11907

မာတိကာသို့

ကိလေသာမြူ ဖယ်နည်း နိဿယည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

(ကိလေသာမြူ ဖယ်နည်း နိဿယည်း)နေ့အလုပ်ပေး တရားတော်

(၁၃-၉-၆၁)

ပညာမျက်စိပေါ်၌ ကိလေသာမြူတွေဖုံးနေလို့

မနေ့က ပြောခဲ့တဲ့တရားမှာ ဒကာ ဒကာမတွေ ဆုတောင်းမှားတာလည်း ပညာမျက်စိပေါ်၌ ကိလေသာမြူ တွေ ဖုံးနေလို့ ဆုတောင်းမှားတယ်လို့ အားလုံးပဲ ပြောခဲ့တယ်နော် (မှန်ပါ့ ဘုရား)။

ဆုတောင်းမှားတာ ပညာမျက်စိပေါ် ကိလေသာမြူတွေ ဖုံးနေတာနဲ့ တောင်းမိတောင်းရာ တောင်းပြီး သကာလ မဟုတ်တာတွေ အရယူချင်တဲ့သဘောတွေ သိပ်များနေတယ် (များပါတယ် ဘုရား)။

အဲဒါ ပညာမျက်စိပေါ်၌ ကိလေသာမြူတွေက ဖုံးပြီးနေတဲ့အတွက် ဖြစ်ရပါတယ် (မှန်ပါ့ ဘုရား)။

တစ်ခါ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ခန္ဓာကိုယ်ထဲ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်, အသုဘ အချက်, ဒုက္ခသစ္စာ အချက်အလက်တွေကို မမြင်တာလည်း ဘာ့ကြောင့်တုံးလို့ တွေးလုံးထုတ်လို့ရှိရင်ဖြင့် ပညာစိတ်ပေါ် ကိလေသာမြူတွေ ဖုံးနေလို့ပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပညာမျက်စိပေါ် ကိလေသာမြူ ဖုံးသ၍ကာလပတ်လုံးဖြင့် ဆုတောင်းလည်း မမှန်ပေါ့ဗျာ (မှန်ပါ့)၊ အမြင်ကော (မမှန်ပါ့ ဘုရား)။

မျက်မမြင်လမ်း သွားဖြစ်နေမှာပဲ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ မျက်မမြင်လမ်း သွားဖြစ်နေမှာပဲ (မှန်ပါ့)၊ မျက်မမြင်လမ်း သွား ဖြစ်ခဲ့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ အပါယ်လေးပါးတည်းဟူသော ချောက်ကျင်းတွေဟာဖြင့် လွတ်စရာ, ကျွတ်စရာ မရှိဘူးဆိုတာ မှတ်ရတော့မယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ကိလေသာမြူဖုံးပုံကို ယနေ့ ကိသေလာမြူဖယ်နည်း နိဿယည်း ကိုပဲ ဒကာကြွယ်တို့ မှတ်သားရတော့မယ်နော် (မှန်ပါ့)။

မြူ ငါးမျိုးရှိတယ်

ပညာမျက်စိပေါ်၌ ကိလေသာမြူဖုံးတယ်ဆိုတာ မြူကလည်း နည်းတာမဟုတ်ဘူး (မှန်ပါ့)၊ မြူဘယ်နှစ်မျိုး ရှိသတုံး လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ချင်ကြလို့ရှိရင် မြူ ငါးမျိုးရှိတယ် မှတ်ရမယ် (မှန်ပါ့ ဘုရား)။

လောဘဆိုတဲ့ တရားဟာလည်းတဲ့ ဒကာ ဒကာမတို့၏ ဉာဏ်မျက်လုံးပေါ်၌ ဖုံးအုပ်တတ်တဲ့ တိမ်သလာတစ်မျိုး လို မှတ်ပါ (မှန်ပါ့ ဘုရား)၊ ဒေါသဆိုတဲ့ တရားတစ်ခုဟာလည်း ဉာဏ်မျက်စိပေါ်မှာ တိမ်သလာဖုံးတဲ့ တရားတစ်မျိုး လို့ပဲ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဘယ်နှစ်မျိုးရှိသွားပလဲ (နှစ်မျိုးရှိသွားပြီ ဘုရား)၊ ထိနမိဒ္ဓဆိုတဲ့ နှစ်ခုတွဲဟာလည်း ဒကာ ဒကာမတို့ သူတို့က လာလို့ရှိရင် နှစ်ခုတွဲတွဲပြီးလာတယ် (မှန်ပါ့)၊ အဲဒီ ထိနမိဒ္ဓဆိုတာ ကိုယ့်စိတ်မနိုင်, ကိုယ့်စေတသိက်မနိုင်တာပဲ၊ ဤ မနိုင်တဲ့ ထိနမိဒ္ဓဆိုတဲ့ တရားနှစ်မျိုးဟာလည်း ပညာမျက်စိပေါ်၌ ဖုံးနေတဲ့ ကိလေသာမြူတစ်မျိုးလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ)၊ ဘယ်နှစ်မျိုးရပလဲ (သုံးမျိုးရပါပြီ ဘုရား)။

တစ်ခါသွားပါဦး တဲ့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မဟာဝဂ္ဂသံယုတ်မှာ မြူငါးမျိုးရှိတယ်ကွ၊ အဲဒီ မြူငါးမှိုး မပယ်နိုင်သ၍, မရှင်းနိုင်သ၍လည်း ဆုတောင်းမှားကြီးက လာနေဦးမှာပဲ (မှန်လှပါ)၊ တကယ့်မြင်ကောင်းတဲ့ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတွေလည်း မမြင်အောင် ဖုံးဦးမှာပဲ (မှန်ပါ့)၊ နိဗ္ဗာန်ကိုလည်း ကန့် ကွက်ဦးမှာပဲတဲ့ (မှန်ပါ့ ဘုရား)၊ ဆိုတော့ ဒကာ ဒကာမတို့ အင်မတန် ကြောက်စရာကောင်းတဲ့ တရားပဲလို့ ဆိုရမယ် နော် (မှန်ပါ့)။

စတုတ္ထမြောက်ကတော့

တစ်နည်းက ဘာပါလိမ့်မတုံးဆိုတော့ စတုတ္ထမြောက်ကတော့ကိုတဲ့ ဥဒ္ဓစ္စဆိုတဲ့ စိတ်၏ ပျံ့လွင့်မှု, ကုက္ကုစ္စ ဆိုတဲ့ သံသယရှိမှု (မှန်ပါ့)၊ ဤနှစ်ခုသည်လည်း ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ပညာမျက်စိကို တိမ်သလာဖုံးတဲ့ အကုသိုလ်နီဝရဏတရားတွေပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဥဒ္ဓစ္စ ကုက္ကုစ္စ နော် (မှန်လှပါ ဘုရား)။

ဝိစိကိစ္ဆာကတော့ ဒကာ ဒကာမတို့ သူတစ်ခုတည်းနဲ့ပဲ ပညာမျက်စိပေါ်မှာ ကိလေသာဆိုတဲ့ မြူတစ်ခုတည်း ဖုံးတာနဲ့ပဲ ဆုတောင်းလွဲကိုလည်း အားထုတ်တတ်ပါတယ် (မှန်ပါ့)၊ လက္ခဏာရေးသုံးပါးကိုလည်း ဖုံးအုပ်တတ်ပါတယ် (မှန်ပါ့)၊ နိဗ္ဗာန်ကိုလည်း မမြင်အောင် ကန့်ကွက်တတ်ပါတယ် (မှန်ပါ့)၊ ဒါကြောင့် ဝိစိကိစ္ဆာလည်း နီဝရဏတရားလို့ ဆိုလိုက်ပါ (မှန်ပါ့)။

ဒါဖြင့် တိမ်သလာ ဘယ်နှစ်မျိုးရှိပါလိမ့် (ငါးမျိုးပါ ဘုရား)၊ ငါးမျိုးရှိတယ်လို့ ဒကာကြွယ်တို့ ဦးမာဒင်တို့ သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ့)။

နိဗ္ဗာန်နဲ့ အလွဲကြီးဖြစ်ခဲ့ရတာတွေ

ဪ တို့သည်ကားလို့ဆိုရင် တစ်သံသရာလုံး အမြင်မှားတွေ, အမှတ်မှားတွေ, ဆုတောင်းလွဲတွေ နိဗ္ဗာန်နဲ့ အလွဲကြီးဖြစ်ခဲ့ရတာတွေ, လက္ခဏာရေးသုံးပါးကို ဖုံးအုပ်ပြီး သကာလ ထားခဲ့လို့ အကန်းဖြစ်ခဲ့ရတာတွေသည် ဘယ် နှစ်မျိုးများ ပိတ်ပင်ဆည်းတားထားလို့ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမေးထုတ်လို့ရှိရင်ဖြင့် ဒီငါးမျိုးလို့ မှတ် လိုက် (မှန်ပါ့)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီငါးမျိုးဟာ အလွန်ကြောက်စရာကောင်းတဲ့ ငါးမျိုးပဲဆိုတာ ဦးမာဒင် တို့ သေသေချာချာမှတ်ရမယ် (မှန်ပါ့)။

နီဝရဏတရားငါးပါး

ကဲ ဒကာ ဒကာမတွေ လောဘဟာလည်း ဒကာ ဒကာမတို့ ပညာမျက်စိပေါ် ဖုံးတတ်တဲ့ တိမ်သလာ တစ်မျိုး (မှန်ပါ့ ဘုရား)၊ ဒါ့ကြောင့် သူ့ကို နီဝရဏလို့ ခေါ်လိုက်ပါတယ် (မှန်ပါ့)၊ ကာမစ္ဆန္ဒနီဝရဏ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒေါသဆိုတဲ့ တရားဟာလည်း ဒကာ ဒကာမတို့ ပညာမျက်စိပေါ်မှာ ဖုံးတဲ့ တိမ်သလာတစ်မျိုး ဖြစ်လေသော ကြောင့် ဗျာပါဒနီဝရဏ ဖုံးလွှမ်းတတ်တဲ့ နီဝရဏကွ လို့ ဘုရားက ဟောတော်မူပြန်တယ် (မှန်ပါ့)၊ နှစ်မျိုးရှိသွား ပြီ (မှန်ပါ့)။

ဒကာ ဒကာမတွေ တော်တော်ကြာ ငိုက်လိုက်, တော်တော်ကြာ မျည်းလိုက်, အိပ်ချင်လိုက်, ငိုက်မျည်းတဲ့စိတ် တွေဟာလည်း ပညာမျက်စိပေါ်မှာ ဖုံးတဲ့ နီဝရဏတစ်မျိုးကွ-ကိလေသာပဲတဲ့ (မှန်ပ့ါ ဘုရား)၊ ဘယ်နှစ်မျိုးရှိသွား ပလဲ (သုံးမျိုးရှိသွားပါပြီ ဘုရား)။

ဥဒ္ဓစ္စ=စိတ်ကေးလဟာ ထားရာမနေဘဲနဲ့ ပျံ့လွင့်ပျံ့လွင့်သွားတယ်၊ ကုက္ကုစ္စ=ပြုအပ်ပြီးသော ဒုစရိုက်, မပြုရ သေးသော သုစရိုက်ကိုလည်း အဖန်တလဲလဲ အောက်မေ့နေခြင်းသည်ကားလို့ဆိုလို့ရှိရင် ပညာမျက်စိပေါ်မှာ ကိလေသာ မြူဖုံးခြင်းကြောင့် မဂ်ဖိုလ်နိဗ္ဗာန် ပိတ်ပင်တတ်သောကြောင့် နီဝရဏတရားကွလို့ ဟောလိုက်ပြန်တယ် (မှန်လှပါ)၊ ဘယ်နှစ်မျိုးရှိသွားပလဲ (လေးမျိုးရှိသွားပါပြီ ဘုရား)၊ လေးမျိုးရှိသွားပြီဆိုတာ သဘောကျပလား (ကျပါပြီ)။

ဝိစိကိစ္ဆာဆိုတာကတော့ သံသယ၊ ရှေ့တက်မည့်ကြံ-နောက်တစ်လှမ်းဆုတ် (မှန်လှပါ)၊ ရှေ့တက်မည်ကြံ- နောက်တစ်လှမ်းဆုတ်ဆိုတော့ ဒကာသစ်,ရေ ရောက်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ သွားလိုရာခရီး အပြီးတိုင်ရောက်ဖို့ ဝေးပါသေးရဲ့ (မှန်ပါ့)။

ဒီတိမ်ငါးမျိုးကို ဆိုပါတယ်

အဲဒီ နီဝရဏတရားသည်ကား လို့ဆိုလို့ရှိရင်ဖြင့် ပညာမျက်စိပေါ်၌ ကိလေသာတိမ်သလာ ဖုံးတယ်ဆိုတာ ဒီတိမ်ငါးမျိုးကို ဆိုပါတယ် (မှန်ပါ့)။

မနေ့က ဉာဏ်မျက်စိပေါ်၌ ကိလေသာတိမ်သလာ ဖုံးပြီး မဟာရဇက္ခပုဂ္ဂိုလ်၊ များစွာသော မြူတွေ ဖုံးနေတဲ့ ပုဂ္ဂိုလ်၊ ဒါကြောင့် ဆုတောင်းလည်း ဒုက္ခသစ္စာတွေချည့် တောင်းယူကြ၊ မတောင်းကောင်းတာတွေတောင်း၊ မရထိုက် တာတွေ ရလာကုန်တော့မှ ကိုယ်ကျိုးနည်းပေါ့ဆိုပြီး သကာလ ကိုယ့်ဟာကိုယ် နောင်တ,ရတာတွေဟာ တဲ့ ပညာ မျက်စိပေါ်မှာ ဖုံးနေတဲ့ ကိလေသာမြူတွေကြောင့်ပဲ (မှန်လှပါ)။

