သဿတနဲ့ ဥစ္ဆေဒ သိမှုနှင့်ပြုတ်ရေး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ – ဟောကြားတော်မူသော
(၆-၈-၆၁)
အားလုံး တရားနှလုံးသွင်းကြစို့ သတိပေးလိုက်တယ်နော် (မှန်ပါ့) ဒကာ ဒကာမတွေ သံသရာထဲမှာ အိုဘေး၊ နာဘေး၊ သေဘေးနဲ့ အဖော်လုပ်နေရတယ် (မှန်ပါ့)။
တစ်ခါတလေ ကျပြန်တော့လဲ အိုဘေး၊ နာဘေး၊ သေဘေးအပေါ်မှာ အပါယ်ဘေးနဲ့လဲ အဖော်လုပ်နေရတဲ့အခါ ပါသေးတယ် (ပါပါတယ် ဘုရား)။
အမှားမပြင်နိုင်လို့ ခန္ဓာဖြစ်တယ်
ဒါဖြင့် ဒကာ ဒကာမတွေမှာ အိုဘေး၊ နာဘေး၊ သေဘေး၊ အပါယ်ဘေးဆိုတာတွေနဲ့ အဖော်လုပ်ပြီး သကာလ နေရတာဟာ ဘာကြောင့်ပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ အမှားမပြင်နိုင်လို့ ခန္ဓာဖြစ်တယ် (မှန်ပါ့)။
အမှားမပြင်နိုင်လို့ (ခန္ဓာဖြစ်ပါတယ်) အမှားမပြင်နိုင်လို့ ခန္ဓာဖြစ်တော့ကို ခန္ဓာရလို့ အိုဘေး၊ နာဘေး၊ သေဘေး၊ အပါယ်ဘေးတွေ ရောက်လာတယ် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့သည် အမှားပြင်မှုဟာ အရေးအကြီး ဆုံးပဲ (ကြီးပါတယ် ဘုရား) အမှားပြင်မှုဟာ (အရေးအကြီးဆုံးပါ ဘုရား)။
ဒီအမှားကလဲ တဲ့ ဘုရား တစ်ဆူတစ်ဆူပေါ်မှ တစ်ခါတစ်ခါ သာသနာထားခဲ့မှ ဒီအမှားပြင်ဖို့ရာ အကြောင်းကလဲ ပေါ်ပေါက်လာတယ် (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အခု ခန္ဓာနဲ့ အခုဆရာနဲ့ အမှားပြင်ပေးမည့်ဆရာနဲ့ ကွဲကြမယ်၊ လွဲကြမယ်ဆိုလို့ရှိရင်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေး၊ အပါယ်ဘေးတွေဟာ ကိုယ်ပိုင်ပစ္စည်းလို့ မှတ်ပါ့ (မှန်လှပါ)။
အိုဘေး၊ နာဘေး၊ သေဘေး၊ အပါယ်ဘေးတွေဟာ (ကိုယ်ပိုင်ပစ္စည်းတွေပါ ဘုရား)။
ဒါက အမှားမပြင်နိုင်တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်းကိုးဗျ (မှန်ပါ့) အမှားပြင်ပြီးတဲ့ ပုဂ္ဂိုလ်ကတော့ ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့အတွက် အိုဘေးလဲ မရှိဘူး (မှန်လှပါ) နာဘေးကော (မရှိပါ ဘုရား) သေဘေးကော (မရှိပါ ဘုရား) အပါယ် ဘေးကော (မရှိပါ ဘုရား)။
အမှားသုံးချက်နဲ့ သိနေလို့
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျုပ်ဒုက္ခရောက်လေခြင်း၊ အိုဘေးကြီးနဲ့ အဖော်လုပ်နေရ, နာဘေးကြီးနဲ့ အဖော်လုပ်နေရ, သေဘေးကြီးနဲ့ အဖော်လုပ်နေရ, အပါယ်ကြောက်တဲ့ ဘေးကြီးနဲ့လဲ အဖော်လုပ်ပြီး တစ်ခါတရံ နေရ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်းလို့ လက်သည် ရှာလိုက်တဲ့အခါကျတော့ ခန္ဓာ အမှန်မသိလို့ (မှန်လှပါ ဘုရား) ခန္ဓာကို အမှားသုံးချက်နဲ့ သိနေလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါကြောင့် တရားအစမှာ ဒကာ ဒကာမတို့ ခန္ဓာအမှားကို ပြပြီးတော့မှ ခန္ဓာအမှန်ကို ကောင်းတယ်, မကောင်း ဘူးဆိုတာ ဝေဖန်နိုင်တဲ့ ဉာဏ်နဲ့ ဒကာ ဒကာမတွေ ဝဖန်ကြပါဆိုတဲ့ ဥစ္စာ ဆရာဘုန်းကြီးက ရှေ့က လမ်းကောင်းပြတယ် (မှန်လှပါ ဘုရား)။
လမ်းကောင်းပြတော့ ဒကာ ဒကာမတွေက ဝေဖန်လိုက်တာပေါ့ (မှန်ပါ့) ဝေဖန်လိုက်တဲ့အခါကျတော့မှ ခန္ဓာကြီးကြောင့် အိုရတယ် (မှန်ပါ့) ခန္ဓာကြီးကြောင့် နာရတယ် (မှန်ပါ့) ခန္ဓာကြီးကြောင့် (သေရပါတယ် ဘုရား) ခန္ဓာကြီးရှိတဲ့အတွက် အပါယ်ဘေး ကြောက်နေရတယ် (မှန်ပါ့ ဘုရား) ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။
အဲဒါတွေ သိတဲ့အခါကျတော့မှ ဪ-ခန္ဓာဟာ မကောင်းဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ခန္ဓာ ဇာတ်သိမ်း ငြိမ်းမှ ကောင်းတော့မယ် (မှန်ပါ့)။
ဒါဖြင့် ခန္ဓာဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ, ဆုမတောင်းဘဲနဲ့ အလုပ်လုပ်ယူတဲ့ ပုဂ္ဂိုလ်များ ဒကာကြွယ်, ဒကာ သစ်တို့ အတော်မှားတယ် (မှန်ပါတယ် ဘုရား) မမှားကြဘူးလား (မှားပါတယ် ဘုရား)။
အင်မတန်မှားတယ်ဆိုတာ ဒကာ ဒကာမတွေ ယုံယုံကြည်ကြည်နဲ့ မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာကလေးလှူလှူ၊ ဘာကလေးတန်းတန်း ဘဝကူးကောင်းဖို့များ မလုပ်ပါနဲ့ (မှန်လှပါ ဘုရား)။
ဘဝကူးကောင်းဖို့ မလုပ်ပါနဲ့
ဒကာကြွယ် ဘာပြောပါလိမ့် (ဘဝကူးကောင်းဖို့များ မလုပ်ပါနဲ့ ဘုရား) ဘဝကူးကောင်းဖို့ မလုပ်ကြစမ်းပါနဲ့ (မှန်ပါ့ ဘုရား)။
ဒါ ဒကာကြွယ်တို့ လူစုကလဲ အသက်သာကြီးနေတယ်၊ မိတ်ဆွေချင်း တွေ့လို့ရှိရင်ဖြင့် ကျောင်းဆောက် တယ်၊ ဘုရားတည်တယ်ဟေ့ ၊ မတည်ရဘူးလို့ ဘုန်းကြီးက မဆိုဘူး၊ ဘဝကူးကောင်းဖို့လောက်တော့ မဖြစ်စေနဲ့ (မှန်လှပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဘဝကူးကောင်းဖို့လောက်တော့ (မဖြစ်ပါစေနဲ့ပါ ဘုရား) ဒါ တော်တော် အရေးကြီးတယ် (မှန်ပါ့) ဘဝကူး ကောင်းဆိုတဲ့ဥစ္စာ သစ္စာမသိလို့ ဖြစ်ရတဲ့ ဖြစ်ထွေ လို့ ဒကာသစ်က မှတ်လိုက်တာပေါ့ (မှန်လှပါ ဘုရား)။
ဘဝကူးတော့ ကူးတယ်ဆိုရင် စုတိပြီး ပဋိသန္ဓေ ရလာတယ် (မှန်ပါ့) စုတိ ဘာသစ္စာ (ဒုက္ခသစ္စာပါဘုရား (ပဋိသန္ဓေက ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒုက္ခက ဒုက္ခကူးတာများ ဘယ်သူကများ သူတို့ကို အကောင်းဟောထားပါလိမ့် (မှန်ပါ့ ဘုရား)။
ဒုက္ခက ဒုက္ခကူးတာများ ဘယ်သူက သူတို့ကို အကောင်းဟောထားပါလိမ့်မတုန်း လို့ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးလှဘူးတို့ မေးဖို့ကြုံလာတယ် (မှန်ပါ့) မကြုံဘူးလား (ကြုံပါတယ် ဘုရား)။
အဲဒီတော့ ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေတော့ဖြင့် ဘဝကူးကောင်းဖို့ဖြင့် မလုပ်ပါနဲ့ (မှန်ပါ့ ဘုရား) ဘဝချုပ်ငြိမ်း ရုပ်သိမ်းဖို့တော့ လုပ်ပါ (မှန်လှပါ)။
ဒါနလုပ်လုပ် သီလလုပ်လုပ် ဝိပဿနာလုပ်လုပ် ခင်ဗျားတို့ လုပ်ကြပေါ့ဗျာ (မှန်ပါ့) ဘာချုပ်ငြိမ်း ရုပ်သိမ်းဖို့ဆိုပြီး လုပ်ကြစမ်းပါဆိုတာကို လေးစားစွာနဲ့ တိုက်တွန်းလိုက်တယ် (မှန်လှပါ ဘုရား)။
သစ္စာနဲ့ ဝေဖန်တော့ အကောင်းမပါလို့
အဘယ်ကြောင့် ဘဝကူးကို ဒါလောက်တောင် ကန့်ကွက်ပါလိမ့်မလဲလို့ ဒကာကြွယ်တို့ ဒကာသစ်တို့က မေးလို့ရှိရင်ဖြင့် သစ္စာနဲ့ ဝေဖန်တော့ အကောင်းမပါလို့ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
စုတိက (ဒုက္ခသစ္စာပါ ဘုရား) ကိုင်း ခင်ဗျားတို့ ပြောတဲ့အတိုင်း သက္ကာယဒိဋ္ဌိနဲ့ ကူလိုက်ပါဦး (မှန်ပါ့) သဿဘဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကတော့ ဘဝကူးတယ်လို့ ယူတာကိုး (မှန်လှပါ ဘုရား)။
လွဲတော့ မလွဲဘူးလား (လွဲပါတယ် ဘုရား) ဘယ်မှာကူးနိုင်ရဲ့လား၊ စိတ်တစ်ခုက စိတ်တစ်ခုကို (မကူးနိုင်ပါ ဘုရား) ဒီနေရာ ချုပ်ပြီး သကာလ ဒီနေရာ ပျက်ရရှာတယ်(မှန်ပါ့ ဘုရား)။
အဲဒါ ဘဝကူးကောင်းဖို့ ဆိုပြီး သကာလ နှစ်ချက်ထပ်လွဲကြီးနဲ့၊ ဒကာသစ် နှစ်ချက်ထပ်လွဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘဝကူးဆိုတာက သဿတဒိဋ္ဌိ (မှန်ပါ့) ကောင်းဆိုတာသည်ကား သစ္စာမသိလို့ (မှန်ပါ့) ဒါဖြင့် ဒီ့ထက်မှား ရှိသေးသလား (မရှိတော့ပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဘဝကူးကောင်းဖို့ဖြင့် ခင်ဗျားတို့ ဒီအမှားဖြင့် အကြီးအကျယ် ပြင်ပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
ဘဝကူးတယ်လို့ ထင်လိုက်ရင် သဿတဒိဋ္ဌိ
ဘဝကူးတယ်လို့ထင်ရင် ဘာတုန်း (သဿတဒိဋ္ဌိပါ ဘုရား) ကောင်းတယ်လို့ထင်ရင် သစ္စာမသိလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘဝကူးတယ်လို့ ထင်လိုက်ရင် (သဿတဒိဋ္ဌိပါ ဘုရား) ကောင်းတယ်လို့ ယူလိုက်ရင် (သစ္စာမသိလို့ပါ ဘုရား) ဒုက္ခသစ္စာကြီးရတာ ဒုက္ခသစ္စာ (မှန်ပါ့)။
