ခန္ဓာကိုယ်ရှိက ကျန်းမာမှုမရှိ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ – ဟောကြားတော်မူသော
(၂၂-၉-၆၂)
ဖောက်ပြန်ပျက်စီးနေတာ
တေဇောဓာတ်က ပူလောင်၊ ပူလောင်ပြီး အရှိန်ရင့်ကျက်သွားလို့ရှိရင် သူလည်း ဖောက်ပြန်ပျက်စီးတာပဲ (မှန်ပါ့) ဝါယောဓာတ်က ခိုင်တယ်၊ လှုပ်ရှားတယ်၊ ဒါလည်း သူ့သဘော စွန့်သွားတယ်၊ ခိုင်တာလည်း မရှိတော့ဘူး၊ လှုပ်ရှားတာလည်း မရှိတော့ဘူးဆိုတော့ ဒါသူလည်း ဖောက်ပြန်ပျက်စီးနေတာပဲ (မှန်လှပါ ဘုရား)။
တစ်ခါ ဝေဒနာဘက် ကြည့်လိုက်တော့ ဝေဒနာကလေးတွေက သုခရယ်လို့ ပေါ်လာပြန်၊ ပျောက်ပျက်သွားပြန် တာပဲ။ ဒုက္ခရယ်လို့ ပေါ်လာပြန်လည်း ပျောက်ပျက်သွားတာပဲ၊ ဥပေက္ခာရယ်လို့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြန် ရင်လည်း ပျောက်ပျက်သွားတာပဲ။ အင်း ဝေဒနာဘက်ကလည်း ပျောက်ပျက်တာပဲ ရှိတယ် (မှန်ပါ့)။
သညာဘက်ကလည်း သညာခြောက်မျိုးရှိသည့်အနက်က ရူပါရုံမှတ်တဲ့ သညာ ရူပါရုံမှတ်ပြီး ပျောက်ပျက်သွား တယ် (မှန်လှပါ ဘုရား) သဒ္ဒါရုံမှတ်တဲ့ သညာ ဘာသံ, ညာသံ မှတ်တဲ့ သညာလည်း မှတ်ပြီးသကာလ ဖောက်ပြန်ပျက်စီး သွားတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးစလုံး စိတ်ရယ်, ရုပ်ရယ်, ဖြစ်မှု-ပျက်မှုချည်းပဲ (မှန်ပါ့) ဒါတွေဟာ ဖောက်ပြန်ပျက်စီးပြီး သကာလ သွားကြတာပဲ (မှန်ပါ့ ဘုရား)။
ဖောက်ပြန်ပျက်စီးပြီးသကာလ သွားကြတော့ကို သူတို့သည် ခိုင်ခံ့တည်တံ့ပြီးသကာလ မာနေတယ်၊ ကျန်းမာ နေတယ်ဆိုတဲ့ ဥစ္စာ မောင်သစ် တစ်ခါမှ ပြောစရာ မပါဘူး (မှန်ပါ့) ဖောက်ပြန်ပျက်စီးနေတုန်းသွားပြီး ကျန်းမာနေ တယ်လို့ ပြောလို့-ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။
မကျန်းမာမှု ပျောက်ပျက်မှုနဲ့ လမ်းဆုံးတယ်
ဒါဖြင့် ဒီလိုဆိုမှ ရုပ်ဘက်က ကြည့်လိုက်လည်း မကျန်းမာမှု ပျောက်ပျက်မှုနဲ့ လမ်းဆုံးတယ် (မှန်ပါ့) ဝေဒနာဘက်က ကြည့်လိုက်ပြန်လည်း ထို့အတူပဲ၊ မကျန်းမာမှု ပျောက်ပျက်မှုနဲ့ လမ်းဆုံးတယ် (မှန်ပါ့)။
သညာကြည့်လိုက်ပြန်လည်း ထို့အတူပဲ မှတ်တော့ မှတ်နိုင်တာပဲ၊ မှတ်ရင်းပဲ ဖောက်ပြန်ပျက်စီးသွားတာပဲ၊ မကျန်းမာမှုနဲ့ ပျက်စီးသွားတယ် (မှန်ပါ့)။
ဒါဖြင့် ခန္ဓာငါးပါးမှာ ပျက်စီးရတယ်ဆိုကတည်းက ကျန်းမာလို့လား၊ မကျန်းမာမှုနဲ့ ပျက်စီးတာလားလို့ဆိုတာ မေးစရာ မေးခွန်းပါတယ် (မှန်ပါ့) မကျန်းမာမှုကြောင့် ပျက်စီးသွားတယ်လို့ မှတ်ရမယ် (မှန်ပါ့)။
ခန္ဓာငါးပါးမှာ အားလုံး ဒကာ ဒကာမတွေ ဖောက်ပြန်ပျက်စီးသွားတယ်ဆိုရင် ကျန်းမာမှုရှိလို့လား၊ မကျန်းမာမှု နဲ့ ပျက်စီးတာလား (မကျန်းမာမှုနဲ့ ပျက်စီးတာပါ ဘုရား)။
မကျန်းမာမှုနဲ့ ပျက်စီးတယ်လို့ ဉာဏ်ကလေး ထိုးထွင်းပြီး သကာလ ပျက်စီးတယ်ဆိုကတည်းက ပျက်စီးဖို့ရာ ဖြစ်-ဒုက္ခပါပြီး သကာလ လာတော့ ပျက်စီးခြင်း, ဆုံးရှုံးခြင်း, ပျောက်ပျက်ခြင်း, ဒါတွေ အကုန်ရောက်ပြီးသကာလ သွားခြင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ထဲမှာ ဘယ်သူ့ကြည့်လိုက်, ကြည့်လိုက် မကျန်းမာမှုနဲ့ ပျောက်ပျက်သွား တာချည်းပဲ (မှန်ပါ့) တိုတိုပြောတော့ ဆင်းရဲမှုနဲ့ ပျောက်ပျက်သွားတာချည်းပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဆင်းရဲမှုနဲ့ ပျောက်ပျက်သွားတာချည်းပဲဆိုတော့ ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်နဲ့ ခန္ဓာတင်လိုက်တဲ့အခါ ကျတော့ အင်း ပျောက်ပျက်သွားပါလား၊ မကျန်းမာလို့ ပျောက်ပျက်သွားတာကိုး-လို့ ဝိပဿနာဉာဏ်နဲ့ ကြည့်ပေး ပါ (မှန်လှပါ ဘုရား)။
မကျန်းမာလို့ ပျောက်ပျက်သွားတာချည်းပဲ၊ နာတာကလေး ပျောက်ပျက်သွားတယ်၊ အင်း မကျန်းမာမှု ကြောင့် ဆုံးရှုံးသွားတယ်၊ ကောင်းတာကလေး ပျက်စီးသွားလည်း မကျန်းမာမှုကြောင့် သူဆုံးရှုံးသွားတာပဲ (မှန်ပါ့) ဘယ်စိတ်လာလာ၊ ဦးဘသန်းတို့၊ ဦးကျော်မောင်တို့ မကျန်းမာမှုကြောင့်ပဲ ပျက်စီးသွားတာပဲ (မှန်ပါ့)။
ဘယ်အချိန်မှ မကျန်းမာဘူး
ဒါ့ကြောင့် ဒီပျက်စီးတာတွေက ခဏခဏ ခန္ဓာထဲမှာ အများကြီး၊ ရုပ်ဘက်ကလည်း အများကြီး။ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ နာမ်ဘက်ကလည်း အများကြီး (မှန်ပါ့) ဒါတွေ ပျက်စီးနေတော့ ဘယ်အချိန် ကျန်းမာ သတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ်အချိန်မှ မကျန်းမာဘူး၊ ဖောက်ပြန်ပျက်စီးနေတာချည်းပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဘယ်အချိန် ကျန်းမာသတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဘယ်အချိန်မှ မကျန်းမာပါ ဘုရား) ဘယ်အချိန်မှ မကျန်းမာဘူး၊ ဖောက်ပြန်ပျက်စီးနေတဲ့အချိန်သာ ရှိတယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ အားလုံး ဒကာ ဒကာမတွေ ဖောက်ပြန် ပျက်စီးတာသည် ကျန်းမာမှု ရှိလို့လား၊ မကျန်းမာမှုတွေ ပဲလား (မကျန်းမာမှုတွေပါ ဘုရား)။
မကျန်းမာမှုတွေပဲလို့ ဒကာ ဒကာမတွေက မှတ်ထားဖို့ အရေးကြီးပါတယ် (မှန်ပါ့)။
အဲဒီ မကျန်းမာမှုတွေကြောင့် ပေါ်လာလိုက် ပျောက်သွားလိုက်၊ ပေါ်လာလိုက်-ပျောက်သွားလိုက် ဒါဖြင့် ခန္ဓာငါးပါးမှာ ပေါ်-ပျောက်မှတစ်ပါး ဦးဘသန်းတို့၊ ဦးကျော်မောင်တို့ ဘာရှိသေးသတုံး (မရှိပါ ဘုရား)။
မရှိတော့ ဘယ်အချိန်မဆို မကျန်းမာမှုနဲ့ပဲ အချိန်ကုန်သွားတာပဲဆိုတဲ့ ဥစ္စာ ငြင်းဖို့မလိုတော့ဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။
အရိယာတို့၏ မျက်လုံးနဲ့ ကြည့်လိုက်တော့
အဲဒီတော့ အရိယာတို့၏ မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဒီခန္ဓာကြီးကြည့်လိုက်တဲ့အခါကျတော့ အတူသာနေရတယ်၊ မကျန်းမာမှုနဲ့ ပျက်စီးနေတာတွေချည်း တွေ့နေရတော့ ဒီ ခန္ဓာကြီးနဲ့ ခွဲလိုက်ရလို့ရှိရင်ဖြင့် ကျန်းမာမှာပဲ ဒီလိုလာတယ် (မှန်ပါ့)။
ဒီခန္ဓာကြီးနဲ့ ခွဲခွါလိုက်ရလို့ရှိရင်ဖြင့် ကျန်းမာမှာပဲ ဆိုတော့ ခန္ဓာရှိမှုကို သူတို့ သဘောကျနေသလား၊ ခန္ဓာ မရှိမှုကို သဘောကျနေသလား (ခန္ဓာမရှိမှုကို သဘောကျပါတယ် ဘုရား)။
အဲ ခန္ဓာမရှိမှု သဘောကျနေတာသည် မှတ်ထားလိုက်စမ်းပါ၊ နိဗ္ဗာန်ကို သဘောကျနေတာ (မှန်ပါ့)။
ဘာဖြစ်လို့တုံးဆိုတော့ ခန္ဓာကြည့်လိုက်တော့ ဖောက်ပြန်ပျက်စီးနေတာ တွေ့ရတယ် (မှန်ပါ့)။
ခန္ဓာကြည့်လိုက်တော့ ဘာတွေ တွေ့ကြသလဲ (ဖောက်ပြန် ပျက်စီးနေတာ တွေ့ရပါတယ်ဘုရား)။
ဖောက်ပြန် ပျက်စီးတာတွေချည်း တွေ့ပြီးသကာလနေတော့ နာမ်, ရုပ်ကြည့်လိုက် ဖောက်ပြန်ပျက်စီးတာတွေ့ လိုက် ပြင်လို့ဖြင့် မရပါဘူး၊ ဝိပါကဝဋ်ဟေ့ (မှန်ပါ့)။
ဝိပါကကအကျိုးပေးတာ ဝဋ်က ဒါချည်းလှည့်ဖြစ်နေတာ (မှန်ပါ့) ဒါချည်းဖြစ်တယ်၊ ဖောက်ပြန်လိုက်-ပျက်စီး လိုက်၊ ဖောက်ပြန်လိုက်-ပျက်စီးလိုက်၊ မောင်ချစ်စိန် ဒီအတိုင်းနေတယ် (မှန်ပါ့)။
ဒီအတိုင်းနေတာ ကြည့်လိုက်တော့ သူတို့အရိယာပုဂ္ဂိုလ်၊ အရိယာမျက်လုံးနဲ့ ကြည့်လိုက်တော့ ဒီခန္ဓာကြီးနဲ့ နေရတာ ပျော်လိမ့်မလား။ အင်း ဒီခန္ဓာဝန်များ ချပစ်လိုက်ရလို့ရှိရင် ကောင်းလိမ့်မလားဆိုတာ ခင်ဗျား တို့ပဲ တွေးကြည့်ရင် ပေါ်ပါပြီ (မှန်ပါ့)။
ခန္ဓာဝန်ချပစ်ရင် ကောင်းလိမ့်မယ်
ဘယ့်နှယ်ပေါ်လိမ့်မယ် ထင်ကြသလဲ (ခန္ဓာဝန်ချပစ်ရင် ကောင်းလိမ့်မယ် ဘုရား)။
ခန္ဓာဝန်ချပစ်လို့ ရှိရင်ဖြင့် ဦးဘသန်း ချက်ချင်းချလို့ရှိရင် ချက်ချင်းသဘောကျတယ် (မှန်ပါ့)။
