ကံဖြတ်, တဏှာ, ဝဋ်ဖြတ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ – ဟောကြားတော်မူသော
(၃၀-၇-၆၁)
ခန္ဓာကိုယ် အမှန်သွားရာလမ်း
တရားနာကြတဲ့ ဒကာ ဒကာမတွေ ဒီခန္ဓာကိုယ်ကြီး အမှန်သွားရာလမ်းသည် သုသာန်လမ်းလို့ မှတ်ထားကြပါ (မှန်ပါ့ဘုရား၊ ခန္ဓာကိုယ် အမှန်သွားရာလမ်းက (သုသာန်လမ်းပါ ဘုရား)။
အခု တရားနာနေတယ်လို့ ဆိုငြားသော်လဲ ထိုင်ရင်း သွားနေတယ်လို့ အောက်မေ့ပါ (မှန်ပါ့) ထိုင်ရင်းဘယ် သွားပါလိမ့် (သုသာန်သို့သွားပါတယ် ဘုရား)။
ဈေးရောင်းနေတဲ့ ပုဂ္ဂိုလ်တွေလဲ ဈေးရောင်းတာက မှန်သလား၊ သုသာန်သွားတာက မှန်သလား (သုသာန် သွားတာက မှန်ပါတယ် ဘုရား)။
ဈေးရောင်းရတာတော့ ရောင်းရချီတစ်ချက်၊ မရောင်းရချီတစ်ချက် ရှိသေးတယ် (မှန်လှပါ) ခန္ဓာကိုယ်ကြီး သွားနေတာကတော့ဖြင့် တစ်စက္ကန့်ထက် တစ်စက္ကန့် သုသာန်နဲ့သာ နီးရတယ် (မှန်ပါ့ ဘုရား) ဈေးရောင်း ကောင်း၊ မကောင်း သူက ငဲ့သေးသလား (မငဲ့ပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီလမ်းချည်းပဲ သွားနေကြတော့မယ် ဆိုလို့ရှိရင် ဒကာကြွယ်ရေ လမ်းမှားချည်း လျှောက်နေတာပဲ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (လမ်းမှားချည်း လျှောက်နေကြပါတယ် ဘုရား) လမ်းမှားချည်း လျှောက်နေတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဆင်းရဲတဲ့နေရာ သွားတာ
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ဉာဏ်မျက်လုံးနဲ့ ကိုယ်ကြည့်တော့မှ ကိုယ့်ခန္ဓာသွားနေ တာက သေရာချည်း သွားနေပါတယ် (မှန်ပါ့ ဘုရား) သေရာဆိုတာသည် ချမ်းသာတဲ့နေရာ သွားတာလား၊ ဆင်းရဲတဲ့ နေရာ သွားတာလား (ဆင်းရဲတဲ့နေရာ သွားတာပါ ဘုရား)။
”မရဏမ္ပိ ဒုက္ခသစ္စံ”ဆိုတဲ့အတိုင်း ဒုက္ခသစ္စာဆီကို မရောက်အရောက် သွားနေတယ် (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်သစ္စာဆီကို မရောက်, အရောက်သွားပါလိမ့် (ဒုက္ခသစ္စာဆီကို မရောက်အရောက် သွားပါတယ် ဘုရား)။ ဒုက္ခသစ္စာဆီကို မရောက်, ရောက်အောင် သွားနေတယ်ဆိုတာဖြင့် ငြင်းဖို့ရာ မလိုပါဘူး (မလိုပါ ဘုရား)။
တစ်ခါ ဟောနေတဲ့ ဘုန်းကြီးကလဲ ဪ ဒို့ ဘုန်းကြီးက ဒို့ကို ကယ်တင်နေတယ်ဆိုငြားသော်လဲ သုသာန် သွားရင်း ကယ်တင်နေတာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
ဘယ်လို ကယ်တင်နေတာတုန်း (သုသာန်သွားရင်း ကယ်တင်နေတာပါ ဘုရား) သုသာန်သွားရင်း ကယ်တင် နေတာပဲ ဆိုတဲ့ဥစ္စာ ဧကန်မှတ်ပါ (မှန်ပါ့)။
တရားပွဲအစ,နဲ့ တရားပွဲအလယ်နဲ့ သုသာန် ဘယ်ဟာက နီးပါလိမ့် (တရားပွဲအလယ်က နီးပါတယ် ဘုရား) တရားပွဲအလယ်က နီးတယ်ဆိုကြစို့ (မှန်ပါ့)။
တရားပွဲအလယ်နဲ့ တရားပွဲအဆုံးနဲ့ကော ဘယ်ဟာကနီးပါလိမ့် (တရားပွဲအဆုံးက နီးပါတယ် ဘုရား)။
ဪ ဒို့ဘုန်းကြီးကလဲ စိတ်မချရတဲ့ ဘုန်းကြီးပါလားလို့ မှတ်ထားပါ (မှန်လှပါ ဘုရား) ဒို့ခန္ဓာကလဲ စိတ်မချရတဲ့ ခန္ဓာလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။ သုသာန်သွားရင်း ဒို့ကို ကယ်ယူပို့ဆောင်နေတယ်ဆိုတာ သေသေ ချာချာ မှတ်ပါ့ (မှန်လှပါ ဘုရား)။
သုသာန်သွားရင်း ကယ်ယူပို့ဆောင်နေတယ်
အင်း ဘယ်သွားရင်း ကယ်ယူပို့ဆောင်နေပါလိမ့် (သုသာန်သွားရင်း ကယ်ယူပို့ဆောင်နေပါတယ် ဘုရား)။
ဘာကြောင့်တုန်းဆိုတော့ ဆရာကလဲ- ဆရာဘုန်းကြီးကလဲ နောက်ဘဝက အသိ, အလိမ္မာနည်းခဲ့လို့ သုသာန် သွားတဲ့အလုပ်ကြီးပဲ အမြဲတမ်းလုပ်နေတယ် (မှန်ပါ့) ဒကာ ဒကာမတွေကလဲ နောက်ဘဝ ဆရာမှား, အမြင်မှားနြ့ ကြုံခဲ့တဲ့အတွက် သုသာန်သွားတဲ့အလုပ်ပဲ အမြဲလမ်းလုပ်နေရတယ် (မှန်ပါ့ ဘုရား)။
ဆရာသွားတဲ့လမ်းကလဲ လမ်းကြမ်းပဲ မှတ်ပါ (မှန်ပါ့) ဒကာ ဒကာမတွေ သွားတဲ့လမ်းကကော (လမ်းကြမ်း ပါ ဘုရား) ဒုက္ခသစ္စာလမ်းကြမ်းကြီးပေါ့ဗျာ (မှန်ပါ့)။
အဲဒါတွေ ဉာဏ်နဲ့စဉ်းစားတော့မှ ကိုင်း ဆရာက လမ်းပင်သွားငြားသော်လဲ သူက မျက်လုံးကျယ်တယ် (မှန်ပါ့) ဒို့က လမ်းပင် သွားငြားသော်လဲ မျက်လုံးကျဉ်းတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ကျုပ်တို့ ဒီတစ်ခါပဲ သုသာန်သွားကြစို့တော့ ၊ နောင်ဖြင့် သုသာန် ဇာတ်သိမ်းကြစို့ ဆိုပြီး သကာလ ဒီတရားပွဲ နာတဲ့ပုဂ္ဂိုလ်ကလဲ သုသာန်အသေဇာတ်သိမ်းချင်လို့ နာတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) ဆရာဘုန်းကြီးကလဲ တရားဟောနေတာသည် သုသာန်အသေဇာတ်ကို လမ်းပြတ်ပြီးသကာလ သွားအောင် ဒကာ ဒကာမတွေလဲသွားအောင်၊ ကိုယ်လဲ ဒီဇာတ်ကို သိမ်းနိုင်အောင်ဆိုပြီး ဟောတယ်လို့ ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
ဒီစကားဟာ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ အတော်အရေးကြီးပါတယ် (ကြီးပါတယ် ဘုရား) ဉာဏ်ရောက်ကြပြီ (ရောက်ပါပြီ ဘုရား)။
ဉာဏ်ရောက်ကြပြီ တဲ့၊ ဒါဖြင့် သုသာန်သွားတယ်ဆိုတာ ဘယ်သူက ပို့တာပါလိမ့်မတုံ လို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
ဇာတိက ဇရာဆီပို့တယ်
အို ဒကာ ဒကာမတို့ ဇာတိက ဇရာဆီပို့တယ်၊ ဇရာက ဗျာဓိဆီ (မှန်ပါ့) ဗျာဓိက (မရဏဆီ ပို့ပါတယ် ဘုရား) ဪ ဒါကြောင့် ရောက်ကြတာကိုး (မှန်လှပါ ဘုရား)။
ကျုပ်တို့ ဒါဖြင့် ဇာတိရမိလို့ ဒီလမ်းလျှောက်ရတာ (မှန်ပါ့) ဘယ်လိုဆိုကြပါ့မယ် (ဇာတိရမိလို့ ဒီလမ်းလျှောက် ရတာပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ကစပြီး နောက်ဘယ်ဘဝ ဘာဖြစ်ချင်တယ်ဆိုတာ မလာပါ စေနဲ့ (မှန်ပါ့) ဖြစ်ချင်လို့ရှိရင် ဒီသုသာန် သွားရဦးမယ် (မှန်ပါ့)။
ဖြစ်ချင်တဲ့ ဇာတ်သိမ်းရလို့ရှိရင် ဒီသုသာန်သွားတဲ့ ခြေလှမ်း သိမ်းပြီဆိုတာနဲ့ ဧကန် အောက်မေ့ပါ (မှန်ပါ့)။
ဒါဟာ ဒကာကြွယ် တယ်ပြီး ဉာဏ်ရောက်ခဲတယ်နော် (ရောက်ခဲပါတယ် ဘုရား)။
ရောက်ခဲတယ် တဲ့၊ ဒကာကြွယ်တို့ ပင်ကိုယ်ဉာဏ်နဲ့ဆိုလို့ရှိရင် ဒီဘဝက စုတေမနေ သေလွန်ရရင် ဘဝ ကူးကောင်းရင် တော်ပါပြီ တဲ့၊ ဒီလို သုံးလေ့ရှိတယ် (မှန်ပါ့)။
ဘယ်လို သုံးပါလိမ့် (ဘဝကူးကောင်းရင် တော်ပါပြီလို့ သုံးပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတို့ သာမညနဲ့ဆိုရင်သာ ဘဝကူးကောင်းရင် ကြိုက်မှာပဲ (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ မသိငြားသော်လဲ ဆရာဘုန်းကြီးက ရှင်းပြလို့ရှိရင်ဖြင့် လင်းပါလိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါက ဒီဘဝနောက်ဆုံးပိတ် မရဏာသန္နဇော ငါးကြိမ်ပြီးတော့ကို ဒကာ ဒကာမတို့ စုတိဆိုတာ လာရပါတယ် (မှန်ပ့ါ ဘုရား)။
မရဏာသန္နဇော ငါးကြိမ်ပြီးတော့ ဘာလာပါလိမ့် (စုတိလာပါတယ်) စုတိဆိုတာ ဒီဘဝအဆုံး (မှန်ပါ့) စုတိဆိုတာ ဘာပါလိမ့် (ဒီဘဝအဆုံးပါ ဘုရား)။
ဒကာ ဒကာမတို့ မနာဘူးတဲ့ ပုဂ္ဂိုလ်များလဲ သေသေချာချာ မှတ်ကြ။ နာဘူးတဲ့ ပုဂ္ဂိုလ်များလဲ သံဝေဂဉာဏ် အမြန်ထွားကြိုင်းပါစေဆိုပြီး သကာလ ဒီကစပြီး ရှင်းလာတယ်ဆိုတာ အောက်မေ့ကြပါနော် (မှန်ပါ့ ဘုရား)။
စုဆိဟာ ဒီဘဝအဆုံးပါလား ဒကာ ဒကာမတို့ (မှန်ပါ့) ကိုင်း ဘဝကူးကြပါစို့။
ဘဝကူးကြပါစို့ဆိုတော့ ဒကာ ဒကာမတို့ စုတိပြီးတော့ ပဋိသန္ဓေဆိုတာ လာတော့မယ် (လာပါတယ် ဘုရား)။
သစ္စာဖွဲ့ကြစို့
စုတိပြီး ဘာလာပါလိမ့် (ပဋိသန္ဓေလာပါတယ်) ဪ တစ်ခါဖြင့် ရှင်းပါပြီ ဒကာ ဒကာမတို့ သစ္စာဖွဲ့စို့နော် (မှန်ပ့ါ) သစ္စာဖွဲ့ကြစို့ဆိုတော့ စုတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ကူးသွားတဲ့ ဘဝကကော (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒါက ဘဝကူးကောင်းဖို့လို့ ပြောတဲ့ပုဂ္ဂိုလ်များ ဒီဒုက္ခက- ဒီဒုက္ခကူးတာများ ဘဝကူးကောင်းတယ်၊ ဘဝကူးကောင်းဖို့ အရေးကြီးတယ်လို့ ပြောတာများဟာ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ သစ္စာမသိလို့ ပြောတာ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ) ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပြောတာပါ ဘုရား)။
အဲဒီစကားတွေ လူကြီးကပြောပြော၊ ဘယ်သူကပြောပြော၊ ဘဝကူးဟာ ဘယ်တော့မှ မကောင်းဘူးလို့မှတ် (မှန်ပါ့) ဘဝကူးဟာ (ဘယ်တော့မှမကောင်းပါ ဘုရား)။
ကြည့်လေ- စုတိပြီး ပဋိသန္ဓေလာရတော့ ဒုတိယဘဝဘက် မရောက်လား (ရောက်ပါတယ်) စုတိကဘာသစ္စာ (ဒုက္ခသစ္စာ) ပဋိသန္ဓေက (ဒုက္ခသစ္စာပါ ဘုရား)။
ကဲ ပဋိသန္ဓေဘက်ကူးပါပြီ ထားပါဦးတော့၊ ခင်ဗျားတို့ပြောနေကျ စကားအတိုင်း ပြောလို့ကူးတယ်ပဲ ထားပါဦးတော့ ဘယ်သစ္စာက ဘယ်သစ္စာ ကူးပြောင်းသတုံး (ဒုက္ခသစ္စာက ဒုက္ခသစ္စာကူးပြောင်းပါတယ် ဘုရား)။
