11504

မာတိကာသို့

ကံ, ကို ဉာဏ်ဖြင့် သတ်နည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍတိ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

( ကံ, ကို ဉာဏ်ဖြင့် သတ်နည်း )နေ့အလုပ်ပေးတရားတော်

(၂၁-၉-၆၂)

ကံ, ပစ်ချလို့ပါ

အားလုံး-ဒကာ ဒကာမတွေ ဒီဒကာ ဒကာမတွေ ဒီဘုံဋ္ဌာနသို့ ဘယ်လိုကြောင့် ရောက်လာကြပါလိမ့်မလဲလို့ မေးကြလို့ရှိရင်ဖြင့် ကံ,ပစ်ချသလိုခံရတာပါဘုရား ဆိုတာ အားလုံးဖြေကြမှာပဲ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်ကြောင့် ရောက်လာပါလိမ့် (ကံ, ပစ်ချလို့ပါ ဘုရား) ကံ, ပစ်ချလို့ (မှန်ပါ့)။

ဒကာ ဒကာမတွေ လူပြည့်ကြီး ရောက်လာပြီးသကာလ အမိဝမ်းခေါင်းထဲရောက်ကြတာ ကိုယ်သဘောနဲ့ ကိုယ်ရောက်လာတာလား။ ကံ, စီမံသလို ခံကြရတာလားလို့ မေးလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလိုပဲ အဖြေထွက်ရမှာဘဲ။ ကံ, စီမံသလို ခံရတာပါဘုရား (မှန်ပါ့)။

ဟ ကံ,က ဘယ်နေရာ ပစ်ချလိုသတုန်းလို့ မေးတဲ့အခါကျတော့ အောက်က ကျင်ကြီးအပေါ်က အစာ သစ်တွေ၊ ဒီ ကြားထဲ ပစ်ချတယ်။ ဝမ်းထဲမှာ ဝမ်းထဲမှာ ဒကာ ဒကာမတွေ (မှန်ပါ့)။

အောက်ကတော့ဖြင့် ကျင်ကြီးနော် (မှန်ပါ့) အပေါ်ကခွေးအန်ဖတ်နဲ့ တူတဲ့အစာ၊ အဲဒီကြားထဲမှာ ခင်ဗျားတို့ ကံ, က ဒကာကြွယ်တစ်ယောက်၊ ဦးလှဘူးတစ်ယောက်၊ ဒကာသစ်တစ်ယောက် ဒီကြားထဲ ပစ်ချလိုက်တယ် (မှန်ပါ့)။

နေရာကောင်း, နေရာသန့်လားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား)။

နေရာကောင်း, နေရာသန့်မဟုတ်ပါဘူး (မှန်ပါ့) ဒကာ ဒကာမတို့ အောက်က ကျင်ကြီးလေ (မှန်ပါ့) အပေါ်က အမေစားသောက်တဲ့အစာအာဟာရတွေ၊ ဒီကြားထဲမှာ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ကို ပဋိသန္ဓေ ကလလ ရေကြည် အဖြစ်နဲ့ ဒကာသစ် ပစ်ချလိုက်တယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ နေရာကောင်း ရောက်လာကြသလား။ နေရာဆိုး ရောက်လာကြသလားဆိုတာလဲ စဉ်းစား ကြည့်ပါ (နေရာဆိုးရောက်လာကြပါတယ် ဘုရား) နေရာဆိုးရောက်လာတယ် (မှန်ပါ့)။

ဒီနေရာ ဘယ်သူ စီမံလိုက်ပါလိမ့် (ကံ, စီမံပါတယ်) ကံ, စီမံလိုက်တယ် (မှန်ပါ့)။

ကံ, စီမံလိုက်တော့ ဒကာ ဒကာမတွေက အစာသစ်နဲ့ အစာဟောင်းကြားထဲမှာ ကလလရေကြည်အဖြစ်နဲ့ လူခန္ဓာအဖြစ်နဲ့ ရောက်ပြီးသကာလ လာကြတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မသိသေးတော့ ဪ ကံ, ကောင်းလို့ ဒီနေရာရောက်လာတယ်၊ ထင်ချင်လဲ ထင်ကြမယ် (မှန်ပါ့)။

ကံ, ကောင်းလို့ ရောက်တယ်လို့ မောင်ဘသော်တို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)။

ကံ, ကောင်းလို့ ရောက်တဲ့ နေရာလား

နေရာကြည့်ပါဦး၊ ကံ, ကောင်းလို့ ရောက်တဲ့ နေရာလား ဒကာ ဒကာမတို့၊ နေရာကြည့်ပါ၊ အစာဟောင်းနဲ့ အစာသစ် ဒီကြားထဲလာပြီးရောက်ပါတယ်ဆိုကတည်းက ကံ, ကောင်းလို့ရောက်တာလားဆိုတာ မေးနေတယ်၊ ဒကာ ဒကာမတွေပဲ အဖြေထွက်ပါတော့ (ကံ,မကောင်းလို့ ရောက်လာတာပါ ဘုရား) ကံ, ဆိုးလို့ ရောက်တာ (မှန်ပါ့)။

ဘယ်သူက သက်သေခံသတုန်းလို့ ဒကာကြွယ်တို့ မေးလို့ရှိရင် ဒကာသစ်တို့ မေးလို့ရှိရင်ဖြင့် နေရာက သက်သေခံတယ် (မှန်ပါ့)။

ဘယ်နှယ့်ဖြေကြမလဲ (နေရာကသက်သေခံပါတယ် ဘုရား) ဒကာကြွယ် သူများပြော မယုံပါနဲ့၊ ကိုယ်နေခဲ့တာ အမှန်ထားပါ (မှန်ပါ့)။

သူများပြော မယုံကြည်ကြပါနဲ့ ဒကာ ဒကာမတွေ ကိုယ်နေခဲ့တာ အမှန်ထားပါ (မှန်ပါ့) ကိုယ်နေခဲ့တာ အမှန်ထားတော့ အစာဟောင်းနဲ့ အစာသစ်ကြားထဲမှာပဲ နေခဲ့ရတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်သူက ပစ်ချလိုက်သတုံး (ကံ, ကပစ်ချလိုက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီကံ, တွေ ခင်ဗျားတို့ကလဲ အင်မတန် ကိုးစားထိုက်တယ်လို့ ယူလို့ရှိရင် ဒီနေရာချည့် ပစ်ချနေတယ် (မှန်ပါ့)။

ဒီ နေရာထဲမှာ မင်းတို့ကွာ ကိုးလခွဲ ဆယ်လ, နေရမယ် ဆိုပြီး ပစ်ချလိုက်တာပဲ (မှန်ပါ့)။

ဝမ်းထဲမှာ ဘယ်နှစ်လ နေရတယ် (ကိုးလ, ခွဲ ဆယ်လနေရပါတယ် ဘုရား)။

ကိုးလ, ခွဲ ဆယ်လဆိုပြီး ပစ်ချလိုက်တော့ အင်း အောက်က ထိုင်ရတာက ကျင်ကြီး၊ အပေါ်က ရွက်ထား ရတာက ခွေးအန်ဖတ်နဲ့ တူတဲ့ အစာသစ်တွေ (မှန်ပါ့) ဒီကြားထဲ ကံ, ကနေ ပစ်ချလိုက်တယ် (မှန်ပါ့)။

ဒီကြားထဲ ကံ, ကနေ ပစ်ချတာ ဒကာကြွယ်တို့က ကံ,ကောင်းလို့ ဒီနေရာ ရောက်လာတာလား၊ ကံ, ဆိုးလို့ ရောက်လာတာလား (ကံ,ဆိုးလို့ ရောက်လာတာပါ ဘုရား)။

အစက စ,ပြောရင်တော့ သေချာပါပြီ

မောင်ဘသော် ပေါ်ပြီကွ (ပေါ်ပါပြီ ဘုရား) တခြားသော ပုဂ္ဂိုလ်များ ပြောတော့ မင်းကံ, ကောင်းလို့ လူ့ဘဝရတယ် (မှန်ပါ့) မဟုတ်ပါဘူး- ဘုရာ့၊ တပည့်တော် အစကလေးစ- ပြောစမ်းပါဦးမှ အစက စ,ပြောရင်တော့ သေချာပါပြီ- (မှန်ပါ့) မသေချာသေးဘူးလား (သေချာပါပြီ)။

အစက စ, ပြောကြည့်တော့ ခင်ဗျားတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့ အမေ၏ စားတဲ့အစာတွေက အပေါ်က (မှန်ပါ့ ဘုရား) ခင်ဗျားတို့ အမေစားတဲ့ ကျေကျက်တဲ့ စောဟောင်းဆိုတဲ့ ကျင်ကြီးက အောက်က (မှန်ပါ့) ပြီးတော့ မစွန့်ရသေးဘူး (မှန်ပါ့) အဲဒီ ကြားထဲမှာ ကံ, ကပစ်ချလိုက်တာ (မှန်ပါ့)။

ဒီကြားထဲမှာ မောင်ဘသော် တစ်ယောက်၊ ဒကာသစ်တစ်ယောက်၊ ဒီက ဒကာ ဒကာမတွေ ဒီကြားထဲ ပစ်ချ လိုက်တော့ထောင်ထဲကျတာက တော်သေးတယ်၊ ဒီနှစ်ခုကြားထဲ ကျတာက ဒကာကြွယ် တော်နစ်နာတယ် (နစ်နာ ပါတယ် ဘုရား)။

ဒါဖြင့် ကံ, ကောင်းတာလား၊ ကံ,ဆိုးတာလား (ကံ, ဆိုးတာပါ ဘုရား)။

ဆိုးတယ်၊ မဆိုးတယ်ကိုလဲ ဘုရားက တစ်ခါဟောပြပြန်တယ်။ ဒကာ ဒကာမတို့ စဉ်းစားပါဦး။ အဲဒီရောက်စ ကလေးဟာကွာတဲ့ ၊ ငါ, သေသေချာချာ ပြောပါ့မယ်တဲ့၊ ဇာတိလို့ ခေါ်တယ် ဟေ့ တဲ့ (မှန်ပါ့)။

ဘာလို့ ခေါ်သလဲ (ဇာတိလို့ ခေါ်ပါတယ် ဘုရား)။

ဇာတိလို့ ခေါ်တယ်ဆိုတော့ ဒီဇာတိကိုပင်လျှင် ဘုရားအဆူဆူ ဘယ်သူမှမလွဲရအောင် ဟောတဲ့တရားထဲမှာ “ဇာတိပိဒုက္ခာ” (မှန်ပါ့)။

အင်း ဒီထဲဖြစ်လာတာကလေးကလဲ ဘာသစ္စာတဲ့ လဲ့ (ဒုက္ခသစ္စာပါ ဘုရား)။

နို့ နေရတဲ့ နေရာကလဲ ဒကာ ဒကာမတို့ ဒုက္ခရောက်တဲ့နေရာထဲမှာ ဒုက္ခသစ္စာလာပြီးသကာလ မျိုးစေ့ကျတယ် ဆိုတော့ မောင်ဘသော် ပျော်စရာ, ရွှင်စရာ ပါသေးရဲ့လား (မပါ-ပါ ဘုရား)။

ဉာဏ်နဲ့ စဉ်းစားပါ

ဉာဏ်နဲ့ စဉ်းစားပါ ဒကာ ဒကာမတို့၊ ဉာဏ်နဲ့ စဉ်းစားပြီးသကာလ ကြည့်တဲ့အခါကျတော့မှ ဪ ဘုရားကလဲ ဖြစ်လာတဲ့ ဒီယောက်ျား- မိန်းမဆိုတဲ့ သဘောကလေး ဘဝ လူဖြစ်ပေါ်လာတဲ့ သဘောကလေးတွေကြည့်လိုက်တော့ “ဇာတိပိဒုက္ခာ” လို့ပဲ ဟောတယ် (မှန်ပါ့)။

နို့ ဘုရားဟောတဲ့အတိုင်း ကိုယ်နေရ ထိုင်ရတာ ကြည့်ပြန်တော့ (ဒုက္ခသစ္စာ) ဒုက္ခရောက်နေတာပဲ (မှန်ပါ့ ဘုရား)။

ကျင်ကြီးပေါ်ထိုင်ပြီး ခွေးအန်ဖတ်နဲ့တူတဲ့ အစာတွေရွတ်ထားရပြန်တော့ ဒကာ ဒကာမတို့ နေရထိုင်ရတဲ့ ရောကလဲ ဘုရားဟောတောမူတာနဲ့ တသဝေမတိမ်း မှန်တော့တယ် ဆိုတာလဲ ငြင်းဖို့မလိုတော့ပါဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။

ရောက်ရာဌာနက နေရမည့်နေရာကလဲ ဒုက္ခသစ္စာ (မှန်ပါ့) နေတဲ့အရပ်ပေါ်လာတဲ့ ရုပ်နာမ်ကလေးဆိုတဲ့ သဘောကလေးကလဲ တဲ့၊ ကလလရေကြည် သဘောကလေးကလဲ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ နေရာထိုင်ခင်းကလဲ ဘာသစ္စာတုန်း (ဒုက္ခသစ္စာ) နေရတဲ့ သတ္တဝါကလေးကလဲ (ဒုက္ခသစ္စာ ပါ) ဒုက္ခသစ္စာ ဘဲဆိုတာ ဒီဘက်က ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့က အင်မတန် ကံကောင်း အကြောင်းသင့်ပြီးသကာလဘုရား- လူ့ဘဝအရ တော်-တော် သေးရဲ့တဲ့၊ အစတော့ မတွေးမိပါဘူးထင်ပါရဲ့ (မှန်ပါ့) သဘောကျရဲ့လား- (ကျပါတယ် ဘုရား)။

အစက ကောင်းကြရဲ့လား (မကောင်းပါ) အစကလဲမကောင်းတော့ ဪ ဘယ်သူစီမံလိုက်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ ဘယ့်နှယ်ဆိုကြမလဲ (ကံကစီမံပါတယ် ဘုရား)။

