11702

မာတိကာသို့

အခြားအရေးထက် ငရဲမျိုးစေ့ဖြုတ်ရေးက ပိုပြီးအရေးကြီး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

(အခြားအရေးထက် ငရဲမျိုးစေ့ဖြုတ်ရေးက ပိုပြီးအရေးကြီး)နေ့အလုပ်ပေး တရားတော်

(၁၀-၈-၆၁)

သက္ကာယဒိဋ္ဌိ

သက္ကာယဒိဋ္ဌိဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒိဋ္ဌိဝိပ္ပလ္လာသနဲ့ သက္ကာယဒိဋ္ဌိနဲ့ အတူတူပဲလို့ မှတ်ထားပါနော် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိဝိပ္ပလ္လာသနဲ့ သက္ကာယဒိဋ္ဌိ (အတူတူပါပဲ)၊ အတ္တဒိဋ္ဌိလို့ သုံးတာလည်း အတူတူပဲလို့မှတ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသ-သက္ကာယဒိဋ္ဌိ-အတ္တဒိဋ္ဌိ၊ ဒိဋ္ဌိသုံးမျိုးရှိတယ် (မှန်ပါ့)၊ နာမည်သာ ပြားပါတယ်တဲ့ ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို ငါ သူ ထင်တာပါပဲ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါး ငါ,သူ ထင်လို့ရှိရင် သက္ကာယဒိဋ္ဌိဆိုလည်း ဟုတ်ပါတယ် (မှန်ပါ့)၊ အတ္တဒိဋ္ဌိဆိုလည်း (ဟုတ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် မိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်လည်း ဒကာသစ် ဟုတ်တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံမှာ ကြောက်စရာအကောင်းဆုံး အဆိပ်လက်နက်ဆိုတဲ့ ဥစ္စာသည်တဲ့ ဒီသက္ကာယဒိဋ္ဌိတို့ အတ္တဒိဋ္ဌိတို့ မိစ္ဆာဒိဋ္ဌိတို့ ဒါပဲလို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီတရားကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတရား ဘယ်ကလာသတုန်း မေးလို့ရှိရင် အမှတ် မှား အသိမှား အယူမှားက လာတာပဲ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ဝမ်းထဲက ကိန်းတဲ့ တရားသုံးခုဟာတဲ့ အမှတ်မှား အသိမှား အယူမှား က လာတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ မိစ္ဆာဒိဋ္ဌိလည်း ဖြုတ်ပေးမယ်၊ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ လည်း ဖြုတ်ပေးမယ်ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ် အပါယ်လေးပါးတံခါးပိတ်တယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာရော ပြုတ်ပါတယ်

သူများက ပြောကြပါတယ်ဘုရား၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပြုတ်မှလို့ ပြောကြငြားသော်လည်း အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာရော ပြုတ်ပါတယ်ကွာလို့ ဟောထားတယ် (မှန်ပါ့)၊ ဒိဋ္ဌိ ပြုတ်ရင် (ဝိစိကိစ္ဆာပါ ရောပြုတ်ပါတယ် ဘုရား)၊ ဝိစိကိစ္ဆာရော ပြုတ်ပါတယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားတော့ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အပါယ်မျိုးစေ့, ငရဲမျိုးစေ့ကို ဖြုတ်ပေးရမှာက မဂ်တားဖိုလ်တား တဲ့ တရားကို ဖြုတ်ပေးရမှာက အတ္တဒိဋ္ဌိ (တစ်နည်း) သက္ကာယဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ သုံးမျိုးစလုံးသည် ရုပ်နာမ်ကို ငါ သူ တစ်ပါး ထင်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ရုပ်နာမ်ကို ငါ သူတစ်ပါး ထင်တာပါ အဲ-ရုပ်နာမ်ကို ငါ သူတစ်ပါးထင်တာကို ဘုန်းကြီးက ဖြုတ်ပေးလိုက် လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက ပထမအသိနဲ့ ပြုတ်၊ ဒုတိယအပွားနဲ့ ပြုတ်၊ တတိယအပယ်နဲ့ ပြုတ်လို့ရှိရင်ဖြင့် ဒကာကြွယ် သေတောင် ဆွမ်းမသွတ်နဲ့တော့ (မှန်ပါ့)။

သေတောင် ဆွမ်းမသွတ်နဲ့လို့ ဒကာ ဒကာမတွေ မှာထားကြပါ (မှန်ပါ့ ဘုရား)၊ ပြုတ်အောင်လည်း လုပ်ပါ နော် (မှန်လှပါ ဘုရား)။

အခု ဒကာ ဒကာမတွေမှာ သေတဲ့အခါကျလို့ရှိရင်ဖြင့် မြေဆင်းလုပ်ရတာလည်း ဒကာကြွယ်တို့ သိပြီနော် (မှန်ပါ့)၊ ရက်လည်လုပ်ရတာကော (သိပါတယ် ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ လုပ်ရပါလိမ့်မတုန်းလို့ ဆိုတော့ သေသူ စိတ် မချလို့ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြပါလိမ့် (သေသူ စိတ်မချလို့ပါ)၊ ဘာဖြစ်လို့ စိတ်မချရပါလိမ့်မတုန်းဆိုတော့ ဪ သားကလေး စွဲသွားတယ် (မှန်ပါ့)၊ သားကို ရုပ်နာမ်ဖြစ်ပျက်လို့ မထင်ဘူး (မထင်ပါ ဘုရား)။

သမီးကလေး စွဲသွားတယ်၊ ရုပ်နာမ်ဖြစ်ပျက်လို့ မထင်ရှာဘူး၊ သက္ကာယဒိဋ္ဌိနဲ့ သေသွားလို့ စိတ်မချလို့ ဆွမ်း သွတ်ရပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ သေသွားပါလိမ့် (သက္ကာယဒိဋ္ဌိနဲ့ သေသွားပါတယ် ဘုရား)

ဒါဖြင့် သက္ကာယဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်များကျလာတော့ ဒကာ ဒကာမတို့ ဆွမ်းသွတ်ဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့သည် ခဏ ခဏ ဆရာဘုန်းကြီးလည်း ပြောတယ်၊ ငါသေရင် ဆွမ်းမသွတ် ရစ်ကြနဲ့ဟေ့ ၊ ငါ့အရှက်တကွဲ အကျိုးနည်း မလုပ်ကြလေနဲ့ဆိုပြီး မှာနိုင်လောက်အောင် ကြိုးစားကြပါ (မှန်ပါ့)၊ မကြိုးစားသင့်ဘူးလား (ကြိုးစားသင့်ပါတယ် ဘုရား)။

မှာနိုင်လောက်အောင် ကြိုးစားကြပါဆိုတဲ့ဥစ္စာကို ဦးလှဘူး သေသေချာချာ ပြောရတယ် (မှန်ပါ့)။

ကြောက်စရာအကောင်းဆုံးဟာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ကြောက်စရာအကောင်းဆုံးဟာ သေခါနီးမှာ လားရာဂတိလွဲမှာကို ကြောက်စရာအကောင်းဆုံး (မှန်ပါ့)၊ လားရာဂတိဆိုတာ တိရစ္ဆာန်ဘုံသွားချည့်မလား ငရဲသွားချည့်မလား ပြိတ္တာသွား ချည့်မလား အသုရကာယ်ဆိုတဲ့ ငရဲများ သွားချည့်မလား ဆိုတဲ့ ဒီလေးချက် ဝိစိကိစ္ဆာကြီးက ရှိနေတယ် (မှန်ပါ့)။

ဒီဝိစိကိစ္ဆာကြီးက ရှိနေတာ ဘာ့ကြောင့် ဒီဝိစိကိစ္ဆာရှိရပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ မေးလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်မို့ ရှိတယ် (မှန်ပါ့)။

သက္ကာယဒိဋ္ဌိကို ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့က အမှန်အကန်သာ၊ ဒါ ငါ ငါ့ဥစ္စာမဟုတ်ဘူး ရုပ်နာမ်ပဲ၊ ရုပ်လည်းဖြစ်ပျက်, နာမ်လည်းဖြစ်ပျက်၊ ဖြစ်ပျက်မှတစ်ပါး ဘာမှမရှိဘူး၊ ဖြစ်ပျက်ဆုံးတာလည်း နိဗ္ဗာန်ပဲ (မှန်ပါ့)၊ ဒီလို မှန်မှန်ကန်ကန် သိထားလို့ရှိရင်ဖြင့် ဉာဏ်နဲ့သာ သိထားလို့ရှိရင်ဖြင့် ငါသေရင် ဆွမ်းမသွတ်နဲ့လို့ မှာရုံပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ စိုးရိမ်စရာအကြီးဆုံး ဘာပါလိမ့်မတုန်း လို့ မေးတဲ့အခါကျတော့ သက္ကာယဒိဋ္ဌိ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာအရေးကြီးဆုံး (သက္ကာယဒိဋ္ဌိ အရေးအကြီးဆုံးပါ ဘုရား)။

ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတာ သက္ကာယဆိုတာက ခန္ဓာငါးပါး (မှန်လှပါ ဘုရား)၊ ဒိဋ္ဌိဆိုတာက ဒီခန္ဓာငါးပါးကို ခန္ဓာငါးပါးမဟုတ်ဘူး၊ ငါပဲ သူပဲလို့ ယူလိုက်ရင် ဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကိုသက္ကာယလို့မှတ်လိုက်

ဒါဖြင့် ဒါကလေး ရှေ့ပိုင်းနည်းနည်းခွဲပြီးမှ ပြောကြပါစို့တဲ့ ၊ ခန္ဓာငါးပါးကို ဒကာ ဒကာမတွေက သက္ကာယ လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကို ဘာမှတ်ကြမယ် (သက္ကာယပါ ဘုရား)၊ ဒကာ ဒကာမတွေ ရှေ့နားက ငါးပါးဟာ ဘာပါလိမ့် (သက္ကာယပါ ဘုရား)၊ ဪ သူကတော့ သက္ကာယနော် (မှန်ပါ့)၊ သက္ကာယဆိုတာ ခန္ဓာငါးပါးကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။

သက္ကာယဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးကို ဆိုပါတယ် ဘုရား)။

ဒိဋ္ဌိဆိုတော့ “သက္ကာယေဒိဋ္ဌိ သက္ကာယဒိဋ္ဌိ”ဆိုတဲ့အတိုင်း သက္ကာယေ=ခန္ဓာငါးပါး၌၊ ဒိဋ္ဌိ=ငါပဲ သူပဲလို့ ထင်ခြင်း တည်း (မှန်ပါ့ ဘုရား)၊ ငါပဲ သူပဲလို့ ထင်တာ (ဒိဋ္ဌိဘုရား)။

အဲဒါ ကျုပ်တို့က သက္ကာယဒိဋ္ဌိ တယ်များတယ်လို့ ဒကာ ဒကာမတွေ ပြောပြီးနေငြားသော်လည်း အမှန်သဘော ကျတော့ကို ဆရာသမား မပြောလို့ရှိရင် ပေါ်ပေါ်လွင်လွင်သိကြမှာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ပေါ်ပေါ်လွင်လွင် သိအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ယနေ့ ရှင်းရှင်းလင်းလင်း မှတ် ထားကြစမ်းပါ (မှန်ပါ့ ဘုရား)၊ ခန္ဓာငါးပါးဟာ ဘာခေါ်ကြမလဲ (သက္ကာယပါ ဘုရား)။

ငါပဲ-သူပဲလို့ ထင်နေကြရင်

ခန္ဓာငါးပါးဟာ သက္ကာယ (မှန်ပါ့)၊ ဒီသက္ကာယကို ငါပဲ-သူပဲလို့ ထင်နေကြရင် ဘာဆိုကြမယ် (ဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးဟာ သက္ကာယ၊ ၎င်းင်းခန္ဓာငါးပါးကို ငါ-သူလို့ ပြောင်းပြန်ထင်လိုက်ရင် (ဒိဋ္ဌိပါ ဘုရား)၊ ပေါင်းလိုက်ပါ (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ဒါ့ကြောင့် “သက္ကာယဒိဋ္ဌိ-သက္ကာယဒိဋ္ဌိ” (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ-သက္ကာယဒိဋ္ဌိ သက္ကာယဒိဋ္ဌိဆိုတာ တို့မှာ ခဲခဲယဉ်းယဉ်းမှတ်ပြီးသကာလနေတယ်၊ စင်စစ်တော့ သက္ကာယ ဖြစ်တဲ့ ခန္ဓာငါးပါးကို ငါ-သူတစ်ပါးလို့ အမှားထင်လိုက်တာ ဘာခေါ်ကြသလဲ (ဒိဋ္ဌိပါ ဘုရား)၊ ဒိဋ္ဌိဆိုတာ သေချာကြ ပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတာဝန်က ဘာရှိပါလိမ့်မတုန်း၊ ဘုရားတာဝန်က ဘာရှိပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးခွန်းထုတ်ကြလို့ရှိရင်ဖြင့် သက္ကာယဖြစ်တဲ့ ခန္ဓာငါးပါးကို ငါ-သူတစ်ပါး မဟုတ်ကြောင်းကို ရှင်းရှင်းပြရင် ခင်ဗျားတို့သန္တာန်ရှိတဲ့ ဒိဋ္ဌိပြုတ်တယ် (မှန်လှပါ ဘုရား)။

