မာဂဏ္ဍီပရဗိုဇ်ဝတ္ထု (၁)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း – မိုးကုတ်ဆရာတော်ဘုရား
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
နေ့အလုပ်ပေး တရားတော်
(၅-၉-၆၁)
သံသရာစခန်းဖြတ်လို့လည်း ရတယ်
မျက်လုံးပေါက်က ပွားစည်းလို့ရှိရင် မျက်လုံးပေါက်က သံသရာထဲမှာ လည်လိမ့်မယ်နော် (မှန်ပါ့)၊ မျက်လုံး ပေါက်က မပွားစည်းဘူးဆိုလို့ရှိရင် မျက်လုံးပေါက်ကနေပြီး သံသရာစခန်းဖြတ်လို့လည်း ရတယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
မျက်လုံးပေါက်က ပွားစည်းရင်လည်း မျက်လုံးပေါက်က သံသရာလည်သွားမှာပဲ (မှန်လှပါ)၊ မျက်လုံးပေါက်က နေပြီး သကာလ ဖြတ်လိုက်ပြန်လို့ရှိရင်လည်း တဏှာဥပါဒါန် မပွားလို့ရှိရင်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သံသရာပြတ်သွားတာပဲ (မှန်ပါ့ ဘုရား)။
အဲဒါ ဘယ်သူ့ကို အကြောင်းပြုပြီး ဟောပါလိမ့်မတုံးဆိုတော့ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ မာဂဏ္ဍီပရဗိုဇ်ကို အကြောင်းပြုပြီး ဟောတယ်လို့ ဒကာ ဒကာမတွေ မှတ်ထားရမယ်နော် (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်ပွားပုံကို ကြည့်ကြပါစို့
အဲဒီတော့ ယခုလို မျက်လုံးပေါက်ကနေပြီး သကာလ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ပွားပုံကို ကြည့်ကြပါစို့ ဆိုတော့ ဒါ ကိုယ့်ဖြစ်စဉ်လို့ အောက်မေ့ရမယ်နော် (မှန်ပါ့ ဘုရား)။
ဪ စာက ဒီလိုဆိုတယ်လို့ ဒီလိုမယူပါနဲ့ (မှန်ပါ့)၊ စာက ဒီလိုဆိုတယ်လို့ မယူဘဲနဲ့ ဪ တို့ မျက်လုံးပေါက်က ဒီလိုစိတ်စဉ်လဲ တန်းတတ်ပါကလား ဒီလိုခန္ဓာစဉ်လဲ တန်းတတ်ပါလားဆိုတာလည်း မှတ်ရ မယ် (မှန်ပါ့ ဘုရား)။
မျက်လုံးပေါက်ကနေပြီး ဒီခန္ဓာအစဉ် ပြတ်တဲ့သဘောလည်း ရှိသေးတယ်ဆိုတာကိုလည်း မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာပြတဲ့အခါကျလို့ရှိရင် ဪ ဒီဥစ္စာ တို့မျက်လုံး ဖွင့်လိုက်လို့ရှိရင် ဒီလိုပဲဖြစ်တတ်တယ်၊ ဒီလိုလည်း ပြတ်တတ်တယ်ဆိုတဲ့ နှစ်မျိုးကိုဖြင့် ဒကာသစ်တို့, ဒကာကြွယ်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် သံသရာထဲမှာ ၊ သံသရာဆိုတာကတော့ ခန္ဓာတို့ ဆက်စပ်သွားတာဟာ သံသရာ (မှန်ပါ့)၊ ခန္ဓာဟူသ၍ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒုက္ခသစ္စာတွေ ဆက်သွားလို့ရှိရင်ဖြင့် ဒုက္ခဆက်တာ သံသရာလို့ခေါ်တယ် (မှန်ပါ့)၊ ဒုက္ခပြတ်တာ ဟာ သံသရာစခန်းပြတ်တယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
ဒုက္ခဆက်တာဟာ (သံသရာပါ ဘုရား)၊ ဒီဒုက္ခအဆက်တွေ ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် သံသရာပြတ်တယ်လို့ ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ သံသရာသည် မိမိစိတ်စဉ်မဖြတ်နိုင်မှုဟာ သံသရာရှည်မှုပဲ (မှန်ပါ)၊ ဟိုသံသရာကြီးက နှစ်တွေ, လတွေနဲ့ ဘာမှမဆိုင်ပါဘူး (မှန်ပါ့ ဘုရား)။
–သံသရာအစစ်
နှစ်တွေ, လတွေ, ကမ္ဘာတွေချီပြီး ပြောနေကြငြားသော်လည်း သံသရာအစစ်ကတော့ဖြင့် ကိုယ့်စိတ်စဉ်တွေ ဆက်ပြီး စိတ်စဉ်, ရုပ်စဉ် ဆက်တာ ဘာခေါ်ကြမယ် (သံသရာပါ ဘုရား)။
ဟာ ဒီဘဝမှာပဲ စိတ်စဉ်, ရုပ်စဉ်တွေ ပြတ်ထွက်သွားတယ်လို့ဆိုလို့ရှိရင်လည်း သံသရာစခန်း သတ်တယ် ဆိုရမယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ အကြိုက်ကလည်း သံသရာပွားမှုကို ကြိုက်တယ် နော် (မှန်ပါ့)၊ ဘုရား သခင် ကိုယ်တော်မြတ်ကြီးကလည်း သံသရာပြတ်မှုကို ကြိုက်တယ် (မှန်ပါ့)။
သံသရာပွားမှုဆိုတဲ့ဥစ္စာ သံသရာဆိုတာ ခန္ဓာတွေ ဥပမာမယ် ဒကာ ဒကာမတွေသန္တာန်မှာ စိတ်စဉ် တွေ တန်းပြီး သကာလ စုတိပဋိသန္ဓေအထက် တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ မရဏ၊ နောက်က သောက, ပရိ ဒေဝတွေကနေပြီး အဝိဇ္ဇာဆက် “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော”လို့ ခန္ဓာကြီးတွေဆက်ပြီး ပတ်ဝိုင်းနေတာ သံသရာခေါ်တာပဲ (မှန်ပါ့)၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
သံသရာပြတ်တယ်ဆိုတာကတော့ ဒကာ ဒကာမတွေ ဒီကိုယ်လုပ်နေတဲ့အလုပ်က မဂ်ဉာဏ်က ဝင်ပြီး ကြား ဖြတ်လိုက်ပြီဆိုမှဖြင့် တဏှာ, ဥပါဒါန်ကံတွေ ချုပ်၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿတွေက မဆက်နိုင်တော့ “အာသာ သမုဒယာ အဝိဇ္ဇာသမုဒယော” “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတာတွေ ပြတ်ထွက်သွားတာကို သံသရာပြတ် နိဗ္ဗာန်လို့ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ သေသေချာချာ စဉ်းစားကြည့်တော့မှ တို့ဟာ သံသရာက ဘယ်သံသရာတုံး နှစ်သံသရာ လ,သံသရာကို ဒကာကြွယ်တို့, ဦးမာဒင်တို့ မယူပါနဲ့ (မှန်ပါ့)၊ ခန္ဓာသံသရာကို ယူကြပါ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
သံသရာဆိုတာ ဘာပါလိမ့်
သံသရာဆိုတာ ဘာပါလိမ့် (ခန္ဓာအစဉ်ပါ ဘုရား)၊ ခန္ဓာတွေ ဆက်တန်းသွားတာ ဘာခေါ်မတုံး (သံသရာ ပါ)၊ ခန္ဓာဆက်ပြတ်သွားတာကို သံသရာပြတ်တဲ့ နိဗ္ဗာန်လို့မှတ်လိုက် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်သဘောကို ပြောကြစို့ (မှန်ပါ့)၊ ဥပမာ ဒီဘက်က ဒကာ ဒကာမတွေ အင်မတန် ချစ်နှစ်သက်တဲ့ အာရုံတစ်ခု ဆိုကြပါစို့ ဒကာကြွယ်ရာ (မှန်လှပါ ဘုရား)။
အဲဒီ အာရုံတစ်ခုကို ဒကာ ဒကာမတွေက မျက်လုံးဖွင့်ပြီး သကာလ ကြည့်လိုက်တယ်၊ သားကလေး, သမီး ကလေးအာရုံ၊ ပွဲလမ်းသဘင်အာရုံ၊ ဒါတွေ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တယ်နော် (မှန်လှပါ)၊ ကြည့်လိုက်တယ်ဆိုကတည်း က ဒါသံသရာ အစ,ပေါ်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
မြင်စိတ်ကလေးပေါ်လာတာ ဘာပါလိမ့် (သံသရာ အစ, ပေါ်တာပါ ဘုရား)။
သံသရာ အစ,ပေါ်တယ် (မှန်ပါ့)၊ ဪ သံသရာဆိုတာ သည်ကားလို့ဆိုလို့ရှိရင် တခြားလား အောက် မေ့နေတယ်၊ တို့မျက်လုံးဖွင့်လိုက်လို့ ပေါ်လာတဲ့ မြင်စိတ်ကလေးကို ဆိုတာပါလား လို့ မှတ်လိုက်တာပေါ့ (မှန် ပါ့)၊ ဒီ့ပြင် “တိဏ္ဏံသင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ”တွေ အသာထားပါဦးနော် (မှန်ပါ့)၊ ဒကာ ဒကာမတွေ နားလည်မှုနဲ့ပြောတော့ မျက်လုံးဖွင့်လိုက်တဲ့အခါ သားကလေးမြင်လိုက်, သမီးကလေးမြင်လိုက်, ကပြနေတာ မြင်လိုက်၊ မြင်လိုက်တဲ့စိတ်ကလေးဟာ ဘာခေါ်ကြမတုံး (သံသရာ အစ,ပါ ဘုရား)။
သံသရာအစ၊ ဒါ ခန္ဓာစ,တာပဲ (မှန်ပါ့ ဘုရား)၊ သူဟာ ဝိညာဏက္ခန္ဓာပဲ (မှန်ပါ့)။
ဝိညာဏက္ခန္ဓာဆိုကတည်းက ဦးမာဒင်တို့က စဉ်းစားလိုက် ဒါ ခန္ဓာစ,တာ၊ သံသရာအစ ခန္ဓာက,လို့ မှတ်ပါ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
သံသရာအဆုံးလည်း ခန္ဓာဆုံးရင် ဆုံးတာပဲ (မှန်ပါ့)၊ သံသရာအဆုံးဆိုတာ (ခန္ဓာဆုံးရင် ဆုံးပါတယ် ဘုရား)။
သံသရာ အစ ခန္ဓာက
သံသရာအစလည်း ခန္ဓာက စ,ဖြစ်တာပဲ (မှန်ပါ့)၊ စာလိုပြောလို့ရှိရင်ဖြင့် အဝိဇ္ဇာတဏှာက စ,တယ်လို့ပြော လည်း မှန်တာပဲ (မှန်ပါ့ ဘုရား)၊ သို့သော်လည်း အဝိဇ္ဇာလည်း သင်္ခါရက္ခန္ဓာ၊ တဏှာလည်း သင်္ခါရက္ခန္ဓာမို့ သံသရာ အစ ခန္ဓာက,ဆိုတော့ မလွဲတော့ဘူး (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အဆင်းကလေး မြင်လိုက်ပါပြီ ဒကာ ဒကာမတို့ မြင်စိတ်ကလေးတော့ အစ,ပေါ်ပြီ (မှန်ပါ့)၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ)၊ ဒါ ဘာဖြစ်တာတုံးမေးရင် ဘယ့်နှယ်ပြောကြမယ် (သံသရာစ,တာပါ ဘုရား)။
ဒါ သူ့ဟာသူ ခင်ဗျားတို့ မနေနိုင်လို့ ကြည့်မိလို့တော့ သံသရာတော့ ဖြစ်စ,ပေါ့ (မှန်ပါ့)၊ သားကလေး ကြည့်မိ, သမီးကလေးကြည့်မိ, ရွှေ-ငွေ-ကျောက်သံပတ္တမြားကြည့်မိ၊ မြင်တယ်ဆိုတာကလေးကတော့ စ,တာပဲ (မှန်ပါ့)။
မြင်ပြီး သကာလ ဒကာ ဒကာမတွေသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် မြင် လိုချင်ဆိုတဲ့ဥစ္စာ တစ်ခါတည်း နောက်က လိုက်လာတယ် (လိုက်ပါတယ် ဘုရား)၊ မြင် ချစ်ခင်ဆိုတာကော (လိုက်ပါတယ် ဘုရား)၊ ဟာ ဒါဖြင့် တစ်သံသရာတိုးလာတယ် (မှန်ပါ့)၊ တစ်သံသရာတိုးလာတယ်။
