11801

မာတိကာသို့

ဒိဋ္ဌိပြုတ်ရေး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ- ဟောကြားတော်မူသော

(ဒိဋ္ဌိပြုတ်ရေး)နေ့အလုပ်ပေးတရားတော်

(၂၂-၈-၆၁)

ဆေးသမားကြီးနဲ့ တူတယ်

ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဆေးသမားကြီးနဲ့ တူတယ်လို့ ဒကာ ဒကာမတွေ စောစောရှေ့ပိုင်းမှာ အောက်မေ့ထးပါ (မှန်လှပါ) ဒကာ ဒကာမတွေ သန္တာန်မှာလည်း ကိလေသာရောဂါတွေ ရှိတယ်လို့ မှတ်ထားလိုက်ပါ (မှန်ပါ့ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဆေးသမားနဲ့တူတယ်။ ဒကာ ဒကာမတွေ သန္တာန်မှာ ကိလေသာ နူနာရောဂါ တွေ ရှိတယ်ဆိုတာလည်း ဒကာ ဒကာမတွေမှာတဲ့ ဘာမှသံသယမရှိဘဲနဲ့ မှတ်ထားဖို့ပဲ (မှန်ပါ့)။

ကိုယ်တော်မြတ်ကြီးက ဘာနဲ့တူပါလိမ့် (ဆေးသမားနဲ့တူပါတယ်) ဒကာ ဒကာမတွေက ကိလေသာရောဂါ ရှိတယ်။

ကိလေသာရောဂါရှိပြီး သကာလ နေတော့ ဆေးဆရာကြီးသည် ရှောင်ကြဉ်ဖို့ကိုလည်း သူ ပြောပါလိမ့်မယ် (မှန်ပါ့ ဘုရား) စားဖို့ဆေးကိုလည်း ပေးပါလိမ့်မယ် (မှန်ပါ့)။

အဲဒီတော့ ဆေးဆရာကြီးသည် ရှောင်ကြဉ်တာကိုလည်း သူ နည်းပေးလမ်းပြအဖြစ်နဲ့ ဒါ ရှောင်ကြဉ်ကွယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ကိုယ်တော်မြတ်ကြီးဟာ သံသရာ ဆေးဆရာကြီး ဖြစ်ပြီး သကာလ နေတဲ့အတွက် ပြောမှာပဲ (မှန်လှပါ ဘုရား) ဒီဆေး ဒီဆေး သောက်ပါကွယ် ဆိုတာကိုလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ပေးရမှာပဲ (မှန်ပါ့)။

အဲဒီတော့ သံသရာ့ခရီးသည် လူမမာကြီးက ရှောင်ကြဉ်ရုံတွင် ရှောင်ကြဉ်ပြီး သကာလ နေ၍ ဆေးမသောက်ဘဲ နေပြန်လည်း ရောဂါမပျောက်ပေဘူး (မှန်လှပါ)။

ရှောင်ကြဉ်ရုံတွင် ရှောင်ကြဉ်ပြီး ဆေးမသောက်ဘဲနေရင် (ရောဂါမပျောက်ပါ ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတို့ကို သတိပေးချင်တာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သီလဆိုတာ ရှောင်ကြဉ်မှု (မှန်ပါ့ ဘုရား)။

သီလဆိုတာ ဘာပါလိမ့်

သီလဆိုတာ ဘာပါလိမ့်(ရှောင်ကြဉ်မှုပါ ဘုရား) ရှောင်ကြဉ်မှု သိပြီး သကာလ နေတော့ ဪ ရှောင်ကြဉ်မှု မှာလည်း တို့ ရှစ်ရက်သီတင်းဆိုသလို ရှောင်ကြဉ်တယ်၊ ငါးပါးသီလ ရှောင်ကြဉ်တယ်ဆိုရုံနဲ့ အနာနဲ့မတည့်တဲ့ဆေး ရှောင်ကြဉ်ရုံလည်း အနာပျောက်မှာ မဟုတ်ဘူး (မှန်ပါ့) အနာပျောက်တတ်တဲ့ ဆေးကိုလည်း သောက်ဆေးကိုလည်း သောက်ဦးမှ နေရာကျမယ် (မှန်ပါ့)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ သီလကလေး ဆောက်တည်တာ ရှောင်ကြဉ်တာမှတစ်ပါး ဝိပဿနာအလုပ် မလုပ်ဘဲနဲ့ နေကြမယ် ဆိုလို့ရှိရင် အနာတော့ မပျောက်ပေဘူး၊ ရှောင်ကြဉ်ခြင်းကြောင့် သက်သာရုံပဲ ရမယ်(မှန်ပါ့) အနာပျောက်မှုတော့ (မရပါ ဘုရား)။

အေး ဒါတွေ သိပြီး သကာလ နေတော့မှ ဪ သီလဆိုတာ ရှောင်ကြဉ်မှုပါကလား(မှန်ပါ့) ရှောင်ကြဉ် ရင် ကိုယ့်ကိလေသာ ဝေဒနာကြီးကို ပျောက်မှုတော့ သူ မတတ်နိုင်ဘူး(မှန်ပါ့) ကိလေသာဝေဒနာကြီး ပျောက်မှု ကတော့ဖြင့် ဝိပဿနာမဂ်ဉာဏ်နဲ့ ပဋိစ္စသမုပ္ပါဒ်မှာ ပါတဲ့အတိုင်း ဖြစ်ပျက်ရှုမှ ကိလေသာတွေ နောက်ပိုင်းကို ချုပ်ကြ တယ်ဆိုတာလည်း အမြင်သားပဲ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ သီလနဲ့ တင်းတိမ်နေရုံနဲ့လည်း ရောဂါပျောက်လိမ့်မယ်ဆိုတာ အယူမရှိပါနဲ့ (မှန်ပါ့) သီလကလေး ကျုပ်တို့ဖြင့် တစ်လ, လေးသီတင်း, ရှစ်သီတင်း မြဲပါတယ်။ သေပျော်ပါပေါ့ဆိုတာ လူမမာ မသင့်တဲ့ အစာရှောင်ရုံကလေးမျှ ရှိပါတယ် (မှန်ပါ့) အနိစ္စ, ဒုက္ခ, အနတ္တတည်းဟူသော ဆေးတော်တွေကို ဒကာ ဒကာမတွေ မသောက်သေးတာနဲ့ တူတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ရှောင်ကြဉ်ရုံနဲ့ ပျောက်ပါ့မလား (မပျောက်ပါ ဘုရား) ဆေးလည်း ဘာလုပ်ကြရမလဲ (သောက်ကြရ ပါမယ် ဘုရား)။

ရောဂါပျောက်မှု မလုပ်ဘူး

ဪ ဒို့သည်ကား လို့ဆိုရင် ရှေးအခါတုန်းကတော့ဖြင့် သီလထက်ကောင်းတာ ဘာရှိသေးသတုံးဆိုပြီး သကာလ ရှောင်ကြဉ်တဲ့ အလုပ်သာလုပ်တယ်၊ ရောဂါပျောက်မှု မလုပ်ဘူး (မလုပ်ပါ ဘုရား)။

ဒါဖြင့် ရောဂါမတိုးမှုသာ သီလသည်ကားလို့ဆိုရင် ရောဂါမတိုးမှုကိုသာ တတ်နိုင်ပါတယ်၊ ရောဂါပျောက်မှုတော့ (မတတ်နိုင်ပါ ဘုရား)။

ကိလေသာရောဂါ ပျောက်မှုပေါ့ဗျာ (မှန်ပါ့) အဲဒီ ကိလေသာရောဂါ ပျောက်မှုဆိုတာကဖြင့် ဝိပဿနာမဂ်ဉာဏ် အလုပ်လုပ်မှသာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အပျောက်ကြီး ပျောက်ကြတော့မယ်ဆိုတာ မှတ်ထားလိုက်တော့ ဪ သီလဆောက်တည်ပြီး သကာလ ဒီအတိုင်းနေလို့ မတော်သေးပါလား၊ ရှောင်ကြဉ်ရုံ ရှောင်ကြဉ်ရင်ဖြင့် ရောဂါ သက်သာရုံပဲရှိမယ် (မှန်ပါ့) ဆေးသောက်မှ ပျောက်လိမ့်မယ်ဆိုတာကို သေသေချာချာ မှတ်ပြီး သကာလ သီလလည်း ဒကာ ဒကာမတွေ လုပ်ကြရမှာပဲ (မှန်ပါ့) ဆေးသောက်တဲ့ ဝိပဿနာအလုပ်လည်း (လုပ်ရမှာပါပဲ ဘုရား) လုပ်ရမှာပဲ ဆိုတာ သဘောပေါက်ကြပလား (ပါပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဥစ္စာကလေးဟာ သံယုတ်ပါဠိတော်မှာ သံယုတ် အဋ္ဌကထာ တွေမှလည်း လာပြီး သကာလ နေပြန်တော့ မပြော မပြီးတာနဲ့ ဒကာသစ် ပြောရပြန်တယ် (မှန်လှပါ)။

ဒကာကြွယ်တို့ကတော့ ရှေးတုန်းကတော့ သီလဆောက်တည်ရင် တော်ရောပေါ့ကွာ၊ တစ်လ လေးသီတင်း ရှစ်သီတင်းဆိုတာ နည်းတဲ့ကိစ္စမဟုတ်ဘူးကွ ဆိုတော့ ရှောင်ကြဉ်ရုံတွင် ရှောင်ကြဉ်တယ် (မှန်လှပါ)။

စဉ်းစားကြည့်ပါလား၊ ပါဏာတိပါတာ ဝေရမဏိ = သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။ ဒါပဲပါတယ် (မှန်ပါ့) အဒိန္နာဒါနာ ဝေရမဏိ – ဟုတ်လား၊ သူ့ပစ္စည်းခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏ (မှန်ပါ့)။ ရှောင်ကြဉ်ရုံပဲရတယ် (မှန်ပါ့) အဲဒီတော့ အနာနဲ့မသင့်တဲ့အစာ ရှောင်ကြဉ်ရုံပဲရှိတယ် (မှန်ပါ့) အနာပျောက်ဆေး, သောက်ဆေးကိုတော့ သူ သောက်မိပါရဲ့လား (မသောက်မိပါဘုရား။)

ဝိပဿနာဆေးနဲ့လည်း အနာကုစေ

အနာပျောက်ဆေး, သောက်ဆေးကို သူ မသောက်မိတဲ့အတွက် ဒကာ ဒကာမတွေ သီလဝိသုဒ္ဓိနဲ့ သီလစင်ကြယ်မှု လောက်နဲ့ တင်းတိမ်ရောင့်ရဲပြီး သကာလ မနေဘဲနဲ့၊ သီလလည်းမြဲစေ၊ ဝိပဿနာဆေးနဲ့လည်း အနာကုစေဆိုတဲ့ သဘော ကိုဖြင့် ဘယ်အခါကာလမှ လက်မလွှတ်ကြပါနဲ့ဆိုတာ ရှေ့ပိုင်းက သတိပေးရတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သီလဆိုတာ ဘာပါလိမ့် (ဆောက်တည်ရုံပါ ဘုရား) ဒါဖြင့် ကိလေသာဝေဒနာ ပျောက်ပါရဲ့လား (မပျောက်ပါ ဘုရား) ဝိပဿနာ ဉာဏ်တည်းဟူသော ဆေးကို သောက်သုံးကြမယ် ဆိုရင်တော့ ဘယ့်နှယ်တုံး (ပျောက်ပါတယ် ဘုရား)။

ဒါဖြင့် လူမမာကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဆေးသမားက လာမေးတယ်၊ မင်း ဘယ့်နှယ်တုံးကွ၊ ရောဂါပျောက်ပလား၊ ကိလေသာနူနာရောဂါ ပျောက်ပလားလို့ မေးတဲ့အခါ မပျောက်သေးဘူး၊ မပျောက်သေးရင် မင်း ဘာလုပ်သတုံး၊ ကျွန်တော့်ဆရာက ရှောင်ကြဉ်ရုံသာ ခိုင်းတဲ့ ရှောင်ကြဉ်မှုကိုသာ ကျွန်တော် လုပ်နေတယ်၊ သောက်ဆေးတော့ မသောက်မိဘူး ဆိုတော့ မင်းလို မိုက်တဲ့ဝေဒနာသည်ဟာ ရှာမှရှားပါလိမ့်မယ်လို့ အပြစ်တင်ခံရမှာပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှောင်ကြဉ်တာနဲ့လည်း ကိစ္စပြီးပြီလို့ မအောက်မေ့ဘဲနဲ့ သောက် ဆေးတည်းဟူသော ဝိပဿနာမဂ်ဉာဏ် အလုပ်ကိုလည်း အနိစ္စမြင်တဲ့ဉာဏ်ဆေး ဒုက္ခမြင်တဲ့ ဉာဏ်ဆေး, အနတ္တမြင်တဲ့ ဉာဏ်ဆေး, သစ္စာမြင်တဲ့ ဉာဏ်ဆေးတွေကို ဒကာကြွယ် မသောက်ရင် မပြီးပါဘူး (မပြီးပါ ဘုရား) ကိသေသာရောဂါ ပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။

ကိသေသာရောဂါ မပျောက်သ၍ ကာလပတ်လုံး တဏှာ, ဥပါဒါန်, ကံတွေကြောင့် ဇာတိ, ဇရာ, မရဏဆိုတဲ့ နောက် အနာတွေ ဆက်ပွားလိမ့်ဦးမယ် (မှန်ပါ့) မပွားပေဘူးလား (ပွားပါတယ် ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှောင်ကြဉ်ရုံ ရှောင်ကြဉ်တာနဲ့လည်း ငါတို့ ကိစ္စပြီးပြီဆိုတဲ့ ရပ်စဲမှုကြီးကို အတည်မပြုဘဲနဲ့ သောက်ဆေးသောက်တဲ့ အနိစ္စဆေး, ဒုက္ခဆေး, အနတ္တဆေး, အနိစ္စမြင်တဲ့ ဉာဏ်ဆေး, ဒုက္ခမြင်တဲ့ ဉာဏ်ဆေး, အနတ္တမြင်တဲ့ဉာဏ်ဆေးကိုလည်း သောက်ဖို့အရေး ဝန်မလေးမှသာလျှင် ရောဂါပျောက်ရှင်းပြီး သကာလ ကိလေသာနူနာရောဂါ ပျောက်ခြင်းကြောင့် တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်ပြီး သကာလ ၊ ဇာတိဇရာ မရဏတို့၏ငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ရောက်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။

