11813

မာတိကာသို့

မာဂဏ္ဍီပရဗိုဇ်ဝတ္ထု (၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

မာဂဏ္ဍီပရဗိုဇ်ဝတ္ထု (၂)

နေ့အလုပ်ပေး တရားတော်

(၆-၉-၆၁)

တရားနာနည်း နိဿယည်း

ကဲ တရားနှလုံးသွင်းကြ။ တရားနာနည်း နိဿယည်းကလည်း ဒကာ ဒကာမတွေ ခဏခဏ သတိပေး ပါတယ် (မှန်ပါ့)၊ နားက ဘုန်းကြီးပြောဆိုတဲ့တရားကို နာပါလို့ သတိပေးလိုက်ပါတယ်နော် (မှန်ပါ့)။

ဉာဏ်ကတော့ဖြင့် ဘုန်းကြီးဟောနေတာ ဘယ်နေရာဟောနေတယ်ဆိုတဲ့ ဝေဒနာဟောရင် ဝေဒနာဉာဏ်က လှည့်၊ စိတ်ဟောလို့ရှိရင် စိတ်ကိုဉာဏ်ကလှည့်၊ ဒီကဲ့သို့ ဉာဏ်က အလှည့်တည့်သွားပြန်လို့ရှိရင်လည်း တရားနာရင်း ဉာဏ်ထက်ပြီးသကာလ တရားပွဲထဲတွင် သောတာပန် သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတွေ တရားနာတဲ့အခါ နားကတော့ဖြင့် တဲ့ ဪ ဒါ ဝေဒနာဟောနေပါ ကလားဆိုပြီး ဉာဏ်က ဝေဒနာစိုက်လိုက် (မှန်ပါ့)၊ စိတ်ဟောနေရင်ကော (စိတ်စိုက်ရမှာပါ ဘုရား)။

အဲဒီကဲ့သို့ စိုက်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် စိတ်တွေက အနိစ္စသဘော (မှန်ပါ့)၊ ဝေဒနာက အနိစ္စသဘော ကို တရားက ပြောပါလိမ့်မယ် (မှန်ပ့ါ ဘုရား)။

တရားက ပြောတဲ့အခါကျတော့ ဒကာ ဒကာမတွေက ဉာဏ်က ဪ ခန္ဓာက ဒီလိုပြောနေပါကလား အနိစ္စသဘောတွေ ပြောနေပါလားလို့ ဆိုလို့ရှိရင်ဖြင့် တဲ့ ဟောရင်းမတ္တနဲ့ ယထာဘူတဉာဏ်ရတယ် (မှန်ပါ့)။

ယထာဘူတဉာဏ် ရပါတယ်

ဟောရင်းမတ္တ နာရင်းမတ္တနဲ့ ဘာရပါလိမ့် (ယထာဘူတဉာဏ် ရပါတယ်ဘုရား)။

ယထာဘူတဉာဏ် ရပြီးသကာလနေတော့ ဒီအတိုင်းပဲ ဉာဏ်ကစိုက်ပြီး ခန္ဓာကိုယ်ထဲမှာ တရားကို နားထဲက တော့ ကြားနေတာပဲ ဉာဏ်ကတော့ ခန္ဓာကိုယ်ထဲ စိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဪ ဒီခန္ဓာကြီးဟာ ဖြစ်ပြီးပျက်တဲ့ ဓမ္မမှတစ်ပါး ဘာမှမရှိပါကလားလို့ ဆုံးဖြတ်ချက်ချလိုက်လို့ရှိရင် သက္ကာယဒိဋ္ဌိဟာ ကွာသွားတယ် (မှန်ပါ့ ဘုရား)။

ကွာပြီးသည်၏ အခြားမဲ့၌ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဉာဏ်ပဲ လှည့်စိုက်နေလို့ရှိရင်ဖြင့် ဪ ဒီ ဖြစ်ပျက်တွေဟာ တခြားမဟုတ်ပါလား ၊ တရားနာတဲ့ ခန္ဓာ၏ ဖြစ်ပျက်တွေပါကလား၊ ဒါ အနိစ္စသဘောတွေပါ ကလား ၊ သင်္ခါရအနိစ္စ လမ်းဆုံးနေတာတွေပါကလားဆိုတာ သူ့ဟာသူ ဉာဏ်ထဲမှာ တရားကပြောတာနဲ့ ဉာဏ်က သဘောကျသွားတယ် (မှန်ပါ့ ဘုရား)။

တရားကပြောတော့ ဘယ်သူက သဘောကျသတုံး (ဉာဏ်က သဘောကျပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ တရားကပြော ဉာဏ်ကသဘောကျသွားပြီဆိုမှဖြင့် ဒီဉာဏ်သည် အမြင်ကျယ်ကျယ် ကျယ်ကျယ်လာပြီးသကာလ ဒီခန္ဓာ၏ ဖြစ်ပျက်ကြီးကို မုန်းလာပါလိမ့်မယ် (မှန်ပါ)။

ဒီခန္ဓာ၏ ဖြစ်ပျက်ကြီးကို ဒကာ ဒကာမတွေက မုန်းလာတဲ့အခါကျလို့ရှိရင်ဖြင့် တရားနာရင်း ဉာဏ်က စိုက်လိုက်တော့ ဒီခန္ဓာကြီး ဆုံးရာသာရောက်ချင်တော့တယ်ဆိုတာ လာတော့တာပဲ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကြီး၏ ဆုံးရာသာရောက်ချင်တော့တယ်ဆိုတာ ဒကာသစ်ရေ ဒကာကြွယ်တို့ ဉာဏ်တက်သွားတာ အောက်မေ့ (မှန်ပ့ါ ဘုရား)။

အဲဒီကဲ့သို့ ဆုံးရာသာ ရောက်ချင်တော့တယ်ဆိုလို့ရှိရင်ဖြင့် တဏှာပါးလို့ ဒီဉာဏ်တက်လာတာမှတ်လိုက် (မှန်ပါ့ ဘုရား)။

တဏှာပါးလို့ ဒီဉာဏ်တက်လာပြီလို့ ဒကာ ဒကာမတွေက ကိုယ့်ဟာကိုယ် သိပြီဆိုမှဖြင့် ဆုံးချင်တဲ့ဉာဏ်နဲ့ ကြည့်ရင်းမတ္တနဲ့ပဲ တဲ့ ဒီခန္ဓာ ဖြစ်ပျက်ကြီးဟာ ဆုံးသွားတယ် (မှန်ပ့ါ ဘုရား)။

ဖြစ်ပျက်တို့၏ အဆုံးဖြစ်တဲ့နိဗ္ဗာန်

ဆုံးသွားသည်နဲ့ တစ်ပြိုင်နက်တည်း “ဒုက္ခဿ အန္တံ သစ္ဆိကရိဿတိ”ဆိုတဲ့အတိုင်း ဒုက္ခဿ=ဒုက္ခ၏၊ အန္တံ= အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို (ဝါ) ဖြစ်ပျက်တို့၏ အဆုံးဖြစ်တဲ့နိဗ္ဗာန်ကို၊ သစ္ဆိကရိဿတိ=မျက်မှောက်ပြုနိုင်လတ္တံ့လို့ဆိုတော့ ဒကာ ဒကာမတွေ အဲဒီကျတော့ တရားက မပြားတော့ဘူး (မှန်ပါ့)၊ တရားမပြားဘဲနဲ့ ဉာဏ်က နိဗ္ဗာန်သာ အာရုံပြု နေတော့တာပဲ (မှန်ပါ့)။

ဒါ့ကြောင့် ဘုရားလက်ထက်က တရားနာကြတယ်၊ ဘုရားမရှိသည့်နောက် တရားနာကြတာသည် ဒကာသစ် တို့, ဒကာကြွယ်တို့ ဒီအတိုင်းနာတာနဲ့ဲ ကိစ္စပြီးသွားကြတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် တရားနာလို့ ကိစ္စပြီးတာလား ၊ တရားနာရင်း ဉာဏ်လှည့်လို့ ကိစ္စပြီးတာလား (တရားနာရင်း ဉာဏ်လှည့်လို့ ကိစ္စပြီးတာပါ ဘုရား)။

အဲဒါမသိတဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုပြောလေ့ဆိုလေ့ရှိသတုံးလို့ မေးတဲ့အခါကျတော့ ဦးမာဒင်တို့ မှတ်ရမယ်၊ တရားနာရင်း နိဗ္ဗာန်ရောက်တယ် (မှန်ပါ့)။

ဘယ်ဟုတ်လိမ့်မတုံး နာရုံနဲ့တော့ မရောက်တာအမှန်ပဲ (မှန်ပါ့)၊ ဉာဏ်ခန္ဓာလှည့်လို့ ဉာဏ်တက်သွားလို့ ရောက်တာလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ဒကာကြွယ် သဘောရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

တရားက နားကသာ နာတာကိုးဗျ (မှန်ပါ့)၊ ဉာဏ်က ဘယ်လှည့်သတုံး (ခန္ဓာလှည့်ရမှာပါ ဘုရား)။

ဉာဏ်က ခန္ဓာလှည့်လိုက်တော့ ဒကာသစ်တို့, ဦးမာဒင်တို့, ဉာဏ်မတက်ဘဲ ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား)၊ ဒီကလည်း တရားနဲ့ ရှေ့က လမ်းပြပေးနေပြန်ပြီဆိုတော့ ဒကာ ဒကာမတို့ ဉာဏ်တွေကလည်း လမ်းပြသလောက် တက်လိုက်သွားတယ် (မှန်ပါ့)၊ ဉာဏ်တွေက လမ်းပြသလောက် တက်လိုက်သွားတော့ ခန္ဓာကလည်း ပြောနေတာက ကြာလေရှင်းလေ ခန္ဓာက ပြောတာကလည်း ကြာလေရှင်းလေပဲ (မှန်ပါ့)။

အဲဒီကဲ့သို့ ခန္ဓာက ကြာလေရှင်းလေ ကြာလေရှင်းလေ သူ့အကြောင်း သူ့သဘော ပြောတော့ကိုတဲ့ လောကီ ဥပမာနဲ့ ဒကာကြွယ် ရှင်းပြမယ်နော် (မှန်ပါ့)။

ခွေးသေကောင်ပုပ်ဥပမာ

ခွေးသေကောင်ပုပ်တစ်ခုကို ခွေးသေတာကို စိုက်ကြည့်နေ ခွေးက အရှင်လတ်လတ်ပဲ သေသွားတယ်ဆိုပါ တော့ (မှန်ပါ့)၊ ပထမတော့ဖြင့် ခွေးသေတာ မြင်တာပဲ (မှန်ပါ့)။

နောက် ကြည့်လှမက ကြည့်လာလို့ရှိရင် ခွေးသေကောင် ခွေးသေကောင်ပုပ်၏ ရောင်ဖောလာတာ မြင်လာ တယ် (မြင်ပါတယ် ဘုရား)။

နောက် ခွေးသေကောင်ပုပ်၏ ပိုးတွေ, လောက်တွေ ကျလာတာကော (မြင်ပါတယ် ဘုရား)။

နောက် ခွေးသေကောင်ပုပ်ကို ဠင်းတတွေ ဘာတွေစားလို့ ကုန်သွားတာပဲ (မှန်ပါ့)၊ ဉာဏ်မပြတ်လို့ရှိရင် ကုန်တာကျအောင် ရောက်တာပါပဲ (မှန်ပါ့)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ထူးထူးလည်လည် ဪ တို့ ဉာဏ်မပြတ်ဖို့အရေး ဟာ တို့အရေးပါလားဆိုတာ ဦးမာဒင်တို့ သေသေချာချာမှတ်ရမယ် (မှန်ပါ့)။

ဉာဏ်မပြတ်ဖို့အရေးဟာ (တပည့်တော်တို့အရေးပါ ဘုရား)၊ အေး ဒကာသစ်တို့၏ အရေး, ဒကာကြွယ် တို့၏ အရေး, ဦးလှဘူးတို့၏ အရေးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဉာဏ်က နိဗ္ဗာန်အာရုံပြုပြီးသကာလ သွားတော့ ဒီဉာဏ်က နိဗ္ဗာန်ကိုလည်း မြင်တယ် (မှန်ပါ့ ဘုရား)၊ အပါယ်လေးပါးသွားစေတတ်တဲ့ ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ကိလေသာတွေလည်း သတ်တယ် (မှန်ပါ့)။

အပါယ်လေးပါး တံခါးပိတ်သွားတယ်

ဒါ့ကြောင့် တရားနာရင်း သောတာပန်တည်ပြီး အပါယ်လေးပါး တံခါးပိတ်သွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်များကျတော့ တရားပွဲပြီးရင် မပြန်ချင်သေးဘူး (မှန်ပါ့)၊ သူ့ဖြစ်စဉ်တွေ ဘုရားကို လျှောက်ချင်သေးတယ် (မှန်ပါ့ ဘုရား)၊ သူ့ဖြစ်စဉ် တွေ ဘုရားလျှောက်ချင်သေးတဲ့ အဓိပ္ပာယ်မျိုး ပေါ်ပေါ်လာတယ် (မှန်လှပါ)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဪ တရားတော့ သိမ်းသွားပြီ၊ ကိုယ့်ဖြစ်စဉ်ကလေးက အင်မတန် နေရာကျနေတော့ မတွေ့ဘူးတဲ့ နိဗ္ဗာန်ကြီးတွေ့ရ၊ သေရင် စိတ်ချရတဲ့ အပါယ်လေးပါး တံခါးပိတ်တဲ့ ဉာဏ်ကြီးကိုလည်း ရရတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို လျှောက်ချင်သလို ဒကာ ဒကာမတို့လည်း ဆရာသမား လျှောက်ချင်တဲ့စိတ်ပေါ်အောင် ဒီတရားကို နားကနာပြီး ဉာဏ်က ခန္ဓာကို လှည့်ပါဆိုတာ ရှေ့ပိုင်းမှာ ဒကာသစ် ပြောပေးနေတယ် (မှန်ပါ့)၊ ကြိုးစားကြစမ်းပါဆိုတာကို သတိပေးရတယ်နော် (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်ကြောင့် ဒီဥစ္စာ တိုက်တွန်းရပါလိမ့်မလဲ ကြိုးစားကြပါဦး ကြိုးစားကြပါဦး ဆရာ ဘုန်းကြီးကလည်း နေ့တိုင်းလိုလို တိုက်တွန်းတယ်၊ တို့ကလည်း ဘယ်လို အချိုးအစားတွေမို့ ဒါလောက် တိုက်တွန်းရပါ လိမ့်မလဲလို့ ဒီတရားပွဲတစ်ခုလုံးက ဒကာ ဒကာမတွေက အမေးပုစ္ဆာထုတ်လာခဲ့သည်ရှိသော် ဒကာ ဒကာမတို့ ဟောတဲ့ပုဂ္ဂိုလ်ကလည်း အနိစ္စခန္ဓာကိုယ်နဲ့ ဟောနေပါတယ် (မှန်ပါ့)၊ နာတဲ့ပုဂ္ဂိုလ်ကလည်း အနိစ္စခန္ဓာကိုယ်ကြီးနဲ့ နာနေရတော့ကို ဟောတဲ့ပုဂ္ဂိုလ်ကလည်း သေရာသုသာန်ပြေးလျက် (မှန်ပါ့ ဘုရား)၊ နာတဲ့ပုဂ္ဂိုလ်ကလည်း သေရာ သုသာန်ပြေးလျက် (မှန်ပါ့)၊ လမ်းမှာ တရားဟောနေကြတာကိုး (မှန်ပါ့ ဘုရား)၊ လမ်းမှာ တရားနာနေကြတာကိုး (မှန်ပါ့ ဘုရား)။

