11903

မာတိကာသို့

ရှင်အာနန္ဒာ သောတာပန်တည်ပုံ

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း – မိုးကုတ်ဆရာတော်ဘုရား

အမရပူရမြို့ဓမ္မာရုံ၌ – ဟောကြားတော်မူသော

(ရှင်အာနန္ဒာ သောတာပန်တည်သည့်)နေ့အလုပ်ပေး-တရားတော်

(၉-၉-၆၁)

အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတာ

အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတာ ဒကာ ဒကာမတို့ အပါယ်လေးပါးရောက်ကြောင်းပိတ်လို့ ပိတ်တယ်လို့ မှတ်ထားရမယ်နော် (မှန်ပါ့)။

အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတာ ဘာပါလိမ့် (အပါယ်လေးပါးရောက်ကြောင်း ပိတ်တာပါ ဘုရား) အပါယ် လေးပါး ရောက်ကြောင်းတရား ကိုယ့်သန္တာန်မရှိလို့ ပိတ်တယ် (မှန်ပါ့)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ အပါယ်လေးပါးတံခါး ပိတ်တယ်ဆိုတဲ့ဥစ္စာ အပါယ်လေးပါး တံခါးဖွင့်တာ လည်း ကိုယ့်သန္တာရှိတဲ့ တရားက ဖွင့်တာ (မှန်ပါ့ ဘုရား) အပါယ်လေးပါး တံခါးပိတ်တာကော (ကိုယ့်သန္တာန်ရှိတဲ့ တရားက ပိတ်တာပါ ဘုရား)။

ကိုယ့်သန္တာန်ရှိတဲ့တရား ချုပ်ငြိမ်းရုပ်သိမ်းရင် အပါယ်လေးပါး တံခါးပိတ်တယ်လို့ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ရမယ် (မှန်ပါ့ ဘုရား) ဒီတရားကို လက်သည်ရှာကြစို့ (မှန်ပါ့)။

ကိုင်း တရားနာကြ တရားနာကြ၊ ဒကာ ဒကာမတို့ သန္တာန်မှာရှိတဲ့ ဒိဋ္ဌိဆိုတဲ့တရားသည် အပါယ် လေးပါး၏ တံခါးဖွင့်တတ်တဲ့ တရားလို့ မှတ်ထားလိုက်ပါ (မှန်လှပါ)။

ဒိဋ္ဌိဆိုတဲ့တရားသည် အပါယ်လေးပါး၏ တံခါးကို ဖွင့်ပေးနေတာ၊ ဝမ်းထဲက ဒိဋ္ဌိဆိုတဲ့တရားပဲလို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

အဲဒီ ဒိဋ္ဌိတရားကို ဒကာ ဒကာမတွေက ဆရာသမားပေးတဲ့ နည်းဘုရားပေးတဲ့နည်းနဲ့ ဒီဒိဋ္ဌိကို တဒင်္ဂဖြတ်ဖြတ် ဝိက္ခမ္ဘနဖြတ်ဖြတ် သမုစ္ဆေဒဖြတ်ဖြတ်တဲ့ ဖြတ်နိုင်လို့ရှိရင် တဒင်္ဂဖြတ်လည်း တဒင်္ဂလွတ်ရတာပဲ (မှန်ပါ့) ဝိက္ခမ္ဘန တော်တော်ကြာကြာဖြတ်လည်း တော်တော်ကြာကြာပဲ အပါယ်လေးပါးက လွတ်တာပဲ (မှန်ပါ့ ဘုရား)။

ဟာ သူ့ကိုဖြင့် ဝမ်းထဲမရှိအောင်ပဲ ငါတို့ဖြတ်ပါတော့မယ် ဆိုလို့ရှိရင်လည်း ဒကာ ဒကာမတို့ ဘယ်အခါ ကာလမှ အပါယ်နဲ့ ဆက်သွယ်ရေးမရှိပါဘူး (မှန်ပါ့)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဒီအပါယ်လေးပါး ရောက်ရမှာ ကြောက်စရာကောင်းတယ် (မှန်ပါ့) အဘယ့်ကြောင့်ဆိုသော် တဲ့ ဒကာ ဒကာမတို့ တက်ပြီး ပြန်ပြီး သကာလ လူ့ပြည်၊ နတ်ပြည်ရောက်ဖို့ အရေးဟာ ဒကာကြွယ် အတော်ဝေးတယ်နော် (ဝေးပါတယ် ဘုရား)။

အပါယ်လေးပါးဆိုတာကိုယ်အမြဲနေတဲ့နေရာ

အဲဒါတွေ ဉာဏ်ထဲရောက်ပြီး သကာလ ဒကာ ဒကာမတွေက ဘုရားသခင်ကိုယ်တော်မြတ်ကြီး ** အလိုတော်သိက ဟောလိုက်တော့ “စတ္တာရော အပါယာ သကာဂေဟ သဒိသာ” စတ္တာရော = လေးပါးကုန်သော၊ အပါယာ = အပါယ်ဘုံ တို့သည်၊ သကဂေဟသဒိသာ = မိမိတို့အမြဲနေရာ အိမ်ဂေဟာကြီးပဲလို့ ဟောတယ် (မှန်ပါ့) အပါယ်လေးပါးဆိုတာ ဒကာ ဒကာမတို့ ကိုယ်အမြဲနေတဲ့နေရာပဲ (မှန်ပါ့)။

** မြတ်စွာဘုရားအလိုတော်သိ-ဆိုသည်မှာ အဋ္ဌကထာဆရာကို ဆိုခြင်းဖြစ်သည်။ (ဗုဒ္ဓမကညူ အဋ္ဌကထာဆရာ) ဆိုသော စကား၏ အဓိပ္ပာယ်ပင် ဖြစ်၏။

လူ့ပြည်ဆိုတာ ဒကာ ဒကာမတွေ အခု ဘုန်းကြီးများနဲ့ ခဏလာတွေ့ကြတာ (မှန်ပါ့) ဒီဒိဋ္ဌိမပြုတ်သ၍ကာလ ပတ်လုံး ဒကာ ဒကာမတို့ သီလဆောက်တည်နေလည်း ကျရဦးမှာပဲ (မှန်ပါ့) ဒါနတွေလုပ်နေလည်း ဒါနကျေးဇူးကြောင့် သုဂတိတော့ ရောက်ဦးမှာပဲ (မှန်ပါ့) သူ့မှာ ဒိဋ္ဌိက မပြုတ်သေးလို့ ပြန်ဆွဲချဦးမှာပဲ (မှန်ပါ့)။

အဲဒါကြောင့် ငှက်တစ်ကောင်ကို ကြိုးချည်လွှတ်လိုက်သလိုပဲလို့ ဒကာသစ်တို့၊ ဦးမာဒင်တို့က မှတ်ရမယ် (မှန်ပါ့)။

ငှက်တစ်ကောင်ကို ကြိုးချည်လွှတ်လိုက်တဲ့အခါကျလို့ရှိရင် ငှက်စွမ်းရည်သတ္တိကြောင့် ပျံငြားသော်လည်း ကြိုးက ပါသွားတဲ့အတွက် နောက်ဆုံးပိတ် ကြိုးကိုင်တဲ့လူ၏ ခြေရင်းမှာပဲ ပြန်ကျရတယ် (ကျရပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် တုံးဆိုတော့ ကြိုးပါသွားလို့ (မှန်လှပါ)။

အရေးတကြီး ဒိဋ္ဌိဖြုတ်မှပါလား

ထို့အတူပဲတဲ့၊ ဒါန, သီလတွေကြောင့် သမထတွေကြောင့် လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည် ဖြစ်ငြားသော်လည်း ဒိဋ္ဌိကြိုးပါသွားရင် အပါယ်လေးပါးတည်းဟူသော ခြေရင်းမှာ ပြန်ကျရမယ် (မှန်ပါ့)။

အဲဒါတွေ ထောက်ကြည့်တော့ ဪ ငါတို့သည် အရေးတကြီး ဒိဋ္ဌိဖြုတ်မှပါလားဆိုတာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဪ ဒကာ ဒကာမတို့ အပါယ်လေးပါး၏ ရေသောက်မြစ်၊ အပါယ်လေးပါးကျစေတတ်တဲ့ တရားအစစ် ဘယ်ဟာပါလိမ့်မလဲ (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိပဲဆိုတာ သေသေချာချာ မှတ်ထားကြပါ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒိဋ္ဌိကို ယနေ့တော့ဖြင့် ရှင်းပြီး သကာလ ဒီဒိဋ္ဌ ဘယ်ကလာပါလိမ့်မလဲ ဘယ် အကြောင်းပြုပြီး ဘယ့်နှယ်ကြောင့် ဒီဒိဋ္ဌိ ဒို့ဝမ်းထဲမှာ ကိန်းနေပါလိမ့်မလဲဆိုတဲ့ ဥစ္စာ ဒကာသစ်တို့၊ ဦးမာဒင်တို့ မေးဖို့ အကြောင်းကြုံလာတယ် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိဟာ အလိုလိုမလာဘူး ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဒိဋ္ဌိဟာ မိုးပေါ်ကျမဟုတ်ပါ ဘူး (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိ မိုးပေါ်ကျမဟုတ်ပါဘူး၊ ဒိဋ္ဌိဟာ ဒကာ ဒကာမတွေ၏ အမြင်မှား, အထင်မှား, အယူမှားကြောင့် လာတယ် ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့)။

အဲဒါကြောင့် ရှင်အာနန္ဒာ၏ဆရာ ရှင်ပုဏ္ဏဆိုတာရှိတယ်လို့ မှတ်ထားပါနော် (မှန်ပါ့) ရှင်အာနန္ဒာ့ဆရာဟာ ဘယ်သူပါလိမ့် (ရှင်ပုဏ္ဏပါ ဘုရား)။

သောတာပန်တည်အောင် ဟောနိုင်တဲ့ပုဂ္ဂိုလ်

အဲ ရှင်ပုဏ္ဏဆိုတာကလည်း ဒကာ ဒကာမတို့ သူသာ ဟောရလို့ရှိရင်ဖြင့် ကိုးရာစလုံး – ဒီနား တရားနာ နေတဲ့ရဟန်းကိုးရာ-ကိုးရာစလုံး သောတာပန်တည်အောင် ဟောနိုင်တဲ့ပုဂ္ဂိုလ် (မှန်ပါ့) အဲဒါလောက်ပဲ တရားဟောတဲ့ နေရာမှာ ဧတဒဂ်ရပြီး စွမ်းရည်သတ္တိ ထက်မြက်တဲ့ပုဂ္ဂိုလ်လို့ မှတ်ထားပါ (မှန်ပါ့)။

အဲဒီတရားကို ဒကာ ဒကာမတွေက ယနေ့ ဪ ငါတို့ဖြင့် ဒီနည်းနဲ့ ဖြုတ်လို့ရှိရင် ဒီအပါယ်ရေသောက် မြစ် ပြုတ်မှာပဲ (မှန်လှပါ ဘုရား)။

ဒီနည်းနဲ့ ဖြုတ်လို့ရှိရင် အပါယ်ရေသောက်မြစ်ဆိုတဲ့ ဒိဋ္ဌိပြုတ်မှာပဲဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေမှတ်ပါ (မှန်ပါ့)။

ဒီဒိဋ္ဌိကလည်း ဒကာ ဒကာမတို့ နိဗ္ဗာန်မမြင်ရသေးရင် ပထမနိဗ္ဗာန်မမြင်ရသေးရင် သူက ဝမ်းထဲရှိလျက်ပဲ (မှန်ပါ့) ဝမ်းထဲမှာ အနုသယသဘောနဲ့ ကိန်းလျက် အောင်းလျက်ပဲဆိုတာ မှတ်ထားလိုက်ပါ (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဒိဋ္ဌိတရားကိုြ့ဖင့် ငါတို့ အကြီးဆုံးရန်သူဖြစ်တဲ့အတွက် အမြန်ဆုံး ဖြုတ်ရမယ်ဆိုတဲ့ဥစ္စာ ဒကာကြွယ်ရေ လေးလေးစားစား မှတ်ပါ (မှန်လှပါ ဘုရား)။

အကြီးဆုံးရန်သူ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ကျုပ်တို့ကို အပါယ်လေးပါး တွန်းတွန်းချနေတာ သူပဲ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒီဒိဋ္ဌိကိုဖြင့် ရှင်ပုဏ္ဏဟောနည်း ဘုန်းကြီးများကတစ်ဆင့် ဦးမာဒင်တို့ကို ပြောရလိမ့်မယ် (မှန်ပါ့)။

ရှင်ပုဏ္ဏဟောနည်း

ကိုင်း ဒါဖြင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတုန်း ရှင်အာနန္ဒာက သောတာပန် တည်ပြီးသားဖြစ်တော့ ရှင်ပုဏ္ဏဟောထားလို့ သောတာပန်တည်ပြီးသားဖြစ်တော့ ဘုရားဟောလို့ တည်တာမဟုတ် ဘူးနော် (မှန်ပါ့)။

ရှင်အာနန္ဒာ သောတာပန်ဖြစ်တာ ဘုရားနဲ့ မဆိုင်ဘူး (မှန်ပါ့) ရှင်ပုဏ္ဏဟောလို့ ဒိဋ္ဌိပြုတ်ပြီး သောတာပန် တည်တယ်လို့ ဒကာ ဒကာမတွေက မှတ်ကြပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် “ပုဏ္ဏောနာမ အာဝုသော အာယသ္မာ မန္တာနိ ပုတ္တော အမှာကံ နဝကာနံ ဗဟုပကာရော ဟောတိ” ရှင်အာနန္ဒာက ပြောလိုက်တယ် (မှန်ပါ့) “သော အမှေ ဣမိနာ ဩဝါ ဒေန ဩဝဒဘိ၊ ဥပါဒါယ အသ္မိ ဟောတိ၊ နော အနုပါဒါယ၊ ကိဉ္စ ဥပါဒါယ ရူပံ ဥပါဒါယ အသ္မိ ဟောတိ” ဒါက သူ့ပါဠိတော် (မှန်ပါ့)။

အဓိပ္ပာယ် ရှင်းရှင်းပြောကြပါစို့ဆိုတော့ ဒကာ ဒကာမတို့ ဥပမာကလေး အရင်ပြရတယ် ရှင်ပုဏ္ဏကနော် (မှန်ပါ့)။

ဥပမာကလေး ဂရုစိုက် နားထောင်ပါ

ဒကာ ဒကာမတို့ ဥပမာကလေး ဂရုစိုက်ပြီးတော့ နားထောင်စမ်းပါ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး က ဤကဲ့သို့ ဥပမာကလေး ဂရုစိုက် နားထောင်ပါလို့ ပြောရသတုံးလို့ မေးတဲ့အခါကျတော့ ဪ ဒို့ဖြစ်တာ လည်း ဒါ့ကြောင့် ဖြစ်တာကိုးဆိုတာ ဥပမာသိရသဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ရှင်းသွားပါလိမ့်မယ် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ ဒီဘက်က တရားနာနေတဲ့ ခန္ဓာငါးပါး (မှန်ပါ့)။

ဒီဘက်က ဘာပါလိမ့်ဗျာ (တရားနာနေတဲ့ ခန္ဓာငါးပါးပါ ဘုရား) တရားနာနေတဲ့ ခန္ဓာငါးပါးလို့ မှတ်လိုက်ပါ နော် (မှန်ပါ့)။

တရားနာနေတဲ့ ခန္ဓာငါးပါးကို ဒကာ ဒကာမတွေက ပုထုဇန်တွေဖြစ်နေတော့ ပုထုဇန်မျက်လုံးနဲ့ ဒီကနေပြီး တရားနာနေတဲ့ပုဂ္ဂိုလ်က ကိုယ့်ကိုယ်ကိုယ်ပေါ့ဗျာ (မှန်ပါ့) ကိုယ့်ကိုယ်ကိုယ် ပုထုဇန်မျက်လုံးနဲ့ ဒကာသစ် ကြည့်စမ်း၊ ဒီက မိမိကိုယ်ပေါ့ဗျာ (မှန်ပါ့) ဒီက တရားနာနေတဲ့ပုဂ္ဂိုလ်က သူက အရိယာမျက်လုံးက မရှိသေး၊ ပုထုဇန်မျက်လုံး တပ်ပြီး သကာလ ကိုယ့်ကိုယ်ကြည့်လိုက် (မှန်ပါ့)။

