နိဗ္ဗာန်ကို ခန္ဓာဖုံးပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့-ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၂၈-၉-၆၂)
ဘုရားဟောပဲလို့ စိတ်ထဲမှာ ထားကြပါ
တရားနာလာကြတဲ့ ဒကာ ဒကာမတွေ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့တရားကို ဆရာ ဘုန်းကြီးက ဟောလိမ့်မယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်သိ ဟောတဲ့တရားကို ဆရာဘုန်းကြီးက ဟောမှာဖြစ်နေ တော့ ဪ ဒီဥစ္စာ တခြားလား အောက်မေ့တယ်၊ ဘုရားကိုယ်တိုင် ဟောနေပါလား ဆိုတာ ဒကာကြွယ်တို့၊ မောင်ဘသော်တို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာကို တစ်လုံးမှ မလွဲရအောင် ဆရာဘုန်းကြီးက ဟောနေတော့ ဒကာ ဒကာမတွေက ဪ ဒီဥစ္စာသည် ဘုရားဟောလည်း ဒီအတိုင်းပဲ၊ ဆရာဘုန်းကြီး ဟောတာလည်း ဒီအတိုင်းပဲဆိုပြီး သကာလ ဘုရားဆီမှာ ဉာဏ်ရောက်ပြီး သကာလ ဘုရားမမှီလိုက်လို့ဆိုတဲ့ ဝမ်းနည်းလုံးတွေ ထုတ်ပြီး သကာလ ဒါ ဘုရားဟောပဲလို့ စိတ်ထဲမှာ ထားကြပါ (မှန်ပါ့)။
အဲဒီကဲ့သို့ စိတ်ထဲမှာ ထားပြီးသည် နောက်တစ်ခါ ဘုရားကိုလည်း ဒကာ ဒကာမတွေက ဪ ဒီကိုယ် တော်ကြီး ဟောတာသည်ကားလို့ဆိုရင် တွေးလုံး ဆ,လုံးတွေနဲ့ ဟောနေတာ ထင်ပါရဲ့လို့ မယူဘဲနဲ့ ဘုရားအပေါ်၌ တွေးလုံး ဆ,လုံးနဲ့ ဟောတယ်လို့ မယူဘဲနဲ့ ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်သိပြီး သကာလ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်ရပြီး ဟောတဲ့တရားလို့လည်း ယုံကြည်လုံးသန်လိုက်ပါဦး (မှန်ပါ့)။
ကိုယ်တိုင်သိ၊ ကိုယ်တိုင်ဟော၊ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်မြင် ကိုယ်တိုင်ရောက်ပြီး ဟောတဲ့တရား ဖြစ်လေ သောကြောင့်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ သံသယဝိစိကိစ္ဆာ ဖျောက်ပြီး သကာလ ဧကန်တကယ် ယုံကြည်ပြီး သကာလ ဒီအလုပ်လုပ်လို့ ကိုယ်တော်မြတ်ကြီး ပြောတဲ့အတိုင်း လုပ်ကြလို့ရှိရင်ဖြင့် ကိလေသ ဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဆိုတဲ့ ဝဋ်ဆိုးကြီးသုံးခုဟာ ဒကာ ဒကာမတို့ တကယ်ပြတ်လိမ့်မယ်ဆိုတာ တကယ်ယုံကြည် ပြီး သကာလ တကယ်ပြတ်တဲ့ ကိုယ်တော်ကြီးက ဟောနေတာလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
သစ္စာမသိလို့ သေဘေးနဲ့ချည်း အဖော်လုပ်ခဲ့ရတယ်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်တော်မြတ်ကြီးက ဘယ်လို မဟာဝါပါဠိတော်မှာ စလိုက်သလဲ လို့ မေးတော့ ငါ သစ္စာလေးပါး မသိခဲ့တာနဲ့ ကွာတဲ့ အိုဘေး၊ နာဘေး၊ သေဘေးနဲ့ချည်း အဖော်လုပ်နေရတယ် (မှန် ပါ့)။
ကိုယ်တော်မြတ်ကြီး သစ္စာလေးပါး မသိတာနဲ့ အိုဘေး၊ နာဘေး၊ သေဘေးနဲ့ချည်းပဲ တစ်သံသရာလုံး အဖော် လုပ်ရတယ် (မှန်ပါ့)၊ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်က ပြောနေတယ်နော် (မှန်လှပါ ဘုရား)၊ ငါသည်တဲ့ သစ္စာအကြောင်း ကောင်း ကောင်းမသိခင်တုန်းက အိုဘေး နာဘေး သေဘေး မျောဘေး ကွဲဘေး စိုးရိမ်ပူဆွေးဘေးတွေနဲ့ အဖော်လုပ်ပြီးသ ကာလ နေခဲ့ရပါတယ် ကွာ တဲ့။
အဲဒီတော့ မင်းတို့ကို ငါ အခု ကိုယ်တိုင်သိတဲ့သစ္စာကို ကိုယ်တိုင်ပြလို့ မင်းတို့ကိုယ်တိုင် နားလည်လို့ရှိရင်ဖြင့် အိုဘေး နာဘေး သေဘေးနဲ့ အဖော်ကင်းပြီး သကာလ မအိုရာ မနာရာ မသေရာဖြစ်တဲ့ နိဗ္ဗာန်ဟာ မင်းတို့၏ ကိုယ် ပိုင်ပစ္စည်းဖြစ်တော့မယ်ဆိုတာ ရည်မှန်းချက်ထားပြီး ကိုယ်တိုင်သိလို့ ကိုယ်တိုင်ဟောပြီး သကာလ မင်းတို့ သေသေ ချာချာ ကျင့်နေလို့ရှိရင်ဖြင့် မင်းတို့ လွတ်ရေး- ကျွတ်ရေးဟာ ဧကန် ငါသည်ကားလို့ဆိုရင် ရလိမ့်မယ်လို့ ယုံကြည်ပြီး ဟောပါတယ်လို့ သေသေချာချာ ဘုရားက ပြောပါတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပြောသံကြားနဲ့ ဘုန်းကြီးက စာအုပ်ကြည့်ဟောနေတယ်လို့ ဒီလိုမယူဘဲနဲ့ ဘုန်းကြီးလုပ်တဲ့အတိုင်းပဲ အလုပ်လုပ်၊ ဒကာ ဒကာမတွေ ကိုယ်တိုင်လည်း အလုပ်လုပ်၊ ဘုရားကိုယ်တိုင် လည်း အလုပ်လုပ်ပြီး သကာလ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်မြင်ပြီး သကာလ ကိုယ်တော်မြတ်ကြီး တပည့်သားဖြစ် တဲ့ ဒကာ ဒကာမတွေရော ဘုန်းကြီးများရော ကိုယ်တိုင်မြင် ဖြစ်အောင် လုပ်ကြလို့ရှိရင်ဖြင့် နိဗ္ဗာန်နှစ်မျိုးမရှိဘူး၊ ကိုယ်တော်မြတ်ကြီးရောက်တဲ့ နိဗ္ဗာန်ဟာ ကျုပ်တို့နိဗ္ဗာန်ပဲ (မှန်ပါ့)၊ နိဗ္ဗာန်နှစ်မျိုး မရှိပါဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။
သစ္စာမသိတဲ့ ဒဏ်ချက် အလွန်ပြင်းထန်တယ်
ကိုင်း ဒါဖြင့် ငါသစ္စာလေးပါး မသိခင်တုန်းက အိုဘေး နာဘေး သေဘေးနဲ့ အဖော်လုပ်ခဲ့ရတယ် (မှန် ပါ့)၊ မင်းတို့ မသိသေးသ၍ ကာလပတ်လုံးလည်း ဘာလှူလို့ ဘာတန်းတန်း အိုဘေး နာဘေး သေဘေးနဲ့ပဲ အဖော် လုပ်ရမှာပဲ (မှန်ပါ့)။
ကြည့်စမ်း ဒကာ ဒကာမတွေ သစ္စာမသိတဲ့ ဒဏ်ချက်ဟာ အလွန်ပြင်းထန်တယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
သစ္စာမသိတဲ့ ဒဏ်ချက်ဟာ အလွန်ပြင်းထန်တယ်ဆိုတာ ဒကာကြွယ် ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။
ဒါ့ကြောင့် အားလုံး ဒကာ ဒကာမတွေ ယနေ့ သစ္စာသိပြီး သကာလ ဒုက္ခသစ္စာကို တကယ်သိလို့ရှိရင်ဖြင့် နိရောဓသစ္စာ တကယ်သိတယ် (မှန်ပါ့)။
ဒုက္ခသစ္စာ တကယ်သိရင် နိရောဓသစ္စာ တကယ်သိမှာ ဖြစ်နေသောကြောင့် ဒကာ ဒကာမတို့ ဒီအသိပေါက် လို့ရှိရင်ဖြင့် နိရောဓသစ္စာ တကယ်မျက်မှောက်ပြုခြင်းသို့ ရောက်ပါတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဘာမှမပူဘဲနဲ့ ဘာမှ နောက်ရေးတွေ မတွေးဘဲနဲ့ ဒီသစ္စာသိရင် စားရေး သောက်ရေး ဝတ်ရေး အပါယ်ဘေးနဲ့တကွ ဒုက္ခသိမ်းတယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးကို ဘုရားအစမြင်လိုက်၊ အဆုံးမြင်လိုက် တော့မှ ဘုရားဖြစ်တယ် (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ် အစမြင်တာက သမုဒယသစ္စာ မြင်တာ
ပဋိစ္စသမုပ္ပါဒ် အစမြင်တာက သမုဒယသစ္စာ မြင်တာ (မှန်လှပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် အဆုံးမြင်တာက နိရောဓသစ္စာ မြင်တာ (မှန်ပါ့)၊ အဲဒီ အစမြင်တဲ့ဉာဏ်က မဂ္ဂသစ္စာဖြစ်ပါတယ် (မှန်ပါ့)၊ အဲဒီမြင်တဲ့ဉာဏ်က သမုဒယ သစ္စာ သတ်သောကြောင့်လည်း နိရောဓသစ္စာကို အဆုံးမြင်ပါတယ် (မှန်ပါ့)။
ဒါကြောင့် သစ္စာလေးချက် တစ်ပြိုင်နက် တစ်ပြိုင်နက် မြင်တဲ့ပုဂ္ဂိုလ်ကြီးက ငါ ဒုက္ခလွတ်ပဟေ့ဆိုပြီး သကာလ “ဝိဓူပယံတိဋ္ဌတိ မာရသေနံ သူရိယောဝ ဩဘာသယ မန္တလိက္ခံ”ဆိုတဲ့ ပါဠိတော်ကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ဝမ်းမြောက် ခြင်းကြောင့် ဥဒါန်းကျူးပါတယ် (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ် ဝမ်းမြောက်နိုင်တယ်ဆိုရင် ငါကိစ္စပြီးပြီဟလို့ လက်ခမောင်းခတ်နိုင်တဲ့ အခြေအနေမရောက်သေးသ၍ ကာလပတ်လုံး ငရဲမီးလျှံတွေ ဝိုင်းနေသေးတယ်၊ အိုဘေး, နာဘေး, သေဘေးတွေဟာ ဝိုင်းနေသေးတယ်။
၉၆ ပါး ရောဂါတွေ ဝိုင်းနေသေးတယ်ဆိုတာ ဒကာကြွယ်၊ မောင်ဘသော် မှတ်ပါ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် ဝမ်းမြောက်နိုင်တဲ့ အခြေအနေရောက်မှ ကိစ္စပြီးတယ်လို့ မှတ်ကြပါ (မှန်ပါ့)၊ သူ များ ပြောသံကြား ဆရာဘုန်းကြီးက ဟ မင်းကိစ္စပြီးပြီ ဆိုတာ မယုံနဲ့ (မှန်ပါ့)။
မယုံနဲ့ ၊ မင်း ဘယ်မဂ်ရပြီ မယုံပါနဲ့ဦး (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် ကိုယ်,ကိုယ်တိုင် နိဗ္ဗာန်မြင်ပြီး သကာလ ကိုယ်ကိုယ်တိုင် ဪ ဟုတ်သားပဲ အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတဲ့ဥစ္စာ ကိုယ့်သန္တာန် ဒိဋ္ဌိဝိစိကိစ္ဆာ နှလုံးသွင်းလို့မှ မရတော့ဘဲ ချုပ်သွားပေါ့လို့ ကိုယ့်ဟာကိုယ် သိပြီး သကာလ နေမှ ကိုယ့်ဟာကိုယ် ဝမ်းမြောက်မှသာ လျှင် ကိစ္စပြီးမြောက်ကြောင်း ကိုယ်ကိုယ်တိုင် သိပါလေ (မှန်ပါ့)။
ကိုယ့်ဉာဏ် ကိုယ်လမ်းဆုံးပါ
ဒါ့ကြောင့် ဆရာလမ်းမဆုံးပါနဲ့ ကိုယ့်ဉာဏ် ကိုယ်လမ်းဆုံးပါ (မှန်ပါ့)။
ဒကာကြွယ် ဘယ်မှာလမ်းဆုံးရမယ် (ကိုယ့်ဉာဏ် ကိုယ်လမ်းဆုံးရပါမယ် ဘုရား)။
