မိစ္ဆာဒိဋ္ဌိသည် ကြောက်စရာအကောင်းဆုံး
မှတ်ချက်။ လောင်စာသိမ်း၍မီးငြိမ်းရာ နိဗ္ဗာန်အကြောင်းရှင်းပြပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
(၁၉-၈-၆၁)
ဒိဋ္ဌိဟာ ကြောက်စရာအကောင်းဆုံး
အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ ခင်ဗျားတို့သန္တာန်မှာ ကြောက်စရာအကောင်းဆုံးဆိုတဲ့ဥစ္စာ ဘာပါလိမ့်မလဲလို့ မေးစရာရှိတယ်နော် (မှန်ပါ့)၊ ဒိဋ္ဌိဟာ ကြောက်စရာအကောင်းဆုံးလို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။
ဘယ်ဒိဋ္ဌိလဲလို့ မေးတဲ့အခါကျတော့မှ မိစ္ဆာဒိဋ္ဌိ (မှန်ပါ့ ဘုရား)။
မိစ္ဆာဒိဋ္ဌိက ဘယ်လိုရှိပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိက ပွားလာတာလို့ မှတ်ပါနော် (မှန်ပါ့ ဘုရား)။
သက္ကာယဒိဋ္ဌိကနေပြီးသကာလ သဿတဒိဋ္ဌိ ခိုင်တယ် မြဲတယ်ထင်တာ (မှန်ပါ့)၊ ဥစ္ဆေဒဒိဋ္ဌိက ယခုခန္ဓာကြီး သေသွားရင် ပြတ်သွားတာပဲ ဘာမှမဖြစ်တော့ဘူးလို့ ယူတာလည်း ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိက ယခုပေါ်နေတဲ့ စကားပြောတဲ့စိတ်တွေ စကားပြောတဲ့အသံတွေ သွားမှုလာမှုတွေကို ငါထင်နေတာက သက္ကာယဒိဋ္ဌိလို့ မှတ်ပါ (မှန်ပါ့ ဘုရား)၊ ဒီခန္ဓာကြီးဟာ ဘယ်အခါမဆို အမြဲတည်တံ့နေတယ်လို့ ကိုယ့်သန္တာန်ကိုယ်ကြည့်လိုက်လို့ရှိရင်ဖြင့် အမြဲတည်တံ့ နေတယ်လို့ ထင်လို့ရှိရင် သဿတဒိဋ္ဌိ (မှန်ပါ့)၊ ဒီခန္ဓာကြီး သေသွားလို့ရှိရင်ဖြင့် ဘာမှမဖြစ်တော့ဘူးလို့ ပြတ်တယ်လို့ ယူလို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒိဋ္ဌိသုံးမျိုးဟာ တစ်မျိုးမရှိလို့ရှိရင်ဖြင့် တစ်မျိုးရှိတော့တာပဲ (မှန်ပါ့ ဘုရား)။
အဲဒါတွေကို ဒကာ ဒကာမတွေ သိထားတော့၊ ဪ ဒါနလုပ်ဖို့လည်း ဘုန်းကြီးများလည်း ဟောပါတယ် (မှန်ပါ)၊ သီလဆောက်တည်ဖို့, သမထအားထုတ်ဖို့, ဝိပဿနာအားထုတ်ဖို့လည်း ဟောပါတယ် (မှန်ပါ့)၊ လမ်းကောင်း လမ်းညွှန်လည်း ပြပါတယ်၊ သို့သော်လည်း ဒါအရင်ရှေ့ထားလုပ်ပါ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ ဉာဏ်ထဲမှာ ရှင်းနေအောင် လုပ်ပါလို့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိရှင်းပေး ပါ့မယ်
ကိုင်း ဒါဖြင့် ဒကာသစ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှန်က ဘုန်းကြီးများက ခေါင်းဆောင်လုပ်ပြီး ဒိဋ္ဌိရှင်းပေး ပါ့မယ်၊ ကြပ်ကြပ်သတိထားပြီး နားထောင်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒီအတိုင်းနေတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဪ ငါဒိဋ္ဌိမရှိဘူးလို့ ထင်ပါတယ် (မှန်ပါ့)၊ သို့သော် မသိလို့ ရှိနေတဲ့အရှိကို မသိပါဘူး (မသိပါ)၊ မသိတာနဲ့ ရှိနေတယ် (မှန်ပါ့ ဘုရား)။
မသိတာနဲ့ (ရှိနေပါတယ်)၊ ဪ မသိတာနဲ့ ရှိနေတဲ့ ဒိဋ္ဌိကျတော့ ဒကာ ဒကာမတွေက တို့ဗုဒ္ဓဘာသာ ပဲလို့ ဆိုပင်ဆိုငြားသော်လည်း မသိဘဲနဲ့ ရှိနေတဲ့ဒိဋ္ဌိကို ဒကာ ဒကာမတွေက မတွေးမိဘူး (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဒကာကြွယ်တို့လူစုကို မသိဘဲနဲ့ ရှိနေတဲ့ ဒိဋ္ဌိကို ယနေ့ရှင်းပြမယ် (မှန်ပါ့)၊ ကြပ်ကြပ်ဂရုစိုက်ပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဪ ဒါန, သီလလုပ်ပင်လုပ်ငြားသော် ဒိဋ္ဌိမဖြုတ်ပဲနဲ့လုပ်ရင် အပါယ်စိတ်မချရ သေးဘူး (မှန်ပါ့)၊ ဒါနအရှိန်အစော်ကုန်သွားရင် ဒကာသစ် ဘာဖြစ်မယ်ထင်သတုံး (အပါယ်ပြန်ကျမှာပါ ဘုရား)။
အပါယ်ပြန်ကျမယ် (မှန်ပါ့)၊ အပါယ်ပြန်ကျနိုင်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လုပ်လည်း လုပ်ရသေးရဲ့ တောက်လျှောက်လည်း တက်မသွားဘူးဆိုတော့ ဒကာသစ်၊ ဒကာကြွယ်တို့ နစ်နာတာပေါ့ (နစ်နာ ပါတယ် ဘုရား)။
ဒိဋ္ဌိကို စောစောစီးစီးဖြုတ်ထားပါ
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အထူးတလည် သတိပေးချင်တာက ဒကာ ဒကာမတို့ ဒိဋ္ဌိကို စောစောစီးစီးဖြုတ်ထားပါ (မှန်ပါ့)၊ ပြီးတော့မှ ဒါန, သီလ, သမထ, ဝိပဿနာလုပ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဗုဒ္ဓဘာသာမှာ ဒိဋ္ဌိရှိနေတယ်ဆိုတာ မသိဘဲနေမှာစိုးလို့ ဒကာကြွယ် ရှင်းပြဦးမယ် (မှန်ပါ့ ဘုရား)။
အားလုံး ဥပုသ်နေ့မှလာတဲ့ ဒကာ ဒကာမတွေ ခါတိုင်းတော့ မလာနိုင်ကြဘူး၊ ဘာ့ကြောင့် မလာနိုင်ကြသတုံး မေးတဲ့အခါကျလို့ရှိရင် ဒိဋ္ဌိကျွန်ခံနေရလို့ (မှန်ပါ့)၊ ဒိဋ္ဌိကျွန်ခံနေရလို့ဆိုတော့ ဒကာ ဒကာမတွေက မသိဘူး (မှန်ပါ့)၊ စင်စစ်တော့ ငါစားဖို့၊ ငါဆိုတဲ့ တရားက ငါစားဖို့ဆိုကတည်းက ဒိဋ္ဌိ၏ကျွန်ခံနေတယ် (မှန်ပါ့)၊ ငါ့သမီး ငါ့သားစားဖို့ ဆိုတာကောဗျာ (ဒိဋ္ဌိကျွန် ခံနေတာပါဘုရား)။
ဪ-ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်အရေးမရှာနိုင်ဘူး၊ ဒိဋ္ဌိကျွန်ခံရေးက အရေးကြီးတယ်ဆိုရင် လွဲ ပါ့မလား (မလွဲပါ)၊ တယ် နစ်နာပါလား (နစ်နာပါတယ် ဘုရား)။
ခင်ဗျားတို့ ပြောတဲ့အထဲမှာလည်း ခင်ဗျားတို့ပါတယ်၊ ကိုယ့်ဟာကိုယ်စားဖို့ ကိုယ်လုပ်ရသေးတယ် ဘုရား (မှန်ပါ့ ဘုရား)။
အင်း ကိုယ့်ဟာကိုယ်စားဖို့ ကိုယ်လုပ်ရသေးတယ်ဆိုတော့ ဒကာကြွယ်ရေ ကိုယ့်ကို ထင်လို့ပေါ့ဗျာ (မှန်လှပါ)၊ လက္ခဏာရေးသုံးပါး ပါသေးရဲ့လား (မပါပါ ဘုရား)။
ဒိဋ္ဌိကျွန် ခံနေတယ်ဆိုရင်
ဪ ဒါဖြင့် ဒကာ ဒကာမတွေ အိမ်မှာ ဘယ်သူ့ကျွန်ခံနေသတုန်းမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒိဋ္ဌိ ကျွန် ခံနေပါတယ်ဘုရား)၊ အဲ-ဒိဋ္ဌိကျွန် ခံနေတယ်ဆိုရင် တဏှာကျွန်ပါပြီးသား မှတ်လိုက်ပါ (မှန်ပါ့)။
ဪ တို့သည်ကားလို့ဆိုရင် အိမ်မှာ ဘာလုပ်နေကြသတုံးမေးတော့ အခုတစ်ပြိုင်နက် ဖြေလိုက်တာပဲ၊ ဒိဋ္ဌိကျွန်ခံနေကြတယ်ဆိုတာ သိနေကြပါပြီ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိကျွန် ခံနေရတော့ ဪ-ခန္ဓာဖြစ်လာတာ ဒိဋ္ဌိကျွန် (မှန်ပါ့)၊ စုတေမနေ သေလွန်တော့ ဒိဋ္ဌိက အပါယ် ပို့ (မှန်လှပါ ဘုရား)၊ ကျွန်ခိုင်း ခိုင်းပြီးသကာလ ကျွန်သေ သေခိုင်းတာ ဘယ်သူပါလိမ့်မလဲမေးရင် ဘယ့်နှယ်ဖြေကြ မလဲ (ဒိဋ္ဌိပါ ဘုရား)၊ ဒိဋ္ဌိပဲဆိုတာ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဦးလှဘူးတို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိတော့ ငါ-ဘယ်သူ့ကျွန်မှ မဟုတ်ပါဘူး၊ ငါ့ဟာငါ လုပ်စားနေတာပဲဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေက ပြောတဲ့အထဲမှာ ဒိဋ္ဌိပါနေတာကို ကိုယ့်ဒိဋ္ဌိမရှိဘူး၊ ကိုယ့် ကိုယ်ကိုယ် ဗုဒ္ဓဘာသာပဲလို့ ထင်နေတယ် (မှန်လှပါ)၊ ဗုဒ္ဓဘာသာလည်း ဒိဋ္ဌိဖြစ်နေတာ (မှန်ပါ့)။
ဪ ဒါဖြင့် ဒိဋ္ဌိရှိမှန်းသိလျက်နဲ့ ဒကာ ဒကာမတို့ ဒိဋ္ဌိရှိလျက်နဲ့ မရှိဘူးထင်နေတယ် (မှန်ပါ့)။
ဒကာကြွယ် ဘာတဲ့ဗျာ (ဒိဋ္ဌိရှိလျက်နဲ့ မရှိဘူး ထင်နေပါတယ် ဘုရား)။
ဒိဋ္ဌိရှိလျက်နဲ့ မရှိဘူးထင်နေတော့ ဒကာ ဒကာမတို့ အနာရှိလျက်နဲ့ အနာမရှိဘူးထင်ရင် ဒီအနာသည် ဒကာ ဒကာမတွေလည်း ကုမယ်မဟုတ်ဘူး၊ ဒီအနာနဲ့ပဲ အသေဆိုးသေရတော့မယ် (မှန်ပါ့)၊ ဒီအတိုင်း မနေပေဘူး လား (နေပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ စဉ်းစားကြည့်တော့မှ ဪ ငါတို့ ဆရာကောင်း သမားကောင်း ရှာဦးမှပဲ၊ မှီဝဲဦးမှ ပဲ၊ ကျွန်ခိုင်းခိုင်းတာလည်း ဒိဋ္ဌိ (မှန်ပါ့)၊ သပေါက်သေ အသေခိုင်းပြီး အပါယ်လေးပါး ပို့တာကော (ဒိဋ္ဌိပါ ဘုရား)၊ နိဗ္ဗာန်ဆိုတာကြီး တားမြစ်တာကော (ဒိဋ္ဌိပါ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလိုပြောပေးမည့်ပုဂ္ဂိုလ်- ဆိုပေးမည့်ပုဂ္ဂိုလ်- ညွှန်ပြပေးမည့် ပုဂ္ဂိုလ်မရှိရင်ဖြင့် ကိုယ်ကျိုးလှလှကြီး နည်းပေါ့လို့ ဆိုရတော့မယ် (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
တစ်နေ့လုံး မအားတာလည်း ဘယ်သူခိုင်းသတုံး (ဒိဋ္ဌိခိုင်းတာပါ ဘုရား)၊ ဒကာသစ် နာလိုက်တာဗျာ (နာပါ တယ် ဘုရား)။
တစ်နေ့လုံး မအားတာ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား)၊ ငါစားဖို့နဲ့ ငါ့သမီး-ငါ့သားစားဖို့ (မှန်ပါ့)၊ နောက်ဆုံး ပိတ် သူက အသားများယူလိုက်သေးတယ် ဒိဋ္ဌိက ငါကုသိုလ်လုပ်ဖို့တောင် အသားယူလိုက်သေးတယ် (မှန်လှပါ ဘုရား)။
အပါယ်လေးပါး ပြန်ရောက်နိုင်ပါတယ်
သူမလုပ်ဘူးလားဆိုတော့ ဒိဋ္ဌိက ကုသိုလ်တော့လုပ်တာပဲ (မှန်ပါ့)၊ လုပ်ပင်လုပ်ငြားသော်လည်း သူမပြုတ် လို့ရှိရင် သူပြုတဲ့ကုသိုလ်ဟာ တောက်လျှောက် နိဗ္ဗာန်သွားသလား အပါယ်လေးပါး ပြန်ရောက်နိုင်သေးသလားဆိုတာ လည်း အကဲခတ်ကြည့်တာပေါ့ (အပါယ်လေးပါး ပြန်ရောက်နိုင်ပါတယ် ဘုရား)။
ဒကာကြွယ် တယ်နာပါလား (နာပါတယ် ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒိဋ္ဌိရှိရဲ့နဲ့ မရှိဘူး ဆိုတဲ့ အသွားဟာလည်း ဒကာသစ် တယ်ဆိုးပါလား (ဆိုးပါတယ် ဘုရား)။
ကြပ်ကြပ်စဉ်းစားကြပါ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ကြပ်ကြပ်စဉ်းစားကြပါ ဒကာကြွယ် (မှန်လှပါ)၊ ဒိဋ္ဌိရှိလျက် နဲ့ မရှိဘူးထင်နေတယ် (မှန်ပါ့)။
သက္ကာယဒိဋ္ဌိရှိလျက်နဲ့ ဘာတုံး (မရှိဘူးထင်နေပါတယ် ဘုရား)။
ဒကာ ဒကာမတွေ အိမ်မှာ ဘာလုပ်နေကြသတုံး၊ အို တပည့်တော်တို့ စားဖို့ပေါ့ဘုရား-ဆိုတော့ ဒါက ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မို့ တပည့်တော် တပ်ပြောလိုက်တာ စင်စစ် ငါစားဖို့ပါပဲ (မှန်ပါ့)။
နို့ ဒကာကြီး ဒကာမကြီးတို့ ရှေ့ကော ခင်ဗျားတို့ ဘယ်လိုစိတ်ကူးသေးသတုံး၊ အို ကိုယ့်သား ကိုယ့်သမီးကလေး လူလားမြောက်အောင်တော့ လုပ်ရဦးမှာ ဘုရားဆိုတော့ ငါ့ဥစ္စာတွေ စားဖို့ (မှန်ပါ့)၊ ပါလာပြန်ပြီ (ပါလာပါတယ် ဘုရား)၊ မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ငါစားဖို့ဆိုတာလည်း စင်စစ်မသိတဲ့ပုဂ္ဂိုလ်မှာ အပြောတွင် မဟုတ်ဘူး တကယ် ငါရှိတယ်ထင်လိုက်တော့ ဒိဋ္ဌိ (မှန်ပါ့)၊ ဒီအတိုင်းမနေဘူးလား (နေပါတယ် ဘုရား)။
တကယ် ငါ့ဥစ္စာတွေ ငါ့သား-ငါ့သမီးကလေးတွေ ငါမွေးထားတယ် ငါမပြုပြင်ရင် ဘယ်သူနုတော့မတုံး ဒီကဲ့သို့ စိတ်တွေပြင်းထန်လို့ နေပြန်လို့ရှိရင်လည်း ငါ့ဥစ္စာကော ပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား)။
ဒိဋ္ဌိ ခိုင်းချက်နဲ့ အမောထွက်နေတာပဲ
ငါ့ဥစ္စာလည်း မပြုတ်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စဉ်းစားခန်း ထုတ်တော့မှ တစ်နေ့တည်းမှာ ဒိဋ္ဌိ ခိုင်းချက်နဲ့ အမောထွက်နေတာပဲ (မှန်လှပါ ဘုရား)။
