11911

မာတိကာသို့

သုဂတိက နိဗ္ဗာန်သွားတဲ့နည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရား​ကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

(သုဂတိက နိဗ္ဗာန်သွားတဲ့နည်း)နေ့အလုပ်ပေး-တရားတော်

(၁၇-၉-၆၁) လူများလို့ ကျပ်တာလို့ အောက်မေ့ကြပေတော့နော် (မှန်ပါ့) နေရာကျဉ်းလို့ မဟုတ်ဘူး၊ ကျောင်းကြီးပေါ်လည်း ပြည့်နေတာပဲ၊ ဘေးကလည်းပြည့်၊ ဒီ့ပြင်တန်ဆောင်းတွေလည်း ပြည့်နေတယ်၊ သည်းခံနာကြ (မှန်ပါ့ ဘုရား)။

အရေးတကြီး မှာခဲ့တဲ့ဥစ္စာ

အားလုံး ဒကာ ဒကာမတွေကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရေးတကြီး မှာခဲ့တဲ့ဥစ္စာ ဘယ်လိုများ မှာခဲ့ပါသလဲဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ၄၅ ဝါအတွင်းမှာ ဟိုကြွရ-ဒီကြွရနဲ့ အသက်တမ်းကလည်း တိုတဲ့ဘုရား ဖြစ်နေတော့ စကားကို များများမပြောအားတော့ဘူး၊ တိုတိုနဲ့ အကျဉ်းချုံးပြီး သကာလ ဒီနေရာကြွဟောလိုက်၊ သေမည့်လူတွေ ရှိတယ်ဆို မသေခင် မြန်မြန်ကြွလိုက် (မှန်ပါ့) ဒါလောက် ကရုဏာတော်ကြီးနဲ့ ဖြစ်နေတော့ မအားမလပ် တဲ့ ကိုယ်တော်မြတ်ကြီးဟာ စကားများများပြောဖို့ အရေးဟာ အင်မတန်မှ ဒကာ ဒကာမတွေ ဝန်လေးပါလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီဝန်လေးတဲ့ ကိုယ်တော်ကြီးက သုံးဆယ့်နှစ်ကြိမ်တိုင်တိုင် စကားထပ်ပြောတယ် (မှန်ပါ့) သုံးဆယ့်နှစ်ကြိမ် တိုင်တိုင် စကားထပ်ပြောတာဟာဖြင့် အသက်တမ်း တိုတော်မူလို့ ဒါလောက် ပြေးလွှားပြီး ချွတ်နေတော်မူရတဲ့ ကိုယ် တော်ကြီး၊ စကားများများ မပြောအားတဲ့ ကိုယ်တော်ကြီး သုံးဆယ့်နှစ်ကြိမ်တိုင်တိုင် ပြောပြီး သကာလ ဒကာကြွယ် နေရတယ်ဆိုတော့ ခင်ဗျားတို့သိတဲ့အတိုင်း အတော်အရေးကြီးလို့ပဲဆိုတာ ဒကာ ဒကာမတွေ သေသေချာချာမှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီစကားသည် ဒို့အရေးတကြီး လိုက်နာရမည့်စကားဖြစ်သောကြောင့် ဒါလောက် အရေးတကြီး အသက် တမ်းတိုတော်မူတဲ့ဘုရားက စကားအများပြောတာပဲဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ကိုယ်တော်ကြီး အရေးကြီးတာကို ကျုပ်တို့က နှေးနေလို့ မဖြစ်ဘူး (မှန်ပါ့ ဘုရား)။

ကိုယ်တော်ကြီး အရေးကြီးတာကို ကျုပ်တို့ကနှေးလို့ (မဖြစ်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ယောင်ပေပေ ယောင်ချာချာနဲ့ သားနဲ့ပျော်, သမီးနဲ့ပျော်ဆိုတဲ့ အရေးတွေ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အင်မတန်မှ အရုပ်ဆိုးနေခြင်းကြောင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် မမေ့မလျော့ အောင်လို့ သုံးဆယ့်နှစ်ကြိမ်တိုင်တိုင် ခင်ဗျားတို့ကို မှာတော်မူတယ်ဆိုလိုရှိရင်ဖြင့် ဒီအရေးကို ဆရာဘုန်းကြီးကတစ်ဆင့် ဒကာ ဒကာမတွေ ပြောရသည်ဖြစ်လေသောကြောင့်၊ ဪ အရေးတကြီးလိုက် နာရမည့်တရား၊ ဒို့ဆရာဘုန်းကြီး က လိုက်နာရမှာပဲ ဆိုတာကို သာမညနားနဲ့ မထောင်ဘဲနဲ့ ဂရုတစိုက်ထောင်ပြီး သကာလ ဒကာ ဒကာမတွေ ယနေ့ ကြိုးစားကြပါဆိုတဲ့ ဥစ္စာကို တရားအကိုးအကားထားပြီး ကိုယ့်အရေးရယ်လို့ အကြီးဆုံးမှတ်ပြီး ထားစမ်းပါ (မှန်ပါ့ ဘုရား)။

ကိုယ့်အရေးကို အကြီးဆုံးထားလိုက်ပါ

ကိုယ့်အရေးကို အကြီးဆုံးမှတ်ပြီး ထားလိုက်စမ်းပါ (မှန်ပါ့) ကိုယ့်အရေးကို အကြီးဆုံးမှတ်ပြီးထားလိုက်ပါ ဆိုတဲ့ဥစ္စာ အသက်တမ်းကလည်း တိုတဲ့ဘုရား ဖြစ်ပါတယ်၊ ၄၅ ဝါအတွင်း အပြည့်အစုံဖြစ်အောင် အပြေးအလွှားဟော ရတဲ့ ဘုရားလည်း ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒီကြားထဲမှာလည်း သေကြေပျက်စီးသွားမှာတွေကိုလည်း မတရားသဖြင့် သေကြေပျက်စီးသွားပြီး ဆုံးပါးရှုံး ပါး ဖြစ်မယ်ဆိုရင် ငါရှိတုန်းမှာဖြင့် မျက်စိအောက်မှာ ဒုဂ္ဂတိအရောက်တော့ မခံနိုင်ဘူးဟေ့ဆိုပြီး ဒုဂ္ဂတိကကယ်တင် ရတာတစ်မျိုး (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ရေ ဘယ်ကို ကယ်တင်ရသလဲ (ဒုဂ္ဂတိကကယ်တင်ရပါတယ်) ဒုဂ္ဂတိက သုဂတိရောက်အောင် ဒကာသစ် ကယ်တင်ရတာတစ်မျိုး (မှန်ပါ့ ဘုရား) သုဂတိကနေပြီး သကာလ နိဗ္ဗာန်ကယ်တင်ရတာက (တစ်မျိုးပါ ဘုရား)။

ဪ တရားသည် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သူ့ရှေ့မှောက်မှာဖြင့် အပါယ်မရောက်စေနဲ့ဆိုပြီး ဒုဂ္ဂတိမရောက်အောင် ကယ်တင်ရတာကတစ်မျိုး (မှန်ပါ့) သုဂတိသို့ ရောက်သွားပြန်တော့လည်း ဒါတွေ ဒုက္ခသစ္စာကွ- သုဂတိသာဆိုရတယ်၊ သု-က, ကောင်းတာ၊ ဂတိ-က, လားရာ (မှန်ပါ့ ဘုရား)။

သို့သော်လည်း ခန္ဓာကြီးက ရှိနေပြန်တော့ မီးပုံကြီးနဲ့ အတူတူနေရတော့ ဒါလည်း တယ်မဟုတ်သေးဘူးကွ၊ ဒါလည်း ဒုက္ခစက်ရဟတ်မှ မပြတ်တဲ့သဘော ဖြစ်နေတယ်ကွ၊ ကယ်တင်ဦးမဟဆိုပြီး သကာလ သုဂတိက နိဗ္ဗာန်ပို့ တင်ရတာလည်း ဒကာသစ်ကိစ္စမနည်းလှဘူး (မနည်းပါ ဘုရား)။

နိဗ္ဗာန်ကယ်တင်မည့်တရား

အဲဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီနေ့ဟောမည့်တရားဟာ ဘာတရားပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေက သုဂတိရောက်ပြီးသား ပုဂ္ဂိုလ်တွေ (မှန်ပါ့) နိဗ္ဗာန်ကယ်တင်မည့်တရားလို့ မှတ်လိုက် ပါတော့ (မှန်ပါ့ ဘုရား)။

သုဂတိရောက်ပြီးသားပုဂ္ဂိုလ် ဘယ်ပို့ရမလဲ (နိဗ္ဗာန်ပို့ရပါမယ် ဘုရား)။

အဲဒါ့ကြောင့် ခင်ဗျားတို့က နောက်သုဂတိတွေ ဆက်မနေကြပါနဲ့ဆိုတာလည်း ကန့်ကွက်လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

နောက်သုဂတိတွေ (ဆက်မနေကြပါနဲ့ပါ ဘုရား) ဒီဘဝက စုတေမနေ သေလွန်ရဆိုတဲ့ ဒီအသွားတွေ၊ လူ့ပြည် နတ်ပြည် အကြိမ်ကြိမ်ခံစားဆိုတဲ့ သုဂတိတွေကို ဒုက္ခသစ္စာတွေ နာပြီးသား, ကြားပြီးသားဖြစ်နေသောကြောင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေက အို ဒီဟာတွေဟာ သုဂတိရောက်ပြီးသား ပုဂ္ဂိုလ်၏ အလုပ်မဟုတ်ပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုဂတိရောက်ပြီးသားပုဂ္ဂိုလ်၏ အလုပ် ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ဦးလှဘူးတို့ ကြပ်ကြပ်စဉ်းစားပါ၊ တရားနာနေတဲ့ပုဂ္ဂိုလ်တွေ ကြပ်ကြပ်စဉ်းစားပါ (မှန်ပါ့) ခင်ဗျားတို့ အခု ရောက်နေတာ သုဂတိပါပဲ (မှန်ပါ့) သုဂတိကနေပြီး သကာလ ဒီထက် မွန်မြတ်တဲ့ နိဗ္ဗာန်ကိုသာလျှင် ဂတိချုပ်ငြိမ်းရာ ကိုသာလျှင် သွားဖို့ အရေးကြီးပါတယ် (မှန်ပါ့) ဂတိကောင်းဖို့ ဆိုတာ မလိုပါဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဂတိကောင်းဖို့ ခင်ဗျားတို့ သဘောကျသလား (မကျပါ ဘုရား) ဂတိမှ ထွက်မြောက်ရေးကို သဘောကျကြပါ (မှန်ပါ့ ဘုရား)။

ဂတိမှ ထွက်မြောက်ရေး

ဘာသဘောကျစရာကောင်းသလဲ (ဂတိမှ ထွက်မြောက်ရေးကို သဘောကျစရာကောင်ပါတယ် ဘုရား)။

ဦးမာဒင် ဒါကို ကြပ်ကြပ်စဉ်းစားပါ (မှန်ပါ့) ကိုယ့်ကိုယ်တိုင် အခု တရားနာနေကြတဲ့ ဒကာ ဒကာမတွေ ဘယ်ဂတိရောက်နေပါလိမ့်ဗျာ (သုဂတိ ရောက်နေကြပါတယ် ဘုရား)။

သုဂတိဆိုတာ ဒါအစွမ်းကုန်ပဲဆိုတာ သိပြီဟုတ်လား (သိပါပြီ ဘုရား) ဘုရားပွင့်တဲ့နေရာ, သာသနာတွင်းလည်း ဖြစ်တယ်, အစားအသောက် အနေအထိုင်မှာလည်း လိုတ, ရတယ်ဆိုတာ ခင်ဗျားတို့ သုဂတိပါပဲ (မှန်ပါ့)။

သုဂတိဆိုတာ သုက- ကောင်းတာ၊ ဂတိက- လားခြင်း၊ ကောင်းသောဂတိရောက်နေတဲ့ ပုဂ္ဂိုလ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အစစ်အကောင်း မဟုတ်သောကြောင့် တစ်ခါ နိဗ္ဗာန် ကယ်တင်ပြန်တယ် ဆိုတာလည်း ခင်ဗျား တို့ သိတဲ့အတိုင်းပါပဲ (မှန်ပါ့)။

သုဂတိရောက်ပြီးသားပုဂ္ဂိုလ်

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သုဂတိရောက်ပြီးသားပုဂ္ဂိုလ်ဟာ သုဂတိပြန်ဆုတောင်းလို့ နတ် သုဂတိ, ဗြဟ္မာသုဂတိ ပြန်ပြီးဆုတောင်းမယ် ဆိုလို့ရှိရင်ဖြင့် ဪ အခုလောကမှာ ပြောဆိုနေကြတာ ဒီဇာတ်ထုပ် ပြန်ဖွင့်နေတာပဲ ဆိုသလိုကျနေတယ် (မှန်ပါ့) မဆိုးဝါးဘူးလားဗျာ (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါ့ကြောင့် ယခုယနေ့ ဉာဏ်ပေးပါတော့မယ် ဒကာ ဒကာမတို့ သုဂတိက နိဗ္ဗာန်သွားတဲ့နည်းကို ပေးလိမ့် မယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် သုဂတိက သုဂတိပြန်ရောက်ချင်သေးသလား (မရောက်ချင်ပါ) ရောက်ချင်ရင် ကိုယ့်ဉာဏ်မွဲလို့ မှတ်ပါ (မှန်ပါ့) ကိုယ့်ဉာဏ်ဘယ်လိုမွဲနေသတုံးဆိုတော့ ဪ သုဂတိကို အခုကိုယ်နေကြည့်လိုက်တယ် (မှန်ပါ့) သားပူ, သမီးပူ, ဆွေပူ, မျိုးပူ, မင်းပူတွေနဲ့ နေရတယ် (မှန်ပါ့ ဘုရား)။

အင်း သုဂတိဆိုတာ ဒကာ ဒကာမတို့ ကိုယ်ကိုယ်တိုင်နေကြည့်တော့ ရိပ်မိရောပေါ့ (ရိပ်မိပါပြီ) သားပူ, သမီးပူ, ဆွေပူ, မျိုးပူ, မင်းပူတွေမှ အကုန်ရှိကြရဲ့လား (ရှိပါတယ်) ဒါ သုဂတိခေါ်တာပဲ (မှန်ပါ့ ဘုရား)။

နတ်ပြည်ကျတော့လည်း နတ်မင်းနဲ့လာဦးမှာပဲ (မှန်ပါ့) နတ်အိမ်, နတ်ရာနဲ့ လာဦးမှာပဲ (မှန်ပါ့) အဲဒီ သုဂတိလည်း ဒီလိုနေလိမ့်မယ်ဆိုတာကော ယုံကြည်ပလား (ယုံကြည်ပါပြီ ဘုရား)။

ဓာတ်ပြားဟောင်းပြန်ဖွင့်ပြီးတော့ မနေပါနဲ့

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သုဂတိရှိနေပြီးသား ပုဂ္ဂိုလ်က ဓာတ်ပြားဟောင်းပြန်ဖွင့်ပြီးတော့ မနေပါနဲ့ဆိုတာ ရှေးဦးစွာ တောင်းပန်တယ် (မှန်ပါ့)။

ဦးမာဒင် တောင်းပန်တာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဟာ တပည့်တော်တို့က သုဂတိကိုဘုရား နောက်ထပ် ရချင်ပါသေးတယ်ဆိုရင် အခု သုဂတိဒုက္ခကို မမြင်သေးလို့ စုံလုံးကန်း အရမ်းပြောနေတာနဲ့ တကယ် တူပါကလား (တူပါတယ် ဘုရား) မတူကြဘူးလား (တူပါတယ် ဘုရား)။

