11501

မာတိကာသို့

သံသရာ့ခရီးသည်၏ ထွက်လမ်း

(ခွေးဥပမာ၊ ​ချည်တိုင်ကျိုး လည်ပတ်ပြတ်တရား)

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း-မိုးကုတ်ဆရာတော်ဘုရား

အမရပူရမြို့ဓမ္မာရုံ၌-ဟောကြားတော်မူသော

(သံသရာ့ခရီးသည်၏ ထွက်လမ်း)နေ့အလုပ်ပေးတရား တရားတော်

(၁၈-၁၁-၆၂)

ပဋိစ္စသမုပ္ပါဒ် စ,ကြည့်ကြ

ဒီနေ့ ပဋိစ္စသမုပ္ပါဒ် စ,ကြည့်ကြ၊ ဒီ ပါဠိတော်ကိုက အစပြနေတယ်၊ ဒီနေ့ဟောမည့် ပါဠိတော်က (မှန်ပါ့)။

ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ကြည့်ပါတဲ့၊ ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်တော့ ၁-နံပါတ်မှာ အဝိဇ္ဇာက စ,တယ်။ ၃-နံပါတ်မှာ တဏှာက စ,တယ်၊ တွေ့ကြရဲ့လား (တွေ့ပါတယ် ဘုရား)။

၁-နံပါတ်မှာ (အဝိဇ္ဇာက စ,ပါတယ်) ၃-နံပါတ်ကျတော့ (တဏှာက စ,ပါတယ်) တဏှာက စတယ်..တဲ့၊ ဪ ဒီဥစ္စာ ၁-နံပါတ်က အတိတ်က မိုက်ပြစ်၊ ၃-နံပါတ်က ပစ္စုပ္ပန်ကျမှ မိုက်ပြစ် (မှန်ပါ့) မိုက်ပြစ်နှစ်ခုကို ဒကာ ဒကာမတွေ တွေ့ပါတယ် (တွေ့ပါတယ် ဘုရား)။

အဲဒီတော့ကို အတိတ်ကလဲ သစ္စာမသိတဲ့ အဝိဇ္ဇာကစတယ်၊ ၃-နံပါတ်ကျပြန်တော့လဲ ဘဝတဏှာက စ,တယ်၊ ရောက်ရာပျော်တတ်တဲ့ ဘဝတဏှာက စÕတယ် (မှန်ပါ့)။

ဦးကျော်မောင်တို့ တွေ့ပြီနော် (တွေ့ပါပြီ) အတိတ်ကလဲ သစ္စာမသိတဲ့ အဝိဇ္ဇာက စ,ခဲ့တယ်ဆိုတာ ဒကာ ဒကာမတွေ တွေ့ကြပါပြီ (မှန်ပါ့)။

ဘဝရေသောက်မြစ် နှစ်ခု

ယခု ပစ္စုပ္ပန်ဘဝကျလဲ ကိုယ့်ဟာကလေးနဲ့ ကိုယ့်ဘဝ ကိုယ်ရောက်ရာ ပျော်တဲ့ တဏှာက စ,နေတယ် (မှန်ပါ) ဒါဖြင့် အဝိဇ္ဇာ တဏှာနှစ်ခုသည် အတိတ်အကြောင်း အဝိဇ္ဇာ၊ ပစ္စုပ္ပန်အကြောင်း တဏှာလို့ မှတ်လိုက်ပါ (မှန်ပါ့)။

သတ္တဝါတွေ သံသရာလည်တဲ့ နေရာဌာနမှာတဲ့ အတိတ်အကြောင်းတော့ အဝိဇ္ဇာက စ,တယ်၊ အတိတ် ဘဝတုန်းကတော့ အဝိဇ္ဇာကြောင့် ဖြစ်ခဲ့ရတယ် (မှန်ပါ့) ယခုဘဝကျတော့ ကိုယ့်သားသမီးနဲ့ ကိုယ့်အရောင်းအဝယ်နဲ့ ကိုယ့်ရပ်ရွာဒေသ ခင်တဲ့တဏှာက စ,နေတယ် (မှန်ပါ့)။

ဒါဖြင့် အတိတ်ကလဲ မလိမ်မာခဲ့၊ ပစ္စုပ္ပန်မှာလဲ မိုက်မဲမှု ပိုပြန်ဆိုတော့ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ လွတ်ရေး ကျွတ်ရေး မပါတော့ဘူး (မှန်ပါ့) ဘဝရေသောက်မြစ်နှစ်ခုနဲ့ စ,နေတယ် (မှန်ပါ့)။

ဘဝရေသောက်မြစ် နှစ်ခုနဲ့ စ,နေတော့ အတိတ်ကတော့ ဘဝရေသောက်မြစ်က အဝိဇ္ဇာ၊ ပစ္စုပ္ပန်ကျတော့ ဘဝရေသောက်မြစ်က တဏှာဖြစ်နေတော့ ဒီအာသဝ ဝင်ရိုး လှည့်သွားသလို သွားမည့်ဟာပဲ (မှန်ပါ့)။

အာသဝ ဝင်ရိုး

ဒါဟာ အဝိဇ္ဇာသွားမည့် ကာမာသဝပေါ့ဗျာ (မှန်ပါ့)။ ကာမာသဝဟာ တဏှာ၊ အဲ့ဒီ အာသဝ ဝင်ရိုးနှစ်ခု အလယ်မှာ မောင်ချစ်စိန် တွေ့ပါတယ် (မှန်ပါ့) တွေ့တယ်မဟုတ်လား (တွေ့ပါတယ် ဘုရား) အဝိဇ္ဇာနဲ့ တဏှာ (မှန်ပါ့) အတိတ်က လာခဲ့တာတွေ ပစ္စုပ္ပန်က အားပြုပြီး လှည့်တယ် (မှန်ပါ့)။

အတိတ်ကလာခဲ့တဲ့ အဝိဇ္ဇာ၏ အရှိန်ကလေး သေမည့်ကြံတော့ တဏှာက အားထုတ်ပြီး လှည့်လိုက်ပြန်တော့ ပြန်လည်ထွက်သွားတယ် (မှန်ပါ့)။

အစ,ကလေးဟာ လှည့်လိုက်လို့ ရပ်မည့်ကြံကာ ရှိသေးတယ် တဏှာက ပြန်ပြီး ကူလှည့်လိုက်ပြန်တော့ မောင်ချစ်စိန် တစ်ပတ်ရသွားတယ် (မှန်ပါ့)။

နောက်တစ်ခါ အဝိဇ္ဇာက စ,ပြန်တယ်၊ နောက်တစ်ခါ တဏှာကနေ အရှိန်ကုန်ပြန် တဏှာကနေ လှည့်ပေး လိုက်ပြန်တော့ ဒါကြောင့် အာသဝဝင်ရိုးလို့ အလယ်မှာ နှစ်ခုပြထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ အတိတ်ဘဝက အဝိဇ္ဇာ၊ ပစ္စုပ္ပန်မှာ တဏှာဆိုတဲ့ ဒီ ဝင်ရိုးနှစ်ခု မကျိုးတဲ့ပုဂ္ဂိုလ်မှာ မပျက်စီးတဲ့ ပုဂ္ဂိုလ် များမှာ ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ကွာ မြင့်မိုရ် တောင်ကြီးဆိုတာ မြေထဲမှာ ရှစ်သောင်းလေးထောင် နက်ပါတယ်၊ အပေါ်မှာလဲ အမြင့် ရှစ်သောင်းလေးထောင်ပဲ၊ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်မြင့်တဲ့ မြင့်မိုရ်တောင်ကြီး ဒါကြီးဟာ ပျောက်ဖို့ မြင်သေးတယ်။ ဒီ အဝိဇ္ဇာနဲ့ တဏှာလှည့်ပြီး အဝိဇ္ဇာက လှည့်ပေးလိုက်၊ ရပ်မည့်ကြံ တဏှာက ပြန်လှည့်တယ်ဆိုတဲ့ ဒီဝင်ရိုးကြီး နှစ်ခုက လှည့် ပေးနေတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဘယ်တော့မှ သစ္စာသိပြီး နိဗ္ဗာန်ဝင်လိမ့်မယ်လို့ ငါဘုရား မဟောခဲ့ပါဘူးတဲ့ (မှန်ပါ့)။

သိပ်နစ်နာတယ် (နစ်နာပါတယ် ဘုရား) ဒကာ ဒကာမတွေ အင်မတန် ကြောက်စရာကောင်းပါကလား အင်မတန် ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အလယ်မှာ ပြထားပါတယ်

ဒီအာသဝ ဝင်ရိုးကြီး နှစ်ခုလုံးဟာ အခု ပဋိစ္စသမုပ္ပါဒ် အလယ်မှာ ပြထားပါတယ်၊ အပေါ်ကနေ လှည့်လိုက် တယ်ဆိုရင် ဒကာ ဒကာမတို့ အောက်-အထက် ပြန်ဖို့သာ ရှိတော့တယ်တဲ့၊ ဘယ်မှာမှ ရပ်ဖို့ မရှိတော့ပါဘူး (မှန်ပါ့) အောက်-အထက် ပြန်ဖို့ပဲ လှည့်ဖို့ပဲ ရှိတော့တယ်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)။

အဲဒီ့ ဝင်ရိုးကြီးနှစ်ခု မကျိုးတဲ့ပုဂ္ဂိုလ်မှာ နေငါးစင်းထွက်တဲ့အခါ မြင့်မိုရ်တောင်ကြီးဟာ ပျောက်သွားတယ်၊ ကမ္ဘာ တစ်ခု-တစ်ခုလဲတဲ့အခါ ငါမြင်တယ်တဲ့ (မှန်ပါ့)။

မဟာသမုဒ္ဒာကြီးဟာ ကျယ်ပြန့်လိုက်တာလဲ အဆုံး-အစမရှိတဲ့ မဟာသမုဒ္ဒရာကြီးဟာ ခန်းဖို့၊ ခြောက်ဖို့ရာ ကမ္ဘာပျက်တဲ့အခါ ငါမြင်တယ်၊ ဒီ အာသဝဝင်ရိုးနှစ်ခု မကျိုးတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ သစ္စာသိလိမ့်မယ် နိဗ္ဗာန် ရလိမ့်မယ်လို့ ငါဘုရား မဟောဘူးတဲ့ (မှန်ပါ့)။ သိပ်ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဒီအကြောင်း ကြားရတာနဲ့ ဪ သူတို့ နှစ်ခုဖြင့် ချိုးနိုင်-ဖဲ့နိုင်-သတ်နိုင်မှပဲ ဒို့ လွတ်ရေး-ကျွတ်ရေး ရှိတော့တယ်ဆိုတာ သေသေချာချာ မှတ်ရမယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဦးဘသန်းကြီးတို့ ပြောရတယ်၊ ဦးစံဖေတို့၊ ပြုံးမိတိုင်း တွေးပါ ခင်ဗျားတို့ဟာ အလကားပြုံးနေတာပါ ဆိုတဲ့ဥစ္စာ မိတ်ဆွေသင်္ဂဟတွေနဲ့ တွေ့လို့ ပြုံးနေတဲ့ဥစ္စာ အလကား ပြုံးနေတာပါ၊ ကိုယ့်အရေးက အများကြီးကျန်နေ သေးတာ၊ ဝင်ရိုးက လှည့်တုန်းရှိသေးတယ်ဆိုတာ သိကြပလား (သိပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဖီးကာ၊ လိမ်းကာ သားနဲ့သမီး ပျော်ကာ၊ ရွှင်ကာနဲ့ လူ့ဘဝအရတော်လှပြီလို့များ မောင်သစ်တို့က စိတ်ကြီးမဝင်လိုက်ပါနဲ့ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ စိတ်ကြီးမဝင်ပါနဲ့ဦးဆိုတာကို ကန့်ကွက် တယ်(မှန်ပါ့) ဘာကြောင့်တုန်းဆိုတော့ ဝင်ရိုးနှစ်လုံးက လှည့်နေတာကိုး (မှန်ပါ့)။

ဒီဝင်ရိုးနှစ်ခု မကျိုးသ၍

ဘုရားကလဲ နှစ်သိန်းလေးသောင်းရှိတဲ့ မဟာပထဝီမြေကြီးဟာကွာ ကမ္ဘာပျက်တဲ့အခါ နေငါးစင်းထွက် တဲ့အခါ ဟာလာဟင်းလင်းကြီး ဖြစ်သွားတယ်ကွ၊ ပျောက်သွားတယ် (မှန်လှပါ ဘုရား) ဒီ အာသဝဝင်ရိုး အတိတ်က အဝိဇ္ဇာ ပစ္စုပ္ပန်မှာ တဏှာဆိုတဲ့ ဝင်ရိုးနှစ်ခု ပေါင်းလှည့်လိုက်ပြီဆိုမှဖြင့် သစ္စာလဲ မသိတော့ပါဘူးကွ၊ လည်ပတ်ပြီး သကာလ အိုပွဲ၊ နာပွဲ၊ သေပွဲသာ ခင်းနေတော့တာပဲ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မင်းတို့ ဒီဝင်ရိုးနှစ်ခု မကျိုးသ၍ နှစ်သိန်းလေးသောင်း ရှိတဲ့ မဟာပထဝီမြေကြီးသည် ပျောက်ဖို့ရာ အရေးမြင်သေးတယ်၊ မင်းတို့ သစ္စာသိဖို့အရေး၊ မင်းတို့ နိဗ္ဗာန်ရောက်ဖို့ အ ရေး ငါတော့ မမြင်တော့ဘူးတဲ့ (မှန်ပါ့)။