ကိုင်း ဒကာသစ်ပဲ စဉ်းစားပါတော့ ကောင်းလေရော့လား၊ ဆိုးလေရော့လား (ဆိုးပါတယ်) နတ်ဇာတိ ဆိုဦးတော့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဗြဟ္မာဇာတိဆိုဦးတော့ (ဒုက္ခသစ္စာပါ) ဒကာကြွယ် ဘယ်ဟာကူးချင်သတုံး ဗျာ (ဘယ်ဟာမှ မကူးချင်ပါ ဘုရား)။
ဘဝကူးကလေးကောင်းအောင်
ကိုင်း ဒကာ ဒကာမတွေ စဉ်းစားပြီး နားထောင်ပါ။ ဘဝများစွာ သံသရာကလည်းကောင်း၊ ဒီဘဝမှာ ကြားဖူးနားဝနည်းလို့သော် လည်းကောင်း၊ ကျုပ်တို့တော့ဖြင့် ဘဝကူးကလေးကောင်းအောင် လုပ်ရဦးမယ်။ အံမာလေး နှုတ်များတက်လို့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုများသုံးကြပါလိမ့် (ဘဝကူးကောင်းအောင် လုပ်ရဦးမယ်)။
ဖြစ်မှဖြစ်ရလေဗျာ။ ဖြစ်မှဖြစ်ရလေ ဒကာ ဒကာမတို့အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ကဖြင့် ညည်းလုံးထုတ်ပြီ (မှန်ပါ့)။ စုတိယက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) နောက်ဘဝကူးသွားတော့ ပဋိသန္ဓေဆိုတာ တစ်ခုသော ဝမ်းခေါင်းရောက်ရ ပါတယ် (မှန်ပါ့) သူက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ကြည့်လေ ဓမ္မစကြာမှာ “ဇာတိပိဒုက္ခာ”တဲ့။ ဘယ်မှာ ဘဝကူးကောင်းတာ ပါကြရဲ့လား (မပါပါ ဘုရား)။
ဒါကြောင့်တဲ့ ဒကာကြွယ်ရေ သေသေချာချာ စဉ်းစားပြီးသကာလ စကားများသုံးကြ၊ နှုတ်းကြစမ်းပါဦး။ သစ္စာမသိတဲ့ ပုဂ္ဂိုလ်များသုံးတဲ့ အသုံးအနှုန်းဟူသ၍ဟာဖြင့် ရူးသည်ထက်ရူးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ရူးသည်ထက် ရူးပါတယ်) စုတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ) ဘဝကူးသွားတော့ ဘာ သစ္စာရသတုန်း (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
အရူးကောင်းသာဖြစ်ရမယ်
ကောင်းတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်များဖြင့် သူ့ဟာသူ ကြံဖန်ကောင်းပြီး အရူးကောင်းသာဖြစ်ရမယ်၊ ဉာဏ်အမြင် ရှိတဲ့ ပုဂ္ဂိုလ်၏ အကောင်းတော့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
ဒါကြောင့် ဒကာကြွယ်တု့ိ ကျောင်းဆောက်၊ ဘုရားတည်။ ဒကာသစ်တို့လဲ ကုသိုလ်တွေ အမျိုးမျိုးအဖုံဖုံ လုပ်ကြငြားသော်လဲ ဘဝကူးကောင်းဖို့ မလုပ်ပါနဲ့ (မှန်ပါ့) ဘဝပြတ်ဖို့လုပ်ပါ (မှန်ပ့ါ ဘုရား)။
ဘယ်လိုလုပ်ကြမလဲ (ဘဝပြတ်ဖို့ လုပ်ကြရပါမယ်) ကဲ ဦးလှဘူး ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီတရားပွဲ အသံတွေ ဖြိုင်ဖြိုင်ကြီးထွက်လာပါလိမ့်မတုန်းဆိုတော့ သစ္စာသိကြလို့ (မှန်ပါ့ ဘုရား)။
သိတယ်-မသိတယ် စုတိက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပ) ကူးတဲ့ဘဝက (ဒုက္ခသစ္စာ ဘုရား)။
သစ္စာသိတဲ့ ပုဂ္ဂိုလ်ကတော့ ဘဝကူးကောင်းဆို ကြောက်မယ် (မှန်ပါ့) သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်များကတော့ အင်း ကျုပ်တို့တော့ဖြင့် ဒီဘဝဒီလိုနေရငြားသော်လဲ မကျေနပ်သေးဘူး၊ ဘဝကူးကလေးက ကျန်သေးတယ် (မှန်ပါ့)၊ အံမာ-လေချိုများ သွေးလိုက်သေးတယ် (မှန်ပါ့) လေချိုသွေးငြားသော်လည်း သူ့ဟာ ကျုပ်ဒုက္ခကြီးရင် ဟိုဒုက္ခပြီးရင် ဟိုဒုက္ခယူမယ် (မှန်ပါ့) ဒီလို ပြောသံ လူမိုက်သံ (မှန်ပါ့) ဒီဒုက္ခပြီးတော့ကို (ဟိုဒုက္ခယူပါမယ် ဘုရား)။
အဲဒါ ဒကာကြွယ်တို့ကို သာမည ရှေ့က ဆရာသမားနဲ့ မကြုံသေးခင်ကတော့ ဒါ ဝတ္တရားပေါ့ဗျာလို့၊ အားများ ပေးလိုက်သေးတယ် (မှန်ပါ့) ဒကာကြွယ် အားပေးဖူးသလား (အားပေးဖူးပါတယ် ဘုရား)။
ဖြစ်မှဖြစ်ရလေ၊ ခင်ဗျားလဲ ဒီထဲပါသွားပြီ (ပါသွားပါပြီ ဘုရား)။
သစ္စာမသိတုန်းက အရူးထတုန်းက
ပါသွားပြီ၊ ဘယ်တုန်းကလဲဆိုတော့ သစ္စာမသိတုန်းက အရူးထတုန်းက (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်တုန်းကပါလိမ့် (သစ္စာမသိတုန်းက အရူးထတုန်းကပါ ဘုရား)။
ဒါကြောင့် ဘုရားက သစ္စာများသိအောင် လုပ်စမ်းပါကွာ၊ သစ္စာမသိလို့ရှိရင်ဖြင့် အရူး အနှမ်းမပျောက်သေး ပါဘူး၊ အကန်းနဲ့ အရူးတွဲလျက်ပြီး ရှိပါသေးတယ်ကွတဲ့၊ သေသေချာချာ ဟောတာများဟာ ဒကာကြွယ်တို့ရေ- ယုံပေ တော့ (မှန်ပါ့ ဘုရား)။
ကိုယ်တိုင် ဘဝကူးကောင်းကို သဘောကျခဲ့ကြတယ် (ကျပါတယ်) ဘယ့်နှယ်ကြောင့် ဒါကျပါလိမ့် (သစ္စာ မသိလို့ပါ) သစ္စာမသိလို့။
ဪ ဒါဖြင့် လောကကြီး ငွေမရှိတာလဲ ပူစရာမရှိပါဘူး၊ သားမရှိ၊ သမီးမရှိ၊ ဥတစ်လုံး တစ်ကောင်ကြွက်လဲ ပူစရာမရှိပါဘူး၊ သစ္စာ မသိတာမှ ဒုက္ခ အဆက်မပြတ်လို့ ပူစရာအကြီးဆုံး ရှိတယ်လို့ အောက်မေ့စမ်းပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒီဉာဏ်တွေ ရလိုက်တာက ဒကာ ဒကာမတို့ ၊ အခု တရားစ,လာတာ ဘာမှမကြာသေးပါဘူး ၁၅-မိနစ်ပဲ ရှိပါသေးတယ် (မှန်ပ့ါ)။
သစ္စဉာဏ်ကတော့ (ဘဝတဏှာ သေပါတယ် ဘုရား) နောက်ဘဝ ခင်တွယ်တဲ့ တဏှာလာသေးရဲ့လား (မလာ ပါ ဘုရား)။
သေပျော်တဲ့တရားလို့ မှတ်ပါ
ဘယ်လာနိုင်တော့မတုန်း စုတိက ဒုက္ခသစ္စာ၊ ကူးတဲ့ဘဝက (ဒုက္ခသစ္စာပါ) အဲဒီတော့ တော်ပြီ တန်ပြီဆိုတဲ့ ဉာဏ်လာပါတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ်) ဒကာ ဒကာမတို့ ၁၅ မိနစ် နာတာနဲ့ သေပျော်တဲ့တရားလို့ မှတ်ပါ (မှန်ပါ့ ဘုရား) ၁၅ မိနစ်နာတာနဲ့ (သေပျော်တဲ့တရားပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါ အမှန်သိရလို့နော် (မှန်ပါ့) အမှန်ဆိုတာသည် သမ္မာဒိဋ္ဌိ (မှန်ပါ့) သမ္မာဒိဋ္ဌိနဲ့ ဪ ဒို့ စုတိကလဲ ဒုက္ခသစ္စာပါကလား (မှန်ပါ့) နောက်ကူးတဲ့ ပဋိသန္ဓေကလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒုက္ခပြီး ဒုက္ခရောက်တာများ ဘဝကူးကောင်းလို့ ပြောတဲ့ ပုဂ္ဂိုလ်များ ဘာမသိလို့ပါလိမ့်မလဲ ဒကာ သစ်ရေ (သစ္စာမသိလို့ပါ ဘုရား)။
ဒကာသစ်တို့လဲ ဒီအရူး ထခဲ့တယ်နော် (ထခဲ့ပါတယ် ဘုရား) သစ္စာမသိတဲ့ အရူးထခဲ့တယ် (မှန်ပါ့)။
သစ္စာသိပြီးမှ ပြုံးစမ်းပါ
ဘသစ္စာမသိတဲ့ အရူးထခဲ့တဲ့အတွက် ဒကာကြွယ်ရေ ပြုံးကိုမပြုံးနဲ့ဦး (မှန်ပါ့) သစ္စာသိပြီးမှ ပြုံးစမ်းပါ (မှန်ပါ့) အခုပြုံးတာသည် ဒကာ ဒကာမတို့ အရူးပြုံး အနှမ်းပြုံးဖြစ်ပါလိမ့်မယ် (မှန်ပ့ါ) သဘောကျကြပလား (ပါပါတယ်) ဘာပြုံးတဲ့တုန်း (မှန်ပါ့) သဘောပါကြပလား (ပါပါတယ်) ဘာပြုံးတဲ့တုန်း (အရူးပြုံး အနှမ်းပြုံးပါ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်ကားလို့ ဆိုရင် သစ္စာမသိတဲ့ ပုဂ္ဂိုလ်များသည်ကားလို့ ဆိုလို့ ရှိရင်ကွာတဲ့ ပင်လယ်ထဲ သင်္ဘောပျက်တဲ့ ပုဂ္ဂိုလ်နဲ့ အတူတူပါပဲတဲ့ (မှန်ပါ့)။
တောင်လေလာရင် မြောက်သို့ မျောရုံပဲကွ (မှန်ပ့ါ) မြောက်လေလာရင် (တောင်ကို မျောရုံပါ ဘုရား) အရှေ့ လေလာရင် (အနောက်မျောပါမယ်) အနောက်လာလရင် (အရှေ့မျောမှာပါ ဘုရား) ဝဲနဲ့တွေ့ရင် မြုပ်ရုံပဲ (မှန်ပါ့) ဒါပဲရှိတယ်။ ဒကာ ဒကာမတို့ ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)။
အဲ တောင်လေလာ မြောက်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ တစ်ခါတလေ ကာမာဝစရကုသိုလ်တွေ လုပ်လိုက် တဲ့အခါ မြောက်တည်းဟူသော အထက်သုဂတိသို့ ရောက်သွားတယ် (မှန်ပါ့) သစ္စာမသိလဲ ရောက်သွားပြန်ပြီ (မှန်ပါ့)။
ဟာ တစ်ခါ နတ်ပြည် အပျော်ကျူးတာနဲ့ အပါယ်လေးပါး ချလိုက်ပြန်တော့ မြောက်လေလာလို့ တောင် ရောက်ပြန်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
နောက်ကျတော့ လူ့ပြည်ပြန်တက်လာတော့ ငါးပါးအာရုံ ကာမဂုဏ်ဝဲထဲ လှည့်လည်ပြီးသကာလ တစ်နေ့မှ မအားတဲ့အလုပ် လုပ်ပြန်တာပဲ (မှန်ပ့ါ ဘုရား) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
တစ်နေ့မှ ခင်ဗျားတို့ အားကြရဲ့လား မေးရင် ဘယ့်နှယ်ဖြေမလဲ (မအားပါ ဘုရား)။
ခန္ဓာက ဒုက္ခသစ္စာ၊ ဇရာဘေးကြီး သင့်လို့ ဗျာဓိဘေးကြီး သင့်တာတောင် စိတ်ထဲက လည်ချင်တုန်းရှိသေး တယ် (မှန်လှပါ ဘုရား)။
ဝဲထဲက တစ်နေ့လောက် ထွက်နေမယ်ဆိုရင် ဒကာကြွယ်တို့က ပျင်းတယ် (မှန်ပ့ါ) အရောင်းအဝယ် စိပ်တဲ့ နေ့ကျတော့ ဘယ့်နှယ်နေကြသတုန်း (ပျင်းပါတယ် ဘုရား) ဝဲမလှည့်ရလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အရောင်းအဝယ် စိပ်တဲ့နေ့ကျတော့ ဘယ့်နှယ်ဖြစ်နေသလဲ (ပျင်းပါးတယ် ဘုရား)။
ဪ ဒီလူတွေက အမူးနဲ့ အရူးနဲ့မှ ကိစ္စပြီးချင်တဲ့ လူတွေဆိုတာ သေချာတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ကိလေသာအရူးသမား
