သောတာပန် ဖြစ်ကြောင်း နှစ်ပါး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး
အမရပူမြို့- ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၁၀-၉-၆၂)
နိဗ္ဗာန်ဆိုတာ
နိဗ္ဗာန်ဆိုတာ မှတ်ထားရမယ်တဲ့၊ ဒကာ ဒကာမတို့၊ နိဗ္ဗာန်ဆိုတာ ဒုက္ခဟူသ၍ ဘာမှမရှိရာလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။
နိဗ္ဗာန်ဆိုတာသည် ရုပ်ဒုက္ခလဲ မရှိဘူး၊ နာမ်ဒုက္ခလဲ မရှိဘူး (မှန်ပါ့) ရုပ်နာမ်က ဒုက္ခသစ္စာ။ အဲ့ဒီ့ ဒုက္ခသစ္စာ မရှိတာကို နိဗ္ဗာန်လို့ခေါ်တယ် (မှန်ပါ့)။
ဒီ ဒုက္ခတွေ ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါမှာ ဘာမှမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့် ယောဂီပုဂ္ဂိုလ်တို့ အားထုတ်တဲ့ပုဂ္ဂိုလ်များမှာ ဪ ဒါ နိဗ္ဗာန်ရောက်တာဘဲလို့ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချ၊ မသေခင် ရောက်ပါတယ် (မှန်ပါ့)။
သေတဲ့အခါကျတော့ ဒီနေရာမှာ ရုပ်နာမ်တွေ ချုပ်ပြီးသကာလ ချမ်းသာသဘောကလေးဖြစ်နေတာက ခန္ဓာချုပ်ငြိမ်းရုပ်သိမ်းမှ ရမည့်နိဗ္ဗာန်လို့မှတ်ထားကြပါ (မှန်ပါ့)။
ဒါဖြင့် နိဗ္ဗာန်ဆိုတာသည် ရုပ်နာမ်မရှိတာကိုး၊ ရုပ်နာမ်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲဒီထဲ ပါနေတယ်၊ ၂-နံပါတ်ဟာ ရုပ်နာမ်ဘဲ (မှန်ပါ့) ဒါတွေဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီ့ ဒုက္ခသစ္စာတွေ ချုပ်ငြိမ်းရုပ်သိမ်းသွားတာကို နိဗ္ဗာန်လို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့) အဲဒီတော့ ဒုက္ခသစ္စာသာ ချုပ်ငြိမ်း ရုပ်သိမ်းသွားတယ်ဆိုတော့ ဒီနေရာမှာ ဒုက္ခသစ္စာ နေရာမှာ ဒုက္ခမရှိတာတွေ ပေါ်လာတယ် လို့မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒုက္ခမရှိတာတွေ ပေါ်လာတာက နိရောဓသစ္စာ (မှန်ပါ့ ဘုရား)။
၂-နံပါတ်မှာ ရုပ်နာမ်ဒုက္ခတွေ ချုပ်သွားရှိရင် ဒီနေရာမှာ ရုပ်နာမ်ဒုက္ခမဟုတ်ဘဲနဲ့ ရုပ်နာမ်တို့၏ မရှိမှု သုခပေါ်လာလို့ရှိရင် ဒါ နိဗ္ဗာန်လို့ မှတ်လိုက်တာပေါ့ (မှန်လှပါ ဘုရား)။
အဲဒီတော့ အခု ဘုန်းကြီး တရားဟောနေတယ်၊ ဒကာ ဒကာမတွေက ချက်ခြင်းကို နိဗ္ဗာန်မြင်ရအောင် ခင်ဗျား တို့ အားထုတ်ပါလို့၊ နောက်မှ ရလိမ့်မယ်ဆိုတာ မဟုတ်ဘူး (မှန်ပါ့)။
နိဗ္ဗာန်ရခြင်း၏ အကြောင်း
နိဗ္ဗာန်ရခြင်း၏ အကြောင်းက စောစောစီးစီလဲ မှတ်ထား၊ နိဗ္ဗာန်ရခြင်း၏ အကြောင်းဟာ မိမိနဲ့ လျောက်ပတ်တဲ့ သစ္စာတရားကို နာရလို့၊ အဲဒီ သစ္စာကို ခင်ဗျားတို့က ပိုင်ပိုင်နိုင်နိုင်သိလို့ရှိရင် နှလုံးသွင်းမှန်သွားလို့ရှိရင် ဪ ဒါ သစ္စာဘဲလို့ ဒုက္ခဖြင့် ဒုက္ခသစ္စာဘဲလို့ နိရောဓဖြင့် နိရောဓသစ္စာဘဲလို့ ပိုင်ပိုင်နိုင်နိုင် နှလုံးသွင်းလို့ရှိရင်ဖြင့်တဲ့ ဒီဘဝရတဲ့ပုဂ္ဂိုလ်လို့ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ဒီဘဝရမည့် ပုဂ္ဂိုလ်ဟာ နှစ်မျိုးတည်းဘဲ မှတ်ထားပါ။ သစ္စာတရား နာမှုရယ်, သစ္စာကို နှလုံးသွင်း မှန်မှုရယ်၊ ဒီနှစ်ခုရှိလို့ရှိရင် ခင်ဗျားတို့ ဒီဘဝ နိဗ္ဗာန်ရမယ် (မှန်လှပါ ဘုရား)။
နိဗ္ဗာန်ဆိုတာ အဝေးကြီးလို့ နောက်က ဒကာ ဒကာမတွေ မှတ်မနေပါနဲ့တဲ့၊ ဘယ်လိုမှ မှတ်မနေနဲ့ တခါတည်း ဪ သစ္စာတရား နာရလို့ ဒုတိယအကွက်မှာ ပေါ်သ၍ ဒုက္ခသစ္စာချည့်ဘဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒုတိယအကွက်မှာ ပေါ်သ၍ (ဒုက္ခသစ္စာချည့်ပါ ဘုရား) အဲဒီ သစ္စာချည့်ဘဲလို့ သိ၊ သစ္စာတရားကိုနာရတော့ သစ္စာချည့်ဘဲလို့ သိပြီ (မှန်ပါ့)။
သိနေတော့ ဒါက ဆရာဘုန်းကြီးပြောလို့ သိရတဲ့ သစ္စာ (မှန်လှပါ) နောက်တခါ ကိုယ်တိုင် နှလုံးသွင်းလိုက် လို့ နှလုံးသွင်းမှန်မှန်နဲ့ဟောတာ ဒုက္ခသစ္စာဘဲလို့ ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင်ဖြင့် ဒါ သာဝက ပါရမီ သောတာပန်တည် ဖို့, သကဒါဂါမ်တည်ဖို့ , အနာဂါမ်တည်ဖို့, ရဟန္တာဖြစ်ဖို့ ဒီ နှလုံးတည်းပါဘဲ (မှန်လှပါ ဘုရား)။
အဲဒါ ဥပရိပဏ္ဏာသပါဠိတော်မှာလဲ လာပါတယ်တဲ့။ ကဲ ဒါဖြင့် ဒုတိယအကွက်မှာ ပေါ်သ၍ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒုတိယအကွက်မှာ ပဋိစ္စသမုပ္ပါဒ်မှာကြည့်ပါ ဒကာ ဒကာမတို့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာပေါ်ချင်တာပေါ်၊ ဘာသစ္စာတွေ ပေါ်မယ်ထင်သတုံး (ဒုက္ခသစ္စာတွေပေါ်ပါတယ် ဘုရား)၊
အဲဒါ နှလုံးသွင်းရလိမ့်မယ်နော် (မှန်ပါ့) အဲဒီ နှလုံးသွင်းလိုက်သည်နဲ့ တပြိုင်နက်တည်း ဒီလို နာထားလို့ သိနေတဲ့သဘောကလေးကို ကိုယ်က နှလုံးသွင်းလိုက်တဲ့ အခါကျတော့ နာထားတာတာနဲ့ဟာ ကိုယ်နှလုံးသွင်း အမြင် နဲ့ ကိုက်သွားလို့ရှိရင် သောတာပန်တည်တယ် (မှန်ပါ့) ဦးဘသန်းကြီး မှတ်ပါ (မှန်လှပါ)။
ကိုယ်က နာထားတာက ဒုတိယကွက် ဘာသစ္စာလို့ နာထားရသတုံး (ဒုက္ခသစ္စာလို့ နာထားရပါတယ် ဘုရား) နောက်ကျတော့ ဦးမြမောင်တို့က ဦးကျော်မောင်တို့က ခန္ဓာကိုယ်ထဲလှည့်ပြီး ဆရာဘုန်းကြီးက ဖြစ်ပျက်တွေ အရှုခိုင်း၊ ဖြစ်ပျက်တွေ အရှုခိုင်းလို့ ရှုလိုက်တဲ့အခါကတော့ ဟုတ်သားဘဲ၊ ဆရာဘုန်းကြီး ဟောထားတာနဲ့ ကိုယ် သေသေချာချာရှုကြည့်တော့လဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေဘဲ၊ တစ်ခုမှ ဒုက္ခလွတ်တာ ရှိမှမရှိဘဲကိုးလို့ ကိုယ့်နှလုံးသွင်းကလဲ ဆုံးဖြတ်ချက်ချရင် ဖျတ်ဆို သောတာပန်တည်တာဘဲ (မှန်ပါ့ ဘုရား)။
ဒီနေ့ပြောတဲ့တရား အရေးတကြီး ပြောတယ်လို့ ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်ပါ့) ၂-နံပတ်ဟာ ဘာသစ္စာ လို့ တရားနာကြရသတုံး (ဒုက္ခသစ္စာပါ ဘုရား)။
စိတ်ကိုကြိုက်ရင် စိတ်နှလုံးသွင်းလိုက်တာ
ဒုက္ခသစ္စာလို့ နာထားရတယ်၊ ဪ ဒါက နာမှုနဲ့သိတဲ့ သစ္စာ (မှန်ပါ့) ကဲ နှလုံးသွင်းမှုနဲ့သိတဲ့သစ္စာကို ဒီ ၂-နံပတ်ဆိုတာ တခြားမဟုတ်ဘဲ ဒီခန္ဓာကြီး- ဒို့ရှုနေတဲ့ ဒို့ခန္ဓာကြီးဆိုတာဘဲလို့ မှတ်လိုက် (မှန်ပါ့) ဆိုပြီးသကာလ ဦးကျော်မောင်တို့၊ ဦးမြမောင်တို့က နှလုံးသွင်းလိုက်တာပေါ့ (မှန်ပါ့) စိတ်ကိုကြိုက်ရင် စိတ်နှလုံးသွင်းလိုက်တာပေါ့ (မှန်ပါ့)။
ဘယ်စိတ်ကြည့်လိုက် ကြည့်လိုက် မျက်လုံးစိတ် ကြည့်လိုက်ပြန်လဲ ဖြစ်ပျက်ဒုက္ခသစ္စာ၊ နားစိတ်ကြည့်လိုက်ပြန်လဲ (မှန်ပါ့ ဘုရား) ဖြစ်ပျက်ဒုက္ခသစ္စာ (မှန်ပါ့) နှာခေါင်းစိတ်ကြည့်လိုက်ပြန်လဲ ဖြစ်ပျက်ဒုက္ခသစ္စာ၊ လျှာပေါ် ပေါ်တဲ့စိတ်ကလေးကြည့်လိုက်ပြန်တော့ကော (ဖြစ်ပျက်ဒုက္ခသစ္စာပါ ဘုရား)။ ကိုယ်ပေါ်မှာပေါ်တဲ့ ယားတဲ့, ယံတဲ့အ ကောင်းတဲ့စိတ်ကလေး ကြည့်လိုက်ပြန်တော့ကော (ဖြစ်ပျက်ဒုက္ခသစ္စာပါ ဘုရား)။
ဝမ်းထဲ လောဘစိတ်ကယ်လို့ သူများက ပြောကြတယ်၊ ကိုယ့်ဉာဏ်နဲ့ကြည့်လိုက်ပြန်တော့ ဘာတွေ့သတုံး (ဖြစ်ပျက်ဒုက္ခသစ္စာပါ ဘုရား) ဖြစ်တာနဲ့ ပျက်တာပဲတွေ့တယ်၊ သူများကတော့ လောဘလို့ ပြောကြတယ် (မှန်ပါ့) ကိုယ့်ဉာဏ်နဲ့ သေသေချာချာ စိုက်ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်ပျက်ဒုက္ခသစ္စာဘဲတွေ့တယ် (မှန်ပါ့ ဘုရား)။
သူများက ဒေါသစိတ်လို့ ပြောတယ်၊ ကိုယ့်ဟာကိုယ်ရှုကြည့်လိုက်တော့ ဘာတွေ့သတုံး (ဖြစ်ပျက်ဒုက္ခသစ္စာဘဲတွေ့ပါတယ် ဘုရား)။
ဪ သူများပြောက လောဘ ဒေါသ ပြောကြငြားသော်လဲ ကိုယ်မှာတော့ ငါနာထားတာက ဒုတိယကွက်ထဲပေါ်လေသ၍ဒုက္ခသစ္စာလို့ဆိုတဲ့အတိုင်း ခန္ဓာထဲပေါ်သ၍ ဒုတိယကွက်ဟာ ခန္ဓာဘဲ (မှန်ပါ့) ဒီဒုတိယကွက်ထဲ ကြည့်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်ဒုက္ခသစ္စာဘဲဆိုတာ ကိုယ့်နှလုံးသွင်းနဲ့တော့ တည့်နေတာ (မှန်ပါ့)။
သူများကတခါ ကုသိုလ်စိတ်ကလေး အလောဘစိတ်ကလေး ကုသိုလ်စိတ်လို့ ပြောကြတယ်၊ ဒါ ကုသိုလ်စိတ်ကွလို့ ပြောကြတာတော့ ကြားဖူးရဲ့၊ ကိုယ့်ဉာဏ်နဲ့ကြည့်တော့ ကုသိုလ်စိတ်တွေ့သလား၊ ဖြစ်မှုပျက်မှုတွေ့သလား (ဖြစ်မှု ပျက်မှုဒုက္ခသစ္စာဘဲတွေ့ပါတယ် ဘုရား)။
ကိုယ့်ဉာဏ်ပြောတာကို အတည်ပြု
ဪ ဒါဖြင့် သူများပြောအတည်မပြုနဲ့ (မှန်ပါ့ ဘုရား) ကိုယ့်ဉာဏ်ပြောတာကို အတည်ပြု (မှန်ပါ့) သူများပြောကို (အတည်မပြုပါ ဘုရား) ကိုယ့်ဉာဏ်ပြောတာာကို အတည်ပြုပါ (မှန်ပါ့)။
ဒါဖြင့် ကုသိုလ်စိတ်ကလေးဟာ ဉာဏ်နဲ့ ကြည့်လိုက်တော့ဘာတွေ့သတုံး (ဖြစ်ပျက်ဒုက္ခသစ္စာဘဲ တွေ့ပါတယ် ဘုရား)။