အဲဒီတော့ သုသာန်သွားရင်းဟော၍ သုသာန်သွားရင်း တရားနာနေကြတဲ့ အလုပ်ကို ဦးမာဒင်,ရေ မတိုက်တွန်းရင် မဖြစ်ဘူး (မှန်လှပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

တိုက်တွန်းတာ တိုက်တွန်းသင့်-မသင့်၊ ဘုန်းကြီးကလည်း နေ့တိုင်းတိုက်တွန်းတယ်၊ လွန်,လွန်လွန်းတယ်လို့ ဒကာကြွယ်က ဒီလိုအပြစ်မတင်နဲ့ (မှန်ပါ့ ဘုရား)၊ တင်လို့ရှိရင် တင်တဲ့ပုဂ္ဂိုလ်မှာ အလွဲကြီး လွဲလိမ့်မယ် (မှန်ပါ့)။

အသေမဦးခင် မဂ်ဉာဏ်,ဖိုလ်ဉာဏ် ဦးပါမှ

ဟောတဲ့ပုဂ္ဂိုလ်ကလည်း နေ့တိုင်း သယ်ယူပို့ဆောင်နေငြားသော်လည်း သူကလည်း ထိုင်ရင်းမတ္တနဲ့ သုသာန်နဲ့ နီးတယ် (နီးပါတယ် ဘုရား)၊ နာတဲ့ပုဂ္ဂိုလ်ကလည်း နာရင်း ထိုင်ရင်းမတ္တနဲ့ (သုသာန်နဲ့နီးပါတယ် ဘုရား)၊ အဲဒီတော့ အသေမဦးခင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်က ဦးပါမှ ကျုပ်တို့မှာတဲ့ လူ့ဘဝရကျိုးနပ်မယ် (မှန်ပါ့)၊ ဉာဏ်ကိုလည်း အသုံး ချတာ အပြီးအပိုင် ရောက်သွားမယ် (မှန်ပါ့)။

အဲဒါတွေ သေသေချာချာ ဒကာ ဒကာမတွေက ဆရာ့သဘောလည်းသိ ကိုယ့်သဘောလည်းသိ၊ သိတော့မှ ဪ ဒါ့ကြောင့် တိုက်တွန်းတာကိုး (မှန်ပါ့)၊ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဪ တိုက်တွန်းချင်လို့ တိုက်တွန်းတာလား ဆိုတော့ မဟုတ်ဘူး ၊ လမ်းသွားရင်း ကယ်တင် နေကြတာ သုသာန်ရောက်မှတော့ မည်သူတစ်ဦးတစ်ယောက်မှ ကယ်နိုင်မယ် မဟုတ်ကြတော့ဘူး (မှန်ပါ့)၊ ဘုန်းကြီး ကလည်း မကယ်တင်နိုင်ဘူး၊ ဒကာ ဒကာမတွေကလည်း ကယ်တင်တာ ခံယူနိုင်မှု မရှိတော့ဘူး (မရှိတော့ပါ ဘုရား)။

အဲဒါကြောင့် ဦးမာဒင်တို့ ခန္ဓာ့သဘောကြည့်ပြီး ပြောနေတာ (မှန်ပ့ါ ဘုရား)၊ ဘာသဘောကြည့်ပြောနေတာတုံး (ခန္ဓာ့သဘောကြည့်ပြောနေတာပါ ဘုရား)။

အေး ဒါကြောင့် ပျော်တဲ့ပုဂ္ဂိုလ်ကတော့ မသိတော့ဘူးဗျ (မှန်ပါ့)၊ ကျုပ်တို့ ဉာဏ်သမားတွေ ထွေးလုံး သန်တဲ့ပုဂ္ဂိုလ်တွေကျတော့ ဒကာကြွယ်,ရေ ဒီအချိန်ကလေးကိုပဲ လွတ်သွားလို့ရှိရင်ဖြင့် ဪ မိုက်ချိန်ပါ ကလား (မှန်ပါ့)။

မမှီဝဲကောင်းတာ မှီဝဲလိုက်လို့ မိုက်သွားတယ်

ဒီအချိန်ကလေး ဖြစ်ပျက်မတွေ့လိုက်လို့ ဉာဏ်နှလုံး မသွင်းလိုက်ရလို့ရှိရင်ဖြင့် “အသေဝနာစ ဗာလာနံ” မမှီဝဲကောင်းတာ မှီဝဲလိုက်လို့ မိုက်သွားတယ် (မှန်ပါ့)၊ မိုက်ချိန်ကလေး ဖြစ်သွားတယ် (မှန်ပါ့)။

‘ဖျတ်’ဆို နှလုံးသွင်းလိုက်လို့ ဒကာ ဒကာမတွေ ဖြစ်ပျက်ကလေးနဲ့ ဉာဏ်ကလေးနဲ့ စိုက်ခနဲ စိုက်ခနဲ တွေ့တဲ့ အခါကျတော့ “ပဏ္ဍိတာနဉ္စ သေဝနံ” ပညာရှိမို့ မှီဝဲထိုက်တဲ့ အနိစ္စ မှီဝဲနေတာပဲ (မှန်လှပါ ဘုရား)။

ကိုယ့်ကိုယ်ကိုယ် လူမိုက်နဲ့ လူလိမ်မာ ခွဲတာကိုလည်း ဉာဏ်နဲ့ ခန္ဓာကို အာရုံပြုတဲ့အချိန်မှာ လူလိမ်မာ, မပြု နိုင်တဲ့အချိန်မှာ လူမိုက် (မှန်ပါ့)။

ဒါတွေသိနေတော့ ဪ မိုက်ချိန်, လိမ်မာချိန်ဆိုတာကလည်း တစ်သက်လုံး ဆုံးဖြတ်ချက်ချရတာ မဟုတ်ပါလား၊ ခဏခဏပဲ ကိုယ်ပြုတဲ့ ကိုယ့်စိတ်ပေါ်တဲ့ခဏနဲ့ ဆုံးဖြတ်ချက်ချရတာပါကလားဆိုတာ ဒကာသစ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

မိုက်ချိန် လိမ္မာချိန်ကို အသက်တမ်းနဲ့ ဆုံးဖြတ်ချက်ချကြမလား, ခဏနဲ့ ဆုံးဖြတ်ချက်ချကြမလား (ခဏနဲ့ ဆုံးဖြတ်ချက်ချကြပါမယ် ဘုရား)။

အခု ဒကာ ဒကာမတွေ သိထားတာက ဪ ငယ်သေးမိုက်သေးတာပဲ၊ ပြီးတော့ လိမ္မာလိမ့်မယ် ဆိုတော့ နှစ်အပိုင်းနဲ့ ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့)၊ မလွဲဘူးလားဗျာ (လွဲပါတယ် ဘုရား)။

အဲ အားလုံး ဒကာ ဒကာမတွေ နှစ်ပိုင်း၊ လ,ပိုင်းနဲ့ ဆုံးဖြတ်ချက်ချနေတာဟာ အလွန်ဉာဏ်တုံးတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ဒကာကြွယ် ဆိုလိုက်ရင် မလွဲဘူး (မလွဲပါ ဘုရား)။

ဖြစ်ပျက်နှလုံးမသွင်းတဲ့အချိန်

ကိုယ့်ကိုယ်ချိန်ကြည့်ပါ ဦးလှဘူးရေ ဖြစ်ပျက်နှလုံးမသွင်းတဲ့အချိန် အဝိဇ္ဇာချိန်ဖြစ်သောကြောင့် မိုက်သဗျာ (မှန်ပါ့)၊ ဖြစ်ပျက်မြင်တဲ့အချိန်ကျတော့ ဝိဇ္ဇာချိန်ဖြစ်သောကြောင့် လိမ္မာသဗျာ (မှန်ပါ့)၊ ဒကာသစ် ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် မိုက်ချိန် လိမ္မာချိန်ကို ဒကာ ဒကာမတို့ နှစ်ပိုင်း လပိုင်းနဲ့ ဆုံးဖြတ်ချက်ချမလား ခဏနဲ့ ဆုံးဖြတ်ချက် ချမလား (ခဏနဲ့ ဆုံးဖြတ်ချက်ချရပါမယ် ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ တရားသဘောဆိုတာ သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် သဘောပါတဲ့ပုဂ္ဂိုလ် က ပြောမှလည်း ဒကာကြွယ် သဘောပါတာ (မှန်ပါ့)၊ နို့မဟုတ် မိဘရိုးရာက ဖုံးလွှမ်းသွားပြန်လို့ရှိရင် အို ငယ် သေး မိုက်သေးမှာပေါ့၊ တို့လည်း ငယ်ငယ်တုန်းက မိုက်ခဲ့တာပဲဆိုတော့ အနှစ်နှစ်ဆယ်ကျအောင် သူ့ဟာက မိုက်ဦး ဆိုတဲ့ အဓိပ္ပာယ်ရနေတယ် (မှန်ပါ့ ဘုရား)၊ အနှစ်နှစ်ဆယ်ကျော်တော့ လိမ္မာသွားမှာပေါ့ကွာ၊ သူ့ဟာသူ သိလာပါ လိမ့်မယ်ဆိုတော့ နှစ်ဆယ်ကျော်မှ လိမ္မာမှုကိုသူ ဆုံးဖြတ်ချက်ချမယ် (မှန်ပါ့ ဘုရား)။

ဉာဏ်မပါတဲ့အချိန် မိုက်ချိန်

အဲဒါလွဲပါတယ်လို့ဆိုတာကို ဦးမာဒင်တို့ ဆုံးဖြတ်ချက်ချကြပါ၊ သေသေချာချာ လွဲပါတယ်လို့ (မှန်ပါ့)၊ စိတ္တက္ခဏ ဒကာ ဒကာမတို့ ဉာဏ်မပါတဲ့အချိန် မိုက်ချိန် (မှန်ပါ့ ဘုရား)၊ ဉာဏ်နဲ့ နှလုံးသွင်းတဲ့အချိန် (လိမ္မာချိန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် လူလိမ်မာ လူမိုက်သည် သေသေချာချာ ခင်ဗျားတို့ စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ဒကာကြွယ်တို့ လူမိုက်ဟာ အပါယ်သွားတယ် (သွားပါတယ်)၊ လူလိမ်မာဟာ သုဂတိသော်လည်းကောင်း၊ နိဗ္ဗာန်သော် လည်းကောင်း သွားတယ် (မှန်ပါ့)၊ ဒီလိုဆုံးဖြတ်ချက်ချရင် မှန်တယ်မဟုတ်လား (မှန်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မတွေ့တဲ့အချိန်ကျတော့ မိုက်ချိန် (မှန်ပါ့ ဘုရား)။

မိုက်ချိန်ဆိုတော့ ဒကာ ဒကာမတို့က မသိလို့မိုက်တော့ ပစ္စုပ္ပန်ဘဝမှာ မိုက်တာကတော့ဖြင့် အဝိဇ္ဇာက ဖုံး လွှမ်းလို့၊ တဏှာဦးစီးလို့ မိုက်တာ (မှန်ပါ့)၊ ဒါဖြင့် ဒီအချိန်မှာ တဏှာ, ဥပါဒါန်, ကံ ဖြစ်မဖြစ် (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် တဏှာ, ဥပါဒါန်, ကံဆိုတော့ ဒီကံဟာ ဘယ်သွားမည့်ကံတုံး (အပါယ်သွားမည့်ကံပါ)၊ ဒါမိုက်ချိန်ဆို ထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဒီအချိန်မှာ ဖြစ်ပျက်ကလေးတွေ ခန္ဓာကိုယ်ထဲ အနိစ္စကလေးတွေ ဒကာ ဒကာမတွေက နှလုံးသွင်းပြီးသကာလ နေတော့ ဒကာ ဒကာမတို့ နှလုံးသွင်းတဲ့ဉာဏ်က ခုနင်က တဏှာဖြတ်လိုက်တယ် (မှန်ပါ့)၊ တဏှာဖြတ်လိုက်တော့ ဥပါဒါန်, ကံတွေက ပြတ်ပြီးသကာလ ဘဝတွေ နောက်လာမည့် ဇာတိ, ဇရာ, မရဏတွေကော ချုပ်ငြိမ်း ရုပ်သိမ်းသွား တယ်ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ)၊ အဲဒါ လိမ်မာတဲ့ပုဂ္ဂိုလ်မို့ ဒီအချိန် သူသည် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)။

ခဏထိန်းနိုင်လို့ရှိရင် ရောက်ရမှာ

ဒါဖြင့် နိဗ္ဗာန်ရောက်တာသည် ဒကာ ဒကာမတို့ အိုမှရောက်ရမှာလား ပျိုမှရောက်ရမှာလား ခဏထိန်းနိုင်လို့ ရှိရင် ရောက်ရမှာလား (ခဏထိန်းနိုင်လို့ရှိရင် ရောက်ရမှာပါ ဘုရား)။

အို ဒါလောက်နားလည်တာ ဒကာကြွယ် သိပ်အဖိုးတန်သွားပြီ (မှန်ပ့ါ ဘုရား)။

ခဏနဲ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒါလောက်တောင် စိပ်စိပ်ကြီးပြောနေ ပါလိမ့်မလဲလို့ ဒကာသစ်တို့၊ ဦးမာဒင်တို့က မေးလို့ရှိရင် ခန္ဓာကိုယ်က ခဏအသက်ရှည်တာ (မှန်ပါ့ ဘုရား)၊ ဒီခဏ စိတ်ပြီး ဟိုခဏစိတ်မလာရင် သေတာပဲ (မှန်ပ့ါ ဘုရား)။

အဲဒီတော့ နိဗ္ဗာန်ရတာလည်း ဒီခဏထဲမှာပဲ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့)၊ သေတာလည်း ဒီခဏပြီး နောက် ခဏမလာရင် (သေပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်လည်း မဂ် ခဏပြီးတော့ နောက်ကိုလေသာ ခဏမလာတော့ဘူးဆိုရင် နိဗ္ဗာန်ရောက်တာ ပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်တာသည် ဒကာ ဒကာမတို့ ဒါ့ကြောင့် ခုနစ်နှစ်အရွယ်လည်း ရောက်ကြတာပဲ (မှန်ပါ့)၊ ဆယ်နှစ်, ဆယ့်ငါးနှစ်အရွယ်လည်း (ရောက်ပါတယ် ဘုရား)။

ဒကာကြီးတွေ ဒကာမကြီးတွေ ပြောတဲ့အတိုင်း နှစ်ဆယ်ကျော် လိမ်မာလိမ့်မပေါ့ကွာလို့တော့ မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)၊ ကိုယ့်ဟာကိုယ် ခင်ဗျားတို့ ပြောသံကြားနဲ့ စကားဆုံးနေကြတာလို့ ဒကာကြွယ်ဆိုရင် မလွဲပါ (မလွဲပါ ဘုရား)။

တရားနာတဲ့အချိန် ဘာအချိန်ပါလိမ့်

ဒါ့ကြောင့် အားလုံး ဒကာ ဒကာမတွေ အခုတရားနာတဲ့အချိန် ဘာအချိန်ပါလိမ့်ဗျာ (လိမ်မာတဲ့အချိန်ပါ)၊ လိမ်မာချိန်ပဲ (မှန်ပါ့ ဘုရား)။