သောက်ဆေး မသောက်တာတွေက တယ်များတယ်

ဒါ့ကြောင့် သီလရှင်တွေလည်း ဒီအထဲမှာ ပါတယ် (မှန်ပါ့) ကျုပ်တို့ သီလရှိတာပဲဆိုပြီး သူတို့က ရှောင်ကြဉ်တဲ့ ဘက်က သာနေတယ် (မှန်ပါ့) သောက်ဆေး မသောက်တာတွေက တယ်များတယ် (များပါတယ်) အဲဒီတော့ သူတို့ရောဂါ ပျောက်ပါ့မလား (ပျာက်ပါ ဘုရား)။

မပျောက်တော့ ဘုရားတည်းဟူသော ဆေးဆရာကြီးက မင်းလို လူမိုက် ဘယ်ရှာရမတုံး၊ မိုက်လိုက်တဲ့ဖြစ်ခြင်း၊ သောက်ဆေးမှ ပျောက်ဆေးဟ၊ ရှောင်ဆေးသည်ကားလို့ ဆိုရင် ရောဂါသက်သာရုံ ရသဟ၊ ဒီအပြစ်ကို မတင်ပေဘူးလား (တင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သီလကလေးနဲ့ တင်းတိမ်နေကြရင် အမှားကြီး မှားလိမ့်မယ် (မှန်ပါ့ ဘုရား)။

သီလနဲ့ တင်းတိမ်နေရင် (အမှားကြီး မှားပါလိမ့်) အဲ ဝိပဿနာအလုပ်ကို ဒကာသစ်တို့က ဘာလုပ်ရမယ် (ပွားရပါမယ် ဘုရား)။

အဲ ရှောင်ကြဉ်တဲ့ အလုပ်က ဒကာ ဒကာမတို့ ရောဂါ မတိုးပွားရုံပဲ (မှန်ပါ့) ပျောက်နိုင်ရဲ့လား (မပျောက် နိုင်ပါ ဘုရား)။

အေး ဒါကြောင့် သီလဝိသုဒ္ဓိလောက်နဲ့ မနေဘဲနဲ့၊ ဒကာ ဒကာမတွေ ဉာဏဒဿန ဝိသုဒ္ဓိဆိုတဲ့ ဉာဏ်တည်း ဟူသော ဓမ္မနဲ့ ကိလေသာစင်ကြယ်အောင် လုပ်ကြပါဆိုတာ ရှေ့ပိုင်းမှာ တိုက်တွန်းရတယ်(မှန်ပါ့) မသိသေးတဲ့ပုဂ္ဂိုလ် အတွက်မှာလည်း တိုးဖြည့်ပြီး သကာလ ဒကာကြွယ် မှတ်လိုက်ပါတော့ (မှန်ပါ့) သီလနဲ့ဖြင့် တင်းတိမ်နေလို့ မတော်ပါလား ဆိုတာနော် (မှန်ပါ့ ဘုရား)။

ဝတ္ထုသက်သေ သာဓကတွေ ထုတ်လိုက်တော့ ခုနင်က အဂ္ဂိဝစ္ဆ မဆုံးနိုင်ဘဲ နေမှာစိုးလို့ ဓမ္မပဒပါဠိတော်ကြီးမှာ သီလမျှနဲ့ မတင်းတိမ်ကောင်းတဲ့ အဓိပ္ပာယ်တွေကိုလည်း သေသေချာချာ ပြပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဪ တို့ ရှေးမူတွေ ကောင်းတယ်လို့ ထင်ပြီး သကာလ နေငြားသော်လည်း ဒါလောက်နဲ့ ရပ်စဲပြီး နေလို့ရှိရင်ဖြင့် အနာသက်သာရုံပဲ ရတယ်၊ အနာမပျောက်ပါလားဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာသစ် ဘာလုပ်ရမတုံး (အနာပျောက်တဲ့ဆေး သောက်ရပါမယ်) ပျောက်တဲ့ဆေး သောက်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (ပျောက်ဆေး သောက်ရပါမယ် ဘုရား)။

ရှောင်ကြဉ်ရုံနဲ့ ဒီဝေဒနာက ပျောက်သွားမှာလား (မပျောက်ပါ) သောက်ဆေး သောက်မှသာလျှင် (ပျောက်မှာပါ ဘုရား)

သောက်ဆေးသောက်မှ ပျောက်မှာကို ဒကာ ဒကာမတွေက ရှောင်ကြဉ်ရုံနဲ့ ကိစ္စပြီးနေတယ် ထင်လို့ရှိရင် ဦးလှဘူး အလွဲကြီး လွဲလိမ့်မယ် (လွဲမှာပါ ဘုရား)။

ဧရကပတ္တနဂါးမင်းကြီး

အေး ဒါကြောင့် ဒကာ ဒကာမတို့ ဒီဧရကပတ္တနဂါးမင်းကြီးက သီလကို အနှစ် နှစ်သောင်းတောင် ဆောက်တည်တယ် (မှန်ပါ့) ရှောင်ကြဉ်တဲ့ ဆေနဲ့ဘဲ အချိန်ကုန်ပြီး သကာလ နေသောကြောင့် ဝိပဿနာမဂ်ဉာဏ်, ဖိုလ်ဉာဏ်ရလိုက်ကဲ့လား (မရလိုက်ပါ ဘုရား)။

မရတာလောက်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ရှောင်ကြဉ်တဲ့ ဆေးက ရှောင်ကြဉ်သလောက်ပဲ ခရီးပေါက်တာကိုး (မှန်ပါ့) ကိလေသာရောဂါ မပျောက်တော့ နဂါးကြီး သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

ကိလေသာရောဂါ မပျောက်တော့ (နဂါးကြီး သွားဖြစ်ပါတယ် ဘုရား)။

ဒါတွေထောက်ပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိလိုက်တော့မှ ဪ သီလဟာ ရှောင်ကြဉ်တာပါလား၊ မသင့်တဲ့ဥစ္စာ ရှောင်ကြဉ်တာပါလား (မှန်ပါ့) ပျောက်ဆေးမဟုတ်သေးပါလား (မှန်ပါ့ ဘုရား)။

မှတ်မိကြပလား (မှတ်မိပါပြီ) ဘယ်လိုမှတ်ကြမယ် (သီလဟာ ပျောက်ဆေးမဟုတ်ပါ ဘုရား)။

ပျောက်ဆေး မဟုတ်ဘူး ပျောက်ဆေးက ဘာပါလိမ့် (ဝိပဿနာမဂ်ပါ) ဝိပဿနာ မဂ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အေး ဒီလိုခွဲခွဲခြားခြားကလေး ဘုန်းကြီးတို့ ဒကာ ဒကာမတွေသိရင် ဘုန်းကြီးများက ဝမ်းသာပါပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း အင်္ဂုတ္တိုရ်ပါဠိတော်မှ ဋ္ဌိတိဘာဂိယသီလ, ဝိသေသဘာဂိယ သီလလို့ဆိုပြီး သီလလည်း နှစ်မျိုး ဟောခဲ့တယ် (မှန်ပါ့ ဘုရား)။

ဋ္ဌိတိဘာဂိယသီလဆိုတာ ရှောင်ကြဉ်တာ၊ ရှောင်ကြဉ်ရုံနဲ့ သီလတည်ရုံပဲ ကျေးဇူးများတယ်ကွ (မှန်ပါ့) ဝိသေသ ဘာဂိယ သီလမလုပ်ခဲ့လို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းလိမ့်ဦးမယ် (မှန်ပါ့) ဒီလိုဘဲ အင်္ဂုတ္တိုရ်ပါဠိတော်ကြီးမှာ ဟောထား ပြန်တော့ မင်းတို့ ဒီအပေါ်မှာ သီလပေါ်မှာ ဝိပဿနာအညွန့် တပ်လိုက်ပါဆိုတာလည်း သေသေချာချာ ဟောရှာတယ် (မှန်ပါ့ ဘုရား)။

သီလပေါ်မှာ ဘာအညွန့်တပ်ရမယ် (ဝိပဿနာအညွန့် တပ်ရပါမယ်) ဝိပဿနာအညွန့် တပ်ရသာလျှင်လည်း ဝိသေသဘာဂိယသီလ ဖြစ်တယ်ကွ ဆိုပြီး သကာလ ဟောထားပြန်တော့ ဪ ဒို့ လိုသေးလို့ ဆရာဘုန်းကြီး ဖြည့်စွက်ပေးနေတာကိုး ဆိုတာလည်း ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။

လိုသေးလို့ ဘာတုံး (ဖြည့်စွက်ပေးနေတာပါ)လိုသေးလို့ ဖြည့်စွက်ပေးနေတာပဲဆိုတာ ပေါ်ပြီနော် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ယနေ့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရှောင်ကြဉ်တဲ့ အရေးကိုဖြင့် ကိုယ့်ဟာကိုယ်ရှောင်ရင် ကိုယ်ပြီးကြတာပါပဲ (မှန်ပါ့) ဆေးကိုတော့ဖြင့် သောက်နည်းသောက်ပုံနဲ့တကွ ပြောဖို့ရာ အရေးကတော့ ဆရာသမား တာဝန်ရှိပြီ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ယနေ့သည် အနာပျောက်ဆေး သောက်ဖို့ အရေးကိုပဲ ဟောလိမ့်မယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ စွဲမြဲပြီး မှတ်ထားဖို့ပေါ့ (မှန်ပါ့ ဘုရား)။

ဝိပဿနာအလုပ်

ကဲ ဒါဖြင့် ပြောကြစို့ တဲ့၊ ပြောကြစို့ ဆိုတော့ ဝိပဿနာအလုပ် အဂ္ဂိဝစ္ဆပဲ ပြန်ထုတ်ရမယ်နော် (မှန်ပါ့) အဂ္ဂိဝစ္ဆဘဲ ပြန်ထုတ်လိုက်တဲ့အခါကျတော့ အဂ္ဂိက = မီး၊ ဝစ္ဆက = အနွယ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်, ကံ ဒါချုပ်တယ် (မှန်ပါ့) ဒါ ဘာဖြစ်လို့ ချုပ်ပါလိမ့်မတုံးဆိုတော့ ရှေ့က မဂ္ဂင်ငါးပါးရှိလို့ (မှန်ပါ့) ရှေ့က မဂ္ဂင်ငါးပါးကလည်း ဒီခန္ဓာငါးပါးတွင် တစ်းပါးပါးကို ဖြစ်ပျက်ရှုလို့ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါး တစ်ပါးပါး ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဒီမဂ္ဂင်သည်ကားလို့ဆိုရင် မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား) ပေါ်လာတော့ ဒီကိလေသာနူနာတွေ ပျောက် မပျောက် (ပျောက်ပါတယ် ဘုရား)

ဪ ဒါက သောက်ဆေး သောက်လို့ ပျောက်တာ (မှန်ပါ့ ဘုရား) ဒီဘက်ကဟာက ဖြစ်ပျက်ရှုလို့ ဒကာကြွယ်ရ ဒီဘက်က မဂ်ပေါ်တာ (မှန်ပါ့) မဂ်တည်းဟူသော သောက်ဆေး သောက်လိုက်တော့ ကိလေသာနူနာ သုံးခု ပျောက်တယ် (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်, ကံဆိုတဲ့ ကိသေသာနူနာတွေ ဘာဖြစ်သွားပါလိမ့် (ပျောက်သွားပါတယ် ဘုရား)။

အင်း ဒါက သီလကြောင့် ပျောက်တာလား၊ သောက်ဆေးဝိပဿနာကြောင့် ပျောက်တာလား (သောက် ဆေး ဝိပဿနာကြောင့် ပျောက်တာပါ ဘုရား)။

အင်း ဦးမာဒင် တော်တော် အားရှိစရာကောင်းပြီ (မှန်ပါ့) တော်တော် အားရှိစရာကောင်းပြီ ဒကာ ဒကာမတို့ (မှန်ပါ့) ဪ ဒါ သီလဆောက်တည်နေတဲ့ အခါကျလို့ရှိရင်ဖြင့် ဝိပဿနာအလုပ် မလုပ်လို့ ရှိရင်ဖြင့် ဝိပဿနာအလုပ် မလုပ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သောက်ဆေးမပါဘူး၊ ရှောင်တာနဲ့ အချိန်ကုန်နေတယ် (မှန်ပါ့) မသင့်တဲ့အစာ ရှောင်ကြဉ်မှုနဲ့ဘဲ အချိန်ကုန်နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အားလုံး ဒီအထဲ သီလရှင်တွေလည်းပါကြ၊ လူတွေလည်း ပါကြတယ်၊ သီလနဲ့ တော်လောက်ပြီ ဆိုတဲ့ ပုဂ္ဂိုလ်များ မမှားဘူးလား (မှားပါတယ် ဘုရား)။

သီလနဲ့ တော်လောက်ပြီဆိုတဲ့ ပုဂ္ဂိုလ်များ

သီလနဲ့ တော်လောက်ပြီဆိုတဲ့ ပုဂ္ဂိုလ်များ (မှားပါတယ် ဘုရား) မှားတယ်တဲ့၊ ဘာကြောင့် မှားသတုံးဆိုတော့ ရှောင်ကြဉ်ရုံတင် ရှောင်ကြဉ်၍ ပျောက်တဲ့သောက်ဆေးကို အရေးမထားတဲ့အတွက်ပဲ (မှန်ပါ့ ဘုရား)။

ပျောက်တဲ့ သောက်ဆေးကို (အရေးမထားလို့ပါ ဘုရား) ဒါဖြင့် သူ့မှာ သေသွားတော့ကို ဒီရောဂါနဲ့ပဲ သေသွား တယ်လို့ ဆိုရမှာပေါ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်ဆိုမယ် (ဒီရောဂါနဲ့ဘဲ သေသွားပါတယ် ဘုရား)။

အေး ဒါကြောင့် ကျုပ်တို့ သီလရှင် ဝတ်နေပြီ၊ ကျုပ်တို့ ဘုန်းကြီတွေပဲ ၂၂၇ သွယ် သိက္ခာပုဒ်တွေ စောင့်ရှောက်နေပေါ့ပဲ၊ ဘာလိုသေးသတုံး ဆိုတဲ့ ဥစ္စာကိုလည်း မသုံးဘဲနဲ့ လိုသေးတာ ဖြည့်စွက်ပြီး သကာလ ကြိုးစားပါ ဆိုတာကိုလည်း တိုက်တွန်းရပြန်တယ် (မှန်ပါ့) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