ယနေ့ ကိလေသာမြူ ဘယ်နှစ်မျိုးတွေ့ရပါလိမ့် (ငါးမျိုးတွေ့ရပါတယ် ဘုရား)၊ နေရာကျပြီ၊ ဒါဖြင့် ဦးမာဒင် တို့ နေရာကျပါပြီ (မှန်ပ့ါ ဘုရား)၊ ဒီငါးမျိုးကို ဘုန်းကြီးက ဖယ်နည်းရှားနည်း နိဿယည်းနဲ့ ပြောလိုက်ရ, ဟောလိုက် ရလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး နည်းယူပြီး သကာလ ဆုံးမတော်မူတဲ့အတိုင်း ဟောရ, ပြောရလို့ရှိရင်ဖြင့် ဘုန်း ကြီးတို့ ဒကာ ဒကာမတွေ ဉာဏ်မျက်စိနှစ်ကွင်း အလင်းရတော့မယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဉာဏ်မျက်စိနှစ်ကွင်း ယနေ့ အလင်းရတော့မယ်၊ အလင်းရလို့ရှိရင် အဆိုးနဲ့အကောင်း ရွေးတတ်ပြီ (မှန်ပါ့)၊ အဆိုးနဲ့အကောင်း ရွေးတတ်လို့ရှိရင်ဖြင့် အဆိုးဖယ်၍ အကောင်းကို သုံးဆောင်ရတော့မည့်နေ့ပဲဆိုတဲ့ဥစ္စာ ဒကာကြွယ် ရေ မင်္ဂလာရှိတဲ့နေ့လို့ မှတ်ပါ (မှန်ပါ့)။

ဒီနေ့ မင်္ဂလာရှိတဲ့နေ့

ဘာ့ကြောင့် ဒီနေ့ မင်္ဂလာရှိတဲ့နေ့လို့ ပြောရပါလိမ့်မတုံး၊ “ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလမုတ္တမံ”ကိုး (မှန်ပါ့ ဘုရား)၊ ကာလေန=လျောက်ပတ်တဲ့အခါကာလ၌၊ ဓမ္မဿဝနံ=တရားနာရခြင်းသည်၊ ဧတံ=ဤတရားနာမှုသည်၊ မင်္ဂလံ=အကြီးဆုံးသော နိဗ္ဗာန်ရောက်ကြောင်း မင်္ဂလာပါတည်း တဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ မင်္ဂလာရှိတဲ့နေ့ဆိုတာ တရားထူး တရားမြတ် နာရတဲ့နေ့မို့ မင်္ဂလာရှိတဲ့နေ့ လို့ မှတ်ပါ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ဘာနေ့ပါလိမ့်ဗျာ (မင်္ဂလာရှိတဲ့နေ့ပါ ဘုရား)။

”ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလမုတ္တမံ”ဆိုတော့ ခင်ဗျားတို့ ရထားတာက အန္တရာယ်ကင်းရထားတာ (မှန်ပါ့)၊ ယနေ့ဟောမှာကတော့ ကာလေန ဓမ္မဿဝနံ၊ ကာလေန=လျောက်ပတ်တဲ့အခါကာလ၌၊ ဓမ္မဿဝနံ=တရား တော်ကို နာရခြင်းသည်၊ အတ္ထိ=ရှိ၏၊ ဧတံ=ဤတရားနာမှုသည်၊ ဥတ္တမံ=မြတ်သော၊ မင်္ဂလံ=မင်္ဂလာမည်၏လို့ ဆိုသော ကြောင့် ဪ တို့နီဝရဏတရားကို ဖယ်ရှားရမည့်တရား နာရမည့်နေ့ဖြစ်သောကြောင့် ယနေ့သည်ကားလို့ဆိုရင် နိဗ္ဗာန်တည်းဟူသော မင်္ဂလာသည် ငါတို့၏ဉာဏ်ထဲမှာဖြင့် အရောက်ပို့တော့မှာပဲဆိုတာ ဒကာသစ်ရေ ထင်ရှားသွား ပြီ (မှန်ပ့ါ ဘုရား)။

ဒါ့ကြောင့် ဒီနေ့ ဘာနေ့တုံးလို့ဆိုလို့ရှိရင်ဖြင့် မင်္ဂလာရှိတဲ့နေ့ (မှန်ပ့ါ ဘုရား)။

ဒကာကြွယ် ဘာနေ့တုံး (မင်္ဂလာရှိတဲ့နေ့ပါ)၊ “ကာလေန ဓမ္မဿဝနံ၊ ဧတံမင်္ဂလမုတ္တမံ”ဗျာ (မှန်ပါ့)၊ ဒီပါဠိ ခင်ဗျားတို့ရပါတယ် ဒကာကြွယ်တို့ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံးဗျာ (ကာလေန ဓမ္မဿဝနံ၊ ဧတံမင်္ဂလမုတ္တမံပါ ဘုရား)။

အဲဒါ ရသာရထားတာကိုး၊ ရတဲ့အတိုင်း ဒီနေ့ ငါမင်္ဂလာရှိ-မရှိ တွေးမှမတွေးဘဲ (မတွေးပါ)၊ တွေးလိုက်တဲ့ အခါကျတော့ဖြင့် ဪ ဒီနေ့ တရားထူး တရားမြတ်နာတာ၊ ဪ ဒီနေ့ဖြင့် မင်္ဂလာရှိတဲ့နေ့၊ မင်္ဂလာဆိုတာ သည် ဒကာ ဒကာမတို့ “မင်္ဂပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလံ”ဆိုတဲ့အတိုင်း မကောင်းတဲ့ဟာတွေ ဖြတ်ပြီး သကာလ ကောင်းတာတွေသာ ကိုယ့်သန္တာန်၌ ရောက်တဲ့နေ့ (မှန်ပါ့)၊ ဒါ့ကြောင့် မင်္ဂလာရှိတဲ့နေ့ဆိုတာ ဦးလှဘူး ပေါ်ပြီ (ပေါ် ပါပြီ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မင်္ဂလသုတ်ကလေးများ ချီးမြှောက်ခဲ့ပါဘုရာ့

ဪ တို့သည်ကားလို့ဆိုရင်ဖြင့် နဂိုတုန်းက သုံးနှုန်းပြီး သကာလ နေလိုက်ကြတယ် “ကာလေန ဓမ္မဿဝနံ၊ ဧတံမင်္ဂလမုတ္တမံ” အရှင်ဘုရား ဆွမ်းဘုဉ်းပေးပြီး မင်္ဂလသုတ်ကလေးများ ချီးမြှောက်ခဲ့ပါဘုရာ့ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့တုံးမေးတော့ တပည့်တော်တို့ မင်္ဂလာရှိအောင်လို့ (မှန်ပါ့)၊ အမင်္ဂလာတွေ ပြေးအောင်လို့ (မှန်ပါ့)၊ ဟာ သူများရွတ်ပေးတာပါကလား ဒကာ ဒကာမတို့ (မှန်ပါ့)၊ အင်း ကိုယ့်ဟာကိုယ် မင်္ဂလာရှိအောင်လုပ်တာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ဟာ ဦးမာဒင် ဒီတွင်လွှဲကုန်ပြီ (မှန်ပါ့)၊ လွဲကုန်ပြီ-လွဲကုန်ပြီ (မှန်ပါ့)၊ ဒကာကြွယ်တော့လည်း မင်္ဂလ သုတ်ကလေးတွေ ချီးမြှောက်ခဲ့ပါဘုရားလို့ ဆိုလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ကြည့် သူဆိုထားတာက “ကာလေန ဓမ္မဿဝနံ၊ ဧတံမင်္ဂလမုတ္တမံ” (မှန်ပါ့)၊ ကာလေန=လျောက်ပတ်တဲ့ အခါ၌၊ ဓမ္မဿဝနံ=တရားနာခြင်းသည်၊ ဧတံ=ဤတရားနာခြင်းသည်၊ မင်္ဂလံ=မင်္ဂလာပဲဆိုတော့ နို့တရားမှမနာဘဲနဲ့ ခင်ဗျားတို့ မင်္ဂလာဖြစ်ပါ့မလား (မဖြစ်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး တရားမှမနာဘဲနဲ့ တပည့်တော် မင်္ဂလာရှိအောင် လုပ်ပေးခဲ့စမ်းပါဘုရားဆိုတော့ ဒကာကြွယ် မို့ လျှောက်ရဲပါပေတယ်ဗျာ (မှန်ပါ့)၊ နှုတ်ရဲပြီး လျှောက်တာပါပဲ (မှန်ပါ့ ဘုရား)။

တကယ်ကတော့ ကိုယ်လုပ်ရမှာလား သူများပေးတာ ယူရမှာလား (သူများပေးတာ ယူရမှာပါ)၊ ကိုယ်တိုင်လုပ်ရ မည့်အလုပ် သူများပေးတာယူမယ်ဆိုတော့ ဒကာကြီး ဦးမာဒင် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

မရနိုင်တာကြီးကိုပဲ ဒကာကြွယ်တို့က နှုတ်သီးကောင်း၊ လျှာပါးနဲ့ ဟင်-အရှင်ဘုရားတို့ မင်္ဂလသုတ်ကလေး ချီးမြှောက်ပေးခဲ့စမ်းပါဦးဆိုတဲ့ အဓိပ္ပာယ်ဟာဖြင့် “ကာလေန ဓမ္မဿဝနံ၊ ဧတံမင်္ဂလမုတ္တမံ”ဆိုတော့ ကိုယ်တိုင် တရားနာရင် ကိုယ်တိုင်မင်္ဂလာရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့)၊ ဘာမင်္ဂလာတုံးလို့ မေးခွန်းထုတ်တဲ့အခါ ကျတော့မှ ဪ တရားနာရတဲ့အခါကျတော့ကို မှတ်မိတယ် (မှန်ပါ့ ဘုရား)။

တရားနာရတော့ ဘာဖြစ်သတုံး (မှတ်မိပါတယ်)၊ မှတ်မိတော့ ကျင့်ဖြစ်တယ် (မှန်ပါ့)၊ ကျင့်ဖြစ်တော့ နိဗ္ဗာန် ရတယ် (မှန်ပါ့)၊ အဲဒါ မင်္ဂလာပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

မှတ်မိရင် မင်္ဂလာဝင်လာတယ်

တရားနာတော့ ဘာဖြစ်သတုံး (မှတ်မိပါတယ်)၊ အဲ မှတ်မိရင် မင်္ဂလာဝင်လာတယ် (မှန်ပါ့)၊ တော်တော် ကြာကျတော့ ကျင့်တဲ့မင်္ဂလာကော (ဝင်လာပါတယ်)၊ “ဒါနဉ္စ ဓမ္မစရိယာ”ကိုးဗျ (မှန်ပါ့)၊ တရားလည်း ကျင့်ရမယ်ဆို တယ် (မှန်ပါ့)၊ အဲဒါမှ မင်္ဂလာကိုး (မှန်ပါ့ ဘုရား)။

အဲဒီတော့ တရားနာတော့ မှတ်မိတယ်၊ မှတ်မိတော့ ကျင့်ဖြစ်တယ် (မှန်ပါ့)၊ ကျင့်ဖြစ်တဲ့အတွက်ကြောင့် အို, နာ, သေ သိမ်းတဲ့နိဗ္ဗာန်ကို (ရပါတယ်)၊ ရတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါ မင်္ဂလာပဲတဲ့ (မှန်ပါ့)ဆိုတော့ မင်္ဂလသုတ်လျှောက်ကြည့်တဲ့အခါကျတော့ ဒကာကြွယ်တို့ သိတဲ့အတိုင်း ဦးမာဒင်တို့ သိတဲ့အတိုင်း ဒကာသစ်တို့ သိတဲ့အတိုင်း တရားနာမှ မှတ်မိမယ် မှတ်မိမှ ဒါနဉ္စ ဓမ္မစရိယာဆိုတာ လာ မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီသိမှုတက်မှ နိဗ္ဗာန်မင်္ဂလာ မရဘူးလား (ရပါတယ် ဘုရား)။

ဒါ့ကြောင့် “တပေါစ ဗြဟ္မစရိယဉ္စ”လို့ မလာဘူးလားဗျာ (လာပါတယ်)၊ မြတ်သောအကျင့်ကို ကျင့်ရမယ်ကွ (မှန်ပါ့)၊ “အရိယသစ္စာန ဒဿနံ”တဲ့၊ အရိယာတို့၏ အမြင်ဖြစ်အောင်လည်း ခင်ဗျားတို့ အားထုတ်တဲ့ဉာဏ်က နိဗ္ဗာန် မြင်အောင် လုပ်ပါတဲ့ (မှန်ပါ့)၊ ဒါမှ ‘ဧတံမင်္ဂလမုတ္တမံ”ဖြစ်မယ်လို့ မဆိုဘူးလား (ဆိုပါတယ်)၊ ဒါဖြင့် ကိုယ်တိုင်လုပ်ယူ ရမှာချည့်ပဲ (မှန်ပါ့)၊ အငှားနဲ့တော့ (မရပါ ဘုရား)။

ကိုယ်တိုင်လုပ်ရမှာ

ဟာ ဒကာကြွယ်တို့၊ ဦးမာဒင်တို့က နဂိုက အငှားကြိုက်နေတာ ခက်လိုက်တာ (မှန်ပါ့)၊ ဘယ့်နှယ်တုံး ဒကာသစ်က အငှားဘက်ကလည်းလား အငှါးဘက်ကတော့ မလုပ်ပါနဲ့ ကိုယ်တိုင်လုပ်ရမှာဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဘာလုပ်ရမယ် (ကိုယ်တိုင်လုပ်ရပါမယ် ဘုရား)၊ ဒကာကြွယ်နောက် အငှားဝါသနာပါလို့တော့ မဖြစ်ဘူးပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ကိုယ်တိုင်လုပ်ရမည့်ဥစ္စာ အငှားယူလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ကိုယ့်ဝမ်းထဲရှိတဲ့ ကိလေသာငှားပြီးသ ကာလ ရှင်းပေးစမ်းပါဆိုလို့တော့ မဖြစ်ပါဘူး (မဖြစ်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်ဝမ်းထဲရှိတဲ့ ကိလေသာ ကိုယ့်ဉာဏ်နဲ့ကိုယ် ရှင်းရမယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ကိုယ့်ဝမ်းထဲရှိတဲ့ ကိလေသာကိုယ့်ဉာဏ်နဲ့ ရှင်းရပါမယ် ဘုရား)။