တခါ အဒေါသ ဆိုတာကလေးဟာလဲ ကျုပ်တို့ နားလည်မှုနဲ့ပြောတော့ မေတ္တာထားတဲ့စိတ်ကလေး (မှန်ပါ့) ဒါကလေးကြည့်လိုက်ပြန်တော့ မေတ္တာလားလို့၊ ဟိုတုန်းကတော့မေတ္တာလိုလိုနဲ့ ဒီစိတ်ကလေး နောက်စိတ်နဲ့ ပြန်ကြည့်တဲ့အခါ မဂ်ဉာဏ်နဲ့ ပြန်ကြည့်တဲ့အခါကျတော့ ဖြစ်မှုပျက်မှုဘဲတွေ့တယ် (မှန်ပါ့ ဘုရား) ဒါဖြင့် သူ့ကိုဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာပါ ဘုရား)။
သူများပြောတဲ့ ရှူစိတ်ရှိုက်စိတ်ကလေး၊ ရှူတဲ့စိတ်ကလေးတဲ့၊ ရှိုက်တဲ့စိတ်ကလေးတဲ့ ပြောကြတယ် (မှန်ပါ့) ကိုယ်က ဉာဏ်နဲ့ကြည့်လိုက်တော့ ရှူစိတ်လဲမတွေ့ဘူး ပျောက်သွားတာဘဲ (မှန်ပါ့) ရှိုက်စိတ်လဲမတွေ့ဘူး (ပျောက်သွားတာဘဲတွေ့ပါတယ်ဘူရား) ဘာသစ္စာတွေ့သလဲ (ဒုက္ခသစ္စာတွေ့ပါတယ် ဘုရား)။
အဲ ဆရာဘုန်းကြီးကလဲ ၂-နံပါတ်အကွက် ဘာသစ္စာလို့ဟောထားသတုံး (ဒုက္ခသစ္စာလို့ ဟောထားပါတယ် ဘုရား) ခင်ဗျားတို့ဉာဏ်နဲ့ကြည့်လိုက်တော့လဲ ၂-နံပါတ်ထဲမှာ ပေါ်တဲ့စိတ်တွေဟာ ကိုယ့်သန္တာန်ပေါ်တဲ့စိတ်ချည်းဘဲ (မှန်ပါ့) ဒါတွေကြည့်လိုက်ပြန်တော့လဲ ဘာတွေတွေ့သလဲ (ဒုက္ခသစ္စာတွေတွေ့ပါတယ် ဘုရား)။
ဒါဖြင့် ဆရာဟောနဲ့ ကိုယ့်နှလုံးသွင်းနဲ့ ကိုက်သွားတဲ့အချိန်မှာ သောတာပန်တည်လိမ့်မယ် (မှန်ပါ့)။
ကိုက်သွားတဲ့အချိန်မှာ သောတာပန် တည်မှာပါ
ဆရာပြောထားတဲ့တရားနဲ့ ကိုယ့်နှလုံးသွင်းနဲ့ ကိုက်သွားတဲ့အချိန်မှာ (သောတာပန် တည်မှာပါ ဘုရား)။
ကဲ ဦးကျော်မောင် သေသေချာချာ သမ္မာဒိဋ္ဌိနဲ့ သမ္မာဒိဋ္ဌိဖြစ်ခြင်းအကြောင်း (ဝါ) သောတာပတ္တိမဂ် ဖြစ်ခြင်းအကြောင်းဘယ်နှစ်ကြောင်း ရှိပါလိမ့်မလဲလို့ ရှင်မဟာကောဋ္ဌိကကမေးလို့ ရှင်သာရိပုတ္တရာလဲ နှစ်ပါးရှိပါတယ်ကွာတဲ့၊ ဒုတိယအကွက် သစ္စာတရားနာထားရမယ်ကွ၊ ဒုက္ခသစ္စာလို့ နာမှုရှိရမယ်တဲ့၊ နောင်ကိုယ်တိုင် နှလုံးသွင်းတဲ့အခါကျတော့ ကိုယ့်ဉာဏ်ထဲမှာလဲ ဒါ ဒုက္ခသစ္စာ ဟုတ်သားပဲလို့ ဟောထားတာနဲ့ ကိုယ့်အမြင်နဲ့ ကိုက်သွားတဲ့တနေ့မှာ သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သွားသောကြောင့် (ဝါ) သောတာပတ္တိမဂ် ဖြစ်သောကြောင့် သောတာပန်တည်တဲ့နေ့လို့ မှတ်ရမယ်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီတရားဘယ်ကလာသတုံးလို့ မေးတဲ့အခါကျတော့မှတဲ့ မူလပဏ္ဏာသပါဠိတော်မှာ ရှင်ကောဋ္ဌိက-ကမေးလို့ အရှင်သာရိပုတ္တရာက သောတာပန်ဖြစ်ခြင်း၏အကြောင်း သမ္မာဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ဘယ်နှစ်ကြောင်းရှိသတုံးလို့ မေးတဲ့အခါကျတော့မှကွာတဲ့ ဒုတိယကွက်ကို သစ္စာရယ်လို့ ဟောတတ်တဲ့ဆရာနဲ့ တွေ့ရမယ်ကွ (မှန်ပါ့) ခင်ဗျားတို့မှာ ခင်ဗျားတို့မှာ (မှန်ပါ့)။
ဒုတိယအကွက်ကို သစ္စာရယ်လို့ ဟောတတ်တဲ့ဆရာနဲ့တွေ့ရမယ်ကွတဲ့၊ တွေ့တော့ မင်းတို့က ဒီအတွေ့ကိုပဲ အသာထား၊ ပြီးတော့ ကိုယ့်နေရာ ကိုယ့်ဋ္ဌာနကျတဲ့အခါကျတော့ ဒုတိယကွက်ထဲမှာပါတဲ့ သတိပဋ္ဌာန်လေးပါး တပါးပါးကို နှလုံးသွင်းလိုက်၊ နှလုံးသွင်းလိုက်တဲ့အခါကျတော့ ဒုက္ခသစ္စာချည့်တွေ့တဲ့အချိန်မှာ ဉာဏ်ထဲဘာမှ သံသယ ဝိစိကိစ္ဆာဒိဋ္ဌိမရောဘဲနဲ့ ဟုတ်သားဘဲ ဒါတွေဟာ ဖြစ်ပျက်ဒုက္ခသစ္စာတွေဘဲလို့ ဆုံးဖြတ်ချက်အမှန်ကျတဲ့အချိန်မှာ သမ္မာဒိဋ္ဌိဖြစ်တယ် (ဝါ) သောတာပန်တည်တယ် (မှန်ပါ့)။
မှတ်ကြစမ်းပါ နောက်က ဒကာ ဒကာမတွေ ၁-နံပါတ်က ဒုတိယကွက်မှာ ဘာသစ္စာလို့ နာဖူးထားရမတုံး (ဒုက္ခသစ္စာလို့ နာဖူးထားရပါမယ် ဘုရား) နာဖူးထားရမယ် (မှန်ပါ့ ဘုရား)။
နာဖူးထားရမယ် မောင်သစ်ရ၊ ဒါမှ မနာဖူးရင်လဲ မဖြစ်ဘူး (မှန်ပါ့)။
နောက်ကျတဲ့အခါကျတော့ ကိုယ့်နေရာ ကိုယ့်ကမ္မဋ္ဌာန်းကျောင်းထဲ၌ နှလုံးသွင်းလိုက်တဲ့အခါမှာ ဪ ဟောထားတာနဲ့ ကိုယ့် ဉာဏ်ထဲ နှလုံးသွင်းကြည့်လိုက်တဲ့အခါကျတော့အမြင်နဲ့ ကိုက်တယ် (မှန်ပါ့)။
ကိုက်သွားတဲ့နေ့ဟာ သောတာပန် တည်ပါတယ်၊ ဒုက္ခချုပ်တယ် (မှန်ပါ့)။
ခန္ဓာနိရောဓော နိဗ္ဗာနံ
ဒုက္ခသစ္စာမြင်ပြီး ဒုက္ခချုပ်တယ် (မှန်ပါ့) ဒုက္ခချုပ်လို့ရှိရင်ဖြင့် ဒါ ခန္ဓာနိရောဓော နိဗ္ဗာနံ ခန္ဓာချုပ်လို့ နိဗ္ဗာန်ဖြစ်တယ်၊ ဒုတိယအကွက်မှာ (မှန်ပါ့ ဘုရား) ကဲ ဦးမြမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ)။
လုပ်ဖြစ်အောင်လုပ်ပါ မလျှော့ကြနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ့)။
မလျှော့ကြနဲ့၊ နောက်က ဒကာ ဒကာမတွေလဲ မလျှော့ကြနဲ့လို့ သတိပေးလိုက်ပါတယ်၊ ဒါဟာ သိပ်အဖိုးတန်တဲ့ စကားနှစ်ခွန်း အရှင်သာရိပုတ္တရာဖြေတာ (မှန်ပါ့)။
ကွာ တဲ့၊ ငါရှင်းပြပါမယ်၊ ငါဟာ တသင်္ချေနဲ့ ကမ္ဘာတသိန်း လကျ်ာရံကြီးဖြစ်ဖို့ ပါရမီတွေ ဖြည့်လိုက်ရတာ (မှန်ပါ့)။
”ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာကတော၊ အာဟတောသဉ္စ နိရောဓေါ၊ ဧဝံ ဝါဒီ မဟာ သမဏော” ဆိုတဲ့ဥစ္စာ ရှင် အဿဇိက အကြောင်းသမုဒယရှိရင်အကျိုးဒုက္ခဖြစ်တယ်လို့မှ သစ္စာနှစ်ပါး မဟောလိုက် လို့ရှိရင် ငါဟာ သောတာပန်မတည်ဘူးတဲ့ (မှန်ပါ့) ရှင်သာရိပုတ္တရာကြီး အရှင် သာရိပုတ္တရာကြီး (မှန်ပါ့ ဘုရား) သူကိုယ်တိုင်မတည်ဘူး။
ပြီးတော့မှ ဒီဟာကို သူနာလဲနာရ နှလုံးသွင်းလိုက်တော့ ချက်ခြင်း သောတာပန်တည်တယ် (မှန်ပါ့) ဘုရားနဲ့ တည်တာမဟုတ်ဘူးသူက၊ အရှင်အဿဇိနဲ့ တည်တာကိုးဗျ (မှန်လှပါ ဘုရား)။
အဿဇိရဟန်း တဲ့၊ ပဉ္စသဂ္ဂီ ငါးဦးထဲက (မှန်လှပါ ဘုရား)။
အဲဒီတော့ ဘယ်ပုဂ္ဂိုလ်မဆိုကွာ တဲ့၊ ဒုတိယကွက် ဒုက္ခသစ္စာလို့ သိအောင် နာထားမှု သိပ်အရေးကြီးတယ် (မှန်ပါ့ ဘုရား)။
နောင်ကျတော့ ကိုယ်တိုင် နှလုံးသွင်းလိုက်တဲ့အခါ ဒုတိယအကွက်ဆိုတာလဲ တခြားဆိုတာမဟုတ်ပါဘူး ခန္ဓာဆိုနေတာ (မှန်ပါ့)။
ဒီခန္ဓာထဲ နှလုံးသွင်းလိုက်တဲ့အခါကျတော့ စိတ်ကြိုက် စိတ်ရှု၊ ဝေဒနာကြိုက် ဝေဒနာရှု၊ ရှုချင်တာရှု ဖြစ်ပျက်ဘဲတွေ့မယ် (မှန်လှပါ ဘုရား) ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ဆရာဘုန်းကြီး ဟောထားတာနဲ့ ဒုတိယကွက် ဒုက္ခသစ္စာလို့ ဟောထားတာနဲ့ ကိုယ့်ခန္ဓာကြီးကလဲ ဒုတိယအကွက်ကြီးကိုး (မှန်ပါ့)။
ဒီမှာနှလုံးသွင်းလိုက်တဲ့အခါကျတော့ ဟုတ်သားဘဲလို့လဲ ဆုံးဖြတ်ချက်ချပါရော ဒုက္ခချုပ်တယ် (မှန်လှပါ ဘုရား)။
ဒုတိယကွက်တွေချုပ်တယ်၊ ချုပ်သွားတော့ ခန္ဓာတွေချုပ်သွားတာ မြင်လိုက်ရတယ် (မှန်ပါ့) ခန္ဓာချုပ်သွားတော့ဒုက္ခသစ္စာချုပ်သွားတော့ ဟာ အသေလွတ်တဲ့နေရာ ရှိသေးတာဘဲဆိုတာ တခါတည်း ပြောလာတယ် (မှန်ပါ့) ကိုယ့်ဉာဏ်က ကိုယ့်ပြောတယ် (မှန်ပါ့)။
ကိုယ့်ဉာဏ်က ကိုယ်ပြောလာတဲ့အခါကျတော့မှ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့ နိဗ္ဗာန်မျက်မှောက် ပြုတယ်လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ချုပ်သည်တိုင်အောင် လိုက်ရမယ် (မှန်ပါ့ ဘုရား) အားထုတ်တဲ့ ပုဂ္ဂိုလ်များ ချုပ်သည်တိုင်အောင် လိုက်ရလိမ့်မယ်လို့ မှတ်ထားပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တသင်္ချေ ကမ္ဘာတသိန်း ပါရမီဖြည့်ထားတာတောင် ဒုတိယအကွက်ကို ဒုက္ခသစ္စာလို့ ဟောသံ, ပြောသံ, မကြားဘူးလို့ရှိရင် မရဘူး (မှန်ပါ့) သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်ကို မဖြစ်နိုင်ဘူး (မှန်ပါ့ ဘုရား)။
ဖြစ်နိုင်တာ နှစ်ယောက်တည်း ရှိတယ်ဟေ့၊ သဘောကျပလား (မှန်ပါ့) မနာရဘဲနဲ့ နှစ်ယောက်တည်း ရှိတယ်ဟေ့၊ ပစ္စေကဗုဒ္ဓါနဲ့ ဘုရားပဲ (မှန်ပါ့) ဒီနှစ်ယောက်ပဲရှိတယ် (မှန်ပါ့ ဘုရား)။
ကျန်တာတွေကတော့ ဒုတိယကွက် ဒုက္ခသစ္စာ နာရပြီး ခန္ဓာကိုယ် ဒုတိယအကွက်ကြီးကိုရှုလိုက်တဲ့အခါ ဒုက္ခသစ္စာအစစ်ဘဲလို့ ဆုံးဖြတ်ချက်ချ နှလုံးသွင်းမှန်မှသာလျှင် အရိယာဖြစ်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အရိယာဖြစ်ခြင်း၏ အကြောင်းဘယ်နှစ်ကြောင်းဆိုတာ ယနေ့ရိပ်မိသွားပြီ (ရိပ်မိပါပြီ ဘုရား)။
ဒုတိယအကွက်ကို ဒုက္ခသစ္စာလို့ နာဖူးခြင်းရှိရမှာက ၁-နံပါတ် (မှန်ပါ့ ဘုရား)။
ဆရာဟောနဲ့ ကိုယ့်ဉာဏ်ပြောနဲ့ ကိုက်ပါလား
