11603

မာတိကာသို့

ဝဋ်ကျွတ်၊ ကံ,ဖြတ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

(ဝဋ်ကျွတ်၊ ကံ,ဖြတ်)နေ့အလုပ်ပေး တရားတော်

(၂၉-၇-၆၁)

ကယ်မည့်ယူမည့်တရား

ဒကာ ဒကာမတို့အား ကယ်မည့်ယူမည့်တရားသည် အဘယ်တရားပါလိမ့်မလဲလို့ သေသေချာချာ မေးလို့ ရှိရင်ဖြင့် မဂ္ဂင်တရားလို့ မှတ်ကြပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ ကယ်မည့်ယူမည့်တရားဟာ အဘယ်တရားပါလိမ့် (မဂ္ဂင်တရားပါ)၊ မဂ္ဂင်တရားမှတစ်ပါး ကိုးစားစရာ အားကိုးစရာ မရှိဘူး (မှန်ပါ့)။

ဒါက ဘာကိုပြောလိုက်ပါလိမ့်မလဲလို့ ဒကာကြွယ်တို့က မေးမေး, ဒကာသစ်တို့က မေးမေး၊ စစ်နိုင်သလောက် အစစ်ကို ရွေးတော့ သူပဲရတယ် (မှန်ပါ့)။

ဒါန စေတနာက ကယ်နိုင်ပါတယ်၊ ယာယီပဲလို့ မှတ်ပါ (မှန်ပါ့)၊ သီလစေတနာတွေက ကယ်နိုင်ပါတယ်၊ ယာယီပဲလို့ မှတ်ပါ (မှန်ပါ့)၊ အပါယ်လေးပါးအမြစ်က မပြတ်သေးဘူး (မှန်ပါ့)။

သမထစေတနာတွေ သမထသမာဓိတွေက ကယ်ယူပို့ဆောင်နိုင်ပါတယ်၊ ယာယီပဲလို့ မှတ်ပါ (မှန်ပါ့)။

ဝိပဿနာ, မဂ်ဉာဏ်မှသာလျှင် အပါယ်လေးပါးမှ လုံးဝ ကင်းလွတ်နိုင်တယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ထားပါ (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ကို တကယ်တမ်း သယ်ယူပို့ဆောင်ပြီး သကာလ ချမ်းသာတဲ့ နေရာသောင်ကျွန်း သို့ ပို့ဖို့ရာအကြောင်း တရားစစ် အမှန်ဖြစ်တာကဖြင့် မဂ္ဂင်ပဲလို့ မှတ်ထားကြပါ (မှန်ပါ့)။

ဆုတောင်းယူရင် ဝေးသောအကြောင်း

၎င်းမဂ္ဂင်သည် ဒကာ ဒကာမတို့ ပွားများယူမှ ရမှာကို ဆုတောင်းယူရင် ဝေးသောအကြောင်း၊ ပွားများယူရင် နီးသောအကြောင်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဆုတောင်းယူရင် (ဝေးသောအကြောင်းပါ)၊ ဝေးသောအကြောင်းဆိုတာက ဘယ်လောက်ထိအောင် ဝေးမယ် လို့ အတိုင်းအထွာမရှိဘူး (မှန်ပါ့)၊ လုပ်ရမယ်ဆိုလို့ရှိရင်ဖြင့် ညနေ အားထုတ်ရင် မနက်ရတယ် (မှန်ပါ့)၊ မနက် အားထုတ်ရင် (ညနေရပါတယ် ဘုရား)။

အဲဒါတွေ သိထားတော့ ဪ အနာရောဂါဆိုတာ မြန်မြန်ပျောက်တာနဲ့ ခပ်ဖြေးဖြေး နှေးနှေးပျောက်တာ ဘယ်ဟာကြိုက်ပါလိမ့်မလဲ (မြန်မြန်ပျောက်တာ ကြိုက်ပါတယ် ဘုရား)။

ခန္ဓာကိုယ်ကြီးက ရောဂတော လို့ ဆိုထားပါတယ် (မှန်ပါ့)၊ ရောဂါမျိုးစုံ အကုန်စုံတာဆိုတာ ခန္ဓာကိုယ် ကြီးလို့ မှတ်ပါ (မှန်ပါ့)။

ရောဂါမျိုးစုံ အကုန်စုံတာက (ခန္ဓာကိုယ်ကြီးပါ)၊ အဲဒီခန္ဓာကိုယ်ကြီးက ရောဂါလို့ သိပြီဆိုမှဖြင့် ရောဂါပျောက် ကြောင်းဖြစ်တဲ့ မဂ္ဂင်တရားကောင်းကို ဒကာ ဒကာမတွေ မရရအောင် ဒကာ ဒကာမတွေ ကြိုးစားလို့ရှိရင်ဖြင့် ဆုတောင်းလျှော့ပြီး သကာလ အလုပ် သွက်လက်ပေးလိုက်လို့ရှိရင်ဖြင့် ဒကာသစ် မရ မရှိပါဘူး (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ရောဂါရှိတဲ့ပုဂ္ဂိုလ်ဟာ ဈေးရောင်းနေဖို့ မလိုပါဘူး (မှန်ပါ့)၊ ရောဂါရှိတဲ့ပုဂ္ဂိုလ် ဟာ အထည်တွေ ရက္ကန်းထောင်နေဖို့ မလိုသေးပါဘူး (မှန်ပါ့)၊ ရောဂါပျောက်ပြီးမှ တခြားအလုပ်တွေ လုပ်ဖို့ကောင်း ပါတယ် (မှန်ပါ့)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ငတ်အောင် တိုက်တွန်းနေတာလားလို့ မဆိုလိုပါဘူး (မှန်ပါ့)၊ ငတ်လို့လုပ်နေတဲ့ဥစ္စာ ဘယ်တော့မှ အငတ်မပြေတဲ့ အလုပ်လုပ်နေလို့ ဒီအလုပ်ဟာဖြင့် အဆာပြေအလုပ်လည်း မဟုတ်ဘူး၊ အငတ်ပျောက်အလုပ်လည်း မဟုတ်ဘူးဆိုပြီး သကာလ မလိုချင်မှ အငတ်ပျောက်တယ်ဆိုတာသာ မဂ္ဂင်မှ ပေးစွမ်းနိုင်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကယ်တင်မည့်အရေးသည် မဂ္ဂင်ပဲလို့ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ကိုယ့်ကိုယ် အငတ်ပျောက်တဲ့အရေးသည် (မဂ္ဂင်ပါ)၊ ကိုယ့်ကိုယ်ကြီးမှာ အနာမျိုးစုံပျောက်တဲ့အရေးသည် (မဂ္ဂင်ပါ ဘုရား)။

ခန္ဓာဇာတ်သိမ်း ငြိမ်းမှ ချမ်းသာမှာပဲ

သိပြီ တဲ့၊ ဒါဖြင့် ခန္ဓာဇာတ်သိမ်း ငြိမ်းမှ ချမ်းသာမှာပဲဆိုတဲ့ နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ့)၊ ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန် ပေါ်လာလိမ့်မယ် (မှန်ပါ့)၊ ကိုင်း ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့အလုပ် လုပ်ယူမှရမယ် ဆိုတဲ့အကြောင်း ကောင်းကောင်းသိတော့ အလုပ်မလုပ်ရင် သံသရာထဲမှာ အိုဘေး, နာဘေး, သေဘေးက ကိုယ်ပိုင် ပစ္စည်းလို့ မှတ်ပါ (မှန်ပါ့)။

အလုပ်မလုပ်လို့ရှိရင်ဖြင့် (အိုဘေး, နာဘေး, သေဘေးဟာ ကိုယ်ပိုင်ပစ္စည်းပါ ဘုရား)၊ အိုဘေး, နာဘေး, သေဘေးသည် ကိုယ်ပိုင်ပစ္စည်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒကာ ဒကာမတွေ စိတ်ထဲကလည်း မအိုချင်ပါဘူး၊ မနာချင်ပါဘူး၊ မသေချင်ပါဘူး၊ မမွဲချင်ပါဘူး၊ မခွဲချင် ပါဘူးနဲ့ စိတ်ထားကတော့ တစ်မျိုး၊ အလုပ်သွားကတော့ဖြင့် အိုဘေး, နာဘေး, သေဘေးပေါ်မှာချည်းပဲ လမ်းလျှောက် နေတယ် (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် ဒီကနေ့ အချိန်ကောင်းရခိုက်ကို ပြင်လိုက်ကြပါဆိုတာကို ဆရာဘုန်းကြီးက မေတ္တာရှေ့ထားပြီး သတိတရားဖြင့် ပေးအပ်ထားတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)။

အပါယ်သွားတဲ့ တရား

ကိုင်း ဒါဖြင့် အပါယ်သွားတတ်တဲ့ တရား၊ ငါတို့ ရိုးရိုးနေတာသည် ဘယ်တရားပါလိမ့်မလဲ မသိလို့ နေတာသည် ဘယ်တရားပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ဒကာသစ်ရေ အပါယ်သွားတဲ့ တရားလို့ မှတ်လိုက်စမ်း ပါ (မှန်လှပါ ဘုရား)။

နည်းနည်းကလေး ဒကာ ဒကာမတွေ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် တစ်မျိုးကလေး မှတ်လိုက်ပါဦး ၊ ဒီဒကာ ဒကာမတွေ၏ သားကလေး သမီးကလေးက အမေရယ်, အဖေရယ်လို့ ခေါ်လိုက်တဲ့အခါကျတော့ နားနဲ့မထိဘူး လား (ထိပါတယ် ဘုရား)။

နားနဲ့ထိတာသည် နားနဲ့ အသံနဲ့ ဆက်သွယ်ပေးတဲ့တရားက ဖဿတရား (မှန်ပါ့)၊ ဪ အသံကလေး ကြားရတာ ဝမ်းသာလိုက်တာဆိုတာက ဝေဒနာတရား (မှန်ပါ့)။

ဒါဖြင့် နားနဲ့ အသံနဲ့ ထိလိုက်တာက ဘာတဲ့ (ဖဿပါ ဘုရား)၊ ဖဿလည်း ထိခိုက်ပါရော ဒကာ ဒကာမတို့ အသံကလေးက အားရှိစရာပဲဆိုပြီး ဝမ်းသာတာက ဘာပါလိမ့် (ဝေဒနာပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ သားသမီးကြားမှာ နေရတာ ခင်ပွန်းမတွေ ကြားထဲ ခင်ပွန်းသည်တွေကြားထဲ နေရတာသည် ဒီအသံက ကြားရလိမ့်မယ် (မှန်ပါ့)။

ဒီအသံကြားရလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖဿပေါ်တော့မယ် (မှန်ပါ့)။

ဖဿပေါ်လို့ရှိရင် ကြားရတာ ကောင်းတယ်၊ ကြားရတာ စိတ်မချမ်းသာဘူးဆိုတဲ့ ဝေဒနာနှစ်မျိုး တစ်မျိုးမျိုး ပေါ်ရမယ် (ပေါ်ရပါမယ်)၊ မပေါ်ရဘူးလား (ပေါ်ရပါတယ် ဘုရား)။

ပေါ်တာက ဒကာ ဒကာမတို့ အလိုလိုပေါ်တာလား ဖဿကြောင့် ပေါ်တာလား (ဖဿကြောင့် ပေါ်တာပါ ဘုရား)။

ဖဿမရှိတဲ့လူ သေတော့ ဘယ်လိုပင် လူတွေဝိုင်းငိုငြားသော်လည်း လူသေက ပြန်ပြောတယ်လို့ ထုံးစံမရှိပါ ဘူး (မရှိပါ)၊ အဲဒါ ဖဿနိရောဓာ ဖြစ်လေသောကြောင့် ဝေဒနာနိရောဓော ဖြစ်နေတယ် (မှန်ပါ့)။

ဖဿချုပ်လို့ (ဝေဒနာချုပ်ပါတယ်)၊ နိဗ္ဗာန်ရောက် ချုပ်တာတော့ မဟုတ်ဘူးပေါ့ဗျာ (မှန်ပါ့)။

သူ့ပင်ကိုသဘောအားဖြင့် ချုပ်နေတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

ကိုယ်ကြားတဲ့အခါမှာ ဖြစ်စဉ်

ကြားရတာ ကောင်းတယ်ဆိုတော့ ဝေဒနာပေါ်လာတယ်၊ ဝေဒနာပေါ်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း အင်း အိမ်နားရောက်လာလို့ ကြားလည်းကြားရ ဝမ်းလည်းသာရသည်ဖြစ်လေသောကြောင့် အခုမှပဲတဲ့ ခင်လိုမင်လိုတဲ့ပုဂ္ဂိုလ် နဲ့ ခင်တွေ့ မင်တွေ့ တွေ့ရတော့တယ်ဆိုတာကတော့ ခင်တတ်တဲ့ တဏှာကလေး မလာဘူးလား (လာပါတယ်)၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

