11608

မာတိကာသို့

ဝိပ္ပလ္လာသဆယ့်နှစ်ပါး

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌ – ဟောကြားတော်မူသော

(ဝိပ္ပလ္လာသဆယ့်နှစ်ပါး)နေ့အလုပ်ပေး တရားတော်

(၃-၈-၆၁)

မှားတာ မှားမှန်းမသိလို့

ပြင်ဖို့ အရေးကြီးတယ်ဆိုတဲ့ဥစ္စာ မှတ်ထားကြပါ (မှန်ပါ့ ဘုရား) ဘာအရေးကြီးပါလိမ့် (ပြင်ဖို့ အရေးကြီးပါ တယ် ဘုရား)။

သို့သော် ဒကာ ဒကာမတွေမှာ ဘယ်လိုဖြစ်နေသလဲလို့ မေးလုံးထုတ်လို့ရှိရင်ဖြင့် မှားတာကို မှားမှန်းမသိလို့ ပြင်မည်ဆိုတဲ့စိတ် ဘယ်တော့မှမပေါ်လာဘူး (မပေါ်လာပါ ဘုရား)။

မှားတာ မှားမှန်းမသိလို့ (ပြင်မည်ဆိုတဲ့စိတ် ဘယ်တော့မှ မပေါ်လာပါ ဘုရား)။

အဲဒါ ဘုရားတစ်ဆူတစ်ဆူပွင့်လို့ သာသနာထားခဲ့လို့ အားလုံးသော ပုဂ္ဂိုလ်တွေကို ပြောကြားညွန်ပြတဲ့ ဟော တတ်တဲ့ပုဂ္ဂိုလ်လည်း ပေါ်ပါမှ ဪ မှားနေပါလား- ပြင်မှတော်မယ်လို့ဆိုတဲ့ စိတ်ဟာ ပေါ်ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

မိဘရိုးရာအတိုင်းသာဖြင့် ဒါသားပဲ, ဒါသမီးပဲ, ဒါမြေးပဲ, ဒါမြစ်ပဲ, ဒါပစ္စည်းပဲ, ဒါစိန်ပဲ-ရွှေပဲ-ငွေပဲ-မြပဲ ဆိုသလိုပဲ ဒီကကို ကျော်မထွက်တော့ဘူး (မှန်ပါ့ ဘုရား)။

ဒါတွေဟာ အနိစ္စတွေပဲ, အသုဘတွေပဲ, ဒုက္ခတွေပဲ, အနတ္တတွေပဲလို့ လှည့်ကိုမသွားဘူး (မသွားပါ) ဒီလိုနဲ့ပဲ အမှားနဲ့နေပြီး အမှားနဲ့ သေသွားကြတာပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုပါလိမ့် (အမှားနဲ့နေပြီး အမှားနဲ့ သေသွားပါတယ် ဘုရား)။

ဪ ဒါဖြင့် လူ့ပြည် ဒကာ ဒကာမတွေ လာလို့ရှိရင် ခေါင်းဆောင်ကောင်း တစ်ယောက်နဲ့ မတွေ့ပြီ ဆိုမှဖြင့် မိဘရိုးရာပဲ အမှားနဲ့ နေသွားတာပဲ (မှန်ပါ့) သေတော့လည်း အမှားနဲ့ သေသွားတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အမှားနဲ့နေ အမှားနဲ့ သေဆိုတော့ မှားသောပုဂ္ဂိုလ်တို့၏ ရောက်ရာဌာနဖြစ်တဲ့ အပါယ်လေးပါးမှတစ်ပါး လွတ်စရာအကြောင်းမရှိဘူး (မှန်ပါ့) ဒကာကြွယ် ရှိပါ့မလား (မရှိပါ ဘုရား)။

အမှန်ဆိုတာ သမ္မာဒိဋ္ဌိ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြင်ပေးမည့် လူရှိတုန်းကို ခင်ဗျားတို့ အပြင်ခံကြလို့ရှိရင်ဖြင့် အမှန်နဲ့နေပြီးသကာလ အမှန်နဲ့သေလို့ရှိရင်ဖြင့် အမှန်ဆိုတာ သမ္မာဒိဋ္ဌိပါ (မှန်ပါ့) အမှန်နဲ့နေလို့ရှိရင်ဖြင့် အမှန်နဲ့ သေလို့ရှိရင် အမြင်မှန်နဲ့ သေသောကြောင့် အမြင်မှန် သမ္မာဒိဋ္ဌိသည် နိဗ္ဗာန်ကို ကျေးဇူးပြုပါတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ယနေ့သည် ဒကာ ဒကာမတို့ မနေ့က စ, ထားတဲ့ တရားအတိုင်းပဲ အမှားတွေကို မှားမှန်းသိပြီး သကာလ စိတ်ထဲမှာ ဪ မှားတာဖြင့် ဧကန်ပဲလို့ ဆုံးဖြတ်ချက်ချလို့ ရှိရင်ဖြင့် အမှန်ကို ဆရာဘုန်းကြီးက တစ်ခါပြမယ် (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ ပြတဲ့အခါကျတော့ ဒီအမှန်ကိုဖြင့် မရောက်-ရောက်အောင် ကြိုးစားမယ်ဆိုပြီး ကြိုးစားလိုက်လို့ရှိရင် လည်း ဒကာ ဒကာမတို့ အမည်းရှိရင် အဖြူရှိသလိုပဲ၊ အပူရှိ-အအေးရှိ သလိုပဲတဲ့၊ အမှားရှိရင် အမှန်ရှိ၊ အမှန်ရှိလို့ ရှိရင်ဖြင့် လမ်းကောင်းမြင်၊ လမ်းကောင်းမြင်လို့ရှိရင် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန် ဒီလမ်းအတိုင်း လျှောက်သွားရောက် တာပါပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒါက ယခု ရထားတဲ့ ခန္ဓာငါးပါးလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့) ယခု ရထားတာက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။

ခန္ဓာငါးပါးမှာက ဒကာ ဒကာမတို့ အမှတ်မှားဆိုတဲ့စိတ်ထဲမှာက မိဘရိုးရာသင်ထားတဲ့ အမှတ်မှားကလည်း တစ်ချက် (မှန်ပါ့) အသိမှားကကော (တစ်ချက်ပါ) အယူမှားကကော (တစ်ချက်ပါ ဘုရား) ဒါ ဝိပ္ပလ္လာသသုံးချက် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးထဲမှာ ရှိတဲ့ ဒကာ ဒကာမတွေ သည်ကားလို့ဆိုရင်ဖြင့် တစ်ဘဝမှာလည်း အမှတ်မှား အသိမှား အယူမှားနဲ့ပဲ ကိစ္စကုန်ခဲ့ရတယ် (မှန်ပါ့) နောက်ဘဝကျပြန်တော့ ဘာလုပ်ကြပါလိမ့်မတုံး မေးပြန်တော့ အမှတ်မှား, အသိမှား အယူမှားတွေပဲ ထပ်ဆင့်တယ် (မှန်ပါ့ ဘုရား)။

အမှတ်မှား အသိမှား, အယူမှား

ဒါဖြင့် ဒကာ ဒကာမတွေမှာ အမှတ်မှား အသိမှား, အယူမှား တံတိုင်းကြီးသည်ကား ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ ဆင့်သာလာတတ်တယ်၊ ဘယ်တော့မှ ဖြိုဖျက်နိုင်တဲ့ စွမ်းရည်သတ္တိ ဉာဏ်မရှိပါဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီတံတိုင်းကြီး ဒကာ ဒကာမတို့ စ, တည်ထောင်တာကလည်း အုတ်မြစ်ကလည်း ခိုင်မာလိုက်တာ (မှန်ပါ့) ဆင့်ဆင့်ပေးတဲ့ အုတ်တွေကလည်း အထပ်များလိုက်တာ (များပါတယ်) ထုကြီးကလည်း ကြီးမားလိုက်တာ (မှန်ပါ့) ဆင့်လို့မြင့်မားလိုက်တာကလည်း အကနိဋ္ဌဗြဟ္မာ့ပြည် မကပါဘူး (မကပါ ဘုရား)။

ဒီတံတိုင်းကြီးတွေက လေးဘက် လေးတန်က ဝိုင်းရံပြီး သကာလ နေတဲ့ ခန္ဓာငါးပါးလို့ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါ့ကြောင့် ဒီခန္ဓာငါးပါးမှာ အမှတ်မှား, အသိမှား, အယူမှား, တော်တော်ကြာ အမှတ်မှား, အသိမှား, အယူမှား (မှန်ပါ့) တော်တော်ကြာ ပတ်ပြန်ပြီ ဒကာ ဒကာမတို့ အမှတ်မှား, အသိမှား, အယူမှားတွေနဲ့ဆိုတော့ ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ဘယ်နည်းမှ ထွက်ပေါက်ကို ပါရဲ့လား (မပါပါ ဘုရား)။

အမှတ်မှား, အသိမှား, အယူမှားတွေသာ ထပ်နေတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဝိပ္ပလ္လာသသုံးချက် မဖြိုဖျက်ခဲ့ဘူး

ဒါကြောင့် ဒကာ ဒကာမတွေ သေသေချာချာ ဉာဏ်နဲ့ စဉ်းစားကြည့်တော့ ခန္ဓာငါးပါးကြီးထဲမှာရှိတဲ့ အမှတ် မှား, အသိမှား, အယူမှားဆိုတဲ့ ဝိပ္ပလ္လာသသုံးချက် ဒကာကြွယ်ရေ ဘယ်တော့မှလဲ မဖြိုဖျက်ခဲ့ဘူး (မှန်ပါ့) ဘယ်အခါ မဆို ထပ်ဆင့်တယ်၊ ထပ်ပြည့်အောင် လုပ်တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

တစ်နေ့တစ်နေ့မှာပဲ ဒကာ ဒကာမတွေ ဘယ်လောက်ထပ်လို့ ဘယ်လောက်များ မြင့်မားအောင် လုပ်တယ်ဆို တာကို ရေတွက်နိုင်ကြရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။

ဒါသည်ကားလို့ ဆိုလို့ရှိရင် သားကလေးဆို အမှတ်မှားပြီ (မှန်ပါ့) သားကလေးဖြစ်ရင်ခင်ရမှာပဲဆိုတာက (အသိမှားပါ) အားကိုးရမှာပဲဆိုရင်ဖြင့် (အယူမှားပါ ဘုရား)။

ဒီသားကလေး တစ်ယောက်တွင်ပင် ဒကာ ဒကာမတို့ တစ်နေ့မှာ အမှားသုံးချက် ဘယ်နှစ်ခါထပ်သတုံး (မရေတွက်နိုင်ပါ) ဘဝများစွာကလည်း ဖြိုချက်ခဲ့ပါရဲ့လား (မဖျက်ခဲ့ပါ) အခုလည်း ဘာလုပ်ကြသတုံး (ထပ်ဆင့်ပါ တယ် ဘုရား)။

နောက်ကိုလည်း ဒီလိုဆရာကောင်း, သမားကောင်းနဲ့ မတွေ့လို့ရှိရင်ဖြင့် ဒီတံတိုင်းက ထုထူအောင် လုပ်မယ်၊ မြင့်မားအောင် ဆင့်မယ်ဆိုတာ ဒကာသစ် ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘယ်အထဲမှာ မွေးပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ထုကြီးတဲ့ တံတိုင်း သုံးထပ်၊ မြင့်မားတဲ့ တံတိုင်းသုံးထပ်၏အလယ်မှာ မွေးဖွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တံတိုင်းသုံးထပ်၏အလယ်မှာ မွေးဖွားတယ်

ဘယ်မှာမွေးဖွားပါလိမ့် (ထုကြီးတဲ့ တံတိုင်းသုံးထပ် မြင့်မားတဲ့ တံတိုင်းသုံးထပ်၏ အလယ်မှာပါ) အလယ်မှာ မွေးဖွားတယ် (မှန်ပါ့ ဘုရား)။

ဒါ ခင်ဗျားတို့ကိုယ်တိုင်ပဲ တစ်နေ့မှ ဪ ဒါအမှတ်မှားပါလား၊ ဒါ အသိမှားပါလား၊ ဒါအယူမှားပါလား လို့ ပြင်ဖို့ ဆင်ဖို့ရာလည်း တစ်ခါမှ မပေါ်လာဘူး (မပေါ်လာပါ) ပေါ်လာကြရဲ့လား (မပေါ်လာကြပါ ဘုရား)။

မပေါ်လာတော့ ဦးဇံရင်တို့ ဘာလုပ်နေသတုံး မေးတော့ ထပ်ဆင့်တယ်ဘုရား (မှန်ပါ့ ဘုရား)။

ဘယ်လို ဖြေကြမလဲ (ထပ်ဆင့်နေပါတယ်) ထပ်ပြီး ထုကြီးအောင် လုပ်တယ်ဘုရား၊ ထပ်ပြီး ဆင့်တယ်ဘုရာ့ လို့ ဆိုရင် ခင်ဗျားတို့ မုသားမဖြစ်ပါဘူး (မဖြစ်ပါ) ဖြစ်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါလောက်တောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ဒီတံတိုင်းကြားထဲမှာ မှောင်လိုက်တာလည်း ပိန်း လို့၊ ဒီထဲအဝိဇ္ဇာနဲ့ နေတာကိုး (မှန်ပါ့) ခန္ဓာငါးပါးသမားက ဘာနဲ့နေပါလိမ့် (အဝိဇ္ဇာနဲ့နေပါတယ် ဘုရား)။

အဝိဇ္ဇာနဲ့နေတော့ အဝိဇ္ဇာနဲ့ နေတဲ့အထဲ ဝိပ္ပလ္လာသသုံးချက်က စေ့အောင်ပိတ်လိုက်ပြန်တော့ မှောင်မည်းတဲ့ အထဲမှာဖြင့် နေရတော့တာပဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးက ပြောပါတယ်၊ ဒကာ ဒကာမတို့ ဘုရားသခင်က ပြင်ဘက်က ပွင့်ပါတယ်၊ ခင်ဗျားတို့ က ဘုရားမလာနိုင်အောင် နေ့တိုင်းခတ်ပါတယ် (မှန်ပါ့ ဘုရား)။