သက္ကာယဖြစ်တဲ့ ခန္ဓာငါးပါးကို ငါ-သူတစ်ပါး မဟုတ်ကြောင်း ဖြစ်ပြီးပျက်နေတဲ့ အနိစ္စဖြစ်ကြောင်း ဒါကို ရှင်းရှင်းလင်းလင်းပြောလို့ ခင်ဗျားတို့ကလည်း ရှင်းရှင်းလင်းလင်းသိ၊ ခန္ဓာထဲက ကြည့်လိုက်ပြန်လည်း ရှင်းရှင်းလင်း လင်းမြင်၊ ဤကဲ့သို့မြင်ရင်ဖြင့် ဒကာ ဒကာမတို့ မှတ်လိုက်တာပေါ့၊ တို့သက္ကာယဒိဋ္ဌိပြုတ်ပြီ (မှန်လှပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ငါသေရင် ဆွမ်းမသွတ်ပါနဲ့

သက္ကာယဒိဋ္ဌိပြုတ်ပြီလို့ စိတ်ထဲမှာ အောက်မေ့ပါ (မှန်ပါ့)၊ အဲဒီလိုပြုတ်ပြီးသကာလနေတဲ့ ပုဂ္ဂိုလ်ကျလာတော့ ငါသေရင် ငါသေရင် ဆွမ်းမသွတ်နဲ့ဟေ့-အပါယ်လေးပါး လွတ်ပြီ (မှန်ပါ့ ဘုရား)။

ငါသေရင် ဆွမ်းမသွတ်ပါနဲ့၊ အပါယ်လေးပါး လွတ်ပါပြီ၊ အပါယ်လေးပါးက လွတ်ပြီ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါး၏ ရေသောက်မြစ်ဆိုတာ ဘုန်းကြီး နေ့တိုင်းပြောနေတာ သက္ကာယဒိဋ္ဌိ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါက သက္ကာယ၊ သူ့ကို ငါ-သူတစ်ပါး ထင်နေတဲ့အတွက် (ဒိဋ္ဌိပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ယနေ့အစမှာ သက္ကာယနဲ့ ဒိဋ္ဌိကွဲသွားတယ် (မှန်လှပါ ဘုရား)၊ သက္ကာယဒိဋ္ဌိဖြစ်ခြင်းအကြောင်း သိသွားပြီ (သိပါပြီ ဘုရား)။

ကဲ ဒကာသစ်တို့ ခန္ဓာငါးပါး ဘာတဲ့တုန်း (သက္ကာယပါ ဘုရား)၊ အဲဒါကို ခန္ဓာငါးပါးလို့ မထင်ဘူး၊ ဖြစ်ပျက် အနိစ္စတရားလို့ မထင်ပဲနဲ့ ငါပဲ သူပဲ ထင်နေတဲ့ အထင်ကလေးကို ဘာခေါ်ကြမယ် (ဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် ဒီဒိဋ္ဌိဟာ အလိုလိုလာတဲ့ ဒိဋ္ဌိလား၊ သက္ကာယကြောင့်လာတဲ့ ဒိဋ္ဌိလား (သက္ကာယကြောင့် လာတဲ့ ဒိဋ္ဌိ ပါဘုရား)၊ ဒါ့ကြောင့် သက္ကာယဒိဋ္ဌိ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ဪ-ဒါဖြင့် မပူကြပါနဲ့တော့တဲ့၊ ရှင်းရှင်းလင်းလင်း ဟောမည့်ဆရာနဲ့ ရှင်းရှင်းလင်းလင်း ထောင်တတ်တဲ့ နားနဲ့ တွေ့ပြီဆိုမှဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကို ဖြိုင်ဖြိုင်သာ ကြည့်ပေးပါ (မှန်လှပါ ဘုရား)၊ ကြည့်ပေးလိုက်တဲ့ အခါကျတော့ ငါမဟုတ်, သူမဟုတ်တာ တွေ့ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ငါမဟုတ်, သူမဟုတ်တာ တွေ့တဲ့အခါကျလို့ရှိရင်ဖြင့် ငါလည်းမဟုတ်ဘူး၊ သူလည်းမဟုတ်ဘူး၊ ပျက်ခြင်းသာ ဟုတ်တယ် (မှန်လှပါ ဘုရား)၊ ငါလည်း မဟုတ်ဘူး၊ သူလည်း မဟုတ်ဘူး (ပျက်ခြင်းသာ ဟုတ်ပါတယ် ဘုရား)။

အဲဒီ အဟုတ်ကလေးကို မြင်လာလို့ရှိရင်ဖြင့်-တဲ့၊ ငါလည်းမဟုတ် သူလည်းမဟုတ်၊ အပျက်ကလေးတွေသာ ဟုတ်တယ်လို့ ဒီကဘုန်းကြီးပေးတဲ့ဉာဏ်နဲ့ ဒကာ ဒကာမတွေ ကြည့်လိုက်လို့ မြင်တဲ့အခါကျတော့ကိုတဲ့ သမ္မာဒိဋ္ဌိ ဖြစ်တယ် (မှန်ပါ့ ဘုရား)။

သမ္မာဒိဋ္ဌိပြောင်းပါတယ်

သက္ကာယဒိဋ္ဌိက ဘယ်ကိုပြောင်းသလဲ (သမ္မာဒိဋ္ဌိပြောင်းပါတယ် ဘုရား)၊ ကဲ- ဦးလှဘူး ရှင်းပြီ (ရှင်းပါပြီ ဘုရား)၊ ခန္ဓာငါးပါး ဖြစ်ပျက်မြင်ရင် ဘာပြောင်းသွားပါလိမ့် (သမ္မာဒိဋ္ဌိပြောင်းသွားပါတယ် ဘုရား)။

သမ္မာဒိဋ္ဌိ ပြောင်းသွားတယ်ဆိုတာ ပြောင်း, မပြောင်း ဒကာကြွယ် စဉ်းစားကြည့်စမ်း (မှန်ပါ့ ဘုရား)၊ ဒါကလေးတွေက ကြည့်လိုက်တဲ့အခါ ငါလည်းမဟုတ်, သူလည်းမဟုတ်၊ ဖြစ်ပြီးပျက်တာကလေးတွေ မြင်တဲ့အခါကျ တော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း မဂ္ဂင်ငါးပါး ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ မဂ္ဂင်ငါးပါး ဘယ်သူက စ,ပေါ်သတုန်း ဆိုတော့ “သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ” (မှန်ပါ့)၊ ဟော-အမှန်မြင်ရင် ဒီငါးခု ပြောင်းတယ် (မှန်ပါ့ ဘုရား)။

အမှန်မြင်ရင် (ဒီငါးခု ပြောင်းပါတယ် ဘုရား)၊ ဖြစ်ပျက်အမှန်မြင်လိုက်တော့ လောကီမဂ္ဂင်ငါးပါး ပြောင်း မသွားဘူးလား (ပြောင်းသွားပါတယ် ဘုရား)၊ အဲဒီတော့ သူ့ကို သက္ကာယဒိဋ္ဌိလို့ ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)။

ဒီကတော့ သက္ကာယတော့ ဟုတ်ပါရဲ့၊ ဒီက သမ္မာဒိဋ္ဌိ သွားဖြစ်နေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကဲ ဒါဖြင့် မိစ္ဆာဒိဋ္ဌိဖြစ်သလား သမ္မာဒိဋ္ဌိဖြစ်သလား (သမ္မာဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

မိစ္ဆာဒိဋ္ဌိကို ဖြုတ်ပစ်လိုက်တာ

သမ္မာဒိဋ္ဌိဖြစ်တော့ ငရဲမျိုးစေ့ (မရှိပါ ဘုရား)၊ သေသေချာချာ စဉ်းစားတော့မှ မိစ္ဆာဒိဋ္ဌိကို ဖြုတ်ပစ်လိုက်တာ သမ္မာဒိဋ္ဌိ (မှန်ပါ့ ဘုရား)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတာ သေချာသွားတဲ့အခါကျတော့ ကိုယ့်ဝမ်းထဲမှာ ငရဲမျိုးစေ့မရှိဘဲနဲ့ ငါသေလို့ရှိရင် ပြိတ္တာများ ဖြစ်ချည် မလား၊ ဆွေမျိုးဉာတကာတွေက သံသယမရှိနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း သံသယမရှိပါနဲ့ (မှန်လှပါ ဘုရား)၊ မပြုတ်ပြုတ် အောင်လည်း ကြိုးစားပါ (မှန်လှပါ ဘုရား)။

ကြိုးစားလိုက်တော့ ကြိုးစားပါဆိုတဲ့ စကားကလေးဟာ ဒကာသစ်တို့ သေသေချာချာ မှတ်စမ်းပါ (မှန်လှပါ ဘုရား)။

ဒါ ဘာမို့ကြားရတာတုန်း (သာသနာတွင်းမို့ ကြားရတာပါဘုရား)၊ သာသနာတွင်းမို့ ကြားရတာ၊ ခင်ဗျားတို့ ကလည်း သာသနာတွင်းမှာ လူလားမြောက်နေလို့ (မှန်ပါ)၊ ဘုန်းကြီးကလည်း သာသနာတွင်းထဲမှာ ဟောနိုင်ပြောနိုင် တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်နေလို့ ခင်ဗျားတို့ ကြားရတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ လူ့ပြည်က အပ်တစ်စင်း ဗြဟ္မာပြည်က အပ်တစ်စင်း၊ ထိမိဖို့ထက် ဒီလူ့ဘဝရဖို့ဟာ ခဲယဉ်းတယ် ဆိုတာလည်း မှန်ပါတယ် (မှန်ပါတယ် ဘုရား)၊ အဲဒါထက် ခဲယဉ်းတာက ဟောတတ်ပြောတတ်တဲ့ပုဂ္ဂိုလ်နဲ့ ကြုံဖို့, ထောင်တတ်တဲ့နားနဲ့ ကြုံဖိုရာက ဒီထက် ပိုခဲယဉ်းတယ် (မှန်ပါ ဘုရား)။

ဟောတတ် ပြောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံဖို့

ဟောတတ် ပြောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ကြုံဖို့ (ခဲယဉ်းပါတယ် ဘုရား)၊ ထောင်တတ်တဲ့ နားနဲ့ (ကြုံဖို့ ခဲယဉ်းပါတယ် ဘုရား)။

အဲ- လူ့ပြည်က အပ်တစ်စင်း၊ ဗြဟ္မာပြည်က အပ်တစ်စင်း အသွားချင်းထိဖို့ရာ အင်မတန် ခဲယဉ်းတယ်၊ လူ့ ဘဝ ရဖို့ရာ ဒီထက်ခဲယဉ်းသေးတယ်လို့ပဲ ဒကာ ဒကာမတို့ ဘုရားဟောထားတာရှိတယ် (မှန်ပါ့ ဘုရား)၊ အဲဒီခဲယဉ်း တာထက် အခုပြောတာက ပိုခဲယဉ်းတယ် (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိကို ပြုတ်အောင် ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့ တွေ့ဖို့ကော (ခဲယဉ်းပါတယ် ဘုရား)၊ ပြုတ်အောင် ဟောနိုင်မယ့် ပုဂ္ဂိုလ်နဲ့ တွေ့ငြားသော်လည်း ခင်ဗျားတို့က နားမထောင်တတ်ရင်လည်း ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။

ဒါဖြင့် ထောင်တတ်တဲ့ နားရှိဖို့ရာကလည်း ဘယ့်နှယ်ဆိုကြမလဲ (ခဲယဉ်းပါတယ် ဘုရား)၊ ဒါဖြင့် ခဲယဉ်းမှု နှစ်ခုဖြင့် မခဲယဉ်းတဲ့အဖြစ်သို့ ရောက်ပါပြီ (မှန်ပါ့ ဘုရား)။

ခဲယဉ်းတဲ့အဖြစ်မှ (မခဲယဉ်းတဲ့အဖြစ်သို့ ရောက်ပါပြီဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်ကို မပေါ့ကြနဲ့ (မှန်လှပါ ဘုရား)။

ဘယ်လိုဆုံးမပါလိမ့် (အလုပ်ကို မပေါ့ကြပါနဲ့)၊ အလုပ်မပေါ့ကြပါနဲ့ဆိုတာ ဘာတုန်း၊ ခန္ဓာကိုယ်ကြည့်လိုက် တဲ့အခါကျတော့ ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်သိဖို့ရာ အလုပ်ကို မလျှော့လိုက်ကြပါနဲ့ဆိုတဲ့ဥစ္စာ သေသေချာချာပဲ သတိပေး ရတယ် (မှန်လှပါ ဘုရား)။

