11404

မာတိကာသို့

အကြားအမြင်မရှိတဲ့ ပုထုဇန်နှင့် အကြားအမြင်ရှိတဲ့ ပုထုဇန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌-ဟောကြားတော်မူသော

(အကြားအမြင်မရှိတဲ့ ပုထုဇန်နှင့် အကြားအမြင်ရှိတဲ့ ပုထုဇန်)ညအလုပ်ပေး-တရားတော်

(၄-၉-၆၂)

သံသရာရှည်တယ်ဆိုတာ

သံသရာရှည်တယ် သံသရာရှည်တယ်ဆိုတာ မှတ်ထားကြပါတဲ့၊ သံသရာရှည်တယ်ဆိုတော့ ပါးစပ်ကပြောတော့ သံသရာရှည်တယ်လို့ ဆိုလို့ဘဲ သက်သက်သာသာနဲ့ကြားကြရတယ်၊ စင်စစ်တော့ သံသရာရှည်တယ် ဆိုတဲ့စကားက အင်မတန်ကြီးကျယ်တဲ့စကား ဖြစ်ပါတယ်။

”အသုတဝါ ပုထုဇ္ဇနော” ရှည်တယ်ဆိုတာ ဘာပြောတာပါလိမ့် (သံသရာ့ရေသောက်မြစ် ဖြစ်လို့ပါ ဘုရား) သံသရာ့ရေသောက်မြစ်ဖြစ်လို့ ပြောတာဘဲဆိုတာရိပ်မိပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ သံသရာ့ ရေသောက်မြစ်ဆိုတာ ဘာတုံးလို့မေးတော့မှ “အသုတဝါ ပုထုဇ္ဇနော”ဖြစ်လို့ (မှန်ပါ့)။

ဦးဘသန်းကြီး ရိပ်မိပလား (ရိပ်မိပါပြီ) ဦးမြမောင်လဲရိပ်မိပြီ (ရိပ်မိပါပြီ) “အသုတဝါ ပုထုဇ္ဇနော” ဖြစ်လို့ဘဲ (မှန်ပါ့)။

သံသရာရှည်ရတယ် သံသရာရှည်ရတယ်ဆိုတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး (အသုတဝါ ပုထုဇ္ဇနော ဖြစ်လို့ပါ ဘုရား) အသုတဝါ ပုထုဇ္ဇနောဖြစ်လို့။

အသုတဝါ ပုထုဇ္ဇနော ဆိုတဲ့ဥစ္စာက အသုတ-က အကြားအမြင်မရှိတာ၊ ပုထုဇ္ဇနော် ဆိုတာ ကိလေသာပေါတာ (မှန်ပါ့)။

အသုတဝါ ဆိုတာက အကြားအမြင်မရှိတာ (မှန်ပါ့) ပုထုဇ္ဇနောဆိုတာက ကိလေသာပေါတာ (မှန်ပါ့ ဘုရား) အကြားအမြင်ကလဲမရှိ ကလေသာကလဲပေါ ဆိုတော့ ဦးမြမောင် သွားရောပေါ့ဗျာ (မှန်ပါ့)။

အကြားအမြင်ကလဲမရှိ၊ ကိလေသာကလဲပေါ

အကြားအမြင်ကလဲမရှိ၊ ကိလေသာကလဲပေါ နော် (မှန်ပါ့) ဒါ ဘာခေါ်ကြမယ် (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား)။

ဒါ ကလေး မှတ်ထားပါ တဲ့၊ အသုတဝါ ပုထုဇ္ဇနောဆိုတာက သစ္စာ ဆိုတဲ့ စကားကိုလဲ အကြားအမြင်မရှိဘူး (မှန်ပါ့) ပုထုဇ္ဇနောဆိုတာက ကိလေသာပေါတာဆိုတော့ကို ဒီ ဒကာ ဒကာမတွေဘဲစဉ်းစားကြည့်ပါတဲ့ “အသုတဝါ ပုထုဇ္ဇနော”သံသရာ၏ ရေသောက်မြစ် တည်ထောင်တဲ့ ပုဂ္ဂိုလ်ဘဲလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

မလွဲပါဘူးတဲ့၊ ဒါကြောင့် အသုတဝါပုထုဇ္ဇနော သံသရာ၏ရေသောက်မြစ် ပုဂ္ဂိုလ်လို့ဆိုပါတယ်။

”အသုတဝါ ပုထုဇ္ဇနော”သည် ဘာဆိုပါလိမ့် (သံသရာ၏ရေသောက်မြစ်ကို ဆိုပါတယ် ဘုရား) သံသရာ၏ ရေသောက်မြစ်နော် (မှန်ပါ့)။

အသုတဝါ ဆိုတာက အကြားမြင်မရှိဘူး၊ ဘယ်သူ့အပေါ်မှာ အကြားအမြင်မရှိသလဲလို့ မေးတော့မှ ဒကာ ဒကာမတွေ မှတ်လိုက်ပါတဲ့၊ သစ္စာအပေါ်မှာ အကြားအမြင်မရှိဘူး (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် သူ အကြားအမြင်မရှိပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ပုထုဇ္ဇနောဖြစ်လို့၊ ပုထုဇ္ဇနောဆို တာက ကိစ္စကို မပြီးအောင် အလုပ်ရှုပ်နေတာဟာ ပုထုဇ္ဇနောဘဲ (မှန်ပါ့)။

လောကီကိစ္စတွေ ပေါလွန်းလို့ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ဂုဏ်ယူတာ ကိလေသာပေါလွန်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

မအားဘူး၊ ဒီဟာက တန်းလန်း ဟိုဟာက မပြီးပြတ်သေးဘူး၊ ကိလေသာက ပြောတဲ့စကားတွေ (မှန်ပါ့)။

သံသရာ့ရေသောက်မြစ်

အဲ့ဒီတော့ အသုတဝါလဲ သစ္စာမသိတာ၊ ပုထုဇ္ဇနော က ဟိုကိစ္စ ဒီကိစ္စပေါတာ (မှန်ပါ့) အဲဒီတော့ ပေါင်းလိုက်တဲ့ အခါကျတော့ကို သစ္စာကို အကြားအမြင်မရှိဘဲနဲ့ ကိလေသာပေါတဲ့ ပုဂ္ဂိုလ်ဟာ သံသရာ့ရေသောက်မြစ်ကွ (မှန်ပါ့ ဘုရား)။

ဘယ်လောက်နစ်နာသလဲ (မှန်ပါ့) မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) ခင်ဗျားတို့က”အသုတဝါ ပုထုဇ္ဇနော” ဆိုတော့ မောင်ချစ်စိန်တို့က စကားကလေးက တိုနေတော့ သာမညအဓိပ္ပါယ်မှတ်နေတယ် (မှန်ပါ့)။

သေသေချာချာ ဆရာဘုန်းကြီးက ဘုရားသခင်ကိုယ်တော်မြတ်ကြီးအလိုတော်ကျ အမှန်ကိုပြောလိုက်တော့ အသုတဝါက သစ္စာလေးပါးမသိတာ (မှန်ပါ့) ပုထုဇ္ဇနောက ကိလေသာပေါတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အသုတဝါက (အကြားအမြင်နည်းတာပါ ဘုရား) ဘယ်အပေါ်မှာနည်းတာလဲ (သစ္စာလေးပါး အပေါ်မှာ အကြားအမြင်နည်းတာပါ ဘုရား) သစ္စာလေးပါးအပေါ် အကြားအမြင်နည်းတယ် (မှန်ပါ့)။

ပုထုဇ္ဇနောက ဘာတုံး (ကိလေသာ ပေါတာပါ ဘုရား) ကိလေသာပေါတာ ဦးကျော်မောင် (မှန်ပါ့ ဘုရား) ဒါဖြင့်သစ္စာလဲမသိ၊ ကိလေသာကလဲပေါ ဆိုတော့ ဒီပုဂ္ဂိုလ်ဟာ သံသရာ့ရေသောက်မြစ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးဘသန်းကြီး (ရှင်းပါပြီ ဘုရား) သစ္စာအပေါ်လဲ အကြားအမြင်မရှိဘူး၊ ကိလေသာကလဲပေါ၊ အဲဒါ”အသုတဝါ ပုထုဇ္ဇနော”ဘဲ (မှန်ပါ့) အံမာလေး ခင်ဗျားတို့ ဂုဏ်ယူနေတာ သိပ်ကြောက်စရာကောင်းပါကလား (မှန်လှပါ ဘုရား)။

မနည်းလာခဲ့ရတယ်ဘုရာ့

တရားအားထုတ်တာဘုရား မနည်းလာခဲ့ရတယ်ဘုရာ့၊ ကြံဖန်ပြီးတော့ကို မနည်းဒီအချိန်ကလေးမိအောင် မနည်းလာခဲ့ရတယ်ဘုရာ့နဲ့ မောင်သစ်တို့ (ပြောခဲ့ပါတယ် ဘုရား)။

အတော်ကလေးကို မင်းတို့ပူဇော်ရဦးတော့ မလိုလို (မှန်ပ့ါ) ပြောနေလိုက်တာ အပြီးသတ်တော့ ကိလေသာ ပေါလွန်းလို့ (မှန်ပါ့ ဘုရား)။

ဟိုဟာကလေးကမပြီး၊ ဒီဟာကလေးကမပြီး၊ ရစရာကတန်းလန်း ယူစရာက တန်းလန်း၊ မျက်နှာ မပျက်ချင်တာ ကတစ်ဖုံ (မှန်ပါ့) ကိလေသာကပေါတော့ ဒါ ရလမ်းကိုရှာတာဘဲ (မှန်ပါ့)။

ဒါဖြင့် ကိလေသာ ပေါ မပေါကော သေချာပလား(သေချာပါပြီ ဘုရား)။

ဒါဖြင့် အလုပ်ကြီးလေလေ ခင်ဗျားတို့ ဘယ့်နှယ်ဆိုကြမလဲ (ကိလေသာ ပေါလေလေပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ကတော့ အလုပ်မကြီးမှာဘဲ စိုးရိမ်နေတယ် (မှန်ပါ့) အလုပ်သေးရင် မစားလောက်ဘူး၊ အလုပ်ကြီးမှ ငွေငွေချင်းရှာမှ တဲ့၊ အံမာလေး အသားယူနေလိုက်တာ (မှန်ပါ့ ဘုရား)။

ဦးဘသော်ကြီးတို့ အသားယူနေလိုက်တာဟင် (မှန်ပါ့ ဘုရား)။

ဒီအချိန်ကျအောင်ဘဲ အလုပ်တွေ ဘယ်သူတွေရှုပ်နေတာကို ဘာပေါတယ်လို့ ဆိုကြမလဲ (ကိလေသာ ပေါပါတယ် ဘုရား)။

ကိလေသာပေါတော့ မင်းတို့ခန္ဓာကိုယ်မှာ သစ္စာတွေ ခန္ဓာက ပြောပြီးသကာလနေငြားသော်လဲ မောင်ချစ်စိန် သိသေးရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် မိမိခန္ဓာကိုယ်မှာ သစ္စာတွေက ပြောငြားသော်လဲ မသိတာက အသုတဝါ နော် (မှန်ပါ့) အလုပ်တွေ ပေါလွန်းလို့ ဒီသစ္စာကို မတွေးနိုင်တာ တွေးလုံးကို မထုတ်နိုင်တာကလဲ ဘာပေါလို့လဲ (ကိလေသာ ပေါလို့ပါ ဘုရား)။

ကြာလေ အရုပ်ဆိုးလေပါလား

ဟာ ခင်ဗျားတို့ဥစ္စာက ကြာလေ အရုပ်ဆိုးလေပါလား (မှန်ပါ့) ဘယ့်နှယ်နေကြသတုံး (ကြာလေ အရုပ်ဆိုးလေ ပါ ဘုရား)။

အဲဒါဘုန်းကြီးတို့ ဒကာ ဒကာမတွေက မနည်းရုန်းထွက်ခဲ့ရတယ်။ ကိုယ်အရေးကိုယ်တာ ဒါကလေးလုပ်ဖို့ရာ ဟ ဘာဖြစ်လို့ ဒါလောက် မနည်းရုန်းရတာတုံး ဆိုတော့ အို ကိလေသာက ပေါလွန်းလို့ ဟိုဟာလဲမပြတ်၊ ဒီဟာလဲမစဲ၊ ဒါကြောင့် ကိလေသာပေါလွန်းလို့ သူ ဒီစကားသုံးနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဦးကျော်မောင်ကြီးသုံးမိသေးသလား (သုံးမိပါတယ် ဘုရား) ဟာ ခင်ဗျား ဘယ်လိုလူမို့ပါလိမ့် (ကိလေသာ ပေါလို့ပါ ဘုရား) သွားပြီ၊ မောင်သစ် သွားပြီကောကွ (မှန်လှပါ ဘုရား)။

ကိလေသာပေါလို့ဆိုတာ ဦးမြမောင် သေချာပလား (သေချာပါပြီ ဘုရား)။

အသုတဝါ ဆိုတဲ့ ဥစ္စာလဲ ကိုယ့်ခန္ဓာထဲမှာ သစ္စာတွေက ဒုက္ခသစ္စာတွေက များလိုက်တဲ့ဖြစ်ခြင်း၊ တွေးလုံးကိုမရဘူး (မှန်ပါ့) အသုတဝါကလဲ အကြားအမြင်မရှိတော့ ဆရာသမားနဲ့မတွေ့တော့ ဒုက္ခသစ္စာ လက်ရှိကြီးကိုလဲ နာမှ ကျင်မှ ကိုက်မှခဲမှ အလိုမကျမှ ဒုက္ခတွေသာ တွေ့တော့တာကိုး (မှန်ပါ့) စင်စစ် ပကတိဒုက္ခ သဘာဝဒုက္ခတွေ တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။