ကိလေသာအရူးသမားက တစ်ခါတည်း လောဘရူး မရူးရတော့ ဒေါသရူး ပြင်းထွက်လာတယ် (မှန်ပါ့)။
လောဘရူး မရူးရတော့ ဘာတဲ့ (ဒေါသရူး ပြင်းပါတယ် ဘုရား) ဒေါသရူး ပြင်းလာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ နေ့တိုင်း ဘာတွေလှည့်နေကြသတုန်းဆိုတော့ ဒေါသဝဲ လောဘဝဲ မောဟဝဲဆိုတဲ့ မသိဝဲတွေ လှည့်နေတယ် (မှန်ပါ့)။
လှည့်မနေကြဘူးလား (လှည့်နေပါတယ် ဘုရား) ဪ မြုပ်မှ မြုပ်ပါ့မလား (မြုပ်ပါတယ် ဘုရား)။
ဟာ ကျောင်းဒကာကြီး မြုပ်သွားပြီလို့ ပြောရလိမ့်ဦးမယ် (မှန်ပါ့) ဘုရားဒကာကြီးကော (မြုပ်သွားပါ တယ် ဘုရား)။
အဲဒါ သစ္စာမသိသေးသ၍ ကာလပတ်လုံးဖြင့် မြုပ်၊ မျောပဲ ဇာတ်သိမ်းကြလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာမသိသေးရင် (မြုပ်မျောပဲ ဇာတ်သိမ်းရမှာပါ)။
ကိုင်း ယနေ့ဟောတဲ့ တရားမှာဖြင့် ဒကာ ဒကာမတို့ အလုပ်ဖြတ်ခန်းကို မပြောသေးဘူး ၊ အမှားတွေ ပြောတုန်းပဲ ရှိသေးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဘာတွေ ပြောနေပါလိမ့် (အမှားတွေ ပြောနေပါတယ် ဘုရား)။
ဒကာကြွယ် အခုလို တောင်မြို့မှာ ဘုန်းကြီးတို့ ကျောင်းမှာ ကြားရတာကဖြင့် ဘယ်သူမှ အရောင်းအဝယ် မကောင်းကြပါဘူးဗျာ ၊ ခပ်ဆွံ့ဆွံ့ပါပဲ၊ တိုင်းပြည်ကြီး ဘာဖြစ်တယ် မသိပါဘူးတဲ့ ၊ တိုင်းပြည်က ဘာမှမဖြစ် ဘူး ခင်ဗျားတို့ စိတ်ကဖြစ်နေတာ (မှန်ပ့ါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တိုင်းပြည်က နဂိုရ်ကမှ အထည်က မရှိတဲ့ဥစ္စာ သူ့ဟာသူရှိနေတာ၊ ရုပ်ဓမ္မ နာမ်ဓမ္မတွေ သူ့ဟာသူ နေတဲ့ဥစ္စာ တိုင်းပြည်က ဘာမှမဖြစ်ဘူး (မှန်ပါ့)။
ခင်ဗျားတို့ ကိလေသာက ဖြစ်နေတာ
ခင်ဗျားတို့ ကိလေသာက ဖြစ်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ သစ္စာက မကွဲတော့ တိုင်းပြည်က ဘာများဖြစ်ချင်လို့ စစ်ရိပ် စစ်ငွေ့ကြောင့်လား မပြောတတ်ပါဘူး ဘုရား အရောင်းအဝယ်တွေဖြင့် ဆိတ်သုဉ်းနေတယ် (မှန်ပါ့) ပါးရှားနေတယ်၊ တပည့်တော်တို့ဖြင့် နေရ ထိုင်ရတာကို အခက်ကြီးဖြစ်နေတယ် တဲ့၊ မခက်နဲ့ ခင်ဗျားတို့ ဘောဘဝဲ မလည်ရတာနဲ့ ဒေါသဝဲ လည်နေတာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လောဘဝဲ မလည်ရတာနဲ့ (ဒေါသဝဲလည်နေတာပါ ဘုရား) တော်တော်ကြာကျတော့ မောဟဝဲဆိုတဲ့ အဝိဇ္ဇာ ပြန်မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ရောက်ရင် မြုပ်ရုံပဲ ရှိတော့တယ် (မှန်ပါ့)။
အဲဒါကြောင့် ဒကာ ဒကာမတွေ တိုင်းပြည်က ဘာဖြစ်တယ်လို့ ဘယ်တော့မှ မတွေးနဲ့၊ ခန္ဓာက ဂဏှာမငြိမ် တာသာ မှတ်ပါ (မှန်လှပါ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ခန္ဓာက ဂဏှာမငြိမ်တာပါ ဘုရား) ခန္ဓာက လောဘခန္ဓာက တဏှာမငြိမ်တော့ ဒေါခန္ဓာက ထ,ကြွ သောင်းကျန်းလာတယ် (မှန်လှပါ ဘုရား) ဣသာမစ္ဆရိယဆိုတာတွေက သူတို့ဆိုင်ကမှ နည်းနည်းရောင်းရသေး တယ်၊ ဒို့များ ဘာဖြစ်နေပါလိမ့်မလဲ ဒကာသစ်တို့ အသွားပေါ့ဗျ (မှန်လှပါ ဘုရား) အင်း ဣဿာ မစ္ဆရိယ တည်းဟူသော ဝဲတွေကလဲ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဟာ လူတစ်လုံးပဲကွာ၊ ဒီဥစ္စာ လျှော့ရောင်းရတာပဲဆိုတဲ့ မာန်မာနတွေနဲ့ တစ်ခါ မာနဝဲထဲ လှည့်လိုက် ပြန်တာ (မှန်ပါ့) မလှည့်ဘူးလား (မှန်ပါ့)။
ဒကာကြွယ် ခင်ဗျားတို့ စောင်းဟောတာ မဟုတ်ဘူးနော် (မှန်ပါ့) ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) အင်မတန် ဆိုးဝါးနေတယ်ဆိုတာ ဒကာ ဒကာမတို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဝိပဿနာမဂ်ဉာဏ်နဲ့မှ မဖြတ်တော့ပါဘူး ဆိုလို့ရှိရင်
အဲဒါတွေကို ဝိပဿနာမဂ်ဉာဏ်နဲ့မှ မဖြတ်တော့ပါဘူး ဆိုလို့ရှိရင် လည်ပါများတော့ ဝဲထဲနေတဲ့ သစ်ရွက် ကလေးသည် ဒကာ ဒကာမတို့ မြုပ်ဖို့ ရှေးရှုတယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ) သေသေချာချာ မြုပ်မှာပဲ (မြုပ်မှာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ တစ်နေ့လုံးဟာလေ ဒကာသစ်ရေ အိမ်ပြန်လိုက်တော့ ဟုတ်လား (မှန်ပါ့) ထမင်းဆာ ထမင်းသွားခူးလိုက်၊ အင်း-ပြန်ထိုင်လိုက် ဒီနေရာကလေးကို၊ အင်း ရေလိုက်၊ ဘာလုပ်နေတာတုန်း ဒကာသစ်ရ၊ ပြောစမ်းပါဦး ဝဲလှည့်တာပါဘုရာ့ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာလုပ်တာတုန်း (ဝဲလှည့်တာပါ ဘုရား)။
လောဘဝဲက တော်တော်ကြာကျတော့ ဒေါသဝဲ-မမှတ်မိပြီဆိုမှဖြင့် ကိုယ့်ဟာကိုယ် စိတ်တိုတာက ရှိသေးတယ် (မှန်ပါ့ ဘုရား)။
လောဘဝဲက လည်ပြီးသကာလ ဒေါသဝဲဖက် တစ်ခါလှည့်တယ် (မှန်ပါ့) တော်တော်ကြာကျတော့ ကြောင့်ကြ တောင်းတတဲ့ သောက ပရိဒေဝထဲကော (လှည့်ပါတယ် ဘုရား)။
လှည့်လိုက်တဲ့အခါကျတော့ ဒေါသ သောက ပရိဒေဝ ဆိုတော့ တော်တော်ကြာ အဝိဇ္ဇာ ပြန်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဝိဇ္ဇာပစ္စယာ သင်္ခါရနဲ့ ဝိုင်းလိုက်တော့ ခုနင်က လောဘ ဒေါသ သောက ပရိဒေဝ ပြန်မဆိုက်ဘူးလား (ဆိုက်ပါတယ် ဘုရား) ဒါဖြင့် ဝိုင်းမသွားဘူးလား (ဝိုင်းသွားပါတယ် ဘုရား)။
တစ်နေ့ ဘယ်နှစ်ခါ ဝိုင်းကြသတုန်း (မရေတွက်နိုင်ပါ ဘုရား)။ ပဋိစ္စသမုပ္ပါဒ်ကြီးပေါ့ဗျာ (မှန်ပါ့)။
ဘယ်သူက ဖြတ်ပေးမည့်လူ ရှိသတုံး (မရှိပါ) ဒါဖြင့် အဝိုင်းပြေး ပြေးနေကြတာ (မှန်ပ့ါ) လိုရာခရီး အရောက် ကြီး ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
အဝိုင်းပြေးသာ ပြေးစရာရှိတယ်
ရော ဒကာ ဒကာမတွေ အတော်ခက်နေပြီ (ခက်ပါတယ်) အတော်ခက်နေတော့ ဆရာကောင်း သမား ကောင်း အကူအညီ ကင်းခဲ့သော် လင်ပန်းထဲ ပုရွက်ဆိတ်လျှောက်သလို အဝိုင်းပြေးသာ ပြေးစရာရှိတယ်၊ ရောက်စရာ နားစရာ အပေါက်ရှိရဲ့လား (မရှိပါ) ခင်ဗျားတို့ ဒီလို ဖြစ်နေတယ်ဆိုတာ ယုံကြည်ကြပလား (ယုံကြည်ပါတယ် ဘုရား)။
ဒကာကြွယ် သဘောကျပလား (ကျပါပြီ) တစ်နေ့ ဘယ်နှစ်ခါဝိုင်းသတုန်း (မရေတွက်နိုင်အောင် ဝိုင်းပါတယ်) ဒီအဝိုင်းကြီးနဲ့ပဲ လျှောက်ပြေးနေတယ် ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဝိုင်းဘယ်သူ ဖြတ်ပေးမည့်သူ ရှိသတုန်းလို့ မေးတဲ့အခါကျတော့ တရားနာမှ အဝိုင်းဖြတ်နည်း နိဿယည်း ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့သည်ကားလို့ ဆိုရင်ဖြင့် ရှင်အာနန္ဒာကို ဘုရားမေးသလို မေးရ တော့မှာပဲ ၊ အာနန္ဒာ မင်းတို့ သံသရာထွက်လမ်း ရောက်တဲ့ပုဂ္ဂိုလ်များ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းဟာ ဘယ်လောက်များ ကျေးဇူးများသတုန်းကွ ၊ မင်း ပြောစမ်းပါဦးလို့ ဘုရားက ရှင်အာနန္ဒာကို မေးလိုက်တယ် (မှန်ပါ့)။
ကလျာဏမိတ္တ
ထက်ဝက် ကျေးဇူးများတယ် ဘုရား ၊ သူ့ ထွက်ရပ်လမ်းပေါက် သွားတဲ့နေရာ ကလျာဏမိတ္တ အပြော ကောင်း အဆိုကောင်း ဉာဏ်မျက်လုံး တပ်ပေးတဲ့ ပုဂ္ဂိုလ်နဲ့ တွေ့ရတယ်ဆိုရင် ထက်ဝက်ဟာ သူ့ကြောင့် ဟိုပုဂ္ဂိုလ် ဝဋ်ကျွတ်သွားတာပဲလို့ ရှင်အာနန္ဒာက ဖြေလိုက်တယ် (မှန်ပါ့)။
ဪ မင်း အင်မတန် ညံ့ဖျင်းပါသေးတယ်၊ သာဝကဉာဏ်နဲ့ မင်းက ဖြေတာကိုးတဲ့ (မှန်ပါ့) အပြစ်တင် လိုက်တယ် (မှန်လှပါ) မင်းဟာ ဘာမှမသိသေးဘူးလို့ ပြောလိုက်တာပဲ (မှန်လှပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
ဟေ့ သာရိပုတ္တရာ လာစမး ၊ ဘုရားက ခေါ်လိုက်တယ် (မှန်ပါ့) အခုလို လမ်းပြပြီး ဟောပေးနေတဲ့ ဖြတ်နည်းကို ပြောနေတဲ့ ပုဂ္ဂိုလ်ဆိုတဲ့ ကလျာဏမိတ္တ၊ ကလျာဏက ကောင်းတာ။ မိတ္တက အဆွေခင်ပွန်း ဆရာသမား ပေါ့ဗျာ (မှန်ပါ့)။
အဲဒီပုဂ္ဂိုလ်ဟာ ဘယ်လောက်များ ကျေးဇူးများသတုန်းလို့ မေးတဲ့အခါကျတော့မှ အရှင်ဘုရား သူ့ကြောင့် အလုံးစုံ ထွက်ရပလမ်း ပေါက်ပါတယ်တဲ့ ။
သာဓု သာဓု လို့ ခေါ်လိုက်တယ် (မှန်ပါ့) သူ့ပေါ်မှာ အကုန်မှီနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အိမ်နေကြလို့ ဒီအချိန် ၄-နာရီက ၅-နာရီမှာ အိမ်မှာ နေကြမယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ အဝိုင်းပြေး ပြေးနေတာပဲ (ပြေးနေပါတယ်) အဝိုင်းလှည့်လှည့်နေတာပဲ (လှည့်နေပါတယ်) လှည့်ပါများရင် မြုပ်မှာပဲ (မြုပ်မှာပါ ဘုရား)။
ဒါကြောင့် ဒီအချိန်ကလေးကိုဖြင့် အရိုးကြေကြေ အရေခြောက်ခြောက် ဒို့ သည်ကားလို့ဆိုရင် အရယူတော့ မယ်၊ နို့ မဟုတ်လို့ရှိရင်ဖြင့် ဒီတစ်ပတ် လွဲသွားလို့ရှိရင်ဖြင့် အိုပွဲ သေပွဲဟူသ၍ ငါ့ပွဲချည့်သာမှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ ရင်ထုနေတယ်၊ ဘယ်သူ မြေလူးနေတယ်၊ ဘယ်သူ မီးလောင်သွားတယ်၊ ဘယ်သူ ရေလွှမ်းမိုး သေတယ်ဆိုတာ အဲဒါ ငါပါမည့် ပွဲချည့်မှတ် (မှန်ပါ့) ဒီ ဖြတ်နည်းကို မရရင် (မှန်ပါ့)။