ကျုပ်တို့-ခင်ဗျားတို့လို နောက်ခန္ဓာတောင့်တချက်တဲ့ စိတ်ဟာ ဦးဘသန်း လက်ရှိခန္ဓာကို အနာနဲ့ ဖောက်ပြန် ပျက်စီးနေတာကို မကြည့်မိလို့ နောက်ခန္ဓာ တောင့်တ-တာ (မှန်ပါ့) ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။
လက်ရှိခန္ဓာကြီး၏ ဖောက်ပြန် ပျက်စီးနေတာကို အရိယာမျက်လုံးတပ်ပြီး မကြည့်တတ်တာနဲ့ နောက် ခန္ဓာ တောင့်တတယ်-ဆိုတဲ့ အဓိပ္ပာယ်ဟာ မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။
အေး ဒါ့ကြောင့် နောက်ခန္ဓာ တောင်းတတဲ့ ပုဂ္ဂိုလ်များ အရိယာမျက်လုံးကလည်း မရှိ။ အရိယာတို့၏ တပည့်သား မျက်လုံးကလည်း မရှိ (မှန်ပါ့) အရိယာမဖြစ်လို့ အရိယာမျက်လုံးမရှိချင် နေပါစေတော့ မောင်သစ် (မှန်ပါ့) အရိယာတို့၏ တပည့်သားဖြစ်တဲ့ မျက်လုံးနဲ့ တပ်ကြည့်ပြန်တော့လည်း ပေါ်တယ်-ဟေ့ (မှန်ပါ့) အဲ ဝိပဿနာမျက်လုံးကို ဆိုပါတယ် နော် (မှန်ပါ့)။
ဝိပဿနာမျက်လုံးကို ဆိုပါတယ်။ အဲဒီ့ ဝိပဿနာမျက်လုံးနဲ့ တပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ဖောက်ပြန် ပျက်စီးတာပဲ ဘယ်တော့ ကျန်းမာတာပါသေးတုံး (မပါပါ ဘုရား)။
ဖောက်ပြန်ပျက်စီးနေတာချည်းပဲ
ဖောက်ပြန်ပျက်စီးနေတာချည်းပဲ။ ဘယ်တော့မှ ကျန်းမာတာ မပါဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အဲဒီလို ကြည့်နေတဲ့ အချိန်ကျလို့ရှိရင်ဖြင့် အရိယာတို့၏ တပည့်သား မျက်လုံးနဲ့ တပ်ကြည့်လိုက်တဲ့အခါ အင်း ဒီခန္ဓာကြီးနဲ့ မနေရလို့ရှိရင်ဖြင့် ဝဋ်မြစ်ကျွတ်တာပဲဆိုတဲ့ အသိဉာဏ်ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) ဝဋ်ကောင်ကြီး လုံးလုံးပဲဆိုတဲ့ အဓိပ္ပါယ်လည်း သူ့ဉာဏ်ထဲမှာ ရှင်းပေးထားတယ် (မှန်လှပါ ဘုရား)။
ဝဋ်ကောင်ကြီးလုံးလုံး။ အင်း ဒါများ ကျွတ်သွားလို့ရှိရင်ဖြင့် ချမ်းသာအစစ်တော့ဖြင့် တွေ့ရမှာပဲဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒီခန္ဓာကို အရိယာပုဂ္ဂိုလ်များ ခန္ဓာဝန်ကို ချချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ အကုန်ရှင်းသွားပြီ (ရှင်းပါ ပြီ ဘုရား)။
ခန္ဓာဝန်ချချင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဘယ့်နှယ်နေကြသလဲ (ရှင်းပါတယ် ဘုရား) ရှင်းသွားပြီ နော် (မှန်ပါ့)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေမှာ ဒီမျက်လုံးရဖို့ရာတယ် အရေးကြီးပါလား (ကြီးပါတယ် ဘုရား)။
ဒီမျက်လုံးမှ မရလို့ရှိရင် ခန္ဓာဝန်ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်ကို သဘောမကျဘူး (မှန်ပါ့) ဒီမျက်လုံးရထား တဲ့ ပုဂ္ဂိုလ်ကတော့ နိဗ္ဗာန်ကို သူမတွေ့ရသေးငြားသော်လည်း မှန်းဆပြီးတော့ အဲဒီရောက်မှ အေးမှာပဲ-ဆိုတဲ့ စိတ် ကလေးဟာ လာသေးတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ကို အခု-အရိယာမျက်လုံးတပ်ပြီးသကာလ ဆရာဘုန်းကြီးက ဟေ့ စိတ်ကလေး ဘယ်လို ကြည့်စမ်းပါ၊ ဘယ်လိုကြည့်စမ်းပါဆိုတာ မကျန်းမာပြီး ပျက်စီးတာတွေ မြင်အောင်လို့ မောင်သစ် အကြည့်ခိုင်းတာ (မှန်ပါ့)။
ပေါ်လာတယ်ဆိုကတည်းက တော်တော်ကြာ ခဏကလေးနေပြီး ပျက်စီးသွားတာ (မှန်ပါ့) ပေါ်လာလိုက်-ပျက်စီးလိုက် ပေါ်လာလိုက်-ပျက်စီးလိုက် ရုပ်ကလေးကြည့်လိုက် ထို့အတူ ဝေဒနာကြည့်လိုက် ထို့အတူ စိတ်ကြည့်လိုက် ထို့အတူ ဖောက်ပြန်ပျက်စီးနေကြတာချည်း မြင်မနေဘူးလား (မြင်နေပါတယ် ဘုရား)။
အဲဒီကဲ့သို့ မြင်တဲ့အခါကျတော့မှ ဪ ဒါအရိယာတပည့်သားတို့၏ မျက်လုံးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
အဲဒီ ပုဂ္ဂိုလ်များကတော့ဖြင့် ဒီခန္ဓာကြီးနဲ့ ပျော်လိမ့်မယ်၊ ဒီခန္ဓာကြီးကို နောက်ထပ် အဖော် လုပ်ချင်လိမ့်မယ် ဆိုတာ မောင်သစ် ရှိပါ့မလား (မရှိပါ ဘုရား)။
ဒါဖြင့် ဒီအရိယာမျက်လုံးဟာ အလွန်အရေးကြီးပါတယ် (မှန်ပါ့) သူမရှိရင် ဒုက္ခသစ် ရှာမှာပဲ။ သူရှိရင် ဒုက္ခသစ် မရှာတော့ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
သူသာ အရိယာမျက်လုံးသာ မရှိသေးလို့ရှိရင် ဘုံဘဝတွေ ရောက်ချင်တော့ ဒုက္ခသစ်ရှာမှာပဲ မဟုတ်ဘူးလား (မှန်ပါ့) အရိယာမျက်လုံးတပ်ပေးလိုက်တော့ သေသေချာချာ ကိုယ့်ကိုယ်တိုင် မြင်ရတဲ့အခါကျလို့ရှိရင်ဖြင့် ခဏခဏ ကိုယ့်မသာ ကိုယ်မြင်ရမယ်။
ကိုယ့်မသာ ကိုယ်မြင်ရဆိုတာ ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တော့ ကိုယ့်မသာတွေ ကိုယ်မမြင်ရဘူးလား (မြင်ရပါ တယ် ဘုရား)။
ဝေဒနာက္ခန္ဓာရှုတဲ့ ဒကာ ဒကာမတွေကလည်း ဝေဒနာက္ခန္ဓာကြီး ပျက်စီးနေပုံကို ရူပက္ခန္ဓာကြည့်တဲ့ ဒကာ ဒကာမတွေကလည်း ရူပက္ခန္ဓာ ပျက်စီးသွားတော့ ကိုယ့်မသာကလေးတွေ ကိုယ်မြင်ပြီး သကာလ ခန္ဓာနဲ့ အတူတူနေ ရတာဟာ အသုဘနဲ့ အတူတူနေရတာ၊ ဝေဒနာနဲ့ အတူတူနေရတာ ဒုက္ခနဲ့ အတူတူနေရတာ၊ အရိယာမျက်လုံး တပ် ကြည့်လိုက်တော့ ဒါကလေးတွေကို ကွင်းကွင်း-ကွက်ကွက် မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။
အဲဒီကဲ့သို့ ကွင်းကွင်း ကွက်ကွက် မြင်တဲ့ ပုဂ္ဂိုလ်များထဲက ဒီခန္ဓာနဲ့ ကွဲရလို့ရှိရင် ကောင်းသေးတယ် (မှန်ပါ့) နောက်ခန္ဓာမရလို့ရှိရင် ဒီ့ထက်ပိုကောင်းတယ် (မှန်ပါ့) ဒီစိတ်တွေ မလာပေဘူးလား (လာပါတယ် ဘုရား) ဒီခန္ဓာလည်း သာယာတဲ့ စိတ်ရှိသေးရဲ့လား (မရှိပါ ဘုရား) နောက်ခန္ဓာကို တောင်းတတဲ့ စိတ်ကော (မရှိပါ ဘုရား)။
နောက်ခန္ဓာလည်း တောင်းတတဲ့ စိတ်လာမယ် မဟုတ်ပါဘူး (မှန်ပါ့) အဲဒါ မျက်လုံးတစ်လုံးက ကျေးဇူးပြုလိုက် တယ် (မှန်လှပါ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ် (မျက်လုံးတစ်လုံးက ကျေးဇူးပြုလိုက်ပါတယ် ဘုရား)။
မျက်လုံးက ဘာမျက်လုံးတုံး
မျက်လုံးတစ်လုံးက ကျေးဇူးပြုလိုက်တယ်၊ မျက်လုံးက ဘာမျက်လုံးတုံးဆိုတော့ အရိယာတို့၏ တပည့်သား မျက်လုံး (မှန်လှပါ ဘုရား)။
သူက အရိယာမဖြစ်သေးတော့ အရိယာတို့၏ တပည့်သားမျက်လုံးနဲ့ ကိုယ့်ခန္ဓာကိုယ်ကြည့်လိုက်တော့မှ မမာ ပြီး သေနေတာတွေချည်း မြင်တယ် (မှန်ပါ့)။
ခန္ဓာကိုယ်ထဲမှာ ဘာတွေမြင်တယ် (မမာပြီးသေနေတာတွေ မြင်ပါတယ် ဘုရား)။
မမာပြီးသေနေတာတွေချည်း မြင်နေတယ် (မှန်ပါ့) အဲဒီ့ အမြင်ရောက်အောင် ယောဂီ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်များ ဪ ပျက်စီးသွားပြန်ပြီ-ပျက်စီးသွားပြန်ပြီဆိုတဲ့ ဉာဏ်ကလေးနဲ့ စိတ်ကလေးပေါ်လိုက်-ကြည့်လိုက် မရှိပြန်ဘူး၊ ဪ မမာပြီး ပျက်စီးသွားပြန်ပြီ-ဟုတ်လား (မှန်ပါ့)။
ဘယ်စိတ်လာလာ ပျောက်ပျက်သွားရင် ဘယ့်နှယ်ဆိုကြမယ် (မမာပြီး ပျက်စီးသွားပါတယ် ဘုရား)။
မမာပြီး ပျက်စီးသွားတာတွေပဲဆိုတဲ့ အဓိပ္ပာယ် အတော်ရှင်းပါတယ် (မှန်ပါ့)။
အဲဒီတော့ အဲဒီမျက်လုံးကလေး မရ, ရအောင် လုပ်မှသာလျှင် လက်ရှိခန္ဓာကိုလည်း မလိုချင်။ လက်မဲ့ခန္ဓာ ကိုလည်း မတောင့်တ (မှန်ပါ့) ဒီဉာဏ်ပေါ်ရမယ် (မှန်ပါ့)။
လက်ရှိခန္ဓာ (မလိုချင်ပါ ဘုရား) လက်မဲ့ခန္ဓာ (မတောင့်တပါ ဘုရား)။
အဲဒီ့ မလိုချင်တာနဲ့ မတောင့်တတာ မောင်ချစ်စိန် အဖိုးတန်ပြီ (မှန်ပါ့)။