အဲဒါက ဘာဖြစ်နေလို့တုံးကွ ပြောစမ်းပါဦး (ကိလေသာထူလို့ပါ ဘုရား) အသုတဝါ (မှန်ပါ့ အသုတဝါပါ ဘုရား) အသုတဝါ ပုထုဇ္ဇနောဖြစ်နေလို့ (မှန်ပါ့) အကြားအမြင်ကမရှိတော့ ဒုက္ခရောက်လျက်နဲ့ ကိလေသာက ပေါနေတော့ ဒုက္ခလဲ ဒုက္ခမှန်းမသိဘူး၊ ကိလေသာနောက်သာ လိုက်နေတော့တာဘဲ (မှန်ပါ့) ဘယ့်နှယ်တုံး ခင်ဗျားတို့လူစုတွေ အရုပ်ဆိုး တန်းကုန်နေပါပေါ့လား (မှန်ပါ့)။

ဘယ့်နှယ်ဆိုမတုံး ဦးဘသော်ကြီး (အရုပ်ဆိုးတန်းကုန်နေပါတယ် ဘုရား) အရုပ်ဆိုးတန်းကုန်နေပြီဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

အရုပ်ဆိုး တန်းကုန်နေပြီ

အံမာလေး အရုပ်ဆိုး တန်းကုန်နေပြီဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ နည်းနည်းကလေးမှ ဒီဥစ္စာဆရာဘုန်းကြီးက ဟာ ဦးမြမောင် ခင်ဗျားဒီဥစ္စာ လွတ်လပ်ရေးရတာ၊ ခင်ဗျားတို့ အလုပ်တွေကတော့ကို အကြားအမြင်မရှိအောင် နေ့တိုင်းနေတဲ့အလုပ်၊ ကိလေသာတောထတဲ့အလုပ်၊ အဲဒါ သံသရာရှည်မည့်အလုပ်တွေ အိုဘေး နာဘေး သေဘေးတွေ သူများပါးစပ်ထဲ လမ်းဆုံးရမည့်အရေးတွေကို ခင်ဗျားတို့က မအားလို့ မအားလို့တော့လုပ်မနေနဲ့၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကဲ သံသရာရှည်တဲ့ လက်သည်တွေ့ပလား (တွေ့ပါပြီ ဘုရား) “အသုတဝါ ပုထုဇ္ဇနော”ဖြစ်နေလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

သံသရာဘယ့်နှယ်ကြောင့်ရှည် (အသုတဝါ ပုထုဇ္ဇနောဖြစ်နေလို့ပါ ဘုရား) “အသုတဝါ ပုထုဇ္ဇနော” အဲဒါများ မောင်သစ်တို့ လူစုတွေက ဒီ တစ်လုံး သဘောကျလို့ရှိရင်ဘုန်းကြီးက အတော်ကျေနပ်ပြီ (မှန်ပါ့)။

ခန္ဓာက သစ္စာတွေ ပြောသွားတာ တွေးမိကြရဲ့လား (မတွေးမိပါ ဘုရား) ပုထုဇ္ဇနောကိုးဗျ ကိလေသာကလဲ ပေါတော့ ကိလေသာနောက်ကရစရာ ယူစရာ ပေးစရာ ကမ်းစရာတွေများနေတဲ့အတွက် မထွက်နိုင်တာကလဲ ပုထုဇ္ဇနော ဖြစ်နေတယ် (မှန်ပ့ါ)။

အသုတဝါကလဲ သစ္စာတွေ ပြောငြားသော်လဲ မကြားဘူးတဲ့(မှန်ပါ့) ကြားဖူးနားဝမရှိဘူးတဲ့၊ ခန္ဓာက ပြောတာတောင် ကြားဖူးနားဝမရှိဘူးတဲ့ (မှန်ပါ့) ကပ်ပြောနေတာ (မှန်ပ့ါ ဘုရား)။

ကပ်ပြောနေတာ

အဝေးကပြောတာလား ကပ်ပြောနေတာလား (ကပ်ပြောနေတာပါ ဘုရား) ကပ်ပြောနေတာတောင် ဘာတဲ့တုံး (မသိပါ ဘုရား) ကဲ ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။

အသုတဝါဆိုတာ နည်းနည်းမှ မကြားဘူးတဲ့ ခန္ဓာကပြောနေတာ (မှန်ပါ့)အဝေးနေတာလား အတူနေတာလား (အတူနေတာပါ ဘုရား)။

ဘုန်းကြီးက ပြောတာများ ကြားမှကြားပါ့မလား၊ အတူနေကတောင် ပြောလို့မကြားတာ (မှန်ပ့ါ ဘုရား) ဒါလောက်ထိအောင် အရုပ်ဆိုးနေတယ်ဆိုတာ မောင်သစ် ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့်အသုတဝါဆိုတဲ့ ဥစ္စာအကြားအမြင်မရှိဘူးဆိုတာ ခန္ဓာကပြောတာကို မကြားတာ (မှန်ပါ့) ဟင်္သာတက ဒကာမကြီး ဘယ်သူက ပြောတာမကြားတာတုံး (ခန္ဓာကပြောတာ မကြားတာပါ ဘုရား)။

ဦးမြမောင် ဆိုးလှချည့်လား (မှန်ပါ့) ခန္ဓာဒုက္ခသစ္စာကြီးကလဲ ဒါဘဲ၊ ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ တစ်ခါတည်းဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ပြောတာဘဲဗျ၊ အချိန်ရွေးသေးသလား (မရွေးပါ ဘုရား) ကြားရဲ့လား (မကြားပါ ဘုရား)နီးလွန်းလို့ထင်ပါရဲ့ ဟင် ဝေးရင်တော့သွားပြီ၊ ကပ်ပြောတာတောင် ဘယ့်နှယ်နေသတုံး။

ကပ်ပြောတာတောင် မကြားရဘူးဆိုတော့ ဝေးနေရင်ဖြင့်သွားပြီ ဦးစံဖေ (မှန်ပါ့ ဘုရား) မသွားသေးဘူးလား (သွားပါပြီ ဘုရား)။

ဦးဘသန်းကြီး သဘောကျပလား (ကျပါပြီ) ဒါဖြင့်သံသရာရှည်တာ ဘယ်အဖြစ်ရောက်နေသတုံးဆိုတော့ “အသုတဝါ ပုထုဇ္ဇနော”ဖြစ်နေလို့ (မှန်ပ့ါ) အခုမှလက်သည် တွေ့တယ်ကွ (မှန်ပါ့)။

သံသရာရှည်တာ ဘယ့်နှယ်ကြောင့်

သံသရာရှည်တာ ဘယ့်နှယ်ကြောင့် (အသုတဝါ ပုထုဇ္ဇနော ဖြစ်နေလို့ပါ ဘုရား) ခန္ဓာကပြောတာကော (မကြားပါ ဘုရား) ကိလေသာကကော (ပေါများပါတယ် ဘုရား)။

အံမာလေး ဒကာ ဒကာမတွေ တရားဟောချင်စရာတောာင် နည်းနည်းတစ်ကွက်မှ မရှိဘူး (မှန်ပါ့) ခန္ဓာပြောတာတောင် မကြားဘူးဆိုတော့ ဘုန်းကြီးကပါးစပ်ကလေးနဲ့ ထုတ်ပြောနေတာများ ဝေးပါသေးရဲ့ ဟင် (မှန်ပါ့)။

ခန္ဓာက တစ်ခါတည်း ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ ဒုက္ခသစ္စာတွေကတစ်ခါတည်း ရုပ်တွေက လဲပြလိုက်-သေပြလိုက်၊ နာမ်တွေကလဲ လဲပြီး သေပြလိုက်၊ ဦးဘသန်းကြီး မပြဘူးလား (ပြပါတယ် ဘုရား) ကြားရဲ့လား (မကြားပါ ဘုရား)။

အင်း ဘာဖြစ်လို့တုံး အသုတဝါ=အကြားအမြင် မရှိဘဲကိုး၊ ကြားတတ်နဲ့နားမပါဘူးတဲ့ (မှန်ပါ့)ဉာဏ်နားမပါဘူးတဲ့ (မှန်ပါ့)။

ပကတိနားတော့ပါတယ်၊ ဉာဏ်နားမပါဘူးတဲ့ (မှန်ပါ့) အတော်ဆိုးနေပါကလား (ဆိုးပါတယ် ဘုရား) ဟေ့ မောင်ချစ်စိန် လွန်ကုန်ပြီကွ (မှန်ပါ့) မလွန်သေးဘူးလား (လွန်ပါတယ် ဘုရား)။

ဒါဖြင့် သံသရာထဲမှာ သံသရာရှည်နေတဲ့ ပုဂ္ဂိုလ်များ ဘာကြောင့်ပါလိမ့်မတုံးဆိုတော့ “အသုတဝါ ပုထုဇ္ဇနော”ဖြစ်နေလို့ (မှန်ပါ့) ဦးကျော်မောင် ဘယ်လိုကြောင့်ပါလိမ့် (အသုတဝါ ပုထုဇ္ဇနော ဖြစ်နေလို့ပါ ဘုရား) ခန္ဓာက ပြောတာလဲ မကြား၊ ကိလေသာကလဲပေါများ (မှန်ပါ့ ဘုရား)။

ခန္ဓာကပြောတာလဲ (မကြားပါ ဘုရား) ကိလေသာကလဲ (ပေါများပါတယ် ဘုရား) အဲဒါဘာခေါ်ကြမယ် (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) အံမာလေး သေသေချာချာ စဉ်းစားတော့မှ ဦးဘသန်းကြီးရေ ကိုယ့်အဖြစ်က ဆိုးလိုက်တာ (မှန်ပါ့) မောင်သစ် ဘယ့်နှယ်နေသတုံးကွ (ကိုယ့်အဖြစ်ဆိုးပါတယ် ဘုရား) မနည်း ရုန်းခဲ့ရတယ်များ ပြောသေး မင်းတို့က (မှန်ပါ့ ဘုရား)။

မနည်းရုန်းခဲ့တယ်လို့များ ပြောသေးတယ်၊ ဟ ဘာတွေရုန်းခဲ့တာတုံးကွ ပြောစမ်းပါ မင်းတို့အပေါ်လဲ ငါလဲတစ်တုံးမှ မမြင်ပါကလားဆိုတော့ အို အရှင်ဘုရား ကိလေသာက ဘယ်ဟာမှ ဖြတ်လို့မရဘူးဘုရား၊ ပေးစရာရှိတဲ့စီလဲ မျက်နှာပျက်မှာစိုးလို့ ပေးချင်တဲ့ ကိလေသာက ရှိတယ်ဘုရား၊ ရချင်တဲ့အခါလဲ ရတုန်းယူမှ ရတာဘုရာ့၊ ပြီးတော့ အရှည်လဲမျှော်ရသေးတယ်ဆိုတော့ ကိလေသာအရှည်ကြီးက မျှော်လိုက်ရသေးတာကိုး (မှန်ပါ့ ဘုရား)။

ဘာတွေမျှော်နေတာတုံး မောင်သစ်ရ (ကိလေသာတွေမျှော်နေတာပါ ဘုရား) ကိလေသာ အဆက် မပြတ်အောင် ပေးစရာနဲ့ ယူစရာနဲ့ဟာ အဆက်မပြတ် လည်နေအောင် (မှန်ပါ့) ဒါတော့ ကိလေသာ ပေါ-မပေါ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

တစ်ခါပေး ရော့အင့် တော်ရော့ကွာလို့ ဒီက တော်ပလား (မတော်ပါ) မတော်ရင် အဆက်ပြတ်သွား ခက်ချီရဲ့ဆိုပြီးတော့ ဆောင်ပေးရတာက တစ်မျိုး, အပိုပေးရတာကတစ်မျိုး ဟုတ်လား (မှန်ပါ့) ငွေမျှောထားလိုက်တာက (တစ်မျိုးပါ) ဘာဖြစ်တာတွေတုံးကွ ပြောစမ်းပါဦး (ကိလေသာ အဆက်ပြတ်မှာ စိုးလို့ပါ ဘုရား)။

ကိလေသာ အဆက်ပြတ်မှာစိုးလို့ဆိုတော့ ကိလေသာကိုယ်က ပေါလွန်းလို့ (မှန်ပါ့) တင်းမတိမ်နိုင်လို့ လုပ်ရတဲ့အလုပ်တွေဆိုတာ ဦးဘသန်းကြီး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အဲ့ဒီလောက် ခန္ဓာတည်းဟူသော တရားက ဒုက္ခသစ္စာတွေ ဒုက္ခသစ္စာတွေနဲ့ ခန္ဓာကိုယ်ကြီးက ပူပြလိုက်, အိုက်ပြလိုက်, ဖောက်ပြန်ပြလိုက်, ပျက်စီးပြလိုက်, အိုပြလိုက်, နာပြလိုက်, သေပြလိုက်, ကျင်ကြီး-ကျင်ငယ် စွန့်ချင်တယ် လို့ ပြောပြလိုက် ကြားဘူးသလား (မကြားဘူးပါ ဘုရား)။

မကြားဘူးတာ ထုံးစံအလုပ်တွေ

မကြားဘူးတာ ထုံးစံအလုပ်တွေ။ ဒုက္ခသစ္စာ မဟုတ်ဘူး (မှန်ပါ့) ဘယ်လိုဖြစ်နေသတုံး (ထုံးစံအလုပ်တွေပါ) ထုံးစံအလုပ်တွေထဲ သွင်းပစ်လိုက်တယ်၊ ဒုက္ခသစ္စာရယ်လို့ ဉာဏ်ထဲမှာ ထင်သေးရဲ့လား (မထင်မိပါ ဘုရား)။

ဒါဘာဖြစ်နေတာတုံးဆိုတော့ အသုတဝါ (မှန်ပါ့) ဟာ ဖြစ်မှာဘဲ ဦးမြမောင် မောင်ချစ်စိန်ရ အသုတဝါ ဖြစ်မှာဘဲ ပုထုဇ္ဇနောက ကိလေသာက ပေါနေတော့ ဒါတွေဂရုမစိုက်နိုင်ဘူး (မှန်ပ့ါ) ကိလေသာ အလိုသာ လိုက်နေရတယ် (မှန်ပ့ါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သံသရာရှည်ရတာသည် ဘယ်အဖြစ်နဲ့ ကြုံလို့ပါလိမ့်မတုံး (အသုတဝါ ပုထုဇ္ဇနောဖြစ်နေလို့ပါ ဘုရား)။

