ခန္ဓာကယ်တင်ရမည်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော
(၂၈-၇-၆၁)
ကိုယ့်ကိုယ်ကယ်တင်တဲ့အလုပ်
တရားနာကြတယ်။ ဆရာဘုန်းကြီးကိုလည်း ကြည်ညိုလေးစားပြီး လာကြတယ်။ တရားနာကြတယ် ဘယ်အကျိုး ငှာတုံးလို့ သူများက မေးမေး။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချချ။ ကိုယ့်ကိုယ်ကယ်တင်တဲ့ အလုပ်,လုပ်ရတယ်လို့ တစ်ခါတည်း မှတ်ထားကြပါ (မှန်ပါ့)။
တရားနာတယ်။ တရားအားထုတ်တယ်ဆိုတာ ဘာ,အလုပ်ပါလိမ့် (ကိုယ့်ကိုယ်ကယ်တင်တဲ့အလုပ်ပါ ဘုရား)။
ဒကာကြွယ် နေရာကျပြီ (ကျပါပြီ)၊ နေရာကျပြီတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ကိုယ့်ကိုယ်,ကိုယ် ကယ်တင်တဲ့အလုပ်ကို တယ်,သိခဲတယ် (မှန်ပါ့)။
ကိုယ့်ကိုယ်,ကိုယ် ကယ်တင်တဲ့အလုပ်ကို အင်မတန်သိခဲ့တယ် (မှန်ပါ့)၊ ကိုယ့်ကိုယ်,ကိုယ် ကယ်တင်တဲ့အလုပ် ကို မသိသေးတဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်မှ မသနားတဲ့ ပုဂ္ဂိုလ်လို့ မှတ်ပါ (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်မှ မသနားတဲ့ပုဂ္ဂိုလ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ချင်တဲ့စိတ် မရှိလို့ရှိရင် ကိုယ့်ကိုယ်မှ မသနားတဲ့ ပုဂ္ဂိုလ် အဆိပ်ပင် ရေလောင်းနေတယ်လို့ ဆိုရလိမ့်မယ် (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အရောင်းကလေးက မအားလို့ အဝယ်က မအားလို့ ဧည့်သည်က ရှုပ်လွန်းလို့ အခုအခါမှ ရတုန်းရခါမို့ သိမ်းပိုက်နေရတယ်ဆိုလို့ရှိရင်ဖြင့် တဲ့၊ ခန္ဓာကိုယ်ကြီးက ဘယ်လိုပဲ ရေလောင်းရေလောင်း သေအောင်သတ်မည့် အပင်ကြီး (မှန်လှပါ ဘုရား)၊ ဘယ်လိုပဲ အစားတွေစား၊ အဝတ်တွေဝတ်၊ ငါးသောင်း ခြောက်သောင်းတန် ကားတွေ (မာစီဒီ)တွေစီး၊ အမျိုးမျိုး အဖုံဖုံတွေ ဒကာကြွယ်တို့ ချီးမြှောက်ငြားသော်လည်းတဲ့ ၊ ကိုယ့်ကိုယ်ကယ်တင်ရာ မရောက်ပါဘူး။ သတ်မှာကို ပူဇော်ရာသာ ရောက်ပါတယ် (မှန်ပါ့)၊ သတ်တတ်တဲ့ ခန္ဓာကိုယ်ကြီး ပူဇော်ရာသာ ရောက်ပါတယ် (မှန်ပါ့)။
အဲဒါ ဒကာ ဒကာမတွေက ကိုယ့်ကိုယ်ကိုယ် သနားလို့လို့ ထင်နေကြတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဆိပ်ပင် ရေလောင်းတာ
ကိုယ့်ကိုယ်ကိုယ် သနားတာလား ၊ အဆိပ်ပင် ရေလောင်းတာလား (အဆိပ်ပင် ရေလောင်းတာပါ ဘုရား)။
အဆိပ်ပင် ကြီးပွားလို့ အဆိပ်သီး သီးတော့ အဆိပ်ပွင့်တွေ ပွင့်တယ်၊ အဆိပ်နံ့တွေ နံလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီအပင် ကြီးပွားသလောက် ဒီအပင်ကို ခင်တွယ်တဲ့ပုဂ္ဂိုလ် အကျိုးယုတ်လိမ့်မယ်လို့ မှတ်လိုက်စမ်းပါ (မှန် ပါ့)။
ဒီအပင် ကြီးပွားသလောက် ဒီအပင် ခင်တွယ်တဲ့ပုဂ္ဂိုလ်ဟာ (အကျိုးယုတ်ပါတယ်)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်တဲ့အလုပ်ကဖြင့် တရားနာ တရားအားထုတ်တဲ့အလုပ်လို့ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ငယ်ငယ်တုန်းကလည်း ကယ်တင်ရမှန်း မသိခဲ့ဘူး (မသိခဲ့ပါ ဘုရား)၊ ကြီးတော့လည်း သားပွား, သမီးပွား, မြေးပွားဆိုတဲ့ ပွားများတဲ့အလုပ်တွေ လုပ်နေရတဲ့အတွက် လည်း ကယ်တင်ချိန် မရဘူးဆိုလို့ရှိရင်ဖြင့် လူ့ပြည်လာတာသည် လူ့တိရစ္ဆာန်အဖြစ် လာတာပဲဆိုတာ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
လူ့ပြည်လာတာသည် လူ့တိရစ္ဆာန်အဖြစ် သစ်ပင်ရေလောင်းတဲ့အဖြစ် ဒါနဲ့သာ ကြုံနေတော့မယ်ဆိုတာ ဒကာ ဒကာမတွေ ယနေ့ စွဲစွဲမြဲမြဲမှတ်ပါ (မှန်ပါ့)။
ဪ ဒီဆရာဘုန်းကြီးပြောတဲ့ တရားဟာ တစ်ပါးသောပုဂ္ဂိုလ်များကတော့ ကိုယ့်ကိုယ်မှ ကိုယ်မခင်ရင် ဘယ်သူ့ခင်မလဲလို့ဆို ခင်လေလေ နောက်ခန္ဓာ ဒုက္ခသစ္စာ ပွားလေလေပဲ (မှန်ပါ့)၊ ခင်လေလေ (နောက်ခန္ဓာ ဒုက္ခသစ္စာ ပွားလေလေပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အမြင်လွဲ အထင်လွဲတွေကို ဆရာဘုန်းကြီးကမှ တည့်မပေးဘူး ဆိုလို့ရှိရင် လွဲသည်ထက်လွဲ ချော်သည်ထက်ချော် မှောက်သည်ထက်မှောက်ဆိုတဲ့ လမ်းကောက်ချည်းပဲ ရောက်တော့မယ်ဆိုတာ သိလို့ ကဲ ဝါတွင်းသုံးလ, သုံးလခွဲ, လေးလဆိုသလိုပဲ ဒကာ ဒကာမတွေ ဘုန်းကြီး လည်း ကျန်းမာမယ်၊ ကိုယ်ကယ်တင်တဲ့အလုပ်ကိုဖြင့် ကိုယ့်ကိုယ်ကိုယ် သနားကြလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကယ်တင်တဲ့ အလုပ်ဟာ ဘယ်အလုပ်ပါလိမ့်မလဲဆို ရွေးချယ်ပြီး လုပ်စေချင်လို့ ဒီတရားပွဲကြီး ကျင်းပနေတယ်လို့ မှတ်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ကိုယ့်ကိုယ်ကယ်တင်တဲ့ အလုပ်ဟာ ဘာပါလိမ့်မလဲဆိုတော့ မဂ္ဂင်ဖောင်ကြီးရင်လည်း စီးမိပါမှ (မှန်လှပါ ဘုရား)။
မဂ္ဂင်ဖောင်ကြီး မဂ္ဂင်လမ်းမတော်ကြီး
မဂ္ဂင်ဖောင်ကြီးရင်လည်း (စီးမိပါမှ)၊ စီးမိပါမှဆိုတာ သဘောကျပလား (ကျပါပြီ)၊ မဂ္ဂင်လမ်းမတော်ကြီးသော် လည်းကောင်း လျှောက်မိပါမှ ဆိုတာကော (သဘောကျပါတယ် ဘုရား)၊ မဂ္ဂင်လမ်းမတော်ကြီးလည်း လျှောက်မိပါမှ (မှန်ပါ့)။
အဲဒီမဂ္ဂင်ဖောင်ကြီး မဂ္ဂင်လမ်းမတော်ကြီးကို အားထုတ်ယူရတယ် (မှန်ပါ့)၊ မဂ္ဂသစ္စာဆိုတာ ပွားများအားထုတ် ယူရတာ၊ ဆုတောင်းနဲ့ ရတာမဟုတ်ဘူး (မှန်ပါ့)။
အဲဒါကြောင့် မဂ္ဂင်လမ်းကိုပဲ ဆရာဘုန်းကြီးက ကိုယ့်ကိုယ်သနားတဲ့ပုဂ္ဂိုလ်ဖြင့် ကိုယ့်မဂ္ဂင်က ကိုယ့်ကို ကယ်တင် မှ ကိုက်မယ်ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ဒကာကြွယ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိုယ့်မဂ္ဂင်ကမှ ကိုယ့် ကယ်မှာပါ ဘုရား)။
ကိုယ့်မဂ္ဂင်က ကိုယ့်ကယ်တင်မှ အမှန်ရောက်တော့မယ်ဆိုတာ ဒုက္ခသိမ်း၍ ငြိမ်းတော့မယ်ဆိုတာကိုလည်း ဒကာ ဒကာမတွေ ဘုန်းကြီးကို ကြည်ညိုလေးစားသဖြင့်လည်းကောင်း ကိုယ့်ကိုယ်ကိုယ် သနားသဖြင့်လည်းကောင်း မဂ္ဂင်ပဲ အားကိုးရာရှိတော့တယ်ဆိုတာဖြင့် ဆုံးဖြတ်ချက်ချပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ ကိုးစားရာ, အားထားရာအဖြစ်ဖြင့် မဂ္ဂင်ပဲဆိုတာ ဆုံးဖြတ်ချက်ချပါတော့ (မှန် ပါ့ ဘုရား)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ကိလေသာရန်ပွဲကြီး အောင်မြင်တော်မူ တာသည် မဂ္ဂင်ပဲလို့ မှတ်ပါ (မှန်ပါ့)။
အောင်ပွဲယူလို့ အောင်သံပေး တာ
အဲဒီ မဂ္ဂင်ရမှ ငါဖြင့် နောက် အသေဆုံးပေါ့ (မှန်ပါ့)၊ တဏှာယောကျ်ား လက်သမားသည် ခန္ဓာအိမ် မဆောက်ရတော့ဘူး (မှန်ပါ့)၊ ခန္ဓာအိမ် မဆောက်ရတဲ့အတွက် အသေဇာတ်ဖြင့် ပြတ်ပေါ့လို့ဆိုပြီး ဝမ်းမြောက်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် အနေကဇာတိ သံသာရံဆိုတာကြီး ရွတ်တော်မူတယ် (မှန်ပါ့)။
ဘုရားဖြစ်စေချင်လို့ ရွတ်တယ်လို့ အောက်မေ့မနေပါနဲ့ ၊ ဘုရား ရှေးဦးစွာ အောင်ပွဲယူလို့ အောင်သံပေး တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
