11405

မာတိကာသို့

နဒီသုတ်

(မဂ္ဂင်လမ်း ပေါ်ရောက်အောင် ကြိုးစားကြပါ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူသော

(နဒီသုတ်)ညအလုပ်ပေး-တရားတော်

(၅-၉-၆၂)

မှတ်ချက်။ နေရာဌာနအလိုက် အချို့နေရာ၌ “ဆွဲ” ကို “စွဲ” ဟု ပြင်ဆင်ဖတ်ရှုပါရန်။

သစ္စာတရား အကြားအမြင်မရှိ

မနေ့ကပြောခဲ့တာက ‘အသုတဝါ ပုထုဇ္ဇနော’ဆိုတဲ့နာမည်ဟာ အင်မတန်ဆိုးပါတယ်၊ မဆိုးကြဘူးလား (ဆိုးပါတယ် ဘုရား)။

‘အသုတဝါ ပုထုဇ္ဇနော’ဆိုတဲ့ ဥစ္စာက အကြားအမြင်မရှိတော့ဘူး၊ အကြားအမြင်မရှိဆိုတဲ့ဥစ္စာ သစ္စာတရား အကြားအမြင်မရှိ၊ အကောင်းအဆိုးမရွေးတတ်၊ အဲဒီကဲ့သို့ မရွေးတတ်တာကို ‘အသုတဝါ ပုထုဇ္ဇနော’လို့ ဆိုပါတယ်။

ကိလေသာက ထူပြော အကြားအမြင်ကမရှိဆိုတော့ လုပ်ချင်တာလုပ် သွားချင်သလို သွားဆိုတော့ ၁-နံပါတ်အကွက် ပဋိစ္စသမုပ္ပါဒ်မှာ ဒါ ‘အသုတဝါ ပုထုဇ္ဇနော အကွက်ဘဲ’ လို့မှတ်ရမယ် (မှန်ပါ့)။

‘အဝိဇ္ဇာ ပစ္စဟာ သင်္ခါရာ’ဆိုတာသည် ‘အသုတဝါက ပုထုဇ္ဇနော’တို့၏ ဖြစ်ရာဌာနလို့ မှတ်ထားလိုက်ပါ (မှန်လှပါ ဘုရား)။

အဲဒီ’အသုတဝါ ပုထုဇ္ဇနော’သည် အကြားအမြင်ကလဲမရှိသူက အတိတ်သံသရာကနေပြီးသကာလ ပစ္စုပ္ပန် သံသရာကြီး မျောလာတယ်လို့ ဦးမြမောင် မှတ်ရမယ် (မှန်ပါ့) အတိတ်သံသရာက ပစ္စုပ္ပန်သံသရာကြီး မျောလာတယ် (မှန်လှပါ ဘုရား)။

ဘာဖြစ်လို့ ဒီသံသရာထဲမှာ လှည့်ပြီး မျောလာပါလိမ့်မတုန်းဆိုတော့ အို-အသုတဝါ ပုထုဇ္ဇနောမို့ သွားချင်သလို သွားတာကွ (မှန်ပါ့)။

သစ္စာမသိတော့ ပြုချင်သလိုပြု

သစ္စာမသိတော့ ပြုချင်သလိုပြုပြီးသကာလ စုတေ၊ စုတေမနေသေလွန်တော့ အကြားအမြင်မရှိတဲ့ ပုထုဇန် ကိလေသာကပေါ့ ဘုံဘဝ ခင်တွယ်တဲ့ ကိလေသာကပေါ။ ဘုံဘဝရောက်ကြောင်းတွေလုပ်၊ ထိုကဲ့သို့ လုပ်တဲ့အခါ ကျလို့ရှိရင်ဖြင့် သူ့မှာအသုတဝါ ပုထုဇ္ဇနောက သမုဒယသစ္စာ အဲဒီ့သမုဒယသစ္စာကြီးကို အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ် လုပ်ပြီးသကာလ နေတော့စုတေမနေသေလွန်တော့ ၂-နံပါတ်အကွက်ဆိုတာကို ဒကာ ဒကာမတွေ ရောက်လာတယ်လို့ ကြည့်ပါနော် (မှန်ပါ့) ၂-နံပတ်ရောက်လာတယ်။

ရောက်လာတော့ သူ့မှာသံသရာထဲ မျောလာတာ၊ တစ်ဘဝမှတစ်ဘဝသို့ သူမျောလာတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အတိတ်ဘဝက ပစ္စုပ္ပန်ဘဝမျောလာတယ်။

ဒကာ ဒကာမတို့ ဘယ်ကဘယ်မျောလာပါလိမ့် (အတိတ်ဘဝက ပစ္စုပ္ပန်ဘဝကို မျောလာပါတယ် ဘုရား)။

အတိတ်ဘဝက ပစ္စုပ္ပန်ဘဝကို မျောပြီးသကာလလာတယ်၊ ဪ မျောလာပြန်တော့လဲ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခရောက်နေတဲ့အဖြစ်ပါဘဲ (မှန်ပါ့ ဘုရား) ဒုတိယအကွက်မှာ ဒုက္ခသစ္စာလို့ ပြောလိုက်ပါတယ် (မှန်ပါ့)။

အတိတ်ဘဝက မျောလာလိုက်တာ၊ ယခုပစ္စုပ္ပန်ဘဝရောက်လာပြီ၊ ရောက်လာတော့ သူကောင်းကောင်း နေရသလား ဆိုးဆိုးနေရသလား လို့ မေးလိုက်တဲ့အခါကျတော့ ဒုက္ခသစ္စာကွက်ထဲ ရောက်နေတယ် (မှန်ပါ့) ဒါဖြင့် အဆိုးထဲရောက်နေတာပေါ့ (မှန်ပါ့)။

ဆွဲမိဆွဲရာ ကိုင်မိကိုင်ရာ ဆွဲဦးမယ်

အဆိုး ဒုက္ခရောက်ပြီးသကာလနေပြန်တော့ မျောလာတုန်းကလဲ သူ အသုတဝါ ပုထုဇ္ဇနော၊ ဒီဘဝမှာ ခင်ဗျားတို့ဆရာသမားနဲ့ မတွေ့ဘဲနေလို့ရှိရင် အသုတဝါ ပုထုဇ္ဇနောဘဲ ဖြစ်နေဦးမယ်ဆိုလို့ရှိရင် ဆွဲမိဆွဲရာ ကိုင်မိကိုင်ရာ ဆွဲဦးမယ် (မှန်ပါ့)။

ဆွဲမိဆွဲရာ ကိုင်မိကိုင်ရာဆိုတာက မိမိခန္ဓာကိုယ်ကြီးရင်လဲ အားကိုးလိုက်လိမ့်မယ်၊ သူကမျောလာတာကိုး (မှန်ပါ့) ရေထဲမျောပြီးသကာလလာတော့ ရောက်ရာမှာ ခန္ဓာငါးပါးတည်းဟူသော သစ်ကိုင်းတွေရှိတဲ့ဥစ္စာသိပြီးသား အတိုင်းထားပါတော့၊ အဲ့ဒါကို အသုတဝါ ပုထုဇ္ဇနော ဖြစ်နေတော့ အကြားအမြင်မရှိတဲ့ ပုထုဇဉ်ဖြစ်နေတောာ့ တဏှာနဲ့ဆွဲလိုက် ဥပါဒါန်နဲ့ ဆွဲလိုက်ကံနဲ့ဆွဲလိုက်ဆိုတော့ ဪ ဒါဘယ့်နှယ်ကြောင့် ကိုယ့်ခန္ဓာကြီးကိုယ်ခင်၊ သားမယား ခန္ဓာကိုယ်ခင်၊ သားသမီးတွေအားကိုး၊ ပစ္စည်းတွေအားကိုးနေပါလိမ့်မတုန်းလို့ တတိယအကွက် တဏှာနဲ့ ဒုတိယ အကွက်ကို ဆွဲယူလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒုတိယခန္ဓာကိုယ်ကြီးကို ခင်တယ်မင်တယ်ဆိုတဲ့ အဓိပ္ပါယ်မရဘူးလား (ရပါတယ်) သားသမီး ခန္ဓာကိုယ်ခင်တယ်၊ ကိုယ်ရှာထားတဲ့ပစ္စည်းကလေးတွေကို ခင်တယ်ဆိုတော့ ဆွဲမိဆွဲရာဆွဲပြန်တယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဆွဲမိဆွဲရာ ဆွဲပြန်တာတုန်းလို့ မေးတဲ့အခါကျတော့ ဒုက္ခသစ္စာမသိလို့ဘဲ ဆွဲပြန်တယ် (မှန်ပါ့ ဘုရား)။

ဒါက ဒုက္ခသစ္စာမဟုတ်လား (မှန်ပါ့) ဒါတွေခင်နေပြန်တော့ ဆွဲမိဆွဲရာ ဆွဲတဲ့အဓိပ္ပါယ် (မှန်ပါ့) ဒါတွေမရ ရအောင် မလွှတ်-လွှတ်အောင် ပြင်ထားပြီးတော့ ဒီပစ္စည်းတွေကိုလွှတ်တဲ့သဘောလား။ ဆွဲငင်တဲ့သဘော ရောက်သလား လို့ မေးရင်ဘယ့်နှယ်ပြောကြမယ် (ဆွဲငင်တဲ့သဘော ရောက်ပါတယ် ဘုရား)။

ဟာ ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာကြီး အနိစ္စဒုက္ခသစ္စာကြီး ဒုက္ခဒုက္ခသစ္စာကြီး အနတ္တဒုက္ခသစ္စာကြီးကို ဘယ့်နှယ်ကြောင့် ဆွဲပြန်ပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

ကလျာဏမိတ္တနဲ့ မတွေ့တော့

ဒီဘဝမှာ ကလျာဏမိတ္တနဲ့ မတွေ့တော့ “အသုတဝါ ပုထုဇ္ဇနော”ဘဲ ပြန်ဖြစ်နေတယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြ မယ် (အသုတဝါ ပုထုဇ္ဇနောဘဲ ပြန်ဖြစ်နေပါတယ် ဘုရား)။

”အသုတဝါ ပုထုဇ္ဇနော”ဘဲ ပြန်ဖြစ်ပါတယ်၊ ဘယ့်နှယ်ကြောင့် ပြန်ဖြစ်ပါလိမ့်မတုန်းလို့ အမေးထုတ်လို့ရှိရင်ဖြင့် တဲ့ ဒီဘဝကလျာဏမိတ္တမရဘူး (မှန်ပါ့ ဘုရား)။

ဒီဘဝ ကလျာဏမိတ္တမရတော့ ဒုက္ခသစ္စာလို့ သူသည်သိသေးရဲ့လား (မသိပါ ဘုရား) မသိတော့ တဏှာနဲ့ဒီခန္ဓာ ကြီးခင်တယ်၊ တဏှာနဲ့ပစ္စည်းတွေခင်၊ တဏှာနဲ့သားသမီးတွေခင်တော့ကို တတိယကွက် မကူးဘူးလား ကူးသလား (ကူးမှာပါ ဘုရား) ကူးနေပြီ။

ဘယ့်နှယ်ကြောင့် ဦးကျော်မောင် ကူးပါလိမ့်မတုန်းလို့ ဘုန်းကြီးကမေးတော့ ဘယ့်နှယ်ဖြေပါ့မတုန်း (ဒုက္ခသစ္စာမှန်းမသိလို့ပါ ဘုရား)။

