ကံပြတ်တရား (၂)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
ကံပြတ်တရား (၂)
နေ့အလုပ်ပေး-တရားတော်
(၁၅-၈-၆၁)
ကံဘယ်နှစ်မျိုး ရှိပါလိမ့်
သတ္တဝါတွေဟာလဲ ငရဲမှာ သွားဖြစ်တယ်ဆိုတာလဲ ကံကြောင့်ပဲဆိုတာ သိကြမှာပဲ (မှန်ပါ့) နတ်ရွာသုဂတိ အောက် ဗြဟ္မာ့ပြည်တွေ သွားဖြစ်တာလဲ ကံကြောင့်လို့ သိကြမှာပဲ (မှန်ပါ့)။
ခုနင်ပြောခဲ့တဲ့ တိရစ္ဆာန်ဖြစ်ငြားသော်လဲ နန်းတော်ထဲ ဘာထဲမှာ နေရတဲ့ စားရတဲ့ သောက်ရတဲ့ ရှင်ဘုရင် အသုံးအဆောင်ဖြစ်တဲ့ တိရစ္ဆာန်ဆိုတာလဲ ဪ- သူကလဲ ကံတစ်မျိုးပဲလို့ မှတ်ရမယ် (မှန်ပါ့) နိဗ္ဗာန်သွားရတဲ့ ပုဂ္ဂိုလ်တွေကလဲ ဪ-သူလဲ ကံတစ်မျိုးပဲလို့ မှတ်ရမယ် (မှန်ပါ့) ကံဘယ်နှစ်မျိုး ရှိပါလိမ့် (လေးမျိုးပါ ဘုရား)။
ဒကာကြွယ် ဒီဟာ အရေးကြီးတယ်နော် (ကြီးပါတယ် ဘုရား) ကံလေးမျိုးကို ဒကာ ဒကာမတွေ ခွဲခြားပြီး သကာလ မှတ်ကြစမ်းပါ (မှန်ပါ့) ဘာဖြစ်ဖြစ် ကံချည်းပဲလို့ဆိုတာကိုလဲ ကံကို ဖြတ်တာလဲရှိတယ်၊ ကံက အကျိုးပေး တာလဲ ရှိတယ်လို့ဆိုတာ နှစ်မျိုးမှတ်ထားရမယ် (မှန်ပါ့)။
ကံဖြတ်တာလဲ ရှိတယ်နော် (မှန်ပါ့) ကံက အကျိုးပေးတာလဲ (ရှိပါတယ် ဘုရား) ၎င်းအကျိုးပေးကို ဖြတ်တာလဲ (ရှိပါတယ် ဘုရား)။
မဲနက်တဲ့ ကံဆိုတဲ့ဥစ္စာ
ဒါဖြင့် မဲနက်တဲ့ ကံဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ပါဏာတိပါတ=သူ့အသက် သတ်တဲ့ကံပဲ၊ အဒိန္နာဒါန=သူ့ဥစ္စာ ခိုးတဲ့ကံ၊ ကာမေသုမိစ္ဆာစာရ=သူ့သားမယား သွားလာလွန်ကျူးမှုရှိတဲ့ကံပေါ့ဗျာ (မှန်လှပါ) ကာယကံ သုံးပါး (မှန်ပါ့)။
ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရက ကိုယ်နဲ့ လွန်ကျူးသောကြောင့် ကာယကံသုံးပါးလို့ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့)။
ကောင်းပြီ၊ တစ်ခါ မုသာဝါဒဆိုတာ လိမ်လည်ကောက်ကျစ်တာ၊ ပိသုဏဝါစာဆိုတာ ချောပစ်ကုန်းတိုက်တာ၊ ဖရုသဝါစာဆိုတာ ဒေါမနဿနဲ့ ပြောမိတာနော် (မှန်ပါ့ ဘုရား) သမ္ဖပ္ပလာပ ဆိုတော့ သဘင်သည်တွေပြောတဲ့ အပြောမျိုး၊ (မှန်ပါ့) ကိုယ့်ဟာကိုယ် ရယ်မောချင်လို့ ပြောချင်လို့ပြောတဲ့ အပြောမျိုးဆိုတော့ ဒါကလဲ ဝစီကံက ဘယ်နှစ်ပါးပါလိမ့် (လေးပါးပါ ဘုရား)။
ကောင်းပြီ၊ ဒါတွေလဲ အကုသိုလ်ကံတွေလို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့) ဒါဖြင့် ကာယကံသုံးပါး၊ ဝစီကံက လေးပါး (မှန်ပါ့)။
မနောကံက သုံးပါး (မှန်ပါ့ ဘုရား) သူ့စည်းစိမ် ရှေ့ရှုပြီး သကာလ သူ့စည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်ချင်လို့ ကြံလုံး, ဖန်လုံး စေတနာဟာလဲ-တဲ့၊ မနောကံပဲ (မှန်ပါ့) လူတော့ မသိရဘူးပေါ့ဗျာ၊ ဝမ်းထဲက ပြစ်မှားနေတယ် (မှန်ပါ့)။
ဗျာပါဒ-တဲ့၊ ဝမ်းထဲက မကျေမချမ်းဖြစ်နေတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီ ဗျာပါဒဆိုတာလဲ ဒကာ ဒကာမတို့ မနောကံပဲ (မှန်ပါ့)။
မိစ္ဆာဒိဋ္ဌိဆိုတာ လှူတာလဲ ဘာမှကျေးဇူးမရှိဘူး၊ အမေလဲ မရှိဘူး၊ အဖေလဲ မရှိဘူး၊ ကောင်းတာလုပ် ကောင်း ကျိုး မရှိဘူး၊ မကောင်းတာလုပ် မကောင်းကျိုးမရှိဘူး အစရှိသည်နဲ့ ယူတဲ့အယူကတော့ မိစ္ဆာဒိဋ္ဌိ (မှန်ပါ့)။
ဒါဖြင့် အဘိဇ္ဈာဗျာပါဒ မိစ္ဆာဒိဋ္ဌိက မနောကံသုံးပါး၊ (မှန်ပါ့ ဘုရား)။
ပေါင်းလိုက်တော့ ကာယကံသုံးပါ၊ ဝစီကံလေးပါး၊ မနောကံသုံးပါး ဆိုတော့ ဆယ်ပါး (မှန်ပါ့) အဲဒါဟာ အကုယလ သမ္မပထတရား ဆယ်ပါး (မှန်ပါ့)။
ဒီကံတွေ လုပ်လို့ရှိရင်ဖြင့် ဒီဆယ်ပါးက မဲနက်တဲ့ကံ ဖြစ်လေသောကြောင့် ဒကာသစ်ရေ-မဲနက်တဲ့ အကျိုး ပေးရမယ် (မှန်ပါ့ ဘုရား)။
မဲနက်တဲ့ကံကြောင့် မဲနက်တဲ့ အကျိုးပေး
သူက ဘယ့်နှယ် ဆိုရမလဲ (မဲနက်တဲ့ ကံဖြစ်လေသောကြောင့် မဲနက်တဲ့ အကျိုးပေးရပါမယ် ဘုရား)။
မဲနက်တဲ့ ကံဖြစ်နေလို့ ဒကာ ဒကာမတို့ မဲနက်တဲ့အကျိုး ပေးရမယ်၊ မကောင်းတာကြောင့် မကောင်းကျိုး ပေါ့ဗျာ၊ (မှန်ပါ့)။
စာလိုသုံးတော့ မဲနက်တဲ့ကံကြောင့် မဲနက်တဲ့ အကျိုးပေး ပေးရမယ်လို့ သေနိယတို့ ပုဏ္ဏတို့ကို ဟောတာ ယနေ့ သရုပ်ပေါ်လာတယ်လို့ အောက်မေ့ပါ၊ (မှန်ပါ့) ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ဒီကံဆယ်ပါးကိုပဲ အကုသလကမ္မပထတရား ဆယ်ပါးလို့ မှတ်ကြ အကုသလက အကုသိုလ်၊ ကမ္မပထ-က ကံဖြစ်ကြောင်း အကုသိုလ်ကံဖြစ်ကြောင်း ဆယ်ခုပေါ့ဗျာ (မှန်ပါ့)။
ကုသလကမ္မပထတရား ဆယ်ပါး
ဒါကို ပြောင်းပြန်လှည့်လိုက်ပါတဲ့-ပါဏာတိပါတ ကြဉ်ရှောင်၊ အဒိန္နာဒါန ကြဉ်ရှောင်၊ ကာမေသုမိစ္ဆာစာရ ကြဉ်ရှောင်ဆိုတော့ ကုသိုလ်ဘက်က ကာယကံသုံးပါး (မှန်ပါ့) မုသာဝါဒ-ပိသုဏဝါစာ-ဖရုသဝါစာ-သမ္ဖပ္ပလာပ ကြဉ်ရှောင်ပြန်တော့လဲ ဒကာသစ်ရေ ဝစီကုသိုလ်ကံက လေးပါး၊ (မှန်ပါ့) အနိဘိဇ္ဈာ=သူ့စည်းစိမ် မကြံတဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ၊ (မှန်ပါ့) အဗျာပါဒ=သူတစ်ပါးကို ဒေါသနဲ့ နှိမ်နင်းဖို့ရာ စိတ်ကူးမထည့်တဲ့ ပုဂ္ဂိုလ်မျိုး (မှန်ပါ့) လှူရင် လှူတဲ့အကျိုး ရှိတယ်၊ အမေ မိဘရှိတယ်၊ ကောင်းကျိုးရှိတယ်လို့ ယူတဲ့ သမ္မာဒိဋ္ဌိက တစ်မျိုးပေါ့ဗျာ (မှန်ပါ့)။
ကောင်းပြီ-ဒါက မဂ္ဂသမ္မာဒိဋ္ဌိလားလို့ မေးတော့ မဟုတ်သေးဘူးတဲ့ (မှန်ပါ့ ဘုရား) ဒါ-မဂ်နဲ့မဆိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါကလေးလဲ ဒကာကြွယ်-ဒကာသစ်တို့ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါဦး (မှန်ပါ့)။ ကောင်းတာလုပ် ကောင်းကျိုးပေးတယ် အမေရှိတယ်၊ အဖေရှိတယ်၊ ဒီလိုယူတဲ့ဥစ္စာ သမ္မာဒိဋ္ဌိတော့ဖြစ်ပါရဲ့ ကုသလကမ္မ ပထသမ္မာဒိဋ္ဌိတော့ ဒကာသစ် ဖြစ်ပါရဲ့တဲ့ မဂ်နဲ့မဆိုင်ဘူး (မှန်ပါ့) မဂ်ကုသိုလ်ထဲ သွားမရောပါနဲ့ (မှန်ပါ့)။
ဒါဖြင့် အခုပြောတာက ဖြူတဲ့ကံကို ဖြူတဲ့အကျိုး ပေးရမယ်-တဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီဟာ ကုသလကမ္မပထတရား ဆယ်ပါး (မှန်ပါ့) ခုနင်က ပြောတဲ့ကံကတော့ အကုသလ ကမ္မထတရား ဆယ်ပါး (မှန်ပါ့)။
ဒါဖြင့် ဘယ်နှစ်ခုရှိသွားပလဲ (နှစ်ခုပါ ဘုရား) မဲတဲ့ကံ မဲတဲ့ အကျိုးပေးတာက ဆယ်ခု၊ (မှန်ပါ့) ဖြူတဲ့ကံ၊ (ဖြူတဲ့အကျိုးပေးတာက ဆယ်ခုပါ ဘုရား)။
အမဲအဖြူ ရောတဲ့ကံဆိုတော့
ကောင်းပြီ-ဒါဖြင့် အမဲအဖြူ ရောတဲ့ကံဆိုတော့ ဒီနှစ်ခု ရောနှောပြီး လုပ်လေ့ရှိတယ် (မှန်ပါ့) အကုသိုလ်လဲ ပါရဲ့ ကုသိုလ်လဲပါရဲ့ သူလုပ်တဲ့ အလှူဟာလေ (မှန်ပါ့)။
အဲဒီလိုရောပြီးလုပ်တဲ့ ကံမျိုးကတော့ အမဲအဖြူ ရောတဲ့ကံမို့ အမဲအဖြူ အကျိုးပေးရတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။
သူကတော့ အမဲအဖြူရောလို့ ဘာတုန်း (အမဲအဖြူအကျိုးပေးရပါမယ် ဘုရား) အမဲအဖြူ အကျိုးပေးရမယ်လို့ ဘုရားက ဟောလိုက်တယ်နော် (မှန်ပါ့)။
ဒါ ခွေးလိုအကျင့်-နွားလိုအကျင့် ကျင့်တဲ့ သေနိယတို့ ပုဏ္ဏတို့ကို ဟောတယ်လို့ ဦးဘအုန်းလဲမှတ်ထားရဦး (မှန်ပါ့)။
အမဲအဖြူ မရောတဲ့ ကံဆိုတော့ ဒီဆယ်ပါးကော ပါသေးရဲ့လား (မပါပါ ဘုရား) ဒီအဖြူကံ ကုသလကမ္မပထ တရားဆယ်ပါးကော (မပါပါ ဘုရား)။
အဲဒါကတော့ ဒကာ ဒကာမတို့ အမဲအဖြူ မရောတဲ့ ကံကတော့ကိုတဲ့ မဂ္ဂင်ရှစ်ပါးကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန် အကျိုးပေးတယ် (မှန်ပါ့ ဘုရား)။
မဂ္ဂင်ရှစ်ပါးကြောင့် နိဗ္ဗာန်အကျိုးပေး
မဂ္ဂင်ရှစ်ပါးကြောင့် (နိဗ္ဗာန်အကျိုးပေးပါတယ် ဘုရား) ဪ သူက တစ်မျိုးပါလား (မှန်ပါ့)။
ဒကာကြွယ် ဒီဥစ္စာ အရင်သုတ်ကို ဟောငြားသော်တဲ့ နားရင့်ပြီးလာတော့ ဒကာသစ်,ရေ ကံတွေကို ဆွဲပြီး သကာလ အခု ကျုပ်တို့ ဒကာ ဒကာမတွေ သိထားနှင့်ရမယ် (မှန်ပါ့)။
ဒီနေ့တရားသည် ဒကာ ဒကာမတို့ အင်မတန် အရေးကြီးပြီဆိုတာ မှတ်ကြစမ်းပါ၊ (မှန်ပါ့) အကုသလ ကမ္မပထ တရားဆယ်ပါးကြောင့်၊ အမဲကံကြောင့် အမဲအကျိုးပေးတယ် ပြောင်းပြန်လှည့်လိုက်၊ ပါဏာတိပါတ ကြဉ် ရှောင်ခြင်း၊ အဒိန္နာဒါန ကြဉ်ရှောင်ခြင်း အစရှိသော ကုသလကမ္မပထ တရားဆယ်ပါးကြောင့် အဖြူကံကြောင့် အဖြူအကျိုးပေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒီနှစ်ခု ရောပြီးလုပ်တဲ့ကံကြောင့် အမဲ အဖြူ ရောတဲ့ကံကြောင့် ဘာအကျိုးပေးသတုန်း (အမဲအဖြူရောတဲ့ အကျိုးပေးပါတယ် ဘုရား)။
