အရိယာမျက်လုံး အရေးကြီးပုံ မာဂဏ္ဍီပရဗိုဇ်ဝတ္ထု (၅)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
အရိယာမျက်လုံး အရေးကြီးပုံ မာဂဏ္ဍီပရဗိုဇ်ဝတ္ထု (၅)
နေ့အလုပ်ပေး-တရားတော်
(၁၀-၉-၆၁)
အရိယာတို့၏ မျက်လုံးကို မင်းတပ်ရလိမ့်မယ်
ဒကာ ဒကာမတွေ ဝိပဿနာရှုတဲ့အရေးဟာဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မာဂဏ္ဍီပရဗိုဇ်ကို ဟော တဲ့နေရာမှာ အရေးတကြီး အချက်တွေပါတယ်ဆိုတာကို ဒကာကြွယ်တို့ မှတ်ရမယ်နော် (မှန်ပါ့)။
မင်းကွာ တဲ့၊ ပုထုဇန်မျက်လုံးပြောင်းပြီး အရိယာတို့၏ မျက်လုံးကို မင်းတပ်ရလိမ့်မယ်တဲ့ (မှန်ပါ့)။
တပ်တဲ့အခါကျလို့ရှိရင် မင်းအမြတ်သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးထဲရောဂါရှိတာလည်း သိလိမ့်မယ်၊ အနာတွေရှိတာလည်း သိလိမ့်မယ် (မှန်ပါ့) ဒီမျက်လုံးမှ မတပ်ရသေးလို့ရှိရင်လည်း မင်းဟာ မင်းခန္ဓာကိုယ်ကြီးပဲ နိဗ္ဗာန်ထင်တယ်၊ အဲဒီတော့ မင့်အထင်တွေသည် မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်၏ အထင်တွေဖြစ်နေတော့ မင်းသည် အရိယာမျက်လုံးတပ်ပြီးမှသာလျှင် ငါ တရားဟောနိုင်မယ်လို့ ဘုရားက အမိန့်ရှိတယ် (မှန်ပါ့)။
ဒါဖြင့် အရိယာမျက်လုံးတပ်ဖို့အရေးဟာ ကြီးတယ်လို့ ဒကာ ဒကာမတွေ မှတ်ရမယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် အရိယာမျက်လုံးဆိုတဲ့ဥစ္စာ ဘာပါလိမ့်မလဲလို့ မေးတော့မှ ဓမ္မာနုဓမ္မပ္ပဋိပတ္တိကို သဘော ကျအောင် လုပ်ရမယ် (မှန်ပါ့)။
ဓမ္မာနုဓမ္မပ္ပဋိပတ္တိဆိုတဲ့ ဥစ္စာကတော့ ဓမ္မက- တရား၊ အနုဓမ္မက- လျော်တာ၊ ပဋိပတ္တိက- ကျင့်တာ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဓမ္မက ဘာပါလိမ့် (တရားပါ) အနုဓမ္မက လျော်တာ (မှန်ပါ့) ပဋိပတ္တိက (ကျင့်တာပါ ဘုရား) ကျင့်တာ ဒါ တရားနဲ့လျော်အောင်ကျင့် (မှန်ပါ့)။
ဘယ်လိုမှတ်မိကြသလဲ (တရားနဲ့လျော်အောင် ကျင့်တာပါဘုရား)။
ဪ တရားနဲ့လျော်အောင် မျက်လုံးထဲမှာ ဉာဏ်ထဲမှာ မြင်လာလို့ရှိရင်ဖြင့် ဒါ အရိယာမျက်လုံးရပြီလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အောက်မေ့ရမယ် (မှန်ပါ့)။
ဒကာကြွယ် ဒီမျက်လုံးတပ်ဖို့လည်း မလွယ်ပါလား (မလွယ်ပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီမျက်လုံးဟာဖြင့် ဪ တစ်သံသရာလုံးက ကန်းလာတဲ့မျက်လုံး ယနေ့ဖြင့် အဖွင့်ကြီးဖွင့်ရတော့မယ်ဆိုတဲ့ဥစ္စာ ဦးလှဘူးတို့ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒကာသစ်ရေ ဂရုစိုက်ပါနော် (မှန်ပါ့) ဦးမာဒင်တို့ ကြပ်ကြပ်ဂရုစိုက်ပါ (မှန်ပါ့ ဘုရား)။
အခုကြည့်စမ်း မာဂဏ္ဍီပရဗိုဇ်က သူ့ကိုယ်ကြီးကို အာရောဂျပရမာလာဘာ၊ နိဗ္ဗာနံ-ပရမံ-သုခံ ဆိုတာ သူ့ကိုယ် ကြီးကို ပုတ်ပြတယ် (မှန်ပါ့)။
အနာရှိလို့လည်း အနာရှိမှန်းမသိ
ဒါ နိဗ္ဗာန်ပဲတဲ့ ဒါ အနာကင်းပြီး ဒါ နိဗ္ဗာန်ခေါ်တာပါပဲလို့ ဆိုတော့ ဘုရားက မင်းဟာ မျက်စိနှစ်ကွင်း အလင်းက မရတော့ အနာရှိလို့လည်း အနာရှိမှန်းမသိ၊ မင်းအတွက်ကြောင့် ခက်ပါသေးတယ်လို့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးတောင်မှ ညည်းလုံးထုတ်ရသေးတယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ကိုယ့်ဟာကိုယ် ကျန်းမာတယ်လို့ထင်ပြီးသကာလ နေကြလို့ ရှိရင် အရိယာမျက်လုံး မရှိသေးလို့ (မှန်ပါ့ ဘုရား) အရိယာမျက်လုံး ရှိလာပြီဆိုမှဖြင့် အို ရောဂါတွေပါကလား၊ အနာတွေပါကလား ငြောင့်တံသင်း စူးနေတာတွေပါကလား၊ ရောဂတော ဂဏ္ဍတောဆိုတဲ့အတိုင်းတဲ့ မင်းဒီလို အရိယာ မျက်လုံးတပ်ပြီးမှပဲ မင်းသည်ကားလို့ဆိုရင်ဖြင့် အမှန်ကို မြင်လိမ့်မယ်ကွာဆိုတော့ တပည့်တော်မြင်ကောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်အောင် အရိယာမျက်လုံးတပ်ရအောင် တရားဟောပေးပါလို့ဆိုတော့ မင်းက မျက်လုံးမမြင် ငါက ပြောရမယ်ဆိုလို့ ရှိရင်လည်းတဲ့ မဖြစ်သေးဘူး မျက်လုံးမြင်အောင် အရင်လုပ်ပေးဦးမယ် (မှန်ပါ့ ဘုရား)။
ဘာအရင်လုပ်ရမှာတုံး (မျက်လုံးမြင်အောင် အရင်လုပ်ရမှာပါ ဘုရား)။
မျက်လုံးမြင်အောင် ဒကာ ဒကာမတို့ အရင်လုပ်ပေးရမယ်ဆိုတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဪ မျက်လုံးမြင်အောင် လုပ်မှပဲဆိုတဲ့စိတ်ကိုဖြင့် တစ်သံသရာလုံးက ကန်းလာတဲ့ မျက်လုံးကို ဒကာကြွယ်ရေ ယနေ့မြင်ရအောင်လုပ်မယ်ဆိုတော့ အတော်ကလေးအရေးတကြီး လုပ်ရလိမ့်မယ်ဆိုတာ ဦးမာဒင်တို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အရိယာမျက်လုံးတပ်ချင်တော့ကွာတဲ့ ဓမ္မာနုဓမ္မပဋိပတ္တိဟာ အရေးကြီး တယ် (မှန်ပါ့ ဘုရား)။
ဓမ္မာနုဓမ္မပ္ပဋိပတ္တိဆိုတာ
ဓမ္မာနုဓမ္မပ္ပဋိပတ္တိဆိုတာ ဓမ္မက- ခန္ဓာကိုယ်ကြီးကိုမှတ်လိုက်ပါ (မှန်ပါ့) အနုဓမ္မက- လျော်တာကို၊ ပဋိတ္တိက- အကျင့် (မှန်ပါ့)။
ဒါဖြင့် ခန္ဓာကိုယ် ဓမ္မနဲ့ လျော်တဲ့အမြင်ကို (ဝါ) အကျင့်ကို ဓမ္မာနုဓမ္မပ္ပဋိပတ္တိလို့ ဆိုပါတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကိုယ်ကြီးကို ရောဂါရှိတာလည်း သိရအောင်၊ အနာတွေရှိတာလည်း သိရအောင်၊ ငြောင့်တံသင်းတွေလို ခဏခဏ ဟိုကယား၊ ဒီကနာ၊ ဟိုကစူး၊ ဒီကစူးနဲ့နေတဲ့ ခန္ဓာကြီးလည်းသိရအောင်ဆိုတော့ဖြင့် တရားနဲ့လျော်စွာ ကျင့်မှပဲရမယ် (မှန်ပါ့ ဘုရား)။
တရားနဲ့လျော်စွာ (ကျင့်မှပဲရမှာပဲ ဘုရား) ဓမ္မဿအနုဓမ္မံ ဓမ္မဿ = တရားနဲ့၊ အနုဓမ္မံ = လျော်သော၊ ပဋိ ပတ္တိ = အကျင့်၊ တရားနဲ့ လျော်တဲ့အကျင့်ကို ကျင့်ရလိမ့်မယ် (မှန်ပါ့)။
ဘာလုပ်ကြရမယ် (တရားနဲ့ လျော်တဲ့ အကျင့်ကို ကျင့်ရပါမယ်ဘုရား)။
တရားနဲ့ လျော်တဲ့အကျင့် ကျင့်ရမယ်လို့ဆိုတော့ ခန္ဓာကိုယ်ကြီးထဲမှာ ဒကာ ဒကာမတို့ မှတ်ထားပါတဲ့၊ ခန္ဓာ ကိုယ်ကြီးထဲမှာက ဘာတွေရှိနေသတုံး မေးတဲ့အခါကျတော့မှတဲ့၊ ရုပ်ကြည့်ပြန်လည်း ရုပ်မဟုတ်ဘူး၊ ဖြစ်ပျက်အနိစ္စပဲ (မှန်ပါ့) ဝေဒနာကြည့်ပြန်လည်း အပြောဝေဒနာ (မှန်ပါ့)။
ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ဖြစ်ပြီး ပျက်နေတာကလေးပဲ မြင်ရမယ် (မှန်ပါ့) သညာကြည့်ပြန်တော့လည်း အပြောသညာ (မှန်ပါ့) ကိုယ့်ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ (ဖြစ်ပြီး ပျက်နေတာပါဘုရား) ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စပဲ မြင်ရမယ် (မှန်ပါ့ ဘုရား)။
တစ်ခါ သင်္ခါရဆိုတဲ့ စေတနာကလေးတွေ သွားချင်တဲ့ စေတနာပြောချင်တဲ့ စေတနာကလေးတွေ ကြည့်လိုက် ပြန်လို့ရှိရင်လည်းတဲ့ သူများပြောတော့ စေတနာလို့ ပြောတာပဲ ကိုယ့်ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်အနိစ္စပဲ တွေ့တာပဲလို့ ဒီလိုတွေ့သွားလို့ရှိရင်ဖြင့် ဪ ဓမ္မဿအနုဓမ္မံ၊ ဓမ္မဿ = တရားအား၊ အနုဓမ္မံ = လျော်သော၊ ပဋိပတ္တိ အမြင်အကျင့်ပဲ (မှန်ပါ့) ဒီလိုဆိုလို့ရှိရင် တရားနဲ့ လျော်တဲ့အမြင်ရပါပြီ (မှန်ပါ့ ဘုရား)။
တရားနဲ့လျော်တဲ့ အမြင်
ဘယ်လိုပါလိမ့် (တရားနဲ့လျော်တဲ့ အမြင်ရပါပြီ ဘုရား) တရားနဲ့လျော်တဲ့ အမြင်ရအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ တရားနဲ့မလျော်တဲ့ အမြင်ရှိလို့ ဘုရားက ဤဓမ္မာနုဓမ္မပဋိပတ္တိကို မင်းကြိုးစားပါဦးလို့ မာဂဏ္ဍီပရဗိုဇ်ကို ပြောတာဖြင့် ဦးမာဒင်တို့ သဘောကျလောက်ပါပြီ (ကျပါပြီ ဘုရား) နဂိုရ်အမြင်က တရားနဲ့ မလျော်တဲ့အမြင်ကိုး (မှန်ပါ့ ဘုရား)။
နဂိုရ်အမြင်ကဖြင့် (တရားနဲ့ မလျော်တဲ့အမြင်ပါဘုရား) တရားနဲ့ မလျော်တဲ့အမြင်၊ တရားက ရှိတာက ဒကာ ဒကာမတို့ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စ (မှန်ပါ့) ဖြစ်ပြီးပျက်နေတဲ့ ဒုက္ခ (မှန်ပါ့) ဖြစ်ပြီးပျက်နေတဲ့ အနတ္တ (မှန်ပါ့) မွေးပြီးသေနေတဲ့ အသုဘ (မှန်ပါ့) တရားက ဒါပဲရှိတယ် (မှန်ပါ့)။
ဒကာ ဒကာမတွေက မြင်တာက လက်မောင်းမြင်တယ်, ခြေမြင်တယ်, ခေါင်းမြင်တယ်ဆိုတော့ ဒါ ဒကာကြွယ် တို့, ဒကာသစ်တို့ပဲ ဆုံးဖြတ်ချက်ချပါရှိတာနဲ့, မြင်တာနဲ့ တခြားစီ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ရှိတာနဲ့ မြင်တာနဲ့ (တခြားစီပါ ဘုရား) ရှိတာနဲ့ မြင်တာနဲ့ တခြားစီဖြစ်နေတော့ ဓမ္မဿ အနုဓမ္မံဆိုတဲ့အတိုင်း တရားနဲ့ လျော်တဲ့ သဘောရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
ဒါဖြင့် ကိုယ့်အမြင်ဟာ အရိယာမျက်လုံးလားတဲ့၊ စုံလုံးကန်းအမြင်လားတဲ့ (စုံလုံးကန်အမြင်ပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ် ဒီမျက်လုံးဟာ မပြင်လို့ရှိရင်ဖြင့် သံသရာချဲ့မည့် မျက်လုံးပဲ (မှန်ပါ့ ဘုရား)။
မပြင်လို့ရှိရင် (သံသရာချဲ့မည့်မျက်လုံးပါ) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အရေးကြီးတဲ့ တရား၊ အရေးကြီးတဲ့ အမြင်ကိုပြရမှာဖြစ်ပြီး သကာလနေတော့ ဪ ဒို့အမြင်ဟာ ဘဝတိုင်းက ကန်းလာတာကိုး (မှန်ပါ့)။
ဦးလှဘူး ဘယ့်နှယ်ဆိုပါ့မလဲ (ဘဝတိုင်းက ကန်းလာတာပါဘုရား)။
အရှိနဲ့အသိနဲ့ဟာဖြင့် ကိုက်ကိုမကိုက်ဘူး
