ကံပြတ်တရား (၁)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
ကံပြတ်တရား (၁)
နေ့အလုပ်ပေး-တရားတော်
(၁၁-၈-၆၁)
တရားနာမှုနဲ့ တရားအားထုတ်မှု
တရားနာကြတယ်ဆိုတဲ့ ဥစ္စာက မှတ်မိဖို့ နာကြနော် (မှန်ပါ့)။
တရားနာကြတယ်ဆိုတာက ဘာလုပ်ဖို့ပါလိမ့် (မှတ်မိဖို့ပါ ဘုရား)။
ဒါမှတ်မိရုံနဲ့လဲ မပြီးသေးဘူး (မှန်ပါ့) နောက်တစ်ခါ ဆက်လက်ပြီး သကာလ သိအောင်မှတ်ပြီး သကာလ ဒကာ ဒကာမတွေ အားထုတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ထိုကဲ့သို့ အားထုတ်တာကတော့ကိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခဝဋ်မှ ကယ်တာလို့ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် တရားနာတာကတော့ ကုသိုလ်ရရုံပဲ (မှန်ပါ့) နတ်ရွာ သုဂတိရောက်ရုံပဲ (မှန်ပါ့) တရားအားထုတ် တာကတော့ဖြင့် တဲ့ ဒကာ ဒကာမတွေ ဝဋ်သုံးပါးကျွတ်တဲ့ ကယ်တင်တဲ့ သဘောပဲဆိုတာ မှတ်ပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် တရားနာမှုနဲ့ တရားအားထုတ်မှုဟာ ဒကာကြွယ် ဒကာသစ် ကွာခြားတယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
တရားနာမှုသည် နတ်ရွာသုဂတိ ရောက်ရမယ် (မှန်ပါ့) တရားအားထုတ်မှု သည်ကားလို့ဆိုရင် ဝဋ်သုံးပါး ကျွတ်ရမယ် (မှန်လှပါ)။
အဲဒီတော့ ဝဋ်ကျွတ်တာနဲ့ တရားနာလို့ အထက်ပိုင်းဝဋ်ကို ရတာနဲ့ဆိုတော့ အတော်ကွာခြားပါတယ် (ကွာခြား ပါတယ် ဘုရား) မကွာခြားဘူးလား (ကွာခြားပါတယ် ဘုရား)။
အေး-ဒါကြောင့် အားလုံး တရားနာပြီး သကာလ ဒကာ ဒကာမတွေ ဆိုင်ရာဆိုင်ရာ ကိုယ့်အိမ်ကိုယ့်ရာမှာ ဖြစ်စေ ဒီမှာ စောစောရောက်တဲ့ ပုဂ္ဂိုလ်ဖြစ်စေ ဒကာကြွယ် ဒကာသစ်တို့ နှလုံးသွင်းရလိမ့်မယ် (မှန်လှပါ ဘုရား) နှလုံးသွင်းလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်တဲ့ အလုပ်ဟာ အထမမြောက်ပေဘူးလား (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ တရားကြိုးစားနာပြီး မှတ်ကြပါ (မှန်လှပါ ဘုရား) ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သနားသောကြောင့် အပါယ်လေးပါးမှ လွတ်အောင် ပဋိသန္ဓေနေခြင်း, အိုခြင်း, နာခြင်း, သေခြင်းမှလွတ်အောင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်တဲ့ အလုပ်ကတော့ဖြင့် ကိုယ့်ကိုယ်ကိုယ် ရွံမုန်းပြီး ကိုယ့်ခန္ဓာကြီး မလိုချင်မှ နိဗ္ဗာန်ရမယ် (မှန်လှပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် မလိုချင်အောင် ကြည့်ရခြင်းသည် ဘယ်အတွက်ကြောင့် ပါလိမ့်မတုန်းဆိုတော့ ကိုယ်ကိုယ်တိုင်က ဒကာသစ်တို့ သိပြီးသားပဲ ခဏခဏ ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာကြီးပဲ (မှန်ပါ့) ဒါကို ဉာဏ်နဲ့မြင်တော့ ဒကာကြွယ် မလိုချင်တော့ဘူး (မှန်ပါ) မလိုချင်တော့ ဒုက္ခနဲ့ ကင်ကွာသွားတာပေါ့ (မှန်ပါ့) ဒုက္ခနဲ့ ကင်းသွားလို့ရှိရင် သုခနဲ့ အဆက်ဖြစ်သွားတယ်လို့ မှတ်ပါ၊ (မှန်လှပါ) သုခနဲ့ အဆက်ဖြစ်သွားတယ်ဆိုတာ ချမ်းသာရတာပါပဲ (မှန်လှပါ)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် တရားနာမှု ရှေ့ထားပါ (မှန်ပါ့) အားထုတ်မှု ကိုယ့်ကိုယ်ကိုယ် ချမ်းသာဘက်သို့ ကယ်တင်မှုကို ၂-နံပါတ်ထားပြီး သကာလ အားလုံးပုဂ္ဂိုလ်တွေသည် ရှေးဦးစွာ ရောက်တဲ့ပုဂ္ဂိုလ်လဲ ကြိုးစားနှင့် (မှန်ပါ့)။
ခန္ဓာကိုယ်ကြီးက ပြောပါလိမ့်မယ်
ဟာ-ဒီကပြန်သွားလဲ ထမင်းကလေး, ဘာကလေး စားသောက်ပြီး သကာလ ကိုယ့်အိပ်ရာ ကိုယ့်အနားပဲ ခန္ဓာကိုယ်ကြီး ဘာဖြစ်နေတယ်ဆိုတာ ကြည့်ကြပါ (မှန်ပါ့)။
ကြည့်တဲ့အခါကျတော့ ခန္ဓာကိုယ်ကြီးက ပြောပါလိမ့်မယ် (ပြောပါတယ် ဘုရား) ခန္ဓာကိုယ်ကြီးက ပြောပါလိမ့် မယ်၊ ချောင်းဆိုးပြလဲ ဪ- ဒီခန္ဓာဟာဖြင့် ချောင်းဆိုးဝေဒနာတို့၏ တည်းခိုရာဌာနကြီးပဲ (မှန်ပါ့) ဒုက္ခဟူသရွေ့ လက်ခံတာပဲဆိုတော့ ဒုက္ခသစ္စာ မြင်လာတယ် (မှန်ပါ့)။
ထိုင်ရင်းမတ္တနဲ့ ညောင်းလာပြန်ဆို ဪ-ဘယ်သူကမှ အညောင်းပေးတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးထဲက ထွက်လာတဲ့ ညောင်းတဲ့ဝေဒနာပဲ၊ ဒါကြောင့်လဲ ဒုက္ခသစ္စာပဲဆိုပြီး ဉာဏ်နဲ့လှည့်ပေးပါ (မှန်ပါ့)။
ဤကဲ့သို့ ခန္ဓာထဲမှာ ဉာဏ်နဲ့လှည့်လှည့် လှည့်လှည့်ပေးလိုက်ပြီဆိုမှဖြင့် ခန္ဓာထဲမှာ တရွရွနဲ့ ဟိုနေရာကယား သလို ဒီနေရာက ယံသလို ဟိုနေရာက အောင့်သလို ဒီနေရာက ဘာဖြစ်သလိုလိုနဲ့ ခန္ဓာ၏ ဖြစ်ပျက်သဘောတွေ ခန္ဓာက ပြောပါလိမ့်မယ် (မှန်လှပါ ဘုရား)။
အဲဒီ ခန္ဓာ၏ ဖြစ်ပျက် သဘောတွေ ခန္ဓာက ပြောတဲ့အခါကျတော့မှ ခန္ဓာကိုကြည့်ပေး၊ (မှန်ပါ့) ကြည့်ပေးတဲ့ အခါကျတော့ ဪ-ဖြစ်မှုပျက်မှု ရှိတယ်ဆိုတာ ဒါတွေပေါ်တာ ဆိုတာကိုး (မှန်လှပါ ဘုရား) စိုက်ကြည့်ဦးမယ်ဆိုပြီး လုံ့လဝီရိယ မလျှော့ဘဲနဲ့ စိုက်ကြည့်၊ (မှန်လှပါ) စိုက်ကြည့်တဲ့အခါကျတော့ ခန္ဓာက ကောင်းတာတစ်ခုမျှ မပြောဘူး၊ သူ့မှာ အဆိုးရှိလို့ အဆိုးပြောလာပြီ ဆိုမှဖြင့် ဪ-ဒီ ဥစ္စာသည်ကား ငြီးငွေ့စရာ, ရွံစရာ, မုန်းစရာတွေပါလား ဆိုတာ ဒကာသစ် ဘယ်သူက ပြောသတုန်း (ခန္ဓာက ပြောပါတယ် ဘုရား)။
ခန္ဓာက ပြောတယ်နော် (မှန်ပါ့) ခန္ဓာက ပြောပြီး သကာလ နေတော့ ပြောပေမယ့်လဲ အင်း-မင်း ပြောနိုင် သလောက် ပြောစမ်းကွာ ဆိုပြီး ဆက်ကြည့်ပါ (မှန်ပါ့) ပြောနိုင်သလောက် ပြောစမ်းပါဆိုပြီး ဆက်ကြည့်လိုက်တဲ့အခါ ကျတော့ ဒကာကြွယ်ရေ မလိုချင်စရာတွေ၊ ခင်ဗျားတို့အကြိုက် ဟူသရွေ့ တစ်ခုမှ မပါတာတွေ သူက သူ့မှာရှိတာ အကုန် ထုတ်ပြောလိမ့်မယ် (မှန်ပါ့)။
မလိုချင်စရာတွေပါလား
သူ့ရှိတာ အကုန်ထုတ်ပြောတဲ့အခါကျတော့ ဪ-ဒါကြောင်ပဲ အရိယာမျက်လုံး တပ်ကြည့်လိုက်တဲ့အခါ မလိုချင်စရာတွေပါလား-ဆိုပြီး သကာလ ဒကယ်မလိုချင်တာ ဉာဏ်စစ်ပေါ်လာလို့ရှိရင် ခန္ဓာ ပျောက်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။
ထိုကဲ့သို့ ခန္ဓာပျောက်သွားတဲ့အခါ ကျလို့ရှိရင် ခန္ဓာက ဒုက္ခသစ္စာ၊ အဲဒီတော့ ဒုက္ခသစ္စာပျောက်သွားတယ် (မှန်ပါ့ ဘုရား)။
ဘာပျောက်သွားသတုန်း (ဒုက္ခသစ္စာပျောက်သွားပါတယ် ဘုရား)။
အဲဒီကဲ့သို့ ဒုက္ခသစ္စာ ပျောက်သွားပြီဆိုမှဖြင့် ဒီဒုက္ခသစ္စာ ပျောက်တဲ့နေရာကို ဒကာသစ်တို့ ဒကာကြွယ်တို့က ဉာဏ်သီးတည့်ထား (မှန်လှပါ ဘုရား)။
ဉာဏ်ဦးတည့်ထားပြီး သကာလ ဪ-ဒုက္ခချုပ်ရာနိဗ္ဗာန်ဆိုတာ အခုဖြင့် ဒုက္ခဖြင့် ချုပ်သွားပြီ၊ ချုပ်ရာနိဗ္ဗာန် ဆိုတာ အခု ဒို့မြင်တဲ့နေရာပဲဆိုပြီး သကာလ ဒီနေရာမှာ ချမ်းသာတာ သက်သက် ပေါ်လာလိမ့်ဦးမယ် (မှန်ပါ့)။
ဒီနေရာပဲ ဉာဏ်စိုက်ထားပါ
ချမ်းသာသက်သက် ပေါ်လာလို့ရှိရင် ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ ဒီနေရာနဲ့ပဲ ပျော်မွေ့နေလိုက်ပါ၊ (မှန်ပါ့ ဘုရား) ဖြစ်ပျက်တွေ ဒုက္ခသစ္စာတွေ မရှာပါနဲ့၊ (မှန်ပါ့ ဘုရား) မရှာဘဲနဲ့ ဒီနေရာပဲ ဉာဏ်စိုက်ထားပါ (မှန်ပါ့ ဘုရား)။
ဒီနေရာ ဉာဏ်စိုက်ထားတော့ ချမ်းသာ ဒကာတို့၏ အထွက်အထိပ်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတာ ဪ-ဒါကြောင့် ချမ်းသာစစ် ချမ်းသာမှန်ဆိုတာ ဒီဟာမှကိုး-ဆိုတဲ့ ဥစ္စာကို ခန္ဓာအဆုံးက ပြောလာတယ် (မှန်ပါ့)။
ဘယ်သူက ပြောပါလိမ့် (ခန္ဓာအဆုံးက ပြောပါတယ် ဘုရား)။
ခန္ဓာအဆုံးက ပြောလာတယ်လို့ဆိုတော့မှ အင်း-ဒီတစ်ခါ ဒီလိုမြင်လိုက် ပြီးပြီဆိုမှဖြင့် ငါ-ငါ့ဥစ္စာဆိုတာ ကလေးဟာ လုံးဝ တစ်ခါတည်း နောက်ပိုင်းက ဒိဋ္ဌိတွေ ပြုတ်ကျသွားပြီး သကာလ ကိုယ့်အတွက် စောင့်နေတဲ့ အပါယ် လေးပါးတွေက ကိုယ့်အတွက်ဖြင့် ဟိုမှာ ရှာမတွေ့ရအောင်ပဲ အပါယ်လေးပါး ပျောက်ထွက်သွားတယ် (မှန်ပါ့)။
ဒါဖြင့် ဒီအပါယ်လေးပါး ပျောက်သွားတာသည် ဘယ့်နှယ်ကြောင့် ပျောက်သွားပါလိမ့် မတုန်းဆိုတော့ အို-ခန္ဓာ အဆုံးနိဗ္ဗာန်မြင်လို့ သူက ပျောက်ရရှာတာ (မှန်ပါ့) မမြင်သေးတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒီအပါယ်လေးပါးဟာ ကိုယ့် အတွက်ဟာ ကိုယ်က လူ့ပြည်နေငြားသော်လဲ ဟိုကငရဲအိုးတွေက ဆူလို့ (မှန်ပါ့) ကျင်ကြီးတွင်းကြီးက ပိုးလောက် တွေကလဲ မျှော်လို့ပေါ့ဗျာ (မှန်ပါ့)။
အဲဒီလိုနေတာတွေဟာ ဘယ်တော့မှ မပျောက်ဘူး (မှန်ပါ့) စောင့်ဆိုင်းပြီး သကာလ နေတာပဲဆိုတာ မှတ်ရမယ် (မှန်လှပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ် ကယ်တင်တဲ့အလုပ်ကဖြင့် ကိုယ့်ကိုယ်ရွံမုန်းငြီးငွေ့ မလိုချင်လို့ ကိုယ့်ခန္ဓာပျောက်လို့ နိဗ္ဗာန်အမြင်ဉာဏ်ရောက်တာသည်ကား အပါယလေးပါး တံခါးပိတ်ပြီး ကိုယ့်ကိုယ်ကိုယ် အပါယ်လေးပါးမှ ကိုယ်ကယ်တင်တဲ့ ဉာဏ်ပဲဆိုတာကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါ-ရှေ့ပိုင်းက အလုပ်ခန်းကို အနည်းငယ်မျှ ပြောပါတယ်။
