တဏှာ ဥပါဒါန် ကံ,ဖြတ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ – ဟောကြားတော်မူသော
(၃၁-၇-၆၁)
သက္ကာယဒိဋ္ဌိ ကွာချင်လို့ရှိရင်
သက္ကာယဒိဋ္ဌိ ကွာချင်လို့ရှိရင်ဖြင့် ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်ရမယ် (မှန်ပါ့) သက္ကာယဒိဋ္ဌိဆိုတာ အပါယ်ငရဲ မျိုးစေ့လို့ မှတ်ထားပါ (မှန်ပါ့)။
သက္ကာယဒိဋ္ဌိဆိုတာ ဘာပါလိမ့် (အပါယ်ငရဲမျိုးစေ့ ပါ ဘုရား) အဲဒီငရဲမျိုးစေ့ကို ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ပယ်ရှင်း ခုတ်ထွင်နိုင်တဲ့ သဘောသတ္တိမရှိဘဲနဲ့ ဒါနတွေလုပ် ကုသိုလ်ရပါတယ်၊ သီလတွေ ဆောက်တည် ကုသိုလ်ရပါတယ်၊ သမထတွေ အားထုတ် ကုသိုလ်ရပါတယ်၊ ဝိပသာနာ အားထုတ်လဲ ကုသိုလ်ရပါတယ်၊ နိဗ္ဗာန်တော့ မရဘူးလို့ မှတ်ရမယ် (မှန်ပါ့)။
ဒါ သေသေချာချာမှတ်ပါ ဒကာဒကာမတို့ (မှန်ပါ့) ဒါ သေသေချာချာမှတ်ပါ၊ သက္ကာယဒိဋ္ဌိ မပြုတ်ဘဲနဲ့ ဒါနလုပ်လဲ ကုသိုလ်ရပါတယ်လို့ ဘုရားကလဲ ဟောတယ် (မှန်လှပါ) သီလ ဆောက်တည်လဲ (ကုသိုလ်တော့ ရပါတယ်) သမထအားထုတ်လဲ (ကုသိုလ်တော့ ရပါတယ် ဘုရား)။
ကုသိုလ်ရ ကောင်းကျိုးတော့ ပေးတာပေါ့ဗျာ (မှန်ပါ့) ဝိပဿနာ အားထုတ်လဲ (ကုသိုလ်တော့ ရပါတယ် ဘုရား)။
သက္ကာယ မပြုတ်ဘဲနဲ့ လုပ်လို့ ကုသိုလ်ရတဲ့ လေးမျိုးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ရှင်းရှင်းနဲ့ ဒီ ဒကာ ဒကာမတွေ အရင်းထားပြီး ပြောရလို့ရှိရင် နိဗ္ဗာန်တော့ မရဘူး (မှန်ပါ့) နိဗ္ဗာန်တော့ မရနိုင်ဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်ရတယ်ဆိုတာ
အဘယ့်ကြောင့်ဆိုသော် တဲ့ ဒကာ ဒကာမတို့ သောတာပတ္တိမဂ် တည်တဲ့ ပုဂ္ဂိုလ်များမှာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်ရတယ်ဆိုတာ ဒကာသစ်တို့ ကြားပြီးပြီ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ပယ်ရပါလိမ့်မတုန်းလို့ မေးတော့ အပါယ်တံခါး ပိတ်ချင်လို့ (မှန်ပါ့)။
ဒါဖြင့် သူ့မပယ်ဘဲနဲ့ လုပ်တဲ့ ဒါန, သီလ, သမထ, ဝိပဿနာတွေဟာ နိဗ္ဗာန် ရနိုင်ပါ့မလား (မရနိုင်ပါ) အပါယ်လေးပါး တံခါးကော (မပိတ်ပါ) မပိတ်နိုင်ဘူးတဲ့၊ ခဏဘဲပိတ်မယ် ဒကာ ဒကာမတို့ ပြန်ရောက်မယ်ဆိုတာ အောက်မေ့ အပ္ပါယ်လေးပါးကို (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးပြောတဲ့ ပဋိစ္ဆသမုပ္ပါဒိကို ဒကာ ဒကာမတွေက ပုဂ္ဂိုလ်သတ္တာဝါ ဆိတ်သုဉ်းအောင် မှတ်ပါ (မှန်ပါ့)။
မှတ်ပြီးသည်၏ အခြားမဲ့၌ ဒါ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ကြောင်းကိုလဲ ဖြစ်ပျက်မြင်အောင်ရှုပါ (မှန်ပါ့)။
ထိုကဲ့သို့ ရှုလို့ အဖြစ်အပျက်မြင်လို့ အဖြစ်အပျက် မှန်းခဲ့သော်၊ အဖြစ်အပျက် ဆုံးသည့်တိုင်အောင် ရောက်ခဲ့ သော် သက္ကာယဒိဋ္ဌိပြုတ်ပြီလို့ မှတ် (မှန်ပါ့)။
အဲဒီ ဒိဋ္ဌိပြုတ်ပြီးတဲ့ ဒါနသည် နိဗ္ဗာန်ရောက်၏ (မှန်ပါ့) သီလသည် (နိဗ္ဗာန်ရောက်ပါတယ်) သမထသည် (နိဗ္ဗာန်ရောက်ပါတယ်) ဝိပဿနာသည် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။
မဖြုတ်ဘဲနဲ့ လုပ်နေလို့ရှိရင် ဝိပဿနာလုပ်စေကာမူ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရဘူး (မှန်ပါ့)။
သက္ကာယဖြုတ်မှုကို ရှေ့ထားရမယ်
ဪ ဒါဖြင့် ဒါန, သီလ, သမထ, ဝိပဿနာလုပ်မှုထက် သက္ကာယဖြုတ်မှုကို ဒကာကြွယ်တို့ ရှေ့ထားရမယ် (မှန်ပါ့) မနှစ်ကလဲ ဖြိုင်ဖြိုင်လဲ ဟောခဲ့ပါတယ် (မှန်ပါ့)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ရေလိုက်မလွဲပါနဲ့ ဆိုတာကိုလဲ အထူး သတိပေးပါတယ်ဆိုတာ မှတ်ဖြစ်အောင် မှတ်ပါ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က လျှာပေါက်ကနေပြီး ပဋိစ္စသမုပ္ပါဒ်ပြတော့ ယနေ့ ကိုယ်ပေါက်နေပြီး ပဋိစ္စသမုပ္ပါဒ်ပြမယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီဟာက ခင်ဗျားတို့ ဝတ်ချင်တဲ့ အထည်အလိပ်ကလေးလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ဖျတ်ဆို လက်ကလေးနဲ့ ကိုင်ပြီး သကာလ ဝတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီအထည်နဲ့ ကိုယ်နဲ့ ထိတာက ဖဿ (မှန်ပါ့) အထည်နဲ့ ကိုယ်နဲ့ ထိတာက (ဖဿပါ ဘုရား)။
ဪ ဒါ,ဖဿကို ဖဿလိုပဲမှတ်၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး (မှန်ပါ့) ဖဿကို (ဖဿလို့ မှတ်ပါ) ပုဂ္ဂိုလ်သတ္တဝါ (မဟုတ်ပါ ဘုရား)။
အသိနဲ့ ပြုတ်တဲ့ သက္ကာယဒိဋ္ဌိ
ဒါကို သေသေချာချာ မှတ်ထားတော့မှ ဪ ဒါပုဂ္ဂိုလ်သတ္တဝါ ဆတ်သုဉ်းတဲ့ သဘောပါလား၊ ငါ-ငါ့ဥစ္စာလို့ ဆိုစရာမရှိပါလားဆိုတော့မှ အသိနဲ့ ပြုတ်တဲ့ သက္ကာယဒိဋ္ဌိ (မှန်ပါ့ ဘုရား)။
အသိနဲ့ ပြုတ်တဲ့ (သက္ကာသဒိဋ္ဌိပါ) အပြုတ်က သုံးမျိုးရှိတယ်၊ အသိနဲ့ ပြုတ်ခြင်း၊ အပွားနဲ့ပြုတ်ခြင်း၊ အပါယ်နဲ့ပြုတ်ခြင်း (မှန်ပါ့) သက္ကာသဒိဋ္ဌိ အပြုတ် ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးပါ ဘုရား)။
သုံးမျိုးရှိတယ်ဆိုတာ မှတ်ထားတော့မှ ဪ ဒါက အသိနဲ့ ပြုတ်အောင် ဆရာက ပြနေတာ၊ အလယ်ပိုင်း လောက်ကျတော့ အပွားနဲ့ပြုတ်အောင် ပြလိမ့်မယ် (မှန်ပါ့) နောက်ဆုံးပိုင်းကျတော့ အပါယ်နဲ့ ပြုတ်အောင် ပြတော့မှ ဒကာ ဒကာမတို့ ခင်ဗျားတို့က ကြိုးစားလို့ရှိရင် ခင်ဗျားတို့ ဝမ်းထဲရှိသည့် ငရဲမျိုးစေ့ ဒိဋ္ဌာနုသယဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ သန္တာန်၌ရှင်းလင်းသွားမှသာလျှင် ပဌမ သောတာပန်အဖြစ်သို့ ရောက်ပြီး သကာလ အပါယ်လေးပါးနဲ့ အိုးစား ကွဲရတော့မယ်လို့ အောက်မေ့ပါ (မှနပါ့)။
ဒီအတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ရိုးရာအတိုင်းသာ နေပြီး ကိုယ့်သန္တာန်ပေါ်တဲ့ ဖဿဖြစ်တာကိုလဲ ဖဿ ဖြစ်တယ်လို့ မသိ (မှန်ပါ့) ထိုကဲ့သို့ မသိတဲ့အခါကျလို့ ရှိရင်ဝေဒနာ ဖြစ်တာကိုလဲ သူသိတော့မှာ မဟုတ်တော့ဘူး (မှန်ပါ့ ဘုရား)။
မသိတော့ ဒီပုဂ္ဂိုလ် ငါနဲ့ အထည်နဲ့ တွေ့တယ်၊ ဒီအထည်ကလေး ငါ့စိတ်ထဲ တွေ့လိုက်တာ၊ ဒီအထည်ကလေး ဝတ်ရတာ ငါကောင်းလိုက်တာဆိုတော့ တွေ့တာလဲငါ၊ ဝတ်တာလဲကောင်းလို့ဝတ်တယ်ဆိုတော့ ငါကောင်းလို့ဝတ်တာဘဲ ဆိုလို့ရှိရင်ဖြင့် ဝေဒနာကို ငါစွဲ-စွဲနေတယ် (မှန်ပါ့)။
ငရဲမျိုးစေ့ ရှာတာ
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အထည် ဝတ်တာလား၊ ငရဲမျိုးစေ့ ရှာတာလား မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ငရဲမျိုးစေ့ရှာတာပါ ဘုရား)။
ဒါ ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့ အရင်းထားပြီးပြောနေတယ် အောက်မေ့ပါနော် (မှန်ပါ့) လိုရင်းကို ပြောရသည် ဖြစ်လေသောကြောင့် ပုဂ္ဂိုလ်သတ္တဝါ မငဲ့နိုင်တော့ဘူး (မှန်ပါ့) ခင်ဗျားတို့ အကျိုးပြီးဖို့ ဘုန်းကြီးတို့ အမှန်တရားဆိုက်ဖို့ ဒါနှစ်ခုကိုသာ အဓိကထားပါတယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် အထည်ကလေးနဲ့ ကိုယ်နဲ့တွေ့တာက ဘာပါလိမ့် (ဖဿပါ ဘုရား)။
ဪ ဒါ အထည်ကလေးနဲ့ ကိုယ်နဲ့ ထိမှုကလေးဟာ ဖဿပါလားလို့ ဒကာ ဒကာမတွေက ဝတ်တိုင်း-ဝတ်တိုင်း အောက်မေ့ပါ (မှန်ပါ့ ဘုရား)။
ဝတ်ပြီးသည်၏ အခြားမဲ့၌ တစ်ခါ ဒကာ ဒကာမတွေက ဒီအထည်ကလေး ဝတ်ရတာ ကောင်းလိုက်တာလို့ ဆိုလို့ရှိရင် ဘယ်သူဆိုကြပါ့မတုန်း (ဝေဒနာပါ ဘုရား)။
အင်း ဝေဒနာကကောင်းတာ၊ ပုဂ္ဂိုလ်သတ္တဝါ မပါ-ပါဘူး (မှန်ပါ့) ဒီလိုသိတော့မှ သက္ကာယဒိဋ္ဌိသည် အသိနဲ့ ပြုတ်ပါတယ်-(မှန်ပါ့) ဘယ်လိုပါလိမ့် (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)။
ဒါမပြုတ်မှာ ဘုန်းကြီးက သိပ်စိုးရိမ်တယ် (မှန်ပါ့ ဘုရား) ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါမပြုတ်ဘဲနဲ့ ခုနင်က ဒါန, သီလ, သမထ, ဝိပဿနာလုပ်ရင် နိဗ္ဗာန် မရပါဘူးဆိုထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတော့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတာ (မှန်ပါ့) ကိလေသာ အပူဓာတ် အလောင်ဓာတ်တွေ ငြိမ်းသက်ရာ အရပ်ဆိုတာလဲ မှန်ပါတယ် (မှန်ပါ့) ဒုက္ခခပ်သိမ်း ကင်းငြိမ်းတာ ဆိုရင်ကော (မှန်ပါတယ် ဘုရား) မှန်ပါတယ်တဲ့။
ဝတ်လို့ကောင်းလိုက်တာ ဒီအထည်ကလေးသည် ဆိုတော့ ဘာပါလိမ့် (ဝေဒနာပါ) ကောင်းလို့လဲ ကျုပ်ကြိုက် တာပဲဆိုတော့ ဘာပါလိမ့် (တဏှာပါ) ဒါပဲ၊ တဏှာကို တဏှာလို့ပဲသိ (မှန်ပါ့) ငါ မရောစေနဲ့ (မှန်ပါ့ ဘုရား)။
အပြောတော့ရောချင်ရော