ဒကာသစ် ဘာတဲ့ (ပုထုဇန်မျက်လုံးတပ်ပြီး ကိုယ့်ကိုယ် ကြည့်ရပါမယ် ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (ပုထုဇန်မျက်လုံးတပ်ပြီး ကိုယ့်ကိုယ်ကြည့်ရပါမယ် ဘုရား) ပုထုဇန်မျက်လုံး နဲ့ ဆိုလိုက်ပါတော့ (မှန်ပါ့) နဂိုရ်က ပါပြီးသားပဲ (မှန်ပါ့)။

ပုထုဇန်မျက်လုံး

ဘယ်သူမှ တပ်ပေးတာမဟုတ်ဘူး၊ မမြင်ရသေးဘူး (မှန်ပါ့) အဲ မမြင်ရသေးတဲ့ ပုထုဇန်မျက်လုံးနဲ့ မိမိ ကိုယ်ကို ကြည့်လိုက်ပါတဲ့၊ မိမိကိုယ်ကို ကြည့်လိုက်လို့ရှိရင် ဒကာ ဒကာမတွေ ဘာဖြစ်လာမလဲလို့ မေးတယ် (မှန်ပါ့) ဒါက ပုထုဇန်မျက်လုံးပေါ့ဗျာ (မှန်ပါ့)။

အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ မျက်လုံးနဲ့ မိမိကိုယ်ကိုယ်ကြည့် (မှန်ပါ့) မိမိကိုယ်ကိုကြည့်လိုက်တဲ့ အခါမှာတဲ့ ဒကာ ဒကာမတွေ လောကီဥပမာအားဖြင့် ဒါက မှန်ပေါ့ဗျာ (မှန်ပါ့) ဒါက မှန်ကြည့်တဲ့လူ (မှန်ပါ့ ဘုရား)။

မှန်ကို ဒကာ ဒကာမတွေ ကြည့်လိုက်ပြီဆိုမှဖြင့် အရိပ်ထွက်လာတယ် (မှန်ပါ့) မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

အရိပ်ထွက်လာတယ်ဆိုတော့ ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဒါသည် အလယ်မှာ ဘာဆိုကြမလဲ အရိပ် (မှန်ပါ့) မှန်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒီမှာ မှန်ကြည့်တဲ့လူ (မှန်ပါ့) မှန်ကြည့်တဲ့လူဟာ မှန်ကြည့်လိုက်တဲ့အခါ အရိပ်မှာ အလယ်မှာပေါ်လာတယ် (ပေါ်လာပါတယ်) မှန်ထဲမှာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

မှန်ထဲပေါ်လာတဲ့အခါ အရုပ်ဆိုးတယ်, အကျည်းတန်တယ်, ညှင်းရှိတယ်, မှဲ့ရှိတယ်ဆိုတာ ဒကာကြွယ် မသိရ ဘူးလားဗျာ (သိရပါတယ် ဘုရား)။

သိရတယ်ဆိုတဲ့ဥစ္စာလည်း ဒကာ ဒကာမတို့ မိမိ၏ ကိုယ်ကို မိမိ၏ မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ အရုပ်ဆိုးတာ, အကျည်းတန်တာသိရတဲ့ အရိပ်ထွက်လာတယ် (မှန်ပါ့) မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား)။

အလိုလိုထွက်တဲ့ အရိပ်လား

အလိုလိုထွက်တဲ့ အရိပ်လား မှန်ကြောင့်ဖြစ်တာလား (မှန်ကြောင့် ဖြစ်တာပါ ဘုရား)။

မှန်ချည်းသက်သက် ဒီအရိပ်ထွက်ပါတော့လားလို့ မေးလိုက်ပြန်တော့ ကြည့်တဲ့လူ မကင်းဘူး (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (ကြည့်တဲ့လူ မကင်းပါ) ကြည့်တဲ့လူကလည်း မကင်းလို့ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ကြည့်တဲ့လူရယ်, မှန်ရယ် တည့်နေမယ်ဆိုလို့ရှိရင် အရိပ်ဟာ ထွက်ရတော့မယ် (မှန်ပါ့) မထွက်ပါနဲ့ဆိုလို့ (မရပါ) သဘောပါကြပလား (ပါပါပြီ) ဒါ ရှင်ပုဏ္ဏပေးတဲ့ ဥပမာလို မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီတဲ့၊ မှန်ကို ပြင်ချင်, ဆင်ချင်တဲ့ပုဂ္ဂိုလ်က မှန်ရှေ့ရပ်လိုက်ပြီဆိုမှဖြင့် အရိပ်တွေဟာ မထွက်ပါနဲ့ဆို လို့ မရဘဲနဲ့ ကိုယ်နဲ့တူတဲ့ အရိပ်တွေထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)။

သို့သော် ဒါတွေ စောစောစီးစီး၊ ဥပမာကလေး ရှင်းလိုက်ပါဦး (မှန်ပါ့) ဒကာသစ် ဥပမာကလေး ရှင်းလိုက် ဦးမယ်ဗျ (မှန်ပါ့ ဘုရား)။

ဒီအရိပ်ဟာ မိမိလားလို့ မေးလို့ရှိရင်လည်း ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြေကြပါ့မလဲ (မဟုတ်ပါ) အရိပ်ပဲ (အရိပ်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

မိမိလားလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (မဟုတ်ပါ) အရိပ်ပဲ၊ မိမိမဟုတ်ဘူး (မဟုတ်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သူတစ်ပါးလားလို့ တစ်ခါဆက်ပြီး မေးပြန်တယ် (မဟုတ်ပါ ဘုရား) သူတစ်ပါးလားလို့ မေးရပြန်တော့လည်း ဒကာ ဒကာမတို့ သူတစ်ပါးမဟုတ်ဘူး ဖြေရမယ် (မှန်ပါ့) ဘာပါလိမ့်ဗျာ (အရိပ်ပါ ဘုရား)။

ကောင်းပြီတဲ့ ဒကာ ဒကာမတို့၊ ဪ မှန်နဲ့လူနဲ့ တည့်လိုက်ပြီဆိုမှဖြင့် ဒကာ ဒကာမတို့ မိမိ, သူတစ်ပါး နှစ်ဦးသားမဟုတ်တာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

မိမိလည်းမဟုတ်၊ သူတစ်ပါးမဟုတ်

မှန်ထဲမှာ မိမိလည်း မဟုတ်တာ (မဟုတ်ပါ) သူတစ်ပါး မဟုတ်တာ (ပေါ်လာပါတယ် ဘုရား)။

မိမိမဟုတ်ဘူးဆိုတာကလည်း ဒကာ ဒကာမတို့ တကယ်လို့ သူ့ကိုယ်ကို မိမိဆိုလို့ရှိရင်လည်း ရပ်နေတဲ့ပုဂ္ဂိုလ် သူတစ်ပါးဖြစ်ရတော့မယ် (မှန်ပါ့) ဒါ့ကြောင့် မိမိကော (မဟုတ်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မှန်ထဲမှာပေါ်နေတဲ့ သဘောကလေးဟာ ဒကာ ဒကာမတို့ မိမိလားမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား) မိမိမဟုတ်ဘူးဆိုတာ သေချာပြီနော် (သေချာပါပြီ ဘုရား)။

ကောင်းပြီတဲ့ တကယ်လို့ သူ့ကို ဒကာ ဒကာမတွေက မိမိလို့ထင်လိုက်မယ်ဆိုလို့ရှိရင်လည်း ရပ်နေတဲ့ဥစ္စာ သူတစ်ပါး ဖြစ်ရမယ် (မှန်ပါ့ ဘုရား)။

မှန်ရှေ့ရပ်နေတာ ဘာဖြစ်ရမလဲ (သူတစ်ပါးဖြစ်ရပါမယ်) သူတစ်ပါး ဖြစ်ရမယ်၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အခု ဒီအလယ်မှာပေါ်နေတဲ့ဥစ္စာ သူတစ်ပါးလားလို့ မေးရင်လည်း ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ) သူတစ်ပါးလည်း မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

သူတစ်ပါးမဟုတ်တာ ဘုန်းကြီးက ရှင်းပြပါဦးမယ် (မှန်ပါ့) ဟောဒီရပ်နေတဲ့ပုဂ္ဂိုလ်နဲ့ တူနေတယ် (မှန်ပါ့) မတူဘူးလား (တူပါတယ်) အဲဒီတော့ သူတစ်ပါးလို့လည်း ဆိုလို့ရရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် မိမိလည်းမဟုတ် (မှန်ပါ့) သူတစ်ပါးလည်း (မဟုတ်ပါ) ဪ မှန်ကြည့်လို့ ဖြစ်တဲ့အရိပ် (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (မှန်ကြည့်လို့ဖြစ်တဲ့အရိပ်ပါ ဘုရား)။

မှန်ကြည့်လို့ဖြစ်တဲ့ အရိပ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါ ရှင်းရှင်းလင်းလင်း မှတ်ထားပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် မိမိ သူတစ်ပါးနှစ်ဦးသား မဟုတ်တဲ့တရားပေါ့ဗျာ (မှန်ပါ့ ဘုရား)။

မိမိ သူတစ်ပါး (နှစ်ဦးသားမဟုတ်တဲ့ တရားပါ) ဒကာကြွယ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

မိမိ, သူတစ်ပါး နှစ်ဦးသားမဟုတ်တဲ့ တရားဆိုတ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဥပမေယျလုပ်ကြစို့

ကောင်းပြီ ဒါဖြင့် မိမိ သူတစ်ပါး နှစ်ဦးသားမဟုတ်တဲ့တရား၊ ဒါ ဥပမာဖြင့်ရှင်းပြီ (မှန်ပါ့) ကိုင်း ဒါဖြင့် ဥပမေယျလုပ်ကြစို့ (မှန်ပါ့ ဘုရား)။

ဥပမေယျလုပ်ကြစို့ဆိုတော့ ဒကာ ဒကာမတွေ ဒါက မိမိခန္ဓာကိုယ်ပေါ့ဗျာ (မှန်ပါ့) မိမိကိုယ်ကို မိမိကြည့် လိုက်တဲ့အခါကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြစ်လာသတုံးလို့ မေးတဲ့အခါ ငါလုပ်နိုင်-ကိုင်နိုင်သေးတယ် ဆိုတဲ့ ဒိဋ္ဌိ ထွက်လာတယ် (မှန်ပါ့ ဘုရား)။

ဘာထွက်လာသလဲ (ငါလုပ်နိုင် ကိုင်နိုင်သေးတယ်ဆိုတဲ့ ဒိဋ္ဌိထွက်လာပါတယ်) ငါဆိုတဲ့ ဒိဋ္ဌိထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့နော် မိမိခန္ဓာကိုယ်ကြီးကို ပုထုဇန် မျက်လုံးကလေးတပ်ကြည့်ပါလား ငါဆိုတဲ့ ဒိဋ္ဌိထွက်လာတယ် (မှန်ပါ့) ဘာမျက်လုံးတပ်ကြည့်လိုက်သလဲ (ပုထုဇန် မျက်လုံးတပ်ကြည့်လိုက်ပါတယ် ဘုရား)။

အဲ ပုထုဇန်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒကာသစ်ရေ ကိုယ့်ခန္ဓာတည်းဟူသောမှန်ကို ပုထုဇန် မျက်လုံးနဲ့လည်း ကြည့်လိုက်ပါရောတဲ့၊ ငါသည်ကားလို့ ဆိုလို့ရှိရင် ထွက်လာတယ် (မှန်ပါ့) ငါမထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား)။

သေသေချာချာ စဉ်းစားပါ ဒကာ ဒကာမတို့ ငါထွက်လာတာ ရှင်းရဲ့လား (ရှင်းပါပြီ ဘုရား)။

မိမိခန္ဓာကိုယ် ပုထုဇန်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ငါနေနိုင်ပါသေးတယ် (မှန်ပါ့) အင်း ဒိဋ္ဌိထွက်လာတယ် (မှန်ပါ့ ဘုရား)။

ကြည့်ပြန်တော့လည်း အို ကိုယ့်ကိုယ်တော့ဖြင့် ကျွေးရ မွေးရမှာပဲဆိုတဲ့ ခင်လုံးကလေးကော (ထွက်လာပါ တယ် ဘုရား)။

ဒိဋ္ဌိလည်းထွက်၊ တဏှာလည်းထွက်

ဟာ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိလည်းထွက်၊ တဏှာလည်းထွက်လာတယ် (မှန်ပါ့ ဘုရား)။

ဒီဟာတော့ဖြင့် သူ့ကို လှအောင်, ဝအောင်တော့ဖြင့် ကျန်းမာအောင်တော့ ကျွေးရမှာပဲ (မှန်ပါ့) တဏှာလည်း ထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား) ကျွေးချင်တဲ့ စိတ်ကလေးသထာတဲ့ စိတ်ကလေး ပေါ်လာတယ် (ပေါ် လာပါတယ် ဘုရား)။

ဒီတွင် မကပါဘူးတဲ့ ဒကာ ဒကာမတို့ ပုထုဇန်မျက်လုံးနဲ့ မိမိခန္ဓာကြီး ကြည့်လိုက်ပြီဆိုမှဖြင့် ငါလုပ်နိုင်သေး တယ်၊ ငါကိုင်နိုင်သေးတယ်၊ ဘယ်သူ့လက်အောက်မှ မကျသေးပါဘူးဆိုတဲ့ မာနကော (ထွက်လာပါတယ် ဘုရား) ဒကာ ဒကာမတို့ တဏှာ, မာန, ဒိဋ္ဌိ ထွက်လာတာ သေချာတယ် (သေချာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဘာထွက်လာပါလိမ့်ဗျာ (တဏှာ, မာန, ဒိဋ္ဌိ ထွက်လာပါတယ် ဘုရား)ဒ။

အင်း မိမိကိုယ်ကို ပုထုဇန်မျက်လုံးနဲ့ ကြည့်လိုက်တာ ဒကာ ဒကာမတို့ ဘာတွေများ ထွက်လာသတုံး (တဏှာ, မာန, ဒိဋ္ဌိ ထွက်လာပါတယ် ဘုရား)။

အဲ ခုနင်က မှန်ကို ကြည့်လိုက်တဲ့အခါ အရိပ်ထွက်သလို ဒကာ ဒကာမတွေ ယခုလည်း တဏှာတွေ, မာနတွေ, ဒိဋ္ဌိတွေ ပေါ်လာပါတယ် (ပေါ်လာပါတယ် ဘုရား)။

တဏှာ, မာန, ဒိဋ္ဌိတွေ ပေါ်လာတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒီ တဏှာ, မာန, ဒိဋ္ဌိ ဘယ်က လာပါလိမ့်မတုံးဆိုတော့ ဒကာ ဒကာမတွေ တဏှာ, မာန, ဒိဋ္ဌိ ဘယ်ကများလာပါလိမ့်မတုံးလို့ နဂိုရ်က တွေးနေရတယ် (နေရပါတယ် ဘုရား)။

အခုတော့ တွေးစရာမလိုတော့ဘူး (မလိုတော့ပါ ဘုရား) ဪ ပုထုဇန်မျက်လုံးနဲ့ ကိုယ့်ခန္ဓာကြည့်လိုက် လို့ ဖြစ်လာတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပုထုဇန်မျက်လုံးနဲ့ (ကိုယ့်ခန္ဓာကြည့်လိုက်လို့ ပေါ်လာတာပါ) ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား) လက်သည် ဖမ်းမိပြီ (ဖမ်းမိပါပြီ ဘုရား)။

