11401

မာတိကာသို့

ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာသတ်ခန်း

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း – မိုးကုတ်ဆရာတော်ဘုရား

အမရပူရမြို့-ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူသော

(ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာသတ်ခန်း)ညအလုပ်ပေး-တရားတော်

(၁-၉-၆၂)

ရှေးဦးစွာ သက္ကာယဒိဋ္ဌိဖြုတ်ရမယ်

ဒကာ ဒကာမတို့ ဘယ်ရောက်ရောက် အခုအစီအစဉ်အတိုင်း ကြိုးစားမှသာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် လိုရာခရီးအမြန်ကြီး ရောက်မယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)

သက္ကာယဒိဋ္ဌိပြုတ်ချင်ရင် ပဋိစ္စသမုပ္ပါဒ်သိမှ သစ္စာသိမယ် (မှန်ပါ့) သစ္စာသိမှ သံသရာ ပြတ်မယ်ဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တာ မင်းတို့ သစ္စာမသိလို့ သံသရာရှည်ကြတယ်ကွ၊ ငါလဲ ရှည်ခဲ့တယ်၊ မင်းတို့လဲ ရှည်လိမ့်ဦးမယ်ဆိုတာ လမ်းဆုံးဟောတာပါ (မှန်ပါ့)။

စင်စစ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိမှုက ဝိပဿနာအလုပ်ကို လုပ်တော့မယ်ဆိုတော့ သစ္စာဆိုက်အောင် လုပ်ရတဲ့အလုပ်ဖြစ်နေတော့ သစ္စာမသိခင် ရှေးဦးစွာ သက္ကာယဒိဋ္ဌိဖြုတ်ရမယ် (မှန်ပါ့)။

သက္ကာယဒိဋ္ဌိက ဘယ်ပေါ်မှာ စွဲမှီကပ်ပြီး သကာလ နေပါလိမ့်မတုံးဆိုတော့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်မှာ စွဲမှီကပ်နေတယ် (မှန်ပါ့)။

ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်မှာ စွဲပြီးသကာလ သက္ကာယဒိဋ္ဌိကကပ်တော့ ပဋိစ္စသမုပ္ပါဒ်သိလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သက္ကာယဒိဋ္ဌိက ပြုတ်ပါတယ် (ပြုတ်ပါတယ် ဘုရား)။

ဒုက္ခအစုကြီး

အဲ့ဒီ သက္ကာယဒိဋ္ဌိပြုတ်တော့မှ ပဋိစ္စသမုပ္ပါဒ်ဟာ ဘာသစ္စာတွေလဲလို့ တစ်ပြုံကြီး ကြည့်လိုက်တဲ့အခါကျမူ “ဧဝမေတဿကေဝလဿ ဒုက္ခက္ခန္ဓဿ”ဆိုတဲ့ ဒုက္ခအစုကြီးဆိုတဲ့ သစ္စာပေါ်လာတယ် (မှန်ပါ့)။

အဲ့ဒီ ဒုက္ခအစုကြီး သစ္စာပေါ်လာတော့မှ ဒကာကြွယ်တို့ ဦးလှဘူးတို့က ဪ နောက်-ဒုက္ခသစ္စာကြီး ဒုက္ခက္ခန္ဓကြီးလာရင်ဖြင့် ဒို့သည်ကားလို့ ဆိုရင်ဖြင့် မတော်တော့ပါလားဆိုတဲ့ဉာဏ် ပေါ်ပေါက်လာတယ် (မှန်ပါ့)။

ဒါကြောင့် ရှေးဦးစွာ သက္ကာယဒိဋ္ဌိခွါရမယ် (မှန်ပါ့) ခွါချင်ရင် ဘာသိအောင်လုပ်ရမယ် (ပဋိစ္စသမုပ္ပါဒ် သိအောင် လုပ်ရပါမယ် ဘုရား)။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်သိအောင် လုပ်ရမယ် (မှန်ပါ့) ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်သိမှသာလျှင် သစ္စာကိုသိမယ် (မှန်ပါ့) သစ္စာသိမှသာလျှင် သံသရာ၏ ဒုက္ခတွေကို မလိုချင် မရချင်တဲ့ မဂ်ဉာဏ်ပေါ်မယ် (မှန်ပါ့)။

ဒါဖြင့် တဲ့၊ ဒကာသစ်တို့၊ ဪ ဒီနေ့ ဆရာဘုန်းကြီး စစချင်းပြောတဲ့ အရေးဟာဖြင့် သံသရာ ဖြတ်လမ်းမှာဖြင့် အရေးကြီးဆုံးအချက်ဖြစ်နေပါပေါ့လားဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဘယ်လိုပဲ ဒကာ ဒကာမတွေက အနိစ္စတွေမြင်တယ်၊ ဒုက္ခတွေမြင်တယ်၊ အနတ္တတွေမြင်တယ်လို့ ဆိုငြားသော်လည်း သက္ကာယကို ဆရာဘုန်းကြီးက ဖြုတ်မပေး၊ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာလဲ သုတမယဉာဏ်နဲ့ မပြုတ်သေးလို့ရှိရင် ဝိပဿနာ အားထုတ်ငြားသော်လည်း သက္ကာယဒိဋ္ဌိ အပင်းခံလို့ ဒကာသစ်ရေ မဂ်,ဖိုလ်,မဆိုက်နိုင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သက္ကာယ ဖြုတ်မပေးတဲ့ ဆရာနဲ့တွေ့ပြီး သကာလရောက်လို့ရှိရင် ရှုဟဲ့ မှတ်ဟဲ့ ဆိုရုံနဲ့ဖြင့် အချိန်သာကြာ၍ လိုရာခရီးမပေါက်ပေဘူး (မှန်ပါ့)။

သက္ကာယဒိဋ္ဌိဆိုတာ

ဒါဖြင့် ရှေးဦးစွာ ဒကာ ဒကာမတွေ ဘာဖြုတ်ပေးရမယ် (သက္ကာယဒိဋ္ဌိဖြုတ်ပေးရပါမယ် ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ပေးရမယ် နော် (မှန်ပါ့) အဲ့ သက္ကာယဒိဋ္ဌိဆိုတာက ဒကာ ဒကာမတို့ “သန္တောကာယောသက္ကာယော” ဆိုတဲ့အတိုင်း သန္တော=ပရမတ္ထအားဖြင့် ထင်ရှားရှိတဲ့။ ကာယော=ကိုယ်။ သက္ကာယော=ပရမတ္ထ အားဖြင့်ထင်ရှားရှိတဲ့ကိုယ်။ သက္ကာယေ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ။ ဒီ-ပရမတ္တအားဖြင့် ထင်ရှားရှိတာကို ငါ-ငါ့ဥစ္စာထင်နေတယ် (မှန်ပါ့)။

ပရမတ္ထအားဖြင့် ခန္ဓာထဲ ပေါ်တာတွေကတော့ ပရမတ်တွေပေါ့ဗျာ (မှန်လှပါ) အဲ့ဒါ ငါ-ငါ့ဥစ္စာထင်ယင် သက္ကာယဒိဋ္ဌိလို့မှတ်လိုက်ပါ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ကြီးပေါ်နေတာကို ငါ-ငါ့ဥစ္စာထင်နေရင် (သက္ကာယဒိဋ္ဌိပါ ဘုရား) ကဲ ဒါဖြင့် သက္ကာယဒိဋ္ဌိဘဲ၊ အဲ့ဒီ သက္ကာယဒိဋ္ဌိမပြုတ်ဘဲနဲ့ ၎င်းင်းပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးကို ဖြစ်ပြီးပျက်တဲ့ အနိစ္စတွေဘဲ၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စတွေဘဲလို့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ အာပေါက်အောင် ရှုငြားသော်လည်း ဒိဋ္ဌိအပင်းခံနေလို့ မဂ်ဉာဏ်မဝင်နိုင်ပါဘူး (မှန်ပါ့) မိစ္ဆာဒိဋ္ဌိခံနေလို့ သမ္မာဒိဋ္ဌိဝင်ခွင့်မရပါဘူး (မှန်ပါ့)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ်ပါဋ္ဌိတော်ကြီးများမှာဓေါဝကဆိုပြီး ဓေါဝကဆိုတာ ဆေးလျော်တဲ့သုတ်ပေါ့ဗျာ (မှန်ပါ့) သက္ကာယဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှုရင် သမ္မာဒိဋ္ဌိဟာ ထွက်ပြေးနေတာဘဲ၊ ဘယ်တော့မှ သမ္မာဒိဋ္ဌိမဂ္ဂင် မရှိနိုင်ပါဘူးကွ တဲ့ (မှန်ပါ့)။

အဲ့ဒီတော့ သမ္မာဒိဋ္ဌိမဂ္ဂင်ရောက်လာမှသာလျှင် သက္ကာယဒိဋ္ဌိက စင်ကြယ်တယ်ကွ တဲ့ (မှန်ပါ့) ဒီလိုဟောထားတဲ့ ပါဠိတော်တွေက အထင်အရှား အမြင်သား ဖြစ်ပြီး သကာလနေသောကြောင့် အားလုံးတရားနာလာကြတဲ့ ဒကာ ဒကာမတွေ ဝိပဿနာမလုပ်မီ သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ဖို့ အရေးကြီးတယ်ဆိုတာ အကြီးအကျယ်ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ဝိပဿနာမလုပ်ခင် ဘာလုပ်ရမယ် (သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ရမယ်)။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပေါ်လာတာ သိမှသာလျှင်

သက္ကာယဒိဋ္ဌိဖြုတ်မယ် ကြံပြန်တော့လည်း ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပေါ်လာတာ မသိပြန်လဲ မဖြုတ်တတ်ပါဘူး (မှန်ပါ့)။

ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပေါ်လာတာ သိမှသာလျှင် သက္ကာယဒိဋ္ဌိပြုတ်တယ်၊ ကဲ ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြောကြပါစို့၊ သက္ကာယဒိဋ္ဌိဖြုတ်ရအောင် (မှန်ပါ့)။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ ရှေးက အနုရာဓရဟန်းကလေးဆိုတာရှိတယ်၊ သူဟာ အနိစ္စ,ဒုက္ခ,အနတ္တတွေ လှလှကြီး ဒကာသစ်ရေ မြင်သနော် (မှန်ပါ့) ဒကာကြွယ် မြင်သနော် (မှန်ပါ့)။

မြင်ပင် မြင်ငြားသော်လည်း မဂ်ဉာဏ်၊ဖိုလ်ဉာဏ်မရဘူး (မှန်ပါ့) ဘယ်နှယ့်ကြောင့် မဂ်ဉာဏ်၊ဖိုလ်ဉာဏ် မရပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် သူ့စိတ်ထဲမှာ သတ္တဝါသေလို့ရှိရင်ဖြင့် ဖြစ်သေးလား၊ မဖြစ်တော့ဘူးလား ဆိုတဲ့ သတ္တဝါဟူသောဒိဋ္ဌိ, သံသယဟူသော ဝိစိကိစ္ဆာ၊ဒါတွေကရှိနေတော့ ဖြစ်ပျက်တွေ မြင်ငြားသော်လည်း မဂ်ဉာဏ်မရနိုင်ပါဘူး (မှန်ပါ့) ဘုရားလက်ထက်က၊ ဘုရားလက်ထက်ကနော် (မှန်ပါ့)။

ပြီးတော့ ဆန္နမထေရ်ဟာတဲ့ ဖြစ်ပျက်တွေ သူအကုန်မြင်တယ် (မှန်ပါ့) အနိစ္စအချက်တွေ အကုန်မြင်ငြား သော်လည်း သက္ကာယဒိဋ္ဌိက ကျန်နေတယ် (မှန်ပါ့) ကျန်နေတော့ သူရှုတယ်၊ ရှုကြည့်တော့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကို မမြင်ဘူး (မှန်ပါ့)။

ဘာကျန်နေလို့ပါလိမ့် (သက္ကာယဒိဋ္ဌိကျန်နေလို့ပါ) သက္ကာယဒိဋ္ဌိကျန်နေတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာသမားတွေက အမျိုးမျိုးအဖုံဖုံ ဟောကြ ပြောကြငြားသော်လည်း အစဉ်ကလေးကိုက်ဦးမှလဲ ကောင်းပါတယ် (မှန်ပါ့) ဘယ်လိုပါလိမ့် (အစဉ်ကလေးကိုက်ဦးမှ ကောင်းပါတယ် ဘုရား) ရောက်လာ လုပ်ဟဲ့ လုပ်ဟဲ့၊ ရောက်လာ လုပ်ဟဲ့ လုပ်ဟဲ့ ဆိုလို့ရှိရင် ဒကာကြွယ် ကိုယ်ကျိုးနည်းလိမ့်မယ်နော် (မှန်ပါ့) ကိုယ်ကျိုးနည်းမှာ စိုးရိမ်ရပါတယ်ဆိုတာလည်း ယခုဖော်ပြောပါပြီ (မှန်ပါ့)။

ရှင်အနုရာဓသည် အနိစ္စ, ဒုက္ခ, အနတ္တ မြင်ပါလျက်သားနဲ့ ဒိဋ္ဌိဝိစိကိစ္ဆာကို ဉာတပရိညာနဲ့ ဖြုတ်မထားလို့ မဂ်မရ,ဖိုလ်မရ ဖြစ်နေတယ် (မှန်ပါ့)။

ရှင်ဆန္နသည် ဒကာ ဒကာမတို့ အနိစ္စ, ဒုက္ခ, အနတ္တမြင်ပါလျက်သားနဲ့ နိဗ္ဗာန်မရောက်နိုင်တာ ဒိဋ္ဌိတည်းဟူသော တရားက ခံပြီးသကာလ နေတဲ့အတွက် မရနိုင်ပါဘူး (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပျက် အနိစ္စ, ဒုက္ခ, အနတ္တမြင်မှုထက် ၁-နံပါတ် အရေးကြီးတာ ဒိဋ္ဌိခွါဖို့လို့ မှတ်လိုက်ပါ (မှန်ပါ့) ၁-နံပါတ်ဒကာ ဒကာမတို့ ဘာခွါရမယ် (ဒိဋ္ဌိခွါရပါမယ် ဘုရား)။

ဒိဋ္ဌိခွါတော့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်သိမှ ခွါနိုင်တယ် (မှန်ပါ့) ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် မသိရင်လဲ (မခွါနိုင်ပါ ဘုရား) မခွါနိုင်ဘူးဆိုတာ မှတ်ထားပါ (မှန်ပါ့) ဒိဋ္ဌိမခွါနိုင်ဘဲနဲ့ အားထုတ်တဲ့ ဝိပဿနာဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူးဆိုတာ သေသေချာချာမှတ်ကြပါနော် (မှန်ပါ့)။

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြကြပါစို့

ကဲ ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဘဲ ပြကြပါစို့၊ ဒီမှာ ကြည့်ကြပါတဲ့ (ဤနေရာ၌ စက်ဝိုင်း ပြတော်မူသည်)။

အဝိဇ္ဇာ-သင်္ခါရဆိုတာ နှစ်ခုပါပါတယ်နော် (မှန်ပါ့) တွေ့ကြရဲ့လား (တွေ့ပါတယ် ဘုရား)။

အဲ့ဒီ အဝိဇ္ဇာသင်္ခါရဆိုတာ ခင်ဗျားတို့ နောက်ဘဝက လူဖြစ်ခဲ့သလား၊ နတ်ဖြစ်ခဲ့သလား၊ ဗြဟ္မာ ဖြစ်ခဲ့သလားဆိုတာတော့ သူတို့ အဘိဉာဏ်ရရင် သိမယ်၊ အဘိဉာဏ်မရရင် မသိဘူး၊ သို့သော် ပုဂ္ဂိုလ်-သတ္တဝါကတော့ အထူးမဟုတ်ဘူး၊ ပုဂ္ဂိုလ်-သတ္တဝါမှာ ကိန်းနေတဲ့ တရားကသာလျှင် သူစီမံသလိုခံကြရတာ ဖြစ်နေတော့ ပုဂ္ဂိုလ်-သတ္တဝါ ဘာဖြစ်ခဲ့တယ်ဆိုတာ မသိငြားသော်လည်း အဝိဇ္ဇာနဲ့ နေခဲ့တယ်ဆိုတာတော့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ပုဂ္ဂိုလ်-သတ္တဝါ ဘာဖြစ်ခဲ့တယ်၊ ညာဖြစ်ခဲ့တယ်လို့ ဦးကျော်မောင်တို့၊ ဦးဘစောတို့ ဘာမှစဉ်းစားမနေနဲ့ တဲ့၊ ငါ နော် အတိတ်ဘဝက သစ္စာလေးပါး မသိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တော့ ဖြစ်ခဲ့တယ်၊ ဒါသာဆုံးဖြတ်ချက်ချ (မှန်ပါ့)။

နောက်ဘဝက ဘာဖြစ်ခဲ့ကြသလဲ (သစ္စာလေးပါးမသိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ် ဘုရား)။

သစ္စာလေးပါးမသိတဲ့ ပုဂ္ဂိုလ်တော့ဖြစ်ခဲ့တာ အမှန်ဘဲ (မှန်ပါ့) နတ်ဖြစ်ခဲ့သလား၊ ဗြဟ္မာဖြစ်ခဲ့သလားဆိုတာ၊ အို အဲ့ဒါတွေ အသာထား၊ နတ်တွေဗြဟ္မာတွေ ဖြစ်အောင် စီမံတာက ဒီ ဓမ္မက စီမံတာဖြစ်နေတော့ ဓမ္မကို အရင်းကျကျ လက်သည်ဖမ်းလိုက်ရင် ပြီးတာဘဲ (မှန်ပါ့)။

သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာ

နံပါတ်၁တဲ့၊ ဒကာ ဒကာမတွေ နောက်ဘဝက ဘယ်တရားတွေ ကြီးစိုးပြီးသကာလ ဘယ်တရားတွေနဲ့ အဖော်လုပ်ပြီးသကာလ နေခဲ့ပါလိမ့်မလဲလို့ မေးလို့ရှိရင် သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကို အဖော်လုပ်နေခဲ့တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဘာနဲ့ နေခဲ့ကြပါသလဲ (သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာနဲ့အဖော်လုပ်နေခဲ့ပါတယ်) အဖော်လုပ်ခဲ့တာကိုတဲ့ ဪ ငါအတိတ်ဘဝက သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကို အဖော်လုပ်ပြီးသကာလ နေခဲ့တဲ့အတွက် ငါဟာ မသိသလိုဘဲ လုပ်ချင်တာ လုပ်ခဲ့တယ်ဆိုတာလဲ ပြောဖို့မလိုတော့ဘူး (မှန်ပါ့)

မသိတဲ့ ပုဂ္ဂိုလ်ဟာ သွားချင်တဲ့လမ်းသွားတာဘဲ၊ လုပ်ချင်တဲ့အလုပ် လုပ်တာဘဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

အဲ့ဒါကြောင့် ကုသိုလ်လဲပြုခဲ့ပါတယ် တဲ့၊ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ရောက်ကြောင်း ကုသိုလ်လဲ လုပ်ခဲ့ပါတယ် (မှန်ပါ့)။