ကောင်းပြီ ဒီနေရာ ဒီဌာန တပည့်တော်တို့ ဘယ်အချိန် ရောက်ရမှာတုန်းဘုရား-ဆိုတော့ ကိုယ့်သန္တာန် ဖြစ်စဉ်တွေ ဘုန်းကြီးပြပါဦးမယ်နော် (မှန်ပါ့)၊ ကိုယ့်သန္တာန် ဖြစ်စဉ်တွေ ပြလိုက်တဲ့အခါကျတော့ အပါယ်လေးပါး ရောက်စေတတ်တဲ့ ကံတွေ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေ ဒီကံတွေ ပျောက်တဲ့အချိန်ကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ် အလိုရှိတဲ့ နိဗ္ဗာန်ရောက်တာပဲဆိုတာ မှတ်ရမယ် (မှန်ပါ့)။
နိဗ္ဗာန်သည် လေးမျိုးရှိတယ်လို့ မှတ်ပါ
အဲဒီတော့-နိဗ္ဗာန်သည် လေးမျိုးရှိတယ်လို့ မှတ်ပါ (မှန်ပါ့) ပထမဉာဏ်မြင်တဲ့ နိဗ္ဗာန်ကတစ်မျိုး၊ ဒုတိယဉာဏ် မြင်တဲ့ နိဗ္ဗာန်က (တစ်မျိုးပါ ဘုရား) တတိယ, စတုတ္ထဉာဏ်မြင်တဲ့ နိဗ္ဗာန်က (တစ်မျိုးစီပါ ဘုရား)။
*မှတ်ချက်။ နိဗ္ဗာန်သည် လက္ခဏာအားဖြင့်တပါးသာဖြစ်သည်။ ဤ၌ပုဂ္ဂိုလ်ကိုလိုက်၍ လေးမျိုးဟုဆိုခြင်းဖြစ်သည်။
အဲဒီတော့ နိဗ္ဗာန်လေးမျိုးရှိတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။
ပထမနိဗ္ဗာန်သည် အပါယ်လေးပါး တံခါးသာ ပိတ်နိုင်ပါတယ် (မှန်ပ့ါ) သို့သော်လဲ ပထမနိဗ္ဗာန်ရရင်လဲပဲ ဒကာကြွယ် အမြတ်အစွန်း အကြီးဆုံး ထွက်ပါပြီဆိုတာကိုလဲ ဆုံးဖြတ်ချက်ချတာပေါ့ (မှန်ပါ့)။
ကဲ-ဒါဖြင့် တပည့်တော်တို့ ပထမနိဗ္ဗာန်မရောက်တာ ဘယ့်နှယ်ကြောင့်တုန်းဘုရား-လို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ဒါက အခုတရားနာနေတဲ့ ခန္ဓာငါးပါး (မှန်ပါ့ ဘုရား)။
ဒါ-ဘာပါလိမ့် (တရားနာနေတဲ့ ခန္ဓာငါးပါးပါ) ဒီ ခန္ဓာငါးပါးကြီးကို ဉာဏ်အမြင်မရှင်းကြဘဲ ဖြစ်နေတယ်၊ (မှန်ပါ့ ဘုရား)။
ဉာဏ်အမြင်မရှင်းဘဲ ဖြစ်နေတယ်
ပထမ နိဗ္ဗာန်မရောက်တာက ဒီ ခန္ဓာငါးပါးအပေါ်၌ ဒကာသစ် ဉာဏ်အမြင်မရှင်းဘဲ ဖြစ်နေတယ် (မှန်ပါ့ ဘုရား) မရှင်းဆို တချို့မှာ လုံးဝကိုမသိလို့ မရှင်းတာရှိတယ် (မှန်ပါ့) တချို့ သိလျက်နဲ့မလုပ်လို့ မရှင်းတာရှိတယ် (မှန်ပါ့) အဲ-မရှင်းတာ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။
မသိလို့မရှင်းတာက (တစ်မျိုးပါ) သိလျက်နဲ့မလုပ်လို့ မရှင်းတာက (တစ်မျိုးပါ ဘုရား)။
အဲဒီ မရှင်းတာနှစ်မျိုးရှိတဲ့ အနက်က ဒကာ ဒကာမတို့ အခုတရားနာနေတဲ့ ဒကာ ဒကာမတွေအတွက် စဉ်းစားရမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ သိလျက်နဲ့မလုပ်လို့ မရှင်းတာပဲ (မှန်ပါ့ ဘုရား)။
ဒါကြောင့် မလုပ်သေးတဲ့ ပုဂ္ဂိုလ်များကလဲ ကိုယ့်ကိုယ်ကိုယ် အပါယ်လေးပါးရောက်မှာ ချောက်ကျသွားမှာ ပြန်မတက်နိုင်တဲ့နေရာရောက်မှာ ဧကန်သိ-တကယ်သိပြီးနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ရှင်းအောင် ရှေးဦးစွာ ကြည့်ပါ (မှန်ပါ့ ဘုရား)။
သို့သော် မရှင်းပုံကလေး ရှေ့ကပြတဲ့အခါကျတော့ ဒီခန္ဓာ ငါးပါးကြီးကို ကိုယ့် ခန္ဓာကြည့်လိုက် ကိုယ့်သား, လင်,ခင်ပွန်း ခန္ဓာကြည့်လိုက်၊ ဒီလိုကြည့်လိုက်ပြီဆိုမှဖြင့် ဪ-ဒါသည်ကား ဆိုလို့ရှိရင် ကိုယ့်ခန္ဓာက ငါ၊ (မှန်ပါ့) သား, လင်, ခင်ပွန်းက ငါ့ဥစ္စာ (မှန်ပါ့) ဒီလိုမျက်လုံးနဲ့ ကြည်ပြီဆိုမှဖြင့် ဒီမျက်လုံးနဲ့ အမြင်ရှိနေပြီဆိုမှဖြင့် ဪ- ကိုယ့်ခန္ဓာကျတော့ ငါ့သား, လင်, ခင်ပွန်းကျတော့ (ငါ့ဥစ္စာ) အဲ- ငါ ငါ့ဥစ္စာအဖြစ်နဲ့သာ မြင်နေပြီး သကာလ ရုပ်နာမ် ဖြစ်ပျက်အဖြစ်နဲ့ မမြင်သေးလို့ရှိရင် ဒကာသစ် အပါယ်လေးပါး တံခါးမပိတ်ဘူး (မှန်ပါ့) ဒကာကြွယ် ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ကိုယ်တော့ ဘာတဲ့ဗျာ (ငါပါ ဘုရား) အဲ-တစ်ကိုယ်လုံး ဖြစ်ပျက်တွေ ရုပ်နာမ်တွေတော့ ငါလို့ ထင်နေ တယ်၊ (မှန်ပါ့) သား, လင်, ခင်ပွန်းတွေကျတော့ (ငါ့ဥစ္စာပါ) တစ်ခုမှ မမှန်ဘူး (မမှန်ပါ ဘုရား)။
-မိစ္ဆာဒိဋ္ဌိမျက်လုံးနဲ့ ကြည့်နေတာ
တစ်ခုမှမမှန်တော့ ဒါ-မိစ္ဆာဒိဋ္ဌိမျက်လုံးနဲ့ ကြည့်နေတာ၊ (မှန်ပါ့ ဘုရား)။
မိစ္ဆာဒိဋ္ဌိ မျက်လုံးနဲ့ကြည့်ပြီး သကာလ နေတာ ဒကာကြွယ်ရေ၊ ကိုယ့်ကိုယ် ကြည့်လိုက်ပြန်လဲ ငါ (မှန်ပါ့) သား, လင်, ခင်ပွန်း, သား, သမီး, မြေး, မြစ်တွေကြည့်လိုက်ပြန်လဲ (ငါ့ဥစ္စာပါ ဘုရား) ပစ္စည်းတွေ ကြည့်လိုက်လဲ (ငါ့ဥစ္စာပါ ဘုရား)။
ငါ့ဥစ္စာတွေချည့် ဖြစ်ပြီး သကာလ ငါနဲ့ငါ့ဥစ္စာက တစ်ခုမှ မဟုတ်တာကို နှစ်ခုစလုံးပဲ ငါလဲမပြုတ်၊ ငါ့ဥစ္စာက မပြုတ်ဆိုတော့ အတ္တ,အတ္တနိယက ရှိပြီး သကာလ နေတော့ ဒါ ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါ အမြင်မှား (မှန်ပါ့) အမြင်မှားဆိုတော့ သမ္မာဒိဋ္ဌိလား-မိစ္ဆာဒိဋ္ဌိလား (မိစ္ဆာဒိဋ္ဌိပါ ဘုရား)။
အဲ သူရှိနေလို့ အပါယ်လေးပါး တံခါးမပိတ်တာ (မှန်ပါ့) သူမရှိလို့ရှိရင် အပါယ်လေးပါး တံခါးပိတ်လိမ့် မယ်ဆိုတာ အသေအချာ မှတ်ကြပါ (မှန်ပ့ါ ဘုရား)။
ကိုင်း ဒါဖြင့် သူရှိနေပုံကလေးကို ဒကာကြွယ် ရှင်းပြဦးမယ်နော် (မှန်ပါ့ ဘုရား)။
သူတစ်ပါးခန္ဓာ ကြည့်လိုက်တယ်၊ သား, မယားခန္ဓာကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ခန္ဓာမတွေ့ဘဲနဲ့ ရုပ်နာမ် တွေ မတွေ့ဘဲနဲ့ ဖြစ်ပျက်တွေ မတွေ့ဘဲနဲ့ အင်း-သူလဲ အတော်ကြီးလာပြီ၊ အတော်အိုလာပြီ၊ တော်တော် ရင့်ရော်လာပြီ၊ သူလဲ ဝေဒနာတော်တော်များလာပြီ ဆိုလို့ရှိရင်ဖြင့် ဪ- ငါရှိလု့ိ သူရှိတာကိုး (မှန်ပါ့) သူလို့ ပြောပေါ့ဗျာ၊ ငါရှိလို့ ပေါ့၊ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကိုယ်ကလဲ ငါမပြုတ်၊ ကြည့်ရတာလဲ သူဖြစ်၊ ငါနဲ့သူနဲ့ ရောနေတယ် (ရောနေပါတယ်) ငါကအတ္တ၊ သူက အတ္တနိယလို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။
ငါက ဘာပါလိမ့် (အတ္တပါ) သူက (အတ္တနိယပါ ဘုရား)၊ အတ္တနိယဆိုတော့ ငါ-ငါ့ဥစ္စာပဲတဲ့၊ မြန်မာလို ပြန်လိုက် တော့ (မှန်ပါ့ ဘုရား)။
ငရဲမျိုးစေ့ကဖြင့် ရှိလျက်ပဲ
အဲဒီ ငါ-ငါ့ဥစ္စာတွေ ရှိပြီး သကာလ နေသရွေ့ ကာလပတ်လုံးဟာဖြင့် ဘာတွေလှူလို့ ဘာတွေတန်းပြီး နေငြား သော်လဲ အပါယ်လေးပါး ငရဲမျိုးစေ့ကဖြင့် ရှိလျက်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အပါယ်လေးပါး ငရဲမျိုးစေ့ကဖြင့် (ရှိလျက်ပါ) ရှိလျက်ပဲဆိုတဲ့ဥစ္စာ အဲဒီတော့ ဘုန်းကြီးများက ဒကာ ဒကာမတွေ သတိလဲပေးချင်ပါတယ်၊ ဝိသာခါတို့ဟာ ခုနစ်နှစ်အရွယ်က သောတာပန်တည်တယ်၊ တည်ပြီး သကာလ သား, လင်, ခင်ပွန်းနဲ့နေလို့ သားသမီး မြေးတွေမြစ်တွေ အကြီးအကျယ်ပဲ ပေါက်ပွားလာတယ်ဆိုတာ အထင်အရှားပဲ၊ သို့သော် သူတို့မှာ ငါ-ငါ့ဥစ္စာပြုတ်ပြီး သကာလ နေသောကြောင့် ရောင်းဝယ်ဖောက်ကား နေငြားသော်လဲ အပါယ်လေးပါး တံခါးပိတ်တဲ့ ငါ-ငါ့ဥစ္စာတကယ့်ဒိဋ္ဌိမှားကတော့ ဒကာသစ် ပြုတ်ပြီးသားပဲ (ပြုတ်ပြီးသားပါ) တဏှာကျန်နေလို့သာ သား, လင်, ခင်ပွန်းနဲ့နေတာကိုးဗျ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိနဲ့ တဏှာဟာ တခြားစီပဲ၊ (မှန်ပါ့) ဒိဋ္ဌိကမှ အပါယ်လေးပါး သွားစေနိုင်တယ် ၊ တဏှာက မသွားစေနိုင်ဘူးဆိုတာလဲ ဒီနေရာ ထောက်ကြည့်လိုက်လို့ရှိရင် ဒကာကြွယ် အရှင်းသားပဲ (ရှင်းပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဘက်က ဒကာကြွယ်ကဖြစ်စေ၊ ဒကာသစ်က ဖြစ်စေ၊ ဦးလှဘူးကဖြစ်စေ၊ မျက်လုံးဖွင့် လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် မြင်တယ်၊ သားကလေး၊ သမီးကလေး၊ မြေးကလေး မမြင်ဘူးလားဗျာ၊ (မြင်ပါတယ် ဘုရား)။
တွေ့လို့မြင်တာပဲ
ဪ မြင်တယ်ဆိုတာ ဒါ မှတ်ထားလိုက်စမ်းပါတဲ့၊ မြင်တယ်ဆိုတာ တွေ့လို့မြင်တာပဲ (မှန်ပါ့ ဘုရား)။
တွေ့လို့ (မြင်တာပါ) တွေ့တာက ဖဿ၊ မြင်တာက ဝိညာဏ် (မှန်ပ့ါ ဘုရား)။
တွေ့တာက (ဖဿပါ) မြင်တာက၊ (ဝိညာဏ်ပါ) အင်း- ချစ်စရာကလေးပဲဆိုတာက ဝေဒနာ (မှန်ပါ့ ဘုရား)။
ချစ်စရာကလးပဲဆိုတာက (ဝေဒနာပါ) ဪ-ဒါဖြင့် မြင်ရတာ တွေ့ရတာ ချစ်စရာကောင်းလိုက်တာ ဆိုတာက တစ်သံတည်း ထွက်လာတယ် (ထွက်လာပါတယ် ဘုရား)။
မြင်-တွေ့ရတာ ချစ်စရာကောင်းလိုက်တာ (တစ်သံတည်း ထွက်လာပါသည်) တစ်သံတည်းထွက်တော့ ဒီအထဲ မှာ ဝေဒနာပါတယ် (မှန်ပါ့) စိတ်ပါတယ်၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဖဿပါတယ် (ပါပါတယ် ဘုရား)။
ဒါဖြင့် မြင်လိုက်တယ်ဆိုလို့ရှိရင် သုံးခုတစ်ပြိုင်နက်ဖြစ်တာ ဒကာကြွယ်က မှတ်လိုက်၊ (မှန်ပ့ါ) မြင်တွေ့ခံစား ပေါ့ဗျာ (မှန်ပါ့) ဘယ်နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား)။