ကဲ မောင်သစ် လက်သည်တွေ့ပြီ (တွေ့ပါပြီ ဘုရား) လက်သည် သေသေချာချာမိပြီ (မှန်ပ့ါ) လက်သည် သေသေချာချာမိပြီ ဦးဘသန်းကြီး (မှန်ပါ့) ဦးဘသော်တို့ မမိသေးဘူးလား (မိပါပြီ ဘုရား) ခင်ဗျား ဘာဖြစ်နေတာတုံး (အသုတဝါ ပုထုဇ္ဇနော ဖြစ်နေပါတယ် ဘုရား)။

အသုတဝါက ခန္ဓာကဒုက္ခသစ္စာ ပြောငြားသော်လဲ မကြားဘူး (မှန်ပါ့) အသုတဝါဆိုတာက ဘာတဲ့ (ခန္ဓာက ဒုက္ခသစ္စာပြောနေတာ မကြားပါ ဘုရား) မကြားဘူး၊ သုတက ကြားတာ၊ ခန္ဓာကဒုက္ခသစ္စာကိုအချိန်တိုင်းပြောနေတယ်၊ ကြားရဲ့လား (မကြားပါ ဘုရား)။

အသုတ ဝါ ပုထုဇ္ဇနော

အဲ့ဒါ ဘာဆိုကြမယ် (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) အသုတဝါတွင် ဆိုလိုက်ပါဦး (မှန်ပါ့) အသုတဝါတွင် ဆိုလိုက်ပါဦး၊ ကိစ္စတွေက များလွန်းလို့ ဆိုတာက (ပုထုဇ္ဇနောပါ) ပုထုဇ္ဇနော (မှန်ပ့ါ)။

ဘာကိစ္စတုံးမေးတော့ ကိလေသာကိစ္စတွေ (မှန်ပါ့ ကိလေသာကိစ္စတွေပါ ဘုရား) ဘာကိစ္စတုံးမေးတော့ ဦးကျော်မောင် (ကိလေသာကိစ္စတွေပါ ဘုရား)။

ဒါဖြင့် ခန္ဓာကပြောလဲမကြား၊ ဘယ့်နှယ်ကြောင့်တုံး ကိလေသာက ပေါများလို့ (မှန်ပါ့) ကိလေသာကလဲ မှောင်ချတတ်တဲ့ သဘောကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သံသရာရှည်တာသည် ဘယ်ထဲရောက်နေလို့တုံးဆိုတာ ယနေ့ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဘာတဲ့တုံး (အသုတဝါပုထုဇ္ဇနော ဖြစ်နေလို့ပါ ဘုရား)။

နို့ ဘုရားတွေ ဂင်္ဂါဝါဠု သဲစုမက ပွင့်သွားတာတွေ ကျုပ်တို့ကျွတ်တမ်းမပါတာ ဘာကြောင့်တုံးလို့ဆိုတော့ ယနေ့ပေါ်သွားပြီ (မှန်ပါ့)။

ဘာတဲ့တုံး (အသုတဝါ ပုထုဇ္ဇနော ဖြစ်နေလို့ပါ ဘုရား) “အသုတဝါ ပုထုဇ္ဇနော”ဖြစ်နေလို့ (မှန်ပါ့) ကဲ မောင်သစ်ရေနေရာကျပြီ (မှန်ပ့ါ) မောင်ချစ်စိန် နေရာမကျသေးဘူးလား (နေရာကျပါပြီ ဘုရား)။

အခုဒကာ ဒကာမတွေ ဒီလာပြီးသကာလ ကိလေသာအနားယူနေရတာ (မှန်ပါ့) ကိလေသာကိစ္စတွေကို အနားယူနေတာ (မှန်ပါ့)။

ကိလေသာကိစ္စတွေကို အနားယူပြီးသကာလ နေတော့ ဪ ဒီဟာ ပုထုဇ္ဇနော အဖြစ်မှတော့ ခေတ္တလွတ်နေ တာ (မှန်ပါ့)။

သို့သော် ခန္ဓာက ပြောတိုင်း မကြားသေးဘူး (မှန်ပါ့) အသုတဝါ ဖြစ်နေသေးတယ် (မှန်ပါ့) ခန္ဓာကပြောတိုင်း ကြားရဲ့လား (မကြားသေးပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ အလုပ်ဟာက သံသရာအစ “အသုတဝါ ပုထုဇ္ဇနော”က လို့မှတ် (မှန်ပါ့) သံသရာအစ (အသုတဝါ ပုထုဇ္ဇနောက ပါ ဘုရား)။

အဲ့ဒီတော့ ဘုရားတွေက ပွင့်ပြီးသကာလ သုတရှိအောင် ဆိုပြီး တရားစည်ကြီးတွေနဲ့ ရိုက်တီးလိုက်တာ အကနိဋ္ဌဗြဟ္မာ့ပြည်က တောင်ကြားတယ်၊ ကျုပ်တို့ မကြားဘူးဗျ (မှန်ပါ့)။

ခန္ဓာက ပြောတာမှ မကြားဘဲ

ခန္ဓာက ပြောတာမှ မကြားဘဲ၊ တရားစည်ကြီး ဘေးကရိုက်နေတာ ဘယ်ကလာကြားမှာတုံး (မှန်ပါ့) ပေါ်ပလာ (ပေါ်ပါပြီ ဘုရား)။

ခန္ဓာကပြောတာတောင် မကြားပါဘူးဆိုနေမှကွာ ဟင် (မှန်ပ့ါ) ခန္ဓာက အိုပြလိုက်,သေပြလိုက်,၊ သူက သေပြလိုက်,ကိုယ်က မကြားဘူး၊ သူသာသေ, ငါမသေထဲကဘဲ (မှန်ပါ့) တိရစ္ဆာန်ဖြစ်နေတာ (မှန်ပါ့)။

တိရစ္ဆာန်တစ်ကောင် ဟိုနားက အတောင်ကလေး ယက်ယက်ယက်ယက်နဲ့ ငှက်ကလေးတစ်ကောင်က သေတယ်၊ ဟို တိရစ္ဆာန်က အစားမှမပျက်ဘဲကိုး (မှန်ပါ့) ပျက်သလား (မပျက်ပါ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေက ဝေးတဲ့ပုဂ္ဂိုလ်များ သေတဲ့အခါကျလို့ရှိရင် ကိုယ့်မှာ ထမင်းစားများ ပျက်ကြသေး သလား (မပျက်ပါ ဘုရား) အင်း တိရစ္ဆာန်တွေလို ဖြစ်နေတာကိုး (မှန်ပ့ါ)။

မရဏ ဒုက္ခသစ္စာ ဟောငြားသော်လဲ ဪ ဒီမရဏလွတ်အောင် ရုန်းမှဘဲ၊ ကြောက်စရာကြီးပါလား လန့်စရာကြီးပါကလားဆိုပြီး ထမင်းစား, ဟင်းစားများ ပျက်ကြရဲ့လား (မပျက်ပါ ဘုရား)။

အသုတဝါမို့ ကြားမှမကြားဘဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဦးဘသန်းကြီးဘာတဲ့ (အသုတဝါ ဖြစ်နေပါတယ်) ကြားကို မကြားဘူးဗျ၊ သူသာ ဖြစ်တယ်၊ ငါဖြစ်မှာမှ မဟုတ်ဘဲကိုး တဲ့ (မှန်ပ့ါ)။

ကိလေသာက နှိုးဆော်သွားတာနဲ့

တကယ်လို့ နီးစပ်တဲ့ အထဲက ဖြစ်သွားပြန်တော့လဲ အင်း ခဏဘဲ (မှန်ပါ့) အေး ဒါချည့် လုပ်နေလို့ မဖြစ်သေးဘူး၊ စားဖို့, သောက်ဖို့ကလဲ အရေးကြီးသေးတယ်ဆို ကိလေသာက နှိုးဆော်သွားတာနဲ့ အကုန်မေ့ပြန်တာဘဲ (မှန်ပါ့) မမေ့ဘူးလား (မေ့ပါတယ် ဘုရား)။

အဲဒီကတည်းက ကြားတယ်လို့ ဆိုလို့ ရသေးရဲ့လား(ဆိုလို့မရပါ ဘုရား) ဘာထဲဝင်သွားပါလိမ့် (အသုတဝါထဲ ဝင်သွားတယ်ပါတယ် ဘုရား)။

ဦးမြမောင်တို့ အလွန်ဆိုးနေပါပေါ့လား (မှန်ပါ့)နောက် ဟင်္သာတ ဒကာမကြီး အတော်ဆိုးနေတယ်(မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဦးကျော်မောင်ကြီးတို့များ ခေါင်းသာဖြူတယ်၊ အသုတဝါရှိသေးတယ် (ရှိပါတယ် ဘုရား) ဘယ်လောက်များ ဆိုးသလဲ မောင်သစ် (မှန်ပါ့ ဘုရား)။

ခေါင်းသာဖြူနေတယ်ကွ အသုတဝါတဲ့ (မှန်ပါ့) ပုထုဇ္ဇနောဇာတ်သိမ်းပြီလားလို့ မေးတော့လဲ မနည်းရှင်းလင်း ပြီး လာခဲ့ရတယ်ဘုရား ဘယ်လိုလုပ်ရစ်ဟေ့၊ ဘယ်လိုကိုင်ရစ်ဟေ့၊ ဘယ်လိုပြောရစ်ဟေ့၊ ဘယ်သူ့ကို ဘယ်လိုဆိုရစ်ဟေ့ ဆိုပြီးသကာလ ကိလေသာ တန်းလန်းနဲ့ ထွက်ခဲ့ရတာကွ (မှန်ပါ့)။

မောင်သစ် မင်းဈေးကထွက်လာတာ ဘယ်လိုပါလိမ့် (ကိလေသာ တန်းလန်းနဲ့ ထွက်ခဲ့ရပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ဟာ ခန္ဓာကပြောတာ မကြားတာ ဘာဆိုကြမယ် (အသုတဝါပါ ဘုရား) အင်း ကိစ္စတွေတန်းလန်း နဲ့ မပြီးမပြတ်နဲ့ နေရတာက (ပုထုဇ္ဇနောပါ ဘုရား) အခုမှပေါ်ပေတော့တယ်၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ကဲ ဦးမြမောင်ကရှေ့နေဘဲဗျာ လုပ်ပေတော့၊ အသုတဝါနဲ့ပုထုဇ္ဇနော ပေါင်းလိုက်တော့ကို (မှန်ပါ့ နေရာကျပလား ဦးဘသန်းကော (မှန်ပါ့)။

ခန္ဓာကပြောတာ မကြားတာ

အသုတဝါက ခန္ဓာကပြောတာ မကြားတာနော် (မှန်ပါ့) ဘယ်ခန္ဓာကပြောပြော မကြားဘူး၊ ဟိုခန္ဓာတွေက အိုပြလိုက်, နာပြလိုက်, သေပြလိုက်၊ ဘေးခန္ဓာတွေကလေ (မှန်ပါ့) ကိုယ့်ခန္ဓာကလဲ ခဏခဏ ဒုက္ခရောက်တာတွေ ပြောမနေဘူးလား (ပြောနေပါတယ် ဘုရား) ကြားရဲ့လား (မကြားပါ ဘုရား)။

ခက်ပြီ ခက်ပြီဗျ ဦးဘသန်းရ (မှန်ပါ့)မခက်သေးဘူးလား (ခက်ပါပြီ ဘုရား) ဟာ ဘယ့်နှယ်ကြောင့် မကြားပါလိမ့်မတုံးဆိုတော့ ပုထုဇ္ဇနော ဖြစ်နေလို့ပါဘုရာ့ ဟင် (မှန်ပါ့)။

ပုထုဇ္ဇနောဖြစ်နေလို့ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ) နို့ ပုထုဇ္ဇနောဟာ ဘာပေါတာတုံးကွ (ကိလေသာပေါ တာပါ ဘုရား)။

ကိလေသာကိစ္စတွေကပေါလွန်းလို့ ရောင်းပြီးဝယ်ချင်တယ်၊ ဝယ်ပြီးကော (ရောင်းချင်ပါတယ် ဘုရား) ရောင်းပြီး ပြန်တော့ကော (ဝယ်ချင်ပါတယ် ဘုရား)။

ကြောက်စရာကြီးပါလား ခင်ဗျားတို့ဥစ္စာကဟင် ကိလေသာက ရပ်စဲတယ်လို့ ပါရဲ့လား (မပါပါ ဘုရား) ဒါဖြင့် ခန္ဓာကပြောတာ ကြားသေးရဲ့လား (မကြားပါ ဘုရား)။

ခန္ဓာကပြောတာ မကြားခြင်းကြောင့် ကိုယ့်ကိုယ်-ကိုယ် နာမည်ပေးလိုက် ဘာတဲ့တုံး(အသုတဝါပါ ဘုရား)။

ရောင်းပြီးဝယ်ချင်၊ ဝယ်ပြီးရောင်းချင် သားတို့,သမီးတို့,ဆွေတို့,မျိုးတို့အတွက်ကလဲ ပူရဆွေးရ ဝမ်းမြောက်ရတွေ နဲ့ မအားတော့ဘူး၊ ဒါကဘာဆိုမတုံး (ပုထုဇ္ဇနောပါ ဘုရား) ပေါင်းလိုက်တော့ဗျာ (အသုတဝါပုထုဇ္ဇနောပါ) သံသရာရှည်တာသူဘဲ (မှန်ပါ့ ဘုရား)။

”အသုတဝါ ပုထုဇ္ဇနော”နဲ့ဘဲ ကျုပ်တို့ ဘုရားရှင်တွေကတရားစည်ကြီး ရိုက်တီးလိုက်တာဗျာ၊ အောက်များ တစ်ခါတစ်လေဘုရားပွင့်မယ်ဆို အဝီစိငရဲတွေတောင် မီးခဏငြိမ်းတယ် (မှန်ပါ့) လောကန္တရိက်ငရဲကြီးဆိုတာ နေတွေ, လတွေ,အရောင်တွေပေးတာမရောက်ဘူး၊ ဘုရားပွင့်တော်မူမလို့ ဆိုလို့ရှိရင်ဘုရားက နှလုံးသွင်းလိုက်တဲ့အခါ အရောင်တွေ အဲဒီရောက်သွားတယ် (မှန်ပါ့ ဘုရား)။

