11805

မာတိကာသို့

ခန္ဓာတွေ ပြန်ပြန်ရနေခြင်းအကြောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း – မိုးကုတ်ဆရာတော်ဘုရား

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

(ခန္ဓာတွေ ပြန်ပြန်ရနေခြင်းအကြောင်း)နေ့အလုပ်ပေး တရားတော်

(၂၇-၈-၆၁)

တဏှာ, မာန, ဒိဋ္ဌိ သုံးမျိုးစွဲကပ်နေတဲ့အတွက်

မိမိခန္ဓာကိုယ်ကို မိမိခင်တွယ်နေတဲ့အတွက် မိမိခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး မိမိမာနတက်နေတဲ့အတွက် မိမိ ကိုယ်ကို ငါထင်နေတဲ့အတွက် တဏှာ, မာန, ဒိဋ္ဌိ သုံးမျိုးစွဲကပ်နေတဲ့အတွက် အားလုံးသော ဒကာ ဒကာမတွေမှာ ထွက်ရပ်လမ်း မတွေ့ဘဲ ဖြစ်နေတယ်ဆိုတဲ့ဥစ္စာ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကို တဏှာ, မာန, ဒိဋ္ဌိနဲ့ ငြိတွယ်နေတဲ့အတွက် ခန္ဓာငါးပါးမှတစ်ပါး ဘယ်နေရာမှ ပြေးစရာမရှိ ဘူး၊ ခန္ဓာငါးပါးဆီပဲ ပြန်ရောက်နေတယ် (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သံသရာကြီးထဲမှ နိဗ္ဗာန်တည်းဟူသော ဟိုမှာဘက်ကမ်း အေးချမ်းရာဌာန မထွက် နိုင်တာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာကို တဏှာ, မာန, ဒိဋ္ဌိ မပြတ်တာနဲ့ ခန္ဓာဘက် ချည့် ပြန်ရောက်ပြီးသကာလ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်ဘက် မရောက်ပါဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီခန္ဓာပြန်ရတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မလဲ၊ အိုဘေး, နာဘေး, သေဘေးတွေ ရောထွေးနေတဲ့ ခန္ဓာကြီး ဘယ့်နှယ်ကြောင့် ခဏခဏပြန်ရနေပါလိမ့်မလဲလို့ ဒုက္ခသစ္စာ ခန္ဓာကြီး ပြန် ရနေပါလိမ့်မလဲလို့ ဒကာကြွယ်က မေးမေး- ဒကာသစ်က မေးမေး ဒီခန္ဓာ ခင်တွယ်တဲ့တဏှာ၊ ဒီခန္ဓာ အကြောင်း ရင်းခံပြီးသကာလ ဖြစ်တဲ့မာန၊ ဒီခန္ဓာကို ငါထင်နေတဲ့ဒိဋ္ဌိ၊ ဒီသုံးခု ဒီခန္ဓာချည့် တွယ်နေတဲ့အတွက် နိဗ္ဗာန်ဘက်ကို မရောက်ဘူး၊ တစ်ဘဝလည်း ဒီခန္ဓာပြန်ရတာပဲ (မှန်ပါ့)၊ နောက်ဘဝလည်း (ဒီခန္ဓာ ပြန်ရပါတယ်)၊ နောက်ဘဝတွေ လာပြန်တော့ကော (ဒီခန္ဓာပြန်ရပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ရနေပါလိမ့်မလဲ

ဪ ဘယ့်နှယ်ကြောင့် ရနေပါလိမ့်မတုံး ဒုက္ခသစ္စာခန္ဓာကြီး ဘယ့်နှယ်ကြောင့် ရနေပါလိမ့်မလဲ လို့ ဒကာကြွယ်က မေးလို့ရှိရင် ဒီခန္ဓာခင်တွယ်တဲ့ တဏှာ, မာန, ဒိဋ္ဌိ အစွဲမပြတ်တဲ့အတွက် ဒီခန္ဓာပဲ ပြန်ရတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခန္ဓာပြန်ရတာ ရချင်လို့ရတာလား ဒီခန္ဓာကို တဏှာ, မာန, ဒိဋ္ဌိ ခင်မှု၊ တဏှာ၏ ခင်မှု ဒိဋ္ဌိ၏ခင်မှု မာန၏ တက်ကြွမှု၊ ဒီခန္ဓာပေါ်၌ တဏှာ, မာန, ဒိဋ္ဌိစွဲနေလို့ ပြန်ရတယ်ဆိုတာ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဒီခန္ဓာပြန်ရတာ တဏှာ, မာန, ဒိဋ္ဌိနဲ့ ဒီခန္ဓာစွဲနေလို့ ပြန်ရတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘဝများစွာ သံသရာက ဒီတဏှာ, မာန, ဒိဋ္ဌိဖြုတ်နည်း နိဿယည်းကို အမှန်အကန် မရခဲ့တဲ့အတွက် အိုဘေး, နာဘေး, သေဘေးရှိတဲ့ ခန္ဓာကြီး ဒီခန္ဓာကြီးကိုပဲ အဖော်လုပ်ပြီးသကာလ နေရတော့ ဘယ်ဘဝမှ အန္တရာယ်ကင်းလို့ ဘေးရှင်းခဲ့တဲ့ဘဝ မရှိပါဘူး (မရှိပါ ဘုရား)။

ဘာအဖော်လုပ်နေလို့ပါလိမ့် (တဏှာ, မာန, ဒိဋ္ဌိ အဖော်လုပ်နေလို့ပါ)၊ တဏှာ, မာန, ဒိဋ္ဌိနဲ့ ခန္ဓာကို အဖော် လုပ်နေရတဲ့အတွက် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာရှိသ၍ ဒုက္ခရှိတယ် (မှန်ပါ့)၊ ခန္ဓာရှိသ၍ (ဒုက္ခရှိပါတယ် ဘုရား)။

ဒီခန္ဓာနားမှာပဲ တလည်လည်နဲ့နေတဲ့ တဏှာ, မာန, ဒိဋ္ဌိ၊ ဒီခန္ဓာခင်တွယ်တဲ့ တဏှာ, မာန, ဒိဋ္ဌိက ဘယ်တော့ မှ မစွန့်လို့ရှိရင် ဒီခန္ဓာတည်းဟူသော ဒုက္ခသစ္စာခန္ဓာကြီး ဖြစ်ပျက်တတ်တဲ့ ခန္ဓာကြီး၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ခန္ဓာကြီးနဲ့ ဒကာကြွယ် ဘယ်တော့မှ ကင်းမှာမဟုတ်ဘူး (မကင်းပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒိဋ္ဌိမသေတဲ့ပုဂ္ဂိုလ်

ဒါဖြင့် တဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောတဲ့ဥစ္စာကို ခန္ဓ ဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘယ်လိုလာသတုံးဆိုလို့ရှိရင် ဒီခန္ဓာခင်တွယ်တဲ့ တဏှာ, မာန, ဒိဋ္ဌိ မင်းတို့မစွန့်သ၍ ကာလ ပတ်လုံးကွာ တဲ့ ငါဘုရား သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ မင်းတို့အတွက်တွေ ကြည့်လိုက်တဲ့အခါမှာ မြင်းမိုရ်တောင် ကြီး ပျောက်စရာရှိတယ် (မှန်ပါ့)၊ တဏှာ, မာန, ဒိဋ္ဌိမသေတဲ့ပုဂ္ဂိုလ် ခန္ဓာဒုက္ခဖြင့် ပြတ်လိမ့်မယ် မဟုတ်ဘူးတဲ့ (မှန် ပါ့)၊ သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဉာဏ်နားနဲ့ထောင်ပါ (မှန်ပါ့)၊ ဘာနားနဲ့ ထောင်ရမတုံး (ဉာဏ်နားနဲ့ ထောင်ရပါမယ် ဘုရား)။

မြင်းမိုရ်တောင်ကြီးဆိုတာ

ဉာဏ်နားနဲ့ ကြပ်ကြပ်ထောင်ကြပါ (မှန်ပါ့)၊ မြင်းမိုရ်တောင်ကြီးဆိုတာ ဒကာ ဒကာမတွေ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်အောက်မှာ ရေထဲမြုပ်နေတယ် (မှန်ပါ့)၊ အပေါ်မှာလည်း ရှစ်သောင်းလေးထောင်ဆိုတာ ဆယ့်သုံးမိုင်ပေါင်း ရှစ်သောင်းလေးထောင် ဆိုပါတယ် (မှန်ပါ့)၊ လုံးပတ်ကလည်း ဒီအတိုင်းပါပဲ (မှန်ပါ့ ဘုရား)။

အဲဒါကြီးပျောက်ဖို့ရာ မြင်သေးသတဲ့ (မှန်ပါ့)၊ မင်းတို့ခန္ဓာနဲ့ တဏှာ, မာန, ဒိဋ္ဌိနဲ့ စွန့်တတ်တဲ့ နည်းပေးနိုင် တဲ့ ဆရာနဲ့ မတွေ့လို့ရှိရင်ဖြင့် အိုဘေး, နာဘေး, သေဘေးရှိတဲ့ ခန္ဓာကြီးနဲ့ မင်းတို့ဟာ အမြဲမိတ်ဆွေဖြစ်နေမှာပဲတဲ့ (မှန်ပါ့)၊ ကြောက်စရာ သိပ်ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

မဟာပထဝီမြေကြီးဟာ နှစ်သိန်းနဲ့ လေးသောင်းရှိတယ်၊ ယူဇနာပေါင်း (မှန်ပါ)၊ အဲဒီလောက်ထုရှိတဲ့ မဟာ ပထဝီမြေကြီးပျောက်ဖို့ရာ ငါမြင်သေးတယ်တဲ့ (မှန်ပါ့)၊ မင်းတို့ တဏှာ, မာန, ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များ ဒီခန္ဓာကြီးနဲ့ ခွဲရ လိမ့်မယ် ကွဲရလိမ့်မယ်ဆိုတာ ငါမမြင်ဘူးကွတဲ့ (မှန်ပါ့)၊ တယ်လည်းဆိုးပါလား (ဆိုးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ သမုဒ္ဒရာရေကြီးသည်ကားလို့ဆိုရင်ဖြင့် အင်မတန်မှ ပေါများပါတယ်ဆိုတာ ကြည့်လို့ကို မဆုံးနိုင်လောက်အောင် ကျယ်ဝန်းပါတယ်၊ အနက်ကလည်း အင်မတန် နက်တဲ့ရေတွေ၊ အများကဖြင့် ဒကာသစ် ပြောစရာမရှိပါဘူး (မရှိပါ ဘုရား)။

အဲဒီ့နက်နဲပြီးသကာလ ကျယ်ဝန်းပြီး, ပြန့်ပြောပြီး ပေါများနေတဲ့ ရေတွေ ကုန်ဖို့, ခန်းဖို့ ကမ္ဘာပျက်တဲ့အခါ မှာ ငါမြင်ပါတယ်ကွာတဲ့ (မှန်ပါ့)၊ ဒီ တဏှာ, မာန, ဒိဋ္ဌိ မစွန့်တဲ့ပုဂ္ဂိုလ်မှာ ဒုက္ခကင်းလိမ့်မယ်၊ ဒုက္ခတွေနဲ့ ဘယ်အခါ ကာလမှ အိုစားကွဲလိမ့်မယ်ဆိုတာ ငါမမြင်ဘူးတဲ့ (မှန်ပါ့)၊ ဆိုတော့ တယ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

အင်မတန် ကြောက်စရာကောင်းတဲ့အတွက်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ဖြင့် ဒီတဏှာ, မာန, ဒိဋ္ဌိအကြောင်းကို ဒကာ ဒကာမတို့ သေသေချာချာ ငါတို့ဖြတ်တောက်ပြီးသကာလ ဒုက္ခသိမ်းတဲ့နည်းကို ဆရာကလည်း ပေးလိမ့်မယ်၊ ငါတို့ကလည်း အရယူပြီးသကာလ ကျင့်ကြံကြိုးကုတ် အားထုတ်ပါတော့မယ်ဆိုတဲ့ စိတ်ကိုဖြင့် အကြီး အကျယ် ဒကာကြွယ်တို့၊ ဒကာသစ်တို့ ဆုံးဖြတ်ချက်ချဖို့ကောင်းပြီ (မှန်ပါ့ ဘုရား)။

သူ့ကိစ္စက အဆုံးမှာ မသာကိစ္စပဲ

ဘာ့ကြောင့်တုံး ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးက ဘယ်ဘဝဖြစ်ဖြစ် သူ့ကိစ္စက အဆုံးမှာ မသာကိစ္စပဲ (မှန်ပါ့)။

အဆုံးကျတော့ (မသာကိစ္စပါ ဘုရား)၊ အလယ်မှာကျတော့ သားသမီးမုန်း၊ အများမုန်းတဲ့ အိုဘေးကိစ္စ (မှန် ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီ့ထက် အလယ်နားကို မသေခင် တိုးလိုက်ပြန်တော့လည်း တဲ့ ဒကာ ဒကာမတို့ သူများ တံထွေးထွေးတဲ့ နာဘေးကိစ္စ (မှန်လှပါ ဘုရား)၊ ခန္ဓာ၏ဖြစ်ထွေဟာ ဒါပဲရှိတယ် (မှန်လှပါ ဘုရား)။

ပဋိသန္ဓေနေတဲ့ကိစ္စ တစ်ခါတွေ့ပြန်တော့လည်း လူမမယ်၊ ဒကာ ဒကာမတို့ လူ့ဒုက္ခိတကိစ္စ (မှန်လှပါ)။

ပဋိသန္ဓေနေတုန်းကျတော့ ကလေးငယ်ငယ်ကလေးကျတော့လည်း ဒကာသစ် ဘာကိစ္စပါလိမ့် (လူမမယ်ကိစ္စ ပါ)၊ လူ့ဒုက္ခိတကိစ္စ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

တော်တော်ကလေး အိုလာတဲ့အခါကျတော့လည်း သား, သမီးမုန်း၊ အများမုန်းတဲ့ကိစ္စ (မှန်လှပါ)၊ တော်တော် ကြာတော့ ဒီခန္ဓာကြီးဟာ နာဘေးသင့်လာတဲ့အခါ သူများကွယ်ရာမှာ တံထွေးထွေးတဲ့ကိစ္စ (မှန်လှပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီ့ထက် ဒကာ ဒကာမတွေ ရှေ့သွားပြန်တော့လည်း မြို့ထဲက နှင်ထုတ်တဲ့ အသုဘကိစ္စ (မှန်လှပါ)။