ဘယ်လိုဆိုကြမလဲ (ဒိဋ္ဌိခိုင်းချက်နဲ့ အမောထွက်နေပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ မောတာသည်ကားလို့ဆိုရင်ဖြင့် အနေမော၊ အနေမှာလည်း ဒိဋ္ဌိခိုင်းလိုက်တာ ဖင်ချနေရတဲ့ နေရာရယ်လို့ မရှိဘူး (မှန်ပါ့ ဘုရား)၊ ဒကာကြွယ်ကြီးတို့ ဖားဖားဖားဖားနဲ့ အို ခိုင်းများခိုင်းနေလိုက်သေး (မှန်လှပါ ဘုရား)၊ မခိုင်းဘူးလားဗျာ (ခိုင်းပါတယ် ဘုရား)၊ ဘယ်သူပါလိမ့်ဗျာ (ဒိဋ္ဌိပါ ဘုရား)။
ဟေ့ ဟေ့ ငါမသွားရင် မပြီးဘူးကွ၊ အံမာ ဒကာကြွယ်တို့ကလေ ငါမသွားရင် မပြီးဘူးတဲ့ ငါဆိုတာ ဘယ်သူတုံးမေးတော့လဲ ရုပ်နာမ်ကို ငါထင်နေတာ (မှန်ပါ့ ဘုရား) ဆိုတော့ သက္ကာယဒိဋ္ဌိမဖြစ်လား (ဖြစ်ပါတယ် ဘုရား)။
အဲဒါ ဒကာကြွယ်တို့လူစု, ဦးဘအုန်းတို့ လူစုတွေက ဒိဋ္ဌိရှိလျက်နဲ့ ကျုပ်တို့ ဗုဒ္ဓဘာသာပါဗျာ မိစ္ဆာဒိဋ္ဌိ မဟုတ် ပါဘူးလို့ ပြောချင်လည်းပြောဦးမယ် (ပြောပါတယ် ဘုရား)၊ အင်း ရှိလျက်နဲ့ မသိတာဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါဖြင့် အပြောတင်ပြောတာ ဘုန်းကြီးများက အပြစ်ရှိတယ်လို့ မယူပါဘူး (မှန်ပါ့)၊ အထင်ပါလိုက်တဲ့အတွက် အပြစ်ရှိတယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်လှပါ)။
အနာရှိလျက်နဲ့ အနာမရှိဘူးထင်တော့
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အနာရှိလျက်နဲ့ အနာမရှိဘူးထင်တော့ ဒီအနာနဲ့ ဝိညာဏ်ချုပ်ရတော့ မယ် (မှန်ပါ့)၊ မနာဘူးလား (နာပါတယ် ဘုရား)။
အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနာရှိတာကို အကဲခတ်ပေးတတ်တဲ့ပုဂ္ဂိုလ်နဲ့ မတွေ့လို့ရှိရင် ဒီအနာကို လူမမာက ကုချင်တဲ့စိတ်ကော ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ အသေခံမိုက်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ မပါ (ပါပါတယ် ဘုရား)၊ တယ်လည်းဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
ဒကာ ဦးလှဘူးတို့ ဒီလူတွေ များလိမ့်မယ်ဆိုတာကော ယုံကြည်ရဲ့လား (ယုံကြည်ပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ခေါင်းဆောင်ကောင်းတစ်ယောက် ပေါ်ပေါက်ဖို့ရာလည်း မလွယ် ဘူး (မလွယ်ပါ ဘုရား)၊ သူပေါ်ပေါက်မှလည်း အမှန်သိရတယ် (မှန်ပါ့)၊ အမှန်သိမှလည်း အပါယ်လေးပါးတံခါး ပိတ်ရတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ကြိုးစားပြီးသကာလ ယနေ့မှတ်ပါဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ အထူးပဲ ဒီကနေ မေတ္တာ ရပ်ပါတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ အခုတရားနာလာကြတာ ဘာလုပ်ကြဖို့တုံးလို့ မေးလို့ရှိရင်ဖြင့် နိဗ္ဗာန်ရချင်, ရောက်ချင်လို့ ပေါ့ဘုရားဆိုတာ လူတိုင်းဖြေကြမယ် (မှန်ပါ့)၊ မဖြေကြပေဘူးလား (ဖြေပါတယ် ဘုရား)။
တစ်ခါ တရားအားထုတ်ပြီးသကာလ နေတဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်များလည်း ဒကာ ဒကာမတို့ ဘာ့ကြောင့်ထိုင် ပြီးသကာလ တရားဓမ္မတွေ ကြိုးစားနေကြပါလိမ့်မလဲလို့ မေးလိုက်ပြန်တော့လည်း ဟာ-နိဗ္ဗာန်ရောက်အောင်လို့ ဘုရား (မှန်ပါ့)၊ ကောင်းသည် ကောင်းသည်ဆိုပြီး မသိတဲ့ပုဂ္ဂိုလ်ကတော့ဖြင့် တရားနာတာလည်း နိဗ္ဗာန်ရောက်ချင် လို့၊ တရားအားထုတ်တာလည်း နိဗ္ဗာန်ရောက်ချင်လို့ဆိုတော့ ဒကာကြွယ်တို့ ဒကာသစ်တို့ကလည်း တော်ပါပေတယ်၊ ခင်ဗျားတို့စိတ်ထားကောင်းပါပေတယ်၊ သာဓု သာဓုလို့ ခေါ်ကြလိမ့်မယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘယ်လိုတုံး
ဘုန်းကြီးတို့ကလည်း မခေါ်မရှိပါဘူး ခေါ်ပါတယ်၊ ခေါ်ပင်ခေါ်ငြားသော်လည်း စစ်ဆေးကြည့်ပါဦးတဲ့ (မှန် ပါ့)၊ ခေါ်ပင်ခေါ်ငြားသော်လည်း အဲဒီပုဂ္ဂိုလ်တွေ ပြောတဲ့ပုဂ္ဂိုလ်တွေ စစ်ဆေးကြည့်ပါဦး (မှန်ပါ့)၊ စစ်ဆေးကြည့်တော့ ဒကာကြွယ် နိဗ္ဗာန်ဆိုတာ အဲဒီပြောတဲ့ပုဂ္ဂိုလ်တွေ မေးကြည့်လိုက်တာပေါ့နော် (မှန်ပါ့)၊ နိဗ္ဗာန်ဆိုတာ ဘယ်လိုတုံးလို့ မေးတဲ့အခါကျတော့ မသိပါဘူး (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘယ်လိုတုံး မေးပြန်တော့ (မသိပါ)၊ မသိပါဘူး အဖြေထွက်လာတယ် (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် သူဟာ ရမ်းပြီးသကာလ နိဗ္ဗာန်လိုချင်နေတာပါကလား (မှန်ပါ့)၊ မသိမှုနဲ့ လိုချင်နေတာပါ ကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတော့ ဒီပုဂ္ဂိုလ်မသိတဲ့ အဝိဇ္ဇာသမားကို ခင်ဗျားတို့ သာဓုခေါ်တာ အဓိပ္ပာယ်ရတယ် (မှန်ပါ့ ဘုရား)။
ဘယ်ရောက်သွားသတုံး (မသိတဲ့ပုဂ္ဂိုလ် သာဓုခေါ်ရာ ရောက်သွားပါတယ်)၊ အဝိဇ္ဇာသမား သာဓုခေါ်ရာ ရောက်သွားပြန်တယ် (မှန်ပါ့ ဘုရား)။
အင်း ဒါနဲ့ ဒကာကြွယ်တို့လို ဗဟုသုတ၊ ဦးဘအုန်းတို့လို အသက်အရွယ်ကြီးလို့ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ် ရယ်လို့ မေးလိုက်ပြန်တော့လည်း နိဗ္ဗာန်ဆိုတာဟေ့ ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်းရုပ်သိမ်းသွားတာကွာ၊ ရှေ့ဘာဖြစ်သေးတုံး ဆက်မေးတော့ ဘာမှမဖြစ်တာ နိဗ္ဗာန်ကွ (မှန်ပါ့)၊ ဆိုတော့လည်း တော်တော်အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ရယ်လို့ မေးလိုက် တာ ဥစ္ဆေဒဒိဋ္ဌိ ဖြေထားတယ် (မှန်ပါ့ ဘုရား)။
ဘာဖြေထားပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိ ဖြေထားပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ဒီစကားဟာ သေးသေးသိမ်သိမ် ပြောနေတဲ့စကား မယူလိုက်ပါနဲ့ (မှန်ပါ့)၊ ကြပ်ကြပ်ဂရုစိုက်ပြီးသကာလ ဪ ဒီဥစ္စာ တို့မှာ ဒီအတိုင်းဖြစ်နေပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ ဦးဘအုန်း မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ ဘယ်လိုတုံးဆိုတော့ ၁- နံပါတ်ပုဂ္ဂိုလ်က မသိပါဘူး၊ အားလုံးကပဲ နိဗ္ဗာန်တောင့်တလုပ်၊ နိဗ္ဗာန် တောင့်တလုပ်ဆိုလို့ ကျုပ်ဟာ နိဗ္ဗာန်တောင့်တ လုပ်တာပဲ၊ မသိတော့ မသိပါဘူး၊ ဘယ်လိုသဘောရယ်လို့ မသိပါဘူး လို့ ပြောလိုက်တယ် (မှန်ပါ့)၊ ဒါဖြင့် နိဗ္ဗာန်ဟာ အဝိဇ္ဇာဖုံးနေပြန်ပြီ (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာဖုံးနေပါတယ်
နိဗ္ဗာန်ဟာ ဘယ်သူဖုံးနေသတုံး (အဝိဇ္ဇာဖုံးနေပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တော်တော်သိတဲ့ပုဂ္ဂိုလ် မေးလိုက်ပြန်တော့ နိဗ္ဗာန်ဆိုတာ ရုပ်နာမ်ချုပ်ငြိမ်း ရုပ်သိမ်းပြီး ဘာမှမရှိတာ နိဗ္ဗာန် ကွ (မှန်ပါ့)၊ ဆိုတော့ သူကတော့လည်း ဦးဘအုန်း ဘာဖြေပြန်သတုံး (ဥစ္ဆေဒဒိဋ္ဌိ ဖြေပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ကြပ်ကြပ်စဉ်းစားနားထောင်ပါ၊ စကားနှစ်လုံးတည်းပါ မများပါဘူး (မှန်ပါ့)၊ ဉာဏ်နားနဲ့ ကြပ်ကြပ်ထောင်ကြပါ၊ ဉာဏ်နားနဲ့ ကြပ်ကြပ်ထောင်ပါလို့ဆိုတာကိုလည်း လေးစားစွာနဲ့ မေတ္တာရပ်ပါတယ် (မှန်ပါ့)၊ ဒီဟာ နားမလည်လို့ရှိရင်လည်း အဝိဇ္ဇာနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်မှာစိုးလွန်းလို့ အကျယ်တဝင့် ပြောချင်လို့ ဒီဥစ္စာအခိုင်အမာ ချည်နေတယ်ဆိုတာ ဒကာကြွယ် မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဦးဘအုန်း မချည်ထိုက်ဘူးလား (ချည်ထိုက်ပါတယ်)၊ သို့သော် ဒီလိုပြောပေးမည့် ပုဂ္ဂိုလ်ကလည်း ဒကာကြွယ် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
မလွယ်ဘူး မလွယ်ဘူး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိဗ္ဗာန်ဆိုတာ တချို့က ပြောကြတယ်၊ လူပိန်းများက (မှန်ပါ့)၊ ရုပ်လည်းမရှိဘူး နာမ်လည်းမရှိဘူး အကုန်ပျောက်သွားတာပဲလို့ ပြောလိုက်ပြန်တော့လည်း ဒကာသစ် ဘယ်ဒိဋ္ဌိပြောလိုက်သလဲ (ဥစ္ဆေဒဒိဋ္ဌိပြောပါတယ် ဘုရား)။
ရုပ်နာမ်ချုပ်ရင် ပြတ်တာပဲဆိုတဲ့ အဓိပ္ပာယ်ယူလိုက်တယ် (မှန်ပါ့)၊ ဒါကျတော့ ဘယ်ဒိဋ္ဌိပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
မသိတဲ့ပုဂ္ဂိုလ်မှာ အဝိဇ္ဇာ
ဒါဖြင့် တော်တော်သိတဲ့ပုဂ္ဂိုလ်မှ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့)၊ မသိတဲ့ပုဂ္ဂိုလ်မှာ အဝိဇ္ဇာ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
မသိတဲ့ပုဂ္ဂိုလ်မှာ (အဝိဇ္ဇာပါ)၊ တော်တော်သိတဲ့ ပုဂ္ဂိုလ်မှာ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဟာမှမသိဘဲနဲ့ အားထုတ်နေလို့ရှိရင်လည်း ဒိဋ္ဌိပြုတ်တယ်၊ အဝိဇ္ဇာပြုတ်တယ်လို့ ဆိုလို့ရသလား (မရပါ ဘုရား)။
နိဗ္ဗာန်မသိဘဲနဲ့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်များ ဒကာ ဒကာမတို့ အင်မတန် သနားစရာကောင်းပါတယ် (မှန် ပါ့ဝ၊ ဗုဒ္ဓဘာသာမှန်ကလည်း ဘာကလေးလုပ်လုပ် နိဗ္ဗာန်ရောက်ချင်လို့ပါ ဘုရား၊ အမြန်ရောက်ပါရစေဘုရားဆိုတော့ ရောက်စေဆိုလို့လည်း ဒကာသစ် ရောက်တဲ့အမျိုး မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)။
ရောက်စေဆိုလို့ကော (ရောက်တဲ့အမျိုး မဟုတ်ပါဘုရား)၊ ဪ ရောက်စေဆိုလို့လည်း ရောက်တဲ့အမျိုး မဟုတ်တော့ကို ဘယ်သူက စေပိုင်တာမှ မဟုတ်တော့ (မှန်ပါ့)၊ ကိုယ့်ဟာကိုယ် ဘာဝေတဗ္ဗာနဲ့ ပွားယူမှ ရောက်ရတာ ဖြစ်ပြီးသကာလနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တယ် လမ်းပြကောင်းလို့ပါလားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ်)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကြပ်ကြပ်စဉ်းစားပြီ ဒကာ ဒကာမတွေ ဪ အခုပြောမည့်စကားဟာ မသိတဲ့အဝိဇ္ဇာနဲ့ အယူမှားတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့ နိဗ္ဗာန်သဘောကျနေကြလို့ရှိရင်ဖြင့် ဒကာကြွယ် အင်မတန်နာသွားပြီ (နာသွားပါပြီ)၊ ဦးဘအုန်း မနာဘူး လား (နာပါတယ် ဘုရား)။
နိဗ္ဗာန်အကြောင်း မသိတော့
တချို့ အားသာထုတ်နေကြတယ် နိဗ္ဗာန်အကြောင်း မသိတော့ကိုတဲ့ ဘာမှမရှိဘူးဆိုတော့ ဘာမှမဖြစ်တာ နိဗ္ဗာန်လို့ ယူလိုက်ပြန်တော့လည်း ဥစ္ဆေဒဒိဋ္ဌိဘက် သွားတယ် (သွားပါတယ် ဘုရား)။
သူများအားထုတ်လို့၊ သူများက ဒီလိုလုပ်ရင် နိဗ္ဗာန်ရောက်တယ်ဆိုတာနဲ့ ကျုပ်လည်းလုပ်နေတာပဲဆိုတော့ နိဗ္ဗာန်သိပြီး လုပ်တာလား ပြောသံကြားနဲ့ လုပ်တာလား (ပြောသံကြားနဲ့ လုပ်တာပါ ဘုရား)။
ပြောသံကြားနဲ့ လုပ်တဲ့ အလုပ်ဟူသရွေ့သည်လည်း လိုလိုချင်ချင် ဆန္ဒပြင်းပြပါ့မလားလို့ မေးလိုက်တယ် (မပြင်းပြပါ)၊ မပြင်းပြပြန်တော့လည်း ဝီရိယက လျော့သောကြောင့် မရောက်ပေဘူး (မှန်ပါ့ ဘုရား)။
ဝီရိယက လျော့သောကြောင့် (မရောက်ပါ ဘုရား)၊ ဝီရိယက လျော့လို့ မရောက်နိုင်တဲ့ အဓိပ္ပာယ်ရှင်းပြီးသ ကာလ နေတော့ ဪ တို့သည်ကားလို့ဆိုရင် မှန်းခြေ နိဗ္ဗာန်ကို အမှန်သဘောမကျလို့ရှိရင်ဖြင့် ဒိဋ္ဌိဘက် ပြေးချီ တစ်ခါ အဝိဇ္ဇာက မသိချီတစ်ခါနဲ့ တို့ဖြင့် လူသာဖြစ်ရတယ် ကိုယ်ကျိုးနည်းပါပေါ့လို့ အောက်မေ့ရမယ် (မှန်ပါ့ ဘုရား)။