အိမ်ကျတဲ့အခါကျတော့ တပည့်တော်များက ဘုရား သားကိစ္စ, သမီးကိစ္စ, အရောင်းကိစ္စ, အဝယ်ကိစ္စ တွေနဲ့ ဒီတရားကလေးဟာ လက်လွတ်တဲ့အခါလည်း ရှိသေးတယ်ဘုရာ့ (မှန်ပါ့ ဘုရား)။

အဲဒါ သာမညဆရာနဲ့ တွေ့မယ်ဆိုတော့ ဦးမာဒင် ဒီလိုပြောမယ်၊ အို နင်တို့ဟာက ဒါလောက်ဆိုပဲ တော်လှပါပြီ (မှန်ပါ့)၊ ဘယ်တော်ရမလဲ အဲဒီ့အချိန်ဟာ အပါယ်သွားတဲ့အချိန် တော်လှပါပြီလို့ ဆိုနိုင်ကြပါ့မလား (မဆိုနိုင်ပါ ဘုရား)။

ဒကာကြွယ် ဒီဟာ ဘယ်သူပြောပြော မယုံနဲ့နော် (မှန်ပါ့)၊ မယုံနဲ့ ဒကာကြွယ် ဒီဥစ္စာသည်ကားလို့ဆိုရင် လူကြီးကပြောပြော ဘယ်သူကပြောပြောကွာ၊ အိမ်ကျတော့ မေ့တာပေါ့၊ နောက် ပြန်နှလုံးသွင်းတော့လည်း ရပြန်တာ ပေါ့၊ တော်သေးတာပေါ့ကွာ (မှန်ပါ့)၊ တော်ရဲ့လား (မတော်ပါ ဘုရား)။

ဘယ့်နှယ်အပါယ်ရောက်သွားနေပြီးတောင် တော်တုံးရှိသေးတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက် မရောက်၊ လိမ်မာ မလိမ်မာဆိုတာကို ဘယ်အပေါ်မှာ မှီပြီး ဆုံးဖြတ်ချက်ချရပါမလဲလို့ မေးတော့ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ ဉာဏ်ပေါ်မှာ မှီပြီး လိမ်မာတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ မပြတ်ရင် မိုက်တယ် (မှန်ပါ့)၊ ပြတ်ရင် (လိမ်မာပါတယ် ဘုရား)။

အဲဒီမှီမှ ဒီဟာပြောမှ ဦးမာဒင် အစစ်ကြတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒကာကြွယ် နေရာကျ ပလား (ကျပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နဲ့ ဆုံးဖြတ်ချက်ချ

ဒါဖြင့် လိမ်မာချိန်, မိုက်ချိန်ဟာ ပဋိစ္စသမုပ္ပါဒ်နဲ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့အချိန်သည် (လိမ်မာတဲ့အချိန်ပါ)၊ ဆက်နေတဲ့အချိန်သည် (မိုက်တဲ့အချိန်ပါ ဘုရား)။

အဲဒါသည်ကားလို့ဆိုလို့ရှိရင် မလွဲတမ်းမှန်တဲ့ ဘုရားဉာဏ်ပဲဆိုတာ သေသေချာချာမှတ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ သေချိန် ဆုံးဖြတ်ချက်ချပြန်တော့လည်း ဒီစိတ်ပြီး နောက်စိတ်မလာရင် ဘာတုံး (သေတာပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီစိတ်ပြီးရင် နောက်စိတ်တွေက ဆက်ပြီးသကာလ မကောင်းတဲ့စိတ်တွေ လာပြန်လို့ရှိရင်လည်း မိုက်သက် ရှည်နေတယ် (မှန်ပါ့)၊ ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီစိတ်ပြီးသည့် အခြားမဲ့၌ နောက်မဂ်စိတ် ပေါ်လာတယ်၊ ကိလေသာစိတ်တော့ မလာဘူး၊ ကုသိုလ်ဇောတွေ ချည့်ပဲ၊ မဂ်ဇော်, ဖိုလ်ဇော, ပစ္စဝေက္ခဏာဇောတွေချည့်ပဲ လာနေမယ်ဆိုတော့လည်း ဒါလိမ်မာသက်ရှည်တာ (မှန်ပါ့)၊ လိမ်မာသက်ရှည်တာဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဘယ်သူ့မေးကြမတုံး၊ လိမ်မာသက်ရှည်နေတာနဲ့ မိုက်သက်ရှည်တာ ဘယ်သူ့မေး မတုံး ဆိုတော့ ခန္ဓာကိုယ်ထဲ ပဋိစ္စသမုပ္ပါဒ် ပြတ်, မပြတ် ဉာဏ်နဲ့ မေးလိုက်ရင် ဒကာသစ် ရှင်းသွားမယ် (ရှင်းပါ တယ် ဘုရား)။

ကျုပ်ဟာဗျာ အရင်လိုတော့ မမိုက်တော့ပါဘူး လို့ သူများပြောတာက မမှန်ဘူးဗျ (မှန်ပါ့)၊ ကိုယ့် ဟာကိုယ် သိတယ် (သိပါတယ် ဘုရား)။

ကိုယ့်ဟာကိုယ် အသိဆုံး

ဒကာကြွယ် ဘယ့်နှယ်တဲ့ (ကိုယ့်ဟာကိုယ် သိပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် တန်းတဲ့အချိန်ဟာ ဘာတဲ့ (မိုက်တဲ့အချိန်ပါ ဘုရား)၊ ပြတ်တဲ့အချိန်ဟာ (လိမ်မာတဲ့အချိန်ပါ)၊ အဲဒါ သူများမေးရမှာလား ကိုယ့်ဟာကိုယ် အသိဆုံး လား (ကိုယ့်ဟာကိုယ် အသိဆုံးပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ယမမင်းကြီးကများ ငရဲရောက်လို့ စစ်တဲ့အခါကျတော့ မင်း ပဋိစ္စသမုပ္ပါဒ်ဆက်တာဟာ မင်းပဲ အသိဆုံး မင်းပြုတဲ့အကုသိုလ်ကို (မှန်လှပါ)၊ မင့်အမေနဲ့လည်း မဆိုင်ဘူး မင့်အဖေနဲ့လည်း မဆိုင်ဘူး၊ ရဟန်းသံဃာတွေနဲ့လည်း မဆိုင်ဘူး၊ နတ်ဗြဟ္မာတွေနဲ့လည်း မဆိုင်ဘူး၊ ဒီ မင်းဆက်ထားတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ မင်းပဲ ရောက်ထိုက်တယ် (မှန်ပါ့)၊ ဒီလိုဆုံးဖြတ်ချက်ချတယ် (မှန်လှပါ ဘုရား)၊ ကဲ ဒကာသစ် ပေါ်ပလားဗျာ (ပေါ်ပါ ပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်သူ့စွပ်စွဲချက်တင်မတုံး (ကိုယ့်ကိုယ်တင်ရမှာပါ)၊ ကိုယ့်ကိုယ် ပဋိစ္စသမုပ္ပါဒ် စွဲချက်တင် လိုက်တယ် ယမမင်းက (မှန်ပ့ါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ သိကြတဲ့အတိုင်းတဲ့၊ ဪ ကိုယ့်ပဋိစ္စသမုပ္ပါဒ် မပြတ်လို့ရှိရင် ကိုယ့်ဒုက္ခ ဆက်တာပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ့်ဉာဏ်နဲ့ ဖြတ်လိုက်လို့ရှိရင်ဖြင့် ကိုယ့်ဒုက္ခကိုယ်သိမ်းတာပဲ (မှန်ပါ့)၊ ဒကာကြွယ်သဘော ပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူများက မိုက်တယ်, လိမ္မာတယ်လို့ လက်ခုပ်တီးပြီး မျက်နှာရွှင်ပျ ဣန္ဒြေနဲ့ပြောပြော မယုံနဲ့ (မှန်ပါ့)၊ ယုံစရာရှိကြရဲ့လား (မရှိပါ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်အကဲခတ်

ဒါဖြင့် ကိုယ်မိုက်တာ ကိုယ်လိမ္မာတာကို ဒကာသစ် ဘာနဲ့ဆုံးဖြတ်ချက်ချမလဲ (ပဋိစ္စသမုပ္ပါဒ်နဲ့ ဆုံးဖြတ်ချက် ချရပါမယ် ဘုရား)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်အကဲခတ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာအကဲခတ်ကြမယ် (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်အကဲခတ်ရပါမယ် ဘုရား)၊ ဆက်သွားရင် (လူမိုက်ပါ)၊ ပြတ် တဲ့ဉာဏ်ဝင်လာရင် (လူလိမ္မာပါ ဘုရား)။

ကဲ ယမမင်းက စစ်တော့ ဒကာ ဒကာမတို့ သူတစ်ပါး မေးသလား ၊ ဒီပဋိစ္စသမုပ္ပါဒ်ကို သူကြည့်စစ် သလား (ပဋိစ္စသမုပ္ပါဒ်ကို သူကြည့်စစ်ပါတယ် ဘုရာား)။

အဲဒီတော့ ခင်ဗျားတို့က အဝတ်ဖြူကြီးဝတ်-ပုတီးကြီး လည်ပင်းစွပ်ပြီးသကာလ ပဝါဖြူလောကပတ်ထိုးပြီးသ ကာလ နေငြားသော်လည်း ဒကာကြွယ် လိုရင်းမဟုတ်သေးဘူး (မဟုတ်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်က လိုရင်း (လိုရင်း ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မပြတ်တဲ့ပုဂ္ဂိုလ်ဖြင့် ဒကာ ဒကာမတို့ သံသရာထောင်ထဲကျမယ် (ကျမှာပါ ဘုရား)၊ ပြတ်တဲ့ ပုဂ္ဂိုလ်ဖြင့် သံသရာ့ထောင်ထဲက လွတ်တာပဲ (မှန်ပါ့)၊ ဆိုတော့ ဒီဥစ္စာက အဝတ်ခြုံက လိုရင်းလား၊ အတွင်းပဋိစ္စသမုပ္ပါဒ် စိတ်စဉ်က လိုရင်းလား (အတွင်းပဋိစ္စသမုပ္ပါဒ်စိတ်စဉ်က လိုရင်းပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ သူတစ်ပါးကို ဟန်လုပ်နေဖို့ထက် ဒကာကြွယ် ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချဖို့က အရေးကြီးပါတယ် (မှန်ပါ့)။

ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြတ်ပါ

သူတစ်ပါးကြည်ညိုမှုကို ဟန်လုပ်နေရတာက ပင်ပန်းပါတယ်၊ ဟုတ်လည်းမဟုတ်ပဲနဲ့ (မှန်လှပါ)၊ ကိုယ့်ဟာ ကိုယ် ဆုံးဖြတ်ချက်ချပြီးသကာလ ကိုယ် သူတော်ကောင်းဖြစ်တဲ့အချိန် ကိုယ်ဝမ်းသာပါ (မှန်ပါ့)၊ ကိုယ်မိုက်နေတာကို မိုက်သက်မရှည်အောင် ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြတ်ပါ (မှန်ပါ့)၊ ဒါသာလျှင် လိုရင်းကျတော့တယ်ဆိုတာ ဒကာသစ်- ဦးမာဒင်တို့ ရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ဆုံးမတဲ့ရှေ့ပိုင်းမှာ ဒကာ ဒကာမတို့ မိနစ်အစိတ်လောက် ဆုံးမသွန်သင်ပြီးသကာလ နေတာ သည် ကိုယ့်ကိုယ်ကိုယ် အသိဆုံးလို့ ပြောတာ (မှန်ပါ့)။

ဒကာကြွယ် ဘာတဲ့တုံး (ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါ ဘုရား)၊ မှန်ပါရဲ့လား (မှန်ပါတယ် ဘုရား)။

အရင် တရားမနာတုန်းကတော့ ဒါလောက်မသိဘူးပေါ့ဗျာ၊ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်-မပြတ်ဘူး (မှန်ပါ့)၊ အခုတော့ဖြင့် အင်း ဖြစ်ပျက်ရှုလိုက်ရင် ပြတ်တာပဲ (မှန်ပါ့)၊ ဖြစ်ပျက်မရှုလိုက်ရင် (မပြတ်ပါ ဘုရား)။

ဆက်တာပဲဆိုတော့ ဝိပဿနာကင်းရင် မိုက်တဲ့အချိန် (မှန်ပါ့ ဘုရား)၊ ဝိပဿနာဝင်လာရင် (လိမ်မာတဲ့အချိန် ပါ ဘုရား)။

ယမမင်းက ဆုံးဖြတ်ချက်ချတဲ့အခါကျတော့ကို တဲ့ ဒကာ ဒကာမတို့ ပုဂ္ဂိုလ်မိုက်တာကို ဆုံးဖြတ်ချက် ချသလား မင်း ပဋိစ္စသမုပ္ပါဒ်မင်းဆက်လို့ ဒီရောက်လာတာလို့ ဆုံးဖြတ်ချက်ချသလား (မင်း ပဋိစ္စသမုပ္ပါဒ် မင်းဆက်လို့ ဒီရောက်လာတာလို့ ဆုံးဖြတ်ချက်ချပါတယ် ဘုရား)။

လူ့ပြည်ကနေပြီး ငရဲကောင် ယမမင်းရှေ့မှာ အစစ်ခံရတဲ့ ငရဲကောင်ဖြစ်အောင် ကံက ဆက်ပေးချလိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ အမှန်သည်ကားလို့ဆိုရင် ဓမ္မသာ အမှန်ဆုံး (မှန်ပါ့)၊ ဓမ္မဆုံးဖြတ်ချက်ချရာ ကျုပ်တို့ ခံကြရတယ် (မှန်ပါ့)။

ဒကာကြွယ် ဘာခံရသတုံး (ဓမ္မဆုံးဖြတ်ချက်ချတာ ခံရပါတယ် ဘုရား)။

ဒကာ ဒကာမတွေ သေသေချာချာမှတ်ကြနော် (မှန်ပါ့)၊ ပုတီးကလေးစွပ်ပြီးသကာလ ဘုရားကလေး ရှိခိုးနေ ငြားသော်လည်း စိတ်ထဲက ရှေ့စိတ်မချ, နောက်စိတ်မချနဲ့ ပဋိစ္စသမုပ္ပါဒ် ဆက်နေမည့်ဘေးက သာဓုခေါ်ငြားသော် လည်း ကိုယ့်အလုပ်က မဟုတ်ဘူး (မှန်လှပါ)၊ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။

ကိုယ့်အလုပ်က မဟုတ်ဘူး ဒကာကြွယ်ရ (မှန်ပါ့)၊ မဟုတ်တာလည်း ဘယ်သူအသိဆုံးပါလိမ့် (ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါ ဘုရား)။

မိမိအားထုတ်ထားတဲ့ တရားသည်

အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အတ္တာ ဟိ အတ္တနော နာထော” (မှန်ပါ)၊ အတ္တာဟိ အတ္တာဧဝ=မိမိအားထုတ်ထားတဲ့ တရားသည်ပင်လျှင်၊ အတ္တနော=မိမိ၏၊ နာထော=ကိုးကွယ်ရာတည်း (မှန် ပါ့)၊ ပရော=တစ်ပါးသောသူက သာဓုခေါ်တာသည်၊ နာထော=မင်းတို့၏ ကိုးကွယ်ရာမဟုတ်ဘူးတဲ့ (မှန်ပါ့)၊ ခင်ဗျားတို့ က သာဓုခေါ်ကြိုက်နေလို့ ပြောတာပါ (မှန်ပါ့)။

သူများ သာဓုခေါ်တာနဲ့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပြတ်-မပြတ် မပြတ်တုန်း သာဓုခေါ် သာဓုမှားကြီး (မှန်လှပါ)၊ ကိုယ်ပြတ်နေတုန်း ခေါ်မိရင် တော်သေးတယ် (တော်ပါသေးတယ် ဘုရား)။

