သဿတ, ဥစ္ဆေဒကင်းစင်ရေး
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း – မိုးကုတ်ဆရာတော်ဘုရား
အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၅-၈-၆၁)
အမြဲတမ်း အဖော်လုပ်ရတာက
အိုဘေး, နာဘေး, သေဘေးတွေနဲ့ အဖော်လုပ်ပြီးသကာလ နေရခြင်းသည် ဆိုးဝါးသော အပြစ်သင့်တာပဲဆို တာမှတ်ထားကြပါနော် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ အမြဲတမ်း အဖော်လုပ်ရတာက သားသမီး, ခင်ပွန်းနဲ့ ဆိုတာကတော့ သားသေတယ်, ခင်ပွန်းပျက်စီးတယ်၊ ခင်ပွန်းမ ပျက်စီးတယ်လို့ ကွဲရတယ်, ခွါရတယ်ဆိုတာကတော့ ရှိပါသေးတယ်နော် (မှန်ပါ့) တကယ်တမ်း အဖော်အမြဲလုပ်နေရတာ ဘယ်သူပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အိုဘေး, နာဘေး, သေဘေးနဲ့ တော့ ခွဲလို့ကို မရဘူး (မှန်ပါ့ ဘုရား)။
အိုဘေး, နာဘေး, သေဘေးနဲ့တော့ (ခွဲလို့မရပါ) ခွဲလို့မရဘူးဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ထင်ရှားနေတော့ အိုဘေး, နာဘေး, သေဘေးကို ခွဲမရအောင် တပည့်တော်တို့ ဘယ်သူများ လုပ်ပါလိမ့်မလဲဆိုတဲ့ လက်သည်ရှာဖို့ ဒကာကြွယ် အရေးကြီးတယ် (မှန်ပါ့ ဘုရား)။
ဒီလက်သည်ကို ရှာမတွေ့သ၍ ကာလပတ်လုံး သစ်ပင်အမြစ်ရှာမတွေ့လို့ အစအဆုံးဆိုသလိုပဲ သတ်မှုဖြတ်မှု မပြီးနိုင်သလို ဒီမှာလည်း ဒကာ ဒကာမတို့ အိုဘေး, နာဘေး, သေဘေးကို ဒီဘဝရောက်ပြန်လည်း အိုရချေသေး, နာရချေသေး, သေရချေသေး (မှန်ပါ့) နောက်ဘဝ ရောက်ပြန်တော့လည်း အိုရချေသေး, နာရချေသေး, သေရချေသေး၊ ဒါပဲ ညည်းနေရတယ် (မှန်ပါ့ ဘုရား)။
ရှေးလူကြီးတွေမှာ ဒါပဲ ညည်းလုံးထုတ်နေတယ် (မှန်ပါ့) အိုဘေးမှ လွတ်ရချေသေး၊ နာဘေးမှ လွတ်ရချေ သေး၊ သေဘေးမှ လွတ်ရချေသေးတော့ ဒကာကြွယ် မကြားဖူးပါဘူး (မကြားဖူးပါ ဘုရား)။
သေဘေးလွတ်ကြောင်း အလုပ်ကို မသိလို့
ထိုကဲ့သို့ မကြားဖူးတာသည်တဲ့ အိုဘေး လွတ်ကြောင်းဖြစ်တဲ့ အလုပ်ကိုမသိလို့ (မှန်ပါ့) နာဘေးလွတ်ကြောင်း အလုပ်ကို (မသိလို့ပါ) သေဘေးလွတ်ကြောင်း အလုပ်ကို (မသိလို့ပါ ဘုရား)။
အဲ ဒီတစ်ခါတော့ဖြင့် အားလုံး ဒကာ ဒကာမတွေ အိုရချေသေး, နာရချေသေး, သေရချေသေးကို အိုခြင်းမှ လွတ်တဲ့အလုပ်ပါလား၊ သေခြင်းမှ လွတ်တဲ့အလုပ်ပါလား၊ နာခြင်းမှ လွတ်တဲ့အလုပ်ပါလားလို့ ဆိုတာကို ရွတ်ရအောင် ဒကာ ဒကာမတွေ အမြစ်ဖြတ်ပေးမယ်တဲ့၊ အိုဘေး, နာဘေး, သေဘေး၏အမြစ်ကို ဖြတ်ပေးလိုက်လို့ရှိရင် အိုဘေး, နာဘေး, သေဘေး ကြောက်စရာရှိသေးရဲ့လား (မရှိပါဘုရား)။
အဲဒါကြောင့် ယနေ့တရားမှာ ဒိဋ္ဌိဖြုတ်ရမည့် တရားဖြစ်နေသောကြောင့် ဒိဋ္ဌိကြောင့် ငါ့သားနဲ့ မခွဲချင်, ငါ့ သမီးနဲ့ မခွဲချင်, ငါ့ကိုယ်နဲ့ မခွဲချင်ဆိုတဲ့ ဒိဋ္ဌိတဏှာတွေသည် ဒကာ ဒကာမတို့ ရေသောက်မြစ်ပါပဲ (မှန်ပါ့ ဘုရား)။
ဒီရေသောက်မြစ်တို့ကို ဒကာ ဒကာမတို့ သန္တာန်မှာရှိတဲ့ ဆရာသမားပေးတဲ့နည်း၊ ဘုရားဟောတော်မူတဲ့နည်း ဟူသော မဂ်ဉာဏ်ဓားနဲ့မှ မဖြတ်ကြတော့ဘူး ဆိုလို့ရှိရင်ဖြင့် အိုရချေသေး၊ နာရချေသေး၊ သေရချေသေး၊ တညည်း တည်းညည်းနေရမှာပဲ (မှန်ပါ့ ဘုရား)။
မဂ်ဓားနဲ့ ဖြတ်လိုက်ပြီဆိုမှဖြင့်လည်း အိုဘေးဖြင့် လွတ်ရပေပေါ့ (မှန်ပါ့) နာဘေး, သေဘေး, အပါယ်ဘေး ဖြင့် လွတ်ရပေပေါ့ဆိုတာ ဒကာ ဒကာမတို့ ပြုံးနိုင်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ရေသောက်မြစ် ဘယ်သူပါလိမ့်
အဲဒါကြောင့် အိုဘေး, နာဘေး, သေဘေး၏ ရေသောက်မြစ် ဘယ်သူပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ဝိပ္ပလ္လာသ ဆယ့်နှစ်ပါး (မှန်ပါ့ ဘုရား)။
ဘယ်သူပါလိမ့် (ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးပါ) သေသေချာချာ ဒီနေ့နာကြတဲ့ ဒကာ ဒကာမတွေကျတော့ သူ့ အစဉ်နဲ့သူ သွားပြီးသကာလ ဖြတ်လုံး ပြတ်လုံးတွေနဲ့ပါမှာ ဖြစ်လေသောကြောင့် ဒကာကြွယ် အင်မတန် အဖိုးတန်ပါ တယ်နော် (တန်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အိုဘေး, နာဘေး, သေဘေး၏ ရေသောက်မြစ်သည် ဘယ်သူပါလိမ့်မတုံး မေးတဲ့အခါကျတော့မှ ဝိပ္ပလ္လာသ ဆယ့်နှစ်ပါး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
အိုဘေး, နာဘေး, သေဘေး၏ ရေသောက်မြစ် (ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးပါဘုရား)။
အေး ဒါကြောင့် ဝိပ္ပလ္လာသသာ = ဝိပ္ပလ္လာသဆိုတာ ဒကာ ဒကာမတွေ မြန်မာလိုမှတ်လိုက်တော့ ဖောက်ပြန်မှုလို့ မှတ်ပါ (မှန်ပါ့) ဖောက်ပြန်မှုဆိုတာ ပင်ကိုယ်သဘော မဟုတ်ဘူး၊ အမှားတွေကို အထင်အမြင်လွဲမှုကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။
အမှားတွေ အထင်အမြင်လွဲမှု ဆိုပါတယ် (မှန်ပါ့) အဲဒါ စာလိုသုံးတော့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ဝိပ္ပလ္လာသ လို့ ခေါ်လိုက်တယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဝိပ္ပလ္လာသ ရေသောက်မြစ်သည်ကားလို့ ဆိုလို့ရှိရင် ဝိပ္ပလ္လာသပဲ၊ ဝိပ္ပလ္လာသသည် ဘယ့်နှယ် ကြောင့် ဝိပ္ပလ္လာသ ရေသောက်မြစ်ကြီးဟာ ငါတို့ထံ၌ သန်ရ, ထွားရ, ကြီးရပါလိမ့်မလဲ မေးလို့ရှိရင်ဖြင့် ခန္ဓကို အမှန်မသိလို့ပဲ (မှန်ပါ့ ဘုရား)။
ခန္ဓာကို အမှန်မသိလို့
ဘာပါလိမ့် (ခန္ဓာကို အမှန်မသိလို့ပါ) ခန္ဓာကို အမှန်မသိလို့ ဖြစ်ရခြင်းဖြစ်ပါတယ်ဆိုတာ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ သေသေချာချာ မှတ်ကြပါနော် (မှန်ပါ့ ဘုရား)။
ဒီသုံးခုကို ပယ်သွားတဲ့ ပုဂ္ဂိုလ်များကျတော့ ခန္ဓာကို အမှန်အားဖြင့် မှတ်မိပါပြီ၊ အမှန်အားဖြင့် သိပါပြီ၊ အမှန်အားဖြင့် ယူမိကြပါပြီလို့ ဆိုတော့လည်း ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နိဗ္ဗာန်ကြီးကို အရောက်ကြီး ရောက်သွားကြ တယ် ဆိုတဲ့ဥစ္စာ ဒကာသစ် ငြင်းဖို့မလိုတော့ဘူး (မလိုပါ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကော ဝိပ္ပလ္လာသဖြင့် မပယ်ရင်မဖြစ်တဲ့ တရား ငါတို့ အိုဘေး, နာဘေး, သေဘေးနဲ့ အဖော်လုပ်နေတာ သူပဲဟဆိုတဲ့ဥစ္စာ လက်သည်ဖြင့် မိပါပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပ္ပလ္လာသ စ,ကြစို့တဲ့၊ ဝိပ္ပလ္လာသဟာ ဘယ်ကလာပါလိမ့်မတုံးဆိုတော့ ခန္ဓာအမှတ် မှားမှု၊ ခန္ဓာအသိမှားမှု၊ ခန္ဓာအယူမှားမှု ဒီကလာတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ဝိပ္ပလ္လာသ ဘယ်ကလာသတုံး
ဝိပ္ပလ္လာသ ဘယ်ကလာသတုံးလို့ မေးလို့ရှိရင် ခန္ဓာအမှတ်မှားမှု (ခန္ဓာအသိမှားမှု၊ ခန္ဓာအယူမှားမှုက လာပါ တယ် ဘုရား)။
ဪ ဒါဖြင့် အမှတ်မှား အသိမှားက ဒကာကြွယ်လာတော့တာပဲဆိုတာ တစ်သံသရာလုံး ပေါ်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် တစ်သံသရာလုံး ဒီအမှားမပြင်ခဲ့လို့ တံတိုင်းကြီးတွေဟာ ထူထပ်နေတယ်ဆိုတာလည်း မနေ့က ပြောပြီးပြီ (မှန်ပါ့) ဘုရားတွေမဝင်နိုင် တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ ပုဂ္ဂိုလ်တွေ မဝင်နိုင်အောင် ထူထပ်ဝိုင်းဝန်းပြီးသကာလ အုပ်မိုးထားတဲ့အတွက် ဤကဲ့သို့သော ဒကာ ဒကာမတွေမှာ သံသရာ့ ထောင်ကြီးထဲမှာ အိုဘေး, နာဘေး, သေဘေးနဲ့ ပဲ အဖော်လုပ်ပြီး နေရတယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ကိုယ့်အရုပ်ဆိုး ကိုယ်သိမှ ဒကာ ဒကာမတို့ ကိုယ်ပြင်ချင်တဲ့စိတ် ပေါ်ပေါက်မယ်ဆိုတာကော ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
ကိုင်း ဒါဖြင့် ပြကြပါစို့ ဒကာ ဒကာမတို့၊ ဟောဒါက ရထားတဲ့ ခန္ဓာငါးပါး (မှန်ပါ့ ဘုရား)။
ရှေ့မှာ ချထားတာ ဘာပါလိမ့် (ရထားတဲ့ ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါးဆိုတော့ တခြားလို့ မယူပါနဲ့။ လက်ရှိ ခန္ဓာငါးပါးလို့ ယူလိုက်ပါနော် (မှန်ပါ့ ဘုရား)။
ဘာပါလိမ့် (လက်ရှိခန္ဓာ ငါးပါးပါ) လက်ရှိခန္ဓာငါးပါးသိတဲ့အခါ လက်ရှိခန္ဓာငါးပါး အပေါ်၌ ဒကာ ဒကာမ တို့ ခန္ဓာငါးပါးဟာ အရိယာမျက်လုံး တပ်ကြည့်လိုက်တဲ့အခါကျတော့ ဒကာကြွယ်ရေ အနိစ္စတရားလို့ သိရမယ် (မှန်ပါ့ ဘုရား)။
အရိယာမျက်လုံး တပ်ကြည့်လိုက်တော့
အရိယာမျက်လုံး တပ်ကြည့်လိုက်တဲ့အခါကျတော့ (အနိစ္စတရားလို့ သိရပါမယ် ဘုရား)။
တစ်ခါ အရိယာမျက်လုံးနဲ့ပဲ ဆက်လက်ပြီး ကြည့်လိုက်ပြန်တော့ ဒုက္ခတရားလို့လည်း တွေ့ရပြန်တယ် (တွေ့ရပါ တယ် ဘုရား)။
၎င်းခန္ဓာငါးပါးကို တစ်ခါဆက်ပြီး အရိယာမျက်လုံးနဲ့ပဲ ကြည့်လိုက်ပြန်တော့၊ ဪ အစိုးမရတဲ့ အနတ္တ တရားပါလားလို့လည်း ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒီခန္ဓာငါးပါးကို တစ်ခါ အရိယာမျက်လုံးနဲ့ပဲ တပ်ကြည့်လိုက်ပြန်တော့ သုံးဆယ့်နှစ်ကောဋ္ဌာသ အသုဘတရား ပါလားလို့လည်း ပေါ်လာပြန်တယ် (မှန်ပါ့ ဘုရား)။
ဒါက ဘယ်မျက်လုံးတပ်မှပါလိမ့် (အရိယာမျက်လုံး တပ်မှပါဘုရား) အဲဒါကြောင့် “အဿုတဝါပုထုဇ္ဇနော” အဿုတဝါ = အကြားအမြင်မရှိတာဟာ၊ ပုထုဇ္ဇနော = ပုထုဇဉ်ပဲ (မှန်ပါ့) သုတဝါ အရိယသာဝကော = တဲ့၊ အကြား အမြင်ရှိလို့ ရှိရင် အရိယာတို့၏ တပည့်ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။
အကြားအမြင်ရှိရင် (အရိယာတို့၏ တပည့်ဖြစ်ပါတယ်) အရိယာတို့၏ တပည့်ဖြစ်ပါသည်ဆိုတော့ ယနေ့ ဘုန်းကြီးများသည် ဘုန်းကြီးတို့လည်း အရိယာတို့၏ တပည့်၊ ဒီဒကာ ဒကာမတွေလည်း အရိယာတို့၏ တပည့်ဖြစ်တော့ မှ အရိယာမျက်လုံးကလေးတပ်ပြီး သကာလ ရှင်းလင်းသွားပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဂရုစိုက်ပြီးသကာလ၊ ဪ ငါတို့ ဒီနေ့ ဆရာဘုန်းကြီးက ဘာကိုလက်ဆောင် ပေးနေပါလိမ့် မတုံး မေးတဲ့အခါကျမှ အရိယာမျက်လုံး တပ်ပေးသည်လို့ အောက်မေ့ရမယ်နော် (မှန်ပါ့ ဘုရား)။