ဘယ်လောက် ဟောချက်ပြင်းထန်သတုံး (ပြင်းထန်ပါတယ် ဘုရား) ခန္ဓဝဂ္ဂသံယုတ်မှာ ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် မောင်ချစ်စိန် ဒီအတိုင်းဟောတယ် (မှန်ပါ့) မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီး ကိုယ်ကိုယ်တိုင်သိတော့မှ အတိတ်အကြောင်းမှာ ဘယ်သူက အစ,ရသတုံး (အဝိဇ္ဇာ ပါ) ပစ္စုပ္ပန်မှာ ဘယ်သူက စ,သတုံး (တဏှာပါ ဘုရား)။

ကဲ ဒီနှစ်ခုကလဲ အဝိဇ္ဇာကလှည့်လို့ အရှိန်ကလေးရပ်မည့်ကြံတော့ တဏှာက ပြန်လှည့်ပစ်လိုက်တယ် (မှန်ပါ့) တဏှာက ဥပါဒါန်,ကံတွေ လျှောက်လှည့်ပစ်လိုက်တယ် (မှန်ပါ့) တစ်ခါတည်း အဝိဇ္ဇာဆီ ပြန်ရောက်မသွား ဘူးလား (ရောက်သွားပါတယ် ဘုရား)။

သေတဲ့နေရာကလေးတွေ ပြနေတာ

ကဲ ဒါဖြင့် ဦးစံဖေရ- ရပ်တဲ့အချိန် ပါသေးလား (မပါပါ ဘုရား) ရပ်တဲ့အချိန် မပါတော့ အဲဒီအထဲထဲမှာ အစပ်,အစပ်,အစပ်ဆိုတာကလေးတွေလဲ ပါတယ်၊ အဲဒါ သေတဲ့နေရာကလေးတွေ ပြနေတာ (မှန်ပါ့) ဘာပြသလဲ (သေတဲ့နေရာကလေးတွေ ပြနေတာပါ ဘုရား)။

အဲ သေပြီးရင်း သေရင်း၊ သေပြီးရင်း သေရင်း၊ ဟင် (မှန်ပါ့) သေပြီးရင်း-သေရင်း၊ သေပြီးရင်း-သေရင်း ဆိုတော့ ဒကာ ဒကာမတွေ မြင့်မိုရ်တောင်ကြီးဟာ ရပ်စဲတဲ့အချိန် ပါသေးသတဲ့၊ သမုဒ္ဒရာရေ ခန်းခြောက်တဲ့အချိန် ပါသေးတယ်၊ ခင်ဗျားတို့ အသေရပ်စဲတဲ့အချိန် မပါဘူး (မှန်ပ့ါ) ဒုက္ခရပ်စဲတဲ့အချန် (မပါပါ ဘုရား) မပါဘူး။

မောင်သစ် ဒီအချိန် ဒီအချိန် ဒီကာလမှာ ဪ ဒီနှစ်ခု ကျိုးအောင် ဟောတတ်တဲ့ဆရာ ဘုရားသခင် ကိုယ်တော်မြတ်ကြိး၏ သာသနာတော်ကလေး မကွယ်ခင်ညွှန်ပြတတ်တဲ့ ဆရာနဲ့တွေ့တုန်း တစ်ချိန်ကလေးမှာ ဒီနှစ်ခု ချိုးဖဲ့ပစ်မှသာလျှင် ဒို့ဟာ အိုပွဲ, နာပွဲ, သေပွဲရပ်တော့မယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့) နို့မဟုတ်ရင် ရပ်ချိန်ပါသေးလား (မပါပါ ဘုရား)။

သေရာက လှည့်လိုက် ၂-ကျအောင် ရောက်တယ်၊ မရောက်ဘူးလား (ရောက်ပါတယ်) ၁-ကနေ လှည့်လိုက် တာ ၂-မရောက်ဘူးလား (ရောက်ပါတယ်) အဲဒါ အဝိဇ္ဇာကနေ လှည့်လိုက်တာ (မှန်ပါ့ ဘုရား)။

အဲ ၂-ကနေ အရှိန်ကလေး နည်းနည်း ရပ်မည်ကြံကာရှိသေး၊ ၃-နံပါတ် တဏှာကနေ လှည့်လိုက်ပြန်တော့ မောင်စ် ၄-ရောက်သွားတယ် (မှန်ပါ့) ၄-ကနေပြီးတစ်ခါ အဝိဇ္ဇာ ပြန်မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

ထွက်တဲ့အခါကျတော့ ဘယ်မှာတုံး နောက်ဘဝလဲ သစ္စာမသိတဲ့ပုဂ္ဂိုလ်မို့ ဒီဘဝ ခန္ဓာရနေကြပြီ (မှန်ပါ့ ဘုရား)။

နောက်ဘဝက ဒုက္ခသစ္စာမသိတော့ ဒီခန္ဓာဆုတောင်းလို့ မောင်သစ်ခန္ဓာကြီး ဒုက္ခသစ္စာရနေပြီ၊ ရုပ်နာမ် ခန္ဓာကြီး ရနေတယ်၊ အတိတ်က သစ္စာမသိခဲ့လို့ ရနေတာ (မှန်ပါ့) အဝိဇ္ဇာဒဏ်ချက်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒီဘဝကျတော့ ရောက်ရာ ပျော်နေတဲ့ တဏှာကနေပြီး သကာလ ကိုယ့်အရောင်းနဲ့၊ ကိုယ့်အဝယ်နဲ့၊ ကိုယ့် သားသမီးနဲ့ ဟုတ်လှပြီထင်နေတဲ့ တဏှာကနေပြီး မောင်ချစ်စိန် လှည့်လာတယ် (လှည့်ပါတယ် ဘုရား)။

လှည့်လိုက်တဲ့အခါကျတော့ တဏှာကနေပြီး လှည့်လိုက်တော့ ပစ္စုပ္ပန်ကနေ လှည့်လိုက်ပြန်တော့ ပစ္စုပ္ပန်ပြီး အနာဂတ်တစ်ခါတည်း ရောက်လာတယ်၊ မရောက်ဘူးလား (ရောက်ပတါယ်) အဝိဇ္ဇာနား ပြန်ကပ်ပြန်တယ် (မှန်ပါ့ ဘုရား)။

တစ်ခါ အဝိဇ္ဇာနား ပြန်ကပ်ပြီးတော့ ၄-နံပါတ်ကနေပြီး “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော”ဆိုပြီး မောင်သစ် လှည့်လိုက်တာ သွားပြန်ရော (မှန်ပါ့) ၂-နံပါတ်ရောက်ပြန်တယ် (မှန်ပါ့ ဘုရား)။

၂-နံပါတ် အရှိန်သေရမည့် ကြံတော့ ၃-ကနေ ပြန်လှည့်လိုက်တာ မောင်သစ်စိန်သွားရောကွ (မှန်ပါ့) ၄-ကနေ ၁-ပြန်ဆက်တာပဲ၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ဒီ အို နာ သေကြီး အမြင်နဲ့ ဒကာ ဒကာမတွေ သိရတော့မှ ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အပြောကြီးတာ မဟုတ်ပါလား (မှန်ပါ့ ဘုရား)။

ကိုယ့်ဟာကလေးနဲ့ကိုယ် တင်းတိမ် မနေနဲ့

မြင့်မိုရ်တောင်ကြီး ပျောက်စရာမြင်တယ်၊ မဟာသမုဒ္ဒရာရေ ပျောက်စရာမြင်တယ်၊ မဟာပထဝီမြေကြီး ပျောက်စရာမြင်တယ်၊ မင်းတို့ အသေရပ်မည့်ကိစ္စ ငါမမြင်ဘူးတဲ့ (မှန်ပါ့) မင်းတို့ ဒုက္ခရပ်မည့်ကိစ္စ ငါမမြင်ဘူးတဲ့ ဆိုတဲ့ဥစ္စာ အခု ကိုယ့်ကျဘန်း ကြည့်လိုက်တော့မှ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ပြောရတယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိုယ့်ဟာကလေးနဲ့ကိုယ် တင်းတိမ် မနေနဲ့၊ ဘာမှမဟုတ်သေးဘူးဆိုမှ အမှတ်ရမယ် (မှန်ပါ့ ဘုရား)။

ကိုယ့်သားနဲ့ ကိုယ့်လင်မယားနဲ့ တိုက်နဲ့၊ တာနဲ့၊ စိန်ရွှေငွေ အစရှိသည်နဲ့ နေကြ-ထိုင်ကြငြားပေမယ့် ဘာမှ မဟုတ်သေးဘူးလို့သာ မှတ်ပါ (မှန်ပါ့ ဘုရား) ဘာဟုတ်သတုန်း (ဘာမှမဟုတ်သေးပါ ဘုရား)။

ဘာမှ မဟုတ်သေးဘူး၊ ဒီဝင်ရိုးနှစ်ခု ကျိုးပလား (မကျိုးသေးပါ) မကျိုးသေးလို့ ရှိရင်ဖြင့် ဒီနေ့လူ-နက်ဖြန်ခွေး မဟုတ်ဘူးလား (မှန်ပါ့) သန်ဘက်ခါ ငရဲကောင်ကြီး (မှန်ပါ့) မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။

အဲဒီလို လှည့်စရာအရေးက ဒီနှစ်ခုက ကျန်နေသေးတော့ အာသဝဝင်ရိုးက မကျိုးသေးတော့ ပြုံးချိန်မဟုတ် သေးဘူးလို့ ဆရာဘုန်းကြီးပြောနေတဲ့ အဓိပ္ပာယ်ဟာ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။

ကဲ..ဦးကျော်မောင်တို့ ကိုယ့်ဟာနဲ့ ဟုတ်နေလိုက်တာ ဟင်- (မှန်ပါ့) ကိုယ့်ဟာကလေးနဲ့ ဟုတ်နေလိုက်တာ ကွယ် (မန်ပါ့) ဘယ်တော်နေတာတုန်း၊ ခင်ဗျားတို့ ကိုယ့်နေရာနဲ့ ကိုယ်တော်သေးကွယ် (မှန်ပါ့) ဘယ်တော်နေတာတုန်း၊ ဘယ်တော်နေတာတုန်း၊ ခင်ဗျားတို့ ကိုယ့်နေရာနဲ့ကိုယ် တော်သေးရဲ့ကွယ် လုပ်ချင်လုပ်နေမှာ (မှန်ပါ့ ဘုရား)။

အေး..ဦးဘသန်းကြီး တော်သေးရဲ့များ လုပ်နေသေးသလား ခင်ျား၊ လုပ်လို့ရှိရင် ဒီဝင်ရိုးနှစ်ခု သိကိုမသိလို့ ဟင် (မှန်ပါ့) ကိုယ့်အရပ်နဲ့ ကိုယ့်ဟာနဲ့ ကိုယ်ကျတော့ အေး-လူဖြစ်ရငြားသော်လဲ တော်-တော်သေးရဲ့ အစရှိသည်နဲ့ ကိုယ့်ဟာနဲ့ကိုယ် ပြုံးပြီးသကာလနေတော့ အခုဟာ အသိနဲ့သာ ပြုံးရသေးတာကိုး ကျိုးမှမကျိုးပေးဘဲ ဝင်ရိုးက (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဦးဘသန်းကြီးတို့ နောက် ဒကာ ဒကာမတို့ ကိုယ့်အတွက် လိုသေးတယ်လို့ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါသေးတယ် ဘုရား)။

တဏှာက လှည့်ချီရဲ့၊အဝိဇ္ဇာက လှည့်ချီရဲ့

ချဦးမှာပေါကွ မောင်ချစ်စိန်ရ (မှန်ပါ့) အခု အိမ်ပြန်တော့ အခုတဏှာက လှည့်ချီရဲ့ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) အခု အလုပ်တရားနားလိုက်၊ အခု အဝိဇ္ဇာက လှည့်ချီရဲ့ (မှန်ပါ့)။

အလုပ်တရားကို အခုလို ဖြစ်ပျက်မြင်တဲ့ ဉာဏ်ကလေးသာ မောင်သစ်က နားလိုက်စမ်းပါကွာ..။ အဝိဇ္ဇာက လှည့်ပြီးပြီ (မှန်ပါ့) လှည့်ပြီးပြီ။ တောတွေ-တောင်တွေ သစ်ပင်တွေ ငါ့ဟာ ငါ့ဟာတွေ ဖြစ်ကုန်ပြီ (မှန်ပါ့) မဖြစ်သေး ဘူးလား (ဖြစ်ပါတယ် ဘုရား) အဝိဇ္ဇာက လှည့်လိုက်ပြီ၊ သစ္စာမသိတဲ့အတွက် (မှန်ပါ့)။

အိမ်ရောက်လာတော့လဲ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စတွေနဲ့ တဏှာကနေ လှည့်လိုက်တာ ဒေါင်ချာ စိုင်းသွားတာပဲ (မှန်ပါ့)။

ဘယ့်နှယ်တုန်း မောင်သစ် တော်သေးရဲ့ ဆိုတာများ ပါသေးရဲ့လား (မပါပါ ဘုရား) ပါကို မပါသေးဘူး ဒကာ ဒကာမတို့၊ ပေါ်အောင်ပြောလို့ ပေါ်နေတာလို့ မယူပါနဲ့၊ ကိုယ့်အလုပ်သွားက ဤ-အတိုင်းပါပဲ (မှန်ပါ့)။