ငရဲမျိုးစေ့ဆိုတဲ့ သက္ကာယဒိဋ္ဌိ

နို့မဟုတ်ရင် ဟောတတ်တဲ့ပုဂ္ဂိုလ်က ဟောငြားသော်လည်း ထောင်တတ်တဲ့နားမရှိတော့ မလုပ်တတ်ဘူး (မှန် ပါ့)၊ မလုပ်တတ်တော့ ခုနင်ကဖြစ်တဲ့ ငရဲမျိုးစေ့ဆိုတဲ့ သက္ကာယဒိဋ္ဌိက ဒကာ ဒကာမတွေ ဝမ်းထဲမှာ အနုသယသဘော နဲ့ ကိန်းနေပါတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုကိန်းနေသလဲ (အနုသယသဘောနဲ့ ကိန်းနေပါတယ် ဘုရား)၊ အနုသယသဘောနဲ့ ကိန်းနေတော့ ဒီအနုသယကို သမ္မာဒိဋ္ဌိနဲ့ ပယ်လိုက်ရင် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

”အနိစ္စေ အနိစ္စန္တိ ပဿတိ၊ သာယံဝုစ္စတိ သမ္မာဒိဋ္ဌိ” သဠာယတန ဝဂ္ဂသံယုတ်ပါဠိတော်မှာ (မှန်ပါ့)။**

** သဠာယတန ဝဂ္ဂသံယုတ် ပါဠိတော်၊ နန္ဒိက္ခယဝဂ်၊ အဇ္ဈတ္တနန္ဒိက္ခယသုတ်ပါဠိကို အာယတနငါးပါးပေါင်း၍ လိုရင်းကိုသာ ပြသည်။

အနိစ္စေ=အနိစ္စဖြစ်သော ခန္ဓာ၌၊ အနိစ္စန္တိ=ဪ ဖြစ်ပြီးပျက်တဲ့ တရားဟူ၍၊ ပဿတိ=ရှု၏၊ သာယံဒိဋ္ဌိ =ဤအမှန်ကို ရှုခြင်းကို၊ သမ္မာဒိဋ္ဌိ=သမ္မာဒိဋ္ဌိဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏ (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)၊ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

အနိစ္စကို အနိစ္စလို့ သိရင် ဘာပါလိမ့် (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ်ဘုရား)၊ ဒကာသစ် သေပျော်ပြီ (မှန်လှပါ)၊ သေပျော်ပြီဆိုတာ ဒကာ ဒကာမတွေ မြှောက်ပြောတဲ့တရား မဟုတ်ပါဘူး (မှန်ပါ့)၊ နဂိုတုန်းကတော့ သက္ကာယနဲ့ ဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

အခုတော့ ဒီဥစ္စာ ခန္ဓာက ငါလည်းမဟုတ်ဘူး၊ သူလည်းမဟုတ်ဘူး၊ ဖြစ်ပျက်အနိစ္စသာ ဟုတ်တယ်လို့ ဒီကနေ သိပေး (မှန်ပါ့)၊ သိပေးလိုက်တဲ့အခါကျတော့ကို အနိစ္စေ=အနိစ္စဖြစ်သော ခန္ဓာ၌၊ အနိစ္စန္တိ=အနိစ္စဟူ၍၊ ပဿတိ=မြင် ၏၊ သာယံဒိဋ္ဌိ=ဤမှန်ကန်သော အမြင်သည်၊ သမ္မာဒိဋ္ဌိ=သမ္မာဒိဋ္ဌိမည်၏ဆိုတော့ မိစ္ဆာဒိဋ္ဌိ သေသွားတယ် (မှန်လှပါ ဘုရား)၊ သက္ကာယဒိဋ္ဌိ မသေဘူးလား (သေပါတယ် ဘုရား)။

ထိုကဲ့သို့သေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ငရဲမျိုးစေ့ ဝမ်းထဲမှာ မရှိတော့ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ငရဲမျိုးစေ့မှ ဝမ်းထဲမရှိတဲ့ပုဂ္ဂိုလ်

ဒါဖြင့် ငရဲမျိုးစေ့မှ ဝမ်းထဲမရှိတဲ့ပုဂ္ဂိုလ်ဟာ ငါသေရင် အပါယ်လေးပါး ငရဲများ သွားရဦးမှားလို့ ဒီသံသယ ရှိဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒီအလုပ်ဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရင်ဝလှံစူး၊ ရင်ဝကို လှံကြီးနဲ့ ပစ်လိုက်တဲ့အခါ ဒကာသစ်က ရှောင်နိုင်ရင်ဖြင့် အမြန်ဆုံးရှောင်မှာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဦးခေါင်းမီးလောင် ရင် အမြန်ဆုံး ငြိမ်းမှာ (မှန်ပါ့ ဘုရား)၊ အဲ ခုနင်က အနိစ္စကို အနိစ္စလို့ သိတဲ့အလုပ်ကို ဒီ့ထက်မြန်မြန်လုပ်စမ်းပါ (မှန်လှပါ ဘုရား)။

အနိစ္စကို (အနိစ္စလို့ သိတဲ့အလုပ်ကို ဒီ့ထက်မြန်မြန်လုပ်ရပါမယ် ဘုရား)၊ ဒီ့ထက်မြန်မြန်လုပ်ရမယ် (မှန်ပါ့)၊ ဘာကြောင့်တုန်းဆိုတော့ ဒကာ ဒကာမတို့ သူမပြုတ်ဘဲနဲ့ သေသွားရင် ငရဲရောက်မယ် (မှန်ပါ့ ဘုရား) သူပြုတ်ပြီး သေသွားတော့ အပါယ်လေးပါးတံခါးပိတ်တယ် (မှန်လှပါ ဘုရား)။

ဒါကြောင့်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဪ သားကလေး လူလားမြောက်လည်း အရေးမကြီး ပါနဲ့ (မှန်ပါ့)၊ သမီးကလေး အိမ်ထောင်မချထားရတာကော (အရေးမကြီးပါနဲ့)၊ ကိုယ့်ငရဲမျိုးစေ့ကို ဖြုတ်ပါ (မှန်ပါ ဘုရား)။

ကိုယ့်ငရဲမျိုးစေ့ ကိုယ်ဖြုတ်ပါ (မှန်ပါ့)၊ အခုစစ်သံ ဘာသံတွေကြားနေတယ်၊ အဲဒါ အသာထား (မှန်ပါ့)၊ အဲဒါ အသာထားပါဦး ဒကာကြွယ်ရ (မှန်ပါ့)၊ ကိုယ့်ငရဲမျိုးစေ့ ဖြုတ်ဖို့ရာက (အရေးကြီးပါတယ် ဘုရား)။

အနုမြူဗုံးကြဲလို့၊ ဟိုက်ဒရိုဂျင်ဗုံးကြဲလို့၊ အကုန်သေ၊ ဒိဋ္ဌိပြုတ်ပြီးသား လူက အပါယ်မသွားဘူး (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ ဒိဋ္ဌိပြုတ်ပြီးသားလူက (အပါယ်မသွားပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ရှေ့ကို စစ်သံ, စစ်ငွေ့တွေရှိပြီးသကာလ နေတာလည်း အများကြီးသိကြတယ် ဒီအချိန်မှာ ပိုအရေးကြီးပြီး လုပ်ပါ (မှန်ပါ့)။

ပိုအရေးကြီးပြီး (ဖြုတ်ရမှာပါ ဘုရား)၊ ဘယ်သူ့ဖြုတ်ရမလဲ (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား)၊ ဘယ်ဒိဋ္ဌိပါလိမ့် (သက္ကာယ ဒိဋ္ဌိပါ ဘုရား)။

သေပွဲဝင်ရတောင်မှ အပါယ်လွတ်တယ်

အဲ သူ့အရင်ဖြုတ်လိုက်တဲ့အခါကျတော့ ဝဋ်မကျွတ်သေးလို့ သေပွဲဝင်ရတောင်မှ အပါယ်လွတ်တယ် (မှန်ပါ့)။

ဝဋ်မကျွတ်သေးလို့ သေပွဲဝင်ရတောင်မှ (အပါယ်လွတ်ပါတယ် ဘုရား)၊ ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ)။

နို့ အနောက်နိုင်ငံသားတွေကတော့ဖြင့် စစ်ဖြစ်ဖို့ပဲ ကြိုးစားနေကြတယ်ဆိုတာ အားလုံးပဲ သိပါတယ် (မှန်ပါ့)၊ သူတို့တော့ ပြောလို့မဖြစ်ဘူး၊ သက္ကာယဒိဋ္ဌိက တစ်ကမ္ဘာလုံး ငါ့ဟာဖြစ်ဖို့ပဲ စိတ်ကူးတယ် (မှန်ပါ့)။

တစ်ကမ္ဘာလုံး ဘာပါလိမ့် (ငါ့ဟာဖြစ်ဖို့ပဲ စိတ်ကူးပါတယ် ဘုရား)။

အဲဒီတော့ ဒီလူသားတွေ ခန္ဓာလည်း ငါ့ဟာဖြစ်စေချင်တာပဲ၊ ရွှေတွင်း ငွေတွင်းတွေလည်း (ငါ့ဟာဖြစ်စေချင် တာပါပဲ ဘုရား)၊ သတ္တုတွင်း, သံတွင်းကော (ငါ့ဟာ ဖြစ်စေချင်ပါတယ် ဘုရား)။

သူတို့ကတော့ သက္ကာယဒိဋ္ဌိကြောင့် တိုက်ဖြစ်တယ် (မှန်ပါ့ ဘုရား)၊ သက္ကာယဒိဋ္ဌိက တိုက်တွန်းလိုက်တာနဲ့ သူတို့ စစ်တိုက်ဖြစ်ကြတယ် (မှန်ပါ့)။

အဲဒီတော့ သူတို့ကတော့ နိုင်လည်း အပါယ်ကျမှာပဲ (မှန်ပါ့)၊ ရှုံးလည်း (အပါယ်ကျမှာပဲ ဘုရား)။

ကျုပ်တို့ကတော့ သူတို့နိုင်တာလည်း ကျုပ်တို့နဲ့ မဆိုင်ဘူး (မှန်ပါ့)၊ ရှုံးတာလည်း ကျုပ်တို့နဲ့ မဆိုင်ဘူး (မှန်ပါ့)၊ ကျုပ်တို့ အပါယ်လေးပါး တံခါးပိတ်ဖို့အလုပ်ဟာ ကျုပ်တို့ အမြတ်ထွက်တဲ့အလုပ် (မှန်ပါ့)၊ ဒါကိုပင် ကြိုးစားဖို့ အလွန့်အလွန် အရေးကြီးပါတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့တရားပွဲမှာ ဪ ဘာအရေးကြီးပြီး တို့ဆရာဘုန်းကြီး ပြောဟောနေပါလိမ့်မလဲ ဆိုတာဖြင့် ဒကာသစ် ပေါလောကြီး ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ ဘာဖြုတ်ဖို့ အရေးကြီးသလဲ (သက္ကာယဒိဋ္ဌိဖြုတ်ဖို့ အရေးကြီးပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ဖို့ဆိုတာ

သက္ကာယဒိဋ္ဌိဖြုတ်ဖို့ဆိုတာ အလွယ်ကလေးပါလို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိဖြုတ်ဖို့ရာ အလွယ်ကလေးပါဆိုတော့ အရှင်ဘုရား လွယ်လို့ရှိရင်ဖြင့် လူတွေသည် ကင်းလို့ဆိုလို့ ရှိရင်ဖြင့် အကုန်အပါယ်သွားစရာ မရှိတော့ဘူးလို့ ပြောချင်လည်း ပြောလိမ့်မယ် (မှန်ပါ့)၊ သို့သော် ခုနင်က ပြောတဲ့ အထဲမှာ အဖြေထွက်သွားပါပြီ (မှန်လှပါ ဘုရား)။

ဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့ ကြုံဖို့ရာကလည်း ဒုလ္လဘတရား (မှန်ပါ)၊ ခင်ဗျားတို့သန္တာန်မှာ ဟောတတ်တဲ့နားရှိဖို့ ကော (ဒုလ္လဘတရားပါ ဘုရား)၊ အဲဒီပုဂ္ဂိုလ်တွေအတွက်မှာ လွယ်တယ်ပြောတာ (မှန်ပါ့)။

ဥရောပတစ်တိုက်လုံး, အာရှတစ်ကိုက်လုံး ဒီ့ပြင်ဘာသာခြားတွေဟူသရွေ့မှာ ဘုန်းကြီးပြောလိုရင်း မဟုတ်ပါ ဘူး (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို ဒီဒကာ ဒကာမတွေမှာ အရေးကြီးသည်ထက်ကြီးတာဟာ သားရေး သမီးရေး စီးပွားရေးထက် ငရဲမျိုးစေ့ဖြုတ်ရေးဟာ ကြီးပါတယ် (မှန်ပါ့)။

