ကိုယ့်ကိုယ် သုံးသပ်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၃-၉-၆၁)
တရားနာတာ ဘယ်အကျိုးငှာတုံး
အားလုံး ဒကာ ဒကာမတွေ တရားနာပြီး သကာလ နေကြတာ ဘယ်အကျိုးငှာတုံးလို့ မေးလို့ရှိရင်ဖြင့် တပည့် တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အိုဘေးကို ဖြစ်စေတတ်တဲ့တရား ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ မှတ်ပါ (မှန်ပါ့)၊ နာဘေးကို ဖြစ်စေတတ်တဲ့တရားလည်း ခန္ဓာကိုယ်ထဲမှာရှိတယ် (မှန်ပါ့)၊ သေဘေးကိုဖြစ်စေတတ်တဲ့ တရားလည်း ခန္ဓာကိုယ်ထဲ မှာရှိတယ် (မှန်ပါ့)၊ အဲဒီရှိတဲ့တရားတွေကို သိမ်းချင်, ဆုံးချင်, ရုန်းချင်, မရှိချင်, ကုန်ချင်လို့ တပည့်တော်တို့ တရား နာပါတယ် ဘုရားလို့ စိတ်ထဲမှာ တစ်ခါတည်းမှတ်ထား (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ မအို-အိုအောင် လုပ်တတ်တဲ့ တရားလည်းရှိတယ် (ရှိပါတယ် ဘုရား)၊ မနာ-နာအောင် လုပ်တတ်တဲ့ တရားလည်း (ရှိပါတယ်)၊ မသေ-သေအောင် လုပ်တတ်တဲ့ တရားလည်း (ရှိပါတယ် ဘုရား)။
အဲဒါတွေကို ကုန်အောင်, သိမ်းအောင်, ချုပ်အောင်, ငြိမ်းအောင် နောင်ကို ဘယ်တော့မှ မပေါ်အောင်ဆိုပြီး သကာလ တရားနာပြီး မှတ်ကြပါ (မှန်ပါ့)၊ ပြီးတော့မှ သူ့ကို ဒကာ ဒကာမတွေက အလုပ်နဲ့ သိမ်းပစ်လိုက်လို့ရှိရင် ဖြင့် အိုစရာ, နာစရာ, သေစရာဟာ အလုပ်နည်း သိမ်းလိုက်လို့ရှိရင်ဖြင့် မရှိတော့ဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အိုချင်လို့ အိုရတာမဟုတ်ဘူး၊ နာချင်လို့ နာရတာ မဟုတ်ဘူး၊ သေချင်လို့ သေရတာမဟုတ်ဘူး၊ အပါယ်လေးပါး ရောက်ချင်လို့ ရောက်ရတာ မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ခန္ဓာ ထဲမှာရှိတာကို မသုတ်သင်တတ်လို့ ဖြစ်ရတဲ့ ဖြစ်ထွေပဲဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
သုတ်သင်ရှင်းလင်းတတ်တဲ့နည်း
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာ သုတ်သင်ရှင်းလင်းတတ်တဲ့နည်းကို ဆရာက ပေးလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေကလည်း ဒီတရားတွေ သုတ်သင်ပစ်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာသစ်, ဒကာကြွယ်တို့ ကျုပ်တို့သည် အိုဘေး, နာဘေး, သေဘေးကင်းတဲ့ နိဗ္ဗာန်ဆိုတာ တစ်ခါတည်းပေါ်လာမယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ အားကိုးအားထားပြုပြီး သကာလ လာကြခြင်းကြောင့် အန္တရာယ်ကင်း ဘေးရှင်းဆိုတာက ဘေးကအန္တရာယ်တွေက အရေးမကြီးပါဘူး (မှန်ပါ့)၊ အတွင်းအန္တရာယ်ကို ရှင်း နိုင်ဖို့ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။
ဘေးက အန္တရာယ်ကို ဘာမှမကြောက်ပါနဲ့၊ ရှောင်ရင်လွတ်တယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ အတွင်းအန္တရာယ်ကတော့ သွားရာပါ လာရာပါ စားရာပါ အိပ်ရာပါ နေရာပါဖြစ်နေသောကြောင့် အတွင်းအန္တရာယ် အရေးကြီးတယ်ဆိုတာ ယနေ့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
အတွင်းအန္တရာယ် အရေးကြီးတယ်
ဒကာ ဒကာမတို့ ဘယ်အန္တရာယ် အရေးကြီးပါလိမ့် (အတွင်းအန္တရာယ် အရေးကြီးပါတယ်)၊ အတွင်းအန္တရာယ် အရေးကြီးတယ်ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဝတ္ထုကလေးအကြောင်း ပြပါဦးမယ်၊ ကုရုတိုင်းမှာ ဘုရားသခင်ကိုယ်တော် မြတ်ကြီး သီတင်းသုံးပြီး သကာလ နေတဲ့ အချိန်ရှိပါတယ် (မှန်ပါ့)၊ အဲဒီ့အချိန်မှာ ရဟန်းတွေကလည်း တရားနာဖို့ရာ ဝိုင်းပြီး သကာလ ဘုရားဆီမှာ နေကြပါတယ် (မှန်ပါ့ ဘုရား)။
ဒီအချိန်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရဟန်းတွေ မေးလိုက်ပါတယ်၊ ရဟန်းတို့ မင်းတို့သည် အတွင်း များမှာ သုံးသပ်ကြရဲ့လားလို့ မေးလိုက်တယ်နော် (မှန်ပါ့)၊ အတွင်းများ သုံးသပ်ကြရဲ့လားလို့ မေးလိုက်ပါတယ် (မှန် ပါ့ ဘုရား)။
အဲဒီတွင် ရဟန်းတစ်ပါးက တပည့်တော် သုံးသပ်ပါတယ် ဘုရားလို့ ထလျှောက်တယ် (မှန်ပါ့)၊ ထ,လျှောက် တဲ့အခါကျတော့တဲ့ ကဲ မင်းသုံးသပ်တာ ငါ့ပြောစမ်းပါကွာလို့ဆိုတော့ တပည့်တော်တို့က သုံးဆယ့်နှစ်ကောဋ္ဌာသ “ကေသာလောမာ နခါ ဒန္တာ တစောဆို”တဲ့ ခန္ဓာကိုယ်ထဲမှာ အသုဘတရားတွေ သုံးသပ်ပါတယ်လို့ လျှောက်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူသုံးသပ်တဲ့ဉာဏ်သည် သစ္စာမဆိုက်လို့ ဘုရားက မကျေနပ်ဘူး (မှန်ပါ့ ဘုရား)။
ဘာကြောင့် မကျေနပ်ပါလိမ့် (သစ္စာမဆိုက်လို့ မကျေနပ်ပါ ဘုရား)။
သစ္စာမဆိုက်လို့ မကျေနပ်ဘူး
သစ္စာမဆိုက်လို့ မကျေနပ်ဘူးဆိုတော့ ဘုရားက သုံးဆယ့်နှစ်ကောဋ္ဌာသကနေပြီး သကာလ သစ္စာတက်ရဦး မှာကိုး (မှန်ပါ့)၊ သူနဲ့တင် မပြီးနိုင်ဘူး (မှန်ပါ့ ဘုရား)။
မပြီးနိုင်လို့ သစ္စာတက်ရမည့် ကိစ္စရှိပြီး သကာလ နေတော့ ဘုရားက သူလျှောက်တာကို ဒကာကြွယ် သဘော မကျဘူး (မှန်ပါ့ ဘုရား)။
ဘုရားက သဘောမကျတော့ကို ဒကာ ဒကာမတို့ ရှင်အာနန္ဒာက အနားမှာရှိတယ်၊ သံဃာထဲ ပါလာ တယ် (မှန်ပါ့)၊ ဪ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရဟန်းလျှောက်တာ အလိုမကျပါကလားဆိုပြီး သကာလ အရှင်ဘုရား အရှင်ဘုရားဖွင့်ဟောမှ တပည့်တော်တို့က အတွင်းသုံးသပ်ရမည့်တရားများ ဘယ်တရားသုံးသပ်ရမည် ဆိုတာ အရှင်ဘုရားက စ,ပြောမှ ဟောမှ သိရမယ့်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်တဲ့ ၊ ဒါ့ကြောင့် အရှင်ဘုရား ဟောချိန်, အရှင်ဘုရားပြောချိန်, အရှင်ဘုရားဆုံးမချိန် ရောက်ပါပြီဘုရား၊ တပည့်တော်တို့ကတော့ မှတ်သားပြီး နာခံယူရမည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်ဆိုပြီး သကာလ ဘုရားကို လျှောက်တယ် (မှန်ပါ့ ဘုရား)။
ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကဲကွာ- ကောင်းကောင်းမွန်မွန် နာကြ၊ ကောင်းကောင်းမွန်မွန် ကြိုးစားကြ၊ ကောင်းကောင်းမွန်မွန် သတိထားပြီး သကာလ ခန္ဓာထဲ သုံးသပ်ပုံ ငါရှင်းပြမယ်ကွဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းပြပါတယ် (မှန်လှပါ)။
ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်မည့်တရား လို့ မှတ်ထားစမ်းပါ (မှန်ပါ့)။
အတွင်းသုံးသပ်ကြရဲ့လား
အင်မတန် အဖိုးတန်မည့်တရားဆိုတာ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ နိဒါနဝဂ္ဂသံယုတ် ပါဠိတော်မှာ ကိုယ်တော်တိုင်ဟောတဲ့တရား ဖြစ်ပါတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အတွင်းသုံးသပ်ကြရဲ့လားလို့ ငါမေးတာ တခြားမဟုတ် ပါဘူးကွာတဲ့၊ မင်းတို့ခန္ဓာကိုယ်ထဲမှာ စမ်းကြည့်ပါတဲ့၊ ကိုယ်ခန္ဓာ ကိုယ့်ရင်ဘတ်ကို ကိုယ့်လက်နဲ့ စမ်းကြည့်ပါ၊ စမ်း ကြည့်တဲ့အခါကျတော့ ပူတာရှိလိမ့်မယ်တဲ့၊ ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် စမ်းကြည့်တဲ့အခါကျတော့ ပူတာကလေး တွေ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
အဲဒီပူတာကလေးတွေကို ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့၊ တေဇောလို့ မှတ်လိုက်နော် (မှန်ပါ့)။
အဲဒီတေဇောသည် တခြားလားမှတ်နေတယ် ဒကာ ဒကာမတို့ သေသေချာချာစဉ်းစားကြည့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကို မအို,အိုအောင် လုပ်နေတာ သူလောင်နေတာလို့ မှတ်လိုက် (မှန်ပ့ါ ဘုရား)။
ခန္ဓာကိုယ်ကြီး မအို,အိုအောင် လုပ်နေတာ ဘယ်သူပါလိမ့် (တေဇောပါ ဘုရား)၊ တေဇောပဲဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒီတေဇောသည် ဒကာ ဒကာမတို့ ထိုင်နေလည်း သူလောင်လျက်ပဲ၊ သွားနေကော (လောင်လျက် ပါ ဘုရား)၊ အိပ်နေကော (လောင်လျက်ပါ ဘုရား)၊ တရားဓမ္မ အားထုတ်နေကော (လောင်လျက်ပါ ဘုရား)။
ဪ ဒီတေဇောကဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အိုမင်းဆိုတာ အဲဒါမှတ်လိုက်စမ်းပါ (မှန်ပါ့)။
အင်း သူက ဘာလုပ်ပါလိမ့် (အိုမင်းပါ ဘုရား)၊ အိုမင်းလို့ မှတ်လိုက်စမ်းပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
ဒီဒကာ ဒကာမတွေကို တစ်နေ့ထက်တစ်နေ့ တစ်နာရီထက်တစ်နာရီ မအို,အိုအောင်လုပ်နေတဲ့ အိုမင်းဟာ ဖြင့် ဒကာကြွယ်သူပါပဲ (မှန်ပါ့)။
အဲဒီလို အတွင်းသုံးသပ်စမ်းပါ၊ ငါ့မှာ ဘာရှိနေသတုံး၊ အတွင်းသားမှာ ဘာများရှိနေသတုံးလို့ မင်းတို့ သုံးသပ် စမ်းပါဆိုတော့ ဒကာ ဒကာမတွေ ကိုယ့်ရင်ဘတ် ကိုယ်စမ်းကြည့်လိုက်တဲ့အခါ နွေးမှုကလေး မတွေ့ဘူးလား (တွေ့ ပါတယ် ဘုရား)၊ အဲဒါ အိုအောင်လုပ်တဲ့တရား (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာလုပ်နေပါလိမ့် (အိုအောင်လုပ်နေတဲ့တရားပါ ဘုရား)၊ အိုအောင်လုပ်တဲ့ တရား၊ ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီနေရာပူလို့ ဟိုနေရာ အေးအောင် သွားနေပါမယ် ဆိုတော့လည်း သူ က နေရစ်သလား ပါလာသလား (ပါလာပါတယ် ဘုရား)၊ ဒါဖြင့် ရောက်ရာကပ်နှိပ်စက်နေတဲ့ တရားပေါ့ဗျာ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (ရောက်ရာကပ်နှိပ်စက်နေတဲ့ တရားပါဘုရား)။
ကပ်နှိပ်စက်နေတာ