ကိုင်း ပေါ်ပြီတဲ့ အခု ပဋိစ္စသမုပ္ပါဒ်ဆိုတာကတော့ သူများဟောတာလား၊ ကိုယ်ခန္ဓာဖြစ်စဉ်လား (ကိုယ့်ခန္ဓာ ဖြစ်စဉ်ပါ ဘုရား)အဲ သောက်ဆေးသောက်လိုက်တော့ ကိလေသာ ဝေဒနာတွေ ဘာဖြစ်သွားသတုံကး (ပျောက်သွား ပါတယ် ဘုရား)။ ခုနင်က ရှောင်ဆေးနဲ့ဖြင့် (မပျောက်ပါ ဘုရား) မပျောက်ဘူးဆိုတာ ပဋိစ္စသမုပ္ပါဒ်က သက်သေ ခံနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူက သက်သေခံပါလိမ့် (ပဋိစ္စသမုပ္ပါဒ်က သက်သေခံပါတယ်) ဒါဖြင့် သက်သေခံလုံလောက်လို့ ရှိရင်ဖြင့် သက်သေခံလုံလောက်တဲ့ သောက်ဆေးကိုဖြင့် ကျုပ်တို့ ပျောက်ဖို့ အရေးလိုတဲ့ ပုဂ္ဂိုလ်က အထူးတလည် သောက်ရလိမ့် မယ်ဆိုတာကိုဖြင့် ဘာမှ သံသယ မရှိဘဲနဲ့ သောက်ဖို့ပါပဲ (မှန်လှပါ့ ဘုရား) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီတဲ့၊ ဟို ဘုရားသခင် ကိုယ်တော်မြတ်ကြီးလက်ထက်က သုရာမုဋ္ဌတို့၊ သုရာဆိုတာ သေရည်သောက် တာ၊ မုဋ္ဌက ဒကာ ဒကာမတို့ ယစ်မူးတဲ့ သဘောပေါ့ဗျာ၊ မေ့လျော့တဲ့သဘော (မှန်ပါ့) သောက်ဆေးသောက်လိုက် တာနဲ့ပဲတဲ့ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝိပဿနာရှုနည်း နိဿရည်း ပြောလိုက်တာနဲ့ပဲ ၎င်း သုရာမုဋ္ဌဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကျွတ်တမ်းဝင်တယ်။ သောတာပန်တည်ရတယ် (မှန်ပါ့) မတည်ဘူးလား (တည်ပါတယ် ဘုရား)။

ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ သီလပါသွားတယ်

အဲဒါ ဘာဆေးပါလိမ့် (ရောဂါပျောက်ဆေးပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) အေး ဒါကြောင့် ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ သီလပါသွားတယ်ဆိုတာလည်း ထင်ရှားတယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာလုပ်နေတဲ့ ပုဂ္ဂိုလ်မှာ (သီလပါသွားတာ ထင်ရှားပါတယ် ဘုရား)။

မယုံရင် ခင်ဗျားတို့ ကြည့်ပါတဲ့၊ ဒီအချိန်ကလေးမှာပဲ ပါဏာတိပါတကလည်း ဒီအချိန်မှာ လုပ်နေတဲ့ ပုဂ္ဂိုလ် ရှောင်ကြဉ်ပြီးသားပဲ (ရှောင်ကြဉ်ပြီးသားပါ ဘုရား) အဒိန္နာဒါန (ရှောင်ကြဉ်ပြီးသားပါ) မုသာဝါဒါ၊ ပိသုဏဝါစာတို့ (ရှောင်ကြည်ပြီးသားပါ ဘုရား) ဪ သီလအတွင်း ဝင်နေပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပါပြီ ဒါဖြင့် သီလအတွင်း ဝင်ပြီး သကာလ နေတဲ့အတွက် ဒကာ ဒကာမတို့ သူ့ကို အဓိကထား လုပ်လို့ရှိရင် ဝိသေသဘာဂိယသီလ ဖြစ်ပါတယ် (မှန်ပါ့ဘုရား၊ အထူး သီလနဲ့ ကျုပ်တို့ နေတယ်ဆိုရင်ဖြင့် ဝိပဿနာ အလုပ်, လုပ်ပြီးနေတဲ့ပုဂ္ဂိုလ်များ အထူးသီလနဲ့ နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ် (ရပါတယ် ဘုရား)။

ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များမှာ (အထူးသီလနဲ့နေတဲ့ အဓိပ္ပာယ်ရပါတယ် အထူးသီလနဲ့ နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရတော့ ဒကာကြွယ်ရေ ကြိုးစားပါနော် (မှန်ပါ့) ကြိုးစားပါ ကြိုးစားပါ ဒကာ ဒကာမတို့ ဒီသာသနာတော် ကလည်း တစ်နေ့က ပြောခဲ့တယ်၊ “ဝိပဿနာဉာဏံ သာသနသ္မိံ ယေဝ ဟောတိ” ဝိပဿနာဉာဏ်ဟာ သာသနာ ရှိတုန်းမှာ ပေါ်တာပါ (မှန်ပါ့) ထာဝရနိစ္စသဘော “နေ”လို”လ”လို ပေါ်နေတာ ဟုတ်ပါ့ရဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီတော့ ဝိပဿနာ ဉာဏ်ကလေးဟာ ယခုလို ဆရာကောင်း သမားကောင်နဲ့ တွေ့တုန်း ဒကာ ဒကာမတွေ ထောင်နိုင်တဲ့ နားနဲ့ကြုံတုန်း ဒါကလေးပေါ်တဲ့အချိန်မှာဖြင့် ကြိုးစားပါလို့ဆိုတာ သတိပေးရတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး ယနေ့ရှေ့ပိုင်းမှာ ဒါလောက် အရေးတကြီး စကားပြောဆိုနေလိမ့်မလဲလို့ မတင်းတိမ်ကောင်းတာနဲ့ တင်းတိမ်နေမှာစိုးလို့(မှန်လှပါ ဘုရား)။

တင်းတိမ်နေမှာစိုးလို့

မတင်းတိမ်ကောင်းတာနဲ့ (တင်းတိမ်နေမှာ စိုးလို့ပါ ဘုရား)။

အေး ဒါကြောင့် ရှေးကတော့ဖြင့် တစ်ခါတည်း ဇရပ်တွေသွားတဲ့ပြီး သကာလ နေကြ ထိုင်ကြတာပဲ၊ ဥပုသ်နေ့ပဲကွာ ဥပုသ်သီတင်းတော့ စောင့်မှပေါ့ကွာဆိုပြီး သကာလ ဒကာကြွယ် ဒါနဲ့ပဲနေကြတာပဲ (မှန်ပါ့) ခုနင်က ခန္ဓာဉာဏ်ရောက် အလုပ်တွေကတော့ဖြင့် လက်မဲ့ ဖြစ်နေတယ်(မှန်ပါ့) ဒီလို ဖြစ်ပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှောင်တဲ့သဘောသာ ရှောင်၍ အနာပျေက်ဆေး မလုပ်တဲ့ အဓိပ္ပာယ် ရောက်နေတယ် (ရောက်ပါ တယ် ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါကြောင့် အခု ဒကာ ဒကာမတွေတော့ဖြင့် သိပြီးသား ပုဂ္ဂိုလ်လည်း မြဲရော၊ မသိသေးတဲ့ ပုဂ္ဂိုလ်လည်း ပြင်ကြပါ၊ ဒီအတိုင်း လုပ်ပါဆိုတဲ့ဥစ္စာကို သတိပေးရတယ် (မှန်ပါ့ ဘုရား)။

အခု ပဋိစ္စသမုပ္ပါဒ်ကြီး ရှေ့နားမှာ တန်းပြလိုက်တော့ ဟောဒါက ခန္ဓာငါးပါး(မှန်ပါ့) တစ်ပါးပါး ဖြစ်ပျက်ရှုလိုက် ပြီဆိုမှဖြင့် ဖြစ်ပျက်နဲ့၊ မဂ်နဲ့ ကိုက်သွားမယ် (မှန်ပါ့) ကိုက်သွားတဲ့အခါကျလို့ရှိရင် တဏှာဟာ ဝိပဿနာနဲ့ တဒင်္ဂ သေတာပဲ(မှန်ပါ့)နောက် ဝိပဿနာမဂ်က လောကုတ္တရာမဂ် ဖြစ်လာလို့ရှိရင်လည်း ဒိဋ္ဌိတို့ သူနဲ့ဆိုင်ရာတွေ အကုန်သေ တာပဲ(မှန်ပါ့) ဪ ဒါက သောက်ဆေးဆိုတော့ ရောဂါပျောက်ရေးအမှန်ပဲ (မှန်ပါ့ ဘုရား)။

ရောဂါနဲ့ပဲ သေချင်သလား

သောက်ဆေးဆိုတော့ (ရောဂါပျောက်ရေး အမှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရောဂါနဲ့ပဲ သေချင်သလား၊ ပျောက်ပြီး သကာလ နေချင်သလားဆိုတာဟာ ဒါ မေးစရာအကြောင်း ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ရောဂါနဲ့ပဲ သေချင်သလား၊ ရောဂါပျောက်ပြီး ရှင်ချင်သလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမယ် (ရောဂါပျောက်ပြီး ရှင်ချင်ပါတယ် ဘုရား)။

ဒါ ဒီအတိုင်း ဖြေကြရမှာပဲဆိုတာ ဒကာကြွယ် သေချာသွားပြီ (သေချာသွားပါပြီ ဘုရား)။

အဲ ဒါဖြင့် သီလဆောက်တည်ပြီး ဝိပဿနာကူပါ (မှန်ပါ)၊ သီလဆောက်တည်ပြီးတော့ (ဝိပဿနာကူပါ) ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ အဂ္ဂိဝစ္ဆပြန်စကြစို့တဲ့၊ ဒကာ ဒကာမတို့ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များ တဏှာ ဥပါဒါန် ကံတွေဟာ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဪ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ တဏှာ ဥပါဒါန် ကံ ချုပ်တယ်ဆိုတာ အပြောလား အမြင်လား (အမြင်ပါ ဘုရား)။

ဘယ်များ ရောက်သွားပါလိမ့်မတုံး

အမြင်ဖြစ်ပြီး သကာလ နေတော့ အဂ္ဂိဝစ္ဆက မေးလိုက်တယ်၊ ရှင်ကြီးဂေါတမတဲ့၊ ရှင်ကြီးဂေါတမ အယူကဖြင့် ဖြစ်ပျက်ရှုရမယ်လို့ ဆိုပါတယ်။ ဖြစ်ပျက်ရှုလိုက်တော့တဏှာ ဥပါဒါန်တွေ ချုပ်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝက စုတေမနေ သေလွန်တဲ့အခါ ဘယ်များ ရောက်သွားပါလိမ့်မတုံး (မှန်ပါ့) ဘယ်များ ရောက်ပါလိမ့်မလဲလို့ သူ့ဉာဏ်နဲ့သူ မေးရမှာပဲ (မှန်ပါ့)။

ဟာ ဒီအဓိပ္ပာယ်ကို မမေးပါနဲ့ကွာတဲ့၊ ဒီလို မရောက်ပါဘူးတဲ့(မှန်ပါ့)၊ မဖြေဘူးလား (ဖြေပါတယ်) နိဗ္ဗာန် သွားတယ်လို့ ဖြေရမှာနော် (မှန်ပါ့)။

ဒီလို သူက ဘယ်သွားပြီး ပဋိသန္ဓေနေသတုံးမေးတဲ့ အဓိပ္ပာယ်ကြောင့် ဘုရားက ဒီအဓိပ္ပာယ်မရောက်ပါဘူး ကွာလို့ ဖြေလိုက်တယ်နော် (မှန်ပါ့)။

ဒါဖြင့် ရှင်ကြီး ဂေါတမတဲ့၊ ဒီလို တဏှာ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်များ ဘယ်မှသွားပြီး မဖြစ်တော့ဘူးလားတဲ့ ဆိုတော့ ဘယ်မှသွားပြီး မဖြစ်တော့ဘူးလို့ ဖြေဖို့ရာအချိန်တော့ ရောက်ပါရဲ့ (မှန်ပါ့ ရောက်ပါတယ် ဘုရား) ရောက်ပင် ရောက်ငြားဆော်လည်း ဒီပုဂ္ဂိုလ်က ဘာမှ မသိသေးတဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ ဒကာသစ် ဥစ္ဆေဒဒိဋ္ဌိဘက်သွားမယ် (မှန်ပါ့) ဒါကြောင့် နိဗ္ဗာန်မသိရင် ဘယ်ဘက်သွားပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိဘက် သွားပါတယ် ဘုရား) နိဗ္ဗာန်မသိရင် ဥစ္ဆေဒဒိဋ္ဌိဘက် သွားတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် နိဗ္ဗာန်ကိုလည်း ရှေးဦးစွာ သိနှင့်ရတယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒီစကား အသာထားလိုက်၊ ရှင်ကြီးဂေါတမ တဲ့၊ ဒါဖြင့် ကျုပ် စကားလေးခွန်းပြည့်အောင် မေးပါရစေ ဆိုပြီး သကာလ ယခုလို တဏှာ ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘုံဘဝ ဖြစ်ချီတစ်လှည့်, မဖြစ်ချီတစ်လှည့် ဒီလိုလားလို့ မေးတော့ ဒီအဓိပ္ပာယ်လည်း မရောက်ပါဘူးကွာတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကျုပ်တော့ ဉာဏ်တုံးပါပြီတဲ့

စတုတ္ထမေးခွန်းက မဖြစ်သည်မဟုတ် ဖြစ်တဲ့အဓိပ္ပာယ်မျိုးကော ရောက်သေးသလားလို့ မေးလိုက်တဲ့အခါ ဒီအဓိပ္ပာယ်လည်း မရောက်ပါဘူးကွတဲ့ (မှန်ပါ့)ဆိုတော့ ပုဏ္ဏားက လေးခုစလုံးမေးတဲ့အခါ ဘုရားက ဒီအဓိပ္ပာယ် မရောက်ဘူးကွလို့ အကုန်ဖြေလိုက်တဲ့အတွက် ရှင်ကြီးဂေါတမတဲ့၊ ကျုပ်တော့ ဉာဏ်တုံးပါပြီတဲ့၊ အရင်တုန်းက ပြောခဲ့ ဆိုခဲ့တဲ့ စကားတွေတုန်းကတော့ တစ်ယောက်တစ်ယောက် အတော်ကြည်ညိုပြီး သကာလ ဝမ်းမြောက်ခဲ့ကြတယ် (မှန်ပါ့) ယခုမှာဖြင့် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးမေးတဲ့ စကားလေးခွန်းကို ရှင်ကြီးဂေါတမက ဒီအဓိပ္ပာယ်မျိုး မရောက်ဘူးကွလို့ ဖြေလိုက်ကဖြင့် ကျုပ်တော့ဖြင့် ဉာဏ်တုံးပြီတဲ့ (မှန်ပါ့)။

