သံသရာ့ခရီးသည်၏ ထွက်လမ်း
(အာသဝေါကုန်ရာနိဗ္ဗာန်)
ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ
အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း – မိုးကုတ်ဆရာတော်ဘုရား
အမရပူရမြို့ ဓမ္မာရုံ၌ – ဟောကြားတော်မူသော
(၁၉-၉-၆၂)
အာသဝေါတရားကုန်တယ်ဆိုတာ
အာသဝေါတရားကုန်တယ်ဆိုတဲ့ ဥစ္စာ စကားအားဖြင့် အာသဝေါတရားကုန်တယ်လို့ မှတ်ကြပါ နော် (မှန်ပါ့) စင်စစ်တော့ အာသဝေါကုန်တယ်ဆိုတာ အကြောင်းကုန်တာ ပြတာ (မှန်ပါ့ ဘုရား)။
အကြောင်းကုန်တာသည် အကျိုးပြည့်စုံတာလို့ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီအာသဝေါတရား ကုန်တယ်။ အာသဝေါ တရားကုန်တယ်ဆိုတဲ့ ဥစ္စာသည် အကြောင်းတရားတွေ ကုန်သွားလို့ အကျိုးတရားဖြစ်တယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုတာတစ်မျိုး၊ ကိုယ်တိုင်ရသွားတာတစ်မျိုး၊ နှစ်မျိုးဖြစ်တယ် လို့ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အာသဝက္ခယ သုတ်ဣတိဝုတ်ပါဠိတော်မှာ ဟောတယ်။ မည် သည့်ပုဂ္ဂိုလ် အာသဝေါတရားကုန်တယ်ဆိုတာ ငါပြောမယ်ဟေ့ တဲ့။ အာသဝေါတရားကုန်တယ်ဆိုတာသည် အာသဝေါတရား၏ ပင်ကိုယ်သဘောက ဘုံ,အားဖြင့် နေဝသညာ နာသညာယတန ဘုံ,တိုင်အောင် အောက် အဝီစိ တိုင်အောင် မြုပ်အောင် လုပ်တတ်တဲ့ တရားကို အာသဝလို့ ခေါ်တယ် (မှန်ပါ့ ဘုရား)။
မျောအောင် မြုပ်အောင် လုပ်တတ်တဲ့ တရား
အထက်ဘဝဂ်တိုင်အောင် အောက် အဝီစိတိုင်အောင် မျောအောင် မြုပ်အောင် လုပ်တတ်တဲ့ တရားကို ဘာ,တရားခေါ်ကြမယ် (အာသဝေါတရား ခေါ်ပါတယ်ဘုရား) အာသဝေါတရားလို့ မှတ်ထားကြပါ နော် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် အာသဝေါတရားဆိုတာ အထက်သို့ ဘဝဂ်တိုင်အောင် မျောတယ်။ အောက် အဝီစိတိုင်အောင် မြုပ်စေတဲ့တရားကို အာသဝေါတရားလို့ မှတ်ထားလိုက်တော့ ဘာတုံးလို့ မေးတော့ကို လောဘ, မောဟပဲ (မှန်ပါ့)။
ကာမာသဝဆိုတာလည်း လောဘ။ ဘဝါသဝဆိုတာလည်း လောဘပဲ။ ဒိဋ္ဌာသဝ ဆိုတာက ဒိဋ္ဌိပဲ။ အဝိဇ္ဇာသဝ ဆိုတာက မောဟ (မှန်ပါ့) ပေါင်းလိုက်တဲ့အခါကျတော့ တူရာပေါင်းလိုက်တဲ့အခါကျတော့ အာသဝေါတရားသုံး ပါး။ နာမည်ရင့်ရင့်နဲ့ ဝေဖန်လိုက်တဲ့အခါ အာသဝေါတရားလေးပါး (မှန်ပါ့ ဘုရား)။
ကာမာသဝက ကာမဘုံကို မြုပ်အောင် မျောအောင် လုပ်တတ်တဲ့ လောဘကို ကာမာသဝလို့ မှတ်ထားပါ (မှန်ပါ့) ရူပအရူပဘုံကို မျောအောင် မြုပ်အောင် လုပ်တတ်တဲ့တရားက ဘဝါသဝလို့ မှတ်ထားပါ။ အပါယ်လေးပါး ကျအောင် လုပ်တတ်တဲ့တရားက ဒိဋ္ဌာသဝလို့ မှတ်ထားပါ (မှန်ပါ့) သုံးဆယ့်တစ်ဘုံလုံးကို ခြုံပြီး မြုပ်အောင် မျော အောင် လုပ်တတ်တာက အဝိဇ္ဇာသဝ (မှန်ပါ့) သူ အကျယ်ဆုံးပဲလို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီအာသဝေါတရားတွေ ဒကာ ဒကာမတွေက သိနေတော့ အာသဝေါတရားဆိုတာ ရှိနေလို့ရှိရင်ဖြင့် အာသဝေါတရား ကုန်ရာလည်းရှိတယ်လို့ မှတ်ထားကြပါ (မှန်ပါ့)။
အာသဝေါရှိရင် (အာသဝေါကုန်ရာလည်း ရှိပါတယ် ဘုရား) ကုန်ရာလည်း ရှိတယ် (မှန်ပါ့ ဘုရား)။
အာသဝေါကုန်ရာရှိတယ်
ဪ ဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အာသဝေါရှိရင် အာသဝေါကုန်ရာရှိတယ်ကွာ လို့ ပြောတော့ ဘယ်လိုပုဂ္ဂိုလ်များ ဘယ်လို အကြံဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်များ အာသဝေါတရားကုန်ပါလိမ့်မတုံးဆိုတော့ “ဈာန တော ဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ” တဲ့။ ဘုရားက ဟောလိုက်တယ်။
ဈာနတော = ရှုသော ပုဂ္ဂိုလ်။ ပဿတော = ရှုတဲ့အခါ မြင်သော ပုဂ္ဂိုလ်အား။ အာသဝါနံ = အာသဝေါတရား တို့၏။ ခယံ = ကုန်ရာကို။ ဝဒါမိ = ရောက်နိုင်တဲ့ တရားဟူ၍ ဟောတော်မူ၏ တဲ့။
ဪ ရှုတဲ့ပုဂ္ဂိုလ်။ ရှုလည်းရှု မြင်လည်းမြင်တဲ့ ပုဂ္ဂိုလ်မှာ အာသဝေါတရားကုန်တယ် (မှန်ပါ့ ဘုရား)။
ဪ အာသဝေါတရားကုန်တယ်ဆိုတာ ရှုမြင်တဲ့ပုဂ္ဂိုလ်မှ ရှုလည်းရှုမှ မြင်လည်းမြင်မှ အာသဝေါတရား ကုန်တယ်လို့ နောက်က ဒကာ ဒကာမတွေ မှတ်ထားကြပါ (မှန်ပါ့) ရှုလည်းရှု မြင်လည်းမြင် နော် (မှန်ပါ့)။
အဲဒီတော့ အခု ဒီလာပြီး ဒကာ ဒကာမတွေ နေကြတယ်။ ဘယ်အကျိုးငှာ လာနေကြသတုံးလို့ မေးတဲ့အခါ အာသဝေါ တရားကုန်ချင်လို့ လာနေကြတာပဲ (မှန်ပါ့)။
အာသဝေါကုန်ချင်လို့ လာနေကြတာပဲ။ အာသဝေါတရားဟာ မြုပ်တတ် မျောတတ်လွန်းလို့ ဒါကို သိပြီး သကာလ ထားတော့ ဒကာ ဒကာမတွေ ရှုရမယ်။ မြင်အောင်ရှုလို့ရှိရင် အာသဝေါတရား ကုန်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
မြင်အောင် ရှုကြလို့ရှိရင် (အာသဝေါတရား ကုန်ပါလိမ့်မယ် ဘုရား)။
အဲ မြင်အောင် ရှုလို့ရှိရင် အာသဝေါတရား ကုန်ပါလိမ့်မယ်လို့ မှတ်ထားကြပါ (မှန်ပါ့)။
မြင်ရမှာက ဘယ်နှစ်မျိုးတုံးလို့ မေးတဲ့အခါကျတော့ သတိပဋ္ဌာန်လေးမျိုး (မှန်ပါ့) လေးမျိုးထဲကလည်း တစ်ခါ တစ်မျိုး မှတ်ထားလိုက်တာပေါ့။ ခန္ဓာငါးပါးကို သတိပဋ္ဌာန်နဲ့ ဝေဖန်တော့ လေးပါးဖြစ်သွားတယ်။ လေးပါးထဲက တစ်ပါးပါးကို ရှုလိုက်ပြန်တော့ သတိပဋ္ဌာန်လေးပါး ကုန်ပြန်တယ် (မှန်ပါ့)။
ရှုလည်းရှုကြပါ၊ မြင်အောင်လည်း ကြည့်ကြပါ
အဲဒါကြောင့် ရှုလည်းရှုကြပါ။ မြင်အောင်လည်း ကြည့်ကြပါလို့ ဘုရားက သတိပေးလိုက်တယ်။ ရှုလို့ မြင်လို့ရှိရင် အာသဝေါတရား ကုန်ပါတယ် (မှန်ပါ့)။
ရှုလို့မြင်ခဲ့သော် (အာသဝေါတရား ကုန်ပါတယ် ဘုရား) အာသဝေါတရား ကုန်တယ်။
