အပြစ်ကင်းသော သေခြင်းအကြောင်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
မေတ္တာသုံးချက် ထားရတယ်
တရားနာတာ သိပါစေဆိုတာလည်း ရှင်းလင်းအောင် ပြောပြနေတယ် (မှန်ပါ့)၊ သိရုံကလေးနဲ့ မပြီးနိုင်တဲ့ အတွက် ကျင့်နိုင်ပါစေဆိုတာကိုလည်း မေတ္တာသုံးချက် ထားရတယ် (မှန်ပါ့ ဘုရား)။
ဒီလိုဟောလို့ရှိရင်ဖြင့် ဒါတရားဟောတာဖြင့် ကောင်းသောဟောခြင်းပဲဆိုတာ မှတ်ကြပေတော့ (မှန်ပါ့ ဘုရား)။
ကိုယ်ကပြောလို့ရှိရင်လည်း မသိသေးတဲ့ပုဂ္ဂိုလ် ပြောခဲ့လို့ရှိရင်လည်း နားထောင်နိုင်ပါစေဆိုတာ ၁ နံပါတ် ပေါ့ဗျာ (မှန်ပါ့)၊ နားထောင်ပြီးသကာလ သိပါစေဆိုတာ ၂ နံပါတ် (မှန်ပါ့)၊ မသိလို့ စိတ်မဆိုးပါနဲ့တဲ့ မသိ-သိအောင် ပြောပါ (မှန်ပါ့)၊ သိပြီးသည်၏ အခြားမဲ့၌ သိရုံနဲ့ မင်းမပြီးသေးဘူး ဟေ့ ကျင့်ပါဦးကွဆိုတာလည်း ပြောပေးကြပါ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် အားလုံးသော ဒကာ ဒကာမတွေ ယနေ့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် မနေ့က ပုဏ္ဏသုတ်ကို ဆက် ဟောလို့ရှိရင် ရပါတယ်တဲ့ အလုပ်တရားတွေက မပါတော့ဘူး (မှန်ပါ့)၊ ဒါ့ကြောင့် မန်းစက်တော်ခြေတော်ရာပဲ ပြန် ပြောရမလိုဖြစ်နေလို့ ဒီနေ့ ဆန္ဒသုတ်ကို ပြောင်းပါတယ် (မှန်ပါ့ ဘုရား)။
အဲဒီမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပြောတာ တစ်လုံးတည်းနဲ့ ဒကာကြွယ်၊ ဦးလှဘူး သိပ်မိတယ်နော် (မှန်ပါ့)၊ သာရိပုတ္တရာ မင်းမှတ်ထားစမ်းပါကွာတဲ့ အရေးကြီးတဲ့အချက်ကလေးတစ်ခုကို (မှန်ပါ့)၊ ဘုရားက ရှင်သာရိပုတ္တရာကို အမိန့်ရှိတယ် (မှန်ပါ့)၊ သတ္တဝါတစ်ဦးတစ်ယောက်ဟာ ခန္ဓာရရင် သေရမှာပဲတဲ့ (မှန်ပါ့)၊ သေပြီး သကာလ နောက်ခန္ဓာမရတဲ့သေနည်းဟာ အပြစ်အကင်းဆုံးနည်းဟေ့လို့ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
နောက်ခန္ဓာ မရတာ အပြစ်အကင်းဆုံး
သေတော့ သေရမှာပဲ၊ သေပြီး နောက်ခန္ဓာ မရတာ အပြစ်အကင်းဆုံးပဲ (မှန်ပါ့ ဘုရား)။
အပြစ်အကင်းဆုံးပဲဆိုသဖြင့် ဒကာ ဒကာမတို့ ဘုရားက ဆန္ဒသုတ်မှာပဲ သေသေချာချာ ရှင်သာရိပုတ္တရာကို မှာနေတော့ သာရိပုတ္တရာ သေနည်းအကောင်းဆုံးဟာ ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာမရတာ အပြစ်ကင်းတာပဲဟေ့ (မှန်ပါ့ ဘုရား)။
အဲဒါ အကောင်းဆုံးသော သေခြင်းလို့ဆိုတော့ ဒကာသစ်ရေ ဒါဟာ ဘုရားဟောပဲနော် (မှန်ပါ့)၊ အဲဒီဘုရား ဟောကို ဒကာ ဒကာမတွေက သိထားတော့မှ ဪ- ငါတို့ ရှေးကလွဲခဲ့တယ်နော် (မှန်ပါ့)၊ ဘယ်လိုများ လွဲခဲ့ပါလိမ့် မတုံးဆိုတော့ ဒီခန္ဓာစုတေမနေ သေလွန်လို့ရှိရင်ဖြင့် နောက်ဘဝလူပြန်ဖြစ်ချင်, နတ်ဖြစ်ချင်, ဗြဟ္မာဖြစ်ချင်ဆိုတာ တွေက မလာကြပေဘူးလား (လာကြပါတယ်)၊ အပြစ်သင့်အောင် လုပ်တာ (မှန်ပါ့ ဘုရား)။
ဒါဟာ အပြစ်သင့်အောင်လုပ်တာ ဒကာ ဒကာမတို့ အခု ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရှင်သာရိပုတ္တရာ ဟောလိုက်တာကို နားထောင်ကြည့်ပါ ဒီခန္ဓာ ပယ်ချပြီး စွန့်ပြီးတော့ နောက်ခန္ဓာမရတာဟာ အပြစ်ကင်းတာပဲ အဲဒါအကောင်းဆုံးပဲတဲ့ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီခန္ဓာရပြီး နောက်ခန္ဓာမရတဲ့အလုပ်ဟာ ဘာပါလိမ့် (အပြစ်အကင်းဆုံးပါ)၊ အပြစ်အကင်းဆုံး အကောင်းဆုံးအလုပ်လို့ ဒကာ ဒကာမတွေ ဉာဏ်မလွဲပါနဲ့နော် (မှန်ပါ့)၊ ဉာဏ်မလွဲပါနဲ့ဆိုတာ ဒကာကြွယ်ရ အထူးပဲ သတိပေးရတယ် (မှန်ပါ့)၊ မပေးသင့်ဘူးလား (ပေးသင့်ပါတယ်)။
ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာရရင်
ဒီဉာဏ်လွဲသွားလို့ရှိရင် ကိုယ်ကျိုးနည်းပေါ့လို့ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ အခု ဘုရားဟောတာက ဒီခန္ဓာပစ်ချပြီး ဟိုခန္ဓာမရလို့ရှိရင်ဖြင့် ဒါအပြစ်ကင်းတာပဲကွတဲ့ (မှန်ပါ့)၊ ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာရရင် အကြီးဆုံးသော အပြစ်သင့်တာပဲကွ (မှန်ပါ့)၊ ဒီလိုဟောတာကို သေသေချာချာနာတော့မှ ဪ-ခန္ဓာဆိုတဲ့ဥစ္စာ ဒုက္ခသစ္စာမို့ ဘုရားက ဒုက္ခရောက်မှာ စိုးရှာတာကို (မှန်ပါ့)၊ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။
နောက်ခန္ဓာရရင် ဇာတိက စ,ရမှာကိုး (မှန်ပါ့)၊ ဇာတိ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ အဲ-ဒုက္ခသစ္စာထဲနေပြီး ဒုက္ခသစ္စာပြန်ရလို့ရှိရင် အမြတ်မရတဲ့အပြင် အရှုံးထွက်တယ်လို့ ဆိုလိုက်ရင်လည်း မလွဲပါဘူး (မလွဲပါ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခန္ဓာ ပယ်ချပြီး ဟိုခန္ဓာ မရတဲ့အလုပ်ကိုဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုမှာပါလိမ့် (လုပ်ဖြစ်အောင် လုပ်ပါ)၊ လုပ်ဖြစ်အောင် လုပ်ပါဆိုတာ မသိတဲ့ပုဂ္ဂိုလ် များလည်း ဆရာပြောတာမှတ်၍ ဘုရားဟောတော်မူတာကို သဘောကျပြီးသကာလ ကဲ-ဒါပဲလုပ်ပေးတော့မယ်၊ ဒီခန္ဓာ စွန့်ပစ်ပြီး နောက်ခန္ဓာ မရတဲ့အလုပ်ပဲ နိုးနိုးကြားကြားနဲ့ ကြိုးကြိုးစားစား လုပ်ပါတော့မယ်ဆိုတဲ့စိတ်ကိုဖြင့် ဒကာ ဒကာမတို့ ကိုယ်မသိငြားသော်လည်း ဘုရားဟောကို အမှန်လို့ ဆုံးဖြတ်ချက်ချပြီး ဒကာသစ်ရေ မရရအောင်သာ လုပ်တော့ (မှန်ပါ့)၊ ဒီခန္ဓာချပြီး နောက်ခန္ဓာမရတဲ့ အလုပ်သာ လုပ်တော့မဟေ့ (မှန်ပါ့)၊ နောက်ခန္ဓာမရတဲ့ အလုပ် ကိုပဲ အားလုံး အရယူကြပါတော့ဆိုတာ ပြောလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
ဒါဟာ ဘုရားက ရှင်သာရိပုတ္တရာကို ဟောတာ ဆန္နသုတ်မှာ ဟောပါတယ် (မှန်ပါ့)၊ ဥပရိပဏ္ဏာသပါဠိတော် ဆန္နသုတ်မှာ ဟောပါတယ်ဆိုတာ ဦးလှဘူး မှတ်မိပြီနော် (မှတ်မိပါပြီ)၊ ပါဠိတော်ဆိုတာ ဘုရားကိုယ်တော်တိုင် နှုတ် တော်က ဖွင့်ဟဟောတာပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ တိမ်းစရာ စောင်းစရာမရှိ၊ နှစ်ခွန်းသောစကား မပြောဘဲနဲ့ တစ်ခွန်းနဲ့ အမှန်ပြောတဲ့ ကိုယ်တော် မြတ်ကြီးကိုးဗျ (မှန်ပါ့)၊ နှစ်ခွဖြစ်တဲ့စကားကို ဘယ်တော့မှ မပြောဘူး (မှန်ပါ့ ဘုရား)။
တစ်ခွန်းတည်းနဲ့ အမှန်ပြောတတ်တဲ့ ကိုယ်တော်ကြီး
တစ်ခွန်းတည်းနဲ့ အမှန်ပြောတတ်တဲ့ ကိုယ်တော်ကြီးက ဒီခန္ဓာပစ်ချပြီးနောက် ခန္ဓာမရလို့ရှိရင် အပြစ်အကင်း ဆုံးပဲ အကောင်းဆုံးသော သေခြင်းပဲတဲ့ (မှန်ပါ့)၊ ဒကာကြွယ် မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
ဘယ်လိုများ မှတ်မိကြပါလိမ့် (နောက်ခန္ဓာ မရလို့ရှိရင် အပြစ်အကင်းဆုံး အကောင်းဆုံးသော သေခြင်းပါ)၊ အကောင်းဆုံးအလုပ်ပဲဆိုတာ ကျေကျေနပ်နပ် သဘောကျကြပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးများက ဘုရားအလိုတော်ကျ ဖြည့်စွက်ပါဦးမယ်ဆိုတော့ ဒကာကြွယ်တို့အပေါ်မှာ ခွက်ကလေးနှစ်ခု ချထားတယ်၊ ဒီဘဝမှာ နောက်ဆုံးပိတ် ဒုက္ခသစ္စာ ဘာပါလိမ့်မတုံးလို့ဆိုတော့ စုတိစိတ် (မှန်ပါ့)၊ စုတိစိတ်ဆိုတာ သေတဲ့စိတ်ပေါ့ဗျာ (မှန်ပါ့)၊ ဒီစိတ်ပြီးရင် ဒီဘဝမှာဖြင့် ကုန်ရော (မှန်ပါ့ ဘုရား)။
အဲဒီတော့ စုတိ စဝနတာ၊ စုတိဆိုတာ သေတာ၊ စဝနဆိုတာ သေသည်၏အဖြစ်ပါပဲ၊ အဲဒီတော့ ဒါ-မရဏ လို့ ခေါ်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မရဏမ္ပိ (ဒုက္ခံပါ ဘုရား)။
ဪ ဒီဘဝမှာ ကျုပ်တို့ နောက်ဆုံးပိတ် ဘာနဲ့ နိဂုံးချုပ်ရပါလိမ့်မတုံးဆိုတော့ ဒုက္ခသစ္စာနဲ့ နိဂုံးချုပ်ရ မယ် (မှန်ပါ့ ဘုရား)။
နောက်ဆုံးပိတ် ဘာနဲ့ နိဂုံးချုပ်ရသလဲ (ဒုက္ခသစ္စာနဲ့ နိဂုံးချုပ်ရပါတယ်)၊ ဒုက္ခသစ္စာနဲ့ နိဂုံးချုပ်ရတယ်ဆိုတာ သေချာတယ် (မှန်ပါ့ ဘုရား)။
ကိုင်း-ဒါဖြင့် စုတိက အနန္တရပစ္စည်း၊ ပဋိသန္ဓေက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် (မှန်ပါ့)၊ အနန္တရပစ္စယော အခြားမရှိမူ၍ ကျေးဇူးပြုတယ်လို့ ပဋ္ဌာန်းပါဠိတော်များမှာ ဟောထားပြန်တော့ စုတိပဋိသန္ဓေ မလာဘူးလား (လာပါ တယ် ဘုရား)။
ပဋိသန္ဓေဆိုတာ ‘ဇာတိသဉ္ဇာတ်ဩက္ကန္တိ အဘိနိဗ္ဗတ္တိခန္ဓာနံပါတုဘာဝေါ၊ အာယတနာနံ ပဋိလာဘော၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဇာတိ’ သတိပဋ္ဌာန် ပါဠိတော်ကလည်း မလာလား (လာပါတယ် ဘုရား)၊ အဲဒါတွေထောက်ပြန်တော့ ဘာသစ္စာတဲ့ ပဋိသန္ဓေက (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာပြီး ဒုက္ခသစ္စာကို ပြန်ရမှာ ဘုရားသိပ်စိုးရိမ်ပါလား (မှန်ပါ့)၊ အဲဒါအကြီးဆုံးသော အပြစ်သင့်တာပဲကွာလို့ ဟောတာ ဒကာသစ် မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
