11709

မာတိကာသို့

နိဗ္ဗာန်ရောက်ကြောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

(နိဗ္ဗာန်ရောက်ကြောင်း)နေ့အလုပ်ပေး တရားတော်

(၁၉-၈-၆၁)

နိဗ္ဗာန်-နိဗ္ဗာန်လို့ဆိုတာ

ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှန်က နှုတ်ထဲမှာ တက်နေတာက နှုတ်ထဲမှာ တက်နေတာက နိဗ္ဗာန်-နိဗ္ဗာန်လို့ဆိုတာ နှုတ်ထဲမှာတက်ပြီး သကာလ နေကြတယ်။

ဗုဒ္ဓဘာသာမှန်က နိဗ္ဗာန်ဆိုတဲ့ဥစ္စာသည် လူတိုင်း အလိုရှိတယ်၊ အလိုမရှိတဲ့ပုဂ္ဂိုလ်ကလည်း မသိဘဲနဲ့လည်း နိဗ္ဗာန်ရောက်ချင်တာပဲ (မှန်ပါ့)။

အသင့်အတင့်သိတဲ့ ပုဂ္ဂိုလ်ကလည်း နိဗ္ဗာန်ရောက်ချင်တာပဲ၊ အစားအသောက် အနေအထိုင်ကြပ်တည်း ဥတုရာသီ ပြင်းထန်ပြီဆိုမှဖြင့် မင်းရေး, စိုးရေး, သူခိုးပူလာပြီဆိုမှဖြင့် နိဗ္ဗာန်ပဲ အေးတာပါပဲ (မှန်ပါ့)၊ အားကြီးပြော ကြတယ် (ပြောကြပါတယ် ဘုရား)။

ပြောပင်ပြောကြငြားသော်လည်း နိဗ္ဗာန်ကို သဘောမကျတဲ့လူက များတယ်လို့ မှတ်လိုက် (မှန်ပါ့)။

ပြောပင်ပြောကြငြားသော်လည်း (နိဗ္ဗာန်သဘောမကျတဲ့လူက များပါတယ်)၊ နိဗ္ဗာန် သဘောမကျတဲ့လူက များပါတယ် (မှန်ပါ့)။

ကဲကွာ မင်းလိုချင်တဲ့နိဗ္ဗာန်ဟာ မင်းရောက်ချင်တဲ့နိဗ္ဗာန် ပြောစမ်းပါဆိုလို့ရှိရင်ဖြင့် သူကိုယ်တိုင် သဘောကျ ထားတာမရှိတော့ ပြောသံကြားနဲ့ ကြိုက်တယ်လို့ဆိုတဲ့အဖြေဟာ တစ်ပြိုင်နက်ထွက်မှာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒါဟာ ဒကာကြွယ် နိဗ္ဗာန်သဘောမကျလို့ရှိရင် ဘယ်လိုဖြစ်တတ်သတုံးလို့ မေးလို့ရှိရင်ဖြင့် ဥစ္ဆေဒ ဒိဋ္ဌိ ဖြစ်တတ်တယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန် သဘောမကျရင် (ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တတ်ပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိဖြစ်တတ်တယ်

ဥစ္ဆေဒဒိဋ္ဌိဖြစ်တတ်တယ်ဆိုတော့ ယနေ့ ဒကာ ဒကာမတွေကို ဥစ္ဆေဒဒိဋ္ဌိကို ဖျက်ဆီးပေးလိမ့်မယ်လို့ မှတ် ကြပါနော် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတွေ ဂရုစိုက်ပြီး သကာလ ဗုဒ္ဓဘာသာမှန်က နိဗ္ဗာန်ကို လူတိုင်းပဲ အလိုရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းနေစရာ မလိုတော့ပါဘူး (မှန်ပါ့)၊ သို့ရာတွင် နိဗ္ဗာန် အဟုတ် သဘောမကျလို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိဘက် ကို ပြေးဝင်တတ်ပါတယ်ဆိုတာ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။

ဥပမာမယ် နိဗ္ဗာန်ဆိုတဲ့ဥစ္စာ အားလုံး ပြောသံကြား ဆိုသံကြားနဲ့ သူများပါးစပ်လမ်းဆုံးတဲ့ ပုဂ္ဂိုလ်များ၏ ထင်မြင်ချက်ဆိုလို့ရှိရင်ဖြင့် ဒကာသစ်, ဒကာကြွယ်တို့ နိဗ္ဗာန်ဆိုတာကွာ ဘာမှမရှိပါဘူး (မှန်ပါ့)၊ ဘာမှမရှိပါဘူးဆိုတဲ့ အယူကို ယူတတ်တယ် (မှန်ပါ့ ဘုရား)။

ဘာမှမရှိပါဘူးလို့ ယူလိုက်ပြီဆိုမှဖြင့် ဒီခန္ဓာ, ဒီရုပ်နာမ်လည်း သိမ်းပါရော ဘာမှမဖြစ်တော့ဘူးလို့ ဒီလို ယူလိုက်တဲ့ အဓိပ္ပာယ် (မှန်ပါ့)၊ ဘာမှမဖြစ်တော့ဘူးဆိုတော့ အချို့အချို့ပုဂ္ဂိုလ်ကလည်း ဘာမှမဖြစ်ရင် မကြိုက်ဘူး (မှန်ပါ့) ဆိုတော့ သူလည်း နိဗ္ဗာန် သဘောမကျဘူး (မှန်ပါ့)။

နို့ ဘာဖြစ်သတုံးလို့ဆိုပြန်တော့လည်း သူက မသိပြန်ဘူး (မှန်ပါ့)၊ မသိပြန်တဲ့ပုဂ္ဂိုလ်ကလည်း ဒိဋ္ဌိကပ်နေ တယ် (မှန်ပါ့ ဘုရား)။

ဘာမှမဖြစ်ဘူးလို့ ယူတဲ့ ပုဂ္ဂိုလ်ကလည်း ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးသွားတယ် (မှန်ပါ့)။

ရုပ်နာမ်ပြတ်ရင် ပြီးတာပဲ၊ ဘာမှမဖြစ်တော့ဘူးဆိုတော့ ဘယ်ဒိဋ္ဌိဘက် ပြေးကြသတုံး (ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးပါတယ် ဘုရား)၊ ဒါက သူကတော့ အယူမှားသွားတယ် (မှန်ပါ့)။

ရမ်းကြိုက်မှန်းကြိုက် ဖြစ်နေတယ်

အချို့အချို့ပုဂ္ဂိုလ်ကတော့ နိဗ္ဗာန်သည်ကားလို့ဆိုရင် ချမ်းသာတယ်လို့တော့ ဆိုတော့ဆိုတာပဲ၊ ဘယ်လိုချမ်းသာ မှန်းမသိဘူးဆိုတဲ့ဥစ္စာကို ယူပြန်တော့လည်း သူ့မှာတဲ့နိဗ္ဗာန်ကို မသိဘဲနဲ့ ရမ်းကြိုက်မှန်းကြိုက် ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

မသိဘဲနဲ့ ဘယ့်နှယ်တုံး (ရမ်းကြိုက်မှန်းကြိုက် ဖြစ်နေပါတယ် ဘုရား)။

ဒါဖြင့် ရမ်းကြိုက်မှန်းကြိုက်ကလည်း အမှန်မရောက်ဘူး (မှန်ပါ့)၊ နိဗ္ဗာန်ဟာ ဘာမှမရှိဘူးလို့ ယူလိုက်ပြန် တော့လည်း ဥစ္ဆေဒဒိဋ္ဌိဘက် သွားတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားပွဲတစ်ခုလုံးမှာဖြင့် ကံကောင်း အကြောင်းသင့်လို့ ဒီအကြောင်းကြားရတော့ မယ်ဆိုတဲ့ဥစ္စာ ဒကာကြွယ် မှတ်ရတော့မယ် (မှန်ပါ့ ဘုရား)။

အားလုံး ဒကာ ဒကာမတို့ အထူးဂရုစိုက်ရတော့မယ်ဆိုတာဖြင့် စိတ်ထဲမှာထားမှပဲ (မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင် ဖြင့် ခင်ဗျားတို့ အကုန်ပဲ တရားအားထုတ်နေတယ် ဘာလုပ်တာတုံး နိဗ္ဗာန်ရောက်ချင်လို့ပေါ့။

နိဗ္ဗာန်ဆိုတာ ဘယ်လိုတုံး ၊ ဥပမာ သိ-ကြားလိမ်မာတဲ့ပုဂ္ဂိုလ်က မေးလိုက်တယ် ၊ မပြောတတ်ပါဘူး ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း တဲ့ ဒကာ ဒကာမတို့ မပြောတတ်လို့ရှိရင် မသိတာပဲ (မှန်ပါ့)။

အဲဒီမသိတဲ့ပုဂ္ဂိုလ်ကလည်း ဒကာ ဒကာမ နိဗ္ဗာန် တကယ်လိုချင်တဲ့ ဆန္ဒပြင်းပြမလား (မပြင်းပြပါ ဘုရား)။

အင်း သူ့ကျလည်း အခက်ပဲ (မှန်ပါ့)၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

နည်းနည်းသိတဲ့ ပုဂ္ဂိုလ်ကသိ၊ သိယောင်ကား ပုဂ္ဂိုလ်ကလည်း နိဗ္ဗာန်ဆိုတာကွာ ရုပ်နာမ်သိမ်း ငြိမ်းသွားတာ ပဲ၊ ဘာမှလည်း ရှိတာမဟုတ်ပါဘူးဆိုတော့ သူက ဥစ္ဆေဒဒိဋ္ဌိဘက် သွားလိမ့်မယ် (မှန်ပါ့)။

သူက ဘယ်ဘက်သွားပြန်သတုံး (ဥစ္ဆေဒဒိဋ္ဌိဘက် သွားပါတယ် ဘုရား)။

ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ်ရယ်၊ ဥစ္ဆေဒဒိဋ္ဌိဘက် ပြေးတဲ့ပုဂ္ဂိုလ်ရယ် လောကကြီးထဲမှာ ဒီလူနှစ်ယောက်သာ များနေ တယ် (မှန်ပါ့ ဘုရား)။

သေသေချာချာ စဉ်းစားကြည့် ဒကာသစ်၊ ဒါ ဘုန်းကြီးက ကြံဖန်ပြောတယ်လို့ ဒကာကြွယ်တို့က မယူနဲ့ (မှန်ပါ့)၊ ဒီနှစ်မျိုးနှစ်စားရှိတယ် (မှန်ပါ့ ဘုရား)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

နှစ်မျိုးနှစ်စား ရှိတယ်

ဒီနှစ်မျိုးနှစ်စား ရှိတယ်ဆိုတော့ ဘုန်းကြီးက ဒကာ ဒကာမတွေမှာ မသိတဲ့ပုဂ္ဂိုလ်က တစ်မျိုး (မှန်ပါ့)။

နိဗ္ဗာန်မသိတဲ့ ပုဂ္ဂိုလ်ကတစ်မျိုး၊ နိဗ္ဗာန်ဟာ ဘာမှမရှိဘူးလို့ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိသမားက (တစ်မျိုးပါ ဘုရား)၊ ဘယ်နှစ်မျိုး ရှိသွားသတုံး (နှစ်မျိုးရှိသွားပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီနှစ်မျိုးရှိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှလည်း နိဗ္ဗာန်ကို မရပါဘူး (မှန်ပါ့)။

ဘယ်တော့မှ (နိဗ္ဗာန်မရပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အတော်ခက်နေပြီဆိုတဲ့ အဓိပ္ပာယ်ဟာ ဦးလှဘူး ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

နိဗ္ဗာန်ဖြင့် အတော်ခက်နေပြီ (မှန်လှပါ)၊ ကိုင်း ဒကာသစ်တို့လည်း အသက်အရွယ်ကြီးလာပြီ၊ ဒကာအုန်းတို့ ကြီးပြီ၊ ဒကာကြွယ်လည်း ကြီးပြီ၊ ဒီပုဂ္ဂိုလ်နှစ်ယောက်ပဲ ရှိတယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန် သူများပြောသံကြားနဲ့ သိနေတဲ့ပုဂ္ဂိုလ်တစ်မျိုး (မှန်ပါ့ ဘုရား)၊ ကိုယ်ကိုယ်တိုင်ကြိုက် ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

တချို့သောပုဂ္ဂိုလ်ကလည်း နိဗ္ဗာန်ဆိုတာ ရုပ်နာမ်သိမ်းပြီးရင် ဘာမှမဖြစ်တာဆိုတာပါပဲ (မှန်ပါ့)၊ ဘာမှမဖြစ် ဘူးဆိုကတည်းက အကြောင်းအကျိုး ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)၊ မဆက်တော့ ဘယ်ဒိဋ္ဌိဘက် သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိဘက် သွားပါတယ်ဘုရား)။

အဲ-ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်ကို ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိဘက် သွားတဲ့ပုဂ္ဂိုလ် တစ်မျိုး (မှန်ပါ့)၊ အဝိဇ္ဇာဘက် သွားတဲ့ပုဂ္ဂိုလ်က (တစ်မျိုးပါ ဘုရား)။

အတော်ဝေးသွားတယ်

ဒါဖြင့် နိဗ္ဗာန်ရောက်ဖို့ရာအကြောင်း အတော်ဝေးသွားတယ် (ဝေးပါတယ် ဘုရား)၊ အတော်ပဲ ဝေးသွားပြီ ဆိုတာ ဒကာ ဒကာမတွေ ရှင်းကြပါပြီ (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ဒီနေ့ တရားပွဲမှာ ဘုန်းကြီးက သူပြောချင်ရာ ပြောတယ်လို့ ဘယ်တော့မှ မယူကြနဲ့ (မှန်ပါ့)၊ ဪ ဘုန်းကြီးသည်ကားလို့ဆိုရင် တို့စိတ်ဓာတ်တွေ တို့ဝမ်းထဲမှာဖြင့် သူဖြေရှင်းချင်လို့သာ ဒီဥစ္စာပြောတာပဲ၊ တို့ဝမ်း ထဲမှာ ဒီနှစ်ခု တစ်ခုခုတော့ ရှိရတော့မယ် (မှန်ပါ့)၊ မရှိရဘူးလား (ရှိရပါတယ် ဘုရား)။