ကုသိုလ်သင်္ခါရ၊ သင်္ခါရဆိုတာ ကုသိုလ်သင်္ခါရ (မှန်ပါ့) ကုသိုလ်သင်္ခါရလဲ လုပ်ခဲ့ပါတယ် တဲ့၊ အကုသိုလ်သင်္ခါရလဲ လုပ်ခဲ့ပါတယ်၊ အကုသိုလ်-သင်္ခါရ ကုသိုလ်-သင်္ခါရကတော့ကို ပေးတာ-ကမ်းတာ-စွန့်တာ-ကျဲတာ ကုသိုလ်-သင်္ခါရဘဲ၊ ဟင် အခုလဲ ကျန်းမာအောင်နောက်လဲ ချမ်းသာအောင် နောက်လဲ ချမ်းသာအောင်ဆိုတာ ဘဝတဏှာပါသွားတယ် (မှန်ပါ့)။

မသိလို့လုပ်တယ်

ပါသွားတော့ ပြုတဲ့ကုသိုလ်ရယ်၊ နောက် မျှော်လင့်တဲ့တဏှာရယ်ဆိုတာ ကုသိုလ်သင်္ခါရရယ်၊ အကုသိုလ် သင်္ခါရရယ် ဦးညွန့်မောင် နှစ်မျိုးလုပ်တယ် (မှန်ပါ့)။

ဒါ သူ ဘယ်နှယ့်ကြောင့် လုပ်ဖြစ်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ မသိလို့လုပ်တယ် (မှန်ပါ့) ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (မသိလို့လုပ်ပါတယ် ဘုရား)။

မသိလို့ ကုသိုလ်လဲပြုတယ်၊ လူခန္ဓာ,နတ်ခန္ဓာ,ဗြဟ္မာခန္ဓာကို ရချင်တဲ့တဏှာလဲပါသွားတော့ တဏှာလဲသင်္ခါရ-ကုသိုလ်လဲ သင်္ခါရဘဲ၊ တဏှာဆိုတာလဲ စေတနာပါနေတယ် (မှန်ပါ့) ကုသိုလ်ဆိုတာလဲ စေတနာပါနေတော့ စေတနာ နှစ်ခုတွဲလုပ်တယ်၊ မိဿကကံသွားလုပ်တယ် (မှန်ပါ့) မိဿကဆိုတာရောတာ (မှန်ပါ့)။

ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ်ဟာ “အဝိဇ္ဇာပစ္စယာ မိဿကသင်္ခါရာ” သွားဖြစ်တယ် (မှန်ပါ့) မိဿကဆိုတာ ရောတာနော် (မှန်ပါ့) ကုသိုလ်အဖြူကိုလဲလုပ်တယ်၊ အမဲနဲ့ဘုံဘဝလဲ ဆုတောင်းတယ်၊ အဖြူ,အမဲရောလုပ်တယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါတယ် ဘုရား) ဘာနဲ့လုပ်ပါလိမ့် (အဖြူအမဲရောလုပ်ပါတယ် ဘုရား)။

ကုသိုလ်ကတော့ အဖြူပေါ့ဗျာ (မှန်ပါ့) ဘုံဘဝရချင်တဲ့တဏှာက (အမဲပါ ဘုရား) ဘုံဘဝရချင်တဲ့ စေတနာကလဲ အမဲဖြစ်နေတော့ အမဲနဲ့အဖြူရောလုပ်ထားတယ်တဲ့။

ဒါ ဘယ်နှယ့်ကြောင့် ဒီအမဲနဲ့အဖြူ ရောလုပ်ပါလိမ့်မတုံး (မသိလို့ပါ ဘုရား)။

အမဲ,အဖြူရောတယ်

ဒါဖြင့် မသိတာက အဝိဇ္ဇာ၊ အမဲအဖြူရောလုပ်ထားတာက (သင်္ခါရာပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရာ (မှန်ပါ့) ကြည့်စမ်းပါဦး ရှင်းပလား (မှန်ပါ့)။

ဪ ဒကာ ဒကာမတွေ ရောလုပ်တာ ခင်ဗျားတို့ကကုသိုလ်ဟာ သူ့ချည့်သက်သက်အဖြူဘဲ၊ သို့သော် ဘုံဘဝကိုလိုချင်တဲ့ ဆန္ဒတဏှာကလေးနဲ့ ရောလိုက်တော့ ဦးကျော်မောင်အမဲ,အဖြူရောတယ် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ လုပ်တဲ့ကုသိုလ်ဟာ အမဲ,အဖြူမှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား) ဒါဖြင့် အမဲ,အဖြူဆိုတာ လုပ်ကောင်းတာလား၊ မလုပ်ကောင်းတာလားလို့မေးတဲ့အခါကျတော့ မေးမနေပါနဲ့တဲ့၊ သူ့ကိုကျေးဇူးပြုနေတဲ့ အဝိဇ္ဇာနဲ့ပြုလုပ်တာ (မှန်ပါ့) ခိုင်းလို့သူလုပ်နေတာ၊ ကဲ လုပ်ကောင်း,မလုပ်ကောင်း စဉ်းစားပါ (မလုပ်ကောင်းပါ ဘုရား)။

သူအုပ်ချုပ်နေတဲ့ အဝိဇ္ဇာကြောင့်လုပ်ဖြစ်တာကိုး (မှန်ပါ့) ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

နောက်က ဟင်္သာတက ဒကာမကြီးတွေ မြင်ရဲ့လား (မြင်ပါတယ် ဘုရား) အေး နောက်က ဟို လူစုတွေ တွေ့ရဲ့မဟုတ်လား (တွေ့ပါတယ် ဘုရား)။

”အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ပေါ်ပြီ၊ အဲ့ဒီ တစ်ခန်းတည်းကိုအခုပြောနေတယ်၊ ဒီ့ပြင်အခန်းကို မကြည့်ပါနဲ့ (မှန်ပါ့ ဘုရား)။

အောက်နား သွားကြည့်တဲ့အခါကျတော့ သူ့အောက်နားက လွန်လေပြီးသောအတိတ်ကာလလို့ မပါဘူးလား (ပါပါတယ် ဘုရား)။

လွန်ခဲ့သောဘဝက မှားချက်

အဲ့ဒါ ခင်ဗျားတို့ လွန်ခဲ့သောဘဝက မှားချက် နှစ်ခု (မှန်ပါ့) အတိတ်အကြောင်းတစ်လွှာတဲ့၊ ဒါ အတိတ် အကြောင်းကွတဲ့၊ ဟုတ်လား (မှန်ပါ့) အောက်သွားလိုက်တော့ ဘာသစ္စာတဲ့လဲ (သမုဒယသစ္စာပါ ဘုရား)။

ကဲ ခင်ဗျားတို့က ကုသိုလ်ကို ကောင်းတယ်လို့ထင်နေတယ်၊ ဘုရားကဘာသစ္စာတဲ့တုံး (သမုဒယသစ္စာပါ ဘုရား) ကုသိုလ် သမုဒယသစ္စာ (မှန်ပါ့) မောင်သစ် ဘယ်လောက်ဆိုးသွားသတုံး (ဆိုးပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ကို ဘုန်းကြီးက အတိအလင်း ပြောပါတယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့က ကုသိုလ်လုပ်တဲ့ ဥစ္စာကိုဘုန်းကြီးက ကုသိုလ်မကြိုက်လို့ မဟုတ်ပါဘူး၊ သစ္စာဖွဲ့ကြည့်ပါဆိုတော့မှ ပေါ်လာတယ် (မှန်ပါ့) ဘာပေါ်လာသတုံး (သမုဒယသစ္စာပေါ်လာပါတယ် ဘုရား)။

သမုဒယသစ္စာဆိုကတည်းက ဦးဘသော် ဒုက္ခသစ္စာပေးဖို့ဘဲရှိတယ် (မှန်ပါ့) သမုဒယသစ္စာက အကြောင်း ကိုးဗျ၊ ဒုက္ခသစ္စာအကျိုးပေးဖို့မှတစ်ပါး ဘာရှိသေးသတုံး (ဘာမှ မရှိပါ ဘုရား)။

ကြည့်လေ ကုသိုလ်ဗျ၊ သင်္ခါရဟာ ကုသိုလ်နော် (မှန်ပါ့) ကဲ ဘုံဘဝ ဆုတောင်းလုပ်တော့ တဏှာက ပါမနေဘူးလား (ပါ ပါတယ် ဘုရား) ပါတော့ သူကလဲ အကုသိုလ်မနေဘူးလား (နေပါတယ် ဘုရား) ကုသိုလ်နဲ့အကုသိုလ် မရောဘူးလား (ရောပါတယ် ဘုရား) တဏှာချည့်သက်သက်ဆိုရင်လဲ ခင်ဗျားတို့ လူခန္ဓာဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) ကုသိုလ်ကလေးကပါနေလို့ (မှန်ပါ့)။

ကဲ ဒါဖြင့် လူခန္ဓာဖြစ်အောင် အဝိဇ္ဇာသင်္ခါရဆိုတာ မိဿကသင်္ခါရ၊ ကုသိုလ်လဲပြုတယ်ကွ၊ တဏှာလည်း ခြံရံတယ်ကွ တဲ့ (မှန်ပါ့) မခြံရံဘူးလား (ခြံရံပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ဘာသစ္စာတဲ့တုံး (သမုဒယပါ ဘုရား)။

ကိုင်း နောက်က ဒကာမကြီးတို့လူစု သေသေချာချာ စဉ်းစားပါ၊ တွေ့တယ်မဟုတ်လား၊ စာကို သေသေချာချာကြည့်ပါ (တွေ့ပါတယ် ဘုရား) ဘာသစ္စာတဲ့တုံး (သမုဒယသစ္စာပါ ဘုရား)။

ဘယ်နည်းနဲ့ ကောင်းဦးမှာတုံးဗျ ဒီဥစ္စာ (မှန်ပါ့ ဘုရား) မကောင်းတော့ပါဘူး၊ ကံကလဲ အမဲအဖြူရောတဲ့ကံဗျ (မှန်ပါ့) မရောဘူးလား (ရောပါတယ် ဘုရား)။