ဘယ်သူက တာဝန်ခံပါလိမ့် (အဂ္ဂိဝစ္ဆကပါ) အဂ္ဂိဝစ္ဆက တာဝန်ခံတယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)။

ဪ တာဝန်ခံတယ်ဆိုတာ ဒကာ ဒကာမတွေ နိဗ္ဗာန်မသိလို့ (မှန်ပါ့) နိဗ္ဗာန်မသိတဲ့အဖြစ်ဟာ ဒကာ ဒကာမတို့ ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား) နိဗ္ဗာန်ကို ပုထုဇဉ်အားဖြင့် သိနှင့်ထားရမယ်ဆိုတာ ဒကာ ဒကာမ တွေမှတ်ရမယ် (မှန်ပါ့မယ် ဘုရား)။

နိဗ္ဗာန်ကို ပုထုဇဉ်ဉာဏ်နဲ့ပဲ (သိနှင့်ထားရမယ်) သိနှင့်ထားရမယ်ဆိုတော့ ဒီနေရာမှာ စကားကလေးက ဦးမာဒင်တို့ သတိထားလိုက်၊ ဒကာကြွယ် သတိထားလိုက်၊ ဒကာသစ်တို့ သတိထားလိုက်၊ မိလိန္ဒပဥှာကလေး နည်းနည်း သွင်းလိုက်တယ် (မှန်ပါ့)။

နိဗ္ဗာန်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ စောစောစီးစီး သိနိုင်သလား၊ မသိနိုင်ဘူးလားလို့ မိလိန္ဒမင်းကြီးက မေးလိုက်တယ် (မှန်ပါ့) အဲဒါ ရဟန္တာဖြစ်တဲ့ ရှင်နာဂသိန်က ဒကာကြီး သိနိုင်တယ်တဲ့ (မှန်ပါ့ ဘုရား) နိဗ္ဗာန်သိနိုင်တယ် (မှန်ပါ့ ဘုရား)။

သိနိုင်ပုံ ပြောစမ်းပါဘုရား၊ သူ ပုထုဇဉ်ပဲတဲ့၊ နိဗ္ဗာန် သိနိုင်တယ်ဆိုတော့ တပည့်တော်များ အင်မတန်မှ ဒီဥစ္စာ အကြပ်အတည်းဖြစ်ပါတယ်၊ ပုထုဇဉ် နိဗ္ဗာန် သိရမယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ အရိယာအဖြစ်မျိုးလည်း မရောက် သေးတဲ့အတွက် တပည့်တော်မှာ ဒါကို အရှင်ဘုရားပြောမှာပဲ သိရမည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်တော့ ကဲ ဥပမာကလေး ဆောင်စမ်းပါတဲ့ (မှန်ပါ့ ဘုရား)။

ဥပမာကလေး ဆောင်စမ်းပါ

ဥပမာကလေး ဆောင်စမ်းပါဆိုတော့ ဒကာကြီးတဲ့ လူတစ်ယောက်မှာ အနာပေါက်နေတယ်၊ ခြေကျိုးလက်ကျိုး ကျိုးနေတယ် (မှန်ပါ့) ခြေကျိုးလက်ကျိုး အနာတွေက ပေါက်ပြီး သကာလ နေတော့ ဪ ဒါ ဒုက္ခပဲလို့ သူ့ဟာသူ မသိပေဘူးလား (သိပါတယ် ဘုရား)။

အဲဒီတော့ အကျိုးတဲ့ပုဂ္ဂိုလ်က ဪ တို့မှာတော့ ချမ်းသာတယ်၊ ခြေလည်းမကျိုး လက်လည်းမကျိုး၊ အနာလည်း မပေါက်တဲ့အတွက် တို့မှာ ချမ်းသာတယ်ဆိုတာတော့ သူများပြောလား၊ သူကိုယ်တိုင်သူ တွေးသိတာလား (သူကိုတိုင်သူ တွေးသိတာပါ ဘုရား)။

ကျိုးတဲ့ပုဂ္ဂိုလ်မြင်ရသဖြင့် မကျိုးတဲ့ပုဂ္ဂိုလ်က တို့မှာ ချမ်းသာပေတယ် (မှန်ပါ့ ဘုရား) အနာပေါက်တဲ့ပုဂ္ဂိုလ် မြင်ရသဖြင့် မပေါက်တဲ့ပုဂ္ဂိုလ်က တို့မှာ အနာကောင်းပေတယ် (မှန်ပါ့) မသိပေဘူးလား (သိပါတယ် ဘုရား)။

ထို့အတူပဲတဲ့ ဒုက္ခရောက်နေတဲ့ ပုထုဇဉ်မှာဖြင့် ဒီအတိုင်းပါပဲ၊ ဒုက္ခရောက်တာမြင်တိုင်း ဒုက္ခမရောက်တာ နိဗ္ဗာန်ကိုးဆိုတဲ့ဥစ္စာ လူတိုင်းသိပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား))။

ဒုက္ခရောက်တာမြင်ရင် ဒုက္ခမရောက်တာ (နိဗ္ဗာန်ကိုးလို့ သိပါတယ် ဘုရား) နိဗ္ဗာန်ကိုးဆိုတဲ့ အဓိပ္ပာယ်မျိုးဟာ လူတိုင်းသိပါတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ပုထုဇဉ်ပေမယ့် ဒကာ ဒကာမတို့ သိနိုင်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဂ်ဉာဏ်နဲ့သိတာလားလို့ ဒီလိုတော့ မမေးလိုက်ပါနဲ့ မဂ်ဉာဏ်မရဘဲနဲ့ မဂ်ဉာဏ်အသိမျိုးတော့ မဟုတ်ဘဲနဲ့ ဒကာ ဒကာမတို့ ဆပြီးသိတဲ့အသိလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဆ,ပြီးသိတဲ့ အသိ

ဘယ်လိုမှတ်ကြမယ် (ဆ,ပြီးသိတဲ့ အသိပါ ဘုရား) ဆပြီးသိတဲ့ အသိတော့ဖြင့် ပုထုဇဉ်မှာ ရနိုင်ပါတယ် (မှန်ပါ့) အဲဒီ ဆပြီးသိတဲ့ အသိကြောင့် ဒကာ ဒကာမတို့ သုမေဓာရသေ့ဟာ သုမေဓာရသေ့ဆိုတော့ အတော်နုပါသေး တယ် (မှန်ပါ့) လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ရဦးမယ် (မှန်ပါ့) သုမေဓာရသေ့အဖြစ်၌ ဗျာဒိတ်ရတာကိုး (မှန်လှပါ) အဲဒီမှာ ဆသိပါတယ် အပူရှိရင် အအေးရှိရမယ်ကွ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

အပူရှိရင် (အအေးရှိရမှာပါ ဘုရား) အပူဒုက္ခခန္ဓာကြီးရှိနေရင် အအေးသုခတော့ဖြင့် ရှိရမှာပဲဆိုတာ အဲဒီတုန်း ကတည်းက သူသိတယ် (မှန်လှပါ) တကယ်မြင်သိလားလို့ ဆိုတော့ ဆသိလို့မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေလည်း နိဗ္ဗာန်သိနှင့်ရမယ်ဆိုတာ ကိလေသာအပူ လောင်တိုင်း-လောင် တိုင်း ဪ နိဗ္ဗာန်ဆိုတာ ဒီအပူဇာတ်သိမ်းတာပါလားလို့ မသိပေဘူးလား (သိရပါတယ် ဘုရား)။

သားပူ, သမီးပူ, ဆွေပူ, မျိုးပူတွေ ပူတိုင်း ပူတိုင်း ဪ နိဗ္ဗာန်ဆိုတာတော့ ဒီအပူငြိမ်းတာပါလားလို့ မသိပေဘူးလား (သိပါတယ် ဘုရား)။

ခန္ဓာနဲ့ ကိလေသာက အပူ

ဒီအပူငြိမ်းတာလို့ သိတာဟာ ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ တကယ်ငြိမ်းလို့ သိတာလားတဲ့၊ ပူတာနဲ့ ဆသိတာလား (ပူတာနဲ့ ဆသိတာပါ) ဒီလို အသိဉာဏ်ထားမှ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဪ ဒီဘက်က ခန္ဓာက အပူ (မှန်ပါ့) ခန္ဓာနဲ့ ကိလေသာက (အပူပါ) ခန္ဓာနဲ့ ကိလေသာ သိမ်းသွားတာက (အအေးပါ) အအေးပဲဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အေး ဒီလိုလည်း သိနှင့်ပြီး ဒကာ ဒကာမတွေ ထားပါ၊ မသိရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်မှာ စိုးလို့ပါ (မှန်ပါ့) ရှင်း ကြပလား (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ အဂ္ဂိဝစ္ဆက အမေးပုစ္ဆာမေးတဲ့ဥစ္စာ ဘယ်ဟာမှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီအဓိပ္ပာယ်မျိုး မရောက်ပါဘူးကွတဲ့၊ မင်းမေးတာတွေ ဒီအဓိပ္ပာယ် မရောက်ပါဘူးကွတဲ့ဆိုပြီး ဖြေလိုက်တဲ့အခါကျတော့ မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာ မင်းရအောင်ရှာမှ အခု မင်းမေးတဲ့ အမေးဟာ မင်းဟာမင်း အဖြေ ထွက်မယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ပဋိစ္စသမုပ္ပါဒ် ဘုရားကိုယ်တိုင် ဖွင့်ချတယ် (မှန်ပါ့) ဒါ မသိလို့ရှိရင်ဖြင့် ခန္ဓာလည်း မသိဘူး၊ နိဗ္ဗာန်လည်း မသိဘူး (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မသိရင် (ခန္ဓာလည်း မသိ နိဗ္ဗာန်လည်း မသိပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မသိရင် ခန္ဓာလည်းမသိ

အားလုံး ဒကာ ဒကာမတွေနော် (မှန်ပါ့) အင်မတန် ခင်ဗျားတို့ ဘုန်းကံကြီးမားလို့၊ အကြောင်းညီညွတ်လို့၊ မသေကြလို့ ဒီလိုပြောနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ကြုံကြလို့၊ ဪ ပဋိစ္စသမုပ္ပါဒ်မသိရင် ခန္ဓာလည်းမသိ၊ နိဗ္ဗာန်လည်း မသိပါလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် မသိရင် (ခန္ဓာလည်း မသိ၊ နိဗ္ဗာန်လည်း မသိရပါဘုရား။

ခန္ဓာကို သူ ဘာသိတော့မတုံးတဲ့၊ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်မသိတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်သန္တာန်ဖြစ်နေတဲ့ ဓမ္မကလေးတွေ ပေါ်လာတာကလေးတွေမှ မသိလို့ရှိရင်ဖြင့် ဪ ဒါကလေးတွေသည်ကားလို့ ဆိုလို့ရှိရင် ခန္ဓာ ကလေးတွေ ပေါ်နေတာပါလားလို့ သိသေးရဲ့လား (မသိပါ) မသိတော့ ဒါတွေ ပုဂ္ဂိုလ်၊ သတ္တဝါ၊ လုပ်ပစ်လိုက်တယ် (မှန်ပါ့) အင်း သက္ကာယဒိဋ္ဌိ ဦးစီးမလာပေဘူးလား (လာပါတယ် ဘုရား)။

တစ်ခါ ဒီဟာတွေ ချုပ်ငြိမ်းရုပ်သိမ်း သွားတာကိုမှ မသိလို့ရှိရင်၊ ဪ ဒီဒုက္ခသစ္စာတွေသညာ ချုပ်ငြိမ်း ရုပ်သိမ်းသွားရင် နိဗ္ဗာန်ပဲလို့ကော သိပါ့မလား (မသိပါ) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် မသိရင် ခန္ဓာနဲ့ နိဗ္ဗာန်မသိ (မှန်ပါ့) ခန္ဓာနဲ့ နိဗ္ဗာန်မသိသ၍ ကာလပတ်လုံး ဒကာကြွယ် မှတ်လိုက်၊ ဘယ်တော့မှ နိဗ္ဗာန်မရ (မှန်ပါ့ ဘုရား)။

ဘယ်တော့မှ (နိဗ္ဗာန်မရပါ) ဘယ်လို ဆုတောင်း-ဆုတောင်း မရဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မသိရင် ခန္ဓာလည်း မသိဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နိဗ္ဗာန်ကော (မသိပါ) ဘယ့်နှယ်ကြောင့် နိဗ္ဗာန်မသိသတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဆုံးတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ) ပဋိစ္စသမုပ္ပါဒ်ဖြစ်တာ သိနေတာက ခန္ဓာသိတာ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆုံးတာ သိတာက (နိဗ္ဗာန်ပါ ဘုရား)။

ဪ တယ်လည်း အဖိုးတန်ပါကလားဆိုတာ ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးနေ့တိုင်း ဟောတဲ့အခါမှာ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ပဋိစ္စသမုပ္ပါဒ်လွှတ်ပြီး မပြော ရဲပါဘူး (မှန်ပါ့) ပြောရင် တရားကိုမပေါက်ဘူး (မှန်ပါ့) ပြောတဲ့တရားဟာလည်း တရားစစ်မကျပါဘူး (မှန်ပါ့) အပေါ်ယံပြောသွားတဲ့ အဓိပ္ပာယ်ပဲ ရောက်တယ် (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် သိလိုက်တဲ့အတွက်

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် သိလိုက်တဲ့အတွက်တဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန်သိတာလည်း ဥစ္ဆေဒဒိဋ္ဌိလွတ်တယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကလေးတွေကို တစ်ခုပြီးတစ်ခုဖြစ်၊ တစ်ခုချုပ်ပြီး တစ်ခုဖြစ်၊ တစ်ခုချုပ်ပြီး တစ်ခုဖြစ်တာကို ကိုယ့်ဉာဏ်နဲ့ သုတမယဉာဏ်နဲ့ သိဦးတော့ သဿတလည်း လွတ်ပြီးတော့ ဥစ္ဆေဒလည်း လွတ်တယ် (မှန်ပါ့) သက္ကာယ ကော (လွတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် မူမတည်ဘဲနဲ့ တရားတွေ နာပြီး သကာလ နေကြတဲ့ ဒကာ ဒကာမတွေ အချက်မှာဖြင့် အင်း ဒီဥစ္စာသည်ကားလို့ ဆိုရင် ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ “သုညတဓမ္မ” ဖြစ်ဖို့ ဦးမာဒင် ရှိကိုမရှိဘူး (မှန်ပါ့ ဘုရား) ဘယ်လောက် နစ်နာသွားသလဲ (နစ်နာပါတယ်) ဒကာကြွယ် သိပ်နစ်နာသွားပြီ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သုညတဓမ္မမှ မနာရလို့ရှိရင်လည်းတဲ့ သက္ကာယဒိဋ္ဌိက မပြုတ်တော့ဘူး (မပြုတ်ပါ) သုညတဓမ္မမှ မနာရရင် (သက္ကာယဒိဋ္ဌိမပြုတ်ပါ ဘုရား)။

