ဒုက္ခမှ လွတ်မြောက်ကြောင်း လမ်းခွဲရှာရန်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
(၁၃-၈-၆၁)
လမ်းခွဲလည်း ရှာကြပါဦး
အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ လမ်းရိုးကြီး လျှောက်မနေဘဲနဲ့ လမ်းခွဲလည်း ရှာကြပါဦးဆိုတာ သတိပေးလိုက်တယ်နော် (မှန်လှပါ ဘုရား)။
လမ်းရိုးကြီး လျှောက်ပြီး သကာလ မနေပါနဲ့၊ လမ်းခွဲရှာကြပါဆိုတဲ့ ဥစ္စာကို သေသေချာချာ သတိပေးရတယ် (မှန်လှပါ ဘုရား)။
လမ်းရိုးကြီး လျှောက်ဆိုတာတော့ တခြား မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ အခုဘယ်နေရာ ဘယ်ဌာနက လာခဲ့ကြသတုံးလို့ ဒီဘဝအစ မေးလို့ရှိရင်ဖြင့် တပည့်တော်တို့ အမိဝမ်းခေါင်းထဲက လာခဲ့ကြတယ်၊ ဒါပဲ ဖြေကြမယ် (မှန်လှပါ ဘုရား) ဇာတိက လာတာပေါ့ဗျ (မှန်ပါ့)။
ဪ- ဇာတိ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။ ဪ- ဒကာ ဒကာမတို့ ဒုက္ခသစ္စာက စ,ခဲ့ကြတယ် (မှန်ပါ့ ဘုရား)။
ဘယ်ကများ စ,ခဲ့ကြသလဲ (ဒုက္ခသစ္စာက စ,ခဲ့ပါတယ် ဘုရား)။
ပဋိသန္ဓေနေခန်း
ပဋိသန္ဓေနေခန်းဟာ ဒကာ ဒကာမတို့ အမိကျင်ကြီးပေါ်မှာ ထိုင်ပြီး သကာလ အမိစားထားတဲ့ ခွေးအန်ဖတ် နဲ့ တူတဲ့အစာတွေ ခေါင်းပေါ်ရွက်ပြီး အမိကျောဘက်မျက်နှာမူပြီး သကာလ နံနံစော်စော် မလှည့်သာ မပတ်သာနဲ့ နေခဲ့ရတဲ့ နေရာ (မှန်လှပါ ဘုရား)။
ဒါကို ဒကာသစ်တို့ ဒကာကြွယ်တို့က ချမ်းသာတယ်ဆိုမလား-ဆင်းရဲတယ်ဆိုမလား (ဆင်းရဲပါတယ် ဘုရား)။
ဘယ်သူက ရေချိုးပေး၍ ဘယ်သူက အဝတ်လဲပေးသတုံး မေးလို့ရှိရင်ဖြင့် ခိုကိုးရာမဲ့တစ်ကောင်ကြွက်ပါ ဘုရား (မှန်ပါ့ ဘုရား) ခိုကိုးရာမဲ့ တစ်ကောင်ကြွက်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒီဇာတိသည် ဒကာ ဒကာမတို့ ဘယ်အချိန် ချမ်းသာလို့ ဘယ်အချိန်ကျန်းမာပါ့မလဲ မေးလို့ရှိရင်ဖြင့် ဖြေစရာအကွက် မပါပါဘူး (မပါပါ ဘုရား) ချမ်းသာမှု-ကျန်းမာမှု လုံးလုံးကင်းတယ်ဆိုတာ အဖြေထုတ်ပေတော့ (မှန်ပါ့)။
ဒါဖြင့် ‘ဇာတိပိဒုက္ခာလို့’ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတာသည် အနေအထိုင် ဆင်းရဲမှုကို သော်လည်းကောင်း၊ အစားအသောက် ကျပ်တည်းမှုကိုသော် လည်းကောင်း၊ ဆောင့်ကြောင့်ထိုင်ပြီး သကာလ ဒူးနှစ်ခု က ဆောင့်ဆောင့်ထိုင် တစ်တောင်နှစ်ခုက ဒူးပေါ်တင်၊ လက်နှစ်ခုက ခေါင်းပေါ်အုပ်၊ ယှက်ပြီးအုပ်၊ အမိကျောဘက် မျက်နှာမူ အောက်ကထိုင်ရတာက ကျင်ကြီး၊ အပေါ်ကရွက်ထားတာက အစာသစ်တွေပေါ့ဗျာ (မှန်ပါ့) မလှည့်သာ မပတ်သာနဲ့ ကိုးလခွဲ ဆယ်လတိုင်တိုင် ဒကာကြွယ်တို့ ကျုပ်တို့နေခဲ့ရတယ် (မှန်လှပါ ဘုရား) ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ လမ်းခွဲရှာတော့ လမ်းခွဲရှာတော့ဆိုတာ ဒီနေရာက စ, တဲ့လမ်းဖြင့် မကောင်းတဲ့ လမ်းပဲသာ မှတ်ပေတော့ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒီကနေပြီး သကာလ ကိုးလလွယ် ဆယ်လဖွားဆိုပြီး သကာလ ဖွားမည့်နေရာ ရောက်ဖို့ရာ အရေးဟာလည်း ကမ္မဇလေက တွန်းလိုက်မှုတ်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် အင်မတန်ကျဉ်းမြောင်းတဲ့ နေရာဌာနမှ ထွက်ပေါက်ရှာ ရတာလည်း ဒကာသစ်လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
ဖွားခါနီး ဒုက္ခတွေလည်း မသက်သာ
ဖွားခါနီး ဒုက္ခတွေလည်း မသက်သာဘူးပေါ့ဗျာ (မသက်သာပါ ဘုရား) ဖွားပြီး အပြင်ဘက်ရောက်တဲ့အခါ လည်း ကိုင်ကြ တွယ်ကြ ရေချိုးကြ ခေါင်းရိတ်ကြနဲ့ဆိုတဲ့ ဥစ္စာကလည်း ဘေးက ပုဂ္ဂိုလ်ကသာ လှစေချင်-ပစေချင်လို့ ခံရတဲ့ပုဂ္ဂိုလ်ကတော့ နည်းနည်းမှ မသက်သာဘူးဆိုတော့ ဪ- နေတုန်းကလည်း မသက်သာ၊ အပြင်ရောက်တော့ လည်း ဆင်းရဲဆိုတဲ့ဥစ္စာ ထင်ရှားနေတယ် (ထင်ရှားပါတယ် ဘုရား) မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီလမ်းဖြင့် နောက်ထပ် မသွားတော့ပါဘူး၊ ဒီနေရာဖြင့် နောက်ထပ် မနေချင်တော့ပါဘူးဆိုတဲ့ ဉာဏ်တွေဟာ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ရောက်ဖို့အချိန် သင့်ပါပြီ (သင့်ပါ ပြီ ဘုရား) ဒါလမ်းရိုးကြီးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ရှေ့ဆက်ပြီးသွားပြန်တော့ အဝတ်ကလေးနဲ့ ထုပ်ပြီး ပုခက်ကလေးနဲ့ သော်လည်းကောင်း၊ ဘမ်းကလေးနဲ့ သော်လည်းကောင်း မိမိတို့အကျိုးပေး သလိုပေါ့ဗျာ၊ နေကြထိုင်ကြတဲ့အခါမှာလည်း ကိုယ့်ကျင်ကြီးနဲ့ ကိုယ့်ကျင်ငယ်နဲ့ လုံးထွေးပြီး သကာလ လူ,ဒုက္ခိတကလေး ရေတောင်းလို့မှ ရေပေးမည့်လူ မရှိ၊ တောင်းတက်တဲ့ အသံလည်း မထွက် (မှန်ပါ့) လက်ပြနိုင်တဲ့ အခြေအနေမျိုးကလည်း မရှိသေး (မှန်ပါ့) ဒီနေရာမှာလည်း ခိုကိုးရာမဲ့ တစ်ကောင် ကြွက်ကလေး ခြင်ကိုက်လို့မှ မဖျောက်တတတ်ဆိုတဲ့ ဥစ္စာဒီလမ်းလာမိလို့ ဒီနေရာ ရောက်ရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ခံရတဲ့ဒုက္ခတွေ
ဒါ-ဘာသစ္စာဆိုကြမယ် (ဒုက္ခသစ္စာပါ ဘုရား) ဪ- ခုနင်က အမိ ဝမ်းခေါင်းထဲကတော့ ဇာတိဒုက္ခ၊ အခု အပြင်ရောက်လပြန်တော့လည်း ညှဉ်းဆဲမှု ခံရတဲ့ဒုက္ခတွေကြောင့်လည်း မသက်သာဘူး (မသက်သာပါ ဘုရား) ဒီကနေ ပြီး တစ်နေ့ တခြားကြီးရင့်လာတာလည်း သေခါနီးဖြစ်လာတာပဲ (မှန်ပါ့)။
ကြီးရင့်လာတာ ဘယ့်နှယ်ဆိုကြမလဲ (သေခါနီး ဖြစ်တာပါ ဘုရား)။
သေခါနီးဖြစ်လာတာ ထောက်လို့ရှိရင်လည်း ဇရာပိဒုက္ခာဆိုတော့ ဒီလမ်းပဲ ရှိတာပဲ (မှန်ပါ့)။
ဪ- ဒါဖြင့် ပဋိသန္ဓေနေတုန်းကလည်း ဆင်းရဲခဲ့တယ်၊ ယခုအခါမှာလည်း ဆင်းရဲလက်စ သတ်ပါ့မလား (မသတ်သေးပါ ဘုရား)။
ဆင်းရဲလက်စ မသတ်တော့ဘူးဆိုတာ ဒကာ ဒကာမတွေ မြင်တဲ့အတိုင်းပေါ့ဗျာ (မှန်ပါ့) နောက်ကျလာတဲ့အခါ နားပင်း, သွားကျိုး, ဆံဖြူတဲ့ ဇရာဒုက္ခကြီးနဲ့လည်း ဒီခန္ဓာကြီးကပဲ ပွားလာတယ် (မှန်ပါ့) ဘယ်သူပေးလို့မှ ရတာ မဟုတ်ပါဘူး (မှန်ပါ့) ခန္ဓာထဲက ထွက်လာတဲ့ ဇရာဒုက္ခပဲ (မှန်ပါ့)။
ဇိရဏတေဇောက ရင့်အောင် ကျက်အောင် လုပ်လိုက်တဲ့အတွက် မင်း ဆုတောင်းပြည့်အောင်တော့ အိုအောင် မင်းအောင် ရိုက်နှက်ပြီး သကာလ လောင်ကျွမ်းပေးဦးမှာပဲဆိုတဲ့ ဇိရဏတေဇော၏ စွမ်းရည်သတ္တိကြောင့် ဒကာကြွယ် ရေ ဆံဖြူ သွားကျိုး အရေတွန့်လိပ် ငယ်မူတွေ ပျောက်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါက လမ်းရိုးအတိုင်း လိုက်လာတဲ့ပုဂ္ဂိုလ်၏ တွေ့ရမည် လမ်းစဉ်ကိုးဗျ (မှန်ပါ့) တော်တော်ကြာ ကျလာတဲ့ အခါ ဆရာဝန်ဆေးသမားတွေ ဝိုင်းပြီး သကာလ အိပ်ရာဖျာ ကပ်နဲ့ ဘာဖြစ်သတုံး၊ ဘာဖြစ်သတုံးနဲ့ မေးမည့်လူတွေ ကလည်း တစ်ပုံကြီးပေါ့ဗျာ (မှန်ပါ့)။
သေခါနီးပလားလို့ မေးတာ
ဘာဖြစ်သတုံးလို့ မေးမည့်လူတွေကလည်း မေးချင်လို့ မေးရတာလားလို့ မေးလို့ရှိရင်ဖြင့် သေခါနီးပလား သေခါနီးပလားလို့ မေးတာ (မှန်ပါ့)။
ဘယ်လိုမေးတာပါလိမ့် (သေခါနီးပလား သေခါနီးပလားလို့ မေးတာပါဘုရား)။
အဲဒါ ခင်ဗျားတို့က လူမေး သူမေးများလို့ရှိရင်လည်း တော်တော်ဂုဏ်ရှိတဲ့ လူနာပဲလို့ ဒကာကြွယ်တို့ကလည်း ထင်ချင် ထင်လိမ့်မယ် (မှန်ပါ့) ငါ့ကိစ္စရှိတာကွ ဘယ်သူမှ လာမမေးဘူးလို့ လူမမာကလည်း ခုနင်က ပြောသလို ဂုဏ်လိုချင်တဲ့ လူမမာ ဖြစ်နေတော့ ဗျာဓိဒုက္ခသူ နားမလည်ဘူး (နားမလည်ပါ ဘုရား)။
ဗျာဓိဒုက္ခဟာ လူမမြင် သူမမြင်နဲ့ ခံလို့ရှိရင် အရှက်ကွဲတဲ့ကိစ္စ နည်းနည်းသက်သာတယ် (မှန်ပါ့) အခုတော့ အရှက်ကွဲတဲ့ ကိစ္စ သက်သာရဲ့လား (မသက်သာပါ ဘုရား)။
အဲဒါတွေ ထောက်ကြည့်တော့ ခင်ဗျားတို့ဖြစ်စဉ်ကလည်း ဒို့-ငါ-မမာနေတာ ဘယ်သူမှ လာမမေးဘူးလို့ မောင်တွေ-နှမတွေကကွာ ကြိမ်းများထားလိုက်တဲ့အခါ ပါလိုက်သေတယ် (ပါပါတယ် ဘုရား)။
ဘယ့်နှယ့်ကြောင့် ကြိမ်းဖြစ်တာပါလိမ့်မတုံးဆိုတော့ ငါတစ်ယောက်တည်း အရှက်ကွဲရသေးတယ်၊ အများလူပုံ အလယ်မှာ အရှက်မကွဲရသေးလို့ ကြိမ်းတာနဲ့တူလိုက်တာ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။
တစ်ယောက်တည်း အရှက်ကွဲတာကို လူမမာက ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား) အများတွေလာမေးပြီး အရှက်ကွဲခံချင်သေးလို့ ဒကာကြွယ်တို့ ကြိမ်းဝါးမှုတွေ လာတာပေါ့ဗျ (မှန်ပါ့ ဘုရား)။
သစ္စာမသိတော့ ကြည့်စမ်း (မှန်ပါ့) သစ္စာမသိတော့ မမာတာ ရိုးရိုးမမာတာ မဟုတ်သေးဘူး၊ ဘေးကပုဂ္ဂိုလ် တွေ မလာတာတောင်မှ သူ့စိတ်ထဲ မကျေနပ်မှု ဒကာသစ် ရှိနေသေးတယ် (ရှိပါတယ် ဘုရား)။
ဘာဖြစ်လို့ မကျေနပ်မှုရှိတာတုံးဆိုတော့ သစ္စာမသိတော့ တစ်ယောက်တည်း ဆင်းရဲနေရတာ တစ်ယောက် တည်း အရှက်ကွဲနေရတာ မကျေနပ်လို့ လူပုံထဲ အရှက်ကွဲချင်လို့ လူမလာဘူးလားဆိုတဲ့ မေးခွန်းတွေ ထုတ်ရသေးတယ် (မှန်ပါ့ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါတွေ ကျပ်ကျပ်စဉ်းစားတော့မှ ဪ- သစ္စာမသိဘဲနဲ့ လူမမာ ဖြစ်နေတာတောင်မှ ဒကာကြွယ်ရေ ဂုဏ်လိုချင်တုန်း ဖြစ်နေတယ် (မှန်လှပါ ဘုရား)။
