မာဂဏ္ဍီပရဗိုဇ်ဝတ္တု (၄)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း-မိုးကုတ် ဆရာတော်ဘုရား
အမရပူရမြို့၊ ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူူသော
နေ့အလုပ်ပေး-တရားတော်
( ၈-၉-၆၁ )
မျက်လုံးပြောင်းဖို့အရေး
ယနေ့ မာဂဏ္ဍီ ပရဗိုဇ်ကြီးကို ဘုရားသခင်ကိုယ်တော်ကြီးက မျက်လုံးပြောင်းဖို့အရေးကို ပြောလိမ့်မယ်လို့ ဒကာ ဒကာမတွေ မှတ်ထားရမယ် (မှန်ပါ့)။
မာဂဏ္ဍီ ပရဗိုဇ်က မျက်လုံးက မပြောင်းသေးတာ့ သူ့ခန္ဓာကိုယ်ကြီးကိုပဲ ရောဂါကင်းတယ်လို့ ထင်နေတယ် (မှန်ပါ့) သူ့ခန္ဓာကိုယ်ကြီးကိုဘဲ နိဗ္ဗာန်လို့ ထင်နေတယ်ဆိုတာ မှတ်ထားရမယ် (မှန်ပါ့)။
အဲဒီတော့ ဒကာကြွယ်တို့က စဉ်းစားရမယ်၊ ဪ မျက်လုံးမပြောင်းသ၍ ကာလပတ်လုံး ရောဂါခန္ဓာကြီး၊ အနာတွေပြည့်နေတဲ့ ခန္ဓာကိုယ်ကြီး ငြောင့်ကန်သင်းတွေလို ဟိုနေရာကနာ- ဒီနေရာက စူးရှတဲ့ခန္ဓာကိုယ်ကြီး (မှန်ပါ့) အချည်နှီးဖြစ်တဲ့ ခန္ဓာကြီး၊ ဒီခန္ဓာကိုယ်ကြီး သူ့ကို အရိယာ မျက်လုံးတပ်မပေးရသေးတော့ သူ့ခန္ဓာကိုယ်ကြီးဟာ နိဗ္ဗာန် လို့ ထင်နေတယ် (မှန်လှပါ ဘုရား)။
သူ့ ခန္ဓာကိုယ်ကြီး သူဘယ်လိုထင်ပါလိမ့် (နိဗ္ဗာန်လို့ ထင်ပါတယ် ဘုရား)။
နိဗ္ဗာန်လို့ ထင်နေတော့ကို အခု ဒကာ ဒကာမတွေလဲ ပြောကြ-ဆိုကြတာပဲ၊ ကိုယ့် သားနဲ့, သမီးနဲ့, စီးပွားနဲ့, အကြောင်းညီညွတ်ရင် ဒါဟာ လောကနိဗ္ဗာန်ပဲဆိုပြီးသကာလ ဒကာကြွယ် သုံးကြ, နှုန်းကြတယ် (သုံးပါတယ် ဘုရား) စင်စစ်တော့ ဒါ မျက်လုံးက မမြင်ရသေးတော့ သူ့ဟာနဲ့သူ ဟုတ်နေတာသာ မှတ်ရမှာဘဲ (မှန်လှပါ)။
မျက်လုံးက မပြင်ရသေးတော့ ( သူ့ဟာနဲ့သူ ဟုတ်နေတာသာ မှတ်ရပါမယ် ဘုရား)။
ရောဂါတွေမရှိရင် ဒါ နိဗ္ဗာန်ဖြစ်တာပဲ
ကိုင်း ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
အာရောဂျပရမာ လာဘာ၊
နိဗ္ဗာနံ ပရမံ သုခံ။
အဋ္ဌင်္ဂိကော စ မဂ္ဂါနံ၊
ခေမံ အမတဂါမိနံ လို့
ရွတ်လိုက်တော့ ဒီအဓိပ္ပါယ်က ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ အာရောဂျပရမာ လာဘာ-ဆိုတာ ခန္ဓာကိုယ်ထဲမှာ အနိစ္စ, ဒုက္ခ, အနတ္တ ရောဂါတွေမရှိရင် ဒါ နိဗ္ဗာန်ဖြစ်တာပဲ (မှန်ပါ့ ဘုရား) အနိစ္စ ဒုက္ခတွေ မရှိမှ နော် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်တွေကို ရှာမတွေ့ဘဲ ဉာဏ်ထဲမြင်နေမှ၊ ခန္ဓာကြည့်လိုက်ရင်, ခန္ဓာမတွေ့ရင်, အဖြစ်အပျက်တွေ မတွေ့ရင် ချုပ်ငြိမ်းတာသာတွေ့နေရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
အဲဒါ ဒီနေ့ ဒကာ ဒကာမတွေ အာလုံးပဲ သတိပေးပါတယ်၊ ဪ ဒို့ ဝိပဿနာ အဆုံးရောက်ပလား- မရောက်သေးဘူးလားဆိုတာ ပဋ္ဌမတော့ဖြင့် ခန္ဓာဖြစ်ပျက်တွေ တွေ့နေမှာပဲ- (မှန်ပါ့) ဒုတိယ ခန္ဓာဖြစ်ပျက်တွေ မုန်းကြမှာပဲ (မှန်ပါ့ ဘုရား) တတိယကျတော့ ခန္ဓာကို ဒုက္ခသစ္စာလို့ ရှုနေတဲ့ ဉာဏ်က မလိုချင်အောင် ဖြစ်လာမယ် (မှန်ပါ့)။
ဉာဏ်က မလိုချင်အောင် ဖြစ်လာမယ်
ရှုနေတဲ့ဉာဏ်က (မလိုချင်အောင်ဖြစ်လာမှာပါ ဘုရား) အဲဒီလို မလိုချင်အောင် ဖြစ်လာတဲ့အခါကျတော့ ခုနင်က ခင်ဗျားတို့ မုန်းနေတဲ့ဖြစ်ပျက်တွေဟာ အကုန်ပျောက်သွားတယ်၊ (မှန်ပါ့) ပျောက်သွားတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ရောဂါနဲ့တူတာတွေကော ရှိသေးရဲ့လား (မရှိပါ ဘုရား) အိုင်းအမာနဲ့တူတာတွေ ကော (မရှိပါ ဘုရား) ငြောင့်ထိုးသလို ဟိုကနေထိုး ဒီကနေအောင့်တာတွေကော ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါမှ နိဗ္ဗာန် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာသစ်တို့ ဦးမာဒင်တို့ ဪ ဒို့ ဆရာဘုန်းကြီးဟာ ဒီရောက်အောင်လုပ်ကြဆိုတဲ့ အဓိပ္ပါယ်ပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဘုရားကလဲ ဒီအတိုင်းကိုးဗျ (မှန်ပါ့)။
အဋ္ဌင်္ဂိကော စမဂ္ဂါနံ ဆိုတဲ့ဥစ္စာ ဝိဿနာမဂ်တွေကလဲ ရှိသေးတယ်-ဖြစ်ပျက်မြင်တာ (မှန်ပါ့)။
ဝိပဿနာမဂ် ဘာမြင်ပါလိမ့် (ဖြစ်ပျက်မြင်ပါတယ် ဘုရား) အဲ ဖြစ်ပျက် အနိစ္စ, ဒုက္ခရောဂါတို့ ဒါတွေမြင်တာပေါ့ဗျာ (မှန်ပါ့)။.
တကယ်တော့ မဂ္ဂင်ရှစ်ပါးကျတော့ “အဋ္ဌင်္ဂိကော စ မဂ္ဂါနံ” တဲ့၊ မဂ္ဂါနံ=ဝိပဿနာမဂ် အစရှိသည်တို့တွင်၊ အဋ္ဌင်္ဂိကော=အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံသော မဂ္ဂင်ရှစ်ပါးသည်၊ သေဋ္ဌော=မြတ်၏ တဲ့ (မှန်ပါ့)။
ဖြစ်ပျက်မြင်ရင် ဝိပဿနာမဂ်
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာရှုတဲ့အခါမှာ ကြပ်ကြပ်သတိထားပါ၊ ဒီနေ့ပြောတဲ့ စကားဟာ (မှန်ပါ့) ဖြစ်ပျက်မြင်ရင် ဝိပဿနာမဂ် (မှန်ပါ့) သို့သော် သူမျက်စိနှစ်ကွင်းအလင်းရပြီ (မှန်ပါ့)။
မျက်စိနှစ်ကွင်း (အလင်းရပါပြီ ဘုရား) မိဘရိုးရာမျက်လုံးပျောက်ပြီ (ပျောက်ပါပြီ ဘုရား)။
မိဘရိုးရာမျက်လုံး ဘယ့်နှယ်နေကြသလဲ (ပျောက်သွားပါတယ် ဘုရား)။
အဲဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကုသလိုက်တာ၊ ‘တိကိစ္ဆကော’ဆိုတာ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကို ဆိုပါတယ် (မှန်ပါ့) ဆေးဆရာကြီးဆိုတာ သံသရာနာကုတဲ့ ဆေးဆရာကြီးဟာ ဘုရားပါဘဲ (မှန်ပါ့ ဘုရား)။
သူကုလိုက်လို့ ခန္ဓာကိုယ်ထဲမှာ ဖြစ်မှုတွေ, ပျက်မှုတွေ ရောဂါနဲ့ တူတာတွေ ငြောင့်လိုလို, ဟိုကထိုး, ဒီကအောင့်, ဒီကတက်တာတွေကိုလဲ ခါတိုင်းတော့ သွားလာနေတော့ ဒကာသစ်တို့, ဦးမာဒင်တို့က မြင်ကို-မမြင်ဘူး (မှန်ပါ့) ကျုပ်ဖြစ်တော့ ဖြစ်တာဘဲဗျာ၊ သွားရင်းလာရင်း ပျောက်သွားတာပဲ၊ ဒီလိုပြောလေ့ ရှိတယ် (မှန်ပါ့)။
စင်စစ်တော့ မဟုတ်ပါဘူးတဲ့ အမြဲတမ်းရှိနေတာပါ (မှန်ပါ့) ခုနင်က အမြဲတမ်း ကာယိကဒုက္ခ ရှိနေငြားသော်လဲ လောဘဇော, ဒေါသဇောတွေက သူ့ထက်ကြီးကျယ်တာတွေက လွှမ်းမိုးနေတော့ မမြင်သလိုဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
လောကီ ဥပမာပြောကြပါစို့၊ ရှင်းသည်ထက် ရှင်းအောင်ပြောကြပါစို့ဆိုတော့ ဒကာ ဒကာမတို့ ရှေးအခါတုန်းက ဘုန်းကြီးတို့ ဗုံးတွေဘာတွေကောင်းကင်က နေကြဲတဲ့အခါတုန်းက ဒကာ ဒကာမတွေ တစ်ခါတည်း လမ်းခုလတ်ရောက် နေတော့ ဗုံးကျင်ထဲ ပြေးကြရတယ် (ပြေးရပါတယ် ဘုရား)။
ပြေးရတဲ့အခါ လမ်းမှာခလုတ်တံသင်းတွေတိုက်လို့ ခြေတွေကွဲ, ဆူးတွေကခြစ်၊ ကျုပ်တို့ နာမှန်းပြုမှန်း သိသေး ရဲ့လား (မသိပါ ဘုရား) ဆူးတော့ စူးတာပဲ (မှန်ပါ့)။
နောက်ဗုံးကျင်းထဲမှာ လေယာဉ်ပျံ သိမ်းသွားလို့ အေးချိန်ရောက်တော့မှ ဪ ငါ့-ဆူးဖြစ်ရာ အနာတွေပါ ကလားဆိုတာ နဂိုရ်ကရှိပြီးသား တခြားအာရုံကလွှမ်းမိုးနေလို့ မပေါ်တာ (မှန်ပါ့ ဘုရား)။
လောဘဇော,ဒေါသဇောတွေကြောင့် မမြင်တာ
ဒီအတိုင်းပါဘဲ ဒကာ ဒကာမတွေမှာ ဖြစ်ပျက်တွေအမြဲတမ်း ရှိနေငြားသော်လဲ သားရေ, သမီးရေ, စီးပွားရေး၊ လောဘဇော, ဒေါသဇောတွေကြောင့် ဒကာကြွယ် မမြင်တာနော် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာသစ်က အရိယာတို့ပေးတဲ့ မျက်လုံးလို့ ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။
အဲဒါ အခုတော့ဖြင့် ဘယ်အချိန်ပဲ ကြည့်လိုက်-ကြည့်လိုက် ဒကာ ဒကာမတို့ ဪ ဟိုနေရာကအောင့်, ဒီနေရာကနာနဲ့ ရောဂါတုံး, ရောဂါခဲကြီးပါလားဆိုတာ ဒကာ ဒကာမတွေ မေးစရာလိုသေးလား (မလိုပါ ဘုရား)။
ဒါ အရိယာမျက်လုံး တပ်ပေးလိုက်တယ် (မှန်ပါ့) တပ်ပေးလိုက်တော့မှ ဪ ဒီခန္ဓာကြီးဟာ ဒီအမျိုးဟာ ဒီလိုပါကလားဆိုတာ ဒကာ ဒကာမတို့ ရှင်းသွားတယ် (ရှင်းသွားပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဒီဒကာ ဒကာမတွေသည် ဒီနေ့မျက်လုံးတော့ဖြင့် မာဂဏ္ဍီ ပရဗိုဇ် တပ်ပေးတဲ့အဓိပ္ပါယ်ဟာ ဒီ-ဒကာ ဒကာမတွေ တပ်ပေးတဲ့သဘောပဲဆိုတာ မှတ်ပြီး တရားနာရမှာပဲ (မှန်ပါ့)။
ခေမံ အမတဂါမိနံ=နိဗ္ဗာန်သို့ရောက်ကြောင်းဟာဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ရှစ်ပါးမှတစ်ပါး တခြားသောတရား မရှိဘူးတဲ့ (မှန်ပါ့)။
နိဗ္ဗာန်ရောက်ကြောင်းဟာ
နိဗ္ဗာန်ရောက်ကြောင်းဟာဖြင့် (မဂ္ဂင်မှတစ်ပါး တခြားမရှိပါ ဘုရား) မဂ္ဂင်ရှစ်ပါးမှတစ်ပါး တခြားသောတရား မရှိဘူး၊ ဒီ့ပြင်ဟာတွေကတော့ဖြင့် ဝေးသောအကြောင်းလို့ မှတ်လိုက် (မှန်ပါ့) သူကတော့ဖြင့် ရောက်ကြောင်းအနီးဆုံးလို့ မှတ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေးသောအကြောင်းနဲ့ နီးသောအကြောင်းကို ခင်ဗျားတို့ပဲ လမ်းသွားကြည့်ရင် သိပါတယ် ၊တိုတိုနဲ့ ရောက်တဲ့လမ်း ကျုပ်ပို့စမ်းဗျာ ၊ မောလွန်းလို့ ဆိုသလိုပေါ့ဗျာ (မှန်ပါ့)။.