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း နိဗ္ဗာန်ဟာ တော်တော်အသိခက်တယ်ဟေ့၊ အင်မတန် ခဲယဉ်းတယ်ကွဆိုတဲ့ဥစ္စာလည်း ဒကာသစ်တို့ ဒကာကြွယ်တို့ အတော်ဟောတယ် (ဟောပါတယ် ဘုရား)၊ အတော်ဟော တယ် အတော်ဟောတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဝေဖန်ကြပါစို့ဆိုတော့ အခုပြောတဲ့အတိုင်း မသိတဲ့ပုဂ္ဂိုလ်တစ်မျိုး ဘာမှမဖြစ်ဘူးဆိုတဲ့ အယူ ရှိတဲ့ပုဂ္ဂိုလ်က (တစ်မျိုးပါ ဘုရား)၊ တစ်မျိုးဖြစ်နေတာတော့ ဒါ ဗုဒ္ဓဘာသာမှာဖြင့် ဒီနှစ်မျိုးရှိတယ်ဆိုတဲ့ဥစ္စာ ဆရာ ကောင်း သမားကောင်းနဲ့ မတွေ့ရသေးခင် မမှီဝဲရသေးခင်ဖြင့် ဒကာကြွယ်ကိုယ်တိုင်လည်း အလုပ်မလုပ်သေးလို့ရှိရင် ဖြင့် ဒီနှစ်ခုရှိတော့မှာပဲ (ရှိပါတယ် ဘုရား)။

ဒီနှစ်ခု တစ်ခုခုတော့ဖြင့် ဒကာ ဒကာမတွေ ရှိရမှာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ရှေ့ပိုင်းမှာ နည်းနည်းရှင်းပြပေးမယ်

ကိုင်း ဒါဖြင့် ရှေးဦးစွာ ဝတ္ထုသာဓကသက်သေ မထုတ်ခင်ပေါ့ဗျာ (မှန်ပါ့)၊ ခင်ဗျားတို့ ဪ နိဗ္ဗာန်ဆိုတာ ဒီလိုပါလားဆိုတဲ့ဥစ္စာ ဘုန်းကြီးရှေ့ပိုင်းမှာ နည်းနည်းရှင်းပြပေးမယ် (မှန်ပါ့)၊ နောက်မှ ဝတ္ထုသက်သေ သာဓကနဲ့ သေသေချာချာ ရှင်းပြီး သကာလ ပြမှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကိုး ဒါဖြင့် ကြိုးစားပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအရေးဟာဖြင့် တို့မှာ အရေးအကြီးဆုံး အချက်ပဲဆိုတဲ့ဥစ္စာ ဘုန်းကြီးက အဖိုးတန်အောင် ပြောလို့တန်နေတယ်လို့ မယူဘဲနဲ့ တို့အခက်အခဲကို ဖြေရှင်းတာပဲ ဆိုတာကို အမှန်ထားပါ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူ့အခက်အခဲ ဖြေရှင်းတာပါလိမ့် (တပည့်တော်တို့ အခက်အခဲဖြေရှင်းတာပါ ဘုရား)။

ဒကာကြွယ် ဒါ မှန်သလားဗျ (မှန်ပါတယ် ဘုရား)၊ ဦးလှဘူး သာမညအရေးဆိုလို့ရှိရင် ဘုန်းကြီး ဒါလောက် မပြောပဲဟာ ဒါလွယ်ပါတယ် ပြောလိုက်မှာပဲ (မှန်ပါ့)၊ လွယ်ပါတယ်ကွာ မင်းတို့ ဝန်မလေးကြပါနဲ့ဆိုပြီးသ ကာလ ခင်ဗျားတို့ စိတ်တက်ကြွအောင် ပြောသွားမှာပဲ (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် စိတ်တက်ကြွအောင် ပြောဖို့ရာက နောက်ထားပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုရရှိနေတယ်ဆိုတာကို အရင်ရှင်းပြရတယ် (မှန်ပါ့)။

အရှုပ်ဆုံးနှစ်ခုဟာ ဘာပါလိမ့်မလဲ

အရှုပ်ဆုံးနှစ်ခုဟာ ဘာပါလိမ့်မလဲလို့ ပြန်ပြောပြန်တယ် (မှန်ပါ့)၊ နိဗ္ဗာန်ဆိုတာ ဘယ်လိုမှန်းကိုမသိတဲ့ ပုဂ္ဂိုလ် ကတစ်မျိုး (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ အချို့ပုဂ္ဂိုလ်ကလည်း ကိုယ့်ကြံလုံးနဲ့ ကိုယ်နိဗ္ဗာန်ဆိုတာကွာ ရုပ်နာမ်သိမ်း ငြိမ်းသွားတာပဲ၊ ဘာမှဖြစ်တော့တာ မဟုတ်ဘူး တဲ့ (မှန်ပါ့)၊ ဒီလိုအယူ,ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိသမားက တစ်မျိုး (မှန်ပါ့)။

ဒါဖြင့် အဝိဇ္ဇာသမားက တစ်မျိုး၊ ဥစ္ဆေဒဒိဋ္ဌိသမားက (တစ်မျိုးပါ ဘုရား)။

ဒါဟာ ဒကာကြွယ် ဝေဖန်ကြည့်တော့ ဒီအထဲမှာ ဒီလိုလူတွေ များလိမ့်မယ် (များပါတယ် ဘုရား)။

ဒီအထဲ ဒီလိုလူတွေများနေတော့ ဪ တို့ရိုးရာနိဗ္ဗာန်၊ နိဗ္ဗာန်လို့တော့ဖြင့် အားလုံးပဲ ပါးစပ်ဖျားမှာ နှုတ်တက်နေကြတာပဲ၊ တကယ်တန်း တို့အလုပ် လုပ်ယူတော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ တစ်ခါတည်း နောက်ဆုတ်သွား တယ် (မှန်ပါ့)၊ ဘာမှမဖြစ်ဘူးဆိုတဲ့ ပုဂ္ဂိုလ် ဘာမှမဖြစ်ရင် မလုပ်ချင်ဘူးကွာ နိဗ္ဗာန်ရောက်ကြောင်းကို (မှန်ပါ့)၊ ဒီဘက်လှည့်မသွားပေဘူးလား (လှည့်သွားပါတယ် ဘုရား)။

မသိတဲ့ပုဂ္ဂိုလ် မသိလို့ မလိုချင်ပါဘူးကွာဆိုတဲ့ သဘောကကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနှစ်ခုမှ ဖြေရှင်းမပေးလို့ရှိရင်ဖြင့် ဒီလူတွေ ဒုက္ခပင်လယ်ဝေတဲ့အထဲမှာ နေရစ်ပေ တော့ဆိုတဲ့ အဓိပ္ပာယ်ကော (ရောက်ပါတယ် ဘုရား)။

ဒုက္ခပင်လယ်ဝေတဲ့အထဲမှာ နေရစ်ကြပေတော့၊ ဒီနှစ်ခုမှ နားမလည်လို့ရှိရင် ဒီနှစ်ခုမှ ရှင်းပေးမည့် ဆရာ ကောင်း သမားကောင်းနဲ့ မတွေ့တော့ပါဘူးဆိုရင် ဒကာကြွယ် ကိုယ်ကျိုး အကြီးအကျယ်နည်းပြီ (နည်းပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒီအရေးဟာ ခင်ဗျားတို့ သာမညအရေးလား၊ အလွန်ကြီးတဲ့အရေးလားဆိုတာ အကဲခတ်ကြပါ (အလွန်ကြီးတဲ့အရေးပါ ဘုရား)။

ဒီရှုပ်ထွေးမှုတစ်ခုခု ရှိတယ်

ဘုန်းကြီးက အပြောကောင်းလို့ ကြီးရတာလား၊ ကိုယ့်ဟာကိုယ်ပဲ ဒီရှုပ်ထွေးမှုတစ်ခုခု ရှိတာလား၊ အကဲခတ် ပါ (ကိုယ့်ဟာကိုယ် ရှုပ်ထွေးမှုရှိတာပါ ဘုရား)၊ ဒီရှုပ်ထွေးမှုတစ်ခုခု ရှိတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

အချို့မှာ ယောကျ်ားက အလုပ်ခိုင်းလို့ မိန်းမတွေက ဝိပဿနာအလုပ် လုပ်နေရတယ်၊ နိဗ္ဗာန်လိုချင်တယ်၊ သူလိုချင်လို့ လုပ်ရတာလား သား, လင်, ခင်ပွန်းဩဇာ မလွန်ဆန်နိုင်လို့လား (မလွန်ဆန်နိုင်လို့ပါ ဘုရား)။

တချို့လည်း အသက်ကြီးလို့ ကိုင်း ဒီအတိုင်းနေလို့တော့ မဖြစ်ဘူး၊ ကိုယ်ရေးကိုယ်တာတော့ ရှာဦးမှပဲ၊ နိဗ္ဗာန်ရတာ မရတာတော့ အသာထား ကုသိုလ်တော့ ဖြစ်သေးသကွာ၊ ဒီလိုများလုပ်နေတဲ့ ပုဂ္ဂိုလ်ကလည်း (ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် တကယ်အလိုရှိလို့ ခြေလှမ်းကျဲကျဲနဲ့ သွားတဲ့လူက နည်းပါကလား (နည်းပါတယ်)၊ သဘော ပါကြပလား (ပါပါပြီ ဘုရား)။

တကယ်အလိုရှိလို့ ခြေလှမ်းကျဲကျဲနဲ့ နိဗ္ဗာန်ဆိုတဲ့ပွဲကြီးကို သွားတဲ့ပုဂ္ဂိုလ်က ရှားပါတယ် (ရှားပါတယ်)၊ စဉ်းစား မိကြရဲ့လား (စဉ်းစားမိပါတယ် ဘုရား)။

အဲဒါ ကိုယ့်ဟာကိုယ်ဖြင့် ဝမ်းထဲ မြုံမနေလိုက်ပါနဲ့၊ ဒီနေ့ တရားကို သဘောကျအောင် နားထောင်ပါ (မှန် ပါ့)၊ ဒီနေ့တရားကို သဘောကျအောင် နားထောင်မှသာလျှင် ဪ တို့လုပ်နေတဲ့အလုပ်ဟာ အလွန်အကျိုးရှိလို့ သွက်သွက်ကြီးလုပ်မှပါပဲ၊ ဒီဆန္ဒတွေ ဒီဝီရိယတွေ ဒကာအုန်း ပြင်းထန်လာလိမ့်မယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ အခုဝေဖန်လိုက်တာ ဒကာကြွယ် လွဲသလား မလွဲဘူးလား (မလွဲပါ)၊ ဒီအထဲမှာ နေတတ်တယ် (မှန်ပါ့)၊ သေသေချာချာ စဉ်းစားတော့ အခုပြောတဲ့ နှစ်ချက်ထဲမှာ (နေတတ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေလည်း မနည်းကြပါဘူး၊ ဪ တော်တော်အရေးကြီးတဲ့ အချက်ပါ လား၊ မသိရင်လည်း မဖြစ်တဲ့ အလုပ်ပါလား၊ မသိတာက အဝိဇ္ဇာ၊ အလွဲသိရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

မသိရင် အဝိဇ္ဇာ၊ အလွဲသိရင် ဥစ္ဆေဒဒိဋ္ဌိ

မသိရင် (အဝိဇ္ဇာ)၊ အလွဲသိရင် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဪ- ဒီလိုပြောဆို သွန်သင်ပြီး တကယ်တမ်း ပြောပေးမည့်သူ၊ ဆိုပေးမည့်သူ မရှိလို့ရှိရင်ဖြင့် ဒကာကြွယ်သွားပေါ့ (မှန်ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဒကာသစ် စဉ်းစားမိပလား (စဉ်းစားမိပါပြီ)၊ အားလုံး ဒကာ ဒကာမတွေ အေးစက်စက်နဲ့၊ ဒီအလုပ်လုပ်နေ ဖို့ မသင့်ဘူး (မှန်ပါ့ ဘုရား)။

အေးစက်စက်နဲ့ နေဖို့ဖြင့် (မသင့်ပါ)၊ မသင့်ဘူးတဲ့၊ အဟုတ်တမ်း တကယ်တမ်း နားထောင်ပြီး သကာလ ဪ ဒါကြောင့်လည်း နိဗ္ဗာန်ခက်တယ်လို့ ပြောတာပဲ၊ အသိခက်တာ (မှန်ပါ့)၊ ရောက်ဖို့ နည်းပေးတတ်ငြားသော် လည်း ရောက်ရာဌာနကို ဒကာ ဒကာမတို့ ချမ်းသာမှုအစစ်ကို မသိလို့ရှိရင်လည်း သူဟာ တကယ်တမ်း ကြိုးကြိုး စားစားနဲ့ ဦးဘအုန်း သွားပါ့မလား (မသွားပါ ဘုရား)။

ဒကာကြွယ် တော်တော်ခက်တယ်နော် (ခက်ပါတယ်)၊ အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ တရား ဘယ်လိုနားထောင်ရပါလိမ့်မလဲလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်စဉ်းစားကြလို့ရှိရင်ဖြင့် ဒိဋ္ဌိခွါပေးတဲ့ တရား (မှန်ပါ့)၊ အဝိဇ္ဇာသတ်ပေးတဲ့ တရားပဲ (မှန်ပါ့)၊ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဘာပါလိမ့် (ဒိဋ္ဌိခွါပေးတဲ့တရား၊ အဝိဇ္ဇာသတ်ပေးတဲ့တရားပါ ဘုရား)။

အဲ ဒိဋ္ဌိခွါလိုက်တဲ့အတွက်ကလည်း နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ့)၊ အဝိဇ္ဇာခွါလိုက်တဲ့အတွက် အဝိဇ္ဇာချုပ်တာ လည်း နိဗ္ဗာန်ထွက်တယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒိဋ္ဌိခွါလိုက်တဲ့အတွက် နိဗ္ဗာန်ပေါ်ပါတယ်

ဒိဋ္ဌိခွါလိုက်တဲ့အတွက် (နိဗ္ဗာန်ပေါ်ပါတယ်)၊ အဝိဇ္ဇာချုပ်သွားတဲ့အတွက်လည်း ဝိဇ္ဇာဥဒပါဒိ ဖြစ်လာတယ်၊ နိဗ္ဗာန်မြင်တယ် (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် အရေးကြီးတယ်ဆိုတာလည်း အခု တရားစ,ပြီး ဒကာ ဒကာမတွေ ဒိဋ္ဌိခွါလိုက်လို့ရှိရင်လည်း “ဒိဋ္ဌိ နိရောဓော နိဗ္ဗာနံ” ဖြစ်သွားတယ် (မှန်ပါ့)၊ အဝိဇ္ဇာခွါလိုက်လို့ရှိရင်လည်း ဝိဇ္ဇာဥဒပါဒိ၊ ဝိဇ္ဇာ=နိဗ္ဗာန်သိတဲ့ဉာဏ် သည်၊ ဥဒပါဒိ=ထင်ရှားဖြစ်ပေါ်လာ၏ဆိုတော့ ဒါ-နိဗ္ဗာန်ဟာ မပြောရင် ဒကာသစ် တော်ကိုမတော်ဘူး (မတော်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အေး တို့တော့ ဒကာမတွေပဲ၊ မိန်းမတွေပဲ၊ သူများတောင်ဝှေးဆွဲတဲ့ဆီကို လိုက်ရမှာပဲ၊ ဒီလိုမအောက်မေ့ ကြပါနဲ့၊ နောက်က ဒကာ ဒကာမတွေကနော် (မှန်ပါ့)၊ သူများ တောင်ဝှေးဆွဲတဲ့ဆီကို လိုက်ရမှာပဲ၊ ဒီလို မအောက်မေ့ ကြပါနဲ့၊ နောက်က ဒကာ ဒကာမတွေကနော် (မှန်ပါ့)၊ သူများတောင်ဝှေးဆွဲလိုက်ရုံပဲ၊ ငါတို့ယောကျ်ားခေါင်းဆောင်ပဲ၊ သူတို့က ကောင်းတယ်ဆိုရင် တို့လုပ်ဖို့ပဲ (မှန်ပါ့)၊ သူတို့က မကောင်းဘူးဆို တို့မလိုက်ဖို့ပဲ (မှန်ပါ့)၊ ဒီလိုများထိုင်ပြီး မနေလိုက်ပါနဲ့ (မှန်ပါ့)၊ ဒီလိုများ ထိုင်ပြီး သကာလ စွမ်းရည်သတ္တိ အညွန့်တုန်းသဘောနဲ့ တစ်ခါတည်းထိုင်နေလို့ ဒကာအုန်း မဖြစ်ဘူး (မှန်ပါ့)၊ ကိုယ့်မျက်လုံးနဲ့ ကိုယ်သွားရမည့်လမ်းကို ဒကာမတွေက ယောကျ်ားတွေ ခေါင်းဆောင် ရှိသားပဲလို့ မလုပ်ပါနဲ့ (မှန်ပါ့ ဘုရား)။

