ဒိဋ္ဌိပြုတ်ရေး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
(၂၃-၈-၆၁)
ဉာဏ်မျက်လုံးရှိတဲ့ ကိုယ်တော်ကြီး
ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သူတစ်ပါးဆေးမကုဘဲနဲ့ မျက်စိနှစ်ကွင်းအလင်းရအောင် သူ့ဟာသူ ပါရမီဆယ်ပါး အပြားသုံးဆယ်တွေ၊ စွန့်ခြင်းကြီးငါးပါးတွေ စွန့်ပြီးသကာလ မျက်စိနှစ်ကွင်းအလင်းရအောင် သူ့ဟာ သူ ကုတယ်နော် (မှန်ပါ့ ဘုရား)။
သူ့ဟာသူ ကုတဲ့အတွက်တဲ့ ကိုယ်တော်မြတ်ကြီးသည် မျက်စိနှစ်ကွင်း အလင်းရတဲ့ပုဂ္ဂိုလ်ကြီး၊ “ဉာဏံ ဥဒပါဒိ” ဆိုတဲ့အတိုင်း ဉာဏ်ဖြစ်ပေါ်လာတဲ့ ဉာဏ်မျက်လုံးရှိတဲ့ ကိုယ်တော်ကြီးဆိုလို့ရှိရင် မလွဲဘူး (မှန်လှပါ)။
အဲဒီတော့ မျက်စိမမြင်တဲ့ပုဂ္ဂိုလ်က မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်က ဪ ဘယ်သူ့အားကိုးရပါ့ မလဲလို့ ရှာလို့ရှိရင် ဒကာသစ်တို့၊ ဒကာကြွယ်တို့ အလင်းရတဲ့ပုဂ္ဂိုလ် အားကိုးရမယ် (မှန်လှပါ) ဘယ်သူ့အားကိုးကြပါ့ မလဲ (အလင်းရတဲ့ပုဂ္ဂိုလ် အားကိုးရပါမယ်) အလင်းရတဲ့ပုဂ္ဂိုလ်ပဲ အားကိုးရမယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ သိကြပါပြီ (မှန်ပါ့)။
အဲဒီတော့ ဒီအလင်းရတဲ့ပုဂ္ဂိုလ်ကြီးကတော့ဖြင့် ခန္ဓာကြည့်လိုက်လို့ရှိရင် သူက အလင်းရတဲ့ပုဂ္ဂိုလ်ဖြစ်သော ကြောင့် ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတွေပဲ တွေ့မယ် (မှန်လှပါ) ခန္ဓာကြည့်လိုက်ရင် ဖြစ်ပြီးပျက်နေတဲ့ ဒုက္ခသစ္စာတွေပဲ (တွေ့မှာပါ ဘုရား) ဪ အလင်းရတဲ့ပုဂ္ဂိုလ်အမြင်က ဒီလိုပါလား (မှန်ပါ့)။
နောက်တစ်ခါ ဒီဒုက္ခသစ္စာတွေ ကိုယ်တော်မြတ်ကြီး အလင်းရတဲ့ပုဂ္ဂိုလ်မို့ လျှောက်ပြီး ခန္ဓာကြီးကြည့်လိုက် ပြန်တော့လည်း ဒီဖြစ်ပျက်တွေ တစ်ခါ ဉာဏ်နဲ့ကြည့်လိုက်လို့ မလိုချင်ဘူး၊ မရချင်ဘူးဆိုတဲ့ဉာဏ်တွေက အလင်းတွေ က ပိုပို, ပိုပိုပြီးသကာလ လာတာနဲ့ ဒီကိုယ်တော်ကြီးသည် ဪ ဒီဖြစ်ပျက်နေရတာဟာ ဖြစ်ပျက်ဆိုတာလည်း ဟုတ်တာပဲ (မှန်ပါ့) ဒုက္ခရောက်နေတယ်ဆိုတာလည်း ဟုတ်တာပဲ (မှန်ပါ့)။
ဒုက္ခရောက်နေတယ်ဆိုတာကတော့ ကိုယ့်အသေကလေးတွေ ကိုယ်မွေး ကိုယ်သေတာ ကိုယ်မြင်သလိုပေါ့ဗျာ (မှန်ပါ့) ကိုယ်မွေးတာလည်း ကိုယ်မြင်၊ ကိုယ်သေတာလည်း ကိုယ်မြင်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒီနေရာ မျက်စိနှစ် ကွင်း အလင်းရတဲ့ပုဂ္ဂိုလ်၏ အမြင် (မှန်လှပါ ဘုရား)။
နို့မဟုတ်လို့ရှိရင်ဖြင့် စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ ကိုယ်မွေးတာလည်း အမိဝမ်းခေါင်းထဲက ထွက်ခဲ့တာ ကိုယ်မသိဘူး (မှန်ပါ့) ကိုယ်သေပြန်တော့လည်း သေလိမ့်မယ်ဆိုတာသာ သိတယ်၊ သေတာ မသိဘူး (မသိပါ ဘုရား) တစ်သံသရာလုံး ကျုပ်တို့နေခဲ့တာ မွေမှုလည်း ကိုယ်ဟာကိုယ် မသိခဲ့ဘူး၊ သေမှုလည်း ကိုယ်ဟာကိုယ် မသိခဲ့ဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ် (ရောက်ပါတယ် ဘုရား)။
မျက်စိနှစ်ကွင်း အလင်းရတဲ့ပုဂ္ဂိုလ်ကြီးကဖြင့် ဝိပဿနာ ဉာဏ်မျက်လုံးကြီးတပ်ပြီး ကြည့်လိုက်တဲ့အခါလည်း ဝေဒနာကလေးတွေဖြစ်လို့ ဝေဒနာနဲ့ သဟဇာတဖြစ်တဲ့ ရုပ်တွေလည်း ပျက်လို့ (မှန်ပါ့) နာမ်ရုပ်တွေမွေးတာ၊ သေတာ မြင်ရတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကျုပ်တို့ ခင်ဗျားတို့က ကိုယ်တော်မြတ်ကြီးသည် ဪ ဒို့၏ တောင်ဝှေးဆွဲ ကိုယ်တော်ကြီးပဲ (မှန်လှပါ ဘုရား)။
ဘယ့်နှယ်ဆိုကြပါ့မလဲ (တောင်ဝှေးဆွဲ ကိုယ်တော်ကြီးပါ ဘုရား)။
ဒို့က ဖြောင့်ဖြောင့်လိုက်မှသာလျှင်
အဲဒီတော့ မျက်စိနှစ်ကွင်း အလင်းရတဲ့ ကိုယ်တော်ကြီး တောင်ဝှေးဆွဲ ကိုယ်တော်ကြီးနောက်က ဒို့က ဖြောင့်ဖြောင့်လိုက်မှသာလျှင် အမှန်ရောက်တော့မယ်၊ ဒို့- စွမ်းရည်သတ္တိဖြင့် တုံးနေပေါ့လို့ အောက်မေ့ရတယ် (မှန်လှပါ)။
ကိုယ့်စွမ်းရည်သတ္တိကဖြင့် (တုံးနေပါပြီ ဘုရား) အဲဒီတော့ စွမ်းရည်သတ္တိတုံးတဲ့ပုဂ္ဂိုလ်က အခု ဘုန်းကြီးဟော နေတာ မျက်စိနှစ်ကွင်း အလင်းရတဲ့ ကိုယ်တော်ကြီးပြောတာတွေ ဟောတာတွကို အကုန်ဖော်ပြောနေတာပဲ (မှန်လှပါ)။
အဲဒါ ဒကာ ဒကာမတွေက ကိုယ်က အလင်းမရတဲ့ပုဂ္ဂိုလ်က ရှောင်မယ်၊ ရှားမယ်ဆိုရင် ချောက်ကျချလို့ပဲ (မှန်ပါ့ ဘုရား)။
ရှောင်မယ်၊ ရှားမယ်ဆိုရင် (ချောက်ကျချင်လို့ပါ ဘုရား) အဲဒီတော့ ဒီနေ့ နေမကောင်းသေးဘူး၊ ဒီနေ့ နေမ ကောင်းသေးဘူး၊ ဒီနေ့ စီးပွားရေးက နေရာမကျသေးဘူး၊ ဒကာသစ် ဒါ-ဘာသံတွေတုံးဗျ (ချောက်ကျချင်တဲ့ အသံပါ ဘုရား)။
ချောက်ကျတဲ့အသံတွေ၊ အလင်းရတဲ့ ကိုယ်တော်ကြီးက ပြောနေတဲ့ဥစ္စာ ကိုယ်က အလင်းမရခြင်းကြောင့် ကိုယ့်စိတ်ကူးဟူသ၍က ချောက်ကျတဲ့စိတ်ကူးချည်းလို့ ဒကာကြွယ်က ဆုံးဖြတ်ချက်ချစမ်းပါ (မှန်လှပါ ဘုရား)။
ကိုယ်ကြံစည်လုံးတွေသည် အလင်းမရတဲ့ အလုပ်ကို လုပ်တိုင်းလုပ်တိုင်း ဪ ချောက်ကျတဲ့ အလုပ်ပဲ (မှန်ပါ့) ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတာ အလင်းရတဲ့ ကိုယ်တော်ကြီးနောက်ကို နားလည်းမထောင်၊ သူလိုလည်း ကျုပ်တို့က ပေပြီး မကြည့်လို့ စိုက်ပြီးသကာလ မကြည့်လို့ မမြင်တော့ ကျုပ်တို့ ဆင်ခြေဟူသ၍ ကျုပ်တို့ ချောက်ချတဲ့ ဆင်ခြေလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ကျုပ်တို့ ဆင်ခြေဟူသ၍ (ချောက်ကျတဲ့ ဆင်ခြေပါဘုရား) ခင်ဗျားတို့ချင်းတော့ဖြင့် ရှင်းအောင်ပဲ ပြောလိုက် ပါတယ်၊ ဟုတ်ပေလိမ့်မယ် လိုက်မည့်လူတွေ အများကြီးပါပဲ (အများကြီးပါ ဘုရား)။
ခင်ဗျားတို့ချင်းတော့ ဘာတုံး (ဟုတ်ပေလိမ့်မယ် လိုက်မည့်လူတွေ အများကြီးပါဘုရား) အမယ်လေး ရူးတဲ့လူ ဗုံတီးပြီး မြှောက်နေပြန်ပြီ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမတုံး (ရူးတဲ့လူ ဗုံတီးပြီး မြှောက်ပေးနေပါတယ်ဘုရား)။
အရူးဗုံတီးမြှောက်နေတာများ
အရူးဗုံတီးမြှောက်နေတာများ ဒကာကြွယ်တို့က အဟုတ်ကြီးများ ထင်နေရင်တော့ တော်တော်ခက်ပါသေးတယ် (ခက်ပါတယ် ဘုရား)။
အင်း ဒကာကြွယ်တို့က အလုပ်ကလည်း များတယ်၊ ဒါ့ကြောင့် ဒီနေ့တော့ ငါမလိုက်နိုင်သေးဘူးကွာ၊ မင်းတို့သိတဲ့အတိုင်းပဲ၊ ဟုတ်ပေလိမ့်မယ်တဲ့ (မှန်ပါ့) ဪ ချောက်ကျတာ ဟုတ်ပေလိမ့်မယ်ပြောနေတယ် (မှန်ပါ့ ဘုရား)။
ချောက်ကျလာ ဘာပြောနေသတုံး (ဟုတ်ပေလိမ့်မယ် ပြောနေပါတယ်ဘုရား)။
အမယ်လေး ဒီကလည်း ငါစကားပြောလိုက်တာ ပြေပြစ်လို့ သူတို့လည်း ဘာမှမကဲ့ရဲ့ဘဲနဲ့ ငါ့စကားနား ထောင်သွားကြတယ်ဆိုပြီး ချောက်ကျတဲ့လူကလည်း ငါ့စကား အောင်မြင်လို့ ပြုံးများနေလိုက်သေးတယ် (မှန်ပါ့ ဘုရား)။
ဟ ဘာဖြစ်ကြတာတုံး (ချောက်ကျတာပါ) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါ ခင်ဗျားတို့ မြည်တယ်၊ တွန်တယ်လို့ ဒီလိုမအောက်မေ့ပါနဲ့ (မှန်ပါ့) မျက်စိနှစ်ကွင်း အလင်းရတဲ့ ကိုယ်တော် ကြီးက ပြောတဲ့စကားကို စုံလုံးကန်းက သူ့နောက် မှီလိုက်ရမည့်ဥစ္စာ မလိုက်နိုင်တဲ့နေ့ဟာ ဒကာ ဒကာမတို့ အလင်းရမှာ စိုးလွန်းလို့ပဲဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ် (မှန်ပါ့ ဘုရား)။
ဘာစိုးတာပါလိမ့် (အလင်းရမှာ စိုးတာပါ) ဟ မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်က အလင်းရမှာကို အရေးတကြီးလုပ်ရမည့် အလုပ်ကြီးတစ်ခုကိုပင်လျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သူ့ကြောင့်၊ ကိုယ့်ကြောင့်၊ ဘယ်သူ့ကြောင့်တွေနဲ့ အမယ်လေး သုံးနေလိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်ပါ့ ဘုရား)။
ဘာ့ကြောင့် ဒါလောက် အသုံးအနှုန်းတွေ ဆင်ခြေများပါလိမ့်မတုံးဆိုတော့ တပည့်တော်တို့ အကန်းဆင်ခြေ ဘုရား (မှန်ပါ့) ဘယ်လိုဆိုကြမလဲ (အကန်းဆင်ခြေပါ ဘုရား)။
အဲဒီ ဆင်ခြေ၊ ဆင်ချက်တွေကြောင့် ဘုရားအဆူဆူနဲ့ လွဲခဲ့ရတယ်ဆိုတာကိုလည်း ခင်ဗျားတို့ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။
အကန်းဆင်ခြေများနေလို့
သူများက ဘုရား ကရုဏာ မရှိလို့လား၊ ကိုယ်အကန်းဆင်ခြေများနေလို့လားသာ ဒကာကြွယ် အကဲခတ်စမ်း (အကန်းဆင်ခြေများနေလို့ပါ ဘုရား)။
အကန်းဆင်ခြေများနေလို့ ဒကာသစ် သေချာပလား (သေချာပါပြီ ဘုရား)။
အခု သာသနာကလေးကလည်း နည်းနည်းပဲ ကျန်ပါတော့တယ် (မှန်ပါ့) နည်းနည်းထဲကမှ တစ်ခါ အစစ်ထုတ် လိုက်ပြန်တော့လည်း တော်တော်ရှားသွားပြီ (ရှားပါတယ်) ရှားလို့မှ ခင်ဗျားတို့က ဒါကလေးမလိုက်နာသေးဘူး၊ မကျင့် ကြံသေးဘူး၊ ဒီအထဲက ဆင်ကန်းတောတိုး ဖြစ်ချင်သေးလို့ဆိုတဲ့ အဓိပ္ပာယ်ကဖြင့် ရှင်းနေပြီ (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ကျုပ်တို့၏ အားကိုးရာသည် မျက်စိနှစ်ကွင်း အလင်းရတဲ့ ကိုယ်တော်ကြီးပဲ အားကိုး ရမယ် (မှန်ပါ့) ကိုယ်တော်ကြီး ပြတဲ့လမ်းပဲ အားကိုးရမယ် (မှန်ပါ့ ဘုရား)။
ဒီလမ်းပေါ် မလိုက်သေးဘူးလို့ ဆိုလို့ရှိရင်ဖြင့် ဪ ဒို့သည် အကန်းက ဆင်ခြေထူသေးသကိုး (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (အကန်းက ဆင်ခြေထူပါသေးတယ်) နာအောင် ပြောတာလား၊ ကိုယ့်ဟာကိုယ် ဟုတ်တာ လား အကဲခတ်ပါဦး (ကိုယ့်ဟာကိုယ် ဟုတ်တာပါ ဘုရား)။
ဒကာကြွယ်တို့ အကန်းက ဆင်ခြေထူလာတာ ဘယ်လောက်ကြာပြီတုံး (ကြာပါပြီ) ဘုရားအဆူဆူနဲ့ လွဲခဲ့တာ လည်း အကန်းဆင်ခြေထူမှုပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဘဝမှာ ဒီအချိန်ကျမှပဲ တရားဓမ္မတွေ လိုက်စားတာလည်း ဘာဖြစ်နေတာတုံး (အကန်းဆင်ခြေလဲတာပါ ဘုရား)။
ခင်ဗျားတို့ မနာကြနဲ့နော် (မနာပါ) ဘာဆင်ခြေထူတာပါလိမ့် (အကန်းဆင်ခြေ ထူတာပါ) ကန်းလည်းကန်း သေး၊ ဆင်ခြေလည်း များသေးဆိုတာတော့ အတော်ခက်နေပြီ (မှန်ပါ့ ဘုရား)။
