ဒိဋ္ဌိခွါနည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၂၀-၈-၆၁)
သာသနာတွင်းတရား, သာသနာပတရား
အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ သာသနာတွင်း တရား, သာသနာပ တရားရယ်လို့ တရားဟာ နှစ်မျိုးရှိတယ်လို့ မှတ်ထားရမယ်နော် (မှန်ပါ့)။
သာသနာတွင်းတရား, သာသနာပတရားလို့ ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးရှိပါတယ် ဘုရား)။
နှစ်မျိုးရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့ သာသနာတွင်း တရားက ဘယ်ဟာ၊ သာသနာပတရားက ဘယ်ဟာဆိုတဲ့ဥစ္စာ စဉ်းစားကြည့်တော့မှတဲ့ သာသနာပမှာ ဝေလာမပုဏ္ဏားကြီးတို့ ဒါန, သီလ တွေ လုပ်ပါတယ် သာသနာပမှာ ဘုရားလောင်းပါပဲ (မှန်ပါ့)။
ဪ သူတို့ကတော့ဖြင့် သာသနာပ တရားတွေပဲ ဝိပဿနာမရှိရှာဘူး (မှန်ပါ့) သာသနာတွင်း တရား ကတော့ဖြင့် ဝိပဿနာလို့ မှတ်ထားပါ (မှန်ပါ့)။
ဒါဖြင့် ဒါန, သီလက ဘာပါလိမ့် (သာသနာပတရားပါ ဘုရား) သာသနာပ၊ သာသနာတွင်းလည်း လုပ်နိုင်ပါ တယ် (မှန်ပါ့) သို့သော် ဝိပဿနာကတော့ဖြင့် သာသနာတွင်း သက်သက်မှ ပေါ်တယ်လို့ မှတ်ထားပါနော် (မှန်ပါ့)။
”ဝိပဿနာဉာဏံ သာသနသ္မိံ ယေဝ ဟောတိ” ဝိပဿနာဉာဏံ = ဖြစ်ပျက်ကိုရှုနိုင်တဲ့ ဝိပဿနာဉာဏ်သည်၊ သာသနသ္မိံယေဝ = သာသနာတွင်း၌သာလျှင်ဆိုတော့ သာသနာတွင်းမှာပဲ သူကတော့ ပေါ်မှာပဲတဲ့ (မှန်ပါ့ ဘုရား)။
သာသနေ-သာသနာသည်၊ ဩသက္ကိတေ = ဆုတ်ယုတ်သွားသည်ရှိသော်၊ ဝိပဿနာဉာဏံ = ဝိပဿနာဉာဏ် သည်၊ နဟောတိ မဖြစ်ဘူးတဲ့ (မှန်ပါ့)။
ဒါဖြင့် ဝိပဿနာဉာဏ် ကွယ်သွားလို့ရှိရင် နိဗ္ဗာန်မရောက်တော့ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။ ဝိပဿနာဉာဏ်ကွယ်သွားရင်ဖြင့် (နိဗ္ဗာန် မရောက်တော့ပါ ဘုရား)။
နိဗ္ဗာန်ကျေးဇူးပြုတဲ့ တရားတွေတော့ရှိရဲ့၊ တိုက်ရိုက်ဝင်တဲ့တရားက ရှာမတွေ့ဖြစ်သွားပြီ (မှန်ပါ့)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မိမိပါရမီဟာ နုနုကလေးပဲလား၊ ရင့်နေရော့လားလို့ဆိုတာ ကိုယ့် ဟာကိုယ် အကဲခတ်ယူပါ (မှန်ပါ့ ဘုရား)။
ပါရမီပြည့်ပြီးသားပဲ
ကိုယ့်ဟာကိုယ် အကဲခတ်လိုက်တဲ့အခါကျတော့မှ သာသနာတွင်းလည်း ဖြစ်ပြန်, ဝိပဿနာဉာဏ်ပေးမည့် ဆရာသမားနဲ့လည်း တွေ့ပြန်၊ ဝိပဿနာဉာဏ်မှလည်း ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကျေးဇူးများလိမ့်မယ်ဆိုတဲ့ ထောင်နိုင်တဲ့ နားနဲ့ထောင်ပြီး ဒို့က ကြိုးစားပြန်ဆိုတော့ ဒို့ဟာ ပါရမီပြည့်ပြီးသားပဲ-လို့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ပါရမီ ပြည့်ပြီးသားပါ ဘုရား)။
ပါရမီပြည့်ပြီးသားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချတော့ ဪ- ဒီ့ပြင်ပါရမီကတော့ဖြင့် အကုန်ပြည့်ပြီး လူ့ဘဝရပြီ သဒ္ဓါသမ္ပတ္တိဘာဝဒုလ္လဘတွေနဲ့လည်း ပြည့်စုံပြီ၊ ပြည့်နေပေမယ့်လည်း ဪ- ဒို့သည်ကားလို့ ဆိုရင် ဝိပဿနာဉာဏ်တည်းဟူသော အကူအညီ မပေးခဲ့သော် ပါရမီသည် ဒကာ ဒကာမတို့ ဆုတ်ယုတ်သွားလိမ့်မယ် (မှန်ပါ့)။
မီးခဲတွေ ပြာဖုံးပြီး သကာလ လာတာကို ဝိပဿနာဉာဏ်တည်းဟူသော လေနဲ့ မှုတ်လိုက်ရလို့ရှိရင်ဖြင့် ကိလေသ မီးတွေကိုလောင်ပြီး သကာလ ဪ ဒီဘဝကိစ္စပြီးတော့မှာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သာသနာတွင်းသားလား-သာသနာပသားလားလို့ ကိုယ့်ဟာကိုယ် စစ်ဆေးမိကြရဲ့လား (စစ်ဆေးမိပါတယ် ဘုရား) ဘယ်ထဲရောက်နေသလဲ (သာသနာတွင်းသားပါ ဘုရား)။
ဪ ဒါဖြင့် သာသနာတွင်းမှာ ပါရမီတွေ စုံပြီး သကာလ ကြုံကြပြီဆိုတော့ ဘာကလေးတစ်ခု ဖြည့်စွက် စရာ ကျန်သေးလည်းလို့ မေးတဲ့အခါကျတော့ဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်ကလေးတစ်ခု ဖြည့်စွက်ဖို့ လို သေးတယ် (မှန်ပါ့)။
လူ့ဘဝရပြီဗျာ (မှန်ပါ့) သဒ္ဓါသမ္ပတ္တိဘာဝဒုလ္လဘကောဗျာ (ရပါပြီ ဘုရား)။
ရပြီဆိုတော့ ဒကာ ဒကာမတို့ ဒါကလေးတစ်ခု လိုနေတာ ဒို့-ဖြည့်လိုက်ရလို့ရှိရင် ပါရမီအကုန်ပြည့်လို့ လိုရာခရီးအရောက်ကြီး ရောက်တော့မယ်ဆိုတာ ဘာမှသံသယမရှိပါနဲ့ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဝိပဿနာဉာဏ်ကိုဖြင့် ဒါနလုပ်လည်း သူူ့-ဖြည့်စွက်ရမှာပါ (မှန်ပါ့) သီလဆောက်တည်လည်း (ဖြည့်စွက်ရမှာပါ ဘုရား) နေရာတိုင်းမှာ သူ့အကူအညီ အကုန်ယူပြီး သကာလ ငါတို့သည်ကားလို့ဆိုရင်ဖြင့် ရှေ့ ဒီ-ဝိပဿနာဉာဏ်, မဂ်ဉာဏ်ကို မလုပ်သေးသရွေ့ ကာလပတ်လုံး ဘယ်သူဟာ နွားတွေ လည်ပင်းလှီးသတ်နေသတဲ့၊ ဪ ဝိပဿနာဉာဏ်, မဂ်ဉာဏ်မရသေးရင် ဒို့-ပါဦးမှာပဲ ဒီအထဲကို (မှန်ပါ့) ဒီလိုသာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဘယ်သူသည်ကားလို့ဆိုရင် ဆိတ်တွေ လည်ပင်းလှီးသတ်နေသတဲ့၊ ဪ ဒီအထဲလည်း ဒို့ပါဦးမှာပဲ (မှန်ပါ့) ဝိပဿနာဉာဏ်, မဂ်ဉာဏ်မရသေးရင်လေ (ပါရပါမယ် ဘုရား) ပါရမှာပါပဲ။
ဘယ်မှာ တိုင်းပြည်တစ်ပြည်လုံး ရေလွှမ်းမိုးပြီး သကာလ မီးတောင်ကြီးပေါက်ကွဲလာသတဲ့၊ တစ်ပြည်လုံးရှာ မတွေ့ဘူးတဲ့၊ ဒီအထဲလည်း ဒို့ပါဦးမှာပဲ (မှန်ပါ့)။
ဝိပဿနာဉာဏ်, မဂ်ဉာဏ် မရသေးရင်
ဝိပဿနာဉာဏ်, မဂ်ဉာဏ် မရသေးရင် (ပါဦးမှာပဲ)၊ ပါမှာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဟော- ဘယ်သူဟာဖြင့် လမ်းမှာ တောင်းစားနေသတဲ့၊ သတ္တုခွက် အပိန်အရွဲ့နဲ့ ကိုယ်ကလည်း မစွမ်းမသန်နဲ့၊ ကြည့်ရှုရတာ ရုပ်ရေရူပကာယကလည်း ပျက်နေသတဲ့ (မှန်ပါ့) အဲဒီအထဲမှာလည်း ဝိပဿနာဉာဏ်, မဂ်ဉာဏ် မရသေး ရင် ဪ- ဒို့လည်း ဒီအသွားရောက်ဦးမှာပဲ (မှန်ပါ့)။
သေသေချာချာ ဒါ သံယုတ်ပါဠိတော်မှာ လာပါတယ် (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့ ဘုန်းကြီးက လျှောက်ပြောတယ်လို့ မယူပါနဲ့နော် (မှန်ပါ့) ပြုံးချိန် မဟုတ်သေးတာသာ သတိထားပါ (မှန်ပါ့) ပြုံးချိန်ကဖြင့် ဒကာကြွယ် မရောက်သေးပါဘူး (မှန်ပါ့ ဘုရား) ဦးလှဘူးနော် (မရောက်သေး ပါ ဘုရား)။
ပြုံးချိန် မဟုတ်သေးဘဲနဲ့ ပြုံးနေလို့ရှိရင် ဒကာသစ် ဘုန်းကြီး တစ်နေ့က ဘယ့်နှယ် ပြောသလဲ၊ အရူးပြုံးကွ (မှန်ပါ့ ဘုရား)။
ပြုံးချိန် မရောက်ဘဲနဲ့ ပြုံးနေတာ (အရူးပြုံးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ကို မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအောင်၊ မဂ်ဉာဏ်ရရင် ဖိုလ်ဉာဏ်ရတာပါပဲ (မှန်ပါ့) အဲဒီတော့ သာသနာ တွင်းသားနဲ့ တူအောင် သာသနာတွင်းအလုပ်ကိုလည်း ဒကာ ဒကာမတွေလုပ်ပါဆိုတဲ့ဥစ္စာ သိကြားလိမ္မာတဲ့ ပုဂ္ဂိုလ်က တိုက်တွန်းလို့ရှိရင် မသိတဲ့ပုဂ္ဂိုလ်က ကိုယ့်စိတ်နဲ့ ဆုံးဖြတ်ချက် မချနိုင်လည်း ဘုရားအားကိုးပြီး တရားအားကိုးပြီး သကာလ လိုက်မြဲတိုင်းသာ လိုက်ပါ (မှန်ပါ့ ဘုရား) ကိုယ့်ဉာဏ်နဲ့ဖြင့် တွေးဆပြီး သကာလ မနေပါနဲ့၊ မှီမှ မမှီတာကိုး (မှန်ပါ့)။
ကိုင်း- ဒကာ ဒကာမတို့ လမ်းမှာသတ္တုခွက် အပိန်အရွဲ့နဲ့ တောင်းစားနေတာ မြင်လိုက်ရင် ခင်ဗျားတို့ ဘယ်လိုအောက်မေ့ရမလဲ (တပည့်တော်တို့လည်း ရောက်ရဦးမှာပါ ဘုရား) ဝိပဿနာဉာဏ်, မဂ်ဉာဏ် မရသေးရင် (ရောက်ရမှာပါ ဘုရား) ဒီအထဲ ဒို့ပါရဦးမှာပဲ၊ ဒီအဖြစ်မျိုး ဒို့ ကြုံရဦးမှာပဲလို့ ဆိုပြီး သကာလ ဒီလိုသာ နှလုံးသွင်း တာပါ (မှန်ပါ့) ဖြစ်ခဲ့လှပြီလို့ နှလုံးသွင်း (မှန်ပါ့ ဘုရား)။
ငါ-ပျင်းရိနေသေးလို့ သားရေး, သမီးရေး, စီးပွားရေးကြောင့် အချိန်တွေဖင့်နွဲ့ပြီး သကာလ နေသေးရင်လည်း ဪ- မင်းလည်း ဒီအထဲ ပါဦးမှာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘသူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နုရွှဲဝဲပြီး သကာလ နေတယ်၊ မည်သူတစ်ဦး တစ်ယောက်မှ မသထာဘူး၊ ဘယ်တော့သေပါ့မလဲလို့ သတိလစ်နေကြတာပဲ၊ ပြောသံကြားရတယ်၊ မြင်ရတယ်ဆိုကြပါစို့ (မှန်ပါ့) ဝိပဿနာဉာဏ်, မဂ်ဉာဏ် မရသေးရင် ဒို့လည်း ဒီအထဲ ပါဦးမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ရှေးကလည်း ပါခဲ့လှလေပြီလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ရှေးကလည်း ဘာတုံး (ပါခဲ့ပါပြီ) ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမပြုံးနဲ့ဦး၊ မပြုံးနဲ့ဦးဆိုတဲ့ဥစ္စာ အလကား ရမ်းပြီး သကာလ ဪ- ဒီအဖြစ်မျိုး ကြောက်လှချည်းရဲ့ဆိုရုံနဲ့ မပြီးဘူး (မှန်ပါ့ ဘုရား)။
ဒီအဖြစ်မျိုး ကြောက်လှချည်းရဲ့ ကျုပ်ဖြင့် နှလုံးတုန်လှချည်းရဲ့ အင်း- သွားကိုမကြည့်ရဲဘူးတဲ့ (မှန်ပါ့) အို မကြည့်ရဲပေမယ့် ကိုယ်ကိုယ်တိုင် ဖြစ်ရလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။
ဒီဝိပဿနာဉာဏ်, မဂ်ဉာဏ်သာ အားမထုတ်ရင် ခင်ဗျားတို့က မကြည့်ရဲဘူးလို့ သွေးကြီးမနေနဲ့၊ ကိုယ်ကိုယ် တိုင် ဖြစ်ရလိမ့်ဦးမယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။