ခင်ဗျားတို့ ရွှေ့နိုင်သေးရဲ့လား – ဒီနေရာက (မရွှေ့နိုင်ပါ့ ဘုရား)။

ပျော်ချင်စရာ, ပါးချင်စရာပါ-ပါရဲ့လား

မရွှေ့နိုင်တော့ ကံကစီမံသလို ခံပြီးသကာလ နေတော့ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ကိုယ့်သဘောကလဲ မပါ၊ ကံသဘောစီမံလို ခံရတော့ ရွှေ့လို့လဲမဖြစ် (မှန်ပါ့) နေရာကလဲ ရွှေ့ချင်စရာ (မရှိပါ) နေရာကလဲ နည်းနည်းမှ ပျော်ချင်စရာ, ပါးချင်စရာပါ-ပါရဲ့လား (မပါပါ ဘုရား)။

နေရာကလဲမပါ၊ ရောက်တဲ့ခန္ဓာကြီးကလဲ ဒကာ ဒကာမတွေ ဒီနေရာပစ်ချလိုက်တော့ ဒီနေရာကျပြီး ဒီနေရာ မှာဘဲ မရွှေ့နိုင်ဘဲဖြစ်ပြီးသကာလ နေကြတော့ “ကမ္မံ သတ္တေဝိဘဇ္ဇတိ” ဆိုတဲ့အတိုင်း ဒီနေရာမှာဘဲ၊ ကမ္မံ=ကံသည်၊ သတ္တေ=သတ္တဝါတို့ကို၊ ဝိဘဇ္ဇတိ= အကျိုးပေး၏၊ ဆိုတဲ့အတိုင်း ဒီနေရာကလေးက ရွှေ့နိုင်ကြသေးရဲ့လား (မရွှေ့ နိုင်ပါ ဘုရား)။

ဒါဖြင့် နေရာကလဲ မကောင်း၊ နေရတာလဲ ဒုက္ခိတ (မှန်ပါ့) ကဲ မရွှေ့နိုင်တာက ဘာဖြစ်လို့တုန်း၊ ကျင်ကြီး ကျင်ငယ်ကြားထဲ မနေချင်ပါဘူးလို့ ဒကာ ဒကာမတွေက ရွှေ့နိုင်တဲ့စွမ်းရည်သတ္တိ ရှိကြရဲ့လား (မရှိပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ရွှေ့နိုင်တဲ့စွမ်းရည်သတ္တိ မရှိပါလိမ့်မတုန်းမေးတော့ ဒကာ ဒကာမတွေ ကိုယ်ကလဲ ဒုက္ခိတ ဒုက္ခသစ္စာဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခိတဒုက္ခသစ္စာ

ဒီရုပ်နာမ်ကလေးက ဘာဖြစ်နေသတုန်း (ဒုက္ခိတဒုက္ခသစ္စာဖြစ်နေပါတယ် ဘုရား)။

ဒုက္ခိတဆိုတဲ့ ဒုက္ခသစ္စာဖြစ်နေတော့ နေရာမကောင်း၊ မရွှ့နိုင်တဲ့ အခြေအနေတွေ ရောက်ဆိုတော့ ဒီ့ထက် ဆိုးတာတော့ဖြင့် မောင်ဘသော် ရှာတွေ့သေးသလား (မတွေ့ပါ ဘုရား)။

သေသေချာချာ စဉ်းစားပါ၊ သေသေချာချာ စဉ်းစားပါ ဒကာ ဒကာမတို့၊ ဒီနေရာကလာတာဆိုတော့ဖြင့် ဒကာသစ်ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) ဒကာ ဒကာမတို့ ဘယ်ကမှလာတာမဟုတ်ဘူး ဒီနေရာက လာကြတာ (မှန်ပါ့) ဒီနေရာမှာဘဲ နေခဲ့ကြရတယ် (မှန်ပါ့ ဘုရား)။

နေရာကောင်း နေခဲ့ကြရသလား (မဟုတ်ပါ) နေရာလဲ မကောင်းဘူး (မှန်ပါ့ ဘုရား)။

ကဲ ဒီနေရာဖြင့် မကောင်းဘူး၊ ဟိုနေရာ ပြောင်းပါဦးမယ်ဆိုတဲ့ ရုပ်နာမ်ကလေးလဲ ပြောင်းနိုင်တဲ့ စွမ်းရည် သတ္တိရှိပါရဲ့လား (မရှိပါ ဘုရား)။

သူကလဲ ဘာသစ္စာမို့ မပြောင်းနိုင်တာတုန်း (ဒုက္ခသစ္စာမို့ မပြောင်းနိုင်တာပါ ဘုရား)။

နေရာကလဲ ဒုက္ခရောက်၊ ဒုက္ခတွေပင်လယ်ဝေပြီး သကာလနေတဲ့နေရာ (မှန်ပါ့) ရွှေ့လာတဲ့ဒုက္ခိတ- ဒုက္ခ သစ္စာလဲ မရွှေ့မပြောင်းနိုင်တဲ့သဘော (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် “ဇာတိပိဒုက္ခာ” (မှန်ပါ့) ဟောထိုက်-မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား)။

ဇာတိပိ (ဒုက္ခသစ္စာပါ) ဒီမှာရောက်ကြသ၍ ဘာသစ္စာတဲ့လဲ (ဒုက္ခသစ္စာ) နေရာထိုင်ခင်းကလဲ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာပေါ်မှာ ဒုက္ခသစ္စာကလေးတစ်ခု ရောက်လာတာဘဲ ဆိုလို့ရှိရင်ဖြင့် မောင်ဘသော်ဖြင့် မောင်ဘသော်တို့၊ ဒကာကြွယ်တို့ လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

ကိုယ့်အကြောင်း ကိုယ်ပြန်ပြီး အကြည့်ခိုင်းတာပါ (မှန်ပါ့) ဒကာ ဒကာမတို့ ဘာအကြည့်ခိုင်းပါလိမ့် (ကိုယ်အကြောင်းကိုယ်ပြန်ပြီး အကြည့်ခိုင်းတာပါ ဘုရား)။

ကိုယ့်အကြောင်း ကိုယ်ပြန်ပြီး အကြည့်ခိုင်းတော့ ဪ ဒါဘယ့်နှယ်ကြောင့် မကောင်းတဲ့နေရာမှာ မကောင်းတဲ့ ရုပ်နာမ်ဖြစ်ရပါလိမ့် မလဲလို့ တွေးကြည့်တော့ ဒကာ ဒကာမတွေ သိတန်သလောက် သိထားတော့ ကံဘဲဘုရား (မှန်ပါ့) ဘယ့်နှယ်လဲ အဖြေထွက်လာပြီ (မှန်ပါ့ ဘုရား)။

ကံပဲဘုရား- သူစီမံသလိုခံရုံဘဲ (မှန်ပါ့) တကယ့် စီမံလိုက်တာ ဒကာ ဒကာမတွေ ကိုယ့်အကြိုက် ကိုယ့်အလိုက် များ အခုတွေးကြည့်စမ်းပါ၊ ခဏကလေး ပျော်စရာ ပါးစရာပါ-ပါရဲ့လား (မပါပါ ဘုရား)။

နို့ဘယ့်နှယ်ကြောင့် မရွှေ့နိုင်ကြသတုန်းဆိုတော့ -ဒုက္ခိတ ဒုက္ခသစ္စာ မို့ဘုရား (မှန်ပါ့)ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် စကတည်းက ကျုပ်တို့ခန္ဓာထဲ ရောက်စ ဘာသစ္စာကလေးနဲ့ နေခဲ့ကြရတာလဲ (ဒုက္ခသစ္စာ ကလေးနဲ့ နေခဲ့ကြရပါတယ် ဘုရား)။

ဒါဖြင့် “ဇာတိပိ ဒုက္ခာ” ဟုတ်ပါရဲ့လား (ဟုတ်ပါတယ်) စဉ်းစားမိကြပလား (စဉ်းစားမိပါပြီ ဘုရား)။

ဇာတိပိဒုက္ခသစ္စာ

ဪ ဒီ ဇာတိပိဒုက္ခသစ္စာဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝေထားတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ ထိမ်းသိမ်းထားဖို့ မဟုတ်ပါဘူး၊ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရောက်နေနှင့်ဖို့၊ ဉာဏ်ထဲမှာမှတ်ပြီးသကာလ ဉာဏ်ထဲရောက်နေနှင့်ဖို့ လှူဒါန်း ပေးကမ်းထားတော့ နောက်ပြန်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ ဇာတိနောက်က ကံမရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ကမ္မဘဝကစ္စယာ (ဇာတိပါ) ဟာ ဒါဖြင့် ဒကာ ဒကာမတို့ ပေါ်ပြီ-ပေါ်ပြီ၊ ဒီကံဘဲ (မှန်ပါ့) ဒီကံ စီမံတာဘဲ ဒီဇာတိ (မှန်ပါ့) ရိပ်မိမလား (ရိပ်မိပါပြီ ဘုရား)။

ဒီကံစီမံတာပဲဆိုတဲ့ ဒီဇာတိဟာဖြင့် သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါ နောက်ဆုတ်ကလေး တွေးလိုက်ပါဦး- ဒကာ ဒကာမတို့ နောက်ဆိုတ်ကလေး တွေးလိုက်တော့ ဒီကံသည်ကား လို့ဆိုရင် ငါတို့ကို ကျင်ကြီးကျင်ငယ်ကြားထဲ ပို့တယ် (မှန်ပါ့ ဘုရား) ရုပ်နာမ်ကလေး လူမမယ်ကလေး ဒုက္ခသစ္စာ ကလလရေကြည်သဘောကလေး ပို့လိုက်တယ်။ တကယ့်ကိုဆိုးဝါးတဲ့ ကံပါကလားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) တကယ်ဆိုးတဲ့ကံနော် (မှန်ပါ့ ဘုရား)။

အင်း- ဒီကံကလဲ ဒကာ ဒကာမတို့ဆိုးချင်လို့ ဆိုးရတာလားလို့ မေးတဲ့အခါကျတော့ ကံနောက်က အုပ်ချုပ် နေတာ ပဋိလောမ ပြောင်းပြန် ပြန်ပြောလိုက်တော့ဖြင့် ဥပါဒါန်ကြောင့် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ် ဘာတွေ့သတုန်း (ဥပါဒါန်တွေ့ပါတယ် ဘုရား) ဪ ဥပါဒါန်စီမံသလို ကံကလုပ်ပေးရရှာတယ်နော် (မှန်ပါ့) အဲဒီကံက လုပ်ပေးလိုက်တော့ ကျုပ်တို့ ဒုက္ခသစ္စာကြီး လှလှကြီးရတော့တယ် ဆိုတဲ့ဥစ္စာ ငြင်းဖို့မလိုတော့ဘူး (မလိုပါ ဘုရား)။

တဏှာတွေ့တယ်

ဒီဥပါဒါန်ကလဲ ဘယ်သူက သူ့အပေါ်မှာ လုပ်စေဆိုတဲ့အမိန့်ပေးနေပါလိမ့်မတုန်း၊ နောက်ဆုတ် ပြန်တွေးလိုက် တော့လဲ ဘာတွေ့ကြသလဲ (တဏှာပါ) တဏှာတွေ့တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီတဏှာဟာလဲ ကျုပ်တို့ကို နေရာဆိုးပို့အထဲမှာ အကူအညီပါတယ် (မှန်ပါ့) နေရာဆိုးပို့တဲ့အထဲမှာ (အကူအညီပါ-ပါတယ် ဘုရား)။

ဒုက္ခမျိုးစုံနဲ့ကြုံဖို့ အထဲမှာလဲ (အကူအညီပါ-ပါတယ်) အကူအညီပါတယ်ဆိုတာ သေချာကြပလား (သေချာ ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ) အင်း ဇာတိက ဒုက္ဓသစ္စာနော် (မှန်ပါ့ ဘုရား)။

နောက်တစ်ခါ ဇာတိသည် ဘယ်ကလာသတုန်းဆိုတော့ ကံက မလာဘူးလား (လာပါတယ်) အဲ ကံက သမုဒယသစ္စာလို့တွေးလိုက်၊ ကံကြောင့် ဇာတိဖြစ်ရတာကိုး (မှန်ပါ့ ဘုရား)။

ကံကဘာသစ္စာတုန်း (သမုဒယသစ္စာပါ) အဲ ဇာတိက (ဒုက္ခသစ္စာပါ ဘုရား)ကံက (သမုဒယသစ္စာ ပါ ဘုရား)။

ဪ ဒီကံကလဲ လုပ်ချင်လို့ လုပ်ရတာလား၊ ဒီသတ္တဝါ ဒုက္ခိတကလေးဖြစ်အောင် ကျင်ကြီး-အစာ ဟောင်း-အစာသစ်ကြားထဲမှာ ခန္ဓာကလေးပေါ်အောင် ကံက သူစီမံချင်သလို စီမံရတာလားလို့ မေးတဲ့အခါကျလို့ရှိရင် ကံနောက်ကအုပ်ချုပ်နေတာ ဒကာကြွယ် မြင်ပါလိမ့်မယ် (မှန်ပါ့) ဘယ်သူပါလိမ့် (ဥပါဒါန်ပါ ဘုရား)။

ဒါဖြင့် “ဥပါဒါနပစ္စယာ ကမ္မဘဝေါ” ဆိုတော့ ဟေ ဥပါဒါန်ကြိုက်သလို ကံကစီမံရတာ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

အင်း ဘယ်သူကြိုက်သလို ဘယ်သူစီမံရပါလိမ့် (ဥပါဒါန်ကြိုက်သလို ကံ, က စီမံရပါတယ် ဘုရား)။

ရှင်းပြီဗျ၊ ဥပါဒါန်ကြိုက်သလို ကံ,က စီမံရတော့ ဥပါဒါန်လက်အောက်ခံဖြစ်နေတယ် ကံက (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဥပါဒါန်လဲ ကျုပ်တို့ဒုက္ခရောက်စေတဲ့ နေရာဌာနမှာ အကြီးအကျယ် ဆိုဝါးအောင် အကူအညီပေးတဲ့ တရားပဲဆိုလို့ရှိရင်လဲ မှန်ရတော့ဘာပဲ (မှန်ပါ့) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။

ဟေ့ ဥပါဒါန်၊ မင်းသည်ကားလို့ ဆိုလို့ရှိရင် ငါတို့ကို ဒုက္ခကြားထဲ- ကျင်ကြီး- ကျင်ငယ်ကြားထဲ ပို့လိုက်တဲ့ နေရာ မင်းအတော် အကူအညီပေးတာဘဲ၊ ဆိုးဝါးလှချည့်ကလား ဆိုတော့ ကျွန်တော် ဆိုးဝါးချင်လို့ ဆိုးဝါးတာမဟုတ်ဘူး၊ ကျွန်တော့် အထက်က အုပ်ချုပ်ရေးရှိသေးတယ် (မှန်ပါ့ ဘုရား)။