ဦးဘအုန်း ဒါစကားကြီးလာတာ အမှန်ပဲနော် (မှန်ပါ့)၊ ဒကာ ဒကာတွေကို အင်မတန် သနားကရုဏာရှိပြီး ဘုန်းကြီးများလည်း ပြောပြီးနေတယ်ဆိုတာကိုလည်း ယုံယုံကြည်ကြည်မှတ်ကြပါ (မှန်ပါ့)၊ ဘာမှ ခင်ဗျားတို့ဆီက မျှော်လင့်ချက်ထားပြီး ဟောတာမဟုတ်ဘူး (မှန်ပါ့)၊ သက်သက်သိပါစေတော့ ဒီအတိုင်းသာဖြင့် တို့ဒကာ ဒကာမတွေ မသိအဝိဇ္ဇာနဲ့ ပြတ်တဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့ သူတို့နိဗ္ဗာန်ကို ပျော်နေကြပြီဆိုတဲ့ဥစ္စာကြီးကိုလည်း အင်မတန် သနားစရာကောင်း ပါတယ် (မှန်ပါ့ ဘုရား)။
မသိတာ၊ မသိတာ ရိုးရိုးမဟုတ်သေးဘူး၊ ဒိဋ္ဌိကပါ လိုက်သေးတယ် (ပါပါတယ်)၊ ဘယ်လောက်ကြောက်စရာ ကောင်းသတုံး၊ ကောင်းပါတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မသိတာကို ဥစ္ဆေဒဒိဋ္ဌိ ဝင်လာတာက
မသိတာ မသိတာ ရိုးရိုးက ဒါလောက် ကြောက်စရာမရှိဘူး (မှန်ပါ့)၊ မသိတာကို ဥစ္ဆေဒဒိဋ္ဌိ ဝင်လာတာက (ကြောက်စရာကောင်းပါတယ် ဘုရား)။
ဒကာကြွယ် တယ်ဆိုးပါလား (ဆိုးပါတယ် ဘုရား)၊ ဒကာကြွယ်တို့ အသက်လည်း ခြောက်ဆယ်ကျော်ပြီ၊ ဦးဘအုန်းလည်း ခြောက်ဆယ့်ကျော် ထားပါတော့ တော်သေးတယ်နော် (မှန်လှပါ ဘုရား)။
ဦးဘအုန်း တော်သေးတယ် (မှန်ပါ့)၊ နို့မဟုတ်ရင် ဒီအတိုင်းနဲ့ပဲ တစ်ခါတည်း ဒကာ ဒကာမတွေ ဪ သေသွားကြမှာပဲ (မှန်ပါ့)၊ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ ယနေ့ပြောမည့်စကားကိုဖြင့် လေးလေးစားစားမှတ်ပါ (မှန်ပါ့)။
ကဲ ဒါဖြင့် နိဗ္ဗာန်ပြောပါတော့မယ် ဒကာ ဒကာမတို့ နိဗ္ဗာန်ပြောပါတော့မယ်ဆိုတဲ့ဥစ္စာ တခြားမဟုတ်ပါဘူး၊ ဒိဋ္ဌိသတ်ပါတော့မယ် ပြောတာ (မှန်ပါ့)။
နိဗ္ဗာန်ပြောပါတော့မယ်ဆိုတဲ့ဥစ္စာ အသံကတော့ နိဗ္ဗာန်ပြောပါတော့မယ်လို့ ဆရာဘုန်းကြီးက ဝန်ခံတာပါပဲ (မှန်ပါ့)၊ သို့သော် ခင်ဗျားတို့သန္တာန် နိဗ္ဗာန်သဘောကျတော့ ဥစ္ဆေဒဒိဋ္ဌိ သေပါတယ် (မှန်ပါ့)။
နိဗ္ဗာန်သဘောကျတော့ (ဥစ္ဆေဒဒိဋ္ဌိ သေပါတယ် ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိသတ် ပေးပါတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ (မှန်ပါ့)၊ ခင်ဗျားတို့ကိုဖြင့် အပါယ်လေးပါး တံခါးပိတ် ပေးပါတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြောတာပါပဲ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ တရားကတော့ဖြင့် နက်နဲတာ အမှန်ပဲ ဒကာကြွယ် (မှန်ပါ့)၊ နားကို တစ်ခါတည်း မရှင်းရှင်းအောင် မုချပြောပါလိမ့်မယ် (မှန်ပါ့)၊ မရှင်းသေး ထပ်နာ (မှန်ပါ့)၊ ရက်များစွာနာ ဪ ဒီအရေးသည် ကိုယ့်အရေးပါကလားလို့ထား (မှန်ပါ့)။
ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ
စားရေး,သောက်ရေး တပည့်တော်တို့က ခဲယဉ်းတယ် ဘုရားဆိုလို့ရှိရင်ဖြင့် တဲ့ ဒကာ ဒကာမတို့ တိရစ္ဆာန် လည်း ခဲယဉ်းနေတာပဲ (မှန်ပါ့)၊ စားမလို့, သောက်မလို့ လူ့ဘဝ တက်လာတာလား၊ လူ့ပြည်ရောက်ရင် ငရဲကတက်လာ တဲ့ ပုဂ္ဂိုလ်တွေဖြစ်လေသောကြောင့် ဆရာကောင်း သမားကောင်းနဲ့ နိဗ္ဗာန်သွားပါတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ တက်လာတာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်မေးကြည့်တော့ ကိုယ့်ကိုယ်ကပဲ အဖြေထွက်ပါလိမ့်မယ် (မှန်ပါ့)၊ ငရဲက တက်လာတာ ဖြစ်နေသော ကြောင့် ဒကာ ဒကာမတို့ လူ့ပြည်ရောက်ရင် ဒိဋ္ဌိတွေခွါ နိဗ္ဗာန်သွားပါတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးဟာ လူ့ြပ်ည ရောက်လာတာနဲ့ တစ်ပြိုင်နက် ဒကာကြွယ်တို့, ဒကာသစ်တို့မှာ စားမှု, သောက်မှု နှိပ်စက်တာနဲ့ ရည်ရွယ်ချက် အကုန်ပျက်ရတယ် (မှန်လှပါ ဘုရား)၊ မနာဘူးလား (နာပါတယ် ဘုရား)။
ဒီကျတော့ ပတ်ဝန်းကျင် အိမ်နီးချင်း အခြေအနေ သားမယားတို့၏ လှည့်စားမှု၊ သူတို့က လှည့်စားတာမဟုတ် ဘူး၊ ကိုယ်က ယောင်ချာမှုကြောင့် (မှန်ပါ့)၊ ဒကာသစ်တို့က လှည့်စားတာလား ကိုယ်က ယောင်ချာချာလား (ကိုယ်က ယောင်ချာချာပါ ဘုရား)။
အံမာလေး ဖြစ်မှဖြစ်ရလေ (မှန်ပါ့)၊ ကြောက်စရာ သိပ်ကောင်းပါလား ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား)။
အပါယ်လေးပါး တံခါးပိတ်တဲ့အလုပ်
အဲဒါတွေ စဉ်းစားကြည့်တဲ့အခါကျတော့မှ ကိုယ် ငရဲက တက်လာတုန်းက အင်မတန် ပြင်းထန်တဲ့ ဒုက္ခဝေဒနာ တွေ ခံခဲ့ရတာ လူ့ပြည်ရောက်လို့ရှိရင် ဒီနေရာမပြန်တော့ပါဘူး၊ အပါယ်လေးပါး တံခါးပိတ်တဲ့အလုပ် လုပ်ပါတော့ မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ ဒကာကြွယ် တက်လာတာ (မှန်ပါ့)။
တက်လာပြီး ဒီကျမှ ဒကာအုန်းရ အိမ်နီးချင်း ပတ်ဝန်းကျင် မိတ်ဆွေသင်္ဂဟတွေက သူတို့လည်း ရှာစား ဖွေစား ကြွားချင် မော်ချင်တဲ့ကိစ္စတွေက လွှမ်းမိုးသွားတာနဲ့ ငရဲကလာတဲ့ စိတ်တွေ, ရည်ရွယ်ချက် ပန်းတိုင်တွေ အကုန်ချိုးပစ်ပြီး ရပ်သူရွာသားတွေ ဓလေ့ကို ဒကာသစ် အကုန်လိုက်သွားတယ် (မှန်ပါ့ ဘုရား)၊ မနာဘူးလား (နာ ပါတယ် ဘုရား)။
အဲဒါ ကိုယ်ကိုယ်တိုင် စဉ်းစားကြည့်တော့ ငါ ဘယ်ကလာတာတုံး မေးတော့ ငရဲကလာတာ (မှန်ပါ့)၊ အမှန် အားဖြင့် ငရဲမှာ များကြတာကိုး (မှန်ပါ့)။
အင်း ငရဲကလာပြီးသကာလ ရည်ရွယ်ချက်က ဒီငရဲမှ လွတ်ကင်းလာလို့ရှိရင်ဖြင့် လူ့ပြည်မှာ ဆရာကောင်း သမားကောင်းနဲ့ ကြုံသော်လည်းကောင်း၊ ဘုရားနဲ့ ကြုံသော်လည်းကောင်း ဒီနေရာပြန်တဲ့အလုပ် ဒိဋ္ဌိသတ်တဲ့ အလုပ် ကို လုပ်ပါတော့မယ်ဆိုပြီး တက်လာကြပြီး ဒီကျမှ ပတ်ဝန်းကျင် လှည့်စားမှုကြောင့် ဦးလှဘူးရေ ကိုယ်ကျိုးနည်းကုန် ကြပြီ (မှန်လှပါ ဘုရား)၊ မနာဘူးလား (နာပါတယ် ဘုရား)၊ ဒကာကြွယ် စဉ်းစားမိပြီ (စဉ်းစားမိပါပြီ ဘုရား)။
ခင်ဗျားတို့တောင်မှ အခုငါးဆယ်ကျော် ခြောက်ဆယ်ကျော်မှ ဪ ဒီအတိုင်းနေလို့ မဟုတ်သေးပါကလား ဆိုတာ ပြန်လှည့်လာတယ် (မှန်ပါ့)။
တချို့တော့လည်း ပြန်လှည့်ပြီး ခေါင်းထဲ ဝင်သွားတယ် (မှန်ပါ့)၊ အပါယ်ပဲ ပြန်ရောက်သွားတယ် (ရောက်သွား ပါတယ် ဘုရား)၊ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
အဲဒါတွေ သေသေချာချာ စဉ်းစားတော့မှ ဪ ငါတို့သည်ကားလို့ဆိုရင် သိ,ကြား လိမ်မာတဲ့ပုဂ္ဂိုလ် ဘုရား က ဟောထားလို့ အပါယ်မှာ ကြာခဲ့ကြတယ်ကွာ၊ လူ့ပြည်ရောက်လို့ရှိရင် ဆရာကောင်း သမားကောင်းနဲ့ တွေ့တဲ့အခါ ဘုရားနဲ့ကြုံတဲ့အခါမှာဖြင့် ဘယ်နည်းနဲ့မဆို ငါတို့ ဒီနေရာအပါယ်လေးပါး မပြန်တဲ့အလုပ် လုပ်ပါတော့မယ်ဆိုပြီးသ ကာလ အတက်ကြီး တက်လာပြီးမှ ဒီကျမှ အလှည့်စားတွေ မိလိုက်တာ ဒကာသစ်တို့များ ချွေးဒီးဒီးကျတယ်တဲ့ ဒီအလုပ် မရှောင်နိုင်ဘူး၊ စားမှု, သောက်မှု, ဂုဏ်တင်မှု, နှိပ်စက်နေလိုက်တာ (မှန်ပါ့)။
ဒကာကြွယ်ရေ အခု သတိရလာတာ တော်သေးတယ်နော် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ မသိလို့ရှိရင်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ မသိလို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်ပါတယ် (မှန်ပါ့)၊ အဝိဇ္ဇာနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ် (မှန်ပါ့)။
နိဗ္ဗာန်မသိရင် (အဝိဇ္ဇာနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ်ဘုရား)။
ဒကာ ဒကာမတို့ မသိတာက အဝိဇ္ဇာ၊ ပြတ်တယ်လို့ ယူတာက ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့)။
ဒါဖြင့် အားလုံးသိဖို့ အရေးဟာဖြင့် နိဗ္ဗာန်လည်း လိုချင်ကြတယ် (မှန်ပါ့)၊ နိဗ္ဗာန်အကြောင်းလည်း မသိတော့ အဝိဇ္ဇာနဲ့ ဥစ္ဆေဒဒိဋ္ဌိက လွှမ်းမိုးနေပြန်တော့ ဒကာသစ်ရေ အခက်ကြုံနေပြီ (မှန်ပါ့)၊ မကြုံကြဘူးလား (ကြုံပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ကြုံတယ်ဆိုတာ သဘောကျပလား (မှန်ပါ့)၊ တယ်လည်းဆိုးဝါးပါလား (ဆိုးဝါး ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဆရာဘုန်းကြီး ရှင်းပြမယ် သေသေချာချာ နားထောင်ကြ (မှန်ပါ့)။
ဒကာ ဒကာမတွေ ယခု ဘာရှင်းပြမှာပါလိမ့်၊ တိုးတိုးမပြောနဲ့ ဘာရှင်းပြမှာတုံး (ဒိဋ္ဌိရှင်းပြပါမယ်)၊ နိဗ္ဗာန်ရှင်း ပြမယ် (မှန်ပါ့)၊ နိဗ္ဗာန်ရှင်းပြလိုက်လို့ရှိရင် ခင်ဗျားတို့ အဝိဇ္ဇာလည်း ချုပ်သွားမယ် ၊ ဒိဋ္ဌိလည်း ပြုတ်မယ် (မှန်ပါ့)။
အဝိဇ္ဇာ (ချုပ်ပါတယ် ဘုရား)၊ ဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)။
ဒါဖြင့် အဝိဇ္ဇာချုပ် ဒိဋ္ဌိပြုတ်ဆိုတဲ့ အဓိပ္ပာယ်ရောက်တော့ ဪ ငရဲမျိုးစေ့ဖြင့် ဝမ်းထဲ ကုန်ပြီပေါ့ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒါလောက်တောင် ကြပ်တည်းပြီးသကာလနေငြားသော်လည်း ငရဲနဲ့စာရင်ပင် မဖြစ်လောက်ဘူး (မှန်ပါ့)၊ ဖြစ်လောက်ပါရဲ့လား (မဖြစ်လောက်ပါ ဘုရား)။
ငရဲဆိုတာ ဒကာ ဒကာမတွေ သံဆုံထဲထည့်ပြီး မုန့်နှစ်တွေ ထောင်းပြီးသကာလ စေ့နေအောင် မုန့်နှစ်တွေဟာ တစ်မှုန့်နှစ်မှုန့် မရေနိုင်လောက်အောင် အမှုန့်ချင်းထပ် အမှုန့်ချင်းစပ်ပြီး ကြားမရှိအောင် စပ်နေတာ ငရဲပဲ (မှန်ပါ့)။
လူတစ်ယောက်နဲ့ လူတစ်ယောက်ကို ကြားထဲမှ ဝင်စရာကို အပေါက်မရှိပါဘူး (မှန်ပါ့ ဘုရား)၊ အဲဒါ ငရဲခေါ် တယ် (မှန်ပါ့)၊ ဒါ အဝီစိခေါ်တာပဲ (မှန်ပါ့)၊ အဲဒါနဲ့စာရင် အခု ပင်ပန်းတာ ဖြစ်လောက်ပါရဲ့လား (မဖြစ်လောက် ပါ ဘုရား)။
နိဗ္ဗာန်အကြောင်း ရှင်းရှင်းကြီး ပြောပါ့မယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်အကြောင်း ရှင်းရှင်းကြီး ပြောပါ့မယ် ဝတ္ထုလည်းထုတ်လို့နော် (မှန်ပါ့)၊ တစ်သက်နဲ့တစ်ကိုယ် ကြားခဲရတဲ့တရားလို့ ဆိုပြီးသကာလ ခင်ဗျားတို့ ကိုယ့်အရေး ကိုယ်ကြည့်ပြီး နာလိုက်စမ်းပါ (မှန်လှပါ)။
ဘယ်လိုနာရပါလိမ့် (ကိုယ့်အရေးကိုယ်ကြည့်ပြီး နာရမှာပါ ဘုရား)၊ ကိုယ့်အရေးကိုယ်ကြည့်ပြီး နာလိုက်စမ်း ပါဆိုတဲ့ဥစ္စာကို ဘုန်းကြီးက လေးစားစွာ တိုက်တွန်းတယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကိုင်း ကိုယ့်အရေး ကိုယ်ကြည့်ရမယ် ဒကာ ဒကာမတို့ နိဗ္ဗာန်ရှိလျက်နဲ့ နိဗ္ဗာန်မသိလို့ရှိရင် ဒကာ ဒကာမတို့ အဝိဇ္ဇာပဲ (မှန်ပါ့)၊ နိဗ္ဗာန်ရှိလျက်နဲ့ နိဗ္ဗာန် ဘာမှမရှိဘူး ယူလိုက်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်လှပါ)။
နိဗ္ဗာန်ရှိလျက်နဲ့ မသိရင် (အဝိဇ္ဇာပါ ဘုရား)၊ နိဗ္ဗာန်ရှိလျက်နဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာသည် ဘာမှ မရှိတဲ့သဘောကို ဆိုတာပဲလို့ ယူလိုက်ရင် ဘာလဲ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ကဲ ဒကာသစ် မနေ့ကလည်းစ,ခဲ့ပြီ၊ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ပန်းလေးတစ်ပွင့်လှူလှူ ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်မဂ်ဖိုလ် ရ,ရပါလို၏၊ လူတိုင်း ဆုတောင်းပါ တယ် (တောင်းပါတယ် ဘုရား)၊ မတောင်းဘူးလား (တောင်းပါတယ် ဘုရား)၊ ဘယ်လိုသဘောရှိလို့ တောင်းတာတုံး လို့ မေးလိုက်တဲ့အခါ မသိပါဘူးဖြေရင် အဝိဇ္ဇာပဲ (မှန်ပါ့)။