မှတ်ထားကြပါ မှတ်ထားကြပါ၊ ဒါ သူများဖြစ်စဉ်လား (ကိုယ်ကြားတဲ့အခါမှာ ဖြစ်စဉ်ပါ ဘုရား)။

ဒကာကြွယ် သေသေချာချာ မှတ်ပါ၊ ကြားတဲ့ဖြစ်စဉ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ကြားတော့ အင်း ဒကာ ဒကာမတို့က ကောင်းတယ်။ ကောင်းတဲ့အခါကျလို့ရှိရင် နှစ်သက် တယ်။ နှစ်သက်တာက တဏှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

နှစ်သက်ရုံတွင်မကဘူး ဒီအနားက ခွါတာကို မကြိုက်ဘူးဆိုတာက ဘာပါလိမ့် (ဥပါဒါန်ပါ)၊ ဥပါဒါန် စွဲလမ်း သွားတယ် (မှန်ပါ့)၊ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)။

အင်း ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ စဉ်းစားပါဦးဆိုတာ သတိပေးရတယ် (မှန်ပါ့)၊ ဒီအတိုင်း ဖြစ်ကြသလားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (ဒီအတိုင်းဖြစ်ပါတယ် ဘုရား)။

ဒီအတိုင်းဖြစ်တယ်၊ ဒါ ခန္ဓာ၏ဖြစ်စဉ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်သူ၏ ဖြစ်စဉ်ပါလိမ့် (ခန္ဓာ၏ ဖြစ်စဉ်ပါ)၊ ခန္ဓာ၏ ဖြစ်စဉ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ စွဲလမ်း သွားသည့်တိုင်အောင် ရောက်သွားပြီ (မှန်ပါ့ ဘုရား)။

ဥပါဒါန် စွဲလမ်းပြီဆိုမှဖြင့် သူ့အတွက် ကျွေးချင်တဲ့ အင်း ကိုယ်တိုင်ထပြီး သကာလ ထမင်းပွဲ, ဟင်းပွဲ, ကာဖီ အစရှိသည်တို့ ပြင်ခြင်း ဆင်ခြင်းနဲ့ ကာယကံတွေ စားပါဦး သောက်ပါဦးနဲ့ မြိန်မြိန်ရှက်ရှက်ဆိုတဲ့ ပြောဆိုတဲ့ ဝစီကံ တွေ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ဒါ ဘယ်ပုဂ္ဂိုလ်လဲ။ မစွဲလမ်းတဲ့ပုဂ္ဂိုလ်မှ ဒီအလုပ်လုပ်ဖြစ်တာ (မှန်ပါ့)၊ စွဲလမ်းတဲ့ပုဂ္ဂိုလ်ကျတော့ ဒီကံအလုပ် တွေ ဘယ့်နှယ်နေသတုံး (လုပ်ပါတယ်)၊ ဒါဖြင့် ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား)။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်

ဒကာ ဒကာမတို့ ဒါနားပေါက်ကလာတဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့ ဘုရား)။

အင်း ဘယ်ကလာတာပါလိမ့် (နားပေါက်က လာတာပါဘုရား)၊ နားပေါက်က လာတဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့ ဘုရား)။

ဘယ်ကလာပါလိမ့် (နားပေါက်ကပါ)၊ နားပေါက်က လာတဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဆိုတာ သိထားတော့ ဪ ငါတို့သည် နားပေါက်က ကြားလိုက်လို့ရှိရင်ဖြင့် ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံဖြစ်တယ် (မှန်ပါ့ ဘုရား)။

နားပေါက်က ကြားလိုက်ရင် (ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံဖြစ်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ နားပေါက်က ကြားလိုက်ရင် ဘာတဲ့ (ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံဖြစ်ပါတယ်)၊ ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ (မှန်ပါ့ ဘုရား)။

ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ နားကြားတဲ့ဥစ္စာသည် ကံမြောက်သွားပြီ (မှန်ပါ့)၊ နားကြားတာ ဘယ့်နှယ်တုံး (ကံမြောက်သွားပါပြီ ဘုရား)။

ဒါမသေသေးဘူးနော် (မှန်ပါ့)၊ မသေသေးဘူး ကံမြောက်ရုံပဲလုပ်ထားတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ သေပလား ကံမြောက်ရုံပဲလား (ကံမြောက်ရုံပါ ဘုရား)။

ကိုင်း ဒီကံနဲ့ မသေသေးတော့ နောက်တစ်ခါ သားအငယ်က ခေါ်ပြန်တော့လည်း ဒီလိုပဲလာမှာပဲ (မှန် ပါ့)၊ ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ မလာပေဘူးလား (လာပါတယ် ဘုရား)။

သားကြား- သမီးကြားနေရတော့ ခေါ်သံ ပြောသံတွေ ကြားရတော့ တစ်နေ့ ကံပေါင်းဘယ်လောက်တုံး (မရေတွက်နိုင်ပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ သိပ်ကံပေါတဲ့ ဒကာ ဒကာမတွေပါလားလို့ဆိုရင်ကော လွဲပါ့မလား (မလွဲပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာသစ်ရေ ဒီပုဂ္ဂိုလ်ဟာ သားကြား, သမီးကြားမှာပဲ ဒီကံတွေက အများကြီးပေါ့ဗျာ (မှန်ပါ့)၊ သေကြပါစို့လို့ ဒီပုဂ္ဂိုလ်တွေ သေကြပါစို့ဆိုတော့ ကမ္မဘဝပစ္စယာဇာတိဆိုတဲ့ ခန္ဓာငါးပါးလာမယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာငါးပါးက ရိုးရိုးခန္ဓာငါးပါးလားလို့ မေးတဲ့အခါကျတော့ ငရဲခန္ဓာငါးပါး (မှန်ပါ့)၊ ပြိတ္တာခန္ဓာငါးပါး၊ တိရစ္ဆာန်ခန္ဓာငါးပါး၊ အသုရကယ်ခန္ဓာငါးပါး (မှန်ပါ့)၊ သားသမီး စွဲလမ်းပြီး သကာလ ဖြစ်တဲ့ ကံကြောင့် ဖြစ်တာကိုး ဗျ (မှန်ပါ့ ဘုရား)။

တစ်နေ့လျှင် ကံပေါင်း ဘယ်လောက် ပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံက တစ်ကံကို တစ်ခါဖြစ်ရမယ်ဆိုတော့ တစ်နေ့လျှင် ကံပေါင်း ဘယ်လောက် ပါလိမ့် (မရေတွက်နိုင်ပါ)၊ အပါယ်ကလွတ်ရက် ဘယ့်နှယ်နေသတုံး (မရှိပါ ဘုရား)၊ ဒါ ကိုယ့်ဖြစ်စဉ်ဗျ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်သူ့ဖြစ်စဉ်ပါလိမ့် (ကိုယ့်ဖြစ်စဉ်ပါ)၊ တစ်ယောက်တည်းဖြစ်စဉ်လား။ အားလုံးဖြစ်စဉ် လား (အားလုံးဖြစ်စဉ်ပါ ဘုရား)။

အဲဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ သူတော်ကောင်းနားကပ်ပြီး သကာလ တဏှာ, ဥပါဒါန်, ကံ ပြတ်တဲ့တရားများ ကြိုးစားကြစမ်းပါကွာ။ မင်းတို့ကြိုးစားလို့ရှိရင်ဖြင့် ငါသဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ကြည့်လိုက် တဲ့အခါ လူတစ်သိန်းသေလို့ သုဂတိတစ်ယောက် မရောက်ဘူး၊ အပါယ်ချည့်သွားတယ် (မှန်ပါ့ ဘုရား)။

လူတစ်သိန်းသေလို့ (သုဂတိတစ်ယောက် မရောက်ပါဘုရား၊ အပါယ်ချည့်သွားပါတယ် ဘုရား)။

သုဂတိတစ်ယောက်ရောက်ဖို့ အင်မတန် ခဲယဉ်းတယ်၊ အပါယ်ချည်းသွားတယ်ကွတဲ့ (မှန်ပါ့ ဘုရား)။

ဒါ ဒကာ ဒကာမတို့ နားပေါက်ကနေပြီး အပါယ်သွားတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်ကနေသွားတာတုံး (နားပေါက်ကနေပြီး အပါယ်သွားတာပါ ဘုရား)။

ဒကာကြွယ် မသိတော့လည်း ကိုယ့်သားကလေး အသံကြားနေတော့လည်း ကျုပ်က စိတ်အေးတယ်လို့ ပြော တယ် (မှန်ပါ့)၊ ကျုပ်က အခုမှ ဘဝင်ကျသွားတယ်၊ သူတို့အိမ်ရောက်သွားမှ သူတို့အသံကလေးကြားရမှ ကျုပ်က စိတ်ချမ်းသာတာလို့ ပြောတယ် (မှန်ပါ့ ဘုရား)။

စိတ်ချမ်းသာတာက ဝေဒနာကိုးဗျ (မှန်ပါ့)၊ ဝေဒနာပစ္စယာ (တဏှာပါ)၊ တဏှာပစ္စယာ (ဥပါဒါန်ပါ)၊ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါပါ ဘုရား)။

ကဲ ဒကာကြွယ်တစ်ယောက်ပဲ စုတေစိတ်အဖြစ်သို့ ရောက်ကြပါစို့ဆိုတော့၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဟာ အပါယ်လေးပါး ဇာတိပါလား (မှန်ပါ့ ဘုရား)။

အပါယ်လေးပါးဇာတိ

ဒကာ ဒကာမတို့ ဘာဇာတိပါလိမ့် (အပါယ်လေးပါးဇာတိပါ ဘုရား)။

ခင်ဗျားတို့က မသိတဲ့ပုဂ္ဂိုလ်တွေက အင်း ဒကာကြွယ်ကြီးဖြင့် ယခုအချိန်မှာ ကျောင်းတွေ ကန်တွေ ဘုရားတွေနဲ့ သူတော်ကောင်းစိတ်တွေနဲ့ လားရာ နတ်သား, နတ်သမီးတွေနဲ့ ပျော်ရှာရော့မယ်လို့ အောက်မေ့တယ်။ ဟိုမှာ အော်ကာ အင်ကာနဲ့ ခံနေရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့မှ ဒကာကြွယ်ရေ ဒီတဏှာ, ဥပါဒါန် အုပ်ချုပ်တဲ့ကံကပစ်ချလိုက်လို့ (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်ဆိုတာက ဒကာ ဒကာမတို့ မည်းတဲ့တရားလား၊ ဖြူတဲ့တရား (မည်းတဲ့တရားပါ ဘုရား)။

မည်းတဲ့တရားက အမည်းကံကိုလုပ်တယ် (မှန်ပါ့)၊ အမည်းကံလုပ်လို့ အမည်းခန္ဓာဖြစ်ရပါတယ် (မှန်ပါ့)၊ မည်းသောအကျိုးကို ပေးရပါတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ တဏှာ, ဥပါဒါန်, ကံကို ဆရာဘုန်းကြီးကသော် လည်းကောင်း၊ ခင်ဗျားတို့ကိုယ်တိုင်ကသော်လည်းကောင်း ပြတ်အောင်မလုပ်နိုင်တဲ့ သဘောသာရှိနေကြမယ်ဆိုရင်ဖြင့် ငါသေရင် ဆွမ်းမသွတ်နဲ့ သာမှာလေ (မှန်ပါ့)၊ အပါယ်သွားရမယ် (မှန်ပါ့)၊ အမျှပေးလို့လည်း ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

ခင်ဗျားတို့ ကျွေးတဲ့ ဆွမ်းတော်ပွဲကလေးလောက်နဲ့လည်း စားပါ့မလား (မစားပါ ဘုရား)။

ဟိုမှာ ကံ, သံတွေခဲစားနေတာ ခင်ဗျားတို့ ပို့လိုက်တဲ့ ထမင်းဟင်းကလေး စားတာမဟုတ်ပါဘူး (မှန်ပါ့)၊ ဒကာကြွယ် ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဒကာသစ် သေသေချာချာ ကြောက်ပါ (မှန်လှပါ ဘုရား)။

ကိုယ့်ခန္ဓာဖြစ်စဉ်ကြောင့် ရောက်ရတာ

ဒါက ဒကာ ဒကာမတို့ စာမှာကြည့်ပြီး ပြောတာလား ၊ ကိုယ့်ခန္ဓာဖြစ်စဉ်ကြောင့် ရောက်ရတာလား (ကိုယ့်ခန္ဓာဖြစ်စဉ်ကြောင့် ရောက်ရတာပါ ဘုရား)။

ဒါကြောင့် စာကို အသာထားစမ်းပါဦး (မှန်ပါ့)၊ ကိုယ့်ခန္ဓာဖြစ်စဉ်ဟာ ဒီအတိုင်းမို့ ဒီရောက်တယ်မှတ်လိုက်တာ ပေါ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ခန္ဓာဖြစ်စဉ်က ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ။ ကမ္မဘဝပစ္စယာ ဇာတိ၊ အပါယ်လေးပါးဇာတိ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ငြင်းဖို့ လိုသေးသလား (မလိုပါ)၊ အဲဒီတော့ စာက ဘာရေးရေး၊ စာဆိုတာ ဘုရားဟောတာ မှန်ပါတယ်၊ စာအတိုင်းကို နားလည်ချင်မှ နားလည်တာ (မှန်ပါ့)၊ ကိုယ့်ခန္ဓာဖြစ်စဉ်အတိုင်းတော့ နားလည်ရမယ် (မှန်ပါ့ ဘုရား)။**

