11407

မာတိကာသို့

ကံကို အတ္တလုပ်ပြီး အားမကိုးသင့်ပုံ

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း – မိုးကုတ်ဆရာတော်ဘုရား

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူသော

(ကံကို အတ္တလုပ်ပြီး အားမကိုးသင့်ပုံ)ညအလုပ်ပေး-တရားတော်

(၉-၉-၆၂)

ပဋိစ္စသမုပ္ပါဒ် နားလည်မှလဲ အနတ္တကို နားလည်တယ်

ပဋိစ္စသမုပ္ပါဒ် နားလည်မှလဲ အနတ္တကို နားလည်သင့်တယ်လို့ မှတ်ကြပါ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှလဲ အနတ္တကို နားလည်တယ်လို့ မှတ်ကြပါ (မှန်ပါ့) ဘယ့်နှယ်ကြောင့်တုန်းဆိုတော့ ငါပြုတာက ဒီအထဲမှာ တစ်ခုမှမပါဘူးလို့ မှတ်ထားကြပါ (မှန်ပါ့) ငါပြုတာတစ်ခုမှမပါဘူး။ အဝိဇ္ဇာပြုလုပ်လိုက်တဲ့အတွက် အတိတ်ဘဝမှာ သင်္ခါရဖြစ်တယ် (မှန်ပါ့) ငါပြုတာ ပါသေးရဲ့လား (မပါ-ပါ ဘုရား)။

သင်္ခါရပြုလုပ်လိုက်တဲ့အတွက် စုတေမနေ သေလွန်သွားတဲ့အခါ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးဖြစ်တယ် (မှန်ပါ့ ဘုရား) ငါပြုတာပါသေးလား (မပါ-ပါ ဘုရား)။

ဒါကြောင့် သင်္ခါရပြုသဖြင့် ဝိညာဏ်။ ဦးကျော်မောင်တို့ ဟင် (မှန်ပါ့ ဘုရား) ဝိညာဏ်က ပြုလုပ်သဖြင့် နာမ်ရုပ် (မှန်ပါ့ ဘုရား) ငါပြုတာ ပါရဲ့လား (မပါ-ပါ ဘုရား)။

နာမ်ရုပ်က ပြုလုပ်လိုက်သဖြင့် သဠာယတန။ သဠာယတနက ပြုလုပ်လိုက်သဖြင့် ဖဿ။ ဖဿက ပြုလုပ်လိုက်သဖြင့် တဏှာလို့ဆိုသဖြင့် ဒီအထဲမှာ ငါဝင်ပြီးမရှုပ်ကြနဲ့။ သူ့အကြောင်းနဲ့သူ့အကျိုးဖြစ်တာ (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာကြောင့် ဘာဖြစ်သတုန်း (သင်္ခါရဖြစ်ပါတယ် ဘုရား) သင်္ခါရကြောင့် သေသည်၏အခြားမဲ့၌ ဘာဖြစ်သတုန်း (ဝိညာဏ်ဖြစ်ပါတယ် ဘုရား) ဝိညာဏ်ဖြစ်တယ်။ ဝိညာဏ်ကြောင့် ဘာဖြစ်သတုန်း (နာမ်ရုပ်ဖြစ်ပါတယ် ဘုရား)။

အဲ့ဒီလို အစဉ်အတိုင်းသွားလိုက်တော့ကို ဟို၄-နံပါတ်ကူးလိုက်ရင် ဇာတိ ဇရာမရဏဖြစ်တယ်ဆိုတော့ ဒီဇာတိ ဇရာ မရဏကြောင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လာတယ်။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿထဲ ပါတဲ့ အာသဝကြောင့် အဝိဇ္ဇာပြန်ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

တစ်ဝိုင်းလုံးဟာ ငါပြုတာမပါ

ဒီထဲမှာ ဇရာမရဏဟာ ပုထုဇန်တွေ ဇရာမရဏ ဖြစ်လို့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ မလာဘူးလား (လာပါတယ် ဘုရား) အဲဒီ လာတဲ့အထဲမှာ မသိလို့ဖြစ်တဲ့ အဓိပ္ပါယ်ဆိုတာ အာသဝပါမနေဘူးလား (ပါ-ပါတယ် ဘုရား) အာသဝသမုဒယာ (အဝိဇ္ဇာသမုဒယာပါ ဘုရား) အဝိဇ္ဇာသမုဒယာဆိုတော့ တစ်ဝိုင်းလုံးဟာ ငါပြုတာမပါ-ပါဘူး (မှန်ပါ့)။

တစ်ဝိုင်းလုံး (ငါ ပြုတာ မပါ-ပါ ဘုရား) ငါ,ပြုတာမပါဘူးလို့ ဒကာဒကာမတွေ သိထားတော့မှ တဲ့ ဪ လောကကြီးထဲမှာ အနတ္တချည်းကိုးလို့ဆိုတာ ပေါ်သွားတယ် (မှန်ပါ့ ဘုရား) ငါ,ပြုတာ ပါကြရဲ့လား (မပါ-ပါ ဘုရား) ဒါကြောင့် တစ်ဝိုင်းလုံး ဘာဆိုကြမယ် (အနတ္တပါ ဘုရား)။

ကိုယ်လုပ်တာတစ်ခုမှ မပါသောကြောင့် အကြောင်းနဲ့အကျိုးအကြောင်းပြုလုပ်လို့ အကျိုးပေါ်တယ်။ အဲ့ဒီအကျိုး ကအကြောင်းဖြစ်ပြီး ပြန်လုပ်ပြန်တယ်။ အကျိုးတစ်ခုကို (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲဒီတော့ မိမိပြုတာ ပါရဲ့လား (မပါ-ပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့မှာ အခု ဘယ်သူမပြု-မိမိမှု။ ခင်ဗျားတို့ ယူထားတာရှိသေးတယ် (ရှိပါတယ် ဘုရား) မိမိပြုခဲ့တဲ့ အမှုကြောင့်မိမိပြုမိမိခံကွ။ မိမိပြု-မိမိစံကွ (မှန်ပါ့) ဟာ ဒါ လူကြီး-လူကောင်းတွေ ပြောတဲ့စကားနော် (မှန်ပါ့)။

မိမိချည့်ဘဲ။ အဲဒီတော့ အဝိဇ္ဇာပြုလုပ်တဲ့အတွက် သင်္ခါရခံ။ သင်္ခါရပြုလုပ်တဲ့အတွက် ဝိညာဏ်ကခံ (မှန်ပါ့) ဆိုတော့ ဒီအတိုင်းသွားတော့ အမှန်သားဘဲ။ ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်တော့လဲ အကြောင်းပြုလုပ်လို့ အကျိုးပေါ်တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ့ဒါ အကြောင်းတွေကို ခင်ဗျားတို့ မိမိလုပ်နေတာ (မှန်ပါ့) မိမိနဲ့ငါဟာမထူးပါဘူး (မှန်ပါ့) ထူးသေးရဲ့လား (မထူးပါ ဘုရား)။

အဲဒီတော့ ငါ,ပြုလို့ ငါ-ခံရတာကွ။ သူ,ပြုလို့ သူ,စံရတာကွ။ ဘယ်နှယ့်တုန်း ဦးကျော်မောင် ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ ပြောချင်တိုင်းပြောနေတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ ဘာတုန်း (ပြောချင်တိုင်း ပြောနေပါတယ်) ပါရဲ့လား ဒီအထဲ မိမိပြုတာ (မပါ-ပါ ဘုရား)။

ဒါ ခင်ဗျားတို့၏ ဖြစ်စဉ်ဟာ အကုန်ဘဲမဟုတ်လား (မှန်ပါ့ ဘုရား) ဒီအထဲ မိမိပြုတာကို ပါသေးသလား (မပါ-ပါ) ခက်နေပြီ ဒါဖြင့် ခင်ဗျားတို့ သိပ်ခက်နေပြီ နော်(မှန်ပါ့ ဘုရား)။

မိမိပြု-မိမိစံပေါ့ကွာ။ မိမိပြု-မိမိခံပေါ့။ သူတစ်ပါးပြု သူတစ်ပါးခံပေါ့ကွ။ ဟာ မိမိလဲရှိတယ်။ ခင်ဗျားတို့ဟာ သူတစ်ပါးလဲရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဘယ်ဟာ မိမိတုန်းလို့ ဦးကျော်မောင်တို့၊ ဦးဘသန်းတို့ ဦးမြမောင်တို့ ထောက်ပြစမ်းပါဆို ဒီအထဲ မိမိတစ်ခု မပါဘူး (မပါ-ပါ ဘုရား)။

ငါဟာသက္ကာယဒိဋ္ဌိ

ဒါဖြင့် ဒီမိမိရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ မိမိဟာငါဘဲ (မှန်ပါ့) တရားကိုယ် စစ်လိုက်တော့ မိမိဟာ ဘာပါလိမ့် (ငါပါ ဘုရား) ငါဟာသက္ကာယဒိဋ္ဌိ (မှန်ပါ့)။

ကွာ ငါတော့ အလှူအတန်းကလေးပေးဦးမှဘဲ။ ငါပြုမှငါရမှာကိုး ကွ။ မင်းတို့ဟာ မင်းတို့မထည့်ချင်နေကြကွ။ မင်းတို့မလုပ်ရင် မင်းတို့မရမှာဘဲ။ ငါဖို့ဟာ ငါလုပ်-ငါရမှာဘဲ။ ဟ မောင်သစ် ဘာပြောနေတာတုန်း။ ဒီအထဲ ငါလဲမပါဘူး မိမိလဲမပါဘူး (မှန်ပါ့) ခန္ဓာကိုယ်ထဲမှာ ပါသေးလား (မပါ-ပါ ဘုရား)။

အဲဒါ ငါ,ပြု ငါရမှာဘဲ။ မင်း,ပြု-မင်းရမှာဘဲလို့ ဆိုပြီး ဒီနာမ်ရုပ်တွေကို ငါ,စွဲနေတာကိုး (မှန်ပါ့)။

ဦးမြမောင် ခင်ဗျားတို့ သုံးကော မသုံးဘူးလား (သုံးပါတယ် ဘုရား) သားတွေ၊ သမီးတွေက ထော်လော်ကန့်လန့် လုပ်နေတယ်။ ဦးမြမောင်က အကြင်လင်မယားက အလှူပေးမလို့၊ ဟို,ကောင်တွေက တယ်ပြီးတော့ ကူကူ-ညီညီ မလုပ်ချင်ဘူး။ ဥပမာ (မှန်ပါ့)။

မလုပ်ချင်နေကြကွာ။ ငါလုပ်-ငါရတာပေါ့။ မင်းတို့မလုပ်၊ မင်းတို့မရတာပေါ့ (မှန်ပါ့) တို့ကတော့ အရေးမကြီး ပါဘူး (မှန်ပါ့) ဘယ်ဟာငါလုပ်ပြီး၊ ဘယ်ဟာကို တို့လုပ်ပြီး ပြောနေတာတုန်း၊ ထောက်ပြစမ်းပါတဲ့၊ ပဋိစ္စသမုပ္ပါဒ်ထဲမှာ (မရှိပါ ဘုရား)။

ဟင် (မရှိပါ ဘုရား) စေတနာကို ငါ,လုပ်နေတာ ခင်ဗျားတို့က (မှန်ပါ့) လုပ်တော့ စေတနာကလုပ်တာ၊ ကမ္မဘဝကလုပ်တာ (မှန်ပါ့) ကမ္မဘဝတို့ သင်္ခါရတို့ကလုပ်တာ မဟုတ်ဘူးလား (မှန်လှပါ) ဒါ သင်္ခါရလဲ စေတနာဘဲ။ ကမ္မဘဝကော (စေတနာပါဘဲ)။

အဲ စေတနာဘဲ။ အဲဒီတော့ ခင်ဗျားတို့ စေတနာ ငါလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေဘဲ။ မိမိပြု-မိမိရမှာဘဲ။ သဘောပါကြပါလား (မှန်ပါ့) သူ,တစ်ပါးပြုရင် (သူ,တစ်ပါးရမှာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာကို သူတွေ၊ ငါတွေလုပ်နေကြတာတုန်း၊ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (စေတနာကို သူ,ငါတွေ လုပ်နေတာပါ ဘုရား) သွားပြီ။ စေတနာဟာ စေတနာကြီး (မှန်ပါ့) ခင်ဗျားတို့က သူတွေ၊ငါတွေလုပ်နေလို့ ခက်နေတာ (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့လုပ်တဲ့အထဲမှာ အလှူပေးလိုက်၊ အခုအတိုင်းဘဲ ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲနဲ့ သစ္စာလဲ နားမလည်ဘဲနဲ့လုပ်နေတဲ့ အလှူဟူသ၍မှာ ငါရောဘာချည့်ဘဲ (မှန်ပါ့ ဘုရား)။

ငါရောတာချည့်ဘဲ

ဘယ့်နှယ်ဆိုကြမလဲ (ငါရောတာချည့်ပါ ဘုရား) ငါရောတာချည့်ဘဲ၊ ငါရောလို့ရှိရင် သက္ကာယဒိဋ္ဌိပါတဲ့ အလှူ ဦးစီတဲ့အလှူ(မှန်ပါ့)။

လောကီလုပ်လဲ သက္ကာယဒိဋ္ဌိ ဦးစီးတယ် (မှန်ပါ့) လောကုတ္တရာဘက်လုပ်လဲ (သက္ကာယဒိဋ္ဌိ ဦးစီးတာပါဘဲ ဘုရား) အဲဒီတော့ သက္ကာယဒိဋ္ဌိဆိုတာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် နိဗ္ဗာန်တားတဲ့တရား (မှန်ပါ့) ခင်ဗျားတို့က ဒါဦးစီးလုပ်နေ တော့ ခင်ဗျားတို့လုပ်တဲ့ ဒါန၊ ခင်ဗျားတို့လုပ်တဲ့ သီလဟာတော့ ဦးမြမောင် အလကားဘဲ (မှန်ပါ့)နတ်ရွာ လူ့ပြည်ဘဲ ရောက်မှာဘဲ၊ နိဗ္ဗာန်တော့ မရောက်နိုင်ပါဘူး (မှန်ပါ့ မရောက်နိုင်ပါ ဘုရား)။