နောက်ကျလာတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဗျာဓိကနေပြီး သေခါနီးဆိုတဲ့ မရဏလမ်းကို မသွားရဘူး လား (သွားရပါတယ် ဘုရား) ဒါလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အစက ဒုက္ခသစ္စာ
ဪ- ဒါဖြင့် ဒကာ ဒကာမတို့ အစက ဒုက္ခသစ္စာ၊ အလယ်နှစ်ခုကကော (ဒုက္ခသစ္စာပါ ဘုရား) အဆုံးက ကော (ဒုက္ခသစ္စာပါ ဘုရား)။
တစ်ခါစုတိပြီး ပဋိသန္ဓေက လာပြန်တယ်တဲ့၊ နောက်ဘဝ ပဋိသန္ဓေလာပြန်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီလမ်းဟာဖြင့် ဘယ်အချိန် ဘယ်ကာလ ဘယ်ခဏမှ ချမ်းသာဆိုတာမပါဘူးဆိုတာ ဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဘူးတို့ မှတ်ဖို့ပဲ (မှတ်ဖို့ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါဖြင့် ဒါဟာ လမ်းရိုး (လမ်းရိုးကြီးပါ့ ဘုရား) ဒကာ ဒကာမတို့ ဘယ်လိုဆိုကြမယ် (လမ်းရိုးကြီးပါ ဘုရား)။
ဪ- ဒကာ ဒကာမတို့ ဒီလမ်းပဲ သွားစရာရှိသလား၊ လမ်းခွဲမရှာကြတော့ဘူးလားဆိုတဲ့ မေးခွန်းဟာ ဆရာသမားက မေးရမယ် (မှန်ပါ့) မမေးလို့ရှိရင် ဒီ ဒကာ ဒကာမတွေဟာ ဒီလမ်းပဲ သွားနေမှာပဲ (မှန်ပါ့) မသွားပေ ဘူးလား (သွားပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ လမ်းခွဲရှိသေးတယ် (မှန်ပါ့) ဒီလမ်းတွေ မသွားကြပါနဲ့ ခင်ဗျားတို့ အစမကောင်း အဆုံးမကောင်း နောက် အရောက်မကောင်းဆိုတာ မကောင်းဟူသရွေ့ ဒီလမ်းဟာ စုံနေပါတယ်၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီလမ်းသည်ကားလို့ဆိုရင်ဖြင့် ဘုရားက အဘိဏှသုတ်မှာ မလွန်ဆန်နိုင်တဲ့ လမ်းလို့ဟောတယ် (မှန်ပါ့ ဘုရား)။
မလွန်ဆန်နိုင်တဲ့ လမ်း
အဲဒီတော့ ဒကာ ဒကာမတွေက ဘယ်လို ယူလိုက်သတုံး၊ ဪ- ဘုရားတောင်မှ မလွန်ဆန်နိုင်တဲ့လမ်းပဲ၊ ဒို့ဖြင့် သွားရမှာပဲဆိုပြီး လမ်းခွဲရှာကြတော့ဘူး (မှန်ပါ့) ရှာသေးရဲ့လား (မရှာပါ ဘုရား)။
လမ်းခွဲမရှာတော့ ဒီဒကာ ဒကာမတွေ ဘုရားကတော့ ဘုရားစိတ်ထား ဘုရားနှလုံးသွင်းကတော့ ဒီလိုမဟုတ် ပါဘူး (မှန်လှပါ ဘုရား) “ဇာတိဓမ္မောမို့၊ ဇာတိံ အနတီတောတိ” ဪ- မပြတ်ဆင်ခြင်ကွ၊ ဒါမှမင်းလွတ်ချင်လိမ့်မယ် (မှန်ပါ့ ဘုရား)။
ဘုရားက ဒီလိုအကြောင်းရှာဖို့ ဟောတာ ခင်ဗျားတို့ကတော့ ဘုရားက ဒီလိုဟောထားတယ်၊ ဘယ်လွတ်လိမ့် မတုံး (မှန်ပါ့)။
ရော-လွတ်ကြောင်း အရှာခိုင်းတဲ့ဥစ္စာ ခင်ဗျားတို့က ဒီအတိုင်း သွားပါမယ်လို့ ဘုရားတောင်မှ ဒီအတိုင်း ဟောထားတယ်၊ ဒီအတိုင်းတော့ သွားရတော့မှာပဲဆိုပြီး ခင်ဗျားတို့ အယူက တခြားဖြစ်နေတယ် (တခြားဖြစ်နေပါတယ် ဘုရား)။
ဒါ- သေသေချာချာ ကြံလုံးနဲ့လာမှ၊ ကြံလုံးနဲ့ မလာလို့ရှိရင် အဘိဏှသုတ်က ဒီအတိုင်းလာတယ် ဘုရားလို့၊ ဒကာကြွယ်က ပြောချင်ပြောလိုက်မယ် (မှန်ပါ့) မဟုတ်ပါဘူးတဲ့ ဦးလှဘူးရ (မှန်ပါ့ ဘုရား)။
‘ဇရာဓမ္မောမှိ၊ ဇရံအနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ အိုတတ်တဲ့ သဘောတရားသည် ရှိ၏ ထိုအိုတတ် တဲ့ သဘောကို မလွန်နိုင်ဟု မပြတ် မင်းဆင်ခြင် (မှန်ပါ့)။
ငါသည်ကားလို့ဆိုလို့ရှိရင်ဖြင့် အိုရတဲ့သဘောကို မလွန်နိုင်လို့ အိုရပြီဆိုပြီး မအိုရာ ရှာမယ်လို့ ဒီလိုဉာဏ်ပေါ် အောင်လို့ ဟောတာ (မှန်ပါ့)။
ဒီလိုဉာဏ်ပေါ်အောင်လို့ ဟောတာ
ဒီလိုဉာဏ်ပေါ်အောင်လို့ ဟောတာ ဒကာ ဒကာမတွေက ဒီလိုဉာဏ်ပေါ်သလား၊ ဘုရားက ဒီလို ဟောထား တယ်၊ ဒီလို သွားရမှာပဲလို့ ယူသလား (ဒီလိုသွားရမှာလို့ ယူဆပါတယ် ဘုရား)။
ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့၊ ဘုရားက ဒါကြီးသည်ကားလို့ဆိုရင် မသွားကောင်းတဲ့လမ်းဆိုပြီး ဟောထား တာ ခင်ဗျားတို့က ဪ- ဒီအတိုင်း သွားရမှာပဲဆိုတော့ မသွားကောင်းတဲ့ လမ်းပေမယ့် ကိုယ်က ဉာဏ်စွမ်းမရှိတော့ ဒီလမ်းပဲသွားတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ် (ရောက်ပါတယ် ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အေး- ဒါကြောင့် ဆရာသမားသည် ပြင်ဆင်ပေးနေတယ်ဆိုတာကိုလည်း ခင်ဗျားတို့ လမ်းခွဲရှိပါသေးတယ်လို့ အစက ချီးခဲ့တယ် (မှန်ပါ့)။
လမ်းခွဲ ဘာတုံး (ရှိပါသေးတယ် ဘုရား) အဲဒီတော့ လမ်းခွဲတော့ ခင်ဗျားတို့က ဂရုမစိုက်ဘဲနဲ့ လမ်းရိုးကြီး ချည်း လိုက်နေကြမယ်ဆိုလို့ရှိရင် “ဗျာဒိဓမ္မောမှိ ဗျာဓိံ အနတီတောတိ” ဪ- ဘုရားက ဒါဟာ အနာနှိပ်စက်တဲ့ကိစ္စ၊ ဘယ်သူမှ မလွန်ဆန်နိုင်ဘူးတဲ့၊ ဒါကြောင့် ဒို့လည်း တွေ့ရတာပဲ၊ ဒီတွင် ထိုင်လိုက်တယ် (ထိုင်ပါတယ် ဘုရား)။
ဟာ- အဗျာဓိံလို့ ဟောထားတာ (မှန်ပါ့) ဒါကိုတော့ ဉာဏ်က မရောက်ဘူး (မရောက်ပါ ဘုရား)။
မလွန်နိုင်လို့ ခံရချည်သေး ဘုရားဆိုတော့ ကိုယ်က ဘုတ်ထိုင် ထိုင်ပြီး သကာလ ရိုက်သရွေ့ ခံမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးသာ ဒကာသစ် ရောက်တယ် (ရောက်ပါတယ် ဘုရား)။
ဘုရားက-ဗျာဓိဓမ္မောမှိ “ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ” မင်းတို့ကွာ မလွန်ဆန်နိုင်တာကို ဆင်ခြင်စမ်းပါ၊ ဆင်ခြင်လိုက်လို့ရှိရင်ဖြင့် ဗျာဓိကိစ္စလွတ်ရာ ရှာပါတော့မယ်ဆိုတဲ့ ဉာဏ်ညွန့်ကလေးများ ပေါက်လာ အောင်လို့ ဟောတာ (မှန်လှပါ ဘုရား)။
ဉာဏ်ညွန့် မပေါက်ဘဲနဲ့
ခင်ဗျားတို့က ဉာဏ်ညွန့် မပေါက်ဘဲနဲ့ ဒီလမ်းသွားရချည်းသေး ဒီလမ်းသွားရချည်းသေး (မှန်ပါ့) တယ်ဆိုးပါ လား (ဆိုးပါတယ် ဘုရား)။
ဒါဖြင့် ဒကာကြွယ် မသိတာ အဆိုးဆုံး (မှန်လှပါ) လမ်းခွဲအရှာခိုင်းတာ ခင်ဗျားတို့က လမ်းရိုးကြီးပဲ ဘုရား က ဟောထားလို့ ဒီလမ်းသွားရမှာပဲဆိုတဲ့ အဓိပ္ပာယ်မျိုး ရောက်နေတယ် (ရောက်ပါတယ် ဘုရား) ရောက်တော့ ဒကာ ဒကာမတွေ လမ်းခွဲရှာဖြစ်သေးရဲ့လား (မရှာဖြစ်ပါ ဘုရား)။
မရှာဖြစ်တော့ ဒီလမ်းချည်းပဲ လှည့်နေရမယ်ဆိုတော့ ဒီပဋိစ္စသမုပ္ပါဒ်ကလည်း ဒကာ ဒကာမတို့ ဘယ်တော့ ပြတ်မလဲ (ဘယ်တော့မှ မပြတ်ပါဘုရား)။
ဒါ- လမ်းခွဲ မတွေ့တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဘယ်အခါကာလမှ ပြတ်လိမ့်မယ်ဆိုတာဖြင့် အယူမရှိပါနဲ့ (မှန်လှပါ)။
ကဲ- ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့လမ်းခွဲရှာကြပါစို့လို့ ဆိုတော့ ဘယ်အချိန် လမ်းခွဲရှာရမှာတုံးဆိုတော့ ဇာတိ ဒုက္ခတုန်းကလည်း အမိဝမ်းခေါင်းထဲနေတော့ ဆရာကောင်း သမားကောင်းက မတွေ့နိုင်ဘူး (မတွေ့နိုင်ပါ ဘုရား) တွေ့နိုင်တဲ့ နေရာဌာနကလည်း မဟုတ်လို့ မတွေ့နိုင်ဘူး (မှန်ပါ့)။
ဇရာနည်းနည်း အိုလာပြန်တဲ့အခါ အိုတယ်ဆိုတာကာလ သားလည်း အအိုပဲ၊ အပျိုကလေးလည်း အအိုပဲ (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ သေမည့်ဘက် နီးတယ် (မှန်ပါ့) မနီးဘူးလား (နီးပါတယ် ဘုရား)။
အဲဒါ နီးပြီး သကာလ နေတော့ ဒါဟာ ဇရာပဲ၊ အဲဒီဇရာကနေပြီး ဗျာဓိမရဏသို့ မရောက်ခင် ဒီနေရာမှာ လမ်းခွဲကလေးရှာပါ (မှန်ပါ့)။
ဇရာကနေပြီး ဗျာဓိမရောက်ခင် ဘာတုံး (လမ်းခွဲပါ ဘုရား) ဒီနေရာလမ်းခွဲရှာပါ၊ ရှာတတ်ကြပလား (ရှာတတ် ပါပြီ ဘုရား)။
လမ်းခွဲကို ထွက်ရင်ထွက်
အခု ဒကာ ဒကာမတွေ ဇရာထဲရောက်နေတာ သေချာပြီ (သေချာပါပြီ ဘုရား) ဗျာဓိဆိုတာတော့ဖြင့် အိပ်ရာ ဖျာကပ် မရောက်သေးလို့ တရားပွဲလာနိုင်ကြတယ် (မှန်ပါ့) ဒီအချိန်မှာ လမ်းခွဲကို ထွက်ရင်ထွက် (မှန်ပါ့) ဒီအချိန်မှာ လမ်းခွဲရှိသေးတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။
ဒီအချိန် လမ်းခွဲကလေးရှိသေးတော့ ဒီလမ်းခွဲကို မလိုက်မိတော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒီပဋိစ္စသမုပ္ပါဒ်လမ်းကြီး ပဲ လိုက်ရုံဘဲ ရှိတော့တယ် (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘယ်က ဘယ်မရောက်ခင် လမ်းခွဲရှာရမှာပါလိမ့် (ဇရာ ဗျာဓိ မရောက်ခင် ရှာရမှာပါဘုရား) ဇရာကနေ ဗျာဓိ မရောက်ခင် လမ်းခွဲရှာပါ (မှန်ပါ့)။
ဗျာဓိမရောက်ခင် လမ်းခွဲရှာ
ဒကာ ဒကာမတို့ ဘယ်လိုပြောပါလိမ့် (ဇရာက, ဗျာဓိမရောက်ခင် လမ်းခွဲရှာရမှာပါ ဘုရား)။
ဒါဖြင့် ဒီတရားပွဲထဲလာနိုင်တဲ့ ဒကာ ဒကာမတွေဟာ ဇရာတော့ ရောက်နေကြပြီ (ရောက်နေပါပြီ ဘုရား) ဗျာဓိအနာနှိပ်စက်တာတော့ (မရောက်သေးပါ ဘုရား)။