ဒါကြောင့် ဒကာ ဒကာမတို့ အိုမင်းဆိုတာ အိုအောင်လုပ်တတ်တဲ့ ခင်ဗျားတို့အပေါ်မှာ အုပ်ချုပ်နေတဲ့မင်း ဖြစ်လေသောကြောင့် ဒကာကြွယ် သူ့ကို ဘာခေါ်ပါ့မယ် (အိုမင်းပါ ဘုရား)၊ အိုမင်းလို့ ဦးလှဘူးတို့ ခေါ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဒီအိုမင်းနဲ့ ယခုအခါ အတူနေကြရသလား ခွဲနေကြရသလား စဉ်းစားကြည့်စမ်း (အတူ နေကြရပါတယ် ဘုရား)၊ ဪ ဒါ့ကြောင့် ကပ်နှိပ်စက်နေတာပဲ (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာလုပ်နေပါလိမ့် (ကပ်နှိပ်စက်နေပါတယ် ဘုရား)။
အဲဒါကြောင့် သူသည် အိုအောင်လုပ်တတ်တဲ့တရားဖြစ်သောကြောင့် ဒုက္ခသစ္စာ၊ သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်သောကြောင့် အိုတတ်တဲ့ တေဇောကို ဒကာ ဒကာမတို့ ဒုက္ခသစ္စာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်သူနဲ့ အတူတူနေရပါလိမ့်မလဲလို့ မေးလိုက်တဲ့အခါ ကျတော့ အိုမင်းနဲ့ အတူတူနေရတယ် (မှန်ပါ့)။
သူက အန္တရာယ်ကင်း, ဘေးကင်းအောင်လို့ လာနေတာလား၊ ဒကာ ဒကာမတွေကို လူချင်းမတူ သူချင်းမမျှ အောင် လုပ်ဖို့ လာနေတာလားဆိုတာလည်း ဒကာသစ်က အကဲခတ်တာပေါ့ (လူချင်းမတူ သူချင်းမမျှအောင်လုပ်ဖို့ လာနေတာပါ ဘုရား)။
လူချင်းမတူ သူချင်းမမျှအောင် လာလုပ်နေတာနော် (မှန်ပါ့)၊ ဪ ဒါဖြင့် သူနဲ့လည်း ခွဲလို့ကမရ ယပ်ခတ်ပြီး ကာကွယ်လို့ကလည်း သူ့အပူက မလျော့ဘူး (မှန်ပါ့)၊ မလောင်လောင်အောင်ပဲ လုပ်နေတယ်ဆိုတာကော ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပရိတ်တွေနဲ့ တားတာပေါ့ဗျာ ရပါ့မလား (မရပါ ဘုရား)၊ ကမ္မဝါဖတ်ပြီး တားရင်ကော (မရပါ ဘုရား)။
ကိုယ်ဆုတောင်းပြီးတော့ ယူထားတဲ့ပစ္စည်း
ဘယ့်နှယ်ကြောင့် ဒါတွေမရပါလိမ့်မတုံး လို့ မေးတဲ့အခါကျတော့ ကိုယ်ဆုတောင်းပြီးတော့ ယူထားတဲ့ ပစ္စည်းဖြစ်သောကြောင့် ဒကာကြွယ် ပါလာတာ (မှန်ပါ့)။
ဆုတောင်းယူထားလို့ ဘာတုံး (ပါလာတာပါ ဘုရား)၊ လူဖြစ်ရပါလို၏ ဆိုတော့ ဓာတ်လေးပါးထဲက တေဇောပါရပါလို၏ဆိုတဲ့ အဓိပ္ပာယ်က ရှင်းသွားပြီ (ရှင်းပါပြီ)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိပြီဆိုမှဖြင့် ကိုယ့်သတ်မည့်တရား ကိုယ့်နှိပ်စက်မည့်တရား ကိုပင်လျှင် ဆုတောင်းပြီးများ ယူလိုက်သေးတာဟာ ဒကာကြွယ်,ရေ အတော်ဆိုးဝါးပါတယ် (ဆိုးဝါးပါတယ် ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
ခင်ဗျားတို့ကို ဒီတေဇောက လောင်ချင်လို့ လောင်ရတာလား ခင်ဗျားတို့ကပဲ လူဖြစ်ရပါလို၏ ဓာတ် လေးပါးနဲ့ ပြည့်စုံရပါလို၏ဆိုလို့ သူလိုက်တာလား အကဲခတ်စမ်း (ဓာတ်လေးပါးနဲ့ ပြည့်စုံရပါလို၏ဆိုလို့ သူလိုက် လာတာပါ ဘုရား)။
ဪ-ခင်ဗျားတို့ ဆုတောင်းပြည့်တာ တောင်းလိုက်တဲ့ဆုကလည်း လူဖြစ်ချင်လိုက်တာ (မှန်ပါ့)၊ လူဖြစ်ချင် လို့ရှိရင် တေဇောလောင်လို့ အိုရပါလို၏, ရင့်ရပါလို၏ဆိုတဲ့ အဓိပ္ပာယ်ကပါသွားတယ် (မှန်ပါ့)၊ တယ်လည်းမသိတာ များလွန်းတယ်ဗျာ (များပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုဆိုကြပါ့မယ် (မသိတာများလွန်းပါတယ် ဘုရား)၊ မသိတာ လွန်လွန်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။
ဪ ဒကာ ဒကာမတွေ ကိုယ့်လက်နဲ့ ကိုယ်စမ်းတာတောင်မှ ဒါဘာပါလိမ့်မလဲဆိုတာ ဪ ဒါသည် သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်နေတဲ့ ဒုက္ခသစ္စာပါလား ၊ နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာပါလားလို့ ခုထက်တိုင် တိုင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မတွေးမဆဘဲနဲ့ နေပြီး သကာလ အို မင်းဝမ်းထဲမှာ ရှိပါလျက်သားနဲ့ ဒကာသစ်ရေ သားနဲ့ပြုံး, သမီးနဲ့ပြုံး, ပစ္စည်းကလေးရလို့ ပြုံးပြီးနေတဲ့ဥစ္စာများ သေခါနီးပြုံး ဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ရမ်းမပြုံးပါနဲ့
ဘာဖြစ်ပါတုံး (သေခါနီးပြုံးပါ ဘုရား)၊ ဒကာကြွယ် လူထဲမှာ ရမ်းမပြုံးလိုက်နဲ့ဗျာ၊ ဆရာပါ နာမည်ပျက်နေပါ လိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒကာသစ် လူထဲများ (ရမ်းမပြုံးပါနဲ့)၊ ရမ်းပြုံးလိုက်လို့ရှိရင် ကိုယ်လည်း အရူးကျတယ် (မှန်ပါ့)၊ သူတို့ဆရာ ဆုံးမသွန်သင် နည်းလိုက်တာဆိုတာ ဆရာလည်း ထိခိုကတယ် (မှန်ပါ့)၊ မထိခိုက်ပေဘူးလား (ထိခိုက်ပါတယ် ဘုရား)။
အဲဒါ ဉာဏ်နဲ့ သေသေချာချာ စဉ်းစားတော့မှ ဪ အိုမင်းရှိလျက်နဲ့ ပြုံးနေတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ မပြုံးသင့်ဘဲနဲ့ ပြုံးတယ်ဆိုတော့ ကလေးများ မုန့်ပေးလို့ ပြုံးသလို (မှန်ပါ့)။
ခင်ဗျားတို့မှာလည်း တေဇောလောင်လျက်နဲ့ မအို-အိုအောင် လုပ်နေတဲ့အတွက် ဒဏ်ချက်တွေထဲက ပြုံးတယ် ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကလေးဉာဏ်, ကလေးစိတ်လောက်ပဲ ရှိသေးတယ်လို့ ဆုံးဖြတ်ချက် ချရလိမ့်မယ် (မှန်ပါ့)၊ အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ဉာဏ်နဲ့ စဉ်းစားပါ ဉာဏ်နဲ့ စဉ်းစားပါ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဉာဏ်နဲ့ စဉ်းစားတော့မှ အိုမင်းလောင်တာ ကို ပြုံးနေခဲ့သည်ရှိသော် ဒကာ ကာမတို့ ကလေးစိတ်လောက်မှ အလေးပြုလောက်အောင် တစ်ခါတည်း ထိုက်တန်တဲ့ စိတ်မဖြစ်သေးတဲ့ အဓိပ္ပာယ်ရောက်ပါတယ် (ရောက်ပါတယ် ဘုရား)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အေး ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခု သားကလေးနဲ့ ပြုံးတာလည်း မသိပြုံးပေါ့ဗျာ (မှန်ပါ့)၊ သမီးကလေးနဲ့ ပြုံးနေတာ (မသိပြုံးပါ ဘုရား)၊ ပစ္စည်းရလို့ ပြုံးတယ် (မသိပြုံးပါ ဘုရား)။
ဒါ လွန်လွန်းလှတယ် ဒကာ ဒကာမတို့ အိုမင်းဝမ်းထဲမှာ ညှာတာနေသလား ၊ နှိပ်စက်ရင်း ပြုံးတာ လား (နှိပ်စက်ရင်း ပြုံးတာပါ ဘုရား)။
ဟာ လွန်ကုန်ပြီ (မှန်ပါ့)၊ ဦးခင်မောင်ကြီး လွန်ကုန်ပြီ (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘယ်လိုအောက်မေ့ကြမလဲ (လွန်ကုန်ပါပြီ ဘုရား)။
အိုမင်းရှိလျက်နဲ့ ပြုံးနေတာ
ဒီနေ့ကစပြီး သကာလ မင်းနဲ့ ငါနဲ့ အိုးစားမကွဲသ၍ ငါ့မှာ ပြုံးချိန်မရှိသေးဘူး (မှန်ပါ့)၊ မင်းသည် သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်နေတာမင်းပဲ (မှန်ပါ့)၊ ဘယ်သူမှ မညှာဘူး၊ ဘုရားတောင် မညှာဘူး (မှန်ပါ့)၊ ညှာရဲ့လား (မညှာပါ ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ စဉ်းစားတော့မှ အိုမင်းရှိလျက်နဲ့ ပြုံးနေတာသည် ဒကာ ဒကာမတို့ ကျုပ်တို့၏ မသိမှု ဆိုးဝါးမှုပဲ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြပါ့မယ် (မသိမှုဆိုးဝါးမှုပါ ဘုရား)၊ မသိဆိုးဝါးမှုဆိုလို့ရှိရင် လွဲကြပါ့မလား (မလွဲပါ ဘုရား)။
ဪ ဒကာ ဒကာမတွေ ဒါ ဘာမသိတာတုံးလို့ ဒကာ ဒကာကြွယ် မေးလို့ရှိရင်ဖြင့် “ဇရာပိဒုက္ခံ” သူမသိရှာဘူး (မှန်ပါ့)။
ဘာမသိတာတုံး (ဇရာပိဒုက္ခံ မသိပါဘုရား)၊ အဲ ဒါကြောင့် ဘုန်းကြီးဟောမည့် တရားသည် အိုမင်းနယ် မှ လွတ်ဖို့ ဟောပါလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သူ့နယ်မှ လွတ်တဲ့တရားကို ဒကာ ဒကာမတွေ ကျင့်ကြံကြိုးကုတ် အားထုတ်လို့ရှိရင်ဖြင့် မလွတ် မရှိပါဘူး (မှန်ပါ့ ဘုရား)။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမှ
ဒါ့ကြောင့် ကြိုးစားကြစမ်းပါဆိုတာကိုလည်း အမြဲတိုက်တွန်းပါတယ်၊ ဒကာ ဒကာမတွေကလည်း ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်လေသောကြောင့် ကိုယ့်ဟာကိုယ် ကြိုးစားပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ်နဲ့မှ ဒကာ ကြွယ် နှင်လို့ရမှာနော် (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင် ရောက်ရာမှာ ခင်ဗျားတို့ လူဖြစ်ရပါလို၏ဆိုရင် ငါ-လိုက်နှိပ်စက်ဦးမယ်ဆိုပြီး ပါလာတယ် (မှန်ပါ့)၊ နတ်ဖြစ်ရပါလို၏ဆိုရင်ကော (ငါလိုက်နှိပ်စက်ရပါလို၏ ပါလာပါတယ်)၊ ငါ-လိုက်နှိပ်စက်ဦးမယ်ဆိုတာ မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါ ရှိ-မရှိကို ဒကာ ဒကာမတွေက ဘုန်းကြီးက အရမ်းပြောနေတယ်၊ ဘုရားက အရမ်းဟောနေတယ်လို့ မယူပါနဲ့ (မှန်ပါ့)၊ ကိုယ့်ရင်ဘတ်ကိုယ် လက်ကလေးနဲ့ စမ်းကြည့်ပါတဲ့၊ ရင်ဘတ်က ပူသေးသလား မပူတော့ဘူးလား (ပူပါတယ် ဘုရား)။
ဟာ ဒါဖြင့် လောင်နေပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ လောင်နေတာ ဘာလုပ်တာတုံး မေးတဲ့အခါ အို အောင်, ရင့်အောင် လောင်တာ (မှန်ပါ့)။
ဘယ်လိုအကျိုးငှာ လောင်ပါလိမ့် (အိုအောင်, ရင့်အောင် လောင်ပါတယ် ဘုရား)။
အိုအောင်လုပ်နေတာ ဘယ်သူပါလိမ့်
ဒါဖြင့် ဒကာ ဒကာမတို့ ရင့်လို့ရှိရင် သရက်သီးများ ကြွေမှ ကြွေပါ့မလားဆိုတာ သံသယမရှိဖို့ မလိုသလိုပေါ့ ဗျာ (မှန်ပါ့)၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ရင့်လို့ရှိရင်ဖြင့် သူသည် သေအောင်လုပ်တော့မှာပဲဆိုတဲ့ အဓိပ္ပာယ် ရတယ် (ရပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အိုအောင်လုပ်နေတာဖြင့် ဝမ်းထဲမှာ အပူဓာတ်ပဲ (မှန်ပ့ါ ဘုရား)။