သားရေး သမီးရေး စီးပွားရေးထက် (ငရဲမျိုးစေ့ဖြုတ်ရေးက ကြီးပါတယ်ဘုရား)၊ ငရဲမျိုးစေ့ဆိုတာ ဘာပါလိမ့် (သက္ကာယဒိဋ္ဌိပါ ဘုရား)၊ ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပါယ်ရောက်လေသမျှ သက္ကာယဒိဋ္ဌိကလို့ မှတ်လိုက် (မှန်ပါ့)၊ အိုဘေး နာဘေး သေဘေးတွေ ရလေသမျှ ကော (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မင်းတွေသည် ဘယ်စိုးတွေသည်ကားလို့ ဆိုရင်ဖြင့် အပါယ်ရောက်သွားကြ တယ်လို့ဆိုတာ ဘယ်သူမှ ပို့လိုက်တာ မဟုတ်ဘူး (မှန်ပါ့)၊ ဒီသက္ကာယဒိဋ္ဌိဆိုတဲ့ အနုသယက ပို့လိုက်တာ (မှန်ပါ့)။

ဒါဖြင့် ဒကာကြွယ်ရေ ဒီအရေးဟာ အကြီးဆုံးထားပါ (မှန်ပါ့ ဘုရား)။

အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ကိုယ့်အရေးဟာ ဘယ်အရေးလဲ (သက္ကာယဒိဋ္ဌိဖြုတ်ဖို့အရေးပါ ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ဖို့အရေးဟာကိုယ့်အရေး

ဒါသက္ကာယဒိဋ္ဌိဖြုတ်ဖို့အရေးဟာ ကိုယ့်အရေးပဲ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိဖြုတ်ဖို့အရေးဟာ (ကိုယ့်အရေးပါ ဘုရား)။

အဲဒါ စဉ်းစဉ်းစားစားနဲ့ ဪ ဒီ့ပြင်ဟာက ငရဲရောက်စေတတ်တာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)၊ ဘယ်သူက ရောက်စေတတ်သတုန်း (သက္ကာယဒိဋ္ဌိက ရောက်စေတတ်ပါတယ် ဘုရား)။

ဒါဖြင့် သက္ကာယဒိဋ္ဌိတစ်လုံးရှိလို့ရှိရင်ဖြင့် ဒကာသစ် အထူးမှတ်လိုက်စမ်း ဒါက ငါထင်တာကိုး (မှန်ပါ့)၊ ရုပ် နာမ်ကို ငါမထင်ဘူးလား (ထင်ပါတယ် ဘုရား)၊ ထင်တာ ဘာဒိဋ္ဌိလဲ (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် ဒီရုပ်နာမ်စားဖို့ မုသားပြောမယ် (မှန်ပါ့)၊ ဒီခန္ဓာကြိုးစားဖို့ (မုသားပြောပါမယ် ဘုရား)၊ မုသားပြောမယ်၊ ဝက်သတ်ကျွေးမယ် တံငါလုပ်ကျွေးမယ် (မှန်လှပါ)၊ နို့မဟုတ်ရင် ငါ့ဘယ်မှာစားစရာရှိမလဲ၊ ငါ့သားသမီးတွေ ဘယ်စား စရာရှိမလဲ (မှန်ပါ့)၊ ငါ လူချင်းအတူတူ ဘယ်ဖြစ်တော့မလဲ၊ ငါ လူ့အောက်ကျသွားမှာပေါ့ (မှန်ပါ့ ဘုရား)၊ အစရှိသည် နဲ့ ဘယ်ကလာတာတုန်းဆိုတော့မှ တခြားသော အကုသိုလ်တွေဟူသရွေ့ မတရားသဖြင့် ရှာမှီးမှု မတရားသဖြင့် အသက်မွေးမှုတွေ ဒကာကြွယ် ဘယ်ကလက်သည်ပါလိမ့် (သက္ကာယဒိဋ္ဌိကပါ)၊ ဪ သူက ပွားလာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူက ပွားလာသတုန်း (သက္ကာယဒိဋ္ဌိက ပွားလာတာပါ)၊ သက္ကာယဒိဋ္ဌိက ပွားလာတာကိုဖြင့် ဦးလှဘူး တို့ ရှင်းရှင်းလင်းလင်း မှတ်ပါ (မှန်ပါ့ ဘုရား)။

အခု ဒကာ ဒကာမတွေမှာလည်း ဆင်းရဲဟူသမျှ ပေးလေသမျှ သက္ကာယဒိဋ္ဌိပဲ (မှန်ပါ့)၊ ငါ့သားကလေး စား ဖို့တဲ့ အနိစ္စ ပါသေးရဲ့လား (မပါပါ)၊ ငါ့သမီးကလေး စားဖို့ ငါစားဖို့ ငါဝတ်ဖို့ ငါကြွားဖို့ ငါမော်ဖို့ ငါလူအောက်မကျ ဖို့ဆိုတာလည်း လုပ်ချင်တာလုပ်မယ်ကွာ ငွေရပြီးတာပဲ လူ့အောက်ကျမှာတော့ စိုးရိမ်ရတယ်ကွဆိုတာသည်ကားလို့ ဆိုရင် ဘယ်ကလာတာတုန်း (သက္ကာယဒိဋ္ဌိက လာတာပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ငရဲ ရေသောက်မြစ်

ဪ ငရဲ ရေသောက်မြစ်ရယ်လို့ ဘုရားက ဟောတော်မူတာဟာ ဟောသင့်တယ် (မှန်ပါ့ ဘုရား)၊ သူ တစ်ခုရှိရင် မလုပ်နိုင်တဲ့ အကုသိုလ်ရယ်လို့ မရှိဘူး (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိ ရှိနေရင် (မလုပ်နိုင်တဲ့ အကုသိုလ်မရှိပါ)၊ ပဉ္စာနန္တရိယကံတောင် လုပ်နိုင်တယ် (မှန်ပါ့)၊ အမိ သတ်ရဲတယ်, အဖသတ်ရဲတယ်, ဘုရား သွေးစိမ်းတည်အောင် လုပ်ရဲတယ်, ရဟန္တာသတ်ရဲတယ် (မှန်ပါ့)၊ ဘယ်သူက လုပ်တာတုန်း (သက္ကာယဒိဋ္ဌိက လုပ်တာပါ)၊ သက္ကာယဒိဋ္ဌိက လုပ်တာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် သူတစ်လုံးကို ဒကာသစ်တို့, ဒကာကြွယ်တို့, ဦးလှဘူးတို့က ဖြုတ်လိုက်တယ်ဆိုတော့ (မှန်ပါ့ ဖြုတ်လိုက် တော့ အပါယ်ရောက်ကြောင်းဟူသရွေ့ သူကလာတာ ဖြစ်လေသောကြောင့် သူ့ကိုဖြုတ်လိုက်တော့ ပင်မဖြုတ်လိုက်တော့ သူက သီးစရာ, ပွင့်စရာတွေ, ဖြာစရာတွေ, အခက်အလက် အရွက်တွေ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ဪ ဒါ့ကြောင့် ငရဲမျိုးစေ့ဆိုတာ ဟောသင့်တယ် (ဟောသင့်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိဟာ ဘာတဲ့ (ငရဲမျိုးစေ့ပါ ဘုရား)။

သူ ဘယ်ကလာသတုန်းဆိုတော့ ဟောဒီခန္ဓာငါးပါးကို အနိစ္စလို့ မသိရာကလာတယ် (မှန်ပါ ဘုရား)။

သက္ကာယဒိဋ္ဌိ ဘယ်ကပါလာလိမ့် (ခန္ဓာငါးပါးကို အနိစ္စလို့ မသိရာက လာပါတယ်ဘုရား)။

သိလို့ရှိရင် သမ္မာဒိဋ္ဌိ

မသိရာက လာတယ်ဆိုတာ သိလို့ရှိရင် သမ္မာဒိဋ္ဌိ (မှန်ပါ့)၊ မသိရင် သက္ကာယဒိဋ္ဌိ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဆရာဘုန်းကြီးကလည်း ဟောတတ်ပြန်၊ ဒကာ ဒကာမတွေကလည်း ထောင်နိုင်တဲ့နား ရှိ ပြန်တော့ ဒကာကြွယ်ရေ ဒီဥစ္စာ ကျုပ်တို့ တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ပွားများပြီးသကာလ နေကြမယ်၊ နောက် ပယ်တဲ့သဘောနဲ့လည်း ရောက်အောင် လုပ်ကြမယ်ဆိုရင်ဖြင့် ကျုပ်တို့အတွက်ဖြင့် သပိတ်မသွတ်နဲ့ (မှန်ပါ့)၊ သေရင် သပိတ်မသွတ်နဲ့ဆိုတဲ့ဥစ္စာ ရဲရဲကြီးပြောနိုင်အောင် (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် တစ်ခါတည်း ငါအပါယ်လေးပါး မကျဘူးဆိုတာ ကိုယ်တိုင်သိတဲ့ဉာဏ်ရအောင် လုပ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဘယ်မှာဟောခဲ့သတုန်းလို့ မေးတဲ့အခါကျတော့မှ ကိုယ်တိုင်သိအောင် လုပ်ထားတဲ့ဉာဏ်၊ ကိုယ်တိုင်သိ အောင် လုပ်ရမယ့် ဉာဏ်ရအောင် လုပ်ထားပါဆိုတာ ဘယ်မှာဟောသတုန်းဆိုတော့ ‘ဓမ္မာဒါသ’သုတ်ဆိုပြီး သံယုတ် မှာ ဟောထားတယ် (မှန်ပါ့ ဘုရား)။

သံယုတ်မှာ ဘယ်လိုဟောထားသတုန်းဆိုတော့ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သက် တော်ထင်ရှားရှိပြန်တော့ ရှင်အာနန္ဒာက ဘယ်သူသေပြန်သတဲ့ဆိုပြီး ရှင်အာနန္ဒာကတော့ မေးရဲပြုရဲပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အရှင်ဘုရား ဒီပုဂ္ဂိုလ် ဘယ်သွားပါလိမ့်မတုန်း ဟာ သူဟာကွာ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဆိုတဲ့ တရားတွေပယ်ပြီးသောကြောင့် သောတာပန် တည်သွားသောကြောင့် အပါယ်လွတ်တယ်ဟေ့ သုဂတိရောက်ပြီ (မှန်ပါ့ ဘုရား)။

တော်တော်ကြာ တစ်ယောက်သေပြန်ပြီ၊ မေးပြန်ပြီ (မှန်ပါ့)၊ အဲဒီတော့ သေတဲ့လူတွေကလည်းများများ ရှင် အာနန္ဒာကလည်း အမေးထူထူ ဖြစ်နေတယ် (မှန်ပါ့)၊ သေတဲ့လူကလည်း (များများပါ ဘုရား)၊ ရှင်အာနန္ဒာကလည်း (အမေးထူထူပါ)၊ အမေးအင်မတန်ထူတဲ့ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ကွာ တဲ့၊ ငါ့လည်း မင်းမေးတဲ့အလုပ်နဲ့ပဲ မအားဘူး၊ လူသေတွေကလည်း များလိုက်တာပုံလို့ (မှန်ပါ့ ဘုရား)။

မှန်တစ်ချပ်ပေးထားပါမယ်

ဒါဖြင့် ငါ မင်းတို့ကို မှန်တစ်ချပ်ပေးထားပါမယ်၊ အဲဒီမှန်ကြည့်ပါတဲ့ (မှန်ပါ့)၊ ဒီမှန်ကြည့်ပြီးတော့ မင်းတို့ဟာ မင်းတို့ပဲ ဆုံးဖြတ်ချက်ချပါတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မှန်တစ်ချပ် ပေးထားမယ်တဲ့၊ အဲဒီမှန်တစ်ချပ် ကြည့်ပြီး မင်းတို့ဟာ မင်းတို့ ဆုံးဖြတ်ချက် ချပါကွာတဲ့၊ ငါ့မှာ ဖြင့် ဖြေလို့ မအားနိုင်တော့ဘူးတဲ့ဆိုတော့မှ ဒကာ ဒကာမတွေ မှန်တစ်ချပ် ပေးထားပါတယ်။ ဘုန်းကြီးကလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထားတဲ့အတိုင်း ပြောရတော့ ရဲရဲပဲ ပြောရဲတယ်နော် (မှန်ပါ့ ဘုရား)။

မှန်တစ်ချပ်ပေးထားမယ်ဆိုတော့ ဒီခန္ဓာငါးပါးထဲက တစ်ပါးပါးကို ဝေဒနာကြိုက်ရင် ဝေဒနာရှုပေါ့ (မှန်ပါ့)၊ စိတ်ကြိုက်ရင် (စိတ်ရှုရမှာပါ)၊ ရုပ်ကြိုက်ရင် (ရုပ်ရှုရပါမယ်)၊ သစ္စာကြိုက်ရင် (သစ္စာရှုရပါမယ်)၊ သစ္စာရှု ရှုတော့ ဖြစ်ပျက်တွေ့ဖို့ပဲ (မှန်ပါ့ ဘုရား)။

