11808

မာတိကာသို့

ဉာဏ်သုံးပါးခွဲပြပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ – ဟောကြားဆုံးမတော်မူသော

(ဉာဏ်သုံးပါးခွဲပြပုံ)နေ့အလုပ်ပေး-တရားတော်

(၁-၉-၆၁)

လမ်းပြကောင်းမပါလို့ရှိရင်လဲ မရနိုင်ဘူး

ဒကာ ဒကာမတွေ မြို့ကြီးပြကြီးတွေကို သွားကြလာကြတဲ့ အခါကျတော့ ရန်ကုန်တို့ မန္တလေးတို့ မရာက်ဖူးတဲ့နေရာကျလာပြီမှဖြင့် လမ်းပြကောင်းဟာ အရေးကြီးသလိုပဲ-တဲ့၊ ဒကာ ဒကာမတို့ နိဗ္ဗာန်, မဂ်, ဖိုလ် တည်းဟူသော မြို့ကြီးကို သွားကြလာကြတော့မယ် ဆိုလို့ရှိရင်ဖြင့် လမ်းပြကောင်းမပါလို့ရှိရင်လဲ မရနိုင်ဘူးဆိုတဲ့ဥစ္စာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောခဲ့တယ်။

ဒါဖြင့် လမ်းပြဆိုတာ ဘာပါလိမ့်လို့ မေးတဲ့အခါကျတော့ သူတော်ကောင်းလို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

လမ်းပြဆိုတာ ဘာပါလိမ့် (သူတော်ကောင်းပါ ဘုရား) အဲဒီ သူတော်ကောင်းတည်းဟူသော လမ်းပြမရှိမယ် ဆိုလို့ရှိရင်ဖြင့် ကိုယ့်အိမ် ကိုယ့်ရာထဲမှာသာလျှင်နေကြပြီး အခုကဲ့သို့ မရှာကြပြီဆိုမှဖြင့် ပြောသံကြားလမ်းနဲ့ သွားနေကြမှာဘဲ (မှန်ပါ့ ဘုရား)။

ပြောသံကြားလမ်းနဲ့ သွားနေပြီဆိုမှဖြင့် ဒကာ ဒကာမတွေပြောတဲ့ပုဂ္ဂိုလ်ကလဲ အစုံအလင်မသိတဲ့ပုဂ္ဂိုလ်က ပြောမယ်ဆိုလို့ရှိရင် ဒကာသစ်ရေ ကိုယ်လိုချင်တဲ့ခရီးကိုတော့ဖြင့် ရောက်ကြမယ် မဟုတ်ပါဘူး (မရောက်ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်မြတ်ကြီးက မာဂဏ္ဍီ ပုဏ္ဏားကြီးများ ဟောတဲ့နေရာကျတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်တဲ့ နိဗ္ဗာန်, ဒုက္ခခပ်သိမ်းကင်းတဲ့ နိဗ္ဗာန်ကြီးများ မင်းရောက်ချင်တယ်ဆိုလို့ ရှိရင်ကွာ သူတော်ကောင်း ဆည်းကပ်ပါဦး၊ လမ်းပြကောင်းရှာပါဦးဆိုတာကို ဒကာကြွယ် သေသေချာချာ ဟောခဲ့တယ် (မှန်ပါ့ ဘုရား)။

သူတော်ကောင်း ဆည်းကပ်ပါဦး

ဒီသူတော်ကောင်းတည်းဟူသော ပုဂ္ဂိုလ်မှ ဒကာ ဒကာမတွေ ဆည်းကပ်မှုမရတော့ဘူးဆိုလို့ရှိရင်ဖြင့် ကိုယ့် အိမ်ကိုယ့်ရာ ကိုယ့်အရပ်ထဲမှာပင် နေကြမယ်ဆိုလို့ရှိရင်ဖြင့် ဒါနနဲ့တင်းတိမ်ရင်လဲ တင်းတိမ်နေကြတယ် (မှန်ပါ့) သီလနဲ့ တင်းတိမ်ရင်လဲ (တင်းတိမ်နေကြပါမယ် ဘုရား) သမထနဲ့ တိမ်းတိမ်ရင်ကော (တင်းတိမ်ပါမယ် ဘုရား)။

တင်းသာတင်းတိမ်ရတယ် ဒကာသစ်ရေ-တကယ် အနုသယကိလေသာကို ဒါနက မဖြတ်နိုင်ဘူး (မှန်ပါ့) သီလကလဲ (မဖြတ်နိုင်ပါ ဘုရား) သမထကလဲ (မဖြတ်နိုင်ပါ ဘုရား)။

အေး ဒါကြောင့် ဒီကိလေသာ မဖြတ်နိုင်လို့ရှိရင် ကိလေသာဆိုတာ တဏှာ၊ တဏှာမချုပ်ဘဲနဲ့ ဥပါဒါန်က မချုပ်၊ ဥပါဒါန်က မချုပ်လို့ရှိရင် ကံက (မချုပ်ပါ ဘုရား) ကံကမချုပ်လို့ရှိရင် နောက်လာမည့် ဇာတိဇရာမရဏတွေကော (မချုပ်ပါ ဘုရား) မချုပ်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။

အဲဒါကြောင့် ဝိပဿနာနဲ့ ဝိပဿနာ၏အဆုံးဖြစ်တဲ့ မဂ်စစ်များကို မရသ၍ကာလပတ်လုံးဖြင့် ဒကာ ဒကာမ တို့၏ သန္တာန်မှာရှိတဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဟာ တဏှာလဲ ဘယ်တော့မှမချုပ်ဘူး ဥပါဒါန်ကံတွေကော (မချုပ်ပါ ဘုရား)။

မချုပ်သ၍ ကာလပတ်လုံးလဲ ဇာတိဇရာမရဏက သူ့ရေသောက်မြစ်မှ မပြတ်ဘဲနဲ့ ဇာတိဇရာမရဏဆိုတဲ့ ပင်စည်ခက်ကကြီး အလိုလိုပုပ်ရိသွားပါလိမ့်မယ်ဆိုတဲ့ဥစ္စာ ဘယ်အခါကာလမှ စိတ်ထဲမှာဖြင့် မအောက်မေ့ပါနဲ့၊ မပုပ်မရိမဆွေးပါဘူး (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လမ်းပြကောင်းသည် ဒကာကြွယ်တို့, ဦးလှဘူးတို့ အလွန်လိုတယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါ တယ် ဘုရား)။

ဘုရားတည်းဟူသော လမ်းပြကောင်း

လောကီဥပမာ သေသေချာချာ ပြောကြပါစို့ဆိုတော့ ဘုရားတည်းဟူသော လမ်းပြကောင်းတစ်ပါး မပေါ်လာ သ၍ ကာလပတ်လုံးဟာ လူတိုင်း လူတိုင်းဟာ အကုန်ပဲ မိဘရိုးရာနဲ့ ကိုးကွယ်ချင်ရာ ကိုးကွယ်ပြီးသကာလ အပါယ် ချည့်သွားကြတာပဲ (မှန်ပါ့ ဘုရား)။

လမ်းပြကောင်းတစ်ပါး ပေါ်လာတဲ့အခါကျတော့မှ နှစ်ဆယ့်လေးသင်္ချေ ကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေတစ်သိန်း အရေအတွက်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မအို,မသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီးကို သူတစ်ပါးဆောင်သွားတာနဲ့ ရောက်ပါတယ် (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးဆုံး အချက်သည် ကလျာဏမိတ္တဆိုတဲ့ လမ်းပြကောင်း အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် မာဂဏ္ဍီ ပုဏ္ဍားကြီးက အရှင်ဘုရား တဲ့ တပည့်တော်ခန္ဓာကိုယ်ထဲမှာ အနာကင်းတာလဲ သိပါရစေ, နိဗ္ဗာန်လဲ သိပါရစေဆိုတော့ (မှန်ပါ့) အနာရှိတာလဲ သိပါရစေ၊ အနာကင်းတာလဲ သိပါရစေ, နိဗ္ဗာန်လဲ သိပါရစေဆိုတော့ ဒီအတိုင်းတော့ မသိနိုင်ဘူးဟေ့ လမ်းပြကောင်းရှာဦးကွဆိုတာ အမိန့်ပေးခဲ့တယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာမှာပါလိမ့် (လမ်းပြကောင်းရှာဦးလို့ မှာခဲ့ပါတယ် ဘုရား)။

ခေါင်းဆောင်ကောင်း, လမ်းပြကောင်း ရှာဦးဆိုတာ ဒကာ ဒကာမတို့ အလွန်အရေးကြီး မမှာဘူးလား (မှာပါတယ် ဘုရား)။

ဒါက ဒကာ ဒကာမတို့ ရှေ့သွားခေါင်းဆောင် လမ်းပြကောင်း မရှိပြီဆိုမှဖြင့်လဲတဲ့ လိုရာခရီး အပြီးတိုင် မရောက်နိုင်ဘူးဆိုတာ ဘုရားမြင်တော်မှုလို့ ပြောတာဘဲ (မှန်လှပါ ဘုရား)။

နို့-လမ်းပြကောင်းက သူ့တော်ကောင်းနား ဆည်းကပ်ပေမဲ့လဲ ကိုယ်က ဝေယျာဝစ္စကလေးနဲ့ အချိန်ကုန်နေ ကြပြီးဆိုတော့ သူတော်ကောင်းနားတော့ကပ်ပါရဲ့ ဝေယျာဝစ္စကလေး လှူမှုတန်းမှုကလေးနဲ့ ဒီကံမျိုးနဲ့ ကပ်လို့လဲ မရသေးဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒီလိုတရားတွေလဲ နာရဦးမှ

သူပြောတဲ့တရား, ပဋိစ္စသမုပါဒ်ဖြတ်ပုံ, သစ္စာမြင်အောင်ဟောတဲ့တရားတွေကိုလဲ မြင်ရအောင် ကိုယ်ကလဲ ဒီလိုတရားတွေလဲ နာရဦးမှ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒါပြတ်တဲ့တရား, သစ္စာဆိုက်တဲ့တရားကိုလဲ ဒကာကြွယ် နာရဦးမှတဲ့ (မှန်ပါ့) ဒါ-မနာရသေးလို့ ခုနစ်က ပြောခဲ့တဲ့ ဒါနတရား, သီလတရား, သမထတရားလောက်နဲ့လဲ မရသေးဘူး (မရသေးပါ ဘုရား)။

နို့-ဒီတရားတွေက နာရပါတယ် ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့တရား, သစ္စာဆိုက်တဲ့တရား နာရငြားသော်လဲ ကိုယ်က မကျင့်ကြံပြန်လို့ ရှိရင်လဲ ဒကာ ဒကာမတို့ မရပြန်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ခဏခဏပြောခဲ့တယ် ဒကာသစ်တို့ “ သူတော်ဆည်းကပ်၊ မြတ်တရားနာ” ဆိုတာလေ (မှန်လှပါ) “ လျော်စွာကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ” ဆိုတာအခြားကလာတာမဟုတ်ဘူး၊ မာဂဏ္ဍီ ပုဏ္ဏကြီးကို ဘုရားက မင်းခန္ဓာကိုယ်ထဲမှာ အနာရှိတာကို သိချင်, အနာကင်းတာကိုလဲ သိချင်ပါတယ်၊ နိဗ္ဗာန်ကိုလဲ သိချင်ပါတယ် ဆိုရင်ဖြင့် သူတော်ကောင်းဆည်းကပ်ပြီး တရားနာပါကွာ တဲ့ (မှန်ပါ့)။

သူတော်ကောင်းဆည်းကပ်ရမှာ ၁- နံပါတ်ပေါ့ဗျာ (မှန်ပါ့) တရားနာရမှာက (၂- နံပါတ်ပါ) နာပြီးသကာလ နာရုံတွင် ဓမ္မဒေသနာ, ဓမ္မဿဝနကုသိုလ်ကလေးမျှနဲ့လဲ ဒကာ ဒကာမတွေ ကိစ္စမပြီးဘူးတဲ့နော် (မှန်ပါ့)။

အပျက်နဲ့မဂ်နဲ့ ကိုက်ဖို့ရာအရေးကလဲ

ဓမ္မဿဝန= တရားနာတဲ့ ကုသိုလ်ကလေးမျှနဲ့လဲ ကိစ္စမပြီးသေးတော့ ဓမ္မနုဓမ္မပ္ပဋိပတ်ဆိုတဲ့ လျော်စွာကျင့်တဲ့ အလုပ်ကလဲ အပျက်နဲ့မဂ်နဲ့ ကိုက်ဖို့ရာအရေးကလဲ ၃-နံပါတ် အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

သူတော်ကောင်း ဆည်းကပ်ဖို့က ၁-နံပါတ်အရေးကြီးပါတယ် (မှန်ပါ့) တရားနာဖို့က (၂-နံပါတ် အရေးကြီး ပါတယ်) လျော်စွာကျင့်ဖို့က (၃-နံပါတ် အရေးကြီးပါတယ် ဘုရား)။

ဒီ-သုံးချက် ညီလို့ရှိရင်ဖြင့် မာဂဏ္ဍီ ပုဏ္ဏားကြီး မင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်မှာ အနာကင်းတာ ကိုလဲ သိပါလိမ့်မယ်ကွာ တဲ့ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ကိုလဲ သိပါလိမ့်မယ် တဲ့၊ ဒီသုံးချက် မပြည့်စုံလို့ရှိရင်ဖြင့် ငါဘုရား မတတ်နိုင်ဘူး တဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီသုံးချက်ဖြင့် ပြည့်စုံအောင်လုပ်ကြပါနော် (မှန်ပါ့) သူတော်ကောင်း ဆည်းကပ်တာ ၁- နံပါတ် (မှန်ပါ့) ဟောတတ်ပြောတတ်တဲ့ သူတော်ကောင်းထံမှ သစ္စာတရားနဲ့ ပဋိစ္စသမုပ္ပါဒ်တရား နာရဖို့ရာက (၂-နံပါတ်ပါ ဘုရား) နာရုံတွင်နာပြီး ကိုယ့်ခန္ဓာထဲရှိတဲ့ ပဋိစ္စသမုပါဒ်ကို ကိုယ်ပြတ်အောင်မှ ကိုယ့်ဉာဏ်နဲ့ မရှုနိုင်လို့ရှိရင်လဲ ဓမ္မာနုဓမ္မပ္ပဋိပတ္တိဆိုတဲ့ အကျင့်ကလဲ မဖြစ်ပြန်ဘူး (မှန်ပါ့ ဘုရား)။