အဲဒီမှာလဲ ဒကာ ဒကာမတွေက တိုတိုနဲ့ရောက်ချင်လို့ရှိရင်ဖြင့် ရှေးဦးစွာ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာမဂ်ကိုပွားပါ (မှန်ပါ့ ဘုရား)။
နောက်ကျလာလို့ရှိရင် ဒီဖြစ်ပျက်တွေမုန်းလို့ ဒီဖြစ်ပျက်တွေ ဒုက္ဓသစ္စာရယ်လို့ ထင်ပြီဆိုလို့ရှိရင် ဆုံးသွားတာပဲ (မှန်ပါ့) ဖြစ်ပျက်ဆုံးတာသည် နိဗ္ဗာန် (မှန်ပါ့)။
အဲဒီနိဗ္ဗာန် တစ်ခါရောက်တယ်ဆိုရင် အပါယ်လေးပါး တံခါးပိတ်လို့ ဒကာ ဒကာမတို့ ရောဂါတွေလဲပျောက်လို့ ပေါ့ဗျာ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဝေးသလား ၊ နီးသလားလို့ ဒကာသစ်တို့ ဦးမာဒင်တို့ကို မေးရင်ဘယ့်နှယ် ဖြေပါ့မလဲ (နီး-ပါတယ် ဘုရား) ဪ ကျုပ်တို့က ဆုံးအောင်မလိုက်လို့ ခက်နေတယ် (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ်အဆုံးမှာ ရှိပါတယ်
ဘုရားကလဲ သေသေချာချာ ဟောရှာတယ်၊ တစ်လံမျှလောက်သော ခန္ဓာကိုယ်အဆုံးမှာ ရှိပါတယ်တဲ့(မှန်ပါ့)။
ဘယ်အဆုံးမှာရှိသလဲ (တစ်လံမျှလောက်သော ခန္ဓာကိုယ်အဆုံးမှာရှိပါတယ် ဘုရား)။
ကိုယ့်အလံနဲ့လံပါတဲ့၊ တစ်လံမျှလောက်သော ခန္ဓာကိုယ် ရှာမတွေ့တဲ့အခါကျလို့ရှိရင် ဪ . ဒုက္ခဆုံးပါပေါ့လားလို့ဆိုတာ ဉာဏ်ထဲမှာထင်လာတယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ဒကာကြွယ်ကိုယ်တိုင်လုပ်ကြည့်တော့လဲ အရှင်းသားပေါ့ဗျာ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ကိုယ်တိုင် လုပ်ကြည့်ကြပါနော် (မှန်ပါ့) ရှင်းအောင်တစ်ခါတည်း ဒကာကြွယ်တို့ ဦးမာဒင်တို့ ကိုယ်တိုင်ရှင်းအောင် လုပ်ကြည့်ပါ (မှန်ပါ့) ဘာပြုလို့တုန်းလို့ မေးတဲ့အခါ ရှိလို့ပြောတာပါ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဟာ= “အတ္ထိ ဘိက္ခဝေ အဇာတံ” ဆိုတဲ့အတိုင်း၊ ဘိက္ခဝေ=ရဟန်းတို့၊ အဇာတံ= ပဋိသန္ဓေနေခြင်းမရှိတဲ့ နိဗ္ဗာန်သည် (ဝါ) ဖြစ်ပျက်မရှိတဲ့နိဗ္ဗာန်သည်၊ အတ္ထိ=ရှိပါတယ်ကွာ တဲ့ (မှန်ပါ့) ဥဒါန်းပါဠိတော်မှာနော် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဟာရှိပါတယ်တဲ့၊ အဘူတံ=ဘယ်သူမှ ပြုလုပ်မထားတဲ့ နိဗ္ဗာန်လဲရှိပါတယ် (မှန်ပေါ့) အသင်္ခတံ=ဘယ် တရားကမှ ပြုပြင်မထားတဲ့ နိဗ္ဗာန်ဟာလဲ (ရှိပါတယ်) သဘောကျပလား (ကျပါပြီ) အကတံ=တဲ့ ဘယ်သူမှဖန်ဆင်း မထားတဲ့ နိဗ္ဗာန်လဲ (ရှိပါတယ် ဘုရား)။
ဪ ကျုပ်တို့ ရှိလျက်နှင့်မတွေ့တာ ဘာ့ကြောင့်ပါလိမ့်မတုန်းဆိုတော့ မျက်လုံးကမမြင်ရသေး၊ အသွားက ခြေမသွက်လို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဉာဏ်နဲ့သွားတာလဲ မသွက်သေးလို့
ဉာဏ်နဲ့သွားတာလဲ မသွက်သေးလို့ ၊ နို့ မဟုတ်၊ ဒကာကြွယ်ရေ ရှိတာဟာ ရှိရာရောက်ရမှာပေါ့ (မှန်ပေါ့)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာမှမပူပါနဲ့တဲ့ ဒုက္ခသိမ်း၍ ငြိမ်းတဲ့နိဗ္ဗာန်၊ ကိလေသာသိမ်း၍ ငြိမ်းတဲ့နိဗ္ဗာန် (မှန်ပါ့)။
ချမ်းသာဒကာတို့၏ အထွတ်အထိပ်ဖြစ်တဲ့ နိဗ္ဗာန်သွားသာသွားပါ၊ ရောက်ပါတယ် (မှန်ပါ့) ခြေလျင်သွားလို့တော့ မရောက်ဘူးပေါ့ဗျာ (မှန်ပါ့) ဉာဏ်နဲ့သွားလိုက်ရင် (ရောက်ပါတယ် ဘုရား)။
အင်း ရှေးဦးစွာ ဝိပဿနာဉာဏ်နဲ့ လှမ်းလိုက် (မှန်ပါ့) တော်တော်တော်ကြာ မဂ်ဉာဏ်နဲ့ လှမ်းလိုက်ရင် (ရောက်ပါတယ် ဘုရား) ရောက်သွားတယ်လို့ဆိုတာ ဒကာသစ်တို့, ဦးမာဒင်တို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားက “နိဗ္ဗာနဿေဝ သန္တိကေ” လို့ သံယုတ်များမှာဟောခဲ့တယ် (မှန်ပါ့) နိဗ္ဗာနဿေဝ= နိဗ္ဗာန်၏သာလျှင်၊ သန္တိကေ=မင်းတို့လျှောက်ကြည့်ပါ၊ ခရီးမဝေးအနီးကလေးပါပဲကွာလို့ သေသေချာချာဟောတယ်၊ နတ်သားဟောနေတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ခန္ဓာကိုယ်သာ တစ်ခါတည်း ဒကာ ဒကာမတွေက ဖြစ်ပျက်နယ်ကနေပြီး ခြေထောက်မှာ ဖြစ်ပျက်တွေ ခြေထောက်မှာရှု (မှန်ပါ့)။
ခြေတောက်မှာ ဝေဒနာပေါ်လဲ ခြေတောက်ဝေဒနာဖြစ်ပျက်ပေါ့၊ ခြေတောက်မှာ ယားတာကလေး ပေါ်လဲ ယားတဲ့စိတ်ကလေး ဖြစ်ပျက်ရှု (မှန်ပါ့)။
ခြေတောက်မှာ ကောင်းတဲ့စိတ်ကလေး ပေါ်လာရင်ကော (ကောင်းတဲ့စိတ် ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဟာ ဒီကောင်းတဲ့ စိတ်ကလေးဟာ ပြောင်းပြောင်သွားတယ်ဘုရား ဆိုလို့ရှိရင်လဲ ပြောင်းတဲ့ဆီ လိုက်ရှု ပေါ့ဗျာ (မှန်ပါ့) ခြေဖျားက ခေါင်းဖျား၊ ခေါင်းဖျားက ခြေဖျားတိုင် ကျုပ်တို့လိုက်ရှုလိုက်လို့ ဟာဒီလိုလဲ ရှုစရာမရှိဘူးဆိုရင် ဝမ်းထဲမှာ စိတ်ကလေးတွေ၏ ဖြစ်ပျက်ကို ရှုလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ရှုလိုက်လို့ ရှိရင်ဖြင့် ခုနင်က လိုက်ထားတာတွေက ဖြစ်ပျက်တွေ အကုန်ဖြစ်ပြီး ဖြစ်ပျက်တွေ ဆုံးသွားတယ် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်အဆုံးက နိဗ္ဗာန်
ဆုံးသွားတဲ့ အခါကျတော့ ကိုယ့်ဉာဏ်က အရင်တော့ဖြစ်ပျက်နဲ့ဉာဏ်နဲ့တည့်တယ် (မှန်ပါ့) နောက်ကျတော့ ဖြစ်ပျက်မရှိတာနဲ့ ဉာဏ်နဲ့တည့်သွားလိမ့်မယ် (မှန်ပါ့) ဖြစ်ပျက်မရှိတာနဲ့ ဉာဏ်နဲ့တည့်လို့ရှိရင် ဖြစ်ပျက်အဆုံးက နိဗ္ဗာန်၊ ဉာဏ်ကမဂ်ဉာဏ်အစစ်ဖြစ်သွားမယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒကာကြွယ် ဒီအရေးဟာ နည်းနည်းကြီးတဲ့ အရေးမဟုတ်ပါဘူး (မှန်ပါ့) ဒါနလုပ်ပြန်လဲ ဒီဖြစ်ပျက်အဆုံး တွေ့ချင်လို့ပဲ (မှန်ပါ့) သီလဆောက်တည်ပြန်ကော (ဖြစ်ပျက်အဆုံးတွေ့ချင်လို့ပါ) သမထအားထုတ်ပြန်ကော (ဖြစ်ပျက် အဆုံးတွေ့ချင်လို့ပါ) သို့သော် အဲဒါတွေ ဝေးသောကြောင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နီးသော အကြောင်း ကဖြင့် ဖြစ်ပျက်အားထုတ်တဲ့ မဂ်ဉာဏ်ဘဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မဂ်သည် ရှေးပြေးမဂ်တစ်မျိုး (မှန်ပါ့) တကယ်ရောက်တဲ့မဂ်တစ်မျိုး (မှန်ပါ့) ရှေးပြေးမဂ်က ဖြစ်ပျက် မြင်တဲ့မဂ်၊ ဖြစ်ပျက်မုန်းတဲ့မဂ် (မှန်ပါ့ ဘုရား) နောက်လိုက်မဂ်က နိဗ္ဗာန်မြင်တဲ့မဂ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ ဝိုင်းဝိုင်းကြီးလဲ မဟုတ်ဘူး၊ ရှည်ရှည်ကြီးလဲ မဟုတ်ဘူး၊ ဝိုင်းဝိုင်းဆိုရင်လဲ အဝိုင်းပျက်ဦးမှာဘဲ (မှန်ပါ့) ရှည်ရှည်ဆိုရင်လဲ အရှည်ကျိုးသွားမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒုက္ခမရှိတဲ့ နေရာ ဒါကိုးလို့
အဲဒီတော့ နိဗ္ဗာန်သည် ဝိုင်းဝိုင်းလား၊ ရှည်ရှည်လား၊ လင်းလင်းလား၊ မှောင်မှောင်လား၊ လင်းလင်းဆိုလို့ရှိရင် မှောင်လိမ့်ဦးမယ် (မှန်ပါ့) လင်းလာလဲရုပ်, မှောင်တာလဲရုပ်ဘဲ (မှန်ပါ့) ဒါတွေလဲ မဟုတ်ပါဘူးတဲ့၊ ဖြစ်ပျက်ဆုံးပြီး သကာလ ဪ ဒုက္ခမရှိတဲ့ နေရာ ဒါကိုးလို့ ဉာဏ်ကဆုံးဖြတ်ချက်ချပြီး လုပ်တဲ့ပုဂ္ဂိုလ်မှာ မြင်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
လုပ်တဲ့ပုဂ္ဂိုလ်မှာ (မြင်ပါလိမ့်မယ်) အေး ဒါကြောင့် ဒီဒကာ ဒကာမတွေဟာ မလုပ်ဘဲနဲ့တော့ဖြင့် လိုချင်တဲ့ စိတ်လဲပေါ်ကြမယ်မဟုတ်ဘူး (မှန်ပါ့) ရောက်ကြမယ်လဲ မဟုတ်ဘူး (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ဦးမာဒင်တို့မှတ်စရာ၊ တကာကြွယ်တို့ မှတ်စရာက ဪ ဒို့ဖြစ်ပျက်ဆုံးအောင် လိုက်ဖို့ပဲ (မှန်ပါ ဘုရား)။
ဝတ္တရားက ဘာပါလိမ့်ဗျာ (ဖြစ်ပျက်ဆုံးအောင် လိုက်လို့ပါ ဘုရား)။