ဘာဖြစ်လို့တုန်း (သက္ကာယ ဦးစီးလို့ပါ ဘုရား) ငါလုပ်တာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘာဦးစီးနေသလဲ (သက္ကာယဒိဋ္ဌိဦးစီးနေပါတယ် ဘုရား) သက္ကာယဒိဋ္ဌိ ဦးစီးနေသောကြောင့် ဒီအလှူမှာ ဒီသီလမှာ ဒိဋ္ဌိမကွာတဲ့အလှူ (မှန်ပါ့) ဒိဋ္ဌိမကွာတဲ့ သီလ,ဒိဋ္ဌိမကွာတဲ့ သမထ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် မောင်ချစ်စိန် ခက်ပြီကွာ (ခက်ပါပြီ ဘုရား) ခက်ပြီ၊ ခင်ဗျားတို့ ပြောနေတဲ့အထဲမှာ သေသေချာချာ စဉ်းစားပါ ဒကာဒကာမတွေနော် (မှန်ပါ့)။

ငါလုပ်မှ ငါရမှာ၊ ဦးကျော်မောင်ကြီးတို့ သုံးနေကြတာ (သုံးပါတယ် ဘုရား) ထင်လဲမထင်ဘူးလား (ထင်ပါတယ် ဘုရား)။

ငါလုပ်မှ ငါရမယ်လို့ သုံးတယ် သုံးတယ်၊ ထင်လဲထင်တာကို ထောက်လိုက်သဖြင့် စေတနာ့အလုပ်ကို ငါလုပ်ချင် လုပ်တာ (မှန်ပါ့) သဒ္ဓါတရားအလုပ်ကို (ငါ လုပ်ချင်လုပ်တာပါ ဘုရား)။

ငါလုပ်ချင်လုပ်ကြတော့ ဒါဖြင့်စေတနာဆိုတာ သင်္ခါရက္ခန္ဓာမဟုတ်လား (မှန်ပါ့) ဝေဒနာက ဝေဒနာက္ခန္ဓာကိုး သညာက သညာက္ခန္ဓာ၊ စေတနာတွေက သင်္ခါရက္ခန္ဓာ (မှန်ပါ့)။

”သင်္ခါရေ အတ္တတော သမနုပဿတိ”တဲ့။ သင်္ခါရေ=စေတနာဆိုတဲ့ သင်္ခါရတရားကို၊ အတ္တတော=ငါလုပ်တာဟူ ၍၊ သမနုပဿတိ=ရှု၏တဲ့ (မှန်ပါ့)။

ဦးကျော်မောင်တို့ လူကြီးတွေ သွားကုန်ပြီ (မှန်လှပါ) ဦးဘသန်းတို့ အတူတူသွားကုန်ပြီ (မှန်ပါ့)။

သုဂတိမရောက်ဘူးလားလို့ မောင်သစ်မေးရင် ဘယ့်နှယ်ပြောမယ် (ရောက်ပါတယ် ဘုရား) နိဗ္ဗာန်ရောက်ပါ့ မလား မေးရင် (မရောက်နိုင်ပါ ဘုရား) မရောက်ဘူး၊ သက္ကာယဒိဋ္ဌိ ပါနေလို့ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိဆိုတာ ဦးမြမောင်ဘဲ စဉ်းစားပါ။ ဦးဘသန်းစဉ်းစားပါ။ ပထမ မဂ်တောင် တားတာ။ ဘယ်မှာ နိဗ္ဗာန်ရောက်တော့မတုန်း (မှန်ပါ့) ပထမ မဂ်ရမှ ပထမနိဗ္ဗာန် မြင်ရမှာကိုး (မှန်ပါ့) ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

အဲဒါထိုးထိုးထွင်းထွင်းသိရတော့ ခင်ဗျားတို့ လုပ်နေတဲ့အထင်တွေ ငါလုပ်ရင် ငါရမှာဘဲ၊ သူလုပ်ရင် သူရမှာဘဲ ဆိုတဲ့အသွားတွေဟာ ဪ ကမ္မဿကတဉာဏ်တွေပါလား (မှန်ပါ့) သက္ကာယဒိဋ္ဌိဦးစီးနေပါကလား (မှန်ပါ့)။

ကမ္မဿကတဉာဏ်ဗျ (မှန်ပါ့) မဟုတ်ဘူးလား။ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်လို့ သူယုံကြည်တော့ သူယုံကြည်တဲ့အထဲ ဉာဏ်က ပါမနေဘူးလား (ပါပါတယ် ဘုရား)။

ကမ္မဿကတဉာဏ်ဟာ ဒိဋ္ဌိမပြုတ်

အဲဒီတော့ ကမ္မဿကတဉာဏ်ဟာ ဒိဋ္ဌိမပြုတ်ပါဘူး (မှန်လှပါ ဘုရား) ကမ္မဿကတဉာဏ်ဟာ (ဒိဋ္ဌိမပြုတ်ပါ ဘုရား) ဒိဋ္ဌိမပြုတ်လို့ရှိရင်ဖြင့် ကမ္မဿကဉာဏ်နဲ့လှူ၊ ကမ္မဿကတဉာဏ်နဲ့ သီလဆောက်တည်၊ နိဗ္ဗာန်တော့ မရောက် ဘူး။ သုဂတိတော့ ရောက်လိမ့်မယ်လို့ ဟောလိုက်တယ် (မှန်ပါ့) နိဗ္ဗာန်တော့ (မရောက်ပါ ဘုရား) သုဂတိတော့ (ရောက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့်ဦးမြမောင်တို့ ဦးကျော်မောင်တို့က တစ်ရပ်စီလဲဖြစ်နေတော့ ကိုယ့်အရပ်ကိုယ်ပြန်ပြီး စဉ်းစားတာပေါ့ ဒီအလှူတွေများမှာပါဘဲ (ဒီအတိုင်းပါ ဘုရား)။

ငါလုပ် ငါရမှာပေါ့။ မဟုတ်ဘူးလား (မှန်ပါ့)ငါ ဒါအားကိုးထားတာ (မှန်ပါ့) ငါ လုပ်ထားတာကလေး ငါအားကိုးထားတာ (မှန်ပါ့) ငါသေ မကြောက်ပါဘူးကွ (မှန်ပါ့) ငါ လုပ်ထားတာတွေ ငါအားကိုးထားတယ်။

ဘယ့်နှယ်တုန်းဗျ။ ဘာအားကိုးထားသတုန်း (တပည့်တော်တို့လုပ်တာ တပည့်တော်တို့ အားကိုးတာပါ ဘုရား)အဲ ခင်ဗျားတို့ လုပ်ထားတယ်ဆိုတာ ဒီစေတနာကလေးပေါ့လေ (မှန်လှပါ ဘုရား) ဥပမာ ဒီထဲမှာ သဒ္ဓါကလေးပေါ့ဗျာ။ သဒ္ဓါကလေး ငါစွဲကောမစွဲဘူးလား (စွဲပါတယ် ဘုရား) ငါအားကိုးတာကိုး (မှန်ပါ့) စေတနာကလေးလဲ ငါအားကိုးတာကိုး (မှန်ပါ့) ဒီလိုဆိုတော့ ဦးဘသန်းကြီးတို့ခေါင်းမွေး ဖြူကုန်ပြီ။ ဒီဉာဏ်ကလေးနဲ့ တင်းတိမ်နေကြမယ်ဆိုရင်ဖြင့် ခင်ဗျားတို့ နိဗ္ဗာန်တော့ မရောက်တော့ဘူး (မှန်ပါ့) သုဂတိဒုက္ခသစ္စာတော့ရမှာဘဲ (မှန်ပါ့)ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သုဂတိဒုက္ခသစ္စာတော့ (ရမှာပါ ဘုရား) နိဗ္ဗာန်တော့ (မရနိုင်ပါ ဘုရား) ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး (တဏှာ ဦးစီးပြီး ငါလုပ်ထားလို့ပါ ဘုရား)။

ဟင် အင်း ဒိဋ္ဌိဦးစီးတယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ဉာဏ်ကတော့ ဘယ်ဉာဏ်တုန်းမေးတော့ ကမ္မဿကတဉာဏ် (မှန်ပါ့) အဲဒီကမ္မဿကတဉာဏ်မှာ ဒိဋ္ဌိဦးစီးတယ် (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ ဒီအလာကြီးလာတဲ့ ပုဂ္ဂိုလ်တွေမို့ ဪ ငါတို့လုပ်ခဲ့သ၍ဟာ အလွဲနဲ့အချော်ချည်းပါကလား၊ ဒါ ဒိဋ္ဌိဦးစီးတာကိုး (မှန်ပါ့) သက္ကာယဒိဋ္ဌိ ဦးမစီးဘူးလား (စီးပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိဦးစီးတဲ့ အလှူနိဗ္ဗာန်ရောက်ပါ့မလား

သက္ကာယဒိဋ္ဌိဦးစီးတဲ့ အလှူနိဗ္ဗာန်ရောက်ပါ့မလားလို့ မေးတော့ဘယ့်နှယ်ဖြေကြမလဲ (မရောက်ပါ ဘုရား) သုဂတိတော့ဖြင့် (ရောက်ပါတယ် ဘုရား) ဦးစံဖေကြီး ဘယ့်နှယ်နေသတုန်း၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကျတော့ကို အားလုံး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမှာဖြစ်နေတဲ့ သဘောက ဦးမြမောင်တို့ ဦးကျော်မောင်တို့

က ရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ ဘုရား) ဒိဋ္ဌိမပြုတ်တဲ့အလုပ်တွေများနေပြီ (မှန်ပါ့) မဆိုနိုင်ပါလား (ဆိုနိုင်ပါတယ် ဘုရား) နောက်က ဒကာဒကာမတွေ ဘာများနေသတုန်း (ဒိဋ္ဌိမပြုတ်တဲ့အလုပ်တွေ များနေပါတယ် ဘုရား)။

ဒိဋ္ဌိမပြုတ်တဲ့အလှူ၊ ဒိဋ္ဌိမပြုတ်တဲ့သီလ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) မောင်ချစ်စိန် သွားပြီ ဟေ့ (သွားပါပြီ ဘုရား) သွားပြီ၊ နိဗ္ဗာန်တော့မရောက်တော့ဘူးဟေ့ (မှန်ပါ့) သုဂတိတော့ဖြင့် (ရောက်ပါတယ် ဘုရား)။

ဘာကြောင့်တုန်း ဒိဋ္ဌိက နိဗ္ဗာန်သာတားတာကိုးဗျ(မှန်ပါ့) သုဂတိတော့မတားဘူး (မှန်ပ့ါ)ရှင်းပလား (ရှင်းပါပြီ) လိုရင်းတော့တားတယ် (မှန်ပါ့) ဒုက္ခသစ္စာထဲရောက်မှာတော့ (မတားပါ ဘုရား) သုခသစ္စာထဲရောက်မှာတော့ (တားပါ တယ် ဘုရား)။

အဲ့ဒါဘယ်နှယ့်ကြောင့်တုန်းလို့ မေးတော့မှခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး နားမလည်တော့ အကြောင်းကြောင့်ဖြစ်တဲ့အကျိုး၊ အကြောင်းပြုလုပ်သ၍ အကျိုးပေါ်တာဘဲလို့ အကြောင်းနဲ့အကျိုးကို ပိုင်ပိုင်နိုင်နိုင်မသိ သောကြောင့်အကြောင်းကို ငါလုပ်နေကြတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)အကြောင်းကို (ငါလုပ်နေကြပါတယ် ဘုရား)။

အဲ လှူတဲ့ ပေးတဲ့တန်းတဲ့အခါ စေတနာကောင်းကောင်းထားဟေ့နော်၊ စေတနာသုံးချက်ညီပေစေကွ၊ သုံးချက်ညီ ရင် အကျိုးပေးတယ်ကွ (မှန်ပါ့) အဲဒါ မင်းဟာ ဒီသုံးချက်တော့မညီ-ညီအောင်လုပ်ရမယ်ဆိုတော့ ငါတော့ညီပါတယ်၊ သုံးချက်စလုံး (မှန်ပါ့) စေတနာကို ဘာစွဲ-စွဲလိုက်သတုန်း (ငါစွဲ-စွဲပါတယ် ဘုရား)။

ငါစွဲ-စွဲလိုက်တော့ သင်္ခါရေ အတ္တတော သမနုပဿတိ။ သင်္ခါရေ-စေတနာဆိုတဲ့ သင်္ခါရကို၊ အတ္တတော့ ငါဟူ၍၊ သမနုပဿတိ ရှုလိုက်၏ (မှန်ပါ့) ဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါကလေး ယနေ့ခင်းလာတာသည် ပဋိစ္စသမုပ္ပါဒ်မသိလို့ ပေါ်ရတဲ့ဖြစ်ထွေလို့ ပြောလိုက်ပါတယ် (မှန်ပါ့)။

အခုတော့ ပဋိစ္စသမုပ္ပါဒ် သိလိုက်တော့ ကံ၊ ကံပြုလုပ်တဲ့အတိုင်း စေတနာဘဲ ကံပြုလုပ်တဲ့အတိုင်း ဒီဇာတိရမယ် (မှန်ပါ့) ကံကလဲ ဇာတိဘဲရမယ် (မှန်ပါ့) ဒီပြင်ရသေးရဲ့လား (မရပါ ဘုရား) ဇာတိဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ကံကဘာတုန်း (သမုဒယ သစ္စာပါ ဘုရား)အဲ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ်ဆိုတော့ ဒီအထဲ ခင်ဗျားတို့က ဒါ ငါ့အလှူကွလို့ လုပ်ပြန်တော့ ဒီ ဒုက္ခသစ္စာ မလာချင်လို့ကို မဖြစ်တော့ဘူး (မှန်ပါ့) ဖြစ်ပါဦးမလား (မဖြစ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီကပြန်ရင် ဦးကျော်မောင်တို့၊ ဦးမြမောင်တို့၊ ဦးဘသန်းတို့ ပြင်ရလိမ့်မယ် (ပြင်ရပါတော့မယ် ဘုရား) မပြင်ရင်မောင်သစ် တော်ပါ့မလား (မတော်ပါ ဘုရား) လိုချင်တာကနိဗ္ဗာန်၊ ရတာက ဒုက္ခသစ္စာဖြစ်သွားလိမ့်မယ် (မှန်ပါ့ ဘုရား) လိုချင်တာက (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတဲ့နိရောဓသစ္စာ (မှန်ပါ့) ရတော့ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