အဲဒါ ဒကာ ဒကာမတွေက မသိတဲ့အခါကျတော့ နံနက်စောစော ဘုရားအနေကဇာ မတင်ရ၊ ဘုရားမဖြစ် ဘူးရယ်လို့ ဒကာကြွယ်တို့က မှတ်ချင် မှတ်နေသေးတယ်၊ ဘာမှမဆိုင်ဘူးဆိုတာ အောက်မေ့ပါ (မှန်ပါ့)။
ဒီကျောက်ဆင်းတုဖြစ်စေ, ဘာဖြစ်စေ ဥဒ္ဒိဿရည်မှတ်ပြီး ကိုးကွယ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကုသိုလ် ရတာပါပဲ (မှန်ပါ့)၊ အနေကဇာတင် မတင်က လိုရင်းမဟုတ်ပါဘူး (မှန်လှပါ ဘုရား)။
အနေကဇာတင် မတင်က လိုရင်းမဟုတ်ပါဘူး၊ သူ့ဟာသူ ကိလေသာရန်ပွဲကြီး အောင်ပွဲကြီးကို ဆွတ်ခူးနိုင်တာ နဲ့ သူ့ဟာသူ အောင်သံပေးတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဘုရားဖြစ်လို့ အောင်သံပေးတာလား ၊ ဘုရားဖြစ်ပြီ ကိလေသာရန်သူ အောင်ပွဲယူပြီးတော့ သူ့ဟာသူ အောင်သံပေးတာလား (အောင်သံပေးတာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေလည်း ကိလေသာရန်သူကို အောင်ပွဲယူမှသာလျှင် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်မယ် (မှန်ပါ့)၊ ဒီ့ပြင်နည်းနဲ့ဖြင့် လွတ်ရေးကျွတ်ရေး မမြင်သေးဘူးဆိုတာ သေသေ ချာချာမှတ်ပါ (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ကိလေသာရန်သူဟာ ဘယ်မှာကိန်းပြီး ဘယ်မှာအောင်းပါ လိမ့်မလဲဆိုတဲ့ လက်သည်မေးဖို့ လိုပါတယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းပါတယ် (မှန်ပါ့)၊ ကိလေသာဟာ ခန္ဓာမှာ ကိန်းတယ် (မှန်ပါ့)၊ ကိလေသာဟာ ဘယ်မှာအောင်းပါလိမ့် (ခန္ဓာမှာ အောင်းပါတယ် ဘုရား)။
ခန္ဓာမှာ ကိန်းအောင်းပါတယ်
နောက်က ဒကာ ဒကာမတွေ အသက်အရွယ်တွေလည်း ကြီးကြပြီ၊ လိုရင်းတရားကိုဖြင့် မြဲမြဲစွဲစွဲကြီး မှတ် လိုက်စမ်းပါဆိုတဲ့ဥစ္စာကို ဒကာကြွယ်တို့ ဦးလှဘူးတို့ သတိ အခုပေးတယ် နော် (မှန်ပါ့)၊ သာမညစေတနာနဲ့ ဒကာ ဒကာမတို့ကို ချီးမြှောက်နေတယ်လို့ မအောက်မေ့နဲ့ (မှန်ပါ့)၊ သာမညစေတနာနဲ့ ချီးမြှောက်နေတယ်ဆိုတာ မအောက်မေ့လိုက်ပါနဲ့၊ ကိလေသာသည် ဘယ်မှာကိန်းအောင်းပါလိမ့် (ခန္ဓာမှာ ကိန်းအောင်းပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာကို ကျုပ်တို့ အပြစ်မမြင်သ၍ ကိလေသာသေပါ့မလား (မသေပါ ဘုရား)၊ ခန္ဓာ၏ အနိစ္စ မမြင် သဖြင့်လည်း (မသေပါ)၊ ကိလေသာ မသေဘူး (မှန်ပါ့)၊ ခန္ဓာ၏ ဒုက္ခသစ္စာ မသိသဖြင့်ကော (ကိလေသာ မသေပါ)၊ ခန္ဓာ၏ မပိုင်ပုံ အစိုးမရပုံ အနတ္တမမြင်သဖြင့်ကော (ကိလေသာ မသေပါ ဘုရား)။
ခန္ဓာကိုယ်ကြီး အသုဘသဘောပေါ်အောင် မရှုနိုင်လို့ ရှိရင်လည်း (ကိလေသာမသေပါ ဘုရား)။
ဪ ဒါဖြင့် ကိလေသာ သယ်မှာ အောင်းပါလိမ့် (ခန္ဓာမှာ အောင်းပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာ့အဖြစ်ကို အခုပြောခဲ့တဲ့ လေးချက်ကို ဒကာ ဒကာမတွေ တစ်ချက်ချက် အမှန်မြင်လို့ရှိရင် ကိလေသာရန်သူကို အောင်ပွဲယူသောကြောင့် အောင်သံပေးနိုင်သည်လို့ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိလေသာဟာ ဘယ်ကလာတာတုံး
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိလေသာဟာ ဘယ်ကလာတာတုံးဆိုတဲ့ဥစ္စာကို ခန္ဓာက လာတယ်ဆိုတာ သိတော့ ခန္ဓာ၏ ဖြစ်စဉ် ဝမ်းထဲမှာ ခန္ဓာ့ဖြစ်စဉ် မဖြတ်သ၍ ကာလပတ်လုံး ခန္ဓာပြတ်ပါ့မလား (မပြတ်ပါ ဘုရား)။
ခန္ဓာ့ဖြစ်စဉ်ကို မမြင်သ၍ ခန္ဓာပြတ်ပါ့မလား (မပြတ်ပါ ဘုရား)။
ခန္ဓာသိမ်းနိဗ္ဗာန်ဆိုတာလည်း ဒကာ ဒကာမတို့ သိပြီ၊ တဏှာသိမ်း နိဗ္ဗာန်ဆိုတာကော (သိပါပြီ ဘုရား)။
အဲဒါကြောင့် တဏှာ ဘယ်မှာကိန်းပါလိမ့်ဆိုတာ ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာမှာ ကိန်းပါတယ် ဘုရား)။
ဒါဖြင့် တဏှာက ခန္ဓာလုပ်သမားဖြစ်သောကြောင့် တဏှာသိမ်းရင် ခန္ဓာသိမ်းတယ် (မှန်ပါ့)၊ တဏှာသိမ်းရင် (ခန္ဓာသိမ်းပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပဲ ပြကြပါစို့ (မှန်ပါ့)၊ သေသေချာချာ ဂရုစိုက်ပြီး ဪ ဒါ ဘုန်းကြီးက ရှေ့က ပလပ်စတိတ်ခွက်ကလေးတွေ ကိုင်ပြနေတယ်လို့ အောက်မေ့မနေနဲ့၊ ခင်ဗျားတို့ ခန္ဓာထဲ ဒီတရား ပြီး ဒီတရားဖြစ်တယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)၊ အင်မတန် အရေးကြီးတယ်ဆိုတာကော စိတ်ထဲမှာ ပိုက်ကြပလား (ပိုက်ကြပါတယ် ဘုရား)။
မပေါ့ကြပါနဲ့၊ မပေါ့ကြပါနဲ့ ခင်ဗျားတို့ သိတာကဖြင့် ကိလေသာ ပွားစီးရေးသာ သိပါတယ် (မှန်ပါ့)၊ ကိလေသာ ကုန်ရေးခမ်းရေးကိုဖြင့် မသိတာ အမှန်ပါပဲ (မှန်ပါ့)။
ဒါကြောင့် ကိလေသာ မကုန်သ၍လည်း ခန္ဓာမကုန်ပါဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ကိလေသာက သမုဒယသစ္စာ (မှန်ပါ့)၊ ခန္ဓာက (ဒုက္ခသစ္စာပါ)၊ ကိလေသာက (သမုဒယသစ္စာပါ)၊ ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီ သစ္စာနှစ်ခု ချုပ်ပြီးသကာလ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ နှစ်ခုကျန်မှ ကိစ္စပြီးတော့မယ်ဆိုတာ သေသေ ချာချာ မှတ်ပါ (မှန်ပါ့)။
ဝဋ်သစ္စာနှစ်ခုတော့ သိမ်းရလိမ့်မယ်
ဝဋ်သစ္စာနှစ်ခုသိမ်းပြီးသကာလ ဝိဝဋ္ဋသစ္စာနှစ်ခု ပေါ်ပေါက်မှ တို့ချမ်းသာခွင့်ရတော့မယ် အောက်မေ့ပါ (မှန်လှပါ ဘုရား)။
ဝဋ်သစ္စာနှစ်ခုတော့ သိမ်းရလိမ့်မယ် (သိမ်းရမှာပါ)၊ ဝိဝဋ္ဋ သစ္စာနှစ်ခုပေါ်မှသာလျှင် လိုရာခရီး ရောက်တော့ မယ်ဆိုတာ မှတ်ကြစမ်းပါ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် သေသေချာချာ ဒကာ ဒကာမတွေက ဪ တို့ခန္ဓာထဲ ဒီတရားပြီးရင် ဒီတရားဆက်ဖြစ်တယ်၊ ဒီတရားပြီးရင် ဒီတရားဆက်ဖြစ်တယ်ဆိုတာမှ မသိသေးလို့ရှိရင် ကိုယ့်ခန္ဓာအကြောင်း ကိုယ်သိသေးရဲ့လား (မသိပါ ဘုရား)။
ကိုယ့်ခန္ဓာအကြောင်းမှ ကိုယ်မသိသေးလို့ရှိရင် အတူနေပြီး မသိတဲ့ပုဂ္ဂိုလ်မို့ စုံလုံးကန်းလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ အတူနေပြီးမသိရင် ဘယ့်နှယ်ဆိုကြမလဲ (စုံလုံးကန်းပါ ဘုရား)။
ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာကြီး၊ သမုဒယသစ္စာ ချယ်လှယ်သလို ခံနေရတာကြီးကို မသိပြန်လို့ရှိရင်လည်း ကိလေသာရူး-ရူးပြီးသကာလ ဒကာ ဒကာမတွေ ပျော်ချင်သလိုပျော်၊ ပါးချင်သလိုပါးပြီးသကာလ သားနဲ့၊ သမီးနဲ့၊ ပစ္စည်းနဲ့ ပျော်ကြလို့ရှိရင်လည်း အင်း ကန်းလည်းကန်းသေးတယ်ဟေ့၊ ရူးလည်းရူးသေးတယ်ဟေ့လို့မှတ် (မှန် ပါ့)။
ကန်းလည်း (ကန်းပါသေးတယ်)၊ ရူးလည်း (ရူးပါသေးတယ် ဘုရား)။
အရူးနဲ့ အကန်းနဲ့ ဇာတ်သိမ်းခဲ့ရတယ်
အဲဒါ နောက်က ဒကာ ဒကာမတွေ ဒီလို ဆရာကောင်း၊ သမားကောင်း မတွေ့ခဲ့တဲ့အတွက်နဲ့ အရူးနဲ့ အကန်းနဲ့ ဇာတ်သိမ်းခဲ့ရတယ် (မှန်ပါ့)။
အင်း နောက်တုန်းက ဘယ်လိုများ ဇာတ်သိမ်းခဲ့ရသတုံး (အရူးနဲ့ အကန်းနဲ့ ဇာတ်သိမ်းခဲ့ရပါတယ် ဘုရား)။
ရူးလည်းရူးသေးတယ်၊ မျက်လုံးနှစ်ဖက်ကလည်း စုံလုံးကန်းသေးတယ်ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေသည် ဘယ်လမ်းလျှောက်လျှောက် ချောက်ဟူသ၍ ကိုယ်ပိုင်ပစ္စည်းမှတ်ပါ (မှန်လှပါ ဘုရား)။