ဒါ ဝိပဿနာရှုပါ၊ ဝိပဿနာရှုပါလို့ ဒကာ ဒကာမတွေ ဟောနေတာက လက်ရှိခန္ဓာမလိုချင်၊ နောက် ခန္ဓာမတောင့်တ။ လက်ရှိခန္ဓာကလည်း ဒုက္ခသစ္စာမို့ လက်မဲ့ခန္ဓာကလည်း တောင့်တမိရင် ဒုက္ခသစ္စာအနာတွေသာ လာမှာ ဖြစ်နေသောကြောင့် ဒီမျက်လုံးမရ, အရယူကြပါဆိုတာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့တကွ ဆရာသမား များက လေးလေးနက်နက် တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဝိပဿနာရှုပါ၊ ဝိပဿနာရှုပါလို့ ဟောနေတာဟာ လက်ရှိခန္ဓာလည်း မလိုချင်၊ လက်မဲ့ ခန္ဓာလည်း မတောင့်တတို့ အလုပ်တွေ (မှန်ပါ့)။
လက်ရှိခန္ဓာမလိုချင်
လက်ရှိခန္ဓာ (မလိုချင်ပါ ဘုရား) လက်မဲ့ခန္ဓာ (မတောင့်တပါ ဘုရား)။
အဲ လက်ရှိခန္ဓာမလိုချင်-လက်မဲ့ခန္ဓာ မတောင့်တဖြစ်အောင်လို့ ဝိပဿနာ ကြိုးစာကြဆိုတဲ့ဥစ္စာ မောင်ချစ် စိန် အင်မတန် အဖိုးတန်တဲ့စကား (မှန်ပါ့ ဘုရား)။
အင်မတန် အဖိုးတန်တယ်၊ လက်ရှိခန္ဓာ မလိုချင်ဆိုတာလည်း ဒုက္ခသစ္စာ၊ အမြဲတမ်းဝေဒနာနဲ့ ပျက်စီးနေတာ ဒီနည်းပဲ (မှန်ပါ့) လက်မဲ့ခန္ဓာ မတောင့်တတာကလည်း ဒီနည်းပဲလာမှာပဲ ဆိုတာက ဒီဒုက္ခသစ္စာနဲ့ ဒီဝေဒနာတွေနဲ့ ဒီခဏခဏအသေကလေးပဲ လာမယ်ဆိုတာက သိပြီးသားဖြစ်နေတော့ လက်မဲ့ခန္ဓာလည်း တောင့်တပါဦးမလား (မတောင့်တပါ ဘုရား)။
အေး ဒါကြောင့် ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များ ဘယ်အကျိုးငှာတုံးဆိုတော့ ဒကာ ဒကာမတွေ ဖြေတတ် ကြပလား (ဖြေတတ်ပါပြီ) လက်ရှိခန္ဓာမလိုချင် လက်မဲ့ခန္ဓာမတောင့်တအောင်လို့ လုပ်ကြတာနော် (မှန်ပါ့ ဘုရား)။
လက်ရှိခန္ဓာ (မလိုချင်အောင်လို့) လက်မဲ့ခန္ဓာ (မတောင့်တအောင်လို့) မတောင့်တအောင်လို့ လုပ်ကြရတာ။
အဲဒီတော့ လုပ်နေလို့ ဖြစ်ပျက်မြင်တယ်၊ မျက်စိမြင်တယ် ဆိုငြားသော်လည်း အခုတစ်လုံးပေါ်ဖို့ပဲ အရေးကြီး တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ ဝိပဿနာအစစ်
အခုပြောတဲ့ တစ်လုံးဟာ သိပ်အရေးကြီးတယ် (မှန်ပါ့) လက်ရှိခန္ဓာမလိုချင်တဲ့ ဉာဏ်ပေါ်အောင် ဝမ်းထဲကမှတ် (မှန်ပါ့) လက်မဲ့ခန္ဓာ မတောင့်တတဲ့ဉာဏ် ပေါ်လာမှ (မှန်ပါ့) ဒါ ဝိပဿနာအစစ်ကိုးဗျ (မှန်ပါ့) သဘောပါကြလား (ပါပါပြီ ဘုရား)။
ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါ လက်ရှိခန္ဓာက အမြဲတမ်း အနာပေါက်ပြီး ပျက်စီးတာပဲ (မှန်ပါ့) လက်မဲ့ခန္ဓာ ကလည်း ထို့အတူပဲလာရင် အမြဲတမ်းအနာပေါက်ပြီး ပျက်စီးတာပဲ လာမှာပဲ (မှန်ပါ့) ဒီ့ပြင် ကောင်းတာလာစရာ မြင်သေးရဲ့လား (မမြင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ကို လက်ရှိခန္ဓာ မလိုချင်ဆိုတာက မဂ် (မှန်ပါ့) လက်မဲ့ခန္ဓာ မတောင့်တဆိုတာ မဂ်ကြောင့်တဏှာ သေတာ ပြောတာ (မှန်ပါ့ ဘုရား)။
လက်ရှိခန္ဓာ မလိုချင်ဆိုတာက မဂ်ဉာဏ်ပေါ်တာ၊ ဝိပဿနာ မဂ်ဉာဏ်ပေါ်နေတယ် (မှန်ပါ့) အမှန်အကန် မြင်လိုက်တော့ ဝိပဿနာမဂ်ဉာဏ် မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါက လက်ရှိခန္ဓာဘာတုံး (မလိုချင်ပါ) နောက်က တဏှာပေါ်ပြီးသကာလ နေသောကြောင့် လက်မဲ့ခန္ဓာလည်း မတောင့်တတော့ဘူးဆိုတာလည်း ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်တော့ ရှေ့ကမဂ်၊ နောက်က တဏှာသေတာ ဟောနေတာ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ကြည့်ပါ၊ ၁-နံပါတ်ထဲမှာရှိတဲ့ ခန္ဓာငါးပါး တစ်ပါးပါး ဖောက်ပြန်ပျက်စီးတာ မြင်လို့ရှိရင်ဖြင့် လက်ရှိ ခန္ဓာမလိုချင်တဲ့ ဝိပဿနာမဂ်ဉာဏ် မဖြစ်ဘူးလား (ဖြစ်ပါတယ်) လက်မဲ့ခန္ဓာ တောင့်တတဲ့တဏှာကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။
ဘာဖြစ်လို့ မလာသလဲဆိုတော့ အို ဒီမဂ်ကသတ်ထားပြီ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီမဂ်က သတ်ထားတော့ ဪ ဝိပဿနာအလုပ်ဟာ တယ်ကျေးဇူးများပါလား၊ လက်ရှိခန္ဓာကိုလည်း အနာပေါက် ရောက်ပြီးသေတဲ့အတွက် မလိုချင် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
လက်မဲ့ခန္ဓာ မတောင့်တတာကလည်း တောင့်တတဲ့ တရားကိုက လက်ရှိခန္ဓာမလိုချင်တဲ့ ဉာဏ်က သတ်ပစ် လိုက်တယ် (မှန်ပါ့) ၃-နံပါတ်လာသေးရဲ့လား (မလာပါ) တဏှာ, ဥပါဒါန် လာသေးရဲ့လား (မလာပါ ဘုရား)။
မလာတော့ လက်ရှိခန္ဓာမလိုချင်၊ လက်မဲ့ခန္ဓာ မတောင့်တတာသည် ဝိပဿနာဉာဏ် (မှန်ပါ့) ဒီကိုတက်လာရင် မဂ်ဉာဏ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဪ ဒါဖြင့် သူမှအမှန်ဖြစ်တော့မယ် (မှန်ပါ့) ဒါကြောင့် သူ့ကို သမ္မာဒိဋ္ဌိဆိုတဲ့ နာမည်ပေးရတယ် (မှန်ပါ့) သမ္မာက = မှန်ကန်တာ၊ ဒိဋ္ဌိက = မြင်တာ (မှန်ပါ့ ဘုရား)။
အမှန်အမြင်ကို ရလာတဲ့ အခါကျတော့ မောင်ချစ်စိန် လက်ရှိခန္ဓာဘာတဲ့ (မလိုချင်ပါ) လက်မဲ့ခန္ဓာကကော (မတောင့်တပါ) အင်း ဘယ့်နှယ်ကြောင့်ပါလိမ့် (အမှန်မြင်လို့ပါ ဘုရား)။
အမှန်ဉာဏ်ဆိုတော့ ၂-နဲ့ ၃-ကြားထဲမှာ မဂ်ကလေးဝင်တယ် (မှန်ပါ့) ၂-နဲ့ ၃-ကြားထဲမှာ မဂ်ကလေးဝင်ပါ တယ်။
မဂ်ကလေးဟာက နှစ်မျိုးယူနိုင်တယ်
အဲဒီမဂ်ကလေးဟာက နှစ်မျိုးယူနိုင်တယ် (မှန်ပါ့) လက်ရှိရှေ့ပိုင်းက ၂-နံပါတ်ကိုတော့ သူမလိုချင်ဘူး၊ ၃-နံပါတ် တောင့်တတဲ့ တဏှာကို သူသတ်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် မဂ်ကလေးသည် ရှေ့ပိုင်းကိုလည်း ဒုက္ခသစ္စာမြင်တယ်၊ နောက်ပိုင်းကိုလည်း တဏှာသတ်တယ်၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ မဂ်သည် ဒုက္ခကိုလည်းသိ၊ သမုဒယကိုလည်း ပယ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခကို (သိပါတယ်) သမုဒယကို (ပယ်ပါတယ်) အေး ဒါဖြင့် ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်များမှာ ဒုက္ခကို ကြည့်-ဒုက္ခဖြစ်ကြောင်းကို ပယ်နေတဲ့အလုပ်ဟာ ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်၏ အကျိုးရှိတဲ့အလုပ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) တော်တော်အရေးကြီးတယ် ဒီဥစ္စာက (မှန်ပါ့ ဘုရား)။
အဲဒီတော့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘဂ္ဂတိုင်းကို အလည်သွားတယ်၊ ဘဂ္ဂတိုင်းကို အလည်သွား တော့ သုသုမာရဂိရိတောင် ခြေရင်းမှာ နကုလမာတာတို့ နကုလပိတာတို့ ဆိုတာ ရှိတယ် (မှန်ပါ့ ဘုရား)။
နကုလပိတာ
အဲဒီရောက်သွားတဲ့ အခါကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ အဘိုးကြီး၊ အဘွားကြီး နကုလမာတာနဲ့ နကုလပိတာက ဘုရားကြွလာတယ်ဆိုရင် ဟာ-သားကြီးကြွလာပြီ အမေ-အဖေ အိုမှပဲ ရောက်လာတော့ သိပ်တော့ ကောင်းလှတယ် မဟုတ်ဘူးဆိုပြီးတော့ နှုတ်ဆက်ကြတယ် (မှန်ပါ့) ဒါကြောင့် အကြွမ်းဝင်တဲ့အထဲမှာ ဧကဒဂ်ရတယ်၊ နကုလမာတာတို့ နကုလပိတာတို့နော် (မှန်ပါ့) ဘုရားနဲ့ အကြွမ်းဝင်တဲ့အထဲမှာ၊ ရောက်လာတယ်ဆိုရင် သားကြီးခေါ် တာကိုး (မှန်ပါ့ ဘုရား)။
ခေါ်တော့ ခေါ်မှာပဲတဲ့ ခေါ်ရမှာပဲ၊ ဘုရားဟာ သူတို့လင်မယား အိမ်ထောင်ကျလို့ သူတို့ဝမ်းထဲမှာ ပဋိသန္ဓေနေ ပြီး သားဖြစ်ခဲ့ရတာက တိုက်ရိုက်က ငါးရာတဲ့ (မှန်ပါ့) တိုက်ရိုက်က ဘဝ ငါးရာဖြစ်ခဲ့ရတယ်။
ဒီအဘိုးကြီးနဲ့ ဒီအဘွားကြီးနဲ့ အိမ်ထောင်မကျဘဲ အဘိုးကြီးက တစ်ပါးသောဒကာမနဲ့ အိမ်ထောင်ကျလို့ ဘုရားက ပဋိသန္ဓေနေတာက ဘဝငါးရာ (မှန်ပါ့) ဒီအဘွားကြီးက နကုလပိတာနဲ့ အိမ်ထောင်မကျဘဲနဲ့ တစ်ပါးသော ဒကာနဲ့ အိမ်ထောင်ကျလို့ ဖြစ်ရတဲ့အထဲမှာ ဘုရားပဋိသန္ဓေနေတာက ငါးရာ၊ ဘဝပေါင်း ထောင့်ငါးရာ (မှန်ပါ့) အမယ်လေး ကြောက်စရာကြီးပါလား (မှန်ပါ့ ဘုရား)။
