11807

မာတိကာသို့

အားထုတ်နည်းသုံးမျိုးအကြောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရား

အမရပူရမြို့ဓမ္မာရုံ၌၊ ဟောကြားတော်မူသော

(အားထုတ်နည်းသုံးမျိုးအကြောင်း)နေ့အလုပ်ပေး-တရားတော်

(၃၁-၈-၆၁)

အိုဘေးရှိတယ်

ဒကာ ဒကာမတွေ မိမိတို့ခန္ဓာကိုယ်ထဲမှာ အိုဘေးရှိတယ် ဆိုတာလဲ သိကြပါပြီနော် (မှန်ပ့ါ) နာဘေးရှိတာ ဆိုတာလဲ (သိကြပါပြီ ဘုရား) သေဘေးရှိတယ်ဆိုတာလဲ (သိကြပါပြီ ဘုရား)။

ဪ ဒီဥစ္စာ ခန္ဓာကိုယ်ထဲမှာ ရှိပြီး သကာလ နေတာ တခြားက လာပြီး သကာလ ထည့်တာလား ၊ ခန္ဓာကိုယ် ဖြစ်ကတည်းက ပါလာတာလားဆိုတာကိုလဲ ဒကာသစ်တို့၊ ဒကာကြွယ်တို့ အကဲခတ်ဖို့လိုပါတယ် (ခန္ဓာ ကိုယ်ဖြစ်ကတည်းက ပါလာတာပါ ဘုရား)။ ခန္ဓာကိုယ်ရကတည်းက ပါလာကြတယ် (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ခန္ဓာကိုယ်ရကတည်းက ပါလာကြလို့ရှိရင်ဖြင့် နဂိုရ်က အမှားကျွံတာပဲ ဆိုတာကို တွေးလိုက် ရင် ပေါ်တယ် (ပေါ်ပါတယ် ဘုရား)။

အမှားဘယ်ကျွံပါလိမ့်မလဲလို့ မေးဖို့လိုပါ့တယ် (မှန်ပါ့) သူများကြည့်ပြီး သကာလ ခုနင်က တိုက်နဲ့, တာနဲ့, နေတဲ့ ပုဂ္ဂိုလ်တွေကြည့်၊ နတ်ပြည်ကို မှန်းကြည့်ပြီးတော့ပေ့ါဗျာ (မှန်ပါ့) ဗြဟ္မာ့ပြည်ကြည့်ပြီး၊ ခန္ဓာတွေကြည့်ပြီး ခင်ဗျားတို့ တဏှာမျက်လုံးနဲ့ကြည့်ပြီး သကာလ အကြည့်လွဲနဲ့ ကြည့်လိုက်ပြီး သကာလ တဏှာမျက်လုံးနဲ့ ဒီ ခန္ဓာ တွေကြည့်၊ အဲဒီ့ တဏှာက စီမံသလို ကုသိုလ်တွေပြုကြတယ် (မှန်ပါ့ ဘုရား)။

ကြည့်တာက တဏှာမျက်လုံးနဲ့

ဒကာကြွယ် ဂရုစိုက်ပြီးနားထောင် (မှန်ပါ့) ကြည့်တာက တဏှာမျက်လုံးနဲ့ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည် ကြည့်လိုက်တယ် (မှန်ပါ့) အဲဒီ တဏှာစီမံတဲ့ ကုသိုလ်တွေ ခင်ဗျားတို့က လုပ်လိုက်တယ် (မှန်ပါ့) လုပ်လိုက်တော့ အခု အိုဘေး, နာဘေး, သေဘေးအတွင်းမှာ ပါပြီးသားဖြစ်တဲ့ ခန္ဓာကြီးရတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဪ ဒို့သည်ကားလို့ ဆိုရင် လွဲပုံ-ချော်ပုံသည်ကားလို့ ဆိုရင် လွန်နေပါပေါ့လားဆိုတာ ဒကာကြွယ် ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

နဂိုရ်က လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် ကောင်းတယ်လို့ ဆိုတာ ဘာမျက်လုံးနဲ့ ကြည့်လိုက်ပါလိမ့် (တဏှာ မျက်လုံးနဲ့ ကြည့်လိုက်တာပါ ဘုရား)။

ဪ တဏှာ မျက်လုံးနဲ့ကြည့်လိုက်တယ် (မှန်ပါ့ ဘုရား) တဏှာမျက်လုံးနဲ့ ကြည့်လိုက်ပြီး သကာလ တဏှာ စီမံတဲ့ ကံတွေကို တစ်ခါ ပြုလုပ်လိုက်ပြန်တယ် (မှန်ပါ့) ဒီပြည်တွေ ရောက်ကြောင်း ကံတွေပေါ့ဗျာ (မှန်ပါ့ ဘုရား)။

တဏှာမျက်လုံးနဲ့ လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာတွေ ကြည့်လိုက်ပြီး သကာလ ချမ်းသာတွေထင်ပြီး တဏှာ မျက်လုံးနဲ့ကြည့်ပြီး တဏှာစီမံတဲ့ ဒါနကံ၊ သီလကံတွေ လုပ်လိုက်ပြန်တယ် (မှန်ပ့ါ ဘုရား)။

လုပ်လိုက်ပြန်တော့ တဏှာရယ်၊ တဏှာမျက်လုံးနဲ့ ကြည့်ထားတာရယ် ဒါနကံ၊ သီလကံတွေ စီမံလိုက်တော့ ယခု ဒကာကြွယ်တို့၊ ဒကာသစ်တို့ ဦးမာဒင်တို့ ခန္ဓာကြီးရထားတယ် (ရပါတယ်) အကောင်းရထားတာလား အဆိုး ရထားတာလားဆိုတော့ အိုဘေး၊ နာဘေး၊ သေဘေးပါတဲ့ ခန္ဓာကြီး ရထားတယ် (မှန်ပါ့ ဘုရား)။

ဘာ ရ,ထားပါလိမ့်

ဘာ ရ,ထားပါလိမ့် (အိုဘေး၊ နာဘေး၊ သေဘေးပါတဲ့ ခန္ဓာကြီး ရထားပါတယ် ဘုရား)။

ဒါဖြင့် ဒကာသစ် လက်သည်အကြောင်းရင်း ရှာလိုက်တော့ တဏှာမျက်လုံးနဲ့ကြည့်ပြီး တဏှာအုပ်ချုပ်တဲ့ ကံဆိုတဲ့ ဝဋ္ဋကံတွေနဲ့ လုပ်လိုက်တဲ့အတွက် အခုဖြင့် ဒုက္ခသစ္စာခန္ဓာကြီးနဲ့ ဒကာကြွယ် ခွဲလို့ရသေးရဲ့လား (မရပါ) အမှားဖြင့် လွန်ကုန်ပေါ့၊ ကျွံကုန်ပေါ့ဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။

အမှား ကျွံလွန်ကုန်ပြီဆိုတာ ဒကာ ဒကာမတွေ ဉာဏ်နဲ့ကြည့်မှ ပေါ်လာတယ် (မှန်ပါ့) အခုတော့ ဒကာကြွယ် တို့ ဒကာသစ်တို့ မော်တော်ကား စီးသွား၊ လေယာဉ်ပျံ စီးသွား၊ အိုဘေး၊ နာဘေး၊ သေဘေး ခန္ဓာကြီးထဲ ပါလျက်ပဲ (မှန်ပါ့) လွတ်အောင် ပြေးနိုင်ပါ့မလား (မပြေးနိုင်ပါ ဘုရား)။

သဟဇာတ ဖြစ်နေတာ၊ သဟဇာတဆိုတာ ကျန်ခန္ဓာနဲ့ သတ်မည့်တေဇောနဲ့ အိုအောင်လုပ်မည့် တေဇောဓာတ် ပေါ့ဗျာ (မှန်ပါ့) တေဇောဓာတ်ဆိုတာ ခန္ဓာကိုယ်ထဲက အပူဓာတ်ကို ဆိုပါတယ် (မှန်ပါ့) အဲဒါနဲ့ တွဲပြီး သကာလ နေတော့ အိုရေး၊ သေရေးက ဒကာသစ်တို့၊ ဒကာကြွယ်တို့ ဦးမာဒင်တို့ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

တဏှာစီမံတဲ့ ကံတွေကို လုပ်လိုက်တဲ့အတွက်

ဪ ဘာကြောင့် မလွတ်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ သုံးဆယ့်တစ်ဘုံကို တဏှာမျက်လုံးနဲ့ ကြည့်ပြီး တဏှာစီမံတဲ့ ကံတွေကို လုပ်လိုက်တဲ့အတွက် “ကမ္မဘဝပစ္စယာ ဇာတိ”ဆိုတဲ့ လူခန္ဓာကြီး ရထားတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း အိုဘေး၊ နာဘေး၊ သေဘေးနဲ့ တွဲလျက်ပြီး ဖြစ်နေတယ် (မှန်ပါ့) လွတ်သေးရဲ့လား (မလွတ်ပါဘုရားဝ။

ကြပ်ကြပ် ဉာဏ်နဲ့စဉ်းစားပါ၊ ကိုယ့်အလွဲ ဖော်ပြောနေပါတယ် (မှန်ပါ့) ဒကာကြွယ် ဘယ်သူ့လွဲပါလိမ့် (ကိုယ့် အလွဲဖော်ပြောနေပါတယ် ဘုရား)။

ဪ ဒါဖြင့် နဂိုရ်က သုံးဆယ့်တစ်ဘုံ ဘာမျက်လုံးနဲ့ ကြည့်ပါလိမ့် (တဏှာမျက်လုံးနဲ့ ကြည့်ပါတယ် ဘုရား)။

တဏှာမျက်လုံးနဲ့ ကြည့်လိုက်တော့ ဒါတွေ ဝိပ္ပလ္လာသ မျက်လုံးနဲ့ ကြည့်လိုက်တော့ ကောင်းတယ်ဟေ့ လူ့ပြည် နတ်ပြည်၊ ဗြဟ္မာ့ပြည်ဟာ ချမ်းသာတယ်ဟ ဆိုပြီး တဏှာမျက်လုံးနဲ့ ကြည့်လိုက်တယ်နော် (မှန်ပါ့ ဘုရား)။

တဏှာမျက်လုံးနဲ့ ကြည့်လိုက်ပြီး သကာလ တဏှာအုပ်ချုပ်တဲ့ ကံတွေပဲ ဒီဟာတွေရချင်တော့ ဒီကံတွေ ပြုလုပ် ကြပါတယ် (ပြုလုပ်ပါတယ်) ဒါနကံ၊ သီလကံတွေ ပြုလုပ်ကြပါတယ် (မှန်ပ့ါ) ပြုလုပ်ကြတဲ့အခါကျတော့ ဒကာ ဒကာမတွေမှာ ယခုအကျိုးပေးထားတော့ ခန္ဓာကြီး ရထားတယ် (မှန်ပါ့) ခန္ဓာကြီးရထားတော့ အိုဘေး၊ နာဘေး၊ သေဘေးကတွဲလျက်ကြီး (တွဲလျက်ပါ) လွတ်ကြရဲ့လား (မလွတ်ပါ ဘုရား)။

ဒါဖြင့် ဒကာသစ် လက်သည်ပေါ်ပြီ (ပေါ်ပါပြီ) ငါတို့ အိုအောင်၊ နာအောင်၊ သေအောင် လုပ်လေသမျှ တဏှာအုပ်ချုပ်တဲ့ ကံကပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (တဏှာအုပ်ချုပ်တဲ့ ကံကပါ ဘုရား)။ ဒီကံကလဲ ဘယ်သူ့လက်အောက်ခံ ဖြစ်နေတယ်ဆိုတာ ဒကာ ဒကာမတွေ သိကြရောပေါ့ (မှန်ပါ့) တဏှာ့လက်အောက်မှာ သွားဖြစ်နေတယ် (မှန်ပါ့ ဘုရား).။

တဏှာက ဘယ်သူ့လက်အောက်မှာ သွားဖြစ်သတုန်းလို့ မေးတဲ့အခါကျတော့မှ ဒုက္ခသစ္စာမသိတဲ့ အဝိဇ္ဇာ လက်အောက်မှာ သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာလက်အောက် တဏှာ၊ တဏှာ့လက်အောက်မှ ကံ၊ ကံအောက်မှ အိုဘေး၊ နာဘေး၊ သေဘေး ခန္ဓာကြီး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဒကာကြွယ် သဘောပါပြီနော် (ပါပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ စဉ်းစားပြီး ဉာဏ်နဲ့ ထောင်မှသာလျှင် ဪ ဒိုမှာ တစ်နေ့သော်လဲ အိုရ ချေည်သေး၊ သေရချည်သေးတဲ့ (မှန်ပါ့) ဒကာသစ် နည်းနည်းကြီးလာရင် ညည်းလာပြီ (ညည်းပါတယ် ဘုရား)။

အိုရချည်သေး၊ နာရချည်သေး၊ သေရချည်သေး၊ အဲဒီကဲ့လို့ ညည်းပြီး သကာလ နေတော့ ဒကာ ဦးလှဘူးရေ ညည်းသာ ညည်းတယ်၊ သူ့ဟာ ငါဘာလုပ်ခဲ့လို့၊ ငါ ဘယ်လိုမှားခဲ့လို့ ဒါကြီး အခု ညည်းလုံးထုတ်နေပါလိမ့်မလဲ ဆိုတာကို တွေးလုံးတော့ မထုတ်ပါဘူး (မထုတ်ပါ ဘုရား)။

လက်သည်ကို မိအောင်မဖမ်းနိုင်တဲ့အသံ

ဒကာကြွယ် ထုတ်ကိုမထုတ်ဘူး (မှန်ပ့ါမထုတ်ပါ) အလကားသာ ညည်းနေတာပဲ (မှန်ပါ့) အင်း သူများဖြင့် ဒီအဖိုးကြီးတွေ၊ ဒီဒကာကြီးတွေ တယ်သူတော်ကောင်းစိတ် ရှိတယ်၊ အိုရချည်သေး၊ နာရချည်သေး၊ ညည်းရှာကြတယ် (မှန်ပါ့ ဘုရား) ညည်းရှာကြတယ်ဆိုတော့ သူများကဖြင့် ခင်ဗျားတို့ကို ဘယ်လိုထင်မတုန်းဆိုတော့ ဪ သူတော် ကောင်းသံပဲလို့ ထင်လိမ့်မယ် (မှန်ပါ့) ဘယ်ဟုတ်လိမ့်မတုန်းတဲ့ လက်သည်ကို မိအောင်မဖမ်းနိုင်တဲ့အသံ (မှန်ပါ့ ဘုရား)။

ဘယ်လို မှတ်ကြမယ် (လက်သည်ကို မိအောင်မဖမ်းနိုင်တဲ့ အသံပါ ဘုရား)။

အံလာလေး- ဒကာကြွယ် ခင်ဗျား သူများသာဓုခေါ်တာများ သွားပြီးမပြုံးပါနဲ့နော် (မှန်ပါ့ ဘုရား)။

