11906

မာတိကာသို့

ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရခြင်းသည် အကြီးဆုံး အပြစ်သင့်ကြောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

(ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရခြင်းသည် အကြီးဆုံး အပြစ်သင့်ကြောင်း)နေ့အလုပ်ပေး တရားတော်

(၁၂-၉-၆၁)

သတိထားဖို့အလုပ်က

အားလုံး ဒကာ ဒကာမတို့ မိမိစိတ်ထဲမှာ ထားရမှာ အမြဲတမ်းထားရမည့်အလုပ်က ဘာထားရမလဲလို့ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောခဲ့တယ်၊ ငါ အမုန်းဆုံး ငါသဗ္ဗညုတဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါမှာ အပြစ်အကြီးဆုံးတွေ့တာ မင်းတို့ကို ဆုံးမ,မယ်ဆိုပြီး သကာလ အမြဲတမ်း ဒကာ ဒကာမတွေ သတိထားဖို့အလုပ်က

”ဣမံ ကာယံ နိက္ခိပတိ၊

ပရဉ္စ ကာယံ ဂဏှာတိ၊

တမဟံ မဟာသာဝဇ္ဇောတိ ဝဒါမိ”။

လို့ မြတ်စွာဘုရားက ဟောတယ်နော် (မှန်ပါ့ ဘုရား)။

ဒါက ဘုရားဟောတာ ပါဠိလိုဖြစ်နေလို့ မသိပါဘူး ၊ မြန်မာလို ရှင်းရှင်းပြောပါ့မယ်ဆိုတော့ ဣမံကာယံ =ဤခန္ဓာကိုယ်ကြီးကို၊ နိက္ခိပတိ=သုသာန်သို့ ပစ်ချရ၏၊ ဒီခန္ဓာကိုယ်ကြီးတော့ ဒီဘဝပစ်ချရမှာပါပဲဆိုတာ အမှန်ပါပဲ (မှန်ပါ့)။

ပရဉ္စကာယံ ဂဏှာတိ၊ ပရံ=တစ်ပါးသော၊ ကာယံ=ခန္ဓာကိုယ်ကြီးကို၊ ဂဏှာတိ=ယူရပြန်၏ ၊ ဪ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာယူရပြန်တယ်တဲ့ (မှန်ပါ့)၊ တံ=ထိုယူခြင်းကို၊ အဟံ=ငါဘုရားသည်၊ မဟာသာဝဇ္ဇောတိ=ကြီး သောအပြစ်သင့်၏ဟူ၍၊ ဝဒါမိ=ဟော၏ တဲ့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာဟာ အပြစ်အကြီးဆုံး

ဒါဖြင့် ဒကာ ဒကာမတွေ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာဟာ အပြစ်အကြီးဆုံးသင့်တာပဲ ၊ ဒါကို မင်း တို့စဉ်းစားကြလို့ မှာပါတယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာ ဘာတဲ့တုံး (အပြစ်အကြီးဆုံးသင့်တာပါ ဘုရား)။

ဒီခန္ဓာရပြီး ဒီခန္ဓာတော့ မစွန့်ရမရှိပါဘူး၊ လူတိုင်းစွန့်ကြရမှာချည့်ပဲ၊ စွန့်ဖို့ရာ ရလာတာကိုး (မှန်ပါ့)၊ အကြီး ဆုံး အပြစ်သင့်တာပဲ (မှန်ပါ့) ဆိုတော့ ဒကာကြွယ်တို့, ဒကာသစ်တို့, ဦးမာဒင်တို့က စဉ်းစားရမယ်၊ ဪ ဘုရားအကြောက်ဆုံးက ဒါပါကလား (မှန်ပါ့ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး အကြောက်ဆုံး, အရွံရှာဆုံး, အစက်ဆုပ်ဆုံးဆိုတာ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာ ရတဲ့အလုပ်ဟာ သူ အပြစ်အကြီးဆုံးသင့်တဲ့ ပုဂ္ဂိုလ်ပဲ ၊ ကြောက်စရာအကောင်းဆုံး ပုဂ္ဂိုလ်ပဲလို့ သဗ္ဗညုတဉာဏ်နဲ့ ကြည့်တော့ မြင်တော်မူတယ် (မှန်ပါ့ ဘုရား)။

ဘုရားကိုထော်လော်ကန့်လန့် လုပ်တဲ့ပုဂ္ဂိုလ်

ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ ဘုရားအကြောက်ဆုံးကို ကျုပ်တို့က နှစ်သက်လို့ရှိရင်ဖြင့် ဘုရားကို ထော်လော်ကန့်လန့် လုပ်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ဘုရားကို ထော်လော်ကန့်လန့်လုပ်တဲ့ပုဂ္ဂိုလ်ပါ ဘုရား)။

ဘုရားအကြောက်ဆုံးကို ဒကာ ဒကာမတွေက တပည့်တော်တို့ ဒီဘဝက စုတေမနေ သေလွန်ရလို့ရှိရင် လူ့ ပြည်, နတ်ပြည် အကြိမ်ကြိမ် ခံစား၍ဆိုတော့ ဒါ ဘုရားရှေ့မှာ ဒကာ ဒကာမတွေက တောင်းလိုက်တဲ့ဆုဟာ ဘုရား ကို ကန့်လန့်သွားလုပ်တာ (မှန်ပါ့ ဘုရား)။

ကြည့်စမ်းလေ၊ အခု သူဟောထားတာက ဤခန္ဓာကိုယ်ကြီးကို စွန့်၍ နောက်ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဟာ အပြစ် အကြီးဆုံးသင့်တယ်လို့ ငါဘုရား ဟောတော်မူခဲ့တယ်ဆိုတော့ နောက်ခန္ဓာရမှုကို ဒကာ ဒကာမတွေ မကြိုးစားနဲ့လို့ ပြောတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာတုံးဗျာ (နောက်ခန္ဓာရမှာကို မကြိုးစားနဲ့လို့ ပြောတာပါ ဘုရား)။

နောက်ခန္ဓာရမှုကို မကြိုးစားပါနဲ့ဆိုတဲ့ဥစ္စာ ဦးမာဒင်ရေ- အကြီးဆုံးအပြစ်သင့်မှာစိုးလို့ပေါ့ဗျာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ယနေ့ဇာတ်သိမ်းမှ တော်မယ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ အသိဉာဏ်တစ်လုံး ဆရာဘုန်းကြီးသည် ဥပရိပဏ္ဏာသပါဠိတော် မှာ လာလို့ ရှင်သာရိပုတ္တရာ ဟောတဲ့နေရာမှာ အရေးကြီးသောစကား ရှေ့နားထားပြီး သကာလ ဒကာ ဒကာမတွေ ဘုရားဟောတာ ဆုံးမရသဖြင့် ငါတို့လွဲတာတွေ, ချော်တာတွေဖြင့် ယနေ့ဇာတ်သိမ်းမှ တော်မယ်ဆိုတဲ့ဥစ္စာ စိတ်ထဲမှာ အကြီးအကျယ်မွေးရမယ် (မှန်ပါ့)၊ အကြီးအကျယ်မွေးကြပါဆိုတာ တိုက်တွန်းရင်း ဘုန်းကြီးများကလည်း ကန့်ကွက် တယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ကန့်ကွက်ထိုက် မကန့်ကွက်ထိုက်ဗျာ (ကန့်ကွက်ထိုက်ပါတယ်)၊ ကန့်ကွက်ထိုက်တယ်လို့ ဆိုတာက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် ကန့်ကွက်ထိုက်တယ် ဆိုတာ ဪ ဒီဒကာ ဒကာမတွေဟာ သစ္စာတရား နေ့တိုင်း နာနေကြတယ် (မှန်ပါ့)၊ သစ္စာတရား နေ့တိုင်းနာနေရတော့ ဒါ ဘာသစ္စာတုံးမေးလိုက်ရင် ဒုက္ခသစ္စာလို့ တစ်ပြိုင်နက် ဖြေကြမယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဒီခန္ဓာစွန့်တဲ့ ‘မရဏမ္ပိ ဒုက္ခံ’ (မှန်ပါ့)၊ နောက်ခန္ဓာရတာက ‘ဇာတိပိ ဒုက္ခာ’ (မှန်ပါ့)၊ ဒါဖြင့် နာမည်သာပြောင်း၍ ဒုက္ခသစ္စာ အတူတူပဲ (မှန်ပါ့ ဘုရား)။

နာမည်တော့ဖြင့် (ပြောင်းပါတယ်)၊ ရတာကတော့ (ဒုက္ခချည့်ပါပဲ)၊ ဒါ့ကြောင့် ဘုရားစက်ဆုပ်တာပဲ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ဘုရားစက်ဆုပ်ပါလိမ့်

ဦးမာဒင် ဘာဖြစ်လို့ ဘုရားစက်ဆုပ်ပါလိမ့် (ဒုက္ခချည့်မို့ပါ ဘုရား)၊ ဒုက္ခသစ္စာသိလို့ စက်ဆုပ်တာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဤကဲ့သို့မှ ဒကာ ဒကာမတွေကို မဆုံးမရလို့ရှိရင်ဖြင့် ငါသည် ကားလို့ဆိုလို့ရှိရင်ဖြင့် ခြွင်းချက်နဲ့ ပရိနိဗ္ဗာန်စံသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ့)၊ သတ္တဝါတွေ သနားတယ် ဆိုပြီး သကာလ လိုရင်းအချက်ကို မပြောဘဲနဲ့ ပရိနိဗ္ဗာန်စံသွားရတယ်ဆိုတဲ့ အဓိပ္ပာယ်ကရလို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဆုံးမစရာ မကုန်သေးရင် ငါပရိနိဗ္ဗာန်မစံသေးဘူးတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆုံးမစရာ မကုန်သေးရင် (ပရိနိဗ္ဗာန်မစံသေးပါ)၊ ဒါဖြင့် အားလုံး ဆွေမျိုးမိဘ ဉာတကာ မတော်ဖူးသည် မည်သည်မရှိတဲ့၊ ဒကာ ဒကာမတွေသည် ဤခန္ဓာကိုစွန့်ပြီး နောက်ခန္ဓာရမှုအလုပ်ကိုဖြင့် ယနေ့ကစပြီး သကာလ မလုပ်ပါနဲ့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာစွန့်ပြီးသည်၏ အခြားမဲ့၌ နောက်ခန္ဓာရမှု အလုပ်ကို အခုက မလုပ်ဘဲနေရင် ဒကာ ဒကာမတို့ မရ ပါဘူး (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာပါ

ဘာဖြစ်လို့ ဒါလောက်တောင် အကြီးအကျယ် ကန့်ကွက်မှုကြီးကို ပြောဆိုရပါလိမ့်မလဲလို့ မေးတော့ သစ္စာ သိပြီးသား ဒကာ ဒကာမတွေတော့ ရှင်းသွားပါပြီ (မှန်ပါ့)၊ ဒီခန္ဓာ စုတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ နောက်ခန္ဓာ ပဋိသန္ဓေက (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒါဖြင့် ဒကာသစ်ရာ တစ်ခုသော ထောင်ကျပြီး တစ်ခုသော ထောင်ကျရတယ်ဆိုတဲ့ဥစ္စာ ဘယ်နည်းနဲ့မှ ကျက်သရေမင်္ဂလာ မတိုးတဲ့အပြင် ဒုက္ခသာတိုးတော့တယ်ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ မပေါ်လာဘူး လား (ပေါ်လာပါတယ် ဘုရား)။

အဲဒါကြောင့် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောဆိုတဲ့စကားကို မိတ်ဆွေကောင်းတစ်ယောက်က ပြောတဲ့စကားလို့ မင်းတို့လိုက်နာရင် တော်ပါပြီတဲ့ (မှန်ပါ)၊ ရန်သူအဖြစ်နဲ့တော့ မလုပ်ကြပါနဲ့တဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုံဘဝဆုတောင်းနေတဲ့ ပုဂ္ဂိုလ်များ ဘယ်အထဲ သွင်းကြပါ့မတုံး (ရန်သူထဲ သွင်းရပါမယ်)၊ ရန်သူထဲ သွင်းရတယ် (မှန်ပါ့ ဘုရား)။

ဘုရားရှေ့သွားပြီး အရွဲ့က တိုက်သေးတယ်

အဲဒီကျအောင်မသိတော့ ခင်ဗျားတို့ကလည်း ပန်းကလေးလှူ, ဆီမီးကလေးထွန်း, ဖယောင်းတိုင် ကလေးတွေ လှူကြ၊ ပြီးတော့ ဘုရားရှေ့သွားပြီး ဦးမာဒင်ရေ အရွဲ့က တိုက်သေးတယ် (တိုက်ပါတယ်)၊ ဒကာသစ် ဘာလုပ်တာတုံး ဗျ (အရွဲ့တိုက်တာပါ ဘုရား)။

