကလေး ပေါ်လာရင် နောက် အလာခံသေးရဲ့လား (မခံပါ ဘုရား) မခံတော့ဘူးဆိုတာလည်း သေချာသွားပြီ (သေချာသွားပါပြီ ဘုရား)။
အဲဒီလို လောကကို အဓိပတိထားပြီး တရားအားထုတ်လိုက်ပြန်လည်း တရားပေါက်ပါတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ကိုင်း တတိယအချက်ကို ဒကာကြွယ် ပြောရလိမ်မယ် (မှန်ပါ့) ဓမ္မကို အဓိပတိထားရမယ် (မှန်ပါ့) ကိုယ်က အားထုတ်ပြီးနေတော့ စိတ်ကလေးက ဖြစ်ပျက်တွေရှုပြီး နေငြားသော်လည်း ပျောက်လိုက်, မတွေ့လိုက်နဲ့ ဪ ဘယ့်နှယ်များ ဖြစ်ပါလိမ့်မတုံး လာချင်လာလိမ့်မယ် (မှန်ပါ့)။
ဘယ်လိုပုဂ္ဂိုလ်မို့ ပါလိမ့်မတုံး၊ သူများအစဉ်လိုက်တွေ့တယ်၊ ကိုယ့်ဖြင့် မတွေ့ပါဘူး၊ တွေ့ချည်တစ်လှည့်, မတွေ့ချည်တစ်လှည့်၊ တစ်ခါတလေ ထိုင်သာနေရတယ် တွေ့ကိုမတွေ့ဘူး၊ ဘာများ ဖြစ်ပါလိမ့်မလဲလို့ ကိုယ့်စိတ်ထဲ အောက်မေ့လို့ရှိရင်ဖြင့်တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းဟာမင်း အားတက်အောင် အရင်လုပ်ဦး၊ မင်းသည် စားစရာမရှိလို့ တရားအားထုတ်သည် မဟုတ်ဘူး (မှန်ပါ့)။
ဝတ်စရာမရှိလို့ (တရားအားထုတ်သည် မဟုတ်ပါ ဘုရား) နေစရာ, ထိုင်စရာမရှိလို့ (တရားအားထုတ်သည် မဟုတ်ပါ ဘုရား) ဟိုဘဝ-သည်ဘဝလိုချင်လို့ (တရားအားထုတ်သည် မဟုတ်ပါ ဘုရား)။
မဟုတ်ဘူးဆိုပြီး သကာလ အားထုတ်ရင်း မတ္တနဲ့ ခုနင်က လျှော့တဲ့စိတ်ကလေးလာလို့ရှိရင်ဖြင့် တရားကို, ဓမ္မကို အဓိပတိထားလိုက်စမ်းပါ (မှန်ပါ့)။
ဓမ္မကို အဓိပတိထားဆိုတာ
ဓမ္မကို အဓိပတိထားဆိုတာက ဒကာကြွယ် တခြားမဟုတ်ပါဘူးနော် (မှန်ပါ့) ခင်ဗျားတို့ ရွတ်ကြည့်စမ်းပါ တရားဂုဏ်တော်ထဲမှာ “သွာက္ခာတော ဘဂဝတာ ဓမ္မော” (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ရွတ်ကြစမ်းပါ (သွာက္ခာတော ဘဂဝတာ ဓမ္မောပါ ဘုရား)။
”သွာက္ခာတော ဘဂဝတော ဓမ္မော”၊ ဘဂဝတာ= မြတ်စွာဘုရားသခင်သည်၊ သွာက္ခာတော ဓမ္မော= ကောင်းစွာ ဟောထားတဲ့တရား ကောင်းရာကို ပို့တဲ့တရား (မှန်ပါ့)။
ဪ မြတ်စွာဘုရားက သူ့တရားအားထုတ်လို့ရှိရင် ကောင်းစွာ ဟောထားလို့ ကောင်းရာပို့တဲ့တရား လို့ သူက ပြောထားပါလျက်သားနဲ့ မင်းက ဟုတ်မှ ဟုတ်ပါ့မလားတဲ့၊ တရားအားထုတ်နေရတာသည်ကားလို့ ဆိုလို့ရှိ ရင်ဖြင့် ကိုယ့်ကိုယ်က ဘုရားဟောထားတာတော့ အားထုတ်တာပဲ၊ အားထုတ်ပင် အားထုတ်ငြားသော်လည်း ကိုယ်ကပဲ ညံ့နေသလားလို့ ဒီစိတ်မလာစေနဲ့ (မှန်ပါ့)။
သူက ကောင်းစွာ အားထုတ်လို့ရှိရင်ဖြင့် ဘာဂဝတာ- မြတ်စွာဘုရားသခင်သည်၊ ဓမ္မော= တရားကို၊ သွာက္ခာ တော= ဒီလိုရှုရင် ဒီလိုမြင်လိမ့်မယ်လို့ ဟောထားတဲ့ဥစ္စာ မင်းသိလျက်သားနဲ့ မင်းက ဘုရားကို မယုံလို့ ဪ ဒီဥစ္စာမြင်လိုက်, ပျောက်လိုက်၊ မြင်လိုက်, ပျောက်လိုက် ဘာဖြစ်ပါလိမ့်မတုံး၊ ဘုရားကို မယုံတဲ့သဘော ရောက်နေတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဘုရားက ကောင်းစွာ ဟောထားပါလျက်နဲ့ မင်းသည် ကားလို့ဆိုလို့ရှိရင်ဖြင့် ငါ့မှာ ဟုတ်မှ ဟုတ်ပါ့မလားဆိုတာ တွေများ လာနေသေးလို့ရှိရင်ဖြင့် မင်းဟာ ဓမ္မကို အလေးမပြုရာရောက်နေတယ် (မှန်ပါ့)။
ဘာ အလေးမပြုရာရောက်ပါလိမ့် (ဓမ္မကို အလေးမပြုရာ ရောက်နေပါတယ် ဘုရား) ဓမ္မကို အလေးမပြုရာ ရောက်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားက “သွာက္ခာတော ဘဂဝတာ ဓမ္မော” တဲ့၊ ဘဂဝတာ= မြတ်စွာဘုရားသည်၊ ဓမ္မော= တရားကို၊ သွာက္ခတော= မင်းတို့အတွက် ငါကောင်းစွာ ဟောထားတယ်တဲ့ (မှန်ပါ့ ဘုရား)။