အိုအောင်လုပ်နေတာ ဘယ်သူပါလိမ့် (အပူဓာတ်ပါ ဘုရား)၊ ဘယ်အချိန်စမ်းစိမ်း ရှိပါရဲ့လားမေးရင် (ရှိပါ တယ် ဘုရား)။
ဪ ဒါဖြင့် ဘယ်အချိန် မနှိပ်စက်တဲ့အချိန်ရယ်လို့ ဒကာကြွယ် ရှာစမ်း (မရှိပါ ဘုရား)၊ ဦးလှဘူး ရှိသေးသလား (မရှိပါ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (မရှိပါ ဘုရား)၊ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် နှိပ်စက်တတ်တဲ့ တရားရှိတုန်းကို ပြုံးချိန်ဟုတ်ကြရဲ့လား (မဟုတ်ပါ)၊ သူနဲ့ အိုးစားကွဲဖို့လုပ်တဲ့အချိန် သာလျှင် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ သူနဲ့ သေခန်းရှင်ခန်းပြတ်ဖို့ အလုပ်ကိုလုပ်ဖို့ အချိန်ရောက်ပေါ့ဆိုတာသာ ဆုံး ဖြတ်ချက်ချဖို့ပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ယနေ့ဖြင့် ဪ အိုမင်းအကြောင်းဖြင့် အသိဉာဏ်တိုးပြီဘုရာ့၊ သူ့နယ်က မလွတ်သ၍ တပည့် တော်တို့ သွားကျိုးဆံဖြူ ငယ်မူပျောက်ပြီး သကာလ သားသမီးမုန်း, အများမုန်းတဲ့ဆီတော့ ခန္ဓာကြီးရောက်တော့မှာပဲ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အေး ဒါတွေစဉ်းစားတော့မှ ဒီအိုမင်းဟာလည်း ဒကာ ဒကာမတို့ ဆံပင်ဖြူတာလည်း သူလုပ်တာပဲ (မှန်ပါ)၊ သွားကျိုးတာလည်း (သူလုပ်တာပါ)၊ အရေတွန့်လိပ်တာလည်း (သူလုပ်တာပါ ဘုရား)၊ အားအင်ဗလချိနဲ့အောင် လုပ်တာကော (သူလုပ်တာပါ ဘုရား)။
ဒကာကြွယ် စမ်းကြည့် ဝမ်းထဲမှာ နွေးနွေးရှိသေးသနော် (ရှိပါတယ်)၊ ပူပူကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
အင်း ဒကာကြွယ်တို့ သနားလို့ သူကလာပြီး စောင့်ရှောက်နေတာလား၊ မအို-အိုအောင် လုပ်နေတာလား (မအိုအိုအောင် လုပ်နေတာပါ ဘုရား)။
ဒါဖြင့် ဒီတေဇော ဘာသစ္စာလို့ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်နေ တဲ့ တေဇော (မှန်ပါ့ ဘုရား)။
သတ္တဝါကို (ညှာတာမဖက် အမြဲနှိပ်စက်နေတဲ့ တေဇောပါ ဘုရား)။
ကိလေသာအရူးထ,တာ
ဒကာ ဒကာမတွေ တေဇောနှိပ်စက်ရင်းများ ဒကာ ဒကာမတွေက အရောင်းမပျက် အဝယ်မပျက် အပြုံးမပျက် ဘဲနဲ့များ နေတာဖြင့် ဒကာကြွယ်ရေ ကိလေသာရူးထ,တာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဘာပါလိမ့် (ကိလေသာရူးထ,တာပါ ဘုရား)၊ ဒကာကြွယ် ဒါ့ကြောင့်မပြုံးနဲ့လို့ ပြောတာ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘုန်းကြီးမှာတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ပြုံးတဲ့အချိန်လား သံဝေဂရရမည့် အချိန်လား (သံဝေဂရရမည့်အချိန်ပါ ဘုရား)။
သံဝေဂရရမည့်အချိန်မှာ ဒကာသစ်တို့ အားလုံး ဒကာ ဒကာမတွေက ပြုံးနေကြမယ်ဆိုလို့ရှိရင်ဖြင့် ဒကာသစ် မျက်လုံးနဲ့ကြည့်ကြည့်၊ အရိယာမျက်လုံး တပ်ကြည့်ကြည့် အရူးပြုံးဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဘာပြုံးပါလိမ့်မလဲ (အရူးပြုံးပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
အိုအောင် ရိုက်နှက်နေတုန်း ပြုံးတာ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်အချိန်ပြုံးတာပါလိမ့် (အိုအောင် ရိုက် နှက်နေတုန်း ပြုံးတာပါ ဘုရား)။
ပြုံးရမှာလား ဒကာ ဒကာမတို့ အလွတ်ရှောင်ဖို့ဉာဏ် ရှာရမှာလား (အလွတ်ရှောင်ဖို့ ဉာဏ်ရှာရမှာပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
သဘောပါကြပါပြီတဲ့၊ အဲဒီ့တေဇောက ဒကာ ဒကာမတို့ အခုတော့ အိုအောင်လုပ်တယ်နော် (မှန်ပါ့)၊ နောက် မကြာခင် ဒီဒကာ ဒကာမတွေ ဒီတရားဟောတဲ့ ဘုန်းကြီးပါ သေအောင် လုပ်ပါလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ နောက်မကြာခင် ဘာလုပ်မယ်ထင်သတုံး (သေအောင်လုပ်မှာပါ)၊ သေအောင် လုပ်ပါ လိမ့်ဦးမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
သေအောင်လုပ်တယ်ဆိုတော့ တေဇောက ကဲ ငါမပူတော့ဘူး၊ အပူတေဇောကနေပြီး အအေးတေဇော အမွေပေးပါတော့မယ်ဆိုပြီး အပူတေဇောချုပ်ပြီး အအေးတေဇောလည်း ရောက်ပါရော သွေးဆုတ်ပြီဆိုပြီး သေတော့ တာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘယ်သူက သတ်တာပါလိမ့် (တေဇောက သတ်တာပါဘုရား)၊ အင်း အအေးတေဇောက သတ်တာ (မှန်ပါ့ ဘုရား)။
ဘယ်သူသတ်တာပါလိမ့်
ဒကာ ဒကာမတို့ မသာတွေဟူသ၍ဟာဖြင့် ဒကာသစ် စဉ်းစားစမ်းတဲ့၊ ဘယ်သူသတ်တာပါလိမ့် (တေဇော သတ်တာပါ ဘုရား)၊ တေဇောသတ်တာပဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဪ ဒီဒကာ ဒကာမတွေ အခုတရားနာပြီး နေကြတယ်နော် (မှန်ပါ့)၊ ဘယ်သူနဲ့များ တရားနာနေကြ သလဲ (နှိပ်စက်ခံရင်း တရားနာနေတာ ဘုရား)။
ဘယ်လိုပါလိမ့် (နှိပ်စက်ခံရင်း တရားနာနေတာပါ)၊ နှိပ်စက်ခံရင်း တရားနာနေကြရတယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါပါပြီ ဘုရား)။
အင်း ဘယ်လိုများ တရားနာနေကြသလဲ (နှိပ်စက်ခံရင်း တရားနာနေကြပါတယ်)၊ အနှိပ်စက်ခံရင်း တရားနာနေကြရတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တရားနာရင်းပဲ နှလုံးသွင်းပါတော့ (မှန်ပါ့)၊ ဒီတေဇောတို့၏ ငါတို့သည်ကားလို့ဆိုရင် ချုပ်ရာ ငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရအောင် နှလုံးသွင်းရမယ် နိဗ္ဗာန်မှာ ပထဝီ အာပေါ တေဇောမရှိဘူး (မှန်ပါ့)၊ ဒါ့ကြောင့် နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်များ သေစရာ ကြေစရာ ရှာမတွေ့ပါဘူး (မှန်ပါ့)၊ ဘာ့ကြောင့်တုံးလို့ မေး တဲ့အခါကျတော့မှ တေဇောမရှိလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သေစရာမရှိတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ)၊ သေစရာရှိတာသည် လောက (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သေစရာရှိတာက (လောကပါ)၊ သေစရာမရှိတာက လောကုတ္တရာနိဗ္ဗာန် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သေစရာရှိတာက (လောကပါ)၊ သေစရာမရှိတာက (လောကုတ္တရာနိဗ္ဗာန်ပါ)၊ လောကုတ္တရာနိဗ္ဗာန် ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုပင် ဓာတ်စာတွေကျွေး၊ ဘယ်လိုပင် အခင်းမွေ့ရာ တွေနဲ့အိပ်၊ ဘယ်လိုပင် ဆေးအမျိုးမျိုး ဝါးအမျိုးမျိုးတွေ အနားမှာ ဆောင်ထားငြားသော်လည်း တေဇောကဖြင့် မင်းတို့ ဆုတောင်းပြည့်အောင်တော့ ငါအိုအောင်လုပ်မယ်ဆိုတဲ့ သတ္တိကို ဒကာကြွယ် စွန့်ပါ့မလား (မစွန့်ပါ)၊ ကြောက် စရာပါလား (ကြောက်စရာပါ ဘုရား)။
သေသေချာချာ စဉ်းစားကြပါ ဒကာ ဒကာမတို့ တေဇောတစ်လုံးကို ဟောနေတယ် (မှန်ပါ့)၊ ဒီတေဇောနဲ့ ခင်ဗျားတို့ မကွဲသ၍ ကာလပတ်လုံးဖြင့် အိုပွဲနဲ့ သေပွဲဟာဖြင့် တို့ခံရမည့်ပွဲချည့် (မှန်လှပါ ဘုရား)။
အိုပွဲ, သေပွဲဟာ ဘာပွဲပါလိမ့်
အိုပွဲ, သေပွဲဟာ ဘာပွဲပါလိမ့် (တပည့်တော်တို့ ခံရမည့်ပွဲပါ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လူဖြစ်ရပါလို၏ဆိုတော့ တေဇောက ငါလိုက်ခဲ့ဦးမယ် (မှန် ပါ့)၊ နတ်ဖြစ်ရပါလို၏ဆိုရင်ကော (တေဇောက ငါလိုက်ခဲ့ဦးမယ်)၊ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့ကော (တေဇောက ငါ လိုက်ခဲ့ဦးမယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဆွမ်းကုန်, ကွမ်းကုန်, ဖယောင်းတိုင် အကုန်ခံပြီး ဝဋ္ဋဒါနတွေများ လုပ်နေလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တစ်နေရာက တစ်နေရာရွှေ့ပြီး သေပွဲနွှဲရပါလို၏ဘုရား လို့ ဆုတောင်းတာနဲ့ တူလိုက်တာ (မှန်ပါ့)။
ဒီနေရာ သေပွဲဖြင့် တယ်မဝေးတော့ပါဘူး၊ ဟိုသေပွဲ တပည့်တော်တို့ ဆက်ရပါလို၏ (မှန်လှပါ)၊ တယ်လည်း ဆိုးဝါးပါလား (ဆိုးဝါးပါတယ် ဘုရား)။
ဒကာကြွယ် ဘာမသိတာတုံးဗျ၊ သစ္စာမသိတာ (မှန်ပါ့ ဘုရား)။
သစ္စာမသိတာ သိပ်ကြောက်စရာ
ဒကာ ဒကာမတို့ ဘာမသိတာပါလိမ့် (သစ္စာမသိတာပါ)၊ ဦးဘတင် သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ်)၊ ဉာဏ်ရောက်ကြရဲ့လား (ရောက်ပါတယ် ဘုရား)။
စမ်းကြည့်ပါ စမ်းကြည့်ပါ ဒကာ ဒကာမတို့ အခု တေဇောလောင်လို့ ချွေးတွေသုတ်နေရပြီနော် (မှန်ပါ့)၊ ဒါ ဘာလုပ်နေတာတုံး မေးတော့ မအို-အိုအောင်လုပ်မကွ (မှန်ပါ့)၊ မသေ-သေအောင်ကော (လုပ်မှာပါ)၊ ဘယ်သူပါလိမ့် ဗျာ (တေဇောပါ ဘုရား)။
ဘယ်ပုဂ္ဂိုလ်များ သူမနှိပ်စက်တယ်ရယ်လို့ ရှိသေးသတုံး (မရှိပါ ဘုရား)။
ဒါဖြင့် သစ္စာဆိုတာ မှန်လိုက်တာ၊ ဘုရားတောင် အရေတွန့်အောင် နှိပ်စက်တယ် (မှန်ပါ့)၊ အားအင်ဗလ ချိနဲ့အောင် (နှိပ်စက်ပါတယ်)၊ ဒါဖြင့် ဒုက္ခသစ္စာ ဟုတ်ပါရဲ့လား တေဇောဟာ (ဟုတ်ပါတယ် ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတွေ သူ့နယ်ကလွတ်အောင်ဖြင့် ဘုန်းကြီးကလည်း ကယ်တင်ပါ့မယ်၊ ဒကာ ဒကာမ တွေကလည်း ကိုယ့်ကိုယ်သနားသောအားဖြင့် လုပ်စမ်းပါဆိုတာကို မေတ္တာရပ်ရတယ် (မှန်ပါ့ ဘုရား)။
ဘုန်းကြီးကလည်း ကယ်တင်ပါ့မယ်၊ နည်းပေးပါ့မယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေကလည်း ကိုယ့်ကိုယ်သနား ရင်ဖြင့် အသေမရှိတဲ့ နေရာရအောင် လိုက်ကြစမ်းပါ (မှန်ပါ့)၊ မပြောသင့်ဘူးလား (ပြောသင့်ပါတယ် ဘုရား)။