မဖြစ်ပြန်လို့ရှိရင်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ၃-နံပါတ်လိုရင်းကျမှ ဟာနေပြန်လို့ရှိရင်လဲ သူတော်ကောင်းလည်း ဆည်းကပ်ပါတယ် တရားလဲနာပါတယ်ဘုရား၊ အကျင့်ကိုမလုပ်ဘူးဆိုလို့ရှိရင်လဲ ဒကာသစ်ရေ မပြီးဘူးလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့)။

ဒါကြောင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သူတော်ကောင်းလဲဆည်းကပ်ကြပါ (မှန်ပါ့) သစ္စာတရား ပဋိစ္စ သမုပ္ပါဒ် တရားများကိုလဲ (နာကြရပါမယ် ဘုရား) နာရလိမ့်မယ်နော် (မှန်ပါ့) နာလို့ မှတ်မိတဲ့တရားကိုလဲ ခန္ဓာဉာဏ် စိုက်ပြီး ဟောဒါကလေးဟာက ပဋိစ္စသမုပ္ပါဒ် စ,ပေါ်တာဘဲ ဟောဒါကလေး ဖြစ်ပျက်ရှုမယ် ဆိုတာကိုလဲ စ,ပေါ်လာလို့ ဖြစ်ပျက်ရှုနိုင်ရင် ရှု၊ မရှုနိုင်လို့ လွန်သွားပြန်ရင် ဒုတိယလွန်သွားတဲ့ တရားကလေးကိုလဲ အနိစ္စရှုနိုင်ရင် ရှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

မရှုတတ်သေးသ၍

ကိုယ့်သန္တာန်ထဲ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကိုမှ ကိုယ်က ဒုက္ခသစ္စာအဖြစ်နဲ့ မရှုတတ်သေးသ၍ ကာလ ပတ်လုံးဖြင့် လျော်တဲ့ အကျင့် မဟုတ်သေးဘူးတဲ့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် တတိယအချက်ဟာ ဒကာ ဒကာမတို့ အလုပ်ခွင်ဟောတာပဲဆိုတဲ့ဥစ္စာ ဒကာကြွယ် သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ ဒကာသစ်ဘဲမေး သိပါတယ်တဲ့၊ အဆင်းလေးတစ်ခု မြင်လိုက်တယ် (မှန်ပါ့)။

အဆင်းကလေးတစ်ခု ဒကာ ဒကာမတွေ မြင်လိုက်တယ်၊ ဝါဝါအဆင်းကလေး , ချောတဲ့လှတဲ့ အဆင်းကလေး, အရုပ်ဆိုးတဲ့ အဆင်းကလေးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒီအဆင်းကလေး မြင်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဒီ အဆင်းကို ဒကာ ဒကာမတွေက ပဋိစ္စသမုပ္ပါဒ် ကတော့ ဒီအဆင်းကြောင့် စ,တော့မှာဘဲ ဒကာသစ်ရေ (မှန်ပါ့ ဘုရား)။

ဥပမာ အပြစ်မြင်စရာ, မကြည်ညိုစရာ အဆင်းကလေး တစ်ခုမြင်လိုက်ပြီ (မှန်ပါ့) မြင်လိုက်တည်နဲ့ တစ်ပြိုင်နက် မြင်တဲ့စိတ်တော့ ပေါ်တော့မှာပဲ (ပေါ်ပါတယ် ဘုရား) ပေါ်တာဟာ ဒကာ ဒကာမတို့ မှတ်လိုက် ဒါ-ပဋိစ္စသမုပ္ပါဒ်စ,တာဘဲ (မှန်ပါ့)။

မြင်တဲ့စိတ်ကလေးဟာ (ပဋိစ္စသမုပ္ပါဒ် စ,တာပါ ဘုရား) ကောင်းပြီ၊ ဒါစ,တာ၊ စ,တော့ ဒကာ ဒကာမတွေက ဪ ဒါ ဘာပါလိမ့်မတုန်းလို့ မတွေးပါနဲ့နော် (မှန်ပါ့) ဪ မိမိသန္တာန် ပဋိစ္စသမုပ္ပါဒ်စ,တာလို့သာ တွေး လိုက်ပါ) (မှန်ပါ့)။

မိမိသန္တာန် ပဋိစ္စသမုပ္ပါဒ် စ,တာ

ဘယ်လိုတွေးကြမယ် (မိမိသန္တာန် ပဋိစ္စသမုပ္ပါဒ်စ, တာပါ ဘုရား) အဲ ပဋိစ္စသမုပ္ပါဒ် စ,လာလို့ရှိရင်ဖြင့် ဒါ ကိုယ့်ခန္ဓာမှာ အခုခဏမှာ အခုပဋိစ္စသမုပ္ပါဒ်စ,တာပဲ (မှန်ပါ) ခုနင်က အဆင်းက မုန်းစရာ ရွံစရာကိုး ဒကာသစ်ရ (မှန်ပါ့)။

မြင်လိုက်ပြီဆိုကြပါစို့ (မှန်ပါ့) မြင်ရုံ အပြစ်မရှိသေးပါဘူး (မှန်ပါ့) မြင်သည်နဲ့ တစ်ပြိုက်နက်တည်း ဒကာ ဒကာမတွေက ဒေါသတွေဖြစ်တယ် (မှန်ပါ့) ဒေါသတွေဖြစ်လာတယ်ဆိုတဲ့ ဥစ္စာ ပဋိစ္စသမုပ္ပါဒ် မြင်လိုက်တဲ့ အစ, ကလေးကို ကျုပ်တို့က ပဋိစ္စသမုပ္ပါဒ်စ,ပါပေါ့လား၊ ဒီ စ, တာကလေးသည်ကား ဘယ်လိုဖြစ်မည့် တရားကလေး ပါလိမ့်မလဲ ဆိုပြီးသကာလ ဒကာ ဒကာမတွေက ဆင်ခြင်မှုမရှိလိုက်တော့ မြင်သည်နဲ့ တစ်ပြိုင်နက်တည်း ဒေါသကလေး ဖြစ်လာတယ် (မှန်ပါ့) မမြင်ချင်တာ မြင်ရလေခြင်းဆိုတဲ့ ဒေါသကလေး မလာဘူးလား (လာပါတယ် ဘုရား)။

ဪ ဘယ့်နှယ်ကြောင့် ဒီဒေါသ လိုက်လာပါလိမ့်မတုန်းဆိုတော့ ပဋိစ္စသမုပ္ပါဒ် အစ, မမိလိုက်ဘူး (မှန်လှပါ)။

ဘာမမိလိုက်သတုန်း (ပဋိစ္စသမုပ္ပါဒ် အစ, မမိလိုက်ပါ ဘုရား) ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်အစ, မိဖို့ဆိုတာ မြင်ရင် တစ်ခါတည်း မြင်စိတ်ကလေးပေါ်ပြီ လို့ စိတ္တာနုပဿာနာသမားက မြင်စိတ်ကလေးကို မြင်စိတ်ကလေး ပေါ်လာတယ်ဆိုရင် ဒါ ပဋိစ္စသမုပ္ပါဒ်အစ,ပဲ (မှန်ပါ့)။

အဲဒီဥစ္စာကလေး မြင်လိုက်သည်တစ်ပြိုင်နက်တည်း ဒကာ ဒကာမတွေက ဒီမြင်စိတ်ကလေးကို ဖြစ်ပျက်ရှုနိုင်ရှု (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တော့ ဒကာ ဒကာမတွေ အနိဋ္ဌာရုံဆိုတဲ့အာရုံကို မြင်ရငြားသော်လဲ နောက်က ဒေါသလိုက် သေးရဲ့လား (မလိုက်ပါ ဘုရား)။

ဪ ဒါ အစ,မိလိုက်ပြန်တော့လဲ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်သည် ဒေါသ, သောက, ပရိဒေဝ, ဥပါယာသ, အဝိဇ္ဇာ, သင်္ခါရဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အဆုံးကနေ ပြန်ပတ်မည့်ဥစ္စာဟာ ဒကာသစ် လာသေးရဲ့လား (မလာပါ ဘုရား)။

အင်း ဒကာ ဒကာမတွေ ဘာမိလိုက်လို့ပါလိမ့် (အစမိလိုက်လို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်အစ, မိလိုက်တယ် (မှန်ပါ့ ဘုရား)။

တော်သေးတယ် ဒကာသစ်ရေ (မှန်ပါ့) ဒကာကြွယ်တော်သေးတယ်နော် (တော်သေးပါတယ် ဘုရား) ဘာမိလိုက်တာတုန်း (ပဋိစ္စသမုပ္ပါဒ်အစ, မိပါတယ် ဘုရား)။

အစ, မိလိုက်လို့ပါ

ပဋိစ္စသမုပ္ပါဒ် အစ,ကလေးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မိလိုက်တယ် (မှန်ပါ့) အစကလေးကို နောက်ကနေ မဂ်နဲ့လိုက်ပြီး သကာလဖြစ်ပျက်ရှုနိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့အတွက် နောက်ကမြင်ရတာ ကျုပ်ဖြင့် စိတ်ပျက်လိုက်တာဆိုတဲ့ ဒေါသ မလိုက်ဘူး (မလိုက်ပါ ဘုရား) လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား) မလိုက်တော့ဘူး ဆိုတာ ဘာမိလိုက်လို့ပါလိမ့် (ပဋိစ္စသမုပ္ပါဒ် အစ, မိလိုက်လို့ပါ ဘုရား)။

ကိုင်း ဒါဖြင့် အစ,မိလိုက်တော့ကို ဘာဖြစ်သွားသတုန်းဆိုတော့ သူက ဒကာ ဒကာမတို့ ခင်ဗျားတို့ကို သံသရာမှာ သူလှည့်ပြီးသကာလ ဒုက္ခပေးမလို့ စ, လိုက်တာကိုး (မှန်ပါ့)။

သူ့ကို မိလိုက်လို့ရှိရင်လဲ ဒကာ ဒကာမတွေ သူက ဒကာ ဒကာမတို့အား ပဋိစ္စသမုပ္ပါဒ်ကို ဆက်ဖြစ်သေးရဲ့လား (မဆက်ဖြစ်ပါ ဘုရား) ဘယ့်နှယ်ကြောင့် မဆက်ဖြစ်ပါလိမ့်မတုန်းဆိုတော့ ကျုပ်တို့က အစ,မိလိုက်လို့ (မှန်လှပါ)။

ဒကာကြွယ် ဘာတဲ့တုန်း (ပဋိစ္စသမုပ္ပါဒ်အစ, မိလိုက်လို့ပါ ဘုရား) စ,လိုက်တဲ့ပဋိစ္စသမုပ္ပါဒ် မြင်စိတ်ကလေးကို ကျုပ်တို့က တစ်ခါတည်း မြင်တဲ့စိတ်ကလေးဟာ မြင်ပြီးပျက်ဘာပဲဆိုတဲ့ ဉာဏ်ကလေးက နောက်ကလိုက်လိုက်တယ် (မှန်ပါ့)။

ဉာဏ်ကလေးက နောက်ကလိုက်တယ်

ဉာဏ်ကလေးက နောက်က လိုက်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်၊ နောက်က ရှုတာမဂ်ဆိုတော့ ဒီမဂ်သည် ကား လို့ဆိုရင် နောက်က မြင်ရတာ စိတ်ပျက်လိုက်တာလို့ဆိုတဲ့ ဒေါသကို ဒကာသစ် ချုပ်စေတယ် (ချုပ်ပါတယ် ဘုရား)။

ဘယ်သူ့ကို ချုပ်စေပါလိမ့် (ဒေါသကို ချုပ်စေပါတယ် ဘုရား) စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတွေ ဒါအလုပ်ပေးနေတယ်လို့ မှတ်ပါနော် (မှန်ပါ့)

ဘယ့်နှယ်ကြောင့် မြင်ရတာ စိတ်ပျက်လိုက်တာဆိုတဲ့ ဒေါသချုပ်သွားပါလိမ့်မလဲလို့ တရားတစ်ပွဲလုံး မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် အစ,မိလိုက်လို့ (မှန်လှပါ ဘုရား)။

ဘာမိလိုက်သလဲ (ပဋိစ္စသမုပ္ပါဒ်အစ, မိလိုက်ပါတယ် ဘုရား) တယ်လဲ အဖိုးတန်ပါလား (တန်ပါတယ် ဘုရား) အင်မတန် အဖိုးတန်ပါတယ် ဒကာ ဒကာမတို့၊ အစ, မိလိုက်တော့ ဆက်မယ်လို့ လာတာ သံသရာလှည့်ပြီး သကာလ ဒုက္ဓပေးမလို့ စ, လိုက်တာ၊ အစ, ကိုပဲ ကျုပ်တို့က ချေမှုန်းနိုင်တဲ့စွမ်းရည်သတ္တိ၊ အနိစ္စတည်းဟူသော ဉာဏ်နဲ့ မင်း-အနစ္စပဲဆိုပြီး သကာလ ကျုပ်တို့ရှုမိတဲ့အတွက် တဲ့ ဒကာ ဒကာမတို့ ဒီမြင်တဲ့စိတ်နောက်က မဂ်လိုက်ပြီးသကာလ သေသေချာချာ ကျုပ်တို့ ရှုနိုင်တဲ့အတွက် မြင်ရတာ စိတ်ပျက်လိုက်တာ- မလာတော့ဘူး (မလာပါ ဘုရား)။

နို့ မဟုတ်လို့ရှိရင် သူဘယ်သွားမလဲ လို့ မေးလို့ရှိရင် မြင်ရတာဆိုတော့ မြင်စိတ်ပေါ်တာ သူပြောတာ (မှန်ပါ့) စိတ်ပျက်လိုက်တာဆိုတာက ဒေါသလိုက်လာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