ဖြစ်ပျက်ဆုံးအောင် လိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်ဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒုက္ခသစ္စာဆုံးသွားတဲ့ ဥစ္စာပဲ၊ ဒုက္ခသစ္စာအဆုံးမှာဖြင့် ဥပမာ-ဒီတံတားကြီးမှာ အကျိုးတွေ အပဲ့တွေနဲ့ လျှောက်နေရတယ်၊ ဟိုဘက် လမ်း ကောင်းတွေ့တဲ့ အခါကျတော့ ဟာ ဒုက္ခကုန်ပြီဟေ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒီမှာလဲ ဖြစ်ပျက်ဒုက္ခသစ္စာဆုံးရင် ဒုက္ခကုန်တဲ့နိဗ္ဗာန် တွေ့လိမ့်မယ် (တွေ့မှာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဒကာကြယ်တို့၊ ဒကာသစ်တို့၊ ဒကာကြီးဦးမာဒင်တို့ မလျှော့ပါနဲ့တဲ့ ကပ်နေပြီ (မှန်ပါ့) မလျှော့ကြ နဲ့နော်၊ ကပ်နေပါပြီ၊ လုပ်ကြည့်ပါ ဒကာ ဒကာမတို့ (မှန်ပါ့) အပြောနဲ့ တော့မရဘူး၊ ဆုတောင်းနဲ့တော့ မရဘူး (မရပါ) လုပ်ကြည့်လိုက်လို့ရှိရင်တော့ (ရပါတယ် ဘုရား)။
ဆုတောင်းတာက ဟိုဘုရားတွေ့လဲတောင်း၊ ဒီဘုရားတွေ့လဲတောင်း၊ မပေးနိုင်တာချည့် တောင်းနေတယ် (မှန်ပါ့ ဘုရား)။
မပေးနိုင်တာကို (တောင်းနေပါတယ်) ဒကာသစ် မပေးနိုင်တာတောင်းတော့ ကိုယ်တော်ကြီးတွေလဲ အားနာနာ နဲ့ပဲ ခင်ဗျားတို့ကလဲ မပေးနိုင်တာ တောင်းတော့ကို အရွဲ့တိုက်တဲ့ သဘောလဲ ရောက်တယ် (မှန်ပါ့) နည်းပေးတာကို လုပ်ယူကြပါ (မှန်ပါ့ ဘုရား)။
နည်းပေးတာကို (လုပ်ယူရမျာပါ) လုပ်ယူကြပါဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်မရရင် ဒုက္ခရမှာပဲ
ကိုင်း ဒါဖြင့် ကျုပ်တို့သည် ဒီနိဗ္ဗာန်ကို မမြင်ဘူး မရောက်ဘူးဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်မရရင် ဒကာ ဒကာမတို့ ဒုက္ခရမှာပဲ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်မရရင် (ဒုက္ခပဲရမှာပါ) ဒါဖြင့် ဒုက္ခဆုံးတော့ ဘာခေါ်မယ် (နိဗ္ဗာန်ပါ ဘုရား)။
ဒါဖြင့် သံသရာဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) သံသရာအဆုံးကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
နို့ ဒါတွေရှင်းနေတော့ဖြင့် ဪ သံသရာဆိုတာ ခန္ဓာတို့၏ မပြတ်ဖြစ်ပေါ်မှု- ဖြစ်လိုက်ပျက်လိုက် ဆက်နေကြတာ ဘာခေါ်ကြမယ် (သံသရာပါ ဘုရား)။
ဟာ ဖြစ်ပျက်တွေကို ဉာဏ်ထဲမှာ မတွေ့ဘူးဘုရာ့၊ ကိုယ့်ခန္ဓာရယ်လို့ ကိုယ်အမှတ်ထားတာကလေးတောင် ယခုအခါမှာ ရှုလိုက်တဲ့အခါမှာ ရှာမတွေ့တော့ဘူးဘုရာ့ဆိုရင် ဒကာကြွယ်ပဲ ဆုံးဖြတ်ချက်ချတာပေါ့ (မှန်ပါ့) ဘာဆို ကြမယ် (နိဗ္ဗာန်ပါ) ဒုက္ခတွေဆုံးသွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ကို ဒုက္ခမသိတဲ့ပုဂ္ဂိုလ် ဒုက္ခအဆုံးဟောလို့လဲ ဒကာသစ်မရနိုင်ဘူး (မရနိုင်ပါ ဘုရား)။
ဒါကြောင့် ဒုက္ခကို ရှေ့ပိုင်းထားပြီး ဟောရခြင်းသည် ဒုက္ခအဆုံးသွားချင်တဲ့စိတ် ဉာဏ်သွက်ပါစေလို့ ဟောရ ခြင်းဖြစ်ပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတွင်မှ မာဂဏ္ဍီပရဗိုဇ်ကို ပြောကြပါစို့၊ ဘုရားက ဒီဂါထာရွတ်လိုက်ပါတယ်တဲ့၊ ခုနင်က ပြောတဲ့ ဂါထာ ရွတ်လိုက်တော့ သူက ဒီဂါထာရပြီးသားဖြစ်နေတယ် (မှန်ပါ့) ဒကာကြွယ်ရေ ဘာတဲ့တုန်း (ရပြီးသားဖြစ်နေပါတယ် ဘုရား)။
မိစ္ဆာဒိဋ္ဌိလက်ထဲ ရောက်နေတယ်
ရပြီးသားဖြစ်နေတော့ သူတို့ရတာက ဘယ်လိုရတာတုန်းဆိုတော့ လာဘ်သပ္ပကာများဖို့ ရွတ်တာကိုး (မှန်ပါ့) သားသမီးရဖို့ ရွတ်တာကိုး (မှန်ပါ့) စီးပွားဥစ္စာရတနာတိုးတက်ဖို့ (ရွတ်တာပါ) ဒီလိုဖြစ်နေတယ်၊ မိစ္ဆာဒိဋ္ဌိလက်ထဲ ရောက်နေတယ် (မှန်ပါ့ ဘုရား)။
အဋ္ဌကထာဆရာက ဒီဂါထာဟာတဲ့ ဝိပဿီမြတ်စွာဘုရား လက်ထက်က ကျန်ရစ်နေတာတဲ့ (မှန်ပါ့) ဝိပဿီ ဘုရားလက်ထက်က ကျန်ရစ်နေတော့ ခုနင်က မိစ္ဆာဒိဋ္ဌိတွေ ဆက်ဆက်-ဆက်ဆက်ပြီး ပေထက်အက္ခရာတွေ တင်တင် လာတော့ ကျုပ်တို့ ဂေါတမဘုရား လက်ထက်ကျအောင် ကျန်ရစ်နေတယ် (မှန်ပါ့) ဘာဖြစ်လို့ ကျန်သတုန်းမေးတော့ ဒီတရား ကမ္ဘာပျက်တုန်းက မပါဘူး တဲ့ (မှန်ပါ့) အဲဒီတော့ အစဉ်တစ်စိုက် ဆောင်လာတော့ ဦးမာဒင် မကျန်ပေ ဘူးလား (ကျန်ပါတယ် ဘုရား)။
အဲဒီကျန်တာနဲ့ သူတို့လက်ထဲရောက်ပြီး သူတို့ကတော့ သားမယား ကျန်းမာချမ်းသာဖို့ သားသမီးထွန်းကားဖို့ ဒီဘက် အသုံးချတယ် (မှန်ပါ့ ဘုရား)။
အဲဒီလို အသုံးချပြီး သကာလ နေတော့ ရှင်ကြီးဂေါတမက ဒီဂါထာရွတ်တာ ကျုပ်လဲရပါတယ်တဲ့၊ အဲဒီတော့ ဒီဂါထာအတိုင်း ဆိုလို့ရှိရင်ဖြင့် ကျုပ်ခန္ဓာကြီးဟာ အခုဘာဝေဒနာမှ မရှိသောကြောင့် နိဗ္ဗာန်ပါပဲတဲ့ (မှန်ပါ့) ခန္ဓာကိုယ် ပုတ်ပြတယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာပုတ်ပြသလဲ (ခန္ဓာကိုယ် ပုတ်ပြပါတယ် ဘုရား)။
ရောဂါတုံးကို နိဗ္ဗာန်မှတ်နေတယ်
ဒါဟာ ရောဂါကင်းတာပဲ၊ ဒါဟာ နိဗ္ဗာန်ကြီးလို့ သူကပဲ ပြန်ပြောလိုက်တယ် ဒကာသစ်ရေ (မှန်ပါ့ ဘုရား)။
ဤကဲ့သို့ ပြန်ပြောလိုက်တဲ့ အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာသစ်ရေ၊ ဪ အရိယာ မျက်လုံးမပါသေးတော့ ရောဂါတုံးကို နိဗ္ဗာန်မှတ်နေတယ် (မှန်ပါ့) ဆိုပြီးသကာလ မင့်ပြောရတာ သိပ်ခဲယဉ်းတယ်ကွာလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြောရှာတယ် (မှန်ပါ့) မင်းဟာ ဘာနဲ့တူနေသတုန်းဆိုတော့ မျက်စိနှစ်ကွင်း ဝမ်းတွင်းက ကန်းလာတဲ့ပုဂ္ဂိုလ်နဲ့တူသကွ (မှန်ပါ့ ဘုရား)။
အဲဒီပုဂ္ဂိုလ်က သူသည်ကားလို့ဆိုလို့ရှိရင် တစ်ယောက်သော ပုဂ္ဂိုလ်ကို ကျုပ်နဲ့လိုက်တဲ့ အဝတ်ဆင်ပေးစမ်းပါ လို့ သွားပြောတယ်တဲ့ (မှန်ပါ့) သွားပြောတော့ ဟိုက လူပြောင်တစ်ယောက်က ဆီသုတ်တဲ့အဝတ်ကြီးကို ခါးဝတ်စေပြီး ဆီသုတ်တဲ့ တစ်ဘက်လိုပဲ မဲနေတဲ့အဝတ်ကြီးတစ်ခု၊ သိုးမွေးအမဲကြီးတစ်ခု ခေါင်းပေါင်းစေပြီးသကာလ ဒါမင်းနဲ့ အလိုက်ဆုံးပဲလို့ ပြောလိုက်တယ်။ (မှန်ပါ့) မျက်စိမြင်တဲ့ လူပြောင်းကပေါ့ဗျာ (မှန်ပါ့ ဘုရား)။
မျက်စိနှစ်ကွင်း အလင်းမရလို့
အဲဒါ သူက လူတွေထဲ ဒီအဝတ်ကြီးနှစ်ခုဝတ်တဲ့ပြီး သကာလ ကျုပ်နဲ့ဒီအဝတ်နဲ့ သိပ်လိုက်တာပဲ၊ ကျုပ်သည် ကားလို့ဆိုရင် ဒီအဝတ်နဲ့ အင်မတန်မှ ပြေပြစ်တယ်လို့လည်း ပြောလိုက်သေးတယ် (မှန်ပါ့) ဟာ ဒကာကြွယ် ဘယ့်နှယ်ကြောင့် ပြောပါလိမ့်မတုန်း (မျက်စိနှစ်ကွင်း အလင်းမရလို့ပါ) သူများပြောနဲ့ပြီးရတယ် (မှန်ပါ့ ဘုရား)
မျက်စိနှစ်ကွင်း အလင်းမရလို့ ဒကာ ဒကာမတွေ သူပြောတဲ့ စကား ကျုပ်တို့က အတည်ပြုနိုင်ပါ့မလား (မပြုနိုင်ပါ ဘုရား)။
သို့သော်လဲ သူ့စိတ်ထဲမှာတော့ ဒီအဝတ်ကို သူ့လူက မင်းနဲ့အလိုက်ဆုံးပဲ ပြောလိုက်တော့ ကိုယ်ကလဲ အလင်း မရတော့ ဒါနဲ့သာ ဟုတ်နေတာကိုး (မှန်ပါ့ ဘုရား)။
အဲဒီလိုဖြစ်နေတယ်ကွ၊ မင်းကလဲ အရိယာမျက်လုံး မတပ်ရသေးတော့ မင်းခန္ဓာကြီး ရောဂါတုံးကြီးနဲ့ ဝတ်စား နေရတာကိုပင်လျှင် မင်းက ကျုပ်သည်ကား ဒါ နိဗ္ဗာန်ပဲလို့ ထင်နေတဲ့ အသွားဟာ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ် ဆီသုတ်တဲ့ အဝတ်-ဝတ်ထားပြီး သကာလ ကြွားသလို-မော်သလိုဖြစ်နေတယ်ကွ၊ မာဂဏ္ဍီရလို့ ဖြေရှာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီမှာလဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ပစ္စည်း၊ ကိုယ့်သားသမီးကလေးနဲ့ ပျော်မွေ့ပြီးသကာလ နေကြ တာဟာ ဒကာသစ်တို့၊ ဦးမာဒင်တို့ ရိပ်မိပါပြီ (ရိပ်မိပါပြီ) မျက်စိနှစ်ကွင်း အလင်းမရသေးတော့ ကိုယ့်ဟာနဲ့ကိုယ် လှပြီး ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေတာပဲ (မှန်ပါ့ ဘုရား)။
ဦးလှဘူး ဘယ်လိုပါလိမ့်ဗျာ (ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေပါတယ် ဘုရား)။
ကိုယ့်ဟာနဲ့ကိုယ်လှပြီး ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေတာပဲဆိုတဲ့ အသွားဟာဖြင့် ဒကာသစ်ရေ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
စုံလုံးကန်း ရှိပါသေးကလား
ဒါကြောင့်တဲ့ အခု ဆရာဘုန်းကြီးနဲ့လဲ တွေ့ကြ၊ သာသနာကြီးန့ ကြုံကြတော့ ဪ ဒို့ မျက်စိဟာ စုံလုံးကန်းရှိပါသေးကလား (မှန်ပါ့ ဘုရား)။
ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေတာ ဘယ်လိုပါလိမ့် (စုံလုံးကန်း ရှိပါသေးကလားပါ ဘုရား)။
စုံလုံးကန်းတွေဖြစ်ပြီးသကာလ နေသေးတော့ ဒကာကြွယ်ရေ ဆီသုတ်တဲ့အဝတ် ဝတ်ပြီးသကာလ ကိုယ့် ဟာကိုယ် လိုက်နေတာနော် (မှန်ပ့ါ ဘုရား)။