ဒါဖြင့် အာသဝေါတရား ကုန်ချင်တဲ့ ဒကာ ဒကာမတွေသည် (ဝါ) နိဗ္ဗာန်ရချင်တဲ့ ဒကာ ဒကာမတွေသည် မြင်အောင် ရှုရမှာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဘာလုပ်ကြမယ် (မြင်အောင်ရှုရပါမယ် ဘုရား) မြင်အောင် ရှုကြရမှာပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားပါ။
မြင်အောင် ရှုကြရမယ်။ ဘာတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ပေးထားတဲ့ စာရွက်ကလေးကြည့်။ မြင်စိတ်ကလေးကို မြင်တတ်တဲ့ စိတ်ကလေးကို ဪ သူမြင်လည်းမြင်တယ်ဆိုတာ ဒီတရားကလေးဟာ မြင်လည်း မြင်တတ်တဲ့တရား။ မြင်ပြီးလည်း ခိုင်မြဲတဲ့တရား မဟုတ်ဘူး။ ပျောက်သွားတဲ့ တရား။
ဒါဖြင့် မြင်စိတ်ကလေးဟာ အာရုံကို မြင်တတ်တာလည်း သူပဲ (မှန်ပါ့) မြင်ပြီး မမြဲတာလည်း (သူပါပဲ ဘုရား) သူပဲလို့ အဲဒီ တရားကလေးသည် မြင်တာသည် ဖြစ်တယ်။ မမြင်တာသည် ပျက်တယ် (မှန်ပါ့)။
မြင်တာသည် (ဖြစ်ပါတယ် ဘုရား) မမြင်တာသည် (ပျက်ပါတယ် ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတွေ မြင်စိတ်ကလေးပေါ်လာလို့ရှိရင် မြင်နေတုန်းက ဪ ဖြစ်တယ် ဟေ့။ မဖြစ်ရဘူး။ ပျက်သွားပြီ။ အဲဒီ နှစ်ခုကို ဒကာ ဒကာမတွေက မြင်စိတ်ကလေး ပေါ်တာလည်းသိ။ မြင်စိတ် ကလေး ပျက်တာလည်း သိလို့ရှိရင်ဖြင့် ဈာနတော = ရှုသော ပုဂ္ဂိုလ်အား။ ပဿတော = မြင်သော ပုဂ္ဂိုလ်အား တဲ့။ ဪ ဒါကလေးဟာ ဖြစ်မှု-ပျက်မှု နှစ်ခုပါကလားလို့ မြင်ခဲ့လို့ရှိရင် အာသဝေါတရား ကုန်ပါတယ် (မှန်ပါ့ ဘုရား)။
ဖြစ်မှု-ပျက်မှု နှစ်ခုပါလားလို့ သိရင် (အာသဝေါတရား ကုန်ပါတယ်ဘုရား) အာသဝေါတရားကုန်တယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဖြစ်မှု-ပျက်မှုဆိုတာ
အဲဒီတော့ ဒကာ ဒကာမတွေ ဪ ဖြစ်မှု-ပျက်မှုဆိုတာ တခြားမှာ ရှိတာမဟုတ်ပါဘူး။ ခန္ဓာထဲမှာရှိ တယ် (မှန်ပါ့) ခန္ဓာဘယ်, ခန္ဓာတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ပေးထားတဲ့ စာရွက်ကလေးမှာ ဝိညာ ဏက္ခန္ဓာကို ကြည့်လို့ ပြောထားတယ် (မှန်ပါ့)။
မြင်စိတ်ကလေးဟာ ဝိညာဏက္ခန္ဓာ။ ကြားစိတ်ကလေးဟာကော (ဝိညာဏက္ခန္ဓာပါပဲ ဘုရား) အေး နံစိတ်ကလေး၊ စားစိတ်ကလေး၊ ယားယံကောင်းတဲ့ စိတ်ကလေးတွေဟာ (ဝိညာဏက္ခန္ဓာပါ ဘုရား) လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ (ဝိညာဏက္ခန္ဓာပါ ဘုရား) ရှူစိတ် ရှိုက်စိတ် (ဝိညာဏက္ခန္ဓာပါ ဘုရား)။
ဝိညာဏက္ခန္ဓာကို ဘုန်းကြီးက အဓိက ထားဟောနေတယ် (မှန်ပါ့) ဝိညာဏက္ခန္ဓာ အဓိကထားဟောတော့ ကို ဒီတရားကလေးဟာ အခုပြောခဲ့တဲ့ ဆယ့်နှစ်မျိုး ရှိပါတယ်။ ဆယ့်နှစ်မျိုးဟာ ဘယ်တော့မှ မောင်သစ်တို့ ပြိုင်မပေါ် ပါဘူး (မှန်လှပါ) တစ်ခုဖြစ်ပျက်ပြီးမှ နောက်တစ်ခု ဖြစ်ပျက်လာတာပါ (မှန်ပါ့ ဘုရား)။
တစ်ခု ဖြစ်ပျက်ပြီးမှ (နောက်တစ်ခု ဖြစ်ပျက်လာတာပါ) နောက်တစ်ခု ဖြစ်ပျက်လာတာပါလို့ မှတ်ထားလိုက် တာပေါ့ (မှန်ပါ့)။
အဲဒီတော့ တစ်ခုသော တရားကလေးမြင်တာကလေးဟာ ဖြစ်တယ်၊ မမြင်ပြန်ဘူး ပျက်တယ်။ ကြားတာကလေး ဟာ ကြားစမှာ ဖြစ်တယ်ကြားတဲ့ စိတ်ကလေးဖြစ်လို့ ကြားတာ (မှန်ပါ့) မကြားရပြန်ဘူးဆို ပျက်တယ်။
ဪ ဤကဲ့သို့ ဖြစ်ပျက်နှစ်ခုကို ဇာနတော = ရှုသော၊ ပဿတော = မြင်သော ပုဂ္ဂိုလ်အား၊ အာသဝါနံ = အာသဝေါတရားတို့၏၊ ခယံ = ကုန်ရာကို၊ ဝဒါမိ = ဟော၏။
ဒီနှစ်ခုမြင်ရင်
ဒီနှစ်ခုမြင်ရင် အာသဝကုန်ရာ နိဗ္ဗာန်ကို ရောက်လိမ့်မယ်လို့ ငါဟောတာပဲတဲ့။ ရှင်းကြပလား (ရှင်းပါပြီ)။
ဒီနှစ်ခုမြင်ရင် (အာသဝကုန်ရာ နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။
နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ဟောတယ်ဆိုတော့ ဒကာ ဒကာမတွေ ဆယ့်နှစ်ခုကလေး၏ ဖြစ်မှု-ပျက်မှု မြင်အောင် ကြည့်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဘယ်နှစ်ခု ကြည့်ရမလဲ (ဆယ့်နှစ်ခု ကြည့်ရပါမယ် ဘုရား) အေး ဆယ့်နှစ်ခုဆိုတာ ဒကာ ဒကာမတွေကို စာရွက်ကလေးတွေ ပေးထားပါတယ်။ ဆယ့်နှစ်မျိုး အဲဒါကလေးဟာ တစ်ခုစီ ဖြစ်နေမှာပဲ။ တစ်ခုပေါ်လိုက်-ဖြစ်ပြီး- ပျက်သွားလိုက်၊ အဲဒါက လေးမြင်အောင်ကြည့်။ ဒါကလေးမြင်အောင် ကြည့်ကြည်-ကြည့်ကြည့်နေလို့ရှိရင် အာသဝေါ တရား ကုန်သွားတယ်ဆိုတော့ ကိုင်း ကိုယ့်ပါလာတဲ့ ပဋိစ္စသမုပ္ပါဒ် ကိုယ်ခင်းလိုက်ပါဦး နော် (မှန်ပါ့ဘုရား)။
ပေါ်လာလိမ့်မယ်။ အဲဒီတော့ အာသဝေါတရားကုန်တယ်၊ မကုန်တယ်ဆိုတာ ပေါ်လာပါလိမ့်မယ် နော် (မှန်ပါ့)။
ဥပမာမယ် သဠာယတနဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ဆယ့်နှစ်မျိုးကို ဆိုပါတယ်။ မြင်စိတ်-ကြားစိတ် တွေ ပေါင်းလိုက်တဲ့အခါ သဠာယတနထဲက မနာယတနဆိုတာကို ဖြန့်လိုက်လို့ရှိရင်ဖြင့် မောင်ချစ်စိန် ဆယ့်နှစ်ခုရှိ တယ် မှတ်လိုက်ရုံပေါ့ နော် (မှန်ပါ့)။
စိတ်ကို ဖြန့်လိုက်ရင် (ဆယ့်နှစ်ခုရှိပါတယ် ဘုရား) ဆယ့်နှစ်ခု နော် (မှန်ပါ့)။
အဲဒီ ဆယ့်နှစ်ခုဟာ ဆယ့်နှစ်ခု ပြိုင်ပေါ်သလား။ သူပေါ်ချင်သလို ပေါ်တာလား (သူပေါ်ချင်သလို ပေါ်ပါ တယ် ဘုရား)။
သူပေါ်ချင်သလိုပေါ်တယ် ဆိုငြားသော်လည်း နှစ်ခုပြိုင်ပေါ်သလား တစ်ခုတည်းပေါ်သလား (တစ်ခု တည်းပေါ်ပါတယ် ဘုရား)။
တစ်ခုတည်းပေါ်တယ်လို့ ဒကာ ဒကာမတွေက မှတ်ထားပေါ့ (မှန်ပါ့)။
အဲဒီလိုမှတ်ပြီးသကာလထားလိုက်တော့ ပေါ်တဲ့အချိန်မှာ ကြည့်လိုက်တာပေါ့။ ဥပမာ လောဘစိတ်ကလေး ဟာ ဝမ်းထဲပေါ်တယ်။ စားချင်တဲ့စိတ်ကလေး၊ ဝတ်ချင်တဲ့ စိတ်ကလေး၊ ပျော်တဲ့ စိတ်ကလေး။ ဒါကလေးဟာ ပေါ်လာပြီး ပေါ်တုန်းကို လောဘလို့ ဆိုနိုင်တာပဲ။ ပျောက်သွားတဲ့အခါကျတော့ လောဘဆိုနိုင်သေးရဲ့လား (မဆိုနိုင်ပါ ဘုရား)။
ပေါ်ပြီး ပျောက်တတ်တဲ့တရား