ဘုရားမလာနိုင်အောင် တံတိုင်း ဘယ်နှစ်ထပ် ခတ်ကြသတုံး (သုံးထပ်ခတ်ကြပါတယ်) နေ့တိုင်း သုံးထပ်-သုံးထပ် အချိန်ရှိသလောက် ခတ်တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဘာဖြစ်လို့ ဒါလောက် အထပ်ကြီး ထုကြီးအောင် မြင့်မားအောင် ခတ်ကြပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ဘုရားအဆူဆူပွင့်ရင် မကျွတ်အောင်လို့ ဘုရား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုကြောင့် ဒါလောက် မြင့်မားအောင် ထူထပ်နေကြပါလိမ့်မတုံးမေးရင် (ဘုရားအဆူဆူပွင့်ရင် မကျွတ် အောင်လို့ပါ ဘုရား)။

ငါသိသလို သိစေရမယ်

ကိုင်း ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ငါသိသလို သိစေရမယ် “တိဏ္ဏော တာရေယျ” ငါဘုရားသည် ကူးမြောက်သလို ဟိုမှာဘက်ကမ်း နိဗ္ဗာန်ကူးမြောက်ရအောင် သူတို့ကို ကယ်တင်မည်ဆိုတဲ့ ရည်ရွယ်ချက်ကြီးကလည်း အင်မတန်ကြီးပါတယ် (မှန်ပါ့ ဘုရား)။

”မုတ္တော မောစေယျ” တဲ့၊ ငါလွတ်သလို ဒီထောင်ထဲက ဝိပ္ပလ္လာသထောင်ကြီးက လွတ်အောင် သူတို့ကို ငါ ကယ်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးဟာလည်း ဦးဇံရင်သေးသလား (မသေးပါ ဘုရား)။

မသေးဘူးဗျ၊ ဒကာကြွယ် သေးရဲ့လား (မသေးပါ ဘုရား)။

”ဗုဒ္ဓေါ ဗောဓေယျ” တဲ့၊ ငါသစ္စာလေးပါးသိသလို ငါနိဗ္ဗာန်မြင်သလို သူတို့ကိုလည်း မြင်စေအောင် ကြိုးစား မယ်ဆိုတဲ့ ကြိမ်းဝါးတဲ့ အသံကြီးဟာ ဒကာ ဒကာမတို့ သုမေဓါရသေ့ လက်ထက်ကစပြီး ကြိမ်းဝါးတာ (မှန်ပါ့) ဒီရည်ရွယ်ချက်အတိုင်းကော လုပ်မသွားဘူးလား (လုပ်သွားပါတယ် ဘုရား)။

လုပ်သွားတော့-ဘုရားတစ်ဆူမှာ ကျွတ်တမ်းဝင်တဲ့သူ နှစ်ဆယ့်လေးသင်္ချေ ကုဋေတော့ ရှစ်ဆယ်၊ ဗိုလ်ခြေ က တစ်သိန်း (မှန်ပါ့) သူလိုပဲ လွတ်သွားတဲ့ပုဂ္ဂိုလ်တွေ (မှန်ပါ့ ဘုရား)။

ကျုပ်တို့ ဘယ့်နှယ်ကြောင့် ကျန်ရစ်ပါလိမ့်မတုံး၊ ဒါလောက် ကြိမ်းဝါးတဲ့ ကိုယ်တော်ကြီး ကျုပ်တို့ကို ကန်တော့ ဆွမ်းလုပ်သွားတာ ဘာကြောင့်ပါလိမ့်မလဲလို့ မေးခွန်းထုတ်ဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

မေးခွန်းထုတ်ဖို့ဆိုတော့ ဘုရားကတော့ဖြင့် ဒီသူ့ကြိမ်းဝါးချက် ရည်ရွယ်ချက်ကို မစွန့်ပါဘူး (မှန်ပါ့) ကျုပ်တို့က မကြွလာနဲ့-မကြွလာနဲ့ဆိုပြီး ကာတဲ့တံတိုင်းကြီးက ကိုယ်တော်ကြီးကို ဝင်ခွင့်မရအောင် ကာလို့ ဆီးလို့-လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝင်ခွင့်မရအောင် ကာလို့ ဆီးလို့ပါ

ဘယ်လိုပါလိမ့် ကျုပ်တို့က (ကိုယ်တော်ကြီး ဝင်ခွင့်မရအောင် ကာလို့ ဆီးလို့ပါ ဘုရား)။

ကာမှု ဆီးမှုက တစ်နေ့ ဘယ်နှစ်ခါ ကာဆီးပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်အောင် ကာဆီးထားတော့ ဒကာကြွယ် ဘုရားဝင်ခွင့်ရသေးရဲ့လား (မရပါ ဘုရား)။

ဪ ကျုပ်တို့ ကံမကောင်း အကြောင်းမသင့်လို့ ကျန်ရစ်ရတာလား၊ ကိုယ့်ဟာကိုယ် ကာဆီးပြီးသကာလ ဘုရားဝင်ခွင့်မပေးလို့ ကျန်ရစ်တာလား (ကိုယ့်ဟာကိုယ် ကာဆီးပြီး ဘုရားဝင်ခွင့်မပေးလို့ ကျန်ရစ်ရတာပါ ဘုရား)။

ဒကာသစ် မှတ်မိပြီ (မှတ်မိပါပြီ ဘုရား) ဪ တပည့်တော်တို့ သိပ် ကံနည်းတဲ့ပုဂ္ဂိုလ်တွေ ဘုရားလို့ ဆိုလည်း ဆိုကြမလား၊ မိုက်လုံးသန်လွန်းလို့ပဲလို့ ဆိုကြမလား (မိုက်လုံးသန်လွန်းလို့ပါ ဘုရား)။

သေသေချာချာ စဉ်းစားကြပါ၊ သေသေချာချာ စဉ်းစားကြပါ၊ ဒကာကြွယ် စဉ်းစားမိရဲ့လား (စဉ်းစားမိပါတယ် ဘုရား) ဦးဇံရင်တို့ကော စဉ်းစားမိရဲ့လား (စဉ်းစားမိပါတယ် ဘုရား) တစ်နေ့ ဘယ်နှစ်ထပ်ကာသတုံး (မရေတွက် နိုင်ပါ ဘုရား)။

သမီးကလေးခင်မှပဲ အားကိုးရမှာပဲ၊ ဟော နေ့တိုင်းကာတယ် (မှန်ပါ့) နေ့တိုင်းမကာဘူးလား (ကာပါ တယ် ဘုရား) အို ငါ့ကိုယ်၊ ငါ့ကိုယ်၊ ငါမခင် ဘယ်သူခင်မလဲ ဟုတ်လား၊ ငါ့ကိုယ် ငါအားကိုးမယ်၊ မလာဘူးလား (လာပါတယ် ဘုရား) ဒါကလည်း တစ်နေ့ ဘယ်နှစ်ခါလောက် ပေါ်ပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။

ဒီအလုပ် ငါသွားမှ ပြီးမယ်ဆိုရင်ပဲ ဒိဋ္ဌိတံတိုင်းကာပြီးမှ ထွက်တာပဲ (မှန်ပါ့ ဘုရား) သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဘုရား, တရား, သံဃာဝင်ခွင့်မရလို့

အဲဒါလောက်တောင် ဘုန်းကြီးတို့ ခုနင်ကဟောတဲ့အတိုင်း ဘုရားသည် ကြိမ်းဝါးပင် ကြိမ်းဝါးငြားသော်လည်း လွတ်ရေး, ကျွတ်ရေး ကျုပ်တို့မပါတဲ့အရေးဟာဖြင့် ဝိပ္ပလ္လာသတံတိုင်း သုံးထပ်ကြီးက ထူအောင်လည်း လုပ်, မြင့်မား အောင်လည်း နေ့တိုင်း လုပ်သောကြောင့် ဘုရား, တရား, သံဃာဝင်ခွင့်မရလို့ ဒါလောက်တောင် ဒုက္ခပင်လယ်ဝေရစ် ရတယ်ဆိုတာ မှတ်ပေတော့ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) တယ်မဆိုးဘူးလားဗျာ (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နာမရူပ ပရိစ္ဆေဒကျမ်းက အနောကပ္ပနပါကာရ ဝိပ္ပလ္လာသ ပရိက္ခိတ္တံ။

အနောကပ္ပနပါကာရ ဝိပ္ပလ္လာသပရိက္ခိတ္တံ = ခုန်ကျော်လွှား၍သွားဖို့ မလွယ်ကြီးကျယ်မြင့်ဆိုင်း တံတိုင်းပမာ ဝိပ္ပလ္လာသဖြင့် ကွယ်ကာရစ်ဆိုင်းဝန်းဝိုင်း၍ နေခြင်းကြောင့် လည်းကောင်း (မှန်ပါ့) ခန္ဓာကိုယ်ကြီး ဝိုင်းနေလိုက်တာ ဝိပ္ပလ္လာသတွေ ဒကာ ဒကာမတို့ တစ်ထပ်ကြီး တစ်ပုံကြီးဆိုတာ သိပလား (သိပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ် ခုန်ထွက်ဖို့လည်း မလွယ်ဘူးတဲ့ (မှန်ပါ့) ကျော်လွှားသွားဖို့ကော (မလွယ်ပါ ဘုရား) ကျော်ချင် တဲ့ စိတ်, လွှားချင်တဲ့စိတ်ပေါ်ဖို့ကော (မလွယ်ပါ ဘုရား)။ မလွယ်ဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒါတွေ ထောက်ကြည့်တော့မှ ဪ ကျော်ဖို့, လွှားဖို့ ဆိုတာ စိတ်ကူးမှ မထည့်တာပဲ (မှန်ပါ့) မထည့်ဘူးတဲ့ပြင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီသားနဲ့ ဒီသမီးနဲ့ ဒီမြေးနဲ့ နိဗ္ဗာန်ဝင်တောင်မှ အစုံအလင် ဝင်ပါရစေဆိုပြီးသကာလ နိဗ္ဗာန်ကို ဒီသား ဒီသမီး ဒီမြေး ဒီမြစ် ဒီအစုံနဲ့ ဝင်ရိုးထုံးစံမရှိဘူး (မှန်ပါ့) ဒါတွေ ဒီ အမှတ်တွေရှိနေရင် တံတိုင်းက ကာပြီးသား ဖြစ်နေတယ် (မှန်ပါ့) ဝင်နိုင်ပါ့မလား (မဝင်နိုင်ပါ ဘုရား) မဝင်နိုင်ဘူး ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီတံတိုင်းကို ဖျက်ပေးမည့်ပုဂ္ဂိုလ်၊ ချိုးပေးမည့်ပုဂ္ဂိုလ်၊ ဖောက်ထွင်းပေးမည့်ပုဂ္ဂိုလ်၊ ဒီလိုဖောက်ပါ၊ ဒီလိုခုန်ပါ၊ ဒီလိုကျော်ပါဆိုတဲ့ ပုဂ္ဂိုလ်မှ မပေါ်လာတော့ဘူးဆိုလို့ရှိရင် မှောင်ထဲမွေးပြီး မှောင်ထဲသေ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (မှောင်ထဲမွေးပြီး မှောင်ထဲသေပါတယ် ဘုရား) မှောင်ထဲမွေး, မှောင်ထဲသေမှတစ်ပါး ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ဘုန်းကြီး ခဏခဏ ပြောပါတယ်၊ တီကောင်ဟာ မျက်လုံးပါရဲ့လား (မပါပါ ဘုရား) မှောင်ထဲပဲ မမွေးဘူးလား (မွေးပါတယ် ဘုရား) နောက် ကြက်တွေ ဘာတွေကစား, တွင်းထဲ ဘာထဲ လိမ့်ကျ၊ အမျိုးမျိုး သဲတွေဘာတွေနဲ့ ရစ်ပတ်ပြီးသေတော့ မှောင်ထဲပဲ သေရှာတယ် (မှန်ပါ့)။

မှောင်ထဲမွေး, မှောင်ထဲ သေ

အဲ ကျုပ်တို့သည် နောက်တုန်းက ဘယ်လိုနေခဲ့ရတယ် ဆိုတာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်လိုရိပ်မိပါလိမ့် (မှောင်ထဲမွေး, မှောင်ထဲ သေခဲ့ရပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် မှောင်ပါလိမ့်မတုံး ၊ တံတိုင်းကြီးက မြင့်မားလွန်းလို့ (မှန်ပါ့) ထုကြီးကကော (ကြီးပါ တယ် ဘုရား)။ ထူထဲလွန်းလို့ ဘုရားဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ကိုင်း ဒီတစ်ခါမှ ဆရာကောင်း, သမားကောင်းနဲ့ တွေ့လို့မှ ဦးဇံရင်တို့ လူစု, ဒကာကြွယ်တို့ လူစု, ဒကာသစ်တို့ လူစု ဒီတံတိုင်းကို သညာဖျက်ချမကွ (မှန်ပါ့) စိတ်ဖျက်ချမကွ (မှန်ပါ့) ဒိဋ္ဌိကိုဖြိုဖျက်ပစ်မယ်ကွ ဆိုတာမှ မလာလို့ရှိရင်ဖြင့် ဒီအဝန်းအဝိုင်းကြီးထဲမှာ ရှိတာက သုံးဆယ့်တစ်ဘုံ (မှန်ပါ့) ဒီအထဲမှာ မွေး, ဒီအထဲသေ, ဒီအထဲ ငရဲကျ, ဒီအထဲမှာ အသုဘမြှုပ်, ဒီမြေကို ယာလုပ်စား၊ ကိုယ့်အသေပေါ် ကိုယ်ယာလုပ်စားတယ်, လယ်လုပ်စားတယ် (မှန်ပါ့) ဒါလောက်ထိအောင် ဆိုးဝါးပါတယ် ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ ဖြစ်ပျက် ဥဒယဗ္ဗယဉာဏ်များ အားထုတ်လိုက်တဲ့အခါကျတော့ ဒကာကြွယ်တို့ ဦးဇံရင်တို့ မှတ်တမ်း၊ ခန္ဓာကိုယ်က အရောင်ထွက် လာတယ် (မှန်ပါ့) ငရဲများရောက်တယ်၊ ငရဲဆို အကုန်လင်းသွားတယ် (မှန်ပါ့) အထက်လည်း ဗြဟ္မာပြည်တွေ စကြာဝဠာတစ်ခုလုံးဟာ အကုန်လင်းတယ် (မှန်ပါ့) ကျုပ်တို့အထဲမှာ မရောက်လာဘူး (မှန်ပါ့) ကဲ ဘယ်လောက် ကာထားတယ်ဆိုတာ (မှန်ပါ့) မြတ်စွာဘုရား ဥဒယဗ္ဗယဉာဏ်ရောက်လို့ ဩဘာသဆိုတဲ့ အရောင်တွေများ ထွက်လာ လိုက်တာ ဦးဇံရင်ရေ အဝီစိငရဲများ အကုန်လင်းသတဲ့ (မှန်လှပါ) လောကန္တရိတ် ငရဲကြီးတွေဟာ လင်းသတဲ့ (မှန်ပါ့) အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင်ကော (လင်းပါတယ် ဘုရား)။