သုဂတိနေကြည့်တော့ကို ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ အိုဘေးကြီးနဲ့လည်း အခု ရင်ဆိုင်နေတယ် (မှန်ပါ့) နာဘေးကြီးနဲ့ကော (ရင်ဆိုင်နေပါတယ် ဘုရား) သေဘေးကြီးနဲ့ကော (ရင်ဆိုင်နေရပါတယ် ဘုရား) သူခိုး ဘေး, သူဝှက်ဘေးနဲ့ကော (ရင်ဆိုင်နေရပါတယ် ဘုရား)။

အမယ်လေး ဒါသုဂတိတဲ့ ဒကာ ဒကာမတို့၊ ကိုယ်ကိုယ်တိုင် တွေ့ပြီးသား နောက်သုဂတိများ ရှာချင်သေး လို့ရှိရင်ဖြင့် ဒီအဆိပ်ပဲ ပြန်စားချင်တဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့ ဘုရား)။

ဒီအဆိပ်ပဲ (ပြန်စားချင်တဲ့ အဓိပ္ပာယ်ရောက်ပါတယ် ဘုရား) ဒါဖြင့် သုဂတိကနေပြီး တပည့်တော်တို့ ဒုက္ခခပ် သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ဘက်ပဲ ထွက်ပါတော့မယ်ဆိုတဲ့ စိတ်ထားနဲ့ တရားနာကြပါ (မှန်ပါ့)။

သုဂတိကနေပြီးတော့ (နိဗ္ဗာန်ဘက်ပဲ ထွက်ပါတော့မယ်ဆိုတဲ့ စိတ်ထားနဲ့ တရားနာရပါမယ်) နိဗ္ဗာန်ဘက် ထွက်ပါတော့မယ်ဆိုတဲ့ စိတ်ထားနဲ့ တရားနာပြီး သကာလ ကျင့်ကြပါဆိုတာကို သတိပေးလိုက်ပါတယ် (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး မှာတာကလေး ကိုယ်တော်မြတ်ကြီးသည် အသက်တမ်း ကလည်းတို၊ ဒီဘုရားထက်တိုတာ ဦးမာဒင် ရှာမတွေ့ဘူး (မှန်ပါ့)။

ဒီ့ပြင် မြတ်စွာဘုရားတွေမှာ သောင်းတမ်းပွင့်ကြ၊ သိန်းတမ်းပွင့်ကြနဲ့ ကျုပ်တိုပ မြတ်စွာဘုရားဖြင့် ၄၅ ဝါ ဘာမှမကြာဘူး (မှန်ပါ့) ကိုယ့်အသက်နဲ့ကိုယ် နေကြည့်စမ်းပါဦး၊ ခင်ဗျားတို့ ၄၅ နှစ်ကျော်တဲ့ ပုဂ္ဂိုလ်တွေ ဒီအထဲပါလာ ပြီ (မှန်ပါ့) နောက်က နေခဲ့ရတာတွေက ဘာဖြစ်လောက်သတုံး (ဘာမှ မဖြစ်လောက်ပါ ဘုရား)။

အဲဒီ မဖြစ်လောက်တဲ့အထဲမှာ အပြေးအလွှား အမောအပန်းခံပြီး သကာလ သူနဲ့ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အကုန် ကယ်တင်ယူဆောင်သွားရတဲ့ ဒုက္ခဟာ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

အဲဒါ့ကြောင့် ကိုယ်တော်မြတ်ကြီးသည်ကားလို့ ဆိုရင်ဖြင့် အင်မတန် အပင်ပန်းခံတော်မူတဲ့ ကိုယ်တော်ကြီး ဆိုတာ ခင်ဗျားတို့ မှတ်ရမယ် (မှန်ပါ့)။

သုံးဆယ်နဲ့ နှစ်ကြိမ်တိုင်တိုင်

အဲဒီ ဒါလောက်ပင်ပန်းတဲ့အထဲက သုံးဆယ်နဲ့ နှစ်ကြိမ်တိုင်တိုင် မင်းတို့ အရေးကြီးတာဖြင့် ငါမပြောမဖြစ်ဘူး ကွဆိုပြီး သုံးဆယ့်နဲ့ နှစ်ကြိမ်တိုင်တိုင် ဒကာကြွယ်ရေ ထပ်ပြီးဟောတယ် (မှန်ပါ့)။

ဒါဖြင့် ဒီစကားဖြင့် ဒကာ ဒကာမတို့ ထိပ်သံမှိုနဲ့စွဲ အမြဲမှတ်ရသလို ဪ အရေးကြီးတဲ့ အချက်ပဲဆိုတာ စဉ်းစဉ်းစားစားနဲ့ ခင်ဗျားတို့သည် အရေးကြီးတဲ့ အချက်မို့ အရေးတကြီး လုပ်ရတော့မယ်ဆိုတဲ့ဥစ္စာကိုဖြင့် ဆုံးဖြတ် ချက်ချပြီး နာရလိမ့်မယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ကောင်းပြီ အခုပြောမှာသည် ဒကာ ဒကာမတို့ ဘုရားအသက်တိုတဲ့အထဲမှာဖြင့် နှစ်ခွန်းမပြောဘဲနဲ့ တစ်ခွန်းတည်းနဲ့ ပြီးချင်တဲ့ကိုယ်တော်ကြီးက သုံးဆယ့်နဲ့ နှစ်ကြိမ်တိုင်တိုင် ဒကာ ဒကာမတွေ ကရုဏာပိုပြီး သကာလ ပြောတာသည် လောကွက်လို့ ဆိုမလား-ကရုဏာကြီးလွန်းလို့ဆိုမလား (ကရုဏာကြီးလွန်းလို့ပါ ဘုရား) ကရုဏာကြီးလွန်း လို့ လို့ သေသေချာချာ ဆိုကြပါနော် (မှန်ပါ့)။

အဲဒါကြောင့် ကရုဏာရှင် ကိုယ်တော်မြတ်ကြီးသည်ကားလို့ ဆိုရင်ဖြင့် မှားမှာ, တိမ်းမှာ, စောင်းမှာ ခုနင်က ပြောခဲ့တဲ့ မဟုတ်တဲ့ ဂတိတွေကို ထည့်ပြီးဆုတောင်းနေမှာ အင်မတန် စိုးရိမ်တယ် (မှန်လှပါ) အင်မတန် စိုးရိမ်တယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

တဏှာကြိုးဆွဲတဲ့ဆီကို

ခင်ဗျားတို့ကို ဘုန်းကြီးက ပြောချင်တာကတော့ တဏှာက မချုပ်သေးတော့ တဏှာကြိုးဆွဲတဲ့ဆီကို အင်း လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်ခံစားဆိုတဲ့ တဏှာကြိုးဆွဲခဲ့တဲ့ဆီချည်း ခင်ဗျားတို့က နှုတ်တက်နေတော့ ကံကလည်း တဏှာကို မကျော်နိုင်တဲ့ ကံဖြစ်နေလို့ စီမံချည်းပေးနေရတယ် (မှန်ပါ့)။

ဒါဖြင့် တဏှာ လက်ညှိုးညွှန်တဲ့နေရာ, ကံစီမံနေတဲ့နေရာ ကောင်းနိုင်ပါ့မလား (မကောင်းနိုင်ပါ ဘုရား) လက်ညှိုးညွှန်သမားက အယုတ်တမာတရား (မှန်ပါ့)။

အယုတ်တမာတရား လက်ညှိုးညွှန်ရာကို သူ့အစေခံ ကံကနေပြီး သကာလ လုပ်ပေးနေလို့ရှိရင်ဖြင့် လုပ်တဲ့ ပစ္စည်းဟာ အကောင်းဖြစ်မလား-အဆိုးဖြစ်မလားဆိုတာ ဒကာ ဒကာမတွေလည်း တွေးကြည့်ပါဦး (အဆိုးဖြစ်မှာပါ ဘုရား) သေသေချာချာ နားထောင်ပါ (မှန်ပါ့)။

သေသေချာချာ နားထောင်ပါ- ဦးမာဒင်တို့ သေသေချာချာ နားထောင်ပါ (မှန်ပါ့) တဏှာက လက်ညှိုးညွှန် နေတဲ့ သုဂတိ (မှန်ပါ့)။

အဲဒါ တဏှာ့လက်အောက်ခံကံက ခင်ဗျားတို့ ပြုထားတဲ့ ဒါနကံ, သီလကံ, သမထကံတွေက လိုက်ပြီး လုပ်ပေး ရရှာတယ် (မှန်ပါ့)။

ဒါဖြင့် ခေါင်းဆောင်က အရူးကိုးဗျ (မှန်ပါ့) ခေါင်းဆောင်က ကိလေသာဆိုတာ အရူး (မှန်ပါ့) ကိလေသာ အရူးနောက် ကိလေသာ အရူးခိုင်းသလို လုပ်ရတဲ့ ကံလက်သမားသည် ဒကာ ဒကာမတို့ အထည်ကောင်းဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဒါကို သေသေချာချာမှတ်ပါ (မှန်ပါ့) ဒကာ ဒကာမတွေက နှုတ်မတက်သင့်တာ နှုတ်တက်နေလို့ ဒီမျှလောက် ဆရာဘုန်းကြီးသည် ခင်ဗျားတို့အပေါ်၌ အမှားကြီးမှားပြီး အကျွံကြီး-ကျွံမှာစိုးလို့ သတိပေးနေတယ်ဆိုတာ သေသေ ချာချာ မှတ်ပါ (မှန်ပါ့)။

ရာဂရူးလို့ ခေါ်ပါတယ်

ဆုတောင်းခိုင်းတာ ဘုံဘဝဆုတောင်းခိုင်းတာက ဘယ်သူပါလိမ့် (တဏှာပါ ဘုရား) ဟာ တဏှာဆိုတာ ကိလေသာပါကလား-ကိလေသာဆိုတာ ရာဂုမ္မတ္တကကို ခေါ်ပါတယ် (မှန်ပါ့) ရာဂ-ဥမ္မတ္တက-ရာဂရူးလို့ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီ သူကနေပြီး ဆုတောင်းခိုင်းတော့ တဏှာနဲ့ တောင်းလိုက်ပါပြီဆိုတော့ လုပ်ပေးမှာက တဏှာလုပ်တတ် သလား၊ ကံကလုပ်ပေးရမှာလား (ကံက လုပ်ပေးရပါတယ် ဘုရား)။

ဒါဖြင့် အရူးခိုင်းတာကို လုပ်နေတဲ့ ကံ,လက်သမားဆောက်နေတဲ့ ခန္ဓာအိမ်ဖြင့် ဦးမာဒင် စဉ်းစားကြည့် အကောင်းမဖြစ်ဘူး (မဖြစ်ပါ ဘုရား)။

အကြောင်းအကျိုးဆက်ပြီး နားထောင်ကြည့်ပါ (မှန်ပါ့) ဒကာကြွယ် အခုပြောတာ နားလည်ရဲ့လား (နားလည်ပါ တယ် ဘုရား) ဆုတောင်းတာက အရူးတဏှာက ဆုတောင်းတယ် (မှန်ပါ့) သူ့နောက်ကလိုက်ပြီး လုပ်ပေးရတဲ့ ကံသည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အရူးစီမံသလို လိုက်နေတဲ့ ကံလက်သမားပြုပြင်တဲ့ အထည်ကို ဒကာသစ်က အကောင်းဖြစ်မလား အဆိုးဖြစ်မလားဆိုတာ စဉ်းစားစမ်း (အဆိုးဖြစ်မှာပါ ဘုရား)။

အဲဒါတွေ ဘုန်းကြီးတို့က နှစ်နှစ်ခြိုက်ခြိုက် ဒကာ ဒကာမတွေ သိစေချင်လို့ ခင်ဗျားတို့ ဘုံဘဝ ဆုတောင်းတာ ဟာ တဏှာရူးက ဆုတောင်းတာကို တဏှာစီမံတဲ့နောက်ကို ကောက်ကောက်လိုက်နေရတဲ့ ကံ,လက်သမားပြုပြင်တဲ့ ခန္ဓာဟာ ဒုက္ခသစ္စာမှတစ်ပါး ဘာမှမဖြစ်နိုင်ဘူး (မှန်ပါ့ ဘုရား)။

ဒကာသစ် ရိပ်မိရဲ့လား (ရိပ်မိပါတယ်) ဒီစကားဟာ အားလုံးနာကြတဲ့ ဒကာ ဒကာမတို့ သေးသေးသိမ်သိမ် မဟုတ်ဘူးလို့ အောက်မေ့ပါ (မှန်ပါ့)။

သို့သော် ခင်ဗျားတို့နားနဲ့ဖြင့် မကြိုက်-ကြိုက်ကြိုက် ဆရာဘုန်းကြီးပြောတာနဲ့ ဘုရားဟောကိုသာ အမှန်ယူ (မှန်ပါ့) ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ကိုယ်က အရူးမပျောက်သေးတဲ့ နားနဲ့ထောင်ရတော့ အရူးစိတ်ကလေးဟာ ငွေ့ငွေ့ကလေးပါနေသေးတယ် (မှန်ပါ့) မပါဘူးလား (ပါပါတယ်)။

ကိလေသာရူးက ဆင်ခြေထိုးတယ်

နိဗ္ဗာန်ကို ဗြုန်းခနဲလည်း ရမှာမဟုတ်ဘူး၊ အဲဒီလိုမရသေးတဲ့အခါ ကြားထဲများ၊ ဆင်းရဲများ ပိုနေချည်းမလား (မှန်ပါ့) အင်း ကိလေသာရူးက ဒကာ ဒကာမတို့ ဆင်ခြေထိုးတယ် (မှန်ပါ့ ဘုရား)။

ဘယ်သူက ဆင်ခြေထိုးပါလိမ့် (ကိလေသာရူးက ဆင်ခြေထိုးပါတယ် ဘုရား)။

အဲဒါတွေကိုလည်း ဪ ဒို့ကိလေသာက ဆင်ခြေထိုးတာ ဒို့အယူအကြံရှိဖို့ မလိုပါဘူး၊ သူ့ကိုက အရူးပါ လားလို့ ဆရာဘုန်းကြီးဟောထားပြီး (မှန်ပါ့)။

ဒီအရူးပြောတဲ့စကားဟူသ၍သည် သံသရာမှာ တဏှာဥပါဒါန် ကံ, ဇာတိ, ဇရာ, မရဏပဲ ရမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာက အရူးမဟုတ်လား (မှန်ပါ့) အင်း သူ့နောက်က ပေါ်လာတဲ့တရားက ဥပါဒါန်ဗျာ၊ သူ့နောက်က ပေါ်လာတဲ့ တရားက (ကံပါ ဘုရား) ကံကစီမံလိုက်တော့ ဇာတိ, ဇရာ, မရဏဆိုတော့ ခန္ဓာအထည်တွေပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဇာတိ, ဇရာ, မရဏဟာ ဒုက္ခသစ္စာလို့ ဆိုတာလည်း ဒကာ ဒကာမတွေ နားရည်ဝနေပြီ (မှန်ပါ့)။

အဲဒီတော့ ဒီဒုက္ခသစ္စာကို ဘယ်သူစီမံတာပါလိမ့်မတုံး မေးတော့မှ တဏှာအရူးစီမံရာကို ကံကလုပ်လို့ ဖြစ်ရတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တဏှာအရူးစီမံရာကို (ကံကလိုက်လုပ်လို့ ဖြစ်ရတာပါ) ကံက လိုက်လုပ်လို့ဖြစ်ရတော့ ကိုယ်ကိုယ်တိုင် လက်တွေ့ ပါလားဆိုတာကိုလည်း ခင်ဗျားတို့အခုရထားတဲ့ ခန္ဓာနဲ့ အကဲခတ်လိုက် (မှန်ပါ့ ဘုရား)။

ရထားတဲ့ခန္ဓာမှာ အိုဘေး, နာဘေး အပြည့်ရှိတယ် (မှန်ပါ့) မင်းဘေး, စိုးဘေး, သူခိုးဘေးကော (ရှိပါတယ် ဘုရား) ဒကာ ဒကာမတို့ အားလပ်ခွင့်ကို ရရဲ့လား (မရပါ ဘုရား)။

