ရန်သူနှစ်ယောက်ကို အသေသတ်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း – မိုးကုတ်ဆရာတော်ဘုရား
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
(၂၆-၈-၆၁)
သံသရာစခန်းသတ်ဖို့စိတ်ကူးကြပါ
တရားနာလာကြတဲ့ ဒကာ ဒကာမတွေ သံသရာစခန်းသတ်တို့ကို အမြဲတမ်း စိတ်ကူးကြပါလို့ဆိုတာ တိုက်တွန်း တယ်နော်။
သံသရာစခန်းသတ်ဖို့ဆိုတဲ့ဥစ္စာ တခြားမဟုတ်ပါဘူး၊ ဒီခန္ဓာကြီးဟာ ရုပ်နာမ်ခန္ဓာကြီးကို စခန်းသတ်ဖို့ ဒါကို အဓိကထားပြီးသကာလ ဆရာဘုန်းကြီး ဟောနေတယ်လို့ ဒကာ ဒကာမတွေ မှတ်ကြပါ (မှန်ပါ့)။
ရုပ်နာမ်ခန္ဓာကြီးကို ရနေတဲ့ ဒကာ ဒကာမတွေဟာ ဪ အိုရချည်သေးဆိုတာ မပြောဘဲနဲ့ပဲ ဒါကြီးဟာ တွေ့နေရတယ် (တွေ့ပါတယ် ဘုရား)၊ ဪ နာရချည်သေးဆိုတာလည်း ခန္ဓာရလို့ ပြောတဲ့စကား (မှန်ပါ့)၊ သေရချည်သေးဆိုတာလည်း ခန္ဓာကြောင့် ပြောရတဲ့စကား (မှန်ပါ့)။
ဒါဖြင့် ဘဝတိုင်းပဲ ဒီလိုချည့်ပြောနေရမယ်ဆိုလို့ရှိရင်ဖြင့် ကြောက်ရင်း-လန့်ရင်းနဲ့ပဲ ခေါင်းထဲ ဝင်ရသလို ဖြစ်နေတယ် (မှန်ပါ့)။
အိုရချည်သေး, နာရချည်သေး, သေရချည်သေးဆိုရင်း မတ္တနဲ့ပဲ သုသာန်ရောက်လိုက်ရပြန်ပြီ (မှန်ပါ့)၊ နောက် ဘဝလာပြန်လည်း အိုရချည်သေး, နာရချည်သေး, သေရချည်သေးဆိုပြီးသကာလ ဒကာ ဒကာမတို့ သုသာန်ပို့လိုက် ရပြန်ပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘယ်မှာသာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့ရေးမျှော်ရင် ကောင်းတာမတွေ့ဘူး (မတွေ့ပါ ဘုရား)။
အဲဒါ လက်သည်ရှာကြပါစို့၊ ဒီဒကာ ဒကာမတွေ အို, နာ, သေဘက်ချည့် ပို့နေတာ ဘယ်သူပါလိမ့်မတုံးဆိုတဲ့ လက်သည်ကို မိအောင်ဖမ်းကြပါစို့ (မှန်ပါ့ ဘုရား)။
အို, နာ, သေဘက် ပို့နေတဲ့ လက်သည်မမိသ၍ ကာလပတ်လုံး ကျုပ်တို့ကို ဒီလက်သည်က အို, နာ, သေဘက် ချည့်ပဲ ပို့နေလိမ့်မယ်ဆိုတဲ့ဥစ္စာ အားလုံး ဒကာ ဒကာမတွေ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
ဒီဒကာ ဒကာမတွေကို အိုရာ, နာရာ, သေရာ ပို့နေတာ ဘယ်သူတုံးလို့ဆိုတော့ ဒကာကြွယ်ရေ လက်သည် မမိရင် ခက်တယ်နော် (ခက်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လက်သည်မိရင် ကျုပ်တို့ သတ်ရပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
လက်သည်မိလို့ရှိရင် (သတ်ရပါမယ်)၊ လက်သည်မိလို့ရှိရင် သတ်ကြရလိမ့်မယ်ဆိုတော့ ဘုန်းကြီးက လက်သည် ဖမ်းပေးမယ်၊ ဒကာ ဒကာမတွေက ဉာဏ်နဲ့သတ်လို့ရှိရင် သေပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဘုန်းကြီးက လက်သည်ဖမ်းပေးပါမယ် ဒကာ ဒကာမတို့၊ ဒကာ ဒကာမတို့က ဉာဏ်နဲ့သတ်လိုက်ရင် ဦးလှဘူး ရေ အို, နာ, သေဘက်ကို ပို့တတ်တဲ့ တရားတွေဟာဖြင့် ကျုပ်တို့ ခင်ဗျားတို့ကို ပို့စရာလက်စ သိမ်းတော့မှာပဲ (မှန် ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီဘဝလည်း အခု စိတ်မချ လက်မချ နေကြရတယ် (မှန်ပါ့)၊ စုတေမနေ သေလွန်ပြန်တော့ကော (စိတ်မချ လက်မချ သေရပါတယ် ဘုရား)။
စိတ်မချ လက်မချချည့် နေရတာသည်ကားလို့ဆိုရင် ဘယ်တော့မှ လက်သည်ကို ဖမ်းပြီး မသတ်ခဲ့တဲ့အတွက် ရောက်ရာဘဝ စိတ်မချ လက်မချနဲ့ နေရတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုန်းကြီးသည် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပေးတဲ့ ဉာဏ်မျက်လုံးကို အစိတ်အပိုင်း တစ်စိတ် တစ်ဒေသ ရထားတော့ ဒကာ ဒကာမတို့ အဲဒီမျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာ တွေ့ပါတယ် (မှန်ပါ့ ဘုရား)။
ဪ ဒကာ ဒကာမတွေ အိုရာ, နာရာ, သေရာကို ပို့နေတာ ဘယ်သူပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာ) အဝိဇ္ဇာနဲ့ တဏှာ (မှန်ပါ့ ဘုရား)။
လက်သည်ကလေးတော့ ပေါ်လာပြီ
ဒကာကြွယ်ရေ လက်သည်ကလေးတော့ ပေါ်လာပြီ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ အိုတဲ့, နာတဲ့, သေတဲ့ဆိုပြီး ဘဝတိုင်း သုသာန်ချည့် ပို့နေတဲ့တရားဟာ ဘယ်သူပါလိမ့် မလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် အဝိဇ္ဇာနဲ့တဏှာပဲဆိုတာ ပေါ်လာကြပြီ (ပေါ်လာပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လက်သည်ဖမ်းပေးပါပြီတဲ့ ဪ တို့ကို အိုရာပို့တာ, နာရာ ပို့တာ, သေရာပို့တာ အပါယ်ဌာနပို့တာ ဘယ်သူပါလိမ့်မလဲလို့ ရှာလိုက်တဲ့အခါကျတော့မှတဲ့ အဝိဇ္ဇာနဲ့ တဏှာ လာ တွေ့တယ်။
ဒကာ ဒကာမတွေ ဘာများတွေ့ပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာ လာတွေ့ပါတယ်)၊ အဝိဇ္ဇာနဲ့တဏှာ လာတွေ့တယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် အဝိဇ္ဇာနဲ့တဏှာကို တွေ့တော့တွေ့ပါရဲ့ သူ့နိုင်တဲ့တရားနဲ့ မသတ်တတ်ပြန်လို့ရှိရင်လည်း သူတို့က အညွန့်ပေါက်ပြီးသကာလ အိုရာ, နာရာ, သေရာဆီကို ဒကာ ဒကာမတွေကို ပို့ဦးမှာပဲ (ပို့မှာပါ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးကို ဒကာ ဒကာမတွေသည် လက်သည်တွေ့ရုံနဲ့လည်း သတ်နည်းမရရင် မပြီးသေးဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း မှတ်ရမယ် (မှန်ပါ့ ဘုရား)။
လက်သည်တော့တွေ့ပါရဲ့၊ သတ်နည်းက မရပြန်ဘူးဆိုလို့ရှိရင်လည်း လိုရင်းမဆိုက်သေးဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အေး ဒါ့ကြောင့် ဒကာ ဒကာမတို့ အိုဟဲ့, နာဟဲ့, သေဟဲ့ ဘယ်သူက ခိုင်းပါလိမ့်မလဲ (အဝိဇ္ဇာ-တဏှာ က ခိုင်းပါတယ်)၊ အပါယ်သွားဟဲ့ဆိုတာကော (အဝိဇ္ဇာ, တဏှာကပါ ဘုရား)။
အပါယ်က ပြန်တက်လာ၊ ပြန်လို့ရှိရင် အိုလမ်း, နာလမ်း, သေလမ်းပဲ လိုက်ပို့နေတာလည်း ဘယ်သူပါလိမ့် (အဝိဇ္ဇာ, တဏှာပါ ဘုရား)။
အဝိဇ္ဇာနဲ့တဏှာ မသေသ၍
ဪ ဒါဖြင့် ဒကာကြွယ်တို့ ဒကာသစ်တု့ရေ အဝိဇ္ဇာနဲ့တဏှာ မသေသ၍ ကာလပတ်လုံးဖြင့် ကျုပ်တို့ အိုဒုက္ခ, နာဒုက္ခ, သေဒုက္ခ, အပါယ်ဒုက္ခတွေ ဘယ်နည်းနဲ့မှ သိမ်းတော့မည် မဟုတ်ဘူးဆိုတဲ့ဥစ္စာဖြင့် တထစ်ချ မှတ် ရုံပဲဆိုတာ သေသေချာချာ သဘောကျကြပလား (ကျပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာသည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဝိဇ္ဇာနဲ့ အလောဘဖြစ်မှ နေရာကျတော့မယ် (မှန်ပါ့ ဘုရား)။
ဝိဇ္ဇာနဲ့ (အလောဘဖြစ်မှ နေရာကျမှာပါ)၊ ဪ ပြောင်းပြန်ကိုဖြစ်မှ နေရာကျမယ် (မှန်ပ့ါ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုဖြစ်မှ နေရာကျမလဲ (ပြောင်းပြန်ဖြစ်မှ နေရာကျပါမယ်)၊ ဝိဇ္ဇာနဲ့, အလောဘဖြစ်မှ နေရာကျမယ်ဆိုတာကို တထစ်ချမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သံယုတ်ပါဠိတော်မှာ ဟောထားတယ် ဒကာကြွယ် သေသေချာချာ မှတ်စမ်း (မှန်ပါ့)၊ သမုဒ္ဒရာကြီး ရှိတယ်ကွာတဲ့ ဒကာ ဒကာမတို့ မော်လမြိုင်ဆီ ဘယ်ဆီရောက်တဲ့အခါ ကမ်းစ, လမ်းစ မမြင်တဲ့ သမုဒ္ဒရာကြီးရှိတယ်နော် (မှန်ပါ့ ဘုရား)။
အဲဒီ့သမုဒ္ဒရာကြီးဟာ တစ်နေ့နေ့ နေငါးစင်းထွက်တဲ့အခါကျတော့ ခန်းခြောက်သွားစရာ ရှိပါတယ်ကွာ တဲ့၊ အဝိဇ္ဇာနဲ့ တဏှာမချုပ်တဲ့ပုဂ္ဂိုလ်ဖြင့် အို, နာ, သေ အပါယ်လေးပါးဆိုတာ ဘယ်တော့လွတ်လိမ့်မယ်လို့ ငါမဟော ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သမုဒ္ဒရာသာ ခန်းခြောက်စရာရှိတယ်၊ အို, နာ, သေ အပါယ်လွတ်လိမ့်မယ်လို့ ငါမဟောဘူးတဲ့ (မှန် ပါ့ ဘုရား)၊ တယ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
သမုဒ္ဒရာကြီးဟာ ဒကာ ဒကာမတွေ အင်မတန် ရေများပြီးသကာလနေတာ ခန်းနိုင်ဖို့ ခြောက်နိုင်ဖို့အရေး ဟာ တွေးလိုက်လို့ရှိရင် တော်တော်ဝေးတယ်လို့ ထင်ရငြားသော်လည်း ခန်းလိမ့်ဦးမယ်၊ ခြောက်လိမ့်ဦးမယ်ကွတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက (မှန်ပါ့)၊ မင်းတို့ အိုဘေး-နာဘေး-သေဘေး-အပါယ်ဘေး လွတ်ရေး ငါမမြင်ဘူး တဲ့ အဝိဇ္ဇာနဲ့တဏှာ မချုပ်ရင် (မှန်ပါ့ ဘုရား)။
သမုဒ္ဒရာပျောက်တောင် ကျုပ်တို့ အိုဘေး, နာဘေး, သေဘေး ပျောက်မှာမဟုတ်ဘူးတဲ့ (မှန်ပါ့)၊ ဒီအထဲမှာ ပဲ ကျက်စားနေရမှာပဲတဲ့ (မှန်ပါ့ ဘုရား)။
လွန်လှချည့်လား ဒကာ ဒကာမတို့ (လွန်ပါတယ် ဘုရား)၊ အင်မတန် ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မြင်းမိုရ်တောင်ဥပမာ
ကိုင်း ဒါတွင်မကသေးပါဘူး၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သံယုတ်ပါဠိတော်ကြီးမှာ ကိုယ်တိုင်မြင်လို့ ကိုယ်တိုင်ဟောတော့ မြင်းမိုရ်တောင်ကြီးဆိုတာ ရေထဲမှာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်၊ အထက်မှာလည်း ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အဲဒါလောက်မြင့်မားတယ်၊ မြုပ်နေတဲ့ မြင်းမိုရ်တောင်ကြီးဟာ ပျောက်စရာ အကြောင်း မြင်တယ်တဲ့ (မှန်ပါ့ ဘုရား)။
မင်းတို့ အဝိဇ္ဇာနဲ့တဏှာ မချုပ်တဲ့ပုဂ္ဂိုလ်မှာ အိုဘေး, နာဘေး, သေဘေး ဒုက္ခဆုံးလိမ့်မယ်လို့ ငါဘုရား မဟောနိုင်ဘူးတဲ့ (မှန်လှပါ ဘုရား)၊ ဆိုတော့ လွန်လွန်းလှချည်လား ဒကာ ဒကာမတို့ (လွန်လွန်းပါတယ် ဘုရား)။
အဲဒီတော့ ဘုန်းကြီးက သတိပေးချင်တာက ကိုယ့်အမြင်ကလေးနဲ့ ကိုယ်လမ်းမဆုံးဘဲနဲ့ ဘုရားအမြင်အတိုင်း ဆရာဘုန်းကြီး နည်းပေးတဲ့အမြင်ကို ဪ ကြာတယ် စခန်းသတ်တာ အေးတယ်ဆိုတာ ယနေ့ ဆုံးဖြတ်ချက် ချပါ (မှန်လှပါ ဘုရား)။
ဝေပုလ္လတောင်လောက် ရှိမယ်