ဒီအတိုင်းသာလုပ် ရရမယ်ဆိုပါလျက်သားနဲ့ မင်းက နောက်ဆုတ်တယ်၊ မင်းက ဘုရားကို မယုံတဲ့ပုဂ္ဂိုလ်မို့လား၊ မင်းက ဘုရားလောက်သိတဲ့ပုဂ္ဂိုလ်မို့လား မင်းက နောက်ဆုတ်ချင်တာ (မှန်ပါ့)။
ကိုယ်တိုင်သိတယ်လို့ ပြောနေတဲ့ဥစ္စာကြီး မင်းက ဆင်ခြေ မြင်းခြေတွေ ရှုပ်မနေနဲ့ဆိုပြီး ကိုယ့်ကိုယ်ဆုံးမပါ (မှန်ပါ့)။
တရား အဓိပတိထားပြီးတော့ ကိုယ့်ကိုယ် ဘာလုပ်ရမတုံး (ဆုံးမရပါမယ် ဘုရား) ဆုံးမရမယ်ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။
ကိုယ်တိုင်မြင်လိမ့်မယ်လို့ ဟောတယ်
ဒါဖြင့် ဒကာ ဒကာမတို့ သွားလိုက်ပါဦး၊ သန္ဒိဋ္ဌိကော ဘုရားက အားထုတ်ပါကွ၊ ကိုယ်တိုင် မြင်ပါလိမ့်မယ် တဲ့ (မှန်ပါ့ ဘုရား) ဘုရားပြောတာများ လွဲသေးသလား (မလွဲပါ ဘုရား)။
ဘယ်လိုပါလိမ့်ဗျာ (သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်ရပါမယ် ဘုရား) ကိုယ်တိုင်မြင်ပါလိမ့်မယ်လို့ ဟောတာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုဟောသတုံး (ကိုယ်တိုင်မြင်လိမ့်မယ်လို့ ဟောပါတယ် ဘုရား)။ ကိုယ်တိုင်မြင်ပါလိမ့်မယ် လို့ ဟောလျက်သားနဲ့ ကိုယ်တိုင်မြင်ကောင်းတဲ့တရား, ကိုယ်တိုင်မြင်ထိုက်တဲ့တရားလို့ ဟောပါလျက်သားနဲ့ မင်းမလုပ် လို့ မင်းမမြင်တဲ့ဥစ္စာ မင်းက ပါရမီချလိုချ၊ ရောဂါချလိုချ၊ နေရာထိုင်ခင်းကမဟုတ်လို့ ချလိုချ၊ အစားမှားလို့ ချလို့ချနဲ့ မင်းချတာသည်ကားလို့ ဆိုရင် ဘုရားကို စွပ်စွဲရာရောက်ပါပေါ့လား (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်စွပ်စွဲရာရောက်သလဲ (ဘုရားကို စွပ်စွဲရာရောက်ပါတယ် ဘုရား)။
ဘုရားက သန္ဒိဋ္ဌိကောလို့ ဟောလိုက်တယ်၊ ကိုယ်တိုင်မြင်ပါလိမ့်မယ်ကွ ကြိုးစားပါဆိုတဲ့ဥစ္စာ ကိုယ်တိုင်မြင်တဲ့ တရားမို့ ကိုယ်တိုင်မြင်လိမ့်မယ်ပြောတာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ပျက်ကယ်-ပျက်ကယ်ပြောတာမျိုး ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ဘုရား ဘယ်တော့မှ မသုံးဘူး (မှန်ပါ့ ဘုရား) ငါ ပျက်ကယ်-ပျက်ကယ်များကွာ ပြောရမှာ ဝေးလို့ အကျိုးမရှိရင် ပြုံးတောင်မပြုံးဘူး ဆိုတော့ ကုန်ရော (မှန်ပါ့)။
အကျိုးမရှိရင် (ပြုံးတောင် မပြုံးပါ ဘုရား) ပြုံးတောင်မပြုံးပါဘူးတဲ့ (မှန်ပါ့) မင်းတို့ကို လိမ်လည်လှည့်ဖြား ကောက်ကျစ်ပြီး သကာလ ရိုသေအောင်ပြောတဲ့စကားလို့ မင်းတို့ ဒီလိုမယူပါနဲ့တဲ့ သန္ဒိဋ္ဌိကော= ကိုယ်တိုင်မြင်ပါတယ် ကွ လုပ်သာလုပ်ပါတဲ့ (မှန်ပါ့)။
ဘုရားကို စွပ်စွဲရာ ရောက်နေတာပဲ
တရားက ဒီလိုရှိလျက်သားနဲ့ ဒကာ ဒကာမတွေ ကိုယ်တိုင် မမြင်သေးလို့ရှိရင်ဖြင့် ဘယ့်နှယ်များ ဖြစ်နေပါ လိမ့်မတုံးလို့ ဒီလိုမယူလိုက်ပါနဲ့ (မှန်ပါ့) ဘယ့်နှယ်မှမဖြစ်ဘူး၊ ဘုရားကို စွပ်စွဲရာ ရောက်နေတာပဲ (မှန်ပါ့)။
ဘုရားက ကိုယ်တိုင်မြင်ရမတဲ့ (မှန်ပါ့) ခင်ဗျားတို့က ကိုယ်တိုင်မမြင်တော့ တရားက ဟုတ်လေရဲ့လား၊ ဘုရားပြောတော့ ပြောရှာတာပဲ ဘယ့်နှယ်များဖြစ်နေပါလိမ့်၊ ပြောရှာတာပဲဆိုရင် ဘုရားကိုစွပ်စွဲပြီး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဘုရားကိုလည်း စွပ်စွဲမနေပါနဲ့ ဒကာ ဒကာမတို့၊ ကိုယ်တိုင်မြင်ရမယ်ဆိုတယ် မမြင်မြင်ရအောင် လုပ်မဟေ့၊ ဒီဝီရိယကို ပြင်းထန်ပေးလိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာပြင်းထန်ပေးရမလဲ (ဝီရိယပြင်းထန်ပေးရပါမယ်) ဒီအတိုင်း လုပ်ပါဆိုတာဖြင့် ဘုရားက သေသေချာချာ ဟောတယ် (မှန်ပါ့)။