သင်္ခါရမှာ အမဲအဖြူမရောဘူးလား (ရောပါတယ် ဘုရား) ကုသိုလ်လဲ သူပြုပါတယ်တဲ့၊ အခုလဲ ကျန်းမာစေချင်တယ် ခန္ဓာကိုယ်ကြီးကို၊ အင်း နောက် ရောက်ရာဘဝလဲ ကျန်းမာစေတော့ ချမ်းသာစေတော့ဆိုတာလဲ ဒါကလဲ ပါလိုက်သေးတော့ကို စဉ်းစားမိကြပလား မိဿကဖြစ် မဖြစ် (ဖြစ်ပါတယ် ဘုရား)။

မိဿက ဘယ်နှယ့်ကြောင့် လုပ်ဖြစ်တာတုံးလို့ဆိုရင် မောင်သစ်အဖြေထွက်စမ်းပါ (အဝိဇ္ဇာအုပ်ချုပ်ထားလို့ ပါ ဘုရား)။

အဝိဇ္ဇာအုပ်ချုပ်ထားတယ် (မှန်ပါ့) ကဲ ကုသိုလ်ကောင်းသလား မကောင်းဘူးလား ဒီကုသိုလ်မျိုးဘဲပြောပါတယ် (မကောင်းပါ ဘုရား)။

သမုဒယသစ္စာဆိုတာ ပယ်ရမည့်သစ္စာ

မကောင်းတာကောင်းတာ ကိုမြမောင်က ဘာမှ ခင်ဗျားတို့က ဆင်ခြေလဲနေဖို့မရှိဘူး၊ သစ္စာဖွဲ့ကြည့်လိုက် (မှန်လှပါ) ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာဆိုတာ ပယ်ရမည့်သစ္စာလား၊ ဆောင်ထားရမည့်သစ္စာလား (ပယ်ရမည့် သစ္စာပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

တရားစစ်ပြောတော့ ဒါ ပြောရတော့မယ် ဦးခင်မောင်ရ (မှန်လှပါ) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ဖုံးကွယ်ဝှက်ပြီးသကာလ ခင်ဗျားတို့စီ သာမညတရားနဲ့ သာမညဆရာသမားနဲ့ အလှူခံစားဆိုလို့ရှိရင် ဒီ သမုဒယသစ္စာအကောင်းလို့ ခေါ်ရမှာပေါ့ (မှန်ပါ့)။

မောင်သစ် ဘယ်နှယ့်တုံး (သမုဒယသစ္စာ အကောင်းလို့ခေါ်ရမှာပါ ဘုရား) အကောင်းလို့ခေါ်ရမယ် (မှန်ပါ့) ခင်ဗျားတို့လဲ ကြားနေရမှာဘဲ (ကြားပါတယ် ဘုရား)။

သမုဒယသစ္စာအကောင်းလုပ်ဟောနေတာ၊ သစ္စာက ဖောက်ပြန်သလား၊ မဖောက်ပြန်တာ သစ္စာလို့ခေါ်သလား (မဖောက်ပြန်တာ သစ္စာလို့ခေါ်ပါတယ် ဘုရား)။

ဖောက်ပြန်ဦးမှာလားသူက (မဖောက်ပြန်ပါ ဘုရား) ဒုက္ခသစ္စာမှတစ်ပါး၊ သူအကျိုးပေးပါ့မလား (မပေးပါ ဘုရား) ဘာပေးမတုံး၊ သူပေးရင် (ဒုက္ခသစ္စာဘဲ ပေးပါမယ် ဘုရား) သေချာပလား (သေချာပါပြီ)။

ကဲ ခင်ဗျားတို့က ကုသိုလ်ဆိုယင် ကျုပ်တစ်နေ့က ဥပုသ်နေ့က ပြောသလို နည်းရောင်း,များရောင်း ကုသိုလ်ဆိုတာစုဟေ့ တောင်းပြည့် ပြီးရောဘဲ၊ ဦးကျော်မောင် မိုးကြိုးပစ်တာထက် နာသေးတယ်ဒီဟာ၊ မနာဘူးလား (နာပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ မောင်သစ် မိဿက ဖြစ်နေတယ်ကွ (မှန်ပါ့) ဘုံဘဝလိုချင်တာက (အမဲ) ပြုတဲ့ ကုသိုလ်က (အဖြူပါ ဘုရား) အမဲ-အဖြူကို ရောချထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အမဲ-အဖြူရောချထားတော့ကို ဘာသစ္စာဖြစ်သွားသတုံး (သမုဒယသစ္စာဖြစ်ပါတယ် ဘုရား)။

ကိလေသဝဋ် ကမ္မဝဋ်

ကဲ ဒါဖြင့် ကြည့်လိုက်၊ အဝိဇ္ဇာကလည်း သမုဒယသစ္စာ (မှန်ပါ့) သင်္ခါရကလဲ ဒီမြှားကြည့်ပါ၊ သမုဒယသစ္စာဘဲ (မှန်ပါ့) ကဲ ဒီမြှားအတိုင်း လိုက်ကြဦးစို့ ဆိုတော့ အဝိဇ္ဇာကဆက်ပြီး အထက်ကြည့်လိုက်စမ်း၊ ကိလေသဝဋ်လို့ ဆိုထားတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ကဲ သင်္ခါရကနေ အထက်ဆက်ပြီး မြှားအတိုင်းလိုက်၊ သူညွန်ပြလိုက်တဲ့နေရာ ကြည့်လိုက်တော့ (ကမ္မဝဋ်ပါ ဘုရား)။

ကိုင်း ခင်ဗျားတို့အကောင်းလား၊အဆိုးလား၊ ဘုန်းကြီးက ဘာပြောနေစရာလိုသေးတုံး (မလိုပါ ဘုရား)။

ဒါ မနေ့ကလဲ ရှင်းပြီးပြီ (မှန်ပါ့) မရှင်းသေးဘူးလား (ရှင်းပါပြီ) ပေါ်ကြရဲ့လား၊ နောက်က ဒကာ ဒကာမတွေ (ပေါ်ပါတယ် ဘုရား) ဘာဝဋ်တွေများ ခင်ဗျားတို့လုပ်နေကြသတုံး (ကိလေသဝဋ်-ကမ္မဝဋ်တွေ လုပ်နေပါတယ် ဘုရား)။

အဝိဇ္ဇာဝဋ်ထဲလဲကြည့်လိုက်၊ အထက်ကိုမြှားတွေနဲ့ ကြည့်လိုက်တဲ့အခါကျတော့ မြှားထောင်ပြတယ် ကိလေသဝဋ်ကွ (မှန်ပါ့) သင်္ခါရကလဲ မြှားထောင်ပြလိုက်တဲ့ နေရာကြည့်လိုက်တော့ ဘာတဲ့တုံး (ကမ္မဝဋ်ပါ ဘုရား)။

ယောင်ချာချာလုပ်နေလို့ မတော်ဘူး

ဟော ဦးဘသော်ကြီး ယောင်ချာချာလုပ်နေလို့ မတော်ဘူး၊ ယောင်ချာချာ မိဘရိုးရာနဲ့ ခင်ဗျားတို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

ဦးမြမောင်တို့ ဒီရောက်လာတာ ကံကောင်းတယ် အောက်မေ့ပါ (မှန်ပါ့) နို့မဟုတ်ရင် ဒီဥစ္စာ ခင်ဗျားတို့ ကုသိုလ်ဆိုရင် အကောင်းချည့်ဘဲလို့ တစ်ခါတည်း ဆုံးဖြတ်ချက်ချမယ် (မှန်ပါ့) သမုဒယသစ္စာလို့ ဟောတဲ့ပုဂ္ဂိုလ် အလွန်နည်းပါလိမ့်မယ် (မှန်ပါ့) စင်စစ်တော့ သူဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) နားကြီးကြီးနဲ့ထောင်မှရမယ်နော် ဦးမြမောင်သမုဒယသစ္စာတဲ့၊ ဘာကြောင့် သူ့ကိုသမုဒယသစ္စာဆိုရပါလိမ့်မတုံးလို့ မောင်သစ်က မေးယင် အဝိဇ္ဇာ အုပ်ချုပ်လို့ (မှန်ပါ့ ဘုရား)။

ကဲ ဦးဘသော် အဝိဇ္ဇာအုပ်ချုပ်သလား၊ မချုပ်ဘူးလား (အုပ်ချုပ်ပါတယ် ဘုရား)။

သစ္စာမသိတဲ့ပုဂ္ဂိုလ်မို့ ဒီကုသိုလ်နဲ့ဒီဆုတောင်းလုပ်တာပေါ့ဗျ (မှန်လှပါ) သစ္စာသိတဲ့ပုဂ္ဂိုလ်ဖြစ်ရင် ဒီကုသိုလ်မျိုး ကိုလဲ မလုပ်ဘူး၊ တစ်ခြားကုသိုလ်လုပ်တော့မယ် (မှန်ပါ့) ဒီဆုတောင်းလဲ မလာတော့ဘူး၊ လာပါ့မလား (မလာပါ)။

ဘုံဘဝမလိုချင်တဲ့ ကုသိုလ်လုပ်မှာဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့) ဘုံဘဝဆုတောင်းတဲ့ တဏှာကိုလဲ သတ်ပစ် မှာဘဲ (မှန်ပါ့) အခုတော့ သတ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) အခုတော့ အားထုတ်တာဘဲရှိတော့တယ် (မှန်ပါ့)။

ကဲ ဒါကြောင့် ခင်ဗျားတို့ ဦးကျော်မောင် ခင်ဗျားကလဲ မိတ္ထီလာကလာပြီး ဆရာကောင်းသမားကောင်းနဲ့ လာတွေ့တယ်၊ ဦးမြမောင်ကလဲ ရမ်းလိုက်လာပြီးလာတွေ့တော့ တို့လုပ်သ၍အမှားချည့်ပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အမှားချည့်ဘဲဗျ (မှန်ပါ့) သမုဒယသစ္စာချည့် လုပ်လာကြတယ် (မှန်လှပါ) သမုဒယသစ္စာချည့် လုပ်လာကြတယ်ဆိုရင် ဦးကျော်မောင် ဘာသစ္စာအကျိုးပေးရမှာတုံး (ဒုက္ခသစ္စာ အကျိုးပေးမှာပါ ဘုရား)။