** ဒေသနာတော်၏ ဂမ္ဘီရသဘာဝကြောင့် ဉာဏ်နုနယ်သူတို့ စာအတိုင်း ဉာဏ်ကျက်စားဖို့ မလွယ်သဖြင့် အဓိပ္ပာယ်သွားကို မှတ်သားခိုင်းခြင်းဖြစ်သည်။

ဒကာ ဒကာမတို့ သားကလေး အသံကြားလို့ရှိရင်ဖြင့် သားအသံနဲ့ နားနဲ့ မတွေ့လား (တွေ့ပါတယ်)၊ တွေ့တာ ဘယ်သူတုံး (ဖဿပါ)၊ ဖဿကလေးနဲ့ တွေ့တဲ့အခါကျတော့ နားချမ်းသာလိုက်တာဆိုတာက (ဝေဒနာပါ ဘုရား)။

နားချမ်းသာခြင်းကြောင့် ကျုပ်စိတ်ထဲမှာလည်း သူရောက်လာကတည်းကိုကပဲ ခင်တဲ့ပုဂ္ဂိုလ်နဲ့ တွေ့ရတယ်ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။

နောက်တော့ ကျုပ်ဖြင့် ဒီနားကကို မခွါချင်ဘူးဆိုတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား)။

သူတို့ ပွေ့ကာ ဖက်ကာ ကျွေးကာ မွေးကာဆိုတဲ့ ကာယကံနဲ့ မကောင်းတာကလေး ဆုံးမလို့ သွန်သင်လို့ဆိုတဲ့ ဝစီကံတွေကော မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီကံတွေကလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မပြောဘဲ မဆိုဘဲ နေနိုင်ကြရဲ့လား (မနေနိုင်ပါ ဘုရား)။

ဒါလည်း တဏှာ, ဥပါဒါန် အုပ်ချုပ်တဲ့ကံတွေဗျ (မှန်လှပါ ဘုရား)။

ဘယ်သူအုပ်ချုပ်တဲ့ ကံပါလိမ့် (တဏှာ, ဥပါဒါန် အုပ်ချုပ်တဲ့ကံပါဘုရား)၊ ဟောဒီ တဏှာ, ဥပါဒါန်က အုပ် ချုပ်လို့ ပေါ်လာတဲ့ကံ (မှန်ပါ့ ဘုရား)။

ဒီကံနဲ့ ဒကာ ဒကာမတွေက အသက်အတိုင်းနေပြီး သေကြတော့ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဘယ်ဇာတိ ပါလိမ့်မတုံး မေးကြည့်ပါ (အပါယ်ဇာတိပါ)၊ အပါယ်လေးပါး ဇာတိဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဪ ဒါဖြင့် တပည့်တော်တို့ တစ်နေ့တစ်နေ့ သားအသံ သမီးအသံ ခင်ပွန်းအသံ ခင်ပွန်းမအသံကြား ရတာဟာ တပည့်တော်တို့တော့ဖြင့် ဒီပဋိစ္စသမုပ္ပါဒ် မဖြစ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ သေရင် ဒီအကျိုးမပေးပါနဲ့တော့ ဆိုရင်ကော (မရပါ ဘုရား)။

ကိုယ့်အိမ်ကိုယ့်ရာ အပါယ်လေးရွာ

ကိုင်း ဒကာ ဒကာမတို့ မဂ်တရား, ဖိုလ်တရားသာရအောင် အားမထုတ်ဘူးဆိုလို့ရှိရင်ဖြင့် ယခု အလည် လာတာသာ မှတ်ပေရော့။ ကိုယ့်အိမ်ကိုယ့်ရာ အပါယ်လေးရွာသာ ပြန်ကြပေတော့ (မှန်လှပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ယခု လူ့ပြည် ဘာလုပ်လာကြတာလဲ (အလည်လာတာပါ ဘုရား)၊ အလည်လာပြီး သကာလ ကံစုလာကြတာ (မှန်ပါ့)၊ အင်း ဘာလုပ်လာကြပါလိမ့် (ကံစုလာကြတာပါ ဘုရား)။

ဒီကံတွေကို ဘယ်သူက စုထားသတုံး မေးတော့ ဟောဒီ့ တဏှာ, ဥပါဒါန်က စုထားတယ် (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်က ကံတွေကို တစ်ခါတည်း လက်ခုပ်ကြီးနဲ့ ထည့်ထားသလို အိတ်ကြီးနဲ့ ထည့်ထားသလို စုထားတယ် (မှန်ပါ့)၊ ကံသတ္တိကလေး စုထားတယ်၊ ကံတွေကတော့ ချုပ်သွားပါပြီ၊ သတ္တိလေး စုထားတယ် (မှန်ပါ့ ဘုရား)။

အဲဒီသတ္တိတွေ အပါယ်မှာ ဒီကနှစ်ပေါင်းတစ်သောင်း အကျိုးပေးတဲ့ကံက တစ်ခါ ခုနင်က အထုပ်ကြီးထဲက ဖြေပြီးလွှတ်လိုက်တယ်၊ လွှတ်လိုက်တော့ နှစ်ပေါင်း တစ်သောင်း အပါယ်မှာခံရတယ် (မှန်ပါ့)၊ ကုန်ပြီလား အိတ်ထဲ မှာ (မကုန်သေးပါ ဘုရား)၊ တဏှာ, ဥပါဒါန် စုထားတဲ့ အိတ်ကြီးထဲမှာ ကုန်ပြီလား (မကုန်သေးပါ ဘုရား)။

ဟိုက နှစ်ပေါင်းတစ်သောင်းခံပြီး ဒီကနေ တစ်ကံလွှတ်ပြန်တာပဲ (မှန်ပါ့)၊ တစ်ကံလွှတ်တော့ နှစ်ပေါင်း တစ်သောင်းမခံရပေဘူးလား (ခံရပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဒါက အတိတ်ကံကြောင့်ဖြစ်ရတဲ့ အပါယ်ပဋိသန္ဓေလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အတိတ်ကံကြောင့် ဖြစ်ရတဲ့ (အပါယ်ပဋိသန္ဓေပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဒါက ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့ သူများပြောလား၊ ကိုယ်တိုင်ဖြစ်စဉ်လား (ကိုယ်တိုင်ဖြစ်စဉ်ပါ ဘုရား)။

ငရဲကတောင် တက်စရာမရှိဘူး

ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ)၊ ဒီလိုကံတွေ ဒကာကြွယ်မှာ ဘယ်လောက်များသလဲ (မရေတွက်နိုင်ပါ)၊ သမီးတစ်ယောက်တည်းမို့နော် (မှန်ပါ့)၊ နှစ်ယောက်များ မွေးမိရင် ခင်ဗျား ငရဲကတောင် တက်စရာမရှိဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လူတစ်သိန်းသေလို့ သုဂတိတစ်ယောက် မရောက်ပါဘူးကွ၊ အပါယ်ချည့်သွားတာပါပဲဆိုတာ သစ္စသံယုတ်မှာ ဟောတော်မူတာ ယုံပလား (ယုံပါတယ် ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေ ဘုန်းကြီးတို့လို အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များက ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ တပည့်သားဖြစ်သည်အားလျော်စွာ ဒီဖြတ်လမ်းကို မပြတော့ဘူးဆိုရင် အပါယ်လမ်းကိုသာ (သွားကြတော့မှာပါ ဘုရား)။

အဲဒီတော့ ဒီအချိန်ကလေးကိုဖြင့် ခင်ဗျားတို့ ဒီအတိုင်းလျှောက်ပြီး တန်းမနေပါနဲ့၊ ကြွေးဟောင်းမကုန်ခင်က ကြွေးသစ် မချေးပါနဲ့တော့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြွေးသစ်မချေးကြပါနဲ့

ကြွေးဟောင်းမကုန်ခင်က (ကြွေးသစ်မချေးကြပါနဲ့ ဘုရား)။

ဒကာကြွယ် အိမ်ပြန်ချေးချင်သေးသလား (မချေးချင်ပါ ဘုရား)၊ မချေးပေမယ့် ပြန်ဦးမှာပဲခင်ဗျား (ပြန်တော့ ပြန်မှာပဲ ဘုရား)။

ချေးမည့်သဘောက ပါနေသေးတယ် (မှန်ပါ့)၊ ဘာ့ကြောင့်တုံးဆိုတော့ နဂိုက ကြွေးတင်နေကျ လူကိုးဗျ (မှန်ပါ့)၊ ကြွေးနဲ့ မနေရလို့ရှိရင် စိတ်မချမ်းသာတဲ့လူ ဖြစ်နေတယ် (မှန်ပါ့)၊ တယ်လည်းဆိုပါလား (ဆိုးပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ တဏှာ, ဥပါဒါန်, ကံပြတ်တဲ့တရားကိုဖြင့် မနေ့ကလည်း ခင်ဗျားတို့ ကို ကယ်မည့်ယူမည့်လူကို ပြပါတော့မယ်လို့ တာဝန်ခံထားတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ စူးစူး စိုက်စိုက်နာပါ (မှန်ပါ့)၊ ကဲ ကံဖြတ်ပြမယ် (မှန်ပါ့ ဘုရား)။

ယနေ့ ဒီအချိန်နဲ့ ဒီနာရီမှာ နာရီဝက်နီးပြီ၊ ဒကာ ဒကာမတို့ ကိုယ့်ကယ်တင်မည့်တရားမို့ ကိုယ်သေသေချာချာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့်ပါလိမ့် (ကိုယ့်ကယ်တင်မည့် တရားမို့ ကိုယ် သေသေချာချာ မှတ်ရမှာပါဘုရား)၊ ကုသိုလ် ရရုံ မနာပါနဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေက တရားနာရင် ကုသိုလ်ရတယ်ဆိုတာ ဖြုတ်ပစ်လိုက်စမ်းပါ (မှန်လှပါ)၊ တရားနာရင် ကုသိုလ်မရဘူးလို့တော့ ဘယ်ဘုရားမှ မဟောဘူး (မှန်ပါ့ ဘုရား)။

ကိုယ့်ဒုက္ခ ကိုယ်သိမ်း တဲ့တရား

ကုသိုလ်ရရုံနဲ့ မတင်းတိမ်ပါနဲ့ (မှန်ပါ့)၊ ကိုယ့်ကယ်တင်မည့်တရားကို ကိုယ့်ကိုယ်တိုင် ခန္ဓာထဲ ဉာဏ်ရောက် ပြီး သကာလ ကိုယ့်ကယ်တင်မည့် တရားကို ခန္ဓာထဲ ဉာဏ်ရောက်စေတာသည် ဒကာ ဒကာမတို့ ကိုယ့်ဒုက္ခ ကိုယ်သိမ်း တဲ့တရား (မှန်ပါ့ ဘုရား)။

ဒါကို အမှန်ယူပါ၊ ကုသိုလ်ရချင်ရင် ရေအိုးစင်တယ်လည်း ရပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သို့သော် ကိုယ့်ကိုကယ်တင်တဲ့ တရားကတော့ဖြင့် ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ် ကိုယ်ပြတ်မှ ကယ်တင်တဲ့တရား (မှန်ပါ့)၊ ဒါခွဲခွဲခြားခြားသိပါနော် (မှန်ပါ့ ဘုရား)။

ခွဲခွဲခြားခြားသိပါ၊ ဒီဥစ္စာ ဒကာ ဒကာမတို့ တစ်သက်နဲ့တစ်ကိုယ် ကြားရခဲတဲ့ စကားတွေလို့လည်း မှတ်ထား လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကုသိုလ်ရချင်လို့ရှိရင် ရေအိုးစင်တည် တံမြက်စည်းလှဲ ဒကာ ဒကာမတို့ သီလရှင်တွေလာ ဆန်လောင်း ကုသိုလ်ရတာပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကယ်တင်မည့် တရားစစ်ဆိုတာ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်ရတယ် (မှန်ပါ့ ဘုရား)။

ဘာပါလိမ့် (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ရပါတယ် ဘုရား)။

သွားရမှာက ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကြောင့် ကိုယ့်တဏှာ ဥပါဒါန် တဏှာဆိုတာ ပဋိစ္စသမုပ္ပါဒ်, ဥပါဒါန် ပဋိစ္စ သမုပ္ပါဒ်, ကံ ပဋိစ္စသမုပ္ပါဒ်တွေကြောင့် အပါယ်သွားရတယ် (မှန်ပါ့ ဘုရား)။

ဒီကိုယ် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်မလာအောင် ဖြတ်မယ်ဆိုလို့ရှိရင် ကိုယ်သွားစရာရှိသေးရဲ့ (မရှိပါ ဘုရား)။