ဒါတွင် မကသေးပါဘူးကွာတဲ့၊ အကာလိကော အခါမလင့်ကို အကျိုးပေးပါလိမ့်မယ်တဲ့ (မှန်ပါ့) ဟော မဂ်ရမယ်ကွတဲ့၊ အခု မင်းမြင်လိုက်လို့ရှိရင် ဒုက္ခသစ္စာ မြင်လိုက်ရင် မဂ်ရမယ် (မှန်ပါ့) မဂ်ရရင် သောတာပန်ဆိုတဲ့ ဖိုလ်ဖြစ်လာပြီကွတဲ့ (မှန်ပါ့)။
ဒါ ငါလိမ်ဟောတာ မဟုတ်ပါဘူးတဲ့၊ တရားသဘောကိုက ငါက ပြောရုံတင်မဟုတ်သေးဘူး တရားကလည်း ပြောပါလိမ့်ဦးမယ်ဆိုတဲ့ သဘောလည်းပါတယ် (မှန်ပါ့) မပါဘူးလား (ပါပါတယ် ဘုရား)။
အခါမလင့် အကျိုးပေးတယ်
အကာလိကော= အခါမလင့် အကျိုးပေးတယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ အခုမဂ်ရတယ်ဆို အခုဖိုလ် သောတာ ပန်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အခု အပါယ်လေးပါးကော မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
ဟ ဒီလိုတရားက ဆိုပါကလား ဦးမာဒင်ရ (မှန်ပါ့) ဒါဖြင့် ကျုပ်တို့ ကြိုးစားထိုက်-မကြိုးစားထိုက် (ကြိုးစားထိုက်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒီနေ့တော့ဖြင့် ဒကာကြွယ်ရေ အကုန်သွားရမှာပဲနော် (မှန်ပါ့)။
ပြီးတော့ ဧဟိပဿိကောတဲ့၊ မလာဘူးလား (လာပါတယ် ဘုရား) ဟော မင်းသေသေချာချာ အားထုတ် နော်၊ နိဗ္ဗာန်ကကို မင့်ကိုခေါ်မှာ (မှန်ပါ့)။
နိဗ္ဗာန်တရားက ရှုနေတဲ့ ပုဂ္ဂိုလ်ကိုလာခဲ့ပေတော့ မင်းအောင်မြင်ပြီလို့ကို ခေါ်လိမ့်ဦးမယ် (မှန်ပါ့)။
ငါ့ဆီ လာနေလှည့်ဆိုတဲ့ သဘောမျိုးကို ဒကာကြွယ်ရေ ဒီနေရာချမ်းသာတယ်, ဒီနေရာ ဒုက္ခကင်းတယ်လို့ သူက ခေါ်လိမ့်မယ် (မှန်ပါ့ ဘုရား)။
ကဲ ဓမ္မဂုဏ် သေးသလား (မသေးပါ ဘုရား) မင်းတို့ မီးဟုန်းဟုန်းတောက်နေတဲ့အထဲမှာ ငါ့ဆီလာခဲ့တော့ လို့ ဓမ္မက ခေါ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား) ဒါ ဓမ္မသတ္တိနော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဓမ္မသတ္တိသေးသလား (မသေးပါ ဘုရား) တယ်လည်း ကျေးဇူးများပါကလား (များပါတယ် ဘုရား)။
ဧဟိပဿိကော ပြီးတော့ ဒကာကြွယ်ဘာတဲ့ဗျာ၊ ဩပါနေယျိကော (မှန်ပါ့) “အတ္တနောစိတ္တံ ဥပနေတဗ္ဗော” တဲ့၊ အဋ္ဌကထာဆရာက အတ္တနော = မိမိ၏၊ စိတ္တံ = စိတ်ကို၊ ဥပနေတဗ္ဗော = ဆောင်အပ်၏တဲ့၊ အနီးသို့ ဆောင်အပ်၏ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်နားရောက်တယ်
ဒကာ ဒကာမတွေ အားသာထုတ်လိုက်စမ်းပါ၊ အားထုတ်လိုက်လို့ ဒုက္ခဆုံးသွားလို့ရှိရင် နိဗ္ဗာန်အနီးအနားကို တစ်ခါတည်း ကိုယ်ကိုယ်တိုင် ရောက်သွားတာပဲ (မှန်ပါ့)။
ကိုယ်ကိုယ်တိုင် နိဗ္ဗာန်နားရောက်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ တရားသတ္တိ ဘယ်လောက် ထက်သတုံး (ထက်ပါတယ် ဘုရား)။
ဒါဖြင့် ကျုပ်တို့က သူက အတ္တနော = မိမိ၏၊ စိတ္တံ = စိတ်ကို ဥပနေတဗ္ဗော = ဆောင်အပ်၏၊ မိမိစိတ်ကိုပဲ တစ်ခါတည်း ငါ့အနီးသို့လာခဲ့, ငါ့အနီးသို့လာခဲ့၊ ဒီနေရာအကောင်းဆုံး ဒီ့ထက်ကောင်းမရှိဘူးဆိုပြီး ကိုယ့်စိတ်တွေ လိုက်ရှုနေတဲ့ဉာဏ်တွေ, ကိုယ့်မဂ်တွေ, ကိုယ့်ဖိုလ်ဉာဏ်တွေကို နိဗ္ဗာန်ကနေပြီး ဆွဲယူသွားတယ် (မှန်ပါ့) ဒီတော့ ဒကာ ဒကာမတွေ အားငယ်စရာရှိရဲ့လား (မရှိပါ ဘုရား)။