ဘယ်လမ်းလျှောက်လျှောက် (ချောက်ဟူ၍ ကိုယ်ပိုင်ပစ္စည်း မှတ်ရပါမယ်ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ပဋိသန္ဓေချောက်ထဲ ကျလိုက်၊ အိုတဲ့ချောက်ထဲ ကျလိုက်၊ နာတဲ့ချောက်ထဲ ကျလိုက်၊ အပါယ်လေးပါးချောက်ထဲကော (ကျပါတယ် ဘုရား)။
ချောက်မျိုးစုံ မကျဘူးတယ်လို့ ရှိသေးသလား (မရှိပါ)၊ အဲဒီကျမှ ကိုယ်ကျိုးနည်းပေါ့လို့ နောင်တရနေကြလို့ ရှိရင်ဖြင့် ကိစ္စက လွန်ကုန်ပြီ (လွန်ပါတယ်)၊ ကိစ္စက မလွန်သေးဘူးလား (လွန်ပါတယ် ဘုရား)။
အဲဒီကိစ္စလွန်မှ နောင်တရမယ်ဆိုလို့ရှိရင် နောင်တစ်ပင်ရငြားသော်လည်း မှားလို့ဖြစ်ခဲ့တယ်ဆိုတာ အမှန် ပြင်ပေးမည့်လူနဲ့ မတွေ့သေးလည်း ဒကာကြွယ် အလကားပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ယခုအခါမှာဖြင့် အင်း လ,ကလေးကလည်း သာတယ်၊ တရားမိုးကလေးကလည်း စွေနေတယ်၊ ဒီအချိန် ဒီကာလကလေးမှာမှ မျက်စိနှစ်ကွင်း အလင်းမရ၊ အရူးဇာတ်မသိမ်း ဘူးဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းပေါ့ (မှန်ပါ့)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိုယ်ကျိုးနည်းပေါ့လို့ ချရပါမယ် ဘုရား)၊ ကိုယ်ကျိုးနည်းပေါ့လို့ အကြီးအကျယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ကိုယ်ကျိုးနည်းတာ အစစ်
ခင်ဗျားတို့ အိမ်မှာရှိတဲ့ပစ္စည်း အကုန်ပျောက်သွားတာ နှမြောစရာ ဘာမှမရှိပါဘူး (မှန်ပါ့)၊ ဒီဉာဏ်ကလေး မရလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ်ကျိုးနည်းတာ အစစ်ပါပဲ (မှန်ပါ့)။
အဖိုးတန်အောင် ပြောနေတာလားလို့ မေးလိုက်တဲ့အခါကျတော့မှ ဘုန်းကြီးပြောတဲ့ အဖိုးတန်မှုဟာက ပြော တတ်သလောက်သာ ပြောလို့ နည်းပါသေးတယ် (မှန်ပါ့)၊ ခင်ဗျားတို့ ဒုက္ခခပ်သိမ်း ငြိမ်းတယ်ဆိုတဲ့ဥစ္စာက ကြီးကျယ် တဲ့ လာဘ်ကြီးပါ (မှန်ပါ့)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားနာမပျင်းနဲ့ တရားအားထုတ် မပျင်းနဲ့ (မှန်ပါ့)၊ တရားဆိုတာ ဘယ်မှမရှာနဲ့၊ ခန္ဓာထဲ အနိစ္စတွေ့ရင် တရားတွေ့ပြီ အောက်မေ့ (မှန်ပါ့)။
ခန္ဓာထဲ အနိစ္စတွေ့ရင် (တရားတွေ့ပါပြီ)၊ တရားတွေ့ပြီလို့ ဆုံးဖြတ်ချက်ချလိုက်ပါ (မှန်ပါ့)။
အနိစ္စတွေ့တယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ အနိစ္စကဖြစ်ပျက်။ တွေ့တာက မဂ်ရတယ် (မှန်ပါ့)။
အနိစ္စက (ဖြစ်ပျက်ပါ)၊ တွေ့တာက (မဂ်ပါ ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်လို့ရှိရင်
အဲဒီတော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်လို့ရှိရင်ဖြင့် ဘာပါရမီမှ မလိုတော့ပါဘူး၊ လိုရာခရီး ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ခရီးကို မဂ်ကပဲ ပို့ဆောင်တော့မယ် (မှန်ပါ့)။
လူသွားလို့ မရပါဘူး (မှန်ပါ့)၊ ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် မနေ့ကမှစပြီး ပြောရတဲ့အတွက် တိုက်တွန်းနှိုးဆော်လွန်းများတာကိုလည်း ခင်ဗျားတို့က မီးဝေး ချိတ်မာတွေမို့ ပြောနေတယ် အောက်မေ့ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မီးဝေးချိတ်မာတွေမို့ ပြောနေတယ်ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့က ဒီကတရားပွဲက ပြန်သွားတော့ အိမ်မှာ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ ပစ္စည်းနဲ့၊ ဧည့်သည်နဲ့၊ စောင်သည် နဲ့ ဆိုလို့ရှိရင် ဒီဟာတွေ အကုန်ဖျက်ချတယ် (ဖျက်ချပါတယ် ဘုရား)။
ဒကာကြွယ် သိပ်ရိုင်းတဲ့စိတ်တွေ (ရိုင်းပါတယ်)၊ မရိုင်းဘူးလား (ရိုင်းပါတယ်)။
အေး ဒါကြောင့် ဘုရားအဆူဆူ ခင်ဗျားတို့ကို မသနားလို့ အိုပွဲ၊ နာပွဲ၊ သေပွဲထဲ ထားခဲ့တာလား၊ ကိုယ့် ကိုယ်တိုင်က မလိုက်နာလို့ အဖြစ်ဆိုးရတာလားဆိုတာ အကဲခတ်ကြည့်ပါ (ကိုယ့်ကိုယ်တိုင်က မလိုက်နာလို့ အဖြစ်ဆိုး ရတာပါ)၊ ပေါ်ကြပြီ (ပေါ်ပါပြီ)။
ဒါဖြင့် ဒီတစ်ခါ မလိုက်နာလို့ရှိရင်ဖြင့် သွားပြီ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ အခုမဂ်တရား၊ ဖိုလ်တရားကို ဆရာဘုန်းကြီးက ဟောနေတယ် (မှန်ပါ့)၊ ခင်ဗျားတို့ကို ရောက် အောင်လည်း ပို့တာပဲ (မှန်ပါ့)၊ ဒါကို လက်မခံတော့ဘူး၊ တပည့်တော်တို့ သားရေး၊ သမီးရေး၊ စီးပွားရေးက အလွန် မှပဲ ကြပ်တည်းပါတယ် ဘုရား၊ လူဆိုတာ မလွယ်ပါဘူးဘုရာ့လို့ ကိလေသာလည်းတဲ့ ဆင်ခြေနဲ့သာ လာမယ်ဆိုရင် ဖြင့် ကိုယ်ကျိုးနည်းပြီ (မှန်ပါ့)။
သားရေး၊ သမီးရေး ပစ်ထားပါ၊ စီးပွားရေး ပစ်ထားပါ (မှန်ပါ့)၊ ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် မကယ်နိုင်လို့လို့ မှတ်လိုက် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (မကယ်နိုင်လို့ပါ ဘုရား)။
အဲဒီတော့ မကယ်နိုင်တာ အရေးတကြီး ထားရမှာလား၊ ကယ်နိုင်တာ အရေးတကြီး ထားရမှာလား (ကယ်နိုင် တာ အရေးတကြီး ထားရမှာပါ ဘုရား)။
ဒကာကြွယ် ဘုန်းကြီးက တဇွတ်ထိုး ပြောနေတယ်လို့ အောက်မေ့သလား (မအောက်မေ့ပါ ဘုရား)။
ဉာဏ်နားနဲ့ထောင်ရင်ဖြင့်
တဏှာနားနဲ့ ထောင်ရင် တဇွတ်ထိုးပြောတယ် (မှန်ပါ့)၊ ဉာဏ်နားနဲ့ထောင်ရင်ဖြင့် ဪ မလိုက်နာ မဖြစ်တဲ့အလုပ် ဒီအလုပ်ပါလား (မှန်ပါ့)၊ မပေါ်ကြပေဘူးလား (ပေါ်ပါတယ် ဘုရား)။
အေး ဒါကြောင့် ခင်ဗျားတို့ ခန္ဓာရတဲ့ဘဝမှာ စဉ်းစားကြည့်ပါတဲ့၊ ခင်ဗျားတို့ ဒီခန္ဓာဝန်ကြီးကို ထမ်းပြီး နေရတာ။ ဟိုသွားဒီသွားတယ်ဆိုတော့လည်း ဗိုက်ထဲမှာ ကျင်ကြီးနဲ့ အစာသစ်နဲ့ (မှန်ပါ့)၊ ချွေးတွေ သံတွေနဲ့ အသုဘ ကြီး ထမ်းလည်နေရတာများ ကျက်သရေရှိတယ်လို့ ထင်ကြသလား (မထင်ပါ ဘုရား)။
အသုဘထမ်းလည်ရတာများ (ကျက်သရေရှိတယ် မထင်ပါဘုရား)၊ ကျက်သရေမရှိပါဘူး (မှန်ပါ့)၊ အဲ ဒီဘဝမှာလည်း ဟိုအိမ်လည်လိုက် ဒီအိမ်လည်လိုက်နဲ့ ဘာထမ်းလည်သတုံး (အသုဘထမ်းလည်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘုန်းကြီးနှယ် ပြောရက်လိုက်တာလို့ဆိုမလား ရှိပြီးသား ပြောနေတာလို့ ဆိုမလား (ရှိပြီးသားပြောနေ တာပါ ဘုရား)၊ ရှိပြီးသားပြောနေတယ်လို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်လှပါ ဘုရား)။
ကိလေသာတဏှာက မြှောက်ပင့်လို့
ဒီအထဲမှာ ကိလေသာတဏှာက မြှောက်ပင့်လို့ နတ်ပြည်ရောက်ချင်၊ ဗြဟ္မာပြည်ရောက်ချင်တဲ့စိတ်နဲ့ ဒကာ ဒကာမတွေက ဒါနလုပ်၊ သီလတွေ လုပ်ကြမယ်၊ ဝဋ်ကျွတ်တဲ့အလုပ်ကို မလုပ်တော့ဘူးဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသုဘ ထမ်းပြရတာ အားမရသေးလို့ပဲ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (အသုဘထမ်းပြရတာ အားမရသေးလို့ပါ ဘုရား)၊ လွန်လွန်းလှချည်လား (မှန်ပါ့)၊ ဒကာ ကြွယ် မလွန်ဘူးလား (လွန်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အေး ဒါကြောင့် အသုဘဖြင့် လည်ထမ်းပြီးသကာလ ဘယ်မှာပြပြ ကျက်သရေတော့ မရှိဘူးဆိုတာ မှတ်ပါ (မှန်ပါ့)၊ ကျက်သရေရှိကြရဲ့လား (မရှိပါ ဘုရား)။