ဒီ ဖြတ်နည်း မရလို့ရှိရင်ဖြင့် ငါ့ပွဲချည့်သာမှတ် (မှန်ပါ့) ဘယ် တိရစ္ဆာန်ကို ဘယ်တိရစ္ဆာန်က စားလို့ စားသောက်သွားသတဲ့ ၊ အင်း ဒီထဲလဲ ငါ ပါရဦးမှာပဲ (ပါရဦးမှာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြတ်နည်းပေးမည့်သူ၏ နည်းလမ်းကို မရလို့
ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ ကလျာဏမိတ္တဆိုတဲ့ ဖြတ်နည်းပေးမည့်သူ၏ နည်းလမ်းကို မရလို့ မှတ်လိုက် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ကြိုးစားပါဆိုတာများကို စောလွန်းတယ်လို့ မဆိုလိုက်ပါနဲ့ (မှန်ပါ့)။
ယနေ့က စ၍ ကြိုးစားပါဆိုတာ စောလွန်းသေးသလား (မစောလွန်းပါ) နက်ဖြန်သေမည့် ပုဂ္ဂိုလ်ကို ယေ့ သတိပေးရတဲ့ ဥစ္စာ စောများနေသေးသလား (မစောပါ ဘုရား)။
ခင်ဗျားတို့ ခန္ဓာကိုယ်က တရား စကတည်းက ပြောခဲ့တယ် သုသာန်သွားနေတာ (မှန်ပါ့) ရပ်စဲလို့ရရဲ့လား (မရပါ ဘုရား)။
အဲဒီ့ သုသာန်သွားနေတဲ့ ပုဂ္ဂိုလ်ကို ယနေ့က စ,ပါဆိုတဲ့ ဥစ္စာ မရောက်ခင်ကလေး တည်းတည်းကျန်တယ် (မှန်ပါ့) ရောက်သွားလို့ရှိရင် ကယ်မည့် ယူမည့် ပုဂ္ဂိုလ်နဲ့ တွေ့စရာ ဆုံစရာ ကြုံစရာရှိသေးရဲ့လား (မရှိပါ) သဘော ပါပလား (ပါပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အခု ဘုန်းကြီးဟောနေတဲ့ တရားသည် ဒကာ ဒကာမတို့ တစ်နှစ်နဲ့လဲ မပြီးနိုင်ဘူး (မှန်ပါ့) ဪ တရား ကလဲ ဘုန်းကြီးကလဲ တရားရှည်လိုက်တာလို့ အောက်မေ့မနေနဲ့၊ ငါတို့ အမေ့ရှည်လို့ မေ့တာ အကုန်ဖြေနေရလို့ ဆက်ထုံးတွေ များလွန်းလို့ ဖြေနေရလို့သာ မှတ်ပေတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆက်ထုံးတွေကများ နေတာလား
တရားရှည်တာလား ကိုယ့်မှာ မသိဘဲ ဆက်ထုံးတွေကများ နေတာလား (ဆက်ထုံးတွေက များနေတာ ပါဘုရားဝ။
အထုံးပေါင်းက သုံးကုဋေ, ခြောက်သန်းကို တစ်နေ့တည်း ဖြေလို့တော့ မပြီးဘူး (မှန်ပ့ါ ဘုရား) ပြီးပါ့မလား (မပြီးပါ ဘုရား)။
အဲဒီ ဒိဋ္ဌိ အထုံးအဖွဲ့တွေကို အဝိဇ္ဇာ အမိုက်အမဲ။ ဒိဋ္ဌိ အထုံးအဖွဲ့တွေကို တစ်နေ့တည်း ဖြေလို့မရပါဘူး (မှန်ပါ့) ဘုရား ၄၅-ဝါတိုင်တိုင် ဖြေတာတောင်မှ ဒကာ ဒကာမတို့ အပုံတစ်သိန်းပုံရင် တစ်ပုံလောက် ပါသွားတယ် (မှန်ပါ့) ကျန်တာ အကုန်ကျန်ရစ်တာပဲ (မှန်ပ့ါ)။
အဲဒီတော့ ဒကာကြွယ် တရားရှည်တာလား ကိုယ့် မိုက်မဲမှုတွေ များတာလား (မိုက်မဲမှုတွေ များတာပါ ဘုရား)။
ဘုန်းကြီးတရား နာရတာ ဆုံးတယ်လို့ မရှိဘူးလို့ ခင်ဗျားတို့က အောက်မေ့လို့ရှိရင် ဘုန်းကြီးအပေါ် စွဲချက် မတင်ပါနဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူ့အပေါ် စွဲချက်တင်ရမလဲ (ကိုယ့်အပေါ် စွဲချက်တင်ရပါမယ်) အဲဒါ အမှန်ဆုံးပဲ ဦးလှဘူး (မှန်ပါ့) ဒါ အမှန်ဆုံးပဲဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးကလဲ သေလမ်းသွား၊ ဟောတဲ့ ပုဂ္ဂိုလ်ကလဲ သေလမ်းသွား၊ နာတဲ့ ပုဂ္ဂိုလ်ကလဲ သေလမ်းသွားတော့ သုသာန်သွားရင်း ကယ်တင်နေကြတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သုသာန်သွားရင် ကယ်တင်နေကြတာ
ဘယ်သွားရင်း ကယ်တင်နေကြတာလဲ (သုသာန်သွားရင် ကယ်တင်နေကြတာပါ ဘုရား)။
ပြီးမှ ပြီးပါ့မလား ၊ အရောက်များ စောသွားမလား ။ ဒါတွေးရသေးတယ် (မှန်ပါ့) တွေးစေချင်လို့ ဟောတာပါ (မှန်ပါ့)။
ပြီးမှ ပြီးပါ့မလား ၊ ဟောတဲ့ ပုဂ္ဂိုလ်က ပြီးအောင်မှ ဟောနိုင်ပါ့မလား ၊ နာတဲ့ ပုဂ္ဂိုလ်ကလဲ သုသာန် မရောက်ခင် ပြီးအောင် နာနိုင်ပါ့မလား၊ သုသာန်များအရောက်စောသွားချေ မလားဆိုတာ ဘယ်သူမှ စိတ်မချနဲ့ (မှန်ပါ့)။
မသွားသေးတဲ့ ပုဂ္ဂိုလ်တွေ တစ်ယောက်မှ မပါဘူး (မပါပါ) သွားဆဲ ပုဂ္ဂိုလ်ချည့်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ယနေ့ တရားလက်လွတ်တဲ့နေ့ဟာ ယနေ့ အသွားရပ်ရင်တော့ အတော်ကောင်းမယ် (မှန်ပါ့) ရပ်ကြရဲ့လား (မရပ်ပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြေးဖလားကြီး ပစ်ထားတာက ဒကာကြွယ် နှစ်ပေါင်းအစိတ် လောက်ရှိပြီ (မှန်ပါ့)။
ဒီ ဖွေးလက်ဆပ်ပြာလောက်နဲ့ ဟုတ်လား (မှန်ပါ့) ကြေးချွတ်ေ်ဆးလောက်နဲ့ ဆေးလိုက်တဲ့အခါ နှစ်ပေါင်းက အစိတ်-သုံးဆယ် ချေးတက်နေတာကြီးကို ခဏလေး ဆေးလို့ ပြောင်တယ်ဆိုတာတော့ ရှာမှ ရှားပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့ ကိလေသာထုက ဘယ်လောက်များ ထူထပ်ခဲ့သလဲလို့ ဒကာ ဒကာမတွေက မေးတော့ ဘယ်တော့မှ ဒီလို ဆရာဘုန်းကြီးနဲ့ တွေ့လို့ ကိလေသာထုကြီးကို ဉာဏ်တည်းဟူသော ဖွေးလက်ဆိုတဲ့ ဆပ်ပြာမျိုးနဲ့ ဆေးခဲ့ရတယ်လို့ မရှိဘူး (မရှိပါ ဘုရား)။
ထုသာ ကြီးလာတာပဲ (မှန်ပါ့) အဲဒါ တစ်နေ့တည်း ဆေးလို့ ဘယ့်နှယ်နေပါ့မလား (မရပါ ဘုရား)။
အဲ မနေ, မနား ပွတ်မှသာလျှင် ဒီကြေးသား ပေါ်လာမယ် (မှန်ပါ့) ဉာဏ်သားကလေး ပေါ်လာမယ်ဆို တာပေါ့ဗျော (မှန်ပါ့)။
အဲဒါကြောင့် တရား တစ်နေ့တည်း နာလို့ ဘုန်းကြီးကလဲ ကုန်အောင် မဟောနိုင်ဘူး (မှန်ပါ့)။
ထမင်းခွံ့ရတာနဲ့လဲ တယ်ပြီး တူတယ်
ပြီးတော့ ခင်ဗျားတို့ကို ထမင်းခွံ့ရတာနဲ့လဲ တယ်ပြီး တူတယ် (မှန်ပါ့)။
ဒကာကြွယ်တို့ ဒကာသစ်တို့ စဉ်းစားကြည့်ပါ၊ ကလေး ကလေးက ခြောက်လသားကလေး, ရှစ်လသားကလေး ရှိသေးတယ် (မှန်ပါ့) ထမင်းဝါးခွံ့တဲ့အခါကျတော့ သူ့ပါးစပ်နဲ့ တန်ရုံခွံ့ရသလား ၊ မြန်မြန်ပြီးအောင်လို့ ကြီးကြီး ခွံ့ရသလား (သူ့ပါးစပ်နဲ့ တန်ရုံခွံ့ရတာပါ ဘုရား)။
ခင်ဗျားတို့ အခုပေးနေတရတာလဲ ရိပ်မိပလား (ရိပ်မိပါပြီ) ခင်ဗျားတို့က ပါးစပ်က အပ်နဖားလောက်မှ မရှိဘူး၊ ကျဉ်းနေလိုက်တာ ကျဉ်းနေလိုက်တာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီက အရိယာမဂ်ဉာဏ်ကြီး ပေးရမှာက ဒကာ ဒကာမတို့ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ မဂ္ဂင်ရှစ်ပါးတောင် ပေးရမှာ (မှန်ပါ့) အပ်နဖားလောက်ရှိတဲ့ ပါးစပ်ကလေးနဲ့ ဉာဏ်ကလေးနဲ့ ထည့်ယူလို့ဖြင့် တော်တော်နဲ့ အထဲရောက် ပါ့မလား (မရောက်နိုင်ပါ ဘုရား)။
အဲဒါကြောင့် ဪ တရားက ရှည်တယ် မအောက်မေ့နဲ့ ကိုယ့်ပါးစပ်က ကျဉ်းလွန်းလို့ လိုရာခရီးအပြီးပိုင် ထည့်မပေးနိုင်တာနဲ့ တစိမ့်စိမ့် ထည့်နေရတာ မှတ်ပေတော့ (မှန်ပ့ါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါ ဥပမာကောင်းလို့ ဒီလို မယူလိုက်ပါနဲ့ (မှန်ပါ့) ကိုယ့်ကိလေသာထု ထူလွန်းလို့ ဒီလိုဖြစ်ရလေခြင်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိလေသာထု ထူလွန်းလို့
ဘယ်လို မှတ်ကြမယ် (ကိလေသာထု ထူလွန်းလို့ ဒီလိုဖြစ်ရတာပါ ဘုရား)။ ကိလေသာထု ထူလွန်းလို့ ဖြစ်ရလေ ခြင်းသာ မှတ်ပေတော့ (မှန်ပါ့)။
ကိလေသာထု မထူမည်ဆိုရင် ခုနင်က စုတိ ဘာသစ္စာ (ဒုက္ခသစ္ဓာပါ ဘုရား) ပဋိသန္ဓေက (ဒုက္ခသစ္စပါ) အဲဒီ ဒုက္ခသစ္စာနှစ်ခု မြင်တာနဲ့ ခင်ဗျားတို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရတယ် (မှန်ပါ့)။
ဪ အခုတော့ဖြင့် ဒုက္ခသစ္စာကိုး၊ ဪ ဒါကလဲ ဒုက္ခသစ္စာကိုး။ ဘဝကူးဆိုတာ တယ်မကောင်း ပါလား၊ ဒါလောက်ပဲ သိမယ် (မှန်ပါ့) ဉာဏ်ထဲမှာ မဂ်ဉာဏ်အစစ် မပေါ်လာဘူး (မပေါ်လာပါ ဘုရား)။
သူများတော့ ကိလေသာထုပါးတဲ့ ပုဂ္ဂိုလ်ကတော့ သစ်ရွက်ကလေးတစ်ရွက် ကြွေကျတာနဲ့ ဪ မခိုင် တတ်တဲ့ အနိစ္စဆိုတာ ဒါပါကလားဆိုပြီး ခန္ဓာဉာလှည့်လိုက်ရင် ချက်ချင်း ပစ္စေကဗုဒ္ဓါဖြစ်တယ် (မှန်ပါ့) ကိလေသာ ထုပါးတော့ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ သစ်ရွက်ကြွေကျမနေနဲ့၊ သစ်ပင်ကြီးပိတာတောင် ရမှာမဟုတ်ဘူး၊ ဒါလောက် ဆိုးဝါးနေတာ (မှန်ပါ့) ကိလေသာထုက သိပ်ကြီးတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
အေး ဒါကြောင့် တဖြည်းဖြည်း တစ်စတစ်စ သုသာန်သွားရင်း ပြောကြစို့နော် (မှန်ပါ့) ဒါပဲရှိတော့တယ်၊ ဒီ့ပြင်တော့ဖြင့် ပြောစရာမရှိတော့ဘူး (မှန်ပ့ါ ဘုရား)။
ဒကာကြွယ် တစ်နေ့တည်း ပေးလို့ရပါ့မလား (မရပါ)ပါးစပ်က ဘယ့်နှယ်နေသတုံး (ကျဉ်းပါတယ်) အပ်နားဖား လောက်ရှိတယ်ဆိုတာ အတော်ကျဉ်းနေတယ် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အလုပ်ထည့်ပါတော့မယ်
ကိုင်း-ဒါဖြင့် ယနေ့တရားမှာဖြင့် ဒကာ ဒကာမတို့ အလုပ်ထည့်ပါတော့မယ်နော် (မှန်ပါ့) အလုပ်ထည့်ပါ တော့မယ် ဒကာ ဒကာမတို့။