အကနိဋ္ဌဗြဟ္မာပြည်ကျအောင်လဲ တရားသံများကြားတယ်၊ တရားများဟောလိုက်တဲ့အခါ (မှန်ပါ့) နာလိုတဲ့ပုဂ္ဂိုလ်ရှိရင် ကြားတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ကြားရဲ့လား (မကြားပါ) ဘာဖြစ်လို့တုန်း (အသုတဝါ ဖြစ်နေလို့ပါ) အသုတဝါတဲ့၊ ဘယ်ဘုရားက အဝေးကြီးကနေဟောနေတာ တပည့်တော် ကပ်နေတဲ့ခန္ဓာကဟောတာတောင်ဘုရား မကြားပါဘူး (မှန်ပါ့ ဘုရား)။

ဘယ်နှယ့်တုန်း ဦးဘသော်၊ ကပ်နေတဲ့ခန္ဓာက ဟောတာတောင် (မကြားပါ) ခွဲနေသလား အတူနေရသလား (အတူနေရပါတယ် ဘုရား) အတူတူနေတာမှ မကြားတော့ ခွဲနေတာနဲ့ထူးသေးရဲ့လား (မထူးပါ ဘုရား)။

နိဗ္ဗာန်ဟူသ၍နဲ့ လွဲဖို့ အလုပ်ကို လုပ်နေတယ်

အံမာလေး ကြောက်စရာကြီးပါကလား၊ မောင်သစ် ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ဒီပုဂ္ဂိုလ်ဘာတွေ လုပ်နေ သတုန်းလို့ အသုတဝါ ပုထုဇ္ဇနောသမားကို ဘာတွေလုပ်နေသတုန်းလို့ မေးဖို့မလိုတော့ဘူး၊ နိဗ္ဗာန်ဟူသ၍နဲ့ လွဲဖို့ အလုပ်ကို လုပ်နေတယ်(မှန်ပါ့) ချမ်းသာယူသ၍နဲ့ လွဲဖို့အလုပ်ကို (လုပ်နေပါတယ် ဘုရား)။

ပြီးတော့ခင်ဗျားတို့က မိုးကြိုးပစ်ထန်းလက်ကာ အလုပ်တော့လုပ်သေးတယ် (မှန်ပါ့) မိုးကြိုးပစ် ထန်းလက်ကာ ဆိုတာ ဒီလိုကလေးလုပ်နေလို့ လှူရတာပေါ့ဘုရား တန်းရတာပေါ့ဘုရား ပေးရတာပေါ့ဘုရား (မှန်ပါ့)။

မိုးကြိုးပစ်တော့ (ထန်းလက်ကာ) သစ္စာမသိတဲ့ဉာဏ် (မှန်ပါ့) ဒါန၊သီလနဲ့ သွားပြီးဖုံးနေလိုက်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဘုန်းကြီးပြောတာ စကားမကြီးပါဘူး၊ မိုးကြိုးပစ်တာ ထန်းလက်ကာလို့ လုံပါ့မလား (မလုံပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒါကလေး ဒီလိုဘဲ လျှောက်လွဲဆိုလွဲနဲ့ဒီ့ပြင် ကုန်ကလေးကြောင့် တပည့်တော် ဦးမြမောင်တို့လင်မယားက စားသောက်ပြီး လှူတန်တာလှူ ပေးတန်တာပေးနေရတာဘုရားဆိုတော့ “အသုတဝါ ပုထုဇ္ဇနော်” ဖြစ်နေတာသူမသိဘူး (မှန်ပါ့ ဘုရား)။

ဘာဖြစ်နေသတုံး (အသုတဝါ ပုထုဇ္ဇနော ဖြစ်နေပါတယ် ဘုရား) “အသုတဝါ ပုထုဇ္ဇနော”က နိဗ္ဗာန်ရောက်ဦး မှာလားကွ (မရောက်ပါ ဘုရား)။

ပြီးတော့ဒါကလေးကြောင့် လှူရ,တန်းရ,ပေးရ,ကမ်းရသေးတယ်လို့ ထန်းလက်ကာသေးတယ် (မှန်ပါ့) ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။

ဘာဖြစ်နေတာတုန်း၊ ကိုယ့်ဖြစ်စဉ်ကပြောပါဦး (အသုတဝါ ဖြစ်နေပါတယ်) ခန္ဓာကပြောတာကိုကြားရဲ့လား (မကြားပါ ဘုရား) စိုက်ကြည့်လဲမမြင်၊ တကယ်ပြောလဲမကြား (မကြားပါ ဘုရား)။

လူမဟုတ်ဘူး

ဦးကျော်မောင်ရေ ငါတို့လူမဟုတ်ဘူးသာ ပြောဖို့သာလိုတော့တယ် (မှန်ပါ့) ဘယ်နှယ့်ဆိုကြမလဲ (လူမဟုတ်ဘူးသာ ပြောဖို့လိုပါတယ် ဘုရား)။

ဒါဘုန်းကြီးက ဖော်ပြောလို့ ခင်ဗျားတို့ ဪ “အသုတဝါ ပုထုဇ္ဇနော”ဆိုတာ ဘုရားက ပုမ္ဖဝဂ်မှာ သေသေချာချာဟောတယ် (မှန်ပါ့) မင်းဘယ်လိုဟောနေပေမယ့်ကွာ တဲ့၊ သူ့ခန္ဓာက ဟောတာတောင် သူမကြားပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

မင်းကတရားဟောကောင်းပါတယ်တဲ့၊ ဘုန်းကြီးတို့ကိုဘုရားကပြောပါတယ်၊ သို့သော် မင်းဘယ်လိုအပြောကောင်းကောင်း သူ့ခန္ဓာကပြောတာတွေက လက်တွေ့ကွ၊ အဲဒါကိုမကြားတာကွ (မှန်ပါ့ ဘုရား)။

အံမာလေး ကြောက်စရာကြီးပါကလား၊ ဘယ့်နှယ်ဆိုကြမလဲ ဒကာ ဒကာမတို့ ပြောကြစမ်းပါဦး (ကြောက်စရာကောင်းပါတယ် ဘုရား)။

ဒါလောက်နားပင်းလုပ်နေတာဗျ (မှန်ပါ့) ဦးဘသန်း ဘာလုပ်နေတာတုံး ခင်ဗျားဥစ္စာ (နားပင် လုပ်နေတာပါ ဘုရား) ဝေးဝေးကပြောတာလား နီးနီးကပြောတာလား (နီးနီးပြောတာပါ ဘုရား)။

ဘယ်နှယ့်ကြောင့် မကြားပါလိမ့်မတုံးဆိုလို့ရှိတဲ့အခါ ကျလို့ရှိရင်ဖြင့် သူတော်ကောင်းနားကို ကပ်ခွင့်မရလို့ဟေ့ (မှန်ပါ့) “အရိယာနံ အဒဿစီ”အရိယာတို့ကို မမြင်ကြဘူးတဲ့၊ “အရိယဓမ္မဿ အကောဝိဒေါ” အရိယာတို့ဟောမည့် တရားကိုအနားလဲမလာတော့ မကြားရရှာဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အရိယာတို့က လက်ညှိုးညွှန်ပြောမှ သူ့ခန္ဓာကိုသူဉာဏ်နဲ့ကြည့်ရမှာကိုး (မှန်ပါ့) အဲဒီအရိယာနားကို မကပ်နိုင်တော့ သူ”အသုတဝါ ပုထုဇ္ဇနော”ဖြစ်နေတာဘဲ (မှန်လှပါ ဘုရား)။

အရိယာဆိုတာက တကယ့်ဘုရား, အရိယာကို ဆိုတာမဟုတ်ဘူး၊ သစ္စာကိုပြောနိုင်တဲ့ဆရာသမားနား ကပ်နိုင်မှ ကိုယ့်ခန္ဓာကပြောတာ ကိုယ်ကြားမယ် (မှန်ပါ့)။

ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် မောင်သစ်တို့ဈေးချိုတစ်ချိုလုံးမှာ တစ်နေ့လုံးအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေ ဘာပုဂ္ဂိုလ်တွေတုန်းသာ ဆုံးဖြတ်ချက်ချစမ်းကွာ (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား)။

နွားတွေနဲ့လယ်တွေထွန်ပြီး ဟဲ့ ဟဲ့နဲ့ ကုန်သည်တွေ မီးရထားတွဲချိတ်ပြီး တင်နေကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ့်နှယ်ဆိုမတုန်းကွ (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

အသုတဝါလဲ ထည့်လိုက်တယ်၊ ခန္ဓာကလဲ ဒီကြားထဲမောလှချီရဲ့ ညောင်းလှချီရဲ့ ကိုက်လှချီရဲ့ ချက်ချင်းဘဲ အိုပြလိုက်တယ် ချက်ချင်း ဗိုင်းကနဲလဲပြလိုက်တယ်၊ မောလွန်းလို့ချက်ချင်းဘဲ အစားထိုးပါဆိုတာပြောနေတယ်၊ မပြောဘူးလား (ပြောပါတယ် ဘုရား) ဒုက္ခသစ္စာပါလို့ ခန္ဓာကမပြောဘူးလား (ပြောပါတယ် ဘုရား) ကြားရဲ့လား (မကြားပါ ဘုရား) ဝေးဝေးကလား နီးနီးကလား (နီးနီးကပါ ဘုရား)။

သုတဝါ အရိယသာဝကော

ဟာ ခက်ပြီကော (မှန်ပါ့)ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဘုရားတရားဟောတဲ့အခါ ဘယ်လိုပုဂ္ဂိုလ်ကြားတယ်ဆိုတာ ငါရှင်းပြမယ်ကွတဲ့ သုတဝါအရိယသာဝကောကျတော့ ငါဘုရားက တောင်ကျွန်းကနေပြီးဟောတာ မြောက်ကျွန်းကကြားတယ် (မှန်ပါ့) သုတဝါအရိယသာဝကောကျတော့ကြားတယ် (မှန်ပါ့)။

”အသုတဝါ ပုထုဇ္ဇနော”ကျတော့ ငါဘုရား၏ခြေရင်းဝပ်နေကွ မကြားဘူးတဲ့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေ ဘုရားအဆူဆူနဲ့ လွဲခဲ့တဲ့လက်သည်အရင်းကျကျရှာတော့ “အသုတဝါ ပုထုဇ္ဇနော”ဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာတွေတွေ့ကြသလဲ (အသုတဝါ ပုထုဇ္ဇနော တွေ့ကြပါတယ် ဘုရား) “အသုတဝါ ပုထုဇ္ဇနော”ဆိုတာက အကြားအမြင်မရှိဘူးတဲ့၊ ဘုရားလဲမမြင်ဘူး၊ ဘုရားဟောတာလဲ မကြားတာဘာဆိုကြမယ် (အသုတဝါ ပုထုဇ္ဇနောပါ) ခန္ဓာလဲမမြင်ဘူး၊ ခန္ဓာပြောတာလဲ မကြားဘူး၊ ဘာဆိုကြမတုန်း (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား)။

ဘယ့်နှယ်ကြောင့် “အသုတဝါ ပုထုဇ္ဇနော”ဆိုတဲ့နာမည်ကြီးဟာ ခင်ဗျားတို့ နာမည်ဆိုးကြီး ရထားပါလိမ့်မတုန်း ဆိုတော့ အသုတဝါ ဆိုတဲ့အပေါ်မှာ ပုထုဇ္ဇနောကတက်လာလို့ (မှန်ပါ့)။

ပုထုဇ္ဇနောက ဘယ်လိုတက်သတုန်း ကိလေသာ ကိစ္စတွေ့မအားဘူးဘုရား (မှန်လှပါ)။

ဦးဘသန်း ဘာကိစ္စတွေလဲ (ကိလေသာ ကိစ္စတွေပါ ဘုရား) ဆန်မရှိတာလဲ ကိလေသာ၏ ကိစ္စဘဲ၊ ဆားမရှိတာလဲ (ကိလေသာ၏ ကိစ္စပါ ဘုရား) သားတွေ သမီးတွေနဲ့ မခွဲချင်တာလဲ (ကိလေသာ၏ ကိစ္စပါ ဘုရား) သားတွေ သမီးတွေရှိလို့ ဘာသံမှမကြားလို့ ကြားချင်တာကော (ကိလေသာကိစ္စပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

အင်း ဒီကနေ မျှော်တွေးပြီး စိတ်မချစရာကလေးတွေကော ဘယ်သူ့ကိစ္စပါလိမ့် (ကိလေသာကိစ္စပါ ဘုရား)။

သွားပြီ ဒါတွေက ဘယ်နှယ့်ဆိုကြမတုန်း တဲ့ အသုတဝါနားကလဲပင်း၊ ကိလေသာခိုင်းလိုလဲမအား (မှန်ပါ့) နားကလဲပင်း၊ ကိလေသာခိုင်းလို့ကလဲ (မအားပါ ဘုရား)။

နားကလဲ ပင်းတယ်

မောင်သစ်တို့နားကလဲ (ပင်းပါတယ် ဘုရား) ပင်းတယ်၊ မျက်လုံးကကော (ကန်းပါတယ် ဘုရား) ကိလေသာ ကိစ္စကကော (မအားပါ ဘုရား) ကိလေသာကိစ္စကပေါတယ် (မှန်ပါ့)။

မျက်လုံးကန်း၊ နားပင်း၊ ကိလေသာကိစ္စပေါတာ “အသုတဝါပုထုဇ္ဇနော”ပေါ်ပလား (ပေါ်ပါပြီ) မျက်လုံးကန်း, နားပင်း ကိလေသာပေါတာကို ဘာခေါ်မတုန်း (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) အရင် ဒီလောက် မချဲ့ပါဘူးကွဲ့ မောင်ချစ်စိန်ရဲ့ (မှန်ပါ့) အခုတော့ တရားက မင်းတို့ကနည်းနည်းကလေး အရေးကြီးကြီး ကြီးကြီးလာတော့ သေခါနီးတွေ ဖြစ်လာတော့ ဒီတရားချဲ့ပေးနေတာ (မှန်ပါ့ ဘုရား)။