မသိတော့ သူ့ဘယ့်နှယ်ဆိုမလဲနာမည်ပေးလိုက် (အသုတဝါပုထုဇ္ဇနောပါ ဘုရား)။

လာတုန်းကလဲ “အသုတဝါ ပုထုဇ္ဇနော” မျောလာတယ် (မှန်ပါ့) မျောပြီးသကာလ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးနဲ့ တစ်ကွမျောပြီးသကာလ လာပြန်တော့ ဆွဲမိဆွဲရာဆိုတဲ့ ကန္နားသစ်ပင်တွေကို မောင်သစ်ဆွဲပြန်ပြီ (မှန်ပါ့ ဘုရား)။

ကိုယ့်ခန္ဓာခင်တယ်၊ သားသမီးခန္ဓာခင်တယ်၊ ပစ္စည်းခန္ဓာကော (ခင်ပါတယ်) ခင်တော့ဒါဆွဲတာဘဲမဟုတ်လား (မှန်ပါ့) တဏှာနဲ့ဆွဲလိုက်၊ ဥပါဒါန်နဲ့စွဲလမ်းလိုက်၊ ဒီလိုနေတော့ ဟ ဘယ့်နှယ်ကြောင့် ပြန်ဆွဲနေပြန်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ဦးဘသန်းအဖြေပေးစမ်းပါ (ကလျာဏမိတ္တနဲ့ မတွေ့ရလို့ပါ ဘုရား)။

မတွေ့ရတော့ သူ့နာမည်ကို ဘယ်လိုပြန်ပေးမတုန်း (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား)။

ပုထုဇန်စွမ်းရည်သတ္တိ

ကဲ ပုထုဇန်စွမ်းရည်သတ္တိ သိပလား (သိပါပြီ) ခုနင်ကလဲ ပုထုဇန် (မှန်ပါ့) ပုထုဇန်မို့ ဒီဒုက္ခအကျိုးပေးတယ် အကျိုးပေးပြီးဒီဒုက္ခဘဲပြန်ဆွဲပြန်တယ်၊ ဒီဒုက္ခဘဲ ပြန်မဆွဲကြဘူးလား (ဆွဲပါတယ် ဘုရား)။

မောင်သစ် ဘယ်လောက်ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ်) ကြောက်စရာ အင်မတန်ကောင်း ပါတယ်ဆိုတဲ့ဥစ္စာဘဲ ဒကာ ဒကာမတို့ အမြင်နဲ့ပြနေတယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် သူများပြောနေတာလား ဦးမြမောင်တို့၊ ဦးကျော်မောင်တို့၊ ဦးဘသန်းကြီးတို့ပြောနေတာလားလို့ မေးတော့ ဒီဘဝမှာ ခင်ဗျားတို့ ကိုယ့်အားကိုးကလေးနဲ့ ကိုယ်ရှိကြတယ် (မှန်ပါ့ ဘုရား)။

အရောင်းအဝယ်ကလေး အားကိုးလို့၊ ကိုယ့်သားသမီးကလေးအားကိုးလို့ ကိုယ့်ပစ္စည်းကလေးအားကိုးလို့၊ ဟ ဒါတွေက ဘာတွေတုန်းမေးတော့ ဒါတွေက သားသမီးနဲ့ပစ္စည်းထားလိုက်ပါတော့ ဒုတိယအကွက်က (မှန်ပါ့) ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာဆိုကတည်းက ဖြစ်ပျက်မို့ဒုက္ခသစ္စာပေါ့ (မှန်ပါ့) ဒုက္ခသစ္စာဆိုတာ ဘယ့်နှယ်ကြောင့် သူ့ကို ဒုက္ခသစ္စာဖွဲ့ရပါလိမ့် (ဖြစ်ပျက်မို့လို့ပါ ဘုရား) ဖြစ်ပြီး ပျက်တတ်တဲ့ဓမ္မမို့ ဒုက္ခသစ္စာဆိုတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပြီးပျက်တတ်တဲ့ဓမ္မမို့ ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတွေက “အသုတဝါ ပုထုဇ္ဇနော” ဖြစ်နေတော့ ဒုက္ခသစ္စာဖြစ်ပျက် ဒုက္ခသစ္စာလို့မသိပြန်တော့ ကိုယ့်ခန္ဓာအားကိုး၊ ကိုယ့်ပစ္စည်းအားကိုး၊ ကိုယ့်သားသမီး မြေးမြစ်တွေ အားကိုးပြီးသကာလ နေပြန်တော့ ဟာ ဘာဖြစ်နေပြန်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဆွဲမိဆွဲရာဆွဲနေပြန်ပြီ၊ ရေထဲမျောပါလာတဲ့ပုဂ္ဂိုလ် ကန္နားသစ်ပင်ကို ဆွဲမိဆွဲရာဆွဲနေပြန်ပြီ ဆိုလို့ရှိရင် လွဲပါ့မလား(မလွဲပါ ဘုရား)။

ရေထဲလဲမျောလာသေးတယ် (မှန်ပါ့) ဆွဲမိဆွဲရာကော (ဆွဲရပါသေးတယ်)ဆွဲတော့ ဒီဥစ္စာတွေဟာ အနိစ္စ, ဒုက္ခ, အနတ္တသစ္စာတွေဆိုတော့ကို ခိုင်ပါ့မလား မြဲပါ့မလား (မခိုင်ပါ မြဲလဲမမြဲပါ ဘုရား)။

ခိုင်လဲမခိုင် မြဲလဲမမြဲကို ခင်ဗျားတို့က လက်ကမလွှတ်တဲ့အခါကျတော့ ကန္နားသစ်ပင်ကို ရေထဲမျောလာတဲ့ သံသရာ့ခရီးသည်က ဆွဲပြန်တော့ ကန္နားသစ်ပင်ဆွဲတော့ကို ကိုယ့်အပေါ်ဘဲပြုတ်ကျတယ် (မှန်ပါ့)မကျဘူးလား (ကျပါတယ် ဘုရား)။

ဟ ဘယ့်နှယ်ကြောင့် ကိုယ့်အပေါ်ပြုတ်ကျပါလိမ့်မတုန်းဆို အို “အသုတဝါ ပုထုဇ္ဇနော”ပြုတ်ကျလိမ့်မယ် မသိဘူးကွ (မှန်ပါ့) ဒီတော့ အနိစ္စ, ဒုက္ခ, သစ္စာသိသေးရဲ့လား (မသိပါ) ဒုက္ခဒုက္ခသစ္စာကော (မသိပါ) အနတ္တ, ဒုက္ခသစ္စာကော (မသိပါ ဘုရား)။

ကဲ မောင်သစ်တို့၊ မောင်ချစ်စိန်တို့ ဆွဲမိဆွဲရာ ဆွဲနေကြပြန်ပြီ မင်းတို့ဖြစ်တွေက (မှန်ပါ့) ကိုယ့်ရက်ကန်းကလေး အားကိုးလိုက်၊ ဆိုင်ကလေး အားကိုးလိုက်၊ အင်း ကျောက်ကုန်သည်ကလဲ ကျောက်ကလေး အားကိုးလိုက်ဟင် (မှန်ပါ့ ဘုရား)။

ပြုတ်ကျမယ်လို့ မသိဘူး

အမြဲတမ်းကို အားကိုးနေတာ၊ ဘာတွေတုန်းကွလို့ မေးလို့ရှိရင်ဖြင့် ဦးမြမောင်ဖြေတတ်ပလား (ဖြေတတ်ပါပြီ ဘုရား) ဘယ်လိုဖြေပါ့မလဲ “အသုတဝါ ပုထုဇ္ဇနော”မို့ ဆွဲချင်တာဆွဲနေတာဘုရာ့ (မှန်ပါ့)ပြုတ်ကျမယ်လို့ မသိဘူးဘုရာ့ (မှန်ပါ့ ဘုရား)။

ပြုတ်ကျမယ့် ပစ္စည်းတွေတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား) အဲဒါကို သူတို့က တစ်ခါတည်း အားကိုးတုန်း (မှန်ပါ့ ဘုရား)။

ဘာလုပ်ကြသတုန်း (အားကိုးလုပ်ပါတယ်) အားကိုးလုံးကြီးလုပ်ပြီးသကာလနေတော့ တော်တော်ကြာရှုံးသွား လိုက် တော်တော်ကြာ ဖောက်ပြန်သွားလိုက်၊ တော်တော်ကြာ မီးလောင်သွားလိုက်၊ တော်တော်ကြာ ရေကဖျက်သွားလိုက် တော့ ကိုယ်ကျိုးကြီးနည်းကုန်ပြီ (မှန်ပါ့)မလာဘူးလား (လာပါတယ်) ကိုယ်ကျိုးကြီးနည်းပြီလို့ ပါးစပ်တွေက မပြောကြဘူး လား (ပြောပါတယ် ဘုရား)။

ခဲလေသမျှ သဲရေကျဖြစ်ပြီဟ (မှန်ပါ့) နဂိုရ်ကတည်းက သူ့ဟာမခိုင်ပါဘူးဆိုတာ မခိုင်တာလဲ ဆွဲထားသေးရဲ့ ကံမကောင်း အကြောင်းမသင့်လို့လဲ ပြောသေးရဲ့ဆိုတော့ “အသုတဝါ ပုထုဇ္ဇနော” သေချာတယ် (မှန်ပါ့ ဘုရား)။

ဒါ ကံမကောင်းလို့ ပြုတ်ကျတာလား၊ ပြုတ်ကျမည့်ပစ္စည်းမို့ ပြုတ်ကျတာလား (ပြုတ်ကျမည့်ပစ္စည်းမို့ ပြုတ်ကျ တာပါ ဘုရား)။

အို ကျုပ်တို့ကံများဟာ စုမိရင်း သမင်မွေးရင်း၊ ကျားစားရင်းဖြစ်နေတယ်လို့ ခင်ဗျားတို့က ပြောချင်တာ ပြောနေတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘာမှသမင်မွေးရင်း ကျားစားရင်း မဟုတ်ပါဘူး ဒကာ ဒကာမတို့ ပြုတ်ကျတတ်တဲ့ပစ္စည်း ပျက်စီးတတ်တဲ့ ပစ္စည်းမို့ ပျက်စီးတဲ့သဘောပြောတာပါဘဲ၊ ခင်ဗျားတို့ ကံမကောင်းလို့မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

သူ့သဘောကဒုက္ခသစ္စာပါတဲ့၊ ဒုက္ခသစ္စာမသိတော့ ကံပေါ်ချလိုက်ပါတယ် (မှန်ပါ့) ဒီအလွဲဟာ အတော်ဆိုးတယ် (မှန်ပါ့) ဦးမြမောင် သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးနဲ့ ပစ္စည်းတွေဟာဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာဆိုတာ အနိစ္စ,ဒုက္ခသစ္စာဆိုတာ ဒါတွေစွဲလမ်းတော့ ဒါတွေက ဖောက်ပြန်ပျက်စီးကုန်တာပေါ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဖောက်ပြန်ပျက်စီးသွားတဲ့ အခါကျတော့ ခင်ဗျားတို့က အိုအောင်မင်းအောင် မပေါင်းရဘူး၊ ကံကမကောင်းဘူး (မှန်ပါ့) မှန်ကြရဲ့လား (မမှန်ပါ ဘုရား)။

