ဝဋ်သုံးပါးလည်ပုံ
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
(၁၁-၈-၆၁)
ခန္ဓာက နှိပ်စက်လို့
အားလုံး ဒကာ ဒကာမတွေ ခန္ဓာဇာတ်သိမ်း ငြိမ်းဖို့လုပ်နေကြတယ် (မှန်ပါ့)။
အဲဒီကဲ့သို့ ခန္ဓာဇာတ်သိမ်းငြိမ်းဖို့ လုပ်ကြတဲ့ အလုပ်တစ်ခုဟာ ခန္ဓာ့အပြစ်ကို ရာသီဥတုက ပြနေတယ် (မှန်ပါ့) ရာသီဥတုက ပူလိုက်, အေးလိုက်၊ ပူလိုက်, အေးလိုက်နဲ့ အခုအခါတော့ အပူများလို့ ကျပ်တည်းလိုက်တာ, ကျဉ်းမြောင်းလိုက်တာ၊ ဒီဟာတွေတာ ဘယ့်နှယ်ကြောင့် ပြောနေရပါလိမ့်မတုန်းဆိုတော့ ခန္ဓာက နှိပ်စက်လို့ ပြောနေ ရတဲ့အသံတွေပါ (မှန်လှပါ ဘုရား)။
ဘယ်သူက ပြောနေတာပါလိမ့် (ခန္ဓာက နှိပ်စက်လို့ ပြောနေတာပါဘုရား)။
ခန္ဓာက နှိပ်စက်လို့ ပြောနေရတော့ကို ယခု ငါတို့ ဆရာဘုန်းကြီးဆီမှာလာပြီး တရားဓမ္မတောင်းကြတယ်၊ ယူကြတယ်၊ နာကြတယ်ဆိုတာက ဘယ်အကျိုးငှာလဲလို့ စဉ်းစားလိုက်တဲ့အခါ ကျတော့မှ ဪ အခု ငါတို့ ညည်းလေသမျှဟာ ခန္ဓာကပဲ (မှန်ပါ့)။
ဒီ ခန္ဓာဇာတ်သိမ်း ငြိမ်းရာကို ငါတို့ အရှာလာတာ ဖြစ်သောကြောင့် ဒီလိုမှ မရှာလို့ရှိရင်လည်း ဒီလို တရား ထူး တရားမြတ် မရပေဘူး (မှန်ပါ့)။
မရခဲ့လို့ရှိရင်လည်း ဒီအပူထက် ပြင်းထန်တဲ့ ငရဲပူတို့ အမျိုးမျိုး ကမ္ဘာမီးလောင်တဲ့ အပူတို့ဟာက ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ တွေ့ရဦးမယ် (မှန်ပါ့)။
အဲဒီတော့ ဒါတွေကို ဒကာ ဒကာမတွေ ဇာတ်သိမ်းတဲ့သဘောနဲ့ ကိုင်း မင်းအပြစ်တော့ ဒို့ ကောင်းကောင်း ဖြင့် တရားပွဲထဲ ထိုင်ကြည့်သိပြီ (မှန်ပါ့)။
လူတွေက ကျပ်လိုက်တာ ဥတုကလည်း ပြင်းထန်လိုက်တာ၊ ဒီဇာတ်သိမ်းဖို့ရာဖြင့် ခန္ဓာမရှိမှဘဲ အေးမှာပဲ (မှန်ပါ့) ခန္ဓာမရှိတဲ့နည်းကို ငါတို့ အရှာလာတာ ဖြစ်လေသောကြောင့် ခန္ဓာဘယ်လိုပဲ နှိပ်စက်နှိပ်စက် မင်း ဒီတစ်ခါ သာ နှိပ်စက်နိုင်မယ်၊ နောက် မင်းသိမ်းရာ ငြိမ်းရာကို ဒို့ သွားမည့်နည်းကို ဆရာဘုန်းကြီးဆီ ယူနေကြတယ်၊ ဒါကို လည်း ငါတို့အရယူပြီးသကာလ ဒီအလုပ်နဲ့ပဲ မင်းနဲ့ဖြင့် သေခန်း-ရှင်ခန်း ပြတ်တဲ့အလုပ်ကို လုပ်ပါတော့မည်ဆိုတဲ့ စိတ်ထားနဲ့ ခန္ဓာမငဲ့ဘဲနဲ့ ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့တရားကို အရယူတာကို သိမ်းပိုက်သောအားဖြင့် လာကြပါလို့ ဆို တာကို ဒီက,နေ ပြောနေတယ် (မှန်ပါ့)။
ခန္ဓာကို ဘယ်သူတည်ထောင်သတုန်း
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကို ဘယ်သူတည်ထောင်သတုန်းဆိုတဲ့ အသွားဟာ မေးဖို့လိုလာ တယ် (မှန်ပါ့)။
ခန္ဓာဘယ်သူတည်ထောင်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာသည်ကားလို့ ဆိုလို့ရှိရင် ဖြင့် အဝိဇ္ဇာနဲ့ တဏှာက တည်ထောင်လိုက်တာ (မှန်ပါ့)။
ဪ ခန္ဓာကို ဘယ်သူ တည်ထောင်ပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာက တည်ထောင်ပါတယ်ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာက ခန္ဓာတည်ထောင်လိုက် (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘာတဲ့တုန်း (အဝိဇ္ဇာနဲ့ တဏှာက ခန္ဓာတည်ထောင်ပါတယ် ဘုရား)။
အားလုံး ဒကာ ဒကာမတွေ အဝိဇ္ဇာနဲ့ တဏှာ မပြုတ်သရွေ့ ကာလပတ်လုံး ဒီခန္ဓာကြီးရဦးမှာပဲ (ရမှာပါ ဘုရား) ဒီခန္ဓာကြီးရရင် ဒီအပူတွေ၊ ဒီအအေးတွေနဲ့လည်း တွေ့ကြုံရမယ် (တွေ့ကြုံရပါတယ် ဘုရား) ဒီ အိုမှု နာမှု သေမှုတွေနဲ့ကော (တွေ့ရပါမယ် ဘုရား) ဒီ ဒုက္ခ ဒေါမနဿတွေနဲ့ကော (တွေ့ရပါမယ် ဘုရား)။
ဪ ဒါဖြင့် ကျုပ်တို့ အဝိဇ္ဇာ တဏှာ မသတ်နိုင်လို့ ဒီခန္ဓာရတာ၊ အခု ဆရာဘုန်းကြီးဆီမှာ တရားနာ လာကြတာက အဝိဇ္ဇာ တဏှာသတ်ဖို့ လာကြလာ ဖြစ်လေသောကြောင့် ကိုင်း ဒီတစ်ခါဖြင့် နောက်ဆုံး ပိတ်ဝဋ်ပဲ၊ ဆရာဘုန်းကြီးပေးတဲ့ နည်းနဲ့ပဲ အဝိဇ္ဇာ တဏှာ သတ်လို့ရှိရင်လည်း ခန္ဓာပြတ်မှပဲဆိုတဲ့ဥစ္စာ ဘာမှ သံသယ မရှိဘဲနဲ့ ခန္ဓာဇာတ်သိမ်း ငြိမ်းရာသွားဖို့ အလုပ်ကို မှတ်မှတ်သားသားနဲ့ ယူပြီးသကာလ ဒကာ ဒကာမတွေ ခန္ဓာဖြစ် ပျက်ကို မြင်အောင် ကြိုးစားကြစို့ ဆိုတာ ဆုံးဖြတ်ချက်ချကြစို့ (မှန်ပါ့)။
ခန္ဓာကြီးဟာ ဘာသစ္စာတုန်း
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အခု အဝိဇ္ဇာဆိုတာသည် ‘ဒုက္ခေအညာဏံ’ လို့ ဆိုသောကြောင့် ခန္ဓာက ဒုက္ခသစ္စာ (မှန်ပါ့) ခန္ဓာဟာ ဒုက္ခသစ္စာကြီး ယခုတရားနာနေတဲ့ ခန္ဓာကြီးဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ဟုတ်မှဟုတ်ရဲ့လားလို့ စဉ်းစားကြည့်တော့ ဒကာ ဒကာမတို့ ဒီခန္ဓာကြီးက နှိပ်စက်လိုက်တာ အပူက နှိပ်စက်၊ အဝတ်အထည်တွေက ချွေးတွေစိုပြီး ခန္ဓာထဲက ချွေးတွေက ထွက်ပြီး နှိပ်စက်၊ ကျင်ကြီး, ကျင်ငယ် ကိစ္စတွေကကော (နှိပ်စက်ပါတယ် ဘုရား)။
ဒါတွေက ခန္ခာက နှိပ်စက်နေတာ (မှန်ပါ့) အပူဆိုတာကလည်း ရူပက္ခန္ဓာက နှိပ်စက်တာ (မှန်ပါ့) ရူပက္ခန္ဓာက နှိပ်စက်တော့ ခန္ဓာကိုယ်ကြီးထဲမှာ ဒုက္ခဝေဒနာတွေ ပြင်းပြင်းထန်ထန် ပေါ်လာပါတယ် (ပေါ်လာပါတယ် ဘုရား)။
အထဲကနေပြီး ချွေးတွေ, သံတွေက ထွက်ပြီးသကာလ လာပြန်တော့ အညစ်အကြေးတွေဆိုတဲ့ ချွေးတွေကလည်း ဒကာ ဒကာမတွေ ဟိုစိုရွှဲ, ဒီစိုရွှဲနဲ့ အာပေါဓာတ်ဆိုတဲ့ ရူပက္ခန္ဓာက နှိပ်စက်ပြန်တယ် (မှန်ပါ့ ဘုရား)။
ဒီအထဲ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းဆိုတဲ့ ဒကာ ဒကာမတို့ ကာယိကဒုက္ခ, စေတသိက ဒုက္ခက လည်း နှိပ်စက်ပြန်တယ် (မှန်ပါ့)။
ဒါဖြင့် ဒီခန္ဓာကြီးထဲမှာ ဘာတွေများစုပုံနေပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ နှိပ်စက်တတ်တာတွေ စုပုံနေတယ် (မှန်ပါ့)။
ဒီခန္ဓာကြီးထဲ ဘာများစုပုံနေပါလိမ့်
ဒီခန္ဓာကြီးထဲ ဘာများစုပုံနေပါလိမ့် (နှိပ်စက်တတ်တာတွေ စုပုံနေပါတယ်) နှိပ်စက်တတ်တာတွေ စုပုံနေတယ် ဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)။
အဲဒီတော့ ဒီနှိပ်စက်တတ်တဲ့ တရားကြီးနဲ့မှ ဒကာ ဒကာမတွေ မခွဲရ, မခွါရလို့ရှိရင် ရောက်ရာနှိပ်စက်မှာပဲ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ရောက်ရာ နှိပ်စက်မှာပါပဲ ဘုရား) ရောက်ရာ နှိပ်စက်မှာပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒီလိုပဲ ရောက်ရာနှိပ်စက်မယ်၊ အခုလည်း နှိပ်စက်နေတယ်၊ ရောက်ရာကိုလည်း နှိပ်စက်မယ်ဆိုတာကို မသိတော့ ဒကာ ဒကာမတွေက ဒုက္ခသစ္စာ မသိဘူး၊ ယခု နှိပ်စက်နေတာလည်း မသိ (မှန်ပါ့) နောက်ရမည့် ခန္ဓာကြီး ကိုလည်း ဆုတောင်းယူကြပြန်တော့ နှိပ်စက်မည့်ခန္ဓာပဲ ရမှာပဲ (မှန်ပါ့)။
ဘာရမတုံး (နှိပ်စက်မည့်ခန္ဓာပဲ ရမှာပါ) နှိပ်စက်မည့် ခန္ဓာပဲရမယ်ဆိုတာ ဒကာ ဒကာမတွေ မသိတာက ဘယ်သူတုံးလို့ မေးတော့မှ အဝိဇ္ဇာ (မှန်ပါ့)။
မသိတာ အဝိဇ္ဇာ
မသိတာ (အဝိဇ္ဇာပါ ဘုရား) နှိပ်စက်မည့် ခန္ဓာကြီး ယခုရထားတာကို မသိတာလည်း (အဝိဇ္ဇာပါ ဘုရား) နောက်ခန္ဓာကြီး မရရကြောင်း ကြိုးစားနေကြတာလည်း ဒကာ ဒကာမတို့ မသိလို့ ကြိုးစားနေတာ (မှန်ပါ့) သဘောပါ ကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ သစ္စာမသိလို့၊ ဒီခန္ဓာကြီး ယခုရတယ် (မှန်ပါ့) ယခု ဆရာသမားနဲ့ တွေ့တုန်းကိုလည်း ဒီသစ္စာတွေ မသိပြန်ဘူးဆိုလို့ရှိရင် နောက်ခန္ဓာကြီး ရဦးမှာပဲ (ရဦးမှာပါ ဘုရား) မရပေဘူးလား (ရပါတယ် ဘုရား)။
ထိုကဲ့သို့ရမယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ပစ္စုပ္ပန် မသိတာက အဝိဇ္ဇာ၊ အနာဂတ်လှမ်းပြီး မသိတာလည်း (အဝိဇ္ဇာပါ ဘုရား)။
ဒါကြောင့် အဝိဇ္ဇာကြောင့် ခန္ဓာရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အင်း ဘယ်သူ့ကြောင့် ခန္ဓာရပါလိမ့် (အဝိဇ္ဇာကြောင့် ခန္ဓာရပါတယ်) သေသေချာချာ မှတ်ပါနော် (မှန်ပါ့ ဘုရား)။
ဘာ့ကြောင့်ပါလိမ့် (အဝိဇ္ဇာကြောင့် ရပါတယ်) အဝိဇ္ဇာကြောင့် ခန္ဓာရတယ်ဆိုတာ သိထားပြီ (မှန်ပါ့ ဘုရား)။
ဒီအထဲမှာ အဝိဇ္ဇာက မသိအောင် ဖုံးလွှမ်းလို့ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီး ရထားတော့ မသိတဲ့ ပုဂ္ဂိုလ်များသည် ကားလို့ဆိုရင် ဒကာ ဒကာမတို့ ရမ်းပြီးလိုချင်တယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုပါလိမ့် (ရမ်းပြီး လိုချင်ပါတယ်) ရမ်းပြီး လိုချင်တဲ့စိတ်ပေါ်လာတယ်၊ ဒီဘဝစုတေမနေ သေလွန်ရလို့ ရှိရင် နောက်ဘဝ လူကောင်း, နတ်ကောင်း ဖြစ်ချင်တယ်၊ လူကောင်း နတ်ကောင်း ဖြစ်ရပါလို၏ ဆိုတဲ့ တဏှာက မလာဘူးလား (လာပါတယ် ဘုရား)။
တဏှာက ဆုတောင်းလိုက်
ဒီတဏှာက ဆုတောင်းလိုက်ပြီးသကာလ ဒကာ ဒကာမတွေက ဆွမ်းတွေ, ကွမ်းတွေ, ပန်းတွေ, ဖယောင်းတိုင် တွေနဲ့ ဤဆွမ်း, ဤကွမ်း, ဤပန်း, ဤဖယောင်းတိုင်တွေကြောင့် နတ်ခန္ဓာ, ဗြဟ္မာခန္ဓာတွေ ရ,ရပါလို၏ ဆိုတော့ တဏှာကရမ်းပြီး ဆုတောင်းလိုက်တယ် (မှန်ပါ့ ဘုရား)။
ရမ်းပြီး ဆုတောင်းပြီးသကာလ နေတော့ ကံကလည်း ရမ်းလုပ်တဲ့သစ္စာမသိတဲ့ အဝိဇ္ဇာပေါ်၌ လည်းကောင်း၊ တဏှာပေါ်၌ လည်ကောင်း၊ ကံပေါ်၌ လည်းကောင်း အလုံးစုံအုပ်ချုပ်ပြီးထားလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီကံကလည်း လုပ်ချင်သလို လုပ်လိုက်တာ တဏှာ စီမံသလိုလုပ်တဲ့အတွက် ဒုက္ခသစ္စာအိမ်ကြီး ဆောက်လိုက်တယ် (မှန်ပါ့)။
ဘာများ ဆောက်ပါလိမ့် (ဒုက္ခ သစ္စာ ခန္ဓာအိမ်ကြီး ဆောက်ပါတယ်) ဒုက္ခသစ္စာ ခန္ဓာအိမ်ကြီး ဆောက်ပါ တယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဆောက်ထားတဲ့ ခန္ဓာအိမ်ကြီးက ယခု တရားနာနေတဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာငါးပါးပဲ (မှန်ပါ့ ဘုရား)။
