သစ္စာသိမှသံသရာ ပြတ်ပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူသော
(၂-၉-၆၂)
ကဲ တရားကိုနားထောင်ကြ၊ မင်းတို့ကွာ တဲ့၊ မင်းတို့ဖြစ်စဉ်ကို ငါပြောရလို့ရှိရင် မင်းငြီးငွေ့ဖို့ ဒီခန္ဓာကြီး မလိုချင်ဖို့တော့ ကောင်းလှပါပြီဆိုပြီး အနမတဂ္ဂသံယုတ်မှာ ဘုရားကဟောတယ်နော် (မှန်ပါ့ ဘုရား)။
မင်းတို့ ခန္ဓာကိုယ်ဟာကွာ တဲ့၊ ဘုရားတွေလဲ ဂင်္ဂါဝါဠုသဲစုပွင့်သွားတာကို ငါမပြောပါဘူး၊ ဂေါတမဘုရား ဆိုတာငါ၊ ငါ့နောင်တောင်ကြီးက ဘယ်သူတုံးလို့ မေးလို့ရှိရင်ဖြင့် ကဿပဘုရား၊ ကဿပြီးမှ ဂေါတမကိုးနော် (မှန်ပါ့ ဘုရား)။
ဝေပုလ္လတောင်လောက်ရှိတယ်
မင်းတို့၏ အိုရ၊နာရ၊သေရတဲ့ ကိစ္စကြီးကို မင်းတို့ငြီးငွေ့ဖို့ ပျင်းဖို့၊ မုန်းဖို့ တော်ပါပြီတဲ့၊ သစ္စာသိမှလဲ ကိစ္စပြီးကြမှာ ဖြစ်နေတော့ မင်းတို့အတွက် ငါစဉ်းစားပြီး ငါသဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တယ်တဲ့၊ ကဿပဘုရားနဲ့ ဂေါတမဘုရားကြားထဲမှာ မင်းတို့ ဥပမာမယ် ဦးမြမောင်တို့အရိုးစု၊ လူဖြစ်တဲ့အရိုးကို မပျောက်မပျက်ဘဲနဲ့စုထား၊ နတ်ဖြစ်တဲ့ အရိုးကိုမပျောက်မပျက်ဘဲနဲ့စုထား၊ တိရစ္ဆာန်ဖြစ်တဲ့ အရိုးတွေကို မပျောက်မပျက်ဘဲနဲ့ စုစု-စုစုပြီးထား၊ ဝေပုလ္လတောင်လောက်ရှိတယ်၊ တောင်နဲ့ တိုင်းရတယ် (မှန်ပါ့ ဘုရား)။
ဘုရား တစ်ဆူ တစ်ဆူကြားမှာ သေလို့ပစ်ခဲ့ရတဲ့ အရိုးတွေမပျောက်မပျက်ဘဲနဲ့ ဆင့်ဆင့် ဆင့်ဆင့်ပြီး တောင်ကြီးသဖွယ်ဆင့်ရမှာနော်(မှန်ပါ့) ဒီတိုင်းဆင့်တာမဟုတ်ဘူး၊ တောင်ကြီးလို တစ်ခါတည်း ဆင့်လိုက်လို့ရှိရင် ဝေပုလ္လတောင်လောက်ရှိပါတယ်ကွာတဲ့ (မှန်ပါ့ ဘုရား)
အရိုးတွေ မပျောက်မပျက်ဘဲနဲ့ စုထားလို့ရှိယင် ဝေပုလ္လတောင်လောက်ရှိပါတယ်တဲ့ (မှန်ပါ့) ဝေပုလ္လတောင်က ဘယ်လောက်မြင့်သတုံးကွလို့ မေးလို့ရှိရင် တော်တော်အားကောင်းတဲ့လူ လေးရက်တက် လေးရက်ဆင်း ရှိတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကျုပ်တို့အရိုးဟာ လေးရက်တက် လေးရက်ဆင်းပေါ့ (မှန်ပါ့) မပျောက်မပျက်ဘဲနဲ့ တစ်ခါတည်း ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင် စုစုပြီးသကာလ ထားမယ်ဆိုတဲ့ ဥစ္စာဖြင့် လေးရက်တက် လေးရက်ဆင်းဆိုတော့ ဦးကျော်မောင်၊ ဦးဘသော်၊ ဦးဘသန်းတို့ နည်းသလား (မနည်းပါ ဘုရား)။
အဲ့ဒါဟာကွာတဲ့၊ မင်းတို့သည်ကားလို့ဆိုရင် သစ္စာမသိလို့ ဖြစ်ရတဲ့ ဖြစ်တွေလို့သာ မှတ်လိုက်ပေတော့၊ ဒီ့ပြင်ဟာ ဘာမှလက်သည်မရှာနဲ့ (မှန်ပါ့) သစ္စာမသိလို့ ဖြစ်တွေလို့သာ တစ်ခါတည်းမှတ်လိုက်ပေတော့တဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သစ္စာမသိလို့ ဖြစ်ရတဲ့ဖြစ်ထွေ
သစ္စာမသိလို့ ဖြစ်ရတဲ့ဖြစ်ထွေလို့ တစ်ခါတည်းသာမှတ်လိုက်ပါတော့တဲ့၊ မင်းတို့ အရိုးတွေ၊ အသားတွေဟာ ဝေပုလ္လတောင်လောက်ရှိတယ်ဆိုတော့ ဦးကျော်မောင် ပျင်းဖို့ မုန်းဖို့ ငြိမ်းဖို့ဘဝတွေဟာ မလိုချင်ဖို့ ကောင်းတယ် (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ခင်ဗျားတို့ကတော့ ဘာမှနောက်လှည့်ကြည့်လို့ မမြင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နေလို့ ကိုယ့်အသားတွေ ကိုယ့်အရိုးတွေ ကိုယ့်အသွေးတွေ အင်း လူတွေကစား တိရစ္ဆာန်တွေကစား ဠင်းတတွေကစား၊ ဒါတွေ ကျန်နေရစ်တဲ့အရိုးတွေ စုပုံပြီးသကာလ ဒီအတိုင်း သေတဲ့အရိုးတွေစုပုံ၊ အဲဒီလိုပုံပြီးသကာလ သေတဲ့ကိစ္စတွေ စုပုံပြီးထားမယ်ဆိုယင် ဘုရားတစ်ဆူတစ်ဆူကြားတွင် ဝေပုလ္လတောင်လောက်ရှိတယ်ဆိုတော့ ဦးကျော်မောင် နည်းသလား (မနည်းပါဘူး ဘုရား)။
အင်မတန်ပျင်းဘို့ ငြီးငွေ့ဖို့ ရွံမုန်းဖို့ ဆိုတဲ့ကိစ္စတွေ အင်မတန်ကောင်းသွားပြီ (မှန်ပါ့) မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အင်မတန်ကောင်းသွားပြီတဲ့၊ ဒါကြောင့် ဒီအဖြစ်ဟာလဲ ဘာကြောက်တုံး လို့ မေးတဲ့အခါကျလို့ရှိရင်ကွာ တဲ့ သစ္စာမသိလို့ ဖြစ်ရတာ (မှန်ပါ့)။
နောက်က ဒကာမကြီးတွေ ဘာဖြစ်လို့တဲ့တုံး (သစ္စာမသိလို့ ဖြစ်ရတာပါ ဘုရား) အံမာလေး သစ္စာသိဖို့ သိပ်အရေးကြီးပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) သစ္စာမသိယင်အရိုးဝေပုလ္လတောင်လောက် ပုံရမှာချည့်ဘဲ (မှန်ပါ့)။
ဘုရား တစ်ဆူတစ်ဆူကြားမှာ ဟိုဘက်ဘုရားတွေကို ဦးဘသော်မထည့်သေးဘူးနော် (မှန်ပါ့) ကဿပနှင့် ဂေါတမမြတ်စွာဘုရားကြားတွင် စုပြီးထားမည့်အပုံကိုပြောတာ (မှန်ပါ့)ကျုပ်တို့ ဒီအပုံမျိုးက ဘယ်နှစ်ပုံ ပုံပြီးပလဲလို့ ဆိုရင် ဘုရားနဲ့တိုင်းရမှာချည့်ဘဲ (မှန်ပါ့)။
ဂင်္ဂါသဲနဲ့အမျှ ဘုရားတွေက ပွင့်သွားတယ် (မှန်ပါ့) သုညကမ္ဘာတွေက ကြားမှာညှပ်လိုက်သေးတယ်၊ ဘုရားမပွင့်တဲ့ကြားတွေ (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဒီအပြစ်ဟာ အရိုးတောင်နှယ်ပုံအောင် သေခဲ့ရတဲ့အပြစ်ဟာ ဘယ်သူ့အပြစ်ပါလိမ့်မတုံးလို့ မေးတော့မှ သစ္စာမသိတဲ့အပြစ် (မှန်ပါ့ ဘုရား) ဒကာမကြီး ဘာတဲ့တုံး (သစ္စာမသိတဲ့ အပြစ်ပါ ဘုရား)။
သစ္စာမသိလို့ ဖြစ်ရတဲ့အဖြစ်ဆိုသဖြင့် ဦးမြမောင်တို့ ဦးဘသန်းတို့ ဒီဘဝမှာ ခင်ဗျားတို့လဲ ဆရာကောင်း သမားကောင်းနဲ့တွေ့တော့ သိပြီဟေ့ ဆိုတာ လက်ခမောင်းခတ်ဖို့ကောင်းတယ် (မှန်ပါ့)။
သိရင်လဲ မသေတော့ဘူး
သိရင်လဲ မသေတော့ဘူး (မှန်ပါ့) သေစရာမရှိတော့ဘူးဆိုတော့ အခု ခင်ဗျားတို့ စိတ်ကလေးတခုရှုလိုက်တယ်၊ ဖြစ်ပျက်ဘဲ၊ ဪ မရှိဘူးဆိုတာ ဉာဏ်ထဲမှာသိလိုက်တာဘဲ (မှန်ပါ့ ဘုရား) ခုနင်က ရှိတယ်၊ အခု မရှိဘူးလို့ သိလိုက်တာဘဲ (မှန်ပါ့) ဒုက္ခသစ္စာကလေး သိလိုက်တာကိုးဗျ (မှန်ပါ့)။
ဖြစ်တဲ့ဒုက္ခနဲ့ ပျက်တဲ့ဒုက္ခကလေး သိလိုက်တာဘဲ (မှန်ပါ့) ဖြစ်တဲ့ဒုက္ခနဲ့ ပျက်တဲ့ဒုက္ခကလေး သိလိုက်တော့ ဪ ခန္ဓာငါးပါးစလုံးဟာ သေလဲဖြစ်ပျက်ဘဲ၊ ရှင်တာတွေလဲ ဖြစ်ပျက်ဘဲ၊ အကုန် ဒုက္ခသစ္စာချည့်ပါကလား ဆိုတာ ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)။
အခုစိတ်ရှုတုန်းတော့ စိတ်ဖြစ်ပျက်တွေ့တာကိုး၊ ဝေဒနာရှုတုန်း ဝေဒနာဖြစ်ပျက်တွေ့မှာဘဲ (မှန်ပါ့) ရုပ်ရှုခိုင်းရင် (ရုပ်ဖြစ်ပျက်တွေ့ပါတယ် ဘုရား)။
အင်းဒါဖြင့် ဘာတွေချည့်တွေ့နေတာတုံး လို့ မေးတော့ ဘယ်နှယ့်ဖြေကြမလဲ (ဖြစ်ပျက်တွေချည့်တွေ့တာ ပါဘဲ ဘုရား) ဖြစ်ပျက်ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဖြစ်တာလဲ သေမလို့ဖြစ်လို့ ဒုက္ခသစ္စာ (မှန်ပါ့) ပျက်သွားတာလဲ သေလို့ဒုက္ခသစ္စာ (မှန်ပါ့) သေမလို့ဖြစ်တာလဲ ဒုက္ခသစ္စာဘဲ (မှန်ပါ့) သေသွားတာကော (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီတော့ ဒီ ဒကာ ဒကာမတွေတော့ ဒီလို ဒုက္ခသစ္စာကြီး သိပြီးသကာလနေတော့ ဪ သိတဲ့ မဂ်ဉာဏ်ကလေးဟာ ဝင်လာတော့ ခုနင်က နံပါတ်၃ ကူးသေးရဲ့လား၊ ပဋိစ္စသမုပ္ပါဒ် (မကူးပါ ဘုရား)။
မကူးတော့ ကျုပ်တို့မှာတော့ ဪ ဒီတစ်ခါသေပြီး နောက်မသေရတော့ဘူး၊ အရိုးတောင်လိုပုံစရာ မရှိတော့ဘူး (မှန်ပါ့) နို့ တစ်ခြားသောပုဂ္ဂိုလ်များတော့ ဒီလိုဖြစ်ပျက် ဒုက္ခသစ္စာကို မသိသေးဘဲနဲ့ သားရေး သမီးရေး စီးပွားရေးနဲ့ ဒိဋ္ဌိအယူ-ယူပြီးသကာလ အချိန်ကုန်နေကြတာတွေတော့ မောင်သစ် ပြောဖို့မလိုတော့ဘူး (မှန်ပါ့) လိုသေးသလား (မလိုပါဘူး ဘုရား)။
မလိုတော့ဘူး၊ သူတို့မှာ အရိုးပုံပြီးရင်း အရိုးပေါ်အရိုးဆင့်နေတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ရှေးကဟောကြတယ်ဆိုတော့