အေး ဒါကြောင့် ခင်ဗျားတို့ ဘယ်လိုပဲနေနေ ဘယ်လိုပဲထိုင်ထိုင် ခန္ဓာဇာတ်မသိမ်းသ၍ ကာလပတ်လုံး အသုဘဇာတ်မသိမ်းပါဘူး (မသိမ်းပါ ဘုရား)၊ ခန္ဓာဇာတ် မသိမ်းသ၍ ကာလပတ်လုံး (အသုဘဇာတ် မသိမ်းပါ ဘုရား)။
ဒီအသုဘကြီးနဲ့ ကျုပ်ဖြင့် နေပဲမနေချင်တော့ဘူး၊ ရပဲမရချင်တော့ဘူးဆိုတဲ့ မဂ်ဉာဏ်ရမှသာလျှင် ဒကာကြွယ် ရေ သုဘကြီးနဲ့ သုဘနိဗ္ဗာန်နဲ့ ခင်ဗျားတို့ အဲဒီကျမှ ခပ်ပြုံးပြုံးနေလိုက်စမ်းပါ (မှန်ပါ့)။
အခုအချိန်မှာ ဒကာ ဒကာမတွေက သားနဲ့ပြုံး, သမီးနဲ့ပြုံး, ပစ္စည်းကလေးရလို့ပြုံး, အရောင်းအဝယ်ကလေး ဖြောင့်လို့ပြုံးဆိုတဲ့ဥစ္စာက ခုနင်က စုံလုံးကန်း ရူးပြီးပြုံးတာ (မှန်ပါ့)၊ စုံလုံးကန်း (ရူးပြီးပြုံးတာပါ)၊ ဒကာကြွယ် ပြုံးရဲ ပါ့မလား (မပြုံးရဲပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ပြုံးစရာအချိန် ရောက်ပလားတဲ့ ၊ အခုအချိန်မှာ စိတ်မချရတဲ့အချိန်လား (စိတ်မချရတဲ့အချိန်ပါ ဘုရား)။
အဲ ပြုံးချိန်ရောက်တော့ ဘုန်းကြီးက သတိပေးပါ့မယ် (မှန်ပါ့)၊ အားသာထုတ်ကြည့်ပါ ဒီအချိန်ဖြင့် ပြုံး တော့ဟေ့ ဆိုတာ ဘုန်းကြီးတို့က ရဲဝံ့စွာပဲ ဘုရားဟောဒေသနာတော်တွေနဲ့ ညှိနှိုင်းပြီးသကာလ ပြုံးတော့ ဒကာ ကြွယ်ရေ (မှန်လှပါ)၊ ပြောရဲပါတယ်နော် (မှန်ပါ့)။
ဝိပဿနာရှုပါ
အခုအချိန်မှာဖြင့် စိတ်မချ, လက်မချနဲ့ စိတ်ချရတဲ့ဆီကို အရောက်သွားပြီးသကာလ ခန္ဓာအသက် မငဲ့ကွက် ဘဲနဲ့ပဲ ဝိပဿနာရှုပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ မသိသေးတာ ဖော်ပြောပြီးသကာလ သိလာတဲ့တရားကို တိုက်တွန်းတဲ့သဘောနဲ့ ခင်ဗျားတို့ ဇွဲသန်သန်နဲ့ ကိုယ့်ဝဋ် ကိုယ်ချွတ်ကြပါဆိုတာ တိုက်တွန်းတဲ့ ရှေ့ပိုင်းတရားလို့ မှတ်ပါ့ (မှန်ပါ့)။
ကိုယ့်ဝဋ် ကိုယ်ချွတ်တဲ့ ရှေ့ပိုင်းတရား (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာတရားတဲ့တုံး (ကိုယ့်ဝဋ် ကိုယ်ချွတ်တဲ့ ရှေ့ပိုင်းတရားပါ ဘုရား)၊ ကိုယ့်ဝဋ် ကိုယ်ချွတ်တဲ့ ရှေ့ပိုင်းတရားလို့ ဒကာ ဒကာမတွေက မှတ်ပါနော် (မှန်ပါ့)။
ကောင်းပြီ နောက်ပိုင်းတရားကိုပဲ စပါတော့မယ်၊ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ ပုံစံကိုလည်း ကြည့်ကြ ပါ ဒကာ ဒကာမတို့။ ဒီနေ့တော့ လူနည်းလို့ မြင်နိုင်ပါတယ် (မှန်ပါ့)၊ ဟောဒါက သားကလေး (မှန်ပါ့)။
ဒကာ ဒကာမတွေ ဒီဘက်က ဘာပါလိမ့် (သားကလေးပါ ဘုရား)၊ သားကလေးကို မျက်လုံးနဲ့ ကြည့်လိုက်ပါ၊ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ တွေ့လို့မြင်တာလား မတွေ့လို့မြင်တာလား (တွေ့လို့မြင်တာပါ ဘုရား)။
တွေ့လို့ မြင်လို့ရှိရင် ဒါ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဖဿဆိုတဲ့ နာမ်ဓမ္မလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သားကလေးနဲ့ တွေ့တာ ဘယ်သူပါလိမ့် (ဖဿပါ ဘုရား)၊ သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ သားကလေးနဲ့ တွေ့တာ (ဖဿပါ ဘုရား)။
သမီးကလေးနဲ့ တွေ့တာ (ဖဿပါ)၊ ရွှေကလေး, ငွေကလေး, စိန်ကလေး, ကျောက်ကလေးနဲ့ တွေ့တာ (ဖဿပါ ဘုရား)။
ဧည့်သည်ဓမ္မ လို့ မှတ်
ဪ ဖဿဖြစ်တယ် (မှန်ပါ့)၊ ဒါ ခင်ဗျားတို့ သန္တာန် ဖျတ်ခနဲပေါ်တဲ့ ယခုမှ ဖြစ်ပေါ်တဲ့ ဧည့်သည်ဓမ္မ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
တွေ့လို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတွေက ဝမ်းသာလိုက်တာလို့ မလာဘူးလား (လာပါတယ်)၊ ဝမ်းသာလိုက် တာက ဝေဒနာ (မှန်ပါ့)။
ဝမ်းသာတာက (ဝေဒနာပါ)၊ တွေ့တာက (ဖဿပါ)၊ တွေ့ရုံကလေးနဲ့ ရပ်ကြသလား ဝမ်းသာလုံးကလေးများ လာသေးသလား (ဝမ်းသာလုံးကလေး လာပါတယ် ဘုရား)။
ဪ ဒါ ခင်ဗျားတို့၏ ခန္ဓာကိုယ်တဲ့ ဒါဟာ သူများပြောတာလား ကိုယ့်ဖြစ်စဉ်လား (ကိုယ့်ဖြစ်စဉ် ပါ)၊ အဲ ကိုယ့်ဖြစ်စဉ်ကို ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တယ် (မှန်ပါ့)။
ကိုယ့်ဖြစ်စဉ်ကို (ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်ပါတယ်)၊ ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တယ်ဆိုတာကိုဖြင့် ဒကာ ဒကာမတို့ တသွေမတိမ်းအောင် မှတ်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဝေဒနာဆိုတဲ့ဥစ္စာဟာ ဪ ဝမ်းသာလိုက်တာဆိုတာ ဝေဒနာ (မှန်ပါ့)၊ တွေ့ရတာ ဝမ်းသာလိုက်တာ (မှန်ပါ့)။
တွေ့ရတာက ဘယ်သူပါလိမ့် (ဖဿပါ ဘုရား)၊ ဝမ်းသာလိုက်တာက (ဝေဒနာပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ ဖြစ်စဉ်ကဖြင့် တွေ့ရင် ဝမ်းသာတတ်တယ်နော် (မှန်ပါ့)။
တစ်ခါတလေကျလို့ရှိရင် တွေ့ရင် ဝမ်းနည်းတတ်တယ် (မှန်ပါ့ ဘုရား)။
ဒါလည်း ဝေဒနာပဲ (မှန်ပါ့)၊ ဒေါမနဿဝေဒနာလို့ ခေါ်ပါတယ် (မှန်ပါ့)။
တွေ့ရတာဖြင့် သူနဲ့တွေ့ရတာ ကျုပ်စိတ်ထဲ ဘယ်လိုမှ မဖောက်ပြန်ဘူးဆိုရင် ဥပေက္ခာဝေဒနာ မှတ်ပါ (မှန်ပါ့)။
ဝေဒနာသုံးပါး
ဒါဖြင့် ဝေဒနာသုံးပါး တစ်ပါးပါးဖြင့် ဒကာကြွယ် လာရမယ် (လာရပါမယ် ဘုရား)။
ဒါဖြင့် ဖဿပစ္စယာ ဝေဒနာဆိုတဲ့ အသွားဟာ ဒကာ ဒကာမတို့ ရှင်းပါ့မလား (ရှင်းပါပြီ ဘုရား)။
သူများဖြစ်စဉ်လား မိမိခန္ဓာထဲမှာ တစ်ခုပြီးတစ်ခု ပေါ်တာလား စဉ်းစားစမ်း (မိမိခန္ဓာထဲမှာ တစ်ခုပြီး တစ်ခု ပေါ်လာတာပါ ဘုရား)။
အင်း ဒါကလေး ရိပ်မိလို့ရှိရင်ဖြင့် ဘုန်းကြီးသည်တဲ့ ကယ်တင်ရကျိုးနပ်ပါတယ် (မှန်ပါ့)။
ကယ်တင်ကျိုး ဘယ့်နှယ်ကြောင့် နပ်တယ်လို့ ပြောရပါလိမ့်မတုံးလို့ ဒကာကြွယ်တို့ ဦးလှဘူးတို့က မေးခဲ့ သည်ရှိသော် ဖဿပေါ်တာ ဖဿပေါ်တယ်လို့ သိသောကြောင့် ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပါတယ် (မှန်ပါ့)၊ သက္ကာယ ဒိဋ္ဌိ ပြုတ်ပါတယ် (မှန်ပါ့)။
တွေ့ရတာ ဝမ်းသာလိုက်တာဆိုသဖြင့် ဝေဒနာပေါ်တာ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ မပျောက်သေးဘူးလား (ပျောက် ပါတယ် ဘုရား)။
ဪ ပုဂ္ဂိုလ် သတ္တဝါပေါ်တာလား ဝေဒနာပေါ်တာလား (ဝေဒနာပေါ်တာပါ ဘုရား)။
ဝမ်းသာတော့ ကျုပ်စိတ်ထဲ ဘယ့်နှယ်ဖြစ်သွားတယ် မသိဘူး သုံးနှစ်-သုံးသီး ကွဲနေတယ်၊ မနှစ်-တစ်နှစ်ကတည်း က ကွဲနေရတာ အင်မတန် အကွဲက ကြာတာနဲ့ ကျုပ်ဖြင့် ခင်တဲ့စိတ် ပေါ်တယ်ဆိုတော့ တဏှာမလာသေးဘူးလား (လာပါတယ်)၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။
မိမိဖြစ်စဉ်
ဪ ဒကာ ဒကာမတို့ သူများဖြစ်စဉ်လား မိမိဖြစ်စဉ်လား (မိမိဖြစ်စဉ်ပါ)၊ မိမိဖြစ်စဉ်ဆိုတာ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။
ဒီတဏှာသာဖြစ်လာလို့ ခင်လုံးသာ လာမယ်ဆိုလို့ရှိရင်ဖြင့် မတတ်သာလို့သာ ခွဲရတယ်၊ ကျုပ်မခွဲချင်ဘူးဆိုတဲ့ ဥပါဒါန်က (လာပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ ဖြစ်ချက်ကလည်း မျက်လုံးဖွင့်လိုက်လို့ သားကလေး မြင်လိုက်ကာရှိသေးတယ် ပဋိစ္စသမုပ္ပါဒ်က ဒကာကြွယ် တဏှာ ဥပါဒါန်လာပြီဗျာ့ (လာပါပြီ)၊ မလာသေးဘူးလား (လာပါတယ် ဘုရား)။