ဗြဟ္မာရောင်တွေ အကုန်ပျောက်ပြီး ဘုရား၏ ဥဒယဗ္ဗယ ဉာဏ်ရောင်တွေသာ လွှမ်းမိုးသွားတာပဲ (မှန်ပါ့) ဪ ဘုရားပွင့်ပြီလို့ လူတိုင်းသိတယ် (မှန်ပါ့ ဘုရား)။

အဲဒီအထဲမှာ ကျုပ်တို့အထဲမှာ အရောင် မဝင်လာဘူး (မှန်ပါ့ ဘုရား)။

ကာချက်သန်တယ်, ဆီးချက်သန်တယ်

ဘယ်လောက်များ ကျုပ်တို့ ကာချက်သန်တယ်, ဆီးချက်သန်တယ်, ထုကြီးကျယ်မြင့်မားအောင် လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ မိုက်မဲတဲ့စိတ်တွေ ဘယ်လောက်များတယ်ဆိုတာ ဒကာကြွယ် ပြောဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဦးဇံရင် ဒီတစ်ခါကျွတ်ရင် ကျွတ်နော်၊ မကျွတ်ရင် သွားပြီး (မှန်ပါ့) ဒီတစ်ခါ ကျော်ရင် ကျော်ကြပါ၊ မကျော် ရင် သွားပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အမှား သုံးချက်ဖြစ်ပြီး သကာလ နေလိုက်တဲ့ တံတိုင်းဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အမှတ်မှား, အသိမှား, အယူမှား (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ၁-နံပါတ်က ဘာတဲ့ (အမှတ်မှားပါ ဘုရား) ၂-နံပါတ်က (အသိမှားပါ ဘုရား) ၃-နံပါတ် က (အယူမှားပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒါဖြင့် ဒီအမှတ်မှား, အသိမှား, အယူမှားတွေ မစွန့်ဘဲနဲ့ သေသွားကြပြီဆိုကြပါစို့ (မှန်ပါ့) အယူမှားနဲ့ သေသွားတယ်လို့ ဘုန်းကြီးက စွဲချက်တင်တယ်၊ ဘုရားက စွဲချက်တင်တယ်၊ ဦးဇံရင်တို့၊ ဒကာကြွယ်တို့က ငြင်းဦးမလား (မငြင်းပါ ဘုရား) ဘာနဲ့ သေသွားသလဲ (အယူမှားနဲ့ သေသွားပါတယ် ဘုရား)။

ဒိဋ္ဌိအယူမှားနဲ့ သေသွားရင်

ကြည့်လေ ဒိဋ္ဌိအယူမှားနဲ့ သေသွားတယ်ဆိုကတည်းက ဒိဋ္ဌိအယူမှားနဲ့ သေသွားရင် အပါယ်သာသွားရ မယ် (မှန်ပါ့) ဒီ့ပြင် သွားစရာရှိပါရဲ့လား (မရှိပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူတစ်သိန်းသေလို့ သုဂတိ တစ်ယောက် မရောက်ဘူးကွ၊ နိဗ္ဗာန်တစ် ယောက် မရောက်ဘူးကွ ဆိုတဲ့ စကားကို ရဲရဲတင်းတင်း ယုံကြပလား (ယုံပါပြီ ဘုရား) ဘာနဲ့ သေသွားကြသလဲ (အယူမှားနဲ့ သေသွားပါတယ် ဘုရား)။

မယုံရင် စဉ်းစားကြည့်ပါ၊ ငါ့အားကိုးရာ ရွှေကလေး, ငွေကလေးနဲ့ဖြင့် ငါခွဲရတော့မယ်ဆိုတဲ့ အယူမှား မပါဘူး လား (ပါပါတယ် ဘုရား)။

ငါ့သား, ငါ့သမီးကလေးတွေဆိုတဲ့ အမှတ်မှားနဲ့ကော (ပါပါတယ် ဘုရား) ခင်လျက် မင်လျက်နဲ့ မတတ်နိုင်လို့ သေတာဆိုတာကော (ပါပါတယ် ဘုရား)။

ဒါဖြင့် အမှတ်မှားနဲ့ သေ (မှန်ပါ့) အသိမှားနဲ့ကော (သေပါတယ် ဘုရား) အယူမှားနဲ့ကော (သေသွားပါတယ် ဘုရား)။

ဒါဖြင့် အားလုံး မသာတွေကို ဒကာကြွယ် မသာပေါင် ဘယ်လောက် ပို့ဘူးသတုံးဆိုရင် ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါ) ဦးဇံရင်တို့ ဘယ်လောက် ပို့ဖူးသတုံး (မရေတွက်နိုင်ပါ ဘုရား)။

အဲဒီ မသာတွေ ဘာ မသာတွေတုံးလို့ ဆုံးဖြတ်ချက် ချစမ်းပါ (အမှတ်မှား, အသိမှား, အယူမှားနဲ့ သေတဲ့ မသာတွေပါ ဘုရား)။

အဲ ခင်ဗျားတို့ ဒီအထဲမှာ အမိုက်မှားဆုံး တရားပြောကြပါဆိုတော့ အယူမှားနဲ့ သေသွားလေရဲ့ (မှန်လှ ပါ ဘုရား)။

အယူမှားနဲ့ သေသွားပါတယ်

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (အယူမှားနဲ့ သေသွားပါတယ်) ကဲ ဒါ ငြင်းဖို့ လိုကြသေးသလား (မလိုပါ) ဒိဋ္ဌိမစွန့်သ၍ ဘယ့်နှယ်ဆိုကြမယ် (အယူမှားနဲ့ သေသွားပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အပြောကြီးတာလား၊ လူတစ်သိန်းသေလို့ သုဂတိတစ် ယောက် မရောက်ပါဘူးကွ ၊ နိဗ္ဗာန်တစ်ယောက် မရောက်ပါဘူးကွလို့ သစ္စယံယုတ် ပါဠိတော်ကြီးများ ဟောလိုက် တဲ့ အဖြစ်ဟာဖြင့် ဦးဇံရင် ယုံတော့ (မှန်ပါ့) ဘာမှားနဲ့ သေသွားသလဲ (အယူမှားနဲ့ သေသွားပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က မူစလမန်မှ ခရစ္စယာန်မှ အယူမှားနဲ့ သေတာ၊ ဒို့ ဗုဒ္ဓဘာသာက မှားဖို့ ခဲယဉ်းတတ်တဲ့၊ အယူမှားမှ နားမလည်ဘဲ (မှန်ပါ့) ဒီအမှားဟာ အမှားကြီး မဟုတ်လား (အမှားကြီးပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျုပ်တို့လည်းတဲ့ အမှတ်မှား အသိမှား အယူမှားရှိတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဪ ဒီတစ်ခါ ကြုံကြိုက်တာဖြင့် ကောင်းသော ကြုံကြိုက်ခြင်းပဲ၊ ဒီအမှားသုံးချက်ဖြင့် ဖြိုခွဲနိုင်တဲ့ ဉာဏ်ဖြင့် မရ, ရအောင် နာပြီးသကာလ ဖြိုခွဲနိုင်တဲ့ ဉာဏ်နဲ့ပဲ ဒို့သည်ကားလို့ဆိုလို့ ရှိရင်ဖြင့် နိဗ္ဗာန်သွားပါတော့မယ် ဆိုလို့ရှိရင်လည်း ဂရုစိုက်မှတ်ပြီး ဂရုစိုက်လုပ်ကြဖို့ပဲ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင်ဖြင့် နေခြင်းဆိုးနဲ့ သေခြင်းဆိုးသာ မှတ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီ အမှားသုံးခု မကျော်နိုင်ရင် ဘယ့်နှယ်ဆိုကြမလဲ (နေခြင်းဆိုးနဲ့ သေခြင်းဆိုးပါ ဘုရား)။

နေခြင်းဆိုးက သားဟူသော အမှတ်၊ သမီးဟူသော အမှတ်ဆိုလို့ရှိရင် သူ့မှတ်တာတွေကို သူ့အတွက် စိတ်မချ တာလာပြီ (မှန်ပါ့) သူ့အတွက် ခင်လုံး မင်လုံးဆိုတာကော (လာပါတယ်) သူ့ကိုပဲ အားကိုးလုံး ထားတာတွေကော (လာပါတယ် ဘုရား)။

ဒါဖြင့် နေချိန်မှာလည်း ဒကာ ဒကာမတို့ အောက်ကျနောက်ကျ နေရလိမ့်မယ် (မှန်ပါ့) သေချိန်မှာလည်း အပါယ်ကျရလိမ့်မယ် (မှန်ပါ့)။

ဒါဖြင့် အနေ အောက်ကျ-အသေ အောက်ကျ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

လူ့ပြည် ခဏလာကြတာ

ဘယ်လိုဆိုကြပါ့မယ် (အနေအောက်ကျ အသေအောက်ကျပါ) ကဲ ဒါဖြင့် ခင်ဗျားတို့ လူ့ပြည် ခဏလာကြ တာနော် (မှန်လှပါ ဘုရား) လူ့ပြည် ခဏလာကြတာ (မှန်လှပါ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဉာဏ်တော်နဲ့ ချိန်လိုက်တယ်၊ ဒကာကြွယ် ခဲတစ်ခုကို ကောင်းကင်မြှောက် လိုက်စမ်းပါ (မှန်ပါ့) ကောင်းကင်ကိုရောက်တဲ့ အချိန်ဟာ ဘယ်လောက်များကြာမလဲ (မကြာပါ ဘုရား)။

အဲ ခင်ဗျားတို့သည် ဒီခဲ မြေကြီးပေါ် နေတာကတော့ အကြာကြီးပေါ့ (မှန်ပါ့) လူ့ပြည်လာတာ ကောင်းကင် ရောက်သလောက်ပဲ ရှိတယ် (မှန်ပါ့)။

မင်းတို့ အပါယ်နေတာက ခဲ မြေကြီးပေါ် နေသလောက် ကြာတယ်ဆိုတော့ ကုန်ပြီ (ကုန်ပါပြီ) တန်းကုန်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ဒကာကြွယ် စီးပွားရေး, ကြီးပွားရေးတွေ အသာချိတ်ထားစမ်းပါ (မှန်ပါ့) ကိုယ့်ကိုယ် ကယ်တင်စမ်း ပါ (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ကိုယ့်ကိုယ်ကယ်တင်စမ်းပါ) စီးပွားရေး၊ ကြီးပွားရေးတွေ (ချိတ်ထားဖို့ပါ ဘုရား)။

ချိတ်ထားစမ်းပါ၊ ကိုယ့်ကိုယ် ကယ်တင်စမ်းပါ (မှန်ပါ့) စီးပွားရေး ကြီးပွားရေးက ကိုယ့်နောက်ကို ပါမှာမဟုတ် လို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ကိုယ် ကယ်တင်တဲ့ ဉာဏ်ကဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ် ချမ်းသာအောင် နိဗ္ဗာန်ဆောင်လိမ့်မယ် ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဘုန်းကြီးပြော, ပြောနေတယ်လို့လည်း ဦးဇံရင်က မယူလိုက်ပါနဲ့ (မှန်ပါ့) တကယ်သနားပြီး တကယ် ပြောနေ တယ်လို့ပဲ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သေခြင်းဆိုးက နီးနေပြီ

အခု တဏှာမျက်လုံးနဲ့ ကြည့်နေတော့ စီးပွားရေးဟာ တောင့်တင်းမှ နေရာကျတယ်လို့ ထင်ကြတယ် (မှန်ပါ့) ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ နက်ဖြန် သေရမှာဟေ့ ဆိုတော့ တောင့်တင်းတာ အလကား ဖြစ်သွားတယ် (မှန်ပါ့) ဒကာကြွယ် ဘာအသုံးကျသတုံး (အသုံးမကျပါ ဘုရား)။

နက်ဖြန် ၁၂-နာရီနဲ့ ၁-မိနစ် ကြိုးပေးမယ်ဆိုတာ ၁၂-နာရီထိရောက်ရင် ဒီလူ ဝမ်းသာမလား မသာ ဘူးလား (မသာပါ ဘုရား)။