အဲ့ဒါကြောင့် ဒီ ဒကာ ဒကာမတွေ သစ္စာသိဖို့ သစ္စာသိဖို့ ရှေးကဟောကြတယ်ဆိုတော့ ဤကား ဒုက္ခသစ္စာ၊ ဤကား သမုဒယသစ္စာ၊ ဤကား နိရောဓသစ္စာ၊ ဤကား မဂ္ဂသစ္စာလို့ ဒီလိုသာ ဦးမြမောင် လျှောက်ရွတ်တာကိုးဗျ (မှန်ပါ့) ခင်ဗျားကိုယ်တိုင် မြင်ရတာမဟုတ်ဘူး (မှန်ပါမမြင်ပါ ဘုရား) မမြင်ပါဘူး တဲ့၊ ခင်ဗျားတို့ ကိုယ်တိုင် မမြင်ရပါဘူးတဲ့၊ အခုတော့ခင်ဗျားတို့ကိုယ်တိုင်ဘဲ ဖြစ်ပျက်ကလေးကို အင်း စိတ်ကလေးက ဖြစ်သွားတာမရှိဘူး၊ မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်သွားတာမရှိတော့ဘူး၊ ကြားစိတ်ကလေးဟာ ဖြစ်ပြီးပျက်သွားတာမရှိဘူး ဆိုတော့ မရှိတာတွေကို ကျုပ်တို့က သိပြီး သိပြီးသကာလနေတော့ မရှိတာဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ (မှန်ပါ့) နံပါတ်၃ ကူးသေးရဲ့လား (မကူးပါ ဘုရား) သိတဲ့မဂ်ကလေးက ဝင်ဖြတ်မသွားဘူးလား (မှန်ပါ့) မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။
အဲ သိတဲ့မဂ်ကလေးက ဝင်ဖြတ်လိုက်တော့ကို ဪ ဒို့ သိနေတာသည် အနိစ္စသိတာလား ဒုက္ခသိတာလား အနတ္တသိတာလားဆိုတော့ အို အနိစ္စ ဒုက္ခ အနတ္တ အသာထားပါ၊ သစ္စာထဲဝင်လာတာပါ (မှန်ပါ့) ဖြစ်ပျက်ဆိုတာ ဒုက္ခသစ္စာ၊ ဒီသစ္စာထဲဝင်လာတာပါ၊ ဒုက္ခသစ္စာသိတာပါ (မှန်ပါ့)။
အနိစ္စဆိုတာလဲ ဖြစ်ပျက်ဘဲ (မှန်ပါ့) ဒုက္ခဆိုတာကော (ဖြစ်ပျက်ပါ ဘုရား) အနတ္တဆိုတာရော (ဖြစ်ပျက်ပါ ဘုရား) အဲ့ဒီတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခထဲဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ကတော့ဖြင့် တဲ့ အခုတော့ သစ္စာသိရတဲ့အတွက် ငါတို့ကို အသိဉာဏ်က သံသရာ ဖြတ်တယ် (မှန်ပါ့ ဘုရား) ဘယ်သူကဖြတ်ပါလိမ့် (အသိဉာဏ်က သံသရာဖြတ်ပါတယ် ဘုရား)။
အသိဉာဏ်က သံသရာဖြတ်ပါတယ်
အသိဉာဏ်က သံသရာဖြတ်ပါတယ်ဆိုသဖြင့် ဪ သံသရာရှည်တာလဲ အသိဉာဏ်မရှိလို့ (မှန်ပါ့) မဂ္ဂသစ္စာမရှိလို့ပေါ့ (မှန်ပါ့)၊ သံသရာတိုသွားတာလဲ မဂ္ဂသစ္စာနဲ့ ဒုက္ခသစ္စာသိလို့ (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။
သံသရာရှည်တာ ဘာတုံး ဒုက္ခသစ္စာကို (မသိလို့ပါ) မဂ်ဉာဏ်နဲ့မသိလို့ (မှန်ပါ့) သံသရာတိုသွားတဲ့ ပုဂ္ဂိုလ်တွေ ကြည့်လိုက် ပြန်တော့ကော (ဒုက္ခသစ္စာကို မဂ်ဉာဏ်နဲ့ သိလို့ပါ ဘုရား) သိလို့ဆိုတော့ ရှင်းမနေကြဘူးလား (မှန်ပါ့)။
ဪ ဒါဖြင့် ဦးဘသန်းတို့ ဦးဘသော်တို့ ဒို့ဟာ ကံကောင်းထောက်ပံ့ပြီး သကာလ အခါကောင်းမိတဲ့ ပုဂ္ဂိုလ်တွေဘဲ (မှန်ပါ့)ကိုဝ အခါကောင်းမိတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာမိတာပါလိမ့် (အခါကောင်းမိတာပါ ဘုရား)။
အခါကောင်းမိတာပါတဲ့၊ အဲဒီတော့ အခါကောင်းဟာက ခင်ဗျားတို့က အခါကောင်းကို မိနေတဲ့အချိန်မှာ ဦးကျော်မောင်တို့က ဒီသစ္စာအလုပ်ဘဲ လုပ်နေရမယ် (မှန်ပါ့ ဘုရား)။
ဘာကြောင့်တုံးဆိုတော့ သားဖို့ မယားဖို့ လှူဖို့ တန်းဖို့ ပေးဖို့ ကမ်းဖို့ သာမှု နာမှုတွေ လုပ်ဖို့ဆိုတဲ့ဥစ္စာတွေက အရိုးတောင်လိုပုံတဲ့ဘဝတွေက မလုပ်ခဲ့တဲ့ဘဝကို မရှိဘူး (မှန်ပါ့ ဘုရား)။
ဘယ်နှယ့်ဆိုကြမလဲ (လုပ်ခဲ့တဲ့ဘဝချည့်ပါ ဘုရား) ဒါဖြင့်ရိုးရာတွေပါလား (မှန်ပါ့) ရိုးရာတွေကြောင့် အရိုးတောင်လိုပုံခဲ့ပြီ (မှန်ပါ့) ဘယ်နှယ့်ဆိုကြမလဲ (ရိုးရာတွေကြောင့် အရိုးတောင်လိုပုံခဲ့ပါပြီ ဘုရား)။
အဲဒီ့ ပုံခဲ့တဲ့အလုပ်တွေကို ယခုဘဝမှာလဲ ဒါတွေ အရေးကြီးနေကြဦးမယ် ဆိုလို့ရှိရင်ဖြင့် အရိုးပုံဇာတ် ပြန်ခင်းနေကြတာဘဲ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုန်းကြီးက ရှင်းရှင်းနဲ့လင်းလင်းပြောတဲ့အခါကျတော့ ဒီ ဒကာ ဒကာမတွေကို သစ္စာသိတဲ့အလုပ်မှ တစ်ပါး အခုအချိန်တော့ ဘာမှမလုပ်စေချင်ဘူး (မှန်ပါ့ ဘုရား)။
ဒါကိုဘဲ အရေးတကြီး လုပ်စေချင်တယ် (မှန်ပါ့ ဘုရား) ဟော ဒုက္ခသစ္စာပေါ်ပြီ၊ ပေါ်တိုင်း ပေါ်တိုင်း နောက်က မဂ္ဂသစ္စာနဲ့သိပေး (မှန်ပါ့) ဟော သမုဒယသစ္စာသေပြီ၊ ၃-နံပါတ် မကူးဘူးဆိုရင် သမုဒယသစ္စာ သေတာဘဲ (မှန်ပါ့) ၃-နံပါတ်မကူးတော့ ၄-နံပါတ်မရောက်ကတည်းကိုက နိဗ္ဗာန်ရောက်တော့တာဘဲဆိုတော့ ဒုက္ခသိမ်းတဲ့ သဘောဟာလဲ အမြင်အားဖြင့်လဲ ထင်ရှားနေတယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကယ်မည့်ယူမည့် ပုဂ္ဂိုလ်ဟာ ဘယ်သူတုံး
အဲဒီတော့ ခင်ဗျားတို့ကို ကယ်မည့်ယူမည့် ပုဂ္ဂိုလ်ဟာ ဘယ်သူတုံးမေးတော့ သစ္စာသိတဲ့မဂ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကို သံသရာ စခန်းသတ်ပေးတာ၊ အိုဘေး နာဘေး သေဘေးတွေကို မတွေ့ရအောင် ကယ်တင်ပေး တာဟာ ဦးကျော်မောင် ဘယ်သူဆိုမတုံး (သစ္စာသိတဲ့မဂ်ပါ ဘုရား)။
အဲ့ဒီတော့ ဪ ဦးမြမောင်တို့ လုပ်စမ်းပါ၊ ဘုန်းကြီးက တိုက်တွန်းတယ်၊ ဦးကျော်မောင် လုပ်စမ်းပါ (မှန်ပါ့) ဘုန်းကြီးကလဲ ဒါချည်းဘဲ ခိုင်းနေတာဘဲ၊ လူဆိုတာက အင်မတန်အရေးကြီးတာ၊ လူမှုကိစ္စက နည်းတာ မဟုတ်ဘူး၊ ခင်ဗျားတို့က ဆင်ခြေလဲချင်လဲမယ် (မှန်ပါ့) အဲဒီ လူ့ကိစ္စကြောင့် သံသရာရှည်နေတာ (မှန်ပါ့) ဘယ်နှယ့် ဆိုကြမလဲ (လူ့ကိစ္စကြောင့် သံသရာရှည်နေတာပါ ဘုရား)။
လူ့ကိစ္စကြောင့် သံသရာရှည်နေတဲ့ဥစ္စာကို ဒကာ ဒကာမတွေက ဒါနဲ့ဆင်ခြေလဲပြီး ဦးကျော်မောင်တို့က ရက်ကလေးများလာရင်ဘဲ မပြီးမပြတ်တာကလေးတွေက ရှိနေသေးတယ် ဒီလိုရင်လဲ လာဦးမှာကိုးဗျ (မှန်ပါ့ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။
သံသရာရှည်ပါရစေဦး လျှောက်တာနဲ့ကော (အတူတူပါဘဲ ဘုရား) အတူတူဘဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဦးမြမောင်ကလဲ ကိုယ့်လက်ဖက်စို၊ လက်ဖက်ခြောက်တွေနဲ့ အင်း ဒါကလေးတွေက ကုန်သွားတယ်ဆိုရင် သူတို့ဟာ သူတို့မှာပြီးသကာလ အဆက်မပြတ်အောင် လုပ်ဖို့ရာက လူကြီးလက်မှတ်ထိုးမှ လူကြီးနဲ့ဆက်သွယ်မှ မိတ်ဆွေသင်္ဂဟတွေက လေးစားသလိုလို ဘာလိုလိုနဲ့ သံသရာရှည်တဲ့ အလုပ်တွေကို ဆင်ခြေပြီးသကာလ ခင်ဗျားတို့ နေလို့ရှိရင်ဖြင့် အရိုးတောင်လိုပုံတဲ့ ဇာတ်ကိုခင်းတာဘဲ (မှန်ပါ့ ဘုရား)။
အရိုးတောင်လိုပုံတဲ့ ဇာတ်ကိုခင်းတာ
ဘယ်နှယ့်ဆိုကြမယ် (အရိုးတောင်လိုပုံတဲ့ဇာတ်ခင်းတာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) အရိုးတောင်လိုပုံတဲ့ ဇာတ်ခင်းတဲ့ဥစ္စာသည် မတ်တတ်လဲသွားလို့ရှိရင် မောင်သစ်သေသေချာချာမှတ် အရိုးတောင်လိုပုံတဲ့ ဇာတ်ခင်းတာဘဲ မဂ်အလုပ်ကို မလုပ်လို့ရှိရင် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
မဂ်အလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ခုနင်က ဝေပုလ္လတောင်လောက် ပုံရဦးမှာဘဲ (မှန်ပါ့) ပုံတော့ကိုဒါ သေခြင်းကောင်းပါသလား သေခြင်းဆိုးပါသလားလို့ မေးဖို့မလိုပါဘူး (မလိုပါ ဘုရား) သေတယ်ဆိုကတည်းက မချိမဆန့်ခံပြီး သေကြရတာ (မှန်ပါ့)။
မချိမဆန့်ခံပြီး သေကြရတာ ထောက်လို့ရှိရင်ဖြင့်တဲ့ ဒီ ဒကာ ဒကာမတွေဟာ ဘာဖြစ်မလဲလို့ မေးဖို့လိုတယ် (သေခြင်းဆိုးချည့်ပါ ဘုရား) သဘောပါပလား (ပါပါပြီး ဘုရား)။
မချိမဆန့်ခံပြီး သေရတဲ့ အသေသည် (သေခြင်းဆိုးချည့်ပါ ဘုရား) သေခြင်းဆိုချည့်ဘဲလို့ ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီ ဒကာ ဒကာမတွေ မှတ်ဖို့ရာက ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးက ခဏခဏဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ခန္ဓာကိုယ်ထဲမှာ စိတ်ကလေးတစ်ခု ပေါ်လာတယ် စိတ်ကလေးကလဲ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်စိတ်က ဝိညာဏက္ခန္ဓာဘဲလို့ ဦးကျော်မောင် မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဦးမြမောင်ကော ဘာမှတ်မလဲ (ဝိညာဏက္ခန္ဓာလို့ မှတ်ရပါမယ် ဘုရား) ဝိညာဏက္ခန္ဓဆိုတော့ သူများ ခန္ဓာလား မိမိခန္ဓာလား (မိမိခန္ဓာပါ ဘုရား)။