ကိုယ့်အလုပ်သွားက (ဤ-အတိုင်းပါ ဘုရား) ဤ-အတိုင်း ပါပဲဆိုတော့ ဘယ်အချိန်မှ တော်သေးရဲ့ဆိုတာ များကို စိတ်မကူးပါနဲ့ဦး တဲ့၊ အသေရပ်စဲတဲ့ အလုပ်၊ မလုပ်ရသေးပါဘူး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

လုပ်နေပြန်လဲ အထမမြောက်သေးလို့ရှိရင်ဖြင့် အင်း အထမမြောက်သေးဘူး။ မပြုံးရသေးဘူးဟေ့၊ မောင်သစ် မဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ အထ,မမြောက်သေး ဘယ့်နှယ်ဆိုမယ် (မပြုံးရသေးပါ ဘုရား) မပြုံးရသေး ဘူး၊ ဘာဖြစ်လို့တုန်း..၊ သေစရာတွေ ငိုစရာတွေ အများကြီးကျန်သေးတာကိုး (မှန်ပါ့) ပြုံးချိန်လို့-ဆိုလို့မှ ရကြပလား (မရသေးပါ ဘုရား) မရသေးဘူး၊ အများကြီး လိုသေးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

ပြုံးချိန်ဟုတ်ကြပလား

ခင်ဗျားတို့ကသာ ပြုံးတယ်၊ ဘုရားက မြင့်မိုရ်တောင်ကြီး ပျောက်စရာရှိတယ်။ မင်းတို့-အသေမရပ်ဘူးပြောတာ (မှန်လှပါ ဘုရား)။

ကိုင်း ခင်ဗျားတို့ ပြုံးချင်လို့ ပြုံးနေတာ၊ အရူးပြုံးတော့ ကျုပ် မပြောတတ်ဘူး (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

စင်စစ်တော့ ပြုံးချိန်ဟုတ်ကြပလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်သေးပါ ဘုရား)။

မဟုတ်သေးပါဘူး၊ မဟာသမုဒ္ဒရာရေဆိုတာ ဘယ်လိုမှ ရေတွက်လို့ မရတာကြီးတောင် ဦးဘသန်း ခန်းစရာ မြင်သေးတယ်တဲ့၊ မင်းတို့ ဝင်ရိုးနှစ်ခု မကျိုးသေးဘူး၊ လိုပါသေးတယ်ကွ..တဲ့ (မှန်ပါ့) အိုပွဲ၊ နာပွဲ၊ သေပွဲ၊ ဆွေးပွဲ အများကြီး လာစရာရှိပါသေးတယ်ဆိုတဲ့ ဥစ္စာကလဲ ဘာမှ သံသယမရှိနဲ့၊ ဒီ အတိုင်းပဲ ဖြစ်ရမှာပဲ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ)။

ဒါဖြင့် သစ္စာသိတဲ့တစ်နေ့မှာ သူတို့ နှစ်ခုကျိုးသွားမှာပဲ (မှန်လှပါ ဘုရား) မောင်သစ် ဘာတံ့တုန်း (သစ္စာ သိတဲ့တစ်နေ့ ကျိုးမှာပါ ဘုရား)။

ကိုယ့်ဉာဏ်က ပြောတဲ့အသိမျိုး

သစ္စာသိတာက ဆရာပြောနဲ့သိလို့ မပြီးဘူး (မှန်ပါ့) ကိုယ့်ဉာဏ်က ပြောတဲ့အသိမျိုးမှ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ပြောသံကြား ပြောတဲ့အသိမျိုးနဲ့ မရသေးဘူး (မှန်ပါ့) ပါဠိအသိမျိုးနဲ့လဲ (မရသေးပါ ဘုရား) မရသေးတော့ ကိုယ်တိုင်ဉာဏ်နဲ့ ကိုယ့်ခန္ဓာကြည့်ပြီး သိတဲ့အသိမျိုးမှ ရပါလိမ့်မယ် (မှန်ပါ့)။

ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာကြည့်ပြီး သိတဲ့အသိမျိုးမှ အသေရ၊ အနာရ၊ အဆွေးရ၊ အပူရဆိုတဲ့ ကိစ္စပြီးပါလိမ့်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် မောင်သစ် ဒီအလုပ်ဟာဖြင့် ခုဒီမှာ ဪ ဒီလိုပြောတာ ဟုတ်တာပဲ၊ ဒီ့ပြင်အချိန်မှာဆိုရင် ဘာလှူလို့ ဘယ်ရောက် သာဖြစ်နေမှာပဲ (မှန်ပါ့)။

မောင်သစ် တော်တော်ကြာ ဘာလှူလိုက်တာကွာ၊ ဘယ်ဘုံရောက်သွားတယ်၊ နိဗ္ဗာန်ဝင်သွားတယ်။ ဒါသာ ပြောနေမှာပဲ (မှန်ပါ့) တစ်လုံးမှလဲ သူ့ဟာက ဝင်ရိုးမကျိုးပါဘူး (မှန်ပါ့ ဘုရား)။

မောင်သစ်-ပါရဲ့လား (မပါပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (မပါပါ ဘုရား) ဝင်ရိုးမှ မကျိုးလို့ရှိရင် သူပြောတာတွေ အကုန်ဟုတ်နိုင်ပါ့မလား (မဟုတ်နိုင်ပါ ဘုရား) ဘာမှ မဟုတ်ဘူးလို့သာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ကိုယ့်ဝင်ရိုးက ကိုယ့်လှည့်နေတာ

ဘာမှ မဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့) ကိုယ့်ဝင်ရိုးက ကိုယ့်လှည့်နေတာ၊ သူများပြောတာနဲ့ ကိုယ်က ယုံရမှာလား (မယုံရပါ ဘုရား) ကိုယ့်ဝင်ရိုးက ကိုယ့်လှည့်နေတာ (မှန်ပါ့ ဘုရား)။

ဟို သူများရောက်တာကို သွားပြီး ယုံကြည်ကိုးစား အားထားနေလို့ တော်ပါ့မလား ဆိုတာကော ရှင်းကြ ပလား (ရှင်းပါပြီ) ဘာမှမဆိုင်ဘူးလို့ ဦးဘသန်းကြီး ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

အေး နေရာကျကြပလား ဒကာ ဒကာမတို့၊ နားလည်ကြပလား (နားလည်ပါပြီ)။

ဘယ်သက ဘာပြောပြော၊ မင်းတို့ဖြင့်ကွာ၊ သေပျော်ပါပြီကွ-လို့ ပြောြ့ငားသော်လဲ ဪ သူမသိလို့ ပြောတာ၊ ငါ့မှာ ဝင်ရိုးနှစ်ချောင်း လှည့်တုန်းရှိသေးတယ်သာ အောက်မေ့ထား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီလာတဲ့ ဒကာ ဒကာမတွေ တော်တော်ကြာ အရပ်ပြန်သွားတဲ့အခါ အင်း ဟိုက သာဓုခေါ်၊ ဒီက သာဓု ခေါ်နဲ့ အင်း သွားလုပ်ပြီး ဘဝင်များမြင့်မနေလိုက်ပါနဲ့ဦး (မှန်လှပါ ဘုရား) ကိုယ့်ဝင်ရိုးနှစ်ချောင်းက လှည့်တာ ကိုယ်အသိဆုံးပါ (မှန်ပါ့) မသိဘူးလား (သိပါတယ် ဘုရား)။

အခုပြောနေတဲ့ကြားထဲမှာ မောင်ချစ်စိန် မင်း..အိမ်ရောက်လို့ရှိရင် ရောက်သည်နဲ့တစ်ပြိုင်နက်တည်း တဏှာ ဝင်ရိုးလှည့်ချီရဲ့ (လှည့်ပါတယ်) ဟုတ်လား (မှန်ပါ့)။

ဝိပဿနာအလုပ် ရပ်လိုက်သည်နဲ့တစ်ပြိုင်နက်

ဒီ ရောက်လာတယ်။ ဝိပဿနာအလုပ် ရပ်လိုက်သည်နဲ့တစ်ပြိုင်နက် အဝိဇ္ဇာဝင်ရိုး လှည့်တာပဲ (မှန်ပါ့) မလှည့်ဘူးလား (လှည့်ပါတယ်) သစ္စာမသိကတည်းကိုက ‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ,က လုပ်ပြီ (မှန်ပါ့)။

ဟိုက အိမ်ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း သားရေး၊ သမီးရေး၊ စီးပွားရေးလဲ ရှုပ်လာပါရော မောင်သစ် တဏှာဝင်ရိုးက လှည့်တော့တာပဲ (မှန်ပါ့) မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) အဝိဇ္ဇာဝင်ရိုးက လှည့်လု့ိမှ မရှိမသေခင် တဏှာဝင်ရိုးက ထပ်လှည့်လိုက်တဲ့အခါကျတော့ မောင်ချစ်စိန် မူးနေတာပေါ့ကွ (မှန်ပါ့) ပျော်နေတာပေါ့ကွ (မှန်ပါ့) သုံးဆယ့်တစ်ဘုံတည်းက ထွက်ပေါက်ကို ပါသေးရဲ့လား (မပါပါ ဘုရား)။

အေး ဒါကြောင့် နားကြီးကြီးနဲ့ ထောင်ကြည့်တော့မှ ဪ တကယ့်ကို အလိုကြီး လိုနေပါသေးကလား ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

နားသေးသေးနဲ့ ထောင်တဲ့အခါကျတော့ အရှင်ဘုရားများ အပါယ်လေးပါး တံခါးပိတ်နေပြီ၊ ဟိုမှာဖြင့် လှည့်လို့ ပတ်လှည့်နေတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

မင်းတို့လဲ အရပ်ထဲက လူတွေက သူတို့ တော်လိုက်တာ ဘုရားနဲ့ တရားနဲ့၊ အင်း နိဗ္ဗာန်နဲ့ နီးကုန်ပြီ၊ ဘယ်ဟုတ်ရဦးမလဲ (မှန်ပါ့) လှည့်တုန်းရှိသေးတယ် (မှန်ပ့ါ)။

လှည့်တုန်းရှိသေးတယ်..ဟင် (မှန်ပါ့) အလုပ်တရား နားလိုက်ရင် ဘယ်သူက လှည့်သတုံး..အဝိဇ္ဇာက လှည့်တယ် (မှန်ပါ့) စီးပွားခန်း ဝင်လိုက်ရင် (တဏှာက လှည့်ပါတယ်) ကဲ ဘယ်မှာတုန်းကွ (မှန်ပါ့) မောင်ချစ်စိန် ဘယ်မှာတုန်း၊ အားတက်စရာပါပလား (အားတက်စရာ မပါသေးပါ ဘုရား)။

မပါသေးဘူး၊ ဒါက သူများပြောလား၊ ကိုယ်ကိုယ်တိုင် အလှည့်ခံနေရတာလား (ကိုယ်-ကိုယ်တိုင် အလှည့်ခံ နေရတာပါ ဘုရား)။

ကဲ ဦးကျော်မောင်တို့ မိတ္ထိလာ မပြန်ဖြစ်ပေလို့၊ ပြန်ဖြစ်ရင် ရောက်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာက လှည့်ချီရဲ့ (မှန်ပါ့) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။

သေသေချာချာ လှည့်မှာပဲ တစ်ခါတည်း၊ ဦးကျော်မောင် သွားမှပြီးမှာ ဦးကျော်မောင် ပြောမှပြီးမှာတွေက လာတော့မယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါ ဘယ်သူကလှည့်တာတုန်း (တဏှာက လှည့်တာပါ) တဏှာက လှည့်လိုက်တာ၊ ခုနင်ကအလုပ်ကလေး မလုပ်ဘဲနဲ့ တော်တေအာင်၊ ရော်အောင် ရှေ့ဖြစ်-နောက်ဖြစ်ကလေး ပြောနေကြရင်လဲ ရုပ်နာမ်မမြင်တဲ့အချိန်၊ ဒုက္ခသစ္စာ မမြင်တဲ့အချိန်၊ အဝိဇ္ဇာက လှည့်နေပါတယ် (မှန်ပါ့ အဝိဇ္ဇာက လှည့်နေပါတယ်)။ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

အလကားနေရင်း ဘယ်သူက လှည့်သတုန်း (အဝိဇ္ဇာက လှည့်ပါတယ်) အင်း သားရေး၊ သမီးရေး၊ စီးပွား ရေးနဲ့ ကြုံနေရင် (တဏှာက လှည့်ပါတယ် ဘုရား)။

ဘယ်မတုံးက၊ အဝိဇ္ဇာက လှည့်လိုက်လို့ ၂-နားမှာ အရှိန်ရပ်မလို့ ကြံကာရှိသေးတယ်၊ ၃-တည်းဟူသော တဏှာက ဝင်လှည့်လိုက်တာ ဟင် ၄-တို့ ၁-တို့နှင့် ပြန်မဆက်ဘူးလား (ပြန်ဆက်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မြင်ကော မြင်ကြရဲ့လား ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ဒီအတိုင်းလှည့်တယ်ဆိုတာ (မြင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဆရာဘုန်းကြီးက မြည်တယ်၊ တွန်တယ်၊ ဆုံးမတယ်ဆိုတဲ့ဥစ္စာ လိုသေးလို့သာ မှတ်ရမယ် (မှန်ပါ့) မလိုဘူးလား (လိုပါတယ် ဘုရား)။