ဘယ်လို ဆုံးဖြတ်ချက်ချကြမယ် (ကိုယ်ကိုယ်တိုင် ဖြစ်ရလိမ့်ဦးမယ်ပါ ဘုရား)။
ကဲ- မကြည့်ရဲတဲ့ပုဂ္ဂိုလ်က ဒကာသစ်ရေ-ဘာဖြစ်ရဦးမှာတုံး (အနူအဝဲ ဖြစ်ရဦးမှာပါ ဘုရား)။
အဲဒီတော့ ကိုယ်ကိုယ်တိုင် ဖြစ်ရဦးမှာပဲဆိုတာ သိတော့ ဒကာသစ်တို့, ဦးမာဒင်တို့ လန့်ပြေးတယ် (လန့်ပြေး ပါတယ်) လန့်ပြေးတဲ့အခါကျတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ- ဒီအဖြစ်မျိုး ကြုံလည်း မကြုံချင်ဘူး၊ တွေ့လည်း မတွေ့ချင်ဘူး၊ ကဲ- ကယ်မည့်သူ ယူမည့်သူရှာပါ့မယ်ဆိုတော့ “ဝိပဿနာဉာဏံ သာသနသ္မိံယေဝဟောတိ” ဪ- ဝိပဿနာဉာဏ်, မဂ်ဉာဏ်ရလို့ရှိရင်တော့ မဖြစ်တော့ဘူးတဲ့ (မှန်ပါ့) ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး ဟာ ဝိပဿနာဉာဏ်, မဂ်ဉာဏ် (မှန်ပါ့) ကိုယ်ကိုယ်တိုင် လုံခြုံရေးဟာကော (ဝိပဿနာဉာဏ်, မဂ်ဉာဏ်ပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် စိတ်ချရတဲ့ အရေး
ဝိပဿနာဉာဏ်ဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ချရတဲ့ အရေးဟာ (ဝိပဿနာဉာဏ်, မဂ်ဉာဏ်ပါ ဘုရား)။
ဒါဖြင့် စိတ်မချရသေးရင် ကျုပ်တို့ ဘာလုပ်ရမလဲ (ဝိပဿနာဉာဏ်, မဂ်ဉာဏ်ရအောင် လုပ်ရပါမယ်) လုပ် ရလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကယ်တင်တဲ့ အရေးဟာဖြင့် ဝိပဿနာဉာဏ်, မဂ်ဉာဏ်မှပဲ ကယ်တင်နိုင်တော့မယ်ဆိုတာ တကယ်တမ်း သိပြီး သကာလ နေကြလို့ရှိရင်ဖြင့် သာသနာတွင်းသားပီပီ ကိုယ့်ကိုယ်ကယ်တင်လိုက်တဲ့ လူဦးရေ အနည်းထဲမှာ ကိုယ်ပါနေတယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် အချိန်အလွဲသုံးစားနဲ့ ဒကာသစ်တို့ ဒကာကြွယ်တို့ မလုပ်ပါနဲ့ဆိုတာ သတိပေးရတယ် (မှန်ပါ့) အချိန်အလွဲသုံးစားဆိုတော့လည်း ရိပ်မိကြပါလိမ့်မယ် (ရိပ်မိပါပြီ ဘုရား)။
သားရေး ဂရုစိုက်နေရင် (အချိန်အလွဲသုံးစားတာပါ) သမီးရေး ဂရုစိုက်နေရင် (အချိန်အလွဲသုံးစားပါ) စီးပွား ရေး ဂရုစိုက်နေရင် (အချိန်အလွဲသုံးစားပါ) အချိန်အလွဲသုံးစားချည်းပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ- ငါသည် အချိန်သည်ကားလို့ဆိုရင် ဘာပါလိမ့်မတုံးလို့ ကိုယ့်ဟာကိုယ် တွေးလုံးထုတ်တဲ့အခါ ကျလို့ရှိရင် ဖြင့် လူမိုက်ချိန်ပဲဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (လူမိုက်ချိန်ပါ) လူမိုက်တို့၏ သွားရာလမ်းကတော့ အပါယ်လေးပါပဲ (မှန်ပါ့ ဘုရား)။
ဪ မင်းသည်ကားလို့ဆိုရင် ဒီအချိန်ဟာ ဘာအချိန်ပါလိမ့်မတုံးလို့ ကိုယ့်ကိုယ်ကိုယ် ဝိပဿနာဉာဏ် ကင်းတဲ့အချိန် မေးကြည့်လိုက်လို့ရှိရင်ဖြင့် လူမိုက်ချိန်ပဲသာ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ်ကင်းခဲ့သော်
ဝိပဿနာဉာဏ်ကင်းခဲ့သော် (လူမိုက်ချိန်ပါ ဘုရား) သားကလေးပွေ့ပြီး သကာလ ၊ သမီးကလေးပွေ့ပြီး သကာလ နေတယ်၊ ကလေးထိန်းနေရတယ်၊ မအားဘူး၊ ဝိပဿနာအလုပ် နှလုံးမသွင်းနိုင်ဘူး၊ ဪ မင်း- ဘာလုပ်နေတာ တုံး၊ ကလေးထိန်းတာပဲလား၊ မိုက်နေတာပဲလားလို့ မေးကြည့်တာပေါ့ (မိုက်နေတာပါ) မိုက်နေတာပဲဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။
သို့သော် ခင်ဗျားတို့ ဆင်ခြေနဲ့ ခင်ဗျားတို့ လဲချင်တာတော့ လဲလိမ့်မယ် (မှန်ပါ့) ကိုယ့်ကလေးမှ ကိုယ်မထိန်း နိုင်လို့ရှိရင် ဘယ်သူ ထိန်းပေးမှာတုံး၊ ကိုယ့်ဝတ္တရားက ရှိနေသေးတယ်ဆိုတော့ ဪ သူ့ကိုယ်သူ ဝိပါကဝဋ် မကျွတ်သေးဘူးလို့ ပြောတာ (မှန်ပါ့ ဘုရား)။
ဘယ်လိုပြောတာပါလိမ့် (ဝိပါကဝဋ် မကျွတ်သေးဘူးလို့ ပြောတာပါ ဘုရား)။
ဟ-ဝဋ် မကျွတ်သေးတာများ ဒကာ ဒကာမတို့ ကျွတ်အောင်သာ လုပ်ဖို့ အရေးကြီးတယ် (မှန်ပါ့) မကျွတ်သေး တာကို ကျုပ်ဝဋ်မကျွတ်သေးဘူး၊ ကျုပ် ဝဋ်မကျွတ်သေးဘူးလို့ ဘယ်သူက သာဓုခေါ်မှာမို့ ဒါလောက် ဂုဏ်ထုတ်နေရ တာတုံး (မှန်ပါ့) ဘယ်သူက သာဓု ခေါ်မှာတုံး၊ ခင်ဗျားတို့ (ဘယ်သူကမှ မခေါ်ပါ ဘုရား)။
အဲဒါ တချို့ ဒကာ ဒကာမတွေက သူများ ငေါ့သလို၊ စောင်းသလိုနဲ့ ကိုယ့်သား သမီးနဲ့ ဒီအငယ်ကလေး ဒီလိုမှ မစောင့်ရှောက်ရင် ဘယ်မှာလူလားမြောက်တော့မတုံးဆိုပြီး ဒါကိုသူ့အရေးထဲ ထည့်ပြီး သကာလ တစ်ခါတည်း ဂုဏ်ယူတဲ့သဘော (မှန်ပါ့) စင်စစ်တော့ မိုက်ဂုဏ်ယူတာ (မှန်ပါ့)။
ဘာယူတာပါလိမ့် (မိုက်ဂုဏ်ယူတာ) မိုက်ဂုဏ်ယူတာကိုပင်လျှင် ဒကာကြွယ် ဟုတ်ပေလိမ့်မယ် မလိုက်ပါနဲ့ (မှန်ပါ့) ဟုတ်ပေလိမ့်မယ် လိုက်လို့ရှိရင် ခင်ဗျားက အဆင်းတွန်းတဲ့ လူထဲအပါအဝင်ပေါ့ဗျာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အေး- ဒီ အချိန်တွေ မသုံးကောင်းဘူး၊ မဖြုန်းကောင်းဘူးဟ၊ သာသနာတွင်း-ဟ၊ ဝိပဿနာဉာဏ်နဲ့ အချိန်ကုန် ပစေ၊ ဒို့ ဆရာဘုန်းကြီးလည်း ဆုံးမထားတယ်၊ ဘုရားကိုယ်တော်မြတ်ကြီး အလိုတော်ပြည့် အဋ္ဌကထာ ဆရာတွေကလည်း ပြောထားတယ်၊ သာသနာတွင်း အလုပ်လုပ်ပါကွဲ့၊ လုပ်ပါကွဲ့ဆိုတာ တိုက်တွန်းရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဝိပဿနာဟာ ဘယ်အချိန်မှာ ပေါ်ပါလိမ့် (သာသနာတွင်းမှာ ပေါ်ပါတယ် ဘုရား)။
သာသနာတွင်းမှပေါ်တယ်
ကောင်းပြီ၊ ဒါ သာသနာတွင်းမှပေါ်တယ်ဆိုတာကို အခုသာသနာ ၂၅၀၀ ပျော့ပျော့လောက်ကျန်သေးငြား သော်လည်း ဒကာ ဒကာမတို့ ဆရာသမားကောင်းနဲ့ တွေ့ပြီး သကာလ နေတဲ့အချိန်မှာလည်း ပေါ်နိုင်ပါတယ် (မှန်ပါ့) ဟိုဥရောပတို့၊ ဘာတို့မှာ ပေါ်နေတယ်လို့ ဆိုလို့ရရဲ့လား (မရပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်သာသနာတွင်းသား အလုပ်ကိုကိုယ်သည်ကားလို့ ဆိုလို့ရှိရင် အတောင်းကြီးတောင်းလာတဲ့ဆု၊ အပြည့်ကြီးပြည့်လာတဲ့ ဥစ္စာကို မပြည့်သေးဘူး ထင်ပြီး သကာလ ဖြည့်စရာရှိတာ မဖြည့်ခဲ့သည်ရှိသော် ဒကာ ဒကာမတို့ ပါရမီအညွန့်တုံး၍ အပါယ်လေးပါး စုန်းစုန်းမြုပ်ရလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဒီနေ့ရှေ့ပိုင်းမှာ သတိပေးတာ ဘာပါလိမ့်မတုံး၊ ပြည့်ပြီးသားပုဂ္ဂိုလ်က ဝိပဿနာအလုပ် မလုပ်လို့ရှိရင် ပါရမီအညွန့်တုံးလို့ အပါယ်လေးပါး စုန်းစုန်းမြုပ်ရမယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ပါရမီအညွန့်တုံးလို့ (အပါယ်လေးပါး စုန်းစုန်းမြုပ်ရပါမယ် ဘုရား)။
ကဲ- မပြည့်တဲ့လူက မြုပ်ရတာလား-ပြည့်ပြီးသား မဖြည့်လို့ မြုပ်ရတာလား (ပြည့်ပြီးသား မဖြည့်လို့ မြုပ်ရတာ ပါ ဘုရား)။
ဒကာကြွယ်ကြီး အေးစက်စက် လုပ်မနေနဲ့ (မှန်လှပါ) ဦးလှဘူးတို့ကော (မလုပ်ပါ ဘုရား)။
အေးစက်စက်မလုပ်ပါနဲ့ ၊ အေးစက်စက်ဆိုတာမျိုးသည်ကားလို့ ဆိုလို့ရှိရင် ကိုယ့်အရေးကိုယ်မသိတဲ့ လူထဲ ပါသွားပါတယ် (ပါပါတယ် ဘုရား) ဒကာသစ် မပါဘူးလား (ပါပါတယ် ဘုရား)။
အို ရောင်းရေး, ဝယ်ရေးကလည်း အကြောင်းမညီညွတ်လို့ ဘာမှအကြောင်း မညီညွတ်ဘူးဆိုတာ မှတ် ထား (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ်တော့အကြောင်း ညီညွတ်ဘူးသတုံး (ဘယ်တော့မှ မညီညွတ်ဘူးပါ ဘုရား) ဟိုဟာကလိုနေတာ နဲ့၊ ဒီဟာက ပိုနေတာနဲ့၊ လိုတာဖြည့်လိုက်ပြန်တော့ ဖြည့်ထားတာက မရောင်းရတာနဲ့ (မှန်ပါ့) ရောင်းရပြန်တော့လည်း လိုနေတာနဲ့ဆိုတော့ ဘယ်တော့ ပြီးတဲ့အခါရှိသတုံး (ဘယ်တော့မှ မပြီးပါ ဘုရား)။
ပါရမီအညွန့်တုံးအောင် လုပ်နေတာ
အဲဒါ မပြီးတဲ့အလုပ်ကြီးကို မပြီးဘူးလို့ ပြောနေလာလည်း ဒကာကြီး ဦးမာဒင် ဒါ ဆင်ခြေလဲတာတစ်မျိုး ပဲ (မှန်ပါ့) ပါရမီအညွန့်တုံးအောင် လုပ်နေတာတစ်မျိုးပဲ (မှန်ပါ့ ဘုရား) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။
ဘယ်လိုဆိုကြပါ့မယ် (ပါရမီအညွန့်တုံးအောင် လုပ်နေတာ တစ်မျိုးပါ ဘုရား)။
ဒါဖြင့် ကိုယ့်သစ်ပင်ကလေး ကိုယ်အညွန့်ပေါက်အောင် ရေလောင်း (မှန်ပါ့) ကိုယ်ပဲ ချိုးပစ်လိုက်တယ် (မှန်ပါ့ ဘုရား) အညွန့်ပေါက်အောင် ရေလောင်းတာလည်း ဒီလူပဲ (မှန်ပါ့) ဒီအပင်ကလေး ကြီးပွားမှာစိုးလို့ အညွန့်ချိုး တာလည်း (ဒီလူပါပဲ ဘုရား) ဟာ ရေလောင်းတုန်းက အကောင်း၊ အညွန့်ချိုးမှ အရူးဖြစ်ရရှာတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ရေလောင်းတုန်းကတော့ ဪ- အသိဉာဏ်ရှိရှာတယ်၊ သူဉာဏ်ညွန့်ပေါက်အောင်လို့ ရေလောင်းနေရှာတယ် (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒီတွင် ဝိပဿနာဘက်က လျှော့လိုက်တဲ့အခါကျလို့ရှိရင် ဖြင့် ပေါက်လာတဲ့ အညွန့်ကလေးကို ဆရာဘုန်းကြီးက ရေလောင်းပေးထားလို့ သူကိုယ်တိုင်ကလည်း အလောင်းခံလို့ ဉာဏ်ညွန့်ကလေးတော့ ထွက်မလာဘူးလားဗျာ (ထွက်လာပါတယ် ဘုရား)။
အဲဒီထွက်လာတာ ကလေးတွေမလုပ်ပဲနေတော့ အဝိဇ္ဇာက ချိုးပစ်လိုက်တယ် (မှန်လှပါ) မသိတဲ့အဝိဇ္ဇာက မလုပ်မိတော့ ဒီအညွန့်ကလေး ကျိုးမသွားဘူးလား (ကျိုးသွားပါတယ် ဘုရား) ဝိဇ္ဇာကို အဝိဇ္ဇာက ဖျက်ပစ်လိုက်တယ် (ဖျက်ပစ်ပါတယ် ဘုရား)။