တဏှာ ဥပါဒါန် လာသည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲ တစ်ခုပေါ်လာပြန်တယ် (မှန်လှပါ ဘုရား)။
တဏှာချုပ်သွားပြီး, ဥပါဒါန်ချုပ်သွားပြီးသကာလ ကာယကံနဲ့ ကျောကလေးသပ်ကာ သပ်ကာ၊ ဝစီကံနဲ့ ဘယ်လိုစားရသတုံး ဘယ်လိုသောက်ရသတုံး ၊ မင်း လမ်းမှာ ကောင်းကောင်းမွန်မွန်မှ ရောက်ခဲ့ရဲ့လားဆိုတဲ့ ဝစီကံတွေကော မလာဘူးလား (လာပါတယ် ဘုရား)။
မနောထဲက လှိုက်လှိုက်လှဲလှဲကော မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါ ကမ္မဘဝလို့ ခေါ်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဘက်က သားကလေး (မှန်ပါ့)၊ မျက်လုံးထဲ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။
ကံမြောက်သွားပါတယ်
တွေ့ရတာက ဘယ်သူတဲ့ (ဖဿပါ)၊ တွေ့ရလို့ ဝမ်းသာတာက (ဝေဒနာပါ ဘုရား)။
ဟို သုံးနှစ်, သုံးသီးကွဲနေလို့ ခင်တာက (တဏှာပါ)၊ ငါဖြင့် ဘယ်မှ နင်နဲ့ မခွဲချင်ဘူးဆိုတာက (ဥပါဒါန် ပါ ဘုရား)။
ဒါ့ကြောင့် နင်တို့ စားဖို့, သောက်ဖို့, နေဖို့, ထိုင်ဖို့ ငါတို့ အဆင်သင့်ပဲ ရှာထားတယ်လို့ဆိုတာက (ကမ္မဘဝ ပါ ဘုရား)။
ကာယကံ-ဝစီကံဆိုတဲ့ ကမ္မဘဝ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ မျက်လုံးပေါက်က ဖွင့်လိုက်တာ ကံမြောက်သွားပြီ (မှန်ပါ့)။
မျက်လုံးပေါက်က ဖွင့်လိုက်တာ (ကံမြောက်သွားပါတယ် ဘုရား)။
အင်း ဒီကံကလည်း ဒီကံကို စဉ်းစားရမယ် ဒကာကြွယ်တို့ ဦးလှဘူးတို့က (မှန်ပါ့)။
ဒီကံ စဉ်းစားရမယ် ကိုယ့်သားနဲ့ ကိုယ်တွေ့တာ ဘာအပြစ်ရှိသတုံးလို့ ဒကာ ဒကာမတွေကလည်း ဆင်ခြေအကြီးအကျယ် လဲချင်လဲလိမ့်မယ် (မှန်ပါ့)။
မသိတဲ့ပုဂ္ဂိုလ် အဆိပ်သီးစားတာတောင် ဘာကိစ္စရှိသတုံး ပြောချင်ပြောလိမ့်မယ် (မှန်ပါ့)။
မသိတဲ့ပုဂ္ဂိုလ် အဆိပ်သီးစားတာတောင်မှ (ဘာကိစ္စရှိသလဲ ပြောချင်ပြောမှာပါ ဘုရား)။
သူမှမသိဘဲ၊ သူက နောက်တစ်နာရီလောက်ရှိ သေမှာ (မှန်ပါ့ ဘုရား)။
နောက်တစ်နာရီလောက်ရှိ သေမှာကို သူ အဆိပ်သီးစားတာကို မသိတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ မလိမ္မာတဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်သားကလေးနဲ့တွေ့လို့ ကိုယ့်ဟာကိုယ် ယုယတာပဲဆိုတော့ ယုယ တာက ကံကိုးဗျ (မှန်လှပါ ဘုရား)။
ကာယကံ ဝစီကံတွေနဲ့ ယုယတယ်၊ ပွေ့ကာ ပိုက်ကာ ပြောကာဆိုကာနဲ့ မရှိကြဘူးလား (ရှိပါတယ်)၊ အဲဒါ ကမ္မဘဝ (မှန်ပါ့)။
ဒီကံတွေသည် အပါယ်ချည်းသွားမယ်
ကောင်းပြီ ဒီကံနဲ့ပဲ ဒကာ ဒကာမတွေက တစ်နေ့ ဒီကံမျိုး ဘယ်လောက်လာသတုံး (မရေတွက်နိုင်ပါ ဘုရား)။
ဒါဖြင့် ဒီကံတွေသည် အပါယ်ချည်းသွားမယ် (မှန်ပါ့)၊ စုတေရင် ပြန်တက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ် မသနားတဲ့ ပုဂ္ဂိုလ်ဖြင့် ဒီလမ်းအတိုင်း သွားရလိမ့်မယ် (သွားရမှာပါ ဘုရား)။
ကိုယ့်ကိုယ်မသနားတဲ့ပုဂ္ဂိုလ် ဒီလမ်းအတိုင်း သွားရတော့မယ် (မှန်ပါ့)၊ အဲဒါကြောင့် ခင်ဗျားတို့ သိထားတာ ကလေးတွေဟာ မဖြစ်လောက်ဘူး ဒကာကြွယ်ရ (မှန်ပါ့)။
အခု သေသေချာချာ စစ်တမ်းထုတ်လိုက်တဲ့အခါကျတော့မှ ဪ မျက်လုံးတစ်ပေါက် ဖွင့်လိုက်တယ် ကံမြောက်ပါပေါ့လား (မှန်ပါ့)။
မျက်လုံးတစ်ပေါက် ဖွင့်လိုက်တာနဲ့ (ကံမြောက်ပါတယ် ဘုရား)၊ တစ်နေ့ ဘယ်နှစ်ခါဖွင့်သတုံး (မရေတွက် နိုင်ပါ ဘုရား)၊ ဘယ်တော့များ ဒီမျက်လုံး ပဋိစ္စသမုပ္ပါဒ်ဖြတ်တယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒကာကြွယ်ရေ ငါသေရင် ဒီအတိုင်းသာ သေရင် ဆွမ်းမသွတ်နဲ့လို့ ပြော (မှန်ပါ့)၊ အပါယ်တောက်လျှောက် ရောက်မှာပဲ (ရောက်မှာပါ ဘုရား)၊ ဘယ်လောက်များ ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
နားမလည်လည်း နာပါ
ဒါ့ကြောင့် အားလုံး ဒကာ ဒကာမတွေ နားမလည်လည်း နာပါ၊ တဖြည်းဖြည်း နားလည်သွားမယ် (မှန်ပါ့)၊ ဒါမှ နားမလည်လို့ရှိရင်လည်း ခင်ဗျားတို့ လုပ်ထားတာကလေးတွေကတော့ အားမကိုးလောက်ဘူး (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒီကံတွေက ခင်ဗျားတို့ကို ဘယ်သူ့သနားတဲ့ ကံတုံး။ ‘ကမ္မံ သတ္တေ ဝိဘဇတိ’ဆိုထားတာပဲ၊ ဘုရားတောင် မငဲ့ဘူး ကံက (မှန်ပါ့)။
ကံဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြင့် ချမ်းသာလိမ့်မယ် (မှန်ပါ့)၊ ကံမဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြင့် (မချမ်းသာပါ ဘုရား)၊ မချမ်း သာဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့က ဒကာ ဒကာမတို့ တဏှာ ဥပါဒါန် အုပ်ချုပ်တဲ့ကံကိုဖြင့် အင်မတန် စက်ဆုပ်စရာ ကောင်းပါတယ်ဆိုတော့ ဒကာကြွယ် ယုံတော့နော် (မှန်ပါ့)။
တဏှာ ဥပါဒါန် အုပ်ချုပ်တဲ့ကံဟာ ကံကောင်းဆိုမလား ကံဆိုးဆိုမလား (ကံဆိုးပါ ဘုရား)။
ဒါဖြင့် ဒီကံတွေကိုလည်း ဒကာ ဒကာမတွေက မသိတော့ တွေ့ရတာက ဖဿဆိုတော့ ငါတွေ့တယ်လို့ထင်ရင် ဒိဋ္ဌိပေါ့ဗျာ (မှန်ပါ့)။
ဝမ်းမြောက်တာက ဝေဒနာ (မှန်ပါ့)၊ အင်း ငါဝမ်းမြောက်လိုက်တာဆိုတော့ ဘာဖြစ်သွားသတုံး (ဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။
ဒိဋ္ဌိဖြစ်သွားတယ်၊ အယူမှားဖြစ်သွားတယ် (မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အင်း ဒါကြောင့် ကျုပ်ခင်ရတယ်ဆိုတော့ (တဏှာပါ)၊ တဏှာဖြစ်တယ် တဏှာကို ကျုပ်မထင်ဘူးလား (ထင်ပါတယ်)၊ ထင်တော့ ဒိဋ္ဌိက ပါပြန်ပြီ (ပါပါတယ် ဘုရား)၊ ဒါဖြင့် အယူမှားလား အယူမှန်လား (အယူမှားပါ ဘုရား)။
ကိုယ့်သားသမီးတော့ဖြင့် ကိုယ်ဘယ်နည်းနဲ့မှ မျက်စိအောက်က အပျောက်မခံနိုင်ဘူးဆိုတဲ့ ဥပါဒါန်ကကော (လာပါတယ် ဘုရား)၊ ဒါလည်း အယူမှန်လား အယူမှားလား (အယူမှားပါ ဘုရား)။
ဒါနဲ့ ပြုတာ စုတာနဲ့ သားရေး, သမီးရေး, စီးပွားရေးနဲ့ပဲ ခေါင်းထဲဝင်တယ်ဆိုကြပါစို့ (မှန်ပါ့)။
အယူမှားနဲ့ သေသွားပါတယ်
ဒါဖြင့် ဒီကံက ဒကာ ဒကာမတို့ ခေါင်းထဲဝင်ပြီးသကာလ ဟိုဘဝ ပဋိသန္ဓေနေကြစို့နော် (မှန်ပါ့)၊ အယူမှန် နဲ့ သေသွားသလားတဲ့ အယူမှားနဲ့ သေသွားသလားတဲ့ (အယူမှားနဲ့ သေသွားပါတယ် ဘုရား)။
အဲဒါ လောကကြီးထဲမှာ ဒီတရားမျိုး နားမလည်တဲ့ပုဂ္ဂိုလ်ဟာ အယူမှားနဲ့ သေတယ်ချည့် ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အယူမှားနဲ့ချည့် သေပါတယ် ဘုရား)။
ဒါဖြင့် ရှေးက ဒကာကြွယ်တို့ ဒီတရားမျိုးကလည်း မနာရ၊ ဒီလိုကလည်း ဗဟုသုတကလည်း နည်းနေတော့ ဘယ်လိုများ ဆုံးဖြတ်ချက်ချကြမလဲ၊ ဘယ်သူ သေသွားပြီဆိုရင် အယူမှန်နဲ့ သေသလား အယူမှားနဲ့ သေသလား (အယူမှားနဲ့ သေပါတယ်ဘုရား)၊ သက္ကာယဒိဋ္ဌိပြုတ်ကဲ့လား (မပြုတ်ပါ ဘုရား)၊ တဒင်္ဂတောင် ပြုတ်ပါရဲ့လား (မပြုတ် ပါ ဘုရား)။