သံသရာကျင်လည်ရတယ်ဆိုတာ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ) ကြည့်စမ်း ဘုရားအလောင်းဟာ ဒီ့ပြင် အမေ-မိဘ သူမထည့်သေးဘူး (မှန်ပါ့) ဒီအဘိုးကြီးနဲ့ ဒီအဘွားကြီးမှာပဲ တိုက်ရိုက်က ငါးရာ၊ သွယ်ဝိုက်သော နည်းက တစ်ထောင် (မှန်ပါ့) ဘယ်လောက်ရှိသတုံး (တစ်ထောင့်ငါးရာပါ ဘုရား)။
အဲဒီက အရှိန်ပါလာတယ် (မှန်ပါ့) အဲဒီက အရှိန်ပါလာပြီးသကာလ ဘုရားကြွလာတယ်ဆို၊ သားကြီးက အမေ-မိဘတွေ အိုမှပဲ ရောက်လာတယ် အစရှိသည်နဲ့ နှုတ်ဆက်ကြတယ် (မှန်ပါ့)။
သံသရာ၊ သံသရာဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဘယ်လောက်များ မောင်ချစ်စိန်ရှည်ခဲ့တယ်ဆိုတဲ့အကြောင်း ဟာ မင်းတို့က အခုမှတွေ့တာ၊ အခုမှပဲ အသစ်လုပ်နေလို့ တိုနေတာ။ အဝိဇ္ဇာက ဖုံးထားတော့ နောက်ကြောင်းတွေ မမြင်ဘူး (မှန်ပါ့ ဘုရား)။
ဒီမှာ ဘုရားအလောင်းကြည့်ပါလား၊ နု-စဉ် အခါတုန်းက၊ ဒီအဘိုးကြီးနဲ့ ဒီအဘွားကြီး တိုက်ရိုက် အိမ်ထောင် ကျလို့ ဘဝပေါင်း ငါးရာဆိုတော့ နည်းသလား (မနည်းပါ ဘုရား) ဒါဘဝပေါင်း ငါးရာနေခဲ့ရပြီး၊ ဘဝပေါင်း ငါးရာ သေခဲ့တာပဲ (မှန်ပါ့)။
ဒီလိုချည်းပဲ တစ်ပါးသော ဒကာမနဲ့ အိမ်ထောင်ကျလို့ ဘုရားအလောင်းကလည်း ဒီထဲ ပဋိသန္ဓေနေတာကလည်း ငါးရာဆိုတော့ ဒါလည်း ငါးရာနေလို့ ငါးရာသေတာပဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒီအဘွားကြီးက တစ်ပါးသော ဒကာကြီးနဲ့ အိမ်ထောင်ကျလို့ ဘုရားအလောင်းက ဒီအထဲ ပဋိသန္ဓေနေတာလည်း ငါးရာဆိုပြန်တော့လည်း အင်း ငါးရာနေလို့ ငါးရာသေတာပဲ (မှန်လှပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဘယ်လောက်များ ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား) အလောင်းချင်းကို သူတို့နဲ့ ထပ်နေ တယ် (မှန်လှပါ ဘုရား) ဒီ့ပြင် အမေ-အဖေထည့်လို့ မရသေးဘူး (မှန်လှပါ ဘုရား)။
ဒီမှာ စဉ်းစားကြည့်ပါလား ၊ ဟိမဝန္တာတောမှာ သစ်ပင်တွေက မောင်သစ်နေကြည့်လို့ မမြင်နိုင်ဘူး (မှန်ပါ့) သစ်ပင်တွေဟာ နေရိပ်ထဲနေတဲ့ သစ်ပင်တွေပဲ (မှန်ပါ့) အဲဒါတွေ အကုန်လှဲ၊ တော-တစ်တောလုံးလည်း လှဲပြီးသကာလ လေးသစ်လောက် လေးသစ်လောက် တစ်ခါတည်း အချပ်ကလေးတွေလုပ်။ ဤကား အမေ။ ဤကား အမေ၏-အမေ။ ဒါ-ငါ့အမေ၊ ငါ့အမေ၏ အမေ အဖေ။ တောထဲက သစ်တွေဟူသ၍ အကုန်ကုန်တယ်။ အမည်မကုန် ဘူး (မှန်ပါ့)။
သံသရာ ဘယ်လောက်ရှည်ခဲ့တယ်ဆိုတာ သိကြပလား (သိပါပြီ ဘုရား)။
ဒါ အမိဝမ်းခေါင်းထဲမှာ တစ်နေ့က ပြောခဲ့တဲ့ ကျင်ကြီး-ကျင်ငယ်ကြားထဲမှာ ဘယ်လောက် အောင်းခဲ့ရတယ် ဆိုတာဖြင့် ပြောဖို့မလိုတော့ဘူး (မလိုတော့ပါ ဘုရား)။
အဲဒါ ပျင်းဖို့၊ မုန်းဖို့၊ ငြီးငွေ့ဖို့ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ပြောင်ချော်ချော်လုပ်နေရင်
ဒါကြောင့် ပြောင်ချော်ချော်လုပ်နေရင် ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။
ပြောင်ချော်ချော်နဲ့ တော်အောင်နဲ့ အခုဟာကလေး အခုမှတ်ပြီးတော့ နောက်ကြောင်းတွေလည်း ဘာမှပြန်မှ မကြည့်ဘဲနဲ့ နဂိုရ်ကကို အင်း တစ်ဘဝတွင်ပဲ အစရှိသည်နဲ့ ဘယ်ဟုတ်လိမ့်မတုံး၊ ဘဝပေါင်းက စုံနေတာပဲ (မှန်ပါ့)။
ဒါကြောင့် လူတစ်ယောက်, တစ်ယောက် သေတိုင်းမျက်ရည်ကျခဲ့ရတာ သမုဒ္ဒရာရေ လေးစင်းရေလောက်ဆို တော့ မသိတဲ့ပုဂ္ဂိုလ်ကတော့ ကြီးမယ်၊ မကဘူးလို့ ဘုရားဟောတာ (မှန်ပါ့) မကဘူးလို့ ဟောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် ဘဂ္ဂတိုင်း နကုလမာတာ နကုလပိတာတို့ဆီ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကြွသွားတဲ့အခါ ကျတော့ အဘိုးကြီးတွေ၊ အဘွားကြီးတွေက ခုနှစ်ဆယ်ကျော်စီ ရှိနေကြတော့ သားကြီးက အခုမှ ကြွလာတယ်၊ တရားတွေကို နာချင်တယ်၊ နာချင်ပေမယ့် တရားရှည်ကြီးနဲ့ အလုပ်ရှည်ကြီး လုပ်နေမယ်ဆိုလို့ ရှိရင်လည်း သေမှာက ဦးသွားလိမ့်မယ် (မှန်ပါ့) ဒါ့ကြောင့် သားကြီးက တရားတိုတိုနဲ့ မိမိနဲ့ အဘိုးကြီး အဘွားကြီးနဲ့ ချက်ချင်းကိစ္စပြီးမည့် တရား သူ့အသက်တမ်းနဲ့ လိုက်ပြီးသကာလ တိုတိုဟောပါတဲ့ (မှန်ပါ့) သူက ပွင့်ပွင့်လင်းလင်း လျှောက်တယ် (မှန်ပါ့) ပွင့်ပွင့်လင်းလင်း လျှောက်တယ်။
ဒကာကြီး-ဒကာကြီးတို့ကလည်း အသက်-အရွယ်ကလည်း ကြီးပြီဆိုတာ ဟုတ်တယ်၊ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်များမှာ အသက်အရွယ်ကြီးလို့ မမာဘူးလို့ ဒီလိုမအောက်မေ့ပါနဲ့ ငယ်တဲ့ ပုဂ္ဂိုလ်လည်း အတူတူပါပဲ (မှန်ပါ့) သူလည်း ဖောက်ပြန် ပျက်စီးနေတာပဲ (မှန်ပါ့)။
အဲဒီတော့ ဘယ်သူက ကျန်းမာလို့ ဘယ်သူက ချမ်းသာတယ်ဆိုတာကို ဒကာကြီး ထည့်မပြောနေနဲ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
တိုတိုပဲ နာပါရစေ
သူက အသက်အရွယ်ကြီးပြီလို့ ပြောတာကိုး (မှန်ပါ့) အသက်အရွယ်ကြီးပြီတဲ့၊ အဘိုးကြီး-အဘွားကြီးတွေ အသက်အရွယ်ကြီးတော့ တရားရှည်ရှည် ဟောနေလို့တော့ မဖြစ်ဘူး။ ကျင့်ရမည့်တရားဟာ သူနဲ့လိုက်မှာ မဟုတ်ဘူး။ တိုတိုနဲ့ မိတဲ့တရားသာ သူတို့ပေးပါ။ ရောဂါတွေကလည်းများကုန်ပြီ၊ ခါးတွေကိုင်း-အရေတွန့်လိမ်၊ ဒီလိုဖြစ်နေတော့ အဘိုးကြီး-အဘွားကြီးတွေ ကြီးကုန်ပြီဆိုတော့ သူတို့ဟာ သူတို့မကျန်းမာတာတွေးတယ် (မှန်ပါ့) မကျန်းမာလို့ တရား တိုတိုရပါစေ။ တိုတိုပဲ နာပါရစေ။ ဒီလိုပြောပြီးသကာလနေတာပါပဲ (မှန်ပါ့)။
ဒါကြောင့် ဘုရားက ဟောတယ်။
”ယောဟိ ဂဟပတိ ဣမံ ကာယံ ပရိဟရန္တော မုဟုတ္တမ္ပိ
အာရောဂျံ ပရိဇာနေယျံ၊ ကိမညတြဗာလျာ”
ဒီခန္ဓာကိုယ် ဆောင်နေတဲ့ပုဂ္ဂိုလ် ခန္ဓာကိုယ်ထမ်းရွက်နေကြတဲ့ ပုဂ္ဂိုလ်များဟာ ဘယ်အချိန်မှ ဒကာကြီး မကျန်းမာဘူးတဲ့ (မှန်ပါ့) မသိတဲ့ လူမိုက်ချန်လှပ်၍ သိတဲ့ပုဂ္ဂိုလ်အတွက်မှာ ဘယ်အချိန်မှ မကင်းပါဘူးတဲ့၊ ဖောက်ပြန် ပျက်စီးနေတယ်လို့ ဆိုတာသာ ဒကာကြီး မှတ်ထားပါတဲ့ (မှန်ပါ့)။
မသိတဲ့ လူမိုက်တော့ ချန်လှပ်ပါ (မှန်ပါ့) ဘယ်အချိန်မှ မကင်းဘူး (မှန်ပါ့)။
ကဲ ပြောကြစမ်းပါ ဒကာ ဒကာမတို့ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ၊ မကျန်းမာတယ်လို့ ဆိုတာ မဟုတ်ဘူးတဲ့ (မှန်ပါ့) ဘယ်အချိန်မှ ရုပ်ကလည်းမခိုင် (မှန်ပါ့) နာမ်ကကော (မခိုင်ပါ ဘုရား) နို့ ဘယ်အချိန် ကျန်းမာသတုံး (ဘယ်အချိန်မှ မကျန်းမာပါဘုရား)။
ဘယ်အချိန်မှ မကျန်းမာဘူး
ဘယ်အချိန်မှ မကျန်းမာဘူးတဲ့။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာတယ်-ချမ်းသာတယ်လို့ ထင်ကြတဲ့ ပုဂ္ဂိုလ်များဟာ လူမိုက်တဲ့ (မှန်ပါ့) လူမိုက်ကို ချန်လှပ်၊ အရိယာမျက်လုံးတပ်ပြီး သကာလ အမှန်ကို မြင်ကြလို့ရှိရင် ဘယ်အချိန်မှ မကျန်းမာပါဘူးတဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ကျန်းမာတယ်လို့ ထင်နေတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် လူမိုက်ထဲပါတယ် (မှန်ပါ့) လူမိုက်ထဲပါသွားတယ် တဲ့၊ ဘာ့ကြောင့်တုံးဆိုတော့ အရိယာမျက်လုံး မတပ်သေးဘဲနဲ့ အကန်းမျက်လုံးနဲ့ ပြောနေတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘာမျက်လုံးနဲ့ ပြောနေတာလည်း (အကန်းမျက်လုံးနဲ့ ပြောနေတာပါ ဘုရား)။
အကန်းမျက်လုံးနဲ့ ပြောနေတာ ဖြစ်ပြီးသကာလနေတော့ကိုတဲ့ ဒကာ ဒကာမတို့ အခုတစ်ခါ အရိယာ မျက်လုံးကလေးတော့ မရ-ရအောင်တော့ ကြိုးစားလိုက်၊ ဘာကြောင့်တုံး အကန်းကလေးမွေး, အကန်းကလေး သေသွားဘယ်ဆိုတဲ့ မသာဟာ အတော်အရုပ်ဆိုးတယ် (မှန်ပါ့)။