မိမိခန္ဓာကဘဲ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ဆိုတော့ ဪ ဒုက္ခရောက်နေတာပေါ့ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒုက္ခရောက်ပြီးသကာလ ဖြစ်နေတော့ ဒီဖြစ်မှုပျက်မှုကလေးတွေ မြင်နေတာက ဒုက္ခ မြင်နေတာ (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား)။
ဖြစ်မှုပျက်မှုကလေးတွေ မြင်နေတာက ဘာမြင်နေတာတုံး (ဒုက္ခမြင်နေတာပါ ဘုရား) ဒုက္ခမြင်နေတာပါတဲ့၊ ဒုက္ခက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒုက္ခက (ဒုက္ခသစ္စာပါ ဘုရား) မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာနဲ့ဆိုတော့ကို တဏှာ ဥပါဒါန် ကံလာသေးသလား (မလာပါ ဘုရား)။
တဏှာ ဥပါဒါန်ကံမလာတော့ဘူး
တဏှာ ဥပါဒါန်ကံမလာတော့ဘူးတဲ့၊ တဏှာ ဥပါဒါန်ကံမလာတော့ကို ဪ ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဏှာရှိမှသာလျှင် ဥပါဒါန်ရှိ၊ ဥပါဒါန်ရှိမှ ကံရှိ၊ ကံရှိမှ ဇာတိ ဇရာ မရဏ နောက်က ခန္ဓာတွေ လာမှာကိုးဗျ (မှန်ပါ့ ဘုရား)။
အဲဒီတော့ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏတွေမလာတော့ဘူး ဆိုကတည်းက နောက်ခန္ဓာ အဆက်မပြတ်ဘူးလား ပြတ်သလား (ပြတ်ပါတယ် ဘုရား) ၃-နံပါတ်မကူးကတည်းက ၄-နံပါတ်ဆိုတဲ့ ခန္ဓာလာသေးရဲ့လား (မလာတော့ပါ ဘုရား)။
မလာတော့ဘူးတဲ့၊ ထိုကဲ့သို့ မလာတာ ထောက်လိုက်တဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဪ ကိုယ့်ဒုက္ခ ကိုယ်မြင်သောကြောင့် လိုချင်တတ်တဲ့ တဏှာ ဥပါဒါန် ကံတွေ မသေဘူးလားဗျာ (သေပါတယ် ဘုရား)။
ကိုယ့်ဒုက္ခကိုယ်မြင်လို့ တဏှာ ဥပါဒါန် ကံ သေတယ် (မှန်ပါ့) နောက်လာလတ္တံ့ဖြစ်တဲ့ ဇာတိ ဇရာ မရဏကော (မလာတော့ပါ ဘုရား)။
မလာတော့ပါဘူးဆိုတော့ ဒီဥစ္စာ သစ္စာသိတဲ့ တန်ဖိုးပါလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာသိတဲ့ တန်ခိုးပါလိမ့် (သစ္စာသိတဲ့ တန်ခိုးပါ ဘုရား)။
သစ္စာကို မသိခင်တုန်းက
သစ္စာကို မသိခင်တုန်းက ခုနင်က ဘုန်းကြီးကပြောခဲ့တယ် ဟို မောင်တင်မြင့်တို့က မကြားရသေးဘူး (မှန်ပါ့) သစ္စာမသိလို့ရှိရင် လူတစ်ယောက်တစ်ယောက်ရဲ့ အရိုးဟာ ဘုရားတစ်ဆူတစ်ဆူကြားမှာ လေးရက်တက် လေးရက်ဆင်း တောင်ကြီးလောက်ရှိသတဲ့ (မှန်ပါ့)။
အရိုးတွေ မပျောက်မပျက်ဘဲ ပုံပုံ-ပုံပုံပြီး ထားမယ်ဆိုရင်ဖြင့် လေးရက်တက် လေးရက်ဆင်း တောင်လောက်ဖြစ်မယ်၊ ဘုရားတစ်ဆူူတစ်ဆူကြားမှာ သေရတဲ့အရိုးတွေ ပုံထားရင် (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (မှန်ပါ့) မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
တစ်ခါအရိုးတွေ ပုံထားရတဲ့ဥစ္စာ ဒါပြီးပြီလားလို့ မေးတော့ ဒီအရိုးလိုဘဲ နောက် ပြန်ထားရဦးမှာဘဲ၊ ပြီးနိုင်တယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ကမ္ဘာမြေကြီးကြောင့်ကြာလို့ အိုလို့သာဆွေးသွားရမယ်၊ ထင်ရှားရှိအောင်လို့ ပုံထားပြီး တိုင်းကြည့်မယ်ဆိုရင် လေးရက်တက်၊လေးရက်ဆင်း တောင်လောက်ဆိုတဲ့ လူတစ်ယောက်တစ်ယောက်ရဲ့ အရိုးဟာ နည်းသလား (မနည်းပါ ဘုရား)။
အဲ့ဒါ ဘယ်နှယ့်ကြောင့် ဒီအရိုးတွေဒါလောက်ပုံရပါလိမ့်မတုံးမေးတော့ ဦးကျော်မောင်တို့ ဦးမြမောင်တို့က ဘယ်နှယ့်ဖြေမလဲ (သစ္စာမသိလို့ပါ ဘုရား) သစ္စာမသိလို့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာမသိတာ ကိုယ့်သန္တာန်ရှိတဲ့ ဒုက္ခသစ္စာကို ကိုယ့်ဉာဏ်မဂ္ဂသစ္စာနဲ့ မသိဘဲဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
သိလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာ ဥပါဒါန် ကံတွေသေသောကြောင့် ဇာတိ ဇရာ မရဏ ဇာတိဆိုတာ ဖြစ်မှုတွေပေါ့ဗျာ၊ ဇရာဆိုတော့ အိုမှု၊ မရဏဆိုတော့ သေမှုတွေ လာသေးရဲ့လား (မလာပါ ဘုရား)။
မလာတော့ဘူးဆိုတော့ ဒါဖြင့် ကျုပ်တို့မှာ တရားတကာ့တရားထဲမှာ နိဗ္ဗာန်ရောက်တဲ့တရားအစစ်ကို ရှာလိုက်လို့ရှိရင် သစ္စာသိမှုဘဲ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နိဗ္ဗာန်ရောက်တဲ့ တရားအစစ်ဟာ (သစ္စာသိမှုပါ ဘုရား) သစ္စာသိမှုဘဲ၊ ရှင်းပြီးနော် (ရှင်းပါပြီ)။
အဲဒီတော့ သစ္စာသိမှုတစ်ခုခုကို ခင်ဗျားတို့ ဒီဘဝမှာ အခုဒီခဏမှာ ခင်ဗျားတို့ ဟိုဘက်ကြိုးစားတာကတော့ အလွဲချည့်ဘဲလို့ ဦးကျော်မောင်မှတ်လိုက်စမ်းပါ (မှန်ပါ့)။
အရိုးကြီးပွားရေးလုပ်တာ
လောကီကြိုးစားနိုင်သ၍ ကြိုးစားတာကတော့ဖြင့် အမှတ်အလွဲ (မှန်ပါ့) အရိုးကြီးပွားရေးလုပ်တာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) လောကီမှာ ကြီးပွားနိုင်သလောက် ကြီးပွားအောင်လုပ်တာ ဘာဆိုကြမယ် (အရိုး ကြီးပွားရေး လုပ်တာပါ ဘုရား)။
သေလိုက်၊ ဒီပေါ်မှာ တိရစ္ဆာန်ဖြစ်ပြီးသကာလ လူ့ဘဝကသေ၊ လူ့ဘဝကအရိုးတွေစုထား၊ တိရစ္ဆာန်ဖြစ်ပြန်၊ မကြာခင်သေ၊ ဒီအရိုးပေါ်အရိုးဆင့်၊ ဒီလိုချည့်ဘဲ အရိုးတွေဆင့်သွားမယ်ဆိုရင် လေးရက်တက် လေးရက်ဆင်း ဖြစ်ဦးမှာဘဲ (မှန်ပါ့)။
ဘုရားတစ်ဆူတစ်ဆူကြားမှာ ဘယ်နှယ့်ဆိုကြမယ် (လေးရက်တက် လေးရက်ဆင်းရှိပါတယ် ဘုရား) လေးရက်တက် လေးရက်ဆင်းချည့် မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲ လေးရက်တက် လေးရက်ဆင်းချည့် လာလို့ရှိရင် ဘယ်နှယ့်ကြောင့် ဒါလောက်တောင် အရိုးတောင်လို ပုံရပါလိမ့်မတုံးလို့ မေးခွန်းထုတ်တော့မှ ခင်ဗျားတို့က ဒီနေ့အဖြေထွက်လာတယ် (မှန်ပါ့) မထွက်သေးဘူးလား (ထွက်ပါတယ် ဘုရား)။
ကြည့် ခင်ဗျားတို့ စာရွက်ကိုကြည့်ပါ၊ ကိုင်း ဒါဖြင့် အတိတ်ဘဝက ခင်ဗျားတို့က အဝိဇ္ဇာသင်္ခါရ လုပ်ခဲ့တဲ့အတွက် ယခုဘဝမှာဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာကြီးသည် ဘာသစ္စာရထားသတုံး (ဒုက္ခသစ္စာကြီး ရပါတယ် ဘုရား)။
အဲ့ဒီ ဒုက္ခသစ္စာကို ခင်ဗျားတို့က ဒီခန္ဓာကြီးအတွက် ဒါ ဒုက္ခသစ္စာ ခန္ဓာကြီးပေါ့ဗျာ ခင်ဗျားတို့ခန္ဓာကြီး (မှန်ပါ့) ဒါကြီးအတွက် တဏှာကခင်တယ်၊ ဥပါဒါန်က စွဲလမ်းတယ်၊ သူ့အတွက် စားဖို့သောက်ဖို့ အားထုတ်တယ်ဆိုတာ တဏှာ ဥပါဒါန် ကံ-လုပ်ထားတာ (မှန်ပါ့) အဲဒီတော့ ခန္ဓာက ကူးလာတာဆိုတာ မှားသေးလား (မမှားပါ ဘုရား)။
ဝေဒနာပစ္စယာ တဏှာ ဥပါဒါန် ကံ ဖဿပစ္စယာ တဏှာ ဥပါဒါန်ကံ (မှန်ပါ့) ဟုတ်လား၊ သဠာယတနပစ္စယော တဏှာ ဥပါဒါန် ကံ ဒီဘက်ချည့် ဆက်မလာဘူးလား (ဆက်လာပါတယ် ဘုရား)။
အဲ့ဒီဘက်ချည့် ဆက်လာတော့ကို သစ္စာသိတာ ဟုတ်သေးရဲ့လား ခန္ဓာကိုကျွေးချင် မွေးချင်တဲ့သဘောလား၊ ခင်တဲ့သဘောပါ ပါနေတယ်ဆိုတာ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
စိတ်ဆယ့်နှစ်မျိုးရှိပါတယ်
ရှင်းတော့ကို ဘုန်းကြီးကပြောတဲ့အတိုင်း ဟောဒီခင်ဗျားတို့ ပေးထားတဲ့ စိတ်ဆယ့်နှစ်မျိုးရှိပါတယ်၊ အဲ့ဒီစိတ် ဆယ့်နှစ်မျိုးကို ခင်ဗျားတို့ဖြစ်ပျက်ရှုစမ်းပါ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာဘဲ၊ ရှုတာဟာ မဂ္ဂသစ္စာဆိုတော့ မဂ်ကလေးက ဒီအစပ်ကလေးဖြတ်လိုက်ပါတယ် (မှန်ပါ့)။
မဂ်ကလေးကဘာတုံး (အစပ်ကလေး ဖြတ်လိုက်ပါတယ် ဘုရား) အစပ်ကလေးဖြတ်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဒီဘက်တဏှာ ဥပါဒါန် ကံဆိုတဲ့ သမုဒယသစ္စာ လာသေးရဲ့လား (မလာတော့ပါ ဘုရား)။
အဲ မလာတာ ထောက်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့ အကြောင်းသမုဒယချုပ်လို့ နောင်အကျိုး ဒုက္ခလာသေးရဲ့လား (မလာပါ ဘုရား) ဒါဖြင့် သံသရာအဝိုင်းကြီးဟာ ပြတ်ထွက်မသွားဘူးလား (မှန်ပါ့)။