ဪ ဒါဖြင့် ဒကာကြွယ် တရားဟောရတဲ့ အထဲမှာလဲ ဘုန်းကြီးများလဲ ကရုဏာပိုပိုလာတယ် (မှန်ပါ့) ဘယ်လို ကရုဏာ ပိုလာသတုန်း ဆိုတော့ ဪ ကျုပ်တို့ အသက်ကလေးကလဲ ကြီးလာပြီဗျာ ၊ အဲဒါကြောင့် ဘဝကူးကလေးကောင်းအောင် လုပ်ရဦးမယ် (မှန်လှပါ) တယ်ပြောလေ့ ဆိုလေ့ရှိကြတယ် (ရှိပါတယ် ဘုရား)။
အသက်ကလဲ ကြီးပြီဗျာ ၊ ဘဝကူးကောင်းဖို့ အရေးကြီးတယ် (မှန်ပါ့) ဪ သူကဖြင့် တရားသံလိုလိုနဲ့ ဒိဋ္ဌိသံကြီး (မှန်ပါ့ ဘုရား) တရားသံလား ဒိဋ္ဌိသံလား (ဒိဋ္ဌိသံပါ ဘုရား) အမှားသံလား-အမှန်သံလား (အမှားသံပါ ဘုရား)။
ကောင်းဆိုတာကလဲ ဒုက္ခသစ္စာ မသိလို့ (မှန်ပါ့) ကူးဆိုတာက သဿတဒိဋ္ဌိဖြစ်နေတာ သူဟာသူနီးပြီ (မှန်ပါ့ ဘုရား) သဿတဒိဋ္ဌိနဲ့ သစ္စာမသိမှု ရောနေတယ် (မှန်ပါ့)။
ဒကာကြွယ်- ဘဝကူးများ ကောင်းချင်သေးသလား (မကောင်းချင်ပါ ဘုရား) ဉာဏ်ရောက်ကြရဲ့လား (ရောက် ပါတယ်ဘုရားဝ။
ဒီစကား သေးသိမ်တဲ့စကားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မယူပါနဲ့ (မှန်လှပါ ဘုရား)။
ဒီစကား သေးသိမ်တဲ့စကားလို့ မယူပါနဲ့၊ နှုတ်တက်နေတဲ့ ပုဂ္ဂိုလ်မှာ အကြီးဆုံး မှားယွင်းချက်ပါပဲ (မှန်လှပါ ဘုရား)။
နှုတ်တက်တဲ့အတိုင်းလဲ သူ့-ဒီအယူ, မယူပေဘူးလား (ယူပါတယ် ဘုရား) ဘဝကူးကောင်းဖို့တော့ ကျုပ်တော့ လုပ်ရဦးမယ်ဗျာ (မှန်လှပါ ဘုရား) အင်း ဘာဒိဋ္ဌိတဲ့ (သဿတဒိဋ္ဌိပါ ဘုရား) ဒီဘဝက ဟိုဘဝကူးသွားတာကိုး (မှန်ပါ့)။
ဒီဘဝက ဟိုဘဝ ကူးသွားတယ်ဆိုတော့ ကူးတတ်တဲ့ဓမ္မကလေးဟာ ဘယ်တော့မှ မပျက်တဲ့ အဓိပ္ပာယ်ရောက် တယ် (ရောက်ပါတယ် ဘုရား) ဒါကြောင့် ဘာဒိဋ္ဌိ (သဿတဒိဋ္ဌိပါ ဘုရား)။
ကောင်းအောင်ဆိုတာလဲ ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား) ရမည့်သစ္စာက ဘာသစ္စာတုန်း (ဒုက္ခ သစ္စာပါ ဘုရား)။
အင်း ကောင်းအောင်လို့ သူတို့က ဒုက္ခသစ္စာကို ဒကာ ဒကာမတွေက သုခသစ္စာ ထင်လိုက်တဲ့ အမှားကလဲ အတော်ကြီးတယ် (မှန်ပါ့ ဘုရား) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြင်ပေးမည့်လူ မရှိ, ဆင်ပေးမည့်လူ မရှိလို့ရှိရင် ကလေးကျင်ကြီး ထဲမှာ လူးနေတာနဲ့ တယ်တူတယ် (မှန်ပါ့)။
ကလေးက ပုခက်ထဲ သိမ်းထားတော့ သူ့ကျင်ကြီးနဲ့ သူနဲ့ဟာက သူကလဲ ဘာမှစွမ်းရည်သတ္တိမရှိတော့ ဟိုလိမ်- ဒီလိမ့်နဲ့ အဝတ်တွေနဲ့ ကျင်ကြီးတွေနဲ့ ဒီကလေးလေးဟာဖြင့် မြင်မကောင်း, ကြည့်မကောင်း ဖြစ်နေတယ်ဆိုတာဖြင့် မှန်လိုက်တာ (မှန်ပါ့ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတွေ ပြင်ပေး, ဆင်ပေးမည့် ဆရာသမားတွေနဲ့သာ မတွေ့ကြတော့ဘူး ဆိုလို့ရှိရင်ဖြင့် ကလေး သူ့ကျင်ကြီးနဲ့သူ လူးလိမ့်နေတာနဲ့ အတူတူဖြစ်နေတယ် (မှန်ပါ့ ဘုရား) ဦးဘအုန်း သဘောပါရဲ့လား (ပါပါ တယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့အမှားနဲ့ ခင်ဗျားတို့သည် အမှားထဲမှာပဲ အကြိုက်ဖြစ်နေတာဟာ အင်မတန်ဆိုးပါတယ် (ဆိုးပါတယ် ဘုရား)။
အမှားထဲမှာ (အကြိုက်ဖြစ်နေတာ အင်မတန် ဆိုးပါတယ် ဘုရား)။
အမှားကြိုက်ဖြစ်နေတာလောက် ဆိုးတာတော့ဖြင့် လောကမှာဖြင့် အင်မတန် အကျဉ်းတန်တယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
အမှားကို အကြိုက်ဖြစ်နေရင် (အင်မတန် အကျည်းတန်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ဖြစ်စဉ်ကို ဟာ ဘုန်းကြီးနှယ် ဒို့ကို ပြောရက်လိုက်တာလို့ မဆိုပါနဲ့ (မှန်ပါ့)။
ကလေးငယ်ငယ်ကလေးဟာ သူစွန့်လိုက်တဲ့ ကျင်ကြီးကလေး သူ့လက်ကလေးနဲ့မွှေပြီး ကစားနေတဲ့အါကော မရှိဘူးလား (ရှိပါတယ်) ဘယ့်နှယ်ကြောင့် ကစားပါလိမ့်မတုန်းဆိုတော့ နွေးနွေးရှိလို့ ကစားတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုပါလိမ့် (နွေးနွေးရှိလို့ ကစားပါတယ်) အဲ စွန့်စဆိုတော့ ခပ်နွေးနွေးကိုး (မှန်ပါ့) ကျင်ကြီးရယ်လို့ သိရဲ့လား (မသိပါ ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့သည် ဘဝကူးကောင်းဖို့ လုပ်တဲ့ပုဂ္ဂိုလ်ဟာ နွေးနွေးနဲ့ ကစားနေတာနဲ့ တူတယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် သဘောပါပလား (ပါပါပြီ) အဲဒါ လူကြီးစိတ်လား၊ ကလေးစိတ်လား (ကလေးစိတ်ပါ ဘုရား)။
ပြင်ကြ, ဆင်ကြပါ
အေး ဒါကြောင့် အခု အချိန်ကာလ ပြင်ချိန်, ဆင်ချိန်ရှိတုန်းကို ပြင်ကြ, ဆင်ကြပါဆိုတဲ့ အကြောင်းကို ဖြင့် ဒကာ ဒကာမတွေကို အထူးတလည်ပဲ မေတ္တာရှေ့ထားပြီး တိုက်တွန်းရပါတယ် (မှန်ပါ့ ဘုရား) ဘဝကူးဆိုတာသည် အပြစ်အကြီးဆုံး သင့်တာတဲ့ (မှန်ပါ့ ဘုရား)။
ဘဝကူးဆိုတာ (အပြစ်အကြီးဆုံးသင့်တာပါ ဘုရား) သေသေချာချာ မှတ်စမ်းပါ၊ ဘဝကူးဆိုတာသည် (အပြစ် အကြီးဆုံး သင်တာပါ ဘုရား)။
ဘယ့်နှယ် စုတိဒုက္ခပြီးတော့ ဒီဘဝ ဇာတ်သိမ်းတာက စုတိဒုက္ခနော် (မှန်ပ့ါ) ကူးသွားလို့ ခင်ဗျားတို့ပြောတဲံ အတိုင်း ကူးလို့ပဲ ဟိုဘဝ ရတာက ဇာတိဒုက္ခ (မှန်ပါ့ ဘုရား) စုတိဒုက္ခပြီးတော့ (ဇာတိဒုက္ခပါ ဘုရား)။
ကောင်းရဲ့လား (မကောင်းပါ ဘုရား) ဒကာသစ် သဘောပါပြီ (ပါပါပြီ ဘုရား) ဦးဘအုန်းတို့ (ပါပါပြီ ဘုရား) ခင်ဗျားတို့ကော ဘဝကူးကောင်းချင်သေးသလား (မကောင်းချင်တော့ပါ ဘုရား)။
အင်း ဒီအသံကလေး ထွက်လာတာ ဒကာကြွယ် တော်တော်သေးတယ်နော် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ သစ္စာသိလို့ မကူးချင်ဘူး ပြောတယ် (မှန်လှပါ ဘုရား)။
သစ္စာသိလို့ (မကူးချင်ဘူး ပြောတာပါ ဘုရား) မကူးချင်ဘူး ပြောလာတော့ ဒကာ ဒကာမတွေ အင်မတန်ပဲ တော်ကြပါပြီ (မှန်ပါ့ ဘုရား) စုတိက (ဒုက္ခသစ္စာပါ ဘုရား) ပဋိသန္ဓေက (ဒုက္ခသစ္စာပါ ဘုရား)။
ကဲ စုတိပြီး ပဋိသန္ဓေပေါ်လာတော့ ဒကာကြွယ် အပြတ်ထွက်သလား-အရှုံးပဲ ရသလား (အရှုံးပဲ ရပါတယ် ဘုရား) ဘာဉာဏ်နဲ့ ကြည့်လိုက်ပါလိမ့် (သစ္စဉာဏ်နဲ့ ကြည့်လိုက်ပါတယ် ဘုရား)။
သစ္စဉာဏ်နဲ့ ကြည့်လိုက်တော့မှ အရှုံးပြန်ရတာများ ဘဝကူးကောင်းရယ်လို့ သုံးကြသေးတယ်, နှုန်းကြသေး တယ်ဆိုတော့ ဒကာသစ်ရကလေးကျင်ကြီး ကစားတာပဲ (မှန်ပါ့ ဘုရား) တယ်ကြောက်စရာ ကောင်းပါလား (ကောင်း ပါတယ် ဘုရား)။
ဝိပ္ပလ္လာသ မကင်းသေးတဲ့ ပုဂ္ဂိုလ်
အဲဒါ ဘယ့်နှယ်ကြောင့် ဘဝကူး ကောင်းချင်ပါလိမ့် မတုန်းလို့ မေးတဲ့အခါ ဒီခန္ဓာပေါ်မှာ ဝိပ္ပလ္လာသဆိုတာ မှားမှုက မဖြေဖျောက်နိုင်သေးတာနဲ့ ဦးလှဘူးရေ နောက်ခန္ဓာမှာလဲ အရူးမှတ်ပြီး သကာလ အရူးသိ, အရူးအယူနဲ့ ပြန်ကြိုက်တယ် (မှန်ပါ့ ဘုရား) ဒါ ဘယ်ပုဂ္ဂိုလ်တုန်းဆိုတော့ ဝိပ္ပလ္လာသ မကင်းသေးတဲ့ ပုဂ္ဂိုလ်၏ ဘဝကူးကောင်းမှု ကြိုက်မှုပါပဲ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပ္ပလ္လာသမပယ်နိုင်သ၍ ကာလပတ်လုံး၊ ဒိဋ္ဌိဝိပ္ပလ္လာသ မပယ်နိုင်သ၍ ကာလပတ်လုံး သောတာပန်တည်ပါ့မလား (မတည်ပါ) သဘောကျပြီ (ကျပါပြီ ဘုရား)။
အေး သုဘသညာ, သုခသညာ၊ သုဘလို့ ခန္ဓာကိုယ်ကြီး တင့်တယ်တာပေါ့ဗျာ (မှန်ပါ့) ဒီခန္ဓာကိုယ်ကြီးနဲ့ နေရတာ ချမ်းသာတယ်လို့ ထင်ရင်လဲ သုခသညာပေါ့ဗျာ (မှန်ပါ့) ချမ်းသာတယ်လို့ မှတ်ထားကြမယ်ဆိုရင် (မှန်ပါ့ ဘုရား)။
အဲဒီသညာတွေက အထက်မဂ် သကဒါဂါမ်၊ အနာဂါမ်တို့မှ ပယ်နိုင်ကြတယ်နော် (မှန်ပါ့) ရဟန္တာကျတော့ သုခသညာနဲ့ သုခစိတ္တ ကျန်နေသေးတယ် (မှန်ပါ့) ဘယ်လောက် ဝိပ္ပလ္လာသ နယ်ကျယ်တယ်ဆိုတာ ဒကာကြွယ် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ ရှင်းနေအောင် ယနေ့တော့ဖြင့် ဟောတော့မှာပဲဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဒါပြီးလို့ ဒါပြီးပလားဆိုရင် ဘုန်းကြီး အလုပ်တရားကို ဒကာ ဒကာမတို့ ဒိဋ္ဌိခွါပြီးပြီ၊ အလုပ်-လုပ်တော့ ဆိုတဲ့ဥစ္စာကို ဘုန်းကြီး နည်းပေးမပေါ့ဗျာ (မှန်လှပါ ဘုရား)။
အပင်းရှိနေတဲ့အတွက်
ဒါမပါဘဲနဲ့ ၊ ဝိပ္ပလ္လာသမသိဘဲနဲ့ ဒကာ ဒကာမတွေ အလုပ်-လုပ်ပြီး သကာလ နေကြမယ်ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသဆိုတဲ့ ဝမ်းထဲမှာ အပင်းရှိနေတဲ့အတွက် ဘယ်လိုပင် အားထုတ်ငြားသော်လဲ မဂ်ဉာဏ်-ဖိုလ်ဉာဏ်မရနိုင် (မှန်လှပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