စုတိပြီးရင် ပဋိသန္ဓေမလာတာဟာ အကောင်းဆုံး
ဪ ဒါကြောင့် ဘုရားသည် ရှင်သာရိပုတ္တရာကို ဒီခန္ဓာပစ်ချပြီး ဟိုခန္ဓာမရတဲ့ သေခြင်းဟာ အကောင်း ဆုံးပဲဆိုတော့ စုတိပြီးရင် ပဋိသန္ဓေမလာတာဟာ အကောင်းဆုံးပဲလို့ ဟောတော်မူတာပဲ (မှန်ပါ့)။
ဘယ်လိုများ ဟောပါလိမ့် (စုတိပြီး ပဋိသန္ဓေမလာတာ အကောင်းဆုံးပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဟောပါလိမ့်မတုံးလို့ ကျုပ်တို့က ဖွေရှာစိစစ်ပြီး ဝေဖန်လိုက်တော့မှ စုတိနှင့်ပဋိသန္ဓေဟာ လည်း အနန္တရ အခြားမရှိမူ၍ ကျေးဇူးပြုတာ သေချာပြီးသကာလ နေပြန်တော့ ဒီပဋိသန္ဓေဟာလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခပြီး ဒုက္ခဆက်တာကို ကိုယ်တော်မြတ်ကြီး များစွာမကြိုက်လို့ ဟောတာကိုး (မှန်ပါ့)။
ဒုက္ခပြီးဒုက္ခဆက်တာကို (များစွာမကြိုက်လို့ ဟောတာပါ ဘုရား)၊ ဒီလို သစ္စာကိုမသိတော့ သံသရာရှည်တယ်၊ ဒီဘဝ စုတေမနေ သေလွန်ရ၊ နောက်ဘဝမှာ လူကောင်း,နတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ ဟောဒီ ဇာတိ ဒုက္ခသစ္စာ ကြီး ကိုယ်ပိုင်ဖြစ်ရပါလို၏ (မှန်ပါ့)။
ဒီဇာတိဒုက္ခသစ္စာကြီးကို ကိုယ်ပိုင်ဖြစ်ရပါလို၏ဆိုတော့ ဒကာ ဒကာမတို့ ကျုပ်တို့က သိမ်းပိုက်ရမှာ မဟုတ် ပါဘူး (မှန်ပါ့)၊ နင်နေရစ်တော့လို့ ဆိုရမှာ (မှန်ပါ့)။
ဘယ်လိုပါလိမ့်ဗျာ (နင်-နေရစ်တော့လို့ ဆိုရမှာပါ ဘုရား)၊ နင်-နေရစ်တော့လို့ ဆိုရမှာပါ၊ အခု ကျုပ်တို့က ဆုတောင်းယူနေရင် သိမ်းပိုက်ရာမရောက်လား (ရောက်ပါတယ် ဘုရား)။
ဪ ဒါသည်ကားလို့ဆိုရင်ဖြင့် လူလိမ္မာလို့ ဆိုကြမလား၊ လူမိုက်လို့ ဆိုကြမလား (လူမိုက်ပါ ဘုရား) ဒုက္ခလွတ်ရာသာ ရှာရမှာကိုးဗျ (မှန်ပါ့) ဒုက္ခသိမ်းပိုက်ချင်လို့ ရှိရင်ဖြင့် ဒကာသစ် သိပ်လွဲပြီ (လွဲပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရေးကြီးတဲ့ အချက်ကလေးတွေမှာ နာရီဝက်လောက် ပြောဆို နေတာ ဒကာသစ် လေရှည်တယ်လို့ မအောက်မေ့နဲ့နော် (မှန်ပါ့)။
ဇာတိကို သိမ်းပိုက်မှာ စိုးပါတယ်
ဒီဥစ္စာ သာမညအရေးဆိုရင် ဘုန်းကြီးတို့သည် အပင်ပန်းခံ အမောခံပြီးသကာလ ဘယ်ပြောနေမလဲ ဒကာ ကြွယ်ရာ (မှန်လှပါ)၊ ဒါလွယ်သဟေ့-သွားကြစို့ ရှေ့သာ မင်းတို့မှတ်စရာရှိတယ်ဆိုပြီး ရှေ့သွားမှာပေါ့ (မှန်ပါ့)၊ မဟုတ်ဘူးတဲ့ ဒီမှာ မသိတဲ့ပုဂ္ဂိုလ်များ ဒီဘဝ စုတေမနေ သေလွန်ရလို့ရှိရင် နောက်ဘဝ လူကောင်း, နတ်ကောင်း ဖြစ်ရပါလို၏ဆိုပြီး ဒီဇာတိကို သိမ်းပိုက်မှာစိုးလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဘာသိမ်းပိုက်လိုက်မှာ စိုးပါလိမ့် (ဇာတိကို သိမ်းပိုက်မှာ စိုးပါတယ် ဘုရား)၊ ဇာတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း- ဒကာ ဒကာမတို့ ဘာသိမ်းပိုက်ရာရောက်သတုံး (ဇာတိသိမ်းပိုက်ရာ ရောက်ပါတယ်)၊ ဒါဖြင့် အပြစ် သင့် မသင့် (သင့်ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီခန္ဓာစွန့်ပစ်ပြီး ဟိုခန္ဓာမရရင် အပြစ်ကင်းတာပဲကွ ဆိုတဲ့ ဥစ္စာ ဒကာကြွယ် ထိပ်မှာသံမှိုနဲ့ နှက်သလို မှတ်ရတော့မယ် (မှန်ပါ့)၊ မမှတ်ရပေဘူးလား (မှတ်ရပါတယ် ဘုရား)။
ဟို နောက်က ဒကာ ဒကာမတွေ အဝေးကြီးက လာကြရတယ်နော်၊ သေသေချာချာမှတ်ပါ၊ ဒီခန္ဓာ နောက်ထပ်မရတဲ့နည်း, လုပ်ကိုင်နည်းတော့ နောက်ပြောပါလိမ့်မယ် (မှန်ပါ့)၊ အပြစ်သင့်ပုံကလေး ကြီးကျယ်လွန်းလို့ ဒါကို ရှင်းရှင်းလင်းလင်း အနန္တရပစ္စည်းနဲ့ အနန္တရပစ္စယုန် လုပ်ပြီးသကာလ ပြလိုက်ခြင်းကြောင့် ပဋ္ဌာန်းဒေသနာတော် နည်းနဲ့ ကြည့်လည်းမကောင်း, ကိုယ်တော်မြတ်ကြီး မှာတော်မူပုံ ကြည့်လိုက်ပြန်လည်း မကောင်းလို့ ပယ်တယ်ဆိုတာ သေချာပြီ (သေချာပါပြီ)၊ မသေချာဘူးလား (သေချာပါပြီ ဘုရား)။
ဒီဇာတိသာ ရမယ်ဆိုလို့ရှိရင် ဒကာကြွယ်ရေ ဇရာ မသိမ်းပိုက်ချင်ပါဘူးဆိုလို့ကော (မရပါ ဘုရား)၊ ဗျာဓိမသိမ်းပိုက်ချင်ပါဘူးဆိုလို့ကော (မရပါ ဘုရား)၊ မရဏ မသိမ်းပိုက်ချင်ပါဘူး (မရပါ ဘုရား)။
ဪ- တစ်ချက်မှားလို့ရှိရင်ဖြင့် လေးချက်ခံရပါလား (မှန်ပါ့)၊ တစ်ချက်မှားရင် (လေးချက်ခံရပါတယ်)၊ ဇာတိတစ်ချက်မှားလိုက်တာနဲ့ ဇရာ, ဗျာဓိ, မရဏ ပေါင်းလိုက်တော့ လေးချက်ခံရမယ် (မှန်ပါ့)။
ကိုင်း ဒါလောက်တောင် ရှေ့သွား ခေါင်းဆောင်ကလည်း ကောင်းပါလျက်သားနဲ့ နောက်လိုက်တွေနဲ့ ညွံနစ်ပြီး သကာလ ဗွက်ထဲဖြင့် မနစ်ရပါစေနဲ့၊ ဒီခန္ဓာပြီး ဟိုခန္ဓာ မရတာဟာ အကောင်းဆုံးသော သေခြင်းပဲ (မှန်ပါ့)။
အနန္တရပစ္စည်း
သေသေချာချာ မှတ်ကြစမ်းပါ၊ ဘုရားကလည်း ရှင်သာရိပုတ္တရာကို ဟောတယ်၊ အနန္တရပစ္စည်းနဲ့ အခု ရှင်း ပြလိုက်တယ်၊ စုတိက အနန္တရပစ္စည်း၊ ပဋိသန္ဓေက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် (မှန်ပါ့)၊ စုတိက အကြောင်း ပဋိသန္ဓေ က အကျိုး (မှန်ပါ့)၊ စုတိက ဘာသစ္စာ (ဒုက္ခသစ္စာ)၊ ပဋိသန္ဓေကကော (ဒုက္ခသစ္စာပါပဲ ဘုရား)၊ အခြားများ ရှိသေး သလား (မရှိပါ ဘုရား)။
ဪ-ဒါ့ကြောင့် ဘုရား ရက်ရက်စက်စက်ပယ်တာကိုး (မှန်ပါ့)၊ ဒီအပြစ်ဖြင့် မသင့်စေချင်ဘူးဆိုတဲ့ဥစ္စာ ဒကာကြွယ်တို့ ဦးလှဘူးတို့ အင်မတန် လေးလေးစားစား မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
လေးလေးစားစား မှတ်ရပါလိမ့်မယ်ဆိုတဲ့ဥစ္စာက စုတိက ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ- သစ္စာ သိကြပြီး ပဋိသန္ဓေကကော (ဒုက္ခသစ္စာပါ ဘုရား)။
ဪ-သစ္စာသိတဲ့ပုဂ္ဂိုလ်များကတော့ ဒီသစ္စာကြီးဆုံးပါရစေတော့ လာမှာပေါ့ဗျာ (မှန်ပါ့)၊ နောက် ဒုက္ခသစ္စာဖြင့် မရပါရစေနဲ့ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဒီဘဝ စုတေမနေ သေလွန်ရဆိုတာ ဒီစိတ်ပေါ်ပြီးတော့ဗျာ လူ ကောင်း, နတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ သူတို့ကသာ အကောင်းထင်တယ် ဒုက္ခသစ္စာကြီး (မှန်ပါ့)၊ ဒုက္ခသစ္စာ လေးချက်လိုက်လာတယ် (မှန်ပါ့)၊ အကောင်းလား-အဆိုးလား ဒကာ ဒကာမတို့ (အဆိုးပါ ဘုရား)၊ ဝေဖန်နိုင်ကြ ပလား (မှန်ပါ့)၊ ဇာတိပိ (ဒုက္ခပါ)၊ ဇရာပိ (ဒုက္ခပါ)၊ ဗျာဓိပိ (ဒုက္ခောပါ)၊ မရဏမ္ပိ (ဒုက္ခံပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒီဘဝက တစ်ချက်မှားလိုက်လို့ ဆုတောင်းကလေး တစ်ချက်မှားလိုက်လို့ ညွတ်မှု ကလေး တစ်ချက်မှားလိုက်ရင် တစ်ခါတည်း လေးချက် ဒုက္ခခံရတော့မယ် (မှန်ပါ့)၊ မခံရပေဘူးလား (ခံရပါတယ် ဘုရား)။
ဒါတွေ ဝေဖန်ပြီး သေသေချာချာ သိတော့မှ ဪ-တို့တစ်သံသရာလုံးဟာဖြင့် ဒီတဏှာနဲ့ တောင်းတဲ့ဆု နှိပ်စက်နေတာကိုးဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီအကြောင်းများကို ရှင်သာရိပုတ္တရာက လျှောက်လို့ ဘုရားက ဖြေပါတယ်နော် (မှန်ပါ့)။
ကောင်းပြီ၊ ဒါဖြင့် ဒကာသစ် သစ္စာ နားလည်ပလား (မှန်ပါ့)၊ သစ္စာသိတော့ ဒကာ ဒကာမတွေ စုတိဒုက္ခ ပြီးတော့ ပဋိသန္ဓေဒုက္ခကို လိုချင်ကြသေးသလား (မလိုချင်ပါ ဘုရား)။
သစ္စာသိမှ သံသရာပြတ်တယ်
ဪ-ဒါဖြင့် ပြတ်သွားပြီ (မှန်ပါ့)၊ ဘာသိလို့ ပြတ်ပါလိမ့်မလဲလို့ အမေးထုတ်ကြည့်စမ်း (သစ္စာသိလို့ပါ ဘုရား)၊ ကိုင်း ဒါဖြင့် သစ္စာသိမှ သံသရာပြတ်တယ် (မှန်ပါ့)၊ သစ္စာမသိရင် (သံသရာမပြတ်ပါ ဘုရား)၊ သံသရာ ရှည်တယ်ဆိုတာ ကောင်းကောင်းကြီး ပေါ်ကြပလား (ပေါ်လာပါပြီ ဘုရား)။
အဲဒီပေါ်လာတာ ထောက်တော့မှ ဪ ရှေးတုန်းကတော့ သစ္စာမသိရင် သံသရာရှည်တယ်၊ သစ္စာသိမှ ပြတ်တယ်ဆိုတာ ဒီလိုလက်တွေ့မပြတော့ ပြောသံကြားလောက်နဲ့တော့ ဒကာကြွယ်တို့က မယုံသေးဘူး (မှန်ပါ့)။
အခုတော့ အနန္တရပစ္စည်း ဆုပ်ကိုင်ပြီးသကာလ ပြလိုက်သဖြင့် စုတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ အဲဒါက အနန္တရပစ္စည်း (မှန်ပါ့)၊ ပစ္စည်းဆိုတာ အကြောင်းတရားပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ ပဋိသန္ဓေက ဘာပါလိမ့် (ပစ္စယုပ္ပန် ပါ ဘုရား)၊ အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်၊ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
ဪ-ကျုပ်တို့သည်ကားလို့ဆိုရင်ဖြင့် တုတ်တစ်ချက်နဲ့ တုတ်တစ်ချက် ဝေးဖို့ရာတောင်မှ အရိုက်ခံတဲ့ပုဂ္ဂိုလ် က ဆုတောင်းရသေးတာပဲ၊ အခု မဝေးတာကြီးနဲ့တွေ့တော့ အရိုက်ခံရတာ မဝေးတာနဲ့ တွေ့နေတော့ ဦးလှဘူး တယ်နာချက်ပြင်းတယ် (ပြင်းပါတယ်)၊ စုတိခါနီး မရဏ ဒုက္ခကို မဆန့်မပြဲခံပြီးသကာလ သေခါနီး ဝိညာဏ်ချုပ်ရ တော့မယ်ဆိုတော့ မနည်းဆင်းရဲတယ် (မှန်ပါ့ ဘုရား)။