ကုန်ကူးရင်း ရှုံးတယ်

အဲဒါ ဦးမြမောင်တို့ကုန်ကူးရင်း ရှုံးတယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ကုန်ကူးရင်း ရှုံးပါတယ် ဘုရား)အမြတ် ကြီးထွက်လိမ့်မယ်လို့ ကူးလိုက်တာဟာ ဟင် ဘယ့်နှယ်တုံး ဒုက္ခရောက်ပါပေါ့လား (မှန်ပါ့ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဒီကနေအမြတ်ကြီး နိဗ္ဗာန်တည်းဟူသော အမြတ်ထွက်အောင်လို့ လုပ်လိုက်တာ ဒီမှာ ဒုက္ခသစ္စာ ကြီး ဝင်အကျိုးပေးနေတယ် (မှန်ပါ့) ၃-လုပ်တော့ ၄-အကျိုးပေးနေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါ ပဋိစ္စသမုပ္ပါဒ် ကျေးဇူးကြောင့် သိတာနော် (မှန်ပါ့) ကိုင်း ဒါဖြင့် ပြောကြပါစို့ တဲ့၊ ဒီစေတနာကလေးဟာလဲ စဉ်းစားကြည့်ပါ၊ စေတနာကလေးဟာ ရူပသဉ္စေတနာ၊ သဒ္ဒသဉ္စေတနာ၊ ဂန္ဓသဉ္စေတနာ၊ ရသသဉ္စေတနာ၊ ဖေါဋ္ဌဗ္ဗသဉ္စေတနာ၊ ဓမ္မသဉ္စေတနာရယ်လို့ စေတနာခြောက်မျိုးရှိတယ် (မှန်ပ့ါ) ဘယ်စေတနာမဆို အနတ္တချည့်ဘဲ (မှန်ပါ့) ဖြစ်ပြီးပျက်တာဘဲ၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ရူပါရုံကြောင့်ဖြစ်တဲ့ စေတနာကြည့်ချင်တဲ့ စေတနာ၊ မဟုတ်ဘူးလား (မှန်ပါ့) သဒ္ဒါရုံနားထောင်ချင်တဲ့ စေတနာ၊ ဒါတွေ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)ဒါ အနတ္တချည့်ပေါ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါစွဲလို့ တော်ပါ့မလား (မတော်ပါ ဘုရား) အနတ္တကို ခင်ဗျားတို့က အို ငါလုပ်ထားတာ ဘယ်သွားမတုန်းကွ (မှန်ပါ့) အံမာလေး ခိုင်တယ် မြဲတယ်တောင် မောင်သစ် ယူလိုက်သေးတယ် (ယူပါတယ် ဘုရား) ငါလုပ်ထားတာ

ဘယ်သွားမတုန်းကွ (မှန်ပါ့) အဟောသိကံ ဖြစ်ရတော့မလား (မှန်ပါ့)။

ခက်လိုက်တာ ဒါ ခိုင်ပြီမြဲပြီပေါ့လေ၊ စေတနာကို ခိုင်တယ်မြဲတယ်ယူလိုက်တဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါဟာ ဆရာဘုန်းကြီး ရေရေလည်လည်ပြောမှရတယ် (မှန်ပါ့) ရေရေလယ်လယ် မပြောလို့ရှိရင် ဖြင့် ခင်ဗျားတို့မှာ တဲ့ လုပ်သ၍ကလဲ အမှားချည့်ဘဲ၊ ပြီးတော့ အနတ္တကိုလဲ အတ္တပြုလုပ်နေပြီးတော့ သိပ်ခက်သွားတယ် (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

အနတ္တကို အတ္တလုပ်နေတယ်

အနတ္တကို (အတ္တပြုလုပ်နေပါတယ် ဘုရား) ငါ့ဟာ ဘယ်သွားမတုန်းကွဆိုတော့ ဦးမြမောင်တို့လဲ လူချင်းတွေ့ ရင် တင်းတင်းမပြောပေဘူးလား (ပြောပါတယ် ဘုရား)။

ငါလုပ်ထားတာနည်းသလားကွ (မှန်ပါ့) ငါ့ဟာတွေ ဘယ်သွားမှာတုန်း၊ ငါ့ဟာတွေ ငါ့နောက်လိုက်မှာပေါ့ (မှန်ပါ့) ဟာ ရှုပ်လို့ပါလား ခင်ဗျားဟာ (မှန်ပါ့ ဘုရား) ပြောလိုက်တာတွေကလဲ လွန်လို့ပါလား (မှန်ပါ့) ပြောသ၍လဲ ဘယ့်နှယ်တုန်း (အမှားချည့်ပါဘဲ ဘုရား) အမှားချည့်ဘဲ၊ ဒိဋ္ဌိသံချည့်ဘဲ (မှန်ပါ့)။

ဒိဋ္ဌိသံသာဆိုတယ် ဒိဋ္ဌိဖြစ်တယ်ဆိုလို့ရှိရင်လဲ မလွဲဘူး (မှန်ပါ့) ငါ့ဟာ ငါထင်နေတာဘဲ ဒီဥစ္စာကို (မှန်ပ့ါ) ငါလုပ်ထားတာတွေ၊ ဘယ်မှမပျောက်ဘူး (မှန်ပါ့) ခိုင်တယ် မြဲတယ်ကော (ထင်ပါတယ် ဘုရား) ထင်တယ်တဲ့၊ ငါ လုပ်တယ်လို့ကော (ထင်ပါတယ် ဘုရား) ခိုင်တယ် မြဲတယ်လို့ကော (ထင်ပါတယ် ဘုရား)။

ဒါဖြင့် စေတနာကို ငါလုပ်လိုက်ခြင်းဘဲ (မှန်ပါ့) ဒီဟာဘယ်မှမပျောက်ပျက်နိုင်ဘူးဆိုတဲ့ဥစ္စာ ငါ့ဥစ္စာလို့လဲ ထင်တယ် (မှန်ပါ့) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ လှူဒါန်းပေးကမ်းထားတဲ့ ငါနဲ့ငါ့ဥစ္စာသည် သက္ကာယဒိဋ္ဌိကဖြင့် ဦးစီးနေပြီ၊ အကျိုးမပေးဘူးလားဆိုတော့ တဏှာက သမုဒယသစ္စာ (မှန်ပါ့) တတိယအကွက်ကိုးဗျ တတိယအကွက်ထဲပါတဲ့ စေတနာကိုး (မှန်ပါ့) ကမ္မဘဝဆိုတာ စေတနာ (မှန်ပါ့)။

ကဲ ကမ္မဘဝပစ္စယာ စေတနာပစ္စယာ ဇာတိ ဆိုတော့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဒုက္ခသစ္စာ အကျိုးပေးနေတာ၊ ဒါလူဇာတိ၊ နတ်ဇာတိ၊ ဗြဟ္မာဇာတိ ဆိုချင်တာဆို (မှန်ပါ့) အေး ၄-နံပါတ်က လူဇာတိ၊ နတ်ဇာတိ၊ ဗြဟ္မာဇာတိဆိုချင်တာဆို (မှန်ပ့ါ) အတည့်ချည့်ဘဲ။

တည့်ပင် တည့်ငြားသော်လဲ သစ္စာကျတော့ တစ်မျိုးတည်းသွားပါတယ် (မှန်ပါ့) ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့ ဒုက္ခသစ္စာအကျိုးပေးရပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ဒါငါစွဲတယ်ကွ (မှန်ပ့ါ) ငါ့ဥစ္စာလို့လဲ စွဲတယ်ကွတဲ့ (မှန်ပ့ါ) ငါ့ဥစ္စာကလေး ဘယ်သွားမတုန်းကွတဲ့ (မှန်ပါ့) မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

ငါ့သားကြီး ရှင်ပြုထားတာ ငွေတစ်သိန်းလောက် ကုန်ထားတာ၊ ဒါတွေ ဘယ်သွားမတုန်းကွ (မှန်ပါ့ ဘုရား)။

ဒီကံတွေပေါ့ဗျာ၊ ဒီစေတနာတွေ ဘယ်သွားမတုန်းကွ၊ ငါ့နောက်လိုက်မှာပေါ့ကွ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ငါ့နောက် လိုက်မှာပေါ့

ဒါဖြင့် ခင်ဗျားတို့က ငါ့နောက် လိုက်မှာပေါ့ဆို သူကစောင့်နေတယ်၊ ခင်ဗျားမသေသေးလို့ သူကမလိုက်သေးတာ (မှန်ပါ့) သူက ခိုင်တယ် မြဲတယ် မယူဘူးလား၊ ယူသလား (ယူထားပါတယ်) သဘောပါပလား (ပါ-ပါတယ် ဘုရား) အတော်ဆိုးနေပြီ (ဆိုးပါတယ် ဘုရား)။

အတော်ခက်တယ်ဗျ ပြောရတာ၊ မခက်ဘူးလားတဲ့ (ခက်ပါတယ်) သေသေချာချာ စစ်တော့မှ မောင်ချစ်စိန် မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ယူထားတာက မင်းတို့ဟာက ငါသွားလို့ရှိရင် ငါ့နောက်ကပါမှာ ဒီစေတနာ (မှန်ပါ့ ဘုရား)။

အရိပ်နောက်က ပါတယ်လို့တောင် ပြောသေးတယ် (မှန်ပါ့) ပြောနေတာဘဲ နောက်ကလူသွား အရိပ်ပါသလို လိုက်နေတာဘဲလို့ တစ်ခါတည်းပြောနေတာဘဲ (မှန်ပါ့) ပြောတဲ့အတိုင်းလဲ တစ်ခါတည်း လိုက်မယ်လို့ ယူထားတာဘဲ (မှန်ပါ့ ဘုရား)။

ယူထားတော့ သူအတ္တဖြစ်မနေဘူးလားလို့ မေးရင်ဘယ်နှယ့်ပြောပါ့မယ် (ဖြစ်နေပါတယ် ဘုရား)။

ဒါဖြင့် ငါ့ဥစ္စာဘယ်သွားမတုန်းကွဆိုတာနဲ့ကော အတူတူဘဲကျတယ် (အတူတူပါပဲ ဘုရား) ငါလုပ်ထားတယ် ဆိုတာက စောစောက ငါ (မှန်ပါ့) လုပ်ပြီးတဲ့အခါကျတော့ ငါ့ဥစ္စာ (မှန်ပါ့ ဘုရား)။

ကဲ ဦးကျော်မောင် ခက်ကုန်ပြီ (ခက်ပါတယ်) ခက်ကုန်ပြီ ဒါ ဆရာကောင်း သမားကောင်းကမှ အမှန်နည်းနဲ့ ဆုံးဖြတ်ချက်ချမပေးဘူး ဆိုလို့ရှိရင် ဦးဘသန်း သွားပြီ (မှန်ပ့ါ ဘုရား)။

သွားပြီ တစ်ခါတည်း ဘယ်တော့မှ နာလန်ထူတော့မှာမဟုတ်ဘူး၊ ဒီပတ်မှာဘဲ (မှန်ပါ့) မပတ်ပေဘူးလား (ပတ်ပါတယ် ဘုရား)။

၄-နံပါတ် ပတ်ပြီးသကာလ တစ်ခါဒီဘက်ပြန်လှည့်ပြီး သကာလ ပြန်လှည့်မှာဘဲ၊ မလှည့်ပေဘူးလား (လှည့်မှာပါ ဘုရား)။

လုပ်တတ်ရင် သံသရာပြတ်တယ်

ဒါကြောင့် မလုပ်တတ်ရင် သံသရာလည်တယ်၊ လုပ်တတ်ရင် သံသရာပြတ်တယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မလုပ်တတ်ရင် (သံသရာလည်ပါတယ်)လုပ်တတ်ရင် (သံသရာပြတ်ပါတယ် ဘုရား)။

အဲဒီတော့ ပုဏ္ဏမသုတ်မှာဟောတယ် (မှန်ပါ့) ပုဏ္ဏမသုတ်မှာ ဟောပါတယ်၊ သံယုတ်မှာလဲလာတယ်။ ဒီသုတ် ဟာ ပဏ္ဏာသဆိုတဲ့ ပါဋ္ဌိတော်မှာလဲလာတယ် (မှန်ပါ့ ဘုရား) ဘုရားဘဲဟောပါတယ်။

ရဟန်းတစ်ပါးက ကောက်ပြီး မေးလိုက်တယ် “အရှင်ဘုရားတဲ့ ဘယ်လိုရှုလို့ ဘယ်လိုမှတ်ခဲ့လို့ရှိရင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ဥစ္စာ ပျောက်ပါမယ်တဲ့” တဲ့ (မှန်ပါ့ ဘုရား)။

ကထံ ပန ဘန္တေ ဇာနတော ကထံ ပဿတော

ဣမသ္မိံ စ သဝိညဏကေ ကာယေ ဗဟိဒ္ဓါစ

သဗ္ဗနိမိတ္တေသု အဟံကာရ မမံကာရ

မာနာနုသယာ နဟောန္တိ။ (ဥပရိပဏ္ဏာသပါဠိ၊၆၉)

မိမိခန္ဓာငါးပါး၌၎င်း၊ ဗဟိဒ္ဓိဖြစ်တဲ့ ခန္ဓာငါးပါး၌၎င်း၊ “အဟံကာရ မမံကာရနုသယာ နဟောန္တိ”သူက မေးလိုက်တာကိုး (မှန်ပါ့ ဘုရား)။

အရှင်ဘုရား တဲ့၊ ဘယ်ကဲ့သို့ရှု ဘယ်ကဲ့သို့မှတ်ခဲ့သည်ရှိသော်အနုသယဆိုတဲ့ တရားတွေ အဟံကာရ ငါဆိုတာတွေ, ငါ့ဥစ္စာဆိုတာတွေဟာ ဘယ်လိုမှ သူတို့သည်ကားလို့ဆိုရင် ချုပ်ပျောက်ပါ့မလဲ (မှန်ပါ့) ဟိုကတော့ ချုပ်ပျောက်ဖို့ မေးနေရတယ် (မှန်ပါ့ ဘုရား)။

ချုပ်ပျောက်ဖို့ မေးနေရတော့ ဘုရားက ကွာ တဲ့၊ လွယ်ပါတယ်ကွတဲ့၊ ဒီဥစ္စာ မင်းတို့ ဖြစ်ပျက်ရှုလိုက်တာပေါ့ တဲ့၊ ဘယ်တရားမဆို မင်းတို့က ဖြစ်ပျက်သာရှု(မှန်ပါ့) စေတနာလာလဲ ဖြစ်ပျက်ရှုပေး (မှန်ပါ့) သဘောကျပလား (မှန်ပါ့ ဘုရား)။

အကုန်ဖြစ်ပျက်ရှုပါ

စေတနာလဲ (ဖြစ်ပျက်ရှုရမှာပါ) ဖြစ်ပျက်ရှုပါတဲ့၊ အကုန်ဖြစ်ပျက်ရှုပါတဲ့ “ရူပံ အတိကံ နာဂကံ ပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဒံဝါ ဝေဒနံသညံ သင်္ခါရံ” အကုန်ဘဲ (မှန်ပ့ါ) အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးမှာ ရှိတာတွေကို “နေတံ မမနေသော ဟမသ္မိ ံနမေသော အတ္တာ”လို့ ရှုပါကွ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှုစမ်းပါတဲ့ (မှန်ပါ့ ဘုရား)။