ဒါ့ကြောင့် ဘုရားက အတ္တာဟိ အတ္တာဧဝ=မိမိမဂ်နဲ့ ဖြတ်နိုင်တဲ့အချိန်သည်သာလျှင်၊ အတ္တနော=မိမိ၏၊ နာ ထော=ကိုးကွယ်ရာတည်း (မှန်ပါ့)။

မိမိ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့အချိန်သည်သာလျှင် မိမိ၏ အပါယ်လေးပါး တံခါးပိတ်၍ နိဗ္ဗာန်မြင်ရသည်ဖြစ်လေ သောကြောင့် ကိုးကွယ်ရာတည်း တဲ့ (မှန်လှပါ ဘုရား)၊ ပရော=တစ်ပါးသော ပုဂ္ဂိုလ်က သာဓုခေါ်ပြီးသကာလ အမေမိဘတွေက ချစ်မှုခင်မှု ကြင်နာမှုတွေသည်၊ နာထော=မင်းတို့၏ အထောက်အပံ့ အကူအညီရသည်၊ နဟောတိ= မဖြစ်နိုင်ဘူးတဲ့ (မှန်ပါ့)။

ဒကာကြွယ်,ရေ အမေမိဘက ချီးမွမ်းရုံနဲ့လည်း ကျုပ်တို့က အပါယ်လေးပါး မလွတ်ဘူးဆိုပါလား (မလွတ် ပါ ဘုရား)၊ ရပ်ထဲရွာထဲက သာဓုခေါ်ရုံမျှနဲ့ကော (အပါယ်လေးပါး မလွတ်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒါတွေမလိုပါဘူး တဲ့ (မှန်ပါ့)၊ ဦးလှဘူး ဒါတွေမလိုပါဘူး (မလိုပါ ဘုရား)။

သူတို့ ခေါ်ချင်ခေါ် မခေါ်ချင်နေပေါ့ဗျာ (မှန်ပါ့)၊ ကိုယ့်ဟာကိုယ် ကိုးကွယ်ရာဖြစ်တဲ့ မဂ်ဉာဏ်ကိုရဖို့ အရေး ကြီးပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် ကိုးကွယ်ရာ မဂ်ဉာဏ်ရတာလည်း ဒကာကြွယ် သူများသိသလား ကိုယ်သိသလား (ကိုယ်သိပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာကဖြင့် မဂ္ဂင်ပဲ (မှန်ပါ့)။

ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာမဂ္ဂင်

ဒကာသစ် ဘယ့်နှယ်ဆိုပါ့မလဲ (ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာ မဂ္ဂင်ပါ ဘုရား)။

သားသမီးကတော့ လဲတယ်ဆို ထူပေးရုံပဲ (မှန်ပါ့)၊ ဒီဟင်းမကြိုက်ဘူးဆို ဟိုဟင်းချက်ပေးရုံပဲ (မှန်ပါ့)၊ အပါယ် လေးပါး တားမြစ်နိုင်ရဲ့လား (မတားမြစ်နိုင်ပါ ဘုရား)။

တစ်ခါ ရှာထားတဲ့ ပစ္စည်းတွေကလည်း ဒကာ ဒကာမတို့ မဂ်မပေါ်လို့ရှိရင် တားမြစ်နိုင်ပါ့မလား (မတားမြစ် နိုင်ပါ ဘုရား)၊ သူ စားသောက်ပြီး မဂ္ဂင်အလုပ် လုပ်ရင်တော့ဖြင့် အကူအညီရသပေါ့ဗျာ (မှန်ပါ့)။

ဒါ့ကြောင့် တစ်ပါးသော တရားတွေက နိဗ္ဗာနပစ္စယော ဟောတု (မှန်ပါ့)၊ နိဗ္ဗာန်သွားတဲ့မဂ်ဉာဏ်၏ အထောက် အပံ့ဖြစ်စေသတည်း တဲ့ (မှန်ပါ့ ဘုရား)၊ ဒီလိုသာရတယ်၊ သူတို့က မဂ်ဉာဏ်ပေါ်အောင်တော့ မတတ်နိုင်ဘူး (မှန်ပါ့)၊ မဂ်ဉာဏ်ကတော့ ကိုယ့်ဟာကိုယ် ဆရာကောင်းဆီကပ်ပြီး ပေါ်အောင်လုပ်ရတယ် (မှန်ပါ့)။

ဒါဖြင့် ‘နိဗ္ဗာနပစ္စယော ဟောတု’ဆိုတဲ့သဘောနဲ့ နိဗ္ဗာန်ကို တကယ်ရောက်ကြောင်း အစစ်နဲ့ အကူအညီနဲ့ ဟာ နှစ်ပါးလို့ ခွဲခြားပြီး ဒကာကြွယ် မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဦးမာဒင် သေသေချာချာမှတ်စမ်း (မှန်ပါ့)။

တစ်ပါးသော တရားတွေကတော့ဖြင့် မဂ္ဂင်၏ အကူအညီဖြစ်သောကြောင့် နိဗ္ဗာန်၏ အထောက်အပံ့ပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ နိဗ္ဗာန်ပေါ်အောင်လုပ်တဲ့ ပုဂ္ဂိုလ်ကတော့ တိုက်ရိုက်ဝင် (မှန်ပါ့)။

ဒါဖြင့် အထောက်အပံ့နဲ့ တိုက်ရိုက်ဝင်နဲ့သည် ဘယ်သူက နိဗ္ဗာန်နီးကပ်ပါလိမ့် (တိုက်ရိုက်ဝင်က နီးကပ်ပါ တယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ဘာကလေးလှူလှူ ‘နိဗ္ဗာနပစ္စယောဟောတု’ပါ ဘုရား၊ ထောက်ပံ့ပြီး ရပါရစေ (မှန်ပါ့)။

ဟာ ဒါကြာလှတယ် ဒကာကြွယ်ရာ (မှန်ပါ့ ဘုရား)၊ ဒါက ကြာလှတယ်၊ ဒီဥစ္စာက မသိသေးခင်ကတော့ အတော်ဟုတ်နေတယ် (မှန်ပါ့)၊ တိုက်ရိုက်ဝင်တာ လုပ်မကွာဆိုတော့ တစ်ခါတည်း ဖြစ်ပျက်တွေ့တော့ မဂ်တိုက်ရိုက် ဝင်လာတယ် (မှန်ပါ့ ဘုရား)။

တိုက်ရိုက်ဝင်က နီးကပ်တယ်

ဒကာသစ် ဘယ်ဟာက နီးကပ်သတုံး (တိုက်ရိုက်ဝင်က နီးကပ်ပါတယ် ဘုရား)။

အထောက်အပံ့နဲ့ တိုက်ရိုက်ဝင်နဲ့ဟာ ဒီလိုကွာသွားတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ်က ဘယ်ဟာကြိုက်သတုံး (တိုက်ရိုက်ဝင်တာ ကြိုက်ပါတယ်)၊ ဟုတ်ကဲ့လားဗျ (မှန်ပါ့)၊ ဟုတ်ကဲ့ လား ခင်ဗျားတို့ စဉ်းစားကြဦးနော် (မှန်ပါ့ ဘုရား)။

ဟိုဟာက တိုက်ရိုက်မဝင်တာကတော့ ဘယ်သူဖြစ်ဖြစ် လွယ်ကူတယ် (မှန်ပါ့)၊ တိုက်ရိုက်ဝင်တာကျတော့ ခင်ဗျားတို့က ခေါင်းကိုက်သလေး, ရင်နာသလေးနဲ့ တော်တော်ရှုပ်တဲ့လူတွေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟိုအထောက်အပံ့ကျလာလို့ရှိရင်ဖြင့် ဒကာကြွယ်တို့က ရော့ဟေ့၊ အင့် တွေက တယ်များတယ် (များပါ တယ်)၊ မလွယ်ဘူးလားဗျာ (လွယ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ အထောက်အပံ့နဲ့ တိုက်ရိုက်ဝင်နဲ့ ကိုယ့်ကိုယ်ကိုယ် ချိန်ကြည့်၊ ငါဘယ်ဘက်က သန်နေ ပါလိမ့်မတုံးလို့ (မှန်လှပါ ဘုရား)။

မလိမ်နဲ့ ဒကာကြွယ် ဘယ်ဘက်က သန်နေသတုံး (အထောက်အပံ့ဘက်က များပါတယ်)၊ တော်တော်ဆိုးဝါး နေသေးတယ် (မှန်ပါ့)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲ တိုက်ရိုက်ဝင်တဲ့ တရားကျလာလို့ရှိရင် ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ချေးထူတယ် (မှန်ပါ့)၊ အင်း နေရာက မကောင်းလို့လိုလို၊ အရပ်က မကောင်းလို့လိုလို၊ ခန္ဓာက မကောင်းလို့လိုလို (မှန်ပါ့)၊ တိုက်ရိုက်ဝင်ကျ ရင် ရှုပ်ကုန်ပြီ (မှန်ပါ့)။

ဟိုအထောက်အပံ့တွေကျလို့ရှိရင် ဟိုနေရာ ရေအိုးစင်တည်လိုက် မကောင်းဘူးလား (မှန်ပ့ါ)၊ မလာဘူးလား (လာပါတယ်)၊ အထောက်အပံ့ကျတော့ ခင်ဗျားတို့က လွယ်ကူသကိုးဗျ (မှန်ပါ့ ဘုရား)။

ကိုယ့်စိတ်ကိုယ် ထိန်းရမည့်နေရာ၊ ကိုယ့်စိတ်ကိုယ် ခိုင်ရမည့်နေရာကျတော့ ခင်ဗျားတို့က တော်တော်ရှော် တယ် (မှန်ပါ့)၊ မလုပ်ချင်ဘူး (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဒါ့ကြောင့် အစစ်ကိုပြောပေးနေတယ်ဆိုတာလည်း ဒကာသစ် သဘောကျဖို့ကောင်းပါပြီ (ကောင်း ပါပြီ ဘုရား)။

ဒီဟာ ဘာပြောတာပါလိမ့် (အစစ်ကိုပြောတာပါ ဘုရား)၊ အထောက်အပံ့နဲ့ တိုက်ရိုက်ဝင် နှစ်ခုရှင်းပြတယ် (မှန်ပါ့ ဘုရား)။

မဂ္ဂင်နဲ့ဖြစ်ပျက်ကို မြင်ရင်တိုက်ရိုက်ဝင်

တိုက်ရိုက်ဝင်က တကယ်အားထုတ်တဲ့ မဂ္ဂင်နဲ့ ဖြစ်ပျက်ကို မြင်ရင် တိုက်ရိုက်ဝင် (မှန်ပါ့)၊ အထောက်အပံ့က ဒီမဂ္ဂင်ပေါ်အောင်ကိုပဲ ဒကာ ဒကာမတို့ အထောက်အပံ့တွေက အများကြီးလုပ်ရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကို ဘုန်းကြီးက ပြောပါတယ်၊ အင်း အထောက်အပံ့တွေ ခင်ဗျားတို့စုံလို့ လူ့ဘဝ လည်း ရပါပြီ၊ လူ့ဘဝမှာလည်း ကိုယ့်တန်သလောက်တော့ဖြင့် ကျန်းမာချမ်းသာကြပါတယ် (မှန်ပါ့)၊ အထောက်အပံ့ တွေကတော့ စုံပြီ၊ တိုက်ရိုက်ဝင်နားကျမှ မဝင်တော့ဘူးများ ပြန်နေကြသလားလို့ဆိုတာကိုလည်း သတိပေးရတယ် (မှန်ပါ့)၊ ပေးထိုက် မပေးထိုက် (ပေးထိုက်ပါတယ် ဘုရား)။

ဒကာကြွယ် မနာနဲ့နော် (မနာပါ ဘုရား)၊ ဟာ နာချင်လည်းနာ ခင်ဗျားဖျင်းလို့ပဲ နာလို့ရှိရင် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားလက်ထက်က စဉ်းစားကြည့်ပါတဲ့ ချမ်းသာတဲ့ပုဂ္ဂိုလ်လည်း နိဗ္ဗာန်ဝင် တာ အများကြီးပါပဲ (မှန်ပါ့)၊ ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ ဝင်သွားတာကော (အများကြီးပါ ဘုရား)။

ဒါ ဘာနဲ့ဝင်ကြသတုံး မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာနပစ္စယောနဲ့ ဝင်တာနဲ့ “ဧကာယနော အယံဘိက္ခဝေ မဂ္ဂေါ” နဲ့ ဝင်တာနဲ့ ဒကာ ဒကာမတို့ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”က များတယ် (များပါ တယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာနပစ္စယောသမားက ဒကာ ဒကာမတွေ နှေးတယ် (မှန်ပါ့)၊ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”က များတယ် (များပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ အခုပစ္စည်းတွေစုံ၊ လူ့ဘဝနဲ့ကြုံ-ထောင်တတ်တဲ့ နားနဲ့လည်းဆုံ ဟောတတ်တဲ့ပုဂ္ဂိုလ် နဲ့ ကြုံပြီ (မှန်ပါ့ ဘုရား)။

မဂ္ဂင်အလုပ်ကို လျှော့လိုက်လို့ရှိရင်

အဲဒီတော့ ခင်ဗျားတို့ တိုက်ရိုက်ဝင်တဲ့ မဂ္ဂင်အလုပ်ကို ဒီတစ်ခါ လျှော့လိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ပစ္စယော နဲ့ပဲ နေရစ်ပေဦးတော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အထောက်အပံ့နဲ့ဲ နေရစ်ဦးတော့ အရောက်မပါဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ တကယ်တိုက်ရိုက်ဝင်တာကို တကယ်ကြိုးစားလိုက်ကြ စမ်းပါဆိုတာဖြင့် လေးစားစွာနဲ့ တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)၊ ဒကာသစ် သဘောပါပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မာဂဏ္ဍီပရဗိုဇ်ပဲ ပြန်ဆက်ကြဦးစို့၊ ဒါရှေ့ပိုင်းမှာ ခင်ဗျားတို့ လိုရင်းပြော တာလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ကုရုတိုင်းမှာ ဘုရားသီတင်းသုံးနေတယ် (မှန်ပါ့)၊ ဘာရဒွါဇပုဏ္ဏားက တောထွက်တယ်၊ ပုဏ္ဏားတို့ ထုံးစံအတိုင်း (မှန်လှပါ)၊ သူနေတဲ့တဲ၏ဘေးနားမှာ မီးပူဇော်တဲ့ တဲကလေးတစ်ခုရှိတယ်၊ အဲဒီ့တဲနားမှာ မြက်အခင်းကလေးတစ်ခု ရှိတယ်၊ အဲဒီ့မြက်အခင်းကလေးကို ဘုရားက လာတဲ့အခါကျလို့ရှိရင်ဖြင့် လာထိုင်တော့ ဒီနေရာ ဂေါတမ လာထိုင် တယ်၊ ငါ မြက်အခင်းကလေးကို အညီအညွတ်ထားမယ်ဆိုပြီး ထားလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

မာဂဏ္ဍီ ငါချွတ်ရလိမ့်မယ်

ဘုရားက လာချင်လို့လာတာလားဆိုတော့ နောက်နှစ်ရက် သုံးရက်နေရင် မာဂဏ္ဍီ ငါချွတ်ရလိမ့်မယ်၊ ဒီမြက် အခင်းကို အကြောင်းပြုပြီး ချွတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် နတ်ဘုံနတ်နန်းနဲ့တူတဲ့ ဂန္ဓကုဋီတိုက်ကြီးစွန့်ပြီးသကာလ မြက်အခင်းပေါ် လာထိုင်တယ်လို့ မှတ် လိုက်စမ်းပါ (မှန်ပ့ါ ဘုရား)။