ဒီမဂ္ဂင်ရှစ်ပါးကတော့ အမဲလဲမရောဘူး (မရောပါ ဘုရား) အဖြူဆိုတဲ့ နတ်ရွာသုဂတိ ရောက်ကြောင်းလဲ မဟုတ်ဘူး (မဟုတ်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် အမဲ အဖြူမရောတဲ့ ကံကြောင့် နိဗ္ဗာန် အကျိုးပေးတယ် (မှန်လှပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးလေးစားစားမှတ်ပါလို့ ဆိုတဲ့ နေရာမှာဖြင့် လေးလေးစားစားပဲ ဒကာ ဒကာမတွေက မှတ်ပါ၊ ကိုယ့်အကျိုးထားပြီးတော့ နော်၊ (မှန်ပါ့) ဘာကြောင့်တုန်းဆိုတော့ ဒီကံတွေက ဒကာကြွယ်တို့ ဦးလှဘူးတို့ သိခဲတယ် (သိခဲပါတယ် ဘုရား)။
သိခဲတဲ့ ကံတွေဖြစ်ပြီး သကာလနေတော့ ဪ ကံကို ကုသိုလ်ကံနဲ့ အကုသိုလ်ကံပဲ ဒကာ ဒကာမတွေက သိတယ်၊ (မှန်ပါ့) ရောနှောတဲ့ကံကိုလဲ မသိဘူး၊ ကုသိုလ်ကံ အကုသိုလ်ကံ ဖြတ်တဲ့ မဂ္ဂင်ကိုလဲ မသိဘူး (မသိပါ ဘုရား)။
ကံလို့ ဟောထားတယ် တဲ့၊ မကင်းလို့ ဟောထားတာ စေတနာနဲ့ မဂ္ဂင်ရှစ်ပါးနဲ့ဟာ ဖြစ်ဖော်ဖြစ်ဖက် မို့သာ ရောပြီးဟောရခြင်း ဖြစ်ပါတယ်။ စင်စစ် မဂ္ဂင်ရှစ်ပါးက ပြဋ္ဌာန်းတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အမဲကံကို လွန်ကျူးကြမယ်ဆိုရင်
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဟောဒီအမဲကံကို လွန်ကျူးကြမယ်ဆိုရင် အပါယ်လေးပါး အကျိုးပေးမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အမဲကံကျူးလွန်ကြရင် (အပါယ်လေးပါး အကျိုးပေးမယ် ဘုရား)။
အဖြူကံတွေ လုပ်ကြမယ်ဆိုတော့ သုဂတိ အကျိုးပေးမယ်။ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဖြူကံလုပ်ရင် (သုဂတိ အကျိုးပေးပါမယ် ဘုရား) အဲ-ကုသလကမ္မပထတရား ဆယ်ပါးကြောင့် ဒကာကြွယ်ရေ နတ်ရွာသုဂတိ အကျိုးပေးမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အမဲနဲ့ အဖြူ ရောလုပ်နေကြတာလဲ ဒကာ ဒကာမတွေ အလှူအတန်း ပေးကမ်းတဲ့အထဲမှာ ဆိုင်းတွေ ဝိုင်းတွေ အမျိုးမျိုးပေါ့ဗျာ၊ (မှန်ပါ့) အမဲအဖြူ ရောတာတွေကော မရှိဘူးလား (ရှိပါတယ်၊ အဲ့ဒီ အမဲအဖြူ ရောတဲ့ကံကြောင့်တော့ အမဲအဖြူပဲ အကျိုးပေးရတယ် (မှန်ပါ့ ဘုရား)။
ခုနင်က ပြောခဲ့တဲ့ ရွှေနဂါးကြီးတွေဖြစ်ရမယ်၊ ဆင်ဖြူတော်ကြီးတွေ ဖြစ်ရမယ် (မှန်ပါ့) ဆင်ပေမယ့် သူမတူဘဲကိုး (မှန်ပါ့) နေ့စံ ညခံဆိုတဲ့ ဝေမာနိက ပြိတ္တာကြီးတွေကော (ဖြစ်ရပါတယ် ဘုရား)။
နေ့လယ်ကျတော့ ဟိုမှာ သူတို့စံရတယ်၊ နတ်နန်းနတ်ဘုံနဲ့ ပါပဲ၊ ညကျတော့ ငရဲခံရတယ်ဆိုတာ သူဘာတုန်း လို့ မေးလို့ရှိရင် ဒကာသစ် ဘယ်ကံလုပ်ပါလိမ့်ဗျာ (အမဲအဖြူရောတဲ့ကံ လုပ်ပါတယ်)။ သူဘယ်လို အကျိုးပေးပါလိမ့် (အမဲအဖြူရောတဲ့အကျိုး ပေးပါတယ် ဘုရား)။
အမဲအဖြူရောတဲ့ အကျိုးကိုပေးတယ်ဆိုတာက ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။
မဂ္ဂင်ရှစ်ပါးကတော့
ဒီမဂ္ဂင်ရှစ်ပါးနဲ့ ဖြစ်ပျက်အလုပ်ကို လုပ်ပြီး ဖြစ်ပျက်အဆုံးမြင်တဲ့ မဂ္ဂင်ရှစ်ပါးကတော့ ဒကာသစ်ရေ အမဲ အဖြူရောသေးသလား (မရောပါ) နတ်ရွာသုဂတိ ရောက်ဖို့လဲ မဟုတ်ပါဘူး (မဟုတ်ပါ) ဒါကြောင့် အဖြူလဲမရောဘူး (မှန်ပါ့) အပါယ်လေးပါး တံခါးကိုလဲ ပိတ်စေတတ်တဲ့ တရားဖြစ်လေသောကြောင့် အမဲကော သူ့အထဲရောသေး သလား (မရောပါ ဘုရား)။
အင်း ဒီကံက မဂ္ဂင်ရှစ်ပါးနဲ့ တွဲနေတဲ့စေတနာ၊ ကံကတော့ ဒကာအုန်းတို့ ဒကာသစ်တို့ ဘယ့်နှယ်ဆိုကြမလဲ (အမဲ အဖြူမရောတဲ့ ကံပါ ဘုရား)။
အမဲအဖြူ မရောတဲ့ကံမို့ အမဲအဖြူ မရောတဲ့နိဗ္ဗာန်ပဲ အကျိုးပေးမယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နှစ်ခေါက်ရှိသွားပြီ ဒကာ ဒကာမတို့ ဒီကံဟာ အရေးကြီးလို့ ဒကာအုန်း အရေးကြီးတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ကိုင်း-ဒါဖြင့် ပါဏာတိပါတ လွန်ကျူး အဒိန္နာဒါန လွန်ကျူးတဲ့ ပုဂ္ဂိုလ်များကတော့ အမဲကံ လုပ်လို့ဘာတဲ့၊ (အမဲအကျိုးပေးပါတယ်) သူကတော့ အပါယ်လေးပါးပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါနတွေ သီလတွေ အမျိုးမျိုး အဖုံဖုံလုပ်ကြပြီးသကာလ နေကြပါတယ်တဲ့၊ ကုသလ ကမ္မပထ တရားတွေ ကောင်းတာလုပ် ကောင်းကျိုးပေးတယ် ဆိုပြီးသကာလ လုပ်ကြတာပဲတဲ့၊ လုပ်တော့ သူဖြူစင်ပါတယ်၊ (မှန်ပါ့) ဖြူစင် တော့ သူဖြူဖြူပဲ အကျိုးပေးရမယ်ဆိုတော့ နတ်ရွာသုဂတိ အကျိုးပေးလိုက်တယ် (မှန်ပ့ါ ဘုရား)။
အင်း-ကုသလကမ္မပထတရား ဆယ်ပါးက ဘယ်အကျိုးပေးပါလိမ့် (နတ်ရွာသုဂတိ အကျိုးပေးပါတယ် ဘုရား)။
ဒါဖြင့် အမဲအဖြူရောတဲ့ ကံကတော့ ဒီနှစ်ခုရောပြီး သကာလ လုပ်တဲ့ပုဂ္ဂိုလ်တွေကလဲ ရှိသေးပြန်တော့ နှစ်ခုရောပြီး အကျိုးပေးတော့ ခုနင်က မင်္ဂလာဆင်တော်တို့ပေါ့ဗျာ (မှန်ပါ့) မင်္ဂလာမြင်းတော်တို့ဆိုတဲ့ တိရစ္ဆာန်ပင် ဖြစ်ငြားသော်လဲ အစားကောင်း-အနေကောင်း၊ ဆင်တင်းကုပ် မြင်းတင်းကုပ်တွေနဲ့ နေရတာရှိသေးတယ် (ရှိပါတယ်) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီကံတွေကျတော့ ဒကာသစ်တို့က ဘယ်လိုဆုံးဖြတ်ချက်ချကြမယ်၊ (အမဲအဖြူ ရောတဲ့ကံကြောင့် အမဲအဖြူ အကျိုးပေးပါတယ်) အမဲအဖြူ ရောတဲ့ကံကြောင့် အမဲအဖြူရောတဲ့အကျိုး ပေးပါတယ် (မှန်ပါ့ ဘုရား)။
ကဲ-ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို သင်ပြပြီးသကာလ အနိစ္စဆိုတဲ့ ဥဒယဝယဆိုတဲ့ ဖြစ်မှုပျက်မှုကို ဒကာ ဒကာမတွေရှုကြ၊ ဒါမှသာလျှင် နေရာကျမယ်ဆိုတော့ မဂ္ဂင်ငါးပါးက မဂ္ဂင်ရှစ်ပါး ဖြစ်သွားရော၊ (မှန်ပါ့) အမဲ အဖြူ ရောသလား၊ (မရောပါ) သူက နတ်ရွာသုဂတိကော ရောက်ဖို့ ပါသေးလား (မပါပါ) အပါယ်ရောက်ဖို့ကော (မပါပါ ဘုရား)။
အပါယ်လေးပါး တံခါးကိုလဲ သူက ပိတ်စေတယ် (မှန်ပါ့) နတ်ရွာသုဂတိဆိုတဲ့ သစ္စာနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာခန္ဓာ ကြီးကိုလဲ ဖြတ်တောက်ပစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ သူက အမဲအဖြူရောတယ် ဆိုမလား-မရောဘူး ဆိုမလား မဂ္ဂင်ရှစ်ပါးဟာ (မရောပါ) မရောတော့ သူသည် နိဗ္ဗာန် အကျိုးပေးတယ် (မှန်ပါ့ ဘုရား)။
၁-၂-၃ ဆိုတဲ့ ကံတွေကို ၄ ကဖြတ်တယ်
ဒါဖြင့် ဘုရားက ဟောလိုက်တယ် သေနိယတို့ ပုဏ္ဏတို့၊ ကံဟာလေးမျိုးရှိတယ်ကွ (မှန်ပါ့) ကံဟာလေးမျိုးရှိတယ် ကွာလို့ ဟောလိုက်တယ် (မှန်ပါ့) သို့သော် ၁-၂-၃ ဆိုတဲ့ ကံတွေကို ၄ ကဖြတ်တယ်လို့ မှတ်လိုက် (မှန်ပါ့) ၁-၂-၃ ကံကို (၄-က ဖြတ်ပါတယ် ဘုရား)။
ဒါဖြင့် အမဲကံကိုလဲ ဖြတ်စေနိုင်တာ ၄-နံပါတ် (မှန်ပါ့) အဖြူကံကို ဖြတ်စေနိုင်တာလဲ၊ (၄-နံပါတ်ပါ ဘုရား) အမဲအဖြူရောတဲ့ကံကို ကို ဖြတ်စေနိုင်တာလဲ (၄-နံပါတ်ပါ ဘုရား)။
မဂ္ဂင်ရှစ်ပါးအလုပ်က ဘာတဲ့၊ (ကံဖြတ်တရားပါ ဘုရား) ဪ-ကံဖြတ်တရားဆိုတော့ တပည့်တော်တို့ ကံတွေ မရှိရင် ဘယ့်နှယ်လုပ်ရမှာတုန်းလို့ဆိုပြီး အယူလဲ မသည်းလိုက်ပါနဲ့၊ (မှန်ပါ့) အယူလဲ မသည်းလိုက်ပါနဲ့တဲ့၊ ကံမရှိလို့ရှိရင် တပည့်တော်တို့ဖြင့် ခက်ရချည့်ရဲ့လို့ ဒီလိုအယူမသည်းလိုက်ပါနဲ့တဲ့၊ ဒီကံတွေကြည့်၊ မဲတဲ့ကံကြောင့် မဲတဲ့အကျိုး ကိုလဲ သူက ဖြတ်လိုက်တာပဲ (မှန်ပါ့) ဖြူတဲ့ကံက ဖြူတဲ့နတ်ရွာ သုဂတိ အကျိုးပေးကော (ဖြတ်ပါတယ်) အောက် ဗြဟ္မာပြည် အကျိုးပေးကျအောင် ဖြတ်ချလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
အမဲအဖြူရောတဲ့ ခုနင်က လူများမှာ ဆင်းရဲချည်တစ်လှည့် ချမ်းသာချည်တစ်လှည့်လဲ ရှိသေးတာကိုဗျ၊ (မှန်ပါ့) အဲဒီ လူ့ပြည်ရောက်စေတတ်တဲ့ ကံမျိုး ခုနင်က ပြောခဲ့တဲ့ ဆင်တော်မင်္ဂလာ-မြင်းတော်မင်္ဂလာတွေဆိုတဲ့ နတ်နဂါးတွေ, နတ်မင်းကြီးတွေပေါ့ဗျာ (မှန်ပါ့) အဲဒါတွေကတော့ အမဲအဖြူ ရောတဲ့ကံကြောင့် အမဲအဖြူ ရောတဲ့အကျိုး ပေးနေကြတယ် (မှန်ပါ့ ဘုရား)။
ကဲ-ဒါဖြင့် စတုတ္ထမြောက်ဖြစ်တဲ့ ကံကတော့ ဘာတုန်းလို့မေးတော့ အမဲကံဖြတ်တာလဲ သူပဲ၊ (မှန်ပါ့) အဖြူကံ ဖြစ်တာလဲ (သူပါပဲ) အမဲအဖြူ ရောတဲ့ကံ ဖြတ်တာလဲ (သူပါပဲ ဘုရား)။