ဒကာသစ်ရေ- သူမှ မပြုတ်လို့ရှိရင်လည်း ဘယ်တော့မှ ပထမနိဗ္ဗာန်တောင် မရပါဘူး (မရပါ) ဒုတိယ၊ တတိယ၊ စတုတ္ထ နိဗ္ဗာန်ဆိုတာ အသာထားလိုက်စမ်းပါဦး (မှန်ပါ့) ပထမနိဗ္ဗာန်တောင် ဦးလှဘူး (မရပါ) အဲ သုညတမဆိုက်ရင် မရနိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုညတ မဆိုက်ကတည်းက ပုဂ္ဂိုလ်သတ္တဝါမပျောက်တော့ဘူး (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါ မပျောက်ကတည်းက သက္ကာယဒိဋ္ဌိက (မပြုတ်ပါ) မပြုတ်ကတည်းက ပထမနိဗ္ဗာန်ကို သက္ကာယဒိဋ္ဌိက အတင်းခံပြီး သကာလ ပိတ်ထားတာပဲ (မှန်ပါ့) မြင်ခွင့်ပေးသေးရဲ့လား (မပေးပါ ဘုရား)။

အေး ဒါ့ကြောင့် ဒကာ ဒကာမတွေ ဘုန်းကြီးက သတိပေးရတယ်၊ သနားလွန်းလို့ သတိပေးတယ် (မှန်ပါ့) အင်မတန် မေတ္တာရှေ့ထားပြီး သတိပေးတယ် (မှန်ပါ့) ဒီတရားကို ခင်ဗျားတို့ သေသေချာချာနာကြပါ၊ သေသေချာချာနာကြပါ၊ ဒီဥစ္စာ တရားစစ်-တရားမှန်၊ ခင်ဗျားတို့လိုချင်တဲ့ နိဗ္ဗာန်ကို ခင်ဗျားတို့လိုချင်တဲ့ ဒုက္ခသိမ်း တာ ဒီဟာမှပဲ အမှန်သိပြီး အမှန်သွားနိုင်ပါတယ် (မှန်ပါ့) မပြောလိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

အေး ဒါဖြင့် ဒီဖြတ်ထိုးဖြစ်တဲ့ ဥစ္စာတွေကတော့ ဒကာကြွယ် ခက်တယ်နော် (မှန်ပါ့) ဘာလှူလို့ ဘယ် ရောက်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နန္ဒိယတို့ နတ်ပြည်ရောက်သွားတယ်

ဘာလှူလို့ ဘယ်ရောက်သွားတယ်ဆိုတော့ ဒီကိုယ်နဲ့ သွားလိုက်သလိုလို၊ သဿတဒိဋ္ဌိက ဖြစ်တယ် (မှန်ပါ့) မပါဘူးလား (ပါပါတယ်) ဥပမာ- ကျောင်းဆောက်တာနဲ့ နန္ဒိယတို့ နတ်ပြည်ရောက်သွားတယ် (မှန်ပါ့) ဘယ်သူရောက် သတုံး နန္ဒိယရောက်တာပေါ့ ဘုရားတဲ့၊ ဪ နန္ဒိက ခြေလျင်သွားသလား၊ ကုန်းကြောင်းသွားသလားဆိုတဲ့ အဓိပ္ပာယ်ပါလာတယ် (မှန်ပါ့ ဘုရား)။

အင်း နန္ဒိယ ခြေလျင်သွားတယ်၊ ကုန်းကြောင်းသွားတယ်ဆိုရင် သဿတဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) မဖြစ် သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါတွေကြောင့် ဘယ်ဟာလှူလို့ ဘယ်ရောက်တယ်ဆိုတဲ့ အသွားဟာဖြင့် သက္ကာယဒိဋ္ဌိပြုတ်ဖို့ အတော်ခဲယဉ်း ပါတယ် (ခဲယဉ်းပါတယ်) မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ်) သက္ကာယ မပြုတ်ရင် သဿတ-ဥစ္ဆေဒရှိပြီ (မှန်ပါ့) သဿတသော်လည်းကောင်း၊ ဥစ္ဆေဒ သော်လည်းကောင်း တစ်ခုခုရှိရမယ် (မှန်ပါ့) ရှိနေလို့ရှိရင်လည်း နိဗ္ဗာန်သဘော ကျတော့မယ် မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

မကျသ၍ကာလပတ်လုံးလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်တော့မှ မျက်မှောက်ပြုနိုင်မယ် မဟုတ် ပါဘူး၊ နိဗ္ဗာန်ကို (မှန်ပါ့) တယ်လည်း ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

“သုညတ” တရားဆိုတာ

ဒါဖြင့် “သုညတ” တရားဆိုတာ ဟောဒီမှာ ဒကာ ဒကာမတွေ ဒီခန္ဓာကြီး၏ ခန္ဓာငါးပါးထဲက တစ်ပါးပါးကို စိတ်ရှုလိုက်တယ်ဆိုကြပါစို့ (မှန်ပါ့) ဒကာသစ် ရှုလိုက်တော့ စိတ်တွေ့သလား၊ ဖြစ်ပျက်တွေ့သလား (ဖြစ်ပျက်တွေ့ပါ တယ်) ဪ ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်းမသွားဘူးလား (သွားပါတယ် ဘုရား)။

ဖြစ်ပျက်တာ ငါလား (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာလား (မဟုတ်ပါ ဘုရား) ဪ- ဒါဖြင့် ဒကာသစ်တို့ ရှုနေ တာ သုညတသာဆိုက်ပါလား (မှန်ပါ့ ဘုရား) သုညတဆိုက်တာ ယနေ့ ခင်ဗျားတို့ ပိုရှင်းပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဝေဒနာကလေးပေါ်လာလည်း ဖြစ်ပြီးပျက်သွားတာ မမြင်လိုက်ဘူးလား (မြင်လိုက်ပါတယ် ဘုရား) မြင်လိုက် တော့ အဲဒီ ဖြစ်ပျက်သွားတာကလေးဟာ ငါလား ဒကာကြွယ်ရ (မဟုတ်ပါ ဘုရား) ဖြစ်မှုပါ (မှန်ပါ့) ငါ့ဥစ္စာလား ဒကာကြွယ်ရ (မဟုတ်ပါ ဘုရား) ပျက်မှုပါ (မှန်ပါ့) ဆိုတော့ ဪ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ တရားပါလားဆိုတော့ သုညတ တရားသွားဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်းတယ် (မှန်ပါ့) ဘာတရားသွားဖြစ်သလဲ (သုညတ တရားသွားဖြစ်ပါတယ်)။

ဒါဖြင့် သုညတ မြင်တာပေါ့ဗျ (မှန်လှပါ့ ဘုရား) ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ဖြစ်ပျက် မြင်တာဟာ သုညတမြင် တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာမြင်ကြသတုံး (သုညတ မြင်တာပါ ဘုရား) သုညတကို မြင်မှသာလျှင် သက္ကာယက ပြုတ်တယ် (မှန်ပါ့) သက္ကာယပြုတ်မှ ပထမ နိဗ္ဗာန်ရမယ် (မှန်ပါ့) သက္ကာယ မပြုတ်လို့ရှိရင် (မရပါ ဘုရား)။

ဪ ဒါဖြင့် သုညတကို မရှုဘဲနဲ့ နိဗ္ဗာန်ရလိမ့်မယ်ဆိုတဲ့ အသွားများကိုဖြင့် ကြည့်ရှောင်ရမည့် အဓိပ္ပာယ် ရောက်တယ် (မှန်လှပါ ဘုရား) ဉာဏ်နဲ့ သေသေချာချာ စဉ်းစားတော့မှ ဦးလှဘူးရေ ဒီရောက်တယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

သုညတမြင်အောင်လို့

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဖြစ်မှုနဲ့ပျက်မှု ဆရာဘုန်းကြီး အရှုခိုင်းနေတာ ဘာပါလိမ့်မတုံးဆိုတာ ယနေ့ သဘောပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဘာမြင်အောင်လို့ပါလိမ့် (သုညတမြင်အောင်လို့ပါ ဘုရား)။

သုညတဆိုတာ ဘာဆိတ်သုဉ်းအောင် လုပ်တာပါလိမ့် (ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းအောင် လုပ်တာပါ) အဲ ခန္ဓာကိုယ်ထဲမှာ ငါလည်း မရှိဘူး၊ ငါ့ဥစ္စာလည်း မရှိဘူး (မှန်လှပါ ဘုရား) ဆိတ်အောင်၊ သုဉ်းအောင် လုပ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုပါ-ဖြစ်ပျက်ရှုပါဆိုတာ ဘယ့်နှယ်ကြောင့် ဒါလောက် ဘုရားကလည်း ပြင်းပြင်းထန်ထန်၊ ဆရာဘုန်းကြီးကလည်း တိုက်တိုက်တွန်းတွန်း ဘယ်အတွက်ကြောင့် ဤအသုံးအနှုန်းကို အကြီး အကျယ် တိုက်တွန်းပါလိမ့်မတုံးဆိုတဲ့ ဥစ္စာပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်လိုပေါ်ကြပါလိမ့် (ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းအောင်လို့ပါ ဘုရား)။

အေး ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းတဲ့ ခန္ဓာကြီး “သုညတ” ဖြစ်ပါစေတော့လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုညတ ဖြစ်ပါစေတော့လို့ ဒါလောက် တိုက်တွန်းတယ်ဆိုတာဖြင့် ရှင်းပါပြီ (ရှင်းပါပြီ ဘုရား) ကိုင်း ဒါဖြင့် ဒကာသစ် ရှေ့သွားကြစို့ (မှန်ပါ့ ဘုရား)။

တရားနှစ်လုံးသွင်းကြ၊ တရားနှလုံးသွင်းကြ၊ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်သိမှ သုညတဆိုက်တယ် (မှန်ပါ့ ဘုရား) ဒီ သုညတဆိုက်မှ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် မပါခဲ့သော် သုညတဆိုက်ပါ့မလား (မဆိုက်ပါ ဘုရား) ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်းပါ့မလား (မဆိတ်သုဉ်းပါ ဘုရား) အဲ သုညတဆိုက်တယ်ဆိုတာ ငါ-ငါ့ဥစ္စာဆိတ်သုဉ်းတာကို ဆိုပါတယ် (မှန်ပါ့ ဘုရား) ဆိတ်သုဉ်းတာ စာလိုဖြစ်နေလို့ ငါ-ငါ့ဥစ္စာ မပါတာကို ထင်ရှားတာ ပြောပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

သက္ကာယဒိဋ္ဌိပြုတ်တဲ့ ဉာဏ်နဲ့ ရှုနေတာ

ဒါဖြင့် ဒီသုညတကို ဒကာ ဒကာမတွေက ဪ ငါ-ငါ့ဥစ္စာလည်း မဟုတ်လို့ ဖြစ်ပြီး ပျက်နေတာကလေးပဲ ရှိတယ်လို့ ဒီအတိုင်းသာ ဝိပဿနာရှုကြပါ (မှန်လှပါ ဘုရား) ရှုလိုက်လို့ရှိရင်ဖြင့် ဉာဏ်တက်လျှင် တက်တဲ့အတိုင်း ခင်ဗျားတို့သည် သူ့ဟာသူဉာဏ်က ထိုးတက်လာမှာပဲ (မှန်ပါ့) သက္ကာယဒိဋ္ဌိပြုတ်တဲ့ ဉာဏ်နဲ့ ရှုနေတာကိုးဗျ (မှန်ပါ့ ဘုရား)။

ဒါနဲ့ပဲ ကဲ ဒကာ ဒကာမတို့ သုညတတရားလည်း ဒီပဋိစ္စသမုပ္ပါဒ် နားလည်မှု သုညတဖြစ်တယ်၊ သုညတ ဖြစ်မှ ဒိဋ္ဌိသုံးမျိုး (ပြုတ်ပါတယ် ဘုရား) ဒိဋ္ဌိသုံးမျိုးပြုတ်မှလည်း နိဗ္ဗာန်နားလည်မယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တော်တော်အရေးကြီးပါလား (ကြီးပါတယ် ဘုရား) တော်တော် အရေးကြီးပါတယ်ဆို တာ ဒကာ ဒကာမတို့ လေးလေးစားစား မှတ်ပါ (မှန်ပါ့) ခင်ဗျားတို့အိမ်မှာ အမြဲမှတ်နေသလို အဲဒီ့ အမှတ်မျိုးနဲ့ မမှတ်နဲ့ (မှန်ပါ့) ဪ ဘုရားတစ်ဆူပေါ်လို့ ဒီအသံတစ်ခါကြားရတာပါလား (မှန်ပါ့) ဒီအသံမကြားခဲ့ရလို့ သံသရာထဲမှာ အပါယ်နဲ့ မိတ်ဆွေဖြစ်နေရတယ် (မှန်ပါ့ ဘုရား)။

ဒီအသံမကြားခဲ့ရလို့ (အပါယ်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပါတယ် ဘုရား) ဒီဉာဏ်မရခဲ့လို့ (အပါယ်နဲ့ မိတ်ဆွေဖြစ်ခဲ့ ရပါတယ် ဘုရား)။

ဒီဉာဏ်ရတဲ့ အချိန်ကစပြီး ခင်ဗျားတို့ စူဠသောတာပန်ဖြစ်ပြီး အပါယ်လေးပါး တံခါးပိတ်ပြီ (မှန်ပါ့) သိမှုနဲ့ ပိတ်တယ် (မှန်ပါ့ ဘုရား) သိမှုသည် စူဠသောတာပန် (မှန်ပါ့)။