ဒုက္ခသစ္စာတွေ ရ-ထားပါတယ်

ခင်ဗျားတို့စွဲချက်က ခင်ဗျားတို့က အိုအောင်မင်းအောင် ပေါင်းချင်တယ်၊ အဲဒီမှာ သားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့ဆိုတဲ့ ဥစ္စာခင်ဗျားတို့ ဒီဘဝမှာသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့ ဒုတိယကွက်ထဲဖြစ်နေတာ (မှန်ပါ့) ဘာသစ္စာတွေရ-ထားသတုန်း (ဒုက္ခသစ္စာတွေ ရ-ထားပါတယ်) အနိစ္စမှဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား) ဒုက္ခမှကော (ဟုတ်ပါတယ်) အနတ္တမှကော (ဟုတ်ပါတယ် ဘုရား)။

အနတ္တတော့ ဟုတ်နေတာဘဲ (မှန်ပါ့) အဲဒါတွေ ခင်ဗျားတို့က ငါ့သားဘဲ, ငါ့သမီးဘဲ, ငါ့မြေးဘဲ, ငါ့ပစ္စည်းဘဲ ဆိုပြီးသကာလ ခင်ဗျားတို့က တဏှာ၊ဥပါဒါန်တွေနဲ့ မဆွဲကြဘူးလား (ဆွဲကြပါတယ်) ‘အသုတဝါ ပုထုဇ္ဇနော’ဗျာ (မှန်ပါ့ ဘုရား)။

‘အသုတဝါ ပုထုဇ္ဇနော’ ဖြစ်နေတော့ ဆွဲမိဆွဲရာ ဆွဲတာပေါ့ (မှန်ပါ့) နောက်ကဆွဲလို့လဲ မြုပ်တာတွေများလှ ပါပြီ (မှန်ပါ့) အခုထပ်ပြီးသကာလ ရောက်ရာဘဝမှာဘဲ စွဲကြဆွဲကြပြန်ပြီဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)။

အဲဒီတော့ မလွဲတော့ကို ဒါ ‘အသုတဝါ ပုထုဇ္ဇနော’မို့ရောက်ရာဆွဲတာ၊ ကန္နားသစ်ပင်တွေ ဆွဲတာဘဲ (မှန်ပါ့ ဘုရား)။

ကိုယ်က သံသရာကမျောလာတယ်၊ ပထမသံသရာကမျောလို့ ဒီရောက်လာတယ်၊ ရောက်လာတော့ ဒီပုထုဇန် တွေ ဒီကျတော့ကို ဒါတွေ ကန္နားသစ်ပင်တွေကို ခိုင်တယ်မြဲတယ် ထင်ပြီးသကာလ အားကိုးကြပြန်တယ် (မှန်ပါ့) အားမကိုးကြဘူးလား (အားကိုးကြပါတယ် ဘုရား)။

အားကိုးကြတာက ဘယ့်နှယ်ကြောင့် အားမကိုးကောင်းတာကို အားကိုးပါလိမ့်မလဲလို့ အမေးထုတ်ရင် ဘယ့်နှယ်ဆိုကြမယ် (အသုတဝါ ပုထုဇ္ဇနော ဖြစ်နေလို့ပါ ဘုရား)။

ကိုင်း ခင်ဗျားတို့ဘဲ စဉ်းစားကြပါ (မှန်ပါ့) ငါ့ လယ်ရှိသားဘဲ၊ ယာရှိသားဘဲ ဟင် (မှန်လှပါ) အစိုးရဘဏ္ဍာတော် နဲ့ သိမ်းလိမ့်မယ်ဆိုတာလဲ မသိဘူးဟုတ်လား (မှန်ပါ့) မိုးခေါင်ရင်ဘာမှမရဘူးဆိုတာလဲ မသိဘူး၊ မိုးရေဖျက်သွားလို့ ရှိရင် ဘာမှမရဘူး အနိစ္စတွေဆိုတာလဲ ဘာမှမသိဘူး (မှန်ပါ့ ဘုရား)။

ငါ့ဒါရှိနေမှ ဘာပူစရာရှိသတုန်းဆိုတော့ နဂိုရ်က ‘အသုတဝါ ပုထုဇ္ဇနော’ မျောလာလို့ ဒုက္ခတွေရထားတဲ့ဥစ္စာ ဒုက္ခအားကိုးနေပြန်တယ် (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခအားကိုး နေပါတယ်) ဒုက္ခဘဲအားကိုးနေတယ်ဆိုတော့ ကြည့်ပါ ၂-နံပါတ်ဟာ ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာတွေပါ ဘုရား)။

ဒုက္ခသစ္စာတွေကို ၃-နံပါတ်မှာ ‘အသုတဝါ ပုထုဇ္ဇနော’ဖြစ်နေတဲ့အတွက် အားကိုးမြဲဘဲ အားကိုးနေပြန်တယ်ဆို တော့ ဒါတွေဟာ အနိစ္စ, ဒုက္ခသစ္စာတွေဖြစ်တော့ ခဏခဏဖောက်ပြန်ပျက်စီးတဲ့သဘော မပြဘူးလား (ပြပါတယ်) ဒုတိယအကွက်ကလေး (ပြပါတယ် ဘုရား)။

ပြတဲ့အခါ ခင်ဗျားတို့က မဂ်ရသလားတဲ့၊ သောကပရိဒေဝရသလားမေးရင် ဘယ့်နှယ်ဖြေမလဲ (သောက ပရိဒေဝ ရပါတယ် ဘုရား)။

အဆွဲမှားလို့ ရတာပါ

ဟာ ကံမကောင်း အကြောင်းမသင့်လို့ သောကပရိဒေဝရတာလား၊ ဒုက္ခသစ္စာမသိလို့ အဆွဲမှားလို့ ရတာလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (အဆွဲမှားလို့ ရတာပါ ဘုရား)။

ဒုက္ခသစ္စာလဲမသိဘူး၊ အဆွဲက မှားပြီးသကာလနေတော့ ဒါတွေက ခိုးသွား,ဝှက်သွား,လိမ်သွားကောက်သွား, ပျက်သွားကိုးဗျ ဟင် (မှန်ပါ့ ဘုရား) ပျက်စီးတတ်တဲ့တရားတွေဆိုတာတားလို့ ဆီးလို့ရရဲ့လား (မရပါ ဘုရား)။

အဲဒီမရတာကိုပင်လျှင် ခင်ဗျားတို့က ဒုက္ခသစ္စာတွေပါခဏခဏ ဖောက်ပြန်ပျက်စီးပါတယ်လို့ဆိုတာ တရားသဘောအတိုင်းက ဧကန်ရှိပါလျက်သားနဲ့ ခင်ဗျားတို့ချင်း နှုတ်ခမ်းပဲ့ချင်းမီးမှုတ်တဲ့အခါကျတော့ ကျုပ် ကံမကောင်းဘူး၊ ပျက်စီးတယ် (မှန်ပါ့) လုပ်လိုက်ပျက်စီးလိုက်၊ မောင်သစ် ဘာဖြစ်တာတုန်းကွ ဒုက္ခသစ္စာသူသိတာလား (မသိတာပါ ဘုရား)။

မသိတော့ သူဆွဲကတည်းက အားကိုးကတည်းက မလွဲဘူးလား လွဲသလား (လွဲပါတယ် ဘုရား)။

ဘာဖြစ်လို့တုန်း ဘာသစ္စာ သူအားကိုးထားသတုန်း (ဒုက္ခသစ္စာအားကိုးလို့ပါ ဘုရား) ဒုက္ခသစ္စာကို သူအားကိုး ထားတော့ ဒုက္ခသစ္စာက ဒုက္ခသစ္စာဘဲပြောရမှာဘဲ (မှန်ပါ့) သုခသစ္စာတော့ (မပြောပါ ဘုရား)။

မပြောနိုင်တာကို ဒီဒကာ ဒကာမတွေက ဒုက္ခသစ္စာမသိဘဲနဲ့ ကန္နားသစ်ပင်တည်းဟူသော သံသရာ့ခရီးသည် အမျောသမားကြီးက ရေထဲမျောကန္နားသစ်ပင်ပါဆွဲ မြေဆိုင်တွေပါ ခန္ဓာကိုယ်ပေါ်ပြုတ်ကျတော့ ကိုယ်ကျိုးနည်းပြီ (မှန်လှပါ ဘုရား)။

ကိုယ်ကျိုးနည်းရင် လွှတ်လိုက်ပါတော့လား

ကိုယ်ကျိုးနည်းရင် လွှတ်လိုက်ပါတော့လား မဆွဲဘဲနေပါတော့လားဆိုလို့ရှိရင်လဲ ရောက်ရာအားကိုးတာဘဲ (မှန်ပါ့) ဒီခင်ပွန်းမနဲ့တွေ့ရင် ဒီခင်ပွန်းမ၊ ဒီယောကျ်ားနဲ့တွေ့ရင် (ဒီယောကျ်ားအားကိုးပါတယ် ဘုရား) ဒီကုန်နဲ့တွေ့ရင် (ဒီကုန်ဘဲ) ဒီအိမ်နဲ့တွေ့ရင် (ဒီအိမ်ဘဲ) ဒီမြေနဲ့တွေ့ရင် (ဒီမြေပါ ဘုရား) အားကိုးသ၍ဟာတွေလဲ ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာတွေပါ ဘုရား)။

အားကိုးသ၍ကလဲ ဒုက္ခသစ္စာတွေဆိုတာ ပေါ်ပလာ (ပေါ်ပါပြီ)အဲဒီတော့ ခင်ဗျားတို့ သစ္စာမသိသ၍ ဒီဒုက္ခသစ္စာဘဲ အားကိုးလုံး လုပ်ကြမှာဘဲ (မှန်ပါ့) လုပ်တိုင်းလုပ်တိုင်းလဲ သောကပရိဒေဝ ဒုက္ခဒေါမနဿဆိုတာတွေ မြေဆိုင်ပါပိပြီးသကာလ သစ်ပင်ပါပြုတ်ကျ၊ ကန္နားသစ်ပင် မြေဆိုင်ပါဆွဲတဲ့ ပုဂ္ဂိုလ်အပေါ်မှာပြုတ်ကျပြီးသကာလ ငိုပွဲချည့်ဆင်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာပွဲဆင်ရမလဲ (ငိုပွဲချည့်ဆင်ရပါမယ် ဘုရား) ဪ ကံမကောင်း အကြောင်းမသင့်လို့ ငိုပွဲဆင်ရတာလားလို့ မေးတော့ ခင်ဗျားတို့ လောကကြီးထဲပျော်နေကြတာ သစ္စာမသိတဲ့ပုဂ္ဂိုလ် ပျော်နေကြတာကတော့ဖြင့် ကံမကောင်း အကြောင်းမသင့်လို့ မဟုတ်ဘူး(မှန်ပါ့)ဘာမှမဆိုင်ဘူး ကံနဲ့ (မှန်ပါ့)။ မဆွဲကောင်းတာဆွဲလို့ ပြုတ်ကျတာ (မှန်ပါ့ ဘုရား) ကံနဲ့ဘာဆိုင်သတုန်း (မဆိုင်ပါ ဘုရား)။