ဘဝတိုင်းက ကန်းပြီးသကာလ လာတော့ ဘယ်တော့မှ အရှိနဲ့အသိနဲ့ဟာဖြင့် ကိုက်ကိုမကိုက်ဘူး (မကိုက်ပါ ဘုရား)။
အရှိနဲ့ အသိနဲ့ဟာဖြင့် (ကိုက်ကိုမကိုက်ပါ ဘုရား) ဒါဖြင့် အရှိနဲ့ အသိဆိုတာက မြန်မာလိုရှင်းအောင်ပြောတော့ စင်စစ်တရားနဲ့ လျော်တဲ့အမြင်လို့ ဆိုတာပါပဲ (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တရားနဲ့ မလျော်တဲ့ အမြင်နဲ့ ကျုပ်တို့နေခဲ့ရတဲ့အတွက် ဒီခန္ဓာကိုယ်ကြီးကိုပဲ ခုနင်က ဆီသုတ်တဲ့ အဝတ်ကြီးဝတ်ပြီး မည်းလှစွာသော သိုးမွှေးကြီး ခြုံနေရတာကို ကျုပ်အဝတ်နဲ့ကျုပ် သိပ်လိုက်တယ်လို့ ထင်တယ် (မှန်ပါ့) ဒါကြောင့် သူ့ခန္ဓာကိုယ်ကြီးကို သူစွဲလမ်းတယ်၊ တစ်သံသရာလုံး စွဲလမ်းလာကြတယ် (မှန်ပါ့ ဘုရား)။
ဘယ်လောက်ထိအောင် စွဲလမ်းသတုံးလို့ မေးလို့ရှိရင် ဒီခန္ဓာကြီးကို စွန့်ရတော့မယ်၊ ဒီခန္ဓာကြီး အန္တရာယ်တွေ့ တော့မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ စွန့်ချင်တဲ့စိတ်လာရဲ့လား (မလာပါ ဘုရား)။
မလာတော့ ဒီခန္ဓာကြီးကို ရောဂါတွေ, အနာတွေရယ်လို့ မသိတော့ ဒကာ ဒကာမတို့က ဥပါဒါန်ဖြစ်နေတယ် (မှန်ပါ့) ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ (ဇာတိပါ) ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား)။
ဇရာမရဏဘက်ချည်း လှည့်သွားနေတော့ ဪ ဒီခန္ဓာကြီး စွဲလမ်းလို့ နောက်ခန္ဓာဆိုတဲ့ ဇာတိဇရာ မရဏတွေ ပြန်ရနေတာပဲဆိုတဲ့ဥစ္စာ အမြင်မှန်မရသေးတော့ စွဲလမ်းတယ် (စွဲလမ်းပါတယ် ဘုရား)။
အမြင်မှန်မရသေးတော့ (စွဲလမ်းပါတယ်) ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီမျက်လုံးပြင်ဖို့ အရေး ဟာဖြင့် ဒကာကြွယ် တယ်ကြီးပါကလား (ကြီးပါတယ် ဘုရား)။
အားလုံး ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပွင့်လာတာသည် ဘယ်အကျိုးငှာတုံးလို့ ကျကျနန တွေးလိုက်တဲ့အခါကျတော့ ပုထုဇန်မျက်လုံးမှ အရိယာမျက်လုံးအဖြစ်သို့ ပြောင်းလိုလို့ ပွင့်လာတာပဲလို့ ကျုပ်တို့ ကျေးဇူးတင်မယ်ဆိုလည်း တင်စရာပဲ (မှန်ပါ့ ဘုရား)။
မြန်မာလို ရိုးရိုးပြောစမ်းပါဆိုတော့ အကန်းတွေ ဆေးကုမလို့ ဆေးဆရာပေါ်လာတာပဲ (မှန်ပါ့ ဘုရား)။
အကန်းတွေ ဆေးကုမလို့ (ဆေးဆရာပေါ်လာတာပါ) ဆေးဆရာ ပေါ်လာတာပဲဆိုတာ ဒကာ ဒကာမတွေ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
သာသနာတွင်းမှ ပေါ်တဲ့ဆေး
ကိုင်း ဒါဖြင့် ဒီဆေးကလည်း သာသနာတွင်းမှ ပေါ်သနော် (မှန်ပါ့ ဘုရား)။
အခါတိုင်းပေါ်တဲ့ ဆေးလား သာသနာတွင်းမှ ပေါ်တဲ့ဆေးလား (သာသနာတွင်းမှ ပေါ်တဲ့ဆေးပါဘုရား)။
သာသနာတွင်းမှ ပေါ်တဲ့ဆေးဖြစ်နေတော့ ဒီဆေးမမှီလိုက်လို့ရှိရင်ဖြင့် အကန်းနေနေပြီး၊ အကန်းသေသေပြီး၊ အကန်းသွားသွား၍ အကန်းတို့ကျရာ ချောက်မှတစ်ပါး ဘယ်မှရောက်စရာမရှိဘူး (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် အားလုံး ဒကာ ဒကာမတွေ သာသနာတွင်း ဆေးကိုဖြင့် ကုဖြစ်အောင်ကုပါ၊ ဒါမှ စုံလုံးကန်းအဖြစ် မှ မျက်စိနှစ်ကွင်း အလင်းရတဲ့အဖြစ်ကို ဒကာကြွယ် ရောက်တော့မပေါ့ဆိုတာ ဒကာကြွယ် ကိုယ့်ဟာကိုယ် ဆုံးဖြတ် ချက်ချပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
၁၇၉၂ ကြိမ်မှာတယ်
အေး ဒါကြောင့် မလွယ်ဘူး၊ မလွယ်ဘူးဆိုတာ ဆရာကောင်း သမားကောင်းရှာပါဆိုတာ ဦးမာဒင် ဘုရားသခင်ကိုယ်တော်မြတ်ကြီး အကြိမ်ပေါင်း ၁၇၉၂ ကြိမ်တောင် ဆရာကောင်းရှာဟ၊ ဆရာကောင်းရှာဟ၊ နို့မဟုတ် မျက်စိအလင်းရမှာ မဟုတ်ဘူးဟ၊ ၁၇၉၂ ကြိမ်မှာတယ် (မှန်ပါ့ ဘုရား)။
ဘယ်လောက်မှာပါလိမ့် (၁၇၉၂ ကြိမ်မှာ ပါတယ်ဘုရား) အမယ်လေး ကိုယ်တော်ကြီး လွန်လွန်လှချည်း လား၊ ဒါလောက်တောင် မှာရသလားလို့ ခင်ဗျားတို့ကများ အပြစ်တင်ချင်သေးသလားလို့ မေးတော့ တစ်သံသရာလုံး ကန်းလာတာသာ အကဲခတ်ပါတော့ (မှန်ပါ့) ထောင့်ခုနစ်ရာနဲ့ စာလို့ရှိရင် တစ်သံသရာလုံးနဲ့ ဆိုလို့ရှိရင် မပြောပ လောက်ပါဘူး (မှန်ပါ့) ထောင့်ခုနစ်ရာက နည်းပါသေးတယ်၊ အကန်းသက်ရှည်တာက များတယ် (မှန်ပါ့ ဘုရား)။
ထောင့်ခုနစ်ရာက (နည်းပါသေးတယ်) အကန်းသက်ရှည်တာက (များပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာကြွယ် မှာသင့်သဗျာ (မှာသင့်ပါတယ် ဘုရား) အားလုံးတရားနာတဲ့ ဒကာ ဒကာမ တွေ မှာပုံထောက်တော့လည်း မဟာကရုဏာတော်ရင်ကြီးပါလား ဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
မဟာကရုဏာတော်ရှင်ကြီး
ဘာတွေပေါ်လာသတုံး (မဟာကရုဏာတော်ရှင်ကြီးပါလားဆိုတာ ပေါ်လာပါတယ်ဘုရား)။
ကျုပ်တို့ ခင်ဗျားတို့တော့ ဒါလောက်တောင် ငါ သုံးခွန်း ငါမပြောချင်ဘူးဟေ့နော် လုပ်လာမှာဗျ (လုပ်လာမှာ ပါ ဘုရား)။
ဒကာကြွယ် တပည့်သားမြေးတွေ ဆုံးမ၊ အိမ်သူ အိမ်သားတွေ ဆုံးမတဲ့အခါကျတော့ တစ်ခွန်းပြောရင် နား ထောင်ရင်တော်တယ်ကွာ၊ နှစ်ခွန်းဆိုရင် လွန်တယ်ဟေ့၊ သုံးခွန်းဆိုရင် ငါလက်လျှော့တယ်ဆိုပြီး ဒကာကြွယ်တို့က လက်လျှော့မှာ (လျှော့မှာပါ) ဘုရားက ၁၇၉၂ ကြိမ် လက်မလျှော့ဘဲနဲ့ ပြောတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဒါလောက် ပြေရပါလိမ့်မတုံး၊ အကန်းသက်ရှည်ကြီးတွေ သနားလို့ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (အကန်းသက်ရှည်ကြီးတွေ သနားလို့ပါဘုရား)။
ကြောက်စရာကောင်းလိုက်တာ ဦးမာဒင်ရေ ကျုပ်တို့ ခင်ဗျားတို့ အကန်းသက်ရှည်ကြီးဟာလေ (မှန်ပါ့ ဘုရား)။
မျက်စိကန်း တစ္ဆေမကြောက် သွားနေတာ
ဪ နောက်တုန်းက ငါဘာဖြစ်ပါလိမ့်မတုံးဆိုတော့ မျက်စိကန်း တစ္ဆေမကြောက် သွားနေတာပဲဘုရာ့ (မှန်ပါ့) ဘာရယ်လို့ မဟုတ်ပါဘူး၊ ဒါပဲ ဒကာကြွယ်တို့၊ ဒကာသစ်တို့ အဖြေထုတ်ရုံပဲရှိတယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်လမ်းဆိုတာ ဘယ်နေမှန်းမသိဘူးဘုရာ့ (မှန်ပါ့) ကန်းလိုက်တဲ့ဖြစ်ခြင်းမှ တစ်ခါတည်း နတ်ပြည် ဒုက္ခ သစ္စာရှိပါတယ်ဆိုလျက်သားနဲ့ နတ်ပြည်ရောက်ရပါလို၏ (မှန်ပါ့) ကန်းလိုက်တဲ့ ဖြစ်ခြင်း၊ ကဲ သေချာကြပလား (သေချာပါပြီ ဘုရား)။
နတ်ပြည်ရောက်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အဲဒါ နတ်ပြည်ရောက်ရပါလို၏ဆိုတော့ ဒကာကြွယ်ပဲ စဉ်းစားပါ၊ ဒါအကန်းမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။
ဗြဟ္မာ့ပြည်ရောက်ရပါလို၏ဆိုတော့ ဗြဟ္မာတွေဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒါကို ဆုတောင်းယူတယ်၊ အဲဒီမရောက်ရောက်အောင် တိုးသွားတယ်၊ သမထတွေလုပ်ပြီးတော့ (မှန်ပါ့ ဘုရား)။
အင်း ဒါ ဘာသွား-သွားတာတုံး ဦးမာဒင်ပဲ အကဲခတ်ပါ (အကန်းသွား-သွားတာပါ ဘုရား)။
အင်း နောက်ဘဝ လူချမ်းသာဖြစ်ချင်တယ်လို့ ဆိုပြန်တော့လည်း နောက်ဘဝ ဇာတိလာမယ် (မှန်ပါ့) ဇရာဗျာဓိကော (လာမှာပါ) အဲဒါကိုပဲ ရချင်ပါသေးတယ်ဆိုတော့ ဘာသွား-သွားသတုံး (အကန်းလမ်းသွား-သွားတာပါ ဘုရား)။
ဒီဆေးဆရာကြီးများ မပေါ်ရင် မခက်လား
ကိုင်း ဒီဆေးဆရာကြီးများ မပေါ်ရင် မခက်လား (ခက်ပါတယ် ဘုရား)။
ဒီဆေးဆရာကြီး၊ သံသရာ့ဆေးဆရာကြီးများ မပေါ်လာရင် ဒကာကြွယ် ခင်ဗျားသွားချင်တဲ့ဆီသွားနေမယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ကိုင်း ဒါတွေကို အကြောင်းခြင်းရာတွေကို သေသေချာချာ ရေရေလည်လည် သိရတော့မှ ဪ အဟုတ်ကန်းပေတာကိုး၊ ဒါ့ကြောင့် မင်းမျက်စိနှစ်ကွင်း အလင်းရချင်လို့ရှိရင် ဓမ္မာနုဓမ္မပဋိပတ္တိအလုပ်, လုပ်ပါဦးကွ လို့ မှာတာများ ဦးမာဒင် မှာသင့် မမှာသင့် (မှာသင့်ပါတယ် ဘုရား)။
တယ်လည်း ကိုယ်တော်မြတ်ကြီး ကရုဏာဟာ ဒကာကြွယ် ကြီးပါလား (ကြီးပါတယ် ဘုရား) ဆရာရှာပါဆိုတာ ၁၇၉၂ ကြိမ်မှာတယ် (မှန်ပါ့) မျက်စိဖွင့်ပေးမည့် ဆရာရှာကွ (မှန်ပါ့) ဘယ်နှစ်ခါတဲ့ (၁၇၉၂ ကြိမ်ပါ ဘုရား)။
ဒါ့ကြောင့် ဒကာသစ်တို့ ပြောရတယ်၊ ဪ “အဒွဇ္ဇဝစနံ ဗုဒ္ဓံ” ဆိုတဲ့အတိုင်း ဘုရားသခင်ကိုယ်တော် မြတ်ကြီး နှစ်ခွန်းမပြောတဲ့ ကိုယ်တော်ကြီးက ၁၇၉၂ ကြိမ် ကရုဏာတော်ကြီးပါပေတယ်ဆိုပြီးသကာလ ကျုပ်တို့ ရှိခိုးထိုက်ပါတယ် (မှန်ပါ့) ရှိမခိုးထိုက်ဘူးလား (ရှိခိုးထိုက်ပါတယ် ဘုရား)။
နို့မဟုတ်လို့ရှိရင် ဒီအကန်းဇာတ်ဟာ ဆရာမရှာလို့ရှိရင် ဒီအကန်းဇာတ်နဲ့ပဲ အကန်းထဲမွေးပြီး၊ အကန်းထဲနေပြီး အကန်းသေ, သေကြ၊ နောက်ဘဝရောက်ပြန်တော့လည်း ဒီအကန်းကလည်း မပွင့်ဘဲနဲ့ သွားပြန်တော့ ဒကာသစ် အကန်းကလေး မွေးဦးမှာပဲ (မှန်ပါ့) ဘယ့်နှယ်နေပါ့မလဲ (အကန်းကလေးမွေးလာမှာပါ ဘုရား)။
ဒါဖြင့် အကန်းဆင်ပြသလိုဖြစ်နေပြီ (မှန်ပါ့) အကန်းဆင်ပြတဲ့အခါကျတော့ သူက စမ်းကြည့်မှသိရတာဆိုတော့ အကန်းတစ်ယောက် ရှင်ဘုရင်ကခေါ်ပြီး ဆင်ဆိုတ သိရအောင် မင်းတို့ စမ်းကြည့်ကြဟေ့ဆိုတော့ အကန်းတစ်ယောက် က ဆင်ရဲ့ ရှေ့ခြေထောက်စမ်းကြည့်တယ် (မှန်ပါ့) တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ အကန်းတစ်ယောက်က ဗိုက်ကို စမ်းကြည့်တယ် (မှန်ပါ့) ပြီးတော့ ဪ ဆင်ဆိုတာ ဒါကိုးဆိုပြီး သူ နောက်ဆုတ်တယ် (မှန်ပါ့) တစ်ယောက်သော ပုဂ္ဂိုလ်က အမြီးစမ်းကြည့်တယ်၊ ဪ ဆင်ဆိုတာ ဒါကိုးလို့ ဒီလိုပဲ သူနောက်ဆုတ်တော့ ရှင်ဘုရင့် ရှေ့တော်ရောက် တော့ ကဲ ဆင်မြင်ဖူးကြပလား၊ တွေ့ဖူးကြပလား၊ တွေ့ဖူးပါပြီတဲ့။