မိမိခန္ဓာကိုယ် ဒုတိယအကွက်ထဲထားပြီးသကာလ နှလုံးသွင်းလိုက်တဲ့အခါကျတော့ ဪ ဆရာဟောနဲ့ ကိုယ့်ဉာဏ်ပြောနဲ့ ကိုက်ပါလားလို့ ဆုံးဖြတ်ချက်ချလိုက်လို့ရှိရင် ပြီးသွားတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် တိုတိုမှတ်ကြဆိုတော့ ဒုတိယအကွက် ဒုက္ခသစ္စာလို့နာမှုနော် (မှန်ပါ့) မိမိကိုယ်တိုင် ဒုတိယအကွက် ခန္ဓာကိုယ်ကြီးကို နှလုံးသွင်းတဲ့အခါ ဒုက္ခသစ္စာအဟုတ်သားပဲလို့ ဆုံးဖြတ်ချက်ချမှု (မှန်ပါ့ ဘုရား)။
ဒါဖြင့် နာမှုနဲ့ ကိုယ့်ဉာဏ်နှလုံးသွင်းနဲ့ ဆုံးဖြတ်ချက်ချမှု နှစ်ခုရှိရင်ပြီးရော (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါ သောတာပန်တည်နိုင်တာဘဲ၊ အပါယ်လေးပါး တံခါးပိတ်၊ အကုသိုလ်ကြွေးတွေကုန်လို့ မဖြစ်ကောင်းတဲ့ ခြောက်ဋ္ဌာနမဖြစ်ဘဲနဲ့ အထက်တက်ပြီးသကာလ နိဗ္ဗာန်ပဲ ကူးတော့တာဘဲ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဒီဒကာ ဒကာမတွေ တရားများများရှာမနေနဲ့တော့ ဒုတိယအကွက် ဒုက္ခသစ္စာလို့ ဆရာဘုန်းကြီးဟောထားပြီဆိုတာ ဦးကျော်မောင်တို့၊ ဦးမြမောင်တို့ ကြားပြီးပြီ (မှန်ပါ့ ဘုရား) ကြည့်- ဒုတိယအကွက်ထဲမှာပါတဲ့တရား ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဘယ်ကာလတုံး (ပစ္စုပ္ပန်ကာလပါ ဘုရား)။
ပစ္စုပ္ပန်ကာလလဲ ဟုတ်နေပြီ၊ ဒုက္ခသစ္စာလို့လဲ ဉာဏ်ထဲကလဲ အခုဟောလို့ သိရပြီ၊ ကိုယ့်နှလုံးသွင်းကလေးက ‘ဟုတ်ပါ့လား’ ကလေး တစ်လုံးပဲ ကျန်တော့တယ် (မှန်ပါ့ ဘုရား)။
ကိုယ့်နှလုံးသွင်းက ဘာတဲ့တုံး (ဟုတ်ပါ့လား ဆိုတာ တစ်လုံးပဲ ကျန်ပါတော့တယ် ဘုရား)။
ဒါဘဲကျန်တော့တယ်၊ ဘုန်းကြီးအတွက်က ပြီးပြီ၊ ခင်ဗျားတို့အတွက်က ဟုတ်ပါ့လား ဆိုတာကလေး ဆုံးဖြတ်ချက်ချဖို့လေး လုပ်လိုက်ကြပါ (မှန်ပါ့) ဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေအနေရောက်အောင် လုပ်လိုက်ပါ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်တော့ ရှေးဦးစွာ တွေ့မှာဘဲ (မှန်ပါ့) အခု ဦးမြမောင်တို့ တွေ့ကြပြီးပြီ (တွေ့ပါပြီ ဘုရား)။
တွေ့ပြီတဲ့ မြင်စိတ်ကလေး ကြည့်လိုက်လဲ တော်တော်ကြာမရှိပြန်ဘူး၊ ဖြစ်ပြီး ပျက်သွားပြန်ပြီဟေ့၊ ကြားစိတ်ကလေးကကော (ဒီအတိုင်းပါဘဲ ဘုရား) ဖြစ်ပြီးပျက်တာဘဲ (မှန်ပါ့) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲ့ဒါ အခုတော့ဖြင့်တဲ့၊ ဉာဏ်က မရင့်သေးတော့ ဒုက္ခသစ္စာတော့ ဒုက္ခသစ္စာဘဲ၊ ကိုယ့်အထဲမှာ လှိုက်လှိုက်လှဲလှဲ မချသေးဘူး (မှန်ပါ့) လှိုက်လှိုက်လှဲလှဲ မချသေးဘူး၊ ကိလေသာမြူတွေက နည်းနည်းလွှမ်းနေသေးတယ် (မှန်ပါ့ ဘုရား)။
အဲဒီ့ကိလေသာမြူတွေက ချုပ်ပျောက်သွားတဲ့ တနေ့ကျတော့ ဉာဏ်ကရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့ ဘုရား)။
ဉာဏ်က ရဲရဲတင်းတင်း ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချရင် ဒုတိယအကွက်ထဲမှာရှိတဲ့ ဒုက္ခကို အကုန်ရှာမတွေ့တော့ဘူး (မှန်ပါ့) ရှာမတွေ့တော့ ဒုက္ခချုပ်သွားပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
မြင်ရင်သောတာပန်တည်ပြီ
အဲဒီ့ ဒုက္ခချုပ်တာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်နိရောဓသစ္စာလို့လဲ ဆိုချင်ဆို၊ မြန်မာလိုနိဗ္ဗာန် (မှန်ပါ့) ပါဠိလို နိရောဓသစ္စာ။
ဒါဖြင့် ဒုက္ခသစ္စာမရှိလို့ရှိရင် နိရောဓသစ္စာဖြစ်တာကိုမြင်ပါလိမ့်မယ်၊ မြင်ရင်သောတာပန်တည်ပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုရားနဲ့ ပစ္စေကဗုဒ္ဓါချန်လှပ်၊ ကျန်တဲ့ သုံးဆယ့်တစ်ဘုံသားတွေမှာဖြင့် ဒီဒုတိယအကွက် ဒုက္ခသစ္စာလို့မနာရသေးလျှင်လဲ သောတာပန်တည်မည်မဟုတ်ဘူး (မှန်ပါ့ ဘုရား)။
ဒုတိယကွက်ခန္ဓာကြီးကို ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်နှလုံးသွင်းလို့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်မချနိုင်သေးလျှင်လဲ သောတာပန်တည်မည်မဟုတ်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သောတာပန်တည်ခြင်း၏အကြောင်း၊ သမ္မာဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း၊ ဦးကျော်မောင်တို့၊ ဦးမြမောင်တို့၊ ဦးဘသန်းတို့ ဘယ်နှစ်ပါးပါလိမ့် (နှစ်ပါးပါ ဘုရား)။
ဒုတိယအကွက်ဟာ ဒုက္ခသစ္စာပဲလို့ နာမှုသည် ၁-နံပါတ် (မှန်ပါ့) နာ၍ သိမှုသည် ၁-နံပါတ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
မိမိနှလုံးသွင်းတဲ့ ဒီဒုတိယကွက်မှာ ပေါ်လေသ၍ ဒုက္ခသစ္စာချည့်လို့ ဆုံးဖြတ်ချက်ချမှုသည် ၂-နံပါတ် (မှန်ပါ့ ဘုရား)။
ဒီ ၁-နဲ့ ဒီ ၂- ပြည့်စုံရင်ဖြင့် ခင်ဗျားတို့သောတာပန်တည်မှာဘဲ (မှန်ပါ့) ဒီ ၁-နဲ့၊ ဒီ ၂- တည့်ရင် (သောတာပန်တည်မှာပါဘဲ ဘုရား)။
အဲဒါကြောင့် သံသယမရှိပဲနဲ့ ဒီပဋိစ္စသမုပ္ပါဒ်ကြီးခင်းဟောနေတာဆိုတာလဲ ဦးကျော်မောင်တို့ အရေးကြီးလို့ ပြောနေတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချလိုက်တော့ ဖျတ်ဆို နိရောဓသစ္စာက ဒီနေရာပေါ်လာတယ် (မှန်ပါ့ ဘုရား)။
လှိုဏ်ဂူကြီးဥပမာ
တစ်နေ့ကပြောခဲ့ပါတယ်၊ ကျောက်တောင်ကြီးလို တူးဖန်များတော့ လိုဏ်ကြီးဖြစ်လာတာသည် လိုဏ်ကြီးနဲ့ ကျောက်တောင်နဲ့ တူရဲ့လား (မတူပါ ဘုရား)။
လှိုဏ်ကအခေါင်း၊ အခေါင်းက အောင်းစရာရှိတယ်၊ ကျောက်တောင်က အောင်းစရာမရှိဘူး (မှန်ပါ့ ဘုရား)။
ကျောက်တောင်က အောင်းစရာမရှိဘူး၊ တူးတဲ့ပုဂ္ဂိုလ် တူးထားလို့ရတဲ့ လိုဏ်ကြီးသာ အောင်းစရာ, ခိုစရာ, ကာကွယ်စရာဖြစ်သလို ဒုက္ခသစ္စာကြီးက ကျောက်တောင်ကြီးနဲ့တူတယ် (မှန်ပါ့) ပျောက်သွားတော့ ခိုစရာ, အောင်းစရာ လိုဏ်ကြီးပေါ်လာတာနဲ့တူတယ် (မှန်ပါ့) ရှင်းကြပလား ဦးဘသန်း (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စာကြီးဟာ ဘာနဲ့ တူသတုံး (မှန်ပါ့ ဘုရား) ကျောက်တောင်ကြီးနဲ့တူတယ် (မှန်ပါ့- ကျောက်တောင်ကြီးနဲ့ တူပါတယ် ဘုရား)။
နောက်တော့ ခင်ဗျားတို့က ဒါတွေ မလိုချင်တော့ပါဘူး၊ မရချင်တော့ပါဘူး၊ ဒုက္ခသစ္စာရယ်လို့ နှလုံးသွင်းမှန်သွားတဲ့အခါကျတော့ ဒါတွေ အကုန်ပျောက်သွားပြီး ဒီနေရာ လိုဏ်ကြီးပေါ်လာတယ် (မှန်ပါ့)။
ခိုရာအောင်းရာ လဲလျောင်းရာ နေရာ ဋ္ဌာနကြီး
ဪ ဒါဟာ မသေရာ ဌာနပါလား၊ ခိုရာအောင်းရာ လဲလျောင်းရာ နေရာ ဋ္ဌာနကြီး တစ်ခု ဒို့မှာ ရပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အဲဒါ ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။
အဲ့ ပထမတော့ဖြင့် ဒုက္ခသစ္စာဘဲ မြင်နေမှာဘဲ (မှန်လှပါ) နောက် ဖျတ်ဆို ချုပ်သွားတဲ့အခါ လိုဏ်ကြီးနဲ့ တူတဲ့ ခိုအောင်းရာ နိရောဓသစ္စာ ပေါ်လာမှာဘဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ရှင်းပြီတဲ့၊ ဒါဖြင့် ခင်ဗျားတို့အားလုံး အခု တရားအားထုတ်မည့် ပုဂ္ဂိုလ်တွေ, အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဪ ပါရမီ တစတစ ဖြည့်ရတာကွလို့ ရှေးသံကြီးတွေနဲ့ ခင်ဗျားတို့ယောင်နေကြမယ်ဆိုရင် သွားပြီ (မှန်ပါ့)။
ဦးကျော်မောင် သွားပြီ (မှန်ပါ့) ဘုန်းကြီးကလဲ အိုမယ်၊ အရွယ်ကလဲ ကြီးမယ်၊ ဆရာတော်ကြီးကလဲ ဖြစ်မယ်၊ ဂုဏ်ကလဲ ရှိမယ်၊ ဆံပင်ကလဲ ဖြူမယ်၊ အရွယ်ကလဲ ကြီးမယ်၊ ရှေးမှီနောက်မှီ အဘိုးကြီးတွေ ပြောတာကိုလဲ ခင်ဗျားတို့ နားထောင်နေကြမယ်ဆိုရင် ဒီနှစ်လုံး ပေါ်မှာမဟုတ်ဘူး (မှန်လှပါ ဘုရား)။
ဘုရားတောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ရတာကွာ၊ မင်းတို့ တစ,တစပေါ့ကွ၊ ဒါန အစ, သီလ အလယ်, သမထဘာဝနာ အဆုံး၊ ဒီလို သွားကြမှပေါ့လို့၊ ဘုန်ကြီးတို့က ဘုရားဟောထားတာ ဧကန်ရှိနေတယ်။
အေး၊ ဒါတွေ လိုက်မနေနဲ့ကွာ၊ သစ္စာတရား နာကွာ၊ ဒုတိယအကွက်ဟာ သစ္စာတရား၊ အဲဒါ မင်းဉာဏ်နဲ့နှလုံးသွင်းလို့ ဒါဒုက္ခသစ္စာလို့ အမှန်သိသွားရင် မင်းပြီးတော့မှာဘဲ၊ ဒါ ပါဠိတော်ကွ (မှန်ပါ့) ဟိုဟာက ပြောသံကြား (မှန်လှပါ ဘုရား)။
ပါဠိတော် အမှန်ယူရမှာ
ခင်ဗျားတို့က ဘယ်ဟာ အမှန်ယူမတုံး (ပါဠိတော် အမှန်ယူရမှာပါ ဘုရား) ပါဠိတော် အမှန်ယူရမှာပေါ့၊ ပါဠိတော်ဆိုတာ ဘုရားကိုယ်တိုင် တာဝန်ခံဟောတဲ့ ဥစ္စာတွေဖြစ်နေတော့ အင်မတန် အဖိုးတန်တော့တယ်ဆိုတာ မောင်သစ် မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒီတော့ ရှေးလူတွေက ပြောတာာက ပြောသံကြားတာနဲ့ ပြောနေတာ (မှန်ပါ့) မင်း ဘာစာတွေ့လို့ ဘယ်ဘုရားက ဘယ်နေရာ ဘာဟောခဲ့လို့ မင်း ပြောတာတုံး၊ မဟုတ်ဘူး ဘုရာ့ လူကြီး, သူမတွေ ဒီအတိုင်းပြောတာပဲ (မှန်ပါ့)။