အေး အဲဒါကြောင့် ကဲ စ,ပါတော့မယ် ဒကာ ဒကာမတို့ အမှားကလေးကိုဖြင့် ထပ်ပြန်တလဲလဲ ပြတယ်လို့ မအောက်မေ့နဲ့ (မှန်လှပါ ဘုရား) ခင်ဗျားတို့ မှားချက်သန်တာ သိအောင်လို့ (မှန်လှပါ ဘုရား)။
ဟောဒါ တရားနာနေတဲ့ ခန္ဓာငါးပါး (မှန်လှပါ ဘုရား)။ ဒီဟာကလေးဟာ ဘာပါလိမ့် (တရားနာနေတဲ့ ခန္ဓာငါးပါးပါ ဘုရား)။
တရားနာနေတဲ့ ခန္ဓာငါးပါးကို အရိယာမျက်လုံး တပ်ပေးမည့်သူ မရှိတော့ဘူး။ ဒီ ဒကာ ဒကာမတွေအား ၊ သုတဝါ အရိယသာဝကောဆိုတဲ့အတိုင်း အကြားအမြင်များတဲ့ အရိယာ၏ တပည့်မဖြစ်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် တဲ့ ဒီခန္ဓာငါးပါးအတွက်နဲ့ အမှားလိုက်လာတာပဲ (မှန်ပါ့ ဘုရား)။
ဒီခန္ဓာကြီးဟာ သဗ္ဗေသင်္ခါရာ အနိစ္စာ (မှန်ပါ့) ခန္ဓာကြီးဟာ ဘာတဲ့ဗျာ (သဗ္ဗေသင်္ခါရာ အနိစ္စာပါ ဘုရား)။
အဲဒီအနိစ္စကို ရုပ်တွေ, နာမ်တွေစုပြီး သကာလ နေတဲ့ အနိစ္စတရားကို အနိစ္စလို့မှတ်ပြန်တယ် (မှန်ပါ့) အဲ သုတဝါ အရိယသာဝကော မဖြစ်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သုတဝါ အရိယသာဝကော မဖြစ်တဲ့အတွက်
သုတဝါ အရိယသာဝကော မဖြစ်တဲ့အတွက် ခန္ဓာငါးပါးကို တစ်ခါတည်း အနိစ္စတရားကို နိစ္စလို့ မှတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါး အနိစ္စတရားကို (နိစ္စလို့ မှတ်ပါတယ် ဘုရား)။ နိစ္စလို့မှတ်တယ်၊ ခိုင်တယ်လို့ မှတ်လိုက်တယ် (မှန်ပါ့) ခိုင်တယ်လို့ မှတ်ပြီး သကာလ ဒကာသစ်ရေ ခိုင်တယ်လို့ မှတ်ရင်ဖြင့်ဒီပစ္စည်း မပျောက်စေနဲ့ ဆိုသလိုပဲ ခင်တဲ့စိတ် လာတယ် (လာပါတယ်) ဒါက စိတ္တဝိပ္ပလ္လာသ (မှန်ပါ့ ရှေ့ပိုင်းက သညာဝိပ္ပလ္လာသ (မှန်ပါ့) နောက်က (စိတ္တဝိပ္ပလ္လာသပါ ဘုရား)။
ဒီ ခန္ဓာ ငါးပါးကြီးကို တကယ်ခိုင်တယ်လို့ မြဲတယ်လို့ ယူတဲ့အယူကော မရှိပေဘူးလား (ရှိပါတယ် ဘုရား)။ အဲဒါက ဒိဋ္ဌိဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခန္ဓာ ငါးပါးကြောင့်၊ ခန္ဓာငါးပါး အနိစ္စတရားကြောင့် ဝိပ္ပလ္လာသ ဘယ်နှစ်ချက် လာသတုန်း (သုံးချက် လာပါတယ် ဘုရား) သညာဝိပ္ပလ္လာသ၊ စိတ္တဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသ (မှန်ပါ့) ဘယ်နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါး အနိစ္စတရားကို နိစ္စလို့ မှတ်တာက ဘာတုန်း (သညာဝိပ္ပလ္လာသပါ) နိစ္စလို့ ခိုင်တယ်, မြဲတယ်လို့ သိတာင (စိတ္တဝိပ္ပလ္လာသပါ) နိစ္စလို့, ခိုင်တယ် မြဲတယ်လို့ ယူထားတာက (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီ ဝိပ္ပလ္လာသ မကင်းသ၍ ကာလပတ်လုံး ဒိဋ္ဌိက မပြုတ်ပါဘူး (မပြုတ်ပါ ဘုရား)။
ဒိဋ္ဌိ မပြုတ်သ၍ ကာလပတ်လုံးလဲ ဘယ်တော့မှ သစ္စာနုလောမိကဉာဏ် မရနိုင်ဘူး (မှန်ပါ့)။
သစ္စာနုလောမိကဉာဏ် မရနိုင်ဘူး
သစ္စာ နုလောမိကဉာဏ် မရနိုင်လို့ရှိရင်ဖြင့် သမ္မတ္တနိယမ ဆိုတဲ့ သောတာပတ္တိမဂ် မရနိုင်ဘူး (မှန်ပါ့)။
ဒီမဂ်မှ မရလို့ရှိရင် အထက်မဂ်တွေကော (မရနိုင်ပါ) မရနိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ) ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရ,ရပါလို၏ မရဘူး ဒကာ ဒကာမတို့ (မှန်ပါ့) ဒိဋ္ဌိပြုတ်မှရမယ် (မှန်ပါ့ ဘုရား)။
ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရရပါလို၏၊ ကျုပ်ဖြင့် ဒီ့ပြင်လဲ ဆုက မတောင်းတတ်ဘူး (မှန်ပါ့ ဘုရား) ဝဋ်ဘဝ တိုတိုနဲ့ မဂ်ဖိုလ်ရရပါလို၏၊ ကျုပ်က ဒါပဲ တောင်းတတ်တယ် (မှန်ပါ့ ဘုရား)။
မဂ်ဆိုတာ ဒကာ ဒကာမတို့ ပွားရမည့်ကိစ္စ (မှန်ပါ့) တောင်းယူလို့ရတဲ့ကိစ္စလား၊ ပွားယူရမည့်ကိစ္စလား (ပွားယူရမည့် ကိစ္စပါ ဘုရား)။
အဲဒါ ဒကာ ဒကာမတွေက ဘယ်လိုလုပ်နေကြလဲ (တောင်းယူနေပါတယ် ဘုရား)။
ဪ ခက်တယ် ဦးဘအုန်းရေ (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ်) ပွားယူရမည့်ဥစ္စာ တောင်းယူလို့ ရှိရင်ဖြင့် ဘယ်ကနေရပါ့မလဲ (မရပါ ဘုရား)။
သစ်ပင်တစ်ပင်ကို သစ်ပင်နားကပ်ပြီး သကာလ သီးစေသတည်း၊ သီးစေသတည်းလို့ သစ်ပင်ကလေး ပေါက်စ ကို ခင်ဗျားတို့ သီးစေသတည်းဆိုပြီး တောင့်တနေလို့ရှိရင် သီးပါ့မလား (မသီးပါ ဘုရား)။
ဟာ ပေါင်းတွေရှင်းလို့ ရေတွေလောင်းလို့၊ အင်း ပင့်ကူအိမ်တွေဘာတွေဖယ်လို့ ခြတွေဘာတွေကို ဖယ်ရှားပစ်လို့ သူ့ အလုပ်ပွားများတဲ့အလုပ်၊ သူ့ဆိုင်ရာ အလုပ်တွေကို လုပ်လို့ရှိရင် ဒီသစ်သီး စားရမှာပေါ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သီးစေသတည်းဆိုလို့ သီးပါ့မလား (မသီးပါ) ဆိုင်ရာ အလုပ်လုပ်ရင်တော့ (သီးပါ တယ် ဘုရား)။
အလုပ် မလုပ်ရင် ရကိုမရဘူး
အဲဒီမှာ နိဗ္ဗာန်တည်းဟူသော အသီးအပွင့်သည် ဒကာ ဒကာမတို့ ပွားများတဲ့အလုပ် မလုပ်ရင် ရကိုမရဘူး လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ) တောင်းယူလို့ဖြင့် (မရပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အနိစ္စကို နိစ္စထင်တဲ့ အမှတ်မှား, အသိမှား, အယူမှား (မှန်ပါ့) ဘယ်နှစ်ခုရှိသွား ပလဲ (သုံးခုပါ ဘုရား)။
ဒီခန္ဓာကြီးကိုပင်လျှင် အရိယာမျက်လုံး တပ်ပေးမည့်သူ မရှိကြလို့ရှိရင်ဖြင့် “သဗ္ဗေသင်္ခါရာ ဒုက္ခာ”လို့ ဘုရားက ဟောတယ် (မှန်ပါ့) ဘုရားက ဟောချင်လို့ ဟောရတာလား ခန္ဓဒုက္ခ ကြည့်ဟောတာလား (ခန္ဓဒုက္ခကြည့်ဟော တာပါ) ဒါဖြင့် ဒုက္ခပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒုက္ခကို သုခလို့ မှတ်ထားတာက အမှတ်မှား (မှန်ပါ့) ဒုက္ခကို သုခလို့ သိတာက (အသိမှားပါ) ဒုက္ခကို သုခလို့ ယူထားတာက (အယူမှားပါ ဘုရား)။
ဪ ခန္ဓာကိုယ်ြံကီး အတွက်နဲ့လဲ အမှား ဘယ်နှစ်ချက် လိုက်ပါလိမ့် (သုံးချက်ပါ ဘုရား) အင်း ဝိပ္ပလ္လာသ ခြောက်ပါးရပြီ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီခန္ဓာကိုယ်ကြီးဟာ ‘သဗ္ဗေဓမ္မာ အနတ္တာ’ဆိုတာ ထင်ရှားတယ် (မှန်ပါ့) ထိုင်နေလဲ ထိုင်လို့မရဘူး (မှန်ပါ့) ကုလားထိုင်တွေ ဆိုဖာတွေ၊ အမျိုးမျိုးအဖုံဖုံနဲ့ ပြုပြင်ထားငြားသော်လဲ ပူတယ် အိုက်တယ်လေ ဆိုပြီး ရွှေ့ရပြန်တာပဲ (မှန်ပါ့)။
ပူတယ်, အိုက်တဲ့နေရာ ရွှေ့ပြန်လို့ရှိရင်လဲ ထိုင်ချင်လာပြန်တော့လဲ သူ့ကို ဘယ်လိုထားလို့မှ မရဘူးဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အနတ္တခန္ဓာကိုယ်ကြီး
အဲဒီတော့ သူ အနတ္တခန္ဓာကိုယ်ကြီး ခဏခဏ ဖြစ်ပျက်နေတာ အစိုးမရဘူးဆိုတာ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒီ့ အနတ္တကို အတ္တလို့ မှတ်တဲ့ သညာဝိပ္ပလ္လာသ (မှန်ပါ့) အနတ္တကို အတ္တလို့မှတ်တဲ့ သညာဝိပ္ပလ္လာသ (မှန်ပါ့) အနတ္တကို အတ္တလို့ သိတာက (စိတ္တဝိပ္ပလ္လာသပါ ဘုရား) အနတ္တကို အတ္တကို ခိုင်တယ်-မြဲတယ်လို့ ယူထားတာက (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။
ဒကာသစ် ဘယ်နှစ်ခု ရပြန်သတုန်း (သုံးခုရပါတယ် ဘုရား) သုံးခုရပြန်တယ်ဆိုတော့ ပေါင်းလိုက်တော့ ဘယ်လောက်ရသလဲ (ကိုးခုရပါပြီ ဘုရား) ကိုးခု ရပြီဆိုတာ ဒကာသစ် မှတ်ပေတော့ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒီ ခန္ဓာကြီးဟာ ကေသာ လောမာ နခါ ဒန္တာ, တစော ဆိုပြီး သုံးဆယ့်, နှစ်ကောဠာသ စုကြီးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
သုံးဆယ့်နှစ်ကောဠာသ အသုဘအစုကြီး (မှန်ပါ့ ဘုရား) ဒါကြီး ဖီးကာ, ပြင်ကာ ဆင်ကာ လိမ်းကာနဲ့ ဒကာ ဒကာမတွေ ဪ ကျုပ်အသက်အရွယ်နဲ့ ဒီသားအရည်နဲ့ဆိုရင်ဖြင့် အင်း ကြည့်ဖွယ်-ရှုဖွယ် ရှိပါသေး တယ် (မှန်ပါ့ ဘုရား) အံမာလေး ဒကာ ဒကာမတွေက ဟင် (မှန်ပါ့)။