အေး သရုပ်ဖော်လိုက်တဲ့ အခါကျတော့ မြင်တွေ့ခံစား ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
မြင်လဲမြင်တယ်၊ တွေ့လဲတွေ့တယ်၊ ခံလဲ ခံစားတယ်၊ (မှန်ပါ့) မြင်တာက ဝိညာဏ်၊ တွေ့တာက ဖဿ၊ ခံစားတာက ဝေဒနာ (မှန်ပါ့ ဘုရား)။
မြန်မာလို ရှင်းရှင်း ပြောစမ်းပါဘုရား၊ ဒီဥစ္စာ စာသံနည်းနည်း ပါနေပါသေးတယ် ဆိုလို့ရှိရင်ဖြင့် ကိုယ့်မျက် လုံးထဲမှာ တွေ့ကြုံရတာဖြင့် ခင်စရာမင်စရာကလေးပဲဆိုတာ တစ်ပြိုင်နက် ထွက်လာတယ် (မှန်လှပါ ဘုရား)။
ကိုယ့်မျက်လုံးထဲ တွေ့ရတာ ခင်စရာ မင်စရာပဲဆိုတာကော (တစ်ပြိုင်နက် ထွက်လာပါတယ် ဘုရား) တစ်ပြိုင် နက် ထွက်လာကတည်းက ဖဿဝေဒနာ ဝိညာဏ်ဟာ တစ်ပြိုင်နက်ဖြစ်တယ် (မှန်ပါ့)။
ဒီဘက်က မြေးကလေးထားပါတော့ ဒကာကြွယ်တို့နော် (မှန်ပါ့) ဘယ်နှစ်ပါး ဖြစ်သွားတုန်း၊ (သုံးပါးဖြစ်ပါတယ် ဘုရား)။
ခင်စိတ်ကလေးက နောက်ကလိုက်လာတယ်
ဪ ဒီအထဲ ဒကာသစ် ဝေဒနာပါနေပါတယ် (ပါနေပါတယ် ဘုရား)။
ခင်စရာကောင်းတယ် ဆိုလို့ရှိရင်ဖြင့် ခင်စိတ်ကလေးက နောက်ကလိုက်လာတယ် (မှန်ပါ့) မြင်တွေ့ပြီး သကာလ ခံစားတဲ့အခါကျလို့ရှိရင်ဖြင့် နှစ်သက်တဲ့ တဏှာနောက်က လိုက်လာတယ် (လိုက်ပါတယ် ဘုရား)။
တဏှာလိုက်လာလို့ရှိရင်ဖြင့် ဒီအထဲက ဝေဒနာမပါဘဲနဲ့ ဒီတဏှာပေါ်ပါ့မလား (မပေါ်ပါ ဘုရား) ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)။
အဲ ဥပါဒါန်ဆိုတဲ့ တရားကလဲ အင်း ဒါကလေးဟာဖြင့် ဘယ်သွားသွား မျက်လုံးထဲက မပျောက်ဘူး (မှန်ပါ့ ဘုရား) မြေးဦးကလေးလဲ ဖြစ်နေတာကိုးဗျ (မှန်ပါ့)။
ဘယ်သွားသွား မျက်လုံးထဲက မပျောက်ဘူး၊ ဒီအချိန်ကျလို့ရှိရင်ဖြင့် ပြန်ချင်တယ်၊ အဖိုးအဖွားလုပ်တဲ့ ပုဂ္ဂိုလ်က အမေလုပ်တဲ့ပုဂ္ဂိုလ်က တွေ့ချင်တယ် ကြုံချင်တယ်ဆိုတဲ့ဥစ္စာ ဒါ-စွဲလမ်းနေတာပဲ (စွဲလမ်းပါတယ် ဘုရား)။
အို စကားပြောရတာ ကောင်းပါရဲ့၊ ဟိုမှာကလေးက ဘယ်လိုနေမှန်းမသိဘူး၊ အစရှိသည်နဲ့ စွဲလမ်းမှု ကြောင့်လဲ တစ်ခါတည်း ဥပါဒါန်ဖြစ်လာတယ် (မှန်ပါ့ ဘုရား)။
ဥပါဒါန်ဖြစ်ပြီး သကာလ လာတော့ ဥပါဒါန်နောက်ကနေပြီး သကာလ ဒကာသစ်ရေ ကာယကံ, ဝစီကံဆိုတာ တွေ (လာပါတယ် ဘုရား) ကာယကံနဲ့ ပွေ့ကာ, ပိုက်ကာ၊ ဝစီကံနဲ့ ချော့ကာ မော့ကာဆိုတာတွေ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဒီ-ဒကာ ဒကာမတွေမှာ ဒီအလုပ်က မြင်လိုက်တယ်ဆိုလို့ရှိရင် ဒီလေးမျိုးလာကြတယ် (မှန်ပါ့)။
မြင်လိုက်ရင်၊ (ဒီလေးမျိုးလာပါတယ် ဘုရား) ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ မလာဘူးလား (လာပါတယ် ဘုရား)။
မြင်လိုက်ရင် ဘာပါလိမ့် (ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ လာပါတယ် ဘုရား)။
ကောင်းပြီ-ဒါဖြင့် ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ တွေက လာတော့ ဒီကံသည်လားလို့ ဆိုလို့ရှိရင် ခင်ဗျားတို့ ပြုလုပ်ထားတဲ့ကံပဲ (မှန်ပါ့) ကိုယ်ပြုထားတဲ့ကံဟာ ကိုယ့်အကျိုး ပေးရုံပဲဆိုတာ အဓိပ္ပာယ်မျိုးဟာလဲ ရောက်ရတော့ မှာပေါ့ဗျာ၊ (ရောက်ရမှာပါ ဘုရား)။
အဲ ရောက်ရတဲ့အခါကျတော့ ကမ္မဘဝ, ပစ္စယာဇာတိ ဆိုပြီး သေသည်၏ အခြားမဲ့၌ ဇာတိ ပဋိသန္ဓေ အပါယ်လေးပါး ရောက်ရတယ် (ရောက်ရပါတယ် ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အပါယ်လေးပါး ဇာတိဖြစ်ရတယ်၊ အပါယ်လေးပါးခန္ဓာ ပေါ်ရတယ်ထားပါတော့ (မှန်ပ့ါ) မပေါ်ရဘူးလား (ပေါ်ရပါတယ်ဘုရား)။
–အပါယ်လေးပါး ရောက်ရတာ ဘာ့ကြောင့်ပါလိမ့်
အဲဒီတော့ကို ဒီမှာ ဪ ငါတို့ အပါယ်လေးပါး ရောက်ရတာ ဘာ့ကြောင့်ပါလိမ့်မလဲလို့ ဒကာသစ်က မေးတော့နော်၊ (မှန်ပါ့) ဒီကံကြောင့် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒီကံကြောင့်လို့ ဆိုလို့ရှိရင် မလွဲပါဘူး ဒကာ ဒကာမတို့ ဒီကံကြောင့်ပဲဆိုတာ ဒကာသစ်ရေ မရှင်းသေးဘူးလား၊ (ရှင်းပါတယ် ဘုရား)။
ဒီကံသည် အလိုလိုပေါ်တာလားဆိုတော့ စွဲလမ်းမှုကြောင့် ဘုရား (မှန်ပါ့)။
စွဲလမ်းမှုကလဲ ဒကာ ဒကာမတို့ အလိုလိုပေါ်တာလားလို့ ဆိုတာ မေးလိုက်ဦး၊ (တဏှာကြောင့်ပါ ဘုရား) ခင်မှုကြောင့် ပေါ်လာတာ (မှန်ပါ့)။
ဒီခင်မင်မှုကလဲ ဒကာ ဒကာမတို့ အလိုလိုပေါ်တာလားလို့ မေးတဲ့အခါကျတော့ မြင်, တွေ့, ခံစားကြောင့်ပါ (မှန်ပါ့ ဘုရား) မြင် တွေ့ ခံစားကြောင့် လာရတာ၊ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒီဟာတွေက ဒကာကြွယ်တို့ ဒကာသစ်တို့ကလဲ ဒီအထဲမှာနေရတော့ လွတ်ဖို့ အတော်ခဲယဉ်းတယ် (ခဲယဉ်း ပါတယ် ဘုရား) တစ်နေ့ ဘယ်နှစ်ခါ ဖြစ်သတုန်းမေးပြန်လဲ မရေတွက်နိုင်ဘူး ဖြေရုံပဲ (မှန်ပါ့ ဘုရား)။
တစ်နေ့ ဘယ်နှစ်ခါဖြစ်သတုန်း (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူးဆိုတဲ့ အပြောဟာ အကြီးကျယ် ထွက်လာတော့ ဒီကံတွေ ဘယ့်နှယ်လုပ်ကြမတုန်း၊ ဒါဖြင့် တပည့်တော်တို့ လူ့ပြည်လာတာသည်ကားလို့ ဆိုရင် အပါယ် ရောက်ဖို့ ကံပြုလာတာနဲ့ တူနေပါပေါ့လားလို့ ဆိုလို့ရှိရင်လဲ ငြင်းစရာမရှိပါဘူး (မှန်ပါ့) ငြင်းစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
လူ့ပြည် ဘာလုပ်လာပါလိမ့်
ဒီ-ဝိပဿနာ မလုပ်တော့ပါဘူး၊ ကိုယ့်ကိုယ် ကယ်တင်တဲ့ အလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ရှိရင် လူ့ပြည် ဘာလုပ်လာသတုန်း၊ အပါယ်သွားဖို့ ကံစုလာတယ် (မှန်ပါ့)။
အင်း လူ့ပြည် ဘာလုပ်လာပါလိမ့် (အပါယ်သွားဖို့ ကံစုလာပါတယ် ဘုရား)။
အပါယ်သွားဖို့ ကံစုလာတယ်ဆိုတော့ ဗြုန်းကနဲဆိုတော့ နားမခံသာဘူးပေါ့ဗျာ (မှန်ပါ့) ဖြစ်စသ် ကြည့်လိုက် တော့လဲ ဒကာသစ်က ငြင်းချင်သေးသလား (မငြင်းချင်ပါ ဘုရား)။
ကြည့်လေ၊ မြင်တွေ့ခံစားပြီး သကာလ ဝေဒနာပါနေတော့ ခံစားတာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ဒီ-ပဋိစ္စသမုပ္ပါဒ် ရပ်စဲလို့ ရသေးရဲ့လား (မရပါ ဘုရား)။
ဪ-ဒါဖြင့် ဝိပဿနာဉာဏ် မဝင်သရွေ့ ကာလပတ်လုံးဖြင့် ကံစုလာတာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဝိပဿနာအားမထုတ်သရွေ့
ဝိပဿနာအားမထုတ်သရွေ့ ကာလပတ်လုံး (ကံစုလာတာပါ ဘုရား) ကံစုလာကြတယ် (မှန်ပါ့)။
ဒကာကြွယ် ဒီမှာ နည်းပေမယ့် ဆရာလဲ ကိုယ်ကလဲမရှာ၊ ဆရာကလဲ မရှိဆိုလို့ရှိရင်ဖြင့် ကံစုသက်သက် လာတာပဲ (မှန်ပါ့)။
ဘာလုပ် လာကြသလဲ (ကံစုသက်သက် လာကြတာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီကံတွေ ဒါလောက်စုချင်ပါလိမ့်မတုန်း ဆိုတော့ အပါယ်မှာ နှစ်ရှည်ဖြစ်ရအောင်လို့ (မှန်ပါ့) ဒီ-အဓိပ္ပာယ်မှတစ်ပါးလဲ ဒီ့ပြင်အဖြေ မထွက်နိုင်ဘူး (မထွက်ပါ ဘုရား) သဘောပါပလား (ပါပါပြီ)။
အဲဒီတော့ ဒီကံတွေသည်ကားလို့ဆိုရင် အကောင်းကံလား-အဆိုးကံလားလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် အဆိုး ကံပဲ (မှန်ပါ့ ဘုရား)။
အဆိုးကံပဲဆိုလို့ရှိရင်ဖြင့် ဒီကံကို ကျုပ်တို့ဖြစ်တော့ ဖြစ်ထားပြီ၊ သူ-အကျိုးမပေးဘူး၊ (မှန်ပါ့) သူက စုတေ ပြီးမှ သေပြီးမှ အကျိုးပေးမှာကိုး (မှန်ပါ့)။
ဒါဖြင့် သူအကျိုးမပေးခင် ဒီကံတွေကို ကျုပ်တို့က မဂ်မီးနဲ့ ရှို့ပစ်ရလို့ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတွေ ဒီကံတွေဟာ လေလိုလွင့်ပြီး ပျောက်ပျက်သွားရတော့မယ် (မှန်ပါ့ ဘုရား) အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။
ဒါဖြင့် ကျုပ်တို့မှာ ဒီနေရာမှာ မဂ်ဉာဏ်တည်းဟူသော မီးနဲ့ရှို့မြှိုက်ပြီးသား ဖြစ်မှသာလျှင် ကျုပ်တို့သည် ဒီကံ၏ အကျိုးပေး အပါယ်လေးပါးမှ လွတ်ရတော့မယ် ကျွတ်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြိ (ရှင်းပါပြီ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ်ကကံတော့စုတတ်တယ်၊ မကောင်းမှန်းလဲ သိလာပြီ၊ ဟုတ်လား (မှန်ပါ့ ဘုရား)။
တံမြက်စည်းလှည်းပြီး အမှိုက်တွေတော့ စုထားပြီး ကြုံးပြီး သကာလ လွတ်လပ်တဲ့နေရာ မပစ်တော့ပါဘူးဆိုလို့ ရှိရင် ဒီအစုဟာ အရုပ်ဆိုးနေတုန်းပဲ (မှန်ပါ့)။
လွတ်လပ်တဲ့နေရာ ပစ်ပြီးလို့ ရှင်းလင်းသွားလို့ရှိရင်ဖြင့် စိတ်အေးရတာပေါ့ဗျာ (မှန်လှပါ ဘုရား)။
ကိုယ့်ရန်သူမို့ မီးရှို့ရမယ်
ဒီမှာလဲ ကံတော့ စုတတ်တယ်၊ မီးတော့ မရှို့တတ်ဘူးဆိုလို့ရှိရင်ဖြင့် အမှိုက်တော့ စုတတ်တယ်၊ မီးမရှို့တတ် ဘူး၊ တခြားနေရာ မပစ်တတ်ဘူးဆိုလို့ရှိရင်လဲ ဒကာကြွယ် ဆိုးသေးသပေါ့ဗျာ (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ်)။
အေး ဒါကြောင့် ဒီကံတွေကို ယနေ့ မနေ့က စု,ထားခဲ့တယ်၊ ဒကာကြွယ် မီးရှို့ပစ်ရမယ် (မှန်ပါ့)။