ကြာလှတယ် ဒီဥစ္စာကြီးဟာ နောက်က အလွန်ကိုဆိုးခဲ့လှပါပြီဆိုတဲ့ဥစ္စာ သိပြီးသားပဲ ထားပါတော့နော် (မှန်လှပါ)၊ ဒကာ ဒကာမတွေ တိုတိုပြောလို့ရှိရင် ဒကာ ဒကာမတွေ၏အရိုးကို သေသွားတဲ့ အရိုးကလေးဟာ မပုပ် မဆွေးဘဲနဲ့ထား (မှန်ပါ့)၊ နောက်တစ်ခါ သေပြန်တဲ့ဖြစ်ပြန်လို့ အရိုးကို မပုပ်မဆွေးဘဲထား အဲဒီ့အရိုး ဆင့်လိုက်မယ် ဆိုလို့ရှိရင် ဝေပုလ္လတောင်လောက် ရှိမယ်တဲ့ (မှန်ပါ့)၊ တစ်ယောက်တည်း အရိုး ၊ တစ်ယောက်တည်း အရိုး (မှန် ပါ့ ဘုရား)။
တစ်ယောက်တည်း အရိုးဟာ ဘယ်လောက်ရှိမလဲ (ဝေပုလ္လတောင်လောက် ရှိပါမယ်ဘုရား)။
ဝေပုလ္လတောင်ဆိုတာ ဒကာ ဒကာမတွေ မှတ်စမ်း၊ တောင်က ကျယ်လည်းကျယ်, မြင့်လည်းမြင့်တော့ လေး ရက်တက်, လေးရက်ဆင်းရှိတယ် (မှန်ပါ့)။
တက်ရတဲ့အခါ ဘယ်လောက်တက်ရသတုံး (လေးရက်တက်ပါတယ်)၊ ဆင်းတဲ့အခါ (လေးရက်ဆင်းရပါတယ် ဘုရား)။
အဲဒါလောက် မင်းတို့ ဘုရား တစ်ဆူတစ်ဆူကြားမှာ အိုဘေး, နာဘေး, သေဘေး, အပါယ်ဘေးတွေ တွေ့ခဲ့ လို့ သူများပါးစပ်ထဲမှာ လမ်းဆုံးပြီး အသားတွေ ကုန်ခဲ့ရတဲ့ အရိုးတွေ ပုံခဲ့ရတဲ့ အဖြစ်ဟာဖြင့်ကွာ တဲ့ ဝေပုလ္လ တောင် လေးရက်တက် လေးရက်ဆင်း ရှိသလောက် မင်းတို့ ဘုရားတစ်ဆူတစ်ဆူကြားမှာ တွေ့ကြုံရပါလိမ့်မယ် (မှန်ပါ့)၊ အဝိဇ္ဇာနဲ့ တဏှာမချုပ်ရင် (မှန်လှပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့တဏှာ မချုပ်ရင်ဖြင့် ကျုပ်တို့ အရိုးတွေ ပုံလိုက်လို့ရှိရင် လေးရက် တက် လေးရက်ဆင်း ဖြစ်မယ် (မှန်ပါ့)၊ တစ်ယောက်၏ အရိုးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
မပျက်မစီးပဲနဲ့ ဘုရားဉာဏ်နဲ့ စုပြီးသကာလ ထားလိုက်မယ်ဆိုရင် ဘယ်နှစ်ရက်တက် ဘယ်နှစ်ရက်ဆင်းတဲ့ တုံး (လေးရက်တက်, လေးရက်ဆင်းပါ ဘုရား)၊ ဘယ်နှစ်ယောက်၏ အရိုးပါလိမ့် (တစ်ယောက်၏အရိုးပါ ဘုရား)။
ဥပမာ- ဒကာကြွယ်ဖြင့် အဝိဇ္ဇာတဏှာ မချုပ်သေးတဲ့ ဒကာကြွယ်၏အရိုး (မှန်ပါ့)၊ ဒကာသစ်ဖြင့် အဝိဇ္ဇာ တဏှာမချုပ်သေးတဲ့ ဒကာသစ်၏အရိုး (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် အဝိဇ္ဇာတဏှာ မချုပ်သ၍ ကာလပတ်လုံးဖြင့် အရိုးသည်ကားဆိုရင်ဖြင့် ဘုရားတစ်ဆူ တစ်ဆူကြားမှာ လေးရက်တက် လေးရက်ဆင်း ကျုပ်တို့ဖြစ်ကြရဦးမယ် (မှန်ပါ့)၊ ဘယ်လောက်များ ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားဘယ်နှစ်ဆူ ကျုပ်တို့ လွန်ခဲ့ကျော်ခဲ့ကြမလဲ ၊ ကျွတ်တမ်း မဝင်ခဲ့ကြသလဲလို့ မေးတော့ ဘုရားပေါင်းက ဂင်္ဂါသဲမှုန့်နဲ့အမျှ (မှန်ပါ့)၊ ဘယ်လောက်များခဲ့သလဲ (များပါတယ် ဘုရား)။
ဂင်္ဂါသဲမှုန့်နဲ့အမျှ ဒကာ ဒကာမတို့ ကျုပ်တို့သည် လွဲခဲ့, ချော်ခဲ့ကြတယ် (မှန်ပါ့ ဘုရား)။
အဲဒီ ဘုရားတစ်ဆူတစ်ဆူကြားမှာလည်း လူတစ်ယောက်၏အရိုးကို စုပုံပြီး မဆွေး မမြေ့ဘဲနဲ့ထားရင် ဒကာ ဒကာမတို့ လေးရက်တက် လေးရက်ဆင်း ရှိရမယ် (မှန်ပါ့)။
ဒါဖြင့် ဒကာသစ်တို့, ဒကာကြွယ်တို့, ဦးလှဘူးတို့ မဆုံးနိုင်တော့ဘူး သေခဲ့ရတာ (မှန်ပါ့)၊ မဆုံးနိုင်တော့ဘူး သေခဲ့ရကြတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါလောက်တောင် အရိုးတွေများအောင် ဘယ်သူက လုပ် ပါလိမ့်မတုံးလို့ လက်သည်ရှာတော့ ဒကာကြွယ်ရေ အဝိဇ္ဇာနဲ့ တဏှာ လာတွေ့တယ် (တွေ့ပါတယ် ဘုရား)။
ဒါလောက်တောင် အရိုးတွေများအောင် လေးရက်တက် လေးရက်ဆင်း လူတစ်ယောက်၏ အရိုးတွေဟာ ပုံပုံထားပြီးတော့ အရိုးပုံကြီးအောင် ဘယ်သူကပ်ပါလိမ့်မလဲလို့ လက်သည်ရှာတော့မှ ဘုရားက အဝိဇ္ဇာနဲ့ တဏှာဟေ့ တဲ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အရိုးကြီးပွားရေးဇာတ်ဖြင့် သိမ်းနိုင်ကြပါပြီ
ဘာ,ဘာတဲ့ (အဝိဇ္ဇာနဲ့ တဏှာဘုရား)၊ အဝိဇ္ဇာနဲ့ တဏှာဆိုတော့ ဒကာသစ်ရေ မြန်မြန် ဒီတရားနှစ်ခုကို သတ်လိုက်ရလို့ရှိရင် ကျုပ်တို့ အရိုးကြီးပွားရေးဇာတ်ဖြင့် သိမ်းနိုင်ကြပါပြီ (မှန်ပါ့)၊ ဒီတရားနှစ်ခုသတ်နိုင်ရင် အရိုး ကြီးပွားရေး ဇာတ်သိမ်းနိုင်ကြပါပြီဆိုတာကိုဖြင့် ဝမ်းမြောက်ကြပါတော့ (မှန်ပါ့ ဘုရား)။
ယနေ့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတွေလည်း ပရိယေသနကိစ္စနဲ့ ကြပ်ကြလို့ မအား ကြလို့ ယနေ့မှပဲ စုပြီးသကာလ တချို့က လာနိုင်ကြတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ တစ်နေ့တည်းနဲ့ပဲ ငါတို့သည်ကားလို့ဆိုရင် အရိုးကြီးပွားရေးဇာတ်တို့ဖြင့် ငါတို့ သိမ်းပါတော့မယ်၊ မြေကြီး, ကြီးပွားရေးဇာတ်ကိုဖြင့် ငါတို့သိမ်းပါတော့မယ်ဆိုပြီး တရားနာကြပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ကြောက်စရာ အလွန်ကောင်းသနော် (ကောင်းပါတယ် ဘုရား)၊ သေသေချာချာ ဒကာ ဒကာမတွေ ဉာဏ်နဲ့စဉ်းစားကြည့်တော့မှ ဪ ဒီသေခဲ့ရတဲ့ အရိုး တောင်လိုပုံဆိုတော့ ဘယ်တောင်ပါလိမ့် မတုံးဆိုတော့ ဝေပုလ္လတောင် (မှန်ပါ့)။
ဝေပုလ္လတောင်ဟာ ဘယ်လောက်မြင့်၍ ဘယ်လောက်ထုထူတယ်ဆိုတော့ လေးရက်တက် လေးရက်ဆင်း တဲ့ဆိုတော့ တော်တော်ကြီးတဲ့ တောင်ပေါ့ဗျာ (ကြီးပါတယ် ဘုရား)။
အဲဒါ ဘုရားတစ်ဆူတစ်ဆူကြားမှာ ဖြစ်ရတဲ့အရိုးတဲ့ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဘုရားတစ်ဆူတစ်ဆူကြားမှာ ဖြစ်ရတဲ့ တစ်ယောက်၏ အရိုးပုံသည် လေးရက်တက်, လေးရက်ဆင်း ဒါလောက် တောင် အရိုးကြီးပွားတယ် (မှန်ပါ့)။
ဘယ်သူ့လက်ချက်ကြောင့် အသေဒါလောက်များလို့ အရိုးဒါလောက် ပေါရပါလိမ့်မလဲကိုတာ အကဲခတ်ကြည့် ပါ (အဝိဇ္ဇာနဲ့ တဏှာပါ ဘုရား)၊ တယ်လည်းဆိုးတဲ့ တရားပါလား (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဘာလုပ်ဖို့သင့်ပါလိမ့် (သတ်ဖို့ပါ ဘုရား)၊ သတ်ဖို့သင့်တယ်နော် (မှန်ပါ့)။
ဪ အဝိဇ္ဇာနဲ့ တဏှာကိုဖြင့် ဒကာ ဒကာမတို့ ယနေ့သတ်လည်း ပြီးပါလိမ့်မယ်၊ သတ်လည်း သတ်ကြပါ ဆိုတာကိုလည်း ဘုန်းကြီးက တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် သတ်နည်းမသိလို့ရှိရင်လည်း ကျုပ်တို့ ရှေ့ဘာဖြစ်မှာတုံးဆို ဘာမှမဖြစ်ဘူး၊ အရိုးတွေ တောင်နှယ် ပုံနေမှာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါမသတ်လို့ရှိရင် တပည့်တော်တို့ရှေ့များ ဘာဖြစ်ဖို့ မြင်သေးသတုံး မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အိုပွဲ, နာပွဲ, သေပွဲ, အပါယ်လေးပါးရောက်တဲ့ပွဲတွေ နွှဲပြီးသကာလ အရိုးပုံကြီးပွားရေး အလုပ်မှတစ်ပါး ဘာမှမမြင် ဘူးလို့ ပြောရုံပဲရှိတယ် (မှန်ပါ့)၊ ရှင်းကြပါပြီ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အပင်ပန်းခံပြီး ကြပ်ကြပ်တည်းတည်းနဲ့ နေကြ, ထိုင်ကြရတော့ ဒီဒုက္ခက မကြီးသေးပါဘူးထား (မှန်ပါ့)၊ ခုနင်က သူများပါးစပ်ထဲ ငါးဖြစ်လို့ ငါးကြီးပါးစပ်ထဲ ငါးလေးက သေရတဲ့ ဘဝတွေ၊ ဒကာ ဒကာမတို့ လူတွေမှာ စစ်ထဲသေရတဲ့ဘဝတွေ၊ ကမ္ဘာမီးလောင်လို့ သေရတဲ့ဘဝတေဇွ၊ အိုလို့ နာလို့ ရိုးရိုးနဲ့သေရတဲ့ဘဝတွေ စုလိုက်လို့ရှိရင်ဖြင့် ဘုရားတစ်ဆူတစ်ဆူကြားမှာ လေးရက်တက် လေးရက်ဆင်း တောင်ကြီး လောက် ရှိမယ်တဲ့ မပျက်မစီးရင် (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ အရိုးကြီးပွားရေးများ ကြီးပွားချင်သေးသလား (မကြီးပွားချင်ပါ ဘုရား)၊ အရိုးကြီးပွားရေး ကိုဖြင့် ဇာတ်သိမ်းပါတော့ ဒကာ ဒကာမတို့ (မှန်ပါ့)၊ အရိုးကြီးပွားရေး ဘယ်သူလုပ်ပါလိမ့် (အဝိဇ္ဇာ တဏှာ လုပ်ပါ တယ် ဘုရား)။
လက်သည်ဖမ်းမိပြီ
ဪ ဒါဖြင့် ဒကာ ဒကာမတို့ လက်သည်ဖမ်းမိပြီ (ဖမ်းမိပါပြီ)၊ ဘယ့်နှယ်ကြောင့် တပည့်တော်တို့ အရိုးကြီးပွားရေး ဒါလောက်တောင် ကြာခဲ့ပါလိမ့်မတုံးဆိုတော့ဖြင့် ဒကာကြွယ်တို့ ဒကာသစ်တို့ လက်သည်ဖမ်းမမိလို့ ကြာခဲ့တယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ကြာခဲ့ပါလိမ့် (လက်သည်ဖမ်းမမိလို့ပါ ဘုရား)၊ လက်သည်ဖမ်းမမိလို့ ကြာခဲ့ရပါတယ်ဆိုတာ ကိုဖြင့် ငြင်းနေစရာ မလိုတော့ပါဘူး (မလိုပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီအဝိဇ္ဇာ တဏှာ မချုပ်ရင် တပည့်တော်တို့ ဘာဖြစ်ဦးမှာတုံးလို့ မမေးနဲ့တော့နော် (မှန် ပါ့)။
အဝိဇ္ဇာ တဏှာမချုပ်ရင် တပည့်တော်တို့ ဘာဖြစ်မှာတုံးလို့ ဒကာကြွယ် မေးဖို့လိုသေးသလား (မလိုပါ ဘုရား)၊ လေးရက်တက် လေးရက်ဆင်းဆိုတဲ့ အရိုးတွေ ပုံဖြစ်မှာပဲ (မှန်ပါ့ ဘုရား)။
ဘာမှမဖြစ်ဘူး၊ စကြဝတေး, မန္ဓာတ်ဆိုတာက အပိုပြောတာ (မှန်ပါ့)၊ သေသေချာချာဖြစ်မှာက လေးရက် တက် လေးရက်ဆင်း အရိုးပုံဖြစ်ရမယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လေးရက်တက် လေးရက်ဆင်း (အရိုးပုံ ဖြစ်ရပါမယ် ဘုရား)။
တပည့်တော်တို့ဘုရား ဒီဘဝ အဝိဇ္ဇာနဲ့ တဏှာ မသေခဲ့လို့ရှိရင်ဖြင့် သေတဲ့နည်းကိုလည်း တပည့်တော် တို့ အားမထုတ်ခဲ့ဘူး အားမထုတ်ဖြစ်ဖူးဆိုလို့ရှိရင်ဖြင့် တပည့်တော်တို့ ဘာဖြစ်မှာတုံး လှူဒါန်း, ပေးကမ်းထားတာလို့ (မှန်ပါ့)၊ အို ဒါတွေ အသာထားစမ်းပါ အရိုးကြီးပွားရေးဖြစ်မယ် (မှန်လှပါ)၊ သဘောပါပလား (ပါပါပြီဘုရား)။
ဘာကြီးပွားရေးဖြစ်မလဲ (အရိုးကြီးပွားရေး ဖြစ်ပါမယ် ဘုရား)။
ဉာဏ်နဲ့ မျှော်စမ်းပါ
ဒကာကြွယ်ရေ ရှေ့ကို ခင်ဗျားတို့ တဏှာနဲ့ မျှော်တာတွေ အသာထားစမ်းပါ ဉာဏ်နဲ့ မျှော်စမ်းပါ (မှန် လှပါ ဘုရား)။
ဒကာ ဒကာမတွေ ဘာနဲ့မျှော်ရမလဲ (ဉာဏ်နဲ့ မျှော်ရပါမယ် ဘုရား)။