ရှေ့ပိုင်းကလဲ သိလို့မပေါ်၊ နောက်ပိုင်းကလဲ ဖြတ်လို့မလာတော့ဘူး (မှန်ပါ့) ရှေ့ပိုင်းကသိလို့လာသေးရဲ့လား (မလာတော့ပါ ဘုရား) နောက်ပိုင်းကလဲ မဂ်က ဝင်ဖြတ်လိုက်တာနဲ့ နောက်နှစ်ပိုင်းကလဲ လာသေးရဲ့လား (မလာတော့ပါ ဘုရား) ရှေ့နှစ်ပိုင်းကတော့သိလို့ ကျုပ်တို့ဒုက္ခသစ္စာမှန်း သိသွားတဲ့အတွက် ရှေ့နှစ်ပိုင်းက နောက်ရချင်သေးရဲ့လား (မရချင်တော့ပါ ဘုရား)။
မရချင်တော့ နောက်နှစ်ပိုင်းကလဲ ယခုမဂ်ကဖြတ်လိုက်တော့ နံပါတ်-၃ဟုတ်လား၊ နံပါတ်၄-ကလာသေးရဲ့လား (မလာတော့ပါ ဘုရား)။
အဲ နံပါတ်၃နဲ့ နံပါတ်၄မလာကတည်းကိုက အိုဘယ့်နှယ့်ကြောင့် မလာသတုံးဆိုတော့ နံပါတ်၁ကိုလဲ ကျုပ်တို့က ဪ အဝိဇ္ဇာသင်္ခါရဒဏ်ချက် တယ်ပြင်းပါကလား ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ဒုက္ခသစ္စာတွေ ခန္ဓာထဲမှာပေါ်နေတယ်၊ မပေါ်ဘူးလား (မပေါ်ပါတယ် ဘုရား)။
အဲဒီလိုပေါ်ပြီးသကာလနေတော့ကို ကျုပ်တို့က ဒုက္ခသစ္စာလို့ စိတ်ကလေးဖြစ်ပျက် ကြည့်လိုက်တော့ စိတ်ကဖြစ်ပျက်ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂသစ္စာဆိုတော့ နောက်ပိုင်းက လုံးလုံးပြတ်၊ ရှေ့ပိုင်းကလဲ ကျုပ်တို့က ဒုက္ခမှန်းသိလို့ အဖိုးတန်သွားပြီနော် (မှန်ပါ့)။
မဂ်က ဝိဇ္ဇာ
ဒီနေရာမှာ ယနေ့ ထူးထူးခြားခြား ပြောတာကလေးကိုလဲ သတိထားရမယ် မောင်သစ်တို့နော် (မှန်ပါ့) ထူးထူးခြားခြားပြောတာက ဘာတုံးဆိုလို့ရှိရင် ဒီဦးမြမောင်တို့ ဦးကျော်မောင်တို့ စိတ်ကလေးအရှုခိုင်းတာ (မှန်ပါ့) မဂ်ကလေးနဲ့အရှုခိုင်းတော့ မဂ်ကဝိဇ္ဇာဗျ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
မဂ်က ဝိဇ္ဇာဆိုတော့ကို ဒီ အတိတ်ဘဝကလာတဲ့ အဝိဇ္ဇာကြောင့်ဖြစ်တဲ့ ခန္ဓာငါးပါး၊ ဒီဘဝဝိဇ္ဇာဉာဏ်နဲ့ စိတ်ကလေးကို ဖြစ်ပျက်ရှုလိုက်တော့ကို အတိတ်ကပါလာတဲ့ အဝိဇ္ဇာလဲ ကျုပ်တို့မှာ ဝိဇ္ဇာဖြစ်သွားပြီ (မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား) ဒီ အတိတ်ကပါလာတဲ့ သင်္ခါရကလဲ ဒီမှာကမ္မဘဝနဲ့ သူအလားတူ အကျိုးဆက်တာ မတွေ့ဘူးလား၊ အဲ့ဒီကမ္မဘဝကော ပြတ်မသွားဘူးလား (ပြတ်သွားပါတယ် ဘုရား) ဒါဖြင့် သင်္ခါရလဲပြတ်ပြီ (မှန်ပါ) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ကိုရှုတဲ့ မဂ်ကလေးသည် ဝိဇ္ဇာလဲဖြစ်သောကြောင့် သင်္ခါရကို ချုပ်စေတယ်ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။
သင်္ခါရဆိုတာက ဟိုသင်္ခါရချုပ်စေတာမဟုတ်ဘူး၊ ကမ္မဘဝချုပ်ရင် သင်္ခါရချုပ်တာဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ကမ္မဘဝနဲ့ သင်္ခါရဟာ အတူတူမဟုတ်လား (အတူတူပါ ဘုရား)။
အတူတူဘဲ တဲ့ ကမ္မဝဋ်နှစ်ပါးကို ဆိုတာဘဲ၊ အဲ့ဒီ တစ်ပါးချုပ်တော့ကို ထူးသေးရဲ့လား (မထူးပါ ဘုရား)။
မထူးတာ ထောက်လိုက်တဲ့အခါ ကျလို့ရှိရင် ဪ ဒီဘဝမှာ ၂-နံပါတ်ကိုလဲ ဒုက္ခသစ္စာ (မှန်ပါ့) ၁-နံပါတ်ကလဲ အဝိဇ္ဇာက ဝိဇ္ဇာတွေဖြစ်သွားတော့ ဝိဇ္ဇာတည်းဟူသော မဂ်ဖြစ်သွားတော့ ၁နဲ့၂ကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။
၁နဲ့၂က ကျုပ်တို့အသိဉာဏ်ထဲမှာ လမ်းဆုံးသွားတယ် (မှန်ပါ့)။
ဒုက္ခသစ္စာလို့ဆိုသောကြောင့် သူလဲကျုပ်တို့က ဒုက္ခသစ္စာလို့သိကတည်းက ပေါ်စရာရှိသေးရဲ့လား (မပေါ်နိုင်ပါ ဘုရား) ၂-နံပါတ်ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
ဒီပထမ ၁-နံပါတ်ကလဲ အဝိဇ္ဇာက ဝိဇ္ဇာသွားဖြစ်ကတည်းက သင်္ခါရကလဲ ကမ္မဘဝအဖြစ်နဲ့ ချုပ်ပြီးသကာလ သွားကတည်းကိုက ဪ ပထမအကွက်တော့ ပြင်ပြီးပြီနော် (မှန်ပါ့) အဝိဇ္ဇာက ဝိဇ္ဇာဖြစ်၍ သင်္ခါရက အသင်္ခါရဖြစ်သွားပြီနော် (မှန်ပါ့ ဘုရား)။
သင်္ခါရက (အသင်္ခါရ ဖြစ်သွားပါပြီ) အဲ အသင်္ခရဖြစ်သွားပြီဆိုတော့ မပြုပြင်တော့ဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် မဂ်သည် ပထမအကွက်ကိုလဲ ၁-နံပါတ် အကွက်ကိုလဲ မဂ်က ပြောင်းပြန်လုပ်ပစ်လိုက်တယ် (မှန်ပါ့) အဝိဇ္ဇာကို ဝိဇ္ဇာလုပ်ပစ်လိုက်တယ် (မှန်ပါ့) သင်္ခါရကိုလဲ အသင်္ခါရလုပ်ပစ်လိုက်တယ် သဘောပါပလား (ပါပါပြီ ဘုရား)။
၂-ကွက်ကိုလဲ ဒုက္ခသစ္စာလို့ သူသိပစ်လိုက်တော့ ၁-ကွက်ရော၊ ၂-ကွက်ရော သူအလိုရှိတာ ဟုတ်သေးရဲ့လား (မဟုတ်တော့ပါ ဘုရား) မဂ်အလိုရှိတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
တစ်ခါ ၃-ကွက်နဲ့ ၄-ကွက်တော့ သူကဖြတ်ပစ်လိုက်လို့ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) ဒါဖြင့် ၄ခုစလုံးပျောက်ထွက်သွားတယ် (မှန်ပါ့) ဘယ့်နှယ့်ဆိုကြမယ် (၄ခုစလုံး ပျောက်ထွက်သွားပါတယ် ဘုရား)။
အဝိုင်းကြီးပျောက်ထွက်သွားတယ်
၄ခုစလုံးပျောက်ထွက်သွားတယ်ဆိုတော့ အဝိုင်းကြီးပျောက်ထွက်သွားတယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (အဝိုင်းကြီး ပျောက်ထွက်သွားပါတယ် ဘုရား) အဝိုင်းကြီးပျောက်ထွက်သွားတယ် ဆိုတာက စာအုပ်ထဲမှာ မပါဘူး (မှန်ပါ့ ဘုရား)။
ဦးကျော်မောင် အခုတော့ အဝိုင်းပျောက်တာ သေချာပလား (သေချာပါပြီ) ရှုတဲ့ဉာဏ်ကလဲ ဝိဇ္ဇာဖြစ်သွား တယ်ဆိုတော့ ဒီအဝိဇ္ဇာမချုပ်ဘူးလား (ချုပ်ပါတယ်) အဝိဇ္ဇာချုပ်ကတည်းကိုက ဒီသင်္ခါရလဲ အသင်္ခါရမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ပြုပြင်နိုင်သေးရဲ့လား (မပြုပြင်နိုင်ပါ ဘုရား) မပြုပြင်နိုင်တာ ဒီမဂ်ကြောင့်လို့ဆိုတဲ့ အဓိပ္ပါယ်ကော မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
မဂ်က ဒါကို ဒုက္ခသစ္စာသိသောကြောင့်လဲ ရှေးတုန်းကမသိလို့ပေါ်တာ၊ အခုသိလို့ရှိရင် ဒုက္ခသစ္စာချုပ်ရမယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ၁-ကွက်လဲ မပျောက်ဘူးလား (ပျောက်ပါတယ်)၊ ၂-ကွက်ကော (ပျောက်ပါတယ် ဘုရား) အဲ့ဒါသိလို့ ပျောက်တာ (မှန်ပါ့) ၃-ကွက်နဲ့ ၄-ကွက်က ပယ်လို့ပျောက်တယ် (မှန်ပါ့ ဘုရား)။
၁-ကွက်နဲ့၂-ကွက်က (သိလို့ပျောက်တာပါ) ၃နဲ့၄က (ပယ်လို့ပျောက်တာပါ ဘုရား) အဲ ပယ်လို့ပျောက်တယ် ဆိုတာ မဂ်က ဒီကြားထဲဝင်လိုက်ကတည်းက ၃နဲ့၄က ပယ်ပြီးသားဖြစ်နေတော့ လာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် သိလို့ပျောက်တာလား ပယ်လို့ပျောက်တာလား (ပယ်လို့ပျောက်တာပါ ဘုရား) ဒီလိုဆိုတော့ အဝိုင်းကြီးကုန်ပြီ (အဝိုင်းကြီး ပျောက်သွားပါပြီ) အဖိုးတန်ပလား (တန်ပါပြီ ဘုရား) ဒါဖြင့်သိမှု သဘောကလေးဟာ ဘယ်လောက်ထိအောင် ခရီးပေါက်တယ်ဆိုတာ မောင်သစ်တို့ ပေါ်ရောပေါ့ကွာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သံသရာအဝိုင်းကြီးဟာ သေသေချာချာဘဲ ကျုပ်တို့ရှေ့က အဝိုင်းပြေးနေတဲ့သဘောကြီးဟာဖြင့် အခုအခါလုံးလုံးရပ်ပါပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဝိုင်းပြေးကြီး ဘာဖြစ်သွားသတုံး (ရပ်သွားပါတယ် ဘုရား) အဝိုင်းပြေးရပ်သွားတယ်ဆိုတော့ ဪ ဒါလုံးလုံးရပ်သွားတယ်ဆိုသလား သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာလှည့်ပြေးနေတာ ကုန်တာဘဲ (မှန်ပါ့ ဘုရား)။
သမုဒယချုပ်ရင် နိဗ္ဗာန်
ဟင် သမုဒယသစ္စာနဲ့ဒုက္ခသစ္စာ လှည့်ပြေးနေတာ ဘယ့်နှယ့်တုန်း (ကုန်သွားပါတယ် ဘုရား) သမုဒယနဲ့ဒုက္ခ ကုန်သွားတော့ ဟ ဘယ်နှယ့်ကြောင့် ကုန်ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးတဲ့အခါကျတော့ ဟောဒီမှာ မဂ္ဂသစ္စာလာလို့နော် (မှန်ပါ့) ဟောဒီ သမုဒယသစ္စာနဲ့ဒုက္ခသစ္စာချုပ်တယ်ဆိုတော့ သမုဒယချုပ်ရင် နိဗ္ဗာန် (မှန်ပါ့) ဒုက္ခချုပ်ကော (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတော့ မဂ္ဂနဲ့နိဗ္ဗာန်ပေါ်လို့ချုပ်တာ (မှန်ပါ့ ဘုရား)။