ဟော လမ်းဆုံးက ဘယ်သွားဆုံးသလဲ (လူကြီး, သူမတွေ သွားဆုံးပါတယ် ဘုရား) အဲဒီ လူကြီးသူမက သူ ဘာတွေ့ရလို့ ပြောတာတုံး၊ ဘုရားဟောတာ နာဖူးလို့လား၊ ဘုရားဟောတဲ့ဒေသနာတွေ လေ့လာဖူးလို့လား ဆိုတော့လဲ သူ့အထက်ကရှေးက ဒီလို ပြောတယ်ဆိုပြီး ရှေးနဲ့ ဆုံးသွားမှာဘဲ (မှန်လှပါ ဘုရား)။
အဲဒါတွေကို လိုက်ပြီးမနေဘဲနဲ့ အခု ရှင်မဟာကောဋ္ဌိက,ကမေးလို့၊ ရှင်သာရိပုတ္တရာက ဖြေတဲ့ သောတာပန်တည်ခြင်း, သာဝက ပါရမီဉာဏ်ရခြင်း, သမ္မာဒိဋ္ဌိဖြစ်ခြင်း ဘယ်နှစ်ကြောင်းရှိပါသတုံးလို့ မေးတဲ့အခါကျတော့ ဒုတိယကွက် ဒုက္ခသစ္စာလို့ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ မင်းတို့ ပြောသံ ကြားဖူးရမယ် (မှန်ပါ့ ဘုရား)။
မင်းတို့ကိုယ်တိုင် ခန္ဓာဒုတိယကွက်ကြီးကို နှလုံးသွင်းတဲ့အခါ တည့်သွားလို့ရှိရင်ဖြင့် အဲဒါ သောတာပန်တည်တာဘဲ (မှန်လှပါ ဘုရား) ဒါက ပါဠိတော်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
” သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ သဒ္ဓမ္မဿဝနံ ယောနိသော မနသိကာရော”၊ ပါဠိတော်က (မှန်ပါ့) သစ္စာတရားတည်းဟူသော တရား၊ သဒ္ဓဿဝန နာဖို့ဘဲ၊ ယောနိသော မနသိကာရော တဲ့ ဒုက္ခသစ္စာလို့ အမှန်နှလုံးသွင်းဖို့ပဲတဲ့၊ အဲဒါ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒယ ဘဲတဲ့၊ သမ္မာဒိဋ္ဌိဖြစ်တာပဲကွတဲ့၊ သမ္မာဒိဋ္ဌိဖြစ်တယ်ဆိုတာ သောတာပတ္တိမဂ် ရတယ်ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ကျေနပ်ကြပလား (ကျေနပ်ပါပြီ) ကျေနပ်ပြီတဲ့၊ အခု ဒုက္ခသစ္စာချုပ်တော့ ဒီနေရာ ဘာသစ္စာပေါ်မယ် (နိရောဓသစ္စာပေါ်ပါမယ် ဘုရား)။
အေး၊ ကျောက်တောင်ကြီးဖြစ်နေတုန်းကဟာ ကျောက်တောင်ကြီး ခိုကိုးစရာ, အောင်းစရာမပါပါဘူး (မှန်ပါ့)။
နောက်ကျတော့ ဒါဒုက္ခသစ္စာမှန်းသိတော့ သူချုပ်သွားတော့လိုဏ်ခေါင်းကြီးပေါ်လာတယ် (မှန်ပါ့)။
ဒုတိယအကွက်မှာ ဘာပေါ်တာတုံး (လိုဏ်ခေါင်းကြီးပေါ်တာပါ) လိုဏ်ခေါင်းကြီးပေါ်တော့ ရှုသောပုဂ္ဂိုလ်, ပွားသောပုဂ္ဂိုလ်၏ ခိုအောင်းရာဖြစ်တဲ့ မသေရာမှန် ပြည်နိဗ္ဗာန် ပေါ်တယ်လို့ လောကီဥပမာအားဖြင့် ပြလိုက်တယ် (မှန်လှပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
အားငယ်စရာများ ရှိသေးသလား
ဒါဖြင့် အားငယ်စရာများ ရှိသေးသလား (မရှိပါ ဘုရား) အဲဒီတော့ သစ္စာတရားကော ဒုတိယကွက်ဟာ ဘယ်လိုကြည့်ကြည့် ဖြစ်ပျက်တွေ တွေ့သောကြောင့် ဒုက္ခသစ္စာဘဲ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။ဘာဖြစ်လို့တုံး၊ ပထမအကွက်က သမုဒယသစ္စာ၊ သူလုပ်လိုက်လို့ ဒုတိယအကွက် လာဖြစ်တာကိုး (မှန်ပါ့)။
အဲဒီတော့ ဒါ ဒုက္ခသစ္စာမှတစ်ပါး ဘာမှမဟုတ်ဘူးကွာလို့ ဆရာဘုန်းကြီးက ဟောထားတယ် (မှန်ပါ့) ခင်ဗျားတို့က ဉာဏ်နဲ့ နှလုံးသွင်းလိုက်တိုင်း ဟုတ်ပါလား၊ ဟုတ်ပါလားလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ပဲ အရေးကြီးတယ် (မှန်ပါ့)။
ချရင်တော့ ဒီနေ့ချရင်ရင် ဒီနေ့သိတယ် (မှန်ပါ့) အဲ့ဒါ ဉာဏ်ရင့်ရင် ချမှာဘဲ (မှန်ပါ့) နားလည်ကြပလား၊ နောက်က ဒကာ ဒကာမတွေ (နားလည်ပါပြီ) ဒီဟာ ဗျာများမနေနဲ့ဆိုတာ ပြောလိုက်တယ် (မှန်ပါ့)။
ဦးစံဖေ ဘာတဲ့တုံး (ဗျာများမနေပါနဲ့ ဘုရား) ပြောသံကြားတွေကို မှတ်မနေနဲ့ (မှန်ပါ့) တဆင့်ကြားတွေကို (မှတ်မနေပါနဲ့ ဘုရား) မှတ်မနေနဲ့၊ ဘုရားဟောတာကို သေသေချာချာမှတ်လိုက် (မှန်ပါ့)။
ဒါတွေဟာ ဦးမြမောင်တို့ မကြားဘူးတော့ကို စစ်ထိုးရသလိုလောကကြီးနဲ့ တိုက်နေရတဲ့စကား (မှန်ပါ့) တိုက်နေရတယ်၊ သူတို့က ဒီကျမ်းဂန်တွေလဲ ဘုရားဟောတာတွေလဲ မကြားဘူး၊ တဆင့်ပြောတွေနဲ့ ကြီးလာကြ၊ သူတို့က ခက်တယ် (မှန်ပါ့) အခြေလိုက်-လိုက်ပြန်တော့ ရှေးလူကြီးတွေ ဒီလို ပြောတယ်၊ လမ်းဆုံးတယ် (မှန်ပါ့)။
တဆင့်ကြားကို ဘုရားက မကြိုက်ဘူး
အဲဒီ့ရှေးလူကြီး လိုက်ပြန်တော့ကော (ရှေးလူကြီးဘဲ ထပ်ပြီး လမ်းဆုံးပါတယ်) ရှေးလူကြီးတွေဆိုတော့ ရှေးကို ဆုံးပါ့ဦးမလား (မဆုံးပါ ဘုရား) ဒါဖြင့် သူတို့ဟာ တဆင့်ကြားချည့်ပေါ့ (တဆင့်ကြားချည့်ပါ ဘုရား)၊
အဲ တဆင့်ကြားကို ဘုရားက မကြိုက်ဘူးတဲ့ (မှန်လှပါ ဘုရား) ငါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာကွာ တဲ့၊ မင်းတို့ကိုသနားလွန်းလို့ ကိုယ်တိုင်ပြောတာပါ တဲ့ (မှန်ပါ့) တဆင့်ကြားမဟုတ်ဘူး (မှန်ပါ့) မောင်သစ်-ဘာတဲ့တုံး (ကိုယ်တိုင်သိပြီးတော့ ကိုယ်တိုင်ဟောတာပါ ဘုရား)။
သူများဆီက ဘယ်ဆရာဆီကနည်းရလို့မှ ငါဟောတာမဟုတ်ပါဘူးကွ တဲ့ (မှန်ပါ့) ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ဆရာမကူဆိုတဲ့ဥစ္စကတစ်မျိုး၊ သယမ္ဘူဆိုတာ သယံက ကိုယ်တိုင်၊ ဘူ-က သိတာ၊ ဟုတ်လား (မှန်ပါ့) အဲဒီတော့ ဆရာမကူ သယမ္ဘူဉာဏ်ဖြင့်ဆိုတာ ရှေ့ကအနက်၊ နောက်က ပါဠိ (မှန်ပါ့)။
ဆရာ မကူဆိုတာက အနက် (မှန်ပါ့) သယမ္ဘူဆိုတာက ကိုယ်တိုင်သိတာ ပါဠိ၊ အဲဒါကို လင်္ကာဆရာက အနက်ရှေ့ထားပြီးပါဠိနောက်ထားလို့ပျက်နေတာ (မှန်ပါ့) အဲဒီတော့ ဆရာမပါဘဲနဲ့ ထိုးထွင်းသိဆရာကြီးပြောတာကို ခင်ဗျားတို့က ယုံဖို့ရာဟာ အဓိကထားရမယ် (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား)။
အဲဒီတော့ တဆင့်ကြားတွေသာ နားထောင်နေကြမယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ဒီဘဝမှာ ဒီဘဝလဲ တဆင့်ကြား လမ်းဆုံးမှာဘဲ၊ နောက်ဘဝလဲ လူကြီးသူမပြောတာ လမ်းဆုံးနေဦးမှာပဲဆိုရင် သွားရော (မှန်ပါ့ ဘုရား) ဘယ်တော့မှ ကိုယ်ပိုင်ဉာဏ်နဲ့ ဦးဘသန်း ဆုံးဖြတ်ချက် ချနိုင်တော့မှာမဟုတ်ဘူး (မှန်ပါ့)။
အဲဒီတော့ ယနေ့ပြောရတာ ဘုန်းကြီးများက အထူးပဲဝမ်းသာပါတယ်တဲ့၊ ဝေဒလ္လသုတ်ကို ပြောရတဲ့အတွက် (မှန်ပါ့) သောတာပန်တည်ချင်ရင် နှစ်နည်းပဲရှိတယ်ကွာတဲ့ (မှန်ပါ့) ဒုတိယကွက်ဘာလို့သိရမလဲ (ဒုက္ခသစ္စာလို့ သိရပါမယ် ဘုရား) ကိုယ်တိုင် နှလုံးသွင်းတဲ့အခါကော (ဒုက္ခသစ္စာလို့ နှလုံးသွင်းရပါမယ်)။
ဒုတိယကွက်ဆိုတာ ဘယ်သူ့ဆိုတာတုံး၊ ကိုယ့်ခန္ဓာဆိုတာ (မိမိခန္ဓာကို ဆိုတာပါ ဘုရား) ဒီကိုယ်ခန္ဓာကြီးကို နှလုံးသွင်းလိုက်တဲ့အခါကတော့ ဖြစ်ပျက်တွေ့လို့ ဪ ဒုက္ခသစ္စာ အစစ်ဘဲ၊ နာထားတာနဲ့ ကိုယ့်အမြင်နဲ့ တထပ်တည်းပါကလားဆိုရင် သောတာပန်တည်တာဘဲ (မှန်ပါ့) မမြန်ဘူးလား (မြန်ပါတယ် ဘုရား)။
ဒါ အလုပ်စဉ်ဟောတဲ့တရား
မြန်တယ်လို့ ဦးဘသန်းကြီး မှတ်လိုက်စမ်းပါ (မှန်လှပါ) ဒါ အလုပ်စဉ်ဟောတဲ့တရားဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ) ကျေနပ်ပါတဲ့၊ ဒါ အလုပ်စဉ် ဟောတဲ့တရား တဲ့၊ အဲဒီတော့ ဒီ ဒုတိယအကွက်မှာ ခန္ဓာငါးပါးရှိတယ်(မှန်ပါ့) ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ ဘုရား)။
ဒုက္ခသစ္စာတွေပါတဲ့၊အဲဒီ့ဒုက္ခသစ္စာတွေလဲဒုက္ခသစ္စာမှန်းသိသည်နဲ့ တပြိုင်နက်တည်း ချုပ်သွားတဲ့အခါကျတော့ကို ဒီနေရာမှာ ဒုက္ခမရှိတာကြီး ပေါ်လာတယ် (မှန်ပါ့)။ ဘာပေါ်လာသတုံး (ဒုက္ခမရှိတာ ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခမရှိတဲ့နေရာကို ကိုယ်နေရလို့ရှိရင်တော့ဖြင့် ဘေးတန်တန် ရန်အထပ်ထပ် ၉၆-ပါးရောဂါ ၂၅-ပါးသောဘေးတွေ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။
ဒါဖြင့် ကိုယ့်ပုန်းအောင်းရာ လဲလျောင်းရာ ဋ္ဌာနေဟာ ဒီ ဒုက္ခမရှိတဲ့ နေရာဘဲ (မှန်ပါ့)။
ဒုက္ခမရှိတဲ့နေရာ ဘာခေါ်ကြမယ် (နိရောဓသစ္စာ ခေါ်ပါတယ် ဘုရား) နိရောဓသစ္စာ မြန်မာလိုပြောရင် (နိဗ္ဗာန်ပါ ဘုရား)။
အခုတော့ ဒကာ ဒကာမတွေက ဒီနေရာမရောက်ဖူးတော့ကို ရှိမှန်းလဲမသိဘူး (မှန်ပါ့) ဒုတိယအကွက်လဲ နဂိုကရှိမှန်းမသိဘူး၊ ဒုတိယအကွက် ပျောက်သွားလိမ့်မယ်လို့လဲမသိဘူး (မှန်ပါ့)။
ခက်လိုက်တဲ့ဖြစ်ခြင်းမှ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
ဒုတိယအကွက် ဘယ်လိုလဲလို့ကော (မသိပါ ဘုရား) မသိတော့ ဒုက္ခသစ္စာမသိဘူး(မှန်ပါ့)။
ဒုတိယအကွက်ဟာ မလိုချင်တဲ့တစ်နေ့၊ မရချင်တဲ့တစ်နေ့ ဒုက္ခပိုင်ပိုင်နိုင်နိုင် ဒုတိယအကွက်ကို သိတဲ့တစ်နေ့ ဒီနေရာဒုက္ခပျောက်သွားလိမ့်မယ်လို့ကော သိရဲ့လား (မသိပါ ဘုရား)။
မသိတော့ ခင်ဗျားတို့ဟာ ဒုက္ခသစ္စာလဲမသိဘူး (မှန်ပါ့ ဘုရား)။