ဒကာ ဒကာမတို့ အရင်တုန်းကတော့ မြင်တဲ့စိတ် သံသရာခန္ဓာပေါ်တယ် (မှန်လှပါ ဘုရား)၊ အခုတော့ တဏှာဆိုတဲ့ သင်္ခါရက္ခန္ဓာတို့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ အင်း ခန္ဓာနှစ်ခုရှိသွားပြီ (မှန်ပါ့)၊ ခန္ဓာနှစ်ခု မရှိသေးဘူးလား (ရှိပါတယ် ဘုရား)။
အရင်တုန်းက မြင်ခန္ဓာ၊ အခုဟာက လိုချင်တဲ့ခန္ဓာ (မှန်ပါ့ ဘုရား)၊ ဒါ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ပေါ်လို့ ခန္ဓာပဲ (မှန်လှပါ ဘုရား)။
တခြားကဟာလား၊ ခန္ဓာထဲပေါ်လို့ ခန္ဓာလား (ခန္ဓာထဲပေါ်လို့ ခန္ဓာပါ ဘုရား)။
သံသရာနှစ်ခုရှိသွားပြီ
ဒါဖြင့် အခု သံသရာနှစ်ခုရှိသွားပြီ (မှန်ပါ့)၊ သံသရာနှစ်ခုရှိသွားပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ အင်း သံသရာသည်ကားလို့ဆိုရင် တစ်ခုက နှစ်ခုဖြစ်လာပြီ (မှန်ပါ့)။
ဒါဖြင့် မြင်တယ်ဆိုတာ ချုပ်သွားရင် လိုချင်တယ်ဆိုတာ ခန္ဓာထဲ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
လိုချင်လို့ရှိရင် “တဏှာပစ္စယာ ဥပါဒါနံ”ဆိုသောကြောင့် စွဲလမ်းတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား)။
အင်း ဒကာသစ်ရေ သံသရာတိုးလာတယ် (တိုးလာပါတယ် ဘုရား)၊ ဦးမာဒင် ဘာဖြစ်လာသတုံး (သံသရာတိုးလာပါတယ် ဘုရား)။
အင်း ခန္ဓာသုံးခုဖြစ်လာတယ် (သုံးခုပါ ဘုရား)၊ တစ်ခုချုပ်လိုက်, တစ်ခုဖြစ်လိုက်၊ အခု သုံးခါရှိပြီ တဲ့ ဖြစ်တာ (မှန်ပါ့)၊ ဒါက တန်းပြတာနော် (မှန်ပါ့)၊ ဖြစ်စဉ်ကတော့ဖြင့် တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်ပဲ မှတ်ကြတာ ပေါ့ (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဥပါဒါန်သံသရာကြီးပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ဥပါဒါန်ဆိုတဲ့ ခန္ဓာ သံသရာကြီး မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒီဥပါဒါန်ရှိနေတဲ့ပုဂ္ဂိုလ်ဟာ-တဲ့ ဒီမြင်တာကလေးကို အနားကပ်ကြည့်မယ်ဆိုတဲ့ ကာယကံ (မှန်ပါ့)၊ သူနဲ့ ပြောဆိုချင်တဲ့ ဝစီကံ (မှန်လှပါ)၊ စိတ်ထဲက ချစ်ခင်နှစ်သက်နေတဲ့ မနောကံတွေကော (လာပါတယ် ဘုရား)၊ ဒါဖြင့် ကံသုံးပါး ဒီရောက်လာတယ် (မှန်ပါ့)၊ ကံ-သံသရာပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ခုနင်က စွဲလမ်းတဲ့ သံသရာချုပ်သွားတော့ ဘယ်သံသရာပေါ်လာသတုံး (ကံ-သံသရာပေါ်လာပါတယ် ဘုရား)၊ ကံ သံသရာပေါ်လာတယ်၊ သဘောကျပြီ (မှန်ပါ့)။
ဒါက ဒကာ ဒကာမတို့ ကြည့်မိလို့ပေါ်တဲ့ သံသရာ (မှန်ပါ့ ဘုရား)၊ ကြည့်မိလို့ (ပေါ်တဲ့သံသရာပါ ဘုရား)၊ ဪ ကြည့်မိလို့ပေါ်တဲ့ မျက်လုံးပေါက်ကနေပြီး သကာလ ပေါ်တဲ့ သံသရာဆိုလို့ရှိရင် မလွဲဘူး (မလွဲပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီကမ္မဘဝဆိုတာ ကံပေါ်လာတာ (မှန်ပါ့)၊ ဒါဖြင့် တဏှာ ဥပါဒါန် ကံပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ကံပေါ်လာတဲ့အခါကျတော့ စုတေမနေ သေလွန်တဲ့ အခြားမဲ့၌ ဒကာ ဒကာမတို့ “ကမ္မဘဝပစ္စယာ ဇာတိ” (မှန်ပါ့)။
ဇာတိဆိုတဲ့ ခန္ဓာငါးပါး ပေါ်လာတယ်၊ စုတေသွားတော့လေ (မှန်ပါ့)၊ ကံက ဇာတိကို ဖြစ်ခွင့်မပေးဘူးလား (ပေးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ် နောက်ခန္ဓာပွားသောကြောင့် (မှန်ပါ့)၊ နောက်ခန္ဓာပွားသွားတယ် ဆိုတာ မြင်လိုက်ပလား (မြင်လိုက်ပါပြီ ဘုရား)၊ အခုခန္ဓာက ဆက်လိုက်တာ နောက်ခန္ဓာထိအောင်ပဲ ဆက်မသွား ဘူးလား (ဆက်ပါတယ် ဘုရား)၊ ဒါ ဘာခေါ်ကြမယ် (သံသရာပါ ဘုရား)၊ သံသရာရှည်တယ် (မှန်ပါ့)။
ဒီဘက်သံသရာနဲ့၊ ဒါ ပစ္စုပ္ပန်ဘဝသံသရာ (မှန်ပါ့ ဘုရား)၊ ဒီဘက်က အနာဂတ်ဘဝသံသရာ (မှန်ပါ့)။
အနာဂတ်သံသရာဆိုတော့ ဇာတိလာတော့ ဇရာ မရဏဆိုတာက ဒကာ ဒကာမတွေ ရပြီးသိပြီးဖြစ်တဲ့ အိုမှု, သေမှု လိုက်လာတယ် (လိုက်လာပါတယ် ဘုရား)၊ လိုက်လာတော့ ဒါလည်း သံသရာပဲ (မှန်ပါ့)၊ ခန္ဓာတို့၏ အိုမှု, ခန္ဓာတို့၏ သေမှုပဲ (မှန်ပါ့)။
ဒကာ ဒကာမတို့ ၁-၂-၃-၄၊ ဒါက ပစ္စုပ္ပန်သံသရာ (မှန်ပါ့ ဘုရား)၊ ဒီဘက်က ဇာတိ ဇရာ မရဏက အနာဂတ်သံသရာ (မှန်ပါ့)။
ဒါဖြင့် ဒီဘဝက စုတေမနေ သေလွန်တော့ နိဗ္ဗာန်ရသလားတဲ့၊ ခန္ဓာတွေ ပြန်ဖြစ်သလားဆိုရင် (ခန္ဓာတွေ ပြန်ဖြစ်ပါတယ် ဘုရား)။
ဪ ဒီဘဝတုန်းက သူ မျက်လုံးပေါက်ဖွင့်လိုက်တုန်းကလည်း ဘာတွေဖြစ်ပါလိမ့် (ခန္ဓာဖြစ်ပါတယ် ဘုရား)၊ ခန္ဓာသံသရာတွေ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
သံသရာရှည်တယ်
မျက်စိမှိတ်ပြီး သေပွဲဝင်လိုက်တော့လည်း ဘာတွေများ သူရပါလိမ့် (ခန္ဓာသံသရာတွေ ရပါတယ် ဘုရား)၊ ဒါ သံသရာရှည်တယ်လို့ ဆိုတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ ဘာခေါ်ကြမယ် (သံသရာရှည်ပါတယ် ဘုရား)၊ ဒါဖြင့် ဒါ မျက်လုံးအပေါက်က ပွားထုတ်လိုက် တာ (မှန်ပါ့)။
မျက်လုံးပေါက်က (ပွားထုတ်လိုက်တာပါ ဘုရား)၊ ပစ္စုပ္ပန်ဘဝလည်းဖြစ်အောင် (မှန်ပါ့)၊ ပစ္စုပ္ပန်ဘဝထဲမှာ လည်း ဒီအနာဂတ်အကြောင်းသုံးခု ပေါ်လာအောင်၊ အနာဂတ်ဘဝမှာလည်း ဇာတိ၊ ဇရာ၊ မရဏပေါ်အောင် ပွား စည်းလာတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။
ဒါ အခုပြတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ အလယ်ကနေ စ,ပြတဲ့ ပဋိစ္စသမုပ္ပါဒ်ဖြစ်လေသောကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ်ဆက်ပုံကို ဒကာကြွယ်၊ ဒကာသစ်၊ ဦးမာဒင်တို့ ပြလိုက်ပါတယ် (မှန်ပါ့)၊ ဘယ်နှစ်ဘဝ ဆက်သွားသတုံး (နှစ်ဘဝ ဆက်သွားပါတယ်)၊ နှစ်ဘဝဆက်သွားတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါမျက်လုံးတစ်ပေါက်တည်းကနေပြီး သကာလ ခင်ဗျားတို့ ဒီဘဝမှာလည်း ဖြစ်တာတွေကလည်း ဒီဘက်တခြား (မှန်ပါ့)၊ ဟိုဘက်ဘဝ ဖြစ်ပေါ်လာတာတွေကလည်း (ဟိုဘက်တခြားပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာနဲ့ နေပြီး သကာလ ဒုက္ခသစ္စာပဲ ပြန်ရကြတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာနဲ့နေပြီးတော့ ဒုက္ခသစ္စာပဲ ပြန်ရကြပါတယ်၊ ဘယ်အပေါက်ကတုံးလို့ မေးတော့ မျက်လုံးပေါက်က (မှန်ပါ)၊ ဦးလှဘူး သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ဘယ်အပေါက်ကပါလိမ့် (မျက်လုံးပေါက်ကပါ ဘုရား)။
မျက်လုံးပေါက်သံသရာကနေပြီး သကာလ အနာဂတ်ခန္ဓာ သံသရာကြီးပေါ်လာတယ် (ပေါ်လာပါတယ်)၊ မပေါ် လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ မျက်လုံးပေါက်က ဒီသံသရာမလာလို့ရှိရင် ဒီသံသရာတော့ မဖြစ် ပါဘူး (မဖြစ်ပါ ဘုရား)၊ အနာဂတ်သံသရာဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
ပစ္စုပ္ပန်သံသရာ မရှိလို့ရှိရင်
ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးပေါက်က ပစ္စုပ္ပန်သံသရာ မရှိလို့ရှိရင် အနာဂတ်သံသရာမဖြစ်ဘူး (မဖြစ်ပါ ဘုရား)။
ပစ္စုပ္ပန်သံသရာမရှိရင် (အနာဂတ်သံသရာ မဖြစ်ပါ)၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ပစ္စုပ္ပန် သံသရာကို သူဖြတ်ခိုင်းပါတယ် (မှန်ပါ့ ဘုရား)။
ပစ္စုပ္ပန်သံသရာကို (အဖြတ်ခိုင်းပါတယ်)၊ ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီးက ပစ္စုပ္ပန်သံသရာကို အဖြတ် ခိုင်းပါလိမ့်မတုံး မေးတော့ ခင်ဗျားတို့ အနာဂတ်သံသရာချုပ်စေချင်လို့ (မှန်ပါ့ ဘုရား)။
ပစ္စုပ္ပန်သံသရာ အဖြတ်ခိုင်းတာ (အနာဂတ်သံသရာ ချုပ်စေချင်လို့ပါ)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ပစ္စုပ္ပန်သံသရာကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဖြတ်ခိုင်းတယ် (မှန်ပါ့)၊ မျက်လုံးပေါက်ကနေ ဟေ့-တဏှာ၊ ဥပါဒါန်၊ ကံ မလာစေနဲ့ကွ (မှန်ပါ့)၊ မဟောဘူးလား (ဟောပါတယ်)၊ မျက်လုံးပေါက် လုံကြပါစေ၊ ဣန္ဒြေစောင့်ကြပါကွ (မှန်ပါ့)၊ သေသေချာချာ ဟောရှာတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီး ပစ္စုပ္ပန်သံသရာထဲမှာ အဖြတ်ခိုင်းပါလိမ့်မတုံးဆိုတဲ့ ကိုယ်တော်မြတ်ကြီး ၏ စိတ်ထားကရုဏာတော်သွားကို သိပလားလို့ မေးလို့ရှိရင် ဒကာ ဒကာမတွေ သိကြပလား (သိပါပြီ ဘုရား)၊ အနာဂတ် ဒုက္ခသံသရာကြီး ဆက်လာမှာစိုးလို့ (မှန်ပါ့ ဘုရား)။
ဘယ်လိုပါလိမ့် (အနာဂတ် ဒုက္ခသံသရာကြီး ဆက်မှာစိုးလို့ပါ ဘုရား)။