နောက်တစ်ရက် နှစ်ရက်တော့ မာဂဏ္ဍီပရဗိုဇ်က ဘာရဒွါရဇပုဏ္ဏားဆီကို အလည်လာတယ်တဲ့၊ အညောင်းပြေ အညာပြေ လာရင်းမတ္တနဲ့ ဒီမြက်ခင်းကလေး မြင်လိုက်တယ်၊ ဟာ- ဘာရဒွါရဇပုဏ္ဏား ဒီမြက်အခင်းကဖြင့် ရဟန်းများ နေတဲ့နေရာနဲ့ တူလိုက်တာ (မှန်ပါ့)၊ ရဟန်းများနေတဲ့နေရာနဲ့ တူလိုက်တာလို့ ဘာ့ကြောင့် သူ ဒီအသုံးကို သုံးပါလိမ့် မတုံးဆိုတော့ လူတွေလို ဖိနပ်တွေ ဘာတွေလဲ ဘုရားကမစီးတော့ ဒကာ ဒကာမတို့ ခြေရာလက်ရာလည်း မထင်လာ ဘူး (မှန်ပါ့)၊ ဒါတွေ အကဲခတ်လိုက်တော့ ရဟန်းတွေသွားတာပဲလို့ သူအကဲခတ်လိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတွင် အကဲခတ်မိတော့ ဘာရဒွါရဇပုဏ္ဏားက ပြောလိုက်တယ်၊ ဟာ ဂေါတမမြတ်စွာဘုရား ဒီလာ လာပြီး ညနေပိုင်း သီတင်းသုံးတယ်ကွ၊ ဒါကြောင့် ဒီမြက်အခင်းကလေး ငါရှင်းပြီးသကာလ ထားတယ်ဆိုတော့ ဦးမာဒင်ရေ ကျွတ်တမ်းဝင်မည့် ဘဝတောင်မှ ဒီနေရာမြင်ရတာ သူ့မှာ မကောင်းသဖြင့် မြင်ခြင်းပဲတဲ့ (မှန်ပါ့)၊ မာဂဏ္ဍီက မာဂဏ္ဍီက (မှန်ပါ့ ဘုရား)။

“ပရိဘောဂစေတီ” ထိုက်တယ်

ဘုရားနေတဲ့ နေရာဆိုတာ “ပရိဘောဂစေတီ” ထိုက်ပါတယ် (မှန်ပါ့)၊ ဒီနေရာရှိခိုးရင် ကျုပ်တို့ ခင်ဗျားတို့ နတ်ရွာသုဂတိ ရောက်ပါတယ်၊ နိဗ္ဗာန်တော့ မရောက်ဘူး (မှန်ပါ့)၊ နတ်ရွာသုဂတိတော့ ရောက်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါ နတ်ရွာသုဂတိရောက်နိုင်တဲ့ “ပရိဘောဂစေတီ”ထိုက်တဲ့ မြက်အခင်းနေရာတောင်မှ မြင်ရတာ ဒကာသစ် ရေ သူ့မှာ ကံမကောင်း အကြောင်းမသင့်လို့ မြင်ရတဲ့သဘော (မှန်ပါ့)၊ ဒီလိုဖြစ်သွားတယ် (မှန်ပါ့)။

ကဲ ဒကာကြွယ်က စဉ်းစား ၊ နောက်ဆုံးပိတ် နိဗ္ဗာန်ဝင်မည့်ဘဝပါ (မှန်ပါ့)၊ နောက် ၄-၅ ရက်နေရင် သူရဟန်းဖြစ်ပြီးတော့ နိဗ္ဗာန်ဝင်မှာပဲ (မှန်ပါ့)။

ဒါကိုပဲ အခု ဘာဖြစ်နေတယ်ဆိုတာ ကိလေသာတောထပြီး ဗွေဖောက်နေတယ်ဆိုတာ ဒိဋ္ဌိကိလေသာ လွှမ်း မိုးနေတယ်ဆိုတဲ့ ဥစ္စာဖြင့် ဦးမာဒင် သိလောက်ပါပြီ (သိပါပြီ ဘုရား)။

ဒါနဲ့ ဘာရဒွါရဇပုဏ္ဏားက ပြောပါတယ် ဒကာ ဒကာမတို့ ဟာ မင်းသည်ကားလို့ဆိုရင် စကား အရမ်းပြောတာကိုး မာဂဏ္ဍီ မတော်ပါဘူးကွ၊ ဒီဂေါတမဘုရားဆိုတာ သာကီဝင်မင်းမျိုးကွ၊ အဲဒီကနေပြီး ရဟန်းဖြစ် လာတယ် အဲဒီကနေပြီး ဘုရားရယ်လို့ နာမည်ရလာတယ် ၊ လူနတ်ဦးခိုက် ပူဇော်ထိုက်တယ်ဆိုတာ သူကွ (မှန်ပါ့)။

မင်းက မကောင်းသဖြင့် မြင်ရတယ်ဆိုတော့ စကားစောင့်စည်း ပြောစမ်းပါကွ တဲ့၊ ဟိုကလည်း အကောင်း ဆုံးမရှာတယ် (မှန်ပါ့)။

မကောင်းသဖြင့် မြင်ရတယ်တဲ့

အို ကျုပ်ပြောရလိမ့်မယ်တဲ့၊ ဒီဥစ္စာ၊ ကျုပ်တို့စာက ဒီအတိုင်းလာတယ်တဲ့ ၊ ဂေါတမဘုရားဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကြီးပွားရေးကို ဖျက်ဆီးတဲ့ပုဂ္ဂိုလ်မို့ ဒါတွေဟာ မကောင်းသဖြင့် မြင်ရတယ် သူထိုင်တဲ့နေရာ မကောင်း သဖြင့် မြင်ရတယ်လို့ ကျုပ်က စာကြည့်ပြောတာ (မှန်ပါ့)။

အံမာလေး သူ့စာကလည်း အတော်ခက်ပါလား (ခက်ပါတယ် ဘုရား)။

ကြီးပွားခြင်းကို ပဋိစ္စသမုပ္ပါဒ်ဆက်တဲ့ ပုဂ္ဂိုလ်ကို ကြီးပွားတယ်၊ သူတို့က ယူတာကိုးဗျ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ကြီးပွားခြင်း ဖျက်ဆီးတဲ့ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

ဒကာကြွယ် စာပေမယ့် မလွယ်ပါလား (မလွယ်ပါ ဘုရား)၊ ဒကာသစ် စာတိုင်းကြည့်လို့ မတော်ပါလား (မတော်ပါ ဘုရား)။

မတော်ဘူးတဲ့ ဒါ့ကြောင့် ကိလေသာပွားတဲ့ စာအုပ်တွေကျတော့ မကြည့်ဖို့ (မှန်ပါ့)၊ ကိလေသာချုပ်ငြိမ်း ရုပ်သိမ်းတာကျတော့ ကြည့်ဖို့ပေါ့ (မှန်ပါ့)၊ စာပေမယ့်လည်း မရွေးရပေဘူးလား (ရွေးရပါတယ် ဘုရား)၊ ရွေးရမယ် ဆိုတာ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ စာတိုင်းလည်း ခင်ဗျားတို့ အရေးတယူပြုနေဖို့ မလိုဘူးပေါ့ (မှန်ပါ့ ဘုရား)။

အခု သူကိုးလိုက်တာ ကြည့်ပါလား ကြီးပွားခြင်းကို ဖြတ်တယ်လို့ သူတို့စာက ရေးထားတယ်တဲ့ ၊ ပုဏ္ဏားစာမှာ (မှန်ပါ့)။

ဘယ်လောက်များဆိုးတယ်ဆိုတာ

အဲဒီလိုရေးထားတဲ့အတွက် ဒီပုဂ္ဂိုလ်ထိုင်တဲ့နေရာ မြင်ရတာဟာ သူသည် မကောင်းသဖြင့် မြင်ရခြင်းဖြစ်ပါ တယ်လို့ သူပြောလိုက်တယ် (မှန်ပ့ါ ဘုရား)။

ဒကာ ဒကာမတို့ ကျွတ်တမ်းဝင်မည့်ဘဝကိုပဲ ဘုရားပရိဘောဂစေတီ ထိုက်တာကို မဖူးနိုင်, မတွေ့နိုင်ဘူး (မှန်ပါ့)၊ ဒါနဲ့ပဲ ရန်များဖြစ်လိုက်သေးတယ် (မှန်ပါ့)၊ ဘယ်လောက်များဆိုးတယ်ဆိုတာ (ဆိုးပါတယ် ဘုရား)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါနဲ့ပဲ ဘာရဒွါရဇပုဏ္ဏားက ပြောရှာတယ် (မှန်ပါ့)၊ မင်းကွာ မင်းတို့ပုဏ္ဏားစာမှာ ဒီအတိုင်းလာတယ်၊ ဆွေပြတ်, မျိုးပြတ်, ကြီးပွားခြင်းကို ဖြတ်တဲ့ပုဂ္ဂိုလ်မို့ ဒီပုဂ္ဂိုလ် မင်းတို့က သူ့နေရာတောင်မှ မကြည့်နိုင်တဲ့ အဓိပ္ပာယ်ရောက်တော့ မင်းတို့ဥစ္စာ အင်မတန်ဆိုးဝါးနေပြီ ၊ သူဟာ အင်မတန် ဘုန်း, ကံ, ပါရမီ ရှိတဲ့ပုဂ္ဂိုလ်၊ သူတစ်ပါးအကျိုးကို အင်မတန်သယ်ပိုးတဲ့ပုဂ္ဂိုလ်၊ မင်း ခဏကလေးများ မစောင့်နိုင်ဘူးလားကွာ၊ ခဏနေရင်တော့ ဒီနေရာ, ဒီအချိန် ရောက်လုပြီကွ (မှန်ပါ့)။

မင်း စောင့်စမ်းပါဦးဆိုတော့ မာဂဏ္ဍီကလည်း ဒီနားမှာ စကြႍသွားရင်း စောင့်နေတယ် (မှန်ပါ့)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ကုရုတိုင်း ဆွမ်းခံပြီး မနက်ဆွမ်းစားပြီး တောထဲမှာ တစ်ပါးတည်း နေတယ်၊ နေရာကနေပြီး ညနေပိုင်း ဖလသမာပတ် ဝင်စားရာမှထပြီး ဒိဗ္ဗသောတနားနဲ့ ထောင်လိုက်တော့ မာဂဏ္ဍီ ပရဗိုဇ်နဲ့ ခုနင်က ဘာရဒွါရဇပုဏ္ဏားနဲ့ မြက်အခင်းအကြောင်းရင်းခံပြီး အချင်းများနေကြတယ် (မှန်ပါ့)။

ဘာတွေများ ပြောနေကြသတုံးတဲ့

ဒါကို တောထဲကနေ ကြားတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖျတ်ဆို ကြွလာတယ် (မှန်ပါ့)၊ ကြွလာ ပြီး ဒီမြက်ခင်းမှာပဲ ထိုင်နေတော့ ခုနင်က မာဂဏ္ဍီကို မမေးဘဲနဲ့ ကဲ ဘာရဒွါရဇပုဏ္ဏားကို မေးတယ်၊ ဘာရဒွါရဇ ပုဏ္ဏား မင်းတို့ ခုနင်တုန်းကကွာ ဒီမြက်ခင်းနဲ့ ပတ်သက်ပြီး ငါ့အကြောင်း ဘာတွေများ ပြောနေကြသတုံးတဲ့ (မှန်ပါ့)၊ ဒါပဲ တိုက်ရိုက်မေးလိုက်တာပဲ (မှန်ပါ့ ဘုရား)။

ဪ ဟိုက တစ်ခါတည်း ကိုးသိန်း ကိုးသောင်းရှိတဲ့ အမွေးတွေဟာ လန့်ပြီးတော့ကို ဘာရဒွါရဇပုဏ္ဏား ဟာ ကြက်သီးမွေးညှင်းထသွားတယ် (မှန်ပါ့)။

တို့အနားမှာ သုံးယောက်မရှိဘူး၊ နှစ်ယောက်တည်းပြောနေတာ တစ်ယောက်က ကြားတယ်ဆိုတော့ ဒီဥစ္စာ အင်မတန်ထက်တဲ့နားမို့ ကြားတာ (မှန်ပါ့)၊ ဆိုပြီးသကာလ သူ့စိတ်ထဲ အံ့အားသင့်ပြီး သကာလနေတော့ မာဂဏ္ဍီက လည်း ဒီအနားစကြႍသွားနေတော့ မလာပဲကလည်း မနေနိုင်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဆီ လာတာပေါ့ ဗျာ (မှန်ပါ့)။

လာတဲ့အခါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဆီ သူ ခဏကလေး ထိုင်နေတဲ့အချိန်မှာ ဘုရားက မင်းတို့ ငါ့ အကြောင်း ဘာပြောနေသတုံးလို့ မမေးတော့ပါဘူး (မှန်ပါ့)၊ မာဂဏ္ဍီပရဗိုဇ်ဆိုပြီးသကာလ မင်းတို့သည်ကားလို့ဆိုရင် ကွာ တဲ့ မျက်လုံးပေါက်က အဆင်းတစ်ခုကို မြင်တယ် “စက္ခုံ ခေါပန မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ” ဆိုတဲ့အတိုင်းပေါ့ဗျာ (မှန်ပါ့)။

မျက်လုံးသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ အဆင်း၌ မွေ့လျော်တယ်နော် (မှန်ပါ့)။

မျက်လုံးက ဘယ်မွေ့လျော်သလဲ

မျက်လုံးက ဘယ်မွေ့လျော်သလဲ (အဆင်း၌ မွေ့လျော်ပါတယ် ဘုရား)။

အဲ မျက်လုံးက မြင်ပြီဆိုမှဖြင့် တဏှာက မွေ့လျော်တဲ့သဘောနဲ့ မကြိုက်ဘူးလား (ကြိုက်ပါတယ် ဘုရား)၊ ကြိုက်တဲ့အခါ ဥပါဒါန်က စွဲလမ်းတယ် (မှန်ပါ့)၊ ဥပါဒါန်က စွဲလမ်းတဲ့အခါ ကာယကံ, ဝစီကံနဲ့ ဒီအဆင်းကို ပွေ့လား, ပိုက်လား, ရှူလား, နမ်းလားဆိုတာ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် မြင်တယ် ဟုတ်လား (မှန်ပါ့)၊ ခင်တယ် စွဲလမ်းတယ်, ပွေ့ပိုက်တယ် (မှန်ပါ့)၊ သုံးသပ်တယ် အတူတူ ပေါ့ဗျာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မာဂဏ္ဍီပရဗိုဇ်က မြင်တယ်ဆိုလို့ရှိရင်ဖြင့် တဲ့ မြင်တယ်ဆိုရင် ဒီသုံးခုပေါ်မှ သူတို့က ကျေနပ် တယ် (မှန်ပ့ါ ဘုရား)။