ဘာတပ်ပေးမှာတုံး (အရိယာမျက်လုံး တပ်ပေးမှာပါ ဘုရား)။
ဒိဋ္ဌိခွါပြီးမှပဲ ပြမယ်
ကိုင်း ဒါဖြင့် ဒီခန္ဓာငါးပါးကြီးကို ဒကာ ဒကာမတွေက အလုပ်တော့ဖြင့် နောက်မှပဲ ပြမယ်၊ ဒိဋ္ဌိခွါပြီးမှပဲ ပြမယ်၊ အရိယာမျက်လုံး တပ်ပုံကလေးပဲ ရှေ့ပိုင်း ထားလိုက်ပါတော့တဲ့။
အနိစ္စတရားကို အဿုတဝါ ပုထုဇ္ဇနော် ဖြစ်ခဲ့လို့ရှိရင် အကြားအမြင်မရှိတဲ့ ပုထုဇဉ်ဖြစ်ခဲ့လို့ရှိရင်ဖြင့် ခန္ဓာ ငါးပါးကို နိစ္စလို့ စွဲမြဲတယ်လို့ မှတ်တဲ့ အမှတ်မှားလာပါတယ် (မှန်ပါ့ ဘုရား)။
အဿုတဝါ ပုထုဇ္ဇနော ဆိုတာက အကြားအမြင်မရှိတဲ့ ပုထုဇန်၊ အနိစ္စခန္ဓာကိုယ်ကြီးကို နိစ္စလို့ မှတ်တယ် (မှန်ပါ့)။ တစ်ခါ နိစ္စလို့ပဲ သူ့အသိကလည်း သိပြန်တယ် (မှန်ပါ့) နိစ္စလို့ပဲ သူဆုံးဖြတ်ချက်ချပြီးသကာလ အယူကလည်း ယူပြန်တော့၊ ဪ အနိစ္စခန္ဓာကိုယ်ကြီးကို နိစ္စလို့မှတ်- နိစ္စလို့ သိ- နိစ္စလို့ ယူထားပြန်တော့ ဝိပ္ပလ္လာသသုံးပါး မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကောင်းပြီ ၎င်းခန္ဓာကိုယ်ကြီးကိုပဲ ဘုရားက “သဗ္ဗေသင်္ခါရာ ဒုက္ခာ” ဟောပါလျက်သားနဲ့ ပုထုဇန်မျက်လုံး အဿုတဝါ ပုထုဇ္ဇနော ဆိုတဲ့အတိုင်း အကြားအမြင်မရှိတဲ့ ပုထုဇန်မျက်လုံးနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ဒုက္ခကို သုခလို့ မှတ်တဲ့ အမှတ်မှားလာတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခခန္ဓာကိုယ်ကြီး ဒုက္ခသစ္စာကြီးကို ဘာမှတ်ထားသလဲ (သုခလို့ မှတ်ပါတယ်) သုခလို့ အမှတ်မှားပြီးလာတယ်၊ သုခလို့ အသိမှားကကော (လာပါတယ်) သုခလို့ သူနဲ့နေရတာ ချမ်းသာလိုက်တာဆိုတဲ့ အယူမှားကြီးကကော (လာပါ တယ် ဘုရား)။
ဪ ဒါက အဿုတဝါ ပုထုဇ္ဇနော (မှန်ပါ့) အဿုဘဝါ အကြားအမြင်မရှိတဲ့၊ ပုထုဇ္ဇနော = ပုထုဇန် ပုဂ္ဂိုလ်ပဲ ဆိုတော့ ဒကာကြွယ်ရေ အကြားအမြင်မရှိတာ တယ်ဆိုးပါလား (ဆိုးပါတယ် ဘုရား)။
သူတော်ဆည်းကပ် မြတ်တရားနာ
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူတော်ဆည်းကပ် မြတ်တရားနာဆိုတဲ့အတိုင်း သူတော်ကောင်း ဆည်းကပ်ပါမှ မြတ်တရားနာပါမှ၊ လျော်စွာကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့် ဧကန်သာ-ဆိုတဲ့အတိုင်း ပုဏ္ဏားကြီးဟော တဲ့ နေရာဌာနမှာတဲ့၊ မင်းဟာ သူတော်ကောင်းဆည်းကပ်မှ အရိယာတို့၏ မျက်လုံးရမှာကွ ဆိုတာများ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
ကိုင်း တစ်ခါ ခြောက်ပါးတော့ သိသွားပြီတဲ့၊ ခန္ဓာကိုယ်ကြီးက “သဗ္ဗေဓမ္မာ အနတ္တာ” လို့ ဘုရားကလည်း ဟောတယ် (မှန်ပါ့) ဟောချင်လို့ ဟောရတာလား အနတ္တမို့ အနတ္တလို့ ပြောတာလား (အနတ္တမို့ အနတ္တလို့ ပြောတာပါ ဘုရား)။
အနတ္တမို့ အနတ္တလို့ ပြောတာ ဒကာသစ်ရေ၊ အဲဒါကို အဿုတဝါ ပုထုဇ္ဇနောက အကြားအမြင် မရှိတဲ့ ပုထုဇန်က ဒါ ငါပဲဆိုတဲ့ ငါဟူသော အမှတ်ထားပြန်တယ် (မှန်ပါ့) ငါ့ခန္ဓာလို့ပဲ သိပြန်တယ် (မှန်ပါ့) ခိုင်မြဲတယ်လို့ လည်း ယူပြန်တယ် (မှန်ပါ့) ဒီတော့ အနတ္တကို အတ္တလို့မှတ်တဲ့ အမှတ်မှား အသိမှား အယူမှားတွေကကော သုံးချက် မလိုက်ဘူးလား (လိုက်ပါတယ်) အင်း ဒါဘယ်သူပါလိမ့်ဗျာ (ဝိပ္ပလ္လာသ သုံးပါးပါ ဘုရား)။
ဝိပ္ပလ္လာသသုံးပါးတော့ ဟုတ်ပြီတဲ့ ဘယ်ပုဂ္ဂိုလ်လည်း ဆိုတော့ အဿုတဝါပုထုဇ္ဇနော (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကြားအမြင်မရှိတဲ့ ပုထုဇန်
ဘာတဲ့တုံးဗျာ (အဿုတဝါပုထုဇ္ဇနောပါ) ဘအဿုတဝါ = အကြားအမြင်မရှိသော၊ ပုထုဇ္ဇနော = ပုထုဇန် ပုဂ္ဂိုလ် (မှန်ပါ့) အင်း အကြားအမြင်မရှိတဲ့ ပုထုဇန်ပုဂ္ဂိုလ်၏ ဖြစ်စဉ်ကဖြင့် ဒကာ ဒကာမတွေ သိတဲ့အတိုင်း အခု အလွဲကိုးပါး ရထားတယ် (မှန်ပါ့ ဘုရား)။
ကဲ ဒီခန္ဓာကိုယ်ကြီးဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ကလည်း သေမှအသုဘ – သေမှအသုဘလို့ ခေါ် ကြတယ်၊ ရှင်တုန်း ကျင်ကြီးစွန့်၊ ကျင်ငယ်စွန့်၊ ချွေးတွေကထွက်၊ နှပ်တွေကယို၊ သလိပ်တွေကကြွနဲ့ အသုဘခန္ဓာကိုယ်မို့ အသုဘတွေ ပြနေငြားသော်လည်း ဒကာကြွယ်တို့ လူစုတွေ ဦးလှဘူးတို့ လူစုတွေက အင်း အင်မတန် ကြည့်ကောင်း ပါလားလို့ အသုဘကို သုဘအမှတ်မှားနေတာကြီးကလည်း ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
အသုဘခန္ဓာကိုယ်ကြီးကို ဘယ်လိုအမှတ်မှားပါလိမ့် (သုဘလို့ အမှတ်မှားပါတယ် ဘုရား)။
သုဘလို့ အမှတ်မှားပြီးသကာလနေတော့ သုဘ = တင့်တယ်တယ်ဆိုပြီး ခင်မှုဆိုတဲ့ အသိမှားကလည်း လိုက်လာ တယ် (လိုက်ပါတယ်) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
အို အသုဘ အလောင်းပြင်ထားတာတောင် ဒကာကြွယ်တို့ လူစုက အင်း သေသာသေတယ်၊ အလှမပျက်ရှာဘူးတဲ့ (မှန်ပါ့) ရူးလက်စ မသတ်တတ်ဘူး (မှန်ပါ့ ဘုရား)။
ရူးလက်စ မသတ်လို့ပါ
ရှင်တုန်းကလည်း အသုဘ (မှန်ပါ့) သေတော့ အသုဘအစစ်ကယ်လို့ သေသေချာချာ ပြတာတောင်မှ ဒကာ ကြွယ်တို့၊ ဦးလှဘူးတို့ လူစုက သေသာသေသွားတယ်၊ အလှအပ မပျက်ရှာဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဘာပြောနေတာတုံး ဒကာကြွယ်တို့လူစုက (ရူးလက်စ မသတ်လို့ပါ) အို လူပုံအလယ်မှာ ရူးမှန်းသိအောင် လို့ ထုတ်ပြလိုက်ရတယ်ဘုရာ့ (မှန်ပါ့) ဒီအဓိပ္ပာယ်ပဲ ရပါတယ် (ရပါတယ် ဘုရား)။
လူပုံအလယ်မှာ ရူးမှန်းသိအောင်လို့ နှုတ်ကကို ထွက်ပြလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မသာရှင် ကျေနပ်အောင် ပြောတာလား ကိုယ်ကိုယ်တိုင် အထင်မှားနေတာလား (ကိုယ်ကိုယ်တိုင် အထင် မှားနေတာပါ ဘုရား)။
မသာရှင် ကျေနပ်အောင် ပြောလို့ရှိရင်တော့ဖြင့် အငိုတိတ်မလား မပြောတတ်ဘူးပေါ့ဗျာ (မှန်ပါ့) ဟုတ်ချင် လည်း ဟုတ်မှာပဲ မသာရှင် ငဲ့ပြောတယ်ဆို ဟုတ်မှာပဲ၊ ကိုယ့်အထင်ကိုက ဪ မသာရယ်လို့သာ ပြောရတယ်၊ ကျုပ်ဖြင့် မသာနဲ့တောင် မတူသေးဘူးတဲ့ (မှန်ပါ့ ဘုရား)။
အမယ် ဒကာကြွယ်တို့က ဒါကို ဒကာကြွယ်တို့ လူစုတွေ ဦးလှဘူးတို့ လူစုတွေကျတော့ လူကြီးလူကောင်း တွေများ ပြောသေးတယ် (မှန်ပါ့) အင်း လူလည်း ကြီးတယ်တဲ့၊ လူလည်း ကောင်းပါတယ်ဆို ဘယ်ကောင်းရမှာ တုံး၊ အရူးထောင်ထွက်နေတာကြီး (မှန်ပါ့) ကောင်းစရာများပါသေးသလား (မပါ-ပါ) မပါဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် အသုဘကို သုဘလို့ ယူတဲ့အယူကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
အမှားဘယ်နှစ်ချက်ပါလိမ့်
ဒါက သုံးပါးဆိုတော့ ပေါင်းလိုက်တဲ့အခါကျတော့ အနိစ္စမှာ သုံးချက်၊ ဒုက္ခမှာ သုံးချက်၊ အနတ္တမှာ သုံးချက်၊ အသုဘမှာ အမှားသုံးချက်ဆိုတော့ အမှားဘယ်နှစ်ချက်ပါလိမ့် (ဆယ့်နှစ်ချက်ပါ ဘုရား)။
အဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ လူက တစ်ယောက်တည်း၊ အမှားက ဆယ့်နှစ်ချက်က ဘယ်တော့မှ မပျောက်ခဲ့ဘူး (မပျောက်ပါ ဘုရား)။
လူကတော့ (တစ်ယောက်တည်းပါ ဘုရား) အမှားဆယ့်နှစ်ချက်တော့ (မပျောက်ပါ ဘုရား) ဘယ်တော့မှ မပျောက်ခဲ့ဘူးဆိုတော့ ဪ ဒီဒကာ ဒကာမတွေ အမှတ်မှားရယ်, အသိမှားရယ်, အယူမှားရယ် ဘယ်နှစ်ချက် ပါလိမ့် (သုံးချက်ပါ ဘုရား) ပေါင်းလိုက်တဲ့အခါကျတော့ (ဆယ့်နှစ်ချက်ပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ ဒီအမှား ဆယ့်နှစ်ချက်ကို မပယ်နိုင်, မရှားနိုင်, မခွါနိုင်, အစွန့်နိုင်ကြလို့ရှိရင် ဖြင့် တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ငိုတဲ့မျက်စိ, ငိုတဲ့မျက်ရည်စ အဆုံးသတ်နိုင်မယ် မဟုတ်ပါဘူး (မသတ် နိုင်ပါ ဘုရား)။
တချို့ အသုဘများ သွားပြီးသကာလ ပို့ကြတဲ့အခါကျတော့ ဒကာကြွယ် သူ့ဆွေမျိုးတွေ သူ့ခင်မင်တဲ့ ပုဂ္ဂိုလ် တွေဟာ မျက်ရည်ဆည်နိုင်ကြရဲ့လား (မဆည်နိုင်ပါ ဘုရား) ဘာဖြစ်ကြတာတုံး လို့ မေးတဲ့အခါကျတော့ အနိစ္စကို နိစ္စထင်လို့ (မှန်လှပါ)။
ဒီလိုများ ဖြစ်လိမ့်မယ် မထင်ဘူး တဲ့၊ အနိစ္စကို နိစ္စထင်လိုက်တယ်နော် (မှန်ပါ့) ဒီလိုများ ဒုက္ခဖြစ်လိမ့် မယ် မထင်ဘူး တဲ့၊ ဒုက္ခကို သုခထင်ထားတာကိုးဗျ (မှန်လှပါ) အစက အစက-နော် (မှန်လှပါ)။
ဒီလိုများ ဗုန်းခနဲ-ဗိုင်းခနဲ သေခြင်းဆိုး သေလိမ့်မယ် လို့ ကျုပ် နည်းနည်းမှ မထင်မိပါဘူးတဲ့ (မှန်ပါ့) အင်း အနတ္တကို အတ္တထင်တဲ့ အသွားတွေကလည်း ဒကာသစ် သိပ်များတယ် (များပါတယ် ဘုရား)။
ခုနင်က ပြောခဲ့တဲ့မသာလို့သာ ဆိုရတယ် ကျုပ်တို့ဖြင့် မပစ်ရက်သေးဘူးဆိုတာ ပါသေးတယ် (ပါပါတယ် ဘုရား) ဒါက ဘာကို ဘာထင်တာပါလိမ့် (အသုဘကို သုဘထင်တာပါ ဘုရား)။
အသုဘကို သုဘထင်တာဆိုတော့ မသာတွေ့ရတဲ့ပုဂ္ဂိုလ်ကလည်း မသာရှင်ကလည်း အရူးဆယ့်နှစ်ပါး (မှန်ပါ့)။
မသာရှင်က အရူးဘယ်လောက်ရှိပါလိမ့် (ဆယ့်နှစ်ပါးပါ ဘုရား)။
မသာဝိုင်းပြီးသကာလ ပြောကြ, ဆိုကြပြီးသကာလ မသာရှင်ကို ဖျောင်းဖျကြတဲ့ ပုဂ္ဂိုလ်များတွေကလည်း ဘေးက အရူးတွေကလည်း ဝိုင်းပြီး ပြောကြပြန်တော့ ဟိုမှာ မတက်ရုံတမယ်, မသေရုံတမယ် ကျန်တာ (မှန်ပါ့) ခင်ဗျားတို့ ခင်ဗျားတို့ ဝိုင်းမြှောက်တာနဲ့ (မှန်ပါ့)။
အရူးတွေ စုံနေတဲ့ပွဲလား