လုပ်ကြည့်စမ်းပါ (မှန်ပါ့) လုပ်ကြည့်စမ်းပါ၊ မလုပ်ဘဲနဲ့ ဘေးကနေပြီး သကာလ ဟိုကြက်မကြီး ကြက်ဥပေါက် စေချင်လို့ ဘေးကနေပြီး ပေါက်ပါစေသတည်း ဆိုလို့တော့ ပေါက်မှာမဟုတ်ဘူး (မှန်ပါ့) ဝတ်ပြုပေးလိုက်ရရင်တော့ ပေါက်မှာပေါ့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
အဲ ဘေးကနေပြီး ဆုတောင်းနေလို့တော့ ရမှာမဟုတ်ပါဘူး (မှန်ပါ့) ကိုယ်တိုင်လုပ်ကြည့်လိုက်၊ လုပ်ကြည့် လိုက်လို့ရှိရင် ဧကန်ရတကယ်ရဆိုတာ ဘုန်းကြီးတို့က တာဝန်ယူပါတယ် (မှန်ပါ့ ဘုရား)။
ဘုရား၏တပည့်သား ဘုရားက တာဝန်ပေးထားတဲ့ဥစ္စာပဲ ဘုရားက ဒါဖြစ်နိုင်တယ်၊ မင်းတို့ ပြောသာပြော ရတယ်ဆိုတဲ့ ဥစ္စာသေချာတယ် (မှန်ပါ့ ဘုရား)။
ဩပါနေယျိကော = အတ္တနော စိတ္တံ ဥပနေတဗ္ဗောဆိုတဲ့အတိုင်း မိမိစိတ်ကို နိဗ္ဗာန်က တစ်ခါတည်း ဆွဲယူတာပဲ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ရှုနိုင်တဲ့ပုဂ္ဂိုလ် နိဗ္ဗာန်က ဆွဲဆောင်လိမ့်မယ် (မှန်ပါ့) ဖြစ်ပျက်မရှုတဲ့ပုဂ္ဂိုလ်ဖြင့် နိဗ္ဗာန်က ဆွဲယူပါ့မလား (မယူပါ ဘုရား)။
အဲဒီကတည်းက ဪ ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်ဆုံးတဲ့ ပုဂ္ဂိုလ်သာ နိဗ္ဗာန်က ဆွဲဆောင်တာပါကလား ကျန်တဲ့ပုဂ္ဂိုလ်တွေ နိဗ္ဗာန်က လက်မခံပါကလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒို့မလုပ်လို့ နိဗ္ဗာန်က မခေါ်တာ
ဒါ့ကြောင့် ခင်ဗျားတို့သည် အင်မတန် ကံကောင်းအကြောင်းသင့်ပြီး သကာလ အပြောအဆိုတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ပြောလို့ ခင်ဗျားတို့လည်း ထူးထူးခြားခြားသိရတော့ ဪ ဒို့ မလုပ်လို့ နိဗ္ဗာန်က မခေါ်တာကိုး (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဒို့မလုပ်လို့ နိဗ္ဗာန်က မခေါ်တာပါ ဘုရား)။
ဒို့ကသာ သူ့အလုပ်ကို လုပ်လို့ရှိရင်ဖြင့် သူက ဒို့စိတ်တွေကို တစ်ခါတည်း အကုန်ဆွဲယူပြီး သကာလ ငါ့ဘက်သာ လှည့်၊ သူများဘက် လှည့်မနေနဲ့ ချမ်းသာတာအစစ်က ငါပဲဆိုတဲ့ သဘောမျိုးနဲ့ နိဗ္ဗာန်က ဒကာ ဒကာမတို့ မိမိစိတ်ကို စွဲဆောင်သွားပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ဖြစ်အောင် လုပ်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒကာသစ် ဘယ်လိုမှာပါလိမ့် (လုပ်ဖြစ်အောင် လုပ်စမ်းပါ ဘုရား) ဘာဖြစ်လို့တုံး ချမ်းသာက ခေါ်သည်တိုင် အောင် လုပ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အခု ခင်ဗျားတို့ကို ခေါ်နေတာကတော့ ဆင်းရဲကချည်းခေါ် နေတာ မှတ်ပါ (မှန်ပါ့)။
ဥပမာမယ် ဒကာသစ်ကို ဆိုင်ကခေါ်တယ်ဆိုလို့ရှိရင်ဖြင့် ဆိုင်ရောက်ရင် ခင်ဗျားကို အနားမနေအောင်လို့ ခေါ်တာ (မှန်ပါ့)။
အရပ်က ခေါ်တယ်ဆိုလို့ရှိရင် အရပ်ကိစ္စ, ကိုယ့်ကိစ္စတွေနဲ့ ဆင်းရဲအောင်လို့ ခေါ်တာ (မှန်ပါ့)။
ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) သင်ပန်းကုန်းက ခေါ်တယ် ဒကာကြွယ် လာပါဦးတဲ့ ခင်ဗျားမပါရင် မပြီးဘူးတဲ့ ဆိုကတည်းကိုက ဒုက္ခပေးမလို့ခေါ်တာ (မှန်ပါ့) နိဗ္ဗာန်လိုဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
အဲ နိဗ္ဗာန်ကတော့ ဒီလိုမဟုတ်ပါဘူးတဲ့၊ မင်း ဒီ့ပြင်ဟာတွေဘက် မသွားနဲ့၊ ချမ်းသာအစစ်က ငါပဲ၊ ငါ့ဆီသာနေတော့ သဘောကျပလား (ကျပါပြီ) ဒီချမ်းသာထက် ချမ်းသာတာမရှိဘူူးဆိုပြီး သူက မိမိစိတ်ကို ခေါ်လေ့, ဆွဲဆောင်လေ့ရှိပါတယ် (မှန်ပါ့)။
ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) လုပ်တဲ့ပုဂ္ဂိုလ်မှ ဆွဲဆောင်တာနော် (မှန်ပါ့) သစ္စာမြင်တဲ့ပုဂ္ဂိုလ်မှ ဒုက္ခ သစ္စာ ပိုင်ပိုင်နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်မှ ဆွဲဆောင်တာ (မှန်ပါ့) ဆုတောင်းသမား မပါပါဘူး (မပါပါ) ပါသေးရဲ့လား (မပါပါ ဘုရား)။
အေး ဒါတွေသိတော့မှ “အတ္တနော စိတ္တံဥပနေတဗ္ဗော” အတ္တနော = မိမိ၏၊ စိတ္တံ= စိတ်ကို၊ ဥပနေတဗ္ဗော= အနီးသို့ဆောင်အပ်၏ (မှန်ပါ့) မင်းဟာ အခုတော့ဖြင့် နိဗ္ဗာန်ကိုအမြင်နဲ့ပဲ ချမ်းသာယူပါဦးကွာ၊ ဒီဘဝ စုတေမနေ သေလွန်လိုက်လို့ရှိရင် ချမ်းသာအစစ် ဧကန်ဖြစ်ပါတယ်လို့ သူ့ကို ကပြောနေတာ (မှန်ပါ့ ဘုရား)။
လုပ်ကြည့်မှ သိတယ်
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒကာကြွယ်ရေ လုပ်ကြည့်မှ သိတယ်နော် (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘာတဲ့တုံး (လုပ်ကြည့်မှ သိပါတယ်) နို့မလုပ်တဲ့ ပုဂ္ဂိုလ်ရမှာမှမဟုတ်ဘဲ (မှန်ပါ့) ခေါ်ပါ့မလား (မခေါ်ပါ ဘုရား)။
သန္ဒိဋ္ဌိကော = ကိုယ်တိုင်မြင်တာမှ မလာလို့ရှိရင် အကာလိကော = အခါမလင့် အကျိုးပေးပါ့မလား (မပေးပါ) အကာလိကောမှ မရှိတဲ့ပုဂ္ဂိုလ် ဧဟိပဿိကောဆိုတဲ့ဥစ္စာ လာနိုင်ပါ့မလား (မလနိုင်ပါ ဘုရား)။
ကဲ ဒါဖြင့် ရှေ့ကိုသွားကြပါဦး ဒကာ ဒကာမတို့ တရားဂုဏ်တော် ခြောက်ပါးတောင်ရှိတယ် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” တဲ့ (မှန်ပါ့) ဝိညူဟိ= ဝိပဿနာပညာ မဂ်ပညာရှိတဲ့ ပုဂ္ဂိုလ်တို့သည်သာလျှင်၊ ပစ္စတ္တံ= အသီး အသီး၊ ဝေဒိတဗ္ဗော၊ သိနိုင် ခံစားနိုင်, ရနိုင်တယ်တဲ့ (မှန်ပါ့) ပညာရှိအသီးအသီးသာလျှင် နိဗ္ဗာန်ကိုရနိုင်ကာကွတဲ့ (မှန်ပါ့ ဘုရား)။
ပညာရှိအသီးသီးသာလျှင် (ရနိုင်ပါတယ်) သောတာပတ္တိမဂ်ကိုရအောင် အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ သောတာပတ္တိ မဂ်ကို ရတယ် (မှန်ပါ့) သကဒါဂါမိမဂ်ကို ဆက်ပြီးရအောင် အားထုတ်ရင်ကော (သကဒါဂါမိမဂ်ကို ဆက်ပြီးရအောင် အားထုတ်ရင်ကော (သကဒါဂါမိမဂ်ကို ရပါတယ် ဘုရား)။
အနာဂါမိမဂ်ကို ဆက်ပြီးအားထုတ်လိုက်ရင်ကော (အနာဂါမိမဂ်ကို ရပါတယ်) သူတို့အသီးသီး ရကြတယ်ကွတဲ့ (မှန်ပါ့) အားမထုတ်တဲ့ပုဂ္ဂိုလ်ကျတော့ (မရပါ ဘုရား)။
မဂ်ကုသိုလ် အမျှပေးလို့ မရဘူး
ဒါ့ကြောင့် ဒကာ ဒကာမတို့ မဂ်ကုသိုလ် အမျှပေးလို့ မရဘူး (မှန်ပါ့) အသီးအသီးသာရတယ်၊ ယောကျ်ားက သောတာပတ္တိမဂ်ရတယ်၊ ရော့ သောတာပတ္တိမဂ်အတွက် ယူဦးဟေ့ဆိုလို့ မဆိုင်ဘူးကွ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ပစ္စတ္တံ= အသီးအသီးကိုးဗျ (မှန်ပါ့) ဝေဒိတဗ္ဗော= ရအပ်၏၊ အသီးအသီးသာရတာတဲ့ (မှန်ပါ့ ဘုရား)။
မင်းနဲ့ငါနဲ့ဟာ ထင်းပုံခေါင်းချ ပေါင်းသင်းမယ်လို့ ပြောတယ်၊ ဒါလောက်ပဲ ကြင်နာပါတယ် ဆိုငြားသော်လည်း ဒီမဂ်တွေကျတော့ အမျှပေးလို့ မရဘူး (မရပါ) ဒီ့ပြင်ကုသိုလ်တွေတော့ ရပါတယ် (ရပါတယ် ဘုရား)။
ဒီ့ပြင်ကုသိုလ်တွေတော့ဖြင့် အမျှပေးရင် ကိုယ်လည်းမလျှော့ပါဘူး၊ သူလည်းရပါတယ် (မှန်ပါ့) ဒါကတော့ ကိုယ့်ကိုယ်ထဲ မှာသာရှိပြီး သူများကိုပေးလို့ မရတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီမှာ တချို့ ဒကာ ဒကာမတွေက တော်တော်ဆိုးဝါးတယ် (မှန်ပါ့) အို-ယောကျ်ားလမ်းပဲ၊ ယောက်ျားတို့ အားထုတ်တာပဲ၊ ကိုယ်က အိမ်ကဝေယျာဝစ္စပြုနေလည်း မဆိုးပါဘူးတဲ့ (မှန်ပါ့) ဘယ်မှာ မဆိုးရမတုံး-ရကိုမရဘူး (မှန်ပါ့ ဘုရား) ယောကျ်ားက မဂ်ဖိုလ်ရသွားတော့ မိန်းမကရပါ့မလား (မရပါ ဘုရား)။