ကိုယ့်ဉာဏ်နဲ့ ကိုယ်ရှင်းရမယ်ဆိုတာဖြင့် ဒကာသစ်ရေ ဒီမင်္ဂလသုတ်ကပဲ ပြောပါတယ် (မှန်ပါ့)၊ တပေါစ= ခြိုးခြံသောအကျင့်, ကျင့်ရမယ်ဆိုတာ သူများကျင့်ရမှာလား ကိုယ်ကျင့်ရမှာလား (ကိုယ်ကျင့်ရမှာပါ ဘုရား)။

ဓမ္မစရိယဉ္စ=မြတ်သောမဂ္ဂင်အကျင့် ကျင့်ရမယ်ဆိုတာကော (ကိုယ်ကျင့်ရမှာပါ)၊ ဟာ အငှားကိုမပါဘူး ဒကာကြွယ် (မပါပါ)၊ ပါသေးသလား (မပါပါ ဘုရား)။

အရိယသစ္စာန ဒဿနံ=အရိယာတို့၏ အမြင်ကိုလည်း ကိုယ်မြင်အောင်လုပ်ရမယ် (မှန်ပါ့)၊ အဲဒါမှ မင်္ဂလာ ဖြစ်တယ်ဆိုတော့ ဦးမာဒင် အငှားပါသေးသလား (မပါပါ)၊ ကိုယ်ကိုယ်တိုင်လုပ်ရမှာချည့်ပဲ (မှန်ပါ့ ဘုရား)။

သက်သာခိုလို့ ကိုယ့် အကျိုးပြီးမှာလား

ဟာ ဒကာကြွယ်တို့က ခက်လိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့ (မှန်ပါ့)၊ ဒီနေရာ သက်သာခိုလို့ ကိုယ့် အကျိုးပြီးမှာလား (မပြီးပါ ဘုရား)။

သို့သော် သူ့ပရိတ်ဆိုတာသည်ကားလို့ဆိုရင် အရံအတားတော့ ဖြစ်ပါတယ် ဒကာ ဒကာမတို့ အတွင်းကိလေသာ တော့ မသတ်နိုင်ဘူး (မသတ်နိုင်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မိစ္ဆာဒိဋ္ဌိကံကြီး မရှိလို့ရှိရင်လည်း ကာကွယ်ပေးနိုင်ပါတယ်၊ ကံကြီးလည်း မရှိဘူး၊ ယုံလည်း ယုံကြည်မယ်ဆိုလို့ရှိရင် ကာကွယ်ပေးနိုင်ပါတယ်ဆိုတာ ဗဟိဒ္ဓဘေးရန်ကို ဆိုပါတယ် (မှန်ပါ့)။

အဇ္ဈတ္တဘေးရန်တော့ဖြင့် ခုနင်ကပြောခဲ့တဲ့ “ကာလေန ဓမ္မသာဝနံ” လုပ်ရမယ် (မှန်ပါ့)၊ ဗြဟ္မစရိယဉ္စ=မဂ္ဂင် အကျင့်ကိုလည်း ကျင့်ရမယ် (မှန်ပါ့)၊ အရိယာသစ္စာန ဒဿနံ=သစ္စာလေးပါးကိုလည်း မြင်အောင်ကြည့်ရမယ် (မှန်ပါ့)။

ဒါမှသာလျှင် ဒကာ ဒကာမတို့ နိဗ္ဗာန်တည်းဟူသော မင်္ဂလာကြီးကို မြတ်သောနိဗ္ဗာန်တည်းဟူသော မင်္ဂလာ ကို ရနိုင်တယ်၊ ဆိုတဲ့အတိုင်း ဒကာသစ်ရေ ကိုယ်တိုင်လုပ်ယူရမှာ (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒါဖြင့် အငှားသည်ကားလို့ဆိုရင် သာမညအကျိုးပေါ့ (မှန်ပါ့)၊ ကိုယ်တိုင်လုပ်သလောက်တော့ (မရပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ ဒါဖြင့် ကိုယ်တိုင်လုပ်ယူပါဆိုတာကော ရှင်းပလား (ရှင်းပါပြီ)။

အတွင်းအန္တရာယ်ကင်းအောင်

ကောင်းပြီ ဒါလောက်ဆိုလို့ရှိရင်လည်း နောက်တော့ဖြင့် အင်း သူများကို အန္တရာယ်ကင်းအောင်တော့ ရွတ်ခိုင်းတာပဲ၊ ဒါ-ပြင်ဘက်အန္တရာယ်ကင်းရော၊ အတွင်းအန္တရာယ်ကင်းအောင်တော့ ကိုယ်တိုင်လုပ်မှပဲ (မှန်ပါ့)၊ ဒီလိုနှစ်ဖက်ထားမှပေါ့ (မှန်ပါ့)၊ ခင်ဗျားတို့ဟာက အင်း တို့ဆွမ်းကလေးကျွေးပြီကွာ ပရိတ်ကလေး ရွတ်ပြီကွာ အိမ်တွင်း သန့်ရှင်းအောင် လုပ်ရအောင်တဲ့ (မှန်ပါ့)၊ အိမ်သာသန့်ရှင်းတာ ဝမ်းထဲက မသန့်ရှင်းဘူး (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အိမ်တော့ ဒကာကြွယ် ဘာတဲ့ (သန့်ရှင်းပါတယ် ဘုရား)၊ ဝမ်းထဲတော့ ရှုပ်နေတာပဲ (မှန်ပါ့)၊ ဒါဖြင့် အိမ်ရှင်း တာနဲ့ ဝမ်းထဲရှုပ်တာ ဘယ်သူက အရုပ်ဆိုးသတုံး (ဝမ်းထဲရှုပ်တာက အရုပ်ဆိုးပါတယ် ဘုရား)။

အိမ်ရှင်းတာကြောင့် ခင်ဗျားတို့ ဘာမှအကျိုးမရှိပါဘူးတဲ့၊ လူကြည့်ကောင်းရုံပါပဲ (မှန်ပါ့)၊ ဝမ်းထဲရှုပ်တာက တော့ အပါယ်ရောက်လိမ့်မယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အိမ်ရှင်းတာနဲ့ ဝမ်းထဲရှုပ်တာ ဒကာ ဒကာမတို့ ဘယ်ဟာရှင်းရမှာတုံး (ဝမ်းထဲရှုပ်တာ ရှင်းရမှာပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေ ပေါ့ပေါ့တန်တန်နဲ့ မနေဘဲနဲ့ ဘုရားက ဟောထားခဲ့တယ် အဇ္ဈတ္တ ဟောထားတယ်၊ ခင်ဗျားတို့က ပြင်ဘက်ချည့် အလုပ်လုပ်နေမယ်ဆိုရင် ဦးမာဒင် လွဲချော်ကုန်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဆရာဘုန်းကြီးသည် နေရာတိုင်းမှာပဲ အမှန်ရောက်အောင် ပြုပြင်ပြင်ဆင်ပေးနေတယ်ဆိုတာ ဒကာသစ် မှတ်ရမှာပဲ (မှန်ပါ့ ဘုရား)။

ကိလေသာမြူဖုံးနေတာ

ကိုင်း ဒကာ ဒကာမတို့ အဲဒီလိုအမှားတွေ ကိုယ်တိုင်လုပ်ရမှာ သူများလုပ်ပေးပါခိုင်းတဲ့ အသွားတွေဟာလည်း ဘာ့ကြောင့်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျမှ ပညာမျက်လုံးပေါ် ကိလေသာမြူဖုံးနေတာ အမှန်မြင်လို့ ငါလုပ်ရမည့် အလုပ်ကို သူများလုပ်စေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကိုယ်လုပ်ရမည့်အလုပ်ကို ဒကာကြွယ် ဘယ်သူလုပ်ရမှာတုံး (ကိုယ်လုပ်ရမှာပါ ဘုရား)၊ ကိုယ့်ဟာကိုယ် လုပ်ရမယ် (မှန်ပါ့)။

ကိုယ်လုပ်ရမည့်အလုပ်ကို (ကိုယ့်ဟာကိုယ် လုပ်ရပါမယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ သက်သေသာဓကကလေး လုံလောက်အောင် နည်းနည်းကလေး နားထောင်ကြည့်ပါနော် (မှန်ပါ့)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ကိုယ်တိုင်လုပ်တာနဲ့ ဘုရားအဖြစ်သို့ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ သူများပို့ပေးလို့ ရောက်တာလား (မဟုတ်ပါ ဘုရား)။

ကိုယ်တိုင် မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်လိုက်တာနဲ့ ဘုရားအဖြစ်သို့ ရောက်တယ် (မှန်ပါ့)၊ ဘုရားအဖြစ်သို့ ရောက်ပြီး နိဗ္ဗာန်ဝင်ရတယ်ဆိုကြပါစို့ (မှန်ပါ့)။

ရာဟုလာကျင့်ဖို့

ရာဟုလာကလေးဟာ နိဗ္ဗာန်မမြင်သေးဘူး (မှန်လှပါ)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တွေးတယ်၊ ရာဟုလာ နိဗ္ဗာန်မြင်ဖို့ကို ငါက လက်ညှိုးညွှန်ပြလို့လည်း သူမြင်မှာမဟုတ်ဘူး (မှန်ပါ့)၊ ရာဟုလာကျင့်ဖို့အလုပ်ကို ခိုင်းဦးမှပဲ ဆိုပြီး ရာဟုလောဝါဒသုတ်ဆိုပြီး ရာဟုလာကျင့်ဖို့ နိဿယည်းပေးတဲ့အလုပ်စဉ်ကြီးကို ဘုရားက မပေးရဘူးလား (ပေးရပါတယ် ဘုရား)၊ အင်း သူ လက်ညှိုးညွှန်ပြလို့ မရနိုင်လို့ပေါ့ (မှန်ပါ့)၊ မင်း ဒီအတိုင်းလုပ်မှသာလျှင် မင်း မြင်မယ်ဆိုတော့ ကိုယ်လုပ်မှ ကိုယ်မြင်တယ်လို့ ပြောလိုက်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ရာဟုလာကို ဘုရားက ဟောဟိုဟာ နိဗ္ဗာန်ပဲလို့ ပြနိုင်ရဲ့လား (မပြနိုင်ပါ ဘုရား)၊ မပြနိုင်တော့ နိဗ္ဗာန်မြင်နည်း နိဿယည်းဆိုပြီး ရပါစေတော့လို့ဆိုပြီး ရာဟုလောဝါဒ=ရာဟုလာ ဆုံးမတဲ့သုတ်ဆိုပြီး သကာလ ဦးမာဒင်တို့ မကြားဖူး ဘူးလား (ကြားဖူးပါတယ် ဘုရား)။

ဒါဖြင့် သူ့ဟာသူ ဒီသုတ်အတိုင်း ကျင့်လိုက်တော့မှ သူမြင်လာတယ် (မှန်ပါ့)။

ဒါဖြင့် သူများပြလို့ မြင်တာလား (ကိုယ်တိုင်လုပ်လို့ မြင်တာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ဒကာကြွယ်,ရေ နောက်တော့ ခင်ဗျား စဉ်းစားနော် (မှန်ပါ့)၊ အရှင်ဘုရား တပည့်တော်တို့ ဘယ်လို လုပ်ပေးပါဦးလို့ တောင်းပန်မနေနဲ့ဦး (မှန်ပါ့)၊ နည်းကလေး ပေးပါဘုရာ့ဆိုရင် ပေးဖို့ပဲ (မှန်ပါ့)။

ကိုယ်တိုင်မြင်ဖို့ ကိုယ့်ကိလေသာရှင်းဖို့

ကိုယ်တိုင်မြင်ဖို့ ကိုယ့်ကိလေသာရှင်းဖို့ အလုပ်ကတော့ဖြင့် ကိုယ်ရှင်းမှ ကိုယ့်မျက်လုံးဟာ မြူကင်းမှာပဲ (မှန်ပါ့ ဘုရား)၊ ကိုယ်မရှင်းရင် မြူကင်းပါ့မလား (မကင်းပါ ဘုရား)။

အေး ဒါ့ကြောင့် ခင်ဗျားတို့က မေတ္တေယျဘုရားရှင်ကို လက်ဦးစွာ ဖူးတွေ့ရပါလို၏ လို့၊ ဖူးရရုံမျှနဲ့ လည်း ကိုယ့်ကိလေသာက မရှင်းသေးတော့ မင်းဟာမင်း နေရစ်လေကွာ (မှန်ပါ့)၊ ဖူးတော့ဖူးပေါ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ နိဗ္ဗာန်လိုက်နိုင်ရဲ့လား (မလိုက်နိုင်ပါ ဘုရား)၊ ဘာဖြစ်လို့ မလိုက်နိုင်တာပါလိမ့် (ကိုယ့်ကိလေသာ မရှင်းသေးလို့ပါ ဘုရား)၊ ကိုယ့်ကိလေသာ ကိုယ့်ဉာဏ်နဲ့ မရှင်းသေးလို့ (မှန်လှပါ)၊ ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားတွေနဲ့ တွေ့ကြတာလည်း ကျုပ်တို့လည်း များတော့များကြပါပြီ (မှန်ပါ့)၊ ဂင်္ဂါ ဝါဠု သဲစုမကဆိုတော့ တွေ့ခဲ့ကြတဲ့ ဘုရားနဲ့လည်း တွေ့ခဲ့ကြမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး (မှန်ပါ့)၊ သို့ရာတွင် ဘယ့်နှယ်ကြောင့် ကျုပ်တို့သည် အခု ဒုက္ခပင်လယ်ဝေနေရစ်ပါလိမ့်မလဲဆိုတဲ့ အမေးကို ထုတ်ကြည့်တဲ့အခါကျတော့မှ ဪ ကိုယ်ကျင့်ရမည့်အလုပ် မကျင့်တာနဲ့ ပါမသွားတာကိုး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုပါလိမ့် (ကိုယ်ကျင့်ရမည့်အကျင့် မကျင့်တာနဲ့ ပါမသွားတာပါ ဘုရား)။