ကဲ အလုပ်ထည့်မယ်ဆိုတော့ ခန္ဓာဖြစ်စဉ် တန်းရသေးတယ် (မှန်ပါ့ ဘုရား)။
အလုပ်ထည့်ရမယ်ဆိုတော့ ဘာလုပ်ရသေးသတုန်း (ခန္ဓာဖြစ်စဉ် တန်းရပါသေးတယ် ဘုရား)။
ဒီခန္ဓာဖြစ်စဉ်ဟာ “ဧသမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ”လို့ နိဂုံးမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာအစကလဲ ဒုက္ခသစ္စာ၊ ခန္ဓာအလယ်ကကော (ဒုက္ခသစ္စာပါပဲ) ခန္ဓာအဆုံးကကော (ဒုက္ခသစ္စာပါပဲ) ရှင်းပလား (ရှင်းပါပြီ) နောက် ခန္ဓာဆက်မည့် အစတွေကကော (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာအဆက်ကို အလယ်ကနေပြီးသကာလ ဒကာကြွယ် ဆက်ကြစို့ နော် (မှန်ပါ့) ဉာဏ်နဲ့ ဆက်ကြစို့နော် (မှန်ပါ့ ဘုရား)။
ဒီဖြတ်နည်းဟာ ဪ စားပွဲပေါ်မှာ ပလတ်စတစ်တင်ပြီး သကာလ အပြာကို အနီနဲ့ဖြတ်နေတယ်လို့ ဒီလို မအောက်မေ့ပါနဲ့ (မှန်ပါ့)။ ခန္ဓာ ဖြစ်နေတဲ့ တရားကို ဉာဏ်အနီနဲ့ ဖြတ်တယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။
ရှေးက ပလတ်စတစ်တွေကလဲ ခန္ဓာဖြစ်စဉ် (မှန်ပါ့ ဘုရား)။ နောက်က ဖြတ်လိုက်တာလဲ ခန္ဓာထဲမှာရှိတဲ့ ဆရာပေးတဲ့ဉာဏ်နဲ့ ဖြတ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သူများဟောနေတာလား၊ ကိုယ့်ခန္ဓာဖြစ်စဉ် ကိုယ်အဖြတ်ခိုင်းတာလား (ကိုယ့်ခန္ဓာဖြစ်စဉ် ကိုယ်အဖြတ် ခိုင်းတာပါ ဘုရား)။
ဒါလောက်ဆိုရင် တော်ပြီ (မှန်ပါ့) ရှေးတုန်းကတော့ မင်း နိဗ္ဗာန်ရလိမ့်မယ်လို့ ဟောတယ်နော် (မှန်ပါ့) အခုတော့ ဒီလိုမဟောပါဘူး၊ အခုဖြတ်ရင် အခုရတယ်ဟေ့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
အခုဖြတ်ရင် (အခုရပါတယ်) အခုရတယ်ဆိုတာ တစ်ခါတည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒီမှာ နည်းနည်းကလေး ကြည့်ကြပါ၊ မျက်လုံးမှီတဲ့ ပုဂ္ဂိုလ်များကနော် (မှန်ပါ့ ဘုရား)။
ဆွမ်းကျွေးတော့ မြင်လိုက်တယ် ဆိုပါတော့
ဒီကနေ ဝက်သား၊ ကြက်သားတုံးကလေး ဒကာကြွယ် မနက်က ဆွမ်းကျွေးတော့ မြင်လိုက်တယ် ဆိုပါတော့ ဗျာ (မှန်လှပါ ဘုရား)။
အင်း လျှာပေါ်မှာ ဒီအတုံးကလေး ရောက်လာတော့ မထိလားဗျာ (ထိပါတယ်) ထိတဲ့ သဘောကလေးဟာ ဘာပါလိမ့် (ဖဿပါ) ထိသည်နဲ့တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ချက်ပုံပြုတ်ပုံကလေး ကောင်းလိုက်တာဆိုတဲ့ ဝါးကြည့်တော့ ဝေဒနာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
သူများဖြစ်စဉ်လား၊ ဒကာကြွယ် ဖြစ်စဉ်လား (တပည့်တော်ဖြစ်စဉ်ပါ) အားလုံး ဒကာ ဒကာမတွေ၏ ဖြစ်စဉ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဝေဒနာပစ္စယာဆိုတော့ နောက်လဲ ဒါမျိုးစားနိုင်, သောက်နိုင်အောင်ဆိုတဲ့ တဏှာကော (လာပါတယ် ဘုရား)။
မစားရမနေနိုင်ဘူးဟေ့၊ ဒါလောက် လုပ်ထားတဲ့ ပုဂ္ဂိုလ်တွေတော့ စားရမှပဲ အေးမယ်ဆိုတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား)။
ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုပြီး ရော့ကွာ အခိုင်းအစေဖြစ်စေ၊ သားမယားဖြစ်စေ ဒါကို သွားဝယ်ခြေစမ်း ဆိုတဲ့ ကာယကံ, ဝစီကံ, မလာဘူးလား (လာပါတယ်) အဲဒါက ဘာပါလိမ့် (ကမ္မဘဝပါ ဘုရား)။
မလစ်စေနဲ့-မလစ်စေနဲ့၊ လစ်သွားရင် ကိုယ့်အဖြစ်ကိုယ် မသိလို့ မှတ် (မှန်ပါ့ ဘုရား)။
လစ်သွားရင် (ကိုယ့်အဖြစ်ကို ကိုယ်မသိပါ) ဒါဖြင့် ကိုယ့်အနာပေါက်တာမှ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်ဟာ အရူးထဲ ပါသွားလိမ့်မယ် (မှန်ပါ့) မပါရပေဘူးလား (ပါရပါတယ် ဘုရား)။
တစ်နာရီနဲ့ အရယူပါ
ဂရုစိုက် နားထောင်ပါ၊ ဂရုစိုက် နားထောင်ပါ ဒကာ ဒကာမတို့၊ တစ်နာရီထဲပါ သိပ်မကြာဘူး (မှန်ပါ့) ဘုန်းကြီးကလဲ တစ်နာရီထက်ပိုပြီး မဟောနိုင်ပါဘူး (မှန်ပါ့) ခင်ဗျားတို့ကလဲ တစ်နာရီနဲ့ အရယူပါ (မှန်ပါ့ ဘုရား)။
ကောင်းပြီ “ကမ္မဘဝပစ္စယာ”ဆိုတာ ဒကာကြွယ်ရေ ပဋိစ္စသမုပ္ပါဒ်လျှာပေါက်က တန်းလိုက်ပြီ (မှန်ပါ့ ဘုရား)။
ဝက်သားတုံးကလေးကို လျှာနဲ့ထိတာက ဖဿ၊ လျှာပေါ်ရောက်လာတော့ ဖဿ (မှန်ပါ့) ဖဿပစ္စယာ (ဝေဓနာပါ) ဪ ကောင်းလိုက်တာ ကောင်းလိုက်တာဆိုတာ ဝေဒနာ (မှန်ပါ့) ကောင်းလို့ ကြိုက်တယ်ဆိုတာက (တဏှာပါ) ကြိုက်လို့ ကျုပ်ဖြင့် ဒီဟင်းချည့်- မြိန်လိုက်တာပဲဆိုတော့ (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်ပဲဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဥပါဒါနပစ္စယာ ကမ္မဘဝေါလု့ိဆိုတဲ့ ဥစ္စာက ကျုပ်တို့ ဒါမျိုးပဲ စားဖို့ သောက်ဖို့ လုပ်ရမှာပဲဆိုတဲ့ ကာယကံ၊ ဝစီကံနဲ့ ရောင်းကြ ဝယ်ကြတာက ဘာဆိုကြမယ် (ကမ္မဘဝပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝက်သားတုံး တစ်တုံးကို စားမိရင် ကမ္မဘဝ ရောက်တယ် (မှန်ပ့ါ) ကြက်သားတုံး-တစ်တုံး စားမိရင် (ကမ္မဘဝရောက်ပါတယ်) ချဉ်ရေဟင်း သောက်မိရင်ကော (ကမ္မဘဝ ရောက်ပါတယ် ဘုရား)။
ကံမြောက်နေကြတာ
ဪ ဒါဖြင့် ခင်ဗျားတို့ ထမင်းစားနေကြတာလား ကံမြောက်နေကြတာလား (ကံမြောက်နေကြတာပါ ဘုရား)။
ထမင်းစားရင်းများ သေသွားမယ်ဆို ဒကာကြွယ်ရေ အပါယ်လေးဘုံတန်းလို့ (တန်းပါတယ် ဘုရား)။
ကမ္မဘဝပစ္စယာ (ဇာတိပါ) ဘာဇာတိပါလိမ့် (အပါယ်ဇာတိပါ) အပါယ်ဇာတိဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) သဘောပါပလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် မသေခင်ကျတော့ ဒီကံမြောက်ပြန်တယ် နော် (မှန်ပါ့ ဘုရား)။
မသေသေးပါဘူး ဆိုလို့ရှိရင် ဒကာကြွယ်တို့က ဘာများထပ်လုပ်ပြန်ပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင် ဟင်းပြောင်းနှိုက်တယ် (မှန်ပ့ါ ဘုရား)။
မသေသေးတော့ (ဟင်းပြောင်းနှိုက်ပါတယ်) အဲဒီဟင်း ကလေးနဲ့ ထိတာက ဘာပါလိမ့် (ဖဿပါ) ဖဿပစ္စယာ (ဝေဒနာပါ) ဝေဒနာပစ္စယာ (တဏှာပါ) တဏှာပစ္စယာ (ဥပါဒါန်) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ဟော- ဒကာကြွယ် လာပြန်ပြီ (မှန်ပါ့ ဘုရား)။
ကိုင်းဗျာ- ထမင်းစားတဲ့အခါမှာ ကံဘယ်လောက်မြောက်သတုန်း (မရေတွက်နိုင်ပါ) ထမင်းစားကြတာလား အပါယ်သွားမလို့ ကံစုကြတာလား (ကံစုကြတာပါ) ဒါဖြင့် သေခြင်းဆိုး သေဖို့လုပ်ကြတာ (မှန်ပ့ါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာလုပ်ဖို့ လုပ်ကြပါလိမ့် (သေခြင်းဆိုး သေဖို့လုပ်ကြတာပါ ဘုရား)။
အဲဒါ ဝိပဿနာဉာဏ် မပါသေးရင်ဖြင့် အပင်းစားနေတာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား)။
ဝိပဿနာဉာဏ် မပါသေးရင် (အပင်းစားနေတာပါ ဘုရား)။
ဒကာသစ်-ယုံပလား (ယုံပါပြီ ဘုရား) ဒီဟာ ဘုန်းကြီးက ဟောတာလား၊ ခင်ဗျားတို့ခန္ဓာက ဖြစ်စဉ်လား (ခန္ဓာက ဖြစ်စဉ်ပါ ဘုရား)။
ဘုန်းကြီးက ခင်ဗျားတို့ စားပုံစားနည်း နိဿယည်း မကောင်းလို့သာ ဖော်ပြောတာပါ (မှန်ပါ့ ဘုရား)။
ကံက ဘယ်သူ့မှ ငဲ့မည့်ကံမဟုတ်ဘူး
ဒီကံက ဒကာ ဒကာမတို့ ဘယ်သူ့မှ ငဲ့မည့်ကံမဟုတ်ဘူး (မှန်ပါ့) ငဲ့ပါ့မလား (မငဲ့ပါ) အပါယ်ချလိုက်တဲ့ကံဖြင့် အပါယ်ချမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အိုဘေး၊ နာဘေး ပေးမည့်ကံဖြင့် (အိုဘေး၊ နာဘေးပေးမှာပါပဲ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ရေ ဝိပဿနာဉာဏ်နဲ့ ထမင်းစားတာက မကြာသေးဘူး (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ ဘုရား)။
ဒါတောင်မှ ဝိပဿနာဉာဏ်တွေ ဆရာဘုန်းကြီးက အမျိုးမျိုးအဖုံဖုံ ပေးထားငြားသော်လဲ ဒကာကြွယ်စားရင်း လွတ်သွားတဲ့အခါကော မပါဘူးလား (ပါပါတယ်) ဘယ်လွတ်သွားတာတုန်း အပါယ်လွတ်သွားတာ (မှန်ပါ့) အပါယ်ဘက် ဆင်းသွားတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့က ဘုရားရှိခိုးတာက ညတစ်ကြိမ် မနက်တစ်ကြိမ် (မှန်ပါ့) အပါယ်သွားဖို့ ကံက ထမင်းစားရင်းလဲ ဒါပဲ (မှန်ပါ့) အရောင်းအဝယ်လုပ်ရင်းလဲ (ဒါပါပဲ) သားနဲ့၊ မယားနဲ့ စကားပြောရင်းလဲ ဒါပါပဲ (မှန်ပါ့) မိတ်ဆွေသင်္ဂဟနဲ့ စကားပြောရင်းကော (ဒါပါပဲ ဘုရား)။
ဘုရားရှိခိုးတဲ့ ကံကလေးက အရှုံးပေးရမယ်
ဒါဖြင့် ဒကာ ဒကာမတို့ မြစ်ငယ်ရေနဲ့ ဧရာဝတီရေ ဆုံပြီး တိုက်တဲ့အခါကျလို့ရှိရင် ဧရာဝတီရေကများလို့ မြစ်ငယ်ရေက အရှုံးပေးရတယ် (မှန်ပါ့) ခင်ဗျားတို့လဲ ဘုရားရှိခိုးတဲ့ ကံကလေးက အရှုံးပေးရမယ် (ပေးရမှာပဲ ဘုရား)။