အဲဒီဆင်းရဲကြီး ကျွတ်ကရော့လား အောက်မေ့တယ် ပဋိသန္ဓေအားဖြင့် အမိဝမ်းခေါင်းထဲမှာ သွားပြီးသကာလ ကလလရေကြည်ဖြစ်ရတဲ့ အဖြစ်ကဖြင့် ပိုးမျိုးရှစ်ဆယ်တို့၏ စားဖတ်, ဝါးဖတ် သွားဖြစ်တယ် (မှန်ပါ့)၊ မနာဘူးလား (နာပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သစ္စာမသိသေးရွေ့ကာလပတ်လုံးဖြင့် ကိုယ်ကျိုးနည်းရချည် ရဲ့ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
အင်မတန် အရေးကြီးတယ်၊ ဒီဥစ္စာကိုပဲ အခု ဒကာသစ်ရေ ၁၅ မိနစ် ရှိသွားပြီ (မှန်ပါ့)၊ ၁၅ မိနစ်ရှိသွား ပြီ အရေးကြီးလို့ ပြောနေတာ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာ နားလည်ကြပါပလား (မှန်ပါ့)၊ စုတိက (ဒုက္ခသစ္စာပါ)၊ နောက်ပဋိသန္ဓေ ပေါ်လာရင် (ဒုက္ခသစ္စာပါ)၊ ပေါ်အောင်လုပ်တဲ့ ပုဂ္ဂိုလ်မို့ ပေါ်တာပဲ (မှန်ပါ့)၊ ဘာသစ္စာပေါ်လာသတုံး (ဒုက္ခသစ္စာ ပေါ်ပါတယ်)၊ ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံး (ပေါ်အောင်လုပ်တဲ့ ပုဂ္ဂိုလ်မို့ပါ ဘုရား)။
အဝိဇ္ဇာ တဏှာက ပေါ်အောင်လုပ်တယ်
ပေါ်အောင် လုပ်တယ်ဆိုတာသည် ဘယ်သူပါလိမ့်မတုံးဆိုတော့ စုတိဒုက္ခသစ္စာ မသိတဲ့ အဝိဇ္ဇာ တဏှာက ပေါ်အောင်လုပ်တယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝေဒနာခံစားကြည့်စမ်းပါ၊ ဗျာဓိခံစားကြည့်လို့ရှိရင်ပဲ တော်ပေါ့ တန်ပေါ့ဆိုတာ နောက်လာပါလိမ့်မယ် (မှန်ပါ့)၊ သို့သော် ဝေဒနာခံစားပြီး ဒီတောင်ကမတက်လို့ သေရတဲ့အခါကျ တော့လည်း လုပ်ချိန်က ကင်းသွားတယ် (မှန်ပါ့)၊ လုပ်ချိန်က ရှိသေးသလား (မရှိပါ ဘုရား)။
မရှိတော့ ဒီကြားမှာလည်း ဒကာ ဒကာမတို့ အမှားကို မပြင်နိုင်တဲ့ အခြေအနေရောက်မှာစိုးသောကြောင့် ယခုလိုလာနိုင် သွားနိုင်စဉ်အခါတုန်းက နားထောင်ပြီးသကာလ ပဋိသန္ဓေပြတ်တဲ့အလုပ် လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘာလုပ်ရမှာတုံး (ပဋိသန္ဓေပြတ်တဲ့အလုပ် လုပ်ရမှာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ပဋိသန္ဓေ ပြတ်စေချင်ပါလိမ့်မလဲလို့ ဒကာကြွယ်တို့, ဒကာသစ်တို့, ဦးလှဘူးတု့ကို မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခသစ္စာပြတ်စေချင်လို့ပါ)၊ ဪ ဒုက္ခသစ္စာပြတ်စေချင်လွန်းလို့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ သူက ဘယ်ကများလာပါလိမ့် (စုတိက လာပါတယ်ဘုရား)၊ စုတိဒုက္ခသစ္စာက လာတာကို ပဋိသန္ဓေ ဒုက္ခသစ္စာနဲ့ တစ်ခါပြန်တွေ့ရမယ်ဆိုတော့ ဒီကနေ ရိုက်လွှတ်လိုက်တယ်၊ ဟိုနားကျတော့ ဓားနဲ့ခုတ်လွှတ်လိုက်တယ် ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
ဒီကရိုက်လွှတ်-ဟိုကျတော့ ဓားနဲ့ခုတ်ဆိုတော့ ရိုက်လွှတ်တာလည်း ဒုက္ခပဲ၊ ဟိုကျတော့ ဓားနဲ့ အခုတ်ခံရတာ ကော (ဒုက္ခပဲ)၊ ဘယ်ဟာကောင်းတာပါသေးသတုံး (ဘယ်ဟာမှ ကောင်းတာမပါပါ ဘုရား)။
ဒီမှာလည်း စုတိက ရိုက်နှက်ပြီးသကာလ ထုတ်လိုက်လို့ ပဋိသန္ဓေဘက် ကူးပြန်တော့လည်း ပဋိသန္ဓေဘက်သို့ ကံက ပစ်ချလိုက်ပြန်တော့လည်း ဓားခုတ် ဒုက္ခသစ္စာနဲ့ သွားတွေ့သလို တွေ့ပြန်တော့လည်း ဒကာ ဒကာမတို့ သက်သာ ခွင့် ကြားကိုမပါဘူး (မှန်ပါ့)၊ သက်သာခွင့် ကြားကိုမပါဘူးဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ကြပလား (ကျေနပ်ပါ ပြီ ဘုရား)။
ဒါကလေးလွတ်အောင် လုပ်လိုက်ပါဦး
အဲဒါကြောင့် ဒကာ ဒကာမတွေ သတိပေးရတာနော်၊ မပျော်ပါနဲ့ဦး၊ ဒါကလေးလွတ်အောင် လုပ်လိုက်ပါဦး (မှန်ပါ့)၊ စုတိပြီး ပဋိသန္ဓေမလာတာကလေး လုပ်လိုက်စမ်းပါ (မှန်ပါ့)၊ မပျော်ပါနဲ့ဦး (မှန်ပါ့)၊ သားနဲ့လည်း မပျော် လိုက်ပါနဲ့ဦး၊ သမီးနဲ့လည်း မပျော်လိုက်ပါနဲ့ဦး၊ ဆွေမျိုး ညာတကာတွေနဲ့လည်း မပျော်လိုက်ပါနဲ့ဦး၊ ကိုယ့်ကိစ္စကလေး က ကျန်နေသေးလို့ပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ်လိုသတိပေးပါလိမ့် (ကိုယ့်ကိစ္စကလေးက ကျန်နေသေးတာနဲ့ မပျော်ပါနဲ့ဦးပါ ဘုရား)။
ဘာကျန်နေပါလိမ့်မတုံးဆိုတော့ စုတိပြီး ပဋိသန္ဓေ မလာတဲ့ အလုပ်ကလေးက မအောင်မြင်သေးလို့ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် မပြုံးနဲ့ဦးဆိုတာ အခု တုတ်ရိုက်ခံရပြီး တော်တော်ကြာ ဓားခုတ်ခံရမည့်ပုဂ္ဂိုလ်က ပြုံးလို့ရှိရင်ဖြင့် အရူးပြုံး, အနှန်းပြုံး ဖြစ်မှာစိုးလို့ ကိုယ့်အရေးမကုန်သေးလို့ ဒါလောက် တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။
ဘာမကုန်သေးလို့ပါလိမ့် (ကိုယ့်အရေး မကုန်သေးလို့ပါ ဘုရား)။
ကိုင်း-ဒါလောက်ပြောလို့ရှိရင်ဖြင့် ဒကာသစ်ရေ ကျေနပ်လောက်ပါပြီ (ကျေနပ်ပါပြီ)၊ ကဲ-မှားစရာများ ရှိကြ သေးသလား (မရှိပါ ဘုရား)။
မှားစရာမရှိတော့ဘူး၊ တော်ပြီ-စုတိဒုက္ခသစ္စာပြီး နောင်လူကောင်းဖြစ်ရတယ်ဆိုပါဦး၊ အကောင်းဆိုတာ အပြော သာဖြစ်နေတာ အစစ်က ပဋိသန္ဓေဒုက္ခသစ္စာ (မှန်ပါ့)၊ ဒါ့ကြောင့် တစ်ချက်မှား လေးချက်နာလိုတော့ ဦးလှဘူး၊ ဒကာကြွယ် ကောင်းသေးရဲ့လားဗျာ (မကောင်းပါ ဘုရား)။
ကိုင်း-ဒီအမှားမျိုးဖြင့် ဒကာသစ် မကြုံအောင် ကြိုးစားရလိမ့်မယ် (မှန်ပါ့ ဘုရား)။
အားလုံး တရားတစ်ပွဲလုံး ဒီအမှားကို ဘယ်လိုစဉ်းစားရမလဲ (မကြုံအောင် ကြိုးစားရပါမယ်)၊ မကြုံအောင် ကြိုးစားရလိမ့်မယ်ဆိုတာ ကျေနပ်သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ-သဘောကျလို့ရှိရင်ဖြင့် ရှင်သာရိပုတ္တရာက လျှောက်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖြေကြားတဲ့ ဆန္နောဝါဒသုတ်မှာ ဒီခန္ဓာစွန့်ပစ်ပြီးသကာလ ဟိုခန္ဓာမရတာ မလိုချင်တာဟာ အကောင်းဆုံးတဲ့ (မှန်ပါ့)၊ ဒကာကြွယ် ဟန်ရပလား (ဟန်ရပါပြီ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)၊ ဒီခန္ဓာ စွန့်ပစ်ပြီးတော့ကို (နောက်ခန္ဓာမရရင် အကောင်းဆုံးပါ ဘုရား)။
သစ္စာသိပြီး လှူတဲ့ အလှူ
ဒါကြောင့် ဘာပဲလှူလှူ, ဘာပဲတန်းတန်း ဇာတိဒုက္ခ, ဇရာဒုက္ခ, မရဏဒုက္ခတို့ မုချစင်စစ် ဧကန်လွတ်ရခြင်း ဖြစ်ရပါလို၏ဆိုပြီးတော့ လှူကြ ပေးကြ ကမ်းကြ တမ်းကြစမ်းပါ အားထုတ်ကြစမ်းပါဆိုတာကိုပဲ ဖြည့်စွက်လိုက်ပြန် တယ် (မှန်ပါ့ ဘုရား)။
မလှူနဲ့, မတန်းနဲ့, မကမ်းနဲ့ မဟောပါဘူး၊ လှူဒါန်းပေးကမ်းခြင်းကြောင့် ဒီဇာတိဒုက္ခ, ဒီဇရာဒုက္ခ, ဒီဗျာဓိ ဒုက္ခ, ဒီမရဏဒုက္ခတွေ လွတ်ရေး, ကျွတ်ရေးကို ရည်မှန်းပြီးသကာလ လှူဒါန်းပါတယ်ဆိုလို့ရှိရင် သစ္စာသိပြီး လှူတဲ့ အလှူ (မှန်ပါ့) (ဝါ) ဝိပဿနာခြံရံပြီး လှူတဲ့အလှူ (မှန်ပါ့)၊ ဇာတိဒုက္ခ သူသိတာကိုး၊ ဇာတိဒုက္ခ သူသိတော့ကိုး ဓမ္မာ နုပဿနာသတိပဋ္ဌာန် သွားပြီးဖြစ်တယ် (မှန်ပါ့ ဘုရား)။
အဲဒီဓမ္မာနုပဿနာ သတိပဋ္ဌာန်နဲ့ လှူလိုက်, တန်းလိုက်, ပေးလိုက်, ကမ်းလိုက်တဲ့အခါကျတော့ သံသရာပြတ် သွားတယ် (မှန်ပါ့)၊ ပြတ်ချင်လို့ ပြတ်တာလား သစ္စာသိမှုကြောင့်လား (သစ္စာသိမှုကြောင့်ပါ ဘုရား)။
ကိုင်း-ဒါလောက်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ နာရီဝက်လည်း နီးသွားတော့ ဒီအရေးဟာ ကြီးလို့ တို့ဆရာ ဘုန်းကြီး ဒါလောက် ဆုံးမနေပါလားဆိုတာလည်း ဦးလှဘူးတို့ ကျေနပ်လောက်ပါပြီ (ကျေနပ်ပါပြီ ဘုရား)။
ဒါ ဘယ်အခါမှ မမေ့ဖို့နော် (မှန်ပါ့)၊ ဘယ်အခါမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီစခန်းနဲ့ ဒီလမ်းကို မသွားချင်ပါနဲ့ဆိုတာကိုဖြင့် ဘုရားအကြောက်ဆုံးလမ်း ဖြစ်သောကြောင့် ကိုယ်က မကြောက်ငြားသော်လည်း ဘုရား ကြောက်တဲ့အလုပ် အမှန်ထားပြီး ကိုယ်ကြောက်လိုက်ပါတော့လို့ သတိပေးလိုက်တယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဆန္ဒဝတ္ထုအကြောင်းကို မပြောမီ ရှေးအဖို့ကာလ၌ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ် အမြင်ကလေးဟာ ပြောစမ်းပါရစေတဲ့၊ ဝိပဿနာဉာဏ်အမြင်ဆိုတာ ဘယ်လိုမြင်မှ တပည့်တော်တို့ ဝိပဿနာဉာဏ် အမြင်မှန်ပါလိမ့်မလဲလို့ မေးဖို့လိုလာတယ် (မှန်ပါ့ ဘုရား)။
အဲ-ဝိပဿနာဉာဏ် အမြင်ရှိတဲ့ဥစ္စာ ရှင်ဆန္ဒက ဖြေထားတာလည်း ရှိပါတယ် ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီအရေးဟာ ဝိပဿနာဉာဏ်အမြင်ဆိုတဲ့ အရေးသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ကိုယ်လုပ်နေတဲ့ ဥစ္စာကို ဘယ်လိုမှ အမြင်မှန်ရတယ်ဆိုတဲ့ဥစ္စာ ပေါ်ဖို့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အမြင်မှန်ကလေးကို ရှေ့ထား