ကန်းလည်း ကန်းသေးဗျာ (ဆင်ခြေလည်း များပါသေးဘုရား) ဆင်ခြေလည်း များသေးတယ်ဆိုရင်ဖြင့် ဒကာ ကြွယ် အတော်ကြောက်စရာကောင်းပါလား (ကောင်းပါတယ်) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အေး ဒါ့ကြောင့် ဒကာ ဒကာမတို့ ယနေ့ကစပြီးသကာလ အကန်းတွေလည်းဖြစ်ပြန်၊ ဆင်ခြေတော့ဖြင့် မထူတော့ပါဘူး၊ ဆွဲရာကိုပဲ နှစ်ဖက်မြင် ကိုယ်တော်ကြီး ပြောရာပဲ လိုက်နာပါတော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချလိုက် ကြပါ (မှန်ပါ့ ဘုရား)။
အဖြောင့်လိုက်ပါတော့မယ်
ဘယ်လိုဆုံးဖြတ်ချက်ချရမလဲ (နှစ်ဖက်မြင် ကိုယ်တော်ကြီး ပြောရာလိုက်နာပါတော့မယ် ဘုရား)။
နှစ်ဖက်မြင်ကိုယ်တော်ကြီး ပြောတာကို အကန်းကဖြင့် ဆင်ခြေမထူတော့ပါဘူး၊ အဖြောင့်လိုက်ပါတော့မယ် (မှန်ပါ့) ဒါကို ဆုံးဖြတ်ချက်ချစေချင်တယ် (မှန်ပါ့ ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးသည် ဤကဲ့သို့ပြောရပါလိမ့်မတုံး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အန္ဓပုထုဇန်လို့ ဟောထားတော့ ငါက “စက္ခုံ ဥဒပါဒိ” ကွ၊ မင်းတို့က အန္ဓပုထုဇန် (မှန်ပါ့) ငါက မျက်စိနှစ်ကွင်း အလင်းရတဲ့ပုဂ္ဂိုလ်ကွဆိုတာလည်း သူကိုယ်တိုင် ထုတ်ဖော်ပြောသွားတယ် (မှန်ပါ့) မပြောဘူးလား (ပြောပါတယ်) အေး သမန္တစက္ခု၊ သဗ္ဗညုဆိုတာကိုးဗျ (မှန်ပါ့ ဘုရား)။
အဲဒါတွေ အလုံးစုံအကုန်သိတဲ့ သဗ္ဗညု၊ ငါနှစ်ဖက်မြင်ကွဆိုပြီးသကာလ ကိုယ်တော်ကြီး ပြောသွားတော့ အန္ဓပုထုဇန်ဆိုတာလည်း သူပဲဟောခဲ့တယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမကို သံသရာရှည်ခြင်း၏ အပြစ်ဟာလည်း ဒါလည်း တစ်မျိုးပါဝင်တာပဲ (မှန်ပါ့) မပါဝင်ဘူးလား (ပါဝင်ပါတယ်) ဘယ်လိုပါဝင်ပါလိမ့်မလဲ (သံသရာရှည်ခြင်း၏ အပြစ်ဟာ ဒါလည်း တစ်ပြစ်ပါပဲ) အေး အကန်းဆင်ခြေထူမှုကြောင့် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ပြောစမ်းပါဦး ဘာတဲ့တုံး (အကန်းဆင်ခြေ ထူမှုကြောင့်ပါ) အမယ်လေး ခင်ဗျားတို့ဟာ ကြားလို့ကို မကောင်းဘူး၊ ဒီအသံဟာ (မှန်ပါ့) ကြားလို့များကောင်းကြရဲ့လား (မကောင်းပါ ဘုရား)။
ဦးဘအုန်း ဘာတဲ့တုံးဗျာ (အကန်းဆင်ခြေထူမှုပါ) အမယ်လေး ကန်းလည်းကန်းသေးတယ်၊ ဆင်ခြေလည်း ထူသေးတယ်ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ် ဘယ့်နှယ်လုပ်မတုံး (မကောင်းတော့ပါ ဘုရား)။
အကန်းဆင်ခြေထူမှုတွေ
ဒါတောင် ဒကာကြွယ်တို့နဲ့ စပ်တဲ့ ပုဂ္ဂိုလ်တွေ ဒီနေ့တရားကွာ၊ အင်မတန် အရေးကြီးတဲ့ တရားတွေ၊ ဆရာဘုန်း ကြီးလည်း ဟောနေတယ်ကွလို့ဆိုတဲ့ အထဲကကို ဒကာကြွယ် အကန်းဆင်ခြေထူမှုတွေ ဘယ်လောက်တွေ့ဖူးသတုံး (အများကြီးတွေ့ဖူးပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အမယ်လေး ဒီဥစ္စာတွေက ကန်းလည်း ကန်းသေးတယ်၊ ဆင်ခြေလည်း ထူနေသေးတယ်ဆိုရင်ဖြင့် မျှော်လင့်ချက်ကုန်ပြီ (မှန်ပါ့) မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။
အေး ဒါ့ကြောင့် ဒကာ ဒကာမတို့ အကန်းဆင်ခြေထူမှုလောက် လောကကြီး ကြောက်စရာကောင်းတာ မရှိဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပါ (မှန်ပါ ဘုရား)။
ဒီအချိန်ကလေးတော့ ထမင်းစားနေသေးလို့ မလုပ်သေးဘူးကွ (မှန်ပါ့) ဝိပဿနာအလုပ်ကို စားရင်းလုပ်ရမည့် အလုပ်လည်း ရှိတာကိုးဗျ (မှန်ပါ့) မလုပ်သေးဘူးကွာ၊ အေးအေးချမ်းချမ်းမှပဲ လုပ်တော့မယ်၊ အကန်းဆင်ခြေထူပြန်ပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဆင်ခြေ ထူတာပါလိမ့် (အကန်း ဆင်ခြေထူတာပါဘုရား)။
ဟာ ဒီအချိန် ရေချိုးသွားဦးမယ်၊ ရေချိုးက ပြန်လာမှပဲ လုပ်တော့မယ်၊ ရေချိုးသွားရင်လည်း လမ်းမှာ ဒုက္ခသဟဂုတ် ကာယဝိညာဏ်တွေ ဖြစ်ပျက်ရှုပြီးသွားရင် ပြီးတာပဲ၊ သို့သော် ရေချိုးကပြန်မှတဲ့ (မှန်ပါ့) ဒါ-ဘာလုပ် တာတုံး (အကန်းဆင်ခြေလဲတာပါ ဘုရား)။
ရေချိုးက ပြန်လာပြန်တော့ အဝတ်တွေ ဘာတွေ လဲပြီးသကာလ ဟိုသုတ်-ဒီသုတ်နဲ့ ဒီအချိန်ကုန်ပြီးသကာလ နေပြန်တော့ ဒါတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သံဃာဋိပတ္တစီဝရဒါနေ သမ္ပဇာနကာရီ ဟောတိ” အဝတ် အစားလဲတိုင်း လဲတိုင်းလဲကွာ၊ ကာယပသာဒနဲ့ ကာယဝိညာဏ်တွေ၊ ဖြစ်ပျက်တွေ ရှိပါတယ်ကွ၊ ဒါကလေးတွေလည်း ကြည့်ရှုပြီး မင်းသည် ဝတ်တာပေါ့ အစရှိသည်နဲ့ ကိုယ်တော်မြတ်ကြီးက ပြောထားပေမယ့် ဒါကတော့ လူတို့၏ဝတ္တ ရား ရှိသေးတယ်ဆိုပြီးသကာလ ဒီအချိန် နှလုံးမသွင်းဘူး၊ အေးအေးချမ်းချမ်း ထိုင်ပြီးတော့မှပဲ နှလုံးသွင်းတော့မည့် ပုံပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဟာ ဒါဖြင့် အဝတ်ဝတ်တုန်း ဆင်ခြေထူပြန်ပြီ (ထူပါတယ် ဘုရား) ဘယ်သူပါလိမ့် (အကန်းဆင်ခြေထူတဲ့ လူပါဘုရား) ဟ အကန်းဆင်ခြေထူမှုတွေက မနည်းပါလား (မနည်းပါ ဘုရား)။
ဒကာ ဒကာမတို့ ပါရမီမရှိလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကရုဏာမရှိလို့ ကျုပ်တို့ ဒီလိုနေခဲ့ရတာလား၊ အကန်းဆင်ခြေထူမှုကြောင့် ဒါလောက် အလွဲကြီးလွဲရတာလား (အကန်းဆင်ခြေထူမှုကြောင့် ဒါလောက် အလွဲကြီးလွဲ ရတာပါ ဘုရား)။
ကိုယ့်ဟာကိုယ် စစ်ဆေး
ဒါ-ခင်ဗျားတို့ သေသေချာချာမှတ်ပါ (မှန်ပါ့) ကိုယ့်ဟာကိုယ် စစ်ဆေးနော် (မှန်ပါ့ ဘုရား) ဒီအချိန် မလုပ် သေးဘူးဆိုရင် အကန်းဆင်ခြေထူပြန်ပလားလို့ မြည်ဗျ (မှန်ပါ့) ဟုတ်လား (မှန်ပါ့) အင်း အိပ်ရာမှ ဒီအလုပ် လုပ်တော့မယ်ဆိုရင် အိပ်ရင်း ဒီအလုပ်လုပ်နေလို့ရှိရင်လည်း ဖြစ်တာပဲ (မှန်ပါ့) မင့်ဟာ အကန်းက ဘယ်ဆင်ခြေထူ သကိုး (မှန်ပါ့) ကိုယ့်ဟာကို မြည်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ အဆုံးအမ အခက်ဆုံးလို့ ဘုရားက သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ဝေဖန်လိုက်တယ်နော် (မှန်ပါ့ ဘုရား) “အတ္တာဟိ ကိရ ဒုဒ္ဒမော” လို့ ဒီပါဠိရွတ်လိုက်တယ် (မှန်ပါ့) အတ္တာတိ = အတ္တာဧဝ = မိမိကိုယ်သည် သာလျှင်၊ ဒုဒ္ဒမောကိရ = သူတစ်ပါးထက်ပိုလွန်၍ ဆုံးမခက်သည်၊ ဟောတိ = ဖြစ်၏ (မှန်ပါ့) သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တော့ အဆုံးအမ အခက်ဆုံး ကိုယ့်ကိုယ်တဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် အဆုံးအမ အခက်ဆုံးဟာ (ကိုယ့်ကိုယ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အဆုံးအမခက်တာနဲ့ အတူတူနေကြတာကိုး (နေပါတယ် ဘုရား) ဒါဖြင့် အဲဒီလို အဆုံးအမ ခက်တိုင်းခက်တိုင်း အကန်းဆင်ခြေထူမှုနဲ့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲပြီးသကာလ ပေါ်ရာကို ဝိပဿနာ လိုက်ပါဆိုတာကို တိုက်တွန်းရတယ် (မှန်လှပါ ဘုရား)။
ဒကာကြွယ် တိုက်တွန်းထိုက်၊ မတိုက်တွန်းထိုက် (တိုက်တွန်းထိုက်ပါတယ် ဘုရား) နို့မဟုတ် ဘာဖြစ်မှာစိုးလို့ပါ လိမ့် (အကန်းဆင်ခြေထူမှာစိုးလို့ပါ)။
အကန်းဆင်ခြေထူလို့ရှိရင်ဖြင့် ဒုက္ခပဲ နွှဲရုံပဲရှိတယ် (မှန်ပါ့) သုခရစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ သုံးသ၍၊ နှုန်းသ၍ လောကီဘက်မှာ ရှောင်သ၍-ရှားသ၍ ဦးလှဘူးရေ အကန်းဆင်ခြေ ထူမှုချည်းမှတ်ပါ (မှန်ပါ့)။
ဒကာကြွယ် ဘာတုံး (အကန်းဆင်ခြေ ထူမှုပါဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါ ဘယ်သူ့ကို စွပ်စွဲရမှာတုံး (ကိုယ့်ကိုယ် စွပ်စွဲရမှာပါ) ကိုယ့်ကိုယ်ကိုယ် စွဲချက်တင်ပြီး ဆုံးမရမယ် (မှန်ပါ့)။
ဘုရားက ဒီဥစ္စာ အဆုံးအမ အခက်ဆုံး ဘယ်သူတဲ့ (ကိုယ့်ကိုယ်ကိုယ်ပါ ဘုရား) ဒကာသစ်ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။
ဒီ့ပြင် ကလေးသူငယ်၊ လူမမယ်တွေကတော့ ခြောက်လိုက် လှန့်လိုက်ဆိုလို့ရှိရင် ဒကာသစ်ရေ ဒီတစ်ခါသာ လွန်ကျူးတယ်၊ နောက်တစ်ခါ ဆိုလို့ရှိရင်ဖြင့် သူ ရှောင်ရှားချင်တဲ့ အဓိပ္ပာယ်တွေ မပါဘူးလား (ပါပါတယ် ဘုရား)။
ကိုယ့်ဟာကိုယ်ကတော့ ဆင်ခြေထူလိုက်တာ (မှန်ပါ့) အင်း နက်ဖြန်မှလိုလို၊ သန်ဘက်ခါမှလိုလို ငယ်သေး လို့ လိုလို၊ စီးပွားရေးက မပြည့်သေးလို့ လိုလို၊ အိမ်က မပြီးသေးလို့လိုလို (မှန်ပါ့) ဒီလိုလိုတွေက ဘာဖြစ်နေတာတုံး ဒကာကြွယ်ရ (အကန်းဆင်ခြေ လဲနေတာပါဘုရား) တော်တော်ရိပ်မိပြီ (မှန်ပါ့ ဘုရား)။
တော်တော်ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) အမယ်လေး မနည်းဖော်ရပါလား (ဖော်ရပါတယ် ဘုရား)။
ဒါ- ခင်ဗျားတို့ကဖြင့် ဪ ဒီပုဂ္ဂိုလ်ဟာ ဘေးကပုဂ္ဂိုလ်တွေက သူတရားတော့ ဝါသနာပါတယ် ဘုရာ့၊ လုပ်လည်း လုပ်ချင်တဲ့ ဝါသနာရှိတယ်၊ နာချင်တဲ့ ဝါသနာလည်း ရှိပါတယ်။ သူ့ကိစ္စကလေးက မပြီးသေးလို့တဲ့ (မှန်လှပါ) ဘေးကပုဂ္ဂိုလ်ကလည်း ဒီအပြောပဲပြောတာ (ပြောပါတယ် ဘုရား)။
သူကလည်း ဆင်ခြေသမားကိုး (မှန်ပါ့) နဂိုရ်ကလည်း ရှောင်နေကြ ရှားနေကြဆိုတော့ ဟိုဘက်စကားပေးလိုက် တော့လည်း ဒါပဲပေးချလိုက်တာပဲ (မှန်လှပါ ဘုရား)။
ဟိုကလည်း ဦးကြွယ် မြင်တဲ့အတိုင်းပဲ၊ ကျုပ်တို့ဟာ ဝါသနာလည်း ပါပါတယ်၊ လုပ်လည်း လုပ်ချင်ပါတယ်၊ ဒါက ကိုယ်မကြည့်မဖြစ်လို့ (မှန်လှပါ) အင်း ဟိုကလည်း ဆင်ခြေထူချလိုက်တယ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
အရှောင်အရှားများလွန်းလို့
အင်း ကိုယ့်ကိုယ် သေလမ်းသွားနေတယ်ဆိုတာတော့ မရိပ်မိဘူး (မရိပ်မိပါ ဘုရား) ဒီဟာတွေ အကန်း ဆင်ခြေထူနေတယ်ဆိုတာကော (မရိပ်မိပါ ဘုရား) ဘုရားအဆူဆူနဲ့ လွဲခဲ့တာလည်း သူပဲလို့များ စွဲချက်တင်ရဲ့လား (မတင်ပါ ဘုရား) အမယ်လေး အ,လိုက်တာလွန်လို့ပါလား (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အမယ်လေး ခင်ဗျားတို့ လူကြီးတွေ ပြောရတာက ဒကာကြွယ် မလွယ်ဘူးနော် (မလွယ်ပါ ဘုရား) ဘာဖြစ်လို့ လူကြီးတွေ ပြောရတာ မလွယ်ပါလိမ့်၊ အရှောင်အရှားများလွန်းလို့ (များလွန်းလို့ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာတဲ့တုံး ဒကာ ဒကာမတို့ (အရှောင်အရှား များလွန်းလို့ပါ ဘုရား)။