အနာဂတ် ဒုက္ခသံသရာကြီး ဆက်လာမှာစိုးလို့ ဒကာကြွယ်ရေ့ (မှန်ပါ့)၊ အားလုံး ဒကာ ဒကာမတွေ ဉာဏ် ရောက်ပလား (ရောက်ပါပြီ ဘုရား)။
ဪ ဒါဖြင့် သံသရာနှစ်ခု ပွားစည်းတဲ့ သံသရာတစ်မျိုး (မှန်ပါ့)၊ ဒကာ ဒကာမတို့ မပွားစည်းတဲ့ သံသရာတစ်မျိုး (မှန်ပါ့)၊ ဒကာ ဒကာမတို့ မပွားစည်းတဲ့ သံသရာတစ်မျိုး (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ပွားစည်းမှုရပ်စဲတာ သံသရာပြတ်တယ်
ပွားစည်းမှုကို သံသရာခေါ်တာတစ်မျိုး (မှန်ပါ့)၊ ပွားစည်းမှု ရပ်စဲတာကို သံသရာပြတ်တယ်လို့ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။
ပွားစည်းမှု ရပ်စဲရင် (သံသရာပြတ်တယ်လို့ ခေါ်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒကာကြွယ် ဒီဥစ္စာက သူများဖြစ်စဉ် ပြောတာလား မိမိတို့၏ အားလုံးဆိုင်ရာတို့၏ မျက်လုံးဖွင့်မှုက သံသရာ ပေါ်တာ ပြောတာလား (အားလုံး ဆိုင်ရာတို့၏ မျက်လုံးဖွင့်မှုက သံသရာပေါ်တာ ပြောတာပါ ဘုရား)။
ဪ ဒါဖြင့် သံသရာကို ဒကာ ဒကာမတို့ သံသရာကြီးက နောက်ကလည်း ရှည်ခဲ့ပြီ၊ ရှေ့လည်း အရှည်ရှိသေးတယ်လို့ ခင်ဗျားတို့ ညည်းလုံးထုတ်မနေနဲ့ (မှန်ပါ့)၊ ပစ္စုပ္ပန်သံသရာ ဖြတ်လိုက်ရင် သံသရာပြတ်တယ် (ပြတ်ပါတယ် ဘုရား)။
ပစ္စုပ္ပန်သံသရာ ဖြတ်လိုက်ရင် (အနာဂတ်သံသရာ ပြတ်ပါတယ်)၊ အနာဂတ်သံသရာ ပြတ်တယ်ဆိုတာ ဦးလှဘူး ယုံပလား (ယုံပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အခုပြထားတဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် ဆက်ပြတဲ့ သံသရာကြီးကတော့ဖြင့် ပွားစည်းမှုသံသရာ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ပွားစည်းမှု သံသရာပါ)၊ ပွားစည်းမှု သံသရာလို့ မှတ်ကြပါနော် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အကြိုက်က အဆင်းကလေးမြင်တယ်ဆိုလို့ရှိရင်ဖြင့် ဒီအဆင်း ကလေး လှတာ,ပတာ မြင်တယ်ဆိုတဲ့စိတ် မြင်ပြီးရင် ဘယ်နည်းနဲ့မှ သူတို့မြင်တာတွင် မရပ်တော့ဘူး (မှန်ပါ့)၊ မြင် ရင် ခင်တာပဲ (မှန်ပါ့)၊ ခင်ရင် စွဲလမ်းတာပဲ (မှန်ပါ့)၊ စွဲလမ်းလို့ရှိရင်ဖြင့် ဒီနေရာ မရောက်ရောက်အောင် သွားကြည့် မယ် ဟုတ်လား (မှန်ပါ့)၊ ကိုယ့်သားသမီးဖြစ်လို့ရှိရင်လည်း မရောက်ရောက်အောင် စမ်းသပ်ကြည့်မယ်ဆိုတဲ့ ကာယကံ, ဝစီကံတွေက မလာဘူးလား (လာပါတယ်)၊ ဒါ ပွားစည်းမှုဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
အဲဒီတော့ ဒီပုဂ္ဂိုလ်တွေ စုတေမနေ သေလွန်တော့ ဒီကြားထဲမှာ စုတေစိတ်ကလေးကျပြီး သေလွန်တော့ “ကမ္မဘဝ ပစ္စယာဇာတိ” (မှန်ပါ့)၊ အင်း ဒီဘဝပွားလို့ ဟိုဘဝလည်း ဘာဖြစ်ရသလဲ (ဇာတိဖြစ်ပါတယ် ဘုရား)။
ဒီဘဝမှာ ပွားဖို့ အနာဂတ်မှာလည်း (ပွားရပါတယ် ဘုရား)၊ ဪ ဒီဘဝမှာ မပွားရင် အနာဂတ်လည်း မပွားပါဘူး (မှန်ပါ့ ဘုရား)။
ဒီဘဝ မပွားလို့ရှိရင် (အနာဂတ်လည်း မပွားပါ)၊ အနာဂတ်လည်း မပွားပါဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မာဂဏ္ဍီပရဗိုဇ်ဆိုတာ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာမှာ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကုရုတိုင်းမှာ သီတင်းသုံးပြီးနေတဲ့အခါမှာ ဦးရီးမာဂဏ္ဍီပုဏ္ဏားက ဘုရားသခင်ကိုယ်တော်မြတ်ကြီးဆီမှာ တရားဓမ္မ တွေနာလို့ တရားဓမ္မတွေ အားထုတ်တဲ့အတွက် ရဟန္တာဖြစ်သွားတယ် (မှန်ပါ့ ဘုရား)၊ သူ့တူ မာဂဏ္ဍီပရဗိုဇ်ဆိုတာက သူတို့ မာဂဏ္ဍီမျိုးဖြစ်သောကြောင့် သူကလည်း မာဂဏ္ဍီပဲ (မှန်ပါ့ ဘုရား)။
အဲဒီမာဂဏ္ဍီပရဗိုဇ်ကို သူ့စိတ်ထဲမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါ၏သာဝကဖြစ်တယ်၊ ကျွတ်တမ်း ဝင်ရအောင် သူ့အတွက်ဖြင့် ကြိုးစားဦးမှာပဲဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ငါသည်တဲ့ ဒီဂန္ဓ ကုဋိကျောင်းတော်ကြီးမှာ နေလို့မတော်ဘူး (မှန်ပါ့)၊ သူတစ်ပါးအတွက် ငါဘုရားဖြစ်လာတာ (မှန်ပါ)၊ ကိုယ့်အတွက် ကတော့ သုမေဓာ ရသေ့လက်ထက်ကတည်းက နိဗ္ဗာန်ရတယ် (မှန်ပါ့)၊ ပါရမီဆယ်ပါး အပြားသုံးဆယ်ကတော့ သူတစ်ပါးအတွက် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သူတစ်ပါးအတွက်ဆိုတာကတော့ ဒကာ ဒကာမတို့ ဂုဏ်နဲ့ပြပြီး ချွတ်ချင်တာ (မှန်ပါ့)၊ တန်ခိုးနဲ့ပြပြီးတော့ (ချွတ်ချင်ပါတယ် ဘုရား)။
သူ့အတွက် နိဗ္ဗာန်ကို သူရိုးရိုးနဲ့ ယူမယ်ဆိုလို့ရှိရင်ဖြင့် သုမေဓာရသေ့အဖြစ်က ရတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ပါရမီဆယ်ပါး အပြားသုံးဆယ်ဟာ သူ့အတွက်လား သူတစ်ပါးအတွက်လား (သူတစ်ပါးအတွက်ပါ)၊ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဪ ခင်ဗျားတို့က နဂိုက သိထားတဲ့ဥစ္စာက ပါရမီဆယ်ပါး အပြားသုံးဆယ်ဆိုတဲ့ ဥစ္စာသည်ကားလို့ ဆိုလို့ရှိရင် ဘုရားတို့၏ ကျင့်စဉ်ထုံးတမ်းဆိုတော့ ဟုတ်တော့ဟုတ်ပါတယ် (မှန်ပါ့)၊ သို့သော် သူ့အတွက်လား၊ သူတစ်ပါး ချွတ်ချင်လို့ ဒီဂုဏ်တွေ ယူရတာလား (သူတစ်ပါးချွတ်ချင်လို့ ဒီဂုဏ်တွေ ယူရတာပါဘုရား)။
သူတစ်ပါးချွတ်ချင်တော့ အတုမရှိဆိုပြီး သကာလ အတုမရှိတဲ့ အကျိုးပေးတွေနဲ့ သူတစ်ပါးပြပြီး ချွတ်ချင်လို့ (မှန်ပါ့ ဘုရား)၊ ဒီပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါးတွေ လုပ်ရပါတယ် (မှန်ပါ့)၊ ဒါ အဋ္ဌကထာ မှာလည်း ဒီအတိုင်းဖွင့်တာပဲနော် (မှန်ပါ့)။
အခု ဘုရားသခင်ကိုယ်တော်မြတ်ကြီး စိတ်ကူးတာ ကြည့်တော့ (မှန်ပါ့)၊ သူ့ဦးရီး မာဂဏ္ဍီပုဏ္ဏားကြီးကို ငါ ရဟန္တာဖြစ်အောင် ချွတ်ပြီးပြီ တဲ့ (မှန်ပါ့)၊ သူ့တူ မာဂဏ္ဍီပရဗိုဇ်ကို ချွတ်ဖို့အရေး ငါ့မှာ ကျန်သေးတယ် တဲ့ (မှန်ပါ့)။
အဲဒါကြောင့်တဲ့ ငါသည်ကားလို့ဆိုရင်ဖြင့် ဒီဂန္ဓကုဋိတိုက်မှာ နေလို့ မတော်ဘူး ၊ တောထဲမှာ ဘာရဒွါဇ ပုဏ္ဏားဆိုတာရှိတယ် (မှန်ပါ့)၊ အဲဒီပုဏ္ဏားဟာလည်း သူမီးဖိုပြီး သကာလ မီးရှူး, မီးပူဇော်တဲ့ ပုဏ္ဏားဖြစ်တယ်၊ ဗြဟ္မာ ပူဇော်တာပေါ့ဗျာ ပုဏ္ဏားတို့ထုံးစံ (မှန်ပါ့)၊ အဲဒီတဲနားမှာ သွားပြီး သကာလ ငါမြက်အခင်းပေါ် နှစ်ရက်, သုံးရက် နေရမယ်တဲ့ (မှန်ပါ့)၊ တူဖြစ်တဲ့ ဒုတိယမာဂဏ္ဍီကို ချွတ်ချင်လို့ (မှန်ပါ့)။
ဒုတိယမာဂဏ္ဍီကို ချွတ်ချင်လို့
တူ,ဖြစ်တဲ့ (ဒုတိယမာဂဏ္ဍီကို ချွတ်ချင်လို့ပါ ဘုရား)၊ အဲဒီတော့ သူစိတ်ကူးလိုက်တယ်၊ ဪ ငါဘုရား ဖြစ်လာတာ ငါ့အကျိုးငါဆိုရင် သုမေဓာရသေ့လက်ထက်က ပြီးခဲ့တယ်၊ နိဗ္ဗာန်ရနိုင်တယ်၊ သူတစ်ပါးအကျိုးငှာ ပါရမီ ဆယ်ပါး အပြားသုံးဆယ်တွေ ကျင့်လာခဲ့တာ အခုဒုတိယတူ မာဂဏ္ဍီအတွက် ချွတ်စရာကျန်သေးတယ် (မှန်ပါ့)၊ အဲဒီတော့ ငါ နတ်ဘုံ,နတ်နန်းနဲ့တူတဲ့ ဂန္ဓကုဋိတိုက်ထဲမှာနေလို့ မတော်ဘူးဆိုပြီး ဘာရဒွါဇပုဏ္ဏား၏ မီးတင်းကုပ် အနားမှာရှိတဲ့ မြက်အခင်းကလေးပေါ် နှစ်ရက်, သုံးရက် သွားသွားထိုင်တယ် (မှန်ပါ့)။
ထိုင်ချင်လို့ ထိုင်တာလား၊ သူတစ်ပါးအကျိုးငှာ ထိုင်တာလား (သူတစ်ပါးအကျိုးငှာ ထိုင်ပါတယ် ဘုရား)။
နဂိုရည်ရွယ်ချက် သူ့စိတ်ထားလည်း ခင်ဗျားတို့ သိပါပြီ (သိပါပြီ ဘုရား)၊ ပါရမီဆယ်ပါး အပြားသုံးဆယ်ဟာ သူတစ်ပါးအတွက်လား (သူတစ်ပါးအတွက်ပါ ဘုရား)။
အေး ဒါကြောင့် ခင်ဗျားတို့ ဘုရားဆုပန်ရင်တော့ ဒါတွေလုပ်ရမှာပဲ (မှန်ပါ့)၊ သူတစ်ပါးအတွက်ကိစ္စတွေ (လုပ်ရမှာပါ ဘုရား)၊ ဘုရားဆုမပန်တော့ပါဘူး၊ ကိုယ်ရတဲ့နိဗ္ဗာန် ကိုယ်ယူပါတော့မယ်ဆိုရင်လည်း ဒီပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး၊ ကိုယ့်အတွက် မလိုဘူးမှတ် (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဒါတွေလည်း ရှုပ်မှာစိုးလို့ ရှင်းပေးနေရတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒီဒုတိယ မာဂဏ္ဍီပရဗိုဇ်က ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘာရဒွါဇပုဏ္ဏား၏ မီးတင်း ကုပ်နားမှာ မြက်အခင်းကလေးပေါ် သွားထိုင်တော့ ဘာရဒွါဇပုဏ္ဏား တဲရှင်ပုဏ္ဏားကလည်း ဪ ဂန္ဓကုဋိ ကျောင်းတော်ကြီး စွန့်ပြီး သကာလ မြက်အခင်းကလေးထဲ လာထိုင်တယ်၊ ငါ ကောင်းကောင်းမွန်မွန် ခင်းထားမှပဲ တော်မယ်ဆိုပြီး သူကလည်း မြက်အခင်းကလေး ခင်းထားတယ် (မှန်ပါ့ ဘုရား)၊ ပြုပြင်ပြီးတော့ ညီညီညွတ်ညွတ်ရှိတဲ့ မြက်အခင်းကလေး ခင်းထားလိုက်တယ် (မှန်ပါ့ ဘုရား)။