ဒါဖြင့် လမ်းခွဲကို ဘုန်းကြီးကလည်း ပေးပါမယ် (မှန်ပါ့) ဒကာ ဒကာမတွေကလည်း ဒီလမ်းခွဲလျှောက်ပြီး သကာလ လိုက်ကြပါဆိုတာ ယနေ့ တိုက်တွန်းရတယ် (မှန်လှပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဇရာက ဘယ်မရောက်ခင်တုံး (ဗျာဓိမရောက်ခင်ပါ ဘုရား) ဗျာဓိမရောက်ခင် ကလေးတွင် ခင်ဗျားတို့ ဘုန်းကြီးပေးတဲ့ ဝိပဿနာအလုပ်, လုပ်ပြီး သကာလ မဂ္ဂင်လမ်းခွဲ – ခွဲရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် မဂ္ဂင်လမ်းခွဲ-ခွဲတုန်းမှာပဲ ဒကာ ဒကာမတွေက ဒီတရားမျိုးလည်း မနာရ၊ ဒီနေရာမှာ လမ်းခွဲရမယ်ဆိုတာ လည်း မသိတော့ ဪ- ဒို့ဖြင့် ဒီသားနဲ့ ဒီသမီးနဲ့ဖြင့် အိုအောင်, မင်းအောင်ပဲ လုပ်ကျွေးနေရမှာပဲဆိုပြီး သကာလ စီးပွားရေးသာလိုက်ပြီး သားသမီးတွေငဲ့ပြီး စီးပွားရေးသာလျှင် ရွက်ဆောင်နေကြမယ်ဆိုရင်ဖြင့် ဒီ- ဒကာ ဒကာမတွေ လမ်းခွဲမရှာတဲ့ ဒကာ ဒကာမတွေပဲ (မှန်ပါ့ ဘုရား) လမ်းရိုးချည်းလိုက်နေတဲ့ ဒကာ ဒကာမတွေပဲလို့ ဆိုထိုက်, မဆို ထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
လမ်းရိုးထိုက်တော့ ဝိုင်းပါလိမ့်မယ် (မှန်ပါ့) ဟောဒါက ဇာတိ၊ ဟောဒါက ဇရာ၊ ဟောဒါက ဗျာဓိ၊ ဟောဒါက မရဏ သဘောကျပလား (ကျပါပြီ) မရဏပြီးတော့ တစ်ခါ ဒီပုဂ္ဂိုလ် ဘယ်လှည့်ပြန်သတုံးဆိုတော့ ဇာတိ ပြန်လှည့် တယ် (မှန်ပါ့) ဇာတိပြီးတော့ (ဇရာပါ ဘုရား) ဇရာပြီးတော့ (ဗျာဓိပါ ဘုရား) ဗျာဓိပြီးတော့ (မရဏပါ ဘုရား) မရဏပြီးတော့ (ဇာတိပါ ဘုရား) ဘယ်မှာတုံး ခင်ဗျားတို့ဟာ ဝိုင်းနေတယ် (ဝိုင်းနေပါတယ်)။
ဒကာ ဒကာမတို့ အခုလေးမျိုးတည်း ပြတာတွင် ဝိုင်းနေပြီ (ဝိုင်းနေပါပြီ) ဒါဖြင့် ခင်ဗျားတို့သည် ကရွတ်ကင်း လျှောက်ဖြစ်နေပြီ (မှန်ပါ့ ဘုရား)။
ဒါဘာ့ကြောင့် ဒီလမ်းချည်း ပြန်လျှောက်ရပါလိမ့်မလဲလို့ အမေးထွက်လို့ရှိရင် လမ်းခွဲမရှာတတ်လို့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (လမ်းခွဲမရှာတတ်လို့ပါ ဘုရား)။
ဒါဖြင့် ယနေ့ ဒကာ ဒကာမတွေ ဘာလုပ်ပြီး လာကြသတုံးဆိုလို့ရှိရင်ဖြင့် ယနေ့တရားမှာဖြင့် ဆရာဘုန်းကြီး က လမ်းခွဲပြမယ်ဆိုလို့ တပည့်တော်တို့ဖြင့် လမ်းရိုးကြီးတော့ မုန်းပေါ့၊ ရွံပါပေါ့၊ ကြောက်ပါပေါ့ဆိုတဲ့အတိုင်း လမ်းခွဲ ရှာလာတဲ့နေ့ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (လမ်းခွဲရှာလာတဲ့ နေ့ပါဘုရား)။
အိမ်မှာသာ ခင်ဗျားတို့နေကြမယ်ဆိုလို့ ရှိရင် ဒီလမ်းခွဲတွေ့မယ် မဟုတ်ပါဘူး (မတွေ့ပါ) ဒီလမ်းရိုးကြီး အတိုင်းပဲ။ ဇာတိပြီးဇရာ၊ ဇရာပြီး ဗျာဓိ၊ ဗျာဓိပြီး မရဏ၊ မရဏပြီး ဇာတိ ပြန်လှည့်မယ် (မှန်ပါ့) မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဟာ ကြက်ဥ, အစရှာ မတွေ့သလိုပဲ ဒုက္ခသစ္စာသာ လည်နေတယ်၊ ဒုက္ခစက်သာ လုံး နေတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါတွေ သေသေချာချာ သိတော့မှ ဪ ဒို့သည် နောက်တုန်းက ဘယ်လိုများနေခဲ့ထိုင်ခဲ့ကြပါလိမ့် တုံး စကြဝတေးဖြစ်သလား၊ မန္ဓာတ်ဖြစ်သလား၊ ဗြဟ္မာမင်းကြီး ဖြစ်သလား၊ အဲဒါတွေ ဘုန်းကြီး မပြောတတ်ဘူး၊ ဒီလေးခုတော့ ပြောတတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကတော့ ခင်ဗျားတို့ မသေချာဘူး၊ သေချာတာကတော့ ဒီလေးခုလှည့်ပြီး သကာလ ခင်ဗျားတို့ ဒီဒုက္ခလေးခု လှည့်ခံစားနေကြတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်က ဘာများဖြစ်ခဲ့သတုံး (ဒုက္ခလေးခု လှည့်ဖြစ်ခဲ့ပါတယ်) ဒုက္ခလေးခု လှည့်ခံစားကြတယ် (မှန်ပါ့ ဘုရား)။
လမ်းခွဲမရှာတဲ့ပုဂ္ဂိုလ်
ရှေ့လည်း လမ်းခွဲမရှာတဲ့ပုဂ္ဂိုလ် ဒကာကြွယ် ဘာလုပ်ရမလဲ (ဒုက္ခလေးခု လှည့်ရပါမယ် ဘုရား)။
ဒါ့ကြောင့် ဒါသံဝေဂရအောင် ဟောတဲ့ တရားလား၊ ဘုန်းကြီးက ရှေ့ပိုင်းက သံဝေဂကလေး ထည့်ပေးတယ် ဒို့ကြောက်အောင်, လန့်အောင်လို့ ဒီလိုမယူလိုက်ပါနဲ့ (မှန်ပါ့) ဒို့သွားနေတာ အမှားသွားနေလို့ လမ်းခွဲအရှာခိုင်းတာ ကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒို့သွားနေတာက (အမှားသွားနေလို့ လမ်းခွဲအရှာခိုင်းတာပါ ဘုရား)။
ဒုက္ခပြီး ဒုက္ခသာဆက်ပြီး သွားနေတဲ့အတွက် လမ်းခွဲရှာခိုင်းတာကို ခင်ဗျားတို့က ကြောက်အောင်, လန့်အောင် သူ့တရားအားထုတ်ချင်အောင် သံဝေဂရအောင် ဟောတယ်လို့များ ဘုန်းကြီးအပေါ်မှာ စွဲချက်မတင်လိုက်ပါနဲ့၊ ကိုယ် အရူးပြန်ထတာ သေချာသွားလိမ့်မယ် (မှန်ပါ့) မသေချာပေဘူးလား (သေချာပါတယ် ဘုရား)။
ဒါ- သံဝေဂလား၊ ခင်ဗျားတို့ သွားရာ လမ်းကြီးလား (သွားရာလမ်းကြီးပါ ဘုရား)။
လမ်းမသိ ခင်ဗျားတို့သွားနေတဲ့ လမ်းကြီးဟာ လမ်းဆိုးလမ်းကြမ်း၊ အင်မတန်မှ ခလုတ်ကံသင်းပေါတဲ့ လမ်း ကြမ်း (မှန်ပါ့) ဒီလမ်းကြီးသွားနေရလို့ မတော်လို့ လမ်းခွဲရှာပါလို့ ခင်ဗျားတို့ကို ပြောတဲ့နေ့လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဘာရှာမည့်နေ့တုံး (လမ်းခွဲရမည့်နေ့ပါ) ဒကာကြွယ် ပေါ်ပလားဗျ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘုံဘဝတွေ ဆုတောင်းနေတဲ့ ပုဂ္ဂိုလ်များဖြင့် ဒီလမ်းလျှောက်ပါတော့မယ် (မှန်ပါ့ ဘုရား)။
ဒီဘဝတွေ တပ်နှစ်သက်ပြီး သကာလ ဒီဆွမ်း, ဒီကွမ်းနဲ့ ဒီဘုံဘဝတွေ အကြိမ်ကြိမ် ခံစား၍ဆိုတာ ဒီလမ်းချည်း မှတစ်ပါး မသွားဘဲ မနေရပါလို၏ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အကြိမ်ကြိမ် ခံစားရပါလို၏ဆိုတော့
ဒီလမ်းမှတစ်ပါး (မသွားဘဲမနေရပါလို၏) ဪ- ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့ (မှန်ပါ့) ဖြစ်မှ ဖြစ်ရ ပလေတယ်။ အကြိမ်ကြိမ် ခံစားရပါလို၏ဆိုတော့ အကြိမ်ကြိမ် သွားရပါလို၏ (မှန်ပါ့) ပါ-မပါ ဒကာ ဒကာမတို့ (ပါပါတယ် ဘုရား)။
ဒါဖြင့် ရှေးမူနဲ့ ရှေးအယူတွေကိုဖြင့် သစ္စာမသိလို့ မျက်စိကန်း တစ္ဆေမကြောက် လမ်းလျှောက်လာတဲ့ဥစ္စာ ကဖြင့် ဒီနေ့ပြင်ကြဆင်ကြပါဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါလည်း ခင်ဗျားတို့က ပြန်ချိန် ဆင်ချိန်ကလေးရှိနေတုန်း ပြင်မယ်, ဆင်မယ်ဆိုတဲ့ စိတ်ကလေးကြောင့် ဒီ ရောက်လာလို့ ဒီအသံကြားရတာနော် (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် ဒကာကြွယ် လမ်းခွဲမရှာတော့ဘူး၊ ဒီဘဝစုတေမနေ သေလွန်ရလို့ရှိရင် နိဗ္ဗာန်မရသေးခင် နတ်ရွာသုဂတိ ဗြဟ္မာ့ပြည်တွေ လှည့်ပတ်ပြီး သကာလ နေရလို့ရှိရင်ဖြင့် တော် သေးရဲ့လေ-ဆိုပြီး သကာလ ဒကာကြွယ်တို့က ပြုံးချင်ပြုံး-သုံးချင်သုံး လိုက်လိမ့်မယ် (သုံးပါတယ် ဘုရား)။
သုံးလိုက်တော့ ဇာတိက ဘယ်ရောက်သလဲ (ဇရာရောက်ပါတယ်) ဇရာကဘယ်ရောက်သလဲ (ဗျာဓိရောက်ပါ တယ်) ဗျာဓိက (မရဏရောက်ပါတယ်) မရဏက ဘယ်ရောက်သလဲ (ဇာတိပြန်ရောက်ပါတယ်) ကဲ- ဘာသစ္စာလှည့် သတုံး (ဒုက္ခသစ္စာ လှည့်ပါတယ်ဘုရား)။
ဪ ဒကာ ဒကာမတွေ ခင်ဗျားတို့က နဂိုရ်က ဒုက္ခသစ္စာမပြတ်ရတဲ့အထဲ မပြတ်ရပါလို၏ဆိုရင် ခက်ပြီ (မှန်ပါ့ ဘုရား) ဉာဏ်နားနဲ့ထောင်ပါ (မှန်ပါ့ ဘုရား)။
နဂိုရ်က ဒုက္ခသစ္စာကပြတ်ရဲ့လား (မပြတ်ပါ) မပြတ်ရတဲ့အထဲမှာ ခင်ဗျားတို့က ဘယ်လို ဆုတောင်းပါလိမ့် (ဒုက္ခသစ္စာ မပြတ်ရပါလို၏)။
ဒုက္ခသစ္စာ မပြတ်ရပါလို၏ (မှန်ပါ့) ဖြစ်မှ ဖြစ်ရပလေ ပါးစပ်ထဲ မထည့်ကောင်းတာထည့်တယ် (မှန်ပါ့ ဘုရား)။
ပါးစပ်ထဲ မထည့်ကောင်းတာ ထည့်တယ်ဆိုတော့ ဒကာကြွယ် ရိုင်းတယ်လို့ ထင်လိမ့်မယ်၊ အခု ပဋိစ္စသမုပ္ပါဒ် လှည့်ပြလိုက်တော့မှ ဒုက္ခစက်လည်တာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာစက် လည်နေတာတုံး (ဒုက္ခစက် လည်နေတာပါဘုရား)။
ဒုက္ခစက် လည်နေတာ
ဒုက္ခစက် လည်နေတာကို ဒကာသစ်တို့က ကိုယ့်ဟာကိုယ် အကောင်းမှတ်နေတယ် (မှတ်ပါတယ် ဘုရား)။
ကိုယ့်ဟာကိုယ် ဘယ့်နှယ်တုံး (အကောင်းမှတ်နေပါတယ် ဘုရား)။
ဒီဘဝ စုတေမနေ သေလွန်ရလို့ရှိရင် လူကောင်း, နတ်ကောင်း, ဗြဟ္မာကောင်းဖြစ်ရ တော်သေးရဲ့ဘုရား (မှန်ပါ့) လူကောင်း, နတ်ကောင်း ဘယ်ကစ, မယ်တုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဇာတိကစ,ပါတယ် ဘုရား)။
ဇာတိကစ, တယ်၊ သူဘယ်သွားမလို့ စိတ်ကူးပါလိမ့် (ဇရာသွားပါမယ်) နောက် သူဘယ်သွားမတုံး (ဗျာဓိသွား မယ်) နောက်သူဘယ်သွားမတုံး (မရဏသွားပါမယ်) နောက်တစ်ခါ သူသည် အကြိမ်ကြိမ် တောင်းထားသောကြောင့် ဘယ်သွားမတုံး (ဇာတိသွားပါမယ် ဘုရား)။
ဪ- ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့ ဒုက္ခကို သုခထင်နေတဲ့ ဝိပ္ပလ္လာသသတ္တိဟာ ပေါ်လာပြီ (ပေါ်လာပါ ပြီဘုရား) ဒုက္ခကို သုခထင်နေတဲ့၊ ဝိပ္ပလ္လာသသတ္တိပေါ်လာပါပြီ ဘုရား) ပေါ်ပလား ဒကာကြွယ် (ပေါ်ပါပြီ) ဒုက္ခကို (သုခထင်နေပါတယ် ဘုရား) ဒုက္ခကို (သုခထင်နေပါတယ် ဘုရား)။