အကန်းပြော ပြောချလိုက်တယ်
ပြောစမ်းပါဆိုတော့ ဆင်ဆိုတာ တိုင်ကြီးနဲ့တူတယ်တဲ့ (မှန်ပါ့ ဘုရား) ကိုင်း အကန်းပြော ပြောချလိုက် တယ် (မှန်ပါ့)။
တိုင်ကြီးနဲ့ တူတယ်ဆိုတာ မှန်ကြရဲ့လား (မမှန်ပါ ဘုရား) မြင်တဲ့ပုဂ္ဂိုလ်က စဉ်းစားတော့လေ (မှန်ပါ့)။
တစ်ယောက်သော ပုဂ္ဂိုလ်က ဆင်ဆိုတာ စဉ့်အိုးကြီးလိုပဲ ဆိုတော့ ဗိုက်စမ်းမိတဲ့ပုဂ္ဂိုလ်က ဆင်ကို စဉ့်အိုး လုပ်ပစ်လိုက်တယ် (မှန်ပါ့) စွပ်မိစွပ်ရာကို စွပ်ပြောလိုက်တယ် (မှန်ပါ့)။
တစ်ယောက်သောပုဂ္ဂိုလ်က အမြီးစမ်းမိတော့ မင်းက ဆင်ဆိုတာ ဘယ့်နှယ်နေသတုံး ပြောစမ်းလို့ ရှင်ဘုရင် ကမေးတော့ ဆင်ဆိုတာ တံမြက်စည်းနဲ့တူတယ်တဲ့ (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတို့ ဘယ်သူမှန်သတုံး (ဘယ်သူမှ မမှန်ပါ ဘုရား)။
အဲ ခင်ဗျားတို့လည်း နောက်တုန်းက ဆင်ကို တံမြက်စည်းလုပ်လာတဲ့ လူချည်းမှတ်ပါ (မှန်ပါ့) ဆင်ဆိုတာ တံမြက်စည်းပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
အမယ်လေး ကြောက်စရာကောင်းလိုက်တာမှ မပြောပါနဲ့တော့ ဒကာကြွယ်ရာ ဇစ္ဆန္ဓသုတ်ဆိုပြီးတော့ ဘုရားက ဟောပစ်ခဲ့တယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဆင်၏ တစ်ကိုယ်လုံး မြင်ရမှလည်း ဆင်အကြောင်း သိမှာကိုး (မှန်ပါ့) ဟိုစမ်း, ဒီစမ်းနဲ့ဆိုရင်ဖြင့် မျက်စိကန်းစမ်းတော့ ကိုယ်ထင်ရာကိုယ်စွပ်ပြီးတော့ ပြောနေတယ်၊ ယုံကြည်နေတဲ့အဓိပ္ပာယ် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
“အာရောဂျပရမာ လာဘာ”ဆိုတာ
ဒီမှာလည်း ဒကာ ဒကာမတွေက ခန္ဓာကိုယ်ကြီး “အာရောဂျပရမာ လာဘာ”ဆိုတော့ ကျုပ်က အရွယ်ကလေး က ကောင်းသေးတော့ လူကလည်း ကျန်းမာသေးသကိုးဗျ၊ ဒါ့ကြောင့် ကျုပ်က လုပ်နိုင်, ကိုင်နိုင်သေးတယ်ဆိုတော့ ရောဂါတောနဲ့တော့ ကွာသွားပြီ (ကွားသွားပါတယ် ဘုရား) ဂဏ္ဍတော့နဲ့ကော (ကွာသွားပါတယ် ဘုရား)။
ရောဂါအပြည့်ပါကွ၊ အနာတွေ အပြည့်ပါကွ ဘုရားကဟောထားတယ်၊ သူက ကျန်းမာတယ်ဆိုပြီးသကာလ စမ်းမိစမ်းရာ ပြောနေတာ (မှန်ပါ့ ဘုရား) မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲဒီလောက်ကျအောင် ခင်ဗျားတို့ ကျုပ်တို့ အရုပ်ဆိုးတာကိုလည်းတဲ့ ဒီလိုတရားထူး, တရားမြတ်တွေကို အဓိပ္ပာယ်နဲ့တကွ သိရမှ ဦးမာဒင်ရေ ကိုယ့်အကြောင်း ကိုယ်သိတယ် (မှန်ပါ့ ဘုရား)။
နို့မဟုတ်လို့ရှိရင်ဖြင့် ကိုယ့်ကို ကျုပ်ငယ်ငယ်တုန်းက သိပ်ကျန်းမာတာဗျ၊ အခုသာ နည်းနည်းမကျန်းမာတာ၊ အင်း ကျုပ်မျက်လုံးက ရှေးတုန်းက သိပ်ကြည်တာဗျ၊ မျက်မှန်းတွေ ဘာတွေမလိုပါဘူး၊ ဒကာကြွယ်ကလည်း ပြောချင်ပြောမှာ (မှန်ပါ့) ကျုပ်က အင်မတန် အန္တရာယ်ကင်းတယ်ဗျ အစရှိသည်နဲ့ အနားတွေ အပြည့်မမြင်တော့ ကျုပ်က အင်မတန် အန္တရာယ်ကင်းတယ်လို့ ပြောချင်ပြောဦးမှာ (ပြောမှာပါ ဘုရား) မပြောပေဘူးလား (ပြောပါတယ် ဘုရား)။
အခု တရားနာတဲ့ပုဂ္ဂိုလ်တွေ မေးကြည့်ပြန်လည်း ဝိပဿနာမလုပ်သေးတဲ့ပုဂ္ဂိုလ် မေးကြည့်မယ်ဆို ဘယ့်နှယ် ကြောင့်တုံး၊ အို ကျန်းမာလို့ လာနိုင်တာပေါ့ဘုရာ့၊ တစ်ပြိုင်တည်း ဖြေမှာပဲ (မှန်ပါ့) တစ်ပြိုင်နက်ဖြေလိမ့်မယ်ဆိုတာ အထင်အရှားပေါ့ဗျာ (မှန်ပါ့)။
အရိယာမျက်လုံးမပါသေးလို့ရှိရင်ဖြင့်
ဒါ- အရိယာမျက်လုံးမပါသေးလို့ရှိရင်ဖြင့် “ရောဂတော ဂဏ္ဍတော သလ္လတော အဃတော အာဗာဓတော” ဆိုတဲ့ ငါးချက်ကို ဟေ့- မာဂဏ္ဍီပရဗိုဇ်ရဲ့ မျက်စိနှစ်ကွင်း အလင်းမရလို့ရှိရင် ဒီငါးခုကို မသိပါဘူးကွာတဲ့ (မှန်ပါ့)။
မင်းခန္ဓာကိုယ်ထဲ ရောဂါလည်းရှိပါတယ်၊ အနာလည်း ရှိပါတယ်၊ ငြောင့်တံသင်းတွေလည်း စူးနေပါတယ်၊ ဟုတ်လား (မှန်ပါ့ ဘုရား) အဃတောတဲ့၊ ဘာမှ အသုံးမကျတာတွေလည်း စုနေပါတယ်၊ အာဗာဓတောတဲ့ အနာမျိုးစုံ ရှိပါတယ် (မှန်ပါ့)။
အဲဒါ မင်းသည်ကားလို့ဆိုရင် ဓမ္မာနုဓမ္မပဋိပတ္တိအလုပ်ကို မလုပ်သေးသ၍ ကာလပတ်လုံး မျက်စိနှစ်ကွင်း အလင်းမရသောကြောင့် ‘အာရောဂျ ပရမာ လာဘာ’ ဆိုတာ မင်းကိုယ်ကြီး မင်းပုတ်ပြနေတာ ငါယုံပါတယ်ကွတဲ့ (မှန်ပါ့) အကန်းပြောပြောနေတာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒကာကြွယ် ရှေးတုန်းက အမြင်တွေနဲ့ဖြင့် သိပ်ကွာခြားသွားတယ် (ကွာပါတယ် ဘုရား) အခု ကိုယ်တိုင် ဝိပဿနာ ထိုင်ကြည့်တော့မှ ဘယ်အချိန် အနာကင်းကြသလဲ (မကင်းပါ ဘုရား)။
ဟိုက ယားတာနဲ့ ဒီက နာနေလိုက်၊ ခင်ဗျားတို့က ထမင်းစားဖို့ရာ ခွေးကို အို့-အို့ အို့-အို့ လို့ ခေါ်လိုက်တယ်၊ ထမင်းစားခွက်ကလေးကိုင်ပြီး ခွေးက အယားဖျောက်တုန်း ရှိသေးတယ်၊ ဒီခွေးများ တယ်ခက်ပါလား၊ အနာအဖော် ခေါ်လာတယ်၊ တစ်ကိုယ်လုံးက ဝဲချည်းကိုး (မှန်ပါ့) အစရှိသည်နဲ့ ခွေးများ ကဲ့ရဲ့နေလိုက်တာ (မှန်ပါ့) ခင်ဗျားတို့ ထိုင်နေတဲ့အခါကျတော့ ဟိုပြောင်း, ဒီပြောင်းနဲ့ ခွေးနရာမရသလို၊ ဘာဖြစ်တာတုံးမေးရင် ဘယ့်နှယ်ဖြေ ကြမလဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီအတိုင်းပဲ ဒကာ ဒကာမတွေရဲ့ ရောဂါက ဘယ်သူမှ မကင်းဘူး (မှန်ပါ့) တော်တော်ကြာ ဒီဘက်က ကျဉ် လိုက်, ဟိုဘက်က ကိုက်လိုက်, ဒီဘက်က ခဲလိုက်, ဒီဘက်က တံတွေးထွေးချင်လိုက်၊ ဟုတ်လား (မှန်ပါ့) ဒီဘက်က နားထဲက ယားလိုက် ခေါင်းပေါ်ကနေပြီးသကာလ ရွရွ, ရွရွဖြစ်လိုက်၊ ကြမ်းတွေက ပူပြီးသကာလ အသားတွေကပူပြီး ရွှေ့လိုက်၊ အဝတ်ကလေးက ကပ်နေတဲ့အခါ ချွေးတွေလူးနေလို့ ခွါလိုက်၊ ဘာဖြစ်တာတုံး ခွေးနေရာ မရသလိုဖြစ်တာ ဘုရား (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခွေးနေရာ မရသလိုဖြစ်တာ
ဒကာကြွယ် တောက်လျှောက် သွားနိုင်ရဲ့လား (မသွားနိုင်ပါ ဘုရား) အိမ်ပေါ်မှာ တော်တော်ကြာ အိပ်ရာပေါ် ကနေပြီး ကုလားထိုင်ပေါ် ရွှေ့ပြန်ပြီ (ရွှေ့ပြန်ပါပြီ ဘုရား) ကုလားထိုင်ပေါ်ကနေပြီး သင်ဖြူးကလေးခင်းပြီး ကြမ်းပေါ် ရွှေ့ပြန်ပြီ (ရွှေ့ပြန်ပါပြီ ဘုရား) ကြမ်းပေါ်ကနေပြီး ကြမ်းပေါ်မှာ အနာရလာလို့ ကျဉ်တယ်, ကိုက်တယ်, ခဲတယ်နဲ့ ကုလားထိုင်ပေါ် ရွှေ့ပြန်ပြီ (ရွှေ့ပြန်ပါတယ် ဘုရား)။
ဟာ နေရာမရပြန်ဘူး၊ ဘာဖြစ်တာတုံးမေးရင် ဒကာကြွယ် ဖြေတတ်ပလား (ဖြေတတ်ပါပြီ ဘုရား) ရှင်းသွားပြီ (မှန်ပါ့) သဘောပါကြပလား (ပါပါတယ် ဘုရား)။
အဲဒါ့ကြောင့် ခင်ဗျားတို့အိမ်တွေ လျှောက်ပြီးကြည့်လိုက်လို့ရှိရင်ဖြင့် နေရာအမျိုးမျိုး ဘာဖြစ်လို့ထားတာတုံး၊ အို အနာမျိုးစုံ တပည့်တော်တို့ကရှိတော့ နေရာအမျိုးမျိုးနဲ့ ကုသရတယ် (မှန်ပါ့ ဘုရား)။
အိမ်ပေါ်မှာ ကုလားထိုင်အမျိုးမျိုး ခင်ဗျားတို့က ဪ သူက ပိုက်ဆံရှိလို့ထားနိုင်တာ, ဒီဆိုဖာကြီးတွေက ခုနစ်ရာတန်, တစ်ထောင်တန်တွေ (မှန်ပါ့) မဟုတ်ဘူး အနာပေါက်လိမ့်ဦးမယ် ရွှေ့ဖို့လုပ်ထားတာ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
ဘာလုပ်ဖို့တုံး (အနာပေါက်လို့ ရွှေ့ဖို့လုပ်ထားတာပါ ဘုရား)။
အနာပေါက်လို့ ရွှေ့ဖို့လုပ်ထားရတဲ့ဥစ္စာ
အနာပေါက်လို့ ရွှေ့ဖို့လုပ်ထားရတဲ့ဥစ္စာ၊ သို့သော်လည်း ဒါက ဖော်ပြောလို့သာ ဒကာကြွယ်ရ သိတာကိုး (မှန်ပါ့ ဘုရား)။
ဒကာကြွယ်တို့အလို, ဦးမာဒင်တို့အလို, ဒကာသစ်တို့အလို, ဒါ အိမ်ကျက်သရေဘုရာ့ (မှန်ပါ့) အမယ်လေး ဖြစ်ရပလေ ကိုယ့်အနာကိုယ်ပြန်မကြည်ဘူး (မှန်ပါ့) အိမ်ကျက်သရေတဲ့ (မှန်ပါ့)။
ဒကာကြွယ် ဒီလိုဟာတွေထားရတာ ခင်ဗျားတို့ နဂိုရ်တုန်းကတော့ အနာပေါက်လို့၊ ရွှေ့ဖို့လို့၊ အောက်မေ့ရဲ့ လား (မအောက်မေ့ပါ ဘုရား) ဘာများ အောက်မေ့နေသလဲ (အိမ်ကျက်သရေလို့ အောက်မေ့ပါတယ်ဘုရား)။
အမယ်လေး လူနာသည် ရွှေ့နေတာကြီး အိမ်ကျက်သရေလုပ်နေရင်ဖြင့် ခက်ပါသေးရဲ့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီဟာတွေ နေရာပြောင်းစရာတွေ ထားရတာတုံး အိပ်ဖို့နေရာက တစ်မျိုး, လေညှင်းခံဖို့ နေရာက တစ်မျိုး, ကုလားထိုင်နဲ့နေဖို့ နေရာကတစ်မျိုး, ထမင်းစားတဲ့နေရာက တစ်မျိုး မီးဖိုချောင်ကတစ်မျိုး, ဒကာကြွယ် အိမ်ရှုပ်ပဲ ရှုပ်လွန်းလှတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့်တုံးဗျဆိုလို့ရှိရင် ဘယ့်နှယ်ပြောကြမလဲ (အနာပေါက် လို့ ရွှေ့ဖို့ပါ ဘုရား)။
အနာပေါက်လို့ရွှေ့ဖို့ပါ
အနာပေါက်တော့ ထမင်းအိုးချောင်မပါရင် မရဘူးဗျ (မှန်ပါ့) ညောင်းနာ, ကိုက်နာတွေလာပြန်တော့ ကုလား ထိုင်မပါရင် (မရပါ ဘုရား)။
ကုလားထိုင်ပေါ်ထိုင်ရင်း မတ္တနဲ့ တစ်ခါတည်း အဆစ်တွေ, ဘာတွေ, အကြောတွေ, ဘာတွေက တောင့်တောင့် လာပြန်တော့ အိပ်ရာမပါရင်ကော (မရပါ ဘုရား)။
အိပ်ချည်းနေပြန်တော့လည်း စင်းစင်းကြီးနေပြန်တော့လည်း တောင့်နေပြန်တော့ စောင်းစရာကလေးပါ ပြန်တော့ကော (မှန်ပါ့) ခေါင်းကို ဒီအတိုင်းထားပါတေတာ့လား ဆိုလို့ရှိရင်ဖြစ့်လည်း ခေါင်းအုံးက နိမ့်သလေး, မြင့် သလေးနဲ့ ရှုပ်လာပြီ (မှန်ပါ့) ခေါင်းနာက ကြွလာပြန်တော့ ခေါင်းအုံးအမျိုးမျိုးလည်း ရတယ် (မှန်ပါ့)။