မြင်ရတာ စိတ်ပျက်လိုက်တာဆိုတော့ ဒီမှာ ခင်ဗျားတို့က ခင်ဗျားတို့စိတ်ထဲမှာပဲ ဒါပြောတဲ့အတိုင်း ဖြစ်တာပဲ (မှန်ပါ့) မြင်ရတာဆိုတော့ မျက်လုံးက ခုနင်က မကောင်းတာတွေကို မြင်ရတာ (မှန်ပါ့)။

စိတ်ပျက်လိုက်တာဆိုကတည်းက မြင်တာချုပ်သွားပြီး စိတ်ပျက်တာ ပေါ်နေလို့ စိတ်ပျက်လိုက်တာ စိတ်ပျက်လိုက်တာဆိုတဲ့ အသံထွက်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ ဒကာသစ် ဘယ်သူက ထွက်လာတဲ့ အသံပါလိမ့် (ဒေါသက ထွက်လာတာပါ ဘုရား) စိတ်ပျက်လိုက်တာ ဆိုတာလေ (မှန်လှပါ ဘုရား)။

သို့သော် သူအကြောင်းမကင်းဘူးလဲပြောတယ် (မှန်ပါ့) အကြောင်းမကင်းပါဘူးတဲ့ စိတ်ပျက်တာ ကျုပ်အကြောင်း မကင်းပါဘူးဆိုတာလဲ သူ့ဟာသူ လာပါတယ် (မှန်ပါ့ ဘုရား)

ဘယ့်နှယ်ကြောင့် စိတ်ပျက်သတုန်း

ဘယ်နှယ့်ကြောင့် ဒကာသစ် စိတ်ပျက်သတုန်း၊ ဦးမာဒင် ဘယ့်နှယ်ကြောင့် စိတ်ပျက်သတုန်း၊ အို မြင်ရလို့ဘုရား (မှန်ပါ့) သူ့အကြောင်းတော့ သူပါလျက်ဗျ (ပါလျက်ပါ ဘုရား) မပါဘူးလား (ပါ-ပါတယ် ဘုရား)။

သူ့အကြောင်းနဲ့သူ ပါလျက်ဖြစ်ပြီးသကာလ ဪ မြင်စိတ်ကနေ စိတ်ပျက်တဲ့စိတ်ကို ကျေးဇူးပြုတယ် ဆိုတာလဲ ခင်ဗျားတို့ စကားထဲမှာ ခင်ဗျားတို့ အပြောထဲမှာ ခင်ဗျားတို့ ဖြစ်စဉ်ထဲမှာ ပါပြီးသား (ပါပြီးသားပါ ဘုရား) ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မြင်ရတာဆိုတာက မြင်စိတ်ပေါ်တာ (မှန်ပါ့) စိတ်ပျက်လိုက်တာဆိုတာက မြင်ရတာချုပ်ပြီးမှ စိတ်ပျက်လာ တယ် (မှန်ပါ့ ဘုရား) ဒေါသလာတာပေါ့ဗျာ (မှန်လှပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုမြင်ရတာ စိတ်ပျက်လိုက်တာဆိုတဲ့ ပုဂ္ဂိုလ်မှာ ပဋိစ္စသမုပ္ပါဒ်အစ, မိတယ်ဆိုမလား မမိလိုက်ဘူးဆိုမလား (မမိပါ ဘုရား) မမိလိုက်ဘူး (မှန်ပါ့)။

ဪ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အစ, မမိလိုက်တော့ စိတ်ပျက်လိုက်တာဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဆက်သွားတယ် (မှန်ပါ့ ဘုရား) မြင်ရတာစိတ်ပျက်လိုက်တာ (မှန်ပါ့ ဘုရား)

မြင်ရတာဆိုတာ မြင်စိတ် (မှန်ပါ့) ဘာမှ အပြစ်မရှိသေးဘူး (မှန်ပါ့) စိတ်ပျက်လိုက်တာဆိုတော့ ဒေါသဖြစ် လာတယ် (မှန်ပါ့) ဒေါသစိတ်က ထွက်တဲ့အသံဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဒကာသစ်ရေ- ဒီဥစ္စာ ဒီကြားမှာ ကျုပ်တို့ဉာဏ်သွင်းရမယ် (မှန်ပါ့) မြင်ရတာ စိတ်ပျက်လိုက်

တာ မလာအောင်မြင်စိတ်ကလေးကို ဦးလှဘူး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

မြင်စိတ်ကလေးဟာ ဪ ပေါ်ပြီးပျက်တာပဲလို့ ဒကာ ဒကာမတွေက ရှုလိုက်တော့ ဪ မြင်တဲ့ စိတ်ကလေးဟာ မြင်ကာမတ္တချုပ်သွားလို့ မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား) စိတ်ပျက်လိုက်တာ လာသေး သလား (မလာပါ ဘုရား)။

ဪ မြင်တဲ့ စိတ်ကလေးဟာ မြင်ပြီးချုပ်ပျောက်သွားတာကိုးလို့ ဆိုတော့ အဲဒီမှာလဲ သူ့ဟာက ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ အသံထွက်လာတယ် (ထွက်လာပါတယ် ဘုရား)။

မြင်ပြီဆိုတာက မြင်စိတ် (မှန်ပါ့) မြင်တဲ့စိတ်ကလဲ မြင်ပြီးချုပ်သွားတာကိုးလို့ ဆိုတာကလဲ ကိုယ့်သန္တာန် မဂ်ကပြောတယ် (မှန်ပါ့ ဘုရား)။

ဘယ်သူကပြောသလဲ (မဂ်ကပြောပါတယ်) မြင်ပြီးသကာလ မြင်တဲ့စိတ်ကလေး ဟာချုပ်သွားတာပဲဆိုတော့ မြင်ပြီးဆိုတာက မြင်စိတ်ကလေးပေါ်တာ (မှန်ပါ့) မြင်ပြီးချုပ်သွားတာပဲလို့ ဆိုတာက ဘယ်သူက ပြောတာတုန်း မဂ်က ပြောတာပါ ဘုရား)။

ဒါဖြင့် သူ့ဟာနဲ့သူ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဖြတ်တာလဲ အခုအတိုင်း အရှင်းသားပဲ (ရှင်းပါတယ်) ဆက်ပုံလဲ အရှင်းသားပဲ (ရှင်းပါတယ် ဘုရား)။

မြင်ရတာ (စိတ်ပျက်လိုက်တာ) ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ဆက်သွားတယ် (မှန်ပါ့ ဘုရား)။

မြင်ရတာ (စိတ်ပျက်လိုက်တာ) ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ဆက်သွားတယ် (မှန်ပါ့) မြင်ရတာပြီးတော့ ဒကာ ဒကာမတို့ စိတ်ပျက်လိုက်တာဆိုတဲ့ ဒေါသဆက်သွားတယ် (ဆက်သွားပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

မြင်ပြီးချုပ်သွားတာပဲ

ကောင်းပါပြီ ဒါဖြင့် မြင်တတ်တဲ့ တရားကလေးဟာ မြင်ပြီးချုပ်သွားတာပဲ ဆိုတော့လဲ သူဘာပြောတာတုန်း (မဂ်ပေါ်တာ ပြောတာပါ) ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတာ ပြောတာ (မှန်ပါ့ ဘုရား) သူ့ဟာပြတ်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အင်း ပဋိစ္စသမုပ္ပါဒ် ဘာဖြစ်သွားပါလိမ့် (ပြတ်သွားပါတယ် ဘုရား) ပြတ်သွားတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ ဒီအရေးသည် ကိုယ့်ဟာကိုယ် အသိဆုံးဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဆက်တာလဲ အခုဆရာဘုန်းကြီးက နည်းပေးလိုက်သဖြင့် ဒကာ ဒကာမတွေ သိပါပြီ (သိပါပြီ) ုမြင်ရတာ စိတ်ပျက်လိုက်တာဆိုရင် (ပဋိစ္စသမုပ္ပါဒ် ဆက်ပါတယ် ဘုရား) ဆက်ပြီ (မှန်ပါ့ ဘုရား)။

ဪ မြင်ပြီးတဲ့ တရားကလေးဟာလဲ မြင်ရာတွင်ပဲ ချုပ်ပျောက်သွားတာပဲဆိုတော့ ဘာပြောတာတုန်း (ပဋိစ္စသမုပ္ပါဒ် ပြတ်တာပါ ဘုရား)။

အင်း မြင်တဲ့တရားကလေး ပေါ်တာလဲ သူပြောတယ် (မှန်ပါ့) ပြီးတော့ ချုပ်ပျောက်သွားတာပဲ ဆိုတာက မဂ်ဝင်လိုက်တာလဲ သူပြောတယ် (မှန်ပါ့) မပြောဘူူးလား (ပြောပါတယ် ဘုရား)။

မဂ်ဝင်တာလဲ သူပြောလိုက်ပြန်တဲ့အတွက်တဲ့ ဪ ကိုယ့်သန္တာန်မှာ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ဆက်ပုံလဲ သိရတယ် (မှန်ပါ့) ပြတ်ပုံကော (သိရပါတယ် ဘုရား)။

အဲဒါ သူများပြောလားတဲ့ ကိုယ့်သန္တာန်မှာ ကိုယ်ဒီအသိတွေနဲ့ ဒီဉာဏ်တွေဟာ ရှိပြီးသားပဲ (မှန်ပါ့ ဘုရား)။

ဒီအသံနဲ့ ဒီဉာဏ် ဘယ့်နှယ်နေကြသလဲ (ရှိပြီးသားပါ ဘုရား)။

မြင်ရတာ စိတ်ပျက်လိုက်တာဆိုတဲ့ ဒီအသံကလဲ ရှိတာပဲ (မှန်ပါ့) မြင်တဲ့တရားကလေးဟာ မြင်တဲ့နေရာမှာ ဘယ်မှမသွားဘူးဘုရား၊ ဒီနေရာတွင် မျက်လုံးထဲမှာပဲ ရှာမတွေ့အောင် ချုပ်ပျောက်သွားတာပဲ ဆိုတော့ ဉာဏ်ဟာကော (ရှိပါတယ် ဘုရား)။

နှစ်ချက်သိရတယ်

ဒါကြောင့် ဒကာ ဒကာမတို့ မြင်ပြီးစိတ်ပျက်တဲ့ အသံ-ပဋိစ္စသမုပ္ပါဒ် ဆက်ပုံလဲ ခင်ဗျားတို့သိပါတယ် (မှန်ပါ့) မြင်တဲ့တရားကလေးဟာ မြင်ရာတွင် ချုပ်သွားပါတယ်ဆိုတာကော (သိပါတယ် ဘုရား)။

အင်း ဒီလိုဆိုတော့ ဒကာ ဒကာမတို့ နှစ်ချက်သိရတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ဆက်တာဘဲ (သိရပါတယ်) ပြတ်တာလဲ (သိရပါတယ် ဘုရား)။

ဒီစိတ်ပြီး ဒီစိတ်ပေါ်တာကို မှတ်ပါ (မှန်ပါ့) ဒီစိတ်ပြီးတော့ (ဒီစိတ်ပေါ်တာကို မှတ်ရပါမယ်) မြင်ရတာ စိတ်ပျက်လိုက်တာဆိုတော့ မြင်ရတဲ့စိတ်ကလေးချုပ်ပြီး စိတ်ပျက်လိုက်တာ ဆိုတဲ့ ဒေါသပေါ်တယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့) မပေါ်ဘူးလား ( ပေါ်ပါတယ် ဘုရား)။

ဪ မြင်တဲ့တရားကလေးကပဲ မြင်ပြီးချုပ်သွားတာပဲလို့ ပြောတာက မြင်တဲ့တရားပေါ်တာကိုလဲ သိလိုက်တယ် (မှန်ပါ့) ချုပ်သွားတာပဲ ဆိုတာလဲ မဂ်ကထွက်လာတဲ့ အသံ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဆက်တာကိုလဲ ခင်ဗျားတို့ ပါးစပ်ထဲမှာပဲ ဒီအသံရှိပါတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ချုပ်တာလဲ ဒီအထဲမှာပဲ ဒီအသံရှိပါတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါ သာသနာတွင်းတရား

ကိုင်း ဒါဖြင့် ဒါ သာသနာတွင်းတရားမို့ ဒကာကြွယ်ရေ နက်နက်နဲနဲ သိရတယ် (မှန်ပါ့) နို့မဟုတ် လို့ရှိရင်တော့ ပြောနေကျပြောတဲ့ စကားပဲဆိုတဲ့ အဓိပ္ပါယ် (ရပါတယ် ဘုရား)။

အခုတော့ ဒီလိုမကပါဘူး။ မြင်ရတာ စိတ်ပျက်လိုက်တာလို့ ကိုယ့်ဟာကိုယ် ဒကာသစ် မြင်ရတာ စိတ်ပျက် လိုက်တာ ဆိုလို့ရှိရင်ဖြင့် သွားပေါ့ဟေ့ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆက်သွားပြီ (ဆက်သွားပါပြီ) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

ဪ မြင်တတ်တဲ့ တရားကလေးကလဲ မြင်ပြီးချုပ်သွားတာပဲလို့ ကိုယ့်ဟာကိုယ် တွေးလုံးကလေး ပေါ်လာပြန်လို့ရှိရင်လဲ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ့် ဉာဏ်နဲ့ ဖြတ်လိုက်တာ (မှန်ပါ့ ဘုရား)။

ဘာလုပ်လိုက်ပါလိမ့် (ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်လိုက်ပါတယ်) အဲဒါက သာသနာတွင်း (မှန်ပါ့ ဘုရား)။

ကိုယ့် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ့်ဉာဏ်နဲ့ ဖြတ်လိုက်တာက (သာသနာတွင်းပါ ဘုရား)။

မြင်ရတာ စိတ်ပျက်လိုက်တာဆိုတာက သာသနာပမှာတာ့ ဒီအနိဋ္ဌာရုံသာမြင်ရရင် စိတ်ပျက်လိုက်တာ ဆိုတာ လူတိုင်း၏ထုံးစံ (မှန်ပါ့ ဘုရား)။