ဒုက္ခကို သုခထင်နေတဲ့ ဝိပ္ပလ္လာသသတ္တိကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မသွားကောင်းတဲ့လမ်းကို အကြိမ်ကြိမ် သွားရပါလို၏များ ခင်ဗျားတို့သည် တဏှာခိုင်းတဲ့အတိုင်း ပါးစပ်က ထွက်ရတာ များ အတော်အရုပ်ဆိုးတယ်လို့ မှတ်ပေတော့ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (အတော်အရုပ်ဆိုးလို့ပါ) ကိုယ့်ဟာကိုယ်တော့ မထင်ဘူး၊ သစ္စဉာဏ်ကလေး ဝမ်းထဲရောက် လာတော့မှ ဪ ငါမှားခဲ့တာတွေဖြင့် ကျွံလွန်ကုန်ပါပေါ့လား (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) မှားခဲ့ တာတွေကဖြင့် (ကျွံလွန်ကုန်ပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့ လမ်းခွဲကို မရှာခဲ့တာ (မှန်ပါ့) သေချာပလား (သေချာပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ လမ်းခွဲကလေး ဒီလမ်းဖြင့် ဒုက္ခသစ္စာလမ်းကိုဖြင့် ဒကာကြွယ်ရေ မလျှောက်ကောင်း၊ မသွားကောင်း၊ မပြုံးကောင်းတဲ့လမ်းပဲ (မှန်ပါ့)။
ဒါဘုန်းကြီးကျဉ်းကျဉ်းပဲ ပြောပါသေးတယ် (မှန်ပါ့) ကျယ်ကျယ် ခင်ဗျားတို့ ပြောရမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဒီထက် အရုပ်ဆိုးပါတယ် (မှန်ပါ့ ဘုရား) ဒီထက်အရုပ်ဆိုးတယ်ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။
ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးထဲမှာ အိုဘေး, နာဘေး, သေဘေးတွေ မပါဘူးလား (ပါပါတယ် ဘုရား)။
ဘယ်သူက လာမသတ်သတ် သူ့ခန္ဓာထဲက ပထဝီက သတ်လို့၊ အာပေါသတ်လို့၊ တေဇော ဝါယောဆိုတဲ့ မြွေ လေးကောင် တစ်ကောင်ကောင် ကိုက်သေရမယ်ဆိုတဲ့ သေဘေးတွေကော မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါဖြင့် အိုဘေး, နာဘေး, သေဘေးတွေ ထမ်းပြီးသည့်ကာလ ဒီလမ်းလျှောက်တယ် (လျှောက်ပါတယ် ဘုရား) ဒီလမ်းလျှောက်တာ ရိုးရိုးလျှောက်တာလား၊ ဝန်ထုပ်ထမ်းလျှောက်တာလား (ဝန်ထုပ်ထမ်း လျှောက်တာပါဘုရား) ဘာတာဝန်တွေ ထမ်းပါလိမ့် (အိုဘေး, နာဘေး, သေဘေး ဝန်တွေ ထမ်းပါတယ်ဘုရား)။
ဪ- ဒါ ကိုယ့်ဝန်တွေထဲမှာ ဒီထဲမှာ အကောင်းတွေလို့ပဲ ထင်ပြီး ထမ်းများ လမ်းလျှောက်နေလိုက်သေး တယ် (မှန်ပါ့ ဘုရား)။
ဇာတိကနေ ဇရာလျှောက် (မှန်ပါ့) ဇရာကနေ (ဗျာဓိလျှောက်ပါတယ်) ဗျာဓိကနေ (မရဏ လျှောက်ပါတယ် ဘုရား)။
မရဏ လျှောက်တော့ ဗိုင်းဗိုင်းလဲတော့ သတိရသလား အောက်မေ့တယ်၊ ဟိုဘက်ပန်ထုပ် ပြန်ထမ်းတယ် (မှန်ပါ့ ဘုရား)။
ဇာတိဝန်ထုပ်ကြီးကို (ပြန်ထမ်းပါတယ် ဘုရား) ပြန်ထမ်းပြီး သကာလ ဘယ်များ မြန်းပါလိမ့်မလဲ မေးကြည့် တယ် (ဇရာဘက် မြန်းပါတယ်) ဇရာမြန်းတော့လည်း ဘာဘေးတွေ ထမ်းရသလဲ (ဗျာဓိဘေး ထမ်းရပါတယ်ဘုရား)။
ဗျာဓိဘေးထမ်း, တော်တော်ကြာဇရာဘေးထမ်း, ဗျာဓိဘေးထမ်း လည်လာပြီး သကာလ သေပွဲ ဝင်လိုက်တယ် (မှန်လှပါ) သေပွဲဝင်ပြီးနောက် ပြန်ထမ်းတယ် (မှန်ပါ့) မထမ်းကြဘူးလား (ထမ်းပါတယ် ဘုရား)။
ဝန်ထမ်းသမား သက်သက်ပဲ
အမယ်လေး- ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ ဝန်ထမ်းသမား သက်သက်ပဲ (မှန်ပါ့) ဒါ့ကြောင့် ဘုရားက
ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊
ဘာရဟာရော စ ပုဂ္ဂလော။
ဘာရာ ဒါနံံ ဒုက္ခံ လောကေ၊
ဘာရနိက္ခေပနံ သုခံ။ (ခန္ဓဝဂ္ဂသံယုတ္တပါဠိ၊ ၂၂)
ဆိုပြီး ဒီဝန်ထုပ်ချရာ ဒီလမ်းခွဲရှာကြစမ်းပါဟ ဒီဝန်ထုပ်ချရာ လမ်းခွဲရှာကြစမ်းပါဟလို့ သံယုတ်ပါဠိတော်ကြီးများမှာ သေသေချာချာ လာထားတယ် (မှန်လှပါ ဘုရား)။
အဲဒီ သေသေချာချာ လာတာတွေ ဒကာ ဒကာမတွေကလည်း သံယုတ်ဆိုတာ ဘယ်နေမှန်းမသိ၊ ဘုရားကို ဘယ်နေမှန်း မသိတာပါပဲ (မှန်ပါ့)။
ဘုရားကို ဘယ်နေမှန်းမသိတော့ ဒကာ ဒကာမတွေက ကျုပ်တို့ ဒီသားနဲ့ ဒီသမီးနဲ့ ဒီလိုအခြေအနေကလေးနဲ့ ဆိုရင်တော့- တော်သေးရဲ့တဲ့ (မှန်လှပါ ဘုရား) အမယ်လေး ကူလီဘဝက ကျွတ်ပလား (မကျွတ်သေးပါ ဘုရား)။
ဪ- ကူလီခေါင်းဖြစ်ရတာနဲ့ ကျေနပ်နေတာပဲ (မှန်ပါ့) တယ်လည်းဆိုးဝါးပါလား (ဆိုးဝါးပါတယ် ဘုရား) ဘာဖြစ်လို့ ကျေနပ်နေတာလဲ (မသိလို့ပါ ဘုရား)။
ဪ- သူက အားလုံးပျောက်တဲ့ ပစ္စည်းလည်း လျော်မယ်။ ငါလည်း ထမ်းမယ်ဆိုတဲ့ နှစ်ဝန်ထမ်းမို့ သူက ကျေနပ်နေတယ် (မှန်ပါ့ ဘုရား)။
သစ္စာလေးချက် မသိခဲ့ဘူး
ဒါလောက် ဆိုးဝါးနေတာကို ခင်ဗျားတို့က မသိကြဘူး (မသိပါ ဘုရား) ဘာဖြစ်လို့ မသိတုံး ဆိုတော့ ဟောဒါ သစ္စာလေးချက် မသိခဲ့ဘူး (မှန်လှပါ ဘုရား)။
”ဇာပိတိ ဒုက္ခသစ္စံ ဇရာပိ ဒုက္ခသစ္စံ ဗျာဓိပိ ဒုက္ခသစ္စံ ဟုတ်လား (မှန်ပါ့) မရဏမ္ပိဒုက္ခသစ္စံ မသိခဲ့ဘူး (မသိ ခဲ့ပါ ဘုရား)။
သစ္စာဉာဏ်နဲ့ သိခဲ့ရဲ့လား (မသိခဲ့ပါ ဘုရား) မသိတော့ ခင်ဗျားတို့က အိမ်မှာ လူကြီးတစ်ယောက်ဖြစ်ပြီး သကာလ ငါ့ဩဇာလိုက်ရမယ်ကွ (မှန်လှပါ) ငါ ခေါင်းဆောင်နေတာကွ (မှန်ပါ့) သူတို့ကထော်လော်ကန့်လန့်ဆိုရင် ငါမကျေနပ်ဘူးကွ (မှန်ပါ့) အမယ်- ကူလီခေါင်းကြီးကလေ (မှန်လှပါ ဘုရား)။
ဒကာကြွယ်လိုလူ စောင်းပြောတာ မဟုတ်ဘူးနော် (မှန်လှပါ ဘုရား) စောင်းပြောတာ မဟုတ်ဘူး၊ အဲဒီလို အိမ်ပေါ်မှာ ခင်ဗျားတို့က ကူလီခေါင်းကြီးလုပ်ပြီး ကိုယ်ကလည်း အိုဘေး, နာဘေး, သေဘေး ဝန်ကြီးထမ်းလျက် (ထမ်းလျက်ပါ ဘုရား) သူများ ထမ်းတာကိုလည်း နည်းတယ်ထင်တာနဲ့ ဒကာကြွယ် ကျေနပ်တဲ့လား (မကျေနပ်ပါ ဘုရား)။
မင်းတို့ နာရီစေ့အောင် လာတာမဟုတ်ဘူး၊ အလုပ်တွေ အချိန်တွေဖြုန်း ဟုတ်လား (မှန်လှပါ) အစရှိသည်နဲ့ ကိုယ်ကပဲ အော်လိုက်တော့မလို မန်လိုက်တော့မလိုလိုနဲ့ ကိုယ်ကလည်း ဘာဖြစ်နေသတုံး မေးတော့ ဝန်ထမ်းသမား အကြီးစား (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကြွားများကြွားလိုက်သေးတယ်၊ တစ်ခါတလေ ဝန်ထမ်းသမား အကြီးစားက ဒီသား, ဒီသမီး, ဒီမြေး, ဒီမြစ် တွေ ဒီလိုလူထဲဝင်အောင် ဒီလိုစိန်-ရွှေ-မြနဲ့ ကားနဲ့နေနိုင်လောက်အောင် တစ်ယောက်တည်းထမ်းတာ (မှန်လှပါ)။
အမယ်လေး ကြွားလိုက်သေးတယ် ဒကာ ဒကာမတို့ ဘာလုပ်ကြတာတုံးဗျ၊ အို- ဝန်ထုပ်ကြီးထမ်းပြီး ကြွားတာဘုရား တပည့်တော် ဝန်ကြီး ထမ်းသမားမှန်းသိအောင်လို့ ပြလိုက်တာ (မှန်ပါ့ ဘုရား) ဒီအဓိပ္ပာယ် မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒကာကြွယ် ဒီလိုများ ကြွားဖူးသေးသလား (ကြွားဖူးပါတယ် ဘုရား)။
ကြွားဖူးတယ် ခင်ဗျားတို့ဟာ၊ မင်းတို့လုပ်စာ ဘာရှိသတုံးများ မေးလိုက်သေးတယ် (မှန်ပါ့) မမေးဘူးလား (မေးပါတယ် ဘုရား)။
မင်းတို့ လုပ်စာ ဘာရှိသတုံး
မင်းတို့ လုပ်စာ ဘာရှိသတုံး၊ ငါ့ချည်း ထမ်းကျွေးတဲ့ အဓိပ္ပာယ်ရတယ် (ရပါတယ် ဘုရား)။
ဘာတဲ့တုံး (ငါ့ချည်းထမ်းကျွေးတဲ့ အဓိပ္ပာယ်ပါ ဘုရား) ငါချည်း ထမ်းကျွေးတယ်ဆိုကတည်းက ဒကာကြွယ် ကိုယ်ဟာ ဝန်ထုပ်သမား အကြီးစားဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဝန်ကြီးကြီးထမ်းရတဲ့ ပုဂ္ဂိုလ်နဲ့၊ ဝန်သေးသေးထမ်းရတဲ့ ပုဂ္ဂိုလ်နဲ့၊ မြေပေါ်မှာ ဗိုင်းခနဲလဲပြီး ကြည့်ကြ (မှန်ပါ့ ဘုရား) ဝန်ကြီးသမားက အရင်ဝိညာဏ်ချုပ်စေ့မယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဘာဖြစ်လို့ တုံး၊ အထုပ်ကြီးပိလို့ (မှန်ပါ့)။
အဲဒီ အထုပ်ကြီးပိသေတဲ့ ဒကာ ဒကာမက၊ ဒကာမ ခေါင်းဆောင်ရင်လည်း ဒကာမက ပေါ့ဗျာ (မှန်ပါ့) သူက ဒီအိမ်မှာ ငါမင်းပဲ-ငါချင်းပဲများ ဘဝင်များ မြင့်နေလိုက်သေးတယ် (မှန်ပါ့) ငါမရှိရင် သိရစ်လိမ့်မယ်တောင် ပါလိုက်သေးတယ် (ပါပါတယ် ဘုရား)။
သိပြီ၊ ဟိုက ဒကာ ဒကာမတွေက ဒကာသေသွားတော့ ဪ- သူမရှိတဲ့အခါကျတော့ အကုန်ဟာသွားတာပဲ၊ သူထမ်းနေကျတွေဟာ အကုန်ပုံရစ်တာပဲ (မှန်လှပါ) ဒါ-သိတာပေါ့ဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာမတွေကလည်း ဒီအတိုင်းပဲ၊ ကိုယ်က နည်းနည်းကလေး ချယ်ချယ်လှယ်လှယ်ကလေးရှိ၊ ဝန်ကြီးထမ်းဖြစ် ပြီး သကာလ နေတယ်၊ ကျုပ်မရှိ သိရစ်လိမ့်မယ်တဲ့ (မှန်ပါ့)။
ဟ-ဘာဖြစ်တာတုံး၊ ဝန်ကြီးထမ်းတစ်ယောက် သေသွားလို့ရှိရင် ဒီအိမ်မှာ ဒီနေရာထမ်းမည့်, ပိုးမည့်လူ မရှိ ဘူးပေါ့ဗျာ (မှန်ပါ့)။
အဲဒီမှာ အလုပ်တွေ, ဘာတွေတန်းလန်းနဲ့ ကစင့်ကရဲဖြစ်ရစ်လိမ့်မယ်ဆိုပြီး သူကဝန်ကြီးထမ်းသမားက ဘာလုပ် တာတုံး၊ ဂုဏ်ယူတာပေါ့ဗျာ (မှန်ပါ့)။
ဒကာကြွယ်-ဘာတဲ့တုံး (ဂုဏ်ယူတာပါ) သူက ဘာတွေထမ်းသတုံး (ဝန်ကြီးထမ်းပါ) ဝန်ကြီးထမ်းက ဘာလုပ် သတုံး (ဂုဏ်ယူပါတယ် ဘုရား)။
ဝန်ကြီးထမ်းက ဂုဏ်ယူတာဆိုတော့ ဒကာကြွယ် ဒီဥစ္စာ ယူထိုက်-မယူထိုက် (မယူထိုက်ပါ ဘုရား)။
မယူထိုက်ပေမယ့် ဒကာကြွယ်တို့က ဦးလှဘူးတို့က ငါမရှိသိရစ်လိမ့်မယ်ဆိုတာ ဘာလုပ်တာတုံး (ဂုဏ်ယူတာ ပါ ဘုရား) ဖြစ်မှ ဖြစ်ရလေဗျာ၊ သေတာ ရိုးရိုးသေပါတော့ (မှန်ပါ့)။
သေတာ ရိုးရိုးသေကြပါ ဒကာ ဒကာမတို့၊ ဝန်ကြီးထမ်းကနေပြီး ကြွားလုံးထုတ်ပြီး သကာလ ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ အလုံးစုံတာဝန်ကို ငါတစ်ယောက်တည်း ထမ်းပြီး သကာလ ဒီအိမ်ကို ငါတစ်ယောက်တည်း ဆောင်သွား မည်ဆိုတဲ့ အဓိပ္ပာယ်မျိုးကျအောင် ကျွန်ပီပါပေ့ဆိုတဲ့ အဓိပ္ပာယ်ပါတယ် (ပါပါတယ် ဘုရား)။