ဒီခေါင်းဆောင်က သေသေချာချာ စဉ်းစားကြည့်ပါ၊ ဒီခေါင်းဆောင်က အဝိဇ္ဇာခေါင်းဆောင်နေတဲ့, နိဗ္ဗာန် မသိတဲ့ အဝိဇ္ဇာ ခေါင်းဆောင်သမားက ဆောင်သွားပြန်လို့ရှိရင်လည်း ဒီဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းပြီ (နည်း ပါပြီ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အပါယ်လေးပါး ချောက်ထဲ ကျလိမ့်မယ်

ဒီဒကာတွေက နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူမျိုး ယူပြန်တော့လည်း သူ့နောက်လိုက်တဲ့ တစ်ပြုံကြီးဟာ ဒကာ ဒကာမတွေ အပါယ်လေးပါး ချောက်ထဲ ကျလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ကိုယ့်အရေးက ကြီးတယ်၊ ယောကျ်ားကလည်း ငါမသိလို့ ငါ့အရေးကကြီးတယ် (မှန်ပါ့)၊ မိန်းမတွေ ကလည်း ဘယ်သူ့နောက်မှ လိုက်ဖို့မလိုဘူး၊ ကိုယ့်မျက်လုံးနဲ့ ကိုယ့်ဉာဏ်နဲ့ နိဗ္ဗာန်ရှိတာကို အမှန်သိထားဖို့ အရေးကြီး တယ် (မှန်ပါ့)၊ ဘယ်တောင်ဝှေးဆွဲရာမှ လိုက်ဖို့မလိုဘူး (မှန်ပါ့)၊ ဒီအလုပ်ကို ခင်ဗျားတို့ ကိုယ့်အားကိုကိုယ် တင်းထား မှသာလျှင် ကိုယ်ရှင်းမယ်ဆိုတဲ့ဥစ္စာဖြင့် ယနေ့တရားပွဲမှာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒကာသစ် တရားဟောနေတာလားတဲ့၊ ဒကာ ဒကာမတွေ၏ စိတ္တုပ္ပါဒ်တွေ ဖော်ပြောနေတာလားဆိုတာကော သိပလား (သိပါပြီ)၊ ဒကာအုန်း ဘာထင်သတုံး (စိတ္တုပ္ပါဒ်တွေ ဖော်ပြနေတာပါ ဘုရား)။

နိဗ္ဗာန်ကျတော့ တခြားစီ

တချို့ ဒကာမတွေက ကိုယ့်မှာ ကံစွမ်းဉာဏ်စွမ်းရှိထားပြီး ယောကျ်ားအားကိုးနဲ့ ယောကျ်ားဆိုတာ အသိဉာဏ် ရှိတယ်တဲ့၊ ဟ-မဟုတ်ဘူး၊ နိဗ္ဗာန်ကျတော့ တခြားစီ (မှန်ပါ့)၊ နိဗ္ဗာန်ကျတော့ တခြားစီ၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဝိသာခါ နိဗ္ဗာန် ရောက်သွားတာ ဝိသာခါ ယောကျ်ားရောက်ပါသလား မေးကြည့် (မရောက်ပါ)၊ မရောက်ဘူး ဗျ (မှန်ပါ့)၊ ကဲ ဒကာကြွယ် ရောက်သလား (မရောက်ပါ ဘုရား)။

ဝိသာခဆိုတဲ့ ဒကာ** ခုနင်ကပြောတာ ဒကာမ၊ ဝိသာခဆိုတဲ့ ဒကာက အနာဂါမ်ပဲတည်တယ်၊ သူ့ဒကာမက ရဟန္တာမတောင် ဖြစ်လိုက်သေးတယ် (မှန်ပါ့)၊ သူက အမြင်ပိုကျယ်သွားတယ် (မှန်ပါ့)၊ ဒီလိုကော မရှိဘူးလား (ရှိပါ တယ် ဘုရား)။

** ဝိသာခသူဌေးနှင့် ဓမ္မဒိန္နာထေရီမကို ဆိုလိုသည်။

အဲဒီတော့ ဒကာ ဒကာမတွေ သူများအားကိုးရမှာလား၊ ခင်ဗျားတို့ စီးပွားရှာသလို ကိုယ့်ဟာကိုယ် အားကိုး ရမှာလား (ကိုယ့်ဟာကိုယ် အားကိုးရမှာပါ ဘုရား)။

ကိုယ့်ဟာကိုယ် အားကိုးရမှာဖြစ်တော့ ယနေ့ တရားမှာ ကျုပ်ကိုပြန်လာတော့ ပြောပေးပါဦးဆိုတဲ့ အသွားမျိုး ကို အလိုမရှိဘူး (မှန်ပါ့)။

သေသေချာချာ ဒကာ ဒကာမတွေ ကိုယ့်အရေး ကိုယ်ကြီးပြီး သကာလ ကိုယ့်ဉာဏ်စွမ်းနဲ့ ကိုယ့်နိဗ္ဗာန် သဘော ကျအောင် နာပါ (မှန်ပါ့)၊ ဒကာတွေကိုလည်း ကိုယ့်ဉာဏ်စွမ်းနဲ့ကိုယ် နိဗ္ဗာန်သဘောကျအောင် နာပါ (မှန်ပါ့)၊ ကိုယ် ကလည်း ဒီနှစ်မျိုးထဲက တစ်မျိုးမျိုး ပုဂ္ဂိုလ်ဖြစ်နေလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒကာသစ် မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တယ်ဆိုတော့ နာရီဝက်တောင် ရှိသွားပြီ၊ ဒကာ ဒကာမတို့ ခင်ဗျားတို့စိတ်တွေကို အကုန်ဖော်ပြနေရတာ နဲ့ နာရီဝက်နီးသွားပြီ (မှန်ပါ့)။

ရှေ့သွားနောက်လိုက်လို့ ဆိုထားတာ

သို့သော်လည်း ဒီလိုမှပြောမည့်လူမရှိလို့ရှိရင်လည်း ဒကာကြွယ် ဒကာမကလည်း ကျုပ်တို့ ခြေတိုလက်တိုပဲ သူတို့သွားရင် နောက်ကလိုက်ရုံပေါ့၊ ရှေ့သွားနောက်လိုက်လို့ ဆိုထားတာကိုး၊ အပါယ်သွားတော့ ရှေ့သွားနောက်လိုက် လား ခင်ဗျားတို့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ ပြောပဲပြောပါဦး၊ အပါယ်သွားတော့ ယောကျ်ားက ရှေ့ကသွား၊ ခင်ဗျားတို့က ဘယ့်နှယ် တုံး (မလိုက်ပါ ဘုရား)၊ လိုက်ချင်ရဲ့လား (မလိုက်ချင်ပါ ဘုရား)။

မလိုက်ချင်ပါဘူးဗျ၊ သေချာပါတယ် (မှန်ပါ့) အဲဒီတော့ ရှေ့သွားနောက်လိုက် ရှေ့သွားနောက်လိုက်ဆိုတာ သူ့နေရာနဲ့သူ သုံးရမှာ (မှန်ပါ့) လောကီနေရာမှာတော့ဖြင့် ရှေ့သွားနောက်လိုက်ရှိပါစေတော့ (မှန်ပါ့) လောကုတ္တရာ နေရာကျတော့ သူက ရှေ့သွားလို့ ကိုယ်က နောက်ကလိုက်လို့ဖြစ်တာမျိုး မဟုတ်ဘူး (မှန်ပါ့)။

ကိုယ်စက္ခုနဲ့ ကိုယ်မြင်အောင် လုပ်ရမှာ

“စက္ခုံ ဥဒပါဒီ”ဆိုတာ ကိုယ်စက္ခုနဲ့ ကိုယ်မြင်အောင် လုပ်ရမှာ (မှန်ပါ့) သူများစက္ခုနဲ့ မြင်အောင် လုပ်ရမှာလား (မဟုတ်ပါ ဘုရား) ကဲ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ပြောကြပါစို့၊ ဒီနေ့ အကုန်ဟောနိုင်မယ် မဟုတ်ပါဘူး (မှန်ပါ့)။

ဘာကြောင့်တုံးလို့မေးတဲ့အခါ တရားကို ဆွဲဟောတာလားလို့မေးစရာ ဦးဘအုန်း မလိုတော့ဘူးဗျာ (မှန်လှပါ ဘုရား)။

ဆွဲဟောတာ မဟုတ်ပါဘူး (မှန်ပါ့) ခင်ဗျားတို့ ထမင်းခွံ့ သလိုပေါ့လို့ ခဏခဏ ပြောပါတယ် (မှန်ပါ့)ခင်ဗျားတို့ ဉာဏ်ပါးစပ်က မဆံ့ပါဘူး (မဆန့်ပါ ဘုရား)။

ဉာဏ်ပါးစပ်က မဆံ့တော့ ဒီနေ့ နည်းနည်းပဲ ခွံ့ပေးနိုင်မယ် (မှန်ပါ့) များများခွံလို့ရှိရင် ဖြင့် ဒီနေ့ ပွဲချင်းပြီးသေဦးမယ် (မှန်ပါ့)။

အဲဒါကြောင့် ဒီနေ့ နည်းနည်းခွံ၊ နက်ဖြန်မှ များများခွံဆိုတဲ့ အဓိပ္ပါယ် ဪ-ကိုယ့်ပါးစပ်ချိန်ပြီး ကျွေးတာကိုးလို့သာ မှတ်ပါ (မှန်ပါ့)။

ကဲ-ဒါဖြင့် ပြောကြစို့တဲ့၊ အကျဉ်းချုပ်ကလေး မှတ်ထားလိုက်ပါ (မှန်ပါ့)ခင်ဗျာ အခုတရားနာနေတဲ့ ခန္ဓာရှိတယ်နော် (မှန်ပါ့)။

တရားနာနေတဲ့ဥစ္စာ ခန္ဓာငါးပါးရှိတယ်ဆိုတာ လူတိုင်းသိတယ် (သိပါတယ် ဘုရား) ခန္ဓာငါးပါးနဲ့ ကိလေသာဆယ်ပါးဆိုတာကလဲ ရှိတယ် (မှန်ပါ့)။

ခန္ဓာငါးပါးနဲ့ ကိလေသာဆယ်ပါး

ခန္ဓာငါးပါးနဲ့ ကိလေသာဆယ်ပါးက ပုထုဇဉ်မှာ တွဲနေတယ် (မှန်ပါ့)။

ခန္ဓာငါးပါးနဲ့ ကိလေသာဆယ်ပါးနဲ့ ဟာ (တွဲနေပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာငါးပါးနဲ့ ကိလေသာဆယ်ပါးက (တွဲနေပါတယ် ဘုရား) တွဲနေတယ်တဲ့၊ ဒီခန္ဓာနဲ့ ကိလေသာနဲ့က တွဲနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ကိလေသာက မီး၊ ခန္ဓာက ထင်း (မှန်ပါ့ ဘုရား)။ ခန္ဓာငါးပါးက (ထင်းပါ ဘုရား) ကိလေသာက (မီးပါ ဘုရား)။

ဪ ဒါဖြင့် ဦးလှဘူးတို့ စဉ်းစားကြည့်တာပေါ့၊ ဪ-တို့ ဖြစ်စဉ်ဟာ ဒါကိုး (မှန်ပါ့)။

တို့ဖြစ်စဉ်ဟာ (ဒါပါ ဘုရား)ဒါဆိုတာ ဘာပါလိမ့်၊ ဒကာကြွယ်ရေ (ထင်းနဲ့မီး တွဲနေတာပါ ဘုရား)။

ထင်းနဲ့ မီးတွဲနေတာ၊ ခန္ဓာငါးပါးက (ထင်းပါ ဘုရား) ကိလေသာဆယ်ပါးက (မီးပါ ဘုရား)။ ဒါဖြင့် ကိလေသာ မကုန်သေးတာ ပုထုဇဉ်ခေါ်ကြတယ် (မှန်ပါ့)။

ခန္ဓာသည် ထင်းနဲ့ မီးတွဲနေတယ်

ကိလေသာ မကုန်သေးတာ ပုထုဇဉ်ခေါ်ကြတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာသည် ထင်းနဲ့ မီးတွဲနေတယ် (မှန်ပါ့)။

ခန္ဓာငါးပါးတည်းဟူသော ထင်းနဲ့ ကိလေသာဆယ်ပါးတည်းဟူသော မီးနဲ့ (တွဲနေပါတယ် ဘုရား) တွဲနေတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် တို့ ဖြစ်စဉ်ကဖြင့် ဘယ်လိုပါလိမ့်မလဲဆိုတာ နည်းနည်းပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား) ကိုယ့်ဖြစ်စဉ်ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ကံကောင်းလို့လူဖြစ်တာလား၊ ထင်းနဲ့မီးတွဲလျက်လား၊ (ထင်းနဲ့မီး တွဲလျက်ချည်းပါ ဘုရား)။

ဒါက သစ္စာနဲ့ဟောတော့ ဒါပဲဟောရမယ် (မှန်ပါ့ ဘုရား)။

သစ္စာနဲ့ဟောတော့ ဒါပဲ၊ ဪ ဒုက္ခနဲ့သမုဒယ တွဲနေတယ် (မှန်ပါ့) ဒုက္ခက ခန္ဓာငါးပါး၊ သမုဒယက ကိလေသာဆယ်ပါး (မှန်ပါ့)။