အဲဒါ အညွန့်ကလေး ကျိုးသွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လိုရာခရီးသုံးလို့ ကိစ္စပြီးနိုင်ပါတော့ မလား (မပြီးနိုင်ပါ ဘုရား)။
ဪ- ဒီ ဒကာ ဒကာမတွေ ဘာတွေပါလိမ့်မတုံးဆို ပါရမီဖြည့်ပြီးသား ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်များ ရေလောင်းပေးငြားသော်လည်း ရေလောင်းတုန်းက အကောင်း၊ အညွန့်ချိုးနေတော့ အရူးဖြစ်နေပါပေါ့လားလို့ ဆိုထိုက်, မဆိုထိုက် ဒကာကြွယ် (ဆိုထိုက်ပါတယ် ဘုရား)။
ဒါ- သတိထားပါ၊ ခင်ဗျားတို့ကို သတိပေးတာပါ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ပါရမီက အခု အသက်အရွယ် တွေ ကြီးကုန်တော့ နဂိုရ်ကမှ အညွန့်ကခပ်လှီလှီ ထွက်လာရတဲ့အထဲမှာ ဒကာ ဒကာမတွေက အဝိဇ္ဇာကိစ္စ, တဏှာ ကိစ္စတွေနဲ့ ဒီအညွန့်ကို ကြီးပွားအောင် မလုပ်တော့ဘူးဆိုတော့ အညွန့်တုံးသွားတယ် (တုံးသွားပါတယ် ဘုရား) မတုံးဘူးလား (တုံးပါတယ် ဘုရား)။
အဲ အညွန့်တုံးသွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘာမှအသုံးချလို့ မဖြစ်တော့ဘူး၊ အပါယ်လေးပါး၏ အစာသာဖြစ်တော့တယ်ဆိုတာ သဘောပါပလား (ပါပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်အကြောင်း ဆက်ကြစို့ (မှန်ပါ့)။
ဝိပဿနာအလုပ်လုပ်တော့မယ်၊ တပည့်တော်တို့ သာသနာတွင်း တရားကြိုးစားပါတော့မယ်ဆိုတော့ ဆရာ ဘုန်းကြီးက ဟာ- ဝိပဿနာအလုပ်ဆိုလို့ရှိရင်ကွာ ဒါက ဝေဒနာရှုတာပေါ့-စိတ်ရှုတာပေါ့၊ ဒီလိုပဲ ပြောကြမှာပဲ (မှန်ပါ့)။
ဖြစ်ပျက်ကို သိအောင်လုပ်နေရင်
ဒါ- ဝိပဿနာပေါ့ကွ၊ “သရာဂစိတ္တ သရာဂစိတ္တန္တိ ပဇာနာတိ” ဆိုတာ ဝိပဿနာတွေပေါ့၊ “သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ” ဒီဝေဒနာတွေ ဖြစ်ပျက်ကို သိအောင်လုပ်နေရင် ဒါ- ဝိပဿနာပေါ့၊ အဲဒါလုပ်တောပေါ့ (မှန်ပါ့) ဒီလိုဟောကြလိမ့်မယ် (မှန်ပါ့)။
ဒီလိုဟောတော့ ဒကာ ဒကာမတွေကလည်း ဘာမှမသိတဲ့အခါကျတော့ ဪ ဒါကစ,ပြီး ဒီလိုလုပ်ရုံပဲ ဆိုတော့ ဒကာကြွယ် ဒီအတိုင်းလုပ်ကြစို့ဆိုပြီး လုပ်လိုက်တာပေါ့ဗျာ (မှန်လှပါ ဘုရား)။
လုပ်လိုက်တော့ ဘုန်းကြီးကဖြစ်စေ၊ ဘုရားကဖြစ်စေ မင်းလုပ်တာတော့ ဟုတ်ပါပြီ၊ ဝိပဿနာလုပ်တာဟ ဘာလုပ်ဖို့တုံး မေးတဲ့အခါကျတော့ ဒကာကြွယ်တို့က ဒကာသစ်တို့က ဘယ့်နှယ်ဖြေပါ့မတုံး၊ နိဗ္ဗာန်လိုချင်လို့ ဘုရား (မှန်ပါ့) ဒီ့ပြင် ဘာဖြေစရာရှိသေးသတုံး (ဒါပဲ ဖြေရတော့မယ် ဘုရား) ဘာလိုချင်တာတုံး (နိဗ္ဗာန်လိုချင်တာပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်လိုချင်လို့ဆိုတော့ နိဗ္ဗာန်ဆိုတာ ဘယ်လိုတုံး သိရဲ့လားလို့မေးတော့ မသိဘူး (မှန်လှပါ) ဟော မသိဘူးလို့ ဖြေပြန်တယ် (ဖြေမှာပါ ဘုရား)။
မသိဘူးလို့ ဖြေပြန်တဲ့အခါကျတော့ သူဟာ လိုသာလိုချင်တာ၊ အကောင်းအဆိုး မသိပါဘူးဆိုတော့ ဒကာ ဒကာမတို့ အရောက်သွားပို့ ခြေလှမ်းသွက်ပါ့မလား (မသွက်ပါ ဘုရား) ဟာ- ဒီပုဂ္ဂိုလ်လည်း နိဗ္ဗာန်မရနိုင်ဘူး (မှန်ပါ့ ဘုရား) ဘာ့ကြောင့်တုံး၊ မသိတဲ့ အဝိဇ္ဇာနဲ့ သူလုပ်နေလို့ (မှန်ပါ့)။
နိဗ္ဗာန်မသိတဲ့ အဝိဇ္ဇာ
နိဗ္ဗာန်မသိတဲ့ အဝိဇ္ဇာနဲ့ သူလုပ်နေလို့ နိဗ္ဗာန်ကို (မရနိုင်ပါ ဘုရား) မရနိုင်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နည်းနည်းသိပြန်တော့လည်း တစ်နေ့က ပြောသလိုပဲ နိဗ္ဗာန်ဆိုတာ ရုပ်နာမ်ချုပ်ငြိမ်း, ရုပ်သိမ်းပြီး ဘာမှမရှိတာ- နိဗ္ဗာန်ပဲ ဆိုတော့လည်း ဒကာသစ်ဘာတဲ့ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) ဥစ္ဆေဒဒိဋ္ဌိတက်သွားပြန်တယ် (မှန်ပါ့)။
ဒါဖြင့် နိဗ္ဗာန်မသိတဲ့ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိရှိလျက်နဲ့ ဆရာက ဝိပဿနာအလုပ်ခိုင်းလို့ လုပ်နေလို့ရှိရင် မရပါဘူးတဲ့ (မှန်လှပါ ဘုရား) ဒီစကားမြဲမြဲမှတ်ပါ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်မသိတော့ဘူး ၊ သိပြန်တော့လည်း ဥစ္ဆေဒဒိဋ္ဌိ အသိနဲ့ သိနေတယ်ဆိုကြပါစို့ (မှန်ပါ့) နိဗ္ဗာန်ဆိုတာ ဘာမှမရှိတာ နိဗ္ဗာန်ခေါ်တာပဲ၊ ရုပ်နာမ်ချုပ်ငြိမ်းရုပ်သိမ်းသွားတာ နိဗ္ဗာန်ခေါ်တာပဲဆိုတော့ ဘာရှိသေးသတုံး (ဘာမှ မရှိပါ ဘုရား) ဘာမှမရှိတာ သူ နိဗ္ဗာန်လို့ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။
ဒါဖြင့် ဘာမှမရှိတာ နိဗ္ဗာန်လို့ သူခေါ်ထားတော့ သူ့ဉာဏ်ဟာ သူသိတဲ့ ဒိဋ္ဌိဟာ ဥစ္ဆေဒဒိဋ္ဌိသွားဖြစ်တယ် (မှန်ပါ့ ဘုရား)။
သူသိတဲ့ ဒိဋ္ဌိဟာ (ဥစ္ဆေဒဒိဋ္ဌိ သွားဖြစ်ပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိ သွားဖြစ်တယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ သူ့ဝမ်းထဲမှာ ဥစ္ဆေဒဒိဋ္ဌိလျက်နဲ့ နိဗ္ဗာန်ကို လိုချင်လို့ အားထုတ်လို့ရှိရင် ဒါ အာပေါက်အောင် အားထုတ်ပါတဲ့ မရဘူး (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ နိဗ္ဗာန်မသိဘဲနဲ့ အားထုတ်ပြန်တော့ ဥစ္ဆေဒဒိဋ္ဌိဝမ်းထဲခံနေတယ် (ခံနေပါတယ် ဘုရား) ခံနေတော့ကို နိဗ္ဗာန်ရောက်ကြောင်းဆိုပြီး အားထုတ်ငြားသော်လည်း သူ့ဝမ်းထဲ ဒိဋ္ဌိစင်ရဲ့လား (မစင်ပါ ဘုရား) မစင်ဘဲနဲ့ အားထုတ်ရင် ဒကာကြွယ်, ဦးလှဘူး ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (မရပါ ဘုရား)။
ဟာ ဒါဖြင့် ဆရာသမားဟာ ဦးမာဒင်ရေ သိပ်လိုပါကလား (လိုပါတယ် ဘုရား)။
ဒကာကြီး ဒကာကြွယ်-နိဗ္ဗာန်လိုချင်တာ ရှိတာပဲဗျာ၊ ဒီ-အနိစ္စ, ဒုက္ခ, အနတ္တအားထုတ်ရုံပဲ၊ ဒါတော့ လူတိုင်း ပြောတတ်တယ် (မှန်ပါ့ ဘုရား) ဒါဖြင့် အားထုတ်လိုက်ပါတယ်ဆိုတော့ ကိုယ်က ဒိဋ္ဌိပြုတ်ရဲ့လား (မပြုတ်ပါ ဘုရား) နိဗ္ဗာန်အကြောင်း သိရဲ့လား (မသိပါ ဘုရား) မသိတော့ ဘယ်ဒိဋ္ဌိခံနေသတုံး (ဥစ္ဆေဒဒိဋ္ဌိ ခံနေပါတယ် ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိခံနေတော့
အဲ- ဥစ္ဆေဒဒိဋ္ဌိခံနေတော့ သူဟာ ဘာနဲ့ အားထုတ်နေတာတုံးဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ (ဥစ္ဆေဒဒိဋ္ဌိနဲ့ အားထုတ်နေတာပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိ မပယ်နိုင်ဘဲနဲ့ အားထုတ်နေတာ ဖြစ်သောကြောင့် ဒကာ ဒကာမတို့ ဒိဋ္ဌိရှိလျက်နဲ့ အသိဉာဏ်ဒိဋ္ဌိ မှ မကင်းဘဲနဲ့ အားထုတ်ခဲ့သော် အာပေါက်အောင် အားထုတ်မရဘူး (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တကယ်ဒုက္ခခပ်သိမ်းငြိမ်းပြီး သကာလ ချမ်းသာရှိတဲ့ နိဗ္ဗာန် တကယ်တမ်း ရချင်ကြပါ မူကား သုတမယဉာဏ်နဲ့ နိဗ္ဗာန်ရှိကြောင်းကို တကယ်သိထားရမယ် (မှန်လှပါ ဘုရား) ထိုကဲ့သို့သိပြီးမှ အားထုတ်လို့ ရှိရင်တော့ ဥစ္ဆေဒဒိဋ္ဌိ ဝမ်းထဲရှိသေးရဲ့လား (မရှိပါ ဘုရား) ဒီလိုဆိုရင် အားထုတ်လို့ရပါတယ် (ရပါတယ် ဘုရား) ပေါ်ကြမလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိဖြုတ်ပြီးမှ ဒကာ ဒကာမတို့ ဝိပဿနာအလုပ်လုပ် (မှန်ပါ့) ဒိဋ္ဌိကို မဂ်နဲ့ဖြုတ်တာ မဟုတ်ဘူး၊ အသိနဲ့ ဖြုတ်တာ ပြောတာ (မှန်ပါ့)။
ဒိဋ္ဌိ မဂ်နဲ့ ဖြုတ်တာလား၊ အသိနဲ့ ဖြုတ်တာလား (အသိနဲ့ ဖြုတ်တာပါ ဘုရား)။
ကဲ- ဒါဖြင့် ဒကာကြွယ်ပဲ အကဲခတ်၊ ဒကာသစ်ပဲ အကဲခတ်ပေါ့ဗျာ (မှန်ပါ့)။
နိဗ္ဗာန်ကျကျနန သူ့ဝမ်းထဲမှာသိပြီးမှ အားထုတ်တဲ့ပုဂ္ဂိုလ်များ ရှိလေရော့လား၊ သို့မဟုတ် သူများ ပါးစပ်လမ်း ဆုံးပြီး အနိစ္စ, ဒုက္ခ, အနတ္တကိုပဲ ဒါ ရှိတယ်လို့ ဒါတွင်ပဲ နိဗ္ဗာန် ဥစ္ဆေဒဒိဋ္ဌိမဖြုတ်ဘဲနဲ့ လုပ်နေတဲ့ပုဂ္ဂိုလ်များသလား ဆိုတာ ဒကာကြွယ် အကဲခတ်ကြည့်ပါ (နိဗ္ဗာန် ဥစ္ဆေဒဒိဋ္ဌိ မဖြုတ်ဘဲနဲ့ လုပ်နေတဲ့ပုဂ္ဂိုလ်က များပါတယ် ဘုရား)။
သစ္စာသိတဲ့ဉာဏ်တောင် မရ
မသိဘဲ အားထုတ်နေတဲ့ပုဂ္ဂိုလ်က (များပါတယ် ဘုရား) မရဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
”ကိဉ္စိသင်္ခါရံ နိစ္စတော ပဿတော အနုလောမ ခန္တိယာ သမ္ပန္နာဂတော ဘဝိဿတိ နေတံ ဌာနံ ဝိဇ္ဇတိ” အင်္ဂုတ္တိုရ်ပါဠိတော်က (မှန်ပါ့)။
ကွာ တစ်ခုသော တရားကိုခိုင်တယ်, မြဲတယ်, ပြတ်တယ်ဆိုတဲ့ ဒိဋ္ဌိရှိနေလို့ရှိရင်ကွာ-တဲ့၊ မင်းနိဗ္ဗာန် အသာထားပါတဲ့ သစ္စာသိတဲ့ဉာဏ်တောင် (မရနိုင်ပါဘူးတဲ့ မှန်ပါ့) ကုန်ရော ကုန်ရော၊ (မှန်လှပါ ဘုရား)။
အဲဒီသစ္စာသိတဲ့ဉာဏ်တောင် ၁-နံပါတ် မရနိုင်လို့ရှိရင် ၂-နံပါတ် မဂ်ဉာဏ်ဟာ သစ္စာသိပြီးမှ ပေါ်မည့် ဉာဏ်ကွ (မှန်ပါ့) အဲဒီမဂ်ဉာဏ်လည်း မရနိုင်ဘူးတဲ့ (မှန်ပါ့)။