ကျင့်မှုက လိုရင်း

ဒါဖြင့် ဒကာ ဒကာမတို့ တွေ့မှုက လိုရင်းလား ကျင့်မှုက လိုရင်းလား (ကျင့်မှုက လိုရင်းပါ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် တစ်ယောက်သောပုဂ္ဂိုလ်ကို ချွတ်မယ်ကြံလို့ရှိရင် စောင့်နေတယ်ဆိုတော့ ကိုယ်တော်မြတ်ကြီးက ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ်အတွက် စောင့်နေတာတုံး၊ အို သူ့ဟာသူကျင့်တာ ရင့်ပါစေဦး လို့ (မှန်လှပါ ဘုရား)၊ မပေါ်သေးဘူးလားဗျာ (ပေါ်ပါပြီ ဘုရား)။

သူ့ဟာသူကျင့်နေတာ (ရင့်ပါစေဦးလို့ စောင့်နေပါတယ် ဘုရား)၊ ဣန္ဒြေရင့်-မရင့် ကြည့်ရသေးတယ်၊ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက မဟောသေးဘူးလား (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်ပါတော့၊ ကိုယ်တော်မြတ်ကြီး စောင့်တောင် ကြည့်ရတာသည် အင်း သူ့အကျင့် မရင့်သေးလို့ စောင့်တာ (မှန်လှပါ)၊ ဘယ်လိုဆိုကြမလဲ (သူ့အကျင့်မရင့်သေးလို့ စောင့်တာပါ ဘုရား)။

ဒါဖြင့် သူ့အကျင့်နဲ့သူ ရင့်တဲ့အခါကျတော့မှ ကိုယ်တော်မြတ်ကြီးက ဟောပြညွှန်ပြ ဆုံးမလိုက်တဲ့အခါ သူ့ရင် တာကနေပြီး သကာလ ကိစ္စပြီးသွားတယ် (မှန်ပါ့)၊ ဒကာကြွယ် သဘောပါပလား (ပါပါပြီ ဘုရား)။

နို့ ဘုရားနဲ့ တွေ့ရုံနဲ့ ပြီးတာလား၊ ကိုယ့်အကျင့် ကျင့်ပါများလို့ ရင်တော့ပြီးတာလား (ရင့်တော့ပြီးတာပါ ဘုရား)။

ဣန္ဒြေမရင့်သေးလို့ရှိရင်

ဒါဖြင့် ဘုရားပဲ ခင်ဗျားတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဣန္ဒြိယပရောပရိယတ္တိ သူနဲ့ဣန္ဒြေရင့်-မရင့်၊ သူဉာဏ်ရင့်မရင့် ကြည့်ရဦးမယ်ကွာ ဆိုပြီး သကာလ ဣန္ဒြေမရင့်သေးလို့ရှိရင် ဘုရားသခင်ကိုယ်တော်မြတ် ကြီး၏ ဉာဏ်ထဲမှာ လာပြီးတော့ ဒီပုဂ္ဂိုလ် ချွတ်ခွင့်ကို မထင်လာသေးဘူး (မှန်ပါ့ ဘုရား)၊ သူကျင့်လို့ သူ့ဟာသူ ရင့်တဲ့ပုဂ္ဂိုလ်ကျတော့ ဉာဏ်ထဲ လာထင်လာတယ် (မှန်ပါ့)။

အဲဒီလိုပုဂ္ဂိုလ်ကျတော့ ကပျာကယာပြေးတဲ့ပြီး အဖုံးကလေး ဖွင့်ပေးသလို ဒကာကြွယ် ဖွင့်ပေးလိုက်တာပဲ (မှန်ပါ့)၊ အဲဒီမှာ နိဗ္ဗာန်မြင်ပြီး သကာလ ဦးမာဒင် ကိစ္စပြီးသွားတယ် (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘုရားနဲ့တွေ့မှုက လိုရင်းလား ကိုယ်ကျင့်မှုက လိုရင်းလား (ကိုယ့်ကျင့်မှုက လိုရင်းပါ ဘုရား)၊ သဘောပါပါပြီ (ပါပါပြီ ဘုရား)။

အံမာလေး ဒါတွေကလည်း မသိလို့ ဆုံးမနေရတယ်လို့ ဦးမာဒင်ရေ မှတ်ရမှာဗျ (မှန်ပါ့ ဘုရား)၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့က ဘုရားနဲ့တွေ့ရင်တော့ ပြီးတော့တာပဲ (မှန်ပါ့)၊ မတွေ့လို့ ဖြစ်ခဲ့ကြတယ်လို့ ထင်နေမှာ စိုးတယ် (မှန်ပါ့)။

ဘုရားမရှိဘဲနဲ့ ကျွတ်သွားတဲ့ပုဂ္ဂိုလ်တွေ သီဟိုဠ်ကျွန်းမှာ၊ အိန္ဒိယမှာ ဒကာသစ် နည်းသလားဗျာ (မနည်းပါ ဘုရား)၊ ဘုရားပရိနိဗ္ဗာန်စံပြီးမှ မွေးတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)၊ ဒါတွေ ကျွတ်တမ်းဝင်သွားတာ အထင်အရှားပဲ မဟုတ်လား (မှန်ပါ့)၊ အဲဒါတွေ ဗြဟ္မစရိယအကျင့် ကျင့်လို့ ဝင်သွားတာတွေဆိုတာ ဒကာကြွယ် သေချာတယ် (မှန်ပါ့)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဖုံး ဘယ်နှစ်ချက်တဲ့တုံး

ကိုင်း ဒါဖြင့် ဗြဟ္မစရိယအကျင့် ကျင့်နေတော့ကို မဖယ်တတ်လို့ရှိရင်လည်း မကျင့်တတ်ပါဘူး (မှန်ပါ့)။

မဖယ်တတ်ရင် (မကျင့်တတ်ပါ ဘုရား)၊ ကိုင်း ဒါဖြင့် ကျုပ်တို့, ခင်ဗျားတို့ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတွေ ခန္ဓာကိုယ်ထဲ အပြည့်ရှိလျက်သားနဲ့ ဒါတွေမမြင်ဘဲနဲ့ ဖြစ်နေတဲ့ဥစ္စာ အဖုံး ဘယ်နှစ်ချက်တဲ့တုံး (ငါးချက်ပါ ဘုရား)။

ဒကာသစ် ဘယ်နှစ်ချက်တဲ့တုံး (ငါးချက်ပါ ဘုရား)၊ ကာမစ္ဆန္ဒနီဝရဏဆိုတာ လောဘ (မှန်ပါ့)၊ ဗျာပါဒနီဝရဏ ဆိုတာ ဒေါသ (မှန်ပါ့)၊ ထိနမိဒ္ဓနီဝရဏက ငိုက်မျည်းတာ (မှန်ပါ့)၊ ဥဒ္ဓစ္စ ကုက္ကုစ္စက ပျံ့လွင့်တာနဲ့ နောင်တ,တစ်ဖန် ပူပန်ခြင်းဖြစ်တာ (မှန်ပါ့)၊ ဝိစိကိစ္ဆာနီဝရဏက သံသယရှိတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီမြူတွေ ဒါ ပညာမျက်လုံးပေါ်မှာ ကိလေသာမြူတွေ ဖုံးနေတယ်၊ ဒါ့ကြောင့် ဆုတောင်းမှားပြီး သကာလ နေကြတာတဲ့တစ်မျိုး (မှန်ပါ့)၊ လက္ခဏာရေးသုံးပါးနဲ့တကွ သစ္စာတွေ မမြင်တာလည်း သူတို့ပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာကြသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

နေရာကျပြီ ဒကာကြွယ်ရေ (ကျပါပြီ ဘုရား)၊ ဒါဖြင့် ဒီငါးခု ဖယ်ကြပါစို့ရဲ့ (မှန်ပါ့)၊ ဒီငါးခုကို ကျုပ်တို့ ဖယ် ကြရှားကြလို့ရှိရင်ဖြင့် နိဗ္ဗာန်မြင်ရတော့မယ် (မှန်ပါ့)၊ လက္ခဏာရေးသုံးပါးကော (မြင်ရမှာပါ ဘုရား)။

ဪ ဒါတွေကတော့ ပါရမီမရှိလို့ မမြင်တာလား ဖယ်နည်းနိဿယည်းမရလို့လားဆိုတာလည်း ပြောကြ ပါဦး (ဖယ်နည်းနိဿယည်းမရလို့ပါ ဘုရား)၊ ဒါ ပါရမီနဲ့မဆိုင်ပါဘူး (မဆိုင်ပါ ဘုရား)။

ဖယ်နည်းနိဿယည်း

ဖယ်နည်းနိဿယည်းပေးတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ခင်ဗျားတို့ကျကျနန တွေ့သွားမယ်ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ် မဂ္ဂဗြဟ္မစရိယ ဟုတ်လား၊ နိဗ္ဗာနဒဿနဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ နိဗ္ဗာန်မြင်မှာပဲ (မှန်ပါ့)။

နိဗ္ဗာန်ဟာ ရှိသလား မရှိဘူးလားဆိုရင်လည်း ဘယ့်နှယ်ဖြေကြမလဲ (ရှိပါတယ်)၊ ရှိတာမှ တစ်လံမျှလောက် သော ခန္ဓာကိုယ်အဆုံးမှာရှိတယ် (မှန်ပါ့)။

ကဲ မရှိဘူးလား ရှိသလား (ရှိပါတယ် ဘုရား)၊ တစ်လံမျှလောက်သော ခန္ဓာကိုယ်အဆုံးမှာ (ရှိပါတယ် ဘုရား)။

ရှိလျက်နဲ့ မမြင်တာ ဘာတုံးဆိုတော့ ဟောဒီကိလေသာ ငါးမျိုးဘုရာ့ (မှန်ပါ့)၊ ပညာမျက်လုံးပေါ် ဖုံးနေလို့ မမြင်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ နိဗ္ဗာန်မြင်သည်နဲ့ တစ်ပြိုင်နက်တည်း အပါယ်လေးပါးတံခါးက ပိတ်တာပဲ (မှန်ပါ့)။

နိဗ္ဗာန်မြင်သည်နဲ့ တစ်ပြိုင်နက်တည်း (အပါယ်လေးပါးတံခါး ပိတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေက တရားပေးပါ ဘုရာ့- တရားပေးပါ ဘုရာ့ ၊ တပည့်တော်များ အိုဘေး, နာဘေး, သေဘေး ကယ်တော်မူပါဘုရားဆိုပြီး အရှင်ဘုရားများ နာမည်နဲ့, အရှင်ဘုရားများ ဟောကြားတဲ့ စာအုပ်တွေနဲ့ တပည့်တော်များ အင်မတန် အလိုရှိပြီးတော့ လိုက်လာတယ်ဆိုတော့ ဒီဟာ ဖယ်လိုက်လို့ရှိရင် မြင်ပါလိမ့် မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီငါးခုဖယ်လိုက်ရင် (မြင်ပါတယ် ဘုရား)။

ဖယ်တာကတစ်မျိုး၊ ပယ်တာကတစ်မျိုး

ကောင်းပြီ ဖယ်တာကတစ်မျိုး၊ ပယ်တာကတစ်မျိုး (မှန်ပါ့)၊ ဖယ်တာဆိုတာက အခုမရှိအောင်လုပ်တာ (မှန် ပါ့)၊ ပယ်တာဆိုတာက ဘယ်တော့မှမရှိအောင်လုပ်တာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့က တတ်နိုင်တာကတော့ ဖယ်နည်းနိဿယည်း ပေးနိုင်တယ် (မှန်ပါ့)၊ ဖယ်နည်းနိဿယည်း ကတော့ အားထုတ်မှရမယ် (မှန်ပါ့ ဘုရား)။

ဖယ်နည်းနိဿယည်းကတော့ ဘုန်းကြီးတို့ နည်းပေးပါ့မယ် (မှန်ပါ့)၊ ဖယ်နည်းနိဿယည်းကတော့ ခင်ဗျားတို့ အားထုတ်မှပဲ ရပါလိမ့်မယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်နှင့်တကွ လက္ခဏာရေးသုံးပါး ဖုံးအုပ်နေတာ ဦးမာဒင် ဘယ်နှစ်မျိုးရှိသလဲ (ငါးမျိုး ရှိပါတယ်)၊ ဪ နီဝရဏတရားငါးပါး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နီဝရဏတရားငါးပါးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)၊ နီဝရဏဆိုတာ ပိတ်ပင်တာ (မှန်ပါ့)၊ ဘာပိတ်ပင်တာတုံး ဆိုတော့ လက္ခဏာရေးသုံးပါးမမြင်အောင် ပိတ်ပင်တာလည်း သူတို့ငါးပါးပဲ (မှန်ပါ့)၊ နိဗ္ဗာန်ကြီးမြင်အောင် ပိတ်ပင်တာ လည်း (သူတို့ငါးပါးပါ ဘုရား)၊ သစ္စာလေးပါး မမြင်အောင် ပိတ်ပင်တာကော (သူတို့ငါးပါးပါ ဘုရား)။

ဒါဖြင့် ပညာမျက်လုံးပေါ်၌ ကိလေသာမြူငါးခု ခဏခဏ ဆက်ပြီးအုပ်နေမယ်ဆိုလို့ရှိရင် ဒကာကြွယ်ရေ မြင်ပေါက်မရှိဘူး (မှန်ပါ့)၊ မြင်စရာအကြောင်းမရှိဘူး (မရှိပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီဟာဖယ်နည်းနိဿယည်း မရဘဲနဲ့

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီဟာဖယ်နည်းနိဿယည်း မရဘဲနဲ့ ဝိပဿနာရှုနေကြမယ်ဆိုလို့ ရှိရင်ဖြင့် ဘယ်တော့မှမနီး (မှန်ပါ့ ဘုရား)။