မပြုတ်တော့ သက္ကာယဒိဋ္ဌိဆိုတာ အမှတ်မှား အယူမှား အသိမှား အမှားသုံးချက်နဲ့ သေသွားတယ် (မှန်ပါ့)။
အမှတ်ကကော (မှားပါတယ် ဘုရား)၊ အမှတ်က ဒါသားကလေးလို့ မှတ်ကတည်းက အမှတ်မှား (မှန်ပါ့)၊ ဒီခင်တာတွေဟာ ငါပဲလို့ ယူလိုက်သဖြင့် အယူမှား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သေသွားတဲ့ မသာတွေဟာ ဒကာကြွယ်ရေ ဘယ်လိုသေသွားကြသလဲ (အမှတ်မှား, အယူမှား, အသိမှားနဲ့ သေသွားပါတယ် ဘုရား)။
ဒကာကြွယ် ကြောက်စရာကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား)၊ ခင်ဗျား ကံကောင်းလို့ တွေ့တယ် အောက်မေ့ပါ (မှန်ပါ့)။
ဒီဘက်က ဒကာ ဒကာမတွေ ဘာ့ကြောင့်တွေ့ပါလိမ့် (ကံကောင်းလို့ တွေ့ပါတယ် ဘုရား)၊ ကံကောင်း အကြောင်းသင့်လို့ တွေ့တယ်လို့ ဆုံးဖြတ်ချက်ချပါ။
အယူမှား, အမှတ်မှား, အသိမှား
ဘယ်လိုများ သေသွားကြတယ်ဆိုတာ ခင်ဗျားတို့ ယခု ဝေဖန်ပြောလိုက်တော့ သိပါပြီ (မှန်ပါ့)။
ဘယ်လိုသေသွားကြပါလိမ့် (အယူမှား, အမှတ်မှား, အသိမှားနဲ့ သေသွားကြပါတယ် ဘုရား)။
အဲဒါ ဒကာကြွယ်တို့ သိထားတဲ့ အယူမှားက တခြား (မှန်ပါ့)၊ အခု သေသေချာချာ အဘိဓမ္မာနဲ့ စစ်လိုက်လို့ မှားနေတဲ့ အယူမှားက တခြား (မှန်ပါ့)။
ဒီအယူမှားနဲ့ သေသွားတယ်ဆိုတာကော ငြင်းစရာ ရှိသေးသလား (မရှိပါ ဘုရား)။
ကိုင်း ဒကာကြွယ် ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ ဒီလို သုညတဖြစ်တဲ့ တရား၊ ပုဂ္ဂိုလ်သတ္တဝါဆိတ်တဲ့ တရားမနာဘဲနဲ့ သေသွားလို့ရှိရင်ကွာ တဲ့ အယူမှားနဲ့ သေသွားတာပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာနဲ့သေသွားသလဲ (အယူမှားနဲ့ သေသွားပါတယ် ဘုရား)။
အယူမှားနဲ့ သေသွားတယ်ဆိုကတည်းက အပါယ်လေးပါးမှတစ်ပါး ကိုယ်ပိုင်ပစ္စည်းဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ ဘယ်လောက်ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)၊ တက်လမ်းရှိသေးရဲ့လား (မရှိပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တွေ့တာ ဘာခေါ်ကြမယ် (ဖဿပါ ဘုရား)။
အဲဒါလည်း ငါတွေ့တယ်လို့ ပြောပင်ပြောငြားသော်လည်း ဖဿလို့ပဲ စိတ်ထဲက ပြောင်းပါ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဝမ်းသာလိုက်တာဆိုတာ ဘာပါလိမ့် (ဝေဒနာပါ ဘုရား)၊ ဒါလည်း ဝေဒနာလို့သာမှတ် (မှန်ပါ့)၊ ပုဂ္ဂိုလ်သတ္တဝါ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
သုညတမဂ်ဉာဏ် ရပြီ
မဟုတ်ရင် ဒါပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းတဲ့ သုညတမဂ်ရတယ် (မှန်ပါ့)၊ သုညတမဂ်ဉာဏ် ရပြီဆိုတာ မှတ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်တာသည်ကား တဏှာမဟုတ်လား (မှန်ပါ့)၊ ပုဂ္ဂိုလ်သတ္တဝါ ဟုတ်သေးရဲ့လား (မဟုတ်ပါ)၊ တဏှာဟာ တဏှာပါပဲ (မှန်ပါ့)၊ ယောကျ်ား-မိန်းမ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
အင်း ဒီလိုသိပြန်တော့လည်း ဒကာ ဒကာမတို့ ဒါသုညတဖြစ်သွားတယ် (မှန်ပါ့)၊ သုညတဆိုတာ ပုဂ္ဂိုလ် သတ္တဝါဆိတ်တာ (မှန်ပါ့ ဘုရား)။
တဏှာပြီးတော့ တဏှာချုပ်သွားတော့ ဥပါဒါန်မလာလား (လာပါတယ်)၊ အဲဒါကော ဒကာ ဒကာမတို့ ပုဂ္ဂိုလ် သတ္တဝါလား ဥပါဒါန်လား (ဥပါဒါန်ပါ)၊ ဒါဖြင့် သုညတမဆိုက်သေးဘူးလား (ဆိုက်ပါပြီ ဘုရား)။
ကံဟာကော ဒကာ ဒကာမတို့ ပုဂ္ဂိုလ်သတ္တဝါပဲလား ကံစေတနာပဲလား (ကံစေတနာပါ)၊ ဒီလိုသိသွားတဲ့ ပုဂ္ဂိုလ်ကျတော့ ပုဂ္ဂိုလ်သတ္တဝါ ရှိသေးရဲ့လား (မရှိပါ)၊ ငါပြုတာဆိုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ)၊ ဒီလိုသိသွားတဲ့ ဒကာ ဒကာမတွေကျတော့ သုညတဆိုက်တယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သုညတဆိုက်တယ်ဆိုရင် မပူပါနဲ့တော့ ဒကာ ဒကာမတို့ သုညတနိဗ္ဗာန်ကပ်သွားပြီ (မှန်ပါ့ ဘုရား)။
သုညတဆိုက်ရင် (သုညတနိဗ္ဗာန် ကပ်သွားပါပြီ)၊ သုညတနိဗ္ဗာန်ကပ်သွားပြီ (မှန်ပါ့ ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါမရှိတာ အမှန်ပါလား
ဪ ဒီဥစ္စာသည်ကားလို့ဆိုရင်ဖြင့် ဆရာကောင်း သမားကောင်းက လမ်းပြလို့ ကိုယ်ကလည်း ဉာဏ်နဲ့ မှတ်မိပြီးသကာလ ထားမယ်ဆိုလို့ရှိရင်ဖြင့် ဪ ပုဂ္ဂိုလ်သတ္တဝါမရှိတာ အမှန်ပါလားဆိုတာ သက္ကာယဒိဋ္ဌိက ဒကာ ဒကာမတို့ အသိနဲပြုတ်သွားတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမလဲ (အသိနဲ့ ပြုတ်သွားပါမယ်)၊ အသိနဲ့ပြုတ်သွားပြီ (မှန်ပါ့)၊ နောင်ကျတော့ ဘုန်းကြီးက အပွားနဲ့ပြုတ်တာပြမယ် (မှန်ပါ့)၊ အပယ်နဲ့ ပြုတ်တာကော (ပြမှာပါပဲ ဘုရား)။
အဲ ပယ်မှုနဲ့ပြုတ်တာကိုလည်း ဒကာ ဒကာမတွေ ကယ်တင်ရမယ်ဆိုတော့ အိမ်မှာသာ နေမယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီအသံကို ကြားရပါ့မလား (မကြားရပါ ဘုရား)၊ မကြားရတော့ သက္ကာယဒိဋ္ဌိက ဘယ့်နှယ်နေသတုံး (မပြုတ်ပါ ဘုရား)။
မပြုတ်တော့ ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ မပြုတ်သ၍ အပါယ်နဲ့ အိုးစားမကွဲသေးဘူးလို့ စာအုပ်ထဲမှာ လည်း ဘုန်းကြီးတို့ အတန်တန်ရေးတယ် (မှန်ပါ့)၊ ရေးတဲ့အတိုင်းကော မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့်တဲ့ အခု ဘုန်းကြီးတရားဟောပြီးသကာလ ဒကာ ဒကာမတွေ သယ်ယူပို့ဆောင် ကယ်တင်နေတယ် ဆိုတာ ခင်ဗျားတို့ တခြားမဟုတ်ပါဘူး၊ အကုန်အပါယ်သွားမှာမြင်လို့ ဒကာကြွယ် သယ်ယူပို့ဆောင်နေတာ (မှန်ပါ့ ဘုရား)။
ဒီသုညတ မမြင်သ၍
အကုန်အပါယ်သွားမယ် (မှန်ပါ့)၊ ကျောင်းဆောက်ပေမယ့်လည်း နတ်ရွာသုဂတိသွား၊ တော်တော်ကြာပြန်ကျ (မှန်ပါ့)၊ ဒါနတွေ ပေးလှူလို့ နတ်ရွာသုဂတိ ဦးအောင်ရောက်ချင်လည်း ရောက်သွားမယ်ပေါ့ဗျာ (မှန်ပါ့)၊ သို့သော် ဒိဋ္ဌိမပြုတ်ရင် အပါယ်ပြန်ကျ (မှန်ပါ့)၊ ဒီသုညတ မမြင်သ၍ အပါယ်တော့ကျဦးမှာပဲ (မှန်ပါ့)၊ ဘယ်လောက်ကြောက် စရာကောင်းသလဲ (ကောင်းပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကယ်တင်မည့်တရား ဘယ်တရားပါလိမ့် (မဂ်ပါ ဘုရား)၊ ရဲရဲပြော-ရဲရဲပြော။ ခင်ဗျားတို့ မိတ်ဆွေကို တိုးတိုးပြောနေလို့ မရဘူး (မှန်ပါ့)၊ ခင်ဗျားတို့ကို အကြီးဆုံး ကယ်တင်မည့်တရား ဘယ်သူပါလိမ့် (မဂ္ဂင် တရားပါ ဘုရား)။
ဒီမှာ အခု အသံတိုးသွားတာ ခင်ဗျားတို့ ဒကာကြွယ်တို့က မရိပ်မိဘူး။ ကယ်တင်မည့် မိတ်ဆွေကို မတွေ့ဘူးလို့ (မှန်ပါ့ ဘုရား)။
ကယ်တင်မည့် မိတ်ဆွေကို (မတွေ့ဖူးလို့ပါ)၊ မတွေ့ဖူးတော့ကို မမှတ်မိဘူး (မှန်ပါ့)၊ မမှတ်မိတော့ ပြောလိုက် ရင် လွဲချည့်မလား ဒါလောက်တောင် ရိုင်းတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အံမာလေး ဒါတွေ့ဖူးရင်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်ပါပြီ (မှန်ပါ့)၊ ရှင်းပ လား (ရှင်းပါပြီ ဘုရား)။