ကြိုက်တာရှု ဒကာ ဒကာမတို့ ဘာတွေ့ရမလဲ (ဖြစ်ပျက်တွေ့ရပါမယ်)၊ ဖြစ်ပျက်ပဲ တွေ့ရမယ်ဆိုတာ ဧကန် မှတ်ထား (မှန်ပါ့ ဘုရား)။

ဒီဖြစ်ပျက်တွေ ရှုရင်းမတ္တနဲ့ ဒကာသစ်တို့က ဖြစ်ပျက်တွေ မုန်းပြီးသကာလ ကိုယ့်အသေတွေ ကိုယ်ပြန်ကြည့် တာ မုန်းလာတယ် (မှန်ပါ့)၊ မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား)။

ဖြစ်ပျက်အဆုံးဟာ နိဗ္ဗာန်

ရှုရင်းမတ္တနဲ့ ဒီဖြစ်ပျက်တွေဟာ ခန္ဓာငါးပါး ဖြစ်ပျက်တရားတွေဟာ ဒကာကြွယ် ဆုံးသွားတယ် (ဆုံးသွားပါ တယ်)၊ ဆုံးသွားတဲ့အခါကျတော့ ဖြစ်ပျက်အဆုံးဟာ နိဗ္ဗာန် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်အဆုံးဟာ နိဗ္ဗာန်ပါ၊ ရှုဉာဏ်က မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ် သွားဖြစ်တယ် (မှန်လှပါ)။

ရှုဉာဏ်က ဘာတဲ့ (မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ် သွားဖြစ်ပါတယ် ဘုရား)၊ မဂ်ဉာဏ်လည်း ဆိုနိုင်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ နိဗ္ဗာန်မြင်တာကိုးဗျ (မှန်ပါ့)၊ ဖိုလ်ဉာဏ်ကလည်း နိဗ္ဗာန်မြင်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖိုလ်ဉာဏ်ကလည်း ဘာမြင်သတုံး (နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊ နိဗ္ဗာန်ဆိုတာလည်း တခြားမဟုတ်ဘူး၊ ဖြစ်ပျက် အဆုံးပဲ (မှန်ပါ့ ဘုရား)။

ပစ္စဝေက္ခဏာဉာဏ်ကတော့ ဘာမြင်ပါလိမ့် (နိဗ္ဗာန်မြင်ပါတယ် ဘုရား)။

အဲဒီလိုမြင်လို့ရှိရင်ကွာတဲ့ ဒီဟာ ကိုယ်ကိုယ်တိုင်မြင်ပြီးသကာလ ဪ- ငါ့ခန္ဓာကြီးထဲမှာဖြင့် ရုပ်လည်း မတွေ့ဘူး၊ နာမ်လည်း မတွေ့ဘူး၊ ဖြစ်ပျက် အနိစ္စတရားတွေ မတွေ့တော့ပါဘူး ဆုံးသွားပြီ၊ ဒုက္ခတွေ ဆုံးသွားပြီလို့ ကိုယ့်ဟာကိုယ် သိလို့ရှိရင်ဖြင့် ငါ့မမေးလာနဲ့၊ အဲဒါ သောတာပန်လို့ မှတ်လိုက် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါ့ကို မမေးလာနဲ့ အာနန္ဒာရ၊ အဲဒီမှန်ကိုသာ မင်းတို့မပျောက်စေနဲ့ (မှန်ပါ့)၊ ဖြစ်ပျက်ဆုံးတဲ့ ဉာဏ်ရတယ် ဆိုလို့ရှိရင်ဖြင့်တဲ့ မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ငါသောတာပန် တည်လေသလား သကဒါဂါမ် တည်လေသလား အနာဂါမ် တည်လေသလားလို့ မမေးနဲ့တော့ကွာတဲ့ ပြောရတာ ပင်ပန်းလွန်းလို့တဲ့ (မှန်လှပါ ဘုရား)။

သေတဲ့ပုဂ္ဂိုလ်က နည်းမှာမှမဟုတ်ဘဲ (မနည်းပါ ဘုရား)၊ အဲဒီထဲမှာ မင်းက လာလာမေးနေတော့ ငါမအား တော့ဘူးတဲ့ (မှန်လှပါ)၊ ဘယ်သူသေပြန်ပြီ၊ သောတာပန်လား ဘုရာ့၊ သကဒါဂါမ်လား ဘုရာ့၊ အပါယ်သွားသလား ဘုရာ့၊ ဒီလိုမေးနေတော့ ငါ ဘယ်မှာအားမလဲတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ မယုံလို့ရှိရင် အရပ်ထဲမှာ လူစည်စည် တစ်သောင်းငါးထောင်ရှိတဲ့ အရပ်ထဲမှာဆိုရင် တစ်နေ့တစ်ယောက် နှစ်ယောက်တော့ လူသေမယ် (မှန်ပါ့)။

သေလို့ရှိရင်ဖြင့် သေစာရင်းထုတ်ပေးရတဲ့ သူကြီးအိမ်မှာ အားပါ့မလား (မအားပါ ဘုရား)။

ဒီမှာလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ရှင်အာနန္ဒာက ဘယ်သူသေပြန်ပြီဘုရာ့၊ ဘယ်သွားသတုံး၊ ဘယ်သူသေပြန်ပြီ ဘုရာ့၊ ဘယ်သွားသတုန်း မေးတော့ ခုနင်က သေစာရင်း ပြင်ဆင်ပေးရတဲ့ပုဂ္ဂိုလ် မအားသလို မအားဘဲ ဘုရားသခင်မှာ ဖြစ်နေတယ် (မှန်ပါ့)။

ဒါကြောင့် မင်းတို့ကို မှန်ကလေးတစ်ချပ် ပေးထားမယ်၊ အဲဒီမှန်သာ အသုံးပြုတော့တဲ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ငါသေရင် အပါယ်မသွားဘူး

ဒီမှန်က ဘာတုန်းဆိုတော့ ဖြစ်ပျက်အဆုံးမြင်တဲ့ ဉာဏ်ရရင်လည်း ငါသေရင် အပါယ်မသွားဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဖြစ်ပျက်အဆုံးမြင်တဲ့ ဉာဏ်ကို ဆင်ခြင်နိုင်လို့ရှိရင်လည်း ငါသေရင် (အပါယ်မသွားပါ ဘုရား)၊ ဖြစ်ပျက်အဆုံးဖြစ်နေတဲ့ နေရာကို ကိုယ့်စိတ်နဲ့ မြင်နေရင်ကော ငါသေရင် (အပါယ်မသွားပါ ဘုရား)။

ဪ ဒီနေရာကလေး ရောက်ပြီးသကာလ ဖြစ်ပျက်ဆုံးတဲ့ နေရာပါကလားလို့ ကိုယ့်ဟာကိုယ် ဆင်ခြင်နေလို့ ဒီနေရာ ရောက်ဖူးသွားလို့ရှိရင်လည်း အဲဒါ ကိုယ့်မှန်လို့ မှတ်ကြ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ)။

ကိုယ့်မှန်ဆိုတာ သိပလား (သိပါပြီ ဘုရား)၊ ကိုယ့်မှန်ကိုယ်ကြည့်ပြီးသကာလ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချတဲ့နည်း ဓမ္မာဒါသသုတ်ဆိုပြီးသကာလ သံယုတ်ပါဠိတော်ကြီးမှာ ဒကာသစ်ရေ သေသေချာချာ ကိုယ့်ကိုယ်ကိုယ် ချိန်ဖို့ ဟောတာ (မှန်ပါ့)။

ငါ့လည်း မမေးနဲ့၊ ဒီ့ပြင်ရဟန္တာတွေလည်း သွားမမေးနဲ့၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတဲ့ (မှန်လှပါ)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုမှာပါလိမ့် (ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချရပါမယ် ဘုရား)၊ ကိုယ့်ဟာကိုယ်သာ ဆုံးဖြတ်ချက်ချပါကွာ တဲ့ နို့မဟုတ် ငါမအားဘူးတဲ့၊ မေးချက် များလွန်းလို့ဆိုတော့ ဒီ ဒကာ ဒကာမတွေလည်း ယနေ့ ဘုန်းကြီး ဒီတရား တစ်လုံးကို မှန်မှန်ကြီး ပြောလိုက်ရတဲ့အတွက် ခင်ဗျားတို့ မလုပ်ပဲနဲ့လည်း ဒီနေရာမရောက်ဘူး (မှန်ပါ့)။

မလုပ်ပဲနဲ့တော့ (ဒီနေရာ မရောက်ပါ ဘုရား)၊ မရောက်လို့ရှိရင်လည်း ဒီမှန်ကို ရပါ့မလား (မရပါ ဘုရား)၊ ဒီမှန်မရသေးသရွေ့ကာလပတ်လုံးလည်း ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချလို့ ရပါ့မလား (မရပါ ဘုရား)။

ကိုယ့်မှန် ကိုယ်ကြည့်ပါ

အဲဒီတော့ သူများ ဗေဒင်မေးရတာ ဆန်ကုန်တယ်၊ ငွေကုန်တယ်ဆိုသလိုပဲ ကျုပ်သည်ကားလို့ဆိုရင်ဖြင့် အပါယ်သွားမှာလား မသွားဘူးလားဆိုတာ ကိုယ့်ဟာကိုယ်လုပ်ကြည့်ပြီး ကိုယ့်မှန် ကိုယ်ကြည့်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ် လုပ်ကြည့်ပြီးတော့ (ကိုယ့်မှန်ကိုယ်ကြည့်ရပါမယ် ဘုရား)။

အဲ ရှုလိုက်တိုင်း ဒုက္ခဆုံးတဲ့နေရာရောက်ပြီ၊ ရှုလိုက်တိုင်း ဖြစ်ပျက်တွေ ရှာမတွေ့ဘူး ဘုရာ့ခန္ဓာကိုယ် ပျောက် သွားတာပဲ (မှန်ပါ့)၊ နိဗ္ဗာန်မြင်ပါပြီ ဘုရာ့၊ ဒုက္ခဆုံးတဲ့နေရာ မြင်ပါပြီလို့ ကိုယ့်ဟာကိုယ် ဒီအတိုင်းသာ ဆုံးဖြတ်ချက် ချမယ်ဆိုရင် အာနန္ဒာ မမေးနဲ့ သူ သောတာပန်တည်ပြီမှတ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သူတစ်ပါး မေးနေစရာလားတဲ့၊ ကိုယ့်ဟာကိုယ်ပဲ မြင်နိုင်တဲ့သဘောလား (ကိုယ့် ဟာကိုယ်ပဲ မြင်နိုင်တဲ့သဘောပါ ဘုရား)။

ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ‘ဓမ္မာဒါသ’သုတ်ဆိုပြီး ဓမ္မ-က=တရား၊ အာဒါသ,က=မှန်ပေါ့ဗျာ (မှန်ပါ့)၊ တရားတည်းဟူသော မှန်ကို မင်းတို့ကို ငါပေးထားပါမယ်တဲ့၊ အာနန္ဒာ ငါ့ကို နေ့တိုင်း လာမမေးနဲ့ တဲ့ (မှန်လှပါ ဘုရား)။

ဖြစ်ပျက် အဆုံးမြင်တဲ့ ပုဂ္ဂိုလ် သောတာပန် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဖြစ်ပျက်အဆုံး ဆိုတာ နိဗ္ဗာန်ပဲ ဟုတ်လား (မှန်ပါ့)။

နိဗ္ဗာန်ကို ဆင်ခြင်နိုင်တဲ့ပုဂ္ဂိုလ်ဟာ သောတာပန်

နိဗ္ဗာန်ကို ဆင်ခြင်နိုင်တဲ့ပုဂ္ဂိုလ်ဟာ (သောတာပန်ပါ ဘုရား)၊ အဆုံးမြင်တဲ့ပုဂ္ဂိုလ် (သောတာပန်ပါ ဘုရား)၊ သောတာပန်ပဲ။

အဲဒီလိုဆိုလို့ရှိရင်ဖြင့် ဦးလှဘူးရေ ဒီအရေးဟာဖြင့် အကြီးဆုံး အရေးထားပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီအရေးဟာ ဘာတဲ့ (အကြီးဆုံးအရေးပါ ဘုရား)။

ဒီ့ပြင်ဖြင့် ခင်ဗျားတို့ သိန်းတစ်ရာ ချမ်းသာနေစေကာမူ သေလို့ရှိရင် စိတ်မချရဘူး (မှန်ပါ့)။

ကျန်ရစ်တဲ့လူကဖြင့် ဒကာ ဒကာမတို့ ဒီအလောင်းကြီး ကျွန်းခေါင်း ဆေးသုတ်ပြီးသကာလ တလားပြာသာဒ်နဲ့ တင်ချင်တင်လိုက်လိမ့်မယ် ဟင် (မှန်ပါ့)၊ ပြင်ဖော်ရရုံပဲရှိမှာပဲ တဲ့၊ အပါယ်ကျတော့ လွတ်မှာမဟုတ်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ သူများ အကြည့်ကောင်းတာနဲ့ ကိုယ်အပါယ်ကျရတာနဲ့ ဘယ်ဟာက ဆိုးဝါးသတုန်း (ကိုယ်အပါယ် ကျရတာက ဆိုးဝါးပါတယ် ဘုရား)။