အံမာလေး ဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း မကြိုက်တော်မူလိုက်တာ ဤခန္ဓာစွန့်ပြီး နောက်ခန္ဓာ ရမှာ အကြီးဆုံး အပြစ်သင့်တဲ့ပုဂ္ဂိုလ်ကွာ မလုပ်ပါနဲ့ကွ (မှန်ပါ့)၊ မဆုံးမရသေးရင် ပရိနိဗ္ဗာန်မစံသေးဘူးတဲ့ (မှန်ပါ့)၊ ဒီဟာ ဆုံးမရဦးမယ် (မှန်ပါ့ ဘုရား)။

ဒီအထဲ ဆုံးမတဲ့အထဲ ကိုယ်တော်က ဒီလိုဆုံးမ၊ တပည့်တော်တို့က ဒီလိုတောင်းယူမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ကြွယ်တို့၊ ဦးမာဒင်တို့ ဒကာသစ်တို့ကဖြင့် အင်း အတော်ရိုင်းတဲ့ပုဂ္ဂိုလ်ထဲ သွင်းရမှာပဲ (သွင်းရမှာပါ)၊ မသွင်းသင့် ဘူးလား (သွင်းသင့်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဒီလိုမှတ်ကြပါ၊ ဪ တို့ကတော့ဖြင့် နှုတ်တက်တာ တို့အမြင်နဲ့ တို့ဒီဘဝစွန့် ပြီး နောက်ဘဝရတာ တို့အမြင်နဲ့ တို့တောင်းတာ (မှန်ပါ့)၊ တို့အမြင်ကလည်း ပညာမျက်လုံးပေါ်မှာ ကိလေသာ တိမ် သလား ဖုံးနေတယ် (မှန်ပါ့ ဘုရား)။

ပညာမျက်လုံးပေါ်မှာ (ကိလေသာ တိမ်သလာဖုံးနေပါတယ် ဘုရား)။

အဲဒီအမြင်သမားရဲ့ အမြင်ကဖြင့် ဘုံဘဝတွေ အမြင်ကို ပညာမျက်လုံးပေါ်၌ တိမ်သလာဖုံးတဲ့ ပုဂ္ဂိုလ်က မဟာရဇက္ခပုဂ္ဂိုလ်လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့)၊ ပညာမျက်လုံးပေါ်မှာ ကိလေသာမြူတွေ ဖုံးပြီး သကာလ တောင်းတဲ့ဆုကို ဦးမာဒင်တို့၊ ဒကာကြွယ်တို့ အမှန်ယူလို့ရပါ့မလား (မရပါ)၊ သူ့မျက်လုံးက မှုန်မွှားမွှားဗျ (မှန်ပါ့)၊ အမှန်မြင်ရဲ့လား (မမြင်ပါ ဘုရား)။

ကိလေသာ တိမ်သလာ ဖုံးနေတယ်

ပညာမျက်လုံးပေါ်မှာ ကိလေသာ တိမ်သလာ ဖုံးနေတယ်လေ (မှန်ပါ့)၊ အဲဒီ့ပုဂ္ဂိုလ်က တောင်းတာ ဟူသ၍ဖြင့် ဒကာကြွယ်ရေ အလွဲနဲ့အချော်ချည့်ပေါ့ဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တောင်းတဲ့ပုဂ္ဂိုလ်ကလည်း ဒကာ ဒကာမတို့ ကိလေသာဖုံးနေတဲ့ ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာ တိမ်သလာ ဖုံးနေတာရှိလို့သာ သူတောင်းဖြစ်တာကိုး (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဆရာဘုန်းကြီးက ကျမ်းအမျိုးမျိုးတွေ ကြည့်ပြီး သကာလ မဟာရဇက္ခပုဂ္ဂိုလ်လို့ အင်္ဂုတ္တိုရ် ကလည်း ဟောထားပြန်တော့ မဟာရဇက္ခဆိုတာ မဟာက=များတာ၊ ရဇက=မြူ (မှန်ပါ့)၊ ကိလေသာမြူတွေ ဖုံးနေလို့ တောင်းတာဟေ့ (မှန်ပါ့ ဘုရား)။

ဘာဖုံးနေလို့လဲ (ကိလေသာမြူတွေ ဖုံးနေလို့ပါ ဘုရား)၊ ကိလေသာမြူတွေ ဖုံးနေလို့ ဒီဘဝက စုတေမနေ သေလို့ရှိရင် လူ့စည်းစိမ်, နတ်စည်းစိမ်, အကြိမ်ကြိမ် ခံစား၍ဆိုတော့ အကြိမ်ကြိမ် ဒုက္ခရောက်၍ဆိုတာကို သူမမြင် ဘူးကွ (မှန်ပါ့)၊ အကြိမ်ကြိမ် ဒုက္ခရောက်တာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါ့ကြောင့် ဒီတောင်းတဲ့ပုဂ္ဂိုလ်မှာ ရိပ်မိကြပါပြီတဲ့ ၊ ဪ ဘယ်လိုကြောင့် တောင်းဖြစ်ပါလိမ့်မတုံး ဆိုတာလည်း ဒကာသစ်ရေ ကောင်းကောင်းရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)၊ ဉာဏ်မျက်လုံးပေါ်မှာ (တိမ်သလာဖုံးနေပါ တယ် ဘုရား)၊ ထည့်-ထည့်ပေးပါဦး ၊ ကိလေသာ တိမ်သလာ ဖုံးနေတယ်ဟု (မှန်ပါ့ ဘုရား)။

ဉာဏ်မျက်လုံးပေါ်မှာ (ကိလေသာ တိမ်သလာ ဖုံးနေပါတယ် ဘုရား)၊ ဒါ့ကြောင့် သူ့အမြင်နဲ့ သူတောင်းတာ (မှန်ပါ့ ဘုရား)။

အနတ္တကို အတ္တထင်နေတယ်

သူ့အမြင်ကလည်း ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာ တိမ်သလာ ဖုံးနေတော့ မကောင်းတာကို အကောင်းထင်တယ် (မှန်ပါ့)၊ ဒုက္ခကို သုခထင်နေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အနတ္တကို အတ္တထင်နေတယ် (မှန်ပါ့)၊ အသုဘကို သုဘထင်နေတယ် (မှန်ပါ့ ဘုရား)။

ဦးမာဒင် ဒီပုဂ္ဂိုလ်တောင်းတဲ့ဆုဟာ တောင်းချင်လို့ တောင်းတာလား၊ ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာ တိမ်သလာ ဖုံးပြီး သကာလ မမြင်လုံးလုံးနဲ့ အမှားတွေ တောင်းတာလားဆိုတာ အကဲခတ်ကြည့်ပါ (ကိလေသာဖုံးပြီး မမြင်လုံးလုံးနဲ့ အမှားတွေ တောင်းတာပါ ဘုရား)။

အမှားတွေတောင်းတယ် (မှန်ပါ့)၊ ဒီလို ထိုးထိုးထွင်းထွင်း သိရတော့မှ ဪ အပြစ်ကြီးသင့်တဲ့ပုဂ္ဂိုလ် ဟာ အခြားကြောင့်သင့်တာ မဟုတ်ပါလား ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာ တိမ်သလာဖုံးနေလို့ တောင်းဖြစ်တာ ပါကလားဆိုတာ အခုလို အကြောင်းအကျိုး လည်လည်ပတ်ပတ်နဲ့ သိရတော့ ငါ့အမှားတယ်ကြီးပါကလား (မှန်ပါ့)၊ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

ငါ့အမှား ဘယ့်နှယ်တုံး (ကြီးပါတယ် ဘုရား)၊ ဦးလှဘူး ပေါ်ပြီဗျာ (ပေါ်ပါပြီ ဘုရား)။

ကဲ ဦးမာဒင်တို့ ဒကာသစ်တို့ ဝေဖန်တတ်ပလား (ဝေဖန်တတ်ပါပြီ ဘုရား)။

ဪ ဘုရားကလည်း ဤခန္ဓာစွန့် နောက်ခန္ဓာရတာ အပြစ်အကြီးဆုံးသင့်တာကွာလို့ ဟောရှာတယ် (မှန်ပါ့)၊ ဒီအထဲက ဒကာ ဒကာမတွေက ဘာဖြစ်လို့ တောင်းပါလိမ့်မတုံး၊ ဘုံဘဝတွေ, ဟိုဘဝ, ဒီဘဝဆက်ပြီး လိုချင်ကြပါလိမ့်မလဲ လို့ မေးတော့မှ ဪ ဒီပုဂ္ဂိုလ်ဟာ ဒီလိုဘုရာ့ ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာ တိမ်သလာဖုံးလို့ ရွတ်ချင်သလိုရွတ်ပြီး ဖတ်ချင်သလို ဖတ်နေတာ ဘုရာ့ (မှန်ပါ့)၊ ဆိုတော့ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)၊ ဒကာကြွယ် ပေါ်ပလားဗျ (ပေါ်ပါပြီ ဘုရား)။

အင်း အဲဒါ သစ္စာမသိတဲ့ ဉာဏ်မျက်လုံးပေါ်မှာ အဝိဇ္ဇာတိမ်သလာ ဖုံးတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာတွေဖုံးသလဲ (ဉာဏ်မျက်လုံးပေါ်မှာ အဝိဇ္ဇာတိမ်သလာ ဖုံးပါတယ်ဘုရား)။

တောင်းတဲ့ပုဂ္ဂိုလ်ဟာ တကယ်ဆိုးဝါးပါကလား

ကဲ ဒါဖြင့် ဪ ဒီနှစ်လုံးဟာ စကားနှစ်ခုစပ်ပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟော တော့ ဆရာဘုန်းကြီးကလည်း အမျိုးမျိုး အဖုံဖုံ ဒကာ ဒကာမတွေ နားလည်မှု ဒီကျမ်းကဟာနဲ့ ဟိုကျမ်းကဟာနဲ့ ဘုရားတစ်ဆူတည်း ဟောတာ ညှိပြီး ပြောလိုက်ပြန်တော့ ဪ တောင်းတဲ့ပုဂ္ဂိုလ်ဟာ တကယ်ဆိုးဝါးပါကလား ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ့)။

တပည့်တော်တို့တော့ ဘာမှမသိဘူးဘုရာ့ လူ့ပြည်ကောင်းတယ်ဆိုတာနဲ့၊ နတ်ပြည်ကောင်းတယ်ဆိုတာနဲ့၊ ဗြဟ္မာ့ ပြည်ကောင်းတယ်ဆိုတာနဲ့ အကြိမ်ကြိမ် တောင်းချလိုက်တာပဲ လို့ဆိုတော့ ဘယ်သူက ပြောသတုံး လို့ မေးလို့ ရှိရင်ပဲ ကိုယ်လို စုံလုံးကန်း တိမ်သလာဖုံးက ပြောတာ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (စုံလုံးကန်းတိမ်သလာ ဖုံးက ပြောတာပါ ဘုရား)။

ဒါဖြင့် ဒီအထဲ ကျုပ်တို့က မနေ့ကပြောသလို ဆင်စမ်းသလိုတော့ စမ်းမနေကြပါနဲ့တော့ (မှန်ပါ့)၊ တော်ပါ့ မလား (မတော်ပါ ဘုရား)၊ ဒါ မျက်စိကန်း ဆင်စမ်းသလို စမ်းနေကြမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ့်အထင်နဲ့ကိုယ် ဆင်ဖြစ်နေဦးမှာပဲ (မှန်ပါ့ ဘုရား)၊ ဆင်အစစ်တော့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

အဲဒါတွေ သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိတော့မှ ဪ တို့အမှားကိုဖြင့် ယနေ့ ဘုရားအကူအညီနဲ့ ဆရာဘုန်းကြီးကတစ်ဆင့် ငါတို့ကိုဖြင့် ကယ်ယူပို့ဆောင်ပြန်ပြီ၊ နိဗ္ဗာန်မှတစ်ပါး အကောင်းမရှိ ဘူးဆိုတာ ပြောပြတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်မှတစ်ပါး ကျန်တာ အကောင်းရှိကို,မရှိပါဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

နှစ်လုံးသိသွားပြီ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု တရားနာတာသည်ကားလို့ဆိုရင် မိနစ်သုံးဆယ်လောက် နီးသွား ပြီ (မှန်ပါ့)၊ အဓိပ္ပာယ် ဘယ်နှစ်လုံးသိရသတုံးဆိုလို့ရှိရင် နှစ်လုံးသိသွားပြီ (မှန်ပါ့)၊ နှစ်လုံးသိသွားပြီနော် (မှန်ပါ့)။