အဲဒီမဂ်ဉာဏ်မှမရလို့ရှိရင် သောတာပန်, သကဒါဂါမ်, အနာဂါမ်ဆိုတဲ့ ရဟန္တာဆိုတဲ့ ဖိုလ်ပုဂ္ဂိုလ်တွေဖြစ်ဖို့ ငါဘုရား ဘယ်တော့မှ မဟောဘူးတဲ့ (မှန်လှပါ ဘုရား) ကဲ- ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်သိမှု ဒိဋ္ဌိခွါမှုကို ဝိပဿနာရှုမှုထက် ရှေ့ထားပါ (မှန်ပါ့ ဘုရား) အစီအစဉ် သဘောကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်သိမှု, ဒိဋ္ဌိခွါမှုကို ဝိပဿနာရှုမှုထက် ရှေ့ထားပြီး သကာလ သိနှင့်ရမယ် (မှန်ပါ့)။
ရှင်းရှင်းပဲ ပြောနေတယ်၊ ဒကာ ဒကာမတို့ နားလည်ပလား (နားလည်ပါပြီ ဘုရား)။
ဝိပဿနာရှုမှုနဲ့ ဒိဋ္ဌိခွါမှု နိဗ္ဗာန်သိမှုကို ဘယ်သူ့ရှေ့ထားရမလဲ (ဒိဋ္ဌိခွါမှု ရှေ့ထားရပါမယ် ဘုရား) ဒိဋ္ဌိခွါမှု နိဗ္ဗာန်သိမှု သူ့ကိုရှေ့ထားပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အဲဒီ့ ရှေ့ထားပြီးတော့မှ ဝိပဿနာအလုပ်, လုပ် ပါလို့ ဘုရားက သေသေချာချာ ဟောတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကဲ- ယောဂီတစ်ယောက် ရောက်လာလို့ရှိရင် ဒါရှုကွာ ဒါရှုကွာ ၊ ဒါရှုကွာ, မရပါဘူး (မှန်ပါ့) မရနိုင်ဘူးတဲ့ ဘုရားက (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဆရာသမား ကလျာဏမိတ္တဆိုတာလည်း အစီအစဉ်ကိုက်အောင် ပေးတတ်ဖို့ အရေး ကလည်း ဘုရားသာသနာတော်ကြီ ဘုရားဒေသနာတော်တွေကလည်း များတော့ တော်တော် အရေးကိုရောက်တဲ့ ပုဂ္ဂိုလ်မှသာလျှင်တဲ့ နည်းကောင်းနည်းမှန် အစီအစဉ်မှန်ကို ရမယ် (မှန်ပါ့) နို့မဟုတ်ရင် (မရနိုင်ပါ ဘုရား) မရနိုင်ဘူး ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ယနေ့အစီအစဉ်ပေးပါတယ် (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ ဝိပဿနာဆိုတာ ဖြစ်ပျက် ရှုရမှာပဲ (မှန်ပါ့)။
ဒိဋ္ဌိခွါမှု ရှေ့ထားရမယ်
သူ့ရှုမှုနဲ့ ဒိဋ္ဌိခွါမှု ဘယ်သူ့ရှေ့ထားရမလဲ (ဒိဋ္ဌိခွါမှု ရှေ့ထားရပါမယ်) နိဗ္ဗာန်သိမှုကော (ရှေ့ထားရမှာပါ ဘုရား) သူတို့သိပြီးတော့မှ ဘာလုပ်ရမတုံး (ဝိပဿနာ ရှုရပါမယ် ဘုရား)။
ဒီလိုဆိုရင် အစီအစဉ်တည့်တယ် (မှန်ပါ့) ရမ်းပြီး ဒါဖြင့် ဥပုသ်သည်တွေ စိတ်နေတဲ့ အနိစ္စ, ဒုက္ခ, အနတ္တ- အနိစ္စ, ဒုက္ခ, အနတ္တနဲ့ ပုတီးပေါင်း ထောင်သောင်းရစေကာမူ သူ့ဝမ်းထဲမှာ ဒိဋ္ဌိသုံးမျိုး တစ်မျိုးမျိုးက ရှိပါတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီရှိလျက်နဲ့ ကြိုးစားနေလို့ရှိရင်ဖြင့် ကုသိုလ်သာရ၍ နိဗ္ဗာန်မရ (မှန်ပါ့ ဘုရား)။
ကုသိုလ်သာရ၍ (နိဗ္ဗာန်မရပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ကုသိုလ်မရဘူးလို့ မဟောဘူး၊ နိဗ္ဗာန်မရဘူး လို့ ဟောတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါ ဘယ့်နှယ်ကြောင့် ဟောရပါလိမ့်မတုံးမေးတော့ ခုနင်က ဆက္ကနိပါတ်အင်္ဂုတ္တိုရ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိမကွာဘဲနဲ့ မင်းတို့ သဿဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ, သက္ကာယဒိဋ္ဌိ, နိဗ္ဗာန်သိမှုဆိုတာလည်း ဥစ္ဆေဒဒိဋ္ဌိ မရှိမှ သိတာကိုးဗျ (မှန်ပါ့ ဘုရား)။
ဤဒိဋ္ဌိတွေ မကွာဘဲနဲ့ မင်းတို့သည် ဝိပဿနာအလုပ်, လုပ်ကြမယ်ဆိုလို့ရှိရင်ဖြင့် ၊ ကုသိုလ်သာရ၍ မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကုသိုလ်သာရ၍ (မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရပါ ဘုရား) ဪ ဒါဖြင့်ခင်ဗျားတို့အရေးက ကုသိုလ်ရရုံ လုပ်တာလား ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအောင် လုပ်တာလား (မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအောင် လုပ်တာပါ ဘုရား)။
တစ်ခုသော သင်္ခါရတရား နိစ္စထင်နေမယ်၊ သဿတထင်နေမယ် ဆိုလို့ရှိရင်ကွာတဲ့ သစ္စာနဲ့လျော်တဲ့ ဉာဏ် တောင်မှ မရောက်သေးတဲ့အတွက် ငါသည်ကားလို့ဆိုရင် သောတာပတ္တိမဂ်ရလိမ့်မယ်လို့လည်း မဟောဘူးကွတဲ့ ဘုရား က (မှန်ပါ့) သောတာပန်, သကဒါဂါမ်, အနာဂါမ် ဖြစ်လိမ့်မယ်လို့လည်း (မဟောပါ ဘုရား)။
ဒါဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းလိမ့်မယ်လို့ ငါမဟောဘူးဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း- ဒါဖြင့် ဘုန်းကြီးပြောတာကို ဒကာ ဒကာမတွေက ခဲခဲယဉ်းယဉ်းပြောရတာဖြစ်တော့ ဖျောက်တော့မပစ် ကြနဲ့ဗျာ (မှန်ပါ့) ဪ ဒီနေ့ ဘာအဓိကထား ပြောပါလိမ့်မတုံးလို့ မေးလို့ရှိရင် ဝိပဿနာဉာဏ်နောက်ထား (မှန်ပါ့) ဒိဋ္ဌိဖြုတ်မှုကို (ရှေ့ထားရပါမယ်) ရှေ့နောက်လွဲရင် မရဘူး (မရပါ ဘုရား)။
ဝိပဿနာဉာဏ်ကို (နောက်ထားရပါမယ်) ဒိဋ္ဌိဖြုတ်မှုကို (ရှေ့ထားရပါမယ် ဘုရား)။
အဲ- ဒိဋ္ဌိဖြုတ်မှုကို အရင်တရားနာ၊ မေး-မသိရင် (မှန်ပါ့) အဲဒါတွေ အရင်ဖြုတ်ပြီးပလား၊ ဖြုတ်ပြီးတဲ့အခါကျ တော့မှ ဝိပဿနာဉာဏ်ရှုပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဂ္ဂိဝစ္ဆသုတ်ထုတ်ကြစို့
ကောင်းပြီ၊ ဒါဖြင့် နိဗ္ဗာန်အကြောင်းနဲ့ ပတ်သက်ပြီး ဥစ္ဆေဒဒိဋ္ဌိနဲ့ ရှင်းခဲ့တာ ဒကာကြွယ်- ကျောင်းမှာလည်း တစ်ခါရှင်းပြီ၊ ဒီမှာလည်း တစ်ခါရှင်းသွားပြီ (မှန်ပါ့) ရှင်းသွားတော့ကို ဒီဥစ္စာ ဝတ္ထုကလေးတစ်ခု သူ့လာတဲ့ ဝတ္ထု ကလေးထုတ်ကြစို့ (မှန်ပါ့) မဇ္ဈိမပဏ္ဏသပါဠိတော် အဂ္ဂိဝစ္ဆသုတ်ထုတ်ကြစို့ (မှန်ပါ့ ဘုရား)။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော့ အဂ္ဂိဝစ္ဆ ဆိုတဲ့ ပုဏ္ဏားက ဒကာ ဒကာမတို့ ဘုရားနဲ့ အကျွမ်းတဝင်ပြောပြီး သကာလ မေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုမေးလိုက်သတုံးဆိုတော့ အရှင်ကြီးဂေါတမတဲ့ ရုပ်နာမ်ဆိုတဲ့ လောကဟာ၊ ရုပ်နာမ် ဟာ လောကပဲလို့ မှတ်လိုက်ပါ (မှန်ပါ့) ရုပ်နာမ်ဆိုတဲ့ လောကဟာ မြဲသလားလို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရုပ်နာမ်ဆိုတဲ့လောကသည်ကားလို့ ဆိုလို့ရှိရင် မြဲတယ်လို့ ရှင်ကြီးဂေါတမ ဒီလိုများ အလဲရှိသလားလို့ဆိုတော့ ငါ ဒီလိုအယူမရှိပါဘူးကွာလို့ ၁-နံပါတ် ပယ်ချတယ် (မှန်ပါ့ ဘုရား)။
၁-နံပါတ်က ရုပ်နာမ်လောက ဘာတဲ့တုံး (မြဲသလားတဲ့) မြဲသလားလို့ “သဿတော လောကော” လောကော၊ လောကသည်။ သဿတော၊ မြဲသလောလို့ ဒီလိုမေးတာပဲ၊ သို့သော် ဒကာ ဒကာမတွေ ရှင်းသည်ထက် ရှင်းအောင်လို့ ဘုန်းကြီးက ရုပ်နာမ်လောကဟာ မြဲသလားလို့ အဂ္ဂိဝစ္ဆက မေးတယ် (မှန်ပါ့) ဘုရားက ဘယ့်နှယ်ဖြေသလဲ (ဒီအယူ မယူဘူးတဲ့) ဒါဖြင့် ၁-နံပါတ်ပုစ္ဆာပြီးသွားပြီ (မှန်ပါ့) ဘုရားက မမြဲဘူးလို့ ဖြေလိုက်တယ် (မှန်ပါ့) ဘုရားက ရုပ်နာမ် လောက မြဲသလားဆိုတော့ မမြဲဘူး ဖြေလိုက်တယ်နော် (မှန်ပါ့ ဘုရား)။
ရုပ်နာမ်လောကသည် မြဲသလား
ဒါဖြင့် ရုပ်နာမ်လောကသည် မြဲသလား ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြေကြမလဲ (မမြဲပါ) အေး “သဿတော လောကော ဣဒမေဝသစ္စံ၊ မောဃမညံ” ဆိုဝတဲ့အတိုင်း ဤအယူဟာ ရုပ်နာမ်လောက ရှင်ကြီးဂေါတမ မြဲတယ်လို့ ယူသလားလို့ဘုရားက ဘာဖြေသလဲ (မမြဲပါ) ဒီအယူလည်း ငါမယူဘူးကွ-တဲ့၊ ရုပ်နာမ် လောကမြဲတယ်လို့ မယူဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်ခါတစ်ချက်မေးပြန်တယ် ပုဏ္ဏားက၊ ဒါဖြင့် ရှင်ကြီးဂေါတမတဲ့၊ ရုပ်နာမ်လောကကို မမြဲဘူးလို့ ဒီလိုများ ရှင်ကြီးဂေါတမ ယူသလားလို့မေးတော့ ဘုရားက ဒီလိုလည်း ငါ-မယူပါဘူးတဲ့ (မှန်ပါ့ ဘုရား)။
ရုပ်နာမ် လောကမမြဲဘူးလား
နားမယောင်ပါနဲ့ (မှန်ပါ့) ပုဏ္ဏားက ရုပ်နာမ် လောကမမြဲဘူးလားဆိုတော့ ပုဏ္ဏားကို ဘုရားက အမှန် ဖြေလိုက်လို့ရှိရင် မမြဲဘူးဖြေလိုက်လို့ရှိရင် သူဥစ္ဆေဒဒိဋ္ဌိဘက်ပြေးမှာစိုးလို့ မဖြေဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ရုပ်နာမ် လောက ပုဏ္ဏားက ဘာတဲ့တုံး (မြဲသလားလို့ မေးတယ်) မမြဲဘူးလားလို့ မေးတယ်၊ ဒုတိယပုစ္ဆာ (မှန်ပါ့) မမြဲဘူးလားလို့ မေးတဲ့အတိုင်း မမြဲဘူးလို့ အယူရှိသလားလို့ မေးတဲ့အခါကျတော့ ငါဒီလိုလည်း အယူမရှိပါဘူး တဲ့ (မှန်ပါ့) ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ နဂိုရ် ကြားဖူးတာနဲ့ ကန့်လန့်ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ဖြစ်ချင်ဖြစ်ပစေတဲ့၊ ပုဏ္ဏားအတွက်မှာ မေးရတယ် (မှန်ပါ့) လောကကြီးဟာ မြဲသလား၊ လောကကြီးဟာ မမြဲဘူးလားလို့ ဆိုတော့ မမြဲဘူးလို့ ဖြေလိုက်လို့ရှိရင် ဒီပုဏ္ဏားက ဪ ဒါရုပ်နာမ်လောက ပျက်ဆုံးသွားရင် ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိဘက် လှည့်ပြေးမှာစိုးလို့ ဘုရားက ဒီလိုလည်း ငါ-အယူ မရှိဘူးကွာတဲ့ (မှန်ပါ့ ဘုရား)။
ဘယ်နှစ်ခုရှိသွားပလဲ (နှစ်ခုရှိသွားပါပြီ) မှတ်ထား-မှတ်ထား ဒကာ ဒကာမတို့၊ ၁-နံပါတ် ပြန်ပြောတယ်၊ ရုပ်နာမ်လောကသည် မြဲသလားတဲ့ (မမြဲပါ) ဒီလိုပဲ ငါမယူပါဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီလိုလည်း ငါမယူဘူးတဲ့ဘုရားက (မှန်ပါ့)။
