မာဂဏ္ဍီပရဗိုဇ်ဝတ္ထု (၃)
ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌-ဟောကြားတော်မူသော
မာဂဏ္ဍီပရဗိုဇ်ဝတ္ထု (၃)
နေ့အလုပ်ပေးတရားတော်
(၇-၉-၆၁)
သတ္တဝါတွေ ကယ်တင်ချင်လို့ စွန့်တာ
ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သူ တစ်ကိုယ်တည်း တစ်ယောက်တည်း နိဗ္ဗာန်ယူမည် ဆိုလို့ရှိရင် သုမေဓာ ရသေ့အဖြစ်ကတည်းက သင်္ခါရုပေက္ခာဉာဏ် ရောက်ပြီးသကာလ ကဲ သင်္ခါရုပေက္ခာဉာဏ်တွင် မရပ် တော့ဘူး၊ မဂ်ဉာဏ်ကျအောင်ပဲ ကြိုးစားလိုက်မယ်ဆိုရင် ရောက်ပါတယ် တဲ့ (မှန်လှပါ ဘုရား)။
ထိုကဲ့သို့ ရောက်ငြားသော်လဲ ငါ့ချည့် တစ်ယောက်တည်း နိဗ္ဗာန်မသွားချင်သေးဘူး၊ လူ, နတ်, ဗြဟ္မာ, သတ္တဝါ တွေ ကယ်ယူပို့ဆောင်ပြီး သကာလ အတူတကွမှ သွားတော့မယ်ဆိုတဲ့ စိတ်ထားကြောင့် ကိုယ်တော်မြတ်ကြီးသည် ပါရမီဆယ်ပါး (မှန်ပါ ဘုရား) ပြားလိုက်လို့ရှိရင် အပြားသုံးဆယ်ဆိုတာတွေ, စွန့်ခြင်းကြီးငါးပါး၊ သူများ စိတ်မှမကူး ရဲတဲ့ သားစွန့်၊ မယားစွန့်၊ ကိုယ်လက်အင်္ဂါတွေစွန့် အသက်ပါစွန့်ဆိုတာတွေ သူစွန့်တာသည် ဘုရားဖြစ်ချင်လို့ စွန့်တာ၊ သတ္တဝါတွေ ကယ်တင်ချင်လို့ စွန့်တာ လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။
နိဗ္ဗာန်လိုချင်လို့ စွန့်တာမဟုတ်ဘူး (မှန်ပါ့ ဘုရား) နိဗ္ဗာန်ကို သုမေဓာ ရသေ့လက်ထက်က ရပါတယ်။ ယူလိုက် လို့ရှိရင် (မှန်လှပါ) သို့သော်လဲ သတ္တဝါတွေ ကယ်တင်ချင်တဲ့အတွက် ပါရမီဆယ်ပါး, အပြားသုံးဆယ်၊ စွန့်ခြင်းကြီး ငါးပါး၊ စရိယသုံးပါးဆိုတဲ့ ရည်ရွယ်ချက်ကြီးတွေ၊ သူတစ်ပါး စိတ်မှမကူးရဲတာတွေကို ကူးပြီးသကာလ ကြိုးစားရှာတယ် (မှန်လှပါ)။
ဒါဖြင့် ကျုပ်တို့အတွက်က ပါရမီဆယ်ပါး၊ အပြားသုံးဆယ်ဖြည့်ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) သူ့အတွက်ကတော့ တစ်ယောက်တည်းယူလဲ ရပါတယ် (မှန်ပါ့) သုမေဓာရသေ့ လက်ထက်ကတည်းက ရပါ တယ်ဆိုတာကို ဒကာ ဒကာမတွေ ကြားလဲကြားဖူးကြတယ်လို့ သိလဲသိဖူးကြပါပြီ (မှန်ပါ့)။
ကျုပ်တို့ကို ငဲ့တဲ့ကိုယ်တော်ကြီး
သို့သော် ဒီစကားကို ဆရာဘုန်းကြီး ဘယ့်နှယ်ကြောင့် ပြောရလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဒါလောက် တောင် ကျုပ်တို့ကို ငဲ့တဲ့ကိုယ်တော်ကြီး (မှန်ပါ့) ကျုပ်တို့က မငဲ့ဘဲနေပြီး ထော်လော်ကန့်လန့် လုပ်နေလို့ရှိရင် တော် ပါ့မလားဆိုတဲ့ မေတ္တာတွေ ပြန်ပါစေတော့လို့ ဒီအကြောင်း ပြောရခြင်းဖြစ်ပါတယ် (မှန်လှပါ) ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။
ကောင်းပြီ ဒကာ ဒကာမတို့၊ ကျုပ်တို့အတွက်ကြောင့် ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါးတွေ စွန့်တာဟာ ဘုရားဖြစ်မှ ကျုပ်တို့ကို ကယ်တင်နိုင်မှာဖြစ်လို့ ကျုပ်တို့အတွက်ပဲ ကြိုးစားရတယ်ဆိုတာ ပေါ်မလာဘူး လား (ပေါ်လာပါတယ် ဘုရား)။
မိတ်ဆွေကောင်းအဖြစ်ဖြင့်
အဲဒီ ကိုယ်တော်ကြီးက မဟာသုညတသုတ်ဆိုတဲ့ ဥပရိပဏ္ဏာသ ပါဠိတော်ကျတော့ သူ ဘယ်လိုသုံးထားသတုန်း ဆိုတဲ့ ဥစ္စာ ဒကာကြွယ်တို့- ဒကာသစ်တို့ နားထောင်ပါနော် (မှန်ပါ့ ဘုရား)။
”တသ္မာတိဟံ အာနန္ဒ မိတ္တဝတာယ သမုဒါစရထမာ သပတ္တဝတာယ”လို့ သူဟောတယ် (မှန်ပါ့)။
ဒါက ပါဠိလိုဖြစ်နေလို့ ဒကာ ဒကာမတွေက အသာထား၊ ဘုန်းကြီး ရှင်းပြပါမယ် တဲ့၊ အာနန္ဒာ တဲ့၊ ငါ အခု ချွတ်မည့် သတ္တဝါတွေ၊ ငါ့ကြည်ညိုနေတဲ့ သတ္တဝါတွေရော-မကြည်ညိုနေတဲ့ သတ္တဝါတွေရော၊ ငါ ဘုရား ရယ်လို့ ဂုဏ်ကြီးဒြပ်ကြီးနဲ့ ဒီလိုမနေပါဘူးကွာ တဲ့၊ ငါ့ကို မိတ်ဆွေကောင်းအဖြစ်ဖြင့် ကျင့်ကြရင် တော်ပါပြီ တဲ့၊ (မှန်ပါ့)။
ဒကာ ဒကာမတွေက မိတ်ဆွေကောင်း တစ်ယောက်က နေပြီး ကျင့်ဖို့, ကြံဖို့ ပြောတယ်လို့ ဒါလောက်တန်းတူ ထားပြီးသကာလ သူ့ကို ယုံကြည်ရင်ပဲ တော်ပါပြီ တဲ့ (မှန်လှပါ ဘုရား)။
တန်းတူထားပြီး ယုံကြည်ရင် (တော်ပါပြီ တဲ့) မာ သ ပတ္တဝတာယ ဆိုတာကတော့ ငါက ဒီလို ဟောလိုက် လို့ရှိရင် သူတို့က ထော်လော်ကန့်လန့်နဲ့လုပ်ပြီး ဒီလိုကျင့်မယ်-ဒီလိုကြံမယ် ပြောင်းပြန်လုပ်မယ်ဆိုတာတော့ဖြင့် မလုပ် ကြပါနဲ့တဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် တိုတိုပြောတဲ့အခါကျတော့ ဒကာကြွယ်-ဒကာသစ်တို့ မှတ်ရမှာက ငါ့ကို ရန်သူအဖြစ်နဲ့တော့ဖြင့် မင်းတို့က ကိုယ်တော်ကြီး ဒီလိုပြောလို့ တပည့်တော်တို့က ဒီလို-ဟိုလိုနေမယ်၊ ပြောင်းပြန်ချည့်နေမယ်ဆိုတဲ့ ရန်သူ သဘောတော့ မလုပ်ကြနဲ့ကွာ တဲ့၊ မိတ်ဆွေကောင်းတစ်ယောက်က မှန်ရာပြောလို့ ဒီ-မှန်ရာကိုဖြင့် ဒို့-လိုက်နာ သင့်တယ်လို့ ဒီလို မိတ်ဆွေသဘော အဖြစ်နဲ့ ယုံကြည်ပြီး လိုက်နာမယ်ဆိုလို့ရှိရင် တော်ပါပြီ တဲ့ (မှန်လှပါ ဘုရား) ဆိုတော့ ဒကာ ဒကာမတို့ ဒီအကြောင်းဟာ ဒီ့ထက် လျှော့ဈေးတော့ဖြင့် ရှိသေးသလား (မရှိပါ ဘုရား)။
ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ၊ ခုနင်က ကျင့်လာတာနဲ့စာရင် ဒီစကားသုံးဖို့ မလိုဘူး (မှန်ပါ့) ပါရမီ ဆယ်ပါး၊ အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါးဟာ သူ့အတွက်လားတဲ့၊ သတ္တဝါတွေ ကယ်တင်ချင်တဲ့အတွက် အပိုလုပ်ရတာလား (သတ္တဝါတွေ ကယ်တင်ချင်တဲ့အတွက် အပိုလုပ်ရတာပါ ဘုရား)။
ခင်ဗျားတို့ ကျုပ်တို့ စိတ်ကူးနဲ့ဆိုရင် ဒီစိတ်ကူးမှာ အသားလှူ၊ အရိုးလှူ၊ အသက်စွန့်၊ သားမယားစွန့်၊ လုပ်ရဲ ပါ့မလားလို့ မေးလို့ရှိရင်ဖြင့် မလုပ်ရဲဘူးလို့ အများအဖြေ ထွက်မှာပဲ (မှန်လှပါ ဘုရား)။
မိတ်ဆွေက ပြောတဲ့စကားရယ်လို့ ထားပြီး
သို့သော်လဲ ဒါမှမလုပ်ရဲရင် ဘုရားမဖြစ်၊ ဘုရားမဖြစ်လို့ရှိရင် မကယ်တင်နိုင်ဘူး (မှန်ပါ့) ဒါဖြင့် ကယ်တင် နိုင်တဲ့ အကျိုးငှာ သူ့မှာ ဒီအလုပ်ကြီးကို သူတစ်ပါးစိတ်ကူးမှ မထည့်ဝံ့တာကြီး လုပ်ရတာထောက်ရင် ကျုပ်တို့က ဒီပုဂ္ဂိုလ်ကြီး ပြောတာကိုဖြင့် ရန်သူက ပြောတဲ့စကားလို့ မထားဘဲနဲ့ မိတ်ဆွေက ပြောတဲ့စကားရယ်လို့ ထားပြီး ကြိုးစားရင် ငါဘုရား ကျေနပ်ပြီလို့ ပြောလိုက်တာ (မှန်ပါ့)။
ဒါဖြင့် ဒကာကြွယ် ဒီ့ထက်လျှော့ဈေး မရှိတော့ဘူး (မရှိပါ ဘုရား) ဦးမာဒင် ဒီ့ထက်လျှော့ဈေးကော (မရှိ ပါ ဘုရား)။
သို့သော် ခင်ဗျားတို့က ယ်လိုဖြစ်နေသတုန်း လို့ မေးလို့ရှိရင်ဖြင့် ဘုရားကတော့ဖြင့် သီလလုံစေကွာ သမာဓိတည်ကြဟေ့ ၊ ပြီးတော့ ဝိပဿနာဉာဏ် ကူးကြဟေ့ ဆိုငြားသော်လဲ ခင်ဗျားတို့က သားရေး၊ သမီးရေး၊ စီးပွားရေးကိုပဲ အဓိကထားတယ် (မှန်ပါ့) သီလပျက်ချင်ပျက်ပစေကွာ၊ မတတ်သာလို့ မုသားသုံးလိုက်တယ်ဆိုတော့ ထော်လော်ကန့်လန့် လုပ်တဲ့အထဲ ပါတယ် (ပါပါတယ် ဘုရား)။
မိတ်ဆွေတစ်ယောက်က ပြောတဲ့စကားလို့ ယုံယုံကြည်ကြည်လိုက်နာတဲ့ သဘောမရောက်ဘဲနဲ့ ကိုယ်တော် ကြီးက ဒါမပြောကောင်းဘူးတဲ့၊ ဒို့ မတတ်သာလို့ ပြောလိုက်ဦးမယ် (မှန်လှပါ) ဆိုတော့ ဒကာကြွယ်တို့က မိတ်ဆွေ ပြောတဲ့စကား မိတ်ဆွေပီပီ လိုက်နာတာလား ၊ ထော်လော်ကန့်လန့် လုပ်တာလား (ထော်လော်ကန့်လန့် လုပ်တာ ပါ ဘုရား)။
ထော်လော်ကန့်လန့် လုပ်တာ
ဘယ်လိုအဓိပ္ပာယ်ရောက်နေပါလိမ့် (ထော်လော်ကန့်လန့် အဓိပ္ပာယ် ရောက်နေပါတယ် ဘုရား) ထော်လော် ကန့်လန့် အဓိပ္ပာယ်ရောက်နေတော့ ဪ လွန်ကျူးမည့် ကြံတိုင်း ကြံတိုင်း ဒို့အရေးကြောင့် အသက်စွန့်၊ အသွေး စွန့်၊ အသားစွန့်ပြီးသကာလ ဒို့ကို ချမ်းသာရာ ကယ်တင်ချင်လို့ ဒါလောက် ကျေးဇူးတွေကို ဒို့ဖို့ ဆောင်ရွက်ချင်တဲ့ ကျေးဇူးကြောင့် အပင်ပန်းခံလိုက်တာ ဒို့က ထော်လော်ကန့်လန့် လုပ်လို့ မတော်ပါလားဆိုတဲ့ တစ်လုံးကလေးတောင်မှ ကတညုတကတဝေဒီ မရှိတဲ့ သဘောရောက်ပါတယ် (ရောက်ပါတယ် ဘုရား) ကျုပ်တို့ ခင်ဗျားတို့လေ (မှန်ပါ့)။
ဒကာကြွယ် တယ်ဆိုးတဲ့လူတွေပါလားလို့ ပြောလို့ရှိရင် မလွဲပါဘူး (မလွဲပါ ဘုရား)။
အင်မတန်ဆိုးတဲ့လူတွေမို့ ထော်လော်ကန့်လန့်လုပ်ရဲတာ (မှန်ပါ့) ကျုပ်တို့အတွက် ကျင့်ရတာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း (မှန်ပါ့)။
သူ့အတွက်တော့ သုမေဓာရသေ့ လက်ထက်ကတည်းက ကိစ္စပြီးနိုင်တယ် (မှန်ပါ့) နိဗ္ဗာန်ရရင် ငါယူသွားမယ်လို့ တစ်ယောက်တည်း ယူရင် ရပါတယ်ဗျာ (မှန်ပါ့)။
သို့သော် ကျုပ်တို့ ငဲ့ပြီး အသားလှူ၊ အသွေးလှူပြီးသကာလ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ရရှာတယ် (မှန်ပါ့) ဒီ ကိုယ်တော်ကြီးက ဘယ်လိုပြောသလဲဆိုတော့ ခုနင်က ပြောခဲ့တဲ့ စကားနှစ်ခွန်းမှတ်ပါ (မှန်ပါ့)။
အာနန္ဒာ အခု ပုဂ္ဂိုလ်တွေသည်ကားလို့ ဆိုရင်ကွာ တဲ့၊ ငါ့လို မိတ်ဆွေကောင်းတစ်ယောက်က ပြောတဲ့ စကား ၊ ငါ ပြောလိုက်တဲ့စကားကို မိတ်ဆွေကောင်းတစ်ယောက်က ပြောတဲ့စကားလို့ လိုက်နာရင် တော်ပါပြီ တဲ့ (မှန်ပါ့)။
ငါဖြင့် ရန်သူတစ်ယောက်ပဲဆိုပြီး အထိမ်းအမှတ်ထားပြီး ထော်လော်ကန့်လန့် ဗြောင်းပြန် ပြန်လုပ်မယ်ဆိုတဲ့ အသွားမျိုးကို မလုပ်ကြရင်ပဲ ငါ-ကျေနပ်ပါပြီ တဲ့ (မှန်ပါ့) ဆိုတော့ ဦးမာဒင် ဒီ့ထက်လျှော့စရာစကား ဘယ့်နှယ် တုန်း (မရှိပါ ဘုရား)။