တစ်နေ့သ၌ကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကြည့်လိုက်တယ်၊ ဪ မာဂဏ္ဍီဟာ နက်ဖြန် ဆိုရင် သူသည် မြက်အခင်းကလေးနဲ့ပတ်သက်ပြီး စကားပြောလိမ့်မယ်၊ သူလာတော့မှာပဲဆိုတာလည်း ဘုရားက မြင်ပြီးသား (မှန်ပါ့)။
ဒါနဲ့ ဘုရားက နှစ်ရက်, သုံးရက် ထိုင်ပြီး သကာလ နေမတော့ ခြေရာလည်းမထင်ဘူး (မှန်ပါ့)၊ လက်ရာလည်း မထင်ဘူး (မှန်ပါ့)၊ ထိုင်တဲ့တင်ပါးရာတွေလည်း မထင်ဘူး (မှန်ပါ့ ဘုရား)၊ ဘာ့ကြောင့်မထင်သတုံးလို့ မေးတဲ့အခါ ကျတော့ ဒကာ ဒကာမတို့ ခြေတော်ရာထင်တယ်ဆိုတာ အဓိဋ္ဌာန်ချရတယ် (မှန်ပါ့)၊ အဓိဋ္ဌာန်ချလို့ရှိရင် ဒီမြက်အခင်း ပေါ်မှာ ခြေတော်ရာချည့် ရှုပ်နေမှာပေါ့ (မှန်ပါ့)၊ အဲဒီမှာ လူတွေ, ဘာတွေ နင်းလိုက်လို့ရှိရင် စေတီကို ဖျက်ဆီးရာ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါ့ကြောင့် ထင်စေချင်မှ ထင်တယ်ဆိုတာကိုလည်း ဒကာကြွယ် မှတ်ရမယ် (မှန်ပါ့)၊ ထင်စေချင်မှထင်တယ် မထင်စေချင်ရင် (မထင်ပါ ဘုရား)။
ဒါနဲ့ ကိုယ်တော်မြတ်ကြီးက နှစ်ရက်, သုံးရက်ထိုင်ပြီး သကာလ နေတော့ ဘာရဒွါဇပုဏ္ဏားကလည်း အင်း သာကီဝင်မင်းမျိုးက ဘုရားဖြစ်လာတဲ့ဥစ္စာ ငါ ကောင်းကောင်းမွန်မွန် ပြုစုမှပဲဆိုပြီး မြက်အခင်းကလေး ထား တယ် (မှန်ပါ့)။
တစ်နေ့သ၌ကျတော့ ခုနင်က တူဖြစ်တဲ့ မာဂဏ္ဍီပရဗိုဇ်က ဒကာသစ်ရေ စကြႍလျှောက်ရင်း ဒီနေရာရောက် လာတယ် (မှန်ပါ့ ဘုရား)၊ ဒီတောထဲရောက်ပြီး သကာလ လာတော့ သူနဲ့လည်း ဘာရဒွါဇပုဏ္ဏားနဲ့ မိတ်ဆွေဖြစ်တာနဲ့ ဒီတဲဝင်လိုက်တဲ့အခါ ဒီမြက်အခင်းကလေး မြင်တယ် (မှန်ပါ့)။
ဘာရဒွါဇ ဒီမြက်အခင်းကလေးဟာ တော်တော် သန့်သန့်ရှင်းရှင်းလည်း လုပ်ထားတယ်၊ ရဟန်းများ နေတဲ့နေရာနဲ့ တူပါတယ်ဆိုပြီး သူက အကဲခတ်လိုက်တယ် (မှန်ပါ့)။
ဟာ မင်းမသိဘူးလားကွာ၊ ဂေါတမဘုရားဆိုတာ သာကီဝင်မင်းမျိုးထဲကမှ ရဟန်းဖြစ်ပြီး သကာလ ဘုရား အဖြစ်သို့ ရောက်လာတာ၊ လူ့ပြည်, နတ်, ဗြဟ္မာ့ပြည်မှာ အင်မတန် ကျော်စောနေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နေတဲ့ နေရာကွ၊ ဒါ့ကြောင့် ငါက ရှင်းလင်းပြီးထားရတယ်၊ သူက ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။
မမြင်ချင်တဲ့နေရာ မြင်ရလေခြင်း
သူက ပြောလိုက်တဲ့အခါကျတော့ ဟိုပရဗိုဇ်က မိစ္ဆာဒိဋ္ဌိကိုးဗျ (မှန်ပါ့ ဘုရား)၊ ပရဗိုဇ်ပုဏ္ဏားက မိစ္ဆာဒိဋ္ဌိဖြစ် နေတော့ ဪ ယနေ့တော့ဖြင့် ကံမကောင်း အကြောင်းမသင့်တော့ဘူး၊ မမြင်ချင်တဲ့နေရာ မြင်ရလေခြင်း (မှန်လှပါ)၊ သူသည် ဘုရားထိုင်နေတဲ့နေရာကို သူမကြည့်နိုင်ဘူး (မှန်ပါ့)။
ဟိုကလည်း ဂေါတမ လာလာပြီး သီတင်းသုံးတဲ့နေရာလို့ ဘာရဒွါဇက ပြောတာကိုး (မှန်ပါ့)။
မာဂဏ္ဍီက ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးမာဒင်တို့ ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)၊ မကျေနပ်ဘူး တဲ့ သူမမြင်ချင်တဲ့နေရာကြီး မြင်ရတဲ့အတွက် သူ့မှာ မကောင်းသဖြင့် မြင်ရတာပဲ တဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘုရားနေရာ, ထိုင်ရာ ပရိဘောဂစေတီထိုက်တဲ့ နေရာတောင်မှ သူ့စိတ်ထဲမှာ မကျေနပ် နိုင်ဘူး၊ အဲဒါဟာ ကျွတ်တမ်းဝင်မည့်ဘဝ (မှန်ပါ့)၊ ကျွတ်တမ်းဝင်မည့်ဘဝတောင်မှ ဒကာ ဒကာမတို့ သိပ်ဆိုးဝါးပါ ကလား (ဆိုးဝါးပါတယ် ဘုရား)။
ဒီတော့ ဘာရဒွါဇပုဏ္ဏားကို မေးတယ်၊ မာဂဏ္ဍီက ဒါ ရဟန်းများနေတဲ့နေရာနဲ့ တူတယ် တဲ့ (မှန်ပါ့)၊ ဟုတ်ပါတယ်ကွ တဲ့၊ ဂေါတမဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ သာကီဝင်မင်းမျိုးက ရဟန်းဖြစ်ပြီး ရဟန်းကမှ ဘုရားအဖြစ်သို့ ရောက်လာပြီး ဒီမှာလာပြီး သီတင်းသုံးတာကွ၊ ဒါ့ကြောင့် ငါက ကောင်းကောင်းမွန်မွန် ပြင်ထားတာ ဆိုတော့ သူက မကောင်းသဖြင့် မြင်ရလေခြင်း ဘာရဒွါဇရာ၊ ကျုပ်လာမိတာ မှားတယ်ပေါ့လေ (မှန်ပါ့ ဘုရား)။
မဟုတ်ပါဘူး၊ မင်းစကားလည်း စည်းစောင့်ပြီး စကားပြောစမ်းပါတဲ့ ဘာရဒွါဇက၊ အရမ်းစကားတွေ မပြော စမ်းပါနဲ့တဲ့ (မှန်ပါ့ ဘုရား)။
သူက ပြောလိုက်တယ်၊ မဟုတ်ဘူးတဲ့ ကျုပ်မပြောဘဲ မနေနိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘာတဲ့တုံး (မပြောဘဲ မနေနိုင်ပါဘူးတဲ့ ဘုရား)၊ မပြောဘဲ မနေနိုင်ပါဘူးတဲ့ (မှန်ပါ့)၊ ပြောရလိမ့် မယ်တဲ့ ဒီပုဂ္ဂိုလ်ဟာ အတော်ဆိုးတဲ့ပုဂ္ဂိုလ်တဲ့ (မှန်ပါ့)။
ကြည့်စမ်းပါဦး ဒကာ ဒကာမတို့ ဘုရားကို အတော်ဆိုးတဲ့ ပုဂ္ဂိုလ်တဲ့ (မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့ ဆိုးတာတုံးလို့ ဘာရဒွါဇက မေးတဲ့အခါ သူဟာတဲ့ ပွားစည်းခြင်းကို ဖြတ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ ကျုပ်က မကြည်ညိုနိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ပွားစည်းခြင်းဆိုတာ
ပွားစည်းခြင်းဆိုတာက ခုနင်က ဒီဘက်က ဒီဘက် ကူးသွားတော့ ဒါဘာတုံး (ပွားစည်းတာပါ)၊ ပစ္စုပ္ပန်ဘဝ က အနာဂတ်ဘဝကူးရင် (ပွားစည်းတာပါ ဘုရား)။
အဲဒီ ပွားစည်းခြင်းဖြတ်လို့ သူက မကျေနပ်ဘူးတဲ့ (မှန်ပါ့)၊ အံမာလေး ဒကာ ဒကာမတွေ ဒါသာ အကဲခတ်တော့ (မှန်ပါ့ ဘုရား)။
ကဲ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ)၊ ဒီဘဝကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်တောင် ပွားစည်းခြင်းဖြတ်လို့ မကြိုက်ဘူးတဲ့ (မှန်ပါ့)၊ ဒါ့ကြောင့် ဒီကိုယ်တော် ဒီရဟန်းထိုင်တဲ့နေရာ သူကြည့်ရတာ မကောင်းသောမြင်ခြင်းပဲတဲ့ (မှန်ပါ့ ဘုရား)။
ဘာ့ကြောင့်တုံး မေးတဲ့အခါကျတော့ ပွားစည်းခြင်းဖြတ်တဲ့ ပုဂ္ဂိုလ်တဲ့၊ အဲဒီတော့ ပွားစည်းခြင်းဖြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့ ကျုပ်တို့က မကြည်ညိုနိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
မဟုတ်ပါဘူးကွာ တဲ့၊ မာဂဏ္ဍီပရဗိုဇ်ကို သေသေချာချာ ပြောတယ်၊ ဒီပုဂ္ဂိုလ်ဟာ သာမညပုဂ္ဂိုလ် မဟုတ် ဘူး၊ မင်း စည်းစောင့်ပြီး စကားပြောစမ်းပါတဲ့ (မှန်ပါ့)၊ လူနတ်ဦးခိုက် ပူဇော်ထိုက်လို့ပဲ ရဟန်းပညာရှိ, ပုဏ္ဏားပညာရှိ, ဒီပညာရှိတွေဟာ အကုန် သူ့ဆီမှာ ဒူးတုပ်ဝပ်ချပြီး ကျွတ်တမ်းဝင်သွားကြတာတွေ မင်းအမြင်သားပဲတဲ့ (မှန်ပါ့ ဘုရား)။
အို ကျုပ်တို့စာက ပွားစည်းခြင်းဖြတ်တဲ့ ပုဂ္ဂိုလ်လို့ ဆိုထားတယ် (မှန်ပါ့)၊ စာကိုက ဒီအတိုင်းရေးထား တယ် (မှန်ပါ့)၊ သူက စာနဲ့ကိုင်တယ် (မှန်ပါ့ ဘုရား)။
ပွားစည်းခြင်း ဖျက်ဆီးတဲ့ပုဂ္ဂိုလ်မို့ မကြည်ညိုထိုက်ဘူးတဲ့ (မှန်ပါ့)၊ သူတို့စာက ဒီအတိုင်းလာပါတယ်တဲ့၊ ယုတ်စွအဆုံးဗျာ ဘာရဒွါဇပြောနေတဲ့ ဂေါတမနဲ့ အခုတွေ့ရင် အခု ဒီအတိုင်းပြောချင်သေးတယ် (မှန်ပါ့)၊ အံမာ လေး ကြောက်စရာလူပါကလား ဒကာ ဒကာမတို့ (မှန်ပါ့)၊ အတော်ဆိုးဝါးတယ်ဆိုတာ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကြည့်စမ်း ဦးမာဒင် ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ ခက်နေတယ် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားမလည်ဘူး၊ ဒီဘက်ကဟာတွေကလည်း ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ)၊ ဒီဘက် ပွားလာတာကကော (ဒုက္ခသစ္စာပါ)၊ သစ္စာမသိလို့ သူ့ခမျာ ပြောချင်တာ ပြောနေတာ (မှန်ပါ့ ဘုရား)။
သစ္စာမသိတာနဲ့ (ပြောချင်တာ ပြောနေတာပါဘုရား)၊ ဒကာကြွယ် ဒါကြောင့် သစ္စာသိအောင် လုပ်စမ်းပါ ဆိုတဲ့ဥစ္စာများ ဒကာသစ်တို့ ဦးမာဒင်တို့ ပြောထိုက်-မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
သစ္စာမသိတော့ ကြည့်စမ်း၊ ပွားစည်းတာ ဒုက္ခပွားတဲ့ဥစ္စာ သူကကြိုက်နေတယ် (မှန်ပါ့)၊ ဒုက္ခမပွားရရင် သူ့စိတ်ထဲ ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)။
ပွားစည်းခြင်းဖြတ် တဲ့ပုဂ္ဂိုလ်မို့
ဒါဖြင့် ဂေါတမဘုရား နေတာ ထိုင်တာ သူမကြည့်ချင်တာက တခြားကြောင့် မဟုတ်ဘူး၊ ပွားစည်းခြင်းဖြတ် တဲ့ပုဂ္ဂိုလ်မို့ ကျုပ်တို့က မကျေနပ်တာ (မှန်ပါ့ ဘုရား)။
အံမာလေး ကြောက်စရာကြီးပါလား ဒကာကြွယ်ရ (ကြောက်စရာကြီးပါ)၊ ဘယ့်နှယ်ကြောင့် သူမကြည်ညို နိုင်တာတုံး (ပွားစည်းခြင်းဖြတ်တဲ့ ပုဂ္ဂိုလ်မို့တဲ့ (မှန်ပါ့ ဘုရား)။
ကဲ ဒကာသစ်တို့ ကျုပ်တို့ ခင်ဗျားတို့လည်း သစ္စာမသိရင် ပွားစည်းခြင်း ကြိုက်နေမှာပဲ (မှန်ပါ့)၊ မကြိုက် ပေဘူးလား (ကြိုက်ပါတယ် ဘုရား)။