မျက်လုံးထဲမှာ ဒကာ ဒကာမတွေက ဥပမာ အမှိုက်ဝင်နေတယ်၊ ဖုံမှုန့်ကလေးဝင်နေတယ်၊ သစ်ရွက် ကလေး ဝင်နေတယ်၊ နှစ်ဖက်စလုံးဝင်နေတယ်ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဘေးကလူတွေလာတာ ကြည့်စမ်းပါ၊ ဘယ်သူ-ဘယ်သူ ခွဲစမ်းပါဆိုလို့ရှိရင်ဖြင့် သူတို့ခွဲမှု အရေးကြီးသလား ၊ မျက်လုံးပေါ်က အမှိုက်ကလေးတွေ ပစ် မှု အရေးကြီးသလား (မျက်လုံးပေါ်က အမှိုက်ကလေးတွေပစ်မှု အရေးကြီးပါတယ် ဘုရား)။

ဒီအမှိုက်ကလေးတွေ မရှင်းဘဲနဲ့ ဟိုလူထုကို ဘယ်သူ-ဘယ်သူခွဲနိုင်ပါ့မလား (မခွဲနိုင်ပါ ဘုရား)။

ဒီမှာလည်း ထို့နည်းအတူပဲ တဲ့၊ ခန္ဓာငါးပါး ရုပ်နာမ်တရား ဖြစ်ပျက်တွေကို ကြည့်မယ်ကြံလို့ရှိရင်ဖြင့် ဉာဏ်မျက်လုံးပေါ်အုပ်နေတဲ့ သစ်ရွက်အမှိုက်နဲ့တူတဲ့ နီဝရဏတရားငါးပါး အရင်ရှင်းပြီးမှ သူ့ကြည့်ရမယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဪ ဒါဖြင့် တို့ဝိပဿနာရှု ဝိပဿနာရှုဆိုတာ မျက်လုံးထဲ အမှိုက်မဖယ်ဘဲနဲ့ လူတွေ ရေတွက်ချင်လို့ တော့ မဖြစ်နိုင်သလို (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုဆိုတာ

ဒီမှာလည်း ဒကာ ဒကာမတို့ ဝိပဿနာရှုဆိုတာ နီဝရဏ ဖယ်နည်းနိဿယည်းမှ မရဘဲနဲ့ဖြင့် ဒကာသစ်ရေ ဘယ့်နှယ်လုပ်မြင်မတုံး (မမြင်နိုင်ပါ ဘုရား)၊ ဦးမာဒင် မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒီဥစ္စာလည်း တစ်မျိုးသင်ရဦးမှာပဲဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြီ (ရှင်းသွားပါပြီ)၊ မသင်ရင်တော့ဖြင့် (မရပါ ဘုရား)၊ မရဘူးဆိုတဲ့ အဓိပ္ပာယ်ဟာဖြင့် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ကြတာပေါ့ (မှန်ပ့ါ ဘုရား)။

ကဲ ဒကာကြွယ် နာရီတော်တော်များသွားပြီ ၊ ဒီဥစ္စာ အကြောင်းအကျိုးတွေ ပြောနေရလို့နော် (မှန် ပါ့ ဘုရား)။

ကဲ ဒါဖြင့် သူ့ကို ဖယ်နည်းနိဿယည်းကို ပြောကြပါစို့ (မှန်ပါ့)၊ ဖယ်နည်းနိဿယည်းကို ပြောကြပါစို့ ဆိုတော့ ပဉ္စကနိပါတ်အင်္ဂုတ္တိုရ်မှာလာတဲ့ သင်္ဂါရဝကို သူ့ကို အကြောင်းရင်းခံပြီး သကာလ ဒကာသစ် ပြောရတော့မယ် (မှန်ပါ့)၊ မပြောမဖြစ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက သီတင်းသုံးနေတုန်း သင်္ဂါရဝ သတို့သားက ဘုရားသွားလျှောက် တယ်၊ သူက ပုဏ္ဏားကလေး (မှန်ပါ့ ဘုရား)။

ပုဏ္ဏားကလေးက သွားလျှောက်တယ်၊

ဒီပုဏ္ဏားကလေးက သွားလျှောက်တယ်၊ အရှင်ဘုရား တပည့်တော် တစ်ခါတလေကျတော့ မရသေးတဲ့ ပညာ တွေတောင်မှ ဝမ်းထဲမှာ ပေါ်နေတယ်တဲ့ (မှန်ပါ့)၊ ရပြီးသား ပညာတွေကျတော့ ဒေါက်ဒေါက်- ဒေါက်ဒေါက်နဲ့ ပြန် နိုင်, အံနိုင်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

တစ်ခါတလေကျတော့ မရသေးတဲ့ ပညာဝေးလို့ ရပြီးသားတွေတောင် ပျောက်နေတာ ဘယ်အကြောင်းကြောင့် ပါလိမ့်မလဲတဲ့ (မှန်ပါ့)၊ ဒကာသစ် မမေးထိုက်ဘူးလား (မေးထိုက်ပါတယ် ဘုရား)။

မရသေးတဲ့ ပညာတွေတောင် တစ်ခါတလေ ပေါ်လာတယ် (မှန်ပါ့)၊ ရပြီးသားပညာတွေကိုတော့ဖြင့် ကြံလို့ အံလို့ရှိရင် အကုန်ပဲ လုံးစေ့ပါဋ္ဌ်စေ့ပဲ ဒကာကြွယ် ရသတဲ့နော် (မှန်ပါ့ ဘုရား)။

တစ်ခါတလေကျပြန်တော့ မရသေးတဲ့ ပညာဝေးလို့ ရပြီးသားပညာတောင် အစ,ဖော်မတွေ့ဘူးတဲ့ (မှန်ပါ့ ဘုရား)။

အဲဒါ ဘာဖြစ်တာတုံးဘုရား၊ တပည့်တော် ရှင်းပေးစမ်းပါဦးဆိုတော့မှ ဒီနီဝရဏဟောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မရသေးတဲ့ပညာတွေကိုလည်း ပျောက်အောင် ရပြီးသားတောင်မှ ကွယ်သွားအောင်လုပ်တာ နီဝရဏ ပဲ (မှန်ပါ့)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ)၊ နီဝရဏတရား ဘယ်နှစ်ပါးပါလိမ့် (ငါးပါး ဘုရား)။

ဪ ဒကာ ဒကာမတို့ ဒီအရေးဟာ ခင်ဗျားတို့ ကျုပ်တို့မှာဖြင့် ဉာဏ်မျက်လုံးပေါ် ကိလေသာမြူဖုံးတယ် ဆိုတဲ့ မနေ့ကဟောခဲ့တာ ဒီနေ့ ဒီငါးမျိုး တစ်ခါပြောပြန်တော့ ဒီငါးမျိုးကို မဖယ်ဘဲနဲ့ ကျုပ်တို့သည် ဘယ်လိုဆုတောင်း ဆုတောင်း မရပါဘူး (မှန်ပါ့)၊ နိဗ္ဗာန်ဆုတောင်းလို့ (မရပါ)၊ ဒီငါးမျိုး ဖယ်ပြီး သကာလ ကိုယ်တိုင်လုပ်ယူမှရမယ်ဆိုတာ လည်း ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ရေနဲ့ မျက်နှာနဲ့ ဟပ်လိုက်ရင် အရိပ်ထင်တယ်

ကိုင်း ဒါနဲ့ ပုဏ္ဏားကမေးတဲ့အတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဥပမာနဲ့ “ဥပမာယ မိဓေကစ္စေ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ”ဆိုတဲ့အတိုင်း ဥပမာနဲ့ပြလို့ရှိရင် ပညာရှိများ သိကောင်းပါတယ်၊ သိထိုက်ပါတယ် ဆိုတော့ သင်္ဂါရဝတဲ့ ပင်ကိုရေဟာ အင်မတန်ဖြူပါတယ်ကွာတဲ့ (မှန်ပါ့)၊ ရေခွက်ထဲ ရေကလေးထည့်ကွာတဲ့ (မှန်ပါ့)၊ ကဲ ဒီရေကလေးကို မင်းမျက်နှာကလေးနဲ့ ဟပ်လိုက်တာပေါ့တဲ့ (မှန်ပါ့)၊ ရေနဲ့ မျက်နှာနဲ့ ဟပ်လိုက်ရင် အရိပ်ထင်တယ် (မှန်ပါ့ ဘုရား)။

ဘယ်နေရာမှာညှင်း, ဘယ်နေရာမှာ တင်းတိတ်, ဘယ်နေရာမှာ နှာခေါင်းတိုတယ်, နှာခေါင်းရှည်တယ်၊ သွား ဘယ်နှစ်ချောင်းရှိတယ်ဆိုတာ ရေကြည်တော့ ရေကပဲ ပြောနေတယ် (မှန်ပါ့)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဪ ဘယ်သူက ပြောပါလိမ့် (ရေက ပြောပါတယ်)၊ ကြည်တဲ့ရေက ပြောတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်သူကပြောပါလိမ့် (ကြည်တဲ့ရေက ပြောပါတယ်)၊ ကြည်တဲ့ရေက ပြောတယ်ဆိုတာ သေချာသလိုကွ၊ ကိုင်း ဒါဖြင့် မင်းသည် အဲဒီကြည်တဲ့ရေထဲ ဆေးနီ, ဆေးဝါကလေးတွေ ရောလိုက်စမ်းကွာတဲ့ (မှန်ပါ့)၊ ရောပြီးမွှေလိုက် ကွာ၊ မွှေပြီး ခုနင်ကလို မျက်နှာကလေးနဲ့ ပြန်ဟပ်လိုက်စမ်း၊ မင်းခုနင်က မြင်ရသလို မြင်ရသေးရဲ့လားလို့ မေးလိုက် တယ် (မှန်ပါ့)၊ ဘယ့်နှယ်ဖြေကြမလဲ (မမြင်ရပါ)၊ ရော,သွားလို့ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး (ရော,သွားလို့ပါ)၊ ရောသွားလို့ မမြင်တာပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဖြစ်ပျက်ကလေးတွေ မတွေ့ရဘူးဘုရာ့

ဒီမှာလည်း ဒကာ ဒကာမတို့ တစ်ခါတလေ ဖြစ်ပျက်ကလေးတွေ မတွေ့ရဘူးဘုရာ့ ပျောက်နေပြီ (မှန်ပါ့)၊ တပည့်တော် ဘာများဖြစ်သတုံး (မှန်ပ့ါ ဘုရား)။

တပည့်တော် ဘာများဖြစ်သတုံး၊ တရားများကျသွားရော့လားတဲ့၊ အင်း တချို့ ဒကာ ဒကာမတွေက လျှောက်သေးတယ် ဒကာကြွယ်ရ (မှန်ပါ့)၊ တရားများ ကျသွားရော့လားလို့ လျှောက်သေးတယ် (မှန်ပါ့ ဘုရား)။

တရားက ဘယ်ကျမှာတုံးဗျ၊ သူရောပစ်လိုက်တာ သူမသိလိုက်ပဲကိုး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခုနင်က လောဘကလေး ရောနေပြီဆိုမှဖြင့် ဒီကလောဘစိတ်ကလေး ခင်မှုမင်မှု, ကြင်နာမှုကလေးတွေ လာပြီဆိုမှဖြင့် ဖြစ်ပျက်ကို ကြည့်ငြားသော်လည်း ဒကာ ဒကာမတို့ သူကနေ ဖုံးအုပ်ပြီး သကာလ ထားလိုက်တော့ ဆေးနီ, ဆေးပြာနဲ့ ရေပေါ်မှာ သူက လွှမ်းမိုးပြီး ဖုံးနေတော့ မျက်နှာရိပ် ထင်ပါ့မလား (မထင်ပါ ဘုရား)။

ဒီမှာလည်း ခန္ဓာကိုယ်ထဲ အနိစ္စရိပ်, ဒုက္ခရိပ်, အနတ္တရိပ်တွေဆိုတဲ့ တရားတွေက ရှိပြီးသားပဲ (မှန်ပါ့)၊ မမြင်ဖူးဘုရား တပည့်တော်တို့ ရှုလိုက်တာ ဖြစ်ပျက်တွေကို ကောင်းကောင်းမတွေ့ဘူး၊ ဘာများဖြစ်တယ် မပြောတတ် ပါဘူး၊ ပါရမီပဲလား တရားပဲ ကျသွားလေရော့လား (မှန်ပါ့)၊ ဟ ဘာမှမဟုတ်ဘူး သူရောထားလို့ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ပါရမီလည်း မချနဲ့နော်

ဘာဖြစ်တာပါလိမ့် (ရောထားလို့ပါ)၊ အေး ခင်ဗျားတို့ ပါရမီလည်း မချနဲ့နော် (မှန်ပါ့)၊ တရားအောက်ကျ သွားတယ်လို့လည်း မယူနဲ့ (မှန်ပါ့)၊ အင်း ကိုယ့်အရောကြောင့် ကိုယ်ဖြစ်ရလေခြင်း (မှန်ပါ့)၊ ရိပ်မိပလား (ရိပ် မိပါပြီ ဘုရား)။

ဘယ်လိုညည်းရမှာပါလိမ့် (ကိုယ့်အရောကြောင့် ကိုယ်ဖြစ်ရတာပါ)၊ ဒီလိုသာ ညည်းပါ ဒကာကြွယ်ရ (မှန်ပါ့)၊ ညည်းတတ်ပလား (ညည်းတတ်ပါပြီ ဘုရား)။

တကယ်လို့ တရားအောက်ဆင်းသွားတယ်၊ ဖြစ်ပျက်တွေတောင် မမြင်ပြန်ဘူးဘုရာ့၊ ဟုတ်လား (မှန်ပါ့)၊ အင်း တရားပဲ အောက်ကျသွားလို့လား တပည့်တော်ကပဲ ပါရမီက သေးနုပ်လို့လား ဒီဘဝ ဒီမျှနဲ့ ထင်ပါရဲ့ဆိုတဲ့ သဘောတွေများ ပေါ်လာလို့ရှိရင်ဖြင့် ကိုယ့်ဟာကိုယ် အပြစ်တင်ပါ (မှန်ပါ့)၊ ဟေ့ သင်္ဂါရဝ မင်းမျက်နှာရိပ်မထင် တာ ရောထားလို့ကွလို့ ဘုရားမဟောဘူးလား (ဟောပါတယ် ဘုရား)။