ဒီတစ်ခါပဲ ကြားဖူးတယ်ဆိုတာ အသားယူပြောတဲ့ စကားလို့ ဒကာကြွယ်တို့ ဒကာသစ်တို့က မယူလိုက်ပါနဲ့ (မှန်ပါ့) ခင်ဗျားတို့က ကံအမိ၊ ကံအဖဆိုပြီး ဒါပဲ အားကိုးတယ် (မှန်ပါ့) ကံနဲ့ ဆပ်မယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်ကလာရမတုန်း တဲ့၊ ကံနဲ့ဆပ်ရင် အကုသိုလ်ကံကလဲ အပါယ်ခန္ဓာနဲ့ ဆပ်ရတာပဲ (မှန်ပါ့၊ ဗြဟ္မာ့ပြည် သွားတော့လဲ ဗြဟ္မာခန္ဓာကြီးနဲ့ ဆပ်လို့လဲ ကမ္ဘာလေးဆယ်နေလဲ နိဗ္ဗာန်မရောက်ဘူး (မရောက်ပါဘူး) ရောက်ပါ့မလား (မရောက်ပါ ဘုရား)။
အဲဒီတော့ ဘာနဲ့ဆပ်ကြမယ် (ဉာဏ်နဲ့ဆပ်ရပါမယ် ဘုရား) အင်း ဒီနေ့ တရားပွဲမှာဖြင့် ဒကာ ဒကာမတို့ နာရတာ ထူးပြီ (မှန်ပါ့) ဘာနဲ့ဆပ်ကြမယ် (ဉာဏ်နဲ့ ဆပ်ရပါမယ် ဘုရား)။
ဒါဖြင့် ဒီဉာဏ်ကလေးအကြောင်း ရှင်းအောင်ပြောပါရစေဦး (မှန်ပါ့) ခင်ဗျားတို့ မွေးကတည်းက ဒီလိုကံပေါင်း ဘယ်လောက်ရှိသလဲ (မရေတွက်နိုင်ပါ ဘုရား) အပါယ်သွားမည့် ကံတွေလေ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နောက်ဘဝက ဒီလို မသိ၊ မလိမ္မာခဲ့လို့ မှားခဲ့တဲ့ ကံတွေက အကျိုးမပေးရသေးတဲ့ ကံတွေကကော ဘယ်လောက် ရှိသလဲ (မရေတွက်နိုင်ပါ ဘုရား) နောက် ဒီ မဂ်ဉာဏ်မရရင် မိုက်လတ္တံ ကံတွေကလဲ ဘယ်လောက်ပါလိမ့် (မရေတွက် နိုင်ပါ ဘုရား)။
ဉာဏ်နဲ့ဆပ်ရင် သုံးချက်ကြေတယ်
အဲဒါ ဉာဏ်နဲ့ဆပ်ရင် သုံးချက်ကြေတယ် (မှန်ပါ့) အတိတ်က ကံလဲ (ကြေပါတယ် ဘုရား) ပစ္စုပ္ပန် ဒီဘဝ စုထားတဲ့ ကံတွေလဲ (ကြေပါတယ် ဘုရား) အနာဂတ် ပို့လတ္တံ့ကံတွေကော (ကြေပါတယ် ဘုရား) ဘာနဲ့ဆပ်သတုန်း (ဉာဏ်နဲ့ ဆပ်ပါတယ် ဘုရား)။
အဲ ကံနဲ့ ဆပ်ရင် ဘယ်တော့မှမကြေဘူး (မှန်ပါ့) ဉာဏ်နဲ့ဆပ်ရင် သုံးချက်ကြေတယ် (မှန်ပါ့)။
ဒကာကြွယ် ကြားဖူးပလား (ကြားဖူးပါပြီ ဘုရား) ကံနဲ့ဆပ်ရင် (မကြေပါ ဘုရား) ဘယ်တော့မှ မကြေဘူး။
ကံနဲ့ဆပ်ရင် မကြေဘူးဗျ၊ ဒီကံဟောင်းမှ မကုန်သေးဘူး၊ ကံသစ်က ထပ်လုပ်တယ် (မှန်ပါ့) ကြေပါ့မလား (မကြေပါ ဘုရား) ဉာဏ်နဲ့ဆင်ရင် (ကြေပါတယ် ဘုရား)။
ဦးလှဘူး သတိထားပါ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ သတိထားရမယ် (မှန်ပါ့) ခင်ဗျားတို့ကံနဲ့ ချည်းဆပ်ရတယ်၊ ဉာဏ်နဲ့ကို မဆပ်ဘူး (မှန်ပါ့) ဒါကြောင့်လဲ ဘယ်တော့မှ ဝဋ်မကျွတ်ဘူး (မှန်ပါ့) ကျွတ်သေးရဲ့လား (မကျွတ်ပါ ဘုရား)။
ဉာဏ်နဲ့ ဆပ်ရပါမယ်
ကဲ ယနေ့ကစပြီး ဘာပြောင်းကြမယ် (ဉာဏ်နဲ့ ဆပ်ရပါမယ် ဘုရား) သဘောကျပြီ (ကျပါပြီ ဘုရား)။
ဟိံသက သူခိုးကြီး အင်္ဂုလိမာလ လူပေါင်းများစွာ သတ်ပါတယ် (မှန်ပါ့) နောက်ဘဝတွေကလဲ သူသည် ပေါရိသာဒ ဆိုတာလဲသူပဲ (မှန်ပါ့) သူအမိုက်ဘဝချည်း ဖြစ်ခဲ့ပါတယ် (မှန်ပါ့) အဲဒါ ဒီဘဝမှာတွင် မိုက်ထားတာတွေက သူများထက် ကြီးကျယ်ခမ်းနားတယ် လို့ မှတ်လိုက်စမ်းပါ၊ အမေ မသတ်မိတာတမယ်ပဲ ကျန်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့တွေ့လို့ ဉာဏ်နဲ့အဆပ်ခိုင်းလို့ မဂ်ဉာဏ်သူရသွားတဲ့အခါကျတော့ ဟိုဟာတွေ အဟောသိကံ ဖြစ်တယ် (မှန်ပါ့) နောက်ကံတွေကော (အဟောသိကံ ဖြစ်ပါတယ် ဘုရား) ယခုဘဝမှာ လုပ်ထားတဲ့ လူသတ်ကံတွေကော (အဟောသိကံ ဖြစ်ပါတယ် ဘုရား) ဘာနဲ့ဆပ်ပါလိမ့် (ဉာဏ်နဲ့ဆပ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့၏ အားထားရာ၊ ကိုးစားရာ ကယ်တင်ရာ ပို့ဆောင်ရာသည် ဒီဝိပဿနာဉာဏ်ပဲ ဒို့မှာဖြင့် ခိုကိုးရာရှိတော့တယ်လို့ ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဘယ်ဉာဏ်သာ ရှိတော့သလဲ (ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်သာ ရှိပါတော့တယ် ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒကာကြွယ် ဒီစကားကို အေးအေးဆေးဆေး ပြောနေတာဟာ ခင်ဗျားတို့ အားကိုးလွဲနေလို့ ပြောင်းပေးနေတာ (မှန်ပါ့ ဘုရား) ဒို့ ကံအမိ ကံအဖနဲ့ပဲလို့ တစ်ချို့က အတင်းခံတာပဲ (မှန်ပ့ါ)။
ကံအမိ၊ ကံအဖကြောင့် ခင်ဗျားတို့ ဒုက္ခရောက်နေတယ် (မှန်ပါ့) ဉာဏ်အမိ၊ ဉာဏ်အဖကြောင့် စီရင်တာပဲ လိုက်နာပါတော့မယ် ဆိုလို့ရှိရင်ဖြင့် ဘဝပြတ်ပါတယ် (မှန်ပါ့) မပြတ်ပေဘူးလား (ပြတ်ပါတယ်ဘုရရား)။
ဉာဏ်အမိ၊ ဉာဏ်အဖ မျက်စောင်းထိုး ဖူးရဲ့လား
ကြပ်ကြပ် သတိထားနားထောင်ပါ၊ တစ်သက်မှ တစ်ခါကြားရတယ်ဆိုတာများ ဘုန်းကြီးက ဘဝင်မြင့်လို့ ပြောနေတယ်လို့ ဒီလိုမယူပါနဲ့ (မယူပါ ဘုရား) ခင်ဗျားတို့ တစ်သက်လုံး ကံအမိ၊ ကံအဖပဲ၊ သူစီမံသလို ခံယူရုံမှတစ်ပါး ကျုပ်တို့ဖြင့် ဘာမှမရှိဘူး တဲ့၊ (မှန်ပါ့) ဉာဏ်အမိ၊ ဉာဏ်အဖ မျက်စောင်းထိုး ဖူးရဲ့လား (မထိုးဘူးပါ ဘုရား)။
ဪ ဒါကြောင့်လဲ သံသရာရှည်နေတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ယနေ့ကစပြီး အကြီး အကျယ် အားကိုးရမှာက ဘာပါလိမ့် (ဉာဏ်အမိ၊ ဉာဏ်အဖပါ ဘုရား)။
အင်း တော်တော်ကလေး တော်လာပြီ (မှန်ပါ့) ဒကာသစ် ဒီအသံ သေးတာမဟုတ်ဘူးနော် (မှန်ပါ့) တစ်သံသရာလုံး၏ အမှားဖြစ်နေတယ် (မှန်လှပါ ဘုရား) တစ်သံသရာလုံး၏ အမှားပျောက်တာ ယနေ့ပဲ (မှန်လှပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ဘာအားကိုးကြမယ် (ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးကြပါမယ် ဘုရား)။ ပေါ်ပြီနော် (မှန်လှပါ ဘုရား)။
ဘာအားကိုးကြမယ် (ဉာဏ်အမိ၊ ဉာဏ်အဖ အားကိုးကြပါမယ် ဘုရား)။ ဒါ-ဒီတစ်ခါ အသံထွက်တာ တော်တော် ကောင်းတယ် (မှန်ပါ့)။
ဒကာကြွယ်တို့ ရှေ့က ဘာအားကိုးသလဲ (ကံမိ၊ ကံဖ အားကိုးပါတယ် ဘုရား)။
နို့ အားမကိုးနဲ့လို့ ဘုန်းကြီးက ဆိုရမှာလားလို့ မေးတဲ့အခါကျတော့ “ကမ္မသတ္တေ ဝိတုဇတိ ဟီနပဏီတ ဘာဝါယ”ဘုရားက ဟောပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ယုတ်အောင် မြတ်အောင် လုပ်နိုင်တယ်ကွ၊ ကံအမိ၊ ကံအဖက လုပ်နိုင်တယ်၊ ဘဝပျက်အောင်တော့ မလုပ်နိုင်ဘူး (မှန်ပါ့) အဲဒီကျအောင် မယူဘူး (မှန်ပါ့)။
ဉာဏ်၏အကျိုးပေးကို ဟောရလိမ့်မယ်
ကံပိုင်းမှာ ကံ၏ အကျိုးပေးဟောရလိမ့် (မှန်ပါ့) ဉာဏ်ပိုင်းကျတော့ ဉာဏ်၏အကျိုးပေးကို ဟောရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ကိုယ်ကတော့ဖြင့် တစ်ပိုင်းတည်း၊ တစ်စတည်း နားလည်ထားတော့ ကံအမိ ကံအဖပဲ အားကိုး ရမှာပဲဆိုတော့ ဘဝမပြတ်တဲ့လမ်း အားကိုးတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏလမ်း အားပေးတယ်၊ ကံအမိ, ကံအဖက (မှန်ပါ့) ဉာဏ်အမိ, ဉာအဖက “ဇာတိနိရောဓာ ဇရာ မရဏနိရောဓော ဟောတိ”ဆိုတဲ့ နိဗ္ဗာန် အကျိုးပေးတယ် (မှန်ပါ့) မကွာဘူးလား (ကွာပါတယ် ဘုရား)။
အဲဒါကြောင့် ဒါနလုပ်လဲ ဉာဏ်ပါပါစေ (မှန်ပါ့) သီလဆောက်တည်လဲ (ဉာဏ်ပါပါစေ) ဝိပဿနာ အားထုတ် လဲ (ဉာဏ်ပါပါစေ ဘုရား)။
ဝိပဿနာအားထုတ်တော့ ဉာဏ်ပါမှ
ဝိပဿနာအားထုတ်တော့ ဉာဏ်ပါမှကို အားထုတ်လို့ရတယ် (မှန်ပါ့) ဒီအတိုင်းကို မရဘူးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။
ဒကာကြွယ် နေရာကျပလား (ကျပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ယခု ပါးစပ်ပေါက်က ပဋိစ္စသမုပ္ပါဒ် (မှန်လှ ပါ ဘုရား)။
အခု ရှေ့က ပြထားတာ ဘယ်အပေါက်ပါလိမ့် (ပါးစပ်ပေါက်ကပါ ဘုရား)။
ဒါက ဝက်သားတုံးကလေး၊ ဒါက လျှာပေါ်မှာထိတာ ဖဿ (မှန်ပါ့) ဖဿပစ္စယာ (ဝေဒနာပါ) ဪ စားတော့ ဝေဒနာပေါ်လာတယ် (မှန်ပါ့) အင်း ကောင်းလိုက်တာ ကောင်းလိုက်တာဆိုတာ ဝေဒနာက ပြောတာ (မှန်ပါ့)။
ကောင်းတော့ မင်း ဘယ့်နှယ်နေသတုန်း ဆိုတော့ ကောင်းကြိုက်တာပေါ့ဗျာ ဆိုတော့ တဏှာ (မှန်ပါ့)။
မင်းကြိုက်တာ ခဏပဲလား ၊ ဒါမျိုးဟာ အမြဲတမ်း စားချင်သလားဆိုတော့ အမြဲစားချင်တယ်၊ ဥပါဒါန် (မှန်ပါ့ ဘုရား)။
အမြဲစားချင် ထိုင်နေလို့ မစားရဘူးကွ၊ ရောင်းရ ဝယ်ရတယ်ဆိုတော့ ကာယကံ ဝစီကံ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီအတိုင်းသာဆိုလို့ရှိရင်ဖြင့် ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပါ့) မလာပေဘူးလား (လာပါ တယ်) ခန္ဓာငါးပါးလာရလိမ့်မယ် (မှန်ပါ့) ခန္ဓာငါးပါး ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
ကြည့် ခင်ဗျားတို့ကို သစ္စာဖွဲ့ပြမယ်၊ မလုပ်တတ်သေးလု့ိရှိရင် ကံအမိ, ကံအဖ အားကိုးလို့ရှိရင် ဟောဒီ ဇာတိရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကံအမိ, ကံအဖ အားကိုးရင်
ကံအမိ, ကံအဖ အားကိုးရင် (ဇာတိရပါမယ်) ဇာတိ ဘာသစ္စာတုန်း (ဒုက္ခသစ္စာ) ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဘုန်းကြီးက ဉာဏ်ကျယ်လွန်းလို့ တပည့်တော်တို့ ရှေးထုံးတွေ အင်မတန် ခဲယဉ်းတာတွေတော်ငမှ ပေါ်လွင် အောင် ပြတ်တောက်အောင် ဟောနိုင်တယ်လို့ ဒီလို မယူပါနဲ့၊ ပဋိစ္စသမုပ္ပါဒ်က ဒီအတိုင်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးက ဟောတာလား၊ ခန္ဓာဖြစ်စဉ်က ဒီအတိုင်းလား (ခန္ဓာဖြစ်စဉ်က ဒီအတိုင်းပါ ဘုရား)။