မျက်လုံးကလဲ ဘာတုန်း(ကန်းနေပါတယ် ဘုရား) ကန်းတယ်တဲ့၊ ခန္ဓာကိုယ်ဖြစ်ပျက်တွေကို မျက်လုံးကမမြင်ဘူး နော် (မှန်ပါ့) ခန္ဓာကိုယ်ဖြစ်ပျက်တွေကို တရားဟောငြားသော်လဲခဏဘဲ ကြားသယောင်ယောင်နဲ့ ဉာဏ်နားနဲ့မကြားဘဲ နဲ့ ပကတိနားနဲ့သာ ကြားသွားတယ် (မှန်ပါ့ ဘုရား)။

အဲ့ဒီလို အကြားအမြင်မရှိတော့ကို အသုတဝါဖြစ်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ) ဟာ ဖြစ်လဲ ဖြစ်ပေမှာဘဲဟေ့ မင်းတို့ဖြစ်စဉ်က ကိလေသာကိစ္စကလဲ နည်းတဲ့ကိစ္စမဟုတ်ဘူးကွ မိုးလင်းကတည်းက ကိလေသာခိုင်းသ၍ လုပ်နေရတဲ့ဥစ္စာ အိပ်ရာဝင်တာတောင် ကိလေသာ အကြွေးခိုင်းတုန်းရှိသေးတယ် (မှန်ပါ့) ဒါကော ဘာခေါ်ကြမလဲ (ပုထုဇ္ဇနောပါ ဘုရား) ဒါဖြင့်နာမည်ပေါင်းကြစို့၊ ခင်ဗျားတို့နာမည်ဘာတုန်း ဦးကျော်မောင်မဟုတ်ဘူး (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဦးမြမောင်တော့ မဟုတ်ပါဘူး (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) ဘာဖြစ်လို့တုန်း မျက်လုံးကန်း နားပင်း ကိလေသာပေါကိုး (မှန်ပါ့)။

မျက်လုံးကန်း, နားပင်း, ကိလေသသာပေါ

နောက်ကဒကာ ဒကာမတွေကို ဘယ့်နှယ်ဆိုကြမှာတုန်း (မျက်လုံးကန်း, နားပင်း, ကိလေသသာပေါပါ) တကယ့် ဆိုင်းဘုတ်ကြီးရထားတာဘဲ (မှန်ပါ့ ဘုရား)။

အေးဦးဘသန်းကြီး ရိပ်မိပလား (ရိပ်မိပါပြီ)အသံညက်ညက်နဲ့ လုပ်မနေနဲ့ သေတော့မယ်၊ မြန်မြန်လုပ်မှရမယ် (မှန်ပါ့) “သုတဝါ အရိယသာဝကော” ဖြစ်အောင်လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)ဟုတ်လား “သုတဝါ အရိယသာဝကော” ဖြစ်အောင်လုပ်ရမှာ (မှန်ပါ့ ဘုရား)။

”အသုတဝါ ပုထုဇ္ဇနော” ကို “အသုတဝါအရိယသာဝကော”ဖြစ်အောင်လုပ်ရမှာ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် (သုတဝါအရိယသာဝကော ဖြစ်အောင် လုပ်ရမှာပါ ဘုရား) ဗြောင်းပြန်ကိုလှည့်ရမှာ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုန်း (သုတဝါအရိယသာဝကော ဖြစ်အောင်လုပ်မှာပါ ဘုရား) ဦးမြမောင်ခင်ဗျား အတော်ပြင်ရဦးမှာပါ ကလား (မှန်ပါ့) ဦးဘသန်းကြီးကော (ပြင်ရမှာပါ) ဗြောင်းပြန်ပြင်ရမှာ နည်းနည်းပြင်ရမှာမဟုတ်ဘူးသူ့ဟာက (မှန်ပါ့ ဘုရား)။

အေးဦးဘသော်ကြီး ဘယ်လိုတဲ့တုန်း (သုတဝါအရိယသာဝကောဖြစ်အောင် ပြင်ရမှာပါ ဘုရား) အံမာလေး ဦးကျော်မောင်ဘယ်တော့ကမှလဲ ဒီဆိုင်းဘုတ်ကမရဖူးဘူး (မှန်ပါ့ ဘုရား)။

ဂင်္ဂါဝါဠုသဲစုမကပွင့်သွားတဲ့ ဘုရားတွေ ကျုပ်တို့လွဲရတာဘာဖြစ်လို့ပါလိမ့်မတုန်းဆိုရင် မောင်သစ်ကိုယ့် ဆိုင်းဘုတ်ကိုယ်ကြည့်လိုက် (မှန်ပါ့) ဘာတဲ့တုန်း (အသုတဝါပုထုဇ္ဇနောဖြစ်နေလို့ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်နေ

အဲဒီတော့ မင်းတို့ချည်းတော့ မြှောက်နေကြတာပေါ့ကွာ၊ ခင်ဗျားကံကောင်းတယ်၊ ခင်ဗျားကစီးပွားဥစ္စာရတနာ အကြောင်းညီညွတ်လို့ သားနဲ့သမီးနဲ့ တဲ့၊ နှုတ်ခမ်းပဲ့ချင်းမီးမှုတ်နေသေးတယ်၊ အပြီးသတ်တော့ ဆိုင်းဘုတ်ကအတူတူ (မှန်ပါ့ ဘုရား)။

အခုဒီမှာရှိနေတဲ့ ပုဂ္ဂိုလ်ကလဲဘာတုန်း (အသုတဝါပုထုဇ္ဇနောပါ) ဒီမှာမရှိတဲ့ပုဂ္ဂိုလ်ကကော (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား)။

မင်းတို့ချင်း မြှောက်ပြီးသကာလ အံမာလေး သူ့မှီလိုက်ဦးမယ်၊ ငါ့မှီလိုက်ဦးမယ်နဲ့များ လုပ်နေသေးတယ်၊ မျက်လုံးကန်းချင်း (မှန်ပါ့ ဘုရား)။

မျက်လုံးကန်းချင်း နားပင်းချင်း ကိလေသာပေါတဲ့လူချင်းများ တစ်ခါတည်းတစ်ယောက်တစ်ယောက် ဂုဏ်ယူပြီးသကာလ ဆိုင်းဘုတ်များ ဆွဲနေလိုက်သေးတယ် (မှန်ပါ့) ဆွဲစရာလား (ဆွဲစရာမဟုတ်ပါ ဘုရား) တစ်တန်းတည်း မဟုတ်လား (တစ်တန်းတည်းပါ ဘုရား)။

ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေပွင့်သွားတာ ဘယ်သူကြားလို့ ဘယ်သူမြင်လို့ ဘယ်သူကိလေသာ ချုပ်ငြိမ်းလို့ဘယ်သူချမ်းသာသွားပြီလို့ ဒီထဲလူတွေပါပါ့မလား (မပါပါ ဘုရား)။

ဒါဖြင့်တစ်ယောက် တစ်ယောက်ချီးမွန်းပြောဆိုနေကြတာက နှုတ်ခမ်းပဲ့ချင်းမီးမှုတ် မျက်လုံးကန်းချင်း တောင်းဝှေးဆွဲ (မှန်ပါ့) နာစရာလား ခင်ဗျားတို့ဟုတ်တာလား မှန်တာလား စဉ်းစားပါဦး (ဟုတ်တာမှန်တာပါ ဘုရား) ဟုတ်တာ မှန်တာပြောနေတယ်၊ ဘယ်သူက တော်တယ်၊ ဘယ်သူက သဒ္ဓါတရားကောင်းတယ်၊ ဘယ်သူကဖြင့်စေတနာနဲ့ ဝတ္ထုပစ္စည်းနဲ့တယ်အကြောင်းညီညွတ်တယ်၊ ဘာဟုတ်မလဲ (မှန်ပါ့) ခန္ဓာကပြောတာမကြားသေးရင် ဘာဆိုမလဲ (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) အလုပ်တွေမအားသေးလို့ မဖြတ်သေးရင် (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) ပေါ်ပါလား (ပေါ်ပါပြီ)။

ဒါဖြင့်ခင်ဗျားတို့ ယနေ့ခင်ဗျားတို့ဆိုင်းဘုတ် အကုန်ပြင်မှရမယ် (မှန်ပါ့) ဘယ်လိုပြင်ရမယ် (သုတဝါ အရိယသာဝကောပါ ဘုရား)။

အံမာလေး ဒီနှစ်လုံးရှိသေးတယ်ကွ (မှန်ပါ့) ဒီနှစ်လုံးကလဲ သေးသေးကွေးကွေးလား မောင်သစ် ကြီးကြီးကျယ်ကျယ်လား ကဲ (ကြီးကြီးကျယ်ကျယ်ပါ ဘုရား) ပုံမှားက သာမညမှားတာလား အရိုးတောင်လိုပုံအောင် မှာတာလား (အရိုးတောင်လိုပုံအောင် မှားတာပါ ဘုရား)။

ကိုယ်ကျိုးနည်းချက် ပြင်းထန်လှချည့်လား

ဒီတရားမျိုးနာရမှ ခင်ဗျားတို့ ဪ ကိုယ်ကျိုးနည်းချက် ပြင်းထန်လှချည့်လား (မှန်ပါ့)။

ကိုယ်ကျိုးနည်းချက်ဘယ်နှယ့်တုံး (ပြင်းထန်လှချည့်လား) ဒါကြောင့် အခုဘဝမှာ ဘယ်သူတော်တယ်၊ ဘယ်ဝါတော်တယ်လို့ မချီးမွမ်းပါနဲ့ဦး (မှန်ပါ့) မချီးမွမ်းပါနဲ့ဦးတဲ့၊ ဘုရားအဆူဆူ လွဲခဲ့တာချင်းအတူတူဘဲ (မှန်ပါ့) တူတယ်ဆိုကတည်းက ဆိုင်းဘုတ်တစ်ပြေးတည်း (မှန်ပါ့)။

တစ်ပြေးတည်းက ဘာပါလိမ့် (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) “အသုတဝါ ပုထုဇ္ဇနော”တွင် ရှိသေးတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ကိုတဲ့ မင်းတို့ဥစ္စာကွာ တဲ့ ငါ “အသုတဝါပုထုဇ္ဇနော”ကို ပြောရမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ “သုတဝါအရိယာသာဝကော”ဖြစ်အောင် ငါကိုယ်တိုင် ပြင်ပေးရမှာဘဲ၊ သာမညပြင်လို့တော့မရဘူးတဲ့၊ မင်းတို့က အမှားသက်က ရှည်ခဲ့ပြီတဲ့ (မှန်ပါ့)။

ဘယ်ဘုရားပွင့်လဲ ကျုပ်တို့ “အသုတဝါပုထုဇ္ဇနော”အဖြစ်နဲ့ နေရစ်ခဲ့တာဘဲ (မှန်ပါ့)။

ဘုရားပေါင်း ဘယ်လောက်တုန်းဆိုတော့ (မရေတွက်နိုင်ပါ ဘုရား) ဂင်္ဂါသဲမှုန့်အမျှ (မှန်ပါ့)ဘာနဲ့ နေရစ်ကြသတုန်းမေးတော့ (အသုတဝါ ပုထုဇ္ဇနောနဲ့ နေရစ်ပါတယ် ဘုရား) အို မျက်ရည်ကျဖို့ကောင်းတယ် (မှန်ပါ့)။

မှားချက် ပြင်းထန်လိုက်တာ၊ထူချက် ပြင်းထန်လိုက်တာ၊ ကန်းချက်ပြင်းထန်လိုက်တာနော် (မှန်ပါ့) ကိလေသာ ပေါများမှုလဲကြီးကျယ်လိုက်တာ (မှန်ပါ့ ဘုရား) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သံသရာအစ “အသုတဝါပုထုဇ္ဇနော”က

ဘာဖြစ်နေလို့တဲ့တုန်း (အသုတဝါ ပုထုဇ္ဇနောဖြစ်နေလို့ပါ) ဒါဖြင့်သံသရာအစ “အသုတဝါပုထုဇ္ဇနော”ကမှတ် (မှန်ပါ့) ပေါ်ပလားကွ (ပေါ်ပါပြီ) သံသရာအစ ဘာတဲ့ (အသုတဝါ ပုထုဇ္ဇနောကပါ ဘုရား) ဒီနေ့တရား တော်တော်ပေါ်လာပြီ ခင်ဗျားတို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ဘယ်အခြေအနေရောက်မှ ခင်ဗျားတို့ ဘုရားသံ တရားသံကလေးများ ကူးစက်လာမတုန်း လို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) ‘သုတဝါ အရိယသာဝကော’ဖြစ်မှ တော်တော့မယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သုတဝါ (အရိယသာဝကော ဖြစ်မှပါ ဘုရား) အဲ ‘သုတဝါအရိယသာဝကော’ဖြစ်မှ တော်တော့မယ် (မှန်ပါ့)။

ကောင်းပြီ ‘သုတဝါ အရိယသာဝကော’ဖြစ်လို့၊ ဒါ အရိယာ၏ သာဝကော ဖြစ်သေးတာနော် (မှန်ပါ့) တကယ့်နိဗ္ဗာန်ရောက်သေးတာ မဟုတ်သေးဘူး (မှန်ပါ့) ‘သုတဝါ အရိယသာဝကော’ ဖြစ်ပြီးတော့မှ ကျင့်ရ-ကြံရမှ ရောက်မှာကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့အကြောင်းတွေကို ခင်ဗျားတို့ဘုန်းကြီးစီမှာ လာပြောပြော တပည့်တော်ဖြင့်ဘုရား ပြန်ပါရစေဦးဘုရား၊ ဥပမာ ခင်ဗျားတို့ လျှောက်ချင်လဲ လျှောက်မပေါ့ဗျာ (မှန်ပါ့) လျှောက်မည့်လူချည့်ပေါ့ဗျာ (မှန်ပါ့)ဘုရား။