လောဘတည်းဟူသော ဆေးနီ, ဆေးဝါ, ဆေးပြာတွေ

ဒီမှာလည်း ခန္ဓာကိုယ်ထဲ အနိစ္စရိပ်, ဒုက္ခရိပ်, အနတ္တရိပ်တွေ ရှိပါလျက်သားနဲ့ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါ မမြင်တာသည် ခုနင်က လောဘတည်းဟူသော ဆေးနီ, ဆေးဝါ, ဆေးပြာတွေ ရောထားတဲ့အတွက်တဲ့ ဒကာ ဒကာမတို့ မျက်နှာရိပ်မထင်သလို ဉာဏ်ထဲ အနိစ္စရိပ်, ဒုက္ခရိပ်, အနတ္တရိပ်တွေ မပေါ်လာတော့ဘူး (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဦးမာဒင် နေရာကျပြီ (ကျပါပြီ)၊ အင်း တရားပဲ အောက်ကျသွားလို့လား ပါရမီက ဤမျှပဲလား ဘယ့်နှယ်များဖြစ်တယ်လို့ မပြောတတ်ပါဘူးလို့ ဒီတစ်ခါ မစောင့်နဲ့တော့ (မှန်ပါ့)၊ ဒကာကြွယ် မစောင့်နဲ့တော့ (မှန်ပါ့ ဘုရား)၊ နောက်က ဒကာ ဒကာမတွေကော ဘယ့်နှယ်ဆိုကြမလဲ (ရောထားလို့ပါ)၊ ပညာက ရောတာလား ကိုယ့်ကိုယ်ကိုယ်က ရောချင်ချင်လား (ကိုယ့်ကိုယ်ကိုယ်က ရောချင်ချင်ပါ ဘုရား)။

ဟာ ကိုယ်ရောလို့ ကိုယ်မမြင်တာတော့ မတတ်နိုင်ဘူး (မှန်ပါ့)၊ ပါရမီနဲ့ မဆိုင်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားကျသွားလို့လည်း မဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊ ရောလို့ မမြင်တာ (မှန်ပါ့)၊ ဒကာကြွယ် နေရာကျ ပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နည်းပေးရတယ်၊ ငါသည် ဒီလိုရောမိတဲ့အခါကျတော့ ကိုင်း ခါတိုင်း အနိစ္စတွေ, ဖြစ်ပျက်တွေ ထိုင်လိုက်တယ်ဆို ဉာဏ်နဲ့ စိုက်ခနဲ စိုက်ခနဲ တွေ့ပါလျက်သားနဲ့ ယခု ဒီအပတ်မှာ ဘာဖြစ် လို့ မမြင်ပါလိမ့်မလဲ တွေးလိုက်လို့ရှိရင်ဖြင့် လောဘတွေကဝင်၍ ကာမစ္ဆန္ဒနီဝရဏ ဝင်နေပြီ (မှန်ပါ့)။

ဝင်နေတဲ့အခါကျတော့ ရေကို ပြန်စစ်လိုက်၊ ဆေးတွေ မရောစေနဲ့ (မှန်ပါ့)၊ ခပ်ကြည်ကြည် ရေတည်ပြီးသ ကာလ ရေကြည်ကလေးတွေ ထားပြီး ပြန်ကြည့်လိုက် မျက်နှာရိပ်ထင်လိမ့်မယ် (မှန်ပါ့)၊ မထင်ပေဘူးလား (ထင်ပါတယ် ဘုရား)။

ထို့အတူပဲတဲ့ သူ့ထားပစ်လို့ရှိရင်ဖြင့် ခုနင်က အနယ်တွေ ဖယ်ပစ်ခဲ့လို့ရှိရင်ဖြင့် မျက်နှာရိပ်ထင်သလို ဒကာ ဒကာမတို့ သူ့ကိုဖယ်ပစ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

သူ့ကို အရင်ဖြစ်ပျက်ရှုပေး

ဖယ်ပစ်ရတော့မယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဖယ်ပစ်ရတော့မယ်ဆိုတော့ ဖယ်နည်းနိဿယည်း ပြောစမ်း ပါဆိုတော့ ကိုယ့်ဖြစ်ပျက်မရှုနဲ့ဦး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီရောနေတဲ့ လောဘစိတ်ကလေး သူက ဝင်နေလို့ သူ့ကို အရင်ဖြစ်ပျက်ရှုပေး (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာလုပ်ရမလဲ (လောဘကို အရင်ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ခုနင်က အရောကလေး ဖြစ်ပျက်ရှုလိုက် (မှန်ပါ့)၊ အရောကလေး ဖြစ်ပျက်ရှုလိုက်တော့ သူက ပျောက်သွားတယ် (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တော့ သူပျောက်သွား တဲ့အချိန်ကျတော့မှ ဒကာကြွယ်တို့ ဦးမာဒင်တို့က နဂိုက ဝေဒနာဆိုရင် ဝေဒနာကို ပြန်ရှု (မှန်ပါ့)၊ သူ့ကို မရှုဘဲနဲ့ တော့ ကိုယ့်ဝေဒနာ လျှောက်ရှာမနေနဲ့ (မှန်ပါ့)၊ မရဘူး အရောကို အရင်ဖယ်ပစ်ပါဦး (မှန်ပါ့)။

ဒကာကြွယ် နေရာကျပလား (ကျပါပြီ)၊ ဒါဖြင့် ဖယ်တတ်ရှားတတ်ပလား (ဖယ်တတ် ရှားတတ်ပါပြီ ဘုရား)။

ဒါဖြင့် ပညာမျက်လုံးပေါ် ကိလေသာမြူဖုံးတာကို မြူအရင် ဖယ်ပစ်ရမယ် (မှန်ပါ့)၊ ဒါမှ ပညာနဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေ, သစ္စာလေးပါးအချက်တွေ မြင်မယ်ပေါ့ဗျာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အကာအကွယ်ကို အရင်ရှု

ဒါဖြင့် ဒကာ ဒကာမတို့ ရှုပုံရှုနည်း နိဿယည်းဟာ ယနေ့ ဆရာဘုန်းကြီး ဘယ်လိုပေးပါလိမ့်မတုံး ဆိုလို့ရှိရင် ဖြင့် ပင်ကိုက မြင်နေတဲ့ ပင်ကိုအရှိကို မြင်ချင်လို့ရှိရင်ဖြင့် ကြားက ရောနေတဲ့တရားက အဖုံးအဖိဖြစ်နေတယ် (မှန် ပါ့)၊ အကာအကွယ်ဖြစ်နေလိမ့်မယ် (မှန်ပါ့)၊ အဲဒီ့အကာအကွယ်ကို ဖြစ်ပျက်ရှု (မှန်ပါ့)၊ ပြီးတော့မှ ပင်ကိုဝေဒနာ ပြန်ရှုပေး (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘာလုပ်ရမယ် (အကာအကွယ်ကို အရင်ရှုရပါမယ် ဘုရား)၊ အကာအကွယ် အရင်ရှုပစ်လိုက် (မှန်ပါ့)၊ ရော နေတဲ့ အကာအကွယ် အရင်ရှုပစ်လိုက် (မှန်ပါ့)၊ ပြီးတော့မှ ကိုယ်လုပ်နေကျ ဝေဒနာကို ပြန်ပြီးရှု (မှန်ပါ့)၊ ပြန်ရှုတော့ ဦးမာဒင်ရေ တွေ့ရတော့မယ် (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရားဝ။

ဒါဖြင့် ဒါ နီဝရဏ ဖယ်တတ်ပြီပေါ့ (မှန်ပါ့)၊ ကာမစ္ဆန္ဒနီဝရဏ ဖယ်တတ်ပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်မျက်နှာရိပ် ကိုယ်မမြင်ရခြင်းသည် ကိုယ့်အနိစ္စရိပ်, ဒုက္ခရိပ်ကို ကိုယ့်ဉာဏ်နဲ့မှ မမြင်ရခြင်းသည် ဒကာ ဒကာမတို့ ကာမစ္ဆန္ဒနီဝရဏဆိုတဲ့ ဆေးနီ, ဆေးပြာ, ဆေးဝါတွေ ရောနေလို့ (မှန်ပါ့)၊ သူတို့ ဖယ်လိုက်လို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာတည်းဟူသော မဟာဘုတ်လေးပါး အကြည်ရုပ်ကြီးကို ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်ရင် ဖြစ်ပျက်တွေ တွေ့ပါလိမ့် မယ် (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် အခုအခံရှိလို့ မတွေ့တာပေါ့ (မှန်ပါ့)၊ ဘယ်လိုဆိုကြမယ် (အခုအခံရှိလို့ မတွေ့တာပါ ဘုရား)။

ကဲ ဒါဖြင့် ဦးမာဒင် ဘာကိုအရင်ဖယ်မယ် (အခုအခံကို အရင်ဖယ်ရပါမယ် ဘုရား)၊ အခုအခံကို အရင်ဖယ် (မှန်လှပါ ဘုရား)။

ပြီးတော့မှ မူလကမ္မဋ္ဌာန်းပြန်လိုက်

ဖယ်လို့ သူ့ကို ဖြစ်ပျက်ရှုပြီးသည်၏ အခြားမဲ့၌ ကိုယ်ရှုနေတာက ဝေဒနာဖြင့် (ဝေဒနာကို ပြန်ရှုရပါမယ် ဘုရား)၊ စိတ်ရှုနေတဲ့ပုဂ္ဂိုလ်ဆိုရင် (စိတ်ပြန်ရှုရပါမယ် ဘုရား)၊ အဲ ပြီးတော့မှ မူလကမ္မဋ္ဌာန်းပြန်လိုက် (မှန်ပါ့)၊ ဧည့်သည်အရင်ရှုပစ် (မှန်ပါ့)။

ရောလာတဲ့ဧည့်သည်ကို (အရင်ရှုရပါမယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဪ နေရာကျပြီ နေရာကျပြီ ဒကာကြွယ်,ရေ ဒါဖြင့် ပညာမျက်စိပေးမှာ တိမ်သလာကို အရယ်ဖယ် ပေါ့ဗျာ (မှန်ပါ့)၊ တိမ်သလာဖယ်ပြီးတော့မှ ဒီခန္ဓာကြည့် နိဗ္ဗာန်ကြည့်ဆိုတော့ မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား)။

အေး ဒီလိုဆိုတော့ ဘုန်းကြီးများကလည်း ကျေနပ်ပါပြီ (မှန်ပါ့)၊ ဒါ သင်္ဂါရဝကို ဘုရားဟောနေတာ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် နေရာကျပြီနော် (ကျပါပြီ)၊ ဖယ်တတ်ကြပလား (ဖယ်တတ်ပါပြီ ဘုရား)။

တစ်ခါတလေကျတော့လည်း ဒကာ ဒကာမတွေ သင်္ဂါရဝ သတို့သားက ပြောပြန်တယ် (မှန်ပါ့)၊ တစ်ခါတလေ မမြင်တာက ဒီလိုကွာတဲ့ ဘုရားက ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ ရေခွက်ထဲထည့်တဲ့ရေဟာ ဆူနေတယ် တဲ့ (မှန်ပါ့)၊ ပွက်ပွက်ပွက်ပွက်နဲ့ ဆူနေတယ်၊ အဲဒီအချိန် မျက်နှာသွားဟပ်တော့ မျက်နှာရိပ်ထင်ပါ့မလား (မထင်ပါ ဘုရား)၊ ဘာဖြစ်လို့တုံး (ရေဆူနေလို့ပါ ဘုရား)၊ ရေဆူနေလို့ မထင်ဘူး တဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဗျာပါဒနီဝရဏ

ထို့အတူပဲတဲ့ ၊ မင်းတို့သန္တာန်မှာ မင်းတို့ဝမ်းထဲမှာ ဗျာပါဒနီဝရဏဆိုတဲ့ စိတ်မချ, လက်မချ ဒေါသတွေ ဝင်နေတဲ့ အချိန်မှာလည်း ကိုယ့်မျက်နှာရိပ် မထင်ဘူးတဲ့ (မှန်ပါ့)၊ အနိစ္စရိပ်, ဒုက္ခရိပ်, အနတ္တရိပ်တွေကို ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဖြစ်ပျက်တွေ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ဘာဖြစ်လို့တုံး ဒေါသရေတွေဆူနေလို့ (မှန်ပါ့)။

အဲဒါ့ကြောင့် ဒကာကြွယ် ဘယ်သူ့ကို အရင်ရှုမယ် (ဒေါသကို ရှုရပါမယ်ဘုရား)၊ ဒေါသရှုပစ်လိုက် (မှန်ပါ့ ဘုရား)၊ ဒေါသရှုပစ်လို့ ဒီဒေါသဖြစ်ပျက်တွေနဲ့ ဉာဏ်အောက်ရောက်လာပြီ ၊ နောက် သူမပေါ်လာတဲ့အချိန်ကျမှ မူလကမ္မဋ္ဌာန်းပြန်ကြည့် (မှန်ပါ့ ဘုရား)၊ မူလကမ္မဋ္ဌာန်းဆိုတာ ဘာပါလိမ့် (ဝေဒနာပါ ဘုရား)။

အဲ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်မူလဝေဒနာ (မှန်ပါ့)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်ဟာ (စိတ်ရှုရပါမယ် ဘုရား)၊ ကိုယ့်မူလဟာ စိတ်ပဲ (မှန်ပါ့ ဘုရား)၊ အဲဒီအချိန်ကျမှ ပြန်ကောက်ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရေဆူနေတုန်း မျက်နှာရိပ်မထင်သလိုပေါ့ဗျာ (မှန်ပါ့)၊ ရေကိုမဆူအောင် ပြန်လုပ်ရဦးမယ် (မှန်ပါ့)၊ ရေငြိမ် အောင် ပြန်လုပ်ရဦးမယ် (မှန်ပါ့)၊ ဒကာကြွယ် သေချာပလား (သေချာပါပြီ ဘုရား)။