ငါကြိုက်တယ်, ငါနှစ်သက်တယ်ဆိုတဲ့ အပြောတော့ရောချင်ရော၊ သဘောမရောစေနဲ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းလို့ကြိုက်တယ်၊ ကြိုက်လို့ဘဲ ပိုနှစ်သက်တယ်ဆိုတော့ ဘာဖြစ်ပြန်ပါလိမ့် (ဥပါဒါန်ပါ ဘုရား)။
ဥပါဒါန်ဖြစ်တယ်ဆိုတာ ဒကာ ဒကာမတို့ အထည်ကလေးဝတ်လိုက်တာ အခု တစ်, နှစ်, သုံး, လေး၊ ခင်ဗျားတို့ လေးခုသော ဓမ္မပေါ်ပြီ (မှန်ပါ့ ဘုရား)။
တစ်ချုပ်ပြီး နှစ်ပေါ်တယ်နော် (မှန်ပါ့) နှစ်ချုပ်ပြီးတော့ (သုံးပေါ်ပါတယ်) သုံးချုပ်ပြီးတော့ (လေးပေါ်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီအထည်ကလေး ငါအလွန်နှစ်သက်တယ် ဆိုလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိ ပါနေတယ် (ပါနေ ပါတယ်) ဒါ ဥပါဒါန်ပေါ်တာပါလားလို့ အောက်မေ့လိုက်ကြပါ (မှန်ပါ့ ဘုရား)။
အကျိုးမများတဲ့ ဝိပဿနာ
ဘယ်လိုအောက်မေ့ရမလဲ (ဥပါဒါန် ပေါ်တာပါလားလို့ အောက်မေ့ရပါမယ်) ဒါတွေ နားမလည်ဘဲနဲ့ ဝိပဿနာရှုနေလို့ရှိရင် အကျိုးမများတဲ့ ဝိပဿနာလို့ မှတ်လိုက်ပါ (မှန်ပါ့) အကျိုးမများတဲ့ ဝိပဿနာလို့သာ မှတ် လိုက်ကြပါတော့ (မှန်ပါ့) သူ အနိစ္စရှုနေတာ အကျိုးမများတဲ့ အနိစ္စပဲ (မှန်ပါ့)။
ဘာ့ကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ တစ်ခုတ်စခု ပေါ်တာမှ မသိဘဲနဲ့ အကျိုးမများတဲ့ အနိစ္စသာ ဖြစ်တယ်၊ ဉာဏ်အမြင် အနိစ္စမဖြစ်ပါဘူး (မှန်ပါ့)။
ဒါကြောင့် ကြိုးစားပြီး သကာလ ခင်ဗျားတို့ နာစေချင်တယ် (မှန်ပါ့) နာပြီးသည်၏ အခြားမဲ့၌ မှတ်မိစေ ချင်တယ် (မှန်ပါ့) မှတ်မိပြီးသည်၏ အခြားမဲ့၌ ဒါကလေးဖြစ်ပျက်ကို မြင်အောင်ကြည့်စေချင်တယ် (မှန်ပါ့ ဘုရား)။
ဒီတစ်ခါ ဒီဆရာနဲ့တွေ့လို့ ဒီ ဒကာ ဒကာမတွေနဲ့ ဒီလို အကြောင်းညီညွတ်လို့ အပါယ်လေးပါး တံခါးပိတ် ရလို့ရှိရင်ဖြင့် ခင်ဗျားတို့သည် အင်မတန် ကြီးကျယ်တဲ့ ဆုကြီးလာဘ်ကြီးရတယ်၊ ပဌမနိဗ္ဗာန်ရတာပဲ (မှန်ပ့ါ) အလွဲကြီး လွဲ၊ အချော်ကြီး ချော်သွားကြမယ် ဆိုလို့ရှိရင်ဖြင့် အပါယ်ဟာ ဒို့ အိမ်လို့သာမှတ်ထား (မှန်ပ့ါ ဘုရား)။
အပါယ်ဟာ ဘယ်လိုမှတ်ကြမယ် (ဒို့အိမ်လို့ မှတ်ကြရပါမယ်) ဒါကြောင့် “စတ္တာရော အပါယာ သကဂေဟ သဒိသာ”လို့ ဓမ္မပဒအဋ္ဌကထာမှာ ဆိုလိုက်တယ် (မှန်ပါ့) စတ္တာရော အပါယာ=အပါယ်လေးဘုံတို့သည်၊ သကဂေဟ သဒိသာ=အမြဲနေရာ မိမိအိမ်ဂေဟာကြီးနဲ့ တူလှပေသတည်း။ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ခင်ဗျားတို့ ထမင်းချက်စားလဲ အပါယ်တံခါးက ပွင့်လျက် (မှန်ပါ့) ငါ့လူ လာခဲ့-လာခဲ့နဲ့ စောင့်နေတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က ဖီးလိမ်းပြုပြင်နေပြန်လဲ အပါယ်တံခါးပွင့်ပြီး စောင့်လျက်ပဲ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က ဘုရားရှိခိုးပြီး သကာလ နေငြားသော်လဲ အို ဘုရားရှိခိုးတာက သုဂတိရောက်မှာ၊ အဲဒီက ပြန်ရင် ဒို့ဆီရောက်မှာပဲဆိုပြီး ဖွင့်စောင့်နေတာပဲ (မှန်ပါ့ ဘုရား)။
ရှေ့ရေး- နောက်ရေးခွဲကြပါ
ဒါကြောင့် ဒကာ ဒကာမတွေ ရှေ့ရေး- နောက်ရေးခွဲကြပါ (မှန်ပါ့) ဘာခွဲရမလဲ (ရှေ့ရေး-နောက်ရေး ခွဲရ ပါမယ် ဘုရား)။
ရှေ့ရေးက သက္ကာယဒိဋ္ဌိဖြုတ်ရေး (မှန်ပါ့) နောက်ရေးက ကျင့်ရေး, ကြံရေး, လှူရေး, တန်းရေး, ပေးရေး, ကမ်းရေး (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရှေ့ရေးက ဘာပါလိမ့် (သက္ကာယဒိဋ္ဌိဖြုတ်ရေးပါ) နောက်ရေးကမှ လှူရေး, တန်းရေး, ပေးရေး, ကမ်းရေး, ကျင့်ရေးလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
သူမဖြုတ်ဘဲနဲ့ ကျင့်ကြမယ်, ကြံကြမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ နောက်ဝတ္ထုတွေ ဘုန်းကြီးထုတ်ပြပါမယ်၊ အလကားပါပဲ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် အားလုံးသော ဒကာ ဒကာမတို့ ဘုန်းကြီးသည် အင်မတန်အရေးကြီးတဲ့ အသုံးအနှုန်းကို အရေး ကြီးတဲ့ အချက်အလက်တွေချည့်ပဲ ပြောပြီး သကာလ နေရတဲ့အတွက် ဒကာ ဒကာမတွေက အိမ်ကျလို့ရှိရင် ဒီရတနာ တွေဟာ ငါတို့ အပါယ်လေးပါးမှ ကယ်တင်တဲ့ သူတော်ကောင်းရတနာတွေ၊ ငါတို့ ဖျောက်ပစ်လို့ရှိရင် အမွဲနဲ့ဆင်းရဲသာ အမြတ်ထွက်တော့မှာပဲ ဆိုတာလဲ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။
ဖျောက်ပစ်ကြရင် ဘာကျန်ရစ်မယ်ထင်ကြသလဲ (အမွဲနဲ့ ဆင်းရဲသာ ကျန်ပါမယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်
အမွဲဆိုတာက သူတော်ကောင်းရတနာတွေ ပျောက်သွားလို့ မွဲရပါတယ် (မှန်ပါ့) ဆင်းရဲဆိုတာ ဒီ ရတနာ မပါတော့ အပါယ်လေးပါးသွားပြီး ဆင်းရဲရပါတယ် (မှန်ပါ့) ခန္ဓာဝန်ထမ်းသမားဖြစ်ပြီး ဆင်းရဲရပါတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် အခုပြောတဲ့ ဖဿပေါ်ရင် ဖဿသိဖို့ အရေးဟာ ဒကာ ဒကာမတို့၏ အရေး (မှန်ပါ့) ဝေဒနာ ပေါ်ရင် (ဝေဒနာသိဖို့ အရေးပါ) တဏှာပေါ်ရင် (တဏှာသိဖို့ အရေးပါ) ရှင်းပြီနော် (ရှင်းပါပြီ) ဥပါဒါန်ပေါ်ရင် (ဥပါဒါန်သိဖို့အရေးပါ ဘုရား)။
အဲဒီတော့ ဒါတွေဟာ အားလုံး ဒကာ ဒကာမတွေက စဉ်းစားလိုက်တဲ့ အခါကျတော့မှ ဪ ဒီဟာ တွေဟာ ဘာတွေပါလိမ့်မတုန်းလို့ဆိုတော့ အထည်ဝတ်တိုင်း ဝတ်တိုင်း ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် (မှန်ပါ့) အထည် ဝတ်တိုင်း -ကိုင်တိုင်းပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က နှလုံးမသွင်းလဲ သူက ဒီအတိုင်းဖြစ်တာပဲ (မှန်ပါ) ခင်ဗျားတို့က နှလုံးသွင်းလိုက်တဲ့အခါကျ တော့ ဒိဋ္ဌိကွာသွားတာပဲ (မှန်ပါ့) နှလုံးမသွင်းရင် ဒီအတိုင်းဖြစ်မှာပဲ (မှန်ပါ့) နှလုံးသွင်းတော့ ဘာဖြစ်သွားသတုန်း (ဒိဋ္ဌိကွာသွားပါတယ် ဘုရား)။
ဪ ဒါဖြင့် “ယောနိသော မနသိကာရ”နှလုံးသွင်းမှု အရေးကြီးတော့တယ် ဆိုတာဖြင့် ဒကာသစ် သေချာပြီ (သေချာပါပြီ ဘုရား)။
နှလုံးသွင်းတော့ ဒိဋ္ဌိကွာတယ်
နှလုံးသွင်းတော့ ဒိဋ္ဌိကွာတယ် (မှန်ပါ့) နှလုံးသွင်း မတည့်တော့ (ဒိဋ္ဌိမကွာပါ ဘုရား) ဒိဋ္ဌိမကွာလို့ အပါယ် သွားတယ် (မှန်ပါ့) ကိုယ့်အဝတ် ဝတ်တာနဲ့ ကိုယ်အပါယ်သွားတယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်အဝတ် ကိုယ်ဝတ်တာပဲ၊ ဘယ်သူ့ဟာမှ ခိုးမဝတ်ဘူး (မှန်ပါ့) သီလက အပါယ်မချပါဘူး ဒကာ ဒကာမ တို့၊ သီလက ကာယကံ, ဝစီကံတွင်လုံတာကိုး (မှန်ပါ့) အခုဟာက မနောကံကနေပြီး အပါယ်သွားတာ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့ သိတာနဲ့ ခင်ဗျားတို့သန္တာန်မှာ အပါယ်သွားတဲ့ တရားက ရှိနေတာနဲ့ ခင်ဗျားတို့ သိတာကလဲ ကျုပ်ဖြင့် ကျောင်းဆောက်ဘုရားတည်ပြီးပြီ ဘာကိစ္စရှိသတုန်း တဲ့ (မှန်လှပါ ဘုရား) ဒကာကြွယ်တို့ ဒါလောက်ပဲ (မှန်လှပါ)။
ဆွမ်းဦး, ကွမ်းဦးတွေ လှူရပြီ၊ ကျုပ်တို့ဖြင့် သေပျော်ပြီ တဲ့ (မှန်ပါ့) ဪ ငရဲမျိုးစေ့က ဝမ်းထဲပါလျက် သားနဲ့ သေပျော်ပြီဆိုတော့ ခက်သေးတယ် (မှန်လှပါ ဘုရား) မခက်ဘူးလား (ခက်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မလ္လိကာ မိဖုရားကြီး
ဒါကြောင့် ဘုန်းကြီးတို့ ပြောရပါတယ် ၊ ခင်ဗျားတို့ ဒကာကြွယ်တို့, ဦးလှဘူးတို့ ဒကာသစ်တို့ လှူတာဟာ ဘာမှ မဖြစ်လောက်ပါဘူး (မှန်လှပါ ဘုရား) ပသေနဒိကောသလမင်းကြီးနဲ့ မလ္လိကာ မိဖုရားကြီးတို့ လှူလိုက်, တန်းလိုက်, ပေးလိုက်, ကမ်းလိုက်တာဟာ ဘုရားတစ်ဆူမှာ သူ့ထက် ကြီးကျယ်တဲ့ အလှူမရှိဘူး တဲ့ (မှန်ပါ့ ဘုရား) ရှိရဲ့လား (မရှိပါ ဘုရား)။
‘အသဒိသဒါန’တဲ့၊ အသဒိသ-ဆိုတာ သူတစ်ပါးနဲ့ မတူအောင်ကို လှူနိုင်တယ် (မှန်လှပါ ဘုရား)။
ဘုတရားတစ်ဆူတစ်ဆူအတွင်းမှာ သူလိုလူဟာ သူတစ်ယောက်ပဲ ပေါ်ရမယ် (မှန်ပါ့) ဒါလောက်တောင် ကြီးကျယ်ခမ်းနားတဲ့ အလှူရှင်မကြီးသေတော့ အဝီစိရောက်ရသေးတယ် (မှန်ပါ့) မလ္လိကာ မိဖုရားကြီး ခုနစ်ရက် ရောက်တယ် (မှန်လှပါ ဘုရား) သက္ကာယဒိဋ္ဌိမပြုတ်တော့ အသန္နကံက ဝင်ချတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါကြောင့် သေပျော်ပြီလို့ ပြောတဲ့ပုဂ္ဂိုလ်များ မသိလို့ပြောတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သေပျော်ပြီ..လို့ ပြောတဲ့ပုဂ္ဂိုလ်များ (မသိလို့ပြောတာပါ ဘုရား)။
အဲဒါ ဒကာ ဒကာမတွေက အခု အရင်းထားပြီး ပြောတော့မှ ဪ ဟုတ်သားပဲ မလ္လိကာ မိဖုရားကြီးဟာ အသဒိသဒါန အလှူကြီး ဘုရားတစ်ဆူမှာ ဒီအလှူဟာ အကြီးဆုံးဆိုပြီးလှူတယ်၊ သေခါနီးမှာ အာသန္နကံဝင်ပြီး ဖျက်ဆီးလိုက်တဲ့ ဖြစ်ခြင်းဟာ အလှူက မကယ်နိုင်ဘဲနဲ့ အဝီစိရောက်သွားတယ် (မှန်ပါ့ ဘုရား) နာလိုက်တဲ့ဖြစ်ခြင်း ဒကာ ဒကာမတို့ (နာပါတယ် ဘုရား)။