နိရောဓသစ္စာလဲမသိ၊ အလကားကြီးနေကြတယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်တုံး (အလကားကြီး နေကြပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘယ်လိုကြီးနေကြတာတုံး (အလကားကြီးနေကြတာပါ ဘုရား)။
အလကားကြီးနေတာ၊ တောထဲ ဝ-ပင်ကြီးတွေလို ကြီးနေတာ (မှန်ပါ့) တောထဲမှာ ဝ-ပင်ကြီးတွေရှိတယ်မဟုတ်လား (မှန်ပါ့) ကြီးလေနံလေဘဲ (မှန်ပါ့) ဝ-ပင်ဟာ ကြီးတော့ပွင့်လာတယ်၊ ပွင့်လေနံလေဘဲ၊ တောထဲ နေကိုနေလို့မရဘူး၊ ဝပုပ်စော်နံတယ် ဝပုပ်စော်နံတယ်နဲ့ ပြောကြတယ်၊ ကြီးတော့ တယ်ကြီးလွယ်တယ် (မှန်ပါ့)။
ကြီးလို့ အဖိုးတန်သလား
ကြီးလို့ အဖိုးတန်သလားလို့မေးတော့ ဘယ့်နှယ်ဆိုကြမယ် (အဖိုးမတန်ပါ ဘုရား) အဲ ခင်ဗျားတို့လဲ အလကား ကြီးလာတာတဲ့ ဒုက္ခသစ္စာလဲရှိမှန်းမသိဘူး (မသိပါ ဘုရား) ဒုက္ခသစ္စာ ဒီနေရာမှာ ချုပ်သွားလိမ့်မယ်လို့လဲ (မသိပါ ဘုရား)။
မသိတော့ ဒုက္ခသစ္စာ မသိတာကလဲ ဒုက္ခေအညာဏ၊ နိရောဓသစ္စာ မသိတာကလဲ ဒုက္ခနိရောဓေအညာဏံ ဘဲ (မှန်ပါ့ ဘုရား) အဝိဇ္ဇာနဲ့ ကြီးနေကြတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာနဲ့ကြီးနေတာတုံး (အဝိဇ္ဇာနဲ့ ကြီးနေတာပါ ဘုရား) အဝိဇ္ဇာနဲ့ကြီးတော့ သင်္ခါရအလုပ်တွေလုပ်မှာဘဲ၊ သားရေး သမီးရေး စီးပွားရေးတွေ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
မသိတော့ သားရေး သမီးရေး စီးပွားရေးအလုပ် မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
မသိတာက ဘာတုံး (အဝိဇ္ဇာပါ ဘုရား) သားရေး သမီးရေး စီးပွားရေးအလုပ် လုပ်တာက (သင်္ခါရပါ ဘုရား)။
အဲဒါနဲ့ ကြီးလာတာ၊ ဦးကျော်မောင် ငါတော်လှပြီ လို့အောက်မေ့မနေနဲ့ဦး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒုတိယအကွက်မှာ ခန္ဓာရှိတယ်၊ ဒုက္ခသစ္စာလို့ မသိတော့ကိုမသိကြီး-ကြီးလာတယ် (မှန်ပါ့) မသိကြီးဆိုတော့ ဘာတဲ့၊ အဝိဇ္ဇာနဲ့ကြီးလာတာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
မသိကြီး-ကြီးတော့ မသိသလိုဘဲအိမ်ထောင်ကျ၊ သားမယားကိုချည်း လုပ်ကိုင်ကျွေး၊ ကျွေးတယ်ဆိုတော့ ကာယသင်္ခါရ ဝစီသင်္ခါရ (မှန်ပါ့) ကိုယ်နဲ့ပြုပြင်ရတာလဲ ရှိတယ် (ရှိပါတယ် ဘုရား) ပါးစပ်က ပြောဆို လုပ်ရတာကော (ရှိပါတယ် ဘုရား)။
အဲဒီတော့ ကာယသင်္ခါရ ဝစီသင်္ခါရနဲ့ အပြည့်လုပ် အချိန်မကုန်ခဲ့ရဘူးလား (ကုန်ခဲ့ဲရပါတယ် ဘုရား)။
အဲဒီတော့ မသိတဲ့ပုဂ္ဂိုလ်သည် သားရေး, သမီးရေး, စီးပွားရေးအလုပ်နဲ့ အချိန်ကုန်ခဲ့ရတယ် ဆိုသဖြင့် မသိတာက အဝိဇ္ဇာ၊ သားရေး, သမီးရေး, စီးပွားရေး လုပ်တာက သင်္ခါရ၊ သေတာ့ တခါတည်း ပဋိသန္ဓေဝိညာဏ် ဒုက္ခသစ္စာ သွားရတယ် (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။
ကဲ သေပျော်တဲ့ သဘောကော ခင်ဗျားတို့ပါပလား (မပါသေးပါ ဘုရား) အဲ ယနေ့ကစပြီးတော့ တော်လာပြီအောက်မေ့ (မှန်ပါ့ ဘုရား)။
ဒုတိယအကွက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အဲ ဒုတိယအကွက်ဆိုတာ ဘယ်သူတုန်းလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (တပည့်တော်တို့ပါ ဘုရား)။
ခန္ဓာငါးပါးကို ဉာဏ်နဲ့ရှုလိုက်တဲ့အခါ
အဲ ခင်ဗျားတို့ ခန္ဓာငါးပါး၊ ဒီခန္ဓာငါးပါးကို ဉာဏ်နဲ့ရှုလိုက်တဲ့အခါ တခုခုရှုတဲ့အခါ ဘာရယ်လို့တွေ့ရမတုန်း (ဒုက္ခသစ္စာရယ်လို့ တွေ့ပါမယ် ဘုရား)။
အဲ ဒါဖြင့် နာထားတာနဲ့ ကိုယ့်ဉာဏ်အတွေ့နဲ့ကိုက်ပြီ (မှန်ပါ့) ကိုက်ပြီဆိုတော့ ဒုက္ခသစ္စာတွေ တွေ့သွားပြီ (မှန်ပါ့) နိရောဓသစ္စာကော (ပေါ်လာမှာပါ ဘုရား) ပေါ်လာမယ်။
ဒါဖြင့် ပေါ်လာတော့ ခင်ဗျားတို့တွေ့တာဘဲ (မှန်ပါ့) ခင်ဗျားတို့ ဒုက္ခနဲ့ နိရောဓသိပြီ (မှန်ပါ့ ဘုရား)။အဲဒီတော့ တစ်သံသရာလုံးဟာ သမုဒယနဲ့ ဒုက္ခလှည့်နေတာ (မှန်ပါ့) အခု ဆရာကောင်း သမားကောင်း နဲ့တွေ့မှ ဒုက္ခသစ္စာသိတယ်ဆိုတော့ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာနဲ့ ခင်ဗျားတို့ အဖော်လုပ်နေတာ (မှန်ပါ့ ဘုရား)။
ဒုက္ခချုပ်သွားတာက ဘာသစ္စာတုန်း (နိရောဓသစ္စာပါ) ဒီဒုက္ခသစ္စာချုပ်သွားပြီလို့ သိတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။
ဒီနှစ်ခုနဲ့ အသက်ရှင်လာတော့မှ ခင်ဗျားတို့ ဒုက္ခေဉာဏံ၊ဒုက္ခနိရောဓေဉာဏံ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသိတဲ့ဉာဏ်၊ ဒုက္ခနိရောဓေဉာဏံတဲ့ ဒုက္ခချုပ်တာ သူသိသွားပြီဟေ့ တဲ့၊ ဟုတ်လား (မှန်ပါ့) ဒုက္ခနိရောဓဂါမိနိယာပဋိပဒါယဉာဏံ တဲ့၊ ဒုက္ခချုပ်တာကို ကျင့်တဲ့အကျင့်နဲပဲ သူကြီးလာပြီတဲ့၊ မဂ္ဂင်နဲ့ကြီးလာတယ် (မှန်ပါ့ ဘုရား)။
ဘယ်လောက်အဖိုးတန်သွားသတုန်း (တန်ပါတယ် ဘုရား) ဒါ ဝေဒလ္လသုတ်တဲ့ (မှန်ပါ့) တယ်လဲ အဖိုးတန်တယ်ကွ မောင်ချစ်စိန်ရ ဟင် (မှန်ပါ ဘုရား)။
နိရောဓ, မဂ္ဂ အလှည့်ကိုပါကြရဲ့လား
ဒီပဋိစသမုပ္ပါဒ်မှာ ခင်ဗျားတို့ သံသရာထဲ ကြီးလာပုံကိုပြတယ် (မှန်ပါ့) သမုဒယတလှည့် ဒုက္ခတလှည့်၊ သမုဒယတလှည့် ဒုက္ခတလှည့်နဲ့ ကြီးလာတယ် (မှန်ပါ့) နိရောဓ, မဂ္ဂ အလှည့်ကိုပါကြရဲ့လား (မပါပါ ဘုရား) မပါဘူး။
နိရောဓအလှည့် (မဂ္ဂအလှည့်မပါပါ) မပါဘူး၊ ဒီနေ့စ, ပါတယ် (မှန်ပါ့ ဘုရား) ဒုတိယအကွက်ဟာ ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာတွေပါ ဘုရား)။
ဪ ဒါဖြင့် သစ္စာတရား နာရပြီ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ကဲ ကိုယ့်နေရာကိုယ် ပြန်ပြီးသကာလ နှလုံးသွင်းလိုက်တဲ့အခါကျတော့ ဒုတိယအကွက်မှတပါး တခြားသောအကွက်လဲ ရှုစရာမရှိပါဘူး (မှန်ပါ့) ဒါဘဲရှိတယ် (မှန်ပါ့ ဘုရား)။
ဒါဘဲရှိတော့ ဒါတွေ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ ခင်ဗျားတို့ဘဲ ရှုရှု-ရှုရှုပြီးသွားတဲ့အခါကျတော့ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိသွားတယ် (မှန်ပါ့) ပိုင်ပိုင်နိုင်နိုင်သိသွားတဲ့အခါကျတော့ အသိဉာဏ်ကကြီးလာတယ် (မှန်ပါ့ ဘုရား)။
အသိဉာဏ်ကြီးတဲ့အခါကတော့ သမုဒယမရှိသောကြောင့် ဒုက္ခချုပ်တယ် (မှန်ပါ့) ချုပ်ချင်လို့တော့ ချုပ်တာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိတဲ့အခါကျတော့ ဒုက္ခေဉာဏံလာတာနဲ့ဘဲတဲ့၊ ဒုက္ခေဉာဏံ သူ့သန္တာန်ပေါ်လာတာနဲ့ဘဲ တဲ့ ဒုက္ခနိရောဓေဉာဏံဟာ နောက်ကလိုက်လာတယ် (မှန်ပါ့ ဘုရား)။
၁-နံပါတ် ဒုက္ခရှုနေတယ်
ပဋ္ဌမ ဒုက္ခေဉာဏံနဲ့ ၁-နံပါတ် ဒုက္ခရှုနေတယ်၊ နောက်ကျတော့ ရှုဖန်များလာတော့ ဦးမြမောင်တို့ ဦးကျော်မောင်တို့က မှတ်လိုက်တော့ ဒုက္ခနိရောဓေဉာဏံလာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရှုတုန်းကဘာတဲ့ (ဒုက္ခေဉာဏံပါ) ဒုက္ခေဉာဏံ၊ ဒုက္ခသိတဲ့ ဉာဏ်ချည့်လာတာဘဲ (မှန်ပါ့) ရှုပါးဝသွားလို့ တည့်သွားပြီဆိုတဲ့အခါကျတော့ ဒုက္ခချုပ်သွားတော့ ဘယ်ဉာဏ်လာသတုန်း (ဒုက္ခနိရောဓေဉာဏံလာပါတယ် ဘုရား)။
ဒုက္ခေဉာဏံပြီးရင်၊ ဒုက္ခနိရောဓေ ဉာဏံလာမှာဘဲ၊ ဒီနှစ်ဉာဏ်ဘဲ (မှန်ပါ့)ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နားကြီးကြီးနဲ့နားထောင်ပါ၊မှန်လိုက်တာလဲလွန်လိလု့ (မှန်ပါ့) ပါဠိတော်ကပြောလို့လဲ ရှင်းလို့လင်းလို့၊ဆရာဘုန်းကြီးပြောလိုက်တဲ့အခါကျတော့ရှိရင်လဲ ခင်ဗျားတို့ ဒီအကွက်ထဲကြည့်ရုံဘဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ဒီပြင်အကွက်ကိုပါသေးရဲ့လား (မပါပါ ဘုရား)။
ဒီ့ပြင်အကွက်က တတိယအကွက်ဆိုတာလဲ ဒုတိယအကွက်ကို မှန်မှန်သိနေရင် တတိယအကွက်က ပါးလိုက်သွားတာဘဲ၊ ချုပ်လိုက်သွားတာဘဲ (မှန်ပါ့ ဘုရား)။
တတိယအကွက်က ချုပ်လိုက်သွားတော့ စတုတ္ထအကွက်က အကျိုးကွက်ဖြစ်နေတော့ အကြောင်းပါးတဲ့အခါ အကျိုးပါးတာဘဲ (မှန်ပါ့) အကြောင်းချုပ်တော့ (အကျိုးချုပ်တာပါဘဲ ဘုရား) အကျိုးချုပ်တော့ သူတို့အတွက် ဘုန်းကြီးအထူးဟောဖို့မလိုဘူး (မှန်ပါ့ ဘုရား)။
မလိုတော့ ခင်ဗျားတို့ ရှေးဦးစွာက ဒုက္ခေဉာဏံအခုလုပ်ဖို့အရေးကြီးတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) ဒုက္ခေဉာဏံလုပ်ပါများလာရင် ဘာဖြစ်မယ်ထင်ကြသတုံး (ဒုက္ခနိရောဓေဉာဏံဖြစ်ပါတယ် ဘုရား)။ဒီဉာဏ်နဲ့ တက်သွားရင် သိရပြီ၊ ဦးဘသန်း သေပျော်ပြီ (သေပျော်ပါပြီ ဘုရား)။
ဒုက္ခေဉာဏံနဲ့သာလုပ်နေ