ဒါဖြင့် ရှင်ကြီးဂေါတမ ရုပ်နာမ်လောကကို မမြဲဘူးလို့ကော ရှင်ကြီးဂေါတမ ဒီလိုအယူများရှိသလားလို့ မေးပြန် တော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ဒီလိုလည်း မယူပါ) ဒီလိုလည်း မယူပါဘူးကွတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြေသင့်ပေမယ့်လည်း ဖြေလိုက်လို့ရှိရင် သူက အယူတိမ်းတော့မယ် (မှန်ပါ့) သူက ဥစ္ဆေဒဒိဋ္ဌိဘက် သွားလိမ့် မယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ဒါ့ကြောင့် ဖြေသင့်ငြားသော်လည်း သူအယူမှားမှာစိုးတဲ့အတွက် မဖြေဘူး (မှန်ပါ့) ဒီလို အယူ ငါမယူဘူးကွလို့ သာ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။
ရုပ်နာမ်လောကသည် အဆုံးရှိသလား
ဒါနဲ့ ၃-နံပါတ်မေးပြန်တယ် အဂ္ဂိဝစ္ဆ-က၊ ဒါဖြင့် ရုပ်နာမ်လောကသည် အဆုံးရှိသလားလို့ မေးတယ် (မှန်ပါ့) အဆုံးရှိသလားလို့ ရှင်ကြီးဂေါတမကို မေးတော့ ဒီလိုလည်း ငါမယူဘူးတဲ့ (မှန်ပါ့) စင်စစ်တော့ ရုပ်နာမ်လောကဟာ အဆုံးရှိတယ် (မှန်ပါ့) ရှိပြန်တော့လည်း သူက ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးဦးမှာပဲ (မှန်ပါ့) ပြေးဦးမှာ စိုးရိမ်တဲ့အတွက် ဘုရားက ဒီလို ငါမယူဘူးကွတဲ့ (မှန်ပါ့) ဘယ်နှစ်ခုရှိသွားပလဲ (သုံးခုရှိသွားပါပြီ ဘုရား)။
လောကအဆုံး မရှိဘူးလား
ဒါဖြင့် ရှင်ကြီးဂေါတမရုပ်နာမ်လောကအဆုံး မရှိဘူးလားလို့ မေးလိုက်တယ်နော် (မှန်ပါ့) ဒီလိုလည်း ငါမယူ ဘူးကွတဲ့ (မှန်ပါ့) ဘယ်နှစ်မျိုးရှိသွားပလဲ (လေးမျိုးရှိသွားပါပြီ ဘုရား)။
ဒါပုဏ္ဏားမေးတာတွေနော် (မှန်ပါ့) ဒီအထဲမှာ ဖြေစရာတွေတော့ပါရဲ့ (ပါပါတယ်) ဖြေလိုက်ရင် သူအလွဲယူ သွားမယ် (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိဘက်ချည်း ပြေးလိမ့်မယ် (ပြေးမှာပါ ဘုရား) အဲဒါကြောင့် ဘုရားဖြေကိုမဖြေဘူးတဲ့ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
အသက်နဲ့ကိုယ် တခြားစီလား
နောက်တစ်ခါ ဆက်မေးပြန်တယ်၊ ရှင်ကြီး ဂေါတမ အသက်နဲ့ကိုယ် တခြားစီလားတဲ့ မေးပြန်တယ် (မှန်ပါ့)။
အသက်နဲ့ကိုယ် တခြားစီလားတဲ့၊ အသက်က တခြားပေါ့ဗျာ (မှန်ပါ့) ဒီကိုယ်ကြီးက (တခြားပါ ဘုရား) အဲ- ရှင်ကြီးဂေါတမ အသက်နဲ့ ကိုယ် တခြားစီလားလို့ မေးလိုက်တဲ့အခါ ငါ-ဒီလိုအယူမရှိပါဘူးကွာ-တဲ့ (မှန်ပါ့) ဘယ်နှစ်ခု ရှိသွားပလဲ (ငါးခုရှိသွားပါပြီ ဘုရား)။
အသက်နဲ့ကိုယ်ဟာ အတူတူပဲလား
ဒါဖြင့် ရှင်ကြီးဂေါတမ အသက်နဲ့ကိုယ်ဟာ အတူတူပဲလားတဲ့-မေးပြန်တယ် (မှန်လှပါ) ဒီလိုလည်း ငါမယူပါ ဘူးကွလို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့) ဘယ်နှစ်ခု ရှိသွားပလဲ (ခြောက်ခုရှိသွားပါပြီ ဘုရား)။
ဒကာ ဒကာမတို့ သူ-ဆယ်ခုပြည့်အောင် မေးလိမ့်မယ်နော် (မှန်ပါ့) သို့သော် ပေါင်းလိုက်တဲ့အခါကျတော့ ဘုန်းကြီးရှင်းပြီးတော့ ပေါင်းပြပါမယ်၊ သူ- စကားဆယ်ခွန်း ပြောပေမယ့် လေးခွန်းတည်းနဲ့ ပြီးပါတယ် (မှန်ပါ့ ဘုရား)။
သတ္တဝါသေရင် ဖြစ်သေးသလား
သတ္တဝါသေရင် ဖြစ်သေးသလားတဲ့ (မှန်ပါ့) ဒီလိုလည်း ငါ-မယူပါဘူးကွာတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သတ္တဝါသေရင် မဖြစ်တော့ဘူးလားတဲ့၊ ဘုရားက ဘယ့်နှယ်ဖြေလိုက်သလဲ (ဒီလိုလည်း ငါမယူပါဘူး တဲ့)။
ဒါဖြင့် သတ္တဝါသေရင် ဖြစ်ချည်း တစ်လှည့်, မဖြစ်ချည်း တစ်လှည့်လားတဲ့ (မှန်ပါ့) ဒီလိုလည်း ငါမယူဘူးတဲ့ (မှန်ပါ့)။
သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ ဖြစ်သေးသလားလို့ မေးပြန်တယ် (မှန်ပါ့) ဒီလိုလည်း မယူဘူးလို့ ဘုရားက ဖြေတော့ ဒါ-ဒသဝတ္ထုကဒိဋ္ဌိ ခေါ်တယ် (မှန်ပါ့) ဒိဋ္ဌိဆယ်မျိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒကာ ဒကာမတို့ ပုဏ္ဏားမေးတာ ဒိဋ္ဌိ ဘယ်နှစ်မျိုးပါလိမ့် (ဆယ်မျိုးပါ ဘုရား)။
ဆယ်မျိုးမေးလိုက်တယ်တဲ့၊ မေးတော့ကို ဘုန်းကြီးရှင်းပြမယ်၊ ဒကာ ဒကာမတွေ စာလို ပြောနေလို့ ရှုပ်နေလို့ (မှန်ပါ့ ဘုရား)။
မြန်မာလို ပြောမယ်ဆိုတော့ ရုပ်နာမ်လောက မြဲသလားလို့ ယူတော့ သူ-သဿတဒိဋ္ဌိမေးတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ရုပ်နာမ်လောက သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မမြဲဘူးလားလို့မေးတော့ သူ-ဥစ္ဆေဒဒိဋ္ဌိ မေးလိုက်တယ် (မှန်ပါ့) ဒိဋ္ဌိနှစ်မျိုးရပြီ မဟုတ်လား (ရပါတယ် ဘုရား) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိနော် (မှန်ပါ့)။
ရုပ်နာမ်လောက သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မမြဲတစ်လှည့်-မြဲတစ်လှည့်လားလို့ မေးလိုက် တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဖြင့် အဲဒီဒိဋ္ဌိသည် ကားလို့ဆိုရင်ဖြင့် အမရာဝိက္ခေပဒိဋ္ဌိ (မှန်ပါ့)။
ဒိဋ္ဌိဆယ်မျိုးပေါင်းလိုက်လို့ရှိရင်
အင်း တရားနှလုံးသွင်းကြ၊ ဒိဋ္ဌိဆယ်မျိုးပေါင်းလိုက်လို့ရှိရင် သဿတဒိဋ္ဌိသူမေးတယ် (မှန်ပါ့) ဥစ္ဆေဒဒိဋ္ဌိ သူမေးတယ် (မှန်ပါ့) အန္တာနန္တိက ဒိဋ္ဌိကို သူမေးတယ် (မှန်ပါ့) အမရာဝိက္ခေပဒိဋိကို သူမေးတယ် (မှန်ပါ့) ဒါဖြင့် ဒိဋ္ဌိလေးမျိုး သူ-မေးတာပေါ့ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ နားမလည်မှုကတော့ဖြင့်တဲ့ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ, သက္ကာယဒိဋ္ဌိ ဒီသုံးခုလွတ် ရင် ပြီးတာပါပဲ (မှန်ပါ့) ဒီသုံးခုတော့ ဝိပဿနာ အားမထုတ်ခင်က လွတ်နေရမယ် (မှန်ပါ့) ဉာဏ်ထဲမှာရှင်းနေရမယ် (မှန်လှပါ ဘုရား)။
သဿတဒိဋ္ဌိလည်း (ရှင်းနေရပါမယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိလည်း (ရှင်းနေရပါမယ် ဘုရား) သက္ကာယ ဒိဋ္ဌိကော (ရှင်းနေရပါမယ် ဘုရား) ရှင်းရမှာပဲ ဆိုတာကတော့ သဘောကျပြီနော် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီပုဏ္ဏားပဲ စကားဆက်ပြီး သကာလ ဒကာ ဒကာမတွေ ပြောကြဦးစို့၊ ဒီဒိဋ္ဌိလေးမျိုးကို မေးလိုက်တယ် (မှန်ပါ့) မေးလိုက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဘယ်အယူမှ မယူဘူးကွ၊ ဒီ-ဒိဋ္ဌိအယူတွေကို ဘယ်အယူ မှ မယူဘူးလို့ ဘုရားက ပယ်ချလိုက်တယ် (မှန်ပါ့)။
ဒါဖြင့် ရှင်ကြီးဂေါတမ တဲ့၊ ဒီအခုပြောတဲ့ သဿတ, ဥစ္ဆေဒ, အန္တာနန္တိကဒိဋ္ဌိ, အမရာဝိက္ခေပဒိဋ္ဌိတွေကို ရှင်ကြီးဂေါတမ မယူဘူးလို့ ဆိုတာသည် ဘယ်လိုအကျိုးကြောင့် ဘယ်လိုအပြစ်မြင်လို့ မယူတာတုံး တဲ့ (မှန်ပါ့) တိုတိုပြောတော့ မဂ်ဖိုလ်တားလို့ မယူဘူးဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ်ဉာဏ်, ဖိုလ်ဉာဏ်တားလို့
မဂ်ဉာဏ်, ဖိုလ်ဉာဏ်တားလို့ (မယူပါ ဘုရား) ကိုင်း ဒါဖြင့် တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချ (မှန်ပါ့) “ဒီဒိဋ္ဌိ မရှင်းဘဲနဲ့ ဝိပဿနာအလုပ်, လုပ်ရင် ဘယ်ခါမဆို မဂ်ဉာဏ်, ဖိုလ်ဉာဏ်တားမယ်” (တားပါမယ် ဘုရား)။
ဒီ ဒိဋ္ဌိမရှင်းဘဲနဲ့ (ဝိပဿနာလုပ်ရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ် တားပါ့မယ် ဘုရား)။
ဒီ ဒိဋ္ဌိမရှင်းဘဲနဲ့ ခင်ဗျားတို့ ဝိပဿနာ အာပေါက်အောင် အားထုတ်ပါ (မှန်ပါ့) ဘယ့်နှယ်တုံး (နိဗ္ဗာန်မဂ်ဖိုလ် တားမှာပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ဪ ဆရာသမား အတော်အရေးကြီးပါလား (ကြီးပါတယ် ဘုရား) လာရောက်အားထုတ်ဟဲ့ ရောက်လာ အားထုတ်ဟဲ့ဆိုတဲ့ ပုဂ္ဂိုလ်နဲ့တော့ စေတနာကောင်းပေမယ့်လည်း အလုပ်ခရီး မရောက်ဘူး (မှန်လှပါ့) ရောက်ပါမလား (မရောက်ပါ ဘုရား)။
သေသေချာချာ စဉ်းစားပါ၊ သေသေချာချာ စဉ်းစားပါ၊ အခု ဘုရားက ဖြေလိုက်တယ်၊ သဿတဒိဋ္ဌိရော, ဥစ္ဆေဒဒိဋ္ဌိရော သက္ကာယဒိဋ္ဌိရော ရှင်ကြီးဂေါတမ ဘယ့်နှယ်ကြောင့် ဒီဒိဋ္ဌိအယူတွေ မယူပါလိမ့်မတုံးဆိုတော့ ငါတိုတိုပြောလိုက်မယ်ကွာတဲ့ နိဗ္ဗိန္ဒဉာဏ်လည်း မဖြစ်ဘူး ၊ မဂ်ဉာဏ်လည်း မရနိုင်လို့ ဒီအယူ ငါမယူတာပဲ တဲ့ (မှန်ပါ့)။
သူတို့တစ်ခုခုရှိနေရင် ဒကာ ဒကာမတို့ (မရနိုင်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်း အသိဉာဏ်ကို ရှေ့ထားပြီး ဆရာသမားက မပေးဘဲနဲ့ အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်မှာ အတော်သနားစရာကောင်းတယ် (မှန်လှပါ)။
ဉာဏ်နားကြီးကြီးနဲ့ ထောင်ပါ
သေသေချာချာ စဉ်းစားပြီး ဉာဏ်နားကြီးကြီးနဲ့ ထောင်ပါ၊ ဪ ဒို့ဆရာဘုန်းကြီးက အခု ဘုရားဟောတဲ့ မဇ္ဈိမပဏ္ဏာသပါဠိတော်-အဂ္ဂိဝစ္ဆသုတ်ကိုထောက်ပြီး သကာလ ဒီဒိဋ္ဌိတွေက မဂ်ဉာဏ်, ဖိုလ်ဉာဏ်တားလို့ ငါသည် ဒီအယူကို မယူဘူးလို့ ပြောသဖြင့် ဒီအယူတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိရှင်းထားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါသွား တယ် (ပါသွားပါတယ် ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဝိပဿနာအားထုတ်မှုနဲ့ ဒိဋ္ဌိရှင်းမှု ဘယ်သူ့ရှေ့ထားရမတုံး (ဒိဋ္ဌိရှင်းမှု ရှေ့ထားရပါမယ် ဘုရား)။