ကြိုက်လို့ပဲ ခင်ဗျားတို့ ပွားစည်းခြင်းကြိုက်တာ ဘုန်းကြီးရှင်းပြမယ် (မှန်ပါ့)၊ ဪ ဒီဘဝက စုတေမနေ သေလွန်ရလို့ရှိရင် နတ်ပြည်, လူ့ပြည် အကြိမ်ကြိမ်စံစား၍ ဆိုတော့ ဒုက္ခတွေပွားတာ ခင်ဗျားတို့ကြိုက်နေတယ် (မှန် ပါ့)၊ ခင်ဗျားတို့ ကိုယ်တိုင်ပါ (မှန်ပါ့ ဘုရား)။
ဒီမာဂဏ္ဍီပရဗိုဇ်က အခု ဘောက်ပြောနေတယ်သာထင်တာ ကိုယ်လည်း ဘောက်ထဲက (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် ဆရာကောင်း သမားကောင်းမတွေ့လို့ သစ္စာမသိသေးရင် ကိုယ်လည်း မာဂဏ္ဍီမျိုးဗျ (မှန်ပါ့)၊ ပွားစည်းခြင်းကို (ကြိုက်ပါတယ် ဘုရား)။
ကြိုက်တယ်ခင်ဗျားတို့ (မှန်ပါ့)၊ မြေးကလေးထွန်းလာတယ် (ကြိုက်ပါတယ်)၊ ပွားစည်းလာတာကိုး (မှန်ပါ့)၊ မြစ်ကလေးထွန်းကားလာလည်း (ကြိုက်ပါတယ် ဘုရား)။
ဒါ ခင်ဗျားတို့က အလကားပြောနေတာတဲ့၊ ခင်ဗျားတို့ကိုယ်တိုင် မာဂဏ္ဍီမျိုးဖြစ်နေတယ် (မှန်ပါ့)၊ ပွားစည်းခြင်း ကို (ကြိုက်ပါတယ်)၊ ကြိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘာတွေပွားစည်းတာ ကြိုက်နေတာတုံးလို့ သေသေချာချာမေးတော့မှ ဒုက္ခပွားတာ ကြိုက်တာ (မှန်ပါ့ ဘုရား)။
ဒါက သစ္စာသိပြီးသားလူမို့ နားထောင်လို့ရတာပါ (မှန်ပါ့)၊ သစ္စာမသိသေးတဲ့ပုဂ္ဂိုလ် ဒကာသစ်၊ ဦးမာဒင် တို့ဆိုရင် နည်းနည်းမှ မကြိုက်ပါဘူး (မကြိုက်ပါ)၊ တစ်ယောက်က နှစ်ယောက် ထွန်းကားလာရင် ထွန်းကားလာတယ် လို့ ပြောတာဗျ (မှန်ပါ့)၊ မကြိုက်လို့ပြောတာလား အညွှန့်တင်ပြောတာလား (အညွှန့်တင်ပြောတာပါ ဘုရား)။
ပွားစည်းခြင်းကြိုက်လို့
ထွန်းကားလာပြန်ပြီ-သတင်းစာထဲများ ကြော်ငြာလိုက်တာဟင် (မှန်ပါ့)၊ အင်း အခု သတင်းစာကြော်ငြာ ပုံတွေကသာ ဆိုးသေးတယ် (မှန်ပါ့)၊ မင်္ဂလာဦးတွေ ဘာတွေနဲ့ အမျိုးမျိုးအဖုံဖုံဟင် (မှန်ပါ့)၊ ရတနာကလေးတစ်ယောက် ထွန်းကားလာတဲ့ အဓိပ္ပာယ်မျိုး (မှန်ပါ့)၊ ဒါတွေ ဘာထင်ကြသလဲ (ပွားစည်းခြင်းကြိုက်လို့ပါ)၊ ပွားစည်းခြင်းကြိုက်တယ် မာဂဏ္ဍီမျိုးတွေ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ်၊ ကဲ ဘယ့်နှယ်တုံးဗျာ၊ မတော် ဆွေဆက်မျိုးဆက်များ ပြတ်သွားလို့ရှိရင် ခက်ချည်ရဲ့ဆိုတာ တွေ ဘာကြိုက်တာတုံး (ပွားစည်းခြင်းကြိုက်တာပါ)၊ အံမာလေး- ခက်ကောင်းခက်ရချည်ရဲ့ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်ရေ ခင်ဗျားတို့ ကျုပ်တို့ဟာ အခုဒီဟာမျိုးကို အခု ဒီမာမဏ္ဍီပြောတော့ ဪ ကျွတ်တမ်း ဝင်မည့် ဘဝတောင် ကြည့်စမ်းပါဦး ၊ ပွားစည်းခြင်းဖြတ်တဲ့ပုဂ္ဂိုလ်၏ နေရာထိုင်ခင်း သူမကြည့်နိုင်ဘူးတဲ့ (မှန် ပါ့)၊ တွေ့များတွေ့လို့ရှိရင်ဖြင့် သူ သေသေချာချာ မျက်နှာကို လက်ညှိုးထိုးပြောချင်သေးတဲ့ အဓိပ္ပာယ် (မှန်ပါ့ ဘုရား)။
အရှင်ဘုရားဟာ ပွားစည်းခြင်းဖြတ်တဲ့ပုဂ္ဂိုလ် ဘာမှအသုံးမကျဘူး၊ ကျုပ်တို့စာက ပွားစည်းရမယ်လို့သာ လာထားတယ် (မှန်ပါ့ ဘုရား)။
ဟိုက ခုနင်ကပြောခဲ့တဲ့ သံသရာ လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ် စံစားတဲ့ အသွားကြိုက်နေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲ ဒကာကြွယ်တို့ လူစု, ဒကာသစ်တို့, ဦးမာဒင်တို့ လူစုတွေ နဂိုက ဒီတရားထူး တရားမြတ်ကို သစ္စာ တရားနဲ့ပတ်သက်တဲ့ ပဋိစ္စသမုပ္ပါဒ်ဖြတ်ခန်းကို မနာရရင် ခင်ဗျားတို့ဟာ ဘယ်အထဲကတုံးမေးရင် မာဂဏ္ဍီထဲက (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (မာဂဏ္ဍီထဲကပါ ဘုရား)၊ မာဂဏ္ဍီမျိုးက ဘာကြိုက်သတုံး (ပွားစည်းတာကြိုက်ပါတယ် ဘုရား)။
ဒုက္ခပွားတာ ကြိုက်နေပါတယ်
ဒီဘဝ စုတေမနေ သေလွန်ရလို့ရှိရင် နောက်ဘဝ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ စံစားရပါလို၏ ဆိုတာ ဦးမာဒင်ပဲ စဉ်းစားကြည့်၊ ဘာကြိုက်တာတုံး (ပွားစည်းရေးကြိုက်တာပါ ဘုရား)။
ကဲ သစ္စာသိပြီးသားဉာဏ်နဲ့ တွေးလိုက်တော့ ဒုက္ခပွားတာကြိုက်တယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဒုက္ခပွားတာ ကြိုက်နေပါတယ် ဘုရား)၊ အဲ သစ္စဉာဏ်ကလေးရလို့ ဒီအသံထွက်တာ ကိုးဗျ (မှန်ပါ့ ဘုရား)၊ နို့မဟုတ်ရင် ထွက်ပါ့မလား (မထွက်ပါ ဘုရား)။
အင်း သားညွန့်ကလေးကလည်း တလူလူ၊ မြေးညွန့်ကလေးကလည်း တလူလူနဲ့ ခင်ဗျားတို့က အရိပ်ကလေး ကြည့်ကာကြည့်ကာနဲ့ ဟုတ်ကိုမဟုတ်ဘူး (မှန်ပါ့)၊ ဘာကြိုက်နေသလဲ (ပွားစည်းတာကြိုက်နေပါတယ် ဘုရား)။
ဒကာကြွယ်ရေ မျက်ခြေပြတ်ခံနိုင်ရဲ့လား (မခံနိုင်ပါ ဘုရား)၊ ဒါလောက်အကြိုက်သန်တယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အပြီးသတ်တော့ ကိုယ့်ဒုက္ခဘက် ကိုယ်ပွားစည်းလေလေ ဒုက္ခတွေ ခြံရံလေလေ (မှန်ပါ့)၊ မျက်ရည်ကျစရာ (များလေလေပါ ဘုရား)၊ သောကပရိဒေဝဖြစ်စရာ (များလေလေပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က ဘာဖြစ်နေတာတုံး (ကြိုက်နေပါတယ် ဘုရား)၊ ဟာ ဒကာသစ်တို့အမျိုးက ဘာမျိုး ပါလိမ့် (မာဂဏ္ဍီမျိုးပါ ဘုရား)၊ ပေါ်ပြီ-ပေါ်ပြီ၊ ခုမှပေါ်လာပြီ၊ ဒကာကြွယ် ဘာမျိုးတုံဗျ (မာဂဏ္ဍီမျိုးပါ ဘုရား)။
မာဂဏ္ဍီတိတ္ထိမျိုး ဖြစ်နေတယ်
အဲ ဒါမှ နေရာကျတယ်၊ ဒီဘဝ ခင်ဗျားတို့ ဗုဒ္ဓဘာသာထင်နေတာ၊ မာဂဏ္ဍီတိတ္ထိမျိုး ဖြစ်နေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မာဂဏ္ဍီတိတ္ထိမျိုးဖြစ်နေတယ်ဆိုတာကော ခင်ဗျား သေသေချာချာ မှန်နေပါပြီ (မှန်ပါတယ် ဘုရား)။
ဒါနဲ့ ခုနင်က ဘာရဒွါဇပုဏ္ဏားက ပြောတယ်၊ မင်းပြောတဲ့စကားဟာ အလွန်ချည့်ပဲ (မှန်ပါ့)၊ ပွားစည်းခြင်းကို ဖြတ်ခြင်းကြောင့် ကျုပ်ဖြင့် ဒီနေရာကြည့်ရတာကို မကောင်းသဖြင့် မြင်ရတာပဲ သူထိုင်တဲ့နေရာကြည့်ရတာ (မှန်ပါ့)။
သူနဲ့များ အခုနေတွေ့မယ်ဆို ကျုပ်က မျက်နှာလက်ညှိုးထိုးပြီး သကာလ ပွားစည်းခြင်းဖြတ်တဲ့ ကိုယ်တော်ကြီး လို့ ကျုပ်က တိုက်ရိုက်ပြောလိုက်ချင်တယ် တဲ့ (မှန်ပါ့ ဘုရား)။
မဟုတ်ဘူးကွတဲ့ ဘာရဒွါဇပုဏ္ဏားကလည်း မင်းစကား မလွန်စေနဲ့နော် (မှန်ပါ့)၊ သူဟာ လူ, နတ် ဦးခိုက် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကွ ၊ လောကကြီးထဲမှာ လူထူးကွတဲ့ (မှန်ပါ့)။
ဟာ တွေ့သာတွေ့ပစေ ပြောရတယ် (မှန်ပါ့)၊ မလျှော့ဘူးထဲကပဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဖြစ်နေတာတုံး ဒကာကြွယ်ရေ (ပွားစည်းခြင်း ကြိုက်လို့ပါ)၊ ပွားစည်းခြင်းကြိုက်တယ် (မှန်ပါ့)။
ဒကာကြွယ်တို့က ဘယ်ဘက်က မဲထည့်မယ်ထင်သတုံး၊ သစ္စာတရားသာ မနာရရင် မာဂဏ္ဍီဘက်က ထည့်ပါ လိမ့်မယ် (မှန်ပါ့ ဘုရား)၊ ဘုရားဘက်က ထည့်ပါ့မလား (မထည့်ပါ ဘုရား)၊ ဘယ်နည်းနဲ့မှ မကြိုက်ဘူးဗျ (မှန်ပါ့ ဘုရား)။
ဟာ သားညွန့်, သမီးညွန့်, မြေးညွန့်ဆိုတာကလေးတွေက ဒီလိုဆုများပေးလိုက်မယ်ဆိုရင် ခင်ဗျားတို့က ပြုံးများလာတယ် (မှန်လှပါ)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဘာကြိုက်လို့တုံး (ပွားစည်းခြင်းကြိုက်လို့ပါ ဘုရား)။
အင်း ခက်ပကော ၊ အခုပြထားတော့ အကြောင်း သမုဒယ၊ ဒီဘက်ကလည်း ခန္ဓာတွေက ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ)၊ ဒီဘက်ပွားစည်းတဲ့ ခန္ဓာကကော (ဒုက္ခသစ္စာပါ)၊ အဲဒါကို ဒကာကြွယ်တို့က ပြုံးပြီး လက်ခံတယ် (မှန်ပါ့)။
သားညွန့်ကနေ မြေးညွန့်၊ မြေးညွန့်ကနေ မြစ်ညွန့်ကျအောင် ဒီအဘိုးကြီး အဘွားကြီးတွေနဲ့ တွေ့ဆုံပြီး သကာလ နေကြရမည့် ကံဇာတာပဲ လို့ တစ်ယောက်ကနေပြီး မြှောက်များပြောလိုက်မယ်ဆိုရင်ဖြင့် ဒကာကြွယ်ရေ ခပ်ပြုံး ပြုံးပဲ (မှန်ပါ့)၊ ငါးကျပ်ထည့်မည့်နေရာ တစ်ဆယ်ပေါ့ဗျာ (မှန်ပါ့)၊ မထည့်ရပေဘူးလား (ထည့်ပါတယ် ဘုရား)။
အင်း ငါးကျပ်ထည့်မည့်နေရာ တစ်ဆယ်၊ ဒါလောက်ထိအောင် ပွားစည်းခြင်းကို မြှောက်သံကြားလိုက်တာနဲ့ ကို တဏှာက လှမ်းကြိုက်ပစ်လိုက်တယ် (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာသစ်တို့ပဲ စဉ်းစားပါ ခဏနားကြဦးစို့ (မှန်ပါ့)။
ကဲ တရားနှလုံးသွင်းကြ၊ မာဂဏ္ဍီပရဗိုဇ်က ပဋိစ္စသမုပ္ပါဒ်ကို တစ်ဘဝထက် ဆက်သွားတာကြိုက်တယ် (မှန်ပါ့ ဘုရား)။
ဘုရားက ပြတ်မှုကိုကြိုက်တယ်