ဆရာကတော့ တွေးပြောတာ (မှန်ပါ့)၊ ကိုယ့်ဉာဏ်နဲ့ ကိုယ်သိထားတဲ့ ပုဂ္ဂိုလ်ကတော့ဖြင့် ဒိဋ္ဌိဓမ္မောလို့ ဘုရား က ဟောသောကြောင့် ကိုယ်တိုင် ဒိဋ္ဌမြင်ဖို့ရာ အရေးကြီးပါတယ် (မှန်လှပါ ဘုရား)။
ပတ္တဓမ္မောလို့ ကိုယ်တော်မြတ်ကြီးက ဓမ္မစကြာမှာ ဟောသောကြောင့် ကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ ရောက်နေ တဲ့အမြင်ကို ကိုယ်ကိုယ်တိုင် ရောက်ပဟလို့ ဆုံးဖြတ်ချက်ချနိုင်မှ အမှန်ရောက်ပါတယ် (မှန်ပါ့)။
ဝိဒိတဓမ္မော တဲ့ သူများဆုံးဖြတ်ချက်ချတာ မယူနဲ့ကွတဲ့၊ ကိုယ်ကိုယ်တိုင် ဝိဒိတဆိုတာ ဆုံးဖြတ်ချက်ချပါ။ ဟာ အပါယ်လေးပါး တံခါးပိတ်ပြီလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချနိုင်တဲ့ ဉာဏ်ရအောင် လုပ်ပါ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
‘ပရိယောဂါဠဓမ္မော’တဲ့ နော် (မှန်ပါ့)၊ ‘တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော’ဆိုတဲ့အတိုင်း သံသယဝိစိ ကိစ္ဆာတွေ အကုန်ကင်းပြီ၊ ဟောဒါ နိဗ္ဗာန်အစစ်ပဲဆိုပြီး သကာလ ဒကာ ဒကာမတွေ ကိုယ်တိုင်ဉာဏ်နဲ့ လက်ညှိုးညွှန် ပြီးသူများ ပြောသံကြား မဟုတ်တော့ဘူး။
သံသယရှင်းရှင်းနဲ့ မြင်တဲ့အမြင်မှန်ရမှသာလျှင် ဒကာကြွယ်ရေ အေးအေး နေတော့ဆိုတဲ့စကားဟာ အမှန်ရောက်ပါတယ် (မှန်ပါ့)။
ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်မှယုံ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သူများ ပြောသံကြားနဲ့ မဂ်ရ-ဖိုလ်ရ ယုံကြမလား။ ကိုယ်-ကိုယ်တိုင် ဆုံး ဖြတ်ချက်ချနိုင်မှ ယုံကြမှာလား (ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်မှ ယုံကြမှာပါ ဘုရား)။
အေး ဒါလုပ်ကြ ဒါလုပ်ကြ တဲ့၊ ပါဠိတော် အကိုးအကားတရားကို ‘ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ပရိ ယောဂါဠဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပတ္တော အပရပစ္စယော’ဆိုတဲ့ ဓမ္မစကြာ ပါဠိတော် ကြီးတွေဟာ ကိုယ်ကိုယ်တိုင်ချည်း ဆုံးဖြတ်ချက်ချတယ်။ သူများ ပြောသံကြားကို မပါဘူး။ ရှင်းပလား (ရှင်းပါပြီ)။
အဲဒါကြောင့် ဒီနေ့တရားမှာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ ကျင့်နည်းကို ကိုယ်ကိုယ်တိုင် အကျင့်ဆုံး လို့ ကိုယ်ကိုယ်တိုင် ဟာ ဟုတ်ပြီ ဆိုတဲ့ ဆုံးဖြတ်ချက် ကိုယ်ကိုယ်တိုင်ကျအောင်လည်း ဆရာဘုန်းကြီးက ဒကာကြွယ်၊ မောင်ဘသော် နည်းပေးလိမ့်မယ် နော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ နိဗ္ဗာန် ဘယ်မှာရှိသတုံးလို့ မေးလို့ရှိရင်ဖြင့် ခန္ဓာဆုံးတဲ့ဆီမှာ ရှိတယ် (မှန်ပါ့)။
နိဗ္ဗာန် ဘယ်မှာရှိပါလိမ့်
နိဗ္ဗာန် ဘယ်မှာရှိပါလိမ့် (ခန္ဓာဆုံးတဲ့ဆီမှာ ရှိပါတယ်)၊ ခန္ဓာဆုံးတဲ့ဆီမှာ ရှိပါတယ် (မှန်ပါ့)။
အဲ ဒါကြောင့် ခန္ဓာဆုံး-နိဗ္ဗာန်ဆိုတာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတစ်လုံးဟာ အင်မတန်အရေးကြီးပါတယ် (မှန်ပါ့)။
နိဗ္ဗာန် ဘယ်မှာရှိပါလိမ့် (ခန္ဓာဆုံးတဲ့ဆီမှာ ရှိပါတယ် ဘုရား)။
အဲ ‘ဒုက္ခဿ အန္တံကရိဿတိ’ တဲ့။ အရုဏဝတီသုတ် ပါဠိတော်မှာ (သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။ အရုဏဝတီသုတ်။) ဒုက္ခဿ=ဒုက္ခ၏။ အန္တံ=အဆုံး ကို။ ကရိဿတိ= သစ္ဆိကရိဿတိ= မျက်မှောက်ပြုနိုင်လိမ့် လတ္တံ့=လို့ ဆိုသဖြင့် သူ့အထဲမှာ အဓိပ္ပာယ်ပါပြီးသား (မှန် ပါ့)။
နိဗ္ဗာန် ဘယ်မှာရှိပါလိမ့်မလဲလို့ မေးလို့ရှိရင် ခန္ဓာအဆုံးမှာ ရှိတယ် (မှန်ပါ့)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေ နိဗ္ဗာန် ဘယ်မှာရှိတယ်ဆိုတာ ဒကာ ဒကာမတွေက နိဗ္ဗာန်ဆိုတာ အဝေးကြီးလို့ ထင်ပြီး သကာလ နေကြတယ် (မှန်ပါ့)။
ခန္ဓာကွယ်နေတယ်
နိဗ္ဗာန်သည်ကားလို့ဆိုလို့ရှိရင် ဒီအနားမှာပဲရှိတယ် (မှန်ပါ့)၊ ဘယ်သူကွယ်နေသတုံး မေးတော့မှ ကိုယ်ရထား တဲ့ ခန္ဓာကွယ်နေတယ် (မှန်ပါ့)၊ ရှင်းကြပြီ (ရှင်းပါပြီ)။
နိဗ္ဗာန် ဘယ်နားမှာရှိပါလိမ့် (ခန္ဓာအဆုံးမှာ ရှိပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်မလဲလို့ မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာကွယ်နေလို့ပါ)၊ ခန္ဓာကွယ်နေတယ် (မှန်ပါ့)။
ဒါဖြင့် ခန္ဓာဖောက်ထွင်းနိုင်တဲ့ဉာဏ် ပေးလို့ရှိရင်ဖြင့် နိဗ္ဗာန်မြင်ရမှာပဲ (မြင်ရမှာပါ ဘုရား)။
ခန္ဓာဖောက်ထွင်းနိုင်တဲ့ဉာဏ် ပေးလို့ရှိရင်ဖြင့် ခန္ဓာအကွယ်ကြီးကို ဖောက်ထွင်းပြီး သကာလ နိဗ္ဗာန်ကို ဒကာ ကြွယ်၊ မောင်ဘသော် တွေ့မယ် (မှန်ပါ့)။
သေသေချာချာမှတ်ပါ၊ ဒီစကားတွေဟာ မလွယ်ပါဘူး (မှန်ပါ့)။
ဒကာကြွယ် လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။
ရှေးက ကြားဖူးထားတာက နိဗ္ဗာန်ဆိုတာ အဝေးကြီးကွ (မှန်ပါ့)၊ အခုတော့ ဒီလိုမယူပါနဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန်သည် ဘယ်နားမှာရှိသတုံး (ခန္ဓာအဆုံးမှာ ရှိပါတယ်ဘုရား)။
ဒါဖြင့် ခန္ဓာအဆုံးမှာရှိရင် မိမိခန္ဓာကလေးလောက်ပဲ ကြည့် (မှန်ပါ့)၊ ကိုယ့်အတောင်နဲ့ကိုယ်တောင် ကြည့်ရင် လေးတောင်ပဲရှိတယ်။ အဲဒီလေးတောင်အဆုံးမှာ ရှိတယ် (မှန်လှပါ ဘုရား)။**
** ရောဟိတဿသုတ်ကြည့်။ သဂါထာဝဂ္ဂသံယုတ်နဲ့ အင်္ဂုတ္တိုရ်ပါဠိတော်။
ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်
အဆုံးမှာရှိပါလျက်သားနဲ့ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်မလဲလို့ ဒကာကြွယ်၊ မောင်ဘသော် တို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာကွယ်နေလို့ပါ ဘုရား)၊ ဪ ခန္ဓာကွယ်နေတယ် (မှန်ပါ့)။
ခန္ဓာကွယ်လို့ နိဗ္ဗာန်အဆုံးကို မမြင်ရဘူး (မှန်ပါ့)၊ ခန္ဓာကွယ်နေတဲ့အတွက် ခန္ဓာ့အဆုံးကို မမြင်ရဘူး။ ခန္ဓာ တွေက စက်ရဟတ်လို လည်ပြီး သကာလ နေတာနဲ့ သူကလည်ပြီး ဖုံးနေတာနဲ့ ဒကာ ဒကာမတွေ ခန္ဓာက တစ်ခုသော ခန္ဓာဖြစ်ပြီး ခန္ဓာတွေသည်ကားလို့ဆိုရင် ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာနဲ့ လှည့်ပတ်ပြီး သကာလ ဖဿ ဝေဒနာ သညာ တဏှာ ဥပါဒါန် ကံနဲ့ လှည့်လိုက်။ ဒီလိုချည့် ခန္ဓာကြီးက လှည့်ပတ်ပြီး ပေါ်နေတာနဲ့ မဆုံးဘူး (မှန်ပါ့)၊ မဆုံးတော့ နိဗ္ဗာန်မတွေ့တာ (မှန်ပါ့)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မတွေ့ရတာ ခန္ဓာစက်ရဟတ်ကြီးက လည်ပြီး ဖုံးနေလို့ မတွေ့တာ ကိုး (မှန်လှပါ ဘုရား)။
ခန္ဓာစက်ရဟတ်ကြီးက (လည်ပြီးဖုံးနေလို့ မတွေ့တာပါ ဘုရား)။
လည်ပြီးဖုံးနေတယ် (မှန်ပါ့)၊ လည်လည်းလည်ချေသေးတယ်၊ ကျုပ်တို့ ဉာဏ်မထိုးထွင်းနိုင်အောင် သူကလည်း နိဗ္ဗာန်ကို ကွယ်ထားတယ်။ ဖုံးထားသေးတယ် (မှန်ပါ့)။
ခန္ဓာစက်ရဟတ်ကြီးဟာ လည်ပြီးဖုံးနေလို့
ဒါ့ကြောင့် ဒကာကြွယ်တို့၊ မောင်ဘသော်တို့၊ ဒကာသစ်တို့ မမြင်ရတာ ခန္ဓာစက်ရဟတ်ကြီးဟာ လည်ပြီးဖုံး နေတာနဲ့ နိဗ္ဗာန်မမြင်ရတာ (မှန်ပါ့)။
ဒါဖြင့် ခန္ဓာစက်ရဟတ်ကြီးကို ဘုန်းကြီးတို့က ဒကာ ဒကာမတို့ ဒီလိုရပ်အောင် လုပ်ကြပေတော့ဆိုတဲ့ နည်း ပေးကောင်းနဲ့ ဒကာ ဒကာမတွေက ရပ်သွားမယ်ဆိုလို့ရှိရင်ဖြင့် ခန္ဓာကြီးဟာ ဒကာ ဒကာမတို့ ရပ်သွားတယ်ဆိုကတည်း က ပြတ်ထွက်သွားတယ် (မှန်ပါ့)။
ပြတ်ထွက်သွားရင် ခန္ဓာကွယ်နေတဲ့ နိဗ္ဗာန်ဟာ ဒီနေရာတွင် ပေါ်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
လောကီ ဥပမာနဲ့ နည်းနည်းကလေး ရှင်းကြပါစို့ဆိုတော့ ဒကာ ဒကာမတွေ ဓာတ်ရှင် ဘိုင်စကုတ်ကြည့်တဲ့ အခါကျတော့ အရုပ်တွေ ဖုံးနေတော့ ပိတ်ဖြူနောက်က မပေါ်ဘူး (မပေါ်ပါ ဘုရား)။
အရုပ်တွေ ဖုံးနေတဲ့အတွက် (ပိတ်ဖြူမပေါ်ပါ ဘုရား)၊ ပိတ်ဖြူကားကြီးနောက်က မပေါ်လာဘူး (မှန်ပါ့)။
ဖျပ်,ဆို အရုပ်တွေ စက်ရဟတ်တွေ ရပ်ပစ်လိုက်စမ်းပါတဲ့ မှန်ဘီလူးနဲ့ လည်နေတာ ရပ်ပစ်လိုက်တော့ ဘာ ပေါ်လာသတုံး (ပိတ်ဖြူကားကြီး ပေါ်လာပါတယ် ဘုရား)။
အဲ ဒီအတိုင်းပဲ ခန္ဓာတွေဟာ ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်-ပျက်လိုက်တွေနဲ့ လှည့်ပတ်ပြီး သကာလ စက် ရဟတ်ကြီးလို လည်နေတယ် (မှန်ပါ့)။