ကဲ ငြင်းဖို့လိုသေးသလား မောင်သစ် (မလိုပါ ဘုရား) မလိုတော့ပါဘူးဆိုတာ ဒကာ ဒကာမတွေပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဦးမြမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) နောက်ကျတော့ ဘုန်းကြီးက ကုသိုလ်အစစ်လုပ်နည်း ပြောမှာပေါ့ဗျာ (မှန်ပါ့)။

အခုတော့ ခင်ဗျားတို့ လုပ်လာတဲ့ အမှားတော်ပုံကြီးကိုမှ မှားတာကိုမှမှားမှန်းမသိတော့ အမှားဖော်နေတာလို့ မှန်ရမယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (အမှားဖော်နေတာပါ ဘုရား) အမှားကိုဖော်ပြောနေတာ (မှန်ပါ့) ကဲ ခင်ဗျားတို့ အခုဒီနေ့ကြားရတာဘဲဗျ (မှန်ပါ့) ဒီ့အပြင်တော့ မကြားရဘူး (မကြားရပါ ဘုရား)။

မကြားရဘူး၊ မင်းတို့’နိဗ္ဗာနပစ္စယော’ဆိုရင် ပြီးတာပဲကွာ၊ ဒါကုသိုလ်ပဲ အစရှိသည်နဲ့ ဒီလောက်ကလေးနဲ့သာ တင်းတိမ်နေတာပဲ (မှန်ပါ့)။

နိဗ္ဗာန်မရမီစပ်ကြားဆိုတာ

မဟုတ်သေးဘူးတဲ့ ခင်ဗျားတို့က မိဿကကုသိုလ်လုပ်ထားတယ်၊ ကုသိုလ်လဲလုပ်တယ်၊ ဘုံဘဝလဲ နိဗ္ဗာန်မရမီစပ်ကြားလဲ ဆက်လိုက်ချင်သေးတယ် (မှန်ပါ့) နိဗ္ဗာန်မရမီစပ်ကြားဆိုတာ ဒီဘုံဘဝပေါ့ဗျ (မှန်ပါ့)။

၂-နံပါတ်မလိုချင်ပေဘူးလား (လိုချင်ပါတယ် ဘုရား) လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ မလာပေဘူးလား (လာပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား) ဘယ်တုန်းကလုပ်ခဲ့တာတွေတုံး (အတိတ်ကလုပ်ခဲ့တာပါ ဘုရား)။

အဲ လွန်လေပြီးသောအတိတ်က လုပ်ခဲ့တယ်တဲ့၊ ဟ ဘာဝဋ်နှစ်ခုများ လုပ်ခဲ့ပါလိမ့်မတုံး (ကိလေသဝဋ်-ကမ္မဝဋ်ပါ ဘုရား)။

ကိုင်း ခင်ဗျားတို့ ဝဋ်ပြတ်မှ နိဗ္ဗာန်ရောက်မည့်ဥစ္စာ ဝဋ်လုပ်နေကတည်းက သွားပြီ (မှန်ပါ့) ကဲ ဦးကျော်မောင် ဝဋ်ပြတ်မှ နိဗ္ဗာန်ရောက်တယ်မဟုတ်လား (မှန်လှပါ ဘုရား) နို့ ဘာတွေလုပ်နေကြသတုံး (ဝဋ်တွေလုပ်နေကြပါတယ် ဘုရား) ဘာဝဋ်နဲ့ ဘာဝဋ်တုံး (ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပါ ဘုရား)။

ဒါ ဘုန်းကြီးကပြောတာလား၊ အဝိဇ္ဇာကလဲ ဘုရားကကိလေသဝဋ်လို့ ဟောတာမှတပါး ဘာမှမရှိဘူူး (မှန်ပါ့) ဒီကလဲ စေတနာသင်္ခါရကို “စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ”ဆိုတော့ ကမ္မဝဋ်မှတစ်ပါး ဘာဟောစရာရှိသေးသတုံး (မရှိပါ ဘုရား)။

ခင်ဗျားတို့ ဘုန်းတော်ကြီးတွေ ရွတ်နေတာ ကြားမှာပေါ့ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဆိုတာ ကမ္မဝဋ်ဟောတာဘဲ (မှန်ပါ့)။

အဲ ခင်ဗျားတို့ကတော့ ဒါကို အကောင်းကြီးပေါ့လေ (မှန်ပါ့) အကောင်းကြီးထင်နေတယ်၊ စင်စစ် ဝဋ်နဲ့တွေးလိုက်တဲ့အခါကျတော့ ဘာဝဋ်ဖြစ်သွားသတုံး (ကမ္မဝဋ်ပါ ဘုရား)။

ကမ္မဝဋ်ဖြစ်သွားတယ်ဆိုကတည်းက ဪ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်ပြီ၊ ကမ္မဝဋ်ဖြစ်လို့ရှိရင် သေသည်၏အခြားမဲ့၌ ဝိပါကဝဋ်ဆိုတာလာတော့မှာဘဲ (မှန်ပါ့ ဘုရား) ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား) မလိုတော့ဘူး။

ဒါဖြင့် အတိတ်ဘဝက ခင်ဗျားတို့ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကြောင့် ပြုချင်သလိုပြုတဲ့ အကုသိုလ်သင်္ခါရနဲ့ ဘုံဘဝဆုတောင်းတဲ့ ကုသိုလ်သင်္ခါရနှစ်ခုကို လုပ်ခဲ့တယ် (မှန်လှပါ ဘုရား)။

ဦးဘသော် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲ့ဒီတော့ ဒါကို အကြောင်းအကျိုးကင်းပါသလားလို့မေးတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ဟုတ်ကော ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား) မသိလို့ဆိုတာဘဲ (မှန်လှပါ) ဦးကျော်မောင် မသိလို့လုပ်တယ် (မှန်လှပါ) ထောက်ကြည့်စမ်း (မသိလို့လုပ်ပါတယ် ဘုရား) ကဲ မသိလို့ပြုလုပ်တာဘဲ (မှန်ပါ့) တယ်လဲဆိုးဝါးပါကလား (ဆိုးဝါးပါတယ် ဘုရား)။

မသိလို့ပြုလုပ်တာဘဲ၊ ဒီ့ပြင်ကုသိုလ်တွေ လုပ်စရာတွေအများကြီးဘဲ (မှန်ပါ့) မရောဘဲနဲ့ဗျာ အမဲမရောဘဲနဲ့ ဆိုတော့ အများသားဘဲ (မှန်ပါ့)။

အခုတော့ အိမ်သားကျန်းမာအောင် ဆွမ်ကျွေးဆိုတော့ ခန္ဓာငဲ့တာ (မှန်ပါ့) ခန္ဓာခင်တွယ်တဲ့ တဏှာပါသွားပြီ (ပါ ပါတယ် ဘုရား)။

အားလုံး အန္တရာယ်ကင်းအောင် ဆွမ်းကျွေးဆိုတော့ သွားပြီ သွားပြီ၊ ခင်တွယ်တဲ့ တဏှာကောမပါဘူးလား (ပါ ပါတယ် ဘုရား) ကုသိုလ်ကော မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား) ဒါဖြင့် ဘာဝဋ်တဲ့တုံး (ကမ္မဝဋ်ပါ ဘုရား)။

ကမ္မဝဋ်၊ ဘယ်နှယ့်ကြောင့် လုပ်ဖြစ်တာတုံး၊ ခန္ဓာခင်လို့ဆိုတာ အဝိဇ္ဇာနဲ့မသိလို့ခင်တာ (မှန်ပါ့) မသိလို့ခင်တော့ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်လုပ်တယ် (မှန်ပါ့)။

ဦးဘသော် နှင်ထုတ်ပစ်ဖို့ကောာင်းပြီ၊ နောက်ကဟာတွေမှားချက်ကဖြင့် သန်လိုက်တာဆိုတဲ့ဥစ္စာ (မှန်ပါ့) ဦးမြမောင်ဂျွမ်းထိုးသေဖို့ဘဲ (မှန်လှပါ)။

မသိခင်တုန်းကတော့ ကိုယ့်ဟာကိုယ် အတော်ဟုတ်နေတာဟင် (မှန်လှပါ) မသိခင်တုန်းကတော့ ငါလုပ်တာ ဒါအထုပ်ကြီးကွနဲ့ပြောနေတာ၊ ဒီအထုပ်ကြီးပေါက်ရင် သေပါလိမ့်ဦးမယ်၊ ဒီအထုပ်ကြီးမှန်လို့ (မှန်ပါ့)။

အင်မတန် ကြောက်စရာကောင်းတယ်ဆိုတာ ဒါကြောင့် ဦးမြမောင် ခင်ဗျားကံကောင်းလို့ ဆရာကောင်းရှာပြီး ခင်ဗျားလိုက်လာတာ (မှန်ပါ့) တော် တော်သေးရဲ့ (မှန်ပါ့)။

ဦးကျော်မောင် သာမည ဆရာသမားတွေနဲ့တွေ့ရင် ငါးပါးမှောက်တယ် (မှန်ပါ့) မမှောက်ပေဘူးလားဗျာ (မှောက်ပါတယ် ဘုရား)။

ဟင် မှောက်လဲ မှောက်ခဲ့ပြီဗျ၊ မှောက်တယ်လို့ ပြောမနေနဲ့တော့၊ မမှောက်ခဲ့ဘူးလား (မှောက်ခဲ့ပါတယ် ဘုရား)။

မှောက်ခဲ့ပြီးပြီ၊ နည်းတာတွေမဟုတ်ဘူး၊ နည်းတာတွေမဟုတ်ဘူး (များလှပါပြီ ဘုရား) အကြိမ်များလှပြီ တဲ့၊