ခင်ဗျားတို့ဉာဏ်နဲ့တော့ဖြင့် ဒီတေဇောကို ဘယ်နည်းနဲ့မှ မိအောင်မဖမ်းဘူး (မှန်ပါ့)၊ ဖမ်းပြန်လို့ရှိရင် သူနှိပ် စက်နေတယ်လို့လည်း မသိဘူး (မှန်ပါ့)။
တေဇောကင်းရာဌာနလည်း ခင်ဗျားတို့ မရှာဘူး (မှန်ပါ့)၊ ဘယ်လောက်များ ဉာဏ်တုံး, ကံတုံး ဖြစ်နေတယ် ဆိုတာဖြင့် ပြောစရာမရှိပါဘူး (မရှိပါ ဘုရား)။
ဒီထူလပိန်းတွေဖြစ်နေလို့ သနားတာ
ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်လာတဲ့ တစ်နေ့ကျတော့ သတ္တဝါတွေ ရင်ဝယ်သား ကဲ့သို့ သနားတယ်ဆိုတာ ဒီထူလပိန်းတွေဖြစ်နေလို့ သနားတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်လိုကြောင့် သနားတာပါလိမ့် (ထူလပိန်းတွေဖြစ်နေလို့ သနားတာပါဘုရား)။
ဒါ-အခုလို ဆရာကောင်း သမားကောင်းနဲ့လည်း မတွေ့တော့ပါဘူးဆိုလို့ရှိရင်ဖြင့် ထူလပိန်းတစ်ယောက်ပဲ ပြန်ပြီပဲဖြစ်မှာပဲ (မှန်ပါ့ ဘုရား)၊ သေသွားပြီး နောက် ဘာဖြစ်မှာတုံး၊ ထူလပိန်းတစ်ယောက်ပဲ ဖြစ်ဦးမှာပဲ (မှန်ပါ့)၊ ဒီ့ပြင် ဘာဖြစ်စရာရှိသေးသတုံး (မရှိပါ ဘုရား)။
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတို့ တကယ်အရေးကြီးတဲ့တရားကို ဟောကြားညွှန်ပြ ဆုံးမနေပါကလား ၊ ငါတို့မှာ အိုမင်းလည်း ရှိပါကလား ၊ ဒီအိုမင်းကနေပြီး သကာလ ဒကာသစ်ရေ အေးသွားတဲ့အခါကျ တော့ သေမင်းဖြစ်သွားတယ် (မှန်ပါ့)၊ အေးသွားတော့ အအေးတေဇောက မသတ်ဖူးလား (သတ်ပါတယ် ဘုရား)။
ဒါ့ကြောင့် သွေးဆုတ်ပြီဘုရား မရတော့ဘူးဘုရား၊ ဒါ တေဇောက အေးသွားတာ (မှန်ပါ့)၊ အအေး သတ်လိုက်တော့ ဒကာ ဒကာမတို့ ခံနိုင်ရည်ရှိသေးသလား (မရှိပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အခု ပူနေတာကလေး အေးတဲ့အဆုံးကျတော့ ခေါင်းသာပြင်ပေတော့ (မှန်ပါ့)။
အခုပူတာ အေးရင် (ခေါင်းသာပြင်ပေရော့ )၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် အိုအောင်လုပ်တာ တေဇော၊ ခေါင်းပြင်ခိုင်းတာကလည်း တေဇော (မှန်ပါ့)။
အိုအောင်လုပ်တာကလည်း (တေဇောပါ ဘုရား)၊ သူက ဥဏှတေဇော (မှန်ပါ့)၊ ခေါင်းပြင်ခိုင်းတာက (သီတ တေဇောပါ ဘုရား)။
ရှိကြရဲ့လား ဝမ်းထဲမှာ စမ်းပါဦး (ရှိပါတယ် ဘုရား)၊ ရှိတယ်နော် ၊ အခု ဘာဖြစ်နေသတုံး၊ အခုတော့ အိုအောင်လုပ်တုန်း ရှိသေးတယ် (မှန်ပါ့ ဘုရား)၊ အင်း နက်ဖြန်သဘက်ကျတော့ ဒကာသစ်ရေ, ‘အဇ္ဇေဝ သုဝေဝ’ဧနဲ့ စဉ်းစားလိုက်တဲ့အခါကျတော့ အေးတဲ့တေဇောက သူခေါင်းပြင်ခိုင်းတော့မယ် (ခိုင်းပါမယ် ဘုရား)၊ မခိုင်းပေဘူးလား (ခိုင်းပါတယ် ဘုရား)။
အဲဒါ ဉာဏ်နဲ့စဉ်းစားကြည့်မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အင်း တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဥပမာ ဒီမှာ နတ်ပွဲရှိတယ်၊ ဇာတ်ရုံတွေကလည်း များပါဘိနဲ့၊ ဒကာ ဒကာမတွေက ပျော်ကြ, ရွှင်ကြ, ရောင်းကြ, ဝယ်ကြ အစရှိသည်နဲ့ ပျော်ချင် ပျော်ကြမယ်ပေါ့ဗျာ (မှန်ပါ့)၊ ထိုကဲ့သို့ ပျော်မယ်ကြံလို့ရှိရင် ကိုယ့်ကိုယ်,ကိုယ် စမ်း ကြည့်ပါဦး (မှန်ပါ့ ဘုရား)၊ ငါ့အိုမင်းက ဘာလုပ်နေသတုံး (မှန်ပါ့)၊ စဉ်းစားဖို့ မသင့်ဘူးလားဗျာ (သင့်ပါတယ် ဘုရား)။
မင်း နှစ်ပါးရှိနေတယ်
ဒီအိုမင်းက သေမင်းဖြစ်အောင်များ ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်ဖြင့် မျက်စိတစ်မှိတ်ခံနိုင်ပါ့မလား (မခံနိုင် ပါ ဘုရား)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဒါပါ-မပါ စဉ်းစားစမ်း (ပါပါတယ် ဘုရား)၊ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ မင်း နှစ်ပါးရှိနေတယ် (မှန်ပါ့)။
ဒကာသစ် မင်းနှစ်ပါးရှိတယ် (မှန်ပါ့)၊ ယခု အိုမင်းနဲ့ အတူနေရတယ်၊ နောက် ခဏကြာလို့ရှိရင်ဖြင့် သေမင်း နဲ့ အတူတူမနေရပေဘူးလား (နေရပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ အဲဒီကျတော့ နာလန်ထူပါဦးမလား (မထူပါ ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့စဉ်းစားတော့မှ ဪ မလွတ်လပ်တဲ့ ဘဝများ တယ်ဆိုးပါကလား (မှန်ပါ့)၊ အိုမင်း၏ လက်အောက်ခံဆိုလို့ရှိရင် ကျုပ်တို့က တော်လှန်နိုင်ရဲ့လား (မတော်လှန်နိုင်ပါ ဘုရား)၊ သေမင်း၏ လက်အောက်ခံ ဖြစ်လို့ကော တော်လှန်နိုင်ရဲ့လား (မတော်လှန်နိုင်ပါ ဘုရား)၊ ဒီထဲကနေပြီး ကျုပ်တို့က ပစ္စည်းရလိုပြုံး, သားသမီး ကလေးတွေနဲ့ ပြုံးဆိုတဲ့ဥစ္စာ ဒကာကြွယ်ရေ အရူးသန်လွန်းတယ် (မှန်ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ အရူးမသန်လွန်းဘူးလား (သန်လွန်းပါတယ် ဘုရား)။
အိုမင်း, သေမင်းရှိတယ်လို့ သုံးသပ်စမ်းပါ
အေး ဒါတွေ ဉာဏ်နဲ့စဉ်းစားတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီလိုသုံးသပ်စမ်းပါကွ ၊ ခန္ဓာကိုယ်ထဲမှာ အိုမင်း, သေမင်းရှိတယ်လို့ သုံးသပ်စမ်းပါတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဘာများရှိနေပါလိမ့် (အိုမင်း သေမင်းရှိပါတယ် ဘုရား)၊ အိုမင်း သေမင်း ရှိနေတယ်နော် (မှန်ပါ့)။
ကဲ ခင်ဗျားတို့ပဲ တရားပွဲထဲမှာလျှောက်ပြီး ကိုယ့်မျက်လုံးနဲ့ကိုယ် ကြည့်ပါတော့၊ တချို့ အိုမင်းအုပ်စိုး နေလို့ အတော်ကို ဆိုးဝါးသွားပြီ (ဆိုးဝါးပါတယ် ဘုရား)။
တချို့လည်း ဆိုးဝါးဆဲ (မှန်ပါ့)၊ တချို့ကတော့ အကြီးအကျယ် ဆိုးဝါးနေပြီ (မှန်ပါ့)၊ တချို့ကလည်း ဒကာသစ် တို့မျက်လုံးနဲ့ ဦးလှဘူးတို့မျက်လုံးနဲ့ ကြည့်လိုက်တော့ ဪ သုသာန်နားနီးလှပါပေါလားလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
အင်း အိုမင်းက သူသေမင်းဖြစ်အောင် တေဇောက အေးလိုက်သည်နဲ့တစ်ပြိုင်နက်တည်း ဒကာ ဒကာမ တို့ တစ်တိုင်းတစ်ပြည်လုံးရှိတဲ့ လူတွေ သူ တစ်ခါအေးတာနဲ့ အကုန် မြေကြီးထဲရောက်တယ် (မှန်ပါ့ ဘုရား)၊ မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်သူကလာသတ်လို့မှ သေတာမဟုတ်ဘူး သဘောကျပလား (ကျပါပြီ)၊ ကိုယ့် ဆုတောင်းအမှားတောင်းမိလို့ လူဖြစ်ရပါလို၏ဆိုလို့ သေရတာ (မှန်ပါ့ ဘုရား)။
ဒကာသစ် ဘယ့်နှယ်ဆိုပါ့မယ် (လူဖြစ်ရပါလို၏ဆိုလို့ သေရတာပါ ဘုရား)၊ နတ်ဖြစ်ရပါလို၏ဆိုလို့ (သေရတာ ပါ ဘုရား)။
ဪ ခင်ဗျားတို့ကလည်း အဖြစ်သာမြင်၍ ဤတေဇော ဒုက္ခသစ္စာကြီး မမြင်တော့ ဒကာကြွယ်တို့များ ရမ်းလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် ရမ်းလာတာ သိပလား (သိပါပြီ)၊ အခုတော့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ရှေ့ကို ဘာများဖြစ်ချင်ကြသေးသတုံး (ဘာမှမဖြစ်ချင်ပါ ဘုရား)၊ ဖြစ်ရင် အိုမင်းပါမယ် (ပါပါမယ် ဘုရား)၊ ဖြစ်ရင် သေမင်းကော (ပါပါမယ် ဘုရား)။
သစ္စာရိပ်မိတဲ့အတွက်
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့တော့ဖြင့် သစ္စာရိပ်မိတဲ့အတွက် သံသရာစခန်းတော့ဖြင့် ပြတ်တော့မှာပဲ (မှန်ပါ့)၊ ဘာရိပ်မိလို့ပါလဲ (သစ္စာရိပ်မိလို့ပါ ဘုရား)။
သစ္စာရိပ်မိတဲ့အတွက် သံသရာစခန်းတော့ဖြင့် ပြတ်တော့မှာပဲဆိုတာ ယနေ့ တော်တော်အဖိုးတန်လာပြီ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဉာဏ်ကလေးပေါ်လာတာ ဘယ်လောက်အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။
ကိုင်း အခု တရားနာနေကြတာ ဘယ်သူနဲ့ နာနေကြပါလိမ့် (အိုမင်းနဲ့ နာနေပါတယ် ဘုရား)၊ အိုမင်း နဲ့ နာနေတယ် (မှန်ပါ့)၊ နောင် အကြောင်းမညီညွတ်လို့ရှိရင်ဖြင့် သေမင်းလာရင် နာလိုဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
ဒါဖြင့် ဒီကြားထဲက အိုမင်းက သေမင်းကို ထိုးမအပ်ခင် (မှန်ပါ့)၊ မြန်မြန်ကလေး တစ်ခါတည်း အိုမင်း, သေမင်းလွတ်ရာကို ကျုပ်တို့ အာရုံပြုနိုင်အောင် ဉာဏ်ထဲ မြင်နေနိုင်အောင် ဒကာကြွယ် လုပ်ထားဗျာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘုန်းကြီးပြောနေတာ လှိုက်လှိုက်လှဲလှဲ ပြောနေတယ်လို့ အောက်မေ့ပါ (မှန်ပါ့)၊ ခင်ဗျားတို့ လည်း လှိုက်လှိုက်လှဲလှဲနဲ့ ဪ တို့အမှားတယ်ကြီးပါလားလို့ အောက်မေ့လိုက်စမ်းပါ (မှန်ပါ့)၊ အမှားဘယ်လောက် များ ကြီးနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာတွေဆုတောင်းယူခဲ့ကြသလဲ (အိုမင်းပါ ဘုရား)၊ အိုမင်းဆုတောင်းယူခဲ့တယ် (မှန်ပါ့)၊ သေမင်းကော (ဆုတောင်းယူခဲ့ပါတယ် ဘုရား)။
ဪ နဂိုက ကျုပ်တို့က ပါတယ်မထင်ဘူးနော် (မှန်ပါ့)၊ အခုတော့ဖြင့် လက်တွေ့ပဲ စမ်းလိုက်တော့ ပူမှုတွေ့ရ တယ် (တွေ့ရပါတယ်)၊ အင်း ဒါဟာ ဘာတွေဆုတောင်းထားလို့ ဘာတွေပြည့်နေတာပါလိမ့်ဗျာ (အိုမင်းဆုတောင်း ထားလို့ပါ ဘုရား)၊ အိုမှုဆုတောင်းထားလို့ အိုမင်းနဲ့ အတူတူဖြစ်နေတာ (မှန်ပါ့)၊ သေမင်းနဲ့ အတူတူကော (ဖြစ်ပါ တယ် ဘုရား)။
ဒကာ ဒကာမတို့ ဒီအိုမင်းက အေးလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သေမင်းဖြစ်သွားတယ် (မှန်ပါ့)။
အိုမင်းက အေးလိုက်ရင် (သေမင်းဖြစ်သွားပါတယ် ဘုရား)။