ဒါကြောင့်
”ခန္ဓာနဉ္စ ပဋိပါဋိ၊
ဓာတု အာယတနာနစ။
အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ၊
သံသာရောတိ ပဝုစ္စတိ”။ မပြတ်လည်နေတယ်ကွ တဲ့ (မှန်ပါ့)။
ခန္ဓာသံသရာကြီး ဖုံးနေလို့ နိဗ္ဗာန်မမြင်တာ
အဲဒီ ခန္ဓာသံသရာကြီး ဖုံးနေလို့ နိဗ္ဗာန်မမြင်တာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
နိဗ္ဗာန် ဘယ်သူကွယ်နေပါလိမ့် (ခန္ဓာသံသရာ ကွယ်နေပါတယ်ဘုရား)၊ ခန္ဓာသံသရာကွယ်နေတယ်ဆိုတာ သေသေချာချာ မှတ်စမ်းပါ (မှန်ပါ့)။
ဒကာကြွယ် ဒါ စာသွားကြည့်ရင် မတွေ့ဘူး (မှန်ပါ့)၊ မတွေ့ပါဘူး တဲ့၊ ခန္ဓာသံသရာကွယ်နေတယ် ဆိုတော့ အလုပ်သမားတွေကျတော့ ဖျပ်,ခနဲ ခန္ဓာလည်း ချုပ်သွားရော နိဗ္ဗာန်ချက်ချင်းပေါ်တယ် (မှန်ပါ့)။
ဒကာကြွယ် မထင်ရှားလား (ထင်ရှားပါတယ်)၊ ဘာမှအလုပ်-မလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ခန္ဓာက အမြဲတမ်း စက်ရဟတ်ကြီးနှယ် လည်ကွယ်နေတော့ ခန္ဓာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ နိဗ္ဗာန်မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲ ဒကာ ဒကာမတို့ ဒီနေ့တော့ဖြင့် ရှင်းရှင်းပဲ၊ ကျေးဇူးများအောင်ဆိုပြီး သကာလ မိဘရိုးရာ တရား တွေကို အသာကလေးချိတ်ထားပြီး သကာလ နိဗ္ဗာန် ဘယ်မှာရှိပါလိမ့် (ခန္ဓာအဆုံးမှာ ရှိပါတယ်ဘုရား)။
အဲဒါက “ဒုက္ခဿ အန္တံကရိဿတိ”ဆိုတဲ့ အရုဏဝတီသုတ် ပါဠိတော်က လာတာ၊ ပါဠိရှိပြီးသားနော် (မှန် ပါ့)၊ ဘုရားဟောပါဠိ ရှိပြီးသား ။
ခန္ဓာအဆုံးမှာ နိဗ္ဗာန်ရှိတာ
အဲဒီခန္ဓာအဆုံးမှာ နိဗ္ဗာန်ရှိတာကို ဘယ့်နှယ်ကြောင့် မတွေ့ပါလိမ့်မတုံးလို့ဆိုတော့ ခန္ဓာသံသရာစက်ရဟတ် ကြီးက ဖုံးနေလို့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ခန္ဓာသံသရာစက်ရဟတ်ကြီးက (ဖုံးနေလို့ပါ ဘုရား)၊ ဖုံးနေတဲ့အတွက်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နိဗ္ဗာန်မမြင်ရဘဲ ဖြစ်နေပါတယ် (မှန်ပါ့)။
ဝေးလို့လား၊ နီးလို့လား (နီးပါတယ်)၊ နီးပင်နီးငြားသော်လည်း အကွယ်ကြီး ထပ်ပြီး သကာလ အကွယ်ကြီးက ကြီးကျယ်နေတော့လည်း မမြင်နိုင်ပါဘူး (မမြင်နိုင်ပါ ဘုရား)။
ကိုင်း ဒါဖြင့် တရားနှလုံးသွင်းကြ၊ တရားနှလုံးသွင်းကြ။ နိဗ္ဗာန်သည် ခန္ဓာအဆုံးမှာရှိတယ်။ ဘယ့်နှယ် ကြောင့် မမြင်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ ခန္ဓာကွယ်နေတယ် (မှန်လှပါ ဘုရား)။
တစ်ခါ ဒီခန္ဓာကြီးမမြင်အောင် ကျုပ်တို့သည်ကားလို့ဆိုရင် နိဗ္ဗာန်ကို ခန္ဓာကွယ်တယ်။ ခန္ဓာမမြင်အောင် တစ်ခါ ဘယ်သူဖုံးနေပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ အဝိဇ္ဇာက ခန္ဓာကို ဖုံးပြန်တယ် (မှန်ပါ့)။
ခန္ဓာကို ဘယ်သူဖုံးပြန်ပါလိမ့်
ခန္ဓာကို ဘယ်သူဖုံးပြန်ပါလိမ့် (အဝိဇ္ဇာက ဖုံးပါတယ် ဘုရား)။
ဒါ အဖိုးတန်တဲ့စကားတွေ ဒကာကြွယ် (မှန်ပါ့)၊ အင်မတန် အဖိုးတန်တဲ့ စကားတွေဆိုတာ ဒကာ ဒကာမတွေ တကယ်တွေးလုံးနဲ့ တကယ်သိတဲ့အခါကျတော့မှ ဪ ခန္ဓာအဆုံး နိဗ္ဗာန်ရှိပါလား ၊ ခန္ဓာက ကွယ်နေတယ်။ ဒီခန္ဓာကြီးရှိလျက်နဲ့ ယောကျ်ားတွေ၊ မိန်းမတွေဖြစ်ပြီး သကာလ ယောကျ်ား-မိန်းမ တကယ်ထင်အောင် လုပ်ထားတဲ့ ဥစ္စာကလည်း ခန္ဓာကို အဝိဇ္ဇာက ဖုံးနေပြန်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုင်း ဒကာ ဒကာမတို့ နိဗ္ဗာန် ဘယ်သူဖုံးပါလိမ့် (ခန္ဓာဖုံးပါတယ် ဘုရား)၊ ခန္ဓာမမြင်အောင် တစ်ခါ ဘယ်သူက ဖုံးပါလိမ့် (အဝိဇ္ဇာက ဖုံးပါတယ်)။
အဝိဇ္ဇာက ဖုံးနေပြန်တယ်ဆိုတော့ ဪ ဖွင့်ရမည့်အချက်အလက်တွေလည်း မနည်းလှပါကလားဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ အဝိဇ္ဇာ ဖုံးတော့ကို ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကြီးက လည်နေတာ မမြင်ရပြန်ဘူး (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီးက နဂိုက လည်နေတာကြီးကို အဝိဇ္ဇာက ဖုံးလိုက်ပြန်တော့လည်း နက်ဖြန်လည် နာ၊ အခုလည်းနာဆိုတဲ့အတိုင်းတဲ့ မနေ့ကလည်း နာ၊ အခုလည်း နာပဲဆိုတော့ ဒကာ ဒကာမတွေ အဝိဇ္ဇာက ဖုံးထား ပြန်တော့လည်း ခန္ဓာစက်ရဟတ်ကြီး တစ်ခုပြီးတစ်ခု ချုပ်နေတာ မမြင်ပြန်ဘူး (မှန်ပါ့)၊ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲဒီကဲ့သို့ မမြင်ဘဲဖြစ်နေပြန်တော့လည်း ဒကာ ဒကာမတို့ ခန္ဓာကို အဝိဇ္ဇာဖုံးနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
ခန္ဓာ ဘယ်သူဖုံးပါလိမ့် (အဝိဇ္ဇာဖုံးပါတယ်)၊ အဝိဇ္ဇာဖုံးနေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီအဝိဇ္ဇာကို ဝိဇ္ဇာဆိုတာနဲ့ ဖွင့်ပေးလိုက်ရင်
ကိုင်း ဒါဖြင့် ဒီအဝိဇ္ဇာကို ဘုန်းကြီးက ဝိဇ္ဇာဆိုတာနဲ့ ဖွင့်ပေးရလို့ရှိရင် ခန္ဓာတွေ့တော့မယ် (မှန်ပါ့)။
အဲဒီခန္ဓာတွေ့ပြီဆိုမှဖြင့် ဝိပဿနာဉာဏ်နဲ့ ခန္ဓာကို တွေ့ပြီဆိုတော့ အဝိဇ္ဇာကို ဝိဇ္ဇာနဲ့ ဖွင့်ပေးလိုက်တဲ့အခါ ကျတော့ ခန္ဓာစက်ရဟတ်ကြီး တွေ့ပါလိမ့်မယ် (မှန်ပါ့)။
အဲဒီခန္ဓာစက်ရဟတ်ကြီးကို တစ်ခါ ဒီထက်-ထက်တဲ့ ဝိဇ္ဇာဉာဏ်နဲ့ ထိုးဖောက်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ခန္ဓာစက်ရဟတ်ကြီး ဖြစ်ပျက်-ဖြစ်ပျက်ဆိုတာ တစ်ခုဖြစ်၍ တစ်ခုပျက်တယ်။ တစ်ခုဖြစ်၍ တစ်ခုပျက် တယ်ဆိုတာကြီးဟာ ပေါ်လာလိမ့်မယ် (မှန်ပါ့)။
ပေါ်လာတဲ့အခါကျတော့ ဒါတွေ ဒီထက်-ထက်တဲ့ ဝိဇ္ဇာ သစ္စဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒုက္ခသစ္စာ တွေပဲလို့ ဆိုတဲ့အခါကျတော့ ခန္ဓာစက်ရဟတ်ကြီး ပြတ်ထွက်သွားပါလိမ့်မယ် (မှန်ပါ့)။
ပြတ်ထွက်သွားသည်နဲ့ တစ်ပြိုင်နက် ခန္ဓာအဆုံး နိဗ္ဗာန်ကြီးဟာ ဘွားခနဲ ပေါ်လာလိမ့်မယ် (မှန်ပါ့)။
အဲဒါကြောင့် ယနေ့ ဒီတရားဟောလိမ့်မယ်ဆိုတဲ့ဥစ္စာ ဒကာကြွယ် သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဒါ မာတိကာစဉ်ပဲ ရှိပါသေးတယ်။ ကျန်ပါသေးတယ် ဒကာ ဒကာမတို့ ၊ နိဗ္ဗာန် ဘယ်သူကွယ်ပါလိမ့် (ခန္ဓာကွယ်ပါတယ် ဘုရား)၊ ခန္ဓာကို ဘယ်သူကွယ်နေပါလိမ့် (အဝိဇ္ဇာကွယ်ပါတယ် ဘုရား)။
ဒါဖြင့် အဝိဇ္ဇာကို ဝိဇ္ဇာနဲ့ တွန်းလှန်ရလို့ရှိရင်ဖြင့် ခန္ဓာပေါ်လာလိမ့်မယ် (မှန်ပါ့)။
အဝိဇ္ဇာကို ဝိဇ္ဇာနဲ့ တွန်းလှန်ရရင် (ခန္ဓာပေါ်လာမှာပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိဇ္ဇာနဲ့ တွန်းလှန်ကြပါစို့ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ရှင်းသွားပါပြီ (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု ဒကာသစ်တို့ လှူဒါန်းပေးကမ်းထားတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော်ကြီးကို အဝိဇ္ဇာဖုံးနေတော့ ဝိဇ္ဇာနဲ့ ဖွင့်ပြမယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဒကာ ဒကာမတွေ ရှင်းကြတော့မယ် ဆိုတာ သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်အငယ်ကိုလည်း ကြည့်ပါ
(စက်ဝိုင်ဒေသနာစာရွက်ကိုကြည့်ခိုင်းခြင်းဖြစ်သည်။)
အားလုံး ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် ဒီဟာကြီးကိုကြည့်၊ ကိုယ့်လှူဒါန်းပေးကမ်းထားတဲ့ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်အငယ်ကိုလည်း ကြည့်ပါနော် (မှန်ပါ့)။
ဒကာ ဒကာမတို့ အတိတ်ဘဝကဆိုတာ ဒီအတိတ်အကြောင်းတွေ မှတ်လိုက်ပါ (မှန်ပါ့)၊ အင်း အတိတ် ဘဝက ငါတို့သည်ကားလို့ဆိုရင်ဖြင့် ယောကျ်ားဖြစ်ခဲ့လေသလား ။ မိန်းမဖြစ်ခဲ့လေသလားဆိုတာ မတွေးဘဲနဲ့ ယောကျ်ား-မိန်းမတို့ သန္တာန်မှာ ဖြစ်တဲ့တရားကိုသာ တွေးပါနော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် အတိတ်ဘဝက ဒကာ ဒကာမတို့ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့ကြတယ် (မှန်ပါ့)၊ အတိတ်ဘဝဆိုတာ လွန်ခဲ့တဲ့ဘဝပေါ့ဗျာ (မှန်ပါ့)။
အဲဒီမှာ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့ကြတယ်ဆိုတာတော့ ဒီဒကာ ဒကာမတွေပဲ (မှန်ပါ့)။