ဒုက္ခနဲ့ သမုဒယချုပ်သွားတာသည် မဂ္ဂနဲ့နိရောဓလာလို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဒုက္ခနဲ့သမုဒယ ချုပ်တာသည် (မဂ္ဂနဲ့နိရောဓ လာလို့ပါ ဘုရား)။
ကဲ ဒါဖြင့် အင်မတန်အဖိုးတန်တဲ့ သဘောမရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့အခု ဥပမာမယ် မောင်ထွန်းအောင်တို့ အရှုခိုင်းတယ်၊ ရှုနေတယ် ရှုသာနေ၊ ဖြစ်ပျက်သွားတာကတော့ ဒုက္ခသစ္စာဘဲ မြင်လိုက်တဲ့ဉာဏ်ကလေးက မဂ္ဂသစ္စာဘဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) နောက်က သေတာကတော့ သမုဒယသစ္စာသေလို့ရှိရင် နိဗ္ဗာန်ဘဲ၊ ဒုက္ခသစ္စာချုပ်ရင် (နိဗ္ဗာန်ပါ ဘုရား)။
နိဗ္ဗာန်ဘဲဆိုသဖြင့် ပထမအကွက်ကိုလဲ ကျုပ်တို့ကပြန်လိုက်တယ်၊ ပထမအကွက်က အဝိဇ္ဇာကို ကျုပ်တို့က ဝိဇ္ဇာမဂ်နဲ့ရှုချလိုက်တယ် (မှန်ပါ့) ဝိဇ္ဇာမဂ်-ဆရာပေးတဲ့ ဝိဇ္ဇာမဂ်နဲ့ရှုတော့ ပထမအကွက်က မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။
ဒုတိယအကွက်ကလဲ ဒုက္ခသစ္စာမှန်း သိကတည်းက နောက်ထပ် ပေါ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲ တတိယအကွက်ကလဲ သမုဒယသစ္စာကို မဂ်ကလေးဝင်လိုက်ကတည်းကိုက ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
ဒါဖြင့် ပယ်သစ္စာကနှစ်ခု (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) သိသစ္စာက (နှစ်ခုပါ ဘုရား)။
သိသစ္စာကနှစ်ခု၊ ပယ်သစ္စာကနှစ်ခု
အဲ သိသစ္စာကနှစ်ခု၊ ပယ်သစ္စာကနှစ်ခု ကျုပ်တို့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်မှာ ခရီးပေါက်တယ် (မှန်ပါ့ ဘုရား)။
သိသစ္စာက (နှစ်ခုပါ ဘုရား) ပယ်သစ္စာက (နှစ်ခုပါ) ဒါဖြင့် ဘာကျန်သေးသတုံး ဒီပဋိစ္စသမုပ္ပါဒ်ကြီး (ဘာမှမကျန်ပါ ဘုရား)။
ဒါဖြင့် ဘာမှမကျန်ဘူးဆိုတော့ ဪ ဒို့ဖြင့် အဝိုင်းပြေးဇာတ်သိမ်းပြီ (မှန်ပါ့) ဘယ်နှယ့်ဆိုကြမလဲ (အဝိုင်းပြေး ဇာတ်သိမ်းပါပြီ) အဝိုင်းပြေး ဇာတ်သိမ်းပြီလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီပြင့်ကိစ္စတွေက ခင်ဗျားတို့ဘုန်းကြီးက အဝိုင်းပြေးဇာတ်သိမ်းတယ်ဆိုတာ ဦးကျော်မောင်တို့၊ ဦးဘစောတို့၊ ဦးမြမောင်တို့ ရှာကြည့်ဦး၊ မတွေ့ဘူး ဟင်၊ တွေ့ရဲ့လား (မတွေ့ပါ ဘုရား)။
မတွေ့ဘူးတဲ့ ၊ဥပမာမယ် ဒါန ကုသိုလ်လုပ်လိုက်တယ်၊ နတ်ဇာတိလာ-မရဏလာ၊ အဝိုင်းလာသေးတာဘဲ (မှန်ပါ့) နတ်ပြည်ကျတော့ တွေဝေမိန်းမောပြီး မိုက်ပြန်လို့ရှိရင် အဝိဇ္ဇာသင်္ခါရ ပြန်လှည့်ဦးမှာဘဲ (မှန်ပါ့ ဘုရား) လှည့်ရင် ပြန်လှည့်လာပြီး နောက်ရုပ်တွေပေါ်ဦးမှာဘဲ၊ ပေါ်ရင်ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)မလာပေဘူးလား (လာပါတယ် ဘုရား) ဒုက္ခသစ္စာကြီးနဲ့တစ်ခါ မသိပြန်ဘူးဆိုလို့ရှိရင် တဏှာဥပါဒါန်ကံက ဘယ်နှယ့်နေသလဲ (ပြန်ပေါ်ပါတယ် ဘုရား) ပြန်ပေါ်လို့ရှိရင် ဇာတိ,ဇရာ,မရဏကော (လာဦးမှာပါ ဘုရား)။
အဲဒီတော့ ဘာအရေးကြီးဆုံးလို့ ဆရာဘုန်းကြီးရော၊ ဘုရားကော အဓိကထားတယ်ဆိုတာ ခင်ဗျားတို့ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဘာအဓိကတုံး (သစ္စာလေးပါးကို သိဖို့ပါ ဘုရား) သစ္စာလေးပါးသိဖို့၊ သို့သော်လဲ ခင်ဗျားတို့က အကုန်လေးပါးသိမနေနဲ့ (မှန်ပါ့) ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့သိရင်ကျန်တဲ့ဥစ္စာ အကုန်ပါသွားတယ် (မှန်ပါ့)။
ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့သိရင် (ကျန်တာအကုန်ပါသွားပါတယ် ဘုရား) ကျန်တာ အကုန်ပါသွားတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ စိတ်ကလေးတွေ ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) နောက်က သိလိုက်နေတာကလေးက (မဂ္ဂသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာဆိုကတည်းက ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့သိသောကြောင့် ဟောဒီ ၃-နံပါတ်သမုဒယသစ္စာသေတယ် (မှန်ပါ့) ၄-နံပါတ်ဒုက္ခတွေ မလာသောကြောင့် “ဒုက္ခနိရောဓေါ နိဗ္ဗာနံ”ဆိုတာ ၄-နံပါတ်ကလဲ နိဗ္ဗာန်ပေါ်တယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
၃-လာမှ ၄-အရိုးပေါ်တာ
ဒါဖြင့် ခင်ဗျားတို့ နေရာကျပါပြီ တဲ့၊ အရိုးပုံတဲ့ဇာတ်ဆိုတာက ၃-လာမှ ၄-အရိုးပေါ်တာ (မှန်ပါ့) ၃-နံပါတ်လာလို့ ရှိရင်တော့ ၄-နံပါတ် ဇာတိ ဇရာမရဏ ဆိုတဲ့ သေတဲ့အရိုးပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ၃-ကူးယင် အရိုးကြီးပွားရေးဇာတ် (မှန်ပါ့) ၃-က ၄-ကူးရင် (အရိုးကြီးပွားရေးဇာတ်ပါ ဘုရား) အရိုးကြီးပွားရေးဘဲတဲ့၊ တစ်ခါ ၄ကနေပြီး ၁ပြန်ကူးလို့ရှိရင်လဲ အရိုးကြီးပွားရေးဘဲ (မှန်ပါ့ အရိုးကြီးပွားရေးပါ ဘုရား) မဟုတ်ဘူးလား၊ အရိုးကြီးပွားရေးဘဲ၊ ဒီမှာတစ်ခါသေဦးမှာကိုးဗျ၊ မသေပေဘူးလား (သေပါတယ် ဘုရား)။
အဝိဇ္ဇာ သင်္ခါရနဲ့နေပြီးမစပ်ခင် ဒီကြား သေရဦးမှာဘဲ (မှန်ပါ့) ကဲ တစ်ခါ ၁ကနေပြီး ၂ကူးပြန်တော့လဲ အရိုးကြီးပွားရေးဘဲ ပြန်ဖြစ်တယ် (မှန်ပါ့) ဒီနေရာ မသေရဘူးလား သေရမလား (သေရပါတယ် ဘုရား)။
သေရတော့လဲ ဒီနေရာအရိုးတစ်ပုံ၊ သဘောကျပလား (မှန်ပါ့ ဘုရား) ဒါကအရိုးဖြစ်ကြောင်း၊ ဒါက အရိုးတစ်ပုံ၊ ဟုတ်လား (မှန်ပါ့)။
ဒီမှာအရိုးတစ်ပုံဒီမှာအရိုးတစ်ပုံ၊ အစပ်ဟူသ၍ အရိုးတစ်ပုံချည့်ဖြစ်ရမယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
အစပ်ဟူသ၍ဟာ (အရိုးပုံချည့်ဖြစ်ရပါမယ် ဘုရား) အရိုးပုံချည့် ဖြစ်တဲ့အခါကျတော့ ဒီလိုလည်ပြေးနေရတာ ဘယ်လောက်ကြာပြီတုံးလို့ မေးလို့ရှိရင်ဖြင့် ဘုရားတစ်ဆူနဲ့တစ်ဆူကြားမှာ ခင်ဗျားတို့ ဒီလိုလည်ပြေးတဲ့ အရိုးတွေထပ်စုထားမယ် ဆိုလို့ရှိရင် လေးရက်တက်လေးရက်ဆင်းဝေပုလ္လတောင်ကြီးလောက်ရှိတယ် (မှန်ပါ့ ဘုရား) ဘယ်လောက်ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။
လေးရက်တက် လေးရက်ဆင်းတဲ့၊ လူတစ်ယောက်အရိုးကိုမပျောက်မပျက်ဘဲနဲ့ ပုံထားခဲ့လို့ရှိရင်၊ အဲ့ဒါသေခြင်းဆိုး သေခဲ့တာချည့် မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (သေခြင်းဆိုး သေခဲ့တာချည့်ပါ ဘုရား) ဒီအသေတွေ ဒါလောက်များနေလို့ရှိရင်ဖြင့် ကျုပ်တို့မှာ တဲ့ သူများပါးစပ်ထဲ သေရတာတစ်မျိုး၊ သူများလှံချက်မိလို့သေရတာတစ်မျိုး၊ သူများလက်နက်နဲ့ပစ်လိုက်လို့ သေရတာတစ်မျိုး အိုခြင်းဆိုးခြင်းနဲ့ သေရတာကတစ်မျိုး မရှိပေဘူးလား (ရှိပါတယ်) နာခြင်းဆိုးနဲ့ သေရတာတွေကကော (ရှိပါတယ် ဘုရား) ရှိပြီးသကာလနေတာ အခုဒီနေရာ၃နေရာမကူးအောင် မလုပ်တတ်လို့ (မှန်ပါ့ ဘုရား)။
လက်သည်တွေ့ပလား
လက်သည်တွေ့ပလား (တွေ့ပါပြီ ဘုရား) ၃-ကိုကူးအောင်လုပ်နေလို့ ဒီလိုယူရင်ဖြစ်တယ် (မှန်ပါ့) ၃-ကိုကူးလို့ရှိရင် (အရိုးပြတ်သွားပါမယ် ဘုရား) အရိုးပြတ်မှာဘဲဆိုတာပေါ်လာပလား (ပေါ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် အခုဆရာဘုန်းကြီးက နေ့တိုင်း ဦးမြမောင်တို့ ဦးကျော်မောင်တို့ ဟေ့ မောင်ရွှေမြင့် မင်းကိုရေးပေးထားတယ်၊ မင်းကလဲ တစ်ပတ်မှတစ်ခါလာနိုင်တော့။
ကဲ ဒါဖြင့် ဖြစ်ပျက်သာ ရှုနေလို့ရှိရင် မဂ်ဟာပေါ်မှာဘဲ (မှန်ပါ့) ပေါ်ရင် ၃-နံပါတ်လာသေးရဲ့လား (မလာတော့ပါ ဘုရား) မလာလို့ရှိရင် အရိုးကြီးပွားကြောင်းသေတယ်၊ ဟင် (မှန်လှပါ ဘုရား) အရိုးကြီးပွားကြောင်း မသေသေးဘူးလား (သေပါတယ် ဘုရား)။