ကိုင်း ဒါဖြင့် ရထားတဲ့ခန္ဓာက သုဂတိတဲ့ဗျာ (မှန်ပါ့) နဂိုရ်က တဏှာအရူးစီမံရာကို ကံကလုပ်ပေးလို့ ကိုယ်က သုဂတိထင်ပြီး သကာလ လိုက်လာလိုက်တာ အခုတော့ ကိုယ်ကျိုးနည်းပါပေါ့လား (နည်းပါတယ် ဘုရား) အခု တွေ့ရ, ကြုံရတာ ကိုယ်ကျိုးနည်းနေပြီ (မှန်ပါ့) သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယောင်သည်ထက်များ ဆက်ယောင်ဦးမယ်ဆိုလို့ရှိရင်ဖြင့် ဒီ့ထက် အရှုံးတော့ မရှိတော့ဘူး (မှန်ပါ့) အင်မတန်စိုးရိမ်လို့ ပြောနေတဲ့စကားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဘာဖြစ်လို့ ဒါလောက်ပြောပါလိမ့် (အင်မတန်စိုးရိမ်လို့ ပြောပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဪ သုဂတိအကြောင်းဖြင့်ဘုရာ့ မပြောနဲ့တော့ ဘုရာ့ ကိုယ်ကိုယ်တိုင် သုဂတိ ရောက်ရပြီဘုရာ့ (မှန်ပါ့) ရောက်နေတော့ ကိုယ်ကိုယ်တိုင် ဒုက္ခပင်လယ်ဝေနေတာတွေလည်း ကိုယ်ကိုယ်တိုင် အတွေ့ပါ ဘုရား၊ တပည့် တော်တို့ နဂိုရ်က တဏှာအရူးစီမံရာကို ကံတွေအလုပ်ခိုင်းမိတဲ့အတွက် ကိုယ်ကိုယ်တိုင် ဒုက္ခပင်လယ်နေတာ မြင်သော ကြောင့် သုဂတိဟာလည်း အစစ်အကောင်း မဟုတ်ကြောင်းကို တပည့်တော်တို့ လက်တွေ့ဖြစ်ပါပြီ ဘုရားလို့ တရား တစ်ပွဲလုံးမှတ် (မှန်ပါ့) လက်တွေ့မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သွားချင်ကြသတုံးလို့ မေးတော့ သုဂတိနယ်၏ အဆုံး ဂတိဟူသ၍ အဆုံးပေါ့ဗျာ (မှန်ပါ့) ဘာဂတိမှ မလာတဲ့အဆုံးဖြစ်တဲ့ ဂတိတို့၏ ချုပ်ရာ, ငြိမ်းရာ, သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ်ရောက်ဖူးတဲ့ နေရာမကောင်းမှန်းသိသောကြောင့် သွားဖြစ်အောင် သွားပါဆိုတာ တရားမဟောမီ တိုက်တွန်းတယ် (မှန်ပါ့)။

ဒီစကားဟာ ဒကာကြွယ် သေးသေးသိမ်သိမ်လို့ မမှတ်လိုက်ပါနဲ့ (မှန်ပါ့) အလွန်အရေးကြီးတယ်ဆိုတာကို ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ကိုယ်တိုင်တွေ့မှ ဟုတ်ရဲ့လား ဒုက္ခတွေ့ (ကိုယ်တိုင်တွေ့ပါ ဘုရား)။

သူများက သုဂတိလို့ ပြောကြတယ် (မှန်ပါ့) ခင်ဗျားတို့ ကိုယ်တိုင်ရောက်ကြည့်တော့ (ဒုက္ခအပြည့်ပါ ဘုရား) ဒုက္ခပင်လယ်ဝေနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း နောက်တစ်ခါ ဆုတောင်းရင်ဖြင့် ဟုတ်လား ဖဲထီး အိုးမည်းသုတ်သလို မည်းဦးမယ် (မှန်ပါ့) မဆိုးဝါးပေဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဪ တဏှာအရူးက ဆုတောင်းခိုင်းတာကို ကံက လျှောက် လုပ်နေရတော့ အထည်ကောင်းမဖြစ်တာဟာ ခန္ဓာကြီး ကြည့်လိုက်သဖြင့် သိလောက်ပါပြီ (မှန်ပါ့ ဘုရား) မသိသေး ဘူးလား (သိပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နဲ့ ဦးမာဒင်ကိုက်ပြီ (မှန်ပါ့) တဏှာရူးတာကော သေသေချာချာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

လက်ညှိုးညွှန်ခိုင်းတတ်တဲ့ တဏှာရူးက စီမံတာကိုတော့ ကံကလည်း ဒီတဏှာကို မကျော်နိုင်တာနဲ့ သူခိုင်းတာ လုပ်ရတော့ အိုဘေး, နာဘေး ခန္ဓာကြီးလုပ်ချလိုက်တယ် (မှန်ပါ့) ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား)။

အဲဒါ သေသေချာချာ မှတ်တော့မှ ဪ ဒီအရေးဟာ ဆရာဘုန်းကြီး တရားမဟောသေးဘူး၊ ဒို့မျက်စိ လည်တဲ့ အရေးကို မလည်အောင် ဖြောင့်ပေးနေတာကိုးဆိုတာ ဦးမာဒင် ပေါ်ပြီဗျ (ပေါ်ပါပြီ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါမှမပေါ်ရင်ဖြင့် ထိပ်ချလို့ ဓားပြမှန်းသိတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး (မှန်ပါ့) ကိုယ်ကိုယ်တိုင် သုဂတိဆိုတာ ရောက် နေတဲ့ အထဲကနေပြီး ချမ်းသာတာ တစ်ကွက်ပါရဲ့လား (မပါပါ) ကဲ ဒါဖြင့် ရှင်းလောက်ပြီနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သုဂတိကိုတော့ဖြင့် မလိုချင်ကြပါနဲ့ (မှန်ပါ့) ဒကာကြွယ် ဘာတဲ့တုံး (သုဂတိဖြင့် မလိုချင်ကြပါနဲ့ ဘုရား) သုဂတိမလိုချင်ပါနဲ့၊ လိုချင်ရင် တဏှာပဲ (မှန်ပါ့) တဏှာဆိုတာ အကောင်းလား-အရူးလား (အရူးပါ ဘုရား)။

အရူးကိုဗိုလ်တင်မှဖြင့် ဒီပွဲတစ်ပွဲလုံးဟာဖြင့် ဒကာ ဒကာမတို့ အရုပ်ဆိုးချည်းဖြစ်တော့မယ် (မှန်ပါ့) မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အရူးစီမံရာကို ကံကလိုက်လုပ်ပေးနေမယ်ဆိုလို့ရှိရင် အထည်ကောင်း ဖြစ်-မဖြစ် (မဖြစ်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒီစကားနှစ်လုံးပဲ ဒို့သေပျော်တဲ့ တရားပါကလား ဆိုတာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါ တော်တော်နဲ့ ဒီအသံထွက်ဖို့ မလွယ်ဘူးနော် (မလွယ်ပါ ဘုရား) ဒကာကြွယ် စဉ်းစားစမ်း ဒီဥစ္စာထွက်ဖို့ လွယ်ပါ့ပလား (မလွယ်ပါ ဘုရား)။

အခုတော့ဖြင့် စကားသုံးတာကိုလည်းကြည့်ပါ၊ တရားမှန်တာကိုလည်း ကြည့်ပါ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်မှာ တဏှာခေါင်းဆောင်တော့ ဥပါဒါန်ကံတွေက နောက်လိုက်ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် တဏှာခေါင်းဆောင်ရာ ကံကမလုပ်ရဘူးလား (လုပ်ရပါတယ်) ကံကလုပ်ရတော့ တဏှာအရှင်သခင် ကြီးကိုက အရူးလား, အကောင်းလား (အရူးပါ) အရူးစီမံတာကို ကံလက်သမားက ခန္ဓာအိမ်ဆောက်ရမယ် (မှန်ပါ့ ဘုရား)။

အရူးစီမံရာကို (ကံလက်သမားက ခန္ဓာအိမ်ဆောက်ရပါမယ် ဘုရား) ခန္ဓာအိမ်ဆောက်ရတော့ အရူးစီမံတဲ့ ခန္ဓာအိမ်, အရူးအုပ်ချုပ်တဲ့ ခန္ဓာအိမ်ကို ဘယ်လက်သမားလုပ်လုပ် အရူးလက်အောက်ခံဖြစ်တဲ့ လက်သမား အရူး အာဏာကို မလွန်ဆန်နိုင်ဘူးဆိုရင် ဒီခန္ဓာအိမ် ကောင်း-မကောင်း စဉ်းစားပါ (မကောင်းပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ တစ်နေ့မှ မအားဘူး၊ သုသာန်သွားရတာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေက ဘာတဲ့တုံး (တစ်နေ့မှ မအားပါဘုရား သုသာန်သွားရတာ) ထိုင်နေရင်းတောင် အခု သုသာန်သွားနေတယ် (မှန်ပါ့) ထိုင်စ,ကထက် အခုသုသာန်ဘက်နီးနေပြီ (နီးပါပြီ) ကဲ အရူးစီမံထားတဲ့ ခန္ဓာကိုယ် ကြီးဟာ ကောင်းတဲ့ဆီသွားသလား-ဆိုးတဲ့ဆီသွားနေသလား (ဆိုးတဲ့ဆီ သွားနေပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ ခြေသွက်သွက်နဲ့ သုသာန်ဘက်ချည်း သွားနေရပါလိမ့်မတုံးဆိုတော့ မှားခဲ့ပေါ့ဘုရား (မှန်ပါ့) အရူးစီမံတာ ခန္ဓာအိမ်ကြီး ဆောက်လို့ အကောင်းလားမှတ်တယ်၊ သုသာန်သွားရတာချည်း ဖြစ်နေတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

နောက် ဘယ်ဂတိများလားချင်သေးတုံးလို့ ဒကာ ဒကာမတွေမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (ဘယ်ဂတိမှ မလားချင်ပါ ဘုရား)။

ကြပ်ကြပ်စဉ်းစား၊ ဒါက နိဗ္ဗာန်ကိုလိုချင်အောင် ပြောနေရတဲ့တရားပါပဲ (မှန်ပါ့) ဒီတဏှာ ပဋိစ္စသမုပ္ပါဒ် မပြတ်လို့ရှိရင် ကံပဋိစ္စသမုပ္ပါဒ်တွေသည် ကြိုက်သလိုစီမံလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာကြိုက်သလို ကံစီမံလိမ့်မယ် (မှန်ပါ့) တဏှာကြိုက်သလို ကံစီမံတဲ့ ခန္ဓာဟူသ၍သည် ဒကာ ဒကာမတို့ အိုဘေး, နာဘေး, သေဘေး လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ နဂိုရ်ကမှားချက်ကဖြင့် အလွန်ပြင်းထန်တယ် (ပြင်းထန်ပါတယ် ဘုရား)။

ဦးမာဒင် ဘယ့်နှယ်ဆိုပါ့မလဲ (မှားချက် အလွန်ပြင်းထန်ပါတယ်) ဒကာသစ် သေသေချာချာပဲနော် (မှန်ပါ့) အခုကို ဒကာသစ် ဣန္ဒြေရရနေလို့ ရရဲ့လား (မရပါ) စောင်းရတာနဲ့ ရွဲ့ရတာနဲ့ ကျင်ကြီးစွန့်ချင်ရတာနဲ့ ကျင်ငယ်စွန့် ချင်ရတာနဲ့ သားပူ, သမီး, ဆွေပူ, မျိုးပူကပ်ရတာနဲ့ မီးလောင်ခံပြီး သကာလ အမြဲနေရတဲ့ ခန္ဓာကြီးကို အရူးစီမံလို့ ကံလက်သမား ဆောက်လိုက်တာ၊ ကိုယ်ကျိုးနည်းနေပါပေါ့လား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တဏှာရူး စီမံသောကြောင့် ကံလက်သမားသည် သူ့ဩဇာမလွန်ဆန်နိုင်သောကြောင့် ကံကလည်း ဦးမာဒင် တဏှာဩဇာခံဖြစ်နေတော့ ကြိုက်သလို စီမံရမယ် (မှန်ပါ့ ဘုရား) ဘာ့ကြောင့်တုံးဆိုတော့ လမ်းမှာပြောခဲ့သလို ခုနင်က သင်္ကန်းကပ်တုန်းက ပြောခဲ့သလို အာသဝစီမံရာကိုလုပ်နေတာကိုးဗျ (မှန်ပါ့) ကာမာသဝစီမံရာ သဘောကျပ လား (ကျပါပြီ ဘုရား)။

တဏှာဟာ ကာမာသဝ၊ သဘောကျပလား (ကျပါပြီ) ဘုံဘဝတောင့်တပြန်တော့ ဘဝါသဝ (မှန်ပါ့) သူစီမံရာ လုပ်နေရတော့ သူစီမံရာ ကံကလုပ်နေရတော့ ကဲ ဒကာသစ်ပဲ ဆုံးဖြတ်ချက်ချပါ၊ ဒီခန္ဓာအိမ်ကောင်း-မကောင်း (မကောင်းပါ ဘုရား)။

သူ့ကို ဘယ်သူလုပ်ပါလိမ့်မတုံးဆိုတော့ ကံကလုပ်တာ (မှန်ပါ့) ကံကို ဘယ်သူအုပ်ချုပ်နေသတုံး စဉ်းစားပြန် တော့ (တဏှာက အုပ်ချုပ်ပါတယ်) တဏှာက အာသဝဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာကြွယ်တို့ ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ဒီနယ်မှ ကျွတ်ရေး, လွတ်ရေးကိုသာ အရေးထားပြီး တပည့်တော် တို့ကို အရှင်ဘုရားသည် လမ်းကောင်းပြတော်မူပါဆိုတာ ခင်ဗျားတို့ တစ်ပွဲလုံးက လျှောက်ဖို့အချိန်ရောက်ပြီ (မှန်ပါ့) မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)။

ရောက်ပြီတဲ့ ရောက်ပြီ-ရောက်ပြီနော် (မှန်ပါ့) ရောက်ပါပြီ ဒကာကြွယ်ရာ မျက်စိလည်တော့ဖြင့် ပျောက်ကြ ပါတော့ (မှန်ပါ့) မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား)။

အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာတော်မူတယ်၊ “ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ၊ မာပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ၊ အယံ ဝေါ အမှာကံ အနုသာသနီ” ဆိုပြီး မှာတော်မူခဲ့တယ် (မှန်ပါ့ ဘုရား)။

ဘိက္ခဝေ=ငါ၏ချစ်သားတပည့်များတို့၊ ဈာယထ=ဝိပဿနာလုပ်ကြကွ (မှန်ပါ့) မာပမာဒတ္ထ=သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့မနေနဲ့ကွ (မှန်ပါ့ ဘုရား)။

ဘာနဲ့ မေ့မနေတဲ့လဲ (သားရေး-သမီးရေး-စီးပွားရေးနဲ့ မေ့မနေပါတဲ့ ဘုရား) ဪ ခင်ဗျားတို့ကလည်း နဂိုရ်က တရားတေ့ နာမလို့စိတ်ကူးတာပဲ၊ အားလည်းထုတ်မလို့ စိတ်ကူးတယ်၊ ကိစ္စကလေးတွေက မပြီးသေးလို့ဆို တော့ သားရေး-သမီးရေး-စီးပွားရေး ခင်ဗျားတို့က ဆင်ခြေလဲတာပဲ (မှန်ပါ့) မလဲဘူးလား (လဲပါတယ် ဘုရား)။