ဦးဘသန်း ဘယ့်နှယ်တုံး (အကန်းကလေးမွေး, အကန်းကလေး သေသွားတဲ့ မသာဟာ အတော် အရုပ်ဆိုးပါ တယ် ဘုရား)။
သို့သော် ဒီလိုလူကပဲ များတယ် (မှန်ပါ့) မများဘူးလား (များပါတယ်) ဒါဖြင့် နောက်ဘဝကျတော့လည်း တိရစ္ဆာန် ဖြစ်တော့ အထူးပြောစရာ လိုသေးသလား (မလိုပါ) ငရဲကျပြန်တော့ အထူးပြောစရာလိုသေးသလား (မလိုပါ ဘုရား)။
မလိုတော့ဘူး၊ သွားချင်ရာသွား, ရောက်ချင်ရာရောက်နေတာပဲ (မှန်ပါ့) ဘယ်ဘက်ကိုလည်း ကြည့်လိုက် (မှန်ပါ့) အကန်းဘက် ရောက်ချင်တာရောက်နေတာပဲ ဆိုတဲ့အဖြေမှတစ်ပါး အခြားပေးစရာ လိုသေးသလား (မလိုပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ကိုယ့်ကိုယ်ကို အကန်းကလေး ဟုတ်တယ်-မဟုတ်တယ်ကို ခန္ဓာထဲမှာ ဝေဒနာကလေး ကြည့်လိုက်လည်း ဖောက်ပြန်ပျက်စီးသော မြင်မှ မကန်းတယ် (မှန်ပါ့) စိတ်ကလေးကြည့်ပြန်လည်း (ဖောက်ပြန်ပျက်စီး တာမြင်မှ မကန်းပါဘုရား) မကန်းတယ်။
နို့မဟုတ်လို့ရှိရင်ဖြင့် ဘာကြီးပြောလို့ ဘာကြီးဆိုဆို ဘယ်စာအုပ်ကြီးတွေ ကြည့်ကြည့် ဘယ်ဆရာတော် ကိုပဲ ဆည်းကပ်, ဆည်းကပ် မောင်သစ်ရေ ကန်းတာပဲ (မှန်ပါ့)။
မျက်စိနှစ်ကွင်း အလင်းရတယ်
ကိုယ့်ခန္ဓာထဲမှာ ဖောက်ပြန်ပျက်စီးနေတာ ဝေဒနာကလေးဟာ ပေါ်လာလိုက်ပြီး မရှိတာ သိမှ စိတ်ကလေး ပေါ်လာလိုက်, မရှိတာ သိမှ ဒါမှသာလျှင် မောင်ချစ်စိန်ရဲ့ မျက်စိနှစ်ကွင်း အလင်းရတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်လာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မျက်စိနှစ်ကွင်း အလင်းရဆိုတဲ့ စကားဟာလည်း ဒကာ ဒကာမတို့ အင်မတန် အရေးကြီးတဲ့ စကားပါ၊ နာမ် မျက်လုံး မြင်မှ မျက်လုံးကိုး (မှန်ပါ့)။
ဥပမာ ဒီ့ပြင်ဟာ မကြည့်ပါနဲ့တဲ့ မောင်သစ်တို့ မောင်ချစ်စိန်တို့၊ အထည်ကို မပြီးခင်က သိထားတာနဲ့ ပြီးမှ သိတာက ပကတိမျက်လုံး (မှန်ပါ့)။
မပြီးခင်က ဒီအဆင်နဲ့ ဒီအသွေးနဲ့ ဒီလိုဆင်ပြီးသကာလ ဒီလိုအရောင်ထွက်လိမ့်မယ်၊ ဒီလိုအကွက် ထွက်လာ လိမ့်မယ်၊ ဒီလို အဆင်ကိုက်ပြီးသကာလ ဒီအဘိုးနဲ့ ဒီလို ရောင်းနိုင်တယ်ဆိုတာ ဉာဏ်မျက်လုံးက အကုန်မြင်သွားတာပဲ (မှန်ပါ့) မကွာဘူးလား (ကွာပါတယ် ဘုရား)။
ဉာဏ်မျက်လုံးနဲ့ ပကတိမျက်လုံးဟာ ပကတိမျက်လုံးက ပြီးမှသိတယ် (မှန်ပါ့) ဉာဏ်မျက်လုံးက မလုပ်ခင်က အကုန်ပေါ်ထားတယ် (မှန်ပါ့) အပြီးအစီး သိထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဉာဏ်မျက်လုံးနဲ့ ပကတိမျက်လုံးဟာ ကွာတယ်ဆိုတာကော မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာကြည့်လိုက်တဲ့အခါ ဉာဏ်မျက်လုံး ဟုတ်တယ် မဟုတ်တယ်, ဖောက်ပြန်ပျက်စီးနေတာ တွေ့မှ ဉာဏ်မျက်လုံး (မှန်ပါ့) ဖောက်ပြန်ပျက်စီးနေတာ မမြင်သ၍ ကာလပတ် လုံး ဒီဥစ္စာသည် ကားလို့ဆိုလို့ရှိရင် ထိုးထွင်းသိမျက်လုံး မဟုတ်သေးဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာပင်ကိုယ်ရှိကို သိမှ
ထိုးထွင်းသိ မျက်လုံးက ခန္ဓာပင်ကိုယ်ရှိကို သိမှကိုး (မှန်ပါ့) ဘယ်လိုပါလိမ့် (ခန္ဓာကိုယ် ပင်ကိုယ်ရှိကို သိမှ ပါ ဘုရား)။
ခန္ဓာပင်ကိုယ်ရှိကို သိမှ ထိုးထွင်းသိ မျက်လုံးဆိုတာ မောင်ချစ်စိန် ပေါ်ပြီကွ (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် သူများ ပြောသံကြား မျက်လုံးနဲ့ သူများက အနီဆိုလို့ နီရတာပေါ့ (မှန်ပါ့) သူများက အဝါဆိုလို့ (ဝါရပါတယ်) ပြောသံကြားနဲ့ ဝါရတယ် (မှန်ပါ့)။
ရှေးလူကြီးတွေက ဒီဟာ အဝါဆိုးထားတာနဲ့ ဒါကလေး မြင်လို့ရှိရင် ဟော ဟောဒါ အဝါတဲ့ ဆိုတော့ ကိုယ့်မျက်လုံးကို ဟုတ်သေးရဲ့လား (မဟုတ်ပါ) မဟုတ်ဘူးတဲ့။ တစ်ဆင့်ကြားမျက်လုံး ဖြစ်နေတယ် (မှန်ပါ့) ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် “ယောဟီ ဂဟပတိ” ဂဟပတိ = ဒကာကြီး နကုလပိတာ၊ ယော = အကြင်ပုဂ္ဂိုလ်သည်၊ ဣမံ ကာယံ = ဤခန္ဓာကိုယ်ကြီးကို၊ ပရိဟရန္တော = ဆောင်ထမ်းနေရတဲ့ ပုဂ္ဂိုလ်ဟာတဲ့၊ ခန္ဓာကိုယ်ကြီး ထမ်းရွက်နေရတဲ့ ပုဂ္ဂိုလ်၊ မုဟုတ္တမ္ပိ = ခဏကလေး၊ အာရောဂျံ = အနာကင်းသည် ဖြစ်ငြားအံ့ တဲ့၊ ကိံအညတြဗာလျာ = လူမိုက် ကို ချန်လှပ်ပြီးသကာလ ကျန်တဲ့ပုဂ္ဂိုလ်အား ပြောကို မပြောဘူးတဲ့ (မှန်ပါ့) လူမိုက်သာ ပြောတာတဲ့ (မှန်ပါ့)။
ကျန်းမာတယ်ဆိုတာ လူမိုက်သာ ပြောတာ
ကျန်းမာတယ်, ကျန်းမာတယ်ဆိုတာ လူမိုက်သာ ပြောတာတဲ့ ၊ လူလိမ်မာက အရိယာမျက်လုံး တပ်ကြည့် လိုက်တဲ့အခါ ဘယ်အချိန်မှ မကျန်းမာပါဘူးဆိုတဲ့ဥစ္စာ တစ်ခါတည်းပေါ်လာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘယ်အချိန်မှ မကျန်းမာဘူးဆိုတာ မြင်မှ အရိယာတပည့်တို့၏ မျက်လုံးနော် (မှန်ပါ့) ဘယ်အချိန်မှ မကျန်းမာ တာ မြင်မှ (အရိယာတပည့်တို့၏ မျက်လုံးပါ ဘုရား)။
အေး အရိယာတပည့်မျက်လုံး၊ ကိုယ်က အရိယာ မဖြစ်ခင် (မှန်ပါ့) ဖြစ်သွားတဲ့အချိန်မှာ အရိယာတို့၏ မျက်လုံး၊ ဒီအချိန်မှာ ဝိပဿနာလုပ်နေတုန်းတော့ အရိယာတို့၏ တပည့်မျက်လုံး (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။
ဒါဖြင့် မောင်ချစ်စိန် အမြင်မှားနဲ့ အမြင်မှန် တယ်ခြားနားတယ် (မှန်ပါ့) ခြားနားသွားပြီတဲ့။
ပြီးတော့မှ သူက တရားဟောပါခိုင်းလို့ တရားတိုတိုဟောပါဆိုလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အရိယာမျက်လုံးရှိတဲ့ ပုဂ္ဂိုလ်၏ မြင်ပုံကို ဟောပြတယ် (မှန်ပါ့)။
ကိုင်း ဘုရားတဲ့၊ ဘယ်လို ရှုရမှာတုံးဆိုတော့ ဒကာကြီးတဲ့ ဒီ ကိုယ်တစ်ကိုယ်လုံးမှာ သေသေချာချာ ကြည့်လိုက်တော့ ခန္ဓာကိုယ်တစ်ကိုယ်လုံးကတော့ အနာချည်း ဖြစ်နေတယ်တဲ့ (မှန်ပါ့) အနာပေါက်ပြီး ပျောက်ပျက် သွားတယ် (မှန်ပါ့) အနာပေါက်ပြီး ပျက်စီးသွားတယ် (မှန်ပါ့) အနာပေါက်ပြီး (ပျက်စီးသွားပါတယ် ဘုရား)။
ပျက်စီးသွားလိုက်တော့ကိုတဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာလည်း ခန္ဓာငါးပါးလုံးဟာ ပေါက်ပြီး ပျက်စီးတာချည်း ပဲ (မှန်ပါ့ ဘုရား) အဲဒီတော့ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာတော့ဖြင့် တဲ့ အနာပေါက်နေတာပဲ၊ ပျက်စီးနေတာပဲ နော် (မှန်ပါ့)။
အဲဒါတွေ ဉာဏ်နဲ့ ကြည့်ပြီးသကာလတဲ့ ပင်ကိုယ်က အနာပေါက်ပြီးနေတော့ ကိုယ်နာနေတယ် (မှန်ပါ့) ကိုယ်နာပေမယ့် စိတ်ကတော့ မနာစေနဲ့တဲ့ (မှန်ပါ့)။
ကိုယ်ကတော့ အနာပေါက်နေတယ်၊ ကိုယ်ခန္ဓာငါးပါးစလုံးဟာ အနာပေါက်ပြီးသကာလ ပျက်စီးဆုံးရှုံးနေငြား သော်လည်း ရှုတဲ့စိတ်ကတော့ကိုတဲ့ ပင်ကိုယ်အတိုင်းထားပါတဲ့ (မှန်ပါ့ ဘုရား) ကိုယ်နာပေမယ့် (စိတ်မနာစေနဲ့ပါ ဘုရား)။
ဒကာကြီး တဲ့ လူမိုက်ဗာလ ခန္ဓာ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်မှာ ဘယ်တော့မှ မကျန်းမမာဘူးဆိုတာ ဒကာကြီးမှတ်ထားပါတဲ့ (မှန်ပါ့)။
လူမိုက်ကိုချန်လှပ်ပါ၊ ခန္ဓာကိုယ် ဉာဏ်မျက်လုံး တပ်ပြီးသကာလကြည့်တဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် ဘယ်အချိန် မှာ ကျန်းမာနေတယ်လို့ ဘယ်အချိန်မှ မရှိပါဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒါ့ကြောင့်တဲ့ ဒကာကြီးသိစရာတစ်ခုကို နည်းပေးလိုက်မယ်တဲ့၊ ဝိပဿနာရှုတာ (မှန်ပါ့)။
နည်းပေးလိုက်မယ်
”အာတုရ ကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတီတိ ဧဝံ ဟိ တေ ဂဟပတိ သိက္ခိတဗ္ဗံ”(ခန္ဓဝဂ္ဂသံယုတ္တပါဠိ၊ ၂) တဲ့။