အဲဒါ ဘာမှငြင်းစရာ လိုသေးသလား (မလိုပါ ဘုရား)။ ကျုပ်တို့ဖြင့် မကြာဖူးပါဘူး၊ ဒီလိုလာချင် လာလိမ့်မယ် (မှန်ပါ့)။
မကြားဖူးပါဘူးဆိုတဲ့ ဥစ္စာ သူ့ဟာသူ မကြားဘူးတဲ့ နေတဲ့ဥစ္စာ ဒကာ ဒကာမတို့ သူ့တောမှာ သူ့ဟာသူ ကြီးနေတဲ့ဥစ္စာ ဘယ်ကြားဖူးလိမ့်မတုန်း၊ သူ့ ကိလေသာတောထဲ သူ ကြီးချင်သလို ကြီးနေတာ (မှန်ပါ့) ကြားဖူးနိုင် ပါ့မလား (မကြားဘူးနိုင်ပါ) ဉာဏ်တောထဲ သူ ရောက်ကဲ့လား (မရောက်ပါ ဘုရား)။
အဲဒီတော့ သူ မကြားဘူးတာလဲ ခင်ဗျားတို့က အပြစ်မတင်နဲ့ ဪ သူ့တောထဲ သူ ကြီးလို့မှတန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကံအမိ, ကံအဖ ဖြတ်ပြမယ် (မှန်ပါ့) ကံအမိ, ကံအဖကို ဖြတ်ရတေ့ မယ်လို့ဆိုတော့ ဒကာကြွယ် မျက်ရည်များ ကျဦးမလား (ကျပါတယ်) ဟုတ်ကဲ့လားဗျ (အခုတော့ သိပါပြီ) အင်း အခုတော့ သိသွားပြီ (မှန်ပါ့)။
ဪ တစ်သက်လုံး ပေါင်းလာတဲ့ကံနဲ့ အခွါကြီး ခွါရလို့ရှိရင်ဖြင့် အနာကြီးများ နာချည့်မလားလို့ အောက် မေ့မနေနဲ့၊ ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပါ့) ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ဒုက္ခသစ္စာဆိုတော့ ကံခွဲမှ ဒုက္ခသစ္စာနဲ့ကွဲမှာ (မှန်ပါ့) ကံမခွဲလို့ရှိရင် (ဒုက္ခသစ္စာနဲ့ မကွဲပါ) သဘောပါ ပလား (ပါပါပြီ ဘုရား)။
ကံအမိ၊ ကံအဖနဲ့ ခွဲနည်း နိဿယည်း
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကံအမိ၊ ကံအဖနဲ့ ခွဲနည်း နိဿယည်း ဘယ်မှာ ဟောခဲ့သတုန်းဆိုတာ မေးရလိမ့်မယ်နော် (မှန်ပါ့) ရက်ပေါင်း တာရှည်တဲ့အခါ ပေါ်လာလိမ့်မယ် (မှန်ပါ့)။
အခု တစ်နေ့တည်းဆိုတော့ ၁၂-မိနစ်လောက် ကျန်တော့တယ် မကုန်နိုင်ဘူး (မှန်ပါ့) ဟောလို့ မကုန်နိုင်ဘူး ကံဖြတ်မယ်ဆိုတာကို ဟောထားတာ ရှိသေးတယ် (မှနပ့်ါ)။
သို့သော် အဲဒါ အသာချိတ်ထား၊ ခင်ဗျားတို့ကလဲ အသေစောမလား မသိဘူး၊ ဟောတဲ့ဘုန်းကြီး အသေ စောမလား မသိဘူး (မသိပါ ဘုရား)။
မြန်မြန်အလုပ်ခွင်ဝင်မှ (မှန်ပါ့) အရေးမကြီးဘူးလား (ကြီးပါတယ်) အလုပ်ခွင်တရား ပိုမိုအရေးမကြီးဘူးလား (ကြီးပါတယ်) အဲ အလုပ်ခွင်တရား ပြတော့မယ် (မှန်ပါ့ ဘုရား)။
ခင်ဗျာတို့ သန္တာန်ဖြစ်တဲ့ တရားကို ခင်ဗျားတို့ကိုယ်တိုင် မြင်ရမယ် (မှန်ပါ့) ခင်ဗျားတို့သန္တာန်ဖြစ်တဲ့ ဖြစ်စဉ်ကို (တပည့်တော်တို့ကိုယ်တိုင် မြင်ရပါမယ် ဘုရား)။
ကိုယ့်သန္တာန် ဖြစ်စဉ်မှ ကိုယ်မမြင်ရင်
ကိုယ့်သန္တာန် ဖြစ်စဉ်မှ ကိုယ်မမြင်ရင် ဒကာသစ် စဉ်းစားကြည့် ဒီပုဂ္ဂိုလ် စုံလုံးကန်း (မှန်ပါ့) ကိုယ့်သန္တာန်မှာ မှဲ့ရှိတယ်၊ ညှင်းရှိတယ်၊ တင်းတိပ်ရှိတယ် မသိလို့ရှိရင် ဒီပုဂ္ဂိုလ် ဘယ်လိုဆိုကြမလဲ (စုံလုံးကန်းပါ) မပေါ်ကြဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒီမှာလဲ ထို့အတူပဲ၊ ကိုယ့်သန္တာန်ဖြစ်တာ, ဖဿဖြစ်တာ သူ မသိလိုက်ဘူး၊ ဝေဒနာဖြစ်တာ သူ မသိလိုက်ဘူး၊ တဏှာဖြစ်တာ သူ မသိလိုက်ဘူး ဆိုလို့ရှိရင် သူ့ကို ဘယ့်နှယ်ဆိုကြမလဲ (စုံလုံးကန်းပါ ဘုရား)။
စုံလုံးကန်းပဲ၊ အဲဒါ မျက်လုံးတပ်ပေးမယ် (မှန်ပါ့) နှစ်ဖက်ကန်းကို နှစ်ဖက်မြင်အောင် လုပ်ပေးရတော့မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
နှစ်ဖက်ကန်းကို (နှစ်ဖက်မြင်အောင် လုပ်ပေးရပါမယ်) ဘုရားက မင်းတို့ နှစ်ဖက်မြင်ဖြစ်တဲ့နည်း ငါ ဟောခဲ့ မယ်ဆိုပြီးသကာလ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဓမ္မဂုဏ်တော် ခြောက်ပါးထဲမှာ ကြည့်လိုက် သန္ဒိဋ္ဌိကော (မှန်ပါ့) ရွတ်ကြစမ်း (သန္ဒိဋ္ဌိကောပါ ဘုရား) သုံးခါရွတ်စမ်း
မှတ်ထားနော် (မှန်ပါ့) ဒါ ခင်ဗျားတို့ ဘုရားရှေ့ကျရင် အော်ပြီး ဒီဥစ္စာကြီးနဲ့ (မှန်ပါ့) မအော်ဘူးလား (အော်ပါတယ် ဘုရား)။
ဘာအော်တာတုန်း မေးတဲ့အခါကျတော့ အော်နေကျ အော်တာပါဘုရား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာအော်တာတုန်း မေးတော့ (အော်နေကျ အော်တာပါ ဘုရား)။
အော်နေကျ အော်တာတဲ့၊ စင်စစ်တော့ ဒီလိုမဟုတ်ပါဘူး၊ မင်းတို့သန္တာန်မှာရှိတဲ့ ခန္ဓာဖြစ်စဉ်ကို၊ သာမံ ပဿိတဗ္ဗော ကိုယ်တိုင်မြင်အောင် ကြည့်စမ်းကွ (မှန်ပါ့) ဒါဟောတာ (မှန်ပါ့ ဘုရား)။
ကိုယ်တိုင်မြင်အောင် ကြည့်
မင်းတို့ ခန္ဓာဖြစ်စဉ်ကို (ကိုယ်တိုင်မြင်အောင် ကြည့်ရမှာပါ) ကဲ ဒါ အော်စရာလား ကြည့်ရမှာလား (ကြည့်ရမှာပါ) တပည့်တော်တို့က အော်နေကျကိုးဘုရာ့ မျိုးရိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အော်နေကျ ဖြစ်နေတာ မျိုးရိုးပဲ (မှန်ပါ့) အခု အဓိပ္ပာယ်ကို ရှင်းပြလိုက်တော့ ကိုယ့်သန္တာန်ဖြစ်စသ်ကို ကိုယ်တိုင်မြင်အောင်ကြည့် (မှန်ပါ့ ဘုရား)။
ဘာတဲ့တုန်း (ကိုယ့်သန္တာန်ဖြစ်စဉ်ကို ကိုယ်တိုင်မြင်အောင် ကြည့်ရပါမယ်) ကဲ အော်ရမှာတဲ့လား၊ ကြည့် ရမှာတဲ့လား (ကြည့်ရမှာပါ) ဒကာကြွယ် ဘယ်ဘက် အသုံးချလိုက်သလဲ (အော်တဲ့ဘက် အသုံးချလိုက်ပါတယ် ဘုရား)။
ဪ ခင်ဗျား အသံကောင်းတာကိုးဗျ၊ ဒီအဓိပ္ပာယ် ရောက်နေတယ် (ရောက်နေပါတယ်) မရောက်ဘူး လား- ရောက်သလား (ရောက်ပါတယ် ဘုရား)။
အဲဒါတွေကိုလဲ ဒကာ ဒကာမတို့ တည့်မပေးလို့ရှိရင် ဘယ်ရတော့မလဲ (မရပါ) မြင်သေးရဲ့လား (မမြင်ပါ) တည့်ဖို့ရာ မမြင်ဘူး ဒကာ ဒကာမတို့ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် သန္ဒိဋ္ဌိကော သာမံပဿိတဗ္ဗော။ သာမံ=ကိုယ်တိုင်၊ ပဿိတဗ္ဗော=မြင်အောင် ကြည့်ရမယ် (မှန်ပါ့) ဒါဖြင့် ဝိပဿနာအလုပ်, လုပ်ခိုင်းတာ (မှန်ပါ့ ဘုရား)။
ကိုယ့်ခန္ဓာဖြစ်စဉ်ကို ကိုယ့်ဉာဏ်နဲ့ကြည့် (မှန်ပါ့) ကိုယ့်ခန္ဓာဖြစ်စဉ်ကို (ကိုယ့်ဉာဏ်နဲ့ကြည့်ရမှာပါ) အဲဒါ ခင်ဗျားတို့က သန္ဒိဋ္ဌိကော ပြီးပြီ၊ အကာလိကော ဆက်သွားပြီ (မှန်ပါ့ ဘုရား) ကြည့်လိုက်သေးရဲ့လား (မကြည့်လိုက် ပါ ဘုရား)။
ဘာလုပ်တာတုန်း ဒါဖြင့် အို မေ့သွားမှာစိုးလို့ ဆက်ထားရတယ်ဘုရာ့ (မှန်ပါ့) ဒီအဓိပ္ပာယ် ကျနေတယ် (မှန်ပါ့) ကုသိုလ်မရဘူးလား ကုသိုလ်ရပါတယ် (မှန်ပါ့) မဂ်ရမလား ဖိုလ်ရမလားဆိုတော့ မရဘူးကွ (မှန်ပါ့) ပေါ်ပလား (ပေါ်လာပါပြီ ဘုရား)။
ကုသိုလ်မရဘူးလား-ရမလား (ရပါတယ်) မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမလား (မရပါ) ကဲ ဒါလောက် ရှုံးတယ် (မှန်ပါ့ ဘုရား)။
ဝေဘူလတောင်ကို သွားငြားသော်လဲ
ဒကာ ဒကာမတို့ ဝေဘူလတောင်ကို သွားငြားသော်လဲ မီးခတ်ကျောက်ကောက်ပြီး ပတ္တမြားမကောက်ခဲ့တာ မှားလေခြင်း (မှန်ပါ့) တပည့်တော်တို့က ဒါ နားလည်တာကိုး ဆိုတော့ မီးခတ်ကျောက်နဲ့ သိမ်းခဲ့ရတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ယနေ့ကစပြီးသကာလ ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ဖြစ်တဲ့တရားကို ကိုယ်ကိုယ်တိုင် မြင်အောင် ဘုရားက ဘယ်ပါဠိတော် ထားခဲ့သတုန်း (သံန္ဒိဋ္ဌိကောပါ ဘုရား)။
တစ်လုံးတည်း ဟောမှာပါ ဒကာ ဒကာမတို့ အိမ်ကျတော့ မဖျောက်ပါနဲ့ (မှန်ပါ့) ဘာတဲ့တုန်း (သံန္ဒိဋ္ဌိကော ပါ ဘုရား) အံမာလေး- ဒါကလေးက ရတော့ရနေတယ်နော်၊ အသုံးက မတည့်ဘဲဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
အိမ်မှာ ဘုရားတပည့်တော်တို့ လေနာဆေးကလေးတော့ အရှိသားပဲ၊ သို့သော်လဲ ခရမ်းသီးစားရင် သူများက ပျောက်တယ်လို့ ပြောတယ် (မှန်ပါ့) ဒါကြောင့် ခရမ်းသီးစားရတယ်ဆိုတော့ သွားပါရော (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့အိမ်မှာ လေနာဆေးရှိလျက်သားနဲ့ လေနာဆေး စားမိတဲ့အတွက် ပိုနာတာပေါ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
သန္ဒိဋ္ဌိကောဆိုတာ
ဒီမှာလဲ ခင်ဗျားတို့ သန္ဒိဋ္ဌိကောဆိုတာ ဘုရားက တရားဂုဏ်တော် ခြောက်ပါးထဲမှာ ဒီဂုဏ်ကို မင်းတို့ယူပြီး အသုံးချပါလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
သို့သော် အရေးကြုံတဲ့အခါကျလို့ရှိရင် သန္ဒိဋ္ဌိကော မသုံးဘဲနဲ့ ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိတွေ ဝင်ရှုပ်လာတယ် (မှန်ပါ့) ဒါလုပ်မှာ ဒါလုပ်မှာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ခရမ်းသီး မစားပါနဲ့ ဒကာ ဒကာမတို့၊ လေနာကို လေနာဆေးပဲသောက်ပါ (မှန်ပါ့) ဒါဖြင့် သန္ဒိဋ္ဌိကော လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