ဟ ဘာကြောင့်တုန်းလို့မေးဖို့ သိပ်မလိုတော့ဘူး (မှန်ပါ့) လိုသေးသလား ဟင်္သာတက ဒကာမကြီး (မလိုပါ) ပုထုဇ္ဇနောဘုရား၊ ဒါကလေးနဲ့သာပြန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပုထုဇ္ဇနောဘုရားဆိုပြီးတော့ ပြန်တာပေါ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)ဘယ်လိုဆုံးဖြတ်မတုန်း (ပုထုဇ္ဇနောပါ ဘုရား)။

ပုထုဇ္ဇနောဘုရားလို့ဆိုတော့ အင်း ကိုယ့်ဟာကိုယ်ဗျာဒိတ်ပေးပြီး တပည့်တော်ဟာ တပည့်တော် သံသရာရှည်တော့မယ်ဘုရာ့ (မှန်ပါ့) တပည့်တော်ဟာ တပည့်တော်နဲ့ ဂျွမ်းထိုးမှောက်ခုံ ဘုရားအဆူဆူနဲ့ လွဲတဲ့အလုပ် လုပ်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်ကျမကျ (ကျပါတယ် ဘုရား)။

ကဲ မောင်သစ် ပေါ်ပလားကွ (ပေါ်ပါပြီ) နောက်ပြီးဒီမှာ သုတဝါကလေးဖြစ်နေတာကိုလဲ အသုတဝါအဖြစ်နဲ့ အမှုထမ်းချေဦးမယ်ဆိုတဲ့ အဓိပ္ပါယ်ကော (ရောက်ပါတယ်) မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒါခင်ဗျားတို့ကို အင်မတန်ကရုဏာကြီးနဲ့ ပြောလို့အဓိပ္ပါယ်ပေါ်လာတာ (မှန်လှပါ ဘုရား) မောင်ချစ်စိန် နို့ မဟုတ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ကဲ ဒါဖြင့်ပြင်ကြစို့တဲ့၊ ပြင်တော့ ဘယ်အခြေအနေရောက်အောင် ပြင်မှာတုန်းဆိုတာကိုလဲတဲ့ ဦးမြမောင် ရွတ်လိုက်စမ်း ဘာတဲ့တုန်း (သုတဝါ အရိယသာဝကောပါ ဘုရား)။

သုတဝါ အရိယသာဝကော ပြင်ရပါမယ်

ဒါပြင်ရမယ် (မှန်ပါ့) ပြင်ပုံကလေးကော သဘောကျပလား (ကျပါပြီ) ဘယ်လိုပြင်ရမလဲ (သုတဝါ အရိယသာဝကော ပြင်ရပါမယ်) နဂိုရ်ကဘာတွေမို့လဲ (အသုတဝါ ပုထုဇ္ဇနောဖြစ်နေလို့ပါ ဘုရား)။

အဲ့ဒီတော့ သာမညဆရာသမားနဲ့ တွေ့တော့ မင်းတို့လူဖြစ်လို့ကွာ ဆရာကောင်း သမားကောင်းနဲ့တွေ့လို့ မင်းတို့တော့နိဗ္ဗာန်နဲ့နီးပါပြီတဲ့ (မှန်ပါ့ ဘုရား)။

ဘယ်နီးလိမ့်ဦးမတုန်း ဦးဘသန်းရ (မှန်ပါ့) ပြင်ပြီးတော့မှနီးရမှာ (မှန်ပါ့) မပြင်ခင်နီးနေလို့ (မဖြစ်နိုင်ပါ ဘုရား)။

ဘုရားနဲ့နီးတာတွေဟာ ပြည့်လို့ပေါ့နော် (မှန်ပါ့) နီးပေမယ့်နိဗ္ဗာန်ရကြရဲ့လား (မရပါ) အဲဒီအနီးမျိုးက အလကားဘဲ (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား)။

အဇာတသတ်တို့ ဘုရားနဲ့မနီးဘူးလား (နီးပါတယ်) နီးပေမယ့်လဲ လောဟကုမ္ဘီငရဲကျတာဘဲ (မှန်လှပါ) မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒါ ဘာလို့သွားသတုံးဆိုတော့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) “သုတဝါအရိယာသာဝကော” မဖြစ်လိုက်ဘူးကွ (မှန်ပါ့) သုတဝါ (အရိယသာဝကော မဖြစ်လိုက်ပါ ဘုရား)။

ဒါဖြင့် ဘုရားနဲ့နီးဖို့မနီးဖို့က လိုရင်းလား “အသုတဝါ ပုထုဇ္ဇနော”က သုတဝါအရိယသာဝကောဖြစ်ဖို့ လိုရင်းလား (အသုတဝါပုထုဇ္ဇနောက သုတဝါ အရိယသာဝကော ဖြစ်ဖို့လိုရင်းပါ ဘုရား) “သုတဝါ အရိယသာဝကော ဖြစ်ဖို့ကလိုရင်း (မှန်လှပါ ဘုရား)။

ဥပကကြီးဘုရားနဲ့ အရင်တွေ့တယ်

ဥပကကြီးဘုရားနဲ့ အရင်တွေ့တယ်မဟုတ်လား (တွေ့ပါတယ် ဘုရား) “အသုတဝါပုထုဇ္ဇနော”ဖြစ်နေတော့ ဟုတ်ပေရဲ့ဆိုပြီး သွားပြန်တာဘဲ (မှန်ပါ့)ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

”သုတဝါအရိယသာဝကော”ဆိုတော့ ဒကာ ဒကာမတို့ ပဉ္စဝဂ္ဂီတွေကျတော့ ဘုရားလဲရောက်ပါရော၊ ရောက်ပြီးကျွတ်တယ်၊ သူတို့ကျတော့ ဘယ့်နှယ်နေသလဲ (သုတဝါ အရိယသာဝကော ဖြစ်လို့ပါ ဘုရား)။

ဥပကကြီးတို့ကျတော့ ပဉ္စဝဂ္ဂီထက်အရင်တွေ့တယ် သူ့ကျတော့ ဘယ့်နှယ်ဖြစ်နေသလဲ (အသုတဝါ ပုထုဇ္ဇနောဖြစ်နေပါတယ် ဘုရား)။

အဲ့ဒီတော့ ခင်ဗျားတို့က မေတ္တယျဘုရားမျှော်နေပေမယ့်တွေ့ပေမယ့် အလားဘဲ (မှန်ပါ့ ဘုရား) ဒီကပို အရေးကြီးတာက “သုတဝါ အရိယသာဝကော”က ပိုအရေးကြီးတယ် (မှန်ပါ့ ဘုရား) “သုတဝါအရိယသာဝကော”ဆိုရင် မေတ္တယျ မစောင့်နဲ့၊ ဒီဘဝရမယ် (မှန်ပါ့) ဒီဘဝမရ၊ နောက်ဘဝရမယ် (မှန်ပါ့)မသေချာဘူးလား (သေချာပါတယ် ဘုရား) မနီးဘူးလား (နီးပါတယ် ဘုရား)။

ဒါဖြင့် ဘုရားနဲ့တွေ့မှုမတွေ့မှုထက် “သုတဝါ အရိယသာဝကော”ဖြစ်ဖို့ မောင်သစ်ပိုအရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုန်း (သုတဝါ အရိယသသာဝကောဖြစ်ဖို့က ပိုအရေးကြီးပါတယ် ဘုရား) ဘုရားနဲ့တွေ့မှုမတွေ့မှုက (အရေးမကြီးပါ ဘုရား)။

သုတဝါက ဘာကိုသိရမှာတုန်း (သစ္စာကိုသိရပါမယ် ဘုရား) အရိယသာဝကောဆိုတာက အရိယာတို့၏တပည့် ဖြစ်လို့ရှိရင်ဖြင့် ကိလေသာပါးရမယ် (မှန်ပါ့)။

ဒါဖြင့် သစ္စာသိပြီး ကိလေသာပါးလို့ရှိရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရမယ် (မှန်ပါ့) သစ္စာသိပြီး ကိလေသာပါးခဲ့ရင် (မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပါတယ် ဘုရား) မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ငါကွာတဲ့ မင်းတို့ကို တရားတစ်ခုဟောပါရစေတဲ့ မင်းတို့”သုတဝါ အရိယသာဝကော”ဖြစ်အောင် ငါပြောပါ့ မယ်တဲ့ သံယုတ်ပါဠိတော်မှာ (မှန်ပါ့)။

မင်းတို့ကိုဒီအတိုင်းသာ ငါသည်ကားလို့ဆိုရင် ရင်ဝယ်သားကဲ့သို့ သနားတယ်ဆိုပြီး သနားရုံကလေးနဲ့တော့ ဘာမှမဖြစ်ဘူးကွတဲ့၊ သုတဝါ ငါကြားအောင် ပြောဦးမယ် (မှန်ပါ့) ကြားအောင်ပြောတော့မှ ဟုတ်ပါလားဆိုတာ လိုက်လာမှ သူတို့က အရိယသာဝကဖြစ်မှာ (မှန်ပါ့)။

ဘုရားက ကြားအောင်ကို ပြောရဦးမှာ၊ ပြီးတော့မှ ဘာဖြစ်လာမလဲ (အရိယသာဝက ဖြစ်လာပါမယ် ဘုရား) ပြီးတော့မှ အရိယသာဝက ဖြစ်မယ်။

ဒါဖြင့်သုတဝါဖြစ်အောင် ငါလုပ်ပါရစေဦးဆိုတော့ သုတဝါဖြစ်အောင်လို့ တရားဟောတာ (မှန်ပါ့) ပေါ်ကြမလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် တရားဟောတာပါလိမ့် (သုတဝါဖြစ်အောင်လို့ တရားဟောတာပါ ဘုရား)။

သုတဝါဖြစ်အောင်လို့ တရားဟောတော့ ဟောတဲ့အတိုင်းလိုက်နာတဲ့ ပုဂ္ဂိုလ်ကျတော့ ဘာလာဖြစ်သတုန်း (သုတဝါအရိယသာဝက လာဖြစ်ပါတယ် ဘုရား) အရိယသာဝက လာဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး စာကနည်းနည်း၊ ဘုန်းကြီးကများများလို့ ခင်ဗျားတို့က အောက်မေ့မနေနဲ့၊ အတော်အရေးကြီးတာ (မှန်ပါ့ ဘုရား) မကြီးဘူးလား ကြီးသလား (ကြီးပါတယ် ဘုရား)။

ချဲ့လိုက်တော့ နည်းသလား

အင်မတန်အရေးကြီးတယ်ဆိုတာ ပေါ်ပါပြီတဲ့၊ စာကတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတော့ “သုတဝါအရိယသာဝကော၊ အသုတဝါ ပုထုဇ္ဇနော”ဒါဘဲဟောမှာပေါ့၊ သို့သော်ချဲ့လိုက်တော့ နည်းသလား (မနည်းပါ ဘုရား)။

မနည်းဘူး၊ ကဲ ယနေ့ပြင်ကြပါစို့တဲ့၊ ဦးမြမောင် ဘာပြင်ပေးမှာပါလိမ့် (သုတဝါ အရိယသာဝကောဖြစ်အောင် ပြင်ပေးမှာပါ ဘုရား)။

အဲ ‘သုတဝါ အရိယသာဝကော’ထိအောင် ပြင်ပေးတော့ကိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့စာအုပ်တွေ ဖြဲကြည့် ကြည့်ပါမြင်ရပါတယ် (မြင်ရပါတယ် ဘုရား)။

ငါမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး မျက်လုံဖွင့်ပေးမယ်ကွ၊ နားကြားအောင်လုပ်ပေးမယ်ကွ ဆိုတော့ မင်းတို့သည် အတိတ်ဘဝက ကိလေသာ ထူပြောတယ် မထူပြောတယ်၊သုတဝါ မရှိတယ် ရှိတယ်ဆိုတော့ မင်းတို့ အတိတ်ဘဝက အဝိဇ္ဇာနဲ့နေခဲ့တယ်(မှန်ပါ့)။

အဝိဇ္ဇာနဲ့နေခဲ့တယ်ဆိုကတည်းကိုက ဦးမြမောင်တို့ စဉ်းစား ဦးဘသန်းတို့ စဉ်းစား အဝိဇ္ဇာနဲ့နေခဲ့တယ် ဆိုကတည်းကိုက ဘယ်လိုပြောပြော မကြားဘူး၊ မကြားတဲ့ဘဝရောက်နေတယ် (မှန်ပါ့) အသုတဝါဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

ကိုယ့်ဟာ ကိုယ်ဘဲ အတိတ်ဘဝက အဝိဇ္ဇာနဲ့နေခဲ့တယ်လို့သိရဲ့လား (မသိပါ ဘုရား) ကြားဖူးနားဝမရှိတော့ မသိဘူးတဲ့၊ ယခုတော့ဖြင့်နောက်ဘဝက ဦးမြမောင်တို့ ဦးကျော်မောင်တို့ ခင်ဗျားတို့သစ္စာလေးပါး မသိတာနဲ့ နေခဲ့တယ် (မှန်ပါ့) အဝိဇ္ဇာနဲ့နေခဲ့တာယ် (မှန်ပါ့) ဘာနဲ့နေခဲ့သတုန်း (အဝိဇ္ဇာနဲ့နေခဲ့ပါတယ် ဘုရား) ကဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နောက်ဘဝက ဘာများဖြစ်ခဲ့ပါလိမ့်

ဒါပြောမှ သိတာ၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ငါနောက်ဘဝက ဘာများဖြစ်ခဲ့ပါလိမ့်မတုန်း လာချင်လာနေမှာ (မှန်ပါ့)။