ဆောက်ထားတဲ့ ခန္ဓာအိမ်ကြီးက (ယခု တရားနာနေတဲ့ ခန္ဓာငါးပါး) တရားနာနေတဲ့ ခန္ဓာငါးပါးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အင်း ကြည့်စမ်းပါဦး၊ ဒါဖြင့် ယခုအချိန်မှာ ဒကာ ဒကာမတို့ ဆရာဘုန်းကြီးလည်း ကြည်ညိုလို့ ကိုယ့် အရေးတွေလည်း ကိုယ်သိလို့လာပြီး တရားဓမ္မတွေ ယူကြတော့ ဒကာ ဒကာမတို့ အခုချမ်းသာသဖြင့် နေကြရသလား၊ ဆင်းရဲသဖြင့် နေကြရသလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ဆင်းရဲသဖြင့် နေကြရပါတယ်) အဲဒါ ဆုတောင်းပြည့် တာလို့ မှတ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ တောင်းထားတယ်၊ မသိလို့ ဆုတောင်းတာ (မှန်ပါ့) တောင်းလို့ ပြည့်တော့ အခု ဘာခန္ဓာကြီးရသတုံး (ဒုက္ခသစ္စာ ခန္ဓာကြီး ရပါတယ်) ဒုက္ခသစ္စာခန္ဓာကြီး ရမထားဘူးလား (ရထားပါတယ် ဘုရား)။
အဲ ဒုက္ခသစ္စာခန္ဓာကြီး ရထားတာက အပူလာပြန်လည်း သူက လက်ခံတယ် (မှန်ပါ့) အအေးလာပြန်လည်း (လက်ခံပါတယ်) ၉၆-ပါး အနာတွေလာပြန်ကော (လက်ခံပါတယ် ဘုရား)။
ဒုက္ခသစ္စာ မသိတာ အဆိုးဆုံး
ဪ ခင်ဗျားတို့မို့ တောင်းရက်ပါပေတယ်၊ ဝေဒနာမျိုးစုံ လက်ခံတတ်တဲ့ ခန္ဓာကိုယ်ကြီး၊ နှိပ်စက်တတ် တဲ့ ခန္ဓာကိုယ်ကြီး၊ လက်ခံတတ်တဲ့ ခန္ဓာကိုယ်ကြီးကို ခင်ဗျားတို့ မသိမှုတွေ အတော်ကြီးကျယ်ပါလားဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ်) အတော်မကြီးကျယ်ဘူးလား (ကြီးကျယ်ပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာ မသိတာ အဆိုးဆုံးပဲ (မှန်ပါ့ ဘုရား)။ ဒကာ ဒကာမတွေ ဘာ အဆိုးဆုံးပါလိမ့် (ဒုက္ခသစ္စာ မသိတာ အဆိုးဆုံးပါ ဘုရား)။
ဒုက္ခသစ္စာမသိတာ အဆိုးဆုံးဆိုတာဖြင့် ယခုခန္ဓာကြီး ရထားတာ ဘာသစ္စာ ရထားသတုံး (ဒုက္ခသစ္စာ ရထား ပါတယ် ဘုရား)။
အင်း မသိလို့ ရတာနော် (မှန်ပါ့) မသိလို့ ဒကာ ဒကာမတွေက မသိသလို လိုချင်လာတယ် (မှန်ပါ့) မသိသလို လိုချင်တာက တဏှာ (မှန်ပါ့)။
လိုချင်တာနဲ့ ဒကာ ဒကာမတွေက ကာယကံ ဝစီကံတွေနဲ့ ဒါနသီလတွေလုပ်ပြီး သကာလ လူ့ဘဝဆုတောင်း လိုက်တယ် (မှန်ပါ့) တောင်းလိုက်လို့ ရထားတော့ ဒကာ ဒကာမတို့ တစ်နေ့လည်းကျွေးရ-မွေးရ ဆင်ရပြင်ရ ရေချိုးရ မိုးချိုးရနဲ့ တစ်နေ့မှ ခန္ဓာ့ကျွန်ခံတဲ့နေ့အားရဲ့လား (မအားပါ ဘုရား)။
တစ်နေ့မှ ဒကာ ဒကာမတွေ ခန္ဓာ့ကျွန်ခံတဲ့နေ့ဟာ အားတယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။
အင်း ပူတယ်လို့ သင်ဖြူကလေး ခင်းပေးပြန်လည်း ဟိုဘက်အလိမ့်ခိုင်း၊ ဒီဘက် အလိမ့်ခိုင်းလို့ လိမ်လိမ့် နေရတာကော အားရဲ့လား (မအားပါ ဘုရား)။
လိမ့်ပေးနေရလို့ မအားတဲ့အထဲမှာ ကျင်ကြီးစွန့်ချင်တယ်၊ ကျင်ငယ်စွန့်ချင်တယ်လို့ ခန္ဓာကြီးက နှိပ်စက်ပြန်တာ နဲ့ ကုဋိအိမ်၊ ကျင်ငယ်အိမ် လိုက်မပို့ရဘူးလား (ပို့ရပါတယ် ဘုရား)။
ပို့ပြီး ပြန်လာပြီးသကာလ ဒီအိပ်တဲ့နေရာလာပြန်တော့လည်း ဆာလောင်မွတ်သိပ်ပြန်တယ်ဆိုပြီး သကာလ အစားအသောက်ရှိရာသို့ တစ်ခါကျွေးရမွေးရဖို့ မသွားရဘူးလား (သွားရပါတယ် ဘုရား) အားသေးရဲ့လား (မအားပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကို ဒီခန္ဓာကြီးက နှိပ်စက်နေတယ်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ) ဒီခန္ဓာကြီးက ဘာလုပ်နေ သတုံး (နှိပ်စက်နေပါတယ် ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်တယ်
ဒါ့ကြောင့် “ဒုက္ခဿ ပီဠနဋ္ဌော” တဲ့ (မှန်ပါ့) ဒကာသစ် ပေါ်ပြီ (ပေါ်ပါပြီ) ဒုက္ခဿ = ခန္ဓာငါးပါး ဒုက္ခသစ္စာ၏၊ ပီဠနဋ္ဌော = ခင်တဲ့ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တယ် (မှန်ပါ့) မခင်တဲ့ပုဂ္ဂိုလ်ကျတော့ (မနှိပ်စက်ပါ ဘုရား)။
ဪ ခင်ဗျားတို့ကလည်း ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး ခင်လိုက်တာ မပြောပါနဲ့၊ ယပ်တောင်ကလေးခတ် ပြီး ပူဇော်ရတာနဲ့ လက်ဖက်ရည် အချိန်ကလေး လက်ဖက်ရည်နဲ့ ပူဇော်ရတာနဲ့ (မှန်ပါ့) မပူဇော်ရဘူးလား (ပူဇော် ရပါတယ်) အထည်ကောင်း အဝတ်ကောင်းကလေး ပူဇော်ရတာနဲ့ (မှန်ပါ့) မပူဇော်ရဘူးလား (ပူဇော်ရပါတယ် ဘုရား)။
အဲ ကြပ်ကြပ်သူတို့ ပူဇော်လေလေ သူကနှိပ်စက်လေလေပဲ (မှန်ပါ့ ဘုရား)။
ကြပ်ကြပ် ပူဇော်လေလေ (နှိပ်စက်လေလေပါ) နှိပ်စက်လေလေပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြပ်ကြပ်ပူဇော်တဲ့ပုဂ္ဂိုလ် အဝတ်ကောင်းနဲ့ ပူဇော် ခန္ဓာကိုယ်ကြီးကို အစားကောင်းတွေနဲ့ ကျွေးပြီးပူဇော် (မှန်ပါ့) ဘယ်သူပူဇော်တာပါလိမ့် (ခန္ဓာကိုယ်ကြီး ပူဇော်တာပါဘုရား)။
ဪ ခန္ဓာကိုယ်က ဘာလုပ်တတ်တုံး (နှိပ်စက်တတ်ပါတယ် ဘုရား)။
နှိပ်စက်တတ်တဲ့ ခန္ဓာကိုယ်ကြီး ခင်ဗျားတို့ ပူဇော်တော့ ပူဇော်ကျိုးနပ်ပလား (မနပ်ပါ) ပူဇော်ကျိုး မနပ်ပါ ဘူးနော် (မနပ်ပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခင်းတဲ့ပုဂ္ဂိုလ်ကို ညှာတာ မဖက် အမြဲနှိပ်စက်တယ် (မှန်ပါ့ ဘုရား)။
ဘယ်သူ့နှိပ်စက်ပါလိမ့်
ဒကာကြွယ် ဘယ်သူ့နှိပ်စက်ပါလိမ့် (ခင်တဲ့ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်ပါတယ်ဘုရား)။
ခင်တဲ့ပုဂ္ဂိုလ်ကို နှိပ်စက်တာနော် (မှန်ပါ့) မခင်တဲ့ဘုရား, ရဟန္တာတွေ အာသဝေါကုန်ပြီးသား ကာမာသဝ, ဒိဋ္ဌာသဝကုန်ပြီးသား ပုဂ္ဂိုလ်၊ ဘဝါသဝတွေကုန်ပြီးသား ပုဂ္ဂိုလ်တွေကျတော့ နှိပ်စက်နိုင်သေးရဲ့လား (မနှိပ်စက်နိုင်ပါ) နှိပ်စက်ဦးတော့ လိုက်နာသေးရဲ့လား (မလိုက်နာပါ ဘုရား)။
မလိုက်နာတော့ဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးများ ဆွမ်းခံကြွတဲ့အခါကျတော့ တစ်ခုသော ပုဏ္ဏားရွာ ဆွမ်းခံကြွတဲ့အခါကျတော့ မာရ်နတ်က လှည့်စားထားတယ်၊ တစ်ရွာလုံး ဆွမ်းလောင်းမည့်သူ မရှိလို့ ကိုယ်တော်ကြီး သည်ပင် ရွာ့ပြင် ထွက်ခဲ့ရတယ် (မှန်ပါ့) ရွာပြင် မထွက်ရဘူးလား (ထွက်ရပါတယ် ဘုရား)။
အေး ဘုရားက ခန္ဓာငဲ့တော်မမူဘဲ ရွာပြင်ထွက်လာပြီးသကာလ လာတော့ မာရ်နတ်က နောက်ထပ် လိုက်လာတယ် “အရှင်ဘုရား ဆွမ်းခံရခဲ့ရဲ့လား” တဲ့ (မှန်ပါ့) သူက လှည့်စားထားတာ တစ်ရွာလုံး မေ့နေကြတယ် (မှန်ပါ့) အရှင်ဘုရား ဆွမ်းခံရခဲ့ရဲ့လားလို့ဆိုတော့ ငါမရဘူးကွလို့ ဘုရားက ပြောတယ် (မှန်ပါ့ ဘုရား)။
မရပြန်ခံပါဦးလား၊ ဒီရွာထဲမှာ ဒီတစ်ခါ ပြန်ခံရင် ရမယ်တဲ့ (မှန်ပါ့) မာရ်နတ်က ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။
ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်-တဲ့၊ တရားဓမ္မတည်းဟူသော ပီတိကို အစာလုပ်နေတော့မယ်၊ ခန္ဓာကို အခွန် တော့ မဆက်ဘူးဟေ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
–ပီတိကို အစာလုပ်နေမယ်တဲ့
တရားဓမ္မ တည်းဟူသော ပီတိကို အစာလုပ်နေမယ်တဲ့ (မှန်ပါ့) ခန္ဓာအခွန်ဆက်တာတော့ဖြင့် ငါမလုပ်တော့ ဘူးတဲ့ (မှန်ပါ့) ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ အရိယာပုဂ္ဂိုလ်များ ကျလာတော့ ခန္ဓာအလိုလိုက်သေးရဲ့လား (မလိုက်တော့ပါ ဘုရား)။
ကဲ ထုံးစံအတိုင်း မင်းကိုကျွေးမယ်၊ ကျွေးလို့မှ လောင်းမည့်လူမရှိရင်ဖြင့် မင်းကို မကျွေးတော့ဘူး၊ တရားဓမ္မတည်းဟူသော ပီတိကို အစာလုပ်နေမယ်ဆိုပြီးသကာလ မနေလိုက်ဘူးလား (နေလိုက်ပါတယ် ဘုရား)။
အဲဒါ ဒကာ ဒကာမတို့ သိတဲ့အတိုင်းပဲ နှိပ်စက်မှန်း သိနေတဲ့ ပုဂ္ဂိုလ်ကျတော့ ပြုချင်စုချင် စိတ်သည် ပါး ရှားသွားတယ် (မှန်ပါ့ ဘုရား)။
ပြုချင်စုချင်စိတ်သည် (ပါးရှားပါတယ်) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ယနေ့တရားမှာဖြင့် ဒီခန္ဓာဟာ အဝိဇ္ဇာနဲ့ တဏှာလုပ်တာ (မှန်ပါ့ ဘုရား)။
ဒီခန္ဓာကြီးကို (အဝိဇ္ဇာနဲ့ တဏှာလုပ်တာပါ) အဝိဇ္ဇာက မသိတော့ တဏှာက ဒကာ ဒကာမတို့ ဆုတောင်းဟဲ့ ဆုတောင်းဟဲ့လို့ မခိုင်းဘူးလား (ခိုင်းပါတယ်) ခိုင်းတော့ ဒကာ ဒကာမတွေကလည်း ဘုရားရှေ့ သွားမတောင်းကြ ဘူးလား (တောင်းပါတယ် ဘုရား)။
တောင်းကြတော့ အခုရထားတာကလည်း ဘာရထားသတုံး (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီး ရမထား ဘူးလား (ရထားပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီနေကြီးကလည်း ပူလိုက်တာ၊ ပူ-ပူလွန်းလှတယ် (မှန်ပါ့) လူတွေကလည်း များခြင်းကြောင့် လူပူတွေကလည်း ကပ်ပြီး အိုက်လွန်းလှတယ် (မှန်ပါ့) ဒီခန္ဓာကြီး မလှည့်သာမပတ်သာနဲ့ ကျပ်ပဲကျက်လွန်းလှတယ် (မှန်ပါ့)။ အစရှိသည်နဲ့ ခင်ဗျားတို့ ညည်းမနေနဲ့တဲ့၊ ဒီခန္ဓာကြီး ရထားကတည်းက နှိပ်စက်ဖို့ ရထားသောကြောင့် ဒါ အနှိပ်စက်ကလေးပဲ ရှိသေးတယ် (မှန်ပါ့) နောက်အနှိပ်စက်ကြီး လာဦးမယ်ဆိုတာကော ငြင်းဖို့လိုသေးသလား (မလိုပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါ ခင်ဗျားတို့က မဖြစ်စလောက်သေးဘူး၊ ဆုတောင်းအကုန်မပြည့်သေးဘူး မှတ်ပါ (မှန်ပ့ါ) အိုဘေးကြီးနဲ့ကော (တွေ့ရမှာပါ) နာဘေးကြီးနဲ့ကော (တွေ့ရမှာပါ) သေခါနီး ဘေးကြီးနဲ့ (တွေ့ရမှာပါ ဘုရား)။
လူ့ဘဝ ရရပါလို၏
ကိုင်း- ဆုတောင်းတဲ့ ဒကာ ဒကာမတို့ လူ့ဘဝ ရရပါလို၏ဆိုတော့ မင်းတို့ကို ဒါတွေအပြည့်အစုံ ပေးရမယ်ကွ ဆိုပြီး နှိပ်စက်လိုက်သေးတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေတဲ့ ခန္ဓာဘယ်သူ တည်ထောင်ပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာတည်ထောင်ပါ တယ်) အဝိဇ္ဇာနဲ့ တဏှာ တည်ထောင်လိုက်တော့ ဘာသစ္စာကြီးပေါ်လာသလဲ (ဒုက္ခသစ္စာကြီး ပေါ်လာပါတယ် ဘုရား)။
ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီး ဒကာကြွယ် ပေါ်လာတယ် (ပေါ်လာပါတယ်) အဲဒါ ဉာဏ်လှည့်လိုက်စမ်းပါ၊ ဒကာ ဒကာမတို့ ခန္ဓာဉာဏ်လှည့်လိုက်စမ်းပါ၊ ဪ ပူတာလား ခန္ဓာကိုယ်က နှိပ်စက်တာလား၊ အိုက်တာလား ခန္ဓာကိုယ် က နှိပ်စက်တာလား (ခန္ဓာကိုယ်က နှိပ်စက်တာပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ရောက်ရာမယ် သူ ဘာလုပ်မယ် ထင်သတုံး (နှိပ်စက်ပါမယ်) နှိပ်စက်ဦးမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အို နှိပ်စက်လိုက်တဲ့ ဖြစ်ခြင်းမှ ဒကာသစ်ရေ- စစ်ပြေးတုန်းက မရှိလေ စားချင်လေပဲ (မှန်ပါ့) နှိပ်စက် လိုက်တာ (မှန်ပါ့) မရှိရင် ဗုံးကြားထဲ စက်သေနတ်ကြားထဲ အတိုးခိုင်းတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီခန္ဓာသည် ဒကာ ဒကာမတို့ အမြဲမပြတ် တရစပ် နှိပ်စက်သောကြောင့် သူ့ကို ဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ယခု ဘာနဲ့အတူ နေကြရသလဲ (ဒုက္ခနဲ့ အတူနေကြရပါတယ်) အတူနေကြရတယ်နော် (မှန်ပါ့) ဒါကြီးက သိလို့ ရထားတာလား၊ မသိလို့ ရထားတာလား (မသိလို့ ရထားတာပါ) ဪ မသိတာက ဘာခေါ်ကြ မယ် (အဝိဇ္ဇာပါ ဘုရား)။