အိုရချည်သေး၊ နာရချည်သေး၊ သေရချည်သေး ဆိုပြီး မိုးလင်းထပြီး ညည်းလိုက်တဲ့အခါကျတော့ သူများ ကတော့ဖြင့် အင်း သတိရရှာတယ်၊ သတိရရှာတယ်နဲ့ သာဓုများခေါ်ချင် ခေါ်မှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

သူတို့ သတိရတယ်၊ ကျုပ်တို့မတော့ ဒါတွေကို သတိမထားနိုင်သေးဘူး ဆိုပြီး သတိရတဲ့ပုဂ္ဂိုလ်တွေ ဆိုပြီး သကာလ သာဓုများ ခေါ်လိုက်မယ်ဆိုရင် ကိုယ်ကလဲ အကြောင်းရင်းမသိသေးတဲ့ ပုဂ္ဂိုလ်နဲ့တွေ့နေတော့ သူတို့ သာဓုခေါ်တာ ကိုယ့်အပေါ်မှာတောင်မှ အသိဉာဏ်ရှိတယ်ထင်ပြီး ခေါ်လိုက်တာ ကိုယ်က အသိဉာဏ်လဲ ရှိတာ မဟုတ်ဘဲနဲ့ အလကား ရွတ်နေတာပဲဆိုပြီး အဓိပ္ပာယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီနေ့တော့ဖြင့် ဒကာ ဒကာမတွေ အကြောင်းရှာကြစို့ (မှန်ပါ့) ခန္ဓာကိုယ်ထဲမှာ တေဇောဓာတ်ဟာ အိုအောင်လုပ်တာလဲ တေဇော၊ သေအောင်လုပ်တာလဲ (တေဇောပါ ဘုရား)။

အင်း ဒါကြီးနဲ့ အခု ကိုယ့်ရင်ဘတ်ကိုယ်စမ်း၊ ကိုယ့်နဖူးကိုယ်စမ်း ကြည့်တော့ အပူငွေ့များ ရှိသေးသလား ဆိုတာ စမ်းကြည့်ကြစမ်း (ရှိပါတယ် ဘုရား) အပူငွေ့ရှိတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘာငွေ့ရှိသတုန်း (အပူငွေ့ရှိပါတယ် ဘုရား) အဲဒါ အိုအောင်လုပ်နေတာ (မှန်ပါ့) အတွင်း မီးလောင်ပြီး ကျွမ်းအောင်လုပ်နေတာ (မှန်ပါ့)။

အတွင်းမီးလောင်ပြီး ကျွမ်းအောင်လုပ်နေတာ

ဒကာကြွယ် ဘာလုပ်နေတာတုန်း (အတွင်းမီးလောင်ပြီး ကျွမ်းအောင်လုပ်နေတာပါ ဘုရား)။

အသားအရေ တွန့်လိမ်အောင် အားအင်ဗလ ချည့်နဲ့အောင် ဇိရဏတေဇောပေါ့ဗျာ (မှန်ပါ့) ဇိရဏဆိုတာ ရင့်ကျက်အောင် လုပ်တဲ့ တေဇောပေါ့ (မှန်လှပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

စမ်းလဲ ကြည့်ကြပါဦး၊ စိတ်ချရပါ့မလား ဒီခန္ဓာ (စိတ်မချရပါ ဘုရား) အင်း အခုမှ စိတ်မချရဘူးဆိုတော့ ကျွံကုန်ပြီး (မှန်ပါ့ ဘုရား)။

အခုမှ စိတ်မချရဘူးလို့ သတိရနေတော့ ဒကာကြွယ် နောက်ကျသွားပြီ (နောက်ကျသွားပါပြီ ဘုရား)။

နဂိုရ်က ဒီတေဇောမရှိတဲ့ အလုပ်ကိုလုပ်ပါတော့ တေဇောဟာ သူသတ်ယောကျ်ားပါ၊ သူမရှိအောင် လုပ်ပါ တော့မယ်ဆိုတဲ့ ဉာဏ်က မပါအလာတော့ အခုတော့ဖြင့် အင်း ခက်ရချည်သေး (မှန်ပ့ါ) အိုရချည်သေး၊ နာရ ချည်သေးဆိုတဲ့ အတောင်ကျိုးတဲ့ ကြိုးကြာအိုကြီးလို ဘယ်မှမပျံနိုင်တော့ အိုရချည်သေး၊ သေရချည်သေး ညည်းနေဖို့ ရှိတော့တယ်၊ စားဖို့ကတော့ မမြင်တော့ဘူး (မှန်ပ့ါ) လွတ်ရေး၊ ကျွတ်ရေးကော (မမြင်ပါ ဘုရား)။

အဲ ခင်ဗျားတို့ ကြိုးကြာအို ညည်းနည်း ညည်းနေတာ (မှန်ပ့ါ ဘုရား)။

ဒကာကြွယ် ဘာညည်းနည်း ညည်းနေတာတုန်း (ကြိုးကြာအို ညည်းနည်း ညည်းနေတာပါ ဘုရား)။

အဲဒါ ဓမ္မပဒမှာ ဒီအတိုင်းလာပါတယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ညည်းတဲ့ ပုဂ္ဂိုလ်များ ကြိုးကြာအို- ညည်းတာပါကွာ လိုရင်မပါ-ပါဘူးတဲ့ (မှန်ပ့ါ) ပါကြရဲ့လား (မပါပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒီနေ့တော့ဖြင့် ဒကာ ဒကာမတွေ ဪ ဒီ အိုဘေး၊ နာဘေး၊ သေဘေးသည်ကားလို့ ဆိုရင်ဖြင့် တေဇောပဲ (မှန်ပ့ါ) ခန္ဓာကိုယ်စမ်းကြည့်၊ ပူကြတယ်၊ နွေးကြတယ် ဆိုလို့ရှိရင်ဖြင့် ဒါ အိုအောင် လုပ် နေတာပဲ (မှန်ပါ့ ဘုရား)။

ဘာလုပ်နေတာတုန်း (အိုအောင်လုပ်နေပါတယ် ဘုရား) အင်း ဒကာ ဒကာမတွေ ဒီအထဲ စိတ်ချရမည့် လူ ပါပလား (မပါပါ ဘုရား) မအိုမည့်လူများ ပါသေးသလား (မပါပါ ဘုရား)။

စိတ်မချရဘူးနော် သတိထားပါ (မှန်ပါ့) ဒီတေဇောသည် ဥဏှာတေဇောဆိုတဲ့ အပူတေဇော ဖြစ်သွားပြီ သေမည့်သာ ပြင်ပေတော့ (မှန်ပါ့ ဘုရား) အေးရင်သေတော့တာပဲ (မှန်ပါ့ ဘုရား)။

အေးရင် ဘယ့်နှယ်ဆိုမလဲ (သေတော့တာပါပဲ ဘုရား) သူကလဲ တစ်နေ့နေ့တော့ အခု ကျွမ်းအောင်လုပ်ပြီး နောက်တော့ သေအောင်လုပ်မည်ဆိုတဲ့ ရည်ရွယ်ချက်က တေဇောမှာ ပါပြီးသား (မှန်ပ့ါ ဘုရား)။

အခု ဘာလုပ်မယ် (ကျွမ်းအောင်လုပ်ပါမယ် ဘုရား) အခု အိုအောင်လုပ်မယ် (မှန်လှပါ) နောက်တစ်နေ့ ဘာလုပ်မယ် (သေအောင်လုပ်ပါမယ် ဘုရား)။

အင်း တေဇောက ပူတုန်းတော့ အပူဓာတ်နဲ့တော့ ဒကာ ဒကာမတွေ လောင်ကျွမ်းပြီး သကာလ သွားကျိုး၊ ဆံဖြူ၊ အရေတွန်လိပ်၊ ငယ်မူတွေပျောက်၊ အားအင်ဗလချိနဲ့အောင်၊ သေခါနီးဖြစ်အောင် ဘယ်သူကလုပ်သတုန်း (တေဇောကလုပ်ပါတယ် ဘုရား)။

ခေါင်းထဲသာ ဝင်ကြပေတော့

နောက်တော့ တေဇောက ကဲ မင်းတို့ သွားကြပေတော့ ခေါင်းထဲသာ ဝင်ကြပေတော့ဆိုပြီး တေဇောက ဒကာ ဒကာမတို့ အိုရာကနေပြီး သေတဲ့သဘော ရောက်သွားတယ် (မှန်ပါ့) သေတဲ့သဘော အဆင့်ဆင့် ပြောင်းပေး လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ သွေးဆုတ်ကုန်ပြီလို့ ပြောတယ် (မှန်ပ့ါ ဘုရား)။

ဘယ်လို ပြောကြသတုန်း (သွေးဆုတ်ကုန်ပြီလို့ ပြောပါတယ် ဘုရား)။

ဘယ်သွေးဆုတ်ရမတုန်း ဒကာ ဒကာမတို့ရဲ့ သွေးဆုတ်တာ မဟုတ်ပါဘူး၊ ဥဏှက သီတပြောင်းတာပါ (မှန်ပ့ါ) ဒါကို မသိတော့ သွေးဆုတ်တယ်လို့ ပြောနေတော (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရားဝ။

ဒါဖြင့် ဒကာ ဒကာမတွေ ဥဏှတေဇောက ကျွမ်းအောင်လုပ်ပြီး သီတတေဇောက ခေါင်းထဲဝင်အောင် လုပ်တယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဥဏှတေဇော အပူတေဇောက ဘာဖြစ်အောင်လုပ်သတုန်း (ကျွမ်းအောင်လုပ်ပါတယ် ဘုရား) ကျွမ်းအောင် လုပ်တယ် (မှန်ပ့ါ) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) သီတတေဇောက ဘာလုပ်လိုက်သတုန်း (ခေါင်းထဲဝင်အောင် လုပ်ပါတယ် ဘုရား)။

ရှိရဲ့လား ခန္ဓာကိုယ်ထဲ စမ်းကြည့်ကြပါဦး (ရှိပါတယ် ဘုရား) ရှိတယ်၊ ဒါဖြင့် အိုမှ အိုပါ့မလား (အိုပါတယ် ဘုရား) သေမှ သေပါ့မလား (သေပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သေမင်းကို ခင်ဗျားတို့ ယူလာတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ သေမင်းကို (တပည့်တော်တို့ ယူလာပါတယ် ဘုရား)။

အဲ ခင်ဗျားတို့သေမင်း ခင်ဗျားတို့ ယူလာတာဆိုတော့ ဒကာကြွယ်ရေ ကံမကောင်း အကြောင်းမသင့် လို့ သေရတာလား၊ ကိုယ်ယူတဲ့လက်နက်နဲ့ ကိုယ်အသွက်ထွက်ရတာလား (ကိုယ်ယူတဲ့လက်နက်နဲ့ ကိုယ်အသက်ထွက် ရတာပါ ဘုရား)။

သေမင်းယူပြီး လာခဲ့ရတယ်

ကြောက်စရာကြီးပါလား (မှန်ပါ့) ဒီဟာ သေမင်းယူပြီး လာခဲ့ရတယ်ဆိုတော့ ဒကာသစ်ရေ အတော်ဆိုးဝါးတဲ့ လူတွေမသိတာဖြင့် တန်းကုန်နေပေါ့ (မှန်လှပါ) ဆိုထိုက်၊ မဆိုထိုက် စဉ်းစားကြည့်ပါ (ဆိုထိုက်ပါတယ် ဘုရား)။

ဒကာကြွယ်ကြီးတို့ ပါးသလိုလိုနဲ့ ထူလိုက်တဲ့ဖြစ်ခြင်း (မှန်လှပါ ဘုရား)။ ဒီ့ထက် ထူများရှိသေးသလား (ရှိပါတယ် ဘုရား) သေမင်းယူလာခဲ့တယ် (ယူလာပါတယ် ဘုရား)။

အဲဒီ သေမင်းကို ဘယ်သူက ပေးလိုက်တာတုန်း မေးတဲ့အခါ ကျတော့ ကံက ပေးလိုက်တာ (မှန်ပါ့)။

ဒါကြောင့် ကမ္မဇရုပ်တွေ ချုပ်ကုန်ပြီ (မှန်ပါ့) ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ ချုပ်ကုန်ပြီကွ ဆိုတော့ ဪ ဒါက ကံကယူလာပြီး ကံကပေးတဲ့အတိုင်း ဒကာ ဒကာမတွေ ဖြစ်ရတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဒီကံပေါ်မှာ ဘယ်သူက အုပ်ချုပ်ပြီး နတ်ပြည်၊ ဗြဟ္မာ့ပြည် လက်ညှိုးညွှန်ပါလိမ့်မတုန်း (တဏှာက ညွှန်ပါ တယ် ဘုရား) တဏှာက လက်ညှိုးညွှန်လိုက်တယ် (မှန်ပါ့)။

ဒါဖြင့် တဏှာ့နောက်ခံ ကံကြောင့် ခင်ဗျားတို့ သေမင်းနဲ့ အတူတူဖြစ်လာကြတယ် (မှန်ပါ့)။

ဒီတဏှာကလဲ သူ့ချည်းစွမ်းရည်သတ္တိရှိသလားလို့ မေးတဲ့အခါ သူ့ကို မျက်လုံးမှိတ်ပြီး ညာနေတဲ့ အဝိဇ္ဇာ ကြောင့် တဏှာ ဖြစ်ရတယ် (မှန်ပ့ါ)။

အဝိဇ္ဇာကြောင့် (တဏှာဖြစ်ရပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ မသိလို့ လိုချင်-လိုချင်လို့ ပြု၊ ပြုလို့ သေခြင်းဆိုး သေရတယ် (မှန်လှပါ ဘုရား)။

ဒါ သေသေချာချာမှတ်ပါ (မှန်လှပါ) မသိလို့ လိုချင်တယ် (မှန်ပါ့) လိုချင်လို့ ပြုလုပ်တယ် (ပြုလုပ်ပါတယ် ဘုရား) ပြုလုပ်လို့ သေခြင်းဆိုးသေရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မသိလို့ (လိုချင်ပါတယ် ဘုရား) လိုချင်လို့ (ပြုလုပ်ပါတယ် ဘုရား) ပြုလုပ်လို့ (သေခြင်းဆိုး သေရပါတယ် ဘုရား)။

အားထုတ်လို့ သေခြင်းဆိုးသေရတာ

အဲဒါ ခင်ဗျားတို့ ခေါင်းထဲဝင် မြေထဲမြှုပ်ပြီး သေခဲ့ရတာ ဟူသ၍ဖြင့် မသိလို့လိုချင်-လိုချင်လို့ အားထုတ်၊ အားထုတ်လို့ သေခြင်းဆိုးသေရတာချည့် မှတ်ပေတော့ (မှန်ပါ့) ဒါ-ပဋိစ္စသမုပ္ပါဒ် တစ်မျိုးလို့ မှတ်ပါ (မှန်ပါ့)။

ဒကာကြွယ် ဒါ ဘာတဲ့တုန်းဗျ (ပဋိစ္စသမုပ္ပါဒ် တစ်မျိုးပါ ဘုရား)။

အဝိဇ္ဇာကြောင့် တဏှာဖြစ်တယ်၊ တဏှာကြောင့် ကံဖြစ်တယ်၊ ကံကြောင့် ဇာတိ, ဇရာ, မရဏလက်တွင်း ခေါင်းစင်း အပ်လိုက်ရတယ်၊ ဒီခန္ဓာကိုယ်ကြီးကို (မှန်ပါ့) ကောင်းသေးရဲ့လား ဒကာ ဒကာမတို့ (မကောင်းပါ ဘုရား)။