ကိုင်း ဒါနဲ့ အဂ္ဂိဝစ္ဆက ကျုပ်ဉာဏ်တုံးပြီလို့ ပြောတော့ မင်းတုံးမှာပဲကွာ၊ သာမညဆရာနဲ့ တွေ့လို့လည်း မင်းမရဘူး (မှန်ပါ့) မင်း ကြံလုံးနဲ့လည်း ဒီဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတယ်ဆိုတာ မင်းမသိပေဘူးတဲ့ (မှန်လှပါ) မင်း ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာကို သေသေချာချာ ကပ်ပြီး သကာလ မင်း သင်မှသာလျှင် ဒီနိဗ္ဗာန်ဆိုတာလည်း သဘောကျမယ် (မှန်ပါ့) ဆိုတော့ ဦးမာဒင် ဘယ်လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်အရေးကြီးပုံ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) သူ့ကို သဘောမကျဘဲနဲ့လည်း သစ္စာသဘောကျလိမ့်မယ်လို့ မယူနဲ့ (မှန်လှပါ ဘုရား) ဘာ့ကြောင့်တုံး နိဗ္ဗာန်က နိရောဓသစ္စာကိုး (မှန်ပါ့) ရှေ့ပိုင်းက ဖြစ်ပျက်က ဒုက္ခသစ္စာကိုး (မှန်ပါ့) သုညတမဆိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခသစ္စာကော သိပါ့မလား (မသိပါ ဘုရား) ဒုက္ခသစ္စာမှမသိတဲ့ ပုဂ္ဂိုလ်လည်း မဂ်ဝမ်းထဲ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) ဟာ မပေါ်ရင် မဂ္ဂ သစ္စာလည်း ဘယ်တော့မှ မရဘူး (မရပါ ဘုရား) မရတဲ့ပုဂ္ဂိုလ်ဟာ နောက်က တဏှာ၊ ဥပါဒါန်၊ ကံ ဘယ်တော့ ချုပ် ပါ့မလဲ (မချုပ်ပါ ဘုရား) ဘယ်တော့မှ သမုဒယ သူ မပါယ်နိုင်တော့ဘူး (မှန်ပါ့ ဘုရား)။

နောက် ဒီသမုဒယတွေ ချုပ်သွားတဲ့အခါကျတော့ နိဗ္ဗာန်ဆိုတာသည်ကားလို့ဆိုရင် ဪ နောက်ခန္ဓာ မလာတာနဲ့ နောက်ကိလေသာ မလာတာ နိဗ္ဗာန်ဆိုတာကော သူသိပါ့မလား (မသိပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် နားလည်အောင် လုပ်ပါဦးကွ

အဲ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ ပုဂ္ဂိုလ်မှသာလျှင် ဒကာ ဒကာမတို့ ဘုရားကိုယ်တော်တိုင်က သေသေချာချာ အဂ္ဂိဝစ္ဆကို ဆုံးမသည်ဖြစ်လေသောကြောင့် မင်း ဒါ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ်၊ တဏှာမာန ဒိဋ္ဌိချုပ် တဲ့ ပုဂ္ဂိုလ် ဘယ်သွားဖြစ်တယ်ဆိုတာ သိချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် နားလည်အောင် လုပ်ပါဦးကွတဲ့ဆိုတော့ ဒကာ ကြွယ် ဘယ်လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ အခု ပဋိစ္စသမုပ္ပါဒ် နားလည်ပလား (မှန်ပါ့ ဘုရား) ဒီဘက်က ခန္ဓာငါးပါး က ဖြစ်ပျက်ဟုတ်လား (မှန်ပါ့) ခန္ဓာငါးပါးပြီးလို့ရှိရင် ကျုပ်တို့ ဝိပဿနာဝင်လိုက်တဲ့အတွက် မဂ်-ဖြစ်မသွားဘူးလား (ဖြစ်ပါတယ် ဘုရား) နောက်က တဏှာဥပါဒါန်တွေက (ချုပ်ပါတယ် ဘုရား) တဏှာဥပါဒါန်ချုပ်ပြီ၊ ဟိုဘက်ကျတော့ တဏှာတို့၏ ချုပ်ရာ၊ ဥပါဒါန်တို့၏ချုပ်ရာ ဒီဘက် ဘာလာပေါ်သတုံး (နိဗ္ဗာန်ပေါ်ပါတယ်) နိဗ္ဗာန်လာပေါ်တာဟာ ပဋိစ္စသမုပ္ပါဒ်အဆုံး သိလိုက်တဲ့အတွက် နိဗ္ဗာန်လာပေါ်တယ် (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်တွေ ဖြစ်တာကို သိနေသဖြင့် ပဋိစ္စသမုပ္ပါဒတို့၏ ဖြစ်စဉ်ကိုသိသဖြင့် ဒုက္ခသစ္စာသိတယ် (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် သိလိုက်ရင် (ဒုက္ခသစ္စာသိပါတယ် ဘုရား) တယ်လည်း အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်တို့၏ ဖြစ်ပေါ်တာသိရင်ဘာတဲ့ဗျာ (ဒုက္ခသစ္စာသိပါတယ် ဘုရား) ဒုက္ခသစ္စာသိတယ်၊ သိလုံး ကလေးကို မဂ္ဂသစ္စာလို့ ဆိုလိုက်ပါတော့ (မှန်ပါ့)။

၎င်း ပဋိစ္စသမုပ္ပါဒ်ကို သိနေတဲ့သဘောသည် နောက်က တဏှာ၊ ဥပါဒါန်၊ ကံကိုလည်း ချုပ်စေတယ် (ချုပ်စေ ပါတယ် ဘုရား) မချုပ်စေဘူးလား (ချုပ်စေပါတယ် ဘုရား)။

အင်း သူချုပ်ပြန်လို့ရှိရင်လည်း ဒကာကြွယ်တို့ ဘာတွေများ လာပါသေးသတုံးမေးတော့ ဪ ဒုက္ခသိမ်းသွားတာပဲ (မှန်လှပါ)။

ဘာတွေသိမ်းသွားသတုံး (ဒုက္ခသိမ်းသွားပါတယ်) ဒုက္ခသိမ်းသွားတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ကောင်းပြီ၊ ကိုင်း ဒါဖြင့် ဒီ သစ္စာလေးပါးကိုလည်း သိရတာ ပဋိစ္စသမုပ္ပါဒ် မူတည်ပေလို့ (မှန်ပါ့ ဘုရား)။

သစ္စာလေးပါး သိရတာ (ပဋိစ္စသမုပ္ပါဒ် မူတည်ပေလို့ပါ ဘုရား) ဒါကို ပဋိစ္စသမုပ္ပါဒ်မှ မူမတည်ရင်လည်း ပဋိစ္စသမုပ္ပါဒ်က မသိ (မှန်ပါ့)

ငါသည် ဒိုင်းတွေတော့ တင်ခဲ့တယ်

သစ္စာကမသိလို့ရှိရင် အပြင်ပုဂ္ဂိုလ်သည် သစ္စာမသိ၊ ထိုပုဂ္ဂိုလ်က ငါ သစ္စာလေးပါး မသိဘဲနဲ့ နိဗ္ဗာန်ရောက်ခဲ့တယ် ဆိုလို့ရှိရင်ဖြင့်တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါသည် ဒိုင်းတွေတော့ တင်ခဲ့တယ် ကွ၊ တိုင်မပါဘဲနဲ့ တိုင်တွေ လျှောက်တွေမပါဘဲနဲ့ ဒိုင်းတင်ခဲ့တယ်လို့ပြောရင် မယုံရသလိုပဲ (မှန်ပါ့) သစ္စာမသိဘဲနဲ့ ပဋိစ္စသမုပ္ပါဒ် မသိဘဲနဲ့ နိဗ္ဗာန်ရောက်ခဲ့တယ်ဆိုလို့ရှိရင် မယုံကြနဲ့ဟေ့တဲ့ (မှန်လှပါ ဘုရား)။

ဘုရားက ဒါလောက်ထိအောင် ဟောချတယ် (မှန်ပါ့) အဲဒါ သစ္စာသံယုတ်မှာ သေသေချာချာ လာပါတယ်၊ ဘုရားဟောနော် (မှန်ပါ့)။

ကဲ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် ယခု နားလည်ပါပလား (နားလည်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် နားလည်တော့ ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား) သေတဲ့တရားက (သမုဒယသစ္စာပါ ဘုရား) နောက်ထပ်မပေါ်တဲ့ တရားက (နိရောဓသစ္စာပါ ဘုရား)။

ဦးမာဒင် သိပ်ကိုင်တယ် (မှန်ပါ့) သိပ်အဖိုးတန်သွားပြီ (မှန်ပါ့) သိပ်ကို အဖိုးတန်သွားပြီ ဒကာ ဒကာမတို့၊ ဪ ဒါ ဘယ်သူ့မူတည်ပြလိုက်လို့ သစ္စာတွေ ထွက်လာပါလိမ့်မတုံးဆိုတာ ဒကာသစ် အကဲခတ်စမ်း(ပဋိစ္စသမုပ္ပါဒ် မူတည်ပြလို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် မူတည်ပြလိုက်တယ် (မှန်ပါ့)။

လည်ပုံရော၊ ဖြတ်ပုံရောပြပါဦးမယ်

ဒါ့ကြောင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကို လည်ပုံရော၊ ဖြတ်ပုံရောပြပါဦးမယ် (မှန်ပါ့) လည်ပုံ ဖြတ်ပုံ ပြပြီးတဲ့ အခါကျတော့မှ ခင်ဗျားတို့ အိမ်မှာထားဖို့ ပဋိစ္စသမုပ္ပါဒ်ကတ်ကြီးတစ်ခုကိုတဲ့ ဘုန်းကြီး ဒကာကြီးများက ခင်ဗျားတို့ကို ပူဇော်ပသရအောင် ဓမ္မပူဇာအဖြစ်နဲ့ ဝေလိမ့်မယ် (မှန်ပါ့) ဝေတဲ့အခါလည်း နားလည်ပြီးမှ ဝေမှာ (မှန်ပါ့) နားမလည် ဘဲနဲ့ဆိုရင်ဖြင့် နားလည်အောင်လည်း ဘုန်းကြီးက ပြမှာပါပဲ (မှန်ပါ့) ပြပြီးတော့မှ ဟောဒါက သံသရာလည်လမ်း (မှန်ပါ့) ဟောဒါက သံသရာ ဖြတ်ခန်းဆိုတာ ခင်ဗျားတို့ ရှင်းလင်းပြီးလို့ရှိရင် အိမ်မှာ ဪ ငါ့ဖြစ်စဉ်က ရှေး က ဖြစ်စဉ်က ဒါ၊ အခု ဆရာကောင်း သမားကောင်းနဲ့ ပေါင်းမိလို့ ဖြစ်စဉ်က ဒီဘက်က (မှန်ပါ့ ဘုရား) ဖြတ်လမ်း၊ လည်လမ်း နှစ်ခုပါပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒါ နေ့တိုင်း ပြသွားလိမ့်မယ်ဆိုတာလည်း အောက်မေ့တာပေါ့ (မှန်ပါ့) နားလည်ပြီးမှ ခင်ဗျားတို့ အိမ်မှာ ဓာတ်ပုံ မှန်နဲ့ထည့်ပြီး ကိုးကွယ်ဖို့ ဆည်းကပ်ဖို့ (မှန်ပါ့) ဪ သံဝေဂယူဖို့၊ သစ္စာတွေသိဖို့ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒီဟာ အသာထားပါဦးတဲ့၊ ဒကာ ဒကာမတို့ အဂ္ဂိဝစ္ဆဆုံးအောင် ပြောကြဦးစို့ (မှန်ပါ့)။

အဂ္ဂိဝစ္ဆက သူနားမလည်တော့ ဘုရားက ဘာတိုက်တွန်းလိုက်သတုံးဆိုတော့ ဒကာသစ် မှတ်မိပြီ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာ မင်း- ဆည်းကပ်ဦးတဲ့ (မှန်ပါ့) သူနားမလည်တော့ဘူးတဲ့၊ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးဆိုတာ သူနားမလည်တော့ပါဘူးလို့ မပြောဘူးလား (ပြောပါတယ်) အဲဒီတော့ ဘုရားက ဘယ်လိုအမိန့် ရှိပါလိမ့် (မင်းပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာ ဆည်းကပ်ဦးတဲ့)။

ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာ ဆည်းကပ်ပါဦးတဲ့ (မှန်ပါ့) ဒီနားမလည်တဲ့ဆရာတွေ ဆည်းကပ်နေလို့ရှိရင် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားတယ်ဆိုတာ မင်း နားမလည်ဘူး၊ နားမလည်ရင် မင်း ဥစ္ဆေဒဒိဋ္ဌိတဲ့ (မှန်ပါ့) ကဲ ဘယ်လောက် ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ကံကောင်း အကြောင်းသင့်ပါတယ်ဆိုတာ ချီးမြှောက်ပြောနေတာလား၊ ဒကာကြွယ် အမှန်ပြောနေတာလား (အမှန်ပြောနေတာပါ ဘုရား)။

ကဲ ဒါနဲ့ပဲ အဂ္ဂိဝစ္ဆသည်ကားလို့ ဆိုရင်ဖြင့် ကဲ ငါ ဥပမာကလေးနဲ့ မင်းနာမလည်ငြားသော်လည်း ပဋိစ္စသမုပ္ပါဒ် မင်း နားမလည်ငြားသော်လည်း နားလည်တဲ့နည်းနဲ့ ဥပမာကလေးနဲ့ ငါ မင့်ကို ဟောမယ်တဲ့ (မှန်ပါ့)။

ဥပမာကလေး နဲ့ ငါ ပြမယ်

သူ ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ဘူး (မှန်ပါ့) နားပင် မလည်ငြားသော်လည်း၊ နားလည်တဲ့ ဥပမာကလေး နဲ့ ငါ ပြမယ်ဆိုပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သနားတာနဲ့ ဒကာကြွယ်ရေ၊ ဒကာသစ်ရေ၊ ပြတော်မူတယ် (မှန်ပါ့ ဘုရား)။

ဟေ အဂ္ဂိဝစ္ဆ ဟော အရှေ့ဘက်မှာ မီးတွေ တောက်နေတယ်ကွာ မြင်ရဲ့လားဟေ့ ၊ မြင်ပါတယ် ဘုရား၊ မီးတွေတောက်နေတာ၊ အဲဒီမီးတွေဟာကွာတဲ့၊ အရှေ့ဘက်ကမီးဟာ ဘာတွေတောက်နေတာတုံးကွ ပြောစမ်းပါ ဦး (မှန်ပါ့) အို လောင်စာတွေ တောက်နေတာပေါ့ဆိုတော့ ဒါတော့ အဖြေရှင်းတယ် (မှန်ပါ့ ဘုရား)။