ဟ ဘယ့်နှယ်ကြောင့် ကျသွားပါလိမ့်၊ ဒီအလှူ့ရှင်ကြီးလို့ ဆိုတော့မှ သက္ကာယဒိဋ္ဌိက ချလိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဘယ်သူက ချပါလိမ့် (သက္ကာယဒိဋ္ဌိက ချပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ ရှေ့နောက်လွဲလို့မှတ် (မှန်ပါ့) ရှေ့ထားရမှာ ရှေ့မထား (မှန်ပါ့) နောက်ထားရမှာ နောက်ထား (မှန်ပါ့)။
ဒိဋ္ဌိဖြုတ်တာကို ရှေ့ထား
ဒိဋ္ဌိဖြုတ်တာကို ရှေ့ထား (မှန်ပါ) လှူမှု တန်းမှု ပေးမှု ကမ်းမှု အားထုတ်မှုကို (နောက်ထားရပါမယ် ဘုရား)။
အဲဒါကြောင့် အသိဉာဏ်ရှေ့ထားမှ အလုပ်က နောက်က မှန်ပါတယ် (မှန်ပါ့) အသိဉာဏ်ရှေ့မထားဘဲနဲ့ အလုပ်က ရှေ့ထားနေမယ်ဆိုရင်ဖြင့် ဒီအလုပ်သည် အားလုံး ဒကာသစ်ကို ဒကာ ဒကာမတို့ မှတ်ကြပါ အလွဲနဲ့ အချော်ချည်းမှတ် (မှန်လှပါ ဘုရား)။
အဲဒီတော့ အခု ဘုန်းကြီးပြောနေတာ ဘာပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မသိလို့ မေးကြ တဲ့အခါ ပြင်ပေးနေတာလို့ မှတ်ပါ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (ပြင်ပေးနေတာပါ ဘုရား) ပြင်ပေးနေတာ ပြင်ပေးနေတာနော် (မှန်ပါ့)။
ခင်ဗျားတို့ကို ဒီလို ဆရာကောင်း သမားကောင်းကမှ ပြင်မပေးတော့ဘူးဆိုရင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြီး သေပျော်ပြီ ပြောနေမှာပဲ (မှန်ပါ့) မပြောပေဘူးလား (ပြောပါတယ် ဘုရား) အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ဒီအထည်ကလေးဝတ်တာ ကြည့်ပါလား၊ ဖဿဆိုတာ ဖဿလဲ ငါ-ဒီအထည်ကလေး တယ်တွေ့တယ်ဟေ့၊ ငါပဲ ရောနေတာပဲ (မှန်ပ့ါ) ဒါကလေး တယ်ကောင်းတယ်ဟေ့၊ ဘာရောနေတာပဲ (မှန်ပါ့) ဒါကလေး တယ်ကောင်းတယ်ဟေ့၊ ဘာရောနေသလဲ (ငါရောနေပါတယ် ဘုရား) ငါရောနေတာပဲ ဝေဒနာထဲမှာ (မှန်ပါ့) မရောဘူးလား (ရောပါတယ် ဘုရား)။
ငါကြိုက်တယ်ဟေ့ဆိုတာ ငါနဲ့တဏှာနဲ့ ရောနေတယ် ၊ ငါ သိပ်ကြိုက်တာပဲဆိုောတ့ (ဥပါဒါန်နဲ့ပါ ဘုရား) ငါ-မဝတ်ရ မနေနိုင်ဘူး၊ ကဲ ငါ့ဟာငါ ဝယ်ဝတ်ဆိုမယ်ဆိုတော့ ဘာဖြစ်သွားသလဲ (ကံမြောက်သွားပါတယ် ဘုရား) ကံမဖြစ်သေးဘူးလား ဒကာသစ် (ဖြစ်သွားပါတယ် ဘုရား)။
တဏှာ ဥပါဒါန် အုပ်ချုပ်တဲ့ကံ
ကဲ ဒီကံဟာ ဘယ်သွားမတုန်းလို့ မေးကြတာပေါ့၊ ဒီကံဟာ ဘယ်အကျိုးပေးမတုန်းလို့ မေးကြတာပေါ့ (မှန်ပါ့) သူ့အထက်က အရှင်သခင်တွေ ကြည့်တာပေါ့ (မှန်ပါ့) တဏှာ ဥပါဒါန် အုပ်ချုပ်တဲ့ကံ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (တဏှာ၊ ဥပါဒါန်၊ အုပ်ချုပ်တဲ့ ကံပါ ဘုရား)။
ကဲ ဒီကြားထဲ စုတိဆိုတာကလေး သေကြစို့ဆိုတော့နော် (မှန်ပါ့) စုတိ ၊ သေပြီ ဒီဘဝမှာဆိုပါတော့ (မှန်ပါ့) မသေသေးရင် ဒါ ပြန်လှည့်မှာပဲ (မှန်ပါ့) သေလို့ရှိရင် ဒီနေရာ စုတိလာပြီ (ဟော အပါယ်ပဋိသန္ဓေ (မှန်ပါ့) အပါယ်ခန္ဓာ ငါးပါးပေါ်လာတယ် (မှန်ပါ့) အဝတ်, ဝတ်လိုက်တယ် (မှန်ပါ့)။
အဝတ်, ဝတ်တာကို ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ မပြုတ်ဘဲနဲ့ ဝတ်လိုက်တာနဲ့ ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပါ့) အပါယ်လေးပါး ဇာတိလာတယ် (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ဒီလိုမသိဘဲနဲ့ဝတ်တဲ့ ပိုးလုံချည်-ချည်လုံချည်ပေါင်း ဒကာကြွယ် ဘယ်လောက် ကုန်သွားသလဲ (မရေတွက်နိုင်ပါ ဘုရား)။
ဪ ခင်ဗျားသည်ကား အပါယ်သွားဖို့ ဝတ်တတ်သားကဲ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဉာဏ်နဲ့ နားထောင်ကြနော် (မှန်ပါ့)။
အသိကလေးက နောက်က လိုက်ပေး
ဒီက ရှေ့တော့ဖြင့် ဒီလိုမဟုတ်ဘဲနဲ့ ဪ အထည်ကလေးနဲ့ ကိုယ်နဲ့တွေ့တာ ထိခိုက်တာဟာ ဖဿ (မှန်ပါ့) ကောင်းတယ်, ဆိုးတယ်ပြောတာက (ဝေဒနာပါ ဘုရား) ကြိုက်တယ်, နှစ်သက်တယ် ပြောတာက (တဏှာပါ ဘုရား) စွဲလမ်းတယ် မခွဲနိုင်ဘူးပြောတာက (ဥပါဒါန်ပါ ဘုရား) အားထုတ်တာက (ကံပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါတွေပေါ်တိုင်း, ပေါ်တိုင်း ဒကာ ဒကာမတွေက နောက်ကနေပြီး သကာလ ဟောဒီ ဖဿပေါ်လဲ ဖဿရယ်လို့ သိပေးရမယ် (မှန်ပါ့ ဘုရား) ဪ ဖဿ၏ အလုပ်ပါလား၊ သဘောကျပလား (ကျပါပြီ) ဒေနာပေါ်ပြန်လဲ ဘယ့်နှယ်သိရမလဲ (ဝေဒနာ၏ အလုပ်ပါလား) အသိကလေးက နောက်က လိုက်ပေးရမယ် (မှန်ပါ့)။
အသိကလေးက နောက် လိုက်လိုက်ပေးတော့ ဖဿကလဲ ဖြစ်ပျက်၊ ဝေဒနာကကော (ဖြစ်ပျက်ပါ ဘုရား) အသိကလေးက မဂ်ချည်း သွားဖြစ်တယ် (မှန်ပါ့)။
ဒီမဂ်သည် ဒကာ ဒကာမတို့ ဒီကိလေသာ မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား) ဒီကံတွေကော (ဖြတ်ပါတယ် ဘုရား) ဒီအပါယ်လေးပါးကော (ဖြတ်ပါတယ် ဘုရား)။
ဖြစ်ပျက်သာရှိတော့ ငါရှိသေးသလား
ဪ ဒါသည် ဖြစ်ပျက်ဆိုတော့ ငါမဟုတ်-ငါ့ဥစ္စာ မဟုတ်လို့ ဖြစ်ပြီးပျက်တာပဲ (မှန်လှပါ ဘုရား) ငါမဟုတ် ငါ့ဥစ္စာမဟုတ်လို့ ဖြစ်ပြီး ပျက်တာပဲ လို့ မဂ်က သိလိုက်တဲ့ အခါကျတော့ ဒီဖြစ်ပျက်ထဲမှာ ဖြစ်ပျက်သာရှိတော့ ငါရှိသေးသလား (မရှိပါ ဘုရား)။
အဲဒီ သက္ကာယဒိဋ္ဌိကို ဘယ်သူက ဖြုတ်ပစ်ပါလိမ့်မတုန်း မေးတော့ ပဌမပေါ်တာ ပေါ်မှန်းသိတာက သိပြုတ် (မှန်ပါ့ ဘုရား) ပေါ်တာ ပေါ်တာမှန်းသိတာက (သိပြုတ်ပါ ဘုရား)။
နောက်ကျတော့ သူကလေး ရှုလိုက်တယ် ၊ ပေါ်တဲ့ ဖဿ ပေါ်တဲ့ ဝေဒနာကလေးကို ဖြစ်ပြီး ပျက်တာပဲ အနိစ္စသဘောကလေးပဲလို့ ဉာဏ်က ရှုလိုက်ပြန်တော့ ဒါ ပွားပြုတ်လို့ မှတ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဉာဏ်နဲ့ ရှုလိုက်တော့ (ပွားပြုတ်ပါ) မဋ္ဌမတုန်းက တန်းပြတုန်းကတော့ သိပြုတ် (မှန်ပါ့) နောက် တစ်ခုတစ်ခု ဖြစ်ပျက်မြင်အောင် ရှုတော့ (ပွားပြုတ်ပါ ဘုရား)။
သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဘုရားတစ်ဆူတစ်ဆူမှ တစ်ခါပေါ်ပြီး သကာလ သက္ကာယ တစ်ခါ ဖြုတ်နိုင်တာပါ (မှန်ပါ့) ပစ္စေကဗုဒ္ဓါအရှင်များမှာ သူတို့ဟာ သူတို့သာ ဖြုတ်တတ်တယ်။ သူများကို ဖြုတ်နည်း မဟော တတ်ပါဘူး (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြုတ်နည်း နိဿယည်း
အဲဒီတော့ ယခု ဘုရားသာသနာရှိလို့ ဘုန်းကြီးတို့က ဆက်လက်ပြီး သူ့ ဓမ္မက္ခန္ဓာတွေ ကြည့်ပြီး ပြောနိုင်တာပါ (မှန်ပါ့ ဘုရား) အခု ဖြုတ်နည်း နိဿယည်းကို ဘုန်းကြီးတို့လဲ သေမယ်၊ အားလုံးလဲ ကွယ်တော့မှယ ဆိုလို့ရှိရင်ဖြင့် လူဖြစ်လာတာ အလည်လာတာ၊ ဒီက ဘယ်သွားမှာတုန်း အပါယ်သွားမှာ (မှန်ပ့ါ) ဒီလိုချည့် ဖြစ်ကြတော့မယ် (မှန်ပါ့)။
အဲဒါကြောင့် ဒီအချိန် ဒီအခွင့် ဒီအရေးကလေးကို ဘုန်းကြီးများကတော့ဖြင့် ခင်ဗျားတို့ မအားမလပ်တာ တော့ဖြင့် ခင်ဗျားတို့ ဆင်ခြေနဲ့ ခင်ဗျားတို့ အပါယ်သွားမှာပဲ (မှန်ပါ့) ကြိုးတော့ ကြိုးစားမှ ကိုယ့်အပါယ်လေးပါး လွတ်ပြီး သကာလ နေရာကျကြမယ် (မှန်ပါ့)။
ဒါကြောင့် ဒီတရားပွဲမှာ ပဌမ နိဗ္ဗာန် ရောက်အောင်ဖြင့် ငါတို့ နာလဲ နာမယ်၊ ကျင့်လဲ ကျင့်မယ် ကြိုးလဲ ကြိုးစားမယ် ဆိုတာဖြင့် အားခဲထားလိုက်တာပေါ့ (မှန်ပါ့)။
ပဌမ နိဗ္ဗာန်ရရင် အပါယ်လေးပါး လွတ်တာပဲ (မှန်ပါ့) နို့ ဒုတိယ နိဗ္ဗာန်, တတိယနိဗ္ဗာန်, စတုတ္ထနိဗ္ဗာန် တော့ ဘယ်လိုတုန်းဘုရာ့ ၊ အို ပဌမ နိဗ္ဗာန်ရပြီးသား ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ ဘုန်းကြီးက အိပ်နေ တယ်ဆိုတာတောင် ဒုတိယနိဗ္ဗာန်ရဖို့ အလုပ်ကို ဖြစ်ပျက်သူ ဆက်ရှုတာပဲ (မှန်ပါ့) မရှုပါနဲ့ဆိုလို့ တားလို့ရသေးရဲ့လား (မရပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
အဲဒါကြောင့် ပဌမနိဗ္ဗာန်ဟာ အရေးအကြီးဆုံး (မှန်ပါ့) ဘယ်လို မှတ်ကြမယ် (ပဌမနိဗ္ဗာန်ဟာ အရေးအကြီး ဆုံးပါ ဘုရား)။
ပဌမနိဗ္ဗာန်ရောက်အောင် ဟောမယ်
ဒီနေ့ ပဌမနိဗ္ဗာန်ရောက်အောင် ဟောမယ် (မှန်ပါ့) ဒကာ ဒကာမတို့ ကြပ်ကြပ်ဂရုစိုက်ပြီး ဪ ပဌမ နိဗ္ဗာန်ရောက်ဖို့ဟာ ဒီနေ့ စ,မယ်တဲ့လို့ ဆိုသဖြင့် ငါတို့သည်ကားလို့ဆိုရင် နိဗ္ဗာန် အရးကြီးလားမှတ်တယ် ယနေ့ မြင်ရမှာပါလားဆိုတာ ပေါ်လာလိမ့်မယ် (မှန်ပါ့)။
တကယ်လို့ အခု တရားဟောတဲ့နည်းက နည်းသာပေးသွားလို့ ရှိရင်ဖြင့် အားထုတ်လို့ ရှိရင်လဲ ဉာဏ်ကောင်းတဲ့ ပုဂ္ဂိုလ် ခုနစ်ရက်နဲ့ မြင်ပါလိမ့်မယ် (မှန်ပါ့) ဉာဏ်လေးတဲ့ ပုဂ္ဂိုလ်တော့ ပြောစရာ မရှိဘူးပေါ့ဗျာ၊ သူ့ဉာဏ်နဲ့လိုက်ပြီး မြင်ရမယ် (မှန်ပါ့)။