ဒါဖြင့် ဘယ်နည်းနဲ့မှ သူ့ကို လောဘမဆိုနဲ့တော့ ပေါ်ပြီး ပျောက်တတ်တဲ့တရားသာ ဆိုလိုက် (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (ပေါ်ပြီး-ပျောက်တတ်တဲ့တရားပါ ဘုရား)။
အဲ ခန္ဓာကိုယ်ထဲမှာ စိတ်ဆယ့်နှစ်မျိုးပင် ဟောထားငြားသော်လည်း မောင်ချစ်စိန် ပေါ်ပြီး ပျောက်တဲ့ တရားချည်းပဲ (မှန်ပါ့) တန်းတူပဲ (မှန်ပါ့ ဘုရား)။
မြင်စိတ်လည်း ပေါ်-ပျောက် (မှန်ပါ့) ကြားစိတ်လည်း (ပေါ်ပျောက်ပါ ဘုရား)။
ပေါ်ပျောက်ချည်းပဲဆိုတာ ဒကာ ဒကာမတွေက မှတ်ထားလိုက်တော့ အဲဒီ့ပေါ်တာနဲ့ ပျောက်တာကို (ဝါ) ဖြစ်တာနဲ့ ပျက်တာကို မြင်လို့ရှိရင်ဖြင့် တဲ့ ဒုတိယ ၂-နံပါတ်အကွက်မှာ မြင်လို့ရှိရင်ဖြင့် ၂-နံပါတ်ကြားထဲမှာ မဂ်က ဝင်တာပဲ (မှန်ပါ့)။
မြင်တဲ့အခါကျတော့ နောက်က တဏှာ ဥပါဒါန်လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ဘူး။
မြင်တဲ့တရားက မြင်လိုက်ရင်ပဲ သူက အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သောကြောင့် အဝိဇ္ဇာချုပ်တယ် (မှန်ပါ့) အဝိဇ္ဇာသာ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) နောက်ကလည်း တဏှာ လာသေးရဲ့လား (မလာပါ ဘုရား)။
ဟာ ဒါဖြင့် တဏှာမလာသဖြင့် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ ချုပ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
မြင်တဲ့ တရားကလေးက စိတ်ဖြစ်ပျက်ကို မြင်လိုက်လို့ရှိရင် မြင်-မြင်ချင်း အဝိဇ္ဇာသဝချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နောက်က တဏှာ ဥပါဒါန်လာသေးရဲ့လား (မလာပါ ဘုရား) မလာသောကြောင့် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ ချုပ်တယ် (မှန်ပါ့)။
ဒါ စဉ်းစား၊ ဒီနေ့တရားက တစ်မျိုးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ကဲ ရှေ့က ကြားစိတ်ကလေး မောင်ချစ်စိန် ဖြစ်မှု-ပျက်မှုကလေး မင်းက ရှုလိုက်တယ်။ ဖြစ်မှု-ပျက်မှုမြင်တာက မြင်တဲ့ တရားက အဝိဇ္ဇာလား ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။
ဒါဖြင့် ဝိဇ္ဇာဆိုကတည်းက အဝိဇ္ဇာသဝ ချုပ်ပြီ (မှန်ပါ့) မချုပ်သေးဘူးလား (ချုပ်ပါပြီ)။
ကောင်းပြီ မြင်တဲ့အထဲမှာပဲ မြင်တတ်တဲ့ တရားကလေးက အဝိဇ္ဇာကို ချုပ်အောင် လုပ်တော့ကို မြင်ရင် ခင်တတ်တဲ့ နောက်က တဏှာလာသေးလား (မလာပါ ဘုရား) ကြားရင် ခင်တတ်တဲ့ တဏှာလာသေးရဲ့လား (မလာပါ ဘုရား)။
မလာတော့ အဲဒါက ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ ဆိုတဲ့ သုံးမျိုးချုပ်တယ် (မှန်ပါ့) ဘယ်နှစ်မျိုး ချုပ်သွား သတုံး (သုံးမျိုးချုပ်ပါတယ် ဘုရား)။
ဒါဖြင့် မဂ္ဂင်- မဂ်ထဲပါတဲ့တရားက တစ်မျိုးချုပ်စေတယ် မလာဘဲနဲ့ မဂ်နောက်က မလာရအောင်လို့ ကန့်ကွက် တဲ့ သဘောနဲ့ ချုပ်တာက အာသဝေါသုံးပါး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အာသဝေါတရား သုံးပါး (မှန်ပါ့) အေး ဦးကျော်မောင်တို့ သေသေချာချာ မှတ်ပါနော် (မှန်ပါ့ ဘုရား)။
မြင်သည်နဲ့ တစ်ပြိုင်နက်တည်း ရှေးကမမြင်တာကို မြင်သောကြောင့် ဘာချုပ်သတုံး (အဝိဇ္ဇာချုပ်ပါတယ် ဘုရား)။
မြင်ရင် မြင်တတ်တဲ့တရားက မြင်လိုက်လို့ သူကတော့ သူလာလို့ ပေါ်လာလို့ ချုပ်တယ် (မှန်ပါ့) ဝိဇ္ဇာပေါ်လာ လို့ အဝိဇ္ဇာချုပ်တယ် (မှန်ပါ့ ဘုရား)။
မောင်သစ် ဝိဇ္ဇာပေါ်လာလို့ (အဝိဇ္ဇာချုပ်ပါတယ်) နောက်တရားတွေကတော့ နောက်တဏှာ မလာတာကတော့ ကို ဒကာ ဒကာမတို့ လာခွင့်မရလို့ ချုပ်တယ် (မှန်ပါ့ ဘုရား)။
ဟိုဟာ သူနဲ့ ဆန့်ကျင်ဘက်ပေါ်လို့ ချုပ်တယ် (မှန်ပါ့) အဝိဇ္ဇာနဲ့ ဆန့်ကျင်ဘက် ဝိဇ္ဇာပေါ်လို့ ချုပ်တာကတစ်မျိုး နော် (မှန်ပါ့) လာခွင့်မရဘဲနဲ့ မပေါ်ရဘဲနဲ့ ချုပ်နေတဲ့ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝကတစ်မျိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အာသဝေါ ဘယ်နှစ်ခုချုပ်သတုံး
ဒါဖြင့် အာသဝေါ ဘယ်နှစ်ခုချုပ်သတုံး (လေးခုပါ) လေးခုချုပ်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် မဂ္ဂင်ငါးပါးထဲက သမ္မာဒိဋ္ဌိဝိဇ္ဇာ ပေါ်လာတော့ ဘယ်သူချုပ်သွားသတုံး (အဝိဇ္ဇာချုပ်သွားတယ်) အဝိဇ္ဇာ ချုပ်တယ်၊ ဒါကတော့ သူလာလို့ကိုချုပ်တယ် (မှန်ပါ့ ဘုရား)။
ဟိုဟာတွေကတော့ကိုတဲ့ နောက်က လာခွင့်မရဘဲနဲ့ မလာဘဲနဲ့ ချုပ်ရတယ် (မှန်ပါ့) တဏှာဆိုတဲ့ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝနော် (မှန်ပါ့) အဲဒီသုံးခုသော အာသဝကတော့ မလာဘဲနဲ့ ချုပ်တယ် (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာချုပ်တာကတော့ သူ့ကိုနိုင်တဲ့ တရားလာလို့ ချုပ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိဇ္ဇာလာတာနဲ့ ဘာတုံး (အဝိဇ္ဇာချုပ်ပါတယ်) အဲဒီကတော့ သူ့ဆန့်ကျင်ဘက်တရား လာတာနဲ့ ချုပ်တယ် (မှန်ပါ့) ဟိုဟာကတော့ လာကို-လာခွင့်မရဘဲနဲ့ ချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရှေ့ကတရားကတော့ဖြင့် ဆန့်ကျင်ဘက်တရားကို ကိုယ်တိုင်သတ်တဲ့ သဘောရောက်တယ်နော် (မှန်ပါ့ ဘုရား)။
နောက်က အာသဝေါတရား ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝဆိုတဲ့ အာသဝေါတရားသုံးပါး၊ တတိယကွက် မှာ လောဘဆိုတာ ကာမာသဝ၊ လောဘဆိုတာ ဘဝါသဝ၊ လောဘဆိုတာ ဒိဋ္ဌာသဝ၊ ဒီသုံးခုလုံး ဆက်မှတ်လိုက်တော့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်မှုပျက်မှုကလေးကိုမြင်လို့