မြတ်စွာဘုရားက မာပမာဒတ္ထ=သားရေး-သမီးရေး-စီးပွားရေးကြောင့် မေ့မနေနဲ့ကွ၊ ကိုယ်တော်ကြီးကတော့ လည်း မှာရှာတယ် (မှန်ပါ့) ခင်ဗျားတို့က ဘယ်နေ့တော့ မအားသေးဘူး၊ ဘယ်နေ့ ဘယ်ကိစ္စကလေးကြောင့်၊ ဘယ်နေ့ ဘယ်သမီးကလေးကြောင့်၊ ဘယ်နေ့ ဘယ်သားအတွက်ကြောင့်၊ ဘယ်နေ့ကျတော့ ကိုယ့်ဝမ်းရေးကြောင့်ဆိုပြီး ဒကာ ဒကာမတွေက ကြောင့်တွေများပြီး သကာလ အင်း ဆင်ခြေလဲနေလိုက်တာ (မှန်ပါ့ ဘုရား)။

ဟိုမှာ ပြောရတဲ့ကိုယ်တော်ကြီးကလည်း နှစ်ခွန်းတောင် မပြောချင်ဘူး၊ သနားလွန်းလို့ သုံးဆယ့်နဲ့ နှစ်ကြိမ် တိုင်တိုင် ပြောနေရတဲ့အထဲ ခင်ဗျားတို့ကများ ဆင်ခြေလဲနေသေးတယ်ဆိုသဖြင့် ဪ ကိုယ်တော်ကြီး ကရုဏာ ကို ခင်ဗျားတို့ အလကားလုပ်ပစ်တာနဲ့ အတူတူပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အရေးရှိတော့ ကယ်တော်မူပါ၊ ကယ်တော်မူပါနဲ့ (မှန်ပါ့) အရေးရှိတော့ “ဗုဒ္ဓံသရဏံဂစ္ဆာမိ” နဲ့၊ အံမာ ဒကာ ဒကာမတွေက အရေးရှိ ဆေးတောင်း လာကြတယ် (မှန်ပါ့) ဒကာကြွယ် မလာဘူးလား (လာပါတယ် ဘုရား)။

ခုနင်က ပြောခဲ့တဲ့ မမေ့နဲ့ကွ သားရေး, သမီးရေး, စီးပွားရေးကြောင့် မမေ့နဲ့ဆိုတဲ့ စကားကျတော့ ကိစ္စကလေး က မပြီးသေးလို့တဲ့ (မှန်ပါ့) ဦးမာဒင် ဘာလုပ်တာတုံး ခင်ဗျားတို့ဟာတွေက လွန်လွန်းတယ် (မှန်ပါ့) မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒကာသစ် စဉ်းစားစမ်းပါ၊ ဘုရားကလည်း မာပမာဒတ္ထ=သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့မနေနဲ့တဲ့၊ ဒကာကြွယ် မမှာဘူးလား (မှာပါတယ်) သားရေး, သမီးရေး, စီးပွားရေးကို ချိတ်ထားကွ၊ မင်းအရေး အင်မတန်ကြီး နေတယ်လို့ ပြောတာ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒါကို ခင်ဗျားတို့က နှစ်ခွန်းမပြောတဲ့ ကိုယ်တော်ကြီး သုံးဆယ့်နှစ်ကြိမ်မှာတယ် ဆိုပေမယ့်လည်း လူဆိုတော့ တယ်ခက်တယ်တဲ့၊ အင်း ကိုယ့်ဟာကိုယ် ဗျာဒိတ်ပေးနေတယ် (မှန်ပါ့) ကိုယ့်ဟာကိုယ် ဗျာဒိတ်ပေးတာက သူခက်တဲ့ ဆီသွားတော့မယ် ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အတော်ဆိုးတဲ့ ဒကာ ဒကာမတွေဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါ ခင်ဗျားတို့ အပြစ်တင်တာလား-ဆုံးမတာလား (ဆုံးမတာပါ) ဘုရားဆုံးမတာလို့ မှတ်ပါ၊ ဘုန်းကြီးကတော့ ဘုရားထင်ရှားမရှိတော့လို့ ဓမ္မက္ခန္ဓာတွေကို ဆရာတင်ပြီး သကာလ ဘုရား၏ ကိုယ်စားလှယ်အဖြစ်နဲ့ ပြောနေရတယ် (မှန်ပါ့) ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။

မင်းတို့မတွေ့ရမည့်ကိစ္စဖြင့် ငါမပြောပါဘူးကွာတဲ့၊ သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့မနေကြနဲ့ဆိုတာ ငါမပြောပါဘူးတဲ့ (မှန်ပါ့)။

အခုတော့ မင်းတို့တွေ့ရမည့်ကိစ္စက သေရာ ညောင်စောင်းဆိုတဲ့ ခုတင်ပေါ်မှာ လျောင်းရဦးမှာကွတဲ့ (မှန်ပါ့ ဘုရား) ဒီအထဲ သေရာညောင်စောင်း မလျောင်းရမည့်ပုဂ္ဂိုလ်များ ပါသေးသလား (မပါပါ ဘုရား)။

အဲဒီအချိန်ကျလာတော့ကွာတဲ့၊ မင်းတို့ကလည်း ဝိပဿနာကို လုပ်မထား၊ သားရေး, သမီးရေး, စီးပွားရေးနဲ့ အချိန်ကုန်တဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတော့ ငရဲနိမိတ်တွေက မီးဟုန်းဟုန်း-ဟုန်းဟုန်းနဲ့ အသက်မထွက်ခင် ဝိညာဏ်မချုပ် ခင် မြင်နေရတယ် (မှန်ပါ့ ဘုရား) ခွေးနက်ကြီးတွေက လာဆွဲတာလည်း (မြင်နေရပါတယ် ဘုရား) တောင်ကြီးတွေ, ကြားကြီးတွေ, ချောက်ကြီးတွေကော (မြင်ရပါတယ် ဘုရား) ဪ ကိုယ်ကျိုးနည်းပြီလို့ မင်း အဲဒီကျမှ မျက်ရည် ကျမယ်တဲ့ (မှန်ပါ့)။

ဒါ မသေခင် လူတိုင်းမြင်ရမယ်၊ ဝိပဿနာအလုပ်လုပ်မထားတဲ့ ပုဂ္ဂိုလ်များနော် (မှန်ပါ့) တယ်လည်း ကြောက် စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ တရားပွဲတွင်သာ မကြောက်လိုက်ပါနဲ့ (မှန်ပါ့ ဘုရား) အမြဲတမ်းကြောက်ပြီး ဝိပဿနာလုပ် လိုက်ပါ (မှန်ပါ့)။

ခင်ဗျားတို့က ခင်ဗျားတို့ချင်း တွေ့တဲ့အခါကျတော့ ပြုံးကာ မဲ့ကာနဲ့ ရှေးအကြောင်းကလေး ကျုပ်ပြောပါရစေ ဦး၊ ကျုပ်ဖြစ်စဉ်ကလေး နားထောင်စမ်းပါဦး၊ ကောင်းတာကလေး ပြောချင်လို့ ကောင်းတိုင်ပင်, ဆိုးတိုင်ပင် ခင်ဗျားပဲ ရှိတာပါပဲနဲ့ လုပ်မနေစမ်းနဲ့၊ အတော်ရှုပ်တဲ့လူတွေ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အတော့်ကို ဒကာ ဒကာမတွေက ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း မမေ့နဲ့ သားရေး, သမီးရေး, စီးပွားရေး ထည့်စဉ်းစားမနေနဲ့ကွ၊ မင့်အရေး အင်မတန်ကြီးနေပြီဆိုပြီး သကာလ မအားမလပ်တဲ့အထဲက မှာတာ (မှန်ပါ့)။

ဒီအထဲကပဲ ခင်ဗျားတို့က ခင်ဗျားတို့ချင်း မီးမှုတ်တဲ့ဥစ္စာ အရေးတကြီးလုပ်နေတာ (မှန်ပါ့ ဘုရား) မဆိုးဝါး ဘူးလား (ဆိုးဝါးပါတယ် ဘုရား) ဒကာကြွယ် နှာခမ်းပဲ့ချင်း မီးမှုတ်တာ မကောင်းဘူးနော် (မကောင်းပါ ဘုရား)။

ကိုင်း ဒါနဲ့ မာပမာဒတ္ထ= သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့လျော့ပေါ့ဆ၍ မနေလိုက်ပါနဲ့၊ ပ စ္ဆာ= သေရာ ညောင်စောင်း လျောင်းစက်တဲ့အခါကာလကျမှ သေရတော့မယ်ဆိုတော့မှ ဆရာဝန်တွေ လက်လွှတ်, ဗမာဆရာတွေ လက်လွှတ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ်မထင်၊ အဲဒီအချိန်ကျတော့ ငရဲသွားမည့်ပုဂ္ဂိုလ်ဖြင့်လည်း ငရဲမီးတွေ ဟုန်းဟုန်းတောက်နေတာကို သူ့စိတ်ထဲ မြင်လာတယ် (မှန်ပါ့) သေပလား (မသေသေးပါ ဘုရား)။

ဒကာ ဒကာမတို့ မသေခင်နော် (မှန်ပါ့) အင်း တယ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ကာကွယ်ပေးမည့်တရားကို ကျုပ်တို့က သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့ခဲ့သကိုးဗျ (မှန်ပါ့) မေ့လို့ ဒီနိမိတ်ထင်လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မေ့လို့ဘာတုံး (ဒီနိမိတ်ထင်လာတာပါ ဘုရား) တိရစ္ဆာန်ဘုံသွားမှာဖြင့်လည်း တိရစ္ဆာန်တွေမြင်ရ, ပြိတ္တာဘုံသွား မှာဖြင့်လည်း တောင်ကြီးတွေ၊ ချောက်ကြီးတွေ၊ ကြားကြီးတွေမြင်ရ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) စုတေစိတ် ရောက်ပလား (မရောက်သေးပါ ဘုရား)။

ရော ဒကာ ဒကာမတို့ ကိုယ်သွားရမည့်လမ်း ကိုယ်အစောကြီးက သိရပါကလား (မှန်ပါ့)။

အဲဒီကျတော့ အမေ့ကြီးမေ့ခဲ့တာဖြင့် ငါးပါးမှောက်ပေါ့ (မှန်ပါ့) အမေ့ကြီးမေ့ခဲ့တာ ငါးပါးမှောက်ပေါ့ဆိုပြီး တော့ ခေါင်းအုံးပေါ်မှာ ဒကာသစ်နှယ် မျက်ရည်စီးကျတယ် (မှန်ပါ့) ဝိညာဏ်မချုပ်သေးဘူးနော် (မှန်ပါ့) ဒါ- ခင်ဗျားတို့ တွေ့ရမည့်လမ်းပါ (မှန်ပါ့)။

ဒကာ ဒကာမတွေ ပေါ့တော့တော့မလုပ်ပါနဲ့ ဘုရားက အင်မတန်အရေးကြီးလို့ မှာတော်မူတယ်ဆိုတာလည်း ခင်ဗျားတို့ သိလောက်ပါပြီ (မှန်လှပါ)။

ဒီအထဲကနေပြီး သကာလ ခင်ဗျားတို့က ဆင်ခြေများပြီး သကာလ နေတာဟာ ဦးမာဒင် လုံးဝမတော်ဘူး (မှန်လှပါ ဘုရား)။

ဆင်ခြေများနေတာ (လုံးဝမတော်ပါ ဘုရား) လုံးဝမကောင်းပါဘူးတဲ့၊ ဘုရားကလည်း ဟောရှာသားလို့ စကားချီ လာရင်တော့ ဆင်ခြေလာတော့မလို့ (မှန်ပါ့) ဘုန်းကြီးကလည်း သတိပေးရှာသားဆိုရင်တော့ (ဆင်ခြေလာတော့မလို့ ပါ ဘုရား) ဆင်ခြေလာတဲ့အသံဗျ၊ လမ်းခင်းတာ ဒီဥစ္စာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့ အသွားတွေကဖြင့်ဗျာ-မလုပ်တော့ဘူး ပြောမည့် အသွားဆိုရင် လမ်းကလေး ရှေ့ကခင်းလိုက်သေး တယ် (မှန်ပါ့ ဘုရား) ဘယ်သူက ခင်းတာတုံးမေးတော့မှ တဏှာက ခင်းတာ (မှန်ပါ့)။

နို့ ဘုန်းကြီးမေးရင် ဒီလိုပြောတာပေါ့ကွာ၊ ဘုရားကိုလည်း မင်းမစွန့်နဲ့ကွ၊ သူပြောတာလည်း ဟုတ်သား ပဲ လိုက်လိုက်၊ ပြီးတော့မှ မင်းထင်ရာသွား (မှန်လှပါ)။

အမယ်လေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မလွန်လွန်းဘူးလား ခင်ဗျားတို့ဟာ (လွန်လွန်းပါတယ် ဘုရား) အရေးရှိတော့ ကယ်တော်မူပါ ကယ်တော် မူပါနဲ့ အရွဲ့ကလေတိုက်တဲ့ဥစ္စာကျတော့ ခင်ဗျားတို့က ခပ်ဖုံးဖုံးတိုက်ချင်လို့ ဒကာကြွယ် ကောင်းပါ့မလား (မကောင်း ပါ ဘုရား) ဒါ ဆုံးမနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ)။

တရားထဲမှာ စကားထည့်ပေးနေတာဟာ ခင်ဗျားတို့ မတွေ့ရမည့်ကိစ္စကို ထည့်တာမဟုတ်ပါဘူး (မှန်ပါ့) တွေ့ရမည့်ကိစ္စကို ကိုယ်တိုင်ကြုံရမည့်ကိစ္စဖြစ်နေလို့ ဒကာသစ်တို့၊ ဦးမာဒင်တို့ ဒါလောက် ပြောရခြင်းဖြစ်ပါတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် အဲဒီအချိန်ကျတော့ ဒကာ ဒကာမတို့ အိပ်ရာပေါ် ပက်လက်ကလေး ဆရာဝန်တွေကလည်း မထင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ်တိုင်မထင်တော့ဘူး (မှန်ပါ့) ဘေးကဟာတွေလာလည်း ရေကလေး သောက်ဦးမလား၊ အစာကလေး ဘာကလေးများ အလိုရှိသေးသတုံး၊ ကိုယ်ကလည်း ကောင်းကောင်း မကြားတော့ဘူး (မှန်ပါ့ ဘုရား) ဒီအချိန်မှာ ကိုယ်သွားရမည့်လမ်းကို မြင်နေတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်း ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒီအချိန်မှာ ဒါတွေမြင်ရပါလိမ့်မတုံးဆိုတော့ “ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ” ကို လက်လွတ်ခဲ့လို့ (မှန်ပါ့)။

ဘိက္ခဝေ= ရဟန်းတို့၊ ဈာယထ= ဝိပဿနာရှုကြ၊ မာပမာဒတ္ထ= သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့မနေနဲ့ဆိုတဲ့ စကားကို မေ့ပစ်လိုက်တယ် (မှန်ပါ့)။

အဲဒါကြောင့် သေခါနီးမှာ အကြီးအကျယ်မျက်ရည်ကျတဲ့ ဒုက္ခလာတွေ့တယ် (မှန်ပါ့)။

ပြုံးမသေနိုင်ဘူးဗျ၊ မဲ့သေရတော့မယ်၊ ကြောက်တဲ့လူ မျက်နှာနဲ့ သေရမှာကိုးဗျ (မှန်ပါ့)။

ကိုင်း အဲဒီကျတော့ ခင်ဗျားတို့ ချစ်လှစွာသောသား ဒီဂရီကလေးတောင်မှ နည်းနည်းလိုတာကလေး စောင့်ဆိုင်းနေတာ ကျောင်းထားလို့ (မှန်ပါ့)။