စိတ်ပျက်လိုက်တာဆိုတာဟာ (လူတိုင်း၏ထုံးစံပါ) လူတိုင်း၏ ထုံးစံပဲဆိုတာ သေချာလား (သေချာပါပြီ ဘုရား)။ ဒါဖြင့် သာသနာပမှာ ပဋိစ္စသမုပ္ပါဒ်သည် သံသရာလည်တာသာ ရှိပါတယ် (မှန်ပါ့) သာသနာတွင်းကျမှ ဖြတ်လမ်းကလေးများ ပေါ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သသာနာတွင်းကျတော့ (ဖြတ်လမ်းကလေးများ ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် သာသနာ ကိုယ့်သန္တာန်ရှိ-မရှိ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်-ကိုယ်အကဲခတ် (မှန်ပါ့ ဘုရား)။

သာသနာ ကိုယ့်သန္တာန်ရှိ မရှိဗျာ (ကိုယ့်ကိုယ်-ကိုယ်အကဲခတ်ရမှာပါ ဘုရား)။

မြင်ရတာ စိတ်ပျက်လိုက်တာ ဆိုတာဆိုရင် ကိုယ့်သန္တာန် သာသနာတွင်းမဟုတ်ဘူး (မဟုတ်ပါ) မြင်တဲ့တရား ကလေးဟာ မြင်ပြီဘုရား၊ မြင်ပြီးချုပ်သွားတာဘဲဆိုတော့ (သာသနာတွင်းပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ခန္ဓာ့ဖြစ်စဉ်ခွဲကြမလား

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ သာသနာတွင်း သာသနာပကို ဒကာ ဒကာမတို့ လတွေ, နှစ်တွေအပိုင်းအခြားထဲ ခွဲကြမလား ဟုတ်လား (မှန်ပါ့) ခန္ဓာ့ဖြစ်စဉ်ခွဲကြမလား (ခန္ဓာ့ဖြစ်စဉ်ခွဲကြပါမယ်) ဪ ဒါဖြင့် သဘောပါလာပြီ ဦးမာဒင်ရေ (မှန်ပါ့ ဘုရား)။

အင်း ဒကာ ဒကာမတို့ တချို့က သာသနာတွင်း, သာသနာပကို နှစ်ထဲမှာ သွားခွဲနေတယ် (မှန်ပါ့) နှစ်တွေ, လတွေထဲမှာ ကျုပ်တို့ကတော့ သာသနာတွင်း မွေးတာတဲ့ (မှန်ပါ့) အင်း သူ့ဟာသူ မွေးနေတာ (မှန်လှပါ) ဝမ်းထဲမှာတော့ ဘုရားအဆုံးအမကတော့ ရောက်,မရောက် မသိဘူး (မရောက်ပါ ဘုရား) မရောက်တဲ့အဓိပ္ပါယ်က ရှင်းနေတယ် (ရှင်းနေပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ “ဝိပဿနာ ဘာသန သ္မိံယေဝ” ဝိပဿနာ= ဝိပဿနာသည်၊ သာသန သ္မိံယေဝ-သာသနာတွင်း၌သာလျှင်၊ ဟောတိ=ဖြစ်၏ဆိုတော့ ခင်ဗျားတို့ သာသနာတွင်း၊ ခင်ဗျားတို့ သာသနာပဆိုတာ ကိုယ့်ခန္ဓာထဲမှာ ကိုယ်ဆုံးဖြတ်ချက်ချကြ (မှန်လှပါ)။

ဘယ်လိုမှတ်ကြမယ် (ကိုယ့်ခန္ဓာထဲ ကို်ယ်ဆုံးဖြတ်ချက်ချကြရပါမယ် ဘုရား)။

ကိုယ့် သန္တာန်ထဲမှာ ကိုယ်ဆုံးဖြတ်ချက် ချကြပါတော့ ဒကာ ဒကာမတွေ ယနေ့ သာသနာတွင်း, သာသနာပ ဟာနှစ်တွေ, လတွေ, ထောင်တွေ, သောင်းတွေထက် ငါးထောင်တွေ နှစ်ထောင်ငါးရာတွေထဲ မခွဲဘဲနဲ့ ခန္ဓာထဲ အာရုံတစ်ခုမြင်တဲ့နေရာခွဲလိုက် (မှန်လှပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘယ်အချိန်ခွဲကြမယ် (ခန္ဓာထဲ အာရုံတစ်ခုမြင်တဲ့နေရာမှာ ခွဲရပါမယ် ဘုရား)။

ဖြတ်နိုင်တဲ့ပုဂ္ဂိုလ် သာသနာတွင်း

အဲ အာရုံတစ်ခုမြင်တဲ့အခါ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ထဲမှာ ဖြတ်နိုင်တဲ့ပုဂ္ဂိုလ် သာသနာတွင်း (မှန်ပါ့) မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ် (သာသနာပပါ ဘုရား)

ဪ သာသနာတွင်း, သာသနာပလဲ ဒို့-ယနေ့မှပဲ ရှင်းပေတော့တယ် (မှန်ပါ့ ဘုရား) ဆိုနိုင်, မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် နာရီကလေးနဲ့ ကိုယ့် တစ်နာရီအတွင်းမှာ ငါသည်ဝိပဿနာရှုမိ-မရှုမိ အကဲခတ်လိုက်လို့ရှိရင် မရှုမိတဲ့အချိန် သာသနာပ (မှန်ပါ့) ရှုမိတဲ့အချိန် (သာသနာတွင်းပါ ဘုရား) သာသနာတွင်းဆိုတာ သေချာကြပလား (သေချာပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ သာသနာရှိ-မရှိဟာ ဒကာ ဒကာမတို့ ခန္ဓာထဲမှာ မေးပါ (မှန်ပါ့ ဘုရား)။

ကိုယ့်သန္တာန် သာသနာရှိ မရှိ (ခန္ဓာထဲမှာမေးရမှာပါ) ဒကာသစ် ဘယ်ဟာက များမယ်ထင်နေသတုံး (သာသနာပက များပါတယ် ဘုရား) သာသနာပက များနေတယ် (မှန်ပါ့ ဘုရား)။

သာသနာပက ဒကာကြွယ် မများလားဗျာ (များပါတယ် ဘုရား) အဲဒီတော့ကို သာသနာပမှာ လူဖြစ်ရတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကမ္မဿကတဉာဏ်ဟာ လမ်းဆုံးဘဲ (မှန်ပါ့) ဒီပြင်တရားကတော့ဖြင့် အပါယ်သွားတဲ့တရားသာ များနေတယ် (မှန်ပါ့) ကမ္မ ဿကတဉာဏ်ဟာ လမ်းဆုံးပဲ၊ ဒီ့ပြင်တရားတွေဟာ အပါယ်သွားတာချည့်များတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ သာသနာတွင်း, သာသနာပ ဘယ်နေရာခွဲကြမတုန်း (ခန္ဓာ့ဖြစ်စဉ် မှာ ခွဲရပါမယ်) ခန္ဓာ့ဖြစ်စဉ်မှာ ခွဲကြ (မှန်ပါ့) ဘယ်မှာ ခွဲကြမတုန်း (ခန္ဓာ့ဖြစ်စဉ်မှာ ခွဲကြပါမယ် ဘုရား)။

ခန္ဓာ့ဖြစ်စဉ်မှာ ခွဲကြစမ်းပါ လို့ ဆွေမျိုး, ဉာတကာ, အမေမိဘ တော်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေကိုသာ သာသနာ တွင်း-သာသနာပ ခွဲနည်းနိဿယည်းကို ယနေ့ ထူးထူးခြားခြားပဲ ဒကာသစ် ပြောနေတယ် (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

သာသနာတွင်း၊ သာသနာပ ဆိုတာ ဒကာ ဒကာမတို့ ခန္ဓာ့ဖြစ်စဉ်မှာ ပဋိစ္စသမုပါဒ်ဖြတ်တဲ့ ဉာဏ်ဝင်လာရင် သာသနာတွင်း (မှန်ပါ့) ဖြတ်တဲ့ ဉာဏ် မဝင်လာလို့ တန်းမြဲတိုင်း တန်းနေရင် (သာသနာပပါ ဘုရား)။

ဪ နေရာကျပြီ တဲ့၊ ဒါဖြင့် အင်မတန် အဖိုးတန် သွားပြီနော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မြင်တဲ့တရားလေးက မကောင်းတဲ့ အာရုံကလေး ဒီဟာက အင်မတန် အကျည်းတန်ပြီး တောင်းစား ခြေကျိုး၊ လက်ကျိုး၊ သူများအိမ် စောစောစီးစီး လာတောင်းတယ်ဆိုပါတော့ ဒကာသစ်ရဲ့ (မှန်ပါ့)။

ကိုယ်ကလဲ မင်္ဂလာယူနေတဲ့နေ့ (မှန်ပါ့) ဝင်လာတဲ့လူကလဲ ခြေကျိုး၊ လက်ကျိုး၊ တောင်းစား အရုပ်ဆိုး အကျည်းတန် အဝတ်အစား အနုပ်အစုတ် အပြတ်နဲ့ဆိုတော့ ‘ဖျတ်’ဆိုတ ဒကာသစ်က မြင်လိုက်တယ် (မှန်ပါ့) မြင် လိုက်တဲ့အခါကျတော့ ဒီနေ့တော့ မြင်မြင်ခြင်းပဲ ဈေးဦးပေါက်ပုံမရဘူး (မှန်ပါ့) အင်း ဒေါသထွက်သွားတယ် (မှန်ပါ့)။

သာသနာတွင်းလား-သာသနာပလား

ဘာဖြစ်လာသတုန်း (ဒေါသထွက်လာပါတယ် ဘုရား) ဒါဖြင့် သာသနာတွင်းလား-သာသနာပလား (သာသနာ ပပါ ဘုရား)။

အဲဒီတော့ ဒေါသထွက်တော့ ဒေါသနောက်ကနေပြီး သကာလ ဒီနေ့အတွက်တော့ စိုးရိမ်တယ်၊ သောက ဟုတ်လား (မှန်ပါ့) ပရိဒေဝဆိုတာ ဝမ်းထဲကလဲ တုန်လှုပ်လာတယ် (မှန်ပါ့ ဘုရား) ဒုက္ခဒေါမနဿကလဲ လိုက်မလာ ဘူးလား (လိုက်လာပါတယ် ဘုရား) လိုက်လာလို့ရှိရင်ဖြင့် ဒါ-ဒကာသစ်ရေ ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ-နော် (မှန်ပါ့)။ ဒီဟာ ခုနင်က သိလုံးဝင်လို့ ဖြစ်တာလား-မသိလုံးဝင်လို့ ဖြစ်တာလား (မသိ လုံးဝင်လို့ ဖြစ်တာပါ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ဒေါသမှာလဲ အဝိဇ္ဇာပါ၏ (မှန်ပါ့) သောကမှလဲ (အဝိဇ္ဇာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပရိဒေဝမှာလဲ (အဝိဇ္ဇာပါပါတယ် ဘုရား) အဝိဇ္ဇာပါတာပဲ တဲ့၊ မသိလို့ဖြစ်တာ (မှန်ပါ့) မသိလို့ ဒေါသ၊ မသိလို့ သောက၊ တွဲလျက်ကြီးသွားနေတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မသိလု့ိ ဒုက္ခ (မှန်ပါ့) အဝိဇ္ဇာနဲ့တွဲမလား (တွဲပါပြီ ဘုရား) မသိလို့ပဲ ဥပါယာသ=ပြင်းစွာ ပင်ပန်းခြင်း ဖြစ်ရ တယ်ဆိုတာကော မလာဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါကလဲ မသိလို့ပဲဆိုတာ သေချာပြီမဟုတ်လား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာသစ် အဝိဇ္ဇာပါတယ် (မှန်ပါ့) မပါသေးဘူးလား (ပါပါတယ် ဘုရား)။

ဒေါသထဲမှာလဲ (အဝိဇ္ဇာပါ-ပါတယ် ဘုရား) သောကထဲမှာကော (အဝိဇ္ဇာပါပါတယ် ဘုရား) ပရိဒေဝထဲမှာ (အဝိဇ္ဇာ ပါပါတယ် ဘုရား) ဒုက္ခထဲမှာ (အဝိဇ္ဇာ ပါပါတယ်)၊ ပြင်းစွာ ပင်ပန်းတဲ့ ဥပါယာသထဲမှာ (အဝိဇ္ဇာပါပါတယ်) အဝိဇ္ဇာပါတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာသစ် ပဋိစ္စသမုပ္ပါဒ် ဒီတွင် မရပ်တော့ဘူး (မရပ် ဘုရား) ရပ်ပါဦးမလား (မရပ်ပါ ဘုရား)။

ဒီအထဲမှာ ဘယ်သူ ဦးစီးနေတယ်ဆိုတာ ဒကာ ဒကာမတွေ ကြည့်စမ်း (အဝိဇ္ဇာဦးစီးနေပါတယ် ဘုရား)။

ဒါဖြင့် ဒီ နောက်ဆုံးပိတ် အဝိဇ္ဇာ- အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ဟော သင်္ခါရလာပြီ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

ကိုင်း ဒါဖြင့် မိုးလင်းလို့ တောင်းစားတဲ့ပုဂ္ဂိုလ်လဲ အရုပ်ဆိုး အကျည်းတန်လာတာ မြင်မှုကို ပဋိစ္စသမုပ္ပါဒ် မဖြတ်နိုင်တာနဲ့ ဒကာကြွယ်ရေ မိုးလင်းကာရှိသေးတယ်၊ ပဋိစ္စသမုပ္ပါဒ်က တစ်ခါတည်း အဝိဇ္ဇာပစ္စယာ သင်္ခါရာ ကျအောင် သွားလိုက်ပြီ (မှန်ပါ့) သေရင် ဝိညာဏံ သွားတော့မယ် (သွားပါမယ် ဘုရား)။

သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) အဲဒီကတော့ သေမှဖြစ်မယ် (မှန်ပါ့) အခုတော့ သင်္ခါရတွင်ရပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒီဘဝမှာတော့ (သင်္ခါရတွင် ရပ်ပါတယ် ဘုရား) ဒါကြောင့် ဒီနေရာကလေးမှာ ဒီ့ပြင်ဟာ ပြောချင်လို့ မဟုတ် ဘူး တဲ့၊