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ဒီဘဝဒုက္ခကို ဖြတ်လိုက်လို့ရှိရင် နောက်ဒုက္ခတွေ အကုန်သိမ်းတယ် ဆိုပြီး ဘုရားက ပြတ်မှုကိုကြိုက်တယ် (မှန်ပါ့)၊ မာဂဏ္ဍီက ပွားစည်းမှုကို ကြိုက်တယ် (မှန်ပါ့)။
အဲဒါ ဘယ့်နှယ်ကြောင့် အကြိုက်မတူပါလိမ့်မလဲလို့ ဒကာ ဒကာမတွေကပဲ ဆုံးဖြတ်ချက်ချပါဆိုလို့ရှိရင် အားလုံးက သစ္စာပြီးသားဖြစ်နေတယ် (မှန်ပါ့)။
ဒီက သစ္စာသိပြီးသားဖြစ်နေတော့ ဒီဒုက္ခပြီးရင် နောက်ဒုက္ခဆက်တာ ဘယ်သူမှမကြိုက်ဘူး (မကြိုက်ပါ ဘုရား)။
သူကတော့ သစ္စာမသိသေးတော့ကို ဒီဒုက္ခပြီးရင် အခုပွားစည်းရတယ်၊ နောက်ဒီ့ထက်ပွားစည်းရင် ကြိုက်တယ် ဆိုတဲ့ဥစ္စာ သစ္စာမသိလို့ကြိုက်တာ (မှန်ပါ့)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာမသိရင် ဘုရားက သုတ်မဟာဝါပါဠိမှာ သံသရာရှည်တယ်ကွလို့ ဟောတာရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး မကြွလာမီ သူတို့ မာဂဏ္ဍီနဲ့ ဘာရဒွါဇနဲ့ မင်းဒီလိုမပြောပါနဲ့ဆိုတော့ သူကလည်း ပြောရလိမ့်မယ် ၊ သူက ကြီးပွားခြင်းကို ဖြတ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ ဒါ့ကြောင့် ကျုပ်တို့စာကလည်း ဒီအတိုင်းလာတယ် (မှန်ပါ့)၊ ဒါ့ကြောင့် ကျုပ်က အရမ်းပြောတာမဟုတ်ဘူး တဲ့ စာကိုက ဒီလိုလာလို့ ပွားစည်းခြင်း ဖြတ်တဲ့ပုဂ္ဂိုလ်ဟာ မပေါင်းထိုက်ဘူးဆိုတဲ့ အဓိပ္ပာယ် ကျုပ်တို့ စာတွေမှာပါတယ်၊ ဒါ့ကြောင့် စာအားကိုးနဲ့လည်း ကျုပ်ကပြောတယ် (မှန်လှပါ)။
ဒါ့ကြောင့် ဒကာ ဒကာမတွေ စာပေမယ့်လည်း ဟုတ်ထိုက် မဟုတ်ထိုက်ကိုလည်း တွေးရသေးတယ်ဆိုတာကို လည်း ဒကာကြွယ် ဟောရတယ် (မှန်လှပါ)၊ စာအတိုင်း အတည်ပြုလို့ ရပါ့မလား (မရပါ ဘုရား)။
မရဘူးတဲ့၊ အခုခေတ်မှာဆိုတော့ ဥပမာ ကွန်မြူနစ်က ရေးလိုက်၊ ခရစ်ယာန်က ရေးလိုက်၊ မဟာဗေဒင် က ရေးလိုက်၊ ဗုဒ္ဓဘာသာထဲကပဲ တချို့ မပိုင်မနိုင်ဘဲနဲ့ ရေးလိုက် (မှန်လှပါ) ဒါတွေက ရှိသေးနေတော့ ဒကာသစ်တို့ ဦးမာဒင်တို့ စာလာတိုင်းလည်း မဟုတ်သေးဘူး (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
စာလာတိုင်းလည်း မဟုတ်သေးဘူးဆိုတာ သေသေချာချာမှတ်ကြပါ တဲ့၊ အခုကြည့်စမ်း သူတို့စာက ဒီလို လာသတဲ့ ပွားစည်းခြင်းဖြတ်တဲ့ပုဂ္ဂိုလ် ဦးမတိုက်ရဘူး၊ ရှိမခိုးရဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ (မှန်လှပါ)။
ဒီတွင်မှ ဘာရဒွါဇပုဏ္ဏားနဲ့ မာဂဏ္ဍီက အငြင်းထုတ်နေတာ ပြောနေတာ ဘုရားက ကုရုတိုင်းမှာ ဆွမ်းခံပြီး သကာလ တောထဲမှာ ဖလသမာပတ်ဝင်စား ဝင်စားရာက ထ,ပြီး သကာလ နားထောင်လိုက်တဲ့အခါ ဒိဗ္ဗသောတ အဘိညာဏ်နဲ့ ကြားတယ်၊ ဪ သူတို့ ဒီအကြောင်း ပြောနေကြတာကိုး (မှန်လှပါ)။
ဘုရားက ကြားတယ်
ဘုရားက ကြားတယ် (မှန်ပါ့)၊ ကြားတာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အင်း ဒီနေ့တော့ ကျွတ်ဖို့ အချိန်ကျပြီ၊ တရားဟောဖို့ အချိန်ရောက်လာပြီဆိုပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက နဂိုသုံးလေးရက်ကတည်းက သူ့ကျွတ်ဖို့ စောင့်ရတာကိုးဗျ (မှန်လှပါ)။
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကြွလာတယ်၊ ကြွလာပြီး သူ့မြက်အခင်းကလေးပေါ်ပဲ ထိုင်တယ် (မှန်ပါ့)၊ ထိုင်ပြီး သကာလ ဘုရားက ဘာမှမပြောဘဲနဲ့ မာဂဏ္ဍီကတော့ ဘုရားကြွလာမှန်းသိတော့ ဘေးမှာ စကြႍလျှောက် နေတယ် ဘာရဒွါဇပုဏ္ဏားကတော့ အနားကပ်လာတယ်၊ ဘာရဒွါဇပုဏ္ဏား အနားကပ်လာတော့ ဘုရားက မေး လိုက်တယ်၊ ဘာရဒွါဇပုဏ္ဏား ငါမလာခင်က ဒီမြက်အခင်းအကြောင်းကို မင်းတို့ မာဂဏ္ဍီပရဗိုဇ်နဲ့ ဘာတွေများ ပြောနေကြသတုံးတဲ့ (မှန်လှပါ)။
ဒီလိုပဲ လှမ်းမေးလိုက်တော့ ဟိုက ကြက်သီးမွေးညှင်းထ,တယ် (မှန်ပါ့ ဘုရား)၊ တို့နှစ်ယောက်တည်း အငြင်း အခုံဖြစ်ပြီး သကာလ နေတဲ့ဥစ္စာ ဒီအထဲ သုံးယောက်လည်း မဟုတ်ပါဘူး (မှန်ပါ့)၊ ဂေါတမဘုရားက ကြားလာတယ် ဆိုတာ အင်မတန်ထက်တဲ့နားရှိလို့ ကြားတာ (မှန်ပါ့)၊ အဲဒါကြောင့် သူ့စိတ်ထဲမှာ ကြက်သီးမွေးညှင်းထ,တယ် (မှန် ပါ့)၊ ဘာရဒွါဇပုဏ္ဏားမှာ တစ်ခါတည်း ကြောက်အားလန့်အားနဲ့ ကြက်သီးမွေးညှင်းထ,ပြီး သွားတယ် (မှန်ပါ့)။
ဒီလိုနဲ့ နေပြီး သကာလ ခုနင်က ဘောက်ပြောတဲ့ မာဂဏ္ဍီက ပွားစည်းချင်းကြိုက်တဲ့ မာဂဏ္ဍီက လှည့်ပတ်ပြီး သကာလ မနေသာတာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ထိုင်ပြီးနေတော့ သူ အနားရောက်လာတယ် (မှန်ပါ့)၊ စကြႍသွားရင်းနဲ့ အနားရောက်လာပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီမာဂဏ္ဍီပရဗိုဇ် ပြောတဲ့စကားတွေ အကုန် ကြားတယ် (မှန်ပါ့)၊ ကြားပင်ကြားငြားသော်လည်း ဘာမှ ဘုရားက မပြောဘဲနဲ့ တစ်ခါတည်း ဒကာ ဒကာမတို့ ခုနင် က ရှေ့ပိုင်းက ပြောတာကို ဟောတော့တာပဲ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီမြင်စရာကလေးကို မြင်တယ်ဆိုကြပါစို့ (မှန်ပါ့)၊ မြင်တယ်ဆိုတော့ စက္ခု ဝိညာဏ်ပေါ့ဗျာ (မှန်ပါ့)။
–ငါက စောင့်ရှောက်ရတယ်
မြင်တယ်ဆိုရင်ပဲ ဒကာ ဒကာမတွေက လိုချင်တယ် (မှန်ပါ့)၊ လိုချင်ရင် စွဲလမ်းတယ် (မှန်ပါ့)၊ စွဲလမ်းရင် အားထုတ်မယ်ဆိုတဲ့ ကံကော (လာပါတယ် ဘုရား)၊ အားထုတ်လိုက်လို့ရှိရင် ဒကာ ဒကာမတို့ နောက်ဘဝ ဇာတိ, ဇရာ, မရဏ ရ-မရ (ရပါတယ် ဘုရား)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “စက္ခုံ ခေါပန မာဂဏ္ဍီယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ” ငါသည်ကားလို့ဆိုရင်ဖြင့်-တဲ့ ရူပါရုံအကြောင်းရင်းခံပြီး ဒီတဏှာ ဥပါဒါန် ကံတွေပွားမှာ ငါက စောင့်ရှောက်ရတယ် ကွာ တဲ့၊ စောင့်ရှောက်မှသာလျှင် ဒီဘက်က ဒုက္ခတွေကင်းတယ် တဲ့ (မှန်ပါ့)၊ ဆိုပြီး သကာလ ငါ ဒါကြောင့် မျက်လုံးပေါက်ကနေ တဏှာ ဥပါဒါန် ကံ မလာဖို့ ကံလာခဲ့လို့ရှိရင် ဟိုဘက် ဒုက္ခတွေ ပွားမှာစိုးလို့ မျက်လုံးပေါက်က နေပြီး မျက်လုံးမြင်စိတ်ကို စောင့်ရှောက်ပါ လို့ ငါသည် ဟောပြောနေပါတယ် တဲ့၊ မင်းက ဘာဆိုချင်သေး သတုံး တဲ့ (မှန်လှပါ ဘုရား)။
မာဂဏ္ဍီက အနားနေတုံး မေးတာပေါ့လေ (မှန်ပါ့)၊ ဒီကျတော့လည်း သူ့ဟာက ဘာမှမဆိုလိုပါဘူး ပြောတာ ပဲ (မှန်ပါ့)၊ ဘာမှမဆိုလိုပါဘူး တဲ့။
ကဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့မှာလည်း သူ့ဟောတဲ့ တရားဖြစ်လင့်ကစား ကျုပ်တု့ အတုယူဖို့အရေး ပါ (မှန်လှပါ ဘုရား)၊ ကျုပ်တို့ အတုယူဖို့အရေးက မြင်တယ်ဆိုလို့ရှိရင် မြင်စိတ်ပေါ်တယ် (ပေါ်ပါတယ် ဘုရား)၊ မြင်စိတ်ကနေပြီး ပွားစည်းလို့ရှိရင် ဒီက တဏှာ ဥပါဒါန် ကံဆိုတဲ့ အနာဂတ်အကြောင်း ပွားစည်းလို့ရှိရင် ဇာတိ, ဇရာ, မရဏဆိုတဲ့ အနာဂတ်အကျိုးတွေ လာမလား မလာဘူးလား (လာပါတယ် ဘုရား)၊ လာလို့ရှိရင် ပွားစည်းတဲ့ အဓိပ္ပာယ် ရောက်ပါတယ် (မှန်ပါ့)။
ဖြစ်ပျက်ရှုရလိမ့်မယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအကြောင်းသုံးခု မလာရင် ဒီအကျိုးသုံးခုကော (မလာပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့က ဒီကနေပြီး သကာလ မြင်တိုင်းမြင်တိုင်း မြင်စိတ်ကလေးကို ကျုပ်တို့ ဖြစ်ပျက်ရှုရလိမ့်မယ် (မှန်ပါ့)။
မြင်စိတ်ကလေးက ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ မြင်စိတ်ကေးလ ဖြစ်ပျက်မရှုနိုင်လို့ရှိရင်ဖြင့် တဲ့ ဒါက မြင်စိတ်ရှုတဲ့မဂ်လို့ ဆိုကြပါစို့နော် (မှန်ပါ့)၊ ဝိပဿနာမဂ် ဒါက မြင်စိတ်ကလေး (မှန်ပါ့)။
ဒီမြင်စိတ်ကလေး လာတိုင်း, လာတိုင်း ကျုပ်တို့က ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဒါဖြင့် ဒီမြင်စိတ်မရှုနိုင်လို့ရှိရင်လည်း အဆင်းကို ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အဲ အဆင်းရှုမိအောင်ရှုလို့ရှိရင်လည်း အဆင်း အနိစ္စလို့ ရှုလို့ရှိရင်ဖြင့် ရှုမိတဲ့ဉာဏ်က မဂ်ဝင်မှာပဲ (မှန်ပါ့)။
ဟာ အဆင်းတော့ဖြင့် တပည့်တော် မမိလိုက်ဘူး ဘုရား ကိုယ်မြင်တဲ့စိတ်ကလေးပဲ တပည့်တော် ကပျာ ကယာ ဖြစ်မှုပျက်မှု မြင်လိုက်ပါတယ်လို့ဆိုပြီး ဝိပဿနာရှုပေး (မှန်ပါ့)၊ ဒီဘက်က ပွားစည်းကြောင်း လာသေးရဲ့လား (မလာပါ ဘုရား)၊ ပွားစည်းကျိုးကော (မလာပါ ဘုရား)။