ဒုက္ခနဲ့သမုဒယ (တွဲနေပါတယ် ဘုရား) မသိမှာစိုးလို့ ဒကာ ဒကာမတွေထင်ရှား သထက် ထင်ရှား အောင်လို့ ထင်းနဲ့မီးတွဲနေတယ် (မှန်ပါ့ ဘုရား) ထင်းနဲ့မီးတွဲနေတယ် ဆိုတော့ ဒကာ ဒကာမတွေက ရှင်းပါတယ် (ရှင်းပါတယ် ဘုရား)။

ဘာကြောင့်တုံးဆိုတော့ ကိုယ်နေ့တိုင်း မီးဖိုချောင်မှာ နေရတယ် (မှန်ပါ့) ဒကာတွေလဲ အကြောင်း မသင့်တဲ့အခါ ကိုယ်ပါ မီးဖိုချောင်ဝင်ရတဲ့အခါပါတယ် (ပါ-ပါတယ် ဘုရား)။

ဟာ-ထင်းနဲ့မီး အဝေးကြီးဆိုရင် ဘယ်လောင်လိမ့်မလဲကွာ၊ ထင်းနဲ့မီးတွဲမှပေါ့ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီမှာလဲ ဒီခန္ဓာကြီးဖြစ်စဉ်ကဖြင့် အခုနည်းနည်းပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ခန္ဓာကြီးဖြစ်စဉ် မပေါ်သေးဘူးလား၊ (ပေါ်ပါပြီ ဘုရား)။

ဘယ်ရောက်တော့ ဘာပါလိမ့်မတုံး

ဘယ်ရောက်တော့ ဘာပါလိမ့်မတုံး၊ နတ်ပြည်ရောက်တော့လဲ ဘာပါလိမ့်မယ်၊ ဗြဟ္မာပြည် ရောက်တော့ဘာပါလိမ့် ဒကာအုန်း တွေးပေတော့ (မှန်ပါ့)

ဪ ထင်းနဲ့ မီးတွဲလျက်ချည်းမှတစ်ပါး ဘာမှမရှိဘူး (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာနဲ့ ဘာတွဲနေသတုံး၊ (ထင်းနဲ့မီးတွဲနေပါတယ် ဘုရား)။

ဪ ဘယ်ရောက်လို့ ကံကောင်းအကြောင်းသင့်ပြီး သကာလ တို့သည်လို့ ဆိုလို့ရှိရင်ဖြင့် အေးချမ်း မှာလဲလို့ မေးစရာမလိုဘူးလား (လိုပါတယ် ဘုရား) သုံးဆယ့်တစ်ဘုံ ထဲမှာဖြင့် ဘယ်ဘုံရောက်ရောက် ထင်းနဲ့ မီးတွဲနေမှာပဲ (မှန်ပါ ဘုရား)။

သုံးဆယ့်တစ်ဘုံထဲမှာ (ဘယ်ဘုံရောက်ရောက် ထင်းနဲ့မီးတွဲနေမှာပါ ဘုရား) ပေါ်ကြ​​ပြီလား(ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီ ဪ ဒါ ကိုယ့်ဖြစ်စဉ် (မှန်ပါ့) ဒကာ ဒကာမတွေ ဒါ ဘယ်သူ့ဖြစ် စဉ်ပါလိမ့် (ကိုယ့်ဖြစ်စဉ်ပါ ဘုရား)။

ကိုယ့်ဖြစ်စဉ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ကိုယ်ဖြစ်စဉ်က ဘာတဲ့ဗျာ (ထင်းနဲ့မီး တွဲနေပါတယ်) ထင်းက ခန္ဓာငါးပါး (မှန်ပါ့) ကိလေသာဆယ်ပါးက (မီးပါ ဘုရား)။

ကဲ ဒကာအုန်း ဪ ဒါ ကိုယ့်အကြောင်းကို အခုမှ နည်းနည်းကလေး သိသွားတယ် (သိပါတယ် ဘုရား)။

သူ့ကိုသိမှ နိဗ္ဗာန်ပေါ်မှာ

သူ့ကိုသိမှ နိဗ္ဗာန်ပေါ်မှာနော် (မှန်ပါ့ ဘုရား) သူ့မသိရင် (နိဗ္ဗာန်မပေါ်ပါဘူး) နိဗ္ဗာန်မပေါ်သေးပါဘူး တဲ့ ဒကာ ဒကာမတို့ နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ နိဗ္ဗာန်အလွယ်ရဲ့ လား (မလွယ်ပါ ဘုရား)။ မလွယ်ဘူးဗျ၊ မလွယ်ဘူး ဆိုတော့ အခုနည်းနည်းစလာတော့ ဪ ဒါဖြင့် ဒကာ ဒကာမတွေ့ဉာဏ်ထဲမှာ အခုစ, ကာရှိသေးတယ်၊ နည်းနည်းပေါ်လာပြီ (ပေါ်လာပါပြီ) ထင်းစ, လဲ သိမ်းချင်တယ်ဘုရာ့ (မှန်ပါ့) မီးလဲ ငြိမ်းချင်တယ်ဘုရား (မှန်လှပါ ဘုရား)။

ထင်းစလဲ (သိမ်းချင်ပါတယ် ဘုရား)မီးလဲ (ငြိမ်းချင်ပါတယ် ဘုရား) အင်း နိဗ္ဗာန်အသံကလေး ထွက်လာတယ် (မှန်လှပါ ဘုရား)။

ဒီကျမှ နည်းနည်းအသံကလေးထွက်လာတယ် (မှန်လှပါ)နို့ မဟုတ်လို့ ရှိရင်ဖြင့် အရတော်လေစွ ဖြစ်နေတယ်၊ ထင်းနဲ့ မီးတွဲတာ အရတော်လေစွ ဖြစ်နေတယ် (မှန်ပါ့)။

ထင်းနဲ့မီး တွဲတာကိုပင်လျှင် (အရတော်လေစွ ဖြစ်နေပါတယ် ဘုရား)ကဲ ဒါကြောင့် သုံးဆယ့်တစ်ဘုံက မထွက်တာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ထင်းနဲ့မီးတွဲနေတာ ဘယ့်နှယ်ထင်ကြသလဲ

ထင်းနဲ့ မီးတွဲနေတာ ဘယ့်နှယ်ထင်ကြသလဲ (အရတော်လေစွ ထင်ပါတယ်)အင်းအနောက်နိုင်ငံက ရော့ဖဲလားတို့လို တစ်စက္ကန့်ရွှေဒင်္ဂါး ဆယ့်သုံးပြားဝင်မယ်ဟုတ်လား (မှန်ပါ့) ဟင်နရီဖိုဒ်တို့လို တစ်စက္ကန့် ရွှေဒင်္ဂါးဆယ့်သုံးပြားဝင်မယ်ဆိုလို့ရှိရင် ဒကာ ဒကာမတွေ အင်းဒီလိုဆိုရင် သေပျော်-နေပျော်ပဲ (မှန်လှပါ)။

အင်း-သေလဲ ကိစ္စမရှိဘူး (မှန်လှပါ) နေလဲ တော်သေးတယ် (မှန်ပါ့ ဘုရား) ထင်းနဲ့မီးတွဲတာကို သူ့မှာမပါဘူး (မပါပါ ဘုရား)။

မပါဘူး-မပါဘူး ဒကာ ဒကာမတို့နော် (မှန်ပါ့) အင်း-သူတို့ ရှာလဲ ရှာပေတယ်၊ သူတို့ အကျိုးပေးကလေးနဲ့ ဆိုလို့ ရှိရင်ဖြင့် ဘယ်လောက်များ နေရာကျမလဲဆိုတဲ့ဘက်သာ လှည့်သွားတယ်၊ ကိုယ့်ခန္ဓာဘက်မှာ ပြန်မကြည့်ဘူး (မကြည့်ပါ ဘုရား)ကြည့်သေးရဲ့လား (မကြည့်ပါ ဘုရား)။

အခုတော့ဖြင့် ဆရာသမားခေါင်းဆောင်ပြီး သကာလ ဥပမာနဲ့တကွပြတဲ့အတွက် ဒကာအုန်း ဘယ်ရောက်ရောက် ရွှေဒင်္ဂါးဆယ့်သုံးပြား မကဘူး၊ နှစ်ဆယ့်ခြောက်ပြားဝင်ဝင် ထင်းနဲ့ မီးတွဲနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတွဲနေသတုံး (ထင်းနဲ့ မီးတွဲနေပါတယ် ဘုရား) ထင်းနဲ့ မီးတွဲနေတာ သေသေချာချာသိတော့ ဒါကြောင့် ဒကာ ဒကာမတွေ ထင်းနဲ့မီးတွဲတယ် မတွဲတယ် သတိထားကြည့် (မှန်ပါ့ ဘုရား) “ဖျတ်” ဆို ကိုယ်ချစ်လှစွာသော သမီးကလေးတစ်ယောက် သေတယ် (မှန်ပါ့) ဝမ်းထဲကမီးက ဒီခန္ဓာလောင်ပစ်တာ (မှန်ပါ့)။

ဝမ်းထဲက သောကမီးက (လောင်ပစ်ပါတယ် ဘုရား) တစ်ခြား ခန္ဓာလောင်သလား (မဟုတ်ပါ ဘုရား) ဒါဖြင့် နဂိုက တွဲနေလို့ပေါ့ဗျ (မှန်ပါ့)။

မီးက ပြာဖုံးပြီး တွဲနေတယ်

တွဲနေပေမယ့်လဲ ဒကာ ဒကာမတွေ မီးက လေမဟပ်သေးတော့ မီးက ပြာဖုံးပြီး တွဲနေတယ် (မှန်ပါ့) ခုနင်က ဖောက်ပြန်တဲ့အာရုံတစ်ခုခုက သားသေ, သမီးသေ, လင်ဆုံး ဒီလိုလာတဲ့အခါကျတော့ “ဖျတ်”ဆို မီးက ရဲပြီး ဒီခန္ဓာကို သွားလောင်တာ (မှန်ပါ) မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

ဒါဖြင့် နဂိုကတည်းက ထင်းနဲ့မီး ဘယ့်နှယ်နေကြသတုံး (တွဲနေပါတယ် ဘုရား)။

နို့-တွဲလျက်ကြီးကို ဒကာ ဒကာမတွေက ပြာကလေးဖုံးနေတဲ့ အချိန်ကျလာတော့ တွဲချင်ကွဲပစေ၊ ဒီလိုဥစ္စာ ဒီလိုနေရရင် သေပျော်ပြီ (မှန်ပါ့ ဘုရား) သဘောကျပလား(ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီလိုနေရတဲ့ပုဂ္ဂိုလ်ကလဲ တစ်ယောက်မှမရှိဘူး၊ နောက်ဆုံးပိတ် လောင်တာချည်းပဲ (လောင်ပါတယ် ဘုရား) လောင်တာချည်းပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ယနေ့ အကျဉ်းပြောမယ်လို့ ဆရာဘုန်းကြီး ပထမကတည်းက စကားချီခဲ့တဲ့အတွက် မျှော်-ဒါဖြင့် တပည့်တော်တို့ အခုတော့ဖြင့် ထိုက်တန်သလောက် သိပြီဘုရား (မှန်ပါ့) ဘယ်ခန္ဓာရရ ထင်းနဲ့ မီးတွဲနေတယ် (မှန်ပါ့) ဒီခန္ဓာနဲ့ ဒီမီးကို ငြိမ်း၍ သိမ်းမှပဲ နေရာကျမှာပဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီမီးငြိမ်းပြီး သကာလ ဒီထင်းသိမ်းရလို့ ရှိရင်ဖြင့် တပည့်တော်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နေရာကျပေါ့ဘုရား ဆိုတာလဲ ရှင်တုန်းက ကိုယ်ကသိထားရမယ် (မှန်ပါ့) ကိုယ်တိုင်သိထားရမယ် (မှန်ပါ့)။

ထင်းလဲကုန်ပါမှ ဒီမီးလဲငြိမ်းပါမှ

ဪ ဒီထင်းလဲကုန်ပါမှ ဒီမီးလဲငြိမ်းပါမှ ဒကာကြွယ်ရေ ချမ်းသာစစ်ရှိမှာပဲ (မှန်ပါ့ ဘုရား) နို့မဟုတ်ရင်ဖြင့် (မချမ်းသာပါ ဘုရား) ချမ်းသာကို မပါဘူးနော် (မပါပါ ဘုရား)။

ဒါဖြင့် တပည့်တော် ရွှေနဲ့ -ငွေနဲ့ -မြနဲ့ – စိန်နဲ့ -ကျောက်နဲ့-တိုက်နဲ့ ကားနဲ့ မတော်သေးဘူးလား ဘုရား လို့ ဆိုတဲ့ဥစ္စာက ဒကာ ဒကာမတို့ ထင်းနဲ့ မီးနဲ့ တွဲတာကို မသိတော့ကို သူသည် မီးကလေးက အဟုတ်တန်း မတောက်မီ, တောက်တဲ့ မီးကလဲ ဒကာ ဒကာမတို့ အရူးသိသိနေတဲ့ မီးဖြစ်နေတော့ သွားပြီးကျုံးနေတယ် (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တောက်နေတဲ့မီးက ဘာတုံး၊ လောဘမီးတောက်ပြီး ရှာတယ်၊ ရှာရင်တော့ ရနေတာပဲ (မှန်ပါ့) အင်း-တစ်သောင်းရင်းလိုက်တယ်ဆိုရင်ဖြင့် နှစ်ထောင်, သုံးထောင်မြတ်၊ ငါးထောင်လောက် မြတ်လိုက် အစရှိသည်နဲ့ဆိုတော့ တော်သေးဘူးလားဆိုတော့ ဒီမီးဟာ ဘာတုံး ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ရေခဲလောင်သလိုလောင်နေတာ (မှန်ပါ) ရေခဲအအေး မီးလောင်သလိုလောင်တာ (မှန်ပါ့ ဘုရား) အအေး မီးလောင်သလို လောင်တာလဲ ကျွမ်းတာပဲ (မှန်ပါ့) အပူမီးလောင်သလို လောင်တာကော (ကျွမ်းတာပါ ဘုရား)။

အဲဒီတော့ ဒကာကြွယ်တို့အတွက်က အအေးမီးလောင်ဖို့ဟာ အကြိုက် (မှန်ပါ) အပူမီးလောင်တာတော့ မကြိုက်ဘူး (မကြိုက်ပါ ဘုရား)အဲဒီတော့ ရူးပုံက ဆန်းနေတယ် (မှန်ပါ့ ဘုရား)။