ကျင့်စဉ်ကလေးပါ ဘုရားကထည့်ပေးလိုက်တယ် (မှန်ပါ့ ဘုရား) ဘဝပေါင်းထောင့်ငါးရာ မအေမိဘ ကျေးဇူး ဆပ်တဲ့ တရား (မှန်ပါ့) အာတုရကာယဿ မေသတော = ခန္ဓာကိုယ်ကတော့ ကျင်နာ ဖောက်ပြန်ပျက်စီးနေပါတယ်တဲ့၊ မိမိကြည့်နေတဲ့ စိတ်ကတော့ ပင်ကိုယ် သဘောထားကလေးထားပါ (မှန်ပါ့)။
သူကတော့ ဖောက်ပြန် ပျက်စီးနေတာပဲ၊ ဝေဒနာကလည်း ဖောက်ပြန်ပျက်စီးနေတာပဲ၊ ရုပ်ကြည့်လိုက်ပြန်လည်း (ဖောက်ပြန်ပျက်စီးနေတာပါပဲ) သူကတော့ဖြင့် ခန္ဓာကိုယ်ကတော့ အမြဲတမ်း ဖောက်ပြန်ပျက်စီးပြီးနေတာပဲ (မှန်ပါ့) ရှုနေတဲ့ ယောဂီစိတ်ကတော့ ပင်ကိုယ်သဘောအတိုင်းထားပါ (မှန်ပါ့ ဘုရား) ရှုနေတဲ့ ယောဂီစိတ်က (ပင်ကိုယ်သဘော အတိုင်းထားပါ ဘုရား) ပင်ကိုယ်သဘောအတိုင်းထားပါတဲ့၊ မဖောက်ပြန်နဲ့ (မှန်ပါ့) သူကတော့ ဖောက်ပြန်မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါ သူ့သဘောပဲလို့ သိနေရမယ်
ခန္ဓာကတော့ ဘယ်အချိန်ကြည့်ကြည့် (ဖောက်ပြန်မှာပါပဲ ဘုရား) အနာပေါက်ပြီး သူက ပျောက်ပျက်နေမှာပဲ (မှန်ပါ့) အနာပေါက်ပြီးသကာလ သေပွဲဝင်နေမှာပဲ (မှန်ပါ့) အဲဒီ့ ရှုနေတဲ့ပုဂ္ဂိုလ်က ဉာဏ်နဲ့ကြည့်နေတဲ့ ပုဂ္ဂိုလ်က ဪ ဒါသူ့သဘောပဲ၊ ဒါ သူ့သဘောပဲလို့ သိနေရမယ် (မှန်ပါ့) သူ့အတွက် သောက ပရိဒေဝမလာစေနဲ့ (မှန်ပါ့) ဟုတ်လား (မှန်ပါ့)။
သောက ပရိဒေဝဆိုတာ သောက = စိုးရိမ်ခြင်း၊ ပရိဒေဝ = ငိုကြွေးခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ ဒေါမနဿ-က နှလုံးမသာယာခြင်း၊ ဥပါယာသက ပြင်းပြင်းထန်ထန် ပင်ပန်းခြင်း၊ ဒီငါးခုမလာစေနဲ့တဲ့ (မှန်ပါ့) ပင်ကိုယ်သဘောအတိုင်း ရှိပစေ (မှန်ပါ့)။
ဒါ အလုပ်သင် နေတယ်လို့၊ ဘုရားကိုက ဘဝပေါင်း ထောင့်ငါးရာ သူ့အမိအဘ တော်ခဲ့တဲ့ ဒကာကြီး ကို အလုပ်သင်နေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
အလုပ်သင်တရားဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့) အလုပ်သင်တရားဆိုတာ ခန္ဓာကတော့ဖြင့် သူက အမြဲတမ်း ကျင်နာပြီး ပျက်စီးနေမှာပဲ (မှန်ပါ့) ရှုတဲ့ဉာဏ်က ဘာမှမလှုပ်နဲ့ ဪ သူ့သဘောပဲ၊ သူ့သဘောပဲလို့ သာ သိပေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ခန္ဓာ့သဘောပဲ၊ တစ်ခုသော ဝေဒနာ ဖောက်ပြန်ပျက်စီးနေပြန်ပြီ၊ ရှုတဲ့ဉာဏ်က ဘယ့်နှယ်ဆိုမယ် (ခန္ဓာ့သဘော ပါ ဘုရား) ခန္ဓာ့သဘောပဲ၊ ခန္ဓာ့သဘော၊ ခန္ဓာထဲမှာ ဘယ်အချိန်မဆို ပျက်စီးနေတာပဲ (မှန်ပါ့) ဖောက်ပြန်ပျက်စီး နေတာပဲ ခန္ဓာ့ သဘောပဲ၊ ခန္ဓာ့သဘောပဲလို့ ဒီလို သိနေရမယ် (မှန်ပါ့)။
ဒီလိုမသိလို့ရှိရင် မဖြစ်ဘူးတဲ့၊ ဒီလိုမသိလို့ရှိရင် ဖြစ်ချင်ရာဖြစ်တယ် (မှန်ပါ့) ဒါဖြင့် အခုယောဂီပုဂ္ဂိုလ်တွေ ခန္ဓာကြည့်တဲ့အခါမှာ ဥပေက္ခာသဘောနဲ့ ကြည့်ပါလို့ ပြောလိုက်တယ် (မှန်ပါ့) ဥပေက္ခာသဘောနဲ့ (ကြည့်ပါ) ဝိပဿနု ပေက္ခာလို့ သာမှတ်လိုက် (မှန်ပါ့) ဝိပဿနာလည်း ဟုတ်တယ်၊ ဥပေက္ခာလည်း ဟုတ်တယ် (မှန်ပါ့)။
ခန္ဓာကတော့ ဖောက်ပြန်ပျက်စီးနေမှာပဲ၊ ဝေဒနာကြည့်တော့ နာလိုက် ပျက်စီးလိုက်၊ ချမ်းသာလိုက် ပျက်စီး လိုက်၊ အလယ်အလတ်ဖြစ်လိုက် ပျက်စီးလိုက်၊ ဒီလိုပဲ မနေဘူးလား (နေပါတယ် ဘုရား)။
နေတာ ကိုယ်က သွားပြန်ပြီ၊ ခက်ပါတယ်၊ မလာစေနဲ့ (မှန်ပါ့) ခက်ပါတယ် မလာစေနဲ့၊ ကိုယ့်ဟာကိုယ် တစ်ခါတည်း ဥပက္ခောသဘောနဲ့ ခန္ဓာ့သဘောဟာ ဒီလိုကိုး (မှန်ပါ့ ဘုရား) ခန္ဓာ့သဘောက ဒီလိုကိုး ဆိုတဲ့ဥစ္စာ ဒါ ဝိပဿနာရှုနေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာ့သဘော ဒီလိုကိုး
ခန္ဓာ့သဘော ဒီလိုကိုး၊ ခန္ဓာ့သဘော ဒီလိုကိုးဆိုတာ ဘာတုံး (ဝိပဿနာရှုနေတာပါ ဘုရား)။
အဲဒီ့ ဝိပဿနာသည် ဝိပဿနုပေက္ခာဆိုတာလည်း ဟုတ်ပါတယ်၊ ဝိပဿနာလည်း ဟုတ်တယ်တဲ့ (မှန်ပါ့) ဥပေက္ခာလည်း ဟုတ်ပါတယ်ဟဲ့။
သူ့သဘော သူဆောင်နေတာ ကျုပ်နဲ့ ဘာမှ မဆိုင်တဲ့ သဘောမျိုး ရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူ့သဘော သူဆောင်တာကို ကျုပ်နဲ့ ဘာမှ မဆိုင်တဲ့ သဘောမျိုး (ရှိနေပါတယ် ဘုရား)။
ငါးဟာ ရေထဲမှာ ငုပ်လိုက်-ပေါ်လိုက် ငုပ်လိုက်-ပေါ်လိုက်သွားတာ သိနေတော့ ဪ ငါးဆိုတာ ငုပ်တတ်-ပေါ်တတ်တာကိုးလို့ (မှန်ပါ့) ဒါကို ကြည့်နေပေမယ့် သူ့အတွက် ရေနစ်လိမ့်မယ် (မှန်ပါ့)။
ရေပေါ်-ပေါ်လာလို့ သားကောင်တွေက သူ့ကို စားသွားလိမ့်မယ်လို့ ခင်ဗျားတို့က ဒါတွေ ရောထွေးမနေနဲ့၊ မဟုတ်ဘူးလား (မှန်ပါ့) ဒါတွေ ရောထွေးမနေပါနဲ့၊ အင်း သူ့သဘောက ဒီလို ငုပ်တတ်-ပေါ်တတ်လို့ ငုပ်တတ်- ပေါ်တတ်တဲ့ အလုပ်-လုပ်နေတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီမှာလည်း ခန္ဓာတွေက ဖောက်ပြန်ပျက်စီးတာကို ဖောက်ပြန်ပျက်စီးတဲ့ အလုပ်-လုပ်နေတာပဲလို့ ဉာဏ်နဲ့ ဒီအတိုင်းသာ ကြည့်နေပါ (မှန်ပါ့)။
ဝိပဿနုပေက္ခာဉာဏ်
ခင်ဗျားတို့က ဒီအထဲ လောကွတ်လည်း မပိုပါနဲ့၊ ဟုတ်လား (မှန်ပါ့) ဒေါမနဿလည်း မဖြစ်ပါနဲ့ (မှန်ပါ့) သူ့သဘောဟာ ဒီလိုပဲဆိုပြီး ဝိပဿနုပေက္ခာဉာဏ်နဲ့သာ အားလုံး ယောဂီပုဂ္ဂိုလ်တွေ ကြည့်နေပါ (မှန်ပါ့)။
ကြည့်တတ်ပလား (ကြည့်တတ်ပါပြီ) ဒါ ဘာဉာဏ်တုံးဆိုတော့ ဝိပဿနုပေက္ခာဉာဏ်လို့ မှတ်လိုက်တာပေါ့ (မှန်လှပါ ဘုရား)။
ဘာဉာဏ်တဲ့ (ဝိပဿနုပေက္ခာဉာဏ်ပါ ဘုရား)။
ဝိပဿနုပေက္ခာဉာဏ်လို့ မှတ်လိုက်၊ ဝိပဿနာလည်း ဟုတ်တယ်တဲ့၊ တစ်တန်းတည်းထားလို့ သူ့သဘောဟာ ဒီလိုပဲဆိုပြီး တုန်လှုပ် ချောက်ချားခြင်းမရှိတဲ့အတွက် ဒီဉာဏ်ကို ဥပေက္ခာလို့လည်း ဆိုနိုင်တယ် (မှန်ပါ့)။
ရှုခြင်းကြောင့် ဝိပဿနာ၊ တုန်လှုပ်ချောက်ချားခြင်း မရှိသောကြောင့် ဥပေက္ခာ (မှန်ပါ့)။
ရှုခြင်းကြောင့် (ဝိပဿနာပါ ဘုရား) ဝိပဿနာ (မှန်ပါ့) တုန်လှုပ်ချောက်ချားခြင်း မရှိသောကြောင့် (ဥပေက္ခာ ပါ) ဥပေက္ခာဆိုတော့ ပေါင်းလိုက်တော့ ဝိပဿနုပေက္ခာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီ့ ဝိပဿနုပေက္ခာဉာဏ်နဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကြည့်ပြီးသကာလ နေလို့ရှိရင်ဖြင့်တဲ့ ဖျတ်ဆို တစ်နေ့က ဟောခဲ့တဲ့ သင်္ခါရုပေက္ခာဉာဏ် ထိုးတက်တာပဲ (မှန်ပါ့) သင်္ခါရုပေက္ခာဉာဏ် ထိုးတက်ပြီးနောက် မဂ်ဉာဏ် ပေါ်တယ် (မှန်ပါ့) သစ္စာသိတဲ့ မဂ်ဉာဏ်ပေါ်တယ် (မှန်ပါ့)။
အဲဒီတော့ ဦးဘသန်း ဒါ ကြာစရာရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒီတော့ကို မြန်မြန်လုပ်ပါ (မှန်ပါ့) ခင်ဗျားတို့ အသေစောသွားလိမ့်မယ်၊ မြန်မြန်လုပ်ပါသာ တိုက်တွန်းရတယ် (မှန်ပါ့) ဉာဏ်ကတော့ဖြင့် အဟုတ်လုပ် ရင် ခဏပဲ (မှန်ပါ့ ဘုရား)။
ကိုယ်သာနာ၍၊ စိတ်မနာစေနဲ့
ဒါနဲ့ ဒကာသစ် သူ့ကို “ကိုယ်သာနာ၍၊ စိတ်မနာစေနဲ့” ဒါ ဟောလိုက်တယ် (မှန်ပါ့)။
ကိုယ်သာနာ၍ စိတ်မနာစေနဲ့ဆိုတာ ကိုယ်ကတော့ ခဏ ခဏ အနာပေါက်ပြီး ပျက်စီးနေမှာပဲ (မှန်ပါ့) နာမ်တည်းဟူသော ကိုယ်ကလည်း ပျက်စီးနေမှာပဲ ရုပ်တည်းဟူသော ကိုယ်ကလည်း ပျက်စီးနေမှာပဲ (မှန်ပါ့) စိတ်က မနာစေနဲ့ဆိုတာ ဉာဏ်က တစ်ခါတည်း ဥပက္ခောထားလိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဉာဏ်က ဥပေက္ခာ ထားလိုက်စမ်းပါ၊ ဪ သူ့သဘောက ဒီလိုကိုး၊ သူ့သဘောက ဒီလိုကိုးဆိုပြီး ကိုယ်က ဒီအတိုင်းသာ ရှုနေဝမ်းပါတဲ့၊ ဒီအတိုင်း ရှုနေလို့ရှိရင်ဖြင့် ဝိပဿနုပေက္ခာဉာဏ် ရင့်မယ် (မှန်ပါ့) ဝိပဿနုပေက္ခာ ဉာဏ် ရင့်မယ်၊ သင်္ခါရုပေက္ခာဉာဏ် တက်သွားမယ်၊ သင်္ခါရုပေက္ခာဉာဏ်လည်း ရင့်လာပါရော၊ မဂ်ဉာဏ်ပေါ်လာတာပဲ (မှန်ပါ့) မဂ်ဉာဏ်ပေါ်လာရင် နိဗ္ဗာန်မြင်တော့မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဒကာကြီးတွေ ဘဝပေါင်း ထောင့်ငါးရာ နို့ချိုတိုက်ပြီး ပြုစုခဲ့တဲ့ အမေမိဘတွေ တရားဟောတာ ဒါပါပဲ (မှန်ပါ့)။