ဒီအသက်အရွယ်နဲ့ ဒီအသားအရည်နဲ့ဆိုတော့ အရွယ်ချင်းစာလို့ရှိရင် ကျုပ်ဟာ အတော်တင်တယ် (မှန်လှပါ ဘုရား) အင်း ဒကာကြွယ် ကိုယ့်ဟာကိုယ်ကော မထင်ဘူးလား (ထင်ခဲ့ပါတယ် ဘုရား)။
အဲဒီလို ထင်တဲ့အတွက် အသုဘကို သုဘလို့ မှတ်ပြန်တယ် (မှန်ပါ့) အမှတ်မှားလာပြန်ပြီ (မှန်ပါ့)။
အဲဒီတော့ ဒီလိုမှတ်ထားတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုယ် ဒကာ ဒကာမတို့ သုဘ လို့ ထင်ပြီး သကာလ မခင်ပေဘူးလား (ခင်ပါတယ် ဘုရား) အင်း ဒါက စိတ္တဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား) အင်း တော်တော်နဲ့ မသေသေး ပါဘူး၊ ခိုင်ပါသေးတယ်၊ မြဲပါသေးတယ်လို့ ယူလိုက်ပြန်တယ်၊ ဒါက ဘာဆိုကြမယ် (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။ ဒါဖြင့် အသုဘကို သုဘလို့ မှတ်တာက သညာဝိပ္ပလ္လာသ၊ သုဘလို့ သိတာက (စိတ္တဝိပ္ပလ္လာသပါ) သုဘလို့ အယူမှားနဲ့ ယူထားတာက (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ခင်ဗျားတို့၏ အမှားဖြစ်စဉ် ဘယ်လောက်လဲ (ဆယ့်နှစ်ပါးပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အမှားဖြစ်စဉ် ဆယ့်နှစ်ခု
ခန္ဓာကိုယ်မှာ အမှားဖြစ်စဉ် ဘယ်လောက်ပါလိမ့် (ဆယ့်နှစ်ပါးပါ ဘုရား)။
ဪ ဒီ အမှားဖြစ်စဉ် ဆယ့်နှစ်ခုမှ မပယ်နိုင်ကြလို့ ဒကာ ဒကာမတို့ ပုဂ္ဂိုလ်တစ်ယောက်တည်း၊ ရူးနာက ဆယ့်နှစ်မျိုး (မှန်ပါ့)။
ပုဂ္ဂိုလ်က (တစ်ယောက်တည်းပါ) ဟောဒါက ယောကျ်ားတစ်ယောက်တည်း၊ မိန်းမတစ်ယောက်တည်း (မှန်ပါ့) ဒီဘက်က ရူးနာက (ဆယ့်နှစ်ပါးပါ ဘုရား)။
တစ်သံသရာလုံးမှာ ခင်ဗျားတို့ ဘာနဲ့များ နေလာကြပါလိမ့်မတုန်းဆိုတော့ အရူးဆယ့်နှစ်မျိုး တစ်မျိုးပြီးတစ်မျိုး ရူးနေတယ် ဘုရာ့ (မှန်ပါ့)။
ဘယ်လိုဆိုကြမလဲ (တစ်မျိုးပြီးတစ်မျိုး ရူးနေပါတယ်) တစ်မျိုးပြီးတစ်မျိုး ရူးနေတယ်ဆိုတာ ငြင်းဖို့လိုသေး သလား (မလိုပါ ဘုရား)။
ဒါကြောင့် ရူးတယ်-မရူးတယ် ဒကာကြွယ် သူများမမေးနဲ့နော် (မှန်ပါ့) သူများ မကြည့်ပါနဲ့တဲ့ ကိုယ် သားသမီး ရချင်မှု, အိမ်ထောင်တည်ထောင်ချင်မှု, စီးပွားကြီးထွားမှု ဒါတွေအလိုရှိတဲ့ဥစ္စာသည် ဒါတွေက ဒုက္ခသစ္စာ မဟုတ်လား ဗျာ (မှန်ပါ့) ဒုက္ခရှာတဲ့ အလုပ်တွေဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား) သို့သော်လဲ မရှိရင် မဖြစ်ဘူးလို့ ခင်ဗျားတို့က ယူထားတယ် (မှန်ပါ့)။
မရှိရင် (မဖြစ်ဘူးလို့ ယူထားပါတယ် ဘုရား) ဒါဖြင့် ဒုက္ခကို သုခထင်တဲ့ အမှားတွေ ဘယ့်နှယ့်နေသတုန်း မများဘူးလား (များပါးတယ် ဘုရား)။
ဒါဖြင့် ဒကာကြွယ်ရေ ကိုယ်ကိုယ်တိုင်ပဲ အမှား ဆယ့်နှစ်မျိုးနဲ့ နေခဲ့ရတဲ့ ဖြစ်ထွေဟာ အတော်အကြီးသား ပဲလို့ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လူတစ်ယောက်မှာ အရူးဘယ်နှစ်မျိုးရှိပါလိမ့် (ဆယ့်နှစ်မျိုးရှိပါတယ်) ဦးလှဘူး ရှင်းပြီ (ရှင်းပါပြီ) မနေ့ကလဲ ဒါ ထပ်ဟောတယ် (မှန်ပါ့) ဒီနေ့လဲ ရှင်းသထက် ရှင်းအောင်လို့ ဒကာ ဒကာမတို့ လူတစ်ယောက်မှာ အရူး ဘယ်နှစ်မျိုးပါလိမ့် (ဆယ့်နှစ်မျိုးပါ ဘုရား)။
ဒါ ဒီနေတုန်း ဆယ့်နှစ်မျိုး ရူးတယ်ဆိုတာ သိတယ် (မှန်ပါ့) အိမ်ပြန်သွားတဲ့အခါကျတော့ ဒကာ ဒကာမတို့ အခု တရားပွဲကလဲ ပြန်ပါရော အိမ်လဲရောက်ပါရော ဒီ ဆယ့်နှစ်မျိုး တစ်မျိုးမျိုး ထ,တာပဲ (ထ,ပါတယ် ဘုရား)။
ဒီ ဆယ့်နှစ်မျိုးဟာ (တစ်မျိုးမျိုး ထပါတယ်) ဪ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဒီ ရူးတဲ့နေရာ ပြန်ချင်ပါလိမ့်မတုန်းလို့ မေးဖု့ိ မလိုဘူးလား (လိုပါတယ်ဘုရားဝ။
အရူးဆိုတာက ဒကာ ဒကာမတို့ အမှိုက်ပုံတွေ့ရင် ကြိုက်တယ် (မှန်ပါ့) အမှိုက်ပုံတွေ့လို့ရှိရင် အရိုးအရင်းတွေ ကောက်ရတယ် (မှန်ပါ့) အဝတ်ဟုတ်တွေ ဘာတွေ (ကောက်ရပါတယ် ဘုရား)။
အမှိုက်ပုံရှိတဲ့နေရာ ပြန်ချင်ကြတယ်
ဪ ခင်ဗျားတို့ကလဲ ရူးတော့ကို အမှိုက်ပုံရှိတဲ့နေရာ ပြန်ချင်ကြတယ် (မှန်ပါ့)။
ရူးတော့ ဘာတဲ့ (အမှိုက်ပုံရှိတဲ့နေရာ ပြန်ချင်ပါတယ်) ဒါ မနာပါနဲ့တဲ့ (မှန်ပါ့) မနာပါနဲ့ ခင်ဗျားတို့ အိမ် ရောက်တော့ အရှုပ်တွေနဲ့ အကုန်တွေ့ရတယ် (မှန်ပါ့)။
သားအတွက် စိတ်မချ, သမီးအတွက် စိတ်မချ, ပစ္စည်းအတွက် စိတ်မချ, အိမ်နီးချင်းအတွက် စိတ်မချ (မှန်ပါ့) အရှုပ်တွေက မစုံလား (စုံပါတယ် ဘုရား)။
အဲဒီ အရှုပ်တွေစုံတော့ ဒကာကြွယ် ပြန်တော့မလား၊ ပြန်မှပဲ ဘုရား အချိန်မလှဘူး၊ ဒီလို ဖြေလာတယ် (မှန်လှပါ ဘုရား)
အချိန်မလှဘူးဘုရာ့၊ အချိန်မလှတာ ဘာဖြစ်သတုန်းဗျာလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ ငါ့ပစ္စည်း ဆိုတဲ့ ဒိဋ္ဌိတွေ၊ ငါ့ဟာတွေဆိုတဲ့ ဒိဋ္ဌိတွေ၊ ငါ့သမီး, ငါ့သားဆိုတဲ့ ဒိဋ္ဌိအယူတွေဟာ ဒါတွေနဲ့ ခွဲရမှာ ကွဲရမှာကို စိုးရိမ် တဲ့အတွက် အချိန်လွန်သွားလို့ရှိရင် ဘယ်လိုများ ဖြစ်ကြမတုန်းဆိုတဲ့ ဒိဋ္ဌိနာ ထ,ပြီး ပြန်တာကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာနဲ့ ပြန်ကြသလဲ (ဒိဋ္ဌိနာထ,ပြီး ပြန်ပါတယ်) ဒိဋ္ဌိနာကလဲ ဒကာသစ်ရေ သူက လာချင်လို့ လာရတာလား ဆိုတော့ အမှတ်မှားကြောင့် အသိမှား (မှန်ပါ့) အသိမှားကြောင့် (အယူမှားပါ ဘုရား)။
ဪ ဒကာကြွယ်ပြီး ပြန်သွားတာဖြင့် အိမ်ပြန်တာဘာနဲ့ ပြန်ပါလိမ့်မတုန်း အယူမှားနဲ့ ပြန်သွား တယ် (မှန်ပါ့) ဒကာဦးလှဘူး ပြန်သွားတာကော (အယူမှားနဲ့ ပြန်သွားပါတယ် ဘုရား)။
ဒီ ဒကာ ဒကာမတွေ တရားပွဲသိမ်းပြီး သကာလ ခင်ဗျားတို့ ဘယ်များ ပြန်ကြမှာပါလိမ့် (အယူမှားနဲ့ ပြန်မှာပါ) အယူမှားနဲ့ ဆိုင်ရာ-ဆိုင်ရာ အရှုပ်ထဲ ပြန်ကြရမယ် (မှန်ပါ့) မပြန်ရပေဘူးလား (ပြန်ရပါတယ် ဘုရား)။
အယူမှားနဲ့ ပြန်တယ်
ဒကာကြွယ် ဒါ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုန်း ဆိုတော့ အယူမှားနဲ့ ပြန်တယ် (မှန်ပါ့)။
ဒါဖြင့် ပြန်တော့ အဲဒီ ပြန်ကြမှာပဲ၊ တကယ်လို့များ အသက်အတိုင်းနေလို့ သေကြတော့ ဘယ်များ သေချင် သတုန်း မေးတော့ ဒီနေရာပေါ့ဘုရား (မှန်ပါ့) ဘယ်နေရာပါလိမ့် (ဒီနေရာပါ ဘုရား)။
ဘာဖြစ်လို့တုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒီအယူမှားနဲ့ နေရတဲ့ နေရာမှာ အယူမှားနဲ့ သေချင်လို့ဘုရာ့ (မှန်လှပါ ဘုရား)။
ဘယ်လိုပါလိမ့် (အယူမှားနဲ့ နေရာမှာ အယူမှားနဲ့သေချင်လို့ပါ ဘုရား)။
နေတုန်းကလဲ တပည့်တော်တို့ အယူမှားနဲ့ ဒီနေရာ သိပ်ပျော်တယ်ဘုရာ့ (မှန်ပါ့ ဘုရား)။
သေတော့ ကိုယ့်အိမ် ကိုယ့်ရာကလေးပဲ သေပါရစေလို့ တပည့်တော်တို့ ဘုရားရှေ့ ဆုတောင်းထားတယ် ဘုရား၊ သူများအိမ် ဧည့်သည်အဖြစ်နဲ့ မသေပါရစေန၊ မသာ မလှမှာစိုးလို့တဲ့ (မှန်ပါ့)။
မသာဟာ ဘယ်တော့မှ မလှဘူး (မှန်ပါ့) မသာပါဆိုတာ လှစရာ ပါသေးသလား (မပါပါ) သို့သော် သူ စိုးရိမ်တာက ဘာတုန်း (မသာမလှမှာ စိုးရိမ်ပါတယ် ဘုရား)။
ဒါဖြင့် အသုဘကို သုဘထင်တဲ့အမှားဟာ သေသေချာချာပါတယ် (မှန်ပါ့ ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။
ဪ ဒကာသစ် ရူးပုံတွေ လျှောက်ပြောမယ်ဆိုရင်ဖြင့် နာရိသာ ကုန်သွားစရာရှိတယ် ဆုံးစရာမြင်သေး ရဲ့လား (မမြင်ပါ ဘုရား)။
ကဲ ဦးလှဘူးတို့ ဒီဘက်က ဒကာလှကြီးတို့ အင်း ဒီကနေပြီး သကာလ အရူးမပျောက်ဘဲနဲ့ သေသွား လို့ရှိရင်ဖြင့် အယူမှားနဲ့ သေလေရဲ့ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အယူမှားနဲ့ သေပါတယ်) ဪ ခင်ဗျားတို့က ပြောကြတယ်၊ ဘယ်သူဖြင့် သေသွားရှာ တယ်၊ သားတွေစွဲလမ်းပြီး အယူတော့မှားတယ် (မှန်ပါ့)။
အယူမှားနဲ့ သေရင် အပါယ်သွားရမယ်
သမီးကလေးစွဲလမ်းပြီး (အယူတော့မှားပါတယ်) ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ်ပဲ မသေချင်ပဲ ခိုင်လိမ့်မယ်၊ မြဲလိမ့်မယ် ထင်လျက်သားနဲ့ သေခြင်းဆိုးလမ်းကို လိုက်ရတဲ့အတွက် ခင်ဗျားတို့ကော ဘယ့်နှယ်ဆိုကြမလဲ (အယူမှား နဲ့ သေပါတယ် ဘုရား) အယူမှားနဲ့ သေရင် အပါယ်သွားရမယ် (သွားရပါမယ် ဘုရား)။