ဪ ခန္ဓာ့ကိစ္စလေးချက်မှာ ဆရာဘုန်းကြီး အခု သေသေချာချာပြောတော့ ဘယ်ကိစ္စကို ဒကာ ဒကာမတွေ နှစ်သက်သင့်သလဲဆိုတာ ဒကာသစ် စဉ်းစားစမ်း (ဘယ်ကိစ္စမှ မနှစ်သက်သင့်ပါ ဘုရား)။

ဒုက္ခိတကိစ္စကော ဒကာ ဒကာမတို့ (မနှစ်သက်သင့်ပါ ဘုရား)၊ သား, သမီးမုန်း အများမုန်းတဲ့ကိစ္စကော (မနှစ်သက်သင့်ပါ ဘုရား)၊ သူများကွယ်ရာမှာ တံထွေးထွေးတဲ့ကိစ္စကော (မနှစ်သက်သင့်ပါ ဘုရား)၊ ‘ထွီ ‘ သူ့ အနာကြီးက ရွံစရာကြောက်စရာကြီး၊ နံလိုက်တာ စော်လိုက်တာ (မှန်ပါ့)၊ မတတ်သာလို့သာ သွားမေးရတယ်၊ ပြင်ဘက် ကျတော့ တံထွေးထွေးပြန်ကြတယ် (မှန်ပါ့)၊ ဒီကိစ္စကော ကြိုက်ကြရဲ့လား (မကြိုက်ပါ ဘုရား)၊ ရွာ့ပြင်ထုတ်တဲ့ကိစ္စ ကော (မကြိုက်ပါ ဘုရား)။

ဒါဖြင့် ခန္ဓာရတဲ့ကိစ္စမျိုးမှာဖြင့် ဘယ်ကိစ္စမှ ဒကာကြွယ်ဖို့ ဆုတောင်းယူစရာကိစ္စ မပါပါဘူး (မပါပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အမှားကျွံတယ်

ဇာတိကိစ္စလည်း ဆုတောင်းယူတဲ့ပုဂ္ဂိုလ်ဟာ အမှားကျွံတယ် (မှန်ပါ့)၊ အမှားလွန်တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဇရာကိစ္စ ဆုတောင်းယူတဲ့ပုဂ္ဂိုလ်လည်း အမှားကျွံတယ်- အမှားလွန်တယ် (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဗျာဓိကိစ္စ ကွယ်ရာမှာ တံထွေးထွေးတဲ့ကိစ္စပြီး ကိုယ့်အတွက် တံထွေးထွေးကြတဲ့ကိစ္စလည်း ဒါကြီးကို လိုချင်တဲ့ ဒကာ ဒကာမတွေသည် အမှားကျွံ အမှားလွန်ပဲ (မှန်လှပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီဟာဖြင့်ကွာ ခုနစ်ရက်ထားဖို့ အသုဘ၊ အို ခုနစ်ရက်ဟာ ကြာတယ်၊ သူတစ်ပါးတွေဆီကို နံကနံ စော်ကစော်နဲ့ သုံးရက်နဲ့ကောင်းတယ်ဆိုပြီးသကာလ အမြန်ဆုံး မြို့ပြင်, ရွာပြင်ထုတ်တဲ့နည်းဟာလည်း သေဘေးကိစ္စ (မှန်လှပါ)၊ အဲဒီကိစ္စလည်း ဒကာ ဒကာမတို့ ခန္ဓာရှိလို့ ပေါ်လာရတဲ့ကိစ္စပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခန္ဓာ့ကိစ္စလေးချက်ကို သစ္စာဖွဲ့လိုက်တော့ “ဇာတိပိဒုက္ခံ-ဇရာပိ ဒုက္ခံ-ဗျာဓိပိဒုက္ခော-မရဏမ္ပိ ဒုက္ခံ” လို့ ဘုရားဟောပါလျက်သားနဲ့ ခင်ဗျားတို့က လူဖြစ်ရပါလို၏ နတ်ဖြစ်ရပါလို၏ဆိုတော့ ဇာတိ ဆုတောင်းယူနေတာ ဒုက္ခိတဆုတောင်းယူတာပဲ (မှန်လှပါ)။

ဇာတိ ဆုတောင်းယူတာ (ဒုက္ခိတ ဆုတောင်းယူတာပါ)၊ ဒုက္ခိတ ဆုတောင်းပြီးသကာလ နောက် အိုဘေးသင့် တော့ တောင်ဝှေးထောက် မျက်မှန်တပ်ပြီးသကာလ ဟုတ်လား (မှန်ပါ့)၊ လူချင်းမတူတဲ့ကိစ္စ ဆုတောင်းယူတာဆိုတာ ကော မှားသလား (မမှားပါ ဘုရား)။

နောက်ကျတော့ သူများ တံထွေးထွေးတဲ့ နာဘေးကိစ္စလည်း ခင်ဗျားတို့ ဆုတောင်းယူလို့ရတာ (မှန်လှပါ)။

နောက် ရွာ့ပြင်ထုတ်ရတဲ့ သုံးရက်လောက်နဲ့ တော်ပြီ၊ နေ့ချင်းတောင် ကောင်းသေးတယ် ကုလားများလိုဆိုပြီး သကာလ ဆုံးဖြတ်ချက်ချပြီး မြို့ပြင်ထုတ်တဲ့ကိစ္စလည်း ခင်ဗျားတို့ အလိုလိုရတာလား၊ ခန္ဓာခင်လို့ရတာလား (ခန္ဓာ ခင်လို့ရတာပါ ဘုရား)။

ဒါ့ဖြင့် တဏှာ မာန ဒိဋ္ဌိတို့၏ လက်ချက် (မှန်လှပါ ဘုရား)၊ ခန္ဓာကြီးရတာ ဘယ်သူ့လက်ချက်ပါလိမ့် (တဏှာ မာန ဒိဋ္ဌိတို့၏ လက်ချက်ပါ ဘုရား)။

အလွန်ကြောက်စရာကောင်းပါကလား

တဏှာ, မာန, ဒိဋ္ဌိတို့၏ လက်ချက်သည် ဒကာ ဒကာမတို့ အလွန်ကြောက်စရာကောင်းပါကလား (ကောင်း ပါတယ် ဘုရား)။

ဒါ့ကြောင့် ယနေ့သည်ကားလို့ဆိုရင် တဏှာရော မာနရော ဒိဋ္ဌိရော ဒကာ ဒကာမတို့ ခန္ဓာအကြောင်း ကောင်းကောင်းသိတဲ့တရား ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ လာတဲ့အတွက် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး သေသေချာချာ ခန္ဓာ၏အကြောင်းကို လုံးဝမနှစ်သက်ထိုက်တဲ့ အကြောင်းကို သေသေချာချာ ဟောတဲ့အတွက် ဒကာ ကြွယ်ရေ ခွေးဥပမာနဲ့တောင် ပြလိုက်သေးတယ် (မှန်ပါ့)။

ခွေး ဥပမာနဲ့ ဘုရားကိုယ်တိုင်ပဲ စက်ဆုပ်စရာပြတဲ့ သဘောကို ဒကာ ဒကာမတွေ ယနေ့ ဪ တို့ သည်ကားလို့ဆိုရင် အတော်ဆိုးဝါးပြီးသကာလ အတော်ပေတဲ့ ပုဂ္ဂိုလ်တွေမို့ ဒီအခြေအနေ ရောက်နေတာကိုးဆိုတာ ပေါ်တော့မှာပဲ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ခွေးတစ်ကောင်သည် တဲ့၊ အဲဒီက တိုင်ကို အလယ်မှာ ခိုင်မြဲလှစွာသော မြေကြီးထဲမှာ တိုင်စိုက်လိုက် (မှန်လှပါ)၊ တိုင်စိုက်လိုက်ပြီးသကာလ ခွေးတစ်ကောင်ကို ကြိုးနဲ့ချည်လိုက်တယ် (မှန်လှပါ)၊ ခွေးတစ် ကောင် ကြိုးနဲ့ ချည်တာက ခွေးမှာလည်း တစ်ခါ လည်ပတ်ကြိုးတစ်ခု တပ်လိုက်ဦး (မှန်ပါ့)၊ ခွေးမှာ လည်ပတ်ကြိုး တပ်ပြီးသကာလ ခုနင်က တိုင်နဲ့ လည်ပတ်ကြိုးနဲ့ ဒကာ ဒကာမတို့ ဆက်သွယ်လိုက် (မှန်ပါ့)။

ဆက်သွယ်လိုက်တော့ တိုင်ရယ်, ကြိုးရယ်, လည်ပတ်ရယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ မပေါ်ဘူး လား (ပေါ်လာပါတယ် ဘုရား)။

ကောင်းပြီ တိုင်ကလည်း မြဲလိုက်တာ၊ ကြိုးကလည်း ခိုင်လိုက်တာ၊ လည်ပတ်ကလည်း မဖြုတ်နိုင်အောင်ပဲ ကြီးကျယ်တယ် (မှန်ပါ့ ဘုရား)။

ဒီခွေးကို ဒီလိုချည်ထားမယ်ဆိုရင်ဖြင့် ဒကာကြွယ် ဒကာသစ်တို့ စဉ်းစားကြည့်တာပေါ့၊ စဉ်းစားကြည့်ပါ တဲ့၊ ဒီခွေးသည်ကားလို့ဆိုရင် ဘယ်ပြေးမတုံးလို့ မေးလို့ရှိရင် ဘယ်မှမပြေးပါ ဘုရား (မှန်လှပါ)၊ ပြေးနိုင်ရင် တိုင် ဝိုင်းပြေးရုံပါပဲ (မှန်ပါ့)။

တိုင်လှည့်ပတ်ပြေးတယ်

ပြေးနိုင်ရင် (တိုင် ဝိုင်းပြေးရုံပါပဲ ဘုရား)၊ ဒကာ ဒကာမတို့ ဒီခွေး ဘယ်လောက် အစွမ်းကောင်းကောင်း တိုင်ကိုလည်း ကျွတ်အောင် မရုန်းနိုင်၊ ကြိုးကိုလည်း ပြတ်အောင် မလုပ်နိုင်၊ လည်ပတ်ကြိုးလည်း ကျွတ်အောင် မရုန်းနိုင် (မှန်ပါ့)၊ ဤကဲ့သို့ဖြစ်ပြီးနေပြီဆိုမှဖြင့် ဒီခွေးသည်ကားလို့ဆိုရင် သွားပြန်လည်း တိုင်ခြေရင်း မှတ်ပေရော့ (မှန်ပါ့)၊ ထိုင်ပြန်ကော (တိုင်ခြေရင်းပါ ဘုရား)၊ ဒါပဲမှတ်ရုံပဲ (မှန်ပါ့)၊ ပြေးပြန်လည်း တိုင်လှည့်ပတ်ပြေးတယ် (မှန် ပါ့)၊ ကျင်ကြီး,ကျင်ငယ် စွန့်ပြန်တော့ကော (တိုင်လှည့်ပတ်စွန့်ပါတယ်)၊ သေပြန်တော့ကော (တိုင်လှည့်ပတ်သေပါတယ် ဘုရား)။

ဪ ဒီခွေးသည်ကား လို့ဆိုရင်ဖြင့် တိုင်လည်းမကျိုး၊ ကြိုးလည်းမပြတ်၊ လည်ပတ်လည်း မပြုတ် ဆိုလို့ရှိရင်ဖြင့် ဒကာသစ်ရေ ဒီခွေးအတွက်ကဖြင့် ဘေးကနေ ကြည့်ရလေလေ အရုပ်ဆိုးလေလေပဲ (မှန်လှပါ ဘုရား)။

ဒီအနား ကျင်ကြီးနဲ့၊ ဒီအနား ကျင်ငယ်နဲ့၊ ဒီအနား စားခွက်နဲ့ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဒီအနားမှာပဲ ခွေးဖြစ်၊ ဒီအနားမှာပဲ ခွေးအိုဖြစ်၊ ဒီအနားမှာ ခွေးနာဖြစ် ဒီအနားမှာ ခွေးသေဖြစ် (မှန်လှပါ)၊ တိုင် ခြေမှာပဲ ဖြစ်ရတယ်ဆိုတာ သဘောကျပလား (မှန်ပါ့)။

ဘာ့ကြောင့်တုံး လို့ မေးတဲ့အခါကျတော့ တိုင်ကလည်း မကျွတ်နိုင်၊ ကြိုးကလည်း မပြတ်နိုင်ဘူး (မပြတ် နိုင်ပါ ဘုရား)၊ လည်ပတ်ကလည်း မပြုတ်နိုင်တော့ ဒီခွေး၏ကိစ္စသည် ဒကာ ဒကာမတို့ ပြေးပြန်လည်း တိုင်တစ်ပတ် (မှန်ပါ့)၊ စားပြန်လည်း တိုင်ခြေရင်း (မှန်ပါ့)၊ ကျင်ကြီးကျင်ငယ် စွန့်ပြန်တော့လည်း (တိုင်ခြေရင်းပါ)၊ သေပြန်တော့ ကော (တိုင်ခြေရင်းပါ)၊ ခွေးနာကြီးဖြစ်နေပြန်တော့ကော (တိုင်ခြေရင်းပါ ဘုရား)။

ဪ ဒါဖြင့် ဒီခွေးအဖြစ်ကို သိရလို့ရှိရင်ဖြင့် ဒကာသစ်တို့၊ ဦးမာဒင်တို့၊ ဒကာကြွယ်တို့ စဉ်းစားကြည့် စမ်း၊ ဪ ခွေးလည်းဖြစ်ပြန် တိုင်လည်းလွတ်အောင် မရုန်းနိုင်ပြန် ကြိုးလည်းမပြတ်ပြန် လည်ပတ်လည်း မပြုတ် ဘူးဆိုလို့ရှိရင် ဒီခွေး၏ဖြစ်ထွေကဖြင့် ဒီနားနေ၍ ဒီနားသေမှတစ်ပါး ဘာမှ သူ့အတွက် ပြောစရာမရှိဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီအနားနေ ဒီနားသေမှတစ်ပါး