ရောဂါခန္ဓာကိုယ်ကြီးနဲ့ ဘယ့်နှယ်တုန်း- တစ်ယောက်နဲ့တစ်ယောက် မေးကြတယ်၊ ခင်ဗျား ဘယ့်နှယ်နေ သတုန်း၊ ဟာ ကျန်းမာပါတယ် (မှန်ပ့ါ) အင်း- ရောဂါခန္ဓာကိုယ်ကြီး မမြင်တော့ ဘာတဲ့ (ကျန်းမာပါတယ် ဘုရား)။
ခင်ဗျား စိတ်ရော ချမ်းသာရဲ့လား၊ ကိုယ်ရော ချမ်းသာရဲ့လား၊ အို စိတ်ချမ်းသာ ကိုယ်ချမ်းသာဆိုတာ ကျုပ်တစ်သက် ဒီတစ်ခါတွေ့သေးတာပဲ (မှန်ပါ့) နိဗ္ဗာန်များတောင် ထင်နေလိုက်သေးတယ် (မှန်ပ့ါ ဘုရား)။
ဒါ ဘာဖြစ်တဲ့ပုဂ္ဂိုလ်က မေးပြီး၊ ဒီအဖြေ- ဖြေပါလိမ့်မတုန်းမေးတော့ မေးတဲ့ပုဂ္ဂိုလ်ကလဲ စုံလုံးကန်း (မှန်ပါ့) ဖြေတဲ့ပုဂ္ဂိုကကော (စုံလုံးကန်းပါ ဘုရား)။
အင်း ဒါဖြင့် သူတို့ချင်း ဒကာ ဒကာမတို့ အကန်းတောထဲ မင်းမူနေကြတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြပါမယ် (အကန်းတောထဲ မင်းမူနေကြပါတယ် ဘုရား)။
အဲ ခင်ဗျားတို့ ကြွားဝါနေတာတွေဟာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) ဘာပါလိမ့်ဗျာ (အကန်း တောထဲ မင်းမူနေကြတာပါ ဘုရား)။
အကန်းတောထဲ ဘယ်သူက မင်းနေတာတုန်းမေးတော့ (အကန်းက မင်းမူနေတာပါ ဘုရား)။
အံမာလေး အတော်ဆိုးတဲ့စကား (ဆိုးပါတယ်) အတော်ဆိုးတဲ့စကားဆိုတာဖြင့် ဒကာသစ်တို့၊ ဦးမာဒင် တို့ ရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ ဘုရား)။
ခန္ဓာကိုယ်ကြီးဟာ ရောဂါအပြည့်နော်
ခန္ဓာကိုယ်ကြီးဟာ ရောဂါအပြည့်နော် (မှန်ပါ့) အတွင်းခွဲကြည့် အသုဘတွေကော (အပြည့်ပါ ဘုရား)။
အဲဒါနဲ့လဲ သူသည်ကားလို့ဆိုရင်ဖြင့် ကိုယ့်အဝတ်ကလေးနဲ့ ကိုယ့်အစားကလေးနဲ့၊ ကိုယ့်ကားကလေးနဲ့၊ ကိုယ့် လက်ဝတ်လက်စားကလေးတွေနဲ့ ဆိုလို့ရှိရင်ဖြင့် ကျန်းမာလို့ တော်သေးရဲ့၊ ချန်းသာလို့ တော်-တော်သေးရဲ့ (မှန်ပါ့) အင်း ဆီသုတ်တဲ့အဝတ်နဲ့ဖြင့် အတော်ကြွားနေကြပြီ (မှန်ပ့ါ ဘုရား)။
ဆီသုတ်တဲ့အဝတ်- ဝတ်ပြီးသကာလ (ကြွားနေကြပါတယ်ဘုရားဝ။
ဟိုက အရိယာမျက်လုံး တပ်ကြည့်လိုက်တဲ့အခါ ကျတော့ဖြင့် ဪ ဒါ သူကြွားပုံဟာ မသိတဲ့ပုဂ္ဂိုလ်၏ ကြွားတာပဲဆိုပြီးသကာလ မျက်စိနှစ်ကွင်း အလင်းရတဲ့ပုဂ္ဂိုလ်ကတော့ သူ ကြွားလေလေ-ဟိုက ပြုံးလေလေပဲ (မှန်ပါ့ ဘုရား)။
သူကြွားလေလေ (ပြုံးလေလေပါ) ဘယ်လောက်များ ဆိုးသလဲ (ဆိုးပါတယ် ဘုရား)။
ဒီ ဒကာကြွယ်တို့ လူစု၊ ဦးလှဘူးတို့ လူစုက အင်း အခုမှပဲဗျ စိတ်ချမ်းသာ ကိုယ်ချမ်းသာတဲ့၊ ကိုယ်ချမ်း သာတာ တစ်ခုမှမရှိဘူး (မှန်ပ့ါ) ကိုယ်ကလဲ ဒကာ ဒကာမတို့ ဖြစ်ပျက်အနိစ္စတွေ (မှန်ပါ့) အသုဘတွေ (မှန်ပါ့) စိတ်ကလဲ အနိစ္စတွေ၊ အသုဘတွေ (မှန်ပါ့) ဒါထဲကနေပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ၊ နည်းနည်းကလေး အရွယ် ရောက်လာမှ အကျိုးပေးလာလို့ တော်-တော်သေးတယ်တဲ့ (မှန်ပါ့ ဘုရား)။
အံမာ သူ့အဝတ်နဲ့သူ အတော်လိုက်တယ် (မှန်ပါ့) ဘာအဝတ်ပါလိမ့်မတုန်းဆိုတော့ သိုးမွှေးအနက်ကြီး၊ ဆီသုတ်တဲ့အဝတ် ဒါနဲ့ ဟုတ်နေတာကိုး (ဟုတ်နေပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ်က မျက်စိမြင်လို့ ဒီအဝတ်ဝတ်ထားတာ၊ ဘေးကပုဂ္ဂိုလ်က ဒကာကြွယ်တို့ လူစုကတောင်မှ မြှောက်လိုက် သေးတယ် (မြှောက်ပါတယ်) မင့်အဝတ်နဲ့ မင်းနဲ့ဖြင့်ကွာ- မင့်အခြေအနေနဲ့ မင်းဝတ်လာတာများ လိုက်ပါတယ်ကွာ (မှန်ပါ့ ဘုရား)။
တချို့ကျတော့လဲ ခပ်စုတ်စုတ်-ခပ်ပြတ်ပြတ်- ခပ်နွမ်းနွမ်း ဝတ်လာတော့ မင်းဟာ ကိုယ့်ကိုယ်မှ မငဲ့ဘူးလား မေးတယ် (မှန်ပါ့) ကိုယ့်ဂုဏ်မှ ကိုယ်မငဲ့ဘူးလား တဲ့၊ ဟော- ဒကာကြွယ်တို့က ကဲ့ရဲ့တယ် (ကဲ့ရဲ့ပါတယ် ဘုရား)။
နည်းနည်းကလေး တန်းတူအောင်ကလေး ဝတ်လာတဲ့အခါ အေး ဒီလိုမှပေါ့ကွတဲ့ (မှန်ပ့ါ) ဘာဖြစ်တုန်း၊ ဘာဖြစ်တာတုန်း ဒကာကြွယ်ရ ပြော-ပြောစမ်းပါဦး၊ မျက်စိနှစ်ကွင်း အလင်းမရတာ သေချာတယ် (မှန်ပါ့) မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။
ဆီသုတ်တဲ့ အဝတ်ကြီးဝတ်ပြီး
အဲဒါကြောင့် မာဂဏ္ဍီတဲ့၊ မင်းခန္ဓာကြီးရောဂါကင်းတယ်၊ ဒါ နိဗ္ဗာန်ပဲဆိုတာ မင်းက မျက်စိနှစ်ကွင်း အလင်း မရဘဲနဲ့ ဆီသုတ်တဲ့ အဝတ်ကြီးဝတ်ပြီး ကျုပ်နဲ့မလိုက်ဘူးလား မေးနေတော့ ငါ-အဖြေသိပ်ခက်နေပြီကွ (မှန်ပါ့)။
ဒကာသစ် ပြောထိုက်-မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား) ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမ တဲ့၊ ဒီလိုကျုပ်မှာဖြင့် မျက်စိနှစ်ကွင်း အလင်းမရဘူးလို့ ရှင်ကြီးဂေါတမက ဆိုလို့ ရှိရင် ကျုပ်ကိုဖြင့် ဆေးသမားလုပ်ပြီးသကာလ မျက်စိနှစ်ကွင်း အလင်းရအောင်လုပ်ပြီး ကျေးဇူးဆောင်ပါဦးလို့ ဒီကျတော့မှ ဒကာကြွယ် တောင်းပန်တယ် (မှန်ပါ့)။
တောင်းပန်လာတော့လဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အေးဟေ့တဲ့- ဒီလိုတောင်းပန်လာလို့ရှိရင်လဲ ဗြုန်းကနဲ ကုလို့ရတာလဲ မဟုတ်ဘူး တဲ့ (မှန်ပါ့ ဘုရား) သူတော်ကောင်းများ ဆည်းကပ်ပါဦး တဲ့ (မှန်ပါ့)။
သူတော်ကောင်းများ ဆည်းကပ်ပါဦး
မျက်စိကုမည့်ကြံလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်သူ့ဆီ ဆည်းကပ်ရမတုန်း (သူတော်ကောင်းများ ဆည်းကပ် ရပါဦးမယ် ဘုရား) အဲဒါနဲ့လဲ မပြီးသေးဘူးကွတဲ့၊ တရားလဲ နာဦးမှတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တရားနာရုံနဲ့လဲ ဒါက ၁-၂-သာ ပြီးသေးတယ်၊ ၃-မရောက်သေးဘူးဆိုတော့ လျော်စွာကျင့်ဦးမှကွ တဲ့ (မှန်ပါ့) အဲဒါမှ မျက်စိနှစ်ကွင်း အလင်းရမယ်တဲ့ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပုထုဇန်စုံလုံးကန်းကို နိဗ္ဗာန်တည်းဟူသော အေးမြချမ်းသာတဲ့နေရာကြီး ပြရမယ်ဆိုလို့ရှိရင်ဖြင့် ဘုရားက သုံးချက်ပြောလိုက်တယ် (မှန်ပါ့) သူတော်ကောင်း ဆည်းကပ်ပါဦးကွ (မှန်ပါ့) သစ္စာ တရားတွေကို (နာရပါမယ် ဘုရား) နာတဲ့အတိုင်းလဲ ကျင့်ပါဦးကွ (မှန်ပါ့) ဤသုံးချက် ညီလို့ရှိရင်ဖြင့် မင်း သည်ကား လို့ ဆိုလို့ရှိရင် ရောဂါရှိတာလဲ သိလာမယ် (မှန်ပါ့) ရောဂါပျောက်တာလဲ (သိလာပါမယ် ဘုရား)။
တရားဆက်နာကြ တရားဆက်နာကြ၊ ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးတပ်ချင်ပေမယ့် ဗြုန်းကနဲ တပ်ရ တာလား၊ မျက်လုံးအခြံအရံတွေ ကုန်မှပဲ၊ ဒီမျက်လုံး ကောင်းဖြစ်လာမည်ဆိုတဲ့ဥစ္စာ ဒကာကြွယ် မှတ်ရမယ် (မှန်ပါ့)။
သူတော်ကောင်း ဘာလုပ်ရမတုန်း (ဆည်းကပ်ရပါမယ် ဘုရား) သစ္စာတရားကို (နာရပါမယ် ဘုရား) နာတဲ့ အတိုင်း ဘာလုပ်ရမလဲ (ကျင့်ရပါမယ် ဘုရား)။
အဲ သစ္စာမြင်အောင်လို့ ကျင့်ရဦးမယ် (မှန်ပါ့) ဒီလိုကျင့်လိုက်လို့ရှိရင်ဖြင့် တဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ပင်ကိုယ်မျက်လုံး ပျောက်ပြီးသကာလ ပင်ကိုယ်အကန်းပျောက်ပြီး သကာလ အကြည် အလင်းရတဲ့ မျက်လုံး ဖြစ်လာပါလိမ့်မယ် (မှန်ပါ့)။
မင်း-လှတယ်ထင်နေတာ မျက်စိနှစ်ကွင်းအလင်းမရလို့
ဒါဖြင့် ဒီဥစ္စာ အရေးကြီးတာပေါ့ (အရေးကြီးပါတယ် ဘုရား) ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက မင်း- ဆီသုတ်တဲ့အဝတ်ကြီးဝတ်ပြီး မင်း-လှတယ်ထင်နေတာ မျက်စိနှစ်ကွင်း အလင်းမရလို့ လို့ စွဲချက်တင်လိုက်တယ် (မှန်ပါ့)။
ဒါဖြင့် အလင်းဖြစ်အောင် တပည့်တော် ကုသပေးပါဆိုတော့ ဗြုန်းကနဲကုပေးဖို့ ဒကာ ဒကာမတွေ မလွယ် ကူတာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူတော်ကောင်း ဆည်းကပ်ပါဦးကွ တဲ့ (မှန်ပ့ါ) တရားကိုလဲ (နာရ ပါမယ်) တရားနာဦးကွ၊ သစ္စာတရားကိုလဲ နာပါဦးကွ တဲ့ (မှန်ပါ့) နောက် သစ္စာ မြင်အောင်လဲ ကျင့်ပါဦးကွတဲ့ (မှန်ပါ့) ဤသုံးချက်ညီရင်ဖြင့် ဝမ်းတွင်းကန်းသည် အလင်းရောက်လာပါလိမ့်မယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒါကလေးနဲ့ ထောက်ကြည့်တော့မှ ဪ တရားနာရင်း မဂ်ဖိုလ်ဆိုက်တယ်၊ ဆုတောင်း နဲ့ မဂ်ဖိုလ်ဆိုက်တယ်လို့ ယူတဲ့ ပုဂ္ဂိုလ်များအတွက်မှာဖြင့် ဦးမာဒင် ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