ရူးပုံက ဆန်းနေတယ်

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (ရူးပုံက ဆန်းပါတယ် ဘုရား)။

ဒကာကြွယ် ကြမ်းသလားဗျ၊ (မကြမ်းပါ ဘုရား) ရူးပုံက ဆန်းတယ်ဆိုတော့ ခင်ဗျားတို့က ထိုထိုရူးပုံကတော့ တစ်မျိုးပါလားဟေ့ဆိုပြီး သကာလ ထင်ချင်ထင်ကြမယ် တဲ့၊ဒီမှာ တစ်ခါတည်း သူက ဒီရတုန်း သာယာပြီး သကာလ ဒကာ ဒကာမတို့ စောင့်ရှောက်ရင်း ဆင်းရဲတာကျတော့ သူမမြင်ပြန်ဘူး (မှန်ပါ့ ဘုရား)၊ အမြတ်တော်ကြေး ဥပစာခွန် ဒကာ ဒကာမတို့ လူမှုထူထောင်ရေးဟုတ်လား (မှန်ပါ့) ဒါတွေ နှိပ်စက်မှာကျတော့ သူမမြင်သေးခင် ရတုန်းသာယာလိုက်တာပဲ (မှန်ပါ့) ဟိုဟာတွေ ဝိုင်းလာတဲ့အခါကျတော့ ကိုယ်ကျိုးနည်းပါပေါ့လားကွ (မှန်ပါ့)။

ဟိုတုန်းက အအေးလောင်နေတုန်းက သူက ပျော်နေတယ် (မှန်ပါ့) အပူလောင်လာတဲ့ အခါကျတော့မှ ဒကာကြွယ်တို့က မျက်လုံးပြူးတယ် (ပြူးပါတယ် ဘုရား) မပြူးကြဘူးလား (ပြူးပါတယ် ဘုရား)။

ကွာ အကုန်သာ လွှင့်ပစ်ချင်တာပဲဟေ့၊ ငါဖြင့် အိမ်မရှိရာမရှိ ကျယ်ကျယ်ဝန်းဝန်းကို မနေချင်တော့ဘူး ၊ ဒီအလုပ်သမားတွေ တစ်ပြုံကြီးနဲ့လဲ ငါလဲမပေးနိုင်ဘူးကွာ (မှန်ပါ့) မလာပေဘူးလား လာမလား (လာပါတယ် ဘုရား)။

အဲဒီကျမှ ချဲ့ထားတာတွေ ဒကာ ဒကာမတို့ အအေးမီးလောင်တာတွေ အပူမီးကလေး ထလာတဲ့ အချိန်ကျတော့မှ ဒကာကြွယ်တို့က မျက်လုံးပြူးမျက်ဆံပြူးဖြစ်လာတယ် (မှန်ပါ့) မှာပြီဟေ့၊ တည်ထောင်တာ မှားတယ် (မှန်ပါ့) ဒီအတိုင်း မညည်းကြပေဘူးလား (ညည်းပါတယ် ဘုရား)။

ဒါ-မလောင်ဘူးလား-လောင်သလား (လောင်ပါတယ် ဘုရား) နဂိုက ဘယ်လိုလောင်ခဲ့ သတုံး၊ (အအေးမီးလောင်ခဲ့ပါတယ် ဘုရား) အအေးလောင်တုန်းကတော့ သူကအရူးမို့လို့ မသိခဲ့ဘူး (မသိပါ ဘုရား) အပူလောင်တဲ့အခါကျတော့ အရူးပေမယ့် သိတယ်၊ (သိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အအေးလောင်တုန်းကတော့ အကြိုက်

ဒါဖြင့် ဒီအရူးသည် ဒကာ ဒကာမတို့ “ ပုထုဇ္ဇနော ဥမ္မတ္တကော” ဆိုတာ ဒကာကြွယ် အအေးလောင်တုန်းကတော့ သူသည်အကြိုက်ဖြစ်နေတယ် (မှန်ပါ့) အပူလောင်တော့ (မကြိုက်ပါ ဘုရား)။

မီးက အအေးလဲ တေဇောပဲ (မှန်ပါ့ ဘုရား) အပူကော (တေဇောပါပဲ ဘုရား) ဘယ်တေဇောက သက်သာမယ်ထင်ကြသတုံး (ဘယ်တေဇောကမှ မသက်သာပါ ဘုရား)။

ကဲ လောကန္တရစ်ငရဲဆိုတာက အေးလိုက်တာ (မှန်ပါ့) သူ့ အထဲသာ အကောင်ကျသွားမယ် ခန္ဓာကိုယ်ကျသွားမယ်ဆိုရင် ဒကာကြွယ် တစ်ခါတည်းကျေမွသွားတာပဲ (မှန်ပါ့ ဘုရား) အဲဒီငရဲကာ ဒကာကြွယ် ကြိုက်ကဲ့လား (မကြိုက်ပါ ဘုရား) ဘာဖြစ်လို့တုံး ကျေပွတာပဲဘုရား သူလဲ (မှန်လှပါ ဘုရား)။

ဟို-လောဟကုမ္ဘီကြေးအိုးကြီးထဲမှာ ကြေးငွေ့တွေဆူနေတဲ့အထဲ ကျသွားပြန်တော့လဲ ကျေမွသွားတာပဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ်ကျေပွတာ ကြိုက်သတုံး (ဘယ်မွတာမှ မကြိုက်ပါ ဘုရား) ဒါဖြင့် နည်းနည်းပါးပြီ, နည်းနည်းပါးပြီ (မှန်ပါ့)။

နည်းနည်းပါးပြီ၊ ဒီ-မီးချင်း မထူးဘူးဘုရာ့ (မှန်ပါ့) နဂိုတုန်းကတော့ ပုထုဇဉ် အရူးသဘောနဲ့ ပြောနေတုန်းကတော့ ဒကာ ဒကာမတွေက ခုနင်က လောဘအအေး ကလေး လောင်ပြီးနေတုန်းကတော့ ရလောင်- လောင်နေတော့ ဒကာကြွယ်က ဘာတဲ့၊ (ကြိုက်နေပါတယ် ဘုရား)။

ရပြီး တစ်ခါတည်း အခွန်တွေဝိုင်းပြီးညှပ်ပြီး သကာလ အစိုးရက အိမ်တောင် လေလံ ပစ်မည့် အခြေအနေကျလာတော့ ဘယ့်နှယ်ဖြစ်သတုံး (မကြိုက်ပါ ဘုရား) အပူမီးလောင်တော့ ကြိုက်သေးရဲ့လား (မကြိုက်ပါ ဘုရား)။

ဒီမှာ ပုထုဇဉ်ရူးပုံမဆန်းလား (ဆန်းပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ငရဲကြိုက်သတုံး

အဲဒီတော့ ဘုန်းကြီးက ဟောရတယ်၊ ဒကာ ဒကာမတို့ ပုထုဇဉ်က အအေးမီးလဲ မသက်သာပါဘူးဆိုတဲ့ လောကန္တရစ်ကျရတယ် (မှန်ပါ့) အပူမီးကလဲ လောဟကုမ္ဘီ ငရဲကြီးကျရတယ် (မှန်ပါ့)ကဲ-ဒကာသစ် ဘယ်ငရဲကြိုက်သတုံး (ဘယ်ငရဲမှ မကြိုက်ပါ ဘုရား)။

ခံခြင်းခံရင် အအေးပေါ့ဘုရားလို့ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား)။

ခံခြင်းခံရလို့ရှိရင် အအေးခံရတာလဲ ကျေမွသွားတာပဲ (မှန်ပါ့) အပူခံရတာကော (ကျေမွသွားပါတယ် ဘုရား)အဲ ဦးဘအုန်းမဲချယူရင် ဘယ်ဟာ ကျချင်သတုံး (ဘယ်ဟာမှ မကျချင်ပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

သဘောပါလာပြီ၊ တော်လာပြီ-တော်လာပြီ၊ အအေးနဲ့ အပူဟာ ဘယ်ဟာမှ မသက်သာဘူးဆိုတာ ရှင်းသွားပါပြီ (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့က သားကလေး အဝေးကပြန်လာရင် အခုမှ ရင်ထဲအေးသွားတယ်ဟုတ်လား (မှန်ပါ့) ပြန်သွား ပြန်ပူမြဲပူတာပဲ (မှန်ပါ့)။

အင်း အအေးကလဲ ဘာတုံး၊ လောင်တာပဲ (မှန်ပါ့) အပူကကော (လောင်တာပါ ပဲ ဘုရား)။

ဘယ်တော့ ခင်ဗျားတို့ ဒါဖြင့်အေးတဲ့အချိန် ပူတဲ့အချိန်အလောင်ကင်းတာရှိသတုံး (မရှိပါဘူး ဘုရား)ဘယ်တော့ အန္တရာယ်ကင်းလို့ ဘေးရှင်းတဲ့အချိန် (မရှိပါ ဘုရား) လောင်တာချည်းပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နတ်ခန္ဓာက အခိုးတွေ လုပ်ထားတဲ့အရုပ်

ဒါဖြင့် ခင်ဗျားတို့ နတ်ပြည်ဆုတောင်းကြတယ်ဗျာ၊ မဟုတ်ဘူးလား (မှန်ပါ့) ဘာကြောင့်တုံးဆိုတော့ နတ်ခန္ဓာက ဒကာသစ် မှတ်လိုက်စမ်း၊ နဂိုကမှ အခိုးတွေ လုပ်ထားတဲ့အရုပ်၊ (မှန်ပါ့) အခိုးလုပ်ထားတဲ့အရုပ်မှာ ကိလေသာဆယ်ပါးလောင်ချ လိုက်လို့ရှိရင် ပြာတောင်မကျန်ရစ်ဘူး၊ မသာချစရာ အလောင်းရှာမတွေ့ဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မသာချစရာ (အလောင်းရှာမတွေ့ ပါ ဘုရား) ဒါဖြင့် အဲဒီနတ်မသာကြိုက်သလား လူမသာပဲ ထင်းချည်းကျန်နေရစ်တာ ကြိုက်သလားလို့မေးရင် ဒကာကြွယ် ဘယ်ဟာကြိုက် သတုံး (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)တော်တော် နေရာကျပြီဟေ့၊ အအေးနဲ့ အပူကွဲပြီ ခင်ဗျားတို့ (မှန်ပါ့)။

တော်တော်နေရာကျလာပြီ (မှန်ပါ့) ဒကာ ဒကာမတို့ ဒါ ဥပမာကောင်းမှ ဟိုဘက်မှာ နိဗ္ဗာန် သဘောကျမယ်နော် (မှန်ပါ့) ဥပမာ မကောင်းလို့ရှိရင် (နိဗ္ဗာန်သဘောမကျပါ ဘုရား)။

ရှေးက ဘုရားရဟန္တာကြီးတွေဟောတော်မူလဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါ-ဥပမာ ဆောင်ပြမယ်ကွာ၊ ပါရတာပဲ၊ (မှန်ပါ့) ရှင်သာရိပုတ္တရာကြီး ဟောတဲ့အခါကော (ပါ-ပါတယ် ဘုရား) ဥပမာ ဆောင်ပြရတာချည်းပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒကာကြွယ်တို့ ရိုးရိုးလျှောက်စမ်းပါ၊ အအေးမီးလောင် သေချင်သလား၊ အပူမီးလောင် သေချင်သလားလို့ဆိုရင် ဘယ့်နှယ်ဆိုပါ့မလဲ (ဘယ်ဟာမှ မသေချင်ပါ ဘုရား)။

ဒါဖြင့် ဘယ်ခန္ဓာနဲ့ ဘယ်မီးနဲ့မှ မတွဲပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ခန္ဓာနဲ့ ဘယ်မီးနဲ့မှ မတွဲပါနဲ့

ဘယ်ခန္ဓာနဲ့ ဘယ်မီးနဲ့မှ (မတွဲပါနဲ့) ခန္ဓာရှိရင် မီးရှိလိမ့်မယ် (မှန်ပါ့)။

ခန္ဓာရှိရင် (မီးရှိပါတယ် ဘုရား) ဪ-ဒါဖြင့် နိဗ္ဗာန်ဆိုတာ ကိလေသာသိမ်း ခန္ဓာငြိမ်းတာ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ကိလေသာသိမ်း ခန္ဓာငြိမ်းတာပါ ဘုရား)။ နည်းနည်းကလေးတော့ ခင်ဗျားတို့ သဘောကျလာပြီ (ကျပါပြီ ဘုရား)။

ဪ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲဆိုတော့ ဟောဒီထင်းလဲ မရှိဘူးဘုရား (မှန်ပါ့) ဟောဒီ မီးတွေကော (မရှိပါ ဘုရား)။

မရှိတော့ နိဗ္ဗာန်ရောက်အောင်အားထုတ်တဲ့ ဒကာ ဒကာမတွေမှာတဲ့ ဘယ်လိုများ ဖြစ်ရှာပါလိမ့်မတုံး၊ အို-လောင်စာသိမ်းပြီး မီးငြိမ်းတာကွ (မှန်ပါ့)။

လောင်စာသိမ်း မီးငြိမ်းပြီး သကာလ နေတော့ ချမ်းသာသက်သက်ပေါ့ (မှန်လှပါ ဘုရား) လောင်စာသိမ်းမီးငြိမ်းတော့ (ချမ်းသာသက်သက်ပါ ဘုရား)၊ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ချမ်းသာသက်သက် ဆိုတော့ ဒီဘက်က ချမ်းသာသက်သက် ထားလိုက်၊ ထင်းနဲ့မီး မရှိတော့ဘူး (မှန်ပါ့)။

လောင်စာသိမ်း မီးငြိမ်းသွားပြီ

လောင်စာသိမ်း မီးငြိမ်းသွားပြီ နိဗ္ဗာန်ရောက်အောင် အားထုတ်တဲ့ပုဂ္ဂိုလ်များ (မှန်ပါ့)။ ဒီဘဝမှစုတေမနေ သေလွန်လို့ မဂ်လေးပါးလဲ ရသွားပါပြီ၊ အထက်မဂ်ကျအောင် ဆိုက်ပါပြီဆိုလို့ရှိရင်ဖြင့် စုတေမနေ သေလွန်ပြီးသည်၏ အခြားမဲ့၌ သူသည်လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်နဲ့နေရတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်အဖြစ်နဲ့နေရပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်နဲ့နေရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်နဲ့နေရတာသည် ဒကာကြွယ် ခန္ဓာမရှိမှ ထင်းမရှိမယ် (မှန်ပါ့ ဘုရား) ထင်းမရှိမှ မီးပျောက်မယ် (မှန်ပါ့)။

ထင်းတွေ မီးနားမပုံနဲ့ပေါ့, မီးနဲ့မနီးစေနဲ့ဟဆိုတာ ခင်ဗျားတို့ ခဏခဏဆုံးမကြတယ် (မှန်ပါ့)သဘောကျပလား (ကျပါပြီ ဘုရား)။