လျှော့စရာစကား မရှိပေမယ့် ခင်ဗျားတို့ မိတ်ဆွေကောင်း တစ်ယောက်ပြောတဲ့စကား လိုက်နာတဲ့ အချိုး အစားထဲကလား ထော်လော်ကန့်လန့်ထဲကလားလို့ မေးတဲ့အခါကျတော့ ဒကာကြွယ် အဖြေခက်တယ် (မှန်ပါ့) ဘယ်ဘက် က များနေသတုန်း (ထော်လော်ကန့်လန့်ဘက်က များနေပါတယ် ဘုရား)။
ဪ ဒါဖြင့် အင်မတန် ပါရမီ သည်းခံနိုင်တဲ့အတိုင်း တန်းကုန်ဖြစ်ပြီးသကာလ နေတဲ့ကိုယ်တော်ကြီးမို့ သာပဲ ကျုပ်တို့ ခင်ဗျားတို့ကို သာသနာ ငါးထောင်ရယ်လို့ ထားပြီးသကာလ ကယ်ယူပို့ဆောင်ဖို့ ဓမ္မက္ခန္ဓာတွေ ဆရာ လုပ်ထားခဲ့တယ် (မှန်ပါ့) သူ့တာဝန်ကတော့ ကုန်ပြီ (ကုန်ပါပြီ ဘုရား)။
သူ့တာဝန်ကတော့ ကုန်ပြီ
သူ့တာဝန်က ကုန်ပြီ၊ ဒကာ ဒကာမတွေက ထော်လော်ကန့်လန့် သမားတွေက ကိုယ့်တာဝန် မကြေပြွန်တာ ဒကာကြွယ် ဆိုးလှတယ် (ဆိုးပါတယ် ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ခင်ဗျားတို့ ကျုပ်တို့ ဆိုလို့ရှိရင် အသားလှူပါဆိုလို့ရှိရင်ပဲ မရပါဘူး (မရပါ ဘုရား)။
အသက်လှူပါဆိုရင်ကော (မရပါ ဘုရား) သားသမီးလှူပါတယ်ဆိုရင် (မရပါ ဘုရား) သူက ဒီဟာတွေ လှူရတာက သူ့အတွက်လား ၊ သူတစ်ပါးအတွက်လား (သူတစ်ပါးအတွက်ပါ ဘုရား) ခင်ဗျားတို့ကတော့ လောကွတ် ချော်တာပါတောင် ထင်ချင်များနေဦးမလား မပြောတတ်ဘူး (မှန်ပါ့)။
ဒါလောက်ထိအောင် ဆိုးတဲ့လူတွေဆိုတဲ့ အဓိပ္ပာယ်ရောက်နေတယ် ဒကာကြွယ်ရေ (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကတော့ ကိုင်း- ဒါလောက်တောင် ကျေးဇူးရင်ဖြင့် ကျေးဇူးစွပ်ဖို့ မကောင်းပါဘူး (မှန်ပါ့)။
ကျေးဇူးရင်ကို (ကျေးဇူးစွပ်ဖို့ မကောင်းပါ ဘုရား)။ ဒါကလေး ပြင်လိုက်ရင်ပဲ ဒကာကြွယ် နိဗ္ဗာန်ရမယ်နော် (မှန်ပါ့) ကျေးဇူးရင် ကျေးဇူးမစွပ်တော့ပါဘူး၊ သူပြောတာ လိုက်နာပါ့မယ် မိတ်ဆွေကောင်းတစ်ယောက်က ပြောတာပဲ ဒါလောက်ကလေးကို ၊ ဂုဏ်ကြီး ဒြပ်ကြီးနဲ့ ငါ-မယူပါဘူးကွာ တဲ့ (မှန်ပ့ါ ဘုရား)။
မိတ်ဆွေကောင်းတစ်ယောက်က ဒီလိုကျင့်လို့ပြောလို့ ဒီလိုကျင့်တယ်ဟေ့၊ ဒါလောက်လိုက်နာရင်ပဲ အကျေနပ် ကြီး ကျေနပ်ပါပြီဆိုတော့ ဒကာသစ် လျှော့သ၍ တန်းကုန်ပြီ (မှန်ပ့ါ ဘုရား)။
မိတ်ဆွေအဖြစ်နဲ့ပဲ နေပါမယ်
ဒါဥပရိပဏ္ဏသပါဠိတော်မှာ မဟာသုညတသုတ်ရှိတယ်၊ အဲဒီသုတ်မှာ ရှင်အာနန္ဒာ ပြောနေတာ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘယ်လိုနေကြမလဲ၊ မိတ်ဆွေအဖြစ်နဲ့ပဲ နေမလား၊ ထော်လော်ကန့်လန့်ပဲ နေကြမလားလို့ မေးလို့ရှိရင် ဖြင့် ဒကာကြွယ် ဘယ့်နှယ်ဖြေပါ့မလဲ (မိတ်ဆွေအဖြစ်နဲ့ပဲ နေပါမယ် ဘုရား) တော်သေးတယ်နော် (မှန်ပါ့)။
ဒါလဲ တစ်ခုစဉ်းစားပါ၊ ကိုယ်တော်မြတ်ကြီးက ဒီ-အလုပ်မလုပ်နဲ့ ဆိုလို့ရှိရင် မတတ်သာလို့ လုပ်လိုက်ရတယ် ဆိုလို့ရှိရင် ဒကာသစ် ဘယ်အထဲကျသလဲ (ထော်လော်ကန့်လန့်ထဲက ကျပါတယ် ဘုရား)။
ကိုယ်တော်ကြီးက မုသားမသုံးနဲ့၊ မင်း-ပရိယာယ်မာယာတွေ မသုံးနဲ့ မာယာသာဌေယျဆိုတာ သီလပျက်တယ် ကွ သီလပျက်ရင် သမာဓိမရနိုင်ဘူး၊ မရနိုင်ရင် မဂ်ဖိုလ်ဉာဏ်ဝေးတယ်ကွလို့ ဆိုငြားသော်လဲ မတတ်သာလို့ သုံးလိုက် တယ်ဆိုရင်ဖြင့် အဲဒီအချိန် ထော်လော်ကန့်လန့်အချိန်ပဲ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
သို့သော် များသောအားဖြင့် ဦးမာဒင်တို့ စဉ်းစားကြည့် မိတ်ဆွေကောင်းတစ်ယောက်က ပြောတဲ့စကား လိုက်နာတဲ့ပုဂ္ဂိုလ်နဲ့ ထော်လော်ကန့်လန့် လုပ်နေတဲ့ ပုဂ္ဂိုလ်နဲ့ ဦးမာဒင် ဘယ်သူက များမယ်ထင်သတုန်း (ထော်လော် ကန့်လန့်လုပ်နေတဲ့ ပုဂ္ဂိုလ်က များပါတယ် ဘုရား)။
ဒီအသင်းတော့ မပါပါနဲ့ဗျာ (မှန်ပါ့) ဒကာကြွယ် ဒီအသင်းပါချင်သေးသလား (မပါချင်ပါ ဘုရား)။
မပါချင်လို့ရှိရင်ဖြင့်တဲ့ သူများကို မဆုံးမနဲ့၊ ကိုယ်လွန်ကျူးမယ်ကြံလို့ရှိရင် မင်း-ဘုရား၏ ရန်သူလားလို့ ကိုယ့်ကိုယ်ကိုယ် မေးလိုက် (မှန်ပါ့ ဘုရား)။
ဘုရား၏ရန်သူလား
ကိုယ်လွန်ကျူးမယ် ကြံတိုင်း ကြံတိုင်း (ဘုရား၏ရန်သူလားလို့ ကိုယ့်ကိုယ်ကိုယ် မေးရပါမယ်) ဘုရား၏ ရန်သူလားလို့ ကိုယ့်ကိုယ် မေးလိုက်စမ်းပါ (မှန်ပါ့) မေးလိုက်တဲ့အခါကျတော့ ငဲ့လုံးကလေးတော့ လာပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ် သနားလို့ငဲ့လုံး (မှန်ပါ့) ကိုယ်တော်မြတ်ကြီး ကျင့်ကြံကြိုးကုပ် လာတာတွေကို ဪ တကယ့် ကျေးဇူးရင်ပါကလားဆိုတဲ့ ငဲ့လုံးပေါ့ဗျာ (မှန်ပါ့) အပြီးသတ်တော့ ကြည်ညိုတာ-မကြည်ညိုတာ အပထား၊ လိုက်နာရင် တော်ပါပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဦးမာဒင်တို့ လူစုတွေ အသက်အရွယ်လဲ ကြီးကြပြီ၊ ဒကာကြွယ်တို့လဲ ကြီးကြပြီ၊ ငယ်ငယ်က ရန်သူလုပ် လာတာ မသိလို့ လုပ်ခဲ့တာ အပထား (မှန်ပါ့) ကြီးမှဘက်တိုက်တာတော့ မကောင်းဘူး (မကောင်းပါ ဘုရား)။
ဒကာသစ် ဘာတဲ့တုန်းဗျာ (ကြီးမှ ဘက်တိုက်တာ မကောင်းပါ ဘုရား) ငယ်ငယ်တုန်းကတော့ မသိလို့ မသိသလို နေခဲ့ရတယ်၊ ရှိပါစေတော့ (မှန်ပ့ါ) ဒီလိုပြောမည့် ဆိုမည့်ပုဂ္ဂိုလ်ကလဲ မရှိ၊ ဘုရားဒီလိုပြောတဲ့ အကြောင်းကိုလဲ မကြားဖူးတော့ ကိုယ့်မျိုးရိုးနဲ့ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ပြီးသကာလ ဘက်တိုက်နေတာ မသိလို့ ဘက်တိုက်တာတွေကတော့ အပြစ်မရှိဘူး (မှန်ပါ့) အခုအချိန်ကျလာတော့ဖြင့် အသက်အရွယ်ကြီးမှ ကိုယ်တော်ကြီး ဘက်တိုက်ရဦးမယ်ဆိုတာဖြင့် ငရဲနှုတ်ဆက်တာနဲ့ အတူတူပါပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဘာနှုတ်ဆက်တာနဲ့ အတူတူတုန်း (ငရဲနှုတ်ဆက်တာနဲ့ အတူတူပါ ဘုရား)။
အဲဒါလောက် ကျအောင်ဖြင့် ကျုပ်တို့သည် ဆိုးဝါးလုံး မသန်ပါနဲ့ဆိုတဲ့ ဥစ္စာကို မဟာသုညတသုတ်မှာ လာတဲ့ အတိုင်း ရှေ့ပိုင်းမှာ နည်းနည်းပြောပါတယ် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်မြင်အောင် လုပ်ကွ
ကိုယ်က ဘက်တိုက်မယ်ကြံရင် ဘုရားက ဒီသမာဓိနဲ့ ဒီပညာကလေးလုပ်ကွ၊ ဒီဖြစ်ပျက်မြင်အောင် လုပ်ကွ၊ ဥဒယဗ္ဗယတွေ မြင်အောင်လုပ်ကွလို့ ဆိုလို့ရှိရင်ဖြင့် ဪ မိတ်ဆွေကြီးက ပြောထားတာပဲ၊ ဒါဖြစ်လို့ရှိရင် ဒို့ နိဗ္ဗာန်ဝင်မှာပဲ၊ ဒါဆုံးရင် နိဗ္ဗာန်ပဲလို့ဆိုတာ ဆရာသမားကလဲ အကူအညီနဲ့ ဟောထားတယ်၊ မဖြစ်-ဖြစ်အောင် လုပ်မှပဲကွာ မိတ်ဆွေကြီးပြောထားတဲ့ စကားပဲ၊ မလုပ်ဘဲနေရင် အို မလုပ်သေးပါဘူး ဖြည်းဖြည်းမှပဲ ဆိုလို့ရှိရင် ဒကာသစ် ဘယ်အဓိပ္ပာယ် ရောက်နေသတုန်း (ဘက်တိုက်တဲ့အဓိပ္ပာယ် ရောက်နေပါတယ် ဘုရား)။
သူပြောတာလဲ ဟုတ်တာပဲကွာ၊ ကိုယ်ကလဲ မအားသေးဘူးကွ (မှန်ပါ့) အင်း ဒါ ဘက်တိုက်ချင်လို့ စ,လာတဲ့ အစပါပဲ (မှန်ပ့ါ ဘုရား)။
ဒကာကြွယ် ဘာဖြစ်ပါလိမ့် (ဘက်တိုက်မလို့ စ,တာပါ ဘုရား)။
ဘက်တိုက်ချင်လို့ စ,လာတဲ့ အစမျိုးဖြင့် ရှောင်ရှားနိုင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒုက္ခသိမ်းလိမ့်မယ် (မှန်ပါ့) ဘဲ့ တိုက်တာစ,လာလို့ ရှိရင် ဘက်တိုက်တာ ကြီးထွားသွားလိမ့်မယ် (မှန်ပါ့ ဘုရား)။
ထိုကဲ့သို့ ကြီးထွားသွားခဲ့သည်ရှိသော် ဘုန်းကြီးတို့ ဒကာ ဒကာမတို့သည် ကိုယ့်ကိုယ် မသနားတဲ့အထဲလဲ ကိုယ်အပါအဝင် (မှန်ပါ့) မိတ်ဆွေကြီးပြောတဲ့ စကားကိုလဲ မိတ်ဆွေအဖြစ်နဲ့ မယူနိုင်တဲ့အတွက် မိတ်ဆွေဖျက် တစ်ယောက်လဲ ကျုပ်တို့ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။
မိတ်တွေဖျက်တစ်ယောက်ကော (ဖြစ်ပါတယ်) မိတ်ဆွေဆိုတာ ဒီသစ်ပင်နေဖူးတာတောင် ဒီသစ်ကိုင်းချိုးလို့ ရှိရင် မိတ်ပျက်ထဲကကိုးဗျ (မှန်ပါ့ ဘုရား)။
သူ့အရိပ်ခိုပြီး သူ့ကိုင်းချိုးမိလို့ရှိရင်
စကားမပြောတတ်တဲ့ အဝိညာဏက သစ်ပင်တောင် သူ့အရိပ်ခိုပြီး သူ့ကိုင်းချိုးမိလို့ရှိရင် အပြစ်ရှိသေးတယ် (မှန်ပါ့) ဒီမှာ ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့ကိုဖြင့် သံသရာ ပဋိစ္စသမုပ္ပါဒ်ကြီးထဲမှ ကယ်တင်မယ်လို့ ဘုရားဖြစ်လာတဲ့ဥစ္စာ တစ်ခွန်းနဲ့ အမှန်ပြောတဲ့ ကိုယ်တော်ကြီးစကားကို မလိုက်နာနိုင်သေးဘူးလို့ ပြောလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ့်အရေးဟာဖြင့် အတော်မိုက်သေးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဦးလှဘူး သဘောပါပလား (ပါပါပြီ ဘုရား)။
အေး ဒါကြောင့် မသိတုန်းက မလိမ်မာခဲ့တာတွေတော့ အပြစ်ဆိုစရာအကြောင်း မရှိဘူးပေါ့ဗျာ (မှန်ပါ့) အရွယ်ကြီးမှ ဘက်တိုက်တာကတော့ဖြင့် အတော်ဆိုးလိမ့်မယ် (ဆိုးပါတယ်) သဘောပါပလား (ပါပါပြီ ဘုရား)။
အေး ဒါကြောင့် ခင်ဗျားတို့က တစ်ဘဝတစ်နပ်စာကလေး ကြည့်ပြီးသကာလ ငွေကလေး သောင်းကိုး ထောင် ရလိုက်တာဟေ့ ဒီလိုစကားလေး အပိုထည့်လိုက်တာနဲ့ ဆိုတဲ့ဥစ္စာ ဒီသောင်းကိုးထောင်ကလဲ ဘာမှ ဖြစ် လောက်တာ မဟုတ်ဘူး (မှန်ပါ့) ဘက်တိုက်လိုက်ရတာက သိပ်နာတယ် (မှန်ပ့ါ) မနာဘူးလား (နာပါတယ် ဘုရား)။