ခန္ဓာကိုယ်က ဖောက်ပြန်ပျက်စီးငြားသော်လည်း စိတ်ကတော့ ဖောက်ပြန်ပျက်စီးတဲ့နောက် မလိုက်ဘဲနဲ့ လျစ်လျူ ရှုတဲ့ ဉာဏ်နဲ့ ကြည့်လိုက်စမ်းပါတဲ့ (မှန်ပါ့) ဒါပြောတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါနဲ့ သူလည်း ဘုရားကလည်း ဒါပဲဟောသွားတယ်၊ ကြွသွားတယ်၊ ကြွသွားတော့ ဒကာကြီး အင်မတန် ဝမ်းသာတယ် (မှန်ပါ့) သူ့တရားနာရတာ “ကိုယ်သာနာ၍ စိတ်မနာစေနဲ့” တဲ့။
ကိုယ်တွေကတော့ နာမကာယ ရူပကာယမတွေကတော့ ကိုယ်တွေပဲ၊ အဲဒါတွေကတော့ ဖောက်ပြန်ပျက်စီးနေ မှာပဲ၊ စိတ်က တသမတ်တည်းထားတဲ့၊ ဪ သူ့သဘော သူဆောင်တာ ဒီလိုကိုး ဒီလိုကိုး၊ ဒီလို ရှုရမတဲ့ ဆိုတာ သူက ဒါလောက်ပဲ မှတ်တတ်တယ် (မှန်ပါ့)။
အသက်အရွယ်ကလည်း ကြီးတော့ ခုနစ်ဆယ်ကျော်တွေ ဖြစ်နေတော့ တရားကလည်း နှလုံးတည်း ဟောတယ်၊ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ ဒကာကြီး၊ ဒါလောက်ပဲ ဟောထားတယ် (မှန်ပါ့)။
ရှင်သာရိပုတ္တရာမနီး-မဝေးမှာ ရောက်နေတယ်
ဒါနဲ့ ဘုရားလည်း ကြွသွားရော ရှင်သာရိပုတ္တရာကလည်း အဲဒီမှာ မနီး-မဝေးမှာ ရောက်နေတယ် (မှန်ပါ့)။
ဒါနဲ့ နကုလပိတာ ဒကာကြီးက အင်း ရှင်သာရိပုတ္တရာ ရောက်နေရင်ဖြင့် သွားဦးမှာပဲ ကိုယ်လည်း ဒီနေ့ အင်မတန် ဆုကြီး၊ လာဘ်ကြီး ရတဲ့နေ့ပဲ။ သွားဦးမှာပဲဆိုပြီ သကာလ သွားတယ်။
သွားတော့ ရှင်သာရိပုတ္တရာက ဆီးပြီး နှုတ်ဆက်တယ်။ ဒကာကြီး မျက်နှာတွေ-ဘာတွေ တယ်ကြည်လင် ရွှင်လန်းလာပါလား၊ ဒီနေ့ သားတော်ကြီးက တရားထူး-တရားမြတ်တွေ အမေ-အဖေများ ချီးမြှင့်လိုက်တယ် ထင်တယ်၊ ကျုပ်တို့လည်း မနာရဘူးလားဗျာ ဒီတရားတွေကို။
ဟာ-အရှင်ဘုရား ဒီနေ့ အင်မတန် ထူးတဲ့နေ့ပဲ၊ တပည့်တော် သားကြီးက တရားဟောတဲ့နေ့၊ တရားထူး- တရားမြတ်ပေးတဲ့နေ့၊ တပည့်တော် သိပ်ဝမ်းမြောက်ပြီး နေတယ်။
ဒါဖြင့်ဗျာ ကျုပ် ဟောစမ်းပါတဲ့ ၊ ရှင်သာရိပုတ္တရာက အနားကနေပြီး သူ ပြောပြန်တာပေါ့လေ (မှန်ပါ့)။
အရှင်ဘုရားတဲ့ ၊ ခန္ဓာကိုယ်ဆောင်နေတဲ့ ပုဂ္ဂိုလ်ဟူသ၍မှာ ဘယ်အခါကာလမှ ရောဂါမကင်းဘူးတဲ့ ဘုရား ၊ လူမိုက်သာ ရောဂါကင်းတယ်လို့ ပြောနေတာပဲ။ ဒါ ပထမဟောတယ် (မှန်ပါ့)။
ကိုယ်သာနာ၍ စိတ်မနာစေနဲ့လို့ ဟောတယ်။
ဟာ တယ်ကောင်းတဲ့တရားပဲ ခင်ဗျားဟာ၊ တရားထူး တရားမြတ်တွေ ခင်ဗျားရလာတာ၊ ကျုပ် ရှင်းပြော စမ်းပါဦးဗျ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ဆိုတဲ့ အဓိပ္ပာယ်ကလေးဖြင့်။
အို တပည့်တော်က သူ့တရားတိုတိုနာခဲ့ရတယ်၊ တိုတိုပဲ ဒါပဲ ပြောတတ်တယ်၊ အရှင်ဘုရား အားကိုးပြီး သကာလ အကျယ်ချဲ့ပြီး ဟောဖို့ တပည့်တော် အရှင်ဘုရားဆီ လာခဲ့တာပါ။
ကဲဗျာ ဒါဖြင့် ကျုပ်က အကျယ်ချဲ့ပါ့မယ်၊ ကဲ ဒကာကြီး နားထောင်ဗျ၊ ကျုပ် အကျယ်ချဲ့မယ်၊ အရိယာ မျက်လုံးမရှိတဲ့ပုဂ္ဂိုလ်က ခန္ဓာကိုယ်ကို ရူပက္ခန္ဓာကိုလည်း ငါ ငါ့ဥစ္စာထင်မှာပဲ (မှန်ပါ့) ဝေဒနာက္ခန္ဓာ ကိုလည်း ငါ ငါ့ဥစ္စာထင်နေတာပဲတဲ့ အရိယာမျက်လုံးမရှိတဲ့ ပုဂ္ဂိုလ်က (မှန်ပါ့) ခန္ဓာငါးပါးစလုံး ငါ-ငါ့ဥစ္စာထင် နေတယ်တဲ့၊ အဲဒီတော့ ငါ-ငါ့ဥစ္စာထင်တော့၊ ခန္ဓာငါးပါး တစ်ပါးပါးက ပျက်သွားတဲ့အခါကျတော့ ဟာ ငါ့ကိုယ် ကျိုးနည်းပြီဆိုတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿက လိုက်လာတယ် (မှန်ပါ့) ငါ့ဥစ္စာ ထင်နေတဲ့အတွက် (မှန်ပါ့)။
ငါ-ငါ့ဥစ္စာထင်နေတဲ့အတွက်
ခန္ဓာငါးပါးကို ငါ-ငါ့ဥစ္စာထင်နေတဲ့အတွက် ဒကာ ဒကာမတွေ ခန္ဓာငါးပါးက ဖောက်ပြန်ပျက်စီးတော့ ဘာဖြစ် သွားသတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဖြစ်ပါတယ် ဘုရား) နောက်ကလိုက်တယ် (မှန်ပါ့)။
အဲဒါ ကိုယ်နာပြီး စိတ်နာတယ် (မှန်ပါ့) ကိုယ်ကတော့လည်း နာလို့ ပျက်စီးတာပဲ မဟုတ်လား (မှန်ပါ့) စိတ် ကလည်း နောက်က လိုက်မနာဘူးလား (နာပါတယ် ဘုရား)။
အဲဒါ ဒကာကြီး မှတ်ထားတဲ့ ခန္ဓာငါးပါးကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာထင်နေတဲ့ အရိယာတို့၏ မျက်လုံးမရတဲ့ ပုဂ္ဂိုလ်များတော့ ခန္ဓာငါးပါးကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ထင်နေတော့ ဒကာကြီး ခန္ဓာငါးပါးက ဖောက်ပြန် ပျက်စီးသွား တဲ့အခါကျတော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေက အဲဒါ ကိုယ်နာ စိတ်နာကြီးရတယ် (မှန်ပါ့)အရှင်သာရိပုတ္တရာ က ချဲ့ဟောတယ် (မှန်ပါ့) ကိုယ်သာနာ၍ စိတ်မနာစေနဲ့လို့ ခင်ဗျား သားတော်ကြီးက ဟောတာကတော့ ကိုယ်ကတော့ ဖြင့် ခန္ဓာငါးပါးကတော့ဖြင့်တဲ့ ပင်ကိုယ် ဖောက်ပြန်ပျက်စီးတတ်တဲ့သဘောမို့ ဖောက်ပြန် ပျက်စီးနေမှာပဲ (မှန်ပါ့) ဪ သူ့သဘောပဲ၊ သူ့သဘောပဲလို့ ကြည့်နေတဲ့ပုဂ္ဂိုလ်ကတော့ မနာဘူးဗျတဲ့ စိတ်က (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သူ့သဘောပဲ သူ့သဘောပဲ၊ ဒါ ခန္ဓာ၏သဘော၊ ခန္ဓာ၏ ဖြစ်စဉ်၊ ခန္ဓာ၏ ထုံးတမ်း၊ ခန္ဓာ၏ ဓမ္မတာဆို ပြီးသကာလ ထိုင်ကြည့်နေတဲ့ ပုဂ္ဂိုလ်က ရေစီးနေတာ ထိုင်ကြည့်နေတော့ ရေဆိုတာ မြစ်ညာက စီးနေတာပဲ၊ ရေတွေ ကုန်ပါပေါ့လား လို့ ပြောဖို့မလိုဘူး၊ အောက်မှာ ရေတွေဟာ စီးကုန်ပါပေါ့လားလို့ ပြောဖို့မလိုဘူး၊ တစ်ခါတည်း သူ့သဘောဟာ အထက်က ရေဟာ အောက်စီးမြဲစီးနေတာပဲ ဆိုသလို ဒီခန္ဓာကိုယ်ကြီးဟာလည်း ဖောက်ပြန်ပျက်စီး ပြီးသကာလ နေ့တဲ့ဥစ္စာ ပင်ကိုယ်သဘောပဲ၊ သူ့ပင်ကိုယ်သဘောပဲ၊ ဖောက်ပြန်ပျက်စီးတိုင်းသာ ကြည့်နေပါ (မှန်ပါ့)။
အဲဒီတော့ ကြည့်နေတဲ့အခါကျတော့ ခုနင်က သင်္ခါရတရားကို ဥပေက္ခာရှုနေတော့ ဝိပဿနာရှုနေတော့ ဝိပဿနုပေက္ခာပဲလာဖြစ်တယ်တဲ့၊ ဥပေက္ခာဉာဏ်နဲ့ ကြည့်နေတာ (မှန်ပါ့)။
အဲဒီတော့ ဥပေက္ခာဉာဏ်နဲ့ ကြည့်နေမှန်းသိတော့ နောက်က သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လိုက်သေးရဲ့ လား (မလိုက်ပါ ဘုရား)။
မလိုက်တော့ ကိုယ်သာနာ၍ (စိတ်မနာပါ ဘုရား) အဲ အရိယာမျက်လုံးမရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ့်နာ စိတ်နာတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
စိတ်ကတော့ နာသေးသလား
အရိယာမျက်လုံး အရိယာတို့၏ တပည့်သားဖြစ်တဲ့ မျက်လုံးတပ်ကြည့်တဲ့ ပုဂ္ဂိုလ်များကတော့ ကိုယ်ကတော့ ဖြင့် ထုံးစံအတိုင်း လူတိုင်းနာသလို နာတာပဲနော် (မှန်ပါ့) စိတ်ကတော့ နာသေးသလား (မနာပါဘုရား)။
အဲဒါကြောင့် စိတ်ကတော့ မနာဘူးတဲ့၊ ကိုယ်ကတော့ဖြင့် ဘုရားခန္ဓာကိုယ်ကစပြီး အနာတွေနဲ့ ဖောက်ပြန် ပျက်စီးနေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ်ခန္ဓာက မဖောက်ပြန် မပျက်စီးဘူးလို့ ရှိသေးသလား (မရှိပါ ဘုရား) သဘောပါကြပလား (ပါပါပြီ)။
သို့သော် နောက်ကနေပြီး ဒကာ ဒကာမတွေက အင်း ကိုယ်ကျိုးနည်းပြီ၊ ဒါကလေး ပျောက်သွားတာ ခက်ပြီဆိုတော့ တကယ့်ကို နားဝေးပါတယ်ဆိုလို့ရှိရင် ဒီဝေဒနာ ဒီတောင်ကမှ တက်ပါ့မလားဆိုတာက သောက ပရိဒေဝလာပြီ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