ကိုယ်ကလည်း အရူး (မှန်ပါ့) မသာရှင်ကကော (အရူးပါ ဘုရား) ဪ ဒီပွဲသည်ကားဆိုလို့ရှိရင် နိဗ္ဗာန်သွားမည့် ပွဲလား၊ အရူးတွေ စုံနေတဲ့ပွဲလားဆိုတာ မေးဖို့ မလိုပါဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့မှာ တစ်သံသရာလုံး အရူးပွဲချည်း နွှဲလာခဲ့တယ်ဆိုတာဖြင့် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) တစ်သံသရာလုံး ဘာပါလိမ့် (အရူးပွဲချည်း နွှဲလာဲ့ပါတယ် ဘုရား)။
အခု ပျောက်ပလားလို့ မေးတော့ ဆရာဘုန်းကြီး ကယ်တင်ထားလို့ ထိုက်တန်သလောက် ပျောက်ပါပြီ ဘုရား (မှန်လှပါ ဘုရား) အားလုံး စင်းလုံးချော ပျောက်ပလားလို့ မေးတော့ ကျန်သေးတယ်ဘုရား (မှန်လှပါ) မဆိုရပေဘူး လား (ဆိုရပါတယ် ဘုရား)။
အဲဒီတော့ အရူးမှ မပျောက်သေး- အနှမ်းမှ မပျောက်သေးတဲ့ ပုဂ္ဂိုလ်များ ကြိုးစားပြီးသကာလ ဒီဝိပ္ပလ္လာသ ပယ်မှုကို ဘယ်ဉာဏ်နဲ့ ပယ်ရမယ်ဆိုတဲ့ ဥစ္စာကိုလည်း ဒကာ ဒကာမတို့ ဂရုစိုက်ကြပါဆိုတဲ့ဥစ္စာ သတိပေးရပြန်တယ် (မှန်လှပါ)။
ကိုင်း ဒါဖြင့် လူတစ်ယောက်မှာ အရူးဘယ်နှစ်မျိုးရှိသတုံး (ဆယ့်နှစ်မျိုးပါ ဘုရား)။
ဒကာကြွယ် ဘုရားပွင့်မှ ကုနိုင်တယ်နော် (မှန်ပါ့) ဘုရားမပွင့်လို့ရှိရင် (မကုနိုင်ပါ ဘုရား) မကုနိုင်ဘူးဆိုတဲ့ ဥစ္စာ သေသေချာချာမှတ်ပါ (မှန်လှပါ)။
ဒါဖြင့် အခု ကုနေတာဟာ ဘုရားသာသနာရှိသေးလို့ ဘုန်းကြီးများကလည်း ဆက်လက်ကုရပြန်တယ် (မှန်ပါ့)။
ဒီ သာသနာကလေး ကွယ်သွားလို့ရှိရင် ကျုပ်တို့ ဘယ်အဖြစ်နဲ့ နေရစ်မလဲဆိုလို့ရှိရင်ဖြင့် ဒကာသစ် အဖြေထွက် ပြီ (ထွက်ပါပြီ ဘုရား) ဒီသာသနာလွဲရင်ဖြင့် တပည့်တော်တို့ အရူးပွဲနွှဲရမှာပဲ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (အရူးပွဲနွှဲရမှာပါ ဘုရား) ရှောင်လို့ တိမ်းလို့မှ ရနိုင်စရာ မြင်သေးရဲ့လား (မရပါ ဘုရား)။
နဂိုရ်က ရူးရတဲ့အထဲ မသာပို့တွေက ဗုံတီးမြှောက်ပြန်တာနဲ့ ဒကာကြွယ်ရေ သွားရော (မှန်ပါ့) မသွားဘူးလား (သွားပါမယ် ဘုရား)။
အရူးရှစ်မျိုးပယ်လိုက်တယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လူတစ်ယောက်မှာ အရူးဘယ်နှစ်မျိုးရှိပါလိမ့် (ဆယ့်နှစ်မျိုးပါ ဘုရား) သောတာပန် ဖြစ်သွားတဲ့အခါကျတော့ အရူးရှစ်မျိုး တစ်ခါတည်း ပယ်လိုက်တယ် (မှန်လှပါ)။
သောတာပန်ဖြစ်ရင် (အရူးရှစ်မျိုး တစ်ခါတည်း ပယ်ပါတယ်ဘုရား)။
ဒါဖြင့် ၁၂ ပါးထဲ ၈-နုတ်တော့ (၁၂-၈) ဒကာသစ်ရေ ဘယ်လောက်ကျန်သေးသလဲ (၄-ကျန်ပါတယ် ဘုရား)။
ဪ ၄-လောက်ဆိုရင်ဖြင့် ဒကာကြွယ် တော်-တော်ခံသာပြီ (ခံသာပါပြီ ဘုရား) သကဒါဂါမ်, အနာဂါမ် ဖြစ်တဲ့အခါကျတော့ ခုနင်က ၈-ထဲမှာ ၂-ထည့်ပြီး ၁၀-နုတ်လိုက် (၁၂-၁၀) အရူးဘယ်လောက်ကျန်သေးသတုံး (၂-ကျန်ပါတယ် ဘုရား) အဲဒါ အနာဂါမ်တောင် အရူးကလေး ၂-ကျန်တယ် (မှန်လှပါ) ရဟန္တာဖြစ်မှ စင်းလုံးချောလွတ် တော့တယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်လှပါ)။
ဒါဖြင့် ယခုအခါမှာဖြင့် အလုပ်မှ-မလုပ်သေးတဲ့ပုဂ္ဂိုလ်များ ဘုန်းကြီးတို့ ဟောနေကျ, ပြောနေကျဖြစ်တဲ့ အရူးပျောက်တဲ့ အလုပ်မှ မလုပ်ရသေးဘူး၊ ဒါနကလေး-သီလကလေးနဲ့ပဲ တင်းတိမ်ပြီးသကာလ နေကြတဲ့ပုဂ္ဂိုလ်များ ဒကာသစ် အရူးပျောက်ပလား (မပျောက်သေးပါ ဘုရား)။
ဒါကို ဒကာကြွယ်တို့က ရှေးထုံးအတိုင်းဆိုရင် သေပျော်ပေါ့တဲ့ (မှန်ပါ့) ဒီမသာဟာ အရူးမသာ ဘယ်သေပျော် ရမလဲ (မှန်ပါ့)။
ဒီမသာ ဘာမသာပါလိမ့် (အရူးမသာပါ ဘုရား) သေပျော်ပေါ့ဆိုလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။ အဲဒါ ဒကာကြွယ် ဒီက ရှေ့ကို ဒီအသုံးမျိုးတွေကိုဖြင့် အားလုံး တရားတစ်ပွဲလုံး ဖြုတ်ကြပါတော့ (မှန်ပါ့)။
အရူးမသာနဲ့ အကန်းမသာ
အင်း ဝိပ္ပလ္လာသ ဆယ့်နှစ်ပါး မပယ်ဘဲနဲ့ သေသွားတဲ့ပုဂ္ဂိုလ်ဟာ အရူးမသာနဲ့ အကန်းမသာဘဲလို့ မှတ် လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာမသာပါလိမ့် (အရူးမသာနဲ့ အကန်းမသာပါ ဘုရား)။
ဒါဖြင့် တပည့်တော်တို့ လှူဒါန်း, ပေးကမ်းပြီးထားတာတွေ အလကားဖြစ်ရတော့မှာလား ဘုရား၊ အရူးသေ- သေတဲ့ဥစ္စာ အလကားဖြစ်ရမှာလားဆိုတော့ မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ အရူးဩဇာနဲ့ အရူးဘုံနန်းတော့ ရမှာပေါ့ (မှန်ပါ့ ဘုရား) မရပေဘူးလား (ရပါတယ် ဘုရား)။
ဒါနအကျိုးကြောင့်-သီလအကျိုးကြောင့် အရူးသက်ရှည်လည်း ဖြစ်နိုင်ပါတယ် (မှန်ပါ့) အရူးဂုဏ်ကြီးကော (ဖြစ်နိုင်ပါတယ် ဘုရား) သို့သော် အရူးတော့ ပျောက်ရဲ့လား (မပျောက်ပါ ဘုရား)။
ဒါဖြင့် မပျောက်သေးလို့ရှိရင်ဖြင့် သူအရူးထလို့ရှိရင်ဖြင့် သုံးဆယ့်တစ်ဘုံမှာ ဒကာ ဒကာမတို့ မြေကြီး-ကြီးပွားရေးဆိုတဲ့ ခန္ဓာတွေဟာ မြှုပ်ရဦးမှာပဲ (မြှုပ်ရမှာပါ ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ကြည့်တော့မှ ဒီမြေကြီး-ကြီးပွားလာတာ အရူးမသာတွေကြောင့်သာ မှတ်ပေတော့ (မှန်လှပါ)။
ဘုရားတစ်ဆူတစ်ဆူကြားမှာ မြေကြီးသည် ဒကာ ဒကာမတို့ ဆယ့်သုံးမိုင် ပျမ်းမျှကြေး တက်ပါတယ် (မှန်ပါ့ ဘုရား) ဘယ်က တက်လာတာတုံးဆိုတော့ အရူးမသာမြှုပ်ရတာနဲ့ မြေကြီးဩဇာမြင့်မားလာတယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒကာကြွယ် အရူးမသာများ မြှုပ်ချင်သေးသလား (မမြှုပ်ချင်ပါ ဘုရား) နေရာကျပြီ နေရာကျပြီ။
အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ ဒီမသာဖြင့် အရူးမသာဘဲဆိုတဲ့ဥစ္စာဖြင့် ဘယ်လောက်ပဲ တစ်ခါ တည်း ဆိုင်းဘုတ်တွေ အထက်လူကြီးတွေက စပြီး ဆုံးမကုန်အောင် ဂုဏ်တွေ သိရ်တွေ ဖော်ငြားသော်လည်း အရူး မသာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သောတာပန်တည်ပြီးရင်
ကိုင်း ဒါဖြင့် သောတာပန်တည်ပြီးရင် အရူးဘယ်နှစ်မျိုး ပျောက်သတုံး (ရှစ်မျိုး ပျောက်ပါတယ် ဘုရား) တော်သေးတယ်, တော်သေးတယ်နော် (မှန်ပါ့)။
အရူးရှစ်မျိုး ပျောက်တယ်ဆိုကတည်းက ဒကာ ဒကာမတို့ လေးမျိုးလောက် ကျန်တော့ကို တော်တော်ဖယ်ရှား ရှင်းလင်းဖို့ အတော်လွယ်သွားပြီ (မှန်ပါ့)။
သကဒါဂါမ်, အနာဂါမ် တည်ပြန်တော့လည်း အရူးဆယ်မျိုးပျောက်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) ရဟန္တာဖြစ်မှ အရူးစင်းလုံးချော ပျောက်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ် တစ်သံသရာလုံး ကျုပ်တို့ ဘယ်လိုများနေခဲ့လို့ ဘယ်လိုများ ထိုင်ခဲ့ရတယ်ဆိုတာ ဖြင့် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။
အရူးအဖြစ်နဲ့ နေပြီး အရူးအဖြစ်နဲ့ပဲ သေခဲ့ရပါတယ် ဘုရားလို့ လျှောက်ရင် မုသားမဖြစ်ပါဘူး (မဖြစ်ပါ) ဖြစ်စရာ မြင်သေးလား (မမြင်ပါ ဘုရား)။
ဒီ ဝိပ္ပလ္လာသ မပယ်နိုင်ရင် ဝိပ္ပလ္လာသဆိုတာ ဖောက်ပြန်တာပဲ၊ ဖောက်ပြန်တာသည် ရူးတာ, နှမ်းတာပဲဆိုတာ ကော သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ်တို့က ဝန်ကြီးတွေ, ဝန်ငယ်တွေဆို သူတို့ပညာရှိလိုက်တာနဲ့ ဘာနဲ့ ဒကာကြွယ် တို့က မြှောက်လိုက်, ပင့်လိုက်နဲ့ လာသေးတယ် (လာပါတယ် ဘုရား) အပြီးသတ်တော့ ဘာဆိုကြမလဲ (ရူးတာပါ ဘုရား) အရူးပဲ၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဘယ်သူကဖြင့် သိန်းပေါင်းများစွာ ချမ်းသာတယ်ဆိုတဲ့ဥစ္စာ အင်း သူတို့ အကျိုးပေးမျိုးဟာ မသေးဘူး ဘုရား၊ တော်တော့ ပါရမီနဲ့ မဖြစ်နိုင်ဘူးဆိုပေမယ့်လည်း ပစ္စည်းပေါရူးပဲ (မှန်ပါ့) ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။
ပစ္စည်းတော့ ပေါပါရဲ့၊ အရူးကတော့ (မပျောက်ပါ) ဒါဖြင့် ဒကာကြွယ်ရေ ဒကာ ဦးလှဘူးရေ အရူး မပျောက်သ၍ ဘာပဲ ရွှေတောင်, ငွေတောင်ပေါက်ပေါက် အရူးသေ, သေတာပဲ (မှန်ပါ့) အရူးသေ, သေရင် အပါယ်လေးပါး လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
အသေကောင်း သေရအောင်
ကဲ ဒါဖြင့် ကျုပ်တို့သည်ကားလို့ ဆိုရင်ဖြင့် အသေကောင်း သေရအောင် အနေကောင်း နေမှသာ သင့် တော်မယ်ဆိုတဲ့ဥစ္စာ ယနေ့ ဆုံးဖြတ်ချက်ချရတော့မယ် (မှန်ပါ့)။
အသေကောင်း သေချင်ရင် ဘယ်လိုလုပ်ရမလဲ (အနေကောင်း နေရပါမယ်ဘုရား)။
အနေကောင်း နေရမယ်ဆိုတော့ အရိယာမျက်လုံးတပ်ပေးမှ အနေကောင်းဖြစ်မယ် (မှန်ပါ့) အရိယာမျက်လုံး မှ တပ်ပေးမည့်လူ မရှိသေးရင်ဖြင့် (အနေကောင်း မဟုတ်ပါ ဘုရား)။
ဒါ့ကြောင့် ကိုယ့်ဟာကိုယ် ဒကာ ဒကာမတွေ ဘုန်းကြီးက သားနဲ့ သမီးနဲ့ ပစ္စည်းနဲ့ အကြောင်းညီညွတ်လို့ ကားနဲ့ ရွှေနဲ့ စိန်နဲ့ တိုက်နဲ့နေတာ ဘုန်းကြီးမျး ဝမ်းသာပါတယ် (မှန်ပါ့)။
အင်မတန် ဝမ်းသာပါတယ်၊ ဝမ်းသာပေမယ့်လည်း အစွမ်းကုန် ဝမ်းသာသလားလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဪ အရူး လူချမ်းသာ ဖြစ်နေတော့ ဝေဒနာက မသက်သာသေးတော့ ဘယ်လိုပစ္စည်းပေါ ငြားသော်လည်း ဝေဒနာက မသက်သာသေးတော့ ဒကာကြွယ် ချီးမွမ်းသင့်သလောက် ချီးမွမ်းလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတွေ ရူးမှန်းသိအောင် ဆေးရှာကြတယ်နော် (မှန်ပါ့ ဘုရား)။
ရူးမှန်းသိအောင် (ဆေးရှာပါတယ်) ဆေးရှာကြလိမ့်မယ်ဆိုတာဖြင့် ယခု ဆရာဘုန်းကြီးက ဘုရား၏ ဆေးတော် တွေကို ဝေငှပြီးသကာလ ပေးနေတယ်ဆိုတာ သိကြပါပြီ (သိပါပြီ ဘုရား)။
ဒိဋ္ဌိအရူးကိုဖြင့် အရင်ကုကြစို့
ဒါ့ကြောင့် ဆေးရှာပြီးသကာလ ဒိဋ္ဌိအရူးကိုဖြင့် အရင်ကုကြစို့ (မှန်ပါ့ ဘုရား)။