အဲဒီကဲ့သို့ ဒကာ ဒကာမတွေ အဝိဇ္ဇာသဝရော, ကာမာသဝ ဘဝါသဝ, ဒိဋ္ဌာသဝဆိုတဲ့ တရားတွေဟာ တဲ့၊ ချုပ်သွားတာ ဘာဖြစ်လို့တုံးဆိုတော့ ဈာနတော ရှုလို့တဲ့၊ စိတ်ဖြစ်ပျက်ကလေးရှုလို့ (မှန်ပါ့) ပဿတောမြင်လို့ (မှန်ပါ့) ဖြစ်မှုပျက်မှုကလေးကိုမြင်လို့ ဒကာ ဒကာမတွေ အာသဝေါတရား လေးပါးချုပ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်မှု-ပျက်မှုမြင်လို့ (အာသဝေါတရား လေးပါးချုပ်ပါတယ်) အာသဝေါတရား လေးပါးချုပ်တယ် တဲ့။
ဒါကြောင့် ဘုရားက အာသဝက္ခယသုတ်မှာ “ဈာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံဝဒါမိ” ဘိက္ခဝေ = ရဟန်းတို့၊ အဟံ = ငါဘုရားသည်၊ ဈာနတော = ရှုသောပုဂ္ဂိုလ်အား၊ ပဿတော = မြင်သောပုဂ္ဂိုလ်အား၊ ရှုပြီးမြင်တဲ့ ပုဂ္ဂိုလ်မှတဲ့ (မှန်ပါ့) ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်မှာ၊ အာသဝါနံ = အာသဝေါတရားတို့၏၊ ခယံ = ကုန်၏ ဟူ၍၊ ဝဒါမိ = ဟောတော်မူ၏ (မှန်ပါ့ ဘုရား)။
အာသဝ ဘယ်နှစ်ခုချုပ်သလဲ (လေးခုချုပ်ပါတယ်) ရှုမြင်လို့ရှိရင်လေ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များ အာသဝေါတရား ဘယ်နှစ်ပါးချုပ်သလဲ (လေးပါးချုပ်ပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့က ဘာကလေးလှူလှူ ဘာကလေးတန်းတန်း “ဣဒံ မေပုညံ အာသဝက္ခယံ ဝဟံ ဟောတု” ဤကောင်းမှုကြောင့် အာသဝေါတရား ကုန်ရပါလို၏ဆိုတော့ ရှုတာလည်း မဟုတ်ဘူး (မှန်ပါ့) မြင်တာကော (မဟုတ်ပါ) ကုန်ချင်တာ ပြောတာ-ဟင် (မှန်ပါ့ ဘုရား)။
ကုန်ချင်တာ ပြောတာပဲရှိတယ်၊ ကုန်ရပါလို၏ဆိုတဲ့ ရည်ရွယ်ချက်ရှိတာပဲ မှန်းတယ်၊ ကုန်တဲ့အလုပ်တော့ သူမလုပ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကုန်တဲ့အလုပ်ကို (မလုပ်ပါ) မလုပ်တော့ ဘုရားက ဈာနတော = ရှုသောပုဂ္ဂိုလ်အား၊ ပဿတေ = မြင်သော ပုဂ္ဂိုလ်အား၊ ဖြစ်ပျက်ကလေးကိုတဲ့ ရှုတဲ့ပုဂ္ဂိုလ်-မြင်တဲ့ ပုဂ္ဂိုလ်အား၊ အာသဝါနံခယံ = အာသဝေါတရား ကုန်တယ်လို့ ငါက ဟောတာတဲ့ (မှန်ပါ့ ဘုရား)။
မင်းတို့က ကုန်ချင်ပါတယ်လို့ ပြောနေလို့ ရှုတာလည်း မဟုတ်၊ မြင်တာလည်း မဟုတ်တော့ ငါဘုရား မတတ် နိုင်ဘူးတဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုလုပ်မှ အာသဝေါတရား ကုန်မှာပါလိမ့် (ဖြစ်ပျက်ကို မြင်အောင်ရှုမှပါ ဘုရား)။
အေး ရှုမှမြင်မှာနော် (မှန်ပါ့) ခန္ဓာကိုယ်ထဲမှာ ဝိညာဏက္ခန္ဓာတွေ စံထိုးပြတယ် (မှန်ပါ့) တစ်ခုခုဖြစ်ပျက် မြင်လို့ရှိရင်ဖြင့် မောင်သစ် ဘာတဲ့ (အာသဝေါတရား ကုန်ပါတယ်) အာသဝေါတရား ကုန်တယ် (မှန်ပါ့ ဘုရား)။
ရှုလို့ မြင်တဲ့ပုဂ္ဂိုလ်မှ
ကောင်းပြီ ဒါဖြင့် ရှုလို့ မြင်တဲ့ပုဂ္ဂိုလ်မှ ကုန်ပါတယ်၊ ရှုလို့ မမြင်တဲ့ပုဂ္ဂိုလ်ဖြင့် (မကုန်ပါ ဘုရား)။
ရှုလည်း မရှုတဲ့ပုဂ္ဂိုလ်မှာ မြင်ဆိုတာ မောင်ချစ်စိန် – လာစရာရှိသေးသလား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ဟာက ပါးစပ်နဲ့ တောင်းယူလို့ရတာရှိတယ်နော် (မှန်ပါ့) အလုပ်- လုပ်ယူမှ ရတာရှိတယ် (မှန်ပါ့ ဘုရား)။
အခု ဘုရား သေသေချာချာ ဟောတာက ပါးစပ်နဲ့ တောင်းယူလို့ မရဘူး (မှန်ပါ့) အလုပ်-လုပ်ယူမှ ရတဲ့ အကြောင်းကို သေသေချာချာ ဟောပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ငါကွာ တဲ့၊ မင်းတို့ကို သေသေချာချာ မှာခဲ့ပါမယ်၊ မင်းတို့ကလည်း အလွယ်ကြိုက်၊ အလွယ်ကြိုက်လို့ကတော့ မရနိုင်ဘူးကွ တဲ့၊ “နဟေတံ သိထိလမာရဗ္ဘ” တဲ့၊ လျော့လျော့ကလေး အားထုတ်လို့တော့ နိဗ္ဗာန်မရဘူး-တဲ့၊ ‘နဟိဒံ အပ္ပေနထာမသာ’ အနည်းငယ်သော အားအစွမ်းကလေးနဲ့ လုပ်မယ်ဆိုရင်လည်း မရနိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
သဗ္ဗဒုက္ခပမောစနံ တဲ့၊ မင်းတို့ရှိတဲ့ ဒုက္ခကြီးက နည်းတာ မဟုတ်ဘူးတဲ့ (မှန်ပါ့) ဒါတွေ အကုန်လွတ် အောင် အားကလေး လျော့လျော့ သာမညဝီရိယကလေးနဲ့ လုပ်လို့တော့ ဒီဒုက္ခကြီးဟာ ကြီးကျယ်နေတဲ့ ဒုက္ခကျွတ်မှာ မဟုတ်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။
နဟေတံ သိထိလမာရဗ္ဘ၊
နဟိဒံ အပ္ပေနထာမသာ။
နိဗ္ဗာန အဓိမုတ္တမံ၊
သဗ္ဗဒုက္ခပမောစနံ။
အလွန်မြတ်တဲ့ နိဗ္ဗာန်ကြီးကို ဒုက္ခတွေအများကြီး မကုန်ဘဲနဲ့တော့ အလွန်ချမ်းသာတဲ့ နိဗ္ဗာန်ရမှာမဟုတ်ဘူး ကွတဲ့။
အဲဒီတော့ လျော့လျော့ အားအင်ပျော့ပြီးတော့ လုပ်လို့တော့ဖြင့် မောင်သစ် မရဘူးတဲ့ (မှန်ပါ့ ဘုရား)။
တော်တော် ပြင်းပြင်းထန်ထန်ကလေး တစ်ချီတစ်ဖွဲ့ လုပ်လိုက်ကြပါ (မှန်ပါ့) သဘောပါလား (ပါ-ပါပြီဘုရား)။
ပြင်းပြင်းထန်ထန်တော့ တစ်ချီတစ်ဖွဲ့ လုပ်မှရမယ်
တော်တော် ပြင်းပြင်းထန်ထန်တော့ တစ်ချီတစ်ဖွဲ့ လုပ်မှရမယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဖြစ်ပျက်ကို ရှုတဲ့ပုဂ္ဂိုလ် မြင်တဲ့ပုဂ္ဂိုလ်မှာ အာသဝေါတရားကုန်တယ်လို့ ငါဟောတယ် တဲ့။ မရှုတဲ့ပုဂ္ဂိုလ် မမြင်တဲ့ပုဂ္ဂိုလ် အာသဝေါတရားကုန်တယ်လို့ ငါမဟောဘူး တဲ့ (မှန်ပါ့ ဘုရား)။
ပါသွားပြီ။ ပါသွားပြီ ဆုတောင်းသမားတွေ မရဘူးဆိုတာ (မှန်ပါ့) မပါသေးဘူးလား (ပါ-ပါပြီ ဘုရား)။
ပြောကြစမ်း။ ရှုတဲ့ပုဂ္ဂိုလ် (မြင်တဲ့ပုဂ္ဂိုလ်မှ အာသဝေါကုန်ပါတယ် ဘုရား) အာသဝေါတရားကုန်တယ်ဆို တာ နိဗ္ဗာန်ရတယ်လို့ အစက ပြောခဲ့ပြီးပြီ (မှန်ပါ့)။
အာသဝေါတရား ကုန်တယ်ဆိုတာ ဘာတုံး (နိဗ္ဗာန်ရပါတယ် ဘုရား)။
ကဲ ပြောင်းပြန်လှည့်လိုက်စမ်း။ မရှုတဲ့ပုဂ္ဂိုလ် မမြင်တဲ့ပုဂ္ဂိုလ်မှာ (နိဗ္ဗာန်မရပါ ဘုရား)။