ဤခန္ဓာစွန့် နောက်ခန္ဓာရတာ အကြီးဆုံး အပြစ်သင့်တာကိုလည်း သိရပြီ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ် တွေ နောက်ခန္ဓာ ရချင်ကြပါလိမ့်မတုံး လို့ ဆိုပြန်တော့လည်း ပညာမျက်လုံးပေါ်မှာ ကိလေသာမြူတွေဖုံးလို့ (မှန်ပါ့)၊ ဆိုတော့ ဒကာ ဒကာမတို့ ပညာမျက်လုံးပေါ်မှာ ကိလေသာတိမ်တွေ ဖုံးတော့ သစ္စာမသိ (မှန်လှပါ)၊ သစ္စာ မသိတော့ ဒုက္ခသစ္စာကို မရရင် မနေနိုင်ဘူးဆိုပြီး တောင်းတာ (တောင်းပါတယ် ဘုရား)။

ဒုက္ခသစ္စာကို (မရရင် မနေနိုင်ဘူးဆိုပြီး တောင်းပါတယ် ဘုရား)။

ကဲ အခု နည်းနည်းကလေး ကျုပ်တို့ ပညာမျက်လုံးပေါ်၌ ကိလေသာတိမ်သလာ အနည်းငယ်ပါးတဲ့ ပုဂ္ဂိုလ်က တစ်ယောက်သော ပုဂ္ဂိုလ်က တောင်းနေရင်ပဲ ခင်ဗျားတို့ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။

ဪ တယ်ကိလေသာ ထူပြောပါကလား (မှန်ပါ့ ဘုရား)၊ ထူပြောလို့ပဲ ဘုရားရှေ့မှာဖြစ်စေ၊ ညည်းရင်း ညူရင်းနဲ့ဖြစ်စေ ဒီသား, ဒီသမီး, ဒီမြေး, ဒီမြစ်နဲ့ ရောက်ရာဘဝ မခွဲရပါလို၏ဆိုတော့ ဘဝတွေလည်း ရောက်ရာဘဝ က နည်းလှမယ် မဟုတ်ဘူး (မနည်းပါ ဘုရား)၊ ဒီဒုက္ခတွေကိုလည်း ဆက်လက်ပြီး သကာလ ခံပါရစေဆိုတာကော ဒကာကြွယ် မပါဘူးလား (ပါပါတယ် ဘုရား)။

သို့သော် နဂိုတုန်းကတော့ ခင်ဗျားတို့လည်း ဒီအထဲကပါပဲ၊ ဪ ခင်ရှာလွန်းလို့ပဲ (မှန်လှပါ)၊ ခင်ရှာ လွန်းပဲလို့ ပြောကြမှာပဲ (ပြောပါတယ် ဘုရား)၊ ခင်ရှာလွန်းလို့ဆိုကတည်းက ကိလေသာမြူဖုံးတာ သေချာပြီ (သေချာ ပါပြီ ဘုရား)၊ ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာမြူဖုံးနေတယ်ဆိုတာ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ ကိုင်း ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့တရား ဘယ်နှစ်လုံး မှတ်မိပလဲ (နှစ်လုံး မှတ်မိပါပြီဘုရား)၊ ဒီနှစ်လုံးဟာ ဒကာကြွယ် သေပျော် တဲ့နှစ်လုံး (မှန်ပါ့)။

သေပျော်တဲ့ နှစ်လုံး

ဒီနှစ်လုံးဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ (သေပျော်တဲ့ နှစ်လုံးပါ ဘုရား)။

ဒီလို သစ္စာကို ဟောမည့်ဆရာနဲ့ သစ္စာ၏ အကြောင်းအကျိုးကို လည်အောင်ပြောပေးမည့် ဆရာကောင်း, ဆရာမြတ်နဲ့ ဒကာ ဒကာမတွေ မတွေ့လို့ရှိရင်ဖြင့် ဟို တောရွ တောင်ယာတွေမှာ ဒီလို သာသနာနဲ့ ဝေးနေတဲ့ ပုဂ္ဂိုလ်တွေမှာ ထောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဒါတွေ မိုးမွှန်နေမှာပဲ ဦးမာဒင်ရေ (မှန်လှပါ)၊ မိုးမွှန်နေမှာပဲ (မှန်လှပါ ဘုရား)။

ဒီသားနဲ့, ဒီသမီးနဲ့, ဒီမြေးနဲ့, ဒီလယ်နဲ့, ဒီယာနဲ့ ဒီရွာကကိုပဲ မထွက်ပါရစေနဲ့ (မှန်ပါ့ ဘုရား)၊ အံမာလေး ကြက်လိုပဲ ချေးကျရာပျော်ဆိုသလို ဒကာကြွယ်ရေ ရှုပ်နေလိုက်တာနော် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဒါလောက် စွဲလမ်းပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ပညာမျက်လုံးပေါ် ကိလေသာ တိမ်သလာ ဖုံးနေလို့ ဒကာသစ်,ရေ မပြောင်းနိုင်တော့ဘူး၊ မရွှေ့နိုင်တော့ဘူး၊ အဟုတ်ထင်တော့တာပဲ (မှန်လှ ပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (မဟုတ်တာ အဟုတ်ထင်ပါတယ် ဘုရား)၊ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ)၊ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။

ဪ တို့သည်ကားလို့ ဆိုရင် တော်-တော်သေးတယ်၊ ပညာမျက်လုံးပေါ်မှာ တိမ်သလာ ဖုံးနေတာ ကလေး ဆွဲပစ်မည့် ဆရာကောင်း-သမားကောင်းတွေနဲ့ အတွေ့ကြီး တွေ့လိုက်ရတာနဲ့ အင်း အမှားတော့ဖြင့် တော်တော်ကလေးမြင်ဖို့ အခြေအနေကလေး ရောက်လာပြီဆိုတဲ့ဥစ္စာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီနှစ်လုံးကိုဖြင့် ဒကာ ဒကာမတို့ မမေ့ပါနဲ့ဆိုတာ ဘုရားက သတိပေးတယ် (မှန်ပါ့)၊ ဘုန်းကြီးတို့ကလည်း ထပ်ပြီး သတိပေးပါတယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရရင် ဒကာသစ် ဘာတဲ့ (အကြီးဆုံး အပြစ်သင့်ပါတယ်ဘုရား)၊ အပြစ်အကြီးဆုံး သင့်တယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် အပြစ်အကြီးဆုံး သင့်ရပါလိမ့်

ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ် အပြစ်အကြီးဆုံး သင့်ရပါလိမ့်မတုံးလို့ အမေးထုတ်လို့ရှိရင်လည်း ဘယ့်နှယ်ကြောင့် ပါလိမ့် (ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာ တိမ်သလာ ဖုံးလို့ပါ ဘုရား)။

ကဲ ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာ တိမ်သလာ ဖုံးလို့ရတဲ့ ဦးမာဒင်ရေ (မှန်ပါ့)၊ အကောင်းကို ပါသေး သလား (မပါပါ ဘုရား)။

ကဲ ဒကာကြွယ်တို့ ပြင်နိုင်ပလား (ပြင်နိုင်ပါတယ်)၊ နောက်က ဒကာ ဒကာမတို့ အားလုံးပြင်ဖြစ်အောင် ပြင်ပါနော် (မှန်ပါ့ ဘုရား)။

ပြင်ဖြစ်အောင် ပြင်ကြစမ်းပါ (မှန်ပါ့)၊ ကိုယ့်အမြင်ကဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း-တဲ့ ပညာမျက်လုံး ပေါ်မှာ တိမ်သလာဖုံးနေလို့ ပြောဆိုချင်သလို ဆိုနေတာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို ဒါကို ကိုယ့်ဟာကိုယ် အထင်တွေ အကုန်ဖြုတ်ပြီး သကာလ ကိုယ့်ဉာဏ်ကလေးနဲ့ သစ္စာသိတဲ့ ဉာဏ်ကလေးနဲ့သော်လည်းကောင်း, ဘုရားကို ယုံကြည်၍သော်လည်းကောင်း ဒါကိုဖြင့် မတောင်းပါနဲ့ (မှန်ပါ့ ဘုရား)။

ဒီအလုပ်ဟာ မတော်ဆုံးအလုပ်ပဲ

ကိုယ့်အမြင်မှားကို ကိုယ်သိတာကိုတော့ ရှိပါစေတော့ (မှန်ပါ့)၊ အကုန်က စင်အောင်က မသိသေးလို့ (မှန်ပါ့)၊ ဘုရားကို ယုံကြည်သဖြင့် ဒီအလုပ်ဟာ မတော်ဆုံးအလုပ်ပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီအလုပ်ဟာဖြင့် (မတော်ဆုံးအလုပ်ပါ ဘုရား)၊ မတော်ဆုံးအလုပ်, မသင့်အလျော်ဆုံးအလုပ်ဆိုတာ ဦးမာဒင် တို့ သေချာပလား (သေချာပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီနှစ်လုံးဟာဖြင့် ဒကာ ဒကာမတို့ အရေးအကြီးဆုံးအချက်ပဲဆိုတာ ပေါ်သွားပြီ (ပေါ်သွား ပါပြီ)၊ သံသရာဖြတ်လိုက်တာပါပဲ (မှန်ပါ့)။

သံသရာကို ဒကာ ကာမတို့ ဒါအလုပ်နဲ့ မဖြတ်သေးဘူး အသိနဲ့ ဖြတ်တာလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

သံသရာ ဘာနဲ့ဖြတ်လိုက်သလဲ (အသိနဲ့ ဖြတ်ပါတယ်)၊ အသိနဲ့ဖြတ်တာပါ ဒကာ ဒကာမတို့ အလုပ်နဲ့ဖြတ်တာ မဟုတ်သေးပါဘူး (မှန်ပါ့)။

အင်း ဒါကိုပဲ ဒကာကြွယ်, ဦးမာဒင်တို့ အတော်ပြင်ရတယ်နော် (မှန်ပါ့)၊ အတော်ပြင်ရတယ် အတော်ပြင်ရတယ် အကြောင်းအကျိုး မစုံဘူး (မှန်ပါ့)။

တရားနာနည်းတဲ့ ပုဂ္ဂိုလ်များအတွက်မှာဆိုလို့ရှိရင် အတော်သနားစရာကောင်းတယ် (မှန်ပါ့ ဘုရား)။

တရားနာနည်းတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် ဒကာသစ် ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်စမ်း ၊ ဪ သနား စရာပါကလား (မှန်ပါ့)၊ တယ်လည်း ရူးချက်သန်ပါကလား ၊ မှားချက်သန်ပါကလား ၊ အမြင်မမှန်တာတွေ များလှချည့်ကလား ပေါ်လာတယ် (ပေါ်လာပါတယ်)၊ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒါ့ကြောင့် ဒီနေ့ပြောတဲ့ နှစ်လုံးသည် ဒကာ ဒကာမတို့ အသိနဲ့ပဲ ခင်ဗျားတို့ဖြတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး

ဒီဘဝစုတေမနေ သေလွန်ရလို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကိုသာလျှင် ရောက်ရပါလို၏, မျက် မှောက်ပြုရပါလို၏လို့ ပြင်ပစ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာကလေးလှူလှူ, ဘာကလေးတန်းတန်း ဤဒုက္ခခပ်သိမ်းငြိမ်းရာကိုသာလျှင် အရောက်ကြီးရောက်ပြီး အရ ကြီး ရ,ရပါလို၏၊ ဒါမှတစ်ပါး ဘာမှ အဆစ်မထည့်ပါနဲ့တော့ (မှန်လှပါ ဘုရား)။

ဈေးသည်မှာ အဆစ်ထည့်တော့ ဈေးဝယ်က အမြတ်ရလိုက်ရင် တော်ပါသေးတယ် (မှန်ပါ့)၊ အခုဟာက ဒကာ ဒကာမတို့ ဒီအဆင့်ကို သွားထည့်လို့ရှိရင် အဆစ်ထည့်မိသောကြောင့် မြုပ်ပါလိမ့်မယ် (မှန်ပါ့)၊ မျောပါလိမ့် မယ် (မှန်ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဒီတစ်လုံးနှစ်လုံးကလေးကိုပဲ အင်မတန် အရေး တကြီး နာရီဝက်တိုင်တိုင် ဆရာဘုန်းကြီး ဆုံးမသွန်သင်နေတယ်ဆိုတာဖြင့် ဪ သာမညအရေးမဟုတ်လို့ ပြောတာပဲဆိုတာ ဦးမာဒင်တို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