နာအောင်ပြောတယ်လို့ ဒကာကြွယ် မယူနဲ့ (မှန်ပါ့) နာအောင်ပြောတယ်လို့ မယူနဲ့၊ ကိုယ့်အလုပ် ကိုယ်မှန် တယ်လို့သာယူ (မှန်ပါ့) ရိပ်မိလား (ရိပ်မိပါပြီ)။
နာအောင် ပြောတာလား၊ ကိုယ့်အလုပ် မှန်တာလား (ကိုယ့်အလုပ် မှန်တာပါဘုရား)။
အဲ- အတူတူပါပဲ၊ ဒါဖြင့် နာအောင်ပြောတာပဲ ရှိတယ် ခင်ဗျားတို့ (မှန်ပါ့)။
ကဲ- ဒါဖြင့် ဒကာ ဒကာမတို့ သံသရာထဲမှာ လည်ရတော့ အိုဘေး, နာဘေး, သေဘေးတွေ ထမ်းတဲ့အပြင်မှာ ဒါ-ကိုယ့် အိုဘေး, နာဘေး, သေဘေးတွေက မထမ်းရဘူးလား (ထမ်းရပါတယ် ဘုရား)။
ဒီအထဲက သား, ဝန်ကော (ထမ်းရပါတယ် ဘုရား) သမီးဝန် (ထမ်းရပါတယ် ဘုရား) မင်းဝန်-စိုးဝန် (ထမ်း ရပါတယ် ဘုရား)။
အဲဒါကြောင့် အို- ငါမရှိသိရစ်လိမ့်မယ် ပြောတာ၊ ဝန်ကြီးထမ်းသမားက ဒီဟာကြွားလုံးထုတ်တာ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သစ္စာဉာဏ်နဲ့ ကြည့်လို့ရှိရင်
အဲဒါ အိမ်များကျတော့ တစ်ယောက်ယောက် ဒကာကြွယ်တို့ဖြစ်ဖြစ်, အားလုံးတရားနာတဲ့ ဒကာ ဒကာမတွေ ဖြစ်ဖြစ်၊ ဒီကြွားလုံးဖြင့် မထုတ်ရစ်ကြပါနဲ့ (မှန်ပါ့ ဘုရား) သစ္စာဉာဏ်နဲ့ ကြည့်လို့ရှိရင်ဖြင့် ဝန်ပိသေသွားတဲ့ပုဂ္ဂိုလ်က ကြွားလုံးထုတ်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဟို ပိုက်ကျုံးကျွဲတွေသည်ကား-လို့ဆိုရင် သစ်တုံးကြီးပိပြီး ကျောက်လမ်းပေး ခွါပြဲပြီး သကာလ သေတာတွေ ဟာ ဒကာကြွယ် ကြည့်ကောင်းရဲ့လား (မကောင်းပါ ဘုရား) ဝန်ပိသေတာ (မှန်ပါ့ ဘုရား) မသေဘူးလား (သေပါ တယ် ဘုရား)။
ဒီမှာလဲ တချို့အိမ်မှာ စိတ်ပျက်-စိတ်နောက်ပြီး စိတ်ချောက်ချားပြီး ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ် သေလွယ် တယ်ဆိုတဲ့ဥစ္စာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) ဘာပါလိမ့် (ဝန်ပိသေတာပါ ဘုရား)။
အမြတ်တော်ကြေးက လာလိုက်၊ စံငှားခွန်က လာလိုက်၊ ဥပစာခွန်ကလာလိုက်၊ ဒကာကြွယ် မလာဘူးလား (လာပါတယ် ဘုရား) သေများသေချင်ပေါ့လို့ တစ်ခါတစ်ခါ မညည်းလိုက်ဘူးလား (ညည်းလိုက်ပါတယ် ဘုရား)။
အမယ်- မသေနဲ့ဦး၊ ဒီထက်ကြီးနဲ့ ဝန်တွေ ရှိသေးတယ် (မှန်ပါ့) ဒီထက်ကြီးတဲ့ ဝန်တွေရှိသေးတယ်၊ ဆုတောင်း ပြည့်ထားတယ် လူဖြစ်ရပါလို၏-ဆိုတော့ ဒီဝန်တွေ ထမ်းရပါလို၏ ပါတယ် (ပါပါတယ် ဘုရား)။
လူဖြစ်ရပါလို၏ဆိုတော့ ဒီဝန်တွေ ထမ်းရပါလို၏ (ပါပါတယ် ဘုရား)။
ဒီတွင် ဒကာကြွယ်တို့ လူစုက ဆွေကြီး-မျိုးကြီးများ ကြွားလိုက်ချင်သေးတယ် (မှန်ပါ့) ဘာကြောင့်တုံး၊ အကုန် ထမ်းချင်လို့ (မှန်ပါ့) အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ဒကာသစ်ကော ဘယ်လောက်ထမ်းနေရသလဲ၊ မပြောပါနဲ့တော့ ဘုရား (မှန်ပါ့) ဝန်ထုပ်မှ အကြီးစားဆိုတာ သဘောကျပလား (ကျပါပြီ)။
ဝန်ထုပ်ကလေးများ သေးသွားတဲ့အခါကျတော့ ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား)။
အရောင်းအဝယ်က နည်းနည်း ဆိတ်ပြီး သကာလ ကပြာသုတ်သက် ရုတ်တရက် လုပ်ရတဲ့ပုံ။ တိုက်ရောက်မလာ လို့ အရောင်းအဝယ်က ဆွံ့အပါးတဲ့အခါ ဝန်ထုပ်ကြီးမထမ်းရတဲ့အခါကျတော့ ဒကာကြွယ်တို့က ညည်းတယ် (ညည်းပါ တယ်ဘုရား) ဒီလိုဖြင့် ခက်ရချည်းရဲ့တဲ့ (မှန်ပါ့) ဘယ့်နှယ်ဘာဖြစ်လို့ ညည်းတာတုံး၊ ဝန်ပေါ့သွားလို့ (မှန်ပါ့ ဝန်ပေါ့လို့ ပါ ဘုရား)။
ဖြစ်မှ ဖြစ်ရပလေ၊ ဝန်ပေါ့ရင် ပြုံးရမယ်ဗျ (မှန်ပါ့) အခု ဒကာကြွယ်တို့က ဘယ့်နှယ် ဖြစ်နေသတုံး (ဝန်ပေါ့ တော့ ညည်းပါတယ်ဘုရား)။
နွားလောက်တောင် မလိမ်မာဘူး
ဪ- ရုန်းနေကျ နွားဆိုတာ သေချာတယ် (မှန်ပါ့) ဝန်ပေါ့မကြိုက်ဘူး (မကြိုက်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)း။
ခင်ဗျားတို့ အရောင်းအဝယ်ကလေးများ ဆွံ့အပါသွားတဲ့အခါ ဒကာ ဒကာမတွေ ကျေနပ်ကြရဲ့လား (မကျေနပ် ပါ ဘုရား) ဘာဖြစ်လို့တုံး (ဝန်ပေါ့လို့ပါ ဘုရား)။
ဖြစ်မှဖြစ်ရလေဗျာ၊ နွားလောက်တောင် မလိမ်မာဘူး (မှန်ပါ့) နွားဟာ ဝန်ပေါ့သွားတယ်ဆို ခပ်သွက်သွက်သွား တယ် (မှန်ပါ့) ခင်ဗျားတို့ ကပြာကယာ ထွက်ပြေးသလား၊ အိမ်ရောက်လည်း လုပ်စရာရှိသေးတယ် ပြောသလား (အိမ်ရောက်လည်း လုပ်စရာရှိသေးတယ် ပြောပါတယ်ဘုရား)။
ဒါဖြင့် လမ်းကလည်း ထမ်းခဲ့သေး၊ အိမ်ကျလည်း ထမ်းပါဦးမယ်ဆိုတဲ့ အဓိပ္ပာယ်က ပါသေးတယ် (ပါပါတယ် ဘုရား)။
အင်း- တရားနှလုံးသွင်းကြ၊ တရားနှလုံးသွင်းကြဆိုတာ တခြားမဟုတ်ပါဘူး၊ ဪ- ငါသည်ကားလို့ဆိုရင် ဝန်ထုပ်တွေ ထမ်းနေတဲ့ ဝန်ထမ်းသမား လူမိုက်ကြီးတစ်ယောက်ပါလားဆိုတာ နှလုံးသွင်းစမ်းပါ (မှန်လှပါ)။
ဘယ်လိုနှလုံးသွင်းကြမယ် (ဝန်ထမ်းသမား လူမိုက်ကြီး တစ်ယောက်ပါဘုရား)။
ဝန်ထမ်းသမား လူမိုက်ကြီးတစ်ယောက်လို့ ဒကာကြွယ် ကိုယ့်ကိုယ်ကိုယ် နှလုံးသွင်းစမ်းပါ (မှန်ပါ့) ဒီလိုသွင်း လိုက်ရင် သစ္စာသိတာပဲ (မှန်ပါ့ ဘုရား) ဪ- ငါဟာ ဒုက္ခသစ္စာပေါ်မှာ ဒုက္ခသစ္စာမရှိရင် မနေတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ပဲဆိုတဲ့ဥစ္စာ သစ္စာသိလာတဲ့အခါကျတော့ ဪ- ခန္ဓာဝန်ထမ်းရတာက တစ်မျိုး၊ သားဝန်, သမီးဝန်, ဆွေဝန်, မျိုးဝန် ထမ်းရတာက တစ်မျိုး၊ ငါသည်ကား သေခြင်းဆိုးသေဖို့ နီးပါပေါ့လား၊ ဒီလမ်း-ဒီစခန်းကိုဖြင့် လျှောက်လို့ မတော်ဘူး၊ လမ်းခွဲရှာမှပဲဆိုတာ ပေါ်လာတယ် (မှန်ပါ့) နို့မဟုတ်ရင် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။
လမ်းခွဲရှာမည့်နေ့
ကိုင်း- ဒကာ ဒကာမတို့ ယနေ့တရား ဘာရှာရမည့်နေ့ပါလိမ့် (လမ်းခွဲရှာမည့်နေ့ပါ ဘုရား) ဒကာသစ် ရိပ် မိပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ၊ ဒကာသစ်တို့၊ ဒကာကြွယ်တို့ အခုဝန်ထမ်းသမားအဖြစ်ကတော့ မကျွတ်သေးဘူးပေါ့ဗျာ (မကျွတ် သေးပါ ဘုရား) သားဝန်, သမီးဝန်, ဆွေဝန်, မျိုးဝန်ဆိုတဲ့ မင်းဝန်တွေလည်း အကုန်ကိုယ့်တာဝန်နဲ့ ကိုယ်ထမ်းနေ တယ် (ထမ်းနေပါတယ် ဘုရား) မထမ်းရဘူးလား (ထမ်းရပါတယ် ဘုရား)။
ထမ်းတာကတော့ ဘုန်းကြီးတို့က ခင်ဗျားတို့ မသိထမ်း-ထမ်းတာတော့ ကိစ္စမရှိဘူး၊ ဝန်ထမ်းပြီးသွားရတဲ့ လမ်းဟာ ကြမ်းလေသလား၊ ဟာ-ချောမွေ့သလားဆိုတာ ဒကာကြွယ် စဉ်းစားစမ်း (လမ်းကြမ်းပါ ဘုရား)။
ဘယ့်နှယ် နေပူ လေပူ သူခိုးရန်သူ ၉၆-ပါးရောဂါတွေက ဝိုင်းနေတဲ့အချိန် (မှန်ပါ့ ဝိုင်းပါတယ်ဘုရား) ၉၆-ပါး လမ်းကြမ်းမှာ မနိုင်ဝန်ထမ်းသွားနေရတယ် (မှန်ပါ့ ဘုရား)။
ဘယ်လမ်းတုံး (၉၆-ပါး လမ်းကြမ်းမှာ မနိုင်ဝန်ထမ်း သွားနေရပါတယ် ဘုရား)။
ဒကာကြွယ် အန္တရာယ်မှ ကင်းပါမလား (မကင်းပါ ဘုရား)။
ဒါ့ကြောင့် ဘယ်သူဖြင့် ငှက်ဖျားသင့်လို့ သေပြီတဲ့၊ ဘယ်သူရေသောက်မှားလို့ သေပြီတဲ့၊ ဘယ်သူအသွားမှားလို့ သေပြီတဲ့၊ ဘယ်သူကားပေါ်ကပဲ ရှော့ပြုတ်သွားလို့ သေပြီတဲ့၊ ၉၆-ပါး လမ်းကြမ်းကိုး (မှန်ပါ့) ဒီလိုသေတဲ့ မသာပေါင်း ကော ခင်ဗျားတို့ ကြားဖူးပလား၊ ကြားဖူးပါပြီ။
ကြားဖူးလို့ရှိရင် ခင်ဗျားတို့ ကျောပေါ်မှာရှိတဲ့ ဝန်တွေကို ၉၆-ပါး လမ်းမှာ ထမ်းပြီး မသွားတော့ပါဘူးဆိုတဲ့ စိတ်ကောပေါ်ရဲ့လား (မပေါ်ပါ ဘုရား)။
ဪ- သူသာ ကံမကောင်းလို့ ဖြစ်တာ၊ ငါကတော့ သူတို့ထက်ကြီးတဲ့ ဝန်ထမ်းသွားတာတောင် ဘာမှမဖြစ် ဘူး (မှန်ပါ့) အမယ်- လျှာဖြင့်ထွက်နေပြီ ဘာမှမဖြစ်ဘူးပြောတုန်း ရှိသေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
လျှာထွက်နေတာတောင်မှ ဘယ့်နှယ်ပြောသတုံး (ဘာမှမဖြစ်ဘူး ပြောပါတယ်ဘုရား)။
ဒုက္ခပီးဆေး
ဘာမှ မဖြစ်ဘူးတဲ့၊ ဪ- ပီးဆေးထိုးထားတာကိုး၊ ဒုက္ခပီးဆေး (မှန်ပါ့ ဘုရား) ဒကာကြွယ် အတော်ဆိုးနေ တာ (ဆိုးပါတယ် ဘုရား)။
အဲဒါ ပြောချင်လို့ပြောနေတဲ့ စကားလားလို့ ဒကာ ဒကာမတွေက မေးတော့ သစ္စာသိအောင်ပြောနေတဲ့စကား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဘာသိအောင် ဒါလောက် ပြောနေသတုံး (သစ္စာသိအောင် ဒါလောက် ပြောနေပါတယ်ဘုရား)။
သစ္စာသိအောင် ပြောနေတော့ ဪ- ငါသည် အခု ဘယ်ကိစ္စနဲ့လာခဲ့သတုံး၊ ဘာဝန်များ ငါထမ်းတာ ပါလိမ့်မတုံး ကိုယ့်ဟာကိုယ်လှမ်းတွေး (မှန်ပါ့) ငါ့ခန္ဓာထဲ အိုဘေး, နာဘေး, သေဘေးလည်း ပါတယ် (မှန်ပါ့) ဒါတွေ လည်း ငါထမ်းလာခဲ့တယ်၊ နောက် မင်းကိစ္စ စိုးကိစ္စဆိုတဲ့ မင်းဝန်စိုးဝန်တွေကော (ထမ်းလာပါတယ် ဘုရား)။
အင်း- ငါသွားတဲ့လမ်းက လမ်းကောင်းလား၊ လမ်းကြမ်းလား (လမ်းကြမ်းပါ ဘုရား)။
ဪ- ငါ့ဖြစ်တွေလောက်ဆိုးတာ ဘယ်ရှိမတုံး၊ ဒုက္ခသစ္စာလမ်းကြမ်းပေါ်မှာ ဒုက္ခဝန်တွေထမ်းပြီး ဒုက္ခသည် သွားနေတာ (မှန်လှပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒုက္ခသစ္စာ လမ်းကြမ်းပေါ်မှာ (ဒုက္ခသည် လမ်းသွားနေတာပါ ဘုရား)။