ဒကာ ဒကာမတွေ အယူမှားနဲ့သေရင် (အပါယ်သွားမှာပါ ဘုရား)။
ဒါဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက တစ်သိန်းတစ်ယောက် သုဂတိရောက်တယ်ကွ၊ ကျန်တာ အပါယ်ချည့်ပဲ ဆိုတာများ များများ နေသေးသလား (မများပါ) မများပါဘူးဆိုတာ သေချာပလား (သေချာပါပြီ) အဲဒါ သစ္စသံယုတ်မှာ ဒီအတိုင်ငးလာပါတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် လူတစ်ယောက်မှာ အရူးနာဘယ်နှစ်ခုလဲ (ဆယ့်နှစ်ခုပါ) အနာနဲ့ လူနဲ့မမျှဘူး (မမျှပါ ဘုရား)။
ဒကာ ဒကာမတို့ အနာနဲ့ လူနဲ့မမျှဘူး (မမျှပါ) ဒီလူမမာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့တကွ ဘုရား၏ တပည့်သားတွေကမှ ကု,မပေးလို့ရှိရင် ဒကာသစ် ပျောက်ဖို့ မမြင်ဘူး (မမြင်ပါ) မြင်သေးရဲ့လား (မမြင်ပါ) အဲဒါ အင်မတန် ဆိုးဝါးနေပြီဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ရူးနာကလဲ ဒကာ ဒကာမတို့ ရူးနာက သုံးမျိုးရှိတယ် (မှန်ပါ့) ဒိဋ္ဌိရူး သဘောကျပလား (ကျပါပြီ) အမှတ်ရူး, အသိရူး, အယူရူး (မှန်ပါ့) ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)။
အမှတ်မှားပြီး ရူးတာကလဲ (တစ်မျိုးပါ) ရှိတာပဲ (ရှိပါတယ်) အသိမှားပြီး ရူးတာကော (ရှိပါတယ်) အယူ မှားပြီး ရူးတာကော (ရှိပါတယ်) သဘောပါပလား (ပါပါပြီ ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားပြီး နားထောင်ပါ၊ နဂိုရ်က ကျုပ်တို့သည်ကား လို့ဆိုရင် ဟိုကလေးမလေးလို သွက်သွက်ခါမနေဘူး (မှန်ပါ့) ကျုပ်တို့က တော်သေးတယ်၊ အဝတ်ကလေး လုံအောင် ဝတ်နိုင်သေးတယ်၊ အစရှိသည်နဲ့ ထင်ပြီး သကာလ နေကြတယ် (မှန်ပါ့) ဘာဖြစ်လို့တုန်းဆိုတော့ အရူး၊ အရူးမှန်း မသိလို့ (မှန်ပါ့ ဘုရား)။
အရူး၊ အရူးမှန်း မသိ
ဘယ်လိုမှတ်ကြမယ် (အရူး၊ အရူးမှန်းမသိလို့ပါ) ဒါဖြင့် အရူး အရူးမှန်းမသိတဲ့ ပုဂ္ဂိုလ်များ ဒကာ ဒကာမတို့ ဆေးရှာချင်တဲ့ စိတ်ကလေး ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။
ကဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဘာနဲ့တူနေသတုန်း (အရူးနဲ့ တူနေပါတယ် ဘုရား)။
အခု ဒီလာတဲ့ ဒကာ ဒကာမတွေဟာ ဆေးရှာတာ (မှန်ပါ့) ဟို မြို့ထဲ ရွာထဲမှာ သားရေး၊ သမီးရေး၊ စီးပွား ရေးနဲ့ ဒေါင်ချာစိုင်းနေတဲ့ ပုဂ္ဂိုလ်က တရားတော့ ကောင်းတယ်ဆိုတာ သိတယ်၊ ကျုပ်တို့၊ စားရေး သောက်ရေးက မပြည့်စုံတော့ မသွားနိုင်ဘူး (မှန်ပါ့) ဒီလိုပုဂ္ဂိုလ်တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
သူတို့က ရူးတာမှ ဘယ့်နှယ်တုန်း (ရူးမှန်းမသိပါ) ရူးတာ ရူးမှန်းမသိလို့ ဆေးမရှာဘူး (မှန်ပါ့) တရားနာတဲ့ ပုဂ္ဂိုလ်တွေကတော့ (ရူးတော့ ရူးမှန်းသိလို့ ဆေးရှာပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ပျောက်နိုင်မယ် (မှန်ပါ့) သွက်သွက်မခါသေးဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နာအောင် ပြောတာလား ဒကာကြွယ် အမှန်လား (အမှန်ပါ ဘုရား)။
ဒီအရူးက တစ်ခါတလေများ ရူးနေလိုက်တာဗျာ တစ်ခါတည်း သမီးကလေးထွက်သွားလို့ ကျုပ်ဖြင့် ကိုယ်ကျိုး နည်းပြီ (မှန်ပါ့ ဘုရား)။
သမီးကလေး ထွက်သွားလို့ (ကိုယ်ကျိုးနည်းပါပြီတဲ့) တစ်ခါတည်း ဒါကလေးပဲ ကျုပ်အားကိုးနေတာ၊ အခု ဒါကလေးက ကလန်ကဆန်နဲ့ အနေအထိုင်မတတ်နဲ့ ထွက်သွားတဲ့အတွက် မြင်တဲ့အတိုင်းပဲ ကျုပ်ဖြင့် စိတ်ဟာ နည်းနည်း မှ မသက်သာဘူး (မှန်ပါ့) သူ့သမီးလို့ ဒိဋ္ဌိရူးထနေတယ် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိရူးထပြီး သကာလ ဟိုလက်တို့ပြောလိုက် (မှန်ပါ့) ဒီလက်တို့ ပြောလိုက်၊ ဟိုတိုင်ပင်စရာရှိတဲ့ဆီ သွားတိုင် ပင်လိုက်၊ ရူးတာပဲ အိမ်ထဲတွင် နေသလားတဲ့၊ သွက်သွက်ခါ သွားသလား (သွက်သွက်ခါသွားပါတယ်) ဒိဋ္ဌိရူးဗျ (မှန်ပါ့) ဒိဋ္ဌိရူးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အရူး အကြံပေးတာ
သမီးအတွက် စိတ်ရတတ်မအေးလို့ လူကြီးတွေမို့ တိုင်ပင်ရတယ် (မှန်ပါ့) ဟာ ဒကာကြွယ်တို့ကလဲ လူကြီးထဲထားလိုက်ပါတော့ (မှန်ပါ့) ဟာ ဒါဖြင့် ဒီလိုလုပ်ပါလား- ဒီလိုကိုင်ပါလားဆိုပြီး ဒကာကြွယ်ကလဲ အကြံ ပေးကောင်း ထားလိုက်ပါတော့ (မှန်ပါ့) ဘယ်သူ့အကြံပေးတာတုန်း မေးတဲ့အခါကျတော့ ဘယ့်နှယ်ဖြေမလဲ (အရူး အကြံပေးတာပါ ဘုရား)။
အရူးကို အကောင်းက အကြံပေးတာလားတဲ့၊ အရူးကို အရူးချင်းပဲ အကြံပေးနေတာလား (အရူးကို အရူး ချင်းပဲ အကြံပေးနေပါတယ်) အဲ တစ်သံသရာလုံး ဓီအတိုင်းနေခဲ့ကြတယ် (မှန်ပါ့) တစ်သံသရာလုံး ဒီအတိုင်းပဲ။
ဒီ ဒကာနဲ့ ဒကာမ အိမ်ထောင်ကျတဲ့အခါကျတော့ ကြည့်ပါလား ချစ်မြတ်နိုးတဲ့အတွက်၊ မင်း ငါရှိနေရင် ဘာပူစရာရှိသတုန်း (မှန်ပါ့) အင်း ဒိဋ္ဌိရူးနဲ့ သူကနေပြီး အားပေးနေတယ် (မှန်ပါ့ ဘုရား)။
ငါရှိနေရင် ဘာပူစရာရှိသတုန်း တဲ့။ ဘယ်မှာတုန်းငါက ခန္ဓာကိုယ်ထဲ ငါရှိရဲ့လား (မရှိပါ) ရုပ်နာမ် ဖြစ်ပျက်ပဲရှိတယ် (မှန်ပါ့ ဘုရား)။
အဲဒါကို ယောကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်က အားပေးကောင်းကောင်းနဲ့ အရူးကောင်းကောင်းနဲ့ ရူးသံပြင်းပြင်းနဲ့ (မှန်ပါ့) ထပြီးပြောလိုက်တဲ့အခါကျတော့ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်က ဪ တောင်ကြီးပမာပါလားဆိုပြီး အားကိုးချ လိုက်တယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုအားကိုးပါလိမ့် (တောင်ကြီးပမာ အားကိုးလိုက်ပါတယ် ဘုရား)။
တောင်ကြီးပမာ ပါလားဆိုပြီး အားကိုးပြီး ချလိုက်တော့ ဟိုကလဲ အားမကိုးကောင်းတဲ့ ရုပ်နာမ်ကို အားကိုး လိုက်တဲ့အတွက် ဟိုက အားကိုးလိုက်တဲ့ ပုဂ္ဂိုလ်ကလဲ ဒိဋ္ဌိရူး (မှန်ပါ့) အားပေးတဲ့ ပုဂ္ဂိုလ်ကကော (ဒိဋ္ဌိရူးပါ ဘုရား)။
အဲ အားပေးတဲ့ ပုဂ္ဂိုလ်ကလဲ အရူး (မှန်ပါ့) အားပေးလို့ အားကိုးလိုက်တဲ့ ပုဂ္ဂိုလ်ကကော (အရူးပါ ဘုရား)။
ဒကာကြွယ် ဒီလိုမများဘူးလား (များပါတယ်) ဒကာကြွယ်တို့ ပြောကော ပြောဖူးသေးသလား (ပြောဖူးပါ တယ်) ဘာနာ ထ,တာတုန်း-ဒါ (အရူးနာ ထ,တာပါ ဘုရား)။
အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့) သိပ်ဆိုးပါလား ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။
အရူးနာပျောက်ဖို့ရာ လွယ်ပါ့မလား
ဒါ့ကြောင့်တဲ့ ဒကာသစ်ရေ- ဒီအရူးနာပျောက်ဖို့ရာ လွယ်ပါ့မလား (မလွယ်ပါ) သောတပတ္တိမဂ်နဲ့ မကုရင် ဒိဋ္ဌိရူးနာ ဘယ်နည်းမှမရဘူး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
သောတာပတ္တိမဂ်နဲ့မှ မကုရင် (ဘယ်နည်းနဲ့မှ မရပါ) ဘယ်နည်းနဲ့မှ မရဘူးဆိုတာ သေချာကြပလား (သေချာ ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ် မဂ်ရအောင် ပွားများမှရမယ်၊ (မှန်ပါ့ ဘုရား) ပွားများမှသာလျှင် ဒိဋ္ဌိရူးနာက (ပျောက်ပါမယ် ဘုရား) ပျောက်မှသာလျှင် ပဌမနိဗ္ဗာန်ရမယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဆုတောင်းနဲ့ရမလား,ပွားများယူမှရမလား (ပွားများယူမှရပါမယ် ဘုရား) ပွားများပြီး သကာလ ပယ်ရ ဦးမှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ မင့်မှာ ငါရှိနေတဲ့ဥစ္စာ ဘာများ ပူစရာရှိသတုန်း၊ အေးအေးထိုင်နေတာ ပေါ့ (မှန်ပါ့) အစရှိသည်နဲ့ ဒီကနေပြီး သကာလ စီးပွားရေးက ဖြောင့်နေတဲ့အခါ ရော့ အင့် လို့ ပေးနိုင်တဲ့ အခါတော့ ပြောလိုက်တာပေါ့ (မှန်ပါ့)။
ဖျတ်ဆို ငှက်ဖျားသင့်ပြီး သကာလ ဆရာဝန်တွေ ဝိုင်းပြီး သကာလ ရှိတာကလေး ပြောင်တဲ့အခါကျတော့ ကိုယ်ပြောထားတာတွေက အလွဲချည်းဖြစ်နေတော့ ဟိုကလဲ မျက်ရည်ကျတယ် (မှန်ပါ့) မကျဘူးလား (ကျပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် မျက်ရည်ကျပါလိမ့်မတုန်း လို့ မေးတော့ နဂိုရ်က ရူးတာ အဲဒါ သွက်သွက်ခါတာ (မှန်ပါ့) နဂိုရ်က ယုံတာက ရူးတာ (မှန်ပါ့)။