မသိတာ အဝိဇ္ဇာ၊ ခင်ဗျားတို့ကလည်း ရချင်တာက တဏှာ (မှန်ပါ့) မသိတာက အဝိဇ္ဇာ (မှန်လှပါ ဘုရား)။
ဒီခန္ဓာကိုယ်ကြီး ရချင်တာက (တဏှာပါ) ဪ ဒါဖြင့် ဒီခန္ဓာကြီး ဘယ်သူတည်ထောင်ပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာ တဏှာကို ဘုန်းကြီးကသတ်နည်း နိဿယည်းကို ဒီ ဒကာ ဒကာမတွေကို မပေးတော့ပါဘူး ဆိုရင်ဖြင့် နှိပ်စက်တတ်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ ခင်ဗျားတို့ တစ်သံသရာလုံး မအားမလပ်ဘဲနဲ့ အိုဘေး, နာဘေး, သေဘေး တွေနဲ့ပဲ အဖော်လုပ်ပြီး နေကြပေတော့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ယနေ့တရားမှာဖြင့် အဝိဇ္ဇာနဲ့ တဏှာ မသတ်သရွေ့ ခင်ဗျားတို့ ဒုက္ခကင်းတော့မယ် မဟုတ်ပါဘူး (မကင်းပါ) ကင်းပါ့မလား (မကင်းပါ ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာ သတ်ရလိမ့်မယ်
ဒါဖြင့် ဒီခန္ဓာ ဒုက္ခသစ္စာကြီးကို မပြတ်-ပြတ်တဲ့နည်း ပေးစမ်းပါဆိုရင်ဖြင့် ဒကာသစ် ဘာသတ်ရမတုံး (အဝိဇ္ဇာနဲ့ တဏှာ သတ်ရပါမယ်) အဝိဇ္ဇာနဲ့ တဏှာ သတ်ရလိမ့်မယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဘာသတ်ကြရမယ် (အဝိဇ္ဇာနဲ့ တဏှာ သတ်ကြရမှာပါ) သေသေချာချာ မှတ်ကြပါ၊ သတ်နည်း နိဿယည်းကို ခန္ဓာပေါ် ဉာဏ်တင်ပြီးသကာလ ပြပါ့မယ် (မှန်ပါ့ ဘုရား)။
အခု ခန္ဓာကိုယ်ကြီး နှိပ်စက်နေတာက သူများ မေးရမှာလား၊ ကိုယ်ကိုယ်တိုင် ခံနေရတာလား (ကိုယ်ကိုယ်တိုင် ခံနေရတာပါ) ကိုယ်ကိုယ်တိုင် ခံနေရတာဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အဝိဇ္ဇာ တဏှာ-တည်းဟူသော ကိလေသ ဝဋ်ကြောင့် ခင်ဗျားတို့ပြုထားတဲ့ ကမ္မဝဋ်က ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကမ္မဝဋ်ဆိုတဲ့ ဝဋ်တောင့်တလုပ်တဲ့ ဒါန, သီလ အလုပ်တွေ လုပ်ခဲ့ကြတယ် (လုပ်ခဲ့ပါတယ်) လုပ်ခဲ့ကြတဲ့အတွက် အခုတော့ဖြင့် အိုဘေး, နာဘေး, သေဘေး အပါယ်ဘေးတွေကို ကြောက်နေရတဲ့ ခန္ဓာကြီး ရ,မထားဘူးလား (ရ,ထား ပါတယ်) အဲဒါ ဝိပါကဝဋ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒါ ဘာဝဋ်ပါလိမ့် (ဝိပါကဝဋ်ပါ) သေချာပလား (သေချာပါပြီ ဘုရား)။
အင်း ကိလေသာဝဋ်ပူပန်တာနဲ့ ကမ္မဝဋ် ခင်ဗျားတို့က လုပ်တယ် (မှန်ပါ့) ကမ္မဝဋ်လုပ်လိုက်တဲ့အတွက် ဝိပါကဝဋ် ဘာသစ္စာ ရ,ထားသတုံး (ဒုက္ခသစ္စာ ရ,ထားပါတယ် ဘုရား)။
ဒကာကြွယ် ဒါတွေဟာ ရှေ့ပိုင်းက ပြောနေတယ်ဆိုငြားသော်လည်း အင်မတန် အဖိုးတန်တယ်လို့ မှတ်ထား ပါနော် (မှန်ပါ့ ဘုရား)။
ကိလေသာဝဋ်ဆိုတဲ့ အဝိဇ္ဇာ တဏှာကြောင့်
အင်မတန် ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကြီးကို ကိလေသာဝဋ်ဆိုတဲ့ အဝိဇ္ဇာ တဏှာကြောင့် ခင်ဗျားတို့ က လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် လိုချင်တဲ့ ဒါန သီလ ဝဋ္ဋဖြစ်တဲ့ ဒါန သီလတွေ ခင်ဗျားတို့က လုပ်ခဲ့ကြတယ် (လုပ်ခဲ့ပါတယ် ဘုရား)။
လုပ်ခဲ့ကြတဲ့အတွက် အခု လူ့ပြည်မှာလာပြီးသကာလ ကြုံကြ, ဆုံကြတော့ အိုဘေး, နာဘေး, သေဘေးနဲ့ အဖော်မလုပ်ရဘူးလား (လုပ်ရပါတယ် ဘုရား) ပရိယေသန ရှာမှီးတဲ့ဘေးတွေနဲ့ကော (လုပ်ရပါတယ် ဘုရား) ဘာဝဋ် သင့်နေသတုံး (ဝိပါကဝဋ် သင့်နေပါတယ် ဘုရား) ဝိပါကဝဋ် သင့်နေပြီ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာဝဋ်သင့်နေသတုံး (ဝိပါကဝဋ် သင့်နေပါတယ်ဘုရား)။
ဒီ-ဝိပါကဝဋ်ကြီးကိုမှ တစ်ခါအပြစ်မြင်အောင် ကြည့်တယ်တဲ့နည်းကို ဆရာဘုန်းကြီးကလည်း မပေး၊ ခင်ဗျား တို့ကလည်း မယူတော့ဘူးဆိုရင် ဒီဝဋ်ကကျွတ်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒါ့ကြောင့် ယနေ့ဟောမည့်တရားသည် အတိတ်က ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကို ဘုန်းကြီးက မသတ်နိုင်ပါဘူး (မှန်ပါ့) ယခု ဝိပါကဝဋ်ကြီးကို ခင်ဗျားတို့ကြည့်ပြီး ဪ ဝိပါကဝဋ်သင့်နေတာပါလားဆိုပြီးသကာလ ဝိပါကဝဋ် သင့်နေတာကို သင့်မှန်းသိတဲ့ ဝိဇ္ဇာဉာဏ်နဲ့ အလောဘပေးရလို့ ရှိရင်ဖြင့် ကိလေသဝဋ် ကျွတ်သွားမယ် (မှန်လှပါ)။
ဝိဇ္ဇာဉာဏ်နဲ့ အလောဘပေးလိုက်ရလို့ရှိရင် (ကိလေသဝဋ် ကျွတ်သွားပါတယ် ဘုရား)။
ကိလေသဝဋ် ကျွတ်သွားလို့ရှိရင်ဖြင့် အလောဘဆိုတာ မလိုချင်တာ ဖြစ်နေသောကြောင့် ကမ္မဝဋ် လုပ်ပါဦး မလား (မလုပ်ပါ ဘုရား) ကမ္မဝဋ်မှ မလုပ်ဘဲနဲ့ နောက်ခန္ဓာဝိပါက ဝဋ်ကြီးကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။
သေသေချာချာမှတ်နော်-ဒကာ ဒကာမတွေ ဒီတရားမျိုးဟာ မလွယ်ဘူး (မှန်လှပါ) မလွယ်ဘူး-မလွယ်ဘူး၊ အကြောင်းအကျိုး ဆက်တတ်မှနော် (မှန်ပါ့)။
ကိုင်း နည်းနည်းပြပေးပါ့မယ် ဒကာ ဒကာမတွေ သေသေချာချာ ကြည့်ကြနော် (မှန်ပါ့)။
ကိလေသဝဋ်လို့ မှတ်လိုက်
ဒီဘက်က အဝိဇ္ဇာနဲ့ တဏှာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒီနှစ်လုံးက ဘာပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာပါ ဘုရား)။
အဝိဇ္ဇာဆိုတာ ဒုက္ခသစ္စာ မသိတာ (မှန်ပါ့) မသိတော့ တဏှာက ရမ်းလိုချင်တယ် (မှန်လှပါ) မလိုချင်ပေ ဘူးလား (လိုချင်ပါတယ် ဘုရား)။
အင်း-နှစ်ခုစလုံးက ကိလေသာဖြစ်နေသောကြောင့် ဒကာ ဒကာမတို့ ကိလေသဝဋ်လို့ မှတ်လိုက် (မှန်လှပါ)။
နှစ်ခုစလုံး ဘာမှတ်ကြမယ် (ကိလေသဝဋ်ပါ ဘုရား) အဝိဇ္ဇာနဲ့ တဏှာ ဘာခေါ်ကြမယ် (ကိလေသဝဋ်ပါ ဘုရား)။
ဪ ကိလေသဝဋ် နောက်ဘဝက ဒကာ ဒကာမတွေက ကြီးခဲ့တဲ့ ဒကာ ဒကာမတွေဖြစ်နေသောကြောင့် နောက်ဘဝမှာပဲတဲ့ ဒီဘဝထက်ကောင်းတဲ့ နတ်ခန္ဓာကြီး လူခန္ဓာကြီး ရ,ရပါလို၏၊ ရချင်ပါတယ်ဆိုပြီးသကာလ ဒကာ ဒကာမတွေက ဒါနကံ, သီလကံဆိုတဲ့ ဝဋ္ဋကံတွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
အင်း ဒါဖြင့် ကိလေသဝဋ်ကြောင့် ဘာဝဋ်ဖြစ်ပါလိမ့် (ကမ္မဝဋ် ဖြစ်ပါတယ်ဘုရား)။
ကမ္မဝဋ်ဖြစ်တော့ စုတေမနေ သေလွန်ပြီး ဒီကံတွေက စီမံလိုက်တယ် (မှန်ပါ့) စုတေမနေ သေလွန်တဲ့အခါကျ တော့ ဒကာ ဒကာမတွေ စီမံလိုက်ပါတယ် (မှန်ပါ့) စီမံလိုက်တော့ ခန္ဓာငါးပါး ပေါ်လာပါတယ် (မှန်လှပါ) ဒါ- တရားနာနေတဲ့ ခန္ဓာငါးပါး မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒါ ဘယ်သူပါလိမ့် (တရားနာနေတဲ့ ခန္ဓာငါးပါးပါ ဘုရား) ဒီခန္ဓာငါးပါးကို နောက်ပြန် တွေးလိုက် ဒကာ ဒကာမတို့၊ ဒီခန္ဓာငါးပါးဟာ အခုဝိပါကဝဋ် (မှန်ပါ့)။
ဒီခန္ဓာငါးပါး ဘာခေါ်ကြမယ်
ဒီခန္ဓာငါးပါး ဘာခေါ်ကြမယ် (ဝိပါကဝဋ်ပါ ဘုရား) ဝိပါကဝဋ် သင့်တယ် (မှန်လှပါ) မအိုချင်ဘဲနဲ့လည်း (အိုရပါတယ် ဘုရား) မနာချင်ဘဲနဲ့လည်း (နာရပါတယ် ဘုရား) သေခါနီး မဖြစ်ချင်ဘဲနဲ့ (ဖြစ်ရပါတယ် ဘုရား) မပူ မဆွေးချင်ဘဲနဲ့ (ပူဆွေးရပါတယ် ဘုရား)။
ပူဆွေးရတယ်ဆိုတော့ ဪ ဒကာ ဒကာမတွေက ကံမကောင်း အကြောင်းမသင့်လို့ ဖြစ်ရတာလားလို့ မေးတဲ့အခါ မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) ဒီခန္ဓာကြီး ခင်ဗျားတို့ လိုချင်လို့ ရထားတဲ့ ခန္ဓာအဖော် တွေ အကုန်လာတာပါ (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
ဒီခန္ဓာကြီးဟာ ဘယ်သူ တည်ထောင်တာတုံးလို့ မေးတော့ ခင်ဗျားတို့ကိုယ်တိုင်က အဝိဇ္ဇာနဲ့ တဏှာကိလေသဝဋ် ကို ခင်ဗျားတို့ တည်ထောင်တဲ့အတွက် ခင်ဗျားတို့က ကမ္မဝဋ်ကို ခင်ဗျားတို့ လုပ်ပါတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကံကို ခင်ဗျားတို့ လုပ်တဲ့အတွက် ဟော ဘုံဘဝကို ရ,ရပါလို၏ဆိုတဲ့ တဏှာက ဆုတောင်းပြီး ဟောဒီဒါနကံ သီလကံတွေနဲ့ ဝဋ်တောင့်တပြီး ဒီခန္ဓာကြီး ယခု တရားနာနေတဲ့ ခန္ဓာကြီးရတယ် (မှန်ပါ့ ဘုရား)။
ဒီတရားနာနေတဲ့ ခန္ဓာကိုယ်ကြီးဟာ ဒကာ ဒကာမတို့ ဟောဒီခန္ဓာငါးပါးဟာ နောက်ပြန်ဆုတ်လိုက်တော့ ဝိပါကဝဋ် ဘယ်ကလာသတုံး မေးတဲ့အခါ ကမ္မဝဋ်ကလာတယ် ဘုရာ့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဝိပါကဝဋ်ကြီး ဘယ်က လာသတုံး (ကမ္မဝဋ်က လာပါတယ်ဘုရား)။
ဒီကမ္မဝဋ်က လာချင်လို့လာတာလား၊ လုပ်ချင်လို့ လုပ်ရတာလား၊ အဝိဇ္ဇာဆိုတဲ့ တဏှာဆိုတဲ့ ကိလေသဝဋ် ကြောင့်လား (ကိလေသဝဋ်ကြောင့်ပါ ဘုရား)။
ဒါဖြင့် ကိလေသဝဋ်ကြောင့် ဘာဖြစ်သလဲ (ကမ္မဝဋ်ဖြစ်ပါတယ် ဘုရား)။ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ် ဖြစ်ပါ တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ လူ့ဘဝရခဲတယ်လို့ ဟောတာက တိရစ္ဆာန်ဘဝနဲ့စာရင် ငရဲနေတာ နဲ့စာရင် ရခဲတယ်ဟောတာ (မှန်လှပါ) တကယ်သစ္စာနဲ့ ဟောတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ ရ,ထားတာဝိပါက ဝဋ်ခန္ဓာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာ ခန္ဓာကြီး ရထားသတုံး (ဝိပါကဝဋ်ခန္ဓာကြီး ရထားပါတယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပါကဝဋ် ဘယ်က လာသတုံး (ကမ္မဝဋ်က လာပါတယ်ဘုရား) ဪ ကုသိုလ်ကံ နဲ့ ဆုတောင်းက လာတယ် (မှန်ပါ့)။
လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်ဖြစ်စေကြောင်းဖြစ်တဲ့ ကံနဲ့ ဆုတောင်း (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီ ကမ္မဝဋ်ကလည်း ဒကာသစ်တို့ ဘယ်ကလာပါလိမ့်မလဲ (ကိလေသဝဋ်က လာပါတယ်ဘုရား) မသိသော ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ တောင်းချင်သလို တောင်းတဲ့ သဘောကြောင့် ဖြစ်ရပါတယ် (မှန်ပါ့) ဒါဖြင့် မသိတာက အဝိဇ္ဇာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ပြုတာက သင်္ခါရ (မှန်ပါ့) ရတာက ဒုက္ခသစ္စာ (မှန်လှပါ)။