အဲ- ဒုက္ခခန္ဓာကိုယ်ကြီး ထမ်းပြီး သကာလ ပြုံးများသွားနေတဲ့ ပုဂ္ဂိုလ်များ ဒကာကြွယ် ဘုရားသခင်ကိုယ်တော် မြတ်ကြီး အရိယာမျက်လုံး တပ်ကြည့်မယ်ဆိုတော့ ဪ- သေခါနီး ပြုံးပါလား (မှန်ပါ့ ဘုရား)။
ဘယ်လို ပေါ်လာကြသလဲ (သေခါနီး ပြုံးတာပါဘုရား)။
သေခါနီးပြုံးဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
လမ်းခွဲမရှာလို့ရှိရင်
အဲဒါ လမ်းခွဲမရှာလို့ရှိရင် တစ်သံသရာလုံး ဒီဝန်ထမ်းပြီး ဒီလမ်းပေါ်မှာ ဟပ်ထိုးလဲချည်း သေခဲ့တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဝန်ထမ်းပြီး ဒီလမ်းပေါ်မှာ (ဟပ်ထိုးလည်းချည်း သေခဲ့ပါတယ်ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ အလောင်းတွေ မြှုပ်ရာဌာနဟာ မြေကြီး အနှံ့အပြားရှိပါတယ် (မှန်ပါ့) ဒီ-ဟပ်ထိုးလည်း သေခဲ့ရတယ် (သေခဲ့ရပါတယ် ဘုရား)။
ဒီနေရာ သွားပြီး သကာလ ဥပမာ- သဲတောသွား သေခဲ့ရမယ်၊ ရမည်းသင်း သွားသေခဲ့ရမယ်၊ တောင်ငူသွား သေခဲ့ရတဲ့လူတွေလည်း မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ ဟပ်ထိုးလည်း သေတာချည်း မှတ်ပေတော့ (မှန်ပါ့)။
ဘာကြောင့် ဒီလမ်းတွေချည်း သွားပြီး သကာလ မသေဘူးတဲ့နေရာမရှိအောင် ဝန်ထုပ်ကြီးထမ်းပြီး ပိ, သေရ ပါလိမ့်မလဲဆိုတော့ လမ်းခွဲမတွေ့တဲ့ ပုဂ္ဂိုလ်၏ဖြစ်ထွေ (မှန်လှပါ ဘုရား)။
ဒကာကြွယ် ဘယ်လိုဆိုပါ့မယ် (လမ်းခွဲမတွေ့တဲ့ ပုဂ္ဂိုလ်၏ ဖြစ်ထွေပါ ဘုရား)။
ဒါဖြင့် ကြာနေတော့မယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ လမ်းကဖြင့် တစ်ခုမှ မကောင်းတာသိတော့ ဇာတိတုန်း ကလည်း လမ်းခွဲမရှာနိုင်ကြဘူး (မရှာနိုင်ပါ ဘုရား)။
ဇရာ ကြီးရင့်လာတယ်ဆိုတော့ ပညာ သင်ရတာနဲ့ အိမ်ထောင်ရေး တည်ထောင်ရတာနဲ့ ရှာချိန်မရသေးဘူး (မရပါ ဘုရား)။
မဂ္ဂင်လမ်းခွဲဖြင့် ရှာဖြစ်အောင်ရှာပါ
အခု တော်တော်ရင့်ကျက်လာလို့ ဗျာဓိမရောက်ခင်ကလေး မဂ္ဂင်လမ်းခွဲဖြင့် ရှာဖြစ်အောင်ရှာပါ (မှန်ပါ့) မရှာတော့ဘူးဆိုရင် ဗျာဓိပြီး မရဏဆိုတော့ ဟပ်ထိုးလဲဖို့ပဲ ရှိတော့တယ် (မှန်ပါ့ ဘုရား) လျှာထွက်သေဖို့ပဲ ရှိတော့ တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် ဘယ်နဲ့ဘယ်အကူး လမ်းခွဲရှာရမှာပါလိမ့် (ဇာတိနဲ့ ဇရာ အကူး ရှာရမှာပါဘုရား) ဒကာသစ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အခု ဒကာသစ် ဘယ်နဲ့ဘယ်ရောက်နေပလဲ (ဇာတိနဲ့ ဇရာအကူး ရောက်နေပါပြီ) ဗျာဓိမရောက်ခင်ကလေး ကျန်သေးတယ် (မှန်ပါ့) ဇရာကတော့ဖြင့် ရောက်နေပြီ (မှန်ပါ့ ဘုရား)။
ဗျာဓိ အိပ်ရာဖျာကပ်ဆိုတဲ့ ဆေးသမားတွေ ဝိုင်းဆရာဝန်တွေ ဝိုင်းနေတဲ့ဆီကိုတော့ မရောက်သေးဘူးပေါ့ဗျာ (မှန်ပါ့) မရောက်သေးတော့ ဒီနေရာမှာ မဂ္ဂင်လမ်းခွဲရှာကြပေတော့ (မှန်ပါ့)။
မဂ္ဂင်လမ်းခွဲ မရှာလို့ရှိရင်ဖြင့်တဲ့ ရှာချိန်ကုန်ပြီ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုကြမလဲ (ရှာချိန်ကုန်ပါပြီ ဘုရား)။
ရှာချိန်ကုန်ပြီတဲ့ ခင်ဗျားတို့ ဒီအတိုင်းပဲ ဒီဝန်ထုပ်ထမ်းပြီး ဒီမနိုင်ဝန်ထမ်းပြီး ဒီလမ်းကြားမှာ ဒီဟပ်ထိုးလဲ ပြီး ဒီလျှာထွက်သေတဲ့နည်းပဲ ခင်ဗျားတို့မှာ အမြဲတမ်းရှိနေတယ် (မှန်ပါ့ ဘုရား)။ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ကဲ ဒကာကြွယ် တောင်ကနေ မြောက်သွားတာ ဘာနဲ့ သွားသတုံး၊ ဝန်ထမ်းလမ်းကြမ်းသွားတယ် ဘုရာ့၊ အနောက်ကလူ, တောင်သွားတာကော (ဝန်ထမ်းလမ်းကြမ်း သွားပါတယ်ဘုရား)။
သေခြင်းဆိုးရှာတာ
ဪ- ဒါဖြင့် အသေရှာတာပေါ့ (မှန်ပါ့ ဘုရား) ဘာလုပ်ကြတာတုံး (အသေရှာတာပါ ဘုရား) အင်း သေခြင်းကောင်းရှာတာလား၊ သေခြင်းဆိုး ရှာတာလား (သေခြင်း ဆိုးရှာတာပါဘုရား)။
ဟာ သေခြင်းဆိုးများဆိုတော့ ခင်ဗျားတို့က နာလိုက်တာ၊ ကိုယ်ရှာတာကတော့ (သေခြင်းဆိုးပါ ဘုရား)။
ဖြစ်မှဖြစ်ရပလေ ၊ မိန်းမလုပ်တဲ့ပုဂ္ဂိုလ်မက ယောကျ်ားကို သေခြင်းဆိုးလို့များ ဆိုလိုက်တဲ့အခါကျတော့ ဒကာကြွယ် ငါ့ကို ဒီလိုဆဲရမလား၊ ဒီလိုဆိုရမလားလို့ ရိုင်းစိုင်းတဲ့ ဒကာမဆိုပြီး ကိုယ်ရိုက်နိုင်လို့ရှိရင် ရိုက်တယ်- နော် (မှန်ပါ့) ကိုယ်လုပ်နေတာကတော့ သေခြင်းဆိုးရှာနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒီကနေ ဒကာကြွယ်တို့ မန္တလေးသွားတယ်ဆိုတော့ ဘာထမ်းသွားရသတုံး အို, နာ, သေဘေးကြီး ထမ်းသွား ရတယ် (မှန်ပါ့) လမ်းကလမ်းကြမ်းလား လမ်းကောင်းလား (လမ်းကြမ်းပါ ဘုရား) လမ်းကြမ်းမှာမှ နိုင်ဝန်လား-မနိုင်ဝန်လား (မနိုင်ဝန်ပါ ဘုရား)။
မနိုင်ဝန်ဆိုလို့ရှိရင် တစ်နေရာရာခြေချော်လို့ရှိရင် ကားခနဲ လျှာထွက်သေလိမ့်မယ် (မှန်ပါ့ ဘုရား) မသေကြ ပေဘူးလား (သေမှာပါ ဘုရား)။
အဲဒီဟာတွေ ဖြစ်ပြီး သကာလ နေတာသိနေတော့ ဪ လမ်းခွဲမရှာမိတဲ့ ပုဂ္ဂိုလ်၏ ဖြစ်ထွေကဖြင့် အကြီးဆုံးဆိုးဝါးခြင်းပဲ (မှန်လှပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါ-သံဝေဂရဖို့ ဟောတာလား ကိုယ်သွားဖို့ မဟန်တာသိအောင်လို့ ပြောတာလား (ကိုယ်သွားဖို့ မဟန်တာသိ အောင်လို့ ပြောနေတာပါဘုရား) ဒကာသစ်ရိပ်မိပြီ (ရိပ်မိပါပြီ)။
မဂ္ဂင်လမ်းပြမယ်
ကောင်းပြီ၊ ဒါဖြင့် လမ်းခွဲရှာကြစို့ဆိုတော့ မဂ္ဂင်လမ်းပြမယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ မဂ္ဂင်လမ်းပြတော့မယ်ဆိုတော့ ကံလေးပါး ဝေဖန်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ သန္တာန်မှာကံ-ကံဆိုတာ ခင်ဗျားတို့က ကံတစ်မျိုးတည်းချည်း မှတ်နေကြတယ်နော် (မှန်ပါ့)။
ကဲ ဒါကလေး နားထောင်လိုက်ပါဦးတဲ့ မည်းတဲ့ကံ-မည်းတဲ့အကျိုးပေးတာ တစ်မျိုး (မှန်ပါ့ ဘုရား)။
ဖြူတဲ့ကံ-ဖြူတဲ့အကျိုးပေးတာက (တစ်မျိုးပါ ဘုရား) အမည်း အဖြူရောတဲ့ကံဟာ အမည်းအဖြူရောတဲ့ အကျိုးပေးတာက တစ်မျိုး (မှန်လှပါ) တတိယကံက အမည်းအဖြူရောတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
အတိတ်ကံကတော့ ဘာတဲ့ (အမည်းအဖြူရောပါတယ် ဘုရား) အမည်းအဖြူရောတဲ့ကံက အမည်းအဖြူ အကျိုးပေးတယ် (မှန်ပါ့ ဘုရား)။
အမည်းအဖြူ မရောတဲ့ကံက စတုတ္ထကံ၊ အမည်းအဖြူ မရောတဲ့အကျိုးပဲ ပေးတယ် (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ကံ ဘယ်နှစ်မျိုးရှိပါလိမ့် (လေးမျိုးပါ ဘုရား)။
ကဲ- ဒကာကြွယ်ရေ ကံလေးမျိုးရှင်းတော့မယ် (မှန်ပါ့ ဘုရား)။
ဒီကံမပြတ်သရွေ့ကာလပတ်လုံး ဒီဝန်ထမ်းပြီး သကာလ ဒီ ၉၆-ပါး လမ်းကြမ်းမှာ ဒီဝန်ပိပြီး, ဒီလျှာထွက်သေ တဲ့ ကိစ္စဟာ ခင်ဗျားတို့ အမြဲတမ်းကိစ္စမှတ်ပါ (မှန်လှပါ) ကံမပြတ်သရွေ့ ကာလပတ်လုံး (မှန်ပါ့ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ကံလေးမျိုး ရှိနေပါ လား
ကောင်းပြီ- ဒါက ဒကာ ဒကာမတို့ ဒီတရားကို သေသေချာချာ မှတ်ကြပါတဲ့၊ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ ကိုယ်တော်တိုင် ဟောတာဖြစ်နေတဲ့အတွက် ဪ- ဒို့ဟာက ကံတစ်မျိုးတည်း နားလည်တယ်၊ ကံလေးမျိုး ရှိနေပါ လား (မှန်ပါ့) ကံက ဘယ်နှစ်မျိုးရှိပါလိမ့် (လေးမျိုးပါ ဘုရား)။
မည်းတဲ့ကံ မည်းတဲ့အကျိုး ပေးတာတစ်မျိုး (မှန်ပါ့)။
ဖြူတဲ့ကံ (ဖြူတဲ့အကျိုးပေးတာက တစ်မျိုးပါဘုရား)။
အမည်းအဖြူရောတဲ့ ကံက (အမည်းအဖြူရောတဲ့ အကျိုးပေးတာကတစ်မျိုးပါ ဘုရား)။
အမည်းအဖြူမရောတဲ့ကံက (အမည်းအဖြူမရောတဲ့ အကျိုးပေးတာက တစ်မျိုးပါဘုရား) ဒါ-မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က “ကမ္မံ သတ္တေ ဝိဘဇတိ ဟီနပဏီတဘာဝါယ” ဆိုပြီး ဒါကလေး တစ်လုံးပဲ မှတ်ထားတယ် (မှန်ပါ့ ဘုရား) ကံအတိုင်း အကျိုးပေးမှာပဲ အယုတ်အမြတ်ဆိုတာ ကံစီမံသလိုဖို့ပဲ (မှန်ပါ့)။
ဘုန်းကြီးက ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောထားတာတွေကရှိနေတော့ ဒကာ ဒကာမတို့ ကံစီမံရာမလိုက် နဲ့၊ ဉာဏ်စီမံရာလိုက် မှန်လှပါ ဘုရား ပြင်လိုက်ပြီ (မှန်ပါ့)။
ဘာတဲ့တုံး (ကံစီမံရာမလိုက်ဘဲ ဉာဏ်စီမံရာ လိုက်ရပါ့မယ်ဘုရား)။
ကံစီမံရာ လိုက်လိုက်လို့ရှိရင်ဖြင့် ဒကာသစ် ခဏခဏပြောနေတယ်၊ ဒကာ ဒကာမတို့ သူက ကံက အပါယ် သွားလိုက်ဆိုရင်လည်း ခင်ဗျားတို့ ခန္ဓာက အပါယ်သွားဖြစ်လိုက်ရတယ် (မှန်လှပါ) ကံက နတ်ရွာသုဂတိသွားလိုက် ဆိုပြန်တော့ကော (နတ်ရွာသုဂတိ သွားရပါတယ်ဘုရား)။
ဪ သူစီမံရာ ကျုပ်တို့ အောက်ရောက်လိုက်၊ အထက်ရောက်လိုက်၊ နေရာမမြဲပါလား (မမြဲပါ ဘုရား) မြဲသေးရဲ့လား (မမြဲပါ ဘုရား)။
ဉာဏ်စီမံရာ လိုက်
ဉာဏ်စီမံရာ လိုက်, လိုက်ရှိရင် နိစ္စနိဗ္ဗာန် ဓုဝနိဗ္ဗာန်ဆိုတဲ့ မြဲတဲ့နိဗ္ဗာန်ရောက်မယ် (မှန်ပါ့)။
ဒါဖြင့် ဘယ်ဟာကို ဂရုစိုက်ကြရမယ် (ဉာဏ်စီမံရာကို ဂရုစိုက်ကြရပါမယ်ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကောင်းပြီ- ဒါကလေးတစ်လုံးကို စောစောမှတ်ထားတော့မှ ကံလေးမျိုးပြန်ရှင်း၊ ဒကာ ဒကာမတို့ အမည်းကံက (အမည်းအကျိုးပေးပါတယ် ဘုရား)။