နိဗ္ဗာန်ဆိုတာ သိယောင်ကားနဲ့ အင်း ရုပ်နာမ်တွေ ချုပ်ငြိမ်း, ရုပ်သိမ်းပြီး ဘာမှမဖြစ်တာ နိဗ္ဗာန်ပဲ ဆိုလိုက် ပြန်လည်း ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့)၊ ဒကာကြွယ် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
အပါယ်ပို့နေတဲ့ ငရဲမျိုးစေ့
ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတွေ ဒီစကားနှစ်လုံးတည်းဟာ မည်မျှလောက် အဖိုးတန်လိမ့်မယ်ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ဝမ်းထဲမှာရှိတဲ့ တစ်သံသရာလုံး အပါယ်ပို့နေတဲ့ ငရဲမျိုးစေ့ဆိုတဲ့ဒိဋ္ဌိ ဒါတွေပြုတ်ရမှာ ဖြစ်လေသော ကြောင့် ဒကာ ဒကာမတို့ တစ်သက်တစ်ကိုယ် ကြားရပြီးသကာလ ဉာဏ်နဲ့သာ ဖြုတ်သွားလိုက်စမ်းပါ (မှန်ပါ့)၊ အလုပ်နဲ့ဖြုတ်ပုံကိုလည်း ပြမယ် (မှန်ပါ့)၊ အခု ရှေ့ပိုင်းမှာ အသိနဲ့ဖြုတ်ပုံကို ပြနေတယ်လို့ အောက်မေ့လိုက်စမ်းပါ (မှန်လှပါ)။
ကိုင်း ဒကာမတွေလည်း များတယ် ဒကာတွေလည်း များကြပါတယ် ဪ တို့ ဒီအတိုင်းနေခဲ့တာဖြင့် နိဗ္ဗာန်အကြောင်း ကောင်းကောင်းမသိတာဖြင့် တို့သည်ကားလို့ဆိုရင် အတော်ကံနည်းတဲ့ပုဂ္ဂိုလ်တွေ (မှန်လှပါ)၊ ဒကာ ကြွယ် ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဒကာကြွယ် ဘာကလေးလှူလှူဗျာ နိဗ္ဗာန်ရောက်ရပါလို၏ ပါကြတာပဲ (ပါပါတယ် ဘုရား)၊ ပါပင်ပါငြားသော် လည်း ဒကာအုန်းတို့က သေသေချာချာ စဉ်းစားတော့ မပြောတတ်ပါဘူး ဘုရား၊ နိဗ္ဗာန်သူများပြောတာကတော့ ကောင်းတယ် ပြောကြတာပဲ (မှန်ပါ့)၊ ဒါဖြင့် သူများပြောတဲ့ ကောင်းတာလည်း ကိုယ်ကောင်းလို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)။
အင်း သူများ ပြောနဲ့ ကောင်းတာလည်း ကိုယ်ကောင်းမဟုတ်တဲ့အတွက် မသိကောင်းဖြစ်နေတယ် (မှန်လှပါ)။
တော်တော် အသိအလိမ္မာရှိတဲ့ ပုဂ္ဂိုလ်က ပြောပြန်တော့လည်း ဥစ္ဆေဒဒိဋ္ဌိဘက်လည်း သွားတယ် (မှန်ပါ့)၊ မလဲဘူးလား (လဲပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ စဉ်းစားတော့မှ ဪ လမ်းပြကောင်း မိတ်ဆွေကောင်းလိုပါကလားဆိုတာ ဦးဘအုန်း သေသေချာချာ တွေးမှပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒီသာသနာမှာလည်း အရေးအကြီးဆုံးက ဒကာ ဒကာမတွေ ဒီအခုပြောတဲ့ ဒိဋ္ဌိခွါမှုဟာ အရေးအကြီးဆုံးပဲ (မှန်ပါ့)၊ သူ့မသိရင်လည်း ဒိဋ္ဌိဖြစ်နေတာပဲ (မှန်ပါ့)။
ဒိဋ္ဌိခွါချင်ရင် နိဗ္ဗာန် မူတည်ပြောရလိမ့်မယ်
ဒါ့ကြောင့် တချို့မှာ ဒိဋ္ဌိတော့ ခွါပါရဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန်မပါဘဲ ဖြစ်နေတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာသစ်ပဲ စဉ်းစားကြည့်၊ ဒိဋ္ဌိခွါမည့်ကြံ နိဗ္ဗာန်မပါရင် ခွါလို့ ရပါ့မလား (မရပါ ဘုရား)။
ဦးဘအုန်း စဉ်းစားကြည့် နိဗ္ဗာန်ကို လည်လည်ပယ်ပယ် မပြောဘဲနဲ့ ခန္ဓာထဲက ဒိဋ္ဌိက ပြုတ်ပါ့မလား (မပြုတ် ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိခွါချင်ရင် နိဗ္ဗာန် မူတည်ပြောရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ဒိဋ္ဌိခွါချင်ရင် (နိဗ္ဗာန် မူတည်ပြောရမှာ ပါ ဘုရား)။
အေး ဒါကြောင့် မသေလို့ ဒီဆရာနဲ့ ဒီဒကာ ဒကာမတွေနဲ့ အမှန်အကန်တွေ့ကြတဲ့အထဲမှာဖြင့် ဪ နိဗ္ဗာန်မသိပဲနဲ့နေတဲ့ ပုဂ္ဂိုလ်များ ဥစ္ဆေဒဒိဋ္ဌိရှိလေရဲ့၊ အဝိဇ္ဇာ အုပ်ချုပ်လေရဲ့ဆိုတဲ့ဥစ္စာဖြင့် ငြင်းစရာမရှိအောင် မှန် ပါတယ် (မှန်ပါ့ ဘုရား)။
အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်များရော, ဘုန်းကြီးတို့ထက် ငယ်တဲ့ ပုဂ္ဂိုလ်များရော အားလုံးပဲ မေတ္တာရှေ့ထား ပြီး ဒကာ ဒကာမတို့ အစစ်ကိုပြောတော့မယ်ဆိုလို့ရှိရင်ဖြင့် ကြပ်ကြပ်ဂရုစိုက် နားထောင်ပါ (မှန်လှပါ)။
ကြပ်ကြပ်ဂရုစိုက် နားထောင်စမ်းပါ၊ အင်မတန် အရေးကြီးနေပေါ့ဆိုတာလည်း ခင်ဗျားတို့ တစ်နေ့က ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်တာ အရေးကြီးသည်ထက် အခုဟာက ပိုအရေးကြီးတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တယ်ဆိုတာ ဪ ကျုပ်တို့ ဗုဒ္ဓဘာသာက လူဦးရေများတာပဲ၊ ကျုပ်တို့ ဗုဒ္ဓဘာသာ လှူဒါန်းပေးကမ်းနေတာပဲ ကျုပ်တို့အယူဟာ လွတ်လွတ်လပ်လပ် လုပ်ရတာပေါ့ (မှန်ပါ့ ဘုရား)၊ ဟုတ်ပြီ လွတ်လွတ် လပ်လပ်လုပ်ရတာ ဘုန်းကြီး သဘောကျပါပြီ၊ ဘယ်သူမှ မကန့်ကွက်ပါဘူး၊ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သွားတော့ ဘာလုပ်ဖို့ တုံး နိဗ္ဗာန်ရချင်လို့ပေါ့ ဒီမှာလာမှာပဲ သူ (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
နိဗ္ဗာန်ပြောစမ်းပါဦး
မင်း နိဗ္ဗာန်ပြောစမ်းပါဦးတော့လို့ သေသေချာချာပြောတော့ ဒကာကြွယ် အဖြေမထွက်ဘူး (မထွက်နိုင်ပါ ဘုရား)၊ ထွက်ပါ့မလား (မထွက်နိုင်ပါ ဘုရား)။
အဲဒါကြောင့် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ဖို့ထက် ဒကာ ဒကာမတို့ နိဗ္ဗာန်သိဖို့က ပိုအရေးကြီးတယ် (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ)။
ဒါ ဟိုအဆို အောင်သွားလို့လို့ ဒီလိုမယူပါနဲ့၊ ဟိုဟာထက် အရေးကြီးတယ်လို့ အောက်မေ့ပါ (မှန်ပါ့)။
ဟို ဗုဒ္ဓဘာသာနိုင်ငံဖြစ်ဖို့ထက် နိဗ္ဗာန်သိဖို့က ဒကာကြွယ် ဘယ်ဟာက အရေးကြီးသလဲ (နိဗ္ဗာန်သိဖို့က အရေးကြီးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အခုဆွမ်းကလေးလှူလည်း နိဗ္ဗာန်လိုချင်လို့ ကွမ်းကလေးလှူလည်း (နိဗ္ဗာန်လိုချင် လို့ပါ ဘုရား)၊ တရားအားထုတ်ရင်ကော (နိဗ္ဗာန်လိုချင်လို့ပါ ဘုရား)၊ လိုချင်သာ လိုချင်တယ် မင်းသိရဲ့လားလို့ မေး တော့ (မသိပါ ဘုရား)။
အို ဒါဖြင့် မင်းသည်ကားလို့ဆိုရင် မသိတဲ့ အဝိဇ္ဇာပေါ့ (မှန်ပါ့)၊ ပြတ်တယ်လို့ ထင်ရင် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
မင်းဟာ ဒါဖြင့် ဒိဋ္ဌိသမားပါလား ဗုဒ္ဓဘာသာလား ဒိဋ္ဌိလားလို့မေးရင် ဦးဘအုန်း အဖြေထွက်လာတယ် (မှန်ပါ့)၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားတော့ မိစ္ဆာဒိဋ္ဌိဘက် မရောက်လား (ရောက်ပါတယ် ဘုရား)၊ သမ္မာဒိဋ္ဌိ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
အဲဒီမှာ အင်မတန် နစ်နာသွားတဲ့အတွက် ခုနင်ကပြောတဲ့ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်ဖို့ထက် ကိုယ့်သန္တာန် နိဗ္ဗာန်သိဖို့က ပိုအရေးကြီးတော့တယ်ဆိုတာ ယနေ့ ရှင်းရှင်းလင်းလင်း မှတ်ပါ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါ ပြီ ဘုရား)။
နိဗ္ဗာန်ပြောပါတော့မယ်
ကိုင်း ဒါဖြင့် နိဗ္ဗာန်ပြောပါတော့မယ် ဒကာ ဒကာမတို့ နိဗ္ဗာန်ဟောတာဟာ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ အဂ္ဂိဝစ္ဆတို့ဟာ ဒကာသစ် ဒါနိဗ္ဗာန်ကို သေသေချာချာဟောတာပဲ (မှန်ပါ့)။
အဂ္ဂိဝစ္ဆသုတ်ဆိုတာ ဘာဟောတဲ့သုတ်ပါလိမ့် (နိဗ္ဗာန်ဟောတဲ့သုတ်ပါ ဘုရား)၊ နိဗ္ဗာန်ဟောတဲ့သုတ် ဖြစ်နေသော ကြောင့် ဒါအရေးမကြီးဘဲနဲ့ ဒကာကြွယ် ဟောပါ့မလား (မဟောပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ကို ဒကာ ဒကာမတွေ ရှင်းလင်းပြီးသကာလ ရှေ့ပိုင်းမှာ ခင်ဗျားတို့ ဪ ဒါကြောင့် ကြိုက်ထိုက်တယ်၊ ဒါဟာ နိဗ္ဗာန်ဟာ တကယ်ရှိလို့ တကယ်ကြိုက်ထိုက်တဲ့ တရားပဲဆိုတာ ဒီနေ့ တစ်လုံးပိုင်လို့ရှိရင် ဘုန်းကြီးအတော်ကျေနပ်တယ် (မှန်ပါ့)။
နိဗ္ဗာန်ဟာ တကယ်ပဲရှိတယ်လို့ သိမယ်၊ တကယ်လည်း ဉာဏ်ထဲက ကြိုက်ရမယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ အပါယ်လေးပါးတံခါးပိတ်တဲ့ ဒိဋ္ဌိ ပြုတ်ပါပေါ့ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ရပါတယ် (မှန်လှပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရှင်းလင်းပြီးသကာလ ပြပါတော့မယ် ကြပ်ကြပ်ဂရုစိုက်ပြီး နားထောင်ပါ (မှန်ပါ့ ဘုရား)။
ငြိမ်းအေးခြင်း လက္ခဏာ
နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ ငြိမ်းအေးခြင်း လက္ခဏာရှိတယ် (မှန်ပါ့)။
နိဗ္ဗာန်ဟာ (ငြိမ်းအေးခြင်း လက္ခဏာရှိပါတယ် ဘုရား)၊ နိဗ္ဗာန်ဟာ ဘယ်လက္ခဏာရှိပါလိမ့် (ငြိမ်းအေးခြင်း လက္ခဏာရှိပါတယ် ဘုရား)။
ဪ နိဗ္ဗာန်ဆိုတာသည် ကိလေသာမီး ခန္ဓာထင်းတို့မှ ငြိမ်းတယ် (မှန်ပါ့)။
ကိလေသာမီး ခန္ဓာထင်းတို့မှ ငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ဪ နိဗ္ဗာန်ဆိုတာ ကိလေသာမီးလည်း မရှိပါလားဟ ခန္ဓာထင်းလည်း (မရှိပါ ဘုရား)။
ကိလေသာမီး ခန္ဓာထင်းမရှိတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ဒါဖြင့် စောစောစီးစီးကလေးကပဲ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးထင်းလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)၊ အတွင်းမှာရှိတဲ့ လောဘ, ဒေါသ, မောဘဆိုတဲ့ ကိလေသာဆယ်ပါး ရှိတယ်နော် (မှန်ပါ့)။
အဲဒါက မီးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ မီးမှ အစစ်နော် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာကြီးက ဘာပါလိမ့် (ထင်းပါ)၊ ခန္ဓာငါးပါးက ထင်း (မှန်ပါ့)၊ အတွင်းမှာ လောဘ, ဒေါသ, မောဟ ကိလေသာဆယ်ပါးက ဘာတုံး (မီးပါ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယခု ဘယ်လိုများနေရှာပါလိမ့်မလဲလို့ ဘုရားဉာဏ်နဲ့ကြည့်ကြည့် ခင်ဗျားတို့ကိုယ်တိုင်ပဲ ပြန်တွေးတွေး ဪ ထင်းနဲ့မီး တွဲနေတဲ့အဖြစ်ဟာ လူ့အဖြစ်ပါလား (မှန်ပါ့)။
ထင်းနဲ့ မီးတွဲနေတာ ဘာပါလိမ့်
အင်း ထင်းနဲ့ မီးတွဲနေတာ ဘာပါလိမ့် (လူ့အဖြစ်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ထင်းနဲ့ မီးတွဲနေတာ ဘယ်သူ့အဖြစ်ပါလိမ့် (လူ့အဖြစ်ပါ ဘုရား)၊ ခန္ဓာငါးပါးက ဘာတဲ့ဗျာ (ထင်းပါ ဘုရား)၊ ကိလေသာဆယ်ပါးက (မီးပါ ဘုရား)၊ ခွဲလို့များ ရကြပါရဲ့လား (မရကြပါ ဘုရား)။
ဒကာ ဒကာမတွေ တောင်ဘက်သွားပြန်လည်း တောင်မှာ လိုချင်စရာရှိတော့ သွားပြန်တော့ လိုချင်စရာ မီးနဲ့ ခန္ဓာနဲ့ပဲ (မှန်ပါ့)၊ မြောက်ဘက်ကို စိတ်မချ, လက်မချနဲ့ စိုးရိမ်လို့ သွားလိုက်ပြန်တော့ ဒေါသမီးနဲ့ ခန္ဓာကြီးနဲ့ (မှန်ပါ့)။
အရှေ့ဘက်ကျတော့ကိုတဲ့ ဒကာ ဒကာမတွေ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် စားဖို့, သောက်ဖို့ အရှာထွက်ရတယ် ဘုရားဆိုတော့ စားချင်တဲ့ လောဘမီးနဲ့ ခန္ဓာကြီးနဲ့ တွဲသွားတယ် (မှန်ပါ့)။