ဒကာကြွယ် တယ်ဆိုးပါလား (ဆိုးပါတယ် ဘုရား) ကိုယ့်ဖြစ်စဉ်ဖြင့် ရှေ့ကို ကျုပ်-ဘာဖြစ်ဦးမယ် ထင်သတုန်း လို့ ဗေဒင်မမေးပါနဲ့၊ စန်းလက်များ ဘယ်ရောက်နေသတုန်း မေးမနေနဲ့ လောင်စာ အတော်ကျွမ်းနေပြီ (မှန်လှပါ)။

ရှေ့ကောင်းစားဦးမှာလား- ဆိုးဝါးဦးမှာလားလို့ ဗေဒင်များ သွားမေးမနေကြနဲ့ (မှန်ပါ့)။

ဒကာကြွယ် ဘာဖြစ်မယ်ထင်သတုန်း (ဆိုးဝါးမှာပါ ဘုရား)။

ဟ ဆိုဝါးရုံတွင် ရပ်မှာလား-ဒကာကြွယ်၊ ခေါင်းထဲ ဝင်ရဦးမှာလား (ခေါင်းထဲ ဝင်ရဦးမှာပါ ဘုရား) အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့)။

ဒါ ဒကာသစ်တို့-ဦးမာဒင်တို့ မသိတော့ အိုဇာတာများ ကောင်းဦးမှာလားလို့ မေးချင်မေးဦးမှာလား မပြောတတ်ပါဘူး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အိုဇာတာပါလို့ဆိုတဲ့ဥစ္စာ ဘယ်ကလာ ကောင်းရမှာတုန်း၊ အိုပါတယ် ပြောနေတဲ့ဥစ္စာ (မှန်ပါ့) ကောင်းဦး မှာလားဆိုတဲ့ဥစ္စာ ခင်ဗျားတို့လျှာက အညွန့်တပ်တာရှိတာပဲ (မှန်ပါ့)။ ကောင်းစရာတော့ မပါဘူး (မှန်ပါ့ ဘုရား)။

နဂိုရ်က မေးကတည်းက အိုဇာတာ တဲ့ (မှန်ပါ့) အိုဇာတာဆိုကတည်းက အဲဒီ ဗေဒင်ဆရာက ဒကာကြွယ် တို့ ပြောလိုက်မှာပေါ့၊ အို ခင်ဗျာတို့ ယခုမွေးထားတဲ့ မြေးကလေးဟာ အထောက်အပံ့ရဦးမှာဗျ (မှန်လှပါ) ကိုယ်က မေးကတည်းက အိုဇာတာကောင်းမှာလား မေးထားတာကိုး (မှန်လှပါ ဘုရား) ဒါ ဟောရုံရှိမှာပဲ၊ ဒီ့ပြင်ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာကြွယ်ရေ ကျုပ်တို့အမှားဟာ ကြီးလွန်းတယ်နော် (ကြီးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အိုအောင်လုပ်တာ တေဇော (မှန်ပါ့) သေအောင်လုပ်တာ (တေဇောပါ ဘုရာ)။

ဒီတေဇောကို ဘယ်သူက စီမံပါလိမ့်

ဒီတေဇောကို ဘယ်သူက စီမံပါလိမ့် (တဏှာစီမံပါတယ်) ဟင့်အင်း ကံကစီမံတယ် (မှန်ပါ့) ကံက လူ့ဘဝ ရရပါလို၏ဆိုတော့ လူတေဇောထည့်တယ် (မှန်ပါ့) နတ်ဘဝ ရရပါလို၏ဆိုတော့ နတ်တေဇောထည့်ပေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီကံပေါ်မှာမှ ဘယ်သူ အုပ်ချုပ်နေသတုန်း (တဏှာအုပ်ချုပ်နေပါတယ် ဘုရား)။

ဪ တဏှာ လူ့ပြည်ကောင်းတယ်၊ နတ်ပြည်ကောင်းတယ်၊ ဗြဟ္မာ့ပြည် ကောင်းတယ်ဆိုတာနဲ့ ခင်ဗျားတို့ ကျုပ်တို့က ကံလုပ်တာကိုး (မှန်ပါ့) ကံလုပ်လိုက်တော့ အခုသေပွဲဝင်ရတာပေါ့ (မှန်ပါ့ ဘုရား)။

ကံလုပ်လိုက်တော့ ဘာလုပ်ရသတုန်း (သေပွဲဝင်ရပါတယ် ဘုရား)။

ဒီကျမှ ဒကာကြွယ်တို့က ရိပ်မိတယ်၊ ကံများခေလိုက်တာဘုရား၊ နေချင်သလောက်တောင် မနေရဘူးတဲ့ (မှန်ပါ့ ဘုရား)။

ကံက ဘာထည့်လိုက်သတုန်းဆိုတော့ မင်းသည်ကားလို့ ဆိုရင်ဖြင့် နောက်နှစ်ပေါင်း ဆယ်နှစ်ရှိ သေရမယ်၊ ကိုးနှစ်ရှိ သေရမယ်ဆိုတဲ့ တေဇာထည့်ပေးလိုက်တယ် (မှန်ပါ့) သူတော်ကောင်းလား၊ ခင်ဗျားတို့ကို ချော့မော့ပြီး သတ်တာလား (ချော့မော့ပြီးသတ်တာပါ ဘုရား)။

အဲဒါ ဒကာကြွယ်တို့ ဪ ကံအမိ၊ ကံအဖပဲဆိုပြီးတော့ အမိအဖလို့ “မာတာပိတုဂုဏော အနန္တော” များ လုပ်လိုက်သေးတယ် (မှန်ပါ့) ဖြစ်မှဖြစ်ရလေဗျာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

”မာတာပိတုဂုဏော အနန္တော”ထဲများ သွင်းလိုက်သေးတယ်၊ ဒကာကြွယ်တို့က (မှန်ပါ့) ကံအမိ၊ ကံအဖကိုးဗျ (မှန်ပါ့ ဘုရား)။

ရူးလိုက်တဲ့ဖြစ်ခြင်း

အံမာလေး ရူးလိုက်တဲ့ဖြစ်ခြင်း ဒီဆရာကောင်း၊ သမားကောင်းနဲ့သာ မတွေ့ဘူးဆိုရင်ဖြင့် ကိုယ်ကျိုးလှလှ ကြီးနည်းပြီး သေပွဲချည့် ဝင်နေမှာပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒီတဏှာပေါ်မှာ ဒကာသစ် ဘယ်သူက အုပ်ချုပ်ပြန်သတုန်း (အဝိဇ္ဇာက အုပ်ချုပ်ပါတယ် ဘုရား)။

အဝိဇ္ဇာက လူ့ပြည်၊ နတ်ပြည် ဒုက္ခသစ္စာမှန်း မသိအောင် တဏှာက လှည့်ပစ်လိုက်တဲ့အတွက် တဏှာက လူ့ပြည်ကောင်းတယ်၊ နတ်ပြည်ကောင်းတယ် ဖြစ်လာတယ် (မှန်ပါ့) တဏှာက လူ့ပြည်ကောင်းတယ်၊ နတ်ပြည်ကောင်း တယ်လို့လဲ ဖြစ်လာပါရော ဒါဖြင့် လူ့ပြည်ရောက်ကြောင်း၊ နတ်ပြည်ရောက်ကြောင်းဖြစ်တဲ့ကံ ကြိုးစားမှပဲဆိုပြီး ခင်ဗျား တို့က ဒါနကံ၊ သီလကံတွေ၊ ဝဋ္ဋကံတွေ လျှောက်လုပ်တယ် (မှန်ပါ့) ဝိဝဋ္ဋကံတော့ မလုပ်ဘူး (မှန်ပါ့) မတော် ဒီခေါင်းတွေ အားနေရစ်မှာ စိုးလို့လား မပြောတတ်ပါဘူး၊ ဖျင်းလိုက်တဲ့ဖြစ်ခြင်းကဖြင့် ဒကာ ဒကာမတို့ (မှန်ပါ့) သစ္စာ မသိတာ ဒကာကြွယ် တယ်နာပါလား (နာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မသိလို့ လိုချင်-လိုချင်လို့ အားထုတ်-အားထုတ်လို့ သေပွဲဝင် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မသိလို့ (လိုချင်ပါတယ်) လိုချင်တော့ (အားထုတ်ပါတယ်) အားထုတ်တာက ဒါနကံ၊ သီလကံ၊ ဝဋ္ဋကံတွေနော် (မှန်ပါ့) အားထုတ်လိုက်တော့ ဘာတွေရသလဲ (သေပွဲတွေဝင်ရပါတယ်) သေပွဲချည့် နွှဲရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း ရှေ့ ဒီလို ဆရာကောင်း၊ သမားကောင်း သာသနာတွင်းနဲ့ မကြုံ- လမ်းပြကောင်းနဲ့ မတွေ့သေး သ၍ ကာလပတ်လုံး ခင်ဗျားတို့ကဖြင့် မသိလို့ လိုချင်ပဲ နေဦးမှာပဲ (မှန်ပါ့) လိုချင်တော့ အရမ်းအားထုတ်ဦးမှာပဲ (မှန်ပ့ါ) အားထုတ်ရင်လဲ သေပွဲချည့် ဝင်ဦးမှာပဲ (မှန်ပါ့) လွတ်ရေး၊ ကျွတ်ရေး ဒကာကြွယ် မြင်သေးရဲ့လား (မမြင် ပါ ဘုရား)။

အဲဒါကြောင့် သစ္စာသိတဲ့တရား ကြိုးစားလိုက်စမ်းပါ (မှန်ပါ့) ဒီအမှားသက် ရှည်နေမှာစိုးတယ် (မှန်ပါ့) ဘာစိုးရိမ်သလဲ (အမှားသက်ရှည်မှာ စိုးရိမ်ရပါတယ် ဘုရား)။

အခု ဘယ်လောက်ရှည်ခဲ့သလဲဗျ (မရေတွက်နိုင်ပါ ဘုရား)။ အံမာလေး အခုကို မရေတွက်နိုင်ဘူး၊ ရှေ့မှား သက်ကလဲ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့မတွေ့၊ ကိုယ့်ဉာဏ်ကလဲ မဆည်းကပ်တော့ ဆိုလို့ရှိရင်ဖြင့် ဒကာ သစ်ရေ အမှားသက်က ရှေ့လည်း ရှည်လတ္တံ့ပဲရှိသေးတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အမှားဇာတ်သိမ်းရမယ်

ကိုင်း ဒါဖြင့် ဒီနေ့ ဒကာကြွယ် ဘာလုပ်ရမတုန်းတဲ့- အမှားဇာတ်သိမ်းရမယ် (မှန်ပါ့ ဘုရား)။

ဘာလုပ်ကြမယ် (အမှား ဇာတ်သိမ်းရမှာပါ) သိမ်းမည့်ကြံရင် ခင်ဗျားတို့က ဖြည်းဖြည်းမှ သိမ်းစေချင်သလား၊ ဒကာကြွယ်-ချက်ချင်းသိမ်းတာ ကြိုက်သလား (ချက်ခြင်းသိမ်းတာ ကြိုက်ပါတယ် ဘုရား)။

မဟုတ်သေးပါဘူး ဒကာကြွယ်ရ၊ ဒါ လူထဲမို့ လျှောက်တာပါ၊ လူထဲမို့ လျှောက်တာဗျ (မှန်ပါ့) ဖြည်းဖြည်းသိမ်း ချင်တယ် ခင်ဗျားတို့က၊ ဗြုန်းကနဲ သိမ်းရင် သားကွဲ၊ သမီးကွဲ၊ ဆွေကွဲ၊ မျိုးကွဲနဲ့ ဖြစ်သွားမှာ ဒကာကြွယ်ရေ မစိုးရိမ် ဘူးလား (စိုးရိမ်ပါတယ်) အတောဆိုးနေတာဗျ သူ့ဟာက (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာက ခုထက်တိုင်တိုင် ခင်ဗျားတို့ ချော့တုန်း၊ မော့တုန်းပဲ (မှန်ပါ့ ဘုရား)။ သားကလေးနဲ့ ချော့ထားလိုက်၊ သမီးကလေးနဲ့ (ချော့ထားပါတယ်) မြေးကလေးနဲ့ကော (ချော့ထားပါတယ်) ပစ္စည်း ကလေးနဲ့ (ချော့ထားပါတယ်) အံမာလေး ကလေး အိုးပုတ်ဝယ်ပေးတာ ခင်ဗျားတို့ကလဲ ပျော့လိုက်တာ လူကြီး စိတ်ကိုမရှိဘူး (မှန်ပါ့) ကလေးအိုးပုတ်ဝယ်ပေးတော့ အငိုတိတ်သွားတယ် (မှန်ပ့ါ) မတိတ်ဘူးလား (တိတ်ပါတယ် ဘုရား)။

ခင်ဗျားတို့လဲ စီးပွားရေးကလေး ဖြောင့်နေလို့ရှိရင် ဘယ့်နှယ်ဖြစ်သတုန်း (အငိုတိတ်သွားပါတယ် ဘုရား) အငိုတိတ်သွားတယ် (မှန်လှပါ ဘုရား) အံမာလေး ဖြစ်မှဖြစ်ရပလေ (မှန်ပ့ါ ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ ကလေးထက်ဆိုးပါသေးသလား (ဆိုးပါတယ် ဘုရား) ကလေးက ဒုတ်ကိုင်ပြီး သကာလ ဒီအိုးပုတ် မကိုင်နဲ့တော့ဆိုရင် မကိုင်တော့ဘူး (မကိုင်ပါ ဘုရား) ခင်ဗျားတို့ကတော့ ဟာ ဒါနဲ့ အကျိုးပေး နေတာ ဘုရာ့ ဆိုပြီး အိုးပုတ်ကို မဖြုတ်နိုင်ဘူး (မဖြုတ်နိုင်ပါ ဘုရား)။

ဒီရက်ကန်းစင်တွေ မဖြုတ်နိုင်ဘူး၊ ဒီစက်တွေ ဖြုတ်နိုင်ဘူး ဒကာသစ်ရ၊ ဒီအထည်တွေ မစွန့်နိုင်ဘူး (မှန်လှပါ) ဘာဖြစ်နေတာတုန်း ကလေးထက်ဆိုးနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူ့ထက် ဆိုးနေတာတုန်း (ကလေးထက်ဆိုးနေပါတယ် ဘုရား)။

ဒါ စကားတတ်လို့ ပြောတာမဟုတ်ပါဘူး၊ ခင်ဗျားတို့ဖြစ်စဉ်က ဒီ့ထက် ကြီးပါသေးတယ် (ကြီးပါတယ် ဘုရား)။