ရှုနေတော့ ဘာဉာဏ်တဲ့ (ဒုက္ခေဉာဏံပါ) ဒုက္ခေဉာဏံနဲ့သာလုပ်နေ (မှန်ပါ့) ငါဒုက္ခသိနေတာဘဲ၊ ဒုက္ခသိနေတာဘဲ၊ ဖြစ်ပျက်ရှုနေတာလား၊ ဒုက္ခသိနေတာလား (ဒုက္ခသိနေတာပါ ဘုရား)။
အဲ ဒုက္ခသိနေတော့ မြန်မာလိုပြောတော့သာ ဖြစ်ပျက်ရှုတယ်လို့ပြောတာ (မှန်ပါ့) ပါဠိလိုသုံးလိုက်တော့ (ဒုက္ခေဉာဏံပါ ဘုရား)။
ဒုက္ခေ=ဒုက္ခသစ္စာ၌၊ ဉာဏံ=သိတဲ့ဉာဏ်အလုပ် လုပ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ဦးမြမောင်က ကြိုးစားလိုက်တော့ ဒုက္ခအစစ်ဘဲဘုရာ့ ဆရာဘုန်းကြီးဟောတာနဲ့ တပည့်တော်တို့ ဉာဏ်အမြင်နဲ့ဖြင့် ကိုက်နေတာဘဲဆိုတော့ ဒုတိယအကွက် ရှိဦးမလား (မရှိပါ) မရှိတော့ ဘယ့်နှယ်တုန်း ပါဠိတင်လိုက်စမ်း (ဒုက္ခနိရောဓေဉာဏံပါ ဘုရား)။
အဲ ဒါလာမှာဘဲ၊ ဆုတောင်းနေရသလား (မတောင်းရပါ ဘုရား) မတောင်းရဘူး၊ ဒုက္ခေဉာဏံစ,လိုက်တာ ရင့်ကျက်လာတာနဲ့ ‘ဒုက္ခနိရောဒေဉာဏံ’ ဆိုတဲ့ အသီး,အပွင့်တွေ ထွက်လာတယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
ဒုက္ခေဉာဏံရင့်ကျက်ဖို့ အရေးကြီးတယ်
ကဲ ဒါဖြင့် ဘာရင့်ကျက်ဖို့ အရေးကြီးသလဲ (ဒုက္ခေဉာဏံရင့်ကျက်ဖို့ အရေးကြီးပါတယ် ဘုရား) ဒုက္ခေဉာဏံ ရင့်ကျက်တော့ကို ဒီ ပါဠိကိုပဲ ပြင်လိုက်ပါ၊ ဟုတ်လား (မှန်ပါ့) ဘယ့်နှယ်ပြင်လိုက်ကြမလဲ (ဒုက္ခနိရောဓေ ဉာဏံပါ ဘုရား)။
ဒုက္ခနိရောဓေ ဉာဏံ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဖြစ်ပျက်, မဂ် ဆိုတုန်းက ဘာတဲ့ (ဒုက္ခေဉာဏံပါ ဘုရား)။
ဒါက ဖြစ်ပျက်ကိုးဗျ၊ စိတ်က ဖြစ်ပျက် (မှန်ပါ့) ဒီက မဂ် (မှန်ပါ့) ဒုက္ခေဉာဏံ ပေါ်ပလား (ပေါ်ပါပြီ) ဖြစ်ပျက်က ဘာတုန်း ဒုက္ခေ (မှန်ပါ့) သိတာက (ဉာဏံပါ ဘုရား) အဲ ဒုက္ခေဉာဏံ (မှန်ပါ့)။
နောက်ကျတော့ ဒါတွေဟာ ဒုက္ခသစ္စာမှန်းသိလို့ ခင်ဗျားတို့က မလိုချင်တော့ ဒါတွေအကုန် မချုပ်ဘူးလား (ချုပ်သွားပါတယ် ဘုရား) ဒီတော့ ဒုက္ခနိရောဓေ (ဉာဏံပါ ဘုရား) ဉာဏံဘဲ၊ ဉာဏ်ကတော့ ဒီနေရာနေတာဘဲ (မှန်ပါ့) ဒုက္ခနိရောဓေ ဉာဏံ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ရှုနေတုန်းက (ဒုက္ခေဉာဏံပါ ဘုရား) ရှုလို့ ဒါတွေ ဆုံးသွားတဲ့အခါကျတော့ (ဒုက္ခနိရောဓေဉာဏံပါ) ဒီနှစ်လုပ်လုပ်ဖို့ ရှိတာဘဲ (မှန်ပါ့) ဒီ့ပြင် ဘာမှလုပ်စရာ မရှိဘူး ဦးမြမောင်ရ (မှန်ပါ့)။
ဘယ်သူက ဘာပြောပြော ယုံမနေနဲ့၊ မဟုတ်ဘူးလား (မယုံပါ ဘုရား) မယုံနဲ့တော့တဲ့၊ ဓမ္မစကြာမှာ “ဒုက္ခေဉာဏံ ဒုက္ခနိရောဓေဉာဏံ” (မှန်ပါ့)။
ဟို’ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓ ဂါမိနိယာ ပဋိပဒါယဉာဏံ’ ဆိုတာက အလိုလိုပြီးတဲ့ ဥစ္စာ (မှန်ပါ့) ခင်ဗျားတို့လုပ်ရမှာက ဒုက္ခေဉာဏံဘဲ (မှန်ပါ့)။
ခင်ဗျားတို့အလုပ်လုပ်ရမှာက (ဒုက္ခေဉာဏံပါ ဘုရား) ဒုက္ခေဉာဏံ လုပ်လိုက်လို့ရှိရင်ဖြင့် နောက်က သမုဒယသစ္စာပယ်ပြီးသား မနေဘူးလား (ပယ်ပြီးသားနေပါတယ် ဘုရား)။
အဲ ပယ်ပြီးသားနေတော့ သူ့ကို အထူးလုပ်လို့ ပယ်ရတာလား၊ ဒုက္ခေဉာဏံလုပ်ရင်း ပါသွားတာလား (ဒုက္ခေဉာဏံလုပ်ရင်း ပါသွားတာပါ ဘုရား)။
ကြံတစ်ချောင်း ဆွဲလိုက်တယ်ဆိုလို့ရှိရင်
အေး ဒါကြောင့် ခင်ဗျားတို့ဟာကတဲ့ ကြံတစ်ချောင်း ဆွဲလိုက်တယ်ဆိုလို့ရှိရင် အမြစ်လဲ ပါချင်ပါလာတာဘဲ၊ ကြံပင်လဲ ပါချင်ပါလာတာဘဲ (မှန်ပါ့)။
ဝယ်တော့ ကြံစုပ်ဖို့ရာ ဝယ်တာဘဲ၊ သို့သော်လဲ ကြံပင်စိုက်ဖို့ရာပါ ပါလာတယ် (မှန်ပါ့) မပါလာဘူးလား (ပါလာပါတယ် ဘုရား)။
ကြံတစ်ချောင်း ပေးစမ်းပါဆိုလို့ရှိရင် ကြံမျိုးစေ့ကော ပါမလာဘူးလား (ပါလာပါတယ် ဘုရား) ကြံရည် ကိုယ်သုံးဆောင်စရာလဲ ပါတယ်၊ နောက်ထပ် ပြန်စိုက်ဖို့ရာလဲ (ပါပါတယ် ဘုရား)။
ဒီမှာလဲ ဒုက္ခေဉာဏံ တစ်ခုလုပ်လိုက်လို့ရှိရင် ဒုက္ခသမုဒယေဉာဏံ ကိလေသာပါးတာလဲ ပါသွားတာဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့) ဒုက္ခနိရောဓဂါမိနိယာပဋိပဒါယ ဉာဏံကော (ပါပါတယ် ဘုရား)။
ပါသွားတာဘဲတဲ့၊ နောက် ချုပ်သွားတဲ့အခါကျတော့ ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခနိရောဓေဉာဏံပါ ဘုရား) ပြီးတာဘဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရှင်သာရိပုတ္တရာစောတာ မောင်သစ် ကိုက်ပြီ (မှန်ပါ့) သစ္စာတရားနာမှုဆိုတာ ဒုက္ခေဉာဏံကိုဟောတာ (မှန်ပါ့)။
နောက် နှလုံးသွင်း တည့်သွားတဲ့အခါကျတော့ ဒုက္ခနိရောဓေ ဉာဏံဘဲ (မှန်ပါ့) နှလုံးသွင်းရရင် မဂ်ဉာဏ်ရမယ် ဆိုတာ (မှန်ပါ့)။
မဂ်ဉာဏ်ရတော့ ဒုက္ခရှိသေးရဲ့လား (မရှိပါ ဘုရား) ဝိပဿနာမဂ်သာ ဒုက္ခရှိတာကိုး (မှန်ပါ့) လောကုတ္တရာမဂ်ရောက်လာတော့ ဒုက္ခရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ကို (ဒုက္ခနိရောဓေ ဉာဏံပါ ဘုရား)။
ဒါဖြင့် သစ္စာတရား နာမှု သစ္စာတရား နှလုံးသွင်းမှု တည့်ရင်ပြီးတာဘဲဆိုတော့ သူလဲ နှစ်ဉာဏ်ဘဲ ဟောထားတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
သေပျော်တဲ့တရား
ဟာ သိပ်နေရာကျပြီ ဦးမြမောင်၊ သေပျော်တဲ့တရား (မှန်ပါ့) ဦးကျော်မောင်တို့ ဘယ့်နှယ်တုံး (သေပျော်တဲ့တရားပါ ဘုရား)။
ဒါ ကြည့်လေ၊ ခင်ဗျားတို့ ဒီ့ပြင်အလုပ် ဘာလုပ်စရာရှိသေးသတုံး၊ နိဗ္ဗာန်ရောက်ချင်လို့ဖြင့် (မရှိပါ ဘုရား) ဒုက္ခေဉာဏံ သိဖို့ဘဲ အရေးကြီးတယ် (မှန်ပါ့) ဒုက္ခေဉာဏံ သိပါများရင် ဘာလာမတုံး (ဒုက္ခနိရောဓေဉာဏံ လာမှာပါ) ဒုက္ခနိရောဓေ ဉာဏံ လာမှာပဲဆိုတာ သေသေချာချာပေါ်လာတယ် (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့ချုပ်ပလားလို့ ဆရာဘုန်းကြီးက မေးတာဟာ ဒုက္ခနိရောဓေ ဉာဏံဖြစ်ပလားလို့မေးတာ (မှန်ပါ့)။
တပည့်တော်တို့ ဖြစ်ပျက်ရှိပါသေးတယ်ဘုရား၊ ဖြစ်ပျက်ပဲ မြင်ပါသေးတယ်ဆိုရင် ဪ သူ ဒုက္ခေဉာဏံ ရှိသေးတာဘဲ (မှန်ပါ့)။
ဒီလိုဆိုတော့ ဒုက္ခေဉာဏံ ပြီးတော့ မောင်သစ် တဆင့်ကျန်တော့တယ် (မှန်ပါ့) ဘာကျန်သတုံး (ဒုက္ခနိရောဓေဉာဏံ ကျန်ပါတယ် ဘုရား) ဒါ ရှိတာဘဲ (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားက သုသိမတို့ ဟောတဲ့နေရာလဲ ထင်ရှားပါတယ်၊ ဟေ့ သုသိမ နိဗ္ဗာန်ရောက်ချင် ဝိပဿနာဉာဏ် ရှေ့ထားကွ၊ နောက် မဂ်ဉာဏ်လိုက်လာလိမ့်မယ်၊ ဒါ ဟောတာနဲ့ တူတူဘဲ ကျတာဘဲ (တူတူပါဘဲ ဘုရား) မကျဘူးလား (ကျပါတယ် ဘုရား)။
သုသိမ မင်းက ကောင်းကင်ပျံနိုင်ရဲ့လား မြေလျှိုးနိုင်ရဲ့လားလို့ ဟို ရဟန္တာကြီးတွေ သွားမေးတယ်၊ မင်းက တယ်ခက်တဲ့အကောင်ဘဲ (မှန်ပါ့)။
မေးမနေပါနဲ့ကွ၊ ငါဘုရား သာသနာတော်မှာ ပညာဝိမုတ္တပုဂ္ဂိုလ် ပညာနဲ့ ကိလေသာမှလွတ်ပြီးသကာလ သောတာပန်,သကဒါဂါမ်, အနာဂါမ်, ရဟန္တာလုပ်ချင်လို့ရှိရင်ဖြင့် ဒုက္ခေဉာဏံပြီးရင် ဒုက္ခေနိရောဓေဉာဏံ လာတာဘဲကွ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဆရာ၏ ပြုပြင်မှု-၁၊ ခင်ဗျားတို့၏ ကြိုးစားမှု-၂
အဲဒါကြောင့် ယနေ့ တရားမှာဖြင့်တဲ့ လုပ်စဉ်လဲ ဒီနှစ်ခုနဲ့တည်ပြပါတယ် (မှန်ပါ့)
သို့သော် အလုပ်စဉ်က ဆရာ၏ ပြုပြင်မှု-၁ (မှန်ပါ့) ခင်ဗျားတို့၏ ကြိုးစားမှု-၂၊ ဒီနှစ်ခုပဲ ရှိတယ် (မှန်ပါ့)။
ဆရာက ဒုက္ခသစ္စာလို့ ဒုတိယကွက်ကို လည်လည်ပယ်ပယ်ပြောနိုင်ဖို့ ဆရာ့တာဝန် (မှန်ပါ့) ဒုတိယအကွက်ဟာ ခင်ဗျားတို့ ခန္ဓာဖြစ်မှန်း သိနေတဲ့အတွက် ခင်ဗျားတို့ ဉာဏ်က ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချနိုင်ဖို့ရာ ခင်ဗျားတို့တာဝန် (မှန်လှပါ ဘုရား)။
ဆရာ့တာဝန်က ဒုက္ခသစ္စာကို ဒုတိယကွက်ကို ဟောနိုင်ဖို့ (မှန်ပါ့) ဒကာ့တာဝန်က ဒုတိယအကွက် ဒုက္ခသစ္စာ ကိုယ့်ဉာဏ်ထဲမှာ ဖြစ်ဖို့ (မှန်ပါ့) ဒီနှစ်ခုရှိလို့ရှိရင် သောတာပန် တည်တာပဲလို့ တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချ (မှန်ပါ့) နေရာကျပလား (ကျပါပြီ ဘုရား)။
ဒါ သူ့အကွက်နဲ့သူကော ကိုက်ပလား (ကိုက်ပါတယ် ဘုရား) အကွက် ပြောင်းရသေးသလား (မပြောင်းရပါ ဘုရား)။
ဒုက္ခေဉာဏံတုန်းကလဲ ဒီအကွက်ဘဲ (မှန်ပါ့) ဒုက္ခနိရောဓေဉာဏံကော (ဒီအကွက်ပါဘဲ ဘုရား) ဒီအကွက်နဲ့ဒီမဂ် (မှန်ပါ့ ဘုရား)။
အရင်တုန်းကတော့ ဒုက္ခေဉာဏံတုန်းကတော့ ဒီကဒုက္ခသစ္စာမချုပ်ချင်သိတဲ့ဉာဏ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့) ဒီကဖြစ်ပျက် ဒီကမဂ် (မှန်ပါ့)။ နောက်ကျတော့ ဒီက ဖြစ်ပျက်မရှိ၊ ဒီက မဂ်ရှိတယ်၊ ဒုက္ခနိရောဓေ ဉာဏံ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) အဲဒီ့အတိုင်းသာ ခင်ဗျားတို့ နိုးနိုးကြားကြားနဲ့ ကြိုးစားသာ အားထုတ်မယ်ဆိုလို့ရှိရင်ဖြင့် ဦးကျော်မောင် မဖြစ်မရှိပါဘူး (မှန်ပါ့)။