ဒါဖြင့် ကိုယ့်ကယ်တင်တဲ့တရားက ဒကာ ဒကာမတို့ ပွားများတဲ့ မဂ္ဂင်တရား (မှန်ပါ့ ဘုရား)။

ကိုယ့်ကယ်တင်မည့်တရားက (ပွားများတဲ့ ပဋိစ္စသမုပ္ပါဒ်တရားပါ ဘုရား)။

သေသေချာချာ မှတ်စမ်းပါ၊ ဒါ ကုသိုလ်ရတယ်လို့ ခင်ဗျားတို့ ကုသိုလ်ရချင်လို့ တရားနာမယ်ဆိုရင် ပြန်ကြပေ တော့ (မှန်ပါ့)၊ ဘာမှ အသုံးမကျဘူး (မှန်ပါ့ ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပါဒ်က ဆက်နေတယ်

ဘာပြုလို့တုံးလို့ မေးတော့ ကုသိုလ်ရတယ်ဆိုတာ ဟုတ်ပါတယ်၊ နတ်ရွာသုဂတိ ဗြဟ္မာ့ပြည်ရောက်ကြမှာ၊ ကုသိုလ်ကြောင့် ရောက်ကြမှာပဲ၊ သို့သော် ခန္ဓာပဋိစ္စသမုပ္ပါဒ်က ဆက်နေတယ် (မှန်ပါ့ ဘုရား)။

လူခန္ဓာအဆုံးမှာ နတ်ခန္ဓာမလာဘူးလား (လာပါတယ်)၊ လူခန္ဓာအဆုံးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ နတ်ခန္ဓာ အစက (ဒုက္ခသစ္စာပါပဲ ဘုရား)။

အဲ ခင်ဗျားတို့ရတဲ့ကုသိုလ်က ဒါတွေ ဒုက္ခဆက်ပေးမှာပဲ (မှန်ပါ့)၊ အခုဟာကတော့ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကြီးကို ဖြတ်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ လူခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာ ခန္ဓာ လာသေးရဲ့လား (မလာတော့ပါ ဘုရား)၊ အပါယ်ခန္ဓာတွေကော (မလာတော့ပါ ဘုရား)။

ဒါဖြင့် ဒုက္ခသိမ်းတာပေါ့ (မှန်ပါ့)၊ ဟိုဟာက ဒုက္ခဆက်တာ (မှန်ပါ့)၊ ဒီဟာက ဘာပါလိမ့် (ဒုက္ခသိမ်းတာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသိမ်းတာသည် ဒကာ ဒကာမတို့ လောင်စာသိမ်း၍ မီးငြိမ်းတာ (မှန်ပါ့)။

လောင်စာသိမ်း၍ မီးငြိမ်းတယ်ဆိုတာ နောက်ခန္ဓာက လောင်စာ (မှန်ပါ့)၊ ဒီဘဝ ကိလေသာ, တဏှာ, ဥပါဒါန်တွေက မီးတွေ (မှန်ပါ့)၊ နောက်ဘဝမှ သွားတဲ့ ကိလေသာတွေကကော မီးတွေပဲ (မှန်ပါ့ မီးတွေပါပဲဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ခင်ဗျားတို့က လောင်စာနဲ့ မီး တွဲလျက်ကြီးချည်းသွားတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ် ကယ်တင်တဲ့တရားသည် ဟောဒီကြားထဲ မဂ်ဝင်တဲ့တရား လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်ကြားထဲမှာ (မဂ်ဝင်တဲ့တရားပါ ဘုရား)။

ဒါဖြင့် ကိုယ့်ကယ်တင်တဲ့တရား ဘယ်တရားပါလိမ့် (မဂ်ဝင်တဲ့တရားပါ)၊ ဘယ်ကြားဝင်ရပါလိမ့် (ပဋိစ္စသမုပ္ပါဒ် ကြား ဝင်ရပါတယ်)၊ ပဋိစ္စသမုပ္ပါဒ်ကြားထဲ ဝင်ရတယ် (မှန်လှပါ ဘုရား)။

ဒါ ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ်ကြားထဲ ဝင်ရသတုံး (ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကြားထဲ ဝင်ရပါတယ် ဘုရား)။

ကိုယ့် ကိုယ် ကယ်တင်တဲ့တရား

ဒါဖြင့် ကိုယ့်ကိုယ်ကယ်တင်တဲ့ တရားသည် ပဋိစ္စသမုပ္ပါဒ်တရား (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ကိုယ့် ကိုယ် ကယ်တင်တဲ့တရားဟာ (ပဋိစ္စသမုပ္ပါဒ်တရားပါ ဘုရား)။

ဒီတစ်လုံးသိရင်ပဲ တော်ပါပြီ (မှန်ပါ့)၊ ပွားများနည်း ဘုန်းကြီးပြောပါ့မယ် (မှန်ပါ့)။

သို့သော်လည်း ဒကာ ဒကာမတွေက ရှေးက ကိုယ်ကလည်း သားရေး, သမီးရေး, စီးပွားရေးနဲ့ ငယ်တုန်း ပညာသင်ရေးနဲ့ ကြီးတော့ အိမ်ထောင်ထောင်ရေးနဲ့ ဒီ့ထက်ကြီးလာတော့ လူချင်းတူတူ သူချင်းမျှမျှဆိုတဲ့ အရေးတွေ နဲ့ နောက်ကျတော့ လူအို လူအိုချင်းတွဲ၊ လူငယ် လူငယ်ချင်းတွဲဆိုတဲ့ ဒကာ ဒကာမတို့ မဟုတ်တဲ့ အရေးတွေနဲ့သာ ခေါင်းထဲ ဝင်လိုက်ရတယ် (မှန်လှပါ ဘုရား)။

ကိုယ့်ကိုယ် ကယ်တင်တဲ့တရား ဘယ်တရားလို့ မသိလိုက်ရဘူး (မသိလိုက်ရပါ ဘုရား)။

ခေါင်းထဲသာ ဝင်လိုက်ရတယ်၊ ကိုယ့်ကယ်တင်မည့် တရားအစစ် သိလိုက်ရရဲ့လား (မသိလိုက်ရပါ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ်မှ ကိုယ်မဖြတ်လို့ရှိရင် ဒကာ ဒကာမတို့ မှတ်လိုက်၊ ကိုယ့်ကိုယ် ကယ်တင်တဲ့တရား မရှိ သေး (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်မဖြတ်ရင် (ကိုယ့်ကိုယ် ကယ်တင်တဲ့တရား မရှိသေးပါ ဘုရား)။

ကိုင်း ဒါဖြင့် အခု ဒါ နားပေါက်က ပဋိစ္စသမုပ္ပါဒ်ပါပဲ (မှန်ပါ့)၊ သားသမီးကလေးက ခေါ်လိုက်တဲ့အသံ ကြားလိုက်တဲ့အခါကျတော့ အသံနဲ့ တွေ့ထိရတာ ဖဿ (မှန်ပါ့)၊ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။

အဲဒီဖဿပဲ ဖြစ်ပျက်ရှုရှု၊ ဟောဒီမဂ္ဂင်ငါးပါးနဲ့ ဖဿကို အနိစ္စရှုရှု (မှန်ပါ့)၊ ဖဿ မရှုမိပါဘူးဘုရား တပည့်တော်ဖြင့် ကြားလို့ ကောင်းတာကလေး ရှုမိပါတယ်ဆိုရင် ဝေဒနာကလေးကို ဖြစ်ပျက်အနိစ္စရှု (မှန်ပါ့)၊ ရှုလိုက် တော့ အနိစ္စ၊ ဒီက ဘာပါလိမ့် (မဂ္ဂပါ)၊ အနိစ္စ (မဂ္ဂပါ ဘုရား)။

ဒီမဂ်ဝင်လိုက်သည်နဲ့ တစ်ပြိုင်နက်

ဒီမဂ်ဝင်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာ, ဥပါဒါန်, ကံ နောက်ဘဝလာမည့် ဇာတိ အကုန်ချုပ်တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ကိလေသာသိမ်း၍ ဒုက္ခငြိမ်းတယ် (မှန်ပါ့)၊ ရိပ်မိရဲ့လား (ရိပ်မိပါတယ်)၊ ဒီဘက်က ကိလေသာသုံးခု (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ကိလေသာသိမ်း၍ (ဒုက္ခငြိမ်းပါတယ် ဘုရား)၊ ဒုက္ခငြိမ်းတယ် (မှန်ပါ့)။

အင်း ကိလေသာလည်း တို့သိမ်းတယ်၊ ကိလေသာ အပူဓာတ် အလောင်ဓာတ်တွေလည်း သိမ်းတယ် (မှန်ပါ့)။

ဒုက္ခတွေ ငြိမ်းအောင်ဖြင့် ဘယ်သူက ကယ်တင်လိုက်ပါလိမ့်မတုံးဆိုတဲ့ဥစ္စာ ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ် ကိုယ့်ဉာဏ် နဲ့ ဖြတ်လိုက်လို့ မှတ်ပါ (မှန်ပါ့)၊ သေသေချာချာ အရေးကြီးတဲ့စကား (မှန်ပါ့)။

ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို (ကိုယ့်ဉာဏ်နဲ့ ဖြတ်လိုက်လို့ပါ ဘုရား)၊ ကိုယ့်ဉာဏ်နဲ့ ဖြတ်ရမယ် (မှန်ပါ့)။

ဘုန်းကြီးက လာဖြတ်ပေးလို့ မရဘူး (မရပါ)၊ ဘုရားက လာဖြတ်ပေးလို့ (မရပါ ဘုရား)၊ တရားက ဖြတ်မှ ရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးက နည်းပေးအားဖြင့်တော့ ပေးတတ်တယ် (မှန်ပါ့)၊ ခင်ဗျားတို့ ဝမ်းထဲဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်တော့ သွားပြီး ဖြတ်မပေးနိုင်ဘူး၊ နည်းပဲ ပေးတတ်တယ် (မှန်ပါ့)၊ ဘုရားပွင့်လာလည်း နည်းပဲ ပေးမှာပဲ ၊ သွားပြီး ဖြတ်မပေးနိုင်ဘူး (မှန်ပါ့)။

တကယ်ဖြတ်ပေးနိုင်လို့ရှိရင် ယောက်ဖတော် ပဋိစ္စသမုပ္ပါဒ် ဒေါသ ပဋိစ္စသမုပ္ပါဒ်ကြီးကြောင့် အဝီစိကျသွား တဲ့ ဒေဝဒတ်ဖြတ်ပေးလို့ ရရဲ့၊ ယောက်ဖ အရင်းဆုံးပဲ (မှန်ပါ့)၊ ရမှာပေါ့ (မှန်ပါ့ ဘုရား)၊ အဝီစိကျနိုင်ပါ့မလား (မကျနိုင်ပါ ဘုရား)။

သို့သော် သူ့ဟာသူ မဖြတ်တဲ့အတွက် ကျသွားရတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အမေ ကုသိုလ်ရအောင် အမေ တရားနာ အရင်လွှတ်ရမယ် (မှန်ပါ့)၊ မလုပ်နဲ့ ကိုယ့်ဟာကိုယ် ဖြတ်ရမယ် (မှန်ပါ့)။

အဖေကြီးလာပြီ၊ အဖေ တရားနာ အရင်လွှတ်ပြီး အဖေ အလုပ်လုပ်ခိုင်းရမယ်လို့ ခင်ဗျားတို့ လောကွတ် သွားမချော်လိုက်နဲ့ (မှန်ပါ့)။

ကိုယ့်မဂ္ဂင်က ကယ်တင်နိုင်တယ်

ကိုယ့်ကိုယ်ကယ်တင်တဲ့ တရားသည် ကိုယ့်မဂ္ဂင်က ကယ်တင်နိုင်တယ် (မှန်ပါ့)၊ အမေ့သန္တာန်မှာဖြစ်တဲ့ မဂ္ဂင် က သားသမီး မကယ်တင်ပါဘူး (မှန်ပါ့)၊ အဖေ့သန္တာန်မှာဖြစ်တဲ့ မဂ္ဂင်ကကော (မကယ်တင်နိုင်ပါ ဘုရား)။

ဒါ့ကြောင့် ဒီက ‘ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ’ (မှန်ပါ့)၊ ဝိညူဟိ=အားထုတ်သော ပုဂ္ဂိုလ်တို့သာလျှင်၊ ပစ္စတ္တံ =အသီးအသီး၊ ဝေဒိတဗ္ဗော=မဂ္ဂင်ကို ရထိုက်၏၊ ကိုယ်လုပ် ကိုယ်ရမယ် (မှန်ပါ့)၊ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)၊ ဘယ်လိုဆိုကြမယ် (ကိုယ်လုပ်မှ ကိုယ်ရပါတယ် ဘုရား)။