အင်မတန် ကြီးပါတယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ဟာကလေးနဲ့ ကိုယ်များ တင်းတိမ်ပြီး သကာလ တချို့လဲ အလတ်စား၊ တချို့လဲ နေသာထိုင်သာရှိရဲ့နဲ့ တချို့ကလဲ ဆင်းရဲတယ်၊ အို ကျုပ်တို့ ဆင်းရဲပေမယ့် ကိစ္စမရှိဘူး၊ သူများဆီ တောင်းရမ်းမစားရသေးဘူး၊ တော်သေး တယ်တဲ့ (မှန်ပါ့ ဘုရား)။

သူ့အိုးပုတ်နဲ့သူကိုး

ဟာ သူ့ဟာနဲ့သူလဲ ပျော်လို့ပါလား (မှန်ပါ့ ဘုရား) သူ့အိုးပုတ်နဲ့သူကိုးဗျ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာတဲ့တုန်း ဒကာကြွယ်ရ (သူ့အိုးပုတ်နဲ့သူပါ ဘုရား)။ သူ့ဟာနဲ့သူ ဟုတ်နေတာ (ဟုတ်နေပါတယ်) ကျုပ်တို့ အလတ်စား ကလေးဆိုတော့ အို အထက်မကျ-အောက်မကျ တော်-တော်သေးရဲ့တဲ့ (မှန်ပါ့) ဘာလုပ်ပြန်တာတုန်း သူ့ဟာက (သူ့အိုးပုတ်နဲ့သူပါ) သူ့အိုးပုတ်နဲ့ သူပျော်နေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နည်းနည်း အထက်တန်းကလေး ကျသွားပြန်တော့လဲ သူ့ဟာနဲ့သူ အို တစ်ခါတည်း ဘဝင်မြင့်ပြီး သကာလ ဒကာကြွယ်ရေ ပြောချင်တဲ့ ပုဂ္ဂိုလ်နဲ့မှ ပြောမယ်၊ မပြောချင်တဲ့ ပုဂ္ဂိုလ်နဲ့ မပြောဘူးဆိုတဲ့ အသွားတွေ၊ အိုးပုတ်နဲ့သူ မာန်တက်များနေလိုက်သေးတယ် (တက်ပါတယ် ဘုရား) မလာဘူးလား (လာပါတယ်) တော်တော် ဒုတ်ကိုင်လို့များ ရမယ်ထင်သလား (မရပါ) မရဘူး-မရဘူး၊ တကယ့်လူကြီးပေကြီးေွဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါ သစ္စာမသိတဲ့အတွက်ကြောင့် ဆိုးချင်သလို၊ ပေချင်သလို ပေးနေတာ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဖြင့် မမေ့ပါနဲ့ (မှန်ပါ့ ဘုရား) အိုဘေး၊ သေဘေး၊ ဘယ်ကလာပါလိမ့် (ပဋိစ္စ သမုပ္ပါဒ်ကပါ) ကံကလာတယ်လေ၊ မမေ့ပါနဲ့ဦး (မှန်ပါ့)။

အိုဘေး၊ သေဘေး ဘယ်က လာသတုန်း (ကံကလာပါတယ် ဘုရား) ကံပေါ်မှာ ဘယ်သူ အုပ်ချုပ်သတုန်း (တဏှာ အုပ်ချုပ်ပါတယ်) တဏှာ့အပေါ်မှာ ဘယ်သူက ဘုရင်လုပ်နေသတုန်း (အဝိဇ္ဇာက ဘုရင်လုပ်နေပါတယ် ဘုရား)။

အဲ ခင်ဗျားတို့ အိုရ သေရတာဟာ အဝိဇ္ဇာတဏှာ၏ လက်ချက်လို့ ဘုရားအဆူဆူ ဟောနေတဲ့တရားဟာ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဝေးသောအကြောင်းက အဝိဇ္ဇာနဲ့တဏှာ (မှန်ပါ့) နီးသောအကြောင်းက-ကံ (မှန်ပ့ါ)ခင်ဗျားတို့ သေလေသ၍ဖြင့် ဒါချည့်ပဲ သေလေသ၍ဖြင့် ဒါချည့်ပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် လက်သည်ကလေးဖမ်းရအောင် မနည်းပြောရတယ် (ပြောရပါတယ် ဘုရား) အခု မိပလား (မိပါပြီ ဘုရား)။

မဂ်ဓါးနဲ့ မဖြတ်ရင်မရ

ကောင်းပြီ ဒီ အဝိဇ္ဇာတဏှာ ဒကာ ဒကာမတို့ကို မဂ်ဓါးနဲ့မှ မဖြတ်လို့ရှိရင်လဲ မရဘူး (မရပါ ဘုရား) မဂ်ဓါးနဲ့ မဖြတ်ရင် (မရပါ ဘုရား)။

အဝိဇ္ဇာကိုလဲ မဂ်ဉာဏ်ဓါးနဲ့ ဖြတ်မှပဲ (မှန်ပါ့) တဏှာကိုလဲ (မဂ်ဉာဏ်ဓားနဲ့ ဖြတ်မှပါပဲ ဘုရား) ဒါမှ သူတို့ နှစ်ခုပြတ်တော့ ဒကာသစ်-မစိုးရိမ်နဲ့ ကံဟာ အလိုလိုသွားတယ် (မှန်ပါ့) ကံအလိုလိုသွားရင် အိုဘေး၊ နာဘေး၊ သေဘေးနဲ့ တွဲနေတဲ့ ခန္ဓာကြီးဟာ မရှိတော့ဘူး (မရှိပါ ဘုရား) မသေတဲ့ သဘောသာရှိတော့တယ်၊ သေတဲ့သဘောသာ ရှိတော့တယ်၊ သေတဲ့သေဘာဇာတ်သိမ်းပြီ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်-လုပ်မှရမယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာလုပ်ကြရမယ် (အလုပ်လုပ်ကြရပါမယ် ဘုရား) အလုပ်လုပ်မှ ရမယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ ရှင်းရှင်း လင်းလင်း သေသေချာချာ မှတ်ပါ (မှန်ပါ့) ခင်ဗျားတို့ ပါးစပ်ကလေးနဲ့ ဒကကြွယ်တို့ ဟိုဘုရားသွားဆုတောင်း၊ ဒီဘုရား သွားဆုတောင်းပြီး သကာလ ဒီလိုမနေပါနဲ့ (မှန်လှပါ) ဒီလို မနေပါနဲ့၊ တောင်းလို့ရှိရင်လဲ တောင်းတဲ့အတိုင်း လုပ်ပါ (မှန်လှပါ ဘုရား)။

လုပ်မှရတာက တစ်မျိုး၊ တောင်းလို့ရတာက တစ်မျိုးလို့ ဆရာဘုန်းကြီးလဲ ခဏခဏ ခွဲပြောတယ် (မှန်ပါ့)။

တောင်းလို့ရတာက လူ့ပြည်၊ နတ်ပြည်ကွ၊ သုံးဆယ့်တစ်ဘုံထဲမှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) လုပ်ရမှာ ကတော့ သုံးဆယ့်တစ်ဘုံပြင်ဘက်မှာရှိတဲ့ နိဗ္ဗာန်ကွ (မှန်လှပါ ဘုရား)။

တောင်းလို့ ရတာကတော့ သုံးဆယ့်တစ်ဘုံထဲတွင် (မှန်လှပါ) လုပ်ရမှာကတော့ (သုံးဆယ့်တစ်ဘုံပြင်ဘက် မှာရှိတဲ့ နိဗ္ဗာန်ပါ) သုံးဆယ့်တစ်ဘုံ ပြင်ဘက်ရှိတဲ့ နိဗ္ဗာန်၊ သုံးဆယ့်တစ်ဘုံတွင်း ရှိနေရင်လဲ မီးတောက်နေဦးမှာကိုး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အေး ဒါဖြင့် နေရာကျပါပြီ ဒကာ ဒကာမတို့ ဒါဖြင့် ခင်ဗျားတို့ကို အိုဘေး၊ နာဘေးကိုလဲ ကာကွယ် ပေးမယ်၊ ဟုတ်လား (မှန်လှပါ ဘုရား) ဘယ်သူ့ကို ခင်ဗျားတို့ ဖက်ရမလဲ၊ ဘယ်သူ့ကို အားကိုးရမလဲ၊ ဘယ်သူ့ကို မူတည်ပြီး သကာလ ဒို့ ထားရမလဲဆိုတော့ ဝိပဿနာ မဂ်ပညာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာ မဂ်ပညာ

ဘယ်လိုမှတ်ကြမယ် (ဝိပဿနာ မဂ်ပညာပါ ဘုရား) ဝိပဿနာ မဂ်ပညာလို့ သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား) အဲဒီ ဝိပဿနာ မဂ်ပညာကိုလဲ အိမ်နီးချင်း ရိုသေရုံလုပ်လို့ မရဘူး (မှန်ပါ့)။

ဝိပဿနာမဂ်ပညာကို (အိမ်နီးချင်း ရိုသေရုံလုပ်လို့ မရပါ ဘုရား)။

တချို့က အိမ်နီးချင်း သေရုံလုပ်ထားတာ၊ ဒကာကြွယ် ပုတီးကလေး လက်စွပ်ပြီး သကာလ ပြောချင်တာ ပြောနေတာက ရှိသေးတယ် (ရှိပါတယ် ဘုရား) အိမ်နီးချင်း ရိုသေအောင်တော့ ပုတီးကလေး လက်စွပ်ထားတယ် (မှန်ပါ့) ပြောလိုက်တဲ့ ပါးစပ်ကတော့ဖြင့် သမ္ဖပ္ပလာပတွေ များနေတာပဲ (များနေပါတယ် ဘုရား) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) အဲဒီလူလဲ မရပါဘူးတဲ့ ဒကာကြွယ်ရ (မှန်ပ့ါ)။

ကိုင်း ဒါဖြင့် အိမ်နီးချင်းရိုသေရုံ မလုပ်ဘဲနဲ့ တရားက တစ်နေ့က ရီကော်ဒါလဲ မသွင်းရလို့ ဒကာကြွယ်တို့ ရီကော်ဒါထဲမှာလဲ ပါသွားအောင်ဆိုပြီး ဒုတိယရက်ဟောတဲ့ တရားကို ပြန်စ,တယ်နော် (မှန်လှပါ)။

ကဲ ဒုတိယရက်ဟောတဲ့ တရားက ဘာပါလိမ့်မလဲဆိုတော့ စတုက္ကနိပါတ်အင်္ဂတ္တိုရ် (မှန်လှပါ) စတုက္က နိပါတ်အင်္ဂုတ္တိုရ် (မှန်လှပါ) စတုက္ကနိပါတ်အင်္ဂုတ္တိုရ်ဆိုတာ လေးခုသော အကြောင်းပြတယ် (မှန်ပါ့)။

ဘိက္ခုနီမတစ်ယောက်က သူ-မမာဘူး

လေးခုသော အကြောင်းက ရှင်အာနန္ဒာ ကောသမ္ဗိပြည်မှာ သီတင်းသုံးပြီး သကာလ နေလိုက်တယ် (မှန်ပါ့) အဲဒီမှာ ဘိက္ခုနီမတစ်ယောက်က သူ-မမာဘူးဆိုပြီး သကာလ သူ့အစေခံ တစ်ယောက်ကို ရှင်အာနန္ဒာ အနားရောက် အောင် ပင့်ပေးပါကွာ၊ ဘိက္ခုနီမ မမာလို့ ကြည့်ရ, ရှုရအောင်, အားပေးရအောင် ပင့်ပေးပါဆိုပြီး သကာလ သူ့အနား မှာရှိတဲ့ အစေခံတစ်ယောက်ကို ခိုင်းလိုက်တယ် (မှန်ပါ့)။

ရှင်အာနန္ဒာက ဘယ်ဘိက္ခုနီမတုန်း ဘယ်သူ့ဘယ်သူတုန်း ဆိုတော့ သူ့မှာ ဘုရားလက်အောက်မှာ အကုန် စောင့်ရှောက် ကြည့်ရှုရမည့် ပုဂ္ဂိုလ်ဖြစ်နေတော့ ဒကာကြွယ်ရေ လိုက်လာတယ် (မှန်ပါ့)။

လိုက်လာတော့ ဘိက္ခုနီမကတော့ အကောင်းပါပဲ (မှန်ပ့ါ ဘုရား) ရှင်အာနန္ဒာ လာခါနီးမှ အိပ်ရာထဲ ခေါင်းမြီးခြုံ အိပ်နေတယ် (မှန်ပ့ါ)။

ရှင်အာနန္ဒာက ရိပ်မိတယ် (မှန်ပါ့ ဘုရား) ရှင်အာနန္ဒာက ဒါတော့ သက်သက် ဗွေဖောက်တဲ့ ဘိက္ခုနီမပဲ (မှန်ပါ့ ဘုရား) မမာလို့ ပင့်တာတော့ မဟုတ်ဘူးဆိုပြီး သကာလ သူသိတာနဲ့ ရှင်အာနန္ဒာက တရားဟောလိုက်တယ်။

”အာဟာရသမ္ဘူတော အယံ ဘဂိနိ ကာယော၊ အာဟာရံ နိဿာယ အာဟာရော ပဟာတဗ္ဗော” သူ ဟော လိုက်တယ် (မှန်ပါ့)။

အာဟာရကြောင့်ပင် နိဗ္ဗာန်သွားအောင် လုပ်ပါ

အာဟာရကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်ဟာ အာဟာရကြောင့်ပင် နိဗ္ဗာန်သွားအောင် လုပ်ပါ (မှန်ပါ့)။

အာဟာရကြောင့် ဖြစ်တဲ့ ခန္ဓာကိုယ်ကို (အာဟာရကြောင့်ပင် နိဗ္ဗာန်သွားအောင်လုပ်ပါ ဘုရား) အာဟာရ ကြောင့်ပင် နိဗ္ဗာန်သွားအောင် လုပ်ပါလို့ ဟောလိုက်တယ် (မှန်ပါ့)။

ပြီးတော့မှ တစ်ခါ ဒုတိယက “တဏှာသမ္ဘူတော အယံ ဘဂိနိ ကာယော၊ တဏှံ နိဿာယ တဏှာ ပဟာတဗ္ဗာ” တဏှာ ကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်ဟာ တဏှာကိုသတ်ပြီး နိဗ္ဗာန်သွားပါ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

”မာနသမ္ဘူတော အယံ ဘဂိနိ ကာယော၊ မာနံ နိဿယ မနော ပဟာတဗ္ဗော”ဆိုတဲ့အတိုင်း မာနကြောင့် ဒကာ ဒကာမတွေသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ဖြစ်ပါတယ် (မှန်ပါ့) တဏှာ၊ မာန၊ ဒိဋ္ဌိက ခန္ဓာကိုယ် ဖြစ်တာကိုးဗျ (မှန်ပါ့ ဘုရား) အဲဒီ မာနအကြောင်းရင်း ခံပြီး သကာလ မာနကို ပယ်လိုက်စမ်းပါတဲ့ (မှန်ပါ့) မာန ကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်ကို မာနပယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလို ဟောလိုက်ပြီး သကာလ ဒီအဓိပ္ပာယ်က ဒကာဒကာမတွေ ဗြုန်းကနဲဆိုတော့ မရှင်းဘူးပေါ့ဗျာ (မှန်ပ့ါ ဘုရား) ကဲ ရှင်းအောင် ပြောပါတော့မယ်၊ အကျယ်ပြောတော့မယ် ဆိုတော့ ဒကာကြွယ်တို့ အထူးဂရုစိုက် နား ထောင်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