အရှင်ဘုရား ဘယ့်နှယ်ကြောင့် ဒိဋ္ဌိရူးကို အရင်ကုရတာတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ဒကာ ဒကာမတို့ ဒိဋ္ဌိရူး မကုလို့ရှိရင်ဖြင့် အသိရူးဟာလည်း မပျောက်ဘူး (မှန်ပါ့) အမှတ်ရူးကော (မပျောက်ပါ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ ဒိဋ္ဌိကို အရင်ပယ်ပါမှ စိတ္တကို နောက်ပယ်ရမယ် (မှန်ပါ့) သညာကို ထို့နောက် ထားပြီး ပယ်ရမယ် (မှန်ပါ့)။
ကဲ ဒါဖြင့် သညာ စိတ္တ ဒိဋ္ဌိမှာ ဘယ်သူက ပိုပြီးသကာလထက် တယ်ဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါ ပြီ) သညာအထက်ဆုံး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သညာပြီးတော့ စိတ်ထက်တယ်၊ စိတ်ထက်ပြီးတော့မှ ဒကာ ဒကာမတို့ စိတ်အောက်မှာ ဒိဋ္ဌိထက်တယ်ဆိုတော့ ဒိဋ္ဌိကိုဖြင့် ဒကာ ဒကာမတို့ ပယ်ဖြစ်အောင် ပယ်ကြစို့ (မှန်ပါ့)။
ဘာပယ်ရမလဲ (ဒိဋ္ဌိပယ်ရပါမယ်) ဒိဋ္ဌိပယ်မှ ဒကာသစ် သောတာပန်ကိုးဗျ (မှန်ပါ့) ဒိဋ္ဌိမပယ်ဘဲနဲ့ စိတ်တွေ သညာတွေ ပယ်လို့ရကို မရဘူး (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားမျိုးကလည်း စွဲစွဲမြဲမြဲလည်း နာပြီး စွဲစွဲမြဲမြဲလည်း လုပ်မှသာလျှင် လည်း အရင်းကျကျ သိတယ်ဆိုတာလည်း မှတ်ထားကြစမ်းပါ (မှန်ပါ့)။
ဒါ တစ်ရက်တည်း လာနေလို့လည်း မပြီးပါဘူး (မပြီးပါ) ဪ ဘုန်းကြီးက ဒါပဲ ဟောနေတာပဲလို့ ဒီလို မထင်ပါနဲ့ (မှန်ပါ့)။
နည်းနည်း နည်းနည်းကလေး ထမင်းခွံ့သလို ဝါးနိုင်သလောက်ဝါး၊ ညက်နိုင်သလောက် ညက်တာကို နည်းနည်းကလေး လက်ညှိုးကလေးနဲ့ လက်မနဲ့ ရေပေါက်ကလေးလောက် ချရတဲ့အချိန်လည်း ပါပါသေးတယ် (ပါပါတယ်) နောက်ကျမှ ဆီးစေ့လောက် လုံးထည့်ရတဲ့အချိန်ကော (ပါပါတယ် ဘုရား)။
ဉာဏ်ပေါက် ကျဉ်းနေလို့
အဲဒီတော့ ဪ ဒို့ ဘုန်းကြီးသည် ဘယ့်နှယ်ကြောင့် တရားကို ဖြည်းဖြည်းဆေးဆေး ဟောနေပါလိမ့် မတုံးဆိုတာကိုလည်း ကိုယ့်အရေးက မဟန်လို့ လို့ အောက်မေ့ပါ (မှန်လှပါ ဘုရား)။
ဘယ်လို အောက်မေ့ရမလဲ (ကိုယ့်အရေးက မဟန်လို့ပါ ဘုရား) ဉာဏ်ပေါက် ကျဉ်းနေလို့ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။
ဦးလှဘူး-ဘာတဲ့တုံး (ဉာဏ်ပေါက်ကျဉ်းနေလို့ပါ ဘုရား) ဉာဏ်ပေါက် ကျဉ်းနေတော့ ရှိသလောက် ဒီက ဉာဏ်တွေ သွင်းလိုက်လို့ရှိရင်ဖြင့် လက်မခံနိုင်တဲ့ အခြေအနေ ရောက်မယ် (ရောက်ပါတယ် ဘုရား)။
ခက်လိုက်တာ သိပ်ခက်ပါလားဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ပဲ ကိုင်း ကျုပ်တို့တော့ဖြင့် ဒီတရားနာရ, ဒီတရားလုပ်ရမှ နိဗ္ဗာန်ရမယ်ဆိုရင်တော့ဖြင့် ခက်လိုက်တာကလည်း လွန်လို့ အဲဒီတော့ ကျုပ်တို့ ဒါန, သီလနဲ့ပဲ နေပါတော့မယ်ဆိုပြီး နောက်ဆုတ်သွားလိမ့်မယ် (မှန်ပါ့ ဘုရား) မဆုတ်ပေဘူးလား (ဆုတ်ပါတယ် ဘုရား)။
ဆုတ်တော့ သူဆုတ်သလောက် ဒကာ ဒကာမတွေ လိုရင်းကလည်း မပါဘဲ ဖြစ်နေတော့ အရူးပျောက်သေးရဲ့ လား (မပျောက်ပါ) အရူးမပျောက်ရင် နိဗ္ဗာန်ကလည်း လက်မခံဘူးတဲ့ (မှန်ပါ့)။
အရူးမပျောက်ရင် (နိဗ္ဗာန်က လက်မခံပါ ဘုရား) ဒါဖြင့် နိဗ္ဗာန်က ဘယ်လိုလူ လက်ခံတာပါလိမ့် (အရူးပျောက် တဲ့လူ လက်ခံပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ သေချာလောက်ပါပြီ (သေချာပါတယ် ဘုရား) မသေချာသေးဘူးလား (သေချာပါ တယ် ဘုရား)။
ကိုင်း ဒါဖြင့် လူတစ်ယောက်မှာ အရူးဘယ်နှစ်မျိုးရှိသလဲ (ဆယ့်နှစ်မျိုး ရှိပါတယ်) တော်သေးတယ်, တော်သေးတယ် (မှန်ပါ့)။
ဒကာကြွယ် ခင်ဗျားမှာ ဘယ်နှစ်မျိုးရှိသလဲ (ဆယ့်နှစ်မျိုး ရှိပါတယ်ဘုရား) အမယ်လေး လူကတစ်ယောက် တည်းပါလား (တစ်ယောက်တည်းပါ ဘုရား) အရူးဘယ်နှစ်မျိုးလည်း (ဆယ့်နှစ်မျိုးပါ ဘုရား)။
တစ်သံသရာလုံး မပျောက်ခဲ့တာ
ဒါ အခုမှ ရူးလာတာလား တစ်သံသရာလုံး မပျောက်ခဲ့တာလား (တစ်သံသရာလုံး မပျောက်ခဲ့တာပါ ဘုရား)။
ဒကာသစ် ကဲ အအော်မခက်ဘူးလား (ခက်ပါတယ် ဘုရား) ခင်ဗျားတို့ ပဋာစာရီမှ အဝတ်မကပ်မှ အရူးထင်ကြတယ် (မှန်ပါ့) ခင်ဗျားတို့ အဝတ်ကပ်ပြီး ရူးနေတာတော့ မသိဘူး (မသိပါ ဘုရား)။
သမီးမဟုတ်တာ သမီးလို့ ထင်လို့ရှိရင်တော့ အဝတ်တော့ ကပ်ပါရဲ့ အရူးပဲ (မှန်ပါ့) သမီးမဟုတ်တာ သမိးလုပ် ပြီး ခင်နေရင်ကော (အရူးပါပဲ ဘုရား) အဝတ်တော့ ကပ်တယ် (မှန်ပါ့)။
ဒါဖြင့် အဝတ်ကပ်တဲ့ အရူး၊ အဝတ်မကပ်တဲ့ အရူးရယ်လို့ အရူးကို ခွဲကြဦးစို့ ဒကာကြွယ်ရေ (မှန်ပါ့) မခွဲ ထိုက်ဘူးလား (ခွဲထိုက်ပါတယ် ဘုရား) ဒကာကြွယ်တို့က ဘယ်အထဲကပါလိမ့် (အဝတ်ကပ်တဲ့ အရူးပါဘုရား)။
ဪ သူက လုံလုံခြုံခြုံရူးတဲ့ အရူး (မှန်ပါ့) ပဋစာရီကတော့ ဗလာကျင်းပြီး ရူးတဲ့အရူး (မှန်ပါ့) ပဋစာရီကတော့ ဗလာကျင်းပြီး ရူးတဲ့အရူး (မှန်ပါ့) ဒီလိုပဲ ကွာပါတယ်တဲ့၊ ထူးတော့ မထူးပါဘူး (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီ အရူးမပျောက်သ၍ နိဗ္ဗာန်က လက်မခံဘူးဆိုတဲ့ တစ်လုံးကိုဖြင့် ယနေ့ စွဲစွဲမြဲမြဲမှတ်ပါ (မှန်ပါ့)။
အရူးမပျောက်သ၍ (နိဗ္ဗာန်က လက်မခံပါ) နိဗ္ဗာန်က လက်မခံဘူးဆိုတာကိုဖြင့် ဒကာသစ် ရဲရဲတင်းတင်း မှတ်ပါ (မှန်ပါ့)။
ဒိဋ္ဌိရူးမှ မပျောက်ရင် သောတာပန် မဖြစ်ပါဘူး (မှန်ပါ့) ဒိဋ္ဌိရူးမှ မပျောက်ရင် (သောတာပန် မဖြစ်ပါဘုရား)။
ဒါကို ဒါနနဲ့ ပယ်လို့ကော ရပါ့မလား (မရပါ) သီလနဲ့ ပယ်လို့ကော (မရပါ) သမထနဲ့ ပယ်ရင်ကော (မရပါ) ဝိပဿနာမှ ပယ်တယ် (မှန်ပါ့)။
အခြေပါလာပြီ ဒကာ ဒကာမတွေ (မှန်ပါ့) ဟို အရူးမပျောက်ရင်လည်း နိဗ္ဗာန်က လက်မခံဘူးတဲ့ (မှန်ပါ့) ဒီ အရူးပျောက်အောင်လည်း ဒါနလှူပြီးသကာလ နေလို့လည်း ဒီအရူးကလည်း တခြားစီပဲ (မှန်ပါ့) သီလ ဆောက်တည်နေပြန်လည်း ဒီအရူးက (တခြားစီပါ ဘုရား) သမထတွေ အားထုတ်နေပြန်တော့ (တခြားစီပါ ဘုရား)။
ဗကဗြဟ္မာကြီးများ ရူးသား တက်နေလိုက်တာ မြတ်စွာဘုရား လူ့ပြည်က တက်ပြီးဟောရတယ် (မှန်ပါ့) ရှင် ကြီးဂေါတမ ဒီနေရာ နိစ္စပဲတဲ့-သုခပဲတဲ့-အတ္တပဲတဲ့၊ နိဗ္ဗာန်ဆိုတာ ကျုပ်ဘုံပဲလို့တောင် ရူးလိုက်သေးတယ် (မှန်ပါ့) မနည်းတက်ချွတ်ရတယ် (မှန်ပါ့)။
ဒါ့ကြောင့် သမထနဲ့လည်း ဒကာ ဒကာမတို့ အရူးမပျောက်ဘူး (မပျောက်ပါ) ရှင်းပလား (ရှင်းပါပြီ) ဝိပဿနာ မဂ်ဉာဏ်မှပဲ (အရူးပျောက်ပါတယ် ဘုရား)။
ကိုယ့်ဆေး ကိုယ်သောက်ပြီး ကိုယ်ပျောက်ဖို့သာ ဂရုစိုက်
ကိုင်း ဒီဒကာ ဒကာမတွေ သူများရူးတာကိုတော့ မကြည့်ကြပါနဲ့တဲ့၊ ကိုယ့်ဆေး ကိုယ်သောက်ပြီး ကိုယ် ပျောက်ဖို့သာ ဂရုစိုက်ကြပါတော့ (မှန်ပါ့)။
နို့ အရူးထဲမှာ နေမယ်ဆိုရင် လန့်စရာရှိ တစ်ပြိုင်နက်တည်း (မှန်ပါ့) ရူးစရာရှိတော့ (တစ်ပြိုင်နက်တည်း ပါ ဘုရား) သေစရာရှိတော့ (တစ်ပြိုင်နက်တည်းပါ ဘုရား) အပါယ်သွားစရာရှိတော့ (တစ်ပြိုင်နက်တည်းပါ ဘုရား) အဲဒီထဲရောလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
ဒါဖြင့် ပထမအရူးကို ဒိဋ္ဌိရူး ဖျောက်ကြပါစို့ (မှန်ပါ့) ဘာ ဖျောက်ကြမယ် (ဒိဋ္ဌိရူး ဖျောက်ရပါမယ် ဘုရား)။
ကဲ ဒါဖြင့် ဒီအထဲမှာ ဒိဋ္ဌိရူးက ဒကာ ဒကာမတွေ လေးမျိုးပါတယ် (ပါပါတယ် ဘုရား) နောက်ဆုံးတန်း သည် ၁-၂-၃-၄၊ ဒါ ဘာရူးပါလိမ့် (ဒိဋ္ဌိရူးပါ ဘုရား)။
အနိစ္စကို နိစ္စလို့ ယူထားတယ် (မှန်ပါ့) ဒုက္ခကို (သုခလို့ ယူထားပါတယ်ဘုရား) အနတ္တကို (အတ္တလို့ ယူထား ပါတယ် ဘုရား) အသုဘကို (သုဘလို့ ယူထားပါတယ် ဘုရား)။
ဒါဖြင့် ဒကာသစ် ဒီအရူးလေးခုတော့ ပျောက်ရမယ် (မှန်ပါ့) မပျောက်ရင် သောတာပန်တည်ပါ့မလား (မတည်ပါ ဘုရား)။
ဒါဖြင့် ဒီအရူးလေးခုကို ပျောက်အောင်ဟာ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ် မဂ်ဉာဏ်မှ ဆရာဘုန်းကြီးက မဟောဘဲနဲ့ ဆုတောင်းနဲ့ ပျောက်လိမ့်မယ်ဆိုလို့ရှိရင်ဖြင့် မယုံကြနဲ့ (မှန်ပါ့ ဘုရား) ဘာမှ မဆိုင်ဘူး (မှန်ပါ့)။
ဉာဏ်အလုပ်လုပ်မှ အရူးပျောက်မယ်
တပည့်တော် ဘုရား အရူးပျောက်ရပါလို၏လို့ ဘယ်သွားတောင်းတောင်း မရဘူး (မရပါ ဘုရား) အရူးပျောက်ဆေးသည် ဒကာ ဒကာမတို့ ဝိပဿနာမဂ်ဉာဏ်မှ အရူးကို ပျောက်စေနိုင်တယ် (မှန်ပါ့) ဉာဏ်မရှိ၍ ရူးတာ၊ ဉာဏ်ရှိရင် ရူးပါ့မလား (မရူးပါ ဘုရား)။
ဒါဖြင့် ဉာဏ်အလုပ်လုပ်မှ အရူးပျောက်မယ် (မှန်ပါ့) ဉာဏ်အလုပ်မလုပ်ရင် (မပျောက်ပါ ဘုရား) သဘောပါ ကြပလား (ပါပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဉာဏ်အလုပ်ကို စ,ကြပါစို့ ဒကာသစ်ရေနော် (မှန်ပါ့) အခြေအမြစ်နဲ့ ပြောရတော့ ဒကာ ဒကာမတွေ မလွယ်ဘူးနော် (မလွယ်ပါ ဘုရား)။
ဒါ့ကြောင့် ရက်ရှည်နာပြီး ရက်ရှည်ကြိုးစားကြပါ၊ ခင်ဗျားတို့လည်း ကျန်းမာပါစေ ဘုန်းကြီးများလည်း ဟောနိုင်ပါစေဆိုတာကိုလည်း စေတနာက ရောက်ငြားသော်လည်း ခန္ဓာတွေက အနတ္တတွေ ဖြစ်နေတော့ မြန်မြန်လုပ် ကြ (မှန်ပါ့) မလုပ်သင့်ဘူးလား (လုပ်သင့်ပါတယ် ဘုရား)။
မြန်မြန်လုပ်ကြဆိုတဲ့ဥစ္စာ ခန္ဓာကိုယ်ကြီးကလည်း မည်သူမှ ကိုယ့်ခန္ဓာ ကိုယ်ပိုင်သေးဆိုင်သေးတဲ့ အခြေအနေ ရှကို မရှိသေးဘူး (မှန်ပါ့ ဘုရား)။
အဲ ရည်ရွယ်ချက်က တစ်မျိုး (ဖြစ်စဉ်က တစ်မျိုးပါ ဘုရား) ရည်ရွယ်ချက်ကတော့ ဆရာနဲ့ တပည့်ပဲ၊ သေသည်တိုင်အောင် ကြိုးစားမဟ ၊ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ် (မှန်လှပါ) ခန္ဓာကြီးက မလိုက်တော့ ဒကာကြွယ် တတ်နိုင်ရဲ့လား (မတတ်နိုင်ပါ ဘုရား)။
အဲဒါကြောင့် စိတ်သွားတခြား၊ ဓာတ်သွားတဖုံဆိုတဲ့အတိုင်း စိတ်ကတော့ အမှန်သွားတာပဲ၊ ဓာတ်ခန္ဓာကြီးက မလိုက်ပေဘူး (မလိုက်ပါ ဘုရား) ဒါကြောင့် အချိန်ရှိခိုက် လုံ့လစိုက်ဆိုတာကလေး မမေ့ပါနဲ့ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒိဋ္ဌိပယ်ပုံပြရအောင်နော် (မှန်ပါ့) ဒိဋ္ဌိပယ်ပုံပြရတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိက ခြောက်ဆယ့်နှစ်ပါးတောင် ရှိတယ် (မှန်ပါ့)။