သူတို့အတွက်ကြောင့် ကိုယ်အရေးကြီးနေတာပါ၊ နို့မဟုတ်ရင် ကိုယ့်အလိုတော့ဖြင့် ယခုအချိန် ကျောင်းကန် ဘုရားနဲ့ နေဖို့ပါပဲ၊ ဘာနဲ့ညာနဲ့ ခင်ဗျားတို့က ရှုပ်လိုက်တာလည်း လွန်လို့ ဘာမှန်းတောင်မသိဘူး (မှန်ပါ့) ဘာမှလည်း မဟုတ်ဘူး၊ ပြီးတော့လည်း ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာမှမဟုတ်ဘူး၊ ကိလေသာ ဆင်ခြေလည်းနေတာပဲ၊ ဘုန်းကြီးကတော့ ဒါကို တစ်ထစ်ချယူလိုက်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် ဘယ်သူက ဆင်ခြေလဲတာတုံး (ကိလေသာက ဆင်ခြေလဲတာပါ ဘုရား)။

ဒီနေ့ တရားနာပျက်သွားတယ်ဘုရား၊ အားထုတ်ကလေးလည်း ပျက်သွားတယ်၊ ဘာတုံး မကင်းတရား ကလေး (မှန်ပါ့) ဘာမကင်းတာတုံး ပြောပါဦး၊ တဏှာဝင်လာလို့ ဘုရား၊ တိုတိုလျှောက်ပါ (မှန်ပါ့)။

မကင်းတရားဆိုတာ ဘယ်သူက မကင်းတာတုံး (တဏှာက မကင်းတာပါ) တဏှာက မကင်းတာကို ခင်ဗျားတို့ က လူကြားထဲ ဧည့်ခံစကားပြောနေတယ် (မှန်ပါ့) တဏှာဆိုတာ ဘေးချိတ်ထားရမှာ အယုတ်တမာတရား (မှန်ပါ့)။

ခင်ဗျားတို့က ဒါနဲ့ ဧည့်ခံနေတယ် (မှန်ပါ့) ဒကာကြွယ် သာဆိုးထင်ပါရဲ့ (မှန်ပါ့) ဒီလိုများ ဧည့်ခံဖူးသေး သလား (ခံဖူးပါတယ်) ဦးမာဒင်ကြီးကော ဧည့်ခံဖူးသေးသလား (ခံဖူးပါတယ်) အမယ်လေး ကြောက်စရာတွေ ပါလားဗျ (မှန်ပါ့)။

ကျုပ်ဟာ ဒီဥစ္စာကို ဇွဲနဲ့ မဲ့နဲ့ လုပ်နေတာဗျ၊ တကယ့်မကင်းတရားကလေးက ဝင်ရှုပ်နေတယ် (မှန်ပါ့ ဘုရား) မကင်းတရားကလေးက ဝင်ရှုပ်နေတယ်ဆိုတော့ ဦးမာဒင်တို့လို, ဒကာကြွယ်တို့လိုက ဪ ဒီလိုပေါ့ဗျာ မကင်း သေးတော့တဲ့ (မှန်ပါ့)။

အင်း ဟိုက ထောက်ခံချက်ပေးလိုက်တယ် (မှန်ပါ့) အပါယ်စုံတွဲသွားမလို့ (မှန်ပါ့) သူ့ဟာက ဒီကျအောင် ဆိုးဝါးနေတာ (မှန်ပါ့) မဆိုးဝါးပေဘူးလား၊ ကဲ (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါ မိန်းမချင်းတိုင်ပင်လည်း ဒီအတိုင်းပါပဲ၊ ဟုတ်တယ် သူတော်ကောင်းအလုပ်ကို ကျုပ်လည်း စိတ်ရှိတယ်၊ ရှင်တို့လည်း စိတ်ရှိတာပဲ၊ ရှိပေမယ့် ဘု, စု, ခရုတွေက တယ်များတယ်၊ အင်း လာပြီ (မှန်ပါ့) ကျုပ်တို့လည်း ငယ်ငယ်တုန်းက ဒီလိုနေခဲ့ရတာပဲ၊ အင်း အပါယ်သွားဖို့ ညှိကြပြီ (မှန်ပါ့)။

ဘာလုပ်တာပါလိမ့် (အပါယ်သွားဖို့ ညှိတာပါ ဘုရား) အင်း ခေါင်းအုံးပေါ် မျက်ရည်ကျချင်လို့ (မှန်ပါ့) ခေါင်းအုံးပေါ်မျက်ရည်ကျတော့ ကြည့်တဲ့လူက ပညာရှိလား၊ ကိုယ်လိုလူပဲလား (ကိုယ်လိုလူပါပဲ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်စမ်းပါလား၊ တစ်သိန်းသေလို့ သုဂတိတစ်ယောက် မရောက်ဘူး ကွ၊ နိဗ္ဗာန်အသာထားဦးတဲ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ဘုရားက သုံးဆယ်နဲ့ နှစ်ကြိမ်တိုင်တိုင် သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့မနေနဲ့၊ မြန်မြန်ဝိပဿနာရှုလိုက်ကွ (မှန်ပါ့) မမှာဘူးလား (မှာပါတယ် ဘုရား) သုံးဆယ်နဲ့ နှစ်ကြိမ် မှာတာနော် (မှန်ပါ့ ဘုရား)။

မာပမာဒတ္ထ= သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့မနေကြနဲ့၊ ပစ္ဆာ= သေရာညောင်စောင်း လျောင်းစက် တဲ့အခါ ကာလကျမှ၊ ဝိပ္ပဋိသာရိနော= ငါဖြင့် ကိုယ်ကျိုးနည်းပြီလို့ နှလုံးမသာယာခြင်း ရှိကုန်ကြသည်။ မာအဟုဝတ္ထ= မဖြစ်ကြကုန်လင့် (မှန်ပါ့ ဘုရား)။

ကိုင်း အဲဒီကျမှ နိမိတ်တွေကထင်လာတော့ ဘေးက မျက်ရည်တရှုပ်ရှုပ်နဲ့ ကိုယ်ကလည်း မဲ့တဲ့တဲ့နဲ့ (မှန်ပါ့)။

ဘေးကလူတွေက မျက်ရည်တရှုပ်ရှုပ်နဲ့၊ မရဘူးထင်တယ် မရဘူးထင်တယ်နဲ့ မလာဘူးလား (လာပါတယ် ဘုရား)။

ဟိုကလည်း မျက်နှာကောင်းသလားဆိုတော့ ဟိုနိမိတ်ကြည့်ပြီး သကာလ ဖျတ်ဖျတ်ကိုလူးတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ်လောက်ဆိုးသလဲ (ဆိုးပါတယ် ဘုရား)။

ခင်ဗျားတို့ လဲထားတဲ့ဆင်ခြေတွေ ဒီမှာမိပြီ (မှန်ပါ့) ကိလေသာက အလဲခိုင်းလို့ ကိလေသာ့စကား နားထောင် လို့ အရူးစကားနားထောင်လို့ ကိုယ်ကျိုးနည်းတာ၊ ဟိုမှာမရောက်ရသေးဘူး (မှန်ပါ့) မရောက်ခင်ကကိုက ကိုယ်ကျိုးနည်း နေပြီ (မှန်ပါ့) ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သေမှဒုက္ခရောက်မှာလား၊ မသေခင်တွေ့ကြုံရမှာလား (မသေခင်တွေ့ကြုံရမှာပါ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလိုသတိပေးမည့် ပုဂ္ဂိုလ်နည်းနေလို့ရှိရင်ဖြင့် ခင်ဗျားတို့အရေးနဲ့ ခင်ဗျားတို့ဖြင့် အရူးချင်းခေါင်းညိတ်ပြီး သကာလ ဟုတ်နေကြမှာပဲ (မှန်ပါ့) ခင်ဗျားတို့ချင်း ခေါင်းညိတ်နေတာတွေ တစ်လုံးမှ မဟုတ်ဘူး (မှန်ပါ့)။

ဒကာကြွယ် ခင်ဗျားတို့ ပြောဖူးဆိုဖူးကြပါလိမ့်မယ် (မှန်ပါ့) ခင်ဗျား ဘယ့်နှယ်နေသတုံး၊ အို မပြောနဲ့ဗျာ၊ ကျုပ်လည်း ရှုပ်တာနဲ့ သူတော်ကောင်းဘက်တောင် ခပ်မှန်မှန်ဖြစ်နေတယ် (မှန်ပါ့) အမယ် ဒါနဲ့ ဧည့်ခံတာကိုးဗျ (မှန်ပါ့)။

အဲဒီတော့ ဘေးကပုဂ္ဂိုလ်ကလည်း ဒီလိုပေါ့ဗျာ၊ အလုပ်အကိုင်ကလေးကလည်း မပြေပြစ်သေးတော့ အင်း ဘေးကလူတွေကလည်း ဒီလိုတွေးပြီးတော့ တွန်းချလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမယ်လေး ဒကာ ဒကာမတွေက ဒါကို မိတ်ဆွေကောင်းမှတ်ပြီး သကာလ အရေးရှိတိုင်ပင်ရမှာက ခင်ဗျားပဲရှိတယ်လို့ ပြောချင် ပြောနေတာ (ပြောပါတယ် ဘုရား)။

တွန်းချမည့် လူကိုဘာတဲ့ (ခင်ဗျားပဲ ရှိတယ်) အမယ်လေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ လူကိုမရွေးတတ်သေးဘူး (မှန်ပါ့) မရွေးတတ်သေးဘူး ကိုယ်လိုတဏှာသမားပဲ လှည့်ရှာနေတယ် (မှန်ပါ့)။

ဒကာကြွယ် ဒါတွေကို ကြပ်ကြပ်သတိထား နားထောင်ပါ (မှန်ပါ့) မိတ်ဆွေကောင်း ရှာမှရှားနော် (မှန်ပါ့) ရှာမှရှားပါတယ်တဲ့၊ သို့သော် ခင်ဗျားတို့ဖွဲ့ထားတဲ့ မိတ်ဆွေက တဏှာ အားပေးဆိုရင် ကျေးဇူးရှင်ကြီး (မှန်ပါ့)။

ဘယ်လိုပါလိမ့် (တဏှာအားပေးဆိုရင် ကျေးဇူးရှင်ကြီးပါ ဘုရား)။

အဲ စီးပွားရေးကလေး ဘာကလေးများအကြောင်း ညီညွတ်တဲ့အချိန် ကျုပ်ကယ်ပေးပါဦးမယ်၊ မပါဦးမယ် ဆိုရင် အို ကျေးဇူးတင်လိုက်တာ၊ ဆွေမတော်၊ မျိုးမတော်နဲ့ (မှန်ပါ့) တွန်းချတာတော့ သိတာမှမဟုတ်ဘဲ (မသိပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တွန်းချတာလား၊ ခင်ဗျားတို့ ကျေးဇူးရှင်ဆိုကြမား (တွန်းချတာပါ ဘုရား)။

ဒါတွန်းချမှာကိုပဲ ခင်ဗျားတို့က သူ့ဆီများကွာ ဒို့ဘာကိစ္စရှိရှိ မမေ့ပါနဲ့ တွန်းချမည့်လူမို့ (မှန်လှပါ) အမယ်လေး ကြောက်စရာကြီးပါလား (မှန်ပါ့)။

တကယ့် ဒကာ ဒကာမတွေပဲ ဆိုတဲ့ဥစ္စာလည်း မသိလို့ ဖော်ပြောနေရတယ် (မှန်ပါ့) ခင်ဗျားတို့ကတော့ ဒီ အလုပ်လုပ်နေတာပဲ (မှန်ပါ့)။

သို့သော် မိတ်ဆွေကောင်း, မိတ်ဆွေရင်း, မိတ်ဆွေစစ် သယ်ယူပို့ဆောင်မည့်ပုဂ္ဂိုလ် ဟုတ်မဟုတ်ကို မရွေးတတ် လို့ ဖော်ပြောနေရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အမယ်လေး တကယ့်ကို တရားမဟောရသေးဘူး၊ ဒကာ ဒကာမတို့ သူတို့အထဲက မကောင်းတာ ထုတ်ပြော နေရတာနဲ့ကို မနည်းပါဘူး၊ အချိန်က ကြာသွားတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မာပမာဒတ္ထ= သားရေး, သမီးရေး, စီးပွားရေးကြောင့် မေ့မနေကြနဲ့၊ ပစ္ဆာ= သေရာညောင်စောင်း လျောင်းစက်တဲ့အခါကာလကျမှ၊ ဝိပ္ပဋိသာရိနော= ဪ ငါအနေမှားလို့ အသေဖြင့် မှားပါပေါ့လားလို့ နှလုံးမသာယာခြင်းရှိကြကုန်သည်၊ မာအဟုဝတ္ထ= မဖြစ်ကြကုန်လင့် (မှန်ပါ့)။

အဲဒီကျမှ အနေမှားခဲ့လို့ အခု သေခါနီးအမှားနဲ့ တွေ့ပါပေါ့လား (မှန်ပါ့) သို့သော် အချိန်မရှိဘူး၊ မရဏသန္န အခါမှာ လာတာကိုးဗျ (မှန်ပါ့)။

ဘယ်အခါမှာ လာတာတုံး (မရဏသန္နအခါမှာ လာပါတယ် ဘုရား) အဲ သေခါနီးအခါမှာလာတယ်၊ မရဏသန္နဇောစောလို့ တစ်, နှစ်, သုံး, လေး, ငါးပြီးရင် ဝိညာဏ်ချုပ်ပြီ (မှန်ပါ့) နောက်ထပ်ပြင်ပေးဖို့ အချိန်ရသေး ရဲ့လား (မရပါ ဘုရား)။

ပြင်ပေးဖို့ အချိန်ရလို့ရှိရင် ဘုန်းကြီးကို ကြေးနန်းရိုက်ပင့်၊ ဟာ ဘယ်လိုနှလုံးသွင်းလိုက်ဆိုရင် တော်သေး တယ် (မှန်ပါ့) ပြင်ချိန်မရတဲ့အချိန်မှ ခုနင်က နိမိတ်တွေက ထင်လာတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်တုံးဗျ (ပြင်ချိန်မရတဲ့ အချိန်ကျမှ နိမိတ်တွေက ထင်လာပါတယ်) ဒါဖြင့် ဘုရားသည် ဒါလောက် အရေးကြီးလို့ မှာတာပဲဆိုတာပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ပြင်ချိန်မရှိတဲ့အချိန် မင်းတို့လာလိမ့်ဦးမကွဆိုတော့ ဒကာ ဒကာမတွေ ဒါချောက်လှန့်တဲ့ တရားလား၊ ကိုယ် တော်မြတ်ကြီး အကြိမ်ပေါင်းများစွာမှာတဲ့ တရားလား (အကြိမ်ပေါင်းများစွာ မှာတဲ့တရားပါ ဘုရား)။

ခင်ဗျားတို့က တဏှာဝင်ပြီး လှည့်စားတဲ့ အသံတွေမလာခဲ့ပါနဲ့ (မှန်ပါ့) မလာခဲ့နဲ့ဆိုတာ တခြားမဟုတ်ဘူး ဘုန်းကြီးကတော့ဖြင့် ပြောရှာတာပဲဆိုတာ သိနေပြီ (မှန်ပါ့ ဘုရား)။

ပြောရှာတာပဲဆိုရင်ဖြင့် (ကွေ့တော့မလို့ပါ) ကွေ့တော့မလို့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒီရှာဟာ သိပ်ကြောက်စရာကောင်းတယ်နော် (ကောင်းပါတယ်) ဪ ဘုန်းကြီးများလည်း ပြောရှာ၊ ဘုရားကလည်း မှာရှာတဲ့၊ အင်း ကွေ့ပြီ ကွေ့ပြီ (မှန်ပါ့) စကားခင်းတာဗျ (မှန်ပါ့ ဘုရား)။