”အာဟာရသမ္ဘူတော အယံ ဘဂိနိ ကာယော” ဆိုတော့ နေ့တိုင်းစားသောက်တဲ့ အစာ အဟာရကြောင့် အားအင်ဗလ ကလေးတွေ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးမာဒင်တို့ ပြည်ကြသပေါ့ဗျာ (မှန်ပါ့) အာဟာရရုပ်ကလေး တွေ မပွားလား (ပွားပါတယ် ဘုရား)။

အဲ”အာဟာရသမ္ဘူတော အယံ ဘဂိနိ ကာယော”အယံ ကာယော=ဤယခု ရထားတဲ့ ခန္ဓာကိုယ်ကြီးဟာ၊ အာဟာရသမ္ဘူတော=အာဟာရကြောင့်ဖြစ်၏ (မှန်ပါ့)။

”အာဟာရံ နိဿာယ အာဟာရော ပဟာတဗ္ဗော”တဲ့ အာဟာရကြောင့် ဖြစ်သော်ငြားလဲ တဲ့ အဲဒီ အာဟာရ ကို အမှီပြုပြီး သကာလ ဒကာ ဒကာမတို့ အာဟာရကြောင့် ဖြစ်တဲ့ တဏှာပယ်လိုက်ရင် ရပါတယ် တဲ့ (မှန်ပါ့)။

အကြောင်း လေးပါလဲ ရှိပါတယ်

ဒါဖြင့် ဒီလို လုပ်လိုက်ပါ တဲ့၊ ဒကာ ဒကာမတို့ ဒီခန္ဓာ ကိုယ်ကြီးဟာဖြင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်း လေးပါလဲ ရှိပါတယ် (ရှိပါတယ် ဘုရား) ရှိတော့ ဒီခန္ဓာကိုယ်ကြီးမှာ ကံ၊ စိတ်၊ ဥတုတို့က ဒကာ ဒကာမတို့ သွားခဲ့ပါပြီ တဲ့၊ အခု အာဟာရနဲ့ အသက်ရှင်နေကြတယ် (မှန်ပ့ါ) ကံတွေကလဲ ခန္ဓာကိုယ်ဖြစ်အောင် လုပ်ပြီးပါပြီ (မှန်ပါ့) အခု အသက်ရှည်နေတာကဖြင့် နေ့တိုင်းကျွေးမွေးမှုကြောင့်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါ့ကြောင့် ကံက မွေးထုတ်သမား၊ အာဟာရက နို့ထိန်းနဲ့တူတယ်၊ သူက ပြုစုလို့ ကြီးပွားလာတယ် ဆိုတဲ့ ဥစ္စာလဲ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကဲ ဒါဖြင့် “အာဟာရသမ္ဘူတော အယံ ဘဂိနိကာယော” ဘိက္ခူနီမကို ဟောလိုက်တယ် (မှန်ပါ့)။

”အာဟာရံ နိဿာယ အာဟာရော ပဟာတဗ္ဗော” ဆိုတဲ့ အတိုင်းတဲ့ ဒကာ ဒကာမတို့ အခုခန္ဓာကိုယ်ကြီးဟာ အာဟာရကြောင့် ကြီးထွားနေတယ် ဆိုတာတော့ငြဖ့် ငြင်းစရာမရှိအောင် မှန်ပါတယ် (မှန်ပါတယ် ဘုရား)။

အဲဒီတော့ ဒီအာဟာရကို နောက်ဘဝတုန်းကလဲ၊ နောက်ခဏတုန်းကလဲ အာဟာရနဲ့ပဲ ကြီးပွားရတယ် (မှန်ပါ့) အခုလဲ အာဟာရနဲ့ ကြီးပွားတော့ ဒီတစ်ခါ အာဟာရကို ဒကာ ဒကာမတို့ စားချင်တဲ့စိတ်မလာဘဲနဲ့ စားချင်တဲ့ သဘောကလေးမလာဘဲနဲ့ ဒီအာဟာရ စားဖြစ်ပါ့မလား (မစားဖြစ်ပါ ဘုရား) မစားဖြစ်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) စားချင်တဲ့ မလာဘဲနဲ့ (မစားဖြစ်ပါ ဘုရား)။

ကဲ ဒါဖြင့် စားလဲစားပါ ဒကာ ဒကာမတို့နော် (မှန်ပါ့) စားချင်တဲ့တဏှာကိုလဲ ဖြစ်ပျက်ရှုပါ (မှန်ပ့ါ)။

စားလဲစားပါ (မှန်ပါ့) စားချင်လဲ စားလိုက်ပါ၊ စားတော့ စားချင်တဲ့ ဥပမာ ဇိဝှါပသာဒပေါ် ဖြစ်တဲ့စိတ် ဖြစ်ဖြစ် ဖြစ်ပျက်ရှုပါ (မှန်ပါ့) သို့မဟုတ် စားချင်တဲ့ တဏှာဖြစ်ဖြစ် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီတော့ အာဟာရကြောင့်လဲ ဒီခန္ဓာကိုယ် ကြီးပွားမှာပဲ (မှန်ပါ့) စားလဲ စားရပါတယ်တဲ့၊ ဒကာ ဒကာမတို့ စားကော မစားရဘူးလား (စားရပါတယ် ဘုရား) ဒီအာဟာရ အကြောင်းရင်းခံပြီး ကျုပ်တို့ နိဗ္ဗာန်ကော မရဘူးလား (ရပါတယ် ဘုရား)။

ထမင်းစားရင်းလဲ နိဗ္ဗာန်ရောက်နိုင်ပါတယ်

ဒါဖြင့် ထမင်းစားရင်းလဲ နိဗ္ဗာန်ရောက်နိုင်ပါတယ် (မှန်ပါ့ ဘုရား) လက်ဖက်ရည်သောက်ရင်းလဲ (နိဗ္ဗာန်ရောက် နိုင်ပါတယ် ဘုရား)။

ဘယ်လိုရောက်မလဲလို့ မေးတဲ့အခါ စားလဲစား၊ စားတဲ့စိတ်ကလေးလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒီတော့ စားလဲစားပါတဲ့ စားတဲ့စိတ်ကလေးကလဲ မရှိတော့ဘူး- မရှိတော့ဘူးလို့ ဒကာကြွယ် သိပေးရမယ် (မှန်ပ့ါ)။

အဲဒီတော့ အာဟာရကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်ပဲ (မှန်ပ့ါ) ၎င်းင်းအာဟာရကို အကြောင်းရင်းခံပြီး ကျုပ်တို့သည် နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မစားဘဲနဲ့ ကျင့်တဲ့ပုဂ္ဂိုလ်များအတွက်ဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဘက် သက်ရောက်တယ် (မှန်ပါ့)။

မစားဘဲနဲ့ ကျင့်တာတွေ (ဒိဋ္ဌိဘက် သက်ရောက်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ သတိပေးရတယ် (မှန်ပါ့) ဒကာ ဒကာမတွေ သတိပေးရတယ်တဲ့၊ ဘုရားက ဘာနဲ့ပဲ စားစား၊ ဝက်သားနဲ့ စား၊ ကြက်သားနဲ့ စား၊ ကြိုက်ရာနဲ့စားပေါ့ဗျာ (မှန်ပါ့) ခန္ဓာကိုယ်ခိုင်မာအောင်တော့ လုပ်ရမယ် (မှန်ပါ့ ဘုရား)။

သို့သော် တဲ့ စားတဲ့စိတ်ကိုတော့ဖြင့် ဖြစ်ပျက်ရှု၊ စားတဲ့တဏှာလာရင်လဲ တဏှာကို ရှုပေါ့ဗျာ (မှန်ပ့ါ)။

ဟာ တဏှာ မလာပါဘုရား၊ စားတဲ့စိတ် လျှာပေါ်-ပေါ်တဲ့ ‘ဇိဝှါဝိညာဏံ အနိစ္စံ’ ဆိုတဲ့အတိုင်း အဲဒါကလေး ရှုရင်း မတ္တနဲ့ စားသွားလဲ ပြီးတာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အစားကလိုရင်းလား၊ စားတတ်တဲ့တရားကို မဖြတ်နိုင်မှုက လိုရင်လား (စားတတ်တဲ့တရားကို မဖြတ်နိုင်မှုက လိုရင်းပါ ဘုရား)။

ကိုယ့်ကိုယ် ညှဉ်းဆဲတဲ့အကျင့်

ဒါကြောင့် ဘုရားက တစ်နေ့မှ တစ်လုပ်စားတဲ့ အကျင့်မျိုးဟာ ဒါကွာတဲ့ ကိုယ့်ကိုယ် ညှဉ်းဆဲတဲ့အကျင့် (မှန်ပါ့) တစ်နေ့မှာ သုံးလုပ်စားတယ်ဆိုရင်လဲ ကိုယ့်ကိုယ် ညှဉ်းဆဲတဲ့အကျင့်တဲ့ (မှန်လှပါ ဘုရား)။

စားတော့ စားတာပါတဲ့၊ စားပြီး ဒီအာဟာရကြောင့် ဖြစ်တဲ့တရားကို နိဗ္ဗာန်အပို့ခိုင်းရတာပဲ (မှန်ပါ့) သဘော ပါပလား (ပါပါပြီ ဘုရား)။

အဲဒါက ဘာတွေကို ပြောပါလိမ့်မတုန်းလို့ မေးတော့မှ ဒီသက်သတ်လွတ်တွေ၊ ဘာတွေ ရှုပ်နေတာပြောတာ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဘာပြောတာတုန်း (သက်သတ်လွတ်တွေ, ဘာတွေ ရှုပ်နေတာ ပြောတာပါ ဘုရား)။

အဲဒါတွေ ဘာမှမဆိုင်ဘူး (မှန်လှပါ) အာဟာရကြောင့် ဖြစ်တဲ့တရား၊ အာဟာရကြောင့် စားစိတ်ပေါ်တယ် (မှန်ပ့ါ) စားတဲ့တဏှာ ပေါ်တယ် (မှန်ပ့ါ) အဲဒါ ဖြစ်ပျက်ရှုလိုက်ရင် ပြီးတာပဲ (မှန်ပါ့ ဘုရား)။

အာဟာရက ပဋိစ္စသမုပ္ပါဒ် ဆက်မှာလား အာဟာရကြောင့် ဖြစ်တဲ့စိတ်က ပဋိစ္စသမုပ္ပါဒ်ဆက်မှာလား (အာ ဟာရကြောင့် ဖြစ်တဲ့စိတ်က ပဋိစ္စသမုပ္ပါဒ် ဆက်မှာပါ ဘုရား)။

အဲဒါဖြင့် ရှင်းပြလိုက်တယ် ဒါက ဝက်သားဟင်း (မှန်ပါ့) ဟုတ်လား ဝက်သား၊ ကြက်သား၊ ဒကာကြွယ် ဒီဘက်က ထားလိုက်ပါတော့ (မှန်ပါ့) ဒကာကြွယ်က လျှာပေါ်တင်လိုက်တယ် ၊ ဒါက ဒကာကြွယ့်လျှာ၊ ဒါက ဝက်သားတုံး လျှာပေါ်တင်လိုက်ပါတယ် ထားပါတော့နော် (မှန်ပါ့ ဘုရား)။

တင်လိုက်တဲ့အခါကျတော့ဖြင့် “ဇိဝှဉ္စ ပဋိစ္စ ရသေစ ဥပ္ပဇ္ဇတိ ဝိဝှါညာဏံ”ဆိုတဲ့ စိတ်ကလေးတော့ ပေါ်မှာပဲ (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒါကလေးကို ဖြစ်ပျက်ရှုပြီး မျိုချကြည့်စမ်း (မှန်ပါ့)။

ဖြစ်ပျက်ရှုပြီး မျိုချလိုက်တော့

ဖြစ်ပျက်ရှုပြီး မျိုချလိုက်တော့ ဇိဝှါဝိညာဏ်စိတ် နောက်ကနေပြီး မဂ္ဂင်ပေါ်ပါတယ် (မှန်ပါ့) စားတဲ့စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တော့ကို ဒီ-ပဋိစ္စသမုပ္ပါဒ် လာသေးရဲ့လား (မလာပါ ဘုရား) ဟော မဂ္ဂင် လာတယ် (လာပါတယ် ဘုရား) မဂ္ဂင်လာတော့ ဒါ-မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ခန္ဓာချုပ်, ဥပါဒါန်ချုပ်, ကံချုပ်တဲ့အတွက် ဇာတိ ဇရာ မရဏကော (မလာပါ ဘုရား) ခုနင်ကပြောတဲ့ အိုဘေး၊ သေဘေးတွေ ဘယ့်နှယ်နေကြသလဲ (ချုပ်သွားပါတယ် ဘုရား)။

ဟောဒီမှာ အဝိဇ္ဇာကချုပ်, တဏှာကချုပ်, ကံကချုပ် ဒကာသစ် (မှန်ပ့ါ) ဟိုဘက်မှာ ဇာတိ ဇရာမရဏဆိုတဲ့ အိုဘေး၊ သေဘေးတွေကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ဘုရားက “အာဟာရ သမ္ဘူတော အယံ ဘဂိနိ ကာယော” အာဟာရသမ္ဘူတော= အာဟာရကြောင့် ဖြစ်တဲ့၊ ကာယော=ကိုယ်သည်၊ အတ္တိ=ရှိ၏ (မှန်ပ့ါ ဘုရား)။

”အာဟာရံ နိဿာယ အာဟာရော ပဟာတဗ္ဗော”တဲ့ ဒီအာဟာရကို အကြောင်းရင်းခံပြီး သကာလ ဖြစ်တဲ့ စိတ်ကို ဖြစ်ပျက်ရှုပြီး ဒီဘက်သွားလိုက်လို့ရှိရင် ဒီအာဟာရဟာ ခန္ဓာကိုယ်ထဲ အားထုတ်နိုင်အောင် ကြီးပွားအောင် လုပ်တာပဲ (မှန်လှပါ ဘုရား)။

ဒီ-အာဟာရ စားတဲ့စိတ် ဖြစ်ပျက်ရှုလိုက်တဲ့ အတွက်တဲ့ ဒကာ ဒကာမတို့ ဒီဘက်က အပါယ်သွားမည့် တရားတွေကော မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ပေါ်တဲ့စိတ်ကို မရှုနိုင်လို့ အပါယ်သွားတာ

ဒါဖြင့် အကောင်းအဆိုးကြောင့် ဒကာ ဒကာမတွေ အပါယ်သွားတာလားတဲ့၊ အကောင်းအဆိုးကြောင့် ပေါ်တဲ့ စိတ်ကို မရှုနိုင်လို့ အပါယ်သွားတာလား (အကောင်းအဆိုးကြောင့် ပေါ်တဲ့စိတ်ကို မရှုနိုင်လို့ အပါယ်သွားတာပါ ဘုရား) ရှင်းပြီ ဒကာကြွယ် (ရှင်းပါပြီ ဘုရား)။