နိဗ္ဗာန် ဝေးသလား၊ နီးသလားလို့ မေးရင် ဒကာကြွယ် မေးရင် ဘယ့်နှယ်ဆိုပါ့မလဲ (နီးပါတယ် ဘုရား) နီးတယ်။
နီးတာက ဘယ့်နှယ်ကြောင့် နီးပါလိမ့်မတုန်းလို့ မေးတဲ့အခါ နိဗ္ဗာန် တခြားမှာ ရှိသလား ခန္ဓာ၏ ဖြစ်ပျက် အဆုံးမှာ ရှိသလား (ခန္ဓာ၏ ဖြစ်ပျက်အဆုံးမှာ ရှိပါတယ် ဘုရား)။
ခန္ဓာက ခင်ဗျားတို့ အတောင်နဲ့ ခင်ဗျားတို့အတောင်တိုင်းကြည့်ပါ လေးတောင်ပဲရှိမယ် (မှန်ပါ့) အဲဒီ့လေးတောင် ခန္ဓာကိုယ်ထဲမှာ ဖြစ်မှု၊ ပျက်မှုကလေးတွေ ဆုံးသွားလို့ရှိရင် လေးတောင်အဆုံးမှာ နိဗ္ဗာန်ရှိတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်အဆုံးမှာတုန်း (လေးတောင်အဆုံးမှာပါ) ဒါဖြင့် ကိုယ့်အနားတွင် ကပ်နေတယ် (ကပ်နေပါတယ်) ဒကာ ဒကာမတို့ နိဗ္ဗာန်ဘယ်နားနေပါလိမ့် (ကိုယ့်အနားတွင် ကပ်နေပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဝေးကြီးလို့ ပြောဆိုကြတဲ့ ရှေးအမူအရာ ရှေးထုံးတွေဟာဖြင့် မင်းတို့နဲ့ နိဗ္ဗာန်နဲ့ ဝေးပါသေး တယ်ကွာ (မှန်ပါ့) ခန္ဓာအဆုံးမှာ ရှိမှန်းမသိဘူး (မသိပါ ဘုရား)။
ခန္ဓာအဆုံး ရှိမှန်းမသိတော့
ခန္ဓာအဆုံး ရှိမှန်းမသိတော့ ဒကာကြွယ်တို့က ကိုယ်ကလဲ ဘာမှမပါတော့ နိဗ္ဗာန်ဆိုတာ အဝေးကြီးတဲ့ဟေ့ ၊ တစ်စတစ်စ လုပ်ရမှာပဲ (မှန်ပါ့)။
နဂိုရ်ကမှ ဒကာ ဒကာမတို့က တစ်စတစ်စ လုပ်ချင်ရတဲ့အထဲမှာ တစ်စတစ်စ အားပေးတဲ့လူနဲ့ဆိုတော့ ကြာတော့ ဒီ တစ်စတစ်စတောင် ကွယ်သွားတယ် (မှန်ပါ့) လုပ်ကို မလုပ်တေ့ဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ဘယ်မှာရှိပါလိမ့် (ခန္ဓာအဆုံးမှာ ရှိပါတယ်) လေးတောင်ရှိတဲ့ ခန္ဓာ အဆုံးမှာ ရှိတယ် (မှန်ပါ့) လေးတောင်ရှိတဲ့ (ခန္ဓာအဆုံးမှာ နိဗ္ဗာန်ရှိပါတယ် ဘုရား)။
ကိုယ့်လက်မောင်းနဲ့ ကိုယ့်တံတောင်နဲ့သာ တောင်တိုင်းကြည့်ပါ ဒကာ ဒကာမတို့ ဘာဆုံးရင် တွေ့ရမလဲ (ခန္ဓာဆုံးရင် တွေ့ရပါမယ် ဘုရား) ခန္ဓာဆုံးနည်း နိဿယည်းကိုလဲ ဘုန်းကြီးက ပေးပါ့မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါလောက် ခင်ဗျားတို့ခေတ်မှာဖြင့် အင်မတန် ကျေးဇူးများတဲ့ ကယ်ယူပို့ဆောင်တဲ့ ပုဂ္ဂိုလ်နဲ့ တွေ့တဲ့အထဲမှာ အလွဲအချော်ကြီးတော့ ခင်ဗျားတို့က လက်မခံနဲ့ (မှန်ပါ့)။
လက်မခံကြနဲ့ ဒီဥစ္စာဖြင့် အရယူတော့မယ် (မှန်ပါ့) ရှေးက နိဗ္ဗာန်ဝေးတယ် ပြောတယ်၊ အခုအခါ သံယုတ် ပါဠိတော် ဘုန်းကြီး သေသေချာချာကြည့်တယ်၊ နိဗ္ဗာန်ဟောကွာတဲ့ ခန္ဓာအဆုံးမှာ ရှိတာပါပဲတဲ့ (မှန်ပါ့)*
** ရောဟိတဿသုတ်, သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။
တစ်လံမျှအဆုံးမှာ နိဗ္ဗာန်ရှိပါတယ်
တစ်လံမျှလောက်သော ခန္ဓာဆုံးလို့ တစ်လံမျှလောက်သော ခန္ဓာဟာ ဖြစ်ပျက်ပဲ (မှန်ပါ့) အဲဒီ ဖြစ်ပျက်တွေဟာ အကုန်ဆုံးသွားလို့ရှိရင် ဒီ တစ်လံမျှအဆုံးမှာ နိဗ္ဗာန်ရှိပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာကြွယ်ရေ ယနေ့သည်ကားလို့ဆိုရင် သက္ကာယဒိဋ္ဌိပြုတ်တာနဲ့ နိဗ္ဗာန်ရောက်ရမယ် (မှန်ပါ့) ဒါဖြင့် ပဌမနိဗ္ဗာန် လိုချင်လို့ရှိရင် သက္ကာယဒိဋ္ဌိ ပြုတ်ရင် ရပါတယ် (မှန်ပါ့) သေသေချာချာမှတ်ပါ ဒီတစ်လုံး (မှန်ပါ့ ဘုရား)။
ပဌမနိဗ္ဗာန် လိုချင်ရင် (သက္ကာယဒိဋ္ဌိ ပြုတ်ရပါမယ်) သူ ပြုတ်ရင် ရတာပဲ (မှန်ပါ့) ပဌမနိဗ္ဗာန်လိုချင်ရင် (သက္ကာယဒိဋ္ဌိ ပြုတ်ရပါတယ် ဘုရား)။
ခင်ဗျားတို့ရထားတဲ့ ပရိတ်ကြီးကို ဒကာကြွယ် ရွတ်ကြည့်
“သဟာဝဿ ဒဿ သမ္ပဒါယ၊ တယဿုဓမ္မာ ဇဟိတာ ဘဝန္တိ၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ”လို့ မလာဘူးလား (လာပါတယ် ဘုရား)။
အဲ ပဌမနိဗ္ဗာန်သည်တဲ့ သောတာ ပတ္တိမဂ် မြင်တဲ့ နိဗ္ဗာန် ဒီနိဗ္ဗာန်မြင်လို့ရှိရင် အပါယ်လေးပါး တံခါးပိတ်တယ်လို့ “စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တော”၊ အပါယ်လေးပါးမှ လွတ်တယ်ကွတဲ့ (မှန်ပါ့)။
အပါယ်လေးပါး တံခါးပိတ်ပါတယ်
အဲဒါ ဒိဋ္ဌိခွါလိုက်တာနဲ့ ဘယ့်နှယ်ဖြစ်သွားသတုန်း (အပါယ်လေးပါး တံခါးပိတ်ပါတယ်) ဒါဖြင့် ပဌမနိဗ္ဗာန် လိုချင်ရင် ဘာခွါရမတုန်း (ဒိဋ္ဌိခွါရပါမယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ အချိန်ကောင်း၊ အခါကောင်း၊ အခွင့်ကောင်းမှာ အမွေးကောင်း ယခုအချန်မှာ ဒီ ဆရာသမားကောင်းတွေနဲ့ လူလားမြောက်တဲ့အချိန် တွေ့ရတာဖြင့် အတော်ထူးတဲ့ ပုဂ္ဂိုလ်တွေပဲ (မှန်ပါ့)။
မထူးကြဘူးလား (ထူးပါတယ် ဘုရား) အင်မတန် ထူးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
အဲဒီ ကံကတော့ ထူးပါရဲ့၊ ဉာဏ်က မထူးရင်တော့ မရဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကံနဲ့ နိဗ္ဗာန်မရောက်နိုင်ပဲကိုး (မှန်လှပါ) ဘာနဲ့မှ နိဗ္ဗာန်ရောက်မတုန်း (ဉာဏ်နဲ့မှ နိဗ္ဗာန်ရောက်ပါမယ် ဘုရား)။
အဲဒီတော့ ကံထူးသလောက် ဉာဏ်ရူးတော့ မဖြစ်စေဘဲနဲ့ သေသေချာချာနာပါ (မှန်လှပါ)။
သေသေချာချာနာ၊ သေသေချာချာ ဉာဏ်ကောင်းနဲ့ ထိုးထွင်း ဖောက်ပြီး သကာလ ကြည့်လိုက်ရင်ဖြင့် မရ မရှိဘူး။ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အဲဒီတော့ ကံထူးသလောက် ဉာဏ်ထူးတဲ့ ပုဂ္ဂိုလ်လုပ်တာ ဒို့ အရွယ်ကြီးတဲ့ပုဂ္ဂိုလ်မှ ဘုန်းကြီးတု့ိဆီ ရောက်လာ တာ နားက လေး, ခါးကကိုင်းနဲ့ အထိုင်ကလဲ မထိုင်နိုင်ဆိုတော့ ကံမွဲ, ဉာဏ်မွဲမှ ရောက်လာတော့ မတတ်နိုင်တော့ ဘူး (မှန်လှပါ) အင်မတန် ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။
အဲဒါကြောင့် အခု တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ကံကောင်း ဉာဏ်ကောင်း အချိန်မှာ သွားကြုံတယ် (မှန်ပ့ါ ဘုရား)။
ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ကံကောင်း ဉာဏ်ကောင်း အချိန်မှာ သွားကြုံပါတယ် ဘုရား)။
ကံကောင်း ဉာဏ်ကောင်းအချိန်
ကံကောင်း ဉာဏ်ကောင်းအချိန် ငါးဆယ်, ငါးဆယ်ကျော် ကံကောင်း ဉာဏ်ကောင်းတုန်းပဲ (မှန်လှပါ) ခြောက်ဆယ်ကျော်သွားရင် တယ်မဟုတ်တော့ဘူးနော် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဒီကံကောင်း ဉာဏ်ကောင်းသူတွေကို ခင်ဗျားတို့ တဏှာခိုင်းလို့ မကုန်ပါစေနဲ့ (မှန်ပါ့) ဉာဏ်ခိုင်း လို့သာ ကုန်ပါစေ (မှန်ပါ့ ဘုရား)။
ကုန်တော့ ဉာဏ်က ဒိဋ္ဌိဖြုတ်တဲ့ဉာဏ်က ပြုတ်သွားလို့ရှိရင် ခင်ဗျားတို့ ဪ ဒို့ကံကောင်း ဉာဏ် ကောင်းတွေဟာ အခုအသုံးချတတ်လို့ အပါယ်လေးပါး တံခါးပိတ်ပါပေါ့လား (မှန်ပါ့) ဒီလိုလာရတယ်နော် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးစိတ်၊ ဘုန်းကြီးနည်းအမြင် ဘုန်းကြီး၏ သံသရာတစ်ခွင်လုံးက ဖြစ်စဉ်ကို ဘုရားဟော တော်မူတဲ့အတိုင်း အမြင်နဲ့ ပြောရလို့ရှိရင် ခင်ဗျားတို့ ငတ်သေမှာမကြောက်နဲ့ ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ငတ်သေမှာကို (မကြောက်ရပါ ဘုရား) မကြောက်ပါနဲ့၊ ဘာအရေးကြီးသတုန်း၊ (ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးပါတယ် ဘုရား)။ ဒိဋ္ဌိပြုတ်သ၍ဟာ တစ်ငတ်တည်း ငတ်နေမှာပဲ (မှန်ပါ့ ဘုရား) ငါ့သားနဲ့ မခွဲချင်ဘူး၊ ငါ့သမီးနဲ့ မခွဲချင်ဘူး၊ ငါ့ပစ္စည်းနဲ့ မခွဲချင်ဘူးဆိုတာ တစ်ငတ်တည်း ငတ်နေတာ (မှန်ပါ့)။
အဲဒီ ငတ်ဘဝသက်ရှည် (မှန်ပါ့) အခု ထမင်းအိုးကလေး မတည်ရတာ ဘာမှအရေးမကြီးပါဘူး (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့ထားရမည့် အရေး ရှေ့ထားပါ ဒကာသစ် (မှန်ပါ့) နောက် ထားရမည့်အရေး (နောက်ထားရမှာပါ ဘုရား)။
ဒိဋ္ဌိဖြုတ်ရေးကို ရှေ့ထား
ဒိဋ္ဌိဖြုတ်ရေးကို (ရှေ့ထားရပါမယ်) လောကီစီးပွားရေးကို (နောက်ထားရပါမယ် ဘုရား)။
အခု ဒကာ ဒကာမတွေက ဒကာကြွယ်တို့ ဦးလှဘူးတို့ လွဲနေတယ် (မှန်လှပါ ဘုရား) တဏှာပွားရေးကို ရှေးထားတယ် (မှန်ပါ့) ဒိဋ္ဌိဖြုတ်ရေး ဗလာဖြစ်နေတယ် (မှန်ပါ့) သိပ်နာပါလား (နာပါတယ် ဘုရား)။
ဪ လမ်းပြကောင်း မတွေ့ပြီဆိုမှဖြင့် မျက်စိကန်း လျှောက်မိလျှောက်ရာ လျှောက်နေတာကိုးလို့ ဆိုလိုက်ရင်လဲ မနာပါနဲ့ (မနာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မျက်စိကန်းတဲ့ပုဂ္ဂိုလ်ဟာ လျှောက်မိလျှောက်ရာ သွားနေတယ် (မှန်ပါ့ ဘုရား) အဘယ့်ကြောင့် ဒါလောက် သူသည် ရမ်းရမ်းကားကား သွားလာမှုကြီးနဲ့ နေပါလိမ့်မတုန်းမေးတော့ မျက်စိက ကန်းနေတယ် (မှန်ပါ့) မိစ္ဆာဒိဋ္ဌိ မျက်လုံးနဲ့ သွားနေတယ် (မှန်ပါ့) သမ္မာဒိဋ္ဌိမျက်လုံးနဲ့ဆိုရင် ဒိဋ္ဌိပြုတ်မှာပေါ့ဗျ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အခု လာကြတဲ့ ဒကာ ဒကာမတွေ တခြားသော ဆရာတော်, သမားတော်တွေပြောလို့ မင်းတို့ကွာ ဒီအချိန် ရောင်းရေး ဝယ်ရေးကလဲ မင်းတို့မို့ လာနိုင်တယ်၊ တော်,တော်သေးရဲ့ကွာလို့ ပြောလိမ့်မယ် (မှန်ပါ့)။