ဘာ့ကြောင့် မသာသတုံးဆိုတော့ သေခြင်းဆိုးက နီးနေပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ ကျုပ်တို့မှာလည်း သေတတ်တဲ့ ခန္ဓာကြီး ရထားတာ သူ့ကို နေ့တိုင်း အစာနဲ့ တောင်းပန်၊ အဝတ်နဲ့ တောင်းပန်၊ ဆေးနဲ့ တောင်းပန်၊ ဝါးနဲ့ တောင်းပန်လို့ ထိုးပြီး မလဲလိုက်တာကိုးဗျ (မှန်ပါ့) မတောင်းပန်ရင် ထိုးလဲမယ် (မှန်ပါ့) မလဲပေဘူးလား (လဲပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့လည်း အောက်ကျ နောက်ကျနဲ့ ဒီခန္ဓာကြီး တောင်းပန်နေရတဲ့ အလုပ်လည်း မကောင်း ပါဘူး (မကောင်းပါ ဘုရား) ကိုယ်စိုး ကိုယ်ပိုင်နေရရင် ကောင်းပါတယ် (မှန်ပါ့ ဘုရား)။

တောင်းပန်နေရတဲ့ အလုပ်ဟာ (မကောင်းပါ) ဦးဇံရင် ရိပ်မိပလား (ရိပ်မိပါပြီ) တောင်းပန်နေရတဲ့ အလုပ် ဟာ ဂုဏ်ရှိသလားဗျာ (မရှိပါ ဘုရား)။

အစားနဲ့ တောင်းပန်ရတာလည်း လေနာထပြီး မသေပါနဲ့ (မှန်ပါ့) အဝတ်နဲ့ တောင်းပန်ရတာလည်း အအေး အပူမိပြီး မသေပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆေးလိပ်ကလေးနဲ့ တောင်းပန်ရတာလည်း ထိုနည်းအတူပဲ၊ လေနာ ရင်နကလေးမှ သက်သာမလား ဒါကလေးနဲ့ မသတ်ပါနဲ့ဆိုပြီး ဆေးလိပ်ကလေးနဲ့ ပူဇော်ရတယ် (မှန်ပါ့)။

ခင်ဗျားတို့ မျက်နှာ ကြည်ကြည်သာသာနဲ့ ရွှင်ရွှင်ပြပြနဲ့ နေရတဲ့ အချိန်နဲ့ ခန္ဓာကိုယ် တောင်းပန်နေရတဲ့အချိန်နဲ့ ဘယ်ဟာက များသတုံး (တောင်းပန်နေရတဲ့ အချိန်ကများပါတယ် ဘုရား)။

ဒါကို ဒကာကြွယ်က ငါက တစ်ဆယ်တန် အနှိပ်သည်ခံနိုင်တယ်ဆိုပြီး ဂုဏ်များရှိသေးသလားဗျာ (မရှိပါ ဘုရား)။

တောင်းပန်ရတာကို ဂုဏ်များယူနေလိုက်သေး

တောင်းပန်ရတာကို တချို့က ဂုဏ်ယူနေလေ့ရှိကြတယ် (မှန်ပါ့) အနှိပ်သည်လည်း ကျုပ်အနှိပ်သည် နှိပ်တာ ဗျာ တစ်ခါနှိပ် အစိတ် သုံးဆယ်ပေးရတယ်၊ ဒါ ကျုပ်တို့မို့ တော်တော်သေးတယ် (မှန်ပါ့ ဘုရား)။

အမယ်လေး တောင်းပန်ရတာကို ဂုဏ်များယူနေလိုက်သေးတယ်၊ ဒါလောက် မျက်စိလည်တာကို ဦးဇံရင် တွေ့ဖူးရဲ့လား၊ ခင်ဗျားတို့ (တွေ့ဖူးပါတယ်) အတော်မဆိုးဘူးလား (ဆိုးပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် တောင်းပန်နေရတဲ့ ခန္ဓာဝန်ကြီးသည် ဘယ့်နှယ်ကြောင့်ရပါလိမ့်မတုံး မေးဖို့မလိုဘူးလား (လိုပါ တယ်) ဟောဒီ့ အမှတ်မှားကြောင့် (မှန်ပါ့) ဟောဒီ့ အသိမှားကြောင့် (မှန်ပါ့) ဟောဒီ့ အယူမှားကြောင့် ဒီခန္ဓာကြီး ရနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာပြန်ရတဲ့ ပုဂ္ဂိုလ်များ အမှားသုံးချက်ကြောင့် ရတာ (မှန်ပါ့) ခန္ဓာပြန်ရတဲ့ ပုဂ္ဂိုလ်များ (အမှားသုံးချက် ကြောင့် ပြန်ရတာပါ ဘုရား)။

အမှားသုံးချက် ကျော်လွန်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ရဟန္တာဖြစ်တာပဲ (မှန်ပါ့ ဘုရား)။

အမှားသုံးချက် ကျော်လွန်ရင် ရဟန္တာ

အမှားသုံးချက် ကျော်လွန်ရင် (ရဟန္တာဖြစ်ပါတယ် ဘုရား)။

၃-နံပါတ်အမှား ကျော်လွန်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ပါတော့တဲ့ ပထမနိဗ္ဗာန်ရပါ တယ် (မှန်ပါ့) ဒိဋ္ဌိကွာပကော (မှန်ပါ့ ဘုရား)။

၃-နံပါတ်အမှား ကျော်လွန်ရင် ဘာတုံး (ပထမနိဗ္ဗာန်ရပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

၁-နံပါတ်အမှားကို ကျော်လွန်နိုင်လို့ရှိရင် ဒုတိယ, တတိယနိဗ္ဗာန်ရပါတယ် (မှန်ပါ့ ဘုရား)။

၂-နံပါတ်အမှား ကျော်သွားနိုင်လို့ရှိရင် ဒကာ ဒကာမတို့ စတုတ္ထနိဗ္ဗာန်ဆိုတာ အဆုံးစွန် နိဗ္ဗာန်ရပါတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဒီအမှားသုံးချက်ကို ဟောမည့်-ပြောမည့်ပုဂ္ဂိုလ်ကလည်း ရှား၊ ခင်ဗျားတို့ကလည်း ဘယ်အကျင့်နဲ့ ပယ်ရမယ်ဆိုတာလည်း မသိတော့ မှောင်ထဲမွေးပြီး မှောင်ထဲသေတဲ့ အဓိပ္ပာယ်က ထင်ရှားတယ် (ထင်ရှားပါတယ် ဘုရား)။

ဒါ့ကြောင့် အားလုံး ဒကာ ဒကာမတို့ ဒီတစ်ခါ ဒီအခွင့်ကို လက်လွတ်သွားလို့ရှိရင်ဖြင့် ဒို့ဖြင့် ကိုယ်ကျိုးနည်း ပေါ့လို့ အောက်မေ့လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

တရားနာစေချင်လို့ ပြောတာလား၊ ခင်ဗျားတို့ သနားလို့ ပြောတာလား (သနားလို့ ပြောတာပါ) စဉ်းစားကြည့် ပါ-စဉ်းစားကြည့်ပါနော် (မှန်ပါ့ ဘုရား)။

ဘာလှူကွာ, ဘာတန်းကွာ, ဘာလုပ်ကွာ၊ ဒါ နိဗ္ဗာန်ရတာပဲဆိုတော့ ဦးဇံရင်ကြီး သာမညတော့ ဟုတ်နေတယ် (မှန်ပါ့) အမှားသုံးချက် မကျော်ဘဲနဲ့ ဘယ်တော့နိဗ္ဗာန်ရမှာတုံး (မရပါ ဘုရား)။

ဒိဋ္ဌိမကျော်ဘဲနဲ့ သောတာပန် တည်နိုင်ပါ့မလား

ဒိဋ္ဌိမကျော်ဘဲနဲ့ သောတာပန် တည်နိုင်ပါ့မလား (မတည်နိုင်ပါ) သညာမကျော်ဘဲနဲ့ သကဒါဂါမ်, အနာဂါမ် (မရောက်နိုင်ပါ) ဒီ စိတ္တဆိုတဲ့ သုဘစိတ္တ, သုခစိတ္တတို့၊ သုဘတို့, သုခတို့ မကျော်နိုင်လို့ရှိရင်လည်း ဘယ့်နှယ်လုပ် ရဟန္တာဖြစ်ပါ့မတုံး (မဖြစ်ပါ) ဒါ ကျော်လွန်မှ ဖြစ်မှာ (မှန်ပါ့ ဘုရား)။

ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးထဲမှ (မှန်ပါ့) ပထမမဂ်က ရှစ်ပါးသေတယ် (မှန်ပါ့) ဒုတိယနဲ့ တတိယမဂ်က နှစ်ပါး သေတယ် (မှန်ပါ့) စတုတ္ထက နှစ်ပါးပဲ ပယ်တယ်၊ အဲဒီပယ်ပြီးမှ ရဟန္တာဖြစ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒါပယ်မှ ကိစ္စပြီးမယ်ဆိုတဲ့ တရားကိုလည်း ခင်ဗျားတို့ သေသေချာချာမှတ်ပါ (မှန်ပါ့) ဒါမပယ်သေး သ၍ ဘာလုပ်နေနေ မရသေးဘူး (မှန်ပါ့) ရပါ့မလား (မရပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ပယ်ရမှာပေးလို့ ပယ်ကောင်းမှန်းမသိလို့ ကာထားတယ်လို့တောင် မသိသေးတဲ့ ပုဂ္ဂိုလ် အတွက်မှာ ဒကာကြွယ် ခက်တယ် (မှန်ပါ့) ဒကာသစ် ဘယ့်နှယ်နေသလဲ (ခက်ပါတယ်) သေသေချာချာ ခက်တယ်ဆို တာ ဒကာ ဒကာမတွေ ယုံကြပလား (ယုံပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီတရားလက်လွတ်ရင် ခင်ဗျားတို့ ဘယ့်နှယ်ထင်ကြသတုံး (ခက်ပါတယ်) သေသေချာချာ သွားပြီ (မှန်ပါ့) သွားပြီ ဦးဇံရင် (မှန်ပါ့ ဘုရား)။

ဒီပယ်မှုတွေကို ဘုန်းကြီးက အသီးသီးနဲ့ အပယ်ခိုင်းတော့မှာကိုးဗျ (မှန်ပါ့) ဝိပဿနာရှုပြီး အပယ်ခိုင်းလိုက် တော့ ဒီတံတိုင်းတွေ ပွင့်မသွားပေဘူးလား (ပွင့်သွားပါတယ် ဘုရား)။

ဒါဖြင့် အမှောင်ခွင်းပြီး အလင်းရောက်တာပဲ (မှန်ပါ့) အဝိဇ္ဇာနယ်ကနေပြီး ဝိဇ္ဇာနယ်ရောက်ရမယ် (ရောက် ရပါမယ်) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီတော့ ဒါမပယ်ဘဲနဲ့ ဘယ်သူက ဘာပြောပြော ခင်ဗျားတို့မှတ်ကြ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမပယ်ဘဲနဲ့ ပထမနိဗ္ဗာန်ကို (မရောက်ပါ) သညာမပယ်ဘဲနဲ့ ဒုတိယ, တတိယ နိဗ္ဗာန်ကို (မရောက်ပါ) သုဘ, သုခ စိတ္တတွေ မပယ်ဘဲနဲ့ ဒကာ ဒကာမတို့ စတုတ္ထနိဗ္ဗာန်ကို ရဖို့ကော (မရပါ) ရကို မရဘူးစိတ်ချ (မှန်ပါ့) အင်္ဂုတ္တိုရ်ပါဠိတော်မှာ သေသေချာချာ ဘုရားဟောတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သူ့မလုပ်ရင် နိဗ္ဗာန်မရဘူး

အဲဒီတော့ အားလုံး ဒကာ ဒကာမတွေ မေတ္တာရှေ့ထားပြီး ဘုန်းကြီးပါးစပ် တစ်ပေါက်တည်းက ပြောရတာ လည်း မလွယ်လှပါဘူး (မှန်ပါ့) မလွယ်ပါဘူးတဲ့၊ ခင်ဗျားတို့ကလည်း အိမ်က ဘာမှ ပါလာတာမဟုတ်ဘူး၊ ဒီကျမှ အသစ်ချည်းပဲဆိုတော့ ဒီတစ်လုံးတည်းကိုပဲ အမြဲရှင်းအောင် ပြောပြီးသကာလ နေရတော့ ပယ်နည်းရှားနည်းသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ဝိပဿနာဉာဏ် မဂ်ဉာဏ်မှတစ်ပါး ဒကာကြွယ် မရှိဘူးနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူ့မလုပ်ရင် နိဗ္ဗာန်မရဘူး (မရပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဝိပဿနာအလုပ်, မဂ်ဉာဏ်အလုပ်ကို မလုပ်ရင် (နိဗ္ဗာန်မရပါ) သူမှ သညာကိုပယ်မယ်၊ စိတ္တကို ပယ်မယ်၊ ဒိဋ္ဌိကို ပယ်မယ် (မှန်ပါ့) ဒီ့ပြင်ဟာက ပယ်လို့ရရဲ့လား (မရပါ ဘုရား)။

မယုံရင် ဒါနလုပ်ကြည့် ပယ်လို့မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ) သီလဆောက်တည်ကြည့် (မရပါ) ဝိပ္ပလ္လာသ ပယ်နိုင်ပါ့မလား (မပယ်နိုင်ပါ) သမထ လုပ်ကြည့်ပြန်တော့ကော (မပယ်နိုင်ပါ ဘုရား)။