ရှုနေတုန်း ဘာဉာဏ် (ဒုက္ခေဉာဏံပါ) ရှုသွားလို့ ဒုက္ခေတွေချုပ်သွားတဲ့နေရာမြင်တဲ့ နေရာကျတော့ (ဒုက္ခနိရောဓေဉာဏံပါ) ဒါဖြင့် ဘယ်နှစ်ဉာဏ်နဲ့ တက်ကြမယ် (နှစ်ဉာဏ်နဲ့ တက်ကြပါမယ် ဘုရား)။
နှစ်ဉာဏ်နဲ့ တက်လိုက် ပြီးတာဘဲ
နှစ်ဉာဏ်နဲ့ တက်လိုက် ပြီးတာဘဲ (မှန်ပါ့) ဥပုသ်နေ့တုန်းကတော့ သုံးဉာဏ်နဲ့တက်ပြတယ် (မှန်ပါ့) ဒီနေ့ နှစ်ဉာဏ်နဲ့တက်ပြတယ် (မှန်ပါ့ ဘုရား)။
ဒါက ဘယ်မှာဟောသတုံး ဆိုလို့ရှိရင် သံယုတ်ပါဠိတော်သုသိမသုတ်မှာ တချက်ဟောတယ် (မှန်ပါ့) ဒီနေ့ဟောတဲ့ မဟာဝေဒလ္လသုတ်မှာ တချက်ဟောတယ်၊ ရှင်သာရိပုတ္တရာနဲ့ ရှင်ကောဋ္ဌိကမေးခန်းမှာ (မှန်ပါ့) အင်မတန်လုံလောက်တယ် (မှန်ပါ့) မလုံလောက်ဘူးလား (လုံလောက်ပါတယ် ဘုရား)။
အဲဒါကြောင့် နောက်က တရားအားထုတ်မည့် ဒကာ ဒကာမတွေ ထုတ်နေတဲ့ ဒကာ ဒကာမတွေ ဗျာများမနေနဲ့၊ ဒုက္ခေဉာဏံဖြစ်လို့ရှိရင်ဖြင့်ဟာ တဆင့်ကျန်ပါတော့လား (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ဒုက္ခေဉာဏံဖြစ်ရင် (တဆင့်ကျန်ပါတော့တယ် ဘုရား) တဆင့်ကျန်တော့တယ်၊ ကြိုးစားလိုက် (မှန်ပါ့) ကိုယ့်ဉာဏ်ထဲ ဒုက္ခသစ္စာအစစ်ဖြစ်သွားတဲ့အခါကျတော့ကို အဟုတ်ကို ဒုက္ခသစ္စာအစစ်ဘဲ ဆိုတဲ့နေရာကျတော့ ဒုက္ခချုပ်လိမ့်မယ် (မှန်ပါ့) မချုပ်ပေဘူးလား (ချုပ်ပါတယ်) ခန္ဓာပါ ပျောက်မယ် (မှန်ပါ့ ဘုရား)။
ခန္ဓာပါပျောက်တော့ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခနိရောဓေဉာဏံပါ ဘုရား) ဒုက္ခနိရောဓေဉာဏံဆိုတော့ ဒါမဂ်ဆိုက်သွားပြီတဲ့၊ ပြီးပြီတဲ့၊ ဒုက္ခနိရောဓကို သူမြင်ပြီတဲ့ (မှန်ပါ့) ဒုက္ခနိရောဓကို မဂ်ကမြင်သွားပြီ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
နေရာကျပြီတဲ့၊ ဒါဖြင့် မောင်သစ်တို့အရင်နာဖူးတဲ့ သုသိမမှာလဲ နှစ်ဉာဏ် (မှန်ပါ့) အခု ဝေဒလ္လသုတ်မှာ ဟောတာလဲ (နှစ်ဉာဏ်ပါ ဘုရား) နှစ်ဉာဏ်ဘဲ ဟောတယ်၊
အဲဒီတော့ ဘာမှ သံသယရှိမနေနဲ့တဲ့၊ ဥပမာမယ် ဒါနလုပ်တယ်၊ ဦးမြမောင်တို့ ဒါနလုပ်တယ်၊ ဦးကျော်မောင်တို့ ဒါနလုပ်တယ်၊ နိဗ္ဗာန်လိုချင်လို့ဆိုတော့ ဒုက္ခနိရောဓေဉာဏံ ရောက်ချင်လို့ပေါ့ (မှန်ပါ့) ဒါနလုပ်တယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ဒါနလုပ်တာ ဘယ်ရောက်ချင်လို့ပါလိမ့် (ဒုက္ခနိရောဓေဉာဏံရောက်ချင်လို့ပါ ဘုရား) ပါဠိတော်နဲ့ ကြည့်လိုက်တော့ ဒုက္ခနိရောဓေဉာဏံ ရောက်ချင်လို့၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
သီလတွေ ရှစ်ရက်သီတင်း လပြည့် လကွယ် ဆောက်တည်နေကြတာ ဘယ်အကျိုးငှါတုံး (ဒုက္ခနိရောဓေဉာဏံရောက်ချင်လို့ပါ ဘုရား)။
သူတို့က ဝေးသောအကြောင်း
ဒုက္ခနိရောဓေဉာဏံအကွက်၊ သို့သော် အဝေးကြီးကျန်သေးတယ် (မှန်ပါ့) မဝေးဘူးလား (ဝေးပါတယ် ဘုရား)။
သစ္စာလဲ ပဌမတရားလဲ မနာရသေး (မှန်ပါ့) ကိုယ်တိုင်ဉာဏ်နဲ့လဲ ဆုံးဖြတ်ချက် မချရသေးဆိုတော့ သူတို့က ဝေးသောအကြောင်းတွေဖြစ်နေတယ် (မှန်ပါ့) မဝေးဘူးလား (ဝေးပါတယ် ဘုရား)။
အဲဒါ အခု သေသေချာချာပဋိစ္စသမုပ္ပါဒ်ကိုလက်ထောက်ပြမှ ဝေးမှန်း သိတယ် (မှန်ပါ့) ကြည့်စမ်း ဒါနနဲ့ ဒုက္ခေဉာဏံနဲ့ ဝေးလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့) ဟင် (ဝေးပါတယ် ဘုရား)။
ဘာပြုလို့တုန်းဆိုတော့ ဟိုက သဒ္ဓါပြဋ္ဌာန်းနေတယ် (မှန်ပါ့ ဘုရား) ဉာဏ်မပါပြန်တော့လဲ ကမ္မဿကတဉာဏ်လေးလောက်နဲ့ ပြဋ္ဌာန်းနေတယ် (မှန်ပါ့) သစ္စာနုလောမိကဉာဏ် ပါရဲ့လား (မပါပါ) မပါဘူးတဲ့။
သစ္စာနဲ့ လျှော်တဲ့ဉာဏ်
အခုဟာက သစ္စာနဲ့ လျှော်တဲ့ဉာဏ်က ပါနေတယ် (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
တော်တော် နေရာကျကြပလားကွ (မှန်ပါ့ ကျပါပြီ ဘုရား) ကိုယ့်ဟာ ကိုယ်ကောယုံကြည်ပလား (မှန်ပါ့ ယုံကြည်ပါပြီ) မှန်ကော မမှန်သေးဘူးလား (မှန်ပါတယ် ဘုရား)။
အင်မတန်မှန်တယ်ဆိုတာ ခင်ဗျားတို့လဲ မှတ်ဖြစ်အောင် မှတ်စမ်းပါ၊ ခင်ဗျားတို့ ဒီဘုန်းကြီးမျိုး သေသွာမယ်, ခင်ဗျားတို့လဲ ဒီအချိန် ဘုန်းကြီးဆီ မရောက်လာဘူးဆိုရင် သွားပြီ (မှန်ပါ့) သွားပြီ၊ ဒါကြားကို မကြားရတော့ဘူး။
မကြားရကတည်းက ဒုက္ခေဉာဏံလဲမရှိ၊ ဒုက္ခေဉာဏံမှ မရှိဘဲနဲ့ ဦးမြမောင် ဒုက္ခေနိရောဓေဉာဏံက လာပါ့မလား (မလာပါ ဘုရား)။
ဘယ်တော့မှ နိဗ္ဗာန်တွေ့မှာ မဟုတ်တော့ပါဘူး (မတွေ့ပါ ဘုရား) တွေ့ပါဦးမလား (မတွေ့ပါ ဘုရား)။
အဲဒီတော့ ဘယ်သူက ခင်ဗျားတို့ နိဗ္ဗာန်နီးပါပြီ၊ မင်းတို့ ဒါနရှင်ကြီး, သီလရှင်ကြီးလို့ ပြောချင်တိုင်းပြော ဆိုချင်တိုင်းဆို၊ ဒါတော့ အယုံအကြည် မရှိပါဘူး၊ ဒုက္ခေဉာဏံမှ မတွေ့ဘဲနဲ့ ဘယ်မှာ ဒုက္ခေနိရောဓေဉာဏံ အဝေးကြီး ကျန်သေးတာဘဲဆိုတာ ခင်ဗျားတို့ ဝမ်းထဲက ထားပြီး ဆုံးဖြတ်ချက်ချ (မှန်လှပါ) မဟုတ်ဘူးလား (မှန်ပါ့)။
ကျောင်းကြီး, ကန်ကြီးတွေ, ဘုရားကြီးတွေ လုပ်ပြီးသကာလနေကြတော့ ခင်ဗျားတို့မသိခင်တုန်းကတော့ ဦးမြမောင်တို့က အင်း၊ နိဗ္ဗာန်အကျိုးလုပ်တဲ့အထဲမတော့ကွာ ဒီလူဟာအမြင့်မြတ်ဆုံးပါလဲ (မှန်ပါ့) ကိုယ့်ဟာကိုယ် မသိချီးမွမ်း ချီးမွမ်းနေတယ် (မှန်ပါ့)။
အဝေးကြီးကျန်သေးတယ်
အခုတော့ ဒီ ပါဠိတော်ကြည့်လိုက်တော့ ဒီဖြစ်စဉ် ကြည့်လိုက်တော့မှ အဝေးကြီးကျန်သေးတယ် (မှန်ပါ့) မဝေးဘူးလား (ဝေးပါတယ်ဘုရားး)။
ဒုက္ခေဉာဏံ ရောက်ပလား မေးကြည့်ဦး (မရောက်သေးပါ ဘုရား) ဒါဖြင့် ဘယ်၊ ဒုက္ခေဉာဏံတောင် မရောက်သေးဘူး၊ ဒုက္ခေဉာဏံ ပြီးမှ ဘာလိုက်ရမှာတုံး (ဒုက္ခနိရောဓေဉာဏံလိုက်ရမှာပါ ဘုရား)။
ကဲ မောင်သစ် ဘယ်လောက်ဝေးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ဒါကြောင့် ဒါနလုပ်တာလဲ ဒုက္ခနိရောဓေဉာဏံရချင်လို့ လုပ်တာ (မှန်ပါ့)။
သူ့ကို မေးကြည့်၊ ဒါနရှင်ကို မေးကြည့်၊ ဘာရချင်သတုံးမေးရင် ဒါဖြေမှာဘဲ (မှန်ပါ့) ဘာတဲ့တုံး (ဒုက္ခနိရောဓေဉာဏံပါ ဘုရား)။
သီလဆောက်တည်နေတဲ့လူ ကျုပ်တော့ဥပုသ်တော့ အပျက်မခံနိုင်ဘူးဗျာ၊ အကျိုးကြီးတာဘဲ၊ နောက်ပြီးတော့ နိဗ္ဗာန်ရောက်ကြောင်းကလဲ ဒါဘဲရှိတာဘဲ၊ အဲဒီတော့ ကျုပ်တော့ ဒါတော့ အပျက်မခံနိုင်ဘူး၊ ခင်ဗျားတို့ ကိစ္စတွေလဲ မကင်းရာမကင်းကြောင်း သွားဖို့, လာဖို့တော့ ရှိပါရဲ့၊ ရှိပင်ရှိငြားသော်လဲ သည်းခံကြပေတော့၊ ဒီလိုက ကြီးလာလို့ သူကတော့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ အောက်မေ့နေတယ် (မှန်ပါ့) ဒုက္ခေဉာဏံထဲကို မဝင်လာသေးဘူး (မှန်ပါ့) ဝင်ပလား (မဝင်သေးပါ ဘုရား)။
မဝင်သေးဘူးဗျ၊ ဦးကျော်မောင် ဒီလို အဘိုးကြီးတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
ကဲ ဒါဖြင့် သမထတွေ အမျိုးမျိုး အဖုံဖုံ လုပ်နေတာတွေ ကြည့်လိုက်ပြန်တော့လဲ ဒါဟာ သူ သမာဓိအားကောင်းဖို့ လုပ်တော၊ ပညာအားကောင်းဖို့ မပါသေးဘူး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
အဲဒီတော့ သူလဲ ဒုက္ခေဉာဏံထဲ ရောက်ပလားမေးတော့ (မရောက်သေးပါ) မရောက်သေးဘူး၊ အဝေးကြီးကျန်သေးတယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒီဒကာ ဒကာမတွေ ယနေ့ ဒုက္ခေဉာဏံလုပ်နိုင်မှ ဒုက္ခနိရောဓေဉာဏံက နောက်ကလိုက်မယ် (မှန်ပါ့) ဒုက္ခေဉာဏံမလုပ်နိုင်ရင် (ဒုက္ခနိရောဓေဉာဏံမလိုက်နိုင်ပါ ဘုရား)။
ပယ်တယ်လို့ မဆိုနဲ့
ကဲ ဒါဖြင့် ဒီ့ပြင်အကြောင်းတွေဟာ ဘုန်းကြီးတို့က ပယ်တယ်လို့ မဆိုနဲ့၊ ဝေးသော အကြောင်းတွေ (မှန်လှပါ ဘုရား)။
ဒါနကလဲ ဒုက္ခနိရောဓေဉာဏံကို အဝေးကနေ ကျေးဇူးပြုတယ် (မှန်ပါ့) သီလကကော (အဝေးကနေ ကျေးဇူးပြုပါတယ် ဘုရား) သမထကကော (အဝေးကနေကျေးဇူးပြုပါတယ် ဘုရား)။
အဲ ဝိပဿကမှ ဒုက္ခေဉာဏံ အစနေတယ် (မှန်ပါ့) ဝိပဿဉာဏ်ကမှ (ဒုက္ခေဉာဏံ အစပါ ဘုရား) ဖြစ်ပျက်ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာပါ) ဉာဏ်မဟုတ်ဘူးလား (မှန်ပါ့)။
အဲဒီတော့ ဒုက္ခေဉာဏံ၊ ဒီမှာ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဒုက္ခေဉာဏံဆိုတာ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ကဲ ရှုပါများလာတော့ ဦးမြမောင်တို့ ဦးကျော်မောင်တို့ ဘာဖြစ်မယ်ထင်သတုံး (ဒုက္ခနိရောဓေဉာဏံ ဖြစ်ပါမယ် ဘုရား)။