အံမာလေး ခင်ဗျားတို့ ဒီဥစ္စာက ဘယ်တော့မှ မပြီးနိုင်တဲ့ အလုပ်ကြီးကို ခင်ဗျားတို့က မပြီးသေးလို့ မလာဘူးဆိုရင်ဖြင့် မလာနဲ့တော့ (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား) အပါယ်သာသွားတော့ (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမှန်ပြောတာ
ဒါ ပြင်းပြင်းထန်ထန် ပြောတာလား၊ အမှန်ပြောတာလား (အမှန်ပြောတာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါ ပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ၁-နံပါတ်မှာ ဖဿပေါ်တာ ဖဿပေါ်တာ ဖဿပေါ်တိုင်းသိ၊ ဝေဒနာပေါ်ရင် (ဝေဒနာပေါ်တိုင်း သိရပါမယ် ဘုရား)၊ တဏှာပေါ်ရင် (တဏှာပေါ်တိုင်း သိရပါမယ် ဘုရား)။ ဥပါဒါန် ပေါ်ရင် (ဥပါဒါန်ပေါ်တိုင်း သိရပါမယ် ဘုရား) ကံပေါ်ရင် (ကံပေါ်တိုင်း သိရပါမယ် ဘုရား)။
အဲဒီလိုချည်း ဝတ်တိုင်း-ဝတ်တိုင်းသိပြီး ဒီနေ့တော့ အဝတ်ဟောရတဲ့နေ့၊ အဝတ်, ဝတ်ရတဲ့ ကိစ္စတွေ ဟော ရတဲ့နေ့ ဖြစ်နေသောကြောင့် အဝတ်နဲ့ပတ်သက်ပြီး သကာလ ငါးမျိုးပေါ်ပါလိမ့်မယ် (မှန်လှပါ) ပေါ်တိုင်း ပေါ်တိုင်း သိရင် အသိနဲ့ပြုတ်တဲ့ သက္ကာယဒိဋ္ဌိ (မှန်လှပါ ဘုရား)။
ပေါ်တိုင်း ပေါ်တိုင်း သိရင် (အသိနဲ့ပြုတ်တဲ့ သက္ကာယဒိဋ္ဌိပါ ဘုရား) ဖဿပေါ်တာ ဖဿလို့ သိပြီဗျာ၊ ဘာနဲ့ပြုတ်တဲ့ ဒိဋ္ဌိတုန်း (အသိနဲ့ပြုတ်တဲ့ ဒိဋ္ဌိပါ ဘုရား) ဝေဒနာပေါ်, ဝေဒနာပေါ်တိုင်း သိပြီဗျာ၊ အသိနဲ့ပြုတ်တဲ့ သက္ကာယဒိဋ္ဌိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) တဏှာပေါ်တာ တဏှာပေါ်တိုင်း သိပြီ (အသိနဲ့ပြုတ်တဲ့ သက္ကာယဒိဋ္ဌိ ပါ ဘုရား)။
ခင်ဗျားတို့ သိထားတာကတော့ တဏှာပေါ်ရင် ငါ အပါယ်သွားရတော့မယ်တဲ့ (မှန်ပါ့) ဘုန်းကြီးက တဏှာ ပေါ်တဲ့နောက်က အသိလိုက်ရင် ခင်ဗျားတိ့ အပါယ်မသွားဘူး (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ကတော့ တဏှာသာလာလို့ရှိရင်ဖြင့် ဒို့ ကိုယ်ကျိုးနည်းပြီ၊ အပါယ်သွားရတော့မှာပဲ တဲ့ (မှန်ပါ့)။
သတိပဋ္ဌာန်က ဒီလိုမှမဟုတ်ဘဲ ဘုရားက “သရာဂံဝါစိတ္တံ သရာဂံစိတ္တန္တိ ပဇာနာတိ” တဏှာပေါ်တာကို တဏှာပေါ်တယ်လို့ နောက် သိပေးကွ တဲ့ (မှန်လှပါ ဘုရား) အဲဒါ ဝိပဿနာဆိုတော့ တဏှာပေါ်တော့ အပါယ် ရောက်သလား၊ တဏှာပေါ်တော့ မဂ်ပေါ်လာသလား (တဏှာပေါ်တော့ မဂ်ပေါ်လာပါတယ် ဘုရား) ဒါဖြင့် ဘာ ကြောက်စရာရှိသတုန်း (မှန်လှပါ) ရှိသေးရဲ့လား (မရှိပါ ဘုရား)။
တဏှာပေါ်လို့ မသိလိုက်ရင်
တဏှာပေါ်လို့ မသိလိုက်ရင် ဒါ ဥပါဒါန်က လိုက်မှာပဲ (မှန်ပါ့) မသိလိုက်ရင် (ဥပါဒါန်ကလိုက်မှာပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးဆီမှာ တရားနာတဲ့ ဒကာ ဒကာမတွေလဲ စေတနာက ထူးချွန်, ထူးချွန်လာလို့ ပြောရတယ် (မှန်ပါ့) ဒီ ပဋိစ္စသမုပ္ပါဒ်ကလေး အိမ်ကရင်လဲကြည့်ခဲ့၊ မကြည့်ခဲ့လို့ရှိရင်လဲ ဘုန်းကြီးဆီမှာ ရက်ရှည်နာ (မှန်ပါ့) ဒီလိုဆိုရင် သိသွားတာပဲ (မှန်လှပါ ဘုရား)။
ဟာ တပည့်တော် မြန်မြန်လဲ သိချင်တယ်ဘုရား ဆိုရင် အိမ်ကနေပြီးတော့ ဒါ ပဋိစ္စသမုပ္ပါဒ် အလယ်က စ,တာဆိုတာ မှတ်ပေတော့ (မှန်လှပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ကို အဝိဇ္ဇာ စတာလဲရှိတယ် (မှန်ပါ့) အလယ်က ဖောက်စ,တာတွေကော (ရှိပါတယ် ဘုရား)။
အဲဒီတော့ သုံးမျိုးရှိသည့်အနက် ယနေ့ ဟောနေတာ အလယ်ကစ,တာမှတ် (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တဏှာပေါ်တာ တဏှာပေါ်တယ်လို့ သိတဲ့ပုဂ္ဂိုလ်မှာ အပါယ်သွားရသလား၊ မသွားရဘူးလား (မသွားရပါ ဘုရား)။
ဒါက တဏှာကလေး ပေါ်တယ်လို့ ဒီကသိတော့ ဒကာ ဒကာမတို့ တဏှာကလေးပေါ်တယ်ဆိုတဲ့ ဥစ္စာ ပုဂ္ဂိုလ်သတ္တဝါ ဟတု်သေးရဲ့လား တဏှာကို တဏှာလို့ သိတာလား ပုဂ္ဂိုလ်သတ္တဝါလို့ စွဲသေးသလား (မစွဲပါ ဘုရား) ဒိဋ္ဌိပြုတ်တဲ့အသိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိပြုတ်တဲ့အသိ
ဘာအသိပါလိမ့် (ဒိဋ္ဌိပြုတ်တဲ့အသိပါ ဘုရား) ဒိဋ္ဌိရှိမှ အပါယ်သွားမှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိရှိမှ (အပါယ်သွားမှာပါ ဘုရား) နို့ ဒိဋ္ဌိပြုတ်တဲ့အသိ သိထားတဲ့ ပုဂ္ဂိုလ်ဟာ သွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ် ရှင်းပြမယ်၊ ဦးလှဘူး ရှင်းပြမယ်နော် (မှန်လှပါ ဘုရား) သကဒါဂါမ်မှာ တဏှာကုန်ပ လားမေးရင် (မကုန်သေးပါ ဘုရား) အနာဂါမ်မှာ တဏှာကုန်ပလားမေးရင် (မကုန်သေးပါ ဘုရား) အပါယ်သွားပါ တော့လား ဆိုတော့ အသိကလေးလိုက်လို့ မသွားဘူး (မှန်လှပါ ဘုရား)။
အကိုးအကား လုံလောက်ပလား (လုံလောက်ပါပြီ ဘုရား) သူတို့ တဏှာမှ မပါယ်သေးဘဲ တဏှာရှိနေတာပေါ့ (မှန်လှပါ ဘုရား) မဟုတ်ဘူးလား (မှန်လှပါ)။
ဒီ ဝိသာခ သူဋ္ဌေးကို ကြည့်ပါလား တဲ့၊ သူ့ခင်ပွန်းမနဲ့ ပေါင်းလျက် သင်းလျက် တွဲလျက်ဆိုသလို ပြောလျက် ပြုံးလျက်ဆိုသလို မရှိလားဗျာ (ရှိပါတယ် ဘုရား)။
သောတာပန်, သကဒါဂါမ်, အနာဂါမ်လောက်တည်နေတော့ တဏှာက ကျန်နေတယ် (မှန်ပါ့ ဘုရား) အဲဒီ ဝိသာခ သူဋ္ဌေးဟာ အဲဒီအချိန်သေကော အပါယ်သွားမှာလား (မသွားပါ ဘုရား)။
ပေါ်တိုင်းသိရင် အပါယ်သွားစရာ ရှိသေး ရဲ့လား
ဒါဖြင့် ဘယ့်နှယ်ကြောင့် တဏှာသည် အပါယ်မပို့ပါလိမ့်မလဲ လို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) အသိနောက်က လိုက်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ခင်ဗျားတို့လဲ ပေါ်တိုင်းသိရင် အပါယ်သွားစရာ ရှိသေး ရဲ့လား (မရှိပါ ဘုရား) အဲ အဲဒါက အသိနဲ့ပယ်တာ (မှန်ပါ့ ဘုရား)။
ဥပါဒါန်ပေါ်ရင်လဲ ဘယ်လိုလုပ်ကြမလဲ (သိရပါမယ် ဘုရား) ဥပါဒါန်ပေါ်ပြီလို့ သိပါ (မှန်ပါ့) ကံပေါ်လာရင် ကော (ကံပေါ်ပြီလို့ သိရပါမယ် ဘုရား)။
ကျုပ်ဖြင့် ကာယကံကလေးဖြစ်သွားပြီ လို့ သိလိုက်တယ် (မှန်ပါ့) ဝစီကံကလေးဖြစ်သွားပြီလို့ (သိလိုက် ရမှာပါပဲ ဘုရား) သိပေး။
အသိနဲ့ ဘာပယ်လိုက်ပါလိမ့် (ဒိဋ္ဌိပယ်ပါတယ် ဘုရား) သက္ကာယဒိဋ္ဌိ ပယ်လိုက်သည် ဒကာသစ်ရေ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အသိနဲ့ပယ်တယ် (မှန်ပါ့ ဘုရား) အကျင့်နဲ့ ပယ်တာကို ပြဦးမယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ယခု နောက်ပြမှာ ဘာပါလိမ့် (အကျင့်နဲ့ ပယ်တာပါ) ကဲ ဒါ ရှေ့တိုးတဲ့ ၊ အထည်နဲ့ ခန္ဓာကိုယ်နဲ့ ထိတာ ဖဿ (မှန်ပါ့) ဖဿကလေးက ဒီနေရာပေါ် ဒီနေရာပျက်ပါတယ် (မှန်ပါ့ ဘုရား) မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။
ဒီနေရာမှာပဲ ပျောက်ပါတယ်
ကောင်းကင်မှာ လျှပ်စစ်ဝင်းတာဟာ ဦးဘအုန်းကြီး ဝင်းတဲ့နေရာက တခြားနေရာ ရွှေ့ပျက်သလား ဒီနေရာမှာပဲ ပျောက်သလား (ဒီနေရာမှာပဲ ပျောက်ပါတယ် ဘုရား)။
ဒါဖြင့် ဒီနေရာပေါ် ဒီနေရာပျောက်တယ်လို့ ခင်ဗျားတို့က ရှုပေး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဖဿကလေးဟာ တင်ပါးမှာပေါ်ရင် တင်ပါးမှာ ပေါ်တဲ့နေရာပဲ ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ့)။
ရင်မှာပေါ်ရင် (ရင်မှာ ဖြစ်ပြီးပျက်တာပါ) ကျောမှာပေါ်ရင် (ကျောမှ ဖြစ်ပြီး ပျက်တာပါ ဘုရား)။
ဒီလို ရှုပေးလိုက်လို့ ဒါက ဖြစ်ပြီး ပျက်တဲ့တရားသာ ရှိတော့တယ်လို့ အနိစ္စသာ ရှိတယ်လို့ သိသွားတယ် (မှန်ပါ့ ဘုရား)။
ဒါကတော့ ရှုမှုနဲ့ ပယ်တာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာနဲ့ ပယ်တာပါလိမ့် (ရှုမှုနဲ့ ပယ်တာပါ ဘုရား)။
ကောင်းပြီ ရှုမှုနဲ့ ပယ်တယ်ဆိုတဲ့ဥစ္စာ၊ ကိုင်း တစ်ခါ ဝေဒနာကလေးက ပေါ်လာပြန်တယ်တဲ့ ၊ ဖဿ မရှုမိတာနဲ့ဘုရား ဝေဒနာကျအောင် လွန်သွားတယ်၊ အထည်ကလေး ကောင်းလိုက်တာဆိုတာ တပည့်တော် ကောင်းမိတယ်ဘုရား လို့ဆိုတော့ အဲဒီ့ ကောင်းကောင်းကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရမယ်) ဖြစ်ပျက် ရှုလိုက် (မှန်ပါ့) ကောင်းတာကလေးလဲ ကောင်းပြီး ပျက်တာပါပဲ (မှန်ပါ့)။
အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက် မဂ်-(မှန်ပါ့) ဒီဘက်က လာသေးရဲ့လား (မလာပါ ဘုရား) ဒီ အပါယ်လေးပါးကြီးကော (မလာပါ ဘုရား) မလာဘူးဆိုတာ အထူးမြင်ကြရဲ့လား (မြင်ပါတယ် ဘုရား) ဒီ အစဉ်အတန်းမှ သွားမှာ (မှန်ပါ့) ဒီ အဖြတ်ပါရင် သွားပါ့မလား (မသွားပါ ဘုရား)။
ဪ ဒါဖြင့် ဒို့သန္တာန်ဖြစ်တဲ့ တရားတိုင်း အပါယ်သွားသလား ၊ ဒို့ မဖြတ်တတ်လို့ သွားသလား ဆိုတာ အကဲခတ်ပါ (မဖြတ်တတ်လို့ သွားတာပါ ဘုရား)။
သေသေချာချာ မှတ်၊ သေသေချာချာ မှတ်နော်- (မှန်ပါ့ ဘုရား) ဖြတ်တတ်တဲ့ ပုဂ္ဂိုလ် မသွားဘူး (မှန်ပါ့ ဘုရား) မဖြတ်တတ်တဲ့ပုဂ္ဂိုလ် (သွားပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတွေ ပြောစရာတွေကလဲ အင်မတန်မှ များတယ် (မှန်ပါ့) ခင်ဗျားတို့ ပါးစပ်ကလေး တွေကလဲ အတော်ကျဉ်းတယ် (မှန်ပါ့) ထမင်းလုပ်ကလဲ ကြီးကြီးပေးချင်ငြားသော်လဲ တစ်နေ့တည်း ပေးလိုက်ရင် ပေးခြင်းကြောင့် အသက်ထွက်လိမ့်မယ် (မှန်ပါ့ဘုရး) ဝိညာဏ်ချုပ်လိမ့်မယ် (မှန်ပါ့)။
ယူမည့်ပုဂ္ဂိုလ် ပါးစပ်ကျဉ်းလို့
အဲဒါကြောင့် နေ့တိုင်း စုစု-စုစုပြီး သကာလ ယူကြပါဆိုတာကိုလဲ တိုက်တွန်းပါတယ်၊ ပေးတဲ့ပုဂ္ဂိုလ်က မပေး နိုင်လို့ မဟုတ်ဘူး၊ ယူမည့်ပုဂ္ဂိုလ် ပါးစပ်ကျဉ်းလို့သာ မှတ်ပေတော့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးနှယ် ပြောရက်လိုက်တာလို့ ဆိုမလား၊ ငါ့ကိုက အ,လိုက်တာလို့ ဆိုမလား ခင်ဗျားတို့ (တပည့်တော် တို့က အ,ပါတယ် ဘုရား)။
ကိုယ့်ကိုယ်က ဘဝများစွာ အဝိဇ္ဇာတွေက ထုက သိပ်ကြီးတယ် (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဝေဒနာကလေး ပေါ်လာတော့ မရှုမိဘူးဘုရား၊ ကြိုက်နှစ်သက်တဲ့ တဏှာကလေး ပေါ်လာမှပဲ ဪ ဒီတဏှာကလေးကလဲ ဝမ်းထဲပေါ်ပြီး ၊ ဝမ်းထဲပျက်တာကိုးလို့ ရှုနေ (မှန်ပါ့) ဒီဘက်က ဥပါဒါန် ကံလာသေးရဲ့လား (မလာပါ ဘုရား)။
ကံမှမလာဘဲနဲ့ ဒီဇာတိ အပါယ်လေးပါး ကျသွားမည့် ဇာတိ၊ အပါယ်ပဋိသန္ဓေ ကြောက်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဪ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုန်းဆိုတော့ ပွားမှုကြောင့် မကျတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပွားမှုကြောင့်မကျတာ
ဘယ်လိုကြောင့်ပါလိမ့် (ပွားမှုကြောင့်မကျတာပါ ဘုရား) သေသေချာချာ မှတ်ကြစမ်းပါ ဒကာကြွယ် (မှန်ပါ့ ဘုရား) ပဌမတန်းနေတာက တစ်ခုတစ်ခုသိတာကို ပြပါတယ် (မှန်ပါ့ ဘုရား) အခုတော့ဖြင့် တစ်ခုတစ်ခု၏ ဖြစ်မှု, ပျက်မှုအနိစ္စကို မြင်အောင်ကြည့်တာနဲ့ သူက ခင်ဗျားတို့ကို မြင်အောင်ကြည့်ခိုင်းတယ် ဆိုငြားသော်လဲ ဘုန်းကြီးက အကြည့်ခိုင်းလို့ ကြည့်တာလို့ မယူကြနဲ့ (မှန်ပါ့) ခင်ဗျားတို့အပျက်ကို ခင်ဗျားတို့ မမြင်လို့ အကြည့်ခိုင်းရတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့အပျက်ကို (အကြည့်ခိုင်းတာပါ ဘုရား) ခင်ဗျားတို့ ကိုယ်တိုင် မရှုတတ်လို့ အကြည့်ခိုင်းရတာပါ (မှန်ပါ့)။
ခင်ဗျားတို့အပျက်ကို ခင်ဗျားတို့ဉာဏ်နဲ့ ပင်ကိုယ်ကသာ စိုက်ပြီး ကြည့်တတ်မယ်ဆိုလို့ရှိရင် ဒီတရား မနာနဲ့ တော့ ပြန်ကျတော့ အပါယ်မသွားဘူး စိတ်ချ (မှန်ပါ့)။
အခုတော့ဖြင့် ကိုယ့်သန္တာန် ဖြစ်လိုက်တာက ဗွက်ပေါက်နေငြားသော်လဲ ဒကာကြွယ်ရေ၊ ဦးလှဘူးရေ သိကို မသိဘူး (မှန်လှပါ ဘုရား)။
ဪ အိပ်ရာဝင်ကာမှပဲ နေ့လယ်တုန်းက ဖြစ်လိုက်တဲ့ တဏှာ ဥပါဒါန် ကံတွေဟာ မနည်းပါလား (မနည်းပါ ဘုရား) တစ်ချက်မှ ကြားပြတ်ပါသေးရဲ့လား (မပါပါ ဘုရား) ကြားပြတ် မဂ်ဝင်သေးရဲ့လား (မဝင်ပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးက ပြောရတယ်၊ ခင်ဗျားတို့ ဘယ်သွားသွား ကိုယ့်အိမ်ကိုယ် ပြင်ဘက်ထွက်တဲ့အခါကျလို့ ရှိရင်ဖြင့် တဏှာနဲ့ထွက်လိုက်၊ ဒေါသနဲ့ဝင်လိုက် (မှန်လှပါ)။
အင်း တဏှာနဲ့ ဝင်လိုက်, ဒေါသနဲ့ထွက်သွားလိုက်၊ အိမ်ကပြန်ပြီး လွမ်းဆွတ်တာနဲ့ တဏှာနဲ့ ပြန်ဝင် လိုက် (မှန်လှပါ ဘုရား)။
တဏှာနဲ့ ထွက်ပါတယ်
တစ်နေ့မှာ ဒကာကွယ် အိမ်ထဲမှာ ဝင်လိုက်, ထွက်လိုက် ဘယ်နှစ်ခေါက်တုန်း (မရေတွက်နိုင်ပါ ဘုရား) ထွက်လိုက်တဲ့အခါ ဘာနဲ့ထွက်သတုန်း (တဏှာနဲ့ ထွက်ပါတယ် ဘုရား) တဏှာနဲ့ထွက်လို့၊ ပြန်တော့လဲ ဘာနဲ့ပြန်လာ သတုန်း (ဒေါသနဲ့ ပြန်လာပါတယ် ဘုရား)။
တစ်ခါတလေကျတော့ ဘာနဲ့ ထွက်ပြန်ပါလိမ့် (ဒေါသနဲ့ ထွက်ပါတယ် ဘုရား) ဘာနဲ့ ဝင်ပြန်သတုန်း (တဏှာနဲ့ ပြန်ဝင်ပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ အဲဒီ တံခါးခုံကြီးပွန်းသလို ကြေးခွေကြီး ပွန်းသလို ခင်ဗျားတို့ ကိလေသာကြောင့် ပွန်းသွားတယ် ကြေးခွေကြီး (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာကြောင့် ပွန်းသွားသတုန်း (ကိလေသာကြောင့် ပွန်းသွားပါတယ် ဘုရား)။
တစ်ချို့ အိမ်သွားကြည့်ရင် အုတ်တွေလဲ ခွက်နေပြီ (မှန်ပါ့ ဘုရား) ကြေးခွေကြီးလဲ ပွန်းနေပြီ (မှန်ပါ့) အံမာလေး ကြောက်စရာကောင်းလိုက်တာ ဘယ်သူများ တိုက်ခိုက်ထားပါလိမ့်မတုန်း မေးတော့မှ တဏှာတို့၊ ဒေါသတို့ မောဟတို့နဲ့ တိုက်ခိုက်ထားတာပဲ (မှန်လှပါ ဘုရား)။
ဒကာကြွယ်ရေ သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခြေတစ်လှမ်းကို ဒကာ ဒကာမတို့ တဏှာကလဲ မနည်းလှဘူး (မှန်ပါ့-မနည်းပါ ဘုရား) ဒေါသကော (မနည်းပါ ဘုရား) ကျောင်းဆောက်, ဘုရားတည်ကလေးလောက်က ကယ်နိုင်ပါ့မလား (မကယ်နိုင်ပါ ဘုရား)။
မကယ်နိုင်ဘူး- မကယ်နိုင်ဘူး စိတ်သာချနော် နော် (မှန်ပါ့) ဘာကြောင့်တုန်း၊ ရေများ ရေနိုင်၊ မီးများ မီးနိုင်ဆိုတဲ့ သဘောရှိတယ် (မှန်ပါ့) အဲဒါကြောင့် ဒကာကြွယ်တို့ မဂ်နဲ့မဖြတ်ရင်ဖြင့် မရဘူး (မှန်ပါ့)။
မဂ်နဲ့မဖြတ်ရင် မရ
နောက် ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (မဂ်နဲ့မဖြတ်ရင် မရပါ ဘုရား)။
ဟောဒါ မဂ်လို့မှတ်ပါ ၊ သူနဲ့ဖြတ်လိုက်တော့ ဒါတွေ ပြတ်ပြတ်ထွက်သွားတယ် (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ရှေးတရားတွေလို အောက်မေ့ပြီးတော့ မနာနဲ့ (မှန်ပါ့) ဪ အခု ဖြတ်, အခုပြတ်တာကိုးလို့ မှတ်ပါ့ (မှန်ပါ့)။
တစ်စတစ်စ ဖြတ်ရမှာလား၊ အခုဖြတ်လို့ အခုပြတ်တာလား (အခုဖြတ်လို့ အခုပြတ်တာပါ ဘုရား) အခုဖြတ်လို့ အခုပြတ်လု့ိရှိရင် အခုနိဗ္ဗာန်ရတာပဲ (မှန်ပါ့) မရပါနဲ့ဆိုလို့ တားလို့ရသေးရဲ့လား (မရပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ဒီခေတ်နဲ့ ဒီကံနဲ့ ဒီအသက်ရှည်ပုံနဲ့ ဒီအသက် ရှင်နေပုံကလေးနဲ့ ဒီဆရာသမားက ဒီအချိန် ပြောနိုင်တဲ့ အချိန်ကလေးနဲ့ ကြုံသောကြောင့် ဘုန်းကံရှိကြတယ်ဆိုတာ သေသေချာချာမှတ်ပါ့ (မှန်လှပါ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဘုန်းကံရှိလို့ နာကြရပါတယ် ဘုရား) ပစ္စည်းချမ်းသာတာ ပစ္စည်းမွဲတာ လိုရင်းမဟုတ် ပါဘူး (မှန်ပ့ါ) သူတော်ကောင်း ရတနာကလေးတွေ ခင်ဗျားတို့ ရတာက လူချမ်းသာကိုးဗျ (မှန်လှပါ)။
ဟိုဟာတွေက မင်းဘေး, စိုးဘေး, သူခိုးဘေးနဲ့ ဝိုင်းပြီး သကာလ သေတော့ နောက်ဥပဒေနဲ့ဆိုရင် ဒကာကြွယ် အခွန်ဆောင်ပြီးမှ မြေမြှုပ်ရမှာဗျ (မှန်ပါ့) လွယ်ပါ့မလား (မလွယ်ပါ ဘုရား) ကိုယ်ပိုင်လို့ ဆိုမလား (မဆိုပါ ဘုရား)။
သေသွားတာတောင် အခွန်ဆောင်ခဲ့ဦးကွ ဆိုပြီး မှတ်တမ်းတွေအကုန်ရေးပြီးတော့မှ အလောင်းချစေ ဆိုတဲ့အမိန့်က လာဦးမှာ ခင်ဗျား စိတ်သာချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါတွေ သိပြီးသားဖြစ်ပြီး သကာလ နေတော့ အကယ်၍ ဒီဥပဒေက ကန့်ကွက်လို့ကော မတည်ပြန်သေးဘူး ထားဦးတော့ သားတွေ, သမီးတွေ ဝေယူတယ်၊ ကိုယ့်ဆီ ဘာမှမပါပါဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား)။
ဪ ခင်ဗျားတို့ စားမှုသောက်မှုထက် ပိုမိုပြီးလုပ်တာဟာ ဘာတုန်းလို့ မေးလို့ရှိရင် သေခွန်ဆောင်ချင်လို့ ဘုရား (မှန်လှပါ ဘုရား) အံမာလေး လောကွတ်ကောင်းလိုက်တာ (မှန်ပါ့) လောကွတ်ကောင်းလိုက်တာ သေခွန် ဆောင်ချင်လို့တဲ့ (မှန်ပါ့)။
သေခွန်ဆောင်ချင်လို့
ဒကာကြွယ် အခု ခင်ဗျား အသက်ကြီးလာပြီ၊ အလုပ်မလျှော့သေးတာ ဘာပါလိမ့် (သေခွန်ဆောင်ချင် လို့ပါ ဘုရား)။
အံမာလေး ကြီးကျယ်လှချည့်လား ခင်ဗျား သေခွန်ဆောင်ချင်လို့ဆိုတော့။
ကဲ ဒကာ ဒကာမတို့ ဒီဥစ္စာတွေက မှန်လဲ မှန်ပါတယ် နော် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပွားမှုနဲ့ ဖြတ်ပုံ၊ ကဲ တဏှာကိုတော့ဖြင့် တပည့်တော်မနိုင်ဘူး၊ စွဲလမ်းနေတဲ့ စိတ်ကလေးပေါ်လာမှ တပည့်တော်က ရိပ်မိတော့တယ် ဆိုတော့ စွဲလမ်းတဲ့စိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်ဘုရားဝ။