သို့သော် ဒကာ ဒကာမတွေမှာ ကလျာဏမိတ္တမရတော့ ဦးဘသန်းရေ ဒါကံမကောင်းလို့ပြောတာ (မှန်ပါ့) ခန္ဓာအားကိုးရင် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ပစ္စည်းအားကိုးရင် (ဒုက္ခသစ္စာပါ ဘုရား)။

အင်း ဒုက္ခသစ္စာဆိုတော့ ခဏခဏပျက်တာ ဒုက္ခသစ္စာကိုးဗျ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) အဲ့ဒါ ကံမကောင်းအကြောင်းမသင့်လို့လား ကိုယ့်ကိုယ်က အသုတဝါပုထုဇ္ဇနောဖြစ်လို့ အဆွဲမှားတာလား (ကိုယ့်ကိုယ်က အသုတဝါ ပုထုဇ္ဇနော ဖြစ်နေလို့ အဆွဲမှားတာပါ ဘုရား) အဆွဲမှား အားကိုးမှား(မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး နဒီသုတ်ဆိုပြီး ဟောပါတယ် (မှန်ပါ့) ပုထုဇန်မိုက်က ဒီဘက်မျောလာတယ်ကွ၊ ဒီဘက်မျောလာတော့ ဒါကန္နားသစ်ပင် ခန္ဓာကြီးရတယ်ကွတဲ့၊ ဟောတာတွေတဲ့ ဆွဲပြန်တယ်ကွ တဲ့ (မှန်ပါ့)။

ဆွဲတဲ့အခါကျတော့ ကန္နားသစ်ပင် ဆွဲမိလို့ ကိုယ်ကသိပ်အားကိုးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ သစ်ပင်က အနိစ္စသစ်ပင်, ဒုက္ခသစ်ပင်တွေမို့ ပြုတ်ကျပြီးခန္ဓာပေါ်မှာ ပြန်ကျတာဘဲ (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ ရင်ထုတဲ့အခါကျတော့ သူများထုသလား (ကိုယ့်ကိုယ်ထုပါတယ် ဘုရား)။

ပြုတ်ကျတယ်၊ သားကပြုတ်ကျ၊ သမီးက ပြုတ်ကျတော့ကိုယ့်ကိုယ်ထုတယ် (မှန်ပါ့)ဟိုသေတဲ့လူ သွားထုတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ကိုယ့်ပေါ်ကျလို့ ကိုယ့်ပေါ်ထုတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူ့အပေါ်ကျပါလိမ့် (ကိုယ့်ပေါ်ကျပါတယ်) အဲ ဦးကျော်မောင်ရိပ်မိပြီ၊ ဦးမြမောင်ကော (ရိပ်မိပါတယ် ဘုရား)။

ခင်ဗျားတို့အသုဘပို့ဖူးတယ်မဟုတ်လား (ပို့ဖူးပါတယ် ဘုရား) သူများရင်ထုတာတွေ့ဖူးသလား သူ့ဟာသူထုနေတာတွေ့သလား (သူ့ဟာသူ ထုနေတာတွေ့ပါတယ် ဘုရား)။

သူ့ဟာသူထုနေတာ (မှန်ပါ့) သူ့အပေါ်ပြုတ်ကျပါတယ်၊ ရှင်းကြပလား (ရှင်းပါပြီ) သားပြုတ်ကျတာလဲဒီအပေါ် မှာပါဘဲလို့ ပြောတယ် (မှန်ပါ့) သမီးပြုတ်ကျတာကော (ဒီအပေါ်မှာပါဘဲ ဘုရား)။

ဒီခန္ဓာပေါ် ပြုတ်ကျတယ်ပါတယ်

ဒီခန္ဓာပေါ် ပြုတ်ကျတယ်ပါတယ်ပြောတာ (မှန်ပါ့) ဆွဲတာက သားဆွဲထားတယ်၊ သားကအနိစ္စ ရောက်သွားတယ် (မှန်ပါ) သမီးဆွဲတော့ သမီးက အနိစ္စရောက်တော့ သူ့အပေါ်ပြုတ်ကျတယ်ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) သဘောပါကြလား (ပါ-ပါတယ် ဘုရား)။

ပြုတ်ကျတဲ့အခါ မျက်ရည်ကြီးငယ်ကျတဲ့အခါကျတော့ လာကြပါဦး, ကယ်ကြပါဦး, ယူကြပါဦး၊ ဘယ်သူကယ်လို့မှ မရဘူး၊ သူ့ဟာသူ အဆွဲလွဲရင် လွှတ်ပစ်ပါလားဗျ (မှန်ပါ့) လွှတ်ပစ်ရင် သူ့အပေါ်ပြုတ်ကျပါ့မလား (မကျပါ) နဂိုရ်က ရှင်တုန်းကလေး (မှန်ပါ့ ဘုရား)။

အခုတော့သူက ဆုပ်လဲထားသေးရဲ့၊ ရေထဲကသူက (မှန်ပါ့) ကမ်းပေါ်က သစ်ပင်ဆုပ်လဲထားသေးတယ်၊ ကန္နားသစ်ပင်ဆိုတော့ သူ့အပေါ်ပြုတ်ကျသေးတယ်၊ ပြုတ်ကျလို့သူ့ရင်ပတ်ပေါ်ပြုတ်ကျတဲ့ဥစ္စာ သူငိုခြင်းချရတဲ့ဥစ္စာ မဆွဲဘဲနေရင် သူ့အပေါ်ပြုတ်ကျပါ့မလား (မကျပါ ဘုရား)။

တစ်စိမ်းတွေက ဘာဖြစ်သတုန်း ရင်ထုသေးသလား (မထုပါ ဘုရား) အခုဟာ တဏှာဥပါဒါန်က လွှတ်ထားတာ လားဆွဲထားတာလား (ဆွဲထားပါတယ် ဘုရား) ဆွဲထားလို့ သူ့အပေါ်ပြုတ်ကျတာ (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး ခင်ဗျားတို့က ဘေးကသနားလိုက်တာ၊ ခင်ဗျားတို့က ရောချော်လုပ်လိုက်သေးတယ်၊ သနားလိုက်တာ တဲ့ ဦးမြမောင်တို့က (မှန်ပါ့ ဘုရား)။

အို မြေကြီးပေါ်ကို လူးနေတာဘဲ၊ ထုလိုက်ခဲ့ရင်လဲမပြောနဲ့တော့ ကျုပ်ဖြင့် ကြည့်ကိုမကြည့်ရက်ဘူး၊ အံမာ မောင်သစ်တို့က ပြောလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

အားကိုးလွဲလို့ ဖြစ်ရတာဟေ့၊ သူ့အမှားတော်ပုံ သူပြောတာလို့ ဒီလိုပါကြရဲ့လား (မပါပါ ဘုရား)။

ကိုယ်ကလဲသစ္စာမသိတော့ ဪ ကံမကောင်းရှာဘူးဆိုပြီး သူ့ကိုအကူအညီတောင်ပေးလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

အပြီးသတ်တော့ ကံမကောင်းတာလား၊ သစ္စာမသိလို့ပြုတ်ကျတဲ့ အပင်ကိုဆွဲတာလား (သစ္စာမသိလို့ ပြုတ်ကျတဲ့ အပင်ဆွဲတာပါ ဘုရား)။

အဲ သစ္စာမသိလို့ပြုတ်ကျတဲ့ အပင်ဆွဲတဲ့ဥစ္စာ ခင်ဗျားတို့က ဪ ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်ရရှာတယ် (မှန်ပါ့) ဘယ်အရွယ်မဆိုဖြစ်တယ်၊ ငယ်သောကြီးသောမဟုတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အားကိုးလွဲတဲ့ အဓိပ္ပါယ်

ဘယ်အရွယ်မဆို ဖြစ်တာချည့်ဘဲဆိုတာ သဘောပါပလား (ပါ-ပါပြီ) အဲဒီတော့ ခင်ဗျားတို့ အားကိုးလွဲတဲ့ အဓိပ္ပါယ်ဒီကနေပြီး သံသရာ့ခရီးသည် မျောလာလို့ ဒီရောက်လာတာ (မှန်ပါ့) ဒီရောက်တော့ ဒီခန္ဓာကြီးရ၊ ဒီခန္ဓာကြီးကို ဘဲ တစ်ခါပြန်ပြီး သူအားကိုးပြန်တော့ တဏှာ,ဥပါဒါန်ကလေးနဲ့ မဆွဲဘူးလား (ဆွဲပါတယ် ဘုရား)။

ဆွဲတဲ့အခါကျတော့ ဒီတရားတွေက အနိစ္စ,ဒုက္ခသစ္စာ၊အနိစ္စ ဒုက္ခသစ္စာ၊ အနိစ္စ,ဒုက္ခသစ္စာပြုတ်ပြုတ်ကျတော့ ဒီလိုဖြစ်လိမ့်မယ်မထင်ဘူးဆိုပြီး ဒီဘက် သောက,ပရိဒေဝ လာတာဘဲဗျ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဘာမသိတာတုန်းဆိုတော့ ရိပ်မိကြပလား (ရိပ်မိပါပြီ) ဒုတိယအကွက် ဒုက္ခသစ္စာမသိတာ (မှန်ပါ့) ဒုတိယအကွက်မှာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ သိသေးရဲ့လား (မသိပါ ဘုရား)။

အို ဒါဖြင့်ခင်ဗျားတို့က သူတို့ငိုတာမြင်လို့ရှိရင် သူတို့မျက်စိမျက်နှာပျက်နေတာ မြင်လို့ရှိရင် ဘာဖြစ်ဖြစ်မတွေးနဲ့ တော့ (မှန်ပါ့)။

ခင်ဗျား ဘာဖြစ်သတုန်းလို့ ခင်ဗျားတို့မေးလို့ရှိရင်လဲ သူပြောချင်ရာပြောလိမ့်မယ် (မှန်ပါ့) မောင်ချစ်စိတ် ပင်ရင်းကျ မင်းတို့က ဆုံးဖြတ်ချက်ချကြ၊ သစ္စာမသိလို့ ဖြစ်နေကြတာ၊ ဒီတစ်လုံးဘဲဆုံးဖြတ်ချက်ချ(မှန်ပါ့)။

ဘယ်နှယ့်ဆိုကြမယ် (သစ္စာမသိလို့ ဖြစ်နေတာပါ ဘုရား) နောက်ကဒကာ ဒကာမတွေ သစ္စာသိဖို့လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ဝိပဿနုပေက္ခာ

မလွယ်ဘူးတဲ့၊ ပြီးတော့မှ “ဝိပဿနုပေက္ခာ” နေရာလာထင်မှသူဟာ အတည့်ကျမှာကိုး (မှန်ပါ့) ‘ဝိပဿနာနုပေက္ခာ’ လာမထင်လို့ရှိရင်ဖြင့် မောင်သစ်တို့နောက်က ဒကာ ဒကာမတို့အတည့်ကျပါ့မလား (မကျပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ပြုံးမည့်ကြံလဲ ဟ ငါ့ဆရာဘုန်းကြီးကလဲ ဆုံးမထားတယ်၊ ငါလဲအလကား ရွှေရငွေတွေရ, ကျောက်သံပတ္တမြားတွေရ သားတွေမယားတွေကလဲ ကျန်းမာနေလို့ ကိုယ့်ကိုယ်ကလဲ ကျန်းမာနေလို့ဆိုပြီး ငါသည်ကားလို့ ဆိုရင် ဘယ်တော့မှ မကျန်းမာတဲ့ ဒုက္ခသစ္စာကို ငါမမြင်လို့ပြုံးတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