အဲဒီတော့ ဒီ-အမြင်မှန်ကလေးကို ရှေ့ထားပြောပါဦးမယ် ဒကာကြွယ် (မှန်ပါ့)၊ အမြင်ကလေး သိထားစမ်း ပါ။
တို့ ဝိပဿနာလုပ်နေတာဟာ ဒုက္ခလွတ်ချင်လို့ လုပ်နေတာပဲ၊ ဘယ်အမြင်မှန်ရရင် တို့-လွတ်ပြီဆိုတဲ့ ကိုယ့် ဆုံးဖြတ်ချက်ကလေးနဲ့ ကိုယ်နေပြီး ကိုယ်ပြုံးနေရအောင် ဒါ-နားထောင်ရတော့မယ် (မှန်ပါ့)၊ မထောင်ရပေဘူးလား (ထောင်ရပါမယ် ဘုရား)။
ဒကာ ဒကာမတို့ သန္တာန်မှာ ဥပမာမယ် မြင်စိတ်ကလေးဖြစ်တယ်နော် (မှန်ပါ့)၊ ဒီတစ်နေ့ မျက်လုံးပွင့်ကြည့် လိုက်တယ် စိမ်းစိမ်းကလေးတွေပါလားလို့ မြင်တယ်နော် (မှန်ပါ့)။
အဲဒီမြင်စိတ်ကလေးကိုလည်း ဒကာ ဒကာမတွေက ရှိ-မရှိ အကဲခတ်ကြည့်စမ်းပါ၊ နောက်က မဂ္ဂင်နဲ့ အကဲခတ် ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မဂ္ဂင်ငါးပါးနဲ့ပဲ ဒကာသစ်က အကဲခတ်တာပေါ့ (မှန်ပါ့)၊ ၁ ကို ၂ နဲ့ အကဲခတ်ရတယ် (မှန်ပါ့)၊ ၁ က မြင်တဲ့စိတ်ဗျ (မှန်ပါ့)၊ ၂ က အကဲခတ်တဲ့စိတ် (မှန်ပါ့)။
ကဲ အကဲခတ်လိုက်တော့ ဒကာ ဒကာမတို့ ဘယ်လိုအကဲခတ်မိပါလိမ့်မလဲဆိုတာ မေးဖို့ လိုလာတယ် (လိုပါတယ် ဘုရား)။
မြင်စိတ်ကလေးဟာ မြင်လည်းမြင်တယ်၊ ကိုယ်အကဲခတ်တဲ့အခါလည်း ရှာမတွေ့ဘူး (မှန်ပါ့)၊ မြင်သွားတာ လည်း မျက်လုံးထဲကပဲ ကြည့်လိုက်တဲ့အခါကျတော့လည်း ဝမ်းထဲကဉာဏ်က သူ့ကိုလှမ်းပြီးကြည့်လိုက်တဲ့အချိန်ကျတော့ သူရှိသေးသလား (မရှိပါ ဘုရား)။
ဪ ဒါဖြင့် နိရောဓံဒိသွာ နိရောဓံ အဘိညာယ ချုပ်တာကလေး မြင်သွားတယ် (မှန်ပါ့)။
ဘာကလေးမြင်သွားပါလိမ့် (ချုပ်တာကလေး မြင်သွားပါတယ် ဘုရား)၊ ချုပ်တာကလေး-မရှိတာကလေးကို မြင်သွားပါတယ် (မှန်ပါ့)။
ဒါဖြင့် မြင်-မြင်စိတ်ကို မြင်တာလား, မြင်စိတ်မရှိတာ သိတာလား (မြင်စိတ်မရှိတာ သိတာပါ ဘုရား)။
ဟော သေသေချာချာဟောပြီ (မှန်ပါ့)၊ ဒကာ ဒကာမတို့ သေသေချာချာ ဟောနေပြီ (မှန်ပါ့)။
မြင်စိတ်ကလေးကို ဪ မြင်စိတ်ကလေးဟာ တပည့်တော် နောက်ကနေကြည့်တော့ မြင်နေတာလည်း တပည့်တော် အသိလားပဲ ပျက်သွားတာလည်း သိပါတယ်ဆိုရင် လွဲပါတယ် (လွဲပါတယ် ဘုရား)၊ လွဲတယ်တဲ့ ဒီအသိဟာ (မှန်ပါ့)။
မရှိဘူး သိတာကမှ အမှန်
ဘယ်လိုသိရမှာတုန်းဆိုတော့ မြင်စိတ်ကလေး မရှိဘူး သိတာကမှ အမှန်တဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်ဟာမှ အမှန်ပါလိမ့် (မရှိဘူးသိတာမှ အမှန်ပါဘုရား)၊ မရှိဘူးလို့ သိတာသည် အမှန် ပဲဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် နာမ်-နာမ်ချင်းရှု၊ ရှေ့ကဟာလည်းနာမ်၊ နောက်ကဟာလည်းဉာဏ် (မှန်ပါ့)၊ နာမ်ကို ဉာဏ်နဲ့ရှုရင်ဖြင့် မရှိတာသိရမှာပဲ (မှန်ပါ့ ဘုရား)။
အဲဒါ ရှင်ဆန္ဒက ဖြေရှာတယ် (မှန်ပါ့)၊ မင်းမြင်တာပြောစမ်းလို့ ရှင်သာရိပုတ္တရာက မေးတဲ့အခါကျတော့ ‘နိရောဓံဒိသွာ နိရောဓံအဘိညာယ’ နိရောဓံ=ချုပ်သွားတာကို၊ အဘိညာယ=မြင်၍ (မှန်ပါ့ ဘုရား)။
ချုပ်သွားပြီဆိုတာ မြင်လိုက်တယ် (မှန်ပါ့)၊ နိရောဓံ=ချုပ်သွားပြီဆိုတာကို (ဝါ) မရှိဘူးဆိုတာကို အဘိညာယ= သိ၍နောက်ကသိပြီ (မှန်ပါ့)၊ ချုပ်ပျောက်သွားတာ သိရမယ် (မှန်ပါ့)၊ မြင်ရတာကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ ဘာသိရမလဲ (ချုပ်ပျောက်သွားတာ သိရပါမယ် ဘုရား)။
ဒါဖြင့် ချုပ်ပျောက်သွားတာသည် အနိစ္စ (မှန်ပါ့)၊ သိတာသည် (မဂ္ဂပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တိုတိုမှတ်ထားတာပေါ့၊ ၁ နာမ်ကို ၂ ဉာဏ်နဲ့ ရှုပါ (မှန်ပါ့)၊ ဒါဝိပဿနာလို့ မှတ် ပါ (မှန်ပါ့ ဘုရား)။
များများလည်း မသင်တော့ပါဘူး၊ ဒကာ ဒကာမတို့ နားရှုပ်နေမှာစိုးလို့၊ ဘယ်လိုရှုကြရမယ် (၁ နာမ်ကို ၂ နာမ်နဲ့ ရှုရပါမယ် ဘုရား)။
ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ဘာတွေ့မတုံး (မရှိတာ တွေ့ပါမယ်ဘုရား)၊ မရှိတာပဲ တွေ့မယ် ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် မရှိတာဟာ အနိစ္စ၊ သိတာက မဂ္ဂ (မှန်ပါ့ ဘုရား)။
ဒီလိုဆိုတော့ ဒကာ ဒကာမတို့ ဝိပဿနာအမြင်ဟာ ဪ ဒီလိုအမြင်ပါလား (မှန်လှပါ ဘုရား)၊ ဒီလိုအမြင် ပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
မရှိတာက (အနိစ္စပါ)၊ သိတာက (မဂ္ဂပါ)၊ ချုပ်ပျောက်သွားတာက (အနိစ္စပါ)၊ ချုပ်ပျောက်သွားမှန်း သိတာ က (မဂ္ဂပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အပျက်က ရှေ့ကျပါတယ်
ဒကာသစ်တို့ ခန္ဓာကိုယ် ဉာဏ်လှည့်ပြီးသကာလ ဒီ့ပြင်ဟာတော့ မလှည့်ပါနဲ့ဗျာ၊ ရုပ်ကိုမလှည့်ဘဲနဲ့ စိတ္တာ နုပဿနာနဲ့ မြင်စိတ်ကလေး လှည့်, ကြားစိတ်ကလေး လှည့်, ကြံစိတ်ကလေး လှည့် ဤကဲ့သို့ လှည့်ပြီးသကာလနေတဲ့ အခါကျလို့ရှိရင်ဖြင့် အပျက်က ရှေ့ကျပြီးသကာလ ဒကာ ဒကာမတို့ အမြင်က နောက်ကျနေတယ် (မှန်ပါ့ ဘုရား)။
အပျက်က (ရှေ့ကျပါတယ် ဘုရား)၊ အမြင်က (နောက်ကျပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် အပျက်က ရှေ့ကျ၊ အမြင်က နောက်ကျပြီးသကာလနေတော့ မရှိတာပဲ သိမှာပဲနော် (မှန်ပါ့)။
အပျက်က (ရှေ့ကျပါတယ်)၊ အမြင်က (နောက်ကျပါတယ် ဘုရား)၊ အဲဒီတော့ ဘာတွေ့မယ် ထင်ကြသလဲ (မရှိတာ တွေ့ပါတယ်ဘုရား)၊ မရှိတာပဲ တွေ့မှာပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ-ဒီနေ့ ဝိပဿနာတရားကြီးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေအား အထူးတလည် ရှုပုံရှုနည်းကို ပြောရသဖြင့် ဘုန်းကြီးများက သိပါစေတော့ ဆန္ဒနဲ့ ပြောတယ်၊ သိလည်း သိတဲ့အသိတွေက ထွက်လာတော့ ဒကာ ကြွယ် သိပ်ဝမ်းမြောက်ပါတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီဥစ္စာ ဒါလောက်ဝမ်းမြောက်ပါလိမ့်မလဲလို့ မေးတော့ သံသရာက ဒီအသိမျိုးသိပြီးရင် ခင်ဗျားတို့သာသနာတွင်းသားဖြစ်လို့ အခုအချိန် ရှာမတွေ့တော့ဘူး (မှန်ပါ့ ဘုရား)။
ရှေးဘုရားတွေ သာသနာမှာ ဒါကလေးသာတွေ့မယ်ဆိုရင် အဲဒီဘုရားလက်ထက်မှာ ဇာတ်သိမ်းရမတဲ့ (မှန် ပါ့)၊ အခုတော့ ဇာတ်မသိမ်းနိုင်ဘဲနဲ့ ကျုပ်တို့မှာ အခုထက်တိုင် ခန္ဓာဝန်ထမ်းသမားအဖြစ်နဲ့ ခန္ဓာဝန်ထမ်းပြီးသကာလ အရှက်တကွဲ အကျိုးနည်းနဲ့ ကျုပ် အသုဘလိုက်ပို့ပါဦးဆိုတာကြီး တောင်းပန်နေရတယ် (မှန်ပါ့)၊ မတောင်းပန်ရဘူး လား (တောင်းပန်ရပါတယ် ဘုရား)။
ဒကာသစ်က ကိုယ့်အသုဘ လိုက်ပို့ပါဆိုတာ တောင်းပန်နေရတယ်ဆိုတာ မသိသေးဘူး (မှန်ပါ့)၊ ရှင်းပြဦး မယ် (မှန်ပါ့ ဘုရား)။
မသာကလေး လာဖိတ်တယ်ဆိုလို့ရှိရင်ဖြင့် မသွားရင် မတော်ဘူးတဲ့ (မှန်ပါ့)၊ ကိုယ့်မှာလည်း ကိစ္စတွေနဲ့တဲ့ (မှန်ပါ့)၊ ဟော လာပြီ ခင်ဗျားတို့ဟာ (မှန်ပါ့)။
မသွားရင် ဘာတဲ့ (မတော်ပါ ဘုရား)၊ ကိုယ့်မှာလည်း (ကိစ္စတွေနဲ့တဲ့)၊ ဪ-ကိုယ်လည်း မသာကိစ္စရှိလို့ ပြောနေတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မသွားရင် ဘာတဲ့ (မတော်ပါ ဘုရား)၊ ကိုယ့်မှာလည်း (ကိစ္စတွေနဲ့)၊ ဘာကိစ္စတုံး (မသာကိစ္စပါ ဘုရား)၊ ဟော ပေါ်လာပြီ (ပေါ်လာပြီ)။
ခင်ဗျားတို့က မြို့သုံး-သုံးနေတော့ မသွားရင် မတော်ဘူးကွ၊ ကိုယ့်လည်း သားနဲ့မယားနဲ့ဆိုတော့ ကိစ္စက ရှိချင်ရှိလာမှာတဲ့ (မှန်ပါ့)၊ ရှိချင်ရှိမှာကို မဟုတ်ဘူး၊ ရှိမှာက သေချာတယ် (မှန်ပါ့ ဘုရား)။
ကိုယ့်မသာအတွက်ကြောင့် ငဲ့ရတာပါ
အဲဒီတော့ သေချာတော့ သူများမသာတွေ လိုက်ပို့ပြီးသကာလနေရတာ ပို့ချင်လို့ ပို့ရတာလား ကိုယ့်မသာ အတွက်ကြောင့် ငဲ့ရတာလား (ကိုယ့်မသာအတွက်ကြောင့် ငဲ့ရတာပါ ဘုရား)၊ ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ပေါ်ပြီ၊ ဟိုက ဖိတ်စာကလေးတွေနဲ့ လာတဲ့အခါကျလို့ရှိရင်ဖြင့် ဒီဖိတ်စာတော့ဟေ့ မသွားရင် မဖြစ်ဘူးတဲ့ (မှန်ပါ့)၊ အင်း-ဘယ့်နှယ်ကြောင့် မသွားမဖြစ်ပါလိမ့် (ကိုယ့်ကိစ္စလည်း ရှိလို့ပါဘုရား)၊ ကိုယ့်ကိစ္စက ဘာကိစ္စပါလိမ့် (မသာကိစ္စပါ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ပြောနေတာ သူသေ ငါပို့ပေါ့ကွာ, ငါသေ သူပို့ပေါ့တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ-ဒါဖြင့် ခင်ဗျားတို့ ဖိတ်စာလာတိုင်း-လာတိုင်းဟာ မသွားမဖြစ်တဲ့ကိစ္စတွေ ပေါ်တာ ဘာပါလိမ့်မတုံး ဆိုတော့ ဒကာ ဒကာမတွေ ချုပ်တာကလေး မမြင်တဲ့အတွက်ကြောင့် ခန္ဓာကြီးရတော့ မသွားမဖြစ်ဘူး၊ ကိုယ့်မှာလည်း မသာရှိနေသေးတယ်လို့ ပြောတာ (မှန်ပါ့)။