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

ဒါကြောင့် ပြောရတယ်၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ကိုဒီအတိုင်းနေတော့ ခင်ဗျားတို့က ဘယ်လောက်မှ မသိသေးဘူး၊ သစ္စာကြည့်လိုက်တဲ့အခါကျတော့မှ အရုပ်ဆိုးသွားတယ် (မှန်လှပါ) ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာဟာ ကောင်းကျိုးပေးလေ့ရှိသလား ဆိုးကျိုးပေးလေ့ရှိသလား (ဆိုးကျိုးပေးလေ့ရှိပါတယ် ဘုရား)။

ကဲ မောင်သစ် ပေါ်ပြီဗျ (ပေါ်ပါပြီ) ပေါ်ပြီ တဲ့ ဦးကျော်မောင် ဒါ ကုသိုလ်ဘက်က ဟောတာနော် အကုသိုလ်ချည့် သက်သက်ဆိုရင် ဘုန်းကြီးဟောစရာတောင် မလိုတော့ဘူး (မှန်ပါ့) ကုသိုလ်လုပ်တာတောင် မိဿကရောနေလို့ အများကြီးဟောနေရတယ် (မှန်ပါ့)။

ခင်ဗျားတို့ ဆွမ်းကလေး, ကွမ်းကလေး ကျွေးချင်လာကြတဲ့အခါကျတော့ ဘယ်အချိန်တုံး မေးတဲ့အခါကျတော့ စီးပွားရေးတက်တဲ့အချိန် (မှန်လှပါ ဘုရား) ဆွမ်း,ကွမ်းကလေး ကျွေးချင်တယ် (မှန်ပါ့) ဘာဖြစ်လို့လဲ တိုးသည်ထက် တိုးအောင်လို့ (မှန်ပါ့) လာပြီ၊ တဏှာကလာပြီ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ပြီးတော့ စီးပွားရေးကျပြန်တော့လဲ တို့အိမ် ဂြိုလ်ဝင်ထင်ပါရဲ့ကွာ၊ ဂြိုလ်ပြေ-နံပြေ ကျွေးကြဦးစို့ တဲ့ (မှန်ပါ့) သွားပြန်ပြီ၊ ခန္ဓာချည့်ငဲ့တာဘဲ (မှန်ပါ့) ဘာငဲ့သတုံး (ခန္ဓာငဲ့ပါတယ် ဘုရား)။

ခန္ဓာကို ငဲ့ကတည်းက ခန္ဓာငဲ့တာသည် ခန္ဓာက ဥပါဒါနက္ခန္ဓာကိုး (မှန်ပါ့) တဏှာကငဲ့တာ (မှန်ပါ့) ဒါကြောင့် သူ့ကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ သဘောကျကြပလား (ကျပါပြီ) ခန္ဓာက ဘာခန္ဓာတဲ့ဗျာ (ဥပါဒါနက္ခန္ဓာပါ) ဥပါဒါနက္ခန္ဓာ=ဥပါဒါန်၏ အာရုံကွ၊ သူ့ကိုငဲ့တယ်ဆိုကတည်းက တဏှာက ငဲ့တာ (မှန်ပါ့) မငဲ့သေးဘူးလား (ငဲ့ပါတယ် ဘုရား)။

ငဲ့ကတည်းကိုက ဒါဥပါဒါနက္ခန္ဓာ ငဲ့လိုက်ကတည်းကိုက ခင်ဗျားတို့စဉ်းစားကြည့်ပါလား၊ ဝဋ်ထွက်ကြောင်း ပါသေးရဲ့လား (မပါ ပါ ဘုရား) ဝဋ်ကိုပြန်လုပ်တာ (မှန်ပါ့) ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

အို ခင်ဗျားတို့ ဒီဆွမ်းမျိုးချည့်ကျွေးနေလို့ရှိရင် ဒီဘုရားမျိုးချည့် တည်နေကြမယ်ဆိုရင် ဂြိုလ်ပြေ နံပြေကြောင့် ချည့်တည်နေကြမယ်ဆိုရင်တော့ သွားပြီ (မှန်ပါ့)။

ဒီဘုရားတည်မှ ဒီဒေါင့်မှာ တံခွန်-ကုက္ကား မလေးပွားစိုက်ရမယ်ဆိုတဲ့၊ အာယု, နဂရ, ဘုမ္မိတွေနဲ့များ သွားနေရင်တော့ သွားပါပြီ (မှန်ပါ့)။

ခန္ဓာငဲ့ကတည်းက

နို့ဒါတွေကလဲ ခင်ဗျားတို့က မပါမပြီးတဲ့ အလုပ်တွေ၊ အခုခေတ်မှာ၊ အခုခေတ်မှာ (မှန်ပါ့) တေဇအရပ်မှာ ဘာလုပ်ရမယ်၊ ဘုရားတန်ဆောင်း လုပ်ရမယ်ကိုး၊ ဒါမှအသက်ရှည်မယ်ကိုး (မှန်ပါ့) ကဲ ခန္ဓာ ငဲ့-မငဲ့ (ငဲ့ပါတယ် ဘုရား)၊

ခန္ဓာငဲ့ကတည်းက ခန္ဓာက ဘာခန္ဓာတုံး (ဥပါဒါနက္ခန္ဓာ) ဘယ်သူကငဲ့တာတုံးဆိုတော့ ဥပါဒါန်က ငဲ့တာ(မှန်ပါ့)။

တဏှာဥပါဒါန်က ဘာတုံး (ငဲ့ပါတယ် ဘုရား) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

တဏှာဥပါဒါန် ဘာသစ္စာတုံး၊ ကြည့်လေ ဒီမှာ (သမုဒယသစ္စာပါ) အဲ ပေါ်နေပြီ မဟုတ်ဘူးလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် လူပြိန်း-သူပြိန်း ဒီကုသိုလ်တွေလုပ်လို့ တစ်ယောက်နိဗ္ဗာန်ရောက်ဖို့ ပါသေးရဲ့လား (မပါ-ပါ ဘုရား)။

ဒါနရှင်ကြီးတွေဗျာ ကဲ၊ ဒါနရှင်ကြီးတွေတဲ့ မောင်သစ် အခုပြောနေတာတွေ ကြီးကျယ်လိုက်တဲ့ တိုက်ကြီးတွေ တာကြီးတွေ တံခွန်တိုင်ကြီးတွေ ဟုတ်လား (မှန်ပါ့) ဒါနရှင်ကြီးတွေ ရောက်ပါ့မလားလို့ မေးကြည့်တော့ (မရောက်ပါ ဘုရား) စဉ်းစားမိပလား (မှန်ပါ့)။

”အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လုပ်နေတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဦးဘသော် ခပ်အေးအေးမနေနဲ့နော်၊ တရားစစ်တွေ့တဲ့အခါကျတော့ တွေ့ပြီလို့ ကိုယ့်ဟာကိုယ်နားကြီးကြီးထား (မှန်ပါ့) နားများသေးကြသေးသလား ကြီးလာပြီလား (ကြီးလာပါပြီ) နားသေးလို့မဖြစ်ဘူး၊ အစစ်ပြောရမှာ (မှန်ပါ့)။

သစ္စာဆိုတာက ဦးမြမောင် အမှန်ပြောရမှာ (မှန်ပါ့) ဘာသစ္စာချည့်လုပ်ခဲ့ကြသလဲ (သမုဒယသစ္စာချည့် လုပ်ခဲ့ပါတယ် ဘုရား)။

ဪ ငါသေရင် ဒုက္ခမှ ရောက်ပါ့မလားလို့ ဆိုတာသံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား) လုပ်တုန်းက မိဿကကိုး (မှန်ပါ့) ကုသိုလ်လဲပြုတယ်၊ ခန္ဓာလဲ ငဲ့တယ် (မှန်ပါ့) မငဲ့ဘူးလား (ငဲ့ ပါတယ် ဘုရား)။

ကုသိုလ်လဲပြုတယ်၊ ခန္ဓာလဲငဲ့တယ်ဆိုတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) အဲ ကုသိုလ်ပြုတယ် ဆိုတာလဲ သင်္ခါရဘဲ၊ ခန္ဓာငဲ့တယ်ဆိုတာကော (သင်္ခါရပါ ဘုရား) သိလို့လား မသိလို့လား (မသိလို့ပါ ဘုရား)။

ခန္ဓာဟာ ဒုက္ခသစ္စာကြီးမှန်း မသိလို့ သူငဲ့တာပေါ့ (မှန်လှပါ) ဒုက္ခသစ္စာမှန်းသိရင် (မငဲ့ပါ ဘုရား)။

မင်း ဘယ်လိုဘဲ ကျွေးကျွေး၊ ဘယ်လိုဘဲ မွေးမွေး၊ ဘယ်လိုဘဲ ဘုရားရှေ့ ဆုပန်နေနေ၊ မင်းအတွက်ကတော့ ဒုက္ခသစ္စာဟာ ဒုက္ခသစ္စာဘဲ၊ မင်းကျွတ်တဲ့ဆီကို ငါရောက်ချင်လို့ ကျွေးတယ်ဆိုတာလဲ ပြီးသွားတာဘဲ (မှန်ပါ့)။

မင်းကျွတ်တဲ့ဆီကို ငါရောက်ချင်လို့ ဘုရားတည်တယ်၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

အခုတော့ သူ့ကို ငဲ့ ငဲ့ နေတယ် (မှန်ပါ့) ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းမသိလို့ သုခသစ္စာဖြစ်အောင်မငဲ့ဘူးလား ငဲ့သလား (ငဲ့ပါတယ် ဘုရား)။

အိမ်မှာ မကျန်းမမာရှိကြတယ်၊ ဒါကြောင့် ဆွမ်းကလေး ကွမ်းကလေး၊ ပစ္စုပ္ပန်အကူအညီကလေး ပေးကြဦးမှဘဲ ဆိုတော့ ဒုက္ခသစ္စာသိလို့လား၊ မသိလို့လား (မသိလို့ပါ ဘုရား)။