မြင်ရင် စွဲလမ်းရမယ် ၊ စွဲလမ်းလို့ရှိရင် လွန်ကျူးအားထုတ်ရမယ် (မှန်ပါ့)၊ ဒါမှ ပွားစည်းတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီသုံးခုပြတ်သွားမယ်ဆို သူတို့ပုဏ္ဏားက မကြိုက်ဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မာဂဏ္ဍီပရဗိုဇ် မင်းတို့ကတော့ကွာတဲ့ ရူပါရုံအဆင်းတစ်ခုကို မြင်တယ်ဆိုလို့ရှိရင်ဖြင့် မြင်သည်နဲ့ တစ်ပြိုင်နက်တည်း စွဲလမ်းရမယ်၊ မြင်သည်နဲ့တစ်ပြိုင်နက်တည်း ခင်မင်ရမယ်၊ စွဲလမ်းရမယ်၊ လွန်ကျူးရမယ်၊ ဒါ မင့်အကြိုက်မဟုတ်လားတဲ့၊ ဟုတ်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

ငါဘုရားကတော့ ဒီလိုမဟုတ်ဘူး (မှန်ပါ့)၊ မြင်တယ်ဆိုလို့ရှိရင်ဖြင့် မြင်ရုံတွင် ရပ်ပြီးသကာလ တဏှာဥပါဒါန် မလာအောင် မင့်နဲ့ ဖြတ်ရမယ် (မှန်ပါ့)၊ ငါက ဒလိုဟောတယ်၊ မင်းက ဘာဆိုချင်သေးသတုံး မေးတယ် (မှန်ပါ့)။

ဒီလိုဆိုလို့ရှိရင် ဘာမှမဆိုချင်ပါဘူးတဲ့၊ တပည့်တော်တို့ကတော့ ပွားစည်းလွန်ကျူးရမယ် (မှန်ပါ့)။

အရှင်ဘုရားကတော့ ဖြတ်ရမယ်လို့ ဟောထားတော့ ဘုရားက မေးလိုက်တယ်၊ မင်းက ငါဟောတာ ဘာဆိုချင် သေးသတုံး၊ ဖြတ်ရမယ်ဆိုတာ ဘာဆိုချင်သေးသတုံးမေးတော့ ဘာမှ မဆိုလိုပါဘူး တဲ့၊ သို့သော် ကျုပ်တို့ စာကတော့ လွန်ကျူးရမယ်လို့ ဆိုထားတယ် (မှန်ပါ့)။

မြင်တာကို ခင်ရမယ်၊ စွဲလမ်းရမယ် (မှန်ပါ့)၊ လွန်ကျူးရမယ် (မှန်ပါ့)၊ ကာယကံ, ဝစီကံနဲ့ လွန်ကျူးရမယ် (မှန်ပါ့)၊ ဒီလိုမှသာလျှင် တဲ့ ပွားစည်းတဲ့သဘောရောက်တယ် (မှန်ပါ့ ဘုရား)။

မြင်စိတ် ဖြစ်ပျက်ရှုရင်ရှု

ဘုရားကတော့ မြင်တာကို မြင်ရုံတွင် ရပ်ပြီးသကာလ ဒကာ ဒကာမတို့ မြင်စိတ် ဖြစ်ပျက်ရှုရင်ရှု၊ အဆင်းကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ကြိုက်ရာရှု၊ နိုင်ရာကို ဒကာကြွယ်ရှု (မှန်ပါ့ ဘုရား)၊ ဒီပဋိစ္စသမုပ္ပါဒ် ပြတ်မသွားဘူး လား (ပြတ်ပါတယ် ဘုရား)၊ ဘုရားက မလွန်ကျူးရဘူး၊ ဖြတ်ပစ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါကို မင်းတို့က ငါ့ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်ကား ကြီးပွားခြင်းကို ဖြတ်တယ်ဆိုတာ ဒီလိုဟာ ဆိုတာ မဟုတ်ဘူးလား၊ နောက်က မလာတာဆိုတာ မဟုတ်ဘူးလားလို့ မေးလိုက်တယ် (မှန်လှပါ)၊ ဟုတ်ပါတယ်လို့ ဖြေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း မာဂဏ္ဍီ ဟောနေတယ်လို့ ဒကာကြွယ်က အယူမရှိလိုက်ပါ နဲ့ (မှန်ပါ့)၊ ဒကာသစ် အယူမရှိနဲ့နော် (မှန်ပါ့)။

မိမိတို့လည်း မြင်တာကို မြင်စိတ်ဖြစ်ပျက်ရှုရမယ်၊ အဆင်းကိုသော်လည်းကောင်း ဘာတုံး (ဖြစ်ပျက်ရှုရပါမယ်)၊ နောက်က ပဋိစ္စသမုပ္ပါဒ် ပွားစည်းခြင်း လာသေးရဲ့လား (မလာပါ ဘုရား)၊ လွန်ကျူးမှု လာသေးရဲ့လား (မလာပါ ဘုရား)။

ဒီလိုဆိုတော့ သံသရာမှာ အနာဂတ်အကြောင်းသုံးခု ပြတ်ပါတယ် (ပြတ်ပါတယ် ဘုရား)၊ အနာဂတ်အကြောင်း သုံးခုပြတ်တဲ့အတွက် နာဂတ် အကျိုးတွေဆိုတဲ့ ဇာတိ, ဇရာ, မရဏ သုံးခုကော ဒကာ ဒကာမတို့ လာသေးရဲ့လား (မလာပါ ဘုရား)။

ကဲ ဒါဖြင့် ဘုရားမရှိလို့ရှိရင် ဒကာ ဒကာမတို့ ပွားစည်းခြင်းပဲ ဖြစ်တယ် (မှန်ပါ့)၊ ဘုရားသာသနာကလေး ရှိနေရင်ဖြင့် ပွားစည်းခြင်းကို ဖြတ်တောက်တယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေက ဝိပဿနာနဲ့ ဖြတ်မှရမယ် (မှန်ပါ့)၊ မြင်တဲ့စိတ်ကလေးပေါ်လည်း မြင်တဲ့စိတ် ဖြစ်ပျက်ရှုပါ (မှန်ပါ့)၊ ကြားတဲ့စိတ်ကလေးပေါ်လည်း (ဖြစ်ပျက်ရှုရပါမယ်)၊ ပွားစည်းခြင်း ဘာဖြစ်သတုံး (ပြတ်ပါတယ် ဘုရား)။

တို့ဝိပဿနာသည် အလွန်ကျေးဇူးများပါကလား

သေသေချာချာမှတ်ပါ၊ ဪ တို့ဝိပဿနာသည် အလွန်ကျေးဇူးများပါကလား၊ ပွားစည်းခြင်းဖြတ်တာ တို့ဝိပဿနာပါကလားဆိုတာ သေသေချာချာမှတ်ကြပါ (မှန်လှပါ ဘုရား)၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ တဲ့၊ ပွားစည်းခြင်းဆိုတာက ဦးမာဒင်တို့ မှတ်ရလိမ့်မယ်နော် (မှန်ပါ့)၊ ဒုက္ခပွားတာကိုဆိုတာ (မှန်ပါ့)၊ ဒုက္ခပွားတာများ ခင်ဗျားတို့ ကြိုက်နှစ်သက်စရာ ပါကြရဲ့လား (မပါပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒုက္ခဖြင့် မပွားစေပါနဲ့ဗျာ လု့ဆိုတာ ဘုန်းကြီးများက ဒီကနေပြီး ကန့်ကွက်တယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နားပေါက်က ကြားပြန်လည်း ကြားစိတ်ကို ဖြစ်ပျက်ရှုပါမှ (မှန်ပါ့)၊ မရှုလို့ ရှိရင် ကြားတာကလေး ခင်တယ်, စွဲလမ်းတယ်၊ ကြားတဲ့ဆီ သွားဦးမယ် (မှန်ပါ့)၊ ကံတွေ မလာပေဘူးလား (လာပါ တယ် ဘုရား)။

အဲဒီတော့ မပွားစည်းပေဘူးလား (ပွားစည်းပါတယ် ဘုရား)၊ ဒါကြားစိတ်ကလေး ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ပွားစည်းသေးရဲ့လား (မပွားစည်းပါ ဘုရား)။

ပစ္စုပ္ပန်အကြောင်းသုံးခုချုပ်၍

ဒါက ကြားစိတ်- ဒါက အသံ- ဒါကဖြစ်ပျက်ရှုတဲ့မဂ်ဆိုရင် ဒီဘက်ကဟာတွေ ပွားသေးရဲ့လား (မပွားပါ ဘုရား)၊ မပွားလို့ရှိရင် ဒကာ ဒကာမတို့ ပစ္စုပ္ပန်အကြောင်းသုံးခုချုပ်၍ အနာဂတ်အကျိုးတွေ ဦးမာဒင် လာ-မလာ (မလာပါ ဘုရား)။

ဒါ ခင်ဗျားတို့ ဒီပဋိစ္စသမုပ္ပါဒ်တွေကို လည်လည်နားထောင်ပါ (မှန်ပါ)၊ ဒါတွေ နားထောင်တော့မှ ကိုယ့်သံသရာ လည်တာလည်း ကိုယ်သိပြီး ကိုယ့်သံသရာပြတ်တာလည်း ကိုယ်သိပါလိမ့်မယ် (မှန်ပါ့)။

အဲဒီလိုပြတ်တာ, လည်တာသိပြီးတော့မှ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ကိုးကွယ်ရာဖြစ်တဲ့ ခင်ဗျားတို့ ဓမ္မပူဇာ အဖြစ်နဲ့တဲ့ စာရွက်ကြီးတစ်ခုရမယ် (မှန်ပါ့)၊ ဒီမှာ ဒါ နားလည်ပြီးမှ ရမှာ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကြားလည်းကြားစိတ်ဖြစ်ပျက်ရှု၊ ပွားသေးရဲ့လား (မပွားပါ ဘုရား)၊ မရှုရင် ဘာဖြစ်မတုံး (ပွားပါမယ် ဘုရား)။

ပွားတာ ဘယ်သူတုံးမေးတော့မှ ဒကာသစ် ဒီကြည့်၊ တဏှာ ဥပါဒါန် ကံ (မှန်ပါ့)၊ မပွားလာဘူးလား (ပွားပါ တယ် ဘုရား)၊ ဇာတိ, ဇရာ, မရဏကော (ပွားပါတယ် ဘုရား)။

ကဲ ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ)၊ ဒါ ကြားစိတ်ကို ဘာမလုပ်လိုက်လို့ပါလိမ့် (ဖြစ်ပျက်မရှုလို့ပါ ဘုရား)။

ဒါဖြင့် နံစိတ်ဖြစ်ပျက်မရှုရင် ဘာဖြစ်ကြမယ် (ပွားမှာပါ ဘုရား)၊ ပွားစည်းသွားမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

စားစိတ်ကလေး ဖြစ်ပျက်မရှုလိုက်ရင်လည်း (ပွားစည်းသွားမှာပါ ဘုရား)၊ ကိုယ်ပေါ်မှာ ယားစိတ်, ယံစိတ် ကလေး ဖြစ်ပျက်မရှုရင်ကော (ပွားစည်းမှာပါ ဘုရား)၊ ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ကလေး သုခသဟဂုတ် ကာယ ဝိညာဏ်စိတ်ကလေးကို မရှုလိုက်မိရင်ကော (ပွားစည်းသွားမှာပါ ဘုရား)၊ ပွားစည်းမှာပဲဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

ပေါ်ပေါ်ခြင်း ရှုရင်ရှု

ဝမ်းထဲမှာ ကြံတဲ့စိတ်ကလေးဟာ ပေါ်ပေါ်ခြင်း ရှုရင်ရှု၊ မရှုလို့ရှိရင် အိပ်မပျော်အောင် ပဋိစ္စသမုပ္ပါဒ်တန်းပါ တယ် (မှန်ပါ့)။

ခင်ဗျားတို့ ညများ အရင်တုန်းက ဒကာကြွယ်တို့ အကြံကြီးသမား လုပ်နေတုန်းက တစ်ခုကလေး အကြံပေါ် လာရင် အိပ်ပျော်သေးရဲ့လား (မပျော်ပါ ဘုရား)၊ ဟာ ဒါ ပွားစည်းသွားလို့ဗျ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်သွားလို့ပါလိမ့် (ပွားစည်းသွားလို့ပါ ဘုရား)၊ အင်း ကြံလုံးကလေးက ကာမဝိတက်ကနေပြီး ဗျာပါဒဝိတက် (မှန်ပါ့)၊ အင်း ဗျာပါဒဝိတက်ကနေပြီး ဝိဟိံသဝိတက် (မှန်ပါ ဘုရား)၊ ဦးမာဒင် ဘယ်လောက် ပွားစည်းသွားသတုံး (ပွားစည်းပါတယ် ဘုရား)။

ဒီလိုကြံလိုက်တယ်၊ ဒီလိုကြံလာလို့ရှိရင်ဖြင့် သူတစ်ပါးက ကိုယ်လုပ်ထားတာကလေး ဘယ်လိုဖျက်မှာပဲဆိုတဲ့ ဗျာပါဒဝိတက်ကော မလာဘူးလား (လာပါတယ် ဘုရား)၊ အဲဒါတွေ ဘယ်လိုချိုးနှိမ်ရမယ် ဆိုတဲ့ ဝိဟိံသဝိတက် ကကော (လာပါတယ် ဘုရား)။

ဟာ ခင်ဗျားတို့ ဘယ်အိပ်ပျော်တော့မလဲ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ပျော်သေးရဲ့လား (မပျော်ပါ ဘုရား)၊ ဒကာသစ်ကော (မပျော်ပါ ဘုရား)။

ကာမဝိတက် ကိုယ်သာရချင်တဲ့ ဝိတက်လာလို့ရှိရင် ဗျာပါဒဝိတက် သူတို့ ဘယ်လိုနှိမ်ရပါ့မလဲဆိုတာ မလာ ပေဘူးလား (လာပါတယ် ဘုရား)၊ သူတို့အတွက် ခက်တယ်ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ခက်လို့ရှိရင် ဘယ်လိုနှိမ်ချိုးမယ်ဆိုတဲ့ ဝိဟိံသဝိတက်ကော (လာပါတယ် ဘုရား)၊ ဘယ်အိပ်ပျော်တော့ မတုံး (မပျော်ပါ ဘုရား)။

ပြီးတော့ ခင်ဗျားတို့က ပရိယာယ်များ သုံးသေးတယ်၊ လူကြီးတော့ အိပ်မပျော်ဘူးတဲ့ (မှန်ပါ့)၊ ဘယ်ဟုတ်လိမ့် မတုံးဗျ (မှန်ပါ့)။

ဒကာကြွယ် လူကြီးလို့ အိပ်မပျော်တာလား ၊ ဝိတက်သုံးပါး ဆက်သွားလို့လား (ဝိတက်သုံးပါး ဆက်သွားလို့ ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က ကိုယ်က ညကဖြစ်ထားတာကလည်း ပွားစည်းခြင်း၊ မနက်ကျတော့ လိမ်မှုသင့်အောင် လုပ်သေးတယ် (မှန်ပါ့)၊ မဆိုကြဘူးလား (ဆိုပါတယ် ဘုရား)။

မနောက ကြောင်တာ

ဒီအတိုင်းပဲ အသက်ကြီးလာလို့ထင်ပါရဲ့ကွာ၊ တယ်အိပ်မပျော်ဘူး၊ မျက်လုံးကို ကြောင်နေတာပဲတဲ့ (မှန်ပါ့)၊ မျက်လုံးက ကြောင်တာမဟုတ်ဘူး၊ မနောက ကြောင်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဘယ်ကကြောင်နေတာတုံး (မနောက ကြောင်နေတာပါ ဘုရား)၊ မနောကဝိတက်တွေ များနေလို့ မျက်လုံးက မှိတ်လို့မရတော့ဘူး (မှန်ပါ့)။