နောက်ဘဝက ဘာနဲ့နေခဲ့ကြသလဲ (အဝိဇ္ဇာနဲ့ နေခဲ့ကြပါတယ် ဘုရား)၊ အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိ တာ (မှန်ပါ့)၊ အဲဒီမသိတဲ့တရားနဲ့ နေခဲ့ကြတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာနဲ့နေခဲ့ကြသလဲ (အဝိဇ္ဇာနဲ့ နေခဲ့ကြပါတယ်ဘုရား)။
မသိတဲ့တရားနဲ့ နေခဲ့ကြတော့ ကဲ ဒါဖြင့် မသိပေမယ့်လည်း မသိရိုးရိုးက ဒီဒကာ ဒကာမတွေက မဟုတ်ဘူး (မှန်ပါ့)။
မသိရိုးရိုး ဒကာ ဒကာမတွေ မဟုတ်ပါဘူး (မှန်ပါ့)၊ မသိပေမယ့်လည်း ဆတ်ဆော့တဲ့ ဒကာ ဒကာမတွေ (မှန်ပါ့)။
မသိပေမယ့် ဘယ်လိုပါလိမ့် (ဆတ်ဆော့တဲ့ ဒကာ ဒကာမတွေပါ ဘုရား)။
ဆတ်ဆော့မှု အပြစ်သင့်တာ
ဆတ်ဆော့တဲ့ ဒကာ ဒကာမတွေဆိုတော့ ဖြုန်းခနဲဆိုတော့ ဒကာ ဒကာမတွေက ဒို့ဆရာဘုန်းကြီးက ဒို့ဆို ရက်လိုက်တာဆိုတာ နောက်ကျတော့ ပေါ်လာလိမ့်မယ်။ ဆတ်ဆော့မှု အပြစ်သင့်တာ (မှန်ပါ့)၊ ပေါ်ပါလိမ့်မယ်။
ဒါဖြင့် နောက်ဘဝက ဒကာ ဒကာမတွေမှာ သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့တယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ မသိတဲ့အဖြစ်နဲ့ နေခဲ့တယ်ဆိုတာ သေချာပါပြီ (သေချာပါပြီ ဘုရား)။
မသိတော့ ကုသိုလ်ကိုလည်း ပြုတယ် (မှန်ပါ့)၊ ဘယ်လိုကုသိုလ်ပြုသတုံးဆိုတော့ လူဖြစ်ချင်တဲ့ ကုသိုလ်ပြု ကြတယ် (မှန်ပါ့)။
လူဖြစ်ချင်တဲ့ ကုသိုလ်ပြုတော့ ကုသိုလ်စေတနာက သင်္ခါရ၊ မသိလို့ ကုသိုလ်လုပ်သည်။ လူ့ပြည်ရောက်ချင်တဲ့ ကုသိုလ် (မှန်ပါ့)၊ နိဗ္ဗာန်ရောက်ချင်တဲ့ ကုသိုလ်လုပ်တာ မဟုတ်ပါဘူး (မှန်ပါ့)။
မသိတာက အဝိဇ္ဇာ (မှန်ပါ့)၊ လူ့ပြည်ရောက်ချင်တဲ့ ကုသိုလ်လုပ်တာက သင်္ခါရ (မှန်ပါ့)။
မသိတာက (အဝိဇ္ဇာပါ ဘုရား)၊ လူ့ပြည်ရောက်ချင်လို့လုပ်တဲ့ ကုသိုလ်စေတနာက (သင်္ခါရပါ ဘုရား)၊ ဒါ မရောက်မှာ စိုးရိမ်လို့ ဆုတောင်းစေတနာကလည်း သင်္ခါရ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ပြုတဲ့ကုသိုလ်ကလည်း (သင်္ခါရပါ)၊ မရောက်မှာစိုးလို့ ဆုတောင်းတဲ့သဘောကလည်း (သင်္ခါရပါ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ ဪ နောက်က ဒကာ ဒကာမတွေ ဘာနဲ့များ နေခဲ့-ထိုင်ခဲ့ကြပါ လိမ့်မတုံးလို့ မေးတော့မှ ဒကာကြွယ် အတိတ်ဘဝက ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
အဝိဇ္ဇာ, သင်္ခါရနဲ့ နေခဲ့တယ်
ဒကာကြွယ်ကြီး ဘာနဲ့ နေခဲ့ပါလိမ့်ဗျာ (အဝိဇ္ဇာ, သင်္ခါရနဲ့ နေခဲ့ပါတယ်ဘုရား)၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ နေခဲ့တယ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ဘာနဲ့နေခဲ့ကြသလဲ (အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ နေခဲ့ကြပါတယ် ဘုရား)။
အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ နေခဲ့ကြတော့ ဒကာ ဒကာမတွေ နောက်ဘဝက စုံလုံးကန်း လမ်းသွားတာပဲ (မှန်လှပါ ဘုရား)။
စုံးလုံးကန်းဆိုတာက အဝိဇ္ဇာ (မှန်ပါ့)၊ လမ်းသွားတာက ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရဆိုတဲ့ ကုသိုလ်နဲ့ အကုသိုလ် (မှန်ပါ့)၊ နှစ်ခုပေါ့ဗျာ (မှန်ပါ့)၊ ဒါဖြင့် စုံလုံးကန်း လမ်းသွားတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘာတဲ့တုံး (စုံလုံးကန်း လမ်းသွားပါတယ် ဘုရား)၊ ဪ နောက်ဘဝက ဒကာ ဒကာမတွေ ယောကျ်ား ဖြစ်ခဲ့သလား, မိန်းမဖြစ်ခဲ့သလားဆိုတာတော့ ဇာတိဿရဉာဏ်ရမှ သိကြမှာပဲ (မှန်ပါ့)၊ သို့သော်လည်း စုံလုံးကန်း လမ်းသွားတာကတော့ သေချာတယ် (သေချာပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
စုံလုံးကန်း လမ်းသွားတာ
ဘာတဲ့တုံး (စုံလုံးကန်း လမ်းသွားတာကတော့ သေချာပါတယ် ဘုရား)။
ဒကာကြွယ် နာသလားဗျ (မနာပါ ဘုရား)၊ မနာနဲ့ မောင်ဘသော်ရေ လာပုံက ဒီအတိုင်းပဲ (မှန် ပါ့)။
နောက်ဘဝက သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့ခြင်းကြောင့် ဟုတ်လား (မှန်ပါ့)၊ ပြုချင်သလို ပြုတဲ့ သင်္ခါရနှစ်ခု မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)၊ ပုညာဘိသင်္ခါရဆိုတဲ့ ကုသိုလ်စေတနာ (မှန်ပါ့)၊ အပုညာဘိသင်္ခါရဆိုတဲ့ အကုသိုလ်စေတနာ (မှန်ပါ့)။
ဒါဖြင့် စုံလုံးကန်း လမ်းသွားနေတယ် (မှန်ပါ့)၊ နောက်ဘဝက ဘာဖြစ်ခဲ့ကြသလဲ (စုံလုံးကန်း လမ်းသွားနေ ပါတယ် ဘုရား)၊ စုံလုံးကန်း လမ်းသွားနေခဲ့ကြတယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နောက်ဘဝက ဘယ်လိုများ နေခဲ့ထိုင်ခဲ့ကြပါလိမ့် (စုံလုံးကန်း လမ်းသွားနေခဲ့ကြပါတယ် ဘုရား)။
မောင်ဘသော်တို့ ပေါ်ပြီကွ (ပေါ်ပါပြီ ဘုရား)၊ စုံလုံးကန်း လမ်းသွားနေခဲ့ကြတယ်ဆိုတဲ့ စကားဟာဖြင့် ကိုယ့်ဟာကိုယ် အထင်မကြီးကြနဲ့နော် (မှန်ပါ့)။
သို့သော် စုံလုံးကန်း လမ်းသွားတာသည်ကားလို့ဆိုရင် ဘယ်သစ္စာတုံးလို့ မသိမှာစိုးတဲ့အတွက် ဒကာ ဒကာမတို့ သူ့အကွက် အောက်နားမှာကြည့်၊ ဒီအကွက်ထဲပဲ အောက်ဆုံးနားက သမုဒယသစ္စာလုပ်တယ် (မှန်ပါ့)။
ဘာသစ္စာလုပ်ပါလိမ့် (သမုဒယသစ္စာ လုပ်ပါတယ်ဘုရား)။
ဪ စုံလုံးကန်း လမ်းသွားတယ်ဆိုတာ သမုဒယသစ္စာလုပ်တာ ဆိုတာပါကလား (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် စုံလုံးကန်း လမ်းသွားတယ်ဆိုတာ ဘာပါလိမ့် (သမုဒယသစ္စာလုပ်တာပါ ဘုရား)။
သမုဒယသစ္စာဖြစ်နေတယ်
ကဲ ခင်ဗျားတို့က ကုသိုလ်ပြုသတဲ့ ၊ ဒီမှာဖြစ်တော့ သမုဒယသစ္စာဖြစ်နေတယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဖြစ်မှာပဲတဲ့ ဒကာ ဒကာမတို့ သမုဒယသစ္စာပဲ ဖြစ်ရမှာပဲ ဒီ့ပြင်သစ္စာ မဖြစ်နိုင်ဘူး (မှန်ပါ့)။
လူ့ပြည်ရောက်ချင်လို့ ကုသိုလ်လုပ်တော့ ကုသိုလ်က အကြောင်းတရား (မှန်ပါ့)။
အကြောင်းသမုဒယဆိုတော့ ဒကာကြွယ် မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)၊ တကယ်တမ်းခင်လို့ တကယ် ဆုတောင်းတဲ့ စေတနာကော မပါဘူးလား (ပါပါတယ် ဘုရား)။
ပါတယ် ဒကာ ဒကာမတို့ သိတဲ့အတိုင်းပဲတဲ့ ၊ ဘုံဘဝလိုချင်တဲ့ တဏှာနဲ့ တောင်းတဲ့အတွက်ဟာ သူက အကုသိုလ်အပုညာဘိသင်္ခါရ သွားဖြစ်တယ် (မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒါကြောင့် သစ္စာမသိလို့ စုံလုံးကန်း သွားချင်သလိုသွားလို့ စုံလုံးကန်း လမ်းသွား (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နောက်ဘဝ ဒို့ ဘယ်လိုနေခဲ့, ထိုင်ခဲ့ကြပါလိမ့်မတုံး မေးတော့ စုံလုံးကန်း လမ်းသွားနဲ့ အချိန်ကုန်ခဲ့ တယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
နောက်ဘဝ ဘယ်လိုနေခဲ့ ထိုင်ခဲ့ကြသလဲ (စုံလုံးကန်း လမ်းသွားနဲ့ အချိန်ကုန်ခဲ့ပါတယ် ဘုရား)။
အံမာလေး ဒကာကြွယ် ကြောက်စရာကြီးပါလား ခင်ဗျားတို့ နေခဲ့-ထိုင်ခဲ့တာ (မှန်ပါ့ ဘုရား)။
စုံလုံးကန်း လမ်းသွားနဲ့ အချိန်ကုန်ခဲ့
နောက်က ဒကာ ဒကာမတွ ကိုယ်နေခဲ့ ထိုင်ခဲ့တာကလေးများ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အင်း ဘယ်လို ရိပ်မိပါလိမ့် (စုံလုံးကန်း လမ်းသွားနဲ့ အချိန်ကုန်ခဲ့ပါတယ် ဘုရား)။
ဪ လဲမှ လဲပါ့မလား (လဲပါတယ်)၊ ဒကာကြွယ် လဲမှလဲပါ့မလား (လဲပါတယ် ဘုရား)။
လဲမှာမှ ဒကာ ဒကာမတို့ သေခြင်းဆိုးလဲမှာ (မှန်ပါ့)၊ သေလောက်အောင်လဲတဲ့ အခြေအနေ ရောက်လိမ့်မယ် ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ စုံလုံးကန်း လမ်းသွားတာသည်တဲ့ လွန်လေပြီးသော အတိတ်ကာလကပါ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါတယ် ဘုရား)။
လွန်လေပြီးသော အတိတ်ကာလကတဲ့ ဒါ့ကြောင့် အတိတ်အကြောင်းတွေ လုပ်ခဲ့ပါတယ်တဲ့၊ သူသည်ကားတဲ့ သစ္စာမသိတဲ့အတွက် သမုဒယသစ္စာ လုပ်ခဲ့တယ် (မှန်ပါ့ ဘုရား)။
သစ္စာလည်း မသိခဲ့ဘူး (မှန်ပါ့)၊ ဘာသစ္စာလုပ်မိခဲ့သလဲ (သမုဒယသစ္စာ လုပ်မိခဲ့ပါတယ်ဘုရား)။
ဟာ သမုဒယသစ္စာဆိုတာ ပယ်ရမှာကို သွားပြီး လုပ်မိလျက် ကြုံနေတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ သမုဒယသစ္စာဆိုတာ ဘာတုံး (ပယ်ရမှာပါ ဘုရား)။
ပယ်ရမည့်အလုပ်ကို သူကိုယ်တိုင်လုပ်ခဲ့
ပယ်ရမှာ သူဘယ့်နှယ်လုပ်ပါလိမ့် (သစ္စာမသိလို့ပါ)၊ ပယ်ရမည့်အလုပ်ကို သူကိုယ်တိုင်လုပ်တဲ့ အလုပ်ဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ်ကြီးတို့ ချော်လာလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)၊ မောင်ဘသော် မင်းတို့ချော်လာတာသိပလား (သိပါပြီ ဘုရား)။