အဲဒါ မသိတဲ့ပုဂ္ဂိုလ်တွေဆိုရင် ဒီပါဠိတော်တွေထဲ မတွေ့ပြီဆိုမှဖြင့် ဦးမာဒင်ရေ အို သက်သတ်လွတ် စားတော့ လူလဲကျန်းမာတယ် (မှန်ပါ့) လူလဲ ကျန်းမာတယ် အစရှိသည်နဲ့ ပြောချင်ပြောလိမ့်မယ်၊ ဘုရားက ဟော တယ်လို့လဲ ပြောချင်ပြောလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဝင်စစ်တော့ ဘုရားကလဲ ဒီလိုမဟောပါဘူးတဲ့၊ အာဟာရကြောင့် ဖြစ်တဲ့တဏှာ၊ အာဟာရကြောင့် ဖြစ်တဲ့ စိတ်ကို ဖြစ်ပျက်သာရှု သူ့စိတ်နောက်က တဏှာမလိုက်အောင်လုပ်ရင် ပြီးတာပဲ (မှန်ပါ့) ရှင်းပလား ရှင်းပါပြီ ဘုရား)။

ဘာလုပ်ရမယ် (တဏှာနောက်က မလိုက်အောင် လုပ်ရပါမယ် ဘုရား)။

ဒါဖြင့် ဒီက ဝက်သားတုံးကို ဒီက လျှာပေါ်တင်လိုက်တော့ ဒကာသစ်ရေ စားစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒီစားစိတ်ကလေးကို ကျုပ်တို့က ဖြစ်ပျက်ရှုလိုက်လို့ ရှိရင်ဖြင့်တဲ့ “ဝေဒနာ ပစ္စယာ တဏှာ” လာသေးသလား (မလာပါ) ဥပါဒါန်ကော (မလာပါ) ကံကော (မလာပါ) အိုမင်း၊ သေမင်းဆိုတဲ့ ဇရာမရဏကော (မလာပါ ဘုရား)။

အာဟာရကြောင့် ပေါ်တဲ့စိတ်ကို ရှုတာလား

ဒါဖြင့် အာဟာရကို ရှုတာလား၊ ကျုပ်တို့က အာဟာရကြောင့် ပေါ်တဲ့စိတ်ကို ရှုတာလား (အာဟာရကြောင့် ပေါ်တဲ့စိတ်ကို ရှုတာပါ ဘုရား)။

အဲဒါကြောင့် “အာဟာရံ နိဿာယ အာဟာရော ပဟာတဗ္ဗော”ဆိုတဲ့ အတိုင်းတဲ့ အာဟာရကို အကြောင်းရင်း ခံပြီးဖြစ်တဲ့ တရားကို ကျုပ်တို့က ပယ်လိုက်တဲ့အတွက် ဒီဘက် ပဋိစ္စသမုပ္ပါဒ်ပြတ်ထွက်သွားတယ် (ပြတ်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။’

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကျတော့ ငါ-သက်သတ်လွတ် ဘယ်နှစ်ရက် ဘုန်းပေးဦးမယ်ဆိုတာ လာကို မလာဘူး (မှန်ပါ့) လာသေးရဲ့လား (မလာပါ ဘုရား)။

မလာပါဘူး ဒကာကြွယ်ရ၊ လာသေးရဲ့လား (မလာပါ ဘုရား)။

သူ့ဝဋ်ပါလို့ သွားရတာ

အကြောင်းမညီညွတ်လို့ ပလလဲတော သွားရတာကတော့ သူ့ဝဋ်ပါလို့ သွားရတာ (မှန်ပါ့) အဲဒီမှာ ဆင်ကြီးက ကြံရေတွေလှူဒါန်း၊ ငှက်ပျောသီးတွေ ရှာကျွေးဆိုတာကတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သူ့ဝိပါကဝဋ်ကြောင့် ဘုန်းပေးရတာ (မှန်ပါ့ ဘုရား)။

ဒါလဲ သက်သတ်လွတ် တမင်တကာ စားရတာလား၊ ဝဋ်ကျွေးခံရတာလား (ဝဋ်ကျွေးခံရတာပါ) သဘောပါ ပလား (ပါပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ “အာဟာရ သမ္ဘူတော အယံ ဘဂိနိ ကာယော၊ အာဟာရံ နိဿာယ အာဟာ ရော ပဟာတဗ္ဗော”ဆိုတဲ့အတိုင်း အာဟာရကြောင့်ဖြစ်တဲ့ တရားကို ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ် ပါတယ် (ပြတ်ပါတယ်) စားလဲစားရတာပဲ (မှန်ပ့ါ) ပဋိစ္စသမုပ္ပါဒ်လဲ (ပြတ်ပါတယ်) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ဘုရားလက်ထက်က တပည့်တော်တို့ တစ်နေ့မှ တစ်လုပ်စားပါတယ်ဘုရား၊ အို-ဒါ မင့်ညှဉ်းဆဲတဲ့ အတွက် ပြင်စမ်းကွာ၊ ဘုရားက တိတ္တိတွေဟောနေတာ (မှန်ပ့ါ ဘုရား) တပည့်တော် ခုနစ်ရက်မှ တစ်ခါစားတယ်၊ အဲဒါ မင့်ကိုယ်မင်း ညှဉ်းဆဲတဲ့အတွက် “အတ္တကိလမထ”ကွ (မှန်ပါ့) ငါဘုရားဒီလို အလိုမရှိဘူး (မှန်ပါ့ ဘုရား)။

လိုရင်းတော့ ဒါက လိုရင်းမဟုတ်ဘဲ၊ သူ့ ခင်တွယ်တဲ့တဏှာတွေ ဖြတ်နိုင်ဖို့ရာက (လိုရင်းပါ) လိုရင်းဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စားတိုင်း-စားတိုင်း လျှာပေါ်မှာ ပေါ်တဲ့စိတ် ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

တပည့်တော်တို့က အတော်ခဲယဉ်းတယ်

ဟာ မရှုနိုင်ဘူးဘုရား၊ ကျ-ကျခြင်းဆိုတော့ တပည့်တော်တို့က အတော်ခဲယဉ်းတယ်၊ စားပြီးမှ ကောင်း တယ်ဆိုတာကလေးသာ တပည့်တော်တို့က ရောက်ရောက်သွားတယ်၊ အို အဲဒီ ကောင်းတဲ့စိတ်ကလေး ဘာလုပ် မယ် (ဖြစ်ပျက်ရှုရပါမယ်) ကောင်းတဲ့စိတ် ဝေဒနာကို ဖြစ်ပျက်ရှုလိုက် (မှန်ပါ့ ဘုရား)။

ဟာ ဝေဒနာကလဲ မမိလိုက်ဘူးဘုရာ့- တပည့်တော်က ဒါကလေး ကြိုက်တာနဲ့ပဲ ကြိုက်တဲ့အခါကျမှ ဪ ငါကြိုက်သကိုးလို့ ဆိုတာကလေး သတိရတဲ့အတါက် အဲဒီကြိုက်တဲ့စိတ် ဖြစ်ပျက်ရှု (မှန်ပ့ါ)ဆိုတော့ တဏှာ ဖြစ်ပျက်ရှုပြန်လဲ ဒီဘက်မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ကိုင်း ဒကာကြွယ်ရေ အာဟာရရှုရမှာလား၊ သူ့ကြောင့် ပေါ်တဲ့တရားတွေ ရှုရမှာလား (သူ့ကြောင့်ပေါ်တဲ့ တရားတွေ ရှုရမှာပါ) သဘောပါပလား (ပါပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါ ဘိက္ခုမကို ရှင်အာနန္ဒာက ဟောနေတာ (မှန်ပါ့) ကိုင်း ဒါက တစ်နေ့က ဒါလောက်မစုံဘူးတဲ့၊ ဒကာ သစ်နော် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒုတိယပြောပါတော့မယ် ဒကာ ဒကာမတို့၊ ဒါဖြင့် စားတိုင်း-စားတိုင်း ရှုတတ်ကြပလား (ရှု တတ်ပါပြီ ဘုရား)။

ကောင်းပြီး စားစိတ်ရှုရင်လဲရှု၊ မရှုရင်လဲ တဏှာပေါ်မှရင်လဲ (ရှုရပါမယ်) ဥပါဒါန်ပေါ်မှာရင်လဲ (ရှုရပါမယ်) ကံပေါ်မှာရင်လဲ (ရှုရပါမယ်) အကုန်ရှု၊ မိတဲ့နေရာကနေ ဖမ်းရှု (မှန်ပါ့) မိတဲ့နေရာက ဖမ်းရှုဆိုတော့ ဟိုဘဝတော့ မကူးတာ အမှန်ပဲ (မှန်ပါ့) ဟိုဘဝက သေမှကူးမှာကိုး (မှန်ပါ့) ဒီဘဝဖြစ်တဲ့စိတ် သိလိုက်ရင်ပဲ ဟိုဘဝ ကူးနိုင်သေး ရဲ့လား (မကူးနိုင်ပါ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေ အစားအသောက်က လိုရင်းမဟုတ်ဘူး (မှန်ပါ့) အစားက ပဋိစ္စသမုပ္ပါဒ် ဆက်သလား၊ စားလို့ဖြစ်တဲ့ ဓမ္မတွေက ဆက်သလား (စားလို့ဖြစ်တဲ့ ဓမ္မတွေက ဆက်ပါတယ် ဘုရား)။

ဒီဓမ္မမနိုင်တာနဲ့ ဟိုဓမ္မသွားသတ်လို့ မရဘူး

ဒါဖြင့် ဒီဓမ္မမနိုင်တာနဲ့ ဟိုဓမ္မသွားသတ်လို့ မရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး ဒကာ ဒကာမတွေက တချို့ကလဲ ယောင်တယ်၊ ယောင်တယ်၊ ဒီဥစ္စာ (မှန်ပါ့) အားကြီး ယောင် တယ်နော် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် စားတဲ့အစာက ဆက်နိုင်သလား ဟုတ်လား၊ စားလို့ပေါ်လာတဲ့ ဓမ္မကမှ ပဋိစ္စသမုပ္ပါဒ် စတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အစားက စတာလား၊ သူ့ကြောင့်ပေါ်တဲ့ ဓမ္မက စတာလား (သူ့ကြောင့်ပေါ်တဲ့ ဓမ္မက စပါတယ်) အဲဒီ ဓမ္မကို ဖြစ်ပျက်ရှုလို့ရှိရင် ဦးမာဒင် ဘာကြောက်စရာရှိသတုန်း (မရှိပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အာဟာရလိုရင်းလား၊ အာဟာရကြောင့် ဖြစ်တဲ့ ဓမ္မကလိုရင်းလား (အာဟာရကြောင့် ဖြစ်တဲ့ဓမ္မက လိုရင်းပါ ဘုရား)။

အဲဒီ ဓမ္မဖြတ်နိုင်လို့ ဖြစ်ပျက်ရှုနိုင်လို့ နောက်က မဂ်လိုက်နိုင်ရင် ဘာမှကိစ္စမရှိဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါ ဘိက္ခုနီမကို ရှင်အာနန္ဒက ဟောနေပြီ (မှန်ပါ့) နောက်ဟောရမှာက ဒကာ ဒကာမတို့ဖြစ် ကောင်းတဲ့ တဏှာ (မှန်ပါ့) ဝိပဿနာ ရှုတဲ့အခါမှာ ဖြစ်ကောင်းတဲ့တဏှာ ရှိသေးတယ် (ရှိပါတယ်) ဖြစ်ကောင်းတဲ့ မာန (ရှိပါတယ်) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ဝိပဿနာရှုတဲ့အခါ ဖြစ်ကောင်းတဲ့ တဏှာ (ရှိပါတယ်) ရှိတယ်၊ ဖြစ်ကောင်းတဲ့မာန (ရှိပါတယ် ဘုရား)။

ဒါဖြင့် တဏှာတိုင်းလဲ မကြောက်ပါနဲ့ ဒကာသစ်ရာ (မှန်ပါ) မာနတိုင်းလဲ (မကြောက်ပါနဲ့ ဘုရား)။

အဲဒီမှာ ရှင်အာနန္ဒက ဘိက္ခုနီမကို ဟောတာပဲ (မှန်ပါ့) ဘိက္ခုနီမကတော့ ခေါင်းမြီးခြုံ အိပ်နေတာပါပဲ (မှန်ပ့ါ ဘုရား)။

တဏှာကြောင့် ဖြစ်လာတဲ့ခန္ဓာ

”တဏှာသမ္ဘူတော အယံ ဘဂိနိ ကာယော တဏှံနိဿာယ တဏှာ ပဟာတဗ္ဗာ”ဒါကို ဟောလိုက်တယ် (မှန်ပါ့ ဘုရား)ဘိက္ခုနီမတဲ့ သင့်ခန္ဓာကြီးဟာ တဏှာကြောင့် ဖြစ်လာတဲ့ခန္ဓာ (မှန်ပါ့) ဟုတ်သားပဲနော် (မှန်ပါ့ ဘုရား)။

တဏှာကြောင့် ဖြစ်တဲ့ ခန္ဓာ၊ “တဏှံ နိဿာယ တဏှာ ပဟာတဗ္ဗာ”တဲ့၊ တဏှာကို အကြောင်းရင်းခံပြီး တဏှာပယ်ပါတယ် (မှန်ပါ့ ဘုရား)။

တဏှာ အကြောင်းရင်းခံပြီး တဏှာကတော့ ရှိတာပဲတဲ့၊ အဲဒီ့ ခန္ဓာကြီးက ရှိတော့ရှိပြီး သကာလ ဒီခန္ဓာထဲ ပေါ်တဲ့တဏှာကို သတ်လိုက်လို့ရှိရင်လဲ ပြီးတာပါပဲ (မှန်ပါ့ ဘုရား)။

ဒါက ဘာဟောလိုက်သတုန်းဆိုတော့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ၊ ခင်ဗျားတို့ အခုတရား အားထုတ်နေတာ ပျော့နေမှာစိုးလို့ (မှန်လှပါ) ပျော့နေမှာ ဘယ်လိုစိုးသလဲလို့ မေးတဲ့အခါကျတော့ ဘယ်သူဖြင့် ဖြစ်ပျက်တွေမြင်ပြီ တဲ့၊ ဘုန်းကြီးတို့ တရားပွဲမှာပေါ့ဗျာ (မှန်ပါ့) ဘယ်သူဖြင့် ခန္ဓာကိုယ်ထဲ အနိစ္စတွေမြင်ပြီတဲ့ (မှန်ပါ့) ဟာ မြင်ရုံတွင်မကဘူး၊ တချို့မှာ ဒီဖြစ်ပျက်တွေကို မုန်းနေပြီတဲ့ (မှန်လှပါ) ကြားရတာပေါ့ဗျာ (မှန်ပါ့)။

ငါလဲ ရချင်တယ်ဆိုတဲ့ တဏှာလာကောင်းတယ်

ယောဂီချင်းတော့ ကြားကြတာပဲ (မှန်ပါ့) တချို့ကျတော့လဲ ဒီဖြစ်ပျက်တွေပဲ မမြင်ပါဘူး တဲ့၊ ဆုံးသွား ပြီတဲ့ (မှန်လှပါ) ဆိုတော့ ခင်ဗျားတို့ သူတောင် ဒီဥစ္စာရသေးတာပဲ၊ ငါလဲ ရချင်တယ်ဆိုတဲ့ တဏှာလာကောင်းတယ် (လာကောင်းပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