ဘုရားကိုက နှုတ်တော်က ဖွင့်ပြောတာ ဒကာကြွယ် (မှန်ပါ့ ဘုရား) ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ,ရပါလို၏ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့ သူက ဆုတောင်းနဲ့ရလိမ့်မယ်လို့ သူ့ဟာသူ ထင်နေလို့ရှိရင်ဖြင့် ဘုရားက ဒီသုံးချက်ဟောဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့က ဒကာ ဒကာမတွေကော သူများပြောကိုမယုံဘဲနဲ့ ဘုရားဟောကို အတည်ပြုပြီး သကာလ ဒကာကြွယ်ရေ
သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
အဲဒါ ဒကာ ဒကာမတို့ မာဂဏ္ဍီပရဗိုဇ်ရဲ့ မျက်လုံးကို ခုနင်က အကန်းမျက်လုံးမှ အကောင်းမျက်လုံးဖြစ်အောင် ဒကာကြွယ်ရေ ဒါလုပ်တာပဲ (မှန်ပါ့)။
ဒီအထဲ ဆုတောင်းပါသေးသလား
ဒီအထဲ ဆုတောင်းပါသေးသလား (မပါပါ ဘုရား) သူတော် ဆည်းကပ်ဆိုတာလဲ ဆုတောင်းမဟုတ်ပါဘူး (မှန်ပါ့)။ မြတ်တရားနာဆိုတာကော (မဟုတ်ပါ ဘုရား) လျော်စွာကျင့်ဆိုတာကော (ဆုတောင်းမဟုတ်ပါ ဘုရား)။
အင်း-ဒီသုံးချက်ပါမှ မင်း-အရိယာမျက်လုံးဖြစ်တယ်ဆိုတော့ အရိယာမျက်လုံးလဲ ဖြစ်ပါရော ဒကာသစ်ရေ နိဗ္ဗာန်မြင်တော့တာပဲ (မှန်လှပါ ဘုရား) ဒီအထဲ ဆုတောင်းပါရဲ့လား (မပါပါ ဘုရား) ကဲ ဒကာကြွယ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဒီ လင်္ကာကလေးကို ဒကာ ဒကာမတွေ ခဏခဏနှစ်တိုင်းလိုလိုပဲ ပြောပေးတယ် (မှန်ပါ့) ဆုတောင်း တွေနဲ့ ခင်ဗျားတို့က အားကိုးလုံးထုတ်ပြီး သံသရာရှည်နေမှာစိုးလို့ (မှန်လှပါ) သဘောပါကြပလား (ပါပါပြီ) ဘယ် နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။
အဲ ဒီသုံးချက်သာ ညီအောင်လုပ်ပါ ဒကာ ဒကာမတို့၊ ရှေးဦးစွာ သူတော်ကောင်း ဆည်းကပ်ပါ (မှန်ပါ့) ပြီးတော့မှ သစ္စာနဲ့ ပတ်သက်တဲ့တရားကို နာလိုက်ပါဦး (မှန်ပ့ါ) နာပြီးသကာလ လျော်စွာကျင့်ဆိုတာ ဒီကလဲ သစ္စာ တရားဖြစ်ရမယ်၊ မြင်တာကလဲ သစ္စာလို့မြင်ရမယ် (မှန်ပါ့)။
ကြားတာကလဲ (သစ္စာလို့ ကြားရပါမယ်) ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တော့လဲ (သစ္စာလို့ မြင်ရပါမယ် ဘုရား)။
အဲ အဲဒီလို လျော်သွားလို့ရှိရင်ဖြင့် ဘာဆုတောင်းမှလဲ မလို၊ ဘာပါရမီမှလဲ မလိုဘဲနဲ့ အရိယာမျက်လုံး ဖြစ်ပြီး နိဗ္ဗာန်မြင်ပါလိမ့်မယ် (မှန်ပါ့) အနာရှိတာလဲ မြင်ပါလိမ့်မယ် (မြင်ပါတယ် ဘုရား) နိဗ္ဗာန်ကော (မြင်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာကြွယ်ရေ မာဂဏ္ဍီက သူ့မျက်လုံး ကုပေးပါလို့ဆိုလို့ ဒီသုံးချက် ဘုရားက ဟောတယ် (မှန်ပ့ါ) ကဲ ဒကာကြွယ်တို့ ဦးမာဒင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒို့သည်ကားလို့ဆိုရင် အလကားနေရင်း အချိန်တွေမျောပြီး ပင်ပန်းခံတောင်းနေလို့ မဟုတ် သေးပါကလား (မှန်ပ့ါ) သူတော်ကောင်းဆည်းကပ်ဖို့ ၁-နံပါတ်၊ သစ္စာတရားနာဖို့ (၂-နံပါတ်ပါ ဘုရား)။
သစ္စာတရားဆိုတာ
သစ္စာတရားဆိုတာ ခန္ဓာကိုယ်ထဲကလဲ ဒုက္ခသစ္စာတွေရှိတယ် (မှန်ပါ့) ကိုယ့်အမြင်ကလဲ ဒုက္ခသစ္စာနဲ့ အမြင် ကိုက်သွားလို့ရှိရင်ဖြင့် ဒုက္ခချုပ်တဲ့နိဗ္ဗာန် တွေ့ရမယ် (မှန်လှပါ)။
အဲဒါကြောင့် ယနေ့နာတဲ့ ဒကာ ဒကာမတွေမှာဖြင့် ဪ ဆုတောင်းအလုပ်လား၊ ဒီသုံးချက်ညီဖို့လား လို့ ကိုယ့်ဟာကိုယ် ဘာမှမစဉ်းစားဘဲနဲ့ ဘုရားက မာဂဏ္ဍီပရဗိုဇ်ကို မျက်စိနှစ်ကွင်း အလင်းရချင်လို့ နိဗ္ဗာန်မြင်ချင်လို့ ရှိရင်ဖြင့် မင်း-ဒီသုံးချက်ညီအောင် လုပ်ပါကွာ ဆိုတာ သေသေချာချာ ဟောထားပါတယ် (မှန်ပါ့ ဘုရား) သဘော ပါကြပလား (ပါပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီသုံးချက် မညီရင်ဖြင့် မရနိုင်ဘူး (မှန်ပါ့)။
ဒကာ ဒကာမတို့ မျက်စိနှစ်ကွင်းဆိုတဲ့ သမ္မာဒိဋ္ဌိမျက်လုံး အလင်းရချင်ရင် ဘယ်နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။
အဲဒီတော့ သုံးချက်ဆိုတာ ဒကာ ဒကာမတွေက သိပြီးသားဖြစ်နေတော့ သူတော်ကောင်း ဆည်းကပ်တယ် ဆိုတာလဲ အခု ဆည်းကပ်နေကြတာ အထင်အရှားဖြစ်နေသောကြောင့် သူ့အတွက်လဲ လုံလောက်ပြီ အောက်မေ့တာ ပေါ့ (မှန်လှပါ ဘုရား)။
မြတ်တရားနာဆိုတာ ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာတရားကိုလဲ ဆရာဘုန်းကြီး နေ့တိုင်း ဒကာ ဒကာမတွေကို ပြတဲ့အတွက် ဒီတရားကလဲ နာရပါပြီ (မှန်ပါ့) ဪ ဒါဖြင့် နှစ်ချက်ကတော့ဖြင့် ပြည့်စုံပြီ (ပြည့်စုံပါပြီ ဘုရား)။
လျော်စွာကျင့်ဆိုတာ
လျော်စွာကျင့်ဆိုတာကလေးတစ်ချက်ဟာ ကျန်နေတယ် (ကျန်နေပါတယ် ဘုရား) အဲဒါကလေး ယနေ့ရှင်း အောင် ပြပါမယ်တဲ့ ၊ မာဂဏ္ဍီမဆုံးနိုင်ခင်ဘဲ ဒကာသစ် ဒါကလေးဟာ အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ဒီခုံကို ကြည့်ကြပါ တဲ့၊ လျော်စွာကျင့်ဆိုတာ ပြောပြမယ် (မှန်ပါ့)။
ဒကာ ဒကာမတွေမှာ ယခု ခန္ဓာငါးပါး ရှိတယ်နော် ဪ ဒါက ဒကာ ဒကာမတွေလား၊ အပြော ဒကာ ဒကာမတွေ အရှိကတော့ ခန္ဓာငါးပါး (မှန်ပါ့)။
အပြောကဖြင့် ဒကာ ဒကာမတွေ ဒကာ ဒကာမတွေဆိုတာ ပြောရမှာပဲ (မှန်ပ့ါ) မပြော မဖြစ်၊ မဟော မဖြစ်လို့ ဟောရခြင်း ဖြစ်ပါတယ် (မှန်ပါ့) အရှိသက်သက်ပြောစမ်းပါဆိုတော့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ပါပဲ (မှန်လှပါ ဘုရား)။
ဪ ဒါဖြင့် အဲဒီအရှိကို ကြည့်လိုက်တော့ ရုပ်က ဒါ ဖောက်ပြန်ပျက်စီးတာ (မှန်ပ့ါ) ဝေဒနာ ကြည့်လိုက်ပြန်တော့လဲ တော်တော်ကြာ ဒုက္ခ၊ တော်တော်ကြာ သုခ၊ တော်တော်ကြာ ဥပေက္ခာနဲ့ သူတို့ ဖောက်ပြန် ပျက်စီးနေတာပဲ (မှန်ပါ့)။ သညာ ကြည့်လိုက်ပြန်တော့လဲ တော်တော်ကြာ အဖြူမှတ်တဲ့ သညာ၊ တော်တော်ကြာ အဝါမှတ်တဲ့ သညာ၊ တော်တော်ကြာကျတော့ သားမှတ်တဲ့ သညာ၊ သမီးမှတ်တဲ့ သညာတွေ ပြောင်းလိုက်၊ ပျက်လိုက်ပဲ (မှန်ပ့ါ)။
စေတနာဆိုတဲ့ သင်္ခါရက္ခန္ဓာ ကြည့်လိုက်ပြန်တော့လဲ ဒကာကြွယ်ရေ တစ်ခါတလေ စေတနာကလေးက ထက်လာလိုက် ၊ နုံ့လာလိုက်နဲ့ (မှန်ပါ့) တစ်ခါတလေ စေတနာကလေးက ပျက်သွားတယ် (မှန်ပါ့) ဒါဖြင့် သင်္ခါရက္ခန္ဓာကလဲ ဖြစ်ပျက်ပဲ (ဖြစ်ပျက်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိညာဏက္ခန္ဓာ စိတ်ဆိုတာ တစ်ခါတလေ မြင်စိတ်ပေါ်လိုက်၊ တစ်ခါတလေ ကြားစိတ်ပေါ်လိုက်၊ အင်း မြင်စိတ်ပေါ်ပြီး ကြားစိတ်ပေါ်ချင်ပေါ်လိုက် (မှန်ပါ့) တော်တော်ကြာ စားစိတ်ပေါ်ချင် ပေါ်လိုက်၊ တော်တော်ကြာ ကြံစိတ်ပေါ်ချင်ပေါ်လိုက်၊ ကြံတဲ့အထဲကမှ အဖြူကြံချင်ကြံ၊ အနီကြံချင်ကြံ၊ ကြံတဲ့စိတ်ကလဲ အမျိုးမျိုးပြောင်းတယ် (မှန်ပ့ါ)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ရှိတာကတော့ ဒကာ ဒကာမတို့ မမြဲတဲ့အနိစ္စပဲ (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အနိစ္စအရှိနဲ့ အနိစ္စအသိကိုက်ရင်
ဪဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စရှိလို့ အနိစ္စရယ်လို့ ဒကာ ဒကာမတွေက သိသွားလို့ရှိရင် လျော်ပါပြီ (မှန်ပါ့)။
အနိစ္စအရှိနဲ့ အနိစ္စအသိကိုက်ရင် (လျော်ပါပြီ ဘုရား) လျော်စွာကျင့်ဆိုတာ ဒါပဲ (မှန်ပါ့)။
ဒကာ ဒကာမတို့ အရှိနဲ့ အသိကိုက်ရင် (လျော်စွာအကျင့်ပါ ဘုရား)။
ဘယ်လိုပါလိမ့် (အရှိနဲ့အသိကိုက်ရင် လျော်စွာအကျင့်ပါ ဘုရား)။
အရှိက ဒီခန္ဓာငါးပါးမှာ ဘာရှိသတုန်း (အနိစ္စရှိပါတယ်) အနိစ္စပဲရှိတယ်ဆိုတာ ဒကာသစ်တို့၊ ဦးမာဒင်တို့
မှတ်မိပါပြီ (မှတ်မိပါပြီ ဘုရား)။
အသိက ယောကျ်ား၊ မိန်းမဖြစ်ဘဲနဲ့၊ ကျန်းမာ ချမ်းသာ မဖြစ်ဘဲနဲ့ ဪ အနိစ္စရှိလို့ ဉာဏ်က ရှုလိုက်တဲ့ အခါ အနိစ္စသိလို့ရှိရင် လျော်စွာဖြစ်ပြီ (မှန်ပါ့) အရှိနဲ့အသိကိုက်ရင် လျော်ပါပြီ (မှန်ပါ့)။