အဲ အာသဝေါတရားမကုန်ဘူး။ နိဗ္ဗာန်မရဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ရှုမှု-မြင်မှုရှိတဲ့ ပုဂ္ဂိုလ်မှ နိဗ္ဗာန်ရမည့်ဥစ္စာ အတောင်းသမားသက်သက် ဆွမ်းနဲ့လည်းယူ။ ကွမ်းနဲ့လည်း ယူလို့တော့ (မရပါ ဘုရား) မရဘူးတဲ့ နော် (မှန်လှပါ ဘုရား)။
ဉာဏ်အလုပ်ကို သဒ္ဓါအလုပ်နဲ့တော့ မောင်ချစ်စိန် မရနိုင်ဘူး (မရပါ ဘုရား) သမာဓိအလုပ်နဲ့ကော (မရပါ ဘုရား) မရနိုင်ဘူး။ ဝိရတီဆိုတဲ့ သီလအလုပ်နဲ့ (မရပါ ဘုရား)။
မရနိုင်ဘူး။ ဉာဏ်အလုပ်ကို ဉာဏ်နဲ့ လုပ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဟိုဟာတွေဟာ အခြံအရံအားပေးမှုပဲ ကျေးဇူးများလိမ့်မယ်လို့ မှတ်ထားပါ (မှန်ပါ့)။
အခြံအရံအားပေးမှုပဲ ဖြစ်လိမ့်မယ်လို့ သေသေချာချာ မှတ်ထားပါ။ ရှင်းကြပလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ အလုပ်ပြင်လိုက်ကြဦးလို့ မောင်သစ် သတိပေးတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကောင်းပြီ ငါ, ဥပမာတစ်ခု ပြောပြပါရစေကွာ တဲ့။ မင်းတို့က ဆုတောင်းသန်သန်နဲ့ ငါက လုပ်ယူမှ မြင်မှ ရမယ်လို့ ပြောတာနဲ့ ငါ, ဥပမာပြောပြလို့ရှိရင် မင်းတို့ ရှင်းပါလိမ့်မယ်တဲ့ (မှန်ပါ့)။
ကြက်မကြီးဥပမာ
ဘုရားကိုက ဥပမာ ခင်းပြတယ် (မှန်ပါ့) ကြက်မကြီးတစ်ကောင်ရှိတယ်ဟေ့ တဲ့။ တစ်နေ့တစ်လုံး တစ်လုံးဥ, တာ ဆယ့်နှစ်ရက်ရှိတော့ ဆယ့်နှစ်လုံးရတယ် ကွ တဲ့ (မှန်ပါ့)။
ဆယ့်နှစ်လုံးရတော့ ကြက်ဥကလေးတွေ မောင်သစ် တော်တော်စုမိပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ ကြက်ဥကလေးတွေ စုမိတဲ့အခါကျတော့ ကြက်မကြီးက အပြင်ထွက်ပြီးတော့ အတောင်ဖြန့်လည်း မဝတ်ပါနဲ့ကွ တဲ့။ ရင်ဘတ်က အပူငွေ့လည်း ကြက်ဥပေါ်ကို ဝပ်မပေးပါနဲ့ကွ တဲ့။ ကြက်တို့ အနံ့ကိုလည်း မပေးဘဲနဲ့ ပြင်ဘက်ကနေပြီး ကြက်မကြီးက ငါ့ဟာဖြစ်တယ်။ ဥကလေး ဆယ့်နှစ်လုံးရှိတယ်။ ဒီဥကလေး ဆယ့်နှစ်လုံး ထဲမှာဖြင့် ကြက်ကောင်ကလေးတွေသည် အတောင်ကလေးတွေ ရင့်ပြီးသကာလ ခြေသည်း၊ လက်သည်းကလေးတွေ ရင့်။ ပြင်ဘက်အလင်းရောင်တွေမြင်ပြီး သူတို့ဟာသူတို့ ဖောက်ထွက်ပါစေ လို့ ကြက်မကြီးက ပြင်ဘက်က အသံပေးတယ် (မှန်ပါ့) ပုပ်သာသွားတယ်။ ဆယ့်နှစ်လုံးစလုံး ပုပ်သွားတယ်။ ကြက်ကောင်မဖြစ်လာဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ပြင်ဘက်က အသံပေးရုံနဲ့တော့ (မရပါ ဘုရား) မရဘူးတဲ့ ဒါဟာ ဘုရားပေးတဲ့ ဥပမာနော် (မှန်ပါ့)။
နို့- ဘယ်လိုလုပ်မှတုံးဆိုတော့ တစ်ခါတစ်ခါ အတောင်ဖြန့်ပြီးတော့ လေလုံအောင် ဝပ်ရမယ်ကွ တဲ့။ ကြက်မကြီးက ခုနင်က ဆယ့်နှစ်လုံးပေါ်မှာ (မှန်ပါ့) ပြီးတော့မှ ရင်ဘတ်က အပူငွေ့ကလေးဆိုတဲ့ ဟိုထဲမှာရှိတဲ့ အရည်ခန်းအောင် အပူဓာတ်ပေးရမယ် (မှန်ပါ့) ပြင်ဘက်ကလည်း လေမလာအောင် ရင်ဘတ်က အပူဓာတ်နဲ့လည်း ကြက်ဥပေါ်မှာ ဆက်မိအောင် လုပ်ရမယ် (မှန်ပါ့) ပြီးတော့ ကြက်တို့၏ အနံ့ကလေးကိုလည်း ပေးရမယ် (မှန်ပါ့)။
ဘယ်နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။
အတောင်ဖြန့်၍ ဝပ်ခြင်းတစ်မျိုး (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ် ဘုရား) အပူဓာတ်ပေးခြင်း(တစ်မျိုးပါ) တစ်မျိုးဟုတ်လား (မှန်ပါ့) အနံ့ဓာတ်ပေးခြင်း (တစ်မျိုးပါ ဘုရား)။
သုံးမျိုးရှိလို့ရှိရင် ဒီသုံးမျိုးကိုတဲ့ ကြက်မကြီးကသာ လုပ်ပါတဲ့။ ငါ့, ကြက်ကလေးသည် နှုတ်သီးကလေးတွေ ရင့်ပါစေ၊ အတောင်ကလေးတွေ ရင့်ပါစေ၊ ပြင်ဘက် အလင်းမြင်ပါစေ၊ အရေခန်းခြောက်ပါစေဆိုတာ ကြက်မကြီးက ဘာမှမလုပ်နဲ့တဲ့ ဒီသုံးလုပ်သာ ကိုယ်တိုင်လုပ်တဲ့။ ကြက်ဥကလေးတွေ ပေါက်လာလိမ့်မယ် (မှန်ပါ့) အကောင်ကလေး တွေ ဖြစ်လာလိမ့်မယ် ရှင်းပလား (ရှင်းပါပြီ)။
အကောင်ကလေးတွေဖြစ် ရင့်ကျက်။ ရင့်ကျက်လာပြီး အထဲထဲမှာရှိတဲ့ အရေတွေခန်း ပြင်ဘက်အလင်းတွေ မြင်တော့ သူတို့ဟာ သူတို့ နှုတ်သီးကလေးတွေ ရင့်လာတာနဲ့ နှုတ်သီးကလေးတွေနဲ့ ထိုးကြ၊ ကိုယ်ကလေးတွေနဲ့ ဆန့် ကြ၊ ခြေထောက်ကလေးတွေနဲ့ တွန်းပစ်တော့ အခုနင်က အရေခန်း ဥခွံက ပါးတော့ မောင်သစ်ရေ ဖြန်းခနဲကွဲတယ် (မှန်ပါ့) မကွဲဘူးလား (ကွဲပါတယ် ဘုရား) ကွဲတော့ ဒီကြက်ကလေး ပြင်ဘက်ရောက်မလာဘူးလား (ရောက်လာပါတယ် ဘုရား)။
အဲဒါ – ဘယ့်နှယ်ကြောင့် ဒီကြက်ကလေးတွေ ပြင်ဘက်ရောက်လာပါလိမ့်မတုံးမေးတော့ ကြက်မကြီးက သူ့အလုပ်-သုံးလုပ်ကို လုပ်တယ် တဲ့ (မှန်ပါ့)။
တစ်ခါတစ်ခါ အတောင်ဖြန့်ပြီးဝတ်၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား) အတောင်ဖြန့်အုပ်ပြီးသကာလ ရင်ဘတ်က အပူငွေ့တွေကိုလည်းတဲ့ ဒီကြက်ဥကလေးတွေပေါ်မှာပေးတယ် (မှန်ပါ့) အပူငွေ့ပေးရင်းပဲ ကြက်တို့၏ အနံ့တွေလည်း အထဲမှာရှိတဲ့ ကြက်ကောင်ကလေးတွေကို ပေးလိုက်တယ် (မှန်ပါ့)။
သုံးခုသောအလုပ်ကို-လုပ်လိုက်တာ
သုံးခုသောအလုပ်ကို-လုပ်လိုက်တာနဲ့ ပေါက်ပါစေသတည်း ခြေသည်း လက်သည်း ရင့်ပါစေသတည်း၊ ပြင်ဘက် က အလင်းကို မြင်ပါစေသတည်းလို့ ဆိုတဲ့ ရည်ရွယ်ချက်တွေဟာ ဘာမှမပါချင်နေ ဒီအလုပ်-သုံးလုပ်လုပ်ရင် အကုန် ပေါက်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီမှာလည်း ဒကာ ဒကာမတို့ အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ သုံးလုပ်ကို လုပ်လိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ဘာဆုမှ တောင်းမနေနဲ့ ဟုတ်လား၊ အာသဝေါတရား ကုန်ရပါလို၏၊ ဆုတောင်းမနေနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အေး သူ့ဟာသူပဲ ခင်ဗျားတို့ အနိစ္စဖြစ်ပျက်, ဒုက္ခဖြစ်ပျက်, အနတ္တဖြစ်ပျက်ကိုသာ ခင်ဗျားတို့က လုပ်မြဲ တိုင်းလုပ်နေလို့ရှိရင် ခင်ဗျားတို့စိတ်သာချ ဒီဘဝနိဗ္ဗာန်ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာ့ကြောင့် ရသတုံးလို့ မေးတဲ့အခါကျတော့ ဥပမေယျကို ဘုရားက ထုတ်လာတယ်၊ ဥပမေယျ ဘယ်လိုထုတ် လာသတုံး ဆိုတော့ ကြက်မကြီးက ဝပ်လိုက်တဲ့ အခါကွာ တဲ့၊ ဥခွံဟာတဲ့ အရေတွေ ခန်းခြောက်ပြီးတော့ ပါး လာတယ်တဲ့ (မှန်ပါ့ ဘုရား)။