ဦးလှဘူး,ရေ ဒီနေ့ရှုရတာဖြင့် ဘာများဖြစ်တယ် မပြောတတ်ပါဘူးဘုရား၊ ဖြစ်ပျက်မမြင်ပါဘူးတဲ့ (မှန်ပါ့)၊ တရားများ အောက်ကျသွားရော့လား တဲ့ (မှန်ပါ့)၊ အံမာ လာချင်လာဦးမယ် သူ (မှန်ပါ့)၊ မလာပေဘူးလား ဒကာကြွယ် (လာပါတယ် ဘုရား)။

ဒေါသတည်းဟူသော ရေဆူနေတယ်

အင်း ပါရမီက ဤမျှထင်ပါရဲ့နဲ့ မဟုတ်တာတွေ လျှောက်တွေးနေပြီ (မှန်ပါ့)၊ သူ့ဟာသူ ရေဆူနေတာ သူမသိဘူး (မှန်ပါ့)။

သူ့ဉာဏ်ပေါ်မှာ ဒေါသတည်းဟူသော ရေဆူနေတယ် (မှန်ပါ့)၊ ဉာဏ်ပေါ်မှာ ဒေါသတည်းဟူသော မြူတွေ အုပ်နေတယ် (မှန်ပါ့)။

အဲ ဒါဖြင့် ဒကာသစ် ဒီမြူ ဘာလုပ်ရမလဲ (သူ့ကို ရှုရပါမယ်ဘုရား)၊ သူ့ရှုလို့ နိုင်တဲ့အချိန်ကျတော့မှ မူလကမ္မဋ္ဌာန်းပြန်ကောက် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဘာလုပ်ရမယ် (မူလကမ္မဋ္ဌာန်း ပြန်ကောက်ရပါမယ် ဘုရား)၊ မူလကမ္မဋ္ဌာန်းဆိုတာ ကိုယ်ကြိုက်တဲ့ ကိုယ်နေ့တိုင်း အားထုတ်နေတဲ့ ကမ္မဋ္ဌာန်း (မှန်ပါ့)၊ ဝေဒနာဖြစ်ပျက်ဖြင့် ဝေဒနာဖြစ်ပျက် (မှန်ပါ့)၊ စိတ်ဖြစ်ပျက်ဖြင့် စိတ်ဖြစ်ပျက်၊ ဒါကို ပြန်ကောက်ရမယ် (မှန်ပါ့)၊ သူ့ကို အရင်ဖယ်ဦး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ တော်တော်နေရာ ကျပြီဗျ (မှန်ပါ့)။

ဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပဉ္စကနိပါတ်အင်္ဂုတ္တိုရ်မှာ ကိလေသာမြူ ဖယ်နည်းနိဿယည်းကို ဟောပါတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ရေမှော်တွေ လွှမ်းနေတော့

ကိုင်း တစ်ခါသွားပါဦး ဒကာ ဒကာမတို့ တစ်ခါတလေ တပည့်တော်ဘုရား မမြင်တာ ရှင်းပါဦး တဲ့၊ သင်္ဂါရဝက အို မင်း ဒီလိုကွ တဲ့၊ ရေထဲမှာကွာ တဲ့ မှောင်ရိပ်တွေက လွှမ်းနေတယ် (မှန်ပါ့ ဘုရား)၊ ရေကန်ထဲ ရေမှော်တွေ လွှမ်းနေတော့ မျက်နှာရိပ် ရေပေါ်မှာ ဟပ်ကြည့်သော်လည်း တည့်ပြီးကြည့်တော့လည်း မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)၊ မှော်တွေ ရှုပ်နေတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် မှော်ဖယ်လိုက်ပြီးတော့မှ ရေငြိမ်မှ မျက်နှာနဲ့ ဟပ်လိုက်ရင် အရိပ်ထင်တယ် (မှန်ပါ့)။

ဒီမှာလည်းကွာ တဲ့၊ မင်းတရားအားထုတ်နေတော့ ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းခြင်း (မှန်ပါ့)၊ အဲဒီဥစ္စာက မင်း ဖုံးလွှမ်းနေလို့ရှိရင်လည်း မင်းဖြစ်ပျက်နဲ့ မင်းဉာဏ်နဲ့တွေ့မှာ မဟုတ်ဘူးတဲ့ (မှန်ပါ့)။

ဒါဖြင့် ရေမှော်ဖယ်သလို ထိနမိဒ္ဓဖြစ်ပျက်ရှုပြီး ဖယ်လိုက် (မှန်ပါ့)၊ ဒကာကြွယ် နေရာကျပလား (ကျပါပြီ)။

ထိနမိဒ္ဓ ဖြစ်ပျက်ရှုလိုက်

ဘာဖယ်လိုက်မယ် (ထိနမိဒ္ဓဖယ်ရပါမယ် ဘုရား)၊ ထိနမိဒ္ဓလာလို့ရှိရင် ငိုက်တယ်မျည်းတယ်ဆိုလို့ရှိရင် မင်း ငိုက်တဲ့မျည်းတဲ့ စိတ်ပဲဆိုပြီး သကာလ “သံခိတ္တံ ဝါစိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ” ပါဠိလို (မှန်ပါ့)၊ မြန်မာလိုတော့ ထိနမိဒ္ဓ ဖြစ်ပျက်ရှုလိုက် (မှန်ပါ့)၊ ရှုပြီးတော့မှ ဦးမာဒင် ဘယ်သွားမတုံး (မူလကမ္မဋ္ဌာန်းပြန်ရပါမယ် ဘုရား)။

အဲ ကိုယ့်ဝေဒနာကို အဲဒီ့ကျတော့မှ ပြန်ကောက်ပါ (မှန်ပါ့)၊ သူ့ကိုတော့ အရင်ရှုပစ်လိုက်ရသေးတယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် ဘယ်နှစ်ခု ဖယ်ပြီးပလဲ (သုံးခုဖယ်ပြီးပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် နာရီလည်း ကျန်ပါသေးတယ် ဒကာ ဒကာမတို့ သင်္ဂါရဝကို ဘုရားဟောနေတယ်နော် (မှန်ပါ့)၊ တစ်ခါတလေကျတော့ မမြင်ပုံကို အရှင်ဘုရား ရှင်းပါဦးဘုရားဆိုတော့ အေးကွာ တဲ့၊ ရေပေါ်မှာ ကောင်း ကင်က သစ်ပင်ရိပ်ကြီးတွေက လွှမ်းမိုးပြီးတော့ လေတွေကတိုက်တော့ လှိုင်းတွေ, ဂယက်တွေက ထ,နေတယ် (မှန်ပါ့ ဘုရား)။

ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ

အဲဒီလှိုင်းဂယက် ထ,နေတုန်း မျက်နှာသွားဟပ်တော့ ရေထဲ အရိပ်ထင်ပါ့မလား (မထင်ပါ ဘုရား)၊ အဲဒီလို ပဲကွ လှိုင်းဂယက်ငြိမ်မှ လုပ်ရတယ် ၊ ဒါမှ မျက်နှာရိပ်ထင်မယ်တဲ့ (မှန်ပါ့ ဘုရား)။

ထို့အတူပဲ ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ လေတိုက်နေလို့ ရေတွေလှုပ်နေသလိုပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့သန္တာန်မှာလည်း ဒီဟာတွေ ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ ဝင်လာလို့ရှိရင် ဒကာကြွယ်တို့, ဦးမာဒင်တို့ က ဥဒ္ဓစ္စကုက္ကုစ္စ ဖြစ်ပျက်ရှု (မှန်ပါ့)၊ “ဝိက္ခိတ္တံ ဝါစိတ္တံ ဝိက္ခိစိတ္တန္တိ ပဇာနာတိ” ပါဠိလို (မှန်ပါ့)၊ မြန်မာလိုတော့ ဥဒ္ဓစ္စ ကုက္ကုစ္စ ဖြစ်ပျက်ရှုပစ်လိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူ့ရှုပြီးတော့မှ ဘယ်သွားရမလဲ (မူလကမ္မဋ္ဌာန်းပြန်ရပါမယ် ဘုရား)။

အဲ မူလကမ္မဋ္ဌာန်းဆိုတာ ကိုယ်ရှုနေတာ ဝေဒနာ၊ အဲဒီကျမှ ဖြစ်ပျက်ရှု (မှန်ပါ့)၊ မတွေ့နိုင်ဘဲ ခံနိုင်ပါ့ မလား (မခံနိုင်ပါ ဘုရား)။

ဒါဖြင့် ရေလှုပ်နေလို့ လှုပ်တာ ငြိမ်အောင် လုပ်ရဦးမယ်ဆိုတော့ လှုပ်တာက ဥဒ္ဓစ္စကုက္ကုစ္စ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အင်း ဒကာကြွယ်ရေ ဖယ်တတ်ပလား (ဖယ်တတ်ပါပြီ)၊ ဒါဖြင့် ဝိပဿနာ၏အန္တရာယ်ကို မဖယ်တတ် ပြန်လို့ရှိရင်လည်း ဝိပဿနာရှုဟဲ့-ရှုဟဲ့လို့ ဆရာက ဆိုငြားသော်လည်း မရနိုင်ဘူး (မရနိုင်ပါ ဘုရား)၊ မဖယ်တတ်, မရှားတတ်လို့ (မှန်ပါ့)၊ ပေါ်ကြလား (ပေါ်ပါပြီ ဘုရား)။

ဘာတဲ့တုံးဗျာ (မဖယ်တတ် မရှားတတ်လို့ပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ရေက အောက်မှာ အနယ်ထိုင်နေတယ်

ကိုင်း ဒါဖြင့် သင်္ဂါရဝ ဟောနေတာနော် (မှန်ပါ့)၊ ငါးခုမြောက် သူပြောပြန်တော့ ဘုရားက သင်္ဂါရဝရေ တဲ့၊ မင်း ရပြီးသားစာတွေပျောက်၊ မရသေးတဲ့စာတွေဆိုတာ လုံးလုံးမပေါ်လာ၊ အဲဒါ တခြား မဟုတ်ဘူးကွတဲ့ ရေက အောက်မှာ အနယ်ထိုင်နေတယ် (မှန်ပါ့)။

အမဲအနယ်တွေက ထိုင်နေတော့ အပေါ်က မျက်နှာရိပ် ဟပ်ငြားသော်လည်း အောက်က အမှောင်ခံနေတဲ့ အတွက် ဦးမာဒင်ရေ မျက်နှာရိပ်ထင်နိုင်ပါ့မလား (မထင်နိုင်ပါ ဘုရား)။

ဘယ်နေရာမှာမှဲ့, ဘယ်နေရာမှာ တင်းတိတ်လို့ သိပါ့မလား (မသိပါ ဘုရား)၊ ဘာဖြစ်လို့တုံး (အောက်က အနယ်ခံနေပါတယ် ဘုရား)၊ ရေအနယ်ထိုင်နေလို့တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီမှာလည်းတဲ့ ဒကာ ဒကာမတွေက အလုပ်လုပ်ရတာ ဟုတ်မှဟုတ်ပါ့မလား ၊ ရမှ, ရပါ့မလား၊ မရဘဲ နေလေမလား၊ ကိုယ်က အသက်အရွယ်ကလည်းကြီး ရောဂါကလည်းထူနဲ့ သူဝင်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ အသက် အရွယ်ကလည်းကြီး, ရောဂါကလည်းထူ ဖြစ်မှဖြစ်ပါ့မလားတဲ့၊ အင်း ရေထဲ အနယ်ထိုင်ပြီ (မှန်ပါ့ ဘုရား)၊ ဝိစိကိစ္ဆာဆိုတာ အနယ်ထိုင်တာဆိုတာ (မှန်ပါ့ ဘုရား)။

ဝိစိကိစ္ဆာဆိုတာ

အဲဒီမှာ မျက်နှာရိပ်ဟပ်ကြည့်သလို ဝိပဿနာရှုကြည့်တော့ ဖြစ်မှ ဖြစ်ပါ့မလားက ခံနေတယ် (မှန်ပါ့)။

ဒကာကြွယ် ဘယ်ဟာက ခံနေသလဲ (ဖြစ်မှဖြစ်ပါ့မလား ခံနေတယ် (မှန်ပါ့)၊ ဖြစ်မှဖြစ်ပါ့မလားဆိုတော့ ဝိစိကိစ္ဆာ (မှန်ပါ့)။

အဲဒီတော့ ဦးမာဒင်တို့က ဒီလိုလုပ်ရမယ်၊ ဒီဝိစိကိစ္ဆာ ဖြစ်မှဖြစ်ပါ့မလားလို့ဆိုတော့ ဘယ့်နှယ် ဘုရားက ဖြစ်ပါတယ် ခုနစ်ရက်နဲ့ ရပါတယ်ဟောတာ မင်းကဖြစ်မှဖြစ်ပါ့မလားနဲ့ မင်း ဝင်ရှုပ်နေတယ် (မှန်ပါ့)၊ ဆိုပြီး ဒီအနယ်တွေဖယ်သလို သူ့ကို ဖြစ်ပျက်ရှုပစ်လိုက် (မှန်ပါ့)

ဝိစိကိစ္ဆာ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုပစ်ရပါမယ်)၊ ဖြစ်မှဖြစ်ပါ့မလား ၊ ရမှ,ရပါ့မလား အဲဒါတွေကလည်း ခင်ဗျားတို့ ချက်ကောင်းမှ ရတတ်တာနော် (မှန်ပါ့)။

အဲဒါက ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ ဖြစ်ပျက်ရှုပစ်ပြီးတော့မှ မူလကမ္မဋ္ဌာန်းပြန်ကောက် (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ နဂိုကရှိတဲ့ ခန္ဓာအရိပ်ဆိုတဲ့ အနိစ္စ, ဒုက္ခ, အနတ္တဟာ မမြင်ပဲနေပါ့မလား (မနေပါ ဘုရား)၊ ဖယ်စရာရှိတာ ဖယ်ပြီးပြီပေါ့ဗျာ (မှန်ပါ့)၊ လောဘလည်း ဖယ်ပြီးပြီ (မှန်ပါ့)၊ ဒေါသလာရင်ကော (ဖယ်ပြီး ပါပြီ ဘုရား)။