ဒါကို ဒကာ ဒကာမတွေက မသိတော့ ဘုရားသာ ထ,ပြီး ရှိခိုးနေတယ်၊ ‘ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ’၊ ဘာ မှန်းလဲ မသိဘူး (မှန်ပါ့)၊ ကိုယ်လုပ်မှ ကိုယ်ရတယ်လို့ ဟောတာ သူက (မှန်ပါ့)။

ကိုယ်လုပ်မှ ကိုယ်ရတယ်လို့ ခင်ဗျားတို့ ဘုရားရှေ့ သွားပြောနေ အပိုပေါ့ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဘုရားက ကိုယ်လုပ်မှ ကိုယ်ရမယ်လို့ ဟောလိုက်တော့ မင်းတို့ဟာ မင်းတို့လုပ်ကြလို့ ဟောတာ (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့က ‘ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ’နဲ့ ရှိခိုးပါ၏ဘုရား၊ ကိုယ်လုပ်မှ ကိုယ်လုပ်ရတာနဲ့ ရှိခိုးပါ၏ ဘုရားတဲ့ ၊ လုပ်လည်း မလုပ်ဘူး၊ အလကား ရှိခိုးနေတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီလောက် ခင်ဗျားတို့မှာ အသိဉာဏ်ချို့တဲ့နေလို့ ဘုန်းကြီးများသည် အပင်ပန်းခံပြီး ပြောတယ်လို့ အောက် မေ့ပါ (မှန်ပါ့)။

သူလုပ်မှ သူရမှာ

‘ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ’ အားထုတ်တဲ့ ပညာရှိတို့သည်သာလျှင် (ဝါ) တရားနာဖူး၍ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တဲ့ ပုဂ္ဂိုလ်သည်သာလျှင်၊ ဝေဒိတဗ္ဗော=သိအပ်, ရအပ်, ခံစားအပ်၏ (မှန်ပါ့)၊ ဪ သူလုပ်မှ သူရမှာ (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ အိမ်မှာနေကြတဲ့အခါကျတော့ ချစ်မြတ်နိုးတဲ့ အိမ်ပေါ့ဗျာ (မှန်ပါ့)၊ ဥပမာ ဒကာကြွယ် တို့ အိမ်ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ် သေခြင်းသေ သူက အရင်သေမှာ (မှန်ပါ့)။

အဲဒီတော့ အဖေသာ သွားတရားနာဆိုတော့ သမီးက သူမယူဘူးပေါ့လေ မဂ္ဂင် (မှန်ပါ)၊ ဒကာမအရွယ် မယူဘူးဆိုတဲ့ အဓိပ္ပာယ်မပါဘူးလား (ပါပါတယ် ဘုရား)။

ခင်ဗျားက ပြန်လာတော့ ငါတရားနာခဲ့တယ်ဟေ့ ၊ အမျှယူတော့ဆိုတော့ ဒီ့ပြင်ကုသိုလ် အမျှပေးလို့ရ တယ်၊ မဂ်ကုသိုလ် အမျှပေးလို့ မရဘူး (မရပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ တခြားကုသိုလ်တော့ (အမျှပေးလို့ ရပါတယ်ဘုရား)။

ဒါကတော့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တဲ့ မဂ္ဂင်ဆိုတာ ကိုယ့်ဝမ်းထဲမှာသာ ပေါ်တယ်၊ သူများသန္တာန် ပေါ်ကိုမပေါ်နိုင်ဘူး (မှန်ပါ့)၊ ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ အသုံးတွေနဲ့ အနှုန်းတွေနဲ့ မြို့သုံးတွေက ယဉ်ကျေးလိုက်တာ ဖုံးကာဖိကာနဲ့ ကိုယ်အပါယ် ကျဖို့ချည့်ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခင်ဗျားတို့ ဖုံးတာ ဖိတာ လှည့်တာ ပတ်တာကလေးတွေဟာ ဘာထင် ကြသတုံး (ကိုယ်အပါယ်ကျဖို့ပါ ဘုရား)၊ ကိုယ်အပါယ်ကျဖို့ (မှန်ပါ့)။

ကျုပ်က နာလိုတဲ့စိတ် ရှိပါတယ်၊ ဘုန်းကြီးလည်း ကြည်ညိုပါတယ်၊ နာလည်း နာဖူးပါတယ်၊ အခုတော့ မအားလပ်တာနဲ့က များနေတယ် (မှန်ပါ့)၊ အဲ ကိုယ့်ဟာကိုယ် အပါယ်လေးပါး တံခါးဖွင့်ပေးလိုက်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်မယ်ပြောတာလား ကျချင်သလို ကျပေစေတော့လို့ ပြောတာလား (ကျချင် သလို ကျပေစေတော့လို့ ပြောတာပါ ဘုရား)။

ဒကာကြွယ်တို့ ဦးလှဘူးတို့ လူတွေ ဒကာသစ်တို့က အေး နင်တို့ကတော့ အမေမိဘ ငဲ့တာကိုး၊ ဒီငဲ့ကျိုး တော့ တစ်နေ့နေ့ပေးမှာပဲ၊ ပေးမှာပေါ့ အပါယ်ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာပေးမယ်ထင် သတုံး (အပါယ်ပေးမှာပါ ဘုရား)။

အပါယ်ပေးမှာပဲ

အပါယ်ပေးမှာပဲဆိုတာ ခင်ဗျားတို့ ပြောတာလည်း မသိပြော ပြောပေမယ့် အပါယ်ကျတော့ မှန်နေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အားကြီးဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်အရေး ကိုယ်ကြီးပါ (မှန်ပါ့ ဘုရား)၊ ဘယ်လိုမှာပါလိမ့် (ကိုယ့်အရေး ကိုယ်ကြီးပါ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို (ဖြတ်ရပါမယ်)၊ ကိုယ့်ကိုယ်တိုင်ဖြတ် (မှန်ပါ့)၊ ဘုရားလာဖြတ်လို့ မရဘူး (မရပါ ဘုရား)၊ တရားလာဖြတ်ရင်တော့ (ရပါတယ် ဘုရား)။

ဘုရားလာဖြတ်ရင် (မရပါ)၊ သံဃာက လာဖြတ်ရင် (မရပါ)၊ ဘယ်သူက လာဖြတ်ရင် ရသလဲ (မဂ္ဂင်တရား လာဖြတ်ရင် ရပါတယ်ဘုရား)။

အဲ ဒီမဂ္ဂင်တရားနဲ့ ဟောဒီ့ ဖဿတို့ကို ဟောဒီ့ဝေဒနာတို့ကို ခင်ဗျားတို့ ဖြစ်ပျက်ရှုနိုင်လို့ရှိရင်ဖြင့် သူတို့ မလာခင် မဂ္ဂင်က အရင်ဝင်လာတယ် (မှန်ပါ့)၊ ဘယ်သူဝင်လာသတုံး (မဂ္ဂင်က အရင်ဝင်လာပါတယ် ဘုရား)။

ဝင်လာတော့ သူတို့က ဒီတရားနဲ့ ဆက်ရမှ သူတို့က ဒီမဂ်ပေါ်မှာကိုးဗျ (မှန်ပါ့)၊ ကြားကနေ မဂ်တရားက ဝင်ဖြတ်လိုက်တဲ့အခါ တဏှာ ဥပါဒါန် ကံ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ တဏှာ ဥပါဒါန် ကံဆိုတဲ့ ကိလေသဝဋ်က ပြတ်ပြီ (မှန်ပါ့)၊ ကိလေသဝဋ်က ပြတ်တော့ သူတို့နှစ်ခု မှ မရှိဘဲနဲ့ ကံဖြစ်ချင်လို့ ရသေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ကမ္မဝဋ်က ပြတ်ပြီ (ပြတ်ပါပြီ)၊ ကံပြတ်တော့ ဒီဘက်မှာ ဝိပါကဝဋ်ဆိုတဲ့ အပါယ်လေးပါးတို့ နတ်ရွာ သုဂတိတို့ဆိုတဲ့ ခန္ဓာငါးပါး လာဦးမလား (မလာပါ)၊ ဝိပါကဝဋ်လည်း ပြတ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီဘက်က ဘာဝဋ်ပါလိမ့် (ကမ္မာဝဋ်)၊ ကိလေသဝဋ်၊ ရှုပ်မနေနဲ့ဦး၊ ကိုယ့်ဟာကိုယ် ကိုယ့်ပဋိစ္စသမုပ္ပါဒ်တောင် ဘာဖြစ်နေမှန်း မသိသေးဘူး ခက်လိုက်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာ, ဥပါဒါန်က ဘာတုံး (ကိလေသဝဋ်ပါ)၊ တဏှာ, ဥပါဒါန်ရှိမှ ကံလာမယ် မဟုတ်လား (မှန်ပါ့)၊ ဒါက ဘာခေါ်မယ် (ကမ္မဝဋ်ပါ ဘုရား)။

ဝဋ်သုံးပါးကျွတ်တယ်

ဒီကံရှိမှ ဒီအပါယ်လေးပါး ခန္ဓာငါးပါးလာမယ်။ ဒါက ဘာခေါ်သတုံး (ဝိပါကဝဋ်ပါ ဘုရား)။

ဒါဖြင့် ဒီမဂ်ဝင်လိုက်တဲ့အတွက် ဝဋ်သုံးပါးကျွတ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဂ်ဝင်လိုက်တဲ့အတွက် (ဝဋ်သုံးပါးကျွတ်ပါတယ်)၊ ဒါဖြင့် ဝဋ်ကျွတ်တရားဆိုတာ ဒါပဲ (မှန်ပါ့ ဘုရား)၊ ဝဋ် ကျွတ်တရားဆိုတာ မဂ္ဂင်အလုပ် လုပ်တဲ့ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ဘုရားရှေ့သွားပြီး သကာလ တပည့်တော် ဆွမ်းနဲ့, ကွမ်းနဲ့ ဘုရား ဝဋ်သုံးပါးမှ ကျွတ်ရပါလို၏ တဲ့။ လုပ်လည်းမလုပ်ဘူး (မှန်ပါ့)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကော (မဖြတ်ပါ)၊ ကိုယ်မဖြတ်ဘူး (မှန်ပါ့ ဘုရား)။

အရှင်ဘုရား တပည့်တော် ဝဋ်ဘဝတိုတိုနဲ့ ဒီဝဋ်ကလေးတွေ တိုတိုနဲ့ပေါ့ဗျာ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဝဋ်ဘဝတိုတိုဆိုတာ ကိလေသာလည်း တိုရပါလို၏ (မှန်ပါ့)၊ ကံကော (တိုရပါလို၏)၊ ဝိပါကအကျိုးပေးကော (တိုရပါလို၏ ဘုရား)။

ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရရပါလို၏ အရှင်ဘုရားလို့ ဘုရားရှေ့သွားတောင်းတယ် (မှန်ပါ့)၊ မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။

တောင်းတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပေးနိုင်တာလား၊ နည်းပေးနိုင်တာလား တကယ်ဝဋ်ဖြတ် ပေးနိုင်တာလား၊ အကဲခတ်စမ်း (နည်းပေးနိုင်တာပါ ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ် ဒီအတိုင်း ဒီကြားကနေပြီး ဖြတ်ဆိုတဲ့နည်းတော့ ပေးနိုင်ရဲ့ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ တောင်းတာက ပေးတော်မူပါဘုရားလို့ တောင်းတဲ့အခါ နည်းတောင်းတာလား၊ သူ့ကို အဖြတ်ခိုင်း တာလား (သူ့ကို အဖြတ်ခိုင်းတာပါ ဘုရား)။

ဘုရားက ဘယ်နည်းနဲ့မှ လုပ်မပေးနိုင်ဘူး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘုရားက ဘယ်နည်းနဲ့မှ လုပ်မပေးနိုင်ဘူး (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

နည်းပေးရုံပဲ တတ်နိုင်တယ်

ဘုရားက ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက နည်းပေးရုံပဲ တတ်နိုင်တယ် (မှန်ပါ့)၊ ငါ့ကိစ္စက နည်းပေးဖို့ ကိစ္စ (မှန်ပါ့)၊ ဖြတ်ဖို့ကိစ္စက မင်းတို့ကိစ္စ (မှန်ပါ့)၊ သူက နှစ်ကိစ္စနဲ့ ဘုရားဖြစ်လာတာ (မှန်ပါ့ ဘုရား)။

နည်းပေးဖို့ကိစ္စက (ဘုရား၏ကိစ္စပါ)၊ ဖြတ်ဖို့ကိစ္စက (တပည့်တော်တို့ကိစ္စပါ)၊ ကိုယ့်ကိစ္စဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။**

** ဥပရိပဏ္ဏာသပါဠိတော်၊ ဂဏကမောဂ္ဂလ္လာန်သုတ်ကြည့်။

အဲဒီတော့ ကိုယ့်ကိစ္စရော သူ့ကိစ္စရော အရှင်ဘုရား တာဝန်ပါဘုရားဆိုတော့ ဘုရားက မတတ်နိုင်ဘူး (မတတ်နိုင်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်ကိစ္စရော သူ့ကိစ္စရော အရှင်ဘုရား တာဝန်ဆိုရင် ဘယ့်နှယ်တုံး (မတတ်နိုင်ပါ ဘုရား)။