ဒုက္ခနိရောဓေဉာဏံဆိုတာ ဪ ဒုက္ခေဉာဏံရှေ့သွားရှိမှ ဒုက္ခနိရောဓေဉာဏံက နောက်ကလိုက်တယ် (မှန်ပါ့) သူမပါဘဲနဲ့ (မလိုက်နိုင်ပါ ဘုရား)။
မလိုက်နိုင်တော့ ဪ နိဗ္ဗာန်ဆိုတာ ဉာဏ်စခန်းချည့်ပါလား ဉာဏ်လမ်းချည့်ပါလား (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် ဘယ့်နှယ်ဆိုကြမယ် (နိဗ္ဗာန်ဆိုတာ ဉာဏ်လမ်းချည့်ပါ ဘုရား)။
နိဗ္ဗာန်မြင်မည့်နေရာကျတော့ ဉာဏ်လမ်းချည့်
ဉာဏ်လမ်းချည့်ဘဲလာတယ် (မှန်ပါ့) နိဗ္ဗာန်မြင်မည့်နေရာကျတော့ ဉာဏ်လမ်းချည့် လာတယ် (မှန်ပါ့) မောင်သစ် သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါနက ပေးကမ်းစွန့်ကြဲမှုဘဲ၊ သီလကလဲ ကာယကံ, ဝစီကံလုံဖို့ဘဲ၊ ဉာဏ်ကမပါဘူး (မှန်ပါ့) မပါဘူးလား (မပါပါ ဘုရား) သမထက တည်ကြည်ဖို့ဘဲ၊ သမာဓိဘက်သွားတယ် (မှန်ပါ့) ဉာဏ်လမ်းကို မပါဘူး၊ ပါကြရဲ့လား (မပါပါ ဘုရား)။
အဲဒါကြောင့် သူတို့ကတော့ ဒါန, သီလ, သမထ,က ဒုက္ခေဉာဏံဖြစ်ဖို့ အဝေးက အားပေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တိုက်ရိုက် အနီးဆုံးကတော့ဖြင့် ဖြစ်ပျက်မြင်တဲ့ ဉာဏ်လာမှ ဒုက္ခေဉာဏံ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်မြင်တဲ့ ဉာဏ်ကမှ ( ဒုက္ခေဉာဏံပါ) ဒုက္ခေဉာဏံဆိုတာ သေချာပလား (သေချာပါပြီ) ကဲ ဒါဖြင့် ဒုက္ခေဉာဏံရှိမှသာလျှင် ဒုက္ခနိရောဓေဉာဏံ နောက်ကလိုက်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခေဉာဏံသည် ဝိပဿနာဉာဏ် (မှန်ပါ့) ဒုက္ခနိရောဓေဉာဏံသည် မဂ်ဉာဏ် (မှန်ပါ့) ပြန်ပြောကြစမ်း၊ ဒုက္ခေဉာဏံသည် (ဝိပဿနာဉာဏ်ပါ ဘုရား)။
အဲ ခင်ဗျားတို့ ဖြစ်ပျက်ရှုနေတာ ဘာဉာဏ်ပါလိမ့် (ဒုက္ခေဉာဏံပါ) နောက် ရှုပါများလာတဲ့အခါ ဘာဖြစ်သတုံး (ဒုက္ခနိရောဓေဉာဏံဖြစ်ပါတယ်) ဒုက္ခတွေ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား)။
အဲ ချုပ်သွားတဲ့အခါကျတော့ ဦးကျော်မောင် ဒုက္ခချုပ်ပလား၊ ခင်ဗျား ရှှုနေတာ မေးလိုက်တဲ့အခါကျတော့ ဟာ ခဏဘဲ တပည့်တော် ဖြစ်ပျက်တွေ့တယ်ဘုရား၊ နောက်တော့ကိုမတွေ့တော့ဘူးဆိုလို့ရှိရင် နိရောဓေဉာဏံ ရောက်သွားပြီ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အဲဒါ ဒီရောက်ဖို့ရာဟာ အနီးကလေးနဲ့ ခင်ဗျားတို့က တောင်လှည့်မြောက်လှည့် နေတာနဲ့ ဘုရားဖူးလည်နေလို့ဆို ရောက်ပြီ၊ ဘုရားဖူးလည်နေတာနဲ့ ဒါ မရောက်တော့ဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဘုရားဖူးလည်နေတော့ ငွေကကုန်၊ လူကပန်း၊ ဉာဏ်ကမပါနိုင် (မှန်ပါ့) ပါနိုင်သေးရဲ့လား (မပါနိုင်ပါ ဘုရား)။
ဝေးသောအကြောင်းနဲ့ နိဗ္ဗာန်ရှာနေတယ်
အဲဒီတော့ ခင်ဗျားတို့ဥစ္စာက ဘုရားဖူးမလည်နဲ့လို့ ပြောတာမဟုတ်ဘူး၊ ဝေးသောအကြောင်းနဲ့ နိဗ္ဗာန်ရှာနေတယ်၊ နီးသော အကြောင်းနဲ့ မရှာဘူး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
အနီးနားရောက်တာကို ကောက်ယူရမည့်ဥစ္စာကို ဒုတ်ကြီးနဲ့အဝေးကနေ လှမ်းကော်နေလို့ရှိရင် တော်တော်နဲ့ ကိုယ့်နားရောက်မှာမဟုတ်ဘူးကွ (မရောက်ပါ) ဒီလိုဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ကို ဒုက္ခေဉာဏံဆိုတဲ့ဥစ္စာ ဦးမြမောင်တို့ကို အရင် ဘုန်းကြီးခိုင်းထားတဲ့ စိတ္တာနုပဿနာ (မှန်ပါ့) စိတ္တကစိတ်၊ အနုပဿနာက ရှုတာ (မှန်ပါ့ ဘုရား)။
အဲဒါ စိတ်ဖြစ်ပျက်က ဒုက္ခနော် (မှန်ပါ့) ဖြစ်ပျက်မြင်တာက ဉာဏ (မှန်ပါ့) အဲဒီတော့ ဒုက္ခေဉာဏံ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်ဖြစ်ပျက်တွေ စိတ်တွေချုပ်သွားတော့ စိတ်နဲ့တွဲနေတဲ့ ရုပ်တွေကော ကျန်ရစ်သေးသလား (မကျန်ရစ်တော့ပါ ဘုရား)။
အဲဒီတော့ ဒုက္ခတွေ အကုန်မချုပ်သေးဘူးလား (ချုပ်ပါတယ်) အဲဒီတော့ ဒုက္ခနိရောဓေဉာဏံဖြစ်သွားတယ် (မှန်ပါ့) နှစ်ဉာဏ်နဲ့ တက်နိုင်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မောင်သစ် ဒီဥစ္စာ လင်းပါးစရာ လိုသေးသလား (မလိုတော့ပါ) အဲ ပုဂ္ဂိုလ်အထူးကို ပြောလိုက်ပါတော့မယ် ဆိုတော့ ဒီနှစ်ဉာဏ်မရဘဲနဲ့ ဘုရားနဲ့ပစ္စေကဗုဒ္ဓါ ချန်လှပ်၊ ကျန်တဲ့ပုဂ္ဂိုလ်ဟာ ဒီနှစ်ဉာဏ်နဲ့ တက်ရမှာချည့်ဘဲ (မှန်ပါ့ ဘုရား)။
ဘုရားနဲ့ ပစ္စေကဗုဒ္ဓါ ချန်လှပ်၊ ကျန်တဲ့ပုဂ္ဂိုလ်ဖြင့် ဒီနှစ်ဉာဏ်နဲ့ တက်ရမှာဘဲ (မှန်ပါ့ ဘုရား)။
ဘုရားနဲ့ ပစ္စေကဗုဒ္ဓါကတော့ကို တဲ့၊ သူတပါးတရားလဲ မနာရဘူး၊ သူတို့ဟာသူတို့ နှလုံးသွင်းတာနဲ့ ပြီးသွားတာဘဲ (မှန်ပါ့ ဘုရား)။
ဒီ့ပြင်လူကတော့ ဒုက္ခေဉာဏံရှိမှ ဒုက္ခနိရောဓေဉာဏံလာမယ် (မှန်ပါ့) ဒုက္ခေဉာဏံက တရားနာရမှ ဒုက္ခေဉာဏံဖြစ်မယ် (မှန်ပါ့) နို့မဟုတ် ခန္ဓာဒုက္ခသစ္စာသိပါ့မလား (မသိနိုင်ပါ ဘုရား)။
မသိနိုင်ဘူးတဲ့၊ မသိနိုင်တော့ ခင်ဗျားတို့ စဉ်းစားကြည့်ပါလား၊ နေကောင်းရဲ့လား ဦးကျော်မောင်တို့၊ ဦးမြမောင်တို့ဆိုရင် နေကောင်းပါတယ် ဖြေရမှာဘဲ (မှန်ပါ့ ဘုရား)။
ဘာသစ္စာကြီး နေကောင်းတယ် ပြောနေတာတုံး (ဒုက္ခသစ္စာကြီး နေကောင်းတယ် ပြောနေတာပါ) ဪ ခင်ဗျားတို့ ရှော်ပါသေးတယ်ဟင် (မှန်ပါ့) ဘယ့်နှယ်တုံး ဦးဘသန်း မရှော်ဘူးလား (ရှော်ပါတယ် ဘုရား)။
နေကောင်းရဲ့လား
နေကောင်းရဲ့လားလို့ ဆိုတော့ နေကောင်းပါတယ်၊ နေကောင်းလို့ လာနိုင်တာပေါ့ဘုရား၊ သွားနိုင်တာပေါ့ အစရှိသည်နဲ့ဆိုတော့ ဒါက လောကီပြော ပြောငြားသော်လဲ တဲ့၊ တကယ်မသိပြော ပြောတဲ့လူက မောင်သစ် များလိမ့်မယ် (များပါတယ် ဘုရား)။
လောကီစိတ်ချမ်းသာအောင် ပြောငြားသော်လဲ သိပြောလား၊ မသိပြောလားလို့ မေးလိုက်လို့ရှိရင် (မသိပြောပြောတဲပ လူကများပါတယ် ဘုရား)။
မသိပြောပြောတဲ့လူက များတော့ကိုတဲ့ ဒုက္ခေဉာဏံကိုမရှိဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ) ဒါဖြင့် ဒုက္ခနိရောဓေဉာဏံလာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)။
မလာနိုင်တော့ ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်နဲပနီးပလား ဝေးပလားလို့ ခင်ဗျားတို့ကဘဲ ဆုံးဖြတ်ချက်ချ (ဝေးပါတယ် ဘုရား)။
အဲဒီတော့ နိဗ္ဗာန်ဟာ ဝေးလို့မရောက်တာလား နီးလျက်သားနဲ့ မသိလို့ မရောက်တာလားလို့ မေးရင် ဦးမြမောင် ဘယ့်နှယ်ဖြေမလဲ (နီးလျက်သားနဲ့ မသိလို့ မရောက်တာပါ ဘုရား)။
ဒီခန္ဓာဘဲဒုက္ခ၊ ဒီခန္ဓာထဲရှိတဲ့ဉာဏ်က ဉာဏ်၊ ဒုက္ခေဉာဏံ ဒီအထဲမှာ (မှန်ပါ့) နောက်ကျတော့ ဒီခန္ဓာကြီးချုပ်သွားတော့ ဒီနေရာတွင်ချုပ်တာဘဲ (မှန်ပါ့) ဒုက္ခေနိရောဓေဉာဏံဆိုတာ ဒီနေရာဘဲရှိတယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဟာ ခန္ဓာနဲ့စပ်နေတယ်
ဒါကြောင့် နိဗ္ဗာန်ဟာ ခန္ဓာနဲ့စပ်နေတယ်လို့ “နိဗ္ဗာနံခန္ဓပဋိဗဒ္ဓမေဝ၊”(ဝိသုဒ္ဓိမဂ်မဟာဋီကာ) နိဗ္ဗာနံ=နိဗ္ဗာန်သည်၊ ခန္ဓပဋိဗဒ္ဓမေဝ=ခန္ဓာနဲ့တစပ်တည်းနေသည်သာလျှင်၊ ဟောတိ=ဖြစ်၏။
ခန္ဓာနဲ့စပ်နေတယ်၊ နိဗ္ဗာန်ဟာ မင်းတို့က အဝေးရှာရင်သိပ်လွဲတယ် (မှန်ပါ့) ဒီဒုက္ခချုပ်သွားတဲ့နေရာ နိဗ္ဗာန်ပေါ်တော့ တစပ်တည်းမနေဘူးလား (တစပ်တည်းနေပါတယ်) မချုပ်သေးရင် သူမပေါ်သေးဘူး (မှန်ပါ့) ချုပ်ရင် (ပေါ်မှာပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ခန္ဓာနဲ့ တခြားစီလား ခန္ဓာနဲ့ စပ်နေသလား (ခန္ဓာနဲ့ စပ်နေပါတယ် ဘုရား) ဒါဖြင့် နိဗ္ဗာန်ဟာ ဝေးသလား နီးသလား (နီးပါတယ် ဘုရား)။
ဟာ နီးပြီးတော့ ခင်ဗျားတို့ ဘယ့်နှယ်ကြောင့် မရောက်ပါလိမ့်မတုံးဆိုတော့ ဒုက္ခေဉာဏံ စမတွေ့လို့ (မှန်ပါ့) ဒုက္ခနိရောဓေ ဉာဏံက ရှောင်နေတာ (မှန်ပါ့) ဒုက္ခေဉာဏံတွေ့သွားရင် ဒုက္ခနိရောဓေ ဉာဏံဟာ သေသေချာချာတွေ့တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) သဘောပါပြီနော် (ပါပါပြီ)။
အဲ ဒီနေ့ ဘယ်နှစ်ဉာဏ်ဟောသတုံး (နှစ်ဉာဏ်ဟောပါတယ် ဘုရား)။
နှစ်ဉာဏ် ဟောတော့ကို ခင်ဗျားတို့ အခု လုပ်နေတာ ဘယ်ဉာဏ်တုံး (ဒုက္ခေဉာဏံပါ ဘုရား) သူရင့်ကျက်လာရင် ဘယ်ဉာဏ်ဖြစ်မယ် (ဒုက္ခနိရောဓေ ဉာဏံပါ ဘုရား) အဲ ဒုက္ခနိရောဓေ ဉာဏံ ဖြစ်မှာပါတဲ့။
ဒုက္ခေဉာဏံတုန်းကလဲ ဒီ ခန္ဓာရှုရတယ် (မှန်လှပါ ဘုရား)။
ဒုက္ခနိရောဓေဉာဏံ ကျတော့လဲ ဒီခန္ဓာ ပျောက်တဲ့နေရာနိဗ္ဗာန်ရောက်နေတာဘဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။