အနောက်ဘက်ပြန်ပါတော့မယ်ဆိုတော့ ကိုယ့်အိမ်, ကိုယ့်ရာ စိတ်မချတဲ့ သောကမီးနဲ့ ခန္ဓာကြီးနဲ့ တွဲပြန်တယ် (မှန်ပါ့)၊ ပေါ်ပြီ ပေါ်ပြီ (ပေါ်ပါပြီ)၊ ဒကာအုန်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အရှေ့သွားပြန်လည်း ဒကာ ဒကာမတို့ ဒေါသမီးနဲ့ ခန္ဓာကြီးနဲ့ (မှန်ပါ့)၊ အနောက်ပြန်လာပြန်တော့ လောဘ မီးနဲ့ ခန္ဓာကြီးနဲ့ တွဲလျက်ပြန်လာတော့ ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာများဖြစ်နေကြပါလိမ့်မတုံး လောင်စာ နဲ့ လောင်မီးနဲ့ တွဲနေပါကလား (မှန်လှပါ ဘုရား)၊ ဒါ သဘောပါပြီ (ပါပါပြီ ဘုရား)။
ဒကာ ဒကာမတို့ နေကြ ထိုင်ကြရတာ ဘာနဲ့များ တွဲနေကြရပါလိမ့် (လောင်စာနဲ့ လောင်မီးနဲ့ တွဲနေပါတယ် ဘုရား)၊ လောင်စာနဲ့ လောင်မီးနဲ့ တွဲနေတယ် (မှန်ပါ့)၊ ဒကာသစ် သေသေချာချာမှတ်စမ်း (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ်ကြီးက ဘာနဲ့များ တွဲနေကြပါလိမ့် (လောင်စာနဲ့ လောင်မီးနဲ့ တွဲနေပါတယ် ဘုရား)။
လောင်စာနဲ့ လောင်မီးနဲ့ တွဲနေတာ
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လောင်စာနဲ့ လောင်မီးနဲ့ တွဲနေတာ မသိတဲ့အခါကျလို့ရှိရင်ဖြင့် မသိပျော်ပျော်နေတယ် (ပျော်ပါတယ် ဘုရား)။
မသိပျော် ပျော်နေတယ် ဒကာ ဒကာမတို့ နေရတာကတော့ ဘာနဲ့ဘာ တွဲနေကြပါလိမ့် (လောင်စာနဲ့မီး တွဲ နေပါတယ် ဘုရား)၊ လောင်စာက ခန္ဓာငါးပါး၊ လောင်မီးက ကိလေသာ (မှန်ပါ့)၊ လောင်စာနဲ့ လောင်မီးနဲ့ တွဲပြီး အရှေ့သွားပြန်လည်း တွဲလျက် (မှန်ပါ့)။
အနောက်သွားပြန်ကော (တွဲလျက်ပါ ဘုရား)၊ တောင်သွားပြန်တော့ (ကွဲလျက်ပါ ဘုရား)၊ မြောက်သွားပြန် တော့ (တွဲလျက်ပါ ဘုရား)၊ ကိုယ့်နေရာပြန်လှည့်လာပြန်တော့ (တွဲလျက်ပါ ဘုရား)။
ဒကာကြွယ် မလွတ်ပါလား (မလွတ်ပါ ဘုရား)၊ မနေ့ကထက် ပေါ်လွင်အောင် ပြောနေတယ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)၊ တစ်လုံးမှာလည်း ဒကာသစ်ရ မမှားပါဘူး (မမှားပါ ဘုရား)၊ မမှားပါဘူး။
ဒီကနေပြီးသကာလ ကြွေးတောင်းမြေတောင်းသွားတယ် ဒကာကြွယ် ကြွေးတောင်းမြေတောင်းသွားတယ် ဆိုတော့ ရမှရပါ့မလား ရချင်တဲ့ခန္ဓာနဲ့ လောဘနဲ့ တွဲသွားတယ် (မှန်ပါ့)၊ ဒါဖြင့် လောဘနဲ့မီး ခန္ဓာကြီးနဲ့ လောင်လျက် သွားတာပဲ (မှန်ပါ့)။
ကြွေးတောင်းမြေတောင်းသွားတာ ဘာပါလိမ့် (လောဘမီးနဲ့ ခန္ဓာနဲ့ တွဲသွားပါတယ်)၊ လောဘမီးနဲ့ ခန္ဓာကြီးနဲ့ လောင်လျက်သွားတာပဲ (မှန်ပါ့)။
ကြွေးတောင်းရာက ပြန်လာတာ စေ့စေ့စုံစုံမှ မရခဲ့ဘူး ဒကာ့သစ်ရေ (မှန်ပါ့)၊ ဒေါသမီးနဲ့ ခန္ဓာကြီးနဲ့ လောင် ပြီး ပြန်လာတယ် (မှန်ပါ့)။
ဒေါသ မီးနဲ့ (ခန္ဓာကြီးနဲ့ လောင်ပြီး ပြန်လာတာပါ ဘုရား)၊ ဪ ဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကတော့ ကံ,မကောင်း အကြောင်းမသင့်တော့ ကိုယ့်ငွေတောင် ကိုယ်မရခဲ့ဘူးလို့ ကံ,ပေါ်များ ချလိုက်သေးတယ် (မှန်ပါ့)၊ ကံ နဲ့ ဘာဆိုင်တာမှတ်လို့ ဒကာ ဒကာမတို့ (မှန်ပါ့)။
ကိုယ့်မီးနဲ့ ကိုယ်လောင်တဲ့ဥစ္စာကြီး (မှန်ပါ့)၊ ကျုပ် ဒါကြောင့် စိတ်မအေးဘူးတဲ့ (မှန်ပါ့)။
အံမာ ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့ နဂိုက ဆုတောင်းလွဲထားတာက လူဖြစ်ရပါလို၏ဆိုတော့ လောင်စာနဲ့ မီး တွဲလျက်ကြီး ဖြစ်ရပါလို၏ (မှန်ပါ့)။
လူဖြစ်ရပါလို၏ဆိုတော့ (လောင်စာနဲ့မီး တွဲလျက်ကြီး ဖြစ်ရပါလို၏ ဘုရား)။
မီးပြိတ္တာဖြစ်နေပြီ
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)၊ သူများပါးစပ် လမ်းဆုံးပြီးသကာလ လူ့ပြည်ကောင်းသကွ, နတ်ပြည်ကောင်းသကွ, ဗြဟ္မာ့ပြည် ကောင်းသကွလို့ သူများပါးစပ်က ပြောတာနဲ့ ဟုတ်တယ် ထင်ပါရဲ့ဆိုပြီး လိုက်,လိုက်တာ အခုဖြင့် သွားလေရာမှာ မီးပြိတ္တာဖြစ်နေပြီ (မှန်ပါ့ ဘုရား)။
သွားလေရာမှ (မီးပြိတ္တာဖြစ်နေပါပြီ ဘုရား)၊ ဉာဏ်နားနဲ့ ထောင်မှနော် (မှန်ပါ့)၊ ဒကာအုန်း မှန် မမှန် အကဲခတ်စမ်း (မှန်ပါ့ ဘုရား)။
ယုတ်စွအဆုံး ဒကာအုန်းတို့လို အင်မတန်ကြီးတဲ့ပုဂ္ဂိုလ်ကြီးပဲ၊ လုပ်မယ်ကြံဦးတော့ ဒါကလေး ပါသေးသဗျာ (မှန်ပါ့)၊ ငါ အခု ဟင်္သာတ, ညောင်တုန်း သွားမလို့ ရမှရပါ့မလားတဲ့၊ ဟော သောကမီးနဲ့ ခန္ဓာကြီးနဲ့ (မှန်ပါ့)၊ မတွဲ ဘူးလား တွဲသလား (တွဲပါတယ် ဘုရား)။
ပြန်လာခဲ့ပြန်တော့ လိုသလောက် ရခဲ့တယ်ဟေ့ဆိုတော့ လောဘမီးနဲ့ ခန္ဓာကြီးနဲ့ တွဲပြန်တယ် (တွဲပါတယ် ဘုရား)၊ သစ္စာနဲ့ပြောတော့ ဒါမှန်ရဲ့မဟုတ်လား (မှန်ပါတယ် ဘုရား)။
သာမည ဒကာအုန်းတို့ဟာ ကြည့်မယ်၊ ဒကာကြွယ်တို့လိုဟာ ကြည့်မယ်ဆိုတော့ ဪ ရွက်ဆောင်ဖော် ရတယ် သူ့မှာဖြင့် အေးချမ်းတဲ့ နိဗ္ဗာန်ကြီးနဲ့ဖြင့် ကပ်နေပေါ့လို့ အောက်မေ့တယ်၊ ဟိုမှာ လောင်စာနဲ့ မီးတွဲနေတာ ဘယ်သူမှ မမြင်ရှာဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
အိပ်ရာထဲများ လောင်စာနဲ့မီးများ တွဲပြီးနေသေး
အံမာ အိပ်ရာဝင်တဲ့အခါကျမှ ဒကာသစ်တို့ အရောင်းနဲ့အဝယ်နဲ့နေတဲ့ ပုဂ္ဂိုလ်များ စာရင်းတွေ ချုပ်လိုက်တဲ့အခါကျတော့ ကုန်ထွက်နဲ့ ငွေဝင်နဲ့မကိုက် (မှန်ပါ့)၊ အံမာ အိပ်ရာထဲများ လောင်စာနဲ့မီးများ တွဲပြီးနေသေး (မှန်ပါ့ ဘုရား)။
အိပ်ရာကနိုးသည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ဘယ်သွားမှ တော်မယ် ဒါမှ လိုရာခရီးအပြီးတိုင် ရောက်မယ်ဆိုလို့ရှိရင်ဖြင့် လိုချင်မှုသော်လည်းကောင်း၊ စိတ်မချမှုသော်လည်းကောင်း တစ်ခုခုနဲ့ သူသွားမယ် (မှန်ပါ့)၊ သွားရင်လည်း လောင်စာနဲ့ မီးက ဘယ့်နှယ်တုံး (တွဲလျက်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်အချိန် သက်သာသလဲ (ဘယ်အချိန်မှ မသက်သာပါ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးကပဲ သက်သာတယ်လို့ ခင်ဗျားတို့အထင်ထဲပဲ သက်သာခွင့်ပေးပြီး ပြောပြန်တော့လည်း ရှုမှုရှိုက်မှုတွေ မှန်မှန်နဲ့အိပ်နေတုန်းပဲ ခင်ဗျားတို့ သက်သာသလို ရှိပါတယ် (မှန်ပါ့)၊ ဒီအချိန်ကျတော့လည်း ကိလေသာ မီးက မလောင်ရတော့ ဇရာမီး, ဗျာဓိမီးက အိပ်ရာထဲ လောင်ချတယ် (မှန်ပါ့ ဘုရား)။
အိပ်နေပြန်တော့ ဘာတဲ့ (ဗျာဓိမီး, ဇရာမီးက အိပ်ရာထဲ လောင်ပါတယ်)၊ မနေ့ကထက်ကြီးတယ်၊ မနေ့ကထက် လောင်ချက်က ပြင်းလာလို့ ရုပ်တွေ ဘာတွေ မပြောင်းဘူးလား (ပြောင်းပါတယ်)၊ အိပ်နေတုန်းကျတော့ မီးကင်းပါရဲ့ လား (မကင်းပါ ဘုရား)။
ဪ လူ့ဘဝဆိုတာ ဒါပဲ ဒကာသစ်ရေ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ)၊ မနေ့ကထက် ပေါ်လွင်တဲ့အဓိပ္ပာယ်ကို ရှင်းပြပါတယ် (မှန်ပါ့ ဘုရား)။
မနေ့ကထက် ပေါ်လွင်တဲ့ အဓိပ္ပာယ် (ရှင်းပြပါတယ်)၊ ရှင်းပြလို့ပဲ ကဲ-ဟုတ်ကော ဟုတ်ကြရဲ့လား (ဟုတ်ပါ တယ် ဘုရား)။
အသွားနဲ့အပြန် ဟန်မရတဲ့ အလုပ်
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာဖြင့် မသိသေးတော့ဖြင့် အသွားမှာ ဟန်ရပါတယ်၊ အပြန် ဟန်မရဘူး၊ သူတို့က ဒီလိုများထင်နေတယ် (မှန်ပါ့)၊ အသွားလည်း ဟန်မရပါဘူး၊ အပြန်ကော (ဟန်မရပါ ဘုရား)။
အင်း အသွားနဲ့အပြန် ဟန်မရတဲ့ အလုပ်ဟာဖြင့် ခန္ဓာနဲ့ လောင်မီးနဲ့ တွဲနေလို့ပါ (မှန်ပါ့)၊ ထင်းနဲ့ မီးနဲ့ (တွဲနေလို့ပါ ဘုရား)။
အဲဒါသိမှ ဪ ဒုက္ခဿ ပီဠနဋ္ဌော (မှန်ပါ့)၊ ဘုရားတောင် မညှာဘူးကွတဲ့ (မှန်ပါ့)၊ ဘုရားတောင် မညှာဘူး လောင်တယ်ကွ (မှန်ပါ့ ဘုရား)။
ဒုက္ခဿ-ဒုက္ခ၏၊ ပီဠနဋ္ဌော-သတ္တဝါကို ကိန်းရာပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်မယ်ဆိုတယ်၊ ဘုရားမှာ ကိလေသာမရှိတာတောင် ဇရာမီး မရဏမီးက လောင်ချလိုက်တယ် (မှန်ပါ့)၊ မချဘူးလား (ချပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် သေသေချာချာသိတော့မှ ဒကာ ဒကာမတွေ အခု တရားနာနေတုန်းတော့ ဇရာမီး ဗျာဓိမီးက လောင်လျက်ပေါ့ဗျာ (မှန်ပါ့)၊ ကိလေသာမီးက ရပ်နေတယ် (မှန်ပါ့)၊ ဖျတ်ဆို တရားပွဲသိမ်းလိုက်လို့ရှိရင်ဖြင့် ကိုယ့် ဖိနပ်နဲ့ ကိုယ့်ထီးနဲ့ဆိုရင် ဟုတ်လား ကိလေသာက ထလာတယ် (မှန်ပါ့)၊ ဒါကလေးတွေ့မှတွေ့ပါ့မလား မြန်မြန်သွား ယူမှပဲ (မှန်ပါ့)၊ အဓိပ္ပာယ်က မလာဘူးလား လာသလား (လာပါတယ်)၊ အံမာလေး တရားသိမ်းကာ ရှိသေးတယ်၊ ကိလေသာမီးက ထ,တောက်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားသိမ်းတာက နည်းနည်းကလေး နောက်ကျသွားမယ်ဆိုလို့ရှိရင် ခရီးဝေးပုဂ္ဂိုလ်များက ဒေါသနဲ့ ပြန်လာ တယ် (မှန်ပါ့)၊ အချိန်မီ သွားရလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်မလာဘူးလား (လာပါတယ်)၊ အဲဒီမှာ တရားနောက်ကျပြန် တော့လည်း ဒေါသမီးက လောင်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် တရားနာနေတုန်း ဇရာမီး, ဗျာဓိမီးက လောင်လျက် (မှန်ပါ့)၊ တရားသိမ်းလိုက်လို့ရှိရင် လောဘနဲ့ သောကမီးတွေက (လောင်ပါတယ် ဘုရား)။
ဘယ်အချိန် မီးအန္တရာယ် ကင်းပါလိမ့်
ဒကာ ဒကာမတို့ ဘယ်အချိန် မီးအန္တရာယ် ကင်းပါလိမ့် (ဘယ်အချိန်မှ မကင်းပါ)၊ ဒါ လူ့ဘဝ အရတော်လေစွ ဆိုတာလား (မတော်ပါ ဒါသစ္စဉာဏ်နဲ့ ဟောလာမှ ဒကာအုန်းရ အမှန်ရောက်တယ်နော် (မှန်ပါ့)၊ ခုနင်က သမုတိ သစ္စာနဲ့ ဟောလိုက်တော့ လူ့ဘဝရခဲတယ်ကွာ တော်သေးရဲ့တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီထက် အထက်လမ်းကျကျ သစ္စာလမ်းဆုံးကို ဟောလိုက်တဲ့အခါကျတော့မှ ဒကာကြွယ်ရေ ထိုင်နေလည်း မကောင်းဘူး (မှန်ပါ့) ထ,သွားရင်ကော (မကောင်းပါ)၊ အိပ်နေကော (မကောင်းပါ)၊ ဘယ်ဟာကောင်းတာ ပါသေး သတုံး (ဘယ်ဟာမှ ကောင်းတာ မပါပါ ဘုရား)။
ဪ ဒါဖြင့် တို့ဒုက္ခ ဒီလောက်ကြီးတာဖြင့် ရှိသေးရဲ့လား (မရှိပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကိလေသာ မးလောင်စာကြီးဖြင့် ဘယ့်နှယ်နေကြသတုံး (အမြဲလောင်နေပါတယ် ဘုရား)။
ကိလေသာမီးနဲ့ ခန္ဓာငါးပါးနဲ့ဟာက ခွဲလို့ကို ရရဲ့လား (မရပါ)၊ အိပ်နေလည်း မရဘူး (မရပါ)၊ ထိုင်နေရင် (မရပါ ဘုရား)။
အတွင်းက လောင်နေတာ
ဒါ့ကြောင့် တချို့ ဒကာ ဒကာမတွေများ ပြာလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)၊ ဟ-ပြာလှချည့်ကလား နင်ဟာ ဘာ များဖြစ်သတုံး ဘာမှမဖြစ်ဘူး ဒေါသ, သောကမီး အတွင်းက လောင်နေတာ ပြတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒေါသ-သောကမီးက ဘာတုံး (အတွင်းက လောင်နေပါတယ်)၊ အတွင်းလောင်နေတော့ သူပျာယာခတ်တယ် (မှန်ပါ့ ဘုရား)။
ခွေးများ အမြီးမီးလောင်တော့ ဒကာ ဒကာမတို့ ကပျာကယာ ထပြေးပြီး အိုင်-အိုင်မြည်ပြီး မပြေးဘူးလား (ပြေးပါတယ် ဘုရား)၊ ပျာယာခတ်တာ (မှန်ပါ့)၊ ဒီခွေးဟာ ဘယ့်နှယ်ကြောင့် ပျာယာခတ်ပါလိမ့်မတုံး ဪ မီးလောင် လို့ (မှန်ပါ့ ဘုရား)။