သာမည အရေးလားဗျာ (မဟုတ်ပါ ဘုရား)၊ သာမညအရေး မဟုတ်ပါဘူး၊ ဘုရားအဆူဆူနဲ့ လွှဲရပါလို၏နဲ့ အတူတူပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမယ် (ဘုရားအဆူဆူနဲ့ လွှဲရပါလို၏နဲ့ အတူတူပါ ဘုရား)။

ဒကာကြွယ် တကယ်နှစ်နှစ်ခြိုက်ခြိုက် ပြောလိုက်တော့ ဒါလောက်ကျအောင် နာသွားတယ် (မှန်ပါ့ ဘုရား)။

သူက အကြိမ်ကြိမ်ဆိုတာက ဒကာ ဒကာမတို့ သိတဲ့အတိုင်း အကြိမ်ပေါင်း ဘယ်လောက်တုံးဆိုတာ ရေတွက် လို့ ရရဲ့လား (မရပါ ဘုရား)။

ဒီအကြား ဘုရားကပွင့်တော့ သူ့ဆုတောင်းကြီးက ခံနေတယ် (မှန်ပါ့)၊ ကျွတ်တမ်းဝင်ပါ့မလား (မဝင်ပါ ဘုရား)၊ သူ့ဘဝတဏှာကလည်း သူ့ကိုပျော်အောင် ချော့ထားတယ် (မှန်ပါ့)၊ လွတ်ရေး, ကျွတ်ရေး မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဘုရားအဆူဆူနဲ့ လွဲရပါလို၏

ဒါဖြင့် သူ့ဆုတောင်းသည် ဉာဏ်မျက်လုံးပေါ်မှာ မဟာရဇက္ခပုဂ္ဂိုလ်ဆိုတဲ့အတိုင်း ကိလေသာတိမ်သာလတွေ ဖုံးနေတဲ့အတွက် သူ့မှာ အရှုံးကြီး ရှုံးရတာဖြင့် အခုကြည့်စမ်းတဲ့ ၊ ဖော်ထုတ်ပြီးပြောလိုက်တော့ ဘုရားအဆူဆူနဲ့ လွဲရပါလို၏နဲ့ အတူတူပဲ (မှန်ပါ့)၊ တယ်ကြောက်စရာကောင်းတယ် (ကြောက်စရာကောင်းပါတယ် ဘုရား)၊ ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သွားများမတို့ပါနဲ့ဗျာ (မှန်ပါ့)၊ ဦးမာဒင် သွားများမတို့လိုက်နဲ့နော် (မှန်ပါ့)၊ အဆစ်ကလေးများ ထည့်ချင်သေး သလား (မထည့်ချင်တော့ပါ ဘုရား)။

အရှင်ဘုရား အရိုအသေအလေးအမြတ် ရှိခိုးပါ၏ဘုရား၊ ရှိခိုးရသော အကြောင်းကြောင့်ဆိုရင် သူ ဆက်တော့မလို့နော် (မှန်ပါ့)။

ရှိခိုးရသော အကျိုးအားကြောင့် ဆိုလို့ရှိရင် သူ အဆစ်ထည့်မလို့ (မှန်ပါ့)၊ ဒကာကြွယ် လျှာပြင်တာ အဲဒါ (မှန်ပါ့ ဘုရား)။

ဘာပြင်တာထင်ကြသတုံး (လျှာပြင်တာပါ ဘုရား)၊ အဆစ်ထည့်မလို့ လျှာပြင်တာ (မှန်ပါ့)၊ အဆစ်ထည့်လိုက် လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နဂိုက တစ်ပိဿာထဲမှာ တစ်ပိဿာအစိတ်ဖြစ်သွားလို့ရှိရင် ရေထဲချကြည့်၊ တစ်ပိဿာ နဲ့ တစ်ပိဿာအစိတ် ဘယ်သူက အရင်မြုပါမတုံး (တစ်ပိဿာအစိတ်က အရင်မြုပ်ပါတယ်ဘုရား)၊ အဆစ်ထည့်နေ တာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အံမာလေး ဒကာ ဒကာမတွေရ မနည်းကို ဆုံးမ,ရတယ် (မှန်ပါ့)၊ တော်တော်ကြာ ခင်ဗျားတို့အိမ်ကျတော့ ဘုန်းကြီးကတော့ ပြောရှာတယ် ကိုယ်က မနေနိုင်ဘူးလို့လည်း လုပ်မနေနဲ့ဦးနော် (မှန်ပါ့ ဘုရား)။

ကိုယ်က မနေနိုင်ဘူးလို့ ဒကာကြွယ် ဆင်ခြေများ လဲချင်သေးသလား (မလဲချင်ပါ)၊ မနေနိုင်လု့ိရှိရင်ဖြင့် ဘုရားကို မယုံကြည်ရာရောက်သွားတယ် (မှန်ပါ့ ဘုရား)။

မနေနိုင်ရင် ဘယ့်နှယ်တုံး (ဘုရားကို မယုံကြည်ရာရောက်ပါတယ်)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ သူ့ရှေ့မှာ သူ့ကိုမယုံကြည်ဘူးဆိုတော့ ဗြောင်တိုက်တာ (မှန်ပါ့ ဘုရား)။

အတုမရှိတဲ့ ကိုယ်တော်ကြီး သွားပြီး ဗြောင်တိုက်တာ

သူ့ရှေ့မှာ သူ့မယုံကြည်ဘူးဆိုတော့ (ဗြောင်တိုက်တာပါ ဘုရား)၊ အံမာလေး ခင်ဗျားတို့ သာမညလူတွေ မဟုတ်ဘူး၊ အတုမရှိတဲ့ ကိုယ်တော်ကြီး သွားပြီး ဗြောင်တိုက်တာ (မှန်ပါ့)၊ အတော်ဆိုးတယ် (ဆိုးပါတယ်)၊ အတော် ဆိုးတဲ့ အဓိပ္ပာယ်ကဖြင့် ဒကာကြွယ်ရ စကားတတ်လို့ ပြောတာမဟုတ်ဘူး၊ လုပ်ပုံဆိုးဝါးတာပြောတာ (မှန်ပါ့)၊ စကား တတ်လို့ ပြောတာမဟုတ်ပါဘူး၊ လုပ်ပုံက အလွန်ဆိုးဝါးနေလို့ ပြောတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြီးတော့ တချို့ဒကာ ဒကာမတွေက ဘဝဆုမတောင်းဘဲနဲ့ ဘယ်လိုလုပ်ပြန်သတုံးဆိုလို့ရှိရင် သူသည် ဒီဘဝက စုတိမနေ သေလွန်ရလို့ရှိရင်ဖြင့် မေတ္တယျ ကိုယ်တော်မြတ်ကြီး ကြာငါးခိုင်နဲ့ ရှေးဦးစွာလှူပြီး နိဗ္ဗာန်ဝင်ရပါလို၏ (မှန်ပါ့ ဘုရား)။

အင်း ဗြုန်းခနဲ နားထောင်တော့ သူက မေတ္တေယျကိုယ်တော်မြတ်ကြီး လက်ထက်မှာဖြင့် သူသံသရာ မရှည်ချင်လို့ နိဗ္ဗာန်ဝင်တော့မယ်ဆိုတဲ့ဥစ္စာ ဘေးကများ ကြားလို့ရှိရင်ဖြင့် ကိလေသာမျက်လုံးသမားကဖြင့် တော်သေး တယ်လို့ဆိုချင်လည်း ဆိုလိမ့်မယ် (မှန်ပါ့)၊ သွားမဆိုနဲ့၊ ဒါလည်း ဆိုးဝါးတာတစ်မျိုးပဲ (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန်အားထုတ်လို့ရှိရင်တဲ့

ဆိုးဝါးတာ တစ်မျိုးပဲဆိုတာ ယနေ့ပြောပြပါဦးမယ် (မှန်ပါ့)၊ ဘယ်လိုဆိုးဝါးသတုံးဆိုတော့ ဘုရားသခင်ကိုယ် တော်မြတ်ကြီး ကျုပ်တို့ ဂေါတမမြတ်စွာဘုရားက

”ဣမေ စတ္တရော သတိပဋ္ဌာနေ ဘာဝယျေ သတ္တဝဿာနိ ဒွိန္နံ ဖလာနံ အညတရံဖလံ ပါဋိကင်္ခိတဗ္ဗာ”။

ငါဘုရားဟောထားတဲ့ သတိပဋ္ဌာန် အားထုတ်လို့ရှိရင် ခုနစ်ရက်နဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ် ဖြစ်နိုင်ပါတယ်ကွာတဲ့ (မှန်ပါ့)၊ ငါဘုရားရဲ့ သတိပဋ္ဌာန်အားထုတ်လို့ရှိရင်တဲ့ (မှန်ပါ့)၊ ဂေါတမမြတ်စွာဘုရား ဟော တာဗျ ဟုတ်လား (မှန်ပါ့ ဘုရား)။

ဒီလိုမှမဟုတ်လို့ မင်းတို့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် “ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံဘာဝေယျ သတ္တာဟံ” ခုနစ်ရက်နဲ့လည်း ရနိုင်ပါတယ်ကွာလို့ ကိုယ်တော်မြတ်ကြီးကလည်း ဟောရှာတယ် (မှန်ပါ့)၊ လုပ်ရင်လည်း ရမှာပဲ (မှန်ပါ့)၊ ခုနစ်ရက်နဲ့လည်း ရပါတယ်လို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒါတွေ သူက မကြားချင်ယောင်ဆောင်ပြီး မေတ္တေယျကိုယ်တော်မြတ်ကြီး မျက်နှာလိုက်ပြီးတော့ အရှင် ဘုရားမှာ တပည့်တော်က ကြာငါးခိုင်လှူပြီး အရှင်ဘုရားနဲ့မှ အတူနိဗ္ဗာန်ဝင်ချင်တယ်ဆိုတော့ ဂေါတမဘုရားလည်း သူအရွဲ့တိုက်ပြန်တာပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုမတုံး (အရွဲ့တိုက်တာပါ)၊ ဂေါတမကိုယ်တော်မြတ်ကြီးကိုပဲ သူ့စိတ်ထဲ မကြည်ညိုတဲ့ ဟန်ပေါ့ ဒကာကြွယ်ရာ (မှန်ပါ့)၊ မေတ္တေယျ ကိုယ်တော်မြတ်ကြီးကျမှ ကြာလှူတော့မည့်ပုံ- သူချွတ်မှပဲ ကျွတ်မည့်ပုံ- ဒီကိုယ် တော်ကြီးနဲ့ ရန်ဖြစ်ထားတဲ့ပုံ ဒီလိုကောမကျဘူးလား (ကျနေပါတယ်)၊ အဲဒါလည်း တစ်မျိုးဆိုးတာပဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဒါကော တောင်းဖူးသေးသလား (မသိခင်က တောင်းဖူးပါတယ်)၊ မသိခင်က တောင်းဖူးတယ်၊ ရှေ့နေက လိုက်ပေးလို့ တော်-တော်သေးတယ် (မှန်ပါ့)၊ ဟိုက ပြုံးနေတယ်၊ သူက တောင်းပြီးပြီ (မှန်ပါ့)၊ အတော်ဆိုး နေတယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကျုပ်တို့ ဂေါတမမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောလို့ ဟောလို့ သိရတာ ကျုပ်တို့ (မှန်ပါ့ ဘုရား)။

ပြောလို့ ဟောလို့ သိရတဲ့အပြင်မှာ ကျင့်ကြစမ်းပါကွာ ၊ ခုနစ်ရက်, ခုနစ်လ, ခုနစ်နှစ်၊ အဖျင်းဆုံးလူ ခုနစ်နှစ်၊ အလတ်စားလူ ခုနစ်လ၊ အမြန်ဆုံးလူ ခုနစ်ရက်လို့ ဒကာသစ် မဟောလားဗျာ (ဟောပါတယ်)၊ သူများဟော တာလား, ဂေါတမကိုယ်တော်ကြီးက ဟောတာလား (ဂေါတမကိုယ်တော်ကြီးက ဟောတာပါ ဘုရား)။

မကြားချင်ယောင် ဆောင်နေတယ်

သူက ဒါကိုတော့ မကြားချင်ယောင် ဆောင်နေတယ် (မှန်ပါ့)၊ မေတ္တေယျ ကိုယ်တော်မြတ်ကြီးပွင့်တဲ့အခါ လက်ဦးစွာများ ဖူးတွေ့ချင်သေးသတဲ့ (မှန်ပါ့)၊ အင်း လက်ဦးစွာ ဖူးတွေ့ချင်ကော ဒီအလုပ်မပါကော ရမှာလား (မရပါ)၊ ဒါဖြင့် သူ့ဟာတွေ့ပေမယ့် တွေ့ရနဲ့ပြန်ရမှာပဲ (မှန်ပါ့)၊ ဘာများကျေးဇူးများစရာ မြင်သေးသတုံး (မမြင်ပါ ဘုရား)။