ဒီအနားနေ ဒီနားသေမှတစ်ပါး (ဘာမှ သူ့အတွက်ပြောစရာမရှိပါ)၊ ဘာမှ ပြောစရာမရှိဘူးဆိုတာ ဘုန်းကြီး တို့ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ကြပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီခွေး၏ဖြစ်ထွေကို သေသေချာချာ စဉ်းစားကြည့်တော့မှ ခွေးလည်း ဖြစ်ပြန် (မှန်ပါ့)၊ ဒကာ ဒကာမတို့ အရုပ်ကလည်းဆိုးပြန် ခွေးလည်းဖြစ်ပြန်ဆိုတော့ သူ့ဖြစ်ထွေသည်ကားလို့ဆိုရင် ဖြင့် ပြေးပြန်လည်း တိုင်တစ်ပတ်ဆိုတော့လည်း အညောင်းပြေစရာ မပါဘူး (မပါ-ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ပြေးပြန်တော့လည်း အလွန်ကျယ်ဝန်းအောင် ပြေးမယ်ဆိုတော့ ကြိုးတစ်ဆုံး (မှန်ပါ့ ဘုရား)။

အလွန်ကျယ်ဝန်းအောင် ပြေးလိုက်ရင် (ကြိုးတစ်ဆုံးပါ)၊ ကြိုးတစ်ဆုံးမှတစ်ပါး ပြေးစရာရှိရဲ့လား (မရှိပါ ဘုရား)။

ဪ ဒါဖြင့် နောက်ဆုံးပိတ်တစ်နေ့ ပြေးနိုင်သ၍ ပြေးအမောဆိုက်တော့လည်း တိုင်ခြေရင်းပဲ အမော ဆိုက်ရုံရှိတယ် (မှန်ပါ့)၊ တခြား ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ ဒီခွေး၏ဖြစ်ထွေဟာဖြင့် ဘယ်လိုပဲ စဉ်းစားစဉ်းစား အရုပ်ဆိုးအကျည်းတန် ဖြင့် တန်းကုန်ပေါ့ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (အရုပ်ဆိုး အကျည်းတန် တန်းကုန်ပါပြီ ဘုရား)၊ အရုပ်ဆိုး အကျည်းတန်ဖြင့် တန်းကုန် ပေါ့လို့ဆိုတဲ့ဥစ္စာဖြင့် ဒကာ ဒကာမတို့ အင်မတန် မှန်ပါပြီ (မှန်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံးလို့ မေးတော့ ခွေးဖြစ်လို့ မသိတာက တစ်မျိုး၊ လည်ပတ်ကြီး ခိုင်ခံ့တာက (တစ်မျိုးပါ)၊ ကြိုးက ခိုင်ခံ့နေတာက (တစ်မျိုးပါ)၊ တိုင်ကလည်း စိုက်ထားတာက နက်နက်နဲနဲ စိုက်ထားပြန်တော့ (ရုန်းလို့မရပါ)၊ ဒီအမျိုးတွေက သူ့မှာ တစ်ခါတည်း ငြိတွယ်နေတော့ အဝိုင်းပြေးရယ်၊ ဒီအနား ကျင်ကြီးကျင်ငယ်စွန့်ရယ်၊ ဒီအနား စား, ဒီအနားအို, ဒီအနားနာ, ဒီအနားသေပဲ (မှန်ပါ့ ဘုရား)။

ဒီဒုက္ခမျိုးဖြင့် ကြောက်စရာ

ဒီခွေးဖြစ်ထွေကို ကြည့်မယ်ဆို ဒကာသစ်တို့ ဝမ်းမြောက်စရာလား ဒီဒုက္ခမျိုးဖြင့် ကြောက်စရာ၊ ရွံစရာလား ဆိုတာ အကဲခတ်ကြည့်ပါဦး (ကြောက်စရာ၊ ရွံစရာပါ ဘုရား)။

ကြောက်စရာ, ရွံစရာဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အကဲခတ်မိကြပလား (ခတ်မိပါပြီ ဘုရား)။

ဪ ဒီခွေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လည်ပတ်လည်း မပြုတ် ကြိုးလည်းမပြတ်, တိုင်လည်းမကျွတ် မယ်ဆိုရင်ဖြင့် ဘယ်နည်းနဲ့မှ လွတ်ရေး, ကျွတ်ရေး, ချမ်းသာရေးကိုဖြင့် တွေးလို့ကို ရစရာ မမြင်ဘူးဆိုတဲ့ဥစ္စာ ဒကာကြွယ် မှတ်လိုက်စမ်း (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒီခွေးအဖြစ်ကိုဖြင့် ဘေးကနေကြည့်သူအပေါင်း၏ စိတ်နှလုံးမှာဖြင့် ဒကာသစ်တို့၊ ဦးမာဒင် တို့ ချမ်းသာစရာ ဘယ့်နှယ်နေသတုံး (မမြင်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တယ်အဖြစ်ဆိုးတဲ့ ခွေးပါလား (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဒီခွေး ဘယ့်နှယ်ဆိုပါ့မလဲ (တယ်အဖြစ်ဆိုးတဲ့ ခွေးပါဘုရား)။

အေး ဒါသည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့ကို ဥပမာပြချင်လို့ ဘုရားက ထုတ်လာတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ကျုပ်တို့၏ ဆိုးဝါးပုံ, အကျည်းတန်ပုံ, အရုပ်ဆိုးပုံ, မသိပုံတွေကို ဘုရားကပြချင်လို့ ဘုရားက ဒီဥပမာထုတ်လာပါတယ်လို့ ခန္ဓဝဂ္ဂသံယုတ်မှာ ထုတ်လာတယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာငါးပါးကြီးဟာလည်း အင်မတန် မြဲမြဲခိုင်ခံ့တဲ့ ကျောက်တိုင် ကြီးပါပဲ (မှန်ပါ့)၊ ဒီခန္ဓာကြီး ခင်နေတာက ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါတော့ တဏှာကြိုးတွေ (မှန်ပါ့)၊ တဏှာ, မာန, ဒိဋ္ဌိကြိုးတွေက ဒီခန္ဓာကြီး ခင်နေတယ်ဆိုတာ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိလည်ပတ်ကြီးကလည်းရှိလျက်ပါပဲ

ခင်ဗျားတို့က ပုထုဇန် (မှန်ပါ့)၊ ခင်ဗျားတို့က ပုထုဇန်ဖြစ်နေတော့ ပုထုဇန်တည်းဟူသော ပုဂ္ဂိုလ်ကလည်း ဒိဋ္ဌိမစွန့်နိုင်တော့ ဒိဋ္ဌိလည်ပတ်ကြီးကလည်း ခင်ဗျားတို့မှာ ရှိလျက်ပါပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးက ချည်တိုင် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ကိုယ့်ခန္ဓာ ကိုယ်ခင်တဲ့တဏှာက ကြိုး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ငါ့ကိုယ် ငါ့ဟာ ထင်နေတာက လည်ပတ် (မှန်ပါ လည်ပတ်ပါ)၊ မသိတဲ့ပုဂ္ဂိုလ် က ပုထုဇန် (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ကျုပ်တို့ အခု ဘာတွေပါလိမ့်မတုံးလို့ မေးတော့ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ဗျာဒိတ်ပေး နေကြတယ် (မှန်ပါ့ ဘုရား)။

ဪ ပုထုဇန်ပဲ မှားမှာပေါ့ဘုရား (မှန်ပါ့)၊ ဒါ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ပြောနေတဲ့စကားပါ (မှန် ပါ့)၊ မှားတယ် မှန်တယ်ဆိုတာ ဗွေမယူပါနဲ့ (မှန်ပါ့ ဘုရား)။

ဒကာသစ်တို့ ပြီးတော့ အဖြေ ဘာထုတ်လိုက်သတုံး (ပုထုဇန်မို့ပါ)၊ ဪ ပုထုဇန်ဆိုတာ ဒီလိုပေါ့ဗျာ တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မှားတယ် မှန်တယ်ဆိုတာ ဗွေမယူကြပါနဲ့၊ ပုထုဇန်ဆိုတာ မမှန်သေးလို့ပါ (မှန်ပါ့)၊ အင်း ဒကာကြွယ် ဒီအဖြေကလေးတွေကော ဖြေလေ့ရှိတယ် မဟုတ်လား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ပုထုဇန်တည်းဟူသော ပုဂ္ဂိုလ်မှာ ဒိဋ္ဌိတည်းဟူသော လည်ပတ်နဲ့ ကိုယ့်ခန္ဓာငါးပါးတည်းဟူသော ခင်မှု တဏှာကြိုးနဲ့ တွဲလျက်ကြီးနေပါတယ် (မှန်ပါ့ ဘုရား)။

ဒီဘက်က ဒကာ ဒကာမတို့ ခန္ဓာငါးပါးချည်တိုင် (မှန်ပါ့)၊ ဒီဘက်က ဘာပါလိမ့် တဏှာတည်းဟူသော ကြိုး (မှန်ပါ့)၊ ဒီဘက်က ဒိဋ္ဌိတည်းဟူသော လည်ပတ် (မှန်ပါ့)၊ ဒီဘက်က ပုထုဇန်တည်းဟူသော အကန်း၊ အကန်း, အရူး ပေါ့ဗျာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အခုဖြစ်နေရတဲ့ ဖြစ်တွေသည် ဘယ်လိုများ ဖြစ်နေပါ လိမ့်မတုံးလို့ မေးတော့ ဒီခန္ဓာငါးပါးကြီးကိုပဲ ယုယကြောင့်ကြနေတော့ ခင်တဲ့တဏှာကလည်း ဆက်သွယ်လျက်ပဲ (မှန်ပါ့)၊ ဒီခန္ဓာငါးပါးကြီးကို ငါ့ကိုယ်-ငါ့ဟာ ထင်နေတဲ့ လည်ပတ်ကကော ရှိလျက်ပဲ (မှန်ပါ့ ဘုရား)။

လည်ပတ်နဲ့လည်ပင်း တွဲနေတယ်

ပုထုဇန်မို့ ဒိဋ္ဌိမပယ်နိုင်တော့ လည်ပတ်နဲ့ ကွဲနေတယ်ဆိုမလား၊ လည်ပတ်နဲ့ လည်ပင်း တွဲနေတယ်ဆိုမလား (လည်ပတ်နဲ့လည်ပင်း တွဲနေပါတယ် ဘုရား)။

ဒါဖြင့် တိုင်လှည့်ပတ်ပြေးပြီ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်လိုထင်ကြသလဲ (တိုင်လှည့်ပတ် ပြေးနေပါတယ် ဘုရား)။

တိုင်လှည့်ပတ် ပြေးနေတယ် (မှန်ပါ့)၊ အင်း လည်ပတ်ကကော ဒိဋ္ဌိ (မှန်ပါ့)၊ ကြိုးက ဘာပါလိမ့် (တဏှာ ပါ)၊ တိုင်က ဘာပါလိမ့် (ခန္ဓာငါးပါး)၊ လှည့်နေတာက ပုထုဇန် (မှန်ပါ့)၊ ဒီဘက်က ပုထုဇန် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် မနာနဲ့နော် (မနာပါ)၊ မနာနဲ့တဲ့၊ ဘယ့်နှယ်ကြောင့် မနာနဲ့လို့ ဆိုရပါသတုံး မေးတဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မိုက်ပုံ ခွေးနဲ့မထူးဘူးကွ ပြောတာ (မှန်ပါ့ ဘုရား)။

မိုက်ပုံ ဘာတဲ့ (ခွေးနဲ့ မထူးပါဘုရား)၊ ခွေးနဲ့မထူးဘူးဆိုတဲ့ အဓိပ္ပာယ် ရှင်းကြပါပြီ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဟုတ်-မဟုတ်ကို ဘုန်းကြီးကပဲ စကားအကျယ်ချဲ့ပြီးသကာလ ဒကာသစ်တို့ကို ရှင်းပြလို့ ရှိရင် ပေါ်ပါလိမ့်မယ်နော် (ပေါ်ပါပြီ ဘုရား)။

ဒီခန္ဓာငါးပါးကြီးကို ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုတာ ခင်လွန်းလို့ပေါ့ဗျာ (မှန်ပါ့)၊ အင်း ခန္ဓာငါးပါး ကြီး ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ အန္တရာယ်ကင်းလို့ ဘေးရှင်းကြပါစေဆိုတဲ့ အသွားတွေဟာ ခင်ဗျားတို့ ခန္ဓာငါးပါး ခင်လို့လား မခင်လို့လား (ခင်လို့ပါ ဘုရား)။

တဏှာတည်းဟူသော ကြိုးနဲ့

ဟာ ဒါဖြင့် တဏှာတည်းဟူသော ကြိုးနဲ့ ဘယ့်နှယ်နေကြသတုံး (တွဲနေပါတယ် ဘုရား)၊ တွဲနေပြီ၊ ခန္ဓာငါးပါးချည်တိုင်မှာ တဏှာတည်းဟူသောကြိုးနဲ့ ဒကာ ဒကာမတွေ သေသေချာချာတွဲပြီ (မှန်ပါ့ ဘုရား)၊ မတွဲ ဘူးလား (တွဲပါတယ် ဘုရား)။

ဒီခန္ဓာငါးပါးကြီးကို ငါ့ကိုယ်, ငါ့ဟာလို့ ထင်ကြရဲ့လား (ထင်ပါတယ် ဘုရား)၊ ဟာ ဒါဖြင့် ဒိဋ္ဌိတည်း ဟူသော လည်ပတ်နဲ့ကော မတွဲသေးဘူးလား (တွဲပါတယ် ဘုရား)။

ဘယ်သူတုံးကွ၊ ဒီခန္ဓာခင်တာ ဘယ်သူတုံး ၊ ဒီခန္ဓာကြီး ငါ့ကိုယ် ငါ့ဟာ ထင်နေတာ ပုထုဇန်ဘုရာ့ (မှန် ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူပါလိမ့် ဒကာ ဒကာမတို့ (ပုထုဇန်ပါ ဘုရား)၊ ဪ ဒါဖြင့် ဒကာသစ်ရေ ပုထုဇန်တစ်ယောက်မှာ ဒိဋ္ဌိလည်ပတ်နဲ့ တဏှာကြိုးနဲ့ ခန္ဓာချည်တိုင်နဲ့ဖြင့် တွဲလျက်ပါပဲ (တွဲလျက်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဒိဋ္ဌိက ဘာတဲ့ဗျာ (လည်ပတ်)၊ တဏှာက (ကြိုးပါ)၊ ခန္ဓာငါးပါးက (ချည်တိုင်ပါ)၊ ဒီနားလှည့်ပြေးနေတာက ဘယ်သူပါလိမ့် (ပုထုဇန်ပါ ဘုရား)။

ဦးမာဒင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ ပေါ်ပြီ ပေါ်ပါပြီ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။