တစ်ခါဟိုအိမ်တွေက မဲ့ဲပြုနေကြပြန်တဲ့အခါကျလို့ရှိရင်လဲ ဪ သူဒုက္ခသစ္စာကို မမြင်ဘဲနဲ့ ကန်းနေလို့ ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာပြောတာကို သူကမဲ့နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့်လောကကြီးထဲ ခင်ဗျားတို့အခု လူထူးတွေမို့ဘုန်းကြီးဆီကို ရောက်ပြီးလာကြတော့ လောကကြီးထဲမှာ လူနှစ်မျိုးတည်းရှိတယ် (မှန်လှပါ) ခုနင်က ပြောခဲ့တဲ့နှစ်မျိုးဘဲရှိတယ် (မှန်ပါ့) အရူးပြုံးရယ်၊ အကန်းမဲ့ရယ် ဒီနှစ်မျိုးဘဲ ရှိတယ် (မှန်ပါ့)။

ဝိပဿနုပေက္ခာနဲ့ အလယ်အလတ် မဇ္ဈိမပဋိပဒါနဲ့ နေတဲ့ပုဂ္ဂိုလ်ဟာ ရှာမှရှား (မှန်လှပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဝိပဿနုပေက္ခာနဲ့နေတဲ့ပုဂ္ဂိုလ်က (ရှားပါတယ် ဘုရား)။

အဲဒီပုဂ္ဂိုလ်သာ သစ္စာသိတယ်

ရှားတော့ကို အဲဒီပုဂ္ဂိုလ်သာ သစ္စာသိတယ် (မှန်လှပါ ဘုရား) အဲဒီပုဂ္ဂိုလ်ကမှ သုတဝါအရိယသာဝကော (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် မပြုံးလဲမပြုံးပါနဲ့၊ ဟုတ်ပလား (မှန်လှပါ ဘုရား) မမဲ့လဲ (မမဲ့ပါနဲ့) မမဲ့နဲ့၊ မှန်မှန်နေပြီးသကာလ ဪ ဒါကဒုက္ခသစ္စာ၊ သိလုံးကလေးက မဂ္ဂသစ္စာလို့ ဒီလိုနေတဲ့ပုဂ္ဂိုလ်ကျတော့ ပြုံးချိန်လဲမရှိဘူး (မှန်ပါ့) မဲ့ချိန်လဲ (မရှိပါ ဘုရား)။

အင်း ဖြစ်နေတာလဲ ဒုက္ခသစ္စာဘဲလို့ ရှုလိုက်ရုံဘဲ၊ ပျက်နေတာလဲ (ဒုက္ခသစ္စာလို့ ရှုရပါမယ် ဘုရား)။

အဲဒါခင်ဗျားတို့ တို့စိတ်တွေဟူသ၍ပေါ့ဗျာ (မှန်ပါ့) ဒါ နေ့လည်အလုပ်ပေးတရားဆိုတော့ မောင်ချစ်စိန် ဖြစ်တာလဲဘာသစ္စာလို့ ရှုရမလဲ (ဒုက္ခသစ္စာရှုရပါမယ် ဘုရား) ပျက်တာကော (ဒုက္ခသစ္စာလို့ ရှုရမှာပါ ဘုရား) ဒုက္ခသစ္စာလို့ရှုတဲ့အခါကျတော့ ပြုံးချိန်မဲ့ချိန်ပါသေးလား (မပါတော့ပါ ဘုရား)။

ဘာဖြစ်လို့တုန်းဆိုတော့ ဪ ပင်ကိုယ်သဘောကို ပင်ကိုယ်သဘောလို့ သိတဲ့ပုဂ္ဂိုလ်ကိုး(မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (ပင်ကိုယ်သဘောသိတဲ့ ပုဂ္ဂိုလ်မို့ပါ ဘုရား) သူ့မှာ ပင်ကိုယ်သဘောက ဒါဘဲ၊ ခန္ဓာ၏ ပင်ကိုယ်သဘောဒါဘဲ (မှန်ပါ့) ပစ္စည်း၏ ပင်ကိုယ်သဘောကကော (ဒါပါပဲ ဘုရား) သားသမီး၏ ပင်ကိုသဘောကကော (ဒါပါဘဲ ဘုရား) ဒါဘဲရှိတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပင်ကိုယ်သဘော

ဒါဖြင့် ပင်ကိုယ်သဘောက ဒါဘဲရှိပြီးသကာလ နေတော့ပင်ကိုယ်သဘောကို ပင်ကိုယ်သဘောအတိုင်း သိနေတဲ့ပုဂ္ဂိုလ်မှ အကြားအမြင်ရှိတဲ့ အရိယာ၏ သာဝကဖြစ်သွားတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဒီကျမှ မဇ္ဈိမပဋိပဒါကျတယ် (မှန်ပါ့ ဘုရား)။

ဒီမဇ္ဈိမပဋိပဒါက နှစ်မျိုးတဲ့၊ ခင်ဗျားတို့မကြားဘူးတဲ့ မဇ္ဈိမပဋိပဒါလို့ မှတ်ပါ (မှန်ပါ့) အရူးပြုံး,အကန်းမဲ့ကြားထဲ သွားရမှာ (မှန်ပါ့ ဘုရား)။

အရူးပြုံး (အကန်းမဲ့ကြားထဲ သွားရမှာပါ) ကြားထဲသွားရမည့် မဇ္ဈိမပဋိပဒါ (မှန်ပါ့) ပေါ်ပလားကွ (ပေါ်ပါပြီ) ဘယ်ကြားထဲ သွားကြရမှာတုန်း (အရူးပြုံးနဲ့အကန်းမဲ့ကြားထဲ သွားကြရမှာပါ ဘုရား)။

ဒီကြားထဲသွားနိုင်မှ မဇ္ဈိမပဋိပဒါကျတော့ မဂ္ဂင်ကသွားဖြစ်တယ် (မှန်ပါ့) ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်ဆိုတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ပြုံးကော ပြုံးသေးလား (မပြုံးပါ) မဲ့ကော (မမဲ့ပါ) အဲဒီတော့ မဇ္ဈိမပဋိပဒါမကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒါကြောင့် ဒီတရားဟာ ခင်ဗျားတို့မပျောက်စေပါနဲ့ (မှန်ပါ့) လောကကြီးထဲက ထွက်တဲ့ဥစ္စာ အရူးပြုံး, အကန်းမဲ့ကထွက်မှ မဇ္ဈိမပဋိပဒါကျတယ် (မှန်ပါ့) မဇ္ဈိမပဋိပဒါကျမှ မဂ္ဂင်လမ်းပေါ်ရောက်တယ် (မှန်ပါ့) မဂ္ဂင်လမ်းပေါ်ရောက်မှ နိဗ္ဗာန်ကို အဖြောင့်ဆိုက်တယ်၊ နို့မဟုတ်ရင် ဆိုက်ပါ့မလား (မဆိုက်ပါ ဘုရား)။

ကဲ ဒီတော့ ဦးမြမောင်တို့ ကောင်းနေရတာ ဟိုအိမ်သွားကြည့်ပြန်တော့ အရူးပြုံးတွေ့ခဲ့ (မှန်ပါ့) ဟိုအိမ်သွားမေး လိုက်ပြန်တော့ အကန်းမဲ့ (မှန်ပါ့) ကန်းနေတာနဲ့ သူကမဲ့လုံးတွေနဲ့ အချိန်ကုန်နေတယ် (မှန်ပါ့ ဘုရား)။

ဒီလိုသာများပြီး မဇ္ဈိမပဋိပဒါအိမ်ကို ရောက်ကိုမရောက်ဖူးဘူး (မှန်ပါ့) ရောက်ဖူးရဲ့လား (မရောက်ဖူးပါ ဘုရား)။

ကိုယ်ကိုယ်တိုင်ကလဲ မဇ္ဈိမပဋိပဒါသဘောကို မသိတော့ ဪ လောကကြီးထဲမှာဖြင့် အရူးပြုံး,အကန်းမဲ့တွေ ကြားထဲမှာ တို့အဖော်လုပ်နေရတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘယ်သူ့မှ အဖော်မလုပ်ပါနဲ့၊ ခင်ဗျားတို့သစ္စာသိတဲ့ဉာဏ်ကို အဖော်လုပ်နေပါဆိုတာကို တိုက်တွန်း လိုက်တယ် (မှန်ပါ) သစ္စာသိတဲ့ဉာဏ်ကို (အဖော်လုပ်နေရပါမယ် ဘုရား)။

ဒီလိုဆိုလို့ရှိရင်ဖြင့် အရူးပြုံးအဖြစ်မှလဲ လွတ်ပါတယ် (မှန်ပါ့) အကန်းမဲ့အဖြစ်မှလဲ (လွတ်ပါတယ်) လွတ်ပါတယ်ဆိုတော့ အခုကြည့်၊ အားကိုးလွဲတဲ့ ပုဂ္ဂိုလ်ကျတော့ကိုတဲ့ ပြုံးချင်လဲ ပြုံးမယ် (မှန်ပါ့) မဲ့ချင်ကော (မဲ့ပါတယ် ဘုရား) ဒီနှစ်ယောက်ဘဲရှိမယ် (မှန်ပါ့ ဘုရား)။

အရူးကတော့ တစ်ခါတည်း ဒီဥစ္စာခိုင်တယ်မြဲတယ်ယူပြီး ပြုံးနေတာဘဲ (မှန်ပါ့) ဒုက္ခသစ္စာကို ခိုင်တယ်မြဲတယ် ယူပြီးတော့ (ပြုံးနေပါတယ် ဘုရား)။

မဲ့တဲ့ပုဂ္ဂိုလ်ကလဲ ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာလို့ ဓမ္မကဟောလိုက်ရင် သူကလဲမဲ့တာဘဲ (မှန်ပါ့) မမဲ့ဘူးလား (မဲ့ပါတယ် ဘုရား)။

ဒုက္ခသစ္စာမို့ခန္ဓာက ဒုက္ခသစ္စာပြပြ၊ ပစ္စည်းက ဒုက္ခသစ္စာပြပြ၊ ပြလိုက်ရင် သူကမဲ့တာဘဲ (မှန်ပါ) ဒီလိုဖြစ်လိမ့် မယ်မထင်ဘူး ဒီလိုဖြစ်လိမ့်မယ်မထင်ဘူး၊ မလာဘူးလား (လာပါတယ် ဘုရား) အဲ့ဒါကလဲ အကန်းမဲ့ (မှန်ပါ့ ဘုရား)။

ဟိုကပုဂ္ဂိုလ်ကလဲ ဒီပစ္စည်းတွေ ခိုင်တယ်မြဲတယ်၊အနိစ္စဒုက္ခသစ္စာကြီးကို ခိုင်တယ်မြဲတယ်ထင်ပြီး သူကပြုံးနေ တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရူးပြုံးနဲ့ အကန်းမဲ့

အဲဒီတော့ လောကကြီးထဲ လူဘယ်နှစ်မျိုးရှိသတုန်း (နှစ်မျိုးပါ ဘုရား) ဘယ်လိုဝေဖန်ကြမယ် (အရူးပြုံးနဲ့ အကန်းမဲ့ပါ ဘုရား)။