သူအထက်က စီမံပြန်တယ်ဆိုတော့လဲ ဥပါဒါန်နောက်က ဘာကစီမံပြန်ပါလိမ့် (တဏှာကစီမံပါတယ် ဘုရား)။

ဪ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့အတိုင်း ဒကာ ဒကာမတို့ တဏှာစီမံသလို ဥပါဒါန်က လုပ်ရရှာတော့ ဥပါဒါန်စီမံသလို ကံကလုပ်ရရှာတော့ ကံစီမံသလို ကျုပ်တို့မှာ ဒုက္ခသည်ကလေး ဖြစ်လာ ရတယ် (မှန်ပါ့)။

ကံစီမံသလို ဘာလာဖြစ်ရပါလိမ့် (ဒုက္ခသည်ကလေး လာဖြစ်ရပါတယ် ဘုရား)။

အဆိုးဝါးဆုံးတရား သုံးခုကြောင့်

ဒုက္ခကလေး လာဖြစ်ရတော့ ဪ ဒုက္ခသည်ကလေး ကျင်ကြီး ကျင်ငယ်ကြားထဲ ဒုက္ခကလေးတစ်ယောက် မျက်စိသူငယ်နဲ့ ပေါ်ပေါက်လာခဲ့ရတာ အဆိုးဝါးဆုံးတရား သုံးခုကြောင့်ပဲဆိုတာ ပေါ်လာတယ် (မှန်ပါ့) တဏှာ၊ ဥပါဒါန်၊ ကံ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူပါလိမ့် ဒကာ ဒကာမတို့ (တဏှာ၊ ဥပါဒါန်၊ ကံပါ ဘုရား)။ တဏှာ ဥပါဒါန် ကံဆိုတာရတော့ ပဋိစ္စ သမုပ္ပါဒ် စက်ဝိုင်းရှင်းနေတယ် (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဒီသုံးခုသည် ကျုပ်တို့၏ မိတ်ဆွေသဘော သက်ရောက်သလား၊ သို့မဟုတ် ရန်သူအမှတ်နဲ့ ကျုပ်တို့ကို စီရင်နေတာလား မေးကြည့်စမ်း (ရန်သူအမှတ်နဲ့ စီရင်နေတာပါ ဘုရား)။

အဲ-ကျုပ်တို့ ဘယ်တုန်းကမှ ဒီ ကျင်ကြီး၊ ကျင်ငယ်ကြားထဲ ပို့လိုက်ပါလိမ့်မတုံး၊ ပို့လိုက်ပြန်တော့လဲ မလှုပ်နိုင်ပဲ အထည် ကလေးအဖြစ်နဲ့ နေရပြန်တော့ ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီ ရန်သူ သုံးယောက် ဘယ့်နှယ် ကြောင့် ကျုပ်တို့ကို အနှိပ်အစက် ပြင်းထန်ပါလိမ့်မလဲ ဆိုတဲ့ဥစ္စာ မေးခွန်းထုတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ရန်သူသုံးယောက် တွေ့ကြပလား (တွေ့ပါပြီ ဘုရား) အကြီးဆုံး ရန်သူက ကံ၊ ဒုတိယနည်းနည်းဝေးတာက ဥပါဒါန်၊ တတိယပိုဝေးတာက တဏှာ (မှန်ပါ့) တဏှာ ဥပါဒါန် ကံတို့၏ လက်ချက်ဟာ ဒကာကြွယ်ရေ ကျုပ်တို့မှာ ခုထက်ထိ ဒုက္ခရောက်တုန်း ရှိသေးတယ် (မှန်လှပါ ဘုရား)။

ဇာတိပြီးတော့လဲ ဇရာဒုက္ခတွေ ရောက်နေကြပြီကောဗျ၊ (မှန်လှပါ ဘုရား) ဗျာဓိဒုက္ခတွေ တွေ့ရဦးမယ် (မှန်ပါ့) အင်း နောက်ကျတော့ သေပွဲဝင်တဲ့ ဒုက္ခကော (တွေ့ရပါမယ်)။

ဒုက္ခလေးချက်တွေ တွေ့ရဦးမှာ

ဪ ဒါဖြင့် ဒကာ ဒကာမတို့မှာ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခဆိုတဲ့ ဒုက္ခလေးချက်တွေ တွေ့ရဦးမှာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အမှန်အတိုင်း ဖြစ်နေတဲ့ဥစ္စာ ကျုပ်တို့မှာတဲ့ ရန်သူသုံးယောက်၏ လက်အောက် မှာ ရောက်ခဲ့ရလေရဲ့ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ရန်သူသုံးယောက် လက်အောက်ရောက်ခဲ့တယ် (မှန်ပ့ါ) ကံလဲ ရန်သူပဲ၊ ဥပါဒါန်ကော (ရန်သူပါ ဘုရား) တဏှာကော (ရန်သူပါ ဘုရား)။

ဪ ဒီရန်သူတွေသည်ကားလို့ ဆိုရင် ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နည်းနည်းမှ အခု သေသေ ချာချာ ဆရာဘုန်းကြီးက အကျိုးအကြောင်းတွေ ဆက်ပြလိုက်တဲ့အခါကျတော့ ဘယ်သူ့လက်သတ်မွေးလို့ တော်ပါလိမ့် မတုန်းလို့ ဒကာကြွယ်မေးတော့ ရန်သူသုံးယောက် ဘယ်သူ့မှမွေးလို့ မတော်ဘူးဘုရာ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ရန်သူသုံးယောက် ဘယ်သူ့ကို ကိုယ်ပိုင်မွေးလို့ တော်ကြပါ့မလဲ (ဘယ်သူ့မှ မတော်ပါ ဘုရား) ဘယ်သူမှ မတော်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြင့် ရှင်းလောက်ပါပြီ (ရှင်းပါပြီ)။

အဲဒါကြောင့် ဒကာကြွယ်တို့ ဒကာသစ်တို့ မောင်ဘသော်တို့၊ ဦးလှဘူးတို့က ကံကောင်းလို့ လူဖြစ်လာတယ် ဆိုတော့ ကံကိုပဲ ကျေးဇူးတင်ရဦးတော့မလိုလို (မှန်ပါ့)။

ကိုယ်ရောက်တဲ့ နေရာဌာနတော့ မကြည့်ဘူး၊ ရမ်းပြီးကျေးဇူးတင်တာပဲ (မှန်လှပါ ဘုရား)။

ကိုယ့်ဖြစ်တဲ့ ဖြစ်ထွေကလေးကြောင့် မရွှေ့နိုင် မသွားနိုင်တဲ့ ကံပေးထားတာက ဇာတိဒုက္ခတစ်ခုပေးတယ်၊ ဇရာဒုက္ခလဲ သူ့လက်ချက်မလွတ်ဘူး (မှန်ပါ့) ဗျာဓိဒုက္ခကော (သူ့လက်ချက်မလွတ်ပါ) မရဏဒုက္ခကော (သူ့လက်ချက် မလွတ်ပါ ဘုရား)။

မယုံစဉ်းစားကြည့်၊ ကံကုန်လို့ သေတယ်ပြောတာပဲ။ သူ သတ်တာပဲ (မှန်ပါ့) မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ဒီဒုက္ခလေးချက်ကို ဘယ်သူက ပေးလိုက်ပါလိမ့် (တဏှာဥပါဒါန် ကံက ပေါင်းပြီး ပေးပါတယ် ဘုရား) ရှင်းကြပြီ (ရှင်းပါပြီ)။

ပြောင်းပြန်=ပြန်ပြောလိုက်တော့ ကံ ဥပါဒါန် တဏှာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အစဉ်အတိုင်း ပြောတော့ တဏှာ ဥပါဒါန် ကံ (မှန်ပါ့)။

ဒါဖြင့် ဒါ မိတ်ဆွေသုံးယောက်လို့ ဆိုကြမလား၊ ရန်သူသုံးယောက်လို့ ဆိုရမလား (ရန်သူသုံးယောက်ပါ ဘုရား)။

ဒီ အသံ ခင်ဗျားတို့ ထွက်လာတာဟာ ဒကာကြွယ် ဘုန်းကြီး အင်မတန်မှ ဝမ်းမြောက်ပါတယ် (မှန်ပါ့)။

သစ္စာကို မမြင်တော့ဘူး

နို့-မဟုတ်ရင် ဘယ်သူက ပြောပြော ခင်ဗျားတို့က ကံကောင်းလို့ လူဖြစ်လာတယ် (မှန်ပါ့) ကံကောင်းလို့ လူဖြစ်လာတယ်ဆိုတော့ သစ္စာကို မမြင်တော့ဘူး (မှန်ပါ့)။

အခုတော့ဖြင့် ဒကာကြွယ်ရေ သစ္စာက “ဇာတိ ဒုက္ခ သစ္စာ” (မှန်ပါ့) အခု ဒကာကြွယ်တို့ကျတော့ “ဇရာဒုက္ခ သစ္စာ” (မှန်ပါ့) တော်တော်ကြာ အိပ်ရာထဲ လျောင်းတော့ “ဗျာဓိပိ ဒုက္ခသစ္စာ” (မှန်ပါ့) အင်း တော်တော်ကြာကျ လို့ရှိရင်ဖြင့် အားလုံးပဲ မျက်ရည်ကျပြီးတော့ ထမ်းထုတ်တဲ့ဘဝ ရောက်တော့ “မရဏမ္ပံ ဒုက္ခသစ္စံ” (မှန်ပါ့) မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲ့ဒီ ဒုက္ခလေးချက်ဟာတဲ့ ဘယ်ရန်သူတွေကြောင့် ကျုပ်တို့သည်ကားလို့ ဆိုရင် ဒုက္ခလေးချက် လှလှကြီး တွေ့ရပါလိမ့်မတုံးလို့ မေးလိုက်လို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (တဏှာဥပါဒါန် ကံပါ ဘုရား)။

ဒါဖြင့် ကံကောင်းတာများ မောင်သစ် ပါသေးသလား (မပါပါ ဘုရား)။

ဒကာ ဒကာမတွေ ကံကောင်းတာများ ပါနေသေးလား (မပါပါ ဘုရား)။

ကံကောင်းတာ လုံးဝမပါပါဘူးတဲ့။ ဒီရန်သူ သုံးယောက် ကြိုက်သလို စီမံလိုက်တာ ကျုပ်တို့ဖြင့် ဆင်းရဲပွဲက စပြီး ဆင်းရဲပွဲဆင်းရတယ် (မှန်ပါ့) “ဇာတိပိ ဒုက္ခသစ္စာ”ပြီးတော့ “မရဏမ္ပိ ဒုက္ခသစ္စံ” မဆင်းရဘူးလား (ဆင်းရပါ တယ် ဘုရား) ဆင်းရဲပွဲ စလိုက်တယ် (မှန်ပါ့) ဇာတ်သိမ်းတော့ကော (ဆင်းရဲပွဲသိမ်းရပါတယ်) ဆင်းရဲနဲ့ပဲ သိမ်းရတယ် (မှန်ပါ့)။

အမွဲကြီးမွဲပြီး အမွဲကြီးသေရမယ်

ဪ အမွဲကြီးမွဲပြီး အမွဲကြီးသေရမယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ အကောင်းပါသေးလား (မပါပါ ဘုရား)။

အဲဒါကို ထောက်ကြည့်တော့မှ ကံများ တယ်ကြောက်စရာ ကောင်းပါလား ဟေ့ (မှန်ပါ့)။

ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ကံဟာ ဘယ့်နှယ်တုံး (ကြောက်စရာကောင်းပါတယ် ဘုရား)။

ဘုရားကလဲ ဟော ဖြစ်စဉ်ကလဲ အကိုက်ဆိုတော့ “ကမ္မဘဝ္စပစ္စယာ ဇာတိ”တဲ့ အနီးဆုံးလက်သည်သူပါပဲ (မှန်လှပါ ဘုရား)။

အနီးဆုံးလက်သည် (သူပါပဲ ဘုရား) ကံပဲဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)။

ကျုပ်တို့ ဒုက္ခလေးချက်ကို အနီးဆုံးပေးတာ ဘယ်သူပါလိမ့် (ကံပါ ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။

သို့သော် သူကလဲ သူ့သဘောချည့် အကုန်ပေးတယ်လို့ မယူဘဲနဲ့ ဥပါဒါန်သဘောလဲပါ၊ တဏှာသဘောလဲပါ တယ်ဆိုတာလဲ သိကြပါပြီ (သိပါပြီ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီကံနဲ့ အိုးစားမကွဲသ၍ ကာလပတ်လုံးဖြင့် ဒီ ဒုက္ခလေးပွဲနဲ့ လွဲနိုင်မယ်မဟုတ် တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဒီကံနဲ့ မကွဲသ၍ ကာလပတ်လုံး ဒုက္ခလေးပွဲနဲ့ လွဲနိုင်ပါ့မလား (မလွဲနိုင်ပါ ဘုရား) ဇာတိ ဇရာ ဗျာဓိမရဏ ဆိုတဲ့ ဒုက္ခလေးပွဲနဲ့ လွဲနိုင်ပါ့မလား (မလွဲနိုင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံဟာ ကျုပ်တို့ကို အတော်နှိပ်စက်တဲ့ကံပဲ (မှန်ပါ့) ခင်ဗျားတို့ ကံများမျှော်လင့် သေးသလား (မမျှော်လင့်ပါ ဘုရား)။

ဟာ ဒီလိုမပြောကြနဲ့လေ၊ ခင်ဗျားတို့က အရေးရှိလာတဲ့အခါ ကျလို့ရှိရင်ဖြင့် အင်း အရောင်းအဝယ် ကလေး ဆုတ်ယုတ်လာတယ်၊ သားကလေး သမီးကလေးတွေ နေမကောင်းဘူး၊ ကိုယ်ကလဲ အကြောင်းမညီညွတ်ဘူး ဆိုလို့ရှိရင် ကံများ ဘာဖြစ်နေသတုံး မပြောတတ်ပါဘူး၊ အံမာ ကံကို တောင်းတတယ် (မှန်ပါ့ ဘုရား)။