အရှိနဲ့ အသိကိုက်ရင် (လျော်ပါပြီ) ဪ ဒါ လျော်စွာကျင့်ဆိုတာ ဒို့ တခြားလား အောက်မေ့နေတယ်၊ မိမိသန္တာန် ရုပ်နာမ်ဓမ္မတို့၏ ဆရာပေးထားတဲ့ ဉာဏ်ကလေးယူပြီး သကာလ ကိုယ့်ဉာဏ်အသိနဲ့ ကိုက်တယ် (မှန်ပ့ါ)။
ဒါဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်ရမယ် (ကိုက်ရပါမယ် ဘုရား)။
ဒကာကြွယ် ဘာတဲ့ (ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်ရပါမယ် ဘုရား)။
ဒါက ဒကာ ဒကာမတွေ ပေါ့ပေါ့တန်တန် မနာဘဲနဲ့ နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်မှာ ဒီ၃-နံပါတ်ဟာ အတော်အရေးကြီးတယ် (ကြီးပါတယ် ဘုရား) ကိုယ်အရှိနဲ့ ဉာဏ်အသိနဲ့ ကိုက်ရမယ် (မှန်ပါ့) ဒကာ ဒကာမတို့ဘာတဲ့ တုန်း (ခန္ဓာအရှိနဲ့ ဉာဏ်အသိနဲ့ ကိုက်ရပါမယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒါကလေးဟာဖြင့် နိဗ္ဗာန်မရ,မချင်း ဒီစကားဟာ ဒီဟာကလေးဟာဖြင့် ဖျောက်ဖျက်ပစ်လို့ မဖြစ်ဘူး (မှန်ပါ့) နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ် ခန္ဓာအရှိနဲ့ ဉာဏ်အသိကို ရမယ် (မှန်ပါ့)။
နိဗ္ဗာန်ရောက်ချင် (ခန္ဓာအရှိနဲ့ ဉာဏ်အသိနဲ့ ကိုက်ရပါမယ် ဘုရား)။
ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်လို့ရှိရင်
ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်လို့ရှိရင် (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ ဖြစ်ပါတယ်) ဓမ္မာနုဓမ္မပ္ပဋိပတ္တိ ဖြစ်ပါတယ်ဆိုတာ ဖြင့် ဒကာ ဒကာမတို့ မလွဲတမ်း မှတ်ပေတော့ (မှန်ပါ့)
ကိုင်း ဒါငြဖ့် ဪ သူတော်ဆည်းကပ်၊ မြတ်တရားနာဟာ လွယ်သကိုး (မှန်ပါ့) ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်ဖို့ရာက (ခက်ပါတယ် ဘုရား) ကိုက်လဲကိုက်ရော တစ်ခါတည်း မျက်စိလင်းတာပဲ (မှန်ပါ့) ဉာဏ်မျက်စိ လင်းလာ တယ် (မှန်ပါ့) အဝိဇ္ဇာာ မဖုံးနိုင်တော့ဘူး (မှန်ပါ့)။
ဪ ဦးမာဒင် သိပ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ခင်ဗျားတို့မှာ ခန္ဓာအရှိနဲ့ ဉာဏ်အသိသည်ကားလို့ဆိုရင် ကိုက်သွားလို့ရှိရင် ဖြင့် ဪ မွေးတုန်းက ဒို့ ဒီဟာ မမြင်ပါဘူး (မှန်ပါ့) တော်တော် အပျိုရွယ်ကလေး ဖြစ်လာပြန်တော့လဲ (မမြင် ပါ ဘုရား)။
အင်း တော်တော်စီးပွားရေး လိုက်စားတုန်းကလဲ (မမြင်ပါ ဘုရား)။
ဟာ ဘာမြင်မလဲ ဒကာ ဒကာမတွေက ကိုယ့်အမေကလဲ စုံလုံးကန်း (မှန်ပါ့) သားကလေး မွေးလာပြန် တော့လဲ (စုံလုံးကန်းပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားတည်းဟူသော ဆေးဆရာကြီးနဲ့ မတွေ့သ၍ ကာလပတ်လုံး အကန်းကမွေးပြီး အကန်းမြေး-မြစ်ဖြစ် လာတာပဲ (မှန်ပါ့) အကန်းသားသမီး၊ အကန်းမြေး၊ မြစ်ဖြစ်လာတော့ အကန်းတောထဲမှာ အချိန်ကုန်ပြီးသကာလ လာခဲ့ကြရတယ်ဆိုတဲ့ ဥစ္စာဖြင့် ဘာမှသံသယမရှိနဲ့ (မရှိပါ ဘုရား)။
အခု ဒီအရွယ် ဒီအရွယ်ရောက်အောင်ပဲ အရှိနဲ့ အသိမကိုက်သေးလို့ရှိရင်ဖြင့် အကန်းတောထဲမှာ ဒို့သည်ကား လို့ဆိုရင်ဖြင့် အချိန်ကုန်ခဲ့သေးတယ်ဆိုတာ ဦးလှဘူးမှတ်ရမယ် (မှတ်ရပါမယ် ဘုရား)။
ဘယ်လို အချိန်ကုန်ခဲ့ကြပါလိမ့် (အကန်းတောထဲမှာ အချိန်ကုန်ခဲ့ကြပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာကြောင့်တုန်း ခန္ဓာအရှိနဲ့ ဉာဏ်အသိမှမတည့်သေးဘူး (မှန်ပါ့) အရှိက အနိစ္စရှိတယ်၊ အသိက သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ၊ ဘိုးတွေ၊ ဘွားတွေလို့ သိနေတော့ အရှိနဲ့ အသိကကိုက်ကဲ့လား (မကိုက်ပါ ဘုရား) ဒါဖြင့် ကန်းတုန်းပဲ (ကန်းတုန်းပါ ဘုရား)။
ဒကာသစ် ဘယ့်နှယ်ဆိုမလဲ (ကန်းတုန်းပါ) ဦးမာဒင် ဘယ့်နှယ်ဆိုမလဲ (ကန်းတုန်းပါ) ကန်းတုန်းပဲဆိုတာ ငြင်းဖို့ကော လိုသေးသလား (မလိုပါ ဘုရား)။
ဝိဇ္ဇာဖြစ်ပါတယ်
ဒါဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်တဲ့အချိန်မှ သာလျှင်ကျုပ်တို့ အဝိဇ္ဇာမျက်လုံးဆိုတဲ့ အကန်းကြီးဟာ ဒကာ ဒကာမတို့ ဝိဇ္ဇာဖြစ်ပြီးသကာလ လာတော့တယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဝိဇ္ဇာက ဘာဖြစ်လာသတုန်း (ဝိဇ္ဇာဖြစ်ပါတယ်) အဲ ဒါကြောင့် “ဝိဇ္ဇာ ဥဒပါဒိ”ကျတော့မှ ဘုရားက အဲဒီ ကျမှ “အာလောကော ဥဒပါဒိ”ဟာ လင်းပြီဟတဲ့ (မှန်ပါ့) မဆိုဘူးလား (ဆိုပါတယ် ဘုရား)။
‘အာလောကော ဥဒပါဒိ’ ဆိုတာ အလင်းရသွားပြီကွ (မှန်ပါ့) ကောဏ္ဍည အလင်းရသွားပြီဆိုတာ ဒီပါဠိတော်က ကောဏ္ဍညဆီကလာတာ (မှန်ပါ့) ကဲ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာသစ်တို့၊ ဦးမာဒင်တို့ (ရိမိပါပြီ ဘုရား)။
အာလောက ဥဒပါဒိ (မှန်ပါ့) နဂိုရ်က ခင်ဗျားတို့က ရွတ်သာနေတာ ကိုယ့်သန္တာန် အာလောကော ဥဒပါဒိ ဖြစ်အောင်လို့ စိတ်ကူးတာမဟုတ်ဘူး (မကူးပါ) ဓမ္မစကြာရတာ လူထဲပြောတာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကောဏ္ဍည အလင်းရသွားပြီဆိုတာ နဂိုရ်က အကန်းမို့ ဘုရားက ပြောရှာတာ (မှန်ပါ့ ဘုရား)။
အဲဒီမှာလဲ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာအရှိကို ကိုယ့်ဉာဏ်အသိနဲ့ မကိုက်သေးသ၍ ကာလပတ်လုံးဖြင့် ဪ ဒို့သည် ကားလို့ဆိုရင် စုံလုံးကန်းပဲ ရှိပါသေးကလား (မှန်ပါ့) မျက်စိနှစ်ကွင်း ဝမ်းတွင်းက ပျက်လာတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒို့တော့ ဒီနေ့ကစပြီး မှတ်လိုက်တာပေါ့ အကန်းအဖြစ်နဲ့တော့ အသေမခံနိုင်ဘူးလေ (မှန်ပါ့) အကန်း မသာဆိုတာ အလွန်ကြက်သရေယုတ်သဟေ့ (မှန်ပါ့ဘုရာါ်)။
အကန်းမသာဆိုတာ
ဘယ့်နှယ်ဆိုပါ့မလဲ (အကန်းမသာဆိုတာ အလွန်ကြက်သရေ ယုတ်ပါတယ် ဘုရား)။
အံမာလေး ဒကာသစ် ဘုန်းကြီးပြောလို့နော် (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့က ဟင် သေသွား ရှာပြီ သနားပါတယ်၊ ဒါလောက်ပဲ ခင်ဗျားတို့က ပြောကြတယ် (ပြောပါတယ်) အကန်းမသာလို့ မသိလိုက်ဘူး (မသိ လိုက်ပါ ဘုရား)။
အဲ အခုတော့ဖြင့် ဒကာ ဒကာမတွေ ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ့) အကန်းအဖြစ်နဲ့ဖြင့် မသေလိုပါဘူးဘုရား (မှန်ပါ့ ဘုရား)။
သေသေချာချာ ဒကာ ဒကာမတွေ စိတ်ထားမွန်မြတ်ပြီး သကာလအကန်းသေဖြင့် မသေပါရစေနဲ့၊ အမြင် ပေါက်ပြီး သကာလ သေပါရစေဆိုတာကိုဖြင့် ဒီဆုကို တောင်းသင့်ပါတယ် (မှန်ပ့ါ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်ရင် ဒီလိုသေတဲ့ ပုဂ္ဂိုလ် ဘာသေဆိုကြမလဲ (အကန်း သေပါ ဘုရား)။
ဒါဖြင့် ဒကာသစ်တို့ ဦးမာဒင်တို့ ဒီလိုမသာပေါင်း ဘယ်လောက်ပို့ဖူးပလဲ (မရေတွက်နိုင်ပါ) ဒကာကြွယ် တယ်နာပါလား (နာပါတယ် ဘုရား)။
ဒါ ဒကာ ဒကာမတို့ အခုကိုယ်တိုင် သိလာတော့မှ လှိုက်လှိုက်လှဲလှဲ ဪ ဒို့ ဘိုးအေ-ဘွားအေ အမျိုး မျိုးအဖုံဖုံတွေ ဘယ်လိုများ ဖြစ်ကြပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ဪ သိပ်သနားစရာပါကလား (မှန်ပါ့) မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့၊ မွေးတုန်းကလဲ အလင်းမရ (မှန်ပါ့) အရွယ်ရောက်မှလဲ အလင်းမရ (မှန်ပါ့) သေသွား တော့လဲ (အလင်းမရပါ) ဪ ဒီမသာ ဘာမသာခေါ်ကြပါမယ် (အကန်းမသာပါ ဘုရား)။
ဒါဖြင့် ဒီအကန်းကလဲ နောက်ဘဝလဲ မင်းမယ်မဟုတ်တော့ ရောက်ချင်တဲ့နေရာ ရောက်မှာပဲ (မှန်ပါ့) မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား)။
လမ်းဖြောင့်တွေလို့ မြင်သေးလား
ကဲ ရောက်ချင်တဲ့နေရာ ရောက်ဆိုတော့ အကန်းသေ လမ်းဖြောင့်တွေလို့ မြင်သေးလား (မမြင်ပါ ဘုရား)။
အပါယ်လေးပါး တည်းဟူသော ချောက်တွေ၊ ကျင်းတွေ အပါယ်လေးပါး တည်းဟူသော သံသရာ့ထောင် တွေဆိုတဲ့ သုံးဆယ့်တစ်ဘုံထဲမှာ လျှောက်ကျနေမှာပဲ (မှန်ပါ့) မကျပေဘူးလား (ကျပါတယ်) အင်း ဘယ်လိုသွားရှာ လို့ပါလိမ့် (အကန်းသေမို့ပါ ဘုရား)။