ဒကာကြွယ် ဒီဟာ တော်တော်ထူးဆန်းတဲ့ စကားနော် (မှန်ပါ့) တော်တော်ထူးဆန်းတဲ့ စကားလို့ သေသေချာချာ မှတ်ကြပါ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ကို ချီးမြှောက်ပြောတယ်လို့ မယုံပါနဲ့၊ အစီအစဉ် မှန်မှန်ပေးတဲ့ ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့လို့ တော်တော့ကို ဘုန်းကံပါရမီ ရှိသေးတယ်လို့ ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။
ကိုင်း- ဒါဖြင့် ဘယ့်နှယ်ကြောင့် ရှင်ကြီးဂေါတမ ဒီအယူ မယူသတုံးဆို အို- ဒါတွေကလည်းကွာ ဒိဋ္ဌိခရီးခဲကြီး ကွ (မှန်ပါ့) ဒိဋ္ဌိတည်းဟူသော ငြောင့်, တံသင်းတွေကွ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒိဋ္ဌိတည်းဟူသော ငြောင့်နဲ့ ဒိဋ္ဌုပါဒါန်ကွ (မှန်ပါ့)။
ဒိဋ္ဌုပါဒါန်ဆိုတော့ ဥပါဒါန်, ကံဘက် လှည့်မသွားဘူးလား (လှည့်သွားပါတယ် ဘုရား) တဏှာ, ဥပါဒါန် ကံဘက် လှည့်မသွားဘူးလား (လှည့်သွားပါတယ် ဘုရား) ကံဖြတ်သေးရဲ့လား (မဖြတ်ပါ ဘုရား) မဟာ-မဖြတ်တော့ မရဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိရှိရင် မရဘူး
အဲဒီတော့ ဒိဋ္ဌိခရီးခဲ ဒိဋ္ဌုပါဒါန်ကွ၊ ပြီးတော့ကိုတဲ့ ဒီအယူတွေ ယူနေလို့ရှိရင်လည်း-တဲ့ နိဗ္ဗိန္ဒဉာဏ်လည်း မရဘူး၊ ရာဂကင်းတဲ့ မဂ်ဉာဏ်လည်း မရနိုင်တဲ့အတွက် ငါသည် ဒီအယူတွေကို တစ်ခုမှမယူပါဘူးကွာ-တဲ့ (မှန်ပါ့) ဒိဋ္ဌိရှိရင် မရဘူး ပြောလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိသာရှိလို့ အားထုတ်နေခဲ့သော် (မရပါ ဘုရား) ဒိဋ္ဌိကို ဉာဏ်ထဲမှာ မဂ်နဲ့ မပယ်ငြားသော်လည်း ရှင်းမှုအလုပ် မှ မရှိဘဲနဲ့ အားထုတ်နေရင် ဒကာသစ် ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (မရပါ ဘုရား) မရဘူးကွာတဲ့ (မှန်ပါ့)။
အခုဟာက ပဏ္ဏာသပါဠိတော်၊ ခုနင်က ကိုးလိုက်တာက အင်္ဂုတ္တိုရ်ပါဠိတော်၊ ကိုယ်တော်တိုင် ဟောတယ်လို့ မှတ်လိုက် (မှန်ပါ့) ကိုယ်တော်တိုင် ဟောတယ်ဆိုတာ ဦးမာဒင် တစ်လုံးမှ မတိမ်းဘူး (မတိမ်းပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ- ဒါနဲ့ အဂ္ဂိဝစ္ဆပုဏ္ဏားက ဆက်မေးတယ်၊ ရှင်ကြီးဂေါတမ-တဲ့၊ ဒါဖြင့် ဒီဒိဋ္ဌိတွေရှိရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိုင်ဘူးဆိုတဲ့ ဥစ္စာဖြင့် ရှင်ကြီးဂေါတမပြောလို့ ကျုပ်လည်း ရှင်းပါပြီတဲ့၊ ရှင်ကြီးဂေါတမကတော့ ဘယ် အယူတုံး-ဘယ်ဒိဋ္ဌိတုံးလို့ မေးလိုက်တယ် (မှန်ပါ့) ဒိဋ္ဌိဆိုတာ အယူပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဘယ်အယူ ဘယ်ဒိဋ္ဌိတုံးဆိုတော့ ငါဒိဋ္ဌိကိုတော့ကွာ-တဲ့၊ ဘယ်တော့မှ မယူပါဘူးတဲ့ (မှန်ပါ့) ဘယ်တော့မှ ငါ-ဒိဋ္ဌိအယူ မယူပါဘူးတဲ့ (မှန်ပါ့)။
ဒါဖြင့် ရှင်ကြီးဂေါတမ ဒိဋ္ဌိအယူ-မယူလို့ရှိရင် ဒီ့ပြင် အယူတော့ ရှိလိမ့်မယ်၊ အဲဒီ အယူကလေး ပြောစမ်းပါ တဲ့ (မှန်ပါ့) ဒါ-သေသေချာချာ မေးတယ် (မှန်ပါ့)။
ဒီအယူ မယူလို့ရှိရင် ရှင်ကြီးဂေါတမယူတဲ့ အယူတော့ ရှိပါလိမ့်မယ်၊ အဲဒီအယူကို ကျုပ် သိပါရစေ-တဲ့ (မှန်ပါ့) ဆိုတော့ မေးကော မမေးထိုက်ဘူးလား (မေးထိုက်ပါတယ် ဘုရား)။
မေးထိုက်တယ် ဦးမာဒင်၊ ဒကာကြွယ်တို့ မေးထိုက်တယ် (မှန်ပါ့)။
ရှင်ကြီးဂေါတမယူတဲ့ အယူကိုသိပါရစေ
ရှင်ကြီး ဂေါတမ ဒီအယူကို မယူလို့ရှိရင် ရှင်ကြီးဂေါတမယူတဲ့ အယူကိုတော့ဖြင့် ကျုပ်သိပါရစေဆိုတော့ ငါ့အယူက ဒီလိုကွာတဲ့၊ ဟောဒကာ ဒကာမတို့ ဘုရားအယူပြပြီနော် (မှန်ပါ့ ဘုရား) သေသေချာချာ ဉာဏ်နားနဲ့ ထောင်ပါ။
ငါ့-အယူ ငါပြမယ်ဆိုလို့ရှိရင် ရှေးဦးစွာကတော့ဖြင့်ကွာ-တဲ့၊ ဟောဒါ ရုပ်တရား, ဟောဒါက ဝေဒနာတရာ, ဟောဒါက သညာတရား, ဟောဒါက သင်္ခါရဆိုတဲ့တရား, ဟောဒါက စိတ်ဆိုတဲ့တရား, ခန္ဓာငါးပါး ရှေးဦးစွာယူတယ်ကွ ငါကတဲ့ (မှန်ပါ့) ရှေးဦးစွာ ခန္ဓာတည်းဟူသော အယူကို ငါယူတယ်ကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရှေးဦးစွာ ခန္ဓာငါးပါး တည်းဟူသော အယူကို (ယူပါတယ် ဘုရား)။
အဲဒီအယူကို ယူပြီးတော့မှ ဟောဒီရူပက္ခန္ဓာတွင် “ဣတိရူပံ ဣတိရူပဿသမုဒယော ဣတိရူပဿ အတ္တင်္ဂမော” ဟောဒါလည်း ဖြစ်ပျက်လို့ ငါယူတယ် (မှန်လှပါ ဘုရား) ပထမ ရှေးဦးစွာ ရုပ်တရား, ပြီးတော့မှ ရုပ်တရာဟာ ဖြစ်ပျက်လို့ ငါယူတယ် (မှန်ပါ့)။
ဒုတိယ ဝေဒနာတရားကို ၂-နံပါတ် ငါယူလိုက်တယ် (မှန်ပါ့) ပြီးတော့မှ ဖြစ်ပျက်ကို ငါယူလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဟောဒါက သညာတရားလို့ ငါယူလိုက်တယ်၊ ပြီးတော့ ဘာယူပြန်သတုံး (ဖြစ်ပျက်လို့ ယူပါတယ် ဘုရား)။
ဟောဒါကတော့ သင်္ခါရတရားလို့ ငါယူလိုက်တယ် (မှန်ပါ့) ပြီးတော့ ဘယ်လိုယူသတုံး (ဖြစ်ပျက်လို့ ယူပါတယ် ဘုရား)။
ဟောဒါက စိတ်ဆိုတဲ့တရားလို့ သူယူလိုက်ပါတယ်တဲ့ (မှန်ပါ့) နောက် ဘယ်လိုယူပြန်သတုံး (ဖြစ်ပျက်လို့ ယူပါတယ် ဘုရား)။
ဒါဖြင့် ဘုရားက ခန္ဓာ-ဖြစ်ပျက်၊ ခန္ဓာ-ဖြစ်ပျက်၊ ဒါ-ငါ့အယူတဲ့ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားအယူက ဘာတဲ့
ဘုရားအယူက ဘာတဲ့ (ခန္ဓာ-ဖြစ်ပျက်၊ ခန္ဓာ-ဖြစ်ပျက်ပါ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ဘုရားအယူက ဘာတဲ့-ခန္ဓာ-ဖြစ်ပျက် (ခန္ဓာ-ဖြစ်ပျက်ပါ ဘုရား) ရုပ်ဖြစ်ပျက်, ဝေဒနာဖြစ်ပျက်သဘော ကျပလား (ကျပါပြီ ဘုရား)။
အဲဒါ ဒကာ ဒကာမတို့ ဝိညာဏ်ဆိုတဲ့ စိတ်ဖြစ်ပျက် (မှန်ပါ့) ဒါ ဘယ်သူ့အယူပါလိမ့် (ဘုရားအယူပါ ဘုရား)။
အဂ္ဂိဝစ္ဆပုဏ္ဏားက အရှင်ဘုရားအယူက ဪ- ခန္ဓာငါးပါး တစ်ပါးတစ်ပါးမှာဖြစ်ပျက် (မှန်ပါ့) တစ်ပါးတစ်ပါး မှာဖြစ်ပြီး ပျက်တယ်လို့ အရှင်ဘုရားယူတယ်၊ ကဲ-ရှိပါစေတော့ ဘုရား၊ ဒီအယူကို ဒီအယူ-ယူတော့ ဘာများ ကျေးဇူး ရှိသလဲ-တဲ့ (မှန်ပါ့) တော်တော်အမေးကောင်းတဲ့လူ (မှန်ပါ့)။
ဒကာအုန်း တော်တော်အမေးကောင်းတယ်နော် (အမေးကောင်းပါတယ် ဘုရား) မေးတာသည် ကျုပ်တို့ အတွက်လို့ အောက်မေ့စမ်းပါ (မှန်ပါ့)။
သူက စစ်စစ်ပေါက်ပေါက် မေးလေလေ ကျုပ်တို့မှာဖြင့် ဘုရားက အဖြေကောင်းဖြေလို့ ကျုပ်တို့မှာဖြင့် အလုပ်တွင်ကျယ်လေလေ ခရီးပေါက်အောင် လုပ်ရမည့်ကိစ္စ နည်းရလေလေ မှတ်ရမယ် (မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။
အဲ-ဒါနဲ့ ရှင်ကြီးဂေါတမတဲ့ အခု အရှင်ဘုရားက ဟောလိုက်ပါပြီတဲ့၊ ဟို-ဒိဋ္ဌိတွေတော့ဖြင့် ဒိဋ္ဌိဆယ်မျိုး ဘယ်အယူမှ မယူဘူးဆိုတာက ကျုပ်ကျေနပ်ပါတယ်တဲ့ (မှန်ပါ့)။
ရှင်ကြီးဂေါတမအယူ ပြောစမ်းပါဦးဆိုတော့ ခန္ဓာငါးပါးရှိတယ်၊ တစ်ပါးတစ်ပါး ဖြစ်ပျက်လို့ အရှင်ဘုရားက ဟောလိုက်တော့ ဒီအယူလည်း သဘောကျပါတယ်တဲ့ (မှန်ပါ့)။
ဒိဋ္ဌိအယူကို မယူတာလည်း သူ-သဘောကျတယ် (မှန်ပါ့) ဘုရားယူတဲ့ ခန္ဓာငါးပါး တစ်ပါးတစ်ပါးမှာ ဘာတဲ့ (ဖြစ်ပျက်ပါ ဘုရား) အဲ ဖြစ်ပျက်လို့ယူတဲ့ အယူကိုလည်း ရှင်ကြီးဂေါတမအယူ ကျုပ်သိရတဲ့အတွက် ဝမ်းသာပါတယ် တဲ့ (မှန်ပါ့)။
သို့သော် ကျုပ်မေးစရာရှိတာ မေးပါရစေတဲ့၊ ဒီအယူ ရှင်ကြီးဂေါတမယူတဲ့အယူမျိုးကို ယူလို့ရှိရင် ဘာကျေးဇူး ရှိသတုံးတဲ့ (မှန်ပါ့)။
တယ်ကောင်းတဲ့လူ (မှန်ပါ့) ဒကာကြွယ်-တယ်အဖိုးတန်တယ် (တန်ပါတယ် ဘုရား)။
ဘာကျေးဇူးရှိသတုံး
ရှင်ကြီးဂေါတမအယူကို အခုပြောတဲ့ ရုပ်ဖြစ်ပျက်, ဝေဒနာဖြစ်ပျက်, စိတ်ဖြစ်ပျက် ဒီလိုယူတဲ့အယူဟာ ယူတော့ ယူပါပြီ ထားပါ၊ ယူတော့ ဘာကျေးဇူးရှိသတုံးတဲ့ (မှန်ပါ့)။
ကွာ- ဒီအယူ ယူတော့ မင်းမှတ်ထားပါကွာတဲ့၊ တဏှာဒိဋ္ဌိချုပ်ပြီး သကာလ ဥပါဒါန်ရုပ်သိမ်းသကွတဲ့ (မှန်ပါ့)။
တဏှာမာနဒိဋ္ဌိချုပ်ပြီးတော့ (ဥပါဒါန် ရုပ်သိမ်းပါတယ် ဘုရား) ဒါ-ဖြေလိုက်တယ် ဘုရားက (မှန်ပါ့)။
ဒီ-ဖြစ်ပျက်သာရှုပါကွ၊ တဏှာမာန ဒိဋ္ဌိချုပ်ပြီး သကာလ ဥပါဒါန်ရုပ်သိမ်းတယ်တဲ့ (မှန်ပါ့) တဏှာမာန ဒိဋ္ဌိချုပ်တယ်ဆိုကတည်းက ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် အကုန်ပြတ်တယ် (ပြတ်ပါတယ် ဘုရား)။
တဏှာက စ,တာလည်း (ပြတ်ပါတယ်) တဏှာဥပါဒါန်ကံ အကုန်ပြတ်တယ် (ပြတ်ပါတယ်) မာနဥပါဒါန်ကော (ပြတ်ပါတယ်) ဒိဋ္ဌိဥပါဒါန်ကံကော (ပြတ်ပါတယ် ဘုရား)။
ဪ ပဋိစ္စသမုပ္ပါဒ်ပြတ်တာကို ဟောတာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတယ်ဆိုတော့ နိရောဓသစ္စာ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတော့ (နိရောဓသစ္စာပါ ဘုရား) ဪ ဒါဖြင့် နိဗ္ဗာန်ဟောနေတယ် (မှန်ပါ့) ဦးလှဘူး ဘာဟောနေသတုံ (နိဗ္ဗာန် ဟောနေပါတယ် ဘုရား)။
ဥပါဒါန် ရုပ်သိမ်းတော့ကို ဘယ်ဘုံမှ စွဲသေးရဲ့လား