ဒိဋ္ဌိက ဘယ်လောက်တုံး (ခြောက်ဆယ့်နှစ်ပါးပါ ဘုရား) ဪ ဒါ သောတာပန် မတည်သ၍ ကာလ ပတ်လုံး ဒီခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိကို ဒကာသစ် ပယ်နိုင်ပါ့မလား (မပယ်နိုင်ပါ ဘုရား)။
ကဲ ကျယ်မလာဘူးလား (ကျယ်ပါတယ် ဘုရား) ကျယ်ပေမယ့်လည်း မပူပါနဲ့တဲ့ ဒီ ဒကာ ဒကာမတွေ သေသေချာချာ ရှင်းအောင် ပြောပေးလို့ရှိရင် ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးရှိတဲ့အနက်က ဒကာ ဒကာမတို့ သဿတ, ဥစ္ဆေဒလွတ်ရင် ဒိဋ္ဌိကုန်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိလွတ်အောင်
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိလွတ်အောင် ဉာဏ်ထဲမှာ ဘုန်းကြီးကလည်း ပြောလို့ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ လည်း ရှင်းနေမယ်ဆိုရင်ဖြင့် ဒိဋ္ဌိမကုန်ဘူးလား (ကုန်ပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဆယ့်နှစ်ပါးကိုလည်း ပယ်ရမှာက ရှေးဦးစွာ ဘာပယ်ရမှာတုံး (ဒိဋ္ဌိအရင် ပယ်ရမှာပါ) ဒိဋ္ဌိကလည်း ဘယ်လောက်ရှိသတဲ့ (ခြောက်ဆယ့်နှစ်ပါးပါ ဘုရား)။
ခြောက်ဆယ့်နှစ်ပါးကို အများပယ်ရမှာလား-နှစ်ခုတည်း ပယ်လိုက်တာနဲ့ ခြောက်ဆယ့်နှစ်ပါးပြီးမှာလား (နှစ်ခု တည်းပယ်တာနဲ့ ခြောက်ဆယ့်နှစ်ပါး ပြီးပါတယ်ဘုရား)။
အင်း ဒီနှစ်ခုက ဘာပါလိမ့်ဗျာ (သဿတဒိဋ္ဌိနဲ့, ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။
ကဲ ဒါတွေကို ဒကာ ဒကာမတို့ အင်မတန် ပညာအရည်အချင်းနဲ့ ဒကာ ဒကာမတွေက ထောင်နိုင်တဲ့ နားရှိတဲ့ ပုဂ္ဂိုလ်ချင်းပေါင်းမိမှ ဒီအဓိပ္ပာယ်လည်း သိတော့မှာ (မှန်ပါ့) သာမညဆိုရင်တော့ (မသိပါ ဘုရား)။
မရဘူး၊ ဒါနတရား, သီလတရား, သမထ တရားလောက်နဲ့ ဒကာကြွယ် ဒါပယ်ရင် တခြားစီပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အေး ဒါကြောင့် ဂရုစိုက်ကြ-ဂရုစိုက်ကြဆိုတာ ဒကာ ဒကာမတို့ ခြောက်ဆယ့်နှစ်ပါးက နှစ်ပါးရှင်းသွား လို့ ရှိရင် ပြီးတာပဲ (မှန်ပါ့ ဘုရား)။
နှစ်ပါးရှင်းသွားရင် (ပြီးတာပါပဲ) အဲဒီတော့ ဒီနှစ်ပါးရှင်းအောင် အရှင်ဘုရား တပည့်တော်တို့ကို ကယ်တော် မူပါ-ယူတော်မူပါလို့ မဆိုသော်လည်း ဆိုဘိသကဲ့သို့ ဒကာ ဒကာမတွေ ဝိုင်းဝန်းပြီး လာကြပြန်တော့ ဟာ ဒီ နှစ်ပါး ပယ်ပေးရမယ်ဆိုတော့ ဒကာ ဒကာမတို့ ခန္ဓပဋိစ္စသမုပ္ပါဒ် ပြရလိမ့်ဦးမယ် (မှန်ပါ့ ဘုရား) ဘာပြရမှာတုံး (ခန္ဓပဋိစ္စသမုပ္ပါဒ် ပြရပါမယ်) ခန္ဓပဋိစ္စသမုပ္ပါဒ်ပြလိုက်တော့မှ သဿတနဲ့, ဥစ္ဆေဒလွတ်မယ် (မှန်ပါ့ ဘုရား)။
လွတ်သွားတဲ့အခါကျတော့မှ သဿတလည်း မရှိဘူး၊ သဿတဆိုတာ ခိုင်မြဲတာ (မှန်ပါ့) ဥစ္ဆေဒဆိုတာ ဒီဘဝပြီးရင် နောက်ဘဝမရှိဘူးလို့ ပြတ်သွားတဲ့ အယူဟာ ဥစ္ဆေဒလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) သဿတဆိုတာက ခိုင်မြဲတယ်လို့ ယူတာက သဿတ (မှန်ပါ့) မပျက်စီး ဘူးယူတာ (သဿတပါ) သဘောကျပြီနော် (မှန်ပါ့ ဘုရား)။
မပျက်စီးဘူး၊ ရုပ်နာမ်ဓမ္မတွေ မပျက်စီးဘူး ယူလိုက်ရင် (သဿတပါ) ရုပ်နာမ်ဓမ္မတွေ ပျက်ပြီးသည့်နောက် အဆက်မရှိဘူး ယူလိုက်ရင် (ဥစ္ဆေဒပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်နဲ့ ရှင်းမှသာလျှင်
ကိုင်း အဲဒီ့ သဿတ, ဥစ္ဆေဒကို ပဋိစ္စသမုပ္ပါဒ်နဲ့ ရှင်းမှသာလျှင် ဒကာကြွယ်ရေ နေရာကျတော့မယ် (မှန်ပါ့ ဘုရား)။
၎င်းပဋိစ္စသမုပ္ပါဒ် ဒကာ ဒကာမတွေက ဉာဏ်ထဲရှင်းပြီးလို့ ရှိရင် ဘုန်းကြီးက သစ္စာပြလိုက်လို့ရှိရင် ဒိဋ္ဌိကွာ သွားမယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာကြွယ်ရေ- အခြေအမြစ်နဲ့တကွ လာရမည့် တရားဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ဒီအထဲ ဒကာ ဒကာမတွေ ဘုန်းကြီးက တရားကိုအလကား ပေးနေတာပါ (မှန်ပါ့) ခင်ဗျားတို့ကို နာစေချင် လို့ ပြောတယ်လို့ ဒီလိုမယူနဲ့ (မှန်ပါ့) တစ်ရက်ပျက်ရင် နာလိမ့်မယ် (မှန်ပါ့ ဘုရား)။
တစ်ရက်ပျက်ရင် အင်မတန် နာသွားလိမ့်မယ်ဆိုတာကိုလည်း ကျန်းမာရေးလည်း ဂရုစိုက်ပါ (မှန်ပါ့ ဘုရား)။
တကယ့်ရှေးဦးစွာ အရူးနာ-အကြီးဆုံးအရူးနာကို ကုရမည့်အရေး ရောက်နေတဲ့အတွက် ဝေဒနာကလည်း မသေး (မှန်ပါ့) ဆေးကလည်း ကြီးစွာပေးရမှာ ဖြစ်ပြီးသကာလ နေတော့ ဒကာ ဒကာမတို့ ဒီဆေးမတွေ့ရင်ဖြင့် သံံသရာ့အရူးဟာ မပျောက်တော့ဘူး (မှန်ပါ့) ပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။
ဒါ့ကြောင့် တရားအဖိုးတန်အောင် ပြောတာလား- ရူးချက်က ပြင်းထန်တာလား (ရူးချက်က ပြင်းထန်တာပါ ဘုရား)။
ဒကာကြွယ် ကိုယ့်အရူး ကိုယ်သိဖို့ မလွယ်ဘူးနော် (မလွယ်ပါ) အခု ဘယ်နှစ်ပါးတုံး အရူးက (ဆယ့်နှစ်ပါးပါ) လူတစ်ယောက်မှာ ဘယ်နှစ်ပါးရှိသတုံး (ဆယ့်နှစ်ပါးရှိပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ပြမယ်နော် (မှန်ပါ့) ဒီလိုအကြောင်း, အကျိုးဆက်တဲ့တရား ကို နာရမှ ဒကာကြွယ်ရ လိုရင်းပါတယ်နော် (မှန်ပါ့ ဘုရား)။
ဘာလုပ်လို့ ဘာဖြစ်ဆိုတာ အင်း ဘာလုပ်လိုက်တာနဲ့ ဘာဖြစ်သွားတာပဲဆိုတဲ့ဥစ္စာ ပြနိုင်တာ မဟုတ်ပါ ဘူး (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလုပ်ကြပါစို့နော် (မှန်ပါ့) ဒါက ဒီဘက်က သားကလေးတစ်ယောက် ထားပါတော့နော် (မှန်ပါ့) သားကလေးတစ်ယောက်ကို မြင်တဲ့ စိတ်နဲ့ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။
ဒါကလေးက မြင်တဲ့စိတ်၊ မြင်တဲ့စိတ်လာပြီး သကာလ ခင်တဲ့စိတ်ကကော (လာပါတယ် ဘုရား)။
ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်
အင်း မြင်တဲ့စိတ်က ဒကာ ဒကာမတို့ “တိဏ္ဏံ သင်္ဂတိ ဖဿော” ဖဿဆိုပါတော့ဗျာ၊ မြင်စိတ်တွေ့တာ (မှန်ပါ့) ဖဿပစ္စယာ = မြင်ပြီးသကာလ အကောင်း အဆိုးရွေးတာက ဝေဒနာ (ဝေဒနာပါ) ခင်တာက (တဏှာပါ) စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်ဆိုတာ သိပြီနော် (မှန်ပါ့ ဘုရား)။
ဒါက ဟိုအစကလာတဲ့ ပဋိစ္စသမုပ္ပါဒ်လို့ မယူနဲ့ (မှန်ပါ့) ခင်ဗျားတို့ ယခုနေတဲ့ အခိုက်အတန့်မှာဖြစ်တာ (မှန်ပါ့) ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်လို့ ဒကာသစ် သေသေချာချာမှတ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာပဋိစ္စသမုပ္ပါဒ်တုံး (ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။
နောက်ဘဝက ပါလာတာ ဒီအထဲမှာမပါပါဘူး (မပါပါ ဘုရား) နောက်ဘဝက ပါလာတဲ့ ပဋိစ္စသမုပ္ပါဒ်ကို နောက်မှပဲ ပြမယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဘက်က ဒကာ ဒကာမတွေ သိတဲ့အတိုင်း သားကလေးပေါ့ (မှန်ပါ့) သားကလေး မျက်လုံးနဲ့ မမြင်ကြဘူးလား (မြင်ပါတယ်) မြင်လို့ရှိရင်ဖြင့် ဝမ်းသာလိုက်တာဆိုတဲ့ ဝေဒနာက (လာပါတယ်) ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။
မြင်-မြင်ခြင်းပဲ ဒကာ ဒကာမတို့ အရင်မေ့နေငြားသော်လည်း ခင်စိတ်ကလေး ဖျတ်ခနဲ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီ့ ခင်စိတ်ကလေးဟာ ဝေဒနာ ပစ္စယာ (တဏှာပါ) အင်း ဒါကို မျက်စိအောက်က အပျောက်မခံနိုင် သေးရဲ့လား (မခံနိုင်ပါ) မခံနိုင်တာက ဘာတုံး (ဥပါဒါန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကာယကံ, ဝစီကံနဲ့ ဒကာ ဒကာမတွေက ကျောကလေးသပ်၊ ရင်ကလေးသပ်နဲ့ ဟင် (မှန်ပါ့) ချွေးကလေးသုတ် ပေးနဲ့၊ ထမင်းကလေး ခေါ်ကျွေးနဲ့ ကာယကံ, ဝစီကံတွေကကော မလုပ်ကြဘူးလား (လုပ်ပါတယ်) ဒါက ဘာပါလိမ့် (ကမ္မဘဝပါ ဘုရား)။
ကမ္မဘဝပြီးတော့ ဒကာ ဒကာမတို့ ဒါပစ္စုပ္ပန်ဘဝ လမ်းဆုံးပါပြီ (မှန်ပါ့) ကမ္မဘဝ ပစ္စယာ ဒကာကြွယ်ဘာတဲ့ (ဇာတိပါ) ဇာတိဆိုတာ ပဋိသန္ဓေ (မှန်ပါ့) ဒါ နောက်ဘဝ ရောက်သွားပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီဘက်ကပစ္စုပ္ပန် (မှန်ပါ့) ဒီအနီကလေးက (အနာဂတ်ပါ) အနာဂတ်ဆတိုတာ သေချာပလား (သေချာ ပါပြီ) ဒါဖြင့် ဒီကြားထဲသေပြီးမှ ပဋိသန္ဓေနေပေါ့ဗျာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကမ္မဘဝပစ္စယာ ဘာတဲ့တုံး (ဇာတိပါ ဘုရား) သေသေချာချာ မှတ်ပါ၊ ဒါ ကံသာလုပ် တဲ့ ပုဂ္ဂိုလ်ဖြင့် ဇာတိလွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
သဿတဆိုတဲ့ဥစ္စာ
ဒါဖြင့် သဿတဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ်ကံကုန်ပြီးသကာလ ဒီကြားထဲမှာ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ စုတိကလေးတစ်ခု ထည့်လိုက်စမ်း (မှန်ပါ့ ဘုရား) သေတဲ့စိတ်ကလေးတစ်ခုထည့်လိုက် (မှန်ပါ့) သေပြီးတော့ ပဋိသန္ဓေ မနေဘူးလား (နေပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကံပြီးတော့ကို ဘာစိတ်လာသတုံး (စုတိစိတ်လာပါတယ် ဘုရား) စုတိစိတ်လာတယ် (မှန်ပါ့) စုတိပြီး ပဋိသန္ဓေစိတ်လာတယ် (လာပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သူအကြောင်း အကျိုးမဆက်ဘူးလား (ဆက်ပါတယ် ဘုရား) အင်း ကံကြောင့် ဘာဖြစ်သတုံး (စုတိဖြစ်ပါတယ် ဘုရား) အဲ စုတိဖြစ်ပြီး စုတိကြောင့် ဘာလာသတုံး (ပဋိသန္ဓေလာပါ တယ် ဘုရား) ဇာတိပဋိသန္ဓေ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီစုတိဆိုတဲ့စိတ်ဟာ နောက်ဆုံး ပိတ်စိတ် (မှန်ပါ့) ပစ္စုပ္ပန်ဘဝရဲ့ နောက်ဆုံးပိတ် စိတ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ပဋိသန္ဓေဆိုတာ အနာဂတ်ဘဝ၏အစ (မှန်ပါ့)။