လောကီ ဝင်လိုက်သည်နဲ့

အလုပ်လက်လွှတ်သည်နဲ့ တစ်ပြိုင်နက်တည်း အဝိဇ္ဇာက ရောက်လိုက်သည် (မှန်ပါ့) ဟုတ်လား၊ လောကီ ဝင်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာဒဏ်ချက်မိပြီ (မှန်ပါ့) မမိသေးဘူးလား (မိပါတယ် ဘုရား)။

အဲဒါကြောင့် စိတ်မချရသေးပါဘူး၊ စိတ်မချရသေးပါဘူး၊ ဒီအထဲ ဒါနဝင်တားလို့ ရမှ-မရဘဲ (မှန်ပါ့) သီလ ဝင်တားိလု့ကော (မရပါ) မရဘူး၊ ဉာဏ်က ဝင်တားမှရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါနက ဝင်တားလိုက်တယ်၊ ဒီဘဝနည်းနည်း ဆင်းရဲတယ်၊ ဟိုဘဝ လှူမှပဲဆိုတော့ အဝိဇ္ဇာထဲသွားပြီ (မှန်ပါ့) မပါသေးဘူးလား (ပါပါပြီ) နောက်ဘဝ ဆုတောင်းတာက ဒုက္ခသစ္စာမသိတဲ့ အဝိဇ္ဇာဒဏ်ချက် မမိသေးဘူးလား မိသလား (မိပါတယ် ဘုရား)။

အဲဒါကလေး ပေးတယ်၊ ဒီဘဝဆင်းရဲတယ်၊ နောက်ဘဝ ချမ်းသာအောင်ဆိုပြီး သကာလ လှူကြတန်းကြ တာတွေ အဝိဇ္ဇာ လှည့်ပစ်လိုက်တာ (မှန်ပါ့ ဘုရား)။

မင်းတို့ ကုသိုလ်လောက်တော့ကွာ- ငါအရေးမစိုက်ပါဘူး ဆိုပြီး အဝိဇ္ဇာက ဝင်လှည့်ပစ်လိုက်တာ ဦးဘသန်း သွားရော (မှန်ပါ့) ဟုတ်လား (မှန်ပါ့) အဲဒါ နောက်ထပ်ရှိအောင်စုဦးမှပဲဟေ့- ရှာဦးမှပဲဆိုတော့ တဏှာက ဝင်လှည့် လိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ် သွားရောပေါ့ (မှန်ပါ့) သူတို့နှစ်ခု အိပ်စက်တာနဲ့ပဲ ကျုပ်တို့မှာ ချာချာလှည့်နေရတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ဘာအားကိုးကြမှာတုန်းလို့

ကိုင်း ဒကာ ဒကာမတွေ ဘာအားကိုးကြမှာတုန်းလို့ မေးတဲ့အခါကျတော့ ဒါနကလဲ အဝိဇ္ဇာမနိုင် (မှန်ပါ့) အဝိဇ္ဇာ တဏှာ မနိုင်ဘူး (မှန်ပါ့) သီလကလဲ မနိုင်ဘူး (မှန်ပါ့) သမထကလဲ မနိုင်ဘူး (မှန်ပါ့) ဝိပဿနာက ဝင်လိုက်မှပဲ ရပ်တယ်၊ ပြတ်ပြတ်ထွက်တယ် (မှန်ပါ့) နို့မဟုတ်ရင် ပြတ်ကိုမပြတ်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ သူများပြောသံကြားနဲ့ ဘုရားက ဝေနေယျဇ္ဈာသယလိုက်ပြီး အမျိုးမျိုးဟောထားတာ တွေနဲ့ သွားမယူနဲ့၊ ကိုယ့်သန္တာန် လည်မှုပြတ်တယ်- မပြတ်တယ်သာ ပဓာနထားကြည့် (မှန်ပါ့) ပုဂ္ဂိုလ်လိုက်ပြီး ဟောထားတာတွေ ရှိသေးတာကိုး (မှန်ပါ့ ဘုရား)။

အဲဒါတွေက အလွယ်တရားတွေဖြစ်ပြီး သကာလနေတော့ အရှိတရားကို ကိုယ့်ဟာကိုယ်ရပ်-မရပ်ကိုတော့ မောင်သစ် ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်အသိဆုံးပေါ့ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်နဲ့ မဆိုင်ဘူးတဲ့၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် အဝိဇ္ဇာက လှည့်ပြီးပလား- တဏှာက ထပ်လှည့်ဦးမလို့ ရွယ်နေ သလား (မှန်ပါ့)။ ဒီလိုဆိုရင် အသေတွေ ထပ်နေဦးမှာပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါတွေက အများကြီးလိုသေးတယ်ဆိုတာ ဒကာ ဒကာမတွေ အခုပြောတဲ့တရားဟာ အတော်ကြီးတဲ့ တရား လို့မှတ် (မှန်ပါ့) ပြောသံကြားနဲ့ မယုံနဲ့ပြောတ (မှန်ပါ့ ဘုရား)။

သူများပြောသံကြားနဲ့ ဘယ့်နှယ်တုန်း (မယုံနဲ့) မင်းတို့ လူသာဓုခေါ်၊ နတ်သာဓုခေါ်ဆိုရင်လဲ ရပ်ပြီးမနေ လိုက်ပါနဲ့ဦး (မှန်ပါ့ ဘုရား)။

လူသာဓုခေါ်ဆိုတာလဲ မောင်သစ်-မသိတဲ့လူက သာဓုခေါ်တာပဲ၊ သစ္စာမသိတဲ့လူက သာဓုခေါ်တာ ဦးကျော် မောင်ကြီးတို့က ပြုံးများနေရင် ခက်ကရောပေါ့- မခက်ဘူးလား (မှန်ပါ့) နတ်သာဓုခေါ်- နတ်လဲ နတ်အ,တွေ နတ်ဆင်းရဲ၊ နတ်မွဲတွေပြည့်လို့ (မှန်ပါ့) ပြည့်နေတာပဲ သူတို့ (မှန်ပါ့) ကျွတ်တမ်းမဝင်နိုင်တဲ့နတ်တွေ ပုံနေတာပဲ (မှန်ပါ့ ဘုရား)။

သူတို့ လူသာဓုခေါ်၊ နတ်သာဓုခေါ် ပေမယ့်လဲ ဦးဘသန်းကြီးက တင်းတိမ်နေသလား၊ တင်းတိမ်နေရင် မသိတဲ့လူမြှောက်ပေးတာ ခင်ဗျားက မြောက်နေတဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့) ဒါ တော်သလားဗျ။

ကိုယ့် ပဋိစ္စသမုပ္ပါဒ်က အဝိဇ္ဇာက လှည့်နေသလား ကြည့်လိုက် (မှန်ပါ့) တဏှာက လှည့်နေသလားကြည့်လိုက် ကိုယ့်ခန္ဓာကို၊ မောင်ချစ်စိန် မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ သူတို့ လူသာဓုခေါ်၊ နတ်သာဓုခေါ်နဲ့ ဘေးက ခေါ်ငြားသော်လဲ ဒကာ ဒကာမတွေက ဪ သူတို့မသိလို့ ခေါ်တာ၊ ငါ့ရှက်စရာကြီးပါလား အောက်မေ့ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူတို့က ဘာတဲ့တုန်း (မသိလို့ပါ) ငါက ဘယ်လိုသိရမလဲ (ရှက်စရာကြီး) ရှက်စရာကြီး- အဲဒါမှမှန်တယ်၊ ဒါမှမှန်တယ် (မှန်ပါ့ ဘုရား)။

ဦးဘသန်း လူသာဓုခေါ်-နတ်သာဓုခေါ်နဲ့များ ခင်ဗျားက တင်းတိမ်မနေနဲ့ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို၊ ကိုယ့် အဝိဇ္ဇာက ကိုယ့်ခန္ဓာကြီးလှည့်လို့ ခန္ဓာကြီးကို သစ္စာမထင်တဲ့ အချိန်ကျ လို့ရှိရင် သူလှည့်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကြီး ဖြစ်ပျက်ဒုက္ခသစ္စာ မမြင်တဲ့အချိန်မှာ ဘယ်သူက လှည့်နေသတုန်း (အဝိဇ္ဇာက လှည့်နေပါတယ်) ဒီထဲကိစ္စကလေး ပေါ်လာတော့ (တဏှာက လှည့်ပါတယ် ဘုရား)။

ဪ-ခက်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ မင်းတို့ကလဲ ကိစ္စကလဲ ပေါလိုက်တာ မပြောပါနဲ့တော့၊ မောင်မင်း ကြီး တဏှာလှည့်တော်မူထဲက ကျနေတာ (မှန်ပါ့ ဘုရား)။

ဟင်း ဒီထဲ အလုပ်ကလေးနားလိုက် အဝိဇ္ဇာက လှည့်လိုက်၊ ကိစ္စကလေးပေါ်လိုက် တဏှာက လှည့်လိုက် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်အလုပ်ကလေး နားလိုက်ရင်

သူတော်ကောင်း အလုပ်ကလေး ဖြစ်ပျက်အလုပ်ကလေး နားလိုက်ရင် ဘယ်သူလှည့်လိုက်သတုန်း (အဝိဇ္ဇာက လှည့်ပတယ်) အဲ..အဝိဇ္ဇာက လှည့်လိုက်တယ်၊ ဖြစ်ပျက်မှမမြင်တော့ဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့) ကိစ္စကလေးပေါ် လာလို့ သွားလိုက်ဦးမယ်ဆိုတော့ (တဏှာက လှည့်ပါတယ် ဘုရား)။

ဘယ်မှာတုန်း ဒကာ ဒကာမတွေ မလှည်တဲ့အချိန်ကိုပါသေးရဲ့လား (မပါတော့ပါ ဘုရား)။

မပါဘူးတဲ့၊ အဲဒါကြောင့် ဒီနေ့တရားမှာ ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ မအောက်မေ့နဲ့ ဦးဘသန်း လူ သာဓုခေါ် နတ်သာဓုခေါ်ဟာ အပိုပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်လှည့်နေတာတွေ ကိုယ်ရပ်နိုင်မှသာလျှင် ကိုယ့်ဟာကိုယ် သာဓုခေါ်နိုင်မှ အမှန် (မှန်ပါ့) ဘယ့်နှယ် ဆိုကြမယ် (ကိုယ့်ဟာကိုယ် သာဓုခေါ်နိုင်မှ အမှန်ပါ ဘုရား)။

လူသာဓုခေါ်၊ နတ်သာဓုခေါ် လိုရင်းမဟုတ်ဘူးဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်ပြေးလွှားနေရတဲ့ ဇာတ်ထုပ်ကြီးကို ကိုယ့်ဉာဏ်နဲ့ ကိုယ်ရပ်-ရလို့ရှိရင်ဖြင့် ကိုယ့်ဟာကိုယ် သာဓုခေါ်နိုင်မှ အမှန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ် သာဓုခေါ်နိုင်မှ

ကဲ..ဘယ့်နှယ်ဆိုကြမလဲ လူသာဓုခေါ်၊ နတ်သာဓုခေါ်က အမှား (အမှားပါ) ကိုယ့်ဟာကိုယ် သာဓုခေါ်နိုင်မှ (အမှန်ပါ ဘုရား)။

အံမာလေး မောင်ချစ်စိန် မနည်းပြောရပါလား၊ မင်းတို့က သူများသာဓုခေါ်တာနဲ့ အတော်တင်းတိမ်နေတဲ့ လူတွေ ဟင် (မှန်ပါ့ ဘုရား)။

အတော်ကြပ်တာပါကလားဆိုတာ နောက်က ဒကာ ဒကာမတွေ အတွင်းကျကျ စကားပြောလာတော့မှ ဦးစံဖေ အတော်ခက်သွားတယ် (မှန်ပါ့) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မြင့်မိုရ်တောင်ကြီး ပျောက်စရာမြင်သေးတယ်၊ မင်းတို့ ဒီဝင်ရိုး နှစ်ခုကျိုးဖို့ မဖြစ်နိုင်ဘူးတဲ့ (မှန်ပါ့)၊ အာသဝဝင်ရိုး တွေ့ပြီမဟုတ်လား (တွေ့ပါပြီ ဘုရား) အဝိဇ္ဇာနဲ့တဏှာ အလယ် ပိုင်းမှာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမုဒ္ဒရာရေကြီး ခမ်းခြောက်ဖို့ မြင်သေးတယ်၊ ကမ္ဘာပျက်တဲ့အခါ ငါမြင်ပါတယ်ကွတဲ့၊ မင်းတို့ အအို အသေရပ်နေတဲ့ လှည့်နေတဲ့ ပဋိသန္ဓေနေလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ အေးလိုက်၊ ပူလိုက်၊ အဲဒါတွေရပ်နေတဲ့ အခါ ငါ မတွေ့ဘူးကွတဲ့ ။ ရှင်းပလား (ရှင်းပါပြီ)။

နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီ မြေကြီးဟာ နေငါးစင်းထွက်တဲ့အခါကျတော့ မောင်သစ် ပြောင် ထွက်သွားတယ် (မှန်ပါ့) ပျောက်ပျက်သွားတယ်၊ အဲဒါ ငါမြင်တယ်ကွတဲ့၊ မင်းတို့ အအို၊ အနာ၊ အသေတွေ ရပ်တာတော့ ငါ မမြင်ဘူးတဲ့၊ ဒီလိုပဲ လှည့်နေတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ကြောက်စရာ ဘယ်လောက်ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ယနေ့တရားမှာ သေသေချာချာ ခင်ဗျားတို့ ရပ်နည်းနိဿယည်းကို ယူမှပဲ သင့်တော်တော့မယ် ဆိုတာကို ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့) ဘယ်လိုလုပ်မှ ရမယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခွေးဥပမာ

မရပ်ပုံကလေးကွာ..ငါ ရှင်းပြပါဦးမယ်ဆိုတော့ သူ ခွေးဥပမာနဲ့ မောင်သစ်ပုံထုတ်လာတယ် (မှန်ပါ့) ထုတ် လာတာ ဒီဝတ္ထုပဲ (မှန်ပါ့)။

”အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗကောဋိ နပညာယတိ”

ဘိက္ခဝေ= ရဟန်းကို၊ အယံသံသာရော=မင်းတို့ လှည့်ပြေးနေတဲ့ သံသရာကြီး ခန္ဓာ သံသရာကြီးသည်၊ အနမ တဂ္ဂေ=မသိအပ်သော အစရှိတယ်တဲ့၊ ဘယ်တုန်းက စလည်လာတယ်လို့ မင်းတို့ငါတို့ မသိပါဘူးတဲ့ (မှန်ပါ့)။

ဘယ်တုန်းကစပြီး မင်းတို့ လည်တာတယ်ဆိုတာ ငါမသိဘူးတဲ့ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့်တုံးဆိုတော့ “အဝိဇ္ဇာ နီဝရဏာနံ တဏှာ သံယောဇနာန”အတိတ်အကြောင်း အဝိဇ္ဇာကလဲ လှည့်လိုက်တာ နည်းတာမဟုတ်ဘူးကွတဲ့၊ ၂-နံပါတ် ရောက်သွားတယ် (မှန်လှပါ) ပစ္စုပ္ပန်အကြောင်း တဏှာက လှည့်လိုက်တာလဲ ၄-နံပါတ်ကနေပြီး ၁-ပြန်ကူးတဲ့ အခြေအနေရောက်တယ် (မှန်ပါ့) မရောက်ကြဘူးလား (ရောက် ပါတယ် ဘုရား)။

‘သန္ဓာသိဿံ သံသရတံ’ တစ်ခါတည်းကွာတဲ့ ခေါက်တုံ့ခေါက်ပြန် အကြိမ်ဘယ်လောက်ကယ်လို့ ငါမဟောနိုင် ဘူးတဲ့ (မှန်ပါ့) ဒီ အဝိုင်းပြေး=ပြေးပြီးတော့ နေတာ (မှန်ပါ့)။

သေလိုက်- ထပြေးလိုက်၊ သေချိန်ရောက်လို့ သေလိုက်-ထပြေးလိုက် (မှန်ပါ့) သေလိုက်-ထပြေးလိုက်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အစပ်ဟူသ၍ဟာ သေတဲ့နေရာ

အစပ်ဟူသ၍ဟာ သေတဲ့နေရာ။ ဟိုဘက်ကူးလိုက်ရင် ထပြေးတဲ့နေရာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အစပ်ဟူသ၍ဟာ (သေတဲ့နေရာ) ဟိုဘက်ကူးသွားရင် (ထပြေးတဲ့နေရာပါ) ထပြေးပြီးတစ်ခါ ဟိုဘက်အစပ် နား ကျတော့ (သေပါတယ်) သေပြီးတစ်ခါ ထပြေးပြန်တယ် (မှန်ပါ့) ထပြေးပြီး ဟိုဘက်အစပ်ကျတော့ (သေပါတယ်) သေပြီး ဟိုဘက်ကူးပြန်ပြီကွ (မှန်ပါ့)။

ထပြေး-ထပြေးပြီး သေလိုက်-ထပြေးလိုက်၊ ထပြေးလိုက်-သေလိုက်ဆိုတော့ အဲဒါကြီးဟာ ခုနင်က ပြောခဲ့တဲ့ မြင့်မိုရ်တောင်တို့ ပျောက်တာမြင်တယ်။ သူ ရပ်စဲနေတာ ငါ မမြင်ဘူးတဲ့ (မှန်ပါ့) ထပြေးလိုက်-သေလိုက် ရပ်စဲနေတာ ငါ မမြင်ဘူးတဲ့ (မှန်ပါ့)။

သေလိုက်-ပြေးလိုက်။ ထပြီးတစ်ခါ ပဋိသန္ဓေနေ ပြေးလိုက် သေလိုက်။ ဒါသာ မြင်တယ်တဲ့ (မှန်ပါ့) မြင့်မိုရ်တောင်ကြီးဟာတော့ကွာ တဲ့ ကမ္ဘာတည်နေတာ အကြာကြီး မြင့်မိုရ်တောင် မပေါ်လာပါဘူးတဲ့၊ ရပ်စဲနေ တယ်တဲ့ (မှန်ပါ့)။

သမုဒ္ဒရာရေကြီးဟာ ကမ္ဘာတည်နေတာ ကြာတော့ တော်တော်နဲ့ ရေတွေ ရောက်မလာပါဘူးတဲ့၊ မြေကြီးကို ရှာမတွေ့ပါဘူးတဲ့ မြေတည်စရာမရှိလို့ တော်တော်နဲ့ကို မလာပါဘူးတဲ့ (မှန်ပါ့)။

နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီမြေကြီး ပျောက်သွားတာ ဟာလာဟင်းလင်းကြီး ဖြစ်နေတာ တော်တော်နဲ့ အစကလေးတစ်ခု မြေမှုန်ကလေးတစ်ခု ရောက်လာတာ ငါ မမြင်ပါဘူးတဲ့၊ အင်မတန်ကြာမှသာလျှင် မြင့်မိုရ်တောင်ကြီးတို့ နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီမြေကြီးတို့ ပေါ်လာတာ ငါသိတယ်တဲ့ ။

မင်းတို့ဖြင့် ဘယ်တော့မှ ရပ်နေတယ်လို့ ငါ သိကိုမသိဘူးတဲ့၊ ရပ်နေတယ်လို့ကို မရှိဘူးတဲ့၊ အိုလိုက်-နာလိုက် သေလိုက်၊ အိုလိုက်-နာလိုက်-သေလိုက် (မှန်ပါ့) အိုလိုက်-နာလိုက်-သေလိုက်။ ပဋိသန္ဓေနေလိုက်။ ကဲ ဦးကျော်မောင် ရပ်စဲတာ ဘုရားမြင်ရဲ့တဲ့လား (မမြင်ပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) ဘယ့်နှယ်လုပ်ကြမှာတုံး။ ဒီလိုပဲ ပဋိသန္ဓေ နေလိုက်-အိုလိုက်-သေလိုက်။ ထပ်ပြီး ပဋိသန္ဓေနေလိုက်-အိုလိုက်-နာလိုက်-သေလိုက်။ ပြေးလိုက်-သေလိုက်နဲ့ ဒီလိုပဲ နေကြတော့မလားတဲ့။ ဟုတ်လား (မှန်ပ့ါ) ဒါလဲ ကိုယ့်အလောင်းကိုယ် ထမ်းပြေးနေတာ (မှန်ပါ့)။

ပဋိသန္ဓေ နေတယ်ဆိုတော့

ပဋိသန္ဓေ နေတယ်ဆိုတော့ ကိုယ့်အလောင်းကိုယ် ထမ်းပြေးတာ (မှန်ပါ့) အိုတယ်ဆိုတော့ ကိုယ့်အလောင်း ထမ်းပြီး ကိုယ်အိုတာ (မှန်ပါ့) နာတယ်ဆိုတော့ကော (ကိုယ့်အလောင်းကိုထမ်းပြီး နာတာပါ) သေတော့ ကိုယ့်အလောင်း ထမ်းပြီး ကိုယ်ပစ်ချလိုက်ရတာ (မှန်ပါ့) ပြီးတော့မှ တစ်ခါ တစ်ခုသော ပုံသဏ္ဌာန်နဲ့ ထပြေးပြန်တာ (မှန်ပါ့) ထပြေး ရတယ် (မှန်ပါ့)။

ဦးဘသန်း အတော်ခက်နေပါပေါ့လား (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ဒီလိုဖြစ်နေတာတုန်းလို့ ငါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဉာဏ်နဲ့ကြည့်လိုက်တော့ ဪ သူတို့သည်ကား ခန္ဓာခင်မှုဟေ့ (မှန်ပါ့)။

ဟော လာပြီ လာပြီ (မှန်ပါ့) ခန္ဓာကို ဒုက္ခသစ္စာလို့မသိ၊ ခန္ဓာကို ခင်မင်မှုတစ်ခု၊ ဒီနှစ်ခုငြိနေတာ (မှန်ပါ့) ဒါနှစ်ခုပဲ ပြန်တွေ့တာပဲ (မှန်ပါ့) အဝိဇ္ဇာနဲ့ တဏှာပဲ ပြန်မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ခန္ဓာကို ဒုက္ခသစ္စာလို့ မသိတာက ဘာတုန်း (အဝိဇ္ဇာ) ခင်နေကြတာက (တဏှာပါ ဘုရား)။

ဪ ဒီနှစ်ခုကြောင့် ဟေ့တဲ့။ ပေါ်ကြပလား လက်သည် (ပေါ်ပါပြီ ဘုရား) ဘာတွေသတုန်း (အဝိဇ္ဇာနဲ့ တဏှာ တွေ့ပါတယ် ဘုရား)။

အဝိဇ္ဇာနဲ့ တဏှာပဲ တွေ့တယ်ဆိုတော့ မောင်သစ် ရှင်းရောပေါ့ကွ (မှန်ပါ့) ဟုတ်တယ်တဲ့ ရောက်ရာဘဝမှာ စဉ်းစားကြည့်ပါတဲ့။ ကိုယ့်ခန္ဓာကလေးကို စွန့်ရမှာ အင်မတန် ဝန်လေးကြတယ် (မှန်ပါ့) ခန္ဓာပြန်ခင်တယ် (မှန်ပါ့) မခင်ဘူးလား (ခင်ပါတယ် ဘုရား) ငါပျောက်သွားမှာကလေးကော အင်မတန် မကြောက်ကြဘူးလား (ကြောက်ပါတယ် ဘုရား)။

ခန္ဓာချည်တိုင်

အင်း ဒါဖြင့် ဒိဋ္ဌိတည်းဟူသော တရားကလဲ အတော်စွဲတယ် (မှန်ပါ့) ခင်တဲ့တဏှာရယ် ဒိဋ္ဌိအစွဲရယ် မရှိဘူးလား (ရှိပါတယ်) ခန္ဓာချည်တိုင်ရယ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အေး..ဒါတွေချည့်ပဲ ပြန်ရောက်နေတော့ ငါဘုရား ဥပမာပြမယ်ကွာ..တဲ့။ ချည်တိုင်ကြီးတစ်ခု ရှိတယ်တဲ့။ တိုင်ကြီးပေါ့ဗျာ နွားများမြဲအောင် မပြေးနိုင်အောင် စိုက်တဲ့တိုင်ကြီးရှိတယ်။ မင်းတို့မှာလဲ ချည်တိုင်ကြီးတစ်ခုရှိတယ် (မှန်ပါ့) အဲဒီ့ချည်တိုင်ဟာ ကြိုးတစ်ခု ဝါးလုံးတပ်ပြီး ခွေးတပ်ပြီး ချည်ထားပေါ့ကွာ တဲ့ (မှန်ပါ့)။

အဲဒီတော့ ဒီလိုချည်ထားတော့ ခွေးသည် ဒီကြိုးဖြတ်ဖို့ရာလဲ ဝါးလုံးနဲ့ လျှိုထားတော့ မင်းသစ် ကိုက်လို့ရရဲ့ လား (မရပါ) မရဘူးနော် (မှန်ပါ့) ဝါးလုံးနဲ့ကလဲ တွဲထားတာကိုး (မှန်ပါ့)။

အဲဒီတော့ သူ ပြေးနိုင်လှလို့ရှိရင် တိုင်ချည်ထားတဲ့အတွက် တိုင်ပတ်ပြေးရုံပဲကွ..။ နေလဲ တိုင်ခြေနေ၊ ထိုင်လဲ တိုင်ခြေထိုင်ရုံပဲ၊ သေလဲ တိုင်ခြေသေရုံပဲ (မှန်ပါ့)။

သူ့ကြိုးကော သူ ဖြတ်နိုင်ပါ့မလား (မဖြတ်နိုင်ပါ ဘုရား) မဖြတ်နိုင်ဘူးတဲ့၊ ဒီကြိုးကို သူ မဖြစ်နိုင်ဘူး။ ဘာဖြစ် လို့တုန်း လည်ပတ်ကြိုး ပါတာကိုး။ ဝါလုံးလဲ လျှိုထားတာကိုး၊ ကြိုးနဲ့ဝါးလုံးနဲ့ ကိုက်မည့်ကြံရင် ကိုက်မည့်နေရာ ဝါးလုံးက ရောက်လာတာပဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်) သံပြောင်းကလေးပေါ့ဗျာ (မှန်ပါ့)။