တယ်လဲ မိုက်ချက်သန်ပါလား

ကံနှိပ်စက်တယ်ဆိုတာတောင်မှ ခင်ဗျားတို့က ဘယ့်နှယ်တုန်းတောင် တသေးတယ် (မှန်ပါ့) နှိပ်စက်ထားတာ မမြင်ကြတော့ နောက်ထပ် နှိပ်စက်ဖို့ကိုလဲ မျှော်လင့်ချက် မကင်းသေးဘူး (မှန်ပါ့) တယ်လဲ မိုက်ချက်သန်ပါလား (သန်ပါတယ် ဘုရား)။

သေသေချာချာ ရှင်းကြ၊ သေသေချာချာရှင်းကြ တရားအကွက် လည်လာပြီ (မှန်ပါ့ ဘုရား)။

ဒကာကြွယ်တို့အိမ်မှာ တက်ဖျားတွေကလဲ များ၊ တုပ်ကွေးကလေးကလဲ ဝင်ချင်၊ ရောဂါကလေးကလဲ ထိုးတက် တော့ ဒကာကြွယ် ဒါတောင့်တသလဲ (ကံကောင်းဖို့ တောင်းတပါတယ်) ဘာဖြစ်လို့တုန်း၊ အရင်နှိပ်စက်ထားတာ မကျေနပ်တာနဲ့ (မှန်ပါ့ ဘုရား) ဘာတုံးဗျ နောက်ထပ်နှိပ်စက်ပါဦး ခေါ်တာလား (ခေါ်တာပါ ဘုရား)။

ဒါလောက် ခင်ဗျားတို့ ဆရာဘုန်းကြီး အကူအညီမရတော့ဘူးဆိုရင် ခင်ဗျားတို့ နိဂိုရ်ကနှိပ်စက်ထားတဲ့ ဒဏ်ရာမပြေခင် ရိုက်ပါဦးဆိုတဲ့ လူထပ်ခေါ်တယ်(မှန်ပါ့) ဒါလောက် ဆိုးဝါးတယ် (ဆိုးဝါးပါတယ် ဘုရား)။

သေသေချာချာစဉ်းစားပါ၊ နဂိုရ်ကနှိပ်စက်ထားတဲ့ ဒဏ်ရာနေရာ အခုအများကြီး ကျေတေနေပါပြီဆိုတာ ပြောဖို့လိုသေးသလား (မလိုပါ) ဒီထဲကနေပြီး ဘာတောင်းပြန်သတုံး (ကံတောင်းတပါတယ်) ဘာဖြစ်ချင်သေးသတုံး (ဒုက္ခရောက်ချင်လို့ပါ) အရင်ဒုက္ခနည်းလို့လား (မဟုတ်ပါ ဘုရား)။

စုံလုံးကန်းမိုက်ပဲ

အရင်ဒုက္ခလဲ မနည်းဘူး၊ နောက်ဒုက္ခကိုလဲ လိုချင်သေးတယ်ဆိုတော့ ခင်ဗျားတို့ဟာ စုံလုံးကန်းမိုက်ပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ့်ဆိုကြမယ် (စုံလုံးကန်းမိုက်ပါ) မောင်သစ် သေသေချာချာ ဉာဏ်နဲ့နားထောင်မှ စုံလုံးကန်းမိုက် ပေါ်လာတယ် (မှန်ပါ့) ဉာဏ်နားနဲ့ မထောင်လို့ရှိရင် စုံလုံးကန်းမိုက်က မပေါ်သေးဘူး (မှန်ပါ့) အခုတော့ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အရေးရှိ ကံတောင်းတ၊ အရေးရှိ ကံတောင်းတပြီး ခင်ဗျားတို့ ကံကိုဖက်ပြီး တောင်းတ တာသည်ကားလို့ဆိုရင် သစ္စာမမြင်တဲ့ ပုဂ္ဂိုလ်၏ တောင်းတချက် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကံကို နောက်ထပ်တောင်းတတာသည် ဒကာကြွယ်ဘာတဲ့ (သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ တောင်းတချက်ပါ ဘုရား)။

သစ္စာမမြင်လို့ပေါ့ဗျ၊ ဒုက္ခလေးချက်ဆိုတာ ဒုက္ခသစ္စာ မဟုတ်လား (မှန်ပါ့) “ဇာတိပိဒုက္ခံ ဇရာပိဒုက္ခံ ဗျာတိပိ ဒုက္ခံ မရဏမ္ပိဒုက္ခံ”ဆိုတဲ့ ဒုက္ခလေးချက်ဟာ ဒီကံပေးထားတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ နောက်ထပ် ကံလာဖို့ ဒီဒုက္ခလေးချက်မြင်လို့ တောင်းတတာလား မမြင်လို့ တောင်းတတာလား (မမြင်လို့ တောင်းတတာပါ ဘုရား)။

ဟာ ဒါဖြင့် သစ္စာမသိတဲ့ ပုဂ္ဂိုလ်တွေပဲ (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သစ္စာမသိရင်တော့ကွ ဘာလှူလှူ၊ ဘာတန်းတန်း၊ ဘာပေးပေး နိဗ္ဗာန်မရဘူးဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာမသိရင် နိဗ္ဗာန်မရ

သစ္စာမသိရင် (နိဗ္ဗာန်မရပါ) အဲဒီတော့ ကံကိုပြန်တောင်းတတဲ့ ပုဂ္ဂိုလ်များမှာ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ပဲ ဆုံးဖြတ်ချက်ချပါတော့၊ သိတဲ့ပုဂ္ဂိုလ်မို့ မျှော်တာလား- မသိတဲ့ပုဂ္ဂိုလ်မို့ မျှော်တာလား (မသိတဲ့ပုဂ္ဂိုလ်မို့ မျှော်တာပါ ဘုရား)။

မင်းတို့ သစ္စာမသိရင် ပေါ်လာပြီ (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ) အတော်ဆိုးဝါးပါလား (ဆိုးဝါးပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီလိုထူးထူးခြားကြခား၊ နက်နက်နဲနဲ ဖွင့်ပေးမည့်သူ မရှိတော့ဘူးဆိုရင် ခင်ဗျား တို့ သွားပြီ (မှန်ပါ့) ဒီကံတွေပဲ မျှော်ပြီးရိုက်ပါဦး၊ ရိုက်ပါဦးလို့ ပြောနေမှာနဲ့ အတူတူနေမှာပဲ (မှန်ပါ့) အသေသတ်ပါဦး၊ အသေသတ်ပါဦးလို့ ပြောနေတာနဲ့ကော (အတူတူပါပဲ ဘုရား)။

လွန်လှချည့်လား (မှန်ပါ့) တယ်ဆိုးဝါးပါလား ဒကာ ဒကာမတို့ (ဆိုးဝါးပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြစို့ ဒကာ ဒကာမတို့ ဒီကံဟူသရွေ့ဟာ ဘုရားကလဲ “ကုသလာ ကုသလံ ဇဟံ” ကုသိုလ်-အကုသိုလ်ကိုစွန့်လိုက်လို့ ငါ ဘုရားဖြစ်လာခဲ့တယ်ကွာတဲ့ (မှန်ပါ့) ရေဝတတို့ကလဲ ကုသိုယ်၊ အကုသိုလ် တရားတွေကို ငါစွန့်လိုက်လို့ အခုဗြဟ္မဏဆိုတဲ့ ရဟန္တာဖြစ်လာတယ် (မှန်ပါ့) ရှင်သာရိပုတ္တရာရ့ညီ ရေဝတလေ (မှန်ပါ့ဘုရာ)။

ကံကို ကျကျနနအပြစ်သိပြီ

အဲဒီတော့ သူတို့က ကံကို ကျကျနနအပြစ်သိပြီ (မှန်ပါ့) မသိသေးဘူးလား (သိပါတယ် ဘုရား)။

ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ) ကံဟာ ကျကျနန အပြစ်လေးလေး ပေးတယ်ဆိုတာ ယနေ့မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။

ဇာတိပိဒုက္ခလဲ ဘယ်သူပေးသတုံး (ကံပေးတာပါ) ဇရာဒုက္ခကော ဘယ်သူပေးသတုံး (ကံပေးတာပါ) ဗျာဓိပိ ဒုက္ခဘယ်သူပေးသတုံး (ကံပေးတာပါ) မရဏဒုက္ခ (ကံပေးတာပါ ဘုရား)။

ဒီထဲကနေပြီး ဒကာ ဒကာမတို့ ဒီဒုက္ခလေးချက် မသိတဲ့ပုဂ္ဂိုလ်များကတော့ ဪ ကံများ ဘာဖြစ်ပါလိမ့် မတုံး၊ ကံကလေးဆက်ဦးမှ ကောင်းတော့မယ်ထင်တယ် (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့လဲ အရင်ဒဏ်ချက်က ပြေလို့လား မပြေခင်လာပြန်တာလား (မပြေခင်လာပြန်တာပါ ဘုရား)။

ဟ မောင်သစ် ဒီဥစ္စာ စုံလုံးကန်း မိုက်တယ်ဆိုတာများ အပြောကသေးနေတယ် (မှန်ပါ့) အပြောက သေးနေသေးတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ရှေ့စဉ်းစားရင် ဒီ့ထက် ဆိုးဝါးတယ်ဆိုတာများ ဒကာ ဒကာမတွေ ဘာမှငြင်းဆန်နေဖို့ မလိုတော့ပါဘူး (မလိုပါ ဘုရား)။

ဒကာ ဒကာမတို့ တစ်သက်နဲ့တစ်ကိုယ်မှာ ကျေးဇူးရင်ကြီး ထင်လိုက်တဲ့ဥစ္စာ အခုမှ ရန်သူမှန်း ပေါ်တော့တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့အထင် တစ်သက်နဲ့တစ်ကိုယ်ကတော့ ဘယ်လိုထင်သတုံး (ကျေးဇူးရင်ထင်ပါတယ်) ကျေးဇူးရင်ပဲ ဒီကံကြီးပြုသ၍ ကျုပ်တို့ဖြင့် နေကြရတာပဲဆိုပြီး ကျေးဇူးရင်အဖြစ်နဲပပဲ ပူဇော် ပသ လာခဲ့ကြတယ်ဆိုတဲ့ဥစ္စာ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီကံနဲ့ ရှိခိုးလာခဲ့တယ်

ကာယကံ၊ ဝစီကံ၊ မနောကံဖြင့် ဘုရားတပည့်တော် ရှိခိုးလာခဲ့တာ။ အံမာ ဒီကံနဲ့ ရှိခိုးလာခဲ့တယ် (မှန်ပါ့) ဒီကံနဲ့ ဒီလိုရှိခိုးရတဲ့ တပည့်တော်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာ ကိုဖြင့် ရပါရစေ တဲ့၊ ယုံယုံကြည်ကြည်နဲ့ပဲ ဒီကံကိုဖြင့် အားကိုးပါတယ်လို့ ဆိုပြီးသကာလ ဒီလိုနဲ့ပြီးလာကြတာ (မှန်ပါ့) သိပ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒီကံသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အခု ဒုက္ခ ဘယ်နှချက်ပေးသလဲ (လေးချက် ပေးပါတယ် ဘုရား) ဇာတိဒုက္ခပေးတာလဲ (ကံပါပဲ ဘုရား) ဇရာဒုက္ခပေးတာလဲ (ကံပါပဲ ဘုရား) ဗျာဓိဒုက္ခပေးတာလဲ (ကံပါပဲ ဘုရား) မရဏဒုက္ခပေးတာလဲ (ကံပါပဲ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကံဟာ ကျေးဇူးရင်းလားတဲ့ ၊ နှိပ်စက်တတ်တဲ့ တရားလား (နှိပ်စက် တတ်တဲ့ တရားပါ ဘုရား)။

အင်း တော်တော် နားကြီးကြီးနဲ့ထောင်မှ သင့်လာတော့တယ် (မှန်ပါ့) နို့-မဟုတ်လို့ရှိရင်ဖြင့် မိဘရိုးရာ အတိုင်းပြောသံကြား သူများပါးစပ်ဖျား လမ်းဆုံးတဲ့ ပုဂ္ဂိုလ်အသွားနဲ့ ဆိုလို့ရှိရင်ဖြင့် ကံများ ခေလိုက်တာလို့ဆိုပြီး ကံပဲ မျှော်နေတယ် (မှန်ပါ့) မမျှော်ကြဘူးလား (မျှော်ပါတယ် ဘုရား)။

အေး ဒါတွေက မသိသေးတော့ ခုနင်က ဒုက္ခလေးချက် မမြင်တဲ့ပုဂ္ဂိုလ်၏ မျှော်တော်ဇောလို့ ဆိုလို့ရှိရင် မလွဲဘူး (မလွဲပါ ဘုရား)။

ဒုက္ခလေးချက် မမြင်တဲ့ပုဂ္ဂိုလ်၏ မျှော်တော်ဇော (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ယခု ဒုက္ခလေးချက် မြင်ကြပလား (မြင်ပါပြီ) ဘယ်သူပေးတဲ့ ဒုက္ခလေးချက်ပါလိမ့် (ကံပေးတဲ့ ဒုက္ခလေးချက်ပါ ဘုရား) ကဲ့ပေးတဲ့ ဒုက္ခလေးချက်ဆိုတာ ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ)။

အဲ ကံပေးတဲ့ ဒုက္ခလေးချက်ာ ကံမကုန်သ၍ ဒုက္ခကုန်နိုင်ပါ့မလား (မကုန်နိုင်ပါ ဘုရား)။

ဒါဖြင့် ယနေ့သည် ဒကာ ဒကာမတို့ တယ်ဆိုးတဲ့ ကံပါကလား ၊ မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို ဒုက္ခ လေးချက်ပေးတာဟာ ငါတို့ဖြင့် ယခုထောင်းထောင်းလဲ ကျေပါပြီ။

ထောင်းထောင်းကျေပြီဆိုတာ အိုပွဲခင်းတာ (မှန်ပါ့) မျက်စိမကောင်း၊ နားမထောင်း၊ ခါးမကောင်း၊ အားမ ကောင်းဆိုတာတွေ မောင်သစ် မရှိသေးဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါတွေ ဘယ်သူ့ဒဏ်ချက်တွေပါလိမ့် (ကံ၏ ဒဏ်ချက်တွေပါ ဘုရား)။