အမယ်လေး ကသိုဏ်းရုပ်ကြီးတွေ ငါ့ဟာတောင်လုပ်နေလိုက်သေးတယ် သူတို့က (မှန်ပါ့ ဘုရား)။

ကသိုဏ်းထင်တဲ့ ကသိုဏ်းရုပ်ကြီးတွေကြည့်ပြီး ကောင်းကင်ပျံ မြေလျှိုးနေတော့ ငါနေရာကျတယ်ဆိုတဲ့ ဒိဋ္ဌိ ဝိပ္ပလ္လာသတောင် သူတို့ဖုံးနေလိုက်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီဝိပ္ပလ္လာသ သုံးချက်ကို အားလုံးပေါင်းလိုက်ရင် ဆယ့်နှစ်ပါးရှိပါတယ် (မှန်ပါ့) ဆယ့်နှစ်ပါးကို ပထမ မဂ် ဒကာ ဒကာမတွေ ဘုန်းကြီးက ရအောင်လည်းဟော ဒကာ ဒကာမတွေကလည်း ကြိုးစားရင် ရှစ်ပါးတစ်ခါတည်း ပြုတ်တယ် (မှန်ပါ့) ဒိဋ္ဌိဝိပ္ပလ္လာသ ရှစ်ပါးပြုတ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ အမှားတော်ပုံကြီးကဖြင့် ယနေ့သိပလား (သိပါပြီ) တံတိုင်းကြီး ဘယ်လောက်မြင့် ပါလိမ့် (မခန့်မှန်းနိုင်ပါ) ဘယ်လောက်များ ထူထပ်ပါလိမ့် (မခန့်မှန်းနိုင်ပါ) ဘယ်ဘဝကစပြီး တည်ထောင်လို့ ဘယ်ဘဝ ကျအောင် ဆင့်လာတယ်ဆိုတာ ဘဝတိုင်း ဆင့်တယ် (မှန်ပါ့) ဘယ်တုန်းကမှ ဖြိုဖျက်ခဲ့တဲ့ ဘဝပါရဲ့လား (မပါပါ ဘုရား)။

ဒါ့ကြောင့် ခုန်ကျော်လွန်၍ သွားဖို့မလွယ် ကြီးကျယ်မြင့်ဆိုင်း တံတိုင်းပမာ ဝိပ္ပလ္လာသဖြင့် ကွယ်ကာရစ်ဆိုင်း ဝန်းဝိုင်း၍ နေခြင်းကြောင့် လည်းကောင်း၊ နောပတိဋ္ဌန္တိ = ဒုက္ခသဘော ငါဘုရား ဘယ်လိုပင် ဟောငြားသော်လည်း သူတို့မှာ သဘောမပါနိုင်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

အလုပ်နဲ့ ရှင်းပြမယ်

တံတိုင်းကာနေလို့တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ကြပါစို့တဲ့၊ သေသေချာချာ အမှားသုံးချက်ကို သရုပ်နဲ့တကွ ရှင်းကြပါစို့နော် (မှန်လှပါ ဘုရား)။

အလုပ်နဲ့ ရှင်းပြမယ်တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) အလုပ်နဲ့ ရှင်းပြမယ်ဆိုတော့ အမှားကလေး ဆယ့်နှစ် ချက်ကို သေသေချာချာ မှတ်ပါဦးတဲ့ (မှန်ပါ့)။

ဒီအတိုင်း ပါးစပ်က ပြောသွားရင် ဦးမြရေ ဘယ်သူမှ မမှတ်မိလို့ ပုံစံချချပြနေရတယ် (မှန်ပါ့) ပုံစံချပြမှ ရမယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်တော့မှ ဘုရားသာသနာနဲ့ကလည်း ကောင်းကောင်းက မကြုံ၊ ကြုံပြန်တော့လည်း ကိုယ့်ဝိပ္ပလ္လာသ တံတိုင်းအတွင်းက မကြားဘဲနဲ့ နေကြတယ် (မှန်ပါ့) ဤကဲ့သို့ အဖြစ်ဆိုးနဲ့ နေရသည် ဖြစ်လေသော ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အမှားဘယ်နှစ်ချက်ဆိုတဲ့ဥစ္စာ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ကျွတ်တမ်းမဝင် တာ ငါ သေသေချာချာ ရှင်းပြမယ်ဆိုပြီးသကာလ အမှားတွေ ရှင်းပြတယ်နော် (မှန်ပါ့) ပြီးတော့မှ ဖျက်ပြပါမယ်တဲ့၊ ဒီအမှား ပယ်နည်းပြမယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးမှာ ရှိတာက ‘သဗ္ဗေသင်္ခါရာ အနိစ္စာ” ဆိုတော့ အနိစ္စပဲရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စပဲရှိတယ်နော် (မှန်ပါ့) ကောင်းပြီ ‘သဗ္ဗေသင်္ခါရာ ဒုက္ခာ’ ဆိုတော့ ခန္ဓာကိုယ်ကြီးထဲ ဖြစ်ပျက်ဒုက္ခသစ္စာပဲ ရှိတယ် (မှန်ပါ့)။

ခန္ဓာကိုယ်ကြီးထဲမှာ ‘သဗ္ဗေဓမ္မာ အနတ္တာ’ ဆိုသောကြောင့် ခန္ဓာကိုယ်ကြီးထဲ ရုပ်ကြည့်ကြည့် နာမ်ကြည့်ကြည့် စုလိုက်ရင် အနတ္တထဲ ဝင်တာပဲ (မှန်ပါ့) အနိစ္စ ဒုက္ခ အနတ္တပေါ့နော် (မှန်ပါ့ ဘုရား)။

‘သဗ္ဗေဓမ္မာ အသုဘာ’ ဆိုတဲ့အတိုင်း အလုံးစုံ ဒကာ ဒကာမတွေ သန္တာန်ရှိတာကတော့ဖြင့် သုံးဆယ့်နှစ်ကော ဋ္ဌာသ အသုဘပဲရှိတယ် (မှန်ပါ့ ဘုရား) သဘောပါလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ ပင်ကိုယ်အရှိကဖြင့် အနိစ္စ ဒုက္ခ အနတ္တ အသုဘ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပင်ကိုယ်အရှိက ဘာပါလိမ့်

ပင်ကိုယ်အရှိက ဘာပါလိမ့် (အနိစ္စ ဒုက္ခ အနတ္တ အသုဘပါ ဘုရား)။

မှတ်ထား မှတ်ထား၊ ဪ ပင်ကိုယ်အရှိက ဒါပါလား (မှန်ပါ့) ဘုရားက မဟောလည်း ဒါပဲရှိတယ် (မှန်ပါ့) ဘုရားက ဟောလည်း (ဒါပဲ ရှိပါတယ်) ဒါကတော့ ပြင်လို့ရသေးရဲ့လား (မရပါ ဘုရား)။

မရတော့ ခင်ဗျားတို့ ကျုပ်တို့ အထင်က ဘယ့်နှယ်ဖြစ်နေသတုံးလို့ ဒကာသစ်တို့ မေးဖို့ မလိုဘူးလား (လိုပါ တယ် ဘုရား)။

လိုတော့ ကျုပ်တို့အထင်က တဲ့ မွေးကတည်းက ဆရာကောင်း, သမားကောင်းက မတွေ့၊ ဘဝများစွာ သံသရာကလည်း အမှားနဲ့ ကြီးထွားခဲ့ဆိုတော့ကို သားကလေးတစ်ယောက် မွေးဖွားလာလို့ရှိရင် ဒါ ခန္ဓာကိုယ် ထားပါ တော့နော် (မှန်ပါ့ ဘုရား)။

အနိစ္စကို နိစ္စလို့ မှတ်တဲ့ သညာဝိပ္ပလ္လာသလာတယ် (မှန်လှပါ) အနိစ္စကို နိစ္စလို့ သိတဲ့ စိတ္တဝိပ္ပလ္လာသလာ တယ် (မှန်ပါ့) အနိစ္စကို နိစ္စလို့ယူတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ လာတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် အနိစ္စ မသိလို့ ဝိပ္ပလ္လာသ ဘယ်နှစ်ချက် လာသတုံး (သုံးချက်လာပါတယ် ဘုရား)။

ပြန်ပြောတယ်၊ အနိစ္စကို နိစ္စလို့ မှတ်တာက ဘာပါလိမ့် (သညာဝိပ္ပလ္လာသပါ) အနိစ္စကို နိစ္စလို့ သိတာက (စိတ္တဝိပ္ပလ္လာသပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ မကြားဘူးလို့ အသံပျော့မနေနဲ့နော် (မှန်ပါ့) အနိစ္စကို နိစ္စလို့ မှတ်တာက ဘာတုံး (သညာဝိပ္ပလ္လာသပါ) အနိစ္စကို နိစ္စလို့ သိတာက (စိတ္တဝိပ္ပလ္လာသပါ ဘုရား) အနိစ္စကို နိစ္စလို့ ယူထားတာက (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ကြည့်စမ်း၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ အနိစ္စ တစ်ချက်တည်းမှာ အမှားသုံးချက် လိုက်လာတယ် (မှန်ပါ့) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

ကဲ တစ်ခါ သွားပါဦး၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဘုရားက ဒုက္ခသစ္စာ၊ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဟောပေမယ့် ကျုပ်တို့စိတ်ထဲမှာ မထင်လာဘူး (မှန်ပါ့) မထင်လာတော့ ဒုက္ခကို သုခလို့ မှတ်တဲ့သညာဝိပ္ပလ္လာသ လာလိမ့်မယ် (လာပါတယ် ဘုရား) ဒီ ဒုက္ခကို သုခလို့သိတဲ့ စိတ္တဝိပ္ပလ္လာသ (လာပါတယ်) ဒုက္ခကို တစ်ခါ သုခလို့ ယူတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ (လာပါတယ် ဘုရား)။

ဒုက္ခနောက်က အမှား ဘယ်နှစ်ချက်တုံး

ဒါဖြင့် ဒုက္ခနောက်က အမှား ဘယ်နှစ်ချက်တုံး (သုံးချက်ပါ ဘုရား)။

ပြန်ပြောတယ်၊ ဒုက္ခကို သုခလို့ မှတ်တာက ဘာပါလိမ့် (သညာဝိပ္ပလ္လာသပါ) ဒုက္ခကို သုခလို့ သိနေတာက (စိတ္တဝိပ္ပလ္လာသပါ) ဒုက္ခကို သုခလို့ ယူတာက (ဒိဋ္ဌိဝိပလ္လာသပါ)။

တစ်ခါတလေ ခင်ဗျားတို့ ယပ်တောင်ကလေးခတ် ထမင်းကလေးများ စားကောင်းတဲ့အခါ ဪ ချမ်းသာ လိုက်တာ ချမ်းသာလိုက်တာနဲ့များ ဒီခန္ဓာကိုယ်ကြီး ယပ်တောင်ကလေးခတ်ပြီး ချမ်းသရတာကို ခင်ဗျားတို့က အင်း ဟိုမှာ ကျွဲလိုရုန်းနေတဲ့ အကောင်နဲ့စာရင် တော်သေးရဲ့များ ပြောနေသေးတယ် (မှန်ပါ့)။

အတော်ဆိုးနေတာ (ဆိုးပါတယ် ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဘဝင်မြင့်နေစရာ မရှိ၊ တိုက်လေသာခန်းကနေပြီး အလကားမြင့်နေတာ ရှိသေးတယ်ဗျ (မှန်ပါ့) အတော်မဆိုး ဘူးလား (ဆိုးပါတယ် ဘုရား)။

ကဲ တစ်ခါသွားပါဦးတဲ့ ၊ ခန္ဓာကိုယ်ကြီးဟာ ‘သဗ္ဗေဓမ္မာ အနတ္တာ (မှန်ပါ့) ဘယ်အခါမဆို ဦးဇံရင် ကြည့်၊ ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ အနတ္တ လဲနေတာပဲ (မှန်ပါ့) မလဲဘူးလား (လဲပါတယ် ဘုရား)။

အဲဒီ အနတ္တကို ငါလို့ မှတ်တဲ့ ဥစ္စာက သညာဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အနတ္တကို အတ္တလို့ မှတ်တာက (သညာဝိပ္ပလ္လာသပါ ဘုရား) အနတ္တကို အတ္တလို့ သိတာက(စိတ္တဝိပ္ပလ္လာသ ပါ ဘုရား) အနတ္တကို အတ္တလို့ ယူထားတာက (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

အနတ္တနောက်က အမှား ဘယ်နှစ်ချက်

ဒါဖြင့် အနတ္တနောက်က အမှား ဘယ်နှစ်ချက် (သုံးချက်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ ကျုပ်တို့၏ ခန္ဓာကိုယ်ကြီးဟာ ဘယ်လိုဖျက်ကြည့်ကြည့် သုံးဆယ့်နှစ်ကောဋ္ဌာသထက်ပိုတဲ့ အသုဘ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒီ အသုဘကိုပင်လျှင် ဟိုခန္ဓာကလေးတွေ ရင်ကြည့်လိုက် ကျောကြည့်လိုက် ပေါင်ကြည့်လိုက် လက်မောင်း တန်းကြည့်လိုက်လို့ရှိရင်ဖြင့် အင်း ကြည့်ကောင်းပါသေးရဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေက ကိုယ့်ဟာ ကိုယ်မှန်ကလေးများ ထောင်ကြည့်တဲ့အခါ တော်သေးတယ်၊ အရွယ်နဲ့ ဆိုလို့ ရှိရင် တင်တာကတောင် များနေသေးတယ် (မှန်ပါ့) ပြောချင်ပြောနေတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ်) အဲဒါတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အသုဘကို သုဘလို့ မှတ်တဲ့ ဘာတုံး (သညာဝိပ္ပလ္လာသပါ) အသုဘကို သုဘလို့ သိနေတဲ့ဥစ္စာက (စိတ္တဝိပ္ပလ္လာသပါ) အသုဘကို သုဘလို့ တကယ်ယူနေတာက (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ဒါဖြင့် အသုဘ နောက်က အမှား ဘယ်နှစ်ချက် (သုံးချက်ပါ ဘုရား)။

ပေါင်းလိုက်တော့ ဆယ့်နှစ်ပါး

ကိုင်း ပေါင်းလိုက်တော့ ဘယ်နှစ်ပါးရှိသလဲ (ဆယ့်နှစ်ပါးပါ) ဆယ့်နှစ်ပါးရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပေါင်းလိုက်တော့ ဘယ်နှစ်ပါးပါလိမ့် (ဆယ့်နှစ်ပါးပါ) အဲဒီ ဆယ့်နှစ်ပါးဟာ တစ်နေ့ ဘယ်နှစ်ခါ ဖြစ်သတုံး သာ မေးစမ်းပါ (မရေတွက်နိုင်ပါ ဘုရား)။