အဝိဇ္ဇာ အကွက်တိုင်းပါပုံ

အဝိဇ္ဇာ အကွက်တိုင်းပါပုံကိုလဲ ဒကာ ဒကာမတွေ သိပြီ (မှန်ပါ့) ဒေါသဖြစ်တဲ့အခါလဲ မသိလို့ဖြစ်တာမို့ အဝိဇ္ဇာ (မှန်ပါ့) သောကဖြစ်တာကော (မသိလို့ဖြစ်တာမို့ အဝိဇ္ဇာပါ ဘုရား) ပရိဒေဝ ဖြစ်တာကော (မသိလို့ဖြစ်တာမို့ အဝိဇ္ဇာပါ ဘုရား) မသိတာက ပါလျက်ချည့်ပဲ (မှန်ပါ့)။

မသိတာက ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ရှင်းပြီ (မှန်ပါ့) ဒုက္ခဖြစ်နေပြီ ဒကာသစ်ရ (မှန်ပါ့) သိလို့ဖြစ်တာလား (မသိလို့ဖြစ်တာပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာနဲ့ ဒုက္ခနဲ့ကော (တွဲလျက်ပါ ဘုရား)။ အဝိဇ္ဇာနဲ့ ဒေါမနဿနဲ့ကော (တွဲလျက် ပါ ဘုရား)။

တွဲလိုက်တော့ ဒီအဝိဇ္ဇာက သူ့ ပဋိစ္စသမုပ္ပါဒ်တော့ သူ့ထုံးစံအတိုင်း လာရလိမ့်မယ် (မှန်ပါ့) အဝိဇ္ဇာလာလို့ ရှိရင်ဖြင့် အဝိဇ္ဇာဟာ သူပစ္စယာလာပါတယ် (မှန်ပါ့) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

ဟော သင်္ခါရဆိုတဲ့ ခင်ဗျားတို့ မကောင်းတဲ့အကုသိုလ်တွေ ယတြာချေမည့် အလုပ်တွေ ဟုတ်လား (မှန်ပါ့)။

ဒါတွေ မကောင်းတဲ့အကုသိုလ်အလုပ်တွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

တစ်နည်းအားဖြင့်လဲ ဒါမျိုး မတွေ့ပါရစေနဲ့ ဆုတောင်းပြီး သကာလ ဒီနေ့တော့ဖြင့် ဘုရားဆွမ်းတော်ကလေး တင်မှပဲ ဒါမျိုးမတွေ့ချင်လို့ဆိုပြီး ကုသိုလ်တော့ လုပ်ချင်လဲ လုပ်လိမ့်မယ် (လုပ်ပါတယ် ဘုရား) မလုပ်ပေဘူးလား (လုပါတယ် ဘုရား) လုပ်ပေမယ့် ဒါမတွေ့ချင်လို့ ကိုယ့်ဒုက္ခကျွတ်ချင်လို့ မဟုတ်ဘူး (မှန်ပါ့) အဲဒီတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပဲသွားတယ် (သွားပါတယ် ဘုရား) ရိပ်မိပလား (ရိပ်ပါပြီ ဘုရား)။

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ

ဘယ်သွားသတုန်း (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာသွားပါတယ် ဘုရား)။

ဪ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ် ကောင်းတဲ့ကုသိုလ်အလုပ်ကို လုပ်တဲ့အခါလဲ ပါသကွတဲ့ (မှန်ပါ) မကောင်းတဲ့ အကုသိုလ် သင်္ခါရလုပ်တာကော (ပါပါတယ် ဘုရား)။

ဒါကြောင့် ငါက အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ (မှန်ပါ့) အပုညာဘိသင်္ခါရာလို့ ငါ-ဟောတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒကာသစ် ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။

ဒီကြည့်လေ အခု မနက်စောစော သူတောင်းစားတွေ့ရတယ်၊ သူတောင်းစား တွေ့တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာသစ်ကဖြစ်ဖြစ် ဒကာကြွယ်က ဖြစ်ဖြစ် အစောကြီး မင်္ဂလာမရှိတာကြီး လာတွေ့တယ် (မှန်ပါ့) လာပြီးမြင်ရတဲ့ အခါကျတော့ မြင်သည်နဲ့ တစ်ပြိုင်နက်တည်း စိတ်ထဲမှာ ဒကာကြွယ် ဘယ့်နှယ်နေသတုန်း ဒေါမနဿလာတယ် (မှန်ပါ့) မသိလို့လား သိလို့လား (မသိလို့ပါ ဘုရား)။

အဲ ဒါဖြင့် သူ့ ပဋိစ္စသမုပ္ပါဒ် ဦးမာဒင် အကုန်မတန်းပေဘူးလား (တန်းပါတယ် ဘုရား) တန်းလိုက်တဲ့ အခါကျတော့ ဒီအထဲ အဝိဇ္ဇာက ပါလေသည်ဖြစ်ပြီး သကာလနေသောကြောင့် ဒကာသစ်ရေ အဝိဇ္ဇာပစ္စယာ (သင်္ခါရာ ပါ ဘုရား)။

သင်္ခါရာဆိုတာ ခင်ဗျားတို့က မသိပေဘူး (မှန်ပါ့) ဒီနေ့တော့ဖြင့် စောစောစီးစီး အမင်္ဂလာကြီး တွေ့ရပေ တယ် (မှန်ပါ့)။

နောင်မတွေ့ရစေသတည်း ဆိုပြီး သံဃာတွေကြွလာတဲ့အခါကျတော့ ဆွမ်းကလေးနဲ့ ဒါတွေနဲ့ နောက် မတွေ့ ပါရစေနဲ့ ဘုရား ဆိုပြီး ဆွမ်းလှူလိုက်တော့ ပညာဘိသင်္ခါရာဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ဘာမတွေ့ချင်တာတုန်း ဒီလို အနိဋ္ဌာရုံတွေနဲ့ မကောင်းတဲ့ အာရုံတွေနဲ့ မတွေ့ချင်လို့ (မှန်ပါ့) နိဗ္ဗာန်, ဒုက္ခငြိမ်းချင်လို့ ပါရဲ့လား (မပါပါ ဘုရား) ဒါဖြင့် ကုသိုလ်တော့မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ကုသိုလ်ဖြစ်ပေမယ့် အဝိဇ္ဇာကင်းရဲ့လား (မကင်းပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာပစ္စယာ ပုညဘိသင်္ခါရာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာပစ္စယာ (ပုညာဘိသင်္ခါရာပါ) ပုညာဘိသင်္ခါရာဆိုတာ ပုညက ကုသိုလ်၊ အဘိသင်္ခါရာက ပြုပြင်တာ၊ ကုသိုလ်က မင်းတို့ကို ပဋိသန္ဓေပြုပြင်တော့မယ် (မှန်ပ့ါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီနေ့ သဘောတွေ ပြောနေတယ်လို့ ဒကာကြွယ် မှတ်တမ်းပါ (မှန်ပါ့)။

ဘာတွေ ပြောနေသလဲ (သဘောတွေ ပြောနေပါတယ် ဘုရား)။

ကောင်းပြီ ဒါက သာသနာတွင်းလား သာသနာပလား (သာသနာပပါ ဘုရား) ဒကာသစ် ပေါ်နေပြီ (ပေါ်ပါ ပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုသဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ထူးထူးလည်လည် ပြောဖို့ရာက ဘာတုန်းလို့ မေးတဲ့အခါကျတော့ ဒီဟာလဲ သင်္ခါရတရား (မှန်ပါ့) ဒီဟာလဲ ဒီအနိဋ္ဌာရုံက ပြုပြင်လို့ ပေါ်လာတဲ့ မြင်စိတ်လဲ ဘာတရားခေါ်ကြမလဲ (သင်္ခါရတရားပါ ဘုရား)။

အကြောင်းကြောင့်ပေါ်လာတဲ့ တရားဟူသ၍ ဘာခေါ်ကြမယ် (သင်္ခါရပါ ဘုရား) ဒါလဲ သင်္ခါရပဲနော် (မှန်ပ့ါ)။

အဲဒီတော့ ခင်ဗျားတို့က အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရချည့် မှတ်ပြီးသကာလ မနေပါနဲ့၊ ခင်ဗျားတို့ သန္တာန် ပေါ်သ၍ သင်္ခါရမှတ် (မှန်ပါ့)။

အနိဋ္ဌာရုံက ပြုပြင်လိုက်လို့ မြင်စိတ်ပေါ်လာတယ်

ပေါ်သ၍ (သင်္ခါရပါ ဘုရား) ကြည့်လေ အနိဋ္ဌာရုံက ပြုပြင်လိုက်လို့ မြင်စိတ်ပေါ်လာတယ် (မှန်ပါ့)။

ကဲ ဒကာသစ် သူ့ကို ဘာဆိုမလဲ (သင်္ခါရပါ ဘုရား) အင်း မြင်စိတ်လို့လဲ ဆိုပါ သင်္ခါရတရားလဲ ဆိုပါ (မှန်ပါ့) နစ်နာမည်ရပါတယ် (မှန်ပါ့) မြင်စိတ်ဆိုတာလဲ ဟုတ်တာပဲ (မှန်ပါ့) ပြုပြင်လို့ ပေါ်လာသောကြောင့် သင်္ခါရဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။

အဲ ဒါ သင်္ခါရသိပြီနော် (မှန်ပါ့) ကဲ တစ်ခါ ဒကာသစ်တို့၊ ဒကာကြွယ်တို့က မဖြတ်လိုက်တော့ မြင်ရတာ ဒေါသဖြစ်လိုက်တယ်ဆိုတဲ့ ဒီ ဒေါသကလေးဟာလဲ မြင်ခြင်းတည်းဟူသော အကြောင်းကင်းရဲ့လား (မကင်းပါ ဘုရား) မကင်းရင် သူ့ကို ဘာခေါ်ကြဦးမယ် (သင်္ခါရပါ ဘုရား)။

အဲ ဒေါသလဲဆို သင်္ခါရလဲဆို (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါက ရှေ့ကို ဝိပဿနာသွားမလို့ တစ်ခါ တရားဆင်ပြန်တယ်လို့ ဒကာသစ် အောက်မေ့စမ်း (မှန်ပ့ါ) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ကဲ တစ်ခါ ဒေါသဖြစ်တဲ့အခါကျတော့ ဒေါသကို ဒကာသစ်က ဝိပဿနာမရှုနိုင်ပြန်တော့ သောက,က လိုက်လာတယ် (လိုက်လာပါတယ်) ဒေါသက ဘာဖြစ်အောင် ကျေးဇူးပြုပါလိမ့် (သောကဖြစ်အောင် ကျေးဇူးပြုပါ တယ်) သောကက သူများပြုပြင်လို့ ဖြစ်သောကြောင့် ဘာတရားခေါ်မလဲ (သင်္ခါရတရားပါ ဘုရား)။

ဒါဖြင့် ဒီဘက်လာ၍ ဘာဆိုကြမယ် (သင်္ခါရပါ ဘုရား)။

ဪ ဒီနေ့ သင်္ခါရဟာ အဝိဇ္ဇာပစ္စယာ သင်္ခါရာတစ်လုံးတည်း မှတ်နေတယ်။ (မှန်ပ့ါ) ပေါ်လာသ၍ သင်္ခါရ (မှန်ပါ့ ဘုရား)။

ပေါ်လာသ၍ သင်္ခါရပါ

ဘယ်လိုဆိုကြမယ် (ပေါ်လာသ၍ သင်္ခါရပါ ဘုရား)။ ဒကာကြွယ် ရှင်းပြီဗျာ (ရှင်းပါပြီ ဘုရား)။

ကိုယ့်သန္တာန်ပေါ်သ၍ဖြင့် (သင်္ခါရပါ ဘုရား) သင်္ခါရတရားလို့ဆိုတာ ရှင်းသွားပါတယ် (ရှင်းပါတယ် ဘုရား) ကဲ ဦးမာဒင်တို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားက သဗ္ဗေလို့ ထည့်လိုက်တယ် (မှန်ပ့ါ) သဗ္ဗေဆိုတာ အလုံးစုံပဲ (မှန်ပါ့)။

ဒါဖြင့် သူက အလုံးစုံသင်္ခါရလို့ပြောတာ ကျုပ်တို့က မရိပ်မိဘူး (မှန်ပါ့) အခုတော့ဖြင့် ယနေ့ မင်းတို့သန္တာန် ပေါ်လာသ၍ အလုံးစုံသင်္ခါရ (မှန်ပါ့) ရှင်းသွားကြပြီ (ရှင်းပါပြီ ဘုရား)။

ဒါ တော်တော်မိတဲ့စကား (မိပါတယ် ဘုရား) အင်မတန် သဘောပါတယ်လို့ ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။

အခုမှပဲ ဪ စာကတော့ သဗ္ဗေသင်္ခါရာလို့ အဆိုသား ဒို့က ဒီလို တစ်ခုနဲ့တစ်ခု အကြောင်းဆက်တဲ့ ဥစ္စာ သင်္ခါရလို့ မသိတော့ ဒို့မှာ ဒါ အသစ်-အသစ်သာ မှတ်နေတယ်၊ မဟုတ်ဘူး ဒါတွေဟာ သူ့အကြောင်းနဲ့ သူ့ အကျိုးပေါ်လာတာတွေ ဖြစ်သောကြောင့် ပေါ်လာသ၍ သင်္ခါရ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (ပေါ်လာသ၍ သင်္ခါရပါ ဘုရား) ဒါဖြင့် ပေါ်တာကလဲ ခင်ဗျားတို့သန္တာန်မှာ မျိုးစုံပေးတာ ကိုး (ပေါ်ပါတယ် ဘုရား) မျိုးစုံပဲ ကုသိုလ်လဲ ပေါ်မှာပဲ၊ အကုသိုလ်ကော (ပေါ်မှာပါ ဘုရား) တစ်နည်းအားဖြင့် အဗျာကတတွေကော (ပေါ်မှာပါ ဘုရား) အဲဒါတွေ ဘယ့်နှယ်ဆိုမတုန်း ဒကာသစ်ရေ (သင်္ခါရပါ ဘုရား)။