တဏှာနဲ့မျှော်တော့ ဒကာကြွယ်တို့က ဒကာသစ်တို့က ဦးလှဘူးတို့က မေးချင်မေးကြလိမ့်မယ် (မှန်ပါ့)၊ တပည့် တော် ဒီဘဝက စုတေမနေ သေလွန်ရင် တပည့်တော် ကျောင်း, ကန်, ဘုရားတွေနဲ့ တပည့်တော်တော့ဖြင့် တော်တော် နေရာကျပြီထင်တယ်လို့ ခင်ဗျားတို့ တဏှာနဲ့ မေးလို့ရှိရင်ဖြင့် ဉာဏ်နဲ့ဖြေပါ (မှန်ပါ့)၊ ဘာကြီးဖြစ်နေနေ နောက်ဆုံး ပိတ် အရိုးကြီးပွားရေးဖြစ်ရမှာပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အရိုးကြီးပွားရေးက သေခြင်းဆိုးသေတဲ့ အရိုးကြီးပွားရေး (မှန်ပါ့)၊ ဝေဒနာရောက်ပြီး သေကြမှာချည့်ကိုးဗျ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီအရိုးတွေဟာ ဘယ်လိုနဲ့ ကြီးပွားလာပါလိမ့်မတုံး၊ အရိုးပုံပေါ် အရိုး ဘယ်လိုဆင့်ရမှာတုံး၊ နာ ခြင်းဆိုးက သေခြင်းဆိုး သေပြီးဖြစ်တဲ့ အရိုးတွေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နာခြင်းဆိုးက (သေခြင်းဆိုးဖြစ်တဲ့ အရိုးတွေပါ ဘုရား)၊ သေချင်းဆိုး သေပစ်ရတဲ့ အရိုးတွေပဲဆိုတဲ့ဥစ္စာဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အဝိဇ္ဇာ တဏှာက လုပ်လိုက်တဲ့ အရိုးတွေဆိုတဲ့ဥစ္စာဖြင့် ဒကာကြွယ် သေချာပြီ (သေချာပါပြီ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဟို ဘုန်းကြီးတို့ အင်္ဂလိပ်မင်းလက်ထက်က မှီခဲ့တဲ့ ဒကာ ဒကာမတွေ မြင်ပါလိမ့်မယ်၊ ခုနစ်ရက် တစ်ပတ် နွားရိုးတွေ ရန်ကုန်ကို ရထားကြီးနဲ့ တင်,တင်ပြီး ရထားပက်လက်တွဲတွေနဲ့ တင်ပို့ရတာ ဒကာသစ်ရေ နည်းသလား (မနည်းပါ ဘုရား)။
နွားရိုးတွေ ဘယ်ကလာပါလိမ့်
ဟ- ဒီနွားရိုးတွေ ဘယ်ကလာပါလိမ့်မတုံး လို့ မေးတော့ နွားသတ်ကုလား၏လက်ချက် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (နွားသတ်ကုလား၏ လက်ချက်ပါ ဘုရား)။
ဒီမှာလည်း လေးရက်တက် လေးရက်ဆင်း အရိုးတွေ ပုံနေတာဟာ အဝိဇ္ဇာတဏှာ၏ လက်ချက် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်သူ့လက်ချက်ပါလိမ့် (အဝိဇ္ဇာတဏှာ၏ လက်ချက်ပါ ဘုရား)။
ဪ ဒကာ ဒကာမတွေ ဒီအဝိဇ္ဇာတဏှာကို ခင်ဗျားတို့က ဖမ်းလည်း မဖမ်းတတ် မိအောင်လည်း မကိုင်နိုင် သတ်နည်းကိုလည်း မရတော့ဘူးဆိုလို့ရှိရင် တပည့်တော်တို့ ရှေ့ကို ဘာဖြစ်ရဦးမှာတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ရှိရင် လေးရက်တက် လေးရက်ဆင်း အရိုးကြီးပွားရေးပဲ ဖြစ်မှာပဲ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာပါလိမ့် (လေးရက်တက် လေးရက်ဆင်း အရိုးကြီးပွားရေးပဲ ဖြစ်မှာပါပဲ ဘုရား)။
ဒကာသစ်ရေ ဆားတောင်မြည်းချင်စရာရှိရဲ့လား (မရှိပါ ဘုရား)၊ ဒကာကြွယ်ကော (မရှိပါ ဘုရား)၊ ဆား မြည်းချင်စရာတောင် မရှိပါဘူး ၊ ဖြစ်စမ်းပါရစေဦးလို့ ပြောသံတောင် မကြားပါဘူး (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအတိုင်းသာဝတ်၊ ဒီအတိုင်းစား၊ ဒီအတိုင်း သားနဲ့သမီးနဲ့ပျော်၊ သားနဲ့သမီးနဲ့ပျော်တာက တဏှာကိုးဗျ (မှန်ပါ့)၊ သား,သမီးထင်တာက အနိစ္စတွေကို သား,သမီးထင်နေတော့ မသိတာ က အဝိဇ္ဇာ (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် သား,သမီးထင်တာက ရုပ်နာမ်ခန္ဓာ အနိစ္စတရားတွေကို သား,သမီးဟူသော အမြင် မြင် နေတာက အဝိဇ္ဇာ၏ စွမ်းရည်သတ္တိ (မှန်ပါ့)၊ ဒါကလေးတွေနဲ့ မခွဲနိုင်တာက တဏှာ၏သတ္တိ (မှန်ပါ့)၊ ဒီအဝိဇ္ဇာတဏှာ ရှိနေတဲ့ ဒကာ ဒကာမတွေဟာ တဲ့ ဘယ်နည်းနဲ့မှ နိဗ္ဗာန်တော့ မရောက်နိုင်ဘူး (မှန်ပါ့)၊ အရိုးကြီးပွားရေးဘက်ပဲ ပြန်လှည့်ရမယ် (လှည့်ရပါမယ် ဘုရား)။
ဘယ်ပြန်လှည့်ရမတုံး (အရိုးကြီးပွားရေးဘက် ပြန်လှည့်ရပါမယ် ဘုရား)။
ဪ ဒကာကြွယ်ရေ မြန်မြန်သိမ်းပါတော့ နော် (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ ဘယ်လိုများ စိတ်ကူးရှိကြပါလိမ့် (မြန်မြန်သိမ်းရပါမယ် ဘုရား)၊ အရိုးကြီးပွား ရေးကိုဖြင့် မြန်မြန်သိမ်းမှ တော်မယ်ဆိုတဲ့ဥစ္စာကိုဖြင့် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
အရိုးဆိုတာသည် ဒကာ ဒကာမတွေ ကြက်ဖြစ်တဲ့အခါမှာ လူကစားလို့ အရိုးတွေဖြစ်ရတယ် (မှန်ပါ့)၊ နွား ဖြစ်တဲ့အခါ လူကစားလို့ (အရိုးဖြစ်ပါတယ် ဘုရား)၊ လူတွေကို ကျားတွေ ဘာတွေကစားလို့ (အရိုးဖြစ်ရပါတယ် ဘုရား)။
မချိမဆန့်ခံပြီး ဖြစ်ရတဲ့အရိုး
အရိုးဖြစ်တယ်ဆိုတော့ သက်သက်သာသာလားလို့ မေးတဲ့အခါ မချိမဆန့်ခံပြီး ဖြစ်ရတဲ့အရိုး (မှန်ပါ့)။
ဘယ်လိုအရိုးပါလိမ့် (မချိမဆန့်ခံပြီးဖြစ်ရတဲ့ အရိုးပါ ဘုရား)။
မချိမဆန့်ခံပြီး ဖြစ်ရတဲ့ အရိုးတွေဖြစ်နေတော့ ဒကာ ဒကာမတို့ မျက်လုံးကလေးတိုတိုနဲ့ မကြည့်ဘဲနဲ့ ဉာဏ် မျက်လုံးတပ်ပြီး အရှည်ကြည့်လိုက်တော့မှ အသေဆိုးသေရတဲ့ အရိုးတွေပါလား (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (အသေဆိုးသေရတဲ့ အရိုးတွေပါ ဘုရား)၊ အသေဆိုးသေရတဲ့ အရိုးတွေပါလားဆိုတာ ဒကာသစ် ဒကာကြွယ် ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီအသေဆိုး သေရတဲ့ အရိုးပုံ လေးရက်တက် လေးရက်ဆင်းကို ဪ ခုနင်က နွားရိုးတွေ ရထားကြီးတစ်စင်း ရန်ကုန်ပို့ရတာ သကြားချက်ဖို့ပို့ရတာ နွားသတ်ကုလား၏ လက်ချက်ပဲဆိုတာ သိရသလို ဒီမှာလည်း အဝိဇ္ဇာတဏှာ၏ လက်ချက်ပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဘယ်သူ၏ လက်ချက်ပါလိမ့် (အဝိဇ္ဇာတဏှာ၏ လက်ချက်ပါဘုရား)။
အဝိဇ္ဇာတဏှာ၏ လက်ချက်ပဲဆိုတော့ ဒကာ ဒကာမတို့ အခုပြုံးသလောက် မဲ့ရလိမ့်မယ်နော် (မှန်ပါ့)။
အဝိဇ္ဇာတဏှာမသတ်ရင် အခုပြုံးသလောက် ဘာဖြစ်ရမယ် ထင်သတုံး (မဲ့ရပါမယ် ဘုရား)၊ တစ်ခါတည်း မဲ့ရမှာလား ဒကာ ဒကာမတို့ အကြိမ်များစွာလား (အကြိမ်များစွာပါ ဘုရား)။
အဲဒီမဲ့ရတာကလည်း မျက်ရည်မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
အဲဒါက အဝိဇ္ဇာတဏှာက လေးရက်တက် လေးရက်ဆင်းဆိုတော့ မျက်ရည်က ဘယ်လောက်တုံး မေးကြည့် တော့ သမုဒ္ဒရာလေးစင်းတဲ့ (မှန်ပါ့)၊ အသေဆိုးသေရလို့ မျက်ရည်ကျရတာက သမုဒ္ဒရာလေးစင်းနဲ့ ညီမျှပါသတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
အင်း မျက်ရည်က ဘယ်လောက်တဲ့ (သမုဒ္ဒရာလေးစင်းပါ ဘုရား)၊ အရိုးက ဘာတဲ့ဗျာ (လေးရက်တက် လေးရက်ဆင်း ပမာဏပါ ဘုရား)။
ကြောက်စရာကောင်းတယ်
အင်း ကျုပ်တို့ မတွေးဝံ့အောင် ကြောက်စရာကောင်းတယ် (မှန်ပါ့)။
ဒကာကြွယ် ဘယ်လိုပါလိမ့် (မတွေးဝံ့အောင် ကြောက်စရာကောင်းပါတယ် ဘုရား)။
အားလုံး ဒကာ ဒကာမတွေ မေတ္တာရှေ့ထားပြီးသကာလ ဇာတ်သိမ်းတရားကို ဟောချင်လို့ ခင်ဗျားတို့အမြင် နဲ့တော့ မသိဘဲဖြစ်ပြီးသကာလနေတော့ အခုမှရတဲ့ သား, သမီး အခုမှ တည်ထောင်ရတဲ့ခင်ပွန်း အခုမှ တည်ထောင် ရတဲ့ ခင်ပွန်းမ,ဆိုပြီး ကိုယ့်ဟာကလေးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ (မှန်ပါ့ ဘုရား)။
ဒီအထဲ မသိတဲ့ အဝိဇ္ဇာကလည်း မိုးမွှန်နေတယ် (မှန်ပါ့)၊ တဏှာကလည်း ခင်လိုက်တာက မပြောပါနဲ့တော့ (မပြောပါ ဘုရား)၊ ဒီအဝိဇ္ဇာတဏှာကိုပင်လျှင် ခင်ဗျားတို့ကလည်း မိတ်ဆွေအရင်းအချာကြီးလုပ်ပြီးသကာလ အရိုး တောင်နှယ်ပုံအောင် မျက်ရည် သမုဒ္ဒရာလေးစင်းနဲ့အမျှ ကျအောင်လုပ်မည့် အဝိဇ္ဇာတဏှာကို ခင်ဗျားတို့က မိတ်ဆွေ လုပ်နေတယ် (လုပ်နေပါတယ် ဘုရား)။
ခင်ဗျားတို့က ဘာလုပ်နေသလဲ (မိတ်ဆွေလုပ်နေပါတယ် ဘုရား)။
ဪ ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့ နွားသတ်ကုလားကို နွားက မိတ်ဆွေလုပ်လို့ရှိရင် ဒီနွားမိုက် လို့ပဲ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမယ် (နွားသတ်ကုလား မိတ်ဆွေလုပ်လို့ရှိရင် ဒီနွားမိုက်လို့ပါ ဘုရား)။
နွားသတ်ကုလားကို ဒီနွားက သူ့သခင်ကြီးမှတ်ပြီးသကာလ ပွတ်ကာ သပ်ကာနဲ့ ဒီနွားက ချစ်ခင်နေမယ်ဆိုလို့ ရှိရင် ဒီနွားထက် မိုက်တာတော့ဖြင့် ဒကာကြွယ်, ဒကာသစ် ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။
မသိတာက အဝိဇ္ဇာ
ဒီမှာလည်း ခင်ဗျားတို့ သား, သမီးကလေးတွေကို အဝိဇ္ဇာနဲ့ မသိတော့ မသိတာက အဝိဇ္ဇာ (မှန်ပါ့)။
ရုပ်-နာမ် ဓမ္မဖြစ်ပျက်တွေကို မသိတာက ဘာတဲ့ (အဝိဇ္ဇာပါ ဘုရား)၊ မသိလို့ ခင်တာက (တဏှာပါ ဘုရား)။
အဲဒီ အဝိဇ္ဇာနဲ့တဏှာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း တဲ့၊ အင်း ဒီလိုဖြစ်ရတာ တော် တော်သေးရဲ့၊ ဒီတရားနဲ့နေရတာ တော်-တော်သေးရဲ့ဆိုတော့ ဒကာ ဒကာမတို့ နွားသတ်ကုလားကို နွားက မိတ်ဆွေ ဖွဲ့ပြီး ကျေးဇူးရင် ထင်နေသလို ခင်ဗျားတို့မှာဖြင့် မှောက်မှားနေလိုက်တဲ့ ဖြစ်ခြင်းက မနည်းပါဘူး (မနည်းပါ ဘုရား)၊ တယ်လည်းဆိုးပါလား (ဆိုးပါတယ် ဘုရား)၊ ဉာဏ်နားနဲ့ ထောင်ကြည့်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာနဲ့ထောင်ရမတုံး (ဉာဏ်နားနဲ့ ထောင်ရပါမယ် ဘုရား)။
ဉာဏ်နားနဲ့ထောင်တော့ ခင်ဗျားတို့မသိတာက ဒီသား, သမီးကလေးတွေကော မိမိခန္ဓာကော ရုပ်နာမ်ဖြစ်ပျက် မသိတာက ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။
မသိလို့ ကိုယ့်ကိုယ်ရော၊ ကိုယ့်သားသမီးတွေရော ခင်နေလိုက်တာက (တဏှာပါ ဘုရား)၊ ဪ ခင်ဗျား တို့ ဒါပဲကျေးဇူးရင် ထင်နေတယ် (မှန်ပါ့)။
အင်း နွားသတ်ကုလားကို နွားက ခင်နေသလိုဖြစ်နေပြီ (မှန်ပါ့ ဘုရား)။
ဘယ်လိုဖြစ်နေပါလိမ့် (နွားသတ်ကုလားကို နွားက ခင်သလိုဖြစ်နေပါတယ် ဘုရား)။
ဪ ဒီနွားထက်မိုက်တာဖြင့် ဘေးကနေကြည့်စမ်း ဒကာသစ် (မရှိတော့ပါ ဘုရား)၊ ဒီနွားထက်မိုက်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ခင်ဗျားတို့လည်း အဝိဇ္ဇာတဏှာကို ကျေးဇူးရှင်ထင်ပြီး သကာလ နေလိုက်တာ ခင်ဗျားတို့မိုက်တာ ရှာမတွေ့ ဘူး (မတွေ့ပါ ဘုရား)။
အဝိဇ္ဇာဆိုတာ မိစ္ဆာဉာဏ်