ဒီအတိုင်းပဲကွတဲ့ မင်းတို့ဟာ ခန္ဓာဒုက္ခသစ္စာ မသိတော့ ခန္ဓာချည်တိုင်နားက သွားဖို့ရာ အင်မတန် ဝန်လေးပါတယ်တဲ့- အဲဒါကြောင့် ခန္ဓာငါးပါးဟာ ချည်တိုင်နဲ့ တူတယ်တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာဟာ ကြိုး၊ ဒိဋ္ဌိဟာ လည်ပတ်

တဏှာဟာ ကြိုးနဲ့ တူတယ်ကွတဲ့ ။ ဒိဋ္ဌိဟာ လည်ပတ်နဲ့တူတယ် (မှန်ပါ့) ခုနင်က ပြေးနေတဲ့ လည်ပတ်ကြိုး ကလေးပေါ့ဗျာ နော် (မှန်ပါ့)။

အဲဒီတော့ကိုတဲ့ ဒီခွေးဟာ တစ်နေ့လုံး ပြေးငြားသော်လဲ ဘယ်နေရာ ရောက်လိမ့်မယ်လို့ ဆိုနိုင်ပါ့မလား။ တိုင်ပတ်ပြေးနေတာ ရှိတာပေါ့ကွ ဘယ်ရောက်လိမ့်မတုန်းတဲ့ (မှန်ပါ့)။

စိမ့်ကြီး၊ မြိုင်ကြီး ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ) ဘာကြောင့်တုန်း (တိုင်ပတ်ပြေးနေလို့ပါ ဘုရား)။

တိုင်ပတ်ပြေးနေတာ။ ကြိုးတဆုံးသာ ပြေးနိုင်တာကိုး (မှန်ပါ့) ကြိုးတဆုံးပတ်တာပဲ ရှိတယ်။ ဒီ့ပြင် ရှိသေး ရဲ့လား (မရှိပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေဟာတဲ့ ခန္ဓာငါးပါးတည်းဟူသော ချည်တိုင်မှာ တဏှာတည်းဟူသော ကြိုးနဲ့ ဒိဋ္ဌိ တည်းဟူသော လည်တောက်ကြီး တပ်ပြီးသကာလ လှည့်ပြေးနေတော့ ဒီတိုင်ခြေမွေးပြီး ဒီတိုင်ခြေသေ ဒီတိုင်ခြေ ကျင်ကြီးစွန့်၊ ဒီကြိုးကို မဖြတ်နိုင်၊ ဒီလည်ပတ်ကလဲ မပြုတ်ဘဲ ဖြစ်နေတော့ ဒိဋ္ဌိလည်ပတ်ကလဲ မပြုတ်ဘဲဖြစ်နေ၊ ဒီတဏှာကြိုးကလဲ ဒီခန္ဓာကြီး ခင်နေပြန်ဆိုတော့ ခန္ဓာကြီးကလဲ မြဲတယ်ထင်နေတဲ့ အဝိဇ္ဇာတည်းဟူသော သဘောနဲ့ စိုက်ထားပြန်တော့ ခန္ဓာက ခိုင်တယ်၊ မြဲတယ် ယူထားတယ် (မှန်ပါ့)။

ငါ တော်တော်နဲ့ မသေနိုင်သေးပါဘူး၊ ဟုတ်လား မသေနိုင်သေးတဲ့ ခန္ဓာကြီးမို့ ခင်နေတယ်။ ခင်ရပါသော် ကော ငါ့ကိုယ်ပဲဆိုတဲ့ ဒိဋ္ဌိလည်ပတ်တွေက အကုန်ပါတယ် (မှန်ပါ့)။

ဒါဖြင့် ခန္ဓာချည်တိုင် ခင်တွယ်နေတဲ့ကြိုး ငါထင်နေတဲ့ ဒိဋ္ဌိနဲ့ ဒီတိုင်ခြေ လှည့်ပတ်ပြေးနေတဲ့ ခွေးဟာကွာတဲ့ မွေးလဲ ဒီနေရာ၊ သေလဲ ဒီနေရာ၊ ကျင်ကြီးစွန့်လဲ ဒီနေရာ၊ စားလဲ ဒီနေရာမှတစ်ပါး ဘယ်မှသွားစရာမရှိဘူးတဲ့ (မှန်ပါ့) သံသရာ့ပြင်ဘက် ရောက်စရာ မြင်သေးသလား (မမြင်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လောက်ဆိုးတယ်ဆိုတာ မောင်ချစ်စိန် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) နောက်က ဒကာ ဒကာမ တွေ ကိုယ့်ဖြစ်စဉ်ကို အခု အကြီးအကျယ် ပြောနေတာပဲ တဲ့။ နားလည်ကြရဲ့လား (လည်ပါတယ်) သိပ်ကြောက် စရာကောင်းပါလား (မှန်ပါ့)။

တိုင်ရင်လဲ ကျိုးပါမှ

ဒါဖြင့် ဒီလိုလုပ်ကြပါစို့ ဒကာ ဒကာမတွေ ဒီခန္ဓာတည်းဟူသော တိုင်ရင်လဲ ကျိုးပါမှ။ ဒီ တဏှာတည်းဟူသော ကြိုးရင်လဲ ပြတ်ပါမှ၊ ဒီ ဒိဋ္ဌိတည်းဟူသော လည်ပတ်ရင်လဲ ပြုတ်ပါမှ။ ဒီခွေး..သံသာရာ့ခရီးသည် ခွေးဟာဖြင့် လွတ်ရေး ကျွတ်ရေးရရှိတော့တယ် (မှန်ပါ့) နို့မဟုတ်ရင် (မရှိပါ ဘုရား)။

တိုင်ရင်လဲ ကျိုးပါမှနော်(မှန်ပါ့) ကြိုးရင်လဲ ပြတ်ပါမှ၊ လည်ပတ်ရင်လဲ ပြုတ်ပါမှ။ ဒါမှသာလျှင် ဒကာ ဒကာမတွေ ခွေးနဲ့တူတဲ့ သံသရာ့ခရီးသည်ဟာ လွတ်ပဟ..ကျွတ်ပဟ ဆိုတာ လာရမှာကိုး (မှန်ပါ့) နို့မဟုတ်ရင် လွတ်ရေး၊ ကျွတ်ရေးဆိုတာ ပါနိုင်ပါ့မလား (မပါနိုင်ပါ ဘုရား)။

မောင်ချစ်စိန် အခု သေသေချာချာ ဧဟာလာတော့မှ တိုင်ကျိုးဖို့ရာလဲ မလွယ်ဘူး၊ ကြိုးပြတ်ဖို့ရာလဲ (မလွယ် ပါ ဘုရား) သူက တဏှာကိုး (မှန်ပါ့) တိုင်က ခန္ဓာကိုး (မှန်ပါ့) ကြိုးက တဏှာ-ဒိဋ္ဌိက လည်ပတ်ဆိုတော့ ခက်နေပြီ ကော (မှန်ပါ့)။

ဒကာ ဒကာမတွေ တိုင်က ဘာနဲ့တူသလဲ (ခန္ဓာနဲ့တူပါတယ်) ကြိုးက ဘာနဲ့တူသလဲ (တဏှာနဲ့တူပါတယ်) လည်ပတ်က ဘာနဲ့တူသတဲ့ (ဒိဋ္ဌိနဲ့တူပါတယ် ဘုရား)။

ဟာ..ဒိဋ္ဌိနဲ့တူတယ်ဆိုတော့ တစ်ခါတည်း ဒီဥစ္စာတွေက ခန္ဓာငါးပါးမသိတော့ တိုင်ထဲ အဝိဇ္ဇာကလဲ ပါနေတော့ အဝိဇ္ဇာတိုင်ကြီးကလဲ စိုက်ထားသလို ဖြစ်နေတယ်။ ခန္ဓာငါးပါးသိမှ မသိပဲကိုး (မှန်ပါ့)။ ဒုက္ခသစ္စာလို့ သိသေးရဲ့လား (မသိပါ ဘုရား)။

မသိတော့ကို တဲ့၊ အဝိဇ္ဇာဒဏ်ချက်ကလဲ တိုင်စိုက်မိပြီနော် (မှန်ပါ့) တဏှာဒဏ်ချက်ကလဲ ဒီတိုင်နဲ့တွဲမိပြီ ချည်နေတယ် (မှန်ပါ့) ဒိဋ္ဌိချက်ကလဲ လည်ပတ်နဲ့၊ သံသရာ့ခရီးသည်ခွေးနဲ့ဟာဖြင့် ပတ်မိနေတော့ ဒီတိုင်ခြေမွေးပြီး ဒီတိုင်ခြေသေ၊ ဒီတိုင်ခြေပတ်၊ ဒီတိုင်လှည့်ပြေးဆိုတဲ့ဥစ္စာ ဒါဖြင့် ဘယ်ကိုရောက်ရောက် ခန္ဓာနဲ့တွဲတွဲနေတယ် (မှန်ပါ့) ခန္ဓာလွတ်တဲ့ နိဗ္ဗာန်ရောက်ကဲ့လား (မရောက်ပါ ဘုရား)။

ဒီတိုင်ခြေမှာပဲ ခန္ဓာတိုင်ခြေမှာပဲ ရောက်ရောက်နေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တိုင်ခြေပဲ ပြန်ရောက်တာ

နတ်ပြည် ရောက်တော့ကော ဒကာ ဒကာမတို့ တိုင်ကျိုးတာလား- တိုင်ခြေပဲ ပြန်ရောက်တာလား (တိုင်ခြေပဲ ပြန်ရောက်နေပါတယ်) ဗြဟ္မာ့ပြည်ရောက်ပြန်တော့ကော (တိုင်ခြေပဲ ပြန်ရောက်ပါတယ် ဘုရား)။

တိုင်တော့ ပြောင်းမှမပြောင်းဘဲ (မှန်ပါ့) တိုင်က ခန္ဓာငါးပါးပဲ (မှန်ပါ့) ပြောင်းရဲ့လား (မပြောင်းပါ ဘုရား)။

ဟေ့ မောင်ချစ်စိန် တိုင်ပြောင်းရဲ့လား (မပြောင်းပါ ဘုရား) ကြိုးကလဲ ပြတ်ပါသလားဆိုတော့ ရောက် ရာခင်နေတဲ့ ကြိုးကလဲ မပြတ်ဘူး (မှန်ပါ့) ဒိဋ္ဌိလည်ပတ်ကလဲ ပြုတ်ပါရဲ့လားလို့ မေးတဲ့အခါကျတော့ ငါ့ကိုယ်၊ ငါ့ဟာလဲ ရှိလျက် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဪ..ဒီတိုင်နဲ့ ဒီကြိုးနဲ့ ဒီလည်ပတ်နဲ့တော့ လည်နေတဲ့ခွေးနဲ့ သံသရာ့ခရီးသည်နဲ့ မောင်ချစ်စိန် ထူးသေးသလား (မထူးပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သုံးဆယ့်တစ်ဘုံ ဒီအတိုင်းသွားနေတာပဲ၊ ကိုယ့်ကြိုးနဲ့ ကိုယ့်တိုင်နဲ့၊ ကိုယ့်လည်ပတ်နဲ့ သွားနေတာပဲ (မှန်ပ့ါ ဘုရားဝ။

တယ်မြင်ပါကလား၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ အင်မတန်မြင်တယ်ဆိုတာ မပေါ် သေးဘူးလား (ပေါ်ပါပြီ) ပေါ်ပြီနော်၊ ခင်ဗျားတို့ကို ဒီဟာကလေးတွေ ဟောချင်လွန်းလို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးသည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ခဲ့တာ သဗ္ဗညုတဉာဏ်နဲ့ ဒီအမြင်ရချင်တာ (မှန်ပါ့ ဘုရား)။

ဦးဘသန်း ဒီအမြင်ရချင်တာ (မှန်ပါ့) နောက် ဒကာ ဒကာမတွေ ဘုရားပါရမီဖြည့်တာ ရိပ်မိပလား (ရိပ်မိ ပါပြီ) ဘုရားဖြစ်ချင်တာလား၊ ဒီအမြင်ရချင်တာလား (ဒီအမြင်ရချင်တာပါ ဘုရား)။

ဒီအမြင်ရချင်တာဆိုတော့ ဒီအမြင်က ဘုရားဖြစ်မှရတာ (မှန်ပါ့) သဗ္ဗညုတဉာဏ်ရမှ ဒီအမြင်တေ ပေါ်လာ တာ၊ ဪ သတ္တဝါတွေ ခန္ဓာတည်းဟူသော ချည်တိုင်မှာ ကိုယ့်တဏှာတည်းဟူသော ကြိုးနဲ့ ကိုယ့်ဒိဋ္ဌိတည်းဟူသော လည်ပတ်နဲ့ ဒီတိုင်ခြေမှာ ပြေးပြီး-တိုင်ခြေစား-တိုင်ခြေမှာသေ-တိုင်ခြေမှာနေ-တိုင်လျည့်ပတ်ပြေး ဒီလိုနေကြတာ သူမြင်တယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် တိုင်ကျိုးပြီး လည်ပတ်ဖြုတ်ပြီးသကာလ ကြိုးဖြတ်မှသာလျှင် ကိစ္စပြီးတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဟာဖြင့် ကောင်းကောင်းကြီး ရှင်းသွားပြီ (ရှင်းပါပြီ) မရှင်းသေးဘူးလား (ရှင်းပါပြီ) အဲဒါ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)