ဒါက ၁-နံပါတ်နော် (မှန်ပါ့) အဖြူကံက (အဖြူ အကျိုးပေးပါတယ်ဘုရား) ဒါက ဘာပါလိမ့်၊ ၂-နံပါတ် (မှန်ပါ့) အမည်းအဖြူ ရောတဲ့ကံက (အမည်းအဖြူ အကျိုးပေးပါတယ်ဘုရား) ဒါက ဘာပါလိမ့် (၃-နံပါတ်ပါ ဘုရား) အမည်းအဖြူရောတဲ့ကံက (အမည်းအဖြူရောတဲ့ အကျိုးပေးပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒကာ ဒကာမတွေ ခင်ဗျားတို့မှာ ကံဘယ်နှစ်မျိုးရှိပါလိမ့် (လေးမျိုးပါ ဘုရား) လေးမျိုးရှိတယ်လို့ သေသေချာချာ မှတ်ထားကြပါနော် (မှန်ပါ့)။
စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာဂ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သေသေချာချာ ဟောထားပါတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါ ကိုယ်တော်တိုင် ဟောတာ ဆိုတော့လည်း မှားစရာ, ယွင်းစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ကောင်းပြီ-တဲ့၊ ခင်ဗျားတို့လုပ်နေတာ ဘယ်ကံတွေများ လုပ်နေကြပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ တစ်ခါ တလေကျတော့ ရောင်းတဲ့ဝယ်တဲ့ ကံတွေလုပ်နေကြတယ် (မှန်လှပါ ဘုရား)။
လှူချင်လို့ လောဘနဲ့ဝယ်လိုက်၊ ဒေါသနဲ့ပေမယ့် ပြိုင်ရောင်းလိုက်၊ တစ်နည်းအားဖြင့်လည်း မစ္ဆရိယနဲ့ပဲ ရောင်းလိုက်, ဝယ်လိုက်ဆိုတော့ ဒါ အမည်းကံဖြစ်နေတယ် (မှန်ပါ့) အမည်းကံဖြစ်နေတော့ အပါယ်လေးပါး တည်းဟူသော အမည်းအကျိုးပေးတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အမည်းကံက (အပါယ်လေးပါး အကျိုးပေးပါတယ် ဘုရား) အပါယ်လေးပါးတည်းဟူသော အကျိုးပေး တယ် (မှန်ပါ့ ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဈေးချိုထဲနေတော့ တွေ့မှာပေါ့
ဒီလိုကံတွေကလည်း ဒကာကြွယ် ဈေးချိုထဲနေတော့ တွေ့မှာပေါ့ဗျာ (တွေ့ပါတယ် ဘုရား) ဘာတွေများ လုပ်နေကြသလဲ ခင်ဗျားက အကဲခတ်ရမယ် (အမည်းကံ လုပ်နေပါတယ်ဘုရား) အမည်းကံလုပ်သောကြောင့် ဘာ အကျိုးပေးမလဲ (အမည်းကံ အကျိုးပေးပါမယ်ဘုရား) ဪ အမည်းကံ အကျိုးပေးလိမ့်မယ်၊ မည်းနက်တဲ့ကံဟာ မည်းနက်တဲ့အကျိုးပေးရမယ် (မှန်ပါ့)။
တစ်ခါတလေကျတော့ ဒီက အမြတ်အစွန်းကလေး ထွက်လာတဲ့အခါကျတော့ ဘဝကောင်းစားရေးဆိုပြီး သကာလ ဘဝကောင်းစားရေးပေါ့ဗျာ (မှန်ပါ့) ဆိုပြီး သကာလ ဆွမ်းကလေးကျွေးလို့ သီတင်းကလေး ဥပုသ်စောင့်လို့ ဒီကံကလေးတွေ၊ ဝဋ္ဋကံတွေကို သူပြန်လုပ်တယ် (မှန်ပါ့ ဘုရား)။
ဝဋ္ဋကံတွေ လုပ်လိုက် ပြန်တော့လည်း ဖြူတော့ ဖြူပါတယ်တဲ့၊ ဖြူတဲ့ကံမို့ နတ်ရွာသုဂတိဆိုတဲ့ အဖြူ အကျိုး ပေးလိုက်တယ် (မှန်ပါ့) သို့သော်- ခုနင်က ပဋိစ္စသမုပ္ပါဒ် လွတ်ရဲ့လား (မလွတ်ပါ ဘုရား)။
ဒါဖြင့် အဖြူကံက အဖြူအကျိုးပေးငြားသော်လည်း ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ခုနင်က ၉၆-ပါး လမ်းကြမ်းပြန်လျှောက် ပြန်တယ် (လျှောက်ပါတယ် ဘုရား) မလျှောက်ဘူးလား (လျှောက်ပါတယ် ဘုရား)။
တစ်ခါတလေကျတော့ အမည်းအဖြူရောတဲ့ ကံကြောင့် အမည်းအဖြူ အကျိုးပေးရတယ် (မှန်ပါ့) နိုင်ငံရေးနဲ့ ပတ်သက်ပြီး သကာလ သံဃာတော်တွေ ဆွမ်းကျွေး, ဘုရားတွေ အဓိဋ္ဌာန်ပေါ့ဗျာ (မှန်ပါ့) ဒီလိုဟာတွေ အမည်းအဖြူ ရောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အဲဒီလို အမည်းအဖြူ ရောတဲ့ကံကြောင့် ဘာအကျိုးပေးသလဲ (အမည်းအဖြူရောတဲ့ အကျိုးပေးပါတယ်ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကျုပ်တို့ ဒီဝိပဿာ မဂ်ကတော့ နဂိုရ်ကလည်း အမည်းမဟုတ်ဘူး (မှန်ပါ့) အဖြူလိုလည်း နတ်ရွာသုဂတိ အကျိုးမပေးဘူး (မှန်ပါ့)။
ဒါဖြင့် အဖြူ အမည်းမရောတဲ့ ကံဖြင့် ဘယ်ဟာ အကျိုးပေးမလဲ (အဖြူ အမည်းမရောတဲ့ အကျိုးပေးပါတယ် ဘုရား) ဒါဖြင့် ဒီကံဟာ အကြီးဆုံးကံပဲ (မှန်ပါ့)။
ဝိပဿနာ မဂ်ဉာဏ်သည် အကြီးဆုံး ကံ
ဝိပဿနာ မဂ်ဉာဏ်သည် (အကြီးဆုံး ကံပါ) အမည်း အဖြူရောတဲ့ကံ ဖြစ်လေသောကြောင့် အမည်းအဖြူ အကျိုးပေးသေးရဲ့လား (မပေးပါ ဘုရား)။
ဪ- သူကတစ်မျိုးပါလားဆိုတာ ယနေ့ပေါ်သွားတယ် (ပေါ်ပါတယ်) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။
ကိုင်း- ပြန်ရှင်းပါဦးမယ် ဒကာ ဒကာမတွေ ရှင်းသထက် ရှင်းအောင် ဒို့အိမ်မှာ အမည်းလုပ်နေသလား- အဖြူပဲ လုပ်နေသလား၊ အမည်းအဖြူပဲ ရောနေသလား-ဟုတ်လား (မှန်ပါ့) အမည်းအဖြူမရောတဲ့ ကံတွေပဲ ဒို့လုပ် နေသလားဆိုတာ ဒကာကြွယ် ကိုယ့်ဟာကိုယ် စစ်ဆေးလိုက် ပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။
ကိုယ့်ကိုယ်စစ်ဆေးရင် ကံလေးမျိုးထဲက တစ်ခုခုတော့ လုပ်မိမှာပဲ (မှန်ပါ့) မလုပ်မိတာလည်း ပါမှာပဲ (မှန်ပါ့) မလုပ်မိတာက အမည်းအဖြူမရောတဲ့ကံ မလုပ်မိဘူး (မလုပ်မိပါ) ခင်ဗျားတို့အဖြစ်တွေက (မှန်ပါ့) အကောင်းဆုံးကို (မလုပ်မိပါ ဘုရား)။
ဘယ့်နှယ်ဖြစ်နေသလဲ ဒကာကြွယ်ရ (မှန်ပါ့) မသိတော့ခက်တယ် (မှန်ပါ့ ခက်ပါတယ်) မသိတော့ အမည်း အဖြူ မရောတဲ့ ကံသည် ဒကာ ဒကာမတို့ ကံတကာ့ကံထဲမှာ အင်မတန်မှ နိဗ္ဗာန်အကျိုးပေးတဲ့ သဘောဖြစ်ပြီး သကာလ နေတော့ ကံကိုဖြတ်တတ်တဲ့တရားကို ဘုရားကဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
အမည်းအဖြူ မရောတဲ့တရားသည် ဘာတဲ့ (ကံကိုဖြတ်တတ်တဲ့ တရားပါ) ကံကို ဖြတ်တတ်တဲ့တရားဆိုတော့ ဒီကံက အောက်ကော ပစ်ချနိုင်သေးရဲ့လား (မချနိုင်ပါ) အထက်ဘဝဂ်ကျအောင်ကော တင်နိုင်သေးရဲ့လား (မတင် နိုင်ပါ ဘုရား)။
ဪ- ဒါဖြင့် ကံ၏နယ်တွင်းမှ ကျုပ်တို့ လွတ်ကင်းမှသာလျှင် နိဗ္ဗာန်ရောက်မယ် (မှန်ပါ့ ဘုရား)။
ကံ၏နယ်တွင်းမှ (လွတ်ကင်းမှ နိဗ္ဗာန်ရောက်မှာပါဘုရား) ဒါ-ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့၊ ကံဖြတ် တာက မဂ်ကိုး (မှန်ပါ့) ဒကာကြွယ်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါက ပါဠိတော်ကြီး ဖြစ်နေတဲ့အတွက်-တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သေနိယတို့, ပုဏ္ဏတို့ကို အသေ အချာဟောခြင်းကြောင့် ဒကာ ဒကာမတို့ ကံဖြတ်တာကဖြင့် မဂ္ဂင်ပဲ (မှန်ပါ့ ဘုရား)။
ကံဖြတ်တာကဖြင့် (မဂ္ဂင်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အမည်းကံက အမည်းအကျိုးပေးတော့ ဒကာ ဒကာမတို့ အကုသိုလ်လုပ်တော့ အပါယ် လေးပါး အကျိုးပေးတယ် (ပေးပါတယ်) ဒါက အမည်းကံက အမည်းအကျိုးပေးတယ် (မှန်ပါ့ ဘုရား)။
ဝဋ်တောင့်တပြီးလုပ်တဲ့ ဒါန, သီလတွေကျတော့ ဖြူပါရဲ့တဲ့ ကံက (မှန်ပါ့) အဖြူဖြစ်တဲ့ နတ်ပြည့်ပဲ အကျိုး ပေးတယ် (မှန်ပါ့ ဘုရား)။
အမည်းအဖြူရောတဲ့ကံ
အမည်းအဖြူရောတဲ့ကံဆိုတော့ သဒ္ဓါလို့ ကျွေးတာလည်း မဟုတ်ဘူး၊ ကိုယ့်အလှည့်ကျလာလို့ ကိုယ်ကျွေးရတာ (မှန်ပါ့) ဒီဒါနမျိုးလည်း မရှိဘူးလား (ရှိပါတယ်) အဲဒီလိုရှိတာ ဖြစ်နေတော့ အမည်းအဖြူက မရောဘူးလား (ရောပါ တယ် ဘုရား)။
ဒီလိုမှ မကျွေးလို့ရှိရင်လည်း ကိုယ့်မှာ အပေါင်းအဖော် အသင်းအပင်း ဆိုသလိုပဲ မရှိမှာ စိုးရတယ် (စိုးရပါ တယ် ဘုရား)။
ဒါကတော့ ဒီလိုကျွေးရ, မွေးရတာ အလှည့်ကျတဲ့ လူက တီးပါတီလုပ်လို့ ကိုယ်ကလည်း တီးပါတီလုပ်ရတယ်၊ ဒင်းနားလုပ်ရတယ် အစရှိသည်နဲ့ အခုအခါမှာ ရှုပ်နေတာပဲ (ရှုပ်နေပါတယ်) အဲဒါတွေက အမည်းအဖြူရောတာ (မှန်ပါ့) မရောဘူးလား (ရောပါတယ် ဘုရား)။
အဲဒါကျတော့ အမည်းအဖြူ အကျိုးပေးတယ် (မှန်ပါ့) ဘယ်မှာ အကျိုးပေးသတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာကြွယ်ရေ ရှင်ဘုရင့်အိမ်မှာ ရွှေဇလုံကြီးတွေနဲ့ ရွှေအင်တုံကြီးတွေနဲ့စားရတဲ့ ဆင်တွေဘာတွေ ဖြစ်တတ်တယ် (မှန်ပါ့) မြင်းတွေ ဘာတွေ ဖြစ်တတ်တယ် (မှန်ပါ့ ဘုရား)။
ဒီ့ပြင်မြင်းလောက်တော့ ဆင်းဆင်းရဲရဲလား (မဆင်းရဲပါ) သူက ရွှေဇလုံနဲ့ စားရတယ် (မှန်ပါ့) ဒါလောက်ပဲ သာတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီဟာတော့ ဖြစ်ချင်သေးရဲ့လား (မဖြစ်ချင်ပါ) ရွှေဇလုံလေဗျာ မကြိုက်ဘူးလား (မကြိုက်ပါ ဘုရား)။
မကြိုက်ဘူး၊ တော်-တော် သေးတယ်၊ တော်-တော် သေးတယ် (မှန်ပါ့)။
အမည်းအဖြူမရောတဲ့ ကံက မဂ္ဂင်ရှစ်ပါး
ကိုင်း- ဒါဖြင့် အမည်းအဖြူမရောတဲ့ ကံကတော့ မဂ္ဂင်ရှစ်ပါး (မှန်ပါ့) သူကတော့ ကံဖြတ်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
အမည်းအဖြူ မရောတဲ့ကံကတော့ (ကံဖြတ်ပါတယ်) ကံဖြတ်လို့ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် လမ်းခွဲရှာတဲ့ပုဂ္ဂိုလ်ဟာ ဒီမဂ္ဂင်အလုပ်ကို လုပ်ပါမှသာလျှင် ခုနင်က ကံဖြတ်လိုက်တဲ့အတွက် ဇာတိ ဘက်ကောသွားသေးသလား (မသွားပါ) ဇရာဘက်ကော (မသွားပါ) ဗျာဓိဘက်ကော (မသွားပါ) မရဏဘက်ကော (မသွားပါ ဘုရား)။