ရှုလိုက်လို့ရှိရင်ဖြင့် ခုနင်က ငါဟူသော အခြင်းအရာဆိုတဲ့ဒိဋ္ဌိ၊ ငါ့ဥစ္စာဆိုသော အခြင်းအရာဆိုတဲ့ မာနာနုသယတွေ, အတ္တနိယဆိုတဲ့ မာနာနုသယတွေ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌာနုသယ=ငါဟူသော အခြင်းအရာဆိုတဲ့ ဒိဋ္ဌာနုသယ၊ ငါ့ဥစ္စာဟူသော အခြင်းအရာဆိုတဲ့ မာနာနုသယတွေ အကုန်ချုပ်တာပါဘဲကွာတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီစေတနာကို ခင်ဗျားတို့ ကျုပ်တို့က ဖြစ်ပျက်ရှုရမယ် (မှန်ပါ့) ဖြစ်ပျက်မရှုလို့ရှိရင် သူ့အပေါ်မှာ ငါနဲ့ ငါ့ဥစ္စာကျန်တော့မှာဘဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါတွေ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) မရှုလို့ရှိရင် ဘာကျန်မယ်ထင်သတုန်း (ငါ့ ငါ့ဥစ္စာကျန်ပါ မယ် ဘုရား)။

မယုံရင် စဉ်းစားကြည့်၊ ခုနင်က စကားရှည်ပြောခဲ့ပါပြီ (မှန်ပါ့) ငါ့စေတနာကွ၊ ဘယ်တော့မှ မပျောက်ဘူးကွ၊ ငါသွားရာ အရိပ်ပါမှာဘဲ (မှန်ပါ့ ဘုရား)။

ကဲ ငါ-ငါ့ဥစ္စာ နှစ်ခုစွဲမနေဘူးလား (စွဲနေပါတယ်) အဲဒီတော့ ဟိုကမေးလိုက်တာက ဘယ်လိုရှုမှ ငါ-ငါ့ဥစ္စာပျောက်မတုန်းဘုရာ့။ ဟိုကလဲ ဒိဋ္ဌိ, မာန ကြောက်ရှာလွန်းလို့ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိ, မာန ကြောက်ရှာလွန်းလို့ ရဟန်းကလဲ ပုဏ္ဏမဆိုတာ လပြည့်နေ့မှာ ရဟန်းတစ်ပါးက လာမေးလို့ မောင်သစ်ရ ဒီဥစ္စာ သေသေချာချာ ပြောရရှာတယ် (မှန်ပါ့ ဘုရား)။

ငါ-ငါ့ဥစ္စာဟူသော အခြင်းအရာ ဘယ်လိုရှုမှသာလျှင် တပည့်တော်တို့ နိဗ္ဗာန်တရားရပါ့မလဲ (မှန်ပါ့) ဒီနှစ်ခုက ကျန်ကျန်နေတယ်ဘုရာ့၊ ငါလုပ်ထားတဲ့စေတနာ၊ ငါ့စေတနာ၊ ငါ့စေတနာတွေဟာ ငါပြုထားတာတွေ ဘယ်သွားမတုန်း ကွ (မှန်ပါ့) ငါသွားရာ လိုက်မှာပေါ့ကွ၊ ဒါတွေဟာ ဘယ့်နှယ်လုပ်မတုံးဘုရာ့ တဲ့၊ ဒါသေသေချာချာမေးတာဘဲ (မှန်ပါ့ ဘုရား)။

သို့သော် ဒါကဦးကျော်မောင် တော်တော့လူကလဲ မတွေ့ဘူးတော့ မင်းတို့စေတနာ မင်းမပျောက်စေနဲ့နော် ဒါသာ ဟောလေ့ရှိတယ် (မှန်ပါ့ ဘုရား)။

မင်းတို့စေတနာ မင်းတို့မပျောက်စေနဲ့ မင်းတို့အထုပ်ကလေးမင်းတို့သိမ်းထား (မှန်ပါ့) စာဂါနုဿတိနဲ့ ထပ်ပြန်တလဲလဲအောက်မေ့၊ ဒီအထုပ်ကလေး မပျောက်စေနဲ့ (မှန်ပ့ါ ဘုရား)။

ငါ-ငါ့ဥစ္စာပျောက်အောင် ဘယ်လိုရှုရမှာတုန်း

မပျောက်ဖို့ဟောနေတယ် (မှန်ပါ့) အားလုံးပေါ့လေ ဒီသုတ်တွေ မတွေ့ခင်ဆိုတော့၊ ဘုရားကလဲ ဒီဥစ္စာ ခုနင်ကရဟန်းကလျှောက်တော့ ဘယ်လိုရှုရမှာတုန်းဘုရာ့၊ ဒီ ငါ-ငါ့ဥစ္စာပျောက်အောင် ဘယ်လိုရှုရမှာတုန်း (မှန်ပါ့ ဘုရား)။

အို ဒါတွေကိုကွာ တဲ့၊ ဖြစ်ပျက် ရှုလိုက်လို့ရှိရင် ငါ-ငါ့ဥစ္စာပျောက်တာဘဲတဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ငါ-ငါဥစ္စာပျောက်ချင်ရင် ဘယ်လိုရှုရမတုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီတော့ ဖြစ်ပျက်ဆိုတာ ခန္ဓာငါးပါးစလုံး ဖြစ်ပျက်ရှုရမှာဘဲ၊ ခင်ဗျားတို့လုပ်ထားတဲ့ စေတနာကလဲ သင်္ခါရက္ခန္ဓာ (မှန်ပါ့) ဒါလဲ မရှုရင် တော်ပါ့မလား (မတော်ပါ) ဒါဖြင့် ဖြစ်ပျက်ရှုရမှာဘဲ (မှန်ပါ့ ဘုရား)။

အဲဒီလို ဖြစ်ပျက်ရှုမှ ငါ-ငါ့ဥစ္စာပြုတ်မှ သောတာပန်တည်မယ်ကွ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဘုရားက ရဟန်းက မေးလို့ ဒီလိုကွာ တဲ့၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်တဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ, ဝိညာဏ် ဒါတွေကိုတဲ့ “နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ”ဆိုတဲ့အတိုင်း ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဖြစ်အောင် ရှုလို့ရှိရင်ဖြင့် ခုနင်က ငါဟူသောအခြင်းအရာ၊ ငါ့ဥစ္စာဟူသော အခြင်းအရာသွားပြီ၊ လူတွေဟာ အကုန်ချုပ်တာဘဲတဲ့၊ ဒီအနတ္တရှုရင် အကုန်ချုပ်တာဘဲတဲ့ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုလိုက်ရင် ခုနင်က ငါ-ငါ့ဥစ္စာတွေ ဘယ့်နှယ်ဖြစ်သွားသတုန်း (အကုန်ချုပ်သွားပါတယ်) စေတနာကလေးကိုဘဲ ရှုကြည့်လိုက်ပါ ဦးမြမောင်၊ ငါ-ငါ့ဥစ္စာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီလိုရှုပစ်လိုက်လို့ရှိရင် ငါ-ငါ့ဥစ္စာပြုတ်ထွက်သွားတာပါဘဲဆိုတော့ ဒီထဲမှာ ရဟန်းက ငါးရာတောင်တရားနာ နေတာ ဦးကျော်မောင်ရ (မှန်ပ့ါ) ဒီတရားဟောတော့ ငါးရာတောင် ရဟန်းတွေက တရားနာပြီးသကာလ နေတော့ ရဟန်းတစ်ပါးက ဪ ဒီလိုဆိုလို့ရှိရင်ဖြင့် ရုပ်ကလဲ အနတ္တ၊ ဝေဒနာကလဲ အနတ္တ၊ ခုနင်က စေတနာဆိုတဲ့ သင်္ခါရက္ခန္ဓာတွေလဲ အနတ္တစိတ်တွေလဲ အကုန်အနတ္တ၊ ဘုရားကဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

တရားနာရင်း ဗွေဖေါက်လာတယ်

ဒါဖြင့် ဘာအားကိုးရမှာတုန်း၊ အကုန်အနတ္တဖြစ်ကုန်ပြီတဲ့ (မှန်ပါ့) ဘာအားကိုးရမှာတဲ့တုန်း တဲ့၊ အားကိုးစရာ ကိုမရှိတော့ဘူးဆိုတော့ ဗွေဖေါက်လာပြီ (မှန်ပါ့) တရားနာရင်း ဗွေဖေါက်လာတယ် (မှန်ပါ့ ဘုရား)။

ရုပ်လဲ အနတ္တ၊ ဝေဒနာလဲအနတ္တ၊ သညာလဲအနတ္တ၊ သင်္ခါရလဲအနတ္တ၊ ဝိညာဏ်ကော (အနတ္တပါ ဘုရား)။

အကုန် အနတ္တဆိုလို့ရှိရင်ဖြင့် ဘာမှအားကိုးစရာမရှိတော့ဘူး၊ အားကိုးရာမရှိတော့ဘူး တဲ့၊ အဲ့ဒီတော့ သူကြံဖန်ပြီးအားကိုးတယ် (မှန်ပ့ါ) ဪ ဒီအထဲမှာ စေတနာကလေးဟာတော့ သင်္ခါရက္ခန္ဓာ အနတ္တဘဲ၊ သူက ဒါကလေးတွေးလိုက်တယ် (မှန်ပါ့) စေတနာကလေးဟာ သင်္ခါရက္ခန္ဓာဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဟုတ်တယ်နော် သင်္ခါရက္ခန္ဓာထဲကဘဲ၊ ဝေဒနာမှမဟုတ်ဘဲကိုး၊ သညာမှ မဟုတ်ဘဲကိုး (မှန်ပါ့) ဝေဒနာသညာမှ လွတ်တာ သင်္ခါရက္ခန္ဓာကိုး (မှန်ပ့ါ ဘုရား)။

အဲဒီတော့ စေတနာဘာခန္ဓာတုံး (သင်္ခါရက္ခန္ဓာပါ) သင်္ခါရက္ခန္ဓာဖြစ်နေတော့ အဲဒီသင်္ခါရကလေးဟာ နဂိုရ်ကလဲ ငါမဟုတ်ဘူးတဲ့၊ သူကသိတယ် (မှန်ပါ့) အနတ္တကတာနိ၊ ငါမဟုတ်သဖြင့် ပြုတာတဲ့၊ ဒီတရားကလေးက၊ ဒီစေတနာက လေးက ငါမဟုတ်သဖြင့် လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာဖြစ်အောင်ပြုတာ၊ သူဟာ ငါလဲမဟုတ်ပါဘူးဘဲ (မှန်ပါ့) အဲဒါကလေး သူအားကိုးတော့မယ် (မှန်ပါ့ ဘုရား)။

ကံကို ငါ့ဥစ္စာလုပ်လိုက် တော့မယ်တဲ့

အနတ္တကတာနိ=ငါမဟုတ်သဖြင့် ပြုအပ်ကုန်သော၊ ကမ္မာနိ=ကုသိုလ် အကုသိုလ်ကံတို့သည်၊ ကမ္မတ္တာနံ=ကံသာ လျှင် မိမိ၏ဥစ္စာအဖြစ်သို့၊ ဖုသန္တိ=ရောက်ရတော့မယ်၊ ကံဟာ ငါ့ဥစ္စာလုပ်တော့မယ်တဲ့ (မှန်ပါ့) ကံကို ငါ့ဥစ္စာလုပ်လိုက် တော့မယ်တဲ့ (မှန်ပါ့) သူကလဲ အနတ္တဘဲတဲ့၊ အဲဒါငါမဟုတ်ဘဲနဲ့ သူပြုထားတာဘဲတဲ့ (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ သူကလဲအနတ္တဘဲ၊ အဲဒီအနတ္တကလေး သူအားကိုးတော့မယ်တဲ့ (မှန်ပါ့) အနတ္တဆိုတာ အားမကိုး ကောင်းတာကြီး သွားအားကိုးတာကိုး (မှန်ပါ့) ဖောက်ပြီ (ဖောက်ပါပြီ ဘုရား)။

အဲ ခင်ဗျားတို့လဲ ကံအားကိုးနေတာဘာတုန်း (ဖောက်တာပါ ဘုရား) ဘယ့်နှယ်ဆိုမတုန်း (ဖောက်တာပါ ဘုရား)။

အနတ္တဆိုတာ သဗ္ဗေဓမ္မာ အနတ္တာ၊ ခင်ဗျားတို့ ရွတ်ချင်တိုင်းရွတ်၊ မပါဘူးလား (ပါ-ပါတယ်) နို့ သဗ္ဗေဓမ္မာထဲ ဒီစေတနာကံ မပါဘူးလား (ပါ-ပါတယ် ဘုရား) ဒါဖြင့် အားကိုးရမှာလား မကိုးရဘူးလား (အားမကိုးရပါ ဘုရား)။

နို့ ခင်ဗျားတို့က ဘာတုံး၊ ကံအမိ၊ကံအဖဆိုတာ အားကိုးတဲ့အဓိပ္ပါယ်လား အားမကိုးတဲ့ အဓိပ္ပါယ်လား (အားမကိုးတဲ့ အဓိပ္ပါယ်ပါ ဘုရား)။

ငါ့ကံတွေ ဘယ်သွားမလဲကွ ဆိုပြန်တော့ကော (အားကိုးတဲ့အဓိပ္ပါယ်ပါ) နို့ဘယ့်နှယ်တုန်း အားကိုးတဲ့ အဓိပ္ပါယ် ဆိုတာ အတ္တဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

ဒါတွေဟာ တဲ့၊ လောကကြီးနဲ့ဦးမြမောင် ကန့်လန့်လုပ်ပြီပြောရတော့မလို ဖြစ်နေတာ (မှန်ပါ့) လောကကြီးထဲမှာ အကုန်ဒါကံကြိုက်သမားတွေနဲ့ဆိုရင် ကန့်လန့်ကြီးဖြစ်တော့မှာဘဲ (ဖြစ်ပါတယ်) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကဲ အခု တရားနည်းနည်း အရည်လည်လာတော့ မောင်သစ်ကစဉ်းစား ကံဟာ အနတ္တလား-အတ္တလား (အနတ္တပါ ဘုရား)။

အနတ္တဆိုရင် အားမကိုးနဲ့လို့ ပြောတာလား-အားကိုးလို့ပြောတာလား (အားမကိုးနဲ့လို့ ပြောတာပါ ဘုရား)။ နဂိုရ်က အားကိုးထားလို့ကို အနတ္တလို့ ဘုရားကဟောရှာတာ (မှန်ပါ့) အားမကိုးကောင်းတဲ့ ဒီအနတ္တတရားကြီးကို သူကအနိစ္စဆိုလဲ ဟုတ်တာဘဲ၊ ဒုက္ခကော (ဟုတ်ပါတယ်) အနတ္တကော (ဟုတ်ပါတယ် ဘုရား)။