ပေါ်ပြီတဲ့၊ ဒကာ ဒကာမတွေ ဘယ်ကို ဘာနဲ့ အရှာသွားတယ်၊ တဏှာနဲ့ အရှာသွားတယ်ဆိုတာ ဘယ်သူ့ဖို့ တုံး မေးရင် ဒီခန္ဓာပေါ့ဗျာ (မှန်ပါ့)၊ ဟော တဏှာနဲ့ တွဲလျက်ချည့်ပဲ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ် ခင်လွန်းလို့ ဒီသားသမီးခန္ဓာကိုယ် ခင်လွန်းလို့ ဒီပစ္စည်းတွေတည်းဟူသော ခန္ဓာတွေကို ခင်လွန်း လို့ဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာနဲ့ တဏှာနဲ့ တွဲ မတွဲ (တွဲပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ခင်တာတုံး ၊ အို ကိုယ်မွေးထားတာတွေ ကိုယ့်ကိုယ်ကိုး (မှန်ပါ့)။

ခင်လို့ ခွေးဖြစ်နေတော့ ဘယ်သူမှမသိဘူး

ကိုယ့်ကိုယ်ကိုယ်မခင်ရင် တိရစ္ဆာန်ဖြစ်တော့မပေါ့ (မှန်လှပါ)၊ ခင်လို့ ခွေးဖြစ်နေတော့ ဘယ်သူမှမသိဘူး (မသိပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကိုယ်ခင်လို့ကိုပဲ ခုနင်က ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ထင်နေတာက ဒိဋ္ဌိ (မှန်ပါ့)၊ ခင်တာက (တဏှာပါ ဘုရား)၊ ကိုယ့်ကိုယ်ဆိုတာ ခန္ဓာငါးပါး (မှန်ပါ့)။

ဒါဖြင့် ခန္ဓာငါးပါး တဏှာတည်းဟူသော ကြိုးနဲ့ ပုထုဇန်တည်းဟူသော ပုဂ္ဂိုလ်ကို ဒိဋ္ဌိလည်ပတ်ကြီးနဲ့ ဒီကြိုးနဲ့ တွဲနေတော့ ဒကာ ဒကာမတို့ ဘယ်သွားသွား ဒီတိုင်, ဒီကြိုး, ဒီလည်ပတ်နဲ့ ပုထုဇန်ဟာ လည်တာပဲ (မှန်ပါ့ ဘုရား)၊ နတ်ပြည်သွားလည်း ဒီကြိုး ဒီတိုင် ဒီလည်ပတ်နဲ့ပဲ လှည့်နေတာပဲ (မှန်ပါ့)၊ ဗြဟ္မာ့ပြည်သွားပြန်တော့ကော (ဒီကြိုး ဒီတိုင် ဒီလည်ပတ်နဲ့ လှည့်နေပါတယ် ဘုရား)၊ ဒီတိုင် ဒီကြိုး ဒီလည်ပတ်ကြီးနဲ့ လှည့်ပြေးနေတာပဲ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြည့်တော့ ဒီတိုင်ခြေရင်းမှာပဲ ဒကာ ဒကာမတို့ ထမင်းစား ကြတာပဲ (စားကြပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒီခန္ဓာကြီးကို ဒီနားမှာ ထမင်းကျွေးကြတာကိုး (မှန် ပါ့ ဘုရား)။

ဒီတိုင်ခြေရင်းမှာပဲ ပုထုဇန်သည် ဒကာ ဒကာမတို့ ဒါကြီးနဲ့ စွန့်ရမှာ ခဲယဉ်းတယ်၊ ဒါကြီးဟာ ငါ့ကိုယ်ကြီးပဲ ဆိုတဲ့ ဒိဋ္ဌိကလည်း မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ငါ့ကိုယ်မို့ ငါခင်ရတယ်ဆိုတဲ့ တဏှာကော (ရှိပါတယ် ဘုရား)။

ဒီတိုင်ခြေကကို ပြေးရဲ့လား

ဒါဖြင့် ဒီတိုင်ခြေကကို ပြေးရဲ့လား (မပြေးပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တိုင်ခြေက ပြေးကြသေးရဲ့လား (မပြေးပါ ဘုရား)၊ ပြေးရင် ကြိုးတစ်ဆုံးပဲ ပြေးမှာပဲ (မှန်ပါ့)။

ပြေးရင် ဘာတဲ့ (ကြိုးတစ်ဆုံးပဲ ပြေးမှာပါ ဘုရား)၊ ကြိုးတစ်ဆုံးဆိုတာ ဒကာ ဒကာမတို့ ဒီကနေပြီး ဒကာ ကြွယ် မန္တလေးလွှတ်လိုက်ပါတယ်တဲ့၊ ဒီခန္ဓာနဲ့ပဲ လွှတ်လိုက်တယ် (မှန်ပါ့)၊ တော်တော်ကြာကျတော့ ဒီခန္ဓာရှိရာပဲ ပြန်လှည့်လာတယ် (မှန်ပါ့)။

သားသမီး ခန္ဓာရှိရာ ကိုယ့်ခန္ဓာအမြဲ စိုက်ထားတဲ့နေရာကို (ပြန်လှည့်လာပါတယ် ဘုရား)၊ ဒကာကြွယ်ရေ ကြိုးတစ်ဆုံးပါလား (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ လည်ပတ်ပါလို့ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (လည်ပတ်ပါလို့ပါ ဘုရား)၊ လည်ပတ်ပါတဲ့အခါကျတော့ ကြိုးဆုံးတော့ လည်ပတ်က တင်းတော့ တိုင်ခြေပြန်ဝပ်လိုက်တယ် (မှန်ပါ့)၊ တိုင်ခြေပြန်မဝပ်ဘူးလား (ဝပ်ပါတယ် ဘုရား)။

ဟာ ဒကာကြွယ် ကိုယ်ကျိုးနည်းပြီ (မှန်ပါ့)၊ ဪ တို့သည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ တပည့်တော်တို့ ရှေးတုန်းက ဘာများဖြစ်ခဲ့သတုံး ၊ ဒကာ ဒကာမတွေက လျှာရှည်ရှည်နဲ့ မေးချင်မေးကြမယ် (မှန်ပါ့ဘုရား)။

တပည့်တော်တို့ ရှေးတုန်းက ဘာများဖြစ်ခဲ့သတုံး ၊ အို တိုင်ခြေမှာ ကြိုးချည်ပြီးသကာလ ကိုယ့် လည်ပင်းမှာ ဒိဋ္ဌိလည်ပတ်နဲ့ တိုင်လှည့်ပတ်ပြေးနေတယ် (မှန်ပါ့)၊ ဒါပဲ ပြောစရာရှိတယ် (မှန်ပါ့ ဘုရား)၊ ဒီ့ပြင် ဘာ ရှိသေးသတုံး (မရှိပါ)။

နတ်ခန္ဓာဖြစ်ရပါလို၏ဆိုတော့လည်း

တိုင်ခြေမှာ ကြိုးနဲ့လေ (မှန်ပါ့)၊ လည်ပင်းမှာ ဘာတဲ့ (လည်ပတ်နဲ့ပါ)၊ ပုထုဇန်တည်းဟူသော ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ ဒီတိုင်မှာပဲ ပြေးနေတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတိုင်ကျိုးသွားမှာများ စိုးရိမ်လို့ နောက်ဘဝ နတ်ခန္ဓာဖြစ်ရပါလို၏ဆိုတော့ တိုင်လဲ လိုက်တာ (မှန်ပါ့)။

နတ်ခန္ဓာဖြစ်ရပါလို၏ဆိုတော့ (တိုင်လဲလိုက်ပါတယ် ဘုရား)၊ ဟ ကျိုးလို့လဲတာလား၊ မကျိုးခင်က အစားထားတာလား (မကျိုးခင်က အစားထားတာပါ ဘုရား)။

ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ခင်ဗျားတို့ဖြစ်ထွေ ပြောပါတယ် (မှန်ပါ့)၊ သေသေချာချာ ဉာဏ်နားနဲ့ထောင်တော့မှ ဪ ဘဝဆုတောင်းတဲ့ပုဂ္ဂိုလ်များ တိုင်ကြီးကြီးကို စိုက်ထူရပါလို၏ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

တိုင်ကြီးကြီးကို (စိုက်ထူရပါလို၏)၊ ဒကာကြွယ် တောင်းများတောင်းဖူးသေးသလား၊ ငယ်ငယ်တုန်းကပေါ့ဗျာ ၊ မသိတုန်းက (တောင်းဖူးပါတယ် ဘုရား)။

မသိတုန်းကတော့ တောင်းမိကြတာပေါ့နော် (မှန်ပါ့)၊ အခု သေသေချာချာသိပြီးသကာလ လာတော့ ဪ ငါတောင်းခဲ့တာသည် တိုင်မြဲရပါလို၏ ဆုတောင်းတာ (မှန်ပါ့)၊ ဘာ့ကြောင့်တုံးဆိုတော့ ပုထုဇန် ခွေးအဖြစ်မှ မလွတ်ချင်လို့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဆုတောင်းပါလိမ့် (ပုထုဇန် ခွေးအဖြစ်မှ မလွတ်ချင်လို့ပါ ဘုရား)။

ဒကာသစ် မနာနဲ့ မှန်နေတယ် (မှန်ပါတယ် ဘုရား)၊ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

သေသေချာချာ ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ ဪ နတ်ပြည်ဖြစ်ရပါလို၏ဆိုတော့ နတ်ပြည်လိုချင်တဲံ တဏှာနဲ့ နတ်ပြည်မှာ ခန္ဓာကြီးစိုက်ပြီး ဒကာ ဒကာမတို့ ဘယ်သူဖြစ်အောင် ဆုတောင်းသတုံး ငါဖြစ်အောင် ဆုတောင်း တာ (မှန်ပါ့)။

လည်ပတ်လည်း မပြုတ်ပါရစေနဲ့

ဪ ဒါဖြင့် လည်ပတ်လည်း မပြုတ်ပါရစေနဲ့ (မှန်ပါ့)၊ ကြိုးလည်း မပြတ်ပါရစေနဲ့ (မှန်ပါ့)၊ တိုင်လည်း ဒီ့ထက်ခိုင်တာတွေ့ပါရစေ (မှန်ပါ့)၊ ဘယ့်နှယ်လဲ ဆိုးလှချည်လား (ဆိုးပါတယ်)။

ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားပြီး ကြည့်တဲ့အခါကျတော့မှတဲ့ ဪ တို့ပါးစပ်က ထွက်ရက် တာဟာ မသိတဲ့ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိဟာ ထွက်ချင်တာ ထွက်တာပဲ (မှန်ပါ့)။

မသိတဲ့ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိဟာ (ထွက်ချင်တာထွက်ပါတယ် ဘုရား)။

သီလရှင်တွေများ ဒီအသံများ ထွက်မယ်ဆိုရင် အဝတ်တခြား ခေါင်းတခြားနေမှာပဲ (မှန်ပါ့)၊ ဒီအတိုင်းနေမှာ ပဲ (မှန်ပါ့)၊ တချို့ပုဂ္ဂိုလ်တွေလည်း ဒီအသံသာ ထွက်ကြမယ်ဆိုရင် ဘယ့်နှယ်နေကြမလဲ (ဒီအတိုင်းနေမှာပါ ဘုရား)။

ဒီအတိုင်းနေဦးမှာပဲ ဒကာ ဒကာမတို့ (မှန်ပါ့)၊ တိုင်မကျိုးပါရစေနဲ့, ကြိုးမပြတ်ပါရစေနဲ့, လည်ပတ်မပြုတ် ပါရစေနဲ့ (မှန်ပါ့)၊ ဒီအဓိပ္ပာယ်ပဲရတယ် (မှန်ပါ့)၊ ဒီ့ပြင် ဘာရသေးသတုံး (ဘာမှမရပါ ဘုရား)။

ဒကာကြွယ် ခင်ဗျားတို့ မှားချက် ကျွံကုန်ပြီနော် (ကျွံခဲ့ပါပြီ ဘုရား)။

ဒကာသစ် မှားချက် ဘယ့်နှယ်နေသတုံး (ကျွံနေပါပြီ ဘုရား)၊ အတော့်ကိုဆိုးပြီဆိုတာ ဦးမာဒင်တို့ ပေါ်ပါ ပြီ (ပေါ်ပါပြီ ဘုရား)။

ဪ ဒါကြောင့် ဒကာ ဒကာမတို့ သိ, ကြား, လိမ္မာတဲ့ ကလျာဏမိတ္တ သူတော်ကောင်း သစ္စာဟောတတ်, ပဋိစ္စသမုပ္ပါဒ် ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့ ပေါင်းကြစမ်းပါ, သင်းကြစမ်းပါဆိုတာ ဘုရား အကြိမ်ကြိမ်မှာတဲ့ဥစ္စာ တော်တော် အရေးကြီးလို့ပဲ (အရေးကြီးပါတယ် ဘုရား)။

ကြည့်စမ်း အခု ကိုယ်တောင်းထားတဲ့ဥစ္စာက တိုင်လည်းမြဲရပါလို၏ (မှန်ပါ့)၊ ကြိုးလည်း (ခိုင်ရပါလို၏)၊ လည်ပတ်လည်း (မြဲရပါလို၏)၊ အဲ ကြီးရပါလို၏ (မှန်ပါ့)၊ လည်ပတ်ကြီးကြီး (မှန်ပါ့)၊ ဒီတွင် လှည့်ပြေးနိုင်ပါရစေ (မှန်ပါ့)။

ဘာဆုတောင်းတာတုံး (ခွေးဆုပါ ဘုရား)၊ သေသေချာချာကျတော့ ခုနင်က ဥပမာနဲ့ပြောတော့ ခွေးဆုတောင်း တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုန်းကြီးက ပြောတာလား ဒကာ ဒကာမတို့ ဘုရားက ဟောတာလား (ဘုရားက ဟောတာပါဘုရား)။

အဲ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ သေသေချာချာ လာတယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒီတစ်ခါမှ တိုင်ကျိုး၍ ကြိုးပြတ်ပြီးသကာလ လည်ပတ်ပြုတ်အောင် မလုပ်ကြတော့ဘူးဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ဖြစ်ထွေဟာ ရောက်ရာ တိုင်နဲ့ ကြိုးနဲ့ လည်ပတ်နဲ့ လှည့်ရုံပဲ (မှန်ပါ့)။

သေသေချာချာ စဉ်းစားကြည့်တော့မှ ဒီဥစ္စာ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးမာဒင်တို့ မှန်သဗျာ (မှန်ပါတယ် ဘုရား)။