ဟ စုံလုံးကန်း လမ်းသွားတာပဲကွ ချော်ရောပေါ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာသစ္စာလုပ်ခဲ့ သတုံး (သမုဒယသစ္စာလုပ်ခဲ့ပါတယ် ဘုရား)။
ဟာ ဘယ်ဘဝက လုပ်ခဲ့ပါလိမ့် (အတိတ်ဘဝကပါ)၊ လွန်လေခဲ့တဲ့ ဘဝတွေကပေါ့နော် (မှန်ပါ့ ဘုရား)။
ဘာသစ္စာတွေ ကြိုးစားခဲ့သလဲ (သမုဒယသစ္စာတွေ ကြိုးစားခဲ့ပါတယ်)၊ ကြည့်စမ်း နံပါတ် ၁ သမုဒယသစ္စာ ကြိုးစားတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာကြွယ် ဒီကုသိုလ်သည် လူ့ပြည်ရချင်လို့လုပ်တဲ့ကုသိုလ် (မှန်ပါ့)၊ လူ့ပြည်ကို မရမှာစိုးလို့ ဆုတောင်းတဲ့တဏှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ အဲဒီဘဝမှာဖြင့် ဒကာ ဒကာမတို့ စုံလုံးကန်း လမ်းသွားနဲ့ချည့်ပဲ တစ်သက် လုံး အချိန်ကုန်ခဲ့တယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါကြောင့် စုတေမနေ သေလွန်တဲ့အခါကျတော့ကိုတဲ့ ဟောဒီ ၂ နံပါတ်အကွက်နဲ့ သွားဆက်တယ် (မှန်ပါ့)၊ ဒီနေရာ သေခဲ့တယ်၊ သေတော့ ဒီဘဝမယ် ဒီသင်္ခါရနဲ့ ဒီဝိညာဏ်နဲ့ သွားမစပ်ဘူးလား (စပ်ပါတယ် ဘုရား)။
ဒီသင်္ခါရနဲ့ ဒီဝိညာဏ်နဲ့ သွားမစပ်ဘူးလား
အဲဒီနေရာသေပြီးတော့ စပ်လိုက်တဲ့အခါကျတော့ ဒီဘဝကျတော့ ဝိညာဏ်ဆိုတဲ့ စိတ်ပေါ်လာတယ် (မှန်ပါ့)၊ နာမ်ရုပ်ဆိုတဲ့ နာမ်နဲ့ရုပ်ပေါ်လာတယ် (မှန်ပါ့)၊ သဠာယတနဆိုတဲ့ မျက်စိ, နား, နှာခေါင်း, လျှာကော (ပေါ်ပါတယ် ဘုရား)၊ ဖဿဆိုတဲ့ တွေ့ထိတတ်တဲ့သဘော (ပေါ်ပါတယ်)၊ ဝေဒနာဆိုတဲ့ အကောင်းအဆိုး ရွေးတတ်တဲ့သဘောတွေ (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတော့ ဒကာ ဒကာမတို့ ယခုပစ္စုပ္ပန်ဘဝမှာ ခန္ဓာရပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခု ခန္ဓာငါးပါးဆိုကြစို့ (မှန်ပါ့)၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ပေါင်းလိုက်ရင် ဘာပါ လိမ့် (ခန္ဓာငါးပါးပါ)၊ ခန္ဓာငါးပါးရတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒီခန္ဓာငါးပါးကဖြင့် ဒကာ ဒကာမတို့ ကံကောင်းလို့ ခင်ဗျားတို့က ရတယ်လို့ ထင်ကြလိမ့်မယ် ဒကာကြွယ်တို့က (မှန်ပါ့)၊ ဟ စုံလုံးကန်း လမ်းသွားလို့ လဲတာ ဒီဒုက္ခတွေ (မှန်ပါ့)၊ ဒါကြောင့် သူ့ကို ဘာသစ္စာ တဲ့တုံး (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် လဲလို့ ဒုက္ခရောက်တာ၊ ဒုက္ခငါးချက် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒီဒုက္ခတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ လဲလို့ စုံလုံးကန်း လမ်းသွားလို့ လဲတာ (မှန်ပ့ါ ဘုရား)။
ဒုက္ခရောက်ပြီ၊ မရောက်သေးဘူးလား (ရောက်ပါပြီ)၊ ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဟ ဘယ်အခါ လဲပါလိမ့်မတုံး မေးတော့ ပစ္စုပ္ပန်ကာလမှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်အခါလဲပါလိမ့် (ပစ္စုပ္ပန်ဘဝမှာပါ)၊ အတိတ်ဘဝက စုံလုံးကန်း လမ်းသွားလိုက်တာ ပစ္စုပ္ပန်ဘဝမှာ ဒုက္ခရောက်တယ် (မှန်ပါ့)၊ မရောက်သေးဘူးလား (ရောက်ပါတယ်)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ယခုရထားတဲ့ ခန္ဓာကြီးဟာ ဘာသစ္စာတုံး
ဒါကြောင့် ဒုက္ခသစ္စာရတော့ ဒကာကြွယ်ရေ ယခုရထားတဲ့ ခန္ဓာကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ သေ မှ မသေသေးပဲကိုးဗျ၊ ပစ္စုပ္ပန်ဘဝပဲ ရှိသေးတယ် (မှန်ပါ့)၊ ဝိညာဏ်ရှိတယ်၊ နာမ်ရုပ်တွေ မရှိဘူးလား (ရှိပါတယ်)၊ သဠာယတနဆိုတဲ့ မျက်စိ, နား, နှာခေါင်း, လျှာ, စိတ် (ရှိပါတယ်)၊ ဖဿ (ရှိပါတယ်)၊ ဝေဒနာ (ရှိပါတယ်)၊ ပေါင်း ကြတော့ ဒါ ခန္ဓာငါးပါး (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အခု တရားနာနေတဲ့ ခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ကံကောင်းလို့ ဒုက္ခရောက်ကြတာလား ကံဆိုးလို့ ဒုက္ခရောက်တာလား (ကံဆိုးလို့ ဒုက္ခရောက်တာ ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ကံဆိုးလို့ ဒုက္ခရောက်တာ (မှန်ပါ့) အဲဒီတော့ မသိတဲ့ ဒကာ ဒကာမတွေကတော့ဖြင့် ဪ တော်-တော်သေးရဲ့ဆိုပြီး နှိုင်းစာကတည်းက ချိုပေါက်တဲ့ ပုဂ္ဂိုလ်နဲ့ သွားစာတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
စာကတည်းက အထက်တန်းနဲ့ စာတာမဟုတ်ဘူး၊ နိဗ္ဗာန်ရသွားတဲ့ ပုဂ္ဂိုလ်နဲ့ ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်နဲ့ စာတာ မဟုတ်ဘူး (မဟုတ်ပါ)၊ ချိုပေါက်ပြီးသားဟာတွေနဲ့ စာလိုက်တော့ ဒကာ ဒကာမတွေက စာစရာ ရှားရှားပါးပါး (မှန် ပါ့ ဘုရား)။
မောင်ဘသော် မင်း စာမိသေးရဲ့လား၊ စာမိသေးတယ်ကွ၊ ဒီ့ထက်အောက် လျှိုပြီး ရှာဦးမယ်။
အဲဒီတော့ ဒကာ ဒကာမတို့ စုံလုံးကန်းလမ်းသွားလို့ ရောဂတောဆိုတဲ့ ခန္ဓာငါးပါးကြီးရတယ် (မှန်ပါ့)၊ ရောဂါ အပြည့်အစုံနဲ့ ခန္ဓာငါးပါးကြီး မရဘူးလား (ရပါတယ် ဘုရား)၊ ဘယ်ကာလရသလဲ (ယခု ပစ္စုပ္ပန်ကာလ ရပါတယ်)။
အဲ ယခု ရထားတယ်လို့ မှတ်ပါ။ တရားနာရင်း ရထားတယ်လို့ မှတ်ပါ (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ကိုယ်ကျိုးနည်းတာ သိကြရဲ့လား
ဪ ကိုယ်ကျိုးနည်းပြီ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ကိုယ်ကျိုးနည်းတာ သိကြရဲ့လား (သိပါတယ် ဘုရား)။
ဒီထဲကနေပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒုက္ခသစ္စာထဲ ရောက်နေတဲ့ ပုဂ္ဂိုလ်ထဲက ဒကာကြွယ် တို့လူစု မောင်ဘသော်တို့လူစုက တော် တော်သေးရဲ့ဘုရား။ ဟ ဘာတော်တာတုံး မသေသေးလို့လား ဒါပဲ မေးစရာရှိတော့တယ် (မှန်ပါ့)။
ဒီ့ပြင်ဖြင့် ဒုက္ခရောက်နေတာ ဒကာ ဒကာမတို့ ထိုင်လို့ကော တာရှည်ထိုင်လို့ ရရဲ့လား (မရပါ ဘုရား)၊ အိပ်လို့ကော (မရပါ ဘုရား)၊ စားလို့ကော များများစားလို့ (မရပါ ဘုရား)၊ နည်းနည်းစားလို့ကော (မရပါ ဘုရား)။
နည်းနည်းစား ဆာတယ်၊ များများစားရင် ဝ,နာပေါက်တယ် (မှန်ပါ့)။ တာရှည်ထိုင်ရင် ညောင်းတယ် (မှန်လှ ပါ)။ အိပ်ပါများလို့ရှိရင်ဖြင့် တက်တယ်, ညောင်းတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဘယ်အချိန် ရောဂါကင်း သတုံး (မကင်းပါ ဘုရား)၊ ဒါဖြင့် ဒီ ခန္ဓာငါးပါးကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
တော်စရာ တစ်စက်မှ မပါ
ဒီထဲက တော်-တော်သေးရဲ့ဆိုတော့ ခက်သေးတယ်ခင်ဗျားတို့ (မှန်ပါ့ ဘုရား)၊ တော်စရာ တစ်စက်မှ မပါတဲ့ အထဲက တော်နေတော့ ဒကာကြွယ် ကိုယ်လိုစုံလုံးကန်းချင်း လက်တို့ပြုံးရုံပဲ ရှိမယ် (မှန်ပါ့)၊ ဒီ့ပြင် ဘာရှိသတုံး (ဘာမှမရှိပါ ဘုရား)။ မောင်ဘသော် ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။
စုံလုံးကန်းချင်းတော့ဖြင့် ခင်ဗျားဖြင့် အင်း တော်သေးတယ်။ သားနဲ့သမီးနဲ့၊ ကျုပ်တို့လည်း အရောင်း အဝယ်ကလေး အကြောင်းညီညွတ်လို့ တော်သေးတယ်ဆိုပြီး သကာလ စုံလုံးကန်းချင်းများ လက်တို့ပြုံးရင်ဖြင့် ဒကာ ကြွယ် သစ္စာမသိလို့ ပြုံးတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သစ္စာသိရင်ဖြင့် (မပြုံးပါ ဘုရား)၊ ကြည့် ယခုရထားတဲ့ ခန္ဓာငါးပါး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ကဲ ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ (မှန်ပါ့ ဘုရား)၊ ဘယ်အချိန် ချမ်းသာကြသတုံး (ဘယ်အချိန် မှ မချမ်းသာပါ ဘုရား)၊ ဒကာကြွယ် ချမ်းသာတဲ့ အချိန်ကလေး ပြစမ်းပါ (မပါပါ ဘုရား)၊ အေး ခန္ဓာငါးပါးပဲ ရှိတယ်မဟုတ်လား (မှန်ပါ့)၊ ရူပက္ခန္ဓာကလည်း ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့) ဒါဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခပေါ့ (မှန်ပါ့)။
ဝေဒနာက္ခန္ဓာကကော (ဖြစ်ပြီးပျက်တာပါပဲ ဘုရား)၊ သူလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ မဟုတ်လား (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သညာကလေးက မှတ်လုံးကလေးကလည်း ခန္ဓာကိုယ်ထဲမှာ ပေါ်တယ်၊ ဒါကလေးကလည်း ဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခရောက်နေတဲ့လူချင်း တော်သေးရဲ့လို့ သွားမလုပ်နဲ့