ဪ ဒါဖြင့် ရှင်ကြီးဂေါတမ ရုပ်တွေဖြစ်ပျက်, ဝေဒနာဖြစ်ပျက်, စိတ်ဖြစ်ပျက်ရှုလိုက်တော့ တဏှာမာန ဒိဋ္ဌိချုပ်ပြီး သကာလ တဏှာမာန ဒိဋ္ဌိကုန်ပြီး ဥပါဒါန် ရုပ်သိမ်းတယ်ဆိုတော့ ဥပါဒါန် ရုပ်သိမ်းတော့ကို ဘယ်ဘုံမှ စွဲသေးရဲ့လား (မစွဲပါ ဘုရား)။
ဘယ်ဘုံမှ မစွဲတော့ဘူး၊ ကာမုပါဒါန်မရှိဘူး (မှန်ပါ့) ဒိဋ္ဌုပါဒါန်ကော (မရှိပါ ဘုရား) အတ္တဝါဒု ပါဒါန်ကော (မရှိပါ ဘုရား)။
မရှိတော့ဘူး တဲ့၊ ဥပါဒါန်တွေ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့အတွက် ဥပါဒါန်နနိရောဓာ ဘဝနိရောဓောဆိုတာလည်း ကံတွေချုပ်သွားတယ် (မှန်ပါ့)။
ကံချုပ်ကတည်းက ဇာတိနိရောဓာ ဇရာမရဏ နိရောဓောကော (ချုပ်ပါတယ် ဘုရား) ချုပ်ပါပြီဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် ငါသည် ရုပ်နာမ် ဖြစ်ပျက်၊ ဝေဒနာဖြစ်ပျက်လို့ ဒီအယူယူတာ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စချုပ် ပြီး ဥပါဒါန်ရုပ်သိမ်းလို့ ငါ-ဒီအယူ ယူတယ်တဲ့ (မှန်ပါ့)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေရာ အသားယူပြောရလို့ ရှိရင်ဖြင့် ဖြစ်ပျက်အလုပ်ကို မပျက် အမြဲတမ်းရှုပါ (မှန်ပါ့)။
ဒီလိုရှုလိုက်လို့ရှင် တဏှာ, ဥပါဒါန် ဘာဖြစ်မယ် ထင်သတုံး (ချုပ်ပါတယ်) တဏှာမာနဒိဋ္ဌိရော (ချုပ်ပါတယ်) ဘုံဘဝတွယ်တာတဲ့ ဥပါဒါန်တွေကော (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် အဲဒါဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ) နိဗ္ဗာန်ရောက်တယ် ဟောလိုက်တာပဲ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ပြတ်တာနဲ့ (နိဗ္ဗာန်ရောက်ပါတယ်) နိဗ္ဗာန်ရောက်တယ် ဟောတယ်၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာသည် ဒုက္ခက္ခန္ဓဿ နိရောဓောကိုဗျ (မှန်ပါ့) အဲဒုက္ခတွေချုပ်မသွားဘူးလားဗျာ (ချုပ်သွားပါတယ်) အဲဒုက္ခတွေ ချုပ်သွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဒီနှစ်ခုချုပ်တာ ခေါ်တာကိုး
ဒုက္ခချုပ်ချင်လို့ ချုပ်ရတာလား၊ တဏှာ မာနဒိဋ္ဌိချုပ်လို့ ချုပ်ရတာလား (တဏှာ မာန ဒိဋ္ဌိချုပ်လို့ ချုပ်ရဂတာပါ ဘုရား)။
ဒါဖြင့် တဏှာ မာန ဒိဋ္ဌိက သမုဒယသစ္စာ (မှန်ပါ့) အင်း-သမုဒယသစ္စာ ချုပ်လို့ ဒုက္ခသစ္စာကော (ချုပ်ပါ တယ်)၊ ဪ နိဗ္ဗာန်ဆိုတာ ဒီနှစ်ခုချုပ်တာ ခေါ်တာကိုး (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဆိုတာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ (ချုပ်တာကို ခေါ်ပါတယ် ဘုရား)။
သူ့ပါဠိတော်မှာပါနေတယ် (မှန်ပါ့) သူ့ပါဠိတော်မှာ ပါနေတာ ဒကာ ဒကာမတွေ အခု ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း- ရှင်ကြီး ဂေါတမတဲ့ လျာရှည်တယ်လို့တော့ မအောက်မေ့ပါနဲ့တဲ့၊ ရှင်ကြီးဂေါတမ အယူလည်း ကြိုက်ပါ တယ် (မှန်ပါ့) ရုပ်တွေဟာ ဖြစ်ပျက်ဝေဒနာတွေဟာ ဖြစ်ပျက်ရှုလိုက်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိသေတယ်၊ ဘုံဘဝ မရောက်တော့ဘူး ဥပါဒါန်ချုပ်တယ်လို့ ဆိုတော့ ကျုပ်ကျေနပ်ပါတယ်တဲ့ (မှန်ပါ့) ဒီဥပါဒါန်ချုပ်သွားတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားဖြစ်သတုံးတဲ့ (မှန်ပါ့ ဘုရား)။
လျှာရှည်တယ်လို့လည်း မအောက်မေ့ပါနဲ့တဲ့၊ ခက်လိုက်တာမှ ပဋိစ္စသမုပ္ပါဒ်သဘောမကျလို့ (မှန်ပါ့) ပဋိစ္စ သမုပ္ပါဒ်ဆိုတော့ ခုနင်က တဏှာချုပ်, ဥပါဒါန်ချုပ်- တဏှာ, မာန, ဒိဋ္ဌိချုပ်တယ်ဆိုရင်ဖြင့် ဒါဟာ ဒကာ ဒကာမတို့ ဟိုဘက်က ဒုက္ခတွေ မချုပ်ဘူးလားဗျာ (ချုပ်ပါတယ်) သို့သော် သူပဋိစ္စသမုပ္ပါဒ် နားမလည်ဘူး ဒီပုဏ္ဏားက (မှန်ပါ့ ဘုရား)။
ဘယ်သွားဖြစ်တယ်လို့ ငါမပြောလိုဘူး
ဒကာကြွယ် နားလည်ရဲ့လား (မလည်ပါ ဘုရား) နားမလည်တော့ ဒီတဏှာ, မာန, ဒိဋ္ဌိ ဥပါဒါန်တွေ ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သွားဖြစ်သတုံးတဲ့ (မှန်ပါ့) ဒကာသစ် မေးပြန်တယ် (မှန်ပါ့ ဘုရား)။
ဟ ဒီလို ဘယ်သွားဖြစ်တယ်လို့ ငါမပြောလိုဘူးတဲ့ (မှန်ပါ့) ဒီအဓိပ္ပာယ် မရဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မဖြစ်ဘဲ နေသလားတဲ့ (မှန်ပါ့) ဟာ တက်လာတာပဲ (မှန်ပါ့) မဖြစ်ဘဲနေသလားလို့ ဆိုတော့ ဒီလိုလည်း ငါမဆိုပါဘူးတဲ့ (မှန်ပါ့)။
ဒါဖြင့် ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်များဖြစ်နေရောသလားတဲ့၊ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ပေါ့လေ (မှန်ပါ့) ဒိဋ္ဌိနဲ့ချည်း မေးတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မဖြစ်သည်မဟုတ် ဖြစ်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ယူသလားတဲ့ (မှန်ပါ့) ဟာ- ဒီအဓိပ္ပာယ်မျိုးလည်း မရပါဘူးကွာတဲ့ဆိုတော့ သူလေးမျိုးမေးလိုက်တယ် (မှန်ပါ့ ဘုရား)။
တဏှာ, မာန, ဒိဋ္ဌိ, ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်သေးသလား-မဖြစ်တော့ဘူးလား-ဖြစ်ချည် တစ်လှည့်- မဖြစ်ချည် တစ်လှည့်လား-မဖြစ်သည်မဟုတ်၊ ဖြစ်သလားတဲ့ (မှန်ပါ့) ဒီလိုလေးချက်မေးလိုက်တော့ ဘုရားက ဒီလေး ချက်တစ်ခုမှ မဖြေဘူး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမတဲ့ အစကစကားပြောလာကတည်းက ရှင်ကြီးဂေါတမအပေါ် ကျုပ်သဘောလည်းကျ တယ်၊ ကြည်လည်း ကြည်ညိုပါတယ်တဲ့ (မှန်ပါ့ ဘုရား) မေးရမြန်းရတာလည်း သိပ်ဝမ်းမြောက်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ပြောရတော့မှာကိုး
အခုတော့ တဏှာ, မာန, ဒိဋ္ဌိ, ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်မှာဖြစ်သတုံးဆိုတော့ ဒီလိုလည်း အဓိပ္ပာယ်မရဘူး လို့ ဖြေပြန်တယ်တဲ့ (မှန်ပါ့) တဏှာ, မာန, ဒိဋ္ဌိချုပ်ရင် နိဗ္ဗာန်ပြောရတော့မှာကိုးဗျ (မှန်ပါ့) နိဗ္ဗာန်ပြောလို့လည်း သူနားလည်မှာ မဟုတ်ဘူး (မလည်ပါ) သူက ဘယ်နေရာဖြစ်တယ် ပြောမှ သဘောကျမှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်ဟာ အဖြစ်ရှိနေရင်လည်း အပျက်ရှိနေဦးမယ် (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီတော့ ဘုရားက ဒီလိုလည်း အဓိပ္ပာယ်မရဘူးလို့ မဖြေရပေဘူးလား (ဖြေရပါတယ် ဘုရား)။
ဒါနဲ့ ဘုရားကို ရှင်ကြီးဂေါတမတဲ့ ရှင်ကြီးဂေါတမကို နောက်ဆုံးပုစ္ဆာလေးခု မေးလိုက်တော့ ဘာမှရှင်ကြီး ဂေါတမပြောတဲ့ အဓိပ္ပာယ်ကို ကျုပ်နားမလည်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဖြစ်သေးသလားလို့ မေးတော့ ဒီလိုလည်း အဓိပ္ပာယ်မရဘူးလို့ ဖြေပြန်တယ် (မှန်ပါ့) နို့မဖြစ်တော့ဘူးလားလို့ မေးတော့ ဒီလိုလည်း အဓိပ္ပာယ်မရဘူးလို့ ဖြေပြန်တော့ ကျုပ်မှာ ဉာဏ်တုံးပါပြီတဲ့ (မှန်ပါ့ ဘုရား)။
လျှော့ပြီ လျှော့ပြီ၊ ဉာဏ်တုံးပြီတဲ့ အစက ကြည်ညိုခဲ့သမျှတွေလည်း ဒီနေရာဖြင့် တစ်ခါတည်း ဉာဏ်တုံးပြီး သကာလ ဘာမှမပြောတတ်အောင် ဖြစ်နေပြီတဲ့ (မှန်ပါ့) တစ်ခါတည်း ဘုတ်ထိုင် ထိုင်ချလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဂ္ဂိဝစ္ဆ-မင်း ဒါကို နားလည်ချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် နားလည် တဲ့ ဆရာကပ်ဦးတဲ့ (မှန်ပါ့) တစ်ခါတည်း အမိန့်ရှိလိုက်တယ် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ဆရာ ကပ်ဦး (မှန်ပါ့ ဘုရား) ဒီအတိုင်း မင်းသူများဆီက တစ်ဆင့်ကြားနည်းနဲ့ မင်းတို့အယူဝါဒအမျိုးမျိုးနဲ့ဖြင့် ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာနဲ့ မတွေ့သရွေ့ကာလပတ်လုံး မင်းသည် နိဗ္ဗာန်ကို သဘောကျမယ် မဟုတ်ဘူး ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်သဘောကျချင်ရင် ဘာသိရမှာတုံး
ကဲ-ဒါဖြင့် နိဗ္ဗာန်သဘောကျချင်ရင် ဘာသိရမှာတုံး (ပဋိစ္စသမုပ္ပါဒ် သိရမှာပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်သဘောကျချင်ရင် (ပဋိစ္စသမုပ္ပါဒ် သိရပါမယ်) ပဋိစ္စသမုပ္ပါဒ် သဘောကျမှ နိဗ္ဗာန်သဘောကျမယ် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဖြစ်တာကိုသိလို့ရှိရင် ဒုက္ခ သစ္စာ သဘောကျတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ချုပ်တာ သိရလို့ရှိရင် နိဗ္ဗာန် သဘောကျတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကြီးကို သဘောကျနေလို့ရှိရင် ဒုက္ခသစ္စာသဘောကျတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ချုပ်စဉ် ကြီးကို သဘောကျလို့ရှိရင် (နိရောဓသစ္စာ သဘောကျပါတယ်) နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်သဘောကျတယ် (မှန်ပါ့ ဘုရား)။