ဒီဒကာ ဒကာမတွေ မေးလိုက်လို့ရှိရင်လည်း အရှေ့ဘက်က မီးတွေဟာ ဘာတွေတောက်နေသတုံးဆိုရင် ဘယ့်နှယ်ပြောကြမလဲ (လောင်စာတွေ တောက်နေပါတယ် ဘုရား) လောင်စာတွေ လောင်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

အရှေ့ဘက်က မီးတွေဟာ ဘာဖြစ်နေသလဲ (လောင်စာတွေ လောင်နေပါတယ်) လောင်စာတွေ တောက်နေ တယ် (မှန်ပါ့ ဘုရား)။

ဪ လောင်စာတွေ တောက်နေတယ်ဆိုတာ ခင်ဗျားတို့ ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။

ဪ အခု ခင်ဗျားတို့ တရားနာနေတဲ့ ဒကာ ဒကာမတွေမှာလည်း ခန္ဓာကိုယ်ကြီးဟာ တရားနာရင်း မတ္တနဲ့ အိုပုံတွေ ထူးခြားတယ် (မှန်ပါ့) နာပုံတွေကော (ထူးခြားပါတယ်) ခိုင်ခံ့တယ်မတူဘူးနော် (မှန်ပါ့) နာပုံတွေ ကော (ထူးခြားပါတယ် ဘုရား) တိုးတက်လာတယ်ဆိုကြပါစို့ (မှန်လှပါ ဘုရား) သေခါနီးဖြစ်တာကော (တိုးတက်လာ ပါတယ် ဘုရား) ထင်ရှားလာတယ် (မှန်ပါ့) သေခါနီးဖြစ်တာလည်း (ထင်ရှားလာပါတယ် ဘုရား)။

ဪ အိုပုံထင်ရှား၊ နာပုံထင်ရှား၊ သေခါနီးဖြစ်တာ ထင်ရှားပြီး သကာလ နေတာ၊ ဟ ဘယ့်နှယ် ကြောင့်တုံးလို့ ဒကာကြွယ် မေးလို့ရှိရင်ဖြင့် ကိလေသာမီးနဲ့ ဇရာမီး ဗျာဓိမီးလောင်နေတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာမီးများ လောင်နေသတုံး (ကိလေသာမီးနဲ့ ဇရာမီး၊ ဗျာဓိမီး လောင်နေပါတယ် ဘုရား)။

ကိလေသာမီးဆိုတာကတော့ တခြားမဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ ဒီအထဲမှာ စိတ်ကလေး တောင်ရောက်၊ မြောက်ရောက် တရားထဲမှာ စိတ်မနေဘဲနဲ့ သားကလေး ခြင်ကိုက်တာ မောင်းပေးချင်၊ ကိုယ့်ကိုယ်ကိုယ်သနားလို့ ယပ်ကလေးခတ်ပေးချင်၊ ဒီ-ကိလေသာမီးက ဒီအထဲ ထတောက်သေးတာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

မူးတာနဲ့ ရှူဆေးကလေး ရှူပေးချင်ပေါ့ဗျာ (မှန်ပါ့) ဘာဖြစ်တာတုံး ဒီဥစ္စာ (ကိလေသာမီး ထမတောက်တာပါ ဘုရား) ကိလေသာမီး-ကိလေသာမီး၊ ခန္ဓာကြီးခင်လွန်းလို့ (မှန်ပါ့) ခန္ဓာကြီး ခင်လွန်းလို့ ကိလေသာမီးက တစ်ခါတည်း ထတောက်နေတာ၊ ဒါကိလေသာမီး တောက်တယ်လို့ ဒကာကြွယ်က သိချင်မှ သိတာ (မသိပါ) ခန္ဓာခင်လို့ လုပ်ရတာ (မှန်ပါ့) ခန္ဓာမခင်ရင် (မလုပ်ရပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိလေသာမီး တောက် တာ

ခင်ဗျားတို့ကော ကိုယ့်ဟာနဲ့ကိုယ် ဆေးကလေးတွေ၊ ဘာကလေးတွေကော ပါကြသေးသလား (ပါပါတယ်) ဒါတွေ တရားနာရင်းမတ္တ ဘုန်းကြီးက တစ်နာရီတည်းဟောတယ်၊ ဒီကြားမှာပဲ ခန္ဓာကိုယ်က ဖောက်ပြန်ပျက်စီးလာ တဲ့ အခါကျတော့၊ ဟင် သူ့ဒီလိုပစ်ထားလို့ မတော်ပါလား (မှန်ပါ့) ရှူဆေးကလေးအစ၊ လျက်ဆားကလေးအစ ပေးဦးမှ တော်မှာပါပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ်) အဲ ဒါ ဘာမီးတောက်တာတုံး (ကိလေသာမီး တောက် တာပါ ဘုရား)။

ကိလေသာမီးကို ဒကာ ဒကာမတို့ ရိပ်မိပလား (မှန်ပါ့) သူ့ခင်တဲ့ မီးထတောက်တယ် (မှန်ပါ့) ခင်တဲ့မီး ထတောက်တာနဲ့ ထပြီး ဝတ်ပြုလိုက်တယ် (မှန်ပါ့) ဝတ်ပြုလိုက်တယ်ဆိုကတည်းက ဒကာ ဒကာမတို့ ခင်လို့ပြုတာလား၊ မခင်လို့ပြုတာလား (ခင်လို့ပြုတာပါ) ခင်တာက ကိလေသာမဟုတ်လား (မှန်ပါ့) အပြုခံရတာက ခန္ဓာကြီး (မှန်ပါ့) ဪ ဒါဖြင့် ကိလေသာနဲ့ ခန္ဓာကြီးတွဲနေတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (ကိလေသာမီးနဲ့ ခန္ဓာကြီးတွဲနေပါတယ် ဘုရား)။

ဒါဖြင့် တရားနာနေကြတာ ဒကာ ဒကာမတွေ တရားနာနေတုန်းကျတော့ တရားသဘောကျနေတဲ့ အချိန်ကျ တော့ ကိစ္စမရှိဘူး (မှန်ပါ့) တရားနဲ့ နည်းနည်းကလေး ခန္ဓာက ဖောက်ပြန်တာ ပြင်းထန်လာတဲ့အခါကျလို့ရှိရင်ဖြင့် ခင်ဗျားတို့က ခန္ဓာကြီးကို အခွန်ဆက်ကြရတယ် (မှန်ပါ့) မဆက်ရဘူးလား (ဆက်ရပါတယ် ဘုရား)။

အင်း လျက်ဆားကလေးနဲ့ အခွန်ဆက်လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ယပ်တောင်ကလေးနဲ့ (အခွန်ဆက်ရပါတယ်) ပြီးတော့ နေရာရွှေ့ပြောင်းပြီး သကာလ (အခွန်ဆက်ရပါတယ် ဘုရား)။

ဪ ဘာဖြစ်လို့တုံးလို့မေးရင် ကိလေသာမီးကလောင်နေလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ခင်မီးလေ ဗျာ (မှန်ပါ့) ကိလေသာမီးဆိုတော့ ခင်ဗျားတို့က ရှုပ်နေတယ် (မှန်ပါ့) ခင်မီး (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကြီး ဘယ့်နှယ်တုံး (ခင်မီးပါ) ခင်လို့ သူ့စောင်းပေးလိုက်ဦးမယ်၊ သူ့ရွှေ့ပေးလိုက်ဦးမယ်၊ သူ့ဆေးတိုက် ပေးလိုက်ဦးမယ်၊ သူ့ကို ရှူဆေးကလေးနဲ့ပဲ ပူဇော်လိုက်ဦးမယ်၊ မလာဘူးလား (လာပါတယ်) ယပ်တောင်ကလေးနဲ့ ကော ပူဇော်လိုက်ဦးမယ် မလာဘူးလား (လာပါတယ်) ထူတဲ့အဝတ်ကလေး ပါးအောင် ခွဲပေးလိုက်ဦးမယ်ဆိုတာကော (လာပါတယ် ဘုရား) ပါးပြန်ရင်လည်း ထူအောင်ခြုံပေးလိုက်ဦးမယ်ဆိုတာကော (လာပါတယ် ဘုရား)။

ကိလေသာမီးနဲ့ ခန္ဓာကြီးနဲ့ တွဲနေတာ

ဪ တယ်လည်း ကိလေသာမီးနဲ့ ခန္ဓာကြီးနဲ့ တွဲနေတာကဖြင့် သေချာပြီ (သေချာပါပြီ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အဂ္ဂိဝစ္ဆပြန်ဆက်၊ ဪ ဒို့လည်း မီးတောက်နေတာပါလားဆိုတာ သိသွားပြီ (သိသွား ပါပြီ ဘုရား)။

အဂ္ဂိဝစ္ဆတဲ့ အရှေ့ဘက်မှာ မီးတောက်နေတာ မြင်ရဲ့လားကွ ဘုရားက မေးလိုက်တယ် (မှန်ပါ့) မြင်ပါ့ဘုရား တဲ့၊ အဲဒါ ဘာတောက်နေတာတုံးကွ၊ အို လောင်စာရှိလို့ တောက်နေတာတဲ့ (မှန်ပါ့ ဘုရား)။

ဘယ်လိုပါလိမ့်် (လောင်စာရှိလို့ တောက်နေတာပါ) ဒီမှာလည်း ခင်ဗျားတို့ ပြုစုနေရတာဟာတဲ့၊ ကိလေသာ မီး၊ ကိလေသာတွေနဲ့ ပူဇော် ပသပြီးနေရတော့ ဒကာ ဒကာမတို့ ကိလေသာက မီး၊ ခန္ဓာက လောင်စာ (မှန်ပါ့) ဒီလောင်စာကြီးပင်လျှင် ဒကာ ဒကာမတို့ အပူလောင်စာ၊ လောင်လွန်းနေရင် အအေးလောင်စာ ထည့်ပေးတယ် (မှန်ပါ့ ဘုရား)။

ရေငတ်လွန်းအားကြီးတော့ ဒကာ ဒကာမတို့ အပူတွေက သိပ်လောင်တယ် (လောင်ပါတယ်) တစ်ခါတည်း အပူဖြင့် မလောင်ပါနဲ့ အအေးကလေး ထည့်ပေးလိုက်မယ်ဆိုပြီး ရေကလေးထည့်ပေး၊ ရေကို အလောင်ခံတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ရေကလေးထည့်ပြီးတော့ (အလောင်ခံပါတယ်) ရေအလောင်ခံတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာကြီးက ဒကာ ဒကာမတို့ ထင်းသဘောနဲ့ ထပြီး သကာလ ထူထူထဲထဲ ချွေးတွေ၊ သံတွေလာမယ်ဆိုရင်ဖြင့် ခင်ဗျားတို့က အပူလောင်စာကို အသာချိတ်ထားပြီး သကာလ ရေကလေးထည့်ပေးတယ် (ထည့်ပေးပါတယ်) အအေး လောင်စာကလေး ဘာလုပ်ပေးရသလဲ (ထည့်ပေးရပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ဖြင့် ကိလေသာကျွန်ပဲ (မှန်ပါ့) ကိလေသာက မခံမရပ်နိုင်ဘူး၊ ဒါထည့် ပေးပါဆိုတာနဲ့ ခင်ဗျားတို့က ဘာလုပ်ကြရသလဲ (ထည့်ပေးရပါတယ် ဘုရား)။

ကိလေသာကျွန်

ဪ ကျွန်များ ပီလိုက်တာ ဒကာ ဒကာမတို့ တရားနာနေတော့ တရား၏ ကျွန်များဖြစ်မလား အောက် မေ့တယ်၊ တစ်ခါတည်း ကိလေသာကျွန် ဝင်ခံလိုက်ရသေးတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ကိလေသာ ကျွန်ဝင်ခံရပါသေးတယ် ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လောင်စာနဲ့မီး တွဲလျက်ကြီးဟာ ဒီတရားတစ်ပွဲလုံး ဆိုလို့ရှိရင်ကော (မလွဲပါ) မလွဲဘူးဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဪ လောင်မီးက ကိလေသာ၊ လောင်စာက ခန္ဓာ (မှန်ပါ့ ဘုရား)။

လောင်မီးက (ကိလေသာပါ) လောင်စာက (ခန္ဓာပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆုတောင်းပြည့်လိုက်တာ၊ မီးပြိတ္တာဖြစ်ရပါလို၏၊ အမြဲတမ်း လောင် ကျွမ်းနေရပါလို၏ဆိုတဲ့ ဆုတောင်းကြီးဟာဖြင့် လှလှကြီး ပြည့်နေပြီ (ပြည့်နေပါပြီ) မပြည့်သေးဘူးလား (ပြည့်ပါတယ် ဘုရား)။

အမြဲတမ်း လောင်ကျွမ်းနေရပါလို၏ ဆိုတဲ့ ဆုတောင်းကြီးဟာ လူ့ဘဝရရပါလို၏ထဲမှာ ပါလာတယ် (မှန်ပါ့) နတ်ဘဝ ရရပါလို၏ထဲမှာ (ပါလာပါတယ် ဘုရား)။

ဒကာကြွယ်ရေ- ဒီလောင်စာနဲ့ မီး မသိတာနဲ့ ကျုပ်တို့ တောင်းချင်သလို တောင်းချလိုက်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် လောင်စာနဲ့ မသိတာနဲ့ တောင်းချင်သလိုတောင်းထားတော့ အခု ပြည့်ချင်သလို ပြည့်နေတော့ ခင်ဗျား တို့ ခံနိုင်ရည်ရှိရဲ့လား (မရှိပါ ဘုရား)။

မရှိဘူးတဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) ဦးမာဒင်တို့ မသိမှု သိပ်ဆိုးပါကလား (ဆိုးပါတယ်) ကြည့်စမ်း သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာတွဲလျက် ဖြစ်ရပါလို၏ (မှန်ပါ့ ဘုရား)။

သမုဒယသစ္စာနဲ့ (ဒုက္ခသစ္စာ တွဲလျက်ဖြစ်ရပါလို၏) တွဲရပါလို၏၊ သမုဒယက မီး၊ ဒုက္ခက ထင်း (မှန်ပါ) ထင်းနဲ့ မီးတွဲရပါလို၏ (မှန်ပါ့) တောင်းကောင်း၊ မတောင်းကောင်း (မတောင်းကောင်းပါ) အဲဒါ သစ္စာမသိတာ (မှန်ပါ ဘုရား)။