စိတ်ကလေးကလည်း ဒကာ ဒကာမတို့ သင်္ခါရတွေ ဘာတွေ သိပြီးသားပဲ။ ပေါ်လာတဲ့ စိတ်ကလေး ကလည်း ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်တာလည်း သေမလို့ဖြစ်တာ၊ ပျက်တာလည်း သေပွဲဝင်တာ (မှန်ပါ့)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)၊ ဒါ့ကြောင့် ဒီထဲမှာ ဒုက္ခရောက်နေတဲ့လူချင်း တော်သေးရဲ့လို့ သွားမလုပ်နဲ့ (မှန်ပါ့)။
ထောင်ထဲက လူချင်းကွာ မင်းကလည်း ဘယ်အရပ်က ထောင်ကျသလဲ၊ ငါ ဘယ်အရပ်ကဟေ့။ မင်းက လည်း ဘယ်အရပ်ကလဲ ငါကတော့ ဘယ်အရပ်ကပဲ၊ တို့ထောင်ကျတာ တော်သေးရဲ့ကွာတော့ လုပ်မနေနဲ့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
အင်မတန် ဆိုးဝါးတဲ့နေရာ ရောက်နေတာ ဒကာကြွယ် တော်သေးရဲ့ဆိုလို့ ရှိရင် သစ္စာမသိဘဲ ဖြစ်သွားလိမ့်မယ် (မှန်ပါ့ ဘုရား)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအကွက်တစ်ကွက်လုံးဟာ ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒီဒုက္ခအဆုံးမှာ နိဗ္ဗာန်ရှိမယ် (မှန်ပါ့ ဘုရား)။
၂ နံပါတ်အကွက်မှာ ဆုံးအောင်လိုက်
ခုနင်က စာနဲ့ ဟပ်ကြပါစို့။ ဒီဘက်ကအဆုံးမှာ (နိဗ္ဗာန်ရှိပါတယ် ဘုရား)၊ ဪ ဒါဖြင့် နိဗ္ဗာန် ဒုတိယ အကွက်မှာရှိမယ် (မှန်ပါ့)။
နိဗ္ဗာန်သည် ဒုတိယအကွက်မှာ ရှိမယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ (ဒုတိယအကွက်မှာ ရှိပါမယ် ဘုရား)၊ ၂ နံပါတ်အကွက်မှာ ဆုံးအောင်လိုက်ရင် တွေ့မယ် (မှန်ပါ့ ဘုရား)။
ပေါ်ပလား မောင်ဘသော် (ပေါ်ပါပြီ ဘုရား)၊
ဒါဖြင့် မူလပြောလာတဲ့ စကားနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ အခု ဆရာဘုန်းကြီးက ပဋိစ္စသမုပ္ပါဒ် လက်ထောက်ပြတာနဲ့ဖြင့် ဪ ဒုက္ခအဆုံးမှာ ခန္ဓာအဆုံးမှာ နိဗ္ဗာန်ရှိတယ်ဆိုတော့ ဒါ ခန္ဓာငါးပါးဖြစ်သွားပြီ (မှန်ပါ့)၊ ဒါကို ဆုံးအောင် ရှုနိုင်လို့ရှိရင် ဒီနေရာ နိဗ္ဗာန်ပေါ်လာ တယ် (ပေါ်ပါတယ် ဘုရား)၊ မပေါ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန် ခန္ဓာကွယ်နေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
နိဗ္ဗာန် ဘယ်သူကွယ်နေသတုံး (ခန္ဓာကွယ်နေပါတယ်)၊ ခန္ဓာ ဘယ်သူကွယ်နေသတုံး (အဝိဇ္ဇာ ကွယ်နေပါတယ် ဘုရား)။
အဝိဇ္ဇာကွယ်နေတယ်ဆိုတော့ အခု ဘုန်းကြီးက ဒကာ ဒကာမတွေ မကွယ်အောင်လို့ စိတ်ကလေးပေါ်လာ ရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဟာ ဒါဖြင့် နေရာကျပြီ၊ မကွယ်တော့ဘူး (မှန်ပါ့)၊ မကွယ်တော့ဘူး၊ ဒီခန္ဓာဟာ ဒုက္ခသစ္စာပဲ (မှန်ပါ့)။
ခန္ဓာပေါ်ရင် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ပေါ်သ၍ ဘာသစ္စာတုံး
ယခု ရ,ထားတဲ့ ခန္ဓာကြီးထဲမှာ ဘာပေါ်ပေါ် ဒီ့ပြင် ဘာသစ္စာမှ မပေါ်သေးဘူး၊ ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ ရုပ် နာမ်တွေပေါ်သ၍ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ နိဗ္ဗာန် ခန္ဓာဖုံးတယ်၊ ခန္ဓာအဝိဇ္ဇာဖုံးတယ်ဆိုတာ အခု အဝိဇ္ဇာ ဖွင့်လိုက်တော့ကို ခန္ဓာဒုက္ခသစ္စာ လာတွေ့တယ် (တွေ့ပါတယ် ဘုရား)၊ မတွေ့သေးဘူးလား (တွေ့ပါတယ် ဘုရား)။
ခန္ဓာ ဘာသစ္စာ လာတွေ့သလဲ (ဒုက္ခသစ္စာ လာတွေ့ပါတယ် ဘုရား)၊ ဒုက္ခသစ္စာ လာတွေ့တယ်လို့ ဒကာသစ် သေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် အခု တရားနာနေကြတာသည် ၁ အကွက်ထဲမှာလား၊ ၂ အကွက်ထဲမှာလား (၂ အကွက်ထဲမှာပါ ဘုရား)။
ဪ ဟုတ်ပြီ ဟုတ်ပြီ၊ ဒကာ ဒကာမတို့ ၂ အကွက်ထဲမှာ တရားနာနေကြတော့ ဝိညာဏ်၊ နာမ် ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာတွေနဲ့ တရားနာနေတယ်ဆိုတော့ ပညတ်တွေလည်း စင်သွားပြီ (စင်ပါပြီ ဘုရား)၊ ဟုတ်လား၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ခန္ဓာငါးပါးတွေ သိသဖြင့်လည်း ပုဂ္ဂိုလ်- သတ္တဝါဆိုတဲ့ သဘောတွေလည်း ပါသေးရဲ့လား (မပါပါ ဘုရား)၊ မပါတော့ပါဘူးဆိုတာ သေချာသွားပြီ (သေချာပါပြီ ဘုရား)။
သစ္စာပေါ်အောင် ရှုနည်း
အဲဒီတော့ ဘုန်းကြီးက ဒီနေရာမှာ သစ္စာပေါ်အောင် ရှုနည်းကို ပြောရုံပဲရှိတယ် (မှန်ပါ့)၊ သဘောပါကြ ပလား (ပါပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ မူလတရားကလေး ပြန်ပြီး မေ့မှာစိုးလို့ ဒကာကြွယ်တို့၊ မောင်ဘသော်တို့ မေးပါရ စေဦးနော် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန် ဘယ်မှာရှိပါသတုံး (ခန္ဓာအဆုံးမှာ ရှိပါတယ်)၊ ဟာ ဒါဖြင့် ဒါ ခန္ဓာအကွက်ကြီးပဲ (မှန်ပါ့)၊ ဒီ ခန္ဓာမရှိလို့ရှိရင် ဆုံးသွားလိမ့်မယ် (မှန်ပါ့)၊ ဒီခန္ဓာအဆုံးမှာ နိဗ္ဗာန်တွေ့မယ် (မှန်ပါ့)၊ မတွေ့ပေဘူးလား (တွေ့ပါ တယ် ဘုရား)။
ဒီခန္ဓာအဆုံးမှာ နိဗ္ဗာန်တွေ့ပြီဆိုတာ ဒကာ ဒကာမတွေ သေချာပြီ (သေချာပါပြီ ဘုရား)။
သို့လော်လည်း တဲ့၊ ခန္ဓာ ဘယ်သူကွယ်နေသတုံးလို့ မေးလို့ရှိရင် (အဝိဇ္ဇာကွယ်နေပါတယ်)၊ အဲ အဝိဇ္ဇာကွယ်နေတယ်ဆိုတော့ ဒီခန္ဓာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဟာ ဒါဖြင့် သူမကွယ်နိုင်တော့ဘူး၊ ကျုပ်တို့က ဒုက္ခသစ္စာလို့ သိပြီ (မှန်ပါ့)၊ ကွယ်နိုင်သေးရဲ့လား (မကွယ်နိုင်ပါ ဘုရား)။
ဒုက္ခသစ္စာမြင်ရင် အဝိဇ္ဇာက လွင့်သွားလိမ့်မယ်
မကွယ်နိုင်တော့ဖြင့် ယောကျ်ားတွေ- မိန်းမတွေ ဖုံးလေသမျှတော့ သူကွယ်ပြီ (မှန်ပါ့)၊ အခုတော့ဖြင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တစ်နည်း ခန္ဓာငါးပါးလို့ သိလိုက်သဖြင့် တဲ့၊ အဝိဇ္ဇာက ကွယ်နိုင်သေးရဲ့ လား (မကွယ်နိုင်ပါ)၊ ဟ ဘာသစ္စာတုံးမေးတော့ (ဒုက္ခသစ္စာပါ ဘုရား)။
ဒီအကွက်ထဲက ဘာဖြစ်ဖြစ် ဒုက္ခသစ္စာမြင်ရင် အဝိဇ္ဇာက လွင့်သွားလိမ့်မယ် (မှန်ပါ့)၊ မလွင့်သေးဘူးလား (လွင့်ပါတယ် ဘုရား)။
အဝိဇ္ဇာလွင့်ကတည်းကိုက ဒကာ ဒကာမတို့ အဝိဇ္ဇာကို ဘယ်သူက လွှင့်ထုတ်ပါလိမ့်မတုံး မေးတော့မှ ဝိဇ္ဇာ ဉာဏ်က ထုတ်လိုက်တယ် (မှန်ပါ့)။
အဝိဇ္ဇာ ဘယ်သူက လွှင့်ထုတ်လိုက်ပါလိမ့် (ဝိဇ္ဇာဉာဏ်က လွှင့်ထုတ်လိုက်ပါတယ် ဘုရား)။
ကောင်းပြီ သူ့တာဝန်ကို ဝိဇ္ဇာက ပေါ်သကိုး၊ ဝိဇ္ဇာလွင့်ပေါ့လို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။
ဒကာကြွယ် နေရာကျပလား (နေရာကျပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ စိတ္တာနုပဿနာ စာရွက်ကလေးတွေ ပေးထားတယ်နော် (မှန်ပါ့)။
ပေးထားတော့ ဒကာ ဒကာမတို့ စိတ္တာနုပဿနာ ရှုရလိမ့်မယ် (မှန်ပါ့)၊ ဒီအကွက်ထဲက မနာယတန ဆိုတာ မနက=စိတ်၊ အာယတနက=သံသရာချဲ့တတ်တယ် (မှန်ပါ့)၊ စိတ်သည် သံသရာချဲ့တတ်တယ် (မှန်ပါ့)။
စိတ်ကယ်လို့ မသိရင် သံသရာချဲ့တယ်
စိတ်ကယ်လို့ မသိရင် သံသရာချဲ့တယ် (မှန်ပါ့)၊ ချဲ့တယ် မချဲ့တယ် ဒကာကြွယ် စဉ်းစားကြည့်၊ မြင်တယ် ဆိုတာလည်း စိတ်ပဲ (မှန်ပါ့)၊ ဒီစိတ်ကို ဖြစ်ပျက်လို့ မသိတော့ လိုချင်တယ်ဆိုတဲ့ ပပဉ္စ စ,လိမ့်မယ် (မှန်ပါ့)၊ စွဲလမ်း တယ်ဆိုတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ အားထုတ်မယ်ဆိုတဲ့ ကံ,ကော (လာပါတယ် ဘုရား)။
ဟာ ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကို ဖြစ်ပျက် မသိလိုက်တာ သံသရာကျယ်သွားပြီ (ကျယ်ပါတယ်)၊ တဏှာ၊ ဥပါဒါန်၊ ကံ မလာသေးဘူးလား (လာပါတယ် ဘုရား)။
အဲ တဏှာ၊ ဥပါဒါန်၊ ကံ လာတယ် ဆိုကတည်းကိုက မာန မာနုပါဒါန် ကံဆိုတာလည်း လာရမှာပဲ (လာရမှာပါ)၊ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုတာတွေလည်း ဒီဘက် ၃ နံပါတ် မလာပေဘူးလား (လာပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလုပ်ကြစို့။ မနာယတန၊ မနက=စိတ်၊ အာယတနက=ချဲ့တယ် (မှန်ပါ့)။
မနာယတနဆိုတာ ဘာပါလိမ့် (စိတ်ပါ)၊ ချဲ့တတ်တဲ့စိတ် (မှန်ပါ့)။
အဲဒီ ချဲ့တတ်တဲ့စိတ်ကို ဘုန်းကြီးတို့က ဒကာ ဒကာမတွေ စာရွက်ကလေးတွေ ဝေထားတယ်။ ဒီစိတ်ဟာ မြင်စိတ်လည်း ဖြစ်နိုင်တယ်။ ကြားစိတ်ကော (ဖြစ်နိုင်ပါတယ် ဘုရား)။