ဘယ်ကများ တတ်ထားတာပါလိမ့်၊ ဘယ်ကများ တတ်ထားတာပါလိမ့်မတုံးလို့ မေးတော့မှ ကိလေသာက ခင်ဗျားတို့က ကလေးကိလေသာနဲ့ လူကြီးကိလေသာသည် ဒကာ ဒကာမတို့ လူကြီးကိလေသာက အာရုံတွေများတယ် (မှန်ပါ့) အိမ်လည်း ကိုယ်ပါမှ (ပါမှပါ ဘုရား) ကျောင်းကော (ပါမှပါ ဘုရား) ကိုယ်ပါမှပဲ နေရာတိုင်း ကိုယ်မပါရင် (မဖြစ်ပါ ဘုရား) ပါချင်တဲ့ နေရာဟူသ၍ ကိလေသာစွမ်းရည်ချည်းမှတ် (မှန်ပါ့)။
ပါချင်တဲ့ နေရာဟူသ၍ (ကိလေသာစွမ်းရည်ချည်းပါ ဘုရား)။
အဲဒီ ကိလေသာစွမ်းရည်က ဆင်ခြေလည်းပြီးသကာလနေတာနဲ့ ဒီအကန်းဆင်ခြေကြောင့် ဒီဘုရားသာသနာ တော်ကြီးနဲ့ အလွဲကြီးလွဲရလိမ့်မယ် (မှန်ပါ့ ဘုရား) ဒီဘုရားသာသနာတော် နောက်ပိုင်းအတော်ကျပါပြီ (မှန်ပါ့) နောက်ပိုင်းအတော်ကျတဲ့အထဲမှာ ခင်ဗျားတို့က အကန်းဆင်ခြေလဲမှုကြီး ကိုယ်ပိုင်ထားမယ်ဆိုရင်ဖြင့် ဒကာကြွယ် သွားပေါ့ဗျာ (သွားပါပြီ ဘုရား) မသွားသေးဘူးလား (သွားမှာပါ ဘုရား)။
အဲ ဒါဖြင့် ယနေ့ “စက္ခုံ ဥဒပါဒိ” လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) ဆင်ခြေတော့ မလဲဘူးကွာ၊ ကိုယ်တော် မြတ်ကြီးလည်း နှစ်ဖက်မြင်ပဲ၊ ဒို့လည်း နှစ်ဖက်မြင်အောင်တော့ ကြိုးစားရမှာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကိုယ်တော်မြတ်ကြီး နှစ်ဖက်မြင်ဆိုတာက အကုသိုလ်ကိုလည်း ရှောင်ဖို့ရာမြင်တယ် (မှန်ပါ့ ဘုရား) ကုသိုလ် ကိုလည်း ပွားဖို့ရာ မြင်တယ် (မြင်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ) ကျုပ်တို့ကသာ နှစ်ဖက်မမြင်တော့ ကုသိုလ်ပေမယ့် ဝဋ္ဋကုသိုလ်တွေ လုပ်ချလိုက်တယ် (မှန်ပါ့) အကုသိုလ်ဆိုတော့လည်း ရိုးရာမို့ လုပ်ချလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အကုသိုလ်ကျတော့ (ရိုးရာမို့ လုပ်ချလိုက်ပါတယ်) ရိုးရာမို့ မလွှဲသာလို့ ပါသွားပါတယ်ဘုရား၊ ဒီတစ်ခါ (မှန်ပါ့) မလွှဲသာလို့တဲ့၊ ဒီတစ်ခါ ပရိယာယ်ကလေး နည်းနည်းပါသွားတယ် (ပါသွားပါတယ် ဘုရား)။
ဒကာကြွယ် ဒါက ရိုးရာကိုးဗျ (မှန်ပါ့ ဘုရား)။
နှစ်ဖက်မြင် ကျသေးရဲ့လား
ကုသိုလ်ဘက်ကျတော့လည်း မမြင်တော့ ဒုက္ခသစ္စာကြီးရမှာ လှမ်းပြီးတော့ ဝဋ္ဋဒါန, ဝဋ္ဋသီလတွေ ဘာလုပ် လိုက်ပြန်တုံး (သုခထင်ကြပါတယ်) ကြိုးစားလိုက်ပြန်တော့ နှစ်ဖက်မြင် ကျသေးရဲ့လား (မကျပါ ဘုရား)။
အဲ အခု ဒကာ ဒကာမတွေမှာ သေသေချာချာ ဘုန်းကြီးဆုံးမတာကို နားထောင်ပါ (မှန်ပါ့) ဪ ဒို့နှစ်ဖက်ကို မမြင်သေးပါကလား (မှန်ပါ့ ဘုရား)။
အကုသိုလ်ဖြစ်တာကို အကုသိုလ်ဖြစ်တယ်လို့သိတဲ့ လူဟာလည်း အတော်ရှားတယ် (ရှားပါတယ်) အဲဒါ တစ် ဖက်ကန်းတာပဲ (မှန်ပါ့) ကုသိုလ်လုပ်ပြန်တော့လည်း မကင်းရာ မကင်းကြောင်းမို့ မိတ်ဆက် ဆွေဆက်ဟုတ်လား (မှန်ပါ့) နောင်ဘဝကောင်းစားရေး၊ ဒါတွေ လုပ်လိုက်ပြန်တော့လည်း မြင်တာလား၊ မမြင်တာလား (မမြင်တာပါ ဘုရား)။
ဒါဖြင့် ကုသိုလ်လုပ်ပြန်လည်း တစ်ဖက်က ကန်းတယ် (မှန်ပါ့) အကုသိုလ်လုပ်ပြန်လည်း မသိလို့ကန်း (မှန်ပါ့) မသိလို့ ပါသွားတာဆိုတော့ ဒကာကြွယ် နောက်တုန်းက ဒီနှစ်ခုပဲရှိတယ် (ရှိပါတယ် ဘုရား) စုံလုံးကန်းအလုပ်ချည်း ပဲ (မှန်ပါ့) မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒီတစ်ခါဖြင့်ကွာ အကုသိုလ်ဖြစ်လည်း ဖြစ်ပျက်ရှုမက (မှန်လှပါ ဘုရား) ကုသိုလ်တွေဖြစ်လည်း (ဖြစ်ပျက် ရှုရပါမယ်) ဒါ နှစ်ဖက်မြင်လာပြီ (မှန်ပါ့) နှစ်ဖက်မြင်လာပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
ဘာရှုမလဲ (ဖြစ်ပျက်ရှုရပါမယ်) ကုသိုလ်တွေကိုလည်း (ဖြစ်ပျက်ရှုရပါမယ်) အကုသိုလ်တွေကိုလည်း (ဖြစ်ပျက် ရှုရပါမယ်) ရှုသာရှုပါ ဒကာကြွယ်ရ (မှန်ပါ့) ကုသိုလ်ကို ဖြစ်ပျက်မရှုဘူးလို့ ဆိုလို့ရှိရင် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ပဲ (မှန်ပါ့) အကုသိုလ်ကို ဖြစ်ပျက်မရှုလို့ရှိရင်ဖြင့် တဏှာဥပါဒါန်ကံလာမယ် (မှန်လှပါ ဘုရား)။
အကုသိုလ်ဖြစ်ပျက်မရှုရင် (တဏှာဥပါဒါန်ကံ လာမှာပါဘုရား) ကုသိုလ်ကို ဖြစ်ပျက်မရှုရင် အဝိဇ္ဇာပစ္စယာ သင်္ခါရလာမယ် (မှန်လှပါ ဘုရား)။
ဖြစ်ပျက်မရှုရင်
ကုသိုလ်ကို ဖြစ်ပျက်မရှုရင် (အဝိဇ္ဇာပစ္စယာ သင်္ခါရလာပါမယ်ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ကို ဒီလိုဆိုလို့ရှိရင် နှစ်ဖက်မြင်ကို ဆရာဘုန်းကြီး ပေးနေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။
အကုသိုလ်မို့လည်း ခင်ဗျားတို့က မသိ-မရှိစေနဲ့ (မှန်ပါ့) ပုထုဇန်ပဲလွန်တယ်၊ လွန်တယ်၊ ဖြစ်ပျက်ရှုချ (မှန်လှ ပါ ဘုရား) သဘောကျရဲ့လား (ကျပါတယ်)။
အဲဒီတော့ သူတို့လည်း ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ သူ့ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွား တယ် (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) တဏှာရှုလိုက်ရင် ဥပါဒါန်ကံပြတ်တယ် (မှန်ပါ့) ဥပါဒါန်ရှုလိုက် ရင် ကံပြတ်တယ် (မှန်ပါ့) ကံကို ရှုလိုက်ရင် ဇာတိဇရာမရဏကော (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် အကုသိုလ်ဘက်ကလည်း ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်) ကုသိုလ်တွေဘက်ကလည်း ဝဋ္ဋကုသိုလ် တွေ လုပ်ထားတာ မကင်းရာ မကင်းကြောင်းနဲ့ ဟို ငါးကျပ်ထည့်လိုက်ရ၊ ဒီ တစ်ဆယ့်ထည့်လိုက်ရဆိုတာ လူများမှာ တော့ စားတာထက် ကုန်သေးတယ် (ကုန်ပါတယ် ဘုရား)။
အဲဒါတွေကိုလည်း မကင်းလို့ ထည့်ရ မကင်းလို့ ပေးရဆိုတာတွေဟာ လူထဲနေပြန်တော့ ဒကာကြွယ်ရေ- ဒါတွေလည်း ကုသိုလ်တော့ ကုသိုလ်ပဲ၊ ကုသိုလ်မှာ မကင်းတရားကြောင့် ထည့်ရတာဆိုတာ တဏှာခြံရံတယ်ဗျ (မှန်လှပါ) ဒါတွေ ဘာလုပရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။
ရှုရမှာပဲဆိုတော့ ဒီကုသိုလ်လည်း ဖြစ်ပျက်ရှုရမှာပဲ ဟိုအကုသိုလ်လည်း (ဖြစ်ပျက်ရှုရမှာပါပဲ) ဒါဖြင့် နှစ်ဖက်မြင် ဖြစ်သွားတယ် (မှန်ပါ့) ရှုနိုင်ရင် ဆင်ခြေမလဲတော့ပါဘူး (မှန်ပါ့ ဘုရား)။
ရှုနိုင်ရင် (ဆင်ခြေမလဲတော့ပါ ဘုရား) ကုသိုလ်ရှုလိုက်ရင် အဝိဇ္ဇာနဲ့ တဏှာချုပ်တယ်၊ ပဋိစ္စသမုပ္ပါဒ်အစက ပြတ်တယ် (မှန်ပါ့) အကုသိုလ်ရှုလိုက်ရင် အလယ်ကနေပြတ်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ကိုယ့်မှာ ပင်ပန်းဆင်းရဲနေတယ်၊ ဒုက္ခဒေါမနဿရှုလိုက်ရင် အဆုံးကနေ ပြတ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဖြစ်တိုင်းသိတယ်တဲ့
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိသဗ္ဗာ၊
ယတော ပဇာနာတိ သဟေတု ဓမ္မံ။
ဆိုတာ ငါဖြစ်တိုင်း သိတယ်ကွပြောတာ (မှန်ပါ့) ဖြစ်တိုင်းသိတယ်တဲ့ အကုသိုလ်တွေကို (မှန်ပါ့) ဝဋ်ကုသိုလ် တွေကို ငါဖြစ်တိုင်းသိတယ် (မှန်လှပါ ဘုရား) မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဖြစ်တိုင်းသိတယ်လို့ တော်တော်ကြာတော့ ယဒါဟဝေ ပါတုဘဝန္တိ ဓမ္မာနဲ့ “ယတော ခယံ ပစ္စယာနံအဝေဒီ” သူတို့ကုန်တာကိုလည်း ငါသိတယ်တဲ့ (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် ကုန်တာကို (သိပါတယ် ဘုရား)။
အဲဒါကြောင့် ငါသည် “ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊ သူရိယောဝ ဩဘာသယ မန္တလိက္ခ” ငါ ဒါ့ကြောင့် ဘုရားဖြစ်လာတာကွတဲ့ (မှန်လှပါ ဘုရား)။
နှစ်ဖက်မြင်ဖြစ်လာတာ၊ ဖြစ်တာကိုလည်း အကုသိုလ်တွေ ဖြစ်တာ ဝဋ်တရားတွေဖြစ်တာကိုလည်း ငါသိတယ် (မှန်လှပါ ဘုရား) ဝဋ်တရားတွေ ချုပ်တာလည်း (သိပါတယ် ဘုရား)။
အဲဒါကြောင့် ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ထောင့်ငါးရာကိလေသ မာရ်၊ ဒေဝပုတ္တမရ် အစရှိသည်တွေ၊ ကိလေသမရ်၊ ခန္ဓမာရ်တွေ အကုန်အောင်ပြီး ဘုရားအဖြစ်သို့ ရောက်လာတာ နှစ်ဖက်မြင်ဆိုတာ ဒါပဲကွတဲ့ (မှန်ပါ့ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အကုသိုလ်ဖြစ်လည်း သိအောင်လုပ် (မှန်ပါ့) ကုသိုလ်ဖြစ်လည်း (သိအောင်လုပ်ရပါမယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကုသိုလ်ဖြင့် ကျုပ်ကုသိုလ်ဖြစ်ခဲ့တယ်ဟေ့ အမျှသာယူကြပေတော့လို့ အဲဒီမှာသွားပြီး ရပ်မနေစမ်းပါနဲ့ (မှန်လှ ပါ ဘုရား) ကိုယ့်ကုသိုလ်ကလေး ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
သူ့ကိုက ဖြစ်ပျက်ပါ
ဘုန်းကြီးက အရှုခိုင်းလို့လား၊ သူ့ကိုက ဖြစ်ပျက်လား (သူ့ကိုက ဖြစ်ပျက်ပါ ဘုရား)။
သူ့ကိုက ဖြစ်ပျက်ကို ခင်ဗျားတို့က မသိလိုက်ရင် ဘာဖြစ်မတုံး (အဝိဇ္ဇာ ဖြစ်ပါမယ်) အဲ အဝိဇ္ဇာဖြစ်ရင် သင်္ခါရက နေပါဦးမလား (မနေပါ ဘုရား) မနေလို့ရှိရင်ဖြင့် ခင်ဗျားတို့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ ပဋိသန္ဓေနေကြပေတော့ (မှန်ပါ့ ဘုရား) နေရင် “ဇာတိပိဒုက္ခာ” ဆိုတာ ခင်ဗျားတို့ကိုယ်ပိုင်ပစ္စည်း (မှန်လှပါ ဘုရား) သဘောပါလား (ပါပါပြီ)။
ကဲ ရှင်းပြီတဲ့၊ ရှေ့ပိုင်းမှာ ဒါတွေ ရှင်းသွားတော့ ကိုင်း ဒို့ ယနေ့ကစပြီး နှစ်ဖက်မြင်ကိုယ်တော် လမ်းသွားတာကို စုံလုံးကန်းလိုက်ပါတော့မယ် (မှန်ပါ့) နှစ်ဖက်မြင်ကိုယ်တော် တောင်ဝှေးဆွဲတာကို (စုံလုံးကန်းလိုက် ပါတော့မယ်)။
အဲ ဘုရားက နှစ်ဖက်မြင် (မှန်ပါ့) ကျုပ်တို့က စုံလုံးကန်း (မှန်ပါ့) ဆက်လိုက် တစ်ခါတည်း၊ ဒါတော့ ချောက်မကျနိုင်တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နှစ်ဖက်မြင်ကိုယ်တော်ကြီးက ဘာများမြင်သွားပါလိမ့်မတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဖြစ်တာနဲ့ ချုပ်တာ မြင်တယ် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဖြစ်တာနဲ့ (ချုပ်တာမြင်ပါတယ် ဘုရား) အဲဒါ ဘာအမြင်ခေါ်ကြမလဲ (နှစ်ဖက်မြင်ပါ ဘုရား)။