ဘာလုပ်မလဲ (မီးရှို့ရပါမယ် ဘုရား) ဘာဖြစ်လို့ မီးရှို့ခိုင်းပါလိမ့်မတုန်းလို့ မေးတော့ ကိုယ့်ရန်သူမို့ မီးရှို့ရမယ် (မှန်ပါ့ ဘုရား)။
ဘာ ဖြစ်လို့ပါလိမ့် (ကိုယ့်ရန်သူမို့ပါ ဘုရား) ကိုယ့်ရန်သူမို့ မီးရှို့ရမှာကို ခင်ဗျားတို့ လက်နှေးနေလို့ရှိရင် ရန်သူက ဦးပါလိမ့်မယ် (မှန်ပါ့) လက်နှေးနေရင် (ရန်သူက ဦးပါလိမ့်မယ် ဘုရား)။
မဂ်မီးနဲ့လဲ မရှို့ဖြစ်ဘူးဆိုရင် ‘ဖျတ်’ဆို သေသွားတော့ ကံက အချက်ပေါ်ပြီဆိုပြီး အပါယ်လေးပါးထဲ ပစ်ချ လိုက်တယ် (မှန်ပါ့)။
အဲဒီတော့ တက်လမ်း ကျွတ်လမ်း လွတ်လမ်း ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒကာကြွယ် သိပ်ဆိုးတယ် (ဆိုး ပါတယ်ဘုရားဝ။
ဒါဖြင့် ဒီကံ ဘယ့်နှယ်လုပ်ကြမတုန်း (မီးရှို့ရပါမယ် ဘုရား) မီးရှို့ပစ်ပြန်တော့လဲ မြင်ကောင်းတဲ့ကံမဟုတ်တော့ အမှိုက်တွေကတော့ မြင်နေလို့ မီးရှို့ရတာ၊ ဒကာအုန်းတို့ လွတ်သေးတယ် (မှန်ပါ့) သူက မြင်ရတာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
သူက ချုပ်ပျောက်ချုပ်ပျောက်ပြီး သတ္တိသာ ကျန်နေရစ်တာ (မှန်ပါ့) ချုပ်ပျောက်ချုပ်ပျောက်ပြီး သတ္တိသာ ကျန်နေရစ်တော့တယ်၊ စုလိုက်တော့လဲ ဒကာကြွယ် မနည်းလှဘူး၊ (မှန်ပါ့) ဦးလှဘူး နည်းသလား (မနည်းပါ ဘုရား)။
နောက် ဒကာ ဒကာမတွေ ခင်ဗျားတို့ မျက်လုံး တစ်ခါဖွင့်လိုက်တဲ့ ကံပေါင်း ဘုန်းကြီးမပြောနဲ့၊ ဘုရားတောင် ရေတွက်ဖို့ အတော်ပဲ ခဲယဉ်းပါတယ် (ခဲယဉ်းပါတယ် ဘုရား) နားကလဲ ကလေးက အော်လိုက်တဲ့အသံ၊ ခင်ပွန်းမတို့က ခေါ်လိုက်တဲ့အသံ၊ ခင်ပွန်းယောကျ်ားက ပြောလိုက်တဲ့အသံတွေ သာယာပြီး သကာလ ခုနင်က ပြောတဲ့ ဒီလေးချက် တန်းတန်းသွားတာဟာ တစ်နေ့ တစ်နေ့ မရေတွက်နိုင်ဘူး (မရေတွက်နိုင်ပါ ဘုရား) ရေတွက်နိုင်သေးရဲ့လား (မရေ တွက်နိုင်ပါ ဘုရား)။
အဲဒါလောက် ခင်ဗျားတို့မှာ ကံတော့ အစုရဲတဲ့ ဒကာ ဒကာမတွေ က့တော့ မဖြတ်ရဲဘူးဆိုရင်ဖြင့် ခင်ဗျားတို့ ကိုယ်ကျိုးနည်းရတော့မယ် (မှန်ပ့ါ) သဘောပါပလား (ပါပါပြီ ဘုရား)။
အပါယ်လေးပါးစာဟာ ငါပဲ
ကိုယ်ကျိုး အင်မတန်နည်းရမှာ ဖြစ်စေ တော့ ဪ-ငါစုတော့ စုတတ်တယ်၊ မီးတော့ မရှို့တတ်ဘူးဆိုလို့ရှိရင် ငါလိုဖျင်းလို့ ငါလိုပျင်းရင်ဖြင့် အပါယ်လေးပါးစာဟာ ငါပဲဆိုတဲ့ဥစ္စာ ကိုယ့်ကိုယ်ကိုယ် ဗျာဒိတ်ပေးရင်အတည့်ပါပဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒါ-မျက်လုံးပေါက်က ပြောလိုက်သဖြင့် ဒီကံဟာ မကောင်းကြောင်းကိုဖြင့် တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ သိပြီးသားဖြစ်ပါပြီ (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါပြီ ဘုရား)။
မြင်စိတ် ခံစားသကိုးဗျ (မှန်ပါ့) ခံစားတော့ ဝေဒနာက ပါနေပါတယ် (ပါပါတယ် ဘုရား) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပါဒါနပစ္စယာ (ကံပါ ဘုရား) ဟော ကံ၊ မသေခင် ကံချည့် ရောက်နေတယ် (မှန်ပါ့)။
ဒကာအုန်း ဘယ်ချည့်ရောက်နေသလဲ (ကံချည့်ရောက်နေပါတယ် ဘုရား)။
မသေခင် ကံစုလာတယ် (မှန်ပါ့) နောက်တစ်ခါ နားက ကြားပြန်တော့လဲ ကြားရတာ ကောင်းတယ်ဆိုတော့ ဝေဒနာက ပါပြန်တယ်၊ (ပါပါတယ် ဘုရား) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ၊ (ဥပါဒါနံပါ ဘုရား) ဥပါဒါန ပစ္စယာ (ကံပါ ဘုရား) ကံစုလာတယ် (မှန်ပါ့)။
နားပေါက်က ကံတွေစုလိုက်၊ နှာခေါင်းပေါက်က ကံတွေစုလိုက်၊ မနောပေါက်က ကံတွေဟုလိုက်၊ ဒကာကြွယ် တစ်နေ့ တစ်နေ့ ခင်ဗျားသည် မကောင်းတဲ့ကံကောင်း ဘယ်လောက် စုမိပါလိမ့်မတုန်း (မရေတွက်နိုင်ပါ ဘုရား)။
ဘယ်သူစုတာတုန်း-လို့ မေးလို့ရှိရင် ဘယ်သူမပြု မိမိအမှုဆိုတဲ့အတိုင်း မိမိအရိယာမျက်လုံးတပ်ပြီး မကြည့် မိတာနဲ့ ကံတွေစုမိတယ် (မှန်ပါ့)။
အရိယာမျက်လုံး တပ်ပြီး မကြည့်မိတာနဲ့
အရိယာမျက်လုံး တပ်ပြီး မကြည့်မိတာနဲ့ (ကံတွေစုမိပါတယ် ဘုရား) အရိယာနားနဲ့ မထောင်မိတာနဲ့ (ကံတွေ စုမိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဪ-ဒါက ပုဂ္ဂိုလ်သတ္တဝါ ရွေးသလား၊ ရဟန်းရယ်၊ သီလရှင်ရယ်၊ လူရယ်လို့ ရွေးသလားဆိုတော့ အရိယာ မျက်လုံး, အရိယာနား ‘သုတဝါ အရိယာသာဝကော’မဖြစ်သရွေ့ ကာလပတ်လုံး ဒီကံစုနေကြတာချည့်ပဲလို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ကောင်းပြီ ဒါကြောင့် ဒီကံတွေကိုဖြင့် ဒကာကြွယ်ရေ လက်သတ်မွေးထားလို့ မတော်ဘူးဗျ၊ (မတော်ပါ ဘုရား) တော်ကြပါ့မလား (မတော်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်ရမတုန်း လို့ မေးတဲ့အခါကျလို့ရှိရင် ကံဖြတ်အလုပ်-လုပ်ရတော့မယ် ဆိုတာဖြင့် ယနေ့ ရှင်းရှင်းလင်းလင်းပဲ မှတ်ပဲ (မှန်ပါ့)။
ကဲ ဒါဖြင့် ကံဖြတ်တဲ့အလုပ်-လုပ်ရတော့မယ်ဆိုတော့ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာလာတဲ့ ကုက္ကုရဝတိက သုတ်ဆိုတာ ဘုရားက ကံဖြတ်ဟောတဲ့သုတ် ဒကာသစ်ရ (မှန်ပါ့)။
ကိုင်း ဒါဖြင့် အခုကံတွေဖြင့် ဒို့ မရေတွက်နိုင်ဘူး၊ ဒီကံတွေ လုပ်နည်းကိုင်နည်း နိဿယည်း မီးရှို့နည်းသာ ဒို့အရေးတကြီးမှတ်ဖို့ လိုတော့တယ်ဆိုတဲ့ ဥစ္စာဖြင့် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ် ဒီဥစ္စာ ကြားရရုံနဲ့ အဖိုးတန်သွားပြီ (တန်ပါပြီ ဘုရား) နို့မဟုတ် ကျုပ် ဘာအပြစ် ရှိသတုန်းဆိုပြီး သကာလ အပြစ်ကလဲ အပ်သွားချစရာမရှိအောင် ပေါပါလျက်သားနဲ့ ကျုပ်ဘာအပြစ်ရှိသတုန်း မေးချင်မေးဦးမယ် (မှန်ပါ့) ဒါလောက်ဆိုးပါတယ် (ဆိုးပါတယ် ဘုရား) ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆိုးပုံကဖြင့် နော်၊ (မှန်ပ့ါ ဘုရား)။
ကျုပ် သူများဟာ ခိုးသလား၊ ကျုပ် သူများဟာ ဝှက်သလား၊ ကျုပ် မကောင်းတဲ့အလုပ်, လုပ်သလား-တဲ့၊ အို သူသိတာလေးနဲ့ ပြောနေတယ် (မှန်ပါ့) သူ့မျက်လုံး မြင်လိုက်တဲ့အခါ သူ့သားသမီးနဲ့ကျတော့ ဒီကံ မရောက် ဘူလးား၊ (ရောက်ပါတယ် ဘုရား) သူ့သား, လင်,ခင်ပွန်းနဲ့ ကျပြန်တော့ (ရောက်ပါတယ် ဘုရား)။
ဒီကံတွေကျတော့ ကျုပ် ဘာအပြစ်ရှိသတုန်းလို့ မေးရဦးမှာလား (မမေးရပါ ဘုရား) ဟောဒီ အမှားပြစ်တွေ မနည်းဘူးလို့ ပြောရုံပဲရှိတယ် (မှန်လှပါ ဘုရား)။
ပုထုဇဉ်အကန်း မျက်လုံးနဲ့ တပ်ကြည့်လိုက်တော့
ဟောဒီ အရိယာမျက်လုံး မတပ်ဘဲနဲ့ ပုထုဇဉ်အကန်း မျက်လုံးနဲ့ တပ်ကြည့်လိုက်တော့ ဟောဒီကံစုတွေဟာ ခင်ဗျားတို့ နည်းတဲ့အပြစ် မဟုတ်ဘူး (မှန်လှပါ) ဆိုထိုက်, မဆိုထိုက်၊ (ဆိုထိုက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါ အိမ်မှာနေရင်း ငှက်သင့်တာ (မှန်ပါ့) ခင်ဗျားတို့က ဆွမ်းခံသွားရင်း ငှက်သင့်တယ်လို့သာ နားလည် တာကိုး (မှန်ပ့ါ ဘုရား) အိမ်မှာနေရင်း ခွက်သင့်တာ ဘယ်သူမှ မပြောဘူး၊ (မပြောပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အခု ဒီမျက်လုံးဖွင့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာ ဥပါဒါန်ကံတွေတည်းဟူသော ငှက်တွေဟာ မသင့်ဘူးလား၊ (သင့်ပါတယ် ဘုရား) ဒါ ဘယ်မှာနေတုန်း သင့်တာတုန်း၊ (အိမ်မှာနေတုန်း သင့်တာပါ ဘုရား)။
အိမ်မှာနေတုန်း သင့်တဲ့ငှက်ပဲလို့ ဆိုလို့ရှိရင် ဒကာသစ် ဒီဥစ္စာ သဘောပါပလား (ပါပါပြီ ဘုရား)ရှင်းကြပြီ နော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာကို ကျုပ်တို့ ဒီကံတွေဟာ လုပ်တော့လုပ်တတ်တယ်၊ မကောင်းမှန်းသိရင် ဖျက်ဆီးတတ်ဖို့အရေးဟာ ကျုပ်တို့ လိုသေးတယ် (လိုပါတယ် ဘုရား)။ ဒါဖြင့် ဖျက်ဆီးတတ်ဖို့အရေးကို ဒကာ ဒကာမတို့ သာမညနဲ့လဲ နားမလည်နိုင်တော့ သေသေချာချာ နားကြီးကြီးနဲ့ ထောင်ပြီး သကာလ မှ ဒီဥစ္စာ-ဒီမီးရှို့တတ်မှာပဲ၊ (မှန်ပါ့) နို့မဟုတ်ရင် ရှို့တတ်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ကောလိယတိုင်းမှာ သီတင်းသုံးနေတယ်
ကိုင်း-ဒါဖြင့် ပြောကြပါစို့ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကောလိယတိုင်းမှာ သီတင်းသုံးနေ တယ် (မှန်ပ့ါ ဘုရား)။
ကောလိယတိုင်းမှာ သီတင်းသုံးပြီး သကာလ နေတော့ ဘုရားကလဲပွင့်တာ မကြာသေးတော့ ရှေးက တချို့က နွားကဲ့သို့ လေးဘက်ထောက်သွားပြီး သကာလ ခေါင်းမှာ လူစစ်စစ်က ချိုတွေတပ်ပြီး သကာလ အမြီးတွေတပ်ပြီး သကာလ နွားလိုစား၊ နွားလိုတွန်ပြီး သကာလ ဒီလိုကျင့်ရလို့ရှိရင်ဖြင့် လူချမ်းသာ၊ နတ်ချမ်းသာ ရလေရဲ့လို့ ဆရာ သမားတွေက ဟောတာနဲ့ ဒီလိုကျင့်တဲ့ လူတစ်ယောက်ပေါ့ဗျာ (မှန်ပါ့) အဲဒီပုဂ္ဂိုလ်ကတော့ ပုဏ္ဏလို့ခေါ်တယ် (မှန်ပ့ါ ဘုရား)။