နာနာပြောနေတယ်လို့ မအောက်မေ့လိုက်ပါနဲ့ (မှန်ပါ့)၊ နာနာပြောနေတယ် မအောက်မေ့ပါနဲ့၊ သဘောသွား က အကိုက်ပါ (မှန်ပါ့)၊ ဒကာသစ် ငြင်းချင်သေးသလား (မငြင်းချင်ပါ ဘုရား)။
ဟာ-ဘုန်းကြီးက ပလ္လင်ပေါ်ရောက်တဲ့အခါ တို့ကို နင်းပြောနေတာပဲလို့ ဒီလိုများ ဒကာကြွယ်က မအောက်မေ့ လိုက်ပါနဲ့ (မှန်ပါ့)၊ ခင်ဗျားတို့ ငဲ့လုံးကိုသာ ထောက်ကြည့်ပါတော့ ဘာ့ကြောင့် ဒါလောက်တောင် ငဲ့ရတယ်ဆိုတဲ့ဥစ္စာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒီဖိတ်စာရောက်လာတယ်ဟေ့ မသွားမတော်ဘူး (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် မတော်သတုန်း (ကိုယ့်ကိစ္စရှိလို့ ပါ)၊ ကိုယ့်ကိစ္စရှိရင် မခက်ဘူးလားလို့ ပါးစပ်ကကို ထွက်လာတယ် (မှန်ပါ့ ဘုရား)၊ ဘာကိစ္စတုန်းလို့ ဝေဖန် (မသာကိစ္စ ပါ ဘုရား)။
သာခန်း နာခန်းတဲ့၊ နာခန်းဆိုကတည်းက ကိုယ်ပါနေပြီ (ပါ-ပါတယ် ဘုရား)၊ သာခန်းဆိုရင်ကော (ပါ-ပါတယ် ဘုရား)။
ပါနေတော့ ဒကာ ဒကာမတွေ ဪ ဒါဖြင့် ဒါဘယ့်နှယ်ကြောင့် ဒီစကားတွေ ဒီအသုံးတွေ ဒီအနှုန်းတွေ သုံးစွဲပြီးသကာလ နေရပါလိမ့်မလဲလို့ အမေးထုတ်တော့ သာသနာတွင်းတရား ဒီအသုံးနဲ့ပဲ ခင်ဗျားတို့ အချိန်ကုန်နေ တယ် (မှန်ပါ့ ဘုရား)။
မန္တလေးတို့လို, အမရပူရတို့လို မြို့ကြီးတွေ ကျလာပြီဆိုမှဖြင့် ဖိတ်စာတွေဟာ တချို့လည်း မတတ်သာလို့ ချောင်ထိုးလိုက်ရတယ် (မှန်ပါ့)။
တချို့တော့လည်း မမှီ-အမှီ ကားနဲ့ ပြေးလိုက်ရသေးတယ် (မှန်ပါ့ ဘုရား)၊ မပြေးရဘူးလား (ပြေးရပါတယ် ဘုရား)။
ဒကာကြွယ် အပြေးသန်လှချည့်လား၊ ဟာ မသန်ရင် မဖြစ်ဘူးဘုရား ကိုယ့်မှာလည်း မသာရှိသေးတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုကြောင့်ပါလိမ့် (ကိုယ့်မှာလည်း မသာရှိပါတယ် ဘုရား)။
အဲဒီတော့ ကိုယ့်မသာကျတော့ ဘယ့်နှယ်တုံး သူတို့အကူအညီ ရယူလိမ့်မယ်တဲ့ (မှန်ပါ့)။
ဦးလှဘူး ဘာယူရမတုံး (သူတို့ အကူအညီယူရပါမယ်)၊ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုယ့်အတွက် ပါနေပါ ကလားဆိုတာ
ဒီမသွားမဖြစ်တဲ့ကိစ္စတွေ ဟူသရွေ့ဟာ သူများအတွက်က ဒါလောက်အရေးမကြီးဘူး ကိုယ့်အတွက် ပါနေပါ ကလားဆိုတာကဖြင့် ရှင်းလို့ လင်းလို့ နေတော့တယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့က လောကီအသုံးအနှုန်းအလိုတော့ မျက်နှာကြီး မသာပို့သွားကြတယ်လို့ ထင်ကြလိမ့်မယ် (မှန် ပါ့)၊ မထင်ကြဘူးလား (ထင်ကြပါတယ် ဘုရား)။
ကားတွေကို စီတန်းနေတာလည်း ကားကို တစ်တန်းကြီးသွားကြတာပဲ၊ မျက်နှာကြီးမသာများ ဘယ်မျက်နှာ ကြီးသတုံးလို့ဆိုတာက ခင်ဗျားတို့ကတော့ မျက်နှာကြီးမသာလို့ ထင်ကြတယ် သွားတဲ့ပုဂ္ဂိုလ်တွေ မေးကြည့်တော့ ကိုယ့်မသာအတွက်ပါလား (မှန်ပါ့)။
ဟာ ဘုန်းကြီးက ပြောင်းပြန်ပြောနေတာကိုးလို့များ ထင်သေးသလား ပြောင်းပြန်မဟုတ်ဘူး တည့်တည့် ပြောနေတာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဒီမသာကလည်း ရှေ့သွားနောက်လိုက်လို့ ခင်ဗျားတို့ကလည်း ယူထားတာ မယူဘူးလား (ယူပါ တယ် ဘုရား)။
အဲ-ရှေ့သွား နောက်လိုက်ဆိုတာလည်း မှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
ဒါဖြင့် တစ်သံသရာလုံးဟာ ကျုပ်တို့လူရယ်လို့ဖြစ်, နတ်ရယ်လို့ဖြစ်တဲ့အခါကျလို့ရှိရင်ဖြင့် တစ်ခါတလေ သူ တော်ကောင်းအလုပ်တွေများ မသာပို့နဲ့ အချိန်ကုန်နေတယ် (မှန်ပါ့ ဘုရား)။
မသာပို့နဲ့ အချိန်ကုန်နေတယ်
သူတော်ကောင်းအလုပ်တွေ မလုပ်ဖြစ်တာ ဒကာကြွယ် ဘာပါလိမ့် (မသာပို့နဲ့ အချိန်ကုန်ပါတယ် ဘုရား)။
တစ်ခါတလေ ဒကာသစ်တို့, ဒကာကြွယ်တို့ တရားနာများ မလာနိုင်ဘူး (မှန်ပါ့)၊ ဘာဖြစ်နေကြပါလိမ့်မတုံး (မသာပို့နဲ့ အချိန်ကုန်နေလို့ပါ ဘုရား)။
သူများမသာပို့နဲ့ အချိန်ကုန်တာလား ၊ ကိုယ့်မသာငဲ့ပြီး အချိန်ကုန်နေတာလား (ကိုယ့်မသာငဲ့ပြီး အချိန် ကုန်တာပါ ဘုရား)၊ ကိုင်း အခုမှ ပေါ်ပေတော့တယ် (မှန်ပါ့)။
အခုမှ ပေါ်ပေတော့တယ်၊ ဒကာကြွယ် ဘုန်းကြီးစကားတတ်လို့ ပြောနေတာမဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်သူ့အတွက် အချိန်ကုန်နေကြသလဲ (ကိုယ့်မသာအတွက် အချိန်ကုန်နေကြပါ တယ် ဘုရား)။
ဒါဖြင့် မသာဇာတ်သိမ်းငြိမ်းတဲ့ အလုပ်ကဖြင့် ဒကာ ဒကာမတို့ ကိုယ့်မသာ ကိုယ်မလိုချင်ရင် မသာပို့ငြိမ်း ပါတယ် (မှန်ပါ့ ဘုရား)။
ပေါ်ပြီပေါ်ပြီ ဒကာကြွယ် (ပေါ်ပါပြီ ဘုရား)၊ ကိုယ့်မသာ ကိုယ်မလိုချင်ရင် (မသာပို့ငြိမ်းပါတယ် ဘုရား)။
ဒါဖြင့် ဟောဒီ မြင်စိတ်ကလေးဟာ ဒကာ ဒကာမတို့သန္တာန်မှာ ဝိညာဏက္ခန္ဓာ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)၊ အဲဒီဝိညာဏက္ခန္ဓာလေးဟာ ဖြစ်ပြီးမပျက်လားဗျာ (ပျက်ပါတယ် ဘုရား)၊ ဘယ်သူ့မသာတုံး (ကိုယ့်မသာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်မသာ ကိုယ်မြင်ပြီးသကာလ ကိုယ့်မသာကိုယ်မုန်း၍ ကိုယ့်မသာကိုယ်မလိုချင်လို့ရှိရင်ဖြင့် ခုနင်က ကိစ္စတွေ ဇာတ်သိမ်းပါပြီ (မှန်ပါ့ ဘုရား)၊ ဘယ်သူက မသာလာဖိတ်စရာကော ရှိသေးသလား (မရှိပါ ဘုရား)၊ ကိုယ့် မသာမှ မရှိတော့ဘဲ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဒီစကား သေးသေးသိမ်သိမ် ဘုန်းကြီးပြောနေတယ်လို့ ဒီလိုမမှတ်လိုက်ပါနဲ့ (မှန်ပါ့)၊ မသာဇာတ် သိမ်းဆိုတာ နိဗ္ဗာန်ကိုပြောပါတယ် (မှန်ပါ့)။
မသာဇာတ်သိမ်းဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ အခုတော့ဖြင့် ဒကာ ဒကာမတွေက မလွှဲသာတာတွေ က တယ်များသကိုး (များပါတယ် ဘုရား)။
ဒကာကြွယ် ဘာတွေသိပ်များနေသလဲ (မလွဲသာတာတွေ သိပ်များနေပါတယ် ဘုရား)။
ဘယ်သူက မလွဲသာတာတုန်းဗျ၊ သူတို့က လွဲသွားတော့ ကိုယ်က မလွဲသာဘူးပြောနေပြီ (မှန်ပါ့)၊ သူတို့က သုသာန်သွားတာဟာ လွဲသွားတာ ကျုပ်တို့ကို (မှန်ပါ့)၊ ခင်ဗျားတို့က ဘာဖြစ်လို့ မလွှဲသာရတာတုံး (ကိုယ့်ကိစ္စ ကျန် သေးလို့ပါ ဘုရား)၊ ရှင်းသွားပြီ (မှန်ပါ့)၊ ရှင်းသွားပါပြီ ခင်ဗျားတို့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
ဟို-မသာဖြစ်တဲ့ ကာယကံရှင်ကတော့ လွှဲသာလို့ လွှဲသွားတယ် (မှန်ပါ့)၊ နောက်ကပို့တဲ့လူတွေက ဘာတဲ့ (မလွှဲသာလို့ပါ ဘုရား)၊ ဘယ့်နှယ်မလွှဲသာတာတုန်း (ကိုယ့်မသာရှိလို့ပါ ဘုရား)။
အံမာလေး နေရာကျလိုက်တာ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့ ဒီအကြောင်း ကောင်းကောင်းမသိဘူးနော် (မသိပါ ဘုရား)၊ ယနေ့တော့ဖြင့် ရှင်းလို့ လင်းလို့ ဒကာကြွယ် သိပလား (သိပါပြီ ဘုရား)၊ ကားကလေးများနဲ့ အမြန် ပြေးလိုက်ရတဲ့အခါကော မပါဘူးလား (ပါပါတယ် ဘုရား)၊ လမ်းကဖြတ်ပြီး လိုက်ရတဲ့အခါများ ကာယကံရှင်များ မမြင်ဘဲနေမှာစိုးလို့ ခေါင်းပေါင်းစ ထောင်ပြလိုက်ရတဲ့အခါ ပါသေးတယ် (ပါပါတယ် ဘုရား)၊ မပြရဘူးလား (ပြရ ပါတယ် ဘုရား)။
ကိုယ့်မသာ ပို့စေချင်လို့ပါ
ဟာ-ဘယ့်နှယ်ကြောင့် ပြရပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာသစ် အဓိပ္ပာယ်ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)၊ ဘယ်လိုများ ပေါ်ပါလိမ့် (ကိုယ့်မသာ ပို့စေချင်လို့ပါ ဘုရား)၊ ကိုယ့်မသာလည်း ဒီလိုပဲပို့ပါစေတော့ (မှန်ပါ့)၊ ဪ ဒကာ ဒကာမတို့ မလွှဲသာဆိုတာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။
ဟိုလူက လွှဲသွားတာတောင် ကိုယ်က မလွှဲသာသေးဘူး (မှန်ပါ့)၊ ဘယ်သူနဲ့ မလွှဲသာတာတုံးလို့ မေးတဲ့အခါကျ တော့ သူကတော့ နောက်မသာ မပို့တော့ပါဘူး၊ သူ့အမျိုးတွေက ကျုပ်ကို မသာပို့ဖို့ ကျန်သေးတယ် (မှန်ပါ့)၊ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။
ဟို-သေတဲ့လူကတော့ နောက်ထပ် လွှဲသွားတဲ့လူကတော့ ခင်ဗျားတို့ နောက်ထပ် လာပို့မှာတော့မဟုတ်ဘူး (မှန်ပါ့)၊ သူ့အမျိုးတွေ ပို့ဖို့ရာအရေးကို ခင်ဗျားတို့က ဆွယ်တရား ဟောလိုက်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြိ)၊ အံမာလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ-ဦးလှဘူးတို့ကော ဒီအလုပ်မျိုးကို ဘယ်လောက်လုပ်ဖူးသတုံး (အများကြီးပါ ဘုရား)၊ နေ့တိုင်းလိုလိုပဲ ဆိုပါတော့ (မှန်ပါ့)၊ လွှဲသာတာကို လွှဲလိုက်ရ၊ မလွဲှသာတာ ကိုယ်တိုင်သွားပို့လိုက်ရ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