သူတို့ကို ဖြစ်ပျက်ရှုပေး

ဖယ်ဆိုတာ တခြားဆိုတာမဟုတ်ဘူး၊ သူတို့ကို ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ ထိနမိဒ္ဓလာလည်း (ဖြစ်ပျက်ရှုရမှာပါ ပဲ)၊ ဖယ်ဆိုတာ တခြားလား ၊ သူတို့လာတာ ရှုရမှာလား (သူတို့လာတာကို ရှုရမှာပါ ဘုရား)။

ဥဒ္ဓစ္စကုက္ကုစ္စလာရင်ကော (ရှုရမှာပါပဲ)၊ ဥဒ္ဓစ္စဆိုတာ စိတ်က ထွက်ထွက်ပြေးတာ (မှန်ပါ့)၊ အဲ ထွက်ပြေး တဲ့စိတ် ဖြစ်ပျက်ရှု (မှန်ပါ့)၊ သူက ထွက်ပြေးတာမဟုတ်ဘူး ဒီနေရာကနေပြီး တောင်လှည့်, မြောက်လှည့် လှည့်နေတာ (မှန်ပါ့)၊ အဲဒီတော့ ဒီနေရာကို စိုက်ရှုလိုက် (မှန်ပါ့)။

သူလှည့်တဲ့နေရာမှာ သူ့ကို အင်း မင်းလည်း ဖြစ်ပြီးပျက်တာပဲဆိုပြီး သူ့နေရာဉာဏ်ရောက်သွားရင် သူ ပြေးတာပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဝိစိကိစ္ဆာလာလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ကိုင်း ဒါဖြင့် တားမြစ်တတ်တဲ့ ကိလေသာမြူငါးမျိုး ဒကာကြွယ်ရေ နေရာကျပြီ (ကျပါပြီ)၊ ဖယ်တတ် ရှားတတ်ပလား (ဖယ်တတ်ရှားတတ်ပါပြီ ဘုရား)။

ဖယ်တတ်ရှားတတ်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ မူလကမ္မဋ္ဌာန်းပြန်ကောက်တော့ ချက်ချင်းမတွေ့ပေဘူး လား (တွေ့ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဖြစ်ပျက်နဲ့မဂ်နဲ့ ဦးမာဒင် ကိုက်ပြီ (ကိုက်ပါပြီ)၊ ဘယ့်နှယ်ကြောင့် ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက် ကိုက်နေပါလိမ့်မတုံးဆိုတော့ အို အရောတွေ မရှိဘူးဘုရာ့ (မှန်ပါ့)၊ လောဘအရောကော (မရှိပါ ဘုရား)၊ ဒေါသအရောကော (မရှိပါ)၊ ထိနမိဒ္ဓအရောကော (မရှိပါ)၊ ဥဒ္ဓစ္စကုက္ကုစ္စ အရောကော (မရှိပါ)၊ ဝိစိကိစ္ဆာအရောကော (မရှိပါ ဘုရား)။

ကမ္မဋ္ဌာန်းချင်း ဆက်သွားလို့ရှိရင်

အကယ်၍ ရောလာပြန်ပြီ ဒကာ ဒကာမတို့ ဘယ့်နှယ်လုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ရောတာကို ဖြစ်ပျက် ရှု (မှန်ပါ့)၊ ရှုပြီးတော့မှ ကိုယ့်ကို ဆရာပေးထားတဲ့ ကမ္မဋ္ဌာန်းကို (ပြန်ကောက်ရပါမယ်)၊ ပြန်ကောက်ရမယ်ဆိုတော့ ကမ္မဋ္ဌာန်းချင်း ဆက်မသွားဘူးလား (ဆက်သွားပါတယ် ဘုရား)၊ အဲ ကမ္မဋ္ဌာန်းချင်း ဆက်သွားလို့ရှိရင်ဖြင့် ဒကာသစ် မရမရှိပါဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် တချို့ပါရမီဆိုကြမလား ၊ တရားကျသွားတာ ဆိုကြမလား ဒကာ ဒကာမတို့ မဖယ်တတ်လို့ ဖြစ် ရတာလား (မဖယ်တတ်လို့ ဖြစ်ရတာပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဪ ဆရာသမား သိပ်လိုပါကလားဆိုတာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဒီလိုမှ ဖယ်နည်းနိဿယည်းကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပေးတဲ့နည်းနဲ့ ဒကာ ဒကာမတွေကို သင်ပြ မပေးခဲ့သော် ဒီဒကာ ဒကာမတွေဟာ ပါရမီကြောင့်သော်လည်းကောင်း, တရားပဲ ကိုယ်နဲ့မထိုက်တန်လို့သော်လည်း ကောင်း, ဒီဘဝ ကျွတ်တမ်းမဝင်နိုင်တဲ့ ပုဂ္ဂိုလ်ထဲက ကိုယ်ပါသွားလို့ ထင်ပါရဲ့ဆိုပြီး သကာလ ဦးမာဒင် ဆုတ်နစ်တဲ့ စိတ်တွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

အပျင်းနဲ့ အဖျင်းနဲ့ရောပြီး ဆင်းသွားမှာ

နဂိုက ပုထုဇန်မိုက်ရတဲ့အထဲ ပျင်းရတဲ့အထဲမှာဟင် (မှန်ပါ့)၊ နဂိုကမှ ဒီဥစ္စာ တွန်းထိုးခိုင်းရတဲ့အထဲမှာ ခုနင်က ကိုယ်အလိုမကျတာနဲ့တွေ့တော့ အပျင်းနဲ့ အဖျင်းနဲ့ရောပြီး ဆင်းသွားမှာလည်း စိုးရသေးတယ် (စိုးရပါတယ် ဘုရား)။

ဘာစိုးရိမ်ရသလဲ (အပျင်းနဲ့ အဖျင်း ရောသွားမှာ စိုးရိမ်ရပါတယ် ဘုရား)။

အပျင်းက နဂိုက ရှိပြီးသား (ရှိပြီးသားပါ)၊ ဒီလိုလုပ်တော့ မဖယ်တတ်, မရှားတတ်တော့ ကိုယ်ကလည်း ဉာဏ်က မထုတ်နိုင်တော့ အဖျင်းကရောလာတယ် (ရောပါတယ် ဘုရား)။

ဒါဖြင့် အပျင်းနဲ့အဖျင်းရောလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါးစာဖြစ်မယ် (မှန်ပါ့)၊ မဖြစ်ပေဘူး လား (ဖြစ်ပါတယ်)၊ ဒကာကြွယ် ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

နဂိုက သံသရာ့ခရီးသည်မို့ ကိလေသာထုထူတဲ့ပုဂ္ဂိုလ်များ အပျင်းကပါပြီးသား (ပါပြီးသားပါ)၊ ဒီအထဲ မဖယ် တတ် မရှင်းတတ်ပြန်တော့ အဖျင်းက ဝင်နေပြန်တယ် (ဝင်နေပါတယ်)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အပျင်းနဲ့အဖျင်းရောပြီး ဆွဲချလိုက်တာ ဒီပုဂ္ဂိုလ် ဘယ်ရောက်သွားသတုံး (အပါယ်ရောက်သွားပါတယ်)၊ တယ် နာသဗျာ (နာပါတယ်)၊ မနာဘူးလား (နာပါတယ် ဘုရား)။

တရားဟော ညံ့ဖျင်းလို့ မဂ်ဖိုလ်မရတာရှိတယ်

အဲဒါ့ကြောင့် တရားဟောပုဂ္ဂိုလ် ညံ့လို့လည်း မဂ်ဖိုလ်မရတာ ရှိသေးတယ် (မှန်ပါ့)၊ တရားနာညံ့လို့လည်း မဂ်ဖိုလ်မရတာရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တရားနာညံ့ဖျင်းလို့ (မဂ်ဖိုလ်မရတာ ရှိပါတယ်ဘုရား)၊ တရားဟော ညံ့ဖျင်းလို့ (မဂ်ဖိုလ်မရတာ ရှိပါတယ် ဘုရား)။

အဲ အခုတော့ဖြင့် တရားနာလည်း မညံ့ကြပါနဲ့တော့ (မှန်ပါ့)၊ ဖယ်တတ်ပြီဘုရာ့ (မှန်ပါ့)၊ မဖယ်တတ် သေးဘူးလား (ဖယ်တတ်ပါပြီ)၊ ဒါဖြင့် တရားနာဘက်ကလည်း မညံ့ပါဘူး (မှန်ပါ့ ဘုရား)။

အင်း နဂိုက ဖယ်တတ်တဲ့နည်းသိပြီး နာရင်နာတတ်ပါပြီတဲ့၊ အခုဖယ်နည်းနိဿယည်းကိုလည်း ဆရာ ဘုန်းကြီးက ဟောပါပြီ (မှန်ပါ့)၊ တရားဟောလည်း မညံ့ပါဘူး (မညံ့ပါ ဘုရား)။

ဒါဖြင့် တရားနာလည်း မညံ့၊ တရားဟောလည်း မညံ့ဆိုရင်ဖြင့် ဒကာသစ် မဂ်ဖိုလ်ကန့်ကွက်တာမရှိဘူး (မရှိပါ)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ ကိုယ့်ဘက်က မလိုစေနဲ့ (မှန်ပါ့)၊ ဆရာ့ဘက်ကကော (မလိုပါ ဘုရား)။

မလိုတော့ဘူးတဲ့၊ ပညာမျက်စိပေါ်၌ ကိလေသာမြူတွေဖုံးနေတာ ဖယ်ပေးလို့ရှိရင်ဖြင့် ဒီပညာမျက်စိဟာ ဒကာ ဒကာမတို့ အရှိနဲ့အသိ ကိုက်ရတော့မယ် (ကိုက်ရမှာပါ)၊ မကိုက်ပေဘူးလား (ကိုက်ပါတယ်)၊ အရှိက ဖြစ်ပျက်၊ အသိကမဂ် (မှန်ပါ့ ဘုရား)။

သင်္ခါရအဆုံးမှာ အသင်္ခတနိဗ္ဗာန်ရှိတယ်

အရှိက (ဖြစ်ပျက်ပါ)၊ အသိက (မဂ်ပါ)၊ ဒီလိုကိုက်သွားတယ်ဆိုလို့ရှိရင် ဒီဖြစ်ပျက်အဆုံးမှာ၊ သင်္ခါရအဆုံးမှာ အသင်္ခတနိဗ္ဗာန်ရှိတယ် (မှန်ပါ့)၊ သင်္ခါရဆုံးအောင် လိုက်ဖို့ရာ ကျုပ်တို့တာဝန် (မှန်ပါ့ ဘုရား)။

သင်္ခါရဆုံးအောင် လိုက်သွားလို့ရှိရင် အသင်္ခတနိဗ္ဗာန်ကို ဘယ့်နှယ်တုံး (တွေ့ရမှာပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့သည်ကားလို့ဆိုလို့ရှိရင် ဖယ်လည်းဖယ်တတ်ပြီ၊ ဖယ်တတ်လို့ သင်္ခါရတွေ့ပြီ၊ သင်္ခါရဆုံးအောင် ကျုပ်တို့ လိုက်လိုက်ရလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အသင်္ခတဓာတ် နိဗ္ဗာန်မြတ်နဲ့ ကျုပ်တို့ဉာဏ်နဲ့ဟာ တစ်ခါတည်း ဟပ်မိသွားမယ် (မှန်ပါ့ ဘုရား)၊ မဟပ်မိပါနဲ့ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားဟောဘုန်းကြီးလည်း မညံ့ပါဘူး (မညံ့ပါ ဘုရား)၊ တရားနာတွေလည်း (မညံ့ ပါ ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ်တွေဟာတဲ့ ဘာမှ သံသယမရှိဘဲနဲ့ ဪ ဒုက္ခဇာတ်သိမ်းငြိမ်းရမည့် ကျွတ်တမ်းဝင်ပုဂ္ဂိုလ် ဖြစ်ရတော့မှာပဲဆိုတာ သေချာနေပြီဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် ဒီလိုပြင်ပေးတတ်တဲ့ ဆရာနဲ့ မြတ်စွာဘုရား ဟောတော်မူတာတွေ မကြည့်နိုင် မရှုနိုင်လို့ မစုံပြန်လို့ရှိရင်လည်း ဦးမာဒင် မလွယ်ဘူးနော် (မလွယ်ပါ)၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ဟောစရာရှိတာ အကုန်ဟောပြီ

အဲ အခုတော့ဖြင့် ဆရာ့ဘက်ကလည်းကုန်၊ ဒကာ့ဘက်ကလည်း စုံဆိုသလိုပေါ့ဗျာ (မှန်ပါ့)၊ ဆရာဘက် ကလည်း ဒကာ ဒကာမတို့ ဟောစရာရှိတာ အကုန်ဟောပြီ (မှန်ပါ့)၊ ဒကာ ဒကာမတွေကလည်း ကျင့်စရာရှိတဲ့အတိုင်း ဒါတွေဖယ်ဖယ် ဖယ်ဖယ်ပြီး သကာလ ကျင့်ကြံကြိုးကုတ် အားထုတ်သွားမယ်ဆိုလို့ရှိရင်ဖြင့် သင်္ဂါရဝလိုပဲ ကိစ္စပြီးမှာ ပဲ (မှန်ပါ့)၊ မပြီးဘဲ နေနိုင်ပါ့မလား (မနေနိုင်ပါ ဘုရား)။

ဒါဖြင့် ယနေ့တရားသည် ဒကာ ဒကာမတို့ အလုပ်၏ အန္တရာယ်ကို ဖယ်ရှားပြီး သကာလ အလုပ်တွင်မှုကို အားပေးတဲ့တရား (မှန်ပါ့ ဘုရား)။

အလုပ်အန္တရာယ်တွေ (ဖယ်ရှားပြီးပါပြီ ဘုရား)၊ အလုပ်တွင်မှုကို (အားပေးတဲ့တရားပါ ဘုရား)။

ဒါဖြင့် အလုပ်သက်သက်ကို ဒီနည်းနဲ့ လုပ်ရလိမ့်မယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ နာရီစေ့ပြီ ယနေ့တော်ကြဦးစို့။

သာဓု သာဓု သာဓု။