သူ့ဘက်တိုက်လို့ သူက ဘာမှမလုပ်ငြားသော်လဲ ငရဲမှတ်တမ်း ဝင်ဖြစ်သွားတယ် (မှန်ပါတယ်) ငရဲမှတ်တမ်း ဝင်၊ ဂေဇက်ဝင် ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။
အဲဒီတော့ သောင်းကိုးထောင်နဲ့ ငရဲဂေဇက်ဝင် ဖြစ်ရတာသည် ဒကာ ဒကာမတို့ သိပ်နစ်နာပါကလား (နစ်နာပါတယ် ဘုရား)။
ရန်သူအဖြစ်နဲ့ လုပ်လိုက်မိတဲ့အတွက်
အဲဒါ ဘယ့်နှယ်ကြောင့် နစ်နာတာတုန်းလို့ အမေးထုတ်တော့မှ မိတ်ဆွေကောင်း တစ်ယောက်က ပြေတာကို ရန်သူအဖြစ်နဲ့ လုပ်လိုက်မိတဲ့အတွက် (မှန်ပါ့ ဘုရား)။
မိတ်ဆွေကောင်းတစ်ယောက်က ပြောတာကို (ရန်သူအဖြစ်နဲ့ လုပ်လိုက်မိတဲ့အတွက်ပါ) ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။
အေး ဒါကြောင့် ကြပ်ကြပ်စဉ်းစားကြပါ၊ ဒီအဓိပ္ပာယ်မျိုးဟာလဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဒီနေရာမှာပဲ သုံးတယ် (မှန်ပ့ါ) ဥပရိပဏ္ဏာသပါဠိတော် မဟာသုညတသုတ်မှာပဲ သူသုံးတယ်နော် (မှန်ပ့ါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဪ ဒို့ ကျေးဇူးရင် ကြီးဖြင့် ကျေးဇူးသာ ဆပ်စရာရှိတယ်၊ ဘက်တိုက် စရာ အကြောင်းတော့ဖြင့် လုံးဝ မသင့်လျော်ဘူး (မှန်ပါ့) အသက်မရှိတဲ့ သစ်ပင်အရိပ်ခိုမိတာတောင် အကိုင်းချိုးရင် အပြစ်သင့်သေးတဲ့ အဓိပ္ပာယ် ရှိနေသေးတော့ တကယ့်ကို နှုတ်ကဖွင့်ဟပြီးသကာလ တကယ်ဆုံးမပြီး ရာဟုလာသား ကဲ့သို့ သနားတဲ့ဥစ္စာကို ဒို့က ကိုယ်တော်မသနား ဘာဖြစ်ရမတုန်းဆိုတဲ့ နှုတ်လှန်ထိုးတဲ့ သဘောတွေနဲ့ဖြင့် ဒို့နေမှုဟာ ဖြင့် ဒို့ အရုပ်ဆိုး အကျည်းတန်ဟာ တန်းကုန်ပါပေါ့လားလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီအကြောင်းတွေ, ဒီ အကျိုးတွေကို ဒါလောက်သိလို့ရှိရင်ဖြင့် ဦးမာဒင် တော်လောက် ပြီနော် (တော်လောက်ပါပြီ ဘုရား)။
နောက် ဒါကလေးဖြင့် မတတ်သာလို့ ပြောလိုက်ရတယ်၊ မတတ်သာလို့ ဆိုလိုက်ရတယ်၊ မတတ်သာလို့ သွား လိုက်ရတယ်၊ အကုသိုလ်လုပ်တဲ့လမ်းတွေပေါ့ဗျာ (မှန်ပါ့)။
မတတ်သာလို့ လုပ်မနေနဲ့ ဒကာကြွယ်ရ၊ တတ်သာတာချည့်ပဲသာ မှတ်ရမယ် (မှန်ပါ့) ကဲကွာ မစားရချင် နေပါလေ့စေ ငတ်သေပါလေ့စေကွာ (မှန်ပါ့) မပြောရချင်နေပါလေ့စေကွာ၊ မုန်းပလေ့စေကွာ (မှန်ပ့ါ) ငရဲထက်တော့ ငါ မကြောက်တော့ဘူးဟေ့ ဒီလိုလပ်ရမှာ (မှန်ပါ့)။
ငရဲထက်တော့ မဆိုးဘူးဟေ့
တေမိဇာတ်ထုပ် ထောက်ကြည့်တဲ့အခါကျတော့ မြွေတွေနဲ့တို့၊ အိမ်တွေဆောက်ပြီး အိမ်နဲ့ထား မီးနဲ့ရှို့ ဟင် (မှန်ပါ့) ငရဲထက်တော့ မဆိုးဘူးဟေ့ဆိုပြီး ပေတော့တာပဲ (မှန်ပါ့) မပေဘူးလား (ပေပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဟာ ဒီ စားမှုကလေးကိုတော့ဖြင့် အရေးတကြီးထားပြီး ငရဲကျတဲ့အခါကျတော့ မကြောက်တဲ့ပုံ အဓိပ္ပာယ် ဒကာသစ် ရောက်-မရောက် (ရောက်ပါတယ် ဘုရား)။
အေး အဲဒီတော့ ရောက်မှ မှားခဲ့လေခြင်း ဆိုလို့ အပိုပဲနော် (မှန်ပါ့ ဘုရား) မရောက်ခင်က အမှားပြင် တာသည် မရောက်မှုကို ကန့်ကွက်တာပဲ (မှန်ပါ့) ဆိုတော့ ဒီအသွားဟာ သိပ်အဖိုးတန်ပါတယ်ဆိုတာ သဘောပါပလား (ပါပါပြီဘုရားဝ။
ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မာဂဏ္ဍီပရဗိုဇ် အကြိုက်ကတစ်မျိုး (မှန်ပါ့) ဘုရား အကြိုက်က (တစ်မျိုးပါ ဘုရား)။
မာဂဏ္ဍီပရဗိုဇ် အကြိုက်ကတော့ဖြင့် မြင်တယ်-အဆင်းတစ်ခုကို (မှန်ပါ့) ဒါ-အဆင်းတစ်ခုထားပါတော့ (မှန်ပါ့) မြင်တယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မြင်တယ်ဆိုတဲ့ မျက်လုံးစိတ်ကလေးမပေါ်ဘူးလား (ပေါ်ပါတယ်) ‘စက္ခုံစ ပဋိစ္စ ရူပေစဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ’ ဆိုလဲ မြင်စိတ်ကလေး ပေါ်တယ် (ပေါ်ပါတယ် ဘုရား)။
မာဂဏ္ဍီပရဗိုဇ်တို့ကတော့ မြင်တယ်ဆိုလို့ရှိရင်ဖြင့် ပွားစည်းရမယ်ဆိုတဲ့ လိုချင်တဲ့စိတ်ပေါ်ရမယ် (မှန်ပါ့) စွဲလန်းတဲ့စိတ်ကော (ပေါ်ရပါမယ်) အားထုတ်တဲ့စိတ် (ပေါ်ရပါမယ်) ဒါ မာဂဏ္ဍီပရဗိုဇ်တို့၏ အလေ့အကျင့် (မှန်ပါ့)။
ဘုရားကတော့ဖြင့် ပွားစည်းခြင်း ချုပ်တီးရမယ်ကွ တဲ့ (မှန်ပါ့ ဘုရား)။
အနာဂတ် အကြောင်းသုံးခု ပေါ်တယ်
ဘုရားက ဘာတဲ့ (ပွားစည်းခြင်း ချုပ်တီးရမှာပါ) ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကြား ကနေစဉ်းစား၊ ဪ ပွားစည်းတာသည် အနာဂတ် အကြောင်းသုံးခု ပေါ်တယ် (မှန်ပါ့) ပွားစည်းတာသည် (အနာဂတ်အကြောင်း သုံးခုပေါ်ပါတယ် ဘုရား)။
ဒါ-နားထောင်ပါ ၊ ဒါ-နားထောင်ပါ ဒကာ ဒကာမတို့ ဒီဟာ အရေးကြီးလာပြီ (မှန်ပါ့) မြင်တယ်ဆိုတော့ လိုချင်တာ အနာဂတ်အကြောင်း လာဖြစ်တယ် (မှန်ပါ့)။
အနာဂတ်အကြောင်းဆိုတာ နောက်အနာဂတ်မှာ အပါယ်လေးပါးကျဖို့ အကြောင်းလာဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ပဋိသန္ဓေနေဖို့ အကြောင်းကော (ဖြစ်ပါတယ် ဘုရား) အိုဖို့၊ နာဖို့ အကြောင်းကော (ဖြစ်ပါတယ် ဘုရား) ဪ ပွားစည်းလို့ ဖြစ်ရတာ (မှန်ပါ့)။
မြင်ရုံတွင် မရပ်နိုင်တာနဲ့ ပွားစည်းမှုကြောင့် (ဖြစ်ရပါတယ် ဘုရား) ဆိုတော့ မဂဏ္ဍီကတော့ သူတို့စာမျာ ဒီလိုပါလာတယ်တဲ့ မြင်တယ်ဆို လိုချင်ရမယ် (မှန်ပ့ါ) လိုချင်ပြီးသကာလ စွဲလမ်းရမယ်၊ စွဲလမ်းပြီး အားထုတ်ရမယ် (မှန်ပါ့) ဒါ-သူတို့ စာက ဒီအတိုင်းလာတယ် (မှန်ပါ့ ဘုရား)။
ဘုရားက ဒီဥစ္စာကို ပွားစည်းမှုကို ရုပ်သိမ်းရမယ်ကွ တဲ့ မဟောဘူးလား (ဟောပါတယ် ဘုရား)။
ပွားစည်းမှု ရုပ်သိမ်းရမယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိမှာစိုးလို့ ဘုန်းကြီးက အကူအညီပေး လိုက်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ ပွားစည်းမှု ရုပ်သိမ်းဆိုတာ ခြားမဟုတ်ပါဘူး၊ တဏှာ ဥပါဒါန်ကံ မလာ ဖို့ပါပဲ (မှန်ပါ့ ဘုရား)။
ဘာပါလိမ့် (တဏှာဥပါဒါန် ကံမလာဖို့ပါ ဘုရား) ဒါဖြင့် မြင်စိတ်ကို ကျုပ်တို့က ဖြစ်ပျက်ရှုရုံပဲ (မှန်ပါ့)။
ပွားစည်းမှုဖြတ်လိုက်တယ်
ဒီမဂ်နဲ့ မြင်စိတ်ကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်သွားတော့ ဒီမဂ်သည် ကြီးပွားမှုကို ဖြတ်ချလိုက်တယ် (မှန်ပ့ါ) ပွားစည်းမှုကို ဖြတ်လိုက်တဲ့အတွက် အနာဂတ်အကြောင်း သုံးခု ဖြတ်လိုက်တဲ့အတွက် အနာဂတ်အကျိုးဆိုးတဲ့ ဇာတိ၊ ဇရာ၊ မရဏတွေ လာသေးရဲလား (မလာတော့ပါ ဘုရား)။
ဪ ဒါ ဘာဖြတ်လိုက်တာပါလိမ့် (ပွားစည်းမှုဖြတ်လိုက်ပါတယ် ဘုရား) ဒကာကြွယ် ဘာဖြတ်လိုက်သလဲ (ပွားစည်းမှု ဖြတ်ပါတယ် ဘုရား)။
ဒါက ဘုရား၏ဝါဒ (မှန်ပါ့) မာဂဏ္ဍီရဲ့ဝါဒက မဖြတ်ရဘူး လွန်ကျူးရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီလို ဟောလိုက်လဲအခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖြတ်ဆိုတာ ငါကတော့ ဒီလိုဖြတ် လိုက်တယ်၊ အဲဒါက မင်း ပွားစည်းခြင်းကို ဖြတ်တဲ့ပုဂ္ဂိုလ်ဆိုပြီး ငါ့ကို မကြည်ညိုဘူး၊ ငါနေတဲ့ နေရာတောင်မှ မင်းက ကြည့်ရတာ မကောင်းသဖြင့် မြင်ရတယ်လို့ ပြောတာဟာ တဲ့၊ အခု ငါ-သေသေချာချာ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြတော့မှ ပွားစည်းခြင်းကို ဖြတ်တာ မင်း ဘာဆိုချင်သေးသတုန်း တဲ့ (မှန်ပါ့ ဘုရား)။ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မေးတော့ ဘာမှမဆိုပါဘူးလို့ သူဖြေတာပဲ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပွားစည်းခြင်း မဖြတ်လို့ရှိရင် အနာဂတ်အကြောင်းနဲ့ အနာဂတ်အကျိုး ဘယ့်နှယ်တုန်း-ပေါ်ရမယ် (မှန်ပါ့) အနာဂတ် အကျိုးပေါ်ရင် မပေါ့နဲ့တော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ပြန်လှည့်တော့မယ် (မှန်ပါ့ ဘုရား) “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။
အဲ”တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပါ့) ဇာတိ ဆိုလို့ရှိရင် ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ လာမယ် (လာပါတယ် ဘုရား)။
လာလို့ရှိရင် အဲဒီထဲက အဝိဇ္ဇာပါသောကြောင့် “အာသဝ သမုဒယာ အဝိဇ္ဇာ သမုဒယော”ဆိုပြီး ဒီခန္ဓာ ပြန်ရမယ် (မှန်ပါ့ ဘုရား) မရပေဘူးလား (ရပါတယ် ဘုရား)။
ဒီလို ခန္ဓာ ပြန်ရတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာဒုက္ခသစ္စာ (မှန်ပါ့) ဒုက္ခသစ္စာ ပြန်မရပေဘူးလား (ရပါတယ် ဘုရား)။
ဒုက္ခရှိလျက်နဲ့ ဒုက္ခရတာကို