ဒီမှာလည်း ဖြစ်ပျက် အနိစ္စ, ဒုက္ခ, အနတ္တ, မြင်ဖန်များလာတော့ ဉာဏ်က အဝိဇ္ဇာကို ပါးစေတယ်တဲ့ (မှန်ပါ့) ဥခွံကိုပါးစေသလို ခုနင်က ဖြစ်ပျက်ရှုတဲ့ဉာဏ်က အဝိဇ္ဇာဥခွံကိုပါးစေတယ်ကွတဲ့ (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာပါးသွားတာပဲ
ကြပ်ကြပ်ရှုရင် အဝိဇ္ဇာပါးသွားတာပဲ (မှန်ပါ့) ဝိဇ္ဇာများများလာတော့ မောင်ချစ်စိန် အဝိဇ္ဇာဘယ့်နှယ်နေသလဲ (ပါးသွားပါတယ် ဘုရား)။
ဒါမင်းတို့ ဆုတောင်းအလုပ်လားတဲ့။ ခဏခဏရှုနေလို့လား (ခဏခဏရှုနေလို့ပါ) အေး ပါးနေတယ် (မှန်ပါ့) ပေါ်နေပြီ ဒကာ ဒကာမတို့၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
တရားသဘော ပေါ်နေပါပြီ၊ ဒါ့ကြောင့် အဲဒီပါးတာကလည်း ပါးချင်လို့ ပါးရတာလား ဆိုတော့ ကြက်ဥထဲမှာ ရှိတဲ့ အရည်ကလေးတွေက ခန်းခြောက်တယ် (မှန်ပါ့) ဒီက အပူဓာတ်ပေးလိုက်တဲ့အခါမှာ (မှန်ပါ့) မခြောက်ဘူး လား (ခြောက်ပါတယ် ဘုရား)။
ထို့အတူပဲ တဲ့၊ ဉာဏ်တည်းဟူသော တရားကနေပြီး သကာလ ကိလေသာအစေးကိုလည်း ခန်းခြောက် စေတယ် (မှန်ပါ့ ဘုရား)။
ဒီထဲမှာကြက်ဥထဲမှာ အရေတွေ ခန်းခြောက်သလို ဒကာ ဒကာမတွေ သန္တာန်မှာရှိတဲ့ အနုသယကိလေသာ အစေးတွေကိုလည်း ခန်းခြောက်စေတယ် (မှန်ပါ့ ဘုရား)။
ပွားမှုအလုပ်ဟာ ဖြစ်ပျက်ရှုမှု အလုပ်ဟာ ဘယ်လောက်ကျေးဇူးများတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဥခွံကပါး၊ အစေးကခြောက်သလို ပြင်ဘက်က အလင်းမြင်လာတယ် တဲ့၊ အတွင်းမှာရှိတဲ့ ကြက်ကလေးတွေက (မှန်ပါ့ ဘုရား)။
အတွင်းမှာရှိတဲ့ ကြက်ကလေးတွေက ဘာဖြစ်လာသလဲ (အလင်းမြင်ပါတယ် ဘုရား)။
အလင်းမြင်လာတယ် (မှန်ပါ့) ဒီမှာလည်း ထို့နည်းအတူပဲတဲ့၊ ရှုပါများပြီးသကာလ လာတဲ့အခါကျလို့ရှိရင်ဖြင့် အဝိဇ္ဇာ အမှောင်ဓာတ်တွေကပျောက်၊ ကိလေသာ အမည်းစိတ်တွေက ပျောက်ပြီးသကာလ နိဗ္ဗာန်အလင်းဟာ ပေါ်တယ် (မှန်ပါ့) နိဗ္ဗာန်အလင်းဓာတ်ကြီး ပေါ်လာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အလုပ်သုံးလုပ်လုပ်မှ
ဒါဖြင့် အလုပ်သုံးလုပ်လုပ်မှ အဝိဇ္ဇာဥခွံပါးပြီး တဏှာအစေးခြောက်ပြီး နိဗ္ဗာန်အလင်းပေါ်မှာပေါ့ (မှန်ပါ့) ဖြစ်ပျက်မရှုဘဲနဲ့တော့ ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဒကာ ဒကာမတွေ ဘာလုပ်မှ နိဗ္ဗာန်ရမှာတုံးဆိုတဲ့ ဥစ္စာဖြင့် ဖြစ်ပျက် အနိစ္စ, ဖြစ်ပျက်ဒုက္ခ, ဖြစ် ပျက်အနတ္တ ဒါလုပ်မှရမယ် (မှန်ပါ့) ဒါမလုပ်ရင်တော့ (မရပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အဝိဇ္ဇာကလည်း ကျုပ်တို့ဘဝသံသရာက ထူလာတော့ အဝိဇ္ဇာပေါ်မှာ အပတ်ပေါင်းဘယ်လောက် ရောက်ဖူးပြီတုံး အဝိဇ္ဇာ-အဝိဇ္ဇာနဲ့ မရေတွက်နိုင်ဘူး၊ လှည့်ပြီးပတ်လာကာ (မှန်ပါ့) ရေတွက်နိုင်ပါ့မလား (မရေတွက် နိုင်ပါ ဘုရား)။
အဲဒီတော့ အဝိဇ္ဇာထုကြီး ထည်ကြီးကကော သေးသလား၊ ကြီးသလားလို့ မေးပါတယ် (ကြီးကျယ်ပါတယ် ဘုရား)။
ဒါဖြင့် အဝိဇ္ဇာဥခွံပါးဖို့ဆိုတာလည်း ဉာဏ်နဲ့ ထပ်ပြန်တလဲလဲရှုမှ ဝိဇ္ဇာဉာဏ်က ထပ်ပြန်တလဲလဲရှုမှ အဝိဇ္ဇာ ကပါးမှာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီတဏှာအစေးခြောက်မှ ကာမာသဝ, သဝါသဝ ဒိဋ္ဌာသဝချုပ်မှာပဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒီတော့ အဝိဇ္ဇာပါးပြီး တဏှာအစေးချောက်မှသာလျှင် အားလုံး ဒကာ ဒကာမတွေ အာသဝေါတရား ကုန်မယ်ဆိုတာ သေချာကြပလာ (သေချာပါတယ် ဘုရား)။
ဒါဖြင့် ကြက်မကြီးသည် ပြင်ဘက်ကနေပြီး ကြက်ဥကလေးတွေ ဥခွံပါးပြီးသကာလ ဥထဲမှာရှိတဲ့ အရေကလေး တွေ ခြောက်ပြီး ပြင်ဘက်အလင်း မြင်ရတာလားတဲ့၊ ကြက်မကြီး ကိုယ်တိုင်အလုပ် သုံးလုပ်လုပ်လို့လား (ကြက်မကြီး ကိုယ်တိုင် အလုပ်သုံးလုပ်လုပ်လို့ပါ ဘုရား)။
အတောင်ဖြန့်ပြီး ဝပ်ခြင်းအလုပ် (မှန်ပါ့) အပူဓာတ်ပေးခြင်းအလုပ် (မှန်ပါ့) အနံ့ဓာတ်ပေးခြင်းအလုပ် (မှန်ပါ့) ကြက်မကြီးက ဘယ်နှစ်လုပ်လုပ်သလဲ (သုံးလုပ်လုပ်ပါတယ် ဘုရား)။
လက္ခဏာရေး သုံးပါးအလုပ်
ဒီမှာလည်း ခင်ဗျားတို့က လက္ခဏာရေး သုံးပါးအလုပ်ကို လုပ်ပါတဲ့ အနိစ္စအလုပ်၊ ဒုက္ခအလုပ်၊ အနတ္တ အလုပ် ကြက်မကြီး သုံးလုပ်လုပ်သလို ခင်ဗျားတို့လည်း ဒီအလုပ် သုံးလုပ်လုပ်လို့ရှိရင်ဖြင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဝိဇ္ဇာပါး၍ တဏှာ အစေးတွေခန်းခြောက်ပြီး နိဗ္ဗာန်အလင်းကြီးဟာ ပေါ်လာမှာပဲ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် လုပ်မှရမည့်တရားပါလား (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမယ် (လုပ်မှရမည့် တရားပါဘုရား)။
လုပ်မှရမည့်တရား၊ ဘာနဲ့လုပ်မှရမှာတုံးလို့ မေးတဲ့အခါကျမှ “ဈာနတော” ရှုတဲ့ပုဂ္ဂိုလ် “ပဿတော” ဉာဏ်နဲ့ မြင်တဲ့ပုဂ္ဂိုလ် ဉာဏ်နဲ့ရှုပြီး ဉာဏ်နဲ့ မြင်မှတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဉာဏ်နဲ့ရှုပြီး (ဉာဏ်နဲ့ မြင်မှပါဘုရား)။
ဉာဏ်နဲ့ရှုပြီး ဉာဏ်နဲ့ မြင်မှရမှာတဲ့ (မှန်ပါ့) သမာဓိနဲ့ ရှုပြီး သမာဓိနဲ့ မြင်လို့လည်း မရဘူး (မရပါ ဘုရား) သီလနဲ့ နေလို့လည်း မရသေးဘူးတဲ့ (မရပါ ဘုရား) ဒါနနဲ့ နေလည်း (မရပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ရှုမှ-မြင်မှဆိုတာ ထင်ရှားကြပလား (ထင်ရှားပါပြီ)။