သူတောင် ရအောင် လုပ်နိုင်သေးတာပဲ ငါလဲ ရအောင်လုပ်မယ်ဆိုတဲ့ တဏှာ လာကောင်းပါတယ် (လာ ကောင်းပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

သူတောင်မှ ဒီဝိပဿနာဉာဏ်တွေ ရသေးတာပဲ၊ ငါလဲ ရရမယ် (မှန်ပ့ါ) ဒီတဏှာမျိုး ဖြစ်ကောင်းပါတယ် (မှန်ပါ့) ဒီတဏှာမျိုး (ဖြစ်ကောင်းပါတယ် ဘုရား)။

ဖြစ်ဖူးကြရဲ့လား (ဖြစ်ဖူးပါတယ် ဘုရား) တိုးတိုးပြောပါ၊ ခင်ဗျားတို့ လူဦးရေက နည်းနေတယ်၊ ဖြစ်ကိုမဖြစ် တာက များနေလို့ (များနေပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အတော်ဆိုးတဲ့ ဒကာ ဒကာမတွေဗျ (မှန်ပါ့) ဖြစ်ချင်တယ်ဆိုတဲ့လူဟာ အို သူတော့ ပါရမီနဲ့လာတာ၊ ကျုပ်တို့က ဒါလောက်တော့ မထက်ဘူး တဲ့၊ နောက်ဆုတ်သွားတယ် (မှန်ပါ့) ဒကာကြွယ် အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ရှင်အာနန္ဒာတို့ ဘုရားတို့ကတော့ “တဏှာသမ္ဘူတော အယံ ဘဂိနိ ကာယော၊ တဏှံ နိဿာယ တဏှာ ပဟာတဗ္ဗာ”ဆိုပြီး ဒီတဏှာကို အကြောင်းရင်းခံပြီးဖြစ်တော့ ဖြစ်တာပဲ၊ နောက် ဒီတဏှာ မဂ်ဆိုက်ရင် ပယ်တာပဲ (မှန်ပါ့) ဆိုတော့ ဒကာသစ် ဖြစ်ကောင်း-မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား)။

အဲဒါ ဖြစ်ကောင်းတာကျတော့ ခင်ဗျားတို့က မဖြစ်ဘူး (မဖြစ်ပါ ဘုရား) ဒကာကြွယ်တို့ လူစုက (မှန်ပ့ါ ဘုရား) မဖြစ်ကောင်းတာကျတော့ (ဖြစ်ပါတယ် ဘုရား)။

အတုခိုးက လွဲလိုက်တာ

အင်း သူတောင် သောင်း,ကိုးထောင်ရအောင် ရှာနိုင်သေးတာ၊ ငါလဲ သိန်း,ကိုးသောင်းတော့ ရမှာပေါ့ကွ (မှန်ပ့ါ) ဒီဟာကျတော့ အတုခိုးက လွဲလိုက်တာ (လွဲပါတယ် ဘုရား)။ သဘောကျပလား (ကျပါပြီ)။

ဟိုမှာတော့ ဒကာကြွယ်တို့ကိစ္စက တဏှာသေးလို့ တဏှာပွားအောင်လုပ်တာ (မှန်ပါ့ ဘုရား) အခုဟာကတော့ တဏှာအကြောင်းရင်းခံပြီး တဏှာပယ်ရမယ် (ပယ်ရပါမယ် ဘုရား) မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါ ၊ ရှင်အာနန္ဒာက ဟောတယ်နော် (မှန်ပါ့) ဟိုလူဖြင့် ဖြစ်ပျက်တွေမြင်ပြီ၊ ကိုယ်နဲ့ ရွယ်တူချင်းပဲ၊ သိပ်လဲမကွာဘူး၊ တရားနာတာ သူကတောင် နောက်ကျသေးတယ်၊ သူကတော့ ဒါတွေ အကုန် မြင်ပြီ တဲ့ (မှန်ပါ့) ဟော ကျုပ်တို့ရချင်တယ်၊ ရအောင်လုပ်မယ် ၊ လုပ်သာလုပ်ပါ၊ ဒီတဏှာသာဖြစ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ကောင်းတဲ့ တဏှာလား၊ မဖြစ်ကောင်းတဲ့ တဏှာလား (ဖြစ်ကောင်းတဲ့တဏှာပါ ဘုရား)။

သူများ ဝိပဿနာဉာဏ်ရသလို ကိုယ်ရချင်တဲ့ တဏှာသည် ဒကာ ဒကာမတို့ ဖြစ်ကောင်း၊ မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

တဏှာ အကြောင်းရင်းခံပြီး တဏှာသေတယ်

ကိုင်း ဒါဖြင့် သူများ ဝိပဿနာဉာဏ်ရလို့ ကိုယ်ကရချင်လို့ ဒါ ကိုယ့်ခန္ဓာထား (မှန်လှပါ) ကိုယ့်ခန္ဓာကိုယ် ဖြစ်ပျက်ရှုလိုက်၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ကိုယ့်နောက်ကလာမည့်တဏှာ ဒကာသစ် သေ,မသေ (သေပါတယ် ဘုရား) ဒါဖြင့် တဏှာ အကြောင်းရင်းခံပြီး တဏှာသေတယ် (မှန်ပါ့)။

ရချင်တဲ့တဏှာ အကြောင်းရင်းခံပြီး အလုပ်လုပ်လိုက်တာနဲ့ ဘာဖြစ်သွားသတုန်း (တဏှာသေပါတယ် ဘုရား) တဏှာသေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဒီတဏှာ ဖြစ်ကောင်း မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား)။

ဟိုဘက်ကို မလိုက်ဘူးတဲ့

ဒါဖြင့် ဘုရား ၊ ဒကာ ဒကာမတွေ မေးစရာအကွက် ပေါ်လာတယ် (မှန်ပါ့) တဏှာဟာ အကုသိုလ် မဟုတ်ဘူးလား ဘုရာ့လို့ (မှန်ပါ့) ဟုတ်တယ် ဒကာ ဒကာမတို့ အကုသိုလ်ပဲ (မှန်ပါ့)။

ဒါဖြင့် အကုသိုလ်ဖြင့်ဘုရား မကောင်းကျိုးပေးဖို့ပေါ့ဆိုတော့ အဋ္ဌကထာဆရာက ဖွင့်တယ် (မှန်ပါ့) ဒီ တဏှာမျိုးဟာ ဒကာသစ်ရေ ဟိုဘက်ကို မလိုက်ဘူးတဲ့၊ ဒီဘက်တွင် နေရစ်တယ် (မှန်ပါ့)။

ဟိုဘက် အကျိုးပေးဘက်ကို (မလိုက်ပါ ဘုရား) ဟိုဘက် ပဋိသန္ဓေကျအောင် ဇာတိကျအောင် ဒီတဏှာက မလိုက်ဘူးတဲ့ (မှန်ပါ့) ဒီဘက်တွင် ပြီးသွားတယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာသည် ပဋိသန္ဓေဖြစ်အောင် ပဋိစ္စသမုပ္ပါဒ်အဆုံးမှာ ဇာတိဖြစ်အောင် အကျိုးမပေးဘူး (မှန်လှပါ) ဒီဘက်တွင်လဲ အကျိုးပေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပဝတ္တိအကျိုးသာပေးမယ်၊ စာလိုဆိုရင် ဟိုဘက် သဋိသန္ဓေ အကျိုးမပေးဘူးတဲ့ (မှန်လှပါ) ဒါကြောင့် ဖြစ် ကောင်းတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သူများရချင်တဲ့ အလုပ်ကို ကိုယ်ရအောင် လုပ်မယ်ဆိုလို့ရှိရင် ချေးမထူးကြပါနဲ့ ဒကာကြွယ်တို့ ဦးမာဒင်တို့နော် (မှန်လှပါ) ဖြစ်ကောင်း၊ မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား) ဖြစ်ပြီးတော့ ဒီတဏှာ မပယ် နိုင်ဘူးလား ပယ်နိုင်သလား (ပယ်နိုင်ပါတယ် ဘုရား)။

ဖြစ်ပျက်ကို မဂ်နဲ့မြင်တယ်

ဒီတဏှာနဲ့ ရှေးဦးစွာလုပ်လိုက် (မှန်ပါ့) လုပ်လိုက်တော့ ဖြစ်ပျက်ကို မဂ်နဲ့မြင်တယ်၊ မဂ်နဲ့ မြင်ကတည်းက နောက်တဏှာက ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ် ဘုရား) ဒါဖြင့် ကျုပ်တို့ ဟိုဘဝ အကျိုးပေးမည့် တဏှာမှမဟုတ် ဘဲ၊ ဘဝပြတ်တဲ့တဏှာ ကျုပ်တို့ လုပ်ကောင်းတာပဲ (လုပ်ကောင်းပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ အဋ္ဌကထာဆရာကလဲ ပဋိသန္ဓေ နောက်ဘဝ မဆက်ပါဘူးကွ တဲ့၊ “ကမ္မဘဝပစ္စယာ ဇာတိ”လို့ မလာပါဘူးကွ တဲ့ (မှန်ပ့ါ) ဒီတဏှာက မလာဘူးတဲ့ (မှန်ပါ့) အဲဒီတော့ ခင်ဗျားတို့ ကြောက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဇာတိမှမလာတော့ အပါယ်ဇာတိဆိုတဲ့ အပါယ်ကျဦးမှာလား (မကျပါ ဘုရား) ဒါဖြင့် ဒီတဏှာ ဖြစ်ကောင်း တယ် (မှန်ပါ့)။

သူများရသလို ရချင်တဲ့ ဝိပဿနာဉာဏ် ရချင်တဲ့ တဏှာမျိုးကျတော့ ဘယ့်နှယ်ဆိုကြမလဲ (ဖြစ်ကောင်းပါ တယ် ဘုရား) ဒကာသစ် ရှင်းပလား (ရှင်းပါပြီ)။

မာနအကြောင်းရင်းခံပြီး

ကဲ သွားပါဦး ဒကာ ဒကာမတို့၊ “မာနသမ္ဘူတော ဘဂိနိ အယံကာယော” ဒီ အကိုယ်အမှီပြုပြီး မာန ဖြစ်တာပါပဲ တဲ့၊ (မှန်လှပါ ဘုရား) “မာနံ နိဿာယ မာနော ပဟာတဗ္ဗော”တဲ့ ဒီမာနအကြောင်းရင်းခံပြီး သကာလ မာနပယ်တာလဲ ရှိပါတယ်၊ (မှန်လှပါ ဘုရား)။

သူဟာ အသက်ကလေး ငယ်ငယ်ရှိသေးတယ်တဲ့၊ အခု တရားတွေ ပေါက်ရောက်သွားလိုက်တာဖြင့် သောတာပန် သကဒါဂမ်၊ အနာဂါမ်၊ ရဟန္တာတောင် ဖြစ်သွားပြီ တဲ့ (မှန်ပါ့) ငါ ဘယ့်နှယ်ကြောင့် မရ,ရမလဲကွ (မှန်ပါ့) ဒီ မာနမျိုး တက်သာတက်ပါ (မှန်ပ့ါ ဘုရား)။

ဒီမာန တက်ကောင်း-မတက်ကောင်း (တက်ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အို သူတို့က ပါရမီနဲ့ပဲ လို့ ဒကာကြွယ် လေချိုမသွေးနဲ့နော် (မှန်ပါ့)။

ဒကာကြွယ်တို့က မဟုတ်တဲ့ဘက်ကျရင် စကားက သိပ်တတ်တယ် (မှန်ပါ့ ဘုရား) သူတို့တောင် ရသေးတာပဲ ငါလဲ ဘယ့်နှယ်ကြောင့် မရရမတုန်း (မှန်ပါ့) ဒကာသစ်တို့ ဦးမာဒင်တို့ ဒီအတိုင်းတက်ရမယ် (မှန်ပ့ါ)။

အခုတော့ သူတို့က ငယ်ပေမဲ့ ဗဟုသုတကလဲ များတယ်၊ အင်း တရားရည်ကလေးကလဲ ဝ,တယ်၊ အင်း ကိုယ့်ဘက်ကျတော့ ဒီဘက် အဖျင်းဘက်ချည့်ထားတယ် (မှန်ပါ့) အဲဒါ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

အေး ဒါတွေ ကြပ်ကြပ်စဉ်းစားတော့မှ ရှင်အနန္ဒာက “မာနသမ္ဘူတော အယံ ဘဂိနိ ကာယော” ဘဂိန= နှမ၊ အယံ ကာယော= ဤ ခန္ဓာကိုယ်သည်၊ မာနသမ္ဘူတော=မာနကြောင့် ဖြစ်လာတယ် (မှန်ပါ့) “မာနံ နိဿာယ မာနော ပဟာတဗ္ဗော”တဲ့ ကဲ မာနအကြောင်းရင်းခံပြီး သူများတောင် ရသေးတာ ငါဘယ့်နှယ်ကြောင့် မရ-ရမတုန်း ဆိုပြီး မာနအကြောင်းရင်းခံပြီး လုပ်လို့ရှိရင် မာနပယ်ပြီးသား ဖြစ်တယ် (မှန်ပါ့ ဘုရား)။

သူများတောင် ရသေးတာကွာ ငါရရမယ်

ဒါဖြင့် ဒီဘက်ကနေပြီး ပဌမမာနတက်ပြီး ကိုယ့်ခန္ဓာဖြစ်ပျက်ရှု (မှန်ပါ့) သူများတောင် ရသေးတာကွာ ငါရရမယ် (မှန်ပါ့) မရဘယ့်နှယ်ရှိမတုန်းကွ၊ လူဆို ပုခုံနှစ်ခုကြားကနေ ခေါင်းပေါက်တာချည့်ပဲ (မှန်ပါ့) လောကီလဲ သူတို့ ရှာလို့ လူတန်းစေ့ ဖြစ်တယ်ကွ၊ လောကုတ္တရာလဲ သူတို့လဲ ဒီလိုတက်တယ်၊ ဒို့လဲ ဒီလိုတက်ရင် ဘယ့်နှယ် ကြောင့် မရရမတုန်းကွ ဆိုပြီး သကာလ ခန္ဓာအသက် မငဲ့ကွက်ဘဲနဲ့ လုပ်မယ်ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ သွား ကိုက်တယ် (မှန်ပ့ါ ဘုရား)။

အဲဒီတော့ နောက်က တဏှာ၊ မာန လာနိုင်သေးရဲ့လား (မလာနိုင်ပါ) ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ်နေသတုန်း (ပြတ်ပါတယ် ဘုရား) ဟောဒီမဂ်က ဖြတ်ချလိုက်တယ် (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