ဘယ်မှာတုံး ခင်ဗျားတို့ဟာ ခင်ဗျားတို့ပစ္စည်းတွေ ဘာလုပ်ဖို့တုံး အနာကုဖို့တွေ (မှန်ပါ့)။
ဘာလုပ်ဖို့လာပါလိမ့် (အနာကုဖို့ပါ ဘုရား) ဒါကို ဒကာကြွယ်တို့၊ ဦးမာဒင်တို့က ဂုဏ်များယူနေလိုက်သေး တယ် (မှန်ပါ့) ဒို့ အကြောင်းညီညွတ်လို့၊ ဒီပစ္စည်းတွေ ဘယ်အိမ်မှ မရှိဘူးကွ၊ ဒို့ အိမ်မို့ရှိတာလည်း လုပ်ချင်လုပ်နေ သေးတယ် (မှန်ပါ့) အမယ်လေး ဖြစ်မှဖြစ်ရပလေဗျာ ဒကာကြွယ်ရေ ဂုဏ်မယူသင့်တာ ဘယ့်နှယ်တုံး (ဂုဏ်ယူ နေပါတယ် ဘုရား)။
စင်စစ်တော့ဖြင့် လူနာပြောင်းဖို့နေရာတွေဆိုတာ လွဲပါ့မလား (မလွဲပါ ဘုရား)။
လူမမာသက်သာဖို့ထားတာ
အဲဒါ ဂဏ္ဍတော သဘောကျလာတော့ ဪ ဒါတွေဟာ ဘာအကျိုးငှာ ထားတာပါလိမ့်မတုံးလို့ ဆိုလို့ရှိရင် ဖြင့် ဆေးရုံပေါ်မှာ လူမမာသက်သာတဲ့နည်းနဲ့ နေရအောင်လို့ (မှန်ပါ့) အိမ်ကြီးက ဆေးရုံ, တိုက်ကြီးက ဆေးရုံပေါ့ ဗျာ (မှန်ပါ့) အတွင်းပရိဘောဂတွေက လူမမာသက်သာဖို့ထားတာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီအိမ်မှာ လူမမာ ဘယ်လောက်များသတုံးဆိုတော့ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) တစ်အိမ်လုံး ပေါ့ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (တစ်အိမ်လုံးပါ ဘုရား) ဪ ခင်ဗျားတို့ တစ်အိမ်လုံး ဆုတောင်းပြည့်နေကြ တာကိုး၊ လူမမာကိုးဆိုတာက အခုဖော်ပြောမှ သိတယ် (မှန်ပါ့)။
ကုဋိအိမ်သာကလေးတွေ ထားတာကလည်း ဒကာကြွယ် ဘာလုပ်ဖို့တုံးဗျ (လူမမာသုံးဖို့ပါ) လူမမာလို့ ဝမ်းထဲ က မမာလာရင် အဲဒီသွားစွန့်ရမယ် (မှန်ပါ့)။
ကျင်ငယ်အိမ်ကလေးတွေ ထားတာကလည်း ဘာလုပ်ဖို့တုံး (လူမမာစွန့်ဖို့ပါ ဘုရား) လူမမာကုဖို့ထားရတာတွေ (မှန်ပါ့ ဘုရား)။
အဲဒါ ဒကာကြွယ်တို့က ကျုပ်တို့ကတော့ ကြွေအိုးနဲ့ ဘာနဲ့ဆိုတော့ ဟုတ်သလိုလိုထင်နေသေးတယ် (မှန်ပါ့) စင်စစ်ဘာမှ မဟုတ်ဘူး သူ့ဟာက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမယ်လေး ဒကာ ဒကာမတွေက အနာရှိလို့လည်း အနာရှိမှန်းမသိဘူး၊ ရှိပြန်တော့ အနာနဲ့လည်း ကြွားလုံးထုတ်တယ် (မှန်ပါ့ ဘုရား)။
မျက်လုံးကန်းတဲ့လူဥပမာ
ခုနင်က ဆီတွေသုတ်ထားတဲ့အဝတ်ကြီး ဝတ်ထားတဲ့ မျက်လုံးကန်းတဲ့လူက ကျုပ်အဝတ်နဲ့ကျုပ် မလိုက်ဘူး လားဗျာလို့ လူတွေထဲ လည်ပြီးအော်သလိုဖြစ်နေတယ် (မှန်ပါ့)။
ဒကာကြွယ် ဒီအတိုင်းမကျဘူးလား (ကျပါတယ်) ကဲ ဒါဖြင့် မျက်လုံးဘာဖြစ်နေသတုံး (ကန်းနေပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အဲဒါ ဓမ္မာနုဓမ္မပဋိပတ္တိအကျင့်ကို မကျင့်ရသေးလို့ရှိရင်ဖြင့်တဲ့ ဒီကြွားလုံးဟာ ဒကာကြွယ် လည်း ပျောက်မယ်မဟုတ်ပါဘူး (မပျောက်ပါ ဘုရား) ဦးမာဒင်ကော (မပျောက်ပါ ဘုရား)။
ကဲ ဘယ်သူက ကြွားတာတုံးဗျ၊ ပြောပါဥိး ခင်ဗျားတို့ ဂုဏ်မသိမ်ပါဘူးဗျ၊ ဘယ်သူက ကြွားတာတုံး အကန်းကကြွားတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမယ်လေး ဒီအကန်းကလည်း အကန်းဘယ်အထဲ ကြွားသတုံး မေးတော့မှ အကန်းတောထဲ ကြွားတယ် (မှန်ပါ့)။
ဘယ်အထဲကြွားသတုံး (အကန်းတောထဲ ကြွားပါတယ်ဘုရား)။
ဖြစ်မှဖြစ်ရပလေဗျာ၊ ဂုဏ်တော့ မတက်ပါဘူး ဒကာကြွယ်ရေ (မှန်ပါ့) တက်သေးရဲ့လား (မတက်ပါ ဘုရား)။
အကန်းတောထဲမှာ အကန်းလူကြီးမင်း
ကြွားရတာက ဘယ်အထဲတုံး (အကန်းတောထဲပါ ဘုရား) အကန်းတောထဲမှာ အကန်းလူကြီးမင်းက ကြွား တာလား (မှန်ပါ့) အမယ်လေး ကြောက်စရာကြီးပါလား၊ ဒကာသစ်ရေ ဘုရားသာမကယ်ရင် ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင် အကန်ဘဝမြင့် ဖြစ်နေဦးမယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ် မလုပ်သေးသ၍ ကာလပတ်လုံးဟာဖြင့် အကန်းထဲ မင်းမူလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (အကန်းထဲ မင်းမူဦးမှာပါ) မြှောက်တဲ့ ပုဂ္ဂိုလ်ကလည်း အကန်း (မှန်ပါ့) ကြွတဲ့ပုဂ္ဂိုလ်ကလည်း (အကန်းပါ ဘုရား) ဖြစ်မှဖြစ်ရပလေ။
ဒကာကြွယ် ဖြစ်မှဖြစ်ရပလေလို့ ပြောထိုက်-မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
မြှောက်တဲ့ပုဂ္ဂိုလ်က (အကန်းပါ) ခင်ဗျားတို့တော့ ကာမာဝစရရှိလို့ လိုတရသကိုးတဲ့ (မှန်ပါ့) အင်း မြှောက်ပြန်ပြီ (မှန်ပါ) ဘယ်သူက မြှောက်ပါလိမ့် (အကန်းက မြှောက်ပါတယ် ဘုရား)။
အင်း လိုတရဆိုလည်းကွာ ကိုယ့်အကျိုးပေးကလေးက အကြောင်းညီညွတ်လို့ပါ၊ ဒီလိုတော့ဖြင့် လူနဲ့ သူနဲ့တူအောင်ထားလိုက်ရတာပဲ၊ ဘယ်သူနဲ့ တူအောင်လည်း (အကန်းနဲ့တူအောင်ပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါ ပြီ) အမယ်လေး အကန်းချင်းတူအောင် လုပ်ရတာ (မှန်ပါ ဘုရား)။
ဒကာကြွယ်ရေ ဒီတရားမနာဘူးသေးလို့ ဓမ္မာနုဓမ္မပဋိပတ္တိကို မသိသေးသ၍ ကာလပတ်လုံးဖြင့် ဒီကြွားလုံးနဲ့ပဲ နေဦးမှာပဲ ကြွားလုံးက တဏှာ, ဥပါဒါန်တွေ (မှန်ပါ့ ဘုရား) တဏှာ, ဥပါဒါန်တွေဆိုတော့ ကာယကံ, ဝစီကံတွေနဲ့ မဝယ်ပေဘူးလား (ဝယ်ပါတယ် ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
အင်း ဒါဖြင့် သူဟာ သူ့အကန်းသည်ကားလို့ ဆိုရင် အကန်းတော ပြန်ရောက်ပြန်ပြီ (မှန်ပါ့) မရောက်ပေ ဘူးလား (ရောက်ပါတယ် ဘုရား)။
ဉာဏ်ထဲရောက်တော့မှ
အဲဒါတွေ ဉာဏ်ထဲရောက်တော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရွှေနန်းသုံးဆောင်က စွန့်လာတယ်ဆို တာ ဦးမာဒင် စွန့်ထိုက်-မစွန့်ထိုက် (စွန့်ထိုက်ပါတယ်) ရွှေအိုးကြီးလေးလုံးဟာ တစ်ယူဇနာပတ်လည်ရှိတာကြီး စွန့် နိုင်-မစွန့်နိုင်ကော (စွန့်နိုင်ပါတယ် ဘုရား)။
ယသော်ဓရာအမှူးရှိသော မောင်းမအပေါင်း လေးသောင်းနဲ့ နေရတာတွေကိုလည်း ဒကာကြွယ် စွန့်နိုင်-မစွန့်နိုင် (စွန့်နိုင်ပါတယ် ဘုရား)။
အဲဒါ ‘ရောဂတော ဂဏ္ဍတော’ ဆိုတာ သူမြင်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့မှာတော့ ကိုယ့်ဟာကလေးနဲ့ကိုယ် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြီးသကာလ ဒကာကြွယ်တို့က ဘာမှ မစွန့်နိုင်သေးပါဘူး (မစွန့်နိုင်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘများ စွန့်နိုင်သတုံးမေးတော့ မစွန့်နိုင်သေးပါဘုရား ပါရမီက သေးနုပ်တယ်တဲ့၊ ပါရမီချနေရင် မျက်လုံး ချ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နဂိုရ်ကချနေတာ ဘာချနေသတုံး (ပါရမီချနေပါတယ်) စင်စစ်က ဘာတုံး (မျက်လုံးပါ ဘုရား)။
မျက်လုံးက အမှန်မမြင်သေးလို့၊ ဒါဟာ ဆေးရုံကြီး၊ ဒါဟာ လူမမာတို့၏ ကိရိယာဟုတ်လား (မှန်ပါ့) ကိုယ့်ကိုယ် က လူနာကြီး- ဒါလူနာအဖြစ် လွတ်အောင်ဖြင့် လုပ်ပါတော့မယ်၊ ဒီလူနာ့ပစ္စည်းတွေကို မကြည့်ချင်ပါဘူးဆိုတာ စွန့်ကြမှာပဲ (မှန်ပါ့)။
မျက်စိနှစ်ကွင်းက အလင်းမရသေးတော့
အခုတော့ ကိုယ့်အကြောင်းကို ကောင်းကောင်းမသိတော့ မျက်စိနှစ်ကွင်းက အလင်းမရသေးတော့ ဒကာကြွယ် ရေ ဥပါဒါန်ကလေးက ရှိနေတယ် (မှန်ပါ့) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
အဲ ဥပါဒါန်ကလေးတွေရှိနေလို့ ဒါ အိမ့်ကျက်သရေ, မြို့ကျက်သရေ, ရွာ့ကျက်သရေ, ကိုယ့်ကျက်သရေ နဲ့ ဆိုပြီး ဥပါဒါန်ကလေးတွေကြောင့် ဒီလူနာ့ ပစ္စည်းတွေကိုလည်း ဝယ်နိုင်တယ်, ချမ်းနိုင်တယ်၊ သူများမပေးနိုင်တာ မစွန့်နိုင်တာ၊ ဒါတွေ သာယာနေတယ်ဆိုတာကိုလည်း ပဋိစ္စသမုပ္ပါဒ်ပေါ်လာတာလို့ မှတ်ရမယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဘာပေါ်လာတာတုံး (ပဋိစ္စသမုပ္ပါဒ် ပေါ်လာတာပါ) ဘယ်သူပေါ်လာတာတုံး အကန်းပေါ်လာတာ (မှန်ပါ့) အမယ်လေး လျှော့ဈေးလုပ်မနေနဲ့ ခင်ဗျားတို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါတွေ မစွန့်နိုင်တာက နဂိုရ်ကကန်းတော့ လူနာ့ပစ္စည်းလို့ သိသေးရဲ့လား (မသိပါ) မသိတော့ ဒါ ဥပါဒါန် ရှိ၊ မရှိ (ရှိပါတယ် ဘုရား)။
ဥပါဒါန်ရှိတော့ကို ဒကာ ဒကာမတို့ ဥပါဒါနပစ္စယာ ကမ္မဟဝေါဖြစ်လာတယ် (မှန်ပါ့) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဒါတွေဟာ ဇာတိပဋိသန္ဓေ ဖြစ်ကြောင်းတွေလို့ သိရဲ့လား (မသိပါ) ဘယ့်နှယ်ကြောင့် မသိပါလိမ့် (ကန်းနေလို့ပါ ဘုရား)။
အနာရှိတယ် မရှိဘူးဆိုတာသိလိမ့်မယ်
အဲဒါ့ကြောင့် ဘုရားက ဟေ့ မျက်စိနှစ်ကွင်း အလင်းရအောင်ကုပြီမှ မင်းသည်ကားလို့ဆိုရင် အနာရှိတယ် မရှိဘူးဆိုတာသိလိမ့်မယ်ကွလို့ မာဂဏ္ဍီပရဗိုဇ်ကို ဟောတာများ ဒကာသစ် ဟောထိုက်-မဟောထိုက် (ဟောထိုက်ပါ တယ် ဘုရား)။
ကိုင်း ဒါဖြင့် ကျုပ်တို့ ဒကာ ဒကာမတွေလည်း နဂိုရ်တုန်းက မွေးလာတာတော့ အကန်းပဲ ဒကာကြွယ်ရေ (မှန်ပါ့) ယခုအချိန်မှာ အလင်းရအောင် ယူနိုင်ကြလို့ရှိရင်ဖြင့် ဦးမာဒင်တို့၊ ဒကာသစ်တို့ အဖိုးတန်ပြီ (တန်ပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါလည်း သာသနာတွင်း ဆေးနဲ့ကုမှနော် (မှန်ပါ့) သာသနာတွင်းဆေးနဲ့ မကုဘူးဆိုရင် ပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။