အနတ္တဆိုတာ အားကိုးခံနိုင်တဲ့ တရားလား

အနတ္တဆိုတာ အားကိုးခံနိုင်တဲ့ တရားလား မခံကောင်းတဲ့တရားလား (မခံနိုင်တဲ့တရားပါ) မခံကောင်းတဲ့တရား ကိုခင်ဗျားတို့က ဘာလုပ်နေကြသတုန်း (အားကိုးနေကြပါတယ် ဘုရား)။

ခင်ဗျားတို့က အားကိုးနေတော့ခက်ပြီ၊ ဦးကျော်မောင်တို့ ဦးမြမောင်တို့ ခင်ဗျားတို့ကလဲ ကံအမိ၊ ကံအဖဆိုပြီး ဒါဘဲအားကိုးနေတာဘဲ ဦးဘသန်းကြီးတို့လဲ ဟင် (မှန်ပါ့)။

ကဲ ဘုရားကလဲ သဗ္ဗေဓမ္မာ ဘာတဲ့တုန်း (အနတ္တပါ ဘုရား) ဒီစေတနာကလေးကိုလဲ ဘယ်အထဲ သွင်းကြမယ် (သင်္ခါရက္ခန္ဓာထဲ သွင်းရပါမယ်) သင်္ခါရက္ခန္ဓာက အနတ္တထဲ သွင်းလိုက် (မှန်ပါ့)။

ခန္ဓာအားဖြင့် သင်္ခါရက္ခန္ဓာ (မှန်ပါ့) အနိစ္စ ဒုက္ခ အနတ္တအားဖြင့် အနတ္တ (မှန်ပါ့) ဒီ အနတ္တဆိုတာ အားကိုးခိုင်း တာလား၊ အနတ္တလို့ ရှုခိုင်းတာလား (အနတ္တလို့ ရှုခိုင်းတာပါ ဘုရား) အားမကိုးကောင်းတဲ့ တရား၊ အားမကိုးကောင်းတဲ့ တရား၊ အားမကိုးကောင်းတဲ့တရားလို့ ရှုရမှာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နို့ ခင်ဗျားတို့က ဘယ့်နှယ်လုပ်နေသတုန်း (အားကိုးနေပါတယ် ဘုရား) အားကိုးကောင်းတဲ့ တရား၊ အားကိုး ကောင်းတဲ့တရား၊ ခင်ဗျားတို့ ဒီလိုလုပ်နေတာ (မှန်ပါ့) အခုမှအရည်လည်လာတာ (မှန်ပါ့)။

ကဲ ဦးမြမောင်တို့ ဆရာကောင်း၊ သမားကောင်း မတွေ့ရင်ခက်တော့မယ်ဆိုတော့ ဒါထင်ပေါ်နေတယ် (မှန်ပါ့) မပေါ်ကြသေးဘူးလား (ပေါ်ပါတယ် ဘုရား)။

သွားရမှာတော့ ခင်ဗျားတို့ မြို့ထဲမှာဖြစ်စေ ရွာထဲမှာဖြစ်စေ အလုံးစုံအကုန်သွားပြီးမေး မင်းသေရင်ဘာများ ဖြစ်မလဲ၊ အို ကျုပ်ပြုလုပ်ထားတဲ့ကိစ္စတွေ ဘယ်သွားမတုန်းဗျ (မှန်ပါ့)ဒါဘဲပြောမှာဘဲ (မှန်ပါ့) ဟင် (ဒီအတိုင်းပါဘဲ ဘုရား)။

ငါ လုပ်ထားတာတွေကွာ ငါ့ ဥစ္စာတွေနည်းသလား။ ငါရော ငါ့ဥစ္စာရော ရှုပ်နေတယ်၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ ဒါဟာ အနတ္တကို ဘာလုပ်ထားသတုန်း (အားကိုးထားပါတယ် ဘုရား) အားကိုးထားတယ်ဆိုတာ အနတ္တကို အတ္တလုပ်ထားတယ် (မှန်ပါ့) သွားပြီ။

အနတ္တကို အတ္တလုပ်ထားပါတယ်

အနတ္တကို (အတ္တလုပ်ထားပါတယ် ဘုရား) အတ္တလုပ်ထားတယ်ဆိုတာ အားကိုးပစ်လိုက်တယ် (မှန်ပါ့)။

ကဲ အနတ္တ အတ္တဖြစ်ခဲ့သော် ဘယ်ကလာ နိဗ္ဗာန်ရတော့မှာတုန်း (မရပါ ဘုရား) ကဲ ရေလည်ကြပလား (ရေ လည်ပါပြီ ဘုရား)။

ရေလည်ပြီတဲ့၊ အနတ္တကို အတ္တလုပ်ပစ်လိုက်တယ်နော်။ ငါ့ဟာကလေး ဘယ်သွားမတုန်း၊ ဒါ ငါ့အားကိုးလုံးတွေ ပေါ့၊ ငါသွားရာ အရိပ်ပါသလိုလည်မှာပေါ့၊ နွားသွားရာ နောက်ကဘီးလိုက်သလိုပေါ့ (မှန်ပ့ါ) မဆိုဘူးလား (ဆိုပါတယ် ဘုရား) ထင်ကောင်းထင်ကြမယ် (ထင်ပါတယ် ဘုရား)။

အဲဒါ မှတ်ထားတဲ့၊ ခင်ဗျားတို့ နေယျတ္ထဒေသနာဆိုတာကရှိလို့ မဟုတ်ဘူး၊ ဆောင်ပြီးတော့ ဟောတာ (မှန်ပါ့) ရှိလို့မဟုတ်ဘူး (သို့မဟုတ်) ဆောင်ပြီးသကာလ ဟောတာ (မှန်ပါ့)။

ဆောင်ပြီးသကာလ ဟောတယ်ဆိုတာ နားလည်မှု ကြည့်ဟောတာ ပုဂ္ဂိုလ်စရိုက်ကို (မှန်ပါ့) နို့မဟုတ် ပြုလုပ် ထားတာတွေက အလကားဖြစ်သွားတော့မပေါ့ဆိုတော့ ခင်ဗျားတို့က ဒီလို ဥစ္ဆေဒဒိဋ္ဌိယူလိုက်မှာစိုးလို့ (မှန်ပါ့)။

ဒါနတွေ ပြုထား၊ သီလတွေဆောက်တည်ထားတာ အလကားဖြစ်နေမှာဆိုးလို့ကွာ လောကီဥပမာ ငါ ပြောပါ မယ်၊ အဲဒါ စကားဖန်ထိုးတာ မဟုတ်လားဗျ (မှန်ပါ့)။

တရားသဘော ဟုတ်ကဲ့လား၊ လောကီဥပမာ ငါပြောပါမယ်ဆိုတာ စကားဖန်ထိုးတာ မဟုတ်လားဗျာ (မှန်ပါ့) စကားဖန် ထိုးတယ်ဆိုကတည်းက လူသွားရာ အရိပ်ပါသလိုပေါ့ကွယ်ဆိုတော့ ခင်ဗျားတို့က အဲ့ဒါ အဟုတ်ယူထားတာ (မှန်ပါ့) စကားဖန်ထိုးတာကို အဟုတ်ယူထားတာ (မှန်ပါ့)။

စကားဖန်ထိုးတာကို အဟုတ်ယူရမှာလား (မယူရပါ) မယူရဘူး၊ သူ ဥပမာကလေး ပြတာ (မှန်ပါ့)။

ဆောင်ဟောတဲ့ဒေသနာ

အဲဒီလိုဘဲဆိုတာ ခင်ဗျားတို့ သိလွယ်အောင်လို့ လူသွားရာအရိပ်ပါသလို မင်းတို့ ကံလိုက်ပါတယ်လို့ ဟောတာ၊ စင်စစ်ကံက အနတ္တ (မှန်ပါ့) မလိုက်နိုင်ဘူး (မှန်ပါ့)။

ဒါဖြင့် ဆောင်ဟောတဲ့ဒေသနာ၊ အခုဘုန်းကြီးပြေနေတာက တိုက်ရိုက်ဒေသနာ (မှန်ပါ့) မလိုက်နိုင်ဘူးဗျ (မှန်ပါ့) အနတ္တဆိုတာ ဒီနားက ဟိုနားတောင် ရွေ့လို့ရရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် နေယျတ္ထ,နိတ္ထ ဆောင်ဟောတာတစ်မျိုး၊ တိုက်ရိုက်ဟောတာ တစ်မျိုးတရားမှာ (မှန်ပါ့) ခင်ဗျားတို့ ခုမှရှင်းတော့မယ် (မှန်ပါ့)။

တရားမှာ မြတ်စွာဘုရားပင် ဟောလင့်ကစား ပုဂ္ဂိုလ်ငဲ့ဟောတဲ့ တရားတစ်မျိုး (မှန်ပါ့) ဓမ္မပင်ကိုယ်ရှိတာ ဘုရားကဟောတဲ့ တရားတစ်မျိုး (မှန်ပ့ါ) ဘယ်နှစ်မျိုးရှိသတုန်း (နှစ်မျိုးရှိပါတယ် ဘုရား)။

ပုဂ္ဂိုလ်နားလည်မှု ကြည့်ဟောတဲ့ တရားတစ်မျိုး၊ ဓမ္မပင်ကိုယ်ရှိကို ဟောတဲ့ (တရားတစ်မျိုးပါ ဘုရား)။

ဒါဖြင့် တရားက နှစ်မျိုးရှိနေတာ ခင်ဗျားတို့က တစ်မျိုးတည်းချည့် နာထားတော့ တစ်ခါတည်း ဒေါင်ချာစိုင်း သွားတာဘဲ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) တရားဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးပါ ဘုရား)။

ဘာတဲ့တုန်း (ပုဂ္ဂိုလ်ကို ကြည့်ပြီးတော့ ဆောင်ဟောတဲ့တရားတစ်မျိုးပါ ဘုရား) တရားကိုတိုက်ရိုက်ဟောတာ (တစ်မျိုးပါ ဘုရား)။

အဲ တရားသဘောအတိုင်း သူ့သဘောရှိတာကလေးကိုသာ ပြောတာ၊ အပိုတစ်လုံးမှ မပါဘူး၊ သူ့သဘောက ဖြစ်တာဖြင့် ဖြစ်တယ်၊ ပျက်တာဖြင့် ပျက်တယ်၊ ဒီလိုဟောတဲ့တရားက တစ်မျိုးရှိသေးတာကိုး (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ အခုလူသွားရာ အရိပ်ပါမှာဘဲ ဆိုတော့ ဆောင်ဟောတယ်၊ ပုဂ္ဂိုလ်ငဲ့ပြီး နားလည်မှု ကြည့်ဟောတဲ့ တရားကို ခင်ဗျားတို့က နားလည်ထားတယ် (မှန်ပါ့) တိုက်ရိုက်ပင်ကိုယ်သဘောကို နားလည်ထားတာ မဟုတ်ဘူး (မှန်ပါ ဘုရား)။

ဦးကျော်မောင်ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာနားလည်ထားတာတုန်း (ဆောင်ဟောတာ နားလည်ထား ပါတယ် ဘုရား)။

တိုက်ရိုက်ဟောတာ နားမလည်တော့ ဘယ်သူကအမှန်ယူရမှာတုန်း (တိုက်ရိုက်ဟောတာကို အမှန်ယူရမှာပါ)

တိုက်ရိုက်ဟောတာကို အမှန်ယူ

အဲဒါခင်ဗျားတို့ဥစ္စာ သွယ်ဝိုက်တဲ့ဥစ္စာကို ဥပမာကလေးပြပြီး သွယ်ဝိုက်ပြီးသကာလ ဆာယာဝ အနုပါယိနီ ဟုတ်လား (မှန်ပါ့)ဆာယာဝ – အရိပ်ကဲ့သို့၊ အနုပါယိနီ- အစဉ်အတိုင်းလိုက်၏ဆိုတော့ ဓမ္မပဒမှာကို ဟောတာဘဲ ဘုရားက (မှန်ပါ့)။

စက္ကံဝ ဝဟတော ပဒံ ဟုတ်လား ရထားဘီးစက်နောက် နွား၏ခြေထောက်နောက်လိုက်သလို မင်းတို့ကံတွေလဲ လိုက်နေတာပေါ့ကွ (မှန်ပါ့) ဆောင်ဟောတာ ဒီဥစ္စာ(မှန်ပါ့) တိုက်ရိုက်ကတော့ မလိုက်ဘူး (မှန်ပါ့)။

တိုက်ရိုက်ကတော့ (မလိုက်ပါဘူး ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ခက်လိုက်တာ ခင်ဗျားတို့ဥစ္စာကလဲ ဒီ တရားကလေးတစ်လုံးကိုဘဲ မောင်သစ် အတော်ပြောရပါလားကွ (မှန်ပါ့)။

ကဲ အခု နှစ်ခုရှင်းသွားပြီနော် တရားနာတဲ့အခါ ခင်ဗျားတို့ နားဘယ်နှစ်မျိုးထားရမတုန်း (နှစ်မျိုးပါ ဘုရား) ဒါကပုဂ္ဂိုလ်လိုက်ပြီး ဆောင်ပြီးဟောတဲ့ တရားကလေး (မှန်ပါ့) သူ့ကိုဒီတရားဟောမှ ကျွတ်မှာမို့ ဒီလိုပြောမှ နားလည်မည့် ပုဂ္ဂိုလ်မကြည့် ပုဂ္ဂိုလ်မငဲ့ဘဲနဲ့ ပင်ကိုယ်သဘောကို ဟောရမည့်တရားကတစ်မျိုး (မှန်ပါ့) ဆောင်ပြီးဟောရမည့်တရားက (တစ်မျိုးပါ ဘုရား)။ အဲဒီတော့ အခုခင်ဗျားတို့ နားလည်ထားတာက ဘာပါလိမ့် (ဆောင်ဟောရမည့်တရားကို နားလည်ထားပါတယ် ဘုရား) ဆောင်ဟောတဲ့တရားကို နားလည်ထားတော့ အမှန်တရားကိုနားလည်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သွယ်ဝိုက်ပြီးသကာလ ဟောတဲ့တရားကို နားလည်ထားတယ် (မှန်ပါ့) အမှန်အရှိကို ဟောတဲ့တရားကို (နားမလည်ပါ ဘုရား) နားမလည်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကံဆိုတာ အနတ္တဘဲ

အဲဒီတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခုနင်ကရဟန်းက ကံဘဲအားကိုးရတော့မှာဘဲ၊ သူက ငါလဲမဟုတ်ဘူးတဲ့ ကံဆိုတာ အနတ္တဘဲ (မှန်ပ့ါ)။

ကံဟာ အနတ္တဘဲမဟုတ်လား (မှန်ပါ့) အဲဒါ ငါလဲမဟုတ်ပါဘူးတဲ့၊ ငါမဟုတ်သဖြင့် သူပြုထားတော့ အဲဒီ ငါမဟုတ်သဖြင့် ပြုထားတဲ့ကံက ပြုထားတာကို သူ့ကိုဘဲ အားကိုးရတော့မှာဘဲ တဲ့ (မှန်ပ့ါ)။

ဟော ခင်ဗျားတို့နဲ့တန်းနေတယ် (မှန်ပါ့) “အနတ္တကတာနိ ကမ္မာနိ ကမ္မတ္တာနံ” အနတ္တကတာနိ ငါမဟုတ်သဖြင့် ပြုအပ်ကုန်သော၊ ကမ္မာနိ ကုသိုလ်ကံ အကုသိုလ်ကံတို့သည်၊ ကမ္မတ္တာနံ ကံသာလျှင် မိမိဥစ္စာအဖြစ်သို့၊ ဖုသန္တိ ရောက်ရ တော့မှာဘဲတဲ့ (မှန်ပါ့) ကံဘဲ ငါ့ဥစ္စာလုပ်ရတော့မှာဘဲ၊ အကုန် အနတ္တဖြစ်ကုန်ပြီ ဒီ ကံကလေးတစ်ခုဘဲ သူ အတ္တယူထားတယ် (မှန်ပါ့) သွားရောပေါ့ဗျာ၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား) အလုံးစုံ အနတ္တ ဟောပါလျက် သားနဲ့ သူက ကံကလေးဘာယူထားသတုန်း (အတ္တယူထားပါတယ် ဘုရား) ခင်ဗျားတို့ကော (ဒီအတိုင်းပါဘဲ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ ဘုရား) မရောက်နိုင်ဘူး၊ အနတ္တမှ မမြင်တော့ဘဲကိုး (မှန်ပါ့ ဘုရား)။

အနတ္တဉာဏ်မှ ဒါကလေး ခွဲခြားကျန်နေရစ်တယ် (မှန်ပါ့ ဘုရား) မကျန်ရစ်ဘူးလား (ကျန်ရစ်ခဲ့ပါတယ် ဘုရား)။

ဒီ့ပြင်နေရာက အနတ္တရှုလို့ရတယ်၊ ကံကျလာလို့ရှိရင် ခင်ဗျားတို့ ရှုလို့မရဘူး(မှန်ပါ့)။

အတ္တ အတ္တနိယတွေမများဘူးလား

ဒါ ဘယ်သွားမတုန်းကွ၊ ဘယ်ပျောက်မတုန်းကွ၊ ငါ လုပ်ထားတာကလေးကွ၊ ငါ့ဥစ္စာတွေကွ အစရှိသည်နဲ့ မောင်သစ်ရေ ပရိယာယ်တွေက တစ်ခါတည်း အတ္တ အတ္တနိယတွေမများဘူးလား (များပါတယ် ဘုရား)။

အတ္တက ငါ၊ အတ္တနိယက ငါ့ဥစ္စာ (မှန်ပါ့) ဒါတွေကဝင်ရှုပ်လာတယ် (ရှုပ်ပါတယ် ဘုရား)။

အဲဒီတော့ ခုနင်က ရဟန်းကလဲ ဒါဘဲအားကိုးရတော့မှာဘဲ အလုံးစုံ အနတ္တဆိုလို့ရှိရင် ကံဟာ ငါမဟုတ်ဘူး၊ ငါမဟုတ်သဖြင့် သူပြုထားတဲ့ (မှန်ပ့ါ)။

အဲ့ဒီ ငါမဟုတ်သဖြင့် ပြုလုပ်တဲ့ ဒီကံကိုဘဲ ငါ အားကိုးရတော့မှာဘဲဆိုတော့ ဘုရားက တရားပွဲထဲမှာဘဲ သူဖောက်ပြန်သွားတာသိတယ် (မှန်ပါ့)။

ဖောက်ပြန်ပြီတဲ့၊ အနတ္တကို ငါဟောထားပါလျက်သားနဲ့ သဗ္ဗေဓမ္မာ အနတ္တာလို့ ငါဟောထားပါလျက်သားနဲ့ သင်္ခါရေအနတ္တာလို့ ဟောပါလျက်သားနဲ့ ဒီရဟန်းတွေဖောက်နေပြီတဲ့ (မှန်ပါ့) သိတယ်၊ တရားပွဲထဲမှာ ဗွေဖောက်နေပြီ၊ သိတယ် (မှန်ပါ့) ကံအားကိုးတော့မှာကိုး (မှန်ပါ့)။

အကုန် အနတ္တချည့် ဘုရားကဟောနေပြီတဲ့၊ အဲဒီတော့ ငါတော့ ကံကလေး အတ္တလုပ်ပြီး အားကိုးမှဘဲဆိုတော့ ဒါ ခင်ဗျားတို့အခု ဒီလူတွေ အကုန်ပါသွားတာဘဲ (မှန်ပါ့) မပါသေးဘူးလား (ပါပါတယ် ဘုရား)။

အနတ္တဉာဏ်နဲ့သေပေး

အင်း ဦးကျော်မောင်ကြီးကော သေခါနီး ဒါကလေးစွဲလိုက်မယ်လို့ စိတ်ကူးသေးသလား၊ ဒါကလေးစွဲလိုက်မယ်လို့ စိတ်ကူးသလား (ကူးပါတယ် ဘုရား) အေး သွားပြီ၊ နောက်ဘယ်တော့မှမကူးနဲ့ ဒီဖြစ်ပျက်ကိုသာ နှလုံးသွင်း (မှန်ပါ့) အနတ္တဉာဏ်နဲ့သေပေး (မှန်ပါ့) ဖြစ်ပျက် မြင်တဲ့ဉာဏ်နဲ့သေပေး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်မြင်တဲ့ဉာဏ်နဲ့ သေလိုက်တော့ ဟိုဟာတွေ အားကိုးသေးရဲ့လား (မကိုးပါ ဘုရား) အားကိုးရင် ဥပါဒါန်ဖြစ်မှာကိုး (မှန်ပါ့ ဘုရား) အားကိုးရင် (ဥပါဒါန်ဖြစ်ပါတယ် ဘုရား) ကဲ ပေါ်ပလား (ပေါ်ပါပြီ) ကဲ ဥပါဒါန်နဲ့ ဟောတော့ ပိုရှင်းတယ် (မှန်ပ့ါ) ခုနင်က ရဟန်းကတော့ ကံအားကိုးရတော့မှာဘဲဆိုပြီး ကံကို ဥပါဒါန်လုပ်တော့တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ကံ ဒါနဲ့ဘဲ တဲ့ ဘုရားကသိတယ်၊ ငါ မဟုတ်သဖြင့် ပြုထားတဲ့ ကံကလေးရှိသားဘဲ၊ ကံလဲအနတ္တဘဲ၊ အနတ္တကလေးဟာ ငါလဲမဟုတ်ပါဘူး၊ သူကပြုထားတဲ့ အကျိုးပေးကလေးရှိသားဘဲ၊ အဲဒါကလေး အားကိုးမယ်၊ ဒီကံကလေးဘဲ ငါအားကိုးမယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဒီတော့ ဘုရားက ဪ ဘယ်ဟာမှအားမကိုးကောင်းဘူးဆိုပါလျက်သားနဲ့ ကံ ကလေး အားကိုးနေပြန်ပြီ၊ ဘုရားကသဗ္ဗညုတဉာဏ်နဲ့ သူကြည့်လိုက်တော့ပေါ်လာတယ် (မှန်ပါ့)။

ဟေ့ ငါတရားပွဲထဲမှာ ခုနင်က သံဃာငါးရာထဲမှာ ငါ့တရားပွဲထဲမှာတဲ့ မသိတဲ့ပုဂ္ဂိုလ် အဝိဇ္ဇာဦးစီးနေတဲ့ ပုဂ္ဂိုလ်တဏှာ ကြီးစိုးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါနေတယ်ကွ တဲ့ ဘုရားက ဟောပြီ (မှန်ပ့ါ) ကံအားကိုးမလို့တဲ့ (မှန်ပါ့) ဟော စွပ်စွဲပြီ (မှန်ပါ့) ကံအနတ္တကြီးဟာ ဘယ်နှယ့်ကြောင့် သူအားကိုးမတုန်း မဟုတ်ဘူးလား (မှန်ပါ့)။

တစ်နည်း ကျုပ်တို့ ဝိပဿနာဉာဏ်နဲ့လဲ ကြည့်လိုက် ဘာတဲ့တုန်း (အနတ္တပါ ဘုရား) အနတ္တလေ သင်္ခါရေ အနတ္တကိုး (မှန်ပါ့) သင်္ခါရတရားမဟုတ်လား (မှန်ပါ့) သင်္ခါရက္ခန္ဓာမဟုတ်လား သူ့ဘာဆိုကြမယ် (အနတ္တပါ ဘုရား) အနတ္တဘဲ၊ အနတ္တဆိုတာ အားကိုးကြဆိုတာလား၊ မကိုးနဲ့ဆိုတာလး (မကိုးနဲ့ဆိုတာပါ ဘုရား) ကဲ ခုနင်က ရဟန်းက ဘာတုန်း (အားကိုးပါတယ် ဘုရား) အားကိုးထားတော့ ခုနင်က ရဟန်းထဲမှာ ခင်ဗျားတို့ပါသွားတယ် (မှန်ပါ့)။

ငါ့တရားပွဲထဲမှာဟေ့ တဲ့ အဝိဇ္ဇာဦးစီးနေတဲ့ပုဂ္ဂိုလ်ပါတယ်

ပါသွားတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ့တရားပွဲထဲမှာဟေ့ တဲ့ အဝိဇ္ဇာဦးစီးနေတဲ့ပုဂ္ဂိုလ်ပါတယ်၊ မသိလဲမသိရှာဘူး၊ ပညာလဲမရှိဘူးဟ တဲ့ (မှန်ပါ့)။

အဝိဇ္ဇာကလဲ ဦးစီးနေသေးတယ်၊ တဏှာကလဲ ကြီးစိုးနေသေးတယ်၊ မြတ်စွာဘုရား ဟောတော်မူတဲ့တရားကို သူရွံပြီးသကာလသွားပြီတဲ့ အနတ္တဖြစ်တဲ့တရားကို အားကိုးတော့ဆိုတဲ့ အဓိပ္ပါယ်ရောက်အောင် သူယူသွားတယ်တဲ့ (မှန်ပါ့)မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ခင်ဗျားတို့ကော ဘယ်ရောက်သွားတုန်း (အဲ့ဒီအတိုင်း ရောက်သွားပါတယ် ဘုရား) ဟာ နာလိုက်တာဗျာ (မှန်ပါ့)။

နောက်က ဒကာမကြီးတွေ သတိထားပါ တစ်သက်မှာဒီတစ်ခါဘဲ ကြားရမယ် (မှန်ပါ့)လွယ်ကိုမလွယ်ဘူး (မှန်ပါ့) ဦးစံဖေကြီးတစ်သက်မှ တစ်ခါဘဲကြားရမယ်၊ ခင်ဗျားတို့ဟာ တစ်ခါတည်း အားကိုးထားတဲ့လူတွေ (မှန်ပါ့)။

ဘယ်တော့မှ ဒီအဓိပ္ပါယ်ကိုလဲ မကြံမိဘူး (မကြံမိပါ) ဒါအနတ္တဘဲလို့ ကြံမိရဲ့လား (မကြံမိပါ ဘုရား)။

မကြံမိဘူး၊ ဒါအားကိုးတုန်းဘဲ (မှန်ပါ့) ကိုယ့်စေတနာ ကိုယ်အားကိုးရတာပေါ့ဗျ၊ စေတနာကောင်း ခေါင်းဘယ်ရွေ့မတုန်း (မှန်ပါ့)။

အံမာလေး လာလိုက်တဲ့ဖြစ်ချင်းမှ မပြောပါနဲ့တော့ဟင်၊ သူကဖြစ်ပျက် ဖြစ်ပျက်နဲ့ ခင်ဗျားတို့လုပ်ဆဲမှာကို ချုပ်ချုပ်သွားတော့ အားကိုးများ ခံသေးသလား (မခံပါ ဘုရား)။

အဲ့ဒါက နိတတ္ထဒေသနာ တိုက်ရိုက်ဟောလိုက်တော့ ဘယ်မှာသူ့အားကိုးစရာကို ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကက “ဓမ္မဒီပါ ဘိက္ခဝေ ဝိဟရထ ဓမ္မဿရဏာ”ဆိုတော့ သူ့ကိုရှုတဲ့မဂ္ဂင် အားကိုးပြောတာ ခင်ဗျားတို့ဟိုအကြောင်းကို သွားအားကိုးနေပြီ၊ သူ့ကိုရှုတဲ့မဂ္ဂင်ကို အားကိုးရမှာ (မှန်ပါ့ ဘုရား)။

ကဲ လွဲမနေဘူးလား (လွဲနေပါတယ် ဘုရား) ခင်ဗျားတို့က ဟိုပျက်တတ်တဲ့ တရားသွားအားကိုးနေတယ် (မှန်ပါ့ ဘုရား)။

နာရီပျက် ဝယ်ကိုင်သလို

ဒါဖြင့် နာရီပျက် ဝယ်ကိုင်သလို ဖြစ်နေမှာပေါ့၊ သုံးလို့လဲမဖြစ်နဲ့၊ မဟုတ်ဘူးလား (မှန်ပါ့) အပျက်ကိုအားကိုးလို့ ဘာများအသုံးချလို့ ရသေးသတုန်း (အသုံးချလို့မရပါ ဘုရား)။

အဲ ခင်ဗျားတို့က ဘာအားကိုးနေသတုန်း (အပျက်ကိုအားကိုးနေပါတယ်) မောင်သစ် ခက်ပြီကွ၊ မခက်ဘူးလား (ခက်ပါတယ်) ဦးကျော်မောင် ခက်ပြီ (မှန်ပါ့) သူအနတ္တ အားကိုးနေတယ် (မှန်ပါ့ ဘုရား)။

အနတ္တဒေသနာသည် အားမကိုးကောင်းတာ အားကိုးနေကြသောကြောင့် အားကိုးဖျက်တဲ့တရား (မှန်ပါ့)