ဒီခန္ဓာကြီးနဲ့ဖြင့် ဘုရား ရောက်ရာမှာ ဒီခန္ဓာကြီး နတ်ခန္ဓာကြီးဖြစ်၍ ဗြဟ္မာခန္ဓာကြီး ဖြစ်ပါရစေ ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ တိုင်ရော, ကြိုးရောကို ဆုတောင်းယူတယ် (မှန်ပါ့)။

ဖြစ်ပါရစေဆိုတဲ့ တဏှာက ကြိုး

ခန္ဓာဆိုတာက တိုင်,တောင်းတာ (မှန်ပါ့)၊ ဖြစ်ပါရစေဆိုတဲ့ တဏှာက ကြိုး (မှန်ပါ့)၊ ဘယ်သူဖြစ်ချင်တာတုံး ဆိုတော့ အို တပည့်တော်ဖြစ်ချင်တာဘုရာ့ လည်ပတ် (မှန်ပါ့ လည်ပတ်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ တိုင်ခြေရင်းမှာ ကြိုးတန်းလန်းနဲ့ လည်ပတ်မပြုတ်ဘဲနဲ့ ဒီမှာ ကျင်ကြီးစွန့်၊ ဒီမှာ ထမင်းစား ဒီခေါင်းစင်းသေတိုင်ခြေမှာ (မှန်ပါ့)၊ အဲဒီ့အဖြစ်ဟာ ဆုတောင်းကောင်း မတောင်းကောင်း စဉ်းစားကြည့်ပါ (မတောင်း ကောင်းပါ ဘုရား)။

ဒကာကြွယ်ရေ မသိပြီဆိုရင် ဘယ်လောက်ဆိုးဝါးသတုံး (ဆိုးဝါးပါတယ် ဘုရား)၊ ဦးမာဒင် ပေါ်ပြီ (ပေါ်ပါ ပြီ ဘုရား)။

သေသေချာချာ ဒကာ ဒကာမတွေ ဉာဏ်နားနဲ့ ထောင်ကြည့်တဲ့အခါကျတော့မှ ဒကာသစ်ရေ ဘုရားရှေ့မှာ သစ္စာဆိုပါနော် (မှန်ပါ့)၊ အံမာလေး ဒီ့ပြင်နေရာလား (မဟုတ်ပါ ဘုရား)။

ဘုရားကလည်း တိုင်ကျိုးအောင် သူ့တာဝန် (မှန်ပါ့)၊ ကြိုးပြတ်အောင် (သူ့တာဝန်ပါ)၊ လည်ပတ်ကြိုးပြတ် အောင် (သူ့တာဝန်ပါ ဘုရား)။

ဪ ဘုရားကလည်း ဒါတွေကို တိုင်လည်းကျိုးအောင် ငါလုပ်မယ် သူတို့အတွက် ကြိုးပြတ်အောင်လည်း ငါပဲလုပ်မယ်၊ ဒိဋ္ဌိဆိုတဲ့ လည်ပတ်ပြုတ်အောင်လည်း ငါပဲကြိုးစားမယ်လို့ ကိုယ်တော်ကြီးက ထိုင်ပြီး ရှေ့နားမှာ စဉ်းစားတုန်း ခင်ဗျားတို့က တိုင်မကျိုးပါရစေနဲ့ ဘုရား (မှန်ပါ့)၊ ကြိုးမပြတ်ပါရစေနဲ့ ဘုရား (မှန်ပါ့)၊ လည်ပတ်ပါ (မပြုတ်ပါရစေနဲ့)၊ အဲဒါပြည့်အောင်ပဲ အရှင်ဘုရား ဆုပေးတော်မူပါ (မှန်ပါ့)၊ သွားပြီပေါ့ဗျာ (မှန်ပါ့)၊ တယ်ဆိုးပါ လား (ဆိုးပါတယ် ဘုရား)။

အရုပ်ဆိုး တန်းကုန်နေပြီ

ဒကာ ဒကာမတို့ ခင်ဗျားတို့ဖြစ်ထွေကဖြင့် အရုပ်ဆိုး တန်းကုန်နေပြီ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (အရုပ်ဆိုးတန်းကုန်နေပါပြီ ဘုရား)။

ဒကာသစ် ဒီ့ထက်ဆိုးလို့ရှိရင်ဖြင့် အဝီစိသွားရုံရှိတော့တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီ့ထက်ဆိုးရင်ဖြင့် (အဝီစိသွားရုံရှိပါတယ် ဘုရား)၊ အခုဟာ ခွေးဆုတောင်းတာရှိသေးတယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏ ဆုတောင်းတဲ့ပုဂ္ဂိုလ် ဘုရားကကြည့်စမ်း ခွေး ဥပမာနဲ့ပြတယ် (မှန်ပါ့)၊ ဘာဆုတောင်းသလဲ (ခွေးဆုတောင်းပါတယ် ဘုရား)။

ဒကာကြွယ် အခုမှ ပြန်ရှက်တော့ဗျာ (မှန်ပါ့)၊ ဆုတောင်းပြည့်ဘုရားများ ခင်ဗျားတို့နား ဆုတောင်းပြည့်ဘုရား ရှိပြီထင်တယ် (ရှိပါတယ် ဘုရား)။

ဟင် ဒကာကြွယ် ဆွမ်းအုပ်ကြီးနဲ့ သွားတဲ့ပြီးသကာလ အရှင်ဘုရား တပည့်တော်သည်ကားလို့ဆိုရင် တိုင်လည်း မကျိုးပါရစေနဲ့ (မှန်ပါ့)၊ ကြိုးကော (မပြတ်ပါရစေနဲ့)၊ လည်ပတ်ကော (မပြုတ်ပါရစေနဲ့)၊ လှည့်ပြီးတော့ ကော (ပြေးပါရစေ)၊ ဟ ဘာဆုတောင်းတာတုံး ဒကာကြွယ်ကြီး (ခွေးဆုတောင်းတာပါ ဘုရား)။

ဟာ အတော်ဆိုးနေပါပေါ့လား ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)၊ မြင်ကြပလား (မြင်ပါတယ် ဘုရား)။

သေသေချာချာ ဘဝဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာ ဒကာကြွယ် ဦးစီးထားပြောလို့ ဘဝဆုတောင်း ဒီအတိုင်း (မှန် ပါ့)၊ သေသေချာချာမသိတော့ ခွေးဆုတောင်းမှန်း ဘယ်သူမှမသိဘူး (မသိပါ ဘုရား)။

အခု သေသေချာချာ ဒကာ ဒကာမတို့ ခန္ဓဝဂ္ဂသံယုတ်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတာ ထောက်တော့မှ ဪ တောင်းလိုက်တဲ့ဆုကလည်း ပြည့်မှပြည့်ပါ့မလား လို့ စိုးများ စိုးရိမ်လိုက်သေးတယ် (မှန်ပါ့)၊ အပြီးသတ်တော့ လေးဘက်သွားဆုကြီးပါလား (မှန်ပါ့ ဘုရား)။

ဘာဆုပါလိမ့် (လေးဘက်သွား ဆုပါဘုရား)၊ ဒကာကြွယ် လေးဘက်သွားဆိုတော့ နည်းနည်းယဉ်သေးတာပေါ့ ဗျာ (မှန်ပါ့)၊ နည်းနည်းယဉ်သေးတာပေါ့၊ အင်မတန် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

လွတ်လပ်ရေးတရား ဆိုတာ

အေး ဒီနေ့တော့ ဒကာ ဒကာမတို့ တိုင်လည်း ကျိုးစေရပါမယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ကြိုးလည်း ပြတ်စေရမယ် ၊ လည်ပတ်လည်း ပြုတ်စေရမယ်ဆိုတဲ့ တရားဖြစ်လေသောကြောင့် ဪ လွတ်လပ်ရေးတရား ဆိုတာ ဒါပါလားဆိုတာ သေသေချာချာမှတ် (မှန်ပါ့ ဘုရား)။

ကြည့် ဒိဋ္ဌုပါဒါန်မှလည်း လွတ်ပါလိမ့်မယ် (မှန်ပါ့)၊ ကိုင်း ကြိုးတည်းဟူသော ကိလေသဝဋ်မှကော (လွတ်ပါတယ် ဘုရား)၊ ခန္ဓာတည်းဟူသော ဝိပါကဝဋ်မှကော (လွတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာဝဋ် ကမ္မဝဋ်, ဝိပါကဝဋ် ကျွတ်မည့်တရားကို ယနေ့ ဒကာ ဒကာမတို့ အလုပ်လုပ်ရင် ဖြစ်ပါလိမ့်မယ်ဆိုတဲ့ဥစ္စာ သေချာပါလိမ့်မယ် (သေချာပါတယ် ဘုရား)။

ဒကာကြွယ် ဒီနေ့ အင်မတန်ထူးတဲ့နေ့နော် (ထူးပါတယ် ဘုရား)၊ အင်မတန်ထူးတဲ့နေ့ပါ ဒကာ ဒကာမတို့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဘုံဘဝဆုတောင်းတဲ့အဖြစ်ကဖြင့် အကျဉ်းတန် အရုပ်ဆိုးမှာဖြင့် ပြောစရာမရှိပါဘူး (မရှိပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် နတ်ဆုတောင်းတယ်ဆိုတဲ့ဥစ္စာလည်း ဘုန်းကြီးက ခဏခဏပြောပါ တယ်၊ ခင်ဗျားတို့ နတ်မြင်ဖူးရဲ့လားလို့ မေးတဲ့အခါကျတော့ ဒကာကြွယ် တာဝတိံသာနတ်, စတုမဟာရာဇ်ကနတ် မြင်ဖူးရဲ့လားလို့ မေးပြန်တော့လည်း ဒကာကြွယ် မေးရင်ပဲ၊ ဒကာသစ် မေးရင်ပဲ မမြင်ဖူးပါဘူး ဖြေရမယ် (မှန်ပါ့)၊ မြင်ဖူးကြရဲ့လား (မမြင်ဖူးပါ ဘုရား)။

ပန်းချီဆရာ လမ်းဆုံးနေတယ်

မမြင်ဖူးပဲနဲ့ ဘာ့ကြောင့် ဆုတောင်းသတုံးဗျ ဆိုတော့ အို ပန်းချီဆရာ ရေးထားတယ် (မှန်ပါ့)၊ ရိပ် မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်သူ့လမ်းဆုံးနေသတုံး (ပန်းချီဆရာ လမ်းဆုံးနေပါတယ် ဘုရား)။

ဖြစ်မှဖြစ်ရလေဗျာ ပန်းချီဆရာဟာ ခင်ဗျားတို့လို လူပါပဲ (မှန်ပါ့)။

ပန်းချီဆရာဟာ ဘယ်လိုလူပါလိမ့် (တပည့်တော်တို့လိုလူပါ ဘုရား)။

အင်း ကိုယ့်လူချင်း ကိုယ်လမ်းဆုံးပြီးသကာလ ဪ ကိုယ်ဉာဏ်တုံးလို့ ပန်းချီလမ်းဆုံးတာကိုး (မှန်ပါ့)၊ ကိုယ်ဉာဏ်တုံးလို့ (ပန်းချီလမ်းဆုံးတာပါ ဘုရား)။

ဗြဟ္မာတွေကျတော့ အဝတ်ဖြူကြီးတွေနဲ့ ရေးထားပြန်တော့ အင်း ဗြဟ္မာကံပဲ တစ်မျိုးလိုလို (မှန်ပါ့)၊ ထင်ရတယ်နော် (မှန်ပါ့)၊ ကိုယ်တိုင် မြင်ဖူး,တွေ့ဖူးကြရဲ့လားလို့ မေးပြန်တော့ (မတွေ့ဖူးပါ ဘုရား)။

အင်း ဒါဖြင့် ဗြဟ္မာဖြစ်ချင်တဲ့ပုဂ္ဂိုလ်လည်း ပန်းချီလမ်းဆုံး (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘယ်လမ်းဆုံးပြန်သတုံး (ပန်းချီလမ်းဆုံးပါတယ် ဘုရား)၊ ပန်းချီလမ်းဆုံးတယ် (မှန်ပါ့)။

ကိုင်း ခင်ဗျားတို့ ဉာဏ် ဘယ်လောက်တုံးတယ်ဆိုတာဖြင့် ပြောစရာမလိုတော့ပါဘူး (မလိုပါ)၊ ဒကာ ကြွယ် ဘယ့်နှယ်တုံး (ဉာဏ်တုံးပါတယ် ဘုရား)။

ပြီးတော့ ခင်ဗျားတို့ ပါးစပ်ကလည်း ဖော်ပြောသားပဲ ဒီပန်းချီရေးတာ တယ်လှတယ် တဲ့ (မှန်ပါ့ ဘုရား)၊ ဆိုတော့ အတော်ဆိုးသွားတယ် (မှန်ပါ့)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ ပန်းချီလမ်းမဆုံးပဲနဲ့ သစ္စာလမ်းဆုံးကြပါ (မှန်လှပါ ဘုရား)။

သစ္စာလမ်းဆုံးဆိုတော့

ပန်းချီလမ်းမဆုံးပဲနဲ့ (သစ္စာလမ်းဆုံးကြပါ)၊ သစ္စာလမ်းဆုံးဆိုတော့ ဒကာ ဒကာမတို့ တိုင်ကြီးဟာ ဘာသစ္စာ ဆိုတာ သိရောပေါ့ (ဒုက္ခသစ္စာပါ ဘုရား)၊ ကြိုးဟာ သမုဒယသစ္စာ (မှန်ပါ့)၊ ဒိဋ္ဌိကကော (လည်ပတ်ပါ ဘုရား)၊ လည်ပတ်ဟာ သမုဒယသစ္စာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ပုထုဇန်က ဒုက္ခသစ္စာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒုက္ခတည်းဟူသော ချည်တိုင်၌ ဒုက္ခသည် လှည့်ပြေးနေတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခချည်တိုင် မြဲအောင်စိုက်ပြီး ဒုက္ခသည်က (လှည့်ပြေးနေပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်တိုင် ကိုယ်စိုက်ပြီးသကာလ ကိုယ်သည်ပင်လျှင် လှည့်ပြေးနေတဲ့အဓိပ္ပာယ်ရောက်တယ် (ရောက် ပါတယ် ဘုရား)။

ကိုယ့်တိုင်ကိုယ်စိုက်၊ ကိုယ့်ကြိုးကိုယ်ချည်၊ ကိုယ့်လည်ပတ် ကိုယ်တပ်ပြီးသကာလ သုံးဆယ့်တစ်ဘုံထဲမှာ အရှက် တကွဲ လည်ပြတယ် (ပြပါတယ် ဘုရား)။