မသိတာက (အဝိဇ္ဇာပါ ဘုရား) ပြုတာက (သင်္ခါရပါ ဘုရား) ရတာက ဒုက္ခသစ္စာ (မှန်ပါ့)။
ဝိပါကဝဋ်ကောင်
ဒကာသစ်သွားပြီ (မှန်ပါ့) ဒကာ ဒကာမတွေသွားပြီး သေမည့်ခန္ဓာကြီးရတယ် (မှန်ပါ့) အိုမည့်ခန္ဓာကြီး (ရပါတယ် ဘုရား) ရွံမုန်းရမည့်ခန္ဓာကြီး (ရပါတယ် ဘုရား) မင်းခွန်စိုးခွန် ဆောင်ရမည့်ခန္ဓာကြီး (ရပါတယ် ဘုရား) မိုးအောက်လေအောက်မှာ အသက်ပျောက်ရမည့် ခန္ဓာကြီး (ရပါတယ် ဘုရား) အင်း ဒါ-ဘာကောင်လဲလို့ ခေါ် ကြသတုံး (ဝိပါကဝဋ်ကောင်ပါ ဘုရား) ဝိပါက ဝဋ်ကောင် (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
ဒကာ ဒကာမတို့ ပဋိလောမပြန်လှည့်လည်လိုက်စမ်းပါဦး ဝဋ်သုံးပါးလည်ပြမယ် ယနေ့နော် (မှန်ပါ့ ဘုရား) ဝဋ်သုံးပါးလည်ပြီးတော့မှ အလုပ်နဲ့ ဆက်ပြမယ် (မှန်ပါ့)။
ဒကာကြွယ် ဒီခန္ဓာငါးပါးဟာ ဝိပါကဝဋ်တရား (မှန်လှပါ ဘုရား)။
ခန္ဓာငါးပါးဟာ (ဝိပါကဝဋ်တရားပါ ဘုရား) ဝိပါကဝဋ်လို့ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဝိပါကဝဋ်ကို ဘယ်သူ့တည်ထောင်ပါလိမ့်မတုံး (ကမ္မဝဋ်က တည်ထောင်ပါတယ် ဘုရား)။
ဪ ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ခုကနေ တည်ထောင်လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ) ဒီ-ကမ္မဝဋ်က အလိုလိုပေါ်တာလားလို့ မေးတဲ့အခါကျတော့ ဒီဘက်က ကိလေသဝဋ်ကြောင့် (မှန်ပါ့ ဘုရား) ပေါ်ကြပါလား (ပေါ်ပါပြီ ဘုရား)။
ဝဋ်သုံးပါး
ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသဝဋ်ကြောင့် ဘာဖြစ်သတုံး (ကမ္မဝဋ် ဖြစ်ပါတယ်ဘုရား) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ် ဖြစ်ပါတယ်ဘုရား) ယခု ဘယ်အထဲ ရောက်နေသလဲ (ဝိပါကဝဋ်ထဲမှာပါ ဘုရား)။
ဒကာ ဒကာမတွေကတော့ ဪ မသိရှာတော့ ဝိပါကဝဋ်သင့်နေတာကိုပဲ ဒကာကြွယ်ရေ မသိတဲ့ပုဂ္ဂိုလ် က ဝဋ်သင့်နေတာကိုပဲ သူ့မှာ ဒကာကြွယ်တို့လိုပေါ့ဗျာ၊ အင်း လူပင်ဖြစ်ရငြားသော်လည်း ဘုရား-တိုက်နဲ့တာနဲ့ ရွှေနဲ့ စိန်နဲ့ ကားနဲ့ဆိုရင် တော်သေးရဲ့ (မှန်လှပါ ဘုရား)။
အမယ် တိုက်နဲ့ ရွှေနဲ့ စိန်နဲ့ ကားနဲ့ဆိုရင် တော်သေးရဲ့တဲ့ (မှန်လှပါ ဘုရား) ဟ-ဘာဖြစ်ကြတာတုံး ဝဋ်သင့်တာ၊ မသိတာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဝဋ်သင့်တာ မသိတာပါ ဘုရား) ဘာဝဋ်သင့်သလဲ (ဝိပါကဝဋ်သင့်ပါတယ် ဘုရား)။
အမယ်လေး ဝဋ်မကျွတ်သေးတဲ့ပုဂ္ဂိုလ်က တော်သေးရဲ့များ ဆိုနေလိုက်တာ ဪ ဒကာ ဒကာမတို့ ဆီသုတ်တဲ့ပဝါတွေ ဝတ်ပြီး ဆီသုတ်တဲ့ လက်သုတ်ပဝါကြီး အောက်ခါးမှာဝတ် (မှန်ပါ့) ဆီသုတ်ထားတဲ့ မည်းနေတဲ့ သုံးနှစ် သုံးသီး သုတ်ထားတာ အင်္ကျီချုပ်ဝတ်ပြီး ကျုပ်နဲ့ ဒီအဝတ်နဲ့ မလိုက်ဘူးလားလို့ ပြောတာနဲ့ တူနေတယ် (မှန် လှပါ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
စုံလုံးကန်းမို့ ပြောပါတယ်
ကျုပ်နဲ့ ဒီအဝတ်နဲ့ ဘယ့်နှယ်နေသလဲ (မလိုက်ဘူးလားတဲ့) ဪ မလိုက်ဘူးလားလို့ သူကပြောတာ၊ ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ်ပြောပါလိမ့်မတုံးလို့ မေးဖို့ မသင့်ဘူးလား (သင့်ပါတယ် ဘုရား) စုံလုံးကန်းမို့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘယ့်နှယ်ကြောင့် ပြောပါလိမ့် (စုံလုံးကန်းမို့ ပြောပါတယ် ဘုရား)။
ကျုပ်တို့ ဒီအဝတ်နဲ့ မလိုက်ဘူးလားလို့ဆိုတော့ သူ့စိတ်ထဲတော့ ဝမ်းသာလို့ မေးရှာတာ (မှန်ပါ့) သို့သော် သူ့မျက်လုံးမြင်-မမြင် (မမြင်ပါ ဘုရား) မမြင်တော့ သူ့ကို ဘယ့်နှယ်ဆိုကြမလဲ (စုံလုံးကန်းပါ ဘုရား)။
ဒါဖြင့် ဒီဝိပါကဝဋ်ထဲ ပျော်တဲ့ပုဂ္ဂိုလ်ဟာ စုံလုံးကန်းပျော်လို့မှတ် (မှန်လှပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။
ဝိပါကဝဋ်ထဲပျော်နေတဲ့ ပုဂ္ဂိုလ်ဖြင့် (စုံလုံးကန်းမို့ ပျော်တာပါ ဘုရား) မျက်စိနှစ်ကွင်း ဝမ်းထဲက အလင်းမရ လို့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
မျက်စိနှစ်ကွင်း (ဝမ်းထဲက အလင်းမရလို့ပါ ဘုရား) ဒါဖြင့် အခုကားနဲ့ ရွှေနဲ့ ကျောက်နဲ့ တိုက်နဲ့ တာနဲ့ ရွှေနဲ့ ငွေနဲ့ ပျော်နေတဲ့ ပုဂ္ဂိုလ်များဟာ ဒကာ ဒကာမတို့ ဘာပျော်ဆိုကြမလဲ (စုံလုံးကန်းပျော်ပါတယ် ဘုရား)။
မနာကြနဲ့၊ မသိလို့ ပျော်တာ (မှန်ပါ့) မသိလို့ သေသေချာချာ ပျော်တာ၊ မယုံရင် စဉ်းစားကြည့်တော့ ကိလေသ ဝဋ်ကြောင့် ကမ္မဝဋ်၊ ကမ္မဝဋ်ကြောင့် ဘာလာသတုံး (ဝိပါကဝဋ် လာပါတယ်ဘုရား)။
ဪ ဝိပါကဝဋ် သင့်နေတာကို ပျော်နိုင်တယ်ဆိုကတည်းက ဘာပျော်ဆိုကြမလဲ (စုံလုံးကန်းပျော်ပါ တယ် ဘုရား)။
ကြောက်စရာကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား) ဒီတရားမျိုးလည်း မနာရတော့ဘူးလို့ဆိုရင်ဖြင့် အားလုံး ဒကာ ဒကာမတွေ ဒီအထဲ ဘုန်းကြီးတို့ အရင်းအချာတွေ အကုန်ပါပြီး သကာလနေတော့ ကိုယ့်အကျိုးပေး ကလေးနဲ့ ကိုယ်နဲ့ကျတော့ ဘုန်းကြီးတို့များ အကြောင်းညီညွတ်လို့ တွေ့တဲ့အခါ တော်သေးရဲ့ဘုရားတဲ့၊ ဘာများ တော်နေတာတုံး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာများတော်နေတာတုံး
ဘာများတော်နေတာတုံး၊ ဝဋ်မကျွတ်သေးလို့ တော်နေတာလား (မှန်ပါ့ ဘုရား) ဒါပဲမေးဖို့ ရှိတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုတော်ကြတာတုံး (ဝဋ်မကျွတ်သေးလို့ တော်နေတာပါ ဘုရား) အမယ်လေး ဝဋ်မကျွတ်သေးတဲ့ ထောင်က မထွက်ရသေးတဲ့ ပုဂ္ဂိုလ်က တော်တော်သေးရဲ့ဆိုတော့ ဒကာကြွယ် ဘာဖြစ်တာတုံး၊ ဒါ-စုံလုံးကန်းသံ ထွက်လာတာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ် ဆိုကြမယ် (စုံလုံးကန်းသံ ထွက်လာတာပါ ဘုရား) အမယ်လေး ကြောက်စရာကြီးပါလား၊ ဒကာ ဒကာမတွေ (မှန်ပါ့ ဘုရား)။
စုံလုံးကန်းတွေကို ဘုန်းကြီးက တရားဟောနေတာများ တော်တော်ဆိုးဝါးတဲ့ ဘုန်းကြီးမို့ ဟောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သေသေချာချာ စဉ်းစားပါ ဒကာ ဒကာမတို့၊ ဒါကြီးဟာ ဘာဝဋ်တဲ့ (ဝိပါကဝဋ်ပါ ဘုရား) ဘယ်ကလာတာ တုံး (ကမ္မဝဋ်ကလာတာပါ ဘုရား) ဒီ-ကမ္မဝဋ်ကလည်း ဘယ်ကတုံး (ကိလေသဝဋ်ကပါ ဘုရား)။
ဪ ဒါကိလေသာဆိုတာ အဝိဇ္ဇာနော် (မှန်ပါ့) အဝိဇ္ဇာနဲ့ တဏှာပဲ ထားလိုက်ပါတော့ (မှန်ပါ့) အဝိဇ္ဇာ ဆိုတာ မသိတာ၊ မသိလို့ပြုချင်တာ (မှန်လှပါ ဘုရား)၊ ပြုချင်သလိုပြုလို့ ဖြစ်ချင်သလိုဖြစ်တာ (မှန်လှပါ ဘုရား)။
မသိလို့ ဘာတုံး (ပြုချင်သလို ပြုပါတယ်ဘုရား) ပြုချင်တာပြုလို့ (ဖြစ်ချင်တာ ဖြစ်ပါတယ်ဘုရား)။
ဖြစ်ချင်သလိုဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီး၊ ဘာမှအသုံးမကျတဲ့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးနဲ့ တော်သေးရဲ့ ဆိုတာ ဒကာကြွယ်တို့၊ ဘုန်းကြီးတို့၊ ဒကာ ဒကာမတွေက လျှောက်နိုင်တာများ ဪ မျက်စိနှစ်ကွင်း ဝမ်းထဲက အလင်းမရလို့ ပြောတာဟေ့ (မှန်လှပါ ဘုရား)။
ဘယ်လိုပြောကြမယ် (မျက်စိနှစ်ကွင်း ဝမ်းထဲက အလင်းမရလို့ပါ ဘုရား) ဒကာကြွယ် မပြုံးနဲ့ဦးနော် (မှန်ပါ့) မပြုံးနဲ့ဦး၊ ပြုံးရင်ရူးသွားမှာစိုးလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ကိုယ့်အဖြစ်ကလေးနဲ့ ကိုယ်ဖြင့် ဟိုအိမ်ကြည့်လိုက်၊ ဟိုအိမ်က အမိုးမရှိဘူး (မှန်ပါ့) ဒီ အိမ်ကတော့ အိမ်ကလေး မားမားမတ်မတ်နဲ့ တော်တော် ကြည့်ကောင်းတယ် သူတို့စာရင် ကျုပ်တော်သေးရဲ့ (မှန်ပါ့)။
ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျတော့ သူလည်း တိမ်နဲ့ ငါလည်း တိမ်နဲ့ မထူးဘဲနဲ့ အကန်း-အကန်းချင်းကြွား တာ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
အကန်း-အကန်းချင်း ကြွားနေတာ
ဘာချင်းကြွားနေတာတုံး (အကန်း-အကန်းချင်း ကြွားနေတာပါ ဘုရား)။
အကန်း အကန်းချင်းကြွားတော့ မြင်တဲ့ပုဂ္ဂိုလ်က ဖြစ်မှဖြစ်ရလေ၊ သူလည်း မမြင် ကိုယ်လည်း မမြင်ဘဲနဲ့ သူကပဲ ကန်းပါသေးတယ်လို့ ထင်ပြီးနေတော့ ဘုရား အရိယာတွေကတော့ အင်မတန် စက်ဆုပ်တယ် (မှန်လှပါ ဘုရား) ဒါ့ကြောင့် သူတို့မှာတော့ ဝိဇ္ဇာဥဒပါဒိဖြစ်အောင် လုပ်တော်မူကြတယ် (မှန်ပါ့)။
ဝိဇ္ဇာ = ဝိဇ္ဇာဉာဏ်သည် (ဝါ) ဉာဏ်မျက်စိသည်၊ ဥပဒါဒိ = ငါပေါ်အောင် လုပ်မကွဆိုပြီး ပေါ်အောင်လုပ်လို့ သူတို့မတော့ ဝိပါကဝဋ်ကြီး ကျွတ်ချင်တယ် (မှန်ပါ ဘုရား) ခင်ဗျားတို့ကတော့ အသက်မှရှည်ပါ့မလား (မှန်ပါ့) ထောင်သက်မှရှည်ပါ့မလား (မှန်လှပါ) ဖြစ်မှဖြစ်ရပလေ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ထောင်သက်မှ ရှည်ပါ့မလားဆိုတာ ခင်ဗျားတို့က ဘုန်းကြီးပြောတော့ ရိုင်းတယ်ထင်တယ် (မှန်ပါ့) ဦးလှဘူးတို့ က ဒီသား ဒီသမီးနဲ့ အိုအောင် မင်းအောင်မှ ပေါင်းရပါ့မလားတဲ့ (မှန်ပါ့ ဘုရား) ဟော သေသေချာချာ လာတယ် (လာပါတယ် ဘုရား)။
ဒီသား ဒီသမီးနဲ့ ဘာတဲ့ (အိုအောင်မင်းအောင်မှ ပေါင်းရပါ့မလားတဲ့) ဒါဖြင့် ထောင်သက်မှ ရှည်ပါ့မလား ဆိုတာနဲ့ ဘယ့်နှယ်နေသတုံး (အတူတူပါပဲ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သို့သော်လည်း ခင်ဗျားတို့ချင်းကျတော့ နှာခမ်းပဲ့ချင်း မီးမှုတ်နေတော့ အေး-မင့်ကံကလည်း မဆိုးလှပါဘူး ကွယ်၊ နေရကောင်းပါရဲ့၊ တစ်ယောက်က မီးထိုးပေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တစ်ယောက်ကလည်း ပြုံးများ နေလိုက်သေးတယ် (နေပါတယ် ဘုရား) ဒီပေးတဲ့ ဆုကလေး ပြည့်ပါစေ (မှန်လှပါ) အမယ်လေး ဝဋ်ရှည်လှချင်တယ် (မှန်ပါ့)။