မဂ္ဂင်ရှစ်ပါးဆိုတဲ့ တရားကတော့ဖြင့်
ဒါဖြင့် သူကတော့ဖြင့် မဂ္ဂင်ရှစ်ပါးဆိုတဲ့ တရားကတော့ဖြင့် ဒကာ ဒကာမတို့ ကံသာဆိုရတယ်၊ ဖြစ်တတ်တဲ့ ကံပါလား (မှန်ပါ့) အမဲလဲ ဖြတ်လိုက်တယ်၊ (မှန်ပါ့) အဖြူကံကကော (ဖြတ်ပါတယ်) အမဲအဖြူ ရောတဲ့ကံကော (ဖြတ်ပါတယ်) ဒါဖြင့် သူကတော့ ကံဖြတ်ပြီး နိဗ္ဗာန်အရောက်ပို့တဲ့ တရား (မှန်ပါ့) ရှင်းပလား ရှင်းပါပြီ ဘုရား)။
ကဲ-ဒါဖြင့် ဒကာကြွယ်ရေ ကံလေးမျိုး ယနေ့ သေနိယတို့ ပုဏ္ဏတို့ကို မဇ္ဈိမပဏ္ဏာသ ပါဠိတော် ကုက္ကုရဝတိက သုတ်မှာ ဟောတဲ့ ကံလေးမျိုးကို ရှင်းသွားကြပြီ (ရှင်းပါပြီ ဘုရား)။
ခုနင်က ခွေးလိုကျင့်တဲ့ သေနိယနော်၊ နွားလိုကျင့်နေတဲ့ ပဏ္ဏ (မှန်ပါ့) သူတို့ကတော့ အမဲကံကြောင့် ဘာအကျိုး ပေးရသလဲ (အမဲအကျိုးပေးရပါတယ် ဘုရား)။
ဘုရားက မင်းကွာတဲ့ ဒီ ခွေးလိုကျင့်တဲ့ အကျင့်ဟာ ကောင်းတယ်လို့ မင်းဟာမင်း အယူရှိနေမယ်ဆိုလို့ရှိရင် နောက်ဘဝ ခွေးဖြစ်ရမယ် (မှန်ပါ့) ခွေးလိုကျင့်တဲ့ အကျင့်ကြောင့် မင်းသည် နတ်သော်လည်းကောင်း နတ်မှတစ်ပါး အခြားကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်သော်လည်းကောင်း ဖြစ်ရမယ်လို့ မင်း အယူရှိလို့ရှိရင် ငရဲနဲ့ တိရစ္ဆာန်သွားရဦးမယ်တဲ့ (မှန်ပါ့ ဘုရား) ဆိုတော့ မဲတဲ့ကံ မဲတဲ့အကျိုး ပေးမယ်လို့ ဟောလိုက်တယ် (မှန်ပါ့)။
ကုသလကမ္မပထတရား
ဖြူတဲ့ ကုသလကမ္မပထတရား ဆယ်ပါးဆိုတော့ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ အမိရိုသေ, အဖရိုသေ, အမိရှိတယ်, အဖရှိတယ်၊ “အတ္ထိ ဒန္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိသုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံဝိပါကော”ဆိုတဲ့အတိုင်း ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ် လောကကြီးမှာ နတ်ဗြဟ္မာရှိတယ် ဆိုတဲ့ ဒီအယူဟာ သမ္မာဒိဋ္ဌိတော့ ဟုတ်ပါရဲ့တဲ့ (မှန်ပါ့)။
သမ္မာဒိဋ္ဌိတော့ ဟုတ်ပါရဲ့တဲ့၊ (မှန်ပါ့) သမ္မာဒိဋ္ဌိတော့ သေသေချာချာဟုတ်တယ် (မှန်ပါ့ ဘုရား) သို့သော် ဒီသမ္မာဒိဋ္ဌိသည် ကမ္မဿကတ သမ္မာဒိဋ္ဌိ သွားဖြစ်နေတယ် (မှန်ပါ့ ဘုရား) သမ္မဿကတ သမ္မာဒိဋ္ဌိဖြစ်တဲ့အတွက် အတ္တဒိဋ္ဌိ မပြုတ်ဘူး (မှန်ပါ့ ဘုရား)။
သမ္မဿကတ သမ္မာဒိဋ္ဌိဖြစ်တဲ့အတွက် (အတ္တဒိဋ္ဌိ မပြုတ်ပါ ဘုရား)။
အတ္တဒိဋ္ဌိမပြုတ်သောကြောင့် ဒကာသစ်ရေ-အတ္တဒိဋ္ဌိ ပါရင် နိဗ္ဗာန်မရောက်နိုင်ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဒါဟာ ဝဋ္ဋကုသိုလ်တွေကို ဆိုတယ်လို့လဲ ထူးထူးခြားခြား မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။
ဝဋ္ဋကုသိုလ်
ဘယ်ကုသိုလ်ဆိုပါလိမ့် (ဝဋ္ဋကုသိုလ် ဆိုပါတယ် ဘုရား)။ ဝဋ္ဋကုသိုလ် ဝဋ်ထဲလည်တတ်တဲ့ ကုသိုလ်တွေ ဆိုလိုက် တယ်လို့ ဆိုတော့ ဒကာ ဒကာမတို့ ကုသိုလ်အကုသိုလ် ပယ်တာမဟုတ်ဘူးနော် (မှန်ပါ့) ဝဋ္ဋကုသိုလ်တော့ဖြင့် ဒကာ ဒကာမတို့ အဖြူကံမို့ အဖြူပဲအကျိုးပေးရမယ် (မှန်ပါ့) နိဗ္ဗာန်ရရဲ့လား (မရပါ ဘုရား)။
အေး ဝေးသောအကြောင်း ဥပနိဿယ ပစ္စည်းတွေနဲ့ဟောမယ် ဆိုရင်တော့ အလွန်ဝေးသောအကြောင်း တော့ဖြစ်တာပေါ့လေ (မှန်ပါ့) နီးသော အကြောင်းတော့ဖြင့် (မဖြစ်ပါ ဘုရား)။
ကဲ ဒါဖြင့် အမဲဖြူရောတဲ့ ကံကြောင့် ဒကာ ဒကာမတွေ ဒုစရိုက်တွေ လုပ်ကိုင်ရတဲ့ ပစ္စည်းနဲ့ လှူဒါန်း ပေးကမ်းနေပြန်တော့လဲ ဘယ့်နှယ်ဆိုကြမလဲ၊ (အမဲအဖြူ ရောတဲ့ကံပါ ဘုရား)။
အမဲအဖြူ ရောတဲ့ကံက ဒကာ ဒကာတု့ိက လုပ်လို့ရှိရင်ဖြင့် အမဲအဖြူအကျိုးတော့ မပေးပါနဲ့ဆိုလို့ (မရပါဘူး) အဲ ကမ္မဒါယာဒကံသာလျှင် အမွေခံရှိတယ် ဆိုတဲ့ဥစ္စာ ဒါကို ဆိုတာပါပဲ (မှန်ပါ့ ဘုရား)။
မဂ္ဂင်အလုပ် လုပ်ကြပါပြီဆိုကြပါစို့
ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်အလုပ် လုပ်ကြပါပြီဆိုကြပါစို့ဗျာ (မှန်ပါ့) မဂ္ဂင်အလုပ် လုပ်ကြပြီ ဖြစ်ပျက်တွေ ရှုလို့ ဖြစ်ပျက်တွေမုန်းလို့ ခန္ဓာကြီး အနိစ္စတွေမြင်လို့ အနိစ္စတွေမုန်းလို့ အနိစ္စဒုက္ခသစ္စာ ဆုံးသွားတော့ မဂ္ဂင်ရှစ်ပါး ပေါ်လာတယ် (မှန်ပါ့)။
မဂ္ဂင်ရှစ်ပါး ပေါ်လာရော သောတာပန်တည်တယ် (မှန်ပါ့) နောက်တစ်ခါ လေးခါလောက် မဂ္ဂင်ရှစ်ပါး စစ်စစ်ကြီး ပေါ်လာလို့ရှိရင် ရဟန္တာဖြစ်တယ် (မှန်ပါ့) မဖြစ်ကြဘူးလား (ဖြစ်ပါတယ် ဘုရား) နတ်ရွာသုဂတိကော ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
အဖြူကံရော သူဖြတ်ပစ်တာပဲ၊ (ဖြတ်ပါတယ် ဘုရား) အမဲကံတွေ သူ့-အကုသိုလ်ကံတွေကော (ဖြတ်ပါတယ် ဘုရား)။
အမဲ အဖြူရောတဲ့ ကံတွေကော (ဖြတ်ပါတယ် ဘုရား) ဪ ဒါကြောင့် မဂ္ဂင်က ဒကာအုန်း ဘယ့်နှယ် ဆိုကြပါမလဲ (ကံဖြတ်တရားပါ ဘုရား)။
ကံကို ဖြတ်စေနိုင်တယ်၊ ကမ္မက္ခယာယလို့ ပါဠိတော်မှာ ဆိုတယ် (မှန်ပါ့) ကမ္မက္ခယာယဆိုတာ ကံကို ကုန်စေ ပါတယ်ကွာတဲ့ (မှန်ပါ့)။
ဒါ-ဒကာ ဒကာမတို့ နားကြီးကြီးနဲ့ ထောင်ပြီး လေးလေးစားစား မှတ်မှသာလျှင်လဲ ဪ ဒီဥစ္စာ ဒီလို ထူးခြားသကိုးလို့ ဆိုတာလဲ ဒကာ ဒကာမတို့ တရားတစ်ပွဲလုံး ပေါ်လာလိမ့်မယ်နော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် သုံးခေါက်ရှိသွားတဲ့အတွက် ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား) မရှင်းကြသေးဘူးလား (ရှင်းပါပြီ ဘုရား)။
အဖြူအမဲ မရောတဲ့ကံကို လူတိုင်းကြိုက်ရမယ်
ဒါကြောင့် ဒကာ ဒကာမတို့ ကျုပ်တို့သည်ကားလို့ဆိုရင် ဖြင့်တဲ့ အဖြူအမဲ မရောတဲ့ကံကို လူတိုင်းကြိုက်ရမယ် ဆိုတာ ပေါ်လာပါတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။
အမဲအဖြူမရောတဲ့ ကံသည် အကုသိုလ်လဲ ဖြတ်ပါတယ် (မှန်ပါ့) နတ်ရွာသုဂတိ ရောက်စေတဲ့ ကုသိုလ်မျိုးလဲ (ဖြတ်ပါတယ် ဘုရား)။
အမဲအဖြူရောနေတဲ့ လူမှာတော့ ချမ်းသာတစ်လှည့် ဆင်းရဲတစ်လှည့်ကိုးဗျ (မှန်ပါ့) ဒီလို အကျိုးပေးနေတဲ့ ဝိနိပါတိက အသုရာ နေ့ခံညစံဆိုတဲ့ ပုဂ္ဂိုလ်တွေကျတော့လဲ အမဲအဖြူ ရောတဲ့ကံတွေကလဲ မဂ်ရသွားပြန်တော့ ဒကာကြွယ် ဘာဖြစ်သွားပြန်သတုန်း (ပြတ်သွားပါတယ် ဘုရား) ပြတ်တယ် (မှန်ပါ့ ဘုရား)။
ဪ-ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘယ်လိုပဲ ဆုတောင်းထား,ထား (မှန်ပါ့) လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည် အကြိမ်ကြိမ် ခံစားရပါလို၏လို့ ခင်ဗျားတို့က မသိခင်တုန်းက အဖြူကံတွေနဲ့ တောင်းထားတယ်ထား (မှန်ပါ့)။
ငယ်စဉ်အခါတုန်းက မိုက်လို့, မူးလို့, ရူးလို့ အကုသိုလ်တွေ မလုပ်ဘူးတာမရှိအောင် လုပ်တဲ့ အမဲကံတွေကလဲ ရှိကြပါလိမ့်မယ် (ရှိပါတယ် ဘုရား) အမဲအဖြူနဲ့ရောပြီး သကာလ ကုသိုလ်နဲ့ အကုသိုလ် ရောလုပ်ထားတာတွေကော (ရှိပါတယ် ဘုရား)။
အဲဒါတွေကသာ အကျိုးပေးနေကြမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ သံသရာထွက်ရပ်လမ်း မရှိဘူး (မရှိပါ ဘုရား) ရှိသေးရဲ့လား (မရှိပါ ဘုရား) သံသရာ့ ထွက်ရပ်လမ်းကို ရှာမတွေ့တော့ပါဘူး (မတွေ့ပါ ဘုရား)။
ထွက်ရပ်လမ်းတရား
ဒါဖြင့် ထွက်ရပ်လမ်းတရားဟာ ဘယ်တရားပါလိမ့်မတုန်းလို့ မေးတော့ မဂ္ဂင်ရှစ်ပါးအလုပ် (မှန်ပါ့ ဘုရား) ပေါ်ပါပြီ ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။
သံသရာ့ ထွက်ရပ်လမ်းအလုပ်ကဖြင့် (မဂ္ဂင်ရှစ်ပါး အလုပ်ပါ ဘုရား) ဒါလုပ်ရတော့မယ်ဆိုတာ ဒကာကြွယ် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ကိုင်း သက်သေသာဓက လုံလောက်အောင် ပြကြပါစို့ဆိုတော့ တစ်သက်လုံး မုဆိုးလုပ်စားတဲ့သား, ခုနစ် ယောက်၊ ချွေးမခုနစ်ယောက်နဲ့ ဓမ္မပဒမှာလာတဲ့ ဘုရားနဲ့ တောထဲမှာ သွားတွေ့ပြီး တရားဟောလို့ ဒကာ ဒကာမတို့ အကုသိုလ်ကံတွေ လွတ်သွားတာလဲတဲ့ မဂ်ဆိုက်သွားလို့ လွတ်သွားတာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဓမ္မပဒမှာလာတဲ့ မုဆိုးကြီးဟာ သား ခုနစ်ယောက်, ချွေးမ ခုနစ်ယောက်နဲ့ တောထဲမှာ ဘုရားနဲ့တွေ့လို့ မုဆိုးကတော်လေး သောတာပန်ဖြစ်နေပြီး ငါ့အဖေကို မပြစ်မှားကြပါနဲ့ဆိုပြီး သကာလ သူလိုက်သွား တဲ့အခါမှာ တရားဓမ္မတွေ ဘုရားကဟောလိုက်လို့ မုဆိုးရော သားသမီးတွေရော အကုန်ကျွတ်တမ်းဝင်တာ ထောက် လိုက်လို့ရှိရင် တစ်သက်လုံး မုဆိုးလုပ်လာတာ ဘယ့်နှယ်ကြောင့် သူ အပါယ်မကျပါလိမ့်မတုန်းဆိုတော့ ဒီ မဂ္ဂင်ရှစ်ပါး အလုပ်ကို လုပ်လိုက်လို့ (မှန်ပါ့ ဘုရား)။