ကိုင်း-ဒါဖြင့် အဂ္ဂိဝစ္ဆ စ,ကြစို့နော် (မှန်ပါ့) အဂ္ဂိဝစ္ဆက ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံးလို့ ဒကာသစ် မမေးဘူးလား (မေးပါတယ် ဘုရား)။
ဟာ အဂ္ဂိဝစ္ဆရဲ့ ဒီလိုမမေးပါနဲ့ကွ၊ ဒီအဓိပ္ပာယ် မရပါဘူးကွတဲ့ (မှန်ပါ့)။
ဒါဖြင့် ဘုရားတဲ့ ဥပါဒါန်ချုပ်သွားတဲ့ပုဂ္ဂိုလ်ဟာ မသွားပဲ နေလေရော့လား၊ ဟာ ဒီအဓိပ္ပာယ်လည်း မယူနဲ့ကွတဲ့၊ ယူရင် သူက ဥစ္ဆေဒဒိဋ္ဌိဖြစ်မှာကိုးဗျ (မှန်ပါ့)။
ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ နောက်ဘဝ ဖြစ်ချီတစ်လှည့် မဖြစ်ချီတစ်လှည့်လားဆိုပြီး ဧကစ္စ သဿတ ဒိဋ္ဌိ သူမေးလိုက်တယ် (မှန်ပါ့) ဒီလိုလည်း အဓိပ္ပာယ်မရပါဘူးကွာတဲ့၊ မဖြေဘူးလားဗျာ (ဖြေပါတယ် ဘုရား)။
ဒါဖြင့် ဘုရား ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ မဖြစ်သည်မဟုတ်၊ ဖြစ်သယောင်ယောင်ရှိသေးတဲ့ အဓိပ္ပာယ် မျိုးယူရမှာလားတဲ့ (မှန်လှပါ) ဟာ ဒီအဓိပ္ပာယ်လည်း မရောက်ပါဘူးတဲ့ (မှန်လှပါ)။
ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံး
ဒါနဲ့ အဂ္ဂိဝစ္ဆက အင်း ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးမေးပြန်တော့လည်း ဒီလိုလည်း မမေးနဲ့ကွ၊ ဒီအဓိပ္ပာယ်လည်း မရဘူးလို့ ပြောပြန်တော့ လေးခုစလုံး ဒီအဓိပ္ပာယ် မမေးပါနဲ့လို့ ပြောတော့ အဖြေကို မရတဲ့အတွက် သူဖြင့် ဉာဏ်တုံးပြီတဲ့ဆိုပြီး ဘုရားမလျှောက်ဘူးလား (လျှောက်ပါတယ် ဘုရား)။
အဲဒီတော့ ဘုရားက ပဋိစ္စသမုပ္ပါဒ်ဖြစ်တာနဲ့ ပျက်တာ မင်းနားလည်အောင်လုပ်၊ ဒါမှ မင်းရှင်းမယ်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် (ဖြစ်တာနဲ့ ပျက်တာ သိအောင်လုပ်ရပါမယ် ဘုရား) ဖြစ်တာနဲ့ ချုပ်တာ နားလည်အောင်လုပ်မှ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတယ်ဆိုတာ နားလည်မယ်တဲ့ (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား) နားကြီးကြီး နဲ့ ထောင်လိုက်တော့မှ ဒီအဓိပ္ပာယ်သည် ဒကာ ဒကာမတို့ ပိုမိုရှင်းမယ် (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်ဖြစ်တာနဲ့ ချုပ်တာနားလည်တဲ့ ဆရာမင်း ဆည်းကပ်ပြီးသကာလ လုပ်ပါတဲ့၊ သာမညဆရာနဲ့ မှီဝဲနေလို့ရှိရင် မင်း ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးဆိုတဲ့ အမေးဟာ မင်းဉာဏ်ထဲ အဖြေရမှာ မဟုတ်ဘူးတဲ့ (မှန်ပါ့) ကဲ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်ပုဂ္ဂိုလ်ဆည်းကပ်ရမတုံး (ပဋိစ္စသမုပ္ပါဒ် ဖြစ်တာနဲ့ ချုပ်တာ နားလည်တဲ့ပုဂ္ဂိုလ် ဆည်းကပ်ရပါမယ် ဘုရား)။
ဖြစ်မှု ချုပ်မှု နားလည်တဲ့ပုဂ္ဂိုလ် ဆည်းကပ်ပါ (မှန်ပါ့) ဖြစ်မှု၊ ချုပ်မှုကို နားလည်တဲ့ပုဂ္ဂိုလ် မှီဝဲကြပါ၊ ဆည်းကပ် ကြပါ (မှန်ပါ့) ဒီလိုမှသာလျှင် တိုတိုပြောတော့ နိဗ္ဗာန်နားလည်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
တိုတိုပြောတော့ (နိဗ္ဗာန်နားလည်ပါမယ် ဘုရား) အခု ဒီဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်သို့၊ ငြိမ်းအေးတဲ့ သဘောသို့ ရောက်သွားပြီလို့ ဖြေလိုက်ရင်လည်း ဒီပုဏ္ဏားက ဪ ဘာမှမဖြစ်တဲ့သဘောယူမှာပဲ (ယူမှာပါ ဘုရား) မယူပေဘူးလား (ယူမှာပါ ဘုရား)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ပုဂ္ဂိုလ်ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပဋိစ္စသမုပ္ပါဒ် နားလည် အောင် လုပ်မှသာလျှင် မင်းသည်ကားလို့ဆိုရင် နှစ်ဖက်မြင်ဖြစ်ပြီးသကာလ ဟောဒါက ဒုက္ခသစ္စာ၊ ဟောဒါက နိရောဓ သစ္စာပေါ်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားလည်မှ
ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဘာသစ္စာနှစ်ခု နားလည်မယ် (ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာ နားလည်ပါမယ်) ရှင်း ကြပလား (ရှင်းပါပြီ) တော်တော်အရေးကြီးပါကလား ဆိုတာပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘုန်းကြီးများလည်း ဒီတရားပြောရတော့မယ်ဆိုတော့ ဦးမာဒင်တို့၊ ဒကာကြွယ်တို့ အတော် ရင်လေးတယ် (မှန်ပါ့) အတော်ရင်လေးပါတယ်တဲ့။
ဘာဖြစ်လို့တုံး ဆိုတော့ ဘာမှမကြာဖူးတဲ့ ပုဂ္ဂိုလ်ကို အခက်ဆုံးပြောရမှာကိုး (မှန်ပါ့)။
ဘာမှ မကြားဖူးတဲ့ပုဂ္ဂိုလ်ကို (အခက်ဆုံး ပြောရမှာပါဘုရား) ဒီလိုဆိုတော့ အတော် မခဲယဉ်းဘူးလား (ခဲယဉ်း ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ကို လမ်းခင်းရတယ်နော် (မှန်လှပါ) လမ်းခင်းလိုက်တော့ကို ပဋိစ္စသမုပ္ပါဒ်ဆိုတာကလည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ ဒီဘဝ ဘယ်က စသတုံးလို့ မေးလို့ရှိရင် ဖြင့် ပဋိစ္စသမုပ္ပါဒ်အစ ခန္ဓာကပဲ မှတ်ပါ (မှန်လှပါ) ဒီဘဝမှာ-ဒီဘဝမှာ (မှန်ပါ့ ဘုရား)။
ဘယ်က စသတုံး (ခန္ဓာက စပါတယ်ဘုရား) ခန္ဓာကို နားမလည်မှုက စတယ် (မှန်ပါ့)။
သေသေချာချာ မှတ်ပါ၊ ဒီဥစ္စာနည်းတဲ့ အဓိပ္ပာယ်မဟုတ်ဘူး (မှန်လှပါ) ပဋိစ္စသမုပ္ပါဒ် နားမလည်တာ ဒီ ဘဝမှာ ဘယ်ကစသတုံး (ခန္ဓာနားမလည်မှုက စပါတယ်ဘုရား) ခန္ဓာနားမလည်မှုက စပါတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (ခန္ဓာ နားမလည်မှု စပါတယ်ဘုရား)။
ခင်ဗျားတို့ ဒီဥစ္စာသေးတဲ့အဓိပ္ပာယ်မဟုတ်ဘူးနော် (မှန်လှပါ ဘုရား) ဒကာကြွယ် သေသေချာချာ မှတ်စမ်း ပဋိစ္စသမုပ္ပါဒ် နားမလည်ဘူးဆိုလို့ရှိရင် ကိုယ့်ခန္ဓာ နားမလည်မှုက (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ကိုယ့်ခန္ဓာ နားမလည်မှုက ပဋိစ္စသမုပ္ပါဒ် စစပြီးပေါ်တယ် (မှန်ပါ့)။
ကိုယ့်ခန္ဓာ နားမလည်မှုက (ပဋိစ္စသမုပ္ပါဒ် စစပေါ်ပါတယ်ဘုရား)။
ကဲ စဉ်းစားကြည့်ပါတဲ့၊ ဒကာ ဒကာမတို့ ဟောဒါ ခင်ဗျားတို့ ရထားတဲ့ဘုန်းကြီးပြောတဲ့ ခန္ဓာငါးပါး (မှန်ပါ့) ခင်ဗျားတို့သိတဲ့ ခန္ဓာငါးပါးမဟုတ်ဘူး (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။
ဒီဘက်က ဘာတုံး (ခန္ဓာငါးပါးပါ ဘုရား) ဒါခင်ဗျားတို့သိထားတဲ့ ခန္ဓာငါးပါးလား၊ ဘုန်းကြီးပြောလို့ ခင်ဗျား တို့က ရွတ်နေတဲ့ ခန္ဓာငါးပါးလား (ဘုန်းကြီးပြောလို့ ရွတ်နေတဲ့ ခန္ဓာငါးပါးပါ ဘုရား) ဘုန်းကြီးပြောလို့ ရွတ်နေတာ (မှန်လှပါ ဘုရား) ရှင်းအောင်ပြောရသေးတယ် (မှန်ပါ့) ရှင်းအောင် ပြောရသေးတယ်၊ ခင်ဗျားတို့ အိမ်ကတည်းက တစ်ခါတည်းသိလာတဲ့ ခန္ဓာငါးပါး မဟုတ်ဘူး (မဟုတ်ပါ ဘုရား) အိမ်က နှုတ်ဆက်ကတည်းက ငါ တရားနာသွားဦး မယ် ဆက်လာတာ (မှန်ပါ့) ခန္ဓာငါးပါးကို မပါဘူး (မပါပါဘုရား)။
ငါ တရားနာသွားဦးမယ်ဟေ့
ငါ တရားနာသွားဦးမယ်ဟေ့၊ တံခါးကလေး၊ ဘာကလေးကြည့်ပိတ်လိုက်၊ ဘယ်သူ ဘယ်သူလာလို့ရှိရင် ကောင်း အောင် ကြည့်ပြောလိုက်၊ ငါတော့ သွားလိုက်ဦးမယ် ခန္ဓာငါးပါးကို မသိခဲ့ဘူး၊ အိမ်က ထွက်ကတည်းက (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား)။
အိမ်ပြန်သွားတော့လည်း အင်း ရောက်လာပလား၊ အို နည်းနည်းကလေး ငါနောက်ကျသွားတာက ဘယ်သူနဲ့ လမ်းမှာ ပြောနေလို့ပါ နည်းနည်းနောက်ကျသွားတာက ဒီသဘောပါပဲ (မှန်လှပါ) အိမ်ရောက်လာလို့ရှိရင် လည်း ပဋိစ္စသမုပ္ပါဒ် ပျောက်ပြန်တယ် (ပျောက်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အိမ်က ထွက်ခါနီး ကော (ပျောက်သွားပါတယ် ဘုရား)။
ဒါဖြင့် အထွက်လည်းပျောက်၊ အဝင်လည်း ပျောက်၊ အဝင်ရှာမတွေ့ (မှန်ပါ့) အနေကျတော့ (ရှာမတွေ့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ကို ရှာမတွေ့ဘူး (မှန်လှပါ ဘုရား)။
ဒါဖြင့် တစ်နေ့လုံး ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်ပဲ စနေတော့တယ်။ ပဋိစ္စသမုပ္ပါဒ် ပြတ်ခန်းကို မပါဘူး (မပါပါဘုရား)။
ဒကာကြွယ် ဒါ သေသေချာချာ ဉာဏ်နားနဲ့ ထောင်မှ ဟုတ်ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒကာ ဒကာမတွေ အိမ်ကို နှုတ်ဆက်ခဲ့ကြရဲ့လား (ဆက်ခဲ့ပါတယ် ဘုရား) ဘယ်လိုများ ဆက်ခဲ့ကြသလဲ (ငါ တရားနာသွားဦးမယ်လို့)။
အဲ ကောင်းပါပေ့ဗျာ၊ နေရာကျလိုက်တာ နေရာကျလိုက်တာ (မှန်ပါ့) တစ်ခါတည်း ခန္ဓာငါးပါးကို ငါ တရားနာသွားဦးမယ်လို့ ငါထင်ပြီးထွက်လာခဲ့တာပဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဒကာကြွယ် အိမ်ကျတော့ ပြန်လာတဲ့အခါကျတော့ ကိုကြွယ် ပြန်လာပလားဆို အို နှေးလှချည်းကလားလို့ မေးလိုက်တဲ့အခါကျတော့ ငါဘယ်သူနဲ့ စကားပြောနေလို့ (မှန်ပါ့) ဘယ့်နှယ်ပြောသတုံး၊ အိမ်ဝင်တော့လည်း ပဋိစ္စ သမုပ္ပါဒ် ပျောက်ပလား (ပျောက်ပါပြီ ဘုရား)။
ပျောက်ပြီတဲ့၊ တစ်ခါအိမ်ကျတော့ ရှေ့ရေး၊ နောက်ရေးတွေပြော၊ ဒီနေ့ ရောင်းတဲ့ဝယ်တဲ့ စာရင်းတွေ ချုပ်ကြ ပြုကြ၊ ဘာဖြစ်ကြတာတုံး၊ အဲဒါလည်း ပဋိစ္စသမုပ္ပါဒ်ပျောက်နေပြီ (မှန်ပါ့ ဘုရား) မပျောက်သေးဘူးလား (ပျောက်ပါ ပြီ ဘုရား)။
ဖြစ်ပျက်ရှာမတွေ့ကတည်းက အဝိဇ္ဇာနဲ့နေပြီ
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပျောက်ကတည်းက ဖြစ်ပျက်ရှာမတွေ့ဘူး (မတွေ့ပါ ဘုရား) သဘောကျပလား (ကျပါ ပြီ ဘုရား) ဖြစ်ပျက်ရှာမတွေ့ကတည်းက အဝိဇ္ဇာနဲ့နေပြီ (မှန်ပါ့) ဒါဖြင့် ခန္ဓာမသိမှုက စတာပဲ (မှန်ပါ့)။