ဒါ ခန္ဓာကြီး ထွက်ပေါက်မပေးတဲ့ တရားဆယ့်နှစ်ပါးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခန္ဓာကြီး ထွက်ပေါက် မပေးတာ ဘယ်နှစ်ပါးပါလိမ့် (ဆယ့်နှစ်ပါးပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါကို ဦးဇံရင် အလုပ်နဲ့မှ သေသေချာချာ ကျုပ်တို့ ဖြစ်ပျက်ကို မကြည့်လို့ ဖြစ်ပျက်မမုန်းလို့ ဖြစ်ပျက် မဆုံးတဲ့အခါ ဒါတွေပွင့်ပါ့မလား (မပွင့်ပါ) ဘယ်နည်းနဲ့မှ မပွင့်ဘူး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်မလုပ်ဘဲနဲ့ နိဗ္ဗာန်ရတယ်ဆိုတာများ ခင်ဗျားတို့ ယုံကြပါရဲ့လား (မယုံပါ ဘုရား)။

မယုံကို မယုံနဲ့၊ ဘယ်သူက ဘာပြောပြောမယုံနဲ့ (မှန်ပါ့ ဘုရား)။

ပရိညာသုံးပါး

ဘယ့်နှယ် ဒါတွေက ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ လိုရင်းတရားတွေ ဒါတွေကိုမှ မပယ်ဘဲနဲ့၊ ပယ်ရင် တော့ အလုပ်လုပ်မှပဲ ပယ်လို့ရတယ် (မှန်ပါ့) အသိနဲ့ ပယ်လို့ မရဘူး၊ အပွားနဲ့လည်း ပယ်လို့မရသေးဘူး တဲ့၊ နောက်ဆုံးပိတ် အပယ်နဲ့မှ ကိစ္စပြီးတယ် (မှန်ပါ့)။

ဒါကြောင့်မို့ “ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာ” လို့ ပရိညာသုံးပါး သေသေချာချာ ဟောပြန်တယ် (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒါ တချို့ တရားဟောဆရာတွေက ဒကာကြွယ် သိပြီးတာပဲတဲ့ (မှန်ပါ့) ဒါဖြင့် ဉာတပရိညာနဲ့ နိဗ္ဗာန်ရောက် တယ် ပြောနေတာ (မှန်ပါ့) ပွားမှုပါသေးရဲ့လား (မပါပါ ဘုရား) ပယ်မှုကော (မပါပါ ဘုရား)။

အဲဒီမှာ တချို့က သောတာပန် တည်တယ်ဆိုပြီး သကာလ ဒကာ ဒကာမတွေ နဂိုရ်က ပျင်းရတဲ့အထဲမှာ ပျင်းတဲ့ဆရာနဲ့ သွားတွေ့လို့ မြှုပ်ပါရော့လား (မှန်ပါ့ ဘုရား) တစ်ဘဝလုံး နစ်နာသွားတယ် (မှန်ပါ့) တစ်သံသရာ လုံး မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

အဲဒါကြောင့် ဆရာမှားနဲ့ တွေ့ရမှာလည်း အင်မတန် ကြောက်စရာကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။

ဒိဋ္ဌိမပယ်ဘဲနဲ့ သောတာပန် မဖြစ်

အခု ဝိပဿနာတွေ ခေတ်ထပြီးသကာလနေတော့ အင်မတန်မှ အရေးကြီးတဲ့အချက်တွေဟာ အများကြီးရှိ ပါတယ်တဲ့၊ ဒိဋ္ဌိမပယ်ဘဲနဲ့ ဘယ်တော့မှ သောတာပန် မဖြစ်ဘူး (မှန်ပါ့)၊ ခင်ဗျားတို့ မသေမချင်းမှတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သညာဝိပ္ပလ္လာသမပယ်ဘဲနဲ့ သကဒါဂါမ်, အနာဂါမ် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) စိတ္တဝိပ္ပလ္လာသမပယ် ဘဲနဲ့ ရဟန္တာဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) ဖြစ်ကို မဖြစ်နိုင်ဘူး သေသေချာချာ မှတ်ထားပါ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စနောက်က အမှားဘယ်နှစ်ချက် (သုံးချက်ပါ ဘုရား) ရေပြ စမ်း (သညာဝိပ္ပလ္လာသ၊ စိတ္တဝိပ္ပလ္လာသ, ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ဒုက္ခနောက်က အမှားဘယ်နှစ်ချက် (သုံးချက်ပါ ဘုရား) ကဲ ရေစမ်းပါဦးဗျာ (သညာဝိပ္ပလ္လာသ, စိတ္တ ဝိပ္ပလ္လာသ, ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

အနတ္တနောက်က အမှားဘယ်နှစ်ချက် (သုံးချက်ပါ ဘုရား) ကဲ ရေစမ်းပါဦး (သညာဝိပ္ပလ္လာသ, စိတ္တ ဝိပ္ပလ္လာသ, ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

အသုဘနောက်က အမှားဘယ်နှစ်ချက်တုံး (သုံးချက်ပါ ဘုရား) ရေစမ်းပါဦး (သညာဝိပ္ပလ္လာသ, စိတ္တဝိပ္ပလ္လာသ, ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ကိုင်း ဦးဇံရင် ဘယ်နှစ်ချက်ရသတုံး (ဆယ့်နှစ်ချက်ရပါတယ် ဘုရား) ဒကာကြွယ် ဘယ်နှစ်ချက်ရသတုံး (ဆယ့်နှစ်ချက် ရပါတယ်ဘုရား)။

ပထမမဂ်ရရင် ရှစ်ချက်ပယ်မယ်

ဆယ့်နှစ်ချက်ရတယ်ဆိုတော့ ဒီဥစ္စာ ပထမမဂ်ရရင် ရှစ်ချက်ပယ်မယ် (မှန်ပါ့) ဒုတိယမဂ်၊ တတိယမဂ် ရလို့ ရှိရင်ဖြင့် ကျန်လေး ချက်ထဲကနှစ်ချက်ပယ်မယ် (မှန်ပါ့) စတုတ္ထမဂ်ရလို့ရှိရင် ကုန်လိမ့်မယ် (မှန်ပါ့) သဘောပါ လား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီမဂ်တွေကလည်း မပွားဘဲနဲ့ ရမှာလား၊ ပွားမှ ရမှာလား (ပွားမှရမှာပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့၊ ဦးဇံရင်တို့ ရိပ်မိပြီ (မှန်ပါ့) ဒီအလုပ်, မလုပ်ရင် (မရပါ ဘုရား) မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခက်အောင်ဟောနေတာလား၊ အမှန်ပြောနေတာလား (အမှန်ပြောနေတာပါ ဘုရား)။

လုပ်မှရမည့်တရားဟာ လုပ်ရမှာပဲ

ဒါ့ကြောင့် အလွယ်တရားကိုလည်း မယုံနဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့) လုပ်မှရမည့်တရားဟာ လုပ်ရမှာပဲ (မှန်ပါ့)။

လုပ်တာကတော့ဖြင့် ကိုယ့်ဉာဏ်စွမ်းကြည့်ပြီး ခုနစ်ရက်နဲ့ ပြီးတာလည်း ရှိတယ် (မှန်ပါ့) ညနေအားထုတ်လို့ မနက်ရတာလည်း ရှိတယ် (မှန်ပါ့)။

ဒါကတော့ဖြင့် လုပ်တော့ လုပ်ရမှာပဲ၊ ကိုယ့်ဉာဏ်စွမ်း၊ တံစွမ်း ဒီနေရာ မထည့်နဲ့ (မှန်ပါ့) ကံမဆိုင်ဘူး ဒီနေရာ (မှန်ပါ့ ဘုရား) နိဗ္ဗာန်သွားတဲ့နေရာ ကံက မပို့ဘူး (မှန်ပါ့ ဘုရား)။

နိဗ္ဗာန် ဘယ်သူကပို့သလဲ (ဉာဏ်က ပို့ပါတယ် ဘုရား) မဂ္ဂင်ရှစ်ပါးထဲမှာ ကံပါရဲ့လား လို့ သေသေချာချာ စဉ်းစားကြည့်စမ်း ခေါင်းဆောင်အဖြစ်နဲ့ (မပါပါ ဘုရား)။

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိဆို တော့ ဒကာ ဒကာမကြွယ် ကံပါရဲ့လား (မပါပါ ဘုရား) ပါသေးရဲ့လား (မပါပါ ဘုရား)။

အင်း ကံကောင်းလွန်းလို့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ မယူပါနဲ့ (မှန်ပါ့) ဉာဏ်ကောင်းလွန်းလို့ နိဗ္ဗာန်ရောက် လိမ့်မယ်တော့ (ယူရပါမယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကံကောင်းလို့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ (မယူရပါ ဘုရား) ဉာဏ်ကောင်းရင်ဖြင့် (နိဗ္ဗာန်ရောက်မှာပါ ဘုရား) နိဗ္ဗာန်ရောက်မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ဒီဟာတွေ ပယ်တာ ကံက ပယ်တာလား၊ ဉာဏ်က ပယ်တာ လား (ဉာဏ်က ပယ်တာပါ ဘုရား)။

ဉာဏ်က ပယ်တာပါ

ဒါဖြင့် သူကို ပယ်လိုက်ရင် ပထမနိဗ္ဗာန်, ဒုတိယနိဗ္ဗာန်, တတိယနိဗ္ဗာန် မရဘူးလား (ရပါတယ် ဘုရား) ဒါဖြင့် ကံက ပယ်တာလား၊ ဉာဏ်က ပယ်တာလား (ဉာဏ်က ပယ်တာပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည် ကံလမ်းလား၊ ဉာဏ်လမ်းလား၊ အကဲခတ်ပါ (ဉာဏ်လမ်းပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။

သေချာလို့ရှိရင်ဖြင့် ဉာဏ်ကို ပြပါတော့မယ်ဆိုတဲ့ ဥစ္စာ သေသေချာချာမှတ်ကြ (မှန်ပါ့) ဦးဇံရင်ကြီး ဘာဟော မှာတုံး (ဉာဏ်ဟောမှာပါ ဘုရား) ဉာဏ်ပဲ ဟောရမယ် (မှန်ပါ့)။

”ပညာဟိ သေဋ္ဌာ လောကသ္မိံ၊ ယာယံနိဗ္ဗေဓ ဂါမိနီ” သုတ္တနိပါတ်ပါဠိတော် (မှန်ပါ့) လောကသ္မိံ = လောက၌၊ ပညာဟိ ပညာဧဝ = ပညာသည်သာလျှင်၊ နိဗ္ဗေဓဂါမိနီ = မထိုးဖောက်နိုင်တဲ့ ဝိပ္ပလ္လာသတွေကို သူသာ ထိုးဖောက်နိုင် တယ်၊ ပညာကမှ ထိုးဖောက်နိုင်တယ် (မှန်ပါ့)။

အမှားတွေကို ပညာကမှ ဘာလုပ်တတ်သတုံး (ထိုးဖောက်နိုင်ပါတယ် ဘုရား) ထိုးဖောက်နိုင်တယ် ပြင်ဆင် နိုင်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

”သာစ ယသ္မာ ပဇာနာတိ” တဲ့၊ သာစ = ထိုပညာသည်ပင်လျှင်၊ ယသ္မာ = အကြင့်ကြောင့်၊ ပဇာနာတိ = ဟုတ်တိုင်းမှန်စွာ အသုဘကို အသုဘလို့သိ၊ အနိစ္စကို အနိစ္စလို့သိ၊ ဒုက္ခကို ဒုက္ခလို့သိ၊ အနတ္တကို အနတ္တလို့ သိပြီပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ဇာတိဘဝပရိက္ခယာ = အဲဒီပညာတစ်ခုပဲ ဇာတိဇရာ မရဏတွေ ချုပ်အောင်, ငြိမ်းအောင်, သိမ်းအောင်, လုပ်နိုင်တာ သူသာ ရှိသကွ လို့ ဘုရားက သေသေချာချာ ဟောထားတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါ ပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည် ကံပို့လို့ရောက်မှာလား၊ ဉာဏ်ပို့လို့ ရောက်မှာလား (ဉာဏ်ပို့လို့ ရောက်မှာပါ ဘုရား) သေသေချာချာ မှတ်ပါ ဒီဥစ္စာနော် (မှန်ပါ့)။

ဉာဏ်နဲ့ သွားရမှာ

သေသေချာချာမှတ်ကြပါ ၊ ဒကာ ဒကာမတို့ ဉာဏ်နဲ့ သွားရမှာ (မှန်ပါ့) ဉာဏ်နဲ့ သွားရမှာ။

ဘုရားဖြစ်ချင်လို့ ရှိရင်တော့ဖြင့် ဒကာ ဒကာမတို့ ဒါန ပါရမီဆိုတဲ့ ကံလုပ်ရလိမ့်မယ် (မှန်ပါ့) သီလပါရမီ ဆိုတာတွေ မလုပ်ရဘူးလား (လုပ်ရပါတယ် ဘုရား)။

ကျုပ်တို့ သာဝကသမားတွေကတော့ဖြင့် ဉာဏ်တစ်လုံးပါရင် ရောက်မယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာဝကတွေကဖြင့် (ဉာဏ်တစ်လုံးပါရင် ရောက်ပါတယ် ဘုရား) ဉာဏ်တစ်လုံးပါရင် ရမယ်ဆိုတာ သေသေ ချာချာ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ပြန်ပြီး တစ်ခေါက်ပြောပါဦးမယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

မှားချက်က သိပ်ပြင်းထန်တယ်နော် (မှန်ပါ့) ဒီက အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ (မှန်ပါ့) ဒါ ခင်ဗျားတို့ခန္ဓာ (မှန်ပါ့ ဘုရား)။