ဒကာကြွယ်-ဒီလိုများ ပြောဖူးသေးလား (ပြောဖူးပါတယ် ဘုရား) ဖြစ်မှ ဖြစ်ရပလေ၊ အတော်ဆိုးတယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ-ပြန်ပြော ခင်ဗျားတို့က ဒါ ဘာဝဋ်တဲ့တုံး (ဝိပါကဝဋ်ပါ ဘုရား) ဒီဝဋ်ကြီးရှည်မှ ရှည်ပါ့မလားဆိုတာ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) ဒီဝဋ်ဟာ ဘယ်က လာတာတုံး (ကမ္မဝဋ်က လာပါတယ်ဘုရား)။
ကမ္မဝဋ်ဆိုတာလည်း ကောင်းမှ မကောင်းဘဲ (မကောင်းပါ ဘုရား) ကမ္မဝဋ် ဘယ်က လာသတုံး (ကိလေသဝဋ် က လာပါတယ်ဘုရား) ကိလေသာဝဋ် ကြည့်လိုက်တော့ အဝိဇ္ဇာ (မှန်ပါ့ အဝိဇ္ဇာပါဘုရား)။
ဖြစ်ချင်သလို ဖြစ်တာ
ဒါဖြင့် စုံလုံးကန်း ပြုချင်သလို ပြုလို့ဒီဘက်ကဘာတုံး (ဖြစ်ချင်သလို ဖြစ်တာပါ ဘုရား) အဲဒီအထဲ ပျော်တာ ဒကာကြွယ်တို့ ပျော်တာက (မှန်ပါ့)။
စုံလုံးကန်း ပြုချင်သလိုပြုပြီး ဖြစ်ချင်သလိုဖြစ်တာကို (ဒီအထဲပျော်ပါတယ် ဘုရား) ပျော်တယ်ဆိုတော့ ဒီအထဲ ကနေပြီးသကာလ ဖဲထီးတစ်ခုလုံးမှာ ထုံးစက်ကလေးကျတာကို ထုံးစက်ကလေးကျတော့ ကွက်ကျားကလေးတော့ ဖြူရောင် လာမှာပေါ့ဗျာ (လာမှာပါ ဘုရား) ကျုပ်က ဒီအဖြူသာတယ် ပြောတာ (မှန်ပါ့ ဘုရား)။
ထီး တစ်စင်းလုံးတော့ အကုန်မဲနေတာ (မှန်ပါ့) စိန်ကလေး, ရွှေကလေး, မြကလေး, ကားကလေးနဲ့ နေရတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ထီးတစ်ခုလုံးကတော့ ဘယ့်နှယ်နေသလဲ (မည်းနေပါတယ် ဘုရား) ထုံးစက်ကလေးက (ဖြူပါတယ် ဘုရား) ထုံးစက်ကလေးကတော့ ဖြူနေတယ် (မှန်ပါ့) အဲဒီ အဖြူကလေး သာယာနေတယ် (မှန်လှပါ) အမယ်လေး အမည်းနဲ့ အဖြူ ဘယ်သူများသတုံး (အမည်းကများပါတယ် ဘုရား) သို့သော် တော်သေးရဲ့ဆိုတာ ဒီအဖြူကလေး သူကြည့်ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
အမယ်လေး ဒကာ ဒကာမတွေ ခင်ဗျားတို့ မပျော်စေချင်လို့ ပြောတာမဟုတ်ပါဘူး၊ ပျော်စရာမဟုတ်ဘဲ ပျော်နေလို့ စုံလုံးကန်းပျော်မို့ ဒကာ ဒကာမတွေ ဆုံးမနေရပါတယ် (မှန်လှပါ) သဘောပါကြပလား (ပါပါပြီဘုရား)။
ဘာပျော်တဲ့ဗျာ (စုံလုံးကန်းပျော်ပါ ဘုရား) အဲဒီကရှေ့ပြင်ကြပါဦး၊ ဆင်ကြပါဦးဆိုတာ ဝိပဿနာဉာဏ်နဲ့မှပဲ ပြင်လို့ ဆင်လို့ရမယ် (မှန်ပါ့) တခြားနည်းနဲ့တော့ ရကို, မရဘူး (မရပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဖြစ်စဉ်ကလေးတော့ ဆုံးအောင်တော့ ပြောပါရစေဦး ဒကာကြွယ် မရှက်နဲ့နော် (မှန်လှပါ) ဘာပြုလို့တုံးဆိုတော့ မွေးကတည်းက ကန်းလာတဲ့လူဟာ ဆီစွတ်တဲ့ အမြဲတမ်း အမည်းကွက် တွေနဲ့နေတဲ့ အဝတ်ကို ဘောင်းဘီလည်း ဝတ်, အင်္ကျီလည်း ဝတ်၊ ဒီထဲကနေပြီး ကျုပ်နဲ့ ဒီအဝတ်နဲ့ မလိုက်ဘူးလား၊ ကျုပ်ဟာ တော်တော်ကျက်သရေရှိတဲ့ပုဂ္ဂိုလ်ထဲပဲလို့ ထင်ပြီးသကာလ နေတာဟာ ဒကာကြွယ်ရေ ကျုပ်တို့ ဝိဇ္ဇာ မျက်လုံး မရှိသေးတော့ ဒီအတိုင်းဖြစ်နေတယ် (မှန်လှပါ)။
ဝိဇ္ဇာမျက်လုံးက (မရှိသေးပါ ဘုရား) ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
ကောင်းပြီ-ဒါဖြင့် ဝိပါကဝဋ်ကို ဘယ်သူက ဖြစ်စေသတုံး (ကမ္မဝဋ်က ဖြစ်စေပါတယ်ဘုရား) ကမ္မဝဋ်က ဘယ်သူကဖြစ်စေသတုံး (ကိလေသဝဋ်က ဖြစ်စေပါတယ်ဘုရား)။
ပဋိစ္စသမုပ္ပါဒ်နဲ့ သွင်းကြစို့
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ သွင်းကြစို့ဆိုတော့ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဘယ်အထဲ သွင်းရမလဲ (ပဋိစ္စ သမုပ္ပါဒ်ထဲ သွင်းရပါမယ်ဘုရား)။
ကဲ ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဟော- ခန္ဓာငါးပါး ဝိညာဏ်ကြီး ပေါ်လာပြီ (မှန်ပါ့)။
ကိုင်း- ဒကာကြွယ်တို့က ကိုယ့်အဖြစ်တော်လေရော့လားဆိုတာ ဒီက ပဋိစ္စသမုပ္ပါဒ် ဆက်ကြည့်တော့မှ ဆိုးဝါး လာတယ် (ဆိုးဝါးပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။
ဟော- ခန္ဓာငါးပါး ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဝိညာဏ်ဆိုတာ စိတ်ဝိညာဏ်နဲ့ သဟဇာတ ဖြစ်တဲ့ နာမ်ရုပ်တွေပါ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့သည်ကားလို့ဆိုရင် ဘယ်ကများ လာပါလိမ့်မတုံးဆိုတာ ရှင်းပလား (ရှင်းပါ ပြီ ဘုရား) အဝိဇ္ဇာကြောင့် (သင်္ခါရဖြစ်ပါတယ်) သင်္ခါရကြောင့် (ဝိညာဏ်ဖြစ်ပါတယ် ဘုရား)။
ကောင်းပြီ- ဒါဖြင့် အခု ဒကာ ဒကာမတို့ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးကြီးနဲ့ မနေကြဘူးလား (နေကြပါတယ် ဘုရား) ဒီအထဲကျလာတော့ ခင်ဗျားတို့က ဘာတွေများ အညွန့်ပေါက်လာသတုံး မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ကိုင်း- ဒီဘဝမှာ ဒို့သားနဲ့, သမီးနဲ့, ရွှေနဲ့, ငွေနဲ့, စိန်နဲ့, ကျောက်နဲ့, မြနဲ့ နေရတယ်ကွာ၊ ဒီခန္ဓာကြီး အရတော် တယ် (မှန်ပါ့) အရတော်တယ်လို့ ထင်တာက အဝိဇ္ဇာ (မှန်ပါ့-အဝိဇ္ဇာပါ ဘုရား)။
အရတော်တယ် ထင်တာက (အဝိဇ္ဇာပါ ဘုရား) ဒီခန္ဓာထဲက အဝိဇ္ဇာပေါက်ပွားလာတယ် (မှန်ပါ့)။
ဒီခန္ဓာထဲက (အဝိဇ္ဇာပေါက်ပွားလာပါတယ် ဘုရား) ဒါဖြင့်ကွာ ဒီဘဝဒါလောက်တွင် ချမ်းသာတော့ ဒီ့ထက် ချမ်းသာအောင် ဒို့သည်ကားလို့ဆိုရင် ဒါနကံ-သီလကံတွေ ဝဋ္ဋကံတွေ လုပ်ကြဦးစို့ဆိုတော့ ဘာတွေပေါက်ပွားလာသတုံး (ကမ္မဝဋ်ပါ ဘုရား) ဒီဟာကြီး အရတော်တယ်ဆိုကတည်းက ဒီ ကိလေသဝဋ်ကြောင့် အရတော်တယ်ပြောတာ (မှန်ပါ့ ဘုရား)။
ကိလေသဝဋ်ကြောင့် ဒို့ ဒီဘဝလည်း လှူကြ ပေးကြ ကမ်းကြဦးစို့ဟေ့၊ နောက်ဘဝ ဒီ့ထက်ချမ်းသာအောင် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဝဋ္ဋဖြစ်တဲ့ ဒါနကံ သီလကံတွေကို မလုပ်ပေဘူးလား (လုပ်ပါ တယ် ဘုရား) လုပ်တော့ သိလို့ လုပ်တာလား-မသိလို့လုပ်တာလား (မသိလို့လုပ်တာပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) အင်း ဒီအဝိဇ္ဇာပစ္စယာ သင်္ခါရာ ဝိပါကဝဋ်ထဲက အညွန့် ပေါ်လာတာ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။
ဘယ်ထဲက အညွန့်ပေါက်သတုံး
ဘယ်ထဲက အညွန့်ပေါက်သတုံး (ဝိပါကဝဋ်ထဲက အညွန့်ပေါက်ပါတယ် ဘုရား) ဪ- အရင်ဝဋ်မှမကျွတ်ခင် နောက်ဝဋ်သင့်ဖို့ အညွန့်တွေ ပေါက်တာများ ဒကာကြွယ်ရေ ကိုယ်ကျိုးဖြင့် လှလှကြီးနည်းပြီ (မှန်ပါ့ ဘုရား) သေသေ ချာချာနည်းပြီ (နည်းပါပြီ ဘုရား)။
ကြည့်စမ်း၊ ဒကာ ဒကာမတွေ ယခုဘယ်အထဲမှာ နေရသတုံး (ဝိပါကဝဋ်ထဲမှာပါ ဘုရား) ဝိပါကဝဋ်ထဲ နေရင်း မတ္တနဲ့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့က တော်သေးတယ်၊ ကျုပ်တို့ ဒီအခြေအနေကလေး နေနိုင်တာ တော်သေးရဲ့၊ ဒီခန္ဓာကြီး ကျွေးမွေးပြီးသကာလ သူများလက်အောက်များ မျက်စိမျက်နှာ အောက်မကျဘဲနဲ့ စားရတော့ အရတော်ရဲ့ (မှန်လှပါ ဘုရား)။
အရတော်သေးရဲ့ဆိုတော့ ဒုက္ခသစ္စာသိလို့ပြောတာလား-မသိလို့ ပြောတာလား (မသိလို့ ပြောတာပါဘုရား) ဒါဖြင့် ဒီခန္ဓာကြီးထဲက အဝိဇ္ဇာ ပေါက်ပွားတယ် (ပေါက်ပွားပါတယ် ဘုရား) မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။
ဒီခန္ဓာကြီးထဲက ဘာပေါက်ပွားလာသတုံး (အဝိဇ္ဇာပေါက်ပွားလာပါတယ် ဘုရား)။
အဝိဇ္ဇာပေါက်ပွားတော့ ခင်ဗျားတို့ သားနဲ့ အမိဖြစ်စေ၊ လင်နဲ့ မယားဖြစ်စေကြည့်ပါ၊ ကြည့်ကြတာနဲ့ အိမ်မှာ (မှန်ပါ့) ဒို့ဒီဘဝရ,ထားတာကွာ မင်းနဲ့လည်း အကြောင်းသင့်တယ်၊ ဒို့-သားသမီးကလေးတွေက လိမ်လိမ်မာမာနဲ့ အရောင်းအဝယ် ကလေးတွေကလည်း အင်း- အားလုံးပဲ ချက်ချက်ချာချာ ကလေးတွေနဲ့ တော်သေးရဲ့ကွ၊ ဒါနဲ့တော် လို့ တင်းတိမ်လို့ မတော်ဘူး၊ ဒီ့ထက်သာအောင် ကြိုးစားကြဦးစို့ဆိုပြီး ဒါနကံ, သီလကံတွေ ဝဋ်တောင့်တပြီး လုပ်ပြန် တယ် (မှန်ပါ့ ဘုရား) ဘာဝဋ်တွေပေါ်လာတုံး (ကမ္မဝဋ်တွေ ပေါ်လာပါတယ် ဘုရား)။
ဒီကမ္မဝဋ်အလိုလိုပေါ်တာလား၊ ဒီခန္ဓာကြီးကို အရတော်တယ်ထင်တဲ့ အမြင်တဲ့ အဝိဇ္ဇာနဲ့လာတာလား (မမြင် တဲ့ အဝိဇ္ဇာနဲ့ လာတာပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ဪ ခက်ပြီ ခက်ပြီ၊ နဂိုရ်ကလည်း အဝိဇ္ဇာပစ္စယာ သင်္ခါ ရာကြောင့် ခန္ဓာကြီးရပြန်တယ် (ရပါတယ် ဘုရား) ဒီခန္ဓာကြီးက အခု ဘာတွေ ပေါက်ပွားပြန်သတုံး (အဝိဇ္ဇာပေါက်ပွား ပါတယ် ဘုရား) ဟာ- သွားပြီ ဒကာကြွယ် (မှန်ပါ့) သွားပြီ၊ မလှည့်သေးဘူးလား (လှည့်ပါပြီ ဘုရား)။
ကဲ လှည့်ကြပါစို့ ဒကာ ဒကာမတို့ ရှင်းအောင် အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရကြောင့် ဘာဖြစ်သတုံး၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒီ ခန္ဓာငါးပါးထဲက ပေါက်ပွားလာတာက ဘာတွေ ပေါက်ပွားလာသတုံး (အဝိဇ္ဇာ ပေါက်ပွားလာပါတယ် ဘုရား) အဝိဇ္ဇာပေါက်ပွားလာတော့ သူဘာတွေ လုပ်ပြန်သတုံး သင်္ခါရတွေ လုပ်ပြန်တယ် (မှန်ပါ့)။
သင်္ခါရလုပ်ပြန်တော့ သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ အနာဂတ်ခန္ဓာကြီး မပေါက်ပွားဘူးလား (ပေါက်ပွားပါ တယ် ဘုရား) သဘောပါပလား (ပါပါပြီ)။
ဒီအဝိဇ္ဇာသင်္ခါရကို ချုပ်အောင် မလုပ်နိုင်လို့ရှိရင်
ဒါဖြင့် အနာဂတ်ခန္ဓာထဲမှာလည်း ဒီအဝိဇ္ဇာသင်္ခါရကို ချုပ်အောင် မလုပ်နိုင်လို့ရှိရင် အဝိဇ္ဇာမလာပေဘူးလား (လာပါတယ် ဘုရား) လာရင် သင်္ခါရလာမယ် (မှန်ပါ့) သင်္ခါရ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
အဝိဇ္ဇာမချုပ်ရင် သင်္ခါရလာမယ် (မှန်ပါ့) သင်္ခါရလာလို့ရှိရင် ဒီခန္ဓာငါးပါး နောက်ထပ်ပေါ်မပေါ် (ပေါ်ပါတယ် ဘုရား) ပေါ်ရင် ဒါတွေ ပေါက်ပွား-မပေါက်ပွား (ပေါက်ပွားပါတယ် ဘုရား) ဆရာသာမတွေ့ရင် ပေါက်ပွားရမယ် (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့သွားကြစို့ ဒကာ ဒကာမတို့ ကိလေသဝဋ်ကြောင့် (ကမ္မဝဋ်လာပါတယ် ဘုရား) ကမ္မဝဋ် ကြောင့် (ဝိပါကဝဋ် လာပါတယ်ဘုရား) ဝိပါကဝဋ်ကြောင့် ကိလေသဝဋ် ပေါက်ပွားတယ် (မှန်ပါ့) ကိလေသဝဋ် ပေါက်ပွားလို့ ဘာလုပ်ပြန်သတုံး (ကမ္မဝဋ်တွေ လုပ်ပါတယ် ဘုရား) ကမ္မဝဋ်ကြောင့် ဘာဖြစ်ပြန်သတုံး (ဝိပါကဝဋ် ဖြစ်ပါတယ် ဘုရား)။