ကဲ အခု မင်းဉာဏ်တုံးပြီဆိုတာ ငါသဘောကျပါတယ်တဲ့၊ မှန်လည်းမှန်ပါတယ်တဲ့၊ ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ် နားလည်အောင် မင်းလည်းမဟုတ်ဘူး၊ ဆရာလည်း မရှာတော့ဘူးဆိုရင် ဒီအမေးကို မင်းဘယ်လိုမေးမေး ငါဘယ်လို ဖြေဖြေ မင်းသဘောကျမယ် မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ကြည့်လေ- ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံးတဲ့ (မှန်ပါ့) သွားစရာမှ ရှိသေးရဲ့လား (မရှိပါ) ခရီးဆုံး နေတဲ့ ပုဂ္ဂိုလ်ကို ဘယ်သွားသတုံး မေးပြန်တယ် (မှန်ပါ့ ဘုရား)။
ခရီးဆုံးနေတဲ့ပုဂ္ဂိုလ်ကို (ဘယ်သွားသတုံး မေးပါတယ်) ကဲ-မေးကောင်းရဲ့လား (မမေးကောင်းပါ ဘုရား)။
အဲဒီတော့ “ဧဝမေတဿ ကေဝလဿ ဒုက္ခန္ဓဿ နိရောဓောဟောတိ” ဒုက္ခအစု ချုပ်သွားပြီလို့ ဘုရားကဖြေ ရမှာ (မှန်ပါ့) သူက ဘယ်သွားသတုံးဆိုတော့ ခရီးမဆုံးသေးတဲ့ အဓိပ္ပာယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားက ခရီးဆုံးပြီ ဖြေရမယ် (မှန်ပါ့) သူက ခရီးဆုံးတဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံးတဲ့ (မှန်ပါ့) အဲဒီမှာ တစ်ခါတည်း အခက်ကြုံရတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်နားလည်ရမယ်
ဒါဖြင့် ဒကာ ဒကာမ ခင်ဗျားတို့ သက္ကာယဒိဋ္ဌိကွာချင်ရင် ပဋိစ္စသမုပ္ပါဒ်နားလည်ရမယ် (မှန်ပါ့) သဿတဒိဋ္ဌိ ကွာချင်ရင် (ပဋိစ္စသမုပ္ပါဒ် နားလည်ရပါတယ်) ဥစ္ဆေဒဒိဋ္ဌိ ကွာချင်ရင် (ပဋိစ္စသမုပ္ပါဒ် နားလည်ရပါမယ်) နိဗ္ဗာန်သဘော ကျချင်ရင် (ပဋိစ္စသမုပ္ပါဒ် နားလည်ရပါမယ်) ဘယ်လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘုရား) တော်တော့ကို အရေးကြီးပါတယ် ဒကာ ဒကာမတွေ (မှန်ပါ့ ဘုရား)။
ကဲ- ဒါဟာ အခုဘုရားကိုက ဖော်လိုက်တယ် (မှန်ပါ့) တဏှာမာနဒိဋ္ဌိ ဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံး ဆိုတော့ ဒီလိုအဓိပ္ပာယ်မမေးနဲ့ကွ (မှန်ပါ့) မသွားဘူးလား၊ ဒီလိုလည်း မပြောနဲ့ကွ (မှန်ပါ့)။
သွားချည်တစ်လှည့်၊ မသွားချည်တစ်လှည့်လား ဒီလိုလည်းမဟုတ်ဘူးကွ၊ ဒီအဓိပ္ပာယ်လည်းမရဘူးတဲ့ (မှန်ပါ့) မသွားသည်မဟုတ်၊ သွားတယ်လို့ ယူရမှာလား၊ ဒီလိုလည်း မဟုတ်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။
ဪ ရှင်ကြီးဂေါတမ ဒါဖြင့် ကျုပ်ဉာဏ်တုံးပြီးတဲ့၊ မရတော့ဘူးတဲ့ (မှန်ပါ့)။
မင်း-တုံးမှာပေါ့ကွ၊ ပဋိစ္စသမုပ္ပါဒ်မှ မင်းသဘောမကျဘဲတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် သဘောကျသလား (ကျပါပြီ ဘုရား) ဟာ- မကျသေးပါဘူး၊ နက်ဖြန် ဟောရဦးမှာ၊ မကျေသေးဘူး၊ ဒီလေးခုကို နိဗ္ဗာန်လည်း ဟောရဦးမှာ (မှန်ပါ့) သဿတ, ဥစ္ဆေဒ, သက္ကာယကော ချုပ်ရဦးမှာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒါသဘောမကျလို့ရှိရင်တဲ့ မင်းတို့ဘယ်နည်းနဲ့မှ နိဗ္ဗာန်သဘောကျမှာ မဟုတ်ဘူးဆိုပြီး နက်ဖြန်ကျ တော့ မီးရှို့တဲ့ဥပမာနဲ့ ဒီပုဏ္ဏားဝတ္ထုကို ဟောဦးမယ် (မှန်ပါ့ ဘုရား) မဟောပေဘူးလား (ဟောပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝိပဿနာအလုပ်ကို အားထုတ်တောမယ်ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိခွါမှု ရှေ့ထား (မှန်ပါ့) ဒိဋ္ဌိခွါမှုကို ရှေ့ထားမယ်ကြံလို့ရှိရင်လည်း ပဋိစ္စသမုပ္ပါဒ် နားလည်မှုကို ဒိဋ္ဌိခွါမှုရှေ့က သူ့ကိုနားလည် မှုရှိအောင် သင်ထားပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ရောက်ချင်လို့ ရှိရင် ဒိဋ္ဌိခွါရမယ် (မှန်ပါ့)။
နိဗ္ဗာန်ရောက်ချင်ရင်
နိဗ္ဗာန်ရောက်ချင်လို့ရှိရင် (ဒိဋ္ဌိခွါရပါမယ် ဘုရား) ဒိဋ္ဌိသုံမျိုးခွါရမယ်၊ သက္ကာယ, သဿတ, ဥစ္ဆေဒ (မှန်ပါ့)။
နိဗ္ဗာန်ရောက်ချင်ရင် (သက္ကာယ, သဿတ, ဥစ္ဆေဒ သုံးမျိုး ခွါရပါမယ် ဘုရား)။
သက္ကာယ, သဿတ, ဥစ္ဆေဒ၊ ဒီ-ဒိဋ္ဌိသုံးမျိုး ခွါချင်လို့ရှိရင် ဘာနားလည်ရမလဲ (ပဋိစ္စသမုပ္ပါဒ် နားလည်ရပါ မယ်) ပဋိစ္စသမုပ္ပါဒ် နားလည်ရမယ် (မှန်ပါ့)။
ဒါမှ နားမလည်ဘဲနဲ့ ခင်ဗျားတို့ ဖြစ်ပျက်-ဖြစ်ပျက် အားထုတ်နေကြမယ်ဆိုရင် ခင်ဗျားတို့ အာပေါက်အောင် အားထုတ် မရဘူး (မှန်ပါ့) ဦးဘအုန်း သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာသစ် အစီအစဉ်တော့ဖြင့် အင်မတန်ကောင်းသွားပြီ (ကောင်းသွားပါပြီ ဘုရား) နိဗ္ဗာန်ရချင်လို့ ရှိရင် ဘာနားလည်ရမတုံး (ပဋိစ္စသမုပ္ပါဒ် နားလည်ရပါမယ်) ဒိဋ္ဌိခွါမှု နားလည်ရမယ် (မှန်ပါ့)။
ဒိဋ္ဌိခွါမှုကို နားလည်ချင်ရင် ဘာရှေ့ထားရမတုံး (ပဋိစ္စသမုပ္ပါဒ် နားလည်အောင် သင်ရပါမယ်) ပဋိစ္စသမုပ္ပါဒ် နားလည်မှုကို ရှေ့ထားမှ ဒိဋ္ဌိကကွာမယ် (မှန်ပါ့) ဒိဋ္ဌိကွာမှ နိဗ္ဗာန်သဘောကျမယ် (မှန်ပါ့ ဘုရား)။
အခု ပုဏ္ဏားက ဒိဋ္ဌိနဲ့မေးတော့ နိဗ္ဗာန် ဟောလိုက်တော့ ရှင်ကြီးဂေါတမ ကျုပ်ဉာဏ်တုံးတယ် ပြောတာပဲ (မှန်ပါ့) နားမလည်တော့ဘူးတဲ့ (မှန်ပါ့)။
ဟောတာကတော့ ဘုရားက ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် နိဗ္ဗာန်သွားတယ်လို့ ဟောတာပဲ (မှန်ပါ့) နိဗ္ဗာန်ရောက်သွား ပြီလို့ ဟောတာပဲ (မှန်ပါ့)။
ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံး
သူက ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးမေးတော့ သွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား) သွားစရာမရှိ တာ သူက ဘယ့်နှယ်မေးသတုံး (ဘယ်သွားသတုံး မေးပါတယ် ဘုရား)။
ဘယ်သွားသတုံး မေးတော့ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
အဲဒီတော့ ဒါ-ပဋိစ္စသမုပ္ပါဒ် သဘောကျလို့လား ၊ မကျလို့လား (မကျလို့ပါ ဘုရား)။
မကျတော့လို့တဲ့ ဒကာ ဒကာမတို့ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဒုက္ခချုပ် သွားတာကို ဒုက္ခ ဒီနေရာဖြစ်လို့ ဒုက္ခဒီနေရာပျောက်သွားတာကို သူ-သိကို မသိဘူး (မသိပါ ဘုရား)။
ဒုက္ခ ဒီနေရာဖြစ်နေလို့ ဒုက္ခ ဒီနေရာမှာ ပျောက်သွားတာ သူသိသေးရဲ့လား (မသိပါ ဘုရား)။
ဥပမာ- ဒကာသစ် လက်မောင်းမှာ အနာပေါက်၊ ဆေးကောင်း ဝါးကောင်းနဲ့ ကုလိုက်တော့ ဒီအနာ ဘယ်များ ရွှေ့ပျောက်သတုံး၊ လက်ဖျားမှာ ရွှေ့ပျောက်သလား၊ ဒီပေါက်တဲ့ လက်ရင်းမှာပဲ ပျောက်သလား (ပျောက်တဲ့လက်ရင်း မှာပဲ ပျောက်ပါတယ် ဘုရား)။
ပေါက်တုန်းက လက်ရင်းမှာပေါက်တယ် (မှန်ပါ့ ဘုရား) ပျောက်တဲ့အခါကျတော့ (လက်ရင်းမှာပဲ ပျောက်ပါ တယ် ဘုရား)။
အဲဒီတော့ ဒီခန္ဓာ ဒီနေရာမှာ ခန္ဓာတည်းဟူသော အနာကိလေသာနဲ့ ခန္ဓာကြီးဟာ တွဲနေတယ် (မှန်ပါ့ ဘုရား) ကိလေသာနာနဲ့ ခန္ဓာနဲ့ တွဲနေတော့ ဒီနေရာမှာ တစ်ခါတည်း အာသဝေါ ကုန်လိုက်တယ်ဆိုရင် ဒီနေရာမှာပဲ ဦးမာဒင် ပျောက်ရမယ် (ပျောက်ရပါမယ် ဘုရား) ဘယ်သွားသေးသတုံး (ဘယ်မှမသွားပါ ဘုရား) အဲဒါ သူက ဘယ် သွားသတုံးမေးတော့ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
အဲဒီတော့ ဒီလိုလည်း အဓိပ္ပာယ်မရဘူးလို့ မဖြေရပေဘူးလား (ဖြေရပါတယ် ဘုရား)။
အဲဒီတော့ သူ-ဒီနည်းချည်းမေးတော့ ဒီလို အဓိပ္ပာယ်မရဘူးလို့ ဖြေလိုက်တော့ ရှင်ကြီးဂေါတမ ကျုပ်ဉာဏ်တုံး ပြီတဲ့၊ မမေးတတ်တော့ဘူးတဲ့ (မှန်ပါ့)။
မင်း- ဘာမေးတတ်မတုံးတဲ့၊ မင်း- ပဋိစ္စသမုပ္ပါဒ် နားမလည်ဘူးတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီ- ပဋိစ္စသမုပ္ပါဒ် ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဘုရားပါးစပ်က ဖွင့်ချတော့ ဒကာ ဒကာမ တွေ ဪ သူနားမလည်လို့ရှိရင် ဒိဋ္ဌိလည်းမကွာ နိဗ္ဗာန်လည်းမသိ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ သဘောကျ ပါလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိလည်း (မကွာပါ ဘုရား) နိဗ္ဗာန်လည်း (မသိပါ ဘုရား) နိဗ္ဗာန်မသိကတည်းက ဒိဋ္ဌိလည်း မကွာကတည်း က ဒကာ ဒကာမတို့ ဘယ်တော့မှ ဒီဖြစ်ပျက်ကို ကိုယ့်သဘောနဲ့ ကိုယ်တော့ဖြင့် ယုံယုံကြည်ကြည် သိတော့မယ် မဟုတ်ပါဘူး (မှန်ပါ့) သိစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် အရင်းမူတည်လိုက်လို့ရှိရင်
အဲဒါကြောင့် နက်ဖြန်မှာ ဒကာ ဒကာမတို့ နိဗ္ဗာန်လည်း သိအောင် ပြောမယ် (မှန်လှပါ ဘုရား) ဒိဋ္ဌိလည်း ခွါပေးမယ် (မှန်လှပါ) ပဋိစ္စသမုပ္ပါဒ် အရင်းမူတည်လိုက်လို့ရှိရင် ဒိဋ္ဌိခွါတာက မပါပေဘူးလား (ပါပါတယ် ဘုရား)။
ချုပ်ပုံ ပြလိုက်ရင် နိဗ္ဗာန်လည်း ပေါ်မလာပေဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒီလိုပေါ်တာ ပြပြီးတော့မှ ဒီပုဏ္ဏားကို ဥပမာနဲ့တကွ ဘုရားက နိဗ္ဗာန်ကို မီးရှို့ပုံပြတဲ့ ဥပမာကို ဒကာသစ် နက်ဖြန်ကျတော့ ကြားရလိမ့်ဦးမယ် (မှန်ပါ့) ဒီနေ့တော့ နာရီစေ့လို့ မတတ်နိုင်တော့ဘူး (မှန်ပါ့ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။