အဲဒီတော့ ကိုယ့်ပါရမီတွေ ဘာတွေချမနေနဲ့၊ သာသနာတွင်းရောက်ကတည်းက ဒီဆေးနဲ့တွေ့ပဟ (မှန်ပါ့) ဒီဆေးနဲ့တွေ့ရင် မျက်စိနှစ်ကွင်း အလင်းရမယ်၊ အလင်းရလို့ရှိရင် ဥပါဒါန်ချုပ်တယ် (မှန်ပါ့) ဥပါဒါန်ချုပ်ရင် ကံကော (ချုပ်ပါတယ်) ကံချုပ်ရင် (ဇာတိချုပ်ပါတယ်) ‘ဇာတိနိရောဓော နိဗ္ဗာနံ’ ကိုး (မှန်ပါ့) ဇရာနိရောဓော (နိဗ္ဗာနံပါ) မရဏနိရောဓော (နိဗ္ဗာနံပါ ဘုရား)။
မျက်စိနှစ်ကွင်း အလင်းရလို့ရှိရင်
ဪ ဒါဖြင့် ကျုပ်တို့ မျက်စိနှစ်ကွင်း အလင်းရလို့ရှိရင် ဒါတွေ မစွဲလမ်းတော့ဘူး၊ မစွဲလမ်းလို့ ရှိရင်ဖြင့် ဥပါဒါန်က စချုပ်တယ် (မှန်ပါ့) ဥပါဒါနနိရောဓာ ဘဝနိရောဓော (မှန်ပါ့) ဘဝနိရောဓာ (ဇာတိနိရောဓောပါ ဘုရား)။
ကဲ ဒကာသစ် မျက်စိနှစ်ကွင်း အလင်းရတော့ စွဲသေးသလား (မစွဲပါ) ကိုယ့်ခန္ဓာလည်း စွဲသေးရဲ့လား (မစွဲပါ) ပရိဘောဂတွေကော (မစွဲပါ) မစွဲတော့ ဒကာကြွယ် ဘယ်သူက စချုပ်သတုံးဗျ (ဥပါဒါန်က စချုပ်ပါတယ် ဘုရား)။
ဥပါဒါန်က စချုပ်တော့ ကျန်တာတွေ ဦးမာဒင်-ချုပ်စရာလိုသေးသလား (မလိုပါ) ဥပါဒါန်ချုပ်ကတည်းက ကံချုပ်တယ် (မှန်ပါ့) ကာယကံ, ဝစီကံတွေနဲ့ လုပ်ဖြစ်သေးသလား (မလုပ်ဖြစ်ပါ ဘုရား)။
အဲဒါ့ကြောင့် “ကမ္မဘဝပစ္စယာ ဇာတိ” ဆိုတော့ ဒီဘဝမှာ ကာယကံ, ဝစီကံ ဇာတ်သိမ်းကတည်းက နောက် လာလတံ့ ဖြစ်တဲ့ ဇာတိ, ဇရာ, မရဏလည်း ဒကာသစ် ဘာတုံး (ချုပ်ပါတယ် ဘုရား) ဇာတ်သိမ်းတယ် (မှန်ပါ့ ဇာတ်သိမ်းပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတို့ မျက်စိနှစ်ကွင်း အလင်းမရသေးတော့ ခန္ဓာကြီးကလည်း ရောဂါကြီးနဲ့ ရောဂါရှိတယ်လို့မထင် (မှန်ပါ့) ရောဂါကုစရာကုလားထိုင်နဲ့တကွ ဆိုဖာအမျိုးမျိုး ပစ္စည်းတွေကိုလည်း ဪ ဒါတွေဟာ လူနာကုစရာတွေပဲ၊ ကျက်သရေမရှိပါကလားလို့ မလာသေးဘူး (မလာသေးပါ ဘုရား)။
သူ့ဟာနဲ့သူ အင်မတန် ဟုတ်နေတာ
ဒါကလေးကို တစ်ခါတည်း လူထိုင်ဖို့ ဧည့်ကောင်း, စောင်ကောင်းလာရင် ဒီနေရာပို့၊ သူပြန်သွားတဲ့အခါကျ တော့ အပေါ်က အဝတ်ကလေးဖုံးထားတယ် (မှန်ပါ့)။
အမယ် အင်မတန်ကျက်သရေရှိနေတာ၊ သူ့ဟာနဲ့သူ အင်မတန် ဟုတ်နေတာကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမယ်ကလေး ဒါ ဘာဖြစ်လို့ ဒီဥစ္စာ ဒါလောက် သာယာနေပါလိမ့်မတုံးဆိုလို့ရှိရင် ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဥပါဒါန်ရှိတယ် (မှန်ပါ့) သူ့အပြစ်မမြင်သေးတော့ (မှန်ပါ့ ဘုရား)။
အပြစ်မမြင်သေးတော့ ဘာရှိနေသလဲ (ဥပါဒါန်ရှိနေပါတယ် ဘုရား)။
ဒါဖြင့် ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ အိမ်မှာရှိတဲ့ပစ္စည်းတွေ အပြစ်မမြင်သေးရင်လည်း ဥပါဒါန်ရှိဦးမှာပဲ (ရှိပါ တယ် ဘုရား) ဥပါဒါန်ရှိလို့ရှိရင် ကမ္မဘဝက (ရှိပါတယ် ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဪ အိမ်မှာရှိတဲ့ ပစ္စည်းတွေ ဇာတိဖြစ်ကြောင်းချည်းပါလား (မှန်ပါ့)။
ခန္ဓာကြီးကလည်း (ဇာတိဖြစ်ကြောင်းပါ ဘုရား) ပစ္စည်းတွေကလည်း (ဇာတိဖြစ်ကြောင်းပါ ဘုရား)။
ဒါတွေကိုပဲ ခင်ဗျားတို့ ဇာတိဖြစ်ကြောင်းတွေကို မမြင်သေးသ၍ ကာလပတ်လုံး ဒါတွေ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဒကာကြွယ်တို့ မမြင်သေးသ၍ ကာလပတ်လုံးဖြင့် ဒီပဋိစ္စသမုပ္ပါဒ်ကြီး ဦးမာဒင် လည်မှာပဲ (လည်မှာပါ ဘုရား) မလည်ပေဘူးလား (လည်မှာပါ ဘုရား)။
ဒကာကြွယ် တော်တော်ရှင်းပြီး (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဘာပြင်ဖို့ အရေးကြီးပါလိမ့် (မျက်လုံးပြင်ဖို့ အရေးကြီး ပါတယ် ဘုရား)။
အမယ်လေး မျက်လုံးပြင်ဖို့၊ မျက်လုံးမှားကို ပြောနေရတာကိုက အတော်ကြာသွားတယ် (မှန်ပါ့) အတော် ကြာသွားတယ် ဒကာ ဒကာမတို့ မှားချက်က သေသေချာချာဖော်မှ ဪ ဟုတ်ပါလားဆိုတာ လာတာနော် (မှန်ပါ့ ဘုရား)။
နို့မဟုတ်လို့ရှိရင်ဖြင့် ကိုယ့်ကားနဲ့ ကိုယ့်ကိုယ်ပဲ ဒကာကြွယ်ရေ ဆေးရောင်ကလေး သ,ကာ သ,ကာနဲ့ ဟင် (မှန်ပါ့) အင်း လူမမာတင်ဖို့ပါလားရယ်လို့ လာရဲ့လား (မလာပါ ဘုရား) ငါမို့ ဝယ်နိုင်တာဆိုတာ လာသေးတယ် (လာပါသေးတယ် ဘုရား) ဖြစ်မှဖြစ်ရပလေ (မှန်ပါ့)။
လူမမာတင်တာ
ဖြစ်မှဖြစ်ရပလေ စင်စစ်တော့ဖြင့် မာတဲ့ပုဂ္ဂိုလ်ဖြင့်လည်း သွားမှာပေါ့ ကိုယ့်စွမ်းရည်နဲ့ ဟင် (မှန်ပါ့) အခုတော့ အရေးကလည်း ကြီးတယ်၊ သွားဖို့ ခရီးကလည်း ဝေးတယ်၊ ကိုယ့်ခန္ဓာကိုယ်ကြီးကလည်း မသန်စွမ်းဘူး၊ ရောဂါတွေ ပြည့်စုံနေတော့ ဒကာကြွယ်ရေ လျင်မြန်တဲ့ကားကိုပဲ အဖိုးတန်တဲ့ကားကိုပဲ စီးရတယ်ဆိုတဲ့ ဥစ္စာ လူမမာတင်တာ ဗျ (မှန်လှပါ ဘုရား)။
ဘာဆိုကြမယ် (လူမမာတင်တာပါ ဘုရား) လူမမာတင်တာလို့ ဒကာကြွယ် သိပလား (သိပါပြီ) ဦးမာဒင်ကော သိပလား (သိပါပြီ ဘုရား) ဘာတင်တာတုံး (လူမမာတင်တာပါ ဘုရား)။
လူမမာဆိုတာက ဘယ်သူတုံးလို့ မေးတဲ့အခါကျတော့မှ စဉ်းစားကြည့်ပါတဲ့ ကိုယ့်အတွက်ဝယ်တာ (မှန်ပါ့)။
ဘယ်သူ့အတွက် ဝယ်တာတုံး (ကိုယ့်အတွက် ဝယ်တာပါ ဘုရား) ဒါဖြင့် ကိုယ်လူမမာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ဘေးကလူတွေက လက်ခုပ်တီးပေးတယ်၊ အို သူတို့တော့ ကံက အကြောင်းသင့်တယ်၊ ဘာအကြောင်း သင့်ရမတုံး၊ လူမမာကြီးဖြစ်နေတဲ့ဥစ္စာ (မှန်ပါ့ ဘုရား) အကြောင်းသင့်စရာပါသေးရဲ့လား (မပါပါဘုရား)။
ဒကာကြွယ် ဘာတုံးဗျ၊ လူမမာမဟုတ်လားဗျ (မှန်လှပါ) လူမမာတင်ဖို့ ထမ်းစင်သဘောလုပ်ရတယ် မဟုတ် လား (မှန်ပါ့ ဘုရား)။
အဲဒါကို ခင်ဗျားတို့-ကျုပ်တို့ ဘေးက မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်ကတော့ သူတို့ကတော့ စီးနိုင်မှာပဲ၊ အကြောင်းက ညီညွတ်နေတယ်တဲ့ (မှန်ပါ့) အကြောင်းက မညီညွတ်လို့ စီးရတာ (မှန်ပါ့)။
ဒီက ဘယ်လိုအောက်မေ့ရမလဲ (မညီညွတ်လို့ စီးတာပါ ဘုရား) သို့သော်လည်း ဒီကလည်း အခု ဆရာဘုန်း ကြီး ပြောလို့သာကိုးဗျ (မှန်ပါ့) သူက ညီညွတ်လို့ စီးတယ်အောက်မေ့နေတာ (မှန်ပါ့) စင်စစ် စီးရတာကတော့ (မညီ ညွတ်လို့ စီးရတာပါဘုရား)။
ညီညွတ်လို့ စီးတာလား-မညီညွတ်လို့ စီးတာလား
ဒကာကြွယ် ညီညွတ်လို့ စီးတာလား-မညီညွတ်လို့ စီးတာလား (မညီညွတ်လို့ စီးတာပါဘုရား) ဘာမညီညွတ် တာတုံး၊ ခန္ဓာတွေက ရောဂါချည်းပဲ ဘုရား (မှန်ပါ့)။
နည်းနည်းသွားလို့ရှိရင် အတွင်းရောဂါတွေက အတွင်းကရင်လည်း ထမယ်ဘုရား၊ လေနာကရင်လည်း ထမယ် ဘုရား၊ ဒူလာပါ ဒရက်ကသော်လည်းကောင်း (ထမှာပါ ဘုရား) နဂိုရ်က ဘာဖြစ်နေသတုံး၊ ငုပ်နာတွေနဲ့ ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ဒီဟာနဲ့မှ မသွားလိုက်လို့ရှိရင် ပေါ်တဲ့အနာတွေ ဖြစ်လာမယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘယ်သူ့တင်ဖို့တုံး (လူမမာတင်ဖို့ပါ ဘုရား) အမယ်လေး လူမမာတင်ဖို့ရာကို ခင်ဗျားတို့ကလည်း ဘေးက မြှောက်တဲ့လူကလည်း စုံလုံးကန်း၊ စီးတဲ့ပုဂ္ဂိုလ်ကလည်း မျက်စိနှစ်ကွင်း အလင်းမရ၊ သူ့ဟာနဲ့သူတော့ ဟုတ် နေလိုက်ကြတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ အရိယာမျက်လုံးမရသေးသ၍ ကာလပတ်လုံး ဒကာကြွယ် နောက် ဒါမျိုးစီးရပါလို၏ဆိုတော့ ဒီလူမမာ ဖြစ်ရပါလို၏လာတာ (မှန်ပါ့)။
လူမမာဖြစ်ရပါလို၏
ဒါမျိုးစီရပါလို၏ဆိုတော့ (လူမမာဖြစ်ရပါလို၏ လာတာပါဘုရား) ဒီထက်ကြီးတာကြီး စီးရပါလို၏ဆိုတော့ ကော (လူမမာဖြစ်ရပါလို၏ပါပဲ ဘုရား)။
ဒီ့ထက်ကြီးတဲ့ လူမမာကြီးထည့်ပါဦး-ထည့်ပါဦး ဒကာသစ်ရ လျှော့ဈေးမလုပ်ပါနဲ့ (မှန်ပါ့)။
ဒီ့ထက်ကြီးကြီး ကျုပ်တို့ ခင်ဗျားတိုပ လေးကျွန်းစီးတဲ့ စကြာရတနာကြီး ရ,ရပါလို၏ဆိုတော့ ဘယ့်နှယ်ဆိုပါ့ မလဲ (လူမမာကြီး ဖြစ်ရပါလို၏ပါ ဘုရား) ဒီ့ထက်ကြီးတဲ့ လူမမာကြီး ဖြစ်ရပါလို၏ (မှန်ပါ့)။
ဒကာကြွယ် ဒါတွေပဲဗျ၊ မျက်စိနှစ်ကွင်း အလင်းမရလို့ အရှုပ်ကြီးရှုပ်နေတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါတွေက ဉာဏ်စခန်းကို ပြောရတော့ ဦးမာဒင် မလွယ်ဘူးနော် (မလွယ်ပါ ဘုရား)။
ဒါ တဏှာသတ်နေတာ အောက်မေ့ပါ (မှန်ပါ့) ဒိဋ္ဌိသတ်နေတာကော (ဟုတ်ပါတယ် ဘုရား) တဏှာ ဒိဋ္ဌိသတ်နေတာ (မှန်ပါ့)။
ခင်ဗျားတို့ကတော့ ဒီဥစ္စာ ဒါတွေနဲ့ပတ်သက်ပြီးသကာလ ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးမာဒင်တို့က တော်တော်သေးရဲ့များ ခင်ဗျားတို့က ထင်နေသေးတာ (မှန်ပါ့)။
တော်တော်သေးရဲ့ ဘုရား၊ ဒါလောက် လူတန်းစေ့ကလေး ကိုယ့်မှာ ကာမာဝစရရှိလို့တဲ့၊ အခုတော့ မဟုတ်ဘူး၊ ကာမာဝစရရှိလို့ လူမမာဖြစ်နေတယ် (မှန်ပါ့) လူမမာဖြထစ်လို့ ထမ်းစင်ကြီးကြီးဝယ် (မှန်ပါ့ ဘုရား) ဒီလိုယူမှ တဏှာ ဒိဋ္ဌိ သေတော့မယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ရွှေနန်းသုံးဆောင် စွန့်တာပေါ်ပလား
ကိုင်း ဒါဖြင့် မျက်လုံးကလေး နည်းနည်းတော့ ရှင်းလာပြီ (ရှင်းပါပြီ ဘုရား)။
အရိယာမျက်လုံးကလေး နည်းနည်းတပ်မိပြီ ဒကာကြွယ်ရ (မှန်ပါ့ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ရွှေနန်းသုံးဆောင် စွန့်တာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) တောလည်း ထွက်ပါရော မာရ်နတ်မင်းက ရှေ့ကနေပြီး မြင်းစီးဆွဲပြီးထားတယ် (မှန်ပါ့ ဘုရား) ခုနစ်ရက်ရှိလို့ရှိရင် ထမ်းစင် အကြီးစားရမယ် ပြောတာ (မှန်ပါ့)။