အဲ ရှုမှ မြင်တယ်၊ မြင်မှသာလျှင် အာသဝေါတရားကုန်တယ် (မှန်ပါ့)။
အာသဝေါတရားကုန်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
အဲ အာသဝေါတရားကုန်တယ်ဆိုတာ နိဗ္ဗာန်လို့ မှတ်ထားတော့ ဪ ဒါ ဘာပါလိမ့်မတုံးလို့ မေးမနေနဲ့တော့ အာသဝေါတရားကုန်တာ နိဗ္ဗာန်ပဲဆိုတော့ ဘယ်လိုပုဂ္ဂိုလ် ကုန်ပါလိမ့်မတုံး၊ ဘုရားတစ်ဆူ-တစ်ဆူ ပွင့်တဲ့အခါ ဘယ်လိုပုဂ္ဂိုလ်တွေ အာသဝေါတရားကုန်ပြီး နိဗ္ဗာန်ရောက်ကြပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ရှုလို့- မြင်တဲ့ ပုဂ္ဂိုလ်တွေလို့မှတ် (မှန်ပါ့)။
ဘာတဲ့တုံး (ရှုလို့-မြင်တဲ့ ပုဂ္ဂိုလ်တွေပါ ဘုရား) ရှုလို့-မြင်တဲ့ ပုဂ္ဂိုလ်ရောက်ကြတာပဲ (မှန်ပါ့)။
မောင်သစ်ရေ ဘာတဲ့တုံး (ရှုလို့-မြင်တဲ့ ပုဂ္ဂိုလ်တွေ ရောက်ပါတယ် ဘုရား) ရှုလို့ မြင်တဲ့ ပုဂ္ဂိုလ်။
ဒီအတိုင်း အိမ်မှာနေပြီး မရှုလည်း မရှုဘူး။ မရှုမှ မရှုဘဲနဲ့ မြင်ဖို့ကတော့ ဝေးပါသေးရဲ့ (မှန်ပါ့)။
အဲဒီလို ပုဂ္ဂိုလ်တွေကတော့ ဘုရားပွင့်လို့ ဘုရားပေါင်း ဂင်္ဂါဝါဠု သဲစုနဲ့မက ပွင့်သွားစေကာမူ သူနဲ့ မဆိုင်ပါ ဘူး (မှန်လှပါ ဘုရား) ဆိုင်ပါ့မလား (မဆိုင်ပါ ဘုရား)။
ရှုလည်း မရှုတော့ မြင်လည်း မြင်ပါ့မလား (မမြင်ပါ ဘုရား) မမြင်တော့ အာသဝေါတရားဆိုတဲ့ အဝိဇ္ဇာ ဥခွံက မောင်ချစ် စိန်-ပါးပါ့မလား (မပါးပါ ဘုရား) တဏှာအစေးက (မခြောက်ပါ ဘုရား) အပြင်က အလင်းကော (မရှိပါ ဘုရား)။
ဘယ်မှာ အစေးတွေက ဖုံးနေရင် ဥခွံက ထူနေရင် ဘယ်, မြင်ရတော့မတုံး (မမြင်ရပါ ဘုရား)။
အဲဒီတော့ လောကီ ဥပမာ ပြောကြပါစို့၊ ရှင်းရှင်းလင်းလင်းနဲ့ဆိုတော့ ကျုပ်တို့ ဉာဏ်ပေါ်မှာတဲ့ အဝိဇ္ဇာ ဥခွံကလည်း ဖုံးတယ် (မှန်ပါ့) တဏှာအစေးကလည်း အုပ်နေတယ် သဘောကျပလား (ကျပါပြီ)။
ဉာဏ်ပေါ်မှာ (အဝိဇ္ဇာဥခွံက ဖုံးတယ်) တဏှာအစေးကလည်း (ဖုံးနေပါတယ် ဘုရား)။
အဲ တဏှာအစေးကလည်း ဖုံးနေတော့ ဒီဉာဏ်ကလေး ထက်ပါတော့မလား (မထက်ပါ ဘုရား) မထက် နိုင်ဘူး။
အဲဒီတော့ အဝိဇ္ဇာဥခွံပါးအောင်လည်း ရှုပွားပေးပါ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) တဏှာ အစေး ခန်းခြောက်အောင်လည်း ကြပ်ကြပ်ရှုပွားပေးပါ (မှန်ပါ့)။
ဉာဏ်ပေါ်မှာ အဝိဇ္ဇာနဲ့ တဏှာအမှေးတွေ ထူနေလို့
အဲဒီတော့ ဉာဏ်ကလေးဟာက ပြင်ဘက် ပွင့်လာယ် (မှန်ပါ့) ဉာဏ်မရှိလို့ မဟုတ်ဘူးတဲ့။ ဉာဏ်ပေါ်မှာ အဝိဇ္ဇာနဲ့ တဏှာအမှေးတွေ ထူနေလို့ဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ်ကြပလား (ပေါ်ပါပြီ)။
အဲဒါကြောင့် “ဝိဇ္ဇာ ဥဒပါဒိ” တဲ့။ ဝိဇ္ဇာ = ဝိဇ္ဇာသည်။ ဥဒပါဒိ = ပေါ်ထွက်လာ၏။ မောင်သစ် အဝိဇ္ဇာတွေကို ထိးထွက်လာတယ် (မှန်ပါ့) တဏှာအစေးတွေထဲက၊ ထိုးထွက်လာတယ် သဘောကျပလား (ကျပါပြီ)။
ဒီအတိုင်းသာဖြင့် သူ့ဟာသူ တစ်နေ့တခြား ဖုံးသွားတာပဲလို့ မောင်ချစ်စိန် မှတ်လိုက်ပါ (မှန်ပါ့)။
ဒါဖြင့် အိမ်မှာ သားရေး, သမီးရေး, စီးပွားရေးနဲ့ စားကာ သောက်ကာနဲ့ နေတဲ့ပုဂ္ဂိုလ်ဟာ သူ့ဉာဏ်ကလေး တော့ ပါကြပါတယ် (မှန်ပါ့) အင်း တစ်နေ့လည်း ဘာမှမလုပ်တော့ အဝိဇ္ဇာက ဖုံးလိုက် (မှန်ပါ့) တဏှာအစေး တွေကလည်း ဒီအပေါ်မှာ ရန်လိုက်။ ဖုံးလိုက်-ဖိလိုက်, မနေပေဘူးလား (နေပါတယ် ဘုရား)။
အဲဒီတော့ မောင်သစ် ဒုကြီး-ဒယ်ကြီး ဘယ်လောက် ကြီးကျယ်မတုံးဆိုတာ ငါ-ဘုရားအမြင်နဲ့ ပြောပါ့မကွာ တဲ့။ အကနိဋ္ဌ ဗြဟ္မာ့ပြည်မကဘူး၊ ဉာဏ်ကလေး သေးသေးအပေါ်မှာ အဝိဇ္ဇာက ဖုံးနေတာ (မှန်ပါ့) တဏှာအစေး တွေက ဖုံးနေတာ (မှန်ပါ့)။
မောင်သစ် ဘယ်လောက် ကြီးကျယ်သတုံး (ကြီးကျယ်ပါတယ် ဘုရား)။
တစ်နေ့ ဘယ်နှစ်ခါ ဖုံးသတုံးမေးကြည့်တော့ ဘယ့်နှယ်ဖြေမလဲ (မရေတွက်နိုင်ပါ ဘုရား)။
တဏှာအစေးတွေကလည်း ဘယ်လောက်ထိအောင် တဏှာအစေးတွေ ပွားများလာသတုံးမေးတဲ့အခါကျတော့ ဟိုလည်းခင်၊ ဒီလည်းခင်၊ ဟိုလည်းကြောင့်ကျ၊ ဒီလည်းကြောင့်ကျ (မှန်ပါ့) အဲဒါတွေကလည်း ဝိုင်းပြီး ဉာဏ်ကို ဖုံးတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကိလေသာအစေးတွေ
ဒါဖြင့် ဉာဏ်ပေါ်မှာ ကိလေသာအစေးတွေကလည်း ထပ်ပြန်တလဲလဲဖုံး (မှန်ပါ့) အဝိဇ္ဇာ ဥခွံကြီးကလည်း ထပ်သတဲ့ ထပ်ပြီးသကာလနေတော့ ဒီဉာဏ်ကလေးဟာက “အာလောကော ဥဒပါဒိ” အလင်းမြင်ဖို့ မလာနိုင်ဘူးကွတဲ့ (မှန်ပါ့)။
”အာလောကော ဥဒပါဒိ” ဆိုတာ။ အလောကော = အလင်းသည်၊ အလင်းကို မြင်ခြင်းသည်။ ဥဒပါဒိ = ဖြစ် ပေါ်လာ၏-ဆိုတာ ငါ, ဘုရားမတတ်နိုင်ဘူး တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒကာ ဒကာမတွေ ခင်ဗျားတို့ဖြစ်နေတဲ့ ဖြစ်ထွေနဲ့ ဒီကဖွင့်ရမှာနဲ့ ခင်ဗျားတို့က အဖုံးကဲတာနဲ့တော့ တွေ့ကြ ပကော (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘုရားကလည်း ဒီဉာဏ်ကလေး ပေါ်မှာတဲ့ ကိလေသာ အစေးခန်းခြောက်ရမယ်တဲ့၊ အဝိဇ္ဇာဥခွံကြီးဟာ ဘာတုံး (ပါးရပါမယ် ဘုရား)။
ခင်ဗျားတို့ကလည်း တစ်နေ့မှမရှုဘဲ ထားတယ်၊ မရှုတဲ့အချိန် အဝိဇ္ဇာဥခွံက ထူလေလေ (မှန်ပါ့) မရှုလေလေ သားရေး, သမီးရေး, စီးပွားရေးက ကောင်းလေလေ (မှန်ပါ့) တဏှာရေကြီးက ကြီးကျယ်ထူထပ်လာလေလေ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါတွေ ကြည့်လိုက်တဲ့အခါကျတော့ အဝိဇ္ဇာဥခွံကလည်း မပါး၊ တဏှာအစေးကလည်း မခန်းခြောက်တော့ ပြင်ဘက်မှာ ဉာဏ်တည်းဟူသော အလင်းနဲ့ နိဗ္ဗာန်တည်းဟူသော ပြင်ဘက် အလင်းဓာတ်ကြီးကျဉ်းမြောင်းတဲ့ နေရာ ဌာနမှ လွတ်မြောက်တဲ့ နေရာဌာန အလင်းဓာတ်ကြီးကို ကန်ထွက်နိုင်ပါ့မလား (ကန်မထွက်နိုင်ပါ ဘုရား)။