ခုနင်က ပါဠိပြန်တွေးလိုက် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဝိညူဟိ=တရားနာလို့ ပညာရှိတဲ့ပုဂ္ဂိုလ်တို့သည် သာလျှင်၊ ပစ္စတ္တံ=အသီးသီး၊ ဝေဒိတဗ္ဗော=မဂ်ပညာကို ခံစားရ၏ (မှန်ပါ့)၊ ဒီပုဂ္ဂိုလ် သူလုပ်မှ သူရတယ် (မှန်ပါ့)၊ မလုပ်ရင် (မရပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့က အနာပျောက်ဆေးကို နည်းပေးနိုင်တဲ့ ပုဂ္ဂိုလ်ကို ဆေးအစစ်တောင်းတယ် (မှန်ပါ့)၊ ဆေး နည်းပေးနိုင်တဲ့ သတ္တိ ဘုရားမှာရှိတယ် (မှန်ပါ့)၊ အဲဒီဆေးကို တပည့်တော်တို့ မလိုချင်ဘူး တကယ်ထောင်းနည်း ထု နည်း ပျောက်တဲ့ဆေး တပည့်တော်တို့ လိုချင်တယ်ဆိုတော့ ဘုရားက ငါ့မှာမရှိဘူး ပြောလိမ့်မယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ် ဒီအလွဲတွေကို ဒီဆရာဘုန်းကြီးတွေကမှ ပြင်ဆင်မပေးတော့ဘူးဆိုရင်ဖြင့် ဆေး ရော နည်းရော ပေးတော်မူပါချည်း တောင်းမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားမှာ နည်းတော့ရှိတယ်နော် (မှန်ပါ့)၊ ဆေးတော့ (မရှိပါ)၊ သဘောပါကြလား (ပါပါပြီ ဘုရား)၊ နည်း တော့ဖြင့် (ရှိပါတယ်)၊ ဆေးတော့ဖြင့် (မရှိပါ ဘုရား)။

မိလိန္ဒပဥှာမှာ သွားကြည့်ပါ ဒကာ ဒကာမတို့ ငါဘုရားသည် ဆေးသမားသဖွယ် ဖြစ်ပါ၏တဲ့ (မှန်ပါ့)၊ ဆေး သမားတောင် အစစ်ပြောတာ မဟုတ်ဘူး၊ ဆေးသမားသဖွယ်တဲ့။ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ကိုတဲ့ ငါဟောထားတဲ့ တရားတွေရှိတယ်၊ အဲဒီ့တရားတွေကို မင်းတို့ အားထုတ်ပြီး သကာလ စားကြ ရင် ပျောက်မယ်လို့ သေသေချာချာပြောတယ် (မှန်ပါ့)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ငါနည်းတွေ ထားပစ်ခဲ့တယ် (မှန်ပါ့)၊ အဲဒီနည်းတွေနဲ့ မင်းတို့ ဖော်စပ်စား၊ ပျောက်မယ်ဆိုတာ မဟောခဲ့ဘူး လား (ဟောခဲ့ပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမှာ

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကစပြီး ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမှာဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကိုယ်တိုင်လုပ်မှ (ကိုယ်တိုင်ရမှာပါ)၊ အကြင်လင်မယားသည် အင်မတန် ချစ်ခင်လေးမြတ်ကြလို့ပဲ တစ်ယောက် နဲ့တစ်ယောက် ကျင်ကြီးကျင်ငယ်တောင် ကြုံးနိုင်ကြပါတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ စွမ်းရည်သတ္တိသေးတယ်လို့ မဆိုပါဘူး (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ယုံပလား (ယုံပါတယ် ဘုရား)၊ ခင်ဗျားတို့ စွမ်းရည်သတ္တိ မသေးပါဘူး (မှန်ပါ့)။

တစ်ယောက်ကျင်ကြီးကို တစ်ယောက် သုတ်သင်နိုင်ပါတယ် ၊ တစ်ယောက်ကျင်ငယ်ကို တစ်ယောက် သုတ်သင်နိုင်ပါတယ်၊ အညစ်အကြေးဟူသ၍ ချွေးတွေဘာတွေကို သုတ်ပေးနိုင်ပါတယ်၊ ဒါလောက်ထိအောင် ခင်ဗျား တို့ တစ်ယောက်တစ်ယောက်အပေါ်မှာတော့ စေတနာတွေ သဒ္ဓါတွေ ထက်ပါတယ် (မှန်ပါ့)၊ မဂ်ပညာတော့ တစ်ယောက် နဲ့တစ်ယောက် ပေးလို့မရဘူး (မရနိုင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

မဂ်ပညာ တစ်ယောက်မဂ်ကို တစ်ယောက် ရနိုင်ရဲ့လား (မရနိုင်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဓမ္မဒိန္နာနဲ့ ဝိသာခ သူဌေး

ဓမ္မဒိန္နာနဲ့ ဝိသာခ သူဌေး ထောက်ကြည့်ပါ (မှန်ပါ့ ဘုရား)၊ ဝိသာခက အနာဂါမ်တည်လာတော့ ဓမ္မဒိန္နာက သူ့ကို စကားမပြော, သူ့ကို အသိမလုပ်တဲ့အတွက် ဘာများဖြစ်ပါလိမ့်မတုံးလို့ မိန်းမတွေးတောင် တွေးလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

နောက်တော့ ဘာမှမဖြစ်ပါဘူး၊ ဒါတရား၏ သဘောပါလို့ ပြောလိုက်တဲ့အခါ ဒီတရားဟာ ယောကျ်ားသာ အားထုတ်ရသလား၊ မိန်းမများကော အားမထုတ်နိုင်ဘူးလား ဆိုတော့ အို အားထုတ်ရင် ဘုရားက ဘယ်သူ့ မဆို ခွင့်ပြုပါတယ်ဆိုတော့ သူသွားအားထုတ်တော့ ရဟန္တမ ဖြစ်သွားပြီး တစ်ဆင့်တောင် သာလိုက်သေးတယ်၊ ဟိုက အနာဂါမ်ကိုး (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ်လုပ်လို့ ကိုယ်ရတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကစပြီး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ နည်းပေးဖို့ရာ ဘုန်း ကြီးတို့ တာဝန် (မှန်ပါ့)၊ အားထုတ်ဖို့ရာ (တပည့်တော်တို့ တာဝန်ပါ ဘုရား)၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဆေးစာဖတ်ရုံနဲ့ ရောဂါပျောက်ပါ့မလား (မပျောက်ပါ ဘုရား)၊ အဲ တရားနာရုံနဲ့လည်း ရောဂါမပျောက် သေးဘူး (မှန်ပါ့)၊ တရားအားထုတ်မှ ဘာပျောက်မယ်ထင်ကြသတုံး (ရောဂါပျောက်မှာပါ ဘုရား)။

ဟော ကိလေသာရောဂါ ပျောက်မယ် (မှန်ပါ့)၊ ကဲ ရောဂါတွေ (ပျောက်ပါမယ် ဘုရား)၊ အကျိုးပေး ရောဂါတွေ (ပျောက်မှာပါ ဘုရား)။

ကိုယ့်ကိုယ်သနားရင် လုပ်ပါ

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် ကိုယ့်ကိုယ်သနားရင် လုပ်ပါ (မှန်လှပါ ဘုရား)။

ဘယ်လိုပြောပါလိမ့် (ကိုယ့်ကိုယ်သနားရင် လုပ်ကြပါဘုရား)၊ မလုပ်သေးတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထင် ကြသလဲ (မသနားလို့ပါ ဘုရား)။

ဟာ ဒီအထဲ ကိုယ့်ကိုယ်သနားတဲ့လူနဲ့ မသနားတဲ့လူ ဘယ်လောက်များသတုံး (များပါတယ် ဘုရား)၊ ဘယ်သူက များသတုံး ဒကာကြွယ် မုသားမပါစေနဲ့ (မသနားတဲ့လူက များပါတယ် ဘုရား)။

မသနားတဲ့လူက များတယ် (မှန်ပါ့)၊ တကယ်ရိုင်းပါလား (မှန်ပါ့)၊ ဒီထဲ လူဆိုးချည်းပါလား (မှန်ပါ့)။

ဒကာ ဒကာမတို့ ကိုယ့်ကိုယ်သနားတဲ့လူ အတော်နည်းပါတယ် (နည်းပါတယ် ဘုရား)၊ ကိုယ့်ကိုယ်မသနားတဲ့ လူ ဘာလုပ်နေသတုံး လို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ကိလေသာ၏ ကျွန်ခံနေတယ် (မှန်ပါ့)။

ကိုယ့်ကိုယ်ကိုယ် မသနားတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူ့ကျွန်ခံနေသတုံး (ကိလေသာ၏ကျွန် ခံနေပါတယ် ဘုရား)၊ ကိလေသာ၏ ကျွန်ခံနေတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ကိုယ့်ကိုယ်မသနားတဲ့ပုဂ္ဂိုလ် ဘာလုပ်နေ သတုံး (ကိလေသာ၏ ကျွန်ခံနေပါတယ် ဘုရား)။

အဲ တရားအားမထုတ်သေးဘူး၊ တရားမနာသေးဘူးဆိုရင် မင်း ဘာကောင်တုံးလို့ မေး (မှန်ပါ့)၊ မင်း ဘာကောင်တုံးလို့ မေးတဲ့အခါ မင်းလူငနွားပဲ၊ တဏှာ့ကျွန်ခံနေတာ (မှန်ပါ့ ဘုရား)၊ မင်းကိုယ်မင်း သနားတာ မဟုတ်ဘူး၊ မင်းလောက်မိုက်တဲ့လူ မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဘယ်သူ့ဆုံးမရမလဲ (ကိုယ့်ကိုယ်ကိုယ် ဆုံးမရပါမယ် ဘုရား)။

ကိုယ့်ကိုယ်ကို ဆုံးမတော့ ဒကာ ဒကာမတို့ ကလေးဆုံးမရတာထက် ခက်တယ်လို့ ဘုရားက ဟောထားတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ဟာ ဆုံးမအခက်ဆုံးဆိုတော့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်မည့် တရား အရခဲဆုံးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီတရားဟာ အစဉ်အတိုင်း ခုနင်ကသွားလို့ အပါယ်လေးပါးကျအောင် ပြခဲ့ပါတယ်၊ ဖြတ်လိုက်လို့ရှိရင် ဒီကိလေ သဝဋ်လည်း ချုပ်ပါတယ် (ချုပ်ပါတယ် ဘုရား)၊ ကမ္မဝဋ် (ချုပ်ပါတယ် ဘုရား)၊ ဝိပါကဝဋ်လည်း (ချုပ်ပါတယ် ဘုရား)၊ အပါယ်လေးပါးဆိုတဲ့ ဝိပါကဝဋ် လာသေးရဲ့လား (မလာပါ ဘုရား)။

ကံတွေကော ဒကာ ဒကာမတို့ကံတွေက လူ့ပြည်ပစ်တင်လိုက်၊ လူ့ပြည်မသာဖြစ်အောင် ပို့လိုက် (မှန်ပါ့)၊ အပါယ်လေးပါး မီးလောင်ကောင်ဖြစ်အောင် လုပ်လိုက် ကံက-ကံက (မှန်ပါ့)။

သူစီမံတဲ့နေရာမှာလည်း လွတ်ကင်းမသွားဘူးလား (လွတ်ကင်းပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာနှစ်ခု စီမံတာ

သူစီမံချင်လို့ စီမံရတာလား ကိလေသာနှစ်ခု စီမံတာလား (ကိလေသာနှစ်ခုက စီမံတာပါ ဘုရား)၊ ကိလေသာ နှစ်ခုက စီမံတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ စီမံတတ်တဲ့တရားလည်း သေပြီ၊ လုပ်မည့်တရားလည်း သေပြီ၊ လုပ်လို့ ပေါ်လာတဲ့ အထည်လည်း ပျောက်ပြီ (မှန်ပါ့)၊ မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား)။

ဒါဖြင့် ဝဋ်သုံးပါး ကျွတ်ရပါလို၏လို့ ဆုတောင်းရမှာလား၊ ဝဋ်ဖြတ်ရမှာလား (ဝဋ်ဖြတ်ရမှာပါ ဘုရား)၊ ပေါ်ပါပြီဗျာ (ပေါ်ပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ အင်မတန် အရေးကြီးပြီနော် (မှန်ပါ့)၊ ဝဋ်သုံးပါး ကျွတ်ရပါလို၏ ဆိုမလား၊ ကိုယ်တိုင်ဉာဏ်နဲ့ ဖြတ်ရမှာလား (ကိုယ်တိုင်ဉာဏ်နဲ့ ဖြတ်ရမှာပါ ဘုရား)။