ဒကာသစ် ဘယ်ဘက်သွားမယ်ထင်သတုံး (ကွေ့သည်ဘက် သွားမှာပါ) ကွေ့ပြီး သကာလ သူချောင်ထိုးတော့ မယ် (မှန်ပါ့) မလုပ်တဲ့ဘက်ပြေးတော့မယ်ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒီရှာကိုလည်း ခင်ဗျားတို့ တဏှာကချော့တဲ့ ရှာသည့်သုံးတဲ့ အသွားဟာ မကောင်းပါဘူး (မကောင်း ပါ ဘုရား)။

အဲဒီလို နိမိတ်ထင်ပြီး သကာလ ဖျတ်ခနဲ ဝိညာဏ်လည်းချုပ်ပါရော့ ဥပပတ်ပဋိသန္ဓေဆိုရင် ဘွားခနဲ ငရဲအိုးထဲ ဖြင့် ငရဲအိုးထဲမှာထိုင်လျက်သားဖြစ်တာပဲ (မှန်ပါ့) သံပူကြီးပေါ်ထိုင်ရမည့် ပုဂ္ဂိုလ်ဖြင့် သံပူကြီးပေါ်သွားပြီး ကိုယ်ထည် ကြီးသွားဖြစ်တာပဲ (မှန်ပါ့ ဘုရား)။

ကိုးလလွယ် ဆယ်လဖွားဆိုတာက ဂဗ္ဘသေယျက ပဋိသန္ဓေခေါ်တယ် (မှန်ပါ့) ဟိုမှာ ဥပပတ်ဆိုတော့ ဘွားခနဲ ဖြစ်တာဆိုတော့ ဘယ်သား, ဘယ်သမီး, ဘယ်မြေး, ဘယ်မြစ်ကနေပြီး ဒကာ ဒကာမတို့ ဆွမ်းသွတ်မရဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ ဘာကျေးဇူးများသတုံး (ဘာမှ ကျေးဇူးမများပါ ဘုရား)။

ဒါဖြင့် ဘယ်အချိန်က ပြင်ရမှာပါလိမ့် (အခုအချိန်က ပြင်ရမှာပါ) အခုအချိန်က ပြင်ရမှာဆိုတာ သေချာပလား (သေချာပါပြီ) အခုအချိန်က ပြင်လို့ရှိရင် မှီပါသေးတယ် (မှန်ပါ့) ဟာ ခုနင်ကပြောခဲ့တဲ့ မရဏသန္နဇော ငါးကြိမ်ကျမှ ပြင်မယ်ဆိုတော့ ရပါဦးမလား (မရပါ) သေချာပလား (သေချာပါပြီ) ဒါဖြင့် ပြင်ပြီး ဆင်ပြီးဖြစ်ကြပါစေ (မှန်ပါ့ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဘယ်လိုမှာပါလိမ့် (ပြင်ပြီး ဆင်ပြီးဖြစ်ကြပါစေ ဘုရား)။

ပြင်ပြီး ဆင်ပြီးဆိုတော့ တပည့်တော်တို့ဖြင့်ဘုရား ဝိပဿနာဘုရား၊ ဒုက္ခဆုံးတဲ့ဆီကျအောင် ရောက်ပါပြီ ဘုရား၊ တော်ပြီ ပြင်ပြီးပြီ ကိစ္စမရှိဘူး (မှန်ပါ့ ဘုရား)။

ဝိပဿနာဒုက္ခသစ္စာလည်း သိပြီဘုရား၊ ရှုလိုက်တဲ့အခါ ဒုက္ခဆုံးတယ်ဘုရာ့၊ ဒုက္ခအဆုံးလည်း မြင်ပါပြီဘုရာ့ ဆိုရင် ဒကာကြွယ် မစိုးရိမ်နဲ့တော့ (မှန်ပါ့) အဲဒီအချိန်ကတော့လည်း သေရာ ညောင်စောင်းပေါ် ရောက်နေငြားသော် လည်း ပြုံးနေရတယ် (မှန်ပါ့)။

ဘာအပါယ်နိမိတ်မှ မထင်လာတော့ဘူး (မှန်ပါ့) ထင်လာတဲ့ နိမိတ်က ဘာတုံးဆိုတော့ ချမ်းသာကိုမြင်တယ် (မှန်ပါ့ ဘုရား) ချမ်းသာလာမြင်တဲ့အခါကျတော့ ဪ.. ဒီမှာဆင်းရဲတာတွေလှည့်လိုက်၊ ဟိုမှာချမ်းသာမြင်လိုက် တော့ ဒကာ ဒကာမတို့ မြေအိုးစွန့်ပြီး ရွှေအိုးကိုင်ရမှာဆိုတော့ ပျော်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဇဏုဿောဏိပုဏ္ဏားက သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်ချည်းရှိတယ်လို့ တပည့်တော်အယူရှိပါတယ် လျှောက်လို့ဘုရားက မဟုတ်ဘူး ဇာဏုဿောဏိပုဏ္ဏားရ၊ သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ မကြောက်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်လို့ နှစ်မျိုးဟောတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ပြင်ပြီး ဆင်ပြီး ဝိပဿနာဉာဏ်တွေ ပေါက်ပြီးသားတွေကျတော့ ကြောက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အေး ဒါကြောင့် ဒီလာကြတဲ့ ဒကာ ဒကာမတွေ ကိုယ့်အရေးကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်မှ ရတယ်၊ သားသမီးမကယ်တင်နိုင်ဘူး (မှန်ပါ့) ခင်ပွန်းမက ခင်ပါတယ်၊ ကျင်နာပါတယ်၊ အရိုးမြေကျပါပဲဆိုငြားသော် လည်း လောကွတ်ပြောတာ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီမှာလည်း ကိုယ့်ကိုယ်ဘာနဲ့ ကယ်တင်ရမလဲ (ကိုယ်ပဲ ကယ်တင်ရပါမယ်) ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲကယ်တင် ရမယ် (မှန်ပါ့) ဒီကိုယ်ကြီးက ကယ်တင်မှာလား ကိုယ့်အလုပ်က ကယ်တင်မှာလား (ကိုယ့်အလုပ်က ကယ်တင်မှာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီအလုပ်လောက် အရေးကြီးတာဖြင့် ရှာမတွေ့တော့ဘူး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အယံ= ဤငါပြောခဲ့တဲ့ သေခါနီးမှ နှလုံးမသာယာခြင်းရှိတဲ့ အလုပ်သည်၊ ဝေါတုမှာကံ= သင်ချစ်သားတို့အား၊ အမှာကံ= ငါဘုရားတို့၏၊ အနုသာသနီ= အကြီးအကျယ်ဆုံးမတာပဲတဲ့ (မှန်ပါ့) သုံးဆယ့်နှစ်ကြိမ်ဆုံးမတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် သေခါနီးမှ မျက်ရေကျပြီး သကာလ ကိုယ်ကျိုးနည်းပေါ့ဆိုတဲ့ အသွားနဲ့မသေရအောင် မင်းတို့ စောစောစီးစီးက ဈာယထဆိုတဲ့ သမထဝိပဿနာအလုပ်ကို ကြိုးစားလိုက်ကွ ဆိုတဲ့ဥစ္စာများ အင်မတန်မအားတဲ့အထဲက ပြောတဲ့ စကားလို့မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (မအားတဲ့အထဲက ပြောတဲ့စကားပါ ဘုရား) မအားတဲ့အထဲက ပြောတဲ့စကားဆိုတော့ ဒကာ ဒကာမတို့ နည်းနည်းမှတ်ရမှာလား ထိပ်သံမှိုစွဲသလိုမှတ်ရမှာပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး ဒီဥစ္စာကို ဘုရားမှာတော်မူတာကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီး နာရီသုံးမတ်တိုင်တိုင် ပြောနေပါလိမ့်မတုံးဆိုတော့ ကြီးတဲ့အရေးမို့ ကြီးအောင် လုပ်နေတာပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ကဲ- ဘုရား ဒီအရေးကိုဖြင့် တပည့်တော်တို့ ရှောင်ပြီး သကာလ သားရေး, သမီးရေး, စီးပွားရေးကို မတက်သာ အလုပ်လုပ်ပြီး သကာလ သာယာသဖြင့် မလုပ်ဘဲနဲ့ ကိုယ့်အရေးကိုဖြင့် အကြီးအကျယ်အချိန် ထားပြီး လုပ်ပါတော့မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ပြင်ပြီး ဆင်ပြီးဖြစ်လို့ မဲ့သေအဖြစ်မှ ရုပ်သိမ်းပြီး သကာလ ပြုံးသေအဖြစ်သို့ ပြောင်းပါလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဲ့သေရုပ်သိမ်း၍ (ပြုံးသေအဖြစ် ပြောင်းပါလိမ့်မယ်) ပြုံးသေအဖြစ်သို့ ပြောင်းရတော့မယ်ဆိုတဲ့ဥစ္စာ ဝိပဿနာ ပဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာပါလိမ့် (ဝိပဿနာပါ) မဲ့သေရုပ်သိမ်းပြီး ပြုံးသေကိုအားပေးနိုင်တာ ဘယ်သူပါလိမ့် (ဝိပဿနာ ပါ ဘုရား)။

ကဲ ဒါဖြင့် ဝိပဿနာဟောကြစို့ (မှန်ပါ့) ဝိပဿနာဟောတော့မယ် ဒကာ ဒကာမတို့ အခုမှာလုံးဟာလည်း အခုဟောတဲ့ ဝိပဿနာပါဠိတော်မှာ နောက်ဆုံးပိတ်မှတ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဆိုတာ ဒကာ ဒကာမတို့ အင်မတန်လွယ်ပါတယ် (မှန်ပါ့) လွယ်ပုံကလေး ရှင်းပြမယ်နော် (မှန်ပါ့) ဇင်္ဂလနိဂုံးမှာ သုဝဏ္ဏဝေဠုဝနဆိုတဲ့ ရွှေဝါးတွေပေါက်တဲ့ နေရာမှာ ရွှေဝါးတွေပေါက်တဲ့ ဝါးတောထဲမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးပြီး သကာလ နေတော့ ရှင်အာနန္ဒာနဲ့တကွ ဘေးက ရဟန်းတွေက တရားနာမလို့ စောင့်နေတယ် (မှန်ပါ့ ဘုရား)။

ဒီအထဲမှာလည်း ဘယ်သူပါလာသတုံးဆိုလို့ရှိရင် ပါရာသိဝိယ ဆရာကြီး၏တပည့် ဥတ္တရလုလင်ကလည်း ပါလာတယ် (မှန်ပါ့) ပါလာတော့ ဘုရားက ဪ ဒါအကြောင်းပြုပြီး ဟောရတော့မယ်ဆိုပြီး ဘုရားသခင်ကိုယ် တော်မြတ်ကြီးက တရားပွဲစလျှင်စခြင်း ဥတ္တရလုလင်လို့ ခေါ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဥတ္တရလုလင်လို့ ခေါ်လိုက်ပြီး သကာလ မင်းတို့ ပါရာသိဝိယ တက္ကသိုလ်ဆရာကြီးက ဣန္ဒြေလုံခြုံဖို့ ဣန္ဒြေပွား များဖို့ ဘယ်လိုများ ဟောသတုံးကွတဲ့၊ တစ်ခါတည်း ဘုရားက မေးလိုက်တယ် (မှန်ပါ့)။

အဲဒီလို မေးလိုက်တဲ့အခါကျတော့ ဣန္ဒြေဆိုတာ မျက်လုံးပေါက်, နားပေါက်, နှာခေါင်းပေါက်, လျှာပေါက်, ကိုယ်ပေါက်, မနောပေါက်ပေါ့ဗျာ (မှန်ပါ့) ဒီအပေါက်တွေက လောဘ, ဒေါသ, မောဟမလာဖို့ ဘုရားက ဒါအရေး တကြီး ပြောချင်တယ် (မှန်ပါ့)။

အဲဒီတော့ ပါရာသိဝိယဆရာကြီးက သူ့ကို ဟောထားတာက ဥတ္တရလုလင်ကို မျက်စိရှိရင် မျက်စိမဖွင့်ရင် လောဘ မလာဘူးတဲ့၊ လောဘ, ဒေါသ, မောဟမလာဘူးကွ၊ မျက်လုံးပိတ်ထားလို့ ဟောပါတယ် (မှန်ပါ့) နားရှိလျက် နဲ့ နားပိတ်ထားလို့ရှိရင် လောဘ, ဒေါသ, မောဟမလာပါဘူးကွ၊ ဣန္ဒြိယသံဝရသီလ ဣန္ဒြိယဘာဝနာဆိုတာ ဒါပါပဲကွာ လို့ ဒီလုလင်ကို သင်ထားတယ် (မှန်ပါ့)။

ဪ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကောက်မေးလို့ ဥတ္တရလုလင်က မျက်စိရှိတဲ့ပုဂ္ဂိုလ် မျက်စိပိတ်ထားရမယ်လို့ တပည့်တော်တို့ ဆရာကြီးဆုံးမပါတယ်၊ နားရှိတဲ့ပုဂ္ဂိုလ် နားပိတ်ထားရမယ်လို့ ဆုံးမပါတယ်ဆို တော့ ဪ ဒို့ ဆရာကြီး အယူတွေဟာ အများကြီးလွဲကုန်ပေါ့တဲ့ (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒါဖြင့်ကွာတဲ့၊ မင့်ပဲ ငါမေးပါရစေ ဥတ္တရလုလင်၊ ဝမ်းတွင်းက မျက်လုံးကန်း လာတဲ့ ပုဂ္ဂိုလ်များ ဣန္ဒြိယဘဝနာဝိပဿနာအလုပ်ကြီး လုံခြုံတယ်လို့ မင်းဆိုမလားတဲ့ (မှန်ပါ့) ဝမ်းတွင်းက နားနှစ်ဖက် စလုံး ကန်းလာတဲ့ပုဂ္ဂိုလ်၊ ဣန္ဒြိယဘာဝနာအလုပ်ပြည့်စုံပြီလို့ မင်းဆိုမလားလို့ဆိုတော့ ဥတ္တရလုလင်က ရိပ်မိပြီး သကာလ ဘာမှ မပြောဘဲ နေလိုက်တယ် (မှန်ပါ့)။

ဪ ဟုတ်သားပဲ၊ ဒို့ဆရာကြီးဆုံးမတာဟာ မျက်လုံးပိတ်ထား, နားပိတ်ထား၊ လောဘ, ဒေါသ, မောဟ မလာဘူးလို့ ဆိုတာ ဝမ်းတွင်းကန်းတွေနဲ့ အတူတူခိုင်းထားတဲ့ အဓိပ္ပာယ်ရောက်ပါပေါ့လား၊ ငါလည်း ဖြေစရာမရှိဘူးဆို ပြီး သကာလ ခုနင်က ဥတ္တရလုလင်က မှိုင်တွေးကြံပြီးနေတာပေါ့ဗျာ (မှန်ပါ့)။

နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီအတိုင်း ပြောတဲ့အခါကျတော့ ဥတ္တရလုလင်လည်း ငြိမ်ပြီး သကာလ နေတဲ့အခါမှာ ညီတော် အာနန္ဒာက ဒီတရားဟာ ဟုတ်သလိုလိုနဲ့ အတော်လွဲနေပြီဟေ့တဲ့ (မှန်ပါ့) ငါဘုရား ၏ အဆုံးအမ အရိယာတို့၏ ဣန္ဒြိယဘာဝနာဆိုတာ ဒါမဟုတ်ဘူးကွ၊ အဲဒီ ဝိပဿနာက တစ်မျိုးကွဆိုပြီး သကာလ ညီတော်အာနန္ဒာ သဃာတွေကိုစုကွာ၊ ငါ ဣန္ဒြိယဘာဝနာကို ဟောမည်၊ တက္ကသိုလ်ဆရာကြီးပြောတဲ့ ဣန္ဒြိဘာဝနာ ဟာ ဟုတ်သလိုလိုနဲ့ လူပြိန် သဘောကျဖြစ်နေပြီ (မှန်ပါ့)။