ဖြစ်နိုင်တဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ မြင်စိတ်ပေါ်လာတယ်။ အဆင်းကလေးမြင်တယ်။ ပြတင်း ပေါက်မြင်တယ်။ အလင်းမြင်တယ် ဆိုလို့ရှိရင်ဖြင့် ဒီထဲ မြင်စိတ်ပေါ်လိုက်တယ် (မှန်ပါ့)။
မြင်စိတ်ကလေးပေါ်လာတဲ့အခါကျလို့ရှိရင် မြင်စိတ်ကို ဒကာ ဒကာမတေါက ဒီနားကနေပြီး သကာလ ‘သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ’ဆိုတဲ့ မဂ္ဂင်ငါးပါးနဲ့ ဒီအနီကလေး ဖြတ်ရမယ် (မှန်ပါ့)။
ဒီနေရာမဂ်ပေါ်တယ်
ဒီအနီကလေး ဘာလုပ်ရမလဲ (ဖြတ်ရပါမယ် ဘုရား)၊ ဒါဖြင့် ဒီနေရာမဂ်ပေါ်တယ် (မှန်ပါ့)။
စိတ်က ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)၊ မဂ်ဆိုတော့ မဂ်ကလေးက ဒီအဆက်ကို ဖြတ်တယ် (မှန်ပါ့)။
မဂ်သည် ဝေဒနာနဲ့ တဏှာဆက်တာကို (ဖြတ်ပါတယ်)၊ စိတ်နဲ့ တဏှာဆက်တာကို (ဖြတ်ပါတယ်)၊ ဖဿနဲ့ တဏှာဆက်တာကို (ဖြတ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် မဂ်ဟာ ကိလေသာဖြတ်တယ်ဆို ဒီဘက်က တဏှာ ဥပါဒါန် လာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မဂ်သည် အဆက်ကို ဖြတ်တယ် (မှန်ပါ့)။
မဂ်သည် (အဆက်ကို ဖြတ်ပါတယ်)၊ အဆက်ကို ဖြတ်သည်ဆိုတာ သဘောပါကြပလား (ပါပါပြီ)။
ကောင်းပြီ ဒါဖြင့် ရှင်းကြပါစို့ တဲ့၊ ဒကာ ဒကာမတွေ ခင်ဗျားတို့ မြင်စိတ်ကလေးကို ဘယ်လိုလုပ် ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပြီး-ပျက်တဲ့တရားလို့ ဒီနားက မဂ်ကလေးနဲ့ ရှု
ဪ ဖြစ်ပြီး-ပျက်တဲ့တရားလို့ ဒီနားက မဂ်ကလေးနဲ့ ရှု (မှန်ပါ့)၊ ဖြစ်ပျက်-မဂ်။ ဒီဘက်က တဏှာ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဥပါဒါန်ကော (မလာပါ)၊ ကံကော (မလာပါ ဘုရား)။
မလာတော့ဘူးဆိုတော့ ဒကာ ဒကာမတို့ ကံ,မှ မလာတဲ့ ပုဂ္ဂိုလ်ဟာ ဇာတိ ဇရာ မရဏ (မလာပါ)၊ မလာ ဘူးဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒီနေရာ ဖြစ်ပျက် ဒကာ ဒကာမတွေ မဂ်ဝင်လိုက်တဲ့အတွက် ၃ နံပါတ် တဏှာ ဥပါဒါန် ကံလည်း ချုပ်တယ် (ချုပ်ပါတယ် ဘုရား)၊ ၄ နံပါတ် ဇာတိ ဇရာ မရဏကော (ချုပ်ပါတယ် ဘုရား)။
ချုပ်တယ်ဆိုသဖြင့် တဲ့ သမုဒယချုပ်တယ်၊ ဒုက္ခသိမ်းတယ် (မှန်ပါ့)၊ ဒါက ခန္ဓာမရှိတဲ့ နိဗ္ဗာန်ကိုပြတာ (မှန်ပါ့)။
ဒါဖြင့် ခန္ဓာမရှိမှ ရမည့် နိဗ္ဗာန် (မှန်ပါ့)။
ဒီနေရာမှာ ရှုလို့ ဒီနေရာမှာ နိဗ္ဗာန်ပေါ်လိမ့်ဦးမယ် တစ်ချက်က (မှန်ပါ့)၊ ဒီနေရာ နိဗ္ဗာန်ပေါ်ရင် ခန္ဓာရှိတုန်း မြင်ရတဲ့ နိဗ္ဗာန် (မှန်ပါ့)၊ ဒီဘက်က ခန္ဓာချုပ်တဲ့ နိဗ္ဗာန် (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။
အကြွေးနိဗ္ဗာန်ကို မယူပါနဲ့
ဒါဖြင့် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသနိဗ္ဗာန်ဆိုတာလည်း ဒကာကြွယ် ပေါ်လာပလား (ပေါ်ပါ ပြီ)။
သို့သော် ဒကာ ဒကာမတွေ အကြွေးနိဗ္ဗာန်ကို မယူပါနဲ့ (မှန်ပါ့)၊ လက်ငင်းနိဗ္ဗာန်ရမှ အကြွေးနိဗ္ဗာန် သေချာ ပါတယ် (မှန်ပါ့)၊ လက်ငင်း နိဗ္ဗာန်ပဲ သေသေချာချာ ဟောပါ့မယ်နော် (မှန်ပါ့)။
ကိုင်း ဂရုစိုက်ပြီး နားထောင်ပါဆိုတော့ ဒကာ ဒကာမတွေ ဒီအကွက်ထဲ ပေါ်သ၍၊ ပျက်သ၍ ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ သေချာပလား (သေချာပါပြီ)။
ဒါဖြင့် ဒီကနေ ဒါလည်း ဒကာ ဒကာမတွေ ဝမ်းထဲမှာရှိတဲ့ စာရွက်ကလေးထဲပါတဲ့ မဂ္ဂင်ငါးပါး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် မြင်စိတ်ကလေးပေါ်လည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက် (မဂ်ပါ)၊ သေတာက သမုဒယ (မှန်ပါ့)။ နောင်မလာတာက ဒုက္ခ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်း ပါပြီ)။
ဒီလိုချည့်ပဲ ကြားစိတ်ကလေးပေါ်လည်း ဖြစ်ပျက်ရှု (မှန်ပါ့)။ နံစိတ်ကလေးပေါ်လည်း (ဖြစ်ပျက်ရှုရပါမယ်)။ စားစိတ်ကလေး လျှာမှာပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ကိုယ်ပေါ်မှာ ယားတဲ့စိတ်ကလေး ပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ်)၊ နာတဲ့စိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ကောင်းတဲ့စိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အပြင်ဧည့်သည် ငါးပါးလာလည်း ရှုပါ
အဲ စာရွက်ကလေးထဲမှာ ပါ-ပါတယ်၊ အပြင်ဧည့်သည် ငါးပါးလာလည်း ရှုပါ (မှန်ပါ့)၊ မပါဘူးလား (ပါ-ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ အတွင်းဧည့်သည် ငါးပါးလည်း ရှုရလိမ့်မယ် (မှန်ပါ)။
ဒီဘက်မှာ မနာယတနဆိုတဲ့ စိတ်က လောဘစိတ်ကလေးပေါ်လာရင် ဒကာကြွယ်တို့၊ မောင်ဘသော်တို့ ဘာလုပ်မယ် (ဖြစ်ပျက်ရှုရမှာပါ)၊ ဖြစ်ပျက်မဂ်ပဲ လာတာပဲ (မှန်လှပါ ဘုရား)။
ဒေါသစိတ်ကလေး ပေါ်ရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ မောဟစိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရပါမယ်)၊ အလောဘဆိုတဲ့ လှူချင်၊ တန်းချင်၊ ပေးချင်၊ ကမ်းချင်တဲ့စိတ်ကလေး လာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ရှုသာရှု ခင်ဗျားတို့က ဒီကုသိုလ်စိတ်ကလေးဟာ မွေးမထားပါနဲ့ (မှန်ပါ့)၊ မွေးထားလို့ရှိရင် ကုသိုလ်စိတ်ကလေး သိချင်လိုက်တာဆိုရင်ဖြင့် ဘယ်သူ့ငှားမှပဲ၊ ဘယ်သူ့ခေါ်ဦးမှပဲဆိုတဲ့ ဝိတက်တွေ လာလိမ့်ဦးမယ် (မှန်ပါ့)။
ဘယ်သူနဲ့ပေါင်းပြီး တိုင်ပင်မှပဲဆိုတဲ့ အလကားစိတ်တွေက ကုသိုလ်ကနည်းနည်း အလကား စိတ်တွေကများ များ လာလိမ့်မယ် (မှန်ပါ့)၊ မလာပေဘူးလား (လာမှာပါ ဘုရား)။
အဲဒါ ကုသိုလ်ထဲ ရောထည့်ပေးလို့ မဖြစ်သေးဘူး (မှန်လှပါ ဘုရား)၊ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
အေး ဒါကြောင့် ကုသိုလ်စိတ်ကလေးလာလည်း ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ်)၊
မေတ္တာစိတ်ကလေး လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုပါ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အတွင်းဧည့်သည် ငါးပါးလာလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဒါဖြင့် ဖြစ်ပျက်မဂ်ဆိုတာ ကိုက်ပြီ (ကိုက်ပါပြီ ဘုရား)။
အိမ်သည်နှစ်ခုလို့ ရေးထားတယ် (မှန်ပါ့)၊ လေကို ထုတ်သောစိတ်၊ လေကို သွင်းသောစိတ် (မှန်ပါ့)၊ မရှိကြ ဘူးလား (ရှိပါတယ် ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်သွားတာပဲ
အဲ သွင်းတဲ့စိတ်ကလေးလာလည်း ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ထုတ်တဲ့စိတ်ကလေးလာလည်း (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ သူလည်း ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်သွားတာပဲ (မှန်ပါ့)။
အဲဒီတော့ အတွင်းဧည့်သည်-အပြင်ဧည့်သည် မရှိရင် အိမ်သည်ချည့် ဆက်ရှု (မှန်ပါ့)၊ အတွင်းဧည့်သည် လာရင် အတွင်းဧည့်သည်ရှု။ ပြီးမှ အိမ်သည်ပြန်ရှု (မှန်ပါ့)။
အပြင်ဧည့်သည်လာရင် (အပြင်ဧည့်သည် ရှုရပါမယ်)၊ ပြီးတော့ ဘယ်ပြန်မလဲ (အိမ်သည်ပြန်ရပါမယ် ဘုရား)။
အိမ်သည်ကို အမြဲထားတဲ့ ။ ဧည့်သည်လာလည်း ဧည့်သည်ရှု၊ ဧည့်သည်မရှိ အိမ်သည်ရှုဆိုတော့ သူ့အထဲ မှာ အနားရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲ အနားမရှိတိုင်း သမုဒယသစ္စာချုပ်၍ ဒုက္ခသစ္စာပြတ်တယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ)။
ဒါဖြင့် ဒါတွေ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ယထာဘူတဉာဏ် ရပြီ (မှန်ပါ့)။
ယထာဘူတဉာဏ် (ရပါပြီ)၊ ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ သိကတည်းက “ယထာသဘာဝဇာနဉာဏံ” ဟုတ်တိုင်းမှန်စွာ သိတဲ့ ဉာဏ်ရကတည်းက အဝိဇ္ဇာလွင့်သွားပြီ (မှန်ပါ့)။
ခန္ဓာအဝိဇ္ဇာ ဖုံးသေးရဲ့လား (မဖုံးပါ)၊ မဖုံးတော့ဘူး ဆိုတာ သေချာပလား (သေချာပါပြီ)။
စိတ်တစ်ခုနဲ့ အသက်ရှင်တာ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ အဆုံးက လှည့်ရှုရာကနေပြီး သကာလ ဖြစ်ပျက်တွေဟာ ဘယ်သူသေတာတုံး မေးတော့ စိတ်တစ်ခုနဲ့ အသက်ရှင်တာကိုး (မှန်ပါ့)၊
မြင်နေတဲ့အခါ မြင်စိတ်နဲ့ အသက်ရှင် (မှန်ပါ့)၊ ကြားတဲ့အခါ (ကြားစိတ်နဲ့ အသက်ရှင်ပါတယ်)၊ ရှူနေတဲ့အခါ (ရှူစိတ်နဲ့ အသက်ရှင်ပါတယ်)၊ ရှိုက်နေတဲ့ အခါ (ရှိုက်စိတ်နဲ့ အသက်ရှင်ပါတယ် ဘုရား)။