လွှဲသာတာတော့ လွှဲလိုက်တယ်တဲ့၊ မလွှဲသာတော့ ကိုယ်တိုင်ပို့လိုက်ရတယ် (မှန်ပါ့)၊ ကိုယ်တိုင်ပို့လိုက်ရတယ် ဆိုတော့ ကိုယ်တိုင်လည်း အစမ်းသွားကြည့်လိုက်ရသေးတယ် (မှန်ပါ့ ဘုရား)၊ တို့ဖြေးဖြေးတော့ လာခဲ့ပါ့မယ်၊ ဒီအဓိပ္ပာယ် လည်း ရသေးတယ် (မှန်ပါ့)၊ မရဘူးလား (ရပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ သေသေချာချာ စဉ်းစားပြီးသကာလ ကြည့်မှ ဒကာကြွယ်တို့ လုပ်နေတဲ့အလုပ်ဟာ ဪ သာသနာတွင်းတရား မနာဖူးခဲ့တော့ ဒီငဲ့လုံးတွေနဲ့ ဒီမလွှဲသာကိစ္စတွေဟာ တို့မှာ ဘာကြောင့် တွေ့ပါလိမ့်မတုံးဆိုတော့ ဒီချုပ်ပျောက်သွားတာ ကိုယ့်အသေ ကိုယ်မမြင်လို့၊ ကိုယ့်အသေ ကိုယ်မမုန်း၊ ကိုယ့်အသေ ကိုယ်လိုချင်နေသေးလို့ အသုဘပြန်ပြန်တွေ့တယ် (မှန်ပါ့)။
တရားထဲ သွင်းပါပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ကိုယ့်အသေ ကိုယ်လိုချင်လို့ ဘာတွေပြန်ပြန်တွေးနေသလဲ (ကိုယ့်အသေတွေ ပြန်ပြန်တွေးနေပါတယ် ဘုရား)။
ကိုယ့်အသေတွေ ကိုယ်မလိုချင်လို့ရှိရင်
ဝိပဿနာအလုပ်နဲ့ ကိုယ့်အသေတွေ ကိုယ်မြင်လို့ ကိုယ့်အသေတွေ ကိုယ်မလိုချင်လို့ရှိရင် နောက်ခန္ဓာ ဘယ့် နှယ်တုံး (မရပါ ဘုရား)၊ အဲဒါတော့ မလွှဲသာတဲ့ကိစ္စရယ်လို့ လာပါဦးမလား (မှန်ပါ့ ဘုရား)။
အခုတော့ ကိုယ့်မသာကိုပဲ ကိုယ်က နောက်ထပ်လိုချင်နေတော့ မသာကိစ္စဟာ ဘယ်တော့မှ ပြီးနိုင်မှာ မဟုတ်တော့ပါဘူးတဲ့ (မပြီးပါ ဘုရား)။
ကဲ တရားထဲ ရောက်ကြပလား (ရောက်ပါပြီ ဘုရား)၊ တရားထဲရောက်ဖို့ အရေးကြီးပါတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သာသနာတွင်းတရား တယ်အရေးကြီးတယ်ဆိုတာ ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့်ပေါ်ပါလိမ့်မလဲလို့ မေးတော့မှ ဪ မလွှဲသာဆိုတဲ့ မသာတွေ ဇာတ်သိမ်းတဲ့အလုပ်ပါလား (မှန်ပါ့)။
ကိုယ့်အသေ ကိုယ်မြင်တော့ ကိုယ့်အသေ ကိုယ်မမုန်းပေဘူးလား ဒကာကြွယ် (မုန်းပါတယ် ဘုရား)၊ မုန်းတော့ ကိုယ့်အသေ ကိုယ်လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊ မလိုချင်တဲ့ဉာဏ်သာရလို့ရှိရင် နောက်ခန္ဓာ ပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)၊ မပေါ်လာသည်နှင့်တစ်ပြိုင်နက်တည်း ဘယ်မသာဖိတ်စာ ကိုယ့်ဆီလာပါဦးမလဲ (မလာပါ ဘုရား)၊ ဘယ်မလွှဲသာဆိုတဲ့ကိစ္စကြောင့် အမြန်ပြေးဖို့ ဝတ္တရားတွေ မကုန်သေးဘူးလား (ကုန်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ တော်တော်အရေးကြီးတဲ့ စကားပါလားဆိုတာ ဝိပဿနာမလုပ်ခဲ့တဲ့ အဖြစ်တွေဟာ ငဲ့လုံး, စောင်း လုံးတွေနဲ့ မသာရှာတဲ့အလုပ်ဆိုတဲ့ဥစ္စာ တော်တော်ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာအမြင်
ကဲ- ဒါဖြင့် ဝိပဿနာအမြင်သည် ဒကာ ဒကာမတို့ ဒါလောက်ဆိုရင် သိပါပြီ (သိပါပြီ ဘုရား)။
”နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ”ဆိုတဲ့အတိုင်း ချုပ်တာကလေးရော မရှိဘူး မရှိဘူးလို့ သိတာ ဘာအမြင်ပါလိမ့် (ဝိပဿနာအမြင်ပါ ဘုရား)၊ မှတ်မိကြပလား (မှတ်မိကြပါပြီ ဘုရား)။
၁ နံပါတ်ကို ၂ နံပါတ်နဲ့ ကြည့်လိုက်တဲအခါကျတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ရှိတယ်ဆိုရင် ခင်ဗျား တို့ နှစ်စိတ်ပြိုင်ဖြစ်တယ် အဓိပ္ပာယ်ရောက်နေလိမ့်မယ် (မှန်ပါ့)၊ တစ်စိတ်က ဆေးလိပ်သောက်ချင်တယ်၊ တစ်စိတ်က ရေသောက်ချင်တယ် ဖြစ်ကောင်းရဲ့လား (မဖြစ်ကောင်းပါ ဘုရား)၊ သတ္တဝါသန္တာန်မှာ တစ်စိတ်နဲ့သာ အသက်ရှင်ရမှာ ကိုး (မှန်ပါ့ ဘုရား)၊ နှစ်စိတ်ပြိုင်ပြီး ဖြစ်ကောင်းပါရဲ့လား (မဖြစ်ကောင်းပါ ဘုရား)။
အဲဒါတွေထောက်ပြီး ကြည့်တော့မှ ဪ-ဒါဖြင့် ၁ အသေကို ၂ အနေနဲ့ ဖြစ်ရမှာပါလား (မှန်ပါ့)။
၁ အသေကို (၂ အနေဖြင့် မြင်ရမှာပါဘုရား)၊ ၂ ကတော့ အနေဘက်ကနေကြည့် (မှန်ပါ့)။
ဒါဖြင့် အသေကို အရှင်က ကြည့်တဲ့အလုပ်သည် ဝိပဿနာအလုပ် (မှန်ပါ့)။
ဪ-ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်မလဲ အောက်မေ့တယ်၊ ယနေ့ ဆရာဘုန်းကြီး ရှင်းရှင်းလင်းလင်း ပြောလိုက်တော့မှ အသေကို အနေကကြည့်တာကိုး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
အသေကို အသေကကြည့်လို့တော့ မဖြစ်ဘူး (မှန်ပါ့)၊ အသေကို အနေကကြည့်ရင်သာ (ဖြစ်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဒါဖြင့် အသေက အနိစ္စ, အနေက မဂ္ဂ (မှန်ပါ့ ဘုရား)။
အသေက (အနိစ္စပါ)၊ အနေက (မဂ္ဂပါ)၊ ဒီစကားတွေဟာ ဒကာကြွယ်က ဘုန်းကြီးက သိပ်ဆန်းဆန်း သုံးတာ ကိုးလို့ အောက်မေ့လိမ့်မယ်၊ မှန်လိုက်တာမှလွန်လို့ (မှန်ပါ့)။
ဆန်းဆန်းသုံးတာလား တကယ့်အဓိပ္ပာယ်ကျရောက်သလား (တကယ့်အဓိပ္ပာယ် ကျရောက်ပါတယ် ဘုရား)။
ဒီအဓိပ္ပာယ် အင်မတန်ကျရောက်လို့ ဒီဒကာ ဒကာမတွေ အသင်ကြီးသင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဒကာသစ် မှတ်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ-ဒါဖြင့် အသေကို အနေနဲ့ကြည့်တာ ဝိပဿနာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ်သူ့အသေတုံးလို့ မေးတဲ့အခါကျတော့ ကိုယ့်အသေကို ကိုယ့်အနေနဲ့ ကြည့်တာ (မှန်ပါ့)၊ မမေ့စေနဲ့ ခင်ဗျားတို့ အိမ်ကျတော့နော် (မှန်ပါ့ ဘုရား)။
ကိုယ့်အသေ ကိုယ့်အနေနဲ့ ကြည့်တာ ဝိပဿနာ၊ သေသွားတဲ့စိတ်ကတော့ ကြည့်လို့မှမဖြစ်တော့ပဲကိုး (မှန် ပါ့)၊ ဒါကြောင့် အနေစိတ်နဲ့ နောက်ထပ်ဖြစ်လာတဲ့ ဉာဏ်စိတ်နဲ့ ကြည့်ရတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ကိုယ့်မသာ ကိုယ်အကြည့်ခိုင်းတာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုယ့်မသာ ကိုယ်အကြည့်ခိုင်းတာဆိုတာ ဪ-အသုဘပါကလား၊ ဪ ဒုက္ခသစ္စာပါကလားဆိုတာ မပေါ် ပါနဲ့ဆိုလို့ ဒကာသစ် ရကိုမရဘူး (မှန်ပါ့)၊ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
အဲဒါကြောင့် အင်မတန် အဖိုးတန်တော့တယ်ဆိုတာ ယနေ့ အလုပ်ခစန်းချည့်ပြောနေတာ ဝတ္ထုကို မစသေး ပါဘူး ဒကာသစ်ရာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘယ်စိတ်ပေါ်လာလာ ပေါ်တဲ့စိတ်က ချုပ်သွားရင် အသေ၊ နောက်ထပ်ကြည့်တဲ့ စိတ်က အနေ (မှန် ပါ့ ဘုရား)။
အသေကို အနေနဲ့ ကြည့်တဲ့အလုပ်
ပေါ်ပြီးချုပ်တဲ့စိတ်က (အသေပါ)၊ ကြည့်တဲ့စိတ်က (အနေပါ ဘုရား)။
အဲ-ကြည့်တာက အနေနဲ့သာ ကြည့်နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အသေကို အနေနဲ့ ကြည့်တဲ့အလုပ် သည် ဝိပဿနာမှတ်ပေတော့ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ထိုင်ကြည့်ပါ၊ အိမ်ကျတဲ့အခါကျတော့ ဝိပဿနာဆိုတာ ဘယ်လိုထိုင်ရမတုံး၊ အို-အသေကို အနေနဲ့ကြည့်ရမှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာသစ် ဘယ်လိုမှတ်ပါ့မလဲ (အသေကို အနေနဲ့ ကြည့်တာပါ)၊ ကိုယ်က အသေဖြစ်သွားရင်လည်း ဘယ်မှာ ကြည့်လို့ဖြစ်တော့မလဲ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် အသေကို အနေနဲ့ကြည့်တာဟာ ဝိပဿနာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ကြည့်လိုက်တဲ့အခါကျတော့ အသေချည့် တွေ့နေတယ် (မှန်ပါ့ ဘုရား)။
အဲဒီမှာ ကြည့်လိုကတယ်၊ ဒီကနေကြည့်လိုက်တယ်၊ အသေကို အနေနဲ့ကြည့်လိုက်တဲ့အခါကျတော့ ချုပ်ပျောက် သွားတဲ့ အသေကလေး မမြင်ရဘူးလား (မြင်ရပါတယ်)၊ မရှိတော့ဘူး မရှိတော့ဘူး၊ မရှိတော့ဘူးဆိုတာကလေး မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။
တွေ့ရတဲ့အခါကျတော့ ဧတံမမ၊ ဧတံ=ဤသေသွားတာသည်၊ မမ=ငါ၏၊ သန္တကံ=ဥစ္စာတည်း၊ ဖြစ်သေးရဲ့လား (မဖြစ်ပါ)၊ ငါဟာ ဖြစ်သေးရဲ့လား (မဖြစ်ပါ)၊ ငါ့ကိုယ်ကော (မဖြစ်ပါ)၊ ဧသောဟမသ္မိ၊ ဧသော=ဤတရားသည်၊ အဟံ=ငါသည်၊ အသ္မိ=ဖြစ်၏လို့ ဆိုနိုင်သေးရဲ့လား (မဆိုနိုင်ပါ)၊ “ဧသော မေ အတ္တာ” ဧသော=ဤတရားသည်၊ မေ= ငါ၏၊ အတ္တာ=အစိုးရစွာ အတ္တမဟုတ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် အဲဒီလို ပါဠိတွေရွတ်နေရင် ခင်ဗျားတို့ နားရှုပ်နေမှာစိုးလို့ ဒီအသေဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါလားလို့ သိသွားရင် ပြီးတာပဲ (မှန်ပါ့ ဘုရား)။
ငါကိုယ်ကော (မဟုတ်ပါ)၊ ငါ့ဟာကော (မဟုတ်ပါ)၊ ငါ့ဥစ္စာကော (မဟုတ်ပါ)၊ အဲဒါဟာ တဏှာ, မာန, ဒိဋ္ဌိ စင်တဲ့ အမြင်ပဲ (မှန်ပ့ါ ဘုရား)။
တဏှာ, မာန, ဒိဋ္ဌိစင်တဲ့ အမြင်
ဦးလှဘူး ဘာစင်တဲ့ အမြင်ပါလိမ့် (တဏှာ, မာန, ဒိဋ္ဌိစင်တဲ့ အမြင်ပါ ဘုရား)။