ထင်းနဲ့ မီးပုံ ထရံတွေနဲ့ မီးဖိုအကာတွေနဲ့ မီးဖိုတိုင်တွေနဲ့ ဒါကော နီးစေရသလား (မနီးစေရပါ ဘုရား) မနီးရဘူး (မှန်ပါ့) အကုန်ခွါပြီး လုပ်ကြတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ထင်းနဲ့မီးဟာဖြင့် ဘယ်တွဲတွဲ မကောင်းတာ သေချာတယ် (မှန်ပါ့) ဒါကြောင့် ၃၁-ဘုံမှာဖြင့် ဒကာ ဒကာမတို့ ထင်းနဲ့ မီးတွဲနေတယ် (တွဲနေပါတယ် ဘုရား)။

ထင်းနဲ့မီးနဲ့ တွဲနေတော့ အားလုံး ဒကာ ဒကာမတွေ ဘယ်နေရာတွဲရရင်ဖြင့် သင့်ပါ့မလဲဆိုတဲ့ ကြံလုံးကလေးထုတ်ပေးစမ်းပါ၊ (ဘယ်နေရာမှ မသင့်ပါ ဘုရား)။

ဒကာကြွယ် ဘယ်နေရာတွဲချင်သတုံး (ဘယ်နေရာမှ မတွဲချင်ပါ) လေးကျွန်းသနင်း စကြာမင်းကြီးအဖြစ်နဲ့ တွဲလိုက်စမ်းပါဗျာ (မတွဲချင်တော့ပါ ဘုရား)။

မတွဲချင်တော့ဘူး (မှန်ပါ့) မတွဲချင်တော့ဘူးနော် (မှန်ပါ့ ဘုရား)။

လေးကျွန်းသနင်း စကြာမင်း

လေးကျွန်းသနင်း စကြာမင်းဆိုတာ လေးကျွန်းလုံးကို အစိုးရတယ်၊ အင်းရတနာခုနှစ်ပါးနဲ့လဲ ပြည့်စုံတယ်၊ ဆင်ရတနာ၊ မြင်းရတနာ၊ ခင်ပွန်းမရတနာ၊ ပတ္တမြား ရတနာ၊ စကြာရတနာ၊ သူဌေးရတနာ၊ သားကြီးရတနာတွေနဲ့ ဒကာအုန်း မကြိုက်ဘူး လားဗျ (မကြိုက်ပါ ဘုရား)။

ဟာ-ခင်ဗျားတို့ဟာ ဒီတစ်ခါကျတော့လဲ အရူးကလဲ ပျောက်လွယ်လှချည်လား (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဒီအရူးပျောက်ပါလိမ့်မတုံး မေးတဲ့အခါကျတော့မှ ဒီခန္ဓာနဲ့မီးတွဲတာ သဘောမကျလို့ (မှန်ပါ့ ဘုရား)။

ဘာသဘောမကျလို့လဲ (ခန္ဓာနဲ့မီးတွဲတာ သဘောကျလို့ပါ ဘုရား) ကဲ-ဒကာသစ် နေရာကျပြီ (ကျပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့ ဪ-လောင်စာသိမ်း၍ မီးငြိမ်းသွားပြီးတော့နေတဲ့ သဘောဟာဖြင့် တပည့်တော်တို့ အလိုရှိတဲ့ နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။

လောင်စာသိမ်း မီးငြိမ်းသွားတဲ့ အရှိသဘောကလေးဟာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်ဟာ ရှိလဲရှိတယ်၊ လောင်စာသိမ်း၍ မီးငြိမ်းတာလဲ မှန်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ရှိလဲရှိတယ် (လောင်စာသိမ်း၍ မီးငြိမ်းတာလဲ မှန်ပါတယ် ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတာလဲ (မှန်ပါတယ်)မှန်တယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ကိုယ့်ခန္ဓာကို ဒုက္ခသစ္စာလို့သိသွားလို့

အဲဒါ ဘယ့်နှယ်ကြောင့် ဒါကလေးကို အခုကြိုက်လုံးကလေး ပေါ်လာလိမ့်မလဲလို့ ဒကာသစ်က မေးလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာကို ဒုက္ခသစ္စာလို့သိသွားလို့ ဒီဘက်နိရောဓကို သဘောကျတယ် (မှန်ပါ့) ဒီဒုက္ခသစ္စာမသိရင် ဒီနိရောဓကိုသဘောမကျနိုင်ဘူး (မကျနိုင်ပါ ဘုရား)။

တော်တော်လည်သွားပြီဗျ (လည်ပါပြီ ဘုရား) တော်တော်နေရာကျလာပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာမကလဲ ဒီလိုပဲ သိရမယ် (မှန်ပါ့) ဒကာကလဲ (ဒီလိုပဲ သိရပါမယ် ဘုရား)။

အင်း- သူတို့သွားရာလိုက်မယ်ဆိုလို့ တော်ပါ့မလား (မတော်ပါ) မတော်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ခုနင်ကလဲ ပြောခဲ့ပါတယ်၊ သူတို့က တိရစ္ဆာန်ဘုံသွားတော့ ခင်ဗျားတို့က (မလိုက် နိုင်ပါ) မလိုက်နိုင်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မလိုက်နိုင်ဘူးဆိုတာ ဒီကျတော့ငြင်းလုံးထုတ်နေလို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား) အို- ယောက်ျားဆိုတာ အိမ်ဦးခန်းမှာနေပြီး ခေါင်းဆောင်ကြီးပဲလို့ သူ့များ အားမကိုးလိုက်ပါနဲ့ (မှန်ပါ့) ကိုယ့်ဉာဏ် “စက္ခုံ ဥဒပါဒီ” ဖြစ်အောင်လုပ်ပါ (မှန်ပါ့ ဘုရား)။

ဘာလုပ်ရမယ် (ကိုယ့်ဉာဏ် စက္ခုံ ဥဒပါဒိ ဖြစ်အောင်လုပ်ရပါမယ် ဘုရား)။

ကဲ ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ) စက္ခုံ- ဉာဏ်မျက်စိသည်၊ ဥဒပါဒိ- နိဗ္ဗာန်ကိုမြင်တဲ့ အခြေရအောင် ဖြစ်ပေါ်လာပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် နိဗ္ဗာန်ဆိုတာဘာတုံး ဒကာ ဒကာမတို့၊ လောင်စာသိမ်း၍ (မီးငြိမ်းတာပါ ဘုရား)။

မီးငြိမ်းတော့ကို ဒကာ ဒကာမတို့ လောင်စာလဲ သိမ်းပြီ၊ မီးလဲ ငြိမ်းသွားပြီ၊ တပည့်တော်တို့ ဘယ်လို နေရပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်

လိုတဲ့အခါကျတော့ ဒကာ ဒကာမတို့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်ဟာ ဪ ကိုယ့်အဖြစ်ပေါ့ (မှန်ပါ့ ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်ဟာ (ကိုယ့်အဖြစ်ပါ) ကိုယ်ရောက်ရမည့်အဖြစ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာတုံးမေးရင် ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ) လောင်စာ သိမ်း၍ (မီးငြိမ်းတာပါ ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းသောနေရာသည် (ကိုယ်ရောက်ရမည့်နေရာပါ)၊ မီးငြိမ်းသော အဖြစ်သည် (ကိုယ့်အဖြစ်ပါ)၊ နိဗ္ဗာန်သဘောကျပလား (ကျပါပြီ ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတဲ့နေရာဟာ (နိဗ္ဗာန်ပါ) လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ်ဟာ (နိဗ္ဗာန်ပါ ဘုရား)။

ဒါ ဒီနေ့စဟောလာတော့ ဒကာသစ် တော်တော်ကျေနပ်ပြီ (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဒီနိဗ္ဗာန်ကို ဒကာ ဒကာမတွေ ဒီအကြောင်းမှဒုက္ခသစ္စာကို လည်လည်ပတ်ပတ်မှ မဟောနိုင်၊ ဒုက္ခသစ္စာကိုမှ ကိုယ်ပိုင်ဉာဏ်နဲ့မသိတဲ့ပုဂ္ဂိုလ်ဟာဖြင့် ဘယ်မီးနဲ့ ဘယ်ထင်း တွဲရကောင်း နိုးနိုးဆိုပြီး နတ်မီးနဲ့ နတ်ထင်း, ဗြဟ္မာမီးနဲ့ ဗြဟ္မာထင်း အကြိမ်ကြိမ်တွဲစမ်းပါရစေဆိုတာတွေကတော့ ဒကာအုန်း လာ-မလာ (လာပါတယ်) ဒါဖြင့် ခန္ဓာဒုက္ခသစ္စာကို မသိလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ခန္ဓာဒုက္ခသစ္စာကို မသိလို့

ဘာမသိလို့ပါလိမ့် (ခန္ဓာဒုက္ခသစ္စာကို မသိလို့ပါ) အခုဖြစ်နေတာ ဒကာ ဒကာမတွေ သိကြပလား (သိပါပြီ ဘုရား)။

တစ်ခါတလေများကျတော့ လောင်စာနဲ့မီးတွဲလိုက်တဲ့အခါ ဒကာသစ်ရေ ကြပ်ကြ ငိုတော့လေ သောကမီးက ခန္ဓာကြီးမလောင်ဘူးလား (လောင်ပါတယ်) အို ရေယူခဲ့ပါ ဆိုတာများ အော်နေတယ် (မှန်ပါ့) မအော်ကြဘူးလား (အော်ပါတယ် ဘုရား)။

ခင်ဗျားတို့ သုသာန်မသာပို့ချေပါ၊ သောကမီးလောင်လို့ ဟိုမှာရေတိုက် ပုဂ္ဂိုလ်တွေလဲ ဒကာကြွယ် မြင်ဖူးရဲ့လား (မြင်ဖူးပါတယ်)လောင်လိုက်တာ တစ်ချို့များ အဝတ် တောင် မကပ်ချင်ဘူး (မှန်ပါ့ ဘုရား)။

အဝတ်ကပ်နိုင်ကြရဲ့လား (မကပ်နိုင်ပါ) ဘေးကလူတွေက ခါးစည်းကြိုး မြဲမြဲ တင်းတင်းစည်းပေးမှ သူ့မှာသင့်ရုံကလေးကျန်တယ် (မှန်ပါ့) တစ်ကိုယ်လုံး လောင်ချ လိုက်တာ (မှန်ပါ့) သောကမီး လောင်ချလိုက်တာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ထမင်းတွေဟင်းတွေ ကောင်းကောင်းမွန်မွန် ချက်ထားတာတောင်မှ ဒကာ ဒကာမတို့ အရသာပေါ်ရဲ့လား (မပေါ်ပါ ဘုရား) ဒီထမင်းအကြောင်း မပြောစမ်းပါနဲ့၊ ကိုယ်တုံးလုံးနဲ့ ကိုယ်နေစမ်းပါရစေတဲ့၊ ကိုယ့်မီးနဲ့ ကိုယ်လောင်ပြီး နေစမ်းပါရစေ (မှန်ပါ့ ဘုရား)။

ဒကာအုန်း ဘာတဲ့တုံးဗျ၊ (သောကမီးလောင်တာပါ ဘုရား)။

ကိုယ့်မီးနဲ့ကိုယ်လောင်ပြီးနေစမ်းပါရစေ၊ တစ်ချို့များ သုံးနှစ်သုံးမိုး လောင်မြိုက်နေလိုက် တဲ့ဖြစ်ခြင်း၊ ဘာဖြစ်သတုံးတောင် မမေးရဘူးလား (မေးရပါတယ်) ကျွမ်းတာလူတိုင်းသိတယ် (မှန်ပါ့) မသိဘူးလား၊ သိသလား (သိပါတယ် ဘုရား)။

အဲဒါ ယောက်ျားက ဆိုးသလား၊ မိန်းမက ဆိုးသလား ဒကာကြွယ်၊ ခင်ဗျား ခဲနဲ့လဲ ပေါက်မယ်နော်၊ ကြပ်ကြပ်ကြည့်ပြော၊ ခဲပေါက်ခံရလို့ခက်နေမယ်၊ မိန်းမတွေကလဲ နည်းတာမဟုတ်ဘူး၊ ဆိုးတော့ သူတို့က များတာ အမှန်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပ ဘုရား)။

မီးလောင်တာကိုပင်လျှင် မလောင်မှာစိုးတော့

ကောင်းပြီ၊ ဒါဖြင့်အဲဒါကိုလဲ မီးလောင်တာကိုပင်လျှင် ဒကာ ဒကာမတွေ ခင်ဗျားတို့က မလောင်မှာစိုးတော့ကို တစ်ခါတည်း သူ့အဝတ်ကလေး သွားကြည့်လောင်လိုက် (မှန်ပါ့။)

သူ့ဓာတ်ပုံကလေး သွားကြည့် (လောင်လိုက်ပါ) သူပြောသံဆိုသံကလေး ဂရာမာဖုံးထဲ ထည့်ထားပြီး ကြားလိုက် (လောင်လိုက်ပါ) ရီကော်တာထဲ ကြားလိုက်ရင်ကော (လောင်လိုက်ပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ ပိုးဖလံပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား) သေချင်လို့ ဒီနေရာသွားတာ (မှန်လှပါ) လောင်ချင်လို့ (ဒီနေရာသွားတာပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က နဂိုက ပိုးဖလံဆိုတာ တိရစ္ဆာန် (မှန်ပါ့) လောင်ချင်တဲ့ ပုဂ္ဂိုလ်လဲ (ပိုးဖလံပါ ဘုရား) တိရစ္ဆာန်ဆိုပါ၊ ပိုးဖလံမဟုတ်ပါဘူးခင်ဗျာ (မှန်ပါ့)။

လောင်ချင်တဲ့ပုဂ္ဂိုလ်လဲ (တိရစ္ဆာန်ပါ ဘုရား) ဘာထူးဦးမှာတုံး (မထူးပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ကိုင်း-ဒါဘာကိုမသိတာတုံး မေးကြည့်တော့မှ ဒကာသစ်ရေ ပေါ်လာပြီ (ပေါ်လာပါပြီ) နဂိုက လောင်စာနဲ့ မီးတွဲတာကိုပင် မသိတော့ကိုတဲ့ လောင်စာပြန်ရှာတယ် (ရှာပါတယ် ဘုရား)။

ပြန်ရှာပြီး သကာလ သူသေရင် ကျုပ်လဲသေလိုက်တော့မယ် အစရှိသည်နဲ့ မလာဘူးလား (လာပါတယ်)ကဲ ဒကာကြွယ်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

လောင်စာရှာတာ

ကဲ-ဒါဖြင့် ဘယ်နေနေ ဒကာ ဒကာမတို့ ခင်ဗျားတို့ကလဲ လင်ယောက်ျားဟာ မိန်းမရှိမှပဲဆိုပြီးတော့ လောင်စာရှာတာ (မှန်ပါ့) မိန်းမကလဲ ယောက်ျားရှိမှပဲဆိုပြီးတော့ (လောင်စာရှာတာပါ ဘုရား)၊ တော်တော်ကြာကျတော့ လောင်မီးကလေးတွေက ပွားတယ်၊ (ပွားပါတယ် ဘုရား) မပွားဘူးလား (ပွားပါတယ် ဘုရား)။