မဂ္ဂင်ရှစ်ပါး အလုပ်ကို လုပ်လိုက်မိတဲ့အတွက် အကုသိုလ်ကံတွေဟာ ဒကာ ဒကာမတွေ ဘာဖြစ်သွားသတုန်း (ပြတ်သွားပါတယ်) အဟောသိကံ ဖြစ်ပြီး ပြတ်ထွက်သွားတယ် (မှန်ပါ ဘုရား)။
မဂ္ဂင်သတ္တိ
ဪ-ဒါတွေ ဘယ်သူ့သတ္တိပါလိမ့်မတုန်း၊ စဉ်းစားစမ်း (မဂ္ဂင်သတ္တိပါ ဘုရား)။
ကိုင်း တစ်ခါ ဝဋ္ဋကုသိုလ်တွေဆိုတာ ဘယ်သူသိမှ မသိခင်တုန်းကတော့ ဘယ်သူမဆို မသိခင်တုန်းကတော့ လုပ်ကြတာပဲ (မှန်ပါ့) နောက်ဘဝ လှဖို့ ပဖို့ ပေါများဖို့၊ ဒါတွေမလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)။
အဲ-တစ်ခါတလေ လုပ်ကြတာပဲ၊ လုပ်ကြတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ ဘုရားက ဟောလိုက်လို့ တရားရသွား ပြန်တော့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်သွားပြန်တော့လဲ အဲဒီဘုံတွေ အကျိုးပေးသေးလား (မပေးပါ ဘုရား)။
ဒါဖြင့် အဖြူကံတွေလဲ အကျိုးမပေးနိုင်တာ ဒကာကြွယ် ဘယ်သူ့ကြောင့်ပါလိမ့်ဗျာ၊ (မဂ္ဂင်ကြောင့်ပါ ဘုရား) ဒါဖြင့် အမဲအဖြူ မရောတဲ့ကံကြောင့် (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က ပြောခဲ့တဲ့ ဒီနှစ်လဲ ပြတ်တော့ အမဲ အဖြူရောတဲ့ ကံကို ဒကာစ် ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား) မလိုတော့ဘူးတဲ့၊ ရှိလို့သာ ဘုရားက ပြောရပါတယ်၊ သူ့လဲ ဖြတ်ပြီးသားပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မဂ္ဂင်အလုပ်သည် ကံလို့သာ ဆိုရတယ်၊ အမဲအဖြူ မရောတဲ့ ကံလို့သာ ဆိုရတယ်၊ ကျန် သုံးကံကို ဖြတ်တယ်၊ (မှန်ပ့ါ ဘုရား) လွန်ခဲ့တဲ့ သုံးကံကို (ဖြတ်ပါတယ် ဘုရား) ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အမဲကံတွေလဲ တပည့်တော်တို့မှာ တစ်ပုံကြီးပါဘုရား (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) အဖြူကံတွေကော (တစ်ပုံကြီးပါ ဘုရား) အမဲအဖြူရောတဲ့ကံတွေကော (တစ်ပုံကြီးပါ ဘုရား)။
အဲဒါတွေ အကျိုးပေးနေမယ်ဆိုရင် ဘုရားအဆူဆူနဲ့ လွဲရတော့မယ်ဆိုတာ ဒကာအုန်း မငြင်းနဲ့ (မငြင်းပါ ဘုရား) ဒကာကြွယ်-ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) ပြစ်မှားချက်က အတော်ကြီးတယ် (ကြီးပါတယ်ဘရား)။
ကယ်တင်မည့် တရား
အဲဒါတွေ ကျုပ်တို့ ကယ်မည့်ယူမည့် တရားရှာကြစို့ (မှန်ပါ့) ကယ်တင်မည့် တရား (ကျုပ်တို့ရှာကြတော့ ဘာ လာတွေ့သလဲ (မဂ္ဂင်ရှစ်ပါး တွေ့ပါတယ် ဘုရား) အမဲအဖြူ မရောတဲ့ကံ လာတွေ့တယ် (မှန်ပါ့) မဂ္ဂင် ရှစ်ပါး လာတွေ့တယ် (မှန်ပါ ဘုရား)။
အဲဒီကတည်းက ဪ-ဒို့သည်ကားလို့ ဆိုလို့ရှိရင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်မွန်တွေမို့ ဒို့အမှားတွေ အကုန်ပြင်ဖို့ တရားကြီးရှိသေးသကိုးဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အမှားတွေ အကုန်ပြင်နိုင်တဲ့ တရားလဲ၊ (ရှိပါသေးတယ် ဘုရား) နည်းပေးလမ်းပြဆရာလဲ ရှိသေးတယ် (မှန်ပါ့) ခင်ဗျားတို့ကလဲ လုပ်လိုတဲ့ စွမ်းရည်သတ္တိနဲ့တကွ စေတနာကောင်း ပညာကောင်းတွေနဲ့ နားကောင်းတွေနဲ့ နားထောင်လို့ မီးခိုးမဆုံး မိုးမဆုံး သံသရာမှာ ပြုံးရမည့်အသွားတွေနဲ့ ဒကာအုန်း ဖြတ်မည့်တရား ဟောမည့်သူနဲ့ ထောင်နိုင်တဲ့နားနဲ့ သွားကြုံတယ် (ကြုံပါတယ် ဘုရား) တော်သေးတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ့်နှယ် ဆုံးဖြတ်ချက် ချမလဲ (တော်ပါသေးတယ် ဘုရား)။
ဒါ- ဘယ့်နှယ်ကြောင့် တော်သေးတယ်လို့ ဆုံးဖြတ်ချက် ချရပါလိမ့်မလဲဆိုတော့ ဒကာ ဒကာမတွေ တချို့ ဘာမှ မသိဘူး၊ ဒီ-အလှူလုပ်ရင် ဒီအလှူ အကျိုးပေးတာပဲ၊ တော်ရောပေါ့ဗျာ (မှန်လှပါ ဘုရား) ဒီလိုပဲ ထင်နေကြတယ် (ထင်ပါတယ် ဘုရား)။
မဂ္ဂင်ကမှ ဒိဋ္ဌိပြုတ်တာ
ဒို့အမဲမှ မလုပ်ဘဲကွာ အဖြူလုပ်တာပဲ တော်ရောပေါ့ကွ သေပျော်ပြီကွဆိုတော့ သူ့မှာ ကမ္မဿကတ ဉာဏ် ကလေးနဲ့ သေသွားတယ် (မှန်ပါ့) ဒိဋ္ဌိပြုတ်ကဲ့လား (မပြုတ်ပါ ဘုရား) ဒိဋ္ဌိပြုတ်တာကတော့ မဂ္ဂင်ကမှ ဒိဋ္ဌိပြုတ်တာ (မှန်ပါ့)။
သူက အတ္တဒိဋ္ဌိ မပြုတ်တဲ့ကံတွေ လုပ်ပြီးသကာလ သူ့ဟာသူ ဖြူတယ်လို့ ထင်တာကိုး (မှန်ပါ့) ဘုရားက ဒီအဖြူဟာ အဖြူအကျိုးပေးတာပဲကွဆိုတော့ နတ်ရွာသုဂတိ သူဟောလိုက်တယ် (မှန်လှပါ ဘုရား) အဖြူကံလုပ်ရင် (အဖြူအကျိုးပေးပါတယ် ဘုရား)။
အဲဒီတော့ နတ်ရွာသုဂတိဆိုတာ နိဗ္ဗာန်မှ မဟုတ်သေးဘဲ၊ (မှန်ပါ့) ဒုက္ခသစ္စာထဲပဲ ရောက်နေသေးတယ် (ရောက် ပါတယ် ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတွေ ဪ-ဒို့မှာ အမဲအဖြူ မရောတဲ့ကံ ရှိသေးတယ်ဆိုတာ ယနေ့ကစပြီး သကာလ ဦးဘအုန်းသိရပြီ (မှန်ပါ့) သိရတဲ့အတွက် ဒကာ ဒကာမတွေ အမှားပြင်တရား ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမလဲ (အမှားပြင်တရား ရှိပါသေးတယ် ဘုရား)။
အမှားပြင်တရားရှိသေးတယ်ဆိုတာ ကုက္ကုရဝတိကသုတ် မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ သေနိယနဲ့ပုဏ္ဏတို့ကို သေသေချာချာ ဟောတာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံတွေဟာ ဒကာသစ်ရေ အမဲရောတဲ့ကံပဲ ကျုပ်တို့ရှိလို့ မဖြတ်မတော်ဘူး (မှန်ပါ့) အဖြူကံတွေလဲ မသိခင်က လုပ်ထားလို့ မဖြတ်ရင် (မတော်ပါ ဘုရား)။
အမဲအဖြူ ရောတဲ့ကံတွေလဲ မသိသလို လုပ်ထားတဲ့အတွက် မဖြတ်ရင် မတော်ဘူးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်- အားကိုးရာ အစစ်ဧကန်ဖြစ်တာကို တကယ်တမ်း ရှာကြစို့ ဆိုလို့ရှိရင်ဖြင့် မဂ်ဆိုက်အောင် လုပ်ကြစို့ (မှန်ပါ့ ဘုရား) မဂ်ဆိုက်ရင် ဒကာ ဒကာမတို့ ကံသုံးမျိုးစလုံး ဘာဖြစ်မယ်ထင်သတုန်း၊ (ပြတ်ပါတယ် ဘုရား) သဘော ပါပလား (ပါပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
မဂ္ဂင်ငါးပါးနဲ့ ခန္ဓာပွားများရတယ်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံဘာနဲ့ဖြတ်မလဲလို့ မေးတဲ့အခါ မဂ္ဂင်ရှစ်ပါးကလဲ ဗြုန်းကနဲ ပေါ်တာ မဟုတ်ဘူး (မှန်ပါ့) မဂ္ဂင်ငါးပါးကစ,မှ ရှစ်ပါးဖြစ်ရမှာ (မှန်ပါ့) ငါးပါးမလုပ်တဲ့ပုဂ္ဂိုလ် ရှစ်ပါးဖြစ်နိုင်ပါ့မလား (မဖြစ် နိုင်ပါ ဘုရား)။
ဒါကြောင့် အရှေ့ပိုင်းက ပွားများရမယ် (မှန်ပါ့) အနောက်ပိုင်းက ဖြတ်ရမယ်လို့ (မှန်ပါ့)။
မဂ္ဂင်ငါးပါးနဲ့ ခန္ဓာပွားများရတယ် (မှန်ပါ့) မဂ္ဂင်ရှစ်ပါးဖြစ်လာတော့ မပွားနဲ့တော့ (မှန်ပါ့)။
ဒါဖြင့် မဂ္ဂသစ္စာ ပွားရမယ်လို့ ဆိုငြားသော်လဲ ဒကာကြွယ်တို့ ဒကာသစ်တို့ အထူးပဲ မှတ်လိုက်ပါဦး၊ ဪ မဂ်စစ်ဟာ မပွားများရပါဘူး (မှန်ပါ့) လောကမဂ်ကသာ ပွားများရပါတယ်၊ လောကုတ္တရာမဂ်ကတော့ တစ်ကြိမ်နဲ့ ပြီးပါတယ် (မှန်ပ့ါ ဘုရား)။
လောကီမဂ်ကတော့ (ပွားများရပါတယ် ဘုရား) လောကုတ္တရာမဂ်ကတော့ (တစ်ကြိမ်နဲ့ ပြီးပါတယ် ဘုရား)။
ဒါဖြင့် လောကီကနေပြီး လောကုတ်မကူးလို့ရှိရင်လဲ ရပါ့မလား (မရပါ ဘုရား)။
ခင်ဗျားတို့က လောကီသားတွေ၊ (မှန်ပါ့) ခင်ဗျားတို့ သန္တာန်မှာ လောကီစိတ်သာရှိတယ် (မှန်ပါ့)။
ဘာပဲလုပ်နေနေ ခင်ဗျားတို့ လောကီစိတ်မှတစ်ပါး ဘာမှမရှိသေးဘူး (မှန်ပါ့) အဲ ဝိပဿနာ လုပ်တာ တောင်ပဲ ဒကာကြွယ်ရဲ့ လောကီဝိပဿနာပဲ (မှန်ပါ့)။
အဲဒါက ရင့်ကျက်ပြီးတက်မှ ဘာရောက်မတုန်း (လောကုတ္တရာရောက်ပါမယ် ဘုရား) လောကုတ္တရာ မဂ္ဂင် ဆိုက်မယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ကို လောကီမဂ္ဂင်တွင် ပွားရလိမ့်မယ် (မှန်ပါ့) လောကုတ္တရာမဂ္ဂင်ကျတော့ တစ်ကြိမ်တည်းနဲ့ အပါယ် လေးပါး တံခါးပိတ်၊ ဒီကံတွေ အကုန်ပြတ်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် လောကီနဲ့ လောကုတ္တရာကိုလဲ ဒကာ ဒကာမတို့ ရှင်းထားတဲ့သဘောကို မမေ့ပါနဲ့ဆိုတာ သတိပေး ရတယ် (မှန်ပါ့) ဒါဟာ ဒကာသစ် မလွယ်ဘူးနော် (မလွယ်ပါ ဘုရား)။