ဒါဖြင့် တဏှာ, မာန, ဒိဋ္ဌိ ဒီဘက်ကနေပြီးသကာလ ဒကာ ဒကာမတို့ တဏှာရော, မာနရော, ဒိဋ္ဌိရော, ကိုယ့်အသေကို ကိုယ့်အနေနဲ့ကြည့်လိုက်တာ ဘာများ ကျေးဇူးရှိပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် တဏှာ, မာန, ဒိဋ္ဌိ သေပါ တယ် (မှန်ပါ့ ဘုရား)။
တဏှာလည်း ပပဉ္စ၊ မာနလည်း ပပဉ္စ၊ ဒိဋ္ဌိလည်း ပပဉ္စ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တဏှာလည်း ဘာတဲ့ (ပပဉ္စပါ)၊ မာနကော (ပပဉ္စပါ)၊ ဒိဋ္ဌိကော (ပပဉ္စပါ)၊ သံသရာ တန်းပေးမလို့ သံသရာ ကို ချဲ့မလို့ ပြောနေတာ (မှန်ပါ့)၊ ကြည့်စမ်း သံသရာကို ချဲ့လိုက်တော့ တဏှာ, ဥပါဒါန်, ကံ ဟိုဘက်က ဇာတိ, ဇရာ, မရဏ, သူချဲ့လိုက်တာပဲ (မှန်ပါ့)၊ မာန, ဥပါဒါန်, ကံ ဟိုဘက် ဇာတိ, ဇရာ, မရဏ မလာပေဘူးလား (လာပါ တယ်)၊ သဘောကျပလား (ကျပါပြီ)၊ ဒိဋ္ဌိ, ဥပါဒါန်, ကံ၊ ဟိုဘက် ဘာလာကြမယ် (ဇာတိ ဇရာ မရဏ လာပါတယ်)၊ ဘယ်သူများ ချဲ့လိုက်ပါလိမ့် ဒကာသစ်ရာ (တဏှာ မာန ဒိဋ္ဌိချဲ့ပါတယ်)၊ တဏှာ မာန ဒိဋ္ဌိ၏ စွမ်းရည်သတ္တိ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အသေကို အနေနဲ့ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် သေသေချာချာသာ မြင်ပါစေ ငါ့ကိုဆိုတဲ့ တဏှာ ရှိသေးရဲ့လား (မရှိပါ)၊ ငါ့ဟာဆိုတဲ့ မာန (မရှိပါ)၊ ငါ့ဥစ္စာဆိုတဲ့ ဒိဋ္ဌိ (မရှိပါ)၊ မရှိတော့ ဘာသေသွားသတုံး (တဏှာ, မာန, ဒိဋ္ဌိ သေသွားပါတယ် ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ပပဉ္စ သေပါတယ်)၊ ပပဉ္စဆိုတာ မြန်မာလိုပြန်လိုက်တော့ သံသရာချဲ့တတ်တဲ့ တရား သုံးခု သေသွားပြီ (မှန်ပါ့)၊ ဟိုဘက်မှာ မသာကောင် ပေါ်သေးရဲ့လား (မပေါ်ပါ)၊ ဒါဖြင့် ဒီအလုပ်ဟာ မသာဇာတ်သိမ်း တဲ့ အလုပ်ပါလား (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (မသာဇာတ်သိမ်းတဲ့အလုပ်ပါ)၊ ဒါဖြင့် ဒကာသစ် သေပျော်ပြီ (မှန်ပါ့)၊ မသေပျော်ဘူးလား (သေပျော်ပါတယ် ဘုရား)။
နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့မှာ သေစရိတ်ကလေး ထားကြဦးဟေ့ (မှန်ပါ့)၊ အင်း လာရပြီ (လာရပါ တယ် ဘုရား)။
ဒကာ ဒကာမတွေ ဘာကလေး ပူပန်ကြသတုံး (သေစရိတ်ထားဖို့ ပူတာပါ)၊ ဖြစ်မှဖြစ်ရလေ (မှန်ပါ့ ဘုရား)။
အခုတော့ဖြင့် ခြိုးခြံစားကြနော် သေတဲ့အခါကျလို့ရှိရင် ဖျာလိပ်နဲ့ ပတ်ပစ်ရရင် မကောင်းဘူး၊ ငါးကျပ်တန် တစ်ဆယ်တန် ခေါင်းကလေးနဲ့ သွားရမှ တော်သေးတယ် (မှန်ပါ့)၊ ဘာအတွက်ပါလိမ့် (သေစရိတ်အတွက်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီသေစရိတ် ဒကာသစ်တို့ကလည်း ပဓာနထားရပါလိမ့်မတုံးဆိုတော့ အသေထည် ဆုတောင်း မိလို့ (မှန်ပါ့ ဘုရား)။
အသေထည် ဆုတောင်းမိလို့
ဘယ်လိုမှတ်ကြမယ် (အသေထည် ဆုတောင်းမိလို့ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့က မသိတဲ့ပုဂ္ဂိုလ်တွေကတော့ တောင်းတကြတယ်၊ ဒါကြောင့် ဘုန်းကြီး တစ်ခါတစ်ခါပြောတယ်၊ ဒီမသာလိုများ သေစမ်းချင်တယ်လို့ မသာကြီးချတွေများ ဒကာ ဒကာမတွေက လှမ်းပြီး အရူးများ ထလိုက်သေးတယ် (ထပါတယ်)၊ ပိုက်ဆံတွေကြဲလို့ ရွှေထီးတွေမိုးလို့ ဟုတ်လား ကားတွေကလည်းတန်းလို့ လူအတန်းကြီးကလည်း မြိုင်လို့ ဆိုလို့ရှိရင် အို ဒီလိုများတော့ သေပျော်ပါတယ်တဲ့ (မှန်ပါ့)၊ ထပ်ရူးလိုက်သေးတယ် (မှန်ပါ့)၊ ဘာဖြစ်တာပါလိမ့် (ထပ်ရူးတာပါ ဘုရား)။
ထပ်ရူးတယ်ဆိုတာ အသေထည် ဒီလမ်းနဲ့ ဒီစခန်း ဘာဖြစ်လို့ ခင်ဗျားတို့ သေချင်ရတာတုံး ဒီမသာပို့ရင် ဘာဖြစ်လို့ ဒီစိတ်ပေါ်လာရတာတုံးဆိုတော့ ကိုယ့်မသာရှိလို့ သူပေါ်တာကိုး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မသာ အားကျစရာမလိုဘူး (မှန်ပါ့)၊ မသာဇာတ်သိမ်း ငြိမ်းတဲ့တရားသာလျှင် အရေးကြီးတော့တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ-ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ကလေးပေါ်လာလာ ချုပ်တာကလေး မြင်အောင် ကြည့်ရမယ် (မှန်ပါ့)၊ ချုပ်တာဆိုတာသည် ဒကာ ဒကာမတို့ ဖျတ်ခနဲ မီးကလေးငြိမ်းသွားတာ မြင်တာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)၊ ဪ ခုနင်က ဒီနေရာမှာရှိတယ် အခု မရှိတော့ဘူးဆိုတာ သိဖို့ပါ (မှန်ပါ့)။
ခုနင်က ဒီနေရာမှာ (ရှိပါတယ် ဘုရား)၊ အခုကြည့်လိုက်တဲ့အချိန်မှာ (မရှိပါ ဘုရား)၊ အဲဒါဟာ ချုပ်သွားတာ ပါပဲ (မှန်ပါ့)။
မရှိတာကို သိပါတယ်
ဒကာကြွယ်တို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ချုပ်သွားတာ မြင်တယ်ဆိုတာ မီးကလေး ‘ဖျတ်’ခနဲ ငြိမ်းသွား တာ မြင်သလိုလား (မဟုတ်ပါ ဘုရား)၊ မရှိတာကို (သိရပါတယ် ဘုရား)။
မရှိတာကို သိရတော့ ခင်ဗျားတို့ ယနေ့တော့ဖြင့် ဗဟုသုတနှစ်လုံးတော့ ပေးလိုက်ရတယ် (မှန်ပါ့)၊ ပုရေဇာတ ပစ္စယော (မှန်ပါ့)၊ ပုရေက ရှေး, ဇာတက ဖြစ်တာ (မှန်ပါ့ ဘုရား)၊ သူက ရှေ့ကနေပြီးသကာလ ဖြစ်နှင့် ချုပ်နှင့်ပါ ပြီတဲ့၊ ခင်ဗျားတို့ မြင်တဲ့စိတ်က နောက်မှပါ (မှန်ပါ့)။
သူက ရှေ့ကဖြစ်နှင့် ချုပ်နှင့်ပါပြီ သဘောကျပလား (ကျပါပြီ)၊ မြင်တဲ့စိတ်က နောက်မကျဘူးလား (ကျပါ တယ် ဘုရား)။
အဲ-သူက ပုရေဇာတပစ္စည်း၊ သူက ပုရေဇာတပစ္စယုပ္ပန် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သူက ဘာပါလိမ့် (ပုရေဇာတပစ္စည်းပါ ဘုရား)၊ သူက ဘာပါလိမ့် (ပုရေဇာတပစ္စယုပ္ပန်ပါ)၊ အာရမ္မဏ ပုရေဇာတ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒါတွေ သေသေချာချာ ဝေဖန်ပြီး ဆရာဘုန်းကြီး ပဋ္ဌာန်းနည်းတွေနဲ့ ဝေဖန်လိုက်တဲ့အခါကျတော့မှ ပုရေ ဇာတပစ္စယော ကောင်းကောင်း သဘောကျ၊ ပုရေ=ရှေး၌၊ ဇာတော=ဖြစ်သည်တည်း (ဝါ) ချုပ်သည်တည်း၊ ပုရေဇာတော =ရှေးကဖြစ်နှင့်သည် (မှန်လှပါ)၊ ကဲ-ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒီလိုကြည့်တဲ့အချိန် ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ကဲ မရှိတာ ပုရေဇာတပစ္စည်း၊ ရှိတာသည် ပုရေဇာတ ပစ္စယုပ္ပန် (မှန်လှပါ ဘုရား)၊ အဲဒီလိုပြောတော့လည်း ဒါပဋ္ဌာန်းနည်းနဲ့လည်း ကိုက်နေတာပဲ (မှန်ပါ့)၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။
မရှိတာ အနိစ္စ၊ သိတာက မဂ္ဂ
ဒါဖြင့် အဲဒါတွေ လိုက်မနေပါနဲ့တော့ ဒကာ ဒကာမတို့ မရှိတာ အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား)၊ အသေကို အနေနဲ့ကြည့်တာက ဝိပဿနာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ မေ့မှာစိုးလို့ ဒကာကြွယ် ဒါလောက် ထပ်နေရတယ် (မှန်ပါ့ ဘုရား)၊ ဒါတောင် လမ်းမှာ ခလုတ်မတိုက်ပါမှ ခင်ဗျားတို့ဟာ ခလုတ်တိုက်ရင် ခက်သေးထဲက ကျနေတယ် (မှန်ပါ့)၊ ခလုတ်တိုက်ရင် ပါးစပ်က ထွက်ချင်တာ ထွက်တာ ဒါကိုမထွက်ဘူး (မထွက်ပါ ဘုရား)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)၊ အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အေး-ဒါ့ကြောင့် ခလုတ်တိုက်လည်း ဒီဟာကလေး အသေကို အနေနဲ့ကြည့်တာပဲ၊ အသေကို အနေနဲ့ကြည့်တာ ပဲဆိုတာ ကလေး မပျောက်ပါစေနဲ့လို့ ထပ်ပြန်တလဲလဲ သတိပေးလိုက်တယ် (မှန်ပါ့)။
ဒါ-ဘယ့်နှယ်ကြောင့် ဒါလောက် ဆရာဘုန်းကြီး မှာပါလိမ့်မလဲလို့ ဒကာသစ် မေးလို့ရှိရင်ဖြင့် သံသရာစခန်း သတ်လို့ (မှန်ပါ့)။
ဒီအမြင်မှန်သာ ရမယ်ဆိုတာ ဘာတုံး (သံသရာစခန်းသတ်ပါတယ် ဘုရား)၊ ဒါ-အမြင်မှန်ပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အမြင်မှန်ပဲဆိုတော့ ကြည့်ပါလား၊ သူက ရှေးကျပါတယ် (မှန်ပါ့)၊ ရှုတာက (နောက်ကျပါတယ် ဘုရား)။
ဖြစ်တာက (ရှေးကျပါတယ် ဘုရား)၊ မြင်တာက (နောက်ကျပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ သူက ရှေ့က သူက နောက်ကပါလားဆိုတော့ ကျေနပ်သွားပါပြီ (မှန်ပါ့)။
နှစ်စိတ်ပြိုင်မပေါ်ကောင်းတာကို ဒကာ ဒကာမတွေက မှတ်ထားတော့ ဪ-မရှိတာက အနိစ္စကို သွားပြီး ထောက်ခံချက်ပေးတယ် (မှန်ပါ့)။
ကဲ ဒကာသစ် ဒီနေ့တော့ဖြင့် စုံလို့ပဲ (မှန်ပါ့)၊ ရှုနည်းမှာဖြင့် ဒကာ ဒကာမတွေ ယနေ့ဟာ အကောင်း ဆုံးပြောတဲ့နေ့ပဲ (မှန်ပါ့)၊ ဒီဥစ္စာကို လုပ်ဖြစ်အောင်လည်း လုပ်ပါ၊ မလုပ်ချင်လို့ရှိရင်ဖြင့် မသာပေါ်ချင်လို့ပဲ (မှန်ပါ့)။
မလုပ်ချင်ရင် မသာပေါ်ချင်လို့
မလုပ်ချင်ရင် (မသာပေါ်ချင်လို့ပါ ဘုရား)၊ စကားကြမ်းသလား၊ အဓိပ္ပာယ်က ဟုတ်နေသလား (အဓိပ္ပာယ်က ဟုတ်နေပါတယ် ဘုရား)။