ဘုရားက ဟေ့ ဒီထမ်းစင် မလိုချင်ဘူးကွ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီမှာ ထမ်းစင်လိုချင်လို့ နိဗ္ဗာန်ရသွားတာ (မှန်ပါ့) နို့မဟုတ် ထမ်းစင်ကြီးနဲ့ မသာလောင်းအဖြစ်နဲ့ လေးကျွန်း လည်ဦးမှာ (လည်ဦးမှာပါ ဘုရား) မလည်ပေဘူးလား (လည်ပါတယ် ဘုရား)။
ကဲ ဒကာကြွယ် မျက်စိအမှန်ရသွားတော့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီဥစ္စာလောက်ဆိုလို့ရှိရင် မေ့လည်းမမေ့ကြပါနဲ့၊ စီးတိုင်း, သွားတိုင်း, လာတိုင်း, ဘယ်လောက် တန်ကြီးကို ဝယ်နိုင်, ဝယ်နိုင် ဪ လူမမာ ထမ်းစင်ပေါ်ရောက်တာမှတ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
လူမမာဘာတဲ့ (ထမ်းစင်ပေါ်ရောက်တာပါ ဘုရား) မာရင် ဒကာ ဒကာမတို့ ကိလေသာမရှိဘဲနဲ့သာ နေကြ မယ်ဆိုရင် ကွေးတဲ့လက် ဆန့်သလောက်နဲ့ ဗြဟ္မာ့ပြည်ရောက်တယ် (မှန်ပါ့ ဘုရား)။
မာသွားတော့ ကွေးတဲ့လက် ဆန့်သလောက်နဲ့ ဗြဟ္မာ့ပြည် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါမှ လူမာတွေကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာကိုယ်လေးလွန်းလို့
ဒါဖြင့် မမာလို့ ပက်ထရိုကုန်လိုက်တာ မပြောပါနဲ့တော့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တော်တော်ကြာ တာယာကျွတ်က လေးလွန်းလို့ ခန္ဓာကိုယ်ကြီးက အောက်ချည့်သွားမယ်လို့ ပြောနေလို့ ကျွတ် ပေါက်ရတာနဲ့ တာယာပေါက်ရတာနဲ့ ရှုပ်ကုန်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒကာကြွယ် ဒါခန္ဓာကိုယ်လေးကြောင်း သေချပလား (သေချာပါပြီ) ဘာဖြစ်လို့ ဒီတာယာတွေ, ကျွတ်တွေဟာ ဒါလောက်တောင် ပေါက်ရပါလိမ့် (ခန္ဓာကိုယ်လေးလွန်းလို့ပါ ဘုရား) သူက ဘယ်သွားမယ် ပြောနေ သတုံး (အောက်သွားမယ် ပြောနေပါတယ်ဘုရား)။
ဖြစ်မှဖြစ်ရပလေ ဒကာကြွယ် သူက အောက်သွားမယ့်ချည်း ပြောနေတာ တာယာ, ကျွတ်က သက်သေခံနေ တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ကိလေသာလေးတာလို့ မှတ်လိုက် (မှန်ပါ့) ရောဂါလေးတာလို့ (မှတ်ရပါမယ်) သဘောကျပလား (ကျပါ ပြီ) ကိလေသာနဲ့ ရောဂါဟာ အလေးဆုံးပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အရိယာမျက်လုံး တပ်ကြပါစို့
ကဲ ဒါဖြင့် အရိယာမျက်လုံး တပ်ကြပါစို့ဗျာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာတပ်ပေးရမတုံး (အရိယာမျက်လုံးတပ်ပေးရပါမယ်) ပုထုဇန်မျက်လုံးတော့ဖြင့် အရူးချည်း ဖြစ်နေပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပုထုဇန်မျက်လုံးနဲ့ ကြည့်လိုက်ရင်ဖြင့် (အရူးချည်းဖြစ်နေပါတယ် ဘုရား)။
အရူးချည်း ဖြစ်နေတာပဲဆိုတော့ အဲဒါက ဘုန်းကြီးတို့ ဒကာ ဒကာမတွေတော့ နားလည်ထားလို့ ကိစ္စမရှိ ဘူးနော် (မှန်ပါ့) မြို့ထဲ ဒီအသွားမျိုး သွားမပြောနဲ့ ခင်ဗျားတို့ ရေနဲ့ပက်ထုတ်လိမ့်မယ်၊ ရေကို မရဘူး (မှန်ပါ့ ဘုရား)။
သူတို့က ဒါကို အင်မတန် ကျက်သရေမင်္ဂလာနဲ့ သပြေပန်းနဲ့ ကားသစ်ကလေးလာတယ်ဆိုလို့ရှိရင်ဖြင့် အောင် စေသတည်းတွေ ရှုပ်နေတာပဲ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာမှ ဒီဥစ္စာတွေ ဟုတ်တာတွေ မဟုတ်ဘူး, မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်တွေ၏ ပစ္စည်းဆိုတာလည်း ယခု ယနေ့ပြောတော့ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိ မရသေးရင် မျက်စိနှစ်ကွင်း အလင်းမရသေး (မှန်ပါ့ ဘုရား)။
ဓမ္မာနုဓမ္မပဋိပတ္တိမကျင့်ရသေးရင် (မျက်စိနှစ်ကွင်းအလင်း မရသေးပါဘုရား) မျက်စိနှစ်ကွင်း အလင်းမရ သေးဆိုတာ သေချာပါလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ် ဒီနေ့ မျက်စိအလင်းရအောင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးပေးတဲ့ ဝိပဿနာဉာဏ်ဆေး, မဂ်ဉာဏ်ဆေး ဒါနဲ့ ကုမှရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဉာဏ်မျက်စိနှစ်ကွင်းရလာမယ်
ဝိပဿနာဉာဏ်ဆေး, မဂ်ဉာဏ်ဆေးနဲ့ ကုလို့ရှိရင်ဖြင့် ဉာဏ်မျက်စိဟာ ဒကာ ဒကာမတို့ နှစ်ကွင်းရလာမယ်ဆို တာ သေချာပါပြီ (သေချာပါပြီ ဘုရား) ကိုင်း ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ပြကြပါစို့ တဲ့၊ ယနေ့ ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုးပဲပြမယ် (မှန်ပါ့) ငါးမျိုးရင်လည်း ပြဖြစ်လိမ့်မယ်နော် (မှန်ပါ့)။
ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ ယားတယ်, နာတယ်, အောင့်တယ်၊ ဒကာသစ် ဘာဝေဒနာတုံး (ဒုက္ခ ဝေဒနာပါဘုရား) ဪ ဒုက္ခဝေဒနာနော် (မှန်ပါ့) ဒါနှစ်ခုအကြောင်း တိုက်ဆိုင်ရင် ဖဿပစ္စယာ ဝေဒနာက ပေါ်နေတာပဲ (မှန်ပါ့)။
တစ်ခါတလေကျတော့ ယားတာပေါ်, နာတာ, အောင့်တာ, ကလေးပျောက်သွားပြန်တယ်လို့ ဆိုပြန်တော့လည်း အခုမှ နေကောင်းတယ် (မှန်ပါ့) အင်း သုခဝေဒနာပေါ်ပြန်ပြီ (ပေါ်ပါတယ် ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အခုလို ပန်ကာတွေလှည့်ပြီးနေတဲ့အချိန် ဒကာ ဒကာမတွေကလည်း အကြိုက်ဖြစ်နေတဲ့အချိန်ကျတော့ အင်း ခေါင်းပေါ်မှာ ဖြစ်စေ, သုခဝေဒနာကလေးပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) ဒါလည်း အပေါ်က လေနဲ့ထိလို့ပေါ့ ဗျ (မှန်ပါ့)။
ဒါလည်း ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) လေထဲမှာပါတဲ့ ဓာတ်တွေကထိလို့ (မှန်ပါ့ ဘုရား) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။
သို့သော် ဖဿပစ္စယာ သုခဝေဒနာ (မှန်ပါ့) အချို့ကျတော့ ပန်ကာလေကြောင့်ပဲ ဒကာ ဒကာမတွေ အအေး ပတ်ပြီးတော့ ဒုက္ခဝေဒနာရတယ် (မှန်ပါ့) အဲဒါကျတော့လည်း ဖဿပစ္စယာ ဒုက္ခဝေဒနာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီအထဲ ဒကာ ဒကာမတို့ တချို့လည်း ဒုက္ခဝေဒနာနဲ့ နေကြတယ် (မှန်ပါ့) တချို့လည်း (သုခဝေဒနာ နဲ့ နေပါတယ် ဘုရား)။
ဥပက္ခောဝေဒနာ
တချို့ကျတော့လည်းတဲ့ ဟိုကြည့်, ဒီကြည့်နဲ့ ဥပက္ခောဝေဒနာ ပေါ်နေတယ် (မှန်ပါ့ ဘုရား)။
မျက်စိတွေက ကြည့်ပြီး နားနဲ့ထောင်တဲ့အခါကျတော့ ဘာတွေပေါ်နေသလဲ (ဥပက္ခောဝေဒနာ ပေါ်ပါတယ် ဘုရား) အဲ နားနဲ့ အသံတွေကြားနေတုန်းကတော့ (ဥပေက္ခာဝေဒနာပေါ်ပါတယ်) တစ်ယောက်အနံ့တွေက တစ်ယောက်နှာခေါင်းထဲ ဝင်လာတဲ့အခါကျတော့ (ဥပက္ခော ဝေဒနာပေါ်ပါတယ်) ကိုယ့်တံတွေးကလေးတွေ ကိုယ်မျိုချ နေတဲ့အခါကျတော့ (ဥပက္ခော ဝေဒနာပေါ်ပါတယ် ဘုရား)။
အင်း ဒါဖြင့် မျက်စိ, နား, နှာခေါင်း, လျှာပေါ်မှာပေါ်တာတွေ ဥပေက္ခာဝေဒနာနော် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီနေရာမှာ သုခလည်းပေါ်, ဒုက္ခလည်းပေါ်, ဥပေက္ခာဝေဒနာလည်းပေါ်နေတယ်ဆိုတာ ပေါ်တိုင်း-ပေါ်တိုင်း ဒကာ ဒကာမတို့ ဘာပေါ်တယ်ဆိုကြမတုံး (ဝေဒနာပေါ်ပါတယ် ဘုရား) ဘယ်မှာ အန္တရာယ် ကင်းသတုံး (မကင်းပါ ဘုရား)။
ဒကာကြွယ် ဘာတွေများ ပေါ်ပေါ်နေသတုံး (ဝေဒနာ ပေါ်ပါတယ်ဘုရား)။
အို ကျုပ် ဝေဒနာက မပြောနဲ့တော့ အနားမရှိဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာတွေပေါ် နေသတုံး (ဝေဒနာတွေ ပေါ်နေပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ ဒါဖြင့် ရောဂတော ဝေဒနာအစုကြီးကွလို့ ဘုရားက ဟောလိုက်တာ အင်း အခု နည်းနည်း ကလေး မျက်လုံးကလေးလည်း အလင်းရမယ်ကြံပါရော့ ဟုတ်သားပဲဆိုတာသည် ဝေဒနာပေါ်၌ အလင်းရပေါ့ (မှန်ပါ့) အလင်းရတဲ့အခါ ဟုတ်သားပဲ ဝေဒနာတွေ လှည့်နေတာပဲ (မှန်ပါ့) ခင်ဗျားတို့ မြို့သုံးနဲ့ တခြားစီနော် (တခြားစီပါ ဘုရား)။
မြို့သုံးကတော့ တစ်နေ့ရွှေ-တစ်နေ့ငွေ (မှန်ပါ့) ဒါဝေဒနာသုံးနေတာ သူ့ဟာက (မှန်ပါ့) ဝေဒနာကို ရွှေ၊ ငွေလုပ်သုံးနေတာ (မှန်ပါ့)။
ဝေဒနာတွေလှည့်ပတ်နေတာ
မြို့သုံးကတော့ ဘာတဲ့ (တစ်နေ့ရွှေ၊ တစ်နေ့ငွေပါ) ဒကာကြွယ် တရားပေါ်မည့်ကြံ၊ ရွှေငွေနဲ့ ပြန်ဖုံးထား တယ် (မှန်ပါ့ ဘုရား)။ စင်စစ်ကတော့ တစ်နေ့ရွှေ, တစ်နေ့ငွေလား၊ ဝေဒနာတွေလှည့်ပတ်နေတာလား (ဝေဒနာတွေ လှည့်ပတ်နေတာပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က တရားရမှာစိုးတာနဲ့ ဒကာကြွယ်တို့က မြို့သုံးဘယ်လိုသုံးလိုက်ပါလိမ့် (တစ်နေ့ရွှေ, တစ်နေ့ ငွေပါ ဘုရား)။
ဖြစ်မှ, ဖြစ်ရလေဗျာ၊ ဒကာ ဒကာမတွေ ဘုရားရှေ့များ သွားမသုံးပါနဲ့ တစ်နေ့ရွှေ, တစ်နေ့ငွေ ဖြစ်နေတယ် လို့ (မှန်ပါ့) ခင်ဗျားတို့ကိုယ်ထဲ ရွှေလည်းမပါဘူး (မပါပါ) ငွေကော (မပါပါ ဘုရား)။
မပါတာ အလွဲသုံးစားလုပ်ပြီးသကာလ တစ်ခါတည်းသုံးများနေလိုက်သေးတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဘေးက ပုဂ္ဂိုလ်တွေကလည်း မျက်စိနှစ်ကွင်း အလင်းမရတော့ ဖြစ်ပေမှာပဲ၊ ဖြစ်ပေမှာပဲတဲ့ (မှန်ပါ့) အင်း တစ်နေ့ရွှေ, တစ်နေ့ငွေကို ဟိုကလည်း ဖြစ်ပေမှာပဲနဲ့ မြှေက်ပြန်ပြီ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် အတော်လွဲကုန်ပြီနော် (လွဲပါတယ်) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအထဲမှာ ဝေဒနာ ဘယ်နှစ်မျိုး လှည့်ပေါ်နေကြသတုံး (သုံးမျိုးပါ ဘုရား)။