အဝိဇ္ဇာဆိုတာ မိစ္ဆာဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဒီလိုရောင်းရင် ဒီလိုဝယ်ရင် ကုန်ကို ဒီလိုထားလို့ရှိရင် ကုန်ကို ဒီလိုပြင်ဆင်ပြီးသကာလ ထားလို့ရှိရင်ဖြင့် ဒီလိုမြတ်နိုင်တယ်ဆိုတဲ့ မိစ္ဆာဉာဏ်က အဝိဇ္ဇာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ မိစ္ဆာဉာဏ်က (အဝိဇ္ဇာပါ ဘုရား)။
မိစ္ဆာဉာဏ်က အဝိဇ္ဇာဆိုတာသည် သိလောက်ပါပြီ (မှန်ပါ့ ဘုရား)၊ ဒါ-ဘယ့်နှယ်ကြောင့် မိစ္ဆာဉာဏ်တွေ ဒီ အရောင်းအဝယ်ထဲ ထုတ်ရပါလိမ့်မတုံး မေးတဲ့အခါကျတော့မှ ကိုယ့်ကိုယ်ခင်တဲ့တဏှာ ကိုယ့်သား,သမီးခင်တဲ့ တဏှာ ကြောင့် ဒီဉာဏ် မိစ္ဆာဉာဏ်ထုတ်ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ကျေးဇူးတင်တယ်ဆိုတော့ ကျုပ်အကြံဉာဏ်ကလေး ကောင်းလို့ ဒီကုန်ကလေးတွေ စွံသွားတာပေါ့ (မှန်ပါ့)။
အံမာ အဝိဇ္ဇာကို ခင်ဗျားတို့က နွားသတ်ကုလားကို နွားက တစ်ခါတည်း ပွတ်ကာသပ်ကာနဲ့ ကြည်ညို လေးစားနေတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ တယ်လည်းဆိုးပါလား (ဆိုးပါတယ် ဘုရား)။
ကျုပ် ဒီလိုအကြံဉာဏ်ကလေး ထုတ်လိုက်တာနဲ့ ဒီအထည်ကလေးတွေ စွံသွားတာပေါ့ဗျ လို့ ဒကာာကြွယ် တို့လည်း ပြောချင်ပြောမိမယ် (ပြောပါတယ် ဘုရား)၊ ဒါ ဘာဉာဏ်ပါလိမ့်ဗျာ (အဝိဇ္ဇာဉာဏ်ပါ ဘုရား)၊ မိစ္ဆာဉာဏ်ဟာ အဝိဇ္ဇာလား ဝိဇ္ဇာလား (အဝိဇ္ဇာပါ ဘုရား)။
အဲဒါကိုပင် ဒကာကြွယ်တို့၊ ဒကာသစ်တို့က ဒီလိုလေး ပြုပြင်ပေးလိုက်တော့ ဒီလိုလေးစားရသေးတာပေါ့ဗျ တဲ့ (မှန်ပါ့)၊ အံမာလေး အဝိဇ္ဇာကို ကျေးဇူးများတင်နေတယ် (တင်ပါတယ် ဘုရား)။
အဝိဇ္ဇာကို ဘာတင်သလဲ (ကျေးဇူးတင်ပါတယ်)၊ ဪ သတ်မည့်လူကို နွားက ကပ်ပြန်ပြီ (မှန်ပါ့ ဘုရား)။
အင်း သတ်မည့်လူကို (နွားက ကပ်ပါတယ်)၊ ဒကာကြွယ် မနာနဲ့၊ ခင်ဗျားတို့မှားတာ အတော်ကြီးတယ် (ကြီးပါတယ်)၊ ဒကာ ဒကာမတို့ မှားချက် အတော်ပြင်းထန်နေတယ် (မှန်ပါ့ ဘုရား)။
မှားချက် ဘယ့်နှယ်နေပါလိမ့် (ပြင်းထန်ပါတယ် ဘုရား)၊ အင်မတန် ပြင်းထန်နေတယ်ဆိုတာ ပေါ်လာကြ ပလား (ပေါ်လာပါပြီ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအတိုင်းနေတော့ဖြင့် ဟိုလူက အကြံဉာဏ်ကောင်းတယ် (မှန် ပါ့)၊ အကြံဉာဏ်ကောင်းတယ် သူ၏အဆင်က ဘယ်လိုပြင်ပြီးသကာလ ဘယ်လိုလုပ်ပေးလိုက်တဲ့အတွက် ဘယ်နေရာ သွားပြီး ဘယ်လိုလုပ်လိုက်တဲ့အတွက် သူ့မှာ စားရ, သောက်ရ ရှိတာပေါ့ မိစ္ဆာဉာဏ်ဗျ (မှန်ပါ့)၊ မိစ္ဆာဉာဏ်ဟာ အဝိဇ္ဇာလား ဝိဇ္ဇာလား (အဝိဇ္ဇာပါ ဘုရား)။
ဒါနဲ့ စားရ, သောက်ရရှိတဲ့ တဏှာကလေးကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မလာဘူးလား (ဖြစ်လာပါတယ် ဘုရား)။
တော်,တော်သေးရဲ့ဆိုတာက တဏှာ
အင်း ဒါကလေးကြောင့် ကျုပ် တော်ပဲတော်သေးတယ် (မှန်ပါ့)၊ ဒီအကြံဉာဏ်ကလေးကြောင့် တော်- တော်သေးရဲ့ (မှန်ပါ့)၊ ဒီအကြံဉာဏ်ကလေးကြောင့်ဆိုတာက အဝိဇ္ဇာ (မှန်ပါ့)၊ တော်,တော်သေးရဲ့ဆိုတာက တဏှာ (မှန်ပါ့ ဘုရား)။
ဒီအလုံးကလေးနှစ်လုံးဟာက ဒကာကြွယ်တို့ သုံးဖူး နှုန်းဖူးရဲ့လား (သုံးဖူးပါတယ် ဘုရား)။
အံမာ သူ့ကိုယ် သူက မနည်းအကြံထုတ်ရတယ်လို့ လုပ်ချင်လုပ်နေသေးတာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ သူက အကြံထုတ်တာကို ခင်ဗျားတို့က နောက်ဆုံးပိတ်တစ်နေ့ကျတော့ ဪ ကံကောင်းတော့ လည်း ပစ်လိုက်တိုင်း တည့်တယ် (မှန်ပါ့)၊ အံမာလေး ဒီလိုထင်နေသေးတယ် (ထင်ပါတယ် ဘုရား)။
ကံကောင်းတော့ ပစ်လိုက်တိုင်း တည့်တယ်လို့ ဒီလိုများထင်နေသေးတယ် ဒကာကြွယ်၊ အပြီးသတ်တော့ မိစ္ဆာဉာဏ်နဲ့ တဏှာက လုပ်နေတာ၊ ကံကောင်းတာမဟုတ်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက ဘာလုပ်နေတာတုံး (မိစ္ဆာဉာဏ်နဲ့ တဏှာက လုပ်နေတာပါ)၊ မိစ္ဆာဉာဏ်က အဝိဇ္ဇာ (မှန်ပါ့)၊ ရတဲ့ပစ္စည်းကလေး သာယာတာက (တဏှာပါ ဘုရား)။
မိစ္ဆာဉာဏ်၊ အဝိဇ္ဇာနဲ့ တဏှာက လုပ်နေတာကို ဒကာကြွယ်တု့ နေ့တိုင်း သူ့ကိုပဲ အဖော်လုပ်နေတယ် (မှန် ပါ့)၊ ဒကာသစ်တို့ကော (သူ့ကိုပဲ အဖော်လုပ်နေပါတယ်)၊ ဘယ်သူ့ကိုပါလိမ့်ဗျာ (မိစ္ဆာဉာဏ်နဲ့ တဏှာပါ) အဝိဇ္ဇာနဲ့ တဏှာကို အဖော်လုပ်နေတယ်နော် (မှန်ပါ့ ဘုရား)။
ခုနင်က နွားသတ်ကုလားကို နွားက ကျေးဇူးရှင်ထင်နေတော့ ဒီနွားသေမှ သေပါ့မလား (သေပါတယ်)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
အံမာလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဒကာကြွယ် နွားသတ်ကုလားက သူ့ဝတ္တရား အတိုင်းက သတ်ပြီးသကာလ လုပ်ရမှာကိုးဗျ (လုပ်ရမှာပါ ဘုရား)။
အဲဒီမှာ နွားက မသိရှာတဲ့အခါ ကျေးဇူးရှင်ထင်ပြီး ထမင်းကလေးကျွေးလို့ ရေကလေးတိုက်တာကိုပဲ အင်း ငါ့ကျေးဇူးရှင်ဟာ ငါ့ကို အင်မတန် ခင်ရှာ-မင်ရှာတယ်ဆိုပြီးသကာလ သူ့နားမှာ တရစ်သီသီနဲ့နေတော့ တောထဲက ဖမ်းသတ်ရသလား၊ ဒီအနား လည်လှီးရုံပဲလား (ဒီအနား လည်လှီးရုံပါ ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာက လှီးပါလိမ့်မယ်
အင်း ခင်ဗျားတို့လည်း ခင်ဗျားတို့အိမ်ထဲတွင် အဝိဇ္ဇာနဲ့ တဏှာက လှီးပါလိမ့်မယ် စိတ်ချ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်နေရာ သွားလှီးမယ်ထင်ကြသလဲ (အိမ်ထဲလှီးမှာပါ ဘုရား)။
ဒါ့ကြောင့် တချို့ ဒကာ ဒကာမတွေ ကိုယ့်အိမ် ကိုယ့်ရာ သေတာနဲ့ တခြားမှာသေတာနဲ့ ဒကာသစ် ဘယ် ဟာက များသတုံး (ကိုယ့်အိမ် ကိုယ့်ရာ သေတာက များပါတယ်)၊ ဪ နွားသတ်ကုလားနားမှာ နွားသေရှာတာ ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နွားသတ်ကုလားနားမှာ (နွားသေရှာတာပါ)၊ ဒကာကြွယ် ကျုပ်တို့ ခင်ဗျားတို့ ဖော်မပြောရင် ဆရာကောင်း သမားကောင်းက ဖော်မပြောလို့ရှိရင်ဖြင့် သိကို မသိဘူး (မသိပါ ဘုရား)။
ဆရာကောင်း သမားကောင်းက ဖော်မပြောရင် (မသိပါ ဘုရား)၊ ဘယ်နည်းနဲ့မှ မသိဘူး (မှန်ပါ့ ဘုရား)။
ဒါ ခင်ဗျားတို့က ဆုများတောင်းလိုက်သေးတယ် (မှန်ပါ့)၊ ဆုများတောင်းလိုက်သေးတယ် သေခြင်းသေရင် ကိုယ့်အိမ်ကိုယ့်ရာ သေရပါလို၏တဲ့ (မှန်ပါ့)၊ ဧည့်သည်သေများ မျက်နှာငယ်လွန်းလို့ (မှန်ပါ့ ဘုရား)။
ဖြစ်မှ ဖြစ်ရပလေ (မှန်ပါ့)၊ အံမာလေး ဒကာ ဒကာမတွေ ကြောက်စရာ သိပ်ကောင်းပါလား ဒကာကြွယ် (မှန်ပါ့)၊ ဒီဆုများ တောင်းဖူးသေးသလား (တောင်းဖူးပါတယ် ဘုရား)။
ဟာ ဒကာကြွယ် ဘယ့်နှယ်တုံး၊ နီးနီးနားနား နွားသတ်ကုလားနားမှ ဒီမှာချည့် သေရပါလို၏ (မှန်ပါ့)၊ အဓိပ္ပာယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါ့ကြောင့် တခြားများသေရမှာ ဒကာသစ် မလန့်ဖူးလားဗျာ (လန့်ပါတယ်)၊ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက် တစ်မျက်နှာနဲ့ မသာတောင် လှမှာမဟုတ်ဘူးတဲ့ (မှန်ပါ့)၊ အံမာလေး မသာအတွက် စိုးရိမ်နေသေးတယ်၊ မသာ ဆိုတာ အသုဘ ဘယ်တော့မှ မလှဘူး (မှန်ပါ့ ဘုရား)။
ဘယ်တော့မှ မလှတာ၊ လှဖို့ရာအတွက် ပူပန်နေသေးတယ်ဆိုကတည်းကလည်း ရူးပါပေသေးတယ် (မှန်ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့အိမ်မှာ အရောင်းအဝယ်လုပ်နေတာသည် မိစ္ဆာဉာဏ်ကလေးများကော ပါသေးသလား (ပါပါတယ်)၊ ရတဲ့အခါ တဏှာနဲ့ကော ပစ္စည်းကလေး သာယာသေးသလား (သာယာပါတယ် ဘုရား)။
ဒါဖြင့် ဒီလူနှစ်ယောက်ကလည်း အရိုးကို လေးရက်ဆင်း လေးရက်တက် တောင်ကြီးဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းရည်သတ္တိဟာ အဝိဇ္ဇာနဲ့ တဏှာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်လောက်ထိအောင် လုပ်နိုင်သတဲ့တုံး
ဘယ်သူပါလိမ့်ဗျာ (အဝိဇ္ဇာနဲ့ တဏှာပါ)၊ ဘယ်လောက်ထိအောင် လုပ်နိုင်သတဲ့တုံး (လေးရက်တက် လေးရက် ဆင်းဖြစ်အောင် လုပ်နိုင်ပါတယ်)၊ လေးရက်တက် လေးရက်ဆင်း အရိုးပုံအောင် သတ်နိုင်တယ် (မှန်ပါ့)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။
ဒါကိုပင်လျှင် ဒကာကြွယ်တို့က အကြံဉာဏ်ကလေး ထုတ်လိုက်တော့ ဒီ့ပြင်လူအပေါ်မှာတောင် ကြွားလုံးထုတ် လိုက်သေးတယ် (မှန်ပါ့)၊ သတ်မည့်အဝိဇ္ဇာကလေးက ကိုယ့်သန္တာန်မှာ အထမြောက်လာတော့ သတ်မည့်အဝိဇ္ဇာကလေး အထမြောက်လာတော့ ဒကာသစ်ရေ မင်းတို့လိုဖြင့် ဒီကောင်ဟာ စွံမှာမဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
အံမာလေး ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့ မင်းတို့လိုတော့ ဒီကောင်မစွံလို့ ဒီငွေ ဘယ်ကလာရမလဲ ကွ အစရှိသည်နဲ့ အဝိဇ္ဇာနဲ့ တဏှာကိုပင်လျှင် ဒကာသစ် မိတ်ဆွေကောင်းမှတ်ပြီး (မှန်ပါ့ ဘုရား)၊ တစ်ခါတည်း ခင်ဗျားတို့ ကျုပ်တို့ ဘုရားတစ်ဆူ ဂူတစ်လုံးလောက် အကြံကောင်းတစ်ချက်ဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။
အေး ဒါ့ကြောင့် ဒကာကြွယ်ရေ မသိတာဟာ အဆိုးဝါးဆုံးပဲ (မှန်ပါ့ ဘုရား)။
သတ်မှာက အဝိဇ္ဇာနဲ့တဏှာ (မှန်ပါ့)၊ သူ့နားက မခွါချင်တာက ကျုပ်တို့ အသတ်ခံလိုတဲ့ ပုထုဇန်မိုက် (မှန် ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ပုထုဇန်မိုက်ကလည်း ဒီအနားက ခွါချင်ရဲ့လား (မခွါချင်ပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် မခွါချင်တာတုံးဆို တော့ ဒကာ ဒကာမတို့ သေပွဲဝင်ရတာ ဝေးဝေးမဝင်ချင်ဘူး (မှန်ပါ့)၊ နီးနီးနားနားကပ်ပြီး ဝင်ချင်လို့ သူတို့ကို အဖော်လုပ်ထားရတယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒါလောက်တောင်ပဲ ဆိုးဝါးတဲ့ဥစ္စာ လောကကြီးမှာ ဘယ်သူဆိုးပါတယ်ဆိုငြားသော်လည်း ဒကာသစ်ရေ လေးရက်တက် လေးရက်ဆင်းဖြစ်အောင် အရိုးပုံအောင် ဘယ်သူမှ မသတ်နိုင်ဘူး (မှန်လှပါ ဘုရား)။