အဲဒါကြောင့် ဒီအပိုအလုပ်တွေလည်း မလုပ်ဘဲနဲ့ ဒီသာသနာတွင်းမှာ ဒီကျွတ်တမ်းဝင်နိုင်တဲ့ တရားရှိပါလျက် သားနဲ့ ဂေါတမမြတ်စွာဘုရားပေးတဲ့ နိဗ္ဗာန်လည်း မဟုတ်ပါဘူး၊ ကိုယ့်ဉာဏ်နဲ့သွားရမည့် နိဗ္ဗာန်ပါ (မှန်ပါ့)၊ မေတ္တေယျ မြတ်စွာဘုရားပေးတဲ့ နိဗ္ဗာန်လည်း မဟုတ်ပါဘူး (မှန်ပါ့)၊ ကိုယ့်ဉာဏ်နဲ့ ကိုယ်သွားရမည့် နိဗ္ဗာန်ပါ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ချင်းက ထူးသေးရဲ့လား (မထူးပါ)၊ အဲ မထူးတာကို သူ့ဟာသူ အထူးလုပ်ပြီး ပုဂ္ဂိုလ်စွဲ,စွဲနေတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။**

** ဤအခန်းများပါ စကားတွေမှာ နောက်ဘုရား သာသနာမစောင့်ဘဲ ယခုဘုရား သာသနာ၌ပင် တမဂ် တဖိုလ်ရအောင် အားထုတ်ဖို့ တိုက်တွန်းခြင်းဖြစ်ပါသည်။

တစ်နည်းအားဖြင့်လည်း လမ်းညွှန်က မကောင်းတာနဲ့ ပြောင်းမိပြောင်းရာ ပြောင်းတာနဲ့လည်း တူပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒကာ ဒကာမတွေတော့ဖြင့် ဘုန်းကြီးများ၏ တပည့်တပန်းတွေလည်းဖြစ် ဂေါတမ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ သာသနာတော်နဲ့ ကြုံလို့ သူ၏ ဝေနေယျတွေလည်း ဖြစ်နေတဲ့အတွက် အေး တော်ပြီ, တော်ပြီ၊ ဒုက္ခတော့ မရှည်ချင်ပါဘူး (မှန်ပါ့ ဘုရား)။

ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာမရတဲ့ ခုနစ်ရက်, ခုနစ်လ, ခုနစ်နှစ်နဲ့ရတဲ့ သတိပဋ္ဌာန်အလုပ်ကိုပဲ ငါတို့ နိုးနိုးကြားကြား နဲ့ ကြိုးကြိုးစားစား ဘဝဆုံးပါစေသားဆိုပြီး ကြိုးသာကြိုးစား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ရက်ရှည်ရရင် တစ်ရက်ဒုက္ခပိုတာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သံသရာထဲမှာ တစ်ရက်ရှည်ရရင် တစ်ရက်ဒုက္ခပိုတာပဲ (မှန်ပါ့)၊ နှစ်ရက် ရှည်ရရင် (နှစ်ရက်ဒုက္ခပိုပါတယ် ဘုရား)၊ နှစ်ရက်ဒုက္ခပိုတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ခင်ဗျားတို့ တစ်ရက်ရှည်ရင် တစ်ရက်သက်ဆိုးရှည်တယ် (မှန်ပါ့)၊ နှစ်ရက်ဆိုလို့ရှိရင် ဒီ့ထက် သက်ဆိုးရှည်တယ် (မှန်ပါ့)၊ သုံးရက်ရှည်သွားမယ်ဆိုရင် ဒီ့ထက် ဒီသက်ဆိုးရှည်သွားမယ် (မှန်ပါ့)၊ သက်ဆိုးရှည်ဖြင့် ခင်ဗျားတို့ မနေပါနဲ့တော့တဲ့ ဒကာ ဒကာမတို့ မြန်မြန်သာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်အာရုံပြုနိုင်တဲ့နည်း ခုနစ်ရက် နဲ့ ရတဲ့နည်း၊ ဟာ ဆယ့်လေးရက်နဲ့ ရတဲ့နည်း ဒကာကြွယ် ဒါပဲလိုက်ပါတော့ဗျာ (မှန်ပါ့)၊ သက်ဆိုးရှည်-ရှည် ချင်သေးသလား (မရှည်ချင်ပါ ဘုရား)။

ကိုင်း ဒါတွေဟာ အင်မတန် ဒကာ ကာမတို့ ကရုဏာမေတ္တာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလို့ ဓမ္မက္ခန္ဓာတွေ မင်းတို့ ငါ့ကိုယ်စား ဆရာတွေ ရှိပါတယ်လို့ ဟောခဲ့လို့ ဘုန်းကြီးများကလည်း အဲဒီ့ ဓမ္မက္ခန္ဓာ တွေ ကြည့်ပြီး သကာလ ကိုယ်တိုင်ကြိုးစား၊ သူတစ်ပါးကိုလည်း ဟောဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ဒကာကြွယ်တို့ ချီးမြှောက် နေတာ (မှန်လှပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မေတ္တေယျမြတ်စွာဘုရားလည်း မမျှော်နဲ့ (မှန်ပါ့)၊ အမေကျော် ဒွေးတော် လွမ်းတာ မကောင်းဘူး (မှန်ပါ့)။

အမေကျော် ဒွေးတော်လွမ်းတာ

အမေကျော် ဒွေးတော်လွမ်းတာ (မကောင်းပါ)၊ အမေလောက်တော့ ဘယ်သူအရေးကြီးစရာရှိသတုံး (မှန်ပါ့)၊ ဒီမှာလည်း သာသနာတော်ကြီးမှာ ကျွတ်တမ်းဝင်နိုင်တဲ့နည်း၊ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးအားထုတ်ခဲ့လို့ရှိရင်ဖြင့် လိုရာခရီး အပြီးတိုင်ရောက်ပါလိမ့်မယ်ဆိုတာ သိလျက်သားနဲ့ဖြင့် ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာတိမ်သလာဖုံးနေတာ နဲ့ဖြင့် ကိုယ်က ကြိုက်ကြိုက်-မကြိုက်ကြိုက် ဘုရားဟောတာ ယုံကြည်လိုက်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်က ကြိုက်တာ-မကြိုက်တာတော့ အမှန်ကို မထားနဲ့တော့ (မှန်ပါ့)၊ ဘာ့ကြောင့်တုံး ကိုယ်က မျက်လုံးက မဟန်ဘဲကိုး (မှန်ပါ့)။

ဒကာကြွယ် ကိုယ်ကြိုက် သူကြိုက်ကတော့ မျက်လုံး ဘယ်နှယ်နေသတုံး (မဟန်ပါ ဘုရား)၊ မဟန်ဘူး, မဟန်ဘူး မျက်လုံးက နော် (မှန်ပါ့)။

အဲဒီတော့ ဘုရားအပေါ်မှာသာ တထစ်ချ ယုံကြည်ပြီး သကာလ သူပြောတာဟာ အဒွဇ္ဇဝစနံဗုဒ္ဓံ=နှစ်ခွန်း မပြောဘူးတဲ့ (မှန်ပါ့)၊ တစ်ခွန်းမှလည်း တစ်ခွန်းနဲ့ အကျိုးရှိတာမှ ပြောသတဲ့ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)၊ တစ်ခွန်းအကျိုးရှိတာမှ ပြောသတဲ့ဆိုတာ မှတ်ပြီး သကာလ ခုနစ်ရက်နဲ့ ရနိုင်ပါတယ်ကွာဆိုပြီး တစ်ခွန်းတည်းနဲ့ အကျိုးရှိတာ ပြောခဲ့တဲ့အတွက် ကျုပ်တို့ ဒီသတိပဋ္ဌာန် လုပ်ရတော့မယ် (မှန်လှပါ)၊ မလုပ်လို့ရှိရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

ဝိပဿနာအလုပ်သာ လုပ်ရပါမယ်

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ကိလေသာနဲ့ဟာတွေ အကုန်ပယ်ပြီး သကာလ သူ ခုနစ်ရက်နဲ့ ရမည်ဆိုတဲ့ဥစ္စာ ကို ငါတို့သည် ကိုယ့်ဒုက္ခ ကိုယ်သိမ်းချင်ကြလို့ရှိရင်ဖြင့် ဒါ ကိုယ့်အကျိုးစီးပွား အစစ်ပဲဆိုပြီး ဒီဝိပဿနာအလုပ် သာ ဒကာကြွယ် လုပ်ရလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာလုပ်ရမယ် (ဝိပဿနာအလုပ်သာ လုပ်ရပါမယ် ဘုရား)၊ ဝိပဿနာအလုပ် လုပ်ရလိမ့်မယ်ဆိုတာ ဒကာ သစ် သေချာပလား (သေချာပါပြီ ဘုရား)။

အဲ ဝိပဿနာအလုပ် လုပ်ရတော့မယ်ဆိုလို့ရှိရင် ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ အို ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာတွေဖုံးတာ ဖယ်တဲ့အလုပ်ဟာ ဝိပဿနာအလုပ် (မှန်လှပါ)၊ ပေါ်လာပြီ ပေါ်လာပြီ (မှန်ပါ့)၊ ပေါ်လာပြီ ဒကာ ဒကာမတို့၊ ဒါကလေးပေါ်အောင် မနည်းပြောရတယ် (မှန်ပါ့)။

ဒါကလေးပေါ်အောင်ကို ဒကာကြွယ်,ရေ နာရီဝက်ကျော်သွားပြီ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဝိပဿနာ အရှုခိုင်းပါလိမ့်၊ ဆရာဘုန်းကြီးက ဝိပဿနာအရှုခိုင်းတာသည် ဘယ်အကျိုးငှာပါလိမ့်မတုံးဆိုလို့ရှိရင်ကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာအဖုံးတွေ ပွင့်အောင်လို့ အလုပ်ခိုင်းတာ (မှန်ပါ့)။

ဝိပဿနာဆိုတာ ဘာပါလိမ့် (ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာအဖုံးတွေပွင့်အောင် အလုပ်ခိုင်းတာပါ ဘုရား)။

အဆိုးကို အကောင်းဖြစ်အောင် လုပ်တာပဲ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အဆိုးကို အကောင်းဖြစ်အောင် လုပ်တာပဲ (မှန်ပါ့)။

အဆိုးကို (အကောင်းဖြစ်အောင် လုပ်တာပါဘုရား)၊ ဒါဖြင့် ကျုပ်တို့ဟာ အဆိုးကို အကောင်းဖြစ်အောင် လုပ်တဲ့အလုပ်ဆိုလို့ရှိရင်ဖြင့် ပျင်းလည်းမနေပါနဲ့တော့နော် (မှန်ပါ့)၊ ဖျင်းလည်းမနေပါနဲ့တော့ ပါရမီတွေလည်းချပြီး မနေပါနဲ့တော့ (မှန်ပါ့)၊ အဆိုးကို အကောင်းဖြစ်တဲ့အလုပ်ဆိုသောကြောင့် ကိုယ့်အဆိုးကို ကိုယ်အကောင်းပြင်ရတဲ့ အလုပ်ကိုဖြင့် ဒကာ ဒကာမတို့ ကိုယ့်အဝတ်ဟာ နောက်ပိုင်းကပဲ စုတ်နေတယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်အဆိုးဟာ ရှိနေ တာပဲ (မှန်ပ့ါ)၊ ဒီကိုယ့်အဆိုးကိုမှ ကိုယ်မချုပ်တော့ဘူးဆိုလို့ရှိရင်ဖြင့် အရှက်မရှိရာလည်းရောက် (မှန်လှပါ)၊ အကြောက် မရှိရာကော (ရောက်ပါတယ် ဘုရား)၊ ဒါ မပြင်သင့်ဘူးလား ပြင်သင့်သလား (ပြင်သင့်ပါတယ် ဘုရား)။

အဲဒီလိုမှတ်ပြီး သကာလ ကိုယ့်အဆိုးကိုက မကောင်းလို့ ကိုယ်ကိုယ်တိုင်ပဲ ပြင်ရတော့မှာပဲ၊ ပြင်နည်းလည်း ဘုရားပေးပေါ့ပဲဆိုပြီး သကာလ ဒကာ ဒကာမတို့ အရှက်ရှိလည်း ပြင်ပါ (မှန်ပါ့)၊ ရှက်စရာကောင်းတဲ့အဖြစ်လို့လည်း ပြင်ရလိမ့်မယ် (မှန်ပါ့)။