ပဋိစ္စာသမုပ္ပါဒ်အစ ဘယ်ကပါလိမ့် (ခန္ဓာမသိမှုက စတာပါဘုရား) ခန္ဓာမသိမှုက စတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီခန္ဓာကို မသိမှုသည် ဒကာ ဒကာမတို့ အလွန်ဆိုးဝါးတဲ့ ကြီးစွာသော အပြစ်သင့်တယ်ဆို တဲ့ အဓိပ္ပာယ်ဟာ စုံလုံးကန်းပြစ်သင့်တာပဲ (မှန်လှပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် စကြပါစို့ ဒကာ ဒကာမတို့၊ ဒီခန္ဓာကြီးကို ငါတရားနာသွားဦးမယ်၊ အိမ့်ရှင်မပြောတယ် (မှန်ပါ့ ဘုရား) ငါ တရားနာသွားဦးမယ်တဲ့ (မှန်ပါ့) ဒိဋ္ဌိနဲ့ ပြောတာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
ငါ တရားနာသွားဦးမယ်ဆိုတော့ ဘာနဲ့ပြောလိုက်သလဲ (ဒိဋ္ဌိနဲ့ ပြောပါတယ်) ဘယ်သူ့ကြည့်ပြောတာတုံး၊ ကိုယ့်ကိုယ်ကြည့်ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ငါ တရားနာသွားဦးမယ်ဆိုတာ ဘယ်သူ့ကြည့်ပြောတာတုံး (ကိုယ့်ကိုယ်ကြည့်ပြောတာပါ) ဟာ ကိုယ့်ကိုယ် ငါပဲ၊ ဒါဖြင့် ခန္ဓာမဟုတ်တော့ဘူး (မဟုတ်ပါ) ခန္ဓာမဟုတ်တော့ ပဋိစ္စသမုပ္ပါဒ် စပလား ဒကာကြွယ် (စပါပြီ) အဲ ဒိဋ္ဌိကစတယ် (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။
ဒါဖြင့် အဟုတ်သွားမှာလားလို့ ဒကာမက မေးလိုက်တဲ့အခါကျတော့၊ ဟေ့ ငါကလေးမဟုတ်ဘူးကွ တကယ်သွားမှာလို့ ပြောလိုက်တယ် (ပြောပါတယ်) တကယ်သွားမယ်ဆိုတော့ ဥပါဒါန်ဖြစ်နေပြီ (ဖြစ်ပါတယ်) ငါတကယ် သွားမှာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာတဲ့တုံး (ငါတကယ်သွားမှာပါ) မင်းနဲ့ ပြောရတာ ကြာတယ်ကွာ၊ ငါခပ်သုတ်သုတ် သွားရလိမ့်မယ်ဆိုတော့ ကာယကံ၊ ဝစီကံ ဖြစ်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါက ဘာတုံးလို့ မေးတဲ့အခါကျတော့ ကမ္မဘဝဖြစ်လာတယ် (မှန်ပါ့)။
ဪ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်အစ ခန္ဓာနားမလည်မှုက (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်အစ (ခန္ဓာနားမလည်မှုကပါ) ဒါ ဝဋ်ပဋိစ္စသမုပ္ပါဒ်လား ဝတ်ကျွတ်တဲ့ ပဋိစ္စသမုပ္ပါဒ်လား (ဝဋ်ပဋိစ္စ သမုပ္ပါဒ်ပါ) ဝဋ်ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကမ္မဘဝပစ္စယာ (ဇာတိပါ) ဪ ခင်ဗျားတို့ကလည်း မသေခင်က ဇာတိကို နှုတ်ဆက်ထားတယ် (မှန်ပါ ဘုရား)။
မသေခင်က ဘာတဲ့ (ဇာတိကို နှုတ်ဆက်ထားပါတယ်) လွမ်းကြတယ်ထင်တယ် (မှန်ပါ့) လွမ်းကြတယ်ထင်တယ် (လွမ်းပါတယ် ဘုရား)။
ဇာတိက လာတာနဲ့ ဘယ်သွားမလို့ စိတ်ကူးပါလိမ့် (ဇာတိကိုပဲ စိတ်ကူးပါတယ်) ပထမဇာတိက ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ) အင်း ဒုတိယရမည့် ဇာတိကကော (ဒုက္ခသစ္စာပါပဲ) ဪ ဒုက္ခနဲ့ တပည့်တော်တို့က ခွဲလို့မဖြစ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာကြွယ် ဘာနဲ့ခွဲလို့ မဖြစ်ဘူးလဲ (ဒုက္ခနဲ့ခွဲလို့ မဖြစ်ပါဘုရား) ဒုက္ခနဲ့များ ခွဲရလို့ရှိရင်ဖြင့် မတော် နိဗ္ဗာန် များရောက်သွားရင် ကိုယ်ကျိုးများ နည်းဦးမှာလား (မှန်ပါ့) ဒီအဓိပ္ပာယ်ရတယ် (ရပါတယ်) သေသေချာချာ စဉ်းစား တော့မှ ဒီအဓိပ္ပာယ်ဟာ ပေါ်နေတယ်နော် (မှန်ပါ့ ဘုရား)။
ကိုင်း နှုတ်ဆက်တာက ဒိဋ္ဌိ-ဒိဋ္ဌိဆိုတော့ တဏှာပဲ (မှန်ပါ့) အဟုတ်ကိုသွားဖြစ်တာက ငါတကယ်သွားဖြစ် တာက (ဥပါဒါန်ပါ) ကာယကံ၊ ဝစီကံနဲ့ ခပ်သုတ်သုတ်အဝတ်လဲတာက (ကံပါ) ကမ္မဘဝ၊ ဝိပဿနာဉာဏ်မပါရင် ဒါချည်းပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကမ္မဘဝပစ္စယာ ဇာတိ
ကဲ ဒါဖြင့် ‘ကမ္မဘဝပစ္စယာ’ ဒကာကြွယ် ဘာတဲ့ (ဇာတိပါ ဘုရား) အခုရမှာလား၊ နောက်ရမှာလား (နောက်မှရမှာပါ ဘုရား) ဒါဖြင့် လက်မှတ်ယူပြီးပြီ၊ သေချာပြီ (မှန်ပါ့) လက်မှတ်ယူပြီးပြီ (ယူပြီးပါပြီ ဘုရား)။
ဦးမာဒင် ဘာယူထားသတုံး (လက်မှတ်ယူထားပါတယ်) ဪ ဒယ်အိုးလက်မှတ်ယူထားတယ်၊ ကျုပ် နံပါတ် မပျောက်စေနဲ့တဲ့ (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။
ကြည့်လေ ကမ္မဘဝရှိရင် ဇာတိလာဦးမှာပဲ (မှန်ပါ့) မလာပါနဲ့ဆိုလို့ (မရပါ) မဂ်လုပ်ရင်လုပ်၊ မလုပ်ရင် လာမယ် (မှန်ပါ့ ဘုရား)။
မဂ်အလုပ်ကို လုပ်ရင်လုပ်၊ မလုပ်ရင် ဘယ့်နှယ်တုံး (လာမှာပါ) သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒါကြောင့် မဂ်အလုပ်ကို မလုပ်ရင် ပဋိစ္စသမုပ္ပါဒ်က ပေါ်လာတော့မယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။
ဒကာကြွယ်တို့၊ ဒကာသစ်တို့က အကဲခတ်လို့ရှိရင် ဪ ပဋိစ္စသမုပ္ပါဒ်ဆိုတာ သူစချင်ရာက စတာပဲ။ အလယ်က ဖောက်စတာလည်း အလယ်ပဋိစ္စသမုပ္ပါဒ်လို့ ရှိသေးတယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အလယ်ကစတယ် (မှန်ပါ) ဒီခန္ဓာကြီးဟာ ပစ္စုပ္ပန် (မှန်ပါ့) သူ့ကိုပင်လျှင် ငါထင်တာက ပဋိစ္စသမုပ္ပါဒ်အစ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူ့ကိုပင်လျှင် စွဲလမ်းတာက ပဋိစ္စသမုပ္ပါဒ် ဒုတိယပဲ (မှန်ပါ့) သူ့ကိုပင်လျှင် ကာယကံ၊ ဝစီကံနဲ့ ခန္ဓာကြီးကို အားထုတ်ပြီးသကာလ နေတာ ကမ္မဘဝဖြစ်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ယခုပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်အစသည် ခန္ဓာမသိတာကဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ခန္ဓာမသိတာကလို့ ပေါ်လာတော့မှ ဪ ဒီ ဒိဋ္ဌိဟာ အဝိဇ္ဇာနဲ့ တွဲလျက်ပါလား (မှန်ပါ့) ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒိဋ္ဌိဟာ ဘာနဲ့တွဲသလဲ (အဝိဇ္ဇာနဲ့ တွဲပါတယ်) ဒါဖြင့် အဝိဇ္ဇာသည် အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခုမှာ မပါ တာ မရှိဘူးဆိုတာ ဒီမှာပေါ်သွားတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒိဋ္ဌိက စငြားသော်လည်းတဲ့၊ အဝိဇ္ဇာက သဟဇာတ ဖြစ်ဖော်ဖြစ်ဖက် အဖြစ်နဲ့ပါလျက်ပါပဲ (မှန်ပါ့) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ) ကဲ ဒကာသစ်တို့ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သူမပြဋ္ဌာန်းလို့သာ နောက်လိုက်အဖြစ်နဲ့ ပါနေရပါတယ်၊ ဒိဋ္ဌိက ပြဋ္ဌာန်းနေတော့ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ (မှန်ပါ့) ဒီပဋိစ္စသမုပ္ပါဒ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
သေသေချာချာမှတ်ပါ၊ ဒီဘက်က ဘာတုံး (ဒိဋ္ဌိပါ) ဒိဋ္ဌိ၊ ဒီက (ဒိဋ္ဌုပါဒါန်ပါ) ဒီက (ဒိဋ္ဌိအုပ်ချုပ်တဲ့ကံပါ) ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ
ဒါဖြင့် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုလို့ရှိရင်ဖြင့် အပါယ်လေးပါးမှတစ်ပါး မရှိဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ) သုဂတိသွားလည်း ပြန်ကျမှာပဲ (ကျမှာပါ) မကျပေဘူးလား (ကျမှာပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ နှုတ်ဆက်တာ သေးသေးအပြစ်ပဲလား၊ မသိဘဲနဲ့ နှုတ်ဆက်လိုက်တာ သေးသေးပဲလား၊ တစ်ခါတည်း ငရဲကျအောင်ပဲ မျက်စောင်းထိုးလိုက်သလားဆိုတာ (ငရဲကျအောင် မျက်စောင်းထိုး လိုက်တာပါ ဘုရား)။
တိုးတိုးပြောကြ၊ တိုးတိုးပြောကြ ဒကာ ဒကာမတို့ သေချာတာကတော့ လွန်နေပြီ (မှန်ပါ့ ဘုရား)။
ပရမတ်ကို သေသေချာချာသိရင် ပရမတ်ဆိုတာ မဖောက်ပြန်ဘူး (မှန်ပါ့ ဘုရား)။
ပရမတ်ဆိုတာ (မဖောက်ပြန်ပါ) ဒီကံလုပ်ရင် ဒီအကျိုးပေးတယ် (မှန်ပါ့) ဒီဥပါဒါန်ဖြစ်ရင် ဒီကံ (မှန်ပါ) ဒါဟာတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ဓမ္မဋ္ဌိတတာ၊ ဓမ္မနိယဘတာ” လို့ ဘုရားက သေသေချာချာ ဟောတယ် (မှန်ပါ့ ဘုရား)။
”ဓမ္မနိယတတာ” ဆိုတာ ဒီတရားဟာ မြဲတယ်ကွတဲ့ (မှန်ပါ့) “ဓမ္မဋ္ဌိတတာ” ဒီတရားတွေဟာ သူပြီးသူတည်တာ ပဲတဲ့ (မှန်ပါ့) မင်းတို့က ဘာပရိယာယ် သုံးနေနေမရဘူးတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ် မပြတ်သ၍ ကာလပတ်လုံး ကျုပ်တို့ ခင်ဗျားတို့သည် ဇာတိဒုက္ခနဲ့ မိတ်ဆွေပဲ (မှန်ပါ့)။
ဇာတိဒုက္ခနဲ့ (မိတ်ဆွေပါ) သေချာပလား (သေချာပါပြီ ဘုရား)။
ဒီတစ်ခုချုပ်ပြီးမှ ဒီတစ်ခု ဖြစ်ပါတယ်
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဒါတွေသည်ကားလို့ဆိုရင် စဉ်းစားလိုက်၊ ဒီတစ်ခုဖြစ်ပြီးမှ ဒီတစ်ခုဖြစ်တယ် (မှန်ပါ့) ဒီတစ်ခုချုပ်ပြီးမှ (ဒီတစ်ခု ဖြစ်ပါတယ်) နောက်တစ်ခု ဖြစ်မယ်ဆိုကြ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီလို သိပြီးသကာလ ထားတော့မှ ဪ ပဋိစ္စသမုပ္ပါဒ် သိတော့မှ ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်လိုက်- ပျက်လိုက်၊ ဖြစ်လိုက်-ပျက်လိုက် (မှန်ပါ့) ဒါ့ကြောင့် ဒီဘက်က ဟိုဘက် မရောက်ခင်ဘဲ သေခါနီးမှ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” နောက်က လာခဲ့တာ ဒုက္ခ အစုဖြစ်ခဲ့တာကွ (မှန်ပါ့ ဘုရား)။
နောက်လာခဲ့တာ (ဒုက္ခအစု ဖြစ်ခဲ့တာပါ) ပေါ်ပလား (ပေါ်ပါပြီ) ဪ ခင်ဗျားတို့ သန္တာန်ဖြစ်သ၍ ဘာအစုတုံး (ဒုက္ခအစုပါ ဘုရား) ဒုက္ခအစုဖြစ်ခဲ့တယ် (မှန်ပါ့) ကိုင်း ဒါ သဘောကျပလား (ကျပါပြီ)။
ဪ ဒုက္ခအစုကြီးဆိုတာ ဒီလိုပါကလား (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နှုတ်ဆက်တဲ့လမ်းကို ပြောလိုက်သဖြင့် ပြုံးရယ်တဲ့သဘောလည်း မပြောပါရစေနဲ့တော့ ဒီအတိုင်းပါပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒကာကြွယ် ပြုံးတဲ့သဘော ပြောရဦးမှာလား မလိုတော့ပါဘူး (မှန်ပါ့) မလိုတော့ပါဘူး၊ ဒီက ခု နှုတ်ဆက်ပြီး တာပါပြီ (မှန်ပါ့) နှုတ်ဆက်ပြီးတာပါပြီဆိုတော့ ပြုံးတာကလည်း သွားဦးမှာပဲ ဒီအတိုင်းပဲ (မှန်ပါ့) မဲ့တာကကော (ဒီအတိုင်းသွားမှာပါ ဘုရား)။
အဲ ပြုံးတာလည်း ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) မဲ့တာကော (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) နှုတ်ဆက်တာလည်း (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) နာမ်ရုပ်ကို မငဲ့ဘဲနဲ့ဆိုရင် ပဋိစ္စသမုပ္ပါဒ်ချည်းမှတ်ပါ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ဖြစ်ပုံဖြင့် သဘောကျပါပြီ (မှန်ပါ့) ကဲ ချုပ်ကြဦးစို့ (မှန်ပါ့ ဘုရား)။