ဒီမှာလည်း ဒကာ ဒကာမတွေ ပျာယာခတ်နေတယ် ဘယ့်နှယ်ဆိုကြမလဲ (မီးလောင်လို့ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပျာယာခတ်ရင် (မီးလောင်လို့ပါ)၊ ခတ်ဖူးကြသလား (ခတ်ဖူးပါတယ်)၊ ဪ ဒါဖြင့် ခင်ဗျားတို့ တယ်မသာ ပါဘူး ခုနင်ကခွေးနဲ့ တော်တော်ဆိုးနေတာပဲ အတော်ဆိုးနေတာပဲ ဒကာ ဒကာမတို့ (မှန်ပ့ါ ဘုရား)။
ကိုင်း ဒါ ခန္ဓာနဲ့ မီးနဲ့ဖြင့် ဒကာ ဒကာမတို့ ယခု သေသေချာချာ အကွက်စေ့အောင် ပြောတန်သလောက် ပြောလာတော့ ဒကာကြွယ် ထင်းရင်လည်း ရှိပါမှ မီးရင်လည်း သေပါမှဆိုတဲ့ အဓိပ္ပာယ်ရောက်ပြီ (ရောက်ပါပြီ ဘုရား)။
ဦးဘအုန်း ဘာတဲ့တုံးဗျာ (ထင်းရင်လည်း မရှိပါမှ မီးရင်လည်း သေပါမှပါ ဘုရား)။
ဒီထင်းနဲ့ မီးမရှိလို့ရှိရင်ဖြင့် ဒီအရပ်မီးပွဲဟာဖြင့် သိမ်းပါတယ် (မှန်ပါ့ ဘုရား)။
ဒီအရပ် မီးပွဲဟာဖြင့် (သိမ်းပါတယ်)၊ ခင်ဗျားတို့ ဒီအရပ်မီးလောင်တယ်ဆိုတော့ ဒီနား-မီးနားရှိတဲ့ ထင်းတွေ လည်း အကုန် ဘေးပစ်ကြတာပဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီထင်းတွေ ဘေးပစ်ကြပါလိမ့်မတုံးဆိုတော့ အို လောင်စာနဲ့ မီးနီးရင်မဖြစ်ဘူး ဘုရာ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ထင်းနဲ့မီးသိမ်းမှ နေရာကျမှာ
မီးက ကံမကောင်း အကြောင်းမသင့်လို့ လောင်ဦးတော့ လောင်စာဖြစ်ရင် ပိုလောင်လိမ့်မယ်ဘုရာ့ (မှန်ပါ့)၊ ဆိုပြီး ခင်ဗျားတို့ မီးကိုလည်း ရေနဲ့ သတ်ကြတယ် (သတ်ကြပါတယ် ဘုရား)၊ ထင်းကိုလည်း ဖယ်ကြတယ် (မှန်ပါ့)၊ ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ထင်းနဲ့မီးသိမ်းမှ နေရာကျမှာ ဘုရား ဒါမှ မီးငြိမ်းမှာ (မှန်ပါ့)၊ ထင်းနဲ့မီး သိမ်းမှ (မီးငြိမ်းမှာပါ ဘုရား)။
ဒီမှာလည်း ခန္ဓာကိုယ်ကြီးငါးပါးက ထင်း၊ ကိလေသာဆယ်ပါးက မီး (မှန်ပါ့)၊ ဒီထင်းနဲ့မီး မသိမ်းနိုင်သရွေ့ ကာလပတ်လုံး ခင်ဗျားတို့ ပျာယာခတ်လို့တော့ မပြီးဘူး (မှန်ပါ့)၊ မျက်ရည်ကျလို့ကော (မပြီးပါ ဘုရား)၊ တန်းခုန်လို့ ကော (မပြီးပါ ဘုရား)၊ ရင်ထုလို့ကော (မပြီးပါ ဘုရား)၊ အိပ်မပျော် စားမဝင် ကိစ္စတွေကော (မပြီးပါ ဘုရား)။
ဪ တချို့ ဒကာ ဒကာမတွေများ ဖြစ်နေလိုက်တာ ကျုပ် ထမင်းစားလို့ မရဘူး (မှန်ပါ့)၊ ဘာဖြစ်နေသတုံး မသိဘူးလား (မှန်ပါ့)၊ သူတို့ကတောင် မေးလိုက်သေးတယ် (မှန်ပါ့)၊ ဘယ်နေ့က ဘာဖြစ်သွားတာ (မှန်ပါ့)၊ တကယ့် လက်မောင်းကြီးကို ပြုတ်ရော (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
သူ့လက်မောင်းကြည့်တော့လည်း ရှိလျက်ပဲ (မှန်ပါ့)၊ သူ့ဟာသူ တစ်ခါတည်း ခင်ပွန်းသေလို့ ကိလေသာမီး လောင်နေတာ (မှန်လှပါ)၊ ညီမကလေးသေလို့ (ကိလေသာမီး လောင်တာပါဘုရား)။
အဲဒီတော့ သူတို့က မသိဘူးလားလို့ဆိုတော့ ခင်ဗျားတို့ကလဲ ဘယ့်နှယ်ပြောသတုံး၊ ခင်ဗျားတို့ကလဲ မသိသေးဘူး (မှန်ပါ့) ဘာသိမတုံးဗျ။ ကိုယ်ကလဲ လောင်တာမှလောင်မှန်း မသိတဲ့ လူဆိုတော့ (မှန်ပါ့)။
ဒုက္ခသစ္စာမှမသိတဲ့ပုဂ္ဂိုလ်
ဒါဖြင့် ဒီဒုက္ခသစ္စာမှမသိတဲ့ပုဂ္ဂိုလ်ဟာ နိရောဓသစ္စာဆိုတဲ့ လောင်စာသိမ်း၍ ငြိမ်းတာကိုသဘောကျတယ်လို့ ဒကာသစ် ဘုန်းကြီးမဟောနိုင်ဘူးဗျ (မှန်ပါ့ ဘုရား) ဟောနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲဒါကြောင့် ဒုက္ခသစ္စာ အကြီးအကျယ် ဒကာ ဒကာမတွေကို ပြောရေးဆိုခွင့်ရှိ သလောက် ပြောနေရတယ်ဆိုတဲ့ဥစွာ ဒကာ ဒကာမတို့ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
မြို့ပေါ်မှာ ဘယ်အိမ်အားလို့ ဘယ်အိမ်ဟာ ဒကာ ဒကာမတွေ ရေခဲနှင်းဆောင်းနေ ရသတုံး မေးတဲ့အခါ အို-သူ့ အပူကလေးနဲ့သူဘုရာ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (သူ့ အပူကလေးနဲ့သူပါ ဘုရား) ဪ သူ့မီးနဲ့ သူ့ထင်းနဲ့ပေါ့ဗျာ (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အို သူတို့အိမ်ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ၊ ဘေးကပုဂ္ဂိုလ်ကတော့ (မှန်ပါ့) သူက လောင်တာ များလို့၊ ဟိုက အတွင်းလောင်နေတာ သူက မကြည့်တတ်ဘူး (မှန်ပါ့) သူက သစ္စာမျက်လုံး တပ်ကြည့်တာမှ မဟုတ်ပဲကိုး (မှန်ပါ့ ဘုရား)။
သစ္စာမျက်လုံးတပ်ကြည့်တာ မဟုတ်တော့
သစ္စာမျက်လုံးတပ်ကြည့်တာ မဟုတ်တော့ ကားနဲ့ ရွှေနဲ့ စိန်နဲ့ အင်း-လင်နဲ့မယား ကုလားထိုင်ပေါ်မှာ ပြုံးနေတာ သားကလေးတွေပေါ့လို့ (မှန်ပါ့) ရွှေတွဲလဲ ငွေတွဲလဲနဲ့ဆိုတော့ ကိုယ်က ဒီအခြေအနေ မရောက်သေးတော့ သူတို့လို ဘယ်အချိန်ရောက်ပါ့မတုံး(မှန်ပါ့ ဘုရား) ကိုယ်ကတော့ မီးကလေးသာ အလောင်ခံရသေးတယ်၊ သူတို့က မီးကြီးလောင်နေတယ်လို့ မသိဘူး (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် မီးကြီးအလောင်ခံရတာ ကြိုက်သလား-မီးကလေး အလောင်ခံရတာ ကြိုက်သလား၊ (မီးကလေး အလောင်ခံရတာ ကြိုက်ပါတယ် ဘုရား)မဟုတ်ပါဘူး ခင်ဗျားတို့ ရမ်းပြောနေတာ၊ ခင်ဗျားတို့က မီးကြီးလောင်လေ ကြိုက်လေ (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာအုန်း မီးကြီးနဲ့မီးသေး ဘယ်ဟာကြိုက်သတုံး (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)ဒါက ခင်ဗျားအခုမှ အပါးထုတ်တာကိုး၊ စင်စစ်တော့ ဒကာကြွယ် တစ်နေ့တစ်သိန်းလောက်များ မြတ်မယ်ဆိုရင်ဖြင့် လူတိုင်း ကြိုက်တယ် (ကြိုက်ပါတယ် ဘုရား)။
တစ်သိန်းရအောင် လုပ်ရတဲ့ကိစ္စဟာ ကိလေသာမီး သာမညတောက်လို့ ရပါ့မလား (မရပါ ဘုရား)။ ဒကာကြွယ် မီးကြီးကြိုက်သလား မီးသေးကြိုက်သလား၊ (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)
ဒါ-မျက်စိလည်နေလို့ ဖော်ရတာ (မှန်ပါ့)။
မျက်စိလည်နေလို့ ဖော်ရတာ(မှန်ပါ့) ဒကာ ဒကာမတွေ ဒီအထဲမှာ များသောအားဖြင့် ထီထိုးတဲ့ လူများလိမ့်မယ် (မှန်ပါ့) ဘာဖြစ်လို့လဲ မီးကြီးလောင်ခံရအောင်လို့ (မှန်ပါ့)။
အရင်တုန်းက တစ်ရာမှမပျောက်ဖူးတဲ့လူက အခုငါးသောင်း ခြောက်သောင်း ပျောက်သွားမယ်ဆိုရင် သူဟာ သေလိမ့်မနော် (မှန်ပါ့) လောင်ချက်ဘယ်လောက်ပြင်း တယ်ဆိုတာ သေချာကြပလား (သေချာပြီ ဘုရား)။
နိဗ္ဗာန်ဟောမည့်ကြံလို့ရှိရင်
ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ နိဗ္ဗာန်ဟောမည့်ကြံလို့ရှိရင် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိမှ နိဗ္ဗာန်ကိုအေးအေးချမ်းချမ်းဆိုတာ သဘောကျမယ် (မှန်ပါ့) ဒကာကြွယ် နို့မဟုတ် ကျနိုင်ပါ့မလား (မကျနိုင်ပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ ခင်ဗျားတို့အခုရှာနေကြတာဟာ စီးပွားတက်လိုလို့ ရှာကြတာလားတဲ့၊ မှန်တန်းနေအောင်လို့ ရှာကြတာလား (တက်လိုလို့ရှာတာပါ ဘုရား)ဪ မီးပေမယ့် အညွန့်များများမှ ကြိုက်တယ် (မှန်ပါ့)။
မီးညွန့်သန်လေ(ကြိုက်လေပါ ဘုရား)ဖြစ်မှဖြစ်ရလေ ဒကာသစ်ရာ (မှန်လှပါ)။
စဉ်းစားမိကြပလား(စဉ်းစားမိပါပြီ ဘုရား) မီးညွန့်သန်လေလေ (ကြိုက်လေ လေပါ ဘုရား)။
တကယ် မီးလောင်တဲ့အခါ မီးညွန့်တွေ သန်တယ်ဆိုတော့ မရပါဘူးကွာ၊ ဆုံးမှာပါ (မပါ)ဒီကျတော့လဲ တစ်မျိုး (တစ်မျိုးပါ ဘုရား) ကိလေသာမီးကျတော့ အညွန့်သန်လေ လေ (ကြိုက်လေလေပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကိုက နဂိုက အလောင်ကြိုက်နေတာကိုး (ကြိုက်ပါတယ် ဘုရား)။
ဒကာသစ် ဘာကြိုက်သတုံး(အလောင်ကြိုက်ပါတယ် ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ လောင်စာမရှိတဲ့အခါကျလို့ရှိရင် သူများသားသမီးတောင် က်မွေးလိုက်ရသေးတယ် (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုံး၊ ကျုပ်တို့အိမ်မှာ ခြောက်နေတယ် မပါ) စိုစိုပြေပြေ လောင်ရအောင်လို့ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ်-ဒီလိုများ ဖြစ်ဖူးသေးသလား (ဖြစ်ဖူးကြပါတယ် ဘုရား)ဖြစ်ဖူးကြတ ခင်ဗျားသွား မထောက်ခံနဲ့၊ ဟိုလူက အဟုတ်ဖြစ်နေတာ၊ အတော်ဆိုးနေတာ (မှန်ပါ)
လောင်မီးကလေးတွေက နည်းနေတာနဲ့ လောင်မီးကလေးတစ်ခု ပြန်ပြီး သကာလ ရှာရသေးတယ် (မှန်ပါ့ ဘုရား)။
ဒါ-ဒကာကြွယ်သာ ပြောတာပါ-တဲ့၊ အားလုံးသောပုဂ္ဂိုလ်တို့မှာ အိမ်မှာတစ်ယောက် လျော့- လျော့သလောက် ဒကာ ဒကာမတို့ သိပ်မကျေနပ်ဘူး (မှန်လှပါ)ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)။
အိမ်မှာ တစ်ယောက်လျော့လာလို့ရှိရင်
အိမ်မှာ တစ်ယောက်လျော့လာလို့ရှိရင် (မကျေနပ်ပါ ဘုရား) ဘာကြောင့်တုံးဆိုလို့ ရှိရင်ဖြင့်တဲ့ မီးနည်းနည်းလျော့သွားလို့ (မှန်ပါ့) ကြိုက်ကြရဲ့လား (မကြိုက်ပါ ဘုရား)။
မီးတွေများအုံနေပြီဆိုမှဖြင့် အို-အဖိုးတွေ အဖွားတွေ ကျောကတက်မည့်လူနဲ့ ရှေ့ကထိုင်မည့်သူနဲ့ဆိုရင်ဖြင့် ပြုံးများနေလိုက်သေးတယ် (မှန်ပါ့) ဘယ့်နှယ်များ ဖြစ်နေသတုံး (ပြုံးနေတာပါ ဘုရား)။
ပြုံးများနေလိုက်သေးတယ်ဆိုတော့ မီးများလေ သူက ဘာတုံး (ကြိုက်လေပါ ဘုရား)။
ဒါဖြင့် မိတ္တဝိန္ဒက မျက်စိလည်သလို ဖြစ်နေပြီ (မှန်ပါ့) မိတ္တဝိန္ဒကလဲ သင်တုန်းစက် ငရဲကြီးက လည်ပင်းဖြတ်လို့ သွေးတွေဖြာနေတော့ မင်းလည်ပင်းရှိတဲ့ပန်းဟာ ငါခေါင်းစွပ်စမ်း ကွာ လှလိုက်တာ (မှန်ပါ့)။
ဒကာကြွယ် ဒီ-ရောက်တယ်(ရောက်ပါတယ် ဘုရား) မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိဗ္ဗာန်သဘောမကျသေးတာ ဒီဒုက္ခ သဘောကျလို့ မကျတာ၊ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ပြောပါဆို ဘုန်းကြီးက ဒုက္ခကြီးကြီးပြောနေတယ်လို့ ဒီလို အယူမရှိလိုက်ပါနဲ့ (မှန်ပါ့)ခင်ဗျားတို့က ဒုက္ခကိုပင်လျှင် မသိသေးလို့ ပြောရပါတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဒုက္ခကိုပင် မသိသေးလို့ ပြောရပါတယ် ဘုရား)။
မီးနဲ့ လောင်စာနဲ့တွဲလျက်
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က အရှေ့သွားတော့လဲမီးနဲ့ လောင်စာနဲ့။ ဘာတဲ့ (တွဲလျက်ပါ ဘုရား)အနောက်ပြန်ပြန်တော့ကော (တွဲလျက်ပါ ဘုရား)အင်း-ဒါဖြင့် ဒီလိုတရား နာနေပြန်တော့ကော (တွဲလျက်ပါ)ဇရာမီး,ဗျာဓိမီးနဲ့ တွဲနေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အရောင်းကောင်းတော့ လောဘမီးနဲ့ ခန္ဓာနဲ့တွဲနေတယ် (မှန်ပါ့) အရောင်းပါး တော့(ဒေါသမီးနဲ့ ခန္ဓာနဲ့တွဲနေပါတယ်)ဒေါသမီးနဲ့ ခန္ဓာနဲ့ တွဲနေတယ်ဆိုတော့ ဒကာ ဒကာမတို့ ဪ- ခင်ဗျားတို့သည် ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဆိုင်ပေါ်မှာနေကြတဲ့ ဒကာ ဒကာမတွေ ဘာများလုပ်နေကြသတုံးဆိုတော့ မပြောပါနဲ့တော့ဘုရား ၊ သစ္စဉာဏ်နဲ့ကြည့် လိုက်တဲ့အခါကျလို့ရှိရင့်ဖြင့် ကိုယ့်မီးက ကိုယ့်လောင်နေတဲ့ အချိန်ပဲရှိပါတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုဖြေကြမလဲ(ကိုယ့်မီးက ကိုယ့်လောင်နေတဲ့ အချိန်ပဲရှိပါတယ် ဘုရား)။