ရှက်စရာကောင်းဆိုတာ ခင်ဗျားတို့ အသုဘပွဲကြီးပြရဦးမယ် (မှန်ပါ့)၊ ခင်ဗျားတို့ ဖုံးလေသ၍, ဖိလေသ၍ဟာ ဒကာ ဒကာမတို့ တကယ်မမာတော့ လုံခြုံသေးရဲ့လား (မလုံခြုံပါ ဘုရား)၊ အဲဒါ အရှက်ပွဲကြီးကလည်း လာဦးမယ် (လာပါတယ် ဘုရား)၊ ခန္ဓာကြီးရလို့ အရှက်တကွဲပွဲကြီးကလည်း လာကာနီးနေပြီ (မှန်ပါ့)၊ နောက်ခန္ဓာရမယ်ဆိုတော့ တစ်ခါရှက်လား နှစ်ခါရှက်လား (နှစ်ခါရှက်ပါ ဘုရား)၊ ဟာ အကြိမ်ကြိမ်ဆိုပြန်တော့ (အကြိမ်ကြိမ် ရှက်ပါ ဘုရား)။

အရှက်ပွဲလည်း ဇာတ်သိမ်းရအောင်

ဪ အရှက်ပွဲလည်း ဇာတ်သိမ်းရအောင် ဒကာ ဒကာမတို့ ဒီဝိပဿနာအလုပ် မလုပ်ပြန်လို့ရှိရင် အပါယ်လေးပါးကို ရောက်သွားမှာလည်း အင်မတန် ကြောက်စရာကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။

ဒါ့ကြောင့် အရှက်အကြောက်သိမ်းတဲ့ကိစ္စကိုဖြင့် ကျုပ်ဟာ ကျုပ်တို့၏ အရှက်သိမ်း၊ ကျုပ်တို့၏ အကြောက် သိမ်းမှု အလုပ်ကို ကျုပ်တို့ လုပ်ရလိမ့်မယ် (မှန်ပါ့)။

အဲဒီအလုပ်တွေ လုပ်ရမှာဖြစ်နေတော့ ကိုယ့်အရေးလား သူ့အရေးလားဆိုတာလည်း ဘာမှမေးနေစရာ မလို တော့ပါဘူး (မလိုပါ ဘုရား)၊ လိုသေးသလား ဒကာသစ် (မလိုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာလုပ်ကြစို့ (မှန်ပါ့)၊ ဝိပဿနာလုပ်လိုက်တဲ့အတွက် အကျိုးဘယ်နှစ်ခုပြီး သွားသတုံးလို့ မေးတော့မှ ဒကာ ဒကာမတို့ နောက်ခန္ဓာမရမှု အကျိုးတစ်ခုပြီးတယ် (မှန်ပါ့)၊ နှစ်ခါမရှက်ရမှု (အကျိုး ပြီးပါတယ် ဘုရား)၊ ကြောက်စရာတွေ နေရာဌာန မရောက်ရမှုကောဗျာ (အကျိုးပြီးပါတယ် ဘုရား)၊ မေတ္တေယျ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို မမျှော်ဘဲနဲ့ ဒီဘုရားလက်ထက် အရယူလိုက်တဲ့အတွက် ဒကာ ဒကာမတွေ အမေ ကျော် ဒွေးတော်လွမ်းတဲ့ ကိစ္စတွေလည်း ဇာတ်သိမ်းပါတယ် (မှန်ပ့ါ)၊ မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်-လုပ်ထိုက် မလုပ်ထိုက် (လုပ်ထိုက်ပါတယ်)၊ ကိုယ့်အရှက်ကင်းအောင်လည်း ဝိပဿနာလုပ် (မှန်ပါ့)၊ ကိုယ့်အကြောက်တွေ သိမ်းရအောင်လည်း (ဝိပဿနာ လုပ်ရပါမယ်)၊ ဝိပဿနာပဲ လုပ်ရမယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်အရေးချည့်ပါလား

ဒကာ ဒကာမတို့ နောက်အသေကြီး လာမှာကို မတွေ့ရအောင်လည်း ဘာလုပ်ရမယ် (ဝိပဿနာလုပ်မှပါ)၊ ဟာ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အရေးချည့်ပါလား (မှန်ပါ့)၊ သူများ အရေးပါသေးသလား (မပါပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ် ဝိပဿနာလုပ်ကြစို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဆိုတာ ဒကာ ဒကာမတို့ ယနေ့တော့ဖြင့် ဝိပဿနာအစစ်ကို ပြရတော့မယ်ဆိုတော့ ဝိပဿနာ ဆိုတာ ဘာတုံးလို့ မေးလို့ရှိရင် ကိုယ်ကရှုလို့ ဝိပဿနာတစ်မျိုး (မှန်ပါ့)၊ ဝိပဿနာ နှစ်မျိုး ဟောမလို့ (မှန်ပါ့ ဘုရား)။

တချို့ကတော့ မိမိဉာဏ်ကရှုလို့ ဝိပဿနာလို့ဖြစ်တာက တစ်မျိုးရှိတယ် (မှန်ပါ့)၊ တချို့ကတော့ ဓမ္မကပြနေလို့ ဓမ္မအပြကို မြင်ရတဲ့ ဝိပဿနာလည်းရှိတယ် (မှန်ပါ့)၊ တချို့က ကိုယ်က ရှုလို့မြင်တာ (မှန်ပါ့)၊ တချို့ကတော့ ဓမ္မ က ပြလို့မြင်တာ (မှန်ပါ့)၊ နှစ်ချက်ရှိတယ် (နှစ်ချက်ရှိပါတယ် ဘုရား)။

ဒါ သေသေချာချာမှတ်ပါ။ ဒီတရားမဟောဘူးသေးလို့ ခင်ဗျားတို့ ဉာဏ်တိုးအောင်လို့ ဟောနေတယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဆိုတာသည်

ကိုယ်က ရှုလိုက်တာနဲ့ မြင်လိုက်တဲ့ ဝိပဿနာက တစ်မျိုး (မှန်ပါ့)၊ အရှုခံတဲ့တရားက ပြနေလို့ ကိုယ်က ရှုတဲ့အတိုင်း မှတ်မြင်နေရတာက (တစ်မျိုးပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဝိပဿနာဆိုတာသည် ဒကာ ဒကာမတို့ ကိုယ်ကရှုလို့ ဝိပဿနာဖြစ်တာလည်း ရှိတယ် (မှန်ပါ့)၊ ဓမ္မကပြလို့ ကိုယ်ရှုမိသောကြောင့် ဝိပဿနာဖြစ်တာကော (ရှိပါတယ်)၊ ရှိတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ တချို့ ဒါတွေ အင်မတန် ရှင်းကြတယ် (မှန်ပါ့)၊ ဝိပဿနာဆိုတာ ကိုယ်ကရှုလို့ ဝိပဿနာဖြစ်တာ (မှန်ပါ့)၊ တချို့ကလည်း ဓမ္မကပြလို့ ကိုယ့်မှာ ဝိပဿနာဉာဏ်ရတာ (မှန်ပါ့)၊ ဒီလိုနှစ်မျိုး နှစ်ခု ပြားပြီး သကာလ နေတာကို ဘုန်းကြီးကပဲ ဒီဒကာ ဒကာမတွေကို လုပ်နည်း, ကိုင်နည်းနဲ့တကွ ဒီဥစ္စာနှစ်ခုဟာ မမှားကြပါဘူးဆိုတာကိုလည်း ရှင်းပြမယ်နော် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးကတော့ဖြင့် ခင်ဗျားတို့က မရှုလည်း ဖြစ်လိုက်ပျက်လိုက်နဲ့ နေမှာပဲ (မှန်ပါ့)။

ခင်ဗျားတို့က မရှုလည်း (ဖြစ်လိုက်, ပျက်လိုက်နေမှာပါပဲ)၊ သူ့ကိုတားလို့ ဆီးလို့ ရကြရဲ့လား (မရပါ ဘုရား)။

မရတော့ကို ဒကာ ဒကာမတွေက ကိုယ်က မရှုတော့လည်း ဒါ ဝိပဿနာဖြစ်သေးရဲ့လား (မဖြစ်ပါ)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ကိုယ်ကမရှုရင် ဝိပဿနာမဖြစ်ပါ

ကိုယ်ကမရှုရင် (ဝိပဿနာမဖြစ်ပါ ဘုရား)၊ “ဝိသေသေနပဿတီတိ ဝိပဿနာ”ဆိုတဲ့အတိုင်းတဲ့ ကိုယ်က အထူးတလည်ရှုမှ ဒီ့ပြင်ငါးပါးအာရုံ ကာမဂုဏ်တွေ ဇာတ်သိမ်းပြီး သူ့ဘက်ကို လှည့်ထားမှ ဝိပဿနာဖြစ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ဉာဏ်ကလေးကိုတဲ့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ခန္ဓာဘက်ကို လှည့်ထားမှ ဝိပဿနာဖြစ်ပါတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်ဉာဏ်ကလေးကို ဘယ်ဘက်လှည့်ရမလဲ (ခန္ဓာဘက် လှည့်ရမှာပါ)၊ ကိုယ့်ဉာဏ်ကလေး ခန္ဓာဘက် လှည့်လိုက်တဲ့အခါကျတော့ ခန္ဓာ့ဖြစ်စဉ်ကို ဉာဏ်ကမြင်တယ် (မှန်ပါ့ ဘုရား)။

ခန္ဓာ့ဖြစ်စဉ်ကို (ဉာဏ်က မြင်ပါတယ်)၊ ခန္ဓာ့ဖြစ်စဉ်ဉာဏ်ကမြင်တော့ ဒါဟာ ဒကာ ဒကာမတွေ ရှုလို့မြင်တာ (မှန်ပါ့)၊ မရှုရင်ဖြင့် (မမြင်ပါ)၊ မရှုရင် မမြင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်က ဝိပဿနာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုတဲ့ဉာဏ်သည် ဝိပဿနာ

ဉာဏ်က ဝိပဿနာသွားဖြစ်တယ် (မှန်ပါ့)၊ ရှုတဲ့ဉာဏ်သည် ဝိပဿနာ (မှန်ပ့ါ ဘုရား)။

ရှုတဲ့ဉာဏ်သည် (ဝိပဿနာပါ)၊ ဒါက ဉာဏ်ကို အသားယူပြောတာ (မှန်ပါ့)၊ ဒီဘက်က ရှုတဲ့ဉာဏ်ကို အသား ယူပြောနေတာ (မှန်ပါ့ ဘုရား)။

ကဲ ရှုတဲ့ဉာဏ်က ရှုပြီး သကာလ နေပြန်လို့ရှိရင်လည်းတဲ့ ဓမ္မတွေက ဖောက်ပြန်ပျက်စီးမှုကို ဒကာ ဒကာမတွေက မပြလို့ရှိရင်လည်း ဒီဉာဏ်သည် ဝိပဿနာဉာဏ် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

ဒါဖြင့် ဓမ္မတွေကလည်း သူ့အကြောင်းနဲ့ သူ့အကျိုး၊ အကြောင်းချုပ်လို့ အကျိုးချုပ်ပုံ၊ ဓမ္မတွေကလည်း ပြဦး မှသာလျှင်လည်း ဝိပဿနာဖြစ်ပါတယ် (မှန်ပါ့)၊ ဓမ္မက မပြလို့ရှိရင် (ဝိပဿနာမဖြစ်ပါ ဘုရား)။

ဒါဖြင့် သူတို့နှစ်ခုသည် ဓမ္မကြောင့်လည်း ဝိပဿနာဉာဏ် ဖြစ်ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဉာဏ်ကရှုလို့လည်း ဉာဏ်သည် ဝိပဿနာဖြစ်ရတယ် (မှန်ပါ့)၊ နှစ်ခုပေါင်းမှ ဖြစ်တယ်လို့မှတ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နှစ်ခုပေါင်းမှ (ဖြစ်ပါတယ်)၊ ဓမ္မကလည်းပြော ဉာဏ်ကလည်း လှည့်မှ ဝိပဿနာ (မှန်ပါ့ ဘုရား)။

ဓမ္မကလည်း (ပြောမှပါ)၊ ဉာဏ်ကလည်း (လှည့်မှပါ ဘုရား)၊ ဒါမှ ဒကာသစ် ဝိပဿနာဖြစ်မယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတော့ ဓမ္မကတော့ မပြောမရှိပါဘူး (မှန်ပါ့)၊ ဉာဏ်ကသာ လှည့်မိပါစေ (မှန်ပါ့)၊ ဒီလိုဆိုလို့ရှိရင် ဝိပဿနာသည် ဒကာ ဒကာမတို့ ခဲယဉ်းတဲ့အလုပ်လားလို့ မေးကြလို့ရှိရင်ဖြင့် ဓမ္မကလည်း မပြောတဲ့တရား မရှိပါဘူး (မှန်ပါ့ ဘုရား)။