မကြမ်းပါဘူးနော် (မှန်ပါ့)၊ အဓိပ္ပာယ်က အင်မတန် ဟုတ်နေတယ်၊ မသာပေါ်ချင်လို့ ကလေးဖြစ်ချင်လို့ (မှန်ပါ့ ဘုရား)။
လူကြီးက ဘာဖြစ်ချင်လို့လဲ (ကလေးဖြစ်ချင်လို့ပါ ဘုရား)၊ လူကြီးတန်မဲ့နဲ့ ကလေးစကား မပြောစမ်းပါနဲ့ဆို တော့ ခင်ဗျားတို့က အတော်နာတယ် (မှန်ပါ့)၊ မနာပေဘူးလား (နာပါတယ် ဘုရား)။
လူကြီးက ဘာတဲ့ (ကလေးစကား မပြောပါနဲ့)၊ အင်း-ဒါမလုပ်လို့ရှိရင် လူကြီးက ကလေးစကား ပြောရလိမ့် မယ် မရှက်ဘူးလားဗျာ (ရှက်ပါတယ် ဘုရား)။
ဟာ-ခုဒီအထဲတွင် ရှက်တာ ခင်ဗျားတို့ဟာက အိမ်ကျတော်အောင်နေတော့ ခက်တယ် (မှန်ပါ့)၊ ဒီအထဲတွင် မရှက်ဘဲနဲ့ အိမ်ကျတော့လည်း တစ်ရှက်ထဲ ရှက်နေစမ်းပါဆိုတဲ့ဥစ္စာကိုလည်း မှာပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီအလုပ်မလုပ်ရင် လူကြီးက ဘာဖြစ်ရမလဲ (ကလေးဖြစ်ရပါတယ် ဘုရား)၊ ကလေးဖြစ်ရတယ်ဆိုတော့ ဒကာကြွယ်တို့က ရမ်းပြောတဲ့စကား ထင်မှာစိုးတဲ့အတွက် ဟောဒီစုတိပြီးရင် ဟောဒီမှာ ပဋိသန္ဓေကလေး လာဖြစ်တယ် (မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
သူကြီးစုတိလည်း ပြီးပါရော၊ ကလေး ပဋိသန္ဓေဆိုတာ လာပြီ (လာပါပြီ ဘုရား)၊ လူကြီးက ဘာလာဖြစ်ရသလဲ (ကလေးလာဖြစ်ရပါတယ်)၊ ကလေးလာဖြစ်ရတော့ ကလေးသံပဲ ထွက်တော့မှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ)။
အရင်တုန်းကတော့ နှပ်တွေသိမ်းလို့ ကျင်ကြီးသွားချင်တယ်ဆို ကျင်ကြီးစွန့်တဲ့နေရာ သွားစွန့်၊ ကျင်ငယ် သွားချင်တယ်ဆို ကျင်ငယ်စွန့်တဲ့နေရာ သွားစွန့်၊ အရှက်ကလေးရှိသေးတယ် (မှန်ပါ့)၊ ကလေးဖြစ်ရတော့ (အရှက်မရှိ ပါ ဘုရား)။
ဪ ဒီလူကြီးတွေဟာ တော်တော်ခက်ပါလား၊ လူကြီးက ကလေးဖြစ်တဲ့အလုပ် ပြန်လုပ်တာ အတော်နာတယ် (မှန်ပါ့ ဘုရား)။
ကလေးဖြစ်တဲ့အလုပ် လုပ်တာအတော်နာတယ်
လူကြီးက ကလေးဖြစ်တဲ့အလုပ် လုပ်တာ (အတော် နာပါတယ် ဘုရား)၊ ဆုတောင်းရင်တော့ ဖြစ်လိမ့်မနော် (ဖြစ်ပါတယ် ဘုရား)။
လူကြီးက ကလေးဖြစ်သွားလို့ရှိရင်ဖြင့် ခင်ဗျားတို့ အခုပြောတဲ့စကားနဲ့သာ အသုံးချလိုက် ဦးလှဘူး၊ လူကြီး လူကြီးပီပီ ပြောစမ်းပါ ကလေးစကား မသုံးစမ်းပါနဲ့ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။
လူကြီး လူကြီးပီပီ ပြောစမ်းပါ၊ ကလေးစကား မသုံးပါနဲ့ဆိုရင် တော်တော်နာတယ် (နာပါတယ် ဘုရား)။
ဒီအလုပ်မလုပ်ရင်တော့ လူကြီးက ကလေးဖြစ်ရတော့မယ် (မှန်ပါ့)၊ အခု အရှက်အကြောက်ရှိတယ်၊ မသေခင် အရှက်အကြောက်ရှိတယ် (မှန်ပါ့)၊ သေပြီ ကလေးဖြစ်တော့ (အရှက်အကြောက် မရှိတော့ပါ ဘုရား) ဟာ-သေသွားပြီ ဒီလူဂျွမ်းပြန်ပြီ (မှန်ပါ့)၊ ဂျွမ်းမပြန်သေးဘူးလား (ပြန်ပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ နာအောင် ပြောတာလား ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား)၊ ဖြစ်စဉ် ကိုက်ပါ ဒကာသစ်ရေ နာအောင်ပြောတာ မဟုတ်ပါဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ၊ လူကြီးက ကလေးတော့ မဖြစ်ပါရစေနဲ့ဆိုပြီး ကြိုးစားလုပ်ရမယ် (မှန်ပါ့ ဘုရား)။
လူကြီးက (ကလေးမဖြစ်ပါရစေနဲ့လို့ ကြိုးစားလုပ်ရပါ့မယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
လူကြီးက ကလေးမဖြစ်ချင်ရင် ဘာလုပ်ရမလဲ (ဝိပဿနာအလုပ် ကြိုးစားရပါမယ် ဘုရား)၊ မကြိုးစားလို့ရှိရင် (ကလေးဖြစ်ရမှာပါ ဘုရား)။
ကလေးဖြစ်ရလို့ရှိရင်ဖြင့် အရင်တုန်းက ကိုယ်ကချီခဲ့ရတယ် (မှန်ပါ့)၊ အခုသည်ကားလို့ဆိုရင်ဖြင့် ပြောင်းပြန် ဖြစ်ပြီးသကာလ အဖတပြန်, သားတပြန်ဖြစ်နေရင် သေသေချာချာ ဒုက္ခရောက်မယ် (မှန်ပါ့)၊ အဖတပြန်, သားတပြန် ဆိုလို့ရှိရင် ဦးလှဘူး နားထောင်လို့ကောင်းသေးရဲ့လား (မကောင်းပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ၊ အရင်တုန်းကတော့ဖြင့် ကိုယ့်ကျင်ကြီးကို သူများက ကြုံးတယ်ဆိုလို့ရှိရင်ဖြင့် ကျင်ကြီးကြုံး ပြန် လှည့်ရလိမ့်မယ် (မှန်ပါ့)၊ မလှည့်ရဘူးလား (လှည့်ရပါတယ်)၊ အဲဒီတော့ ဒကာကြွယ် ဘယ်အလှည့်ကောင်းသတုံး (ဘယ်အလှည့်မှ မကောင်းပါ)၊ အခု မသာပြီး နောက်မသာဖြစ်ရတာလဲ (မကောင်းပါ)၊ အခု မသာပြီး နောက်ကလေး ဖြစ်ရတာလည်း (မကောင်းပါ)၊ အခု လူမမာဖြစ်ပြီး နောက် လူမမာဖြစ်ရတာကော (မကောင်းပါ)၊ အခု လူပျိုဖြစ်ပြီး နောက်လူအိုဖြစ်ရတာကော (မကောင်းပါ ဘုရား)။
ဒါဖြင့် အဲဒါသစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီအချက်အလက်ကို အလုံးစုံ မဖြစ်ချင်တော့ပါဘူး (မှန်ပါ့)၊ ဖြစ်ချင် သေးရဲ့လား (မဖြစ်ချင်ပါ)၊ သစ္စာမသိတဲ့ပုဂ္ဂိုလ် ဒကာသစ် ဒီလေးချက်ကဖြင့် မလာပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ပေါ်ပေါ် ချုပ်တာမြင်အောင်ကြည့်ပါ (မှန်ပါ့)၊ ချုပ်တာကရှေ့ မြင်တာက နောက် (မှန်ပါ့ ဘုရား)။
ရှေ့စိတ်ကို နောက်ဉာဏ်နဲ့ကြည့်ရမယ်
အဲ ရှေ့စိတ်ကို နောက်ဉာဏ်နဲ့ကြည့်ရမယ်ဆိုကတည်းက အထည်တော့ မြင်စရာရှိသေးရဲ့လား (မရှိပါ အထည့်တော့ မြင်စရာမရှိဘူး)၊ ဒကာ ဒကာမတို့ မရှိတာပဲသိမှာပဲ (မှန်ပါ့ ဘုရား)။
ဘာသိမယ်ထင်သတုံး (မရှိတာပဲ သိရပါမယ်)၊ မရှိတာကို သိရတဲ့အသိသည် အဲဒါ ရှင်ဆန္ဒပြောတဲ့အသိပဲ (မှန်ပါ့ ဘုရား)။
သူ့ကို ကျယ်ကျယ်ဟောပြီးသကာ နေတာဆန္နကို နက်ဖြန်မှ ဟောမှာပါ ဒကာကြွယ်ရ (မှန်ပါ့)၊ ဪ သူ ဒီလိုသိလို့ ရဟန္တာဖြစ်သွားတယ်ဆိုတာ နက်ဖြန်ကျတော့ ရုပ်လုံးပေါ်မယ် (မှန်ပါ့ ဘုရား)။
ဒီနေ့တော့ အလုပ်စခန်းတွေ ပြပြီးသကာလ ခင်ဗျားတို့ သံဝေဂသဘောနဲ့လည်း နာအောင်ပြောပြီး အလုပ် စခန်း မလုပ်လို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းတာတွေလည်း အမျိုးမျိုး အဖုံဖုံ ပြောခဲ့ပြီ၊ ခုနင်က မသာပို့နည်း နိဿယည်း လည်း ပြောခဲ့ပြီ (မှန်ပါ့)၊ မပြောခဲ့ဘူးလား လူကြီးက ကလေးပြန်ဖြစ်တာကော (ပြောခဲ့ပါပြီ ဘုရား)၊ အသေမှာလည်း အရုပ်အဆိုးဆုံးကွဆိုတာကော (ပြောခဲ့ပါပြီ)၊ ဒီဘဝစုတိပြီး ပဋိသန္ဓေနေရခဲ့လျှင် အကြီးဆုံးသော ကပ်ရောက်ခြင်း အကြီးဆုံးသော ဒုက္ခလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။
အဲဒါတွေ ဒကာသစ်တို့ သေသေချာချာ ကြည့်တော့မှ နိဂုံးချုပ်ကြစို့တော့နော် (မှန်ပါ့)၊ ဘာမသိလို့ ဤဖြစ် တွေ ဒါလောက်ဖြစ်ရပါလိမ့်မလဲ (သစ္စာမသိလို့ပါ ဘုရား)။
သစ္စာမသိလို့ရှိရင်ဖြင့်
အဲ သစ္စာမသိလို့ရှိရင်ဖြင့် အသေကိုရှာတတ်တာ ၁ နံပါတ် လူကြီးက ကလေးဖြစ်တာက (၂ နံပါတ်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ မသာပို့မှားတာက ၃ နံပါတ် ဒါတွေ အကုန်လိုက်နေရမှာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သစ္စာမသိတဲ့ဖြစ်တွေဟာ အားလုံး ဒကာ ဒကာမတို့ အတော်ကိုပဲ ကျုပ်တို့မှာ အလုပ်ရှုပ်တယ် (မှန် ပါ့ ဘုရား)၊ မကောင်းတဲ့အလုပ်တွေ အကုန်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကလေးဖြစ်တာကော ကိုယ့်ကျင်ကြီး, ကိုယ့်ကျင်ငယ်, ကိုယ့်တံထွေး, ကိုယ့်ချွဲသလိပ်မှ သိမ်းနိုင်သေးရဲ့လား (မသိမ်းနိုင်ပါ ဘုရား)၊ အဲဒါဟာလည်း ဒကာ ဒကာမတို့ အသေပြီးတော့ နောက် အနေလာလို့ဖြစ်ရတာ (မှန်ပါ့)၊ သူများက အော်လိုက် ငေါက်လိုက် ထိပ်ပုတ် ခေါင်းရိုက် ခံရတာတွေကော (ဖြစ်ရပါတယ်)၊ ဒါ ဘာတုံးလို့မေးတော့ သစ္စာမသိလို့ ဖြစ်ရတဲ့ဖြစ်တွေ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း- လူလားမြောက်လာလို့ မသာတွေလည်းပို့ပြီး ကိစ္စတွေ မအားတာကော (သစ္စာမသိတာပါ)၊ သစ္စာမသိ တော့ နောက်ခန္ဓာရတယ် (မှန်ပါ့)၊ နောက်ခန္ဓာရတော့ နောက်ခန္ဓာအတွက်တွေက မငဲ့ရဘူးလား (ငဲ့ရပါတယ် ဘုရား)။
နောက်ခန္ဓာမရတာ အကောင်းဆုံး
အဲဒီငဲ့မှုတွေအတွက်နဲ့လည်း ကိစ္စအချိန်ကုန်ပြီးသကာလ ဒကာ ဒကာမတို့ ကိုယ့်အရေးကို လုပ်ရသည် မပါ တော့ဘူး (မပါတော့ပါ ဘုရား)၊ အင်မတန် ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ဒါဖြင့် တရားနိဂုံးချုပ်တော့မယ် ဒကာ ဒကာမတို့ အသေမှာ ဘယ်အသေ အကောင်းဆုံးတုံးမေးရင် ဒီခန္ဓာ ပစ်ချပြီး နောက်ခန္ဓာမရတာ အကောင်းဆုံး (မှန်ပါ့ ဘုရား)။
အဲဒါ သစ္စာသိရင် မရတော့ဘူး (မှန်ပါ့)၊ သစ္စာမသိရင်ဖြင့် (ရမှာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ချုပ်တာမြင်အောင် ကြည့်ရင် မရတော့ပါဘူး (မှန်ပါ့ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။
ဤတွင် အမှတ်စဉ် (၁၇) ပြီးပါပြီ။