အဲဒါပဲ ဒကာ ဒကာမတွေက ဒီ့ပြင်ကုသိုလ်မျိုးမှတ်နေလို့ သူတို့ဟာ သူတို့ တရားအားထုတ်တာပဲ၊ အဲဒီတော့ ကိုယ်ကလည်း အိမ်မှာ ဆွမ်းချိန်, ကွမ်းချိန်, အစားချိန်, အသောက်ချိန်, အဝတ်ချိန်, ကိုယ်အဆင်သင့်လုပ်လည်း ကိုယ်လည်းအကျိုးမယုတ်ပါဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဟ ဘယ့်နှယ်အကျိုးမယုတ်ရမတုံး ဟိုဥစ္စာက ကာမာဝစရကုသိုလ်သာရတာပဲ၊ လောကုတ္တရာကုသိုလ် ရပါ့မလား (မရပါ ဘုရား)။
မိန်းမတွေကိုလည်း သတိပေးလိုက်ပါတယ်
အဲဒါ့ကြောင့် ခင်ဗျားတို့ မိန်းမတွေကိုလည်း သတိပေးလိုက်ပါတယ် (မှန်ပါ့) မပေးသင့်ဘူးလား (ပေးသင့်ပါ တယ် ဘုရား)။
အို ကိုယ်ကလည်း နောက်ကသူအထမြောက်ဖို့ ကြိုးစားပေးနေတာပဲ၊ ကိုယ်လည်း ဘယ်မှာမရဘဲရှိရမတုံး တဲ့ (မှန်ပါ့) အဲဒါ ဒီ့ပြင်ကာမာဝစရ ကုသိုလ်တော့ရပါတယ်၊ မဂ်ကုသိုလ်ကတော့ မရဘူး (မရပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ယောကျ်ားကလည်း တချို့က မိန်းမညှာတဲ့ ယောကျ်ားကလည်း ရှိသေးတယ်၊ မရှိပေဘူးလား ဒကာကြွယ် (ရှိပါတယ်) ကဲ မင်းတို့က ခြေတိုသကွ၊ နေ့သွားတရားနာကွ၊ ဒို့ကအိမ်စောင့်မယ်ကွာ၊ ညဆိုတော့ မင်းတို့က မတော်ဘူး၊ ညကျတော့ တရားပွဲက မရှိဘူး၊ အားထုတ်ချိန်ကလည်း မရှိတော့ ဘယ့်နှယ်တုံး ဒကာကြွယ် ခြေတိုတဲ့လူ သာရှေ့ကလွှတ်ပြီး၊ ခြေတိုတဲ့လူက မဂ်ဉာဏ် ဖိုလ်ဉာဏ်ရ၊ ခြေရှည်တဲ့ပုဂ္ဂိုလ်ကဖြင့် ရှည်လို့ပြေးလို့ မအားတော့ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီလိုလည်း မဖြစ်စေပါနဲ့ဆိုတာ နှစ်ဖက်စလုံးပြောနေတယ် (မှန်ပါ့) ဒကာသစ် ပြောထိုက်-မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား) ဘာဖြစ်လို့ ဆရာဘုန်းကြီး ဒီအဓိပ္ပာယ်ကို ဒါလောက် လေးလေးနက်နက် ပြောပါလိမ့် မတုံးဆိုတော့ ခင်ဗျားတို့ ပါဠိရွတ်ကြည့် (မှန်ပါ့ ဘုရား)။
”ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဝိညူဟိ= အားထုတ်တဲ့ ပညာရှိတို့သည်သာလျှင်၊ ပစ္စတ္တံ= အသီးအသီး, မဂ် ဖိုလ်ကို၊ ဝေဒိတဗ္ဗော= ရအပ်၏တဲ့ဆိုတော့ အခုဉာဏ်နဲ့အားထုတ်နေတဲ့ပုဂ္ဂိုလ် အခုရတာကွတဲ့၊ အိမ်က ထမင်းချက်ပို့ နေရုံနဲ့ ဘာမှမဆိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က နှုတ်သီးကောင်း လျှာပါးနဲ့၊ အင်း သူတို့လည်း ကြိုးစားတော့ကိုယ်လည်း ကူညီတာပေါ့ ပါရမီဖြည့်ဘက်ပဲတဲ့ (မှန်ပါ့) သူ့ဟာ သူနေရစ် (မှန်ပါ့) ပါရမီဖြည့်ဘက်ပေမယ့် နေရစ်၊ မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ) မရဘူးဆိုတာ ဒကာကြွယ်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မိန်းမတွေဘက်ကလည်း သူက ရှေ့က သွားမယ်၊ ငါက ရှေ့က သွားမယ်သာလုပ်ပါ (မှန်ပါ့) ရင်ဘောင်တန်း တောင် မနေနဲ့ (မှန်ပါ့ ဘုရား)။
ကိုယ်အပါယ်လွတ်အောင် ပြေးတာပဲ ဒကာ ဒကာမတို့၊ နောက်က မီးလိုက်လို့ ပြေးနေတဲ့ဥစ္စာပဲ ကိုယ်က ရှေ့ကရောက်မှ ကိုယ်လွတ်မှာ၊ နောက်ကျတဲ့လူ မီးတောက်မိမှာပဲ (မှန်ပါ့ ဘုရား)။
ရှေ့ရောက်အောင် ပြေးရမှာ
ဒါဖြင့် ရင်ဘောင်တန်းပြေးမလား-ရှေ့ရောက်အောင်ပြေးမလား (ရှေ့ရောက်အောင် ပြေးရမှာပါ ဘုရား)။