စင်စစ် မျက်လုံးက လိုရင်းလား ၊ မနောက လိုရင်းလား (မနောက လိုရင်းပါ ဘုရား)။

အဲ အိပ်တဲ့အခါ ဘဝင်စိတ်ဆိုတာ မနောထဲက အိပ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ အိပ်တဲ့အခါ ဘဝင်စိတ်ဆိုတာ မနောထဲက ရှူလိုက်-ရှူလိုက်၊ အဲဒီ့ဘဝင်စိတ် သန်လာလို့ရှိရင် ဘဝင်စိတ်သည်ပင်လျှင် ရှူစိတ်, ဘဝင်စိတ်သည်ပင်လျှင် ရှိုက်စိတ်ဆိုရင် အိပ်တာပဲ (မှန်ပါ့)၊ ဇောစိတ်တွေ လာနေ ရင် အိပ်ပါဦးမလား (မအိပ်ပါ ဘုရား)။

အဲဒီတော့ ကာမဝိတက် ဇောလာလို့ မအိပ်တာ (မှန်ပါ့)၊ ဗျာပါဒဝိတက်ဆိုတဲ့ ဒေါသဇောလည်း စိတ်မချ, လက်မချရှိနေလို့ (မအိပ်တာပါ ဘုရား)၊ ဝိဟိံသဝိတက်ဆိုတဲ့ သူတစ်ပါးကို ဘယ်လိုလုပ်မှ တော်မယ်ဆိုတဲ့ မကောင်းတဲ့ အကြံတွေ ထုတ်နေလို့ (မအိပ်တာပါ ဘုရား)။

အဲဒါ ဒကာကြွယ် ဘယ့်နှယ်သုံးသလဲ ၊ လူကြီးလို့ အိပ်မပျော်ဘူးတဲ့၊ လူပေါ်လှည့်ချနေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အလကားပါ၊ ဒီဥစ္စာတွေ ဘာမှမဟုတ်ဘူး (မှန်ပါ့)၊ ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လူကြီးလို့ အိပ်မပျော်တာ ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)၊ ဘာကြောင့်ပါလိမ့် (ဝိတက်လာနေလို့ပါ ဘုရား)၊ ဝိတက်သုံးပါးဆက်လို့ တစ်လုံးတည်းမပြောနဲ့ (မှန်ပါ့ ဘုရား)။

ဝိတက် ဘယ်နှစ်ပါး ဆက်သတုံး (သုံးပါးဆက်ပါတယ် ဘုရား)။

ကာမဝိတက်ဆိုတာ ကိုယ်ငွေရလိုမှုဟာ ကာမဝိတက် (မှန်ပါ့)၊ ကိုယ့်အထဲ နှောင့်ယှက်ဦးမယ် ထင်ပါရဲ့ဆိုတာ (ဗျာပါဒဝိတက်ပါ ဘုရား)။

ဟာ နှောင့်ယှက်ရင် ဒီလိုပဲ ထိုးချလိုက်မယ်ဆိုတာက (ဝိဟိံသဝိတက်ပါ ဘုရား)၊ အဲဒီသုံးခုဆက်နေလို့ မပျော်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီအထဲကနေပြီး အိပ်မပျော်တာနဲ့ ဆေးလိပ် ထသောက်ရတဲ့အခါလည်း ဒကာကြွယ် ပါသေးတယ် (ပါပါတယ်)၊ မပါဘူးလား (ပါပါတယ်)၊ အင်း ဆေးလိပ်ထသောက်ရတဲ့အခါကော (ပါပါတယ် ဘုရား)။

ဟာ ဒါဘာတုံးလို့ဆိုလို့ရှိရင်ဖြင့် တဲ့ ဒကာ ဒကာမတို့ အိပ်မပျော်တဲ့အတူတူဖြင့် ဥပမာ ဆေးလိပ်သောက် တဲ့ပုဂ္ဂိုလ်ကလည်း ရသတဏှာနောက် လိုက်ဦးမယ် (မှန်ပါ့ ဘုရား)။

အင်း အိပ်မပျော်တဲ့ဥစ္စာ ရသတဏှာနောက် လိုက်ပြန်တော့ ခင်ဗျားတို့ဟာက ဒယ်အိုးပဲ ပြောင်းတာ ပါနေ တယ် (မှန်ပါ့ ဘုရား)၊ ဒီ့ပြင်ဘာပါသေးသတုံး (ဘာမှ မပါပါဘုရား)။

ဖြစ်ပျက်ရှုပေး

ကဲ ဒကာကြွယ် ဒီကရှေ့ကိုဖြင့် ဒီဟာတွေလာရင် ကာမဝိတက်လာလည်း ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ ဗျာပါဒဝိတက် သူတစ်ပါးအတွက် စိုးရိမ်ကြောင့်ကြတာတွေ လာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဝိဟိံသဝိတက် တွေ မတော်တဆပေါ်လာရင် ဒကာသစ် ဘာလုပ်မယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဟာ ဒါဖြင့် ခင်ဗျားတို့ ဝိတက်ကလည်း ပဋိစ္စသမုပ္ပါဒ် ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)၊ ဗျာပါဒဝိတက်က ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)၊ ဝိဟိံသဝိတက်က ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။

အဲ မဆက်လို့ရှိရင် ရှုလိုက်သည်နဲ့တစ်ပြိုင်နက်တည်း ပွားစည်းခြင်းပြတ်တယ် (မှန်ပါ့)၊ မရှုရင်ဖြင့် (မပြတ်ပါ ဘုရား)၊ ပွားစည်းခြင်းလာလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် လူကြီး အိပ်မပျော်လေလေ အကုသိုလ်ကြီးလေလေဖြင့် ဒကာကြွယ်တို့ ဦးမာဒင်တို့ မတော်ဘူး နော် (မှန်ပါ့)၊ ဒါ ဆုံးမ,ရမည့်အချက်ပါ (မှန်ပါ့)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဘာဖြစ်လို့ ဒါလောက် ဆုံးမ,ပါလိမ့်မတုံးဆို လူကြီးရင် အိပ်မပျော်တာက သိပ်များတယ် (မှန်ပါ့)၊ သွေးလေ များ ခြောက်ခြားလို့ ထင်ပါရဲ့လို့ ဖုံးလိုက်, ဖိလိုက်သေးတယ် (မှန်ပါ့)၊ မဟုတ်ပါဘူးဗျ (မှန်ပါ့)၊ ဘယ်သွေးလေမှ မချောက်ချားပါဘူး၊ ဝိတက်လွန်နေတာ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အဲဒီဝိတက်တွေလာလည်း ဒကာသစ်က ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ကာမဝိတက် ဆိုတာ လိုချင်တဲ့ဝိတက် (မှန်ပါ့)၊ ဒါလာရင် ဘာလုပ်မယ် (ဖြစ်ပျက်ရှုရမှာ ဘုရား)။

ဗျာပါဒဝိတက်ဆိုတာ စိတ်မချတာကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ အဲဒါ ဘာလုပ်မလဲ (ဖြစ်ပျက်ရှုပေး ရပါမယ် ဘုရား)။

ဝိဟိံသဝိတက်ဆိုလို့ရှိရင် သူက ဒီဈေးနဲ့ ရောင်းတယ်ကွာ၊ ငါက ဟိုဈေးနဲ့ရောင်းပြီး သူကုန်မှ တက်တာပေါ့ ဆိုတဲ့ ဝိဟိံသဝိတက်တွေကကော (လာပါတယ် ဘုရား)၊ လာရင် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။

ပွားစည်းခြင်း ဘယ့်နှယ်နေသလဲ

ကိုင်း ဒါဖြင့် အဲဒီလိုရှုလိုက်တော့ ပွားစည်းခြင်း ဘယ့်နှယ်နေသလဲ (ပြတ်ထွက်သွားပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒကာကြွယ်ရေ ဘုရားက ပွားစည်းခြင်းကို သိပ်ရှောင်တယ် (မှန်ပါ့)၊ မာဂဏ္ဍီကလည်း သူတို့ စာက ပွားစည်းခြင်းကို ဖြတ်တဲ့ပုဂ္ဂိုလ်မို့ မကောင်းသဖြင့် သူထိုင်နေတဲ့နေရာလို့ ပြောသေးတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မေးလိုက်တယ်၊ ငါက ဒီလိုပွားစည်းခြင်းကို ဖြစ်ပျက်အရှုခိုင်း တယ်ကွ ၊ မင်းက ဒါဘာဆိုချင်သေးသတုံးဆိုတော့ ဘာမှမဆိုတော့ပါဘူး သို့သော်လည်း ကျုပ်တို့စာက ဒီလိုလာ နေတယ် (မှန်ပါ့)။

ဒကာကြွယ် စာနဲ့ ကိုင်ပေါက်ပြန်ပြီ (မှန်ပါ့)၊ ဒါ့ကြောင့် စာတိုင်း ယုံကြည်ရမှာလားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊ မယုံကြည်နဲ့နော် (မှန်ပါ့)။

မယုံကြည်ပါနဲ့ တဲ့၊ သူတို့စာက ဒီလိုပဲ လာနေတယ်လို့ ဒကာသစ်ရ, စာနဲ့ ကိုင်ပေါက်တယ် (မှန်ပါ့)။

ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါဟာကွာ-တဲ့၊ သုဒ္ဓေါဒနမင်းကြီးရဲ့ သားပါ၊ သိဒ္ဓတ္ထမင်းသားလို့ ခေါ်ပါတယ် (မှန်ပါ့)၊ မာပဏ္ဍီပရဗိုဇ်ကို ဖော်ပြရတယ်၊ သူ့ဇာတ်ထုပ်ကို (မှန်ပါ့ ဘုရား)။

တောထွက်ခဲ့တယ်

ငါသည် မောင်းမအပေါင်း လေးသောင်းခြောက်ထောင်နဲ့ ရွှေနန်းသုံးဆောင်မှာ ဆောင်းမှာလည်း ဆောင်း နန်းတော်နဲ့, နွေမှာလည်း နွေနန်းတော်နဲ့, မိုးမှာလည်း မိုးနန်းတော်နဲ့ မောင်းမအပေါင်း လေးသောင်းခြောက်ထောင်နဲ့ နေခဲ့တယ် (မှန်ပါ့)၊ ကာမဂုဏ်ခံစားတဲ့နေရာမှာ ဒီလိုနေခဲ့ပါတယ်၊ သို့သော်လည်း အဲဒီ့ကာမဂုဏ်တွေဟာ ဖြစ်ပြီးပျက် တာပဲ ဖြစ်ပြီးပျက်တာပဲ မြင်တာနဲ့ တောထွက်ခဲ့တယ်ကွ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကာမဂုဏ်၏ အပြစ်တွေ ဖြစ်ပျက်တွေမြင်လို့ ဘာတုံး (တောထွက်ခဲ့ပါတယ်)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ် မိပါပြီ ဘုရား)။

မသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဒီလိုစည်းစိမ်မျိုး ဘယ်တော့ရပါ့မတုံးတဲ့ ပွားစည်းချင်တဲ့ပုဂ္ဂိုလ်က (မှန်ပါ့)၊ ခုနင်ကဟာ ဘုရားအလောင်းကတော့ကို ငါသည် ဘုရားအလောင်းဖြစ်စဉ်အခါတုန်းက ဒီကာမဂုဏ်တို့၏ ဖြစ်မှု ပျက်မှု ကာမဂုဏ်ဆိုတာ လောဘပေါ့ဗျာ (မှန်ပါ့)၊ ကာမအာရုံတို့၏ ဆိုလို့ရှိရင်ဖြင့် ခုနင်က သားမယားတွေ အာရုံ ကလည်း ဖြစ်ပျက်တွေမြင်လို့ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ကို အရယူခဲ့ပါတယ်တဲ့

ကာမဂုဏ်တို့၏ ဖြစ်မှုပျက်မှုဆိုရင်လည်း သူ့ဝမ်းထဲဖြစ်တဲ့ လောဘစိတ်တွေကို ဖြစ်မှုပျက်မှုမြင်လို့ (မှန်ပါ့)၊ ငါသည်တဲ့ ယခုတောထဲမှာ ထွက်ပြီးသကာလ ချမ်းသာဆိုတဲ့ ဘုရားအဖြစ်သို့ နိဗ္ဗာန်ကို အရယူခဲ့ပါတယ်တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီ မင်းတို့ပွားစည်းခြင်းဟာ ကာမဂုဏ်ဆိုတာကိုးဗျ (မှန်ပါ့)၊ အဲဒီကာမဂုဏ်တွေ၏ ဖြစ်ပျက်ကို ငါမြင်လို့ ကာမဂုဏ်တွေ၏အကြောင်း ကောင်းကောင်းသိတဲ့အတွက် သူငြီးငွေ့ပြီးသကာလ ဘုရားအဖြစ် ယူခဲ့ပါတယ်ကွာလို့ သေသေချာချာ ဒကာကြွယ် ဖြေသဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကာမဂုဏ်ဟာ လောဘစိတ်ပေါ်လာလည်း ဖြစ်ပျက် (မှန်ပါ့)၊ လောဘ၏ အာရုံတွေ ချစ်စရာ, ခင် စရာတွေ ခင်ဗျားတို့စိတ်ထဲက ဖောက်ပြန်ပြီး၊ ခင်ပြန်လည်း ဘယ်လိုဆိုကြမလဲ (ဖြစ်ပျက်ပါ ဘုရား)။

အဲဒါတွေ ငါဘုရားအလောင်းဖြစ်စဉ်တုန်းက ရွှေနန်းသုံးဆောင်မှာ စံစားနေကတည်းက ဒါတွေမြင်ပါတယ်ကွာ တဲ့ (မှန်ပ့ါ ဘုရား)။

ဒါတွေမြင်လို့ ငါသည်ကားလို့ဆိုရင် ဒီအာရုံဟာ အလကား အာရုံဆိုပြီးသကာလ ငါဟောထွက်ပြီးသကာလ အခု ဒီ့ထက်ချမ်းသာတဲ့ နိဗ္ဗာန်အာရုံကြီးနဲ့ ငါနေတယ်ကွတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ပွားစည်းခြင်း ငါ ဖြတ်ခဲ့ပါတယ်တဲ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ငါဥပမာကလေးတစ်ခုပြောမယ်

ကဲ ကွာ မာဂဏ္ဍီပရဗိုဇ် မင်းနားထောင်စမ်းပါ၊ ငါဥပမာကလေးတစ်ခုပြောမယ်၊ လူတစ်ယောက်ဟာ အင်မတန် ချမ်းသာတယ်တဲ့ (မှန်ပါ့)၊ ချမ်းသာတော့ ငါးပါးအာရုံ ကာမဂုဏ်တွေ ခံစားတယ်ကွာတဲ့ (မှန်ပါ့)၊ ခံစား ပြီးတဲ့နောက် သူသည်ကားလို့ဆိုရင် သုစရိုက်ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်တယ်ကွာတဲ့ (မှန်ပါ့)၊ လုပ်ပြီးသကာလ သူနတ်ပြည်ရောက်သွားတယ်ကွာ တဲ့၊ နတ်ပြည်ကျတော့ နတ်သမီးအပေါင်းတွေနဲ့ ဥယျာဉ်တွေနဲ့၊ နတ်ပြည်ရောက် သွားတဲ့အခါကျတော့ လူ့ပြည်မှာ သူနဲ့ သူငယ်ချင်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ငါးပါးအာရုံ ကာမဂုဏ်ခံစားနေတာမြင်တော့ အားကျသေးသလား တဲ့၊ သူ့စိတ်ထဲ စက်ဆုပ်နေသလား (စက်ဆုပ်နေပါတယ် ဘုရား)။