ပွားတဲ့အခါကျလို့ရှိရင် ပွားလို့ တစ်ခုခု ချွတ်ယွင်းချက်ရှိလာတော့ ဒီလိုဖြစ်လိမ့်မယ် မထင်ဘူး (မှန်ပါ့)ဟ-ပွားလာကတည်းက ဒီလိုဖြစ်မှာပေါ့ (မှန်ပါ့)။

ပွားလာကတည်းက ဘယ့်နှယ်တုံး (ဒီလိုဖြစ်မှာပါ ဘုရား) ဒါ-ဒီလို ဖြစ်လိမ့်မယ် မထင်ဘူးလို့ ဆင်ခြေက လဲလိုက်သေးတယ် (မှန်ပါ့) တော်ပါ့မလား (မတော်ပါ ဘုရား)။

ဒကာကြွယ်တို့ဆို အခုအားသေးရဲ့လား၊ ကဲ – (မအားပါ ဘုရား) လောင်နေရတာလေ (မှန်ပါ့) သားပြီး သမီး၊ သမီးပြီးမြေး၊ မြေးပြီး မြစ်က (လောင်နေရပါတယ် ဘုရား) အသက်ရှည်သလောက် ဘာဖြစ်နေသလဲ (လောင်နေရပါတယ် ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အရိယာမျက်လုံးကလဲ တပ်ပေးမည့်သူ မရှိလို့ရှိရင်ဖြင့် ခုနင်က မီးရှိတဲ့ဆီ ပိုးဖလံပြေးသလို ဒကာအုန်းရေ၊ ဒီ ဒကာ ဒကာမတွေဟာ ဒါနဲ့ဇာတ်သိမ်းမှာပဲ (မှန်ပါ့ဘုရာ) မသိမ်းဘူးလား သိမ်းမလား (သိမ်းပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

တစ်ချို့များ စပ်လို့တောင် မပြောရဲဘူး (မှန်ပါ့) စပ်လို့ပြောလို့ရှိရင် ဒီကနည်းနည်း ကလေး စပ်ကာရှိသေး၊ ဟိုကမျက်ရည်က ပေါက်ကနဲထွက်တယ် (မှန်ပါ့) စောပဲ စောလွန်းလှတယ် (မှန်ပါ့ ဘုရား) မစောဘူးလား၊ စောသလား (စောပါတယ် ဘုရား)။

ဒီက ဘုန်းကြီးများတရားဟောမယ်ကြံလို့ရှိရင် ဒကာကြွယ် အတော်အကဲခတ်ရတယ်၊ (ခတ်ရပါတယ် ဘုရား) သူတို့အိမ် ဘာဖြစ်နေပါလိမ့်၊ ဘယ်ကစ, ရမှာပါလိမ့်မတုံး၊ မနည်းကို စ, ရတယ် (မှန်ပါ့) ဒီအတိုင်းသာ ဆိုရင်ဖြင့် ဒီကိုယ်တော် ဂြိုဟ်ကောင်ပဲတောင် အပြောခံ ရလိမ့်မယ် (မှန်ပါ့) သေသေချာချာ အပြောခံရတယ် (မှန်ပါ့ ဘုရား) အလိုက်မသိတဲ့ အထဲ ဒါကြောင့် ဘုန်းကြီး ဖြစ်နေတာလို့တောင် ပြောချင်ပြောမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

လောင်စာနဲ့မီးတွဲရတာ ကျေနပ်နေတယ်

အဲဒီတော့ ဟိုမှာ လောင်စာနဲ့မီးတွဲနေရတာ သူအင်မတန်ကျေနပ်နေတယ်၊ အရူးထ နေတာ (မှန်ပါ့)။

လောင်စာနဲ့မီးတွဲရတာ သူ့စိတ်ထဲမှာ (ကျေနပ်နေပါတယ် ဘုရား) ကျေနပ်နေတော့ လောင်စာနဲ့မီး ခွဲပစ်မည့်သူလာရင်ပဲ ဒကာကြွယ် ဘယ့်နှယ်ဖြစ်နေသလဲ (မကျေနပ်ပါ ဘုရား) မကျေနပ်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒီမှာ ဘာဖြစ်နေတယ်ဆိုတာတော့ မသိဘူး၊ ဒီကိုယ်တော်တွေကလဲ ဆွမ်းခံရပ်လာတာ ရှိတာပဲ (မှန်ပါ့)။

အံမာလေး ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတွေ (မှန်ပါ့) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဒီ-ဘာဖြစ်နေတယ်ဆိုတာ မသိဘူးဆိုတော့ ဒီကကူပြီးပူပေးရဦးတော့မလိုလို (မှန်ပါ့)သူက ဒီအဓိပ္ပါယ်က ပါနေတယ် (ပါနေပါတယ် ဘုရား)။

ဒကာကြွယ် အအေးလာတာ လက်ခံနိုင်ရဲ့လား (မခံနိုင်ပါ ဘုရား) ဘာထဲနေရမှတုံး (အပူထဲနေရမှပါ ဘုရား) အပူထဲနေရမှဆိုတာ သဘောကျပလား (ကျပါပြီ)

ဒါဖြင့် ဒကာကြွယ် ကုဋီထဲက လောက်ကလေးတစ်ကောင်ကို တုတ်ကလေးနဲ့ ယက်ထုတ်၊ ရေချိုးပေး၊ ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား) သူဘယ်ပြန်သွားမယ် ထင်သတုံး၊ (ကုဋီထဲ ပြန်သွားပါမယ် ဘုရား) ဘာဖြစ်နေသတုံး၊ သူမျိုးရိုး (မှန်ပါ့)။

ခင်ဗျားတို့လဲ အပူနဲ့ကင်းနေရင် (မကြိုက်ပါ ဘုရား)အပူကလေးရှိမှ (ကြိုက်ပါတယ်) အလုပ်ကလေး မရှိတော့ ပျင်းတယ်ဆိုတာ ခင်ဗျားတို့ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အလုပ်မရှိတဲ့ အခါကျတော့ (ပျင်းပါတယ်) ပျင်းတယ်ဆိုတာကတော့ ဒေါသမီး လောင်တာ (မှန်ပါ့)အလုပ်ရှိတော့ လောဘမီးလောင်တယ် (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့က အပူမီးလောင်တာတော့ ကြိုက်တယ် (မှန်ပါ့)ပျင်းတဲ့ အအေးမီးလောင်တာတော့ (မကြိုက်ပါ ဘုရား) မကြိုက်ဘူးဗျ (မှန်ပါ့)။

အအေးမီးလောင်တာကျတော့ (မကြိုက်ပါ ဘုရား) တစ်ခါတလေ ဒီဒယ်အိုးမရှိပဲနေရတဲ့ နေ့ကျတော့ ကျုပ်-ယောင်ခြောက်ဆယ်ဖြစ်နေတယ် (မှန်ပါ့) ဘာကြောင့်တုံး၊ ပျာယာမခတ် ရလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မသိခင် အတော်ဆိုးပါကလား

ဘာဖြစ်တာပါလိမ့် (ပျာယာမခတ်ရလို့ပါ ဘုရား)ပျာယာမခတ်ရလို့ ဆိုတော့ ဪ ခက်လိုက်တဲ့ ဖြစ်ခြင်း၊ အလိုလေး အလာကလေးကို အမြဲအော်နေရမှ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ဝါသနာကလဲ ဒကာကြွယ် မသိခင် အတော်ဆိုးပါကလား (ဆိုးပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ဟာ မီးနဲ့ထင်းတွဲနေရလို့ရှိရင်ဖြင့် အရ တော်လေစွ (မှန်ပါ့) မီးနဲ့ထင်းများ သိမ်းမယ်ဆိုလို့ ရှိရင် ကြိုက်မှကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား)။

ခင်ဗျားတို့က ဒီနေ့မှ ကြိုက်လာတာ (မှန်ပါ့) အိမ်က ကြိုက်ခဲ့တာ မဟုတ်ပါဘူး (မှန်ပါ့)။

အိမ်က ကြိုက်ခဲ့တာ မဟုတ်ပါဘူး ၊ အခုမှ သက်သေသာဓကနဲ့ သေသေချာချာ သက်သေ လုံလောက်အောင် ပြလို့ ဒကာကြွယ်က နည်းနည်းကြိုက်လာတာ (မှန်ပါ့)။

ဒါတောင် ဒီတရားပွဲသိမ်းလို့ ရှိရင်ဖြင့် ဒကာကြွယ် ခက်သေးတယ် (ခက်ပါတယ် ဘုရား) မခက်ဘူးလား-ခက်သလား (ခက်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ခက်သတုံးလို့ မေးလို့ ရှိရင်ဖြင့် သူများအိမ်သွားလို့ ရှိရင်ဖြင့် သူများသားသမီး သေနေလို့ ကမ္မဿကာပဲ (မှန်ပါ့ ဘုရား) ကိုယ့်အိမ်သွားတော့ လူမမာနဲ့သွား တွေ့တော့ ဟာ ဘယ့်နှယ်ဖြစ်ပါလိမ့် (မှန်ပါ့) မလာဘူးလား, လာမလား (လာပါတယ် ဘုရား)။

သို့သော်လဲ သူများအိမ် သွားဖြစ်သလား၊ ကိုယ့်အိမ်ကော ဦးတိုက်ဖြစ်သလား၊ (ကိုယ့်အိမ်ဦးတိုက် ဖြစ်ပါတယ် ဘုရား)။

ဒါ-ကြည့်ပါလား ဒကာကြွယ်ရ၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ပုထုဇဉ်ရူး တာလေ (ရူးပါတယ် ဘုရား)။

ခင်ဗျားတို့ ဒီမီးဟာ ဒကာ ဒကာမတို့ မီးနားဖြည်းဖြည်း ကပ်ချင်သလား မြန်မြန်ကပ်ချင်သလားလို့ မေးလို့ရှိရင် ခင်ဗျားတို့ထုံးစံအတိုင်း ကတော့ ပကတိမီးကျတော့ ခင်ဗျားတို့က ဖြည်းဖြည်းမှပဲ တွေ့ချင်တာပဲ (မှန်ပါ့)နောက်ဆုံးနှစ်မှ မီးလောင်မယ်ဆို အခု အိမ်ဆောက်ရဲတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဘာဖြစ်လို့တုံး၊ ဖြေးဖြေးမှလောင်မှာကိုး (မှန်ပါ့ ဘုရား)။

မြန်မြန်အလောင်ခံချင်လို့

ကိုယ့်အိမ်မှာ လူမမာရှိလို့ ကြေးနန်းကလေးရောက်တဲ့အခါကျတော့ လေယာဉ်ပျံနဲ့ ရထားကို ဒကာကြွယ် ဘယ်ဟာစီးမလဲ (လေယာဉ်ပျံစီးပါမယ် ဘုရား) ဘာဖြစ်လို့တုံး၊ မြန်မြန်အလောင်ခံချင်လို့ (မှန်ပါ့) သုံးနှစ်မှာလောင်တာ မကြိုက်ဘူး (မှန်ပါ့) ဘာဖြစ်လို့ပါလိမ့် (မြန်မြန်လောင်တာ ကြိုက်လို့ပါ ဘုရား)။

မြန်မြန်လောင်တာ ကြိုက်တယ်ဆိုတော့ ဒီပုထုဇဉ် မျက်စိလည်နေတာ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ကိုယ့်မျက်စိလည်တာဟူသရွေ့ အမှားအကြီးဆုံးပဲ (မှန်ပါ)။

ကိုယ့်မျက်စိလည်တာဟူသရွေ့ဖြင့် (အမှားအကြီးဆုံးပါ ဘုရား) ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကတော့ အင်မတန်ကြီးကျယ်လှစွာသော ဉာဏ်မျက်လုံးကြီးနဲ့ အကုန်ကြည့် တော့ကို ဒီလိုရူးတဲ့အရူးတွေ ဒီမီးဆက်အရူးတွေလောင်နေရမှ အော်နေရမှ ကျေနပ်တဲ့ အရူးတွေကို သူတို့ အကြိုက်ကို ဟောလို့ဖြင့် မဖြစ်တော့ဘူးဆိုပြီး သကာလ သူတို့ကြိုက်တာ မကြိုက်တာ အပထား၊ ချောက်ဟောလို့ရရင် ချောက်ဟောမယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ချော့ဟောလို့ရရင်လဲ (ချော့ဟောပါမယ် ဘုရား)။

ကဲ-ဒါဖြင့် တစ်ချို့ အရူး ချော့ကုရတာရှိတယ် (ရှိပါတယ် ဘုရား) တစ်ချို့ အရူး ရိုက်ကုရတာ (ရှိပါတယ် ဘုရား) အဲ-ဘုရားဟာ ကျေးဇူးရှင်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ချော့ဟောရတယ် ချောက်ဟောရတယ်

အသိဉာဏ်နည်းနည်း ရှိတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာအုန်းရေ ချော့ဟောရတယ် (မှန်ပါ့ ဘုရား) ဒုန်းသမား ကျတော့ ချောက်ဟောရတယ် (မှန်ပါ့)။

သူကဖန်ဆင်းရင် ငါက ပိုမိုပြီးဖန်ဆင်းပြီး ချောက်ရတာတွေကော (ရှိပါတယ်) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီလိုသိလာတော့မှ ဪ- တို့ရူးချက်ကဖြင့် ပြင်းထန်လှချည်လားဆိုတာ ဒကာသစ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဒီနေ့ နိဗ္ဗာန်အကျဉ်းဟောတာ ဒကာ ဒကာမတွေ နာရီက ၅-မိနစ်ပဲ ကျန်တော့တယ် (မှန်ပါ့) ဪ-နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံးဆိုတာ အဖြေကလေး ထွက်ကြပါတော့တဲ့၊ လောင်စာသိမ်း၍ (မီးငြိမ်းတာပါ ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတာနိဗ္ဗာန်

လောင်စာသိမ်း၍ မီးငြိမ်းတာကို (နိဗ္ဗာန်လို့ခေါ်ပါတယ် ဘုရား)။ ဒါဖြင့် လူခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာက လောင်စာနဲ့မီးတွဲလျက်ချည်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ လူခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာတွေကတော့ဖြင့် (လောင်စာနဲ့မီး တွဲလျက်ချည်းပါ ဘုရား)။

နိဗ္ဗာန်ဆိုတာ ကတော့ ဘာပါလိမ့် ဒကာ ဒကာမတို့ (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား)-လောင်စာသိမ်း၍မီးငြိမ်းတာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့)။

ဝိပဿနာအလုပ်လုပ်တဲ့အခါ

ဒါဖြင့် ဒီဒကာ ဒကာမတွေ ဝိပဿနာ အလုပ်လုပ်တဲ့အခါကျတော့ လောင်စာနဲ့ မီးပျောက်မယ် (ပျောက်ပါ တယ် ဘုရား)။