ဒါဖြင့် ဖြစ်ပျက်ရှု၊ သူက ဖြစ်ပျက်ဆိုတော့ ရှုတာက မဂ် ဖြစ်သွားတယ် (မှန်ပါ့ ဘုရား) ဒီကံ မပြတ်သေးဘူး လား ပြတ်မလား (ပြတ်ပါတယ် ဘုရား) လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) “ဥပါဒါန ပစ္စယာ ကမ္မဘဝေါ”လို့ ဆိုတာ သူ့ကျော်ပြီး မသွားနိုင်ဘူး (မှန်ပါ့ ဘုရား) ဟောဒီမဂ်က ဖြတ်တယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် တပည့်တော်တို့က ဥပါဒါန်တော့စွဲတာ အမှန်ပဲဘုရာ့၊ သို့သော် လွန်မှသိတဲ့ ပုဂ္ဂိုလ်တွေ ဘုရား၊ တပည့်တော်တို့က အဝိဇ္ဇာ တဏှာတည်းဟူသော အမိုက်အမဲ တရားတွေနဲ့ မိတ်ဆွေဖြစ်နေတော့ ကံမြောက်မှ သိတော့တယ် ဘုရားဆိုလို့ရှိရင်လဲ ကံမြောက်ချင်မြောက် ရှုဦး (မှန်ပါ့)။
ကာယကံကလေးကိုလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ကာယကံစေတနာလဲ ဖြစ်ပျက်ရှု (မှန်ပါ့) ဝစီကံ စေတနာကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
ဖြစ်ပျက်ရှုလိုက်တော့ ဒီမှာ စဉ်စား မသေသေးပါဘူးတဲ့၊ ကံက ဖြစ်ပျက်-ရှုတာက (မဂ်ပါ ဘုရား) ဒီဘက် ဇာတိ ဇရာ မရဏ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) အပါယ်လေးပါး လာသေးရဲ့လား (မလာပါ ဘုရား)။
မဂ်နဲ့ပိတ်မှ ရတယ်
ဪ အပါယ်လေးပါး တံခါးပိတ်ဆိုတာက ဘာနဲ့ပိတ်မှ ရသတုန်းဆိုတော့ မဂ်နဲ့ပိတ်မှ ရတယ် (မှန်လှ ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အပါယ်လေးပါး တံခါးပိတ်ဆိုတာက (မဂ်နဲ့ ပိတ်မှရပါတယ် ဘုရား) မဂ်နဲ့ပိတ်မှရတယ်ဆိုတာ သေချာကြ ပလား (သေချာပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့ကလဲ ဒီအလုပ်ကျတော့ လုပ်ရမှန်းမှ မသိဘူးဆိုတော့ ခင်ဗျားတို့ စားသောက်နေတာလဲ အပါယ်သွားဖို့ စားနေတာ (မှန်ပ့ါ ဘုရား)။
အိပ်နေကြတာကော (အပါယ်သွားဖို့ အိပ်နေကြတာပါ ဘုရား) ရောင်းဝယ်နေကြတာ (အပါယ်သွားဖို့ ရောင်း ဝယ်နေကြတာပါ ဘုရား)။
မဂ်နဲ့ပိတ်မှရမှာ ၊ ခင်ဗျားတို့ဟာ ပယ်လုံးမှ မပါဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါက ဒကာ ဒကာမတို့ ပွားမှုနဲ့ အပါယ်လေးပါး တံခါးပိတ်တာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါက ဘာတဲ့ဗျာ (ပွားမှုနဲ့ အပါယ်လေးပါး တံခါး ပိတ်တာပါ ဘုရား)။
ဒီနေ့ တရားသုံးလုံးတည်းပါ ဒကာ ဒကာမတို့ စကားသာ ခင်ဗျားတို့ နားမလည်လို့ တာဆာဆင်ပြီး အမျိုးမျိုး ပြောရပါတယ် (မှန်ပါ့)။
ပယ်မှုနဲ့ပြမယ်
တရားကတော့ သိမှုနဲ့ ပယ်တာတစ်မျိုး (မှန်ပါ့) ပွားမှုနဲ့ ပယ်တာ (တစ်မျိုးပါ ဘုရား) ကဲ နောက်ဆုံးပိတ် ပြမယ်တဲ့။ နာရီက ၁၀-မိနစ်ပဲ ကျန်တော့တယ်၊ ပယ်မှုနဲ့ပြမယ် (မှန်ပါ့ ဘုရား)။
ဒါ အပါယ်လေးပါးကိုဖြင့် ဒကာ ဒကာမတို့ စင်းလုံးချော လွတ်တယ်လို့ အောက်မေ့ပါ (မှန်ပါ့) ဘယ်တော့ မှလဲ မလာတော့ဘူးဆိုတာ အောက်မေ့ပါ (မှန်ပါ့)။
အခုတော့ ဒကာ ဒကာမတွေ နေကြရတာ ငါ ကျောင်းလဲ ဆော်ကထားတယ်၊ ဘုရားလဲ တည်ထားတယ်၊ ကုသိုလ်ကောင်းမှုတွေလဲ ငါမမေ့ပါဘုး၊ သေကာနီး ငါထားတဲ့ ပစ္စည်းကလေးနဲ့ ငါ့သမီးကလေး စိတ်မချလို့ရှိရင်ဖြင့် အဲဒါကလေးကများ လာရှုပ်လို့ရှိရင် ငါအပါယ်တော့ ရောက်ဦးမှာပဲ (မှန်လှပါ) စိတ်မချရလို့၊ ချရရဲ့လား (မချရပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ အခု တတိယပြမှာ စိတ်ချရတဲ့ အလုပ်လို့ မှတ်ပါ (မှန်ပါ့) တတိယပြမှာ ဘာပါ လိမ့် (စိတ်ချရတဲ့ အလုပ်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြစို့ ၊ ဒီကျတော့ အကုန်မရှုနဲ့ (မှန်ပါ့) ဝေဒနာတစ်လုံးတည်း ထားလိုက် (မှန်ပါ့)။
ဒီက ဝေဒနာနဲ့ ဖဿဆိုတာ ဒကာ ဒကာမတို့ အချို့သော မျက်လုံးထဲမှာကျတော့ မြင်တယ်, ကောင်းတယ်, တွဲလျက်ထင်တယ် (မှန်ပါ့)။
မြင်တယ်ဆိုရင် “ဥပေက္ခာ သဟဂတံ စက္ခုဝိညာဏ”လို့ ဆိုသောကြောင့် ဥပေက္ခာဝေဒနာနဲ့ ဖဿနဲ့ တွဲလျက် နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒီ ဝေဒနာကလေးကိုမြင်တဲ့ ဝေဒနာကလေးကို ခင်ဗျားတို့က ဖြစ်ပျက်ရှုပေး (မှန်ပါ) မြင်တဲ့ ဝေဒနာ ဖြစ်ပျက် ရှုလိုက်တော့ ဖဿပါ ရောပြီး ချုပ်မယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ခန္ဓာကိုယ်ထဲလိုက်
ချုပ်လိုက်တဲ့အခါကျတော့ ဒီ့ပြင်ဟာတွေ မလိုက်နဲ့တော့- တဏှာ ဥပါဒါန် ကံ မလိုက်နဲ့တော့ (မှန်ပါ့) ဒီ တစ်လုံးတည်းသာ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ခန္ဓာကိုယ်ထဲလိုက် (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာပေါ်တိုင်းပေါ်တိုင်း (ခန္ဓာကိုယ်ထဲ လိုက်ရပါမယ် ဘုရား) ပေါ်ရာကို ဖြစ်ပျက်သာ ရှုနေ (မှန်ပါ့)။
ဒါဖြင့် ပေါ်ရာ ဖြစ်ပျက်ရှုဆိုတော့ တပည့်တော်တို့ ဝေဒနာက ဟိုပေါ် ဒီပေါ်ဘုရား ၊ အဲ ဟိုပေါ် ဒီပေါ်ကိုပဲ လိုက်ရှု (မှန်ပါ့)။
ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့မှ ဒကာသစ်ရေ-ဒီခန္ဓာဟာ ဝေဒနာက္ခန္ဓာလို့ ဘုရားက ဟောတယ် (မှန်ပါ့ ဘုရား)။
ခန္ဓာတစ်ခုလုံး ဝေဒနာမပေါ်နိုင်တဲ့နေရာ ရှိရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် ဒုက္ခဝေဒနာပေါ်လဲ ဘာလုပ်ရ မလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
သုခဝေဒနာပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဥပေက္ခာ ဝေဒနာပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အကုန်ရှု အကုန်ရှု တစ်ကိုယ်လုံးရှု (မှန်ပါ့)။
ရှုလိုက်တဲ့အခါကျတော့ ဝေဒနာတွေဟာ ဝေဒနာအဖြစ်နဲ့ နေသလား ချုပ်သွားသလား (ချုပ်သွားပါတယ် ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ပါဠိတော်ရွတ်လိုက် ဝေဒနာနိရောဓာ (တဏှာနိရောဓော) ဒီဘက်ကဟာတွေ အကုန် ချုပ်တယ် (မှန်ပါ့) တဏှာတွေ ဥပါဒါန်တွေ လာသေးရဲ့လား (မလာပါ ဘုရား)။
ဖြစ်ပျက်ရှုပါ
ဒါဖြင့် “ဝေဒနာနံ ခယော ဘိက္ခဝေ” ဝေဒနာနံ=ဝေဒနာတို့ကို၊ ခယော=ကုန်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်သည်၊ ဟုတ်လား (မှန်ပါ့) နိတ္တဏှော=တဏှာမရှိသည်ဖြစ်၍၊ ပရိနိဗ္ဗုတော=ကိလေသ ပရိနိဗ္ဗာန်စံသည်၊ ဟောတိ=ဖြစ်၏ (ဝါ) သောတာပန်တည်သည်၊ ဟောတိ=ဖြစ်၏ (မှန်ပါ့) ဒါက သံယုတ်ပါဠိတော် (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာပေါ်ရာ အကုန်လိုက်၊ ဖြစ်ပျက်ရှုပါ (မှန်ပါ့)။
ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဘာတုန်း (ဖြစ်ပျက် ရှုရပါမယ် ဘုရား) မျက်လုံးထဲပေါ်လဲ ရှု၊ နားထဲပေါ်လဲ ရှု၊ နှာခေါင်းထဲ ပေါ်လဲရှု၊ တစ်ကိုယ်လုံး ဝမ်းထဲမှာ ပေါ်လဲရှု၊ ပြင်ဘက်မှာ ပေါ်ကော (ရှုရပါမယ် ဘုရား)။
ဝေဒနာတွေက အများကြီးကို ဘုရာ့ ဆိုတော့ မများပါဘူး၊ တစ်ခုစီ ပေါ်တာပါ (မှန်ပါ့)။
မများပါဘူး ဒကာ ဒကာမတို့ ဘယ်လိုပေါ်တာပါလိမ့် (တစ်ခုစီ ပေါ်တာပါ ဘုရား) အဲ တစ်ခုစီပေါ်တာ အကုန်ရှုလိုက်တဲ့ အခါကျတော့ ကြာတော့ ဝေဒနာတွေက ဖြစ်ပျက် (မှန်လှပါ ဘုရား)။
ခန္ဓာမမြင်တော့ဘူး၊ ဖြစ်ပျက်ချည့် မြင်တယ် (မှန်ပါ့) ကိုယ်တွေ အထည်တွေ ဆံပင်တွေ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ဘာမြင်ပါလိမ့် (ဖြစ်ပျက်သာ မြင်ပါတယ် ဘုရား)။
အဲဒီတော့ ဖြစ်ပျက်ချည့်မြင်တော့ ဪ နိဗ္ဗာန်သွားဖို့ ဒကာ ဒကာမတို့ ရောက်ဖို့နီးပြီ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုန်းကြီးက တစ်ခါမှာတယ်၊ ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်ပေမယ့် မလျှော့နဲ့နော် (မှန်ပါ့) ဆက်လက်ပြီး သကာလ ပြင်းပြင်းထန်ထန်ကလေးပဲ ရှုပေးလိုက်ပါဆိုတော့ ရှုရှင်း-ရှုရင်းနဲ့ ဝေဒနာတွေ၏ ဖြစ်မှုပျက်မှုကို မုန်းလာတယ် (မှန်လှပါ) ဘာဖြစ်လို့တုန်း ကိုယ့်အသေ ကိုယ်မြင်လို့ မုန်းတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုပါလိမ့် (ကိုယ့်အသေ ကိုယ်မြင်လို့ မုန်းပါတယ် ဘုရား) ကိုယ့်အသေပဲကိုးဗျ ၊ ဝေဒနာက္ခန္ဓာကြီး တစ်ကိုယ်လုံး ပျောက်သွားတဲ့ ဥစ္စာ ကိုယ်သေတာပေါ့ (မှန်လှပါ ဘုရား)။
ကိုယ့်အသေ ကိုယ်မြင်တော့ ဘယ့်နှယ်ဖြစ်လာသလဲ (မုန်းပါတယ် ဘုရား) ဒီအသေကြီးနဲ့ နေချင်သေးရဲ့လား (မနေချင်ပါ ဘုရား)။