အင်း တော်တော်ကြာကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ရင်ဆို့ရဦးမည့် ဒုက္ခကြီးလဲ မလာပေဘူးလား (လာပါတယ် ဘုရား) အင်း ဒါလဲ ဘယ်သူ၏ ဒဏ်ချက်ပါလိမ့် (ကံ၏ ဒဏ်ချက်ပါ ဘုရား)။

အင်း ကံကုန်လို့ သေသတဲ့ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ကံ, မမျှော်တော့ဘူး

အဲဒါတွေ ကြည့်လိုက်တဲ့အခါကျတော့မှ သစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒကာကြွယ် ကံ, မမျှော်တော့ဘူး (မှန်ပါ့)။

သစ္စာသိတဲ့ ပုဂ္ဂိုလ်က (ကံ မမျှော်တော့ပါ ဘုရား)။

အင်း ဒါ ဒီနေ့ မျက်လုံး ကျယ်ကျယ်ဆိုသလိုပဲ ဒကာ ဒကာမတွေ ခင်ဗျားတို့၏ အမြင်မှား၊ နှိပ်စက်ထား တာ မမြင်ဘဲနဲ့ ကံကိုပဲ ဒုတိယပြန်တောင်းတတဲ့ ပုဂ္ဂိုလ်တွေမှာဖြင့် အလွဲအချော်ကြီးနေလို့ မောင်သစ် ဒီစကားကို သေသေချာချာ ခင်းတာ (မှန်ပါ့)။

သေသေချာချာ ခင်းတာ သဘောကျကြလား (ကျပါပြီ)။

အဲဒါ နှစ်သက်နေတဲ့ ပုဂ္ဂိုလ်များလဲ ပြင်လိုက်စမ်းပါဦး (မှန်ပါ့)။

ကံမကောင်းလို့ ဒုက္ခရောက်တာလား၊ ကံကောင်းလို့ ဒုက္ခရောက်ရတာလား မေးလို့ရှိရင် မကောင်းတဲ့အကုသိုလ် ကံကလဲ ဒုက္ခပေးတာပဲ (မှန်ပါ့)။

”အကုသလံ ကမ္မံ ဝိပါကဿ”လို့ ပဋ္ဌာန်းပါဠိတော်ကြီးများလာတော့ သူလဲ မကောင်းကျိုးပေးတာပဲ (မှန်ပါ့)။

ကုသိုလ်ကလဲ ဇာတိဒုက္ခပေးပါတယ်ဆိုတော့ ဒကာကြွယ် ဘယ့်နှယ်ဆိုမတုန်း (မကောင်းပါ ဘုရား) သေချာ ရဲ့လား (သေချာပါတယ် ဘုရား)။

ဒကာကြွယ် နတ်ဇာတိများ ကြိုက်သေးသလား (မကြိုက်ပါ ဘုရား) ဟ ဘာ, သစ္စာလို့ သိလို့ပါလိမ့် (ဒုက္ခ သစ္စာလို့ သိလို့ပါ ဘုရား)။

အင်း ရှေးတုန်းက နတ်ပြည်ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ ဒီသစ္စာမသိလို့ တောင်းတာ (မှန်ပါ့) အခုတော့ တောင်းချင်ကြသေးရဲ့လား (မတောင်းချင်ပါ ဘုရား) ရမှာတောင် ကြောက်တယ် (မှန်ပါ့)။

ရမှာတောင် ကြောက်စရာကြီးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ဘာ,သစ္စာရတုန်း (ဒုက္ခသစ္စာရပါတယ် ဘုရား) အေး ဒါကလေး သိလိုက်ရတာနဲ့ ဒကာ ဒကာမတွေ သာသနာတွင်းနားပဲ ဖြစ်ပြီးသာကာလ သာသနာတွင်း တရားနဲ့ သာသနာတွင်းနားကြုံတယ်၊ အကြုံကြီးကြုံတယ်၊ အဆုံကြီးဆုံတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းသွားပါပြီ (ရှင်းပါ ပြီ ဘုရား)။

ကိုင်း ဒါဖြင့် ကံသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သူတစ်ယောက်တည်း ကျုပ်တို့ကို နှိပ်စက်တာလား အပေါင်းအဖော်နဲ့ နှိပ်စက်တာလားလို့ မောင်ဘသော် မေးလိုက်တော့ ဘယ့်နှယ်ဖြေပါ့မလဲ (အပေါင်းအပေါ်နဲ့ နှိပ်စက် တာပါ) တဏှာ ဥပါဒါန်တွေ ရောပေးတာ (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်တွေရောပြီး ကံ,ကနေပြီး ဒုက္ခချည်းပဲ ပေးချလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ ဘုရား)။

သူတစ်ယောက်တည်းလား အပေါင်းအသင်းနဲ့ နှိပ်စက်တာလား (အပေါင်းအသင်းနဲ့ နှိပ်စက်တာပါ ဘုရား)။

ဒါဖြင့် အပေါင်းအသင်းနဲ့ နှိပ်စက်လို့ရှိရင် ခံရတဲ့ဒကာကြွယ်၊ ခံရတဲ့ ဦးလှဘူးက တစ်ယောက်တည်း (မှန်ပါ့ ဘုရား) သူတို့က သုံးလေးယောက်ပေါင်းပြီး သကာလ နှိပ်စက်တော့ တစ်ယောက်တည်းနဲ့ သုံးလေးယောက်နဲ့ဆိုတော့ ဘဝတိုင်း ခင်ဗျားတို့ အနိုင်ရခဲ့ကြသလား အရှုံးပေးခဲ့ရသလား (အရှုံးပေးခဲ့ရပါတယ် ဘုရား)။

အင်း ဒါကလေးပေါ်အောင် မနည်းပြောရပါကလား (မှန်ပါ့) ဒကာ ဒကာမတို့ ဒီနေ့တရား တော်တော် ခက်နေတယ်နော် (မှန်ပါ့ ဘုရား)။

ဒုက္ခလေးချက်နဲ့ အိုးစားမကွဲ

ဒါကလေးပေါ်အောင် မနည်းပြောရတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ဘဝများစွာ သံသရာ ကြီးထဲမှာဖြင့် ဒီကံစီမံသလို ခံခဲ့ရလို့ အင်း ဒုက္ခလေးချက်နဲ့ကို ဘယ်တော့မှ အိုးစားမကွဲခဲ့ဘူး (မှန်ပါ့ ဘုရား)။

ကံစီမံတဲ့အတွက် ဒုက္ခလေးချက်နဲ့ (အိုးစားမကွဲခဲ့ပါ) အဲဒီ့ အိုးစားမကွဲခဲ့တော့ ဒုက္ခလေးချက်နဲ့ပဲ ဖြစ်ခဲ့ရ တယ် (မှန်ပါ့ ဘုရား)။

တစ်ခါဒီကံတွေပဲ ပြန်ပြီးဆက်ချင်ပြန်တယ်ဆိုတော့ ဪ ထောင်ကျပြီးရင်း ကျချင်ရင်း (မှန်ပါ့) ကြိုးကျ ပြီးရင်း (ကျချင်ရင်းပါ) မိုက်ချက်ပြင်းထန်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (မိုက်ချက်ပြင်းပါတယ်) မိုက်ချက် ပြင်းထန်လိုက်တာဆိုတဲ့ဥစ္စာ ဒကာ ဦးလှဘူး သေသေချာချာ ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အေး ဒါကြောင့် အခုလို ဆရာကောင်း သမားကောင်းနဲ့ သာသနာနဲ့ကြုံခိုက် သစ္စာတွေပေးနေတဲ့ ဆရာနဲ့ တွေ့တော့မှ ငါတို့ အားကိုးလေသမျှဖြင့် ငါတို့ ဒုက္ခရောက်ဖို့ချည်းပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါတို့ အားကိုးလေသမျှ (ငါတို့ဒုက္ခရောက်ဖို့ချည့်ပါပဲ) ငါတို့ ဒုက္ခရောက်ဖို့ချည့်ပဲ ဆိုတာဖြင့် ဒကာ ဒကာမတို့ မငြင်နဲ့တော့ (မှန်ပါ့) ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

တစ်ကံအားကိုးလိုက်ရင် ဒုက္ခတစ်ချက်ရ (မှန်ပ့ါ) နောက်တစ်ကံ အားကိုးလိုက်ရင် (ဒုက္ခတစ်ချက်ရပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကံတွေအားကိုးတိုင်း အားကိုးတိုင်း ဘာရမယ်ထင်ကြသတုံး (ဒုက္ခချည့်ရပါတယ် ဘုရား)။

လေးချက်ဆိုတာ လျှော့ဈေး

ဇာတိ ဇရာ ဗျာဓိ မရဏ ဒါလေးချက်ဆိုတာ လျှော့ဈေးပြောနေတာ (မှန်ပါ့) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသမထည့်သေးပါဘူး (မှန်ပါ့) ဒါတွေလဲ သူပေးတာပါပဲ (မှန်ပါ့) ကံပေးတာပါပဲဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျား ကျုပ်တို့၏ရန်သူအကြီးဆုံး ယနေ့ဖမ်းမိပြီ (မှန်ပါ့) ဘာဖမ်းမိပါလိမ့် (ကံပါ ဘုရား)။

ကုသိုလ်ကံလဲ ဖမ်းမိပြီ (မှန်ပါ့) ကုသိုလ်ကံလဲ ဇာတိ ဇရာ မရဏ အကျိုးပေးတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အကုသိုလ်ကံကော (ဇာတိ ဇရာ မရဏ အကျိုးပေးပါတယ်) အကျိုးပေးတာပဲ (မှန်ပါ့) လက်သည်တွေဖြင့် ယနေ့ ကောင်းကောင်း မမိသေးဘူး (မိပါပြီ ဘုရား)။

ဒါကြောင့် ဒီကံနှစ်ကံသည် လက်ထဲရောက်စေတတ်တဲ့ ကံတွေဖြစ်လေသောကြောင့် ဒုက္ခလေးချက် ပေးတတ်တဲ့ ကံတွေ ဖြစ်လေသောကြောင့် ဒီကံတွေကို ဒကာ ဒကာမတွေ ဉာဏ်နဲ့ဖြတ်ကြစို့ (မှန်ပါ့) ဒီကံတွေ လာလုပ်ရမယ် (ဉာဏ်နဲ့ဖြတ်ရပါမယ် ဘုရား)။

ဉာဏ်နဲ့ဖြတ်ရမယ်

ဉာဏ်နဲ့ဖြတ်ဖို့ပဲ ဆိုတာတော့ဖြင့် ဒကာသစ် ပေါ်လာပြီ (ပေါ်ပါပြီ) ဒီကံတွေ ဘာလုပ်ကြမလဲ (ဉာဏ်နဲ့ဖြတ် ရပါမယ် ဘုရား)။

ဟ ဒကာကြွယ်ရ စဉ်းစားပါဦး၊ ခင်ဗျားအမေ၊ အဖေ ခင်ဗျားသတ်တော့မလို့လား၊ သတ်ရမှာပဲ (မှန်ပ့ါ ဘုရား)။

ကံသာလျှင် အမိ၊ ကံသာလျှင်အဖလို့ ခင်ဗျားတို့ အမေ-အဖေတွေ ကိုးကွယ်ထားသော ယနေ့ဘာဖြစ်ကြသတုံး မေးတော့ ဆရာဘုန်းကြီး ရန်တိုက်တာနဲ့ပဲ အမေအဖေ သတ်တော့မလို့လားလို့ မေးလို့ရှိရင်ဖြင့် တဲ့၊ ခင်ဗျားတို့ ယနေ့ အမှန်သိလာတဲ့အတွက် ဒီကံ,ကို ဖြတ်မှရမယ် (မှန်ပါ့) ဘဝတိုင်း ဒုက္ခလေးချက်ကို ပေးနေတာသူပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံသည်ကားလို့ ဆိုလိ့ရှိရင်ဖြင့် သူတစ်ယောက်တည်း နှိပ်စက်သည် မဟုတ် မောင်ဘသော် (မှန်ပါ့) အဖော်နှင့်တကွ အသင်းအပင်းနဲ့ နှိပ်စက်တယ် (မှန်ပါ့ ဘုရား)။

သတ္တဝါက တစ်ယောက်တည်း (မှန်ပါ့) နှိပ်စက်တဲ့ ဥစ္စာက တဏှာ၊ ဥပါဒါန်၊ ကံ၊ သုံးချက် (မှန်ပါ့) မလာဘူး လား (လာပါတယ် ဘုရား)။

ဒါဖြင့် ဘဝမှာဖြစ်လိုက်၊ ဒီလူသုံးယောက်က ပေါင်းပြီးသကာလ နှိပ်စက်ပြီး သတ်ဖြတ်လိုက် (မှန်ပါ့) တစ်ဘဝ ဖြစ်လိုက် ဒီလူသုံးယောက်ပေါင်းပြီး သတ်ဖြတ်လိုက် (မှန်ပါ့) ဒကာ ဒကာမတို့ အကောင်းနေခဲ့တဲ့ဘဝ အသေကောင်း သေခဲ့ရတဲ့ ဘဝ တွေ့ပလား (မတွေ့သေးပါ) မသေရတဲ့ ဘဝကော (မတွေ့ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဪ အင်မတန် သံသရာရှည်ပြီး အင်မတန် နစ်နာခဲ့တဲ့ ဘဝချည့်ပဲ တွေ့ခဲ့ရတယ် ဆိုတာ ဒကာကြွယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ချနိုင်ကြပလား (ချနိုင်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံမလာအောင် လုပ်ကြစို့ (မှန်ပါ့ ဘုရား)။

ဒီကံမလာအောင် လုပ်ကြစို့ဆိုတော့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ၊ ဒီကံမလာအောင် လုပ်တဲ့ နည်းတွေ ရှင်းပြမယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒီကံမလာအောင်လုပ်တဲ့နည်းက တဏှာလဲမလာ၊ ဥပါဒါန်လဲမလာ၊ ဆိုရင် ကံ,က ငါ့ချည့်ထူးချွန်ပြီး လာဦးမယ်ဆိုတဲ့သဘောနဲ့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