အကန်းမသာအဖြစ်နဲပပဲ ဒီဘဝ ဇာတ်သိမ်းပြီ၊ နောက်ဘဝ ကျပြန်လဲ မျက်စိနှစ်ကွင်းက အလင်းမရပြန်တော့ အကန်းသွား-သွားပြန်လို့ (မှန်ပ့ါ) အကန်းတို့၏ ရောက်ရာဌာနမှတစ်ပါး ဘယ်မှကျော်လွန်ပြီးသကာလ မြင်သော ပုဂ္ဂိုလ်တွေ၏ ရောက်ရာဌာနဆိုတဲ့ အဓိပ္ပာယ် မရောက်ရှာဘူး (မရောက်ပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့ မျက်စိနှစ်ကွင်း အလင်းရဖို့သည် အလွန်အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။
အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ ဘာအရေးကြီးဆုံးပါလိမ့် (မျက်စိနှစ်ကွင်း အလင်းရဖို့ အရေး ကြီးပါတယ် ဘုရား)။
အဲ မျက်စိနှစ်ကွင်း အလင်းရတယ်-မရတယ် ကိုယ့်ဟာကိုယ် ထင်ခြင်ကြလို့ရှိရင် ခန္ဓာက အနိစ္စရှိတယ် (မှန်ပါ့) ဉာဏ်ကလဲ အနိစ္စလို့သိရင်ဖြင့် မျက်စိနှစ်ကွင်း အလင်းရပြီ (ရပါပြီ) ဒီအတိုင်းမှ မမြင်သေးဘူး ဆိုလို့ရှိရင် ဖြင့် ငါသည် မမြင်-မြင်အောင် ကြည်ဟုဆိုတဲ့ ဝီရိယတို့, ဆန္ဒတို့ ဒကာကြွယ် ပြင်းထန်ပေးရမယ် (မှန်ပါ့ ဘုရား)။
နို့ မဟုတ်လို့ရှိရင်ဖြင့် ဒီဘဝ အကန်းမသာသေလို့ မြေထဲမြှုပ်လိုက်တော့ နောက်ဘဝ သံသရာခရီး ဆက် သွားပြန်တော့ အကန်းသွား-သွားလိမ့်မယ် (မှန်ပါ့ ဘုရား)။
အကန်းသွားသွားမှာပါ
ဘယ့်နှယ်ဆိုကြမလဲ (အကန်းသွားသွားမှာပါ) အကန်းလမ်းသွားတော့ ဒကာသစ်တို့၊ ဦးမာဒင်တို့ ချောက်တွေ ကျင်းတွေ ရှောင်နိုင်သေးရဲ့လား (မရှောင်နိုင်ပါ ဘုရား)။
အပါယ်လေးပါးတည်းဟူသော ချောက် (မှန်ပါ့) သံသရာ့ထောင်တည်းဟူသော သုံးဆယ့်တစ်ဘုံ၊ ဒီထောင် တွေ၊ ဒီချောက်တွေထဲက လွတ်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မာဂဏ္ဍီ မျက်စိကုချင်လို့ ရှိရင် တဲ့ ဓမ္မာနုဓမ္မပ္ပဋိပတ္တိဆိုတဲ့ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်ပါမှ အလင်းရသကွတဲ့ (မှန်ပါ့)။
ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်ပါမှ (အလင်းရပါတယ် ဘုရား) ကိုင်း ဒကာသစ် ဝေဖန်ပါတော့ ဦးမာဒင်တို့ ဝေဖန်ပါတော့၊ ဪ ဘယ်လို့များ သေသွားကြသတုန်း၊ ဘယ်လိုများ နေသွားကြသတုန်း၊ ဆိုင်းဘုတ်တွေသာ ဆွဲပြီးသကာလ ဂူကြီးတွေတည်ပြီးသကာလ ဆိုင်းဘုတ်တွေသာ အမျိုးမျိုးအဖုံဖုံတွေ တပ်ပြီးသကာလ ထားကြငြား သော်လဲ တဲ့ သူများ ဖတ်ဖြစ်ရုံပဲ၊ သေတဲ့ပုဂ္ဂိုလ်ဟာ အကန်းပဲ (မှန်ပါ့)။
သူများဖတ်တာကတော့ ဂုဏ်ယူဖို့ ဖတ်ချင်ဖတ်မပေါ့ဗျာ (မှန်ပါ့) သေတဲ့ပုဂ္ဂိုလ်က (အကန်းပါ ဘုရား)။
ဘာကြောင့်တုန်း လို့ မေးတော့မှ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်မသွားရှာတော့ ဒကာ ဒကာမတို့ အကန်း မြှုပ်တဲ့ဂူပဲ (မှန်လှပါ) အကန်းမြှုပ်တဲ့မြေပဲ (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အဲဒါ အင်မတန် ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။
အကန်းသေ, သေရမှာလောက်
အဲ ဒါဖြင့် တရားတစ်ပွဲလုံးပဲ ဆုံးဖြတ်ချက်ချပြီး ဒီအကန်းသေ, သေရမှာလောက် လောကကြီးမှာ အရှုံးတကာ့ အရှုံးဖြင့် မရှိတော့ဘူး (မှန်ပါ့) မွဲပြီးသေမှာလဲ မကြောက်နဲ့ (မှန်ပါ့) ချမ်းသာပြီးသေမှာလဲ မကြောက်နဲ့ (မှန်ပါ့) အိုမှာ သေမှာလဲ မကြောက်နဲ့ (မှန်ပါ့ ဘုရား) ဒါ ထုံးစံတွေ အဲဒါတွေက (မှန်လှပါ) မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ သေမှာသာ ကြောက်ပါ (မှန်လှပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာကို အရေးတကြီး ကြောက်ရမလဲ (မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ သေမှာသာ ကြောက်ရပါတယ် ဘုရား)။
ဒကာကြွယ် ဒါ-အမှန်အစစ်ကို ပြောလာတော့ ဒါပဲ အသားယူရမယ် (မှန်ပါ့) ဦးလှဘူး သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဘာဖြစ်လို့လဲလို့ ဆိုလို့ရှိရင် ဘယ်လောက်ပဲ ချမ်းသာတဲ့ပုဂ္ဂိုလ် ဖြစ်စေကာမူလဲ မျက်စိနှစ်ကွင်း အလင်းမရ လို့ရှိရင်ဖြင့် သံသရာ့ခရီးသည် သုံးဆယ့်တစ်ဘုံထောင်ထဲ လျှောက်ပြေးမှာပဲ (ပြေးမှာပါ ဘုရား) အပါယ်လေးပါး ချောက်ထဲ ကျမှာပဲ (ကျမှာပါ ဘုရား) လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
နတ်ပြည်ရောက်တယ်ဆိုတာ ထောင်ကျတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သုံးဆယ့်တစ်ဘုံထောင် ကိုးဗျ ထောင့်ပြင်ဘက်မှာ နိဗ္ဗာန်ရှိတာကိုး ၊ နိဗ္ဗာန်ရောက်တာလား၊ ထောင်ထဲကျတာလား (ထောင်ထဲကျတာပါ ဘုရား)။
မျက်စိကန်း အရမ်းသွားလို့ကျတာ
အဲဒါကြောင့် “တယော ဘဝေ အဒ္ဒုဃရံဝိယ ဒဋ္ဌဗ္ဗာ” တယောဘဝေ=ဘုံသုံးပါး တည်းဟူသော ဘဝတို့ကို၊ အဒ္ဒုဃရံ ဝိယ=အကျဉ်းချထားသော ထောင်ကြီးကဲ့သို့၊ ဒဋ္ဌဗ္ဗာ=မှတ်အပ်ကုန်၏ (မှန်လှပါ)။
ခင်ဗျားတို့ ဘယ်ဘုံရောက် ကောင်းနိုးနိုး၊ ဘယ်ဘုံရောက် ကောင်းနိုးနိုး မလုပ်ပါနဲ့၊ ထောင်ကျတာချည့်ပါပဲ (မှန်ပါ့) မျက်စိကန်း အရမ်းသွားလို့ကျတာ (မှန်ပါ့)။
ဟိုထောင်ထဲမှာ သူ့ခန္ဓာကြီးကလဲ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ပြီးတော့ ဒီဒုက္ခသစ္စာနယ်ထဲက မထွက်ရတော့ကို တဲ့ ထောင်မှာ ဒကာ ဒကာမတို့ ဘေးကရံထားတာတွေလဲတဲ့ ထောင်ကြီးသဘောပဲ ပြန်ရောက် တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ယနေ့ ကြောက်စရာအကောင်းဆုံး ဘယ်ဟာပါလိမ့် (သံသရာထောင်ကြီး ပါ ဘုရား)။
ဒီလိုလုပ်ကြ၊ မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ သေမှာကြောက်စရာ အကောင်းဆုံး (မှန်ပါ့)။
ဘာကြောက်စရာ အကောင်းဆုံးလဲ (မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ ကြောက်စရာအကောင်းဆုံးပါ ဘုရား)။
အလင်းမရဆိုတာကတော့ ဒကာ ဒကာမတို့ ခဏခဏ ရှင်းပေးတဲ့အတွက် သတိလဲထားကြပါ (မှန်ပါ့) အရှိက ဖြစ်ပျက် အနိစ္စ (မှန်ပါ့) သိတာက ငါပဲ-သူပဲ (မှန်ပါ့) သိတာတွေက ငါပဲ သူပဲ ယောကျ်ားပဲလို့ ထင်နေရင် ဒါ မျက်စိနှစ်ကွင်း အလင်းမရဘူး (မှန်ပါ့)။
အရှိက ဖြစ်ပျက်မဟုတ်ဘူးလားဗျာ (မှန်ပါ့ ဘုရား) ဘယ်ခန္ဓာကြည့်လိုက် ကြည့်လိုက် ဖြစ်ပျက်ပဲ (မှန်ပါ့)။
အဲဒါကို ယောကျ်ားတွေ၊ မိန်းမတွေ၊ သားတွေ၊ သမီးတွေ ငါတွေလုပ်နေလို့ရှိရင်ဖြင့် အကန်းပဲ (အကန်းပါ ဘုရား)။
ဒကာကြွယ် ဘယ့်နှယ်ဆိုမလဲ (အကန်းပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အရှိနဲ့အသိ ဘယ့်နှယ်တုန်း
ဒါဖြင့် ဒကာ ဒကာမတို့ အရှိနဲ့အသိ အခု မကိုက်ဘူး (မှန်ပါ့) ကန်းလို့မကိုက်တာ (မှန်ပါ့)။
ခုနင်က စဉ်းစားကြည့်လေ၊ သူ့အဝတ်နဲ့ သူလိုက်ပြီးတော့ကို သူ့အဝတ်က ဆီသုတ်ထားတဲ့အဝတ် ဟုတ်လား (မှန်ပါ့ ဘုရား) သိုးမွှေးအနက်ကြီးတွေ ချုပ်ထားတဲ့အဝတ် (မှန်ပါ့) အင်မတန် ဖြူဖွေးတဲ့အဝတ်တွေထင်ပြီး သူ့စိတ်ထဲ သူ့အဝတ်နဲ့သူ လိုက်တယ်လို့ သူ လည်ပြီးမော်တယ် (မှန်ပါ့) အရှိနဲ့အသိ ဘယ့်နှယ်တုန်း (မကိုက်ပါ ဘုရား) အရှိက အမဲတွေ (မှန်ပါ့) အသိတွေက အဖြူထင်နေတယ် (မှန်ပါ့)။
အရှိက ဘာတုန်း (အမဲတွေပါ ဘုရား) အသိက (အဖြူထင်နေပါတယ် ဘုရား)။
ကဲ ဒါ ဘယ့်နှယ်ကြောင့် ကျုပ်-အဝတ်နဲ့ ကျုပ်မလိုက်ဘူးလား၊ အင်မတန် ဖြူဖွေးတယ်လို့ သူ လည်ပြီး သကာလ လူလိမ်က အဝတ်ခိုင်းတာနဲ့ ဝတ်ပြီးသကာလ သူ လည်ပြီး ကြွားလုံးထုတ်နေတာ ဒကာသစ်ပဲ ဆုံးဖြတ်ချက် ချပါ၊ အရှိနဲ့ အသိ ဘယ့်နှယ်တုန်း (မကိုပါ ဘုရား)။
ဒါကြောင့် ဒီမျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်ကို လူလိမ်လူပြောင်က ဆီသုတ်တဲ့ အဝတ်-ဝတ်ပြီး သိုးမွှေး အနက်ကြီး ခေါင်းပေါင်း၊ ပေါင်းပြီးသကာလ ဆီသုတ်တဲ့ အဝတ်ကြီးနဲ့ ကျုပ်နဲ့မလိုက်ဘူးလားလို့ အော်တာ်များဟာ ဪ အရှိနဲ့ အသိမကိုက်တာပဲ (မှန်လှပါ ဘုရား) အရှိက အရုပ်ဆိုးကိုး (မှန်ပါ့) အသိက အင်မတန်တင့်တယ် တယ်ထင်နေတယ် (မှန်ပါ့)။