အဲ မာဂဏ္ဍီတို့အမျိုးက ဒကာ ဒကာမတို့ ဒုက္ခရှိလျက်နဲ့ ဒုက္ခရတာကို ပွားစည်းမှုဆိုပါတယ် (မှန်ပါ့) ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ဒုက္ခရှိရာကို ဒုက္ခဖြတ်လိုက်တဲ့အတွက် ပွားစည်းမှုကို ရုပ်သိမ်းပါးတယ် (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ) ပွားစည်းမှုကို ရုပ်သိမ်းတာ ဘုရား၏ အလိုကျလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ပွားစည်းမှုကို ရုပ်သိမ်းတာ ဘယ့်နှယ်ဆိုကြမလဲ (ဘုရား၏ အလိုကျပါ ဘုရား) ဘုရား၏ အလိုကျလို့ သေသေ ချာချာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒါဖြင့် ဒကာကြွယ်တို့ ကျုပ်တို့ ပွားစည်းမှုဆိုတာ ပဋိစ္စသမုပ္ပါဒ်ဆက်တာ (မှန်ပါ့) ပွားစည်းမှုကို ပယ်ဖျက် တာသည် ပဋိစ္စသမုပ္ပါဒ်ကိုဖြတ်တာ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ဖြတ်တာဆိုတော့ ဒုက္ခသစ္စာခန္ဓာ အဆက်တွေ မလာအောင် ဖြတ်တာ (မှန်ပ့ါ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဤကဲ့သို့ ဟောလိုကတော့ မာဂဏ္ဍီပရဗိုဇ်ကို မင်းဘာပြောချင်သေးသတုန်း၊ မင်းတို့က ပွားစည်းမှုဆိုတာ သံသရာဒုက္ခရောက်တာကို ပွားစည်းမှုဆိုတယ်၊ ငါက သံသရာကို ဖြတ်လိုက်တဲ့အတွက် ခန္ဓာ့သံသရာ ကို ဖြတ်လိုက်တယ် (မှန်ပါ့) ဒီခန္ဓာပြီး ဒီခန္ဓာတွေ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) အဲ ခန္ဓာ့သံသရာ ဖြတ်လိုက်တဲ့အတွက် ပွားစည်းမှု ဒုက္ခတွေ ရုပ်သိမ်းပါတယ်ကွာ၊ မင်း-ဘာဆိုချင်သေးသတုန်း လို့ မေးတော့ ဘာမှ မဆိုလိုပါဘူး ၊ သို့ရာတွင် ကျုပ်တို့စာက ပွားစည်းရမယ်လို့ ဆိုထားတယ် (မှန်လှပါ ဘုရား)။
သူတို့စာက ဘာတဲ့
ဒကာ ဒကာမတို့ သူတို့စာက ဘာတဲ့ (ပွားစည်းရမယ်လို့ ဆိုပါတယ် ဘုရား)။
ဒကာ ဒကာမတို့ စာဆိုတာ ရေးချင်တာ ရေးတာပဲဆိုတဲ့ အဓိပ္ပာယ်ယူပါ (မှန်လှပါ ဘုရား) သန်ရာဆွဲရေး တယ်ဆိုတဲ့ အဓိပ္ပာယ်ယူပါ (မှန်ပါ့)။
ကောင်းပြီ-ဒါဖြင့် ဒကာ ဒကာမတို့ ပွားစည်းမှုကို ခင်ဗျားတို့ကိုယ်တိုင် ယခု ပဋိစ္စသမုပ္ပါဒ်ရှေ့မှာ ချပြလိုက် တဲ့အတွက် ပွားစည်းမှုသည် သံသရာရှည်မှုပါပဲ (မှန်ပါ့) ပွားစည်းမှု ဖြတ်သိမ်းမှုသည် ဒုက္ခခပ်သိမ်းပါကလား (မှန်ပ့ါ) ဒကာကြွယ် ရှင်းပြီ (ရှင်းပါပြီ ဘုရား) ဦးမာဒင်တို့ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ မြင်တဲ့စိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား) မြင်တဲ့စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ် (မှန်ပါ့) သေတာက ပွားစည်းမှု (မှန်ပါ့)။
ပွားစည်းမှုတွေ ဘယ့်နှယ်တုန်း (သေပါတယ် ဘုရား) ဟာ ပွားစည်းမှု သေတယ်ဆိုကတည်းက ပပဉ္စ သေတာလို့ မှတ်လိုက် (မှန်ပါ့ ဘုရား) တဏှာ၊ မာန၊ ဒိဋ္ဌိသေတာပဲ (မှန်ပါ့)။
ဘာသေတာပါလိမ့် (တဏှာ၊ မာန၊ ဒိဋ္ဌိသေတာပါ ဘုရား) ဒကာသစ် ဒါလောက်ဆို ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒါ ပဋိစ္စသမုပ္ပါဒ် နားလည်ပြီးသား ပုဂ္ဂိုလ်တွေမို့ ဒီအမှန်ဆိုက်တာနော် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်မပါတဲ့ တရားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတွေ အကြောင်းအကျိုး အတော်ကင်းတယ် (မှန်လှပါ) အကြောင်းအကျိုးကင်းတဲ့ တရား ဖြစ်ပြီး သကာလနေတော့ ဒါ ခန္ဓာ့ဖြစ်စဉ်ပဲ၊ ပဋိစ္စသမုပ္ပါဒ်ပဲ၊ ဒါမှ အကြောင်းကျိုးဆက်ပြီး ဒို့-ဉာဏ်ထဲ ရှင်းတော့ တယ်ဆိုပြီးသကာလ ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာကို မလွတ်စေနဲ့ (မှန်လှပါ) နာတဲ့ပုဂ္ဂိုလ်များနော် (မှန်ပါ့)။
မင်းက ပွားစည်းမှုကြိုက်တာ နည်းနည်းပါကွာ
ကိုင်း ဒါဖြင့် ဒီကဲ့သို့ပြောတော့ မာဂဏ္ဍီပရဗိုဇ်ကို မင်းက ပွားစည်းမှုကြိုက်တာ နည်းနည်းပါကွာ ၊ ငါသည် သုဒ္ဓေါနမင်းကြီး၏သား သိဒ္ဓတ္ထမင်းသားဖြစ်ခဲ့ပါတယ် (မှန်ပ့ါ) မောင်းမပေါင်း လေးသောင်းခြံရံ၍ ကိလေ သာ ပွားစည်းမှုတွေနဲ့ ငါသည်ကားလို့ဆိုရင် နေခဲ့ပါတယ် တဲ့ (မှန်ပါ့) နေခဲ့ပင်နေခဲ့ငြားသော်လဲ ငါသည် ဒီတရားတွေဟာ ရှေ့ပိုင်းမှာရှိတဲ့ အဆင်းတွေကြောင့် ကိလေသာပွား၊ အသံတွေကြောင့် ကိလေသာပွားဆိုတာတွေ ငါ အဲဒီ အပြစ်တွေမြင်သဟေ့ တဲ့ (မှန်ပ့ါ ဘုရား) အသံတွေကိုလဲ ငါ ဪ ဖြစ်ပြီး ပျက်တာပဲ လို့ အပြစ်မြင်လိုက်တယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) အဆင်းတေါလဲ ဖြစ်ပြီးပျက်တာပဲလို့ ငါမြင်လိုက် တယ် (မှန်ပါ့) ငါ-သုံးစွဲတဲ့ ပြာသာဒ်သုံးဆောင်ဟာလဲ ဪ ဒါတွေလဲ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားတွေပါကလား လို့ ငါမြင်လိုက်တယ် တဲ့ (မှန်ပါ့) အဲဒါတွေ မြင်တဲ့အတွက် ငါ တောထွက်လာခဲ့တယ် (မှန်ပါ့)။
ပွားစည်းမှုသည် အလကားဟာတွေပါလား၊ အနိစ္စတရား တွေပါလားဆိုပြီး ငါမြင်လိုက်လို့ ပွားစည်းတဲ့တရား တွေပါလားလို့ ဒီဟာ မြင်လိုက်တဲ့အတွက် ငါသည် ဒီ ပွားစည်းမည့် တရားတွေ၏ အပြစ်အနာအဆာတွေ အနိစ္စ အချက်၊ ဒုက္ခအချက်၊ အနတ္တအချက် ငါမြင်လိုက်လို့ ငါ အခု ဘုရားအဖြစ်ကို အရယူပါတယ် တဲ့ (မှန်ပါ့)။
ဒါဖြင့် ဘုရားအဖြစ် အရယူတာသည် ခန္ဓာဖြစ်ပျက်မြင်လို့ ရတာ (မှန်လှပါ) သဘောကျပလား (ကျပါပြိ)။
ဘာ့ကြောင့် ဘုရားဖြစ်လာပါလိမ့် (ခန္ဓာဖြစ်ပျက်မြင်လို့ ဘုရားဖြစ်လာတာပါ ဘုရား) ခန္ဓာ ဖြစ်ပျက်မြင်လို့ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဋ္ဌကထာဆရာကလဲ ဒီအတိုင်းပဲ ဖွင့်ပါတယ်။ ဒကာ ဒကာမတို့ ခန္ဓာဖြစ်ပျက်မမြင်ဘဲနဲ့ ဘယ်သူမှ သောတာ ပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ မဖြစ်နိုင်ဘူးတဲ့ (မှန်ပါ့)။
ဒါတွေ ဆုတောင်းလို့ ဖြစ်တဲ့ အလုပ်မဟုတ်ပါဘူး၊ အမြင်နဲ့ လုပ်ရတဲ့ အလုပ်ဆိုတာကိုလဲ သေသေချာချာ မှတ်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ပွားစည်းမှုတွေ ငါဖြတ်လိုက်တယ်
အဲဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါ-နန်းတော်ထဲ မောင်းမပေါင်း လေးသောင်းကျော်နဲ့ ရွှေနန်း သုံးဆောင်နဲ့ ယသော်ဓရာ အမှူးရှိတဲ့ မောင်းမတွေနဲ့ နေခဲ့တာ အလုံးစုံဖြစ်ပျက်တွေ, အာဒီနဝတွေ, ငါမြင်ခဲ့တယ် ကွာ တဲ့ (မှန်ပါ့) ဒါကြောင့် ပွားစည်းမှုတွေ ငါဖြတ်လိုက်တယ် (မှန်ပါ့) ဒီတဏှာ ဥပါဒါန်တွေ မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။
ဟို အာရုံတွေ ဖြစ်ပျက်မြင်လိုက်ကတည်းက ဖြစ်ပျက်မြင်တာက မဂ်ဆိုတော့ လောကီမဂ်နဲ့ ဖြတ်ပြီး သကာလ သူသည် တောထွက်လာတယ် (မှန်ပါ့)။
တောထဲကျတော့ တကယ်အားထုတ်လိုက်တော့ ဗောဓိပင်နဲ့ ရွှေပလ္လင်ရင်းမှာ တကယ် လောကုတ္တရာမဂ် ရတယ်ကွာ၊ ရတော့ အခု ငါ-နိဗ္ဗာန်ချမ်းသာကြီး စတုတ္ထဈာန်ဖြစ်တဲ့ ဉာဏ်နဲ့အာရုံပြုပြီး နိဗ္ဗာန်ချမ်းသာကြီး ခံစားလို့ ငါ-အခုတော့ဖြင့် ချမ်းသာစစ်သိပါပြီကွာတဲ့ (မှန်ပါ့)။
အရင်တော့ ချမ်းသာစစ် မသိခင်တုန်းကတော့ ဒါတွေနဲ့ နေရတာ ဟုတ်တယ်ထင်တာပေါ့ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့လဲ ချမ်းသာစစ် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေးတော့ သားနဲ့၊ သမီးနဲ့၊ ရွှေနဲ့၊ ငွေနဲ့၊ တိုက်နဲ့၊ တာနဲ့၊ စိန်နဲ့၊ ကားနဲ့ ဒီလိုနေရတာ တော်သေးတယ် တဲ့ (မှန်ပါ့)။
အစစ်မမြင်သေးတော့ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာကြွယ်ရေ အတု, နှိပ်စက်နေပြီ (မှန်ပါ့)။
အတုက နှိပ်စက်နေတာ
အစစ်မမြင်တော့ (အတုနှိပ်စက်နေပါတယ် ဘုရား) အတုဆိုတာ တကယ်ခိုင်တာမျိုးလား ၊ အတုပါလို့ ဆိုနေပေါ့ ဒကာသစ်ရာ ကောင်းတဲ့ပစ္စည်းလား ၊ ဆိုးတဲ့ ပစ္စည်းလား (ဆိုးတဲ့ပစ္စည်းပါ ဘုရား)။
အဲ ခင်ဗျားတို့မှာ အစစ်မမြင်သေးတော့ အခု ဘယ်သူနှိပ်စက်နတယ်ဆိုတာဖြင့် ဒကာကြွယ်တို့ ဦးမာဒင် တို့ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။
နိဗ္ဗာန်တည်းဟူသော အစစ်ကို မမြင်သေးတော့ သားသမီးနဲ့ နေရတာ ချမ်းသာတယ်၊ ပစ္စည်းနဲ့နေရတာ ချမ်းသာတယ်ဆိုတော့ ချမ်းသာမဟုတ်တာကို ချမ်းသာလုပ်ပြီး ကျေနပ်နေတာ အတုက နှိပ်စက်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူက နှိပ်စက်နေတာတုန်း (အတုက နှိပ်စက်နေတာပါ) ဒကာကြွယ် ခင်ဗျားတို့ အခု ဘယ်သူနှိပ်စက် နေသတုန်း (အတုက နှိပ်စက်နေပါတယ် ဘုရား)။
အဲဒါ ဘယ့်နှယ်ကြောင့် အတုနှိပ်စက်နေသတုန်းလို့ မေးတဲ့အခါ အစစ်မမြင်သေးလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အစစ်မြင်အောင် ကြိုးစားလို့ရှိရင် အတုကိုလိုချင်ပါဦးမလား (မလိုချင်ပါ ဘုရား)။
မှတ်ထား ၊ မှတ်ထားနော် (မှန်ပါ့) အစစ်မြင်လို့ရှိရင် အတုကို မလိုချင်ဘူးဆိုတာ ဓမ္မတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အတုကို လိုချင်ကြသေးရဲ့လား (မလိုချင်ပါ ဘုရား) ဘာမြင်မိလို့ပါလိမ့် (အစစ်မြင်မိလို့ပါ ဘုရား)။
ထို့အတူပဲတဲ့ ခင်ဗျားတို့ တကယ်ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး မြင်ကြမယ်ဆိုလို့ရှိရင်ဖြင့် အတုဖြစ်တဲ့ သားတွေ၊ သမီးတွေ၊ မိမိခန္ဓာတွေ ဪ ခန္ဓာကြီး ကျန်းမာနေလို့ ချမ်းသာသေးတယ်ဆိုတာတွေ ဒါတွေဟာ ဦးမာဒင် အတုတရားတွေကို အစစ်မမြင်ခင် ကျုပ်တို့ ဖောက်ပြန်နေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
အတုတရားတွေနဲ့ ပျော်မွေ့နေတာသည် ဘာမမြင်သေးလို့ ပါလိမ့် (အစစ်မမြင်သေးလို့ပါ ဘုရား) သဘော ပါပြီ (ပါပါပြီ ဘုရား)။