ဘယ်သူဟာ လူမိုက်ကြီးပဲဟေ့ ၊ အင်မတန်မိုက်တဲ့ပုဂ္ဂိုလ် အနားမကပ်နဲ့ဆိုဦးတော့ လေးရက်တက် လေး ရက်ဆင်း အရိုးတွေ စေ့နေအောင် ပုံနေအောင် သတ်နိုင်တဲ့ စွမ်းရည်သတ္တိ ဘယ်သူမှ မရှိပါဘူး (မရှိပါ ဘုရား)။
အဝိဇ္ဇာနဲ့တဏှာ လူသတ်ယောကျ်ား နှစ်ယောက်
အဝိဇ္ဇာနဲ့တဏှာ လူသတ်ယောကျ်ား နှစ်ယောက်ကတော့ဖြင့် ဒကာ ဒကာမတို့ လေးရက်တက် လေးရက်ဆင်း အရိုးပုံတွေကို ဘုရားတစ်ဆူကြားတွင် သတ်ပြမယ်ကွ ဆိုတဲ့ဥစ္စာ သေသေချာချာပါတယ် (ပါပါတယ် ဘုရား)၊ ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာကို ရန်သူလား မိတ်ဆွေလားဆိုတာ ယနေ့ အကဲခတ်စမ်း (ရန်သူ ပါ ဘုရား)။
ရန်သူထဲမှာလည်း ဒကာ ဒကာမတို့ အခု အနုမြူကြောက်စရာကောင်းသလား တဲ့ သူတို့ ကြောက်စရာ ကောင်းသလား (သူတို့ ကြောက်စရာကောင်းပါတယ် ဘုရား)။
အနုမြူ-ဟိုက်ဒရိုဂျင် ဟုတ်လား ၊ ဒါတွေ ကြောက်စရာမကောင်းလှပါဘူး၊ တစ်ခါပဲ သတ်နိုင်တယ် (မှန် ပါ့)၊ နှစ်ခါသေအောင်တော့ (မသတ်နိုင်ပါ ဘုရား)၊ သူတို့က ဘယ်နှစ်ခါသေအောင် သတ်နိုင်သတုံး (မရေမတွက်နိုင် အောင် သတ်နိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဦးလှဘူး,ရေ လက်သည်တွေ့ပြီ (တွေ့ပါပြီ ဘုရား)၊ ကျုပ်တို့ ဘဝများစွာ သံသရာမှာ သေပွဲချည့် ဝင်ပြီး အရိုးပုံအောင် လုပ်နိုင်တာဖြင့် အဝိဇ္ဇာနဲ့ တဏှာပဲ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုလုပ်ကြမယ် ဒါဖြင့် (သတ်ရပါမယ် ဘုရား)၊ သတ်ရလိမ့်မနော် ဒကာ ဒကာမတို့ (မှန်ပါ့)။
အကြီးစားရန်သူကိုဖြင့် ယနေ့ ဖမ်းပေးပါပြီ (မှန်ပါ့)၊ တွေ့ကြပလား (တွေ့ပါပြီ ဘုရား)၊ ဘာတွေ့သတုံး (အဝိဇ္ဇာနဲ့ တဏှာ တွေ့ပါတယ်ဘုရား)။
ဒါဖြင့် ခန္ဓာ၏ ဒုက္ခသစ္စာ မသိတာက အဝိဇ္ဇာ (မှန်ပါ့)၊ ဒုက္ခသစ္စာမသိလို့ ရမ်းခင်နေတာက တဏှာ (မှန် ပါ့)။
ခန္ဓာကို ဒုက္ခသစ္စာလို့ မသိတာက (အဝိဇ္ဇာပါ ဘုရား)၊ မသိလို့ ရမ်းခင်နေတာက (တဏှာပါ ဘုရား)။
အဲ ခန္ဓာဒုက္ခသစ္စာလို့ မသိ၊ မသိတော့ ရမ်းခင်၊ ရမ်းခင်တော့ နောက်ဘဝ ရမ်းဆုတောင်း၊ ရမ်းဆုတောင်း တော့ သေထည်ပေါ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
အခုဘဝလည်း သေထည်ကြီးရှိလျက်နဲ့ နောက်ဘဝ သေထည်တွေ ဆုတောင်းတာလည်း အဝိဇ္ဇာနဲ့တဏှာပဲ (မှန်ပါ့)၊ မသိလို့ ဆုတောင်းသကိုးဗျ (မှန်ပါ့)၊ မသိလို့ ဆုတောင်းတော့ ဘာထည်ရပါလိမ့် (သေထည်ရပါတယ် ဘုရား)။
အဲဒီအသေထည်ကိုလည်း မသိပြန်ဘူး ၊ နောက်တစ်ခါ ဆုတောင်းပြန်တော့ (သေထည်ပဲ ရပါတယ်ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာ တဏှာ လက်ချက်ချည့်ပဲ (မှန်လှပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဉာဏ်နားနဲ့ထောင်ပါ
ဒကာ ဒကာမတို့ ဘယ်သူ့လက်ချက်ပါလိမ့် (အဝိဇ္ဇာနဲ့တဏှာ လက်ချက်ပါဘုရား)။
သေသေချာချာ ဉာဏ်နားနဲ့ထောင်ပါ ဒကာ ဒကာမတို့ တစ်သက်မှတစ်ခါ ကြားရတဲ့ တရားမျိုးလောက်ပဲ အရေးကြီးတယ် (မှန်လှပါ ဘုရား)၊ ဒကာကြွယ် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ခင်ဗျားတို့သိတာကတော့ ဘာသိသတုံး၊ ဪ ရန်သူမျိုးငါးပါးများ မတွေ့ပါရစေနဲ့ (မှန်ပါ့)၊ ဒါလောက် ပဲ သိတယ် (မှန်ပါ့ ဘုရား)။
ရန်သူမျိုးငါးပါးဖြင့် မတွေ့ပါရစေနဲ့ ဘုရား ဒါကိုဖြင့် တပည့်တော် အရေးအကြီးဆုံး ဆုတောင်းတာပဲ (မှန်ပါ့ ဘုရား)။
အင်း အဝိဇ္ဇာနဲ့တဏှာဟာ လူသတ်ယောကျ်ားကြီးလို့ သူနဲ့ ကင်းရပါလို၏ ရှင်းရပါလို၏ ပါရဲ့လား (မပါပါ ဘုရား)။
ဒါဖြင့် ရွယ်တဲ့လူသာ ကြောက်တယ်၊ သတ်တဲ့လူကို မကြောက်ဘူး (မကြောက်ပါ ဘုရား)။
ဒါနဲ့ ရွယ်တဲ့လူသာ (ကြောက်ပါတယ် ဘုရား)၊ တကယ်သတ်မည့်လူကို (မကြောက်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် မကြောက်သတုံးလို့ ဒကာကြွယ် ဒကာသစ်တို့ကို မေးလို့ရှိရင် မသိလို့ (မှန်ပါ့ ဘုရား)၊ မသိလို့ မကြောက်တာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ ဒကာ ဒကာမတို့ တော်တော်ရှင်းပါပြီတဲ့၊ ဘယ်သူ့သတ်မှရမယ် (အဝိဇ္ဇာနဲ့တဏှာ သတ်မှ ရမှာပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာသတ်လို့ရှိရင်ဖြင့် ကျုပ်တို့ အိုဘေးကိစ္စလည်း ပြီးပြီ (မှန်ပါ့)၊ နာဘေးကိစ္စကော (ပြီးပါပြီ ဘုရား)၊ သေဘေးကိစ္စ (ပြီးပါပြီ)၊ အပါယ်ရောက်တဲ့ ဘေးကိစ္စ (ပြီးပါပြီ ဘုရား)။
ဝိပဿနာဉာဏ်,မဂ်ဉာဏ်နဲ့မသတ်သ၍
ဪ ဒါဖြင့် ကျုပ်တို့ကို သတ်တဲ့ရန်သူကို ကျုပ်တို့ ဉာဏ်ကောင်းနဲ့ ဝိပဿနာဉာဏ်, မဂ်ဉာဏ်နဲ့ ဒကာကြွယ်ရေ မသတ်သ၍ ကာလပတ်လုံးဖြင့် သူကချည့် သတ်နေမှာပဲ (မှန်ပါ့ ဘုရား)။
ကိုယ်ကမသတ်ရင် (သူကသတ်မှာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးသတုံး လို့ မေးတော့ ကိုယ်က သတ်ဖို့ အရေးကြီးတယ် (မှန်ပါ့)။
ဘာအရေးကြီးသတုံး (ကိုယ်ကသတ်ဖို့ အရေးကြီးပါတယ် ဘုရား)။
ကိုယ်ကသတ်ဖို့ဆိုတာလည်း ခင်ဗျားတို့က သိကိုမသိဘူး (မှန်ပါ့ ဘုရား)။
ကြည့်လေ ခုနင်က ပြောခဲ့တယ်၊ တပည့်တော်ဖြင့်ဘုရား ဒကာသစ်ကလည်းလျှောက် ရန်သူမျိုးငါးပါး အကြောက်ဆုံးပဲ (မှန်ပါ့)။
ဟင် အဝိဇ္ဇာနဲ့တဏှာ ကြောက်ရမှာ၊ သူက ဘာကြောက်နေသလဲ (ရန်သူမျိုးငါးပါး ကြောက်နေပါတယ် ဘုရား)။
ရေ တဲ့ဗျာ၊ ရေတက်ချင်မှတက်တာ ဘယ်ကြောက်စရာရှိသတုံး (မှန်ပါ့)၊ မင်း တဲ့ဗျာ မင်းမရှိတဲ့နေရာ သွားနေရသေးတယ် (မှန်ပါ့)၊ ခိုးသူတဲ့ ခိုးသူမရှိတဲ့နေရာ သွားနေရင် ရပါတယ် (မှန်ပါ့)၊ မချစ်မနှစ်သက်သောသူ တဲ့ သူ့ကိုချစ်အောင်ပေါင်းရင် ချစ်ပါသေးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အဲဒါတွေက တကယ်သတ်တာလား တဲ့ ခင်ဗျားတို့ကို သေသေချာချာစဉ်းစားကြည့်လိုက်၊ အဲဒါက တကယ် ကြောက်စရာကောင်းတာလား၊ အဝိဇ္ဇာနဲ့ တဏှာကြောင့် အရိုးတောင်နှယ်ပုံရတာက (တကယ်ကြောက်စရာကောင်းပါ တယ် ဘုရား)၊ ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဘာကြောက်စရာကောင်းသတုံး (အဝိဇ္ဇာနဲ့တဏှာ ကြောက်စရာကောင်းပါတယ် ဘုရား)။
အဝိဇ္ဇာနဲ့တဏှာကို ပိုကြောက်ပါတယ်
ဒါဖြင့် ဒီလိုလုပ်ကြစမ်းပါ ၊ ရန်သူမျိုးငါးပါးတော့ မကြောက်ပါဘူး၊ အဝိဇ္ဇာနဲ့တဏှာကို ပိုကြောက်ပါတယ် ဆိုတာ စိတ်ပြောင်းလိုက်ပါဦး (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာကို ပိုကြောက်ရမလဲ (အဝိဇ္ဇာနဲ့တဏှာကို ပိုကြောက်ရပါတယ် ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာဖြင့် မြန်မြန်ကြီး ချုပ်တဲ့နည်း သိမ်းတဲ့နည်းကို တပည့်တော်တို့ ရန်သူအစစ်ဖြစ်နေလို့ တပည့်တော်တို့ အဲဒီနည်းကိုသာ အရေးတကြီး မြန်မြန်ပေးပြီးသကာလ တပည့်တော်တို့ အိုပွဲ, နာပွဲ, သေပွဲ, အပါယ် ပွဲတွေမှ လွတ်ရအောင် ဒီနှစ်ခုဖြင့် အရေးတကြီးသတ်တဲ့နည်းပေးပါဆိုတာသာ ခင်ဗျားတို့ လျှောက်ဖို့ အရေးကြီးတယ် (မှန်ပါ့)၊ ဒီ့ပြင် ဘာမှအရေးမကြီးတော့ဘူး (မှန်ပါ့)။
ဒကာ ဒကာမတို့ စီးပွားရေးရှိတယ်၊ စီးပွားပေးလိုက်မယ်၊ ဘုန်းကြီးကပဲ သိန်းတစ်ရာလောက် ပေးလိုက်မယ် (မှန်ပါ့)၊ ဒီသိန်းတစ်ရာပေးပေမယ့်လည်း သေဦးမှာပဲ (သေရမှာပါ ဘုရား)၊ မဟုတ်ဘူးလား နှစ်ရာပေးလည်း (သေရ မှာပါ)၊ နတ်ပြည်တင်ပေးလိုက်တယ် (သေရမှာပါ ဘုရား)၊ ဗြဟ္မာပြည်ပို့ပေးလိုက်မယ် (သေရမှာပါ ဘုရား)၊ ကဲ အရိုးကြီးပွားရေးဘက် ပြန်လှည့်တယ် (မှန်ပါ့)။
ဘာအသုံးကျသတုံး ဒကာကြွယ် (ဘာမှအသုံးမကျပါ ဘုရား)၊ ဘာမှအသုံးမကျဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ရွှေတောင်လည်း မပေါက်ချင်ပါနဲ့ (မှန်ပါ့)၊ ရွှေတောင်ပေါက် ရင် ရွှေတောင်ပိ သေဦးမှာ (မှန်ပါ့)။
ရွှေတောင်အောက်မှာ ပြိတ္တာသွားဖြစ်တယ်
ရွှေတောင်ပေါက်ရင် (ရွှေတောင်ပိသေမှာပါ ဘုရား)၊ ရွှေတောင်ကိုခင်တဲ့အခါကျတော့ ရွှေတောင်အောက်မှာ ပြိတ္တာသွားဖြစ်တယ် (မှန်ပါ့ ဘုရား)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အရေးတကြီး အလိုရှိတဲ့ဥစ္စာဖြင့် ကိုယ့်အသက်သတ်မည့် ရန်သူနှစ်ယောက်ကို ကိုယ်သတ်နိုင်တဲ့နည်းကို ပေးဖို့ရာဟာ အရေးအကြီးဆုံးအချက် အလိုချင်ဆုံးအချက် မှတ်ကြပါ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာအလိုချင်ဆုံး အချက်ပါလိမ့် အဝိဇ္ဇာတဏှာကို သတ်တဲ့နည်းကို အလိုချင်ဆုံးအချက်လို့ မှတ်လိုက် (မှန် ပါ့)။
အဝိဇ္ဇာတဏှာသတ်တဲ့နည်းကို (အလိုချင်ဆုံး အချက်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့တဏှာ သတ်ကြပါစို့နော် (မှန်ပါ့)။
ခုနင်က ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပြောတဲ့စကားကလေး ပြန်မှတ်လိုက် (မှန်ပါ့)၊ သမုဒ္ဒရာရေ ခန်း ခြောက်စရာမြင်တယ်၊ အဝိဇ္ဇာတဏှာ မသေတဲ့ပုဂ္ဂိုလ်မှာ အရိုးတောင်နှယ်ပုံတဲ့ဇာတ် မသိမ်းနိုင်ဘူး (မှန်ပါ့ ဘုရား)။
မြင်းမိုရ်တောင်ကြီး ပျောက်စရာရာမြင်တယ်၊ အဝိဇ္ဇာတဏှာ မသေတဲ့ပုဂ္ဂိုလ်မှာ အရိုးတောင်ပုံ ပျောက်ဖို့ မမြင်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နှစ်သိန်းလေးသောင်းရှိတဲ့ မဟာပထဝီမြေကြီးဟာ ပျောက်စရာ, ပျက်စရာ မြင်တယ် ၊ ကမ္ဘာပျက်တော့ ပျောက်သေးတယ် (မှန်ပါ့)၊ အဝိဇ္ဇာတဏှာ မသေတဲ့ပုဂ္ဂိုလ်မှာ အရိုးတောင်နှယ်ပုံ ပျောက်စရာမမြင်ဘူး (မှန်ပါ့)၊ မပါဘူးလား (ပါပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နာရီကလည်း နီးလာတော့ အဝိဇ္ဇာတဏှာသတ်နည်း နိဿယည်းကို ပြကြစို့တော့ (မှန်ပါ့)၊ အဝိဇ္ဇာနဲ့တဏှာသတ်နည်း နိဿယည်းဟာ အလုပ်ခွင်ဝင်မှရမယ် (မှန်ပါ့)။