ပုထုဇန်မျက်လုံးနဲ့ ကိုယ့်ခန္ဓာကြည့်မိလို့

တဏှာ, မာန, ဒိဋ္ဌိဆိုတာ မိုးပေါ်ကျလား ဒကာ ဒကာမတို့ ပုထုဇန်မျက်လုံးနဲ့ ကိုယ့်ခန္ဓာကြည့်မိလို့ ပေါ်လာတာလား (ပုထုဇန်မျက်လုံးနဲ့ ကိုယ့်ခန္ဓာကြည့်မိလို့ ပေါ်လာတာပါ) ပုထုဇန်မျက်လုံးနဲ့ ကိုယ့်ခန္ဓာကြည့်မိလို့ ပေါ်လာတာဆိုတာ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တဏှာ, မာန, ဒိဋ္ဌိဆိုတာ ဒကာသစ်တို့၊ ဦးမာဒင်တို့ အလိုလိုပေါ်လာတာ မဟုတ်ဘူး (မဟုတ်ပါ ဘုရား) မျက်လုံးမှားနဲ့ ပြီးတော့ အစွဲမှားနဲ့ ပေါင်းမိချက် (မှန်ပါ့) ဒီက မျက်လုံးမှားဆိုတာ ပုထုဇန်မျက်လုံး (မှန်ပါ့) အစွဲမှားဆိုတာက ဒီဥစ္စာ, အနိစ္စ, ဒုက္ခ, အနတ္တလို့ မယူဘဲနဲ့ ဒကာ ဒကာမတို့ မိမိကိုယ်လို့ ယူလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် မျက်လုံးမှားနဲ့ အစွဲမှားနဲ့ ပေါင်းပြီး ထွက်လာတာ (မှန်ပါ့)။

မျက်လုံးမှားနဲ့ (အစွဲမှားနဲ့ ပေါင်းပြီးထွက်လာတာပါ) သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဒီဥစ္စာ သောတာ ပန်တည်အောင်လည်း ခင်ဗျားတို့ ကျေးဇူးများမည့် တရားဖြစ်နေတော့ အထူးကို ဂရုစိုက်ပြီး ဒကာကြွယ်တို့ နားထောင် ရလိမ့်မယ် (မှန်ပါ့)။

အခု ဘာကို ဖမ်းမိသတုံးလို့ မေးတဲ့အခါကျတော့မှ တဏှာ ဘယ်ကလာသတုံး၊ ဒိဋ္ဌိ ဘယ်ကလာသတုံး၊ မာန ဘယ်က လာသတုံးဆိုတော့ ဪ ပုထုဇန်မျက်လုံးနဲ့ ကိုယ့်ခန္ဓာကို ဒကာ ဒကာမတွေက အတွဲမှားနဲ့ အတွဲမှား ထားတဲ့ ခန္ဓာကြီးနဲ့ ပေါင်းမိလို့ ပေါ်လာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာတွေများ ထွက်လာပါလိမ့်မလဲ (တဏှာ, မာန, ဒိဋ္ဌိ ထွက်လာပါတယ် ဘုရား)။

ဒါက ဒကာ ဒကာမတို့ ဒါနပြုရုံနဲ့လည်း ဒီအစွဲမှား မပြုတ်ပါဘူး (မပြုတ်ပါ ဘုရား) သီလဆောက်တည်ရုံ နဲ့ (မပြုတ်ပါ) သမထအားထုတ်ရုံနဲ့ (မပြုတ်ပါ ဘုရား)။

သေသေချာချာ မှတ်ပါ၊ ဒါန, သီလနဲ့ သူနဲ့ ဦးမာဒင် ဆိုင်ကို မဆိုင်ဘူး (မှန်ပါ့) ဆိုင်ကြရဲ့လား (မဆိုင် ပါ ဘုရား)။

အပါယ်သွားတဲ့ တရားသုံးခု

နို့ ဒီဥစ္စာသုံးခု ရှိနေလို့ရှိရင်လည်း ဒါ အပါယ်သွားတဲ့ တရားသုံးခု, သံသရာချဲ့တဲ့ တရားသုံးခုဆိုတာလည်း ဒကာ ဒကာမတွေ ငြင်းဖို့ လိုသေးသလား (မလိုပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒါနက ဒီသုံးခု ပယ်ပါလို့ ဆိုရမှာလည်း ပုထုဇန်မျက်လုံးကြောင့် ဖြစ်လာတဲ့ဥစ္စာကြီး ဒါနက သူမပယ် နိုင်ဘူး (မပယ်နိုင်ပါ ဘုရား)။

ပုထုဇန်မျက်လုံးမှားနဲ့ အတွဲမှားနဲ့ ပေါင်းပြီးဖြစ်လာတဲ့ တဏှာ, မာန, ဒိဋ္ဌိကို သီလက ပယ်ပါဆိုလို့လည်း (မရပါ ဘုရား)။

ဒါ့ကြောင့် ဒါနကလည်း ငါလုပ်တာဆိုတဲ့ ငါမပျောက်ဘူး (မှန်ပါ့) သီလကလည်း ငါဆောက်တည်တာလို့ အောက်မေ့နေတဲ့အတွက် (ငါမပျောက်ပါ ဘုရား)။

ငါ မပျောက်ဘူးတဲ့၊ ငါလို လှူနိုင်တာ ငါလို သီလမြဲတာရှာမှ ရှားဆိုတဲ့ မာနတွေလည်း လာပါသေးတယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားတော့မှ ဪ ဒါန, သီလ, သမထနဲ့ ဖြုတ်လို့ မရပါကလား (မှန်ပါ့ ဘုရား)။

ဒါန, သီလ, သမထနဲ့ ဖြုတ်လို့မရ

ဒကာကြွယ် တဏှာ, မာန, ဒိဋ္ဌိကို ဘာနဲ့ဖြုတ်လို့ မရသတုံး (ဒါန, သီလ, သမထနဲ့ ဖြုတ်လို့မရပါ ဘုရား)။

ဒါန, သီလ, သမထတွေနဲ့ ဖြုတ်မယ်ဆိုလို့ရှိရင်ဖြင့် ဦးမာဒင် မရပါဘူး (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ဒါနတွေရှိနေတာ ဘာပူစရာရှိသတုံး၊ ဘာမှပူစရာမရှိဘူး၊ အပါယ်သွားစရာ ရှိသေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီဒိဋ္ဌိကလည်း အပါယ်ပို့မှာ (မှန်ပါ့) တဏှာကကော (ပို့မှာပါ) မာနကကော (ပို့မှာပါ ဘုရား)။

ကျုပ်တော့ သီလတွေ ဆောက်တည်မယ်၊ တစ်လလေးသီတင်း ရှစ်သီတင်းပဲ ဘာပူစရာရှိသလဲလို့ ဒီလိုမယူ လိုက်ပါနဲ့ (မှန်ပါ့) ဒီမျက်လုံး မပျောက်သေးလို့ ဒီအထင်မှား မပြုတ်သေးရင် ဒီသုံးခုမချုပ်သေးဘူး (မှန်ပါ့) ချုပ်ပါ့ မလား (မချုပ်ပါ ဘုရား)။

ဉာဏ်နားနဲ့ ထောင်ပါ (မှန်ပါ့) ဉာဏ်နားနဲ့ ထောင်ပါတဲ့၊ ဒကာ ဒကာမတို့ ဒီဥစ္စာ အင်မတန်အရေးကြီးလို့ နှေးနှေးပြောနေတယ်လို့ ဒကာသစ် မှတ်ပါ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒါနနဲ့ဖြုတ်လို့လည်း သူက မသွားဘူး (မသွားပါ ဘုရား) သီလနဲ့ ဖြုတ်ရင်ကော (မသွားပါ ဘုရား) သမထနဲ့ ဖြုတ်ရင်ကော (မသွားပါ ဘုရား) မသွားဘူးတဲ့၊ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာနဲ့ ဖြုတ်ရလိမ့်မယ်

ဒါဖြင့် ဪ သာသနာတွင်းတရား ဝိပဿနာနဲ့ ဖြုတ်ရလိမ့်မယ်၊ သာသနာတွင်းတရား ဝိပဿနာနဲ့ ဖြုတ်ရလိမ့်မယ်ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ဒါက ရှေ့ပိုင်းမှာ ရှင်းပြီးသားလို့ ဦးမာဒင် မှတ်လိုက်ပါ (မှန်ပါ့)။

ကဲ ဒါဖြင့် ဪ ဒို့က ယနေ့ လ,ကွယ်နေ့ကြီး တရားထူး, တရားမြတ် ဆရာဘုန်းကြီးက ချီးမြှောက် နေတယ် သောတာပန်တည်တဲ့ တရားတဲ့၊ ကိုးရာသော ရဟန်းတွေ တစ်ခါတည်းနဲ့ တည်တဲ့တရားတဲ့ဆိုပြီး သကာလ နာရတော့ ဒို့ဟာတယ်ပြီး ဒိဋ္ဌိ, မာန, တဏှာတွေက ဒို့ အားကြီးတယ်၊ အားကြီးတာတော့ သိပြီ (မှန်ပါ့) ဘယ်က လာမှန်းမသိဘူး (မသိပါ ဘုရား) ဘယ်က ဖြုတ်ရမှန်းလည်း မသိဘူး (မသိပါ ဘုရား) ဒကာကြွယ် ဒါ ခက်တာပဲ (ခက်ပါတယ် ဘုရား)။

တဏှာ, မာန, ဒိဋ္ဌိ ရှိမှန်းတော့ သိပါရဲ့ (မှန်ပါ့) ဘယ့်နှယ် ဖြစ်နေသတုံးဆိုတော့ လောကီဥပမာကျတော့ ကိုယ့်ဝမ်းထဲမှာ လေနာ-ပန်းနာတွေကရှိတယ် (မှန်ပါ့ ဘုရား) ဆေးမသိတော့ ခံရတုန်းရှိတယ် (မှန်ပါ့) ဆေးမသိတော့ (ခံရတုန်းရှိပါတယ် ဘုရား)။

ဒီမှာလည်း တဏှာ, မာန, ဒိဋ္ဌိ ကိုယ့်သန္တာန်မှာ ရှိမှန်းတော့ သိရဲ့၊ ပျောက်စေတတ်တဲ့ ဆေးမသိလို့ရှိရင် အပါယ်သွားခံရုံပဲ ရှိတယ် (မှန်ပါ့ ဘုရား) ဒီ့ပြင် ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ မဖြုတ်ခင်ကလေးကို အပြစ်ကလေးပြပါဦးမယ်နော် (မှန်ပါ့) သေသေချာချာ နားထောင်ကြပါ၊ ဒီတဏှာ, မာန, ဒိဋ္ဌိမချုပ်ခင် ဒကာကြွယ် အပြစ်ပြဦးမယ်နော် (မှန်ပါ့)။

ဥပမာမယ် ဒကာကြွယ်က ဖြစ်စေ၊ ဦးမာဒင်က ဖြစ်စေ၊ ဒကာသစ်က ဖြစ်စေ တဏှာ, မာန, ဒိဋ္ဌိ ဘယ် ကလာမှန်းမသိလို့ အခု ခန္ဓာထဲမှာတော့ သူကိန်းနေကြပြီ၊ အနုသယသဘောနဲ့ ကိန်းအောင်းနေကြပြီ (မှန်ပါ့)။

အဲဒီတော့ တဏှာကလည်း စွမ်းရည်သတ္တိရှိတဲ့ တရားပဲ (မှန်ပါ့) ဒိဋ္ဌိကကော (စွမ်းရည်သတ္တိရှိတဲ့ တရားပါ ဘုရား) မာနကကော (စွမ်းရည်သတ္တိ ရှိပါတယ် ဘုရား) ရှိတယ် အပါယ်ပို့နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ် (မှန်ပါ့)။

အပါယ်ပို့နိုင်တဲ့ စွမ်းရည်သတ္တိ

အပါယ်ပို့နိုင်တဲ့ စွမ်းရည်သတ္တိ (ရှိပါတယ် ဘုရား) ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါပို့ပုံကလေးကိုလည်း ဒကာ ဒကာမတွေ ပုထုဇန် မျက်လုံးတပ်ကြည့်လိုက်တော့ တဏှာ, မာန, ဒိဋ္ဌိပေါ်ပါပြီ (မှန်ပါ့) မိမိကိုယ်ကို ပုထုဇန် မျက်လုံးတပ်ကြည့်လိုက်တာနဲ့ တဏှာ, မာန, ဒိဋ္ဌိအရိပ်တွေ ဘယ့်နှယ် တုံး (ပေါ်ပါပြီ)။

ပေါ်လာတော့ ပေါ်ရုံတွင် မရပ်ပါဘူး (မှန်ပါ့) ပေါ်တယ်ဆိုလို့ရှိရင် သူ့ ဓမ္မနိယာမက ရှိသေးတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာတဲ့ (ဓမ္မနိယာမက ရှိပါသေးတယ် ဘုရား) ဓမ္မနိယာမက ရှိပါသေးတယ် (မှန်ပါ့)။

ဥပမာ ဒါက ဒိဋ္ဌိ (မှန်ပါ့) ဒိဋ္ဌိဆိုတာလည်းတဲ့ ဒိဋ္ဌိရိုးရိုးတစ်မျိုး၊ ဒိဋ္ဌုပါဒါန်တစ်မျိုး မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန် (မှန်ပါ့) ဥပါဒါန်ဖြစ်လို့ရှိရင် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံက မလာပေဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် ကမ္မဘဝပစ္စယာ-အပါယ်ဇာတိ (မှန်ပါ့)။

ကိုင်း ဒိဋ္ဌိမဖြုတ်လိုက်တဲ့အတွက် ဒိဋ္ဌိက အဖော် အသင်း, အပင်းနဲ့တကွ နိယာမသဘောနဲ့ လာတဲ့ပြီး အပါယ်ကျအောင် ပို့မယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒိဋ္ဌိဟာ ဒကာ ဒကာမတို့ ရိုးရိုးပေါ်လာတာလားတဲ့၊ အပါယ်ရောက်အောင် ဆက်ပေးမလို့ ပေါ်လာ တာလား (အပါယ်ရောက်အောင် ဆက်ပေးမလို့ ပေါ်လာတာပါ ဘုရား)။

ဒကာကြွယ် သေသေချာချာမှတ်ပါ (မှန်ပါ့) ဦးမာဒင် သေသေချာချာ မှတ်နော် (မှန်ပါ့)။

ဪ ဒိဋ္ဌိပေါ်တာ ရိုးရိုးလား အောက်မေ့တယ် ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်-ဒိဋ္ဌိအုပ်ချုပ်တဲ့၊ ကမ္မဘဝပစ္စယာ ဇာတိ အပါယ်ဇာတိပေါ်လာတယ် (မှန်ပါ့)။

ဘုန်းကြီးက အပါယ်ရောက်လိမ့်မယ်လို့ ဟောတာမဟုတ်ပါဘူး (မှန်ပါ့) ဒကာ ဒကာမတွေ တရားက အစဉ် အတိုင်း သွားလိမ့်မယ်လို့ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမပြုတ်လို့ရှိရင်

ခင်ဗျားတို့ ဒိဋ္ဌိမပြုတ်လို့ရှိရင် အပါယ်တော့ ရောက်မှာပဲလို့ ဒီလို မပြောပါဘူး (မှန်ပါ့) ခင်ဗျားတို့ သန္တာန် ဖြစ်စဉ်အတိုင်း ဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘာတဲ့တုံး (တပည့်တော်တို့ သန္တာန်ဖြစ်စဉ်အတိုင်း ဖြစ်မှာပါ ဘုရား)။

ဖြစ်စဉ်က ဒကာ ဒကာမတို့ တားလို့ကို မရပါဘူး (မှန်ပါ့ ဘုရား) ဒီပဋိစ္စသမုပ္ပါဒ် ပြတ်အောင်မလုပ်နိုင်ရင် (တားလို့ မရပါ ဘုရား)။

ကြည့်လေ ဒါက ဘာပါလိမ့် ဒိဋ္ဌိ (မှန်ပါ့) ဒါက ဒိဋ္ဌုပါဒါန် သဘောကျပလား (ကျပါပြီ) ဒါက ဒိဋ္ဌိအုပ် ချုပ်တဲ့ ကံ (မှန်ပါ့) ဥပါဒါန်က အုပ်ချုပ်တာကိုး (မှန်ပါ့)။