အဲဒီတော့ ငါကတော့ အစစ်မြင်တဲ့ အတွက်ကွာ တဲ့ မင်း အခု ပွားစည်းရမည့် အလုပ်တွေ၊ ကိလေသာ တဏှာပွားတဲ့အလုပ်တွေကိုဖြင့် ငါသည် အစစ်မြင်လို့ အတုတော့ဖြင့် မတောင့်တတော့ပါဘူးတဲ့ (မှန်ပါ့) အစစ်မြင်လို့ (အတုကို မတောင့်တတော့ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အနာဂါမ်တည်ရင်ပဲ အိမ်ပျော်သေးရဲ့လား (မပျော်ပါ ဘုရား) အစစ်မြင်သောကြောင့် ဘာတုန်း (အတုမတောင့်တပါ ဘုရား) အတုဖြစ်တဲ့အိမ်မှာ ပျော်သေးရဲ့လား (မပျော်ပါ ဘုရား)။
ထောက်ကြည့်လေ ၊ ဝိသာခသူဋ္ဌေးတို့ ထောက်ကြည့်၊ အနာဂါမ်တည်တဲ့နေ့ကျတော့ သူ့ခင်ပွန်းမက လက်ဆွဲ ပြီး အိမ်ပေါက်ဝက ကြိုတာတောင်မှ အိမ်ပေါက်ဝက လက်ဆွဲမခံပါဘူး (မှန်ပါ့) အိမ်ပေါ်ကျတော့လဲ စကားမပြော တော့ပါဘူး (မှန်ပါ့) အနာဂမ်တည်တော့လေ (မှန်ပါ့)။
အစစ်မြင်လို့ အတုစက်ဆုပ်တယ်
ဘယ့်နှယ်ကြောင့် သူ့ခင်ပွန်းမလဲ အင်မတန် ချော၊ အင်မတန်လှ ပစ္စည်းကလဲ သူဋ္ဌေးဗျာ (မှန်ပါ့) ဒီဟာတွေ ကြည့်ပြီး၊ မပျော်ဘဲဖြစ်နေတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်း အကဲခတ်ကြစမ်း (အစစ်တွေ့လို့ပါ ဘုရား) အစစ်မြင်လို့ အတုစက်ဆုပ်တယ် (မှန်ပါ့ ဘုရား)။
နဂိုရ်တုန်းကတော့ ဒီခင်ပွန်းမနဲ့ တည်ထောင်ပြီး သကာလ ဒကာ ဒကာမတို့ ဒီတိုက်၊ ဒီတာတွေ၊ ဒီရွှေတွေ၊ ကုဋေရှစ်ဆယ်၊ မိန်းမဘက်က ကုဋေလေးဆယ် သူ့ဘက်က ကုဋေလေးဆယ်ဆိုတာတွေနဲ့ အတော်ပျော်မွေ့တယ် (မှန်ပါ့)။
ဘယ်အချိန်တုန်းက ပျော်မွေ့တာတုန်းလို့ မေးတဲ့အခါကျတော့ အစစ်မမြင်ခင်က အတုကလှည့်စားနေတယ် (မှန်ပ့ါ ဘုရား)။
အခု အစစ်မြင်လာတော့ အနာဂါမ်မြင်တဲ့ နိဗ္ဗာန်ကို မြင်ရပြန်တော့ အိမ်ပြန်လာပြန်တော့လဲ ပျော်သေးရဲ့လား (မပျော်တော့ပါ ဘုရား)။ အင်း ဘာဖြစ်လို့ပါလိမ့် (အစစ်မြင်လို့ပါ ဘုရား)။
အေး မာဂဏ္ဍီရဲ့ ငါလဲ အစစ်မြင်လို့ အတုတွေ ပြန်မတောင့်တတော့ဘူးဟေ့ လို့ ပြောလိုက်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
အဲဒီတော့ မင်းကို ငါ-ဥပမာတစ်ခု ပြောမယ်ကွာတဲ့ မင်းနားထောင်ကြည့်စမ်းပါတဲ့ (မှန်ပါ့) လူတစ်ယောက်ဟာ လူချမ်းသာပဲကွာ တဲ့၊ သူ့မှာ ဘာမှ လိုလေသေးမရှိဘူး၊ အစားအဝတ် အနေအထိုင် အကုန်ပြည့်စုံပါတယ်တဲ့ (မှန်ပါ့)။
ပြည့်စုံပြီးသည့်နောက်မှာ သူသည် သူတော်ကောင်းအလုပ် လုပ်တယ်ကွာ တဲ့၊ နတ်ရွာရောက်ကြောင်း အလုပ်တွေ လုပ်လိုက်တယ်တဲ့ (မှန်ပါ့) ဖျတ်ဆို စုတေမသေ သေလွန်တော့ နတ်ပြည်ရောက်သွားတယ်ကွာ တဲ့ (မှန်ပါ့)။
လူ့ပြည်က အာရုံတွေ ပြန်ကြည့်ချင်သေးရဲ့လား ၊ လိုချင်သေးရဲ့လား၊ လွမ်းသေးရဲ့လားလို့ မေးရင် မင်း ဘယ့်နှယ်ဖြေမတုန်း တဲ့ (မှန်ပါ့)။
ကဲ ဒကာ ဒကာမတွေပဲ ဖြေပါဦး (မလိုချင်ပါ ဘုရား)။ အာရုံချင်း သိပ်ကွာသွားတယ် (ကွာပါတယ် ဘုရား)။
ထို့အတူပဲကွတဲ့ ငါလဲ အစစ်ဖြစ်တဲ့ နိဗ္ဗာန်ကြီးမြင်ရတဲ့အတွက် ဟိုမောင်းမလေးသောင်းနဲ့ ရွှေနန်းသုံး ဆောင်ဟာတွေ စွန့်နိုင်တာ ဒါ-အစစ်မြင်လို့ပါကွာတဲ့ သဘောကျပလား (ကျပါပြီ ဘုရား)။
မင်းတို့က ပွားစည်းခြင်း အလိုရှိတယ်ဆိုတာ အစစ်မမြင်သေးလို့ ပြောနေတာပါတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အစစ်မမြင်သေးတော့
အစစ်မမြင်သေးတော့ ဘာတုန်း (ပွားစည်းခြင်း အလိုရှိပါတယ် ဘုရား) ပွားစည်းတာကြိုက်တယ်၊ သားသမီး ပွားတာကြိုက်တယ် (မှန်ပါ့) သံသရာကျယ်တာကော (ကြိုက်ပါတယ် ဘုရား) ဒါ-ဘာမမြင်သေးတဲ့ ပုဂ္ဂိုလ်ပလိမ့် (အစစ်မမြင်သေးတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ အစစ်မမြင်သေးတဲ့ ပုဂ္ဂိုလ်များ ဘုရားရှေ့သွားပြီးသကာလ လူချမ်းသာ၊ နတ်ချမ်းသာ အကြိမ်ကြိမ် ခံစား၍ဆိုတာ ပွားစည်းခြင်းအလိုရှိတယ် (မှန်လှပါ ဘုရား)။
ဘာမမြင်သေးလို့ ဒီဆုတောင်းကြီး ရဲရဲတောင်းပါလိမ့် (အစစ်ကိုမမြင်သေးလို့ပါ ဘုရား)။ ဒုက္ခတွေ ရဲရဲတောင်း ယူတာလေ (မှန်ပါ့)။
ဒကာကြွယ် ဒုက္ခကို ရဲရဲတောင်းယူတာ မဟုတ်လား (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါ ဘာမမြင်သေးတာတုန်း (မစစ်မမြင်သေးတာပါ) ဪ ခင်ဗျားတို့ အစစ်မမြင်သေးတော့ ဦးမာဒင်ရေ ဖြစ်ချင်သလို ဖြစ်နေတာ (မှန်ပ့ါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ အစစ်မြင်အောင်ဖြင့် ဘုန်းကြီးပြောတဲ့ ဉာဏ်စဉ်အတိုင်း ကြိုးစားလိုက်လို့ ရှိရင်ဖြင့် အစစ်မြင်ကြမှာပဲ (မှန်ပါ့) မြင်အောင်လဲ ကြိုးစားကြပါ၊ အတုနှိပ်စက်တာ ဒီပွားစည်းခြင်းကြောင့် အပါယ် ရောက်ပါလိမ့်မယ် (မှန်ပါ့) ဒကာသစ် သဘောပါပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါနဲ့ သူသည်ကားလို့ ဆိုလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းဟာ ဘာနဲ့တူနေသတုန်းလို့ မေးတဲ့အခါ လောကလူသားတွေဟာ ဘယ့်နှယ်ကြောင့် သားနဲ့ မယားနဲ့၊ သားပူ သမီးပူ မျိုးပူတွေထဲမှာ သူသည်ကားလို့ ဆိုရင် နေနိုင်ပါလိမ့်မလဲလို့ မေးဖို့ရာ အကြောင်းရှိတယ်ကွာတဲ့ (မှန်ပါ့ ဘုရား)။
သားနဲ့နေရတာလဲ ခင်ဗျားတို့က အေးတယ်ထင်ပေမယ့် စင်စစ်ပူတာပဲ (မှန်ပါ့) သမီးနဲ့နေရတာကော (ပူတာ ပါပဲ) ခင်ပွန်း လင်နဲ့ နေရတာကော (ပူတာပါပဲ) ပစ္စည်းတွေနဲ့ နေရတာကော (ပူတာပါပဲ ဘုရား)။
အဲ့ဒီ အပူကိုပင်လျှင် ဒို့ ဒါလောက်ပြည့်စုံလို့ရှိရင်ကွာ တော်-တော်သေးရဲ့ဆိုပြီး အေးတယ်ထင်တာဟာ ဒါ ဖောက်ပြန်တာပဲ (မှန်ပါ့ ဘုရား)။
အေးတယ်ထင်တာ ဘာဆိုကြမယ် (ဖောက်ပြန်တာပါ) ဖောက်ပြန်တာနော် (မှန်ပါ့ ဘုရား)။
ဖောက်ပြန်ပုံကလေး ငါတစ်ခုပြမယ်ကွာ မာဂဏ္ဍီ မင်း-နားထောင်ပါဦးဆိုပြီး တရားဆက်ဟောတယ် (မှန်ပါ့ ဘုရား)။
လူတစ်ယောက်မှာ နူနာစွဲနေတယ်
လူတစ်ယောက်မှာ နူနာစွဲနေတယ်ကွာ တဲ့၊ နူနာစွဲတယ်ဆိုတော့ ဝမ်းထဲမှာ ပိုးတွေက ကိုက်တာကိုး (မှန်ပါ့) အနာတွေ ကိုက်ကြတော့ အနာတွေ ဆိတ်ဆွပြီးနေရတယ် (မှန်ပါ့) ဒါနတဲ့ မကျေနပ်တာနဲ့ ဆိတ်ဆွပြီးသကာလ အနားနားမှာ မီးအိုးကလေး မီးဖိုကလေးနဲ့ မီးရဲရဲထည့်ပြီးသကာလ ဒကာသစ်ရဲ့ ကင်ကြတယ် ပိုးတွေ အထဲဝင်သွား အောင်လို့ (မှန်ပါ့) ပိုးတွေအထဲဝင်သွားအောင်လို့ မီးကင်ရတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ-ကွာ ဒီပုဂ္ဂိုလ်ဟာ ဒါဖြင့် မီးဟာ သူ့မှာ ကျေးဇူးရင်ဖြစ်နေတာပဲတဲ့ (မှန်ပါ့) အနာလဲ ဆိတ်ဆွပြီးသကာလ မီးကင်ရတဲ့ အလုပ်ဟာ သူ့အလုပ်ဝတ္တရား၊ ဒီတော့မှ ချမ်းသာတယ်ထင်တယ်တဲ့၊ မီးကင်မှချမ်းသာတယ် ထင်တာ အဲဒါ သူဟာ တစ်မျိုးပဲလို့ မင်း စောစောစီးစီး မှတ်ထားလိုက်စမ်းပါတဲ့ (မှန်ပ့ါ ဘုရား)။
နောက်ကျလာတော့ကွာ ဒီအနူ၏ အမေမိဘတွေက ဆေးကောင်း ဝါးကောင်း ဆရာကောင်းတွေနဲ့ ကုပြီး သကာလ နူနာပျောက်သွားတဲ့အခါ ကျလို့ရှိရင်ဖြင့် ဟေ့ နူနာပျောက်တဲ့လူ မင်းသည် ဆိတ်ဆွပြီးသကာလ မီးကင် ချင်သေးသလားလို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲတဲ့ (မကင်ချင်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် မကင်ချင်တာတုန်းလို့ မေးတော့ ကိလေသာ နူနာပျောက်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီမှာ သားနာ၊ သမီးနာ၊ ဆွေနာ၊ မျိုးနာ ဒကာကြွယ်တို့ ပျော်ကြတယ် ပါးကြတယ်ဆိုတဲ့ဥစ္စာ သားတွေက မီးဖို၊ သမီးတွေက မီးဖို၊ ပစ္စည်းတွေက မီးဖိုနားမှာ ဒကာကြွယ်တို့ ဦးမာဒင်တို့ မခွါနိုင်ဘူး (မှန်ပါ့) ဟ ဘာဖြစ် ကြတာတုန်းလို့ မေးလို့ရှိရင် ကိလေသာနူနာထလို့ မီးကင်ရတယ်ဘုရာ့ (မှန်ပါ့ ဘုရား)။
ကိလေသာနူနာထလို့ မီးကင်ရတယ်
ဘယ့်နှယ်ဆိုကြမလဲ (ကိလေသာ နူနာထလို့ မီးကင်ရပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့မှာ ကိလေသာရောဂါရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခုနင်က နူနာသမားတို့ ဆရာသမားတွေနဲ့ ကုလိုက်လို့ ပိုးတွေကလဲသေ ပင်ကိုယ်အသားတွေလိုလဲ ဖြစ်ပြီး သကာလ ကျန်းမာချမ်းသာတဲ့ ပုဂ္ဂိုလ်ကို ခင်ဗျားဟိုမှာ မီးကင်နေတဲ့ပုဂ္ဂိုလ်မြင်တယ် ခင်ဗျားကင်ချင်တဲ့ စိတ်ကလေး များ ပေါ်သေးသလားလို့ နူနာသမားတစ်ယောက်ကိုကြည့်ပြီး သူ့မှာ ကင်ချင်တဲ့စိတ်များ လာသေးသလားလို့မေးတော့ (မလာပါ) ဘာဖြစ်လို့ မလာတာပါလိမ့် (နူနာပျောက်သွားလို့ပါ) နူနာကိုက်တဲ့ပိုးတွေ ပျောက်လို့ (မှန်ပါ့ ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ ကိလေသာပိုးတွေသာ ခုနင်က မဂ်ဆေးနဲ့ ကုပြီးသကာလ ပျောက်အောင်လုပ်လိုက်ကြ မယ်ဆိုရင် ဘယ်သား၊ ဘယ်သမီး၊ ဘယ်ခင်ပွန်းအနားမှ ခင်ဗျားတို့ ဒကာကြွယ်တို့ ကပ်တော့မယ်မဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သူ့ရောဂါရှိသေးလို့ ဒီမီးဖိုတွေ နားကပ်သေးတာပဲ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ရောဂါရှိသေးလို့ မီးဖိုတွေနား ကပ်ပါတယ် ဘုရား)။
ဒါကြောင့် မတင်းတိမ်နဲ့ဦး ဒကာ ဒကာမတို့ ရောဂါမပျောက်သေးဘူးဆိုတာ ပြောရတော့တယ် (မှန်ပါ့) မပြောရင် ကောင်းပါ့မလား (မကောင်းပါ) ဦးမာဒင်ရေ သဘောပါပလား (ပါပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် သားနား၊ သမီးနား၊ အိမ်နား၊ ရာနား၊ စက်နား ကပ်ချင်တာတုန်းလို့ မေးလို့ရှိရင်ဖြင့် လိုချင်တဲ့ ကိလေသာပိုးက ထ,လာလို့ဘုရား (မှန်ပ့ါ ဘုရား) မာနဆိုတဲ့ ကိလေသာပိုးက ထ,လာတယ်ဘုရာ့ (မှန်ပါ့) ဒေါသဆိုတဲ့ မခံချင်တဲ့ စိတ်ကလေးကတော့ (ထ,လာပါတယ် ဘုရား)။