အရိုးကြီးပွားကြောင်း သေကတည်းကိုက ခင်ဗျား အရိုးအထည်ပေါ်ဖို့ ၄-နံပါတ်လာသေးရဲ့လား (မလာတော့ပါ ဘုရား)။
မလာလို့ရှိရင် ၄-နံပါတ်ကနိဗ္ဗာန်၊ ၃-နံပါတ်ကလဲ နိဗ္ဗာန် (မှန်ပါ့) ၃-နံပါတ်က သမုဒယချုပ်လို့ နိဗ္ဗာန်၊ ၄-နံပါတ်က ဒုက္ခချုပ်လို့ (နိဗ္ဗာန်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
၃-နံပါတ်က (သမုဒယချုပ်လို့ နိဗ္ဗာန်ပါ ဘုရား) ၄-နံပါတ်က (ဒုက္ခချုပ်လို့ နိဗ္ဗာန်ပါ ဘုရား) ဒုက္ခချုပ်လို့ နိဗ္ဗာန်ဘဲဆိုတာ ခင်ဗျားတို့အင်မတန်ရှင်းသွားပါပြီ (မှန်ပါ့ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ရှင်းတာ ထောက်လိုက်တဲ့အခါကျတော့ ဪ အရိုးတောင်နှယ်ပုံတာဟာ ဘာပါလိမ့်မတုံးဆိုတော့ ၃-နံပါတ်ကွက်ကို သစ္စာမသိတာ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဘယ်နှစ်နံပါတ်လိမ့် (၃-နံပါတ်ကွက် သစ္စာမသိတာပါ ဘုရား) ၃-နံပါတ်ကို သစ္စာမသိတာ၊ အဲ ၃-နံပါတ်ကိုသစ္စာ ခင်ဗျားတို့အခု ကွန်ပါစကေးနဲ့ချပြလို့သာ ၃-တွေ ၄-တွေ ပါးစပ်က ထွက်လာတာဗျ (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် ဘယ်ကဖြတ်ရမှန်းမသိဘူး ဟင် (မသိပါ ဘုရား)။
ဘယ်ကဖြတ်ရမှန်းကို မသိဘဲနဲ့ တစ်ခါတည်းကွာ နိဗ္ဗာန်ဆိုတာ တစ်စတစ်စရောက်မှာဘဲဆိုတော့ ဖြတ်စရာရှိတာမှ မဖြတ်ဘဲနဲ့ သမုဒယကချုပ်ပါ့မလား (မချုပ်ပါ ဘုရား) မချုပ်လို့ရှိရင်ဒုက္ခက လာမြဲလာနေမှာဘဲ (မှန်ပါ့) ဘယ်မှာ နိရောဓလာနိုင်တာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
နိရောဓလာနိုင်တာ မဟုတ်ဘူး တဲ့၊ ဒုက္ခလာတာတွေသာ ထင်ရှားပြီးသကာလနေတော့ ခုတော့ဖြင့် ခင်ဗျားတို့ကလေးတွေ လက်ထောက်ပြသလိုပြပြီးသကာနေတော့ ဪ ၂-နံပါတ်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ။
သိအောင်လုပ်လိုက်စမ်းပါ
အဲဒီတော့ ဆရာဘုန်းကြီးက သိအောင်လုပ်လိုက်စမ်းပါ၊ ဒါကလေးတွေဟာ ဖြစ်ပျက်တဲ့တရားကလေးတွေ ပါဘဲလို့ဆိုပြီး ဦးကျော်မောင်တို့ ဦးဘသော်တို့ ဦးဘသန်းတို့ကို ခိုင်းထားတယ် (မှန်ပါ့) ခိုင်းထားတော့ ခင်ဗျားတို့က သိအောင်လုပ်တယ် (မှန်ပါ့ ဘုရား)။
သိအောင်လုပ်ထားတော့ ဒီအသိကလေးက ဒီစက်ဝိုင်းထဲမှာ နဂိုရ်က မပါဘူးဗျ (မှန်ပါ့) ဒါက သံသရာခရီးသည်ပြထားတာ (မှန်ပါ့) လည်တတ်တဲ့ခရီးသည် ပြထားတာ (မှန်ပါ့)။
အခုတော့ ခင်ဗျားတို့ပြတာက ဘုရားပွင့်လာတဲ့သဘောကိုပြောတာ (မှန်ပါ့) ဘုရားပွင့်လာတာဟာ ဒီ၃-က ၄-မကူးလဲဉာဏ်ကလေးပေးချင်လို့ ဘုရားပွင့်လာတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ၃-နံပါတ်က (၄-မကူးချင်တဲ့) ၄-မကူးချင်တဲ့ အဲ့ဒီနေရာ ဉာဏ်ကလေးသွင်းဖို့ ဘုရားပွင့်လာတာပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ ဘုရားသည်ကားလို့ဆိုရင် ငါတို့ကယ်တင်တဲ့နေရာဟာ ဘယ်နေရာကပါလိမ့်မတုံးလို့ဆိုရင်ဖြင့် ဦးကျော်မောင်တို့ ဦးမြမောင်တို့တွေ့ပလား (တွေ့ပါပြီ) ဘယ်နေရာကနေ ကယ်တင်တာတုံး (၂-ကနေ ၃-ပါ ဘုရား)။
အဲ ၂-က ၃-မကူးအောင် ဉာဏ်ကလေးပေးတယ် (မှန်ပါ့) မပေးဘူးလား (ပေးပါတယ် ဘုရား) ဖြစ်ပျက်ဒုက္ခ သစ္စာသိတဲ့ဉာဏ်ကလေး မပေးဘူးလား (ပေးပါတယ် ဘုရား)။
အဲ့ဒီပေးတဲ့ဥစ္စာဟာ အခုဘုန်းကြီးတို့က အမွေဆက်ခံပြီးဆက်ယူထားတော့ ခင်ဗျားတို့လဲဆက်ပေးမယ် (မှန်ပါ့ ဘုရား) ဆက်ပေးတော့ ခင်ဗျားတို့ ၃-လဲမဖြစ်နိုင်တော့ဘူး (မှန်ပါ့) ၃-သမုဒယသစ္စာမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ၄-ဒုက္ခသစ္စာလာသေးရဲ့လား (မလာတော့ပါ ဘုရား)။
ဒါတွေမလာတာထောက်လိုက်တော့ သမုဒယသေရင်လဲနိဗ္ဗာန်၊ ဟုတ်လား (မှန်ပါ့) ဒုက္ခချုပ်လဲ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတော့ နိဗ္ဗာန်ကနှစ်ကွက်၊ ဟုတ်လား (မှန်ပါ့) ဟိုဘက်က ၁-ကွက်နဲ့ ၂-ကွက်က အသိနဲ့ပယ်တယ် (မှန်ပါ့) ၃-ကွက်နဲ့ ၄-ကွက်က အလုပ်နဲ့ပယ်တယ်ဆိုတော့ ဒီတစ်ဝိုင်းလုံး ပျောက်တယ် ခင်ဗျားတို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဘာပျောက်တာတုံး မောင်သစ်ရေ (အဝိုင်းကြီး ပျောက်ပါတယ် ဘုရား) အဝိုင်းကြီးကိုပျောက်နေတယ် (မှန်ပါ့) ဪ ဒါဖြင့် သံသရာဒို့ခရီးလမ်းဆုံးပြီ၊ မောင်သစ်ဆိုနိုင်ကြပလား (ဆိုနိုင်ပါပြီ ဘုရား) သံသရာဘယ်နှယ့်တုံး (ခရီးလမ်းဆုံးပါပြီ ဘုရား)။
ခရီးလမ်းဆုံးပြီဆိုတော့
ခရီးလမ်းဆုံးပြီဆိုတော့ ဒီအဝိုင်းကြီးပေါ်လျှောက်ပြေးနေတဲ့ခရီးဟာ ဦးခင်မောင် ဘယ့်နှယ်တုံး ပြေးဖို့ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ဟောထားတယ်၊
“ဂတဒ္ဓိနော ဝိသောကဿ”(ဓမ္မပဒပါဠိ၊၂၆) ဂတဒ္ဓိနော=ခရီးဆုံးပြီးသော ပုဂ္ဂိုလ်အား၊ ဝိသောကဿ=သောကပရိဒေဝ ဒုက္ခဒေါမနဿမရှိတော့ဘူး ကွတဲ့ (မှန်ပါ့)
ခရီးဆုံးတဲ့ပုဂ္ဂိုလ်မှာ မရှိဘူးတဲ့ (မှန်ပါ့) ခရီးမဆုံးသေးဘဲနဲ့ သံသရာမှာ ဒီဘဝလူဖြစ်လာတယ်ဆိုတော့ သားသေ,မယားသေ,ကိုယ်သေ၊အင်း သောက ပရိဒေဝ လာဦးမှာဘဲ (မှန်ပါ့) နောက်ဘဝ တစ်ခါပုဂ္ဂိုလ်တစ်မျိုး ဖြစ်ပြန်တော့ကော (လာဦးမှာပါ ဘုရား)။
သူတို့တော့ ခရီးမဆုံးသေးတဲ့ ပုဂ္ဂိုလ်မှာ သောက ပရိဒေဝဟာ အမြဲလိုက်နေမယ် (မှန်ပါ့) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား) ခရီးမဆုံးတဲ့ပုဂ္ဂိုလ်မှာ (သောက ပရိဒေဝအမြဲလိုက်ပါတယ် ဘုရား)။
အဲဒီတော့ ခရီးဆုံးတဲ့ ပုဂ္ဂိုလ်ကျတော့ကိုတဲ့ ဒီအဝိုင်းပြေးစရာမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ကို ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့တဲ့ ဝိပ္ပမုတ္တဿ သဗ္ဗဓိ=အလုံးစုံ ဘေးရန်တွေ လွတ်သွားပြီ၊ သောက ပရိဒေဝတွေ ဘာမှမရှိတော့ဘူး (မှန်ပါ့) ဘယ့်နှယ့်ကြောင့်တုံးဆိုတော့ ‘သဗ္ဗဂန္တပဟီနဿ’တဲ့ အလုံးစုံ ၃-နံပါတ်ပယ်လို့ ကွတဲ့ (မှန်ပါ့)။
ဖြစ်ပျက်ရှုလိုက်တော့ ဘယ့်နှယ့်နေသတုံး (၃-နံပါတ်ပယ်လိုက်ပါတယ် ဘုရား) “သဗ္ဗဂန္တပဟီနဿ”ဆိုတော့ သူတို့ကဖွဲ့ထားတဲ့ တရားတွေတဲ့၊ တဏှာ ဥပါဒါန် ကံတွေက သံသရာထဲက မထွက်ရအောင်ဖွဲ့ထားတဲ့ တရားတွေ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တဏှာကလဲ သံသရာထဲက မထွက်ရအောင် (မှန်ပါ့) ဥပါဒါန်ကကော (သံသရာထဲက မထွက်ရအောင် ပါ ဘုရား) ကံကကော (သံသရာထဲက မထွက်ရအောင်ပါ ဘုရား)။
သူတို့က ကံကအကျိုးပေးဦးမှာဘဲ၊ အကျိုးပေးရင် သံသရာထဲ ပြန်ကျမှာဘဲ (မှန်ပါ့)မကျပေဘူးလား (ကျပါတယ် ဘုရား)။
အဲဒီကဲ့သို့ ကျပြီးသကာလနေတာ”သဗ္ဗဂန္တပဟီနဿ”တဲ့ အလုံးစုံပေါ့လေ ဖွဲ့တတ်တဲ့တရားတွေ ကျုပ်တို့ရှုတဲ့ မဂ်ကဖယ်ချလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ‘ပရိဠာဟော န ဝိဇ္ဇတိ’ တဲ့၊ ပရိဠာဟော=ပူပန်သောက ဗျာပါရတွေ အကုန်ငြိမ်းတယ်တဲ့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒီဟာလျှော့လိုက်လို့ရှိရင် သေလို့မဆုံးတော့ဘူး
ဒါဖြင့် ခင်ဗျားတို့ အလုပ်ပေါ်ကြပလား (ပေါ်ပါပြီ) မလုပ်ရင် မဖြစ်ဘူးဆိုတာကော (ပေါ်ပါပြီ) မလုပ်ရင်(မဖြစ်ပါ ဘုရား)။
ဒါဖြင့် ထမင်းမစားဘဲနေနေ ထမင်းလျှော့စားစား၊ ကိစ္စမရှိဘူး၊ မသေနိုင်ဘူး (မှန်ပါ့) အလုပ်လျှော့လုပ်၊ ငွေနည်းနည်းဘဲရတယ်၊ ရသ၍နဲ့ဘဲ ရောင့်ရဲ၊ ဘာမှကိစ္စမရှိဘူး (မှန်ပါ့)ဒီဟာလျှော့လိုက်လို့ရှိရင် သေလို့မဆုံးတော့ဘူး (မှန်ပါ့)။