ဒီဘက်က ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဪ ဒါဟာ ဒိဋ္ဌိက ပို့လိုက်တဲ့ဇာတိဆိုတော့ အပါယ်လေး ပါး ဇာတိ (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ ပုထုဇန်မျက်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်တာ ငါဆိုတဲ့ ဒိဋ္ဌိထွက်လာတယ် (မှန်ပါ့) ခင်ဆိုတဲ့ တဏှာ (ထွက်လာပါတယ် ဘုရား) ထောင်ဆိုတဲ့ မာန (ထွက်လာပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ သူတို့တင် ထွက်တာလား၊ အဖော်အသင်း, အပင်းနဲ့ ထွက်တာလား (အဖော် အသင်းအပင်းနဲ့ ထွက်တာပါ ဘုရား)။

အဲဒါက ဓမ္မနိယာမ (မှန်ပါ့) တစ်ခုလာရင် အကုန်လာလိမ့်မယ် (မှန်ပါ့) တစ်ခုလာရင် နောက်က သုံးခု (ပါလာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒိဋ္ဌိ၊ ဒိဋ္ဌိဘက်က တဏှာပေါ်ပြန်တော့လည်း ကိုယ့်ကိုယ်ကိုယ် ခင်လို့ ပြုစု,စုရဦးမှာဆိုတော့ တဏှာ, ဥပါဒါန်, ကံ၊ ကဲ ဇာတိလာဦးမှာ (မှန်ပါ့) မလပေဘူးလား (လာမှာပါ ဘုရား)။

အင်း မာနဆိုတာလည်း ဒကာ ဒကာမတို့ “မာနော စတူသုဒိဋ္ဌိဂတဝိပ္ပယုတ္တေသု” ဆိုသောကြောင့် မာနဆိုတာလည်း လောဘပါပဲ (မှန်ပါ့)။

ဒါဖြင့် မာနလာတယ်၊ မာနပြီးတော့ ကိုယ့်မာနကို စွဲလမ်းတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား) ဒီမာနအုပ် ချုပ်တဲ့ ကံကော (လာပါတယ် ဘုရား) လာမှာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဟော ဘယ်ဇာတိတုံး၊ ဒီဇာတိသုံးခု အကဲခတ်ကြစမ်း (အပါယ်ဇာတိပါ ဘုရား)။

ကြည့်စမ်း ဒကာ ဒကာမတို့ မြင်ကြပလား (မြင်ပါပြီ ဘုရား)။

ကဲ ဒါ ဒကာသစ် ဘာမျက်လုံးနဲ့ ကြည့်လိုက်လို့ ဒီပဋိစ္စသမုပ္ပါဒ် သုံးခု ပေါ်လာပါလိမ့်မလဲ (ပုထုဇန်မျက် လုံးပါ ဘုရား) ပုထုဇန်မျက်လုံးနဲ့ မိမိကိုယ်ကို ကြည့်လိုက်တယ် (မှန်ပါ့)။

ဪ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ကြည့်တိုင်း ကြည့်တိုင်း အပြစ်သင့်နေတာ ဒကာကြွယ်တို့ နဂိုရ်က မရိပ်မိဘူး (မရိပ်မိပါ ဘုရား) ဦးမာဒင်တို့လည်း မရိပ်မိဘူး (မရိပ်မိပါ ဘုရား) ဒကာသစ်ကော (မရိပ်မိပါ ဘုရား)။

ကြည့်တိုင်း အပါယ်သွားနေတာပဲ

အခုတော့ဖြင့် သေသေချာချာ ဆရာက ပုံစံနဲ့တကွ ဆရာဘုန်းကြီးက သေသေချာချာ ပြတဲ့အတွက် ဪ ဒို့ဟာ ပုထုဇန်မျက်လုံးနဲ့သာ ကိုယ့်ကိုယ်ကိုယ် ကြည့်မယ်ဆိုရင်ဖြင့် ကြည့်တိုင်း ကြည့်တိုင်း အပါယ်သွားနေတာပဲ (မှန်ပါ့)။

ကြည့်တိုင်း ကြည့်တိုင်း (အပါယ်သွားနေပါတယ်) အဲဒါက သီလလုံပြီးသားလူ သီလတန်းခိုးကုန်ရင် သွားရမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒါန အကြီးအကျယ်လုပ်ဦး (သွားရမှာပါ) သူ့တန်ခိုးကုန်ရင် သွားရမှာပဲ (မှန်ပါ့) ဒါနတန်ခိုးကုန်တဲ့အခါ သူတို့ဘက် ရောက်မှာပဲ (မှန်ပါ့) သီလတန်ခိုးကုန်ရင်ကော (သူတို့ဘက်ရောက်မှာပါ ဘုရား) သမထ တန်ခိုးကုန်ရင်ကော (သူတို့ဘက် ရောက်မှာပါ ဘုရား)။

ဒါဖြင့် ဦးမာဒင်တို့၊ ဒကာကြွယ်တို့ သူအရေးကြီးတယ် (ကြီးပါတယ် ဘုရား) ဒကာ ဒကာမတွေ ဒီဥစ္စာ အင်မတန် အရေးကြီးတယ်လို့ ပြောနေတယ်ဆိုတာကိုလည်း မှတ်ကြစမ်းပါ (မှန်လှပါ) သူပြုတ်ပြန်တော့လည်း သောတာ ပန်ပဲ (မှန်ပါ့ ဘုရား) သူပြုတ်ပြန်တော့ (သောတာပန်ပါ ဘုရား) ဒါဖြင့် ဪ ဒို့မျက်လုံး ပြင်ပေးမည့်လူမရှိ လို့ရှိရင်ဖြင့် ဒို့ဖြင့် ကိုယ်ကျိုးနည်းပေါ့ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ပြင်ပေးမည့်လူ မရှိလို့ရှိရင် ကိုယ်ကျိုးနည်းပါပြီ ဘုရား)။

ဒီမျက်လုံးကလည်း ဒကာကြွယ် စဉ်းစားဦးတဲ့ (မှန်ပါ့ ဘုရား) ဒီမျက်လုံးနဲ့ချည်း ကြည့်လာလို့ ဒီသံသရာကြီး ထဲမှာ ဒီခန္ဓာကြီးနဲ့ အရှက်တကွဲ အကျိုးနည်းလည်နေရတယ် (မှန်ပါ့) ဘယ်သူမှ ပြင်ပေးမည့်လူ နောက်က မတွေ့ခဲ့ ဘူး (မတွေ့ခဲ့ပါ) တွေ့ခဲ့လို့ရှိရင်လည်း ဒီဆရာနဲ့ ဒီဒကာ ဒကာမတွေနဲ့ မတွေ့တော့ပါဘူး (မှန်ပါ့) သောတာပန်တည် ပြီ၊ သောတာပန်တည်တယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့အထက် သူ့ဟာသူ အားထုတ်ပြီး နိဗ္ဗာန် ခုနစ်ဘဝ နောက်ဆုံး ပိတ်ထားဝင်တာပဲ (မှန်ပါ့) ဧကဗီဇတို့ဆိုရင် တစ်ဘဝထဲနဲ့ပဲ သကဒါဂါမ်, အနာဂါမ် တက်သွားတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကောလံကောလဆိုရင် သုံးလေးဘဝနဲ့ လေးငါးခြောက်ဘဝနဲ့ တက်သွားတာပဲ (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် ဒီဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ် အကဲခတ်ပါတော့တဲ့၊ ဒို့ အခုထက်ထိ အိုဘေး, နာဘေး, ခန္ဓာကြီးရှိနေသေးတယ် (မှန်ပါ့ ဘုရား)။

မျက်လုံးပြင်ပေးမည့်ပုဂ္ဂိုလ် မတွေ့ခဲ့ဘူး

အပါယ်ကလည်း ဒို့မှာ စိတ်မချရသေးဘူး (စိတ်မချရသေးပါ ဘုရား) ဒါ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ဒို့ မျက်လုံးပြင်ပေးမည့်ပုဂ္ဂိုလ် ဘယ်တော့မှ မတွေ့ခဲ့လို့ (မှန်ပါ့ ဘုရား)။

ဒါ သေသေချာချာ မှတ်ပါ (မှန်ပါ့) ဒကာကြွယ် သေသေချာချာ မှတ်စမ်း (မှန်ပါ့) ဘာမတွေ့ခဲ့တာပါလိမ့် (ပြင်ပေးမည့်ပုဂ္ဂိုလ် မတွေ့ခဲ့တာပါ) မျက်လုံးပြင်ပေးမည့်ပုဂ္ဂိုလ် မတွေ့ခဲ့ဘူး (မှန်ပါ့ ဘုရား)။

ပုထုဇန်မျက်လုံးကို အရိယာတို့၏ တပည့်သာ မျက်လုံးဖြစ်အောင် ပြင်ပေးမည့်လူ ခင်ဗျားတို့မတွေ့ခဲ့တဲ့အတွက် အခု ငါသေရင် ဘယ်များရောက်မလဲဆိုတာလည်း ခင်ဗျားတို့ တွေးလျက်ပဲ (မှန်ပါ့ ဘုရား)။

ဒီတွေးလုံးတွေဟာ ဒကာ ဒကာမတို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က ငါသေရင် အပါယ်လေးပါး လွတ်တယ် ဆိုတာ သူ့ဟာသူသိတယ် (မှန်ပါ့ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေက စိတ်မချ၊ လက်မချ တွေးနေရသေးတယ် (မှန်ပါ့) ငါသေရင် ငါ့သားနဲ့, ငါ့သမီးနဲ့, ငါ့ပစ္စည်းနဲ့ အစွဲအလမ်းကြီး ဖြစ်သွားရင် ပြိတ္တာဘုံများ ရောက်သွားမလား (မှန်ပါ့) ဆိုတာကလေးဟာက ဒကာသစ် တွေးလုံးဟာ လူတိုင်းရှိတယ် (ရှိပါတယ် ဘုရား)။

အဲဒါတွေ ထောက်ကြည့်တဲ့အခါကျတော့ ဪ နောက်တုန်းက မျက်လုံးပြင်ပေးမည့်ပုဂ္ဂိုလ် မတွေ့ခဲ့ပါလား (မှန်ပါ့ ဘုရား)။

ပုထုဇန်မျက်လုံးကို အရိယာတို့၏ တပည့်မျက်လုံးဖြစ်အောင် (ပြင်ပေးမည့်လူ မတွေ့ပါ ဘုရား)။

ဒါဖြင့် တပည့်မျက်လုံးမဖြစ်တော့လို့ရှိရင်ဖြင့် အရိယာအစစ်ဖြစ်တဲ့ ကိုယ်တိုင်ဆရာမျက်လုံးကော ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဒါဖြင့် ဒီနေ့ပြင်တော့မယ် (မှန်ပါ့) ဦးလှဘူး သေသေချာချာ နာစမ်းပါ၊ ဒကာ ဒကာမတွေကော (မှန်ပါ့ ဘုရား)။

ဘုန်းကြီးကလည်း ဒီတရားကို ပြောရတော့မယ် ဆိုလို့ရှိရင်ဖြင့် ဦးမာဒင် ဝန်အလေးသားပါ (မှန်ပါ့) မပေါ်- ပေါ်အောင် မနည်းပြောရမယ် (မှန်ပါ့ ဘုရား)။

သို့သော်လည်း အခု သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စစ်တမ်းထုတ်လိုက်တော့မှ ဪ ဒီမျက်လုံးနဲ့ချည်းလာခဲ့လို့ ဒီ ပပဉ္စတွေချည်း ပွားနေတယ် (မှန်ပါ့ ဘုရား)။

ဒီ တဏှာ, မာန, ဒိဋ္ဌိ (ပွားပါတယ်) ဒီကနေ ပဋိစ္စသမုပ္ပါဒ်ကနေ ဆက်တဲ့ပြီး ဒီအပါယ်ချည်းပို့နေတယ် (မှန်ပါ့) မပိုဘူးလား (ပို့ပါတယ် ဘုရား)။

တော်တော်ဖြင့် အရေးကြီးပေါ့

ကိုင်း ယနေ့တရားမှာဖြင့် ဒကာ ဒကာမတို့ တော်တော်ဖြင့် အရေးကြီးပေါ့ဆိုတာ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (တော်တော်အရေးကြီးပါတယ် ဘုရား)။

ဒကာသစ် အေးအေးဆေးဆေး သေသေချာချာ မှတ်ကြစမ်းပါ (မှန်ပါ့) သာမည အရေးကြီးလို့ ရှိရင်လည်း ရှင်ပုဏ္ဏက ရှင်အာနန္ဒာကို ဒီအကြောင်းမဟောပါဘူး (မှန်ပါ့) ဘုန်းကြီးကလည်း သူတို့ဆီက တစ်ဆင့်ယူပြီး သာမည အရေးဆိုလို့ရှိရင်လည်း မဟောပါဘူး (မှန်ပါ့ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေ ပုထုဇန်မျက်လုံးနဲ့ ကိုယ့်ကိုယ် ကြည့်လိုက်လို့ရှိရင်ဖြင့် တဏှာပဋိစ္စသမုပ္ပါဒ် ဟုတ်လား (မှန်ပါ့) ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်, မာနပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ဘယ်ကျအောင် ရောက်ရောက်သွားသတုံး (အပါယ် ကျအောင် ရောက်သွားပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာကြွယ် ဘာပြင်ဖို့ အရေးကြီးသတုံး (မျက်လုံးပြင်ဖို့ အရေးကြီးပါတယ်) ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။

အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ဘာပြင်ဖို့ အရေးကြီးပါလိမ့် (မျက်လုံးပြင်ဖို့ အရေးကြီးပါတယ် ဘုရား)။

မျက်လုံးပြင်ဖို့ (မှန်ပါ့) အမယ်လေး ဒကာကြွယ် ဘယ်တော့မှ မကြားဖူးဘူး (မှန်ပါ့) မကြားဖူးဘူးတဲ့၊ မျက်လုံးပြင်မှ အပါယ်တံခါးပိတ်မှာ (မှန်ပါ့) မျက်လုံးမပြင်ရင် (အပါယ်တံခါးမပိတ်ပါ ဘုရား)။

ဒကာကြွယ် ကဲ ဒီစကား ဘယ်လောက် အရေးကြီးသတုံး (အရေးကြီးပါတယ် ဘုရား)။

ဒါ့ကြောင့် မျက်လုံးပြင်ဖို့ရာ အရေးဟာလည်း၊ ဦးမာဒင် မလွယ်ဘူးနော် (မလွယ်ပါ) ဒကာသစ် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ကိုင်း ဒါဖြင့် အခုမျက်လုံးမပြင်ခဲ့တဲ့အတွက် တစ်ဘဝလည်း တိရစ္ဆာန်ဖြစ်ပြန်လည်း ဒီပဋိစ္စသမုပ္ပါဒ် သုံးပါးကနေပြီး အပါယ်ချလိုက်တာပဲ (မှန်ပါ့) တိရစ္ဆာန်ကနေပြီး တစ်ခါ ငရဲပို့လိုက်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီမျက်လုံးမပြင်ရသေးသ၍

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီမျက်လုံးမပြင်ရသေးသ၍ ကာလပတ်လုံးဖြင့် အပါယ်လေးပါးဟာ ဒို့ အမြဲနေရာပဲဆိုတာ ပြောရုံပဲ (ပြောရုံပါပဲ) ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။

အပါယ်လေးပါးဟာ (ဒို့နေရာ အမြဲပါ) ကြည့်လေတဲ့၊ ဘုန်းကြီးက စာပြောပြောနေတာလားတဲ့၊ ခင်ဗျားတို့ စိတ်ဖြစ်စဉ်အတိုင်း ပြောတာလား (စိတ်ဖြစ်စဉ်အတိုင်း ပြောတာပါ) ဒါတော့ မယုံမရှိနဲ့တော့ (မှန်ပါ့) ဒါတော့ မယုံ မရှိနဲ့တော့၊ ခင်ဗျားတို့ရထားတဲ့ ပါဠိနဲ့လည်း ကိုက်ပါတယ်၊ ခင်ဗျားတို့ စိတ်ဖြစ်စဉ်နဲ့ကော (ကိုက်ပါတယ် ဘုရား)။