မသိလို့ သုခသစ္စာဖြစ်မလားလို့ လုပ်ကြတာ (မှန်ပါ့) လုပ်ပင်လုပ်ငြားသော်လည်း ဘယ်နှယ့်နေသတုံး၊ သုခသစ္စာဖြစ် မဖြစ် (မဖြစ်နိုင်ပါ ဘုရား) ဖောက်ပြန် ပျက်စီးတာဘဲ (မှန်ပါ့)။

အမိုက်သစ္စာ

ဦးမြမောင်ရိပ်မိပလား (ရိပ်မိပါပြီ) ဦးဘသော်ကော (ရိပ်မိပါပြီ) ကဲ ဒါဖြင့် အတိတ်ဘဝက ခင်ဗျားတို့ လိမ်မာခဲ့လေသလား၊ မိုက်ခဲ့လေသလားဆိုတာ ဟောဒီသစ္စာက ပြောနေတယ် (မှန်ပါ့) သစ္စာက မပြောဘူးလား (ပြောပါတယ် ဘုရား) ဘာသစ္စာတုံး (သမုဒယသစ္စာပါ)။

သမုဒယသစ္စာဆိုတာ အမိုက်သစ္စာလား၊ အလိမ္မာသစ္စာလား (အမိုက်သစ္စာပါ) ကိုင်း-အတိတ်ဘဝက ခင်ဗျားတို့မိုက်ခဲ့တာကို ဘုန်းကြီးက ထုတ်ပြောနေဖို့ မလိုတော့ဘူး (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့အတိတ်ဘဝက ဒီမသိသလို သစ္စာမသိဘဲနဲ့ ကုသိုလ်သင်္ခါရတွေ ပြုပြီးသသကာလ ကုသိုလ်-အကုသိုလ်သင်္ခါရတွေ ပြုသောကြောင့် သေသည်၏ အခြားမဲ့၌ ၂ နံပါတ်သို့ ကူးသွားပြီလို့ ဦးမြမောင် မှတ်လိုက် (မှန်ပါ့)။

ဒီမှာ စပ်သွားပြီနော် (မှန်ပါ့) ၂-နံပါတ် ကူးသွားတော့ ပဋိသန္ဓေနေတဲ့ ဝိညာဏ်ဟုတ်လား၊ နာမ်ရုပ်တွေ မပေါ်ဘူးလား (ပေါ်ပါတယ်) မျက်စိ,နား,နှာခေါင်း,လျှာ,စိတ်တွေကော (ပေါ်ပါတယ် ဘုရား) ဖဿဝေဒနာတွေကော (ပေါ်ပါတယ် ဘုရား) ပေါင်းလိုက်တော့ ခန္ဓာငါးပါးဆိုလိုက်ပါတော့ (မှန်ပါ့) ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား) ဟော ပေါ်နေပြီ ခင်ဗျားတို့ ကုသိုလ်လုပ်တာ ဒုက္ခရောက်ပြီ (မှန်ပါ့) နားကြားလိုတော့ မကောင်းဘူးပေါ့ဗျာ၊ ကုသိုလ်လုပ်လို့ ဒုက္ခရောက်နေတာ (မှန်ပါ့)။

ဒုက္ခသစ္စာ အကျိုးပေးတယ်

မောင်သစ်အခုတော့ ရှင်းပလား (ရှင်းပါပြီ) ကုသိုလ်က ခင်ဗျားတို့က စင်စင်ကြယ်ကြယ်မှ မလုပ်ဘဲ မိဿက လုပ်ထားတာကိုးဗျ (မှန်ပါ့) မိဿက ဆိုတာ ရောလုပ်ထားတဲ့အတွက် ဘာသစ္စာအကျိုးပေးသလဲ (ဒုက္ခသစ္စာ အကျိုးပေးပါတယ်)။

ဪ ဘယ်တော့များ အကျိုးပေးပါလိမ့်မတုံးဆိုတော့ ဒုက္ခသစ္စာအထက်နားက ကြည့်လိုက်၊ ပစ္စုပ္ပန်အကျိုး (မှန်ပါ့) ဘာတဲ့တုံး (ပစ္စုပ္ပန်အကျိုးပါ ဘုရား)။

ကဲ အတိတ်အကြောင်း ခင်ဗျားတို့က ကြိုးစားခဲ့လို့ ပစ္စုပ္ပုန်အကျိုးတော့ ရပြီတဲ့၊ ဘာသစ္စာရသတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာရတယ်တဲ့၊ ဒုက္ခသစ္စာဆိုတာ ဘယ်ဟာတုံးမသိမှာဆိုးလို့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ,ဝေဒနာကွ ဟုတ်လား (မှန်ပါ့) အရေအတွက် မသိမှာဆိုးလို့ ပစ္စုပ္ပန်အကျိုးခြင်းရာ ငါးပါးကွ ပြောလိုက်တယ်၊ အရေအတွက်မသိမှာဆိုးလို့ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ကဲ ခင်ဗျားတို့ ခန္ဓာငါးပါးကြီးရထားတော့ ဒုက္ခသစ္စာကြီး (မှန်ပါ့) မောင်နိုင် ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခသစ္စာဆိုတော့ကိုတဲ့ ဒကာ ဒကာမတွေ ဒုက္ခသစ္စာခန္ဓာကြီး ရထားတယ်ဆိုတော့ ဪ ဒုက္ခသစ္စာ ခန္ဓာကြီးဟာ သိကြား,ဗြဟ္မာ ဘုရားလာဖန်ဆင်းလို့ ဒုက္ခသစ္စာပေါ်တာလား၊ အဝိဇ္ဇာသင်္ခါရတို့၏ အကြောင်းကြောင့် ပေါ်လာတာလား (အဝိဇ္ဇာသင်္ခါရတို့၏ အကြောင်းကြောင့် ပေါ်လာတာပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာသင်္ခါရက အကြောင်း ဝိညာဏ်,နာမ်ရုပ်,သဠာယတန,ဖဿ,ဝေဒနာက (အကျိုးပါ ဘုရား) အကျိုးဆိုတော့ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခဖြစ်တယ်၊ အလယ်ချင်းစပ်လိုက်ရင် (မှန်ပါ့) အကြောင်း သမုဒယကြောင့် (အကျိုးဒုက္ခဖြစ်ပါတယ် ဘုရား) အကျိုးဒုက္ခဖြစ်တယ်ဆိုတာ ဟင်္သာတက ဒကာမကြီး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တယ် အကျိုးပေးကောင်းတဲ့ ကုသိုလ်ပါလား ဦးမြမောင်ရေ (မှန်ပါ့) ဘာသစ္စာကြီးများရ ထားပါလိမ့် (ဒုက္ခသစ္စာကြီး ရ ထားပါတယ် ဘုရား)။

ဒါကြောင့် အခုခင်ဗျားတို့ အအို စိတ်ချရရဲ့လား၊ အနာ စိတ်ချရရဲ့လား၊ အသေ စိတ်ချရရဲ့လား (မချရပါ ဘုရား) ဘာသစ္စာမို့လဲ (ဒုက္ခသစ္စာမို့ပါ ဘုရား) သူက ပါနေတာကိုးဗျ၊ မောင်သစ် မပါဘူးလား (ပါပါတယ် ဘုရား)။

ဒီခန္ဓာထဲကဘဲ လေနာ ရင်နာတွေနဲ့ နေ့စဉ်ပူနေရတယ်၊ မပူရဘူးလား (ပူရပါတယ် ဘုရား) အစာ အာဟာရတွေနဲ့ကော (ပူရပါတယ် ဘုရား) ကျားကန်နေရတယ် မဟုတ်ဘူးလား (မှန်လှပါ)။

အင်း ဒီပြင့်ကျားကန်နေရတာ အဝတ်အထည်,အလိပ်တွေနဲ့ကော (ကျားကန်ရပါတယ် ဘုရား) ကျားကန်ရတာဘဲ။ ကောင်းကောင်းထားလို့ကိုရရဲ့လား (မရပါ ဘုရား) ဒီဘက်စောင်းရင် ဒီဘက်ညောင်းတာဘဲ (မှန်လှပါ) ဟိုဘက်စောင်းရင် (ဟိုဘက် ညောင်းတာပါဘဲ ဘုရား) အတည့်ထားပြန်ရင် အတည့်ညောင်းတာဘဲ (မှန်ပါ့) ဘယ်လိုထားလို့မှ ရရဲ့လား (မရပါ ဘုရား) ဘာသစ္စာမို့လဲ (ဒုက္ခသစ္စာမို့ပါ ဘုရား)။

အဲ့ဒါ ဒုက္ခသစ္စာမို့တဲ့၊ ဒါဖြင့် ခင်ဗျားတို့ အတိတ်က သိကြား-ဗြဟ္မာ, ဘုရားလာပြီး ဖန်ဆင်းလို့ ဒီဒုက္ခသစ္စာရ တာလား၊ အဝိဇ္ဇာသင်္ခါရတို့အကြောင်းတရား ဆက်လိုက်လို့ ဖြစ်တာလား (အဝိဇ္ဇာသင်္ခါရအကြောင်းတရားကြောင့် ရတာပါ ဘုရား)။

ဒါဝိစိကိစ္ဆာသတ်လိုက်တာ

အဲ့ဒါ ဒီနှစ်ခု သိသွားတာ တော်တော်အဖိုးတန်ပြီဗျ။ ငါဘယ်ကလာပါလိမ့်ဆိုတဲ့ သံသယကုန်သွားတယ် (မှန်ပါ့) ဒါဝိစိကိစ္ဆာသတ်လိုက်တာ (မှန်ပါ့) ဝိစိကိစ္ဆာသတ်လိုက်တာ (မှန်ပါ့) သောတာပန်တည်တော့မလို့ ဝိစိကိစ္ဆာသတ်လိုက်တာ (မှန်လှပါ)။