အဲ ဒီနေ့ ဒါကလေးသိလိုက်ရတာ သေပျော်တယ် အောက်မေ့စမ်းပါ (မှန်ပါ့) ဒါကလေး သိလိုက်ရတာ မောင်သစ် (သေပျော်ပါတယ် ဘုရား) သေပျော်တယ်။

ဒီပုဂ္ဂိုလ်နှစ်မျိုးမှတစ်ပါး မဇ္စိုမပဋိပဒါ ဥပေက္ခာနဲ့နေတဲ့ပုဂ္ဂိုလ်က ရှားမှရှားတယ် ဦးမြမောင် (မှန်ပါ့) မဇ္ဈိမပဋိပဒါ ဥပေက္ခာနဲ့နေတာကလေ (မှန်ပါ့ ဘုရား)။

မဇ္ဈိမပဋိပဒါဆိုတာက အရူးပြုံး၏ ကြားထဲမှာ အကန်းမဲ့၏ကြားထဲမှာ ဥပေက္ခာနဲ့နေတာကို ဆိုလိုပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့်ခင်ဗျားတို့ကို အလုပ်ခိုင်းတာသည် မဇ္ဈိမပဋိပဒါလမ်းမှ ဟုတ်ပါရဲ့လားလို့ ဦးမြမောင်မေးရင် ဘယ့်နှယ် ပြောမလဲ (မဇ္ဈိမပဋိပဒါလမ်း ဟုတ်ပါတယ်) သေသေချာချာ တည့်တယ် (မှန်ပါ့ ဘုရား)။

ပြုံးလို့လဲမဖြစ်သေးဘူး (မဖြစ်ပါ ဘုရား) မဲ့ပြန်လဲအကွက်မဟုတ်ဘူး (မှန်ပါ့) သူ့သဘောကို သူသိအောင်လုပ် နေတာဘဲ (မှန်ပါ့) စိတ်တွေရှုခိုင်းလို့ စိတ်တွေ၏သဘောကို အမှန်သိအောင်လုပ်နေတာ (မှန်ပါ့) စိတ်တွေ၏ သဘောကို အမှန်သိအောင်လုပ်တော့ စိတ်တွေက ဖြစ်ပြလိုက် ပျက်ပြလိုက်၊ ဖြစ်ပြလိုက် ပျက်ပြလိုက်၊ ဒီလိုချည့်ဘဲ အချိန်ကုန်နေတာ ဘဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ကျုပ်တို့ကလဲ ဪ ဒီခန္ဓာသဘောဟာ ဒါဘဲ၊ ဒီခန္ဓာ့သဘောဟာဒါဘဲဆိုပြီး စိုးရိမ်ခြင်းလဲမရှိဘူး ပူဆွေးခြင်းလဲမရှိဘူး၊ ပင်ကိုယ်သဘောကြည့်ပြီး ပင်ကိုယ်ဉာဏ်နဲ့အမှန်ဉာဏ်နဲ့ သိနေတာဘဲရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒီလိုသိနေတဲ့ ပုဂ္ဂိုလ်ကျလာတဲ့ အခါကျတော့ သူဟာအလယ်လမ်းပေါ်ရောက်ပြီတဲ့ ဘုရားက (မှန်ပါ့) ပျော်တဲ့လမ်းကော ဟုတ်သေးရဲ့လား (မဟုတ်ပါ) ပျင်းတဲ့လမ်းကော (မဟုတ်ပါ ဘုရား)။

ဒါကြောင့် “ကာမသုခလ္လိကာ နုယောဂ”ဆိုတာ ပြုံးတဲ့ပုဂ္ဂိုလ် (မှန်ပါ့) “အတ္တကိလမထာ နုယောဂ”ဆိုတာ ကိုယ့် ကိုယ်ရင်ထုပြီး ငိုခြင်းချပြီး အတူတူဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အလယ်လမ်းမသွင်းတတ်လို့

အဲဒါကို သွင်းပြောနေတာ (မှန်ပါ့) သို့သော်ခင်ဗျားတို့က ဒီဥစ္စာကိုတော့ အလယ်လမ်းမသွင်းတတ်လို့ အခုတန်ဆာဆင်ပြီး ပြောနေတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

အင်း မြို့ထဲမှာ ဘာမသိညာမသိပြုံးနေတဲ့ ပုဂ္ဂိုလ်ကျတော့ဘယ့်နှယ်ဆိုကြမလဲ (အရူးပြုံးပါ ဘုရား) မဇ္ဈိမပဋိပဒါ ဖြစ်ပြီလား (မဖြစ်ပါ ဘုရား)။

သားသေ, လင်ဆုံး, ပစ္စည်းတွေကုန်နေတဲ့အိမ် သွားကြည့်ပြန်တော့ (အကန်းမဲ့ပါ ဘုရား) ဒုက္ခသစ္စာက ဒုက္ခသစ္စာပြောလိုက်ရင် သူ့မှာမဲ့ပြီ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ဟိုကလဲဒုက္ခသစ္စာကို သုခသစ္စာထင်ပြီး ပြုံးနေပြီ (မှန်ပါ့ ဘုရား) ဘယ့်နှယ်တုန်း ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခကို သုခထင်ပြီး ပြုံးတာက ဝိပ္ပလ္လာသနဲ့ပြုံးတာကိုး (မှန်ပါ့)ဒုက္ခက ဒုက္ခသစ္စာပြလို့ မဲ့တာက ကန်းလို့မဲ့တာကိုး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လောက်ကြောက်စရာ ကောင်းသတုံးဗျာ (ကောင်းပါတယ် ဘုရား)။

ခင်ဗျားတို့ကလဲ ဘယ်လိုအိမ်ကို သွားလည်ချင်သတုံးလို့ ဦးမြမောင်တို့ ဦးကျော်မောင်တို့ ဦးဘသော်တို့ မေးလို့ရှိရင် သူတို့အိမ်သွားရတာ စိတ်ချမ်းသာသကွာ၊ ဘယ်အိမ်သွားချင်တာတုန်း၊ အရူးပြုံးအိမ်မှ ခင်ဗျားတို့က သွားချင်တာ (မှန်ပ့ါ)။

ဦးမြမောင်ကြီးတို့ကိုက အတော်ရှော်ပါတယ် (ရှော်ပါတယ် ဘုရား) ဦးကျော်မောင်ကော (ရှော်ပါတယ် ဘုရား) ဘယ်လိုအိမ်သွားလည်ချင်တာတုန်း ခင်ဗျားတို့ ကိုယ့်အိမ်က ပျင်းလို့သွားလည်ချင်တဲ့အခါကျတော့ (အရူးပြုံးအိမ် သွားလည်ချင်ပါတယ် ဘုရား)။

အကန်းမဲ့အိမ်ကျတော့လည်း ခင်ဗျားတို့က မသွားချင်ဘူး (မှန်ပါ့)။

မသွားချင်ဘူးတဲ့၊ အဲဒီတော့ ခင်ဗျားတို့ကလဲအရူး၊ အရူးချင်းမှ သပ္ပါယဖြစ်တာကိုး(မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ် (အရူး အရူးချင်းမှ သပ္ပါယဖြစ်ပါတယ် ဘုရား)။

အရူး-အရူးချင်းမှ သပ္ပါယ ဖြစ်တယ်

အရူး-အရူးချင်းမှ သပ္ပါယ ဖြစ်တယ်ဆိုတာ ဘုန်းကြီးကပြောချက်ဆိုးတာလား မောင်ချစ်စိန် ဟင် မင်းတို့ ပင်ကိုယ်သဘော ခြေလှမ်းက အဲဒီလို လှည့်နေတယ် (မှန်ပါ့ ဘုရား)။

ခြေလှမ်းက ဘယ့်နှယ်နေကြသလဲ (အရူးပြုံးဘက်လှည့်ပါတယ် ဘုရား)။

သွားလည်ဦးမယ်၊ သူတို့ဆီသွားရတာ ကျုပ်တို့ဖြင့် တယ်ပြီးချမ်းသာတယ် (မှန်ပါ့) အရူးပြုံး ပြုံးတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ကိုယ်ကလဲ ဘာဝါသနာပါသတုံး ဆိုတော့ကို ကိုယ့်ဝါသနာလဲသိရောပေါ့ (မှန်ပါ့) မသိသေးဘူးလား (သိပါပြီ ဘုရား) ဘယ်လိုပါတုန်း (အရူးပြုံးပါ ဘုရား) အရူးပြုံးဘဲ၊ အရူး-အရူးချင်းသွားတည့်တာကိုးဗျ (မှန်လှပါ ဘုရား)။

ဒါကြောင့် မြတ်စွာဘုရား ဒေသနာတော်ဟာ ကွာ တဲ့ ကျောချင်းကပ် မင်းတို့အကြိုက်နဲ့ လွဲပါတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ဟင် ပေါ်ပြီ။

မင်းတို့အကြိုက်က သစ္စာမသိသေးသ၍ ကာလပတ်လုံး အရူးပြုံးနဲ့ အကန်းမဲ့မှတစ်ပါး ဒီ့ပြင် ခင်ဗျားတို့ ပုဂ္ဂိုလ်မရှိဘူး (မရှိပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ သစ္စာမသိသေးသ၍ ကာလပတ်လုံး လောကကြီးထဲဘယ်နှစ်မျိုးရှိသတုန်း (နှစ်မျိုးရှိပါတယ် ဘုရား) ဘာတုန်း (အရူးပြုံးနဲ့အကန်းမဲ့ပါ ဘုရား)။

အဲ ဒါဘဲရှိတယ် မဟုတ်ဘူးလား (မှန်ပါ့) မဇ္ဈိမပဋိပဒါအတည့်ဆိုတာကတော့ ရှားမှရှား (မှန်ပါ့) မရှားဘူးလား (ရှားပါတယ် ဘုရား)။

ကိုင်းဒါဖြင့် ဘုန်းကြီးက ယနေ့တော့ ခင်ဗျားတို့ အရူးပြုံးအဖြစ်မှလဲ ပျောက်စေသတည်း။ နော် (မှန်ပါ့) အကန်းမဲ့အဖြစ်မှလဲ ပျောက်စေသတည်း ဆိုတဲ့ စိတ်ထားနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကကွာတဲ့ သူ အဆွဲတော့လွဲ နေပြီ မင်း တည်းဟူသော ကလျာဏ မိတ္တက ပြုပြင်ပေးလို့ရှိရင်ဖြင့် သူ အလယ်လမ်းတော့ ရောက်ကောင်းပါရဲ့ ဆိုပြီးသကာလ အခုဒီနေ့တရားပွဲ ပြောတာဘဲဗျ (မှန်လှပါ) ပေါ်ပလား (ပေါ်ပါပြီ)။

စိတ်ကို ၁၃-ချက်ရေးထားတယ်

အဲဒီတော့ ခင်ဗျားတို့ဟိုမှာ စိတ်ကို ၁၃-ချက်ရေးထားတယ်၊ ဘယ်စိတ်လာလာ အပြင်ဧည့်သည်စိတ်ကို ဖြစ်ပျက်ရှု (မှန်ပါ့)။

ဖြစ်ပျက် ရှုနေရတော့ ပြုံးနေတာလဲ မဟုတ်ဘူး၊ မဲ့တာလဲမဟုတ်ဘူး၊ မဟုတ်ဘူးလား (မှန်လှပါ)။