ကြည့်လေ ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်-ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ ကမ္မဘဝ ပစ္စယာ ဇာတိ ငြင်းဖို့မလိုဘူး (မလိုပါ) တဏှာ, ဥပါဒါန်, ကံ ဇာတိ၊ ငြင်းဖို့လိုသေးသလား (မလိုပါ) မာန, ဥပါဒါန်, ကံ ဇာတိ၊ ဒါငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဪ ဒို့ နေ့တိုင်း ဘာလုပ်နေပါလိမ့်မတုံးလို့ ကိုယ့်ကိုယ်ကိုယ် တစ်နေ့ ဘယ်နှစ်ခါများ ကြည့်ကြပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။

ဟာ မရေတွက်နိုင်ဘူးတဲ့၊ တရားတစ်ပွဲလုံးကို ထွက်လာတာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘယ့်နှယ်တုံး ကိုယ့်ကိုယ်ကိုယ် တစ်နေ့ ဘယ်နှစ်ခါကြည့်ကြပါလိမ့် (မရေတွက်နိုင်ပါ့ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ပေါင်း ဘယ်လောက်ဖြစ်မတုံး (မရေတွက်နိုင်အောင် ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အပါယ်ချည်း မျက်စောင်းထိုးနေတယ် (ထိုးနေပါတယ် ဘုရား) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါက သေသေချာချာ နားလည်ပါးလည်ပြောလိုက်တော့မှ ဦးမာဒင်ရေ ဟုတ်ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဟုတ်ပါလားဆိုတာ ဒကာကြွယ် သေသေချာချာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

ဒကာကြွယ် ခင်ဗျားကိုယ် ခင်ဗျား တစ်နေ့ ဘယ်နှစ်ခါများ ကြည့်သတုံး (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်တာကတော့ ကိစ္စမရှိပါဘူး၊ ပဋိစ္စသမုပ္ပါဒ်က တစ်ခါကြည့်ရင် သုံးမျိုး သုံးမျိုးလာတယ် (မှန်ပါ့)။

တစ်ခါကြည့်ရင် (သုံးမျိုး, သုံးမျိုးလာပါတယ်) သုံးမျိုး, သုံးမျိုးဖြစ်ပြီး သကာလ ဒကာ ဒကာမတို့ ကံကျမှ ရပ်တယ် (မှန်ပါ့) သေသည်၏ အခြားမဲ့၌ ဒီကံကသာ ကျေးဇူးပြုရင် အပါယ်ဇာတိ (မှန်ပါ့) ဆိုနိုင်ကြရဲ့လား (ဆိုနိုင် ပါတယ် ဘုရား)။

သံသရာလက်သည်တွေ့ပြီ

ဪ ဒါဖြင့် ဒို့ သံသရာရှည်ခဲ့တာ ဒီအကြည့်မှားပဲ (မှန်ပါ့ ဘုရား)။

သံသရာလက်သည်တွေ့ပြီ (တွေ့ပါပြီ ဘုရား) ဘာပါလိမ့်ဗျာ (အကြည့်မှားပါ ဘုရား)။

သံသရာလက်သည် ဘယ်သူပါလိမ့် (အကြည့်မှားပါ) ဟုတ်ပြီ၊ သံသရာလက်သည်အကြည့်မှား၊ အကြည့်မှား ကြောင့် ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

အကြည့်မှားကြောင့် (တဏှာ, မာန, ဒိဋ္ဌိ ဖြစ်ပါတယ်) ဒါဖြင့် အကြည့်ပြင်ပေးမည့်ဆရာဖြင့် မတွေ့ခဲ့ဘူး (မတွေ့ခဲ့ပါ ဘုရား)။

မတွေ့သ၍ကာလပတ်လုံးဖြင့် ဒီအကြည့်မှားနဲ့ပဲ ဒီအပါယ်သွားနေတာပဲ (သွားနေပါတယ် ဘုရား)။

ဒီအကြည့်မှားနဲ့ (ဒီအပါယ်သွားနေပါတယ်) ဒကာ ဒကာမတို့ မသေနဲ့ဦး၊ အောင့်ထားဦး ခင်ဗျားတို့ (မှန်ပါ့) မရသေးဘူး၊ ဒါလုပ်ရဦးမယ် (မှန်ပါ့) နို့မဟုတ်လို့ရှိရင် ဘာမှ စိတ်မချရသေးဘူး (မှန်ပါ့)။

ဒကာသစ် ဒါ စကားကြီးပြောတာလား၊ ဖြစ်စဉ်ကိုက်ပြောတာလား (ဖြစ်စဉ်ကိုက်ပြောတာပါ ဘုရား) ဖြစ်စဉ်ကိုက်ဆိုတာ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဪ ဦးမာဒင်ရေ တော်သေးတယ်၊ ခင်ဗျားတို့ အသေမစောတာ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်တုံး (အသေမစောတာ တော်ပါသေးတယ် ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဒီမျက်လုံးနဲ့ ဒီအကြည့်မှားနဲ့ ဒီ အပါယ်သွားပဲ (သွားမှာပါ ဘုရား) ပြင်ပေးမည့်လူလည်း မတွေ့ဘူးဆိုရင်ဖြင့် ဒီလမ်းပဲ (ဒီလမ်းပါ ဘုရား)။

ပထမ သောတာပန် မတည်နိုင်

အားလုံးသီလရှင်တွေကော, နောက်က ဒကာ ဒကာမတွေရော ဪ တော်တော်အရေးကြီးပါကလား ဒီမျက်လုံးပြင်မည့်လူမလာသ၍ ကာလပတ်လုံး ဘယ်နည်းနဲ့မှ ပထမ သောတာပန် မတည်နိုင် (မှန်ပါ့) မတည်နိုင်ရင် အပါယ်လေးပါးက ကိုယ်ကြည့်တိုင်း သွားမယ် (မှန်ပါ့)။

အပါယ်လေးပါးက (ကြည့်တိုင်း သွားမှာပါ ဘုရား) ဒါနလုပ်လျက်နဲ့လည်း (သွားမှာပါ) သီလဆောက်တည်လျက် နဲ့လည်း (သွားမှာပါ ဘုရား) သမထပွားလျက်နဲ့ (သွားမှာပါ) ငါ သမထအားထုတ်နေတယ်ဆိုတာ လာသေးတာကိုး (မှန်ပါ့) ငါလို သမထအားထုတ်နိုင်တာ ရှိသေးရဲ့လားဆိုတဲ့ မာနကကော (လာပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ငါ့ဟာမှ ငါကွဆိုတဲ့ ဒိဋ္ဌိကကော (လာပါတယ် ဘုရား)။

ကဲ ဦးမာဒင် စဉ်းစားတော့ဗျာ၊ ဘုန်းကြီးက စကားကြီးကျယ်အောင် ပြောတာလား၊ ဖြစ်စဉ်ကပဲ ကြီးကျယ် ထွားကျိုင်းနေတာလား၊ အကဲခတ်ပါတော့ (ဖြစ်စဉ်ကပဲ ကြီးကျယ် ထွားကျိုင်းတာပါ ဘုရား)။

ဒကာကြွယ် သေမှာတောင် အောင့်ထားဦးဆိုတာများ စကားမကြီးဘူးနော် (မကြီးပါ) မကြီးဘူးတဲ့ ဒီမျက်လုံးကလေး ပြင်ပါရစေဦးပြောတာ (မှန်ပါ့)။

ဒီမျက်လုံးကလေး ပြင်ပါရစေဦး

ဒကာသစ် ဘာတဲ့တုံး (ဒီမျက်လုံးကလေး ပြင်ပါရစေဦး ပြောတာပါ ဘုရား)။

ဒီမျက်လုံးကလေးကို ဒကာမကြီးတို့ ပြင်ပါရစေဦး၊ ပြင်ပြီးတော့မှ ခင်ဗျားတို့ ပြင်လိုက်လည်း ဒီသုံးခုချုပ်တယ် (မှန်လှပါ ဘုရား)။

ပြင်လိုက်ရင် (ဒီသုံးခုချုပ်ပါတယ်) တဏှာ, မာန, ဒိဋ္ဌိ ဘယ့်နှယ်တုံး (ချုပ်သွားပါတယ် ဘုရား)။

ဪ ပြင်လိုက်ပြန်တော့လည်း ချုပ်တယ် (မှန်ပါ့) မပြင်ဘဲ ထားပြန်တော့လည်း ပေါ်တယ် (မှန်ပါ- ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ မပြင်ခင် သေသွားမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အမှားမျက်လုံးနဲ့ သေသွားလေရဲ့ (မှန်လှပါ ဘုရား)။

အမြင်မှားနဲ့ သေသွားရှာပြီ ဟုတ်လား (မှန်ပါ့) အမှတ်မှားနဲ့ သေသွားရှာပြီ (မှန်ပါ့) အယူမှားနဲ့ (သေ သွားရှာပြီ) ဒါပဲ သွားတယ် (မှန်ပါ့) ဒကာကြွယ် ပေါ်ပလားဗျာ (ပေါ်ပါပြီ ဘုရား) အလွန်ကြောက်စရာကောင်း ပါကလား (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ယနေ့တရားမှာ ဒကာ ဒကာမတို့ ဘာပြင်ဖို့ အရေးကြီးသတုံး (မျက်လုံးပြင်ဖို့ အရေးကြီးပါတယ် ဘုရား)။

ဪ ပုထုဇန်မျက်လုံးက အရိယာတို့၏ တပည့်သား သုတဝါ အရိယသာဝကောဆိုတဲ့အတိုင်း အကြား အမြင်များတဲ့ ခင်ဗျားတို့ သာဝက၏ မျက်လုံးဖြစ်ဖို့ အရေးကြီးတယ် (မှန်ပါ့)။

အဲဒီ တပည့်မျက်လုံးဖြစ်ပြီးမှ ခင်ဗျားတို့ ရှုပြီးမှ သေကြပါ (မှန်ပါ့) ကဲ ဒကာသစ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါ့ကြောင့် အသေမစောပါနဲ့ဦးလို့ဆိုတဲ့ ဥစ္စာ ပြောရတယ် (မှန်ပါ့ ဘုရား)။

မွေးတစ်နေ့, သေတစ်နေ့ဆိုတာ လူမိုက်စကားကို ဒကာကြွယ်တို့၊ ဦးမာဒင်တို့က မယုံလိုက်ပါနဲ့ (မှန်ပါ့ ဘုရား) မယုံပါနဲ့တဲ့ ဒါမပြင်ရင် ဒီလမ်းချည်းပါလား (မှန်ပါ့)။

ဒါ ဘုန်းကြီးကပဲ ပြောတာလား ဓမ္မနိယာမလား (ဓမ္မနိယာမပါ ဘုရား)။

ကဲ ဦးမာဒင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဓမ္မနိယတတာ – ဓမ္မနိယာမာဆိုတဲ့ ဘုရားကိုက ဓမ္မနိယာမကွတဲ့၊ ဒါတော့ မစနဲ့၊ ဒါ စရင် ဒါလာမှာပဲတဲ့ (မှန်ပါ့)။

ဒါ စရင် ဒါလာမှာပဲ၊ ဒိဋ္ဌိ စရင် ဒီပဋိစ္စသမုပ္ပါဒ်လာမယ် (မှန်ပါ့) တဏှာ စရင် အလယ်ပဋိစ္စသမုပ္ပါဒ် (လာ မှာပါ ဘုရား) မာန စရင် (လာမှာပါ ဘုရား) ပုထုဇန်မျက်လုံးကလည်း ကြည့်လိုက်ရင် ဒီသုံးခု ပေါ်တော့တာပဲ (မှန်ပါ့)။

ပုထုဇန်မျက်လုံးက

ပုထုဇန်မျက်လုံးက မိမိကိုယ်သာ ကြည့်လိုက်ရင်တော့ဖြင့် (ဒီသုံးခုပေါ်ပါတယ် ဘုရား) ငါဆိုတာလည်း ပေါ်လာတာပဲ (မှန်ပါ့) ကိုယ့်ကိုယ်ခင်တဲ့ တဏှာကလေးကကော (ပေါ်လာပါတယ် ဘုရား) ငါ ဘယ်သူ့အောက်မှ မကျသေးဘူးဆိုတဲ့ မာနကလေးကကော (ပေါ်လာပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အိမ်မှာ ခင်ဗျားတို့များ အို ဒကာမတွေများ ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြစ်နေလိုက်တာ ဟ ဘာဖြစ် ကြတာတုံး၊ ကိုယ့်ဟာကိုယ် လုပ်စားနိုင်သေးတယ် (မှန်ပါ့) ဒီလမ်းက လာတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိုယ့်ဟာကိုယ် လုပ်စားနိုင်သေးတယ်၊ ရှင်တို့ ယောကျ်ားတွေ လုပ်ကျွေးမှ မဟုတ်ပါဘူး အစရှိသည်နဲ့ (မှန်ပါ့) အေး မင်းတို့ ချက်ကျွေးမှ ဒို့စားရမှာ မဟုတ်ပါဘူးဆိုတာလည်း ဒီလမ်းက လာတာပဲ (မှန်ပါ့ ဘုရား) မလာဘူး လား (လာပါတယ် ဘုရား)။

အဲဒါက အိမ်မှာ ဒကာ ဒကာမတို့ နှစ်ယောက် အလိုမကျတိုင်း မကျတိုင်းလာတယ် (မှန်ပါ့) မာနက လာတယ် (လာပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အလိုမကျတိုင်း-မကျတိုင်း မာနပဋိစ္စသမုပ္ပါဒ်က တန်းသွားတယ် (မှန်ပါ့ ဘုရား)။

တစ်ခါ အလိုကျနေတဲ့အချိန်ကျတော့ တစ်ယောက်တစ်ယောက် ခင်နေကြပြန်တော့ သူ့ကိုယ်ခင်-ကိုယ့်ကိုယ် ကို သူခင်ဆိုတဲ့ တဏှာလာတယ် (မှန်ပါ့) တစ်ခါတည်း သူ့ငါအားကိုး၊ ငါ့သူအားကိုးဆိုတဲ့ ဒိဋ္ဌိကကော (လာပါတယ်) သွားပြီ-သွားပြီ ကယ်လို့ကို မရဘူး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ) အတော်ဆိုးနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့အိမ်မှာ ဘာများလုပ်နေသတုံးလို့ ဒကာကြွယ် မေးပရစေတော့နော် (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

ဘာတွေများ နေ့တိုင်းစီမံနေကြပါလိမ့်မလဲ

ဒကာကြွယ်တို့အိမ်မှာ ဘာတွေများ နေ့တိုင်းစီမံနေကြပါလိမ့်မလဲ (တဏှာ, မာန, ဒိဋ္ဌိတွေပါ) အပါယ်လေးပါး သွားဖို့ တပည့်တော်တို့ဘုရား တစ်ခါတလေများ ပြုံးရွှင်ပြီးများ စီမံနေတဲ့အခါပါတယ် (မှန်ပါ့) တစ်ခါတလေကျတော့ လည်း မျက်နှာ ရှစ်ခေါက်ချိုးနဲ့ ယောကျ်ားကစီမံလိုက်၊ မိန်းမကစီမံလိုက် (ပါပါတယ်) ဒီလိုကောမရှိဘူးလား (ရှိပါ တယ် ဘုရား)။

တစ်ခါတလေကျပြန်တော့ ယောကျ်ားက မျက်စိကမကောင်း၊ မိန်းမက သန်သန်ထွားထွား၊ သူ့ပဲ အားကိုးရမှာ ပဲတဲ့၊ အင်း ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်က လာပြီ (မှန်လှပါ ဘုရား) မိန်းမက နေမကောင်း, ထိုင်မသာရှိမယ်၊ အို သူအားကိုး ရှိသားပဲ၊ သူလုပ်လိမ့်မပေါ့ (မှန်ပါ့) အင်း ဒိဋ္ဌိက လာပြီ (မှန်ပါ့)။

ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ အိမ်မှာ ဘာလုပ်နေကြသတုံး (တဏှာ, မာန, ဒိဋ္ဌိတွေ ပွားနေကြပါ တယ် ဘုရား)။

ပိုက်ဆံမရှိမှာ အရေးမကြီးပါနဲ့၊ သူများကဲ့ရဲ့မှာ အရေးမကြီးပါနဲ့၊ သဘောကျပလား (ကျပါပြီ) မျက်လုံးပြင်ပေး မည့်ဆရာ ဘယ်တော့ ရပါ့မတုံးဆိုတာသာ အရေးကြီးပါ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုယ်ကတော့ဖြင့် ကိုယ့်စွမ်းရည်နဲ့တော့ဖြင့် မပြင်နိုင်တာအမှန် (မှန်ပါ့) ကိုယ့်စွမ်းရည်ကဖြင့် (မပြင်နိုင်တာ အမှန်ပါ ဘုရား)။

အကြံတုံး, ဉာဏ်တုံးပဲ (မှန်ပါ့) ဒါ ဘုရားတစ်ဆူတစ်ဆူပေါ်မှ တစ်ခါတစ်ခါ ပြင်ပေးမည့်သူပေါ်တာ (မှန်ပါ့) ဒါကလေးများ လွဲကာ, ချော်ကာနဲ့ ဒကာသစ် သွားမယ်ဆိုရင်ဖြင့် အမြုပ်သမား, အမျောသမားဖြစ်လေဦး (မှန်ပါ့)။

အမြုပ်သမားဆိုတာ အပါယ်လေးပါး

အမြုပ်သမားဆိုတာ အပါယ်လေးပါး (မှန်ပါ့) အမျောသမားဆိုတာ မသာကောင် ထမ်းပြီး သကာလ သုံးဆယ့် တစ်ဘုံလည်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမြုပ်သမားဆိုတာက (အပါယ်လေးပါးရောက်သွားတာပါ ဘုရား) အပါယ်လေးပါးရောက်သွားတဲ့ပုဂ္ဂိုလ်က မမြုပ်သမား (မှန်ပါ့) အမျောသမားဆိုတာက မသာကောင်ထမ်းပြီး သုံးဆယ့်တစ်ဘုံမှာ မသာကောင်လိုက်မြှုပ်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် မသာကောင်ထမ်းတဲ့ အမျောသမား ဖြစ်ချင်သလား၊ အမြုပ်သမားကြိုက်သလား (ဘယ်ဟာမှ မကြိုက်ပါ ဘုရား) ဒါဖြင့် မျက်လုံးပြင် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာလုပ်ကြရမယ် (မျက်လုံးပြင်ရပါ မယ် ဘုရား)။

မြန်မြန်ပြင်ပါဘုရားတောင် လျှောက်ဖို့ကောင်းနေပြီ (မှန်ပါ့) မြန်မြန်ပြန်ပါ ဘုရားတောင် လျှောက်ဖို့ ကောင်း နေပြီ ဒကာကြွယ်ရ (မှန်ပါ့) သဘောပါပလား (ပါပါပြီ) အင်မတန် အရေးကြီးနေပြီ (မှန်ပါ့)။

ဒီ့ပြင်ဟာ သားကိစ္စနဲ့လည်း ဒကာကြွယ် အရေးမကြီးလိုက်ပါနဲ့ (မှန်ပါ့) သမီးကိစ္စနဲ့လည်း (အရေးမကြီးပါနဲ့) ပစ္စည်းကိစ္စနဲ့ (အရေးမကြီးပါနဲ့ ဘုရား)။

ဒီအပါယ်သွားတတ်တဲ့ ဒီမျက်လုံးနဲ့ ဒီကိုယ်သာ ကြည့်လိုက်မယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဒီအပါယ်သွားကဖြင့် ဘယ်နည်းနဲ့မှ မလွတ်ဘူး (မလွတ်ပါ ဘုရား) လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

အဲဒါတွေကြည့်တော့မှ ဪ သာမညအရေးလား အောက်မေ့နေတယ်၊ ဒို့ဆရာဘုန်းကြီးဟောနေတဲ့ဥစ္စာ အလွန်ကြီးတဲ့အရေးကို ယနေ့ကိုင်ပြီး သကာလ ပြောနေတာပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဒကာသစ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဓမ္မဖြစ်စဉ်ပြောတာလား

ဒါ ဘုန်းကြီးက ဒကာ ဒကာမတွေ စကားတတ်လို့ ပြောတာလား၊ ဓမ္မဖြစ်စဉ်ပြောတာလား (ဓမ္မဖြစ်စဉ် ပြောတာပါ ဘုရား)။

ဓမ္မဖြစ်စဉ်နော် (မှန်ပါ့ ဘုရား) ဒါ့ကြောင့် ခင်ဗျားတို့ သူတစ်ပါးနဲ့ အပါယ်မသွားလိုဘူးနော် (မှန်ပါ့) ကိုယ့်ကိုယ် အကြည့်မှားလို့ အပါယ်သွားတာ (မှန်ပါ့ ဘုရား) ကိုယ့်ကိုယ် အကြည့်မှားရင်တော့ ဒီပြင် ပုဂ္ဂိုလ်လည်း ပြင်လို့မရဘူး (မရပါ ဘုရား) ရပါဦးမလား (မရပါ ဘုရား) ကိုယ့်ကိုယ် အကြည့်တတ်လို့ရှိရင် ဒီပြင်ပုဂ္ဂိုလ်, တခြားပုဂ္ဂိုလ်ကလည်း အကြည့်တည့်ရတော့မယ် (မှန်ပါ့) မတည့်ပေဘူးလား (တည့်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မျက်လုံးပြင်ဖို့ အရေးဟာ အကြီးဆုံးအချက် (မှန်ပါ့)။

ဒကာကြွယ် ဘာပါလိမ့် (မျက်လုံးပြင်ဖို့ဟာ အကြီးဆုံးအချက်ပါ ဘုရား)။

မပြင်ရင် ကြည့်တိုင်း, ကြည့်တိုင်း ပဋိစ္စသမုပ္ပါဒ် သုံးခုလာမယ် (မှန်ပါ့)။

မပြင်ရင် ကြည့်တိုင်း, ကြည့်တိုင်း (ပဋိစ္စသမုပ္ပါဒ်သုံးခုလာမှာပါ ဘုရား) ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ဒီဘက်က တဏှာပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) မာနပဋိစ္စသမုပ္ပါဒ် (လာပါတယ် ဘုရား) ဒကာ ဒကာမတို့ မျက်လုံး မပြင်ရင်ဖြင့် လာရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒကာကြွယ် ကိုယ့်ကိုယ်လည်း ချိန်ကြည့်နော် (မှန်ပါ့) ဘယ်တော့မှ မပြင်ခဲ့ဘူးဆိုတာကော (မပြင်ခဲ့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မပြင်တာ, ပြင်တာ ဘာမှ အကဲခတ်မနေနဲ့၊ ကိုယ့်မှာ အပါယ်လေးပါး စိတ်မချရတာသာ ကြည့်တော့ (မှန်ပါ့ ဘုရား) ဪ ရှေးက မပြင်ခဲ့ဖူးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးပြင်ကြပါစို့ဆိုတဲ့ ဥစ္စာကော သဘောတူ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့ ဘုရား) ပြင်ကြ (ပြင်ရမှာပါ ဘုရား) မပြင်ရင် ဖြစ်ကို, မဖြစ်ဘူး (မဖြစ်ပါ ဘုရား)။

ဒကာ ဒကာမတို့ နောက်က ဒကာ ဒကာမတွေကော မပြင်ရင် ဘယ့်နှယ်တုံး (မဖြစ်ပါ ဘုရား)။

မပြင်လို့ရှိရင် ခင်ဗျားတို့ ဒီပဋိစ္စသမုပ္ပါဒ် တစ်ခါကြည့်ရင် သုံးခု (မှန်ပါ့ ဘုရား) တစ်နေ့ ဘယ်နှစ်ခါကြည့် သတုံးဆိုတော့ မရေတွက်နိုင်ဘူး (မှန်ပါ့) ကြည့်လိုက်တိုင်း, ကြည့်လိုက်တိုင်းကလည်း ဒီသုံးခု ထွက်လာတယ် (မှန်ပါ့) မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

လွတ်ရက်များရှိသေးသလား

ကဲ ဒါဖြင့် လွတ်ရက်များရှိသေးသလား အပါယ်လေးပါးမှ (မရှိပါ ဘုရား) ဦးမာဒင် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ်ရေ ဒီမျက်လုံးပြင်ကြပါစို့နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဆိုးဝါးတာတော့ သိပြီ၊ အပြစ်ပြပြီးသွားပြီ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ဒကာ ဒကာမတို့ မျက်လုံးပြင်တော့မယ်၊ သတိထားပါ (မှန်ပါ့) ဘာသတိထားရမတုံး (မျက်လုံးပြင်တော့မယ် သတိထားပါ ဘုရား)။

မျက်လုံးပြင်တော့မယ်ဆိုတော့ တပည့်တော်တို့ဘုရားလို့ မသိတဲ့လူတုံးသမားတွေကတော့ မေးချင်မေးမယ် (မှန်ပါ့) တပည့်တော်တို့ မျက်လုံး ဘာများ ပြင်စရာရှိသေးသတုံးလို့ မေးချင်မေးလိမ့်မယ် (မှန်ပါ့) သူတို့က တိမ် သလာလောက် နားလည်တာကိုး (မှန်ပါ့) မျက်လုံးထဲမှာ ဒကာ ဒကာမတို့ အမှားမျက်လုံးကြီးရှိနေလို့ ပြင်ရမှာ (မှန်ပါ့)။

ဘာရှိနေသတုံး (အမှားမျက်လုံးကြီးရှိနေလို့ ပြင်ရမှာပါ ဘုရား) အမှားမျက်လုံးကြီးရှိနေလို့ ပြင်ရမှာကို ခင်ဗျား တို့က ဈေးကိုင်မနေပါနဲ့တော့ (မှန်ပါ့) ကျုပ်မျက်လုံး သိပ်ကုရမထင်ပါဘူးလို့ လုပ်မနေနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မျက်လုံးဟာ သိပ်ကုရမည့်မျက်လုံးလား ဒကာ ဒကာမတို့ အကြီးအကျယ်ကိုပဲ ပြင်ဆင်ရမှာလား (အကြီး အကျယ် ပြင်ဆင်ရမှာပါ ဘုရား) သာမညဆေးဝါးနဲ့ ဒကာကြွယ်မရသေးဘူး (မရသေးပါ ဘုရား) သဘောပါကျပလား (ပါပါပြီ ဘုရား)။

အကြီးအကျယ် ဝိပဿနာဆေးကို မကုရလို့ရှိရင် ရကိုမရပါဘူး (မရပါ ဘုရား) ရကို မရဘူးဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ဒါလည်း မိမိကိုယ် မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား) နဂိုရ်က မိမိကိုယ်ကို ပုထုဇန်မျက်လုံးနဲ့ ကြည့်တယ် (မှန်ပါ့)။

ကဲ ဒီကစပြီး ဒကာ ဒကာမတို့ မှန်ကစပြီး ဒီကနေပြီး ဒါ မိမိကိုယ်မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ခန္ဓာငါးပါးပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီခန္ဓာငါးပါးကလည်း ကံ, စိတ်, ဥတု, အာဟာရက လုပ်ထားတာ ပါ (မှန်ပါ့) ဘယ်သူက လုပ်ထားသလဲ (ကံ, စိတ်, ဥတု, အာဟာရက လုပ်ထားပါတယ် ဘုရား)။

မှန်ဘက်ကစ ပြင်တယ်

အင်း နည်းနည်းတော့ရှင်းလာပြီ (မှန်ပါ့) နည်းနည်းရှင်းပြီ၊ မှန်ဘက်ကစ ပြင်တယ် (မှန်ပါ့)။

ဒီခန္ဓာငါးပါးဟာ ဒကာ ဒကာမတို့ ကိုယ်ပိုင်လား၊ ကံ စိတ် ဥတု အာဟာရက လုပ်ထားတာလား (ကံ စိတ် ဥတု အာဟာရက လုပ်ထားတာပါ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး၏ မူရင်းရှာတော့လည်း ကံ စိတ် ဥတု အာဟာရလာတွေ့တယ် (မှန်ပါ့ ဘုရား)။

ဘာလာတွေ့ပါလိမ့် (ကံ စိတ် ဥတု အာဟာရလာတွေ့ပါတယ် ဘုရား)။

ဒီအထဲက ငါ့ကိုယ်မဟုတ်ဘူး (မှန်ပါ့) ငါ့ဟာ (မဟုတ်ပါ ဘုရား) ကြည့်လေ သူတို့စီမံထားတာက ဘယ်သူပါ လိမ့် (ကံ စိတ် ဥတု အာဟာရပါ ဘုရား) အင်း ဒိဋ္ဌိကလေးနည်းနည်း ပြုတ်ချင်လာပြီ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိကလေး နည်းနည်းပြုတ်ချင်လာပြီ ဒကာကြွယ်ရ (မှန်ပါ့) မျက်လုံးပြင်ပေးတာလေ (မှန်ပါ့)။

အင်း ခန္ဓာငါးပါးဟာ ဘယ်သူကများ တည်ထောင်လိုက်ပါလိမ့် (ကံ စိတ် ဥတု အာဟာရက တည်ထောင် ပါတယ် ဘုရား)။

ဪ ဒါဖြင့် ကံ စိတ် ဥတု အာဟာရတွေက တည်ထောင်လိုက်တယ်ဆိုတော့ သေချာသွားပြီ (မှန်ပါ့)။

နာမ်, ဓမ္မတွေလည်း တူတူပဲ အာရုံဒွါရက တည်ထောင်လိုက်တယ်ဆိုတော့ သေချာသွားပြီ (မှန်ပါ့) မသေချာ သေးဘူးလား (သေချာပါတယ် ဘုရား)။

ကိုယ်ပိုင်ဟုတ်ပါရဲ့လား

ကိုင်း ဒါဖြင့် နာမ်လည်း ကိုယ်ပိုင်ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ရုပ်ကော (မဟုတ်ပါ ဘုရား) နာမက္ခန္ဓာလေးပါးလည်း ကိုယ်ပိုင်မဟုတ်ဘူး (မဟုတ်ပါ ဘုရား) ဒီက ရူပက္ခန္ဓာ တစ်ပါးကကော (မဟုတ်ပါ ဘုရား)။

ဪ ရှိတာက နာမ်, ရုပ်၊ တစ်ခုမှလည်း ကိုယ်ပိုင်မဟုတ်ဘူး (မဟုတ်ပါ ဘုရား)။

ရှိတာက (နာမ်, ရုပ်ပါ ဘုရား) တစ်ခုမှလည်း (ကိုယ်ပိုင်မဟုတ်ပါ ဘုရား) ကိုယ်ပိုင်မဟုတ်ကြောင်း သူတို့က သက်သေခံနေတယ် နောက်ပိုင်းက သက်သေခံနေတယ် (မှန်ပါ့)။

ဒကာကြွယ် နေရာကျပလား (ကျပါပြီ) ဘယ်သူက သက်သေခံသတုံး (နောက်ပိုင်းက သက်သေခံနေပါတယ် ဘုရား)။

နောက်ပိုင်းက ကံ စိတ် ဥတု အာဟာရက သူတို့ပြုပြင်တာပါတဲ့၊ အာရုံဒွါရတွေကလည်း သူတို့ပြုပြင်တာပါ တဲ့၊ ခင်ဗျားတို့ ခန္ဓာမဟုတ်ပါဘူးတဲ့ (မှန်ပါ့) သူတို့လုပ်ထားတာပါ (မှန်ပါ့ ဘုရား)။