ယုံတာက ဘာတုန်း (ရူးတာပါ ဘုရား) နောက်ရူးတဲ့အတိုင်း ဒကာ ဒကာမတွေက ဖောက်ပြန်ပြီး သကာလ ယောကျာ်းက ဖောက်ပြန်၊ မိန်းမက ဖောက်ပြန် ဝေဒနာတွေကရ စားဖို့ သောက်ဖို့က မလွယ်ကူ (မှန်ပါ့) ဒီလို ဖြစ်လာတဲ့အခါကျတော့ ဒကာ ဒကာမတွေ အခက်ကြီးကြုံပေါ့ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား) အဲဒါ သွက်သွက်ခါတာ (မှန်လှပါ ဘုရား)။
နဂိုရ်က ဘာလုပ်တာတုန်း (ရူးတာပါ ဘုရား) နောက်တော့ အခက်ကြုံပြီလို့ ပြောလာတာက (သွက်သွက်ခါ လာတာပါ ဘုရား) သွက်သွက်ခါတာက အိမ်ထဲက မထွက်ဘူးနော် (မှန်ပ့ါ) ထွက်လိမ့်ဦးမယ် (မှန်ပါ့)။
ထွက်လိမ့်ဦးမယ် ဒကာ ဒကာမတို့ (မှန်ပါ့) နောက်ကျတော့ ဒီဝေဒနာက ဒီတောင်က မတတ်လို့ သုသာန် ပို့လိုက်ရတဲ့အခါကျတော့ ဒကာ ဒကာမတွေ အိမ့်ပြင်မထုတ်လိုက်ရဘူးလား (ထုတ်လိုက်ရပါတယ် ဘုရား)။
အဲဒီအခါကျတော့ အိမ်သူလုပ်တဲ့ ပုဂ္ဂိုလ်က ဖြစ်စေ အိမ်သားလုပ်တဲ့ ပုဂ္ဂိုလ်က ဖြစ်စေ- ဒကာ ဒကာမ တို့ သုသာန်မလိုက်ရဘူးလား (လိုက်ရပါတယ် ဘုရား) လိုက်တဲ့အခါကျတော့ အပြင်ထွက်ရူးတာ (မျန်ပါ့) မရူးဘူးလား (ရူးပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒိဋ္ဌိဝိပ္ပလ္လာသမပြုတ်လို့
အဲဒါ ဒိဋ္ဌိဝိပ္ပလ္လာသမပြုတ်လို့ ပဋာစာရီမှာ ရူးရရှာတာ (မှန်လှပါ ဘုရား)။
ဒါသ သေတော့ မရူးဘူးလား (ရူးပါတယ် ဘုရား) သားကြီးသေတော့ (ရူးပါတယ် ဘုရား) သားငယ်ရေမျောတော့ (ရူးပါတယ် ဘုရား) ဘာကြောင့် ရူးတာတုန်း (ဒိဋ္ဌိကြောင့် ရူးတာပါ ဘုရား) ဒိဋ္ဌုမ္မတ္တက (မှန်ပါ့)။
သေသေချာချာမှတ်ပါ့ ဒိဋ္ဌိ_ဥမ္မတ္တက (မှန်ပါ့) ဒိဋ္ဌိက မှားတာ၊ ဥမ္မတ္တက ရူးတာ၊ ဒိဋ္ဌိရူး-ရူးတာဟေ့-လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သုသာန်သွားငိုနေတဲ့ ပုဂ္ဂိုလ်များ ညမအိပ်နိုင်-မပြုနိုင်နဲ့ ဆင်းရဲနေတဲ့ပုဂ္ဂိုလ်များ ဘာရူးလို့ဆိုကြမယ် (ဒိဋ္ဌိရူးပါ ဘုရား) ဒိဋ္ဌုမ္မတ္တက (မှန်ပါ့) ဒိဋ္ဌိဥမ္မတ္တက၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိ-ဥမ္မတ္တ ဆိုတာတော့ဖြင့် သူ့မှာ အားကိုးလုံးပြုတ်လို့ အရူးထတာ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒီနေရာမှာ ဒကာ ဒကာမတို့ ရူးတဲ့အထဲမှာ ရူးအ,ကလဲ ပါလိုက်သေးတယ် (မှန်ပါ့) ရူးလဲ ရူးသေးတယ်၊ အ,လဲ အ,သေးတယ် (မှန်ပါ့)။
ဘယ့်နှယ်တုန်း ရူးလဲ ရူးသေးတယ်ဆိုတာကတော့ဖြင့် ဒကာ ဒကာမတို့ တောင်ကြီးပြိုသွားလို့ ရူးတယ်ထား ပါတော့ (မှန်ပါ့) လက်မောင်းကြီး ပြုတ်သွားလို့ (ရူးပါတယ် ဘုရား) ရူးတယ်ထားလိုက်ပါတော့၊ တော်တော်ကြာကျတော့ ဒကာကြွယ် မြေပုံမှားပြီး ငိုတာက ရှိသေးတယ် (မှန်ပါ့) ရှိသေးတယ် ရှိသေးတယ် ဒီဥစ္စာက (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
မြေပုံမှားပြီး ငိုတဲ့အခါကျတော့ ဒကာ ဒကာမတို့ ရူးတဲ့အထဲ အ,ပြန်ပေးတယ် (မှန်ပါ့ ဘုရား) ကိုယ့်ဟာ သူ့ဟာတောင် ကွဲသေးရဲ့လား (မကွဲပါ ဘုရား) မကွဲတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒကာကြွယ် သေသေချာချာ ဒီဒိဋ္ဌိဖြင့် စွန့်ကြပါတော့ လူပုံအလယ်မှာ အရှက်ကွဲလွန်းလို့ (မှန်ပါ့) လူပုံအလယ်မှာ အရှက်ကွဲတာဟာ ဒိဋ္ဌိရူး (မှန်ပါ့) လူပုံအလယ်မှာ အရှက်ကွဲတာဟာ (ဒိဋ္ဌိရူးပါ ဘုရား)။
သုသာန်သွားတော့ ဒကာသစ်တို့လဲ ကားတွေဘာတွေနဲ့ လိုက်ပို့ကြတာပေါ့ (မှန်ပါ့) အင်း ဟိုမှာ အနှိပ် သည်နဲ့ တစ်ခါတည်း ခြေမ,ချိုးရတဲ့ ပုဂ္ဂိုလ်နဲ့ မလာသေးဘူးလား (လာပါတယ် ဘုရား) အင်း ဘာဖြစ်ကြတာတုန်း မေးလို့ရှိရင်ဖြင့် ဒိဋ္ဌိရူး-ရူးနေလို့ (မှန်ပါ့)။
အရှက်ကွဲသလား မကွဲဘူးလား (ကွဲပါတယ် ဘုရား) အဲဒီမှာ ကျုပ်တို့တော့ မရှက်နိုင်ဘူး၊ ကိုယ့်အကြောင်း ကိုယ်ပဲ သိတယ်၊ သူများလာကူတာ မဟုတ်ဘူး၊ ကျုပ်မရှက်ဘူး ငိုမှာပဲ (မှန်ပါ့) အင်း ရူးတဲ့အပြင် သွက်သွက် ခါလာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရူးတဲ့အပြင် ဘာတုန်း (သွက်သွက်ခါပါတယ် ဘုရား) ဒါဖြင့် သံသရာမှာ (အရှက်တကွဲ အကျိုးနည်း လုပ်လေ သမျှ ဒိဋ္ဌိက (မှန်လှပါ)။
ဒိဋ္ဌိပယ်ကြစို့
သံသရာမှာ (အရှက်တကွဲ အကျိုးနည်း လုပ်လေသမျှ ဒိဋ္ဌိကပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိပယ်ကြစို့ (မှန်လှပါ) ဒိဋ္ဌိ ပယ်ကြစို့ ဒကာ ဒကာမတို့ (မှန်ပါ့)။
ဒိဋ္ဌိမပယ်ရင် (အရှက်ကွဲပါတယ် ဘုရား) ခင်ဗျားတို့က အရှက်ရှိရမယ်။ အရိယာမျက်လုံး တပ်ကြည့်လို့ ရှိရင်ဖြင့် ဪ ပဋာစာရီ အဝတ်လဲ မဝတ်တော့ဘူး (မှန်ပါ့) သူဋ္ဌေးသမီး တဲ့ (မှန်ပါ့) သူဋ္ဌေသမီးပျောက်ပြီး အရူးမဖြစ်ပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သူဋ္ဌေးသမီးက အရူးမအဖြစ်ကို ရွက်ဆောင်ပေးတာ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒကာကြွယ် သူဋ္ဌေးသမီးက အရူးဖြစ်ရတာ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိဆောင်လိုက်တာ ကောင်းသေး ရဲ့လား (မကောင်းပါ ဘုရား)။
တစ်ခါ ဒကာ ဒကာမတို့ ဥပရိမိဖုရားကြီးဟာ နောက်ချေးပိုးထိုးဖြစ်သွားတယ် (မှန်ပါ့) ဟာ မိဖုရားနဲ့ နောက်ချေးပိုးထိုးဟာ အဝေးကြီး (အဝေးကြီးပါ ဘုရား) ဘုန်းကြီးနဲ့ ဘီးက နီးသေးတယ် (မှန်လှပါ)။
မိဖုရားကြီးနဲ့ နောက်ချေးပိုးထိုးက (ဝေးပါတယ် ဘုရား) ဝေးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ အဲဒါ ဘယ်သူပို့လိုက်တာတုန်း (ဒိဋ္ဌိက ပို့လိုက်တာပါ ဘုရား) ကဲ မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကမ္ဘာတစ်ဝန်းလုံးမှာဖြင့် အရူးဇာတ်ခင်းပေးနိုင်တဲ့ ဆရာကြီးတစ်ယောက် ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား)။
ဒါဖြင့် ဒီဥစ္စာ မဖြုတ်ရင် ရကိုမရဘူး (မရပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိဖြုတ်မယ်ကြံတော့ ပဋိစ္စသမုပ္ပါဒ်နားလည်မှ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်မယ်ကြံတော့ ပဋိစ္စသမုပ္ပါဒ်နားလည်မှ (မှန်ပါ့) ဒါ အခြေကို လိုက်နာနော် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် (ပဋိစ္စသမုပ္ပါဒ် နားလည်မှပါ ဘုရား)။ နားမလည်ရင် (မရပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အရူးဆယ့်နှစ်ပါးမှာ ဒိဋ္ဌိတည်းဟူသော အရူးလေးပါးကို ဖြုတ်ကြပါစို့ လို့ဆိုတော့ ဒကာ ဒကာမတို့ ခန္ဓပဋိစ္စသမုပါဒ်ပြရမယ် (မှန်ပါ့ ဘုရား)။
ဘာပြရမလဲ (ခန္ဓဋိစ္စသမုပါဒ်ပြရပါမယ်) ဒီတရားကို ကောင်းလို့ ခင်ဗျားတို့ လာမနာကြနဲ့နော် (မှန်ပါ့) သက်သက် အရူးပျောက်သံသရာနာ ပျောက်အောင်လို့ ငါတို့လာတာ ဒီအတိုင်းသာကျင့်ကြ (မှန်ပါ့) မပျောက်တော့ မရှိဘူး ဒကာ ဒကာမတို့ (မှန်ပါ့) သေသေချာချာတော့ ကျေးဇူးများတယ် (မှန်ပါ့ ဘုရား)။
အိမ်မှာနေလို့ရှိရင်ဖြင့် သွားလိုက်ပါဦး သားကလေးက ငိုနေတယ်ဆိုတော့ မိန်းမက တွန်းလွှတ် – ယောင်္ကျားက သွားတာဘဲ (မှန်ပါ့) ဘာအမှတ်နဲ့ ဘွားတာတုန်း (ဒိဋ္ဌိအမှတ်နဲ့ပါ) ဒိဋ္ဌိအမှတ်နဲ့ မသွားလိုက်ဘူးလား (သွားပါတယ် ဘုရား)။
ဪ တစ်ယောက်က လက်တို့ပြီး အရူးခိုင်းလိုက်တဲ့အခါကျတော့ ပြာပြာသလဲ ရူးတယ် (မှန်ပါ့) မိန်းမကလက်တို့ပြီး အရူးခိုင်းတဲ့အခါကျတော့ ယောကျာၤးလုပ်တဲ့ ပုဂ္ဂိုလ်က (ရူးပါ့တယ် ဘုရား)။
ယောကျာၤးက လက်တို့ပြီး မင်းသွားမှ ဒီနေရာတော်မယ်ကွ၊ မင်းနဲ့ဆိုင်တယ်လို့ ဆိုတဲ့အခါကျတော့ မိန်းမ သွက်သွက်ခါအောင် ရူးတယ် (မှန်လှပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓပဋိစ္စသမုပ္ပါဒ်ဟာ ဒကာကြွယ် တယ်အရေးကြီးတယ် (မှန်လှပါ)။