ဘယ့်နှယ်တုံး မောင်သစ် (သေလို့မဆုံးပါ ဘုရား) ဒီဖြစ်ပျက်ရှုတဲ့ အလုပ်ကို မင်းတို့မဂ်ဆိုက်အောင် မလုပ်လိုက်လို့ရှိရင်ဖြင့် အရိုးတောင်နှယ်ပုံစရာ ရှိသေးတယ် (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကြောက်စရာကောင်းပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ထမင်းလျှော့စားတာလဲ ကိစ္စမရှိဘူး (မှန်ပါ့) အလုပ်လျှော့လုပ်တာလဲ (ကိစ္စမရှိပါ ဘုရား) ကိစ္စမရှိဘူး၊ ဒီဟာလျှော့လုပ်ရင်တော့ အရိုးတောင်လိုပုံလိမ့်မယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒီဟာလျှော့လုပ်ရင် (အရိုးတောင်နှယ်ပုံပါလိမ့်မယ် ဘုရား) အရိုးတောင်နှယ်ပုံမယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
ဒါဖြင့်ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့ အခုဘုန်းကြီးကသင်ထားတယ်၊ ဒီအလုပ်ဟာဘုရား ပြောတဲ့အတိုင်း သင်ထားတဲ့အလုပ်ဖြစ်ပါတယ်၊ ဒီသင်ထားတဲ့ အလုပ်ကလေးမှ ခင်ဗျားတို့က သားရေးကြောင့်, သမီးရေးကြောင့်, ကိုယ်ရေးကြောင့်, စီးပွားရေးကြောင့်, ရာထူးရေးကြောင့် အမျိုးမျိုးအဖုံဖုံ ခင်ဗျားတို့ ဒီအလုပ်ကို လက်လွှတ်လိုက်လို့ရှိရင် ခင်ဗျားတို့သည် နောက်ထပ်တပည့်တော်သေလို့ မသာပေါင်းဘယ်လောက်ဖြစ်ပြီးတော့ မသာပေါင်းဘယ်လောက်ဖြစ်ပြီး အရိုးပေါင်းဘယ်လောက်ပုံမှာတုံးလို့ မေးတော့ကို အခုဒီဘဝကို မလုပ်ဘဲသာနေ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မလုပ်ဘဲသာနေမယ်ဆိုလို့ရှိရင် ငါဘုရားသခင်ကိုယ်တာ်မြတ်ကြီးဟောမယ်ကွာ တဲ့ မင်းတို့ဒုက္ခတွေဟာ ဒီသမုဒ္ဒရာပင်လယ်ရေလောက် ရှိတယ်နော် (မှန်ပါ့)။
သမုဒ္ဒရာပင်လယ်ရေလောက်ရှိပြီးသကာလ နေတော့ မြက်ကလေးနဲ့ အဖျားကလေးနဲ့သွားတို့၊ ဒီဘက်ခါ၊ တို့လိုက် ခါလိုက်၊ တို့လိုက် ခါလိုက်၊ ဘယ်တော့ကုန်မှာတုံး မေးရင် ဘယ်နှယ့်ပြောမတုံး (ကုန်နိုင်စရာမရှိပါ ဘုရား)။
အဲ ဒီတစ်ချိန် ခင်ဗျားတို့လဲ သစ္စာသိတဲ့ဉာဏ်ကလေး မလုပ်မိတော့ဘူးဆိုလို့ရှိရင် အဲဒီမကုန်သလိုဖြစ်နေတယ် (မှန်လှပါ ဘုရား)။
ဘယ်တော့မှ မကုန်ဘူးတဲ့ ဒုက္ခတွေ (မှန်ပါ့) ကုန်နိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုံး ခင်ဗျားတို့ (အလုပ်လုပ်ရမှာပါ ဘုရား) မလုပ်ရင် (မဖြစ်ပါ ဘုရား) မဖြစ်ပါဘူးဆိုတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ငါတစ်ဆင့်ကြားနဲ့မဟုတ်ဘူးတဲ့
အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြောတာဟာ ငါတစ်ဆင့်ကြားနဲ့မဟုတ်ဘူးတဲ့ (မှန်ပါ့) ဒါလဲမှတ်ပါဦး (မှန်ပါ့) တစ်ဆင့်ကြားနဲ့ (ပြောတာမဟုတ်ပါ ဘုရား)။
ကိုယ်တိုင်သိပြီးပြောတာ (မှန်ပါ့) သူများလိုတစ်ဆင့်ကြားမဟုတ်ဘူး (မှန်ပါ့)ကျုပ်တို့စာတွေ သင်ရတာက ရှေးလူကြီးတွေက ဒီလိုရေးထားလို့ ဒီလိုသင်ရတာ (မှန်ပါ့)။
သူကဒီလိုမဟုတ်ဘူး၊ ကိုယ်တိုင် မျက်မြင် ဦးမြမောင်ဖြင့် ဦးမြမောင် အကြောင်းကို တစ်ခါတည်း ကိုယ်တိုင်မျက်မြင်သိပြီး မင်းနောက်ဘဝက နာမည်က ဘယ်သူ၊ မင့် အမေဘယ်လို၊ မင့် အဖေဘယ်လို၊ မင်းသင်ထားတဲ့ ပညာက ဘယ်ပညာ(မှန်ပါ့)။
ဘယ်သူမှ ပြောရတာမဟုတ်ဘူး၊ သူ့ဟာသူသိပြီး မင်းဟောဒါကမှားတယ်၊ ဟောဒါက မှန်တယ်ဆိုတာ သူကိုယ်တိုင်သိပြီးပြောတာ (မှန်ပါ့) သူကစ,တာ (မှန်ပါ့) သူကစပြီး သင်တဲ့ဆရာရှိတာ၊ ရှင်းပလား (ရှင်းပါပြီ) အဲ့ဒီလို ကိုယ်တိုင်သိပြီး ပြောတာပါတဲ့ (မှန်ပါ့)။
ဒါကြောင့် မင်းတို့ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ ဘုရားတစ်ဆူ ဂူတစ်လုံးအဖြစ်နဲ့ ငါ့ကို မကိုးကွယ်ချင်နေကွ၊ လျှော့ဈေး လျှော့ဈေး၊ ဘုရားက (မှန်လှပါ ဘုရား)။
ဘုရားတစ်ဆူ ဂူတစ်လုံးအဖြစ်နဲ့ ငါ့ကိုမကိုးကွယ်ချင်နေပါ (မှန်ပါ့) သို့သော် ရန်သူအဖြစ်နဲ့တော့ ငါ့ကိုမပေါင်းနဲ့ (မှန်ပါ့)။
ငါဟာ မင်းတို့ ဘုရားတစ်ဆူ ဂူတစ်လုံးအဖြစ်နဲ့ မကိုးကွယ်ဘဲနဲ့ ဪ မိတ်ဆွေကောင်းကြီးတစ်ယောက်လို ငါ့ကိုကောင်းတာ ပြောနေတယ်လို့ ယုံကြည်ပြီးလုပ်ရင် ကြိုက်ပြီတဲ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သူ့ကို ဘုရားတစ်ဆူဂူတစ်လုံးအဖြစ်နဲ့ မကိုးကွယ်ချင်နေပါတဲ့၊ မိတ်ဆွေကောင်းတစ်ယောက် တို့ကိုလမ်းပြနေတယ် (မှန်ပါ့) လမ်းမှန်ကို ပြနေတယ်ဆိုပြီး မိတ်ဆွေကောင်းကြီး တစ်ယောက်ကပြောလို့ တို့လုပ်နေတယ် (မှန်ပါ့) ဒီလောက်ဆိုရင် သူကျေနပ်ပြီ (မှန်ပါ့ ဘုရား)။
ဒါဘယ်သူကပြောတာတုံး (ဘုရားကပြောတာပါ ဘုရား) ဒီထက့် လျှော့ဈေးများရှိသေးရဲ့လား (မရှိပါ ဘုရား)။
မိတ်ဆွေကောင်းတစ်ယောက်က ပြောဆိုတာနဲ့ အမှန်သိတဲ့မိတ်ဆွေကောင်းတစ်ယောက်က ပြောဆိုလို့ တို့ဒီအလုပ်လုပ်နေရတယ် ဆိုလို့ရှိရင် ကျေနပ်ပါပြီတဲ့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ငါမကျေနပ်တာတစ်ခုတော့ရှိတယ်ကွာ တဲ့၊ မကျေနပ်တာကတော့ တစ်ခြားမဟုတ်ပါဘူး တဲ့၊ ဒီမိတ်ဆွေကောင်းတစ်ယောက်က အခုပြောဆိုပြီးသကာလ သူကဒီအချိန်ဒါလုပ်ပါလို့ဆိုတာ ဒီအချိန် ဒါမလုပ်ဘူးလို့ဆိုတဲ့ ကန့်လန့်တော့မလုပ်ပါနဲ့တဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကန့်လန့်လုပ်တာဘဲ
ကန့်လန့်တော့ (မလုပ်ပါနဲ့) သူကဒီအလုပ်ကလေးလုပ်ပါ၊ ဖြစ်ပျက်ရှုပါ ကျေးဇူးများပါလိမ့်မယ်ဆိုတာတော့ ဖြင့် ပြောပါတယ်တဲ့ (မှန်ပါ့) ပြောပင်ပြောငြားသော်လဲ တဲ့၊ မင်းတို့က သားကိစ္စကြောင့်၊ သမီးကိစ္စကြောင့်၊ မင်းကိစ္စကြောင့်၊ စိုးကိစ္စကြောင့်၊ ဒါကြောင့် လူဆိုရင် မောတာပန်းတာနဲ့ မလုပ်နိုင်ဘူးဆိုတဲ့ သဘောမျိုးဟာတော့ အဲဒါတော့ ငါ့မိတ်ဆွေကြီးကို ကန့်လန့်လုပ်တာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သူပြောတာလိုက်နာလို့ရှိရင် သူ့ကိုကျေးဇူးမတင်ချင်နေ သူ့ကျေးဇူးမတင်ချင်နေ၊ မိတ်ဆွေကောင်း တစ်ယောက်က လမ်းပြလို့ လုပ်ရပါတယ်ဆိုရင် ကျေနပ်ပါတယ် တဲ့၊ ဂုဏ်မယူလိုပါဘူးတဲ့ (မှန်ပါ) သဘောပါပလား (ပါ-ပါပြီ)သူ့ကိုတော့ဖြင့် ထော်လော်ကန့်လန့်တော့ မလုပ်ပါနဲ့တဲ့ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်တုံး၊ မိတ်ဆွေကောင်းတစ်ယောက်က ပြောတာမို့ခင်ဗျားတို့ ဒီအလုပ်လုပ်ပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဟာ ဒီအလုပ်လုပ်နေလို့ မဖြစ်သေးဘူး၊ တပည့်တော်များစားဖို့,သောက်ဖို့,နေဖို့,ထိုင်ဖို့ကလဲ အရေးကြီးသေး တယ်ဆိုပြီးသကာလ ဒီအလုပ်ကို ဥပေက္ခာထားလို့ရှိရင်လဲ ထော်လော်ကန့်လန့်လုပ်တာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့်မိတ်ဆွေကောင်းတစ်ယောက်က ပြောဆိုတဲ့အလုပ်မို့လိုက်နာမယ် (မှန်ပါ့) ထော်လော်ကန့်လန့်တော့ မလုပ်တော့ပါဘူးဆိုရင် ဒါ ဘုရားကကြိုက်ပြီ (မှန်ပါ့ ဘုရား)။
ဘုရားက ဘာဖြစ်လို့ ကြိုက်တာတုံး၊ သူအရမ်းကြိုက်တာလားဆိုတော့ ထော်လော်ကန့်လန့်မလုပ်တဲ့ပုဂ္ဂိုလ်၏ အရေးကြီးလို့ ခင်ဗျားတို့ အရေးအတွက်ကို သူဝမ်းသာရှာတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင်
ဒါဖြင့် ခင်ဗျားတို့သည် ဒီဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင် လုပ်တဲ့အလုပ်ဟာ ဘုန်းကြီးဟောတဲ့ အလုပ်လို့လဲဆို၊ ဘုရားလိုမိတ်ဆွေကောင်းက ပြောလို့လိုက်နာရတဲ့ အလုပ်လို့လဲဆိုပါ (မှန်ပါ့) မလိုက်နာလို့ရှိရင်လဲ ၃-၄-၅ လှည့်နေမှာဘဲ (မှန်ပါ့) မလှည့်ပေဘူးလား (လှည့်သွားပါတယ်) အင်မတန် ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့သည် အခုဘုန်းကြီးပြောပါတယ်၊ ခင်ဗျားတို့မှာ အခု ပဋိသန္ဓေနေတဲ့ အချိန်ကပြီးခဲ့ပြီ (မှန်ပါ့) အခုအိုတဲ့အချိန်ရောက်ရပြီ၊ တစ်နေ့တစ်ခြား အိုလာပြီ (မှန်ပါ့) မအိုသေးဘူးလား (အိုပါပြီ ဘုရား)။
တော်တော်ကြာ အိပ်ယာထဲမှာ နာတဲ့အချိန်ရောက်မယ် (မှန်ပါ့)သေတဲ့အချိန်ကော (ရောက်မှာပါ ဘုရား)။