အဲဒီတော့ သေသေချာချာ အရိယာတို့၏ ဣန္ဒြိယဘာဝနာကို ငါဟောမယ် သံဃာတွေ စုဆိုပြီး သကာလ အစုခိုင်းလိုက်တယ် (မှန်ပါ့)။

အစုခိုင်းပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဣန္ဒြိယဘာဝနာကို ငါဟောမယ် ရိုရိုသေသေနာကြ၊ ဝိပဿနာအလုပ်ပြမယ်အတဲ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)

ဘာအလုပ်ပြမှာပါလိမ့် (ဝိပဿနာအလုပ်ပြမှာပါ ဘုရား) ဝိပဿနာအလုပ်ပြပါလိမ့်မယ် ဒကာ ဒကာမတို့ အထူးတလည် နားထောင်ပါ (မှန်ပါ့) အင်မတန်ကောင်းတဲ့ ဝိပဿနာဆိုတဲ့ ဥစ္စာ လူစိမ်းရော၊ လူကျက်ရော၊ အင်မတန် ကျေးဇူးများတဲ့ ဝိပဿနာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့)။

ကွာတဲ့ မျက်လုံးပေါက်ကိုဖွင့်လိုက်တယ်၊ ဒကာ ဒကာမတို့ မျက်လုံးပေါက်ကို ဖွင့်လိုက်တယ်ဆိုတော့ မျက်လုံး က အဆင်းကလေး မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

အင်း မြင်တယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ မြင်ပြီး သကာလ လိုချင်တဲ့စိတ်လောဘကလည်း လာတတ် တယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

မြင်ပြီး သကာလ အင်း အမြင်မတော်တာမြင်ရလို့ ဒေါသကော (လာတတ်ပါတယ် ဘုရား) တစ်ခါတလေ ကျတော့ မြင်တာမှ မြင်မှန်းမသိတဲ့ မောဟကော (လာပါတယ် ဘုရား)။

ဒါဖြင့် မြင်တဲ့နေရာမှာ မြင်လို့လိုချင်ရင် လောဘလာတာပေါ့ (မှန်ပါ့) မြင်တာကိုမုန်းရင် (ဒေါသလာပါတယ် ဘုရား) မြင်တာကို မြင်တယ်လို့ မြင်မှန်းမသိတဲ့အခါလည်း မြင်တော့ မြင်တာပဲ ဘာမှ ဂရုမစိုက်ဘဲနဲ့ သွားရင်း-လာရင်း တွေ့သွားတဲ့ အမြင်မျိုးပေါ့ဗျာ (မှန်ပါ့) အဲဒီအမြင်မျိုးကျပြန်တော့လည်း မောဟကော (လာပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

ခင်ဗျားတို့ မော်တော်ကားနဲ့ လျှောက်သွားတဲ့အခါကျတော့ လမ်းတွေ, သစ်ပင်တွေ တွေ့သွားတော့ မြင်တော့ မြင်သွားတာပဲ၊ မြင်တော့ မြင်သွားတာပဲ၊ ဘာသစ်ပင်, ဘာသစ်ပင်, ဘာသစ်ပင်လို့တော့ မသိဘူး (မသိပါ ဘုရား)။

မသိတဲ့အခါလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အဲဒီ မနာပ-အမနာပဆိုတဲ့အတိုင်း သာယာတာလည်း မဟုတ်ဘူး၊ မသာယာတာလည်း မဟုတ်ဘဲနဲ့ ပေါ်တဲ့စိတ်တွေကလည်း ရှိသေးတယ် (ရှိပါတယ် ဘုရား)။

အဲဒါကျတော့ မောဟဟေ့ (မှန်ပါ့) ဘုရားက ဟောပြီ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။

ကဲ ဦးမာဒင်တို့ မြင်တာလိုချင်ရင် လောဘ (မှန်ပါ့) မြင်တာ မုန်းလာရင် (ဒေါသပါ ဘုရား) မြင်တာကို ပင်လျှင် ဘယ်ဟာ ဘယ်မှာရယ်လို့ မြင်တာက ဘယ်လူလို့ မသိတဲ့အခါကော မပါဘူးလား (ပါပါတယ် ဘုရား) အဲဒီ အခါကျတော့ ဘာဖြစ်မတုံး (မောဟပါ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ မျက်လုံးဖွင့်လိုက်ရင် ဒီသုံးခု တစ်ခုခုလာရတော့မယ် (မှန်ပါ့)။

ဒီသုံးခု ဘာပါလိမ့် (တစ်ခုခုလာရပါမယ် ဘုရား) တစ်ခုခုလာရတော့မယ် ဆိုလို့ရှိရင်ဖြင့် ဦးမာဒင်ရေ ဘုန်းကြီးတို့အားလုံး ဒကာ ဒကာမတွေအတွက်မှာ သိပ်စိုးရိမ်မိတယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် အရှင်ဘုရားက ဘာဖြစ်လို့ စိုးရိမ်ရတာတုံးလို့ မေးတဲ့အခါကျတော့ အသိဉာဏ်ကြီးလို့ စိုးရိမ်တယ်လို့မှတ်ပါ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် စိုးရိမ်ပါလိမ့် (အသိဉာဏ်ကြီးလို့ စိုးရိမ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

အသိဉာဏ်ကြီးလို့ စိုးရိမ်တယ်ဆိုတော့ ဒကာ ဒကာမတွေကို ခဏခဏ ဒီဥပမာပြောတယ် (မှန်ပါ့ ဘုရား) အတွမ်းမစ်ဗုံး နာဂါစကီတို့ကို ချမယ်ဆိုတော့ကို ဂျပန်ကို နို့တစ်ပေးတယ်၊ လက်နက်ချလိုက်ပါ၊ နို့မဟုတ်ရင် အတွမ်း မစ်ဗုံးချမယ်ဆိုတော့ သူက အတွမ်းမစ်အကြောင်းမသိတော့ လက်နက်မချဘဲ နေတယ် (မှန်ပါ့) လက်နက်မချဘဲနေ လိုက်တော့ တစ်မြို့လုံး ပျက်စီးတယ် (မှန်ပါ့) မပျက်စီးကြဘူးလား (ပျက်စီးပါတယ် ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ အတွမ်းမစ်အကြောင်း သူမသိဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့က မျက်လုံးဖွင့်တော့ကို အတွမ်းမစ်လောက်ဒဏ်၊ ဒီထက်ဒဏ်ပြင်းတာတွေ ခင်ဗျားတို့ မျက်လုံးထဲမှာ ပေါ်တယ် (ပေါ်ပါတယ် ဘုရား) အပါယ်ငရဲက လွတ်ရက်မရှိအောင် ပေါ်တယ် (မှန်ပါ့)။

အဲဒါတွေ ခင်ဗျားတို့က မသိတော့ မျက်လုံးရိုရိုဖွင့်လိုက်တာပဲ (မှန်ပါ့ ဘုရား) မြင်ပြန်လည်း ဒါကလေး ချစ် စရာမြင်တယ်၊ အတွမ်းမစ်တစ်လုံးကျပြီ (မှန်ပါ့) ဒါကလေးဖြင့် ကျုပ်မကြိုက်ပါဘူး၊ အတွမ်းမစ်တစ်လုံးကျပြီ (မှန်ပါ့)။

မြင်တာကိုလည်း မြင်တဲ့အဆင်းလည်းမသိ မြင်တဲ့စိတ်ပေါ်တာကိုလည်း သတိမထားလို့ရှိရင်ဖြင့် မောဟကဖြစ် ပြန်ပြီ (မှန်ပါ့) ဒီလည်း အတွမ်းမစ်တစ်လုံးကျပြီ (မှန်ပါ့) ဘယ်နှစ်လုံး ရှိပြီလည်း (သုံးလုံးရှိပါပြီ ဘုရား)။

သို့သော် ခင်ဗျားတို့က ဘာကိစ္စရှိသတုံး ကိုယ့်မျက်လုံးနဲ့ ကိုယ်မြင်တာ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ဂျပန်စိတ် ရှိနေတယ်၊ သေမှာက တစ်မျိုးလုံး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း ပြောရပါတယ်၊ ခင်ဗျားတို့ မြင်တာဟာ အတွမ်းမစ် ကျသည် ထက် နာပါတယ် (မှန်ပါ့)။

ဘာ့ကြောင့် နာသတုံးလို့ မေးတဲ့အခါကျတော့ အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ကပြောလို့ နားကြီးကြီးနဲ့ ထောင်လိုက်ပါ (မှန်ပါ့)။

ကဲ လောဘဖြစ်တယ် မြင်တော့ လိုချင်တယ်ဘုရာ့၊ တပည့်တော်တို့က မြင်တော့ ခင်မိတယ်ဘုရာ့၊ မပြောကြဘူးလား (ပြောပါတယ်) ခင်တယ်ဆိုတာ တဏှာ (မှန်ပါ့) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မ ဘဝပါ) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဒါဖြင့် ဇာတိပေါင်း ဘယ်လောက်လာသတုံး (မရေတွက်နိုင်ပါ) ဒါ ဒုက္ခသစ္စာချည်းပဲ မဟုတ်လား (မှန်ပါ့) အတွမ်းမစ်ထက် ဆိုးတာပေါ့ဗျ (မှန်ပါ့)။

မြင်တဲ့ လောဘကလေးတစ်လုံးကနေပြီး မဖြတ်နိုင်တဲ့အတွက် အားလုံး ဒကာ ဒကာမတွေ ဇာတိပေါင်း ဘယ်လောက် စုလာပလဲ (မရေတွက်နိုင်ပါ ဘုရား)။

သွားပြီ၊ အတွမ်းမစ်က တစ်ခါသေတာ (မှန်ပါ့) ဒါက သေလို့ဆုံးပါ့မလား (မဆုံးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ တစ်ခါမြင်တာကလေးကို ဒကာ ဒကာမတွေက ကိုယ်နဲ့မတည့်တဲ့ ပုဂ္ဂိုလ်မြင်ရတဲ့အခါကျတော့ မျက်နှာကလေးလွှဲသွားတယ် (မှန်ပါ့)။

မျက်နှာလွှဲတယ်ဆိုတဲ့ဥစ္စာ မျက်နှာက လွှဲချင်လို့ မဟုတ်ဘူး၊ အတွင်းက ဒေါသက အလွှဲခိုင်းလို့ (မှန်ပါ့ ဘုရား)။

ဒေါသက အလွှဲခိုင်းတော့ မြင်တာနဲ့ ဒေါသမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဒေါသနောက်ကနေပြီးတော့ ဒေါသတစ်လုံးတည်းနဲ့ ရပ်မှာလားဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်က နိယာမ မရပ်ဘူး (မှန်ပါ့)။

ဒါဖြင့် ဒေါသနောက်က သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ လိုက်-မလိုက် (လိုက်ပါတယ် ဘုရား) အဲဒီတွဲပြီး အဝိဇ္ဇာ ပါ-မပါ (ပါပါတယ် ဘုရား)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ) ဘာဝိညာဏ်တုံးဆိုတော့ ဝိညာဏ်ဆိုတာ ပဋိသန္ဓေ (မှန်ပါ့ ဘုရား)။

ဒီပဋိသန္ဓေပေါင်း ဘယ်လောက်လာမတုံးမေးတော့ (မရေတွက်နိုင်ပါ ဘုရား) ပဋိသန္ဓေနေရလို့ရှိရင် အသေ ပေါင်း ဘယ်လောက်လာမတုံး (မရေတွက်နိုင်ပါ) အတွမ်းမစ်ထက် နာတာပေါ့ဗျာ (မှန်ပါ့ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ အသိဉာဏ်ကလေးနဲ့ ဂျပန်လောက်ရှိနေတာနဲ့တော့ မဖြစ်ဘူးနော် (မှန်ပါ့) တစ်မြို့လုံး, တစ်ပြည်လုံး ပျက်စီးတဲ့ အတွမ်းမစ်ကို လက်နက်မချမိလို့ ကိုယ်ကျိုးနည်းတာလည်း ခင်ဗျားတို့ရှေ့တွင် ပုံပမာ လုံလောက်သားပဲ (မှန်ပါ့ ဘုရား) မလုံလောက်ဘူးလား (လုံလောက်ပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ မျက်လုံးကလေး တစ်ချက်ဖွင့်လိုက်တာဟာ အပါယ်ငရဲမှ ထွက်ရက်မရှိဘူး (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်မျက်လုံး ကိုယ်ဖွင့်တာပဲလို့ ခင်ဗျားတို့ကတော့ ပြောချင်ပြောလိမ့်မယ် ခုနင်က ဂျပန်စိတ်ပေါ်ပြီး၊ အပြစ်က အတွမ်းမစ်ထက်ကြီးတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မြင်တာကလေးကိုလည်း မြင်တဲ့စိတ်ကလေး မြင်တဲ့ အဆင်းကိုလည်း မသိလိုက်၊ အဆင်းရုပ် ပါကလားလို့လည်း သတိမထားမိဘူး၊ မြင်စိတ်ကလေးပေါ်ပါကလားလို့လည်း သတိမထားမိတော့ အဝိဇ္ဇာက မလာဘူး လား (လာပါတယ် ဘုရား)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဟာ ဒါဖြင့် ဘယ်ဝိညာဏ် လာမတုံး ဆိုတော့ အပါယ်ဝိညာဏ်လာရမယ်၊ အဝိဇ္ဇာအုပ်ချုပ်တဲ့ သင်္ခါရကြောင့်ဖြစ်တာကိုး (မှန်ပါ့) သင်္ခါရကြောင့်ဖြစ်တော့ ဒီဝိညာဏ်ဟာ အပါယ်ဝိညာဏ်မှတစ်ပါး လာစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မျက်လုံးဖွင့်လိုက်တာ ဒီသုံးခုလာမှာပဲ (မှန်ပါ့) ဒီသုံးခု တစ်ခုခုလာခဲ့သော် ဒီမျက်လုံး ပေါက်ကနေပြီး သကာလ အားလုံး ဒကာ ဒကာမတွေ ဇာတိ, ဇရာ, မရဏဘက်ကို မသွားလား (သွားပါ တယ် ဘုရား)။

ဒါက ဘုန်းကြီးက ကြံဖန်ပြောတာလား၊ ဓမ္မနိယာမဖြစ်နေတာလား (ဓမ္မနိယာမဖြစ်နေတာပါ) အဲဒါ ခင်ဗျား တို့ မယုံမရှိနဲ့တော့ ဓမ္မနိယာမ ဒီအတိုင်းသွားတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာပါလိမ့်ဗျာ (ဓမ္မနိယာမ အစဉ်အတိုင်း သွာပါတယ် ဘုရား)။

ဓမ္မနိယာမဆိုတော့ ဘုရားလည်း မတတ်နိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဣန္ဒြိယဘာဝနာသီလဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ အင်မတန်မှ အရေးကြီးတယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလိုလုပ်ကြကွာတဲ့ သူတို့ပေါ်ချင်ပေါ်ပစေ မတတ်သာလို့ပေါ်ရင် ပေါ်ပစေ (မှန်ပါ့)။

မြင်ခြင်းကြောင့် လိုချင်တဲ့လောက ပေါ်ရင် ပေါ်ပစေ (မှန်ပါ့) ဒေါသပေါ်ရင်ကော (ပေါ်ပါစေ) မောဟပေါ်ရင် ကော (ပေါ်ပါစေ ဘုရား)။

ပေါ်တဲ့အခါမှာ မင်းတို့က နောက်ကနေ နှလုံးသွင်းလိုက်တဲ့ (မှန်ပါ့) ဤတရားသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဪ အကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတရားကလေးပဲလို့ မြန်မြန် နှလုံးသွင်းပါ (မှန်ပါ့ ဘုရား)။