ခန္ဓာထဲမှာ ဘာရှိသတုံး (အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘရှိပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ဘယ်လိုများ မှောက်မှားနေတယ်ဆိုတာ ရှင်းကြည့်တဲ့အခါ အနိစ္စကို နိစ္စလို့မှတ်တယ် (မှန်ပါ့) အနိစ္စကို နိစ္စလို့မှတ်တဲ့ သညာဝိပ္ပလ္လာသ (မှန်ပါ့) အနိစ္စကို နိစ္စလို့ သိတဲ့ စိတ္တဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား) အနိစ္စကို နိစ္စလို့ယူထားတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ (မှန်ပါ့) ဘယ်နှစ်ချက်ရသလဲ (သုံးချက်ရပါတယ် ဘုရား)။

ဒုက္ခကို သုခလို့ မှတ်ထားတာက ဘာတုံး (သညာဝိပ္ပလ္လာသပါ) ဒုက္ခကို သုခလို့ သိနေတာက (စိတ္တဝိပ္ပလ္လာ သပါ) ဒုက္ခကို သုခလို့ ယူထားတာက (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အားလုံး ဘယ်နှစ်ချက်ရသတုံး (သုံးချက်ရပါတယ် ဘုရား)။

အားလုံး တစ်ခုတစ်ခုမှာ (သုံးချက် သုံးချက်စီရပါတယ်) သုံးလေးလီ (၃x၄) ဘယ်လောက်ပါလိမ့် (ဆယ့်နှစ် ချက်ပါ ဘုရား)။

အမှားပေါင်း ဘယ်လောက်ရှိသတုံး

ကဲ ဒါဖြင့် ဒကာကြွယ်ရိပ်မိပြီ (ရိပ်မိပါပြီ) ဒကာကြွယ်မှာ အမှားပေါင်း ဘယ်လောက်ရှိသတုံး (ဆယ့်နှစ် ချက် ရှိပါတယ်ဘုရား)။

ဆယ့်နှစ်ခုရှိတယ်၊ ထပ်တူတွေကို ထပ်လိုက်မယ်ဆိုရင်ဖြင့် မရေတွက်နိုင်ဘူး (မှန်ပါ့) ထပ်တူပေါင်းလိုက်လို့ ရှိရင်တော့ (ဆယ့်နှစ်ခုပါ) ထပ်တူပေါင်းပြီး ထပ်လိုက်လို့ရှိရင် ဆယ်နှစ်ခုပဲ ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ထပ်တူတွေကို ထပ်နိုင်သ၍ ထပ်ပြီး ရေတွက်မယ်ဆိုတော့ ရေတွက်လို့ မဆုံးဘူး (မဆုံးပါ) ဆုံးပါ့မလား (မဆုံးပါ ဘုရား)။

ဘဝများစွာ သံသရာက ဦးဇံရင် ဘယ်တော့ပြင်ခဲ့သတုံး မေးလိမ့်မယ် (ဘယ်တော့မှမပြင်ခဲ့ပါ) နောက်က ဒကာ ဒကာမတွေ ဘယ်တော့ပြင်ခဲ့သတုံး (ဘယ်တော့မှ မပြင်ခဲ့ပါ ဘုရား)။

ဒါဖြင့် မပြင်ခဲ့တော့ကို ဒီဘဝကျတော့ ဒီအမှတ်, ဒီအသိ ဒီအယူဟာ ကျန်နေသလား-မနေဘူးလား (ကျန်နေ ပါတယ်) ဒါဖြင့် ထပ်ဆင့်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

နဂိုရ်က မှတ်ထားတဲ့အထဲ ဘာလုပ်ကြပြန်သတုံး (ထပ်ဆင့်ပါတယ် ဘုရား)။

ထပ်ဆင့်တော့ကို ထုသေးလို့လား-ကြီးပြီးသား ထပ်ဆင့်တာလား (ကြီးပြီးသား ထပ်ဆင့်တာပါ ဘုရား)။

နိမ့်လို့ ဆင့်တာလား-မြင်တဲ့အပေါ် မြင့်သထက်မြင့်အောင် ဆင့်တာလား (မြင့်သထက်မြင့်အောင် ဆင့်တာပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ဘုရားအဆူဆူမှာ ဒီတံတိုင်းကြီးတွေကာနေလို့ ဘုရားမဝင်နိုင်ဘူးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ပေါ်ကြပလား (ပေါ်ပါပြီ) အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတရားကိုမှ ပယ်ခြင်း, ဖျောက်ခြင်း မလုပ်ကြတော့ပါဘူး ဆိုလို့ရှိရင် ခင်ဗျားတို့ ဘုရားမှာရှိခိုးကြပါ “အရှင်ဘုရား-တပည့်တော် ဤဆွမ်း, ဤဆွမ်းကြောင့် ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်မဂ်ဖိုလ် ရရပါလို၏” (မှန်ပါ့) ဒါတော့ပယ်မယ် စိတ်မကူးဘူး (မှန်ပါ့) ဆုသာတောင်းတယ် (မှန်ပါ့ ဘုရား)။

ဘယ်ကနေ တောင်းသတုံးလို့ မေးတဲ့အခါကျတော့ ဝိပ္ပလ္လာသထဲကနေပြီး ခန္ဓာငါးပါးကနေ တောင်းတယ် (မှန်ပါ့) ဝိပ္ပလ္လာသထဲကနေ တောင်းတယ် (မှန်ပါ့ ဘုရား)။

ဝိပ္ပလ္လာသစွန့် တောင်းရင်ရတယ် (မှန်ပါ့) မစွန့်ဘဲနဲ့ တောင်းရင် (မရပါ ဘုရား)။

ဘုရားရှေ့သွားတောင်းနေတဲ့ ပုဂ္ဂိုလ်များ

ဒါဖြင့် ခင်ဗျားတို့ ဘုရားရှေ့သွားတောင်းနေတဲ့ ပုဂ္ဂိုလ်များ စွန့်ပြီးတောင်းသလား-မစွန့်ဘဲနဲ့ အလကားလိုချင် သလား (မစွန့်ဘဲနဲ့ အလကားလိုချင်တာပါ ဘုရား)။

အလကားလိုချင်ရင် ဘယ်သူမှမပေးဘူး စိတ်သာချ (မှန်ပါ့) ဘယ်သူမှ မပေးဘူး၊ ရကို မရနိုင်ဘူး (မှန်ပါ့) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ယူရမည့် အလုပ်ကို လုပ်ယူပါ (မှန်ပါ့) တောင်းယူရမည့် အလုပ်ကို (တောင်းယူရပါမယ် ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ စာအုပ်ထဲမှာလည်း ပါတယ်၊ နတ်ပြည် လူ့ပြည်ကို ပန်းတစ်ပွင့်နဲ့ တောင်းယူဟေ့ ရတယ် (မှန်ပါ့) နိဗ္ဗာန်ကျတော့ ဘာဝေတဗ္ဗကိစ္စနဲ့ ပွားယူရမယ်ဆိုတော့ လုပ်ယူရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ ချမ်းသာစစ်ကိုတော့ ဘာလုပ်ယူရမယ် (ပွားယူရပါမယ်) လူ့ပြည် နတ်ပြည်ကျတော့ (တောင်းယူရပါမယ်) ဗြဟ္မာပြည်ကျတောင် သမထအားထုတ် ယူမှရတယ် (မှန်ပါ့) ဒါတောင်းလို့ မရသေးဘူး (မှန်ပါ့ ဘုရား)။

လူ့ပြည် နတ်ပြည်ကတော့ဖြင့် ဆွမ်းနဲ့ ကွမ်းနဲ့ တောင်းယူရင် (ရပါတယ်) ဗြဟ္မာပြည်ကျရင် သမထ အားထုတ် ယူမှ ရတယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ကျလို့ရှိရင် ဝိပဿနာအလုပ် မလုပ်ဘဲနဲ့ (မရပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အချောင်ကြိုက်သမားနဲ့ဖြင့် ဒီတရားပွဲလာကို မလာနဲ့၊ ရကိုမရဘူး၊ စိတ်သာချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သေသေချာချာ လုပ်ယူရလိမ့်မယ်ဆိုတာသာ အောက်မေ့ (မှန်ပါ့ ဘုရား)။

သို့သော် အားမလျှော့လိုက်ပါနဲ့ (မှန်ပါ့) အားမလျှော့နဲ့ လုပ်ရမှာက တော်တော်များများ လုပ်ရမှာလားဘုရား၊ ဒီအသံမလာနဲ့ (မှန်ပါ့) ခင်ဗျားတို့ ဉာဏ်စွမ်းကြည့်လို့ မနက်အားထုတ်ရင် ညနေရတဲ့နည်းလည်း ရှိတယ် (မှန်ပါ့) ခုနစ်ရက် အားထုတ်လို့ရတဲ့ နည်းကော (ရှိပါတယ်) ခုနစ်နှစ်အားထုတ်ရတဲ့ နည်းကော (ရှိပါတယ်) အဲဒါတော့ ကိုယ့်ဉာဏ်စွမ်းကိုမှီပါတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုရားက “ယောဟိကောစိ ဘိက္ခဝေ ဣမေစတ္တာရော သတိပဋ္ဌာနေ ဧဝံဘာဝေယျ သတ္တဝဿာနိ” (မှန်ပါ့) သတိပဋ္ဌာန် အားထုတ်လို့ရှိရင် ဖျင်းလွန်းရင် ခုနစ်နှစ်အားထုတ်ရင် ရတယ်ကွ (မှန်ပါ့) တစ်ခါ နောက်ဆုံး ပိတ်ဟောလိုက်ပြန်တော့ ခုနစ်ရက်နဲ့လည်း ရတယ်ကွ (မှန်ပါ့ ဘုရား)။

ဒါ ဘယ်သူဟောတာတုံး (ဘုရားဟောတာပါ ဘုရား) ဘုရားဟောတာဖြစ်နေတော့ ဘုရားသည် တချို့ခုနစ် နှစ်ဟောတယ်၊ တချို့ခုနစ်ရက်ဟောတယ်၊ ကိုယ်တော်ကြီးကလည်း လျှာရှည်လိုက်တာလို့ ဒကာကြွယ်က ဆိုချင်သလား (မဆိုပါ ဘုရား)။

ခင်ဗျားတို့ ကိလေသာထု-ထူတဲ့ပုဂ္ဂိုလ်မှာ ခုနစ်နှစ်အားထုတ်ရမယ် (မှန်ပါ့) ကိလေသာထု အလတ်စားရှိတဲ့ ပုဂ္ဂိုလ်မှာ ခုနစ်လ အားထုတ်ရမယ် (မှန်ပါ့) ကိလေသာပါးတဲ့ပုဂ္ဂိုလ် ခုနစ်ရက်နဲ့ရမယ် (မှန်ပါ့) ကိလေသာပေါ်မှာ မှီတာပါပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဘုန်းကြီးဆီမှာ တရားအားထုတ်ရတာ ကြာပြီဘုရား၊ တပည့်တော်တို့ ခုထက်တိုင်တိုင် ပဲ ဖြစ်ပျက်က မတတ်သေးဘူးတဲ့ (မှန်ပါ့ ဘုရား)။

ကိလေသာထု ထူနေတယ်

မရှက်လို့ ပြောတာ (မှန်ပါ့) ကိလေသာထု ထူနေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာဖြစ်လို့ ပြောတာ တုံး (ကိလေသာထု ထူနေလို့ပါ ဘုရား) မရှက်လို့ ပြောတာ (မှန်ပါ့ ဘုရား)။

တပည့်တော် ဒီနေတာ သုံးနှစ်ရှိပြီ ဘုရား၊ ခုထက်ထိ ဖြစ်ပျက်က မတက်သေးဘူး၊ မုန်းတောင် မမုန်းသေး ဘူး၊ ဆုံးဖို့ရာ အသာထားပါဦး (မှန်ပါ့ ဘုရား)။

မြုံပြီးနေပါ (မှန်ပါ့) မမြုံရင် ဘာဖြစ်မယ်ထင်သတုံး (ရှက်စရာကြီးပါ) ကိုယ့်အထုပ်ဖြေပြသလို ဖြစ်နေမယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကိုယ့်အထုပ်က သေးသေးလား၊ ကိလေသာအထုကြီးက ကြီးကြီးလား (ကြီးကြီးပါ ဘုရား)။

အဲ ကြီးတဲ့ဥစ္စာဖြေပြရတယ်၊ ဖြေပြရလေလေ အရုပ်ဆိုး လေလေနေမှာပဲ (မှန်ပါ့) မဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မရဘူးဟောသလား၊ ရမယ်ဟောသလား (ရမယ် ဟောပါတယ် ဘုရား)။

ရမယ် ဟောပါလျက်သားနဲ့ ကိုယ်ကနှုန့်နှေးလို့ ရှိရင် ကိလေသာထုထူလို့မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်နည်းပြမယ်နော်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်နည်းပြမယ်နော် (မှန်ပါ့) လုပ်နည်းပြမယ်ဆိုတော့ သညာဝိပ္ပလ္လာသ၊ ဒီဘက်က စိတ္တဝိပ္ပလ္လာသက လေးခု၊ ဒိဋ္ဌိဝိပ္ပလ္လာသ ဘယ်နှစ်ခုလဲ (လေးခုပါ ဘုရား) လေးခုမရှိဘူးလား (ရှိပါတယ် ဘုရား)။

သညာဝိပ္ပလ္လာသက (လေးခုပါ ဘုရား) စိတ္တဝိပ္ပလ္လာသက (လေးခုပါ) ဒိဋ္ဌိဝိပ္ပလ္လာသက (လေးခုပါ ဘုရား)။