ဒကာ ဒကာမတို့ ဘာအရေးကြီးသလဲ (ခန္ဓပဋိစ္စသမုပ္ပါဒ် အရေးကြီးပါတယ်) ခန္ဓပဋိစ္စသမုပ္ပါဒ် အသိပ်အရေး ကြီးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓပဋိစ္စသမုပ္ပါဒ်မှ မသိခဲ့လို့ရှိရင်
ခန္ဓပဋိစ္စသမုပ္ပါဒ်မှ မသိခဲ့လို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာမှာ ဘာဖြစ်၍ ဘာပျက်တယ်ဆိုတာ ဒကာ ဒကာမတို့ ဝေဖန်နိုင်ပါ့မလား (မဝေဖန်နိုင်ပါ ဘုရား) မဝေဖန်နိုင်လို့ရှိရင်ဖြင့် ကိုယ့်အကြောင်းကို ကိုယ်မသိဘူး (မှန်လှပါ)။
ကိုယ့်အကြောင်းကို (ကိုယ်မသိပါ ဘုရား) ဒါဖြင့် ကိုယ့်အကြောင်းမှ ကိုယ်မသိတဲ့ပုဂ္ဂိုလ် သူများအကြောင်းကော (မသိပါ ဘုရား) သံသရာ့ အကြောင်းကော (မသိပါ ဘုရား)။
ဒါဖြင့် မသိသလိုနေပြီး သကာလ မသိတဲ့လူ သေလေရဲ့ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
မသိနေ- နေပြီး သကာလ မသိသေ-သေသွားတယ်ဆိုတာ ဒကာ ဒကာမတို့ မသာပေါင်း ဘယ်လောက်များမယ် ထင်ကြသတုန်း (မရေတွက်နိုင်ပါ ဘုရား)။
ကိုင်း ဒကာသစ် ပြင်ကြပါစို့ဗျာ (မှန်ပါ့) ဒီအပြစ်တွေ ပြောရတာလဲ ဖော်ပြောနေတာ တချို့ ဖော်မှသိလို့ နော် (မှန်ပါ့ ဘုရား) မဖော်ရင် သိပါ့မလား (မသိပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလုပ်ကြပါစို့၊ ဒီဘက်က နေပြီး သကာလ ပန်းကလေးတစ်ပွင့် နော် (မှန်ပါ့ ဘုရား) ပန်းကလေးတစ်ပွင့်ဟာ လေကလေးက ယူလာတော့ နှာခေါင်းသွားထိတယ် (မှန်လှပါ)။
နှာခေါင်းသွားထိတော့ နှာခေါင်းထဲမှာထိ-ထိခြင်း ဖဿကပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
ထိထိခြင်း ဖဿ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) အေး ဒီဖဿဖြစ်လို့ ဝေဒနာဖြစ်ရတယ်နော် (မှန်ပါ့)။
ဒီလိုယူကြစမ်း ဒကာ ဒကာမတို့ ၊ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်ဆိုတော့ ဖဿချုပ်ပြီးမှ ဝေဒနာဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဖဿချုပ်ပြီးမှ (ဝေဒနာဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဒီလိုမေးကြဦး၊ ခင်ဗျားတို့ အသက်တမ်းဟာ ဒကာ ဒကာမတို့ ဘယ်လောက်တုန်းလို့ မေးလို့ရှိရင်ဖြင့် ၁-နဲ့ ၂-လို့ မှတ်ကြ (မှန်ပါ့)။
ခင်ဗျားတို့ အသက်တမ်း ဘယ်လောက်ပါလိမ့် (၁-နဲ့ ၂- ပါ ဘုရား) ၁-မှာ စိတ်ကလေးတစ်ခု ဖြစ်တယ် (မှန်ပါ့) ၂-မှာ စိတ်ကလေးတစ်ခု ချုပ်တယ် (မှန်ပါ့)။
ဒါဖြင့် အဲဒီမှာ ခင်ဗျားတို့ အသက်တမ်းသည် ၁-နဲ့ ၂- ပဲရှိတယ် (မှန်ပါ့) ပဌမစိတ်က ၁-နဲ့ ၂-ပြီးပါပြီ၊ ချုပ်သွားတယ် (မှန်ပါ့) နောက်စိတ်မလာရင် ဘာဆိုကြမယ် (သေပါတယ် ဘုရား)။
ဪ ဒကာဒကာမတို့ ပဌမစိတ်နဲ့ အသက်ရှင်တယ် (မှန်ပါ့) အဲဒီ ပဌမစိတ်က ၁-ဖြစ်တယ်၊ ၂-ချုပ်သွားတယ် ဆိုတော့ မသေသေးဘူးလား (သေပါတယ် ဘုရား)။
နောက်စိတ်မလာရင် ဘယ့်နှယ်ဆိုကြမလဲ (သေပါတယ် ဘုရား) နောက်စိတ်လာရင် ဘာနဲ့ အသက်ရှင်မယ် (နောက်စိတ်နဲ့ ရှင်ပါတယ် ဘုရား) နောက်စိတ်နဲ့ အသက်ရှင်ထား (မှန်ပါ့ ဘုရား)။
ဒါဖြင့် အရင်တစ်ယောက်သေပြီ (မှန်ပါ့ ဘုရား) နောက်တစ်ယောက် ရှင်ပြီ (မှန်ပါ့)။
ဝိပဿနာဆိုတာ ကိုယ့်အသေ ကိုယ်ကြည့်တာ
ဝိပဿနာဆိုတာ ဒကာ ဒကာမတို့ မှတ်လိုက်စမ်း ကိုယ့်အသေ ကိုယ်ကြည့်တာ (မှန်လှပါ ဘုရား)။
ဝိပဿနာဆိုတာ (ကိုယ့် အသေကိုယ် ကြည့်တာပါ ဘုရား) သေသေချာချာမှတ်ပါ ခင်ဗျားတို့၊ ဝိပဿနာဆိုတာ ရှုရတာ ချည်းပဲလို့ အောက်မေ့ မနေနဲ့ (မှန်ပါ့ ဘုရား) ဝိပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်အသေ ကိုယ်ကြည့်တာပါ ဘုရား)။
ကိုယ့် အသေ ကိုယ်ကြည့်တာ ဘာခေါ်ကြမယ်- (ဝိပဿနာပါ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား) ဒါကလေး တစ်လုံး နားလည်လိုက်တာ ဦးဘအုန်း သိပ်အဖိုးတန်သွားတယ် (သွားပါတယ် ဘုရား) ကိုယ့်အသေ ကိုယ် ကြည့်တာ (မှန်ပါ့)။
ဒကာ ဒကာမတို့ အခု ဖဿကလေးနဲ့ အသက်ရှင်နေတယ်၊ ဖဿကလေး အသက်တမ်းက ၁-၂ ဆို မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဖဿနေရာမှာ ဘယ်သူလာပါလိမ့် (ဝေဒနာပါ ဘုရား) ဝေဒနာ ၊ ဖဿနေရာပဲ ထပ်ဖြစ်တယ် (မှန်ပါ့) အခု ဘာနဲ့ အသက်ရှင်သတုန်း (ဝေဒနာနဲ့ အသက်ရှင်ပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတွေကလဲ မသိရှာတော့ တပည့်တော်တို့တော့ ဝေဒနာကင်း၍ ဘေးရှင်းပါတယ် ဘုရား ပြောချင်ပြောတာ (ပြောပါတယ် ဘုရား) သူ အသက်ရှင်နေတာက ဘာနဲ့ အသက်ရှင်နေတာတုန်း (ဝေဒနာနဲ့ အသက်ရှင်နေတာပါ ဘုရား)။
ဒီထဲကနေပြီး ကျုပ်တို့ဖြင့် ကံကောင်း အကြောင်းသင့်တာနဲ့ပဲ ဝေဒနာကင်းတယ်ပြောတယ် (မှန်ပါ့) သူ ရှင်နေတာက ဘာနဲ့ရှင်နေသတုန်း (ဝေဒနာနဲ့ ရှင်ပါတယ် ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီအထဲ ဒကာ ဒကာမတွေ ဝေဒနာကင်းတဲ့ ပုဂ္ဂိုလ်များ ပါသေးသလား (မပါပါ ဘုရား) သဘောကျ သွားပြီ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်တုန်းက ဖဿနဲ့ အသက်ရှင်ပြီး သေခဲ့ပြီတစ်ယောက် (မှန်ပါ့) အခု ဘာနဲ့ အသက်ရှင်နေသတုန်း (ဝေဒနာနဲ့ အသက်ရှင်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ပြရခြင်းက ဒိဋ္ဌိဖြုတ်ချင်လို့
ကောင်းပြီ ဒါ ပဋိစ္စသမုပ္ပါဒ် ပြရခြင်းက ဒိဋ္ဌိဖြုတ်ချင်လို့သာ သေသေချာချာ မှတ်ပေတော့ (မှန်ပါ့)။
ဖဿကလေး ချုပ်သွားတော့ ဖဿဟာ ခိုင်သလား-မြဲသား (မမြဲပါ ဘုရား) မမြဲတာ သိလိုက်သဖြင့် တဲ့၊ “သဿတော လောကော”ဆိုတဲ့ သဿတဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒကာသစ် သဘောပါရဲ့လား (ပါပါတယ် ဘုရား)။
သဿတဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာမြင်လိုက်လို့လဲ (မမြဲတာ မြင်လို့ပါ ဘုရား) ဖဿကလေး မမြဲတာ ပျက်စီးတာ မမြင်လိုက်ဘူးလား (မြင်လိုက်ပါတယ် ဘုရား)။
ဒါဖြင့် ကျုပ်တို့သည် လူတစ်ယောက် ဒါနဲ့ အသက်ရှင်တယ်ဆိုတော့ ဒါသေတော့ လူတစ်ယောက် မသေသေး ဘူးလား (သေပါတယ် ဘုရား) ဒီထဲက မမြဲတဲ့ အနိစ္စဆိုတာ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား) ဒီအနိစ္စမြင်သဖြင့် ဘာစင်သွားပါလိမ့် (သဿတစင်ပါတယ် ဘုရား)။
ဪ ဒိဋ္ဌိစင်ဆိုတာ ဒကာ ဒကာမတို့ သဿတပြုတ်မှ ပါကလား (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိစင်ဆိုတာက (သဿတပြုတ်မှပါ ဘုရား) အခု ဘာနဲ့ အသက်ရှင်နေသတုန်း (ဝေဒနာနဲ့ အသက်ရှင် နေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ ဒကာသစ်တို့ – ဦးဘအုန်းတို့ အသက်ရှင်တော့ ဒီဝေဒနာသည် အလိုလိုပေါ်တာလား၊ ဖဿက ဖြစ်ခွင့်ပေးလို့ပေါ်တာလား ဖဿက ဖြစ်ခွင့်ပေးလို့ပေါ်တာလား (ဖဿက ဖြစ်ခွင့်ပေးလို့ ပေါ်တာပါ ဘုရား) ဒါဖြင့် ပါဠိတော်ရွတ်လိုက်၊ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဟော သေချာသွားပြီ (မှန်ပါ့ ဘုရား)။
ဖဿပစ္စယာ (ဝေဒနာပါ) ဟော ဖဿက ဖြစ်ခွင့်ပေးလို့ဝေဒနာနဲ့ အသက်ရှင်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ချုပ်သွားတဲ့တရားကတော့ ချုပ်သွားပြီတဲ့၊ ဖြစ်ခွင့်တော့ မပေးခဲ့ဘူးလား၊ (ပေးခဲ့ပါတယ်) သဘောပါလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ခွင့်ပေးတော့ ဦးဘအုန်းတို့ ဒကာသစ်တို့ ဘာပေါ်သတုန်း (ဝေဒနာပေါ်ပါတယ် ရှင့်ပလား (ရှင်းပါပြီ ဘုရား)။
အခုဘာနဲ့ အသက်ရှင်နေသတုန်း (ဝေဒနာနဲ့ အသက်ရှင်ပါတယ်) အလိုလိုရှင်တာလား၊ နောက်အကြောင်း ကြောင့်လား (နောက်အေကြောင်းကြောင့်ပါ ဘုရား)။
ဒါဖြင့် အရင်ဓမ္မအကြောင်း ကင်းရဲ့လား (မကင်းပါ) မကင်းတာသိသဖြင့် အရင်ဓမ္မ၊ ချုပ်သွားတဲ့ဓမ္မက အကြောင်းတရား (မှန်ပါ့) ပေါ်တဲ့ဝေဒနာက (အကျိုးတရား) အကျိုးတရားဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အကြောင်းနဲ့အကျိုးဆက်ပါလား
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ အကြောင်းနဲ့အကျိုးဆက်ပါလား (မှန်ပါ့) ဒီလိုသိသဖြင့် ဥစ္ဆေဒ ဒိဋ္ဌိလွတ်ပါပြီ (မှန်ပါ ဘုရား)။