ဘယ်လိုမှရမှာပါလိမ့် (အလုပ်ခွင်ဝင်မှ ရမှာပါဘုရား)၊ အလုပ်ခွင်ဝင်ရမယ်ဆိုတော့ ဪ တပည့်တော် တို့ ဘုရား ကိုယ့်အိမ်နား ကိုယ်ကမ္မဋ္ဌာန်းကျောင်းကလေး ဆောက်ပြီးသကာလ တပည့်တော်တို့ အဲဒီ့နေရာပဲ ကျောင်း ကန်မလာနိုင်ရင် ဒီလိုအလုပ်ခွင်ဝင်ရမှာလားဆိုတော့ ဒီလိုမဟုတ်ပါဘူး (မှန်ပါ့)၊ ခန္ဓာထဲ ဉာဏ်သွင်းတာဟာ အလုပ် ခွင် ဝင်ရတာပဲ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာတဲ့တုံး (ခန္ဓာထဲ ဉာဏ်သွင်းတာဟာ အလုပ်ခွင်ဝင်တာပါ ဘုရား)။
လွယ်ပြီ လွယ်ပြီ လွယ်ပြီ ၊ ဒကာကြွယ် ပေါ်လာတယ် (မှန်ပါ့)၊ ခန္ဓာထဲ ဉာဏ်သွင်းနိုင်လို့ရှိရင် ဖြင့် (အလုပ်ခွင်ဝင်တာပါ ဘုရား)၊ အလုပ်ခွင်ဝင်တာ အစစ်ပါပဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲ ဉာဏ်သွင်းကြစို့ (မှန်ပါ့)။
အဝိဇ္ဇာနဲ့တဏှာ သတ်ချင်ရင် ဘာလုပ်ရမယ် (ခန္ဓာဉာဏ်သွင်းရပါမယ် ဘုရား)၊ ဪ ခန္ဓာနဲ့ဉာဏ်နဲ့ တည့်ပေးရမယ်နော် (မှန်ပါ့ ဘုရား)၊ ခန္ဓာထဲ ဉာဏ်သွင်းပေးရမယ် (မှန်ပါ့ ဘုရား)။
သို့သော် ဒီဥစ္စာ ကလျာဏမိတ္တဆိုတဲ့ ဆရာကောင်း သမားကောင်းနဲ့ မတွေ့လို့ရှိရင်လည်း ခန္ဓာထဲကို ဉာဏ် သွင်းလိုက်ငြားသော်လည်း ဒကာ ဒကာမတို့ ကမ္မဿကတဉာဏ်လောက်နဲ့ ခန္ဓာထဲ သွင်းလိုက်ရင် မရဘူး (မှန်ပါ့)။
ကမ္မဿကတဉာဏ်နဲ့ ခန္ဓာထဲသွင်းတာကလေး နည်းနည်းကလေး နားထောင်ကြည့်ပါဦး (မှန်ပါ့ ဘုရား)။
ဪ ဒီဘဝမှာ ကိုယ်လှလည်းလှတယ်၊ ဝလည်းဝတယ်၊ ပစ္စည်းလည်းပေါတယ် (မှန်ပါ့)၊ ကိုယ့်ခန္ဓာထဲ ကိုယ့်ဉာဏ်ကလေးသွင်းလိုက်တော့ (မှန်ပါ့)။
အင်း ဒီဥစ္စာကလေးသည်ကားလို့ဆိုရင် ကိုယ်ကောင်းတာလုပ်လို့ ကောင်းကျိုးပေးခဲ့တာ၊ ဒီဟာကလေး အဟောင်းကလေး ကုန်သွားရင် ရှေ့အသစ်မရရင် ခက်ချည်သေးရဲ့ (မှန်ပါ့)။
ကမ္မဿကတဉာဏ်
လှူဦးမှပဲ, ပေးဦးမှပဲ, တန်းဦးမှပဲ, ဒီခန္ဓာမျိုး ဒီ့ထက်ကောင်းတဲ့ ခန္ဓာကြီးရအောင်ဆိုတဲ့ အဲဒီကမ္မဿကတ ဉာဏ် သွင်းလို့ရှိရင်လည်း အရိုးပုံဦးမှာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်ပါပြီ ဘုရား)၊ ဒါလောက်နဲ့လည်း မရသေးဘူး (မှန်ပါ့ ဘုရား)။
ကမ္မဿကတဉာဏ် သွင်းရုံနဲ့လည်း (မရသေးပါ ဘုရား)၊ တော်တော်အရေးကြီးတဲ့စကားလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် နားကြီးကြီးနဲ့ ထောင်မှရမယ် (မှန်ပါ့)၊ ကမ္မဿကတဉာဏ်လောက် ခန္ဓာထဲ သွင်းရုံနဲ့ဖြင့် အရိုး ကြီးပွားရေးပဲ ရှိသေးတယ် (မှန်ပါ့)။
ဘယ်လိုပါလိမ့် ဒကာသစ် (ကမ္မဿကတဉာဏ်လောက် ခန္ဓာထဲသွင်းရုံနဲ့ဖြင့် အရိုးကြီးပွားရေးပဲ ရှိပါသေး တယ် ဘုရား)။
ကမ္မဿကတဉာဏ်ဆိုတာ ဒီဘဝ ကိုယ်ချမ်းသာ ကျန်းမာပြီးနေတယ်၊ နောက်ဘဝ ဒီ့ထက် ကျန်းမာချမ်းသာ တဲ့ ခန္ဓာမျိုး ရချင်တယ်ဆိုတော့ ဒီအရိုးပေါ် ဟိုအရိုးဆင့်မှာပဲ (မှန်ပါ့)၊ မဆင့်ပေဘူးလား (ဆင့်ပါတယ် ဘုရား)။
အဲဒီဉာဏ်လောက်နဲ့လည်း ဒကာ ဒကာမတို့ အရိုးကြီးပွားရေးဇာတ် မသိမ်းသေးဘူး (မသိမ်းသေးပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်ဉာဏ်သွင်းရမှာပါလိမ့်မတုံးဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ ဒကာကြွယ် အပြောမလွယ်ဘူးနော် (မှန်ပါ့ ဘုရား)။
မလွယ်ဘူး မလွယ်ဘူး ၊ ခင်ဗျားတို့သိတဲ့ဉာဏ်က ကမ္မဿကတဉာဏ်ကလေးလောက်နဲ့ နေကြတာ (မှန်ပါ့)။
သစ္စာနုလောမိကဉာဏ်သွင်းပါ
ကိုင်း ဒါဖြင့် ဒီဉာဏ်ကို အသာချိတ်ထား (မှန်ပါ့)၊ ဒကာ ဒကာမတို့ အရိုးကြီးပွားရေးဇာတ် တကယ် သိမ်းချင်လို့ရှိရင်ဖြင့် သစ္စာနုလောမိကဉာဏ်သွင်းပါ (မှန်ပါ့)၊ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဘယ်ဉာဏ်သွင်းရမလဲ (သစ္စာနုလောကမိကဉာဏ် သွင်းရပါမယ် ဘုရား)။
ဒီတစ်လုံးတည်း ဟောမှာပါ ဒကာ ဒကာမတို့ ဒီတစ်လုံးတည်း ဪ တို့ ဒီနေ့ တောင်မြို့လာပြီးသကာလ တရားနာ၊ အဝေးကြီးကလာကြ၊ ဘာများတို့ပါမတုံး ၊ အို သစ္စာနုလောမိကဉာဏ် ခန္ဓာထဲသွင်းဆိုတာကလေး တစ်လုံးပါရင် ကြိုက်ပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်ဉာဏ်ယူရမှာတုံး (သစ္စာနုလောမိကဉာဏ် ယူရမှာပါ ဘုရား)၊ အဲ သစ္စာနုလောမိကဉာဏ်ကို ခန္ဓာ ထဲ သွင်းလိုက်ပါ (မှန်ပါ့)။
ဘယ်ဉာဏ်ကို ဘယ်အထဲသွင်းရမယ် (သစ္စာနုလောမိကဉာဏ်ကို ခန္ဓာထဲသွင်းရပါမယ် ဘုရား)။
သေသေချာချာမှတ်ပါ၊ ဒီတစ်လုံးကို ဒကာ ဒကာမတို့ သစ္စာနုလောမိကဉာဏ်နဲ့ ခန္ဓာထဲသွင်းပါ (မှန်ပါ့)၊ သစ္စာနုလောမိကဉာဏ်ကို ခန္ဓာထဲသွင်းပါ (မှန်ပါ့)၊ မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။
ပြောကြစမ်းပါဦး ဘာတဲ့ (သစ္စာနုလောမိကဉာဏ်ကို ခန္ဓာထဲသွင်းရပါမယ် ဘုရား)။
ဪ ဒါဖြင့် အဲဒီ့ခန္ဓာထဲ သစ္စာနုလောမိကဉာဏ် သွင်းလိုက်လို့ရှိရင်ဖြင့် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တယ် (မှန်ပါ့)၊ တဏှာက အလိုလိုသေတယ် (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာက (ဝိဇ္ဇာဖြစ်ပါတယ်)၊ တဏှာက (အလိုလိုသေပါတယ်)၊ ဟာ ဒါဖြင့် အဝိဇ္ဇာ,တဏှာချုပ်တယ် (မှန်ပါ့ ဘုရာား)။
သစ္စာနုလောမိကဉာဏ် သွင်းနိုင်လို့ရှိရင် လူသတ်သမား နှစ်ယောက်သေပြီ (မှန်ပါ့ ဘုရား)၊ အရိုးကြီးပွားရေး လုပ်တဲ့လူနှစ်ယောက်ကိုဖြင့် တို့က အနိုင်ယူပြီ (မှန်ပါ့ ဘုရား)။
ကဲ ဒကာကြွယ် ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)၊ အင်မတန် အရေးကြီးပါတယ် ဆိုတာ ဒကာ ဒကာမတွေ သိတဲ့အတိုင်းပဲ ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဉာဏ် ဘယ်အထဲလှည့်ရမယ် (ခန္ဓာထဲ လှည့်ရမယ်)၊ ဘယ်ဉာဏ်နဲ့ လှည့်ရမလဲ (သစ္စာနုလောမိကဉာဏ်နဲ့ လှည့်ရပါမယ်)၊ ကမ္မဿတဉာဏ်နဲ့ သွားမလှည့်နဲ့ မရသေးဘူးတဲ့ (မှန်ပါ့ ဘုရား)။
ကမ္မဿကတဉာဏ်နဲ့ မလှည့်ပါနဲ့ ဒကာကြွယ် (မှန်ပါ့)၊ ဉာဏ်တွေက များလွန်းလို့ ပြောရပါတယ် (မှန်ပါ့ ဘုရား)။
ဘယ်ဉာဏ်နဲ့ ဘယ်အထဲလှည့်ရမတုံး
ဉာဏ်တွေက များလွန်းလို့ ဘယ်ဉာဏ်နဲ့ ဘယ်အထဲလှည့်ရမတုံး (သစ္စာနုလောမိကဉာဏ်နဲ့ ခန္ဓာထဲ လှည့် ရပါမယ် ဘုရား)။
ဪ ဒါဖြင့် ဒကာသစ်ရေ ဟောဒီတစ်လုံးဟာ သာသနာတွင်းတရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒီတစ်လုံးဟာ (သာသနာတွင်း တရားပါ)၊ သာသနာတွင်းတရားလို့ တစ်ခါတည်း ထိပ်သံမှိုနှက်သလို မှတ် ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒီတစ်လုံးရလို့ရှိရင် ခင်ဗျားတို့၏ သူသတ်သမားနှစ်ယောက်ဟာ ခင်ဗျားတို့ကို သတ်စရာမရှိဘူး၊ ခင်ဗျားတို့ က သတ်ပစ်လိုက်တဲ့အတွက် ကျုပ်တို့မှာ အရိုးသိမ်းတဲ့ကိစ္စ ပြီးသွားပြီ (မှန်ပါ့)၊ အရိုးတောင်နှယ်ပုံတဲ့ကိစ္စ ဇာတ်သိမ်း ပါပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အရိုးသိမ်းတယ်ဆိုတော့ ခန္ဓာသိမ်းတယ် (မှန်ပါ့)၊ ခန္ဓာသိမ်းတာသည် နိဗ္ဗာန်ပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ခန္ဓာသိမ်းတာသည် (နိဗ္ဗာန်ပါ)၊ ကိုင်း ဒါဖြင့် ဘယ်ဉာဏ်က ဘယ်အထဲလှည့်ကြမယ် (သစ္စာနုလောမိက ဉာဏ်က ခန္ဓာထဲ လှည့်ရပါမယ် ဘုရား)။
အဲ နေရာကျပြီ နေရာကျပြီ၊ ဒကာ ဒကာမတို့ ဒီတစ်လုံးလေးကို ဒီတရားပွဲမှာ လူတွေလည်း အင်မတန်မှ များပါတယ် (မှန်ပါ့)၊ ဪ ဘယ်နေရာမှာ ငါတို့သည်ကားလို့ဆိုရင်ဖြင့် အအိုဇာတ်, အနာဇာတ်, အသေဇာတ် ကို ဘယ်ကနေ သိမ်းရမှာတုံးဆိုတာ မသိဘဲနေမှာစိုးတဲ့အတွက် ယခုဖြင့် သိသွားပြီ (မှန်ပါ့)၊ သစ္စာနုလောမိကဉာဏ်နဲ့ ခန္ဓာသွင်းလိုက်ရင် ပြီးရော (မှန်ပါ့ ဘုရား)။
သစ္စာနုလောမိကဉာဏ်နဲ့ (ခန္ဓာသွင်းလိုက်ရင် ပြီးပါတယ်)၊ တစ်လုံးတည်းနဲ့ ပြီးတယ် (မှန်ပါ့)၊ တယ်လည်း အဖိုးတန်ပါလား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
ကဲ အခု နာရီသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ အင်မတန်မှ များသွားပြီ၊ အခု ဘယ်နှစ်လုံးရပလဲ (တစ်လုံးပဲ ရပါသေးတယ်)၊ အင်း ဘယ်ထဲ ဘယ်ဟာသွင်းရမလဲ (ခန္ဓာထဲ သစ္စာနုလောမိကဉာဏ် သွင်းရပါမယ် ဘုရား)။
ခန္ဓာထဲသွင်းလိုက်ပါ
သစ္စာနဲ့လျော်တဲ့ဉာဏ်ကို ခန္ဓာထဲသွင်းလိုက်ပါ (မှန်ပါ့ ဘုရား)။
သစ္စာနဲ့လျော်တဲ့ဉာဏ်ကို (ခန္ဓာထဲ သွင်းလိုက်ရပါမယ်)၊ ခန္ဓာထဲသွင်းလိုက်တဲ့အခါကျတော့ သစ္စာနဲ့လျော်တဲ့ ဉာဏ်က ဝိဇ္ဇာ (မှန်ပါ့)၊ အဝိဇ္ဇာချုပ်သွားတယ် (မှန်ပါ့)၊ ခန္ဓာထဲ သွင်းလိုက်တဲ့အခါကျတော့ ခန္ဓာထဲမှာက ဖြစ်ပျက် တွေ တွေ့တယ် (မှန်ပါ့)၊ ဖြစ်ပြီး ပျက်တာတွေ တွေ့နေတော့ လိုချင်သေးသလား (မလိုချင်ပါ)၊ ဒါဖြင့် လိုချင်တဲ့တဏှာ ဘယ့်နှယ်နေသလဲ (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် သစ္စာနုလောမိကဉာဏ် တစ်လုံးရလိုက်တာနဲ့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ပြီး တဏှာက အလိုလိုသေတယ် (မှန်ပါ့ ဘုရား)။
အရိုးတောင်နှယ်ပုံအောင် သတ်နိုင်တဲ့ တရားနှစ်ခုကို ကျုပ်တို့က အနိုင်ယူလို့ ဒကာ ဒကာမတို့ ကိစ္စပြီးပါ ပြီ (ပြီးပါပြီ ဘုရား)။
သိပ်အဖိုးတန်ပါလား ဒကာကြွယ်ရေ (တန်ပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ လာကျိုးနပ်ကြရဲ့လား (နပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲ သစ္စာနုလောမိကဉာဏ် သွင်းကြပါစို့ (မှန်ပါ့)၊ သိပ်အရေးကြီးလာပြီနော် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ အခု နောက်ပြောမည့်စကားဟာ အလွန်အရေးကြီးလာပြီ (မှန်ပါ့)၊ သေသေချာချာကြည့် ပြီး သေသေချာချာလည်း နားထောင်ပါ (မှန်ပါ့ ဘုရား)။
ခန္ဓာထဲ ဘာသွင်းရမှာပါလိမ့် (သစ္စာနုလောမိကဉာဏ် သွင်းရမှာပါ ဘုရား)။