နောက်တစ်ယောက် သေနိယဆိုတဲ့ ပုဂ္ဂိုလ်ကလဲ သူ့မှာ ဆရာအမှားနဲ့တွေ့ပြီး သကာလ သူကတော့ ခွေးများလို လေးဘက်ထောက်သွားပြီး သူ့ကို အစာကျွေးချင်လို့ရှိရင် မြေပေါ်ပစ်ကျွေးမှ စားတယ်၊ သူလာလို့ရှိရင်လဲ ကျောနဲ့ ဘာနဲ့ ခြေသလုံးတွေ ဘာတွေ လျှောက်ပွတ်ပြီး သကာလ ခွေးလိုကျင့်နေတယ်၊ သူကလဲ ဒီအကျင့်နဲ့ပဲ လူ, နတ်, နိဗ္ဗာန် ချမ်းသာရမယ်ဆိုတဲ့ တရားတွေက စူးပြီး သကာလ နေတာနဲ့ သူ ဒီအကျင့်ကို ကျင့်တယ် (မှန်ပ့ါ ဘုရား)။
အဲဒီ ကောလိယတိုင်းမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဆွမ်းခံသွားတဲ့အခါကျတော့ သူတို့နှစ်ယောက်နဲ့ တွေ့သွားတယ် (မှန်ပါ့) သူတို့နှစ်ယောက်နဲ့ တွေ့သွားတဲ့အခါကျတော့ ဘုရားနားမှာ သူတို့က နွားလို ပွတ်ကြ သတ်ကြပြီး သကာလ နွားလို တွန်ပြကြတယ်၊ ခွေးလိုပဲ ယက်ပြီး သကာလ ကျင်ကြီးကျင်ငယ် စွန့်ပုံကစ၍ ခွေးအမူအရာတွေ ပြကြတာပေါ့ဗျာ (မှန်ပ့ါ ဘုရား)။
သေနိယရယ်-ပုဏ္ဏရယ်
ပြပြီး သူတို့ ဘုရားနားနေကြတဲ့အခါကျတော့ သေနိယရယ်-ပုဏ္ဏရယ် နှစ်ယောက် ရှိပါတယ်လို့ မှတ်လိုက် တာပေါ့ (မှန်ပါ့) အဲဒီမှာ သေနိယကတော့ ခွေးလိုကျင့်တယ်၊ ပုဏ္ဏကတော့ နွားလိုကျင့်တယ်ဆိုတာ မှတ်ထားလိုက် (မှန်ပါ့ ဘုရား)။
မှတ်ထားတော့ ဘုရားနဲ့တွေ့တဲ့အခါ တစ်ယောက်က သေနိယက ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ စကား ပြောပြီး ဘေးနားကထိုင်တယ်၊ (မှန်ပါ့၊ ပုဏ္ဏဆိုတဲ့ နွားလိုကျင့်တဲ့ ပုဂ္ဂိုလ်က အကျင်ဘုရား-တဲ့၊ ဟောဟို သေနိယ ဆိုတဲ့ပုဂ္ဂိုလ်ဟာ ခွေးကဲ့သို့ လေးဘက်ထောက်သွားပြီး မြေပေါ်မှာ ပစ်ကျွေးမှပဲ သူအစာအာဟာရ စားတော့တယ်၊ ဒါနဲ့ပဲ သူသည်ကားလို့ ဆိုလို့ရှိရင် နေလေ့ကျင့်လေ့ရှိပါတယ်၊ သူဟာ လားရာသုဂတိ ဘယ်သွားမလဲ-တဲ့၊ ဘုရားကို မေးတယ် (မှန်ပါ့ ဘုရား)။
ဟာ-ပုဏ္ဏ၊ မမေးနဲ့ကွာလို့ ဘုရားက ပြောပါတယ် (မှန်ပါ့) မမေးနဲ့ကွာလို့ တစ်ခါတောင်းပန်တယ်၊ မရဘူး နောက်တစ်ခါ ဒုတိယအကြိမ်မေးတယ်၊ ဟောကို-သေနိယဆိုတာ ခွေးလိုကျင့်ပါတယ်ဘုရား မြေပေါ်ပစ်ချကျွေးမှ စားတယ်၊ ခွေးကဲ့သို့ ကျင်ကြီးကျင်ငယ်တွေ စွန့်လေ့ရှိပါတယ်၊ လူလာရင် သွားဖြဲပြီး သကာလ ပြလေ့ရှိပါတယ်၊ ခွေးလိုပဲ ကျင့်နေတယ်၊ သူ့အကျင့်ဟာ သူလားရာဂတိ ရောက်ရာဌာန ဘယ်များရှိပါသလဲ-တဲ့။
ဘုရားက မမေးပါနဲ့ကွာလို့၊ ဒကာသစ် နှစ်ခါရှိပြီ တောင်းပန်တာ (မှန်ပါ့ ဘုရား)။
နောက် သုံးခါပြည့်အောင်ပဲ မေးပြန်တာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖြေတော်မူရတယ်၊ ကိုယ့်ကိုယ် ညှဉ်းဆဲတဲ့အကျင့်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ခွေးလိုကျင့်တာဟာ
ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဲဒီသေနိယဟာကွာတဲ့ ခွေးလိုကျင့်တာဟာ ခွေးလိုကျင့်ခဲ့လို့ ခွေးတို့၏ အကျင့်ကောင်းတယ်လို့ သူသည် တကယ်တမ်း အယူရှိမယ်ဆိုရင် သေသည်၏အခြားမဲ့၌ ခွေးဖြစ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သေသည်၏ အခြားမဲ့၌ (ခွေးဖြစ်ရပါမယ်) ခွေးဖြစ်ရမယ်လို့ ဆိုတဲ့ဥစ္စာ ဒီအယူနဲ့ပဲ တစ်ခါဆက်လက်ပြီး ဒီအယူသည် လူချမ်းသာ၊ နတ်ချမ်းသာ ရနိုင်တယ်လို့ ဒိဋ္ဌိက ပူးလာဦးမယ်ဆိုလို့ရှိရင်ဖြင့် ငရဲနဲ့သာ တိရစ္ဆာန် ရောက်ရ ဥိးမယ် (မှန်ပါ့ ဘုရား)။
ဒီတွင်မှ ဘေးကနားထောင်နေတဲ့ သေနိယက ပုဏ္ဏကမေးတော့ ငိုရှာတယ် (မှန်ပါ့) ငိုရှာတယ်၊ ဪ- ဆင်းဆင်းရဲရဲ ကျင့်ရပြီး သကာလ သွားတော့လဲ ဒီအယူအတိုင်း ယူရင် တိရစ္ဆာန်ဘုံသွားရမယ်၊ ဒီအယူနဲ့ လူ့ပြည် နတ်ပြည်ကို ရောက်မယ်လို့ ယူထားပြန်လို့ရှိရင်လဲ ငရဲနဲ့ တိရစ္ဆာန်ဘုံ ရောက်ရမယ်လို့ဆိုတော့ သူကျင့်ခဲ့လေသမျှ သည်ကား အမှားကြီးမှားလေရဲ့ဆိုပြီး ငိုကြတယ် (မှန်ပ့ါ ဘုရား)။
ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မငိုနဲ့၊ ဒါကြောင့် မင်းတို့ကို ငါအပြောသားပဲ စောစောက မမေး ကြပါနဲ့ဟေ့-မမေးကြနဲ့ဟေ့လို့ဆိုတာ နှစ်ခါတောင်းပန်တယ်၊ သုံးခါကျတော့ မပြောမဖြစ်လို့ မင်းတို့ကို ပြောရတယ် (မှန်ပါ့ ဘုရား)။
အဲဒါ ငါပြောတဲ့စကားဟာလဲ သူများပြောသံကြားနဲ့ ပြောတဲ့စကား မဟုတ်ပါဘူးကွာ၊ ငါကိုယ်တိုင် မင်း ဒီအတိုင်းကျင့်လို့ ရှိရင်ဖြင့် မင်းလိုကျင့်တဲ့ပုဂ္ဂိုလ်ဟာ ဒီလိုကျင့်ပြီး ဒီလိုခွေးဖြစ်ကြတယ်၊ ဒီလိုခွေးအကျင့် ကျင့်ပြီး သကာလ ဒီလိုနဲ့ ငရဲသွားတယ်၊ ငါကိုယ်တိုင်မြင်လို့ ငါကိုယ်တိုင် ပြောခြင်းဖြစ်ပါတယ် (မှန်ပါ့) သူများပြောသံကြား-တစ်ဆင့်ကြားနဲ့ စာပါနဲ့ ပြောတာ မဟုတ်ပါဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သူများပြောသံကြားနဲ့ ပြောတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
ရှေးစာတွေ မတော်တရော် ရေးထားတဲ့စာတွေကို အမှီပြုပြီး ပြောတာကော (မဟုတ်ပါ) ငါကိုယ်တိုင်မြင်ပြီး သကာလ ပြောတာပါကွာတဲ့၊ (မှန်ပါ့) ဆိုတော့ မယုံစရာအကြောင်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။
သူသေလို့ရှိရင်လဲ လားရာ သုဂတိ ဘယ်တုန်း
ဒါနဲ့ ဟိုတစ်ယောက်က ခွေးလိုကျင့်တဲ့ ပုဂ္ဂိုလ်က ထ,ပြီး ပုဏ္ဏကတော့ဘုရား သူကတော့ နွားလိုပဲ ချိုတွေဘာ တွေနဲ့ ကျင့်ပြီး သကာလ နွားလိုအမြီးတပ် မျက်တွေပဲစားသောက်ပြီး သကာလ သူနေတယ်၊ သူသေလို့ရှိရင်လဲ လားရာ သုဂတိ ဘယ်တုန်း တဲ့၊ မမေးနဲ့ကွလို့ သုံးကြိမ်ပြောပြန်တယ် (မှန်ပါ့ ဘုရား)။
ဒါနဲ့ သုံးကြိမ်ရှိတဲ့အခါကျတော့ ဘုရားက အဖြေထုတ်လိုက်တယ်၊ နွားလိုကျင့်တဲ့အယူဟာ ဟုတ်တယ်လို့ ယူလိုက်လို့ရှိရင် သေသည်၏အခြားမဲ့၌ နွားဖြစ်ရမယ် (မှန်ပါ့) နွားလိုကျင့်တဲ့ အကျင့်ကြောင့် နတ်ရွာသုဂတိ ရောက် မယ်လို့ အယူများရှေ့ဆက်ယူလိုက်မယ်ဆိုရင် မင်းသည်ကား ငရဲ တိရစ္ဆာန်ဖြစ်ရမယ် (မှန်ပါ့ ဘုရား)။
ဒီတော့ ပုဏ္ဏကလဲ ဒကာကြွယ် ငိုပြန်တာပဲ (မှန်ပ့ါ)။ ဒါကြောင့် မင်းတို့ ငါအပြောသားပဲတဲ့၊ စောစောစီးစီး တကည်းက ငါ့မမေးနဲ့ မမေးနဲ့ဆိုတဲ့ဥစ္စာ ငါကိုယ်တိုင်သိတာ ငါကိုယ်တိုင် အမှန်ပြောတော့ မင်းတို့အခု ငိုကြတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ပင်ပန်းဆင်းရဲအောင် လုပ်တဲ့အလုပ်ဟာ နိဗ္ဗာန်ရောက်တဲ့အကျင့် မဟုတ်ဘူး ဆိုတာ ဒါ အမြွက်မျှပဲ ပြောသေးတယ်နော် (မှန်ပါ့ ဘုရား)။
မဇ္ဈိမပဋိပဒါ အလယ်လမ်း
ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ပင်ပန်းဆင်းရဲအောင် ကျင့်ပြီး သကာလ မနေဘဲနဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်း ကနေပြီး သကာလ ကျင့်ကြပါဆိုတာကိုလဲ ဒီဝတ္ထုထောက်သဖြင့် အားလုံး ဒကာ ဒကာမတွေ ခိုင်းရပါတယ် (မှန်ပါ့)။
ကိုယ့်ကိုယ် ဆင်းရဲအောင်တော့ (မကျင့်ရပါ ဘုရား) မကျင့်ရဘူးတဲ့၊ ကိုယ့်ကိုယ် ဆင်းရဲတဲ့အကျင့်ဟာ ကြည့်စမ်း နွားလိုကျင့်ရတာ မဆင်းရဲဘူးလား (ဆင်းရဲပါတယ် ဘုရား) ခွေးလိုကျင့်ရတဲ့အခါ (ဆင်းရဲပါတယ် ဘုရား) တစ်ထပ်တည်း စားပြီး သကာလ ခုနစ်ရက်မှ တစ်ဆုပ်လောက် စားပြီးကျင့်တဲ့ အကျင့်တွေကော (ဆင်းရဲပါတယ် ဘုရား)။
ဟာ အပင်ပန်းခံပြီး တစ်ခါတည်း ဒကာ ဒကာမတွေ ဆူးပေါ်အိပ်တဲ့အလုပ်တွေ၊ ရေချိုးပြီး သကာလ နေရတဲ့အလုပ်တွေ၊ မီးလှုံပြီး သကာလ နွေအခါကြီး လုပ်နေရတဲ့အလုပ်တွေဟာလဲ ကိုယ့်ကိုယ်ဆင်းရဲအောင် ကျင့်တဲ့ အကျင့်ဖြစ်လို့ ဒါကြောင့် ဘုရားက ‘အတ္တကိလမထာနုယောဂ’လို့ အလယ်လမ်းမကျလို့ ဒါမိစ္ဆာဒိဋ္ဌိကွလို့ ဖြေထားတယ် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် အခု တရားအားထုတ်မည့် ဒကာ ဒကာမတွေဟာ ကိုယ့်ကိုယ်ဖြင့် အဆင်းရဲခံပြီး သကာလ မကျင့်ပါနဲ့ (မှန်ပါ့ ဘုရား) မှန်မှန်ဉာဏ်နဲ့ ခန္ဓာကြည်ပါ (မှန်ပါ့)။
မှန်မှန်ဉာဏ်နဲ့ ခန္ဓာကြည့်
မှန်မှန်ဉာဏ်နဲ့ (ခန္ဓာကြည့်ရပါမယ် ဘုရား) ဒါပဲတဲ့ မှန်မှန်ဉာဏ်နဲ့ ခန္ဓာကြည့်တော့ ခုနင်က အစတုန်းက ဘုန်းကြီးပြောခဲ့သလို ခန္ဓာ ပြောတာကို ကျုပ်တို့ဉာဏ်က ခေါင်းငြိမ့်လိုက်ပြီး သကာလ ပြောချင်သလောက်ပြော၊ မကောင်းတာချည့်ပြောမှာ ဖြစ်လေသောကြောင့် ခန္ဓာဒုက္ခသစ္စာ မြင်လာမှာပဲ (မှန်ပါ့ ဘုရား) မြင်လာရင် မဂ်ဉာဏ် ဝင်လာမယ်၊ မဂ်ဉာဏ်ဝင်လာရင် ဒိဋ္ဌိသေမှာပဲ၊ သေရင် အပါယ်လေးပါး တံခါးပိတ်တာပဲ၊ (မှန်ပ့ါ ဘုရား)။ သဘောပါ ပလား (ပါပါပြီ)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဓမ္မစကြာမှာလဲ အတ္တကိလမထာနုယောဂ, ကာမသုခလ္လိကာ နုယောဂဆိုပြီး သကာလ အကျင့်နှစ်မျိုးကိုလဲ ဟောခဲ့တာ ဒကာကြွယ်တို့ ဓမ္မစကြာ မပါဘူးလား (ပါပါတယ် ဘုရား)။
ငါးပါးအာရုံ ကာမဂုဏ်ခံစားတဲ့ အကျင့်ကလဲ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်ဘူးကွ (မှန်ပါ့)။
ကိုယ့်ကိုယ် ဆင်းရဲအောင် ညဉ်းဆဲကျင့်တဲ့ အကျင့်ဟာလဲ (နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်ပါ ဘုရား)။