အဲဒါ ပေါ်နေတော့ ဘယ်နေရာမှာ ပေါ်သတုံးဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာပေါ် အနှံ့အပြားပါ ဘုရား (မှန်ပါ့ ဘုရား)။
ခန္ဓာအနှံ့အပြားမှာ ပေါ်နေပါတယ်
ဘယ်နေရာပေါ်ကြသတုံး (ခန္ဓာပေါ် အနှံ့အပြားပါ) ခန္ဓာအနှံ့အပြားမှာ ပေါ်နေပါတယ်ဆိုလို့ရှိရင်ဖြင့် ငြင်း ဖို့မလိုဘူး (မလိုပါ) အခု အောက်ပိုင်းက ဒကာ ဒကာမတို့ ရွှေပေါ်သလား၊ ဒုက္ခဝေဒနာပေါ်နေသလား (ဒုက္ခဝေဒနာ ပေါ်နေပါတယ် ဘုရား)။
အထက်ပိုင်းကတော့ ပန်ကာကလေး ဘာကလေးကြိုက်တဲ့ ပုဂ္ဂိုလ်ဟာ အထက်ပိုင်းမှာတော့ ဘာဝေဒနာပေါ်နေ သတုံး (သုခဝေဒနာပေါ်နေပါတယ်) သုခဝေဒနာပေါ်နေတယ်၊ တရားသံကလေးကြားလိုက်တော့ ဘာဝေဒနာပေါ် သတုံး (ဥပေက္ခာဝေဒနာပေါ်ပါတယ် ဘုရား)။
ဟာ ဒါဖြင့် ဦးမာဒင် ဝေဒနာမပြတ်ပါဘူး (မပြတ်ပါ ဘုရား) တစ်နေ့ရွှေ, တစ်နေ့ငွေ မလုပ်ပါနဲ့တော့ (မှန်ပါ့ ဘုရား)။
ဘာမပြတ်တာပါလိမ့် (ဝေဒနာမပြတ်တာပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ အရိယာမျက်လုံးကလေး တပ်လာတော့မှ ဘယ်အချိန် ဝေဒနာကင်းသတုံး မေးလိုက်တယ် (ဘယ်အချိန် မှ မကင်းပါဘုရား)။
ဪ ဒါဖြင့် ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် ဝေဒနာအစုအခဲကြီး, ဝေဒနာအစုအပုံကြီး ဆိုတဲ့ဥစ္စာ အရိယာမျက်လုံး ကလေးတပ်ပေးလိုက်တော့မှ ဝေဒနာပေါ်တိုင်း, ပေါ်တိုင်း သတိထားလိုက်တော့မှ ပုဂ္ဂိုလ်သတ္တဝါ အလိုက်ပျောက်ပြီး သကာလ ဝေဒနာအစုအစိုင်အခဲကြီး ဝေဒနာတို့၏ ဖြစ်ရာဌာနကြီး (မှန်ပါ့) လူသည် ရူပက္ခန္ဓာ ဆိုတဲ့ ဆေးရုံကြီးဆောက်ထားလို့ ဝေဒနာဆိုတဲ့ ဝေဒနာသည် အမျိုးမျိုးရောက်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ရူပက္ခန္ဓာဆေးရုံကြီး
ရူပက္ခန္ဓာဆေးရုံကြီး ဆောက်မိတာနဲ့ (ဝေဒနာသည်အမျိုးမျိုး ရောက်လာပါတယ်) ဝေဒနာသည် အမျိုးမျိုး ရောက်လာတယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ်ရေ လူ့ဘဝ ဆုတောင်းလိုက်တာနဲ့ ဒီရူပက္ခန္ဓာကြီး ဆေးရုံကြီးသွားဆုတောင်းမိတာနဲ့ အခုတော့ ဖြင့် ကျက်သရေ မင်္ဂလာရှိသလား၊ ဝေဒနာသည်တွေချည်း ရောက်နေသလား (ဝေဒနာသည်တွေချည်း ရောက်နေပါ တယ်ဘုရား)။
ဖဿပစ္စယာ ဒုက္ခဝေဒနာ-ဖဿပစ္စယာ သုခဝေဒနာ-ဖဿပစ္စယာ ဥပေက္ခာဝေဒနာ (မှန်ပါ့) ဒကာ ဒကာမ တို့ ဝေဒနာကင်းကြရဲ့လား (မကင်းပါ ဘုရား)။
ဒကာ ဒကာမတို့ ဒါ ဘာမျက်လုံးပါလိမ့် (အရိယာမျက်လုံးပါ) အရိယာမျက်လုံးတပ်လိုက်တော့မှ ဦးမာဒင် အဖြေမှန်လာတယ် (မှန်ပါ့) အဖြေမမှန်ကြသေးဘူးလား (မှန်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နေရာထားရင် ဝေဒနာကင်းပါ့မတုံး (ဘယ်နေရာမှ မကင်းပါဘုရား)။
ဟာ ဘယ်နေရာမှ ဝေဒနာမကင်းဘူး၊ ဒကာ ဒကာမတို့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မကင်းတော့ ဒီဝေဒနာတွေက တစ်ခါ ဒကာ ဒကာမတွေ နှိပ်စက်သေးတယ် (မှန်ပါ့ ဘုရား)။
ဝေဒနာတွေက (နှိပ်စက်ပါသေးတယ်) ဘယ်လိုများ နှိပ်စက်ပါသတုံးလို့ မေးတဲ့အခါကျတော့ ဒီဝေဒနာက အင်း ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုလည်း နှိပ်စက်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သံသရာရောက် အောင်ကော (နှိပ်စက်ပါတယ် ဘုရား)။
ဟော ဒုက္ခဝေဒနာနောက်က ဒေါသ, သောက, ပရိဒေဝ, ဥပါယာသ, အဝိဇ္ဇာဆိုတော့ သံသရာမနှိပ်စက် ဘူးလား (နှိပ်စက်ပါတယ် ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်
သုခဝေဒနာကတော့ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ မရဏ မလိုက်ဘူးလား (လိုက်ပါတယ်) သူကလည်း ပစ္စုပ္ပန်လည်း နှိပ်စက် (မှန်ပါ့) သံသရာကော (နှိပ်စက်ပါတယ် ဘုရား)။
ဒါ့ကြောင့် ဝေဒနာဟာ ဒုက္ခသစ္စာ (မှန်ပါ့) ညှာတာမဖက် အမြဲနှိပ်စက်သောကြောင့် (ဒုက္ခသစ္စာပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဥပေက္ခဝေဒနာပေါ်မှန်း မသိတော့ ဒကာ ဒကာမတို့ မသိတာက အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ (သင်္ခါရာ ပါ) သင်္ခါရာပစ္စယာ (ဝိညာဏံပါ) ဇာတိ, ဇရာ, မရဏကျအောင် မသွားဘူးလား (သွားပါတယ်) အင်း ဒါ ဥပေက္ခာဝေဒနာလည်း သံသရာမနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ်) ယခုကော ဖြစ်ပျက်အဖြစ်နဲ့ မနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ် ဘုရား)။
ဟာ ဒါဖြင့် ခင်ဗျားတို့ ဝေဒနာက္ခန္ဓာကြီးသည်ကားလိုဆိုရင် ဒကာ ဒကာမတို့ သံသရာလည်း ပဋိစ္စသမုပ္ပါဒ် အဖြစ်နဲ့ နှိပ်စက်လိုက်သေး (မှန်ပါ့ ဘုရား)။
ပစ္စုပ္ပန်လည်း နှိပ်စက်, သံသရာလည်း နှိပ်စက် (မှန်ပါ့) ဒကာ ဒကာမတို့ ဝေဒနာမရှိမှ အေးမယ် (မှန်ပါ့ ဘုရား)။
ဝေဒနာမရှိမှ ဒကာကြွယ် (အေးပါမယ်) ဝေဒနာမရှိဆိုတော့ ခန္ဓာမရှိတာပဲ (မှန်ပါ့) ခန္ဓာကိုယ်ကြီးက ဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ့) သူမရှိရင် (အေးပါတယ်) အေးတာပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မဂ္ဂင်ကလေးတွေ လိုက်လိုက်ပေးပါ
ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဝေဒနာတွေလှည့်ရှု (မှန်ပါ့) ဝေဒနာလှည့်ရှုပြီး ဝေဒနာနောက်ကနေပြီး သကာလ ဒကာ ဒကာမတွေက မဂ္ဂင်ကလေးတွေ လိုက်လိုက်ပေးပါ (မှန်ပါ့ ဘုရား)။
မဂ္ဂင်လိုက်ပေးတော့ မဂ္ဂင်ငါးပါးနဲ့ ဝေဒနာတွေကို ဒကာ ဒကာမတွေက ဖြစ်ပျက် ဖြစ်ပျက်နဲ့သာ လိုက်ရှုနေ (မှန်ပါ့) သုခဝေဒနာလာလည်း ဖြစ်ပျက်ရှု (မှန်ပါ့) ဒုက္ခဝေဒနာလာလည်း (ဖြစ်ပျက်ရှုရပါမယ်) ဥပေက္ခာဝေဒနာ လာလည်း (ဖြစ်ပျက်ရှုရပါမယ်) ဝမ်းထဲ သောမနဿလာကော (ဖြစ်ပျက်ရှုရပါမယ်) ဝမ်းထဲ ဒေါမနဿလာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) ဝမ်းထဲမှာ ဥပေက္ခာလာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အကုန်ရှု-အကုန်ရှု အကုန်ရှု ဒကာ ဒကာမတို့နော် (မှန်ပါ့) ရှုလိုက်တဲ့အခါကျတော့မှ ဪ ဘာတွေများ ရှုနေသတုံးလို့ မေးလိုက်တဲ့အခါ ပထမတော့ဖြင့် ဝေဒနာပဲ ဘုရား (မှန်ပါ့) နောက်ကျတော့ဖြင့် ဒုက္ခသစ္စာတွေရှုနေ ရတယ် (မှန်ပါ့ ဘုရား) ဖြစ်ပြီးပျက်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
အင်း နာတာကလေးနဲ့ ပထမတွေ့တုန်းကတော့ ဝေဒနာပဲ (မှန်ပါ့) နောက်ဉာဏ်နဲ့ စိုက်လိုက်တဲ့အခါကျ တော့ ဘာတွေ့သလဲ (ဒုက္ခသစ္စာတွေ့ပါတယ်) ဖြစ်ပျက်ဒုက္ခသစ္စာတွေ့တယ် (မှန်ပါ့ ဘုရား)။
အဲဒီလို ရှုလိုက်တဲ့အခါကျတော့မှ ဪ ခဏခဏမွေး၊ ခဏခဏသေတဲ့ရောဂါသည်ပါကလား (မှန်ပါ့)။
ဘယ်လိုဆိုကြမလဲ (ခဏခဏမွေးပြီး၊ ခဏခဏသေတဲ့ ရောဂါသည်ပါဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒကာ ဒကာမတို့ ကျန်းမာကြရဲ့လား၊ ခဏခဏမွေးပြီး၊ ခဏခဏသေနေကြရသလား (ခဏခဏ မွေးပြီး၊ ခဏခဏ သေနေကြရပါတယ်ဘုရား) ဘာနဲ့ သေသတုံး၊ ဒီဝေဒနာနဲ့ ဘုရား (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘာနဲ့ သေသတုံး (ဝေဒနာနဲ့ပါ ဘုရား) ဝေဒနာနဲ့ သေကြတယ် (မှန်ပါ့)။
ဝေဒနာက နှိပ်စက်မှာပါ
ဒါဖြင့် ဒကာ ဒကာမတို့ နတ်ပြည်ရောက်လည်း ဒီဝေဒနာက္ခန္ဓာကြီးက နေရစ်ပါ့မလား (မနေရစ်ပါ ဘုရား) အင်း နတ်ပြည်ရောက် ဘာနဲ့ သေကြမလဲ (ဝေဒနာနဲ့ သေမှာပါဘုရား) နှိပ်စက်တော့ ဘယ်သူက နှိပ်စက်မှာ တုံး (ဝေဒနာက နှိပ်စက်မှာပါဘုရား)။
ဟာ ဝေဒနာက နှိပ်စက်၊ ဝေဒနာက သေပွဲတွန်းလိုက် (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်နေရာမှာ ခင်ဗျားတို့သည်ကားလို့ ဆိုရင် နတ်စည်းစိမ်ဆိုတာ သူများပြောပါပဲ (မှန်ပါ့) ခင်ဗျားတို့ကလည်း ရမ်းယုံတာ (မှန်ပါ့)။ နတ်စည်းစိမ်လား- ဟိုမှာ သေပွဲသွားရတာလား (သေပွဲသွားရတာပါ ဘုရား) ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါ ပြီ ဘုရား)။
အဲဒီတော့ ရောဂါတွေက ဟိုပါသွားတယ် (မှန်ပါ့) ဝေဒနာရောဂါတွေက (ဟိုပါသွားပါတယ် ဘုရား)။
နတ်ပြည်မကောင်းပါဘူး၊ ဗြဟ္မာ့ပြည် ရွှေ့ပါဦးမယ်ဆိုတော့ ဒီဝေဒနာတွေက နေရစ်သလား၊ ဟိုမှာ အသစ်တွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဝေဒနာအသေးပေါ်သလား၊ အကြီးပေါ်သလား (အကြီးပေါ်ပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတွေက မသိတော့ သုံးဆယ့်တစ်ဘုံကြီးကို တစ်ခါတည်း နိဗ္ဗာန်ဘုံကြီးထင်ပြီးသကာလ နေကြတယ် (မှန်ပါ့) ဟိုရွှေ့ ဒီရွှေ့နဲ့ ဒကာ ဒကာမတွေ အရွှေ့မှားကုန်ပြီ (မှန်ပါ့ ဘုရား)။
အရွှေ့မှားကုန်ပြီ
ဒကာကြွယ် ဘာတဲ့ (အရွှေ့မှားကုန်ပါပြီ ဘုရား) အရွှေ့မှားကုန်ပြီဆိုတာ တဏှာက ရွှေ့တာနော် (မှန်ပါ့) တဏှာက ဟိုတောင်း-ဒီတောင်းနဲ့ဆိုတော့ ဦးမာဒင်ရေ မမှားဘူးလား (မှားပါတယ် ဘုရား)။