အဲဒါ ဖောက်ပြန်ပျက်စီးမှုမြင်လို့လား မမြင်လို့လား (မမြင်လို့ပါ ဘုရား) မမြင်ဘူး၊ သို့သော် ချမ်းသာ တယ်ဆိုရင် မိုးထိအောင် မော်ချင် မိုက်ချင်တဲ့စိတ်တွေက (မှန်ပါ့) သုခဝေဒနာကြောင့် မာန်မာနတွေ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါမျိုးတွေလည်း ဖောက်ပြန်ပျက်စီးတာ သူသိသေးရဲ့လား (မသိပါ ဘုရား) အဲ မသိတဲ့ အခါကျတော့ အဲဒီ့ သုခကလေးက ပျောက်သွားတဲ့အခါကျတော့ မွဲတေသွားတဲ့အခါ ကျတော့ ကိုယ်ကျိုးနည်းပြီတဲ့ (မှန်ပါ့) ဒုက္ခ ဒေါမနဿတွေ နောက်က မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
အဲဒါတွေကတော့ ကိုယ်နာ စိတ်နာတယ် (မှန်ပါ့) ကိုယ်ဆိုတာ ဒီကိုယ်ကြီးကိုဆိုတာ မဟုတ်ဘူး (မှန်ပါ့) ခန္ဓာငါးပါးစလုံးကိုဆိုတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ခန္ဓာက အပေါင်းအစုကြီးကို ဆိုပါတယ် (မှန်ပါ့ ဘုရား) အပေါင်း အစုကြီးကို တစ်ခု တစ်ခုစီကိုလည်း ကိုယ်ဆိုနိုင်ပါတယ်၊ ဒါ့ကြောင့် နာမကာယ ရူပကာယလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့) နာမကာယ- နာမ်အပေါင်း အစုကို ဆိုပါတယ် (မှန်ပါ့) ရူပကာယ-ရုပ်အပေါင်းအစုကို ဆိုပါတယ် (မှန်ပါ့)။
ဒါ့ကြောင့် ကိုယ်နာ၍ စိတ်မနာစေနဲ့လို့ ဟောလိုက်တော့ ဒကာ ဒကာမတွေ အရိယာမျက်လုံးရှိမှ ကိုယ်သာနာ ၍ စိတ်မနာမှာ (မှန်ပါ့) အရိယာ မျက်လုံးမရှိတဲ့ပုဂ္ဂိုလ်ကတော့ ကိုယ်နာရင် (စိတ်နာပါတယ် ဘုရား)။
စိတ်နာလို့ရှိရင်ဖြင့် တဲ့ ခန္ဓာငါးပါးတစ်ခုခုထဲက နာတယ်၊ ပျက်စီးတယ်၊ ဖောက်ပြန်တယ်၊ အနိစ္စသဘော ပြောနေတယ်၊ ဒုက္ခဒေါမနဿလာပြီ (မှန်ပါ့) ကိုယ်က အနိစ္စဖြစ်ရင် သူက မျက်ရည်ကျပြီ (မှန်ပါ့)။
ကိုယ်က အနိစ္စပြောရင် သူက ဥပေက္ခာထားနိုင်မှ တရားမှန်ကိုး (မှန်ပါ့) အနိစ္စလို့ မြင်တော့ ကိုယ်က ဥပေက္ခာသဘောနဲ့ မောင်ချစ်စိန်ထားပါမှ တရားမှန်ကိုး (မှန်ပါ့ ဘုရား) နို့မဟုတ် မှန်နိုင်ပါ့မလား (မမှန်နိုင်ပါ ဘုရား) သဘောပါကြလား (ပါပါပြီ)။
ဒါဖြင့် ဒီလိုဆိုတော့ ဒုက္ခဒေါမနဿ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ၂-နံပါတ်အကွက်ထဲမှာ ရှိတာတွေဟာ သူက နာမည့် တရားချည်းပဲ၊ ဖောက်ပြန်ပျက်စီးမည့် တရားချည်းပဲ (မှန်ပါ့ ဘုရား)။
ခန္ဓာငါးပါးဟာ ဘာတဲ့တုံး
ပဋိစ္စသမုပ္ပါဒ် ၂-နံပါတ်ထဲမှာရှိတဲ့ ခန္ဓာငါးပါးဟာ ဘာတဲ့တုံး (ဖောက်ပြန်ပျက်စီးမည့် တရားချည်းပါ ဘုရား) ဖောက်ပြန်ပျက်စီးမည့် တရားချည်း မှတ်လိုက်စမ်းပါ (မှန်ပါ့)။
အဲဒါကို ကြားကနေပြီး မဂ်ဉာဏ်ကလေးသွင်းပြီးသကာလ ကြည့်စမ်းပါ (မှန်ပါ့) ကြည့်တဲ့အခါကျတော့ နောက် က ဒုက္ခဒေါမနဿ လိုက်သေးရဲ့လား (မလိုက်ပါ) သောက ပရိဒေဝကော (မလိုက်ပါ) တဏှာ ဥပါဒါန်ကံကော (မလိုက်ပါ) မလိုက်ပါဘူးတဲ့ (မှန်ပါ့)။
အဲဒီတော့ ၂-အကွက်က ဘယ်လိုပင် ဖောက်ပြန်ပျက်စီးနေငြားသော်လည်း ၃-နံပါတ်ဆိုတဲ့ သောက ပရိဒေဝ ဒုက္ခဒေါမနဿ တဏှာ ဥပါဒါန် ကမ္မဘဝ, အဝိဇ္ဇာ သင်္ခါရဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ၃-နံပါတ်မှာ လာသေးရဲ့လား (မလာပါ ဘုရား)။
ဘာ့ကြောင့်တုံး ကိုသာနာ၍ (စိတ်မနာလို့ပါ ဘုရား) စိတ်မနာဘူးဆိုတာကလည်း မဂ်စိတ်က နာတဲ့စိတ် မဟုတ်ဘူး (မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ စိတ်ကိုးဗျ (မှန်ပါ့)။
ဖြစ်ပျက်ရှုတဲ့ စိတ်ဆိုတာ
ဖြစ်ပျက်ရှုတဲ့ စိတ်ဆိုတာ နာစိတ်လား အမှန်သိတဲ့ စိတ်လား (အမှန်သိတဲ့ စိတ်ပါ) အဲဒါ အရိယာတို့ ၏ တပည့်သား မျက်လုံးနဲ့ ကြည့်တဲ့ ပုဂ္ဂိုလ်မှ အမှန်သိတဲ့ မျက်လုံးက ပေါ်တာ (မှန်ပါ့)။
နို့မဟုတ် ဘာမှမသိတဲ့ ပုဂ္ဂိုလ်ကတော့ ပျက်စီးရင် ၃-နံပါတ်က ငိုပွဲဆင်တာပဲ (မှန်ပါ့) ၂-နံပါတ်က ပျက်စီး ရင် (၃-နံပါတ်က ငိုပွဲဆင်ပါတယ် ဘုရား)။
အင်း ၂-နံပါတ်က တစ်ခါ သုခကလေး ပေါ်လာရင် ၃-နံပါတ်က ပြုံးတဲ့ တဏှာ ဥပါဒါန်လာတာပဲ (လာပါတယ် ဘုရား)။
တစ်ခါတလေများ အလုပ်ကိစ္စတွေက များတော့ ၂-နံပါတ်က ဘာဖြစ်နေနေ သူက မသိချင်ယောင်နေတော့ အဝိဇ္ဇာသင်္ခါရလာပြန်တာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ၃-နံပါတ်မှာ မောင်ချစ်စိန် ပဋိစ္စသမုပ္ပါဒ်၏ တဏှာဥပါဒါန် ကံတွင် လာတာမဟုတ်ဘူး၊ သောက ပရိဒေဝလည်း လာတာပဲ (မှန်ပါ့) အဝိဇ္ဇာ သင်္ခါရကော (လာပါတယ်) လာတော့ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးလာတယ် (မှန်ပါ့)။
အစက, လာတဲ့ ပဋိစ္စသမုပ္ပါဒ်လည်း လာတယ်၊ အလယ်က ဖောက်တဲ့ ပဋိစ္စသမုပ္ပါဒ်ကော (လာပါတယ်) အဆုံးက, နေပြန်ပတ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကော (လာပါတယ် ဘုရား)။
လာတော့ မောင်သစ်ရေ ဒါဟာ ကိုယ်နာလို့ စိတ်နာတာဟာ ဒီပဋိစ္စသမုပ္ပါဒ်တွေပဲ (မှန်ပါ့)။
ဒီသုံးခုစလုံး လွတ်သွားရင် ကိုယ်သာနာ၍ စိတ်မနာဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သုံးခုစလုံး လွတ်သွားရင် (ကိုယ်သာနာ၍ စိတ်မနာပါ) အဲဒီကျတော့ ကိုယ်သာနာ၍ စိတ်မနာလို့မှတ် (မှန်ပါ့) သုံးခုထဲက တစ်ခုခုလာရင် (ကိုယ်နာပြီး စိတ်နာပါတယ် ဘုရား)။
သုံးခုစလုံး မလာဘူးဆိုရင် (ကိုယ်သာနာ၍ စိတ်မနာပါ ဘုရား) ကိုယ်နာပြီးသကာလ စိတ်က မနာသော ကြောင့် သူကတော့ဖြင့်တဲ့ ပဋိစ္စသမုပ္ပါဒ်သုံးမျိုး ချုပ်သောကြောင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်သုံးမျိုး ချုပ်တယ် ဆိုရင် ဒါနိဗ္ဗာန်ပဲ (မှန်ပါ့) ဒုက္ခက္ခန္ဓဿ နိရောဓောပဲ (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ် အစသုံးမျိုး ချုပ်ကတည်းကိုက ဟိုဘက်မှာ ဘာလာစရာရှိသေးသလဲ (မရှိပါ) ဇာတိ ဇရာ မရဏတွေ လာဦးမှာလား (မလာပါ ဘုရား)။
အစတွေ အဝိဇ္ဇာက စ,ချုပ်လည်း မောင်ချစ်စိန် အချုပ်ပဲ (မှန်ပါ့ ဘုရား) တဏှာက စ,ချုပ်လည်း (အချုပ်ပါပဲ ဘုရား) အချုပ်ပဲ။
ဒေါသက စ,ချုပ်ပြန်တော့ အဝိဇ္ဇာသင်္ခါရဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ပြန်ပတ်သေးရဲ့လား (မပတ်ပါ ဘုရား)။
သုံးမျိုးစလုံးချုပ်တာသည်
အဲဒါ သုံးမျိုးစလုံးချုပ်တာသည် ကိုယ်သာနာ၍ စိတ်မနာဘူး (မှန်ပါ့)။
သုံးမျိုး တစ်ခုခုပေါ်လာရင် (ကိုယ်နာ, စိတ်နာပါ ဘုရား) ကိုယ်နာ, စိတ်နာဆိုတဲ့ သဘောဟာ ဒါ ဟာနေတာ (မှန်လှပါ ဘုရား)။
ဒီဥစ္စာ အရင်တုန်းက ဟောပါတယ်၊ ဒါလောက် စိပ်စိပ်မပြောဖူးဘူး (မှန်ပါ့) အခုတော့ သေချာကြပလား (သေချာပါပြီ ဘုရား)။
ကိုယ်နာ, စိတ်နာဆိုရင် ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး လာသတုံး (သုံးမျိုးလာပါတယ် ဘုရား)။
အဲကိုယ်နာ, စိတ်မနာဆိုရင် ပဋိစ္စသမုပ္ပါဒ်သုံးမျိုးစလုံး ပြတ်တယ်။ မပြတ်ဘူးလား (ပြတ်ပါတယ်) ဖြစ်ပျက်- မဂ် ဖြစ်ပျက်-မဂ်ပဲ ရှိတော့တယ် (မှန်ပါ့) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လာသေးရဲ့လား (မလာပါ ဘုရား) တဏှာ ဥပါဒါန်ကံ (မလာပါ ဘုရား) အဝိဇ္ဇာ သင်္ခါရ (မလာပါ ဘုရား)။
မလာတော့ ကိုယ်သာနာ၍ (စိတ်မနာပါ) စိတ်မနာဘူးဆိုတဲ့ ဥစ္စာ ဝိပဿနာဉာဏ်နဲ့ရှုမှ ကိုယ်သာနာ၍ စိတ်မနာတာ (မှန်ပါ့) ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်မှာ ဒီသုံးမျိုး တစ်ခုခုလာမယ် (မှန်ပါ့)။
တစ်နည်းအားဖြင့်တော့ သုံးမျိုးစလုံးသော်လည်းကောင်း လာမယ် (မှန်ပါ့) လာလို့ရှိရင်ဖြင့် ဒါ အပါယ်သွားဖို့ ချည်းပဲ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။