ဘာပြုလို့တုံး၊ တဏှာအစေးတွေကလဲထူ၊ အဝိဇ္ဇာဥခွံကြီးကလည်း (ထူပါတယ်) အခွံထူနေတယ်ဆိုတော့ ဒကာ ဒကာမတို့ အဲဒါ ခဏခဏ ခင်ဗျားတို့ပွားမှပဲ ကျေးဇူးများမယ် (မှန်ပါ့ ဘုရား)။
ပွားမှုအလုပ်ကို မလုပ်တဲ့ပုဂ္ဂိုလ်
ဒါကြောင့် ဘုရားက “ဘာဝနာနုယောဂံ အနနုယုဉ္ဇဿ” ဘာဝနာနုယောဂံ = ပွားမှုကို၊ အနနုယုဉ္ဇဿ = မယှဉ်သော ပုဂ္ဂိုလ်အားတဲ့၊ ပွားမှုအလုပ်ကို မလုပ်တဲ့ပုဂ္ဂိုလ်ကျတော့ ငါဘယ်လိုမှ မတတ်နိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ကိုင်း မောင်သစ် ဘာတဲ့ (ပွားမှုမလုပ်တဲ့ ပုဂ္ဂိုလ်အား ဘာမှမတတ်နိုင်ပါ) ပွားမှု အလုပ်မှ မလုပ်တဲ့ပုဂ္ဂိုလ် တော့ ငါ ဘာမှမတတ်နိုင်ဘူးကွာ တဲ့၊ သူတို့ကို (မှန်ပါ့ ဘုရား)။
သူတို့ကပြီးတော့ လုပ်သေးတယ်ကွတဲ့၊ ပွားမှု အလုပ်လည်း မလုပ်သေးဘူးတဲ့၊ ခုနင်က ကြက်မကြီးလိုပဲတဲ့၊ လုပ်ကောင်းတဲ့ အလုပ်လည်း မလုပ်ဘဲနဲ့ ပြင်ဘက်ကနေပြီး ငါ့ကြက်ကလေးတွေ ပေါက်ပါစေ (မှန်ပါ့) ငါနိဗ္ဗာန်ရရပါ လို၏ ဆိုတောပေါ့ဗျာ (မှန်ပါ့) ဘယ်နည်းနှင့်မှ ငါမတတ်နိုင်ဘူးတဲ့ ဒီပုဂ္ဂိုလ်ကို၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
မရနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ကဲ ဒါဖြင့် မဂ်ကိစ္စဟာ ဘာကိစ္စတုံး မေးတော့မှ ဦးကျော်မောင် သေသေချာချာမှတ်ပါ ဘာဝေတဗ္ဗကိစ္စ (မှန်ပါ့ ဘုရား)။
သေသေချာချာမှတ်ပါ မောင်ချစ်စိန်ရ (မှန်ပါ့) ဘာတဲ့တုံး (ဘာဝေတဗ္ဗကိစ္စပါ ဘုရား)။
ဘာဝေတဗ္ဗကိစ္စဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေက မှတ်ပါ၊ ပွားမှရတဲ့ကိစ္စ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ဘာတဲ့ (ပွားမှရတဲ့ ကိစ္စပါ ဘုရား)။
ပွားမှရတဲ့ ကိစ္စ၊ တောင်းယူလို့ ရတဲ့ကိစ္စမဟုတ်ဘူးဆိုတာ ဟိုစာအုပ်ထဲမှာ ကျုပ်တော်တော် ရေးထားတယ် (မှန်ပါ့ ဘုရား)။
တောင်းယူလို့ရှိရင် တစ်ဆုပ်တစ်ခဲရမှာပဲကွ၊ အစိုင်အခဲတော့ မရဘူးကွဆိုတဲ့ဥစ္စာ မောင်သစ် တော်တော်ရေး တယ်နော် (မှန်ပါ့ ဘုရား)။
ဒီကြည့်လေ၊ ဒီပါဠိတော်က ဘယ့်နှယ်တုံး (မှန်ပါ့) “ဘာဝနာနုယောဂံ အနနုယုဉ္ဇဿ ဧဝံဣစ္ဆာဥပ္ပဇ္ဇတိ” ဘာဝနာ မပွားဘဲနဲ့တဲ့ သူ့မှာ အလိုတစ်ခုရှိတယ်တဲ့၊ သူအလိုရှိတဲ့ သဘောက ငါသည် အာသဝေါတရား ကုန်ရာ နိဗ္ဗာန်ရောက်ရပါလို၏ဆိုတော့ ပွားလည်းမပွားဘဲနဲ့ ရောက်ချင်တဲ့စိတ်က တော်တော်များတဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ့ ဘုရား)။
အဲဒါသည်ကားလို့ ဆိုရင် ဘယ်တော့မှ သူ ‘ဈာနတော ပဿတော’ မရှိတဲ့အတွက် ရှုပွားမှုမရှိတဲ့အတွက် ငါဘယ်တော့မှရလိမ့်မယ်လို့ မဟောဘူးတဲ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ရှုပွားယူရမည့် အလုပ်ကို ရှုပွားယူရမည်၊ တောင်းယူလို့ ရမည့်အလုပ်ကို (တောင်းယူရပါမယ် ဘုရား) အဲလူ့ပြည်, နတ်ပြည်ဆိုရင် တောင်းယူပါရမယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာအလုပ်ဆိုတော့
ဝိပဿနာအလုပ်ဆိုတော့ နိဗ္ဗာန်ရဖို့ အလုပ်ဆိုတော့ ဒကာ ဒကာမတွေ ပြောဖို့ရာ မလိုပါဘူး (မှန်ပါ့) ပွားယူရမည့် အလုပ်သက်သက်ပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ကြက်မကြီး သုံးလုပ်လုပ်တော့ ကြက်ဥကလေးတွေ ပြင်ဘက်ရောက်တယ်၊ ကြက်ကောင် ကလေးတွေ ဖြစ်ပြီး ပြင်ဘက်သို့ ပေါ်ထွက်လာကြတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကြက်ကောင်ကလေးတွေ ပြင်ဘက်သို့ အတောင်ကလေးတွေ ဖြန့်ပြီးသကာလ သွားကြ, လာကြ, စားကြ, သောက်ကြ, ပျော်ကြရွှင်ကြတာ ဦးကျော်မောင် ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ ကြက်မကြီးက အလုပ်သုံးလုပ်လုပ်လို့ (မှန်ပါ့) ကြက်ကောင်ကလေးတွေ ဖြစ်လာတယ်နော် (မှန်ပါ့ ဘုရား)။
ထို့နည်းအတူပဲ ခင်ဗျားတို့လည်း ဉာဏ်ကြက်ကောင်ကလေး ပြင်ဘက်ကို လွတ်လပ်တဲ့ နေရာဌာန သံသရာ တည်းဟူသော ခရီးထဲမှ ဆွဲထုတ်ပြီး နိဗ္ဗာန်တည်းဟူသော နေရာဌာနသွားချင်လို့ရှိရင် သုံးလုပ်ကို လုပ်ရမှာပဲ (မှန်ပါ့ ဘုရား)။
အနိစ္စဖြစ်ပျက်, ဒုက္ခဖြစ်ပျက်, အနတ္တဖြစ်ပျက် (မှန်ပါ့) ဒါမလုပ်ရင်တော့ဖြင့် (မရပါ) မရဘူးဆိုတာ သေချာ ကြပလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ လုပ်ဖြစ်အောင် လုပ်ပါဆိုတာ ဘုန်းကြီးက တိုက်တွန်းတာလား၊ ဘုရားက လမ်းစဉ်ပြတာလား (ဘုရားက လမ်းစဉ်ပြတာပါ ဘုရား)။
ဘုရားက လမ်းစဉ်ပြတာဖြစ်နေတော့ ဒကာ ဒကာမတွေ ဘုရားလမ်းစဉ်ပြတာတော့ဖြင့် သူကိုယ်တိုင်ရောက်ဖူး လို့ သူကိုယ်တိုင်လမ်းပြတယ် (မှန်ပါ့ ဘုရား)။
မရောက်ဘူးတဲ့ ပုဂ္ဂိုလ်က လမ်းပြတာလား ရောက်ဖူးပြီးသားပုဂ္ဂိုလ်က လမ်းပြတာလား (ရောက်ဖူးပြီးသား ပုဂ္ဂိုလ်က လမ်းပြတာပါ ဘုရား)။
အဲဒီတော့ ရောက်ဖူးပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်က လမ်းစဉ်ပြတာဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ရှုပွားယူရမည့်အလုပ်ကို ဘာလုပ်ရမယ် (ရှုပွားယူရပါမယ် ဘုရား)။
ရှုပွားမှုမပါဘဲ အာသဝေါတရားကုန်ရာ နိဗ္ဗာန်ရောက်ရပါလို၏ဆိုပြီး ဆုတောင်းယူလို့ ရပါ့မလား (မရပါ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ကို ဆရာဘုန်းကြီးက အဝိဇ္ဇာ ဥခွံလည်းပါး၊ တဏှာအစေးလည်း ခြောက်ပြီး အာသဝေါတရားကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်တဲ့ ရှုပွားမှုအလုပ်ကို အားထုတ်ကြပါဟု တိုက်တွန်းလိုက်ပါ တယ် (မှန်ပါ့ ဘုရား)။
ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။