မှားတော့ ဒီနေရာမှာ ဝေဒနာမကင်းလို့ ဟိုနေရာမှာကော ဝေဒနာကင်းသလား (မကင်းပါ ဘုရား) ဗြဟ္မာ့ပြည် မှာ (မကင်းပါ ဘုရား) စကြစတေးမန္ဓာတ်ဖြစ်တော့ကော (မကင်းပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာမရှိမှပဲ ကျုပ်တို့ ချမ်းသာတော့မယ် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ဝေဒနာမရှိမှ ချမ်းသာမှာပါဘုရား) ဝေဒနာမရှိမှဘဲ ချမ်းသာတော့မယ်ဆိုတာ သေသေ ချာချာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဒကာ ဒကာမတို့ ဝေဒနာမရှိအောင် လုပ်ကြပေတော့ဆိုတော့ ဝေဒနာသည်ကားလို့ဆိုရင် ခန္ဓာ (မှန်ပါ့) ဝေဒနာနောက်က နောက်ခန္ဓာမလိုက်အောင် ကျုပ်တို့ လုပ်ရလိမ့်မယ် (မှန်ပါ့) ဒီဝေဒနာကတော့ဖြင့် ကျုပ်တို့ မရုန်းနိုင်ဘူး (မှန်ပါ့) ဆုတောင်းပြည့်နေလို့ (မှန်ပါ့)။
လူဖြစ်ရပါလို၏ဆိုတော့ ဝေဒနာသုံးမျိုးက ကျုပ်လိုက်ခဲ့ဦးမယ် (မှန်ပါ့) နတ်ဖြစ်ရပါလို၏ဆိုတော့ (ဝေဒနာ သုံးမျိုးက ကျုပ်လိုက်ခဲ့ဦးမယ်ဘုရား)။
ဗြဟ္မာဖြစ်ရပါလို၏ (ဝေဒနာသုံးမျိုးက ကျုပ်လိုက်ခဲ့ဦးမယ်ဘုရား) သူတို့မပါဘဲနဲ့လည်း ဗြဟ္မာရယ်လို့ သမုတ်လို့ မဖြစ်ဘူး (မဖြစ်ပါ ဘုရား) သူတို့မပါဘဲနဲ့ နတ်လို့ကော (မဖြစ်ပါ ဘုရား) သမုတ်လို့ မဖြစ်ဘူးဆိုတာ ပေါ်လာကြ ပလား (ပေါ်လာပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ နတ်ဝေဒနာနဲ့ သေချင်သလား၊ ဗြဟ္မာ့ဝေဒနာနဲ့ သေချင်သလား၊ လူ့ဝေဒနာနဲ့ သေချင်သလား၊ ဒကာကြွယ် တောင်းစမ်း (ဘယ်ဝေဒနာနဲ့မှ မသေချင်ပါ ဘုရား)။
အင်း ဒီကျတော့ မျက်လုံးကလေးပွင့်လာတယ် (မှန်ပါ့) မျက်လုံးကလေးပွင့်လာတယ်၊ ဒါ ဘာဖြစ် လာတာလဲ (မျက်လုံးပွင့်လာတာပါ ဘုရား) ရောဂတော သဘောကျလာတာ (မှန်ပါ့ ဘုရား) ဪ ရောဂါချည်း ပါကလား၊ ဘယ်နေရာမှ မလွတ်ပါလား (မှန်ပါ)။
မျက်လုံးမတပ်ရသေးလို့
”ရောဂတော ဂဏ္ဍတော သလ္လတော အဃတော အာဗာဓတော” ဒီတောငါးခုကို မာဂဏ္ဍီ မင်းမမြင်တာဟာကွာ တဲ့ ခုနင်က မျက်လုံးမတပ်ရသေးလို့ပါ (မှန်ပါ့) အခုတော့ မျက်လုံးတပ်လိုက်တဲ့အခါကျတော့ ရောဂတောဆိုတာလည်း ဟုတ်ပါပေတယ် (မှန်ပါ့) ဂဏ္ဍတော = အိုင်းအမာနဲ့တူတယ်ဆိုတာကော (ဟုတ်ပါတယ် ဘုရား) သလ္လတော ခဏခဏ ရွှေ့နေရတယ်ဆိုတာကော (ဟုတ်ပါတယ် ဘုရား) ငြောာင့်စူးလို့လေ (မှန်ပါ့) ခန္ဓာကြီးက ရွှေ့-ရွှေ့ မနေရဘူးလား (နေရပါတယ် ဘုရား) အဃတောတဲ့ ဘာမှကော အသုံးကျသေးရဲ့လား (မကျပါ ဘုရား) သဘောကျပလား (ကျပါပြီ) အာဗာဓတောတဲ့ အနာမျိုးစုံနဲ့ကော မနေရဘူးလား (နေရပါတယ် ဘုရား)။
အဲဒါ အရိယာမျက်လုံးတပ်လာတော့မှ ဒါတွေကို ခန္ဓာထဲမှာ မြင်လာတယ်ကွတဲ့ (မှန်ပါ့ ဘုရား) ဒါတွေ မြင်လာတော့ ဒကာ ဒကာမတို့ဘဲ စဉ်းစားပါတော့တဲ့၊ ဒါတွေ ဖြစ်ပျက်, ဖြစ်ပျက်နဲ့ မြင်လာတော့ စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား) မစွဲလမ်းတော့ ဥပါဒါန နိရောဓာ ဘယ့်နှယ်ဆိုကြမလဲ (ဘဝနိရောဓောပါ ဘုရား) ဘဝနိရောဓာ (ဇာတိနိရောဓောပါ) ဇာတိနိရောဓာ (ဇရာ, မရဏ, နိရောဓောပါ ဘုရား)။
ဪ ဒီကျမှပဲ ကိုယ့်အဝတ်အစားကြီးဟာ ဆီသုတ်တဲ့ အဝတ် မည်းလှစွာသော သိုးမွှေးကြီးနဲ့ ခြုံထားတဲ့ ခန္ဓာကြီးပါကလား (မှန်ပါ့) နဂိုရ်မျက်စိမမြင်တုန်းကတော့ ကိုယ့်အဝတ်နဲ့ ကိုယ်လိုက်နေတာပဲ (မှန်ပါ့)။
တဏှာလှည့်စားလို့ ဝတ်ထားတာ
အခုတော့ဖြင့် ကိုယ့်အဝတ်နဲ့ကိုယ် လိုက်သလား၊ ဒကာ ဒကာမတို့ ဒီအဝတ်ကြီးကိုဖြင့် တဏှာလှည့်စားလို့ ဝတ်ထားတာပါနော် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒီခန္ဓာကြီး ရထားတာက (တဏှာလှည့်စားလို့ရထားတာပါ ဘုရား)။
တဏှာလှည့်စားလို့ ဝတ်ထားတာ၊ အဲဒီတဏှာကို အခုတော့ဖြင့် ဒကာ ဒကာမတွေက မျက်စိနှစ်ကွင်းလည်း အလင်းရပါရော သူလိမ်တာ ယုံသေးရဲ့လား (မယုံပါ ဘုရား)။
ကိုယ်ဝတ်ထားတဲ့အဝတ်ကြီးက ရောဂါတွေ ဝတ်ထားတာကိုး (မှန်ပါ့ ဘုရား) မည်းနေတာတွေ ဝတ်ထားတယ် ဟုတ်လား (မှန်ပါ့ ဘုရား) ကြည့်မကောင်းတာတွေ (ဝတ်ထားပါတယ် ဘုရား)။
အဲ ကိုယ့်ခန္ဓာကိုယ် တစ်ကိုယ်လုံးထဲမှာ ဒကာ ဒကာမတို့ အကောင်းပါကြရဲ့လား (မပါပါ ဘုရား)။
အဲဒီတော့ အကောင်းမပါတော့ ဘယ်ဆုတောင်းချင်သေးသတုံး (ဘယ်ဆုမှ မတောင်းချင်ပါဘုရား) နောက်ထပ် ဒီခန္ဓာအဝတ်ကြီးကော ဝတ်ချင်သေးရဲ့လား (မဝတ်ချင်ပါဘုရား) မဝတ်ချင်တော့ ခန္ဓာစွဲတဲ့ ဥပါဒါန်ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဆိုကြစမ်းပါ၊ ဥပါဒါနနိရောဓာ (ဘဝနိရောဓောပါ ဘုရား) ဘဝနိရောဓာ (ဇာတိနိရောဓောပါ ဘုရား) ဇာတိနိရောဓာ (ဇရာ, မရဏ, နိရောဓောပါ ဘုရား)။
စွဲလမ်းတာပြုတ်တော့ နိဗ္ဗာန်
ဇရာမရဏနိရောဓောဆိုတော့ ဦးမာဒင်တို့က သိပြီ (မှန်ပါ့) ဪ သူ့စွဲလမ်းတာ ပြုတ်တော့လည်း နိဗ္ဗာန်ကိုး (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (သူ့စွဲလမ်းတာပြုတ်တော့ နိဗ္ဗာန်ပါဘုရား)။
ရောဂါမှန်းသိသည်နဲ့ တစ်ပြိုင်နက်တည်း စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား) မစွဲလမ်းတော့ကို ဥပါဒါန် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
စွဲလမ်းတာက ဥပါဒါန်၊ မစွဲလမ်းတာက ဥပါဒါန်ချုပ်တာ (မှန်ပါ့) ဥပါဒါန်ချုပ်လို့ရှိရင်ဖြင့် ကံကော (ချုပ်ပါ တယ် ဘုရား) ကံချုပ်ရင် နောက်လာမည့်ဇာတိ (ချုပ်ပါတယ် ဘုရား) ဇရာမရဏကော (ချုပ်ပါတယ် ဘုရား) သောကပရိဒေဝ (ချုပ်ပါတယ် ဘုရား)။
အဲဒါတွေချုပ်တာ ဒကာသစ်တို့က, ဦးမာဒင်တို့က ဆုံးဖြတ်ချက်ချ။ ဒါတွေ ဘာတွေပါလိမ့်မတုံး (နိဗ္ဗာန်ပါ) ဪ နိဗ္ဗာန်တွေပါလား (မှန်ပါ့) ဒီကျမှ နိဗ္ဗာန်သိတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် မာဂဏ္ဍီကိုပြောတာ၊ သူက နဂိုရ်တုန်းက “အာရောဂျပရမာလာဘာ” ဆို သူ့ခန္ဓာကိုယ်ကြီး ပုတ်ပြ တယ် (မှန်ပါ့) ဒါပဲ နိဗ္ဗာန်ဆိုတာလည်း ဒါပဲ (မှန်ပါ့) အနာကင်းတဲ့ လာဘ်အကြီးဆုံးဆိုတာလည်း ဒီခန္ဓာကြီးပဲ၊ နိဗ္ဗာန်ဆိုတာလည်း ဒါပဲ (မှန်ပါ့)။
ဘယ်သူက လှည့်စားတာတုံး
ဒီလိုပဲ ပြောနေတာ အခု သေသေချာချာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရောဂါတွေဖော်ပြပြီး ဝေဒနာ နုပဿနာတွေ ဟောလိုက်တဲ့အခါကျတော့မှတဲ့ ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ နဂိုရ်က တဏှာကလှည့်စားလို့ ခက်နေကြတာ (မှန်ပါ့) ဒီခန္ဓာ့အဝတ်ကြီးကို ဝတ်နေကြတာ (မှန်ပါ့) ဘယ်သူက လှည့်စားတာတုံး (တဏှာက လှည့် စားတာပါ ဘုရား)။
အခု သေသေချာချာ တဏှာကလှည့်စားတာ မျက်စိနှစ်ကွင်း အလင်းရအောင် ဘုရားဟောတဲ့နည်းအတိုင်း ဘုန်းကြီးက ကူညီလိုက်တော့ ဒကာ ဒကာမတွေ ရောဂါတွေ မမြင်သေးဘူးလား (မြင်ပါတယ် ဘုရား) ရောဂါအဝတ် ကြီး ဝတ်နေရတယ်၊ အရုပ်ဆိုးတာကြီး ဝတ်နေရတယ် (မှန်ပါ့) အဲဒီတော့ စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား)။
ဖြစ်ပျက်တွေမြင်တော့ စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား) ရောဂါမှန်းသိတော့ စွဲလမ်းသေးရဲ့လား (မစွဲလမ်းပါ ဘုရား)။
ဒါဖြင့် ဘာချုပ်သွားသတုံး (ဥပါဒါန်ချုပ်သွားပါတယ်) အဲ ဥပါဒါန်ချုပ်ပြီးရင် နောက် ဘာချုပ်ဦးမယ် (ကံချုပ်ပါမယ် ဘုရား)။
ကံချုပ်ပြီးရင် ဘာချုပ်ဦးမယ် (ဇာတိချုပ်မှာပါ) ဇာတိ ဇရာ မရဏတွေ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါမှ နိဗ္ဗာန်ပါကလား
ဪ မျက်စိနှစ်ကွင်း အလင်းလည်းရပါရော ဒကာ ဒကာမတို့ ဪ ဒါမှ နိဗ္ဗာန်ပါကလား (မှန်ပါ့) ဇာတိဇရာမရဏချုပ်တာမှ နိဗ္ဗာန်ပါလား၊ ရောဂါကင်းတာက ဒါပါလားဆိုတာ အလင်းရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ရောဂါကင်းတာ နိဗ္ဗာန် (မှန်ပါ့) ရောဂါရှိတာက ခန္ဓာ (မှန်ပါ့)။
အဲဒီတော့ ရောဂါရှိမှန်းသိတော့ ခန္ဓာကြီးစွဲသေးရဲ့လား (မစွဲပါ ဘုရား) မစွဲတာဟာ ဘယ်သူချုပ်တာလဲ (ဥပါဒါန် ချုပ်တာပါဘုရား)။
ဥပါဒါန်ချုပ်တော့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အတိုင်း သွားရမှာ ဥပါဒါချုပ်ပြီး ကံချုပ်ရုံရှိမှာပဲ (မှန်ပါ့) ကံချုပ်ရင် ဇာတိဇရာမရဏတွေကော (ချုပ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတွင်မှ မာဂဏ္ဍီပရဗိုဇ်က ဪ တပည့်တော် တစ်သံသရာလုံး ဆီသုတ်တဲ့အဝတ်ထဲ မည်းနေတဲ့ သိုးမွှေးကြီး ဝတ်ပြီးသကာလ တဏှာကလှည့်စားပြီးနေလို့ မျက်လုံးစုံလုံးကန်းဆိုတာ ယုံပြီဘုရာ့ (မှန်ပါ့) အခုတော့ဖြင့် မျက်စိနှစ်ကွင်း ရောဂါကင်းဆိုတာက ဇာတိဇရာမရဏချုပ်မှပါလား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဇာတိဇရာမရဏချုပ်မှ နိဗ္ဗာန်
ဒါဖြင့် ဒကာကြွယ် ရောဂါကင်းတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ) ဘာချုပ်မှပါလိမ့် (ဇာတိဇရာမရဏ ချုပ်မှပါ ဘုရား)။
ဒါဖြင့် ဇာတိဇရာမရဏချုပ်တာ နိဗ္ဗာန်ဆိုတာ ထင်ရှားပလား (ထင်ရှားပါပြီ ဘုရား)။
ဒါဖြင့် ရောဂါက ဒုက္ခသစ္စာ, သဘောကျပလား (ကျပါပြီ) မြင်တာက (မဂ္ဂသစ္စာပါ) မဂ္ဂသစ္စာတဲ့၊ တဏှာဥပါဒါန် ချုပ်တာက သမုဒယသေတာ (မှန်ပါ) နောက် ဇာတိဇရာမရဏတွေ မလာတာက (နိရောဓသစ္စာပါ ဘုရား) သစ္စာလေးပါးဟောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင်တော်ကြပါဦးစို့။
သာဓု သာဓု သာဓု။