ဥဏှတေဇောက ဦးခင်မောင် သီတတေဇောဖြစ်ရင် သွေးဆုတ်ပြီးပြောတာပဲ (မှန်ပါ့)၊ မပြောသေးဘူးလား (ပြောပါတယ် ဘုရား)၊ အိုမင်းက သေမင်းဖြစ်မလာဘူးလား (ဖြစ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သူ-ဘယ်အချိန်မှာ ငါအေးလိမ့်မယ်ဆိုတာတော့ ပြောတော့မထားဘူး (မှန်ပါ့)၊ ဒကာကြွယ် အေးချင်တဲ့အချိန် အေးလိုက်မယ် (မှန်ပါ့)။
အေးချင်တဲ့အချိန် အေးလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒကာကြွယ် သမီးနှုတ်ဆက်နိုင်သေးရဲ့လား (မဆက် နိုင်ပါ ဘုရား)၊ ခင်ပွန်းမကော (နှုတ်မဆက်နိုင်ပါ ဘုရား)၊ ဪ သူစီမံသလို မခံရဘူးလား (ခံရပါတယ် ဘုရား)။
ဒီဒုက္ခသစ္စာနယ်က မလွတ်သေးသ၍
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့, ကျုပ်တို့ ဒီဒုက္ခသစ္စာနယ်က မလွတ်သေးသ၍, နိရောဓသစ္စာ မရောက်သေးသ၍ ဒကာ ဒကာမတွေ သေပွဲနဲ့ အိုပွဲချည့် နွှဲရမယ် (မှန်ပါ့)။
ဘာတွေနွှဲရမတုံး (အိုပွဲနဲ့ သေပွဲချည့် နွှဲရပါမယ်)၊ အိုပွဲ, သေပွဲချည့် မနွှဲရပေဘူးလား (နွှဲရပါတယ် ဘုရား)။
ဪ ကြောက်စရာကောင်းလိုက်တာ ဒကာ ဒကာမတို့ ကျုပ်တို့မျက်စိလည်လို့ ဒီရောက်နေတာနော် (မှန်ပါ့)။
ဘာ့ကြောင့် ဒီရောက်နေပါလိမ့် (မျက်စိလည်လို့ ရောက်နေတာပါ ဘုရား)။
ဉာဏ်နားနဲ့ထောင် ဉာဏ်နားနဲ့ထောင် ခင်ဗျားတို့ လူ့ပြည်ရောက်လာတာ သာမညဒုလ္လဘတရားနဲ့ဆိုရင်ဖြင့် ကံကောင်းအကြောင်းသင့်လို့ ရောက်တယ်လို့ ဦးမာဒင်တို့ ထင်ကြမှာပဲ (မှန်လှပါ)၊ သေသေချာချာ သစ္စဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ မျက်စိလည်လို့ အဝိဇ္ဇာဖုံးပြီး တဏှာက ထင်ရာလုပ်လိုက်တာနဲ့ တပည့်တော်တို့ အိုပွဲ, သေပွဲကြီး နွှဲရပါပေါ့လား ဘုရား လို့ သိပ်ဝမ်းနည်းစရာကောင်းတယ် (ကောင်းပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
လှူစဉ်, တန်းစဉ်အခါတုန်းက အဝိဇ္ဇာက ဖုံးလိုက်လို့ (မှန်ပါ့)၊ တဏှာက သူရမ်းပြီး လိုချင်လိုက်တယ် (မှန် ပါ့)၊ လူ့ဘဝ, နတ်ဘဝတွေ မလိုချင်လိုက်ဘူးလား (လိုချင်လိုက်ပါတယ် ဘုရား)။
လူ့ဘဝ, နတ်ဘဝ၏ ဒုက္ခသစ္စာကို ဖုံးပေးသမားက အဝိဇ္တာ (မှန်ပါ့)၊ ရမ်းလိုချင်တာက (တဏှာပါ ဘုရား)။
အဲ သူတို့နှစ်ခု စီမံလိုက်တာ ကျုပ်တို့ဖြင့် အခု အိုပွဲနွှဲလို့လည်း မအားဘူး (မှန်ပါ့)၊ သေပွဲနွှဲရမှာလည်း နီးနေပြီ (မှန်ပါ့)၊ ဒကာသစ်တို့ လွတ်ရေးကျွတ်ရေး ရှိရဲ့လား (မရှိပါ ဘုရား)။
တရုတ်လူမျိုးများ
ဒါဖြင့် ကျုပ်တို့ အင်မတန်မှတ်စရာကောင်းတဲ့ တရုတ်လူမျိုးများမှာ အင်မတန် ရင်းနှီးတဲ့, အင်မတန် မြတ်နိုး တဲ့ ချွေးမတစ်ယောက် ရမယ်ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ်ရေ အဖိုးတန်တဲ့ ခေါင်းကြီးတစ်လုံး လက်ဖွဲ့တယ် မင်္ဂလာ အခမ်းအနားမှာ (မှန်ပါ့)။
မင်္ဂလာအခမ်းအနားမှာ ဘာလက်ဖွဲ့လေ့ရှိသတုံး (အဖိုးတန်တဲ့ ခေါင်းကြီး လက်ဖွဲ့လေ့ရှိပါတယ်ဘုရား)၊ ဗမာမျက်လုံးနဲ့ကြည့်တော့ မကြိုက်ဘူး (မကြိုက်ပါ ဘုရား)၊ စင်စစ်တော့ မှန်လိုက်တာ (မှန်ပါ့ ဘုရား)။
စင်စစ်တော့ ဘယ့်နှယ်တုံး (မှန်ပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ခင်ဗျားတို့လည်း ဘာလက်ဖွဲ့ဖို့ သင့်နေ သတုံး (ခေါင်းကြီးလက်ဖွဲ့ဖို့ သင့်ပါတယ် ဘုရား)၊ ဒါဟာ လက်မဖွဲ့လည်း ခံရမှာပဲ (မှန်ပါ့)၊ လက်ဖွဲ့လည်း ဒီခေါင်းထဲ အဆင်သင့်ဝင်ရုံပဲ (မှန်ပါ့)၊ လက်မဖွဲ့လည်း အသစ်လုပ်ရမှာပဲ (မှန်ပါ့)၊ ဒီလမ်းကတော့ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
ခေါင်းလက်ဖွဲ့ဖို့ပဲ ရှိတော့တယ်
အဲဒီတော့ တရုတ်လူမျိုးများမှာ အင်မတန် ချစ်လှစွာသော ချွေးမကို ဒီ့ပြင်ပစ္စည်းထက် ခေါင်းလက်ဖွဲ့တာ အရေးကြီးတယ် (မှန်ပါ့)၊ ဒီမှာလည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆုတောင်းလွဲတာဟာ ခေါင်းလက်ဖွဲ့ဖို့ပဲ ရှိတော့ တယ် (မှန်ပါ့ ဘုရား)။
ဆုတောင်းလွဲတာ ဘာပါလိမ့် (ခေါင်းလက်ဖွဲ့ဖို့ပါ ဘုရား)၊ တယ်လည်းဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒကာကြွယ် ခေါင်းလက်ဖွဲ့တာ မှားတယ်ထင်သလား (မထင်ပါ ဘုရား)၊ လက်ခံဖို့ အဆင်သင့်ပဲဆိုတာ အသစ်တောင် မရှာရတော့ဘူး မှန်လိုက်တာ (မှန်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအိုပွဲ, သေပွဲသည်ကားလို့ဆိုရင်ဖြင့် ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)၊ သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတာ သဘောကျပလား၊ တေဇောကလေ (မှန်ပါ့)၊ ဘယ်ပုဂ္ဂိုလ် ရွေးသေးသတုံး (မရွေးပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ် ရင်ဘတ်ကလေး စမ်းကြည့်၊ ကျောကလေး စမ်းကြည့်၊ ကိုယ့်လက်မောင်းကလေးကို ညာဘက်က ဘယ်ဘက်ဆုပ်ကြည့်တော့ နွေးနွေးကလေးများ ရှိကြရဲ့လား (ရှိပါတယ်)၊ အင်း ဘာလုပ်နေပါလိမ့် သူက (အိုအောင်လုပ်ပါတယ် ဘုရား)။
နောက်ဆုံးပိတ် တစ်နေ့ အိုအောင်လုပ်တဲ့ အပူတေဇောက အအေးကို အခွင့်ပေးလိုက်သည်နဲ့ တစ်ပြိုင်နက် တည်း ခေါင်းပြင်ပေရော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အချိန်ဝေးသလား အချိန်နီးပလား
အဲဒီတော့ ဒကာ ဒကာမတို့ အချိန်ဝေးသလား အချိန်နီးပလား (နီးပါပြီ ဘုရား)။
ဘာဖြစ်လို့ နီးရတာတုံးဆိုတော့ ခင်ဗျားတို့ အဝိဇ္ဇာကဖုံး၊ တဏှာက လူ့ဘဝကောင်းတယို့ လက်ညှိုးညွှန်ပြ လိုက်တာနဲ့ ခင်ဗျားတို့က လူ့ပြည်ရောက်ကြောင်း ကံတွေ ကြိုးစားလိုက်တာနဲ့ အခုတော့ဖြင့် ခေါင်းလက်ဖွဲ့ ခံရပါပေါ့ လား (မှန်ပါ့ ဘုရား)၊ အံမာကလေး ကြောက်စရာကြီးပါလား (မှန်ပါ့ ဘုရား)။
ဒကာသစ် ဘာလက်ဖွဲ့ခံနေရသတုံး (ခေါင်းလက်ဖွဲ့ခံနေရပါတယ်)၊ အံမာ ကြောက်စရာကြီးပဲ (မှန်ပါ့ ဘုရား)။
နဂိုက ခေါင်းလက်ဖွဲ့ခံရမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ဗမာမျက်လုံးနဲ့ ကြည့်မယ်ဆိုရင်ဖြင့် အမင်္ဂလာကြီးလို့ ထင်မှာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခန္ဓာကြီးကိုက မင်္ဂလာလား အမင်္ဂလာလား (အမင်္ဂလာပါ)၊ အိုပွဲခန္ဓာကြီးလည်း သူပဲ (မှန်ပါ့)၊ သေပွဲ ခန္ဓာကော (သူပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ နောက်ဘဝက အဝိဇ္ဇာက ဉာဏ်မျက်လုံးဖုံး၊ တဏှာက အရမ်းဆုတောင်းထားလို့ အခုခန္ဓာကြီးရတော့ အိုပွဲ, သေပွဲနဲ့ အထည်ကြီးရတယ် (ရပါတယ်)၊ အိုပွဲသေပွဲ အထည်ကြီးမရဘူးလား (ရပါတယ် ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတွေ တစ်ခါတလေ ခေါင်းတောင် မရှာနိုင်ဘူး (မှန်ပါ့)၊ ဖြစ်ချင်သလိုဖြစ်ပြီး ရေထဲသေတော့ ဒကာသစ် ခေါင်းရှာနိုင်သေးရဲ့လား (မရှာနိုင်ပါ)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တေဇောနယ်က မလွတ်သ၍ ကာလပတ်လုံး ကျုပ်တို့သည် ချမ်းသာရေး, ကျန်းမာ ရေး မြင်သေးရဲ့လား (မမြင်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဘုရားက ဒီလိုသုံးသပ်စမ်းပါကွဆိုတော့ ယနေ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဘာရှိတယ် လို့ဆိုတာ သုံးသပ်မိကြပလား (သုံးသပ်မိပါပြီ)၊ အိုတတ်တဲ့ တေဇောရှိ-မရှိ (ရှိပါတယ် ဘုရား)၊ သေတတ်တဲ့ တေဇော (ရှိပါတယ် ဘုရား)။
သစ္စာကို သုံးခိုင်းတာ
အဲဒီလိုသိလာတော့မှ ဒကာကြွယ် ဒါဘာသုံးသပ်ခိုင်းတာတုံး မေးတော့မှ သစ္စာကို သုံးခိုင်းတာ (မှန်ပါ့ ဘုရား)။
ဘာသုံးသပ်ခိုင်းတာလိမ့် (သစ္စာသုံးသပ်ခိုင်းပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။
ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပဋိစ္စသမုပ္ပါဒ် ဆက်လိုက်ရင်ကွာတဲ့ မင်းတို့သုံးသပ် နည်းသည်ကားလို့ဆိုရင် ဒါက မင်းတို့ ဆုတောင်းသမားကြောင့် အရမှားဖြစ်နေတာတော့ဖြင့် သိပြီ (မှန်ပါ့ ဘုရား)။
ဒီအိုမှု, သေမှုဆိုတဲ့ တရားနှစ်ခုက ဘယ်တော့လာပါလိမ့်မလဲဆိုတာကို ပဋိလောမ ပြန်တွေးပါတဲ့ (မှန်ပါ့)၊ ပြောင်းပြန် ပြန်တွေးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒီမှာနည်းနည်းမှီတဲ့ ပုဂ္ဂိုလ်က ကြည့်တာပေါ့ဗျာ (မှန်ပါ့)၊ မှီတဲ့ပုဂ္ဂိုလ်က နည်းနည်းကြည့်ပါ နော် (မှန်ပါ့ ဘုရား)၊ ဒီနှစ်ခုဟာ ဒကာ ဒကာမတို့ အိုပွဲ, သေပွဲ (မှန်ပါ့)၊ ဒီနှစ်ခုဟာ ဘယ်ကများလာလို့ ကျုပ်တို့မှာ အိုရ, သေရပါလိမ့်မတုံး စဉ်းစားတော့မှ ဒကာ ဒကာမတို့ မှတ်ထားစမ်းပါ ခန္ဓာငါးပါးရှိလို့လာတာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်သူရှိလို့လဲ (ခန္ဓာငါးပါးရှိလို့ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာငါးပါးရှိလို့ လာတာနော် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အိုပွဲ, သေပွဲဟာ ဘယ်ကလာတာတုံး (ခန္ဓာငါးပါးက လာတာပါ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးက အကြောင်း (မှန်ပါ့)၊ အိုပွဲ, သေပွဲက (အကျိုးပါ)၊ အကျိုးပဲဆိုတာ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ဒီခန္ဓာငါးပါး၊ ဒါဖြင့် ခန္ဓာငါးပါးကို လူ့ခန္ဓာငါးပါး ရရပါလို၏ ဆုတောင်း ရင်ဖြင့် အိုပွဲ, သေပွဲ နွှဲရပါလို၏ (မှန်ပါ့)၊ နတ်ခန္ဓာငါးပါးရရပါလို၏ဆိုရင်ကော (အိုပွဲ, သေပွဲ နွှဲရပါလို၏)၊ ဗြဟ္မာခန္ဓာ, စကြဝတေးခန္ဓာ ရရပါလို၏ဆိုရင်ကော (အိုပွဲ, သေပွဲ နွှဲရပါလို၏ ဘုရား)။