မဖြစ်နိုင်တော့ ဒကာ ဒကာမတို့ ဒီမြင်တယ်၊ လိုချင်တယ် မလာစေနဲ့ (မှန်ပါ့ ဘုရား)။

သူအနိစ္စပါလားလို့ မြန်မြန် ရှု

မြင်တယ်ဆိုရင် မြင်စိတ်ကလေးကို တစ်ခါတည်း ဝိပဿနာရှု (မှန်ပါ့) ဪ သူအနိစ္စပါလားလို့ မြန်မြန် ရှုပါ (မှန်ပါ့ ဘုရား)။

မြန်မြန်ရှုလိုက်တော့ မြင်စိတ်ကလေး ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ မြင်စိတ်က အနိစ္စ၊ ဟုတ် လား (မှန်ပါ့) ရှုတာက မဂ်ဉာဏ်ဖြစ်သွားတယ် (မှန်ပါ့) မဂ်ဉာဏ်ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ်) ဝိပဿနာ ဉာဏ်ဖြစ်သွားပါတယ် (မှန်ပါ့ ဘုရား)။

အဲ့ဒီဉာဏ်ကလေး ဖြစ်သွားတော့ တဏှာလာသေးရဲ့လား (မလာပါ) ဥပါဒါန်ကော (မလာပါ) ကံ,ကော (မလာပါ ဘုရား)။

ဟာ ဒါဖြင့် ဒီဖြစ်ပျက်ရှုတဲ့ဉာဏ်သည် တဏှာ၊ ဥပါဒါန်၊ ကံပြတ်ပါလား (မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ဉာဏ်သည် (တဏှာ၊ ဥပါဒါန်၊ ကံပြတ်ပါတယ် ဘုရား)။

တိုတိုပြောတော့ တဏှာ၊ ဥပါဒါန်လဲ သူဖြတ်တာပဲ (မှန်ပါ့) ကံဖြတ်အလုပ်ဟာဖြင့် ဒကာကြွယ် သူပဲ (မှန်ပါ့ ဘုရား)။

ကံဖြတ် အလုပ်တွေ့ပလား (တွေ့ပါပြီ) မြင်စိတ်ကလေး ဒီကနေကြည့်လိုက်လဲ ပန်ကာတွေ လည်နေတာကို မြင်တယ်၊ မြင်တဲ့စိတ်ကလေးကိုပဲ အင်း ဒါကလေးဟာ ဖြစ်ပြီး ပျက်သွားတာပဲ (မှန်ပ့ါ ဘုရား)။

ကြည့်လိုက်တဲ့အခါကျတော့ ဒီပန်ကာလိုချင်တဲ့ တဏှာ၊ ပန်ကာစွဲလန်းတဲ့ ဥပါဒါန်၊ ပန်ကာကို မရ-ရအောင် အားထုတ်မယ်ဆိုတဲ့ ကံ,တွေ လာသေးရဲ့လား (မလာပါ ဘုရား)။

ဟာ ဒါဖြင့် ဘဝတိုင်း-ဘဝတိုင်း သုံးယောက်ပေါင်းပြီး သကာလ သံသရာ့ခရီးသည်တစ်ယောက်ကို သတ် နေတာ မောင်ဘသော် သူပဲ (မှန်ပါ့ ဘုရား)။

သုံးယောက်ပေါင်းသိပလား (သိပါပြီ) ဘယ်သူတွေ ပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ကံတွေပါ ဘုရား)။

အင်း သတ္တဝါ တစ်ဦးတစ်ယောက်ကို သူတို့လက်အောက်မှာပဲ ဝိညာဏ်ချုပ်ကြ အသက်ပျောက်ကြရ တယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿသနာ ကင်းခဲ့လို့သာ

အဲဒါတွေ ကြည့်လိုက်တဲ့အခါကျတော့မှ အင်း-ဒို့ ဝိပဿသနာ ကင်းခဲ့လို့သာ ဒုက္ခလေးချက်နဲ့ ဘဝတိုင်း ကြုံဆုံခဲ့ရတယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာကင်းခဲ့တာ ကိုယ့်ဟာကိုယ်သေချာသွားပြီ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် (ဝိပဿနာကင်းခဲ့လို့သာ ဒုက္ခလေးချက်နဲ့ ကြုံခဲ့ရပါတယ် ဘုရား)။

ဝိပဿနာ သေသေချာချာ ကင်းခဲ့တယ်၊ မလုပ်ခဲ့ဘူး (မှန်ပါ့) ဒါကြောင့် ဒကာကြွယ်တို့ ကံစီမံသလိုနေရ တယ် (မှန်ပ့ါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာမလုပ်ခဲ့လို့လဲ (ဝိပဿနာမလုပ်ခဲ့လို့ပါ) ဒါဖြင့် ခင်ဗျားတို့ သာသနာတွင်းတရားကို ခင်ဗျားတို့ မလုပ်ဘူး (မှန်ပါ့) ဝိပဿနာဆိုတာ သာသနာတွင်းမှ ပေါ်တာ (မှန်ပ့ါ ဘုရား)။

ဝိပဿနာဆိုတာ (သာသနာတွင်းမှ ပေါ်တာပါ) ဒါဖြင့် ဒကာကြွယ်တို့ ဘဝများစွာ သံသရာက ကံစီမံရာ ခံနေရတဲ့ ဒုက္ခလေးချက်နဲ့ အချိန်ကုန်ပြီးသကာလ လာခဲ့ကြတာဟာ သာသနာတွင်းတရားကို ကြိုးစားခဲ့လို့ မရဘူး (မရခဲ့ပါ ဘုရား)။

ဦးလှဘူး ပေါ်ပလား (ပေါ်ပါပြီ) နောက်က ဒကာ ဒကာမတွေ နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား)။ ဒကာမတွေ နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား)။

သေသေချာချာ စဉ်းစဉ်းစားစားနဲ့ နားထောင်ကြပါ၊ ဒီဥစ္စာ ခင်ဗျားတို့အတွက် ကယ်တင်ပေးနေတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့အတွက် ကယ်တင်ပေးနေတာ ခင်ဗျားတို့နောက်ကို ဒီကံ ရောက်ရမှာပဲ၊ ဒုက္ခလေးချက်နဲ့ချည့် တစ်ဘဝလုံး လမ်းဆုံးပြီးသွားရတဲ့ နစ်နာမှုဟာ အလွန်ကြီးပါတယ် (ကြီးပါတယ်) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကဲ အခုတော့ဖြင့် သေချာပါပြီ ဒကာ ဒကာမတို့ မြင်တယ်ဆိုလို့ရှိရင် လိုချင်တာမလာအောင် လာလုပ် ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

မဂ်က သတ်ပစ်လိုက်တယ်

ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်က အနိစ္စ၊ ရှုတာက မဂ္ဂ (မှန်ပါ့) အဲဒီ့ မဂ်ကလေးက ဒကာ ဒကာမတို့ ကျုပ် တို့ကို ပေါင်းပြီး နှိပ်စက်တဲ့ ရန်သူသုံးယောက်ကို မောင်ဘသော် မဂ်က ဖြတ်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူက သတ်ပစ်လိုက်သလဲ (မဂ်က သတ်ပစ်လိုက်ပါတယ်) မဂ်က သတ်ပစ်လိုက်တော့ ဒကာ ဒကာမတွေ ကျုပ်တို့ အန္တရာယ်ကင်းဖို့ ဘေးရှင်းဖို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မရှုတဲ့ပုဂ္ဂိုလ်မှာ မဂ္ဂင်က မပေါ်ဘူး (မှန်ပါ့) သတ်မည့်သူ လာသေးရဲ့လား (လာပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကလဲ ဘုန်းကြီးက မြည်တယ်တွန်တယ်လို့ မအောက်မေ့ပါနဲ့၊ ခင်ဗျားတို့က ဝိပဿနာ ရှုဖို့ အလုပ်တော့ ခင်ဗျားတို့က ဒါနလောက်မလွယ်ဘဲ ဖြစ်နေတယ် (မှန်ပါ့) သီလလောက်ကော (မလွယ်ပါ ဘုရား)။

အဲဒီတော့ အခုန ရန်သူက မောင်သစ် ဘယ်လိုအောက်မေ့မတုန်းလို့ မေးတဲ့အခါကျတော့ ဪ ငါတော့ ဖြင့် သူတို့သည်ကားလို့ ဆိုလို့ရှိရင် အနှိပ်စက်ခံနိုင်သေးလို့ ငါ့ကို မပယ်သေးဘူးဆိုတဲ့သဘော သေသေချာချာ ရောက် တယ်(ရောက်ပါတယ်) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာသည်ပင်လျှင် သာသနာတွင်းတရား (မှန်ပါ့)။

သာသနာတွင်းတရား

“ဝိပဿနာသမင်္ဂီ သာသနသ္မိံ ယေဝ ဟောတိ” (ဝိပဿနာဉာဏံ သာသနသ္မိံ ယေဝ။ မူလပဏ္ဏာသအဋ္ဌကထာ၊၁၆)

ဝိပဿနာသမင်္ဂီ=ဝိပဿနာတရားသည်၊ သာသနသ္မိံ ဝေယ=သာသနာရှိမှသာလျှင်၊ ဟောတိ=ဖြစ်ပေါ် လာနိုင်၏ (မှန်ပါ့ ဘုရား)။

ဒီ့ပြင် ဒါန သီလ သမထက သာသနာတွင်း မဟုတ်ဘူးတဲ့ (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာက ဘာတဲ့ (သာသနာတွင်းမှသာ ပေါ်ပါတယ် ဘုရား) အဲ ကံ,စီမံတာ လိုက်နာနေကြလို့ရှိရင် သာသနာတွင်းကို ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နားထဲကကြားတယ်ဆိုလို့ရှိရင် ဘာပဲကြားကြား အဲ့ဒီကြားစိတ်ကလေးကို ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါမယ်) အင်း ကြားလို့ မုန်းတယ်ဆိုတာ လာသေးရဲ့လား (မလာပါ) ကြားလို့ သာယာ တယ်ဆိုတဲ့ တဏှာကော (မလာပါ ဘုရား)။

ဒါဖြင့် တဏှာ၊ ဥပါဒါန်၊ ကံ ဘယ့်နှယ်နေကြသလဲ (မလာပါ) ဒါဖြင့် မောင်ဘသော်က စဉ်းစား ဒကာကြွယ်က စဉ်းစား ရန်သူသုံးယောက်စလုံး လာခွင့်ရသေးရဲ့လား (မရပါ ဘုရား)။

ဟ ဒါဖြင့် ရန်သူသုံးယောက် သတ်တာ ဘယ်သူပါလိမ့် (ဝိပဿနာမဂ်ပါ ဘုရား)။

ဒါဖြင့် သူတို့က ကျုပ်တို့သတ်တာများလို့ သူတို့ပြန်သတ်ရတဲ့အလုပ်ကို ကျုပ်တို့ မလုပ်လို့ရှိရင် ကျုပ်တို့ နာလိမ့်မယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

သူတို့သုံးယောက် ဝိုင်းပြီးသတ်ခဲ့တဲ့ ဘဝတွေ ကျုပ်တို့မှာ ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။

ဘယ်တုန်းကမှ သူတို့သုံးယောက်ကို ကျုပ်တို့ကလဲ ပြန်မသတ်တော့ဘူး သာသနာတွင်း မကြုံတော့လဲ မသတ် နိုင်ဘူး (မှန်ပ့ါဘုရားဝ။

အခုတော့ဖြင် ဒကာ ဒကာမတွေ သာသနာတွင်းကလဲကြုံ ဆရာဘုန်းကြီးကလဲ ပေါ်အောင်ပြောပြီးသကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ကြားစိတ်ကလေးလာလဲ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဝိပဿနာ ရှုတာလား- ကိုယ့်နှိပ်စက်တဲ့ ရန်သူကို သတ်တာလား (ကိုယ့်နှိပ်စက်တဲ့ရန်သူကို သတ်တာပါ ဘုရား)။

မရှုရင် ကိုယ့်နှိပ်စက်တဲ့ရန်သူ မွေးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ရှုရင် (သေပါတယ် ဘုရား)။

မရှုရင် (ကိုယ့်နှိပ်စက်တဲ့ ရန်သူတွေးပါတယ် ဘုရား) ကိုယ့်နှီပ်စက်တဲ့ ရန်သူမွေးတယ် (မှန်ပါ့) ရှုရင် (သတ်ရ ပါမယ်) ကိုယ့်နှိပ်စက်တဲ့ ရန်သူသတ်တယ် (မှန်ပါ့ ဘုရား)။

ဒါ မလွဲပါစေနဲ့ သေသေချာချာ မှတ်ပါ (မှန်ပါ့) ခင်ဗျားတို့ နည်းနည်းကလေး ပေါ့လိုက်လို့ရှိရင် ရန်သူတွေ နှိပ်စက်ဖို့ ခင်ဗျားတို့ လက်သတ်မွေးပြန်ပြီ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ရှုလိုက်လို့ရှိရင်ဖြင့် ရန်သူ- ရန်သူမှန်းသိလို့ သတ်ပေါ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီစကားဟာ ဒီတရားပွဲမှာ မောင်သစ် အရေးကြီးတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

မရှုရှင် ရန်သူမွေးတာပဲ (မှန်ပါံ) ရှုရင်ရန်သူကို (သတ်တာပါပဲ) သတ်တာပဲဆိုတာ ပေါ်ာကပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရန်သူဆိုတာက ပေါင်းထိုက်-မွေးထိုက်သလား တဲ့၊ ကိုယ်ကပဲ သူတို့ကို နှင်ထုတ် ထိုက်သလား၊ သတ်ဖြတ်ထိုက်သလားဆိုတာ အကဲခတ်ပါဦး (နှင်ထုတ်ထိုက်ပါတယ်) ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။

ရန်သူမွေးပါရစေဦး

ကဲ ဒါဖြင့် ဝိပဿနာလုပ်ရမှာ တပည့်တော်တို့ အချိန်ကလေးက မရဘူးဘုရာ့ဆိုတော့ ရန်သူမွေးပါရစေဦး (မှန်ပ့ါ) သဘောပါပလား (ပါပါတယ် ဘုရား)။

ဝိပဿသနာက အချိန်မပေးရသေးဘူး ဘုရာ့လို့ ဆိုလို့ရှိရင် ဘာတုန်း (ရန်သူကို မွေးပါရစေဦး)။