အဲဒီတော့ သူများ အကြည့်ကောင်းဖို့ ခင်ဗျားတို့က စီးပွားစုပြီးသကာလ သေတော့ လှလှပပဖြစ်အောင်လို့ လုပ်မနေနဲ့ (မှန်ပါ့)၊ သေတော့ လှတာ ကိစ္စမရှိဘူး၊ ဟိုအပါယ်ရောက်လို့ အရုပ်ဆိုးနေတာ မြင်မှသာဆိုးတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် အခုကြွားသလောက် နောက်ကို ခါးရတယ်ဆိုတာ ရှိသေးတယ် (မှန်ပ့ါ ဘုရား)။

အခုကြွားသလောက် အပါယ်လေးပါးမှာ ဒကာ ဒကာမတို့ သံရေပူတွေ သောက်ပြီးသကာလ ဟင်-ပဲကွပ်ကြီး တွေနဲ့ ရွေပြီးသကာလ ဒယ်အိုးထဲ ပစ်ချနေတာတွေ ကျင်ကြီး တွင်းကြီးတွေထဲမှာ ပိုးလောက်ကြီးတွေ တစ်ထွာလောက် တွေက အရိုးထဲက ရိုးတွင်းချဉ်ဆီတောင် ဖောက်စားနိုင်တဲ့ ငရဲရောက်ရမယ် (မှန်ပါ့)၊ ကြောက်စရာ ဘယ်လောက် ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။

အပါယ်လေးပါး တံခါးပိတ်ဖို့သာ အရေးကြီးပါတယ်

အဲဒါကြောင့် ခင်ဗျားတို့က အနေလှဖို့နဲ့ အသေလှဖို့ကို အရေးမကြီးပဲနဲ့နော် (မှန်ပါ့)၊ ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်ဖို့သာ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။

အနေလှဖို့ကော (အရေးမကြီးပါ)၊ အသေလှဖို့ကော (အရေးမကြီးပါ ဘုရား)။

တချို့ နားမလည်တဲ့ ဒကာ ဒကာမတွေက ဟောဒီငွေကလေးတော့ မသုံးနဲ့ သုံးထောင်လောက်တော့ ကျုပ် သေဖို့ ထားခဲ့တယ်တဲ့ (မှန်ပါ့)၊ ဘာဆိုင်တာမှတ်လို့ ဒီဥစ္စာ သူသေရင် ကိုယ်ကော သိတာမဟုတ်ဘူး (မှန်ပါ့)၊ သဘော ပါကြပလား (ပါပါပြီ ဘုရား)။

အဲဒါ ဘာမှအရေးမကြီးနဲ့၊ ငါသေလို့ရှိရင်ဖြင့်ဟေ့ ကျီးဠင်းတစားပစေလို့ ပစ်ထားလိုက် (မှန်ပါ့)၊ အဲဒါ က ကုသိုလ်ဖြစ်သေးတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

သို့သော် အရေးအကြီးဆုံးအချက်ကဖြင့် အနေလှနဲ့, အသေလှကို မမက်မောဘဲနဲ့ ဒကာ ဒကာမတို့ အပါယ် လေးပါး တံခါးပိတ်ဖို့သာ မက်မက်မောမောကြီး အကြောက်ကြီးကြောက်ပြီးသကာလ တရားမှန်ကို မကြည့်ကြည့်နိုင် အောင် ကြိုးစားပါလို့ တိုက်တွန်းတယ် (မှန်ပါ့)၊ တော်တော်အရေးကြီးတဲ့ စကားတွေပဲ (မှန်ပါ့ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဒီဥစ္စာ တစ်သက်နဲ့တစ်ကိုယ်ပဲ ဘုရားက ရှင်အာနန္ဒာ အမေးအမြန်းများလွန်း လို့ ကဲ ကွာ ကိုယ့်မှန်ကိုယ်ကြည့်ပြီ၊ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ မှန်ကလေးတစ်ခုအရှေ့မှာ ပြဒါးသုတ်တဲ့ မှန်ကလေးပေါ့ဗျာ (မှန်ပါ့)၊ ရှေ့မှာကြည့်တဲ့အခါ ဒီနေရာ တင်းထိပ်ရှိတယ်၊ ဒီနေရာ မှဲ့ရှိတယ်၊ ဒီနေရာဖြင့် အရေတွန့်နေတယ်၊ ဒီနေရာကဖြင့် မတွန့်ဘူး၊ ဒီနေရာက ဖြင့် အကွက်ကလေးရှိတယ်ဆိုတာ မှန်ကပြောတယ် (မှန်က ပြောပါတယ်)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ကိုယ့်ဉာဏ်နဲ့ကိုယ် စစ်ကြည့်ပါ

ဒီမှာလည်း ငါအပါယ်သွားမယ်၊ မသွားဘူးဆိုတာကို ဒကာ ဒကာမတို့ ကိုယ့်ဉာဏ်နဲ့ကိုယ် စစ်ကြည့်ပါ (မှန် ပါ့)၊ ကိုယ့်ဉာဏ်နဲ့ ကိုယ်ကြည့်တော့ ခန္ဓာကြီး ကြည့်လိုက်ကတည်းက ဖြစ်မှု, ပျက်မှုကလေးတွေ တွေ့နေပြီး ၎င်းင်းဖြစ်မှု, ပျက်မှုကလေးတွေ တွေ့မုန်းနေပြီး၊ ဖြစ်မှု,ပျက်မှုကလေးတွေပဲ ဆုံးသွားပြီဆိုတော့ ဖြစ်မှု,ပျက်မှုအဆုံးဟာ နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။

ဖြစ်မှု, ပျက်မှု ဆုံးသွားရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ)၊ အဲဒါမြင်တဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့် အဲဒါအမှန်ပဲ (မှန်ပါ့ ဘုရား)။

ဒီမှန်ကို ကြည့်နိုင်တဲ့ ဉာဏ်စွမ်းရှိတဲ့ ပုဂ္ဂိုလ်ဖြင့်၊ ဪ ငါသေရင် အပါယ်မသွားဘူးလို့ ဒီမှန်မှာပဲ အပါယ်မသွားကြောင်းကို မှန်က ပြောတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ကစပြီး ဒီဒကာ ဒကာမတွေ အချိန်နှေးနှေးနဲ့ အလုပ်ကို ဖင့်နွဲနှေးနေဖို့ မလိုဘဲနဲ့ ဒကာ ဒကာ မတို့ အသေမစောခင် မှန်ကြည့်နိုင်တဲ့ အခြေအနေရောက်အောင် ကြိုးစားပါ (မှန်ပါ့ ဘုရား)။

အသေမစောခင် မှန်ကြည့်နိုင်တဲ့ အခြေအနေ ရောက်အောင် ကြိုးစားရမှာပါ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒီကနေ ပြန်တဲ့အခါကျတော့ ဒကာကြွယ်တို့ အိမ်တွေမှာတော့ အိမ်တိုင်းလိုလိုပေါ့ဗျာ၊ သားပျို, သမီးပျိုရှိတဲ့ နေရာမှန်ခန်းဆိုတာ ရှိပါလိမ့်မယ် (ရှိပါတယ် ဘုရား)။

ဒီမှန်တွေ ကြည့်တိုင်းကြည့်တိုင်း ဒီမှန်တွေက ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဪ-ပြင်ဆင်ထား တာ အချိုးကျ-မကျ ပြောတာကိုး (မှန်ပါ့ ဘုရား)။

ဘာပြောလေ့ရှိသတုန်း (ပြင်ဆင်ထားတာ အချိုးကျ မကျ ပြောလေ့ရှိပါတယ်)၊ ဆင်ပြင်ထားတာကို အချိုးကျ မကျကိုသာ သူပြောလေ့ရှိပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီလိုပဲတဲ့ ကိုယ်အပါယ်သွား မသွားကို ဒကာ ဒကာမတို့ပြောတဲ့ မှန်ကလေးကိုလည်း ကြည့်နိုင်အောင် ဒီမှန်မြင်သဖြင့် ဒီမှန်က လိုရင်းမဟုတ်ဘူး၊ အမြင်မှန် နိဗ္ဗာန်ရဖို့ရာသာ ဒို့-လိုရင်းပဲဆိုပြီးသကာလ ဒီမှန်မြင်တိုင်း နိဗ္ဗာန်တည်းဟူသော မှန်ကို မရ အရယူနိုင်တဲ့ စွမ်းရည်သတ္တိနဲ့ ကြိုးစားပါဆိုတာ တိုက်တွန်းရတယ် (မှန်ပါ့ ဘုရား)။

ဒကာသစ် မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အေး ဒါဖြင့် ဒကာ ဒကာမတို့ ငရဲမျိုးစေ့သိပြီ (မှန်ပါ့)၊ ဘယ်သူပါလိမ့်ဗျာ (သက္ကာယဒိဋ္ဌိပါ ဘုရား)။

တရားနှလုံးသွင်းကြ

တရားပြန်ပြီးတော့ ဒကာ ဒကာမတွေ နှလုံးသွင်းကြ (မှန်ပါ့)၊ ကိုင်း အလုပ်ခွင်နဲ့တကွ ဒကာ ဒကာမတွေ အသိနဲ့ ပယ်နည်းတစ်မျိုး (မှန်ပါ့)၊ အပွားနဲ့ (ပယ်နည်းတစ်မျိုးပါ)၊ အပယ်နဲ့ (ပယ်နည်းတစ်မျိုးပါ ဘုရား)။

ဘယ်ကျမှ လမ်းဆုံးမလဲလို့ မေးတော့ အသိသည် အပွားကျေးဇူးပြုမယ် (မှန်ပါ့)၊ အပွားသည်ကားလို့ဆိုရင် အပယ်ကို ကျေးဇူးပြုတယ် (မှန်ပါ့)၊ ဒါ့ကြောင့် သုံးချက်စလုံးပဲ ဒကာ ဒကာမတွေကို ထင်ရှားအောင် ပြမယ်နော် (မှန်ပါ့ ဘုရား)။

ဒါက တရားနာနေတဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာငါးပါး (မှန်ပါ့)၊ ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတွေက ဪ ဒါသက္ကာယပါလား သိသွားပြီ (မှန်ပါ့ သိသွားပါပြီ)၊ ခန္ဓာငါးပါးကို သက္ကာယရယ်လို့ သိနေတော့ ဒီအသိကလေး ကို ဘုန်းကြီးက ပေးလိုက်တယ်၊ ဒီအသိကလေး မဂ္ဂင်ငါးပါး အသိကလေးကို ဒကာ ဒကာမတွေ ပေးလိုက်တယ် (မှန် ပါ ဘုရား)။

ဒါက ဘာပါလိမ့် (သက္ကာယပါ)၊ ခင်ဗျားတို့ ဘာနဲ့သိသတုန်းဆိုတော့ ဟောဒီသမ္မာဒိဋ္ဌိနဲ့ သိတယ် (မှန်ပါ့ ဘုရား)။

သက္ကာယကို ဘာနဲ့သိသလဲ (သမ္မာဒိဋ္ဌိနဲ့ သိပါတယ်)၊ သမ္မာဒိဋ္ဌိနဲ့ သိတော့ ဪ ဒီဥစ္စာသည် ဒါက သက္ကာယ ခန္ဓာငါးပါး (မှန်ပါ့ ဘုရား)။

သက္ကာယဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါး)၊ မသိဘူးလား သိသလား (သိပါတယ်)၊ ဉာဏ်နဲ့ကြည့်လိုက်တော့လေ (သိပါတယ် ဘုရား)၊ အဲဒါက ဘာပါလိမ့် (သက္ကာယပါ ဘုရား)။

ဒါဖြင့် သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ တွဲပြန်လို့ရှိရင် ဒါအသိနဲ့ပြုတ်တယ် (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သူက သက္ကာယကို အမှန်သိတယ်၊ ဒါက သက္ကာယဆိုတာ ခန္ဓာငါးပါးပဲလို့ အမှန်မသိဘူးလား (သိပါတယ် ဘုရား)။

ဒါက ဘာနဲ့ပြုတ်ပါလိမ့် (အသိနဲ့ ပြုတ်ပါတယ် ဘုရား)၊ အသိနဲ့ပြုတ်တာ ဖြစ်နေတော့ ဒီနောက်က သက္ကာယ ဒိဋ္ဌိ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

သို့သော် ဒကာ ဒကာမတို့ ယာယီကလေး မလာတာ (မှန်ပါ့ ဘုရား)၊ စိတ်ချလက်ချ မလာတဲ့အဆုံး ရောက် ပလား (မရောက်သေးပါ ဘုရား)။

မရောက်သေးတော့ အသိနဲ့ပယ်ထားတာဖြစ်သောကြောင့် သိတုန်းပဲ သူမလာတယ် (မှန်ပါ့ ဘုရား)၊ မသိရင် ဘာပြန်တယ် (လာပါတယ် ဘုရား)။