ဒါဖြင့် မဂ္ဂသစ္စာပွားများမယ်ဆိုတာ လောကီမဂ်ဆိုတာလား၊ လောကုတ္တမဂ်ဆိုတာလား (လောကီမဂ် ဆိုတာပါ ဘုရား) လောကီမဂ် ဆိုတာနော် (မှန်ပါ့)။
လောကုတ္တရာမဂ် ဘယ်မှာ နှစ်ကြိမ်ဖြစ်တယ်လို့ ထုံးစံရှိရဲ့လား (မရှိပါ ဘုရား) တစ်ကြိမ်နဲ့ ကိစ္စပြီးပါတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ပွားရင် လောကီမဂ်ဖြစ်ပါတယ်
အေး ဒါကြောင့် ဒကာ ဒကာမတွေ ဘုန်းကြီးတို့ သင်ပြတဲ့အတိုင်း စိတ္တာနုပဿနာ ပွားရင်လဲ ပွားကြ၊ (မှန်ပါ့) ဝေဒနာ နုပဿနာ ပွားချင်လဲ (ပွားကြပါမယ်) ပွားချင်တာ ပွားကြပါ၊ ပွားရင် လောကီမဂ်ဖြစ်ပါတယ် (မှန်ပါ့)။
ဒီ လောကီမဂ်ပွားလို့ ရင့်သန်လာတဲ့အခါမှာလဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လောကုတ္တရာမဂ် တစ်ကြိမ် ပေါ်လာတယ် (မှန်ပါ့)။ တစ်ကြိမ်ပေါ်လာလို့ရှိရင်ဖြင့် ပထမ ရှေးဦးစွာ တစ်မဂ်ပေါ်လာလို့ရှိရင် အမဲကံ အကုန် ပြတ်ပါတယ်၊ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
တစ်ခါ နောက်တစ်ခါ နှစ်ကြိမ်လောက် ပေါ်လာပြန်ပြီဆိုလို့ရှိရင်ဖြင့် ဟောဒီ အမဲကံရယ်၊ ဟောဒီအဖြူကံရယ်၊ ဟောဒီ အမဲအဖြူရောတဲ့ ကံတွေရယ် အကုန်ပြတ်တာပဲ (မှန်ပါ့) လေးမဂ်ပေါ်လာရင်ဖြင့် သုံးမျိုးစလုံး ပြတ်ထွက် သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကိုင်း-ဒါဖြင့် ဒကာသစ်ရေ ဒါအလုပ်နဲ့ မပြရင် လောကီမဂ်က ပေါ်ပါ့မလား (မပေါ်ပါ ဘုရား) မပေါ်ရင် ပြတ်စရာအကြောင်းလဲ မရှိဘူး (မှန်ပါ့)။
လောကီမဂ်မှ မပေါ်ဘဲနဲ့ ဒကာအုန်း လောကုတ္တရာမဂ် ဘယ့်နှယ်လုပ်ကြမလဲ (မရပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ကို တပည့်တော်တို့ ရ,ရပါလို၏-ဆိုလို့ မဂ်တွေ ဝမ်းထဲ ဝင်လာလိမ့်မယ်လို့ မအောက်မေ့လိုက်ပါနဲ့ (မှန်ပါ့)။
မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရ,ရပါလို၏ ဆိုရုံနဲ့ ရောက်ပါ့မလား
ဝဋ်ဘဝတိုတိုနဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရ,ရပါလို၏ ဆိုရုံနဲ့ ရောက်ပါ့မလား (မရောက်ပါ ဘုရား) ပွားများယူရင် ဖြင့် (ရောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ပွားများတဲ့ကိစ္စဟာ အလွယ်ကလေးပါ၊ (မှန်ပါ့ ဘုရား) ပွားများတဲ့ ကိစ္စဟာ အလွယ်ကလေးပါ (မှန်ပါ့)။
ခင်ဗျားတို့ သားသမီးများ မျက်ခြေမပြတ်ရှိသလို ကြည့်နေကြမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ဥပမာ-၁၅နှစ်၊ ၁၆-နှစ် သားကလေး သမီးကလေး ရကြတယ်ဆိုလို့ရှိရင်ဖြင့် အိမ်ထောင်ခွဲသွားတောင် လိုက်ကြည့်တုန်းပါ၊ (ကြည့် ပါတယ် ဘုရား) အတော်မကြာဘူးလား (ကြာပါတယ် ဘုရား)။
နောက်ကျတော့ ကိုယ်က အသက်ရှည်နေပြန် မြေးကလေး မြစ်ကလေးတွေ ကျအောင်ကော (ကြည့်ပါတယ် ဘုရား) ဪ-ဒါကလဲ ပွားများတဲ့အလုပ်ပဲ (မှန်ပါ့) မျက်စေ့အောက်က အပျောက်မခံနိုင်ဘဲကိုးဗျ (မှန်ပါ့)။
အဲဒါလောက် မပွားများရပါဘူး (မှန်ပါ့) အဲဒါလောက် မပွားများရပါဘူး ဒကာ ဒကာမတို့၊ လွယ်လွယ်နဲ့ပဲ ပြီးပါတယ်ဆိုတော့ အနိစ္စ၏ လက္ခဏာကို မြင်ရင် ပြီးတာပါပဲ၊ (မှန်ပါ့ ဘုရား)။
အနိစ္စ၏ (လက္ခဏာကို မြင်ရင် ပြီးပါတယ် ဘုရား) လက္ခဏာမြင်လု့ိရှိရင်ဖြင့် ဒါဟာ ပွားများပြီးသား ဖြစ်သွား တယ်(မှန်ပါ့)။
၎င်း အနိစ္စလက္ခဏာတွေကို မြင်မြင်-မြင်မြင် နေပြီးသကာလ ထိုအနိစ္စလက္ခဏာတွေ မုန်းပေါ့ဗျာ (မှန်ပါ့) အနိစ္စတွေ ဆုံးသွားတဲ့အခါ ကျလို့ရှိရင်ဖြင့် နိစ္စနိဗ္ဗာန်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်ရှိတယ်
အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်ရှိတယ် (မှန်ပါ့) ဒါကလေး ဆုံးအောင်လိုက်ဖို့ရာဟာ သိပ်ဝန်မလေးကြပါနဲ့-တဲ့၊ အခု အမဲကံတွေလဲ သူကမှ ဖြတ်ပေးမှာ (မှန်ပါ့) အဖြူကံတွေကော (သူကမှဖြတ်ပေးမှာပါ ဘုရား) အမဲအဖြူရောတဲ့ကံ တွေကော (သူကမှ ဖြတ်ပေးမှာပါ ဘုရား)။
အဲဒီတော့ ကြွေး ကျုပ်တို့မှာ ကံဘယ်နှစ်မျိုး ရှိနေသတုန်း (သုံးမျိုးပါ ဘုရား) ကြွေသုံးမျိုးရှိနေတယ်ဆိုတဲ့ ဥစ္စာ ဒကာကြွယ် ပျင်းပျင်းရိရိနဲ့ နေလို့တော့ ဒီကြွေး ကျေမယ်မဟုတ်ဘူး (မှန်ပ့ါ)။
အမဲကံ လုပ်ထားတဲ့ပုဂ္ဂိုလ် အပါယ်ခန္ဓာနဲ့ ဆပ်ရမယ်၊ (မှန်ပါ့) အဖြူကံလုပ်ထားတဲ့ပုဂ္ဂိုလ် နတ်ရွာသုဂတိမှာ ခန္ဓာဝန်ထမ်းသမား ဒုက္ခသစ္စာကြီးနဲ့ နေရလိမ့်မယ် (မှန်ပါ့) မနေရပေဘူးလား (နေရပါတယ် ဘုရား) အမဲအဖြူရောတဲ့ ကံလုပ်ထားတဲ့ ပုဂ္ဂိုလ်များတော့ ဝိနိပါတိက အသုရာတို့ နေ့,စံ၊ ည,ခံတို့၊ ဆင်တော်မင်္ဂလာ၊ မြင်းတော်မင်္ဂလာတို့၊ နတ်နဂါးတို့ပေါ့ဗျာ (မှန်ပါ့) ဒီလိုဟာတွေ လုပ်ထားပြန်လို့ရှိရင် ခန္ဓာနဲ့ ဆပ်ရမှာပဲ (မှန်ပါ့) ကျေနပ်နိုင်စရာ မြင်သေး ရဲ့လား (မမြင်ပါ ဘုရား) လုပ်ရင်းမတ္တနဲ့ နှစ်ထပ်တိုးကရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
လုပ်ရင်းမတ္တနဲ့ (နှစ်ထပ်တိုးက ရှိပါသေးတယ် ဘုရား)။ နှစ်ထပ်တိုးက ရှိသေးတယ်ဆိုတော့ ကုသိုလ်တွေလုပ်ရင်း မတ္တနဲ့ပဲ ဒေါသခြံရံတာ-လောဘခြံရံတာတွေ ဒကာကြွယ်မရှိဘူးလားဗျာ (ရှိပါတယ် ဘုရား)။
လုပ်တော့ လုပ်တာပဲတဲ့၊ အရောအနှောက ပါပါနေတော့ ဘဝတိုတိုနဲ့ နိဗ္ဗာန်လိုချင်ငြားသော်လဲ ဒကာ ဒကာမတွေက စင်စင်ကြယ်ကြယ်သွားဖို့ အလုပ်ဟာက ဒကာကြွယ် ရှာမှရှားနော်၊ (မှန်ပါ့) မရှားဘူးလား (ရှားပါတယ် ဘုရား)။
အဲဒီ ရှားတာကလေးနဲ့ဆိုတော့ ခင်ဗျားတို့ အရင်ပြုထားတဲ့ ကံတွေကလဲ မပြတ်၊ အခုနောက်ထပ် ကံသစ်တွေ ကလဲ အမဲအဖြူ ရောတဲ့ကံတွေလဲ များပြား၊ ဘယ်တော့ နိဗ္ဗာန်ရမလဲ (မရနိုင်ပါ ဘုရား)။
မရနိုင်ဘဲဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာကိုယ်ကို ဝိပဿနာဉာဏ်နဲ့ တည့်ဖို့ အရေး ဟာဖြင့် အကြီးဆုံးပါပဲ (မှန်လှပါ ဘုရား)။
ခန္ဓာဉာဏ်နဲ့ တည့်ဖို့အရေးဟာ
ခန္ဓာဉာဏ်နဲ့ တည့်ဖို့အရေးဟာ (အကြီးဆုံးပါ ဘုရား) ခန္ဓာနဲ့ ဉာဏ်တည့်လို့ရှိရင်ဖြင့် ကံပြတ်ပါတယ် (မှန်ပ့ါ ဘုရား)။
ခန္ဓာနဲ့ ဉာဏ်တည့်ရင် (ကံပြတ်ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာနဲ့ ဉာဏ်နဲ့ တည့်ဖို့အရေးဟာ ဒကာသစ် အကြီးဆုံးအရေး (မှန်ပါ့) ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။
ဒါတွေဟာလဲနော် သာသနာတွင်းမို့ ကြားရတဲ့ အကြီးအကျယ် အဖိုးတန်တဲ့ တရားစကားတွေပဲဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
သာသနာပမှာ ကမ္မဝါဒီဖြစ်ခဲ့လို့ရှိရင် ၂-နံပါတ်နှင့်ဆုံးတယ် (မှန်ပါ့) သာသနာပမှာ မိစ္ဆာဒိဋ္ဌိဖြစ်ခဲ့ပြန်တယ် ဆိုလို့ရှိရင် ၁-နံပါတ်နဲ့ ဆုံးတယ်၊ (မှန်ပါ့) အမဲလုပ်ပြီး အမဲနဲ့သေသွားတာပဲ (မှန်ပါ့) အမဲအကျိုးပေးနဲ့ သေသွားတာပဲ (မှန်ပါ့)။
သာသနာပမှာ တစ်ခါ လှူကြ ပေးကြ ကမ်းကြပြန်တော့လဲ နိဗ္ဗာန်ဆိုတာ ဘယ်နေမှန်းမသိ ခန္ဓာ၏ ချုပ်ရာ ငြိမ်းရာရယ်လို့ မသိတော့ ဒကာကြွယ်ရေ အဖြူကံလုပ်ပြီး အဖြူအကျိုးပေးနဲ့ ဆုံးသွားတယ် (မှန်ပ့ါ ဘုရား)။
မသိတဲ့ပုဂ္ဂိုလ်ကျတော့ သာသနာပရော, သာသနာတွင်းရော အမဲအဖြူရောတဲ့ ကံကြောင့် အမဲအဖြူရောတဲ့ အကျိုးပေးတွေနဲ့ပဲ လမ်းဆုံးသွားရတယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာသည် သာသနာ့ ခေတ်မှာသာပေါ်တာ
အခု သာသနာတွင်း ဝိပဿနာဟာ “ဝိပဿနာ သာသနသ္မိံယေဝ ဟောတိ”ဆိုတဲ့အတိုင်း ဝိပဿနာသည် သာသနာ့ ခေတ်မှာသာပေါ်တာ (မှန်ပါ့) ဘုရားသာသနာ မကုန်ခင် ရှိတယ် (မှန်ပါ့) ခင်ဗျားတို့ ကျုပ်တို့တောင်မှ မှီလိုက်ရုံပဲ ရှိပါတယ် (မှန်ပါ့ ဘုရား)။
အသက်တမ်းနဲ့ကြည့်ရင် (မှီလိုက်ရုံပဲ ရှိပါတယ် ဘုရား)။ ဒီမှီလိုက်တာကလေးကလဲ မှီသာမှီလိုက်တယ် လက် ဆုပ်လက်ကိုင် မရလိုက်ဘူးဆိုရင်လဲ အတော်ဆိုးဝါးပါတယ် (ဆိုးဝါးပါတယ် ဘုရား)။