သန္ဒိဋ္ဌိကော သာမံပဿိတဗ္ဗော၊ သာမံ=ကိုယ်တိုင်၊ ပဿိတဗ္ဗော= ကိုယ့်သန္တာန်၌ ဖြစ်တာမြင်အောင်ကြည့်၊ အဲဒါ ဝိပဿနာ (မှန်ပါ့ ဘုရား)။
ကိုယ့်သန္တာန်ဖြစ်တဲ့တရား ကိုယ်တိုင်မြင်အောင် ကြည့်နိုင်ရင် (ဝိပဿနာပါ ဘုရား)။
ဒါဖြင့် ဝိပဿနာဟာ တခြားရှာရတာလား၊ ဒကာကြွယ်ရေ ကိုယ့်သန္တာန်ဖြစ်တဲ့ တရား ကိုယ်မြင်အောင် ကြည့်ရတာလား (ကိုယ့်သန္တာန်ဖြစ်တဲ့တရား ကိုယ်မြင်အောင် ကြည့်ရတာပါ ဘုရား)။
ကျုပ်တို့တော့ ဝိပဿနာ အရှာထွက်ဦးမယ်ဆိုရင် သွားပြီ (မှန်ပါ့) သဘောကျလား (ကျပါပြီ ဘုရား)။
ဝိပဿနာ အရှာထွက်ဦးမယ်တဲ့
တချို့ ဒကာ ဒကာမတွေ ဒီနားမှာ ဝိပဿနာမရှိဘူးတဲ့၊ ဝိပဿနာ အရှာထွက်ဦးမယ်တဲ့၊ ဒကာကြွယ် ရှိရာ ကနေ-မရှိရာ ထွက်မယ် (မှန်ပါ့ ဘုရား)။
ဘယ်ထွက်တာတုန်းဗျ (ရှိရာကနေ မရှိရာထွက်တာပါ) တွေ့မှ တွေ့ပါ့မလား (မတွေ့နိုင်ပါ) မတွေ့ရင် မူးပြန်ခဲ့မှာပဲ (မှန်ပါ့) ပြီးတော့ ပညာရှိနည်းလိုက်တာလို့ သူက ညည်းလိမ့်ဦးမယ် (မှန်ပါ့) သူက မရှိတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက မရှိတာတုန်း ရှာတဲ့လူက မရှိတာ (မှန်ပါ) ဟော ဒကာကြွယ်တို့ အသုံးအနှုန်းတွေ လွဲပုံပြောပါ (မှန်ပါ့) ဒကာသစ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဝိပဿနာရှုစရာက ဘယ်မှာရှိသတုံး (ခန္ဓာမှာပါ) ခန္ဓာရှိတယ် (မှန်ပါ့) သာမံ ပဿိတဗ္ဗော ကိုယ်တိုင်မြင်ရ မည့်တရားကလဲ ဒကာ ဒကာမတို့ သူများဆီမှာရှိသလား- ကိုယ့် သန္တာန်မှာ ရှိသလား (ကိုယ့်သန္တာန်မှာ ရှိပါတယ် ဘုရား)။
ဒါဖြင့် ရှုစရာကလဲ ကိုယ့်သန္တာန်၊ ရှုဉာဏ်ကလဲ ကိုယ့်သန္တာန် ဒါနဲ့ ရှုစရာခန္ဓာနဲ့ ရှုဉာဏ်နဲ့တွဲရမယ် (မှန်ပါ့) တွဲရင် ဝိပဿနာမဖြစ်ပေဘူးလား (ဖြစ်ပါတယ်) ဖြစ်ရင် ပဋိစ္စသမုပ္ပါဒ် မပြတ်ပေဘူးလား (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်သူပြောတာ လိုက်နာကြမတုန်းလို့ မေးတဲ့အခါကျလို့ရှိရင် သန္ဒိဋ္ဌိကော ပြောတာ လိုက်နာပါ (မှန်ပါ့)။
သန္ဒိဋ္ဌိကော ပြောတာ လိုက်နာပါ
ဘာပြောတာ လိုက်နာရမယ် (သန္ဒိဋ္ဌိကောပြောတာ လိုက်နာရပါမယ်) မေ့များသွားကြမယ်နော် (မမေ့ပါ) ဘာတဲ့တုန်း (သန္ဒိဋ္ဌိကော ပြောတာ လိုက်နာပါမယ်) သန္ဒိဋ္ဌိကောဟာ ကိုယ်တိုင် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ပိုင်ဉာဏ်နဲ့ ကြည့်ပါ (မှန်ပါ့ ဘုရား)။
ကိုယ့်သန္တာန်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို (ကိုယ့် ဉာဏ်နဲ့ ကြည့်ရပါမယ် ဘုရား) ကိုယ့်ဉာဏ်နဲ့ ကြည့်ပါ၊ ကြည့် လိုက်တဲ့ အခါကျလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ဆိုတာ နာမ်ရုပ်ပဲခေါ်တာပဲ၊ အဲဒီထဲ နိဗ္ဗာန်ကို မပါဘူး (မှန်ပါ့ ဘုရား) ပါသေး ရဲ့လား (မပါပါ ဘုရား)။
ဝဋ်ပဋိစ္စသမုပ္ပါဒ်ဆိုတာ နာမ်ရုပ်ပဲပါတယ် (မှန်ပါ့) အဲဒီ့နာမ်ကလေးတွေ၏ ဖြစ်ပုံပျက်ပုံကို ကြည့်ပါ (မှန်ပါ့) ရုပ်ကြည့်တဲ့ ပုဂ္ဂိလ်ဖြင့် ရုပ်ကလေးတွေ၏ ဖြစ်ပုံပျက်ပုံကို ကြည့်လို့ရှိရင် ဘာဖြစ်မယ်ဆိုတာ သိမှာပဲ (မှန်ပါ့) သန္ဒိဋ္ဌိကော ဖြစ်မယ် (မှန်ပါ့)။
သန္ဒိဋ္ဌိကော – သာမံ ပဿိတဗ္ဗော (မှန်ပါ့) သာမံ=ကိုယ်တိုင်၊ ပဿိတဗ္ဗော=ရှုရမယ်ကွ၊ (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာတဲ့တုန်း (သာမံပဿိတဗ္ဗော= ကိုယ်တိုင်မြင်အောင် ရှုရပါမယ် ဘုရား) အဲ ကိုယ်တိုင် ရှုရမယ် (မှန်ပါ့)။
ကိုယ့်ဉာဏ်နဲ့ ရှုပါ
ကိုယ့်သန္တာန်ရှိတာကို (ကိုယ်တိုင်ရှုရပါမယ် ဘုရား) ကိုယ့်ဉာဏ်နဲ့ ရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဗောဓိပင်နဲ့ ရွှေပလ္လင်ရင်းမှာ သောတာပန်တည်ပါတယ်၊ ဆက်ပြီး သကဒါဂါမ် တည်တယ်၊ အနာဂါမ်-ရဟန္တာ ဘုရားအဖြစ်သို့ မရောက်ဘူလား (ရောက်ပါတယ် ဘုရား) ဘယ်သွားရှုလို့ ဒီကိုယ် တော်ကြီးသည်ကား မဂ်လေးတန် တန်းပြီး ရပါလိမ့် (သန္ဒိဋ္ဌိကော အားကိုးပါတယ် ဘုရား) ခင်ဗျားတိ့ ဒီပါဠိမရဘူးလား (ရပါတယ် ဘုရား) အသုံးလွဲနေလို့ ခရီးမပေါက်တာ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘာလွဲနေသလဲ (အသုံး လွဲနေပါတယ် ဘုရား)။
ဆေးရှိလျက်သားနဲ့ ခရမ်းသီးစားမိလို့ ခက်တယ်၊ လေနာသမားအတွက်မှာလေ (မှန်ပါ့) အင်မတန် မဆိုးဝါး ဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် စ,ကြပါစို့ ဒကာ ဒကာမတို့ နာရီကလဲ စေ့နေလို့ ဒကာကြွယ် လျှာပေါ်မှာလာပြီးသကာလ ဝက်သားတုံးကလေးဟာ မထိလား (ထိပါတယ်) လူသေထိတာနဲ့ လူရှင်မှာ လျှာပေါ်ထိတာနဲ့ တူရဲ့လား (မတူပါ ဘုရား)။
လူသေတော့ ထိမှန်းကိုသိရဲ့လား (မသိပါ ဘုရား) လူရှင်မှာတော့ (သိပါတယ် ဘုရား) ဒါဖြင့် ဖဿပေါ်တာ (မှန်ပ့ါ ဘုရား)။
အဲဒီ ဖဿကလေးကို “ဝိဝှါသမ္ဖဿောလောကေ”ဆိုတဲ့အတိုင်းတဲ့ ဒကာ ဒကာမတို့ ဟောဒီ မဂ္ဂင်ငါးပါးနဲ့ ပေါ့ဗျာ (မှန်လှပါ) ဖဿပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုပါ (မှန်ပါ့)။
ဖဿပေါ်တိုင်း ပေါ်တိုင်း (ဖြစ်ပျက်ရှုရပါမယ်) ဖဿက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ) ဒါဖြင့် ဒီမဂ်ဟာ ဒကာ ဒကာမတို့ ဆုတောင်းလို့ ရတာလား ရှုလို့ ပေါ်တာလား (ရှုလို့ပေါ်တာပါ ဘုရား)။
ဒါဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ဝဋ်ဘဝတိုတိုနဲ့ အလိုလို ရရပါလို၏နဲ့တော့ အတော်ကွာတယ် (ကွာပါတယ် ဘုရား) အလိုလိုရတဲ့ တရားမဟုတ်ဘူး (မဟုတ်ပါ ဘုရား) ရှုပွားမှရတဲ့တရား (မှန်ပ့ါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)
ဘယ်လိုမှ ရသတုန်း (ရှုပွားမှရပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ဒီလိုရှုပွားလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဖဿက ဖြစ်ပျက်-အနိစ္စပေ့ါဗျာ (မှန်ပါ့) ရှုတာက (မဂ်ပါ ဘုရား)။
ခန္ဓာပြတ်, တဏှာပြတ်, ကံပြတ်
မဂ်ဆိုတော့ ဝေဒနာ မသေဘူးလား (သေပါတယ် ဘုရား) ဝေဒနာက္ခန္ဓာ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) ဒါဖြင့် ခန္ဓာငါးပါး မပေါ်တော့ဘူး (မှန်ပါ့) နောက်ဘဝအကြောင်း တဏှာပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) ဥပါဒါန် ကော (မပေါ်ပါ ဘုရား) ကံကော (မပေါ်ပါ ဘုရား) ပြတ်ပြီ (မှန်ပါ့) မပြတ်သေးဘူးလား (ပြတ်ပါတယ် ဘုရား)။
ခန္ဓာပြတ်, တဏှာပြတ်, ကံပြတ် (မှန်ပါ့) ကံပြတ်တော့ နောက်ဘဝ ဇာတိကော (မလာပါ ဘုရား) ဟာ ဘယ်သူက ဖြတ်ပေးပါလိမ့် (မဂ်က ဖြတ်ပေးပါတယ် ဘုရား)။
ဒါဖြင့် မဂ်သည် ဟောဒီ ကိလေသာတွေကို ဖြတ်ပါတယ် (မှန်ပါ့) ကိလေသာတွေကိုလဲ ဖြတ်ပါတယ်၊ ကမ္မ ဝဋ်ကော (ဖြတ်ပါတယ်) ဝိပါကဝဋ်ကော (ဖြတ်ပါတယ် ဘုရား)။
ဒါဖြင့် ဦးလှဘူးရေ ကံပြတ်တရား တဏှာပြတ်တရား သဘောပါပလား (ပါပါပြီ) ဝဋ်ပြတ်တရား ဟုတ် ပလား (ဟုတ်ပါတယ် ဘုရား)။
ကိလေသဝဋ်ကော (ပြတ်ပါတယ်) ကမ္မဝဋ်ကော (ပြတ်ပါတယ်) ဝိပါကဝဋ်ဆိုတဲ့ အကျိုးပေးတွေ (ပြတ်ပါ တယ်) ဟာ ဘယ်သူက ဖြတ်ပေးပါလိမ့် (မဂ်က ဖြတ်ပေးပါတယ် ဘုရား)။
မဂ်က ဘာဖြစ်လို့ ဖြတ်နိုင်သတုန်းဆိုတော့ သာဓံ ပဿိတဗ္ဗော သူ့သန္တာန်ဖြစ်တဲ့ ဖဿကို သူ့ဉာဏ်က သိတယ် (မှန်ပါ့)။
သူ့သန္တာန်မှာဖြစ်တဲ့ ဖဿကို (သူ့ဉာဏ်က သိပါတယ်) ဒါဖြင့် သန္ဒိဋ္ဌိကောလို့ ဒကာ ဒကာမတို့ ဒီဘက်က အကာလိကောဆိုတာ=အခါမလင့် အကျိုးပေးလိုက်တာ ကိလေသဝဋ်ပြတ်တယ် (မှန်ပါ့) ကမ္မဝဋ် (ပြတ်ပါတယ်) ဝိပါကဝဋ် (ပြတ်ပါတယ် ဘုရား)။
အကာလိကော အကျိုးပေးပါတယ်
ဒါဖြင့် သန္ဒိဋ္ဌိကောလုပ်တဲ့ ပုဂ္ဂိုလ်ဟာ အကာလိကော အကျိုးပေးပါတယ် (မှန်ပါ့) သန္ဒိဋ္ဌိကော မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ (အကျိုးမပေးပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာလာလာ သန္ဒိဋ္ဌိကော ဖြစ်အောင်လုပ်ပါ (မှန်ပါ့) ဝေဒနာလာရင်ကော (သန္ဒိဋ္ဌိကော ဖြစ်အောင်လုပ်ရပါမယ်) တဏှာလာရင်ကော (သန္ဒိဋ္ဌိကောဖြစ်အောင် လုပ်ရပါမယ်) ဖြစ်ပျက်မြင်အောင် လုပ်ပါ (မှန်ပါ့) ဥပါဒါန်လာရင်ကော (သန္ဒိဋ္ဌိကော ဖြစ်အောင် လုပ်ရပါမယ် ဘုရား) ကံလာရင်ကော (ဖြစ်ပျက်မြင်အောင် လုပ်ရပါမယ်) ဝိပါကဝဋ် ကျွတ်-မကျွတ် (ကျွတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကျွတ်ချင်လို့ ကျွတ်တာလား သန္ဒိဋ္ဌိကောကြောင့် ကျွတ်တာလား (သန္ဒိဋ္ဌိကော ကြောင့် ကျွတ်တာပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။