သမ္မာဒိဋ္ဌိနဲ့ ကိုက်ရမယ်

ဒါဖြင့် ၁ နံပါတ်ပယ်မှုဟာလည်း စိတ်မချရသေး (မှန်လှပါ ဘုရား)၊ ၁ နံပါတ်ပယ်မှု (စိတ်မချရသေးပါ ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် ၂ နံပါတ်ပယ်မှုကို တက်ကြဦးစို့ (မှန်ပါ့)၊ ၂ နံပါတ်ပယ်မှုကျတော့ ဒီခန္ဓာငါးပါးထဲက ဝေဒနာကလေးတစ်ခုဖြစ်စေ စိတ်ကလေးတစ်ခုကိုဖြစ်စေ ဖြစ်တိုင်း ပျက်တိုင်း ဖြစ်တိုင်း ပျက်တိုင်း ဒကာ ဒကာမ တွေက ရှုရှုပေးရမယ် (မှန်လှပါ ဘုရား)၊ ရှုရှုပေးလိုက်တဲ့အခါကျတော့ ဖြစ်ပျက်နဲ့ သမ္မာဒိဋ္ဌိ မဂ်နဲ့ ကိုက်အောင်ရှု (မှန်ပါ့ ဘုရား)။

ဒီဝေဒနာက ဖြစ်ပျက်ဆိုရင်တော့ (သမ္မာဒိဋ္ဌိနဲ့ ကိုက်ရပါမယ် ဘုရား)၊ သမ္မာဒိဋ္ဌိမဂ်နဲ့ ကိုက်အောင် လုပ်ရ မယ် (မှန်ပါ့ ဘုရား)။

အဲဒီလိုကိုက်အောင် လုပ်နေတော့ကိုတဲ့ ရဟန်းတစ်ပါးက မေးတယ်၊ သဠာယတနဝဂ္ဂသံယုတ်မှာ အရှင်ဘုရား သက္ကာယဒိဋ္ဌိပြုတ်တယ်ဆိုတာ ပြောစမ်းပါဦး၊ ဘယ်လိုများ တပည့်တော် တို့ဖြုတ်ရမှာတုန်းလို့ မေးတဲ့အခါကျတော့ ‘ကထံ ဘန္တေ ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ’တဲ့ (မှန်ပါ့ ဘုရား)။

အရှင်ဘုရား ဘယ်လိုသိတဲ့ပုဂ္ဂိုလ် သက္ကာဒိဋ္ဌိ ပြုတ်ပါသနည်းဆိုတော့ “ဝေဒနံ အနိစ္စတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ”တဲ့ (မှန်ပါ့)၊ ဝေဒနာကို အနိစ္စလို့ ဇာန သိရမယ် (မှန်ပါ့)၊ အနိစ္စလို့ ဒီက သိသိ ပေး (မှန်ပါ့ ဘုရား)၊ ပဿတော-မြင်လည်းမြင်ပေးရမယ်တဲ့ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိ ပဟီယတိ-တဲ့၊ မိစ္ဆာဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒါဖြင့် သမ္မာဒိဋ္ဌိ ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဖြစ်ပျက်ရှုတော့ ဖြစ်ပျက်လာတိုင်း ကိုယ်ပေါ်မှာ ဝေဒနာပေါ်လည်း ဖြစ်ပျက်ရှု (မှန်ပါ့)၊ မျက်လုံး ဝေဒနာပေါ်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ နားဝေဒနာပေါ်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ပေါ်ချင်တာပေါ် ဖြစ်ပျက်ရှု

အဲ ပေါ်ချင်တာပေါ် ဖြစ်ပျက်ရှုနေလို့ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတို့ “ဝေဒနံ အနိစ္စတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိပဟီယတိ”တဲ့ (မှန်ပါ့)၊ သဠာယတန ဝဂ္ဂသံယုတ် ပါဠိတော် (မှန်ပါ့)၊ ရဟန်းတစ်ပါးက မေး လို့ သက္ကာယဒိဋ္ဌိ ပယ်ပုံ ဟောနေတာ (မှန်ပါ့ ဘုရား)။

ကွာ-တဲ့ ဒီဥစ္စာ ဝေဒနာကလေးဖြစ်ဖြစ်၊ စိတ်ကလေးဖြစ်ဖြစ်၊ ဖြစ်ပျက်ကလေးမြင်အောင် ရှုနေရင် သက္ကာယ ဒိဋ္ဌိ ပယ်ပြီးသားတဲ့ (မှန်ပါ့ ဘုရား)၊ ဆိုတော့ သူဟာလည်း ရှုတုန်းပဲ ပယ်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိဘာတုန်း (ရှုတုန်း ပယ်ပါတယ် ဘုရား)၊ အဲဒါဖြင့် ဖြစ်ပျက်လာတိုင်းရှု၊ ဖြစ်ပျက် လာတိုင်းရှု၊ ဖြစ်ပျက်လာတိုင်းရှု၊ ရှုရှု-ရှုရှုပေး၊ ဝေဒနာလာ ဝေဒနာရှု၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ် စိတ်ကိုရှုနေပါ (မှန်လှပါ ဘုရား)။

ရှုတော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင်သာ ရှုနေလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဘက်က သက္ကာယဒိဋ္ဌိအနား ကပ်နိုင်သေးရဲ့လား (မကပ်နိုင်ပါ ဘုရား)။

ဒါက ပွားဖန်များလို့ ပြုတ်တာ (မှန်ပါ့)၊ မပွားများပဲနေရင် လာပြန်တာပဲ (မှန်ပါ့ ဘုရား)၊ စိတ်ချရရဲ့လား (မချရပါ ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ စိတ်မချရတာ ဘယ်နှစ်ချက်ရှိသွားပလဲ (နှစ်ချက်ရှိသွားပါပြီ)၊ သိရုံကလေးနဲ့လည်း စိတ်မချရသေးဘူး (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ ပွားများပါများပြီး ပြုတ်ငြားသော်လည်း (စိတ်မချရ သေးပါ ဘုရား)၊ အကြောင်းတိုက်ဆိုင်တုန်းသာ မလာတယ်၊ အကြောင်းမတိုက်ဆိုင်လို့ ပွားများမှု ရုပ်သိမ်းတဲ့အချိန် လာလိုက်တာပဲ (မှန်ပါ့ ဘုရား)။

ကြောင်သူတော်ဥပမာ

လောကီဥပမာ ပြောကြစို့ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ကြောင်သူတော်ကောင်း လုပ်နေတာသည် လူနား ပွတ်ကာသပ်ကာနဲ့ ခင်သလိုလို မင်သလိုလိုနဲ့ လုပ်နေတော့ တယ်လိမ်မာပါလားဆိုတာ ကျောကလေးများ သပ်ပေး ကြတယ် (မှန်ပါ့ ဘုရား)။

ကြွက်ကလေး မြင်လိုက်တဲ့အခါကျတော့ ဒီလူနားကပ်သေးသလား၊ ကြွက်ဆီ ပြေးသွားသလား (ကြွက်ဆီ ပြေးသွားပါတယ် ဘုရား)။

ဒါဖြင့် နဂိုကတည်းက လိမ်မာတာ ဟုတ်ပါရဲ့လား၊ ဟန်လုပ်နေတာလား (ဟန်လုပ်နေတာပါ ဘုရား)၊ ဒီမှာ လည်း ဝိပဿနာ ရှုတုန်းက သက္ကာယဒိဋ္ဌိက ဟန်လုပ်ပြီး ကွယ်နေတာ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဝိပဿနာမရှုတဲ့အချိန်ကျလို့ရှိရင်ဖြင့် ငါ့-ဘာမှတ်လို့တုန်းဆိုတဲ့ အသွားတွေ လာလိမ့်မယ် (မှန်ပါ့ ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါကြောင့် အပွားနဲ့လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တော်လောက်ပြီ တန်လောက်ပြီဆိုပြီးသကာလ စိတ်မချလိုက်ပါနဲ့ဦးဆိုတာ မှာရတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပွားနဲ့လည်း စိတ်ချလောက်ပါရဲ့လား (မချလောက်ပါ ဘုရား)၊ ကြောင်လိုပဲတဲ့ ယဉ်တဲ့အချိန်သာ ယဉ်နေတာ ကြွက်မမြင်သေးလို့ ယဉ်တာ (မှန်ပါ့ ဘုရား)။

ကြွက်မြင်တဲ့အခါ ခုနင်က သခင်နား ဒကာသစ်တို့ ကပ်သေးရဲ့လား (မကပ်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မကပ်ပါလိမ့်မတုန်းဆိုတော့ သူက စားချင်တဲ့ တဏှာဒိဋ္ဌိက ပြုတ်မှမပြုတ်သေးဘဲ (မှန်လှ ပါ ဘုရား)၊ စားစရာမရှိတုန်းသာ သူကပ်နေတာ (မှန်ပါ့)၊ စားစရာပေါ်လာရင် ဒီအနားက ခွါတာပဲ (ခွါပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

အမြစ်ပြတ်အောင် ပယ်မှပဲ ကိုက်မယ်

ဒါဖြင့် ဒကာ ဒကာမတို့ အပွားနဲ့ ပြုတ်တာလည်း စိတ်အချကြီးချလို့ မရသေးလို့ မှတ်ထားပါ (မှန်လှပါ ဘုရား)၊ အပွားနဲ့ ပြုတ်တာဟာ (စိတ်အချကြီးချလို့ မရသေးပါ ဘုရား)။

ကိုင်း ဒါဖြင့် သူ့တော့ အမြစ်ပြတ်အောင် ပယ်မှပဲ ကိုက်မယ် (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတို့ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (အမြစ်ပြတ်အောင်ပယ်မှ ကိုက်မှာပါ ဘုရား)။

အမြစ်ပြတ်အောင် ပယ်မှပဲ ကိုက်မယ်ဆိုတဲ့ ဥစ္စာသည် ဒကာသစ် အရေးကြီးတယ် (ကြီးပါတယ် ဘုရား)၊ မင်း ဘယ်တော့မှ မပေါ်မှ နေရာကျမှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်တော့မှ မပေါ်မှ (နေရာကျမှာပါ ဘုရား)၊ အဲ-ဘယ်တော့မှမပေါ်မှ နေရာကျမယ်ဆိုတော့ ဒိဋ္ဌိက ဒကာ ဒကာမတွေ ခဏခဏ ဘုန်းကြီးလည်း ပြောနေရတယ်နော် (မှန်လှပါ)၊ ဒိဋ္ဌိက အနိစ္စကို နိစ္စထင်တဲ့ဒိဋ္ဌိ (မှန် လှပါ)၊ ဒုက္ခကို သုခလို့ ယူတဲ့ဒိဋ္ဌိ (မှန်လှပါ ဘုရား)၊ အနတ္တကို အတ္တလို့ယူတဲ့ (ဒိဋ္ဌိပါ ဘုရား)၊ အေး အသုဘကို သုဘ လို့ ယူတဲ့ (ဒိဋ္ဌိပါ ဘုရား)။

သူတို့ဟာ ဒကာ ဒကာမတို့ လေးပါးစလုံးပြုတ်တယ်လို့ မှတ်လိုက်ရမယ် (မှန်ပါ့ ဘုရား)၊ အပယ်နဲ့ပြုတ်ရင် လေးပါးစလုံးပြုတ်တယ် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ဒါက ခန္ဓာငါးပါး တစ်ပါးပါးကို ဒကာ ဒကာမတွေ သတိပဋ္ဌာန်လေးပါးတွင် တစ်ပါးပါးနဲ့ ရှုလိုက်တဲ့အခါကျတော့ တစ်နေ့ကလည်း ဒကာကြွယ် ချုံးပြတယ်၊ ဖြစ်ပျက်ဒုက္ခသစ္စာပဲ ရှိတယ်တဲ့ (မှန် ပါ့)၊ မပြဘူးလား (ပြပါတယ် ဘုရား)၊ ချုံးလိုက်တော့ ဒါပဲရတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာတွေပါလား

ဘယ်ခန္ဓာရှုရှု ရှုလိုက်တော့ ဖြစ်ပျက်တွေ့တယ် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက် ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ-ဖြစ်ပျက် ဒုက္ခသစ္စာပဲဆိုတော့ တစ်ခါတည်း စ,ကတည်းကနေပြီးတော့ ဒကာကြွယ်တို့ ဒကာသစ်တို့ က ဖြစ်ပျက်တွေ့သည်ကစပြီးသကာလ ဪ-ဒုက္ခသစ္စာတွေပါလား၊ ဪ-ဒုက္ခသစ္စာတွေပါလား (မှန်လှပါ ဘုရား)။

”ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ”ဆိုတဲ့ သံယုတ်ပါဠိတော်အတိုင်း ဖြစ်ဆဲဒုက္ခနဲ့ ပျက်ဆဲဒုက္ခပဲ ရှိတယ် (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်ထဲ ကြည့်လိုက်ပြန်တော့ ဘာတွေ့ပါလိမ့် (ဖြစ်ဆဲဒုက္ခနဲ့ ပျက်ဆဲဒုက္ခပဲ တွေ့ပါတယ် ဘုရား)။