အို ဒကာကြွယ် ဝဋ်ကျွတ်ရပါလို၏ဆိုတဲ့လူက များတယ်နော် (မှန်ပါ့)၊ ကိုယ်တိုင်ဖြတ်နေတဲ့လူက ရှားတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာကြွယ် ဘယ်လိုဆုံးဖြတ်ချက်ချမတုံ ဆိုတော့ အပြောသမားသာရှိ၍ အလုပ်သမားမရှိဘူး (မှန်ပါ့ ဘုရား)၊ အပြောသမားသာ (ရှိပါတယ် ဘုရား)၊ အလုပ်သမားက ဘယ့်နှယ် (မရှိပါ ဘုရား)။

ဒါဖြင့် အလုပ်သမားမရှိလို့ရှိရင် ဘယ်ပစ္စည်း အပြီးတိုင်ရောက်မလဲ (မရောက်ပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသဝဋ်ပြတ်မှ ကမ္မဝဋ်က (ပြတ်မှာပါ ဘုရား)၊ ကမ္မဝဋ်ပြတ်မှ (ဝိပါကဝဋ် ပြတ်မှာပါဘုရား)၊ ဝိပါကဝဋ်ပြတ်မယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မုဆိုးကြီးမိန်းမက သောတာပန်

ကိုင်း ဒါဖြင့် ဘုရားလက်ထက်က ဒကာ ဒကာမတို့ မုဆိုးကြီး သားခုနစ်ယောက်, ချွေးမ ခုနစ်ယောက် နဲ့ တစ်သက်လုံး မုဆိုးလုပ်စားတယ် (မှန်ပါ့ ဘုရား)၊ မုဆိုးကြီးမိန်းမက သောတာပန်ဆိုတာ ခင်ဗျားတို့ သိပါတယ် (မှန်လှပါ ဘုရား)။

တစ်သက်လုံး မုဆိုးလုပ်စားနေတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တစ်နေ့သ၌ သွားပြီးတော့ ကိလေသဝဋ် ချွတ်ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာချွတ်ပေးလိုက်သလဲ (ကိလေသဝဋ် ချွတ်ပေးလိုက်ပါတယ် ဘုရား)။

သူလုပ်ထားတဲ့ ကမ္မဝဋ်တွေ အကျိုးပေးသေးရဲ့လား (မပေးပါ ဘုရား)၊ ဒါဖြင့် ဝိပါကဝဋ်ဆိုတဲ့ အပါယ်လေးပါး (မလာတော့ပါ ဘုရား)။

ဒါဖြင့် မုဆိုးကို ဘယ်သူကယ်တင်သတုံး မေးတော့ အမြင်အထင်ပြောတော့ ဘုရား (မှန်ပါ့)၊ အတွင်းက အလုပ်သမားက တရား (မှန်ပါ့)။

အမြင်အထင်ပြောတော့ (ဘုရားပါ ဘုရား)၊ ဘုရားကယ်တင်လိုက်တာ အပြောကတော့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ စင်စစ် ကယ်တင်လိုက်တာက တရားက ကယ်တင်လိုက်တာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အမြင်အထင်ပြောတော့ ဘယ်သူကယ်တင်ပါလိမ့် (ဘုရားကယ်တင်တာပါ ဘုရား)၊ ဝမ်းထဲ ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်တာကတော့ (တရားက ကယ်တင်တာပါ ဘုရား)။

တရားဟာ အရေးကြီးတော့တယ်

အဲဒါကြောင့် ဒကာ ဒကာမတို့ တရားဟာ အရေးကြီးတော့တယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ အရေးကြီးပါလိမ့် (တရား အရေးကြီးပါတယ် ဘုရား)။

ဓမ္မဒိန္နာနဲ့ ဝိသာခ သူဌေး ထောက်ကြည့်ပါ (မှန်ပါ့ ဘုရား)၊ ဝိသာကေ အနာဂါမ်တည်လာတော့ ဓမ္မဒိန္နာက သူ့ကို စကားမပြော, သူ့ကို အသိမလုပ်တဲ့အတွက် ဘာများဖြစ်ပါလိမ့်မတုံးလို့ မိန်းမတွေးတောင် တွေးလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

နောက်တော့ ဘာမှမဖြစ်ပါဘူး၊ ဒါတရား၏ သဘောပါလို့ ပြောလိုက်တဲ့အခါ ဒီတရားဟာ ယောကျ်ားသာ အားထုတ်ရသလား၊ မိန်းမများကော အားမထုတ်နိုင်ဘူးလား ဆိုတော့ အို အားထုတ်ရင် ဘုရားက ဘယ်သူ့ မဆို ခွင့်ပြုပါတယ်ဆိုတော့ သူသွားအားထုတ်တော့ ရဟန္တမ ဖြစ်သွားပြီး တစ်ဆင့်တောင် သာလိုက်သေးတယ်၊ ဟိုက အနာဂါမ်ကိုး (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ်လုပ်လို့ ကိုယ်ရတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကစပြီး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ နည်းပေးဖို့ရာ ဘုန်း ကြီးတို့ တာဝန် (မှန်ပါ့)၊ အားထုတ်ဖို့ရာ (တပည့်တော်တို့ တာဝန်ပါ ဘုရား)၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဆေးစာဖတ်ရုံနဲ့ ရောဂါပျောက်ပါ့မလား (မပျောက်ပါ ဘုရား)၊ အဲ တရားနာရုံနဲ့လည်း ရောဂါမပျောက် သေးဘူး (မှန်ပါ့)၊ တရားအားထုတ်မှ ဘာပျောက်မယ်ထင်ကြသတုံး (ရောဂါပျောက်မှာပါ ဘုရား)။

ဟော ကိလေသာရောဂါ ပျောက်မယ် (မှန်ပါ့)၊ ကဲ ရောဂါတွေ (ပျောက်ပါမယ် ဘုရား)၊ အကျိုးပေး ရောဂါတွေ (ပျောက်မှာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် ကိုယ့်ကိုယ်သနားရင် လုပ်ပါ (မှန်လှပါ ဘုရား)။

ဘယ်လိုပြောပါလိမ့် (ကိုယ့်ကိုယ်သနားရင် လုပ်ကြပါဘုရား)၊ မလုပ်သေးတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထင် ကြသလဲ (မသနားလို့ပါ ဘုရား)။

မသနားတဲ့လူက များပါတယ်

ဟာ ဒီအထဲ ကိုယ့်ကိုယ်သနားတဲ့လူနဲ့ မသနားတဲ့လူ ဘယ်လောက်များသတုံး (များပါတယ် ဘုရား)၊ ဘယ်သူက များသတုံး ဒကာကြွယ် မုသားမပါစေနဲ့ (မသနားတဲ့လူက များပါတယ် ဘုရား)။

မသနားတဲ့လူက များတယ် (မှန်ပါ့)၊ တကယ်ရိုင်းပါလား (မှန်ပါ့)၊ ဒီထဲ လူဆိုးချည်းပါလား (မှန်ပါ့)။

ဒကာ ဒကာမတို့ ကိုယ့်ကိုယ်သနားတဲ့လူ အတော်နည်းပါတယ် (နည်းပါတယ် ဘုရား)၊ ကိုယ့်ကိုယ်မသနားတဲ့ လူ ဘာလုပ်နေသတုံး လို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ကိလေသာ၏ ကျွန်ခံနေတယ် (မှန်ပါ့)။

ကိုယ့်ကိုယ်ကိုယ် မသနားတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူ့ကျွန်ခံနေသတုံး (ကိလေသာ၏ကျွန် ခံနေပါတယ် ဘုရား)၊ ကိလေသာ၏ ကျွန်ခံနေတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ကိုယ့်ကိုယ်မသနားတဲ့ပုဂ္ဂိုလ် ဘာလုပ်နေ သတုံး (ကိလေသာ၏ ကျွန်ခံနေပါတယ် ဘုရား)။

အဲ တရားအားမထုတ်သေးဘူး၊ တရားမနာသေးဘူးဆိုရင် မင်း ဘာကောင်တုံးလို့ မေး (မှန်ပါ့)၊ မင်း ဘာကောင်တုံးလို့ မေးတဲ့အခါ မင်းလူငနွားပဲ၊ တဏှာ့ကျွန်ခံနေတာ (မှန်ပါ့ ဘုရား)၊ မင်းကိုယ်မင်း သနားတာ မဟုတ်ဘူး၊ မင်းလောက်မိုက်တဲ့လူ မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဘယ်သူ့ဆုံးမရမလဲ (ကိုယ့်ကိုယ်ကိုယ် ဆုံးမရပါမယ် ဘုရား)။

ကိုယ့်ကိုယ်ကို ဆုံးမတော့ ဒကာ ဒကာမတို့ ကလေးဆုံးမရတာထက် ခက်တယ်လို့ ဘုရားက ဟောထားတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ဟာ ဆုံးမအခက်ဆုံး

ဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ဟာ ဆုံးမအခက်ဆုံးဆိုတော့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်မည့် တရား အရခဲဆုံးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီတရားဟာ အစဉ်အတိုင်း ခုနင်ကသွားလို့ အပါယ်လေးပါးကျအောင် ပြခဲ့ပါတယ်၊ ဖြတ်လိုက်လို့ရှိရင် ဒီကိလေ သဝဋ်လည်း ချုပ်ပါတယ် (ချုပ်ပါတယ် ဘုရား)၊ ကမ္မဝဋ် (ချုပ်ပါတယ် ဘုရား)၊ ဝိပါကဝဋ်လည်း (ချုပ်ပါတယ် ဘုရား)၊ အပါယ်လေးပါးဆိုတဲ့ ဝိပါကဝဋ် လာသေးရဲ့လား (မလာပါ ဘုရား)။

ကံတွေကော ဒကာ ဒကာမတို့ကံတွေက လူ့ပြည်ပစ်တင်လိုက်၊ လူ့ပြည်မသာဖြစ်အောင် ပို့လိုက် (မှန်ပါ့)၊ အပါယ်လေးပါး မီးလောင်ကောင်ဖြစ်အောင် လုပ်လိုက် ကံက-ကံက (မှန်ပါ့)။

သူစီမံတဲ့နေရာမှာလည်း လွတ်ကင်းမသွားဘူးလား (လွတ်ကင်းပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူစီမံချင်လို့ စီမံရတာလား ကိလေသာနှစ်ခု စီမံတာလား (ကိလေသာနှစ်ခုက စီမံတာပါ ဘုရား)၊ ကိလေသာ နှစ်ခုက စီမံတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ စီမံတတ်တဲ့တရားလည်း သေပြီ၊ လုပ်မည့်တရားလည်း သေပြီ၊ လုပ်လို့ ပေါ်လာတဲ့ အထည်လည်း ပျောက်ပြီ (မှန်ပါ့)၊ မပျောက်သေးဘူးလား (ပျောက်ပါပြီ ဘုရား)။

ကိုယ်တိုင်ဉာဏ်နဲ့ ဖြတ်ရမှာ

ဒါဖြင့် ဝဋ်သုံးပါး ကျွတ်ရပါလို၏လို့ ဆုတောင်းရမှာလား၊ ဝဋ်ဖြတ်ရမှာလား (ဝဋ်ဖြတ်ရမှာပါ ဘုရား)၊ ပေါ်ပါပြီဗျာ (ပေါ်ပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ အင်မတန် အရေးကြီးပြီနော် (မှန်ပါ့)၊ ဝဋ်သုံးပါး ကျွတ်ရပါလို၏ ဆိုမလား၊ ကိုယ်တိုင်ဉာဏ်နဲ့ ဖြတ်ရမှာလား (ကိုယ်တိုင်ဉာဏ်နဲ့ ဖြတ်ရမှာပါ ဘုရား)။

အို ဒကာကြွယ် ဝဋ်ကျွတ်ရပါလို၏ဆိုတဲ့လူက များတယ်နော် (မှန်ပါ့)၊ ကိုယ်တိုင်ဖြတ်နေတဲ့လူက ရှားတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာကြွယ် ဘယ်လိုဆုံးဖြတ်ချက်ချမတုံ ဆိုတော့ အပြောသမားသာရှိ၍ အလုပ်သမားမရှိဘူး (မှန်ပါ့ ဘုရား)၊ အပြောသမားသာ (ရှိပါတယ် ဘုရား)၊ အလုပ်သမားက ဘယ့်နှယ် (မရှိပါ ဘုရား)။

ဒါဖြင့် အလုပ်သမားမရှိလို့ရှိရင် ဘယ်ပစ္စည်း အပြီးတိုင်ရောက်မလဲ (မရောက်ပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသဝဋ်ပြတ်မှ ကမ္မဝဋ်က (ပြတ်မှာပါ ဘုရား)၊ ကမ္မဝဋ်ပြတ်မှ (ဝိပါကဝဋ် ပြတ်မှာပါဘုရား)၊ ဝိပါကဝဋ်ပြတ်မယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားလက်ထက်က ဒကာ ဒကာမတို့ မုဆိုးကြီး သားခုနစ်ယောက်, ချွေးမ ခုနစ်ယောက် နဲ့ တစ်သက်လုံး မုဆိုးလုပ်စားတယ် (မှန်ပါ့ ဘုရား)၊ မုဆိုးကြီးမိန်းမက သောတာပန်ဆိုတာ ခင်ဗျားတို့ သိပါတယ် (မှန်လှပါ ဘုရား)။