ဪ ဒါကြောင့် ဒီသားနား၊ သမီးနား၊ ဆွေနား၊ မျိုးနား အရောင်းအဝယ် ဆိုင်နားကပ်ကြတာပဲ (မှန်ပ့ါ ဘုရား)။
နူနာမပျောက်ခင် မီးဖိုနား ကပ်တာ
ကပ်တော့ ခင်ဗျားတို့ မပူဘူးလားလို့မေးတော့ ကိလေသာပိုးကြောင့်ဖြစ်တော့ ကပ်ပင်ကပ်ငြားသော်လဲ ဒါ သူတို့က အကူအညီ ရတယ်ဆိုပြီး ခင်ဗျားတို့က ဝမ်းများသာလိုက်သေးတယ် (မှန်ပါ့) နူနာမပျောက်ခင် မီးဖိုနား ကပ်တာကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
နောက် ဒကာသစ်ရေ နူနာပျောက်သွားတဲ့ ပုဂ္ဂိုလ်၊ ဆရာသမားနဲ့ ကုလို့ ဘာမှမရှိတဲ့ပုဂ္ဂိုလ်ကျတော့ နူနာ သမားတစ်ယောက်က မီးကင်နေတာမြင်တော့ မင်း-ကင်ချင်သေးသလားလို့ မေးရင် ဒကာသစ် ဒီပျောက်တဲ့ပုဂ္ဂိုလ်က ဘယ်လိုအဖြေထွက်မယ် ထင်ကြသတုန်း (မကင်ပါ) ဒါ ဘယ့်နှယ်ကြောင့်ပါလိမ့် (နူနာပျောက်လို့ပါ ဘုရား)။
အေး ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပေးတဲ့ ဥပမာမို့ ဒကာကြွယ်၊ ဦးမာဒင်တို့ သိပ်အဖိုး တန်ပါလား (တန်ပါတယ်) ဒို့ဟာ ဘယ်အမျိုးအစားထဲ ရောက်နေပါလိမ့်မတုန်းဆိုတော့ နူနာသမားပိုးကိုက်လို့ မီးကင် ချင်တဲ့ အသွားထဲ ဒို့ ရောက်နေတယ် (မှန်ပ့ါ ဘုရား)။
ဒီကနေပြီး ပြန်တယ်ဆိုရင် ဒကာသစ်တို့ကလဲ သင်ပန်းကုန်း မရောက်ရသေးလို့ရှိရင်ဖြင့် အချိန်လွန်သွား မှာတောင် စိုးလိုက်သေးတယ် (မှန်ပါ့) ဘာဖြစ်လို့တုန်း မီးဖိုနဲ့ ဝေးနေလို့ (မှန်ပါ့) ကိလေသာပိုးက ကိုက်လှပြီ (မှန်ပါ့) တွေ့ချင်တဲ့ ပုဂ္ဂိုလ်နဲ့မတွေ့ရ၊ စိတ်အေးလက်အေးမှ ရှိပါ့မလား- သူတို့က မျှော်နေရော့မလား၊ ကိုယ်က မျှော်နေတာပဲလားဆိုတဲ့ ဥစ္စာတွေ ရှုပ်လို့ (ရှုပ်ပါတယ်) မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား)။
အဲဒါ ဘယ့်နှယ့်ကြောင့် ဒကာကြွယ်တို့က ဒီအသံတွေ နှုတ်ဆက်တဲ့အခါကျတော့ မိုးချုပ်ပြီဗျာ၊ အိမ်ကလဲ တော်တော်ကြာ မျှော်နေလိမ့်မယ် (မှန်ပါ့) ကျုပ်နေလို့လဲ ကျုပ်ကလဲအလိုက်မသိရာ ရောက်သွားလိမ့်မယ် အစရှိသည် နဲ့ ဒီနှုတ်ဆက်ခွန်းတွေဟာ ဘယ်ကလာတာတွေတုန်း (ကိလေသာပိုးက လာတာပါ ဘုရား)။
ကိလေသာပိုးကိုက်လို့ ထွက်တဲ့အသံ
ပြောကြစမ်းပါဦး- ကျုပ်တော့ နားမလည်လို့ ပြောပါဦး ဒကာသစ်ရာ၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်ကလာတာ တဲ့တုန်း (ကိလေသာပိုးကလာတာပါ) ကိလေသာပိုးကိုက်လို့ ထွက်တဲ့အသံတွေကိုးဗျ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ) ဘာသံတွေပါလိမ့် (ကိလေသာပိုးကိုက်လို့ ထွက်တဲ့အသံတွေပါ ဘုရား)။
ဒါဖြင့် ကိလေသာပိုးကိုက်တဲ့အသံတွေ ဟိုရောက်သွားတော့ အေးချမ်းသလားလို့ မေးတဲ့အခါကျတော့ ဟိုရောက်လို့ရှိရင် ဘယ်သူက နေမကောင်း- ဘယ်သူက နေရာမကျ၊ ဘယ်သူနဲ့ အပြောဆို အပေါက်အလမ်းမတည့် ဆိုတာတွေကော အိမ်ကျတော့ တစ်ခါတည်း ဒီလောက်တောင် မိုးချုပ်အောင်နေရမလား၊ အလိုက်မသိတဲ့အထဲမှာ ရှင်တို့အပါအဝင်ပဲ အစရှိသည်နဲ့ ဆိုလိုက်ပြန်တော့လဲ ဟိုကျတော့လဲ ပူရရှာတယ် (မှန်ပ့ါ) မီးဖိုနား ရောက်သွားတာ ကိုး (မှန်ပါ့)။
ဒကာကြွယ် ဒီက ဘယ့်နှယ်ကြောင့် သွားသတုန်း၊ ပိုးကိုက်လို့ သွားတာ (မှန်ပ့ါ) ဟိုကျတော့ ဒီအပြောအဆိုတွေ တိုးတိုး-တိုးတိုးနဲ့ စောင်းမြောင်းလို့ မခံရဘူးလား (ခံရပါတယ်) အင်း- ဒကာကြွယ် ဘာဖြစ်တာတုန်း ဒါ (ပိုးကိုက် တာပါ ဘုရား) မဟုတ်ဘူးဗျ၊ မီးပူကပ်ပြန်တာ (မှန်ပ့ါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ်- ကောင်းတဲ့အလုံးပါရဲ့လား (မပါပါ ဘုရား) ကိုယ့်ကိုယ်က ကိလေသာပိုးမပျောက်တော့ မီးဖိုနား ကပ်ရလို့ရှိရင် ခင်ဗျားကလဲ ဒီကသွားကတည်းက ခပ်သုတ်သုတ်ဟေ့ ကားဖြစ်ဖြစ် မြန်မြန်မောင်းဟေ့ (မှန်ပါ့) အချိန်က မလှဘူးကွ၊ အိမ်ကဟာတွေ ဆူကုန်လိမ့်မယ်၊ ပူကုန်လိမ့်မယ် (မှန်ပါ့ ဘုရား)။
ဟိုကျတော့ ဆူတယ်၊ ပူတယ်ဆိုတော့ ကိုယ့်စိတ်ထဲမှာ ကောင်းသွားသလား-ဆိုးသွားသလား (ဆိုးသွားပါတယ် ဘုရား) ဟိုမီးဖိုနား ရောက်တာကိုး (မှန်ပါ့)။
ဒီက သွားတုန်းက ပိုးကိုက်တယ် (မှန်ပါ့) ဟိုကျတော့ မီးကင်တယ် (မှန်ပ့ါ) အဲဒါကို မကင်ရလို့ရှိရင် ဒကာ ကြွယ်တို့က ဘယ့်နှယ်ဖြစ်နေသတုန်း၊ မိုးများချုပ်သွားရင် ဘယ့်နှယ်လုပ်ပါ့မတုန်း တဲ့၊ မီးကင်နောက်ကျလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မီးကင်ရမှ ကျေနပ်တယ်
မိုးချုပ်သွားရင် (မီးကင်နောက်ကျပါတယ် ဘုရား) ဒါကြောင့် ကားတောင် နှေးတယ်ထင်သေး၊ အမြန်တောင် မသွားဘူးထင်ဆိုတော့ တော်တော် ကိလေသာ ပိုးကိုက်ချက်ပြင်းထန်ပါကလား (မှန်ပါ့) မီးဖိုနဲ့ဝေးမှာကိုလဲ နူနာ သမားက အတော်စိုးရိမ်တယ် (စိုးရိမ်ပါတယ် ဘုရား)။
အဲဒီလိုကွာ တဲ့၊ ကိလေသာပိုးကိုက်တဲ့ ပုဂ္ဂိုလ်ဟာ မီးကင်ရမှ ကျေနပ်တယ်ကွ တဲ့ (မှန်ပါ့) တစ်ယောက် သော နူနာပျောက်တဲ့ ပုဂ္ဂိုလ်ကို ဟိုပုဂ္ဂိုလ်မီးကင်နေတာ ကိလေသာပိုးကိုက်လို့ ဆွရွပြီး သကာလ မီးကင်နေတာ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဟေ့- နူနာပျောက်တဲ့လူ အသားအရေတွေ တောင်ဖဲ့ မြောက်ဖဲ့ ဖဲ့ပြီးသကာလ မီးကင် ပါဦးလားဆိုတော့ ဒကာသစ် ကင်ချင်တဲ့စိတ်လာ-မလာ (မလာပါ ဘုရား) ရောဂါပျောက်တယ် (ပျောက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒကာကြွယ်ရေ ရောဂါ မပျောက်သေးတာနဲ့ ရောဂါပျောက်တာနဲ့ တယ်ကွာပါကလား (ကွာပါတယ် ဘုရား)။
ခုနင်ကပြောတဲ့ ဝိသာခတို့ကျတော့ ဒကာ ဒကာမတို့ လာသာလာခဲ့တယ်၊ မီးကင်ဖို့ လာတာလား၊ ပစ္စည်း လွှဲအပ်ဖို့ လာတာလား (ပစ္စည်းလွဲအပ်ဖို့လာတာပါ ဘုရား) မီးကင်ဖို့လာတာ မဟုတ်ဘူးဗျ နော် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိလေသာပိုး ငြိမ်းသွားတဲ့အသံ
ဓမ္မဒိန္နာဆီမှာ စကားမပြောလို့ ဒကာမကတောင် အထင်တွေ လွဲလို့ ဟင် (မှန်ပါ့) နောက်ဆုံးပိတ် တစ်နေ့ ကျတော့ မင်းလဲ နှမလိုပဲနေပါတော့ ၊ ရှိတဲ့ပစ္စည်းလဲ အကုန်သိမ်းပြီး သကာလ မင်း-ဒီအိမ်မှာပဲ ဝေယျာဝစ္စ ပြုနေမယ်ဆို နှမအဖြစ်နဲ့ ပြုနေပါ (မှန်ပါ့) သို့မဟုတ် အိမ်ထောင် တည်ထောင်ချင်တယ် ဆိုလို့ရှိရင်လဲ တည်ထောင် ပါ တဲ့၊ ဒီကျမှ ရိပ်မိတယ်။ ကိလေသာပိုး ငြိမ်းသွားတဲ့အသံက ထွက်လာတယ် (မှန်ပါ့)။
ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကိလေသာ ပိုးမငြိမ်းရင် ဒီအသံထွက်ပါ့မလား (မထွက်ပါ ဘုရား) ဒီ မီးဖိုနားရောက်ရတာပဲ ပြုံးနေဦးမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ်တို့ ဘာပဲလောလောပေါ့ဗျာ (မှန်လှပါ) ဦးမာဒင်တို့ ဘာပဲလောလောဆယ် ဖြစ်လာ- ဘာကြားလို့ဘုရာ့၊ ဘယ်လိုဘုရာ့ ဆိုရင် ဪ ဒါ တခြားမဟုတ်ဘူး၊ ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ) ပြန်ချင်တယ်ဘုရာ့- သွားချင်တယ်ဘုရာ့ ဆိုလို့ရှိရင် ဘာတုန်း (ကိလေသာပိုး ကိုက်တာပါ ဘုရား)။ ဘယ် ပြေးမှာတုန်း၊ မီးဖိုဆီကို (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်ပြေးမှာတုန်း (မီးဖိုဆီပါ ဘုရား) ဒကာကြွယ်ရေ မိုးများချုပ်နေလို့ရှိရင် သွက်မှာလား-မသွက်ဘူးလား (သွက်မှာပါ ဘုရား) ဘာဖြစ်လို့တုန်း (ကိလေသာပိုးထိုးလို့ပါ ဘုရား) မီးဖိုနဲ့ဝေးနေလို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။
ပြီးတော့ ခင်ဗျားတို့က ကိုယ့်စိတ်ထဲက အရူက မပျောက်သေးတော့ အခုမှပဲ အိမ်ရောက်မှပဲ အားလုံးစုံပြီး သကာလ ဟင်း ချမိတော့တယ်ဆိုတော့ မီးဖိုနားလဲရောက်ရော ဟင်း ချမိသေးတယ်ဆိုတော့ မီးပူတာ ပူမှန်း မသိတဲ့ အရူးသွားဖြစ်တယ် (မှန်လှပါ ဘုရား)။
အရူးသွားဖြစ်တယ်
ဘာများသွားဖြစ်သတုန်း (အရူးသွားဖြစ်ပါတယ် ဘုရား) ဒကာကြွယ် ကျုပ်တို့ဖြစ်စဉ်လေ (မှန်ပါ့) ဒကာ ဒကာမတွေ ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား) ပူတဲ့နေရာရောက်မှ အခုမှ အေးသွားတယ်ပြောတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အေးတဲ့ဆီနေတုန်းက သူပူနေတယ် (မှန်ပါ့) ပူတဲ့နေရာရောက်မှ (အေးတယ်ပြောပါတယ်) ဟာ ဒကာကြွယ် အသံတော့ အတော်ဆိုးတဲ့အသံပဲ (မှန်ပါ့)။
အေးတဲ့နေရာရောက်တော့ ဘာဖြစ်နေသတုန်း (ပူပါတယ် ဘုရား) ပူတဲ့နေရာရောက်တော့ (အေးပါတယ် ဘုရား) ဟာ ကျုပ်လဲ ဒီဆေးဟာ အတော်ရှာခက်တယ် (မှန်ပါ့) ခင်ဗျားတို့ရောဂါက အဆန်းပါကလား (မှန်ပါ့)။
ဘယ့်နှယ်ဆိုမတုန်း ဒကာကြွယ် (ရောဂါက အဆန်းပါ ဘုရား)။
ရောဂါအဆန်း၊ ပူတဲ့နေရာရောက်တော့ အေးသတဲ့၊ အေးတဲ့နေရာကျတော့ (ပူပါတယ် ဘုရား) တယ်လဲ ဆိုးပါလကား (ဆိုးပါတယ် ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကျေးဇူးတင်ဖို့ တယ်ကောင်းတယ်၊ ကျုပ်တို့ ရူးချက် သိပ်သန် တယ်နော် (သန်ပါတယ် ဘုရား) မသန်ဘူးလား (သန်ပါတယ်) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ရောဂါမပျောက်သေးတဲ့ ဥစ္စာ ကိုယ့်အကြောင်း ကိုယ်သိကြပြီ (သိပါပြီ) ဒီနေ့ ဖော်ုလိက်တယ် ပေါ့ဗျာ (မှန်ပါ့)။