အရှိက (အရုပ်ဆိုးပါ ဘုရား) အသိက (တင့်တယ်တယ် ထင်ပါတယ် ဘုရား) အဲဒါဖြင့် ရိပ်မိကြရောပေါ့- (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မာဂဏ္ဍီအား ဘုရားပေးလိုက်တဲ့ ဥပမာ မင်း-အရှိနဲ့ အသိ မကိုက်သေးလို့ရှိရင်ဖြင့် အရှိနဲ့ အသိကိုက်အောင် မင်း-လုပ်ပါဦးဆိုတဲ့ အဓိပ္ပာယ်ဟာ ဒက ဒကာမတို့ တိုက်တွန်းထိုက်တယ် (တိုက်တွန်း ထိုက်ပါတယ် ဘုရား) မတိုက်တွန်းထိုက်ဘူးလား (တိုက်တွန်းထိုက်ပါတယ် ဘုရား)။
သေသေချာချာ ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ ဒကာကြွယ်-ရေ အရှိနဲ့အသိ မကိုက်တာ ခုနင်က စုံလုံး ကန်းမှာ သေချာတယ် (သေချာပါတယ် ဘုရား)။
အလုပ်-လုပ်တဲ့အချိန်မှာ
ဒီမှာလဲ ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် ပြန်ကြည့်တဲ့ အခါမှာ သားတွေတွေ့၊ သမီးတွေတွေ့၊ ကိုယ်ဟာ ကိုယ်တွေ တွေ့နေကြမယ်ဆိုရင် အလုပ်-မလုပ်တဲ့အချိန်တွေ့တာ အရေးမကြီးဘူး (မှန်ပါ့)။
အလုပ်-လုပ်တဲ့အချိန်မှာဖြင့် အရှိနဲ့အသိ ကိုက်လို့ရှိရင်ဖြင့် အဲဒီ့အချိန်ကစပြီးသကာလ သူသည် အလင်း ရပြီဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့)။
ဒါဖြင့် “ဝိဇ္ဇာဥဒပါဒိ”ဝိဇ္ဇာ=ဉာဏ်မျက်လုံးသည်၊ ဥဒပါဒိ=ဖြစ်၏ (မှန်ပါ့) အာလောကော=ဉာဏ်မျက်လုံး ရသည်ဖြစ်၍ သူ အလင်းရသည်၊ ဟောတိ=ဖြစ်၏ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် “ဝိဇ္ဇာဥဒပါဒိ အာလောကော ဥဒပါဒိ” ဒီလို ဟောတာဟာ သောတာပန်တည်တုန်း ဟောတာ (မှန်ပါ့) သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်ဟောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ရှေ့ပိုင်းက ဝိပဿနာဖြစ်ပျက်နဲ့ ဉာဏ်မဂ်နဲ့ မကိုက်သေးသ၊ ကာလ ပတ်လုံးဖြင့် ဆီသုတ်တဲ့ အဝတ်နဲ့ပဲ အရှိနဲ့ အသိမကိုက်တဲ့ စုံလုံးကန်းပျော်ပျော်နေတယ် (မှန်ပါ့) ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
အရှိနဲ့အသိ ကိုက်အောင်လုပ်
ဒကာသစ် ဒါဖြင့် ဘယ့်နှယ်လုပ်မတုန်းဗျ (အရှိနဲ့အသိ ကိုက်အောင် လုပ်ရပါမယ် ဘုရား)။
ဒါဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိကို ငါ ယနေ့ကစပြီး ကိုက်အောင်လုပ်ရမယ် (မှန်ပါ့)။
ခန္ဓာအရှိ (ဉာဏ်အသိကို ယနေ့ကစ၍ ကိုက်အောင်လုပ်ရပါမယ် ဘုရား)။
ဒါ နားကြီးတဲ့ပုဂ္ဂိုလ်မှ အဖိုးတန်တယ်နော် (မှန်ပါ့) ဒကာကြွယ် ဘယ်လိုပုဂ္ဂိုလ်မှ အဖိုးတန်သတုန်း (နားကြီးတဲ့ပုဂ္ဂိုလ်မှ အဖိုးတန်ပါတယ် ဘုရား)။
အဲ နိဗ္ဗာန်သိချင်တဲ့ ပုဂ္ဂိုလ် ဒုက္ခငြိမ်းချင်တဲ့ပုဂ္ဂိုလ် ပုဂ္ဂိုလ်အတွက်ဖြင့် ဒါကိုက်ရင် ပြီးတာပဲ (မှန်ပါ့) ခန္ဓာအရှိနဲ့ (ဉာဏ်အသိကိုက်ရင် ပြီးပါတယ် ဘုရား)။
ဒါဖြင့် ဝိဇ္ဇာဥဒပါဒိဆိုတာ ဒါဆိုတာ (မှန်ပါ့) အာလောကော ဥဒပါဒိဆိုတာကော (ဒါဆိုတာပါ) အာလောကော= အလင်းရပြီကွ ဆိုတာလဲ ဒါဆိုတာပဲ (မှန်ပါ့)။
ဒါဖြင့် ဦးမာဒင်ရေ- ကျုပ်တို့မှာ အခု ကိုယ့်ဖြစ်ပကျက်ကလေးနဲ့ ကိုယ်တွေ့လိုက်ပြီဆိုရင်ဖြင့် ဪ တစ်သံသရာလုံး ဘယ်တော့မှ အလင်းမရခဲ့တာ ယနေ့ကစပြီး ငါသည်ကားလို့ဆိုရင်ဖြင့် အကန်းဘဝမှ အမြင်ဘဝသို့ ပြောင်းပြီ (မှန်လှပါ ဘုရား) ဒီဟာလောက် ဝမ်းသာစရာ သိန်းထီဆယ်ခါပေါက်တာ ဝမ်းသာစရာ မရှိပါဘူး (မှန်ပါ့) ဒီဟာ ဝမ်းသာဖို့အရေးကြီးပါတယ် (မှန်ပ့ါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဉာဏ်မျက်စိနှစ်ကွင်း အလင်းရချင်လို့ရှိရင်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ထပ်ထပ်ပြောနေတာနော် (မှန်ပါ့) ဉာဏ်မျက်စိနှစ်ကွင်း အလင်းရချင်လို့ရှိရင် ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်ဖို့ပါ ဘုရား) အဲဒီလိုဆိုရင် ခင်ဗျားတို့ ရထားတဲ့ ဝိဇ္ဇာဥဒပါဒိကော ဟုတ်ပလား (ဟုတ်ပါပြီ ဘုရား) အာလောကော ဥဒပါဒိကော (ဟုတ်ပါပြီ ဘုရား) ဉာဏံဥဒပါဒိကော (ဟုတ်ပါပြီ ဘုရား) ကိုင်း ဦးမာဒင် ကျေနပ်လောက်ပြီ (ကျေနပ်ပါပြီ ဘုရား) ကျေနပ်လောက်တယ်။
ဪ ခန္ဓာထဲ ဟိုနေရာက ယားနေတာလဲ ယားတာမရှိရင် ဖြစ်ပြီး ပျက်သွားတာပဲ (မှန်ပါ့) အဲဒါ မြင်လိုက်လို့ရှိရင် မျက်စိအလင်းရပါပြီ (ရပါပြီ ဘုရား)။
ဟိုနေရာက အောင့်နေတာကလေးလှည့်ပြီး ဉာဏ်က ကြည့်လိုက်တယ်၊ ကြည့်လိုက်တဲ့အခါ အောင့်တာက ကလေးမရှိတာ သိလိုက်တယ် (မှန်ပါ့)
ဪ နဂိုရ်တုန်းက ခန္ဓာကိုယ်ထဲ ရောဂတောလို့ ဘုရားက ဟောထားတယ်၊ ဟုတ်သားပဲ ဒါ ရောဂါပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ဘယ့်နှယ်နေသတုန်း (ကိုက်ပါတယ် ဘုရား)။
ဟိုနေရာက ယားတယ်၊ ယားတဲ့နေရာကလေးပဲ ဉာဏ်က ကြည့်လိုက်တယ် မရှိပြန်ဘူး (မှန်ပါ့) အင်း ယားနာနဲ့ ကိုယ့်ကိုယ်ဆိုတော့ ရောဂတောနဲ့ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။
အေး ဒါကြောင့် မာဂဏ္ဍီပရဗိုဇ်ကို အဲဒီမျက်လုံးရမှ ရောဂါတွေ အပြည့်ရှိတယ်ဆိုတာ မင်း သိမှာကွ (မှန်ပါ့)။
အခုအတိုင်း မင်း ကုပေးပါဆိုလို့ ငါ မကုပေးနိုင်သေးဘူးကွ၊ သူတော်ကောင်း ဆည်းကပ်၊ မြတ်တရားနာပြီး ခုနင်က လျော်စွာသိတဲ့ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မှသာလျှင် မင့်ကို ငါသည်ကားလို့ဆိုလို့ရှိရင် တရားဟောနိုင်မယ် (မှန်ပါ့) သဘောကျကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ယနေ့တရားမှာ အသားယူလိုက်တဲ့အခါကျတော့ကို ဘာနဲ့ဘာ ကိုက်ရမလဲ (ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်ရပါမယ် ဘုရား)။
ဝိဇ္ဇာ ဥဒပါဒိ
အဲ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်လို့ရှိရင်ဖြင့် ဘယ်ပါဠိတော်ထဲ ဝင်သွားသတုန်းဆိုတော့ ဝိဇ္ဇာဥဒပါဒိ (မှန်ပါ့) အာလောကော (ဥဒပါဒိပါ ဘုရား) ဉာဏံ (ဥဒပါဒိပါ) ဟာ ဒါ သောတာပန်တည်သွားပြီ (မှန်ပ့ါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် သိပ်အရေးကြီးတဲ့ အချက်ပါလားဆိုတာ ဒကာသစ်ရေ-တော်တော့ကို ပေါ်လာပြီ (ပေါ်လာ ပါပြီ) မပေါ်လာဘူးလား (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာနဲ့ ဉာဏ်နဲ့ တွဲပေးလိုက်ပါပြီ ဘုန်းကြီးက (မှန်ပါ့) ခန္ဓာကဖြင့် အနိစ္စခန္ဓာပဲ (မှန်ပါ့) ခင်ဗျားတို့ ကြည့်တဲ့အခါကျလို့ရှိရင်ဖြင့် ပကတိမျက်လုံးကို မှိတ်ပါ (မှန်ပါ့) ပကတိမျက်လုံးပိတ်ပြီး ဉာဏ် မျက်လုံးကလေး တစ်ပေါက်တည်း ဖွင့်ထားပါ (မှန်ပ့ါ ဘုရား)။
ဉာဏ်မျက်လုံးဆိုတာ ပဋ္ဌမတော့ မရသေးဘူး၊ ပဋ္ဌမတော့ မနောနဲ့ရှုနေ (မှန်ပါ့) ဒီမနောကလေး ကြည်ကြည် ကြည်ကြည်လာလို့ရှိရင်ဖြင့် ခန္ဓာအရှိနဲ့ မနောအကြည် ဉာဏ်ကလေးနဲ့ ကိုက်ပါလိမ့်မယ် (မှန်ပါ့) ကိုက်သည်နဲ့တစ် ပြိုင်နက်တည်း မျက်စိနှစ်ကွင်း အလင်းရလို့ ဝိဇ္ဇာဥဒပါဒိဖြစ်ပြီဟ (ဖြစ်ပါပြီ)၊ ငါ ဝိဇ္ဇာပုဂ္ဂိုလ်ဖြစ်ပြီ (မှန်ပါ့) အလင်းရတဲ့ ပုဂ္ဂိုလ် (ဖြစ်ပါပြီ) ဉာဏ်ရှိတဲ့ပုဂ္ဂိုလ် (ဖြစ်ပါပြီ) ကဲ သဘောပါကြပလား (ပါပါပြီ ဘုရား)။
နိဗ္ဗာန်ပဲသွားမယ်
ကဲ ဒါကလေးကို ဒီနေ့ညကစပြီး၊ ဒီနေ့ဒီအချိန်ကစပြီး သကာလ ဒကာ ဒကာမတွေ လုပ်လို့ရှိရင်ဖြင့် အကန်းသေအဖြစ်မှ လွတ်ပြီးသကာလတဲ့ ဒကာ ဒကာမတို့ ငါသေလို့ရှိရင်ဖြင့်ကွာ အကန်းမဟုတ်ပါဘူး (မှန်ပါ့) နိဗ္ဗာန်ပဲသွားမယ် (မှန်ပ့ါ ဘုရား)။
အကန်းသေကတော့ဖြင့် ဒကာ ဒကာမတို့ သူများပစ်ချတဲ့ဆီသွားပဲ (မှန်ပါ့) ကံပစ်ချတဲ့ဆီသွားပဲ (မှန်ပါ့) သူများစီမံသလိုသွားရတယ် (မှန်ပါ့) ကိုယ့်မျက်လုံးနဲ့ ကိုယ်သွားတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်ပြီး သကာလနေတဲ့ ပုဂ္ဂိုလ်ကျတော့ အို ကိုယ့်ဟာကိုယ် ရွေးသွားမယ်ဆိုပြီး သကာလ မအို, မသေ အမြဲနေတဲ့ဆီ သွားလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။
သာဓု သာဓု သာဓု။