ခုနင်က အဂ္ဂိဝစ္ဆကို ပြောတာကိုး ဒကာသစ်ရ (မှန်ပါ့) မင်း ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ ပုဂ္ဂိုလ်ကို ဆည်းကပ်ဦး တဲ့ (မှန်ပါ့) ဒါမှမင်းသည် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတယ်ဆိုတာ သိမယ်လို့ ဒီဥပါဒါန်က ပါနေပြီကော (မှန်ပါ့) မပါဘူးလား (ပါပါတယ် ဘုရား)။
ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုတော့ ဒီဥပါဒါန်က ချုပ်တယ် (မှန်ပါ့) ဥပါဒါန်ချုပ်တယ်ဆိုတော့ ဒီကံ မလာပါဘူး (မလာပါ ဘုရား) လာသေးရဲ့လား (မလာပါ ဘုရား)။
ကဲ ဒါဖြင့် သူမေးတာက ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးတဲ့ (မှန်လှပါ ဘုရား) မမေးဘူးလား (မေးပါတယ် ဘုရား)။
မေးတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီအဓိပ္ပာယ်လည်း မရောက်ပါဘူးကွာဆိုပြီး ဖြေလိုက်ပါတယ် (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့က ဒီလိုလုပ်ကြစို့တော့၊ ကျုပ်တို့က ဒီခန္ဓာကြီးကို ဒကာ ဒကာမတွေက ဝေဒနာကလေးပေါ်လာလည်း ဒီခန္ဓာထဲက ဝေဒနာက္ခန္ဓာတစ်ခုပဲ ဒကာကြွယ်က ဖြစ်ပျက်ရှုလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ဝေဒနာက ဖြစ်ပျက် ရှုတာကမဂ်
ရှုလိုက်တော့ ဘယ့်နှယ်ဖြစ်သွားသတုံး (မဂ်ဖြစ်သွားပါတယ်) အင်း ဒကာ ဒကာမတို့ ဝေဒနာက ဖြစ်ပျက် ရှုတာက (မဂ်ပါ ဘုရား)။
မဂ်ဆိုတော့ ရိပ်မိသွားတယ် (မှန်ပါ့) မဂ်ဆိုတော့ ဒီအထဲမှာ သမ္မာဒိဋ္ဌိဆိုတဲ့ ဝိဇ္ဇာကပါတယ် (ပါပါတယ် ဘုရား) ဟုတ်လား (မှန်ပါ့) ဖြစ်ပျက်ဆိုတော့ အနိစ္စမြင်လိုက်သဖြင့် နိစ္စဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ ဘုရား) ဪ သူတို့နှစ်ခု ပြုတ်ထွက်သွားတယ် (မှန်ပါ့) အဝိဇ္ဇာနဲ့ တဏှာပြုတ်တယ် (မှန်ပါ့)။
ဒါ ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့၊ ဒါအလုပ်ခွင်နော် (မှန်ပါ့) ဒါ ကြပ်ကြပ်စဉ်းစားပါ၊ ဒါအတော်အရေး ကြီးပြီ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်နားလည်မှ မင်း နိဗ္ဗာန်သဘောကျမှာကိုး (မှန်ပါ့)။
ကဲ ဒါဖြင့် ဒါကလေးဟာ ဝေဒနာ ဒကာကြွယ်ရ (မှန်လှပါ) ဒီဝေဒနာကလေးကို ဒကာကြွယ်တို့၊ ဦးလှဘူး တို့က ဘာလုပ်လိုက်သတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဪ ဝေဒနာနုပဿနာ တပည့်တော်တို့က ရှုလိုက်တယ်ဘုရာ့ ၊ ဖြစ်ပြီးပျက်တာကလေး တပည့် တော်တို့က သိလိုက်တယ်ဆိုတော့ ဪ ဘယ်သူဖြစ်ပျက်တာတုံးဆိုတော့ ဝေဒနာဖြစ်ပျက်တာဆိုတော့ ဝေဒနာ ဖြစ်ပျက်ကို သိလိုက်သဖြင့် ဝေဒနာမသိတဲ့ အဝိဇ္ဇာချုပ်တယ် (ချုပ်ပါတယ် ဘုရား) ဟုတ်လား (မှန်ပါ့)။
ငါသေတာ ငါဖြစ်ပျက်မဟုတ်ဘူး၊ ဒါသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဓမ္မကလေး၏ ဖြစ်ပျက်လို့ မသိဘူးလား (သိပါတယ် ဘုရား) ဓမ္မကလေး၏ ဖြစ်ပျက်ဆိုတော့ ဒကာ ဒကာမတို့ ပုဂ္ဂိုလ်၊ သတ္တဝါသေတာ ဟုတ်သေး ရဲ့လား (မဟုတ်ပါ ဘုရား) ဒီမှာ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒိဋ္ဌိနဲ့ အဝိဇ္ဇာ (ရောပြုတ်ပါတယ် ဘုရား) အဲ ဒီဥပါဒါန် လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။
မလာနိုင်တော့ဘူး (မှန်ပါ့) ဒါဖြင့် “ဥပါဒါနနိရောဓော” ဖြစ်သွားရင် (ဖြစ်ပါတယ် ဘုရား) ဥပါဒါန နိရောဓာ (ဇာတိနိရောဓောပါ ဘုရား) ကဲ ဇာတိ နိရောဓောဆိုတော့ “ဇာတိနိရောဓော နိဗ္ဗာနံ” (မှန်ပါ့) ဇာတိနိရောဓော (နိဗ္ဗာနံပါ) မရဏနိရောဓော (နိဗ္ဗာနံပါ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်
ဒါဖြင့် မင်းပဋိစ္စသမုပ္ပါဒ် နားလည်မှ နိဗ္ဗာန်နားလည်မယ်တဲ့ (မှန်ပါ့) ပေါ်နေပြီ (ပေါ်ပါပြီ ဘုရား)။
ပေါ်ပြီး ဒကာ ဒကာမတို့ (မှန်ပါ့) မင်းပဋိစ္စသမုပ္ပါဒ် နားလည်အောင် လုပ်ပါဦးကွ၊ အဂ္ဂိဝစ္ဆရဆိုတော့ အခု ဘုန်းကြီးပြောတဲ့အတိုင်း ဒီ ဒကာ ဒကာမတွေ နားလည်မှုရှိသလို သူနားလည်သွားလို့ရှိရင် ဪ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ်ဟာ ဇာတိဇရာမရဏချုပ်သိမ်း၍ နိဗ္ဗာန်ဆိုတာ ပေါ်သွားတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဇာတိဇရာမရဏချုပ်သိမ်း၍ (နိဗ္ဗာန်ပေါ်သွားပါတယ် ဘုရား) နိဗ္ဗာန်ပေါ်သွားတယ် (မှန်ပါ့) ဘယ်သွားတယ်လို့ ရှိသေးလား (မရှိပါ ဘုရား) အင်း ဒုက္ခခပ်သိမ်း ငြိမ်းသွားတာပဲ (မှန်ပါ့ ဘုရား)။
ဘာပဲတွေ့သတုံး (ဒုက္ခခပ်သိမ်း ငြိမ်းသွားတာ တွေ့ပါတယ်ဘုရား)။
ကိုင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒုက္ခငြိမ်းတဲ့နိဗ္ဗာန် နားလည်မယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဒုက္ခဖြစ်တာလည်း သိတယ် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ဖြစ်တာသိရင် ဒုက္ခသစ္စာ မြင်ပါတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ချုပ်တာသိရင် နိရောဓသစ္စာမြင်ပါ တယ် (မှန်ပါ့ ဘုရား) ဒါကလေးနှစ်လုံး မြဲမြဲမှတ်စမ်းပါ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ဖြစ်နေတာ ကိုယ်သိရင် (ဒုက္ခသစ္စာမြင်ပါတယ် ဘုရား) ဒုက္ခသစ္စာသိတယ် (မှန်ပါ့ ဘုရား)။
ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ့်မဂ်နဲ့ ချုပ်နေတယ်၊ မဂ်အလုပ်လုပ်နေတယ်ဆိုတဲ့ပုဂ္ဂိုလ် နိရောဓသိတယ် (မှန်ပါ့ ဘုရား) ဪ ငါမဂ်နဲ့ ဖြတ်လိုက်တာ ဟိုဘက်မှာ ဒုက္ခတွေ ဘယ့်နှယ်နေသေးသတုံး (ပြတ်ပါတယ် ဘုရား) မသေချာဘူးလား (သေချာပါပြီ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ရှိရင် ဝိပဿနာလည်း မရှုတတ် ဘူး (မှန်ပါ့) နိဗ္ဗာန်လည်း နားမလည်တော့ဘူး (နားမလည်ပါ ဘုရား)။
ဘယ့်နှယ်တုံး (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ရှိရင် ဝိပဿနာမရှုတတ်ပါ ဘုရား) နိဗ္ဗာန်ကော (နားမလည်ပါ ဘုရား)။
ဒါဖြင့် ဒီအတိုင်းသာ ရမ်းလုပ်နေတဲ့ ပုဂ္ဂိုလ်များမှာ ဒိဋ္ဌိအဝိဇ္ဇာပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား) နိဗ္ဗာန်ကော သဘောကျရဲ့လား (မကျပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ပုဂ္ဂိုလ် မင်းရှာဦးလို့
ဒါဖြင့် ဒကာကြွယ် ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ပုဂ္ဂိုလ် မင်းရှာဦးလို့ ဘုရားကိုယ်တိုင်က အမိန့်ရှိလိုက်တော့ တယ်ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
အရင်တော့ ပဋိစ္စသမုပ္ပါဒ် နားလည်မှလို့ ပြောရတယ် (မှန်ပါ့) အခုတော့ ဘုရားကိုက အဂ္ဂိဝစ္ဆ မင်း တစ်ပါးသော ဆရာတွေနဲ့ တွဲနေလို့ ဒီဥစ္စာပြီးမှာ မဟုတ်ဘူးကွ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကို နားလည်တဲ့ဆရာကို မင်းတွေ့အောင်ရှာမှ မင်းနေရာကျမယ်လို့ သေသေချာချာ ပြောလိုက်တယ် (မှန်ပါ့ ဘုရား) ဘယ်လောက်အရေးကြီး လို့ မှာတော်မူတယ်ဆိုတာဖြင့် ပေါ်ရောပေါ့ဗျာ (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ချက်ချင်းမိအောင် နောက်က မဂ်နဲ့လိုက်ပါ (မှန်ပါ့)။
ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို (ချက်ချင်းမိအောင် နောက်က မဂ်နဲ့လိုက်ရပါမယ်ဘုရား) စိတ်ကလေးပေါ်လာစိတ် မိအောင်လိုက် (မှန်ပါ့ ဘုရား) သူ ပဋိစ္စသမုပ္ပါဒ် စလာတာ (မှန်ပါ့ ဘုရား)။
ဝေဒနာပေါ်ရင် (ဝေဒနာမိအောင်လိုက်ရပါမယ် ဘုရား) ဝေဒနာမိအောင်လိုက်၊ ဖဿကလေးပေါ်ရင် (ဖဿမိအောင် လိုက်ရပါမယ်) စတော့မယ်၊ စတော့မယ်၊ ဖဿပစ္စယာဝေဒနာနဲ့ တဏှာကျအောင် သူက သွားမလို့ (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် စလာတာကလေး ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်မိအောင်ရှုပါ (မှန်ပါ့) အစ မိမိလိုက်လို့ရှိရင်လည်း အလယ်မိအောင်ဖမ်းပါ (မှန်ပါ့) အလယ်မမိလို့ရှိရင်လည်း အဆုံးမိအောင်ဖမ်းပါ (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
ဒီဘဝ အဆုံးမိအောင် ဖမ်းနိုင်လို့ရှိရင် ဟိုဘဝမဆက်ဘူး (မှန်ပါ့) ဒီဘဝအဆုံးက ကံအဆိုးကိုးဗျ (မှန်ပါ့ ဘုရား) ကံထိအောင် ဝိပဿနာရှုရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကံကျအောင် (ဝိပဿနာရှုရပါမယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့က ကံကိုမရှုဘူး (မှန်ပါ့) ကံကို ကံအမိ၊ ကံအဖ လုပ်ထားတာက သိပ်ဆိုးနေတယ် (မှန်ပါ့)။
ကံကို ဘာလုပ်မရမတုံး (ဝိပဿနာရှုရပါမယ် ဘုရား) ကြည့် ပါဠိတော်မှာ လာတယ် ဒကာကြွယ်ရ၊ “ရူပသဉ္စေ တနာလောကေ” ဆိုတာ စေတနာဆိုတာ ကံ (မှန်ပါ့) “ရူပသဉ္စေတနာလောကေ၊ သဒ္ဒသဉ္စေတနာလောကေ” ဒါ ဘာဟောတာတုံး (ကံဟောတာပါ ဘုရား)။
ဓမ္မသဉ္စေတနာလောကေ တဲ့၊ ဓမ္မတွေသိတဲ့ စေတနာလည်း လောကမှာ ရှိပါတယ် (မှန်ပါ့) “ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ” တဲ့ သူ့နောက်က လာမည့်တဏှာကိုတော့ မင်းတို့က မလာစေနဲ့တဲ့ (မှန်ပါ့) ဒါဖြင့် ဝိပဿနာရှုလိုက်ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ပဋိစ္စသမုပ္ပါဒ်ဖြစ်ပုံကော သိပလား (သိပါပြီ ဘုရား) ချုပ်ပုံကော (သိပါပြီ ဘုရား) ဖြစ်ပုံသိသဖြင့် ဒုက္ခသစ္စာသိပါတယ် (မှန်ပါ့) ချုပ်ပုံသိသဖြင့် (နိရောဓသစ္စာ သိပါတယ်ဘုရား) ဪ တော်တော် အဖိုးတန်တယ် (တန်ပါတယ် ဘုရား)။
ချုပ်ပုံသိလိုက်သဖြင့်