အမယ်လေး မနည်းတွန်းရတာပါကလား (မှန်ပါ့) မနည်းကို တွန်းရတယ်၊ ဒကာသစ် မလွယ်ဘူးနော် (မလွယ်ပါ) ဦးထမ်းပဲ့ထမ်းနဲ့ ဒါမရဘူး (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဦးထမ်း-ပဲ့ထမ်း ဘယ့်နှယ်တုံး (မရပါ) မရဘူး၊ သူ့ပါဠိတော်ကိုကြည့်ပါ၊ ရွတ်ကြည့်ကြစမ်းပါ ဘာတဲ့တုံး (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိပါ ဘုရား)။
ပစ္စတ္တံ= အသီးသီး၊ ဝေဒိတဗ္ဗော= လုပ်မိတဲ့လူမှ သိနိုင်ရနိုင်၏တဲ့ (မှန်ပါ့) ဘယ်လိုပုဂ္ဂိုလ်တုံးဆိုတော့ ဝိညူဟိ တဲ့ ဉာဏ်နဲ့ အားထုတ်တဲ့ ပုဂ္ဂိုလ်မှရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီနေရာမျိုးမှာ အဋ္ဌကထာဆရာက ဖွင့်လိုက်တာ သူတစ်ပါးခေါင်းမှာ ပန်ထားတဲ့ပန်းဟာ ကိုယ့်ခေါင်းမှာ မလှပါဘူးတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သူတစ်ပါးခေါင်းမှာ ပန်ထားတဲ့ပန်းက ဥပမာ မိန်းမခေါင်းမှာပန်ထားတဲ့ ပန်းသည် ယောကျ်ား ခေါင်းမှာလာပြီးလှရဲ့လား (မလှပါ ဘုရား) ဘာဖြစ်လို့ မလှသတုံး ၊ တခြားစီမို့ (မှန်ပါ့)။
အဲဒီလိုပဲဟေ့တဲ့၊ မဂ်ကုသိုလ်ကတော့ဖြင့် ယောကျ်ားကရလို့ မိန်းမရမယ် မဟုတ်ဘူး၊ မိန်းမကရလို့ ယောကျ်ား ရမယ် မဟုတ်ဘူး၊ အသီးအသီး သူ့ဟသူမှရမယ် (မှန်ပါ့) သူ့ဉာဏ်နဲ့ သူအားထုတ်ပြီး သူသာရမှာပဲ (မှန်ပါ့) ကိုယ်ပန် ရင် ကိုယ်သာလှတယ်၊ သူများမလှဘူး (မှန်ပါ့) ဒါကို ပြောတာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ ဒကာကြွယ်ရ၊ ဟာ မတတ်နိုင်ဘူးကွာ၊ မသန်းလည်း ပြောလိုက် ငါ့ဟာငါ ကြိုးစားရမှာပဲ၊ မင်းဟာမင်းပဲ မတတ်နိုင်ဘူး၊ ဒီအတိုင်းပဲ သွားပေတော့ (မှန်လှပါ ဘုရား)။
မင်းက ရှေ့ကပြေးချင်လို့ရှိရင်လည်း မင်းမီးလွတ်မျာပဲ၊ ငါက ရှေ့ကပြေးလည်း ငါမီးလွတ်မှာပဲ၊ မင်းကိုလည်း ဆွဲမနေနိုင်ဘူး၊ ငါ့လည်း စောင့်မနေနဲ့ဆိုပြီး ကိုယ့်လမ်းသာကိုယ်သွား (မှန်ပါ့) လင်ကွဲ-မယားကွဲခန်မှာ ဟောနေသလား လို့ အောက်မေ့မှာလည်း စိုးရသေးတယ် (မှန်ပါ့)။
ဒီလိုတော့ မဟုတ်ပါဘူးတဲ့၊ ပါဠိတော်က “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” တဲ့ (မှန်ပါ့) သဘောပါပလား (ပါပါ ပြီ ဘုရား)။
ဝိညူဟိ= ပညာရှိတို့သည်၊ ပစ္စတ္တံ= အသီးအသီး၊ ဝေဒိတဗ္ဗော= ရအပ်၏၊ ပညာရှိတဲ့ပုဂ္ဂိုလ်မှာ သူအသီးအသီး ရတာပဲ (မှန်ပါ့ ဘုရား) ပညာနဲ့အားမထုတ်တဲ့ပုဂ္ဂိုလ် (မရပါ ဘုရား) မရနိုင်ဘူးဆိုသဖြင့် ခင်ဗျားတို့ ဒီ့ပြင်ကုသိုလ် တော့ဖြင့် ကောင်းတူ, ဆိုးဘက် ဘုန်းကြီးတို့ မကန့်ကွက်ပါဘူး (မှန်ပါ့) ဒီမဂ်ဉာဏ် ဖိုလ်ဉာဏ်အလုပ်ကတော့ဖြင့် မရပါကလား (မှန်ပါ့) ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ၊ ရှေ့ကပြေးမလား-နောက်က ပြေးမလား (ရှေ့က ပြေးရပါမယ် ဘုရား)။
အင်း တော်တော်ခြေသွက်လာပြီ (မှန်ပါ့) တော်တော်ခြေသွက်လာပြီ၊ ရှေ့ကပြေးရမှာပဲ (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒကာ ဒကာမတို့ ဒီအတိုင်းဟာ ဘယ်ပါဠိတော်ကလာသတုံးဆိုတော့ ခင်ဗျားတို့နေ့တိုင်း တရားရှိခိုး ထဲမှာ ပါတယ်၊ ဘာတဲ့တုံး ဦးမာဒင် (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိပါ ဘုရား)။
အဲ အသီးအသီး သူလုပ်လို့ သူရတာ (မှန်ပါ့) သောတာပတ္တိမဂ်ဆိုတာ သူလုပ်လို့ သူရတာ (မှန်ပါ့) သကဒါဂါမိမဂ်ဆိုတာကော (သူလုပ်လို့ သူရတာပါ) ပညာရှိပုဂ္ဂိုလ်-ပညာနဲ့ သူလုပ်လို့ သူရတာ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မဂ်လေးပါးဟာ သူလုပ်လို့ သူရတာ (မှန်ပါ့ ဘုရား)။