ဘာ့ကြောင့် မပြောတဲ့တရား မရှိသတုံးဆိုတော့ “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ”တဲ့ (မှန်ပါ့)၊ ဖောက်ပြန်တတ် တဲ့ လက္ခဏာဟာ ဒုက္ခသစ္စာတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝေဒနာကလည်း ဖြစ်ပြီးပျက်တာ ဖောက်ပြန်သွားတာပဲ (မှန်ပါ့)၊ ရုပ်ကလည်း ဖြစ်ပြီးပျက်တာ (ဖောက် ပြန်သွားတာပါ ဘုရား)။

ဒါဖြင့် သူကလည်း သူ့သဘောသူ ပြောမှာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဉာဏ်က သူပြော တဲ့နောက်ကို ကျုပ်တို့ကလည်း အစဉ်မပြတ် လိုက်ရလိမ့်မယ် (လိုက်ရမှာပါ)၊ ဒါဖြင့် ဓမ္မကပြော ဉာဏ်ကလှည့်ရင် ဝိပဿနာဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ဓမ္မကပြောတဲ့နောက် ဉာဏ်ကလိုက်ရင် (ဝိပဿနာဖြစ်ပါတယ် ဘုရား)။

ဉာဏ်မလှည့်လို့ ကွယ်တာ

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာကွယ်တယ်, ကွယ်တယ်ဆိုတာသည် အဲဒါနဲ့ထောက်ကြည့် (မှန်လှပါ)၊ ဓမ္မက မပြောလို့ ကွယ်တာလား ၊ ဉာဏ်မလှည့်လို့ ကွယ်တာလား (ဉာဏ်မလှည့်လို့ ကွယ်တာပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဓမ္မကလည်း ပြောမယ် (မှန်ပါ့)၊ ဉာဏ်ကလည်း အဲဒီ့ပြောတဲ့ ဓမ္မ ဘက်က လှည့်ပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ကို မမေ့ကြနဲ့ (မှန်ပါ့)၊ မမေ့ကြနဲ့ဆိုတာ ဧဟိပဿိကောပါပဲ (မှန်ပါ့)၊ ဓမ္မက ဧဟိ=လာခဲ့ပါ ဟုတ်လား (မှန်ပါ့)၊ ဉာဏ်က ပဿ=ရှုပါ (မှန်ပါ့)၊ ဒါဖြင့် ဧဟိနဲ့ ပဿ တွဲပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုတွဲရမလဲ (ဧဟိနဲ့ပဿ တွဲရပါမယ်)၊ ဧဟိဆိုတာ ဓမ္မကခေါ်တာ (မှန်ပါ့)၊ ပဿ=ရှုပါဆိုတာက ဒကာ ဒကာမတို့တဲ့၊ ဉာဏ်ကလည်း ရှုမှဖြစ်မယ် (မှန်ပါ့)၊ ဒါဖြင့် ဧဟိနဲ့ ပဿတွဲလို့ရှိရင်ဖြင့် ဝိပဿနာဖြစ်ပေါ့ (မှန်ပါ့ ဘုရား)။

ဧဟိနဲ့ပဿတွဲရင်

ဧဟိနဲ့ပဿတွဲရင် (ဝိပဿနာဖြစ်ပါပြီ ဘုရား)၊ ဒကာကြွယ် မေ့စရာရှိသေးသလား (မရှိပါ ဘုရား)၊ ဧဟိက =ဓမ္မက ခေါ်လိမ့်မယ် (မှန်ပါ့)၊ ပဿက ကျုပ်တို့က ရှုရလိမ့်မယ် (မှန်ပါ့)၊ ဧဟိနဲ့ပဿတွဲရင် ဘာဖြစ်သတုံး (ဝိပဿနာ ဖြစ်ပါတယ် ဘုရား)၊ အံမာလေး နေရာကျလိုက်တာ၊ တော်တော့ကို နေရာကျပြီ ဒကာကြွယ် (မှန်ပါ့)။

ဪ တို့သည်ကားလို့ဆိုရင်ဖြင့် သံသရာရှည်ခဲ့တာ ဧဟိရှိလျက်သားနဲ့ ပဿမပါလို့ပဲဟ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဧဟိရှိလျက်နဲ့ (ပဿမပါလို့ သံသရာရှည်ခဲ့ပါတယ်)၊ ရှုတာမပါလို့ (မှန်ပါ့)။

ဦးလှဘူးကြီးတို့ သံသရာရှည်နေတာ ဘုန်းကြီးတို့ သံသရာရှည်နေတာ, ဦးမာဒင်တို့ သံသရာရှည်နေတာ ဓမ္မက ဧဟိဆိုတာတော့ အခေါ်သားပဲ (ခေါ်ပါတယ် ဘုရား)၊ ပဿက (မရှုလို့ပါ ဘုရား)။

အဲ ပဿက မလိုက်မိဘူး၊ ရှုဉာဏ်က မလိုက်မိဘူး (မလိုက်မိပါ ဘုရား)၊ အဲဒီမလိုက်မိလို့ ကိုယ်ကျိုးနည်း ခဲ့ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိနဲ့ပဿ တွဲမိအောင် တွဲပါ (မှန်ပါ့)။

ဘာတုံး (ဧဟိနဲ့ ပဿ တွဲမိအောင်တွဲပါ ဘုရား)၊ ဪ ဒါ ဘယ်နေရာမဆို တွဲရမယ် (မှန်ပါ့)၊ ဧဟိနဲ့ ပဿကွဲရင် နိဗ္ဗာန်နဲ့ဝေးပြီ (မှန်ပါ့)၊ ဧဟိနဲ့ပဿတွဲရင်ဖြင့် နိဗ္ဗာန်ရောက်ပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဧဟိနဲ့ပဿ ကွဲနေရင် (နိဗ္ဗာန်နဲ့ ဝေးပါတယ်)၊ ဧဟိနဲ့ပဿ တွဲနေရင် (နိဗ္ဗာန်ရောက်ပါတယ်)၊ နိဗ္ဗာန်ရောက် ပြီ တဲ့ ပထမ ဝိပဿနာဉာဏ်က ခေါ်မယ် ၊ တော်တော်ကြာ နိဗ္ဗာန်ကနေ ဒီဉာဏ်ကို ခေါ်ယူမယ် (မှန်ပါ့)၊ မခေါ်ပေဘူးလား (ခေါ်ပါတယ် ဘုရား)။

စကားလေးလုံးရှိသွားပြီ

ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးနေတာ ယနေ့ပြောလိုက်တာ စကားလေးလုံးရှိသွားပြီ (မှန်ပါ့)၊ ဧဟိနဲ့ ပဿကွဲရင် သံသရာမြုပ်ကြ မျောကြပေတော့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဧဟိနဲ့ပဿ ကွဲသွားရင်ဖြင့် (မြုပ်ကြ မျောကြပေတော့ ဘုရား)။

ဧဟိနဲ့ပဿ တွဲမိပြီဆိုမှဖြင့် သံသရာစခန်းသိမ်းပြီ (သိမ်းပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ ဘာမှတ်ကြပါလိမ့် ၊ ဧဟိနဲ့ပဿ မကွဲစေနဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာမှတ်မိကြသလဲ (ဧဟိနဲ့ပဿ မကွဲစေပါနဲ့ ဘုရား)၊ ဧဟိနဲ့ပဿ မကွဲစေနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ဘာမ ခွဲရမှာတုံး (ဧဟိနဲ့ပဿ မခွဲရပါဘုရား)၊ ဧဟိက ဖြစ်ပျက်အနိစ္စ (မှန်ပါ့)၊ ပဿက ခင်ဗျားတို့ ဉာဏ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဧဟိနဲ့ပဿကွဲလို့ရှိရင်ဖြင့် သံသရာဆက်ပေါ့ (မှန်ပါ့)၊ ဧဟိနဲ့ပဿမကွဲရင် (သံသရာပြတ်ပါတယ်)၊ သံသရာပြတ်ပြီဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

သံသရာရှည်ခဲ့တာ ဘာ့ကြောင့်ပါလိမ့်

အဲဒီတော့ ခင်ဗျားတို့ သံသရာရှည်ခဲ့တာ ဘာ့ကြောင့်ပါလိမ့် (ဧဟိနဲ့ပဿ ကွဲလို့ပါဘုရား)။

ဖြစ်မှဖြစ်ရပလေဗျာ ၊ သူများကတော့ အဝိဇ္ဇာနဲ့တဏှာလို့ ပြောကြတယ်၊ ဘုန်းကြီးက ဧဟိနဲ့ပဿကွဲလို့ ဆိုတာ ခင်ဗျားတို့က မယုံဘဲနေမှာစိုးရတယ် ၊ အခုတော့ သေချာပြီ (သေချာပါပြီ ဘုရား)။

ဟောဒီဓမ္မက ဖြစ်ပျက်၊ အနိစ္စက ခန္ဓာကိုယ်ထဲက ဝေဒနာကခေါ်ခေါ်, စိတ်ကခေါ်ခေါ် သူကတော့ဖြင့် ဧဟိလာခဲ့ပါပဲ (မှန်ပါ့)၊ ပဿက မလိုက်ဘူး (မလိုက်ပါ ဘုရား)၊ မလိုက်တော့ သူ့ဘက်မရှုမိတဲ့အတွက်တဲ့ ဒကာ ဒကာမတို့ မရှုမိတော့ သတိမရဘူး (မှန်ပါ့)။

သတိမရလို့ မေ့တာက အဝိဇ္ဇာ (မှန်ပါ့)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ ဧဟိနဲ့ပဿ မတွဲမိတော့ ဒကာ ဒကာမတို့ သံသရာရှည်ပေါ့ (မှန်ပါ့)၊ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီအဝိဇ္ဇာတွေ, သင်္ခါရတွေ အသာထားစမ်းပါဦး ၊ ဧဟိ ခန္ဓာကိုယ်ထဲက ရုပ်ကခေါ်ခေါ်, နာမ်ကခေါ်ခေါ်၊ ဖောက်ပြန်ပျက်စီးတာတွေက ခေါ်တဲ့အခါကျတော့ ပဿဆိုပြီး ကျုပ်တို့က ဉာစ်ကလေးနဲ့ ရှုလိုက် တယ် (မှန်ပါ့)၊ ပဿဆိုတာ ရှုတာပဲ (မှန်ပါ့ ဘုရား)။

ရှုလိုက်သည်နဲ့တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ မရှုမိတာလား ၊ ရှုမိတာလား (ရှုမိတာပါ)၊ ရှုမိတာ သည် အဝိဇ္ဇာလား ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

ဝိဇ္ဇာလာတော့ ဟောဒီမှာ အဝိဇ္ဇာချုပ်တယ် (မှန်ပါ့)၊ သင်္ခါရကော (ချုပ်ပါတယ် ဘုရား)၊ ဝိညာဏ်ကော (ချုပ်ပါတယ် ဘုရား)၊ အင်း ဘာနဲ့ဘာ တွဲမိလို့ပါလိမ့် (ဧဟိနဲ့ပဿ တွဲမိလို့ပါ ဘုရား)။

သံသရာပြတ်ချင်ရင် ဧဟိနဲ့ပဿတွဲပါ

ဟာ နေရာကျပြီ ဦးမာဒင်ရေ (မှန်ပါ့)၊ သံသရာပြတ်ချင်ရင် ဧဟိနဲ့ပဿတွဲပါ (မှန်ပါ့)၊ သံသရာရှည်ချင် ရင် (ဧဟိနဲ့ပဿခွဲပါ)၊ ဧဟိနဲ့ပဿ ခွဲပါ၊ သဘောကျပလား (ကျပါပြီ)၊ ဧဟိနဲ့ပဿခွဲလိုက်လို့ရှိရင်ဖြင့် သံသရာမဆုံး တော့ဘူး (မှန်ပါ့ ဘုရား)။

ဧဟိနဲ့ပဿ တွဲလိုက်လို့ရှိရင်ဖြင့် သံသရာအစက ပြတ်ပါတယ် (မှန်ပါ့)၊ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ဪ တို့ဆရာဘုန်းကြီး အခု ဓမ္မဂုဏ်တော်ထဲကနေပြီး သကာလ ဒီတရားကို တို့နားလည်အောင် ရှင်း လင်းပြီး ပြောလိုက်တဲ့အခါကျလို့ရှိရင် တို့သည်ကားလို့ဆိုရင်ဖြင့် ဧဟိနဲ့ပဿ မခွဲဘဲနေလို့ရှိရင်ဖြင့် တို့ကိစ္စပြီးတာပဲ (မှန်ပါ့)။