အဲဒီတော့ဘုန်းကြီးက အခုပြောတယ်၊ဒီအလုပ်လုပ်ပါဆိုတာ အိုတာက နာတာမရောက်ခင် ကြားထဲမှာ လုပ်ရမယ် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ) တစ်ကယ်နာလို့တစ်ကယ်သေသွားတဲ့အခါကျတော့ ဒီအလုပ်လက် လွတ်သွားမယ် (မှန်ပါ့) လက်လွတ်သွားရင်အဝိုင်းပြေး ပြေးရမယ် (ပြေးရမှာပါ) အရိုးကြီးပွားရေးဘဲ ပြန်လုပ်ရမယ် (မှန်ပါ့ ဘုရား)။
ဘယ်နှယ့်တုံး၊ ဘာပြန်လုပ်ရမတုံး (အရိုးကြီးပွားရေးဘဲ ပြန်လုပ်ရပါမယ် ဘုရား)။
အရိုးကြီးပွားရေးဘဲ ပြန်လုပ်ရမယ်ဆိုတာ မောင်သစ်ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
အအိုနဲ့ အနာမရောက်ခင်
ဒါဖြင့် မောင်စိုးမြင့် မင်းဟာ အိုပြီ၊ ဦးမြမောင် ခင်ဗျားကြီးပြီ (မှန်ပါ့) အအိုနဲ့ အနာမရောက်ခင် ဒီကြားမှာ အလုပ်လုပ်ရမယ် (မှန်ပါ့) ဘယ်အချိန်လုပ်ရမှာတုံး (အအိုနဲ့အနာမရောက်ခင်ကြားပါ ဘုရား)။
အိုတာ တားလို့ မရလို့ဘဲ အိုလာခဲ့ပြီ (မှန်ပါ့) ဟင် အနာမရောက်ခင်ကလေး ကျုပ်တို့ကြိုးစားရမယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
အနာရောက်မှဆိုတော့ ဆရာဝန်ကလဲ လက်လွတ်၊ အသေဘက်ကူးတော့မယ်ဆိုတော့ ဘုန်းကြီးများကော ဘာတတ်နိုင်သေးသတုံး (မတတ်နိုင်ပါ) ဘုရားကော(မတတ်နိုင်ပါ ဘုရား)။
မတတ်နိုင်တော့ ခင်ဗျားတို့ ဒို့ဘယ်အချိန်အလုပ်လုပ်ရမှာတုံး မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ဘယ်နှယ့်တုံး၊ နောက်က ဒကာ ဒကာမတွေ မေးဖို့လိုသေးသလား (မလိုပါ ဘုရား) ဘယ်အချိန် အလုပ်လုပ်ကြမှာတုံး၊ ကဲ ပြောကြစမ်းပါဦး (အနာမရောက်ခင်ပါ ဘုရား) အိုတော့အိုနေပြီ၊ အနာမရောက်ခင်ကြားထဲမှာ မှန်ပါ့) မြန်မြန်ပြီးအောင် လုပ်လိုက်လို့ရှိရင် ဒီအဝိုင်းပြေးတဲ့ဇာတ် အရိုးတောင်နှယ်ပုံတဲ့ ဇာတ်ခင်းရသေးရဲ့လား (မခင်းရပါ ဘုရား)။
ဒါဖြင့် ဒီအလုပ်ဟာ အချိန်ကလဲ ဒီအချိန်ဘဲရှိတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) ဒီအချိန်ကလေးကို ဒီအဝိုင်းပြေး ပေါ်မှာသာလျှင်လဲ ဒီအဝိုင်းပြေးဇာတ်က အရိုးတောင်နှယ်ပုံတဲ့ဇာတ်က လွတ်မှာ (မှန်ပါ့) နို့မဟုတ်ရင် (မလွတ်ပါ ဘုရား)။
ခင်ဗျားတို့ သိန်းတစ်ရာချမ်းသာ၊ ဟုတ်လား မီလျံနာသူဋ္ဌေးကြီးဘဲ ဖြစ်ဖြစ် ဒါအဝိုင်းပြေးဟာ အဝိုင်းပြေးဘဲ (မှန်ပါ့) ဘာမှမပါဘူး၊ သူ့နောက်ပါသွားတာ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒကာ ဦးမြသေသွားတာ
တစ်နေ့က ဘုန်းကြီး ဒကာ ဦးမြသေသွားတာ နည်းသလားပစ္စည်းတွေ (မှန်ပါ့) နည်းတဲ့ပစ္စည်းတွေ မဟုတ်ပါဘူး (မှန်ပါ့) မနက်ကသူ့အသုဘပစ္စည်းတွေ လာပို့လာတယ် နည်းတာတွေမဟုတ်ဘူး (မှန်ပါ့) အကုန်စွန့်ပြေးရတာဘဲ၊ သူ့နောက်ဘာပါသွားသတုံးမေးရင် ဘယ်နှယ့်ဖြေကြမလဲ (ဘာမှမပါ-ပါ ဘုရား)။
အငြိမ်ကောနေတဲ့ အဘိုးကြီးလို့ထင်ကြရဲ့လား (မထင်ပါ ဘုရား)အခု စက္ကူစက်တည်မည့် တန်းလန်းတဲ့ကွ (မှန်ပါ့) မနက်ကမှ လာလျှောက်တယ် စက္ကူစက်တည်မည့်တန်းလန်း (မှန်ပါ့ ဘုရား)။
သို့သော် သေခါနီးတော့ ကောင်းသွားပါတယ် (မှန်ပါ့) သားတွေ,သမီးတွေ မလာခဲ့ကြနဲ့ဟေ့၊ တစ်နာရီခွဲကနေ အော်လိုက်တယ်၊ အော်ပြီးတော့ ဘုန်းကြီးရီကော်တာယူခဲ့၊ ဖွင့်ကွာ ဖွင့်ပြီးတော့ ရီကော်တာနာရင်း တစ်နာရီလောက် ကျတော့ ချုပ်သွားတယ်၊ ဝိညာဏ်ချုပ်တယ် (မှန်ပါ့ ဘုရား)။
ဟန်ကျသွားတယ်
အဲ့ဒါတော့ ဟန်ကျသွားတယ် (မှန်ပါ့) တော် တော်သေးတယ်၊ မောင်သစ် (မှန်ပါ့) တော်သေးတယ် ဟင် (မှန်ပါ့) အင်း ကပ်ပြီးတော့ တော်သွားတယ်။
ဒီမှာလဲ အားထုတ်သေးတာ မောင်သစ်တို့နဲ့ အတူတူဘဲ (မှန်ပါ့ ရန်ကုန်မြို့မှာလဲ တရားနာပါတယ် ဘုရား) ရန်ကုန်မှာလဲ အမြဲဘဲသူက၊ သူ့ကိုဘဲ တရားနာခံလုပ် ဟောနေတာဘဲ (မှန်ပါ့) အဲဒါကြောင့် လောကီကတော့ ခင်ဗျားတို့ ထားခဲ့ဘဲမှတစ်ပါး ဘာမှမရှိဘူး (မှန်ပါ့ ဘုရား)။
စားတာကလဲ ကျင်ကြီးဖြစ်ဖို့ဘဲ (မှန်ပါ့)၊ မစားသွားလို့ရှိရင်လဲ ထားခဲ့ဖို့ဘဲ၊ ထားခဲ့ဖို့ကလဲ ကိုယ်မဆိုင်တာ အမှန်ဘဲ (မှန်ပါ့)။
ထားတာ ကိုယ်ဆိုင်သေးရဲ့လား (မဆိုင်ပါ ဘုရား) စားတာကကော ကိုယ်ကြီးပွားသလားတဲ့၊ ကုဋီကြီးပွားသလား လို့မေးပြန်တော့ (ကုဋီကြီးပွားပါတယ် ဘုရား)။
စားတာကလဲ ကိုယ်ကြီးပွားတာ မဟုတ်ဘူးကွ ဟင် (မှန်ပ့ါ) ကိုယ့်မှာတော့ ခေတ္တဘဲ (မှန်ပါ့) ကုဋီကြီးပွားရေးဘဲ၊ သဘောပါပလား (ပါပါပြီ ဘုရား)။
အဝတ်တွေများများကြီး ဝယ်ဝတ်တဲ့အခါကျတော့ ကိုယ်မလျှော်နိုင်၊မဖွတ်နိုင်လို့ ဒိုဘီကြီးပွားရေး ဖြစ်မှာဘဲ (မှန်ပ့ါ) ဒီ့ပြင်ဘာဖြစ်သေးသတုံး (ဘာမှမဖြစ်ပါ ဘုရား)။
ဘာမှမဖြစ်ဘူးဆိုတော့ ခင်ဗျားတို့က လုပ်သာနေတယ်၊ ကိုယ့်ကြီးပွားရေးအတွက် မပါဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား)။
အဝတ်များများဝတ်တော့ ဒိုဘီကြီးပွားရေး၊ အစားများများစားတော့ ကုဋီကြီးပွားရေး၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ဒီသူတော်ကောင်းအလုပ်ပေါ့နေတော့ အရိုးကြီးပွားရေး (မှန်ပါ့) ဘယ်ဟာ ကောင်းသေးသတုံး (ဘယ်ဟာမှ မကောင်းပါ ဘုရား)။
သစ္စာသိတဲ့အလုပ် လုပ်
ဘယ်ဟာမှ မကောင်းတော့ဘူး၊ အကောင်းဆုံးကို ဆရာဘုန်းကြီးကပေးထားပြီ (မှန်ပါ့) သစ္စာသိတဲ့အလုပ် လုပ် (မှန်ပါ့)။
ဖြစ်ပျက်ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါကလေးဟာ သိလိုက်တယ် သိလိုက်တယ် ဆိုတာကလေးဟာ (မဂ္ဂသစ္စာပါ ဘုရား)။
အဲဒါကလေးကမှ ခင်ဗျားတို့ အရိုးကြီးပွားရေးလဲ ဇာတ်ကုဋီကြီးပွားရေးလဲ ခန္ဓာမရှိလို့ ဇာတ်သိမ်းတာဘဲ၊ ခန္ဓာမရှိလို့ဒိုဘီကြီးပွားရေးလဲ (ဇာတ်သိမ်းပါတယ် ဘုရား)။
ဇာတ်သိမ်းတော့ကို ဪ ဒီဥစ္စာဟာ တော်တော်အရေးကြီးတဲ့အားလုံးကုန်ကို ဇာတ်သိမ်းပေးတဲ့အလုပ်ဟာဖြင့် မဂ်ဘဲရှိတယ် (မှန်ပါ့ ဘုရား)။
အားလုံးကုန်ကို ဇာတ်သိမ်းပေးတာဖြင့် ဘာဘဲရှိသလဲ (မဂ်ဘဲရှိပါတယ် ဘုရား)။
မဂ်ဘဲ ရှိတယ်ဆိုကတည်းက ကျုပ်တို့ လုပ်ထိုက်သေးသလား (မလုပ်ထိုက်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မောင်သစ် ဘာတဲ့တုံးကွ (မဂ်ဘဲရှိပါတယ် ဘုရား) ဒါအားကိုးရာမဟုတ်ပါလား (မှန်ပ့ါ)။
မဂ်က ဘယ်ပို့သတုံး
ကိုင်း ဒါဖြင့် ခင်ဗျားတို့က မဂ်က ဘယ်ပို့သတုံး မေးဖို့လိုလာတယ် (မှန်ပါ့) ဒီအမြင်သားဘဲ၊ ၃-မကူးကတည်းက သမုဒယသစ္စာ မီးငြိမ်းပစ်တယ် (မှန်ပ့ါ) ၄-မကူးကတည်းကထင်းသိမ်းပစ်တယ် (မှန်ပါ့)။
ဒါဖြင့် ကိလေသာမီးတွေလဲ သိမ်းတယ်၊ ခန္ဓာထင်းတွေကိုလဲ သိမ်းတယ် (သိမ်းပါတယ် ဘုရား) မီးလဲငြိမ်းတယ်၊ ထင်းလဲသိမ်းတယ် (မှန်ပါ့ ဘုရား) မဂ်ဟာ ဒီလိုစွမ်းရသည်သတ္တိရှိတယ် (မှန်ပါ့)။
မောင်သစ် စွမ်းရည်သတ္တိဘယ့်နှယ်နေသတုံး၊ ကိလေသာမီးကော (သိမ်းပါတယ် ဘုရား) ခန္ဓာထင်းတွေကော (သိမ်းပါတယ် ဘုရား) ဒါဖြင့်ခန္ဓာသိမ်း၍ မီးငြိမ်းတာ (မှန်ပ့ါ ဘုရား) ဟုတ်လား ထင်းသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်ဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ထင်းသိမ်း၍ မီးငြိမ်းတာ (နိဗ္ဗာန်ပါ ဘုရား) ဘယ်သူက ရွက်ဆောင်ပေးသတုံး (မဂ်က ရွက်ဆောင်ပေးပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့၏ အားကိုးရာအစစ်ဟာ မဂ်ဘဲ (မှန်ပါ့ ဘုရား) ဖြစ်ပျက်ရှုတဲ့မဂ်ဘဲ (မှန်ပါ့) မောင်စိုးမြင့် သဘောကျပလား (ကျပါပြီ)။
ဒါကြောင့် မင်းကို ငါစာရေးပေးထားတယ်၊ သေသေချာချာလုပ်စမ်းပါ၊ သေသေချာချာ လုပ်စမ်းပါဆိုတာ အရေးကြီးလို့ ပြောနေတာ (မှန်ပါ့) အရေးကြီးလို့ ပြောနေတာ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။