အဲဒီ အခုပြောတဲ့စိတ်တွေ ပေါ်တိုင်းပေါ်တိုင်း ရှုတော့ ကိုယ့်အသေကို ကိုယ်မြင်တယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့်အသေ ကိုယ်မြင်ပါတယ် ဘုရား)။
ကိုယ့်အသေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ကိုယ်မြင်တာက (မဂ္ဂသစ္စာပါ)၊ အဲဒီမှာ ဒိဋ္ဌဓမ္မောလာပြီ (မှန် လှပါ ဘုရား)။
ကိုယ့်အသေကို ကိုယ်မြင်ရင် ဒိဋ္ဌဓမ္မော လာပြီ (မှန်ပါ့)။
ကိုယ့်အသေ ကိုယ်မြင်ရင် (ဒိဋ္ဌဓမ္မော လာပါပြီ)၊ ဒိဋ္ဌဓမ္မော လာပြီဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
ဒကာ ဒကာမတွေ ဒါက ဒုက္ခသစ္စာကို ကိုယ်တိုင်မြင်တာ (မှန်ပါ့)။
ကဲ ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တော့ ဒကာ ဒကာမတွေ ရှုဖန်များလာတော့ ဒီမဂ်ကလေးက ကိုယ့် အသေ ကိုယ်မြင်တဲ့ မဂ်ချည်းဖြစ်နေတော့ ယထာဘူတဉာဏ်ရပါပြီ (ရပါပြီ ဘုရား)။
ကဲ ဒီလိုနဲ့ပဲ ဆက်ရှုတော့ မောင်သစ်ရေ မုန်းလာပြီ (မှန်ပါ့)၊ ကိုယ့်အသေ၊ ကိုယ့်မသာတွေချည်း ကိုယ်မြင်နေရရင် မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား)။
စိတ်ကလေး သေတိုင်းသေတိုင်း သူများသေတာလား၊ ကိုယ့်မသာတွေလား (ကိုယ့်မသာတွေပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဘယ်သူ့မသာ၊ ဘယ်သူမြင်တာပါလိမ့် (ကိုယ့်မသာ ကိုယ်မြင်တာပါ ဘုရား)။
အဲ စိတ်ကလေးတစ်ခုနဲ့ အသက်ရှင်တာ၊ ဒီစိတ်ကလေး ပျောက်သွားတယ်ဆိုတာ ကိုယ်သေတာပဲ (မှန် ပါ့)။
အသေကို အရှင်နဲ့ကြည့်ဟေ့
ဒါကြောင့် ဘုန်းကြီးက အသေကို အရှင်နဲ့ကြည့်ဟေ့ ဝိပဿနာဆိုတာ ဒါပဲ (မှန်ပါ့)။
အသေကို (အရှင်နဲ့ ကြည့်ရမှာပါ)၊ အဲဒါ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား)။
အဲ ဝိပဿနာဆိုတော့ ဒကာ ဒကာမတွေက မသိဘဲနေမှာစိုးလို့ ကိုယ့်အသေကို ကိုယ့်အရှင်နဲ့ ကြည့်ပါ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုယ့်အသေကို (ကိုယ့်အရှင်နဲ့ ကြည့်ပါ)၊ အဲဒါ ဘာခေါ်ကြသလဲ (ဝိပဿနာပါ)၊ ဝိပဿနာလို့ဆိုတာ သေချာ ပလား (သေချာပါပြီ)။
ရှင်းလောက်ပါပြီ တဲ့။ အဲဒီတော့ ကိုယ့်အသေ ကိုယ်မြင်တော့ ကိုယ့်အိမ်ရှေ့ မသာတွေချည့် ချသွားတော့ ဒီအိမ်နေချင်သေးရဲ့လား (မနေချင်ပါ)၊ လူအဖြစ်ကော (မလိုချင်ပါ ဘုရား)။
အဲဒီတော့ မုန်းလာတယ် (မှန်ပါ့)၊ မုန်းပေမယ့်လည်း ရှုမြဲတိုင်း ရှုပါ (မှန်ပါ့)၊ မုန်းပေမယ့် မလိုချင်တဲ့စိတ်က မလာသေးဘူး (မှန်ပါ့)၊ မြင်လို့ရှိရင် မုန်းပါတယ် (မှန်ပါ့)၊ မုန်းတာ ဆက်ရှုပါ။ ကိုယ့်ခန္ဓာကြီး ပေါ်တိုင်းပေါ်တိုင်း ဆက်ရှုပါနော် (မှန်ပါ့)။
အဲဒါမုန်းတာ ဆက်ရှုတိုင်းရှုတိုင်း မုန်းနေပြီဆို မုန်းပါမက မုန်းတော့ ဒီခန္ဓာကြီးဖြင့် မလိုချင်ပါဘူးဆိုတဲ့ ရှုတဲ့ဉာဏ် မပြောင်းပေဘူးလား ၊ ပြောင်းမလား (ပြောင်းပါတယ် ဘုရား)။
ပြောင်းလို့ရှိရင် အကုန် ခန္ဓာငါးပါး ပျောက်ပါတယ်။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ အကုန်ပျောက်မယ် (မှန်ပါ့)၊ မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)။
မလိုချင်တဲ့ ဉာဏ်လာကတည်းက
ဘာဖြစ်လို့တုံး သူက မလိုချင်တဲ့ ဉာဏ်လာကတည်းက ဒီခန္ဓာတွေ ဘာဖြစ်နေသတုံး (ပျောက်ပါတယ်)၊ ဒါဖြင့် ဘာသစ္စာတွေ ပျောက်မတုံး (ဒုက္ခသစ္စာတွေ ပျောက်ပါတယ် ဘုရား)။
ဟ ဒုက္ခသစ္စာပျောက်ရင် ဒုက္ခငြိမ်းတဲ့ သစ္စာရောက်မယ် (မှန်ပါ့)။
ဒုက္ခပျောက်ရင် (ဒုက္ခငြိမ်းတဲ့ သစ္စာရောက်ပါမယ်)။
ဒါဆုံးမှ နိဗ္ဗာန်ရောက်မယ်ဆိုတဲ့ ဒီခန္ဓာကွယ်နေတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဒါဖြင့် ခန္ဓာဆုံးရင် (နိဗ္ဗာန်ပါ)၊ သဘောပါပလား (ပါပါပြီ)။
ခန္ဓာဆုံးရင် (နိဗ္ဗာန်ပါ)၊ အဲဒါကြောင့် နိဗ္ဗာန်ကို ဒကာ ဒကာမတွေ ခန္ဓာက ကွယ်နေတယ် (ကွယ်နေပါတယ်)။
ဒီခန္ဓာဆုံးအောင် ရှုနိုင်လို့ရှိရင် နိဗ္ဗာန်သည် ဒုတိယအကွက်မှာ သဥပါဒိသေသ နိဗ္ဗာန်ရှိတယ် (မှန်ပါ့)၊ စတုတ္ထအကွက်မှာ အနုပါဒိသေသ နိဗ္ဗာန်ရှိတယ် (မှန်ပါ့)။
ဒါက အကြွေးနိဗ္ဗာန်။ ဒါက လက်ငင်းနိဗ္ဗာန် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ဖြစ်-ပျက်မြင်ရင် ယထာဘူတဉာဏ်
ဒါဖြင့် စိတ်ဆယ့်နှစ်ချက်ကို ဆက်ရှုလို့ရှိရင်ဖြင့် ဖြစ်-ပျက်မြင်ရင် ယထာဘူတဉာဏ် (မှန်ပါ့)။
ဖြစ်-ပျက် ဒုက္ခသစ္စာတွေ မုန်းလာလို့ရှိရင် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။
ဖြစ်-ပျက် ဒုက္ခသစ္စာတွေ ရှုရင်းမတ္တနဲ့ မလိုချင်တဲ့ ဉာဏ်ဆိုရင် ဘာဉာဏ်ခေါ်ကြမလဲ (ဝိရာဂဉာဏ်ပါ ဘုရား)။
ဒါဖြင့် မဂ်ဉာဏ်ရတော့ ဒီခန္ဓာတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒီခန္ဓာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒီနေရာမှာ ဒုက္ခသစ္စာတွေ ရှိသေးရဲ့လား (မရှိပါ)၊ ဒါဖြင့် ဒုက္ခနိရောဓသစ္စာ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါ ပြီ)။
အရင်တုန်းကတော့ ဒုက္ခသစ္စာ (မှန်ပါ့)၊ ယခုဆုံးသွားတော့ ဘယ့်နှယ်တုံး (ဒုက္ခနိရောဓသစ္စာပါ)၊ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒုက္ခနိရောဓသစ္စာဆိုတာ ဒုက္ခချုပ်တဲ့ သစ္စာ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဒုက္ခချုပ်တဲ့ သစ္စာကို နိဗ္ဗာန်လို့ခေါ်တာ
ဒုက္ခချုပ်တဲ့ သစ္စာကို နိဗ္ဗာန်လို့ အတိုကောက်ခေါ်တော့ ဒါခေါ်တာ (မှန်ပါ့)၊ အရှည်ခေါ်တော့ ဒုက္ခနိရောဓ သစ္စာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒါတွေချုပ်သွားတော့ ဒီနေရာ ဘာသစ္စာပေါ်မတုံး (ဒုက္ခနိရောဓသစ္စာ ပေါ်ပါမယ်)၊ အခုရှိနေတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။
ဒီငါးပါးထဲက စိတ်ချုပ်တော့ အကုန်ချုပ်ကြမယ်ဆိုရင်တော့ ဒီနေရာ ဘာခေါ်ကြမလဲ (နိရောဓပါ)၊ ဒုက္ခ ထည့်ပါဦး (ဒုက္ခနိရောဓသစ္စာပါ ဘုရား)။
ဒုက္ခနိရောဓသစ္စာ (မှန်ပါ့)၊ နဂိုက ဒုက္ခရှိတာကိုး (မှန်ပါ့)၊ အဲဒီတော့ အခုမလိုချင်တော့ ဒီဥစ္စာတွေက အကုန်ပျောက်မသွားပေဘူးလား (ပျောက်ပါတယ်)၊ ပျောက်သွားတော့ သူ့ကို နာမည်ပေးပါ (ဒုက္ခနိရောဓသစ္စာပါ)။
နဂိုက ဒုက္ခသစ္စာ (မှန်ပါ့)၊ ယခုမလိုချင်တဲ့အခါကျတော့ ဒါတွေက အကုန်ချုပ်သွားတယ် (ချုပ်သွားပါတယ်)၊ ချုပ်သွားတော့ ဒီနေရာ ဘာသစ္စာဖြစ်သတုံး (ဒုက္ခနိရောဓသစ္စာပါ ဘုရား)။
ဒါဖြင့် ဒုက္ခနိရောဓသစ္စာ အတိုခေါ်တော့ နိဗ္ဗာန် (မှန်ပါ့)၊ စာလိုခေါ်တော့ (ဒုက္ခနိရောဓသစ္စာပါ)၊ ပဋိစ္စသမုပ္ပါဒ် နည်းနဲ့ ခေါ်လိုက်တော့ ဒုက္ခနိရောဓသစ္စာ (မှန်ပါ့)၊ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။
မြင်တာက မဂ္ဂသစ္စာ
ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒုက္ခနိရောဓသစ္စာကို မြင်တာက ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိဗ္ဗာန် ဘယ်နားမှာ ရှိသတုံး (ခန္ဓာအဆုံးမှာ ရှိပါတယ်)၊ ဟောဒီခန္ဓာငါးပါးအဆုံးမှာ ရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် နိဗ္ဗာန် ဘယ်သူဖုံးနေသတုံး (ခန္ဓာဖုံးနေပါတယ်)၊ ခန္ဓာ ဘယ်သူဖုံးပါလိမ့် (အဝိဇ္ဇာဖုံးပါတယ် ဘုရား)။
ဪ အဝိဇ္ဇာကို ဘုန်းကြီးက ဒုက္ခသစ္စာသိအောင် ပြောလိုက်တော့ ဝိဇ္ဇာမဖြစ်သေးဘူးလား (ဖြစ်ပါ တယ်)။
ဝိဇ္ဇာဖြစ်တဲ့အခါကျတော့
ဝိဇ္ဇာဖြစ်တဲ့အခါကျတော့ ဒီအကွက်ပေါ်လေသ၍ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒီအကွက်ပျောက်သွားရင် ဘာသစ္စာတုံး (ဒုက္ခနိရောဓသစ္စာပါ)၊ ဒုက္ခနိရောဓသစ္စာ ပေါ်လာတယ် (မှန်ပါ့)။
ဒါဖြင့် သစ္စာမြင်သောကြောင့် သံသရာရှည်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါကြောင့် ဘုရားဖြစ်တာ ဒီဒကာ ဒကာမတွေလည်း ဒီအတိုင်းလုပ်ရင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်လိမ့်မယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒုက္ခသစ္စာကို ဒုက္ခ နိရောဓ သစ္စာ ဖြစ်အောင်ရှု (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ)။