မတွေ့ဖူးတော့ ခင်ဗျားတို့ ကယ်တင်မှာ ဘယ်သူတုံးလို့ မေးလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ သိထားတာက သာမညလောက် သိထားတယ် (မှန်ပါ့)၊ တကယ်ကိလေသာ ငြိမ်းပြီး ဇာတ်သိမ်းအောင် ကယ်တင်မှာက ဘယ်သူပါ လိမ့် (မဂ္ဂင်ပါ ဘုရား)။
အဲ အားကိုးရာအစစ်ဟာ သူသာလျှင် ဧကန်ဖြစ်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
အားကိုးရာအစစ် မဂ္ဂင်
အားကိုးရာအစစ် (မဂ္ဂင်ပါ)၊ မဂ္ဂင်သာလျှင် ဧကန်ဖြစ်တယ်လို့ ယနေ့ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ဘုရားအဆူဆူ နိဗ္ဗာန်ပို့သွားတာ ဘယ်သူတုံး (မဂ္ဂင်ပါ ဘုရား)။
ဘုရား တစ်ဆူတစ်ဆူပွင့်တဲ့အခါ နှစ်ဆယ့်လေးသင်္ချေနဲ့ ကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေတစ်သိန်း အရေအတွက်ရှိ တဲ့ များပြားမှုကြီးကို ဘယ်သူပို့လိုက်ပါလိမ့် (မဂ္ဂင်ပါ)၊ အဲဒါ ခင်ဗျားတို့ကို ကယ်တင်မည့်တရားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
နောက်ကျတော့ ခင်ဗျားတို့က ကယ်တင်မည့်လူများ မေ့နေလို့ရှိရင်ဖြင့် သေပွဲသာပြန် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကယ်တင်မည့်ပုဂ္ဂိုလ် မေ့နေရင် (သေပွဲသာ ပြန်ရပါမယ်)၊ ရောက်ရာသေပဲ၊ ရောက်ရာသေပဲ ဒီလိုချည်း မသွားပေဘူးလား (သွားပါတယ် ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ တရားထူး တရားမြတ်ဆိုတာ ဒကာကြွယ် မလွယ်ဘူးနော် (မလွယ် ပါ)၊ မလွယ်ဘူး မလွယ်ဘူး။
ကိုင်း ဒကာ ဒကာမတို့ မျက်လုံးပေါက်က တစ်နေ့ကို ကံဘယ်နှစ်ခုမြောက်သတုံး (မရေတွက်နိုင်ပါ ဘုရား)။
အင်း ကြောက်စရာကြီးပါလား၊ ဒကာကြွယ် (ကြောက်စရာကောင်းပါတယ်)၊ တံငါလည်း မလုပ်ပါဘူးဗျ၊ ခင်ဗျားတို့ (မှန်ပါ့)၊ မလုပ်ပါဘူး ကိုယ့်ဟာကိုယ်ပဲ ပိုးထည်, ချည်ထည် ရောင်းနေကြတာ (မှန်ပါ့)၊ ပိုးထည်, ချည်ထည် ရောင်းနေကြတဲ့ ကံပါပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီကံက ပိုးထည်, ချည်ထည် ရောင်းပြီးနေတဲ့ကံ၊ ကျုပ် မုသားလည်း မပြောပါဘူးဗျာ။ ဒါလောက်ဖြင့် အရင်းကျလို့ ဒါလောက် အမြတ်ရမှာပဲလို့ အမှန်ပြောရောင်းတာပါပဲလို့ ဒကာကြွယ်ကပဲ စကားတတ်တတ်နဲ့ ပြော စေကာမူ ဒီကံက တဏှာ, ဥပါဒါန် အုပ်ချုပ်တဲ့ကံ (မှန်ပါ့)၊ ဆိုးကျိုးပေးမလား ကောင်းကျိုးပေးမလား (ဆိုးကျိုးပေး မှာပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သေရင် သပိတ်မသွတ်နဲ့
တစ်နေ့ကို ဒီမျက်လုံးပေါက်က ကံပေါင်း ဘယ်လောက် (မရေတွက်နိုင်ပါ)၊ နားပေါက်က (မရေတွက်နိုင်ပါ)၊ နှာခေါင်းပေါက်က (မရေတွက်နိုင်ပါ)၊ လျှာပေါက်က (မရေတွက်နိုင်ပါ)၊ ကိုယ်ပေါက်က (မရေတွက်နိုင်ပါ)၊ မနောပေါက် က (မရေတွက်နိုင်ပါ ဘုရား)။
ခင်ဗျားတို့သေရင် သပိတ်မသွတ်နဲ့ (မှန်ပါ့)၊ ဒီကံတွေက အလှည့်ကျ အကျိုးပေသွားမယ် (မှန်ပါ့)၊ သိပ်ကြောက် စရာကောင်းပါတယ် (မှန်ပါ့ ဘုရား)။
ဒီကံတွေက ဘယ်လိုတဲ့ဗျ (အလှည့်ကျ အကျိုးပေးသွားမှာပါ ဘုရား)၊ ကံကလည်း ဟောဒီမျက်စိတစ်မှိတ်မှာ ကို ဒကာ ဒကာမတို့ ကုဋေငါးထောင်ကျော်လောက် ဖြစ်တယ် (မှန်ပါ့)။
မျက်စိတစ်မှိတ်မှာ (ကုဋေငါးထောင်ကျော် ဖြစ်ပါတယ် ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီလောက်ဆိုးဝါးတဲ့ ကံတွေကို ခင်ဗျားတို့ လက်သတ်မွေးတော့မလား၊ ဒါတွေဟာ ရန်သူတွေပါလား ဟ ၊ မသိတုန်းက လွန်ကျူးထားတာတွေပါလားဟ ၊ မင့်ကို နိုင်တဲ့ ဆေးဖြင့် မရှိတော့ဘူးလား ၊ မင်းပေး သလောက် ခံရမယ်ဆိုရင် အပါယ်က ခေါင်းပြူစရာ မရှိဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ခေါင်းပြူစရာ မရှိပါ
အပါယ်က ဘယ့်နှယ်တုံး (ခေါင်းပြူစရာ မရှိပါဘုရား)၊ ခေါင်းပြူစရာ မရှိဘူးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါလောက် ဆိုးဝါးတဲ့ကံတွေအောက်မှာ ခင်ဗျားတို့ သပေါက်ဖြစ်ရမှာကို အလွန်ကြောက်စရာကောင်းပါ တယ် (ကောင်းပါတယ် ဘုရား)။
အပါယ်ကို တစ်ချက်ရောက်သွားမယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ မပြန်တော့ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
အပါယ်တစ်ချက်ရောက်ရင် (မပြန်တော့ပါ ဘုရား)၊ မပြန်တော့ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ အပါယ်က ကျွတ်တော့ကို ဒကာကြွယ်ရေ တိရစ္ဆာန်ဘုံ တက်လိမ့်မယ် (မှန်ပါ့)။
တိရစ္ဆာန်ဘုံတက်လိုက်တော့ နိုင်ရာစားဘဝ ပါဏာတိပါတကံတွေက မများဘူးလား (များပါတယ်)၊ အဲဒီကံ တွေက တစ်ခါ ဘယ်ပို့မလဲ (အပါယ်ပို့ပါမယ် ဘုရား)။*
* ဤအခန်း၌ ငရဲကိုပင် အပါယ်ဟု ဥပစာတင်စား၍ ဟောကြားတော်မူခြင်း ဖြစ်ပါသည်။
အပါယ်က အသက်တမ်းကုန်လို့ ကံတွေကုန်လို့ ပြန်တက်ပြန်တော့ ဘယ်ရောက်မတုံး (တိရစ္ဆာန်ဘုံ ရောက်ပါ မယ် ဘုရား)။
တိရစ္ဆာန်ဘုံကျတော့ နိုင်ရာစားဖြစ်ပြန်တော့ ဘယ်ပြန်ကျမလဲ (အပါယ်ပြန်ကျမှာပါ ဘုရား)၊ ကိုင်း အားလုံး ဒကာ ဒကာမတို့ တစ်ချက်တိမ်းရင် မရပါဘူး (မှန်ပါ့)။
ဒါ့ကြောင့် ခင်ဗျားတို့ ဆရာဘုန်းကြီးကလည်း ပြောနိုင်တုန်း၊ ခင်ဗျားတို့ကလည်း ထောင်နိုင်တဲ့နားနဲ့ အား ထုတ်နိုင်တဲ့ ဉာဏ်ကလေးကလည်း ရှိတုန်း၊ မြန်မြန် ကိုယ့်ကိုယ်ကိုယ်တင်ပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (မြန်မြန်ကိုယ့်ကိုယ် ကယ်တင်ရပါမယ် ဘုရား)။
ဒီထဲမှာ သေခါနီးတွေကလည်း နည်းတာတွေ မဟုတ်တော့ သူတို့ ပိုမိုအရေးကြီးတယ် (မှန်ပါ့)၊ ပိုမိုအရေး ကြီးတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ခင်ဗျားတို့ မြို့ထဲ ရွာထဲမှာဖြင့် ဘယ်သူက ဘာဈေးကောင်းလို့ ဘယ်သူက အရောင်းအဝယ် တိုးလို့၊ ဒါလှည့်ပြီး ချီးမွမ်းနေဖို့ မလိုဘူး (မှန်ပါ့)၊ ဒကာကြွယ် လိုသေးသလား (မလိုပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် လွတ်ရေး, ကျွတ်ရေး, ကယ်တင်ရေးသာလျှင် အရေးကြီးပါတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။
ကယ်တင်မည့် တရား ဘယ်တရားတုံး
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကယ်တင်မည့် တရား ဘယ်တရားတုံး (မဂ္ဂင်တရားပါ ဘုရား)။
အခုမှပဲ ပြောသံကြားနဲ့ တက်လာပေတော့တယ် (မှန်ပါ့)၊ ကိုယ်တိုင် မလုပ်ရသေးဘူး (မလုပ်ရသေးပါ)၊ ကိုယ်တိုင် မလုပ်ရသေးဘူး၊ ပြောသံကြားကလေး ဪ အခုမှပဲ ကိုယ့်ကယ်တင်မည့်တရားဆိုတာ သူအစစ်ပါ လားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကဲ ဦးလှဘူး ဘယ်လောက်ထိအောင် ကျုပ်တို့ ခင်ဗျားတို့ ဘဝများစွာ သံသရာက ကယ်တင်မည့်သူ ကင်းဝေးခဲ့တယ်ဆိုတာ ပြောဖို့မလိုဘူး (မလိုပါ)၊ အသံတောင် မကြားဖူးအောင် ဖြစ်နေတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ အသံတောင် ကြားဖူးရဲ့လား (မကြားဖူးပါ ဘုရား)။
ဒါဖြင့် ဘယ်တော့များ ကယ်မှု ယူမှု ခင်ဗျားတို့ ရခဲ့သတုံးလို့ မေးတော့ (မရခဲ့ပါ ဘုရား)။