ပဋိသန္ဓေဆိုတာ ဘာပါလိမ့် (အနာဂတ်ဘဝ၏ အစပါဘုရား) အနာဂတ်ဘဝ၏အစဆိုတာ ပေါ်လာပြီ (ပေါ် လာပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် သဿတဒိဋ္ဌိကို ဒကာသစ် အရင်ရှင်းပြမယ် (မှန်ပါ့)။
စုတိ စိတ်ဆိုတော့ ဒကာ ဒကာမတွေ ဒီဘဝ နောက်ဆုံးပိတ်စိတ် မနေဘူးလား (နေပါတယ် ဘုရား)။
စုတိစိတ်ဟာ ‘သဗ္ဗေသင်္ခါရာ အနိစ္စာ’ ဆိုတော့ စိတ်ကလေးဖြစ်သောကြောင့် ဖြစ်ပြီး ပျက်မသွားဘူးလား (ပျက်သွားပါတယ် ဘုရား) ဖြစ်ပြီး ပျက်သွားတဲ့အခါကျလို့ရှိရင်ဖြင့် စုတိဟာ ဒီနေရာတွင် ဖြစ်ပျက် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်ဖြစ်သွားတော့ သူ နိဗ္ဗာန်မရသေး မဂ်လေးတန်မရသေးတဲ့ ပုဂ္ဂိုလ်မှာ ပဋိသန္ဓေမလာပေဘူးလား (လာပါတယ် ဘုရား) လာတယ်နော် (မှန်ပါ့)။
ပဋိသန္ဓေလာတယ်ဆိုတော့ ဪ စုတိပြီး ပဋိသန္ဓေလာတာပဲ ဆိုတာတော့ အထင်အရှား (မှန်ပါ့) ပဋိသန္ဓေ ဘယ်သူ တည်ထောင်ပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ဒီကံကနေ တည်ထောင်လိုက် တယ် (မှန်လှပါ) ဒါကြောင့် ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ကံက ပဋိသန္ဓေကိုလုပ်သည် (မှန်ပါ့) ဒကာကြွယ် ဘယ့်နှယ်တဲ့တုံး (ကံက ပဋိသန္ဓေလုပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒီကံကလေးက ဒကာ ဒကာမတို့သိတဲ့အတိုင်းတဲ့ ပဋိသန္ဓေကို သွားလုပ်သလား ၊ ပဋိသန္ဓေ မဖြစ်,ဖြစ်အောင် သူက တည်တည်တံ့တံ့နဲ့ လုပ်သလားလို့ သူက မချုပ်ဘဲနဲ့ မပျက်ဘဲနဲ့ လုပ်နိုင်သလားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မချုပ်ဘဲနဲ့ လုပ်ပါတယ် ဘုရား)။
ကံလိုက်တယ်လို့ ယူတဲ့အယူဟာ
မချုပ်ဘဲနဲ့ လုပ်တယ် ဟုတ်လား (မှန်ပါ့) မလုပ်နိုင်ဘူးနော် (မှန်ပါ့) မချုပ်ဘဲနဲ့ လုပ်တယ်ဆိုလို့ရှိရင် ဒီကံ ကလေးက ဒီသွားပြီးသကာလ အိမ်ဆောက်ပေးနေသလို ခန္ဓာအိမ်ဆောက်နေတယ် (မှန်ပါ့) ဒီလို ယူတဲ့အယူဟာ သဿတဒိဋ္ဌိ (မှန်ပါ့ ဘုရား)။
ကံလိုက်တယ်လို့ ယူတဲ့အယူဟာ (သဿတဒိဋ္ဌိပါ ဘုရား)။
ဒါပြောရမယ်ဆိုတော့မယ်ဆိုတော့ အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ အမှတ်မှားတွေ တကယ်တမ်း ပြင်ရတော့မယ်ဆိုတော့ ဒကာသစ် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
ဒါကြောင့် တရားနာတဲ့အခါမှာလည်း ဒကာ ဒကာမတို့ တိုက်ရိုက်ဟောတဲ့နည်းနော် (မှန်လှပါ) သွယ်ဝိုက် ဟောတဲ့နည်း နှစ်နည်းရှိတယ် ဘုရားဟောထားတာ (မှန်ပါ့)။
တိုက်ရိုက်ဟောတဲ့နည်းကတော့ ဒကာ ဒကာမတို့ ဪ သူလုပ်လို့ သူရတယ်ဆိုတာ တိုက်ရိုက်ဟောတာ (မှန်ပါ့)။
သူလုပ်လို့ သူရတယ် (တိုက်ရိုက်ဟောတာပါ ဘုရား) သူက ဒီကံလုပ်တာနဲ့ သူနတ်ပဋိသန္ဓေရတယ် ဆိုတာ ကတော့ တိုက်ရိုက်ဟောတဲ့နည်း (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ်က သိရမှာက ဒီလိုသိလို့မရဘူး (မှန်ပါ့) ကိုယ်က သိရမှာက ဒီလိုသိလို့ရှိရင်ဖြင့် ဒီကံကနေပြီး ဒီအထည် ကို လုပ်နေပါတယ်ဆိုရင်ဖြင့် ဒီကံ ပျက်စီးတဲ့သဘော ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
ဒါဖြင့် ဒီကံသည် တောက်လျှောက်လိုက်ပြီး လုပ်ပေးနေတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါဘာဒိဋ္ဌိ ခေါ်ကြမယ် (သဿတဒိဋ္ဌိပါ ဘုရား)။
ဒကာကြွယ် ဒါကို ဂရုစိုက်နားထောင်ပါ (မှန်ပါ့) ဒိဋ္ဌိကို ခွါနေပြီ ဒကာ ဒကာမတို့ (မှန်လှပါ)။
ဒီကံက တိုက်ရိုက် နောက်ကလိုက်ပြီးသကာလ လိုက်လုပ်ပေးနေတယ် ပဋိသန္ဓေဖြစ်အောင် မတိမ်းမစောင်း အောင် စီးပွားရတနာတက်အောင် ဒီကံက မပျက်စီးဘဲနဲ့ လိုက်ပြီးလုပ်ပေးနေတယ်၊ စောင်မနေတယ်၊ ကြည့်ရှုနေတယ် လို့ ဒကာ ဒကာမတွေမှာ အယူရှိတယ် (မှန်လှပါ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် ဒီကံ ပျက်တဲ့သဘောယူသလား၊ မပျက်ဘဲနဲ့ လိုက်နေတဲ့သဘောယူသလား (မပျက်ဘဲနဲ့ လိုက်နေတဲ့ သဘော ယူပါတယ်ဘုရား) အဲဒါ သဿတဒိဋ္ဌိ (မှန်ပါ့)။
ဒီဒိဋ္ဌိရှိလို့ရှိရင်ဖြင့် ဒါနလုပ်လည်း နတ်ပြည်တော့ ရောက်ရမှာပဲ၊ သီလဆောက်တည်လည်း နတ်ပြည်တော့ ရမှာပဲ (မှန်ပါ့) နိဗ္ဗာန်တော့ မရဘူး (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒကာကြွယ် ဒီဥစ္စာ နားကြီးကြီးနဲ့ ထောင်နော် (မှန်ပါ့) ဘာခံနေလို့ မရတာတုံးဘုရားလို့ မေးတော့ သဿတဒိဋ္ဌိခံနေလို့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆောင်သိရမည့် နေရာဌာန
ဘာခံနေလို့လဲ (သဿတဒိဋ္ဌိခံနေလို့ပါ ဘုရား) ဒီကံသည်ပင်လျှင် သူ့ကို ယောကျ်ားဖြစ်အောင်, မိန်းမဖြစ် အောင် လုပ်ပေးနေတယ်၊ ဒီကံကလေးက နောက်က အရိပ်သဖွယ်လိုက်ပြီး သကာလ နေတော့တယ်ဆိုပြီးသကာလ ဒီ ‘နေယျတ္ထ’ ဆောင်သိရမည့် နေရာဌာနမှာ ‘နိတတ္ထ’ တိုက်ရိုက် ယူလိုက်လို့ရှိရင်လည်း သူ့မှာ ဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟေ့ တိုက်ရိုက်ယူရတဲ့နေရာလည်း ရှိတယ်ကွ၊ ဆောင်ပြီး ယူရတဲ့နေရာလည်း ရှိတယ်ကွ၊ ဒီနှစ်ခု မငြှိတတ်ရင် ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။
ဒီနှစ်ခု မငြှိတတ်ရင် (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား) ဒီကံကလည်း ဒကာ ဒကာမတို့ နာမ်ဓမ္မလား-ရုပ်ဓမ္မလား (နာမ်ဓမ္မပါ ဘုရား) နာမ်ဓမ္မဆိုရင် သဗ္ဗေသင်္ခါရာ အနိစ္စာဆိုတော့ ဖြစ်ပျက်ပေါ့ဗျ (မှန်ပါ့)။
ဒကာကြွယ် ကံကလေးဟာ ဘာပါလိမ့် (နာမ်ဓမ္မပါ) ဖြစ်ပျက်ပဲ မဟုတ်လား (မှန်ပါ့) ရုပ်လား-နာမ်လား (နာမ်ပါ ဘုရား) နာမ်ဆိုရင် ဘာတုံး (ဖြစ်ပျက်ပါ ဘုရား)။
ဒါဖြင့် သူဖြစ်ပြီး ပျက်သွားတာပဲတဲ့၊ ဒီကံကြောင့် ပဋိသန္ဓေနေတယ်ဆိုတာလည်း ဘုန်းကြီးများက မငြင်းပါဘူး (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
သူအလုပ်လုပ်တုန်းက ဒီကံလုပ်တုန်းက စေတနာကနာမ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူက ခိုင်းစေ တာကြီးက ရုပ် (မှန်ပါ့)။
နာမ်ရုပ်က လုပ်တာပါ
ဒါဖြင့် သူနာမ်ရုပ်အဖြစ်နဲ့ သူသည် လှူခြင်း၊ ဒါန်းခြင်း၊ ပေးခြင်း၊ ကမ်းခြင်း၊ အားထုတ်ခြင်း အလုပ်မလုပ် ဘူးလား (လုပ်ပါတယ် ဘုရား) ဘယ်သူက လုပ်တာတုံး (နာမ်ရုပ်က လုပ်တာပါ ဘုရား) စေတနာနာမ်ရယ်၊ သူက ခိုင်းစေတဲ့ရုပ်ရယ်၊ ဒီနာမ်ရုပ်က မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
အဲ ဒီ နာမ်ရုပ်က လုပ်ပြီး လုပ်တဲ့နေရာမှာ ချုပ်တယ် (မှန်ပါ့ ဘုရား) လုပ်ပြီးတော့ (လုပ်တဲ့နေရာမှာ ချုပ်ပါတယ် ဘုရား)။
နို့ ချုပ်သွားလို့ရှိရင် ကမ္မဘဝပစ္စယာ ဇာတိလို့ ဘုရားက ဘယ့်နှယ်ကြောင့် ဟောပါလိမ့်မတုံးဆိုတော့ အကြောင်းဆက်ပေးလို့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အကြောင်းကတော့ (ဆက်ပါသေးတယ် ဘုရား) အကြောင်းကတော့ ဆက်သေးသတဲ့ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။
အကြောင်းကတော့ ဘာတဲ့ (ဆက်ပါသေးတယ်) ဒါဖြင့် သူသည် ဒကာ ဒကာမတို့ မြင်လွယ် ထင်လွယ်အောင် ပြောရလို့ရှိရင် ဒိဋ္ဌိဖြုတ်ခဏ်းဟာ မလွယ်ဘူးနော် (မှန်ပါ့)။
ဒိဋ္ဌိဖြုတ်ခဏ်း မလွယ်ဘူး ဒကာ ဒကာမတို့ ဒီနေ့ တရားဟာ မနေ့က တမြန်နေ့ကထက် ခက်တယ်လို့ အောက်မေ့ပါ (မှန်လှပါ ဘုရား)။
ဒီနာမ်ရုပ်က လုပ်တော့ကို ဒီနာမ်ရုပ် ချုပ်သွားပြီးသည်၏ အခြားမဲ့၌ ဒီဘက်နာမ်ရုပ် မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။
ဪ ဒါဖြင့် ချုပ်တော့ ချုပ်သွားတယ်၊ သူ့သတ္တိက နာမ်ရုပ်အကြောင်းကြောင့် နာမ်ရုပ်အကျိုး မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။
အင်း ဒါဖြင့် အရင်ရှိတဲ့ ဒီနာမ်ရုပ်က လုပ်တာလား နောက် နာမ်ရုပ်ကို မေးလို့ရှိရင်ဖြင့် အရင်ရှိ တဲ့ နာမ်ရုပ်ကတော့ ချုပ်သွားပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အင်း သတ္တိက လုပ်တာပဲ (မှန်ပါ့)။
ဒီကံဟာ ဒီထိအောင် လိုက်သေးရဲ့ လား
ဒါဖြင့် အရင်ရှိတဲ့ နာမ်ရုပ်က ချုပ်သွားတယ်လို့ မသိလိုက်ဘူးလား (သိလိုက်ပါတယ်) သိလိုက်တော့ကို လုပ် တဲ့တရားဟူသ၍ မြဲသေးသလား (မမြဲပါ) မမြဲဘူးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီကံဟာ ဒီထိအောင် လိုက်သေးရဲ့ လား (မလိုက်ပါ) ဒီနာမ်ရုပ်ကံဟာလေ (မလိုက်ပါ ဘုရား) မလိုက်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
မလိုက်ဘူးဆိုတာ ဘယ့်နှယ်ကြောင့် မလိုက်နိုင်သတုံးမေးရင် ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးလှဘူးတို့ ဖြေစမ်း (အနိစ္စတရားမို့ပါ ဘုရား) အနိစ္စတရားမို့ မလိုက်နိုင်ဘူး (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့်လဲ (အနိစ္စတရားမို့ မလိုက်နိုင်တာပါ) သဘောကျပြီ (ကျပါပြီ) အနိစ္စတရားမို့ မလိုက်နိုင် ဘူးလို့ သိသွားသဖြင့် ဪ သဿတဒိဋ္ဌိ မရှိတော့ဘူး (မှန်ပါ့)။
အနိစ္စတရားမို့ ဒီထိအောင် လိုက်နိုင်သေးရဲ့လား (မလိုက်နိုင်ပါ ဘုရား) ဒီလို သိသွားသဖြင့် ဘယ်ဒိဋ္ဌိစင်သွား သတုံး (သဿတဒိဋ္ဌိ စင်သွားပါတယ်) နို့မဟုတ်ရင် သူလိုက်တယ်ဆိုရင် ခိုင်မြဲတယ် ဖြစ်နေမယ် (မှန်ပါ့)။