ဒီတွင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မာဂဏ္ဍီ တဲ့၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်နဲ့ ရောဂါမပျောက်တဲ့ ပုဂ္ဂိုလ် မထူးခြားဘူးလားကွာတဲ့ (မှန်ပါ့) ထူးခြားပါတယ်ဘုရား တဲ့။
အဲဒါ မင်းက ပွားစည်းခြင်း အလိုရှိတဲ့ပုဂ္ဂိုလ်ဟာ ရောဂါရှိသေးလို့ကွ (မှန်ပါ့) ငါကတော့ ပွားစည်းခြင်းဖြတ် တာကတော့ ရောဂါရောက်ပြီးသားပုဂ္ဂိုလ်မို့ ဖြတ်တာကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရောဂါပျောက်လို့
ဒါတွင်မကသေးပါဘူးကွာ တဲ့၊ မင်းသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် တဲ့ တစ်ဦးသော ပုဂ္ဂိုလ် နူနာ ရောဂါ ကပ်တဲ့အခါကျတော့ မီးဖိုကင်နေတယ်ကွ တဲ့ (မှန်ပါ့ ဘုရား) ကင်နေတော့ ပျောက်တဲ့ပုဂ္ဂိုလ်ကို အားကောင်း တဲ့ လူနှစ်ယောက်က မင်းလဲ အရင်တုန်းက မီးကြိုက်တဲ့ပုဂ္ဂိုလ်ပဲဆိုပြီး သကာလ မီးဖိုနားကို အားကောင်းတဲ့ လူနှစ်ယောက်က သူ့လက်မောင်းတွေကိုင်ပြီး ပို့မယ်ဆိုလို့ရှိရင် ကျုပ်ကို မနှိပ်စက်ပါနဲ့လို့ ပြောလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီအသံထွက်ပါလိမ့်မတုန်း မေးတဲ့အခါ ရောဂါပျောက်လို့ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာတဲ့ (ရောဂါပျောက်လို့ပါ ဘုရား) သူဟာ နဂိုရ်တုန်းက မီးကင်နေတာပဲ၊ မင့်ကို ဒီတစ်ခါ မီးထဲဆွဲပြီး ကင်အောင်လုပ်ဦးမယ်ဆိုတော့ ကြိုက်သေးသလား (မကြိုက်ပါ ဘုရား)။
နဂိုရ်ကလဲ သူ-ဒီလိုမီးကင်နေတဲ့ ပုဂ္ဂိုလ်ထဲကပဲ (မှန်ပါ့) သို့သော် ရောဂါပျောက်သွားတဲ့အခါကျတော့ မီးဖိုနား အားကောင်းတဲ့လူနှစ်ယောက်က ပို့တာတောင်မှ ဟိုတိမ်း၊ ဒီစောင်း ကျုပ်မနှိပ်စက်ပါနဲ့ အစရှိသည်နဲ့ ဒကာကြွယ် ပြောသတဲ့ (မှန်ပါ့) ဘုရားက ဟောတာနော် (မှန်ပါ့)။
ကိုင်း ဒါကျတော့ ဦးမာဒင်တို့က ဘယ့်နှယ်ဆုံးဖြတ်ချက် ချမလဲ (ရောဂါပျောက်လို့ပါ ဘုရား)။
ဪ ရောဂါပျောက်တော့လဲ မီးနားမကပ်ချင်ဘူး (မှန်ပါ့ ဘုရား)။
အခုတော့ဖြင့် ကိုယ့်အိမ်, ကိုယ့်ရာ နေရမှပဲ စိတ်ချမ်းသာတဲ့ပုံဟာ ဘာပါလိမ့် (ရောဂါ မပျောက်သေးလို့ပါ ဘုရား) ရောဂါရှိတယ် (မှန်ပါ့)။
ကိုယ့်အိမ်၊ ကိုယ့်ရာဆိုတာ မီးဖို (မှန်ပါ့) သူများအိမ် သွပ်တစ်ချပ်ကွာနေလဲ ကိုယ်နဲ့ဘာဆိုင်သတုန်း (မှန်ပါ့) ကိုယ့်အိမ်ရောက်ရင် ဖာချင်တဲ့စိတ်ကလေးက ပူလာပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သူများအိမ်မှာ ဘာမှ ဒီ-တံမြက်စည်းတစ်ခု မလှဲရတာတော့ ချမ်းသာတယ် (မှန်ပါ့) ကိုယ့်အိမ်ကျရင် ရှုပ်တာ ကြည့်နိုင်သေးရဲ့လား (မကြည့်နိုင်ပါ ဘုရား) ကိုယ့်အိမ်ကျရင် ဝေယျာဝစ္စအပူဓာတ်တွေ မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား)။
နို့ ကိုယ့်အိမ်ကျရင် ဘယ်သူနေကောင်းရဲ့လား၊ ဘယ်သူ နေမကောင်းဘူးလားဆိုတာ မေးရတယ် (မှန်ပါ့)။ဘယ်-ဒီမှာ ဘယ်သူ့မှ မေးစရာမရှီတဲ့လူကျတော့ ဒကာကြွယ် ပျော်ရဲ့လား (မပျော်ပါ ဘုရား) ဘယ့်နှယ်ဖြစ်တုန်း ၊ အေးတဲ့နေရာကိုး (မှန်ပါ့) မပျော်ဘူး (မှန်ပါ့) ပူတဲ့နေရာတော့ (ပျော်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပူတဲ့နေရာကျတော့ သူ့စိတ်က အေးတယ် (မှန်ပါ့) အေးတဲ့နေရာကျတော့ (ပူပါတယ် ဘုရား)။
ဟာ ဒကာသစ် တော်တော့်ကိုခက်တယ် (မှန်ပါ့) သေသေချာချာ ဉာဏ်နဲ့စဉ်းစားမှ အတော်ကြီး ခက်ပါတယ် (မှန်ပါ့ ဘုရား)။
ဒို့ဖြစ်စဉ်နဲ့ ကိုက်လိုက်တာ
ဒကာကြွယ်ရေ ဘုရားပေးတဲ့ ဥပမာကလေးနဲ့ ဥပမာ, ဥပမေယျ ဟပ်ပြီးသကာလ ဘုရားဟောလိုက်တာ မာဂဏ္ဍီပရဗိုဇ်ကို ဪ ဒို့ဖြစ်စဉ်နဲ့ ကိုက်လိုက်တာ (မှန်ပါ့) ဒို့မှာလဲ အေးတဲ့နေရာနေရတော့ ပူသတဲ့ (မှန်ပါ့) ပူတဲ့နေရာနေရတော့ (အေးပါသတဲ့ ဘုရား)။
ဪ ဒါဖြင့် ရောဂါမပျောက်သေးတာဟာ ကျုပ်တို့ ရောဂါမှ အရူးရောဂါကို ပါနေတယ် (မှန်ပ့ါ ဘုရား)။
ဘာရောဂါတုန်း (အရူးရောဂါပါ ဘုရား) ဒကာ ဒကာမတွေ ဒါ ဘုရားဟောတာ်နော် (မှန်ပါ့) အဲဒီရောဂါ မပျောက်သ၍လဲ လမ်းကောင်း၊ လမ်းမှန်နဲ့ လမ်းဖြောင့်ကို ကျုပ်တို့ လျှောက်လို့ဖြစ်ပါ့မလား (လျှောက်လို့မဖြစ်ပါ) တော်တော်အရေးကြီးတယ်နော် (အရေးကြီးပါတယ် ဘုရား)။
အင်း နဂိုရ်က မီးကင်နေတဲ့ပုဂ္ဂိုလ်ဟာ အခုမှ မင်းက ဘာချေးထူနေရတာတုန်းဆိုတော့ ကျွန်တော် ရောဂါပျောက်လို့ပါဆိုတဲ့ အဖြေပဲထွက်ရမယ် (မှန်ပါ့)။
ဒီမှာလဲ ခင်ဗျားတို့ ရောဂါ ပျောက်လို့ရှိရင်ဖြင့် သားနား၊ သမီးနား၊ ဆွေနား၊ မျိုးနား၊ ကပ်ချင်ပါဦးမလား (မကပ်ချင်ပါ ဘုရား) အခုကပ်ချင်တာဟာ ဘာသတ္တိပါလိမ့် (ရောဂါသတ္တိပါ ဘုရား) ဘာရောဂါတုန်း (ကိလေသာ ရောဂါပါ ဘုရား) ကိလေသာနူနာရောဂါ (မှန်ပါ့)
ဘယ်ကပ်မှ သူ့စိတ်ထဲ အေးမယ်ထင်ပါလိမ့် (မီးဖိုနားကပ်ရမှ အေးမယ်ထင်ပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတို့ မီးဖိုဆိုတာ ပင်ကိုယ်ပူတာနော် (မှန်ပါ့) မီးဖိုဆိုတာ ဘယ်သူ့ရွေးသေးသတုန်း (မရွေးပါ ဘုရား) ကောင်းတဲ့ပုဂ္ဂိုလ်ကင်လဲ ပူတာပဲ (မှန်ပါ့) နူတဲ့ပုဂ္ဂိုလ်ကင်လဲ (ပူပါတယ် ဘုရား) မီးဖိုက လူရွေးသေး သလား (မရွေးပါ)။
ရောဂါမရှိတဲ့ပုဂ္ဂိုလ် ဆေးမလိုပါဘူး
ဒါနဲ့ ဘုရားကပြောလိုက်တယ်၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ် မီးဖိုနား ကင်တဲ့အခါကျလို့ရှိရင် သူ့ကို နှိပ်စက် ကြပါနဲ့၊ မီးဖိုနား ကျုပ်ကို မပို့ကြပါနဲ့လို့ အော်ကာ၊ အင်ကာနဲ့ နောက်ဆုတ်တယ် တဲ့၊ အဲဒီတော့ မင်းဘယ့်နှယ် လုပ်မလဲလို့ မာဂဏ္ဍီကို မေးလိုက်တဲ့အခါကျတော့ ရောဂါမရှိတဲ့ပုဂ္ဂိုလ် ဆေးမလိုပါဘူးလို့ ပြောတယ်နော် (မှန်ပါ့)။
ဒီမှာလဲ ဒကာ ဒကာမတွေ ရောဂါမရှိဘူးဆိုရင် မီးကို မကင်ချင်ဘူး (မှန်ပါ့ ဘုရား) သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ ပစ္စည်းရှာမှုနားများ ဒကာကြွယ် ကပ်ချင်သေးရဲ့လား (မကပ်ချင်ပါ ဘုရား) အဲဒါ ဘာဖြစ်သွားသတုန်း (ရောဂါ ပျောက်သွားတာပါ ဘုရား) ရောဂါပျောက်လို့ (မှန်ပါ့)။
နဂိုရ်တုန်းက ရောဂါမပျောက်ခင်တုန်းကလဲ ဒီမီးဖိုပဲ ဒီမီးပဲ (မှန်ပါ့) ရောဂါပျောက်တဲ့ အခါကျတော့လဲ မီးပဲ တဲ့၊ ဒကာ ဒကာမတို့ မကပ်ချင်တဲ့စိတ် ကွာနေတယ် (မှန်ပါ့) ရောဂါရှိတုန်းကတော့ ကပ်ချင်တဲ့စိတ် (ကွာ နေပါတယ်) ရောဂါပျောက်တော့ (မကပ်ချင်တဲ့စိတ်ပါ ဘုရား) မကပ်ချင်တဲ့စိတ် ပေါ်နေတယ် (မှန်ပါ့)။
ဒကာသစ် ဘယ်သူ့ သတ္တိထင်သတုန်းဗျာ ၊ ရောဂါသတ္တိကြောင့် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရောဂါရှိရင် အပူကို အအေးထင်တယ် (မှန်ပါ့) အအေးကို (အပူထင်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ရောဂါရှိလို့ရှိရင် (အပူကို အအေးထင်ပါတယ်) အအေးကျတော့ (အပူထင်ပါတယ် ဘုရား)။
ဟာ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ သိပ်ခက်ပါကလား (မှန်ပါ့) ပုထုဇန်အရူးဆိုတာ (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ပုထုဇဉ်အရူးလို့ ဘုရားကပြောလိုက်တာ ကိုယ်တော်ကြီးနှယ်ဆိုရက်လိုက်တာလို့ ဒကာကြွယ် တို့က ပြောချင်လဲပြောလိမ့်မယ် (မှန်ပါ့)။ ကိုယ်-ကိုယ်တိုင် ဒကာ ဒကာမတို့ မီးကင်ချင်တာနဲ့ နှစ်ခုထူးခြားအောင် တစ်ခု သေသေချာချာ ပြောတော့မှ ဪ-ရူးသေးပါကလား (မှန်ပါ့) ရောဂါရှိတဲ့ အရူးတစ်ယောက်ပါကလား (မှန်ပါ့) ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။
ဒီနေတာတောင် ဒကာကြွယ် တစ်ခါတလေ တရားနာနေတဲ့ အခါတောင်မှ အင်း ဘယ်လိုများ နေရစ် ပါလိမ့်မတုန်းလို့ ကြားပေါက်မီးဖိုကလေး လာသေးတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
အေးတဲ့နေရာတောင်မှ ကိုယ်က အာရုံပြုလိုက်တဲ့အခါ ပူတာကလေးဟာ လာသေးတယ် (လာပါတယ် ဘုရား)။
ရူးချက်သိပ်သန်တယ်
ဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့အရူးတွေကို ငါသည်ကားလို့ ဆိုရင်ဖြင့် ကုနိုင်တဲ့ စွမ်းရည်သတ္တိရှိအောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသကာလ ကုရမှာဖြစ်လေသောကြောင့် မင်းတို့ ငါ့ကို ဖဲ့မတိုက်ပါနဲ့တဲ့ (မှန်ပါ့) ရူးချက်သိပ်သန်တယ် (မှန်ပါ့) တော်တော့်လူ နားထောင်နိုင်တဲ့အခြေအနေမှ မရှိဘဲလား (မှန်ပါ့ ဘုရား)။ ကိုယ်က ရောဂါသမားဆိုတော့ မီးပဲတစ်ခါတည်း အအေးထင်နေတယ် (မှန်ပ့ါ ဘုရား)။
မီးကို ဘယ့်နှယ်ထင်နေသတုန်း (အအေးထင်နေပါတယ်) အေးတဲ့နေရာကျတော့ (ပူတယ်ထင်ပါတယ်) အံမာ လေး ဒကာ ဒကာမတွေ မလွယ်ပါကလား (မလွယ်ပါ) မလွယ်ဘူး မလွယ်ဘူး ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါနဲ့ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြောလိုက်တယ်၊ မာဂဏ္ဍီ မင်းသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် အအေးကိုတော့ မင်းက အပူထင်တယ်၊ အပူကိုတော့ အအေးထင်တယ်၊ နူနာပျောက်တဲ့ပုဂ္ဂိုလ် နဲ့- မပျောက်တဲ့ပုဂ္ဂိုလ် ငါထူးခြားအောင်ပြောလို့ မင်းစိတ်ထဲမှာ ရှင်းသွားပြီ (မှန်ပါ့ ဘုရား)။