သုံးဆယ့်တစ်ဘုံထဲမှာ ဘာလုပ်ပြနေသလဲ (အရှက်တကွဲ လည်ပြနေပါတယ် ဘုရား)။

ဒါတောင်မှ ဘုန်းကြီးနဲ့တွေ့လို့ ခင်ဗျားတို့ အင်း ရှက်စရာကြီးဆိုတာ ဒီနေ့ပေါ်တာပဲ (မှန်ပါ့)။

နို့မဟုတ်ရင်ဖြင့် ကိုယ်က နတ်ချည်တိုင်ကြီးနဲ့, နတ်ကြိုးကြီးနဲ့, နတ်လည်ပတ်ကြီးနဲ့များ လည်ပတ်ရမယ်ဆို ကြွားဦးတော့မလိုလို (မှန်လှပါ)။

ဖြစ်မှဖြစ်ရပလေ၊ အံမာလေး ဒကာ ဒကာမတွေ ဒကာကြွယ်တို့ ခေါင်းပေါင်းစ,ထောင်ပုံကဖြင့် ခက်ပါ သေးတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်မတန် ဆိုးဝါးနေပြီ ဒကာ ဒကာမတွေရဲ့ (မှန်ပါ့)၊ အခု ဝတ်စားပြီးသကာလ အမျိုးမျိုး အဖုံဖုံနေကြတာ အင်း လည်ပတ်ပြုတ်လို့လား၊ ကြိုးပြတ်လို့လား၊ တိုင်ကျိုးလို့လားလို့ မဟုတ်ပါဘုရား တပည့်တော်တို့ဟာ တပည့်တော်တို့ချင်း ခုနင်က ဆီဆုံလှည့်တဲ့နွားချင်း အပြေးပြိုင်တာပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဆီဆုံလှည့်တဲ့နွားချင်း အပြေးပြိုင်တာ

ဘာလုပ်ကြတာပါလိမ့် (ဆီဆုံလှည့်တဲ့နွားချင်း အပြေးပြိုင်တာပါ ဘုရား)၊ အပြေးပြိုင်ချင်ပြိုင်၊ ဆီဆုံတစ်ပတ် ပဲ ရှိမှာပဲ (မှန်ပါ့)။

ပြိုင်ချင်လည်း ပြိုင်ကြ၊ ဆီဆုံပတ်ပြီးသကာလ နေရုံမှတစ်ပါး အပြင်တော့ဖြင့် မရောက်ပါဘူး (မရောက်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အခု ဘယ်သူက တိုက်နဲ့ ဘယ်သူက ကားနဲ့ ဘယ်သူက စိန်နဲ့ဆိုတာ ဒကာကြွယ် ဘာပြိုင်ကြတာတုံး (ဆီဆုံအပြေးပြိုင်တာပါ ဘုရား)၊ ဆီဆုံအလှည့်ပြိုင်တာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ တကယ်ဆိုးတဲ့ ဒကာ ဒကာမတွေဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ပုထုဇန်ချည့်ကိုးဗျ (မှန်ပါ့)၊ ပုထုဇန်ဆိုကတည်းက ဒိဋ္ဌိလည်ပတ်က ပြုတ်ပလား (မပြုတ်သေးပါ ဘုရား)၊ တဏှာကြိုးကကော ပြတ်ပလား (မပြတ်သေးပါ ဘုရား)၊ ခန္ဓာငါးပါး ချည်တိုင်ကြီးကကော ကျိုးထွက်သွားပလား (မကျိုးသေးပါ ဘုရား)၊ ဒါဖြင့် ဒီအနားတွင် လှည့်တုန်းပေါ့ဗျာ (မှန်ပါ့)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဆီဆုံမှာ နွား ဘယ်သူက အလည်မြန်တယ်ဆိုတာ ပြိုင်တာနဲ့ မထူးပါ ဘူး (မထူးပါ ဘုရား)၊ ထူးသေးရဲ့လား (မထူးပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ချင်းက ဒါတောင်မှ ဒကာကြွယ်တို့က ဪ သူ့ထက် ငါသေးတယ်လို့ ထင်ချင်ထင်နေ တာ (မှန်ပါ့ ဘုရား)၊ ဟ ဘာဖြစ်လို့တုံး ၊ အပြေးသန်လို့လား၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အပြေးသန်လို့လား ဒကာ ဒကာမတို့၊ သူ့ထက် ငါက ဝတ်နိုင်တယ်, စားနိုင်တယ်, ဟုတ်လား၊ အနေအထိုင်မှာ တန်းကမြင့်တယ် အစရှိသည်နဲ့ ဒကာ ဒကာမတွေမှာ ဖြစ်နေကြတာက ဘာတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဆီဆံလှည့်တဲ့အခါမှာ ဘာတဲ့ (အပြေးပြိုင်တာပါ ဘုရား)။

သူက အပြေးသန်တာပေါ့ဗျာ (မှန်ပါ့)၊ အပြေးသန်တာပဲ ရှိတယ်ဆိုတာ အဓိပ္ပာယ်ရောက်တယ် (ရောက်ပါ တယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့သည် တဲ့ ဘာမှမသိတဲ့ အဓိပ္ပာယ်ဖြစ်နေတော့ ဒကာ ဒကာမတို့ နွားများပြိုင်ပွဲ ရှေးက နွားလှပြိုင်တွေကျတော့ ထိပ်အုပ်တွေ, ဘာတွေနဲ့ မလာဘူးလား (လာပါတယ် ဘုရား)။

နွားက နွားမှတစ်ပါး ဒီ့ပြင် ဘာများဖြစ်လာသေးသတုံး (ဘာမှမဖြစ်ပါ ဘုရား)၊ ဘာမှမဖြစ်ဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပြေးဖို့ပဲ သူ့မှာ၊ ဆီဆုံမောင်းရင်လည်း လှည့်ဖို့ပဲ၊ ဒီ့ပြင် ဘာဖြစ်သေးသတုံး (ဘာမှမဖြစ်ပါ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ ဘာဝတ်ဆင်ဆင် ဘာပဲလုပ်လုပ် နွားမှတစ်ပါး ဘာဖြစ်သေးသတုံး မေးတာနဲ့ အတူတူ ပဲ (မှန်ပါ့)၊ သံသရာ့ခရီးသည် လှည့်သမားမှတစ်ပါး ဘာထူးသေးသတုံး (ဘာမှမထူးပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ်ရေ ဘယ်သူကသာတယ် ဘယ်သူက ကာမာဝစရထက်တယ် ဘယ်သူကဖြင့် နေရာကျတယ်ဘုရာ့၊ တပည့်တော်တို့က ဒီအခြေအနေမရောက်သေးလို့ မှီအောင်လိုက်နေရသေးတယ်ဆိုတော့ ဘာ လိုက်တာတုံးဆိုတော့ အဝိုင်းပြေးပြိုင်တာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာလုပ်ကြတာလဲ (အဝိုင်းပြေးပြိုင်တာပါ)၊ ဒကာကြွယ် ပြိုင်ချင်သေးသလား (မပြိုင်ချင်ပါ)၊ နေရာကျပြီ နေရာကျပြီ၊ ဒီနေ့ တော်တော်ရိပ်မိတဲ့နေ့ဗျနော် (မှန်ပါ့ ဘုရား)။

ဒီနေ့ ဘာနေ့ပါလိမ့် ဒကာ ဒကာမတို့ (ရိပ်မိတဲ့နေ့ပါ ဘုရား)။

အင်း ဒါဖြင့် အသက်ဘယ်လောက်ရှိပြီတုံး၊ မမေးရပေဘူးလား ဒကာကြွယ်ရေ (မှန်ပါ့)၊ အင်း ဒါတောင်မှ ဒီဒကာ ဒကာမတွေ ဒီလိုအသက်ကြီးလို့ ရိပ်မိတယ်ဆိုတာ ရိပ်မိတဲ့အထဲပါသေးလို့ တော်သေးတယ်၊ ဂေဇက်ဝင် ဖြစ်သေးတယ် (မှန်ပါ့)၊ မရိပ်မိဘဲနဲ့ သေသွားတဲ့လူတွေ ဒကာကြွယ် တစ်ပုံကြီး (တစ်ပုံကြီးပါ ဘုရား)။

ခင်ဗျားတို့ ဂေဇက်ဝင်ဖြစ်သေးတယ်

ခင်ဗျားတို့ ဂေဇက်ဝင်ဖြစ်သေးတယ် (မှန်ပါ့)၊ ဟိုက ဂေဇက်ကို ဝင်ရဲ့လား (မဝင်ပါ)၊ ဘယ်လောက်ဆိုးသွား သတုံး (ဆိုးပါတယ် ဘုရား)။

ဒီလိုလှည့်နေပါကလားဆိုတာ ခင်ဗျားတို့ကလည်း မသိခင်တုန်းကတော့ အင်း-သူ့တိုက်နဲ့သူ့တာနဲ့ သူ့ရွှေနဲ့ သူ့ကားနဲ့ သူ့သားသမီး ပြည့်ပြည့်စုံစုံနဲ့ဆိုရင် သေပျော်တယ်တဲ့ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့ လည်ပတ်ပြုတ်လို့ ပြောတာလား (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူး၊ ကိုယ်ဖြစ်ချင်လို့ ပြောတာပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကိုယ်ဒီလိုဖြစ်ရရင် ကျေနပ်တာကိုးဗျ (မှန်ပါ့ ဘုရား)။

အင်း လည်ပတ်ပြုတ်လို့ ပြောတာလား ဒကာကြွယ် (မဟုတ်ပါ)၊ ကြိုးပြတ်လို့လား (မပြတ်ပါ)၊ ခန္ဓာတည်း ဟူသော တိုင်ကြီးကျိုးသွားလို့လား (မဟုတ်ပါ)၊ ဘာဖြစ်လို့တုံး မသာကြီးချ သွားမြင်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာသွားမြင်သတုံး (မသာကြီးချသွားမြင်ပါတယ် ဘုရား)၊ မသာကြီးချဆိုတာ ဒကာကြွယ် ဘာထူးသေးသတုံး ဟိုကျတော့ မြေကျတော့ မြေက ရွှေမြေပေါ်ချတာလား (မဟုတ်ပါ)၊ ဟာ ခင်ဗျားတို့ ဒီခြောက်ပေတွင်းမှာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ခြောက်ပေတူးပြီး မြှုပ်တာမှတစ်ပါး ဒီ့ပြင်ဘာရှိသေးသတုံး (ဘာမှမရှိပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ ဒီလည်ပတ်လည်း ဖြုတ်ကြစို့တော့ (မှန်ပါ့)၊ ကြိုးလည်း ပြတ်မှတော်မယ် (မှန်ပါ့)၊ တိုင်ကော (ကျိုးမှတော်မှာပါ)၊ တိုင်လည်း ကျိုးမှတော်မယ် နို့မဟုတ်ရင်ဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မြင်း မိုရ်တောင်ကြီး ပျောက်စရာရှိတယ်၊ မင်းတို့ အဝိုင်းပြေး မလွတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

မဟာပထဝီမြေကြီးပဲ ပျောက်စရာ ပျက်စရာရှိတယ်၊ မင်းတို့ ဒီတိုင်ကျိုး-ကြိုးပြတ်ဖို့ ငါမမြင်ဘူးတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဟာပထဝီမြေကြီးတွေ ကမ္ဘာပျက်တဲ့အခါ မီးလောင် အကုန်ပျောက်တယ် (မှန်ပါ့)၊ မင်းတို့ တိုင်ကျိုး-ကြိုး ပြတ်-လည်ပတ်ပြုတ်ဖို့ ငါမမြင်ဘူးတဲ့ (မှန်ပါ့)၊ ဆိုတော့ ဒကာ ဒကာမတို့ ဝိပဿနာမလုပ်သ၍ ကာလပတ်လုံးဖြင့် တိုင်လည်းမကျိုးပါဘူး (မှန်ပါ့)၊ ကြိုးကော (မပြတ်ပါ)၊ လည်ပတ်ကော (မပြုတ်ပါ ဘုရား)။

တရားဓမ္မမှန်ပေါ် တင်ကြည့်တော့မှ

ဒါဖြင့် ဘာဆုတောင်းတောင်း တောင်းသ၍ဟာဖြင့် တိုင်ခိုင်ရပါလို၏၊ ကြိုးမြဲရပါလို၏၊ လည်ပတ်ထူထပ်ရပါ လို၏ (မှန်ပါ့)၊ ဒီ့ပြင် ဘာပါသေးသတုံး (ဘာမှမပါပါ ဘုရား)။

ခင်ဗျားတို့ တော်ပဲတော်သေးတယ်၊ ဒကာကြွယ်ရေ (မှန်ပါ့)၊ ကိုယ်အရုပ်ဆိုးတာတွေကို အခု ဆရာဘုန်းကြီး တည်းဟူသော ပြောဟောဆိုတဲ့ တရားဓမ္မမှန်ပေါ် တင်ကြည့်တော့မှ ကိုယ်တောင်းထားတဲ့ဆုတွေဟာ ဪ ခွေးဆုတောင်းထားတယ် (မှန်ပါ့)၊ သေသေချာချာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကစပြီးသကာလ တောင်းလည်းမတောင်းပါနဲ့တော့၊ တိုင်ကျိုးအောင် ပဲ ဂရုစိုက်ပါတော့ (မှန်ပါ့)၊ ကြိုးပြတ်အောင်ပဲ (ဂရုစိုက်ရပါမယ်)၊ လည်ပတ်ပြုတ်အောင်ပဲ (ဂရုစိုက်ရပါမယ် ဘုရား)။

ကဲ ဒကာကြွယ် နောက် သူများတောင်းနေတာ မြင်လို့ရှိရင်ဖြင့် ကျုပ်တို့ ဒီဒကာ ဒကာမတွေကတော့ ဖြင့် အင်း ဘာဆုတောင်းပြန်ပါလိမ့်မတုံးဆို သိပြီ (မှန်ပါ့)၊ မသိဘူးလား (သိပါတယ်)၊ အဝိုင်းပြေးဆုတောင်း ပြန်ပဟေ့ (မှန်ပါ့ ဘုရား)။