အဲဒီကတည်းက ခင်ဗျားတို့က ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ, ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါ မျက်လုံးကလေး ပြင်လိုက်ပြီနော် (မှန်ပါ့) မျက်လုံးပြင်လိုက်ပြီ (မှန်ပါ့) ဒါက စောစောစီးစီး မျက်စဉ်း ခပ်တာ ရှိသေးတယ်၊ အတွင်းဆေးမပေးရသေးဘူး (မှန်ပါ့)။

ဘာပဲရှိသေးသတုံး (မျက်စဉ်းခပ်တာပဲ ရှိပါသေးတယ် ဘုရား)။

မျက်စဉ်းနဲ့ကုတုန်းရှိသေးတယ် ဒကာ ဒကာမတို့ရဲ့၊ အတွင်းဆေးက ဝိပဿနာကို ရှုရဦးမှာ (မှန်ပါ့) အခုဟာ က မျက်စဉ်းကလေးပေးတာ တည့်-မတည့် စမ်းတုန်းရှိသေးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒကာကြွယ် ဒါဖြင့် ခင်ဗျားတို့ရှိတာက ရုပ်,နာမ် ရုပ်,နာမ်ကို ဘယ်သူတည်ထောင်လိုက်ပါလိမ့် (ကံ စိတ် ဥတု အာဟာရနဲ့ အာရုံဒွါရကပါ ဘုရား) ကံ စိတ် ဥတု အာဟာရ, အာရုံဒွါရတည်ထောင်လိုက်တာဆိုတာ သေချာပြီ (မှန်ပါ့) သေချာတော့ ဒီဥစ္စာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူး

ဪ ဒီတရားဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးဆိုတဲ့ အသိသဘောနဲ့ တဏှာ မာန ဒိဋ္ဌိတော့ ဖြင့် မပြုတ်သာ မပြုတ်သေးတယ် ကိုယ့်ဟာမဟုတ်ကြောင်းတော့ ကောင်းကောင်းသိပြီ (မှန်ပါ့ ဘုရား) သို့သော် သက်သေခံတော့ ကောင်းကောင်းမလုံလောက်သေးဘူး (မလုံလောက်သေးပါ ဘုရား) ကံစိတ်ဥတုအာဟာရက ပြုပြင်လို့ ပေါ်လာတာဆိုတာတော့ ဒကာကြွယ်တို့, ဦးမာဒင်တို့က ယုံကြည်ပြီ (ယုံကြည်ပါပြီ ဘုရား)။

ယုံကြည်တာလောက်ပဲ ရှိသေးတယ် (မှန်ပါ့) ဒါလောက်နဲ့ မရသေးဘူး (မှန်ပါ့) ဒါလောက်နဲ့ မရသေးဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒါ့ကြောင့် ဒါလောက်သိတာကတော့ သိမှုလောက်ပဲ ရှိသေးတယ် (မှန်ပါ့) ကျင့်မှုမပါသေးဘူး (မပါသေးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါလောက်သိတော့ကို ဉာတပရိညာစခန်းပြီးသွားပြီ (မှန်ပါ့) ပွားမှုတီရဏပရိညာ စခန်းလုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြစို့တော့၊ ကဲ ကံ, စိတ်, ဥတု, အာဟာရကြောင့် ဖြစ်တဲ့တရားကို ကျုပ်တို့က စောင့်ကြည့် မယ် (မှန်ပါ့) ကံကြောင့်ဖြစ်တဲ့တရား, စိတ်ကြောင့်ဖြစ်တဲ့တရား, ဥတုကြောင့်ဖြစ်တဲ့တရား, အာဟာရကြောင့်ဖြစ်တဲ့ တရား, အာရုံဒွါရကြောင့် ဖြစ်တဲ့တရားတွေကို ကျုပ်တို့က စောင့်ကြည့်မယ် (မှန်ပါ့ ဘုရား)။

အကြောင်းတွေကြောင့် ဖြစ်ခဲ့တယ်

ဖြစ်တာကတော့ သူတို့ ခုနင်က အကြောင်းတွေကြောင့် ဖြစ်ခဲ့တယ် (မှန်ပါ့) ဖြစ်တဲ့တရားကို ဒကာကြွယ်က စောင့်ကြည့်၊ ဥပမာ- ဒီ့ပြင်ဟာ မကြည့်ချင်နေဦး ဝေဒနာကလေးသုံးပါး၊ အာရုံဒွါရကြောင့်ဖြစ်တဲ့ ဝေဒနာကလေးသုံးပါး ပဲ၊ ကဲ ခန္ဓာငါးပါးလုံး မဟောပါဘူး (မှန်ပါ့)။

ဝေဒနာသုံးပါးထဲက သုခဝေဒနာကလေးကလည်း အာရုံဒွါရ ထိခိုက်တော့ ပေါ်လာတယ် (မှန်ပါ့) ဒုက္ခဝေဒနာ ကလေးလည်း အာရုံဒွါရ ထိခိုက်တော့ (ပေါ်လာပါတယ်) ဥပေက္ခာဝေဒနာကလေးဟာလည်း (အာရုံဒွါရထိခိုက်တော့ ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတာကလေးကို ဒကာသစ်က ပေါ်တော့ပေါ်ပြီ ဟုတ်လား (မှန်ပါ့) မြွေတော့တွေ့ပြီ ဘယ်သွားမတုံး၊ တွင်းထဲမဝင်ဘူးလား ဝင်သလား စောင့်ကြည့်သလိုပေါ့ဗျာ (မှန်ပါ့) တွေ့လို့ရှိရင် စောင့်ကြည့်နေ (မှန်ပါ့)။

စောင့်ကြည့်တော့ ဝေဒနာကလေး ပေါ်တာလည်း တွေ့လိုက်တယ် (မှန်ပါ့) စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်ကို ဝေဒနာကလေးပျက်တာကော (တွေ့ပါတယ် ဘုရား)။

ဪ နဂိုရ်ကလည်း ကိုယ်လုပ်ထားတာ မဟုတ်ဘူး (မှန်ပါ့) စောင့်ကြည့်တော့လည်းတဲ့ အနိစ္စလို့ တွေ့တယ် (မှန်ပါ့ ဘုရား)။

နဂိုရ်က ကိုယ်လုပ်ထားတာမဟုတ်ဘူး (မဟုတ်ပါ ဘုရား) စောင့်ကြည့်တော့ ဘာတွေ့သတုံး (အနိစ္စကလေး တွေ့ပါတယ် ဘုရား)။

အနိစ္စတွေ့တယ် (မှန်ပါ့) ဒါဖြင် ခင်ဗျားတို့ အနိစ္စမြင်တဲ့ မျက်လုံးတပ်ပေးတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အနိစ္စမြင်တဲ့ မျက်လုံးတပ်ပေးတယ်

ဘာတပ်ပေးလိုက်သလဲ (အနိစ္စမြင်တဲ့ မျက်လုံးတပ်ပေးပါတယ် ဘုရား)။

ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား) အင်း နဂိုရ်က ဘုန်းကြီးက ဒီ သုခဝေဒနာဆိုတာလည်း ဒကာ ဒကာမတို့ စားကောင်းလည်း သုခဝေဒနာပေါ်တာပဲ (မှန်ပါ့) အိပ်ကောင်းလည်း (သုခဝေဒနာပေါ်ပါတယ် ဘုရား) နေပူ, လေပူကလေးကို ကိုယ်ကကြိုက်လို့ တွေ့ပြန်တော့ကော (သုခဝေဒနာ ပေါ်ပါတယ် ဘုရား) နေပူ, လေပူမကြိုက်လို့ တွေ့ပြန်တော့ (ဒုက္ခဝေဒနာပေါ်ပါတယ် ဘုရား) အလတ်စားတွေ့ပြန်တော့ (ဥပက္ခောဝေဒနာ ပေါ်ပါတယ် ဘုရား)။

ခန္ဓာကိုယ်ထဲမှာ ဝေဒနာတွေက အချိုးကျဆိုသလို သူ့ဟာနဲ့သူ ပေါ်ချင်သလိုပေါ်နေတယ် (မှန်ပါ့) အင်း ဒါ အာရုံဒွါရကြောင့်ဖြစ်တဲ့ ဝေဒနာတွေပဲ (မှန်ပါ့) ဖဿပစ္စယာ ဝေဒနာပဲ (မှန်ပါ့)။

ဘယ်သူ့ကြောင့်ဖြစ်ပါလိမ့် (ဖဿကြောင့် ဖြစ်ပါတယ် ဘုရား) အဲ ဖဿပစ္စယာဝေဒနာကလေးတွေ ဖဿကလုပ်ထားတယ် (မှန်ပါ့)။

ဖဿကလုပ်ထားတဲ့ ဝေဒနာကလေးတွေတော့ ဒကာ ဒကာမတွေကသိပြီ၊ ဒီဝေဒနာ့သဘောဆုံးအောင် လိုက် ဦး (မှန်ပါ့ ဘုရား)။

ဒကာသစ် စောင့်ကြည့်လိုက်တော့ ဒီဝေဒနာကလေးဟာ ဘာဖြစ်သွားသတုံး (အနိစ္စ ဖြစ်သွားပါတယ်) ပျက်စီး သွားတယ် (မှန်ပါ့ ဘုရား)။

ဪ ငါ့ဟာ နဂိုရ်ကလည်း ငါ့ဟာမဟုတ်ဘူး (မှန်ပါ့) အခု ကိုယ်တိုင်စောင့်ကြည့်လိုက်ပြန်တော့လည်း ငါ့ဟာမဟုတ်ကြောင်း၊ ဝေဒနာက သက်သေခံတယ် (မှန်ပါ့ ဘုရား)။

စောင့်ကြည့်တော့ ငါ့ဟာမဟုတ်ကြောင်းကို (ဝေဒနာက သက်သေခံပါတယ် ဘုရား)။

ဝေဒနာက သက်သေခံတယ်၊ နဂိုရ်ကလည်း ငါ့ဟာ မဟုတ်ဘူးလို့ သိထားတယ် (မှန်ပါ့) ငါ့ဟာ မဟုတ်ဘူးလို့ သိထားငြားသော်လည်း စောင့်ကြည့်တဲ့သဘောနဲ့ စောင့်ကြည့်လိုက်ပြန်တော့ ဒီဝေဒနာကပဲ မင်းတို့ဟာမဟုတ်ဘူးဆိုပြီး ပျက်ပြတယ်၊ ပျောက်ပြတယ် (မှန်ပါ့) မပြဘူးလား (ပြပါတယ် ဘုရား)။

အဲဒီပြတော့မှ ဒကာ ဒကာမတို့ အင်း နဂိုရ်က ငါ့ဟာ မဟုတ်ဘူးသိရုံကလေး၊ အပြောနဲ့တင်သိရတယ် (မှန်ပါ့) အခုတော့ ကိုယ်ကိုယ်တိုင် ဘုန်းကြီးပေးတဲ့မျက်လုံး အရိယာသာဝကတို့၏ မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျ တော့ ပျောက်တာနဲ့ ပျက်တာပဲရှိတယ် (မှန်ပါ့) ဖြစ်တာနဲ့ ပျက်တာပဲ (ရှိပါတယ် ဘုရား) ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

ဖြစ်တာနဲ့ ပျက်တာပဲရှိတော့

ဒါဖြင့် ဒကာ ဒကာမတွေ ဖြစ်တာနဲ့ ပျက်တာပဲရှိတော့ ဒီကလည်း နဂိုရ်က မိမိလုပ်ထားတာ ဟုတ်ရဲ့လား (မဟုတ်ပါ) ကြည့်ပြန်တော့လည်း ဘာတွေ့သလဲ (ဖြစ်တာနဲ့ ပျက်တာပဲတွေ့ပါတယ် ဘုရား) ဖြစ်မှုနဲ့ ပျက်မှုတွေ့တယ် (မှန်ပါ့ ဘုရား)။

နဂိုရ်က ကိုယ်လုပ်ထားတာကော ဟုတ်ရဲ့လား၊ ဝေဒနာကလေးတွေဟာလေ (မဟုတ်ပါ ဘုရား)။

နဂိုရ်က ဝေဒနာကလေးတွေက ဥပမာ အပူဖဿနဲ့တွေ့ရင် အပူဝေဒနာပေါ်တာပဲ (မှန်ပါ့) အအေးဖဿနဲ့ တွေ့ရင် (အအေးဝေဒနာပေါ်ပါတယ်) အဲ အအေးနဲ့ထိရင် အအေးဝေဒနာပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ နဂိုရ်က ဝေဒနာကလေးပေါ်လာတုန်းက ဖဿကြောင့် ပေါ်တာ (မှန်ပါ့) ပေါ်တာကြည့်လိုက်ပြန်တော့ ဒကာ ဒကာမတွေက ဒီက ဆရာပေးတဲ့ မျက်လုံး, အရိယာသာဝက၏ မျက်လုံး ခင်ဗျားတို့ကို ပေးထားပါတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ အခုပေါ်တာကလေး ဆုံးအောင်လိုက်စမ်း (မှန်ပါ့) ဘာတွေ့သလဲ (အနိစ္စတွေ့ပါတယ်) ပျက်စီးသွားတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူများလုပ်ထားတာလည်း ဧကန် (မှန်ပါ့) ကိုယ်တိုင်ကြည့်လိုက်တော့ ပျက်စီးတာလည်း အမှန် (မှန်ပါ့ ဘုရား)။

သူများလုပ်ထားတာလည်း (ဧကန်ပါ) ကိုယ်တိုင်ကြည့်လိုက်တော့ (ပျက်စီးတာလည်း အမှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မှာသာလျှင် ဒီဥစ္စာသည် ငါလို့ဆိုစရာကော (မရှိပါ ဘုရား)။

ငါလို့ ဆိုစရာမရှိကတည်းက ဒကာ ဒကာမတို့ နဂိုရ်က ဒီခန္ဓာကြောင့် တဏှာ, မာန, ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) အခုတော့ သူတစ်ပါးလုပ်ထားတာလည်း သိရတယ်၊ ကိုယ်တိုင်ပုထုဇန်မျက်လုံးဖြုတ်ပြီး အရိယာသာဝက မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျလို့ရှိရင်လည်း ကိုယ့်ရှေ့တွင်ပဲ ဝေဒနာကလေးက ပျက်သွားတယ် (မှန်ပါ့ ဘုရား)။

ပျက်သွားတော့ ဒကာ ဒကာမတို့ ဒါ ငါမဟုတ်ဘူးဆိုတာ သေချာသွားပြီ (သေချာပါတယ် ဘုရား)။

ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် ပြုတ်-မပြုတ်

ငါမဟုတ်ဘူးဆိုတာ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တော့ ဘယ့်နှယ်တုံး (သေချာပါတယ်) ဒါဖြင့် ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် ပြုတ်-မပြုတ် (ပြုတ်ပါတယ် ဘုရား)။

ကြည့်ဦး ၊ သုခဝေဒနာကလေး ပေါ်လာတာကိုလည်း မိမိလုပ်လို့ ပေါ်တာလား-ဖဿကြောင့် ပေါ်လာတာ လား (ဖဿကြောင့် ပေါ်လာတာပါ ဘုရား)။

စောင့်ကြည့်ဦး ဦးမာဒင်ရေ၊ စောင့်ကြည့်တော့ ဘာတွေတွေ့သလဲ (အပျက်တွေတွေ့ပါတယ်) ပျက်စီးတာတွေ့ တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပျက်စီးတာတွေ့တဲ့အခါကျတော့ ဪ ဒီဥစ္စာသည်ဖြစ်ပြီး ပျက်တဲ့ အသုဘသဘောပဲ (မှန်ပါ့) မွေးပြီး သေတဲ့ အသုဘသဘောကော (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။

အဲဒါရတာ ကြည့်လိုက်တဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ခင်စရာ, မင်စရာလာသေးသလား (မလာပါ) ဒါဖြင့် အလယ်ပဋိစ္စသမုပ္ပါဒ်ပြုတ်တယ် (ပြုတ်ပါတယ်) မပြုတ်သေးဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဘယ်ပဋိစ္စသမုပ္ပါဒ်ပြုတ်သတုံး (အလယ်ပဋိစ္စသမုပ္ပါဒ် ပြုတ်ပါတယ်) အလယ်ပဋိစ္စသမုပ္ပါဒ်ဆိုတာ တဏှာ, ဥပါဒါန်, ကံပြုတ်တယ် (မှန်ပါ့ ဘုရား)။