အခု ရောဂါပျောက်တဲ့ပုဂ္ဂိုလ် မီးကင်ပါဆိုတော့ ကင်သေးရဲ့လား (မကင်ပါ) နဂိုက ကင်တုန်းကလဲ ပူတာပဲ (မှန်ပါ့) ပျောက်တော့ မကပ်ချင်တော့တာကော (ပူပါတယ်) အဲ မီးဟာ ပင်ကိုယ်ပူဗျ၊ ဖောက်ပြန်တဲ့ ပုဂ္ဂိုလ်မို့ကပ်တာ (မှန်ပါ့ ဘုရား)။
မီးဟာ ဘာတုန်း (ပင်ကိုယ်ပူပါ) ဖောက်ပြန်တဲ့ပုဂ္ဂိုလ်မှ (ကပ်ပါတယ်) ဒါဖြင့် ဝိပ္ပလ္လာသရှိတဲ့ ပုဂ္ဂိုလ်မှ ဒကာကြွယ်ကပ်တာ (မှန်ပ့ါ ဘုရား)။
မီးသဘောဟာ ဘာပါလိမ့် (ပူပါတယ်) ပင်ကိုယ်သဘောကိုက (ပူပါတယ် ဘုရား)။
ဒါဖြင့် ဖောက်ပြန်တဲ့ သဘောရှိတဲ့ ပုဂ္ဂိုလ်ဟာတော့ မီးကပ်ရလို့- မီးကပ်ရလို့ရှိရင် သက်သာတယ်လို့ ထင် တယ် (မှန်ပါ့) ဖောက်ပြန်တဲ့ သဘောတွေများ မဂ်ဉာဏ်နဲ့ ရုပ်သိမ်းလိုက်ပြီး ဝိပ္ပလ္လာသတွေများ ရုပ်သိမ်းလိုက်မယ် ဆိုတော့ ပင်ကိုယ်ပူမို့ ကပ်ချင်သေးရဲ့လား (မကပ်ချင်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ နီးနီးနားနား နေချင်ကြ၊ ထိုင်ချင်ကြတယ်ဆိုတာ ဒါတွေဟာ မီးဖိုတွေပါပဲ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာတွေပါလိမ့် (မီးဖိုတွေပါ) ဘယ့်နှယ်ကြောင့် နီးနီးနားနား နေချင်ကြပါလိမ့်မတုန်းလို့ ဒကာ သစ်တို့ ဦးမာဒင်တို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (ကိလေသာနူနာထတာပါ) ကိလေသာနူနာထတော့ မီးကင်ရတယ် ဘုရာ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရောဂါမပျောက်သေးတဲ့ အဓိပ္ပာယ် ကိုယ့်ကိုယ်က သက်သေခံနေတယ် (မှန်ပါ့ ဘုရား)။
ရောဂါမပျောက်သေးတဲ့ အဓိပ္ပာယ်ကို (ကိုယ်က သက်သေခံပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ ရောဂါရှိကြောင်း တော့ ကိုယ့်ဟာကိုယ်သိပြီ (မှန်ပါ့ ဘုရား)။
ရောဂတော ဂဏ္ဍတော
ဒါဖြင့် ဘုရားက “ရောဂတော ဂဏ္ဍတော”လို့များ ဟောတာ တောလေးဆယ်မှာ (မှန်ပါ့)။ ဒီနေ့ သဘောကျဖို့ ကောင်းပြီ (မှန်ပါ့)။
ရောဂါတော= အနာရောဂါ အားဖြင့်လည်းကောင်း၊ ဂဏ္ဍတော=အိုင်းအမာနဲ့တူသော အားဖြင့်လည်းကောင်း၊ ပဿ=မင်းတို့ခန္ဓာကိုယ်ကြီး ရှုစမ်းပါဆိုတဲ့ဥစ္စာ ပေါ်လာတယ် (ပေါ်လာပါတယ်) သဘောကျပလား (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မာဂဏ္ဍီ-တော်တော် ကလေး အရည်လည်သွားတယ် (မှန်ပါ့ ဘုရား)။
ငါကတော့ ရောဂါကင်းလို့ အေးချမ်းတဲ့နေရာ ရောက်ပြီ၊ မင်းက ရောဂါပွားတာ ကြိုက်တုန်းရှိပါသေးသလား လို့ ဘုရားက သူ့ကို စွဲချက်တင်လိုက်တယ် (မှန်ပါ့)။
ဒီဂါထာ သိပ်ကောင်းပါကလားတဲ့
ဒီတွင်မှ မာဂဏ္ဍီတဲ့ ရောဂါကင်းတဲ့ ဂါထာကလေးတစ်ခု ငါပြောပြမယ်တဲ့ (မှန်ပါ့)ဆိုပြီး
အာရောဂါပရမာ လာဘာ၊
နိဗ္ဗာနံ ပရမံ သုခံ။
အဋ္ဌင်္ဂီကော စ မဂ္ဂါနံ၊
ခေမံ အမတဂါမိနံ။
ဘုရားက ရွတ်လိုက်တယ် (မှန်ပါ့) အံမာ ရှင်ကြီးဂေါတမ ဒီဂါထာ သိပ်ကောင်းပါကလားတဲ့ (မှန်ပါ့ ဘုရား)။
သူက ဒီဂါထာ ရပြီးသားဖြစ်နေတယ် (မှန်ပါ့) ဘုရားက ရွတ်ခါရှိသေးတယ် သူက ရပြီးသားဖြစ်နေတယ် (မှန်ပါ့) ရှေးက ပုဏ္ဏားတွေ အဆက်ဆက် ဒကာသစ် ဆောင်လာတယ် (မှန်ပါ့ ဘုရား)။
ရှင်ကြီးဂေါတမတဲ့ ဒီဂါထာ ရွတ်လိုက်တာ ကျုပ်သိပ် သဘောကျတယ်တဲ့ (မှန်ပါ့ ဘုရား)။
”အာရောဂျပရမာလာဘာ’ဆိုတာ အနာကင်းတာဟာ လာဘ်ကြီးတစ်ခုပဲ (မှန်ပါ့) ‘နိဗ္ဗာနံ ပရမံသုခံ’ဆိုတာလဲ ချမ်းသာထဲမှာလဲ နိဗ္ဗာန်ဟာ ချမ်းသာတယ်ဆိုတာ ဟုတ်တာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့်ကွာတဲ့ မင်းက ဒါဂါထာရတယ်ဆိုရင် ပြောစမ်းပါ၊ အနာကင်းတာ ဘယ်ဟာ၊ ချမ်းသာတဲ့နိဗ္ဗာန်ဆိုတာ ဘယ်ဟာတုန်းလို့ဆိုတော့ သူက ခန္ဓာကြီးပုတ်ပြတယ် (မှန်ပါ့ ဘုရား)။
ဘာပုတ်ပြသတုန်း (ခန္ဓာကိုယ်ကြီး ပုတ်ပြပါတယ်) ဪ မင်း ခက်ပါသေးတယ်ကွာ၊ ဒီခန္ဓာကြီး ရောဂါ ရှိနေလျက်သားနဲ့ မင်း ‘အာရောဂျပရမာလာဘာ’လို့ ခန္ဓာကြီးဟာ ဒါ အနာကင်းတာပဲ၊ ဟောဒီ ခန္ဓာကြီးဟာ နိဗ္ဗာန် ပဲလို့ မင်းပုတ်ပြတာဖြင့် ငါအံ့ပါရဲ့ကွာတဲ့ (မှန်ပါ့) ဘုရားက ပြောရတယ် (မှန်ပါ့) မာဂဏ္ဍီကလဲ ရှေ့မှီ-နောက်မှီပဲ (မှန်ပါ့ ဘုရား)။
အနာကင်းအောင် နိဗ္ဗာန်ရောက်အောင်
အဲဒီလို ဖြစ်ပြီးသကာလနေတော့ ရှင်ကြီးဂေါတမတဲ့ ကျုပ်ပြောတာ အခု ရှင်ကြီးဂေါတမက မှားသည်လို့ ဆိုတာကို ရှင်ကြီးဂေါတမပြောတဲ့အတိုင်း ကျုပ် ယုံကြည်ပါတယ်တဲ့၊ အဲဒါ ယုံကြည်တော့ကို ကျုပ်ကို အနာကင်းအောင် နိဗ္ဗာန်ရောက်အောင် လုပ်ပေးစမ်းပါဦးတဲ့ (မှန်ပါ့) ဒီကျမှ တောင်းပန်တယ် (မှန်ပ့ါ ဘုရား)။
အနာလဲကင်းအောင်၊ နိဗ္ဗာန်လဲ ရောက်အောင် ကျုပ်တို့လုပ်ပေးစမ်းပါဦးလို့ သူကပြောတယ် (မှန်ပါ့ ဘုရား)။
ကွာ မင်းလုပ်ပေးဖို့ အသာထားဦးတဲ့၊ မင့်မျက်လုံးကို ကုရဦးမယ်တဲ့ (မှန်ပါ့ ဘုရား)။
မျက်လုံးက မင်းဟာက အနာမကင်းတာ အနာကင်းတယ်ထင်တယ် (မှန်ပါ့) မင့်ကို ကုစရာကတဲ့၊ မင်းဟာ ဝမ်းတွင်းကတည်းက မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ ဖြစ်လာတယ်၊ နေ,လဲမသိဘူး၊ လ,လဲမသိဘူး၊ အဖြူအနီလဲ မသိတဲ့ပုဂ္ဂိုလ်ကို၊ ဟောဒါ အနာကင်းတာပဲ၊ ဟောဒါသည် နိဗ္ဗာန်ပဲလို့ မင်းလိုလူ ပြောလို့ နားလည်မှာမဟုတ်ဘူး၊ မျက်လုံးအရင် ကုရဦးမယ်ဆိုပြီး အရိယာမျက်လုံးတပ်ပေးရဦးမယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာတပ်ပေးရဦးမလဲ (အရိယာမျက်လုံး တပ်ပေးရမှာပါ)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် ဘာတပ်ပေးမှ သိမလဲ (အရိယာမျက်လုံးတပ်ပေးမှ သိမှာပါ ဘုရား)။
နို့မဟုတ်လိုရှိရင် ဒကာကြွယ်တို့လဲ ခန္ဓာကြီးကြည့်ပြီး “အာရောဂျပရမ လာဘာ”ဆိုတာ ကျုပ်ခန္ဓာပဲဗျ (မှန်ပါ့) “နိဗ္ဗာနံ ပရမံသုခံ”ဆိုတာ ကျုပ်သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင်နဲ့နေတာ ကျုပ်ဒါလောက် နိဗ္ဗာန်ပဲဗျ လုပ်ချင်လုပ်နေဦးမှာ (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းအနာ ကင်းတာသိရအောင် နိဗ္ဗာန်ကိုသိရအောင် မင်းကလဲ စုံလုံးကန်းဖြစ်နေတော့ မျက်လုံးအရင်ကုရဦးမယ်၊ နောက်မှအနာကင်းတာကို မျက်လုံးကုပြီးမှ အနာကင်းတာ မင်းသိ မယ် (မှန်ပါ့) နိဗ္ဗာန်ကိုလဲ မင်းသိမယ်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြောရတယ် (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။ျ
ဒါဖြင့် ဒကာ ဒကာမတို့ ဘာကုဖို့ အရေးကြီးသတုန်း (မျက်လုံးကုဖို့ အရေးကြီးပါတယ် ဘုရား)။
မျက်လုံးကလဲ ကန်းလာတာက ဘယ်တုန်းက ကန်လာသတုန်း (မွေးကတည်းကပါ ဘုရား) ဝမ်းတွင်းက ကန်း လာတာ (မှန်ပါ့ ဘုရား)။
ဝမ်းတွင်းက ကန်းလာတာဆိုတော့
ဝမ်းတွင်းက ကန်းလာတာဆိုတော့ နေ,လဲ မမြင်ဘူး၊ လ,လဲ မမြင်ဘူး (မှန်ပါ့) အဖြူ, အနီ, အကြောင်, အကြားကော (မမြင်ပါ ဘုရား) သူများပါးစပ် လမ်းဆုံးနေတယ် (မှန်ပါ့ ဘုရား)။
အဲဒီပုဂ္ဂိုလ်ဟာ ဒီ “အာရောဂျပရမာ လာဘာ”ခန္ဓာကြီး အနာကင်းရှင်းတာသည် ဒကာ ဒာမတို့ လာဘ်ကြီးပဲ၊ ဒီ နိဗ္ဗာန်သည် အချမ်းသာဆုံးပဲလို့ သူ့ကို စုံလုံးကန်းကို ပြောလို့ အနာမှ မသိတဲ့ပုဂ္ဂိုလ် အနာကင်းတာ သိပါ့မလား (မသိပါ ဘုရား) ချမ်းသာမှမသိတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ပြလို့ကော (မသိပါ ဘုရား)။
အဲဒီတော့ မင်းကိုတဲ့ “အာရောဂျပရမာ လာဘာ”ဆိုတဲ့ လာဘ်ကြီးကိုလဲ ငါမပေးနိုင်ဘူးတဲ့ (မှန်ပါ့) နိဗ္ဗာန် ချမ်းသာကိုလဲ မပြနိုင်သေးဘူးကွ (မှန်လှပါ) မင်း မျက်လုံး အရင်ကုရဦးမယ် တဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာလုပ်ရမယ် (မျက်လုံးအရင် ကုရဦးပါမယ် ဘုရား)။ ရှင်းပလား ဒကာကြွယ် (ရှင်းပါပြီ)
မျက်လုံးကို အရင်ကုပြီးမှသာလျှင် ဒကာသစ်ရေ ဟောဒါ အနာကင်းတာကွ၊ ဟောဒါ နိဗ္ဗာန်ကွ လို့ ပြောလို့ဖြစ်မှာကိုး (မှန်ပါ့) စုံလုံးကန်းကြီးကို ဟောဒါ အနာကင်းတာ၊ ဟောဒါ နိဗ္ဗာန်ကွ လို့ ပြောလို့ သူကမှ ကောင်းကောင်းမသိတော့ ဘယ့်နှယ်လုပ်ပြီး သူ့စိတ်ထဲမှာ ကျေနပ်ပါ့မလဲ (မကျေနပ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။
စုံလုံးကန်း ဝမ်းတွင်းကန်း
ဒါဖြင့် ဒကာကြွယ် အရိယာမျက်လုံးတပ်မပေးသ၍ ကာလပတ်လုံးဖြင့် ကျုပ်တို့မှာ စုံလုံးကန်း ဝမ်းတွင်းကန်း ပဲဆိုဦး (မှန်လှပါ ဘုရား)။
ဒါဖြင့် တိုတိုပြောကြပါစို့- နာရီကစေ့လို့ ဒကာ ဒကာမတို့ ဖြစ်ပျက်မမြင်သေးရင် စုံလုံးကန်းမှတ် (မှန်ပါ့)။
ဖြစ်ပျက်မမြင်သေးရင် (စုံလုံးကန်းပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတွင်မှ နက်ဖြန်ကျမှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဥပမာ, ဥပမေယျတွေနဲ့ အရိယာမျက်လုံး တပ်ပေးမယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ နာရီစေ့ပြီ တော်ကြဦးစို့။
သာဓု သာဓု သာဓု။