ဖြစ်ပုံသိလိုက်သဖြင့် (ဒုက္ခသစ္စာသိပါတယ် ဘုရား) ချုပ်ပုံသိလိုက်သဖြင့် (နိရောဓသစ္စာ သိပါတယ်ဘုရား) ဪ သိပ်အဖိုးတန်ပါလား (တန်ပါတယ် ဘုရား) သိဆိုတော့ မဂ္ဂသစ္စာဝင်နေပြီ (မှန်ပါ့) သိဆိုကတည်းက သေပြီ သမုဒယသစ္စာက (မှန်ပါ့) မသေသေးဘူးလား (သေပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာကို ပဋိစ္စသမုပ္ပါဒ် ဖြစ်တာသိလို့ရှိရင် ခင်ဗျားတို့ ဝိပဿနာရှုတတ်ပါပြီ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ချုပ်တာ သိလိုက်လို့ရှိရင်ဖြင့် ဪ နိဗ္ဗာန်ဆိုတာဖြင့် ကောင်းကောင်း သဘောကျပါပြီ (ကျပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါက ခင်ဗျားတို့ ရှင်းသည်ထက် ရှင်းအောင်လို့ ထပ်ပြပါတယ် (မှန်ပါ့) ဒီတွင် အဂ္ဂိဝစ္ဆပုဏ္ဏား က အရှင်ဘုရားတဲ့၊ တပည့်တော် ရှာနေမယ်ဆို ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ပုဂ္ဂိုလ် ဒီအရွယ်ကြီးကျမှ ရှာရပြုရတော့မယ် ဆိုရင် မလွယ်ပါဘူးတဲ့ (မှန်ပါ့) အဲဒီတော့ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတယ်ဆိုတာ တပည့်တော်ကို ဥပမာကလေး နဲ့သာ ပြပါတော့တဲ့ (မှန်ပါ့)။
ဘယ့်နှယ်တုံး အသက်ကြီးလို့ လျှော့ဈေးဖြစ်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လာတာတုံး (လျှော့ဈေး ဖြစ်လာပါတယ်ဘုရား) လျှော့ဈေးဖြစ်လာတာ ဥပမာကလေးသာ ပြပါတော့တဲ့၊ လိုက်ရှာနေရတာလည်း သိပ်လွယ်မှာ မဟုတ်ဘဲကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ကဲ ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါ ဥပမာပြမယ်ကွာတဲ့၊ ကဲ ပဋိစ္စသမုပ္ပါဒ် အခန်းသိမ်း လိုက်နော် (မှန်ပါ့) ဟေ အဂ္ဂိဝစ္ဆ အရှေ့ဘက်မှာ မီးတောက်နေတယ်ကွာတဲ့၊ အရှေ့ဘက်မှာ မီးတောက်နေသတဲ့ ဒကာသစ် (မှန်လှပါ)။
အဂ္ဂိဝစ္ဆ မြင်ရဲ့လားဟေ့၊ ဥပမာပေါ့ဗျာ (မှန်ပါ့) မြင်ပါ့ဘုရား၊ ဟ ဘာတွေတောက်နေသတုံးကွ၊ အို မြက်တို့၊ ထင်းတို့ တောက်တာပေါ့ဘုရား (မှန်ပါ့) ဒါ ငြင်းစရာလိုသေးသလား (မလိုပါ ဘုရား) မြက်တို့၊ ထင်းတို့ တောက်တာပါဆိုပြီး ပြောလိုက်တယ်။
လောင်စာမကုန်၍ တောက်တာပေါ့
ဪ ဒါဖြင့် မြက်တို့၊ ထင်းတို့ တောက်တာ ဘယ့်နှယ်ကြောင့် တာရှည်တောက်နေသတုံးကွ၊ ဘုရား ကလည်း ပေါ်လည်းပေါ်အောင်မေးတာ (မှန်ပါ့) ဘယ့်နှယ်ကြောင့် တာရှည်တောက်သတုံး၊ အို- လောင်စာမကုန်၍ တောက်တာပေါ့ ဘုရား (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) သဘောကျပလား (ကျပါပြီ ဘုရား) လောင်စာမကုန်၍ (တောက်ပါတယ် ဘုရား)။
ခင်ဗျားတို့လည်း ခန္ဓာက ထင်း (မှန်ပါ့ ဘုရား) ကိလေသာက ဘာတဲ့ (မီးပါ) ဒီခန္ဓာနဲ့ ဒီကိလေသာရှိသ၍ ကာလပတ်လုံး ဒီမီးပုံငြိမ်းလိမ့်မယ်လို့ မအောက်မေ့ပါနဲ့ (မှန်လှပါ ဘုရား) သဘောပါလား (ပါပါပြီ ဘုရား)။
ခန္ဓာက ဘာတဲ့ (ထင်းပါ ဘုရား) ကိလေသာက (မီးပါ ဘုရား) သဘောကျပြီ (ကျပါပြီ) ဒါနှစ်ခုတွဲနေသ၍ ကာလပတ်လုံးဖြင့် ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမယ် (လောင်နေမှာပါပဲ ဘုရား) သဘောကျပလား (ကျပါပြီ)။
”တယော ဘဝေ အဂ္ဂိဃရံ ဝိယ ဒဋ္ဌဗ္ဗော” တယောဘဝေ = ဘုံသုံးပါး၌ဖြစ်တဲ့ သတ္တဝါဟူသမျှ၊ အဂ္ဂိဃရံဝိယ = မီးလောင်နေတဲ့ အိမ်ကြီးကဲ့သို့၊ ဒဋ္ဌဗ္ဗော = မှတ်ရမယ်တဲ့ ဘုရားက (မှန်ပါ့ ဘုရား) မီးလောင်နေတဲ့ အိမ်ကြီးကွတဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘာဖြစ်နေတဲ့အိမ်ကြီးပါလိမ့် (မီးလောင်နေတဲ့ အိမ်ကြီးပါဘုရား) ဪ ခင်ဗျားတို့ ခန္ဓာအိမ်ကြီးဟာ မီးလောင်နေတဲ့ ခန္ဓာအိမ်ကြီး (မှန်ပါ့)။
ဒါ့ကြောင့် ဘုန်းကြီးကလည်း ပြောခဲ့ပါတယ် ဒကာသစ် မှတ်မိလိမ့်ဦးမယ်နော် (မှန်ပါ့) အရှေ့သွားတာလည်း မီးလောင်လျက် သွားတာပဲ (မှန်ပါ့) အနောက်သွားတာကော (လောင်လျက်သွားတာပါ ဘုရား) မြောက်သွားတာကော (လောင်လျက်သွားတာပါ ဘုရား) တောင်သွားတာကော (လောင်လျက်သွားတာပါ ဘုရား) အိပ်ခါနီး (လောင်လျက်ပါ ဘုရား) လောင်လျက်ပဲ၊ နိုးနိုးခြင်းကော (လောင်လျက်ပါ ဘုရား)။
ဖြစ်မှ ဖြစ်ရပလေ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဝိပါကဝဋ် ကြီးလှချည်းလား (ကြီးပါတယ် ဘုရား) သင်ဓုန်းစက် ငရဲဟာ ဘယ်အချိန်များ ဒီသင်ဓုန်းစက်က မဖြတ်တဲ့အချိန် ရှိသေးသလား (မရှိပါ ဘုရား) ဒီလိုဖြစ်နေတယ် (မှန်ပါ့) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)း။
ဪ ဒီကျတော့ လောင်စာနဲ့ မီးကဖြင့် ဒီအတိုင်းနေတယ်ဆိုတော့ ပုဏ္ဏားကကို မေးလိုက်တယ်၊ ဘယ့်နှယ်ကြောင့် မီးမငြိမ်းသေးသတုံးမေးတော့ ဒကာသစ် ဘယ့်နှယ်ဖြေပါလိမ့် (လောင်စာမကုန်သေးလို့ပါ ဘုရား) လောင်စာ မကုန်သေးလို့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြေသလဲ (လောင်စာမကုန်သေးလို့ပါ ဘုရား)။
ဪ လောင်စာဆိုတာ ဘာပါလိမ့် (ခန္ဓာပါ ဘုရား) ခန္ဓာငါးပါး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မီးဆိုတာက ဘာပါလိမ့် (ကိလေသာပါ ဘုရား) ကိလေသာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ ဒါတွေ သေချာတော့ ဒီဒကာ ဒကာမတွေ အခုဟာ တောင်က မြောက်သွားပြန်လည်း ဉာဏ်မျက်လုံးနဲ့ ကြည့်ကြ (မှန်ပါ့) အလကားတော့ မသွားဘူး၊ ကိစ္စရှိလို့မယ်နော် ဒကာကြွယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ်) ဘာကိစ္စတုံးဗျ၊ သားကိစ္စ, သမီးကိစ္စ, ပစ္စည်းကိစ္စ, ဆွေကိစ္စ, မျိုးကိစ္စ (မှန်ပါ့) ကိစ္စဟူသ၍သည် ဒကာ ဒကာမတို့ မခင်ဘဲနဲ့ သွားတာလား-ခင်လို့သွားတာလား (ခင်လို့သွားတာပါ ဘုရား)။
ဒါဖြင့် ခင်တာကမီး၊ သွားတာက လောင်စာ (မှန်ပါ့ ဘုရား)။
ခင်တာက (မီးပါ) သွားတာက (လောင်စာပါ ဘုရား) ဪ ဘယ်သူများ သွားပါလိမ့်၊ မီးနဲ့ လောင်စာသွာ တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မုန်းလို့ ပြောလိုက်ဦးမယ် ဆိုပြန်တော့ကော (လောင်စာပါပဲ) မီးနဲ့လောင်စာ သွားပြန်တာပဲ (မှန်ပါ့) ဒေါသမီး နဲ့ ခန္ဓာနဲ့ သွားတာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာကြီးက လောင်စာ
ပျင်းလို့ အလည်သွားချည်ဦးမယ် (လောင်စာနဲ့ မီးသွားတာပါပဲ) ပျင်းတာက ဒေါသ၊ ဒေါသအနုစား (မှန်ပါ့) ခန္ဓာကြီးက လောင်စာ (မှန်ပါ့) အင်း ပျင်းလို့ အလည်သွားပြန်ကော ဘာနဲ့ ဘာသွားပြန်သတုံး (လောင်စာနဲ့ မီးသွားတာပါ ဘုရား)။
အပျော်သွားလိုက်ဦးမယ်ဗျာ၊ လုပ်ကြပါဦး-လုပ်ကြပါဦး (လောင်စာနဲ့မီး သွားတာပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အပျော်သွားလည်း ဒုက္ခပဲ (မှန်ပါ့) ပျင်းလို့သွားလည်း (ဒုက္ခပါပဲ) ကိစ္စရှိလို့သွားလည်း (ဒုက္ခပါပဲ ဘုရား)။
ဒကာကြွယ် ဒီအသွားတွေ ရှေးတုန်းကတော့ ဒကာကြွယ်တို့က လမ်းကိုပဲကုန်နေပြီ (ကုန်နေပါပြီ) ဘယ်နှစ် ခေါက်တုံး ဒကာကြွယ် ပြောစမ်းပါ၊ ရိုးရိုးလျှောက်စမ်း (မရေတွက်နိုင်ပါ ဘုရား)။
မရေတွက်နိုင်ဘူး၊ ပျင်းလို့သွားတာလည်း မရေတွက်နိုင်ဘူး (မရေတွက်နိုင်ပါ) မကောင်းလို့ သွားတာကော (မရေတွက်နိုင်ပါ ဘုရား)။
မကောင်းလို့ သွားတာတော့ ဘုန်းကြီးက သဘောကျပါတယ် (မှန်ပါ့) ကိုယ့်ကိုယ်က မကောင်းလို့သွားတာ အင်း မကောင်းတဲ့ဆီတော့ သွားပေါ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ကိုယ်က ဗျာဒိတ်ပေးသွားတာကိုးဗျ (မှန်ပါ့) ဘယ့်နှယ်ပေးသတုံး (မကောင်းလို့ သွားတာပါ) မကောင်းလို့ သွားတာ၊ ဘယ်သူသွားတာတုံး၊ မကောင်းတဲ့လူ သွားတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူသွားပါလိမ့် (မကောင်းတဲ့လူ သွားပါတယ်) မကောင်းတဲ့လူသွားတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ အခုအခါမှာ ဘာဖြစ်နေသတုံးဆိုတော့ မြို့သုံးဖြစ်တယ် (မှန်ပါ့) ယဉ်သကိုးဗျ (မှန်ပါ့) တယ်နားယဉ် တယ် (မှန်ပါ့) ဒကာကြွယ်တို့ နားမယဉ်ဘူးလား (ယဉ်ပါတယ် ဘုရား)။
မကောင်းလို့ သွားလိုက်ဦးမယ်နော် (မှန်ပါ့) အေး သွားလိုက်ပါဦး၊ သွားလိုက်ပါဦး (မှန်ပါ့) အမယ် အတော်ပြင်ယူလာရတယ် (မှန်ပါ့) ဘာဖြစ်လို့ သွားတာတုံး (မကောင်းလို့ သွားတာပါဘုရား)။
ကြည့်ပါဦး အဓိပ္ပာယ်ကတော့ သေသေချာချာ စဉ်းစားကြည့်တော့ ဘယ့်နှယ်နေသတုံး (မကောင်းလို့ သွား တာပါ) မကောင်းတဲ့ဆီ သွားလိုက်ဦးမယ်ပြောတာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်- ဘယ့်နှယ်ပြောသတုံး (မကောင်းတဲ့ဆီ သွားလိုက်ဦးမယ်ပြောတာပါ) မကောင်းတာက အပါယ် လေးပါးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီ အကန်းသွားကြည့်လိုက်ဦးမယ် ပြောတာပေါ့လေ (မှန်ပါ့) ဒီအဓိပ္ပာယ်ပဲ မရဘူးလား (ရပါတယ်) ဒီ့ပြပင် ဘာရသေးသတုံး (ဘာမှ မရပါဘုရား)။
အမယ်လေး ဒကာကြွယ်ရာ နောက် ဒီနှုတ်ဆက်မျိုးကို ပိတ်လိုက်ပါတော့ (မှန်ပါ့) သို့သော်လည်း နှုတ် ဆက်နေထင်ပါရဲ့၊ ခြေကလည်း သွက်နေထင်ပါရဲ့ (မှန်ပါ့) လွယ်တော့ မလွယ်ဘူး၊ သွားနေကျလမ်းကိုးဗျ (မှန်ပါ့ ဘုရား)။
မိမိအိမ်နှင့် တူပေ၏
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “စတ္တာရော အပါယာ သကဂေဟသဒိသာ” ဒါ့ကြောင့် ဟောတာ (မှန်ပါ့) စတ္တာရော = လေးပါးကုန်သော၊ အပါယာ = အပါယ်ဘုံတို့သည်၊ သကဂေဟသဒိသာ = မိမိအိမ်နှင့် တူပေ၏ (မှန်ပါ့) မင်းတို့ ဘယ်သွားသွား၊ ဒီသွားတာပဲတဲ့ (မှန်ပါ့) ကဲ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဟောသင့်-မဟောသင့် (ဟောသင့်ပါတယ်) ဒါ ဓမ္မပဒ အဋ္ဌကထာမှာ ဒီအတိုင်း လာပါတယ်ဆိုတာ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
အဲ ဒါဖြင့် မကောင်းသွားလည်း ဦးမာဒင် နေရာမကျဘူး (မှန်ပါ့) အို မကင်းတရားကလေး ဖြစ် နေလို့ သွားလိုက်ပြန်ကော (နေရာမကျပါ) မကင်းတာလည်း တဏှာပဲ (မှန်ပါ့) တဏှာနဲ့ ခန္ဓာနဲ့ ရောတာပဲ (မှန်ပါ့) လောင်စာနဲ့မီး တွဲသွားတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် လောင်စာမကုန်သ၍ ဘာတဲ့ (မီးမငြိမ်းပါ) မီးမငြိမ်းဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ကတော့ လောင်စာကုန်မှာ အလွန်စိုးရိမ်တယ် (စိုးရိမ်ပါတယ် ဘုရား)။