အဲဒီတော့ ဘုရားက ဘယ့်နှယ်ဟောလိုက်သလဲ (သဗ္ဗေသင်္ခါရာလို့ ဟောပါတယ်) ဟော သဗ္ဗေသင်္ခါရာ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဪ သဗ္ဗေ=အလုံးစုံသော တရားတို့သည်၊ သင်္ခါရ=သင်္ခါရလို့ ဟောနေတဲ့ဥစ္စာ ခင်ဗျားတို့ သိကြပြီ (သိပါပြီ) ဒါဖြင့် ခင်ဗျားတို့ သန္တာန် အခုရှိတဲ့ ရုပ်ဟာလဲ ဘာတရားတုန်း (သင်္ခါရတရားပါ) အခုတရားနာနေတဲ့ စိတ်တွေလဲ (သင်္ခါရတရားပါ ဘုရား)။

သက္ကာယ ဒိဋ္ဌိပြုတ်သွားပြီ

နေရာကျပြီ- နေရာကျပြီ၊ ဪ ပုဂ္ဂိုလ်သတ္တဝါ မရှိပါလား၊ သင်္ခါရအစုအပုံကြီးပါလား (မှန်ပါ့) သက္ကာယ ဒိဋ္ဌိပြုတ်သွားပြီ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိ ပြုတ်သွားပြီ ဒကာ ဒကာမတို့ ကြည့်စမ်း ဒကာ ဒကာမတွေ အခုရှိတဲ့ရုပ်ဟာလဲ ဘာတရား တုန်း (သင်္ခါရတရားပါ) အခုပေါ်နေတဲ့ နာမ်တရားတွေကော (သင်္ခါရတရားပါ) အင်း ပြုပြင်လို့ ပေါ်ပေါ်နေတာ (မှန်ပါ့) ဒါဖြင့် သူတို့ကို ဘာတရားခေါ်ကြမလဲ (သင်္ခါရတရားပါ ဘုရား)။

နေရာကျပြီ၊ နေရာကျပြီ၊ ဦးလှဘူးရေ နေရာကျပြီ (မှန်ပါ့) ဒီမှာ တစ်ခုတည်းပြလိုက်တာနဲ့ ဒကာသစ် ရှုပ် သေးလား (မရှုပ်ပါ ဘုရား)။

တရားနာနေတဲ့ အခုရုပ်တွေဟာလဲ ဘာတရားတုန်း (သင်္ခါရတရားပါ) အခုပေါ်နေတဲ့ နာမ်တရားတွေကော (သင်္ခါရတရားပါ) အင်း ပြုပြင်လို့ ပေါ်ပေါ်နေတာ (မှန်ပါ့) ဒါဖြင့် သူတို့ကို ဘာတရားခေါ်ကြမလဲ (သင်္ခါရ တရားပါ ဘုရား)။

ဪ ဒါဖြင့် နေရာကျပြီ ဒကာ ဒကာမတို့ ဝိပဿနာနဲ့ သင်္ခါရတရားတွေဖြစ်နေတော့ သေသေချာချာ သိတော့ ပုဂ္ဂိုလ်သတ္တဝါပါသေးရဲ့လား (မပါပါ) ဪ ဒါဖြင့် ပေါ်တိုင်းပေါ်တိုင်း သင်္ခါတရားလို့ မှတ် (မှန်ပ့ါ ဘုရား)။

ပေါ်တိုင်းပေါ်တိုင်း သင်္ခါတရား

တရားနှလုံးသွင်းကြ၊ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ အခုပူတဲ့ရုပ်ကလေး ပေါ်လာတာလဲ ဘာဆိုကြမယ် (သင်္ခါရတရားပါ) အခုအေးတဲ့ ရုပ်ကလေးပေါ်တာလဲ (သင်္ခါရတရားပါ ဘုရား)။

အင်း ငါ အေးတာလား- ငါပူတာလား- သင်္ခါရပေါ်တာလား (သင်္ခါရပေါ်တာပါ) သေသေချာချာ ဉာဏ် ရောက်ကြပါနော် (မှန်ပ့ါ) အေးတိုင်း, ပူတိုင်း ဪ ဒါ သင်္ခါရပေါ်တာပဲ၊ သင်္ခါရပေါ်တာပဲဆိုတာကို နှလုံး သွင်းလိုက်တော့ကို ဦးမာဒင်ရေ သက္ကာယဒိဋ္ဌိ မပြုတ်ပါနဲ့ဆိုလို့ မရဘူး (မရပါ ဘုရား)။

အခု ပေါ်လာတာကလေးတွေဟာ စားချင်တဲ့စိတ် ပေါ်လာတယ်၊ တရားနာချင်တဲ့စိတ် ပေါ်လာတယ်၊ တရား ဆွေးနွေးချင်တဲ့စိတ် ပေါ်လာတယ်၊ ကျင်ကြီး စွန့်ချင်တဲ့စိတ် ပေါ်လာတယ်၊ ကျင်ငယ်စွန့်ချင်တဲ့စိတ် ပေါ်လာတယ်၊ ထမင်းစားချင်တဲ့စိတ် ပေးလာတယ်၊ ပေါ်လာတာဟူသ၍ ဘာဆိုကြမလဲ (သင်္ခါရတရားပေါ်တာပါ)ရှင်းပြီ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် နေရာကျပြီ ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဘာတွေသာ အပြည့်အစုံရှိပါ လိမ့် (သင်္ခါတရားတွေသာ အပြည့်အစုံရှိပါတယ် ဘုရား)။

ဒါဖြင့် နေရာကျပြီ၊ ကဲ ဘုရားဟောတော်မူတထဲ သွင်းလိုက်တော့ ဒို့သန္တာန် ဖြစ်လေသမျှ အလုံးစုံသင်္ခါရ (မှန်ပ့ါ ဘုရား)။

ဒို့ သန္တာန်ဖြစ်လေသမျှ (အလုံးစုံသင်္ခါရပါ) အဲဒီကျတော့မှ သဗ္ဗေသင်္ခါရာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) သဗ္ဗေသင်္ခါရာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ရှုပ်သေးသလား (မရှုပ်ပါ) ခင်ဗျားတို့ သန္တာန်ပေါ်လေသ၍ ဘာတဲ့ (သင်္ခါရပါ ဘုရား)။

အဲဒီတော့ ဘုရားက ငါတော့ကွာတဲ့ တစ်ခုတစ်ခု ရေတွက်ဟောနေလို့တော့ ဆုံးမှာမဟုတ်ဘူး၊ မင်းတို့ သန္တာန် ပေါ်လေသမျှ အလုံးစုံသင်္ခါရ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သင်္ခါရခန္ဓာကိုယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ယောကျ်ား-မိန်းမ မရှိပါဘူး (မရှိပါ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (သင်္ခါရခန္ဓာကိုယ်ပါ) အခုမှပေါ်တဲ့ ရုပ်နဲ့- အခုမှပေါ်တဲ့နာမ်နဲ့ နေကြတာကိုးဗျ (မှန်ပါ့) အဲဒီတော့ သူ့ကို ဘယ့်နှယ် ဆိုကြမလဲ (သင်္ခါရတရားပါ ဘုရား)။

ဟုတ်ပြီ ဟုတ်ပြီ ဒကာ ဒကာမတွေ၊ ဒီတစ်လုံးသဘောကျတာနဲ့ ဒီတရားပွဲမှာ ဒကာသစ် သေပျော်တယ် (မှန်ပါ့) ဘာဖြစ်လို့ သေပျော်သတုန်းလို့ ဒကာကြွယ်တို့၊ ဦးမာဒင်လို့က မေးလို့ရှိရင် ပေါ်လာသ၍ဟာ သင်္ခါရချည့်ပဲ ဆိုတာက ယောကျ်ားပေါ်လာတာမဟုတ်ဘူး၊ မိန်းမပေါ်လာတာမဟုတ်ဘူး၊ ကိုယ့်ရုပ်ကလေးတစ်ခု ထူးထူးခြားခြား စိတ်ကလေးတစ်ခု ထူးထူးခြားခြားဆိုတော့ ဒါ သင်္ခါရတွေ ပေါ်လာတာ (မှန်ပ့ါ ဘုရား)။

သင်္ခါရတွေ ပေါ်လာတာ

ဘယ်လိုမှတ်ကြမယ် (သင်္ခါရတွေ ပေါ်လာတာပါ) ဟာ ဒကာသစ် အဖိုးတန်လိုက်တာ (တန်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဟိုဘက်သွားလိုက်ပါတော့ (မှန်ပ့ါ ဘုရား) သဗ္ဗေသင်္ခါရာဆိုတော့ ဪ အလုံးစုံဟာ ဒို့သန္တာန်ပေါ်လေသ၍ သင်္ခါရတဲ့၊ သဗ္ဗေဆိုတာ မကျန်ဘူး (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သဗ္ဗေသင်္ခါရာ ဆိုတာဖြင့် ကြေနပ်ကြပလား (ကြေနပ်ကြပါပြီ) ဘယ်လိုကြေနပ်ပါလိမ့်မတုန်းလို့ ဒကာကြွယ် မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (အလုံးစုံသင်္ခါရမို့ပါ) အလုံးစုံ ဘာပေါ်ပေါ် ခင်ဗျားတို့သန္တာန်မှာ (သင်္ခါရပါ) ရုပ်ပေါ်လဲ (သင်္ခါရ) နာမ်ပေါ်လဲ (သင်္ခါရပါ) နေရာကျပြီ (မှန်ပါ့) ဒါဖြင့် ယောကျ်ား-မိန်းမ ပါသေးသလား (မပါပါ) ဘာတွေပါလိမ့် (သင်္ခါရတွေပါ ဘုရား)။

ဪ ဒါကြောင့် သင်္ခါရတွေပဲ၊ သင်္ခါရတွေပဲဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ အရင်တုန်းက ပြောနေကြတာတွေ ပေါ်ပြီ (ပေးပါပြီ ဘုရား)။

သင်္ခါရတွေပဲ- သင်္ခါရတွေနဲ့ ဒကာသစ်တို့ ပြောကြတယ်နော် (ပြောပါတယ်) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဪ ဒါတွေ အရင်တုန်းကတော့ သူများပြောသံကြားနဲ့ ပြောနေတာ (မှန်ပါ့) အခုတော့ဖြင့် ကိုယ့်သန္တာန် ရုပ်ကလေးပေါ်လာလဲ (သင်္ခါရပါ) အပူရုပ်ကလေးပေါ်လာတယ် သင်္ခါရ၊ အေး ရုပ်ကလေး ပေါ်လာတယ် သင်္ခါရ၊ ညောင်းရုပ်ကလေး ပေါ်လာတယ် (သင်္ခါရပါ) အညောင်းပေတာကလေး ပေါ်လာတယ် (သင်္ခါရပါ) သဘောကျပလား (ကျပါပြီ) နာမ်ဘက်ကလဲ ဒီအတိုင်းပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒီလိုဆိုလို့ရှိရင် သင်္ခါရတွေ့ရင် ဒကာ ဒကာမတွေ မပူနဲ့တော့တဲ့ မဂ်ဉာဏ်ရတော့မယ် (မှန်ပ့ါ ဘုရား)။

သင်္ခါရတွေ့ရင် (မဂ်ဉာဏ်ရပါတော့မယ်) မဂ်ဉာဏ်ရပါတော့မယ် ဒကာကြွယ်ရ (မှန်ပါ့ ဘုရား)။

သင်္ခါရတွေ့ရင် (မဂ်ဉာဏ်ရပါတော့မယ်) ပုဂ္ဂိုလ်သတ္တဝါချည့် ခင်ဗျားတို့က လုပ်လုပ်နေလို့ မဂ်ဉာဏ်မရတာ (မှန်ပ့ါ ဘုရား)။

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရတာ သိကြပလား

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရတာ သိကြပလား (သိပါပြီ ဘုရား) ပေါ်တာက သင်္ခါရ၊ ခင်ဗျားတို့က ပုဂ္ဂိုလ်၊ သတ္တဝါ ယောကျ်ား၊ မိန်းမလုပ်နေတာနဲ့ပဲ တစ်ခါတည်း ပဋိစ္စသမုပ္ပါဒ်က ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေချည့် တန်း နေတယ် (မှန်ပ့ါ ဘုရား) မတန်းဘူးလား (တန်းပါတယ် ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့်တုန်း- ပေါ်တဲ့ သင်္ခါရကို ခင်ဗျားတို့က ပုဂ္ဂိုလ်သတ္တဝါလုပ်နေတာနဲ့ ပဋိစ္စသမုပ္ပါဒ် တန်းထွက်သွားတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ရေ ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

ဒါကြောင့် ယနေ့ ဟောရတဲ့ တရားမှာ ဘုန်းကြီးများလဲ သိပ်ဝမ်းသာပါတယ် (မှန်ပ့ါ) ဪ ငါတို့ သန္တာန် ပေါ်လေသမျှ သင်္ခါရ (မှန်ပါ့) ပူတာလဲ သင်္ခါရ၊ အေးတာလဲ သင်္ခါရ၊ စားချင်တာလဲ သင်္ခါရ၊ ကျင်ကြီး ကျင်ငယ် စွန့်ချင်တာကလေးတွေကော (သင်္ခါရပါ ဘုရား)။

ဒီစိတ်ကလေးတွေဟာလဲ သင်္ခါရပဲ (မှန်ပ့ါ) နာတာ၊ ယားတာ ကလေးတွေကော (သင်္ခါရပါ) ကောင်းမြတ် တာကလေးတွေကော (သင်္ခါရပါ) စိတ်ချမ်းသာလုံးကလေး ပေါ်လာတာကော (သင်္ခါရပါ ဘုရား)။

ဒကာသစ် နေရာကျပြီ (ကျပါပြီ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပလား (ပျောက်ပါပြီ ဘုရား)။