စောင့်ကြည့်ပါဦး၊ စောင့်ကြည့်ပါဦး ဒကာ ဒကာမတို့ (မှန်ပါ့) ဒီခန္ဓာကြီးသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဒီ ဝေဒနာသည်ကားလို့ဆိုရင်ဖြင့် ဖဿကပြုပြင်ထားတာ (မှန်ပါ့) စောင့်ကြည့်တဲ့အခါကျတော့ ဦးမာဒင်ရေ ဘာတွေ့ ပြန်သတုံး (အပျက်တွေ့ပါတယ် ဘုရား)။

ဪ နဂိုရ်ကလည်း မိမိလုပ်ထားတာမဟုတ်ဘူး (မှန်ပါ့) စောင့်ကြည့်လိုက်ပြန်တော့လည်း မိမိလုပ်ထား တာ မဟုတ်တဲ့အတွက် ပျက်စီးတာပဲတွေ့ရတဲ့ အခါကျတော့ ကိုယ်ပိုင်လည်းမဟုတ်လို့ မာနတက်စရာမရှိဘူး (မှန်ပါ့) ပျက်စီးတတ်တာ အမြင်သားပဲလို့ ယူသောကြောင့်လည်း မာနမရှိနိုင်ဘူး (မှန်ပါ့ ဘုရား)။

အရိယာတို့၏ သာဝကမျက်လုံး တပ်ကြည့်တယ်

ဒါဖြင့် အဆုံးပဋိစ္စသမုပ္ပါဒ်ကော မပြတ်ဘူးလား (ပြတ်ပါတယ်) သဘောပါလား (ပါပါပြီ ဘုရား)။

ဒါ ဘယ်မျက်လုံးတပ်ကြည့်လိုက်တာပါလိမ့် (အရိယာမျက်လုံး တပ်ကြည့်တာပါ) အရိယာတို့၏ သာဝကမျက်လုံး တပ်ကြည့်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာမျက်လုံးတပ်ကြည့်လိုက်ပါလိမ့် (အရိယာတို့၏ သာဝကမျက်လုံး တပ်ကြည့်ပါတယ် ဘုရား)။

အဲ အရိယာတို့၏ အရိယာကဟောတဲ့ ခင်ဗျားတို့သန္တာန်မှာ တပည့်ဖြစ်တဲ့၊ ဪ သူက ဒီလိုဟောလို့ ဒီမျက်လုံးတပ်ကြည့်တယ်ဆိုပြီး ကြည့်လိုက်တော့ ‘သုတဝါ အရိယသာဝကော’ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကြားအမြင်များတဲ့ အရိယာတို့၏တပည့် မျက်လုံးတပ်ကြည့်လိုက်တော့ ခုနင်က ဒကာ ဒကာမတို့ ဒိဋ္ဌိပဋိစ္စ သမုပ္ပါဒ် ပြုတ်-မပြုတ် (ပြုတ်ပါတယ်) ရှင်းပြီ (ရှင်းပါပြီ) တဏှာပဋိစ္စသမုပ္ပါဒ် (ပြုတ်ပါတယ်) မာနပဋိစ္စသမုပ္ပါဒ် (ပြုတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုကြည့်လိုက်တဲ့အခါကျတော့မှ ဝေဒနာက္ခန္ဓာဆိုတဲ့ ဝေဒနာသုံးမျိုး ကြည့်လိုက်တဲ့အခါကျတော့မှ မူလအကြောင်းကလည်း ဝေဒနာဆိုတာ ဖဿကြောင့်ဖြစ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ်လုပ်ထားတာလား ဒီဝေဒနာဟာ (မဟုတ်ပါ ဘုရား) ဝေဒနာသုံးမျိုးစလုံး ဘယ်သူကလုပ်ထားတာတုံး (ဖဿကလုပ်ထားပါတယ် ဘုရား)။

ဖဿကလုပ်ထားတာသိပြီ (မှန်ပါ့) သိတော့ အင်း-ဖဿက လုပ်ထားတာဆိုတော့ မိမိခန္ဓာလို့ ဆိုစရာကော ရှိသေးသလား (မရှိပါ ဘုရား)။

သို့သော် ဒီလောက်နဲ့မကျေနပ်တာနဲ့ အရိယာမျက်လုံးတပ်ပြီး ကြည့်လိုက်ပါဦးဆိုတော့ စောင့်ကြည့်လိုက်တော့ ဘာတွေ့သလဲ (အပျက်သာတွေ့ပါတယ် ဘုရား)။

ဟာ ဒါဖြင့် သူများလုပ်လို့ဖြစ်တယ်၊ ဟုတ်လား (မှန်ပါ့) သူများလုပ်လို့ဖြစ် ကိုယ်တိုင်ကြည့်တော့ပျက် (မှန်ပါ့ ဘုရား)။

သူများလုပ်ထားလို့ဖြစ်တယ်

သူများလုပ်ထားလို့ (ဖြစ်ပါတယ်) ကိုယ်တိုင်ကြည့်လိုက်တော့ (ပျက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်တုန်းကလည်း ကိုယ်မပါ (မပါပါ ဘုရား) အပျက်ထဲမှာလည်း ကိုယ်လိုချင်တာ ငါ့ဟာဆိုစရာမရှိ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အဖြစ်ထဲမှာလည်း ငါမပါ (မှန်ပါ့) အပျက်ထဲမှာလည်း (ငါမပါပါ) ဒါဖြင့် ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့ ဘုရား)။

အဖြစ်ထဲမှာလည်း (ငါမပါပါ) အပျက်ထဲမှာလည်း (ငါ မပါပါ ဘုရား) ဘာပြုတ်သွားသတုံး (ဒိဋ္ဌိပြုတ်သွားပါ တယ် ဘုရား)။

ဒါဖြင့် အဖြစ်ဟာလည်း ကိုယ်လုပ်ထားတာမဟုတ်လို့ ခင်စရာရှိရဲ့လား (မရှိပါ ဘုရား) အပျက်ဟာလည်း ပျက်နေတာမို့ ခင်စရာကော (မရှိပါ ဘုရား) ဒါဖြင့် တဏှာပဋိစ္စသမုပ္ပါဒ်ကော (ပြုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်တုန်းကလည်း ဖဿကလည်း ဖြစ်အောင်လုပ်ထားလို့ ဒကာ ဒကာမတို့ ငါနဲ့မဆိုင်ဘူးဆိုပြီး မာန ရှိသေးရဲ့လား (မရှိပါ ဘုရား) စောင့်ကြည့်ပြန်တော့လည်း အပျက်ပဲတွေ့တယ် (မှန်ပါ့) အပျက်ကြီးကိုင်ပြီး မာနကော တက်စရာရှိရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဖြစ်တုန်းကလည်း ငါ့ဟာမဟုတ် (မှန်ပါ့) ပျက်သွားတာလည်း ငါ့ဟာမဟုတ်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် မာနပဋိစ္စသမုပ္ပါဒ်ကော (ပြုတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝေဒနာသုံးပါး ဖြစ်ပျက်သာ လှည့်ရှုနေကြမယ်ဆိုလို့ရှိရင်ဖြင့် တဏှာ မာန ဒိဋ္ဌိ အကုန်ပြုတ် တယ် (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြတ်တယ်

ဒါ ဘယ်မျက်လုံးနဲ့ တပ်ကြည့်မှပါလိမ့် (အရိယာမျက်လုံးနဲ့ တပ်ကြည်မှပါ ဘုရား)။

အေး အရိယာတို့၏ သာဝကမျက်လုံးနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ဒါ ဖြစ်ပျက်တွေသာရှိလို့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြတ်တယ် (မှန်ပါ့) သဘောပါလား (ပါပါပြီ) ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။

သို့သော် ဒါလောက်နဲ့ ဖြစ်ပျက်တော့ တွေ့ပြီဘုရာ့ဆိုရုံနဲ့ ဦးမာဒင်တို့က မကျေနပ်ပါနဲ့ (မှန်ပါ့) နောက်ကျ လာတော့ ဒီဖြစ်ပျက်တွေဟာ မုန်းစရာကြီး ဖြစ်လာသည်တိုင်အောင် ရှုပါ (မှန်ပါ့)။

နောက် ဒီဖြစ်ပျက်တွေဟာ ဪ ဖြစ်ဒုက္ခ, ပျက်ဒုက္ခတွေပါကလားလို့ ဒီကျအောင် ရှုလိုက် (မှန်ပါ့ ဘုရား) ဖြစ်ဒုက္ခ, ပျက်ဒုက္ခတွေပါကလားလို့ ရှုလိုက်စမ်းပါ (မှန်ပါ့)။

ထိုကဲ့သို့ရှုလိုက်တဲ့အခါ ဒုက္ခသစ္စာလို့ဆိုတာ တခြားလား အောက်မေ့တယ်၊ ဝေဒနာက္ခန္ဓာဆိုတာကိုး (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒီလိုပေါ်လာတဲ့အခါကျတော့မှ ဝေဒနာတွေက ဒကာသစ် ဘာဖြစ်သွားမတုံး၊ ချုပ်သွားမယ် (မှန်ပါ့)။

ဒါဖြင့် ‘ဝေဒနာနံ ခယော ဘိက္ခု နိစ္ဆတော ပရိနိဗ္ဗုတော’ (မှန်ပါ့) ဝေဒနာနံ = ဝေဒနာတို့၏၊ ခယော = ကုန်အောင် ရှုနိုင်သည် ဖြစ်သောကြောင့်၊ နိစ္ဆတော နိတ္တဏှော = တဏှာမရှိသည် ဖြစ်၍၊ ပရိနိဗ္ဗုတော = ကိလေသာ ပရိနိဗ္ဗာန်စံတဲ့ သောတာပန်တည်သည်၊ ဟောတိ = ဖြစ်၏ (မှန်ပါ့) ဒိဋ္ဌိကိလေသာ ပရိနိဗ္ဗာန်စံတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဝေဒနာသုံးပါး လှည့်ရှုကြ (မှန်ပါ့)။

အရိယာမျက်လုံးတပ်ပြီး ဝေဒနာသုံးပါးကို (လှည့်ရှုရပါမယ် ဘုရား)။

ငါမပါနဲ့ ငါမဟုတ်တာတွေ့အောင်

အဲဒီတော့ အဖြစ်ထဲမှာလည်း ငါ့မပါတာ (မှန်ပါ့ ဘုရား) အပျက်မို့လည်း ငါမဟုတ်တာရယ် (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ငါမပါနဲ့ ငါမဟုတ်တာတွေ့အောင်ဟာ အရိယာမျက်လုံးတပ်ကြည့်မှတွေ့တယ် (မှန်ပါ့) နို့မဟုတ်ရင် တွေ့ပါမလား (မတွေ့ပါ ဘုရား)။

ကဲ ကြည့်တတ်ကြပလား (ကြည့်တတ်ပါပြီ ဘုရား) ဒါဖြင့် သုခဝေဒနာတွေ တစ်ကိုယ်လုံးပေါ်တာပဲ (မှန်ပါ့) ဒုက္ခဝေဒနာ (တစ်ကိုယ်လုံး ပေါ်ပါတယ် ဘုရား)။

အဲ ဥပေက္ခာဝေဒနာတော့ ဘုန်းကြီးက ရှင်းပြမယ်၊ မျက်စိထဲမှာ မြင်ကာမျှမတ္တ ဥပေက္ခာ (မှန်ပါ့) မြင်ကာမျှမတ္တ (ဥပေက္ခာပါ ဘုရား) မျက်လုံးထဲပေါ်တာဟူသ၍ ဥပေက္ခာပဲ (မှန်ပါ့ ဘုရား) နားထဲပေါ်တာဟူသ၍ (ဥပေက္ခာပါ ဘုရား) နှာခေါင်းထဲပေါ်သ၍ (ဥပေက္ခာပါ ဘုရား) လျှာထဲပေါ်ပေါ်သ၍ (ဥပေက္ခာပါ ဘုရား) အဲ ဥပေက္ခာဟာ ဒီလေးနေရာ (မှန်ပါ့)။

ဝမ်းထဲကျတော့ တစ်ခါတလေ “သဗ္ဗေသတ္တာ ကမ္မဿကာ” ပဲ ထားလိုက်တာ ဝမ်းထဲမှာ ဥပေက္ခာပေါ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပေက္ခာပေါ်တဲ့နေရာ ငါးနေရာ (မှန်ပါ့ ဘုရား) သုခက တစ်ကိုယ်လုံး (မှန်ပါ့) ဒုက္ခက (တစ်ကိုယ်လုံးပါ ဘုရား)။

ကဲ တစ်ခါ သောမနဿကလေးထည့်လိုက်ပါဦး ဝမ်းထဲကျတော့ သောမနဿပေါ်တယ် (မှန်ပါ့ ဘုရား) ဒေါမနဿလည်း ဝမ်းထဲမှာပေါ်တယ် (မှန်ပါ့ ဘုရား) ကမ္မဿကာထားတဲ့အခါ ဥပေက္ခာလည်း ဝမ်းထဲပေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီပေါ်ရာကို ခင်ဗျားတို့က ဖြစ်တုန်းကလည်း ငါမဟုတ် (မှန်ပါ့) ပျက်တာလည်း ငါမဟုတ် (မှန်ပါ့)ဒီနှစ်ခု မိအောင်ရှု (မှန်ပါ့)။

ဖြစ်တုန်းကလည်း ငါလုပ်တာမဟုတ် (မဟုတ်ပါ ဘုရား) ပျက်တဲ့အထဲလည်း ငါမပါ (မပါပါ ဘုရား)။

ဒါဖြင့် ငါမပါအောင် ရှုနိုင်လို့ရှိရင် ဒိဋ္ဌိသတ်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်တုန်းကလည်း ဝေဒနာထဲမှာ (ငါမပါပါ ဘုရား) ပျက်သွားတော့ကော ငါဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)

ဒိဋ္ဌိချုပ်တဲ့ ပရိနိဗ္ဗာန်ရောက်သည်

ဒါဖြင့် ငါမပါတာနဲ့ ငါမဟုတ်တာကို ခင်ဗျားတို့ ပိုင်နေအောင် ရှုလိုက်လို့ရှိရင်ဖြင့် ခုနင်က ပဋိစ္စသမုပ္ပါဒ် သုံးမျိုးဟာ အကုန်ပြတ်မှာပဲ (မှန်ပါ့) ပြတ်လို့ရှိရင်ဖြင့် ဒီဝေဒနာတွေလည်း အကုန်ဆုံးရော ဒကာ ဒကာမတို့ “ဝေဒနာနံ ခယော ဘိက္ခု နိစ္ဆတော ပရိနိဗ္ဗုတော” သံယုတ်ပါဠိတော်မှာ (မှန်ပါ့ ဘုရား) ဝေဒနာနံ = ဝေဒနာတို့၏၊ ခယော = ကုန်သွားအောင် (ဝါ) ဒုက္ခသစ္စာဖြစ်၍ ခန္ဓာကိုယ်ထဲမှာမရှိအောင် ချုပ်နိုင်ခဲ့လို့ရှိရင်ဖြင့်တဲ့ နိတ္တဏှောတဲ့၊ ဒိဋ္ဌိတဏှာ မရှိသည်ဖြစ်၍၊ ပရိနိဗ္ဗုတောတဲ့၊ ဒိဋ္ဌိချုပ်တဲ့ ပရိနိဗ္ဗာန်ရောက်သည်၊ (ဝါ) ဒိဋ္ဌိသေတဲ့ နိဗ္ဗာန်ကို ရောက်သည်၊ ဟောတိ = ဖြစ်၏ (မှန်ပါ့)။

ဒါဖြင့် အပါယ်လေးပါး သွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နာရီက ပိုသွားပြီ၊ နက်ဖြန်မှ ဆက်ဟောကြဦးစို့။

သာဓု သာဓု သာဓု။