နောက်ဘဝက (ဘာများဖြစ်ခဲ့ပါလိမ့်လာချင်လာမှာပါ ဘုရား) ဘာများဖြစ်ခဲ့ပါလိမ့်မတုန်းလို့ လာချင်လာနေဦး မှာ (မှန်ပါ့) အခုတော့ ဘာမှမဖြစ်ခဲ့ဘူး သစ္စာလေးပါးမသိမှုနဲ့နေခဲ့တယ် (သို့မဟုတ်) အဝိဇ္ဇာနဲ့နေခဲ့တယ် (မှန်ပါ့) ဒီတော့’အသုတဝါ ပုထုဇ္ဇနော’ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)။

အဝိဇ္ဇာက ကိလေသာလဲ ဆိုနိုင်တယ် (မှန်ပါ့) ဘာပြောပြော မကြားတာလဲ သူ့ကြောင့်ဘဲ (မှန်ပါ့) ဘယ်ဟာပြော ပြောမကြားတာ (သူ့ကြောင့်ပါ ဘုရား) အဝိဇ္ဇာကြောင့် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ နောက်ဘဝက ခင်ဗျားတို့မျက်စိကန်း,နားပင်းနဲ့နေခဲ့တာပါ (မှန်ပါ့) အင်း မျက်စိကန်း,နားကန်း နေခဲ့တယ် (မှန်ပါ့)။

နောက်ဘဝက နောက်ဘဝက နောက်ဆိုတာ ဘဝပေါင်းများစွာ (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ မျက်စိကန်း,နားကန်းနဲ့ နေခဲ့တဲ့အခါကျတော့ ရန်သူတွေ ပစ်လိုက်ခတ်လိုက်တာလဲ မကြားဟုတ် လား၊ မျက်စိကလဲ ကန်းတော့ ကိုယ့်သေကွင်း သေကွက်တွေဖြစ်လို့ ခလုတ်ကန်သင်း ကျင်းချိုင့်တွေလဲ သူမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒီမှာ တစ်ခါတည်းတဲ့ သင်္ခါရတွေလုပ်ပါတယ်ကွာတဲ့ မလုပ်ဘူးလား (လုပ်ပါတယ်) ကုသိုလ်သင်္ခရလဲ လုပ်တာဘဲ (မှန်ပါ့) အကုသိုလ်သင်္ခါရကော (လုပ်ပါတယ် ဘုရား)။

လုပ်တော့ကွာ တဲ့၊ မင်းတို့သည်ကားလို့ဆိုရင် ဘာသစ္စာတွေများ လုပ်ခဲ့ပါလိမ့်မတုန်း (သမုဒယသစ္စာတွေ လုပ်ခဲ့ပါတယ် ဘုရား)။

မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဘာသစ္စာတွေလဲ (သမုဒယသစ္စာတွေပါ ဘုရား) ဟင်္သာတက ဒကာမကြီး တွေကြားရဲ့လား မဟုတ်လား (ကြားပါတယ် ဘုရား) မြင်ကောမြင်ရရဲ့လား (မြင်ရပါတယ် ဘုရား) ဦးမြမောင်ကြီးကော မြင်တယ်နော် (မြင်ပါတယ် ဘုရား) ဘာသစ္စာတွေလုပ်ခဲ့သလဲ (သမုဒယသစ္စာတွေလုပ်ခဲ့ပါတယ် ဘုရား)။

သမုဒယသစ္စာတွေလုပ်ခဲ့ပါတယ်

အို ခင်ဗျားတို့သွားပြီ၊ ‘အသုတဝါ ပုထုဇ္ဇနော’ဟာ သမုဒယသစ္စာချည့်လုပ်ပါသတဲ့ ဆိုတော့ ကိလေသာ ပေါမပေါပြောဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဟေ့ မောင်သစ် နေရာကျပလားကွ (ကျပါပြီ ဘုရား) ဘယ်လောက်ပေါတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

သစ္စာလေးပါးမသိတာလဲ အဝိဇ္ဇာ(မှန်ပါ့) ပြုချင်သလိုပြုပြီးသကာလ လမ်းသွားလာတာကလဲ သင်္ခါရ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ့ဒီလမ်းသွားလာတဲ့ သင်္ခါရနဲ့လုပ်လိုက်တဲ့အခါကျတော့ စုတေမနေ သေလွန်တော့ ဟောဒီမှာ အကန်းလမ်း သွားလို့ချော်လဲတယ်ကွ ဒုက္ခရောက်ပြီတဲ့ (မှန်ပါ့) ဒုတိယအကွက်ရောက်ပြီ (မှန်ပါ့)။

အကန်းလမ်းသွားလို့ (ချော်လဲတဲ့အကွက် ရောက်ပါပြီ ဘုရား) ချော်လဲတာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)

အိုဘယ်လိုသွားခဲ့တာတုန်း (အကန်း လမ်းသွားခဲ့တာပါ ဘုရား) ဒါဖြင့် ‘အသုတဝါ ပုထုဇ္ဇနော’လမ်းသွားတာ၊ သူသွားပြီးရင် ဒုက္ခရောက်တာချည့်ဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အတိတ်ဘဝက စုတေတော့ ပစ္စုပ္ပန်ဘဝ ဘာသစ္စာကြီးနဲ့ သူနေရသတုန်း (ဒုက္ခသစ္စာကြီးနဲ့နေရပါတယ် ဘုရား) ဒုက္ခသစ္စာနဲ့နေရရင် ‘အသုတဝါ ပုထုဇ္ဇနော’သွားလို့ ဖြစ်ရတဲ့ဒုက္ခသစ္စာ (မှန်ပါ့)။

ဦးကျော်မောင်ဟုတ်ပလား (ဟုတ်ပါတယ်) ‘အသုတဝါ ပုထုဇ္ဇနော’ဖြစ်နေလို့ ဒုက္ခသစ္စာရထားတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘယ်သူက ဘယ်သူ့မကျောကြနဲ့ဟေ့ ဒုက္ခသစ္စာက မထွက်နိုင်သေးဘူူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ဘာနဲ့လာခဲ့ကြသတုန်း (အသုတဝါ ပုထုဇ္ဇနောနဲ့ လာခဲ့ပါတယ် ဘုရား)။

အဲ ‘အသုတဝါ ပုထုဇ္ဇနော’ဆိုတာက ၁-နံပါတ်အကွက် (မှန်ပါ့) အဲ့ဒီ အကန်းလမ်းသွားတာကို ‘အသုတဝါ ပုထုဇ္ဇနော’ဆိုပါတယ် (မှန်ပါ့)။

ကိုင်း စုတေမနေ သေလွန်ပြီးသကာလ ပစ္စုပ္ပန်ဘဝရောက်လိုက်စမ်း ဦးမြမောင် (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား) ဒုက္ခသစ္စာ ခန္ဓာငါးပါး မရဘူးလား (ရပါတယ် ဘုရား) ရလာပြီး ‘အသုတဝါ ပုထုဇ္ဇနော’ လမ်းသွားလိုက်တာ ဒုက္ခသစ္စာ ခန္ဓာငါးပါးတည်းဟူသော ချော်လဲမှုကြီးနဲ့ကြုံရတယ် (မှန်လှပါ ဘုရား)။

ချော်လဲမှုကြီးနဲ့ကြုံရတယ်

ဦးဘသန်းကြီးချော်လဲမှုနဲ့ ကြုံပလား (ကြုံပါပြီ ဘုရား) ဘာဖြစ်လို့တုန်း အသုတဝါ ပုထုဇ္ဇနောက လမ်းသွားတာကိုး (မှန်ပါ့)။

ဘယ်အထဲလဲပါလိမ့်ဗျာ (ဒုက္ခသစ္စာထဲလဲပါတယ် ဘုရား) ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာငါးပါးကြီးနဲ့ တစ်ခါတည်း အိုဘေး နာဘေး သေဘေးကြီးနဲ့ ရတော့တာဘဲ (မှန်ပါ့) မရသေးဘူးလား (ရပါတယ် ဘုရား)။

အဲဒါကြောင့် ဒီဘက်က ‘အသုတဝါ ပုထုဇ္ဇနော’အကန်းလမ်းသွားတယ် (မှန်ပါ့) အကန်းလမ်းသွားလို့ ဒီဘက်မှာ ချော်လဲတယ် (မှန်ပါ့) ဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

အခုဒကာ ဒကာမတွေ ကံကောင်းအကြောင်းသင့်နေတာလား ချော်လဲထဲရောက်နေတာလား (ချော်လဲထဲ ရောက်နေတာပါ ဘုရား)ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အိုဘေး-နာဘေး-သေဘေး လွတ်ပါ့မလား (မလွတ်ပါ ဘုရား) တစ်ခါတည်း သောက ပရိဒေဝ ဒုက္ခဒေါမနဿ ဘေးတွေကောကွ (မလွတ်ပါ) မလွတ်ဘူးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)ဟ ဘယ်သူလမ်းသွားတာတုံးဆိုတော့ (အကန်း လမ်းသွားတာပါ ဘုရား)။

ပါဠိလိုသုံးလိုက်စမ်း (အသုတဝါ ပုထုဇ္ဇနောပါ ဘုရား) ‘အသုတဝါ ပုထုဇ္ဇနော’လမ်းသွားနေတာကွ ဆိုတော့ ဪ အခုကိုယ်လာခဲ့တဲ့လမ်း ကိုယ်သိတော့ကို သုတဝါကလေးတော့ ဖြစ်သွားပြီ (မှန်ပ့ါ)။

အင်း ကိုယ်လာခဲ့တဲ့လမ်း ကိုယ်သိတော့ အတိတ်ဘဝက ငါ့ကို အဝိဇ္ဇာ သင်္ခါရအုပ်ချုပ်လာတာပါလား၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်လာခဲ့တဲ့လမ်း မကောင်းတာ

ဘာအုပ်ချုပ်လာသတုန်း (အဝိဇ္ဇာသင်္ခါရအုပ်ချုပ်လာတာပါ) အင်း ကိုယ်လာခဲ့တဲ့လမ်း မကောင်းတာတော့ သိပြီ (သိပါပြီ) သုတဝါကြောင့် သိတယ် (မှန်ပါ့)။

ဘာကြောင့် သိပါလိမ့် (သုတဝါကြောင့် သိပါတယ်) သုတဝါကြောင့်သိတာနော် နို့မဟုတ်ရင် သိပါ့မလား (မသိပါ ဘုရား)။

ကဲ ရောက်တဲ့နေရာလဲ မကောင်းကြောင်း သိတယ် (မှန်ပါ့) ရောက်တဲ့နေရာလဲ ချော်လဲနေရပြီဟ၊ အိုဘေး နာဘေးသေဘေးထဲကို ချော်လဲတာဘဲ (မှန်ပါ့)။

‘အသုတဝါပုထုဇ္ဇနော’လမ်းလျှောက်လာလိုက်တာ ဟင် အိုဘေး နာဘေး သေဘေးထဲ ချော်လဲနေပါပေါ့လား ဒုတိယဘဝမှာ (မှန်ပါ့) မလဲသေးဘူးလား (လဲပါပြီ ဘုရား) အင်း ဘာသစ္စာဖြစ်နေသတုန်း (ဒုက္ခသစ္စာဖြစ်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် မှားချက်ကဖြင့် အတော် ပြင်းထန်နေပြီဆိုတာ မောင်သစ် ပေါ်နေတယ် (ပေါ်ပါတယ် ဘုရား)။

ကဲ အခုတော့ဖြင့် အကန်းလမ်းသွားတာလဲ သိခဲ့ပြီ၊ အကန်းလမ်းသွားတာကလဲ သမုဒယသစ္စာလုပ်ခဲ့လို့ ဟုတ်လား (မှန်ပါ့)။

အကန်းလမ်းသွားလို့ ရောက်ရာဌာန ချော်လဲရတာလဲ ဒုက္ခရောက်တာဘဲ (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အကန်းလမ်းသွားတာ သိသွားတာ

ကဲ အခုတော့ဖြင့် နှစ်ချက်စလုံး သိသွားတဲ့အတွက် အကန်းလမ်းသွားတာ သိသွားတာလဲ သုတဝါဖြစ်သွားပြီ (မှန်ပါ့) ချော်လဲတာ သိရခြင်းသည်လဲ အင်း ‘အရိယသာဝကော’ဖြစ်လို့ ဪ အရမတော်ပါလားလို့ သိပြီ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရမတော်ဘူး (မှန်ပါ့) တော်လို့လား (မတော်ပါ) ဘာသစ္စာရထားသတုန်း (ဒုက္ခသစ္စာ ရ-ထားပါတယ် ဘုရား) ဒါဖြင့် အရကော တော်ရဲ့လား (မတော်ပါ ဘုရား)။

အရလဲမတော်ဘူးဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသိထားတော့ အခုဖြင့် ကိုယ်လာတဲ့လမ်းလဲ သိပြီ၊ ရောက်ရာဌာနမကောင်းကြောင်းလဲ (သိပါပြီ ဘုရား) လာခဲ့တဲ့လမ်းလဲမကောင်းတာကို (သိပါပြီ ဘုရား) ရောက်ရာ ဌာနလဲ မကောင်းကျိုးပေးနေတာလဲ (သိပါပြီ ဘုရား) သိပြီလို့ သဘောပါရဲ့လား (ပါပါပြီ ဘုရား)။

ဒီအချိန်ကလေးမှာ ဘာပုဂ္ဂိုလ် ဖြစ်သွားသတုန်း (သုတဝါအရိယသာဝကော ဖြစ်သွားပါတယ်) အဲ ‘သုတဝါ အရိယသာဝကော’သာ ဖြစ်သေးတယ်၊ အရိယာ မဖြစ်သေးဘူး၊ အရိယာတို့၏ တပည့်ဘဲ ဖြစ်သေးတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) အရိယာတို့၏ (တပည့်သာ ဖြစ်ပါသေးတယ် ဘုရား)။

ကိုယ်ကိုယ်တိုင် အရိယာမဖြစ်သေး ဘူး

အကြားအမြင်ရှိသော အရိယာပုဂ္ဂိုလ်တို့၏ တပည့်ဘဲဖြစ်ပါသေးတယ် တဲ့၊ ကိုယ်ကိုယ်တိုင် အရိယာမဖြစ်သေး ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မောင်သစ် ဘာတုန်းကွ (ကိုယ်ကိုယ်တိုင်အရိယာ မဖြစ်သေးပါ ဘုရား) ကိုယ်ကိုယ်တိုင် အရိယာမဖြစ်သေးပါ ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) အဲ့ဒီတော့ကိုတဲ့ အကန်းလမ်းသွားလို့ ချော်လဲတယ်နော် (မှန်ပါ့)။