အဲဒီတော့ အရှင်ဘုရား အလုပ်ပေးပါတော့ဘုရာ့၊ တပည့်တော်တို့ ဒီတံတိုင်းလည်း ကျော်ချင်ပါပြီ၊ ဒီဒုက္ခကြီးလည်း သိမ်းချင်ပါပြီဆိုလို့ရှိရင်ဖြင့် ဒီလေးခု ဘုန်းကြီး ပယ်အောင် မဟောနိုင်ဘူး (မှန်ပါ့) သညာဝိပ္ပလ္လာသ လေးခုလည်း မဟောနိုင်သေးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) စိတ္တဝိပ္ပလ္လာသလေးခုကော မဟောနိုင်သေးဘူး၊ ဒိဋ္ဌိကို အရင်ဖြုတ်ရမယ် (မှန်ပါ့) ဒါမှ သောတာပန်တည်မှာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြုတ်ရမလဲ (ဒိဋ္ဌိကို အရင်ဖြုတ်ရပါမယ်) ဒါဖြင့် ဒိဋ္ဌိဖြုတ်ခဏ်း ဝိပဿနာဉာဏ်ကို ဟောရမှာပေါ့ (မှန်ပါ့ ဘုရား)။

တရားရမ်းဟောလို့ရှိရင် ဦးဇံရင် လွဲ-မလွဲ (လွဲပါတယ်) မလွဲပေဘူးလား (လွဲပါတယ် ဘုရား)။

သညာဝိပ္ပလ္လာသ အရင်ဟောလို့ရှိရင် ဖြစ်ပါ့မလား (မဖြစ်ပါ) သညာက ကျန်နေသေးတာဗျ (မှန်ပါ့) အနာဂါမ် တောင်မှ အရှင်ဘုရား ဆွမ်းဘုဉ်းပေးလို့ ကောင်းရဲ့လားဆိုတော့ ကောင်းပါတယ် ဒကာကြီးလို့ ပြောသေးတယ်ဆိုရင် သုခသညာကျန်နေတယ် (မှန်ပါ့) မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။

အဲဒီတော့ ဒါတွေဟောနေလို့ရှိရင် တရားဟောစဉ်မလွဲပေဘူးလား (လွဲပါတယ် ဘုရား)။

ဒိဋ္ဌိအရင်ဖြုတ်ရမယ်

ဒါဖြင့် ဘာအရင်ဖြုတ်ရမယ် (ဒိဋ္ဌိအရင်ဖြုတ်ရပါမယ်) ဒိဋ္ဌိဝိပ္ပလ္လာသ အရင်ဖြုတ်ရမယ် (မှန်ပါ့) သဘောပါ ကြပလား (ပါပါတယ် ဘုရား)။

ဘာဖြုတ်ရမယ် (ဒိဋ္ဌိဝိပ္ပလ္လာသ အရင်ဖြုတ်ရပါမယ်) ဒိဋ္ဌိဖြုတ်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိဖြုတ်မယ်ကြံတော့ကို စကားက ဒကာ ဒကာမတို့မလွယ်ဘူး (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ပြန်ပြရမယ် (မှန်ပါ့ ဘုရား)။

ဘာပြရမယ် (ပဋိစ္စသမုပ္ပါဒ် ပြန်ပြရပါမယ်) ဒိဋ္ဌိဖြုတ်ချင်ရင် ဘာနားလည်ရမယ် (ပဋိစ္စသမုပ္ပါဒ် နားလည်ရပါ မယ် ဘုရား)။

ဒကာ ဒကာမတို့ တရားနှလုံးသွင်း၊ ငါးမိနစ်ပဲ ကျန်တော့တယ် (မှန်ပါ့) ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးရှိတဲ့အနက် က ရှေးဦးစွာ ဝိပဿနာဉာဏ်နဲ့ ဖြုတ်ရမှာ ဘယ်ဟာဖြုတ်ရမှာတုံး (ဒိဋ္ဌိအရင် ဖြုတ်ရမှာပါ) ဒိဋ္ဌိဖြုတ်ရမယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

စိတ္တဝိပ္ပလ္လာသ ဖြုတ်လို့ရပါ့မလား (မရပါ) သညာဝိပ္ပလ္လာသ အကုန်ဖြုတ်လို့ရပါ့မလား (မရပါ) ဒါဖြင့် တရားဟောစဉ်မှာ ဆရာသမားမလိုဘူးလား (လိုပါတယ် ဘုရား)။

ဦးဇံရင်လိုပြီ (လိုပါတယ်) လိုပြီ၊ ရမ်းဟောနေလို့ရှိရင် လိုပြီ (မှန်ပါ့) ဒကာကြွယ် မလိုဘူးလား (လိုပါတယ် ဘုရား)။

ဒကာ ဒကာမတွေမှာ လှေကားထစ်ကို ၁-နံပါတ်ကတက်မှ ၂-နံပါတ်ရောက်မယ် (မှန်ပါ့) ၂-နံပါတ်ကမှ ၃-နံပါတ်ရောက်မယ် (မှန်ပါ့) ၃-နံပါတ်ကမှ ၄-နံပါတ် တက်ရမယ် (မှန်ပါ့ ဘုရား)။

၁-နံပါတ်မတက်ဘဲနဲ့ ၂-နံပါတ်အတက်ခိုင်း ၃-နံပါတ်အတက်ခိုင်း ဆိုလို့ရှိရင် ချော်ကျရင်လည်း ကျရမယ် (မှန်ပါ့) အမောရင်လည်း ဆိုက်ရမယ်၊ မတက်ဖြစ်ရင်လည်း မတက်ဖြစ်ဘူးဆိုတာ သေချာပါတယ် (သေချာပါတယ် ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးရှိတဲ့အနက်က ဘယ်ဟာကို အရင်ဖြုတ်ရမလဲ (ဒိဋ္ဌိအရင်ဖြုတ် ရပါမယ် ဘုရား)။

သေသေချာချာ မှတ်ပါ (မှန်ပါ့) သေသေချာချာ မှတ်ပါ၊ ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးရှိသည့်အနက်က ပထမနိဗ္ဗာန် လိုချင်ရင် ဘာဖြုတ်ရမလဲ (ဒိဋ္ဌိအရင်ဖြုတ်ရပါမယ် ဘုရား)။

ဒကာသစ် သေသေချာချာ မှတ်နော် (မှန်ပါ့) ဒကာကြွယ် သေသေချာချာ မမှတ်ရင် တော်ပါ့မလား (မတော် ပါ ဘုရား)။

တရားကို “ဗုဇ္ဈံတီတိဗုဒ္ဓေါ” တွေ ဟောပြီးသကာလနေငြားသော်လည်း ဦးဇံရင် ဒါတွေမပါရင် ဘယ့်နှယ်တုံး မရဘူးဗျာ့ (မှန်ပါ့) ဒါပယ်နည်းကိုပဲ ခန္ဓာကိုယ်ပေါ်မှာ ပြရဦးမယ် (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးရှိသည့်အနက်က ဘယ်ဟာပယ်မှ ပထမနိဗ္ဗာန်ရမတုံး (ဒိဋ္ဌိပယ်မှ ရပါမယ် ဘုရား)။

ဒိဋ္ဌိပယ်နည်း နိဿယည်း

ဒါဖြင့် ဒိဋ္ဌိပယ်နည်း နိဿယည်းကို တရားဟောတဲ့ပုဂ္ဂိုလ်က ရှေးဦးစွာဟောရမယ် (မှန်ပါ့) ဒီ့ပြင်ဟာဟော ရင် (မရပါ ဘုရား) လွဲကုန်ပြီလို့သာ အောက်မေ့ပေတော့ ရှေ့နောက်လွဲကုန်ပြီ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က မနာတတ်ပေမယ့် ဆရာဘုန်းကြီးကတော့ ပြင်ပေးရမယ် (မှန်ပါ့) ခင်ဗျားတို့ကတော့ တရားဆိုရင် ကုသိုလ်ဖြစ်တာပဲ (မှန်ပါ့ ဘုရား)။

ဟာ ကုသိုလ်ဖြစ်ချင်လို့ရှိရင် ခင်ဗျားတို့ စာအုပ်ဖတ်နေလည်း ကုသိုလ်ဖြစ်တာပဲ (မှန်ပါ့) ကုသိုလ်ဖြစ်တာ နဲ့ မဂ်ရတာနဲ့ တခြားစီ (မှန်ပါ့ ဘုရား)။

ကုသိုလ်ဖြစ်တာနဲ့ (မဂ်ရတာနဲ့ တခြားစီပါ) ကုသိုလ်ဖြစ်ချင်ရင် လမ်းတံမြက်စည်းလှဲ, ရေအိုးစင်တည်, ကုသိုလ် ဖြစ်ပါတယ် (မှန်ပါ) မဂ်ရဖို့ကျတော့ (မရပါ) ပယ်စဉ်နားလည်မှရမယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

မဂ်ရဖို့ကျတော့ (ပယ်စဉ် နားလည်မှရပါမယ်) ဒါဖြင့် ကုသိုလ်ဖြစ်တာက တခြား၊ မဂ်ရတာက တခြား (မှန်လှပါ ဘုရား)။

လာဘ်ရတာက တခြားကွ

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ လာဘ်ရတာက တခြားကွ၊ နိဗ္ဗာန်ရတာက တခြား ကွလို့ ဓမ္မပဒမှာ သေသေချာချာဟောတယ် (မှန်ပါ့ ဘုရား)။

အညာဟိ လာဘူပနိသာ၊

အညာ နိဗ္ဗာနဂါမိနီ။

ဧဝမေတံ အဘိညာယ၊

ဘိက္ခု ဗုဒ္ဓဿ သာဝကော။

သက္ကာရံ နာဘိနန္ဒေယျ၊

ဝိဝေက မနုဗြူဟယေ။(ဓမ္မပါဠိ၊ ၂၄)

လာဘူပနိသာ = လာဘ်ရတဲ့အလုပ်က၊ အညာ = တစ်ပါးကွတဲ့ (မှန်ပါ့) ဒါနပြုပြီး နောက်ဘဝကြီးပွားချင်တာ အဲဒါက တခြားကွတဲ့ (မှန်ပါ့ ဘုရား)။

အညာနိဗ္ဗာနဂါမိနီ = နိဗ္ဗာန်ရောက်ကြောင်း အလုပ်က တခြားကွတဲ့ (မှန်ပါ့) မဟောဘူးလားတဲ့ (ဟောပါတယ် ဘုရား)။

ဧဝ မေတံ အဘိညာယ- ဒီနှစ်ခုခွဲသိမှ (မှန်ပါ့) ခွဲမသိရင် တော်ပါ့မလား (မတော်ပါ ဘုရား) ဒါဖြင့် နိဗ္ဗာန် ရောက်ကြောင်းက တခြား၊ လာဘ်ရကြောင်းက (တခြားပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ လာဘ်ရချင်သလား၊ နိဗ္ဗာန်ရချင် သလား (နိဗ္ဗာန်ရချင်ပါတယ် ဘုရား)။

အင်း မုသားတော့ မပါစေနဲ့နော်၊ ဗေဒင်မေးတော့ ဘယ်တော့များ လာဘ်ကလေးရွှင်ပါ့မတုံး မေးနေကြတာ ခင်ဗျားတို့က ခက်လိုက်ကြတာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းနဲ့ လာဘ်ရကြောင်းဟာ အတူတူလား၊ တခြားစီလား (တခြားစီပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ကြောင်းပဲ ကြိုးစား (မှန်ပါ့ ဘုရား)။

အာရောဂျံပရမာ လာဘာ = လာဘ်ထဲမှာ အနာကင်းခြင်းဟာ လာဘ်အကြီးဆုံး (မှန်ပါ့) နိဗ္ဗာနံ ပရမံ သုခံ = အဲဒီလာဘ်တွေထက်လည်း နိဗ္ဗာန်ဟာ အကြီးဆုံးချမ်းသာပဲ ဆိုတော့ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လာဘ်ရတာက ဘာတဲ့ တခြား (မှန်ပါ့) နိဗ္ဗာန်ရမှာက (တခြားပါ ဘုရား)။

လာဘ်ရချင်လို့ရှိရင် လာဘ်ရတဲ့အလုပ်, လုပ်ပါ (မှန်ပါ့ ဘုရား) နိဗ္ဗာန်လိုချင်ရင် နိဗ္ဗာန်ရတဲ့အလုပ်ကို (လုပ်ရပါမယ် ဘုရား) တခြားစီဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပထမနိဗ္ဗာန်လိုချင်ရင် ဘာပယ်ရမယ် (ဒိဋ္ဌိပယ်ရပါမယ် ဘုရား)။

ဒီခန္ဓာပြရလိမ့်မယ်

ဒိဋ္ဌိပယ်ရတော့မယ်ဆိုတော့ ဒီခန္ဓာပြရလိမ့်မယ် (မှန်ပါ့) ဒီခန္ဓာပြရမယ် ၊

အနိစ္စဖြစ်တဲ့ ခန္ဓာကိုယ်ကို အနိစ္စဖြစ်အောင် ဘုန်းကြီးဟောရလိမ့်မယ် (မှန်ပါ့) ဒုက္ခဖြစ်တဲ့ ခန္ဓာကိုယ်ကို (ဒုက္ခထင်အောင် ဟောရပါမယ် ဘုရား) အနတ္တဖြစ်တဲ့ ခန္ဓာကိုယ်ကို (အနတ္တထင်အောင် ဟောရပါမယ် ဘုရား) အသုဘဖြစ်တဲ့ ခန္ဓာကိုယ်ကို (အသုဘထင် အောင် ဟောရပါမယ်)

အဲဒါ ပေါ်အောင်ဟောလိုက်တော့မှ ဒါတွေ အားလုံးမရှိတော့မှ ဒီဒိဋ္ဌိပြုတ်မယ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)

ဒီဒိဋ္ဌိပြုတ်မှ ပထမနိဗ္ဗာန်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒိဋ္ဌိဖြုတ်နည်း နိဿယည်း ဒီနေ့ နာရီစေ့ပြီ၊

နက်ဖြန်မှ ဖြုတ်မယ်၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။