ငြိမ်းမယ်လို့များ စိတ်ကူးကြရဲ့လားလို့မေးလို့ရှိရင်ဖြင့် မီးကြီးရင် ကြိုက်တယ်ဘုရား (မှန်ပါ့)ဟော-ငြိမ်းမယ်လို့မပါဘူး (မပါ-ပါ ဘုရား)။
အရောင်းအဝယ်ကလေး ကာလဒေသကလေး အခုလိုနည်းနည်းကုလေး တောင်ပြုံးပွဲ အောက်က ဘာတွေ ညာတွေ တက်လာလို့ ရှိရင်ဖြင့် မန္တလေးမှာဖြင့် ဆိုင်ကလေး ဘာကလေး လူစည်ရှိလို့ ရှိရင် စာရင်း အုပ်ကလေး များများရေးရလို့ရှိရင် ဒကာသစ်ကြိုက်မကြိုက် (ကြိုက်ပါတယ် ဘုရား) ဒါဘာဖြစ်လို့လဲ မီးသေးလို့ ကြိုက်တာလား မီးကြီးလာလို့လား (မီးကြီးလာလို့ပါ ဘုရား)။
ဟာ-ဒကာကြွယ်ခက်ပြီဗျ။ မီးကြီးရင် ပြေးရမှာမဟုတ်လား (ပြေးရမှာပါ ဘုရား)အခုတော့ ဘယ့်နှယ်ဖြစ်နေသလဲ (မီးကြီးကြိုက်နေပါတယ် ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ဆိုရင် ကြံ့ မီးစားတာဟာ တိရစ္ဆာန်ဝဋ်ပါလို့ စားတယ်အောက်မေ့တယ် (မှန်ပါ့)။
မီးကြီးလေ ကြိုက်လေဖြစ်နေတယ်
ခင်ဗျားတို့ကလဲ ကိလေသဝဋ်မကင်းတာနဲ့ မီးကြီးလေ ကြိုက်လေဖြစ်နေတယ် (မှန်ပါ ဘုရား) သဘောပါကြပလား (ပါကြပါပြီ ဘုရား)။
ဘာတုံးဗျာ (မီးကြီးလေ ကြိုက်လေပါ ဘုရား)မီးကြီးလေ ကြိုက်လေဖြစ်နေတော့ ဒကာ ဒကာမတို့ ယနေ့တရားမှာဖြင့်သေသေချာချာသာ စဉ်းစားကြည့်ပါတော့ ခန္ဓာနဲ့ မီးတွဲလျက်ချည်းဖြစ်ပါတယ် (မှန်လှပါ ဘုရား)။
ကဲ-နိဗ္ဗာန်ဆိုတာ ရှင်းလိုက်ပါတော့မယ် (မှန်ပါ့) နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ လောင်စာရောမီးရော မရှိသွားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီကနေ ဟိုနားသွားကြည် (မှန်ပါ့ ဘုရား)။
ဟိုနားမှာ လောင်စာနဲ့ မီးလောင်နေတာဟာ ကဲ-လောင်စာလဲ သိမ်းသွားပြီး မီးလဲငြိမ်းသွားပြီဆိုရင်ဖြင့် ရင်အေးပြန်ကြတယ် (မှန်ပါ့) မပြန်ကြဘူးလား (ပြန်ကြပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ပြန်ပါလိမ့် (လောင်စာလဲသိမ်း မီးလဲငြိမ်းလို့ ပါ ဘုရား) လောင်စာလဲသိမ်း မီးလဲငြိမ်းလို့ပြန်ကြတယ် (မှန်ပါ့)။ ဒကာ ဒကာမတို့ ဘယ်လိုကြောင့် ပြန်ကြသလဲ၊ (လောင်စာသိမ်း မီးငြိမ်းလို့ ပြန်ကြတာပါ ဘုရား)။
ဒီအတိုင်းဖြင့် ကျုပ်ဖြင့် ရင်များကိုတုန်လို့(မှန်ပါ့) တစ်ချို့ဒကာ ဒကာမတွေက ပြောကြတယ် (ပြောကြပါတယ် ဘုရား)။
ဒီမီးသွားကြည့်ရတာ ကျုပ်ဖြင့် ရင်ကိုတုန်နေတာပဲ၊ ရေကလေးများပေးကြစမ်းပါဦး တောင် ပါသေးတယ် (ပါ-ပါတယ် ဘုရား) ဘာဖြစ်လို့တုံးလို့ဆိုလို့ရှိရင် ပူလွန်းလို့ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
တကယ်မီးပူတာလား၊ ကိုယ့်ဝမ်းထဲက အပူတွေက လောင်နေတာလား၊ (ကိုယ့်ဝမ်း ထဲက အပူတွေက လောင်နေတာပါ ဘုရား)သဘောပါကြပလား(ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာပါလိမ့်မတုံးလို့မေးတော့ အရိယာမျက်လုံးတပ်ကြည့်ပြီး လောင်စာသိမ်း၍ မီးငြိမ်းတာကလေး သဘောကျတာ (မှန်ပါ့)။
မီးပြိတ္တာ
ဒါ-ဘယ်မျက်လုံးတပ်ကြည့်ရမယ်(အရိယာမျက်လုံးတပ်ကြည့်ရ ပါမယ် ဘုရား)။ အရိယာမျက်လုံး တပ်ကြည့်တဲ့ အခါကျတော့မှ လောင်စာလဲသိမ်း မီးလဲငြိမ်းတော့မှ ဪ ဒါမီးကိစ္စ ထင်းကိစ္စဖြင့် ကျုပ်တို့ တစ်သံသရာလုံး မီးပြိတ္တာအဖြစ်နဲ့ သံသရာထဲမှာ အရှက်တကွဲအကျိုးနည်း လည်ခဲ့ရတယ် (မှန်လှပါ ဘုရား) မလည်ရဘူးလား (လည်ရပါတယ် ဘုရား)။
သားသေလို့ ထင်းနဲ့မီးနဲ့တွဲပြီး လောင်ခဲ့ရတယ်(လောင်ခဲ့ရပါတယ် ဘုရား) သမီးသေလို့ (ထင်းနဲ့မီးနဲ့ တွဲပြီး လောင်ခဲ့ရပါတယ် ဘုရား)။ ကိုယ့်ဟာကိုယ် စိတ်မချလို့ (တွဲလောင်ရပါတယ်) ထင်းနဲ့ မီးတွဲလောင်ခဲ့ရတယ် (မှန်ပါ့)။
ကြည့်ကြပါဦး၊ မမြင်ကြတော့ဘူးလား၊ မကြည့်ကြတော့ဘူးလား၊ အံမာလေး လူပုံ အလည်မှာ အရှက်တကွဲအကျိုးနည်းစကားချည်း ပြောတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဘာ့ကြောင့် ပြောတာတုံးဆိုတော့ ခင်ဗျားတို့က နိဗ္ဗာန်သဘောမကျလို့ လောင်စာနဲ့ မီးတွဲလျက်ချည်းကို ဆုတောင်းတောင်းယူနေကြတာ (မှန်ပါ့ ဘုရား)။
လောင်စာနဲ့မီး တွဲလျက်ချည်း (ဆုတောင်းတောင်းယူနေကြတာပါ ဘုရား) အင်း စုတေမနေ သေလွန်ရလို့ ရှိရင်ဖြင့် လူချမ်းသာဖြစ်ရပါလို၏တဲ့၊ ဘယ်ချမ်းသာရမတုံး ဒကာ ဒကာမတို့ (မှန်ပါ့) ကိလေသာမီး ခန္ဓာကြီးနဲ့တွဲနေတာ (မှန်ပါ့ ဘုရား)။
ကိလေသာမီး (ခန္ဓာကြီးနဲ့တွဲနေပါတယ် ဘုရား) ကဲ-ဘယ်မှာ လူချမ်းသာရှိရဲ့လား (မရှိပါ)သို့သော် ခင်ဗျားတို့ အချင်းချင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတာတော့ ကျုပ်မပြော တတ်ဘူးပေါ့ဗျာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒကာကြွယ် ဒီအထဲလူချမ်းသာများ ပါသေးသလား (မပါ-ပါ) ဒကာအန်း (မပါ-ပါ ဘုရား) ဘယ်မျက်လုံးတပ်ကြည့်လိုက်သလဲ (အရိယာမျက်လုံးတပ်ကြည့်လိုက်ပါတယ် ဘုရား)။
အဲဒီလို တပ်ကြည့်လိုက်ပြန်တော့မှ -တို့မြင်လေသမျှ အမှားကြီးပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်)သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒီခန္ဓာထင်းလဲမရှိဘူး ဒီကိလေသာမီးနဲ့လဲ မတွဲတော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့သည် ထိုင်နေလဲ လောင်စရာ ရှိသေးရဲ့ လား(မရှိပါ)သွားတဲ့အခါလဲ လောင်မီးနဲ့ တွဲသွားသေးရဲ့လား (တွဲမသွားပါ)နေတဲ့အခါလဲ လောင်မီးနဲ့ ထိုင်နေသေးသလား (မနေပါ ဘုရား)။
ဒီမီးနဲ့ ဒီထင်းသိမ်းရင် ကောင်းလိမ့်မယ်
ဒါဖြင့် ဒီမီးနဲ့ ဒီထင်းသိမ်းရင် ဒကာ ဒကာမတို့ ကောင်းလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချ လား၊ မကောင်းဘူးလို့ ဆုံးဖြတ်ချက်ချမလား (ကောင်းလိမ့်မယ်လို့ ဆုံးဖြတ် ချက်ချပါမယ် ဘုရား)။
ဒါဖြင့် ဒီလိုမှတ်လိုက်စမ်း ဒကာ ဒကာမတို့၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် မလဲလို့မေးတော့ လောင်စာသိမ်း၍ မီးငြိမ်းတာ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား) လောင်စာသိမ်း) မီးငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မီးငြိမ်းတော့ အရင်ဒီနေရာမှာ ဒကာ ဒကာမတို့ မီးနဲ့ ထင်းနဲ့ လောင်နေ တယ်(မှန်ပါ့) ဒီနေရာမှာပဲ ထင်းရော မီးရောမရှိတော့ဘူးဆိုတော့ အရင်တုန်းက ဒီနေရာမှာ ထင်းရော မီးရော ဒကာ ဒကာမတို့လောင်နေတယ် (မှန်ပါ့) အခုတစ်ခါ ပြန်ကြည့် လိုက်တော့ ထင်းရောမီးရော သိမ်းသွားတဲ့ အခါကျတော့ ဒီနေရာဟာ ဪ -အေးချမ်းတဲ့နေရာ (မှန်ပါ့) အရင်တုန်းကတော့ အပူလောင်တဲ့ နေရာ (မှန်ပါ ဘုရား)။
အရင်တုန်းကတော့ (အပူလောင်တဲ့နေရာပါ) အခုသွားကြည့်တော့ အေးချမ်းတဲ့ နေရာဆိုတာ ပေါ်လာလိမ့်မယ် (ပေါ်လာပါတယ် ဘုရား)။
ယထာဘူတဉာဏ်
အဲဒါကြောင့် ခင်ဗျားတို့ အလုပ်-လုပ်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့) အလုပ်လုပ်တော့ ပထမ ဒကာကြွယ် လောင်စာနဲ့မီးတွဲပြီး ဖျတ်ဖျတ်ဖျတ်ဖျတ်နဲ့ မီးလောင်လို့ ပျက်စီးနေတာချည်း တွေ့လိမ့်မယ် (မှန်ပါ့ ဘုရား)။
မီးလောင်လို့ ပျက်စီးနေတာချည်း(တွေ့ပါမယ်)တွေ့သွားတဲ့အခါကျတော့ ယထာဘူတ ဉာဏ်က ရပြီဆိုကြပါစို့ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကြည့်ပါများလာတော့ ဒကာသစ်တို့ သော် လောင်စာနဲ့ မီးတွဲလျက်ချည်း ဟာ ဒကာသစ်တို့ ရွံစရာ မုန်းစရာ လိုချင်စရာ ရချင်စရာ တစ်စက်တစ်ကွက်မှ မရှိပါကလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတဲ့အခါကျတော့ သက်သက်ဒုက္ခသစ္စာအစစ်ပဲ၊ ကပ်ပြီး နှိပ်စက်နေတာပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ရှောင်လို့ ပြေးလို့ လွတ်ကြရဲ့လား (မလွတ်ပါ ဘုရား)။
ရှောင်လို့ပြေးလို့ကို မလွတ်ပဲနဲ့နေတဲ့ လောင်စာနဲ့မီးဟာ တွဲလျက်ချည်း ဖြစ်နေတော့ ဘယ်သွားသွား လောင်လျက်ပဲဆိုတော့ ဖျတ်ဆို ဒကာ ဒကာမတွေက ငြီးငွေ့ပြီးသည်၏ အခြားမဲ့၌ လောင်စာနဲ့မီး တွဲလျက်ချည်း၊ ဒီဒုက္ခထက် ကြီးတာဖြင့် မရှိပါဘူးဆိုတော့ ဒုက္ခသစွာ မြင်လာတယ် (မှန်ပါ့ ဘုရား)။
ဒီဒုက္ခထက်ကြီးတာ ဒကာ ဒကာမတို့ (မရှိပါ)ဪ ဒီဒုက္ခကြီးဖြင့် မရချင်ပါဘူး ဆိုတဲ့အချိန်ကျတော့ ဒကာ ဒကာမတွေ လောင်စာရော မီးရော ပျောက်ထွက်သွားတယ် (မှန်ပါ့ ဘုရား)။
လောင်စာရော မီးရော ပျောက်သွားတယ်
ရှုရင်းမတ္တနဲ့ လောင်စာနဲ့ မီး ဒကာကြွယ် ဘာတုံး (ပျောက်သွားပါတယ် ဘုရား)။ ပျောက်သွားတဲ့ အခါကျတော့ ဒကာကြွယ်တို့ ဦးဘအုန်းတို့ ကိုယ်တိုင်လုပ်ကြည့်လိုက် (မှန်ပါ့) ကိုယ်တိုင် လုပ်ကြည့်လိုက်တဲ့ အခါကျတော့ ကြည့်နေတဲ့ဉာဏ်ကလေးဟာ ဒကာသစ်ရေ လောင်စာသိမ်း၍ မီးငြိမ်းသွားတာတွေ မြင်လိုက်တဲ့ အခါကျတော့မှ အေးပေါ့-အေးပေါ့ ဆိုတာ မလာဘူးလား • (လာပါတယ်)လောင်စာနဲ့မီးသာ မရှိတာကိုးဗျ (မှန်ပါ့)အေးချမ်းတဲ့ သဘောကလေးကတော့ (ရှိပါတယ် ဘုရား)။
ဒါကြောင့် သန္တိလက္ခဏံ နိရောဓသစ္ (မှန်ပါ့) နိရောဓသစ္စံ- နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာသည်။ သန္တိလက္ခဏံ-ကြည့်လိုက်တဲ့အခါ ငြိမ်းအေးခြင်းလက္ခဏာရှိ၏ (မှန်ပါ့ ဘုရား)။
တကယ့်မဂ်ရတဲ့ပုဂ္ဂိုလ်ကနေ ကြည့်လိုက်တဲ့အခါ ကြည့်လိုက်ရင် ငြိမ်းအေးတဲ့ သဘောကလေး တွေ့ရတယ် (မှန်လှပါ ဘုရား)။
ငြိမ်းအေးတဲ့ သဘောရှိ-မရှိ
ဒါဖြင့် ငြိမ်းအေးတဲ့ သဘောရှိ-မရှိ (ရှိပါတယ်) ဒါဖြင့် ငြိမ်းအေးတဲ့သဘောဟာ ဘယ်နေရာမှာ ရှိသတုံးဆိုတော့ အပူဇာတ်သိမ်းတဲ့နေရာမှာ ရှိတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ(အပူဇာတ်သိမ်းတဲ့နေရာမှာ ရှိပါတယ် ဘုရား)။
အပူဇာတ်သိမ်းတဲ့နေရာမှာ ရှိတယ်ဆိုတော့ဖြင့် အပူဇာတ်က ဒုက္ခသစ္စာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)ငြိမ်းအေးတာက နိရောဓသစ္စာ (မှန်ပါ့)သူများပြောလား ကိုယ်တိုင်နှစ်ခုမြင်ရတာလား၊ (ကိုယ်တိုင် နှစ်ခုမြင်ရတာပါ ဘုရား)။
ပထမရှုနေတုန်းက ယထာဘူတဉာဏ် နိဗ္ဗန္ဒဉာဏ်တုန်းက မီးတွေချည်းမြင်ရတယ် (မှန်ပါ) လောင်စာနဲ့ မီးချည်းမြင်နေတာပဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
နောက်ကျတော့ ဒုက္ခသစ္စာကိုပိုင်ပိုင်နိုင်နိုင် ဉာဏ်ကလဲ သိပါရော၊ ဒကာ ဒကာမ မလိုချင်တော့ပါဘူး ဆိုတော့ လောင်စာရော မီးရော ပျောက်ထွက်သွားတယ် (မှန်ပါ့ဘုရား၊ မပျောက်ဘူးလား (ပျောက်ပါတယ်) ပျောက်တဲ့အခါကျတော့ ယောဂီပုဂ္ဂိုလ်မှာဉာဏ်လေး ကျန်နေရစ်တယ် (မှန်ပါ့ ဘုရား)။
ဪ လောင်စာသိမ်း၍ မီးငြိမ်းသွားတာ သူ့ရှေ့တွင် မြင်လိုက်ရတယ် (မှန်ပါ့) မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းသွားတာ (ကိုယ့်ရှေ့တွင်မြင်ရပါတယ်) ကိုယ့်ရှေ့တွင် မြင်လိုက်ရတော့ ဪ-ဒီလိုနေရာလဲ ရှိသေးသကိုး (မှန်ပါ့) ဒီလိုနေရာမျိုးရှိသေးသကိုးလို့ ဆိုတော့ ဒကာသစ် ရှိတာပြောသလား မရှိတာပြောသလား (ရှိတာပြောပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်နဲ့ ရှိတယ် (မှန်ပါ့ ဘုရား)။