အကြောင်းကြောင့်ဖြစ်တဲ့ (အကျိုးတရားကလေးပါ ဘုရား) အကျိုးတရားကလေးပဲလို့ မြန်မြန်နှလုံးသွင်းလိုက် တော့ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားကလေးပဲလို့ နှလုံးသွင်းလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ နောက် ကနေ နှလုံးသွင်းကနေပြီး တစ်ခါတည်း သူ့ရှေ့ဆက်သွားမည့်ဥစ္စာ ရပ်သွားတယ် (မှန်ပါ့)။

နှလုံးသွင်းတဲ့ မဂ်ဉာဏ်ကလေးကနေပြီး ဪ ဒါဟာဖြင့် သင်္ခတတရား၊ ပဋိစ္စသမုပ္ပါဒ် တရားကလေး ပေါ့ဗျာ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်တရားကလေး ပေါ်လာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီတရားကလေးသည်ကားလို့ ဆိုရင်ဖြင့် အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့တရားကလေး၊ ဒီတရားကလေးဟာ လည်း အကြောင်းတိုက်ဆိုင်လို့ ဇာတ်သိမ်းရင် ပျက်စီးသွားတာပဲဆိုတော့ လောဘလာလည်း ဖြစ်ပျက်ရှုပေါ့၊ ဒေါသ လာလည်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား) မောဟလာရင်ကော (ဖြစ်ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ လာချင်လာပစေကွ (မှန်ပါ့) အကုန်ဖြစ်ပျက် ဖြစ်သွားလို့ရှိရင် ဒီဉာဏ်သည် ဝိပဿနုပေက္ခာဉာဏ်ဖြစ်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဝိပဿနုပေက္ခာဆိုတဲ့ ဥစ္စာက ဝိပဿနာ+ဥပေက္ခာ (မှန်ပါ့) ဝိပဿနာဆိုတာက ရှုတာ၊ ဥပေက္ခာဆိုတာက တစ်တန်းတည်းထားတာ (မှန်ပါ့)။

ဝိပဿနာဆိုတာက (ရှုတာပါ) ဥပေက္ခာဆိုတာက (တစ်တန်းတည်ထားတာပါ) တစ်တန်းတည်းထားတယ်ဆို တော့ လောဘလည်း လောဘရယ်လို့ မမှတ်တော့ဘူး၊ ပဋိစ္စသမုပ္ပန္နတရား ဖြစ်ပျက် (မှန်ပါ့)။

ဒေါသလည်း ဒေါသရယ်လို့ ထားသေးရဲ့လား (မထားပါ ဘုရား) ပဋိစ္စသမုပ္ပန္နတရား ဖြစ်ပျက်ပဲ (မှန်ပါ့) မောဟလည်း မောဟလို့ ထားသေးရဲ့လား (မထားပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ပဋိစ္စသမုပ္ပန္နတရားပါ) ပဋိစ္စသမုပ္ပန္နတရား အခုမှပေါ်လာတာ၊ သူဟာဖြစ်ပြီး ပျက်တာပဲ လို့ နောက်က ကျုပ်တို့က ဆင်ခြေပေးလိုက် (မှန်ပါ့ ဘုရား)။

ဆင်ခြေပေးလိုက်တဲ့အခါကျတော့ လောဘကကော ပဋိစ္စသမုပ္ပါဒ် နိယာမသဘောနဲ့ ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား) ဒေါသကကော (မဆက်နိုင်ပါ ဘုရား) မောဟကကော (မဆက်နိုင်ပါ ဘုရား) မဆက်နိုင်တော့ ဪ ဒီခန္ဓာပြီး နောက်ခန္ဓာရဖို့ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒီခန္ဓာရပြီးရင် (နောက်ခန္ဓာရဖို့ မမြင်ပါ) ဘယ့်နှယ်ကြောင့်ပါလိမ့်၊ ပဋိစ္စသမုပ္ပန္နတရား ဖြစ်ပျက်ကို တပည့် တော်တို့က သိလိုက်လို့ဘုရား (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပေါ်လာတာက ပဋိစ္စသမုပ္ပန္နတရား (မှန်ပါ့) ကြည့်လိုက်တဲ့အခါ ဘာတွေ့သလဲ (ဖြစ်ပျက်တွေ့ပါတယ်) ဖြစ်ပြီးပျက်သွားတာပဲ တွေ့လိုက်တယ် (မှန်ပါ့) ဖြစ်ပြီးပျက်သွားပြီ မရှိဘူးဆိုတာ မတွေ့ဘူးလား (တွေ့လိုက်ပါတယ်) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်သုံးမျိုး မရပ်ပလား (ရပ်ပါတယ် ဘုရား)။

ဒါဖြင့် ဣန္ဒြိယဘာဝနာဆိုတာ ဒီပေါ်တဲ့ ဣန္ဒြေကို ပွားရမှာ ခင်ဗျားတို့က မျက်လုံးပိတ်ထားရင် လုံတာပဲဆို တာ မဟုတ်ဘူး (မှန်ပါ့) နားပိတ်ထားရင် လုံတာပဲဆိုပြီး တချို့တွေများ ဟိုဟာတွေအုပ်၊ ဒီဟာတွေအုပ်နဲ့ အာရုံတွေ ကများလွန်းလို့ လာမှာစိုးတယ်ဆိုပြီး မနောထဲက လာနေတာတော့ သူသိမှမသိဘဲ (မှန်ပါ့ ဘုရား)။

ဒါမဟုတ်ဘူးကွတဲ့ ဘုရားက (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လာတဲ့တရား ဖြစ်ပျက်ရှုပြီး ရှေ့မဆက် လို့ရှိရင် ဒါ ဝိပဿနာ (မှန်ပါ့) ဒါဣန္ဒြေလုံခြုံတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက မသိတော့ တချို့ ဆရာသမားတွေကလည်း အမျိုးမျိုးအဖုံဖုံ ပြောကြဆိုကြတဲ့ အခါကျတော့ ဘယ့်နှယ်ဖြစ်နေသတုံး အို လုံခြုံတဲ့နေရာ မမြင်ရတဲ့နေရာ ကောင်းထင်ပါ့၊ မမြင်ရတဲ့နေရာကောင်း တော့ ဝမ်းထဲကနေပြီး ဥပမာ-ဟင်္သာတရောက်နေရင် ဘယ့်နှယ်တတ်နိုင်ပါ့မလဲ (မှန်ပါ့) မတတ်နိုင်ဘူးဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လုံခြုံတဲ့နေရာတော့ နေတာပဲ၊ ကိုယ်က ဟင်္သာတဆီ မနောက ရောက်နေတဲ့အခါကျတော့ အဲဒီရောက်တဲ့မနော ကို ကျုပ်တို့က ဖြစ်ပျက်ရှုရမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် သင်ပန်းကုန်းများ ရောက်သေးလား (မှန်ပါ့) ရောက်လည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ရောက်လည်း ဖြစ်ပျက်ရှုပါတဲ့၊ ဥပမာ- ဟိုမှာထားပစ်ခဲ့ရတာ ဘယ်သူလဲ-ဘယ်လိုပဲ အစရှိသည်နဲ့ပေါ်တဲ့ စိတ်ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ကို ပေါ်တဲ့စိတ်ကရှေ့ကို ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ) မဆက်နိုင်တော့ ပဋိစ္စ သမုပ္ပါဒ် ဘယ့်နှယ်ဖြစ်သွားသလဲ (ပြတ်သွားပါတယ်) ပဋိစ္စသမုပ္ပါဒ်ဆိုတာ သူများခန္ဓာလား၊ မိမိခန္ဓာလား (မိမိခန္ဓာ ပါ ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာကို ဖြစ်ပျက်ရှုလိုက်တဲ့အတွက် အနာဂတ်ခန္ဓာကိုယ်အတွက် မလာဘူး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ပစ္စုပ္ပန်ခန္ဓာကို ဖြစ်ပျက်ရှုတဲ့အတွက် (အနာဂတ်ခန္ဓာကိုယ်အတွက် မလာပါ) အနာဂတ်ခန္ဓာကိုယ်ဖြစ်ရမည့် လမ်းစဉ် လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ နောက်ခန္ဓာလာမည့်ပုဂ္ဂိုလ်သာ နိမိတ်ထင်တာပဲ သေခါနီးထင်တာက (မှန်ပါ့) နောက်ခန္ဓာ မလာမည့်ပုဂ္ဂိုလ်မှာ ထင်ကိုမထင်ဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ငရဲနိမိတ်တွေ ပြိတ္တာနိမိတ်တွေ ဒကာ ဒကာမတွေ ထင်နိုင်သေးရဲ့လား (မထင်နိုင်ပါ ဘုရား)။

အဲဒါက နောက်ခန္ဓာလာမည့်ပုဂ္ဂိုလ် ဝိပဿနာလုပ်မထားတဲ့ ပုဂ္ဂိုလ်သာထင်တာကိုးဗျ (မှန်ပါ့) ဝိပဿနာလုပ် ထားတော့ နဂိုရ်ကတည်းက နောက်ခန္ဓာလာဖို့အကြောင်းတွေ အကုန်ဖြတ်တာပဲ (မှန်ပါ့) ဖြတ်ထားတော့ ဦးမာဒင် ရေ- လာနိုင်သေးရဲ့လား (မလာနိုင်ပါ) ဒကာသစ် လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဒါဖြင့် မြင်လို့လိုချင်တယ်၊ လိုချင်တဲ့စိတ်ကို ပဋိစ္စသမုပ္ပန္နတရား ဖြစ်ပျက်တရား (မှန်ပါ့) ပဋိစ္စသမုပ္ပန္န ဖြစ် ပျက်တရားလို့ ရှုလိုက်ရင် (မှန်ပါ့) ဒေါသကလေးလာရင်လည်း မြင်လို့ ဒေါသဖြစ်ရင်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ပဋိစ္စသမုပ္ပန္နတရား ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့) တစ်ခါမောဟကလေးနဲ့ လောဘလည်း မဟုတ်ပါဘုရား၊ ဒေါသလည်း မဟုတ်ပါဘုရား၊ မြင်ကာမျှ မတ္တပါပဲ ဆိုလို့ရှိရင်လည်း ဒီအဝိဇ္ဇာက ရုပ်နာမ်ပေါ်တာ မသိဘဲဖြစ်နေတော့ ဒုက္ခသစ္စာကလေးပေါ်တာ မသိဘဲဖြစ်နေတော့ အဝိဇ္ဇာ (မှန်ပါ့ ဘုရား) မြင်တာလည်း မသိ၊ မြင်စိတ်ပေါ်တာလည်း မသိ၊ မသိတော့ အဝိဇ္ဇာ ဖြစ်မနေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ အဝိဇ္ဇာလာလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်လို့ သုံးခါကိုက်မသွားဘူးလား (သွားပါတယ်) ကိုက်သွားတော့ ပဋိစ္စသမုပ္ပါဒ်က ဒကာသစ် ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ်) ဒါဖြင့် နောက်ခန္ဓာလာဦးမလား (မလာပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံး မေးတဲ့အခါကျတော့ တပည့်တော်တို့က ဣန္ဒြိယဘာဝနာဘုရား၊ ပေါ်လာ တဲ့တရားတို့ကို ဘာဝနာလုပ်လိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်လာတဲ့ လောဘကိုလည်း (ဘာဝနာလုပ်ပါတယ် ဘုရား) ဘာဝနာလုပ်ပြီး ပွားများပစ်လိုက်တယ် (မှန်ပါ့) ဒေါသကိုလည်း (ပွားများပစ်လိုက်ပါတယ်) မောဟကိုလည်း (ပွားများပစ်လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဣန္ဒြေလုံပြီ (မှန်ပါ့) ဒါ ဘုရားကဟောတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဝနာဖြစ်သွားတယ်ဆိုတော့ ခင်ဗျားတို့ သန္တာန် ဘာပေါ်ပေါ်ရှုပေးပါ (မှန်ပါ့) ရှုတော့ ဘယ်လိုရှုရမတုံးဆို တော့ ဪ ဒီဥစ္စာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ၊ ပေါ်လာတဲ့တရားလည်း ဖြစ်ပျက်ပဲ (မှန်ပါ့) အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတာဆိုတော့ ပဋိစ္စသမုန္နတရားကို ပြောလိုက်တာ (မှန်ပါ့ ဘုရား)။

သို့သော် ခင်ဗျားတို့ စာသံ ပေသံပါနေမှာစိုးလို့၊ ဪ အကြောင်းတိုက်ဆိုင်လို့ ပေါ်တယ်၊ ပေါ်ပြီး ပျက်တာပဲလို့ မြန်မြန်ရှု (မှန်ပါ့ ဘုရား)။

အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာကို (မြန်မြန်ရှုရပါမယ် ဘုရား)။

အဲ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာကိုလည်း သိပါ (မှန်ပါ့) အလိုလိုပေါ်တယ်ဆိုရင် အဟေတုကဒိဋ္ဌိ ဖြစ်မှာစိုးလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့တရားကို (ဖြစ်ပျက်ရှုရပါမယ်) လောဘကလေးပေါ်လာရင်လည်း (ဖြစ် ပျက်ရှုရပါမယ် ဘုရား) အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့တရားကလေးမို့ ဖြစ်ပျက်ပဲ (မှန်ပါ့) ဒေါသကလေး ပေါ်လာ ရင်ကော (ဖြစ်ပျက်ပါပဲ) အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့တရားကလေးမို့ (ဖြစ်ပျက်ပါပဲ) မောဟကလေး ပေါ်လာ ရင်ကော (အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ တရားကလေးမို့ ဖြစ်ပျက်ပါပဲ ဘုရား)။

အဲဒီကဲ့သို့ ဖြစ်ပျက်ရှုသွားမယ်ဆိုလို့ရှိရင်ကွာတဲ့ “ဈာယထဘိက္ခဝေ မာပမာဒတ္ထ” ဆိုတာ ဈာယထ = ဝိပဿနာ ရှုကြ၊ မာပမာဒတ္ထ = မမေ့လျော့ကြနဲ့ဆိုတာ ဖြစ်ပျက် အနိစ္စတွေပါကလားလို့ ဒကာကြွယ် တစ်ခါတည်း လာထင်တယ် (မှန်ပါ့) ထင်ပြီး တစ်ခါတည်းချုပ်၊ ချုပ်သည်နဲ့တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ သောတာပန်ဖြင့်လည်း သုဂတိ သွား (မှန်ပါ့) ရဟန္တာဖြစ်သွားရင်လည်း နိဗ္ဗာန်သွား (မှန်ပါ့) မျက်ရည်ကျစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

သုဂတိသွားမည့် ပုဂ္ဂိုလ်ဆိုရင် ဖြစ်ပျက်တွေမြင်ပြီး သကာလ သုဂတိကို ဖျတ်ဆိုရောက်သွားတာပဲ၊ ရောက်သွား သည်နဲ့တစ်ပြိုင်နက်တည်း ဒီဉာဏ်က မဆုံးသေးဘူး၊ ဒီဖြစ်ပျက်က ပါသွားတယ် (မှန်ပါ့) အဲဒီရောက်လို့ နတ်ပြည် ရောက်တာ ရောက်မှန်းမသိသေးဘူး၊ ဪ ငါသည်ကားလို့ဆိုရင် ခန္ဓာကိုယ်ကြီးဟာ ဖြစ်ပျက်ကြီးပါလားဆိုပြီး ချက်ချင်း သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်သွားတယ် (မှန်ပါ့) ဒီကဖြစ်ပျက်နဲ့ သေဖို့ပဲ အရေးကြီးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားကတော့ အင်မတန် ပြောလို့လည်း ကောင်းပါတယ်၊ ဒကာ ဒကာမတွေကိုကလည်း သဒ္ဓါတရားရှိတယ်၊ သို့ရာတွင် နာရီစေ့သွားပြီ။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့ ။

သာဓု သာဓု သာဓု ။