ဪ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပွားစည်းမှုကို ဖြတ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဪ မြင်တဲ့စိတ်ကို ဖြစ်ပျက်ရှုရမှာပါကလား (မှန်ပါ့)၊ သို့မဟုတ် မြင်တဲ့ရူပါရုံကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ဒီတဏှာ ဥပါဒါန် ကံသွားမယ် (မှန်ပါ့)၊ သွားလို့ရှိရင် ဟိုဘက် အနာဂတ်ဘဝ ဆိုတဲ့ ဇာတိ ပဋိသန္ဓေနေမှု ဇရာဗျာဓိမရဏဆိုတာတွေ ဦးမာဒင် လာ-မလာ (မလာပါ ဘုရား)။
ဪ ဒါ့ကြောက်ရှာလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပွားစည်းမှုကို ဖြတ်တောက်ရမယ်လို့ဆိုတာ မာဂဏ္ဍီကတော့ ပွားစည်းမှုကြိုက်ရမယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ပွားစည်းမှုကြိုက်ရင် ဒုက္ခသစ္စာကြိုက်တာပဲ (မှန်ပါ့ ဘုရား)။
ပွားစည်းမှုကို မကြိုက်လို့ ပွားတဲ့စိတ်ကလေး အဆင်းကိုသော်လည်းကောင်း, ဖြစ်ပျက်ရှု မြင်စိတ်ကိုသော် လည်းကောင်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
စက္ခုဝိညာဏံ အနိစ္စံဆိုပြီး ဖြစ်ပျက်သာရှုချပါ (မှန်ပါ့)၊ ဖြစ်ပျက်ရှုတဲ့ ဝိပဿနာမဂ် မဖြစ်ဘူးလား (ဖြစ်ပါ တယ်)၊ မဂ်လာကတည်းက တဏှာဥပါဒါန်ကံ ဘယ့်နှယ်နေသလဲ (မလာပါ ဘုရား)၊ တဏှာဥပါဒါန် ကံချုပ်တယ် (ချုပ်ပါတယ် ဘုရား)။
မာဂဏ္ဍီ၏ဝါဒကတော့
ဒါ ပွားစည်းမှုကို ဖြတ်လိုက်တာ (မှန်ပါ့)၊ ဒီအကြောင်းဖြတ်လိုက်သဖြင့် ဒီအကျိုးအထူးဖြတ်ဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ ပေါ်ကြပြီ (ပေါ်ကြပြီ)၊ ဒါက ဘုရားဝါဒ (မှန်ပါ့ ဘုရား)။
မာဂဏ္ဍီ၏ဝါဒကတော့ မြင်ချင်တယ်, လိုချင်ရမယ် (မှန်ပါ့)၊ လိုချင်လို့ရှိရင် မရရအောင် အားထုတ်ရမယ် (မှန်ပါ့)၊ အားထုတ်ပြီး လွန်ကျူးရမယ် (မှန်ပါ့)၊ သူက ဒီလိုကိုးဗျ (မှန်ပါ့ ဘုရား)။
လွန်ကျူးရမယ်၊ ကာယကံ, ဝစီကံ, မနောကံနဲ့ လွန်ကျူးရမယ်၊ မရသေးတာ ရအောင်လုပ်ရမယ်၊ ရပြီးသား လွန်ကျူးရမယ် (မှန်ပါ့)၊ သူက ဒီလိုပွားစည်းမှု သူတို့စာမှာလာတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားက ပွားစည်းမှု ဖျက်နေသောကြောင့် သူသည် မကြည်ညိုနိုင်ဘူးတဲ့ (မှန်ပါ့)၊ ဆိုတော့ ဒကာ ဒကာမတွေ အခု မာဂဏ္ဍီကို ပွားစည်းမှု ဖျက်ပြလိုက်ပါပြီ (မှန်ပါ့)၊ ဒကာ ဒကာမတွေလည်း ပွားစည်းမှုဖျက် နည်းကို ရှုတတ်ပါပြီ (မှန်ပါ့)။
မြင်စိတ်လာရင် ဘာလုပ်မယ် (ဖြစ်ပျက်ရှုပါမယ်)၊ အင်း ကြားစိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ်)၊ နံစိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ်)၊ စားတဲ့ လျှာလယ်မှာ စိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ကိုယ်ပေါ် မှာ ယားတဲ့ယံတဲ့, နာတဲ့စိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ကိုယ်ပေါ်မှာ လေကလေး ဘာကလေးတိုက်လို့ ချမ်းသာတဲ့ စိတ်ကလေးပေါ်ရာမှာ (ဖြစ်ပျက်ရှုရပါမယ်)၊ မနောထဲမှာလည်း ဝမ်းသာလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဝမ်းနည်းတာလည်း (ဖြစ်ပျက်ရှုရပါမယ်)၊ အလတ်စားဥပေက္ခာပေါ်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်မဂ်ဆိုတော့
ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်မဂ်- ဖြစ်ပျက်မဂ်ဆိုတော့ ဒီပွားစည်းမှုအကြောင်းတွေ ဘယ်နှယ်နေကြသလဲ (ပြတ်ပါတယ် ဘုရား)၊ ပွားစည်းမှုအကျိုးတွေကော လာသေးရဲ့လား (မလာပါ ဘုရား)။
ဪ ဒကာသစ် ဘုရားက သမုဒယနဲ့ ဒုက္ခဖြတ်တယ် (မှန်ပါ့)၊ ဟိုက သမုဒယပွားပြီး ဒုက္ခအကြိမ်မနား လိုက်ရင် ကြိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီလို ဘုရားနဲ့ မာဂဏ္ဍီမျိုးတွေနဲ့ ခြားနားတယ်ဆိုတာကိုလည်း ဒကာ ဒကာမတွေ ယနေ့သိရပြီ (သိရပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွ အလုပ်ပေးပုံကော တဲ့၊ မာဂဏ္ဍီနဲ့ပတ်သက်ပြီး အလုပ်ပေးပုံ စက္ခုဣန္ဒြေစောင့် ဆိုတာ မျက်လုံးပိတ်ထားရမှာ မဟုတ်ဘူး၊ မြင်စိတ်က မြင်ရုံတွင်မြင်တာ ဘာမှကိစ္စမရှိဘူး (မှန်ပါ့)၊ နောက်က လိုချင်တယ်, စွဲလမ်းတယ်, အားထုတ်တယ်ဆိုမှ အပြစ်ရှိတယ် (မှန်ပါ့)။
မြင်တာဟာ “ဥပေက္ခာသဟဂတံ စိက္ခုဝိညာဏံ”ဆိုလို့ ဘာမှကိစ္စမရှိဘူး (မှန်ပါ့)၊ ဥပေက္ခာပဲမြင်ကာမတ္တပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီမြင်စိတ် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ကြားစိတ်ကော (ဖြစ်ပျက်ရှုရမှာ ပါ ဘုရား)။
တဏှာပွားသေးရဲ့လား
ရှုလိုက်တော့ ဒကာသစ်တို့ ဦးမာဒင်တို့ ဘာဖြစ်သွားသတုံး ပွားစည်းမှုပျက်တယ် (မှန်ပါ့ ဘုရား)။
ရှုလိုက်တော့ ဘာဖြစ်ပါလိမ့် (ပွားစည်းမှုပျက်ပါတယ်)၊ ပွားစည်းမှုပြတ်ထွက်သွားတယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ တဏှာပွားသေးရဲ့လား (မပွားပါ ဘုရား)၊ ဥပါဒါန် (မပွားပါ ဘုရား)၊ ကံ (မပွားပါ ဘုရား)၊ နောက်ဘဝ ဇာတိ ဇရာ မရဏ (မပွားပါ ဘုရား)။
အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါကတော့ကွာတဲ့ ရူပါရုံကို မြင်လိုက်တယ်ဆိုရင်တဲ့ မင်းတို့က သာယာတယ်, နှစ်သက်တယ်, စွဲလမ်းတယ်ဆိုတာ မင်းတို့က လာတယ်တဲ့ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ငါကတော့ ဒါတွေ သာယာနှစ်သက်စွဲလမ်းတာတွေကို မလာရအောင် စောင့်ရှောက်ရမယ်လို့ ငါ က ဟောလေ့ရှိတယ် (မှန်ပါ့)။
စောင့်ရှောက်ဖို့ဆိုတော့ မျက်လုံးပိတ်ထားဖို့ မဟုတ်ဘူး ၊ မြင်စိတ်ကို ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ စောင့်ရှောက်ပြီးသားဖြစ်တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့သည် တဲ့ ဒီတရားကို ဪ မာဂဏ္ဍီကားလို့ဆိုရင် ပွားစည်းမှုကို သူ အလို ရှိတာဟာ သံသရာချဲ့ထွင်မှုကို သူတို့အကြိုက်ဖြစ်နေတယ် (မှန်ပါ့)၊ သံသရာပြတ်မှုဟာ (သူတို့ မကြိုက်ပါဘူး)၊ မကြိုက် ဘဲ ဖြစ်ပြီး သကာလ နေတာ ကျွတ်တမ်းဝင်မည့်ဘဝလို့ ဦးမာဒင် မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဘုရားတည်းဟူသော ကလျာဏမိတ္တ – ဆရာကောင်းမရဘူးဆိုရင် ကျွတ်တမ်းဝင်ဖို့ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)၊ ရပါ့မလား (မရပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်းတဲ့ ဒကာကြွယ်တို့ သေသေချာချာစဉ်းစား ၊ ကိုယ်ပင်ကို အကြိုက်က ပွားစည်းမှုကြိုက်တယ် (မှန်ပါ့)။
ပင်ကိုအကြိုက် ပြောကြစမ်းပါ (ပွားစည်းမှုကြိုက်ပါတယ်)၊ တစ်ထောင်ရှိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လောက်ဖြစ်ချင် သလဲ နှစ်ထောင်, သုံးထောင်, တစ်သောင်းထိအောင် မဖြစ်ချင်ဘူးလား (ဖြစ်ချင်ပါတယ် ဘုရား)။
တစ်သိန်းရှိတဲ့ ပုဂ္ဂိုလ်ကလည်း သိန်းပေါင်းများစွာ မဖြစ်ချင်ဘူးလား (ဖြစ်ချင်ပါတယ် ဘုရား)၊ ဘာတွေကြိုက် နေကြသလဲ (ပွားစည်းမှုကြိုက်နေပါတယ် ဘုရား)။
သစ္စာမသိသေးခင် ဘာကြိုက်လေ့ရှိသတုံး
ပွားစည်းမှုကြိုက်တော့ တဏှာ ဥပါဒါန် ကံတွေ မဖြစ်ရဘူးလား (ဖြစ်ရပါတယ်)၊ နောက်ဘဝ ဇာတိ ဇရာ မရဏတွေကော (ဖြစ်ရပါတယ် ဘုရား)၊ ပွားစည်းမှုကြိုက်ရင် ဒီအတိုင်းလာမှာပဲ (မှန်ပါ့ ဘုရား)။
သို့သော် ပုထုဇန်မှန်က သစ္စာမသိသေးခင်မှာ ဒကာသစ်တို့ ဦးမာဒင်တို့ ဘာကြိုက်လေ့ရှိသတုံး (ပွားစည်းမှု ကြိုက်လေ့ရှိပါတယ် ဘုရား)။
ကိုင်း ပွားစည်းလို့ အခုသစ္စာတွေ ဟောဒါက သမုဒယသစ္စာဘုရာ့၊ နောက်ပွားမှာက ဒုက္ခသစ္စာဘုရာ့ ဆိုတော့ ပဋိစ္စသမုပ္ပါဒ် သေသေချာချာ တန်းပြတယ် (မှန်ပါ့ ဘုရား)။
ဒါ မာဂဏ္ဍီကို ဘုရားက တန်းပြပြီး ဟောနေတယ် (မှန်ပါ့)၊ အဲဒီလိုဟောလိုက်တော့ ဪ ဒီဘက်က သမုဒယသုံးခုကြောင့် ဒီဘက်က ဒုက္ခသုံးခုဟာဖြင့် မလွတ်နိုင်တော့ပါလားဆိုတာ ဒီဇာတိကလည်း အပါယ်ဇာတိလည်း ဖြစ်နိုင်တယ် (မှန်ပါ့)၊ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်)၊ ဇာတိသာဆိုတာကိုး အပါယ်ဇာတိ, တိရစ္ဆာန်ဇာတိ မဖြစ် နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။
အဲဒီတော့ ဒီပွားစည်းမှုဟာ ဒကာ ဒကာမတို့ ကြိုက်သင့်သလားတဲ့၊ ဖြတ်သင့်သလား (ဖြတ်သင့်ပါတယ် ဘုရား)။