အင်း ဘာဖြစ်လို့တုန်း၊ သေရတာ အားမရလို့လား၊ ခံရတာ အားမရလို့လားဆိုတဲ့ မေးခွန်းဟာ မေးရမယ် (မှန်ပါ့) မမေးရင် ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

သေသေချာချာ စဉ်းစားပါ။ စကားတတ်လို့ ပြောတဲ့စကားလား၊ ခင်ဗျားတို့၏ ဖြစ်စဉ်နဲ့ ကိုက်တာလား (ဖြစ်စဉ်နဲ့ ကိုက်တာပါ) ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

ရှင်းပြီ-ရှင်းပြီ ဒကာ ဒကာမတို့ ဒါဖြင့် နှာခေါင်းထဲ နံတဲ့စိတ် မွှေးတဲ့စိတ်ကလေး နှာခေါင်းမှာပေါ်ရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုတော့ ခင်ဗျားတို့ ဘာလုပ်နေကြသတုံးမေးတော့ ဘယ့်နှယ်ဖြေမလဲ (ရန်သူတ်နေတာပါ) ရန်သူ သတ်နေတာ (မှန်ပါ့ ဘုရား)။

ဘဝများစွာမှာ သူကသာ ကျုပ်တို့ကို သတ်ခဲ့တယ် (မှန်ပါ့) အခု သူ့ကို ကျုပ်တို့က သတ်နေတာ (မှန်ပါ့ ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံကို ဘာလုပ်နေကြတာတုန်း (သတ်နေကြတာပါ) သတ်နေကြတယ်။ ဪ ရန်သူကို သတ်တဲ့အလုပ်က ဝိပဿနာပါလား (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ) ရန်သူသတ်တဲ့ အလုပ်က (ဝိပဿနာပါ ဘုရား)။

ဝိပဿနာပဲဆိုတာ ဒကာ ဒကာမတွေ အင်မတန်ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာ ဖြည်းဖြည်းမှလုပ်ရမှာပဲဆိုတဲ့ လူများဖြင့် ရန်သူတွေ မွေးပါရစေဦးဆိုတဲ့ တောင်းပန်ချက်နဲ့ မထူးပါဘူး (မထူးပါ ဘုရား)။

မောင်သစ် သိပ်ဆိုးရာ ရောက်ပါတယ် (ရောက်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဝိပဿနာ အမြန်လုပ်ထိုက်သလား တဲ့၊ နှေးနှေးပဲ လုပ်ထိုက်သလား (အမြန်လုပ်ထိုက် ပါတယ်) ဘယ့်နှယ်ကြောင့်ပါလိမ့် (ရန်သူကို သတ်လို့ပါ) ရန်သူသတ်တဲ့ တရားကိုမလုပ်ရင် ရန်သူကြီးထွားမှာပဲ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ နောက်မှလုပ်မည်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ရန်သူကြီးပွားရေး စောင့်နေတာ (မှန်ပါ့) အခုချက်ခြင်းလုပ်တဲ့ ပုဂ္ဂိုလ်သည် ရန်သူကို ရန်သူမှန်းသိလို့ ကိုယ်တိုင်သတ်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ် တစ်နေ့မှ မလွတ်စေနဲ့နော် (မှန်ပါ့) ဦးလှဘူး မလွတ်စေနဲ့ လမ်းသွားရင်းတောင် မလွတ် စေနဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံဟာ ကုသိုလ်ကံကိုလဲ မောင်ဘသော် သတ်တာပဲ (မှန်ပါ့) ဖြစ်ပျက်ရှုတဲ့ ဉာဏ်သည် (ကုသိုလ်ကံကိုလဲ သတ်ပါသည်) အကုသိုလ်ကံကိုကော (သတ်ပါတယ် ဘုရား)။

ဟာ ဒါဖြင့် ရန်သူနှစ်ယောက်စလုံး သွားတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘုံဘဝအကျိုးပေးတတ်တဲ့ ရန်သူနှစ်ယောက်စလုံး ဘာတုန်း (သွားပါတယ် ဘုရား)။

ဒါဖြင့် ဒီသတ်နည်းရပလား (ရပါပြီ) ဟာ ဒကာကြွယ် သေချာပလား (သေချာပါပြီ) ဘယ်သူမှသတ်နိုင်သတုန်း (ဝိပဿနာမှ သတ်နိုင်ပါတယ် ဘုရား)။

ဖြစ်ပျက်မြင်တဲ့ဉာဏ်မှ သတ်နိုင်တယ်

သေသေချာချာမှတ် ဖြစ်ပျက်မြင်တဲ့ဉာဏ်မှ သတ်နိုင်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘာတဲ့ (ဖြစ်ပျက်မြင်တဲ့ ဉာဏ်မှ သတ်နိုင်ပါတယ် ဘုရား)။

ဖြစ်ပျက်မြင်တဲ့ဉာဏ်မှ သတ်နိုင်တယ်ဆိုတာများ ရှင်းရှင်းလင်းလင်း မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ကလေးမှ မတွေ့သေးလို့ရှိရင်ဖြင့် စုံလုံးကန်းကလေးမွေး၍ စုံလုံးကန်းကလေး သေသွားတာပဲလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မတွေ့တဲ့ ပုဂ္ဂိုလ်တွေမှာ ဘယ်လိုအောက်မေ့ကြမယ် (စုံလုံးကန်းကလေးမွေး၍ စုံလုံးကန်းကလေး သေပါတယ် ဘုရား)။

စုံလုံးကန်းမွေးလာပြီးတော့ (စုံလုံးကန်းသေပါတယ်) ကဲ သစ္စာမျက်လုံးရသေးရဲ့လား (မရပါ ဘုရား)။

အဲဒီတော့ စုံလုံးကန်းမွေး၍ စုံလုံးကန်းသေတဲ့ မသာကလေးတွေ ဖြစ်သွားတော့ မနာဘူးလား (နာပါတယ် ဘုရား)။

ဒါကြောင့် ဖြစ်ပျက်တွေ့တဲ့ ပုဂ္ဂိုလ်ကျတော့ သစ္စာမြင်တဲ့ ပုဂ္ဂိုလ်မို့ အမြင်ကလေးမွေးပြီး သကာလ ယင်းပုဂ္ဂိုလ် သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နောက်ထပ် လမ်းမမှားတော့ဘူး၊ မသေရာသာ သွားတော့တယ် (မှန်ပါ့ ဘုရား)။

မမြင်တဲ့ပုဂ္ဂိုလ် စုံလုံးကန်းကတော့ သွားမိသွားရာ သွားမှာပဲ (သွားမှာပါ ဘုရား)။

ဒီပုဂ္ဂိုလ်ကတော့ သစ္စာမြင်တဲ့ဉာဏ်နဲ့ သေသွားတဲ့အခါကျတော့ ခုနင်က ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံထဲ မသွားတော့ဘူး (မှန်ပါ့) ဒုက္ခလေးချက်ရှိတဲ့နေရာ သွားသေးရဲ့လား (မသွားပါ ဘုရား)။

ဒုက္ခလွတ်တဲ့နေရာသာ သွားတော့တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)၊ ရှင်းကြပလား (ရှင်းပါပြီ) ဪ ဒါဖြင့် သစ္စာဟာ သိပ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား)။

သစ္စာသိပ်အရေးကြီးတယ်၊ ဒါကြောင့် ဘုရားတိုင်း-ဘုရားတိုင်း ငါသစ္စာမသိတုန်းကလဲ မင်းတို့လိုပါပဲကွာ၊ အိုဘေး၊ နာဘေး၊ သေဘေးကို အဖော်လုပ်နေတာပဲ (မှန်ပါ့) ငါ သစ္စာသိလာတဲ့တစ်နေ့မှာ အိုဘေး၊ နာဘေး၊ သေဘေးနဲ့ အိုးစားကွဲတယ်ကွာဆိုတော့ ဒကာ ဒကာမတွေ အိုဘေး၊ နာဘေး၊ သေဘေးနဲ့ အိုးစားကွဲချင်လို့ရှိရင်ဖြင့် ခုနင်က ဒုက္ခလေးချက်ပေးတာဟာ ကံပဲ (မှန်ပ့ါ ဘုရား)။

စိတ္တနုပဿနာရှုလိုက်

ဒီကံမလာအောင် ခင်ဗျားတို့ ဘယ့်နှယ်လုပ်မတုန်းဆိုတော့ စိတ္တနုပဿနာရှုလိုက် (မှန်ပါ့) စိတ္တာနုပဿနာ ရှုလိုက်ပါ၊ ကြားစိတ်ကလေးရှုလိုက်၊ နံစိတ်ကလေး ရှုလိုက်၊ စားစိတ်ကလေးကော (ရှုရမှာပါ ဘုရား)။

အဲ စားလို့ကောင်းတယ်ဆိုတာ မလာတော့ဘူး စားစိတ်ကလေး ဖြစ်ပျက်ရှုလိုက်ပြီဆိုမှဖြင့် (မှန်ပါ့) မောင်ဘသော် နေရာကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မဂ် ဆိုကတည်းက စားလို့ကောင်းတဲ့ တဏှာ၊ ဥပါဒါန်၊ ကံ လာသေးရဲ့လား (မလာပါ ဘုရား)။

ဟာ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဒကာ ဒကာမတို့ ယားတဲ့စိတ်ကလေးကိုလဲ ဖြစ်ပျက်ရှုပေးရမယ် (မှန်ပါ့ ဘုရား)။

ယားတဲ့စိတ်ကလေး၊ နာတဲ့စိတ်ကလေးကို ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ဖြစ်ပျက်ရှုတာက မဂ်ဆိုတော့ ယားခြင်း ကြောင့် ဒေါသလာသေးရဲ့လား (မလာပါ) ကောင်းခြင်းကြောင့် တဏှာလာသေးရဲ့လား (မလာပါ ဘုရား)။

တဏှာ၊ ဥပါဒါန် ကံ မလာတော့ဘူး (မှန်ပါ့) မလာတော့ ဘာရှုရှု ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက် စမ်းပါ ရန်သူသတ်နေတာ (မှန်ပ့ါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့က ဝိပဿနာခေတ်၊ ဝိပဿနာ ခေတ်လူတိုင်း ပါးစပ်ဖျားမှာ ဝိပဿနာတရားချည်းပဲ ပြောနေကြတယ်ဆိုတဲ့ဥစ္စာ အဲဒါ စကားဟာ သေးနုပ်ပါသေးတယ် ဒကာကြွယ် (မှန်ပါ့ ဘုရား)။

ရန်သူမှန်းသိလို့ ရန်သူသတ်တဲ့ခေတ်

ဝိပဿနာခေတ် မဟုတ်ပါဘူးတဲ့၊ ရန်သူမှန်းသိလို့ ရန်သူသတ်တဲ့ခေတ် (မှန်ပါ့)။ ဘယ်လိုဆိုကြမလဲ (ရန်သူကို ရန်သူမှန်းသိလို့ ရန်သူသတ်တဲ့ခေတ်ပါ ဘုရား)။

နို့ ရှေးတုန်းက ဘာဖြစ်လို့ မလာခဲ့သတုံး၊ ဝိပဿနာတွေ မလုပ်ကြပါလိမ့်မတုံး၊ ရန်သူမှန်းသိလို့ ရန်သူမသတ်တဲ့ ခေတ်၊ အကန်းမွေးပြီး အကန်းသေတဲ့ခေတ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခုတော့ဖြင့် မျက်စိနှစ်ကွင်း အလင်းထဲရောက်ပြီးသကာလ အလင်းကလေးနဲ့ပဲ သေသွားတော့ကို လမ်းမှား စရာရှိသေးရဲ့လား (မရှိပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တော်တော်အရေးကြီးတဲ့ နေ့ပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) သို့သော် ဒကာ ဒကာမတို့ဝမ်းထဲ လောဘ ဖြစ်ပေါ်လာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) အင်း ဒါဘာလုပ်ကြတာတုန်း (ရန်သူသတ်တာပါ ဘုရား)။

ရန်သူမှန်းသိလို့ ရန်သူသတ်နေတာဘုရာ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒေါသစိတ်ကလေးလာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) အင်း ဘာလုပ်နေတာတုန်း ခင်ဗျားတို့ဟာ (ရန်သူမှန်းသိလို့ သတ်နေတာပါ) တဏှာ၊ ဥပါဒါန်၊ ကံ နောက်က မသေဘူးလား (သေပါတယ်) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

အင်း ဝမ်းထဲမျာ တစ်ခါ သံသယရှိနေရင် မောဟစိတ်ကလေး၊ ပျံ့လွင့်တဲ့ ဥစ္ဓစ္စစိတ်ကလေး လာရင်လဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဟ ဘာလုပ်တာတုံး ဒကာ ဒကာမတွေ (ရန်သူကို ရန်သူမှန်းသိလို့ သတ်တာပါ ဘုရား)။

ဝိပဿနာရှုနေတယ် မပြောပါနဲ့ ဟုတ်လား၊ ကိုယ့်ရန်သူမှန်းသိလို့ ကိုယ်သတ်နေတဲ့အလုပ်ကို လုပ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဆိုတော့ အို-သူတို့ ဝိပဿနာတွေက ရူးသလိုလို နောက်သလိုလိုနဲ့ အတော်ရှုပ်တယ်လို့ ပြောနေဦးမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလိုဖြစ်နေဦးမယ်၊ ကိုယ့်ရန်သူ ကိုယ်သတ်နေတယ်ဆိုတဲ့ အဖြေကို အမြဲပေးကြပါ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ကိုယ့်ရန်သူ ကိုယ်သတ်နေတဲ့ ပုဂ္ဂိုလ်အဖြေသဘောကျတော့ ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်က ဒကာကြွယ် သူ့ဟာသူ သိသွားတယ် (သိပါတယ်)သူက ရန်သူပန်းကုံးနေတာ သေချင်သေးလို့ပါပဲ (မှန်ပ့ါ) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အတွင်းဧည့်သည်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခုရှုနည်း လောဘ၊ ဒေါသ၊ မောဟ ပြီးသွားပြီ အတွင်းဧည့်သည်နော် (မှန်ပ့ါ ဘုရား)။

ကဲ တစ်ခါ အလောဘဆိုတဲ့ မလိုချင်တဲ့ စိတ်ကလေး ပေးချင်ကမ်းချင်တဲ့ စိတ်ကလေးလာလဲ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)