ဒကာကြွယ်က ဘာစိုးရိမ်သလဲ (လောင်စာကုန်မှာ အလွန်စိုးရိမ်ပါတယ်) ဘာဖြစ်လို့၊ မလောင်ရမှာ စိုးလို့ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် လောင်စာမကုန်မှာ စိုးတယ်ဆိုတော့ ဖြုန်းခနဲဆိုတော့ ခင်ဗျားတို့က မီးပြောတဲ့အခါကျတော့ လောင်စာမကုန်မှာ စိုးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးကို မရိပ်မိဘူး (မှန်ပါ့) စင်စစ်တော့ဖြင့် ဒီသားနဲ့ ဒီသမီးနဲ့ မခွဲချင်လို့ ရှိရင် ဒီလောင်စာ ဖြစ်ရပါလို၏ (မှန်ပါ့ ဘုရား)။
ဒီသား, ဒီသမီး, ဒီမြေး, ဒီမြို့, ဒီရွာနဲ့ မခွဲချင်ရင် ဘာတုံး (လောင်စာနဲ့ မီးမခွဲချင်တာ) အဲ ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် လောင်စာပြန်ထည့်သလားတဲ့၊ ငြိမ်းအောင် စိတ်ကူးသလား (ငြိမ်းအောင် စိတ်ကူးပါတယ်) ဘာဖြစ်လို့ တုံးဗျ (လောင်အောင်လို့ပါ) ရိုးရာပါဘုရားလို့ ပြော (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်လိုပါလိမ့် (ရိုးရာပါ) ဪ ခင်ဗျားတို့ ရိုးရာကလည်း အတော်ဆိုးပါကလား (ဆိုးပါတယ်) မီးငြိမ်း မယ်ကြံရင်း လောင်စာထည့်ရင်း (မှန်ပါ့) မီးငြိမ်းမည်ကြံရင်း (လောင်စာထည့်ရင်းပါ ဘုရား)။
ပြီးတော့ ဟ မီးသေစေချင်ရင် လောင်စာမထည့်ရဘူးလို့ ပြောပြန်တော့ ရိုးရာနဲ့ ကိုင်ပေါက်တယ် (မှန်ပါ့ ဘုရား) အမယ်လေး ကြောက်စရာကြီးပါလား (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ရိုးရာတဲ့ တပည့်တော်တို့ မျိုးရိုးက ဒီလိုမှ မသွားမလာလို့ရှိရင်ဖြင့် ဆွေပြတ်၊ မျိုးပြတ်ဖြစ်ကုန်တော့မယ်တဲ့၊ လောင်စာမထည့်ရဘူးပြောတာ (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။
ဒကာကြွယ်- ဆွေပြတ်, မျိုးပြတ်များ ကြောက်သေးသလား (ကြောက်ပါတယ် ဘုရား) အရင်ကသာ ကြောက် တယ်၊ အခုတော့ဖြင့် ဒါလောက် မကြောက်တော့ဘူးလား (အရင်လောက်တော့ မကြောက်ပါ ဘုရား)။ တော်လာပြီ- တော်လာပြီနော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဟေ့-ပုဏ္ဏားတဲ့ မေးလိုက်တယ်၊ ဟိုဘက်အရှေ့မှာ မီးတွေမြင်တယ်မဟုတ်လား ၊ မြင်ပါ့ ဘုရား၊ အဲဒါ ဘယ့်နှယ်ကြောင့် တောက်နေသတုံးကွဆိုတော့ အို မြက်, ထင်းတွေ ရှိလို့ တောက်တာပေါ့ဘုရာ့ (မှန်ပါ့) အဂ္ဂိဝစ္ဆကို ဘုရားက မေးလိုက်တယ် ဒကာသစ် (မှန်ပါ့)။
လောင်စာမကုန်လို့
ဘယ့်နှယ်ကြောင့် မီး ဒါလောက် ကြာကြာတောက်နေတာ မသေပါလိမ့်မတုံးကွ၊ အို- လောင်စာမကုန်လို့ (မှန်လှပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘာတဲ့တုံး (လောင်စာမကုန်လို့ပါ ဘုရား) အဲ သုံးဆယ့်တစ်ဘုံမှာ ကျုပ်တို့လည်ပြီး ဘုရားအဆူဆူနဲ့ လွဲခဲ့တာ လောင်စာမကုန်လို့သာ မှတ်ပါ (မှန်လှပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
သုံးဆယ့်တစ်ဘုံမှာ ခန္ဓာနဲ့ တဏှာ တွဲနေခဲ့ရတာချည်းပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကဲ ဒါဖြင့် ပုဏ္ဏား တဲ့၊ ဒီလောင်စာကို နောက်ထပ်မထည့်ဘဲနဲ့ နေလို့ရှိရင် မင်း ဘယ့်နှယ်ထင်သတုံး တဲ့ (မှန်ပါ့) လောင်စာမထည့်ဘဲ ထားလို့ရှိရင်ဖြင့် အခုလောင်နေတဲ့ မီးကို မင်း ဘယ့်နှယ်ထင်သတုံးလို့ မေးလိုက်တယ် (မှန်ပါ့) ငြိမ်းမှာပေါ့ ဘုရား (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီမှာလည်း ဝဋ္ဋကံတွေမလုပ်ရင် ဘာဖြစ်မယ် ထင်ကြသတုံး (ငြိမ်းမှာပါ ဘုရား) ဝဋ္ဋကံတွေသာ လုပ်နေရင် (မငြိမ်းပါ ဘုရား) လောင်စာတွေချည်းထည့်နေတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ကဲ ဒါဖြင့် ပုဏ္ဏားကို ဆက်ပြီးသကာလ မေးတယ် ဒကာသစ်နော် (မှန်ပါ့) ကဲ လောင်စာမထည့်တော့ မင်း ဘယ့်နှယ်တုံးလို့ မေးတော့ လောင်စာမထည့်ရင် ငြိမ်းတာပေါ့တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
လောင်စာမထည့်တော့ (ငြိမ်းပါတယ် ဘုရား) ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ဖြင့် “အနာဟာရော အပ္ပတိဋ္ဌော” ဆိုတဲ့အတိုင်း တည်ရာမရှိလို့ရှိရင်၊ လောင်စာ ထင်းမရှိလို့ရှိရင် မီးချည်းတော့ဖြင့် ဦးမာဒင် တောက်တယ်လို့ ထုံးစံရှိ ရဲ့လား (မရှိပါ ဘုရား) ဒကာကြွယ်ကော (မရှိပါ ဘုရား) မီးချည်းတော့ မတောက်ဘူးနော် (မတောက်ပါ ဘုရား)။
ကဲ ဒါဖြင့် ပုဏ္ဏားလောင်စာမထည့်ဖို့ အရေးကြီးတယ်ကွ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘဝတဏှာသမားတွေဖြင့် အတော်ခက်သွားပြီ (ခက်သွားပါပြီ) လောင်စာရှာတာ (ရှာပါတယ် ဘုရား)။
ဘဝတဏှာသမားတွေ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လောင်စာရှာတာပါ ဘုရား) ဘာဖြစ်လို့တုံး ၊ အခု ခန္ဓာမီးတောင်မှ လောင်ဆဲရှိသေးတယ်၊ နောက်ကထင်ရှားထားပြန်ပြီ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။
အခုခန္ဓာဟာ လောင်ဆဲနော် (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဝဋ္ဋကံတွေ လုပ်ပါလိမ့်မတုံး မေးလိုက်တော့ (လောင်စာ ရှာတာပါ ဘုရား) ထင်းအဆင့်သင့်ထားရပြန်တယ် (မှန်ပါ့) ဘာ့ကြောင့်တုံး မီးသေမှာစိုးလို့ (မှန်ပါ့)။
ထင်းအဆင့်သင့်ထားရတာ ဘာ့ကြောင့်ပါလိမ့် (မီးသေမှာစိုးလို့ပါ) ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါ ဘုရား)။
ဒါဖြင့် ဝဋ္ဋကံသမားတွေ ဘာရှာကြတာပါလိမ့် (ထင်းရှာတာပါ) ထင်းရှားတာ၊ အခု လောင်စာသိမ်းပလား (မသိမ်းသေးပါ ဘုရား) မသိမ်းခင်က ဘာဖြစ်လို့တုံးဆိုတော့ အဂ္ဂိရက္ခိတပုဂ္ဂိုလ် မီးစောင့်ကြပ်နေတဲ့ ပုဂ္ဂိုလ်ကိုပဲ ဒကာ ဒကာမတို့ မီးသေမှာ စိုးနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါနဲ့ ဟိုဒင်းတွေလိုကျနေပြီ ဒကာကြွယ်ရ ဟင် (မှန်ပါ့) ဂူဂျရာတီ, ဟိန္ဒူတွေလို ကျနေပြီ (မှန်လှပါ ဘုရား) သူတို့ဘုရားရှေ့မှာ ဘယ်တော့မှ မီးကိုမသေရဘူး (မှန်ပါ့ ဘုရား) သေမည့်ကြံရင်း ထောပတ်သွားထည့်ရင်း (မှန်ပါ့) သေမည့်ကြံရင်း (ထောပတ်သွားထည့်ရင်းပါ) သေကို မသေရဘူး၊ မီးသေရင် အတော်အပြစ်ကြီးတယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဝဋ္ဋဒါနကတော့ လောင်စာထည့်တာ
ဒီမှာလည်း ဒကာ ဒကာမတွေ ဝဋ္ဋဒါနတွေ ဆက်လုပ်နေတာ၊ ဝိဝဋ္ဋဒါန ကုန်ကြောင်းလုပ်ပါလို့ ပြောထား တယ် (မှန်ပါ့) ဝဋ္ဋဒါနကတော့ လောင်စာထည့်တာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဝဋ္ဋဒါနက (လောင်စာထည့် တာပါ ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာသစ်ပဲ မေးတော့မယ်နော် (မှန်ပါ့) ဒကာသစ်ရေ- လောင်စာမထည့်တော့ဘူး၊ အရင်မီး ကုန်ရင် ဘာဖြစ်မယ်ထင်သတုံး (မီးငြိမ်းမှာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ငြိမ်းတဲ့မီး ဘယ်သွားသတုံးလို့ ဆက်မေးပြန်တယ် (မှန်ပါ့) ငြိမ်းတဲ့မီး တောင်သွားသလား၊ မြောက်သွားသလား၊ အရှေ့သွားသလား၊ အနောက်သွားသလားလို့မေးရင် ဒကာကြွယ် ဘယ့်နှယ်ဖြေမလဲ (ဘယ်မှမသွားပါ ဘုရား) ဘယ်မှ မသွားဘူး (မှန်ပါ့)။
ဦးဘအုန်း ဘယ်သွားသတုံး (ဘယ်မှမသွားပါ ဘုရား) ဘာဖြစ်သွားတာတုံးလို့ မေးတဲ့အခါကျတော့ လောင်စာ သိမ်း၍ မီးငြိမ်းတာပဲ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (လောင်စာသိမ်း၍ မီးငြိမ်းတာပါဘုရား) လောင်စာသိမ်း၍ မီးငြိမ်းတာဟာ နိဗ္ဗာန်လို့ မှတ်လိုက် (မှန်ပါ့)။
လောင်စာသိမ်း၍ (မီးငြိမ်းတာဟာ နိဗ္ဗာန်ပါဘုရား) နိဗ္ဗာန်လို့ မှတ်လိုက်ဆိုတော့ ဪ ဒါဖြင့် လောင်စာ ဆိုတဲ့ ခန္ဓာလည်း မရှိဘူး (မှန်ပါ့) မီးဆိုတဲ့ ကိလေသာလည်း မရှိဘူး (မှန်ပါ့) ကိလေသာမီး၊ ခန္ဓာမီးငြိမ်းသွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ရှိသလား၊ မရှိသလားဆိုတဲ့ စကားဟာ ဒကာ ဒကာမတွေ တစ်ခါတည်း ဒီနေရာမှာ မေးခွန်းထွက်လာတယ် (မှန်ပါ့)။
ထွက်လာတော့ နဂိုရ်ကရှိတာက လောင်စာနဲ့မီး (မှန်ပါ့) အခုမရှိတာက လောစာသိမ်း၍ မီးငြိမ်းတဲ့သဘောရှိ တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
လောင်စာ သိမ်း၍ မီးငြိမ်းတာ
အရင်ရှိတာက လောင်စာနဲ့ မီးရှိတယ် (မှန်ပါ့) အခု အဲဒီနေရာကြည့်လိုက်တော့ ဘာတွေ့သလဲ (လောင်စာ သိမ်း၍ မီးငြိမ်းတာ တွေ့ပါတယ်)။
ဪ မီးလောင်တဲ့ နေရာရှိလို့ရှိရင် မီးမလောင်တဲ့နေရာရှိတယ် (မှန်ပါ့) မီးလောင်တဲ့နေရာရှိရင် (မီးမလောင်တဲ့နေရာ ရှိပါတယ်)။
ဒါဖြင့် ခုနင်တုန်းက ကြည့်လိုက်တုန်းကတော့ ဘာပါလိမ့် (လောင်စာနဲ့ မီးပါဘုရား) လောင်စာနဲ့ မီးတွေပဲ တွေ့တယ် (မှန်ပါ့)။
ဖျတ်ဆို ခင်ဗျားတို့က ဒါ ဒုက္ခသစ္စာကြီးပဲ၊ မီးလောင်နေတာပဲ၊ ပီဠနဋ္ဌ = သတ္တဝါကို ညှာတာမဖက် အမြဲနှိပ် စက်နေတာပဲလို့ ဒကာ ဒကာမတွေက ဤမျှလောက် သိသွားတော့ ဒီခန္ဓာကြီး မလိုချင်ဘူး (မှန်လှပါ ဘုရား) မလို ချင်တဲ့ ဉာဏ်လည်း လာပါရော လောင်စာသိမ်း၍ မီးငြိမ်းတာ (မှန်ပါ့) ဖြစ်ပျက် ပျောက်ထွက်သွားတယ် (မှန်ပါ့)။
ဖြစ်ပျက် ဘာဖြစ်သွားသလဲ (ပျောက်ထွက်သွားပါတယ်) ပျောက်သွားတော့ ဒကာ ဒကာမတွေက ဉာဏ်ကရှိ လျက်ကိုး (မှန်ပါ့) အင်း လောင်စာသိမ်း၍ ဘာတုံး (မီးငြိမ်းတာပါ ဘုရား) ဪ ခုနင်တုန်းက ဘာတွေ ကြည့်နေကြသတုံး (လောင်စာနဲ့ မီးကြည့်ရပါတယ်)။
လောင်စာနဲ့ မီးကြည့်ရတယ် (မှန်ပါ့) အခုကြည့်ရတာက (လောင်စာသိမ်း၍ မီးငြိမ်းတာ ကြည့်ရပါတယ်)။
ဪ ဒါဖြင့် မီးရှိတဲ့နေရာ ဒုက္ခသစ္စာ (မှန်ပါ့) မီးငြိမ်းတဲ့နေရာ (နိရောဓသစ္စာပါ) ပေါ်လာပလား (ပေါ်လာပါပြီ) ရှင်းပြီးနော် (ရှင်းပါပြီ)။
နာရီက စေ့သွားတယ်၊ တရားမဆုံးဘူး နက်ဖြန်မှဟောကြဦးစို့။
သာဓု သာဓု သာဓု။