အဲ-အလယ်လမ်းဆိုတဲ့ မဇ္ဈိမပဋိပဒါ ခန္ဓာက ပြောတာကို ဉာဏ်နဲ့ကြည်တဲ့အလုပ်သည် သာလျှင် နိဗ္ဗာန် ရောက်ကြောင်း အကျင့် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ခန္ဓာက ပြောတာကို (ဉာဏ်နဲ့စိုက်ကြည့်ရမယ် ဘုရား) ဝမ်းထဲကဉာဏ်နဲ့ စိုက်ကြည့်တော့ ခန္ဓာက ဘာပြော လိမ့်မလဲဆိုတာ သူ့ရှိရာ သူပြောမှာပေါ့ (မှန်ပ့ါ ဘုရား)။
သူ-အနိစ္စရှိရင် (အနိစ္စပြောမှာပါ ဘုရား) ဒုက္ခသစ္စာရှိလို့ (ဒုက္ခသစ္စာ ပြောမှာပါ ဘုရား) အသုဘရှိလို့ (အသုဘ ပြောမှာပါ ဘုရား) မပြောပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။
အဲဒါ ကျုပ်တို့ ဉာဏ်နဲ့ စိုက်ကြည့်ပြီး သကာလ နေလို့ရှိရင်ရင်ဖြင့် ဒါပင်ပန်းတဲ့ အလုပ်လားဆိုတော့ ခန္ဓာနဲ့ ဉာဏ်နဲ့ ဟပ်နေတဲ့ အလုပ်သာဆိုရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ခန္ဓာနဲ့ ဉာဏ်နဲ့ ဟပ်နေတယ်ဆိုရင်
ခန္ဓာနဲ့ ဉာဏ်နဲ့ ဟပ်နေတယ်ဆိုရင် ခန္ဓာက အမှန်ပြောရင် ဉာဏ်က တက်တက်မသွားပေဘူးလား (တက် ပါတယ် ဘုရား)။
ခန္ဓာက ဖြစ်ပျက်ပြောတော့ ဉာဏ်က ယထာဘူတဉာဏ်တက်သွားတယ် (မျန်ပါ့ ခန္ဓာက ရွံစရာ မုန်းစရာတွေ ပြောလိုက်ပြီဆိုရင် ဉာဏ်က နိဗ္ဗိန္ဒဉာဏ်တက်တယ် (မှန်ပါ့ ဘုရား) ခန္ဓာက ဒုက္ခသစ္စာတွေ အမှန်ပြောလိုက်ပြီဆိုမှဖြင့် မလိုချင်တဲ့ မဂ်ဉာဏ်ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ခန္ဓာက ပြောတာကို ဉာဏ်နဲ့သာကြည့်ပေတော့ (မှန်ပ့ါ ဘုရား) ဆိုတော့ ပင်ပန်း သလား (မပင်ပန်းပါ ဘုရား)။
ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒါ အလယ်လမ်းဗျနော် (မှန်ပါ့) ကိုယ့်ကိုယ် ညှဉ်းဆဲတဲ့လမ်းကော ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ငါးပါးအာရုံကာမဂုဏ်ခံစားတဲ့လမ်းကော (မဟုတ်ပါ ဘုရား)။
အေး ဒါကြောင့် ကာမသုခလ္လိကာနုယောဂလဲ မဟုတ်ပါဘူး (မှန်ပါ့) အတ္တကိလမထာနုယောဂလဲ မဟုတ်ပါ ဘူး (မှန်ပါ့) အတ္တကိလမထာနုယောဂဆိုတဲ့ ကိုယ့်ကိုယ် ပင်ပန်းအောင်လုပ်တဲ့အကျင့်မျိုးလဲ မဟုတ်ပါဘူး၊ (မှန်ပ့ါ) အလယ်လမ်းက ငါ-ဘုရားဖြစ်လာခဲ့တယ်ဆိုတဲ့ ဥစ္စာကိုလဲ ဒကာသစ် သေသေချာချာ သူကိုယ်တိုင် မဟောထားဘူးလား ဗျာ (ဟောပါတယ် ဘုရား)။ နောက်လဲ အလယ်လမ်းချည့် ဟောတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။
နို့ ဘုရားဟာ မစားဘဲနဲ့တောင် ဒုက္ကစရိယာ ကျင့်သေးတယ် မဟုတ်လားလို့ မေးတဲ့အခါ ဒါဘုရားဖြစ်စဉ်မို့ ကျင့်ရတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဘုရားဖြစ်ခြင်းအကြောင်းမှာ ဆင်းရဲခံနိုင်-မခံနိုင်ကိုလဲ တိတ္ထိတွေက မေးဦးမှာကိုးဗျ (မှန်ပါ့) အဲဒါကြောင့် သူတို့ကျင့်စဉ်မို့ အလောင်းတော်မှာ ခြောက်နှစ် ကျင့်ရတယ်၊ ခုနစ်ရက်လောက် ကျင့်ပြီးတာပါပဲ (မှန်ပါ့)။
ခန္ဓာနဲ့ ဉာဏ်နဲ့တည့်တဲ့ လမ်းကိုသာ လိုက်ပါ
ကိုင်း ဒါ ခင်ဗျားတို့က ဘုရားဆုပန်တဲ့ ပုဂ္ဂိုလ်လဲ ဒီအထဲပါကြမယ်မဟုတ်တော့ ဒါတွေလိုရင်း မဟုတ်ပါ ဘူး (မှန်ပါ့) မဇ္ဈိမပဋိပဒါလမ်းကိုသာ, အလယ်လမ်းကိုသာ ခန္ဓာနဲ့ ဉာဏ်နဲ့တည့်တဲ့ လမ်းကိုသာ လိုက်ပါဆိုတာ ပြောလိုက်တယ်နော်၊ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါနဲ့ပဲ အခုကျင့်ကြည့်စမ်း၊ ကိုယ့်ကိုယ်ကိုယ် ဆင်းရဲအောင် နွားလိုကျင့်တဲ့ ခွေးလိုကျင့်တဲ့ ပုဂ္ဂိုလ် နှစ်ယောက်ကို ဒီ-အကျင့်သည်ကားလို့ဆိုရင် ကောင်းတယ်လို့ မှတ်ယူနေလို့ရှိရင် သေသည်၏ အခြားမဲ့၌ နွားလိုကျင့် နွားဖြစ်ရတယ် (မှန်ပါ့) ခွေးလိုကျင့်တော့ (ခွေးဖြစ်ရပါတယ် ဘုရား)။
ဒီအကျင့် ကျင့်ခြင်းကြောင့် နတ်ရွာသုဂတိ ရောက်လိမ့်မယ်ဆိုလို့ရှိရင် အဲဒီက အယူမှား ဒိဋ္ဌိကပါလာတယ် (မှန်ပါ့ ဘုရား) ပါလာသောကြောင့် ဒိဋ္ဌိကနေ အပါယ်ချလိုက်သေးတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒါကြောင့် ဘုန်းကြီးတို့က ဒကာ ဒကာမတွေ ဘယ်လမ်းလိုက်မလဲ (အလယ်လမ်း လိုက်ရမှာပါ ဘုရား) ကာမဂုဏ် ခံစားတဲ့လမ်းကိုရှောင်၍ (မှန်ပါ့) ကိုယ့်ကိုယ်ကိုယ် ဆင်းရဲအောင်ကျင့်တဲ့ လမ်းကိုလဲ (ရှောင်ရပါမယ် ဘုရား)။
အဲဒီတော့ ဒီ-နှစ်လမ်း အလယ်မှာထားတဲ့ ခန္ဓာဉာဏ်စိုက်တဲ့ လမ်းသည်သာလျှင် အလယ်လမ်းလို့ မှတ်လိုက်၊ (မှန်ပ့ါ ဘုရား)။
မပင်ပန်းစေနဲ့နော် (မှန်ပါ့) မပင်ပန်းစေနဲ့တဲ့ ဒကာ ဒကာမတို့၊ ဒါ-အင်မတန် အရေးကြီးတဲ့ အချက်မို့ ဒီဥစ္စာ ရှေ့ပိုင်းမှာထားပြီး သကာလ ဒကာကြွယ်ပြောဆို ဆုံးမနေတယ် (မှန်ပါ့)။
ကဲ ရှေ့သွားကြစို့၊ ဒါနဲ့ ခုနင်က နွားလိုကျင့်တဲ့ ပုဏ္ဏကလဲ အရှင်ဘုရား-တဲ့၊ တပည့်တော် ဒီ,အကျင့် ကောင်းတယ်မှတ်လို့ နွားလိုကျင့်တာဖြင့် ရှေ့တော့မကျင့်ပါဘူးဆိုပြီး သကာလ တပည့်တော်သည်ကားလို့ ဆိုလို့ရှိရင် သရဏဂုံသနားတော်မူပါဆိုတာနဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”နဲ့ ပုဏ္ဏဟာ သရဏဂုံကို သူ ဆောက်တည်တယ်နော် (မှန်ပါ့)။
သေနိယကတော့ အရှင်ဘုရားတဲ့ ဒီအကျင့်ကို တပည့်တော် မှားမှန်းသိပြီး အကုန်ဖြုတ်ပါတော့မယ်တဲ့၊ ခွေးလို ကျင့်တဲ့ ပုဂ္ဂိုလ်က (မှန်ပါ့)။
သာသနာတော်ဘောင်ကို ဝင်ပါရစေ
အဲဒီတော့ ဒီသာသနာတော်ဘောင်ကို ဝင်ပါရစေဘုရားလို့ ပြောလိုက်တယ်နော် (မှန်ပါ့)။
အေး- သာသနာ့ဘောင် ဝင်လို့ရှိရင် သာသနာ့ဘောင်မှာ လုပ်တဲ့အလုပ်ဟာ ဝင်တာသာ အသာထားဦး၊ အခု မင်းတို့ကျင့်တဲ့ အကျင့်သည် ဒီကံကြောင့် မင်းတို့ မကောင်းကျိုး ပေးလာတာ (မှန်ပ့ါ)။
အကုသိုလ်ကံတွေကြောင့် (မကောင်းကျိုးပေးလာတာပါ ဘုရား) နွားလိုကျင့်တဲ့ကံကြောင့် နွားဖြစ်ရတယ် (မှန်ပါ့) ခွေးလိုကျင့်တဲ့ကံကြောင့် (ခွေးဖြစ်ရပါတယ် ဘုရား) ဒီအကျင့်ကို တကယ်နှစ်သက်ပြီး သကာလ အယူမှန်ပဲလို့ယူလိုက် ရင် ငရဲကျတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါကြောင့် ငါဘုရား ကိုယ်တော်တိုင် သိတဲ့ကံတွေကို မင်းတို့ကို ရှင်းပြဦးမယ်တဲ့ (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။
ငါ ဘုရား ကိုယ်တိုင်သိတဲ့ ကံတွေကို (ရှင်းပြပါဦးမယ် ဘုရား) သူတို့ နှစ်ယောက်ကို ဒကာကြွယ် ရှင်းပြပါ ဦးမယ်-တဲ့ (မှန်ပါ့)။
ကဲ-ဒကာသစ်ရေ မနေ့ကဟာ စကြစို့နော် (မှန်ပါ့)။
ကံသည် မဲတဲ့ကံသည် မဲတဲ့အကျိုးပေးတယ် (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ မဲတဲ့ကံသည် (မဲတဲ့အကျိုး ပေးပါတယ် ဘုရား) ဒါက တစ်မျိုး (မှန်ပါ့) ဖြူတဲ့ကံသည် ဖြူတဲ့ အကျိုးပေးတယ် (မှန်ပါ့) ဒါက တစ်မျိုး (မှန်ပါ့) အမဲအဖြူ ရောတဲ့ကံသည် အမြဲအဖြူရောတဲ့ အကျိုးကိုပေးတယ်၊ သူက အမဲအဖြူရောတဲ့ကံကိုးဗျ၊ နှစ်ခု (မှန်ပါ့) သူက ဘာအကျိုးပေးပါလိမ့် (အမဲအဖြူရောတဲ့အကျိုး ပေးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အမဲအဖြူ ရောတဲ့ကံသည် အမြဲအဖြူ မရောတဲ့အကျိုးကို ပေးတယ် (မှန်ပါ့)။
ကဲ-ငါဘုရားကိုယတိုင် သိတာ-ကံဟာ ဒီလေးလုံးပဲရှိတယ်ကွ တဲ့၊ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်သိတဲ့ကံက ဘယ်နှစ်ကံပါလိမ့် (လေးကံပါ ဘုရား)။
လေးကံကို ဒကာသစ် အရင်လဲ ဟောဖူးလို့ သေသေချာချာ ဒကာ ဒကာမတို့ မနာရသေးတဲ့ ပုဂ္ဂိုလ်တွေကများ လို့ ထပ်ဆင့်ပြီး ဦးဘအုန်း ဟောရတယ်နော် (မှန်ပါ့)။
ဒီကံ ဘာတဲ့ ဒကာ ဒကာမတို့ (မဲတဲ့ကံပါ ဘုရား) မဲတဲ့ကံသည် မဲတဲ့အကျိုးကို ပေးတယ် (မှန်ပါ့)။
ဒီကံက ဘာပါလိမ့်၊ ဖြူတဲ့ကံ (ဖြူတဲ့အကျိုး ပေးပါတယ် ဘုရား)။
ဒီကံကတော့ အမဲအဖြူ မရောတဲ့ကံ (အမဲအဖြူ မရောတဲ့အကျိုး ပေးပါးတယ် ဘုရား)။
အမဲအဖြူ မရောတဲ့ကံ
အမဲအဖြူ မရောတဲ့ကံသည် အမဲအဖြူမရောတဲ့အကျိုးကို ပေးတယ် ဆိုသဖြင့် စတုတ္ထ လေးခုမြောက်ကံသည် ရှိသရွေ့ကံတွေ ဖြစ်တဲ့ ကံလို့ မှတ်လိုက် (မှန်ပါ့)။
စတုတ္ထကံက ဘာတဲ့၊ (ရှိသရွေ့ ကံတွေဖြတ်တဲ့ ကံပါ ဘုရား)။ အေး ကံဖြတ်ဆိုတာ ဒကာကြွယ် သေသေ ချာချာ မှတ်ပေတော့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ကောင်းပြိ၊ ဒါနဲ့ ဪ-တပည့်တော်တို့ လုပ်နေတဲ့ကံက အမဲရောတဲ့ကံမို့ တပည့်တော်တို့ အမဲအကျိုးပေး ရမှာပဲ၊ (မှန်ပါ့) သူတို့ ရိပ်မိသွားတယ် (မှန်ပါ့ ဘုရား) ခုနင်က သေနိယကလဲ ဒကာအုန်း ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) ပုဏ္ဏကလဲ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဪ- အမဲရောတဲ့ကံတွေ ဒို့ လုပ်နေတော့ အမဲအကျိုးပေးတာပဲဆိုတာ သူတို့ ရိပ်မိပြီ (မှန်ပါ့)။
ဒီတချို့ ဒကာ ဒကာမတွေလဲ တဲ့ ဘုရားကတော့ဖြင့် အစုံဟောတဲ့အတွက် ဒကာ ဒကာမတွေ အစုံ ဟောရတယ်နော် (မှန်ပါ့)။