ဝိပါကဝဋ်ထဲက ဘာတွေပေါက်ပွားပြန်သတုံး (ကိလေသဝဋ် ပေါက်ပွားပါတယ်ဘုရား) ကိလေသဝဋ်ကြောင့် ဘာဖြစ်ပြန်သတုံး (ကမ္မဝဋ် ဖြစ်ပါတယ်ဘုရား) ကမ္မဝဋ်ကြောင့် ဘာဖြစ်ပြန်သတုံး (ဝိပါကဝဋ်ဖြစ်ပါတယ် ဘုရား) ဝိပါကဝဋ်ထဲက ဘာတွေပေါက်ပွားပြန်သတုံး (ကိလေသဝဋ် ပေါက်ပွားပါတယ် ဘုရား) ကိလေသဝဋ်ကြောင့် ဘာတွေ ဖြစ်ပြန်သတုံး (ကမ္မဝဋ်ဖြစ်ပါတယ် ဘုရား) ဝဋ်လည်တာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဘာဖြစ်ကြတာတုံး (ဝဋ်လည်တာပါ ဘုရား)။
ဒကာကြွယ်တို့သိတဲ့ ဝဋ်လည်, ဦးလှဘူးတို့သိတဲ့ ဝဋ်လည်က ဟိုခွေးက ခွေးတစ်ကောင်ကို အတင်းလိုက်တော့ နောက်လူတစ်ယောက်ကနေပြီး ကိုက်တဲ့ခွေးရိုက်တော့ ဝဋ်လည်တာပဲ (မှန်လှပါ) ဒီလိုမှတ်နေတာကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ဝဋ်လည်တာ မဟုတ်ပါဘူး တဲ့ ခွေးထက်မိုက်လို့ ခွေးရိုက်တာပါ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
စင်စစ်က ခင်ဗျားတို့ ဝဋ်လည်တာ ကိုယ့်အိမ်တွင် အိမ်ပေါ်တွင် တိုင်ပင်ပြီးလည်နေတာ (မှန်လှပါ) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
လင်နဲ့ မယားနဲ့ အရောင်းအဝယ်ကလေးတွေက ပြန်လာပြီး ကုလားထိုင်ကလေးတွေပေါ် သူကထိုင် ကိုယ်က ထိုင်ပြီး လေညှင်းကလေးခံပြီး ထမင်းစားပြီး လက်ဖက်ရည်ကလေး အလယ်ကထားပြီးသကာလ တိုင်ပင်နှီးနှောနေတာ မှ ဘာထင်သတုံး ဒကာကြွယ် (ဝဋ်လည်တာပါ ဘုရား)။
လည်လက်စသတ်ပလား
လည်ပြီးသားက ဘာလုပ်ဖို့တုံး လည်ဖို့ရာ စီစဉ်တယ် (မှန်ပါ့) လည်လက်စသတ်ပလား (မသတ်သေပါ ဘုရား) မသတ်သေးခင် လက်ဖက်ရည်ဝိုင်းမှာ စီမံတာက ဘာတုံး (လည်ဖို့ရာပါ ဘုရား) လည်ဖို့စီမံတယ် (မှန်လှပါ ဘုရား)။
ဪ အခုလည်း ဝဋ်မကျွတ်သေးဘူး (မှန်ပါ့) ရှေ့ကိုလည်း ဆက်လက်ပြီးသကာလ ဝဋ်လည်ရအောင် ဒို့-ဘယ်လိုစဉ်းစားမတုံး (မှန်လှပါ)။
အမယ်လေး ဒကာ ဒကာမတွေ ဒါကိုပဲ ဘေးကနေပြီး ကြည့်နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒကာကြွယ် ရေ သူများက ပြောကြတယ် (မှန်ပါ့) သူတို့ အကြင်လင်မယား သားသမီးတွေများ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလိုက်တာ၊ သူ့လိုဖြစ်ချင်လိုက်တာ-တဲ့ (မှန်လှပါ ဘုရား) သွားပြီ-သွားပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
အင်း သူတို့အိမ် ကြည့်ရတာ စိတ်ချမ်းသာလိုက်တာတဲ့ (မှန်ပါ့) တစ်ယောက်က အဆိုသွင်းလိုက် တစ် ယောက်က ထောက်ခံလိုက်နဲ့ ဒီလို တစ်ယောက်နဲ့တစ်ယောက် ပြုံးတာနဲ့ပဲ အချိန်ကုန်ပြီး နေကြတော့တယ်၊ ကံတူအကျိုး ပေးကြတယ် (မှန်ပါ့ ဘုရား) ဒို့အိမ်များ ကြည့်လိုက်လို့ရှိရင် တစ်ခွန်းပြောရင် နှစ်ခွန်းက ဆဲသံပါလာတယ် (မှန်ပါ့)။
ခင်ဗျားတို့က ဒီလိုဖြစ်ပြီးသကာလနေတော့ ဟိုမှာ ဝဋ်လည်နေတာကို ခင်ဗျားတို့က တယ်ပြုံးတာကို (မှန်ပါ့) ဝဋ်လည်နေတာကို (ပြုံးပါတယ်) ဘာဖြစ်လို့တုံး (မသိလို့ပါ ဘုရား)။
မသိလို့ပြုံးတယ်၊ မမြင်လို့ပြုံးတယ် (မှန်ပါ့) ဒါဖြင့် စုံလုံးကန်းပြုံး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာပြုံး ပါလိမ့် (စုံလုံးကန်းပြုံးပါတယ် ဘုရား)။
ဒကာကြွယ် ကိုယ်ကျိုးနည်းပြီ (နည်းပါပြီ) ခင်ဗျားတို့ တိုင်ပင်တော့ ဥပမာ- ယောကျ်ားက အသိဉာဏ်နည်းနည်း ရှိတယ်၊ မိန်းမက အသိဉာဏ်နည်းတယ်ဆိုတော့ သူတို့နဲ့မတိုင်ပင်လည်း ဒကာသစ် ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
မဖြစ်တော့ သူတို့က အင်း အဲ လိုက်လိုက်တဲ့အခါကျလို့ရှိရင် ကိုယ်ကလည်း မသိတဲ့ပုဂ္ဂိုလ် သူတို့ကလည်း မသိတာတိုင်ပင်တော့ လုပ်လေဆိုပြန်တော့ မသိတာက အဝိဇ္ဇာ၊ လုပ်လေဆိုတာက သင်္ခါရ (မှန်ပါ့) ရိပ်မိလား (ရိပ်မိပါပြီ) ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် မသိတာကဘာတုံး (အဝိဇ္ဇာပါ) ပြုတာက (သင်္ခါရပါ) ရတာက (ဝိညာဏ်ပါ) ခန္ဓာငါးပါး (မှန်ပါ့) ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဝိဇ္ဇာပေါက်ပွားလာတော့ ဘာတွေ လုပ်
ဒီ ခန္ဓာ ငါးပါးကြီးက ဘာပေါက်ပွားလာသတုံး (အဝိဇ္ဇာပေါက်ပွားလာပါတယ်) အဝိဇ္ဇာပေါက်ပွားလာတော့ ဘာတွေ လုပ်ပြန်ပါလိမ့် (သင်္ခါရတွေ လုပ်ပါတယ်) သင်္ခါရတွေ လုပ်ထားတော့ ဘာတွေပေါက်ပွားလာပြန်သလဲ (ခန္ဓာငါးပါး) ခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ပေါက်ပွားမလာဘူးလား (ပေါက်ပွားလာပါတယ် ဘုရား)။
ဒီဒုက္ခသစ္စာထဲက ဘာတွေများ အညွန့်အညှောက်ထွက်ပြန်ပါလိမ့် (အဝိဇ္ဇာပါ) အဝိဇ္ဇာ အညွန့်အညှောက် မထွက်ဘူးလား (ထွက်ပါတယ်) အဝိဇ္ဇာအညွန့်က ဘာတွေများ အခက်အလက်တွေ ဖြာပါလိမ့် (သင်္ခါရဖြာပါတယ်) သင်္ခါရတွေဖြာတော့ ဘာအသီးတွေများ သီးလာပါလိမ့် (ခန္ဓာငါးပါးပါ) ခန္ဓာငါးပါး ဒုက္ခသစ္စာသီးတွေ မလာဘူးလား (လာပါတယ် ဘုရား)။
အဲ- ဒီအသီးတွေက တစ်ခါမျိုးစေ့ကျပြန်တော့ အဝိဇ္ဇာပဲလာတယ် (မှန်ပါ့) အဝိဇ္ဇာကြောင့် ဘာဖြစ်ပြန်သလဲ (သင်္ခါရ ဖြစ်ပါတယ်) သင်္ခါရကြောင့် ဘာဖြစ်ပြန်သလဲ (ခန္ဓာငါးပါးပါ ဘုရား) ဝိညာဏ်ခန္ဓာငါးပါး မလာဘူးလား (လာပါတယ် ဘုရား)။
ကိုင်း- ဒကာကြွယ် ထွက်ပေါက်ပါသေးရဲ့လား (မပါပါ ဘုရား) ပေါ်ပြီ (ပေါ်ပါပြီ) ဒကာ ဒကာမတို့ ခန္ဓာငါးပါး မှာ ထွက်ပေါက် ပါသေးရဲ့လား (မပါပါ ဘုရား)။
ဒါဖြင့် ယနေ့ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်းပဲ ဆရာဘုန်းကြီးက ခင်ဗျားတို့ကဖြင့် ပြုံးနေတာပဲ (မှန်ပါ့ ဘုရား)။
ဘုန်းကြီးတို့လို ဒကာ ဒကာမတွေအပေါ်မှာ ကရုဏာရှိတဲ့ ဆရာသမားတွေက ဖြစ်စေ၊ အရိယာပုဂ္ဂိုလ်တွေ က ဖြစ်စေ ဪ- သူတို့ပြုံးတာ ဝဋ်ကျွတ်လို့ ပြုံးတာလား၊ လည်ရင်းပြုံးနေတာလား (လည်ရင်း ပြုံးနေတာပါ ဘုရား)။
ဒါဖြင့် ဆီဆုံလှည့်တဲ့ နွားဟာ ဒကာကြွယ်ရေ တခြားနွားမြင်တဲ့အခါ သူက တွန်သကိုဗျ (မှန်ပါ့) သူက ဘယ်အချိန် တွန်တာပါလိမ့် (ဆီဆုံလှည့်ရင်း တွန်တာပါ) လှည့်ရင်း တွန်တာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝဋ်ကျွတ်လို့ ဆီဆုံမှနွား ချွတ်လွှတ်လိုက်လို့ တွန်တာလား (လည်ရင်း တွန်တာပါ ဘုရား)။
ဪ- ခင်ဗျားတို့လည်း ပျော်ကြ ရွှင်ကြတာသည် ဒကာကြွယ်ရေ ဘယ်အချိန်ပါလိမ့် (လည်ရင်းပါ) ဒါဖြင့် နွားတွန်တွန်တာလား (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ပြုံးတာ မဲ့တာတွေ ဒကာ ဒကာမတို့ ဒီအထဲပဲ ဆီဆုံလှည့်ရင်းဆိုတဲ့ အဓိပ္ပာယ်ကို ဝဋ်လည်ရင်း ပြုံးနေတယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘာပြုံးကြတာတုံး (ဝဋ်လည်ရင်း ပြုံးတာပါဘုရား)။
အဲ-ဒါဖြင့် ဒကာ ဒကာမတို့ နာရီကလည်းနည်းတော့ ဝဋ်ဖြတ်ရလိမ့်မယ် (မှန်ပါ့) ဝဋ်ဖြတ်ကြစို့နော် (မှန်ပါ့ ဘုရား)။
ဝဋ်ဖြတ်ရမယ်ဆိုတော့ ဒကာ ဒကာမတွေ စိုက်ပြမယ်၊ အခုနင်ကတော့ အဝိုင်းလည်ပြတယ် (မှန်ပါ့ ဘုရား)။
သစ်ပင်၏ ရေသောက်မြစ်
အဝိဇ္ဇာ တဏှာတည်းဟူသော သစ်ပင်၏ ရေသောက်မြစ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သင်္ခါရဆိုတဲ့ သစ်ပင်၏ ခါးပိုင်း (မှန်ပါ့) ဝိညာဏ်ဆိုတဲ့ အကိုင်း အခက် အသီး အပွင့် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအထဲမှာပါတဲ့ အသီး, အပွင့်တွေမအောင်အောင် မျိုးစေ့ဆုံးသွားအောင် ကျုပ်တို့ ဘယ်လိုစီမံမလဲလို့ မေးလိုက်တော့ ဒီအမြစ်ကို တူးပစ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဝိဇ္ဇာ တဏှာတည်းဟူသော အမြစ်ကို တူးပစ်လိုက်လို့ရှိရင်ဖြင့် ဒီအပင် ဒီအသီး သန်ပါဦးမလား (မသန်ပါ) မသန်တဲ့ အပင်သည်ကားလို့ဆိုရင် အသီးအပွင့်တွေ ပွင့်နိုင်ပါ့မလား (မပွင့်နိုင်ပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ရေ အခုသစ်ပင် စိုက်ပြလိုက်တော့ ကိလေသဝဋ်ဖြုတ်ရင် ကမ္မဝဋ်ပြုတ်တယ် (မှန်ပါ့) ကမ္မဝဋ်ဖြုတ်ရင် (ဝိပါကဝဋ် ပြုတ်ပါတယ်) ဝိပါကဝဋ်ပြုတ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဘာဝဋ်ဖြတ်ကြမယ် (ကိလေသဝဋ်ဖြတ်ရပါမယ်) တစ်ပွဲလုံး မှတ်ပါ၊ ဒကာ ဒကာမတို့ ဒါ-ဝိပဿနာ စ,တော့မလို့ (မှန်ပါ့ ဘုရား)။
ဘာဝဋ်ဖြတ်မယ် (ကိလေသဝဋ် ဖြတ်ရပါမယ်) ကိလေသဝဋ်ဖြတ်ရင် ကမ္မဝဋ်ပါ (ပြတ်ပါတယ်) ကမ္မဝဋ် ပင်လုံးကြီးဟာ ရှီပါဦးမလား (မရှိပါ) ကမ္မဝဋ်ပင်လုံးကြီးမှ မရှိခဲ့သည်ရှိသော် ဝိပါကဝဋ်ဆိုတဲ့ ဒကာ ဒကာမတို့ အသီး အပွင့်တွေဟာ ဖြာနိုင်သေးရဲ့လား (မဖြာနိုင်တော့ပါ) နောက်ထပ် ပေါက်နိုင်သေးရဲ့လား (မပေါက်နိုင်ပါ) ဘာ့ကြောင့်တုံး ရေသောက်မြစ်မရှိတဲ့ သစ်ပင်က အသီး-မသီးနိုင်ဘူး (မသီးနိုင်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ရေသောက်မြစ်မရှိတဲ့ သစ်ပင်က (အသီး မသီးနိုင်ပါ) ဒါဖြင့် ရေသောက်မြစ်ဖြတ်တဲ့တရားကို ဟောကြား ကြစို့ (မှန်ပါ့) ဒါဖြင့် အဝိဇ္ဇာ တဏှာ သတ်မယ် (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာ တဏှာသတ်ကြပါမယ်
ဒကာ ဒကာမတို့ ဘာသတ်ကြမယ် (အဝိဇ္ဇာ တဏှာသတ်ကြပါမယ် ဘုရား) အဝိဇ္ဇာ တဏှာဆိုတာ ဘာဝဋ်ပါ လိမ့် (ကိလေသဝဋ်ပါ) ဪ- ကိလေသဝဋ်ဖြတ်ရင် ကမ္မဝဋ်က အလိုလိုပြတ်တယ် (မှန်ပါ့) ကမ္မဝဋ်ပြတ်ရင် ဝိပါက ဝဋ်လာဦးမလား (မလာပါ) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား လာဦးမလား (မလာပါ ဘုရား)။
ကိုင်း- ဒါဖြင့် ဒါလောက်ဆိုရင် ဒကာ ဒကာမတို့ အရေလည်ပြီ ဖြစ်လေသောကြောင့် ကိလေသဝဋ် ဖြတ်တော့ မယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာဖြတ်မလဲ (ကိလေသဝဋ် ဖြတ်ပါမယ်ဘုရား) ဦးဘအုန်းတို့ ကျေနပ်ပလား (ကျေနပ်ပါ ပြီ ဘုရား)။
ကိလေသဝဋ်ဆိုတာက ဒကာ ဒကာမတို့ မသိတာနဲ့လိုချင်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) မသိတာနဲ့၊ လိုချင် တာပါ၊ မသိတာက အဝိဇ္ဇာ၊ လိုချင်တာက တဏှာ (မှန်ပါ့ ဘုရား)။
မသိတာက (အဝိဇ္ဇာပါ) လိုချင်တာက (တဏှာပါ) ဪ- ဒါ ကိလေသဝဋ်ခေါ်တယ် (မှန်ပါ့ ဘုရား)။