ဘာဆုတောင်းပြန်ပါလိမ့် (အဝိုင်းပြေး ဆုတောင်းပါတယ် ဘုရား)။

အဝိုင်းပြေးနိုင်တယ်ဆိုကတည်းက ဆီဆုံနွားသော်လည်းကောင်း ဖြစ်ရမယ် (မှန်ပါ့)၊ ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာမသိပြီဆိုမှဖြင့် ဦးမာဒင် တောင်းမိတောင်းရာ တောင်းချ လိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ‘ပုထုဇ္ဇနော ဥမ္မတ္တကော’ (မှန်ပါ့)၊ ရူးလိုက်တာကွာ ကောင်းမှန်းဆိုးမှန်း မရွေးတတ်ဘူးကွ၊ တောင်း ချင်ရာ တောင်းယူတာကွ (မှန်ပါ့)။

အရူးများ ဒကာ ဒကာမတွေ လမ်းမှာ ကောက်စားတာ ကောင်းတာ ဆိုးတာ ရွေးသေးရဲ့လား (မရွေးပါ ဘုရား)၊ ဘာ့ကြောင့်တုံး ရူးလို့ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့လည်း နိရောဓသစ္စာ မသိဘူး၊ ဒုက္ခသစ္စာလည်း မသိတော့ မသိတဲ့အထဲ ဒုက္ခသစ္စာပဲ အမြဲဆုတောင်း ယူတယ် (တောင်းပါတယ် ဘုရား)။

ဘာတောင်းယူသလဲ (ဒုက္ခသစ္စာ ဆုတောင်းယူပါတယ်)၊ အင်း လူဖြစ်ရပါလို၏၊ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

ဟ ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတို့ ရှောင်ရ, ဖယ်ရတယ်နော် (မှန်ပါ့)၊ တောင်းကောင်းရဲ့လား (မတောင်းကောင်းပါ)၊ တောင်းတာက သမုဒယသစ္စာ (မှန်ပါ့)၊ ရတာက (ဒုက္ခသစ္စာပါ ဘုရား)။

တောင်းတာက (သမုဒယသစ္စာပါ)၊ ရတာက (ဒုက္ခသစ္စာ ဘုရား)။

ဪ ဘုရားက သမုဒယသစ္စာကို ပဟာတဗ္ဗ=ပယ်လိုက်ကွတဲ့ (မှန်ပါ့)၊ ဒုက္ခသစ္စာကို ပရိညေယျနဲ့ ပိုင်းခြားသိပြီး ခြေကန်ပစ်ခဲ့တဲ့ (မှန်ပါ့ ဘုရား)။

အင်း ဘုရားက ပယ်ခဲ့-ခြေကန်ပစ်ခဲ့လို့ ဟောတာ ခင်ဗျားတို့က ပွေ့ပိုက်ရပါလို၏တဲ့ (မှန်ပါ့)၊ အံမာ လေး သေဖို့သာ ကောင်းတော့တယ် ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။

ဘုရားက သမုဒယသစ္စာတော့ ပယ်တဲ့တရား (မှန်ပါ့)၊ ဒုက္ခသစ္စာတော့ ပိုင်းခြားပြီး ထားပစ်ခဲ့ရမည့်တရား (မှန်ပါ့)၊ မင်းဒုက္ခနဲ့ ငါနဲ့ မဆက်သွယ်တော့ဘူးဆိုပြီး ပရိညေယျနဲ့ ပိုင်းခြားပြီး ခြေကန်ထားပစ်ခဲ့ရမှာ (မှန်ပါ့ ဘုရား)။

ပွေ့ပိုက်ရပါလို၏တဲ့

ဘုရားက ပယ်ရမည့်တရား ခြေကန်ထားခဲ့ရမည့် တရားကို ခင်ဗျားတို့က ပွေ့ပိုက်ရပါလို၏တဲ့ (မှန်ပ့ါ ဘုရား)။

ဟာ ဘယ့်နှယ်ဖြစ်နေသလဲ (ပြောင်းပြန်ဖြစ်နေပါတယ်)၊ ဒကာကြွယ် မရှက်ဘူးလား (ရှက်ပါတယ် ဘုရား)။

ဒါ့ကြောင့် အရိယာမျက်လုံးနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ဒကာ ဒကာမတို့ ငယ်ကအကြောင်းတွေကို သူတို့ ဘယ် တော့မှ ပြန်ပြောင်းပြီး မစဉ်းစားဘူး (မှန်ပါ့)၊ ရှက်လွန်းလို့ ခန္ဓာဝန်ကြီးကို ယနေ့ အရိယာဖြစ်တယ်ဆို နက်ဖြန် ချချင်တော့တာပဲ၊ မတော်တာတွေ အောက်မေ့နေရင် ခက်ချည်ရဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ကလည်း ရုပ်နဲ့နာမ်နဲ့များ ဖော်ပြောရရင် ပြုံးများ ပြုံးလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်ဖြစ်တာတုံး (ပြုံးများပြုံးပါတယ် ဘုရား)၊ ပြုံးများပြုံးနေသေးတယ်၊ ငယ်ကျိုးငယ်နာ တွေ ဖော်ပြတဲ့အခါလေ (မှန်ပါ့)၊ ကျုပ်က ဘယ်လိုဗျ၊ ဘယ်လို အစရှိသည်နဲ့ ဘယ်ရှာခဲ့ပြီ ဘယ်လိုဝယ်ခဲ့ပြီး ဘယ်လို ရခဲ့တာဆိုပြီးသကာလ အင်း ပုထုဇန်အရူးချင်းများ ပြုံးပြီးသကာလ ဒကာ ဒကာမတို့ အဝိုင်းပြေးပြိုင်တဲ့အခါ များ ပြုံးကြသေးတယ် (ပြုံးပါတယ် ဘုရား)။

ဒကာကြွယ် ဒါတွေ အကုန်ဇာတ်သိမ်းရမယ်ဗျ (သိမ်းရမှာပါ ဘုရား)။

ကဲ ဦးမာဒင်တို့ ဘာလုပ်ရမလဲ (ဇာတ်သိမ်းရပါမယ် ဘုရား)၊ ဒါမသိမ်းသ၍ ကာလပတ်လုံး ဒကာ ဒကာမတို့ ခုနင်က တိုင်ခြေရင်းမှာပဲ ဒီလည်ပတ်က မပြုတ်၊ ဒီကြိုးက မပြတ်တဲ့အတွက် ဒီနားမှာ ကျင်ကြီးယိုတယ် (မှန်ပါ့)၊ ဒီအနားပဲ ကျင်ငယ်စွန့်တယ် (မှန်ပါ့)၊ ဒီအနားပဲ ခွေးစားခွက်နဲ့ စားတယ် (မှန်ပါ့)၊ ဒီတိုင်ခြေရင်း ဂျွမ်းထိုးသေလိုက် (မှန်ပါ့)၊ ခေါင်းစင်းသေလိုက် (မှန်ပါ့)၊ ဒီ့ပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

အဲ တစ်သံသရာလုံး ဒီဒကာ ဒကာမတွေ ဘာများဖြစ်ခဲ့ပါလိမ့်မတုံးလို့ မေးလို့ရှိရင် ဘုရားက ဒီလိုဖြေ တဲ့ (မှန်ပါ့)၊ တိုင်ခြေရင်းမှာ လည်ပတ်မပြုတ်ဘဲနဲ့ ခေါင်းစင်းပြီးသကာလ သေခဲ့တယ်လို့ဖြေ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ လုပ်ကြဦးစို့ရဲ့၊ ဒီအတိုင်း ပစ်ထားလို့တော့ဖြင့် ခွေးသေ,သေပဲ ရှိတော့တယ် (မှန် ပါ့ ဘုရား)။

ဒီအတိုင်းပစ်ပြီး တရားကို ဒါသိမ်းလိုက်တော့မယ်ဆိုရင်ဖြင့် ဒကာ ဒကာမတွေ ဘာသေ,သေရမယ် ထင် သတုံး (ခွေးသေ,သေရမှာပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တိုင်လည်း ချိုးကြပါစို့ (မှန်ပါ့)၊ ကြိုးလည်း ဖြတ်ကြပါစို့ (မှန်ပါ)၊ လည်ပ ပတ်လည်း ဖြုတ်ကြပါစို့ (မှန်ပါ့)၊ အန္ဓပုထုဇန်အဖြစ်မှလည်း လွတ်အောင် လုပ်ကြပါစို့ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အလုပ်ခွင်မဝင်ရင်တော့ မရဘူး

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါအလုပ်ခွင်မဝင်ရင်တော့ မရဘူး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အလုပ်ခွင်မဝင်ရင်ဖြင့် (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် အလုပ်ကိုပဲ ပြမှာပဲဆိုတော့ ခန္ဓာငါးပါးကြီးကို ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို ခင်ဗျားတို့က သိတဲ့ အတိုင်းတဲ့၊ အားလုံး ဒကာ ဒကာမတွေ ဒီခန္ဓာငါးပါးကြီးဟာ ဘယ်သူမှ နိစ္စသဘောရယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။

နိစ္စသဘောမရှိဘူးဆိုပြီး ဒကာ ဒကာမတွေ ဒီခန္ဓာကြီးကို ဝိပဿနာဉာဏ်နဲ့ ရှုပေးပါ (မှန်ပါ့)။

ဝိပဿနာဉာဏ်နဲ့ ရှုပါ ၊ ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ၊ စိတ်ကြိုက်ရင် စိတ်ရှုပေါ့ဗျာ (မှန်ပါ့)။

ရှုလိုက်ပြီဆိုမှဖြင့် ဒီခန္ဓာငါးပါးကြီးကို ဒကာ ဒကာမတွေက မြင်လိုက်ပါတယ် (မှန်ပါ့)၊ ဪ ဒီဥစ္စာ ဖြစ်ပြီး ပျက်တာမှတစ်ပါး အနိစ္စာဝတ သင်္ခါရာမှတစ်ပါး ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

ဖြစ်ပေါ်တာက သင်္ခါရ၊ ပျက်တာက အနိစ္စ (မှန်ပါ့)၊ အစားထိုးတာက သင်္ခါရ၊ ပျက်တာက အနိစ္စ။

ဒါဖြင့် ဖြစ်တာ သင်္ခါရ၊ ပျက်တာ အနိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါတွေကို ဒကာ ဒကာမတွေက ဝေဒနာကြိုက်ရင် ဝေဒနာကလေးရှု (မှန်ပါ့)၊ စိတ်ကြိုက်ရင် (စိတ်ရှုရပါမယ်)၊ ရှုလိုက်တဲ့အခါကျတော့ ဘာတွေမြင်ကြသတုံး၊ ဖြစ်ပျက်ပဲ မြင်မယ် (မှန်ပါ့)။

ဖြစ်ပျက်မြင်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေက စဉ်းစားကြည့်လိုက် တဲ့၊ အင်း ဒီဖြစ်ပျက်မြင် တဲ့ ဒကာ ဒကာမတွေကျတော့ ဪ ဒီခန္ဓာကြီးဟာ မမြဲပါလား (မှန်ပါ့)၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါ လား (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တဲ့တုံး (ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါဘုရား)၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါလားလို့ ဉာဏ်နဲ့မဂ္ဂင်နဲ့ ကြည့်လိုက်တဲ့အခါ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါလားဆိုတာ မြင်လာတယ် (မြင်လာပါတယ် ဘုရား)၊ မြင်လာရင် တိုင်ကျိုးပေါ့ (မှန်ပါ့)၊ တိုင်ကျိုးပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

မြင်လာရင် (တိုင်ကျိုးပါပြီ ဘုရား)၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

အေး အဲဒီလိုမြင်လို့ရှိရင် ဒီဥစ္စာကြီးကတော့ဖြင့် ကျားကိုးစီးစား မကုန်ဘူးဆိုပြီး ခန္ဓာကြီးထင်နေတာ (မှန်ပါ့)၊ အခုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်နဲ့ သွင်းလိုက်တဲ့အခါကျတော့ ဖြစ်မှုပျက်မှု တွေ့တဲ့အခါကျလို့ရှိရင် ဪ မခိုင်မမြဲပါလားဆိုတဲ့ ဉာဏ်က ရောက်မယ် (ရောက်ပါတယ် ဘုရား)၊ အဲဒါ တိုင်ကျိုးတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

မခိုင်မမြဲတဲ့ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ ခန္ဓာဖြစ်ပျက်မြင်ကတည်းက ခန္ဓာခင်တွယ်တဲ့တဏှာ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ တဏှာမရှိတော့ဘူး (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာမရှိရင် ကြိုးပြတ်တာပဲ (မှန်လှပါ)၊ ဒီဟာ ဒကာ ဒကာမတွေ မြင်တဲ့အတိုင်း ရှေ့ပိုင်းမှာ ခန္ဓာကြီးကြည့်လိုက်တော့ ဖြစ်မှုပျက်မှုမှတစ်ပါး သူ့ခန္ဓာမှာ ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

ဒါဖြင့် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာဆိုတဲ့ “ဧတံမမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ”ဆိုတာ လာသေးရဲ့လား (မလာပါ ဘုရား)။

ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါဖြင့် ငါ့ကိုယ်ဆိုတဲ့ဥစ္စာက တဏှာ (မှန်ပါ့)၊ ငါ့ဟာက မာန (မှန်ပါ့)၊ ငါ့ဥစ္စာက ဒိဋ္ဌိ (မှန်ပါ့)။

ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ ငါ့ကိုယ်ဆိုတာ ရှိသေးရဲ့လား

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ ငါ့ကိုယ်ဆိုတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲဒါ ငါ့ကိုယ်မရှိတာဟာ တိုင်ကျိုးတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ငါ့ဟာဆိုတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ငါ့ဟာမဟုတ်ကြောင်း သိသွားတော့ မာနကုန်သွား တယ် (ကုန်ပါတယ် ဘုရား)၊ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

ငါ့ဟာမဟုတ်ကြောင်း ကျကျနန သိတဲ့အခါကျလို့ရှိရင်ဖြင့် ငါ့ဥစ္စာဆိုတဲ့ ဥစ္စာရှာလို့ မတွေ့ပါလားဆိုတော့ လည်ပတ်ပြုတ်သွားတယ် (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်သွားတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်ရှုလိုက်တဲ့အတွက် တဏှာ မာန ဒိဋ္ဌိသေပါတယ် (မှန်ပါ့)။

ဖြစ်ပျက်ရှုလိုက်တဲ့အတွက် (တဏှာ, မာန, ဒိဋ္ဌိ သေပါတယ် ဘုရား)၊ ငါ့ကိုယ်ကော ထင်သေးရဲ့လား (မထင် ပါ ဘုရား)၊ ဒါဖြင့် တဏှာသေပြီ (မှန်ပါ့)၊ ကြိုးပြတ်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