သူလိုက်တယ်ဆိုရင် (ခိုင်တယ်, မြဲတယ်ပါ) ခိုင်မြဲတယ်ဆိုရင် ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ) သူမသေဘဲနဲ့ လိုက်တယ်လို့ယူရင် သဿတဒိဋ္ဌိ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ကဲ သဿတဒိဋ္ဌိကို နားလည်သဖြင့် သူသာ သေသွားတယ်၊ သူနဲ့ အလားတူ နာမ်ရုပ် မပေါ်ဘူးလား (ပေါ်ပါတယ်) နောက်ဘဝလေ (မှန်ပါ့)။
ဒါဖြင့် နာမ်ရုပ်က လုပ်လိုက်လို့ နာမ်ရုပ်သာ ချုပ်သွားတယ်။ သတ္တိက ကျန်ရစ်ပြီးသကာလ နောက်နာမ်ရုပ် ကို ပေါ်စေတယ်ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒါဖြင့် အကြောင်းနဲ့ အကျိုး မဆက်ဘူးလား (ဆက်ပါတယ်) အကြောင်းနဲ့ အကျိုးဆက်တာ သိသဖြင့် ဥစ္ဆေဒ ဒိဋ္ဌိလည်း လွတ်ပါတယ် (မှန်ပါ့)။
သဿတဒိဋ္ဌိ လွတ်ပါတယ်
အကြောင်း အထည် မလိုက်ဘူးဆိုတာ သိသဖြင့် ဘာတုံး (သဿတဒိဋ္ဌိ လွတ်ပါတယ် ဘုရား)။
ဒီနှစ်လုံးကို သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့ နာရီကလည်း နီးနေပြီ၊ အလွန် အရေးကြီးနေတာ (မှန်ပါ့) အင်မတန် အရေးကြီးတယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ မှားနေတာက တစ်နိုင်လုံး မှားနေတာ ရှိသေးတယ် (မှန်ပါ့) အဲဒါ ရှင်းပြပါမယ်။
ဒါဖြင့် ကမ္မဘဝပစ္စယာ ဇာတိဆိုတာသည် ဘုရားကလည်း ဟောခဲ့တော့ အကြောင်းအကျိုးတော့ ဆက်ရမယ် (ဆက်ရပါမယ် ဘုရား) သို့သော် ဒီအကြောင်းသည် တိုက်ရိုက်လိုက်သလားမေးရင် (မလိုက်ပါ ဘုရား)။
ဘာဖြစ်လို့လဲ ဒီမှာလုပ်တဲ့ နာမ်ရုပ်သည် (ဒီမှာပဲ ချုပ်ပါတယ်ဘုရား) ဒီမှာတွင် ချုပ်တာ သိလိုက်သဖြင့် ဘာဒိဋ္ဌိ စင်သွားသတုံး (သဿတဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။
ဪ နာမ်ရုပ်သာ ချုပ်သွားတယ်၊ သူ့သတ္တိက ဒီဘက်မှာ အကြောင်းဆက်လျက်ပဲလို့ မသိဘူးလား (သိပါတယ် ဘုရား) ဒီလို သိလိုက်သဖြင့် ဘာဒိဋ္ဌိ စင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။
တစ်လုံးပြောလိုက်တာနဲ့ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိစင်တယ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) တစ်လုံး ပြောလိုက်တာနဲ့ (သဿတ ဥစ္ဆေဒ စင်ပါတယ်ဘုရား)။
ပြန်ပြောဦးမယ် သုံးခေါက်စေ့အောင် ဒကာ ဒကာမတို့ ဒီဟာ အင်မတန် အရေးကြီးပါတယ် (မှန်ပါ့) အရေး ကြီးပုံ-မကြီးပုံကို ခင်ဗျားတို့ လုပ်သ၍ မှားလာတာကို နောက်ဖော်ပြောမယ် (မှန်ပါ့)။
ခင်ဗျားတို့ ဘယ်လောက်ထိအောင် ဒီ ဒကာ ဒကာမတွေမှာ အယူသီးပြီးသကာလ အမှားကြီး မှားနေတယ်ဆို တာ ဒကာကြွယ် ရှင်းလိမ့်မယ် (မှန်ပါ့)။
တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်ဆိုတာ
ဒီဟာတွေလည်း တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်ဆိုတာ သိကြပါပြီ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံပြုလုပ်တုန်းက နာမ်နဲ့ ရုပ်နဲ့ ပြုလုပ်လိုက်တယ် မဟုတ်လား (မှန်ပါ့) ပဋိသန္ဓေ ဖြစ်အောင်လေ (မှန်ပါ့) ဒီကံပြုလုပ်တယ်၊ ပြုလုပ်တဲ့နေရာတွင် ဒီနာမ်ရုပ် ဘယ့်နှယ့်နေသတုံး (ချုပ်ပါတယ် ဘုရား)။
ချုပ်တာ သိလိုက်သဖြင့် ဘယ်ဒိဋ္ဌိ စင်သတုံး (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား) မခိုင်ဘူး မမြဲဘူးကိုး (မှန်ပါ့) သူအထည်မလိုက်ဘူးဆိုတာ မသိဘူးလား (သိပါတယ် ဘုရား) သို့သော် သူ့သတ္တိ အကြောင်းကင်းလို့ ပဋိသန္ဓေ ပေါ်နိုင်ရဲ့လား (မပေါ်နိုင်ပါ ဘုရား) မပေါ်နိုင်တာ သေချာတော့ ကမ္မဘဝပစ္စယာ ဇာတိဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဘုရားက ပစ္စယ အကြောင်းကလေးသာ ဆက်တာပါကွာ၊ အထည်တော့ မဆက်ပါဘူးလို့ ပြောလျက်သားပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အကြောင်းကတော့ (ဆက်ပါတယ် ဘုရား) အထည်တော့ (မဆက်ပါ ဘုရား)။
အဲ အထည်မဆက်ဘူးလို့ ယူလို့ရှိရင်ဖြင့်တဲ့ ဒကာသစ် သဿတဒိဋ္ဌိလွတ်ပြီ (လွတ်ပါပြီ ဘုရား) အကြောင်း ဆက်တယ်လို့ သိလိုက်သဖြင့်လည်း ဥစ္ဆေဒဒိဋ္ဌိလွတ်တယ် (မှန်ပါ့ ဘုရား) သေရင် ပြတ်တာပဲဆိုတာက လာသေးရဲ့ လား (မလာပါ ဘုရား)။
ဒါဖြင့် ယနေ့ ဒီနှစ်လုံးကို ပြောလိုက်တယ် ဒကာ ဒကာမတို့ သဿတ, ဥစ္ဆေဒ လွတ်ပလား (လွတ်ပါပြီ ဘုရား)။
သဿတ, ဥစ္ဆေဒ မလွတ်သ၍
သေသေချာချာ စဉ်းစားပါ၊ သဿတ, ဥစ္ဆေဒ မလွတ်သ၍ ကာလပတ်လုံး ဘယ်တော့မှ နိဗ္ဗာန်မရနိုင်ဘူး (မှန်လှပါ ဘုရား)။
သဿတလည်း မလွတ်ဘူး၊ ဥစ္ဆေဒလည်း မလွတ်ဘူး၊ တစ်ခုခုငြိရင် ဘယ်တော့မှ နိဗ္ဗာန်မရဘူး (မှန်ပါ့ ဘုရား) ရွှေကျောင်းကြီးဆောက်, ရွှေဘုရားကြီးတည်မရဘူး (မှန်ပါ့) ဒကာကြွယ် သေချာပလား (သေချာပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ အထူးဂရုစိုက်ပြီး ဒီနေရာကလေးမှာ မှတ်စမ်းပါ (မှန်ပါ့) ဘုရားကတော့ဖြင့် ကမ္မဘာပစ္စယာ (ဇာတိပါ ဘုရား)။
ကမ္မဘဝဆိုတာ ကံချည်းသက်သက် ဒီအတိုင်းလုပ်တာမဟုတ်ဘူး၊ ကာယကံ ဝစီကံဆိုတော့ ကာယဆိုတာ ရုပ်လည်းပါသေးတယ် (မှန်ပါ့) ကာယကံ ဝစီကံ မနောကံဆိုတာ အကုန်ပါ မနေဘူးလား (ပါပါတယ် ဘုရား)။
ကိုယ်နဲ့ပြဋ္ဌာန်းပြီး လုပ်တာပါတယ် (မှန်ပါ့) စကားနဲ့ ပြဋ္ဌာန်းပြီ ခိုင်းစေပြီးလုပ်တာကော (ပါပါတယ် ဘုရား) မနောထဲကတွင် လုပ်ကိုင်နေတာကော (ပါပါတယ် ဘုရား) အဲ ကမ္မဘဝဆိုတာ ကာယကံ ဝစီကံ မနောကံ (မှန်ပါ့) နာမ်ရော ရုပ်ရောပဲ (မှန်ပါ့)။
ဒီနာမ်ရုပ်သည် ဒကာ ဒကာမတို့ နောက်ဘဝ ဇာတိဆီလိုက်သလား-မလိုက်ဘူးလား၊ အထည်လိုက်သလား- မလိုက်ဘူးလား မေးရင် ဘယ့်နှယ်ပြောမလဲ (မလိုက်ပါ ဘုရား) လုပ်တဲ့ နေရာမှာပဲ ဘာတုံး (ချုပ်ပါတယ် ဘုရား)။
ဒီလိုသိတော့ ဒကာသစ် ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား) သို့သော် နောက်အကျိုးတရား မပေါ်ဘူးလား-ပေါ်သလား (ပေါ်ပါတယ် ဘုရား) သူ့သတ္တိကင်းရဲ့လား (မကင်းပါ ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိကော မစင်ဘူးလား
မကင်းတော့ကို မကင်းကြောင်းသိသဖြင့် ဘယ်ဒိဋ္ဌိစင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိစင်သွားပါတယ် ဘုရား) လုပ်ပေ မယ့် အလကားပဲ၊ ဘာမှ အကျိုးမရှိဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိကော မစင်ဘူးလား (စင်ပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ သဿတ, ဥစ္ဆေဒစင်ပလား (စင်ပါပြီ ဘုရား) ဒါဖြင့် ဒီအကြောင်းနဲ့ ဒီအကျိုး ပြောသဖြင့် ဒီအကြောင်းနဲ့ ဒီအကျိုးလည်း ဒီအတိုင်းပဲ (မှန်ပါ့) ဒီအကြောင်းနဲ့ ဒီအကျိုးကော (ရှိပါတယ် ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးမှာ ကံနဲ့ ပဋိသန္ဓေဆက်ပြီး သကာလ ချုပ်ပုံ, သတ္တိဆက်ပုံ ပြလိုက်သဖြင့် ဘယ်ဒိဋ္ဌိစင်သွားသတုံး (သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိစင်သွားပါတယ်ဘုရား)။
အဲဒီ့ သဿတ-ဥစ္ဆေဒ စင်သွားလို့ရှိရင်ဖြင့် ဒါတွေဟာ ငါထင်သေးရဲ့လား (မထင်ပါ ဘုရား) သက္ကာယ အကုန်ပြုတ်ပြီ (မှန်ပါ့)။
သက္ကာယဒိဋ္ဌိပြုတ်ပြီ၊ အသိနဲ့ပြုတ်ပါပြီ (မှန်ပါ့) နောက်ကို ဘုန်းကြီး အပွားနဲ့ပြုတ်ပုံ, အပယ်နဲ့ပြုတ်ပုံ ခင်ဗျား တို့ကို ခိုင်းရဦးမယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒီတစ်လုံးဟာ ဒကာ ဒကာမတို့ အဖိုးတန်တယ်လို့ ဘုန်းကြီးပြောတာ ချီးမြှောက်ပြောတယ်လို့ မယူနဲ့ (မှန်ပါ့) ဗုဒ္ဓဘာသာတွေမှာ သဿတရှိနေတယ် (မှန်ပါ့)။
ဗုဒ္ဓဘာသာတွေမှာ ဘယ်လို သဿတရှိနေသတုံးလို့ မေးတော့မှ ဒကာသစ်ရေ အသက်ကလေး ထွက်သွား တယ် တဲ့ (မှန်ပါ့ ဘုရား။
အသက်ကလေး (ထွက်သွားပါတယ် ဘုရား) ဒါဖြင့် ဒီအသက်ဆိုတဲ့ ဝိညာဏ်ကလေးဟာ ထွက်ပြီးတော့မှ တစ်ခုသော ဝမ်းခေါင်းထဲမှာ ပဋိသန္ဓေသွားနေတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ့ ဘုရား)။
အသက်ထွက်သွားတယ်လို့ ယူတဲ့အယူ
အသက်ထွက်သွားတယ်လို့ ယူတဲ့အယူဟာ ဗုဒ္ဓဘာသာမှာ ရှိတယ် (ရှိပါတယ် ဘုရား) အဲဒါ ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား)။
နဂိုရ်ကမှ ခန္ဓာကိုယ်ထဲ အသက်မရှိဘဲနဲ့ အသက်ထွက်သွားတယ်ဆိုတဲ့ဥစ္စာ ဒီအသက်ကလေးဟာ ဘယ်များ ထွက်သွားပြီး ဘယ်များ အောင်းနေပါလိမ့်မတုံးလို့ ဒကာကြွယ် တချို့ မယူဘူးလား (ယူပါတယ် ဘုရား) အောင်းတာ အသာထားပါတော့၊ အသက်ထွက်သွားပြီဆိုလို့ရှိရင်ဖြင့် အသက်ကလေးဟာ ဒီဝမ်းထဲက ထွက်သွားတယ် (မှန်ပါ့) အသေရယ်လို့ ပါသေးရဲ့လား (မပါပါ ဘုရား) ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။
ဒါဖြင့် ဗုဒ္ဓဘာသာတွေမှာ ဒါရှိ-မရှိ (ရှိပါတယ် ဘုရား) ဒါဖြင့် ဒီပုဂ္ဂိုလ်တွေ ဒကာကြွယ် နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား) ဘာဒိဋ္ဌိခံနေသလဲ (သဿတဒိဋ္ဌိ ခံနေပါတယ်ဘုရား) ဘယ်တော့မှ မရဘူး (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီတရားမျိုး၊ ဒီအပြောမျိုး၊ ဒီအသိမျိုးကို မသိရတဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့် တယ်စိုးရိမ်စရာ ကောင်းတယ် (စိုးရိမ်စရာပါ ဘုရား) ဒကာ ဒကာမတို့ သိပ်စိုးရိမ်စရာကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘဝကူးတယ်လို့ တချို့ကလည်း ယူပြန်တယ်
ဘဝကူးတယ်လို့ တချို့ကလည်း ယူပြန်တယ် (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘယ်လိုယူပါလိမ့် (ဘဝကူးတယ်လို့ ယူပါတယ်ဘုရား)။
ကူးတယ်ဆိုတဲ့ သဘောသည် ဒကာ ဒကာမတို့ ဒီနေရာမကောင်းလို့ ဒီနေရာ ပြောင်းတာ (မှန်ပါ့) ဒါဖြင့် မူလအထည်ဟာ ပျောက်သလား၊ ပြောင်းသလား (ပြောင်းတာပါ ဘုရား) ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။