အဲဒါ ဒီတရားနာလို့ ပျောက်တဲ့ အပျော်ဟာလဲ တဒင်္ဂ ကုသိုလ်တော့ ရပါပြီ (မှန်ပါ့) သို့သော် ခင်ဗျားတို့ နှစ်လုံးသွင်းတဲ့အခါမှာလဲ ဪ ပူလာပြန်လဲ သင်္ခါရပဲ၊ အေးလာပြန်လဲ သင်္ခါရပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) စားချင်တဲ့စိတ် ပေါ်လာပြန်ပြီ (သင်္ခါရပါ ဘုရား)။

ဒါဖြင့် သင်္ခါရတွေ့ရင် နေရာကျတော့မှာ ဒကာသစ်မပူနဲ့တော့ ဒိဋ္ဌိကွာပြီ (မှန်ပါ့)။

ဘာကွာသွားသတုန်း (ဒိဋ္ဌိကွာပါတယ် ဘုရား) ဘာကွာသွားသတုံး (ဒိဋ္ဌိကွာသွားပါတယ် ဘုရား)။

သင်္ခါရတွေ့ကတည်းက ဒကာ ဒကာမတွေဒိဋ္ဌိကွာတယ်ဆိုတာ ပြုပြင်လို့မပေါ်လာတာ (မှန်ပ့ါ) ပြုပြင်လို့ ပေါ်လာတာ သိလိုက်ကတည်းကိုက ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးဆိုတဲ့ သက္ကာယဒိဋ္ဌိကော (ကွာပါတယ် ဘုရား)။

ဪ ပြုပြင်လို့ ပေါ်လာတာသိသဖြင့် ဥစ္ဆေဒဒိဋ္ဌိလဲ ကွာသွားတယ် (ကွာသွားပါတယ် ဘုရား)။

ပြုပြင်ရင် ပေါ်မှာပဲ- ပြုပြင်ရင်ပေါ်မှာပဲ ပြတ်တယ်လို့ မရှိဘူး ၊ ဟုတ်လား (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိဆိုတာက ဒကာသစ် ပြတ်တာကိုယူတာ (မှန်ပါ့) အခုတော့ ပြုပြင်ဘာတုန်း (ပေါ်ပါတယ် ဘုရား) ပေါ်တာဘာခေါ်ကြမယ် (သင်္ခါရပါ ဘုရား)။

ပြုပြင်လို့ပေါ်လာတာ

ပြုပြင်လို့ပေါ်လာတာ (သင်္ခါရပါ ဘုရား) ဒါဖြင့် ပြုပြင်ရင် ခင်ဗျားတို့သန္တာန်ရုပ်လဲ ပြုပြင်လို့ ပေါ်တာပဲ (မှန်ပါ့) အစားက ပြုပြင်လို့ ပေါ်တာရှိတယ်၊ ဥတုက ပြုပြင်လို့ (ပေါ်တာရှိပါတယ်) စိတ်က ပြုပြင်လု့ ပေါ်တာကော (ရှိပါတယ် ဘုရား) ကံက ပြုပြင်လို့ ပေါ်တာကော (ရှိပါတယ် ဘုရား) ပေါ်တာ ဘာတရားတွေလဲ (သင်္ခါရတရားတွေ ပါ ဘုရား)။

အဲ ဒါဖြင့် ပြုပြင်သမျှ ပေါ်လာတာ သင်္ခါရတရား၊ ဒါဖြင့် ဒီလိုယူလိုက်တော့ စားချင်တဲ့စိတ်နဲ့လဲ သင်္ခါရ၊ အိပ်ချင်တဲ့စိတ်လဲ (သင်္ခါရပါ ဘုရား)။

ဒကာ ဒကာမတွေ ယားတဲ့စိတ်ကလေးလဲ (သင်္ခါရပါ) အောင့်တဲ့စိတ်ကလေးလဲ (သင်္ခါရပါ ဘုရား)။

အေး ဒါဖြင့် သင်္ခါရတွေ့ကတည်းက ဒကာသစ် သက္ကာယဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးက တစ်လုံးပဲတိုးပေးဖို့ ရှိတော့တယ် (မှန်ပ့ါ) သဗ္ဗေသင်္ခါရာဆိုပြီး အနိစ္စပဲတိုးဖို့ ကျန်တော့ တယ် (မှန်ပါ့)။

ဒါဖြင့် သဗ္ဗေသင်္ခါရာသိလိုက်သဖြင့် သက္ကာယနဲ့ ဥစ္ဆေဒစင်ပြီ (မှန်ပ့ါ)။

သဗ္ဗေသင်္ခါရာ သိလိုက်သဖြင့် (သက္ကာယနဲ့ ဥစ္ဆေဒ စင်ပါပြီ ဘုရား)။

သူက ပြုပြင်လို့ ပေါ်တာ (မှန်ပါ့) အကြောင်းကျိုးက မဆက်ဘူးလား (ဆက်ပါတယ် ဘုရား) ဆက်တော့ကို ဥစ္ဆေဒ ဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ ဘုရား)။

အခုတော့ သင်္ခါရသာ ပေါ်တာ ပုဂ္ဂိုလ်သတ္တဝါတွေ ပေါ်တာမဟုတ်ပါဘူး ဆိုသဖြင့် သက္ကာယဒိဋ္ဌိကော (မရှိ ပါ ဘုရား) ငါပေါ် သူပေါ် ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ယောကျ်ားကလေး ထွန်းကားလာတယ်၊ မိန်းကလေး ထွန်းကားလာတယ် ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဒါဖြင့် သက္ကာယဒိဋ္ဌိကော (မရှိပါ ဘုရား)။

ဒါဖြင့် ဗ္ဗေသင်္ခါရာတစ်လုံး သဘောကျလိုက်တာနဲ့ ဒိဋ္ဌိ ဘယ်နှစ်ပါးစင်သတုန်း (နှစ်ပါးစင်ပါတယ် ဘုရား) ကဲ ဘယ်သူပါလိမ့်ဗျာ (သက္ကာယဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

နေရာကျပြီ ဒကာသစ်ရေ ၊ သေပျော်တဲ့တရားပါပဲ (မှန်ပါ့ ဘုရား)။

သဗ္ဗေသင်္ခါရာ အနိစ္စာ

ကဲ ဒါဖြင့် အားလုံးရတဲ့ ပါဠိအတိုင်း သဗ္ဗေသင်္ခါရာ အနိစ္စာ (မှန်ပါ့ ဘုရား)။ ရွတ်ကြစမ်းပါ (သဗ္ဗေသင်္ခါရာ အနိစ္စာပါ ဘုရား)။

ဪ ဒီ-သင်္ခါရသည် ဘယ်လမ်းဆုံးမလဲ (အနိစ္စလမ်း ဆုံးပါမယ် ဘုရား) ပေါ်ပြီ (မှန်ပါ့)။

ဒီ-သင်္ခါရတရားဟာ ဒကာ ဒကာမတို့ သင်္ခါရကလေး ပေါ်လာတာ ဘာလုပ်ဖို့ပေါ်လာပါလိမ့် (အနိစ္စရောက်ဖို့ ပေါ်လာတာပါ) ပျက်ဖို့ ပေါ်လာတယ်၊ အနိစ္စရောက်ဖို့ ပေါ်လာတယ်ဆိုတော့ ရှင်းသွားတယ် (မှန်ပါ့)။

ဒါဖြင့် ဟောဒီမြင်စိတ်ကလေးဟာ ဒကာ ဒကာမတို့ ပေါ်ပေါ်ခြင်း ဘာဆိုကြမယ် (သင်္ခါရတရားပါ ဘုရား) ပေါ်ပြီးတော့ ပျောက်သွားရင် ဘယ့်နှယ်ဆိုမလဲ (အနိစ္စရောက်ပါတယ် ဘုရား)။

ဪ ဒါ့ကြောင့် ပေါ်တာ သင်္ခါရ၊ ပျက်တာ အနိစ္စ (မှန်ပါ့) ဆိုတော့ ဘုရားဟာ တယ်အရေးတကြီး ဟောပါလား၊ “သဗ္ဗေသင်္ခါရာ အနိစ္စာ”ဆိုတော့ ပေါ်တာကိုဘာတဲ့ (သင်္ခါရပါ ဘုရား)။ ပေါ်တာ သိလိုက်သဖြင့် ဒကာ သစ်က ဒိဋ္ဌိဘယ်နှစ်ပါးစင်သလဲတဲ့ (နှစ်ပါးစင်ပါတယ် ဘုရား) သက္ကာယနဲ့ ဥစ္ဆေဒ စင်သွားတယ် (မှန်ပါ့)။

တစ်ခါ အနိစ္စလို့ ဆိုတာကလေးကို ဒကာ ဒကာမတွေက ဪ-သင်္ခါရဟာ အနိစ္စမှာ လမ်းဆုံးရှာသကိုးလို့ သိလိုက်ပြန်ပြီဗျာ၊ နောက်က ဝိပဿနာဉာဏ်နဲ့ (မှန်ပါ့ ဘုရား)။

အနိစ္စလမ်း ဆုံးတယ်

ဝိပဿနာဉာဏ်နဲ့ သင်္ခါရတရားကလေးဟာ ဒကာ ဒကာမတို့ပေါ်တုန်းက သင်္ခါရနောက်- ပျက်သွားရှာတယ် ဆိုတာ အနိစ္စလမ်း ဆုံးတယ် (မှန်ပါ့ ဘုရား)။

ဘယ်လမ်း ဆုံးပါလိမ့် (အနိစ္စလမ်း ဆုံးပါတယ် ဘုရား) အဲဒီကျတော့ အနိစ္စလမ်းဆုံးတာလဲ မြင်လိုက်ပါရော ဒကာ ဒကာမတို့ သဿတဒိဋ္ဌိ စင်ပြန်တယ် (မှန်ပါ့)။

ဘယ်နှစ်ခု စင်သွားသတုန်း (သုံးခုစင်ပါတယ် ဘုရား) သင်္ခါရ မြင်တုန်းက နှစ်ခု (မှန်ပါ့) အနိစ္စမြင်တော့ (သဿတ ဒိဋ္ဌိပါ ဘုရား) ခိုင်တယ်၊ မြဲတယ်လို့ ယူသေးရဲ့လား (မယူပါ ဘုရား)။

ဘယ်သူပါလိမ့် အနိစ္စမြင်တော့ (သဿတဒိဋ္ဌိပါ ဘုရား) ခိုင်တယ်, မြဲတယ်လို့ ယူသေးရဲ့လား (မယူပါ ဘုရား)။

အဲ-ဒါကြောင့် ခင်ဗျားတို့ ဪ သင်္ခါရမြင်တုန်းက ဒိဋ္ဌိနှစ်ခု သေခဲ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အနိစ္စမြင်လိုက်ပြန်တော့လဲ (ဒိဋ္ဌိတစ်ခုသေပါတယ်) ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။

သဿတဒိဋ္ဌိစင်တော့ ဪ ဒို့ရှုနေတဲ့ သင်္ခါရဆိုတဲ့ ဖြစ်မှု ဒကာ ဒကာမတွေ အနိစ္စဆိုတဲ့ ပျက်မှု (ဝါ) ဖြစ်မှု၊ ပျက်မှု နှစ်ခုရှုလိုက်တာ ဒို့သည်ကားလို့ဆိုရင် ဘာလုပ်နေတာတုန်း မေးတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိသတ်၍ ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်နေတာ (မှန်ပ့ါ)။

ဒိဋ္ဌိသတ်ပြီးတော့ (ပဋိစ္စသမုပါဒ် ပြတ်အောင်ုလပ်နေတာပါ ဘုရား)။

ကိုင်း ရှင်းပြမယ်၊ ဟောဒါက အဆင်း၊ ဟောဒါက မြင်တဲ့စိတ်ကလေးနော် (မှန်ပါ့) မြင်တဲ့စိတ်ကလေးဟာ သင်္ခါရတရား ပေါ်တော့ သင်္ခါရပေါ့ဗျာ (မှန်ပ့ါ) ဒိဋ္ဌိနှစ်မျိုးကဖြင့် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

‘ဖျတ်’ဆို ဒကာ ဒကာမတွေ ပေါ်လာတာကလေး မိအောင် ရှုဆိုတော့ ရှုလိုက်တော့ ပျက်သွားတယ် (မှန်ပါ့) ပျက်သွားတော့ အနိစ္စမြင်လိုက်တယ် (မှန်ပ့ါ)။

အင်း ဒါဖြင့် ဖြစ်မှုပျက်မှု မြင်လိုက်တာ ဒိဋ္ဌိ ဘယ်နှစ်မျိုးသေသတုန်း (သုံးမျိုးသေပါတယ် ဘုရား) ဒိဋ္ဌိ သုံးမျိုးသေတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိဘယ်နှစ်မျိုး သတ်သတုန်း

ဒကာ ဒကာမတို့ ဒီမှာ ရှေ့ပိုင်းမှာ ဖြစ်မှုပျက်မှု နှစ်ခုမြင်လိုက်တယ် (မှန်ပါ့) ဒါက ဖြစ်မှု၊ အစိမ်းကလေးက ဖြစ်မှု ဒီစကားရောင်ကလေးက ပျက်မှု ဟုတ်လား (မှန်ပါ့) ဖြစ်မှုပျက်မှု နှစ်ခုမြင်လိုက်တယ် စိတ်ကလေးတစ်ခုမှာ (မှန်ပါ့) ဘယ်နှစ်ခု သေသတုန်း (သုံးခုသေပါတယ် ဘုရား)။

ဒါဖြင့် ဒီမဂ်သည် ဒကာ ဒကာမတို့ ဒိဋ္ဌိဘယ်နှစ်မျိုး သတ်သတုန်း (သုံးမျိုးသတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိသုံးမျိုးကို ဒီအမြင်မှန်က သတ်လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိသုံးမျိုးကို ဘယ်သူက သတ်လိုက်သတုန်း (အမြင်မှန်က သတ်ပါတယ် ဘုရား) နေရာကျပြီ (မှန်ပါ့)။