မနေချင်ရုံတွင်မကဘူး ဒကာ ဒကာမတို့ သေသေချာချာသာ မှတ်ပါတော့တဲ့ ၊ ဟောဒီက ဝေဒနာက္ခန္ဓာ ကြီးဟာ တခြားလား အောက်မေ့တယ် ဖြစ်ရတာလဲ ဒုက္ခသစ္စာ၊ ပျက်ရတာလဲ ဒုက္ခသစ္စာပဲလို့ ခင်ဗျားတို့ဉာဏ်ထဲမှာ တိုးတက်ပြီး မြင်လိမ့်မယ် (မှန်ပါ့)။
မုန်းပြီးသည်၏ အခြားမဲ့၌ ဖြစ်ဒုက္ခ ပျက်ဒုက္ခပါလား။ ဒါမှ တစ်ပါးဘာမှမရှိဘူးလို့ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) မြင်တဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါးဖြစ်သောကြောင့် ဒီက ခန္ဓာကြီးပါ အကုန်ပျောက်တယ် (မှန်ပါ့)။
ခန္ဓာအကုန်ပျောက်တော့ နောက်က ဒိဋ္ဌိအုပ်ချုပ်တဲ့တရားတွေ အကုန်ပျောက်တယ် (မှန်ပါ့) မပျောက်သေး ဘူးလား (ပျောက်ပါတယ် ဘုရား) ဟောဒီ့ အပါယ်လေးပါးကြီးကော (ပျော်ကပါတယ် ဘုရား)။
ဪ ဒါဖြင့် ကုန်အောင်လိုက်တော့လဲ ဒကာ ဒကာမတို့ ဝေဒနာကုန်အောင်လိုက်တဲ့အခါကျတော့ ဒိဋ္ဌိအကုန်ပြုတ်၍ အပါယ်လေးပါးပါ ပြုတ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာက ဒုက္ခသစ္စာ (မှန်ပါ့) မဂ္ဂင်ရှစ်ပါးက (မဂ္ဂသစ္စာပါ ဘုရား) တဏှာ ဥပါဒါန် ကံတွေချုပ်တာက သမုဒယသေတာ (မှန်ပါ့) ဒါ သမုဒယသစ္စာ သုံးခုပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သမုဒယသစ္စာသေတော့ သူတို့ရှိမှ ဇာတိဆိုတဲ့ အပါယ်လေးပါးလာရမှာ။ အပါယ်လေးပါးပါအိုးစားကွဲပြီး သေခန်း၊ ရှင်ခန်းပြတ်ပြီးသွားတာက နိရောဓသစ္စာ (မှန်ပါ့) ဒါ ပဌမနိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ပဌမနိဗ္ဗာန်ဆိုတဲ့ ဥစ္စာ
ပဌမနိဗ္ဗာန်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ ဟောဒီဖြစ်ပျက်တွေလဲ ချုပ်သွားပါရော ဒီနေရာမှာ ဪ ယောဂီပုဂ္ဂိုလ်ဟာ ကိုယ့်ဉာဏ်နဲ့ ကိုယ်ကြည့်ပြီး သကာလ နဂိုရ်တုန်းက ဒီနေရာမှာ မွေးပွဲနဲ့ သေပွဲ ခဏခဏဖြစ်နေတာ ဇာတိဒုက္ခနဲ့ မရဏဒုက္ခချည့်ရှိနေတာ ယခု သူ့ကို မလိုချင်တဲ့ဉာဏ်လဲ ပေါ်ပါရော ဒကာ ဒကာမတို့ ဒါ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
မရှိတဲ့အခါကျလို့ရှိရင်ဖြင့် ဪ ဒုက္ခကင်းရာ နိဗ္ဗာန်ဆိုတာ ဒီနားလာပေါ်တယ် (မှန်ပါ့) မသေခင် ဒီရှေ့က လာပေါ်တယ် (မှန်ပါ့) ရှုရင်းမတ္တနဲ့ ရှေ့မှာလာပေါ်တယ် (မှန်ပါ့)။
ဒုက္ခတွေ ချုပ်သွားတော့ ဒီနေရာမှာ ဒုက္ခနိရောဓာ နိဗ္ဗာနံ (မှန်ပါ့) တစ်ခါတည်း ရှုရင်းမတ္တနဲ့ကို ခန္ဓာပျောက် သွားတယ် (မှန်ပါ့ ဘုရား) အဲဒါ ဘာသစ္စာတုန်း (နိရောဓသစ္စာပါ ဘုရား) ပျောက်မှန်းသိတာက (မဂ္ဂသစ္စာပါ ဘုရား)။
အဲ-နောက်က သမုဒယသစ္စာတွေကတော့ ဟိုကလဲ ဒုက္ခပျောက်ကရော သူတို့ပါ ရောပျောက်ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သူတို့က မီးကိုးဗျ ၊ ဒီက လောင်စာကိုးဗျ (မှန်ပါ့ ဘုရား) လောင်စာကုန်ပေါ့ မီးကျန်ဦးမလား (မကျန်ပါ ဘုရား)။
သေသေချာချာ မှတ်ပါ၊ အဂ္ဂိဝစ္ဆာ ပုဏ္ဏားကို ဒီအတိုင်းဟောတယ် (မှန်ပါ့) လောင်စာကုန်သွြးတော့ မီးဘယ် သွား သတုန်းကွ တဲ့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ပျောက်သွားပါတယ် ဘုရား)။
အဲ ဒီက လောင်စာ ဒုက္ခသစ္စာကုန်၍ မီး သမုဒယသစ္စာ အကုန်ပျောက်ပါတယ် (မှန်ပါ့ ဘုရား)။
ဒီ မဂ္ဂသစ္စာသတ္တိဟာ ဘယ်လောက် စွမ်းရည်သတ္တိရှိတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် လောင်စာနဲ့မီး သိမ်းနိုင်တဲ့ နည်းဟာဖြင့် မဂ္ဂသစ္စာပဲ ရှိတယ် (မှန်ပါ့ ဘုရား)။
လောင်စာနဲ့မီး သိမ်းနိုင်နည်း
လောင်စာနဲ့မီး သိမ်းနိုင်နည်းကဖြင့် (မဂ္ဂသစ္စာပဲ ရှိပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆက်ရှု (မှန်ပါ့) ဝေဒနာတစ်လုံး ဆက်ရှု (မှန်ပါ့) ဝေဒနာတစ်လုံး ဆက်ရှု၊ ပေါ်ရာလိုက်၊ မရှုတတ်ရင် ဘုန်းကြီးဆီ လာခဲ့ပါ (မှန်ပါ့) ဟောတဲ့အထဲကမှ နားမလည်လို့ရှိရင် လာမေးပါ (မှန်ပါ့)။
ဘုန်းကြီးကတော့ဖြင့် လိုရင်းကို ပြောရတာ တစ်မျိုး၊ မသိသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် နည်းနည်းကျဉ်းကျဉ်း ထည့်ရတာက တစ်မျိုးဆိုတော့ အင်မတန် ပန်းပါတယ် (မှန်ပါ့) လူကညီတာ မဟုတ်ဘူး (မှန်ပါ့)။
ဒကာကြွယ် ညီပါ့မလား (မညီပါ ဘုရား) ဉာဏ်က အမျိုးမျိုး၊ နားက အမျိုးမျိုး (မှန်ပါ့ ဘုရား)။
ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား) တစ်နည်း ဣရိယာပုထ် ပြင်လိုက်တဲ့အချိန်မှာ ဒီက ပြောနေတဲ့ စကားကြောင့် ဒီအထဲ ပျက်စီးသွားတဲ့ ပုဂ္ဂိုလ်တွေလဲ အမျိုးမျိုးပါသေးတယ် (ပါပါတယ် ဘုရား) မပါဘူးလား (ပါပါ တယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ တစ်ယောက်ချင်း၊ နှစ်ယောက်ချင်းဆိုသလိုပဲ မသိတဲ့ ကွက်ကြားကလေးတွေကျတော့ မေးနိုင်ပါတယ် (မှန်လှပါ ဘုရား)။
တပည့်တော်တို့ ဘယ်ကစပြီး ဘယ်လိုလုပ်ရမှာတုန်း ဘုရားဆိုတော့ အခု ဒါဖြင့် သောင်းပြောင်း အကုန် နားလည်အောင် ပြောတာပဲ (မှန်ပ့ါ) ဒီအထဲကမှ ချွင်းချက်ရှိသေးတယ်ဆိုရင် လာမေးတာပေါ့ (မှန်ပါ့)။
ဖြစ်ပျက်ဆုံးတာ ဘာသစ္စာ
ကိုင်း ဒါဖြင့် ဒကာသစ်ရေ ဖြစ်ပျက်ဆုံးသွားတော့ ဘာခေါ်မတုန်း (နိဗ္ဗာန်ပါ) ဖြစ်ပျက်ဆုံးတာ ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား)။
ဒါဖြင့် ရှုရင်းဆုံးရမယ် (မှန်ပါ့) ရှုရင်း ဝေဒနာက္ခန္ဓာကြီး ဘာဖြစ်ရမတုန်း (ဆုံးရပါမယ် ဘုရား) ပျောက်သွား ရမယ် (မှန်ပါ့) ဆုံးသွားရမယ် (မှန်ပါ့ ဘုရား) ဆုံးသွားလို့ရှိရင်ဖြင့် ြဖ်စပျက်က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ ဆုံးသွားတာ ဘာခေါ်မတုန်း (နိရောဓသစ္စာပါ ဘုရား)။
ဪ ဒုက္ခအဆုံး နိဗ္ဗာန်ဆိုတာ ဒါပဲ (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခအဆုံးက နိဗ္ဗာန်၊ မြင်တာက မဂ်ဉာဏ် (မှန်ပါ့ ဘုရား) သေတာက သမုဒယသစ္စာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။
အပါယ်လေးပါး တံခါးပိတ်တာက သေမှပေါ်လာတဲ့ နိရောဓသစ္စာ (မှန်ပါ့ ဘုရား) မသေခင် နိဗ္ဗာန်မြင်မှ ဟိုအပါယ်လေးပါး မရောက်တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သေခါနီးမှ မြင်တယ်ဆိုတာလဲ ရှိပါတယ် (မှန်ပါ့ ဘုရား) သို့သော် ရှားတယ် (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ အလုပ်ကို အခုလို စိတ်ချ လက်ချ မသေခင်က လုပ်ထားတာနဲ့ သေခါနီးမှလုပ်ရတာနဲ့ ဘယ်ဟာ ကောင်းသတုန်း (မသေခင်က လုပ်ထားတာ ကောင်းပါတယ် ဘုရား)။
ဒါဖြင့် မသေခင် ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို မြင်အောင်ကြည့်ပါ (မှန်လှပါ ဘုရား)။
ဒါ နိဗ္ဗာန်ကို ကြည့်ရမှာလားလို့ မေးလိုက်တဲ့အခါ ဖြစ်ပျက် ဒုက္ခချည်းကြည့် (မှန်လှပါ ဘုရား) သူ့ဟာသူ ခင်ဗျားတို့က ဉာဏ်ရင့်လို့ မလိုချင်တဲ့ဉာဏ်လာရင် ဘာဖြစ်သွားမယ်ထင်သတုန်း၊ ဒုက္ခဆုံးသွားမယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဘယ်ဉာဏ်ပေါ်မှ ဆုံးမှာတုန်း
ဘာဆုံးသွားမယ် (ဒုက္ခဆုံးသွားပါမယ် ဘုရား) ဝမ်းထဲက ဘယ်ဉာဏ်ပေါ်မှ ဆုံးမှာတုန်း (မဂ်ဉာဏ်ပေါ်မှ ဆုံးမှာပါ ဘုရား) မလိုချင်တဲ့ မဂ်ဉာဏ်ပေါ်မှ ဆုံးမယ် (မှန်လှပါ ဘုရား)။
အဲဒါ ဉာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်မှာ တဲ့ ညနေအားထုတ်ရင် မနက်ဆုံးပါတယ် (မှန်ပါ့) မနက်အားထုတ်ရင် (ညနေဆုံးပါတယ် ဘုရား)။
ဉာဏ်နည်းတဲ့ပုဂ္ဂိုလ် ခုနစ်ရက်ပေါ့ဗျာ (မှန်ပါ့) ဒီ့ထက်နည်းတဲ့ပုဂ္ဂိုလ် ဆယ့်လေးရက် (မှန်ပါ့) ဟာ ဒီ့ထက် နည်းတယ်ဆိုရင် ခုနစ်နှစ်ကျအောင် လုပ်ရတာများလဲ ပါ-ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ သတိပဋ္ဌာန်ပါဠိတော်မှာ ဒီအတိုင်း လာသည်ဖြစ်လေသောကြောင့် ဒါက ပယ်သော အခြင်းအရာ အားဖြင့် ချုပ်တာ (မှန်ပါ့ ဘုရား)။
ပယ်ဖြုတ်ဆိုတာ ဒုက္ခဆုံးတာမြင်မှ
သက္ကာယဒိဋ္ဌိ ဘာနဲ့ချုပ်သလဲ (ပယ်သောအခြင်းအရာအားဖြင့် ချုပ်ပါတယ် ဘုရား)။ ပယ်ဖြုတ်, ဖြုတ်ချလိုက် တယ် (မှန်ပါ့ ဘုရား)။
ပယ်ဖြုတ်ဆိုတာ ဒုက္ခဆုံးတာမြင်မှ ပယ်ဖြုတ်,ပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ပယ်ဖြုတ် ဆိုတာ ဘာပါလိမ့် (ဒုက္ခဆုံးတာ မြင်တာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဝေဒနာတစ်လုံးကို ဖြစ်ပျက်မြင်အောင် ၁-နံပါတ်ကြည့် (မှန်ပါ့) ဖြစ်ပျက်မုန်းအောင် (၂-နံပါတ် ကြည့်ရပါမယ် ဘုရား) ဖြစ်ပျက်ဆုံးအောင် (၃-နံပါတ်ကြည်ရပါမယ် ဘုရား) ၃-နံပါတ်ကျရင် ပယ်ပြုတ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။