နတ်ပြည်နဲ့စာတော့ စက်ဆုပ်ရမယ် (မှန်ပါ့)၊ ငါ့မှာလည်း အခုနိဗ္ဗာန်တည်းဟူသော အာရုံတွေ့တော့ကိုတဲ့ အဲဒီ့မောင်းမအပေါင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေခဲ့တာတွေကို ငါသည်ကားလို့ဆိုရင်ဖြင့် စက်ဆုပ်ပါတယ်ကွာတဲ့ (မှန် ပါ့)၊ ပွားစည်းခြင်း လုံးဝ အလိုမရှိပါဘူးတဲ့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ နိဗ္ဗာန်မတွေ့သေးလို့သာ ကိုယ့်သားနဲ့, သမီးနဲ့, ပစ္စည်းနဲ့ ပျော်တာပါ တကယ်တွေ့ရင် မပျော်ဘူးလို့ ဘုရားက သေသေချာချာ ဟောပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဘယ်လောက်ခြားနားသတုံးဆိုတော့ လူ့ပြည်က ချမ်းသာနဲ့ နတ်ပြည်က ချမ်းသာနဲ့ ကွာခြားသလို ကွာခြား ပါတယ်လို့ ဘုရားက ဥပမာပြလိုက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကလည်း ပြန်ကြည့်ပါ (မှန်ပါ့)၊ ခွေးတွေ မစင်ပုံရပြီးသကာလ ပြုံးပြုံး ရွှင်ရွှင်နဲ့ စားနေတဲ့အခါကျတော့ဖြင့် ဒံပေါက်ထမင်း၊ ထောပတ်ထမင်း အစရှိသည် စားပြီးသကာလ ပျော်ရတယ် (မှန်ပါ့)၊ သူတို့က ကျင်ကြီးစားပြီး ပျော်ရတော့ အင်း ဒီခွေးဘဝမျိုး ဖြစ်ရကောင်းလေရဲ့လို့ ကိုယ့်စိတ်ထဲ ပေါ်ပါ့ မလား (မပေါ်ပါ)၊ ဘာဖြစ်လို့တုံး ယုတ်ညံ့လို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခွေးကျင်ကြီးစား သလို ကိုယ်မြင်လိမ့်မယ်

ဒီမှာလည်း ခင်ဗျားတို့ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်မြင်လို့ရှိရင် ကိုယ့်အခြေ ကိုယ့်အနေတွေဟာ ခွေးကျင်ကြီးစား သလို ကိုယ်မြင်လိမ့်မယ် (မှန်ပါ့)၊ ပြန်ချင်သေးတယ်၊ သွားချင်သေးတယ်လို့ လာပါ့မလား (မလာပါ)၊ ဒီဟာမျိုး ခံစားချင်သေးတယ်လို့ကော (မမြင်ပါ ဘုရား)။

အေး ဒါဖြင့် ဒကာ ဒကာမတို့တဲ့ အမြင်မှန်ရအောင် ကြိုးစားကြပါဦး (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (အမြင်မှန်ရအောင် ကြိုးစားကြပါဦး)၊ ကိုယ့်ဟာကလေးနဲ့ ကိုယ်ပျော်နေရင် ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မလဲ အမြင်မှန်မရသေးဘူး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဟာကလေးနဲ့ ကိုယ်ပျော်နေရင် (အမြင်မှန်မရသေးပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပျော်နေကြတာပဲ၊ ကျုပ်တို့ ဆင်းရဲပေမယ့်လည်း ခပ်ပျော်ပျော်ပါပဲတဲ့၊ ဘာ့ကြောင့်တုံးဆိုတော့ ကြွေးမတင် မြေမတင်မို့ (မှန်ပါ့)၊ ဟော ကြံဖန်ပြောတာ (မှန်ပါ့ ဘုရား)။

ကြွေးမတင် မြေမတင်မို့ ဆင်းရဲပေမယ့်လည်းတဲ့ ဒကာကြွယ် ဒီလိုပြောသံကော ကြားဖူးရဲ့လား (ကြားဖူးပါတယ် ဘုရား)။

အင်း သူများအိမ်တိုက်ကြီးတာကြီးနဲ့ပေမယ့် ကျုပ်အားမကျပါဘူးတဲ့၊ ကိုယ့်အိမ်နေရာကလေးဟာ မိုး တစ်ဖက်ပဲလုံ အဲဒီခေါင်လျှိုးအိပ်ရတာ စိတ်ချမ်းသာတယ်တဲ့ (မှန်ပါ့)၊ အံမာ ကိုယ့်ဟာနဲ့ကိုယ် သိပ်ဟုတ်နေတာ (ဟုတ်ပါတယ်)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ တိုက်ကြီးပေါ်ကနေကြည့်တဲ့ ပုဂ္ဂိုလ်ကတော့ ဪ သူတို့ဖြစ်စဉ်ဟာ တယ်ကာမာဝစရ နည်းပါ ကလား၊ ဆိုးလိုက်တာ လွန်လို့ပါကလား (မှန်ပါ့ ဘုရား)။

ဒီမှာလည်း ငါဘုရားသည် ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်မြင်တဲ့အခါကျတော့ကိုတဲ့ မင်းတို့ ငါးပါးအာရုံ ကာမဂုဏ် ခံစားပြီး ပွားစည်းနေတဲ့ ပုဂ္ဂိုလ်တွေမြင်လိုက်တော့ ငါ့စိတ်ထဲမှာ နည်းနည်းမှ မတောင်းတ,ဘူးကွတဲ့ (မှန်ပါ့)၊ ဒီဟာမျိုး ဖြစ်ချင်တယ်လို့ လာပါ့မလား (မလာပါ)၊ ကဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲ ပွားစည်းခြင်းဆိုတဲ့ဥစ္စာ မင်းတို့က မဟုတ်တာကို အားကျတာကို ဆိုပါတယ်တဲ့ (မှန်ပါ့)၊ ဒကာသစ် နေရာကျပလား (ကျပါပြီ ဘုရား)။

နူနာစွဲနေတယ်ကွတဲ့

လောကီဥပမာတစ်ခု ငါပြောလိုက်ဦးမယ်ကွာတဲ့၊ နှစ်ခုပြောတယ် (မှန်ပါ့)၊ ခုနင်က နတ်ပြည်နဲ့, လူ့ပြည်နဲ့ ယှဉ်လိုက်တယ် (မှန်ပ့ါ ဘုရား)၊ လူတစ်ဦးတစ်ယောက်ဟာ နူနာစွဲနေတယ်ကွတဲ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာတဲ့ (နူနာစွဲနေပါတယ်)၊ နူနာစွဲနေတဲ့ပုဂ္ဂိုလ်သည်ကားလို့ဆိုရင်ဖြင့် နူနာစွဲနေတုန်းကတော့ သူ့အနာကလေးတွေ ဟိုဖဲ့, ဒီဖဲ့နဲ့ ပိုးကိုက်လို့ ဖဲ့ရတယ် (မှန်ပါ့ ဘုရား)။

နောက်ကျလာတဲ့အခါ ပိုးကိုက်လို့ ဖဲ့ရတဲ့ အပြင်မှာ ဒကာသစ်ရေ မီးကလေးလည်း ကင်ရသေးတယ် (မှန်ပါ့)၊ မီးကင်မှ ပိုးက အထဲဝင်သွားတာ (မှန်ပါ့)၊ အထဲဝင်သွားတဲ့အခါကျမှ သူနေနိုင် ထိုင်နိုင်တယ် (မှန်ပါ့ ဘုရား)။

နူနာစွဲတဲ့ပုဂ္ဂိုလ်မှာ ပိုးကိုက်လို့လည်း ဖဲ့ရွဲ့နေသေးတယ် (မှန်ပါ့)၊ ဖဲ့ရွဲ့နေရမှ သူ့စိတ်ထဲ ချမ်းသာတာကိုး (မှန်ပါ့)၊ နောက်မီးကလေး ကင်နေရမှ (ချမ်းသာပါတယ် ဘုရား)။

အဲဒီပုဂ္ဂိုလ်ကွာတဲ့ မာဂဏ္ဍီ သတိထားစမ်းပါတဲ့၊ သူ့အမေ မိဘ ဆွေမျိုး ဉာတကာတွေက ဆရာတစ်ယောက် ခေါ်ပြီး ပျောက်အောင် ကုပေးလိုက်တယ်ကွာတဲ့ (မှန်ပါ့)၊ ပျောက်အောင်ကုပြီးတဲ့အခါကျလို့ရှိရင်ကွာတဲ့၊ အဲ သူသွားတတ်ပြီ၊ သူ့ဟာသူ နေရာကျပြီ၊ သူ့ရောဂါ သူနိုင်ပြီ၊ ရောဂါရှင်းရှင်း ပျောက်သွားတဲ့အခါကျတော့ တစ်ယောက် သော ပုဂ္ဂိုလ်က နူနာက ဆိတ်,ဆွနေပြန်ပြီတဲ့၊ တစ်ယောက်သောပုဂ္ဂိုလ်က (မှန်ပါ့)၊ မီးကင်နေတာမြင်တော့ အဲဒီ ဆိတ်,ဆွတဲ့အလုပ်ကော သူလုပ်ချင်သေးသလားတဲ့ (မလုပ်ချင်ပါ ဘုရား)၊ မီးကင်တဲ့အလုပ်ကော (မလုပ်ချင်ပါ ဘုရား)။

နူနာရှိလို့ မီးကင်တာ

နို့ မင်းဘာဖြစ်လို့ စောစောကလုပ်နေသတုံး မေးလို့ရှိရင် နူနာရှိလို့ မီးကင်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

နူနာမရှိတော့ မီးနားကပ်စမ်းပါလားဆိုတော့ (မကပ်တော့ပါ ဘုရား)၊ မင်းအနာတွေ မင်း ဆိတ်,ဆွပါဦးလား ဆိုတော့ (မဆွပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နူနာပိုးကိုက်တုန်းသာ ဒကာသစ်ရေ ဆိတ်,ဆွပြီး မီးကင်ချင်တာ (မှန်ပါ့)၊ နူနာမရှိတဲ့ပုဂ္ဂိုလ်ကျတော့ (မီးမကင်ချင်ပါ ဘုရား)။

ဒီမှာလဲတဲ့ သားနဲ့, သမီးနဲ့, ဆွေနဲ့, မျိုးနဲ့ ပျော်ချင်တယ်ဆိုတာ ကိလေသာပိုးကိုက်တဲ့ပုဂ္ဂိုလ်သာ ပျော်ချင်တာ ကွ တဲ့ (မှန်ပါ့)၊ ကိလေသာနူနာရှိလို့ ပျော်ချင်တာကွ တဲ့ (မှန်ပါ့ ဘုရား)။

အဲဒီနူနာကို မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆေးနဲ့ ကုသပြီးတဲ့အခါ သားနား, သမီးနား, ဆွေနား, မျိုးနားသွားပါဦး မလား မီးဖိုနားကိုဆိုရင် ဘယ်သူမှမသွားဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်း ဒါဖြင့် ဒကာကြွယ် ပိုးကိုက်ပျောက်အောင် လုပ်မှပဲ (မှန်ပါ့)။

ဒကာကြွယ် ဘယ်နှယ်လုပ်ရမလဲ (ပိုးကိုက်ပျောက်အောင် လုပ်ရပါမယ် ဘုရား)။

ပိုးကိုက်မပျောက်သေးရင် ဒီလမ်းပြန်နေဦးမှာပဲ ၊ ခင်ဗျားရှုပ်နေဦးမှာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါ ပြီ)၊ ဦးမာဒင်ကော ပိုးကိုက်ပျောက်မှပဲ မပျောက်ရင် ပြန်ဦးမှာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီပိုးဟာ ကောင်းပိုးလား ဆိုးပိုးလား (ဆိုးပိုးပါ ဘုရား)၊ ရော သူကိုက်တဲ့ အခါ အနာတွေ ဆိတ်,ဆွပြီးနေရတယ် (မှန်ပါ့)။

နောက် ဒီပိုးပြေးအောင်လို့ မီးကင်ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရောဂါပျောက်တော့ သူများလိုပဲ ဆိတ်,ဆွချင်တဲ့ စိတ်လာသေးရဲ့လား (မလာပါ ဘုရား)၊ မီးကင်ချင်တဲ့စိတ်ကော (မလာပါ ဘုရား)၊ မီးဖိုမြင်လိုက်ရင်ပဲ ပြေးပြီ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိလေသာနူနာက မပျောက်သေးတော့

အခုတော့ဖြင့် ကိလေသာနူနာက မပျောက်သေးတော့ ငါမရှိ ဘာဖြစ်တော့မည့်ပုံ (မှန်ပါ့)၊ အိမ်တည်းဟူသော မီးဖို၊ သားသမီးတည်းဟူသော မီးဖိုနားကို ဒကာ ဒကာမတွေက မသွားရလို့ရှိရင်ဖြင့် မတော်သေးပါဘူးဆိုတဲ့ သဘော ဒကာကြွယ် ပေါ် မပေါ် (ပေါ်ပါတယ် ဘုရား)၊ စိမ်းကားရာ ရောက်သလို (မှန်ပါ့)။

အမေမိဘ ဝတ္တရားပျက်သလိုလို (မှန်ပါ့)၊ ဘာမှမဟုတ်ဘူး ပိုးကိုက်လို့သွားတာ (မှန်ပါ့)၊ ပိုးကိုက်လို့ မီးလှုံသွား တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီပိုးမသေသ၍ ကာလပတ်လုံး ဒီမီးဖိုနဲ့ ခင်ဗျားတို့ အရှက်တကွဲအကျိုးနည်း ဖြစ်ရဦးမယ်ဆိုတာ ရိပ် မိပလား (ရိပ်မိပါပြီ ဘုရား)။

အခု မီးဖိုနားပြန်သွားလိုက် ၊ မီးဖိုနား ကပ်လိုက်ဆိုတော့ ဒါဟာ အခု နင်က ကိလေသာနူနာပိုးကိုက်လို့ မီးလှုံနေတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ရောဂါပျောက်လို့လား မပျောက်သေးလို့လား (မပျောက်သေးလို့ပါ ဘုရား)။

မပျောက်သေးလို့ရှိရင်ဖြင့် ဒီမီးဖိုနားကို ကျုပ်တို့သည် ကပ်နေဦးမှာပဲ (မှန်ပါ့)၊ သားမီးဖို, သမီးမီးဖိုနား မကပ်ပေဘူးလား (ကပ်ရမှာပါ ဘုရား)၊ ပျောက်တဲ့ပုဂ္ဂိုလ်တွေကျတော့ (မကပ်ပါ ဘုရား)၊ ကပ်ပါဦးတော့လားဆိုတော့ ကပ်ပါ့မလား (မကပ်ပါ ဘုရား)။

ဟ နဂိုက ဘာဖြစ်လို့ ကပ်သတုံးဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ (ကိလေသာနူနာပိုးကိုက်လို့ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်အတွက် ကိုယ်ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ငါနူနာရှိသေးသလား (မှန်ပါ့)၊ ငါမရှိတော့ဘူးလားဆိုတာ မီးဖိုကပ်-မကပ်နဲ့ အကဲခတ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ နာရီစေ့ပြီ ၊ နက်ဖြန်မှ ဆက်ကြဦးစို့။

သာဓု သာဓု သာဓု။

ဤတွင် အမှတ်စဉ် (၁၈) ပြီးဆုံးပါပြီ။