ဒါဖြင့် မဂ္ဂင်အလုပ်ဟာ ကျုပ်တို့ ကြိုးစားလုပ်ရမည့် အလုပ်ထဲမှာဖြင့် အကြီးဆုံးလို့ ယနေ့သိတဲ့အတွက် ဒကာသစ်ရေ အကောင်းဆုံးလမ်း တွေ့တာပဲ (မှန်ပါ့) မတွေ့သေးဘူးလား (တွေ့ပါပြီ ဘုရား)။
ဘာလုပ်ကြမယ် (မဂ္ဂင်အလုပ် လုပ်ကြရပါမယ်) မဂ္ဂင်အလုပ်-လုပ်ကြရမယ်၊ သူ့ကိုယ် ဘယ့်နှယ်ကြောင့် ဘုန်းကြီးတို့က တိုက်တွန်းရပါလိမ့်မတုံးမေးတော့ ကံဖြတ်လို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကံဖြတ်တယ်ဆိုတော့ ဒီတရားဟာ ဆုံးတော့ဆုံးမှာမဟုတ်ဘူး၊ သို့သော် ခင်ဗျားတို့ နက်ဖြန်ဆက်ဟောမယ် နော် (မှန်ပါ့ ဘုရား)။
ကံဖြတ်တယ်ဆိုတော့ တစ်သက်လုံး မုဆိုးလုပ်စားတာတွေကို မဂ္ဂင်အလုပ် ခိုင်းလိုက်တော့ ပါဏာတိပါတ ကံတွေကြောင့် အပါယ်သွားသေးသလား (မသွားပါ) အဲဒါ ဘယ်သူဝင်လိုက်ပါလိမ့် (မဂ္ဂင်ဝင်ပါတယ်) ကံဖြတ် မဂ္ဂင် ဝင်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တစ်သက်လုံးဆိုးလာတဲ့ အင်္ဂုလိမာလတို့ လူပေါင်း ထောင်သောင်းသတ်ပြီး သကာလ လက်ညှိုးတွေ လည်ပင်း တွဲလောင်းဆွဲပြီး သကာလ လက်ညှိုး တစ်ထောင်ပြည့်အောင် ရှာနေတဲ့ ပုဂ္ဂိုလ်ဟာဖြင့် တိရစ္ဆာန် သတ်တာထက် လူ သတ်တာက ပိုမိုပြီး အပြစ်ကြီးထွားငြားသော်လည်း မဂ္ဂင်အလုပ်လုပ်လိုက်တဲ့အတွက် အဲဒီကံတွေ ဘာဖြစ်သွားသတုံး (ပြတ်သွားပါတယ် ဘုရား)။
ဪ ဒါဖြင့် အဖြူအမည်းမရောတဲ့ ကံသည် ဒကာ ဒကာမတို့ ဘာပါလိမ့်၊ ကံဖြတ်ပါတယ် ကံဖြတ် တယ်ဆိုတာ သေချာပလား (သေချာပါပြီ) ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီဒကာ ဒကာမတွေကို ပြောရတယ်၊ ဟေ့ ဒါနလုပ်လည်း ဝိဝဋ္ဋလုပ်ကြကွ၊ သီလဆောက်တည် လည်း ဝိဝဋ္ဋဖြစ်အောင် လုပ်ကြကွ၊ သို့သော်လည်း ဝိပဿနာတော့ မလျှော့နဲ့ (မှန်ပါ့ ဘုရား)။
ဝိပဿနာတော့ မလျှော့နဲ့
ဒကာ ဒကာမတွေ ဘယ်လိုပါလိမ့် (ဝိပဿနာတော့ မလျှော့နဲ့ပါ ဘုရား)။
ဘာဖြစ်လို့တုံး မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ကံစီမံရာကို လိုက်နေလို့ရှိရင်ဖြင့် ကျုပ်တို့ခင်ဗျားတို့ သည်ကားလို့ ဆိုလို့ရှိရင် အောက်နဲ့အထက် ပြေးလား၊ လွှားလား နေရတယ် (မှန်ပါ့ ဘုရား)။
အောက်နဲ့အထက်နဲ့ ပြေးလားလွှားလားနေရတာ ဘယ်ဟာပါလိမ့်မတုံးဆိုတော့ တိုတိုပြောကြစို့ဆိုတော့ သုသာန် ရှာတာ (မှန်ပါ့ ဘုရား)။
ကံက အောက်က အပြေးခိုင်းလိုက် (မှန်ပါ့) အပေါ် အတက်ခိုင်းလိုက် (မှန်ပါ့) ဒါဖြင့် ကံစီမံတာသည် ဒကာ ဒကာမတို့ သချုႋင်းရှာတာလို့ သိ (မှန်ပါ့) သချုႋင်းအရှာခိုင်းတာ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (သချုႋင်းအရှာခိုင်းတာပါ) သချုႋင်း အရှာခိုင်းတာပဲဆိုတာ ဒကာကြွယ်ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့က ကံသာလျှင် အမိ, ကံသာလျှင် အဖပဲဘုရား ၊ သူစီမံသလိုခံရလိမ့်မယ်ဆိုတော့ ဒီတရားမျိုးကို မတွေ့ဖူးဘူး (မတွေ့ဖူးပါ ဘုရား)။
ကံပြတ်တရားကို မတွေ့ဖူးတော့ ဒါကလေးပဲ နှုတ်တက်နေတယ် (မှန်ပါ့) ဒါကလေးပဲ နှုတ်တက်နေတော့ ဒါပဲ အမေမိဘပဲဆိုတဲ့ အသွားကလည်း ထင်ရှားပေတယ် (ထင်ရှားပါတယ် ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ယနေ့တော့ဖြင့် အရင်ကပြောတဲ့ အတိုင်းပါပဲတဲ့၊ ဒကာ ဒကာမတွေ ကံပြတ်ဆိုတာ မဂ္ဂင်ပဲဆိုတာ အရင်လည်း ပြောခဲ့ပြီ (မှန်ပါ့) အခုသိပလား (သိပါပြီ ဘုရား) ဒါဖြင့် ဘာလုပ်ကြရမယ် (မဂ္ဂင်အလုပ်, လုပ်ရပါမယ် ဘုရား)။
ခင်ဗျားတို့ မဂ္ဂင်အလုပ် မလုပ်တော့ဘူးလို့ ဆိုလို့ရှိရင် ခင်ဗျားတို့ တစ်နေ့လုပ်ထားတဲ့ ကံတွေဟာ အပါယ် မှာ ခင်ဗျားတို့ ခန္ဓာနဲ့ ဆပ်မကုန်ဘူး (မှန်ပါ့ ဘုရား) ကုန်ပါ့မလား (မကုန်ပါ ဘုရား)။
ဒါဖြင့် ဒါလောက်ကြွေးများတာ အင်ဆော်လဝင်ခံလို့လည်း မဖြစ်ဘူး (မှန်ပါ့) မဖြစ်တော့ ဒီဟာတွေကို ဆား-တလျက်နဲ့ ကြေအောင် ဒကာ ဒကာမတို့ ခန္ဓာနဲ့ ဆပ်ရမှာကို ဆား-တလျက်နဲ့ ကြေတဲ့နည်းနဲ့ဆိုရင် မကြိုက်ဘူး လား (ကြိုက်ပါတယ် ဘုရား) မဂ်တစ်ချက်ပေါ်ရင် ပြီးတာပဲ (မှန်လှပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
မဂ်တစ်ချက်ပေါ်ရင် (ပြီးပါတယ် ဘုရား) ဒါဖြင့် ဒီတစ်ချက်ဟာ ဆား-တလျက်ပါပဲ (မှန်ပါ့)။
ဒီ-ဆား-တလျက်ကလေးကိုဖြင့် ခင်ဗျားတို့က ဆားပုံနားကပ်ပြီး သကာလ လက်ညှိုးကလေး တံတွေးဆွတ်ပြီး မှ မကပ်ချင်လို့ ရှိရင်ဖြင့် ခန္ဓာနဲ့ ဆပ်ကြပေတော့ (မှန်ပါ့ ဘုရား) ဒါလောက် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ကိုယ့်ကြွေးဆပ်တဲ့ အလုပ်
အဲဒီတော့ ဝိပဿနာ အလုပ်ဟာ ပျင်းဖို့ အလုပ်လား၊ ကိုယ့်ကြွေးဆပ်တဲ့ အလုပ်လား (ကိုယ့်ကြွေးဆပ်တဲ့ အလုပ်ပါဘုရား)။
ကိုယ့်ကြွေးဆပ်တဲ့ အလုပ်ကို ဒကာသစ်တို့က ကြွေးဟာလည်း ခန္ဓာနဲ့ အများကြီး ဆပ်ရမှာကို ဆား-တလျက် ဆိုတဲ့ မဂ္ဂင်နဲ့ ဆပ်ရမှာကိုပင်လျှင် ကျုပ်တို့က မအားသေးလို့များ ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား)။
ဒကာ ဒကာမတွေ မအားသေး၊ သားကလေးက လူလားမမြောက်၊ သမီးကလေးက အချိန်အရွယ်မရောက်၊ ကိုယ်က စောင့်ရှောက်ရမည့် ဝတ္တရားရှိ၊ ဒါ့ကြောင့် အပါယ်သွားလိုက် ရဦးမယ်ဆိုတဲ့ ဆင်ခြေမျိုးနဲ့များ လဲချင်သေး သလား (မလဲချင်ပါ ဘုရား)။
မလဲနဲ့၊ ခင်ဗျားတို့ကိုယ်နဲ့ ခင်ဗျားတို့က ဆပ်ရမှာ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ခန္ဓာကိုယ်နဲ့ အပါယ်မှာ ဆပ်ရ မယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ကံဖြတ်ပြီး ဉာဏ်နဲ့ ဆပ်ကြ (မှန်ပါ့)။
အကုသိုလ်ကံတွေက ဖြတ်ပြီးတော့ (ဉာဏ်နဲ့ ဆပ်ရမယ်ဘုရား)။
ဉာဏ်နဲ့ ဆပ်ရမယ်
ဉာဏ်နဲ့ ဆပ်ရမယ်ဆိုတော့ ခုနင်က မုဆိုးကြီးတွေ ဘာနဲ့ ဆပ်သွားသတုံး (ဉာဏ်နဲ့ ဆပ်သွားပါတယ် ဘုရား) ခန္ဓာနဲ့ဆင်ရင် ကျွတ်တမ်းဝင်စရာ အကြောင်းမရှိဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) နောက်-ဘုရား အဆူဆူချွတ်လို့ကော (မကျွတ်ပါ ဘုရား) ဉာဏ်နဲ့ ဆပ်လိုက်လို့ရှိရင် (ကျွတ်ပါတယ် ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာအလုပ်ကို ဘုန်းကြီးက လုပ်စေချင်တာလား ကြွေးများလို့ အဆပ်ခိုင်းတာလား (ကြွေးများ လို့ အဆပ်ခိုင်းတာပါဘုရား)။
အဲ- ဒီတော့မှပဲ ခင်ဗျားတို့က ဪ- ဘုန်းကြီးဆီ သွားလို့ရှိရင် အားထုတ်တဲ့လား-နေရာကျရဲ့လား၊ ဒါပဲ မေးလေ့ရှိတယ် (မှန်ပါ့) ကျုပ်ဖြင့် သွားပဲ မသွားရဲအောင် ဖြစ်နေတယ်၊ တချို့က-တချို့က (မှန်ပါ့ ဘုရား)။
သွားပဲ မသွားရဲအောင် ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးက သူဟာ သူ့ကိုယ်ပဲ ခန္ဓာနဲ့ ဆပ်ပါတော့မယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းနေတယ် (ရှင်းနေပါတယ် ဘုရား)။
အကြွေးတင် ခန္ဓာနဲ့ ဆပ် (မှန်ပါ့) ဒယ်အိုးထဲသွားပြီး သကာလ ခန္ဓာနဲ့ ဆပ်ရမယ် (မှန်ပါ့) တိရစ္ဆာန်ဖြစ်ပြီး မြက်စားပြီး သကာလ လူလိုသွားပြီး ရုန်းကျွေးရတယ် (မှန်ပါ့) ခန္ဓာနဲ့ မဆပ်ရဘူးလား (ဆပ်ရပါတယ် ဘုရား)။
ကဲ- ဒါဖြင့် ခန္ဓာနဲ့ ဆပ်စရာတွေကဖြင့် အများကြီးရှိပြီး နေသောကြောင့် ဒကာသစ် ဘာနဲ့ဆပ်ရမတုံး (ဉာဏ်နဲ့ ဆပ်မှ ပြေပါမယ်ဘုရား)။
ဒါဖြင့် ဉာဏ်နဲ့ ဆပ်လိုက်လို့ရှိရင် ခုနင်က ကံပေးမည့် အကျိုးပေးတွေ ဘယ့်နှယ်နေကြသတုံး (ပြတ်ပါတယ် ဘုရား) ပြတ်သွားမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ)။
မဂ္ဂင်လမ်းခွဲကလေး
ဒါဖြင့် ခုနင်က ဇရာက ဗျာဓိမရောက်ခင် မဂ္ဂင်လမ်းခွဲကလေးဆိုတဲ့ ခုနင်က ဉာဏ်နဲ့ ဆပ်ဆိုတဲ့ဥစ္စာ မဂ္ဂင် လမ်းခွဲပဲ (မှန်ပါ့ ဘုရား)။
ဉာဏ်နဲ့ ဆပ်ရမယ်ဆိုတာ ဘာပါလိမ့် (မဂ္ဂင်လမ်းခွဲပါ ဘုရား) အဲဒီလမ်းခွဲကလေးကို ခင်ဗျားတို့ လိုက်ဖြစ်အောင် လိုက်စမ်းပါဆိုတာ လိုက်နည်း နက်ဖြန်ပြောမယ် (မှန်ပါ့)။
ဒီလမ်းကို လိုက်မိလို့ ရှိရင်ဖြင့် ခင်ဗျားတို့သည် သေသေချာချာ ခန္ဓာနဲ့ မဆပ်ရဘဲနဲ့ ဉာဏ်နဲ့ အကုန်ဆပ်လိုက် တာနဲ့ အပါယ်လေးပါး တံတားပိတ်တယ် (မှန်ပါ့ ဘုရား) သုဂတိ ဒုက္ခတွေလည်း အကုန်ငြိမ်းတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ဒုဂ္ဂတိ ကိစ္စတွေကော (ငြိမ်းပါတယ် ဘုရား)။
အဲ သုဂတိလည်းသိမ်း ဒုဂ္ဂတိလည်းငြိမ်းဆိုတော့ ဒကာ ဒကာမတွေ သုံးဆယ့်တစ်ဘုံ ပြင်ဘက် ရောက် တော့မယ် (မှန်ပါ့)။
သုံးဆယ့်တစ်ဘုံ ပြင်ဘက်မှာ (ရောက်ပါတယ် ဘုရား) သုံးဆယ့်တစ်ဘုံထဲမှာ ဒုက္ခသစ္စာသာ ရှိတယ် (မှန်ပါ့) သုံးဆယ့်တစ်ဘုံ ပြင်ဘက်မှာ နိရောဓသစ္စာရှိတယ် (မှန်ပါ့)။
အဲဒီနိရောဓသစ္စာကို လမ်းခွဲကနေပြီး သကာလ ကံပြတ်လမ်းကနေ လိုက်မယ်ဆို မရောက်မရှိဘူး (ရောက်ပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကိုင်း ယနေ့ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။