ဒီလိုသိလို့ရှိရင် ခင်ဗျားတို့ သစ္စာသိလို့ ဘယ်နည်းနဲ့မှ ခန္ဓာကိုယ်တော့ဖြင့် ဆုတောင်းယူကြမယ် မဟုတ်ပါဘူး (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒီအိုပွဲ, သေပွဲ ဘယ်ကလာသလဲ (ခန္ဓာငါးပါးကပါ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးက အကြောင်းဖြစ်သောကြောင့် သမုဒယသစ္စာ (မှန်ပါ့)၊ အိုပွဲ, သေပွဲက (ဒုက္ခသစ္စာပါ ဘုရား)။
ဒါ သေသေချာချာစဉ်းစားပါ ဒကာ ဒကာမတို့ သစ္စာဟောနေတယ် (မှန်ပါ့ ဘုရား)။
ခန္ဓာငါးပါးက အကြောင်းဖြစ်သောကြောင့် ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ အိုပွဲ, သေပွဲက (ဒုက္ခသစ္စာပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာလည်းမရှိရင်
ဒီနှစ်ခုများ မရှိမယ်ဆိုလို့ရှိရင် ခန္ဓာလည်းမရှိရင် အိုပွဲ, သေပွဲကော (မရှိပါ)၊ အင်း ဒါ ဘာသစ္စာခေါ်ကြ မလဲ (နိရောဓသစ္စာပါ)၊ နိဗ္ဗာန်ပဲ (မှန်ပါ့)၊ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ)၊ ဦးလှဘူး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာမရှိရင် အိုပွဲ, သေပွဲကော (မရှိပါ)၊ အဲဒီသူတို့မရှိလို့ရှိရင် ကျုပ်တို့သည် အိုစရာလည်းမရှိ, နာစရာလည်း မရှိ, ခန္ဓာလည်းမရှိတဲ့အတွက် ကျုပ်တို့ဖြင့် အသေလွတ်, အအိုလွတ်ဆိုတဲ့ သဘောမဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ အဲဒါ ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါး လွတ်ရေး, ကျွတ်ရေးကျင့်ရမည့် အကျင့်ကဖြင့် မဂ္ဂသစ္စာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီမဂ္ဂသစ္စာ မကျင့်ရင်တော့ဖြင့် (မရပါ)၊ မရဘူးဆိုတာ ပေါ်လာကြပလား (ပေါ်လာပါ ပြီ ဘုရား)။
နောက်ဆုတ်တွေးစမ်းပါကွာ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပြန်ပြီး နောက်ဆုတ်တွေးစမ်းပါကွာ တဲ့၊ ဘုရားက ခန္ဓာကိုယ် ပြန် သုံးသပ်စမ်းပါဆိုတော့ ဒကာ ဒကာမတို့ ဒီခန္ဓာကြီး ဘယ်ကလာသတုံး ဆိုတဲ့ဥစ္စာ ပြောင်းပြန်တွေးဦးဗျ ဒကာ သစ် (မှန်ပါ့)၊ ပြောင်းပြန်တွေးတဲ့အခါကျတော့ တဏှာက လာတယ် (မှန်ပါ့)။
ဟောဒီအစိမ်းကလေးဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ (တဏှာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တဏှာကြောင့် ခန္ဓာဖြစ်တယ် (မှန်ပ့ါ ဘုရား)၊ ဟုတ်မှဟုတ်ကဲ့လားလို့ စဉ်းစားကြည့် တော့မှ ခင်ဗျားတို့ လူဖြစ်ရပါလို၏ဆိုတာ သူက တောင်းကာ (မှန်ပါ့)၊ နတ်ဖြစ်ရပါလို၏ (သူက တောင်းတာပါ ဘုရား)၊ တဏှာက တောင်းတာနော် (မှန်ပါ့)၊ ဗြဟ္မာဖြစ်ရပါလို၏ (တဏှာက တောင်းတာပါ ဘုရား)၊ တောင်းတော့ ခန္ဓာရ,မရ (ရပါတယ် ဘုရား)၊ ခန္ဓာရရင် အိုပွဲ, သေပွဲ ဝင်ရ, မဝင်ရ (ဝင်ရပါတယ် ဘုရား)။
ဟာ ဒါဖြင့် ဒကာ ဒကာမတို့ လက်သည်တောင်မိပြီ (မှန်ပါ့)၊ ဘယ်သူ့မိပါလိမ့် (တဏှာမိပါတယ် ဘုရား)၊ တဏှာဆိုတဲ့ လက်သည်မမိသေးဘူးလား (မိပါတယ် ဘုရား)၊ တဏှာဆိုတဲ့လက်သည် မိကြပလား (မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာကြွယ်ရေ တော်တော်အဖိုးတန်သွားပြီ (တန်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ တရားတစ်ပွဲလုံး စဉ်းစားပါဦး၊ အိုပွဲ, သေပွဲ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။
ကဲ ပြောင်းပြန်သွားလိုက်၊ ခန္ဓာ ဘယ်ကလာသတုံး (တဏှာက လာပါတယ်)၊ ဪ ဆုတောင်းတဏှာ က လာတယ် (မှန်ပါ့)။
ခင်ဗျားတို့ ဘယ်သူကများ သင်ထားပါလိမ့်မတုံး နိဗ္ဗာန်မရမီ စပ်ကြား လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ ခန္ဓာကြီးဖြစ်ရပါလို၏ဆိုတော့ ခေါင်းလက်ဖွဲ့ခံရပါလို၏၊ ဘယ်သူကများ ခင်ဗျားတို့ သင်ထားလို့ ဒါလောက် တောင် ဖြစ်တာတုံးမေးလို့ရှိရင် သစ္စာမသိတဲ့ အဝိဇ္ဇာက သင်ထားတာ ဘုရာ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း ဘယ်သူက သင်ထားပါလိမ့် (သစ္စာမသိတဲ့ အဝိဇ္ဇာကပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဖြစ်ထွေကြီးကဖြင့် တယ်လည်း အကြီးစားဆိုးဝါးနေပါလားလို့ဆိုရင်ဖြင့် ဦးမာဒင် ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ အလုပ်တရားလည်း ပြရမှာဖြစ်နေ တော့ အချိန်သိပ်ပြီး သကာလ သံဝေဂတွေ မပြောနိုင်တော့ပါဘူး (မှန်ပါ့)၊ ဒီတဏှာသည်ကားလို့ဆိုရင် အကြောင်းမရှိ ဘဲနဲ့ ဒကာသစ် မလာဘူး မှတ်လိုက်စမ်း (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ တဏှာအကြောင်းမရှိဘဲနဲ့ (မလာပါ ဘုရား)။
တဏှာက ဘယ်ကလာသတုံး
ဒါဖြင့် ဒီတဏှာက ဘယ်ကလာသတုံးလို့ မေးတော့မှ ဒကာ ဒကာမတို့ ခင်စရာမင်စရာက လာတယ် (မှန်ပါ့ ဘုရား)။
ခင်စရာ မင်စရာက (လာပါတယ်)၊ ဒကာကြွယ် ခင်ဗျားမှာ ခင်စရာ မင်စရာကလေးများ ရှိသေးသလား (ရှိပါတယ်)၊ အင်း ဒါတွေဟာ ဘာတွေပါလိမ့် (အိုဘေး သေဘေးပါ ဘုရား)၊ အိုဘေး သေဘေး ရောက်အောင်ပို့မလို့ (မှန်ပါ့ ဘုရား)။
ဘယ်ရောက်အောင် ပို့မယ်ထင်ကြသတုံး (အိုဘေး သေဘေး ရောက်အောင်ပို့မှာပါ ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ခင်တဲ့ သားကလေး၊ သမီးကလေး၊ ပစ္စည်းကလေးတွေဟာ ခင်စရာ မင်စရာပဲ မဟုတ်လား (မှန်ပါ့)၊ ဘယ်ပို့မည့်တရားတွေတုံး (အိုဘေး သေဘေးပို့မှာပါ ဘုရား)။
ဪ ဒါကြောင့် ဒကာ ဒကာမတွေလည်း အိမ်မှာ ကိုယ်မရှိရင်သူများ သားသမီးမွေးရတယ် (မှန်ပါ့)၊ ဘာကြောင့်တုံး အိုဘေး၊ သေဘေး လွတ်သွားမှာစိုးလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပစ္စည်းမရှိ-ရှိအောင် ရှာကြရတယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုံး အိုပွဲ၊ နာပွဲ မဝင်ရမှာစိုးလို့ (မှန်ပါ့ ဘုရား)၊ ဟ ဒကာသစ် လွန်ကုန်ပြီ (လွန်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)၊ ခင်စရာ မင်စရာမရှိရင် ခင်ဗျားတို့သည် နေဖြစ်တဲ့လား (မနေဖြစ်ပါ ဘုရား)၊ ဒါဖြင့် သေစရာမရှိရင်လည်း ခင်ဗျားတို့ နေမဖြစ်ဘူး (မှန်ပါ့)။
တကယ်သေတော့မယ်၊ တကယ်နာတော့မယ်ဆိုတော့လည်း ခင်ဗျားတို့က ဆရာဝန်ကယ်ပါဦး (မှန်ပါ့)၊ ဘုန်းကြီး တွေ ပင့်မယ် ပရိတ်ကလေးနဲ့ တားပေးပါဦး (မှန်ပါ့)။
ဒီကျပြန်တော့လည်း ခင်ဗျားတို့က ကြောက်လိုက်တာ (ကြောက်ပါတယ် ဘုရား)၊ ခင်စရာ မင်စရာကြောင့် အိုပွဲ၊ သေပွဲ ခင်းရတာ (မှန်ပါ့)။
ဘာ့ကြောင့် ခင်းရတာတုံး (ခင်စရာ, မင်စရာကြောင့် အိုပွဲ, သေပွဲ ခင်းရတာပါဘုရား)၊ အဲဒါ စောစောစီးစီး က ရှင်းလိုက်လို့ရှိရင် အိုစရာ, သေစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်အတိုကို ပြန်ရှင်းပါဦး
ကိုင်း ဒကာ ဒကာမတို့ ပြန်ပြီး သကာလ ပဋိစ္စသမုပ္ပါဒ်အတိုကို ပြန်ရှင်းပါဦး (မှန်ပါ့ ဘုရား)။
အို, သေ ဘယ်ကလာတာတုံး (ခန္ဓာငါးပါးက လာတာပါ)၊ ခန္ဓာငါးပါး ဘယ်ကလာတာတုံး (တဏှာက လာပါ တယ်)၊ တဏှာ ဘယ်ကလာတာတုံး (ခင်စရာ, မင်စရာက လာပါတယ် ဘုရား)။
ဒါဖြင့် လက်သည်သိပြီ (မှန်ပါ့)၊ လက်သည်မိပြီ (မှန်ပါ့)၊ ဒကာကြွယ် လက်သည်မိပြီဗျ (မှန်ပါ့)၊ ဘာတွေ့ကြ သတုံး (ခင်စရာ, မင်စရာတွေ့ပါတယ် ဘုရား)။
ခင်စရာ, မင်စရာ တွေ့တယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီဥစ္စာ လက်သည်မိလို့ရှိရင်ဖြင့် ခင်စရာ, မင်စရာကို ကျုပ်တို့သည်ကားလို့ဆိုလို့ရှိရင် ခင်စရာ, မင်စရာ မဟုတ်ကြောင်းကို ကောင်းကောင်းသိတဲ့ ဉာဏ်ဝင်လိုက်ရင် ဒီတဏှာ သေ, မသေ (သေပါတယ် ဘုရား)၊ ဒီတဏှာသေရင် ဒီခန္ဓာလာပါ့မလား (မလာပါ ဘုရား)၊ ဒီခန္ဓာမရှိဘဲနဲ့ အိုပွဲ, သေပွဲ နွဲစရာကော (မရှိပါ ဘုရား)။
ဒါဖြင့် မိပြီ ဒကာ ဒကာမတို့ ခင်စရာ, မင်စရာကို ခင်စရာ မင်စရာမဟုတ်ကြောင်းကို ဆရာကသော်လည်း ကောင်း, ဘုရားကသော်လည်းကောင်း ရေရေလည်လည် ဟောဖို့အခွင့်ဟာဖြင့် ဒီ ၄ နံပါတ်ပဲ (မှန်ပါ့ ဘုရား)၊ ၁-၂-၃-၄ (မှန်ပါ့)။
ဒါဖြင့် ဦးလှဘူးရေ ၄ နံပါတ်ကို ရေလည်အောင်ပြောဖို့ အရေးကြီးတယ် (မှန်ပါ့)။
၄ နံပါတ်က ဘာပါလိမ့် ဒကာ ဒကာမတို့ (ခင်စရာ, မင်စရာပါ ဘုရား)။
ခင်စရာ, မင်စရာကြောင့် တဏှာဖြစ်တယ်
နေရာကျပြီ ၊ နေရာကျပြီ ဒကာ ဒကာမတို့၊ ဪ ခင်စရာ, မင်စရာကြောင့် တဏှာဖြစ်တယ် (မှန်ပါ့)၊ တဏှာဖြစ်လို့ ဘာရသလဲ (ခန္ဓာရပါတယ်)၊ ခန္ဓာရလို့ ဘာဖြစ်သလဲ (အိုပွဲ သေပွဲ ဝင်ရပါတယ်)၊ အဲ အို, သေရတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီလိုပြောင်းပြန်ပြန်ပြီးသုံးသပ်မှ နေရာကျမယ်ကွဆိုတဲ့အတိုင်း ကိုယ့်ကိုယ်သုံးသပ်တတ်ကြပလား (သုံးသပ်တတ်ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အခု ဒီအထဲမှာ အိုဘေး, သေဘေးနဲ့ တွဲနေတဲ့ပုဂ္ဂိုလ်ချည့် တရားနာနေတာပဲ (မှန်ပါ့)။
အင်း ဘယ်ကလာပါလိမ့်မတုံး (ခန္ဓာငါးပါးက လာတာပါဘုရား)၊ ခန္ဓာရှိလို့လာတာ (မှန်ပါ့)။
ဒီခန္ဓာ ဘယ်ကလာပါလိမ့် (တဏှာက လာပါတယ်)၊ ဒီတဏှာကလည်း မိုးပေါ်ကျလား (မဟုတ်ပါ ဘုရား)၊ ဘယ်ကလာတာတုံး (ခင်စရာ, မင်စရာက လာပါတယ် ဘုရား)။
ခက်တယ် ဒါဖြင့် တဏှာသည် ခင်စရာ, မင်စရာက လာတယ်ဆိုတော့ စာလိုသုံးတော့ “ပိယရူပံ သာတရူပံ” (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