ဦးလှဘူး (ဆိုးဝါးပါတယ်) မှီတော့ မှီလိုက်ရဲ့ လက်ဆုပ်လက်ကိုင် မရလိုက်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အာဠာရ, ဥဒကတို့ကို ကြည့်လိုက်တာပေါ့ ဒကာအုန်းရော (မှန်ပါ့ ဘုရား)။
အာဠာရက ဘုရားမဖြစ်ခင် ခုနစ်ရက်က သေသွားတယ်၊ (မှန်ပ့ါ) ဘုရားဖြစ်မယ်ဆိုတာလဲ သူသိတယ်၊ ဘုရားအလောင်းကိုပဲ သူတို့ လောကီဈာန်တွေ သင်ပေးတယ်၊ (မှန်ပါ့) မမှီဘူးလား ဘုရားအလောင်းကို (မှီပါတယ် ဘုရား)။
မှီတော့ မှီလိုက်ပါရဲ့ လက်ဆုပ်လက်ကိုင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရတာနဲ့ ကမ္ဘာပေါင်းများစွာ ဒုက္ခသစ္စာကြီးနဲ့ ဗြဟ္မာ့ပြည် သွားနေရတယ် (မှန်ပါ့) မရှုံးဘူးလား (ရှုံးပါတယ် ဘုရား)။
ဒါနဲ့ ဘုရားက ရှုံးတယ်ကွာ-တဲ့၊ အဖြူကံ လုပ်ငြားသော်လဲ ရှုံးရရှာတယ်ဟတဲ့၊ ဈာန်သမားကြီးတွေ-ဈာန် သမားကြီးတွေ (မှန်ပ့ါ) ကမ္ဘာများစွာ ရှုံးတယ်ဆိုတော့ ဒကာကြွယ် သေလို့တောင်မှ မကောင်းထဲကဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
အမဲအဖြူမရောတဲ့ကံကို နည်းပေးမယ်
ဥဒက ကြည့်လိုက်ပြန်တော့လဲ သစ္စာလေးပါး တရားဟောပြီးသကာလ အမဲအဖြူမရောတဲ့ကံကို နည်းပေးမယ် လို့ စိတ်ကူးလိုက်ပြန်တော့ မနေ့ကပဲ သေနှင့်တယ် (မှန်ပါ့ဘုရားဝ။
တွေ့သာ တွေ့လိုက်ရတယ် ဒကာ ဒကာမတွေ လုပ်ဆုပ်လက်ကိုင်က (မရလိုက်ပါ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ အခု ဘုန်းကြီးနဲ့လဲ တွေ့ရ၊ တရားနဲ့လဲ တွေ့ရ (မှန်ပါ့) ပြောပေးမယ့် လူနဲ့လဲ တွေ့ပါတယ် (မှန်ပါ့) ခင်ဗျားတို့ ဉာဏ်ထဲမှာ မဂ္ဂင် မရောက်ခင် အာဠာရ ဥဒက အသွား သွားဦးမယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ဉာဏ်ထဲမှာ ဒီမဂ္ဂင် ရောက်အောင် မပွားနိုင်ကြလို့ရှိရင်ဖြင့် အာဠာရ ဥဒကတို့လိုပဲ တွေ့တော့ တွေ့လိုက်ပါရဲ့ ကျေးဇူးတော့မရှိဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ) အရှုံးကြီး မရှုံးဘူးလား (ရှုံးရပါတယ်)။
တစ်ခါ ကြည့်ပါဦးတဲ့၊ ကောသလမင်းကြီးတို့ဟာ ဒကာ ဒကာမတို့ အင်မတန် နာမည်မကြီးဘူးလား (ကြီးပါ တယ်) ဘုရားနဲ့မတွေ့ဘူးလား တွေ့သလား (တွေ့ပါတယ်) တွေ့ပင်တွေ့ငြားသော်လဲ ကျွတ်တမ်းဝင်တယ်လို့ ပါရဲ့ လား (မပါပါ ဘုရား) အင်း- ဒကာ ဒကာမတို့ သူလဲ နာတာပဲဆိုတဲ့ အဓိပ္ပာယ် မပြောရဘူးလား (ပြောရပါတယ် ဘုရား)။
တွေ့ရှုံးကြီးပါ
သုပ္ပဗုဒ္ဓ ဘုရား၏ ယောက္ခမ ယသော်ဓရာ၏ အဖေတို့များ ဦးဘအုန်း ဘာဖြစ်သွားသတုန်း (မြေမျိုသွားပါ တယ်) ဘုရားနဲ့မတွေ့ဘူးလား တွေ့သလား (တွေ့ပါတယ်) တွေ့ရှုံးကြီးပါ (မှန်ပါ့) အနာဘူးလား (နာပါတယ် ဘုရား)။
ကဲ ဒကာကြွယ်- တွေ့ပေမယ့်လဲ မဟုတ်သေးဘူး (မှန်ပါ့) ကိုယ့်ခန္ဓာထဲမှာ မဂ္ဂင်အရောက် ထားမှသာလျှင် လိုရာခရီး အပြီးအပိုင် ရောက်မယ်ဆိုတဲ့ဥစ္စာ ဘာမှ သံသယမရှိဘဲနဲ့ အမှန်မှတ်ကြပေတော့ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆုံးမချင်တာက အင်မတန် ကရုဏာ ကြီးကြီးကျယ်ကျယ် ထားပြီး ပြောနေတယ်လို့လဲ အောက်မေ့ပါ (မှန်ပါ့) ဒီရောက်တယ်ဆိုလို့ရှိရင်ဖြင့် အို ပွားများမယ်၊ ပွားများဦးမယ်ဆိုပြီး ဓမ္မာရုံ ရောက်ရောက်၊ လမ်းက ဖြစ်ဖြစ်ပေါ့ဗျာ (မှန်ပါ့) စကားများ မနေကြနဲ့၊ ကိုယ့်ဟာကိုယ် ပွားနေကြ (မှန်ပ့ါ ဘုရား)။
ဘာဖြစ်လို့ ပွားသတုန်းလို့ မေးတဲ့အခါကျတော့ အို သာသနာတွင်း တရားရှားလွန်းလို့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (သာသနာတွင်း တရားရှားလွန်းလို့ပါ ဘုရား)။
ဒို့ယူထားတဲ့ ကြွေးတွေက သုံးကြွေးတင်တယ် (မှန်ပါ့) အမဲကံကလဲ မနည်းဘူး၊ အဖြူကံကော (မနည်းပါ) အမဲအဖြူ ရောတဲ့ကံကော (မနည်းပါ ဘုရား)။
အို-ကြွေးတွေ ရှိလျက်နဲ့ စကားတွေ တောင်ပြော မြောက်ပြော မပြောဘူး၊ ကြွေးဆပ်မယ် (မှန်ပါ့) ဒကာအုန်း အရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကြွေးဆပ်ရမည့်ဥစ္စာ ကြွေးတင်တဲ့ အလုပ်ကို လုပ်မနေနဲ့၊ (မှန်ပါ့ ဘုရား)။
”ကာလေန ဓမ္မသာကစ္ဆာ”ဆိုတာ ဒီအချိန်မဟုတ်ပါဘူးတဲ့၊ ဒီအချိန် မဟုတ်ပါဘူး၊ ကိုယ့်အိမ် ကိုယ့်ရာ ရောက်တဲ့ အခါကျတော့ အိပ်ရာဝင်ခါနီးမှ တရားဓမ္မ ဆွေးနွေးကြပေါ့ဗျာ (မှန်လှပါ ဘုရား)။
ဒီရောက်တဲ့အခါ ဒါ ဘာဆိုမတုန်း-ဓမ္မာရုံ၊ ဘာပါလိမ့်မတုန်း၊ ဓမ္မတို့၏ အာရုံကိုးဗျ (မှန်ပ့ါ) အင်း ဒီနေရာ ရောက်ရင် ဒို့ တရားအားထုတ်ရမယ်ဆိုတာ အာရုံနဲ့ထားပြီး ဓမ္မာရုံနဲ့ တူအောင်နေလိုက် (မှန်ပါ့ ဘုရား)။
ကြွေးသုံးမျိုး တင်နေလို့
ဘာကြောင့် ဆရာဘုန်းကြီး ဒါလောက် တိုက်တွန်းပါလိမ့်မတုန်းမေးတော့ ဒကာကြွယ် ကြွေးသုံးမျိုး တင်နေလို့ (မှန်ပါ့) ပြောနဲ့ဆပ်လို့ ရမှာလား (မရပါ) ခန္ဓာကိုယ်ပွားများပြီး ဆပ်မှရမှာ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် အပြောနဲ့ဆပ်လို့ ရမယ်ဆိုလို့ရှိရင်ဖြင့် မှီလိုက်ငြားသော်လဲ အာဠာရ-ဥဒကတို့ ဒုက္ခကောင်း ကောင်း ရောက်တယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒီမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “မဟာဇာနိယောခေါ”ဆိုပြီး ရွတ်ရှာတယ်၊ အရှုံးကြီး ရှုံးတယ်ကွ တဲ့၊ (မှန်ပ့ါ ဘုရား)။
အဲဒီမှာကျတော့ ဓမ္မာရုံနဲ့တူအောင် ဒကာ ဒကာမတွေလဲ မရှုံးစေနဲ့ (မှန်ပါ့) ကိုယ့်ဟာကိုယ် ကြိုးစား (မှန်ပါ့) တရားနာချိန်ကျတော့ ကောက်နာလိုက်၊ တရားမနာခင်တော့ ဟာ ဒီအပေါ် လူများတယ်၊ ဟိုနေရာရွှေ့ပြီး ကြိုးစား အရိပ်ရှိတဲ့နေရာသွားပြီး ကြိုးစားနေ (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာဖြစ်လို့တုန်းလို့ မေးတဲ့အခါကျတော့မှ အမဲကြွေးကလဲ မကျေသေးလို့ (မှန်ပါ့) အဖြူကြွေးကကော (မကျေ သေးပါ ဘုရား) အမဲအဖြူ ရောထားတဲ့ ကြွေးတွေကကော (မကျေသေးပါ ဘုရား)။
ဟာ ဒါဖြင့် ကြွေးရှိတဲ့လူက စကားပြောပြီး ရယ်စရာမောစရာ ပြောနေကြတယ်၊ သားအကြောင်း၊ သမီး အကြောင်း ပြောနေကြမယ်ဆိုရင်ဖြင့် မြိန်မြိန်ယှက်ယှက်လဲ မရှိပါဘူး၊ (မှန်ပါ့) စိတ်ချမ်းသာ လက်ချမ်းသာနဲ့ ပြောရ တာကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတွေ ဓမ္မာရုံနဲ့တူအောင် ကြိုးစားဆိုတော့ ဒီဟာ ဘာခေါ်သတုန်းဆိုတော့ ဓမ္မာရုံ (မှန်ပါ့) ဓမ္မ၏အာရုံနဲ့ နေပါ (မှန်ပါ့ ဘုရား)။
ဓမ္မာရုံ၏ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာ၏ အာရုံနဲ့ နေရမလဲ (ဓမ္မ၏ အာရုံနဲ့နေရမှာပါ ဘုရား)။
ဓမ္မအာရုံဆိုတာ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ကဓမ္မ၊ (မှန်ပါ့) ဉာဏ်က အဲဒီလို အာရုံပြုနေပါ (မှန်ပ့ါ ဘုရား) ဆိုတော့ ဖြစ်ပျက်က ဘာပါလိမ့် (ကမ္မပါ ဘုရား) ဉာဏ်က ဘာပါလိမ့် (အာရုံပြုနေရမှာပါ ဘုရား)။
အဲ ဉာဏ်က အာရုံပြုနေပါ၊ (မှန်ပါ့) ဓမ္မကို အာရုံပြုနေပါဆိုတဲ့နေရာ ဖြစ်လေသောကြောင့် ဓမ္မာရုံဆို တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း ဓမ္မာရုံကျရင် ခင်ဗျားတို့က သာဓုခေါ်ဖို့သာ အောက်မေ့တယ်၊ ကျင့်ဖို့ကိုမပါဘူး၊ (မှန်ပါ့ ဘုရား) အတော်ခက်နေတာဗျ (မှန်ပါ့)။
ဓမ္မာရုံ အဓိပ္ပာယ်ကို နားမလည်တော့ ဒကာကြွယ်ရေ အတော်ခက်နေတယ် (မှန်ပါ့ ဘုရား) ဒါဖြင့် အခု အဓိပ္ပာယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဓမ္မက ဖြစ်ပျက်ဗျ၊
ဓမ္မက ဖြစ်ပျက်ဗျ၊ (မှန်ပါ့) အဲဒီဖြစ်ပျက်ကို ခင်ဗျားတို့ ဉာဏ်က အာရုံပြုနေပါ (မှန်ပါ့)။
ဒီတော့ ဒီနေရာလာရင် ဘာလုပ်နေရမယ် (တရားအာရုံ ပြုနေရပါမယ် ဘုရား) ဓမ္မအာရုံ ပြုနေမှသာလျှင် ဒီအထဲ ထိုင်ရမှာ ဓမ္မဘက်ဖြစ်မှာ (မှန်ပါ့) နို့မဟုတ်ရင် ပြင်ဘက်သွားထိုင်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီဒကာကြွယ် ဒီအထဲကျလို့ရှိရင် ဒီဟာ ဓမ္မာရုံပါကလားဆိုတာကလေး မမေ့ကြပါနဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘုန်းကြီးက ဘယ်လိုမှာသတုန်း (ဓမ္မာရုံထဲရောက်ရင် တရားမမေ့အောင် မှာပါတယ် ဘုရား)။