အင်း သူက ဖြစ်ပျက်ဆိုတော့ ရှုတာကမဂ် (မှန်ပါ့) ဒီမဂ်က ရန်သူ ဘယ်နှယောက်သတ်ပါလိမ့် (သုံး ယောက်ပါ) တဏှာ၊ ဥပါဒါန်၊ ကံ သုံးယောက်ကို မသတ်ဘူးလား (သတ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဝိပဿနာရှုတာလား ရန်သူသတ်နေတာလား (ရန်သူသတ်နေတာပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်တဲ့ ရန်သူသတ်တဲ့အလုပ်ကြီးတစ်ခုကို ခင်ဗျားတို့ ရန်သူ မွေးတာနဲ့ ရန်သူဆက်တာသည်ကားလို့ ဆိုလု့ိရှိရင်ဖြင့် ကိုယ်ကျိုးရှိတာနဲ့ ကိုယ်ကျိုးနည်းတာ ကွာပါသေးတယ် (မှန်ပါ့ ဘုရား)။

ကိုယ်ကျိုးရှိတာက ရန်သူသတ်နိုင် ကိုယ်ကျိုးရှိတယ် (မှန်ပ့ါ) ကိုယ်ကျိုးနည်းတာက ရန်သူမွေးနေလို့ရှိရင်ဖြင့် ကိုယ်ကျိုးဖြင့် သေသေချာချာ လှလှကြီးနည်းတော့မှာပဲဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ) မပေါ်ဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝမ်းထဲမှာ အဒေါသစိတ်ဆိုတဲ့ မေတ္တာစိတ်ကလေး ပေါ်လာတယ် (မှန်ပါ့) ဟိုပုဂ္ဂိုလ်မေတ္တာရှိ- ဒီပုဂ္ဂိုလ် မေတ္တာရှိ (မှန်ပါ့) အဲဒီမေတ္တာစိတ်ကလေးပေါ်လာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါ မယ် ဘုရား)။

ဖြစ်ပျက်သာရှု (မှန်ပါ့) ဖြစ်ပျက်မရှုလို့ရှိရင် မေတ္တာလိုလိုနဲ့ ဒကာ ဒကာမတို့ နောက်က တဏှာလိုက်လာလိမ့် မယ် (မှန်ပ့ါ ဘုရား)။

”ရောဂါ မေတ္တာယ ဝေဉ္စတိ” လှည့်ပတ်လာ၏ဆိုတော့ တစ်ခါတည်း နောက်က မေတ္တာလိုလိုနဲ့ တဏှာက နောက်ကလိုက်လာတယ် (မှန်ပါ့ ဘုရား)။

ဒီကလေးလေးကို သားသုံးယောက်ရှိသည့် အနက်က သူ့အပေါ် မေတ္တာအပိုဆုံး ဆိုလို့ရှိရင် သွားပြီ၊ တဏှာက ပါလာတာပဲ (မှန်ပါ့) မပါသေးဘူးလား (ပါပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် မေတ္တာစိတ်လာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုတော့ ဒကာ ဒကာမတို့ ဝိပဿနာရှုတာလား၊ ကိုယ့်ရန်သူ ကိုယ်သတ်ကြတာလား (ကိုယ့်ရန်သူ ကိုယ်သတ်ကြတာပါ ဘုရား)။

ဟာ ဒါဖြင့် မျက်စိအလင်းရလာပလား စုံလုံးကန်းပဲရှိသေးသလား (အလင်းရပါပြီ) မျက်စိအလင်းရတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အပြင်သည့်သည် ငါးယောက်ဆိုတာလဲ စာရွက်ကလေးထဲ ပါပါတယ် (မှန်ပါ့) အတွင်းဧည့်သည် ငါးယောက်ဆိုတာကော (ပါပါတယ် ဘုရား)။

ကဲ အတွင်းဧည့်သည် အပြင်ဧည့်သည်က တပည့်တော်တို့ သန္တာန်မလာပြန်ဘူးဘုရား ဆိုတော့ လေကိုထွက် အောင် အားထုတ်တဲ့စိတ်၊ ဒါကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

သူတို့က ရှိမှာပဲ သက်စောင့်ကိုးဗျ (မှန်ပါ့) “အဿာသပဿာသာ ကာယ သင်္ခါရော”ဆိုတဲ့အတိုင်း (မှန်ပါ့)။

ဒကာ ဒကာမတို့ တစ်ခါတလေ ပြန်ရှိုက်တဲ့စိတ်ကလေးလာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်ဘုရားဝ။

သူတို့နှစ်ခုကို အမြဲရှု (မှန်ပါ့) ဒီ့ပြင်ဟာ အတွင်းဧည့်သည်၊ အပြင်ဧည့်သည်က လာမှရှု (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် ရှုစရာဘယ်လောက်ပါသတုံးမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ဆယ့်နှစ်ခုပါ ဘုရား) ဆယ့်နှစ်ခုပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အိမ်သည်စိတ်နှစ်ခု

အဲဒီတော့ကို အမြဲတမ်းရှုရမှာက အိမ်သည်စိတ်နှစ်ခု (မှန်လှပါ ဘုရား)။

ဒကာကြွယ်ရေ ထွက်စိတ်လေကို ဖြစ်အောင်အားထုတ်တဲ့ စိတ်၊ လေကို ပြန်ရှိုက်တဲ့စိတ်၊ ဒီနှစ်ခုကတော့ ရှုသာနေ၊ အမြဲတမ်းရှိမှာပဲ (မှန်ပါ့) ကြားစိတ်ဝင်မလာရင် ရှိနေတာပဲ (မှန်ပါ့) ကြားစိတ် မြင်စိတ်ဝင်လာတော့ သူမရှိဘူး (မှန်ပ့ါ ဘုရား)။

ဘာလိုက်ရှုကြမယ် (မြင်စိတ်ပါ ဘုရား)။ မြင်စိတ်လိုက်ရှု (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒီကဲ့သို့ ရှုလိုက်၊ ရှုလိုက်ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ မြင်စိတ်နောက်ကလဲ ဖြစ်ပျက်၊ ရှူစိတ်နောက်ကလဲ (ဖြစ်ပျက်ပါ ဘုရား) ဖြစ်ပျက်သိတဲ့ မဂ်ပေါ့ဗျာ (မှန်ပါ့) အင်း ရှိုက်စိတ်နောက်ကကော (ဖြစ်ပျက် သိတဲ့မဂ်ပါ ဘုရား)။

သူက ဖြစ်ပျက်၊ သိတာက မဂ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေက နောက် ရငပေးနေကြတာသည် ဝိပဿနာရှုတာလား၊ ရန်သူသတ်ပွဲ အလုပ် လုပ်နေကြတာလား (ရန်သူသတ်ပွဲ အလုပ်လုပ်နေကြတာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရန်သူသိတာက သမုဒယသစ္စာသိတယ် (မှန်ပါ့) ရန်သူကြောင့် ဒုက္ခရောက်ခဲ့တဲ့ လေးချက်ကို သိတာက ဒုက္ခသစ္စာသိတယ် (မှန်ပါ့)။

ဒီရန်သူကို မနိုင်ခဲ့တဲ့အတွက် ဒုက္ခ ဘယ်နှစ်မျိုးရခဲ့သတုန်း၊ (လေးမျိုးရပါတယ် ဘုရား) ဇာတိ-ဒုက္ခ၊ ဇရာ-ဒုက္ခ၊ ဗျာဓိ-ဒုက္ခ၊ မရဏ-ဒုက္ခ (မှန်ပါ့)။

ဒါဖြင့် ရန်သူသုံးယောက်က သမုဒယသစ္စာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရန်သူသုံးယောက်က (သမုဒယသစ္စာပါ ဘုရား) ရန်သူသုံးယောက်ပေးထားတဲ့ ဒုက္ခလေးချက်က (ဒုက္ခသစ္စာ ပါ ဘုရား)။

ရန်သူသုံးယောက်ဆိုတာက တဏှာ ဥပါဒါန် ကံ၊ ရှင်းပလား (ရှင်းပါပြီ) သူက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

အင်း သူတို့ကြောင့် ကျုပ်တို့ ဒုက္ခလေးချက်ရတာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အခုတော့ဖြင့် ဒကာ ဒကာမတွေ မြင်စိတ်ပေါ်လဲ ဖြစ်ပျက်ရှုလိုက်တော့ သမုဒယသစ္စာလဲ သတ်ပြီးသား (မှန်ပါ့) ဒုက္ခသစ္စာကော (သတ်ပြီးသားပါ ဘုရား)။

သမုဒယသိမ်းလဲ နိဗ္ဗာန်၊ ဒုက္ခသိမ်းလဲ နိဗ္ဗာန်

ဒါဖြင့် သမုဒယသိမ်းလဲ နိဗ္ဗာန် (မှန်ပါ့) ဒုက္ခသိမ်းလဲ (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ပဲဆိုတော့ ဪ ရှုမှ နိဗ္ဗာန်ရောက်တာပါ (မှန်လှပါ ဘုရား) ဘယ်လိုပါလိမ့် (ရှုမှ နိဗ္ဗာန်ရောက် တာပါ) ရှုမှနိဗ္ဗာန်ရောက်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဖြစ်ပျက်ရှုလိုက်တဲ့အခါ၊ ရှုတဲ့ဉာဏ်က ဘာသစ္စာတုန်း (မဂ္ဂသစ္စာပါ ဘုရား) နောက်က ရန်သူ သုံးယောက်က ဘာသစ္စာတုန်း (သမုယဒသစ္စာပါ ဘုရား) သေမသွားသေဘူးလား (သေသွားပါပြီ ဘုရား)။

ရှုလိုက်တော့ သေသွားတယ် (မှန်ပါ့) ဒါဖြင့် ဒုက္ခလေးချက်ကလဲ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဒါဖြင့် သမုဒယသိမ်းလဲ ဘာခေါ်မလဲ (နိဗ္ဗာန်ပါ ဘုရား)။ ဒုက္ခလေးချက် သိမ်းလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဪ ဒါဖြင့် ဒီ မဂ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သမုဒယကိုလဲ ပယ်တယ်ဟုတ်လား (မှန်ပါ့) နိဗ္ဗာန်လဲ မျက်မှောက်ပြုနိုင်သောကြောင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာသိတဲ့ ပုဂ္ဂိုလ်အလုပ်ကို လုပ်သောကြောင့် ဒုက္ခသစ္စာကိုလဲ ပရိညေယျနဲ့ ပိုင်းခြားပြီး သိတဲ့ပုဂ္ဂိုလ်မို့ လုပ်ဖြစ်တာ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာ ရှေးဦးစွာသိတာက ဒုက္ခသစ္စာပေါ့ဗျာ (မှန်ပါ့) သိတာက မဂ္ဂသစ္စာပေါ့ဗျာ၊ (မှန်ပါ့) သိတာက မဂ္ဂသစ္စာ (မှန်ပါ့) သေတာက သမုဒယသစ္စာ (မှန်ပါ့) ဒုက္ခလေးချက်မလာတာက (နိရောဓသစ္စာပါ ဘုရား)။

အဲဒီလို အားထုတ်လိုက်တော့ ဒကာ ဒကာမတို့ ကံ-အမိ၊ ကံ-အဖတွေ အကုန်သွား (မှန်ပါ့) တဏှာအမိ၊ မာနအဖတွေကော အကုန်သွား (မှန်ပါ့) မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

အဲဒါကြောင့် အခု-ဘုန်းကြီးပြောတဲ့ စိတ္တာနုပဿနာစာရွက် ကလေးတွေကို ဒကာ ဒကာမတွေ ပေးထားပါ တယ် (မှန်လှပါ ဘုရား) မရသေးတဲ့ပုဂ္ဂိုလ်များ ဆိုင်ရာတောင်းပေါ့ဗျာ (မှန်ပ့ါ)။

စိတ်ချုပ်ရင် ရုပ်ချုပ်ပါတယ်

အဲဒီတော့ ဒါသာလှည့်ရှုပြီးသကာလ နေကြမယ်ဆိုလို့ရှိရင်ဖြင့် စိတ်ချုပ်ရင် ရုပ်ချုပ်ပါတယ် (မှန်ပါ့)။

စိတ်ချုပ်ရင် (ရုပ်ချုပ်ပါတယ် ဘုရား) စိတ်နဲ့ပတ်သက်တဲ့ စေတသိက်တွေကော (ချုပ်ပါတယ် ဘုရား)။

အဲဒီတော့ တစ်ခုရှုလို့ရှိရင် ခန္ဓာငါးပါး အကုန်ချုပ်ပါတယ် (မှန်ပါ့)။

အဲဒါကြောင့် စိတ် ဖြစ်ပျက်မြင်အောင် ရှု (မှန်ပ့ါ) ၎င်းအဖြစ်အပျက်ကို မြင်လဲ မရပ်နဲ့ မုန်းအောင်ရှု။

၎င်းဖြစ်ပျက်က ဒုက္ခသစ္စာပါလားလို့ ဆိုပြီးသကာလ ပိုင်ပိုင်နိုင်နိုင် သိပြီး ဆုံးအောင်ရှု (မှန်ပါ့)။

ဤကဲ့သို့ ရှုလို့ရှိရင် ၁-နံပါတ်ရှုတာက ယထာဘူတဉာဏ် (မှန်ပါ့)၊ ၂-နံပါတ်က နိဗ္ဗိန္ဒဉာဏ်၊ ၃-နံပါတ်က မဂ်ဉာဏ်ဆိုတဲ့ သောတာပန်တည်လို့ရှိရင်ဖြင့် အတိတ်ပြုလုပ်ထားတဲ့ ကံတွေကိုလဲ ဒီဉာဏ်က သတ်တယ် (မှန်ပါ့) ယခုဘဝမှာ မိုက်မဲထားတဲ့ ကံတွေကော (သတ်ပါတယ် ဘုရား) အနာဂတ်မိုက်မဲလတ္တံ့ကံတွေကော (သတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီမဂ်ဉာဏ်သည် ဒကာ ဒကာမတို့ ကံ၊ သတ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ) ကံသတ်လိုက် ကတည်းက ဒုက္ခလေးချက် လွတ်ပေါ့လို့ ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။