ဒီလိုသိသဖြင့် (ဥစ္ဆေဒဒိဋ္ဌိလွတ်ပါတယ်) ကိုင်း ဒီနှစ်လုံးတည်းဘဲ ဒီနေ့ ဒကာ ဒကာမတွေ ရှင်းပြရမယ်၊ ဖဿပစ္စယာဝေဒနာ၊ ရှင်းကြပါပလား (မှန်ပါ့ ဘုရား)။
ဖဿပစ္စယာ (ဝေဒနာပါ) ဖဿကလေးချုပ်သွားတော့ ဒီနေရာမှာ ဘယ်သူလာတုန်း (ဝေဒနာလာပါတယ် ဘုရား)။
ဖဿချုပ်သွားတာ မြင်သဖြင့် ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိစင်ပါတယ်) ဝေဒနာပေါ်တာ ဒီဖဿက ဖြစ်ခွင့်ပေးလို့ပေါ်တာ (မှန်ပါ့) ဖဿကလေးက ဒကာ ဒကာမတို့ သူ့အသက်တမ်းစေ့တော့ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား)။
ချုပ်ပေမဲ့လဲ ငါ့နေရာမှာ ဝေဒနာဖြစ်ရစ်လို့ အကြောင်းအကျိုးမဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။
ချုပ်သွားတာ မြင်သဖြင့် ဘာဒိဋ္ဌိစင်သတုံး (သဿတ ဒိဋ္ဌိစင်ပါတယ်) ဖြစ်ပေါ်တဲ့ ဝေဒနာကလေးနဲ့ အသက် ရှင်နေတာ မြင်သဖြင့်လဲ ဘယ်ဒိဋ္ဌိစင်သလဲ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
နေရာကျပြီ၊ ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား) ချုပ်သွားတာ မြင်တော့ (သဿတဒိဋ္ဌိစင်ပါတယ်) အဲ ဖဿချုပ်သွားတာ သိလိုက်ပြီ ဒကာ ဒကာမတွေက အခုဉာဏ်နဲ့ သိလိုက်ပြီ (မှန်ပါ့) သူ့သိလိုက်သဖြင့် ဘယ်ဒိဋ္ဌိ စင်ပါလိမ့် (သဿတဒိဋ္ဌိစင်ပါတယ်) အခု သူ့နေရာမှာ ဘယ်သူ့ အစားထိုးထားခဲ့ပါလိမ့် (ဝေဒနာကို အစားထိုးပါတယ်) အင်း ဘယ်သူက အစားထိုးခဲ့ပါလိမ့် (ဖဿက အစားထိုးခဲ့ပါတယ်) ဒါသိသဖြင့် ဘယ်ဒိဋ္ဌိစင်ပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်) အကြောင်း-အကျိုးက ပြတ်သေးရဲ့လား (မပြတ်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် ဖဿလဲ ဖြစ်ပျက်ဘဲ (မှန်ပါ့) ဒီဝေဒနာကလေးကလဲ (ဖြစ်ပျက်ပါဘဲ) ဖြစ်ပျက်ပြီးတော့ ဝေဒနာကတဏှာ အစားထိုးပြန်တယ် (မှန်ပါ ဘုရား)။
ဝေဒနာက ဘာအစားထိုးသလဲ (တဏှာ အစားထိုးပါတယ်) တဏှာအစားထိုးတော့ ဝေဒနာဖြစ်ပျက်မြင်သဖြင့် ဘယ်ဒိဋ္ဌိစင်သလဲ (သဿဒိဋ္ဌိစင်ပါတယ်) တဏှာအစားထိုးတာမြင်သဖြင့် (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
စူဠသောတာပန် ဖြစ်သွားတယ်
ခင်ဗျားတို့ တရားတစ်ပွဲလုံး ဒီအတိုင်း ဖြေနိုင်တဲ့အတွက် ခင်ဗျားတို့ ယခုတရားပွဲက အပြန်မှာ ကံမကောင်း အကြောင်းမသင့်လို့ သေဦး အပါယ်တော့ မကျဘူး (မှန်ပါ့) စူဠသောတာပန် ဖြစ်သွား တယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာသောတာပန် ဖြစ်သတုန်း (စူဠသောတာပန်ဖြစ်ပါတယ်) အငယ်သောတာပန် ခေါ်တယ်။
ဒုတိယဘဝတော့ အပါယ်မကျဘူး (မှန်ပါ့ ဘုရား)။
ဒကာအုန်း ဘယ်လောက် အဖိုးတန်သတုန်း (တန်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခုဘာကလေးနဲ့ အသက်ရှင်နေပါလိမ့် (တဏှာကလေးနဲ့ အသက်ရှင်နေ ပါတယ်) ဒကာသစ် ပေါ်ပြီနော် (ပေါ်ပါပြီ) စိတ်တစ်ခုနဲ့ အသက်ရှင်ရတာကိုး (မှန်ပါ့ ဘုရား)။
ဘာနဲ့ အသက်ရှင်နေကြပါလိမ့် (စိတ်တစ်ခုနဲ့ အသက်ရှင်နေကြပါတယ်) ဒီစိတ်က ဘာစိတ်ပါလိမ့် (တဏှာ စိတ်ပါ) အင်း ယခုဘာနဲ့ အသက်ရှင်နေသတုန်း (တဏှာနဲ့ အသက်ရှင်ပါတယ်) သဘောကျပလား (ကျပါပြီ) သဘော ပါပြီနော် (ပါပါပြီ ဘုရား)။
ကဲ ဒီတဏှာကလေးလဲ သူ့အသက်တမ်းက ၁-၂- ပဲ (မှန်ပါ့) ဖြစ်ပျက်ကိုးဗျ (မှန်ပါ့) ဒါကလေးချုပ်သွား တော့ကို ဒကာ ဒကာမတို့ ဥပါဒါန် အစားထိုးခဲ့တယ် (မှန်ပါ့ ဘုရား)။
တဏှာချုပ်သွားတာ မြင်သဖြင့် ဘယ်ဒိဋ္ဌိစင်သတုန်း (သဿတဒိဋ္ဌိစင်ပါတယ်) ဥပါဒါန် အစားထိုးတာမြင် သဖြင့် (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်) အကြောင်း အကျိုးပြတ်သေးရဲ့လား (မပြတ်ပါ) ဪ ဒီလိုလှည့်နေတာ ပါလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကဲ တစ်ခါသွားပါဦး၊ ဥပါဒါန်ကလေး၏ အသက်တမ်းကလဲ ဘာပါလိမ့် (၁-၂-ပါပဲ) ဖျတ်ဆို ချုပ်သွားပြီး ဒကာ ဒကာမတို့၊ ဥပါဒါန်ကလေးဟာ အသက်တမ်းစေ့လို့ ချုပ်သွားတော့ သူဘယ်သူ့ အစားထိုးခဲ့ပါလိမ့် (ကမ္မဘဝ အစားထိုးခဲ့ပါတယ်) ကံကလေး အစားထိုးခဲ့တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့ ဖဿနဲ့လဲ အသက်ရှင်ရတယ် (မှန်ပါ့) ဝေဒနာနဲ့ကော (အသက်ရှင်ရပါတယ်) တဏှာနဲ့ ကော (အသက်ရှင်ရပါတယ်) ဥပါဒါန်နဲ့ကော (အသက်ရှင်ရပါတယ်) ကံနဲ့ကော (အသက်ရှင်ရပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေက ကံကောင်းလို့ အသက်ရှင်တယ်ဆိုတော့ ကျန်တဲ့လေးပါး လွှတ်ထားတယ် (မှန်ပါ့) ဖဿ, ဝေဒနာ, ဥပါဒါန်မလွှတ်ဘူးလား (လွှတ်ပါတယ် ဘုရား)။
အင်း ဒကာကြွယ် ခင်ဗျားအသက်ရှည်လှချည်လား ၊ အို ကံကောင်းလို့ ဒီလိုပေါ့ဗျာ (မှန်ပါ့) အံမာ ကံကလေးတစ်ခုတည်း သူကယူတယ် (မှန်ပါ့) ယူရမှာက ပေါ်တဲ့စိတ်ဟူသ၍သည် သူ့တို့နဲ့ အသက်ရှင်တာ (မှန်ပါ့) သဘောပါကြလား (ပါ-ပါပြီ ဘုရား)။
ပေါ်တဲ့စိတ်နဲ့ အသက်ရှင်နေတာ (မှန်ပါ့) ကံတစ်ခုတည်းနဲ့ အသက်ရှင်တာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
သို့သော် ဒကာကြွယ်တို့ ဒကာသစ်တို့ အယူက ကံကောင်းလို့ အသက်ရှင်တယ် (မှန်ပါ့) မယူဘူးလား (ယူပါ တယ်) မှားသလား မှန်သလား (မှားပါတယ် ဘုရား)။
စိတ်တစ်ခုနဲ့ အသက်ရှင်နေတယ်
အခုကြည့်လေ- ကိုယ့်စိတ်ကလေး တစ်ခုနဲ့ ကိုယ်အသက်ရှင်နေတယ်ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥပါဒါန် ချုပ်သွားတာမြင်သဖြင့် ဘယ်ဒိဋ္ဌိစင်သလဲ (သဿတဒိဋ္ဌိစင် ပါတယ်) ဥပါဒါန်ချုပ်သွားတဲ့အခါ ဘယ်သူ့ အစားထိုးခဲ့ပါလိမ့် (ကံကိုအစားထိုးခဲ့ပါတယ်) အဲ ကံအစားထိုးတာ မြင်သဖြင့် ဒကာ ဒကာမတို့ ဘယ်ဒိဋ္ဌိစင်သလဲ (ဥစ္ဆေဒိဋ္ဌိ စင်ပါတယ်) အကြောင်းနဲ့ အကျိုးပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အထည်လဲမလိုက်ဘူး (မှန်ပါ့) အကြောင်းအကျိုးလဲ ဆက်လျက်ပဲ (ဆက်လျက်ပါ) အထည်မလိုက်ဘူးလို့ သိသဖြင့် ဒကာ ဒကာမတို့ ဥပါဒါန်ဆိုတဲ့ အထည် ဒီကိုလိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)။
အထည်မလိုက်တာ သိသဖြင့်လဲတဲ့ ဒကာ ဒကာမတို့ အနိစ္စကို သေသေချာချာမြင်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သဿတဒိဋ္ဌိ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။
အင်း သဿတဒိဋ္ဌိတော့ လွတ်သွားပြီ၊ ဥစ္ဆေဒဒိဋ္ဌိ ကျန်မှာ စိုးနေရတဲ့အတွက် ဒကာ ဒကာမတို့ ကံသည် ကံကို ဘယ်သူက အစားထိုးပါလိမ့် (ဥပါဒါန်က အစားထိုးပါတယ် ဘုရား) ဥပါဒါန်က အစားမထိုးဘူးလား (ထိုးပါတယ် ဘုရား)။
ဒါဖြင့် အစားထိုးတာ မြင်သဖြင့် ဥပါဒါန်နဲ့ ကံသည် အကြောင်းအကျိုး ဆက်,မဆက် (ဆက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ချုပ်သွားတဲ့ တရားက ဒကာ ဒကာမတို့ အကြောင်းအကျိုး မဆက်ဘဲနဲ့ ချုပ်သွားသလား ဆက်ပေးထားခဲ့သလား (ဆက်ပေးထားခဲ့ပါတယ် ဘုရား)။
ဪ ဆက်တာ သိသဖြင့် ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် (မှန်ပါ့ ဘုရား)။
ဆက်တာ သိသဖြင့် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
ဒီနေ့က သိမှုနဲ့ ပယ်တာ
ဒါဖြင့် ဒကာ ဒကာမတို့ စိတ်တစ်ခုတည်း ပြရင် သဿတ ဥစ္ဆေဒ မရှင်းဘူး (မရှင်းပါ ဘုရား) နှစ်ခုတွဲပြရင် (ရှင်းပါတယ် ဘုရား) ကဲ ယနေ့ သဿတ ဥစ္ဆေဒ စင်ပလား (စင်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒီလို ရှင်းတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် နက်ဖြန် သဿတ ဥစ္ဆေဒပြုတ်ပြီဆိုပြီးတော့ ဒီနေ့က သိမှုနဲ့ ပယ်တာ (မှန်ပါ့) နက်ဖြန် ပွားမှုနဲ့ ပယ်တာ ဟောလိမ့်မယ် (မှန်ပါ့) သန်ဘက်ခါကျတော့ ပယ်မှုနဲ့ပယ်တာ ဟောလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ-ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။