ဓမ္မာရုံပါကလားဆိုတာ သတိထားပါ (မှန်ပါ့) သဘောကျပြီ (ကျပါပြီ) ဓမ္မက ဘာပါလိမ့် (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပျက်အာရုံ၊ ဖြစ်ပျက်ပေါ့ဗျာ (မှန်ပါ့) အဲဒါကို ကိုယ့်ဉာဏ်ကလေးက အာရုံပြုနေပါ (မှန်ပ့ါ)။
ကိုယ့်ဉာဏ်က အာရုံပြုနေတဲ့အခါ ကျလို့ရှိရင်ဖြင့်-တဲ့ ဪ ဓမ္မာရုံဆိုတဲ့အတိုင်း ဓမ္မအာရုံဖြစ်အောင် နေမှပဲ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ်၊ ဓမ္မာရုံ ဆိုတဲ့အတိုင်း (ဓမ္မအာရုံ ဖြစ်အောင်နေရပါမယ် ဘုရား)။
ဓမ္မာရုံကို ဓမ္မာရုံဖြစ်နေမယ်ဆိုရင်ဖြင့် ဒကာကြွယ်ရေ အင်မနေ ကြောက်စရာ မကောင်းဘူးလား (ကောင်း ပါတယ် ဘုရား)။
အင်မတန် ကြောက်စရာ ကောင်းပါတယ်တဲ့၊ ဒါ-အရင်းအနှီးတွေမို့ ဪ ဓမ္မာရုံအကြောင်းလဲ သိစေတော့ ကိုယ့်ကိုယ်လဲ သတိပေးမှန်စေတော့ ဆိုတဲ့သဘောနဲ့ ပြောနေတယ်ဆိုတာလဲ မှတ်ကြပါ (မှန်ပါ့)။
ဖြတ်မှ တော်မယ်
ကိုင်း-ဒါဖြင့် ဒကာသစ် ကံသည်ကားလို့ဆိုရင်ဖြင့် အမဲကံလဲဖြတ်မှ တော်မယ်၊ (မှန်ပါ့) အဖြူကံကော (ဖြတ်မှ တော်ပါမယ် ဘုရား) အမဲအဖြူရောတဲ့ကံ (ဖြတ်မှတော်ပါမယ် ဘုရား)။
ဘာကြောင့်တုန်း ဆိုလို့ရှိရင်ဖြင့် အမဲကံကလဲ အပါယ်လေးပါး (မှန်ပ့ါ) အဖြူကံလဲ နတ်ရွာသုဂတိ (မှန်ပ့ါ) အမဲအဖြူရောတဲ့ကံက လူ့ပြည်နဲ့ ဝိနိပါတိက အသုရာတို့ ဆင်ရတနာ၊ မြင်းရတနာတို့ ဆိုတော့ အမဲအဖြူရောလို့ သာလျှင် သူတို့ ဒီအကောင်အထည်ကြီးတွေ ဖြစ်နေတာ (မှန်ပါ့)။
အဲဒီတော့ အမဲကံလဲ ဒကာ ဒကာမတို့ ရန်သူပဲ (မှန်ပါ့) အဖြူကံကလဲ သစ္စဉာဏ်နဲ့ ကြည့်လိုက်တော့ ရန်သူပဲ (မှန်ပ့ါ ဘုရား) အမဲအဖြူရောတဲ့ ကံဆိုတာတော့ မပြောပါနဲ့တော့နော် (မှန်ပ့ါ) သူသည်ကားလို့ ဆိုရင် မကောင်းဘူးဆိုတာလဲ သေချာပါတယ် (မှန်ပါ့)။
အဲဒီတော့ ဒီအကြွေးတွေဟာ ဒကာ ဒကာမတွေ ကြွေးဘယ်နှစ်မျိုး တင်ကြသတုန်း (သုံးမျိုးပါ ဘုရား) တစ်မျိုးနဲ့ ဆပ်ရမယ် (မှန်ပါ့)။
မဂ္ဂင်နဲ့ဆပ်မှသာလျှင်
သုံးမျိုးတင်တာကို ၄-နံပါတ်တည်းဟူသော မဂ္ဂင်နဲ့ဆပ်မှသာလျှင် ဒကာကြွယ်ရေ လိုရင်းကျတော့မယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တကယ်ဆပ်လိုက်မယ် ဆိုလို့ရှိရင်လဲ ဒကာ ဒကာမတို့နောက်က တင်လာတဲ့ကြွေးလဲ ကျေပါတယ် (မှန်ပါ့) တင်ဆဲကြွေးလဲ (ကျေပါတယ် ဘုရား) တင်လတ္တံ့ကြွေးလဲ (ကျေပါတယ် ဘုရား) ဪ သုံးချက်ပါလား (မှန်ပါ့)။
ဝါးတစ်လုံး ဖြတ်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် တစ်ဖက်ကလဲ ပြတ်သွားတာပဲ (မှန်ပါ့) တစ်ဖက်ကကော (ပြတ် ပါတယ် ဘုရား) ဪ သုံးချက်ပါလား (မှန်ပ့ါ)။
ဒါဖြင့် မဂ် ကုသိုလ်သည် ဒကာ ဒကာမတို့ အတိတ်ကဟာတွေလဲ အကျိုးမပေးနိုင်အောင် ဒီ ၄-နံပါတ်ကပဲ ဖြတ်ပေးတယ် (မှန်ပါ့) အလယ်မှာ ဓားမခုတ်လို့ရှိရင် ဆက်နေမည့် အဆက်က မဂ္ဂင်ကပဲ (ဖြတ်ပါတယ်ဘုရား ဟိုဘက် စင်ထွက်သွားတဲ့ အနာဂတ်ဝါးကိုလဲ ပြတ်စေတာ ဘယ်သူပါလိမ့် (မဂ္ဂင်ပါ ဘုရား)။ ဪ-ဒါဖြင့် ဓားသည် သုံးချက်ပြတ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ကတော့ နှစ်ပိုင်းတည်း ထင်နေတယ်နော်၊ (မှန်ပါ့ ဘုရား) အလယ်မှာ ဓားစား သွားတဲ့ နေရာလဲ ရှိပါသေးတယ် (မှန်ပ့ါ) မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဘယ်နှစ်ချက် ပြတ်ပါလိမ့် (သုံးချက်ပြတ်ပါတယ် ဘုရား) တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ သူများက ပြောတယ်၊ ဘုန်းကြီးက သုံးချက်ပြတ်ကြီး ပြောနေတယ် (မှန်ပ့ါ) ဒီလို ထင်နေလိမ့်ဦးမယ် (မှန်ပါ့)။
နို့မဟုတ်ရင် ဒီ ဓားခုတ်တဲ့ ဓားစာတို့ သစ်တုံး ခွဲလိုက်တော့ လွှစာ ဘယ်က ထွက်လာသတုံး မေးရင် ဒကာအုန်း ဘယ့်နှယ်ပြောမတုန်း၊ (အလယ်ကထွက်ပါတယ် ဘုရား)။
အလယ်က ထွက်လာတယ်၊ သူလဲပြတ်လို့ပေါ့ဗျာ၊ မပြတ်ရင် ထွက်ပါ့မလား၊ (မထွက်ပါ ဘုရား)။
အဲဒါကြောင့် မဂ္ဂင်သည် ဒကာ ဒကာမတို့ အတိတ်ကမိုက်လာတာတွေလဲ (ပြတ်ပါတယ်) ပစ္စုပ္ပန် အမိုက်အမဲ တွေကော (ပြတ်ပါတယ် ဘုရား)။ အနာဂတ်မိုက်လတ္တံ့တွေကော (ပြတ်ပါတယ် ဘုရား) ဒါဖြင့် သူဟာ အားကိုးထိုက်တဲ့ တရားအစစ်အမှန် ဖြစ်တယ် ဆိုတာဖြင့် ငြင်းနေဖို့ မလိုတော့ဘူး (မလိုပါ ဘုရား)။
အချိန်ရှိသလောက် ပြကြဦးစို့
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ အချိန်ရှိသလောက် ပြကြဦးစို့၊ ငါးမိနစ်ပဲ ကျန်တော့တယ်၊ (မှန်ပါ့)။
ခင်ဗျားတို့မှာတဲ့ ဒကာ ဒကာမတွေက အထည်ကလေး ဒီကနေပြီးသကာလ ကတ္တီပါကလေးတစ်ခုပေါ့ဗျာ၊ (မှန်ပါ့) ကတ္တီပါအနီကလေးတစ်ခု ဆောင်းတွင်းကျတော့ ဝတ်ကြပြုကြ၊ အဲဒီဥစ္စာကလေး မြင်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် ကိုယ်ပေါ်မှာပဲ ကိုယ်နဲ့ ကပ်ကြည့်လိုက်တယ်၊ ငါနဲ့ လိုက် မလိုက် ဒီအသွေးအရောင်နဲ့ လိုက်မလိုက် ကပ်ကြည့်လိုက်တယ်၊ နွေးမနွေးလဲ ကြည့်လိုက်တယ်၊ မထူထဲ ထူထဲလဲ့ ကြည်လိုက်တယ် (မှန်ပါ့) ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းတဲ့ ကိုယ်နဲ့ဖဿနဲ့ ထိတော့တယ် (မှန်ပါ့) အထည်နဲ့ မထိဘူးလား (ထိပါတယ် ဘုရား)။
ထိမှန်းသိတာ ဖဿပေါ့ဗျာ (မှန်ပါ့) ထိတော့ ဒီအထည်ကလေးဟာ နည်းနည်းနွေးပုံရပါတယ်၊ နွေးမှာပါပဲ ဆိုတဲ့ ဝေဒနာကလေးက၊ (လာပါတယ် ဘုရား) အထည်မှန်းလဲမသိဘူးလား၊ (သိပါတယ် ဘုရား)။
ဒါဖြင့် ဒီနေရာမှာ ဖဿ,ဝေဒနာ,ဝိညာဏ်၊ ပေါ်ပါတယ် (မှန်ပါ့) သုံးခုပေါ်တယ်၊ (မှန်ပါ့)။
အထည်ကလေးနဲ့ထိလိုက်တဲ့အခါ ကိုယ်အပေါ်မှာဘယ်နှစ်ခုပေါ်သလဲ၊ (သုံးခုပေါ်ပါတယ် ဘုရား)။
သုံးခုပေါ်သွားတယ်၊ ဖဿ,ဝေဒနာ,ဝိညာဏ်၊ (မှန်ပါ့) ဖဿက-ထိတာ၊ ဝေဒနာက-ကောင်းတယ်လို့ ခံစားတာ၊ (မှန်ပါ့)ဝိညာဏ်က=ဒီအထည်ကလေးကို အထည်လို့သိတာ (မှန်ပါ့) ဘယ်နှစ်ခုပေါ်ပါလိမ့်၊ (သုံးခုပေါ်ပါတယ် ဘုရား) ရှင်ပြီနော်၊ (ရှင်းပါပြီ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဒါ-သက္ကာယဒိဋ္ဌိ ဖြုတ်ချလိုက်တာ
ဪ-သုံးခုပေါ်တယ်၊ ငါဝတ်တာလားတဲ့ ဒကာဒကာမတို့ ဒီအထည်ကလေးကို ငါကိုင်တာလား-ငါကိုင် တာလား၊ ဖဿ,ဝေဒနာ,ဝိညာဏ် ပေါ်တာလား၊ (ဖဿ,ဝေဒနာ,ဝိညာဏ်တို့ ပေါ်တာပါ ဘုရား) ဒါ-သက္ကာယဒိဋ္ဌိ ဖြုတ်ချလိုက်တာ၊ (မှန်ပါ့ ဘုရား)။
ပေါ်တိုင်း-ပေါ်တိုင် ဪ-ဒါဟာ ဖဿဖြစ်တာ ဝေဒနာဖြစ်တာ ဝိညာဏ်ဖြစ်တာလို့သိပေးပါ၊ (မှန်ပါ့ ရှင်းသွားပြီ) (မှန်ပေါ့)။
ကဲ-ဒါဖြင့် ဝေဒနာပစ္စယာဘာတဲ့တုန်း၊ (တဏှာပါ ဘုရား) ဪ-ဒကာဒကာမတို့ အထည်ကလေးကိုယ်ပေါ်မှာ တင် ကြည့်လိုက်တဲ့အခါကျလို့ ရှိရင် ဝိညာဏ်နဲ့ တဏှာ လာတော့တာပဲ၊ (မှန်ပါ့) မလာဘူးလား၊ (လာပါတယ် ဘုရား)။
ဪ-ဈေးသွားကြတာလား ဒကာဒကာမတို့ တဏှာဖြစ်အောင် သွားကြတာလား မေးရင်၊ (တဏှာဖြစ်အောင်
သွားကြတာပါဘုရား ။
တဏှာဖြစ်အောင် သွားလို့ရှိရင် ဒီတွင်ပဲ ရပ်ကြမှာလား အပါယ်ကျအောင်ပဲ မြန်းကြမှာလား မေးရင်ကော (အပါယ်ကျအောင် မြန်းကြမှာပါ ဘုရား)။
ဒါ-ဉာဏ်မပါယင် ဒီအတိုင်းသွားတာပဲ၊ (မှန်ပါ့ ဘုရား) ဉာဏ်မပါရင်တော့ ဒီအတိုင်းသွားမှာပဲ၊ (မှန်ပါ့)။
ကဲ တဏှာပစ္စယာ ဆိုတော့ ဒီအထည်ကလေးတော့ဖြင့်မရ မနေနိုင်ဘူး၊ ဆိုဈေးပေးဝယ်ရမှာပဲဆိုတော့ ဘာဖြစ်သွားသတုန်း၊ (ဥပါဒါန်ဖြစ်ပါတယ်)။
ဒါလဲဥပါဒါန်ဖြစ်တယ် တဏှာဖြစ်တယ်လို့သိပေး (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။
တဏှာဖြစ်တာကို တဏှာဖြစ်တယ်လို့ နှောက်ကသိပေးရင်ဥပါဒါန်ပြတ်သေးတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
သို့သော်ဖြတ်မရလို့ တဏှာပစ္စယာဥပါဒါန်က-ဝယ်၊ မဝယ်ရင် မဖြစ်ဘူးဆိုပြီး သကာလ သူများ သားသမီးလဲ ဒီအချိန်ဒီရာသီမှာ ဒီကတ္တီပါ ဝတ်ကြတာပဲ၊ ဒို့သားသမီးလဲ အောက်တန်း ကျနေရော့မယ်ဆိုတဲ့ သူ-စွဲလမ်းမှုကြောင့် မဝယ်,မဖြစ်ဘူး ဖြစ်လာတယ်၊ (မှန်ပါ့)။
–ပဋိစ္စသမုပ္ပါဒ်တစ်ခု ထွက်လာတယ်
တဏှာပစ္စယာ၊ (မှန်ပါ့) ဥပါဒါန်ဖြစ်တော့ ကာယကံ,ဝစီကံနဲ့ ဒီအထည်ဘယ်လောက်တုန်း၊ ကာယကံနဲ့လဲ လက်နဲ့ကိုင်ကြည့်လိုက်တယ်၊ (မှန်ပါ့) ဝစီကံနဲ့လဲ ဘယ်လောက်ဈေးပေးရမှာတုန်း မေးလိုက်တယ်၊ (မှန်ပါ့)။