အဲ့ဒါဟောတဲ့ဥစ္စာ ခင်ဗျားတို့က ဒီ”သဗ္ဗေဓမ္မာ အနတ္တာ”ဆိုတဲ့ သင်္ခါရက္ခန္ဓာအနတ္တကြီးကို စေတနာ အနတ္တကြီးကို ခင်ဗျားတို့က တစ်ခါတည်းလိပ်ကန်းဆွဲ-ကြက်ကန်းဆွဲ (မှန်ပါ့) မလွှတ်တမ်းအားကိုးထားတော့ ခက်သွားတာပေါ့ဗျာ (မှန်ပါ့) မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)

ဗွေဖေါက်တဲ့ရဟန်းတစ်ပါး ပါနေ

အဲဒီတွင် ဘုရားက ဒီရဟန်းတွေအထဲမှာတဲ့ ဗွေဖေါက်တဲ့ရဟန်းတစ်ပါး ပါနေတော့ ဘယ်ဟာမှအားမကိုးနဲ့၊ ဓမ္မဒီပါဆိုတဲ့အတိုင်း မဂ္ဂင်ဓမ္မသာရှုတဲ့ မဂ္ဂဓမ္မ သူကသာလျှင် နိဗ္ဗာန်ဆောင်မှာ ကိုးဗျ (မှန်ပါ့) ဟိုဟာကမဆောင်ဘူး (မှန်ပါ့) ရှုတဲ့ဓမ္မကဆောင်တယ်လို့ ငါဟောနေပါလျက်သားနဲ့ သူကကံဓမ္မကို ငါ့ဥစ္စာလုပ်နေပြန်ပြီ၊

အဲဒီမှာ သံသရာ့ပြင်ဘက် မထွက်ချင်တဲ့ ပုဂ္ဂိုလ်ဘဲလို့ ဘုရားကစွဲချက်တင်လိုက်တယ် (မှန်ပါ့ ဘုရား) ပုဏ္ဏမသုတ်မှာ (မှန်ပါ့ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။

အဝိဒွါ အဝိဇ္ဇာဂတော တဏှာဓိပတေယျေန

စေတသာ သတ္ထုသာသနံ အတိဓာဝိတဗ္ဗံ မညေယျ။(ဥပရိပဏ္ဏာသပါဠိ၊ ၆၉)

ငါကဘယ်ဟာမှအားမကိုးနဲ့ဆိုတာ သူက ငါမဟုတ်သဖြင့်ပြုထားတယ်၊ ဒါဟာ ငါလဲမဟုတ်ပါဘူးတဲ့၊ အဲဒီငါမ ဟုတ်တာကလေး အားကိုးမယ်ဆိုပြီး စေတနာကလေး သူအားကိုးတယ်တဲ့ (မှန်ပါ့)။

စေတနာငါကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) အဲဒီ့ငါမဟုတ်တဲ့ စေတနာကလေး သူအားကိုးမယ်တဲ့ (မှန်ပါ့)။

ဒါကလေးဟာလဲ ငါတော့ မဟုတ်ဘူးလို့ဆိုလို့ရှိရင် အနတ္တဖြစ်သွားတယ်၊ အနတ္တဖြစ်ကတည်းက ဓမ္မရှာတွေ့ သေးရဲ့လား (မတွေ့ပါ ဘုရား) မတွေ့ဘယ်ဟာအားကိုးမလဲ (အားကိုးစရာမရှိပါ ဘုရား)။

အားကိုးစရာမရှိပေမယ့် သူကစေတနာကလေးဟာ အနတ္တဘဲတဲ့၊ အဲဒီအနတ္တကလေးဟာ ငါမဟုတ်ဘူးတဲ့၊ အဲဒီငါမဟုတ်လို့ သူ့အားကိုးမယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ခင်ဗျားတို့နဲ့ သွားတူနေပြီ (မှန်ပါ့) ဟင် ဦးကျော်မောင်မတူဘူးလား (တူပါတယ် ဘုရား) ပေါ်ကျပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဆရာကောင်းသမားကောင်း မတွေ့ရှိရင် ဦးမြမောင် သွားပြီ (ဒီအတိုင်း သွားမှာပါ ဘုရား) အားမကိုးကောင်းတာ အားကိုးတယ် (မှန်ပါ့)။

ဦးကျော်မောင်ဘာတဲ့တုန်း (အားမကိုးကောင်းတာ အားကိုးပါတယ် ဘုရား)။

အားမကိုးကောင်းတာလို့ဆိုတဲ့ဥစ္စာက ပင်ကိုယ်ကအားမကိုးကောာင်းတာလား၊ ဟုတ်လား (မှန်ပါ့)။

အားကိုးထားလို့ အားမကိုးကောင်းတာ အားကိုးစရာကိုမရှိတာကို အားကိုးတာလားလို့ တစ်ခါကြည့်လိုက်ဦး (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (အားကိုးစရာမရှိတာကို အားကိုးထားပါတယ် ဘုရား)။

သိပ်လွဲနေပြီကောဗျ (မှန်ပါ့)ဟင် အားကိုးစရာမရှိတဲ့ အနတ္တကိုအားကိုးထားတော့ ဪ အားကိုးကောင်းလို့ အားကိုးတာလဲမဟုတ်ဘူး၊ အားကိုးစရာမရှိဘဲနဲ့ အားကိုးလိုက်တဲ့တရားဆိုတော့ ခင်ဗျားတို့ ကိုယ်ကျိုးနည်းတာပေါ့ (မှန်ပါ့ ဘုရား) မနည်းသေးဘူးလား (နည်းပါတယ် ဘုရား)။

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီအထဲမှာကွာ ဗွေဖေါက်တဲ့ရဟန်းတစ်ပါးပါနေတယ်တဲ့ ငါကအလုံးစုံ အနတ္တဟောလိုက်တော့ သူ့မှာဘယ်ဟာမှ အားကိုးရာမရှိဘူးတဲ့၊ အဲဒီတော့ ငါမဟုတ်သဖြင့် ပြုထားတဲ့ ကံကလေးရှိတယ်၊ ဒီကံကလေးကို ငါအားကိုးရတော့မှာဘဲဆိုပြီး သူဗွေဖေါက်ပြီတဲ့။

ဗွေဖေါက်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်တုန်း

အဲဒါ ဗွေဖေါက်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်တုန်းလို့ ငါသဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ အဝိဒွါပညာက မပါဘူးတဲ့၊ အဝိဇ္ဇာဂတော အဝိဇ္ဇာက ဦးစီးတယ်တဲ့၊ (မှန်ပါ့) အဝိဇ္ဇာဦးစီးလို့ သူ အနတ္တစစ် မမြင်တော့ဘူး (မှန်ပါ့) တဏှာကလဲ ဘုံဘဝမှမထွက်ချင်ဘူးတဲ့ (မှန်ပါ့)။

ဒီ စေတနာကလေးကမှ အကျိုးပေးမှာကိုး၊ အကျိုးပေးတော့ အကျိုးပေးတဲ့ဘုံဘဝက ထွက်ချင်သေးရဲ့လား (မထွက်ချင်ပါ ဘုရား)။

အဲဒီတော့ သူ့မှာပညာကမရှိ၊ အဝိဇ္ဇာကဦးစီးတယ်၊ အဝိဒွါအဝိဇ္ဇာက မသိမှုဖြစ်နေတယ်၊ တဏှာက ကြီးစိုးနေ

တဲ့အတွက်တဲ့ ဘုံဘဝက မထွက်ချင်တဲ့သဘောနဲ့ သူ မရှိတာအားကိုးနေပြန်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)

ဘာ အားကိုးနေသလဲ (မရှိတဲ့တရား အားကိုးနေပါတယ် ဘုရား)။

မရှိတာ အားကိုးလို့ရှိရင်လဲ ခင်ဗျားတို့ကိုယ်တိုင် စဉ်းစားကြည့်ပါ၊ ဝေဘူလတောင်မှာ ကျောက်ကောင်းကြီးတွေ ရှိတယ်၊ ကျုပ်တို့တော့ ဒါ အားကိုးနေတာဘဲဆိုရင်တော့ ကိုယ့်လက်ထဲလဲ တစ်ပြားမှမရှိဘူး၊ မြင်လဲမမြင်ဖူးဘူး၊ ဘာနဲ့ဝယ်စားကြမလဲ (မှန်ပါ့) ဟင် မရှိတာအားကိုးနေတဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ပြောသံကြားဘဲ (မှန်ပါ့) ရှိကောရှိရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကလဲ အနတ္တဆိုတာဟာ အထည်ကိုယ်ရှိရဲ့လား (မရှိပါ ဘုရား)။

မရှိတာကို ခင်ဗျားတို့က ဘာတုန်း (အားကိုးနေပါတယ် ဘုရား)။

ကျုပ်တို့လဲ ဒီစေတနာကလေး အားကိုးနေတာပေါ့၊ ဘယ်တုန်းကပြုထားတာတုန်း၊ အို သား ၁၆နှစ်တုန်း ကလေဗျာ (မှန်ပါ့)။

သမီးကလေးက အဲဒီအခါတုန်းက ၁၄-နှစ်လောက် ရှိသေးတယ်၊ သူ့နားဖေါက် သားရှင်ပြုပေါ့၊ အဲ့ဒီဥစ္စာကို ကျုပ်ရှိစုမဲ့စု အကုန်စုပြီးသကာလ တကယ့်စေတနာကောင်းနဲ့ လုပ်လိုက်တာ၊ ဒါ ဘယ်သွားမတုန်းဗျ (မှန်ပါ့)။

ဒါတွေကခိုင်တယ်-မြဲတယ်ဆိုပြီး သူ့ဘဲ အားကိုးနေတယ် (မှန်ပါ့) မယူဘူးလား ယူမလား (ယူပါတယ် ဘုရား)။

ယူလို့ရှိရင် ဒီစေတနာက ဘာတရားတုန်း ပင်ကိုယ်သဘောက (အနတ္တတရားပါ ဘုရား)။

အနတ္တတရားဆိုတာ အားကိုးခံနိုင်တဲ့တရားလား

အဲဒီတော့ အနတ္တတရားဆိုတာ အားကိုးခံနိုင်တဲ့တရားလား မခံနိုင်တဲ့တရားလား (မခံနိုင်တဲ့တရားပါ ဘုရား)။

မခံနိုင်တဲ့တရားကို ဦးမြမောင်က ဘာလုပ်နေသတုန်း တွေးတိုင်း တွေးတိုင်း သူ့ချည်းအားကိုးနေတယ် (မှန်ပါ့ ဘုရား)ဆိုတော့ ခင်ဗျားတို့က အနတ္တ-အတ္တလုပ်လို့ရှိရင် ဒါဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ထားပြီ (မှန်ပါ့) မတားသေးဘူးလား (တားပါတယ် ဘုရား)။

အနတ္တကို အတ္တထင်ရင် (မဂ်ဉာဏ် ဖိုလ်ဉာဏ်တားပါတယ် ဘုရား)။

အဲဒီတော့ “သင်္ခါရ အတ္တတော သမနုပဿတိ”ဆိုတာ ဒါ ဒိဋ္ဌိဆိုတာ (မှန်ပါ) သင်္ခါရေ စေတနာဆိုတဲ့ သင်္ခါ ရ တရားကို အတ္တတော ငါဟူ၍၊ သမနုပဿတိ ရှု၏၊ သဘောကျပလား (ကျပါပြီ)။

ရှုလိုက်တော့ သင်္ခါရတရားကို ငါရယ်လို့ ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒါ အတ္တဒိဋ္ဌိဖြစ်သွားပြီတဲ့၊ အတ္တဒိဋ္ဌိဖြစ်ရင် ဒိဋ္ဌုပါဒါန်ဖြစ်သွားပြီ (မှန်ပါ့)။

ဒါဖြင့် ဒါ ဒိဋ္ဌိ၊ ဒါ ဒိဋ္ဌုပါဒါန်၊ ဒါ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုတော့ ဘယ်တော့ နိဗ္ဗာန်ရောက်မှာတုန်း (မရောက် နိုင်ပါ) ဒီ ဇာတိ၊ဇရာ၊မရဏဘဲ သွားမှာဘဲ၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

ဒါက အတ္တဒိဋ္ဌိ၊ ဒါက ဒိဋ္ဌုပါဒါန်၊ ဒါက ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဖြစ်သွားတယ် (မှန်ပါ့) ဥပါဒါန် အုပ်ချုပ်တဲ့ကံနော် (မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒီကဒိဋ္ဌိ၊ ဒိဋ္ဌိနဲ့ ဒိဋ္ဌုပါဒါန်ဆိုတာ အကြီးနဲ့အသေးဘဲ (မှန်ပါ)အကြီးနဲ့ အသေးဆိုတော့ သူက အုပ်ချုပ်တဲ့ကံဆို တော့ ဒိဋ္ဌိဦးစီမနေဘူးလား (စီးနေပါတယ် ဘုရား)။

ကမ္မဘဝပစ္စယာ=သေသည်၏ အခြားမဲ့၌ (ဇာတိပါ) ဇာတိ၊ ကဲ ခင်ဗျားတို့ အားမကိုးကောင်းတာ အားကိုးနေလို့ဇာတိရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အားမကိုးကောင်းတာကို အားကိုးတဲ့အတွက် ဘာရသတုန်း (ဇာတိရပါတယ်) သူများပြောလား၊ ခင်ဗျားတို့အမြင်ဘဲလား အကဲခတ်ပါဦး (တပည့်တော်တို့အမြင်ပါ ဘုရား)။

ကမ္မဘဝဆိုတာ စေတနာဘဲဗျ၊ ဒီဘဝပြုတာဘဲ မဟုတ်လား (မှန်ပါ့) ဒီမှာကြည့်လေ၊ ပစ္စုပ္ပန်ဘဝတဲ့၊ မပါဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဆက်ဟောတယ်ကွာတဲ့၊ မင်းတို့ဒီရဟန်း ဗွေဖေါက်နေပြီတဲ့၊ ကံကိုသူအတ္တလုပ်ထားပြီတဲ့ (မှန်ပါ့) ဦးကျော်မောင် ဘာတဲ့ (ကံကိုအတ္တလုပ်ထားပါတယ် ဘုရား)။

ကံကို အတ္တလုပ်ထားပြီတဲ့၊ သူ အဝိဇ္ဇာဦးစီးနေတယ်ဆိုတာ ဦးစီးတော့တာပေါ့ဗျ ကံအနတ္တ သူမမြင်တော့ဘူး (မှန်ပါ့) အဝိဇ္ဇာ ဦးစီးလို့ပေါ့ (မှန်ပါ့) ဟုတ်လား ပညာကောရှိသေးရဲ့လား (မရှိပါ ဘုရား)။