အကန်းလမ်းသွားလို့ (ချော်လဲပါတယ် ဘုရား) ချော်လဲတဲ့အပေါ်မှာတဲ့ ဒီအကန်းကိုဒီက သုတဝါ အရိယာသိနဲ့ ကိုယ်လာတဲ့လမ်းလဲမသိ၊ ကိုယ်ချော်လဲနေတာလဲ မသိတဲ့ပုဂ္ဂိုလ်ကြောင့် ကိုယ့်ကိုယ်ကိုယ်ခင်တဲ့ ခန္ဓာငါးပါးကို တဏှာနဲ့ ခင်ဥပါဒန်နဲ့စွဲလမ်း (မှန်ပါ့) ခန္ဓာကိုယ် ကျွေးမွေးရေးအားထုတ် (မှန်ပါ့) ကမ္မဘဝတွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ဒါကဘာဖြစ်တာတုံးလို့ မေးတဲ့အခါကျတော့ “အသုတဝါ ပုထုဇ္ဇနော”ဖြစ်သွားတယ် (မှန်ပါ့)။

အကန်းလမ်းသွားတာလဲ မသိဘူးဆိုတော့ သမုဒယသစ္စာလဲမသိဘူး (မှန်ပါ့) ချော်လဲတာကော (မသိပါ ဘုရား) မသိတော့ကို တဲ့ ဒီခန္ဓာကြီးကိုဘဲ ပြန်ခင်တဲ့ ခန္ဓာနဲ့ ပစ္စည်းတွေခင်တဲ့ တဏှာဥပါဒါန် ကံတွေနောက်ထပ် မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲ လုပ်တဲ့အခါကျတော့ အကန်းဘဲ လမ်းသွားပြန်ပြီ (မှန်ပါ့) ချော်လဲတာမသိဘူး (မှန်ပါ့ ဘုရား) ချော်လဲအောင် နောက်ထပ်လုပ်ပြန်ပြီ (မှန်ပါ့ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အရင်လဲတာ အားမရလို့

ဒါဖြင့်တတိယအကွက်က ဘာတုံးလို့ မေးလို့ရှိရင်ဖြင့် ချော်လဲအောင် နောက်ထပ်လုပ်ပြန်ပြီ၊ အရင်လဲတာ အားမရလို့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ် (အရင်လဲတာ အားမရလို့ နောက်ထပ်လဲအောင် လုပ်တာပါ ဘုရား) နောက်ထပ်လဲအောင် ကြိုးစားပြန်တယ် (မှန်ပါ့) ဘာသစ္စာသူလုပ်ပြန်သလဲ (သမုဒယသစ္စာ ထပ်လုပ်ပြန်ပါတယ် ဘုရား) ဟာ ဒါဖြင့် အနာဂတ် ဘဝမှာ ဇာတိ ဇရာမရဏ ရတော့ချော်လဲပြန်ပြီ (မှန်ပါ့) မလဲနိုင်ဘူးလား (လဲနိုင်ပါတယ် ဘုရား)။

ချော်လဲရာက ထသွားပြန်တော့ ချော်လဲကြောင်း လုပ်တယ် (မှန်ပါ့) ချော်လဲကြောင်းလုပ်ပြီး ဒီကျတော့ဘာဖြစ် လာသတုန်း (ချော်လဲပြန်ပါတယ် ဘုရား) ချော်လဲရာက ထသွားပြန်တော့ ဘာသွားလုပ်ပြန်သလဲ (ချော်လဲကြောင်း နောက်ထပ်လုပ်ပြန်ပါတယ် ဘုရား)။

ချော်လဲကြောင်း ထပ်လုပ်ပြီး နောက် ဘာဖြစ်ပြန်သတုန်း (ချော်လဲတဲ့အကြောင်းဘဲ လုပ်ပါတယ် ဘုရား) ဒါဘဲကွ သူ့ဟာကအကောင်းကို ပါသေးရဲ့လား (မပါပါ ဘုရား) အဲဒါက “အသုတဝါ ပုထုဇ္ဇနော” ကွ တဲ့ ရှင်းပလား (ရှင်းပါပြီ) “သုတဝါ အရိယသာဝမကော” ယနေ့ရှင်းပြမယ်တဲ့ “သုတဝါ အရိယသာဝကော”က ခင်ဗျားတို့ ဘယ်ကလာ ခဲ့သတုန်းဆိုတော့ (အဝိဇ္ဇာသင်္ခါရက လာခဲ့ပါတယ် ဘုရား) အခုဘာဖြစ်နေသတုန်းမေးတော့ (ခန္ဓာငါးပါးရနေပါတယ် ဘုရား) ခန္ဓာငါးပါးက ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆိုတဲ့ ခန္ဓာငါးပါးရနေတယ် (မှန်ပါ့)။

အရိယ သာဝကဖြစ်လို့ လာရာကိုလဲသိတယ် (မှန်ပါ့) ရောက်ရာကိုကော (သိပါတယ် ဘုရား) လာရာကိုသိတာ လဲ (အရိယာသာဝကပါ) ရောက်ရာကို သိတာလဲ (အရိယာသာဝကပါ ဘုရား) ဒါဖြင့် မကောင်းတာ မကောင်းမှန်းသိတာ လူလိမ်မာကိုးဗျ (မှန်ပါ့)။

မကောင်းမှန်းသိရင် လူလိမ်မာ

မကောင်းတာကို (မကောင်းမှန်းသိရင် လူလိမ်မာပါ ဘုရား) မကောင်းတာ မကောင်းမှန်းသိပြီးသကာလ ထပ်လုပ်နေရင် လူမိုက်ကိုး (မှန်ပါ့) အခုတော့ မကောင်းတာမကောင်းမှန်းသိလို့ လာရာလဲမကောင်း၊ ရောက်ရာလဲ မကောင်းမှန်းသိတော့ “သုတဝါ အရိယသာဝကော” (မှန်ပါ့ ဘုရား) လာရာလဲသိ၊ ရောက်ရာလဲသိသွားတော့ ဘာဆိုမယ် (သုတဝါ အရိယသာဝကောပါ ဘုရား)။

လာရာက သမုဒယသစ္စာကလာတာ (မှန်ပါ့) ရောက်ရာကဒုက္ခသစ္စာထဲ ရောက်နေတယ် (မှန်ပါ့) ဒါဖြင့် မကောင်းထဲကလာပြီး မကောင်းတာ ဖြစ်နေတော့ ဒီပုဂ္ဂိုလ်ရှေ့တော့ဖြင့် မကောင်းတာတော့ မလုပ်တော့ဘူးဟေ့ (မှန်လှပါ) ဒီစိတ်မွေးမလား မမွေးဘူးလား (မွေးပါတယ် ဘုရား) မွေးမယ်ဆိုတာ သေချာတော့ ဒီမှာ ခင်ဗျားတို့ နေ့တိုင်း အရှုခိုင်းတဲ့ စိတ္တာနုပဿနာ ဒီကနေရှုတော့ မကောင်းတာ ထပ်လုပ်သေးရဲ့လား (မလုပ်ပါ ဘုရား)။

အဲ မကောင်းတာ ထပ်မလုပ်တော့ စိတ်ကလေးတွေက ဖြစ်ပြီးပျက်တာကို ခင်ဗျားတို့က ဉာဏ်နဲ့ကြည့်လိုက် တော့မမြင်ဘူးလား (မြင်ပါတယ် ဘုရား) မြင်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မကောင်းတာ ထပ်လုပ်သေးရဲ့လား၊ မကောင်းတာ ပယ်တာလား (မကောင်းတာ ပယ်ပါတယ် ဘုရား)။

ဒါ ဘာဖြစ်သွားလို့ ပယ်တာတုန်းဆိုတော့ “သုတဝါ အရိယသာဝကော” (မှန်ပါ့) ဒါဖြင့် ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်များကျတော့ ဘယ်လိုဆိုကြမယ် (သုတဝါ အရိယသာဝကော ဖြစ်သွားပါတယ် ဘုရား) “သုတဝါ အရိယသာဝ ကော” ဖြစ်သွားတယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဖြစ်ပျက်မြင်လို့ရှိရင် အရိယသာဝကောတော့ဖြစ်ပြီ၊ “သုတဝါ အရိယသာဝကော”ဖြစ်ပြီနော် မှန်လှပါ ဘုရား) ဖြစ်ပျက်တွေမုန်းလို့ ဖြစ်ပျက်တွေဆုံးအောင် ဒီဒကာ ဒကာမတွေ လုပ်နိုင်မယ်ဆိုလို့ရှိရင် အရိယာသာဝ ကမကတော့ဘူး၊ အရိယာအစစ်ဖြစ်မယ် (မှန်ပါ့) ကိုယ်ကိုယ်တိုင် အရိယာဖြစ်တယ်၊ တပည့်မဟုတ်တော့ဘူး (မှန်လှပါ ဘုရား) ဆရာဖြစ်သွားပြီ (မှန်ပ့ါ) သာဝကဆိုတာ တပည့်ကိုး (မှန်ပါ့)။

ကိုယ်ကိုယ်တိုင် ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်မုန်းလို့ မောင်သစ်ဖြစ်ပျက်အဆုံးမြင်လို့ရှိရင် ဘာဆိုကြမယ် (အရိယာ ဖြစ်သွားပါတယ် ဘုရား) အရိယာဖြစ်သွားတော့ကိုတဲ့ ဘယ့်နှယ်ကြောင့် အရိယာဖြစ်သွားသတုန်းဆိုတော့ အို မျက်လုံး မြင်သွားပြီကွ တဲ့ လားရာ မကောင်းကြောင်း၊ ရောက်ရာ မကောင်းကြောင်းသိသွားတဲ့အတွက်တဲ့ သူသည် မကောင်းတဲ့ အလုပ် မလုပ်တော့ဘူး၊ မကောင်းတဲ့အလုပ်ကို ပယ်ရှားပြီဆိုတာ ၃-နံပါတ်အလုပ်ကို ဖယ်ရှားလိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖယ်ရှားလိုက်သလဲ (၃-နံပါတ်ကို ဖယ်ရှားလိုက်ပါတယ် ဘုရား)။

၃-နံပါတ် ဖယ်ရှားနိုင်တာသည် ဘယ့်နှယ်ကြောင့်ဖယ်ရှားနိုင်တာတုံး မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမယ် (သုတဝါ အရိယသာဝကော ဖြစ်လို့ပါ ဘုရား)။

”သုတဝါ အရိယသာဝကော”ဖြစ်လို့ ဖယ်ရှားနိုင်တယ် (မှန်ပါ့) ဒါကြောင့် ခင်ဗျားတို့ ဒီအလုပ်မှတစ်ပါး အရိယာစစ် ဖြစ်တဲ့အလုပ်မရှိဘူးနော် (မှန်ပါ့)။

အဲ့ဒီတော့ကို အခုတော့ဖြင့် ယနေ့နာရီကလဲ စေ့နေတော့ ဪ သုတဝါ ဖြစ်တာကော သဘောကျပလား (ကျပါပြီ ဘုရား) ခင်ဗျားတို့ ဘယ်ကလာခဲ့သတုန်းဆိုတော့ (အဝိဇ္ဇာ သင်္ခါရကလာခဲ့ပါတယ်) ဘာသစ္စာတုန်း (သမုဒယ သစ္စာပါ ဘုရား)။

ယခု ဘယ်အထဲရောက်နေသလဲ (ဒုက္ခသစ္စာထဲရောက်နေပါတယ် ဘုရား) အဲ ဒုက္ခသစ္စာထဲရောက်လို့ ဒုက္ခသစ္စာမှန်း သိအောင်လုပ်နေတာ့ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်ဆိုတာ ဘာတုန်း (ဒုက္ခသစ္စာသိအောင် လုပ်နေတာပါ ဘုရား) ဒုက္ခသစ္စာ သိအောင်လုပ်နေတဲ့ဥစ္စာသည် ဒါဟာ အရိယသာဝအလုပ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အရိယာတို့၏ သာဝကတို့၏အလုပ်ပါဆိုတော့ “သုတဝါ အရိယသာဝကော” ဖြစ်လို့ ဖြစ်ပျက်မဂ်ကိုလုပ်တာ (မှန်လှပါ) သုတဝါ အရိယသာဝကော မဖြစ်သော် (ဖြစ်ပျက်မဂ်ကိုမလုပ်ပါ ဘုရား)။

ဒါ ဒုက္ခသစ္စာလို့ မသိတော့ သုတဝါ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) အခုတော့ ဒုက္ခသစ္စာလို့ ခန္ဓာကြီးထဲက ဘာပေါ်ပေါ် ဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာပါ) အဲ ဒုက္ခသစ္စာဆိုတော့ သုတဝါ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ပြီးတော့ ဘုန်းကြီးများကခိုင်းတဲ့ လက္ခဏာရေးကိုလုပ်ဆိုတော့ ခင်ဗျားတို့က ဖြစ်ပျက်မဂ် ဖြစ်ပျက်မဂ် ကိုက်အောင် မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား) အဲဒီတော့ကို သူတပည့်မို့လုပ်တာပေါ့ (မှန်ပါ့)။

ဒုက္ခသစ္စာလို့သိတာက သုတဝါ

ဒါဖြင့် ဒုက္ခသစ္စာလို့သိတာက သုတဝါ(မှန်ပါ့) လုပ်တာက ဆရာသမားပြောတဲ့အတိုင်း လုပ်သောကြောင့် အရိယသာဝကော (မှန်ပါ့) အခုအချိန်မှာ ‘သုတဝါ အရိယသာဝကော’ ဖြစ်ပြီ (မှန်ပါ့) နောက် အလုပ်ခရီးပေါက်သွားတဲ့ အခါကျတော့ အရိယာအစစ်ဖြစ်ပြီလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။