သူများခေါင်းမှာ ပန်လာတဲ့ပန်း
အဲဒီတွင် ဒကာ ဒကာမတို့ အဋ္ဌကထာဆရာက ဥပမာပြတယ်၊ ဟေ့ သူများခေါင်းမှာ ပန်လာတဲ့ပန်း ဟာ ကိုယ်မလှပါဘူးကွတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ရေ ကျုပ်တို့ အလှူမင်္ဂလာမဏ္ဍပ်ကို သွားသလို မိန်းမမှာ စိန်တွေခြယ်ပြီး ယောကျ်ားကတော့ ရိုးရိုးကလေးနဲ့ သွားငြားသော်လည်း အို ဒါဟာ လူသိပြီးသား မထူးဘူး မှန်ပါ့) ရှိလို့ ဝတ်တယ်ဆိုတာ ယောကျ်ားက နောက်က ဆင်ထားပေါ့ပဲ ကိစ္စမရှိဘူး၊ အဲဒီလို ထေလို့မရဘူး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကိုယ်လုပ်မှ (ကိုယ်ရပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာမတွေကလည်း နောက်ကမနေဘဲနဲ့ ဒီအလုပ်ကိုယ်တိုင်ကြိုးစား (မှန်ပါ့)။
ယောကျ်ားတွေကလည်း ကိုယ့်အလုပ်ကို ကိုယ်ကြိုးစား (မှန်ပါ့ ဘုရား) ဘာ့ကြောင့်တုံးဆိုရင် အမျှပေးလို့ မရလို့ဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အမျှဆိုတာ အဘို့ဘာဂပေးလို့ မရတာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား) သရက်သီးတစ်ခြမ်းကို တစ်စိတ်စီ ဒီလို့ကိုပေးလို့မရဘူး (မှန်ပါ့)။
ဒီပြင် ခင်ဗျားတို့ ကျောင်းဆောက်, ဘုရားတည် ကုသိုလ်တွေကတော့ ရပါတယ်၊ ကိစ္စမရှိပါဘူး (မှန်ပါ့) ဒီမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကတော့ (မရပါ ဘုရား)။
မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ပေးလို့သာရမယ်ဆို ဒကာသစ် ယသော်ဓရာကို စန္ဒကိန္နရီဇာတ်သွားဟောဖို့ လိုသေး သလား (မလိုပါ ဘုရား) သူ ဘုရားဖြစ်တဲ့နေ့ကစပြီး မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို တစ်ဝက်ယူတော့လို့ ပြောရုံပဲရှိမယ် (မှန်ပါ့) ဒီလို ရနိုင်ရဲ့လား (မရနိုင်ပါ ဘုရား)။
ကိုယ်လုပ်မှ ကိုယ်ရတယ်
အဲဒါတွေ ထောက်ကြည့်တော့ “ပစ္စတ္တံ ဝေဒိဘဗ္ဗော ဝိညူဟိ” ဟာ ဪ ကိုယ့်အရေးကိုယ်လုပ်မှ ကိုယ်ရတယ်ဟောတာ၊ သူတစ်ပါးလုပ်ရင် သူတစ်ပါးရတယ်ဟောတာ (မှန်ပါ့)။
ကိုယ်လုပ်ရင် (ကိုယ်ရပါတယ် ဘုရား) သူတစ်ပါးလုပ်ရင် (သူတစ်ပါး ရပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့က အကြင်လင်မယားရယ်လို့ ရှေးစကားပြောမနေနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အကြင်လင်မယားဆိုတော့ ရှေးစကားပြောတတ်တယ် (မှန်ပါ့) ကွာ အကြင်လင်မယား လျှာနဲ့ သွားဆို သလိုပေါ့။ မင်းလုပ်လည်း ငါရတာပဲ၊ ငါလုပ်လည်း (မင်းရတာပဲ) ကဲ အဲဒီလောကွတ်တွေ အကုန်ဖြုတ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီလောကွတ်တွေ ဘာလုပ်ရမလဲ (အကုန်ဖြုတ်ရပါမယ် ဘုရား)။
အဲဒါက ကာမာဝစရကုသိုလ်တော့ ရပါတယ်၊ မဟဂ္ဂုတ်ကုသိုလ်ဆိုရင်ပဲ မရတော့ဘူး (မှန်ပါ့) လောကုတ္တရာ ကုသိုလ်ဆိုရင် လုံးဝမရနိုင်ဘူး (မှန်ပါ့) အဲဒါ ကုသိုလ်မခွဲဘဲနဲ့ ပြောချင်တာ ပြောနေတာလို့ ဒကာကြွယ် မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီတရားမှာ ဒကာ ဒကာမတို့ တရားကို အဓိပတိထားသဖြင့်လည်း ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုသော ကြောင့် ကိုယ့်ဝီရိယ ပြင်းပြင်းထန်ထန်နဲ့ ကြိုးစားပါဆိုတာ တိုက်တွန်းလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ နာရီစေ့ပြီ၊ တော်ကြဦးစို့။
သာဓု သာဓု သာဓု။