ဒါဖြင့် သူ့ကို အမြင်မှန်ဆိုလေသောကြောင့် သူကတော့ သမ္မာဒိဋ္ဌိ (မှန်ပ့ါ)။

ဒါဖြင့် သမ္မာဒိဋ္ဌိလာလို့ ဒီအထဲ မိစ္ဆာဒိဋ္ဌိသုံးခုသေတယ် (မှန်ပါ့ ဘုရား) သမ္မာဒိဋ္ဌိလာလို့ (မိစ္ဆာဒိဋ္ဌိသုံးမျိုး သေပါတယ် ဘုရား)။

ဒကာသစ်ရေ သိပ်အဖိုးတန်ပါလား (တန်ပါတယ်) အင်မတန် မိပါတယ် ဒကာ ဒကာမတွေ အင်မတန် ထက်တဲ့ ဒကာ ဒကာမဆိုရင် ဒီနေရာတွင်ပဲ သောတာပန် သကဒါဂါမ် တည်နိုင်တဲ့တရား (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒီဘက်က သင်္ခါရတွေလဲ ဖြစ်လာတာပဲ ကျုပ်တို့ တွေ့လိုက်တာပဲ (မှန်ပါ့ဘရား) ပျက်တာလဲ (တွေ့လိုက်ပါ တယ် ဘုရား)။

အင်း ဒါကလေး ဖြစ်မှုပျက်မှုနှစ်ခုကို ကျုပ်တို့က ဆရာသမားကလဲ သင်ထားတယ် ဒကာ ဒကာမတို့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ပါစေ (မှန်ပါ့)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ (ကိုက်ပါစေ) မဂ်ဆိုတာ နောက်ကရှုတာကို မဂ် (မှန်ပါ့)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ပါစေ

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ပါစေဆိုတော့ ဒကာ ဒကာမတွေက ကိုက်အောင် လုပ်လိုက်တယ် (မှန်ပါ့) ကိုက်အောင် လုပ်လိုက်တဲ့အခါကျတော့ ဒီအထဲမှာ ဘယ်နှစ်ခု သေသတုန်း (သုံးခသေပါတယ် ဘုရား)။

အင်း သေချင်လို့ သေတာလား၊ ဒီသမ္မာဒိဋ္ဌိနဲ့ အမှန်အကန်မြင်လို့ သေတာလား (သမ္မာဒိဋ္ဌိနဲ့ အမှန်အကန် မြင်လို့ သေတာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီနောက်ကနေပြီး မြင်ရတာ စိတ်ပျက်လိုက်တာဆိုတဲ့ ဒေါသကော သေရဲ့လား (သေပါတယ် ဘုရား)။

ဒါဖြင့် ဒေါသပဲ သေသလား မသိတဲ့ မောဟပါသေသလား (မသိတဲ့ မောဟပါသေပါတယ် ဘုရား)။

ဒါဖြင့် ဟိုဘက်မှာ အကုန်အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတွေကော လာသေးရဲကလား (မလာပါ ဘုရား)။

ဪ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “သဗ္ဗေ သင်္ခါရာ အနိစ္စာ” (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူက ဘာတဲ့ (သဗ္ဗေ သင်္ခါရာ အနိစ္စာပါ ဘုရား)။

ဒီက “သဗ္ဗေ သင်္ခါရာ”ဆိုတော့ သူက ပေါ်တာပဲ ရှိသေးတယ် (မှန်ပ့ါ) ဒီတရားက ဘာတဲ့ (အနိစ္စပါ ဘုရား) ဒါဖြင့် “သဗ္ဗေသင်္ခါရာ အနိစ္စာ” (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ဒကာသစ်တို့ ခဏခဏ ပြောနေရတယ် “ယဒါ ပညာယ ပဿတိ” (မှန်ပါ့ ဘုရား) သူတို့နှစ်ခု ပေါ်လာရင် ဒီပညာနဲ့ ကြည့်ပါကွာတဲ့ (မှန်လှပါ)။

ဘာတဲ့တုန်း (သူတို့နှစ်ခု ပေါ်လာရင် ဒီပညာနဲ့ ကြည့်ရပါမယ် ဘုရား) ဝိပဿနာပညာ၊ မဂ်ပညာနဲ့ ကြည့်ပါကွ (မှန်ပါ့ ဘုရား)။

ကဲ ဒကာ ဒကာမတွေ ဒါကလေး ထောက်လိုက်တော့ သဗ္ဗေ သင်္ခါရာ (မှန်ပါ့) ဒါကလေး ထောက်လိုက် တော့ (အနိစ္စပါ ဘုရား) ဘာလုပ်ရမတဲ့တုန်း (ပညာနဲ့ ကြည့်ရပါမယ် ဘုရား)။

ယဒါ= အကြင်ခါ၌၊ ဖြစ်ပျက်နေတဲ့အခါ၌၊ ပညာယ=ဝိပဿနာပညာဖြင့်၊ ပဿတိ=ကြည့်၏ (မှန်ပါ့) မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

ယဒါ= အကြင်ဖြစ်မှုပျက်မှုရှိတဲ့အခါ၌၊ ပညာယ=ပညာဖြင့် ဘာလုပ်ရမလဲ (မြင်အောင်ကြည့်ရပါမယ် ဘုရား)။

ဒါဖြင့် ဒီ-ထောက်လိုက်တော့ သဗ္ဗေသင်္ခါရာ၊ ဒီထောက်လိုက်တော့ (အနိစ္စာပါ ဘုရား) ဒီထောက်လိုက်တော့ (ယဒါ ပညာယ ပဿတိပါ ဘုရား) “ယဒါ ပညာယ ပဿတိ”ပဲ (မှန်ပါ့)။

ယဒါဆိုတာက အခုချက်ခြင်း ရှုပြောတာ (မှန်ပါ့)။ ယဒါ=ကြင်အခါ၌ဆိုတော့ အခုဖြစ်ပျက်ရှိတဲ့အခါ အခုရှု လိုက်ပါပြောတာ (မှန်ပါ့)။

ယဒါ=အဲကြင်အခါ၌၊ ပညာယ=ပညာဖြင့်၊ ယဒါ=အကြင်အခါ၌ဆိုတာ သူတို့ဖြစ်ပျက်နေတဲ့အခါ၌ဆိုတာ (မှန်ပါ့) ဘာနဲ့ ရှုရမတုန်း (ပညာနဲ့ ရှုရပါမယ် ဘုရား)။

ပညာနဲ့ ရှုရပါမယ်

ဒါဖြင့် “ယဒါ ပညာယ ပဿတိ”ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ဒါထောက်လိုက်တယ်၊ ခင်ဗျားတို့က ပါဠိရွတ်သွား (သဗ္ဗေသင်္ခါရာပါ) ဒါထောက်လိုက်တော့ (အနိစ္စပါ ဘုရား) ဒါထောက်လိုက်တော့ (ယဒါပညာယပဿတိပါ) ဒါခင်ဗျားတို့ အလုပ်စဉ်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် “သဗ္ဗေသင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ”ဆိုလို့ရှိရင် ဒကာသစ်- ယထာဘူတ ဉာဏ်ရပြီ (မှန်ပါ့ ဘုရား)။

ဘာဉာဏ်ရသတုန်း (ယထာဘူတဉာဏ်ရပါပြီ) သာသနာတွင်းမှာ မျက်စိနှစ်ကွင်ငး အလင်းရပြီကါ (မှန်ပါ့) အရူး, အကန်း ပျောက်ပြီကွ (မှန်ပါ့ ဘုရား)။

ဘုရားက “သဗ္ဗေ သင်္ခါရာ အနိစ္စာ, ယဒါပညာရ ပဿတိ” မင်းတို့လုပ်နိုင်ရင်ဖြင့် အရူး၊ အကန်းပျောက်ပါပြီတဲ့ (မှန်ပ့ါ ဘုရား)။

ယထာဘူတဉာဏ်

ဒါကြောင့် ဒီအထဲမှာရှိတဲ့ ဉာဏ်၊ ဘာဉာဏ်ခေါ်ကြမယ် (မဂ်ဉာဏ်ပါ) မဂ်ဉာဏ်ခေါ်ချင်ခေါ်၊ ယထာဘူတ ဉာဏ်ကော ခေါ်နိုင်ပါတယ် ဘုရား)။

ဟုတ်တိုင်းမှန်စွာ သိသပေါ့ဗျာ (မှန်ပါ့) သင်္ခါရလဲ သူသိပြီ (မှန်ပါ့) အနိစ္စကော (သိပါပြီ) အဲဒီတော့ ဒီဉာဏ် ဘာဉာဏ်ခေါ်မတုန်း (ယထာဘူတဉာဏ်ပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ၁-နံပါတ်ဉာဏ် ယနေ့အောင်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဟုတ်လား (မှန်ပါ့ ဘုရား)။

သို့သော် ဒါလောက်နဲ့ မရပ်ပါနဲ့တဲ့၊ ကဲ ဒကာသစ်တို့ အရင်တုန်းကလဲ သင်ထားတယ်၊ နဂိုရ်ကလဲ ရဖူးတယ်နော် (မှန်ပါ့) “အထ နိဗ္ဗိန္ဒတိဒုက္ခေ” (မှန်ပါ့) သဘောကျမလား (ကျပါပြီ ဘုရား)။

အထ=ထိုအခါ၌၊ နိဗ္ဗိန္ဒတိ=ငြီးငွေ့အောင်ကြည့်တဲ့ ဒီဖြစ်ပျက်ကို (မှန်ပါ့) အထ=ထိုသို့ ဖြစ်ပျက်နေတဲ့အခါ၌၊ နိဗ္ဗိန္ဒတိ ငြီးငွေ့အောင် ပြန်လုပ်ဦးကွ (မှန်ပါ့ ဘုရား)။

ဘာလုပ်ရဦးမတဲ့လဲ (ငြီးငွေ့အောင် လုပ်ရပါမယ် ဘုရား) ဖြစ်ပျက်အပေါ်၌ဘာလုပ်ရမယ် (ငြီးငွေ့အောင် လုပ်ရပါမယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ငြီးငွေ့အောင်လုပ်

ငြီးငွေ့အောင်လုပ်၊ ငြီးငွေ့ပြီးတယ်ဆိုလို့ရှိရင်ဖြင့် “အထနိဗ္ဗိန္ဒတိ ဒုက္ခေ”ကိုး ဗျနော် (မှန်ပါ့) ဒီဥစ္စာတွေဟာ ဖြစ်ပျက်ဒုက္ခတွေပဲလို့ ငြီးငွေ့အောင်ကြည့်လိုက်ပါတဲ့ (မှန်ပါ့ ဘုရား)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေပဲလို့ ဘာတုန်း (ငြီးငွေ့အောင်ကြည့်ရပါမယ်) ဦးမာဒင်ရေ-သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဖြစ်ပျက်တွေကို ဘယ်လိုကြည့်ရမလဲ (ငြီးငွေ့အောင်ကြည့်ရပါမယ်) အဲ- မုန်းသည့်တိုင်အောင်၊ ရွံသည့်တိုင် အောင်၊ ငြီးငွေ့သည်တိုင်အောင် ကြည့်ပါတဲ့နော် (မှန်ပါ့ ဘုရား) နောက်ကျတော့ကိုတဲ့ ငြီးငွေ့အောင် ကြည့်ပြီးလို့ရှိရင် ဖြင့်တဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့ရထားတဲ့ ပါဠိပဲ၊ ငြီးငွေ့ပြီးရင် “ဧသမဂ္ဂေါ ဝိသုဒ္ဓိယာ” (မှန်ပါ့) ဧသဧသော= ဤငြီးငွေ့တဲ့မဂ်သည် (မှန်ပါ့) ဝိသုဒ္ဓိယာ= စင်ကြယ်သောနိဗ္ဗာန်ဆိုတော့ ဒီရှေ့မှာ စင်ကြယ်ရမယ် (မှန်ပါ့) ဖြစ်ပျက်ကို မတွေ့ရဘူး (မှန်ပါ့) ဘာဖြစ်သွားသတုန်း (စင်ကြယ်သွားပါတယ် ဘုရား)။

စင်ကြယ်သောနိဗ္ဗာန်သို့၊ မဂ္ဂေါ=မဂ်ကမြင်သည်၊ ဟောတိ=ဖြစ်၏ (မှန်ပါ့) စင်ကြယ်အောင်မြင်မှ နိဗ္ဗာန်ရတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ဆုံးအောင်လိုက်မှ မဂ်ရတယ်

ဒါဖြင့် ဖြစ်ပျက်ဆုံးအောင်လိုက်မှ မဂ်ရတယ် (မှန်ပါ့) ဒါဖြင့် ၁-နံပါတ်က ဖြစ်ပျက်မြင်အောင်ကြည့် (မှန်ပါ့ ဘုရား)။

၂-နံပါတ်က (မုန်းအောင်ကိုရှုရပါမယ်) ဖြစ်ပျက်မုန်းအောင်ကြည့် (မှန်ပါ့ ဘုရား)။

၃-နံပါတ်က (နိဗ္ဗာန်ကို မျက်မှေက်ပြုပါတယ် ဘုရား) အဲဒီဂါထာက လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်းပဲ သင်္ခါရနဲ့ အနိစ္စလဲကွဲပြီ (ကွဲပါပြီ) ပညာနဲ့ ကြည့်ရမယ်ဆိုတာကော (ကွဲပါပြီ) ငြီးငွေ့အောင်ကြည့်ရမယ် ဆိုတာကော (ကွဲပါပြီ) နောက်ဖြစ်ပျက်တွေ စင်ကြယ်သည်ကျအောင် ကြည့်ရမယ်ဆို တာကော- (ကွဲပါပြီ ဘုရား)။

ဒါဖြင့် ဉာဏ်ဘယ်နှစ်ဆင့်တုန်း (သုံးဆင့်ပါ) ယထာဘူတဉာဏ် (မှန်ပါ့) နိဗ္ဗိန္ဒဉာဏ် (မှန်ပါ့) စင်ကြယ်တာ မြင်တဲ့ မဂ်ဉာဏ် (မှန်ပါ့) ဒီသုံးဉာဏ်ဆိုရင်ဖြင့်တဲ့ ရဟန်းငါးရာကျွတ်တယ်ဆိုတာ ဒါပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ယနေ့ဒီတွင်တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။