သေသေချာချာမှတ်ပါ၊ အိမ်ကျတော့ ခင်ဗျားတို့ တို့သည် တို့သတ်တဲ့ရန်သူကို တို့က ပြန်သတ်ချင်လို့ရှိရင်ဖြင့် ဘာလုပ်ရမှာတဲ့တုံး (သစ္စာနုလောမိကဉာဏ်ကို ခန္ဓာထဲသွင်းရပါမယ် ဘုရား)။
ဟာ ဒကာသစ် သေပျော်တဲ့တရား (မှန်ပါ့)၊ သေပျော်တဲ့တရားပါ ဒကာကြွယ်တို့ ဦးလှဘူးတို့ (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘယ်လိုများ အောက်မေ့ကြသလဲ (သေပျော်တဲ့တရားပါ ဘုရား)။
ဪ သေပျော်တဲ့တရားဆိုတာ ဒါရပြီးလို့ရှိရင် သေချင်သေ၊ အရိုးကြီးပွားရေးမှ မရှိတော့ဘဲ (မှန်ပါ့)၊ြ ွသူများပါးစပ်ထဲမှာ ဝိညာဏ်ချုပ်ရတဲ့ ကိစ္စရှိသေးရဲ့လား (မရှိပါ)၊ အပါယ်လေးပါးရောက်ရမည့် ကိစ္စတွေကော (မရှိ ပါ)၊ သူတို့ပို့နေတာဗျ (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာနဲ့တဏှာက အရိုးတောင်နှယ်ပုံအောင် ပို့တာလည်း သူတို့ပဲ (မှန်ပါ့)၊ အပါယ်လေးပါး ပို့လိုက်တာလည်း (သူတို့ပါပဲ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
နည်းနည်းကလေး ရှင်းပြပါမယ်တဲ့ တဏှာကပိုလို့ ဒကာ ဒကာမတွေ သားကလေးက ဒီဘက်က။ ဒါက သားကလေး ထားပါတော့ (မှန်ပါ့)၊ သားကလေးကို ခင်လိုက်တာက တဏှာမနေဘူးလား (နေပါတယ်)၊ သားကလေး မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ခင်မှုကလေး မလာဘူးလား (လာပါတယ်)၊ ခင်တာက ဘာခေါ်ကြမယ် (တဏှာ ပါ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံပါ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ ဘုရား)၊ ဟော ကံဖြစ်ပြီနော် (မှန်ပါ့ ဘုရား)။
ကဲ ကမ္မဘဝပစ္စယာဆိုတော့ အပါယ်လေးပါး ဇာတိ (မှန်ပါ့)၊ ဒါ တဏှာက ပို့လိုက်တာ (မှန်ပါ့ ဘုရား)။
တဏှာက ပို့လိုက်တာ
ဒကာ ဒကာမတို့ ဘယ်သူက ပို့လိုက်တာတုံး (တဏှာက ပို့လိုက်တာပါ ဘုရား)။
ဪ တဏှာကပို့လိုက်တော့ ဒီဘဝသေတာလည်း တဏှာသတ်တာပဲ (မှန်ပါ့)၊ ဟိုဘဝသေတယ်ဆိုတာ ကော (တဏှာသတ်တာပါ)၊ တဏှာသတ်တာပဲဆိုတော့ ဪ အတော်ဆိုးပါကလားဆိုတာ ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။
ကဲ တစ်ခါ ဒကာ ဒကာမတို့ စဉ်းစားပါဦးတဲ့၊ ဒီခန္ဓာငါးပါးသားကလေးကို ခန္ဓာငါးပါးရယ်လို့ မသိဘူး (မှန်ပါ့)၊ ဖြစ်ပျက်ရယ်လို့ မသိဘူး (မှန်ပါ့)၊ မသိတာက ဘာခေါ်မယ် (အဝိဇ္ဇာပါ)၊ အဝိဇ္ဇာဖြစ်ပြီ၊ အဝိဇ္ဇပစ္စယာ (သင်္ခါရာပါ)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။
ဟော ဝိညာဏ်ဆိုတော့ ဒကာ ဒကာမတို့ နောက်ဘဝ ခန္ဓာသေထည်ပေါ်လာတာ (မှန်ပါ့)၊ ဒါက အဝိဇ္ဇာကြောင့် သေထည်ပေါ်တယ် (မှန်ပါ့)၊ ခုနင်က ပြောခဲ့တာက (တဏှာကြောင့်ပါ)၊ တဏှာကြောင့် သေထည်ပေါ် တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ အဝိဇ္ဇာကြောင့် ဘာပေါ်ပြန်သတုံး (သေထည်ပေါ်ပါတယ်)၊ တဏှာကြောင့် (သေထည်ပေါ်ပါတယ် ဘုရား)။
ဒီလိုသေထည်ပေါ်တာဟာ ယခုဘဝ ပေါ်ထားတာလည်း သူ့ကြောင့် (မှန်ပါ့)၊ နောက်ထပ်ပေါ်ပြန်တာလည်း (သူ့ကြောင့်ပါ)၊ ဒါဆိုတော့ သံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာမသေသ၍ ကာလပတ်လုံး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ဒုက္ခဆုံးလိမ့် မယ်လို့ ငါမမြင်ဘူးတဲ့ (မှန်ပါ့)၊ ဆိုတဲ့ ပင်ကိုစကားဟာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သူ့သိမ်းချင်လို့ရှိရင် ဘာလုပ်ကြမလဲ (သစ္စာနုလောမိကဉာဏ် ခန္ဓာထဲ သွင်းရပါမယ် ဘုရား)။
ဒီတစ်လုံးကလေးဟာ သိပ်အဖိုးတန်တယ်နော် (တန်ပါတယ် ဘုရား)။
ဒကာကြွယ် ဘာတဲ့တုံးဗျ (သစ္စာနုလောမိကဉာဏ် ခန္ဓာထဲသွင်းရပါမယ် ဘုရား)။
သစ္စာနုလောမိကဉာဏ် ခန္ဓာထဲသွင်းကြပါ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
မိမိခန္ဓာထဲကို မိမိဉာဏ် နဲ့ တည့်အောင်သွင်း
သစ္စာနုလောမိကဉာဏ် (ခန္ဓာထဲ သွင်းရပါမယ် ဘုရား)၊ ခန္ဓာက မိမိခန္ဓာ (မှန်ပါ့)၊ မိမိခန္ဓာထဲကို မိမိဉာဏ် နဲ့ တည့်အောင်သွင်း (မှန်ပါ့)၊ ဘယ်ဉာဏ်တုံးမေးတော့ သစ္စာနဲ့လျော်တဲ့ ဉာဏ်နဲ့တည့်ပါ (မှန်ပါ့)၊ ကမ္မဿကတဉာဏ် လောက်တော့ သွားမတည့်နဲ့ (မှန်ပါ့)။
ဉာဏ်က အမျိုးမျိုးရှိပါတယ်၊ ဉာဏ်ငါးမျိုးတောင်ရှိတယ်၊ ရှည်သွားမှာစိုးလို့ ဒကာ ဒကာမတို့ အခုမှတ်မိတဲ့ တစ်လုံးကလေးကို အိမ်ကျရင် ဒါကလေးနဲ့ ဪ သစ္စာနုလောမိကဉာဏ်နဲ့ ခန္ဓာထဲသွင်းလိုက်ရင် ပြီးတာပဲ ဆိုတော့ ဒီတစ်လုံးကျန်ရင် ဒကာကြွယ် သေပျော်ပြီ (မှန်ပါ့)။
ဒကာ ဒကာမတို့ အိမ်ကျတော့ စဉ်းစားတော့ တို့သတ်နေတဲ့ အဝိဇ္ဇာတဏှာကို တို့ကနိုင်ချင်ရင် ဘာလုပ်ရ မလဲ (သစ္စာနုလောမိကဉာဏ်ကို ခန္ဓာထဲ သွင်းရပါမယ်)၊ ဒီတစ်လုံး အဖိုးတန်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဒါဟာ ခင်ဗျားတို့သန္တာန်မှာ ဘုရားပွင့်နေတယ် မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့သန္တာန်မှာ ဘာဖြစ်နေသတုံး (ဘုရားပွင့်နေပါတယ် ဘုရား)။
သိပ်အဖိုးတန်တယ်၊ ဘုရားပွင့်လည်း ဒါပဲ ဟောတာပဲ (မှန်ပါ့)၊ ဘုန်းကြီးကလည်း ဘုရား၏တပည့်သားမို့ ဘုရားစကားကို တစ်လုံးမှ ကျော်မဟောဘူး၊ ဒါပဲဟောတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဉာဏ်သွင်းကြစို့ ဉာဏ်သွင်းကြစို့ ဉာဏ်သွင်းကြစို့။
ဉာဏ်ဆိုတာ ဒကာ ဒကာမတို့ ဘယ်တော့မှ သူချည့်သက်သက် မဖြစ်ကောင်းဘူး (မှန်ပါ့)၊
ဉာဏ်ဆိုတာ သမ္မာဒိဋ္ဌိ၊
ဉာဏ်ဆိုတာ သမ္မာဒိဋ္ဌိ၊ သူနဲ့အဖော်က သမ္မာသင်္ကပ္ပ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဉာဏ်နဲ့ ဒကာ ဒကာမတို့ လေးခုနဲ့ တွဲနေတယ် (မှန်ပါ့)။
အဲဒါ စာလိုသုံးလိုက်တော့ လောကီမဂ္ဂင်ငါးပါး (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
စာလိုသုံးလိုက်တော့ (လောကီမဂ္ဂငါးပါးပါ ဘုရား)၊ အဲဒီလောကီမဂ္ဂင်ငါးပါးထဲမှာ ဘယ်သူဦးစီးနေသတုံး ကြည့်လိုက်တော့ သမ္မာဒိဋ္ဌိ ဦါ်စီးနေတယ် (မှန်ပါ့)၊ ဒါ သမ္မာဒိဋ္ဌိဉာဏ်ပေါ့ဗျာ (မှန်ပါ့)။
အဲဒီဉာဏ်နဲ့ ခင်ဗျားတို့ ခန္ဓာငါးပါးရှိတယ်တဲ့၊ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ ခင်ဗျားတို့မှာ ခန္ဓာငါးပါးရှိတယ် အဲဒီ့ခန္ဓာငါးပါးထဲ သွင်းလိုက်ပါ (မှန်ပါ့)။
ဒကာ ဒကာမတို့မှာ လက်ရှိက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။
မဂ္ဂင်ငါးပါးကို သွင်းလိုက်ပါ
ဟာ ဒါဖြင့် ဒီခန္ဓာငါးပါးထဲကို ခင်ဗျားတို့၏ သစ္စာနဲ့လျော်တဲ့ မဂ္ဂင်ငါးပါးကို သွင်းလိုက်ပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သစ္စာနဲ့လျော်တဲ့ မဂ္ဂင်ငါးပါးကို (သွင်းလိုက်ပါ)၊ သွင်းရလိမ့်မယ် ဒကာသစ်ရေ (မှန်ပါ့)၊ မသွင်းရင် အဝိဇ္ဇာ နဲ့တဏှာ ဘယ့်နှယ်တုံး (လာပါတယ် ဘုရား)။
အဝိဇ္ဇာတဏှာ ရှိနေမှာပဲ (မှန်ပါ့)၊ ရှိနေရင် ခင်ဗျားတို့ အရိုးတောင်နှယ်ပုံ လေးရက်တက် လေးရက်ဆင်း လုပ်မှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အရေးတကြီးပဲ၊ ဪ ဒါက တို့ခန္ဓာငါးပါး ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ (မှန်ပါ့)။
ဒါက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)၊ ဘယ်သူ၏ ခန္ဓာငါးပါးပါလိမ့် (တပည့်တော်တို့၏ ခန္ဓာငါးပါးပါ ဘုရား)။
အဲ ဒကာမဖြင့် ဒကာမ၏ ခန္ဓာငါးပါး (မှန်ပါ့)၊ ဒကာဖြင့် (ဒကာ၏ ခန္ဓာငါးပါးပါ ဘုရား)။
အဲဒီခန္ဓာငါးပါးထဲမှာ ခင်ဗျားတို့ ယခု ဘုန်းကြီးပေးတဲ့ သစ္စာနုလောမိကဉာဏ်ကလေး သွင်းလိုက်ပါ (မှန်ပါ့)။
ဘာသွင်းရမလဲ (သစ္စာနုလောမိကဉာဏ် သွင်းရပါမယ် ဘုရား)။
ကဲ ဒါဖြင့် သစ္စာနုလောမိကဉာဏ်ဆိုတာလည်း ဟုတ်တာပဲ (မှန်ပါ့)၊ ဝိပဿနာဉာဏ်ဆိုရင်လည်း (ဟုတ် ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာနုလောမိကဉာဏ်ဆိုတာလည်း ဖြစ်ပျက်မြင်တာပဲ (မှန်ပါ့)၊ ဝိပဿနာ ဉာဏ်ဆိုတာလည်း (ဖြစ်ပျက်မြင်တာပါပဲ ဘုရား)။
အဲဒီဉာဏ်သွင်းလိုက်လို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက်မမြင်တာက အဝိဇ္ဇာ (မှန်ပါ့)၊ မြင်လိုက်တော့ အဝိဇ္ဇာမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
အဝိဇ္ဇာချုပ်သွားတော့ ဖြစ်ပျက်မြင်လိုက်တော့ ဒကာ ဒကာမတို့ ဖြစ်ပြီးပျက်တာ အသုဘလည်း ဟုတ်ပါတယ် (မှန်ပါ့)၊ ဒုက္ခသစ္စာလည်း (ဟုတ်ပါတယ် ဘုရား)၊ လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊ မလိုချင်တာက ဘယ်သူ သေတာပါလိမ့် (တဏှာသေတာပါ ဘုရား)။
ဪ ဒါဖြင့် သစ္စာနုလောမိကဉာဏ်လည်း သွင်းလိုက်ပါရော ဒကာ ဒကာမတို့ ကျုပ်တို့ကို သေကြောင်း ကြံနေတဲ့ သေရာဌာန ပို့နေကျဖြစ်တဲ့ အဝိဇ္ဇာတဏှာ သေတယ် (မှန်ပါ့ ဘုရား)။
ဘာသေပါလိမ့် (အဝိဇ္ဇာတဏှာ သေပါတယ် ဘုရား)၊ အဝိဇ္ဇာတဏှာ သေတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရာ)။
ဒီအလုပ်ဟာ မလုပ်မဖြစ်တဲ့အလုပ်
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ခင်ဗျားတို့ ဒီအလုပ်ဟာ မလုပ်မဖြစ်တဲ့အလုပ် (မှန်ပါ့)၊ ဘာ ကြောင့်တုံး ကိုယ့်ကာကွယ်ရေး (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်ရမယ် (ကိုယ့်ကာကွယ်ရေးပါ ဘုရား)။
ဘာကာကွယ်ရေးတုံးဘုရားဆိုတော့ ပဋိသန္ဓေနေဘေးကိုလည်း ကာကွယ်တယ် (မှန်ပါ့)၊ အိုဘေးကိုကော (ကာကွယ်ပါတယ် ဘုရား)၊ နာဘေးကိုကော (ကာကွယ်ပါတယ် ဘုရား)၊ သေဘေးကော (ကာကွယ်ပါတယ် ဘုရား)။
ဒါဖြင့် ကိုယ့်ကာကွယ်ရေး ကိုယ်မလုပ်ဘဲ နေတဲ့ပုဂ္ဂိုလ်ဟာ သေချင်လို့ပေါ့ (မှန်ပ့ါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ကာကွယ်ရေး ကိုယ်မလုပ်တဲ့ပုဂ္ဂိုလ်ဟာ (သေချင်လို့ပါ ဘုရား)။