ဒကာ ဒကာမတွေမှာ ဝဋ်ကို တောင့်တပြီး လှူရ၊ ပေးရ၊ ကမ်းရတဲ့အတွက် လူချမ်းသာ၊ နတ်ချမ်းသာ ရရ ပါလို၏ဆိုပြီး သကာလ အဖြူကံတွေလဲ၊ ဗျာပါဒမပါတဲ့ ကံတွေလဲ လုပ်လေ့ရှိပါတယ် (ရှိပါတယ် ဘုရား)၊ အဲဒါကျတော့ ဒကာ ဒကာမတွေ မှတ်လိုက်တဲ့၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာမျိုး ရပါတယ် (မှန်ပါ့ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒီကံက အဖြူကံမို့ ဘာတဲ့ (အဖြူအကျိုးပေးပါတယ် ဘုရား)။
တချို့ကျတော့ အမဲအဖြူ ရောတဲ့ကံတွေ မကောင်းမှုတွေနဲ့ ရှာပြီး သကာလ လှူဒါန်းပေးကမ်းတာတွေလဲ ရှိသေးသပေါ့ဗျာ (မှန်ပါ့) အဲဒီတော့ အဖြူအမဲ မရောဘူးလား (ရောပါတယ် ဘုရား)။
မကောင်းတဲ့နည်းလမ်းနဲ့ စီးပွားရှာပြီး
ပစ္စည်းကို မကောင်းတဲ့နည်းလမ်းနဲ့ စီးပွားရှာပြီး သကာလ လှူကြ၊ တမ်းကြ၊ ကမ်းကြတာကျတော့ အမဲအဖြူ အကျိုးပေးတယ် (မှန်ပါ့)။
သူကတော့ ဘာတုန်း လို့ မေးတဲ့အခါကျတော့ လူဆင်းရဲမျိုးပေါ့ဗျာ၊ (မှန်ပါ့) ခုနင်က အဋ္ဌကထာဖွင့်တာ တွေ ပြောရလို့ရှိရင်ဖြင့် ရွှေနဂါးကြီးတို့ ဆင်ဖြူတော်ကြီးတို့ ဒါတွေသွားဖြစ်တယ် (မှန်ပါ့)။
ဆင် ဘယ့်နှယ်ကြောင့် ဖြူရသတုန်း ဆိုတော့ ကုသိုလ်ကံကြောင့် ဖြူရတယ်၊ တိရစ္ဆာန် ဘယ့်နှယ်ကြောင့် ဖြစ်ရသတုန်းဆိုတော့ ဒကာ ဒကာမတို့ အမဲနဲ့ရောထားလို့ (မှန်ပါ့ ဘုရား)။
အဲဒါတွေကျတော့လဲ တိရစ္ဆာန်ချင်းမတူဘူး၊ အခုအခါ ကြည့်ပါလား၊ မြင်းချင်းပဲ လမ်းပြေးမြင်းနဲ့ ပြိုင်မြင်းနဲ့ စားရတာချင်းကော တူပါရဲ့လား (မတူပါ ဘုရား)။ ခြုံရရုံရတာချင်းကော (မတူပါ ဘုရား)။
မတူဘူးတဲ့၊ အဲဒါ အမဲအဖြူ ရောတဲ့ကံကြောင် သူ ဘာဖြစ်နေသတုန်း (အမဲအဖြူရောတဲ့ အကျိုးပေးပါတယ် ဘုရား) အင်း သူ့မှာ၊ ကုလားပဲတွေစားလို့ ဆရာဝန်နဲ့ခြုံထည်နဲ့ အင်မတန် အားအင်ဗလပြည့်တဲ့ အစာအာဟာရတွေ ကျွေးလို့ ဆရာဝန်နဲ့ ကုလို့ဆိုတဲ့ မြင်းကောင်း မြင်းမွန်တွေကလဲ ရှိသေးတယ် (ရှိပါတယ် ဘုရား)။
အဲဒါကျတော့ ဒကာအုန်းတို့က ဘယ်လိုဆုံးဖြတ်ချက် ချမလဲ၊ (အမဲအဖြူရောတဲ့ ကံပါ ဘုရား) အမဲအဖြူ အကျိုးပေးတယ် (မှန်လှပါ)။
မြင်းလဲဖြစ်ရတယ်၊ ကောင်းကောင်းမွန်မွန်လဲ စားရတယ်ဆိုတော့ ၁-နံပါတ်ဟာ အဖြူသာဆိုတာ ဝဋ်ထဲ အကျိုးပေးပြန်တော့လဲ ဒကာကြွယ် (အလိုမရှိပါ ဘုရား) အေး ဒီဥစ္စာလဲ မတတ်သာ ဒီကံတွေ မသိသေးခင်တော့ လုပ်ရမှာပေါ့ဗျာ (မှန်ပါ့ ဘုရား) သိလာတဲ့ တစ်နေ့ကျလို့ရှိရင်ဖြင့် ဪ သူလဲ အဖြူပဲ အကျိုးပေးတယ်ဆိုငြား သော်လဲ နတ်ပြည် သုဘကိဏှဘုံ ဆိုပြီး ပါဠိတော်က ဖွင့်တော့ နတ်တို့ ဒေဝတို့ သုဘကိဏှဗြဟ္မာတို့ဆိုတဲ့ ဒီဘက် သွားလေ့ရှိပါတယ်ကွာ-တဲ့၊ (မှန်ပါ့ ဘုရား)။
အမဲအဖြူရောနေတယ်
အမဲအဖြူရောတဲ့ ကံကတော့ လူ့ဘဝဆိုတော့ ပဋိသန္ဓေနေခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲလဲ ရှိရဲ့ (မှန်ပါ့) စားရ သောက်ရ ရွှေကလေး ငွေကလေး တွဲလွဲနဲ့ဆိုတော့ အမဲအဖြူရောနေတယ် (မှန်ပါ့)။
စားရ သောက်ရကော မရှိဘူးလား (ရှိပါတယ် ဘုရား) အို-နာသေဘေးကော ခွဲလို့ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် အမဲအဖြူရောတဲ့ကံကြောင့် လူတို့ နတ်တို့ဟာဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့လုပ်တာတဲ့ကံက ဘယ်ကံဆိုတာဖြင့် ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား) ဘယ်ကံပါလိမ့် (အမဲအဖြူရောတဲ့ကံပါ ဘုရား)။
အမဲအဖြူ ရောတဲ့ကံကြောင့် အခု ဘယ်လိုနေကြရသတုန်း၊ (အမဲအဖြူရောတဲ့အကျိုး ပေးပါတယ် ဘုရား) အမဲအဖြူရောတဲ့ အကျိုးပဲ ပေးနေရတယ်၊ မရောင်းမဝယ်ဘဲနဲ့ကို မစားရဘူး၊ (မှန်ပါ့) မသွားမလာဘဲနဲ့လဲ (မစားရ ပါ ဘုရား)။
မစားရတော့ အင်း-စားရတာလဲ အမြတ်အစွန်းကလေး ထွက်လာတော့ ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာ တွေ စားရရဲ့လား၊ မလုပ်ဘဲလဲ မဖြစ်ဘူး၊ (မှန်လှပါ ဘုရား) ဒါဖြင့် ဆင်းရဲနဲ့ချမ်းသာ ရောနေတယ် (ရောနေပါတယ် ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဆင်းရဲနဲ့ ချမ်းသာ ရောနေပါတယ် ဘုရား) ဒါ-ဘယ်ကံတွေပါလိမ့် (အမဲအဖြူရောတဲ့ ကံပါ ဘုရား) အမဲအဖြူ ရောတဲ့ကံကြောင့် အကျိုးပေးနေတယ် (မှန်ပါ့) ဒီလူ့ဘဝတွေပေါ့ဗျာ (မှန်ပါ့ ဘုရား)။
စတုတ္ထကံ
ကိုင်း-ဒါဖြင့် ဟောဒီ စတုတ္ထကံကတော့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ၊ အမဲအဖြူ မရောတဲ့ကံ ဖြစ်လေ သောကြောင့် အမဲအဖြူ မရောတဲ့ဥစ္စာပဲ အကျိုးပေးရမယ်ဆိုတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်၊ ဟောဒီ အမဲ အဖြူမရောတဲ့ ကံကို သူသာ လုပ်မယ်ဆိုရင် အကျိုးပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား) အဖြူကံ-အဖြူ အကျိုး ပေးကော (မပေးနိုင်ပါ ဘုရား) အမဲကံ-အမဲကော (မပေးနိုင်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ အမဲအဖြူ မရောတဲ့ကံက အမဲအဖြူမရောတာကို အကျိုးပေး ရသည် ဖြစ်လေသောကြောင့် ဒကာကြွယ်ရေ ကံ သုံးကံ ဖြတ်တဲ့ကံ (မှန်ပါ့)။
၁-၂-၃ ဘာလုပ်သလဲ (ဖြတ်ပါတယ် ဘုရား) ကံသုံးကံ ဖြတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါေြ့ာင့် သုံးဆယ့်တစ်ဘုံ ပြင်ဘက်ရောက်တဲ့ မဂ္ဂင်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် မဂ္ဂင်သည် ကံဖြတ်တယ်ဆိုတာ ကမ္မက္ခယာယလို့ ဘုရားက သေသေချာချာ ပါဠိတော်မှာ ဟောထား တယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ကံဖြတ်တရားဆိုတာ မဂ္ဂင်အလုပ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ကံဖြတ်တရားဆိုတာ (မဂ္ဂင်အလုပ်ပါ ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ)။
သူ့လုပ်လိုက်တဲ့အခါကျတော့ အမဲအဖြူရောတဲ့ အကျိုးပေးမျိုးကော (မပေးပါ ဘုရား) အဖြူချည့် သက်သက် ကော(မပေးပါ ဘုရား) အမဲသက်သက်ကော (မပေးပါ ဘုရား)။
သူက ကံဖြတ်ဆိုတာ ပေါ်လာတယ်
ဪ ဘယ့်နှယ်ကြောင့် မပေးပါလိမ့် မတုန်းဆိုတော့ အမဲ အဖြူမရောတဲ့ ကံကို ဒို့-ကြိုးစားထားလု့ိ ဟိုက သုံးကံအကျိုးမပေးနိုင်တာပဲ ဆိုတာ သိသဖြင့် သူက ကံဖြတ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ မဂ္ဂင်အလုပ်က ဘာတဲ့ (ကံဖြတ်ပါ ဘုရား) အမဲကံလဲ (ဖြတ်ပါတယ် ဘုရား) အမဲကံဖြတ်လို့ ပေါ့ အဟိံသကတို့ မဂ္ဂင်အလုပ်လဲ လုပ်ပါရော အပါယ်လေးပါး အကျိုးပေးသေးရဲ့လား (မပေးပါ ဘုရား) သဘောကျ ပလား (ကျပါပြီ)။
အဖြူကံ လုပ်ပြီး သကာလ ထားတဲ့ပုဂ္ဂိုလ်တွေလဲ ဒါန, သီလတွေနဲ့ ဝဋ်တောင့်တပြီး လုပ်တဲ့ကံဆိုတယ်နော် (မှန်ပါ့) ဝိဝဋ္ဋကံကို ဆိုတယ်နော် (မှန်ပါ့)။
အဲဒီတော့ ဝိဝဋ္ဋကံတွေ လုပ်ထားတာကလဲ သူတို့အကျိုးပေးနေမယ် ဆိုလို့ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပါဦး မလား (မရပါ ဘုရား)။
အဲဒီလိုလုပ်တဲ့ ပုဂ္ဂိုလ်တွေကိုပဲ ကံက ဖြတ်ပေးပါတယ်၊ (မှန်ပါ့) အဖြူအမဲ မရောတဲ့ကံက (ဖြတ်ပေးပါတယ် ဘုရား)။
ဖြတ်မပေးလို့ရှိရင်လဲ သူ-သုံးဆယ့်တစ်ဘုံမှာ အထက်တန်းကနေပြီး အိုဘေး, နာဘေး, သေဘေးတွေနဲ့ ကျင်လည် ပြေးသွားနေလိမ့်ဦးမယ် ဆိုတာလဲ ငြင်းဖို့မလိုပါဘူး (မလိုပါ ဘုရား) ဒကာသစ် သဘောကျပလား (ကျပါ ပြီ ဘုရား)။
ဒါဖြင့် အမဲအဖြူ ရောတဲ့ကံကော အကျိုးပေးသေးသလား (မပေးပါ ဘုရား) မပေးဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အမဲအဖြူရောတဲ့ကံလဲ အကျိုးမပေးနိုင်တာလဲ ဘယ်သူ့ကြောင့်တုန်းလို့ မေးလို့ရှိရင်ကဖြင့် အမဲအဖြူမရောတဲ့ ကံလုပ်လို့ပဲ (မှန်ပါ့)။
ဒါဖြင့် မဲတဲ့ကံက အကျိုးမပေးနိုင်တာလဲ အမဲအဖြူမရောတဲ့ ကံကြောင့်ပဲ (မှန်ပါ့ ဘုရား) အကျိုးမပေးနိုင် တာလဲ (အဖြူအမဲမရောတဲ့ ကံကြောင့်ပါ ဘုရား) အမဲ ဖြူရောတဲ့ကံ အကျိုးမပေးနိုင်တာလဲ (အမဲအဖြူ မရောတဲ့ ကံကြောင်ပါ) အမဲအဖြူ မရောတဲ့ကံကြောင့် (မှန်ပါ့)။
ကံကုန်စေတာဖြင့် မဂ္ဂင်ရှစ်ပါး
အဲဒီတော့ အမဲအဖြူ မရောတဲ့ကံ သေနိယတို့ ပုဏ္ဏတို့က မေးတဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ် ကြီးက ယမ္မက္ခယာယ ကံကုန်စေတာဖြင့် မဂ္ဂင်ရှစ်ပါးပဲကွ၊ (မှန်လှပါ ဘုရား) ဒကာအုန်း ကျေနပ်ပလား (ကျေနပ်ပါပြီ)။
အမဲအဖြူမရောတဲ့ကံဟာ ဘယ်ကံပါလိမ့် (မဂ္ဂင်ရှစ်ပါးပါ ဘုရား) မဂ္ဂင်ရှစ်ပါးဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။
ဒါဖြင့် မဂ္ဂင်ရှစ်ပါးကလဲ အလိုလိုပေါ်တာလား၊ ပွားယူမှ ပေါ်တာလား၊ (ပွားယူမှ ပေါ်လာတာပါ) သဘောကျ ပလား (ကျပါပြီ)။