ကိလေသဝဋ်ဆိုတာ ဘာပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာပါ) မသိတာနဲ့ လိုချင်တာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (မသိတာနဲ့ လိုချင်တာပါ) မသိတာက ဘာပါလိမ့် (အဝိဇ္ဇာပါ) လိုချင် တာက (တဏှာပါ ဘုရား)။
အဲ- ဒီနှစ်ခု ဖြတ်လိုက်လို့ရှိရင်ဖြင့် ဒို့ဝဋ်ကျွတ်ပြီ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ဒါဖြင့် ဒီနှစ်ခုဟာ အရေးအကြီးဆုံးပဲ (မှန်ပါ့ ဘုရား)။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ၄၅-ဝါ ကာလပတ်လုံး ဟောတဲ့တရားမှာဖြင့် အဝိဇ္ဇာ တဏှာပြတ် သာရှိတယ် (မှန်ပါ့) ဒီ့ပြင်ဟာ ဘာမှမရှိဘူး (မှန်ပါ့)။
နို့- အရှင်ဘုရား တပည့်တော်တို့ ကြားဖူးတာကတော့ ကိုယ်တော်ကြီးက အနိစ္စ, ဒုက္ခ, အနတ္တတွေ ဟောတယ် လို့ ကြားဖူးတယ်၊ အရှင်ဘုရားကတော့ဖြင့် အဝိဇ္ဇာနဲ့ တဏှာပြတ်ကို ဟောတယ်လို့ ဆိုတော့ ဒကာ ဒကာမတို့ အနိစ္စ, ဒုက္ခ, အနတ္တမြင်လို့ အဝိဇ္ဇာတဏှာပြတ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ ဒကာ ဒကာမတို့ ဝိပဿနာ ရှုရမယ် (မှန်ပါ့ ဘုရား) ဝိပဿနာရှုရမယ်ဆို တော့ ဒကာ ဒကာမတို့သည် တစ်ခါတလေမှ လာနာတဲ့ ပုဂ္ဂိုလ်လည်း ဝိပဿနာအကွက်ကျတော့ ဘုန်းကြီးများလည်း အင်မတန်ပြချင်ပါတယ် (မှန်ပါ့ ဘုရား) အိမ်ရောက်လည်း ရှုတတ်အောင် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ပါးစပ်က ကျဉ်းတယ်
သို့သော်လည်းတဲ့ တရားဓမ္မတွေက ဘုန်းကြီးကပေးနိုင်ငြားသော်လည်း ခင်ဗျားတို့ ပါးစပ်က ကျဉ်းတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဘုန်းကြီးက ပေးနိုင်တယ် (မှန်ပါ့) ကလေး ငယ်ငယ်ကလေး ထမင်းလုပ်ကြီးကြီးခွံ့ရင် သေရုံပဲရှိမယ် (မှန်လှပါ ဘုရား) ဒါ့ကြောင့် ထိုက်တန်သလောက်ပဲ ပေးရတယ်ဆိုတာ အောက်မေ့ကြပါနော် (မှန်ပါ့)။
ထိုက်တန်သလောက် (ပေးရပါတယ် ဘုရား) ကောင်းပြီတဲ့ ဘာ့ကြောင့် ထိုက်တန်သလောက်ပေးရပါသတုံး မသထာလို့လား ဘုရား-လို့ မမေးပါနဲ့ (မှန်ပါ့) ကလေးအသေစောသွားမှာစိုးလို့ (မှန်လှပါ) သူ့ပါးစပ်က ကျဉ်းကျဉ်း, ထမင်းလုပ်က ကြီးကြီးဆိုတော့ သည်းပြီးသေမှာပဲ (သေမှာပါ ဘုရား) ချောင်းဆိုးပြီး (သေမှာပါ ဘုရား)။
အဲဒါကြောင့် မသထာလို့ မဟုတ်ပါဘူး၊ ခင်ဗျားတို့ မမျိုနိုင်လို့ အကုန်မပေးနိုင်တာပါ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မမျိုနိုင်လို့ (မပေးတာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ- ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာ သတ်ပါတော့မယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ချမ်းသာတာကလေး ဘယ်မှာလဲ ချမ်းသာချမ်းသာ၊ ယပ်ကလေးခတ် လို့ ချမ်းသာ ချမ်းသာ-နော် (မှန်ပါ့) နေကလေးပူလို့ ဆင်းရဲ ဆင်းရဲ (မှန်ပါ့) မျက်လုံး, နား, နှာခေါင်း, လျှာကသိလို့ ဥပေက္ခာပဲဖြစ်ဖြစ် (မှန်ပါ့) ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ချမ်းသာတာရယ်၊ ဆင်းရဲတာရယ်၊ အလတ်စားရယ်၊ ဘယ်နှစ် မျိုးရှိသလဲ (သုံးမျိုးပါ ဘုရား)။
ခန္ဓာကိုယ်ထဲမှာ (ချမ်းသာတာရယ်၊ ဆင်းရဲတာရယ်၊ အလတ်စားရယ် သုံးမျိုးရှိပါတယ်ဘုရား)။
သေသေချာချာ မှတ်ပါ၊ သေသေချာချာ မှတ်ပါ၊ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ဘယ်နှစ်မျိုး ရှိပါလိမ့် (သုံးမျိုး ရှိပါတယ်ဘုရား) ၁-က ဘာပါလိမ့် (ချမ်းသာတာပါ ဘုရား) ၂-က (ဆင်းရဲတာပါ ဘုရား) ၃-က (အလတ်စားပါ ဘုရား) ချမ်းသာဆင်းရဲလွတ်တာ (မှန်ပါ့)။
ဒါဖြင့် ဝေဒနာသုံးမျိုး (မှန်ပါ့) သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာ ဝေဒနာ (မှန်ပါ့) ဒကာကြွယ် ဘယ်နှစ် မျိုးရှိပါလိမ့် (သုံးမျိုးပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီနေ့ဖြင့် ကျုပ် နေကောင်းတယ်လို့ ဆိုလို့ရှိရင်ဖြင့် သုခဝေဒနာပေါ်တာပဲ (မှန်လှပါ ဘုရား)။
ဒီနေ့ဖြင့် ဟိုနေရာကိုက် ဒီနေရာ ခဲတယ်ဆိုလို့ရှိရင် ဘာတုံး (ဒုက္ခဝေဒနာပါ ဘုရား) ဒီနေ့ဖြင့် သင့်သလို ရှိပါရဲ့ဆိုတော့ (ဥပေက္ခာ ဝေဒနာပါဘုရား)။
ဝေဒနာ သုံးမျိုးပဲ လှည့်ပေါ်တာပဲ
ဒါဖြင့် ခင်ဗျားတို့ တစ်နေ့ထဲမှာ ဒီခန္ဓာကိုယ်ကြီးမှာဖြင့် ဝေဒနာ သုံးမျိုးပဲ လှည့်ပေါ်တာပဲ (လှည့်ပေါ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲ ဝေဒနာ ဘယ်နှစ်မျိုးလှည့်ပေါ်သတုံး (သုံးမျိုး လှည့်ပေါ်ပါတယ်ဘုရား)။
သုံးမျိုးပဲ လှည့်ပေါ်တယ်ဆိုတော့ ဘုန်းကြီးက ပေးလိုက်တယ်၊ ဝေဒနာသုံးမျိုးဟာတော့ တစ်မျိုး တစ်မျိုးတော့ ရှိရမှာပဲ (ရှိရမှာပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာကင်းရဲ့လားမေးရင် ဘယ့်နှယ် ပြောကြမလဲ (မကင်းပါ ဘုရား) အဟုတ်ကို မကင်းတာ သိရဲ့လား (သိပါတယ် ဘုရား)။
တစ်ခါတလေ ချမ်းသာတာနဲ့ နေရတယ် (မှန်ပါ့) ဝေဒနာကင်းရဲ့လား (မကင်းပါ ဘုရား) တစ်ခါတလေ ဆင်းရဲတာနဲ့ နေရတယ် (မှန်လှပါ့) ဝေဒနာကင်းရဲ့လား (မကင်းပါ ဘုရား)။
တစ်ခါတလေ ချမ်းသာဆင်းရဲ အလတ်စားနဲ့ နေရတယ်၊ ဥပေက္ခာဝေဒနာနဲ့ နေရတဲ့အခါ မရှိဘူးလား (ရှိပါတယ် ဘုရား) ဒါလည်း ဘယ့်နှယ်ဆိုကြမလဲ (မကင်းပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အချိန်ကြည့်ကြည့် ဝေဒနာနဲ့ တွေ့ရမယ် (တွေ့ရမှာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်အချိန်ကြည့်ကြည့် (ဝေဒနာနဲ့ တွေ့ရပါမယ်ဘုရား)။
အဲဒီဝေဒနာဟာ တခြားလားလို့ မေးလို့ ခင်ဗျားတို့ ကောင်းကင် လက်ညှိုးထိုးတဲ့အခါမှာ ဒကာ ဒကာမတို့ ကောင်းကင်နဲ့ လွတ်အောင် ထိုးနိုင်ကြရဲ့လား (မထိုးနိုင်ပါ ဘုရား)။
အထက်သာထိုး၊ ကောင်းကင်နဲ့ လွတ်အောင် ငါ-လက်ညှိုးထိုးမယ်ဆိုရင် ရူးတဲ့ပုဂ္ဂိုလ်ဖြင့် ပြောလိမ့်မယ် (မှန်လှပါ) မရူးတဲ့ပုဂ္ဂိုလ်ဖြင့် မင်းထိုးချင်သလိုထိုး၊ ကောင်းကင်တော့ မလွတ်ဘူးကွ (မလွတ်ပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒီမှာလည်း ခင်ဗျားတို့ ဉာဏ်နဲ့ လက်ညှိုးထိုးရင် ခန္ဓာထဲမှာ ထိုးချင်တဲ့အချိန်ထိုး ဝေဒနာနဲ့တွေ့မယ် (တွေ့ရပါ မယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဉာဏ်နဲ့ လက်ညှိုးထိုးရင်
ဉာဏ်နဲ့ လက်ညှိုးထိုးရင် (ထိုးချင်တဲ့အချိန်ထိုး ဝေဒနာနဲ့ တွေ့ရပါမယ်ဘုရား)။
ထိုးချင်တဲ့အချိန် ဉာဏ်နဲ့ ထိုးပါ ဒကာ ဒကာမတို့ ဝေဒနာနဲ့ သွားတွေ့မယ် (တွေ့ပါတယ် ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာဘယ်အခါမှ မကင်းကြောင်း သေချာပလား (သေချာပါပြီ ဘုရား) ချမ်းသာရင် ဘာဝေဒနာ (သုခဝေဒနာပါ ဘုရား) ဆင်းရဲရင် (ဒုက္ခဝေဒနာပါ ဘုရား) အလတ်စားဖြစ်ရင် (ဥပေက္ခာဝေဒနာပါ ဘုရား) အဲဒီ ဝေဒနာသုံးမျိုးဟာ လှည့်နေတယ် (မှန်ပါ့)။
အဲဒါကို ခင်ဗျားတို့က ဘယ်ဝေဒနာပေါ်ပေါ် ဒကာ ဒကာမတွေက အင်း-ဖြစ်ပြီး ပျက်တယ်လို့ ရှုပေးပါ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဘယ်ဝေဒနာပေါ်ပေါ် ဘယ့်နှယ်ဆိုကြမလဲ (ဖြစ်ပြီးပျက်တဲ့ အနိစ္စပါ) ဖြစ်ပြီးပျက်တာပဲ၊ ဖြစ်ပြီးပျက်တာပဲလို့ ကိုယ်ပေါ်မှာ ယားတာကလေးပေါ်လည်း ဖြစ်ပျက်ရှု (မှန်ပါ့) ကိုယ်ပေါ်မှာ ကောင်းတာကလေးပေါ်ကော (ဖြစ်ပျက် ရှုရပါမယ် ဘုရား) ဝမ်းထဲ ဝမ်းသာတာကလေး ပေါ်ရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဝမ်းနည်းတာကလေး ပေါ်ရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အကုန် ဖြစ်ပျက်ရှု (မှန်လှပါ) သံသယကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါ မယ် ဘုရား) ဥဒ္ဓစ္စကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အဲ-အကုန်ရှု၊ အဲဒါ ဥပေက္ခာရှုနေတာ (မှန်ပါ့)။
မြင်တဲ့စိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အဲဒါ ဥပေက္ခာရှုနေတာ (မှန်ပါ့) ကြားတဲ့ စိတ်ကလေးကိုကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒါ-ဥပေက္ခာရှုနေတာ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သန္တာန်ပေါ်ချင်တာပေါ် အကုန်ရှု (မှန်လှပါ) သုခပေါ်လည်း သုခရှု၊ ဒုက္ခပေါ်ကော (ဒုက္ခရှုရပါမယ် ဘုရား) ဥပေက္ခာပေါ်ရင် (ဥပေက္ခာရှုရပါမယ် ဘုရား) အကုန်ရှုပါ (မှန်ပါ့)။
ဒါ-ဉာဏ်ကျဉ်းတဲ့ ပုဂ္ဂိုလ်တွေ ဟောနေတာ
အကွက်ကျကျ စေ့စေ့လိုချင်လို့ရှိရင်တော့ ဒကာ ဒကာမတို့ အခုဟာ ဝေဒနာသုံးမျိုးကို ဒါ-ဉာဏ်ကျဉ်းတဲ့ ပုဂ္ဂိုလ်တွေ ဟောနေတာ (မှန်ပါ့) နောက် ရက်တာရှည်နာတဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာငါးမျိုးကိုလည်း သိရပါမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ (မှန်ပါ့) ဒါဖြင့် ခန္ဓာကိုယ်ကြီးဟာ ဝေဒနာက္ခန္ဓာ (မှန်ပါ့ ဘုရား)။
တစ်ခါတလေကျတော့ ဝမ်းထဲမှာ ဒကာ ဒကာမတို့ ဝမ်းထဲမှာပေါ်သေးတယ်၊ သောမနဿဝေဒနာ ဒေါမနဿ ဝေဒနာ ဥပေက္ခာဝေဒနာလို့ (မှန်ပါ့)။
ဝမ်းထဲ ဘယ်နှစ်မျိုး ပေါ်ပါလိမ့် (သုံးမျိုးပါ ဘုရား) ဒါဖြင့် ပြင်ဘက်မှာကော (သုံးမျိုးပါ ဘုရား) ဝမ်းထဲမှာ ရော (သုံးမျိုးပါ ဘုရား)။
ဒါဖြင့် ပြင်ဘက်မှာ သုံးမျိုး၊ ဝမ်းထဲမှာ (သုံးမျိုးပါ ဘုရား) ပြင်ဘက်မှာပေါ်တာတွေလည်း ဖြစ်ပျက်ရှုပါ (မှန်ပါ့) ဝမ်းထဲပေါ်ရင်ကော (ဖြစ်ပျက်ရှုပါမယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ပြင်ဘက်ပေါ်တဲ့ သုခ ဒုက္ခ ဥပေက္ခာကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အတွင်းပေါ်တဲ့ သောမနဿဒေါမနဿ ဥပေက္ခာကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အကုန်ဖြစ်ပျက် ပေါ်ရာကိုသာ ရှုနေမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ အမှန်အကန်မြင်က သမ္မာဒိဋ္ဌိ (မှန်ပါ့)။
ဖြစ်ပျက်မြင်တာက ဘာတုံး (သမ္မာဒိဋ္ဌိပါ ဘုရား) သမ္မာဒိဋ္ဌိဟာ အဝိဇ္ဇာလား-ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား) ဪ- အဝိဇ္ဇာချုပ်ပြီ။