ဘယ်လို ဆိုကြပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်နဲ့ ရှိပါတယ် ဘုရား)။ ဒါဖြင့် နိဗ္ဗာန်ဟာ ရှိတဲ့ပစ္စည်းလား မရှိတဲ့ပစ္စည်းလား (ရှိတဲ့ပစ္စည်းပါ ဘုရား)။
ဒုက္ခအဆုံးမှာ ဘာရှိသတုံး
ဒါဖြင့် ဒုက္ခအဆုံးမှာ ဘာရှိသတုံး (နိဗ္ဗာန်ပါ)ဒါဖြင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား)။
နိဗ္ဗာန်ဆိုတာသည်ကား ကိလေသာမီး ခန္ဓာထင်းတို့၏ သိမ်းရာငြိမ်းရာကို နိဗ္ဗာန် ခေါ်တယ်လို့သိသဖြင့်လဲ အဝိဇ္ဇာကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
အဝိဇ္ဇာချုပ်ပြီး သကာလ ဒကာ ဒကာမတို့ ရှိကြောင်းသိတဲ့အတွက်တဲ့ ယနေ့ တရား မှာဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်အစက ပြတ်ပါတယ်(မှန်ပါ့) အဝိဇ္ဇာချုပ်တာကိုးဗျ (မှန်ပါ့) အဝိဇ္ဇာချုပ်တော့ ဘယ်ကပြတ်ပါလိမ့် (အစက ပြတ်ပါတယ် ဘုရား)။
အစက ပြတ်တော့ အစကလဲ ပြတ်ရော အဝိဇ္ဇာလဲ ချုပ်ပါရောဆိုတော့ ဒကာ ဒကာမတို့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ နိဗ္ဗာန်ကြီးကိုပင် ယခုတရားနာရတော့ မသိဘူးလား (သိပါတယ် ဘုရား)။
သိလိုက်တဲ့အခါကျတော့ ဪ နိဗ္ဗာန်ဟာ ရှိတဲ့သဘောတရားလား မရှိတဲ့သဘောတရားလား (ရှိတဲ့သဘော တရားပါ)၊ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ သဘောရှိတယ် (မှန်ပါ့)။
လောင်စာနဲ့မီး တွဲလျက်ကြီးရှိခဲ့သော် ဒကာကြွယ် လောင်စာသိမ်း၍ မီးငြိမ်းတဲ့နေရာရှိရမယ် (မှန်ပါ့)၊ မရှိ ပေဘူးလား (ရှိပါတယ် ဘုရား)။
လောင်စာနဲ့မီး တွဲလျက်ကြီးနေရင် ဒီလောင်စာသိမ်း၍ မီးငြိမ်းတဲ့နေရာဟာ (ရှိပါတယ် ဘုရား)၊ ရှိရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ လောင်စာသိမ်း၍ မီးငြိမ်းဆိုတော့ ခန္ဓာနဲ့ကိလေသာ သိမ်းလို့ရှိရင်ဖြင့် နိဗ္ဗာန်ရှိ,မရှိ (ရှိပါတယ် ဘုရား)။
နိဗ္ဗာန်ဟာ ရှိတဲ့သဘော
ဒါဖြင့် နိဗ္ဗာန်ဟာ ရှိတဲ့သဘောတရားလား မရှိတဲ့သဘောတရားလား (ရှိတဲ့သဘောတရားပါ ဘုရား)။
ရှိတဲ့သဘောတရားကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိရတဲ့အတွက်တဲ့ ဪ ဥစ္ဆေဒဒိဋ္ဌိလွတ်ပါပေါ့ (မှန်လှပါ)။
ဘာလွတ်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ လွတ်သွားပါတယ် ဘုရား)၊ ဒီဒိဋ္ဌိလွတ်ကတည်းက မပူနဲ့တော့ (မှန်ပါ့)၊ ဒိဋ္ဌိလွတ်ကတည်းက မပူနဲ့တော့ အပါယ်လေးပါး တံခါးပိတ်သွားပြီ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဟာ ရှိသလား မရှိဘူးလား (ရှိပါတယ် ဘုရား)၊ လောင်စာသိမ်း၍ မီးငြိမ်းတဲ့သဘောရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
လောင်စာသိမ်း၍ (မီးငြိမ်းတဲ့သဘော ရှိပါတယ်ဘုရား)၊ ခန္ဓာကြီးကဖြင့် လောင်စာနဲ့မီး တွဲလျက်ကြီးရှိနေတယ် ဘုရာ့ (မှန်ပါ့ ဘုရား)၊ တပည့်တော်တို့ အားထုတ်လိုက်တဲ့အခါကျတော့ ခန္ဓာရော တဏှာရော ပျောက်သွားတဲ့အခါ ကျတော့ ဘာတွေ့သတုံး (လောင်စာသိမ်း၍ မီးငြိမ်းတာ တွေ့ပါတယ် ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတဲ့သဘော သွားတွေ့တယ် (မှန်ပါ့)၊ လောင်စာကော တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)၊ အဲဒီမှာ ခန္ဓာပျောက်တယ် (မှန်ပါ့)၊ မီးဆိုတဲ့ ကိလေသာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲဒီမှာ သမု ဒယက မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာဟာ ဘုန်းကြီးကတော့ဖြင့် နှစ်မျိုးနှစ်စားရှိတယ်လို့ ဟောပါပြီ (မှန်ပါ့)၊ လောင်စာနဲ့မီး တွဲလျက်ကြီးလည်း ရှိပါတယ် (မှန်ပါ့)၊ လောင်စာသိမ်း၍ မီးငြိမ်းတာလည်း (ရှိပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်ကြီးကို လောင်စာသိမ်း၍ မီးငြိမ်းတဲ့ဆီရောက်အောင် ဒီလောင်စာနဲ့မီးကို ခင်ဗျားတို့က အခုမသိသေးတော့ ရှေ့က ဝိပဿနာလိုက်ပါ (မှန်ပါ့)၊ ရှေ့က ဝိပဿနာလိုက်တော့ လောင်စာမီး တွဲ,တွဲပြီး ဖျတ် ဖျတ်ဖျတ်ဖျတ်နဲ့ လောင်နေတာ တွေ့လိမ့်မယ် (မှန်ပါ့)၊ တွေ့တော့ ယထာဘူတ ဉာဏ်ရပြီ (မှန်ပါ့)။
ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ်များ
တွေ့ရင် (ယထာဘူတဉာဏ်ရပါပြီ ဘုရား)၊ ဒါ့ကြောင့် ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ်များ လောင်စာနဲ့မီးဟာ တွဲလျက် ကြီးလို မြင်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ်များ (လောင်စာနဲ့ မီးတွဲလျက်ကြီး မြင်ပါတယ် ဘုရား)၊ တွဲလျက်ကြီးမြင်တော့ ဒီဖြစ်ပျက် မုန်းလာတော့ကို လောင်စာနဲ့မီး တွဲလျက်ကြီးကိုပင် လိုချင်ရချင်တဲ့စိတ် ခန္တာရချင်တဲ့စိတ် လာသေးရဲ့လား (မလာပါ ဘုရား)။
ဪ ဒါဖြင့် ရှေ့တစ်ဆင့်တက်လိုက် လောင်စာနဲ့မီး တွဲတဲ့ဒုက္ခသည် ဒီ့ထက်ကြီးတဲ့ ဒုက္ခမရှိဘူး (မှန်ပါ့)၊ ဒါ ဒုက္ခကို ပိုင်းခြားလိုက်တာ (မှန်ပါ့)။
ဒကာအုန်း ဘာပိုင် ခြားလိုက်တာတုံး (ဒုက္ခပိုင်းခြားလိုက်တာပါ ဘုရား)။
ဒုက္ခပိုင်းခြားလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒုက္ခပိုင်ပိုင်နိုင်နိုင်လည်း သိရော လောင်စာမီး တွဲလျက်ကြီးဟာ ဒကာသစ် ပျောက်ထွက်သွားတယ် (ပျောက်ပါတယ် ဘုရား)။
ပျောက်ထွက်သွားတော့ ဒကာသစ် ဒီနေရာပဲ နဂိုက စိုက်ကြည့်နေတော့ ဒီနေရာမှာ မီးရော ထင်းရော ကုန်သွားတော့ အေးရောဟေ့ (မှန်ပါ့)၊ မလာဘူးလား လာမလား (လာပါတယ် ဘုရား)။
လောင်စာသိမ်းတဲ့ မီးငြိမ်းတဲ့နေရာ ရောက်ပဟ (မှန်ပါ့)၊ မလာသေးဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် လောင်စာရှိသလား မီးရှိသလား (လောင်စာရော မီးရော မရှိပါ ဘုရား)။
လောင်စာရော မီးရော မရှိ
လောင်စာမရှိဘူး၊ မီးကော (မရှိပါဘုရား)၊ ဘာရှိသတုံးဆိုတော့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့သဘောရှိတယ် (မှန်ပါ့)၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့သဘော (ရှိပါတယ် ဘုရား)၊ ကိလေသာ အပူဓာတ်သိမ်းတဲ့သဘော (ရှိပါတယ် ဘုရား)၊ သေသေချာချာ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ ရှိတဲ့ပစ္စည်းလား မရှိတဲ့ပစ္စည်းလား (ရှိတဲ့ပစ္စည်းပါ ဘုရား)။
ရှိတဲ့ပစ္စည်းဆိုသဖြင့် နိဗ္ဗာန်ဟာ ရုပ်နာမ်ချုပ်ငြိမ်းပြီး ဘာမှမဖြစ်တာလား-တဲ့ လောင်စာသိမ်း၍ အေးငြိမ်းတဲ့ သဘောရှိတာလား (လောင်စာသိမ်း၍ အေးငြိမ်းတဲ့သဘော ရှိတာပါဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ရှိတယ်ပေါ့ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဒကာကြွယ် သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ရှိတဲ့သဘော သိလိုက်သဖြင့် ဒကာသစ် ဘယ်ဒိဋ္ဌိစင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါ တယ် ဘုရား)၊ တယ်အဖိုးတန်ပါကလား ဒကာ ဒကာမတို့ (တန်ပါတယ် ဘုရား)။
ခုနင်က လောင်စာနဲ့မီး တဖျတ်ဖျတ်လောင်နေတာ သိသဖြင့်လည်း သဿတဒိဋ္ဌိ စင်တယ် (မှန်ပါ့)။
လောင်စာနဲ့မီး တဖျတ်ဖျတ်လောင်နေတာ မြင်လိုက်ရင်တော့ (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား)၊ သဘော ကျပလား (ကျပါပြီ)။
လောင်စာနဲ့ မီး တဖျတ်ဖျတ် ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက်ဆိုတော့ မီးလောင်လို့ ဖြစ်ပျက်ရှိတာ ကိုး (မှန်ပါ့)၊ အဲဒါမြင်လိုက်သဖြင့် ဒကာသစ် ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိစင်ပါတယ်)၊ သဘောကျပလား (ကျပါ ပြီ)။
လောင်စာသိမ်း၍ မီးငြိမ်းပြီးသကာလ အေးချမ်းတဲ့နေရာ မြင်လိုက်ပြန်တော့လည်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
ခဏခဏလောင်နေတာ မြင်သဖြင့် ဒကာ ဒကာမတို့ ငါ့ကိုယ် ငါ့ဟာ မဟုတ်ကြောင်းလည်း မထင်ရှားဘူး လား (ထင်ရှားပါတယ် ဘုရား)၊ အဲဒီမှာ သက္ကာယ စင်လိုက်သေးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
သက္ကာယစင်တယ်၊ သဿတကော (စင်ပါတယ် ဘုရား)၊ ဥစ္ဆေဒရော (စင်ပါတယ် ဘုရား)၊ အဲဒါ နိဗ္ဗာန်သဘော ကျလို့ ဒါလောက်စင်သွားတာ (မှန်ပါ့)။
နိဗ္ဗာန်ဟာ အေးငြိမ်းတဲ့နေရာ ဒကာ ဒကာမတို့ တစ်ခေါက်ပြန်ပြောလိုက်ပါမယ် (မှန်ပါ့)၊ လောင်စာသိမ်း၍ မီးငြိမ်းတဲ့နေရာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ ဘုရား)၊ ဪ ဒါဖြင့် မီးအဆုံးမှာ အအေး ရှိတယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အပူကဒုက္ခသစ္စာ၊ အအေးကနိရောဓသစ္စာ
မီးအဆုံးမှာ (အအေးရှိပါတယ် ဘုရား)၊ ဒါဖြင့် အပူအဆုံးမှာ အအေးရှိတယ် (မှန်ပါ့)။
ဒါဖြင့် အပူအဆုံးမှာ အအေးရှိတာ သိသဖြင့် အပူက ဒုက္ခသစ္စာ (မှန်ပါ့)၊ အအေးက (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်ရှိ-မရှိ (ရှိပါတယ် ဘုရား)။
ဒီလိုဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ ဘယ့်နှယ်နေသတုံး (စင်ပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါး ပိတ်ပြီနော် (မှန်ပါ့)၊ ဥစ္ဆေဒဒိဋ္ဌိ စင်ပလား (စင်ပါပြီ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
တစ်ခါ ပထမစ,တက်လာတုန်းက ဖျတ်ဖျတ်,ဖျတ်ဖျတ်နဲ့ လောင်စာနဲ့မီးတွေ လောင်လောင်, လောင်လောင်ပြီး ပြာကျတာတွေ လောင်လောင်, လောင်လောင်ပြီး ပျောက်သွားတာ တွေ့မြင်လိုက်သဖြင့် သဿတဒိဋ္ဌိရော (စင်ပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာ ခိုင်တယ်, မြဲတယ် ယူသေးရဲ့လား (မယူပါ ဘုရား)၊ ဘယ်ဒိဋ္ဌိစင်သွားသတုံး (သဿတဒိဋ္ဌိစင်ပါ တယ် ဘုရား)။
ခဏခဏလောင်ပြီး ခဏခဏပျောက်နေတဲ့သဘော မြင်သဖြင့် ငါ့ကိုယ် ငါ့ဟာကော စွဲသေးရဲ့လား (မစွဲပါ ဘုရား)၊ ဒါဖြင့် သက္ကာယဒိဋ္ဌိကော (စင်ပါတယ် ဘုရား)။
အပါယ်လေးပါး တံခါးပိတ်တယ်
ဒါဖြင့် နိဗ္ဗာန်တစ်လုံး သဘောကျလိုက်တာ ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိလည်းပြုတ် (မှန်ပါ့ ဘုရား)၊ သဿတဒိဋ္ဌိရော (ပြုတ်ပါတယ် ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိရော (ပြုတ်ပါတယ် ဘုရား)။
အဲဒီအပြုတ်ကြီး ပြုတ်လေသောကြောင့် ဒီတရားကို အားမထုတ်ဘဲနဲ့ သိတာနဲ့ပဲ ခင်ဗျားတို့တစ်ဘဝ အပါယ် လေးပါး တံခါးပိတ်တယ် (မှန်လှပါ ဘုရား)၊ အားထုတ်ပြီး ကိုယ်တိုင်အေးတဲ့နေရာ ဉာဏ်ရောက်မယ်ဆိုလို့ရှိရင် ဘယ်တော့မဆို အစဉ်အမြဲ အပါယ်လေးပါး တံခါးပိတ်တယ် (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကဲ နာရီစေ့ပြီ၊ ယနေ့ တော်ကြဦးစို့။
သာဓု သာဓု သာဓု။