အတွင်းဧည့်သည်လာရင် အတွင်းဧည့်သည် ဘာလုပ်နေရသလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ပြုံးတာလား (မဟုတ်ပါ ဘုရား) မဲ့တာကော (မဲ့တာလဲ မဟုတ်ပါ ဘုရား) အရူးအကန်းလွတ်တယ် (မှန်ပါ့)။

အဲဒီတော့ အသုတဝါ ပုထုဇ္ဇနာအဖြစ်မှ ကျုပ်တို့လွတ်ပြီး “သုတဝါ အရိယသာဝကော”သွားဖြစ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သုတဝါ (အရိယသာဝကော ဖြစ်ပါတယ် ဘုရား)။

အင်း ဘာကြောင့်တုံး ဆိုတော့ အလယ်လမ်း တက်မိမှ ဒီနာမည်ကလေးရတယ် (မှန်ပါ့)။

”သုတဝါ အရိယသာဝကော”ဆိုတာ ဦးဘသော်ကြီး အလယ်လမ်းတက်မိမှ ရတာနော် (မှန်ပါ့) ကဲ တက်မိပလား (တက်မိပါပြီ ဘုရား)။

တက်မိတော့ အိမ်သည်နှစ်ခုကိုလဲ ရှုစိတ် ရှိုက်စိတ်ကလေးကိုလဲ ခင်ဗျားတို့မအားအောင် ဘုန်းကြီးက စိတ်ထွက် ပြေးမှာစိုးလို့ ဒီစိတ်ကလေးကိုလဲ ဉာဏ်နဲ့ မနောဒွါရနဲ့မှန်းရှု၊ ရှိုက်စိတ်ကလေးလဲ မှန်းရှုနေ၊ သူတို့လဲ ဒုက္ခသစ္စာဘဲ၊ ဖြစ်ပျက်ဘဲ ဆိုပြီး ဘုန်းကြီးကနည်းမပေးဘူးလား (ပေးပါတယ် ဘုရား)။

ပေးတော့ ခင်ဗျားတို့သည် ရှုနေတဲ့အခါကျတော့ ဪ ဖြစ်ပျက်၊ ကိုယ့်ဉာဏ်ကမဂ်၊ ဖြစ်ပျက် ကိုယ့် ဉာဏ်ကမဂ် ဆိုတော့ ဒီမှာဆွဲတဲ့သဘောပါသေးရဲ့လား၊ ဒီခန္ဓာကြီးဆွဲတဲ့သဘောပါသေးရဲ့လား (မပါပါ ဘုရား)။

သူတို့သည် ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့သာ သိတာ၊ အားကိုးလုံး မလာတော့ဘူး (မလာတော့ပါ ဘုရား) ဒါသေသေချာချာမှတ်ပါ (မှန်ပါ့) ဒုက္ခသစ္စာကို (ဒုက္ခသစ္စာမှန်း သိသွားပါပြီ ဘုရား) အားကိုးလုံးနဲ့ ဆွဲသေးရဲ့လား (မဆွဲတော့ပါ ဘုရား)။

မဆွဲတော့ ခုနင်ကသိပ်အားကုန်ဆွဲမှ ကျုပ်မှာကံမကောင်းအကြောင်းမသင့်လို့ ဖြစ်ရလေခြင်း လာမှာကိုးဗျ (မှန်ပါ့) သူ့အပေါ်ရင်ထုအောင်ပိမှ (မှန်ပါ့) အခုတော့ ပိစရာရှိသေရဲ့လား (မရှိတော့ပါ ဘုရား) ပိစရာမရှိတော့ဘူးဆိုလို့ ရှိရင် ရင်ထုမြေလူးဇာတ်ကော မသိမ်းသေးဘူးလား (သိမ်းပါပြီ ဘုရား) ရင်ထု မြေလူးဇာတ်လဲ သိမ်းတယ်ဆိုတဲ့အဓိပ္ပါယ် ကောရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဇ္ဈိမပဋိပဒါ

ကောင်းပြီဒါဖြင့် ဪ ဒို့ ယနေ့ မဇ္ဈိမပဋိပဒါမနေ့ကစပြီး ပုဂ္ဂိုလ်နှစ်မျိုးဝေဖန်တာ ဒီနေ့မှရေလည်ပေတော့ တယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့) မနေ့ကတော့ ပုဂ္ဂိုလ်နှစ်မျိုး ထူးပုံကိုဘဲ မောင်သစ် အတော်ပြောရတယ် (မှန်ပါ့) ဒီတော့ ဘယ်ပုဂ္ဂိုလ်အခြေအနေရောက်မှ ကိုယ်ခရီးပေါက်တယ်ဆိုတဲ့ဥစ္စာ ဦးကျော်မောင် အလယ်လမ်း မဇ္ဈိမပဋိပဒါ ပုဂ္ဂိုလ်ဖြစ်မှ ခရီးပေါက်တယ် (မှန်ပါ့) နို့မဟုတ်ရင် (မပေါက်ပါ ဘုရား) မပေါက်ဘူးဆိုတော့ ဦးဘသန်းကြီးကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကဲ ဒါဖြင့် ခင်ဗျားတို့ အသက်လဲကြီးကြပြီ၊ ဘာနဲ့များ အချိန်ကုန်လာခဲ့ကြသတုံးဆိုတာ ကိုယ့်ကိုယ်ကို စစ်ဆေးဖို့အသက်တမ်းမှာ (မှန်ပါ့) တစ်ခါတစ်လေ အရူးပြုံးနဲ့အချိန်ကုန်ခဲ့တယ် (မှန်ပါ့) တစ်ခါတစ်လေ အကန်းမဲ့နဲ့ (အချိန်ကုန်ခဲ့ပါတယ် ဘုရား)။

အရူးပြုံးနဲ့ အချိန်ကုန်တော့ကို တဏှာ, ဥပါဒါန်ကံ, ဇာတိ, မရဏသွားဖြစ်တယ် (မှန်ပါ့) အကန်းမဲ့နဲ့ အချိန်ကုန်တဲ့အခါကျတော့ သောက ပရိဒေဝ ဒုက္ခဒေါမနဿ အဝိဇ္ဇာ သင်္ခါရ ဒီပြန်ပတ်တယ် (မှန်ပါ့)။

”သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ”ကမသိလို့ ဖြစ်တော့ အဝိဇ္ဇာသင်္ခါရပြန်ပတ်တယ် (မှန်ပါ့) ပြန်ကျတယ် (မှန်ပါ့) ဘယ်ဟာကောင်းသတုန်း (ဘယ်ဟာမှ မကောင်းပါ ဘုရား) သံသရာ ခရီးသည်ချည့် သွားဖြစ်တယ် (မှန်ပါ့)။

အရူးပြုံးနဲ့ဆိုလို့ရှိရင် တဏှာ ဥပါဒါန်လာတယ် (မှန်ပါ့ တဏှာ ဥပါဒါန် လာပါတယ် ဘုရား) ကဲ အကန်းမဲ့ ဆိုတော့ကော (သောက ပရိဒေဝ ဒုက္ခ လာပါတယ် ဘုရား) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာသင်္ခါရ အဲ့ဒီ ကျအောင် မှတ်လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒီ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဆိုတာ မသိလို့ဖြစ်တာလား သိလို့ဖြစ်တာလား (မသိလို့ဖြစ်တာပါ ဘုရား) မသိရင် အဝိဇ္ဇာပါနေတယ် (မှန်ပါ့) အဝိဇ္ဇာပါရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာသူမလုပ်ပေဘူးလား လုပ်မလား (လုပ်မှာပါ ဘုရား) ဒါဖြင့် အရူးပြုံးက ပဋိစ္စသမုပ္ပါဒ်မှာ တဏှာဥပါဒါန်ကံနဲ့ တန်းသွားတယ် (မှန်ပါ့)

အကန်းမဲ့က ဘယ်လိုတန်းပါလိမ့် (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿနဲ့) အဝိဇ္ဇာသင်္ခါရကျအောင် ပတ်သွားတယ် (မှန်ပါ့) ဘယ်ဟာကြိုက်သတုန်း (ဘယ်ဟာမှ မကြိုက်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)ဒါက ဒီ ပဋိစသမုပ္ပါဒ်နဲ့လဲကိုက်တယ်၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး အလယ်လမ်းကို အလိုရှိတာကို ခင်ဗျားတို့သိရတယ် ကိုယ့်ကိုယ်ကိုလဲ မရှုဘဲနေရင် အရူးပြုံးအကန်းမဲ့နှစ်ခု၊ တစ်ခုခုက ကူးနေတာဘဲ (မှန်ပါ့) မကူးဘူးလား (ကူးပါတယ် ဘုရား)

ရှုနေတဲ့အခါကျတော့ အလယ်လမ်း တက်မိတာဘဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အလယ်လမ်း တက်မိတဲ့အခါ

ရှုနေတဲ့အခါ (အလယ်လမ်း တက်မိပါတယ် ဘုရား) ကဲ အလယ်လမ်း တက်မိတဲ့အခါကျတော့ကိုတဲ့ ဘယ်သူ့အားကိုးသေးသတုန်း (ဘယ်သူ့မှ အားမကိုးပါ ဘုရား) ဘယ်သူ့မှအားမကိုးဘူး၊ ကန္နားသစ်ပင်တွေချည့်ဘဲဆိုတာ အကုန်သိတယ် (သိပါတယ် ဘုရား)။

ရူပက္ခန္ဓာကြည့်လဲ ကန္နားသစ်ပင်၊ ဝေဒနာက္ခန္ဓာ ကြည့်ပြန်လဲ (ကန္နားသစ်ပင်ပါ ဘုရား) သညာက္ခန္ဓာကြည့်လဲ (ကန္နားသစ်ပင်ပါ ဘုရား) သင်္ခါရက္ခန္ဓာကြည့်လဲ (ကန္နားသစ်ပင်ပါ ဘုရား) အင်း အနိစ္စတရားချည်းလို့ သူသိတယ် ပျက်ကြမှာချည်းဘဲ မသိဘူးလား (သိပါတယ် ဘုရား)။

သိတော့ သူဆွဲသေးရဲ့လား (မဆွဲပါ ဘုရား) မဆွဲတော့ပြုတ်ကျစရာ (မရှိပါ ဘုရား) သူ့ကိုယ်ကော ပြုတ်ကျစရာရှိ သေးရဲ့လား (မရှိပါ ဘုရား)။

ရေထဲမျောလာတဲ့ပုဂ္ဂိုလ်မှာ တွေ့ရာဆွဲရင်ပြုတ်ကျတာဘဲဗျ (မှန်ပါ့) မကျဘူးလား (ကျပါတယ် ဘုရား) သဘော ပါကြပလား (ပါပါပြီ)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ အခုတော့ဖြင့် သစ္စာကိုသစ္စာမှန်းသိပြီးသကာလ မဆွဲဖို့အရေးကြီးတယ် (မှန်ပါ့) သစ္စာသိတဲ့ပုဂ္ဂိုလ်မဆွဲဘူး (မှန်ပါ့) သစ္စာမသိတဲ့ပုဂ္ဂိုလ်ကတော့ (ဆွဲမှာပါ ဘုရား)။