တစ်သက်လုံး မုဆိုးလုပ်စားနေတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တစ်နေ့သ၌ သွားပြီးတော့ ကိလေသဝဋ် ချွတ်ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ကိလေသဝဋ် ချွတ်ပေးလိုက်ပါတယ်

ဒကာ ဒကာမတို့ ဘာချွတ်ပေးလိုက်သလဲ (ကိလေသဝဋ် ချွတ်ပေးလိုက်ပါတယ် ဘုရား)။

သူလုပ်ထားတဲ့ ကမ္မဝဋ်တွေ အကျိုးပေးသေးရဲ့လား (မပေးပါ ဘုရား)၊ ဒါဖြင့် ဝိပါကဝဋ်ဆိုတဲ့ အပါယ်လေးပါး (မလာတော့ပါ ဘုရား)။

ဒါဖြင့် မုဆိုးကို ဘယ်သူကယ်တင်သတုံး မေးတော့ အမြင်အထင်ပြောတော့ ဘုရား (မှန်ပါ့)၊ အတွင်းက အလုပ်သမားက တရား (မှန်ပါ့)။

အမြင်အထင်ပြောတော့ (ဘုရားပါ ဘုရား)၊ ဘုရားကယ်တင်လိုက်တာ အပြောကတော့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ စင်စစ် ကယ်တင်လိုက်တာက တရားက ကယ်တင်လိုက်တာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အမြင်အထင်ပြောတော့ ဘယ်သူကယ်တင်ပါလိမ့် (ဘုရားကယ်တင်တာပါ ဘုရား)၊ ဝမ်းထဲ ပဋိစ္စသမုပ္ပါဒ် ပြတ်အောင်လုပ်တာကတော့ (တရားက ကယ်တင်တာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ တရားဟာ အရေးကြီးတော့တယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ အရေးကြီးပါလိမ့် (တရား အရေးကြီးပါတယ် ဘုရား)။

တရားအားထုတ် ရင် ဝိပဿနာ

အနုဿတိဆယ်ပါးဆိုတာ သမထ မဟုတ်လား (မှန်ပါ့)၊ တရားကိုးကွယ်ရင် သမထ (မှန်ပါ့)၊ တရားအားထုတ် ရင် ဝိပဿနာ (မှန်ပါ့)၊ တရားကိုးကွယ်ရင် (သမထပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ပုတီးသမားတွေကိုလည်း မစိပ်စေချင်လို့ ပြောတာ မဟုတ်ပါဘူး၊ ဓမ္မဂုဏ်တော် အများကြီးရတယ် (မှန်ပါ့)၊ ဗုဒ္ဓဂုဏ်တော် အများကြီးရတယ် (မှန်ပါ့)၊ ကုသိုလ်မရဘူးလား ရတယ်။ နိဗ္ဗာန်ရမလား မရဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ မရနိုင်ဘူးဆိုတာ (သေချာပါပြီ ဘုရား)။

အဘယ့်ကြောင့်တုံးဆိုတော့ ဒကာ ဒကာမတို့ သမထလေးဆယ်တဲ့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ သမထလေးဆယ်ဟာ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့)၊ သူကနေပြီး ဆက်ပြီး ဝိပဿနာကူးမှရောက်မယ် (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားကိုကိုးကွယ်လည်း ကိုးကွယ်ပါ အားလည်းထုတ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)၊ ကိုးကွယ်လည်း (ကိုးကွယ်ရပါမယ်)၊ အားကော (အားလည်း ထုတ်ရပါမယ်)၊ သို့သော် ကိုးကွယ်တာထက် အားထုတ်မှုသန်ပါ (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ကိုးကွယ်တာထက် (အားထုတ်မှုသန်ပါ)၊ အားထုတ်မှု သန် ပေးကြပါ (မှန်ပါ့)။

ဒီ ဒကာ ဒကာမတွေ ဘယ်ကလာကြသတုံးလို့ မေးလို့ရှိရင်ဖြင့် နောက်ဘဝ ဘယ်ကလာကြသတုံး မပြောတတ်ပါဘုရား၊ လူတိုင်းဖြေမယ် (မှန်ပါ့)၊ မဖြေပေဘူးလား (ဖြေပါတယ်)၊ ဘယ်က လာကြသတုံး နောက် ဘဝက (မပြောတတ်ပါ ဘုရား)။

မပြောတတ်ဘူး (မှန်ပါ့)၊ ဒါဖြင့် ဘယ်သူ ပို့လိုက်သတုံး ဘယ်သူက ခင်ဗျားတို့ လက်ဆွဲခေါ်သတုံး တရားက ပို့လိုက်ပါတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်သူက ပို့လိုက်သတုံး (တရားက ပို့လိုက်ပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီကနေ အနေအထိုင်မတတ်လို့ အပါယ်သွားကြတာလည်း ကိုယ်တိုင်ခြေလျင်သွားလို့ ရောက်ကြတာလား တရားပို့လို့ ရောက်တာလား (တရားပို့လို့ ရောက်တာပါ ဘုရား)။

ဒါဖြင့် တရားသည် ဒကာ ဒကာမတို့ မတရားတဲ့ တရားဟူသ၍က အပါယ်လေးပါး ပို့တတ်ပါတယ်၊ မဂ္ဂင် တရားတွေက နိဗ္ဗာန်ပို့တတ်ပါတယ် (မှန်ပါ့)။

အဲဒါကြောင့် ခင်ဗျားတို့ကို လမ်းပြ ကြိုးဆွဲခေါင်းဆောင် ကယ်တင်ယူမှု ထိုးချမှုဆိုတာ တရားပဲရှိတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ရှုရပါမယ်

ကောင်းပြီ ဒါဖြင့် ရှေ့ဆက်ပြပါဦးမယ်၊ ဥပါဒါန်ကလေးလည်း တပည့်တော်တို့က ဖြစ်ပျက်မရှုမိဘူး ဘုရာ့။ ခန္ဓာကိုယ်ထဲ ပေါ်တော့ပေါ်ပါတယ်၊ ပေါ်ပင်ပေါ်ငြားသော်လည်း တပည့်တော်တို့က မရှုမိဘူး ဘုရား၊ သတိက ဝေး ဝေးသွားတယ် (မှန်ပါ့)၊ ဒါဖြင့် ရှိပါစေတော့ ကံရှု (မှန်ပါ့)။

ကံကလေး စေတနာပေါ်တိုင်းပေါ်တိုင်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက်ရှုပေး ရတယ် (မှန်ပါ့ ဘုရား)။

”ရူပသဉ္စေတနာ လောလေ သဒ္ဒသဉ္စေတနာ လောကေ” နဲ့ သတိပဋ္ဌာန်ပါဠိတော်မှာ ဘုရားက ရှုသာရှုတဲ့ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါကြောင့် ကံလာလို့ရှိရင်လည်း ဘာရှုရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ကံက ဖြစ်ပျက်၊ ရှုတာက (မဂ် ပါ)၊ ဝိပါကဝဋ် လာဦးမလား (မလာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့မှာပြထားတော့ ဖဿနဲ့ ဝေဒနာက တွဲလျက် (မှန်ပါ့)၊ တွဲရှု (မှန်ပါ့)၊ တဏှာကို ဒကာ ဒကာမတို့ ခွဲရှု (မှန်ပါ့)၊ တဏှာ ဥပါဒါန် မခွဲချင်ပါဘူးဆိုရင်လည်း တဏှာတစ်ခုတည်း လုံ၊ ရှု၊ ရတယ်၊ ကံနဲ့ တော့ ရောလို့မရဘူး (မှန်ပါ့)၊ ကံသီးသန့်ရှု (မှန်ပါ့)။

ဒါဖြင့် ဖဿနဲ့ ဝေဒနာ တွဲရှုပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဖဿထက်ရင် ဖဿရှု (မှန်ပါ့)၊ ဝေဒနာထက်ရင် (ဝေဒနာရှုရပါမယ်)၊ တဏှာထက်ရင် (တဏှာရှုရပါမယ်)၊ ဥပါဒါန်ထက်ရင် (ဥပါဒါန် ရှုရပါမယ် ဘုရား)။

ကံကတော့ တစ်ခုတည်းဖြစ်နေတဲ့အတွက် အထက်, အနုံ့မရှိဘူး၊ ရှုသာရှုတော့၊ ပေါ်တာရှု (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဖြစ်ပျက် အရှုခိုင်းပါလိမ့်မလဲ

ဒါဖြင့် ဒကာ ဒကာမတို့ ဒါ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဖြစ်ပျက် အရှုခိုင်းပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ဪ လိုပေမှာပဲ ဒကာ ဒကာမတို့ ၊ ဖဿ ဝေဒနာဆိုတာသည် ဒကာကြွယ် ဒီအချိန်မှာ ဖဿ ဝေဒနာနဲ့ အသက်ရှင်နေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖဿဝေဒနာပေါ်တုန်း ဘာနဲ့ အသက်ရှင်နေကြသလဲ (ဖဿဝေဒနာနဲ့ အသက်ရှင်ပါတယ်)၊ တဏှာ ဥပါဒါန် ပေါ်တော့ ဘယ်သူနဲ့ အသက်ရှင်သတုံး (တဏှာ ဥပါဒါန်နဲ့ အသက်ရှင်ပါတယ်ဘုရား)၊ ကံပေါ်တော့ကော (ကံနဲ့ အသက်ရှင်ပါတယ် ဘုရား)။

ဒါဖြင့် ဒါတွေ ဖြစ်ပျက်လို့ ဖြစ်ပြီး ပျက်တယ်ဆိုတော့ ဖြစ်တာက မွေးတာ၊ ပျက်တာက သေတာ (မှန်ပါ့)၊ အဲဒီ့ ကိုယ့်အသေ ကိုယ်မွေးတာနဲ့ ကိုယ့်အသေကို မြင်အောင် အရှုခိုင်းတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်မွေးတာရယ် ကိုယ်သေတာရယ် မြင်အောင်လို့ အရှုခိုင်းတာ (မှန်ပါ့)၊ ကိုယ့်အသက်တမ်းက ဒါပဲရှိတယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တဲ့ပုဂ္ဂိုလ်က နောက်ခန္ဓာ ရချင်ပါဦးမလား (မရချင်ပါ)၊ ကိုယ့်ဖဿ ကိုယ်မြင်တဲ့ ပုဂ္ဂိုလ်ဟာ ငါနောက်မသာဖြစ်ပါရစေဦးလို့ လာပါ့မလား (မလာပါ ဘုရား)။

နောက်မသာ မမြင်သေးလို့

အဲ ခင်ဗျားတို့ ဆုတောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ မသာ မမြင်သေးလို့ ဆုတောင်းတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာ နောက်မသာ မမြင်သေးလို့ (မှန်ပါ့)၊ အခု ရှေ့ရောက်တဲ့ မသာမှ မမြင်သေးတဲ့ ပုဂ္ဂိုလ်ဟာ နောက်မသာ ဆုတောင်းမှာပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာရှုဆိုတာ ဘာပါလိမ့်၊ ကိုယ့်မသာ ကိုယ်အကြည့်ခိုင်းတာ (မှန်ပါ့)၊ ဝိပဿနာရှုဆိုတာ ဘာပါ လိမ့် (ကိုယ့်မသာ ကိုယ်အကြည့်ခိုင်းတာပါ ဘုရား)။

ဒါဖြင့် ကိုယ့်အနိစ္စ ကိုယ်အရှုခိုင်းတာ (မှန်ပါ့)၊ အနိစ္စလည်း မသာပဲ (မှန်ပါ့)၊ ဒုက္ခကော (မသာပါ ဘုရား)၊ အနတ္တကော (မသာပါ ဘုရား)၊ ရှုလိုက်တော့ ဒုက္ခသစ္စာ၊ အသုဘတရား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုဆိုတာ ကိုယ့်မသာ ကိုယ်အကြည့်ခိုင်းတာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါ ပြီ ဘုရား)၊ ကိုယ့်သစ္စာကို (ကိုယ်အကြည့်ခိုင်းတာပါ ဘုရား)။

ဖြစ်တာလည်း ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ ပျက်တာလည်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဖြစ်တာဟာ သေမလို့ ဖြစ်တာမို့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ သေတာဟာ သေတဲ့ဒုက္ခနဲ့ ကြုံသွားလို့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ အဲ ဒုက္ခသစ္စာ အကြည့်ခိုင်းတာလို့ မှတ်ပါ (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ ပေါ်ပြီနော် (ပေါ်ပါပြီ)၊ သေတာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ သူသေလို့ နောက်ထပ် ခန္ဓာသစ် မရမှာက (နိရောဓသစ္စာပါ ဘုရား)။

သစ္စာလေးပါး ဟောနေတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။