စာလိုသုံးတော့ (ပိယရူပံ သာတရူပံပါ ဘုရား)၊ ပိယရူပံ, သာတရူပံလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့)၊ ပိယသာတဖြစ်တဲ့ ဓမ္မတွေကြောင့် မင်းတို့မှာ တဏှာဖြစ်တယ်ကွ၊ တဏှာဖြစ်လို့ ခန္ဓာရတယ်ကွ ၊ ခန္ဓာရလို့ အိုရ, သေရတယ်ကွဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်၊ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ဖြင့် ဒကာ ဒကာမတွေ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ယနေ့ လက်သည်မိပလား (မိပါပြီ ဘုရား)၊ နောက်ဆုံးပိတ်ဖမ်းလိုက်တော့ ဘုရားက ဘယ်ဟာကို အဓိကထားပြီး ဖမ်းလိုက်ပါလိမ့် (ခင်စရာ, မင်စရာပါ ဘုရား)။
ဘယ်အကျိုးငှာ ပွင့်လာသတုံး
အဲ ခင်စရာ, မင်စရာကို အဓိကထားပြီး ဖမ်းလိုက်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ဘယ်အကျိုးငှာ ပွင့်လာသတုံးဆိုတဲ့ အမေးဟာ ဒီနေရာမှာ တွက်လာတယ် (မှန်ပါ့ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘယ်အကျိုးငှာ ပွင့်လာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အမှားပြင်မယ်လို့ ပွင့်လာတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်အကျိုးငှာ ဘုရားပွင့်လာသတုံး (အမှားပြင်မလို့ ပွင့်လာပါတယ်ဘုရား)။
ခင်ဗျားတို့က ဒီဟာကို ဘယ့်နှယ်ထင်ကြသတုံး (ခင်စရာ, မင်စရာပါ ဘုရား)၊ ဘုရားက ဒီဥစ္စာ ခင်စရာ, မင်စရာ မဟုတ်ဘူးဆိုပြီးတော့ ပွင့်လာတာ (မှန်ပါ့)။
ဘုရားကတော့ မင်းတို့ ခင်စရာ, မင်စရာ မဟုတ်ဘူးလို့ ဟောလိုက်တယ် (ဟောပါတယ် ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ခင်စရာ, မင်စရာ မဟုတ်ဘူး
ဘုရားက ဘယ်လိုဟောပါလိမ့် (ခင်စရာ, မင်စရာ မဟုတ်ဘူးလို့ ဟောပါတယ် ဘုရား)။
ဒါဖြင့် ဘုရားပွင့်လာတာ ရိပ်မိရောပေါ့ (ရိပ်မိပါပြီ)၊ ခင်ဗျားတို့ ဖြစ်နှင့်တာကတော့ ဘုရားထက်စောတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ တရားတစ်ပွဲလုံး စဉ်းစားပါဦး၊ အိုပွဲ, သေပွဲ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။
ကဲ ပြောင်းပြန်သွားလိုက်၊ ခန္ဓာ ဘယ်ကလာသတုံး (တဏှာက လာပါတယ်)၊ ဪ ဆုတောင်းတဏှာ က လာတယ် (မှန်ပါ့)။
ခင်ဗျားတို့ ဘယ်သူကများ သင်ထားပါလိမ့်မတုံး နိဗ္ဗာန်မရမီ စပ်ကြား လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ ခန္ဓာကြီးဖြစ်ရပါလို၏ဆိုတော့ ခေါင်းလက်ဖွဲ့ခံရပါလို၏၊ ဘယ်သူကများ ခင်ဗျားတို့ သင်ထားလို့ ဒါလောက် တောင် ဖြစ်တာတုံးမေးလို့ရှိရင် သစ္စာမသိတဲ့ အဝိဇ္ဇာက သင်ထားတာ ဘုရာ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း ဘယ်သူက သင်ထားပါလိမ့် (သစ္စာမသိတဲ့ အဝိဇ္ဇာကပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဖြစ်ထွေကြီးကဖြင့် တယ်လည်း အကြီးစားဆိုးဝါးနေပါလားလို့ဆိုရင်ဖြင့် ဦးမာဒင် ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ အလုပ်တရားလည်း ပြရမှာဖြစ်နေ တော့ အချိန်သိပ်ပြီး သကာလ သံဝေဂတွေ မပြောနိုင်တော့ပါဘူး (မှန်ပါ့)၊ ဒီတဏှာသည်ကားလို့ဆိုရင် အကြောင်းမရှိ ဘဲနဲ့ ဒကာသစ် မလာဘူး မှတ်လိုက်စမ်း (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ တဏှာအကြောင်းမရှိဘဲနဲ့ (မလာပါ ဘုရား)။
ဒါဖြင့် ဒီတဏှာက ဘယ်ကလာသတုံးလို့ မေးတော့မှ ဒကာ ဒကာမတို့ ခင်စရာမင်စရာက လာတယ် (မှန်ပါ့ ဘုရား)။
ခင်စရာ မင်စရာက (လာပါတယ်)၊ ဒကာကြွယ် ခင်ဗျားမှာ ခင်စရာ မင်စရာကလေးများ ရှိသေးသလား (ရှိပါတယ်)၊ အင်း ဒါတွေဟာ ဘာတွေပါလိမ့် (အိုဘေး သေဘေးပါ ဘုရား)၊ အိုဘေး သေဘေး ရောက်အောင်ပို့မလို့ (မှန်ပါ့ ဘုရား)။
အိုဘေး သေဘေး ရောက်အောင်ပို့မှာ
ဘယ်ရောက်အောင် ပို့မယ်ထင်ကြသတုံး (အိုဘေး သေဘေး ရောက်အောင်ပို့မှာပါ ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ခင်တဲ့ သားကလေး၊ သမီးကလေး၊ ပစ္စည်းကလေးတွေဟာ ခင်စရာ မင်စရာပဲ မဟုတ်လား (မှန်ပါ့)၊ ဘယ်ပို့မည့်တရားတွေတုံး (အိုဘေး သေဘေးပို့မှာပါ ဘုရား)။
ဪ ဒါကြောင့် ဒကာ ဒကာမတွေလည်း အိမ်မှာ ကိုယ်မရှိရင်သူများ သားသမီးမွေးရတယ် (မှန်ပါ့)၊ ဘာကြောင့်တုံး အိုဘေး၊ သေဘေး လွတ်သွားမှာစိုးလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပစ္စည်းမရှိ-ရှိအောင် ရှာကြရတယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုံး အိုပွဲ၊ နာပွဲ မဝင်ရမှာစိုးလို့ (မှန်ပါ့ ဘုရား)၊ ဟ ဒကာသစ် လွန်ကုန်ပြီ (လွန်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)၊ ခင်စရာ မင်စရာမရှိရင် ခင်ဗျားတို့သည် နေဖြစ်တဲ့လား (မနေဖြစ်ပါ ဘုရား)၊ ဒါဖြင့် သေစရာမရှိရင်လည်း ခင်ဗျားတို့ နေမဖြစ်ဘူး (မှန်ပါ့)။
တကယ်သေတော့မယ်၊ တကယ်နာတော့မယ်ဆိုတော့လည်း ခင်ဗျားတို့က ဆရာဝန်ကယ်ပါဦး (မှန်ပါ့)၊ ဘုန်းကြီး တွေ ပင့်မယ် ပရိတ်ကလေးနဲ့ တားပေးပါဦး (မှန်ပါ့)။
ဒီကျပြန်တော့လည်း ခင်ဗျားတို့က ကြောက်လိုက်တာ (ကြောက်ပါတယ် ဘုရား)၊ ခင်စရာ မင်စရာကြောင့် အိုပွဲ၊ သေပွဲ ခင်းရတာ (မှန်ပါ့)။
ဘာ့ကြောင့် ခင်းရတာတုံး (ခင်စရာ, မင်စရာကြောင့် အိုပွဲ, သေပွဲ ခင်းရတာပါဘုရား)၊ အဲဒါ စောစောစီးစီး က ရှင်းလိုက်လို့ရှိရင် အိုစရာ, သေစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ပြန်ပြီး သကာလ ပဋိစ္စသမုပ္ပါဒ်အတိုကို ပြန်ရှင်းပါဦး (မှန်ပါ့ ဘုရား)။
အို, သေ ဘယ်ကလာတာတုံး (ခန္ဓာငါးပါးက လာတာပါ)၊ ခန္ဓာငါးပါး ဘယ်ကလာတာတုံး (တဏှာက လာပါ တယ်)၊ တဏှာ ဘယ်ကလာတာတုံး (ခင်စရာ, မင်စရာက လာပါတယ် ဘုရား)။
ဒါဖြင့် လက်သည်သိပြီ (မှန်ပါ့)၊ လက်သည်မိပြီ (မှန်ပါ့)၊ ဒကာကြွယ် လက်သည်မိပြီဗျ (မှန်ပါ့)၊ ဘာတွေ့ကြ သတုံး (ခင်စရာ, မင်စရာတွေ့ပါတယ် ဘုရား)။
ခင်စရာ, မင်စရာ တွေ့တယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီဥစ္စာ လက်သည်မိလို့ရှိရင်ဖြင့် ခင်စရာ, မင်စရာကို ကျုပ်တို့သည်ကားလို့ဆိုလို့ရှိရင် ခင်စရာ, မင်စရာ မဟုတ်ကြောင်းကို ကောင်းကောင်းသိတဲ့ ဉာဏ်ဝင်လိုက်ရင် ဒီတဏှာ သေ, မသေ (သေပါတယ် ဘုရား)၊ ဒီတဏှာသေရင် ဒီခန္ဓာလာပါ့မလား (မလာပါ ဘုရား)၊ ဒီခန္ဓာမရှိဘဲနဲ့ အိုပွဲ, သေပွဲ နွဲစရာကော (မရှိပါ ဘုရား)။
ဒါဖြင့် မိပြီ ဒကာ ဒကာမတို့ ခင်စရာ, မင်စရာကို ခင်စရာ မင်စရာမဟုတ်ကြောင်းကို ဆရာကသော်လည်း ကောင်း, ဘုရားကသော်လည်းကောင်း ရေရေလည်လည် ဟောဖို့အခွင့်ဟာဖြင့် ဒီ ၄ နံပါတ်ပဲ (မှန်ပါ့ ဘုရား)၊ ၁-၂-၃-၄ (မှန်ပါ့)။
ဒါဖြင့် ဦးလှဘူးရေ ၄ နံပါတ်ကို ရေလည်အောင်ပြောဖို့ အရေးကြီးတယ် (မှန်ပါ့)။
၄ နံပါတ်က ဘာပါလိမ့် ဒကာ ဒကာမတို့ (ခင်စရာ, မင်စရာပါ ဘုရား)။
နေရာကျပြီ ၊ နေရာကျပြီ ဒကာ ဒကာမတို့၊ ဪ ခင်စရာ, မင်စရာကြောင့် တဏှာဖြစ်တယ် (မှန်ပါ့)၊ တဏှာဖြစ်လို့ ဘာရသလဲ (ခန္ဓာရပါတယ်)၊ ခန္ဓာရလို့ ဘာဖြစ်သလဲ (အိုပွဲ သေပွဲ ဝင်ရပါတယ်)၊ အဲ အို, သေရတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ကိုယ်သုံးသပ်တတ်ကြပလား
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီလိုပြောင်းပြန်ပြန်ပြီးသုံးသပ်မှ နေရာကျမယ်ကွဆိုတဲ့အတိုင်း ကိုယ့်ကိုယ်သုံးသပ်တတ်ကြပလား (သုံးသပ်တတ်ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အခု ဒီအထဲမှာ အိုဘေး, သေဘေးနဲ့ တွဲနေတဲ့ပုဂ္ဂိုလ်ချည့် တရားနာနေတာပဲ (မှန်ပါ့)။
အင်း ဘယ်ကလာပါလိမ့်မတုံး (ခန္ဓာငါးပါးက လာတာပါဘုရား)၊ ခန္ဓာရှိလို့လာတာ (မှန်ပါ့)။
ဒီခန္ဓာ ဘယ်ကလာပါလိမ့် (တဏှာက လာပါတယ်)၊ ဒီတဏှာကလည်း မိုးပေါ်ကျလား (မဟုတ်ပါ ဘုရား)၊ ဘယ်ကလာတာတုံး (ခင်စရာ, မင်စရာက လာပါတယ် ဘုရား)။
ခက်တယ် ဒါဖြင့် တဏှာသည် ခင်စရာ, မင်စရာက လာတယ်ဆိုတော့ စာလိုသုံးတော့ “ပိယရူပံ သာတရူပံ” (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
စာလိုသုံးတော့ (ပိယရူပံ သာတရူပံပါ ဘုရား)၊ ပိယရူပံ, သာတရူပံလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့)၊ ပိယသာတဖြစ်တဲ့ ဓမ္မတွေကြောင့် မင်းတို့မှာ တဏှာဖြစ်တယ်ကွ၊ တဏှာဖြစ်လို့ ခန္ဓာရတယ်ကွ ၊ ခန္ဓာရလို့ အိုရ, သေရတယ်ကွဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်၊ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ဖြင့် ဒကာ ဒကာမတွေ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ယနေ့ လက်သည်မိပလား (မိပါပြီ ဘုရား)၊ နောက်ဆုံးပိတ်ဖမ်းလိုက်တော့ ဘုရားက ဘယ်ဟာကို အဓိကထားပြီး ဖမ်းလိုက်ပါလိမ့် (ခင်စရာ, မင်စရာပါ ဘုရား)။
အဲ ခင်စရာ, မင်စရာကို အဓိကထားပြီး ဖမ်းလိုက်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ဘယ်အကျိုးငှာ ပွင့်လာသတုံးဆိုတဲ့ အမေးဟာ ဒီနေရာမှာ တွက်လာတယ် (မှန်ပါ့ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘယ်အကျိုးငှာ ပွင့်လာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အမှားပြင်မယ်လို့ ပွင့်လာတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အမှားပြင်မလို့ ပွင့်လာပါတယ်