ဒါဖြင့် ဒကာ ဒကာမတို့ အမှန်အကန်မြင်ရင် အဝိဇ္ဇာချုပ်တယ် (မှန်ပါ့) အဝိဇ္ဇာမချုပ်သေးဘူးလား (ချုပ်ပါ တယ် ဘုရား)။
ဒီခန္ဓာကိုယ်ကြီးဟာ ဖြစ်ပြီး ပျက်နေတာ အသေကောင်ကြီးပဲဆိုတော့ လိုချင်သေးသလား (မလိုချင်ပါ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ရှုလို့ရှိရင် အဝိဇ္ဇာနဲ့ တဏှာသေတယ် (မှန်ပါ့) ဖြစ်ပျက်ရှုရင် (အဝိဇ္ဇာနဲ့ တဏှသေပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သုခဝေဒနာ ဖြစ်ပျက်ရှုရင်ကော (အဝိဇ္ဇာနဲ့ တဏှာသေပါတယ်) ဖြစ်ပျက်သာရှု အဝိဇ္ဇာနဲ့ တဏှာ သေသေချာချာ သေတယ် (မှန်ပါ့ ဘုရား)။
သုခဝေဒနာ တွေ့ရင်ကော (ဖြစ်ပျက်ရှုရပါမယ်) ဘာသေသတုံး (အဝိဇ္ဇာနဲ့ တဏှာ သေပါတယ်ဘုရား)။
ဘယ်ဝဋ်ပြတ်သလဲ (ဝိပါကဝဋ်ပြတ်ပါတယ်) ဟင်-အင်း ကိလေသဝဋ်ပြတ်တယ် (မှန်ပါ့) ကိလေသဝဋ်ပြတ် ရင် ကမ္မဝဋ်လာဦးမလား၊ မလာပါ (မလာပါ) ဝိပါကဝဋ်ကော (မလာပါ) ဪ- ဒါဖြင့် ဒီတရားသည် ဝဋ်ပြတ်တဲ့ တရား (မှန်ပါ့ ဘုရား)။
ဝဋ်ပြတ်တဲ့ တရား
ဒီတရား ဘာတရားခေါ်ကြမလဲ (ဝဋ်ပြတ်တဲ့ တရားပါ) သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာခြောက်မျိုး ဟောနေပါတယ် (မှန်ပါ့) အပြင်ဘက်မှာ သုံးမျိုး၊ ကိုယ်ပေါ်မှာပေါ့ဗျာ၊ ကိုယ်တို့ မျက်လုံးတို့မှာ သုံးမျိုး (မှန်ပါ့) အတွင်းမှာကော (သုံးမျိုးပါ)။
ကိုယ်ပေါ်မှာ သုခ ဒုက္ခ ဥပေက္ခာ အလှည့်နဲ့ပေါ့ဗျာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဝမ်းထဲမှာ သော မနဿ ဒေါမဿ ဥပေက္ခာအလှည့်နဲ့ (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါတယ်) ပေါ်တာ ဟူသရွေ့ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်ရှုတော့ ဒကာ ဒကာမတို့ နဂိုက အနိစ္စရှိမှန်း မသိဘူး (မှန်ပါ့) အခုတော့ ဖြစ်ပျက်ဆိုတာ အနိစ္စ ရှိမှန်း သိတယ် (သိပါတယ်) သိတော့ အဝိဇ္ဇာလား၊ ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။
ဪ- ဝိဇ္ဇာလာကတည်းက အဝိဇ္ဇာချုပ်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိဇ္ဇာ လာကတည်းက (အဝိဇ္ဇာချုပ်ပါတယ် ဘုရား) ကောင်းပြီ ဒါ ဖြစ်ပျက်တွေမြင်တော့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာကြီးဟာ အကောင်းလား အဆိုးလားဆိုတာ သိသွားပြီ (သိပါပြီ ဘုရား) ဆိုးမှန်းမသိဘူးလား (သိပါတယ်) ဆိုးမှန်းသိတော့ လိုချင်သေးသလား (မလိုချင်ပါ ဘုရား)။
မလိုချင်လို့ရှိရင် ဖြစ်ပျက်မြင်တဲ့ သဘောသည် ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာသတ်တဲ့ သဘော (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာသတ်ပါလိမ့် (အဝိဇ္ဇာနဲ့ တဏှာ သတ်ပါတယ်ဘုရား) အဝိဇ္ဇာနဲ့ တဏှာသတ်တယ် ဆိုကတည်းက ဘာဝဋ် ပြတ်သတုံး (ကိလေသဝဋ်ပြတ်ပါတယ်) ကိလေသဝဋ် ပြတ်ကတည်းက ဘယ့်နှယ်တုံး (ကမ္မဝဋ် ပြတ်ပါတယ်) ကမ္မဝဋ် ပြတ်ကတည်းကက (ဝိပါကဝဋ် ပြတ်ပါတယ်ဘုရား)။
ဒါဖြင့် အရေးအကြီးဆုံး ဘာဖြတ်ရမတုံး (ကိလေသဝဋ် ဖြတ်ရပါမယ်ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ရှုရင် ကိလေသဝဋ် ဖြတ်တယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ) သုခဝေဒနာ ဖြစ်ပျက်ရှုလည်း ကိလေသဝဋ်ပြတ်တာပဲ (မှန်ပါ့) ဒုက္ခဝေဒနာ ဖြစ်ပျက် ရှုရင်ကောင၊ ကိလေသဝဋ်ပြတ်ပါတယ်။ ဥပေက္ခာဝေဒနာဖြစ်ပျက်ရှုရင် (ကိလေသဝဋ် ပြတ်ပါတယ်) ကိလေသဝဋ်ပြတ်တာချည်းပဲ (မှန်ပါ့ ဘုရား)။
ဟေ့- ကမ္မဝဋ် မင်း သွားတော့လို့ဆိုဖို့ လိုသေးသလား (မလိုပါ) ဝိပါကဝဋ် မင်းလည်း ကျွတ်တော့လို့ကော (ဆိုဖို့မလိုပါ ဘုရား)။
နဂိုကတည်းက ဒကာ ဒကာမတို့ ကိလေသဝဋ်ကြောင့် ဘာဖြစ်သတုံး (ကမ္မဝဋ်ဖြစ်ပါတယ်) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ် ဖြစ်ပါတယ်ဘုရား)။
အဲ-ကိလေသာဝဋ် ပြတ်ပေါ့ ဒကာ ဒကာမတို့က ကမ္မဝဋ်လာနိုင်သေးရဲ့လား (မလာနိုင်ပါ) သူမှမလာနိုင် ရင် ဝိပါကဝဋ်ကော (မလာနိုင်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာနုပဿနာရှု (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ) ဝေဒနာနုပဿနာရှုရင် ဘာဝဋ်ပြတ်သတုံး (ကိလေသဝဋ် ပြတ်ပါတယ်) သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ကိလေသဝဋ်ပြတ်တဲ့ အခါကျလို့ရှိရင် ဟောဒီ-ဘက်ကနေပြီး ဒကာ ဒကာမတို့ ပြစ်ပျက်ရှုလိုက်တဲ့ အတွက် အဝိဇ္ဇာနဲ့ တဏှာလာသေးရဲ့လား (မလာပါ) အဝိဇ္ဇာ တဏှာမလာတော့ ကိလေသဝဋ် မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် “ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရဆိုတဲ့ ကမ္မဝဋ်ကော (ပြတ်ပါတယ်) နောက်အနာဂတ်ဘဝ ဝိပါကဝဋ် ကော (ပြတ်ပါတယ် ဘုရား)။
ဝိပဿနာဉာဏ်လာလို့ ကျွတ်တာ
အင်း-ဝဋ်သုံးပါးကျွတ်တာ ၁-၂-၃ ဝဋ်သုံးပါး ကျွတ်သွားတယ် (မှန်ပါ့) မကျွတ်ဘူးလား (ကျွတ်ပါတယ်) ဘယ့်နှယ်ကြောင့် ကျွတ်ပါလိမ့်မတုံးဆိုတော့ ဝိပဿနာဉာဏ်လာလို့ ကျွတ်တာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ကျွတ်ပါလိမ့် (ဝိပဿနာဉာဏ်လာလို့ပါ ဘုရား)။
ဒါဖြင့် ဝိပဿနာဉာဏ်ကင်း၍ ဝိပဿနာမလုပ်ဘဲနဲ့ ဝဋ်ကျွတ်လိမ့်မယ်လို့ မဟောနိုင်ဘူး (မှန်ပါ့) ဟောနိုင်ပါ့ မလား (မဟောနိုင်ပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဘာဝဋ်ကျွတ်သလဲ (ကိလေသဝဋ်ပါ) ကိလေသဝဋ်ကျွတ်ရင် (ကမ္မဝဋ်ကျွတ်ပါတယ်) ကမ္မဝဋ်ကျွတ်ရင် (ဝိပါကဝဋ်ကျွတ်ပါတယ်) သဘောပါပလား (ပါ-ပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်ကျွတ်ချင် ဘာလုပ်ရမယ် (ဝိပဿနာရှုရပါမယ်) ဝိပဿနာရှုရမယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဝဋ်ကျွတ်ချင်ရင် (ဝိပဿနာရှုရပါမယ်) သေချာကြပလား (သေချာပါပြီ ဘုရား)။
အကယ်၍ ခင်ဗျားတို့သည် ဒီဟာကို ခင်ဗျားတို့က ဖြစ်ပျက်မရှုမိဘူး၊ သုခပေါ်လည်း မရှုမိဘူး၊ ဒုက္ခပေါ်လည်း (မရှုမိပါ) ဥပေက္ခာပေါ်ကော (မရှုမိပါ) မရှုမိတဲ့အပြစ်ဟာ အတော်ကြီးတယ် (မှန်ပါ့ ဘုရား)။
မရှုမိတဲ့အပြစ်ဟာ (အတော်ကြီးပါတယ်) အတော်ကြီးလေးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
သုခမရှိဘူးဆိုရင် သုခဝေဒနာပစ္စယာ တဏှာ, ဥပါဒါန်ကံလာတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်အလယ်က ဖောက် ထွက်တာပဲ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် (အလယ်ကဖောက်ထွက်ပါတယ်) ဒါဖြင့် အလယ်ကစပြီး အဆုံးတိုင်အောင်ပဲ အစ, ကျအောင် ပြန်မပတ်ပေဘူးလား (ပတ်ပါတယ်) ကဲ-မရှုမိတော့ (မှန်ပါ့) မရှုမိရင် တဏှာ, ဥပါဒါန် ကံမလိုက်ဘူးလား (လိုက်ပါ တယ်)။ ဒုက္ခဝေဒနာမရှုမိရင် (ပြန်ပတ်ပါတယ်) ပဋိစ္စသမုပ္ပါဒ် ဘယ်က စ,သတုံး (အလယ်ကစပါတယ်) အလယ်ကစပြီး ဖောက်ထွက်တယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ၃-မျိုးရှိတယ်နော် (မှန်ပါ့ ဘုရား)။
ကဲ-တစ်ခါသွားပါဦး၊ ဒုက္ခဝေဒနာပေါ်တယ်၊ ဒကာ ဒကာမတို့ ဖြစ်ပျက်မရှုမိဘူး၊ ဒေါသ, သောက, ပရိဒေဝ မလိုက်ပေဘူးလား (လိုက်ပါတယ်) အဲဒါမသိတဲ့လူဖြစ်သောကြောင့် အဝိဇ္ဇာသင်္ခါရပါ လိုက်တယ် (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ဒါဖြင့် အဆုံးကနေ ပြန်ပတ်တယ် အဝိဇ္ဇာ သင်္ခါရကျအောင် (မှန်ပါ့ ဘုရား)။
အဆုံးကနေပြီးတော့ (ပြန်ပတ်ပါတယ် ဘုရား) အဆုံးက အစပြန်ပတ်ပါတယ် (မှန်ပါ့) မရှုမိလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ကဲ- ဒါဖြင့် ဒကာ ဒကာမတို့က ဥပေက္ခာဝေဒနာပေါ်တာ မသိတဲ့လူက ဖြစ်ပျက်မရှုမိဘူးဗျာ (မှန်ပါ့) မရှု တော့ မသိလို့ မရှုတာ (မှန်ပါ့) မသိတာက အဝိဇ္ဇာ၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ) ဟော- ဥပေက္ခာမရှုမိလို့ရှိရင် ဒကာ ဒကာမတို့ ဆဆက္ကသုတ်မှာ သေသေချာချာ လာပါတယ်၊ အစကနေ ပဋိစ္စသမုပ္ပါဒ် စ, ပြန်ပဟေ့တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ့်ဉာဏ်နဲ့ ဖြတ်ပါ
ဒါဖြင့် ဝေဒနာသုံးမျိုးကို ဒကာ ဒကာမတို့ လှည့်ရှုရမယ် (မှန်လှပါ ဘုရား) မရှုတဲ့ပုဂ္ဂိုလ်မှာ ပဋိစ္စသမုပ္ပါဒ် အလယ်ကရင်လည်း စ,မယ်၊ အဆုံးကရင်လည်း ပြန်ပတ်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အစကရင်လည်း စမယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါ-သဘောပါပလား (ပါပါပြီ ဘုရား) ကိုင်း ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ့်ဉာဏ်နဲ့ ဖြတ်ပါဆိုတော့ ဖြစ်ပျက်ရှုပေး (မှန်ပါ့)။
ဖြစ်ပျက်ရှုလိုက်တော့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ မဂ္ဂင် ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား)။
မဂ်သည် ဘာဖြတ်သတုံးဆိုတော့ ဘယ့်နှယ် ပြောကြမလဲ (ကိလေသာ ဖြတ်ပါတယ်ဘုရား) သူ့နောက်က ကိလေသဝဋ်လာသေးရဲ့လား (မလာပါ ဘုရား) အဲဒီတော့ မဂ်ဟာ ကိလေသဖြတ်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) မဂ်သည် ကိလေသကို ဖြတ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်နဲ့ မဂ် ကိုက်အောင်လုပ် (မှန်ပါ့ ဘုရား) ဖြစ်ပျက်နဲ့ (မဂ်နဲ့ ကိုက်အောင်လုပ် ရပါမယ် ဘုရား)။
ကိလေသာ ကြားမထိုးစေနဲ့
ဒီကြားမှာ ကိလေသာ ကြားမထိုးစေနဲ့ (မှန်ပါ့) ကိလေသ ကြားမထိုးလို့ရှိရင် ညနေအားထုတ်ရင် (မနက်ရပါ တယ် ဘုရား) မနက် အားထုတ်ရင် (ညနေရပါတယ် ဘုရား) ဘာကြားမထိုးမှတုံး (ကိလေသာ ကြားမထိုးမှပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမကို ဝေဒနာခြောက်မျိုးကို ဘုန်းကြီးက ဟောတယ် (မှန်ပါ့) ဒါ- ဖြစ်ပျက်မြင်အောင် ရှုပါဆိုတာ လေးစားစွာနဲ့ တိုက်တွန်းလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
ကိုင်း နာရီစေ့ပြီ၊ ယနေ့ တော်ကြဦးစို့။
သာဓု သာဓု သာဓု။