ဖြတ်သင့်လို့ရှိရင်ဖြင့် ဒီအကျိုးကို ဖြတ်မနေနဲ့၊ ဒီအကြောင်းမလာအောင် လုပ်ပါ (မှန်ပါ့)၊ တဏှာ, ဥပါဒါန်, ကံမလာအောင် လုပ်ပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာ, ဥပါဒါန်, ကံဆိုတာ မြင်တဲ့ပုဂ္ဂိုလ်မှ လိုချင်တာ (မှန်ပါ့)၊ ကြားတဲ့ပုဂ္ဂိုလ်မှ ကောင်းတယ်, ဆိုးတယ် ဆိုတဲ့ တဏှာလာတာ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ မြင်စိတ်ကို ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ကြားစိတ်ကို (ဖြစ်ပျက်ရှုရပါမယ်)၊ ကြံစိတ်ကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
စိတ္တာနုပဿနာ
အဲဒီ စိတ္တာနုပဿနာ ရှုလိုက်တော့ ဒကာ ဒကာမတွေက စဉ်းစားတာပေါ့တဲ့၊ စိတ်က ဖြစ်ပျက်ရှုတာက မဂ် ဖြစ်သွားရော (မှန်ပါ့)၊ အဲဒီတော့ ပွားစည်းကြောင်း ပေါ်သေးရဲ့လား (မပေါ်ပါ)၊ ဒါဖြင့် ပွားစည်းကျိုး ဒုက္ခတွေကော (မလာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ပွားစည်းကြောင်း သုံးခုက သမုဒယသစ္စာ (မှန်ပါ့)၊ ပွားစည်းကျိုးသုံးခုက (ဒုက္ခ သစ္စာပါ)၊ အဲ ရှုလို့ရှိရင် သမုဒယနဲ့ ဒုက္ခပြတ်တယ် (မှန်ပါ့ ဘုရား)။
ရှုလို့ရှိရင် (သမုဒယနဲ့ ဒုက္ခပြတ်ပါတယ်)၊ ဟောဒီဘက်က သမုဒယ၊ ဟောဒီဘက်ကကော (ဒုက္ခပါ ဘုရား)။
ဒါဖြင့် ပွားစည်းတဲ့ပုဂ္ဂိုလ်မှာ သမုဒယနဲ့ ဒုက္ခအဝိုင်းကြီးနောက် ပွားမယ် (မှန်ပါ့)၊ မပွားပေဘူးလား (ပွားမှာ ပါ)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တာန်မှာ ပေါ်တဲ့စိတ်ကို ဘယ်စိတ်ပေါ်ပေါ် ခင်ဗျားတို့သန္တာန်မှာ ရဟန္တာစိတ်ကလည်း ပေါ်မှာမဟုတ်ပါဘူး (မှန်ပါ့)၊ ပုထုဇန်ဒွိဟိတ်ဖြင့် ဒွိဟိတ်စိတ်ပေါ်မှာပဲ (မှန်ပါ့ ဘုရား)၊ တိဟိတ် ပုဂ္ဂိုလ်ဖြင့် (တိဟိတ်စိတ် ပေါ်မှာပါ ဘုရား)။
အဲဒီ ကိုယ့်ပေါ်တဲ့စိတ်ကို ဘာကလေးပေါ်ပေါ် မျက်လုံးပေါက်ကပေါ်ပေါ်၊ နားပေါက်က ပေါ်ပေါ်၊ နှာခေါင်း ပေါက်က ပေါ်ပေါ်၊ ပေါ်ချင်တာပေါ်ပါစေ၊ ဒကာ ဒကာမတို့ ဖြစ်ပျက်နောက်က မဂ်လိုက်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်မဂ်နောက်က လိုက်လိုက်တဲ့အခါကျတော့ ဒီသမုဒယသစ္စာ ဘာဖြစ်မယ် (ချုပ်သွားပါတယ်)၊ ချုပ်တယ် ဒီဒုက္ခသစ္စာ (မလာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတု့ ဒီဖြစ်ပျက်က ဒုက္ခသစ္စာ (မှန်ပါ့)၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ သေတာက (သမုဒယသစ္စာ ပါ)၊ ချုပ်တာက (နိရောဓသစ္စာပါ)၊ ဒီမှာ ဒီနိဗ္ဗာန်ရမယ်ဆိုတဲ့ဥစ္စာ သစ္စာလေးပါး ဟောလိုက်တာ (မှန်ပါ့)၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဒါဖြင့် စက္ခုန္ဒြေစောင့်ပါဆိုတာ မျက်လုံးပိတ်ထားရမှာမျိုး၊ သက်သတ်လွတ် စားရမှာမျိုး၊ ဇီဝှိန္ဒြေစောင့်ဆိုတာမျိုး ဒါမဟုတ်ပါဘူး (မှန်ပါ့)၊ ပေါ်လာတဲ့စိတ်ကလေး ဒကာကြွယ် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။
အဲ မျက်လုံးထဲပေါ်ပေါ်၊ နားထဲပေါ်ပေါ်၊ နှာခေါင်းထဲပေါ်ပေါ်၊ လျှာထဲပေါ်ပေါ်၊ ကိုယ်ပေါ်မှာပဲပေါ် ပေါ် ပေါ်တဲ့စိတ် ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုတော့ ဒီပေါ်တဲ့စိတ်တွေ မမိလိုက်ဘူး ဘုရား တဏှာကျမှ မိတယ်ဆိုတာတောင်မှ ဖြစ်ပျက်ရှု ရတယ် (မှန်ပါ့)၊ ဥပါဒါန်နဲ့ ကံနဲ့ ချုပ်သေးတယ် (မှန်ပါ့ ဘုရား)။
ဟာ တဏှာမမိလိုက်ဘူး ဘုရား ကျော်သွားတယ်၊ တပည့်တော်က သတိလစ်သွားတယ်ဆို ဥပါဒါန် လာလို့ရှိရင်လည်း ဖြစ်ပျက်ရှုလိုက်၊ ဒီဘက်ကံပြတ်သေးတာပဲ (မှန်ပါ့ ဘုရား)။
ဟ ဥပါဒါန်လည်း မရှုမိဘူး ဘုရာ့၊ အားထုတ်နေလို့ ကာယကံ ဝစီကံမှပဲ သတိရတော့တယ်ဆို ဒီကံတွေ ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ ဖြစ်ပျက်ရှုလိုက်တဲ့အခါ ဖြစ်ပျက်မဂ်ဆိုရင်ပဲ ကံဖြတ်သေးတာပဲ (မှန်ပါ့)၊ ကံဖြတ်တယ်ဆိုကတည်းက ဒကာ ဒကာမတွေ သိတဲ့အတိုင်း နောက်ဒုက္ခလာသေးရဲ့လား (မလာပါ ဘုရား)။
သံသရာပွားစည်းခြင်းကို အဖြတ်ခိုင်းတာ
ကိုင်း ဒါဖြင့် ကိုယ့်သန္တာန်ပေါ်တဲ့စိတ်တွေကို ကိုယ်ရှုရမည့်အဓိပ္ပာယ်ကို ဒကာ ဒကာမတို့ ဒါ ဘာ့ကြောင့် ဘုရားက အရှုခိုင်းတယ်ဆိုတဲ့ဥစ္စာ သံသရာပွားစည်းခြင်းကို အဖြတ်ခိုင်းတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘာပါလိမ့်ဗျာ (သံသရာပွားစည်းခြင်းကို အဖြတ်ခိုင်းတာပါ ဘုရား)၊ သံသရာပွားစည်းခြင်းကို အဖြတ်ခိုင်း တာဆိုတာ ဒကာ ဒကာမတွေ ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ဒီအတိုင်းပဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါက ပွားစည်းခြင်း ဒီလိုဖြတ်တယ်ကွာ၊ မင်းက ပွားစည်း ခြင်းသဘောကျတယ်၊ ငါဟောနေတာ ဘာများပြောချင်သေးသတုံးတဲ့ (မှန်ပါ့)၊ ဘုရားက မာဂဏ္ဍီပရဗိုဇ်ကို မေးတယ် (မှန်ပါ့ ဘုရား)။
ရှင်ကြီးဂေါတမတဲ့ ဘာမှမပြောလိုပါဘူး၊ ကျုပ်တို့စာကတော့ ဒီလိုလာနေတယ်တဲ့ စာနဲ့ကိုင်ပေါက်တယ် (မှန် ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် ဘာနဲ့ကိုင်ပေါက်သလဲ (စာနဲ့ကိုင်ပေါက်ပါတယ်)၊ ကျုပ်တို့စာက ဒီလိုလာတယ်တဲ့၊ ပွားစည်းခြင်း မဖြတ်ရဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာတဲ့တုံး (ပွားစည်းခြင်းမဖြတ်ရပါ ဘုရား)၊ မြင်တယ်ဆို လိုချင်ရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မြင်တယ်ဆိုရင် (လိုချင်ရမယ်)၊ လိုချင်ရမယ်- အားထုတ်ရမယ် လွန်ကျူးရမယ် (မှန်ပါ့)၊ လွန်ကျူးတော့ ကာယကံ ဝစီကံပေါ့ (မှန်ပါ့ ဘုရား)။
ကြားတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လိုချင်ရမယ် သာယာရမယ် ဟုတ်လား (မှန်ပါ့)၊ စွဲလမ်းရမယ် ကြားတဲ့နေရာကို မရောက်ရောက်အောင် ကာယကံ, ဝစီကံနဲ့ သွားရမယ် လာရမယ် (မှန်ပါ့)၊ သူ့ဟာက လွန်ကျူးရ မှာချည့်ပဲ (မှန်ပါ့)၊ နောက်သံသရာလည်း ပွားရမယ်ဆိုတဲ့ အဓိပ္ပာယ်ကော မရဘူးလား (ရပါတယ် ဘုရား)။
အဲဒါ သူတို့စာမှာ လာပါတယ်တဲ့၊ ဒါ့ကြောင့် ကျုပ်ပြောနေတာပါဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး က အေး-မင်းတို့စာက စာဆိုတာက ပိဋကခေါ်ပါတယ်ကွာတဲ့ (မှန်ပါ့)၊ ပိဋက ပြည့်စုံကာမျှနဲ့တဲ့ မင်းအမှန်မယူလိုက် ပါနဲ့တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ပိဋက ပြည့်စုံကာမျှနဲ့ (အမှန်မယူလိုက်ပါနဲ့ ဘုရား)၊ အမှန်မယူလိုက်ပါနဲ့တဲ့၊ ပိဋကဆိုတာ သူ့လည်း ပိဋက ရှိတယ်၊ ငါ့လည်း ပိဋကရှိတယ် (မှန်ပါ့)၊ ဘာသာမျိုးစုံရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဒါတွေ အမှန်မယူဘဲနဲ့ ခန္ဓာ့ဖြစ်စဉ်ပြတ်-မပြတ်ကို အမှန်ထားကြ (မှန်ပါ့ ဘုရား)။
ဘယ်ဟာ အမှန်ထားကြရမလဲ (ခန္ဓာ့ဖြစ်စဉ်ပြတ်-မပြတ်ကို အမှန်ထားကြရပါမယ် ဘုရား)။
အဲဒီတော့ ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ ဒါကတော့ဖြင့် ခန္ဓာ့ဖြစ်စဉ်ပြတ်တာကတော့ ဖြစ်တာ ကိုလည်း သိတာပဲ (မှန်ပါ့)၊ ပြတ်သွားတာလည်း (သိပါတယ် ဘုရား)။
ဖြစ်စဉ်က ခန္ဓာမှာ
အဲဒါကတော့ဖြင့် စာနဲ့ခန္ဓာနဲ့ စဉ်းစားကြည့်၊ ဖြစ်စဉ်က ခန္ဓာမှာ (မှန်ပါ့)၊ စာက မှတ်တမ်းမှာ (မှန်ပါ့)၊ ဒါဖြင့် မှတ်တမ်းဆိုတာ ဖြစ်စဉ်၏မှတ်တမ်း (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မှတ်တမ်းဆိုတာ (ဖြစ်စဉ်၏မှတ်တမ်းပါ ဘုရား)၊ အဲဒီတော့ ဘယ်ဟာကို ခင်ဗျားတို့ လေးစားမလဲလို့ မေးလို့ ရှိရင် ဘယ့်နှယ်ဖြေပါ့မလဲ (ဖြစ်စဉ်ပါ ဘုရား)၊ ဖြစ်စဉ်လေးစားရမယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် ကိုယ့်ခန္ဓာထဲမှာ ကိုယ်ဖြစ်ပျက်ရှုနိုင်တဲ့ပုဂ္ဂိုလ်ဟာတဲ့ ကိုယ်အရေးကြီးတဲ့အလုပ် ကိုယ်လုပ်နေတယ် လို့ အောက်မေ့စမ်းပါ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နာရီကလည်း မရ ဒီနေ့တော့နော် (မှန်ပ့ါ ဘုရား)၊ ဒီဝတ္ထုသည် အင်မတန်မှ အဖိုး တန်ပြီးတော့ကို ကျွတ်တမ်းဝင်သည်တိုင်အောင် ဥပမာ ဥပမေယျနဲ့တကွ ဒကာသစ် ကြားရမယ် (မှန်ပါ့)။
အဖိုးတော့ အင်မတန် တန်ပါတယ် (မှန်ပါ့)၊ နောက်ဆုံးပိတ် ကျွတ်တမ်းဝင်သည်တိုင်အောင်ပဲ ရပါတယ် (မှန်ပါ့ ဘုရား)၊ ဒီကြားထဲ ဘုရားက ပရိယာယ်တွေနဲ့ ဟောလိုက်တာလည်း အမျိုးမျိုးပဲ (မှန်ပါ့)၊ ကျွတ်တမ်းလည်း ဝင်မှာပဲ (မှန်ပါ့ ဘုရား)။
အဲဒီတရားဖြစ်လေသောကြောင့် ဆက်ပြီးနာပါလို့ဆိုတာ ပြောရတယ် (မှန်ပါ့)။
ကဲ ယနေ့တော့ အချိန်လွန်ပြီ၊ ဒီတွင် တော်ကြပါဦးစို့။
သာဓု သာဓု သာဓု။