ကဲ..ဒါဖြင့် အလုပ်တရားပြမှ ဖြစ်တော့မယ် (မှန်ပါ့) အလုပ်တရားမပြလို့ရှိရင် (မဖြစ်ပါ) တိုင်လဲကျိုးမှာ မဟုတ်ဘူး၊ ကြိုးလဲပြတ်မှာမဟုတ်ဘူး (မှန်ပါ့) လည်ပတ်လဲပြုတ်မယ်မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

အေး နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီတရားမျိုးကို နားထဲမှာ ကြားလိုက်ရတယ် ဆိုလို့ရှိရင် ဪ..ဒီဟာလိုရင်းပါလား၊ ဒီသုံးခု တိုင်ကျိုး၊ ကြိုးပြတ်၊ လည်ပတ်မပြုတ်လို့ရှိရင်ဖြင့် ဘာလုပ်နေနေ မရသေးပါ ကလား (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ရောက်စရာ မြင်သေးရဲ့လား

ဘယ့်နှယ်တုံး မောင်ချစ်စိန် (ဘာလုပ်နေနေ မရသေးပါ ဘုရား) ဘယ်လို အလှူအတန်းကြီးလှူလှူ လွတ်ရေး ကျွတ်ရေတော့ (မရပါ) မရသေးပါဘူးတဲ့ ဒကာ ဒကာမတို့ ခန္ဓာတည်းဟူသော တိုင်ကြီးက မြဲနေတယ်ဆိုလို့ရှိရင်လဲ ခန္ဓာမရှိမှ နိဗ္ဗာန်ဆိုကတည်းက နိဗ္ဗာန်ရောက်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

တဏှာငြိမ်းမှ နိဗ္ဗာန်ဆိုသဖြင့်လဲ တဏှာတည်းဟူသော ကြိုးကလဲ ကိုယ်ခန္ဓာနဲ့ တစ်ခါတည်း တွဲလျက်ကြီးဖြစ် တော့ တဏှာနဲ့ ခန္ဓာနဲ့ကလဲ ခင်နေတာ တွဲလျက်ကြီးဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

အဲဒီတော့ သံသရာ့ခရီးသည်ဖြစ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ပညာဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား၊တိုင်ကျိုးလဲ သံသရာ့ခရီးသည် မတတ်နိုင်ဘူး (မှန်ပါ့) ကြိုးပြတ်အောင်လဲ သံသရာ့ခရီးသည်က (မတတ်နိုင်ပါ ဘုရား) လည်ပတ်ပြုတ် အောင်လဲ သံသရာ့ ခရီးသည်က (မတတ်နိုင်ပါ ဘုရား) လည်ပတ်ပြုတ်အောင်လဲ သံသရာ့ ခရီးသည်က (မတတ်နိုင်ပါ ဘုရား)။

မတတ်နိုင်တော့ကို ဝိပသာနာဉာဏ်ဝင်မှဘဲ မောင်ချစ်စိန် ရနိုင်တော့မယ် (မှန်ပါ့) နို့ မဟုတ်ရင် (မရနိုင်ပါ ဘုရား)။

ဒါနလောက်နဲ့ လဲတိုင်ကျိုးဖို့ ဝေးပါသေးရဲ့ (မှန်ပါ့) သိသလောက်နဲ့လဲ (ဝေးပါသေးတယ် ဘုရား) ဝေးပါ သေးတယ်၊ ဒိဋ္ဌိပြုတ်ဖို့ကောကွာ (ဝေးပါသေးတယ်) ဒိဋ္ဌိ, လည်ပတ်ပြုတ်ဖို့လဲ ဝေးပါသေးတယ်ဆိုတာ ပေါ်တာပေါ့ (မှန်လှပါ ဘုရား)။

ကဲ ဦးကျော်မောင် ဘယ်လောက် နက်နဲတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) မောင်သစ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဒီပြင်ဟာတွေ ဘာတွေ အသာထားစမ်းပါဦး၊ သူ့ကိုမဖြတ်နိုင်ဘူး (မှန်ပါ့) မပြောရပေဘူးလား ပြောရမလား (ပြောရပါမယ် ဘုရား)။

ချည်တိုင်နဲ့ကို မခွဲချင်တဲ့ သဘော

ပြောရမယ်ကွ၊ သူက ဘဝ တောင်းတတာတွေ ပါနေတော့ ချည်တိုင်နဲ့ကို မခွဲချင်တဲ့ သဘောတွေလဲ ပါတယ်၊ မပါဘူးလား- (ပါ-ပါတယ် ဘုရား) ချည်တိုင်ခန္ဓာကြီးနဲ့လေ (မှန်လှပါ ဘုရား)။

ကိုင်း- ဒါဖြင့် ပြောကြပါစို့ ဒကာဒကာမတို့ ၂-နံပါတ်မှာ ခန္ဓာငါးပါး ရှိပါတယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒါ ၂-နံပါတ်မှာ ဘာရှိသတုံး (ခန္ဓာငါးပါး ရှိပါတယ်) ဝိညာဏ် နာမ်ရုပ် သဋ္ဌာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးကို သူ့အကွက် ကြည့်လိုက်တဲ့ အခါကျတော့ ဒုက္ခသစ္စာလို့ တွေ့ပါလိမ့်မယ် (မှန်ပါ့)။

သူ့ အကွက် ကြည့်လိုက်တော့ (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒုက္ခသစ္စာလို့ တွေ့ပါလိမ့်မယ် (မှန်ပါ့)။

သူ့ အကွက် ကြည့်လိုက်တော့ (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒုက္ခသစ္စာဖြင့် ဒီထဲက တရားတွေဟာ ဒုက္ခ သစ္စာမှ တစ်ပါး ဘာမှမပါပါကလား ၂-နံပါတ်အကွက်ထဲက တရားတွေဟာ ဒုက္ခသစ္စာမှတပါး ဘာမှမပါပါကလား ၂-နံပါတ်အကွက်ထဲက တရားတွေဟာ ဒုက္ခသစ္စာမှ တစ်ပါး ဘာမှမပါဘူးဆိုတာ ပေါ်ကြမလား- (ပေါ်ပါပြီ ဘုရား)။

၂-နံပါတ်အကွက်မှာ (ဒုက္ခသစ္စာမှ တစ်ပါး ဘာမှ မပါပါ ဘုရား) ဒုက္ခသစ္စာမှ တစ်ပါး ဘာမှမပါဘူး၊ မောင်ချစ်စိန် တွေ့ပလား (တွေ့ပါပြီ ဘုရား)။

ဝိညာဏ်ကြည့်လိုက်ပြန်တော့လဲ (ဒုက္ခသစ္စာပါ) နာမ်ရုပ်ကြည့်လိုက်ပြန်တော့ (ဒုက္ခသစ္စာပါ) သဋ္ဌာယတန ကြည့်လိုက် (ဒုက္ခသစ္စာ) ဖဿ ဝေဒနာကြည့်လိုက် (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် အဲဒါ ခန္ဓာငါးပါးဘဲ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်အလိုတော့ ငါး၊ ခန္ဓာလို ဖွဲ့လိုက်တော့လဲ (ငါးပါးပါဘဲ ဘုရား) ငါးဘဲ၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါ ကိုယ့်ခန္ဓာငါးပါးကို ကိုယ်ဒုက္ခသစ္စာလို့ သိလိုက်တဲ့အချိန်ကျတော့မှ အဝိဇ္ဇာကဖုံးလွှမ်းလို့ မရလို့ ပဌမလှည့်မည့် ဝင်ရိုးကြီးဟာ လှည့်လို့ မရလို့ (မှန်ပါ့) ရသေးရဲ့လား (မရပါ ဘုရား)။

ပဌမလှည့်မည့် ဝင်ရိုးကြီးဟာ ရသေးရဲ့လား (မရပါ) မရတော့ကို ခန္ဓာကြီးကို ဒုက္ခသစ္စာလို့ သိသွားသည်နဲ့ တပြိုင်နက်တည်း ဒီဥစ္စာ တိုင်ကျိုးပြီဆိုတဲ့ အဓိပ္ပါယ် မောင်သစ် ပေါ်လာတယ် (မှန်ပါ့-ပေါ်လာပါတယ် ဘုရား)

ကိုင်း ဒါနဲ့ ဘဲ ဒီ ခန္ဓာကြီးကို တစ်ခါ ဦးဘသန်းတို့ကို ဘုန်းကြီးကဘဲ ဘုရားနည်းအတိုင်းဘဲ ပေးလိုက် ပါတယ်၊ ဒီ ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ ပေါ်တိုင်း-ပေါ်တိုင်း ဒုက္ခသစ္စာ၊ ပျောက်တိုင်း- ပျောက်တိုင်း ဒုက္ခသစ္စာလို့ ခင်ဗျားတို့ ရှုစမ်း (မှန်ပါ့ ဘုရား)။

ဒီ ခန္ဓာထဲကစိတ်ကြိုက်လို့ ရှိရင်လဲ စိတ်ကိုပေါ်လဲဒုက္ခသစ္စာ ပျက်လဲဒုက္ခသစ္စာလို့ ရှုစမ်းပါလို့ ဆိုတော့ မောင်သစ် အဝိဇ္ဇာက လှည့်နိုင်သေးရဲ့လား (မလှည့်နိုင်ပါ) ဝိဇ္ဇာဖြစ်သွားတယ် (မှန်ပါ့ ဘုရား) အဲဒီတော့ မလှည့်နိုင် တော့ဘူး (မှန်လှပါ ဘုရား)။

အဝိဇ္ဇာက မလှည့်နိုင်တော့ ဒီနေရာ နောက် ၂-နံပါတ် ပြန်ဖြစ်ဖို့ ရှိသေးလား (မရှိပါ ဘုရား) အဝိဇ္ဇာလှည့်မှ ၁-ကနေ ၂-ရောက်မှာ၊ မဟုတ်ဘူးလား (မှန်ပါ့)။

ကဲ သူကမှ မလှည့်နိုင်တော့ဘူးတဲ့ ။ လှည့်ပြီးသားတွေ ကျုပ်တို့က ဒုက္ခသစ္စာလို့ သိသွားပြီ (မှန်ပါ့)။

ပေါ်တိုင်း ပေါ်တိုင်းရှုပေးပါ

သူလှည့်ထားတာတွေ ဘယ်လို သိထားတုန်း (ဒုက္ခသစ္စာလို့ သိထားပါတယ် ဘုရား) အတိတ်က အဝိဇ္ဇာက လှည့်ထားတဲ့ ခန္ဓာငါးပါးကို ကျူပ်တို့က ဒုက္ခသစ္စာလို့ ခန္ဓာကိုယ် ပေါ်တိုင်း ပေါ်တိုင်းရှုပေးပါနော် (မှန်ပါ့)။

စိတ်ပေါ်လဲ ဒုက္ခသစ္စာလို့ ရှုပေးပါ (မှန်ပါ့) ဘယ်စိတ်လာလာ (ဒုက္ခသစ္စာလို့ ရှုရပါမယ် ဘုရား)။

ဒုက္ခသစ္စာ ဖြစ်ပျက်ဒုက္ခသစ္စာ, ဖြစ်ပျက်ဒုက္ခသစ္စာ လို့ သာဒကာဒကာမတွေက ရှုပွားပေးစမ်းပါ (မှန်ပါ့) ရှုရုံကလေးဉာတနဲ့ မနေဘဲနဲ့ တီရဏဆိုတာနဲ့ ပွားပေးပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ရမယ် (ပွားပေးရပါမယ် ဘုရား) ရှုရုံနဲ့ မနေပါနဲ့ (မှန်ပါ့) ပွားပေးပါဆိုတဲ့ စကားကို သုံးပစ်လိုက် တယ်နော် (မှန်ပါ့)။

ဘာဖြစ်လို့တုန်း ဉာတပရိညာက သူချည့် နိဗ္ဗာန်မရောက်နိုင်ဘူး (မှန်ပါ့) တီရဏပရိညာနဲ့ပွားမှ ပဟာန ပရိညာဆိုတဲ့ ၃-နံပါတ်က လာမှာကိုး (မှန်ပါ့)။

ဒါဖြင့် ၂-နံပါတ်ကို သာသနာတွင်းတရားနဲ့ ဦးဘသန်းကြီးက မဂ္ဂင်ငါးပါးဆိုတာသာသနာတွင်းတရား (မှန်ပါ့) မဂ္ဂင်ငါးပါး သာသနာတရားနဲ့ ကြည့်လိုက်တော့ ဘာသစ္စာတွေ့သတုန်းတဲ့ ၂-နံပါတ်ထဲမှာ(ဒုက္ခသစ္စာ တွေ့ပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာ..ဒုက္ခသစ္စာလို့ စိတ်ကလေး ရှုတဲ့ ပုဂ္ဂိုလ်ကစိတ်ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာ (မှန်ပါ့) ဝေဒနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာလို့ ဦးစံဖေ ရှုပေး (မှန်ပါ့)။

တခုခုမှတ်ပြီးတော့ (မှန်ပါ့) ရှုပေးလိုက်တော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတယ်ဆိုကတည်းက ဒီနေရာက ရှေ့ကို မသွာနိုင်တော့ဘူး (မှန်ပါ့)။

၂-ကနေပြီး ၃-သွားနိုင်သေးရဲ့လား (မသွားနိုင်ပါ ဘုရား) အဲဒီတော့ ဒီလို ရှုနေရင်းမတ္တနဲ့ ဒုက္ခသစ္စာမှန်း သိတော့ မောင်သစ် ခင်သေးသလား (မခင်ပါ ဘုရား)။