သမုဒယသစ္စာလည်း မီးလို့ သူမသိဘူး (မသိပါ) ဒုက္ခသစ္စာလည်း ထင်းလို့ (မသိပါ ဘုရား)။

ဟာ ဒကာသစ်တို့ဖြင့် အခုတော့ မသိသလိုပဲ အကျိုးပေးနေလိုက်တာ ဘယ့်နှယ်တုံး၊ တစ်နေရာတည်းကို ထိုင်လို့၊ ထလို့ ဖြစ်ကြသေးရဲ့လား (မဖြစ်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတို့ ဟိုစောင်း၊ ဒီရွဲ့၊ ဟိုနောက်ဆုတ်၊ ဒီရှေ့တိုးနဲ့ ခွေးနေရာမရသလို (မှန်ပါ့) ဟ ဘာဖြစ်တာတုံးမေးတော့မှ အို လောင်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့ဘုရား (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာဖြစ်တာပါလိမ့် (လောင်လွန်းလို့ပါ ဘုရား)။

လောင်လွန်းလို့ ဒကာ ဒကာမတွေ နေမြဲတိုင်း နေရာမှာပဲ နေလို့ရရဲ့လား (မရပါ ဘုရား) ဘာဖြစ်ကြတာတုံး (လောင်လွန်းလို့ပါ ဘုရား)။

လောင်မီးက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) လောင်စာက (ဒုက္ခသစ္စာပါ ဘုရား)။

ဪ တပည့်တော်တို့ဖြစ်စဉ် အရှင်ဘုရား မြင်တဲ့အတိုင်း တပည့်တော်တို့ ဆုတောင်းမှားကြီး၊ ဟာ ယခုအပြည့်ကြီး ပြည့်နေလို့ ဘယ်ခွေးနေရာမရ ဖြစ်ပါပေါ့လား (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ခွေးနေရာမရ

ခွေးနေရာမရဆိုတော့ ဒကာ ဒကာမတွေက ကြမ်းလိုက်တာလို့များ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား) မဆိုနဲ့ မဆိုနဲ့ အတူတူပဲတဲ့၊ ခင်ဗျားတို့ ဟိုအရိပ်သွားထိုင်လည်း ဒီနေရာမဟုတ်သေးပါဘူး (မှန်ပါ့) ဟိုနေပူဘက် သွားပြန်တော့ကော (မဟုတ်သေးပါ ဘုရား) ဒီနေရာလည်း မဟုတ်သေးပါဘူးဆိုပြီး မဟုတ်သေးတာနဲ့ ရွှေ့နေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) တိုက်ကလေး တည်နေပြန်တော့လည်း နောင်ကျတော့ တိုက်ခိုးပြန်လို့ မဟုတ်သေး ပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုတွေ ခင်ဗျားတို့သည်ကားလို့ဆိုရင် နေ့လယ်ကျပြန်တော့လည်း အထဲခိုနေတယ်၊ အင်း ဒီလိုခိုနေလို့ လည်း မဖြစ်သေးပါဘူးလေ၊ စားဖို့၊ သောက်ဖို့က အရေးကြီးသေတယ်၊ ခိုရာက ထွက်ပြေးတာပဲ (မှန်ပါ့)။

ဒါ့ကြောင့် ဘုန်းကြီးက ပြောတယ်၊ တိုက်တည်တာ နေမလို့လားလို့ မေးတဲ့အခါကျတော့ ဒကာကြွယ် နေချိန်နဲ့ မနေချိန် ဘယ်ဟာက များသလဲ (မနေချိန်က များပါတယ်) နို့-နေဖို့ ဆောက်တယ်ဆို (မှန်ပါ့) အပြောပေါ့ ဘုရား၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကဲ ဒါဖြင့် နေဖို့ဆောက်တာ မဟုတ်ပါဘူးတဲ့၊ ကိလေသာ မီးလောင်တာနဲ့ ထွက်ထွက်ပြေးရတယ် (မှန်ပါ့)။

ကိလေသာမီးလောင်တာနဲ့ (ထွက်ထွက်ပြေးရပါတယ်) ထွက်ပြေးရတယ်ဆိုတော့ တစ်ခါတလေများ မနက် ကတည်းက ထွက်ပြေးလိုက်တာ နေဝင်မှ ပြန်ရောက်တယ် (မှန်ပါ့) ဟ ဘာဖြစ်လို့ တိုက်ဆောက်ထားတာ မနေ ပါလိမ့် (ကိလေသာမီးလောင်လို့ပါ ဘုရား) ကိလေသာမီးလောင်တာ ထွက်ပြေးရတယ် ဘုရာ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

သူ့များ ပူဇော်လိုက်သေးတယ်

ကိလေသာသည် ချမ်းသာအေးမြတဲ့ဆီမှာ နေစေချင်သလား၊ ပင်ပန်းတာကြိုက်သလား (ပင်ပန်းတာ ကြိုက်ပါ တယ် ဘုရား) ခင်ဗျားတို့က ပင်ပန်းကျိုးနပ်တယ်များ သူ့များ ပူဇော်လိုက်သေးတယ် (မှန်ပါ့) အမယ်လေး ဒုက္ခ ပါလား ဒကာ ဒကာမတို့ (မှန်ပါ့)။

အင်း သူက အပြေးခိုင်းလို့ ပြေးလိုက်ရလို့ ဒီနေ့ငွေကလေး သောင်း၊ ကိုးထောင်ရလာတယ်ဆိုတော့ ပင်ပန်းကျိုးနပ်တယ် (မှန်ပါ့)။

ခိုင်းတဲ့လူက တိုက်ထဲလည်း မနေနဲ့၊ ကားလည်း မစီးနဲ့၊ ခြေလျင်ပြေး (မှန်ပါ့) အပြန်မောလာတဲ့အခါ ကိလေသာ က ပြန်ချော့လိုက်တယ်၊ မင်း ပင်ပန်းတာ ပင်ပန်းတယ် မအောက်မေ့နဲ့ ကံတက်လာတာ (မှန်ပါ့) အမယ်လေး ကြောက်စရာကြီး၊ ဟိုမှာဖြင့် လျှာထွက်နေပြီ သူက ကံတက်တုန်း ရှိသေးတယ် (မှန်ပါ့) ရိပ်မိပလား ဒကာကြွယ်တို့ (ရိပ်မိပါပြီ) အတော်မဆိုးဝါးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒီမှာ ဒကာ ဒကာမတွေကလည်း မရိပ်မိတော့ ဪ ကိလေသာ လိမ်လည်မှုကို နည်းနည်းမှ မပါး တာဟာ ဒကာ ဒကာမတို့ အတော်အရုပ်ဆိုးနေတယ်ဆိုတာ မပြောသင့်ဘူးလား (ပြောသင့်ပါတယ်) ဒကာသစ်တို့ မပြောသင့်ဘူးလား (ပြောသင့်ပါတယ် ဘုရား) ဒကာသစ်ကော ရှင်းပလား (ရှင်းပါပြီ) သို့သော်လည်း ရှင်းတယ်ဆိုတာ လိမ်လည်ခံဦးမှာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လိမ်ရင်တော့ဖြင့် (ခံရမှာပါ) တစ်နေ့ ဘယ်နှစ်ခါ လိမ်သတုံး၊ လိမ်တော့ ဟာ လိမ်ပြန်ပြီလို့ ဒီလိုများ ခင်ဗျားတို့က တော်လှန်ဖူးရဲ့လား (မတော်လှန်ဖူးပါ ဘုရား) ကျွန်တော်မျိုး ပီပါပေ့ဗျာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာပီတာပါလိမ့် (ကျွန်တော်မျိုး ပီပါတယ် ဘုရား) ကျွန်တော်မျိုး ပီတယ်ဆိုတာ အတော်ဆိုးနေပြီ (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အဂ္ဂိဝစ္ဆကို ဒကာ ဒကာမတို့ ဟေ့ အရှေ့ဘက်က မီးမြင်ရဲ့လားလို့မေးတော့ ဒကာသစ် ဘယ့်နှယ်ဖြေသတုံး (မြင်ပါတယ် ဘုရား)။

ဟ ဘာတွေ တောက်နေတာတုံးလို့ ဘုရားက မေးပြန်တော့ ဘာတုံး (လောင်စာတွေတောက်နေတာပါ ဘုရား) လောင်စာတွေ တောက်နေတယ်ဘုရာ့၊ လောင်စာတွေ တောက်နေတယ်ဆိုတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ကျုပ်တို့လည်း အငြိမ်မနေတာဟာ ဘယ့်နှယ်ကြောင့်တုံးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) လောင်စာတွေ တောက်နေတဲ့ အတွက် အငြိမ်နေရဲ့လား (မနေပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ကဲ ကွာတဲ့၊ ဒီဥစ္စာ အဲဒီလောင်စာတွေ တောက်နေတာ ရှိပါစေတော့၊ ဒီဟာတွေကို နောက်မီးစာ မထည့်လို့ရှိရင် ဘယ့်နှယ်တုံးကွာတဲ့၊ ဘယ့်နှယ်ဖြေကြမလဲ (မီးငြိမ်းပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ တဏှာ ဥပါဒါန်တည်းဟူသော တရားတွေ နောက်ထပ်မဖြစ်လို့ရှိရင် သူက မီးထည့် သမား၊ ဒီခန္ဓာလာပါဦးမလား (မလာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

မီးထည့်သမား သိမ်းသွားတော့

မီးထည့်သမား သိမ်းသွားတော့ (မီးငြိမ်းသွားပါတယ်) သဘောကျပလား (ကျပါပြီ)။

အခုတော့ ဒကာ ဒကာမတွေက တဏှာဥပါဒါန်၊ အင်း- ဒီဘဝတွင် ကောင်းစားလို့ မတော်သေးဘူး၊ ဘဝကူး ကလေး ကောင်းအောင် ဒါနသီလတွေလည်း ဝဋ္ဋဒါနတွေ လုပ်ဦးမှပဲဆိုပြီး သကာလ မီးစာတွေ ရှာထည့်တယ် (မှန်ပါ့) ထည့်တဲ့အခါကျတော့ နောက်ဘဝကျတော့ လူခန္ဓာ ကိလေသာမီးနဲ့တွဲလျက် ကြီးမလာဘူးလား (လာပါတယ် ဘုရား) အဲဒါကြောင့် ဝဋ္ဋဒါန၊ ဝဋ္ဋသီလတွေရှောင်ပါ (မှန်ပါ့) ဝိဝဋ္ဋဒါန၊ ဝိဝဋ္ဋသီလတွေတော့ လုပ်ကြပေါ့ဗျာ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မီးထည့်သမားက ကိလေသာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

မီးထည့်သမားက (ကိလေသာပါ ဘုရား) ဒီလိုမဆိုနဲ့၊ မီးလောင်သမားက ကိလေသာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လောင်တဲ့ထင်းက ခန္ဓာ (မှန်ပါ့) မီးထည့်သမားက ကံ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မီးက ကိလေသာနော် (မှန်ပါ့) ခန္ဓာက (ထင်းပါ ဘုရား) ခန္ဓာက လောင်စာ (မှန်ပါ့) မီးက (ကိလေသာပါ) ခန္ဓာက (လောင်စာပါ) မီးထည့်သမားက (ကံပါ ဘုရား)။

ဪ သူမကုန်သ၍ ကာလပတ်လုံးဖြင့် နတ်ပြည်သွားထည့်လိုက် (မှန်ပါ့) သွားလောင်ကွ (မှန်ပါ့) ဗြဟ္မာပြည်ထည့်လိုက်ပြန်ကော (သွားလောင်ကွ) ကံက အလောင်ခိုင်းတာပဲ (မှန်ပါ့)။

ဒါဖြင့် ကံက မီးထည့်သမားသက်သက် ဖြစ်မနေဘူးလား (ဖြစ်နေပါတယ်) ခင်ဗျားတို့ကလည်း သူ့ကိုပဲ ဪ ကံအမိ၊ ကံအဖပဲ၊ သူထည့်ပေးလို့ လောင်ရပေတယ် (မှန်ပါ့) ဖြစ်မှ ဖြစ်ရပလေ (မှန်ပါ့) ရိပ်မိပလား ဒကာကြွယ်ရ (ရိပ်မိပါပြီ ဘုရား)။

ကံအမိ-ကံအဖ သူထည့်ပေးလို့ ဘာတဲ့ (လောင်ရပါတယ်) ဒါ- ဒီနေ့မှ ရိပ်မိတာကိုး (မှန်ပါ့) နဂိုရ်ကတော့ သူ့ကို “မာတာပိတုဂုဏော အနန္တော”ထဲ ထည့်ထားတယ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာကမီး၊ ခန္ဓာကလောင်စာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာက ဘာတဲ့ (မီးပါ ဘုရား) ခန္ဓာက (လောင်စာပါ ဘုရား) ထည့်ပေးနေတာက (ကံပါ ဘုရား) မီးကိုမပြတ်အောင် ထည့်ပေးနေတာက ကံ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကိလေသာလည်းမကုန်၊ ကံလည်းမကုန်၊ ခန္ဓာလည်းမကုန်ရင်ဖြင့် ထည့်ပေးသမားကလည်း အဆင်သင့်၊ လောင်တတ်တဲ့ မီးကလည်း အဆင်သင့် (မှန်ပါ့) ထင်းကလည်း (အဆင်သင့်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တစ်သံသရာလုံးမှာ ဘာများလုပ်နေကြသတုံးဆို အို ထင်းကုန်ထင်းထည့်၊ မီးကုန် မီးရှာမွှေးတယ် (မှန်ပါ့) တပည့်တော်တို့က ဒီအလုပ်ကို အရေးတကြီးလုပ်လာခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ် ယနေ့ ရှင်းပါပြီ (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးတာက ကိလေသာလည်း သိမ်းပါမှ (မှန်ပါ့) ခန္ဓာလည်း (သိမ်းပါမှပါ ဘုရား) ကံကော (သိမ်းပါမှပါ ဘုရား) ဒီသုံးခု မသိမ်းသ၍ ကာလပတ်လုံး ထင်းထည့်သမားလည်း မသေ၊ မီးလည်း မငြိမ်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ထင်းကလည်း မကုန်တော့ဘူးဆိုရင်ဖြင့် ခင်ဗျားတို့ သုံးဆယ့်တစ်ဘုံမှာ ဖြင့် မီးပြိတ္တာအဖြစ်နဲ့ လည်ကြပေတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဆုံးအောင် မဟောနိုင်ဘူး၊

နက်ဖြန်မှ ဆက်ကြဦးစို့။

သာဓု သာဓု သာဓု။