”မာနသမ္ဘူတော (လ) ပဟာတဗ္ဗော”ဆိုတော့ ဒီမာန ဖြစ်ကောင်းတယ် (မှန်ပါ့) သူတောင် ရအောင်အားထုတ် သေးတာပဲ၊ ဒို့လဲ ရအောင် အားထုတ်မယ်ဆိုတဲ့ မာနမျိုး ဘယ့်နှယ်တုန်း (ဖြစ်ကောင်းပါတယ်) ဒကာသစ် သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီမာနမျိုးသည် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် မလုပ်ချင်တဲ့ဘက် မပြေးအောင် ဒီမာန်မျိုးကို တက်ပါလို့ ရှင်အာနန္ဒာက ဟောတယ် (မှန်ပ့ါ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ သေသေချာချာလာတယ် (မှန်ပ့ါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ကောင်းတဲ့ မာန

ကဲ ဒါဖြင့် ဒကာ ဒကာမို့ တဏှာမှာလဲ ဘာတုန်း ဖြစ်ကောင်းတဲ့တဏှာ၊ မဖြစ်ကောင်းတဲ့ တဏှာ နှစ်မျိုးပေါ့ဗျာ (မှန်ပါ့) မာနမှာလဲ (ဖြစ်ကောင်းတဲ့ မာန, မဖြစ်ကောင်းတဲ့ နှစ်မျိုးပါ ဘုရား)။

အဲ သူတစ်ပါးတောင် သာတာပန်, သကဒါဂါမ်ဖြစ်သေးတာပဲ၊ ဒို့လဲ သောတာပန်၊ သကဒါဂါမ် အဖြစ်ကို ရချင်တယ်၊ ယူချင်တယ်ဆိုတဲ့ တဏှာမျိုးကျတော့ (ဖြစ်ကောင်းပါတယ် ဘုရား)။

သူတို့တောင်မှ သောတာပန်၊ သကဒါဂါမ် အဖြစ်တတ်နိုင်သေးတာပဲ၊ ငါလဲ ဘယ့်နှယ်ကြောင့် မတတ်နိုင်ဘဲ ရှိရမတုန်းဆိုတဲ့ မာနမျိုးကျတော့ (ဖြစ်ကောင်းပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မာနကြောင့်ဖြစ်တဲ့ အလုပ်, လုပ်ဖြစ်တာကိုလဲ အဲဒီအလုပ်က မာနကိုပယ်ချတယ် (မှန်ပါ့ ဘုရား)။

စင်စစ်တော့ အလုပ်လုပ်ဖြစ်တာ ဘယ်သူ့ကြောင့်လဲ (မာနကြောင့်ပါ) သူတော်ကောင်းအလုပ် လုပ်ဖြစ်တာ လေ (မာနကြောင့်ပါ ဘုရား)။

နောက်ကျတော့ လုပ်တဲ့မဂ်က ဘယ်သူ့ပယ်လိုက်သလဲ (မာနကို ပယ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီမာနသည်ကား မာနအကြောင်းရင်းခံပြီး အလုပ်, လုပ်ဖြစ်တယ် (မှန်ပါ့) အလုပ်အထ မြောက်တော့ကို ဒကာ ဒကာမတို့ အလုပ်က မာနကိုပယ်လိုက်တယ် (မှန်ပါ့ ဘုရား)။

အလုပ်က ဘယ်သူ့ပယ်လိုက်ပါလိမ့် (မာနကို ပယ်လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဖြစ်ကောင်း-မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ်) ဒကာသစ် နေရာကျပလား (ကျပါပြီ ဘုရား)။

အဲဒီတွင်မှ ဘိက္ခုနီမက အင်း ဒီတရားတွေ ဟောတယ် ရှင်အာနန္ဒာက အာဟာရကြောင့် ဖြစ်တဲ့တဏှာကို ဖြစ်ပျက်ရှုလိုက်လို့ရှိရင်ဖြင့် အာဟာရလဲ စားရသေးတယ် အာဟာရကြောင့်လဲ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)။

အားထုတ်တဲ့မဂ်က သတ်ပစ်လိုက်ပါတယ်

တဏှာနဲ့ပတ်သက်ပြီး သူတစ်ပါးရတာ ရချင်တာနဲ့ အားထုတ်လိုက်တာနဲ့ ပဌမတော့ဖြင့် တဏှာနဲ့ရချင်လို့ အားထုတ်လိုက်တာပဲ၊ နောက်တော့ ဒီတဏှာကို အားထုတ်တဲ့မဂ်က သတ်ပစ်လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

တယ်နေရာကျတယ် ဘိက္ခုနီမက တရားနာတော့ ဒီအတိုင်း သူဉာဏ်ရောက်တယ် (မှန်ပါ့) “မာနသမ္ဘူတော” ဆိုတဲ့ အတိုင်းတဲ့ မာနရှိကောင်းတယ် (မှန်ပါ့) သူများတောင် ရသေးတာပဲ၊ ငါ ဘယ့်နှယ်ကြောင့် မရဘဲရှိရမလဲ ဆိုတဲ့ မာန်တက်ရတယ် (မှန်ပါ့ ဘုရား)။

မာန်တက်ပြီး သကာလ အားထုတ်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ မကိုက်ပေဘူးလား (ကိုက်ပါတယ်) ဒါဖြင့် ဒီမဂ် ဘာပယ်မတုန်းမေးတော့ (မာနပယ်ပါတယ် ဘုရား)။

ဟာ ဒါဖြင့် မာနကြောင့်ဖြစ်တာ၊ မာနပဲ ပြန်ပယ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဥစ္စာဖြစ်ကောင်း-မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား)။

ဒကာသစ် နေရာကျပလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ဒီတဏှာ၊ ဒီမာနမျိုး မရှိသေးလို့လဲ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ဒကာသစ်တို့ ဒါလိုနေသေးတယ် (လိုပါတယ်) မလိုဘူးလားဗျာ (လိုပါတယ် ဘုရား)။

ဒီတဏှာကလဲ လိုနေသေးတယ် (မှန်ပ့ါ) မာနကော (လိုပါတယ် ဘုရား)။

ဟာ ဒီဥစ္စာတွေ ဒီ့ပြင်နေရာကျတော့ ခင်ဗျားတို့က မလိုဘူး (မလိုပါ) ဒီနေရာကျမှ (လိုပါတယ် ဘုရား)။

ဟာ ဒါဖြင့် ဒါကလေး ပြင်လိုက်ပါဦး (မှန်ပါ့) မပြောသင့်ဘူးလား (ပြောသင့်ပါတယ် ဘုရား)။

ဒါကလေး ဘာတဲ့တုန်း (ပြင်လိုက်ပါဦး) ဒီနေရာမှာ တဏှာထား ကောင်းပါတယ်၊ လောကုတ္တရာနေရာမှာလဲ (မှန်ပါ့) မာနကော (ထားကောင်းပါတယ် ဘုရား)။

ဒီတဏှာ၊ မာနသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ နောက်ဘဝ ပဋိသန္ဓေဆိုတဲ့ အပါယ်လေးပါး ရောက် ဦးမှာလား မရောက်ဘူးလား (မရောက်ပါ ဘုရား)။

မရောက်ဘူးလို့ သေသေချာချာ အဋ္ဌကထာဆရာဖွင့်တယ် (မှန်ပါ့) ဘာဖြစ်လို့ မရောက်သတုန်းလို့ မေးတော့ မဂ်က မာနပယ်လိုက်တယ် (မှန်ပါ့) ဒီမဂ်က တဏှာကို ပယ်လိုက်တယ် (မှန်ပါ့ ဘုရား)။

အစတုန်းကသာ တဏှာနဲ့အားထုတ်တယ် (မှန်ပါ့) မာနနဲ့ အားထုတ်တယ် (မှန်ပါ့) အားထုတ်ပြီးတဲ့အခါကျ လို့ရှိရင်ဖြင့် အားထုတ်တဲ့မဂ်က ဘာပယ်သတုန်း (မာနပယ်ပါတယ်) တဏှာကော (ပယ်ပါတယ် ဘုရား)။

ဒီမာန အပါယ်ရောက်ဦးမှာလား

ဒါဖြင့် အကြောင်းရင်းခံဖြစ်တဲ့ တဏှာပယ်နိုင်တဲ့ မဂ်လာတော့ ကျုပ်တို့သည်၊ ဪ ဒီတဏှာ အပါယ် ရောက်ဦးမှာလား ဒီမာန အပါယ်ရောက်ဦးမှာလားဆိုတာ ယနေ့ဆုံးဖြတ်ချက်ချ၊ ဘယ်တော့မှ မရောက်ဘူးတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားထုတ်တဲ့အခါမှာ ဒီတဏှာမျိုးလဲလိုတယ် (လိုပါတယ် ဘုရား) မာနကော (လိုပါတယ် ဘုရား)။

ဟာ တပည့်တော်တို့ တဏှာမာနဟာ သူတို့နဲ့ချည့် အားထုတ်ရမှာလား၊ ရိုးရိုးသံဝေဂနဲ့ကော မရဘူးလား ဆိုလို့ရှိရင်လဲ ရိုးရိုးသံဝေဂ ဉာဏ်နဲ့လဲ ရပါတယ် (ရပါတယ် ဘုရား)။

ဒါဖြင့် အားထုတ်နည်း ဘယ်နှစ်မျိုးသင်ပါလိမ့် (နှစ်မျိုးပါ ဘုရား) သုံးမျိုးသင်လိုက်တယ် (မှန်ပါ့)။

သံဝေဂ အိုဘေး၊ နာဘေး၊ သေဘေးကြောက်ပြီး သကာလ အားထုတ်တဲ့ သံဝေဂနဲ့ အားထုတ်ရင်လဲ ရပါ တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူများရသလို ရချင်တဲ့ တဏှာနဲ့ အားထုတ်ရင် (ရပါတယ် ဘုရား)။

သူများကို မခံချင်လို့အားထုတ်ရင်ကော (ရပါတယ် ဘုရား)။

ဒါဖြင့် သံဝေဂဉာဏ်နဲ့လဲ ဝိပဿနာ အထမြောက်နိုင်ပါတယ် (မှန်ပါ့) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်ပါတယ် (မှန်ပါ့) တဏှာနဲ့လဲ (ရနိုင်ပါတယ် ဘုရား) မာနနဲ့လဲ (ရနိုင်ပါတယ် ဘုရား) ဒါဖြင့် ရနိုင်တဲ့နည်း ဘယ်နှစ်နည်းပါလိမ့် (သုံးနည်းပါ ဘုရား)။

အဲဒီသုံးနည်း သပိတ်မှောက်ရင်တော့ဖြင့် သွားပြီ ခင်ဗျားတို့ ဘယ်တော့မှမရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်နှစ်နည်းဟောသတုန်း (သုံးနည်း ဟောပါတယ် ဘုရား)။

သံဝေဂဉာဏ်ကြောင့်လဲ ဝိပဿနာအားထုတ်ရင် (ရပါတယ်) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တယ် (မှန်ပါ့)။

တဏှာနဲ့လိုချင်လို့ အားထုတ်ရင် (ရနိုင်ပါတယ် ဘုရား) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်ပါတယ်။

မာနနဲ့ မခံချင်လို့ အားထုတ်ရင်ကော (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်ပါတယ် ဘုရား)။

သုံးကြောင်းဟော ပါတယ်

ဒါဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရခြင်း၏အကြောင်း ယနေ့ ဘယ်နှစ်ကြောင်း ဟောပါလိမ့် (သုံးကြောင်းဟော ပါတယ် ဘုရား)။

သံဝေဂတစ်ချက် (မှန်ပါ့) တဏှာနဲ့ (တစ်ချက်ပါ ဘုရား) မာနနဲ့ (တစ်ချက်ပါ ဘုရား)။

ဒါဖြင့် ဒကာသစ် ဘယ်ဟာကြိုက်သတုန်း (သုံးမျိုးစလုံး ကြိုက်ပါတယ် ဘုရား)။

သုံးချက်စလုံး ကြိုက်တယ် (မှန်ပါ့) ဟာ မဖြစ်ဘူး ဒီလိုတော့လဲ ဒီလိုတော့လဲ မဖြစ်ဘူး၊

ဒကာ ဒကာမတို့ ဒီလိုတော့လဲ မဖြစ်ဘူး၊ ဘာဖြစ်လို့ မဖြစ်သလဲလို့ မေးတဲ့အခါကျတော့ သံဝေဂဝင်နေတဲ့ အချိန်ကျတော့ တဏှာမာနက အနားမကပ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာဝင်နေတဲ့ အချိန်မှာလဲတဲ့ မာနအနားမကပ်ဘူး (မှန်ပါ့) မာနဝင်နေတဲ့အချိန်မှာလဲ (တဏှာအနား မကပ်ပါ ဘုရား) တဏှာ အနားမကပ်ဘူးဆိုတော့ သူတို့သုံးခုဟာ တစ်ခုခုက ဗိုလ်လုပ်နေတယ် (မှန်ပါ့ ဘုရား)။

သံဝေဂဝင်တဲ့အခါကျတော့ ဉာဏ်က ဗိုလ်လုပ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာဝင်နေတဲ့အခါကျတော့ တဏှာက ဗိုလ်လုပ်တယ် (မှန်ပါ့) မာန-ခက်ထန်တဲ့အခါကျတော့ (မာနက ဗိုလ်လုပ်ပါတယ် ဘုရား)။

အဲဒီတော့ ဗိုလ်-ဗိုလ်ချင်းတော့ဖြင့် မပြိုင်ပေဘူး (မှန်ပါ့) တစ်ခုခုနဲ့ဖြင့် ဒကာ ဒကာမတို့ အားထုတ်ရလိမ့် မယ် (မှန်ပ့ါ ဘုရား)။

သံဝေဂနဲ့ အားထုတ်တာအကောင်းဆုံး

သို့သော် အကောင်းဆုံးကို ပြောရလို့ရှိရင် သံဝေဂနဲ့ အားထုတ်တာ ဒကာကြွယ် အကောင်းဆုံး (မှန်ပ့ါ ဘုရား)

တဏှာ မာနနဲ့ အားထုတ်တာသည် မကောင်းဘူးလား ၊ ကောင်းပါတယ် (မှန်ပါ့) ဟိုက အကောင်းသာ တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အားထုတ်နည်း ဘယ်နှစ်နည်းသင်ပါလိမ့် (သုံးမျိုးသင်ပါတယ်) သံဝေဂနဲ့ ဝိပဿနာဉာဏ်က တက် မယ်ဆိုလဲ ရတယ် (မှန်ပ့ါ) တဏှာနဲ့ သူတစ်ပါးရလို့ ရချင်လို့တက်ရင်လဲ (ရပါတယ် ဘုရား) မာနနဲ့ မခံချင်လို့ တက်ရင်လဲ (ရပါတယ် ဘုရား)။

အဲဒီသုံးနည်းကိုဖြင့် ဒကာ ဒကာမတို့ ကြိုက်ရာအားထုတ်ပါ အပြစ်တော့ဖြင့် မရှိတာချည့်ပဲ (မှန်ပါ့) သဘော ပါပလား (ပါပါပြီ ဘုရား)

အဲဒီသုံးနည်း တစ်နည်းနည်း လက်ကိုင်ထားရင်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဒီဘဝ ရ,ရမယ်လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

ကဲ ယနေ့တွင် တော်ကြဦးစို့၊

သာဓု သာဓု သာဓု။