မခင်လို့ရှိရင်ဖြင့် တိုင်ကျိုးလို့ ကြိုးပြတ်သွားပြီ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီ ဖြစ်ပျက်ကလေးတွေသည်ကားလို့ ဆိုရင် ခိုင်သလား မြဲသလား မခိုင်တာ-မမြဲတာလားလို့ သေသေချာချာ ကြည့်စမ်း (မခိုင်တာ မမြဲတာပါ ဘုရား)။

ဟင် ဒါဖြင့် ငါမဟုတ်လို့ သူဖြစ်ချင်လို့ ဖြစ်တာ်ပါ့ (မှန်ပါ့) ဒီတော့ ဒိဋ္ဌိလည်ပတ်ကလဲ ပြုတ်တယ် (မှန်ပါ့) မောင်ချစ်စိန် မပြုတ်ဘူးလား (ဒိဋ္ဌိလည်ပတ်ကလဲ ပြုတ်တယ် (မှန်ပါ့)မောင်ချစ်စိန် မပြုတ်ဘူးလား (ဒိဋ္ဌိလည်ပတ် ပြုတ်ပါတယ် ဘုရား)။

အဲဒီတော့ ပဌမသစ္စာ သိတုန်းက ဒုက္ခသစ္စာ သိတုန်းကအဝိဇ္ဇာပြုတ်ခဲ့တယ်နော် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)

အေး တော်တော်ကြာ သိသည်နဲ့ တစ်ပြိုင်နဲ့ တစ်ပြိုင်နက် ဒီခန္ဓာကြီးမခင်တော့ ၃-နံပါတ် ကူးသေးလား (မကူးပါ) ဘယ့်နှယ်ကြောင့် မကူးသတုန်းလို့ မေးတဲ့အခါ ၂-နံပါတ် ဖြစ်မှု- ပျက်မှုဟာ မခိုင်တာ မမြဲတာသိတော့ ဒိဋ္ဌိလည်ပတ်ကလဲ ပြုတ်သွားတဲ့အခါကျတော့ ဒိဋ္ဌိ ဒိဋ္ဌိုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုတဲ့ ၃-နံပါတ်မလာတော့ဘူး(မှန်ပါ့) လာသေးရဲ့လား (မလာပါ ဘုရား)။

ဒိဋ္ဌိလာမှ ဒိဋ္ဌုပါဒါန်လာမှာကိုး၊ ဒိဋ္ဌုပါဒါန်လာမှ ကမ္မဘဝဆိုတာ မောင်ချစ်စိန်လာမယ်(မှန်ပါ့) ဒိဋ္ဌိမှမလာဘဲနဲ့ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်ကံ လာသေးရဲ့လား (မလားပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပျက်ဆိုတာ တိုင်ချိုးတာဘဲ

ဒါဖြင့် ဖြစ်ပျက်ဆိုတာ တိုင်ချိုးတာဘဲ (မှန်ပါ့) တိုင်ချိုးလိုက်သည်နဲ့တစ်ပြိုင်နက်တည်းတဲ့ ကြိုးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဖြတ်လိုက်သည်နဲ့ တပြိုင်နက်တည်း ၃- နံပါတ်ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ဖြစ်ပျက်သည်ကားလို့ ဆိုရင်ခိုင်မှု မြဲမှုလား-မခိုင်မှု မမြဲမှုလားလို့ ကြည့်တဲ့အခါကျတော့ မခိုင်မှု- မမြဲမှုသိတော့ ဒိဋ္ဌိလည်ပတ်ကပြုတ်သွားတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိလည်ပတ်ပြုတ်သွားတော့ သံသရာ့ ခရီးသည်ဟာ တိုင်ကျိုးကြိုးပြတ်- လည်ပတ်ပြုတ် (မှန်ပါ့) တိုင်ကျိုး-ကြိုးပြတ်-လည်ပတ်ပြုတ်ဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပြုတ်တဲ့အခါကျတော့ ၃- နံပါတ် ရောက်သေးရဲ့လား (မရောက်ပါ) ၄-နံပါတ်ကော (မရောက်တော့ပါ) မရောက်နိုင်တော့ဘူးဆိုတာ ဒါအလုပ်သမားမှ မရောက်မှာ (မှန်ပါ့ ဘုရား)။

မောင်ချစ်စိန် ဘယ်လိုယူမတုန်း (အလုပ်သမားမှ မရောက်မှာပါ) ဒီပြင်လူကဖြင့် စိတ်ချရပါ့မလား (စိတ်မချ ရပါ ဘုရား)။

တိုင်လဲမကျိုး, ကြိုးလဲမဖြတ်, လည်ပတ်လည်း မဖြုတ်

ဒီပြင်လူကဖြင့် လုံးဝမလုပ်ဘဲနဲ့ဘဲ တိုင်လဲမကျိုး, ကြိုးလဲမဖြတ်, လည်ပတ်လည်း မဖြုတ်ဆိုတော့ မောင်သစ်ရေ ဘယ်မှာသာလျှင် ဒီအာသဝ ဝင်ရိုးကြီးနှစ်ခု လည်နေတဲ့ဥစ္စာ သူရပ်နိုင်မည့် နည်းလမ်းရှိသေးရဲ့လား (မရှိပါ) ဦးဘသန်း သိပ်ကွာပါလားဟင် (ကွာပါတယ် ဘုရား)။

ဒါကြောင့် ဒီနေ့ဟာ အားလုံးဒကာဒကာမတွေ ထမင်းမစားချင်နေ စားရချင်စားရ၊ တိုင်ကျိုးတဲ့အလုပ်၊ ကြိုးပြတ်တဲ့အလုပ်၊ လည်ပတ်ပြုတ်တဲ့ အလုပ်ကိုခင်ဗျားတို့ ဖြစ်ပျက်ရှုတုန်းဆိုရင် ရှုလိုက်လို့ ဖြစ်ပျက်တစ်ချက်မြင် မယ်ဆိုရင် ဒီသံုံးခုပါပြီ (မှန်ပါ့ ဘုရား)။

ရှုလိုက်လို့ ဖြစ်ပျက်တချက်မြင်လိုက်လို့ ရှိရင်တိုင်လဲကျိုးပြီ (မှန်ပါ့) ကြိုးကော(ပြတ်ပါပြီ) လည်ပတ်ကော (ပြုတ်ပါပြီ ဘုရား) အဲဒီတော့ သံသရာ့ခရီးသည်ဟာ လွတ်မသွားသေးဘူးလား(လွတ်သွားပါပြီ) အဝိုင်းပြေးမှ အပြင်ထွက် သွားပါပြီ(မှန်ပါ့ ဘုရား)။

အဝိုင်းပြေးမှ(အပြင်ထွက်သွားပါပြီ) အဲ- အပြင်ထွက်သွားတော့ “ဝေဒနာနိရောဓာ တဏှာနိရောဓော နိဗ္ဗာနံ” ဘက်သွားတယ် (မှန်ပါ့ ဘုရား)။

ဘာတဲ့ “ဝေဒနာနိရောဓာ တဏှာနိရောဓော နိဗ္ဗာနံ” ထွက်လမ်းလို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား) အဲဒီတော့ အပြင်ထွက်သွားတယ် (မှန်ပါ့) လည်နေသေးရဲ့လား (မလည်ပါ ဘုရား)။

အဲဒီတော့ တိုင်ကျိုး, ကြိုးပြတ်, လည်ပတ်ပြုတ်မှ ထွက်လမ်းဖြစ်တာ (မှန်ပါ့ ဘုရား)။

လည်လမ်းလဲဆိုတော့ ခုနစ်က ပြောခဲ့တဲ့ သမုဒ္ဒရာရေသာခန်း၍ မြင့်မိုရ်တောင်ကြီးသာ ပျောက်၍ နှစ်သိန်း လေးသောင်းအထုရှိတဲ့ မဟာမထဝီမြေကြီးသာ ကုန်၍သွားစရာရှိတယ်၊ တိုင်ကျိုး, ကြိုးပြတ်, လည်ပတ်ပြုတ်ဘို့ ငါမမြင် ဘူးတဲ့ (မှန်ပါ့ ဘုရား)။

အဝိုင်းပြေးပြေးမှာဘဲ

မပြုတ်ကတည်းကလဲ ဦးဘသန်း အဝိုင်းပြေးပြေးမှာဘဲ (မှန်ပါ့) ထ, ပြေးလိုက်- သေလိုက်နေဦးမှာပဲ (မှန်ပါ့ ဘုရား)။

မောင်သစ် ဘယ့်နှယ်နေပါ့မလဲ (ထ, ပြေးလိုက်-သေလိုက်နေအုံးမှာပါ) ထ,ပြေးလိုက်ဆိုတာ ပဋိသန္ဓေနေတာ၊ ပဋိသန္ဓေနေပြီး သေလိုက်ဆိုတာက သေပွဲဝင်လိုက်တာ (မှန်ပါ့) သေရာကနေ ထ,ပြေးပြန်တော့ ပဋိသန္ဓေဆက်နေ တာဆိုတော့ လွတ်ရေး ကျွတ်ရေးကို မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲ ဒါဖြင့် ဒကာဒကာမတို့ စိတ်တွေပြထားပါတယ်၊ ခင်ဗျားတို့ စာရွက်ကလေးလဲ ပေးထားပါတယ်၊ အဲဒီစိတ်ကလေးတစ်ခုကို ဖြစ်ပျက်လို့ ကျကျနန မြင်လို့ရှိရင် ဖြစ်ပျက်ဟာတိုင်ကျိုးတာဘဲ (မှန်ပါ့ ဘုရား)။

မြင်တော့တဏှာကဟိုဘက်ကူးမဲ့ဥစ္စာလဲ မကူးရအောင် ဖြတ်ပစ်လိုက်တယ် (မှန်ပါ့) ၃-နံပါတ်ကူူးမည့်ဟာလဲ ကူးခွင့်ရသေးရဲ့လား (မရပါ) အဲဒါ တဏှာဖြတ်လိုက်တဲ့ဥစ္စာ မောင်ချစ်စိန်က ကျေနပ်လား (ကျေနပ်ပါပြီ) ဖြစ်ပျက် မြင်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒိဋ္ဌိဟာ ရောပြုတ်မသွားဘူးလား (သွားပါတယ် ဘုရား)

အဲဒါကြောင့် တိုင်ကျိုး၊ ကြိုပျက်၊ လည်ပတ်ပြုတ်တဲ့အလုပ်ဟဖြင့် ဖြစ်ပျက်မြင်တဲ့ မဂ္ဂင်ငါးပါးသာလျှင် ခင်ဗျား တို့၏ ကယ်မည့် ယူမယ့် အားကိုးစရာ သောင်ကြီးသဖွယ် ဖောင်ကြီးသဖွယ် မဂ္ဂင်သာဖြစ်တယ် (မှန်ပါ့ ဘုရား)။

နို့မဟုတ်ရင် ဖြစ်စရာမြင်သေးရဲ့လား (မမြင်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မြင်စိတ်လာလဲ ဖြစ်ပျက်ရှု၊ ကြားစိတ်လာလဲ ဖြစ်ပျက်ရှု၊ နောက်ဆုံးပိတ် ရှူစိတ်-ရှိုက်စိတ်ဆိုလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှု အိမ်သည်ရှုနေတုန်း ဧည့်သည်လာရင် ဧည့်သည်ရှု၊ အတွင်းဧည့်သည်လာ အတွင်း ဧည့်သည်ရှု၊ အပြင်ဧည့်သည်လာရင် (အပြင်ဧည့်သည်ရှု) ဘာမှမရှိရင် အိမ်သည်ဖြစ်ပျက်ရှုဆိုတော့ ရှုပါ များလို့ရှိရင် ရှုတာသည် တီရဏပရိညာ (မှန်ပါ့) ရှုလို့ အထမြောက်သွားရင် ပဟာနပရိညာဆိုတဲ့ ၃-နံပါတ်ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ကံတွေဟာ အကုန်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဆယ့်သုံးခု လှည့်ရှူနေတာက ပွားမှု

အဲဒီတော့ အခုဟောနေတာက သိမှု၊ ကိုယ့်ဟာကိုယ် ဟိုကျတော့ ဒီဆယ့်သုံးခု လှည့်ရှူနေတာက ပွားမှုနော် (မှန်ပါ့) နောက်ပွားလို့ ခရီးပေါက်တဲ့အခါကျတော့ ခင်ဗျားတို့ပယ်မှု (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့မှာ တရားနာတာက (သိမှုပါ) ကိုယ့်နေရာမှာ ကိုယ်ပွားကြတဲ့အခါကျတော့ (ပွားမှုပါ ဘုရား) ပွားများတာ ရင့်လာတော့ (ပယ်မှုပါ ဘုရား)။

ခင်ဗျားတို့မှာ တရားနာတာက (သိမှုပါ) ကိုယ့်နေရာမှာ ကိုယ်ပွားကြတဲ့အခါ အခါကျတော့ (ပွားမှုပါ ဘုရား) ပွားများတာရင့်လာတော့ (ပယ်မှုပါ ဘုရား)။

အဲဒီတော့ ပယ်မှုကျရင် ကိစ္စပြီးတာပဲ (မှန်ပါ့) သဘောပါကြလား (ပါပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။