ဒါ ဘယ်ဘာသာဝင်တွေမှာ ရှိနေပါလိမ့် (ဗုဒ္ဓဘာသာဝင်တွေမှာ ရှိနေပါတယ်ဘုရား)။
ဟာ ဗုဒ္ဓဘာသာဝင်တွေဟာ သဿတဒိဋ္ဌိတွေပါလား (မှန်ပါ့) သူဟာ နာမည်က ဗုဒ္ဓဘာသာ၊ အယူက ဒိဋ္ဌိ (မှန်လှပါ) နာမည်က (ဗုဒ္ဓဘာသာပါ ဘုရား) အယူက (ဒိဋ္ဌိပါ ဘုရား)။
အင်း ဒကာကြွယ်လည်း သေခါနီးမှ ဒီအယူစွန့်ရဦးမှာနော် (မှန်ပါ့) မလွယ်ဘူး, မလွယ်ဘူး (မလွယ်ပါ ဘုရား) တော်, တော် အရေးကြီးတယ်ဆိုတာ ဒကာကြွယ် (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့ နှုတ်ကလည်း တက်နေသေးတယ်၊ စိတ်ထဲကလည်း စွဲထားလိုက်သေးတယ် (မှန်ပါ့)။
နှုတ်ကကော (တက်နေပါတယ် ဘုရား) ဟော အသက်ထွက်ပြီဟေ့ အသက်ထွက်ပြီဟေ့တဲ့ (မှန်ပါ့) အမယ်လေး သူသွားပြီလို့ ပြောတာ (မှန်ပါ့ ဘုရား)။
မြင်လိုက်ရသလားလို့ မေးတော့လည်း မြင်လိုက်ရတာ မဟုတ်ဘူး (မမြင်ပါ ဘုရား)။
သို့သော် ရှေးက ယူထားတဲ့အယူကြောင့် ဒကာကြွယ်တို့က ဘာထွက်တယ်ဆိုသလဲ (အသက်ထွက်တယ် ဆိုပါတယ် ဘုရား)။
သဿတ ဒိဋ္ဌိ
အသက်ထွက်တယ် (မှန်ပါ့) ခက်ပြီ၊ သူ ဒီနေရာမကောင်းလို့ ပြောင်းပြီ (မှန်လှပါ) ဘာဒိဋ္ဌိပါလိမ့် (သဿတ ဒိဋ္ဌိပါ ဘုရား)။
ဒီအယူ မစွန့်သ၍ ကာလပတ်လုံး ဒကာ ဒကာမတို့ ဘယ်တော့မှ နိဗ္ဗာန်မရဘူး (မှန်လှပါ) ရနိုင်စရာ မြင် သေးရဲ့လား (မမြင်ပါ ဘုရား)။
ခုနင်က ပြောလိုက်တော့ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား) အကြောင်းအကျိုးတော့ ဆက်တယ်၊ လိုက်တော့ မလိုက်ဘူး (မှန်လှပါ)။
အကြောင်းအကျိုးတော့ (ဆက်ပါတယ် ဘုရား) လိုက်တော့ (မလိုက်ပါ ဘုရား) အဲ ထွက်စရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) ဒါဖြင့် ရုပ်နာမ်ကို အသက်ခေါ်ကြတာကိုး (မှန်လှပါ) ဒီရုပ်နာမ်အသက်သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဟိုဘဝ, လိုက်ကဲ့လား (မလိုက်ပါ ဘုရား) သတ္တိတော့ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။
အဲဒီလို သိထားတော့ သဿတလည်း လွတ်ပါတယ် (လွတ်ပါတယ် ဘုရား) ဥစ္ဆေဒကော (လွတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့ ဗုဒ္ဓဘာသာမှာ ဘယ်ဒိဋ္ဌိများသတုံး (သဿတဒိဋ္ဌိများပါတယ်) အင်း သူနိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)။
သစ္စာနုလောမိကဉာဏ်တောင် မရနိုင်
အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာတယ် (မှန်ပါ့) အကြင်ပုဂ္ဂိုလ်မှာတဲ့ တစ်စုံတစ်ခုသောတရားကို ခိုင်တယ်, မြဲတယ်, လိုက်တယ်လို့ ယူငြားအံ့ ထိုပုဂ္ဂိုလ်သည် သစ္စာနုလောမိကဉာဏ်တောင် မရနိုင်ဘူးကွတဲ့ (မှန်ပါ့) ဘုရားက သေသေ ချာချာ ဟောတယ် (မှန်ပါ့ ဘုရား)။
သစ္စာနုလောမိကဉာဏ်မှ မရလို့ရှိရင်လည်း မဂ်ဉာဏ်မရဘူးကွတဲ့ (မှန်ပါ့) မဂ်ဉာဏ်မရလို့ရှိရင် သောတာပန် မဖြစ်နိုင်ဘူးကွတဲ့ (မှန်ပါ့) သောတာပန်မှ မဖြစ်လို့ရှိရင် သကဒါဂါမ်, အနာဂါမ်, ရဟန္တာမဖြစ်နိုင်ဘူးကွတဲ့ (မှန်ပါ့) ငါဘုရား တစ်ထစ်ချ ဟောတယ်ဆိုပြီး သကာလ ဟောတော်မူတယ် (မှန်ပါ့ ဘုရား)။
သဿတခံနေရင် မရဘူးတဲ့ (မရပါ) ဥစ္ဆေဒခံနေရင်ကော (မရပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်-ဒီတရားမျိုးကိုလည်း မနာဖူးဘူး-မသိဖူးဘူး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေမှာ သဿတ လွတ်ဖို့အတော်ခက်ပြီ (ခက်ပါတယ်) ဦးဘအုန်း-မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပြန်ပြောလိုက်ပါဦးမယ် ခင်ဗျားတို့ နာရီတော့ စေ့နေပြီ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ပြုလိုက်တဲ့ကံသည် ဟုတ်လား (မှန်ပါ့) အထည်နဲ့တကွ နောက်ဘဝ လိုက်သလား (မလိုက်ပါ ဘုရား)။
ဘာဖြစ်လို့ မလိုက်သလဲ (ချုပ်ပျောက်သွားလို့ပါ) ဘယ်သူချုပ်သတုံး (ရုပ်နာမ်ချုပ်ပါတယ်) လုပ်တဲ့နေရာမှာ ချုပ်တယ် ရှင်းရှင်းပြောပါ (မှန်ပါ့ ဘုရား)။
လုပ်တဲ့နေရာမှာ (ချုပ်ပါတယ်) အခုလုပ်- အခုချုပ်တာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လုပ်တဲ့ကံတွေ, ဉာဏ်တွေ, စေတနာတွေဟာ မြဲရဲ့လား (မမြဲပါ ဘုရား)။
မမြဲမှန်း သိတဲ့အတွက်တဲ့ သဿတဒိဋ္ဌိ လွတ်ပါတယ် (လွတ်ပါတယ်) သို့သော် သူ့အကြောင်း ကင်းပြီးသကာလ နောက်ပဋိသန္ဓေတွေ နောက်ဘုံနန်းတွေ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။
အထည်မလိုက်ဘူး၊ သတ္တိလိုက်တယ်
ဒါဖြင့် အထည်မလိုက်ဘူး၊ သတ္တိလိုက်တယ် (မှန်ပါ့) အထည်မလိုက်ဘူး (သတ္တိလိုက်ပါတယ် ဘုရား)။
ဒါဖြင့် အထည်မလိုက်ဘူး သိသဖြင့် ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား) သတ္တိလိုက်တာ သိသဖြင့် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်ဘုရား)။
ဒါဖြင့် အသက်ထွက်တာလည်း မရှိဘူး (မှန်ပါ့) ဘဝကူးတာကော (မရှိပါ) မရှိပါဘူးတဲ့၊ ဒီရုပ်နာမ် ဟိုဘက်ကို ကူးနိုင်ရဲ့လား (မကူးနိုင်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
လောကီ ဥပမာကလေးတစ်ခု
လောကီ ဥပမာကလေးတစ်ခု ရှင်းရှင်းကလေး ခင်ဗျားတို့ မှတ်သွားစမ်းပါ၊ သဿတ, ဥစ္ဆေဒနေရာမှာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်က ဘန်ကောက်အထည်မှာ သူသည်ကားလို့ဆိုရင်ဖြင့် ထူးထူးချွန်ချွန် လုပ်နိုင်တဲ့ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်လို့တောင် မြို့နယ်ကနေပြီး သမုတ်ကြတယ် (မှန်ပါ့) ကျစ်နည်း၊ ဆိုးနည်း၊ ခတ်နည်း၊ ဆင်နည်း၊ ပြင်နည်း ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်က သူခင်တဲ့ပုဂ္ဂိုလ်ကို ပေးလိုက်တယ် (မှန်ပါ့) ပေးလိုက်တော့ ဟိုပုဂ္ဂိုလ်မှာ သူ့ဆင်နည်း, ပြင်နည်း, ဆိုးနည်း, ခတ်နည်းဆိုတာတွေ ရမသွားဘူးလား (ရသွားပါတယ် ဘုရား)။
ရသွားတော့ ဒကာကြွယ် လိုက်သွားလို့ ရတာလား ဒကာကြွယ် သတ္တိတွေ ရောက်တာလား (ဒကာကြွယ် သတ္တိတွေ ရောက်တာပါ) ဒကာကြွယ်ကော အကြောင်းကင်းရဲ့လား (မကင်းပါ ဘုရား) ဒကာကြွယ်က ဟိုဆီလိုက်သေး သလား (မလိုက်ပါ ဘုရား)။
အဲဒါကိုမှတ်ရမယ် (မှန်ပါ့) မလိုက်ဘူးလည်း မဟုတ်ဘူး၊ သတ္တိကလိုက်တယ် (မှန်ပါ့) လူကိုယ်တိုင် လိုက်သလား လို့ မေးမြန်တော့ (မလိုက်ပါ ဘုရား)။
ဒါဖြင့် လူကိုယ်တိုင် မလိုက်တာသိရသဖြင့် သဿတဒိဋ္ဌိစင်ပါတယ် (မှန်ပါ့) သတ္တိလိုက်တာ သိရသဖြင့်လည်း ပြတ်သွားတာ မဟုတ်ဘူး၊ ဥစ္ဆေဒသဘော မရောက်ဘဲနဲ့ အကြောင်းအကျိုးဆက်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကော မရဘူးလား (ရပါတယ် ဘုရား)။
မန္တာန်တွေရှိတယ်
ဒကာကြွယ်ရိပ်မိပြီ (ရိပ်မိပါပြီ) ကဲ နောက် ဒီဥပမာတစ်ခု ခုနင်ကဟာနဲ့ပဲ တန်းတူထားလိုက်ပါတော့၊ တချို့ မန္တာန်တွေရှိတယ် (မှန်ပါ့ ဘုရား)။
ကျုပ်မှာ မြွေကိုက်နေတယ်ဗျာလို့ ဆိုပြီး တစ်ယောက်သော ပုဂ္ဂိုလ်က လာခေါ်တယ် (မှန်ပါ့) ဆရာကလည်း မအားလို့ မလိုက်နိုင်ဘူး၊ ဒီမန္တာန်ကလေးနဲ့ သွားကုလိုက်ပါကွာဆိုပြီး လွှတ်လိုက်တော့ ဟိုမှာဝေဒနာပျောက်တယ် (မှန်ပါ့ ဘုရား)။
ဒီဆရာ့ဆီမှာကော ဒီမန္တာန်ကုန်သလား (မကုန်ပါ) ဒီမန္တာန် ဟိုကိုမလိုက်ဘူးလို့ကော ဆိုလို့ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ဆရာမလိုက်တာ ထောက်လိုက်လို့ရှိရင်လည်း ဒကာ ဒကာမတို့ သဿတဒိဋ္ဌိလွတ်ပါတယ် (လွတ်ပါ တယ်) ဆရာမှ ဟိုမလိုက်ဘဲကိုး (မှန်ပါ့) သတ္တိလိုက်တာ ထောက်လိုက်သဖြင့်လည်း သတ္တိပြတ်သေးသလား၊ သတ္တိအား ဖြင့်တော့ အကြောင်းအကျိုးဆက်သေးသလား (အကြောင်းအကျိုးဆက်ပါတယ်) ဆက်တာ ထောက်လိုက်လို့ရှိရင် ဘယ်ဒိဋ္ဌိစင်သလဲ (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒီလိုပဲတဲ့ နာမ်ဓမ္မတွေဟာ တစ်ခုနဲ့ တစ်ခုသတ္တိတော့ ဆက်တယ်၊ အထည်တော့ဖြင့် ဖြစ်တဲ့နေရာ ချုပ်တာ ချည်းပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သဿတ, ဥစ္ဆေဒ ယနေ့ စင်ပလား
ဒါဖြင့် ဒကာ ဒကာမတို့ သဿတ, ဥစ္ဆေဒ ယနေ့ စင်ပလား (စင်ပါပြီ) တကယ်စင်ရဲ့လား (စင်ပါတယ် ဘုရား)။
ဒါဖြင့် အသက်ထွက်တာ မှန်-မမှန် (မမှန်ပါ) ဘဝကူးတာ (မမှန်ပါ) ကူးရင် ဒါကြီးဟာ မပျက်ဘဲနဲ့ ကူးလိမ့် မယ် (မှန်ပါ့) တံတားကြီး ကုန်းကူးသလို (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီလိုကိုလိုက်နိုင်ရဲ့လား (မလိုက်နိုင်ပါ) ဒီနေရာဖြစ် ဒီနေရာချုပ်ရမှာပဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီတရားက အထည်မလိုက်ဘူးဆိုတာကော (ယုံကြည်ပါတယ် ဘုရား) အထည်မလိုက်ဘူးဆိုတာ သိသဖြင့် ဒကာသစ် ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား)။
ဪ အထည်တော့ဖြင့် ချုပ်သွားတာပဲ၊ သတ္တိကလေးက ကျေးဇူးပြုသေးတယ် (မှန်ပါ့) ပဋိသန္ဓေကျေးဇူး ပြုသေးတယ်ဆိုတာ မယူရဘူးလား (ယူရပါတယ်) အဲဒီလို သိလိုက်ပြန်တော့ ဘယ်ဒိဋ္ဌိစင်သတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား)။
ဪ အထည်သာပြတ်တယ်၊ သတ္တိမပြတ်ဘူး ဆိုသဖြင့် ဒိဋ္ဌိနှစ်ခုစင်ပါတယ် (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ သဿတ, ဥစ္ဆေဒစင်တဲ့နေ့ ၊ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တဲ့နေ့ (မှန်ပါ့ ဘုရား)။
ဒါလောက်နဲ့ သေရင် နက်ဖြန်သေရင် အပါယ်တော့ မကျဘူး (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင်တော်ကြပါဦးစို့။
သာဓု သာဓု သာဓု။