ဝိပဿနာ အလုပ်လုပ်ရင် လောင်စာနဲ့မီး (ပျောက်ပါတယ် ဘုရား)။

ဒါဖြင့် လောင်စာနဲ့မီး ပျောက်တော့ ခင်ဗျားအိမ် မီးငြိမ်းတော့ကို ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါ၊ မီး လောင်လို့ မီးငြိမ်းတဲ့အခါကျတော့ လောင်စာတွေကို တစ်ခါတည်း တုတ်တွေနဲ့ဆွဲ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး မီးနဲ့လွတ် အောင်လို့ (မှန်ပါ့ ဘုရား)။

လောင်စာတွေကို ဘာဖြစ်လို့ တုတ်တွေနဲ့ ဆွဲရတာတုံး (မီးနဲ့ လွတ်အောင်လို့ပါ)၊ သဘောကျပလား (ကျပါ ပြီ)။

ဒါဖြင့် လောင်စာလည်း သိမ်းမှ မီးငြိမ်းတော့မယ် (မှန်ပါ့)၊ လောင်စာမသိမ်းရင် (မီးမငြိမ်းပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာ ခန္ဓာက လောင်စာ၊ ကိလေသာက မီး (မှန်ပါ့)။

ခန္ဓာက (လောင်စာပါ ဘုရား)၊ ကိလေသာက (မီးပါ ဘုရား)။

ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတဲ့သဘောကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။

ဪ နိဗ္ဗာန်ဆိုတာ လောင်စာသိမ်း၍ မီးငြိမ်းတာသက်သက် (မှန်ပါ့)၊ ရှိ မရှိ (ရှိပါတယ် ဘုရား)။

ရှိတယ်လို့သိသဖြင့် ဥစ္ဆေဒဒိဋ္ဌိ လွတ်သွားပြီ (လွတ်သွားပါပြီ ဘုရား)။

နိဗ္ဗာန်ဟာ ရှိတယ်လို့ သိသဖြင့် (ဥစ္ဆေဒဒိဋ္ဌိ လွတ်သွားပါပြီ ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတာကို အမှန်သိသဖြင့် အဝိဇ္ဇာလည်း ချုပ်သွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာချုပ်တာ

အဝိဇ္ဇာချုပ်တာ မချုပ်တာဟာ ဘယ်ခန္ဓာမှ မလိုချင်ဘူးဆိုတာ အဝိဇ္ဇာချုပ်တာ (မှန်ပါ့ ဘုရား)၊ အသိနဲ့ချုပ် တာ (မှန်ပါ့)၊ အကျင့်နဲ့ချုပ်တာ မဟုတ်သေးပါဘူး (မှန်ပါ့)။

အသိနဲ့တော့ ဘယ့်နှယ်တုံး (ချုပ်သွားပါတယ် ဘုရား)၊ ဒါဖြင့် ဆရာဘုန်းကြီး ပြောခဲ့တဲ့အတိုင်း မသိလို့ နိဗ္ဗာန်မကြိုက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး (မှန်ပါ့)၊ သာမည သိတော့ ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားတာက (တစ်မျိုးပါ ဘုရား)။

ဤနှစ်မျိုးတို့မှ ယနေ့ ဒကာ ဒကာမတို့ လွတ်ပါပြီ (မှန်ပါ့ ဘုရား)၊ ဒီနှစ်ခု ကွဲလိုက်တာနဲ့ လွတ်သွားတယ် (မှန်ပါ့ ဘုရား)၊ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား)၊ လောင်စာက ခန္ဓာငါးပါး (မှန်ပါ့)၊ အထဲ,ထဲ အောင်းနေတဲ့ အနုသယ ကိလေသာတွေက (မီးပါ ဘုရား)၊ မီးပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အင်း ဒီနှစ်ခုဟာ နှစ်ခုစလုံးပဲ ဒကာ ဒကာမတွေ ငြိမ်းအေးသွားတယ် (မှန်ပါ့)၊ ထင်းကလည်း မရှိ မီး ကလည်းသေ (မှန်ပါ့)၊ ဘာကျန်သေးသတုံး (ဘာမှမကျန်ပါ ဘုရား)။

ဘာမှမကျန်တော့ ဒီကနေ ဘေးကနေ ရပ်ကြည့်တဲ့ပုဂ္ဂိုလ်က ဪ လောင်စာသိမ်း၍ မီးငြိမ်းတဲ့အဖြစ် မျိုးဟာဖြင့် အကောင်းဆုံးပဲ (မှန်လှပါ ဘုရား)၊ နိဗ္ဗာန်ကိုသိပြီ (မှန်လှပါ ဘုရား)၊ စ,ပြီး မှန်းဆသိပြီ (မှန်ပါ့)။

ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ ဘာပါလိမ့် (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား)။

အဲ မှန်းဆသိပြီဆိုတဲ့ဥစ္စာကိုဖြင့် ဒီလိုသိလိုက်သဖြင့် ဥစ္ဆေဒဒိဋ္ဌိလွတ်တယ် (မှန်ပါ့ဝ။

ရှိမှန်း တကယ်သိသွားပြီ (မှန်ပါ့)၊ ဘာဒိဋ္ဌိလွတ်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ လွတ်သွားပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိလွတ်သွားပြီး သကာလ တဲ့ နိဗ္ဗာန်ကို ကျုပ်တို့ ဘယ်လိုရယ်လို့တော့ဖြင့် မသိပါဘူး၊ ပြောသံကြား ကြိုက်ရတာပဲဆိုတာ အခု ပြောသံကြား ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ပြောသံကြားမဟုတ်ရင် ခန္ဓာသိမ်း၍ မီးငြိမ်းတာဟာ နိဗ္ဗာန်ပဲဆိုတာ ယနေ့ ဒကာ ဒကာမတွေ တော်တော် ကျေကျေနပ်နပ် သဘောကျသွားပြီ (ကျသွားပါပြီ)၊ မကျဘူးလား (ကျပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ကို သိပလား၊ မသိသေးဘူးလား (သိပါပြီ ဘုရား)၊ ရှိတာကော မရှိတာကော ဘယ်လိုသေချာ သတုံး (ရှိပါတယ် ဘုရား)၊ သိလည်းသိပြီ ရှိလည်းရှိပြီ (မှန်ပါ့)။

သိလည်းသိသောကြောင့် အဝိဇ္ဇာသေပါပြီ (မှန်ပါ့)၊ ရှိလည်းရှိတယ်ဆိုတာ ယုံကြည်သောကြောင့် ဥစ္ဆေဒဒိဋ္ဌိ လွတ်ပြီ (လွတ်ပါပြီ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိလွတ်တယ်

ရှိလည်းရှိတာ သိသောကြောင့် အဝိဇ္ဇာလည်း ချုပ်သွားပြီ (မှန်ပါ့)၊ အမြစ်တော့ မပြတ်သေးဘူးပေါ့ဗျာ (မှန် ပါ့)၊ သို့သော် အသိနဲ့ချုပ်တယ် (မှန်ပါ့)၊ ရှိလည်းရှိတယ်ဆိုတာ သိသဖြင့် ဘယ်ဒိဋ္ဌိလွတ်သလဲ (ဥစ္ဆေဒဒိဋ္ဌိလွတ်ပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိလွတ်တယ်ဆိုတော့ ဪ နိဗ္ဗာန်မသိရင် အဝိဇ္ဇာရှိ၊ ဥစ္ဆေဒဒိဋ္ဌိ ရှိပါလား (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သိရှိပြီးမှ အားထုတ်ရမယ် (မှန်ပါ့ ဘုရား)၊ သိပြီး ရှိပြီးဖြစ်မှ (အားထုတ်ရပါမယ် ဘုရား)။

ဒီအတိုင်း အားထုတ်တဲ့လူကတော့ဖြင့် မရချင်ရချင် လမ်းသွားနေတာနဲ့ တူတယ် (မှန်ပါ့)၊ ပြောသံကြားနဲ့ လမ်းသွားနေတာနဲ့ကော (တူပါတယ် ဘုရား)၊ ဒါဖြင့် ခြေလှမ်းသွက် မသွက် (မသွက်ပါ ဘုရား)။

ဉာဏ်ခြေလှမ်း သွက်ပါ့မလား (မသွက်ပါ ဘုရား)၊ အခု ဒီနေ့ပြောလိုက်တော့ဖြင့် ဉာဏ်ခြေလှမ်း ဘယ်နှယ် နေသတုံး (သွက်ပါတယ် ဘုရား)။

အင်း ဒီခန္ဓာကြီးနဲ့ ဒီမီးတော့ တော်ပြီ-တော်ပြီ သိမ်းမှတော်မယ် (မှန်လှပါ ဘုရား)၊ မလာဘူးလာ လာမလား (လာပါမယ် ဘုရား)။

ဒီခန္ဓာနဲ့ ဒီမီးဖြင့် (သိမ်းမှတော်ပါမယ် ဘုရား)၊ အခု ကိုယ့်မှာလောင်ထားတာ ဆံပင်တွေလည်း ဖြူပြီ, သွား တွေလည်း ကျွတ်ပြီဆိုတာ ဇာတိ ဇရာ မရဏ လောင်ထားတာ (မှန်လှပါ ဘုရား)၊ ဒီအထဲ ကိလေသာမီး ရောပြီး လောင်လိုက်တယ် (မှန်ပါ့)။

အဲ ကိလေသာက ဆယ်ပါး၊ ဇာတိ ဇရာ မရဏတွေနဲ့ ပေါင်းလိုက်တဲ့အခါကျတော့ ဆယ့်တစ်မီးဆိုတာ ပေါ် လာကြပလား (ပေါ်လာပါပြီ)၊ လောင်စာက ငါးခု၊ မီးက ဆယ့်တစ်မီးဆိုတော့ ထင်းနဲ့မီး ဘယ်ဟာက များနေသတုံး (မီးက များနေပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဆီကြော်တာတောင် မီးများရင် ဆီပါ ထ,တောက်မှာစိုးလို့ ခင်ဗျားတို့ လျှော့ရသေးတယ် (လျှော့ရပါတယ်)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မီးကများနေတယ်

ဒီမှာ မီးကများနေတယ် (မှန်ပါ့)၊ ဒီမီးကို ခင်ဗျားတို့ သား, လင်, ခင်ပွန်းနဲ့ စီးပွားကလေး အကြောင်းညီညွတ် လို့ ပြုံးနေတာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပြုံးတာမဟုတ်ပါဘူး မဲ့တာပါ (မှန်ပါ့)။

ပြုံးတာ မဟုတ်ပါဘူး မဲ့တာဆိုတော့ ဒကာ ဒကာမတွေက ဓာတ်ပုံထဲကြည့်တော့ ပြုံးတယ်လို့ပဲ ခင်ဗျားတို့က ထင်တယ် တဲ့ စင်စစ်တော့ မဲ့တာပါ (မှန်ပါ့ ဘုရား)။

ဘာမဲ့တာတုံး မေးတဲ့အခါကျတော့ ဒီမှာ ဒကာကြွယ် အအေးမီးလောင်တာကို သူလောင်မှန်းမသိလို့ ပြုံးတာ ကိုး (မှန်ပါ့)၊ ပြုံးတော့ သူအရူးလား အကောင်းလား (အရူးပါ ဘုရား)။

အရူးဆိုတော့ ဘေးကကြည့်နေတဲ့ပုဂ္ဂိုလ်က သူပြုံးတာဟာ မဲ့တာ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

သူက ဘာပါလိမ့် (ပြုံးတာပါ ဘုရား)၊ သူက အရေးကိုးဗျ (မှန်ပါ့)၊ အရူးပြုံး,ပြုံးတာကျတော့ ဘေးကလူတွေက ဪ စိတ်က မနှံ့ရှာဘူးဆိုတော့ ဘေးက လူတွေကတော့ဖြင့် သူပြုံးတာဟာ သူ့အတွက်ဖြင့် ကျုပ်ဆင်းရဲတယ် (မှန် ပါ့)၊ ဒါဖြင့် ကြည့်လုပ်ကြပါဦး ဒီဥစ္စာ မပြုံးထိုက်တာကြီး ပြုံးနေတယ်ဆိုတော့ ဘေးကလူအမြင်နဲ့တော့ သူမဲ့နေတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒကာကြွယ်တို့ ပြုံးတာ ဘယ့်နှယ်ဆိုပါ့မယ် (မဲ့တာပါ ဘုရား)၊ ဘာပြုံး-ပြုံးနေသတုံး (အရူးပြုံး ပြုံး နေပါတယ်)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လောင်စာနဲ့မီး တွဲနေတဲ့အချိန်မှာ ပြုံးစရာလား မဲ့စရာလား (မဲ့စရာပါ ဘုရား)။

အဲဒီမှာ ခင်ဗျားတို့က ပြုံးနေတော့ ဪ မဲ့ရမည့်အချိန် ပြုံးနေတယ်ဆိုတော့ ဘေးကနေကြည့်တော့ အရိယာမျက်လုံး တပ်ကြည့်လိုက်တဲ့အခါကျတော့ သူပြုံးတာ မဟုတ်ဘူး၊ မဲ့တာဆိုတာ ပေါ်လာပါတယ် (ပေါ်လာပါ တယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ ရှိသလား မရှိဘူးလား (ရှိပါတယ်)၊ လောင်စာသိမ်း၍ မီး ငြိမ်းတဲ့အဖြစ်ဟာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။

အဝိဇ္ဇာချုပ်၊ ဒိဋ္ဌိပြုတ်

ဒီနိဗ္ဗာန်သည် ရှိတယ်လို့ သိသဖြင့် ဘယ်ဒိဋ္ဌိ လွတ်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိလွတ်သွားပါတယ် ဘုရား)။

ဪ နိဗ္ဗာန်သည်ကားလို့ဆိုရင် နဂိုက မသိသွား၊ အခုတော့ဖြင့် လောင်စာသိမ်း မီးငြိမ်းတဲ့သဘောဟာ နိဗ္ဗာန်ပဲလို့ သိသွားသဖြင့် အဝိဇ္ဇာလည်း ချုပ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာချုပ်၊ ဒိဋ္ဌိပြုတ်၊ ဒီတရားမှာလေ (မှန်ပါ့)၊ အဝိဇ္ဇာချုပ် ဒိဋ္ဌိပြုတ်တဲ့နေ့ဆိုရင် လွဲပါ့မလား (မလွဲ ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

နောက်မှ ဥပမာ ဥပမေယျနဲ့တကွ ပုဏ္ဏားမေးတာတွေကော ဘုရား ဖြေတာတွေကော ဒကာ ဒကာမတို့ နိဗ္ဗာန် ဒီ့ထက်ပိုရှင်းတာ လာလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။

အဲ နက်ဖြန်မှ နာကြပေတော့။

သာဓု သာဓု သာဓု။