ခုနင်က နောက်ထပ်အသေကော လာဦးမလား (မလာပါ)၊ ိကလေသာတိမ်သလာကော ဖုံးဦးမလား (မဖုံးပါ ဘုရား)။

ဪ ဒါဖြင့် ဆုတောင်းလည်း မမှားတော့ဘူး၊ နောက်ခန္ဓာလည်း မရတော့ဘူး (မှန်ပါ့)၊ ဘုရားလည်း အရွဲ့တိုက်တဲ့ ဇာတ်သိမ်းပေါ့ (မှန်ပါ့)၊ မသိမ်းသေးဘူးလား (သိမ်းပါတယ်)၊ အင်း ဘာနဲ့ဘာ တွဲလိုက်တာပါလိမ့် (ဧဟိနဲ့ပဿ တွဲလိုက်တာပါ ဘုရား)။

ဒကာကြွယ် နိဂုံးချုပ်တော့ ဒီလာချုပ်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာနဲ့ဘာတွဲဖို့ အရေးကြီးသတုံး (ဧဟိနဲ့ပဿ တွဲဖို့ အရေးကြီးပါတယ် ဘုရား)။

ခြင်ကိုက်တော့ ယားတဲ့နေရာ

အခုတော့ ဒကာ ဒကာမတွေက ဧဟိနဲ့ပဿတွဲတော့ တွဲပါရဲ့တဲ့၊ ခြင်ကိုက်တော့ ယားတဲ့နေရာ ကလေးတစ်ခု မရှိပေဘူးလား (ရှိပါတယ်)၊ ယားတဲ့နေရာကလေးက ကျုပ်ကို ဖျောက်ပေးပါလို့ မခေါ်လား (ခေါ်ပါတယ်)၊ အဲ ခေါ် တဲ့နေရာကျတော့ ခင်ဗျားတို့က လက်ကလေးနဲ့ဖြစ်စေ၊ တုတ်ကလေးနဲ့ဖြစ်စေ သွားတယ် (သွားပါတယ် ဘုရား)။

အဲဒီကျတော့လည်း သွားပြန်တယ် (မှန်ပါ့)၊ ဧဟိက=လာခဲ့ဆိုရင် ပဿကသွားပြီ၊ အဲဒီဘက်ကို (မှန်ပါ့)၊ ဉာဏ်နဲ့မသွားဘဲနဲ့ ဒေါသနဲ့သွား, တဏှာနဲ့သွားနေလို့ သံသရာရှည်တာ (မှန်ပါ့)၊ ဉာဏ်နဲ့သွားရင် (သံသရာတိုပါတယ် ဘုရား)။

ဒါဖြင့် ဦးမာဒင်တို့ ရှေးက ဘာနဲ့များ သွားနေကြသလဲ (တဏှာနဲ့သွား, ဒေါသနဲ့သွားပါတယ် ဘုရား)။

ဧဟိကတော့ ခေါ်လျက်ပဲ (ခေါ်လျက်ပါ ဘုရား)၊ ပဿနဲ့ မသွားဘဲနဲ့ ဒကာ ဒကာမတို့ တဏှာနဲ့ဒေါသနဲ့ မသွားဘူးလား (သွားပါတယ် ဘုရား)၊ ဪ ဒါကြောင့် သံသရာရှည်နေတာ (မှန်ပါ့)။

ဒကာကြွယ် ယားတဲ့အခါကျတော့ ကိုက်,ကိုက်လွန်းလှတယ်ကွာ၊ ယား-ယားလွန်းလှတယ်ကွာလို့ နင်းများ ဖျောက်နေလိုက်တဲ့အခါ ပါသေးတယ် (ပါပါတယ် ဘုရား)၊ ဧဟိက ခေါ်သကိုးဗျ (မှန်ပါ့)။

ဒီနေရာ ယားတဲ့ဒုက္ခဝေဒနာက ခေါ်လိုက်တဲ့အခါ ဒကာကြွယ်က ဒေါသကြီးနဲ့ သွားလိုက်တယ် (သွားပါတယ် ဘုရား)။

ခေါ်တော့,ခေါ်တယ်

ဪ ခင်ဗျား ခေါ်တော့,ခေါ်တယ် သွားတာက အလွှဲနဲ့သွားနေတာကိုး (မှန်လှပါ)၊ ကိလေသာတိမ်သလာ ဖုံးပြီး သွားနေတာ (မှန်ပါ့)၊ ဉာဏ်နဲ့ သွားလိုက်လို့ရှိရင်ဖြင့် ဝေဒနာအနိစ္စ သွားတွေ့မယ် (မှန်ပါ့)၊ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာကြွယ် သွားတတ်ပလား (သွားတတ်ပါပြီ ဘုရား)။

တော်-တော်သေးတယ်၊ အခုသွားတတ်တာ အခု အသက်ခြောက်ဆယ်ကျော်မှ (မှန်ပါ့)၊ အလကား သွားတတ် နေတာ နဂိုတုန်းက (မှန်ပါ့)၊ နဂိုတုန်း သွားကိုသွားတတ်တာ မဟုတ်ဘူး (မဟုတ်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သွားတတ်ပေ့ ၊ သွားတတ်ပေ့ဆိုတာ အခုမှ ကိုက်ပေတော့တယ် (မှန် ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး မနည်းမှ မနည်းပြောရပါလား (မှန်ပါ့)၊ ဒကာကြွယ်ရေ အတော်ပြောရခက်နေတယ်ဗျ (မှန်ပါ့)။

လူကြီးတွေလည်း ပြောရပြန်၊ နဂိုကလည်း မသွားတတ်ပြန်ဆိုတော့ (မှန်ပါ့)၊ အခုတော့ဖြင့် ဒကာ ဒကာမတို့ ဉာဏ်နဲ့သွားပါဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘာနဲ့သွားရမလဲ (ဉာဏ်နဲ့သွားရပါမယ် ဘုရား)။

ကဲ ဦးမာဒင်တို့ သွားတတ်ပလား (သွားတတ်ပါပြီ)၊ အင်း နဂိုက လေးဘက်သွားတာ အခု နှစ်ဖက် သွားတော့ ဖြစ်လာပြီ တော်တော်နေရာကျလာပြီ (မှန်ပါ့)၊ တော်တော်နေရာကျလာပြီ။

ဒကာ ဒကာမတို့ ငယ်ငယ်တုန်းက လေးဘက်သွားကလေးဟာ ဘာမှမသိဘူး၊ တော်တော်ကြာ နှစ်ချောင်း သွား သွားမယ်ဆိုတော့ အမေမိဘများက ပြုံးရှာကြတယ် (မှန်ပါ့)၊ ဘာဖြစ်လို့လဲ ၊ သွားတတ်လာလို့ (မှန်ပါ့)။

ဒီမှာလည်း ဆရာသမားနဲ့တကွ ဘုရားရှင်က ဪ ငါ၏တပည့်သားတွေသည်ကားလို့ဆိုရင်ဖြင့် အခု ဧဟိနောက်ကို ပဿလိုက်တတ်ပြီ (မှန်ပါ့)။

နိဗ္ဗာန်သွား သွားတတ်ပါပြီ

သွားတတ်ပြီ သွားတတ်ပြီ ၊ ဧဟိခေါ်ရာကို ပဿနဲ့သွားတတ်ပြီဆိုတော့ ဒကာသစ်ရေ ဝမ်းသာရ တယ် (မှန်ပါ့ ဘုရား)။

နဂိုက ဒေါသနဲ့သွားတာ (မှန်ပါ့)၊ လောဘနဲ့ကော (သွားပါတယ် ဘုရား)။

အင်း ခေါ်တော့ခေါ်တာပဲ ၊ သွားတာက အသွားက မတတ်တော့ အပါယ်လေးပါး သွားချည့်ဖြစ်နေ တယ် (မှန်ပါ့)၊ အခုတော့ဖြင့် နိဗ္ဗာန်သွား သွားတတ်ပါပြီ (သွားတတ်ပါပြီ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးပါးက ခေါ်ချင်ရာက ခေါ်ပါလိမ့်မယ် (မှန်လှပါ)၊ သုခဝေဒနာ, ဒုက္ခ ဝေဒနာ, ဥပေက္ခာဝေဒနာတွေရယ်လို့ ဝေဒနာတွေကဖြင့် ဦးမာဒင် ခေါ်ချင်ရာက ခေါ်မှာပဲ (မှန်ပါ့)၊ ခေါ်ချင်ရာက ခေါ်လို့ရှိရင်ဖြင့် ဒေါသနဲ့မသွားနဲ့, လောဘနဲ့မသွားနဲ့, ဉာဏ်နဲ့သာ သွားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဉာဏ်နဲ့သွားတဲ့အခါကျတော့ ဪ- ကိုယ်လည်း ဒီနေရာရောက်ပါရော ဟိုကလည်းမရှိပါဘူး (မှန်ပါ့)၊ ဒါဖြင့် မရှိတာက အနိစ္စ၊ သွားတာက မဂ္ဂ (မှန်ပါ့)။

မရှိတာ (အနိစ္စပါ)၊ ဉာဏ်နဲ့သွားလိုက်တာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ဒီလိုသွားလို့ရှိရင် မဂ်ဖိုလ်ဟာ ဒကာကြွယ် ဆုတောင်းယူတာလား ၊ ဧဟိနောက် ပဿလိုက် တာနဲ့ ရတာပဲလား (ဧဟိနောက် ပဿလိုက်တာနဲ့ ရတာပါဘုရား)၊ ဧဟိနောက် ပဿလိုက်တာနဲ့ ရတယ်ဆိုတာ ဒကာသစ်ရေ သေချာပါပြီဗျာ (သေချာပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ နဂိုက အလိုက်လွဲ, အသွားလွဲ, အနေလွဲနေတာကိုး (မှန်ပါ့)၊ အခုလိုဉာဏ်နဲ့သာ သွားလိုက် မယ်ဆိုလို့ရှိရင်ဖြင့် ဒါ အနိစ္စနဲ့, မဂ္ဂနဲ့ တန်းနေတာပဲ (မှန်ပါ့)၊ ဒီဘက်က အနိစ္စ၊ ဒီဘက်က (မဂ္ဂပါ ဘုရား)။

တဏှာနိရောဓဆိုကတည်းက

ဒီဘက်က ခုနင်ကပြောခဲ့တဲ့ တဏှာဥပါဒါန်ကံတွေ ချုပ်တာက တဏှာနိရောဓ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ တဏှာနိရောဓဆိုကတည်းက ဒီဘက်က နောက်ခန္ဓာမလာမည့် နိရောဓမဖြစ်သေးဘူးလား (ဖြစ်ပါတယ်)၊ ဒါဖြင့် သစ္စာလေးပါး မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဧဟိက ဒုက္ခသစ္စာ၊ ပဿက မဂ္ဂသစ္စာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သူ့နောက်က မလိုက်တာက သမုဒယချုပ်တာ (မှန်ပါ့)၊ သမုဒယချုပ်ခြင်းကြောင့် ငြိမ်းချမ်းတာက ဒုက္ခသိမ်းတာ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီလိုရှုမယ်ဆိုလို့ရှိရင်ဖြင့် ဦးမာဒင်ရေ သစ္စာလေးပါးဟာ တစ်ချက်တည်းရှုလိုက်ရင် လေးပါးဖြစ်တာပဲ (မှန် ပါ့)၊ ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဧဟိနောက် ဘာနဲ့လိုက်မယ် (ပဿနဲ့ လိုက်ရပါမယ်)၊ ပဿနဲ့လိုက်-လိုက်တော့ ဧဟိက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ပဿက (မဂ္ဂသစ္စာပါ)၊ ပဿက ဖြတ်တောက်ထားလိုက်တာက (သမုဒယသေတာပါ)၊ သူ ဖြတ်တောက် ထားလိုက်တဲ့အတွက် နောက်ခန္ဓာမလာတာက (နိရောဓသစ္စာပါ ဘုရား)။

နိရောဓသစ္စာဆိုတော့ ဒကာသစ် ဒီအတိုင်းခေါ်ရာသာ ဧဟိနောက်ကို ပဿလိုက်ပြီး ရှုနေမယ်ဆိုရင်ဖြင့် သမုဒယချုပ်၍ ဒုက္ခသိမ်းပါတယ်ဆိုတဲ့ဥစ္စာ ငြင်းစရာလိုသေးသလား (မလိုပါဘုရား)၊ ကဲ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။