ဘယ်အကျိုးငှာ ဘုရားပွင့်လာသတုံး (အမှားပြင်မလို့ ပွင့်လာပါတယ်ဘုရား)။
ခင်ဗျားတို့က ဒီဟာကို ဘယ့်နှယ်ထင်ကြသတုံး (ခင်စရာ, မင်စရာပါ ဘုရား)၊ ဘုရားက ဒီဥစ္စာ ခင်စရာ, မင်စရာ မဟုတ်ဘူးဆိုပြီးတော့ ပွင့်လာတာ (မှန်ပါ့)။
ဘုရားကတော့ မင်းတို့ ခင်စရာ, မင်စရာ မဟုတ်ဘူးလို့ ဟောလိုက်တယ် (ဟောပါတယ် ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဘုရားက ဘယ်လိုဟောပါလိမ့် (ခင်စရာ, မင်စရာ မဟုတ်ဘူးလို့ ဟောပါတယ် ဘုရား)။
ဒါဖြင့် ဘုရားပွင့်လာတာ ရိပ်မိရောပေါ့ (ရိပ်မိပါပြီ)၊ ခင်ဗျားတို့ ဖြစ်နှင့်တာကတော့ ဘုရားထက်စောတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့်ကိုယ် အခင်ဆုံးပါ)၊ ဒကာ ဒကာမတို့ ဒီအထဲ ဘယ်သူ့အခင်ဆုံးပါလိမ့် (ကိုယ့် ကိုယ် အခင်ဆုံးပါ ဘုရား)။
မင့်ကိုများ ငါကြီးသွားလို့သာ၊ ငယ်လို့ရှိရင် မျိုတောင်ထားချင်သေးတယ်ဆိုတာက သူသေမယ်ပြောတာလား တဲ့၊ သူနဲ့အတူ နေမယ်ပြောတာလား (သူနဲ့အတူနေမယ်ပြောတာပါ)၊ သူနဲ့ အတူနေမယ်ပြောတာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ သူတော့ သေရမှာအကြောင်းကို သူတော့ သေချင်တဲ့သဘော ပါရဲ့လား (မပါပါ)၊ ဒါဖြင့် သူ့အခင် ဆုံး (မှန်ပါ့ ဘုရား)။
ငုံတောင်ထားချင်သေးတယ်
ပြောတဲ့ပုဂ္ဂိုလ်က နင့်များပါးစပ်ထဲ ငုံတောင်ထားချင်သေးတယ်လို့ တကယ်ချစ်ရှာတာကိုး (မှန်ပါ့)၊ သူသေမယ် ပြောတာလား (မဟုတ်ပါ ဘုရား)။
မပြောပါဘူးဆိုတဲ့ အဓိပ္ပာယ်ကလည်း ရှင်းနေတော့ သူတော့ အမြဲရှင်နေရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဘယ်သူ့အခင်ဆုံးလဲ (သူ့ကိုယ်သူ အခင်ဆုံးပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က တလွဲယုံနေလို့ (မှန်ပါ့)၊ ဒကာကြွယ်တို့က ယုံပုံက မှားနေတယ် (မှန်ပါ့ ဘုရား)။
ဟာ ဒကာကြွယ်ကြီးကို ဥပမာမယ် တစ်ယောက်သောပုဂ္ဂိုလ်က ဒကာကြွယ့် အမေက နင့်ငါခင်ရတာ တော့ မပြောနဲ့တော့ နင် အခု လူကလေးဖြစ်နေလို့ ငါငယ်လို့ရှိရင် ဇီးဖြူသျှိသျှားဖြင့် ငုံထားပါရဲ့ အစရှိသည်နဲ့ သုံး လိုက်တော့ ဒကာကြွယ်က အတော်ခင်ပါလားလို့ အောက်မေ့တယ် (မှန်ပါ့)၊ မအောက်မေ့ဘူးလား (အောက်မေ့ပါတယ် ဘုရား)၊ သူ့ကိုယ်နဲ့ ဘယ်သူ့ခင်တုံး (သူ့ကိုယ်သူ ခင်ပါတယ်)၊ သူ့ကိုယ်သူ ပိုခင်တယ်ဆိုတာ သဘောကျပလား (ကျပါ ပြီ ဘုရား)။
သူ့ကိုယ်နဲ့ လုံခြုံအောင် သူလည်း ကျန်းမာအောင် ဒီသားကလေးလည်း ကျန်းမာအောင်ဆိုရင် နှစ်ကျန်းမာ ပါတယ် (မှန်ပါ့)၊ မပါဘူးလား (ပါပါတယ် ဘုရား)။
ကိုယ့်ကိုယ် အရေးကြီးပါတယ်
နှစ်ကျန်းမာမှာလည်း ဒီသားကျန်းမာတာနဲ့ သူကျန်းမာတာနဲ့ ဘယ်ဟာ ပိုအရေးကြီးသတုံးလို့ မေးတဲ့အခါ ကျတော့ ဒကာ ဒကာမတို့ ကိုယ်ကျန်းမာလို့ရှိရင် ဒီကလေးတွေအတွက်ဟာ ဘာမှမပူရဘူး (မှန်ပါ့)၊ ဆိုတော့ ဘယ်သူ့ သာပြီး အရေးကြီးလာသတုံး (ကိုယ့်ကိုယ် အရေးကြီးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ် ဝိပဿနာရှုရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ခင်စရာ, မင်စရာဆိုတာ ဘယ်ဟာတုံး (ကိုယ့်ကိုယ်ပါ)၊ ကိုယ့်ကိုယ် (မှန်ပါ့ ဘုရား)။
ဦးခင်မောင် ဘာပါလိမ့် (ကိုယ့်ကိုယ်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်သူ့အခင်ဆုံးတုံး (ကိုယ့်ကိုယ် အခင်ဆုံးပါ ဘုရား)၊ နောက်က မနှင်းအေးကများ စိတ်ဆိုးနေမှာလား မပြောတတ်ဘူး၊ သဘောကျပလား (ကျပါပြီ)၊ ဘယ်သူ့အခင်ဆုံးတုံး (ကိုယ့်ကိုယ် အခင်ဆုံးပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ မယုံလို့ရှိရင် အိမ်မီးရှို့ကြည့်ကြ (မှန်ပါ့)၊ ဘယ်သူ အရင်ထွက်မတုံးဆိုလို့ရှိရင် ဖြင့် ဥပမာမယ် ဒကာဦးခင်မောင်က အရင်နိုးတယ်ဆိုပါတော့ (မှန်ပါ့)၊ ဟ မီးတွေပါလားဆိုပြီး ကိုယ့်ဟာကိုယ် လန့်ပြီး ကိုယ့်ကိုယ်ကိုယ် အပြင်ထုတ်မယ် (မှန်ပါ့ ဘုရား)။
ဦးခင်မောင် ဘယ်သူ့အရင် အပြင်ထုတ်မယ်ထင်သတုံး (ကိုယ့်ကိုယ် အရင်ထုတ်ပါမယ်)၊ ဒီ့ပြင်လူတွေ နောက် သတိရမှသာလျှင် ဘာတုံးဗျ (ထုတ်မှာပါ)၊ အရင်ဆုံးထုတ်မှာကတော့ (ကိုယ့်ကိုယ်ပါ ဘုရား)။
အဲဒီလိုစဉ်းစားကြည့်တော့မှ ကိုယ့်ကိုယ် အခင်ဆုံးပေါ်လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်ကိုယ်အခင်ဆုံး
မီးလောင်ကြည့်တော့မှ ဦးခင်မောင်ရေ ဘယ်သူ့အခင်ဆုံးပါလိမ့် (ကိုယ့်ကိုယ်အခင်ဆုံးပါ)၊ ဘယ်သူ့ကို အရင် ပြင်ဘက်သယ်သတုံး (ကိုယ့်ကိုယ် အရင်ပြင်ဘက်သယ်ပါတယ် ဘုရား)၊ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ရာ, မင်ရာ ဘယ်သူတုံး (ကိုယ့်ကိုယ်ပါ ဘုရား)၊ ဒါဖြင့် ကိုယ့်ကိုယ်ထဲမှာရှိတဲ့ ခန္ဓာငါးပါး တစ်ပါး ပါး ဝိပဿနာရှုရမယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်ထဲမှာရှိတဲ့ ခန္ဓာငါးပါးကို (တစ်ပါးပါး ဝိပဿနာရှုရပါမယ် ဘုရား)။
တစ်ပါးပါး ဝိပဿနာရှုလို့ ဆရာဘုန်းကြီးက ဘယ့်နှယ်ကြောင့် ခိုင်းရပါလိမ့်မတုံးဆိုတော့ အို ခင်ရာ, မင်ရာဟာ သူအကြီးဆုံး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ခင်ရာ, မင်ရာဟာ ဘာပါလိမ့် (ကိုယ့်ကိုယ် အကြီးဆုံးပါ)၊ ဘယ်သူပါလိမ့်ဗျာ (ကိုယ့်ကိုယ်ပါ)၊ ကိုယ့်ကိုယ်ပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အေး ဒါကြောင့် ခင်ဗျားတို့မှာတော့ အပြောကလွန်နေလို့ စင်စစ် ကိုယ့်ကိုယ်အခင်ဆုံး (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က ဥပမာ- သား, လင်, ခင်ပွန်းသေတဲ့ ပုဂ္ဂိုလ်များ ပြောသွားရှာတယ်၊ ငါမရှိ သိရစ်လိမ့်မယ်လို့ (မှန်ပါ့)၊ ဒါတွေ အခု နားထဲက မထွက်သေးဘူး (မှန်ပါ့)၊ အလကားလုပ်တာ (မှန်ပါ့ ဘုရား)။
အလကားလုပ်တာ၊ ဟိုမှာ အတူတူသေပါလားဆိုတော့ ပြန်တက်လာမှာပေါ့ဗျာ (မှန်ပါ့)၊ ဘယ်သူ့အခင်ဆုံး တုံးဗျ (ကိုယ့်ကိုယ် အခင်ဆုံးပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဝိပဿနာရှုတော့ ဘယ်သူ့ရှုရမှာတုံး
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုတော့ ဘယ်သူ့ရှုရမှာတုံး (ကိုယ့်ကိုယ်ရှုရမှာပါ)၊ အဲ ကိုယ့်ကိုယ်ကိုယ် ရှုရမယ်ဆိုတာ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကျုပ်ပါ သေလိုက်ပါ့မယ်လို့ တွင်းထဲ ဆင်းတဲ့အခါကျတော့ တကယ်တမ်းဖို့ကြည့် မရဘူး (မရပါ ဘုရား)၊ ရရဲ့လား (မရပါ)၊ လုပ်ကြနဲ့ဆိုပြီး လန့်တက်မှာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ခင်ရာ, မင်ရာဆိုတာ ဘယ်သူပါလိမ့် (ကိုယ့်ကိုယ်ပါ ဘုရား)၊ ကိုယ့်ကိုယ်ပဲဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်ကိုယ်ထဲမှာလည်း စိတ်ဟာ ဒကာ ဒကာမတို့ ကိုယ့်စိတ်ပါပဲ (မှန်ပါ့)၊ ဒါလည်း ခန္ဓာပါပဲ (မှန်ပါ့)၊ ကိုယ့်ခန္ဓာ ကိုယ်အခင်ဆုံး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ပေါ်သ၍ ခင်ဗျားတို့သန္တာန် ဘယ်စိတ်လာလာ ဖြစ်ပျက်ရှုပါ (မှန်ပါ့)၊ ဘယ် စိတ်လာလာ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
အဆိပ်နဲ့ရောတဲ့ အရက်ကိုသောက်မိသေးသလား
ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ အဆိပ်နဲ့ရောတဲ့ အရက်ကို သောက်မိသေးသလားတဲ့၊ ဒါ အနိစ္စပါလားဆိုပြီး တော့ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ သိမ်းပိုက်သလားတဲ့၊ အနိစ္စဆိုပြီး စွန့်ချင်တာလား (အနိစ္စဆိုပြီး စွန့်ချင်တာပါ ဘုရား)။
ဒါဖြင့် မမျိုတော့ပါဘူး (မှန်ပါ့)၊ တဏှာနဲ့ ခင်ရာ, မင်ရာ မျိုမိသေးရဲ့လား (မမျိုမိပါ ဘုရား)၊ မမျိုမိလို့ရှိရင် ဖြင့် တဏှာမရှိဘူး (မှန်ပါ့)၊ တဏှာမရှိရင် ခန္ဓာရပါ့မလား (မရပါ ဘုရား)။
ခန္ဓာမရရင် ဦးခင်မောင်ရေ အိုပွဲ, သေပွဲ (မရပါ)၊ လွတ်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါကြောင့် ဘုရားက ကိုယ့်စိတ်ကိုရှုဟေ့ တဲ့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ စားချင်တဲ့စိတ်လာရင် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ အိပ်ချင်တဲ့စိတ်လာရင် (ဖြစ် ပျက်ရှုရပါမယ်)၊ ငိုက်မျည်းတဲ့စိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ကျင်ကြီးစွန့်ချင်တဲ့စိတ် လာရင်ကော (ဖြစ်ပျက်ရှု ရပါမယ်)၊ သွားချင်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ထိုင်ချင်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်က အနိစ္စ မြင်တာကမဂ္ဂ
ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒီဥစ္စာ မျိုမိ, သိပ်မိသေးရဲ့လားတဲ့ အနိစ္စလို့ မြင်မိသလား (အနိစ္စလို့ မြင်မိပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်က အနိစ္စ- မြင်တာက (မဂ္ဂပါ)၊ သေတာက (သမုဒယပါ)၊ ဟောဒီဘက်က ခန္ဓာတွေ အိုဘေး, သေဘေးတွေ မရှိတာက နိရောဓ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နာရီကလည်း စေ့သွားပြီ ၊ တရားက မဆုံးဘူး (မှန်ပါ့)၊ နောက်မှ ဆက်နာကြ၊
တော်ကြဦးစို့။
သာဓု သာဓု သာဓု။