ငါသေရင် နတ်ပြည်ဆွဲထားမယ်တဲ့ ဟော (မှန်လှပါ) နတ်ပြည်ရောက်ကြောင်း ငါကျောင်းဆောက်ထားတယ် (မှန်ပါ့) အဲ့ဒါကလေး ငါစွဲအောင်လုပ်မယ်၊ စွဲအောင်လုပ်မယ်ဆိုတာ နတ်ဆွဲထားလိုက်တာ (မှန်ပါ့)။

ဆွဲထားလိုက်တဲ့အတိုင်း တော်တော်ကြာ ကျတော့ အရှိန်အာနုဘော်ကုန်တော့ ပြုတ်ကျတယ် (မှန်ပါ့) သစ္စာမသိတော့ငါကျေးဇူးပြုထားတဲ့ ငါဆောက်ထားတဲ့ ကျောင်းကြောင့် ဘုံပေါက်တယ်ဆိုတာလဲ ဒုက္ခသစ္စာပေါက်နေတာလို့ သူမသိဘူး (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့သာမည ဆရာသမားနဲ့တွေ့တော့ အို မင်းတော့ဟန်ကျပြီ၊ အသာသွားရုံဘဲ၊ ကြမ်းကျွံကျမှာတော့ ထည့်မပြောဘူး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ကြမ်းကျွံကျမှာနဲ့ ဆွေးမှာမြေ့မှာတော့ ထည့်မပြောဘူး (မှန်ပါ့) ပေါက်တာက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပေါက် မှာပါ ဘုရား) ဘုံပေါက်ပါတယ်ဆိုကတည်းက ခင်ဗျားအထည်ပေါက်တာဘဲ၊ အထည်ဆိုတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အထည်ဆိုတာ ရုပ်လား, နာမ်လားမေးတော့ ဘယ့်နှယ်ဖြေမလဲ (ရုပ်တရားပါ ဘုရား) ရုပ်တရား ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာဖြင့် “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” လာဦးမှာပေါ့ (မှန်ပါ့) ခဏဆွဲတာ (မှန်ပါ့ ဘုရား)။

တော်တော်ကြာ သူ့အပေါ်ဘုံကြီးပျောက်သွားတော့ ကိုယ်ကျိုးနည်းပြီ (မှန်ပါ့) မလာပေဘူးလား (လာမှာပါ) အကန်းမိုက် မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါတွေ ခင်ဗျားတို့က ဒါကြောင့် သစ္စာအရေးကြီးတယ်၊ သစ္စာသိမှ၊ နို့မဟုတ်လို့ရှိရင် သူ့ဒါနအကျိုးပေး ကလေးအားကိုးလိုက်၊ သီလအကျိုးပေးကလေးကော (အားကိုးပါတယ်) သမထအကျိုးပေးကလေးကော (အားကိုး ပါတယ်) သွားရော (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာဆိုယင်ဖြင့်

သွားပြီ၊ ဒီအကျိုးပေးတွေကလဲ ဘာသစ္စာတွေလဲ (ဒုက္ခသစ္စာတွေပါ) ဒုက္ခသစ္စာဆိုယင်ဖြင့် ဝိပရိဏာမဆိုတဲ့ မောင်သစ် ဖောက်ပြန်မှုရှိမရှိ (ရှိပါတယ် ဘုရား)။

အဲ့ဒါ ပထမတော့ အရူးပြုံး၊ လှူတုန်းတန်းတုန်းတော့အရူးပြုံး (မှန်ပါ့) ဟိုပြုတ်ကျတော့ အကန်းမဲ့သွားဖြစ်တယ် အလယ်လမ်းမရောက်ဘဲကိုးဗျ (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းသတုံး၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီဒါန,သီလ,သမထလောက်နဲ့ တင်းတိမ်နေတဲ့ ပုဂ္ဂိုလ်ပြောပါတယ် (မှန်ပါ့) အရူးပြုံးအကန်းမဲ့မှတစ်ပါး သူ့ဘာရှိသတုန်း (မရှိပါ ဘုရား)။

သူအကျိုးပေးတုန်းကတော့ အရူးပြုံးတဲ့ (မှန်ပါ့) နောက်အကျိုးပေးကုန်တော့ (အကန်းမဲ့ပါ) ဒီနှစ်လမ်းလိုက်နေ တာဘဲ၊ မဇ္စိုမပဋိပဒါကို သူမရောက်ဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တရားစစ်ကိုပြောတော့ကို မောင်သစ်ရ အလယ်လမ်းကို ပြောချင်တော့ အလယ်လမ်းမှလဲ နိဗ္ဗာန်ရောက်တဲ့ လမ်းဖြစ်နေတော့ ဒီ့ပြင်ဟာတွေ အားကိုးရလိမ့်မယ်လို့ သာမညအသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကပြောလိမ့်မယ် (မှန်ပါ့ ဘုရား)။

ထူးထူးခြားခြား ဘုရားသခင်ကိုယ်တော်မြတ်ကြီး လမ်းဆုံးဟောတာကို သိထားတဲ့ အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ကတော့ အရူးပြုံးအကန်းမဲ့ ဖြစ်မှာဘဲကွ (မှန်ပါ့) ပထမအကျိုးပေးဟောလိုက်တော့ ပြုံးသွားတယ် (မှန်ပါ့) နောက်ကိုယ်တွေ့ကံကုန်ပြီး ကိုယ်တွေ့အကျိုးပေးကုန်တဲ့အခါကျတော့ (မဲ့သွားပါတယ် ဘုရား)။ ဒါသစ္စာမသိလို့ဖြစ်နေတာ (မှန်ပါ့)

နိစ္စနိဗ္ဗာန်လမ်း မရောက်ပေဘူးလား

မဇ္ဈိမပဋိပဒါလမ်း လိုက်မိလို့ရှိရင် နိစ္စနိဗ္ဗာန်လမ်း မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား) ဓုဝနိဗ္ဗာန်ကော (ရောက်မှာပါ ဘုရား) မြဲတဲ့နိဗ္ဗာန် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီတော့ ဒီလမ်းတော့ သူကမလျှောက်ဘူး ဟုတ်လား သူများပြောသံကြားနဲ့ အရူးပြုံးလိုက် ဟင် (မှန်ပါ့) တော်တော်ကြာ အကန်းမဲ့ကဖြစ်လိုက်၊ မလာပေဘူးလား (လာပါတယ်) ဟာ ဒါဖြင့် ဦးမြမောင် ဆရာကောင်း သမားကောင်း သိပ်လိုတာဘဲ (လိုပါတယ် ဘုရား)။

အကြီးအကျယ်လိုတာ (မှန်ပါ့) သာမညလိုတယ်လို့ ဒီလိုမအောက်မေ့နဲ့ မောင်သစ် (မအောက်မေ့ပါ) အကြီးအကျယ်လိုတယ် အောက်မေ့ပါ (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင် အရူးပြုံးတရား ဟောလိုက်လို့ရှိရင် ခင်ဗျားတို့က သေပျော်ပဟ၊ သူကလက်ခမောင်းများ ခတ်သေးတယ် (မှန်ပါ့ ဘုရား)။

အရူးပြုံးတရားနာရလို့ (မှန်ပါ့) သေပျော်ပဟ၊ မဟုတ်ပေဘူးလား (ဟုတ်ပါတယ်) ဟာ မင်းမှာ ပန်းတစ်ပွင့် နဲ့ကွာ လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်ခံစားပြီး နောက်ဆုံးပိတ်နိဗ္ဗာန်ဝင်သတဲ့ဆိုတော့ အရူးပြုံးမဖြစ်ရဘူးလား (မှန်ပါ့ ဘုရား)။

အလုပ်စဉ်မပါဘဲနဲ့ ရောက်တဲ့အဓိပ္ပါယ်

အဲ့ဒါတွေနဲ့ မဖြစ်သေးဘူးဗျ၊ ဟုတ်မှ မဟုတ်သေးတဲ့ဥစ္စာကြီးဘဲ ဟင် (မှန်ပါ့) အလုပ်စဉ်မပါဘဲနဲ့ ရောက်တဲ့အဓိပ္ပါယ်ပါနေတယ် မပါဘူးလား (ပါ ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဘယ်နှယ့်အဓိပ္ပါယ်ရောက်နေသတုန်း (အလုပ်စဉ် မပါဘဲနဲ့ရောက်တဲ့ အဓိပ္ပါယ် ရောက်နေပါတယ် ဘုရား) ဒါန,သီလ,သမထကြောင့် နတ်ရွာသုဂတိတော့ ရောက်နိုင်ပါတယ်၊ မရောက်ဟုမဆိုပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးက ယနေ့တော့ ခင်ဗျားတို့ အရူးပြုံးအဖြစ်မှလဲ ပျောက်အောင် အကန်းမဲ့အဖြစ်မှလဲ ပျောက်အောင်ဆိုတဲ့စိတ်ထားနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကကွာတဲ့၊ သူအဆွဲတော့ လွဲနေပြီ၊ မင်းတည်းဟူသော ကလျာဏမိတ္တက ပြုပြင်ပေးလို့ရှိရင်ဖြင့် သူအလယ်လမ်းရောက်ကောင်းပါရဲ့ဆိုပြီးသကာလ အခုဒီနေ့တရားပွဲ ပြောတာဘဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကို ဟိုမှာစိတ်ကို ၁၃-ချက်ရေးထားတယ်၊ ဘယ်စိတ်ပေါ်လာလာ၊ အပြင်ဧည်သည့်လာရင် အပြင်ဧည့်သည်စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုနေရတော့ ပြုံးတာလဲမဟုတ်ဘူး၊ မဲ့တာလဲမဟုတ်ဘူး (မှန်ပါ့) အတွင်းဧည့်သည်လာရင် အတွင်းဧည့်သည်ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုပါမယ် ဘုရား)။

ဒါဖြင့် ဒါပြုံးတာလား (မဟုတ်ပါ ဘုရား) မဲ့တာကော (မဟုတ်ပါ ဘုရား) အရူး,အကန်းအဖြစ်မှ လွတ်တယ် (မှန်ပါ့) အဲဒီတော့ “အသုတဝါ ပုထုဇ္ဇနော”အဖြစ်မှ ကျုပ်တို့လွတ်ပြီး “သုတဝါ အရိယ သာဝကော”သွားဖြစ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မဂ္ဂင်လမ်း ပေါ်ရောက်အောင် ကြိုးစားကြပါ

အဲ အကြားအမြင်ရှိတဲ့ အရိယာတို့၏ တပည့်ဘဲဖြစ်သေးတယ်၊ ကိုယ်ကိုယ်တိုင် အရိယာမဖြစ်သေးဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါကြောင့် “သုတဝါ အရိယသာဝကော”ဖြစ်တော့ မဇ္ဈိမပဋိပဒါလမ်းကို မရောက်ပေဘူးလား (ရောက်ပါ တယ် ဘုရား)။

ဒကာ ဒကာမတွေ မဇ္စိုမပဋိပဒါလမ်းလိုက်မိရင် နောက်အလုပ်ခရီးပေါက်သွားတဲ့အခါကျတော့ အရိယာအစစ်ဖြစ်ပြီး နိစ္စနိဗ္ဗာန်ကို မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို နိဗ္ဗာန်ကို အဖြောင့်ဆိုက်နိုင်တဲ့မဇ္ဈိမပဋိပဒါစခန်း မဂ္ဂင်လမ်း ပေါ်ရောက်အောင် ကြိုးစားကြပါဟု အထူးဘဲသတိပေး တိုက်တွန်းလိုက်ပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။