မဂ္ဂင်ရှစ်ပါးဟာ မဂ်ရ,ရပါလို၏၊ ဖိုလ် ရ,ရပါလို၏လို့ ခင်ဗျားတို့ ဘယ်လိုပင် အော်ငြားသော်လဲ မပွားရင် မရောက်ပါဘူး (မရောက်ပါ ဘုရား) ပွားမှရောက်နိုင်တယ်ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။
ရောက်လို့ ခန္ဓာကိုယ် ခန္ဓာထဲလဲ ရောက်ပါရောဆိုလို့ရှိရင်ဖြင့် အပါယ်လေးပါး ကျစေတတ်တဲ့ ကံတွေလဲ ဖြတ်ချလိုက်တယ် (မှန်ပါ့ ဘုရား) မဖြတ်ချပေးဘူးလား (ဖြတ်ချပေးတယ် ဘုရား)။
အမဲအဖြူ ရောတဲ့ တိရစ္ဆာန်ဖြစ်မယ့် ဘဝတွေကော (ဖြတ်ပါတယ် ဘုရား) ဒီမှာလဲ ပြိတ္တာတွေဘာတွေဖြစ်မယ့် ဘဝတွေကော (ဖြတ်ပါတယ် ဘုရား) နေ့စံ ညခံဖြစ်တဲ့ ကံတွေကော (ဖြတ်ပါတယ် ဘုရား)။
အားကိုးရာအစစ် တွေ့ပြီ
ဪ-ဒါဖြင့် ကျုပ်တို့ ယနေ့တရားသည် ဒကာ ဒကာမတို့ အားကိုးရာအစစ် တွေ့ပြီ (မှန်ပါ့) ဘာတွေ့ကြ သလဲ (အားကိုးရာအစစ် တွေ့ပါတယ် ဘုရား)။
အားကိုးရာ အစစ်အမှန် ဖြစ်တာကို ရှာတဲ့အခါ ကျလို့ရှိရင်ဖြင့် အခု မဇ္ဈိမပဏ္ဏသာ သပါဠိတော် ကုက္ကုရဝတိက သုတ်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကံလေးပါးနဲ့ ဝေဖန်ကြီး သကာလ သေနိယနဲ့ ပုဏ္ဏတို့ကို ဟောပုံထောက် ကြည့်လိုက်တဲ့ အခါကျတော့ အမဲအဖြူမရောတဲ့ကံမှ တပည့်တော်တို့ ခုနင်က မျက်လုံးပေါက်ကြောင့် ဖြစ်တဲ့ကံတွေလဲ အဟောသိကံ ဖြစ်မယ် (မှန်ပါ့) နားပေါက်ကြောင့် ဖြစ်တဲ့ကံတွေကော (အဟောသိကံဖြစ်ပါမယ်) မနောပေါက်ကြောင့် ဖြစ်တဲ့ ကံတွေကော၊ (အဟောသိကံ ဖြစ်ပါတယ် ဘုရား) ဘယ်သူက ဖြတ်ပစ်လိုက်ပါလိမ့် (အမဲအဖြူ မရောတဲ့ကံက ဖြတ်ပါတယ်ဘုရားဝ။
အဲ အမဲ အဖြူမရောတဲ့ မဂ္ဂင်က (မှန်ပါ့) ဒါကြောင့် မဂ္ဂင်ကို ခင်ဗျားတို့ ယနေ့ သေသေချာချာ စဉ်းစားပါ၊ လုပ်နည်းကိုတော့ ပြောပါ့မယ်နော် (မှန်ပါ့) သူသာမဖြစ်သေးဘူးဆိုရင် ဒီကံလဲ အကျိုးပေးမှာပဲ (မှန်ပါ့) ဒီဘက်ကံက ကော (ပေးမှာပါ ဘုရား) အမဲကံကော (ပေးမှာပါ ဘုရား)။
အဲ-အမဲကံကလဲ ပေးရင် ဆုံးနိုင်စရာမရှိဘူး (မှန်ပါ့) အဖြူကံက အကျိုးပေးလို့ရှိရင်လဲ (ဆုံးနိုင်စရာမရှိပါဘူး)
ခင်ဗျားတို့က အကျိုးပေးက ရှိရတဲ့အထဲ လူ့ပြည်နတ်ပြည် အကြိမ်ကြိမ် ခံစားဆိုတာ အကြိမ်ကြိမ်ဆိုတာ ဘယ်နှစ်ကြိမ်လို့ ရေတွက်လို့ ရတော့မှာ မဟုတ်ဘူး (မရပါ) အဲ့ဒီအဖြူကံတွေကိုလဲ သူက ဖြတ်ပေးတယ် (မှန်ပါ့) အမဲအဖြူ ရောတဲ့ကံတွေကော (ဖြတ်ပါတယ်) ဖြတ်ပေးတယ်ဆိုတာ ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ကံဖြတ်သည် ဘယ်သူပါလိမ့်မတုန်းလို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမလဲ (မဂ္ဂင်ရှစ်ပါးပါ ဘုရား)။
ဘယ်ကံတွေ များပါလိမ့်မလဲ
ဪ ဒါဖြင့် ကျုပ်တို့မှာ ဘယ်ကံတွေ များပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ဖြင့် ဒီရှေ့ပိုင်း သုံးကံဟာ တပည့်တော်တို့မှာ အသီးသီးရှိကြတယ်ဘုရား လို့၊ ဖြေလိုက်လို့ရှိရင် တည့်တယ် (မှန်ပါ့ ဘုရား)။
သားနဲ့ သမီးနဲ့ နေပြန်တော့ အမဲကံတွေက များတယ်၊ (များပါတယ်) တစ်ခါတလေ အကြောင်းညီညွတ်လို့ မသိယူ မသိပေးတွေနဲ့ ပေးလိုက်ပြန်တော့လဲ အဖြူ ကံတွေက များတယ် (များပါတယ်) တစ်ခါတလေကျတော့ အိမ်နီးချင်း ရိုသေ မိတ်ဆွေပါတီမို့ မကောင်းပေမယ့်လဲ တည့်လိုက်ရတဲ့ အရေးတွေဟာ အမဲအဖြူရောတဲ့ အရေး တွေက ရှိသေးတယ်၊ (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီ အရေးတွေကလဲ အမဲအဖြူ အကျိုးပေးတွေကလဲ မနည်းလှဘူး (မနည်းပါ ဘုရား)။
အဲဒီလို ကံတွေက ကျုပ်တို့မှာ ကံသုံးမျိုး ရှိပြီး သကာလ နေတာသူတို့ အကျိုးပေးကို ကျုပ်တို့ လက်ခံမယ် ဆိုလို့ရှိရင်ဖြင့် အမဲဘဝကလဲ ပြန်တက်နိုင်စရာ မရှိဘူး (မရှိပါ) ရှိသေးရဲ့လား (မရှိပါ) အဖြူဘဝကလဲ လည်လို့ ဆုံးနိုင်စရာ (မရှိပါ)၊ အမဲအဖြူရောတဲ့ဘဝကလဲ တစ်ခါ သူတစ်ပါးအစေခံ ဆင်ဖြူတော်ဆိုရင်လဲ အစေခံဘဝက ဆုံးနိုင်ပါ့မလား (မဆုံးနိုင်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုန်း (မဂ္ဂင်အလုပ်-လုပ်ရပါမယ်) မဂ္ဂင်ရှစ်ပါး အလုပ်ကို လုပ်မယ်နော်၊ (မှန်ပါ့ ဘုရား)။
ဒီကံတွေက ယခု ကျုပ်တို့မှာ စောင့်ပြီး သကာလ နောက်ကသူတို့သည် ချုပ်ပျော်သွားငြားသော်လဲ သတ္တိက တော့ဖြင့် အမဲကံသည်လည်း မင်း လူ့ဘဝနေဦးကွနော်၊ သူ သေရင်တွန်းချမယ်ဆိုတာ စောင့်လျက် (စောင့်လျက်ပါ) အဖြူကံကလဲ သူက စောင့်လျက်ပဲ (စောင့်လျက်ပါ) အမဲ အဖြူရောတဲ့ ကံကကော (စောင့်လျက်ပါ ဘုရား)။
ဪ-ဒကာသစ် စိတ်ချလက်ချ နေရမှာလား တွန်းချမှာတွေက သုံးဦးစောင့်နေသလား (သုံးဦး စောင့်နေ ပါတယ် ဘုရား)။
အပါယ်ပို့မည့်ကံတွေ
ဪ ခင်ဗျားတို့ကကော သားနဲ့သမီးနဲ့၊ ဆွေနဲ့မျိုးနဲ့၊ အရောင်းကလေးနဲ့၊ အဝယ်ကလေးနဲ့ ဒီနားပတ်ဝန်း ကျင်ကြည့်ပြီး သကာလ ခင်ဗျားတို့ အလုပ်-လုပ်တယ် (မှန်ပါ့) သူတို့က နောက် မင်းနက်ဖြန်သေရင် နက်ဖြန်သေအောင် တွန်းချမည့်ကံ၊ သေပြီး အပါယ်ပို့မည့်ကံတွေကလဲ ခင်ဗျားတို့မှာတဲ့ သုတ္တန်နည်းနဲ့ ဟောမည်ဆို ဆာယာဝအနုပါယိနီ ဆိုတဲ့အတိုင်း ဒကာအုန်း-နောက်က စောင့်လျက်ပဲ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကသာ ဒီနေ့ အမြတ်အစွန်း ဘယ်လောက်ထွက်တယ်၊ ဒီနေ့ အရှုံးဘယ်လောက် ထွက်သွားတယ် (မှန်ပါ့) အင်း-ဒီလိုပဲ ခင်ဗျားတို့က ခင်ဗျားတို့ တွက်ချင်တာတွက်နေတာပဲ၊ နောက်က ရန်သူသုံးဦးကနေပြီး သကာလ ထိပ်နှက်ပြီး ခေါင်းဖြတ်ပြီး အသက်သတ်ပြီး အပါယ်အရပ်သို့ ပို့လိမ့်မယ်ဆိုတာ တွေးကိုမတွေးဘူး (မတွေးပါ) မတွေး ဘူးမဟုတ်လား (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ့်နှယ်နေကြသတုန်းဆိုတော့ ရေကန်ကလေးထဲမှာ နက်ဖြန် ခန်းမည့်ရေထဲမှာ ပျော်နေတဲ့ ငါးကလေးနဲ့ တူတယ်တဲ့ (မှန်ပါ့ ဘုရား)။
နက်ဖြန်ခန်းမည့်ရေထဲမှာ (ပျော်နေတဲ့ ငါးကလေးနဲ့ တူပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ပျော်နိုင်ပါလိမ့်မတုန်းဆိုတော့ ရေခန်းမှုမသိလို့ (မှန်ပါ့) ရေက နက်ဖြန်နေပြင်းပြင်းထန်ထန် ပူလိုက်ရင် ဒကာအုန်း ဘာဖြစ်မယ် ထင်သတုန်း (ခန်းမှာပါ) ခန်းရင် သူသည် ကျီး၊ စွန်၊ လင်းတတို့အစာပဲ (ဖြစ်မှာပါ) အဲဒါ သူက သိရဲ့လား (မသိပါ) ဘယ့်နှယ်ကြောင့် မသိသတုန်း ဆိုတော့ ပျော်နေလို့ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့လဲ အခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ အင်း ရှေ့နှစ်ဘာဖြစ်ဦးတော့မှာလိုလို (မှန်ပါ့) ကဲ ပျော်နေ တာပဲ ဒီရေကန်ကလေးထဲမှာ (ပျော်နေပါတယ် ဘုရား)။
ခင်ဗျားတို့ စောင့်နေတဲ့ ကံကတော့ဖြင့် သေဖို့ရာ ကံက ခန်းတယ်၊ (ခန်းပါတယ်) တစ်နေ့တခြား ခန်းတာပဲ (မှန်ပါ့ ဘုရား)။
–ကန်ရေခန်းတယ်လို့ မှတ်
ဒီနေ့ ၅၁-နှစ်ပြည့်တယ်ဆိုလို့ရှိရင် နက်ဖြန် ၅၁-နှစ်က တစ်ရက်လျော့သွားပြီ (မှန်ပါ့) မလျော့ဘူးလား (လျော့ပါတယ်) နောက်နေစရာက နုတ်နုတ် မသွားဘူးလား (နုတ်နုတ်သွားပါတယ်) နုတ်နုတ်သွားတော့ နေဖို့ရာနဲ့ သေဖို့ရာ နေဖို့ရာက မနည်းဘူးလား (နည်းပါတယ်) အဲဒါ ကန်ရေခန်းတယ်လို့ မှတ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ စုထားတဲ့ ကံ ခန်းပြီ (မှန်ပါ့) နေဖို့ရာကံ ဘယ့်နှယ်နေသတုန်း (ခန်းပါတယ် ဘုရား)။
အဲဒီ ခန်းလျက်ပေမယ့် ခင်ဗျးတို့ကလဲ ပျော်လျက်ပဲ (ပျော်လျက်ပါ ဘုရား)။
ဒကာကြွယ် အခု အသက်ကြီးတဲ့အခါကျလို့ရှိရင်ဖြင့် ဒီသား ဒီသမီး ဒီမြေး ဒီမြစ်တွေနဲ့ ကျွေးခဲ့ မွေးခဲ့ရတာ ကလဲ ကြာပြီလေ လွတ်လပ်ရေးယူပြီး ကိုယ့်အကျိုးကိုယ် လုပ်ပါတော့မယ်ဆိုတာ မလာသေးဘူး (မလာသေးပါ ဘုရား)။
ဪ နှုတ်၏ စောင်မခြင်း၊ ကိုယ်၏ စောင်မခြင်းတဲ့ (မှန်ပါ့) အံမာလေး ဖြစ်မှဖြစ်ရပလေ ဒီအရွယ် ကြီးက ဘာလုပ်ပြန်တာပါလိမ့်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခုတော့ဖြင့် ဘေးကနေ ကြည့်ပြီး သကာလ စောင်မရဦးမယ်ဆိုတော့ တမတည်းသာ မ,တာနဲ့ ခင်ဗျားတို့ ဝန်ပိသေ သေဦးမှာပဲ၊ (သေမှာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ်ဆိုက်အောင် လုပ်ရ ပါမယ်
ဒါဖြင့် အဲဒါတွေ စောင့်မနေကြပါနဲ့၊ ခင်ဗျားတို့ နောက်က ဓားခုတ်ပြီး သကာလ လည်ပင်းဖြတ်မည့်သူက အနားကပ်နေလျက်သားနဲ့တောင်မှ ပြုံးနေသေးတယ်လို့ ရှိရင်ဖြင့် ဒကာသစ်-ဆိုးဝါးတော့မယ် (ဆိုးဝါးပါတယ် ဘုရား)။
ဒါဖြင့် ဒီကံတွေလဲ စောင့်နေတဲ့ကံတွေလဲ ကျုပ်တို့ အကျိုးမပေးနိုင်လောက်အောင် မဂ်ဆိုက်အောင် လုပ်ရ ပါမယ် (မှန်ပါ့) မဂ်ဆိုက်အောင် လုပ်ရင် ဘာဖြစ်မယ်ထင်သတုံး (အကျိုးမပေးတော့ပါ) ဒီကံက ဖြတ်တယ်၊ မဂ္ဂင် ရှစ်ပါးက ဖြတ်ချတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် မဂ္ဂင်ရှစ်ပါး ဖြတ်နည်း နိသယည်းကို ဒကာသစ် နက်ဖြန်မှ ပြောကြစို့ (မှန်ပါ့ ဘုရား)။
သာဓု သာဓု သာဓု။