အဲဒီလူတော့ မေတ္တာမပို့နဲ့ (မှန်ပါ့)၊ သူ့ကာကွယ်ရေးမှ သူမလုပ်ဘဲ (မှန်ပါ့)၊ သူ့ကိုက သေဖို့ရာပြင်ဘက် ထွက်ပြီးသကာလ ထိုင်နေတဲ့ပုဂ္ဂိုလ်မျိုးလို၊ ရန်သူလာတာ ပြင်ဘက်ထွက်ပြီး ထိုင်နေတဲ့ပုဂ္ဂိုလ်မျိုးလိုဖြစ်နေတော့ ဒါလောက်မိုက်တဲ့လူဟာဖြင့် ဒကာ ဒကာမတို့ ပြောစရာမရှိတော့ဘူးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်မလုပ်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ကာကွယ်ရေး မရှိတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။
ဒီအလုပ်မလုပ်တဲ့ပုဂ္ဂိုလ်ဟာ (ကိုယ့်ကာကွယ်ရေးမရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
သစ္စာနုလောကမိကဉာဏ် အလုပ်ကို မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ့်နှယ်ဆိုကြမယ် (ကိုယ့်ကာကွယ်ရေးမရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကာကွယ်ရေးမှ မလုပ်တဲ့ ပုဂ္ဂိုလ်ဖြင့် အရူးရင်လည်း ဖြစ်ပါလိမ့်မယ် (မှန်ပါ့)၊ အကန်းရင်လည်း (ဖြစ်ပါလိမ့်မယ် ဘုရား)။
အရူးနဲ့အကန်း
ဒါဆိုတာ မနာကြပါနဲ့ (မှန်ပါ့)၊ ကိုယ့်အိုဘေး, နာဘေး, သေဘေး, အပါယ်ဘေးကို ကာကွယ်တဲ့နည်းကို မလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒကာကြွယ် အရူးနဲ့အကန်း (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ (အရူးနဲ့အကန်းပါ ဘုရား)။
အရူးနဲ့အကန်းပဲဆိုတော့ ဒကာ ဒကာမတွေ ဪ ငါမလုပ်တဲ့အချိန်မှာ ဒါကလေး ဖြစ်ပျက်မရှုတဲ့အချိန် မှာ ငါဘာပါလိမ့်မတုံး (အရူးနဲ့အကန်းပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သားကိစ္စကြောင့် မလုပ်နိုင်ဘူး၊ သမီးကိစ္စကြောင့် မလုပ်နိုင်ဘူး၊ အရောင်းအဝယ်တွေ ရှုပ်နေလို့ မလုပ်နိုင်ဘူး ဆိုတော့ မင်း ကိုယ့်ကာကွယ်ရေး ကိုယ်မလုပ်တဲ့ အရူးနဲ့အကန်းပဲ (မှန်လှပါ)၊ သူများကို ဆုံးဖြတ်ချက်မချနဲ့ (မှန်ပါ့)၊ ဘယ်သူ့ချရမလဲ (ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချရမှာပါ)၊ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချပါဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ်ဖြင့် သစ္စာနုလောမိကဉာဏ်ကို ခန္ဓာထဲ သွင်းရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် သနားရင် ဘာလုပ်ရမလဲ (သစ္စာနုလောမိကဉာဏ်ကို ခန္ဓာထဲ သွင်းရပါမယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း သွင်းပုံကလေးပြပါ့မယ် ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။
ခန္ဓာငါးပါးထဲမှာ သွင်းလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ အချို့ အချို့ ပုဂ္ဂိုလ်မှာကျတော့ ဝေဒနာက ထက်တယ် (မှန်ပါ့)၊ အချို့ အချို့ ပုဂ္ဂိုလ်မှာကျတော့ စိတ်ကထက်တယ် (မှန်ပါ့ ဘုရား)၊ အချို့ အချို့ ပုဂ္ဂိုလ်မှာကျတော့ ရုပ်က ထက်တယ် (မှန်ပါ့)၊ အဲဒီတော့ ထက်တာသွင်းပါ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
သတိပဋ္ဌာနလေးပါးထဲ သွင်းလိုက်
ဘယ်အထဲသွင်းရပါမယ် (ခန္ဓာထဲသွင်းရပါမယ် ဘုရား)၊ ဒါဖြင့် ဒီလိုလုပ် သတိပဋ္ဌာနလေးပါးထဲ သွင်းလိုက်၊ ရူပက္ခန္ဓာကို ရှုတဲ့ပုဂ္ဂိုလ် ကာယာနုပဿနာထဲ သွင်းလိုက် (မှန်ပါ့)။
သစ္စာနုလောမိကဉာဏ် ဘယ်အထဲ သွင်းရမလဲ (ကာယာနုပဿနာထဲ သွင်းရပါမယ် ဘုရား)။
ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာသစ် ဘယ်အထဲ သွင်းမလဲ (ဝေဒနာနုပဿနာထဲ သွင်းရပါမယ် ဘုရား)၊ အဲ သစ္စာနုလောမိကဉာဏ်ကို ဝေဒနာထဲသွင်း (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဓမ္မာနုပဿနာ ရှုတဲ့ပုဂ္ဂိုလ်ကျတော့ သစ္စာနုလောမိကဉာဏ် ဘယ်ထဲသွင်းကြမလဲ (ဓမ္မာနုပဿနာထဲ သွင်း ရပါမယ် ဘုရား)၊ စိတ္တာနုပဿနာ စိတ်ရှုတဲ့ပုဂ္ဂိုလ်ကျတော့ သစ္စာနုလောမိကဉာဏ် ဘယ်ထဲသွင်းမတုံး (စိတ္တာနုပဿနာ ထဲ သွင်းပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားသည် သစ္စာကို ဆိုက်အောင် ရှုရမည့်တရားဖြစ်နေတော့ သစ္စာဟာ တခြား လားလို့ ဒကာ ဒကာမတွေ အထူးမရှာပါနဲ့ (မှန်ပါ့)၊ သစ္စာတရားလို့ အထူးရှာမနေနဲ့ (မှန်ပါ့)။
ဘယ်လိုရှာရမတုံး ဆိုတော့ ဖြစ်ပျက်သည် ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။
ဖြစ်ပျက်သည် (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ ဒါဖြင့် ခင်ဗျားတို့ စိတ်ကလေးတစ်လုံး ရှုတာပေါ့ (မှန်ပါ့)။
စိတ်ကလေးတစ်လုံး ရှုတာပေါ့
ဒကာ ဒကာမတို့ ဘာရှုကြမယ် (စိတ်ကလေးတစ်လုံး ရှုရပါမယ် ဘုရား)။
တစ်ကိုယ်လုံးမှာ ဒကာ ဒကာမတို့ စိတ်ဟာ ဘယနှစ်လုံးရှိသတုံးလို့ မေးတဲ့အခါ စိတ်ဟာ စိတ်တစ်လုံးရှိတာ ပဲ (မှန်ပါ့)၊ စားချင်တာလည်း ဘာတုံး (စိတ်ပါ ဘုရား)၊ အိပ်ချင်တာကော (စိတ်ပါ ဘုရား)၊ ပေါင်းခေါ်တော့ စိတ် တစ်လုံးရှိတယ် (မှန်ပါ့)၊ အဲဒီစိတ်တစ်လုံးကို ရှုပေးပါ (မှန်ပါ့)။
စားချင်တဲ့စိတ်ကလေးကို ခင်ဗျားတို့က နောက်က သစ္စာနုလောမိကဉာဏ် သွင်းလိုက် (မှန်ပါ့)။
စားချင်တဲ့စိတ်ကလေး ပေါ်လာပြီ၊ နောက်က ဘာသွင်းမယ် (သစ္စာနုလောမိကဉာဏ် သွင်းရပါမယ်ဘုရား)။
သစ္စာနုလောမိကဉာဏ် သွင်းလိုက်တဲ့အခါကျတော့ စားချင်တဲ့စိတ်ကလေးဟာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဪ စားချင်တဲ့စိတ်ကလေးဟာ ပေါ်လည်းပေါ်တယ်၊ ရှိကော (မရှိပါ ဘုရား)။
ဪ ဒါဖြင့် ဖြစ်တာနဲ့ပျက်တာကို မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)၊ အဲဒါ သစ္စာနုလောမိကဉာဏ် က ဖြစ်ပျက်ဘက် လှည့်သွင်းလိုက်တယ် (မှန်ပါ့)၊ ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါ ဒုက္ခသစ္စာကို လျော်အောင်သိတဲ့ဉာဏ်ဟာ ဒီဉာဏ်ပဲ (မှန်ပါ့ ဘုရား)။
ဒုက္ခသစ္စာကို လျော်အောင်သိတဲ့ဉာဏ်ဟာ (ဒီဉာဏ်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် အိပ်ချင်တဲ့ စိတ်ကလေးပေါ်လည်း နောက်က ဘာသွင်းရမလဲ (သစ္စာနုလောမိကဉာဏ်သွင်းရပါမယ် ဘုရား)၊ သွင်းလိုက်တဲ့အခါကျတော့ ဘာသစ္စာတွေ့သလဲ (ဒုက္ခသစ္စာ တွေ့ပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သွင်းတာက (မဂ္ဂသစ္စာပါ ဘုရား)၊ အဲ သစ္စာနုလောမိကဉာဏ်လည်း ဟုတ်၏၊ မဂ္ဂသစ္စာလည်း ထိုက်၏။
သစ္စာနုလောမိကဉာဏ်ကော (ဟုတ်ပါတယ် ဘုရား)၊ မဂ္ဂသစ္စာကော (ထိုက်ပါတယ် ဘုရား)။
ကဲ ငိုက်တဲ့စိတ်ကလေး ပေါ်လာလည်း ဘာသွင်းကြမလဲ (သစ္စာနုလောမိကဉာဏ်ထဲ သွင်းရပါမယ် ဘုရား)၊ သွင်းလိုက်တဲ့အခါကျတော့ ငိုက်တဲ့စိတ်ကလေး ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ငိုက်တဲ့စိတ်ကလေးဟာ ဖြစ် လည်းဖြစ်တယ် ရှိလည်းမရှိဘူးဆိုတော့ ဖြစ်ပျက်မနေဘူးလား (နေပါတယ် ဘုရား)၊ ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီဒုက္ခသစ္စာဘက်ကို ဒီက သွင်းလိုက်တဲ့အခါ သစ္စာနုလောမိကဉာဏ် သွားဖြစ်တယ် (မှန်ပါ့)။
ဖြစ်တဲ့အခါကျတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း..တဲ့ အရင်တုန်းက မသိဘူး (မှန်ပါ့)၊ အခုတော့ မသိ ဘူးလား (သိပါတယ် ဘုရား)၊ သိရင်ဖြင့် မသိတာက အဝိဇ္ဇာ၊ သိတာက ဝိဇ္ဇာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာက ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား)။
အဝိဇ္ဇာချုပ်တော့ ဪ- ဒီလိုသေတတ်, ဒီလိုပျောက်တတ်, ဒီလိုဖြစ်တတ်တဲ့တရား၊ ဒီလိုဒုက္ခသစ္စာတရား ကို လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊ မလိုချင်တော့ နောက် အဝိဇ္ဇာနဲ့ တဏှာက မလာပဲနဲ့ ချုပ်တယ် (မှန် ပါ့)။
အဝိဇ္ဇာနဲ့ တဏှာက (မလာပဲနဲ့ ချုပ်ပါတယ်ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့၏ ရန်သူနှစ်ယောက်ကို တကယ်တမ်း သေအောင် လုပ်ချင်ကြပါမူကား ဘုန်းကြီးက ဒကာ ဒကာမတွေ ခန္ဓာထဲ ဘာသွင်းရမလဲ (သစ္စာနုလောမိကဉာဏ် သွင်းရပါမယ် ဘုရား)။
ပေါ်တိုင်းပေါ်တိုင်း သွင်း
ခန္ဓာဆိုတာ ဝိညာဏက္ခန္ဓာ (မှန်ပ့ါ ဘုရား)၊ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာထဲမှာသာ ခင်ဗျားတို့ ကျကျနန ပေါ် တိုင်းပေါ်တိုင်း သွင်း (မှန်ပါ့)၊ ပေါ်တိုင်းပေါ်တိုင်း သွင်းလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် စိတ်က ဘာသစ္စာဖြစ်သွားသတုံး (ဒုက္ခသစ္စာဖြစ်သွားပါတယ် ဘုရား)၊ သွင်းလိုက်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။
သေတာက အဝိဇ္ဇာနဲ့တဏှာ (မှန်ပါ့)၊ နောက်ခန္ဓာ မပေါ်တာက နိရောဓသစ္စာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်စိတ်လာလာ ဘာသွင်းရမတုံး (သစ္စာနုလောမိကဉာဏ် သွင်းရပါမယ်)၊ ဒါဖြင့် ဘယ်စိတ်လာလာ ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ သေတာက (သမုဒယသစ္စာပါ)၊ အဲ အဝိဇ္ဇာနဲ့တဏှာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကျုပ်တို့ရန်သူနှစ်ယောက် မသေသေးဘူးလား (သေပါပြီ ဘုရား)။
သူတို့သေလို့ ဒုက္ခသိမ်းတာ
ဒါဖြင့် ကျုပ်တို့ကို အိုဘေး, နာဘေး, သေဘေး, အရိုးတောင်နှယ်ပုံရေးကို လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့သည်ကားလို့ဆိုရင် အဝိဇ္ဇာ, တဏှာ သေလို့ရှိရင် ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက်ရပါလို၏ ဆုတောင်းရမှာလား၊ သူတို့သေလို့ကိုပဲ ဒုက္ခသိမ်းတာလား (သူတို့သေလို့ ဒုက္ခသိမ်းတာပါ)၊ ဒုက္ခသိမ်းတာ ဘာခေါ်ကြ မယ် (နိဗ္ဗာန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။