ကုဋိထဲက လောက်ဟာ ကုဋိထဲပဲ ပြန်ဖြစ်နေတာပဲ၊ ကယ်မည့်လူကို မလာဘူးလား (မလာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံးဆိုတော့ ကယ်မည့်လူကလည်း ဒီကုဋိထဲက လောက်ကယ်လို့ ဘာမှ ထူးမှာမဟုတ်ပါဘူး၊ သွားလည်း မသွားချင်ဘူး၊ ဒီထဲ နံကနံ စော်ကစော်နဲ့ဆိုပြီး ဒီထဲမွေး ဒီထဲသေချည့် လာခဲ့ကြတယ် လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဒီပဋိသန္ဓေ အိုဘေး, နာဘေးနဲ့ပဲနေ၊ ပဋိသန္ဇေ အိုဘေး နာဘေးနဲ့ပဲသေ (မှန်ပါ့)၊ နောင်တစ်ခါ ဖြစ်ပြန်တော့ လည်း ပဋိသန္ဓေ အိုဘေး, နာဘေး, သေဘေးဆိုတဲ့ ကုဋိထဲမှာပဲ ပေါက်ပွား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်ဆိုတာ အသံ မကြားဖူးပါဘူး
သေတော့လည်း ဒီကြားထဲမှာပဲ သေပြီး ဒီဘဝထဲမှာပဲ သေလိုက်ဆိုတော့ ဒကာကြွယ် မဂ္ဂင်ဆိုတာ အသံ မကြားဖူးပါဘူး (မကြားဖူးပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ကြားဖူးရဲ့လား (မကြားဖူးပါ ဘုရား)။
ကိုင်း ဒါဖြင့် ယနေ့တရားမှာဖြင့် ကယ်မည့်ယူမည့်လူ တွေ့တဲ့တရား (မှန်ပါ့ ဘုရား)၊ ဘာပါလိမ့် (ကယ်မည့်ယူမည့်လူ တွေ့တဲ့တရားပါ ဘုရား)။
နေရာတော့ကျပြီ (မှန်ပါ့)၊ သို့သော် ကယ်မည့်ယူမည့်သူကိုတော့ နာမည်တော့ မှတ်မိပြီဘုရား၊ ပုဂ္ဂိုလ်လက်ညှိုး ညွှန်ပါဦး (မှန်ပါ့)၊ အခုဟာ နာမည်မှတ်မိသေးတယ် (မှန်ပါ့ ဘုရား)။
ကယ်မည့်ယူမည့်လူတော့ တွေ့ပြီ ဒကာ ဒကာမတို့ မျက်စိမျက်နှာ မမှတ်မိဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မျက်စိမျက်နှာက (မမှတ်မိပါ)၊ မျက်စိမျက်နှာ မမှတ်မိသေးတော့ ဒီပုဂ္ဂိုလ်ဟာ ကိုယ့်အထဲမှာ ဘယ်အချိန်ပဲ တွေ့တွေ့ သူမှအစစ်ပဲဆိုပြီး ကိုယ့်ဝမ်းထဲရောက်အောင် သွင်းရလိမ့်မယ် (မှန်ပါ့)၊ ဒီတရား ကိုယ့်ဝမ်းထဲရောက်အောင် သွင်းရလိမ့်ဦးမယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်ဝမ်းထဲရောက်အောင် သွင်းရမှာဖြစ်နေတော့ ဒကာ ဒကာမတို့ ပြောသံကြားနဲ့ပဲ ကျုပ်တို့က သူ့ ကို ကယ်တင်ပါဆိုလို့ လက်ညှိုးမညွှန်တတ်တော့ သူရယ်လို့လည်း မသိတော့ ကယ်တင်မှာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
ကိုယ့်ဝမ်းထဲ ကိုယ့်ဉာဏ်ထဲကို ရောက်မှ ကယ်တင်တော့မယ်ဆိုတာကိုလည်း သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (ကိုယ့်ဝမ်းထဲ ကိုယ့်ဉာဏ်ထဲရောက်မှ ကယ်တင်မှာပါ ဘုရား)။
အဲဒါက ဆုတောင်းနဲ့ မရဘူး (မှန်ပါ့)၊ ကယ်မည့်ယူမည့်လူဖြင့် ဘုရား ရောက်ရာဘဝ တွေ့ရပါလို၏။ မတွေ့ဘူး (မှန်ပါ့)၊ ကိုယ်တိုင်ပွားယူမှ ရောက်မှာ (မှန်ပါ့ ဘုရား)။
ကိုယ်တိုင်ပွားယူမှ ရောက်မယ်
ဘယ်လိုပါလိမ့် (ကိုယ်တိုင်ပွားယူမှ ရောက်မှာပါ)၊ ကိုယ်တိုင်ပွားယူမှ ရောက်မယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ် မဂ္ဂသစ္စာ ဘာဝေတဗ္ဗကိစ္စနဲ့ ပဋိသမ္ဘိဒါ မဂ်အဋ္ဌကထာကလည်း ဘာဝေတဗ္ဗကိစ္စဆိုတာ တခြားအောက်မေ့မနေနဲ့၊ ဝိပဿနာမဂ်ကို ဆိုတာ (မှန်ပါ့ ဘုရား)။
ဘာဆိုတာပါလိမ့် (ဝိပဿနာမဂ်ကို ဆိုတာပါ)၊ ဝိပဿနာမဂ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာမဂ်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးလိုက်တော့မှ ကိုယ့်ခန္ဓာ၏ အနိစ္စဖြစ်ပျက်ကို မြင်တဲ့ ဉာဏ်မဂ်ကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ခန္ဓာ၏ အနိစ္စဖြစ်ပျက်ကို (မြင်တဲ့ ဉာဏ်မဂ်ကို ဆိုပါတယ်ဘုရား)။
အဲဒီဉာဏ်မဂ်ပဲ ကယ်တာ (မှန်ပါ့)၊ ဉာဏ်မဂ်က ဘယ်လိုကယ်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
ဉာဏ်မဂ်က ဟိုဘဝ ပဋိသန္ဓေနေတတ်တဲ့ ဒုက္ခပေးတဲ့ ကိလေသာကိုလည်း သူကပဲ သတ်ပေးမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဟောဒါ ဒုက္ခသစ္စာလို့လည်း သူကပဲ ပြောပေးမယ် (မှန်ပါ့)၊ ဟောဒါ ဒုက္ခငြိမ်းတဲ့ နိဗ္ဗာန်လို့ဆိုတာလည်း သူ ကပဲ ဒကာ ဒကာမတို့ ပြောပေးမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခထဲမှ ကယတင်နိုင်တဲ့တရား ဘယ်သူပါလိမ့် (မဂ္ဂင်တရားပါ ဘုရား)။
ဒါကို သူက မိတ်ဆွေလုပ်ရမှာလား၊ ကိုယ်က မိတ်ဆွေလုပ်ရမှာလား (ကိုယ်က မိတ်ဆွေလုပ်ရမှာပါ ဘုရား)။
ရော သူက စွမ်းရည်သတ္တိရှိလို့ ကယ်တင်တဲ့ တရားပဲ၊ သူက ခင်ဗျားတို့ အောက်ကို ကျုပ် ရွက်ဆောင် ပေးပါရစေမျိုးတော့ မလာဘူး (မလာပါ)၊ ခင်ဗျားတို့က နှုတ်ဆက်မှ ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူက နှုတ်ဆက်ရမတုံး (တပည့်တော်တို့က နှုတ်ဆက်ရပါမယ် ဘုရား)၊ ခင်ဗျားတို့က မဂ္ဂင်ပေါ်အောင် ခဏခဏ နှုတ်ဆက်ရမယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာအလုပ် မလုပ်ရင် ရကို မရဘူး
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာအလုပ် မလုပ်ရင် ရကို မရဘူး (မရပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ရမလဲ (ဝိပဿနာအလုပ် လုပ်ရပါမယ် ဘုရား)၊ ဝိပဿနာအလုပ် လုပ်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ကိုင်း ဝိပဿနာအလုပ် လုပ်တဲ့အခါကျတော့ ကယ်မည့်ယူမည့်လူ ဝမ်းထဲရောက်နေတယ် (မှန်ပါ့)၊ ဝိပဿနာလုပ် လုပ်လိုက်တဲ့အခါကျတော့ (ကယ်မည့်ယူမည့်လူ ဝမ်းထဲ ရောက်ပါတယ် ဘုရား)။
ဝမ်းထဲရောက်နေတဲ့ တရားဖြစ်သောကြောင့် ဒကာ ဒကာမတွေ လှေထဲမှာ အင်ဂျင်စက်တစ်ခု တပ်ထား တယ် (မှန်လှပါ)၊ ဒီလှေကို စုန်ချင်လည်း ဒီအင်ဂျင်စက် မောင်းမှာပဲ (မှန်လှပါ)၊ ဒီလှေကို ဆန်ချင်ရင်ကော (ဒီအင် ဂျင်စက် မောင်းမှာပဲ ဘုရား)၊ ဒီလှေကို မကွဲအောင် တုံးနဲ့ တိုင်နဲ့ ကျောက်ဆောင်နဲ့ မတိုက်အောင် ရွက်ဆောင်ပေး တာကော (ဒီအင်ဂျင်စက်ပါပဲ ဘုရား)။
ဒီအတိုင်းပဲတဲ့ ခင်ဗျားတို့ ခန္ဓာလှေထဲမှာ မဂ္ဂင်ကပဲ လိုရာဆောင်လိမ့်မယ် (မှန်ပါ့)၊ မဂ္ဂင်မှတစ်ပါး တခြားသော တရားတွေကဖြင့် ဒါလောက် ဆောင်နိုင်လိမ့်မယ်လို့ မအောက်မေ့ပါနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဘာအားကိုးကြမယ် (မဂ္ဂင်အားကိုးကြပါမယ် ဘုရား)။
ကျုပ်တို့ဖြင့် အမေသေသွားမှာ သိပ်စိုးရိမ်တယ် လုပ်မနေနဲ့ (မှန်ပါ့)၊ အမေသေလို့လည်း သေသေ ခင်ဗျားတို့ အားကိုးရာ မဟုတ်ပါဘူး (မှန်ပါ့)။
အားကိုးရာအစစ်က မဂ္ဂင်
အဖေသေလို့လည်း သေသေ (အားကိုးရာ မဟုတ်ပါဘုရား)၊ ခင်ဗျားတို့ အားကိုးရာအစစ်က (မဂ္ဂင်ပါ ဘုရား)၊ ဒကာကြွယ်ရေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အမေနဲ့ သမီးနဲ့, အမေနဲ့ သားနဲ့ ရန်တိုက်တယ်လို့ အောက်မေ့မနေနဲ့၊ ခင်ဗျားတို့က ရန်တိုက်တာတောင် ရန်ဖြစ်တဲ့လူတွေ မဟုတ်ဘူး (မှန်ပါ့)၊ အတော်ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တကယ် ကယ်မည့်ယူမည့်တရား ဘယ်သူပါလိမ့် (မဂ္ဂင်ပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ကဲ မဂ္ဂင်တရား နက်ဖြန်မှ ပေးသနားမယ်ဆိုတာ အောက်မေ့လိုက် (မှန်ပါ့ ဘုရား)။
သာဓု သာဓု သာဓု။