ငါ့ဟာကော ထင်သေးရဲ့လား (မထင်ပါ ဘုရား)၊ အဲ မာနလည်း မရှိတော့ဘူး (မှန်ပါ့)။

ငါ့ဥစ္စာကော ထင်သေးရဲ့လား (မထင်ပါ ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိကလည်း ပြုတ်ပြီ (မှန်ပါ့)။

အဲဒီတော့ ဟိုက ဖြစ်ပျက်ဆိုတဲ့ဥစ္စာကို ဒကာ ဒကာမတွေက ပြလို့ရှိရင် တိုင်ကျိုးတာသာ မှတ်ပေတော့ (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ ဒကာ ဒကာမတု့ တိုင်ကျိုး, ကြိုးပြတ်, လည်ပတ်ပြုတ်ပါတယ် (မှန်ပါ့)။

ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ (တိုင်ကျိုး, ကြိုးပြတ်, လည်ပတ်ပြုတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် “အနိစ္စာဝတသင်္ခါရာ” ဘုရားအဆူဆူ မစွန့်တဲ့တရား၊ သေသေချာချာ ဒီတရားသည်ကား လို့ဆိုရင် တိုင်ကျိုး၊ ကြိုးပြတ်၊ လည်ပတ်ပြုတ်တဲ့ တရားပါလားဆိုတာ ဒကာကြွယ် သိပ်မှန်ပါလား (မှန်ပါတယ် ဘုရား)၊ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့၏ တိုင်ကို ကျိုးချင်ရင်လည်း ဖြစ်ပျက်ရှုရမယ် (မှန်ပါ့)၊ ကြိုးပြတ်ချင်ရင် လည်း (ဖြစ်ပျက်ရှုရပါမယ်)၊ ဒိဋ္ဌိလည်ပတ်ပြုတ်ချင်ရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ကလျာဏပုထုဇန်အဖြစ် ရောက်တယ်

ဖြစ်ပျက်ရှုလိုက်တော့ ဒါရှုသည်နဲ့ တစ်ပြိုင်နက်တည်း ဒါတွေမြင်တော့ ဒကာ ဒကာမတို့ ခုနင်က အန္ဓပုထုဇန် အဖြစ်မှ ကလျာဏပုထုဇန်အဖြစ် ရောက်တယ် (ရောက်ပတယ် ဘုရား)။

အန္ဓပုထုဇန်အဖြစ်မှ (ကလျာဏပုထုဇန်အဖြစ် ရောက်ပါတယ် ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပြီ (မှန်ပါ့)၊ ခုနင်ကလို သူသည်ကားလို့ဆိုလို့ရှိရင် တိုင်ခြေရင်း မှာ ပျော်သေးရဲ့လား (မပျော်တော့ပါ ဘုရား)။

မပျော်တော့ သူသည်ကားလို့ဆိုရင် ဒီတိုင်ကိုဖြင့် အမြစ်ပါ တူးမှပဲဆိုတဲ့ စိတ်ဟာ ပေါ်မပေါ် (ပေါ်ပါတယ် ဘုရား)။

ပေါ်လာပြီဆိုမှဖြင့် ဆက်ရှုတာပဲ (မှန်ပါ့)၊ ဆက်ရှုလိုက်တဲ့အခါကျတော့ ဒီခန္ဓာကြီးသည် ဝေဒနာက္ခန္ဓာဖြင့် ဝေဒနာက္ခန္ဓာကြီးပေါ် မုန်းရွံလာပြီးသကာလ ဉာဏ်တွေ မတက်ပေဘူးလား (တက်ပါတယ် ဘုရား)။

အဲဒီ နိဗ္ဗိန္ဒဉာဏ်တက်လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သောတာပန်မျိုးစေ့ဖြစ်ပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သောတာပန်မျိုးစေ့ ဖြစ်ပြီဆိုတာ သဘောကျပလား (ကျပါပြီ)၊ ကိုင်း ဒါဖြင့် ဆက်ရှုပါဦး (မှန်ပါ့)၊ မုန်း လျက်နဲ့ပဲပေပြီးသကာလ စိုက်ပြီးသကာလ ဒီခန္ဓာကြီးကို ရှုပေးပါ (မှန်ပါ့ ဘုရား)။

ခန္ဓာဆိုပေမယ့် အများမဟုတ်ပါဘူးနော် (မှန်ပါ့)၊ ဝေဒနာ ကြိုက်တဲ့လူ ဝေဒနာပဲရှုနေ (မှန်ပါ့)၊ စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ် (စိတ်ရှုနေရပါမယ် ဘုရား)။

အဲဒီလို ကိုယ်ကြိုက်ရာ ဝိပဿနာကို ကိုယ်ရှုပြီးသကာလနေရင် အကုန်ပါသွားတာပဲ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ ဒီခန္ဓာကြီးမလိုချင်တော့ပါဘူး (မှန်ပါ့)၊ ဉာဏ်က မလိုချင်တော့ပါဘူး (မှန်ပါ့ ဘုရား)။

မလိုချင်တော့ပါဘူးဆိုကတည်းက ဒကာသစ်က စဉ်းစားလိုက် တိုင်လည်းအကုန်မရှိဘူး (မှန်ပါ့)၊ ကြိုးကလည်း တစ်စမှ ရှာမတွေ့ဘူး (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် မလိုချင်တာတုံးဆိုတော့ ငါ့ကိုယ်, ငါ့ဟာ မဟုတ်ဘူးဆိုတာ သိလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီတိုင်ပျောက်အောင် ရှုနိုင်လို့ရှိရင်ဖြင့် ငါ့နေရာလည်း မရှိဘူး (မှန်ပါ့)၊ ဒိဋ္ဌိပါ မပယ်ဘူးလား (ပယ်ပါ တယ်)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာမှတစ်ပါး တိုင်ချိုးတဲ့တရား မရှိဘူး (မရှိပါ)၊ လည်ပတ်ပြုတ်တဲ့တရား (မရှိပါ)၊ ကြိုးပြတ်တဲ့ တရား (မရှိပါ ဘုရား)။

ပုထုဇန်တည်းဟူသော နွားနဲ့တူတဲ့ ခွေးနဲ့တူတဲ့ ပြေးတတ်တဲ့ပုဂ္ဂိုလ်ကို လွတ်ရေး,ကျွတ်ရေးလည်း ဝိပဿနာ မှတစ်ပါး မရှိဘူး (မရှိပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ ဝိပဿနာဟာ ကျုပ်တို့၏ ကယ်တင်ကြောင်းတရား (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မလဲ (ဝိပဿနာဟာ တပည့်တော်၏ ကယ်ကြောင်းတရားပါ ဘုရား)။

ဝိပဿနာဟာ ကယ်တင်ကြောင်းတရား

ဒကာ ဒကာမတို့ ဝိပဿနာဟာ ကယ်တင်ကြောင်းတရား (မှန်ပါ့)၊ ခင်ဗျားတို့ တစ်သံသရာလုံး ဝိပဿနာ မပါလို့ တစ်ခါမှ တိုင်လည်းမကျိုးခဲ့ပါ (မှန်ပါ့)၊ ကြိုးလည်း (မပြတ်ခဲ့ပါ)၊ လည်ပတ်လည်း (မပြုတ်ခဲ့ပါ)၊ ပုထုဇန်အဖြစ် မှလည်း (မလွတ်ပါ)၊ မလွတ်ဘူးဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)။

ယခု ဒကာ ဒကာမတွေက ဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ မြင်လို့ ဆုံးသွား တယ်ဆိုကတည်းက ဒိဋ္ဌိတည်းဟူသော လည်ပတ်က အမြဲတမ်းပြုတ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အဲဒီကျတော့ သောတာပန် မတည်သေးဘူးလား (တည်ပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်အဆုံးမြင်တဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ ဒိဋ္ဌိလည်ပတ် အကြီးအကျယ်ပြုတ်တာပဲ (မှန် ပါ့)၊ တဏှာတည်းဟူသော ကြိုးက လေးပိုင်းတစ်ပိုင်း ပြုတ်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကယ်မည့်ယူမည့်တရားဟာ ဘယ်တရားပါလိမ့် (ဝိပဿနာတရားပါ ဘုရား)။

ဒါဖြင့် ဝိပဿနာမှတစ်ပါး ကျုပ်တို့ကိုးစားရာ၊ အားထားရာ ရှိပါရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ဟာ ပုထုဇန်အဖြစ်မှ လွတ်ချင်ရင်လည်း ဘာလုပ်ရမယ် (ဝိပဿနာ ရှုရပါမယ်)၊ လည်ပတ်ပြုတ်ချင်ရင်လည်း (ဝိပဿနာရှုရပါမယ်)၊ ကြိုးပြတ်ချင်ရင်လည်း (ဝိပဿနာရှုရပါမယ်)၊ တိုင် ကျိုးချင်ရင်လည်း (ဝိပဿနာရှုရပါမယ် ဘုရား)၊ ဒါမှတစ်ပါး ကိုးစားရာ အားထားရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ဒကာသစ်ရေ ဒါတွေဟာ ဘုန်းကြီး ဒါလောက်ဟောနေလို့ရှိရင်ဖြင့် ကိုယ့်အကြောင်းလည်း ကိုယ်သိလောက်ပါပြီ (သိပါပြီ)၊ ငါတို့သည်ကား အဝိုင်းပြေးမှတစ်ပါး တစ်သံသရာလုံး ဘယ်တော့မှ လွတ်ရေး, ကျွတ် ရေး မတွေ့ခဲ့ဘူး (မှန်ပါ့)၊ တွေ့ခဲ့ရဲ့လား (မတွေ့ခဲ့ပါ)၊ ဘယ်လိုနေခဲ့ရသတုံး (အဝိုင်းပြေးခဲ့ရပါတယ်)၊ အဝိုင်းပြေးက လည်း ခန္ဓာတိုင်တစ်ဆုံးပဲ (မှန်ပါ့)၊ ခန္ဓာတိုင်နဲ့ တဏှာကြိုး တစ်ဆုံးပဲ ပြေးခဲ့ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ လည်ပတ်က ပြုတ်ဖူးရဲ့လား (မပြုတ်ဖူးပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မူးရူးပြီးသကာလ အကန်းသေ သေခဲ့ရတယ် တိုင်ခြေမှာ (မှန်ပါ့)၊ ကျင်ကြီး, ကျင် ငယ် စွန့်တာတောင် အဝေးသွားနိုင်ရဲ့လား (မသွားနိုင်ပါ)၊ ဘယ်မှာစွန့်ကြရပါလိမ့် (တိုင်ခြေမှာ စွန့်ကြရပါတယ် ဘုရား)၊ ခန္ဓာ့တိုင်ခြေမှာ စွန့်ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် တိုင်ကျိုးချင်လည်း (ဝိပဿနာရှုရပါမယ်)၊ ကြိုးပြတ်ချင်လည်း (ဝိပဿနာလုပ်ရပါမယ်)၊ လည်ပတ်ပြုတ်ချင်ရင်လည်း (ဝိပဿနာရှုရပါမယ်)၊ အဲ ပုထုဇန်အဖြစ်မှ အရိယာအဖြစ် သို့ ရောက်ချင်ရင်လည်း (ဝိပဿနာရှုရပါမယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအလုပ်ဟာ မလုပ်မဖြစ်တဲ့ အထဲမှာဖြင့် အကြီးအကျယ်ဆုံး လုပ်ရမည့်အလုပ် (မှန်ပါ့)၊ သဘောပါ ကျပလား (ပါပါပြီ ဘုရား)။

ကိုယ့်ကိုယ် သနားရင်လုပ်ပါ

ဒါဖြင့် လုပ်ကြမလား မလုပ်ဘူးလား (လုပ်ကြပါမယ်)၊ အကုန်လုပ်ကြ၊ ကိုယ့်ကိုယ် သနားရင်လုပ်ပါ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် မသနားရင် (မလုပ်ပါ ဘုရား)။

ဒါဖြင့် မလုပ်တဲ့အချိန် ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့်ကိုယ်ကိုယ် မသနားတဲ့အချိန်ပါ)၊ လုပ်တဲ့အချိန်မှာ (ကိုယ့် ကိုယ်ကိုယ် သနားတဲ့အချိန်ပါ)၊ အဲဒါချိန်ခွင်နဲ့ ထည့်ချိန်ပါ (မှန်ပါ့ ဘုရား)။

ငါသည် ယနေ့ ကိုယ့်ကိုယ်ကိုယ်သနားတဲ့အချိန်က ဘယ်အချိန် (မှန်ပါ့)၊ ချိန်ခွင်နဲ့ထည့်လိုက် (မှန်ပါ့ ဘုရား)၊ ငါသည် ကိုယ့်ကိုယ်ကိုယ် မသနားတဲ့အချိန်က ဘယ်လောက်သား (မှန်ပါ့)၊ ချိန်ကြည့်လိုက်တဲ့အခါကျတော့ ဒကာကြွယ် တွေ့ရမယ် (တွေ့ရပါမယ်)၊ မသနားတဲ့အချိန်က ဇောက်ထိုးပြလိမ့်မယ် (မှန်ပါ့)၊ ဇောက်ထိုးပြရင် ချိန်ခွင်ညှာသည် အောက်သာထိုးပြတယ် (မှန်ပါ့)၊ မင်းအပါယ်လေးပါးတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် ချိန်တတ်ပလား (ချိန်တတ်ပါပြီ)၊ ဒါဖြင့် ကိုယ့်ကိုယ်သနားရင် ဘာ လုပ်ရမယ် (ဝိပဿနာရှုရပါမယ် ဘုရား)၊ ကိုယ့်ကိုယ်ကိုယ် မသနားလို့ရှိရင် သားရေး, သမီးရေး, စီးပွားရေးလုပ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သားရေး, သမီးရေး, စီးပွားရေးက ဒုက္ခသစ္စာ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ဉာဏ်က (မဂ္ဂသစ္စာ ပါ ဘုရား)။

ဒါဖြင့် မဂ်သည် သမုဒယကို ဖြတ်တယ် (မှန်ပါ့)၊ မဂ်သည် (သမုဒယကို ဖြတ်ပါတယ်)၊ သမုဒယဖြတ်တော့ နောက်ဒုက္ခလာသေးရဲ့လား (မလာပါ ဘုရား)၊ နောက်ဒုက္ခမလာတာဟာ ဘာသစ္စာပါလိမ့် (နိရောဓသစ္စာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီအတိုင်းသာ အားထုတ်လို့ရှိရင် သစ္စာမြင်လိမ့်မယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။