ပညာမရှိ အဝိဇ္ဇာဦးစီး၊ တဏှာကကြီးစိုးနေ

ပညာမရှိ အဝိဇ္ဇာဦးစီး၊ တဏှာကကြီးစိုးနေတယ်တဲ့ (မှန်ပါ့) ဘုံဘဝလွတ်သွားမှာ သူစိုးရိမ်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို “သတ္တုသာသနံ အတိဓာဝိတဗ္ဗံ” ငါဘုရားသာသနာတော်၊ ငါဘုရား အဆုံးအမလွန်ထွက်သွား ပြီကွတဲ့၊ မှားပြီ (မှန်ပါ့) အားမကိုးနဲ့ဆိုတာ အားကိုးတယ် (မှန်ပါ့ ဘုရား)။

ကဲ ခင်ဗျားတို့ ဘုရားသာသနာတော် လွန်သွားပြီ၊ အဆုံးအမလွန်သွားပြီတဲ့ (မှန်ပါ့) ကဲ ခင်ဗျားတို့ လုပ်နေတာ ကိုက်သေးရဲ့လား (မကိုက်ပါ) ဘုရားကိုယ်တိုင်က ဖေါ်ပြောပြီ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးကတော့ဖြင့် အခုဒီလာပြီး မှီခိုနေကြတဲ့အတွက် အမှန်ပြောပေးရမယ်နော် (မှန်ပါ့) ကမ္မဿကတဉာဏ်နဲ့ လုပ်လို့ရှိရင် ဘယ်တော့မှ အတ္တဒိဋ္ဌိမပြုတ် (မှန်ပါ့ ဘုရား)။

သစ္စာမြင်ပြီးတော့ လုပ်တဲ့အလုပ်မှ နိဗ္ဗာန်ရောက်မယ်

ကံ-ကံ၏အကျိုးယုံကြည်ပြီးတော့လုပ်တဲ့ အလှူ၊ ဒါန၊ သီလတွေဟာ မှတ်ထားပါ၊ ဘယ်အခါကာလမှ ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ့) အဲဒီတော့ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့) ဟုတ်လား၊ သစ္စာမြင်ပြီးတော့ လုပ်တဲ့အလုပ်မှ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် တစ်နေ့က ခင်ဗျားတို့ သင်္ကန်းကလေးတစ်စုံ အရှင်ဘုရား လှူပါရစေဆိုတော့ မလှူနဲ့ဦးလို့ (မှန်ပါ့) ဒကာကြီးကိုပြန်ပေးလိုက်တယ် (ပြောပါတယ် ဘုရား) သစ္စာမြင်အောင်ဟောဦးမယ်၊ မြင်ပြီးတော့ ခင်ဗျားတို့ရှုကြဦးမှာကိုး (မှန်ပါ့) ရှုတော့မှ အဲ့ဒီဒုက္ခသစ္စာကြီးမှ တပည့်တော်မလိုချင်-မရချင်လို့ လှူပါ၏ဆိုမှ ဘုန်းကြီးကလက်ခံမယ် (မှန်ပါ့) ဒီကံကောင်းချင်လို့တော့ ကျုပ်ကလက်မခံချင်ဘူး (မှန်ပါ့ ဘုရား)။

ကံကောင်းချင်လို့ရှိရင် ငါဒါအားကိုးဆိုလို့ရှိရင် ဒိဋ္ဌိသွားဖြစ်ဦးမယ် (မှန်ပါ့) ကမ္မဿကတဉာဏ်နဲ့ လှူလိုက်လို့ရှိ ရင် ဒိဋ္ဌိမကွာဘူး (မှန်ပါ့) ကွာရဲ့လား (မကွာပါ ဘုရား)။

မကွာလို့ရှိရင် ဇာတိ မလာသေးဘူးလား (လာမှာပါ ဘုရား)။

ဟို ဒုက္ခသစ္စာမြင်တာကတော့ ဝိပဿနာဉာဏ် ဦးမစီးဘူးလား (မှန်ပါ့) မဂ်ဦးစီးတယ် (မှန်ပါ့) အဲ မဂ်နဲ့ပါတဲ့ စေတနာက လှူလိုက်တဲ့အခါကျတော့ ဒုက္ခသစ္စာသိလှူသောကြောင့် ဒုက္ခသစ္စာကိုလဲသိတယ် (မှန်ပါ့) သိပြီးဒုက္ခသစ္စာကို မရချင်လို့ဆိုတော့ နိရောဓကိုသာ သူရချင်တယ်ဆိုတဲ့ အဓိပ္ပါယ်က ပါသွားပြီ (မှန်ပ့ါ) ဒုက္ခသစ္စာကို ကိုယ်တိုင်မြင်တာကိုး (မှန်ပါ့ ဘုရား)။

အဲဒီလို ကိုယ်တိုင်မြင်ပြီးတော့မှ လှူလိုက်တဲ့အခါကျတော့ ကံအမိ-ကံအဖနဲ့ လှူတာမဟုတ်ဘူး (မှန်ပါ့) ဉာဏ်အမိ ဉာဏ်အဖနဲ့လှူတာ (မှန်ပ့ါ) မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဒါဖြင့် ဉာဏ်အမိ-ဉာဏ်အဖဦးစီး လှူလိုက်တဲ့အခါကျတော့ကို ဒီမှာ ဒုက္ခချုပ်ပြီး ဒီမှာမဂ်ရတယ် (မှန်ပါ့) ဒီဘက်ကဟာတွေ အကုန်သေတယ် (မှန်ပါ့ ဘုရား)။

ကံအမိ-ကံအဖဦးစီးလိုက်တော့ ကမ္မဘဝပစ္စယော (ဇာတိပါ ဘုရား) ဒီလိုသွားတာကိုးဗျ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဦးမြမောင်က ဘုန်းကြီးနဲ့လဲ တွေ့စဖြစ်နေလို့ဘယ်နှယ့် ဘုန်းကြီးပါလိမ့်မလဲလို့ အောက်မေ့မှာလဲ စိုးရသေးတယ် (မအောက်မေ့ပါ ဘုရား) မအောက်မေ့နဲ့၊ အကျိုးကြီးသထက်ကြီးအောင်လို့ (မှန်ပါ့ ဘုရား)။

အဲ ဦးမာဒင် လာလှူလို့ရှိရင်လဲ ခံတာမဟုတ်သေးဘူး (မှန်ပါ့) ကဲ ခင်ဗျားတို့ မလာခဲ့နဲ့ဦး၊ ဟိုကိုသာလုပ်ဦး၊ အလုပ်ကို (မှန်ပ့ါ) အဲဒီဒုက္ခမြင်အောင် လုပ်ပါဦး၊ ဒီဒုက္ခမြင်တော့မှ ဒီဒုက္ခကျွတ်ချင်ပလား၊ ဪ ဒီဒုက္ခကကျွတ်ချင် တယ်ဆိုတဲ့ ဉာဏ်နဲ့မှလာခဲ့၊ ဒီလိုလုပ်ရတယ် (မှန်ပါ့ ဘုရား)။

အဲ ရော့ အင့် ဆိုရင်တော့ အလွယ်ကလေးပေါ့ဗျာ (မှန်ပါ့) ဟုတ်မှ မဟုတ်ဘဲ (မှန်ပါ့) ကမ္မဿကတဉာဏ်သွား ဖြစ်နေတယ် (မှန်ပါ့) အခုဟာက သစ္စာနုလောမိကဉာဏ် (မှန်ပါ့ ဘုရား) မကွာဘူးလား (ကွာပါတယ် ဘုရား)။

သစ္စာနုလောမိကဉာဏ်က ဒိဋ္ဌိကွာပါတယ်

ကမ္မဿကတဉာဏ်ဆိုတာ ဒိဋ္ဌိမကွာပါဘူး (မှန်ပါ့) သစ္စာနုလောမိကဉာဏ်က (ဒိဋ္ဌိကွာပါတယ် ဘုရား)။

ဖြစ်ပျက်မဂ်၊ ဒီမဂ်ထဲပါတဲ့ စေတနာနဲ့လုပ်မှာကိုး (မှန်ပါ့) ဟောဒီဒုက္ခကြီးကို ကျွတ်ချင်လွတ်ချင်လို့ လှူပါတယ် ဘုရား (မှန်ပါ့)။

ဒီလိုဆိုတော့ သူက သစ္စာနုလောမိကဉာဏ်နဲ့ လှူတာကိုး (မှန်ပါ့) ဟိုဟာကဘာတဲ့ (ကမ္မဿကတဉာဏ်နဲ့ လှူပါတယ် ဘုရား)။

ကမ္မဿကတဉာဏ်နဲ့လှူတော့ ဒိဋ္ဌိမကွာ (မှန်ပ့ါ) သစ္စာနုလောမိကဉာဏ်နဲ့ လှူလိုက်တော့ (ဒိဋ္ဌိကွာပါတယ် ဘုရား) ဒိဋ္ဌိကွာလို့ရှိရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့) ဒိဋ္ဌမကွာလို့ရှိရင် သုဂတိသာရောက်တယ် (မှန်ပါ့ ဘုရား)။

သုဂတိသာရောက်တယ်၊ နိဗ္ဗာမရောက်ဘူးဆိုတော့ ခြားနားတယ် (မိုးနဲ့မြေကြီးလောက် ကွာပါတယ်ဘုရား၊ အများကြီး ကွာပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ခုနင်က ရဟန်းကိုဘဲ အားကိုးမှားရှာပေါ့ လို့ဆိုပြီး ဘုရားက ကံဘဲ သူအားကိုးတော့မယ်တဲ့၊ အဲ ဘယ်ဟာမှ အားမကိုးရဘူးဆိုတော့ မျောက်သစ်ကိုင်းလွတ် ဖြစ်သွားတာပေါ့ဗျ (မှန်ပါ့)။

ခန္ဓာငါးပါး ဘယ်ဟာမှ အားမကိုးရဘူးဆိုတော့ အလုံးစုံငါ့လူတို့ တဲ့၊ သူကရဟန်းတွေခေါ်ပြောတယ်၊ ရုပ်လဲ အနတ္တတဲ့ ဘုရားကဟောနေတယ်၊ ဝေဒနာ အနတ္တ၊ သညာ အနတ္တ၊ သင်္ခါရာ အနတ္တ၊ ဝိညာဏံ အနတ္တဆိုတော့ ငါတို့ဘာအားကိုးရမှန်း မသိဘူးတဲ့ (မှန်ပ့ါ) သူကတောင် အဖော်ညှိလိုက်သေးတယ် (မှန်ပါ့)။

အဲဒီတော့ ငါတော့ဖြင့်တဲ့ ငါမဟုတ်သဖြင့် ကံ ငါမဟုတ်ဘူးတဲ့၊ ငါ မဟုတ်သဖြင့် ပြုထားတဲ့ ကံက အကျိုးပေးကလေးဘဲ အားကိုးရတော့မှာဘဲတဲ့ (မှန်ပ့ါ)။

ဒီလိုဆိုတော့ အကျိုးပေး အားကိုးကတည်းက ကံ အားကိုးမကျဘူးလား (ကျပါတယ် ဘုရား)။

အဲ အဲဒီ အားကိုးကျလို့ ဘုရားက အခုဒါလဲ ဆုံးဖြတ်ချက်ချရော ဘုရားက အခုဟောနေတာ တရားဟောပလ္လင် ပေါ်ကနေပြီး ငါ့ထဲ အရူးတစ်ယောက်ပါနေပြီ (မှန်ပ့ါ) ပညာမရှိတဲ့ အရူးတစ်ယောက်ပါနေပြီကွ အလုံးစုံ အားမကိုးကောင်းပါဘူးဆိုတဲ့ ဥစ္စာကို တစ်ခုတည်းကွက်ပြီး ကံကိုအတ္တယူထားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကံကိုအတ္တယူထားတယ်

ဘာယူထားသတုန်း (ကံကိုအတ္တယူထားပါတယ် ဘုရား) ကံကို အတ္တယူထားပြီကွ တဲ့၊ ဒီ ပုဂ္ဂိုလ်က ပညာဘူးကွ တဲ့၊ အဝိဇ္ဇာဦးစီးတယ်တဲ့၊ တဏှာက ကြီးစိုးနေတယ်ကွ တဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ငါဘုရား သာသနာတော် ကျော်လွန်ခုန်လွှားသွားပြီ (မှန်ပါ့) ငါဘုရား အဆုံးအမကို ကျော်ပြီးသွားတယ်တဲ့ (မှန်ပါ့)။

ကျော်သွားတာက ဘာမှအားမကိုးရဘူးဆိုတာ ဒါကလေးအားကိုးမယ်ဆိုတော့ ကျော်လွှားသွားတဲ့ အဓိပ္ပါယ်မ ရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲ့ ဒါကြောင့်တဲ့ ငါသေသေချာချာ ဟောမယ် နားထောင်ကြဆိုပြီးတော့ ဆက်ဟောသွားတယ် (မှန်ပါ့) ဆက်ဟောတော့ ဘာဟောသတုန်းဆိုတော့ ဒီ သင်္ခါရဟာ အတိတ်ကအနာဂတ်က ပစ္စုပ္ပန်က အကုန်ဖြစ်ခဲ့တာဘဲ (မှန်ပါ့) အဲ့ဒါတွေကို အကုန် ‘နေတံမမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ’ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှုကွ (မှန်ပါ့) တစ်ခါတည်း အကုန်ဖျက်ချတယ် (မှန်ပ့ါ)။

အတိတ်ကဖြစ်ခဲ့တဲ့ စေတနာဖြစ်ဖြစ်၊ ပစ္စုပ္ပန်ဖြစ်တဲ့ စေတနာဖြစ်ဖြစ်၊ အနာဂတ်ပေါ်လတံ့ စေတနာဖြစ်ဖြစ် အလုံးစုံငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ မဟုတ်တာချည့်ဘဲ ရှုကြဟေ့ ဆိုပြီး တရားပွဲထဲ အရှုခိုင်းတယ် (မှန်ပါ့)။

ရှုခိုင်းတဲ့အခါကျမှ သူနဲ့ အတူတကွ သံဃာတော်ငါးရာရော ဒီဖေါက်ပြန်နေတဲ့ ကိုယ်တော်ပါ အနတ္တဉာဏ်တွေ အကုန်ပေါက်ပြီး အနတ္တမြင်ပြီး အနတ္တမုန်းပြီး အနတ္တဆုံးတဲ့နိဗ္ဗာန်ရောက်တယ် (မှန်ပါ့)။

နို့မဟုတ်ရင် သူဒိဋ္ဌိထဲ ကျန်နေရစ်တော့မလို့ ဘုရားကဖေါ်ပြီး ဟောယူရတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။