အင်း-ဖြစ်ဆဲဒုက္ခနဲ့ ပျက်ဆဲဒုက္ခ (မှန်ပါ့ ဘုရား)၊ နောက်တစ်ခါ ပေါ်လာတာလည်း (ဖြစ်ဆဲဒုက္ခနဲ့ ပျက်ဆဲ ဒုက္ခပါပဲ ဘုရား)။

ဪ-ခန္ဓာကိုယ်ကြီးဟာ ဒါ့ကြောင့် ဘုရားက ဒုက္ခသစ္စာ ဟောပေတာပဲ (မှန်လှပါ)။

ဒါကြောင့် ဘုရားက (ဒုက္ခသစ္စာ ဟောတာပါ ဘုရား)၊ ဖြစ်ဆဲဒုက္ခနဲ့ (ပျက်ဆဲဒုက္ခပဲ ရှိပါတယ်ဘုရား)၊ ဒါပဲ ရှိတယ် (မှန်ပါ့)၊ ဒါဖြင့် မမြင်မြင်အောင် ကြည့်ပါ (မှန်ပါ့ ဘုရား)။

မမြင်မြင်အောင် ကြည့်ကြပါနော် (မှန်လှပါ)၊ ဪ ဖြစ်တာလည်း ဒုက္ခပဲ (မှန်ပါ့)၊ ပျက်တာလည်း (ဒုက္ခပါပဲ ဘုရား)၊ ခန္ဓာကိုယ်ထဲမှာလည်း ဒီ့ပြင် ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ ရှိတာပဲ (မှန် ပါ့)။

အဲဒီကဲ့သို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဒုက္ခသစ္စာမှတစ်ပါး ဒီအထဲ သုခဆိုတာ နည်းနည်းမှ မရောပါလားဆိုတော့ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိတယ် (မှန်ပါ့)။

ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိပါပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

အနုဗောဓဉာဏ်ပဋိဝေဓဉာဏ်

အဲဒီကဲ့သို့ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိတဲ့အခါကျတော့ ဪ ဒုက္ခသစ္စာ ဒီအတိုင်း ရှုရင်းမတ္တနဲ့ အသိဉာဏ်က အနုဗောဓဉာဏ်ဆိုတာ အစဉ်အတိုင်း သိတဲ့ဉာဏ်က ဆရာဆီက ဉာဏ်ရပြီး သိတဲ့ဉာဏ် (မှန်ပါ့ ဘုရား)၊ နောက်ပဋိဝေဓဉာဏ်နဲ့ ကိုယ်တိုင် ထိုးထွင်းသိတော့ အဟုတ်ကို ဒုက္ခသစ္စာကိုး (မှန်လှပါ ဘုရား)။

သူများက ပြောတာကတော့ ဒုက္ခသစ္စာလို့ ပြောကြတာပဲ (မှန်ပါ့)၊ ကိုယ်တိုင် ဉာဏ်နဲ့ ကြည့်လိုက်ပြန်တော့ လည်း (ဒုက္ခသစ္စာပါပဲ ဘုရား)၊ ဒုက္ခသစ္စာမှတစ်ပါး ဘာမှမရောပါလားဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာမှတ်စပါး ဘာမှမရောတာ လာတော့မှ ‘ဖျတ်’ဆို ဖြစ်ပျက်တွေဟူသရွေ့ အကုန်ချုပ်တယ် (မှန်ပါ့)။

ဖြစ်ပျက်တွေဟူသရွေ့ (အကုန်ချုပ်ပါတယ် ဘုရား)၊ အဲဒီတော့ သူနဲ့ ဒီက ဒိဋ္ဌိလေးမျိုးနဲ့ တစ်ပြိုင်နက် ချုပ် တယ် (မှန်ပါ့)။

ဒကာသစ် ဟိုက ဒုက္ခချုပ်တာနဲ့ ဒီကဒိဋ္ဌိလေးမျိုးချုပ်တာနဲ့ (တစ်ပြိုင်နက်ချုပ်ပါတယ် ဘုရား)။

အဲဒါ ဘယ်တော့မှ မပေါ်တဲ့ချုပ်နည်းက ဒီကရှေ့ကလည်း အပျောက်၊ နောက်ကလည်း အပျောက် (မှန်လှပါ ဘုရား)၊ ဒါ တော်တော်အရေးကြီးတဲ့ စတာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါကတော့ဖြင့် ဒကာ ဒကာမတို့ ဒီဘက်က နိရောဓသစ္စာ (မှန်လှပါ)၊ ဒီဘက်က သမုဒယသစ္စာ ချုပ်တာ (မှန်လှပါ)၊ သမုဒယသစ္စာပဲကိုး (မှန်လှပါ)။

ရှေ့က ဘာတုန်း (နိရောဓသစ္စာပါ ဘုရား)၊ နောက်က ဘာတုန်း (သမုဒယသစ္စာပါ ဘုရား)၊ အဲဒီ သမုဒယ ဆိုတာ ဒိဋ္ဌိတဏှာပေါ့ဗျာ (မှန်လှပါ)၊ ဒိဋ္ဌိတဏှာချုပ်တယ် (မှန်ပါ့)။

အဲဒီကဲ့သို့ ချုပ်ပြီးပြီဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဒါကတော့ ပယ်ချုပ် (မှန်ပါ့)။

ဘယ့်နှယ်ပယ်သတုန်း လို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ဘယ်အခါမှ မလာနိုင်အောင် ပယ်ပါ တယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်အခါမှ (မလာနိုင်အောင် ပယ်ပါတယ် ဘုရား)၊ အဲဒီကျတော့ ဘာပြုတ်လို့ ဆိုကြမလဲ (ပယ်ပြုတ်ပါ ဘုရား)။

ပယ်ပြုတ်ကို သိချင်တော့ ဒကာသစ်ရဲ့ ရှေ့ကနေ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ရှေ့က ဒုက္ခသစ္စာလည်း ဆုံးတယ် (ဆုံးပါတယ် ဘုရား)၊ နောက်က ဒိဋ္ဌိလေးမျိုးလည်း ဆုံးတယ် (ဆုံးပါတယ် ဘုရား)။

ဒိဋ္ဌိလေးမျိုးလည်း ဆုံးပါတယ်

ရှေ့က (ဒုက္ခသစ္စာလည်း ဆုံးပါတယ်ဘုရား)၊ နောက်က (ဒိဋ္ဌိလေးမျိုးလည်း ဆုံးပါတယ်ဘုရား)၊ ဒိဋ္ဌိလေးမျိုး လည်း မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

ဪ ဒီအဆုံးမျိုးက ဘာပြုတ်တဲ့ (ပယ်ပြုတ်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီပယ်ပြုတ်ရောက်မှ (စိတ်အေးရမှာပါ ဘုရား)၊ ဒါဖြင့် ဒီဒိဋ္ဌိလေးမျိုး ပြုတ်သွားပြီဆိုတော့ ဝမ်းထဲမှာရှိတဲ့ ငရဲမျိုးစေ့ ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မလဲ (ပြုတ်သွားပါတယ် ဘုရား)၊ ဘယ်တော့မှ မရှိဘူး (မှန်လှပါ)။

ကြောင်သည် ကြွက်ကို မြင်ငြားသော်လည်း လိုက်မခုတ်တော့ဘူး (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကြွက်ကို မြင်ငြားသော်လည်း (လိုက်မခုတ်ပါ ဘုရား)၊ ဝမ်းထဲမှာ ကြွက်ကိုစားလိုတဲ့ တဏှာ ဒိဋ္ဌိ ကုန်သွား ပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ပယ်ပြုတ်ရောက်မှ စိတ်ချရမယ် (မှန်လှပါ)။

ဒါဖြင့် တရားနာတာက သိပြုတ် (မှန်ပါ့ ဘုရား)၊ အိမ်ကျလို့ ပွားတာက (ပွားပြုတ်ပါ ဘုရား)၊ ပွားလို့ ဒုက္ခ သစ္စာ ဆုံးသွားတော့ သမုဒယသစ္စာလည်း နောက်က ကုန်သွားတဲ့အပြုတ်ကတော့ ဘာတဲ့ (ပယ်ပြုတ်ပါ ဘုရား)။

အဲဒီပယ်ပြုတ်သည်-တဲ့ ဒကာ ဒကာမတို့ အလွန်ကျေးဇူးများတယ် (မှန်လှပါ)၊ ကျေးဇူးများပုံ ကလေး ဘုန်း ကြီး ရှင်းပြပါ့မယ် (မှန်လှပါ)။

မသိမလိမ်မာလို့ မိုက်ထားတဲ့ အမိုက်တွေဆိုတဲ့ အပါယ်သွားဖို့ ကံတွေလည်း ဒိဋ္ဌိပြုတ်တဲ့အထဲ ရောပြုတ်ရ တယ် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိပြုတ်တဲ့အထဲမှာ (ရောပြုတ်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အပါယ်သွားတာတွေ အကုန်ပြုတ် တယ်

အတိတ်ဘဝက ပါလာတဲ့ ကံဟောင်းတွေကော အပါယ်သွားဖို့ ကံဟောင်းတွေ (ပြုတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိ နဲ့ရောပြုတ်တယ် (မှန်လှပါ)။

ယခု မသိမလိမ်မာသေးလို့ ဆရာကောင်း-သမားကောင်းနဲ့ မတွေ့ခင်က မိုက်ထားတဲ့ မူး, ရူး, တေ, လေ ပြီးသကာလ ပြစ်မှားထားတာတွေလည်း ဘာဖြစ်ရသလဲ (ပြုတ်ရပါတယ် ဘုရား)၊ အပါယ်သွားတာတွေ အကုန်ပြုတ် တယ် (မှန်ပါ့)။

သူမလာလို့ရှိရင် နောက် မိုက်လတ္တံ့တွေလည်း လှမ်းဖြတ်တယ် (မှန်လှပါ ဘုရား)။

မိုက်လတ္တံ့တွေလည်း (လှမ်းဖြတ်ပါတယ် ဘုရား)၊ ဒါဖြင့် အနာဂတ်အပါယ်သွားမည့် အလုပ်တွေကိုကော (ဖြတ်ပါတယ် ဘုရား)။

ဒါဖြင့် သူဟာ သုံးချက်ဖြတ်တယ် (မှန်လှပါ)၊ အတိတ်က ပါလာတာတွေလည်း (ဖြတ်ပါတယ် ဘုရား)၊ ပစ္စုပ္ပန် ယခုဘဝ မိုက်ထားတာတွေကော (ဖြတ်ပါတယ် ဘုရား)၊ မပွားအောင် မိုက်ထားတာတွေလေ (ဖြတ်ပါတယ် ဘုရား)၊ စိတ်မချရဘူးလား (စိတ်ချရပါတယ် ဘုရား)။

နောက် အနာဂတ် မိုက်လတ္တံ့တွေကော (ဖြတ်ပါတယ် ဘုရား)၊ လှမ်းပြီးဖြတ်တာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် နောက်က မျိုးစေ့လည်း သုဉ်းရ သွန်းရပါတယ် (မှန်ပါ့)။

ပစ္စုပ္ပန် မျိုးစေ့မျိုးတွေကော (သုဉ်းရသွန်ရပါတယ် ဘုရား)၊ နောက်မိုးရွာရင် ပေါက်လတ္တံ့ဖြစ်တဲ့ အနာဂတ် မျိုးစေ့တွေကော (သုဉ်းရသွန်ရပါတယ်)၊ သုဉ်းရသွန်ရတယ်ဆိုတော့ အပါယ်လေးပါး တံခါးပိတ်တယ် (မှန်လှပါ)၊ အပါယ်မျိုးစေ့ဖြင့် ကုန်ပေါ့ (မှန်လှပါ ဘုရား)၊ စိတ်ချရပလား (စိတ်ချရပါပြီ ဘုရား)။

ရှေ့က ဒုက္ခချုပ်မှ

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဝိပ္ပလ္လာသ လေးမျိုးကို ပြုတ်စေနိုင်တဲ့ တရားဟာ ရှေ့က ဒုက္ခချုပ်မှ သူ့နောက်က ဝိပ္ပလ္လာသလေးခု ချုပ်မယ် (မှန်လှပါ ဘုရား)။

ရှေ့က ဒုက္ခ မချုပ်ရင် (ဝိပ္ပလ္လာသ လေးခု မချုပ်ပါ ဘုရား)။

နောက်ကလည်း မချုပ်သေးဘူးဆိုတာ ကိုယ့်အလုပ်နဲ့ ကိုယ့်မှန်နဲ့ ကိုယ်ကြည့်ပြီး ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

မှန်တော့ ဆရာဘုန်းကြီးက ပေးထားပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြပါဦးစို့။

သာဓု သာဓု သာဓု ။