အထည်ဆိုင်သွားလိုက်တော့ ဒကာဒကာမတို့ ပဋိစ္စသမုပ္ပါဒ်တစ်ခု ထွက်လာပါတယ်၊ (မှန်ပါ့ ဘုရား)။
အထည်ဆိုင် သွားလိုက်တာ ဘာဖြစ်လာတုန်း၊ (ပဋိစ္စသမုပ္ပါဒ်တစ်ခု ထွက်လာပါတယ်) ရိပ်မိကြပလား၊ (မှန်လှပါ ဘုရား)။
ဘာအပြစ်ရှိတုန်း မေးရင်တော့ ဒီအတိုင်း ရှိတယ်သာပြောပါတော့၊ (မှန်ပါ့) ဘာအပြစ်ရှိသတုန်း မေးဖို့လိုသေး သလား၊ (မလိုပါ ဘုရား) ဖဿ,ဝေဒနာ,ဝိညာဏ်ဖြစ်ပြီးတော့ဘာလာသတုန်း၊ (တဏှာလာပါတယ်) တဏှာပြီးတော့ ဘာလာသတုန်း၊ (ဥပါဒါန်) ဥပါဒါန်ပြီးတော့၊ (ကမ္မဘာဝပါ) ကံမြောက်ခဲ့တယ်ဆိုတာ သေချာပလား၊ (သေချာပါပြီ ဘုရား)။
သူတစ်ပါးသတ်ခဲ့တာလား၊ ဒကာဒကာမတို့ သူတစ်ပါးဆဲခဲ့တာလား ၊ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ဝယ်ခဲ့တာ ကံမြောက်တာလား၊ (ကိုယ့်စိတ်ကူးနဲ့ ကိုယ်လို့ ကံမြောက်တာပါ ဘုရား)။
အဲ သီလတော့ မပျက်ဘူး၊ ဝိပဿနာက အကုသိုလ်တွေ ကုန်ပြီ၊ (မှန်ပါ့)။
သီလကတော့ဖြင့်၊ (မပျက်ပါ ဘုရား) ခိုးတာမှ မဟုတ်ဘဲကိုး၊ (မှန်ပါ့)။
အဲ သီလကတော့ မပျက်ပါဘူး ဒကာကြွယ်ရ၊ ဝိပဿနာဉာဏ်ကတော့ဖြင့် ဒီနေရာမှာ တဏှာကလဲ အကုသိုလ်ကံပဲ၊ (မှန်ပါ့) ဥပါဒါန်ကလဲ၊ (အကုသိုလ်ကံပါ ဘုရား)။
ဒီကံကလဲ တစ်ခါ တဏှာ ဥပါဒါန်အုပ်ချူပ်တဲ့ ကံဖြစ်နေတော့ ဒီကံကလဲ အကုသိုလ်ပဲဆိုကြ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
တစ်နေ့ဘယ်နှစ်ပါယ်တုန်း
ဒါဖြင့် ဒကာဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်ဟာ ခင်ဗျားတို့မှာ တစ်နေ့ဘယ်နှစ်ပါယ်တုန်း၊ (မရေတွက်နိုင်ပါ ဘုရား) ဒါဖြင့်ဒီကံပေါင်း ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။
ဒီကံဖြတ် မပေးလို့ရှိရင်ဖြင့် အကျိုးပေးသည်ကားလို့ဆိုရင် ခန္ဓာနဲ့ဆပ်လို့ ပြီးနိုင်စရာရှိသေးရဲ့လား၊ (မရှိပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့်ဒါတွေကိုတော့ဖြင့် ဝိဿနာဉာဏ်မပါတဲ့ ပုဂ္ဂိုလ် ဒကာအုန်း သိဖို့အတော်ခဲယဉ်းပါတယ် (ခဲယဉ်းပါတယ် ဘုရား)။
တပည့်တော်တို့တော့ဘုရား ကိုယ့်ပစ္စည်းနဲ့ ကိုယ်ဝတ်တာပဲ သူတစ်ပါးကိုလဲ လိမ်လည် ကောက်ကျစ်လို့ရတာလဲ မဟုတ်ပါဘူး၊ ခိုးတာဝှက်တာလဲ မဟုတ်ပါဘူး ကိုယ့်ပစ္စည်းနဲ့ ကိုယ်သွားဝယ်ပြီး၊ ကိုယ့်သားသမီး ကိုယ်ဆင်တာပါပဲ ဘာမှတော့ အပြစ်ရှိဟန်မထင်ပါဘူးဆိုတော့ ဟုတ်တယ် ဒကာ ဒကာမတို့ သီလမှာ အပြစ်မရှိပါဘူး၊ ဝိပဿနာ ကျတော့၊ (အပြစ်ရှိပါတယ် ဘုရား)။
ဒါဖြင့် သီလချည့်သက်သက်နဲ့ နိဗ္ဗာန်မရောက်နိုင်ဘူး၊ (မှန်ပါ့ ဘုရား) ဝိပဿနာနဲ့မှ ရောက်ရမှာ၊ (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့ နိဗ္ဗာန်မရောက်တဲ့ သဘောမျိုး၊ သီလကနေပြီး သမထ၊ သမထကနေပြီး ဝိပဿနာ တတ်ရမှာ (မှန်ပါ့) သီလဝိသုဒ္ဓိကမှ စိတ္တဝိသုဒ္ဓီ တတ်ရမှာကိုး၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ဪ-ငါတို့ သိထားတာ တယ်နည်းပါသေးလားဆိုတာ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။
ဒကာသစ် သိထားတာက၊ (နည်းပါသေးတယ် ဘုရား) မိဘရိုးရာကတော့မင်း-မခိုးနဲ့, မလိမ်နဲ့, မကောက်နဲ့, မကျစ်နဲ့နော်၊ ရိုးရိုးရောင်း ရိုးရိုးဝယ်၊ ကိုယ့်ရှိတာနဲ့ ကိုယ်တင်းတိမ်၊ (မှန်ပါ့) တော်ရောပေါ့ကွာ၊ ဆောင်း-ဆောင်းထည် ဝတ်ရ၊ နွေ-နွေထည်ဝတ်ရ တော်ရောပေါ့ကွာ၊ ဒါလောက် ဆိုလို့ရှိရင် အပြစ်တော့မသင့်စေနဲ့ဟေ့ ဆိုတော့ သူက သင့်တာမှ မသိဘဲကိုး၊ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ဝိပဿနာနဲ့မဖြတ်ရင် ပြတ်ပါ့မလား
အပြစ် မသင့်စေနဲ့ ဆိုတော့ သူသိတာက သီလစခန်းပဲသိတာကိုးဗျ၊ (မှန်ပါ့) အခုဘုန်းကြီးများပြောတာက ဝိပဿနာ စခန်းပြောတော့ ဒကာကြွယ်တို့ ကိုယ့်အဝတ်ကိုယ်ဝတ်တာတောင် ဝိပဿနာနဲ့မဖြတ်ရင် ပြတ်ပါ့မလား၊ (မပြတ်ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီ-ဥစ္စာ ဝိပဿနာဉာဏ်နဲ့ ဖြတ်ရလိမ့်မယ်၊ (မှန်ပါ့ ဘုရား)။
ထိတဲ့နေရာမှာ ဖဿ ဝေဒနာ ဝိညာဏ်ပေါ်တယ်၊ (မှန်ပါ့ ဘုရား) ပေါ်ပေါ်ခြင်းပဲ ဒကာဒကာမတွေက ဒီဥစ္စာတွေသူတို့မဆင်ခင် ဒီကနေပြီးဖြတ်လိုက်၊ (မှန်ပါ့) သူတို့ဖြစ်ပျက်ရှုလိုက်၊ (မှန်ပါ့)။
ဖဿရှုရှု, စိတ်ရှုရှု, ဝေဒနာရှုရှု၊ (မှန်ပါ့) ကြိုက်တာရှု၊ သူတို့က ဖြစ်ပျက်ဆိုရင် ဒီကနောက်က တစ်ခါတည်း ဪ-သူတို့ ပျက်ပြီဆိုရင် ပျက်မှန်းသိတဲ့ မဂ်လိုက်ပေးပါ၊ (မှန်ပါ့ ဘုရား)။
လိုက်ပေးတော့ကို ဒီကတဏှာ, ဥပါဒါန်, ကံဆိုတာ လာခွင့်ရ-မရ၊ (မရပါ ဘုရား) မရတော့ တဏှာဥပါဒါန်မှ လာခွင့်မရတော့ ကံ, ကလဲ လုံးဝခွင့် မရတော့ဘူး ကံပြတ်သွားပြီး၊ (မှန်ပါ့) မပြတ်သေးဘူးလား၊ (ပြတ်ပါ ဘုရား) ဘာနဲ့ဖြတ်ပါလိမ့် (မဂ်နဲ့ဖြတ်ပါတယ် ဘုရား)။
အေး မဂ်နဲ့ ဖြတ်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဒီကံက ဖြစ်လဲမဖြစ်ရတော့ အကျိုးလဲ မပေး နိုင်တော့ဘူး၊ (မှန်ပါ့)။
ဖြစ်လဲမဖြစ်ရတဲ့အတွက်၊ (အကျိုးလဲ မပေးနိုင်ပါ ဘုရား) အကျိုးလဲ မပေးနိုင်တော့ဘူးဆိုတာ ဒကာအုန်း ကျေနပ်ပလား၊ (ကျေနပ်ပါပြီ) သဘောကျပလား၊ (ကျပါပြီ)။
တပည့်တော်တို့ကတော့ဘုရား ဒီဥစ္စာ အင်မတန် မြန်ပါတယ် ဆိုပြီးသကာလ တဏှာတော့ ဖြစ်သေးတယ်ဘုရာ့၊ အဲဒီတဏှာ ကလေးကတော့ဖြင့် ဖြစ်လိုက်တယ်ဘုရား၊ ဒီတဏှာကလေးကလဲ ဖြစ်ပြီး ပျက်တာပဲလို့ မိလိုက်တယ်ဆို တဏှာ့နောက်ကနေ မဂ်ဝင်ပေးတယ်၊ (မှန်ပါ့) ရတာပဲ၊ ဥပါဒါန်ကံ လာသေးရဲ့လား၊ (မလာပါ ဘုရား) ဟ ကံဖြတ် သေးတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။
ကိုင်း-တစ်ခါသွားဦး၊ တဏှာတော့ လွန်သွားပြီးဘုရား၊ စွဲလမ်းတဲ့ဆီကျအောင် ရောက်သွားတယ်၊ အဲဒီစွဲလမ်းတဲ့ စိတ်ကလေး နောက်ကနေပြီး အသိကလေး မဂ်လိုက် ပေးစမ်း၊ (မှန်ပါ့)။
ဒါဘဲ ကံပြတ်တာပဲ
ဒါဖြင့် စွဲလမ်းတဲ့ တရားက ဥပါဒါန် ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား) ဒီလိုဆိုတော့ ကံလာနိုင်သေးရဲ့လား၊ (မလာနိုင်ပါ ဘုရား)။
ဒါဘဲ ကံပြတ်တာပဲ၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ကံပြတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခုနင်ကသုံးမျိုးဟာ သေချာတယ်၊ (သေချာပါတယ်) မဲတဲ့ကံလဲ (ပြတ်ပါ တယ်) ဖြူတဲ့ကံ (ပြတ်ပါတယ်) အမဲအဖြူအရောတဲ့ကံ (ပြတ်ပါတယ်)။
ကိုင်း-ဒါတောင်မှ မမိလိုက်သေးပါဘူးဘုရား၊ ကံမြောက်သွားတယ်ဘုရာ့ဆိုတော့ ဒါ-ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒါလဲဖြစ်ပျက် ရှုဦးကွ-တဲ့၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ)။
”ရူပသဉ္စေတနာ လောကေ သဒ္ဒသဉ္စေတနာ လောကေ”လို့ ခင်ဗျားတို့ သတိပဋ္ဌာန်ရတဲ့ ပုဂ္ဂိုလ်များမှာ ဒကာအုန်းတို့ ပါသဗျာ၊ (မှန်ပါ့) စေတနာကိုလဲ ဖြစ်ပျက်ရှုနိုင်တယ်တဲ့၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ)။
စေတနာ ဖြစ်ပျက် ရှုလိုက်တော့ စေတနာက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)။
ဒီလိုကျတော့ ဒီကံဟာ မျိုးစေ့သာဖြစ်တယ်၊ မအောင်တော့ဘူး၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
မဂ်မီးနဲ့ ရှို့ပစ်လိုက်တဲ့အတွက် သူ့နောက်က ကမ္မဘဝ ပစ္စယာ ဇာတိ လာနိုင်သေးရဲ့လား၊ (မလာနိုင်ပါ) မလာနိုင်တော့ ဒီကံကိုလဲ ဖြတ်ပစ်နိုင်တယ်ဆိုတော့ ဪ-ဝိပဿနာဟာ ဒကာ ဒကာမတို့ ပေါ်ရာရှုရင် ကံပြတ်တာပဲ၊ (မှန်ပါ့ ဘုရား)။
ပေါ်ရာရှုရင် (ကံပြတ်ပါတယ်) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် အချိန်က နည်းသွားတော့ ဒကာ ဒကာမတို့ ဖြစ်ပျက်က ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ) ရှုတာက (မဂ္ဂသစ္စာပါ ဘုရား) အေး ဒီဘက်ကနေပြီး ပြတ်သွားတာကလေးက သမုဒယသေတာ၊ (မှန်ပါ့) ပြတ်သွားလို့ နောက်အကျိုးမပေးမှာက (နိရောဓ သစ္စာပါ) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။