ခင်ဗျားတို့ ဘယ်သူဖန်ဆင်းလို့ ဒီခန္ဓာငါးပါးကြီးရပါလိမ့်မတုံးလို့ ဦးမြမောင်တို့၊ ဦးဘသော်တို့မေးရင် ဘယ့်နှယ့်ဖြေပါ့မလဲ (အဝိဇ္ဇာသင်္ခါရပြုပြင်လို့ရတာပါ ဘုရား) ဒါပဲ ဘယ်သူဖန်ဆင်းတာမှ မဟုတ်ဘူး။ သိကြား-ဗြဟ္မာ, ဘုရားလာပြီး ဖန်ဆင်းတာမဟုတ်ဘူး။ ထာဝရဖန်ဆင်းတာ မဟုတ်ဘူး၊ ဟင် သဘောကျပလား (ကျပါတယ် ဘုရား)။

အင်း ထာဝရဖန်ဆင်းတာမဟုတ်ဘူး၊ မဟာပိန္နိက ဖန်ဆင်းတာမဟုတ်ဘူး (မှန်လှပါ) ဒါ ဘာသေသွားသတုံး အကြောင်းအကျိုးနားလည်သွားပြီမဟုတ်လား (မှန်လှပါ) သမုဒယသစ္စာကြောင့် (ဒုက္ခသစ္စာ ဖြစ်တာပါဘုား) တိုတိုပြောရင် မဟုတ်ဘူးလား (မှန်ပါ့)။

ရှည်ရှည်ပြောချင်တော့ အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဖြစ်ပါတယ် ဘုရား (မှန်ပါ့) မောင်သစ် ဒါ ပြောရုံမှတစ်ပါး ဘာရှိသေးသတုံး (မရှိပါ ဘုရား) ဒါဖြင့်ခင်ဗျားတို့ အတိတ်နဲ့ပစ္စုပ္ပန် အကြောင်းအကျိုးဆက်တတ်ပလား (ဆက်တတ်ပါပြီ ဘုရား)။

ဒါဖြင့် သိကြား, ဗြဟ္မာ, ဘုရားလာပြီး ဖန်ဆင်းလို့ ယခုခန္ဓာကြီးရတာမဟုတ်ဘူး၊ အဝိဇ္ဇာ သင်္ခါရတည်းဟူသော အကြောင်းတရားကြောင့် ပေါ်လာတာ (မှန်ပါ့) ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ငါဘယ်ကလာပါလိမ့်မတုံးဆိုတဲ့ တွေးလုံးလာသေးရဲ့လား (မလာတော့ပါ ဘုရား) ဒါဖြင့် ဝိစိကိစ္ဆာသေပြီ (သေပါပြီ ဘုရား) ဝိစိကိစ္ဆာသတ်ပြတာ (မှန်ပါ့) မောင်သစ် ဘာသတ်ပြတာလဲ (ဝိစိကိစ္ဆာသတ်ပြတာပါ ဘုရား) ဝိစိကိစ္ဆာသတ်ပြတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

သမုဒယသစ္စာနှစ်ခုကြောင့် ဒုက္ခသစ္စာ ငါးခုဖြစ်တယ်

ဪ နေရာကျပြီတဲ့၊ အဲ့ဒီတော့ ဝိစိကိစ္ဆာတိုတို သတ်ချင်တော့ သမုဒယသစ္စာနှစ်ခုကြောင့် ဒုက္ခသစ္စာ ငါးခုဖြစ်တယ် (မှန်လှပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သမုဒယသစ္စာနှစ်ခုကြောင့် (ဒုက္ခသစ္စာငါးခုဖြစ်ပါတယ် ဘုရား) အဲ အခုရထားတာက ၁ကွက်မှာလား ၂ကွက်မှာလား ခင်ဗျားတို့ (၂ကွက်မှာပါ ဘုရား)။

အဲ့၂ကွက်မှာရထားကြတယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား) ဒါ အခု ဒီနေ့ကစပြီး နာရီဝက်သာသာ ဟောလိုက်တာ ဘာသတ်တာတုံး မေးတော့မှ ခင်ဗျားတို့ ဝိစိကိစ္ဆာသတ်နေတာ (မှန်လှပါ့)။

ဘာသတ်နေတာတုံး (ဝိစိကိစ္ဆာသတ်နေတာပါ ဘုရား) ခင်ဗျားဘယ်ကလာသတုံး ဦးမြမောင်ရ (အဝိဇ္ဇာ သင်္ခါရလာပါတယ် ဘုရား)။

အဝိဇ္ဇာသင်္ခါရကလာတယ်ဆိုတော့ အမေ-မိဘကြောင့်လာတာမဟုတ်ဘူး (မဟုတ်ပါ ဘုရား) ဖန်ဆင်းလို့ (မဟုတ်ပါ ဘုရား) လာတာမဟုတ်ဘူး၊ တပည့်တော်တို့ နောက်ဘဝက အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယသစ္စာလုပ်ခဲ့လို့ ဒီဘဝမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ပစ္စုပ္ပန်ကာလမှာ ဒုက္ခသစ္စာဖြစ်တယ် (မှန်လှပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်အကြောင်းကိုယ်အခုမှသိလာတယ် (မှန်လှပါ) ကိုယ့်အကြောင်းကိုယ် အခုမှသိလာတယ်ဆိုတော့ သိလာတယ်ဆိုကတည်းကိုက သံသယရှိသေးရဲ့လား မရှိတော့ဘူးလား (သံသယမရှိတော့ပါ ဘုရား)။

အဲ သံသယမရှိတော့ဘူး၊ သံသယမရှိရင် ဝိစိကိစ္ဆာသေတာ (မှန်လှပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သံသယမရှိရင် (ဝိစိကိစ္ဆာသေပါတယ် ဘုရား) ဝိစိကိစ္ဆာသေတာဘဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဝိစိကိစ္ဆာသေပလား (သေပါပြီ ဘုရား) ခင်ဗျားတို့ဘယ်ကလာခဲ့ကြသလဲ (အဝိဇ္ဇာသင်္ခါရက လာခဲ့ပါတယ် ဘုရား) အခုဘယ်ထဲရောက်နေသတုံး (ဒုက္ခသစ္စာထဲရောက်နေပါတယ် ဘုရား) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ရောက်နေတယ် (မှန်ပါ့)။

ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဟုတ်မှ ဟုတ်ကဲ့လား ခန္ဓာကိုယ်ထဲမှာ အို,နာ,သေ ပါရဲ့လား (ပါ ပါတယ် ဘုရား) ခဏခဏ ပြောင်းရ၊လွှဲရဖြစ်ပျက်တွေကော ပါရဲ့လား (ပါ ပါတယ် ဘုရား) အင်း ဒါတွေ ဘာသစ္စာတုံး (ဒုက္ခသစ္စာတွေပါ ဘုရား)။

အဲ ဒါဟာ ခင်ဗျားတို့ လိုချင်လို့ ရထားတဲ့ ဒုက္ခသစ္စာလား၊ မလိုချင်ဘဲနဲ့ရထားတာလား (မလိုချင်ဘဲနဲ့ ရထားတာပါ ဘုရား) ဟာ ဘယ်ဟုတ်မလဲဗျ၊ လိုချင်လို့ ရထားတာ၊ အတိတ်ကလိုချင်ခဲ့တယ် (မှန်ပါ့) မသိတော့ ကုသိုလ်ပြုပြီးသကာလ ဒီခန္ဓာကြီးလိုချင်ခဲ့တယ်နော် (မှန်ပါ့ ဘုရား)။

လိုချင်လို့ရထားတာ

ဒါဖြင့် လိုချင်လို့ရထားတာလား၊ မလိုချင်လို့ရတာလား (လိုချင်လို့ရတာပါ ဘုရား)။

ကဲ ဦိးကျော်မောင် လိုချင်လို့ရရင်တော့ သိပ်တော့ခက်ပြီ (မှန်ပါ့) လိုချင်လို့ရရင်တော့ သိပ်ခက်ပြီဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တစ်ချို့ဒကာ ဒကာမတွေက ညည်းသေးတယ်၊ ဒီသား ဒီသမီးတွေနဲ့ ဒီသားဆိုး၊သမီးဆိုးတွေနဲ့ ဘယ်တော့များ ခွဲရပါ့မတုံးတဲ့၊ ဆုတောင်းထားတာ ကုန်မှမကုန်သေးဘဲ၊ ဘယ်ကလာခွဲရမှာတုံး (မှန်ပါ့ ဘုရား) ဟင် သူလုပ်ထားတဲ့ အကြောင်းက နည်းနည်းနောနောအကြောင်းလားဗျ၊ ငှက်ဖြစ်တောင် တစ်ကိုင်းတည်းက ပါနေတယ် (မှန်ပါ့ ဘုရား) ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား)။

ဒီဘဝကျမှ ဒေါမနဿနဲ့ သူညည်းလုံးထုတ်တာ (မှန်ပါ့) ဟိုတုန်းက ဥစ္စာက ဘယ်အခါကာလမှ မခွဲချင်တဲ့ သဘောမပါဘူးလား (ပါ-ပါတယ် ဘုရား)။

ဆုတောင်းပြည့်တာ

ဒါဖြင့် သူဒုက္ခသစ္စာကြီး အခုရထားတော့ ညည်းလုံးထုတ်နေတာ သူနည်းမှန်ဘဲလား တဲ့၊ ဆုတောင်းပြည့်တာ ပြောနေတာလား (ဆုတောင်းပြည့်တာ ပြောနေတာပါဘုရား။

မောင်သစ် ဘာပြည့်သတုံး (ဆုတောင်းပြည့်တာပါ ဘုရား) ဘယ်လောက်ဝန်လေးမှန်းလဲမသိဘူး၊ ဒါလောက် ဝန်လေးမှန်းလဲမသိဘူး၊ အခုတော့ဖြင့် လွန်ကျွံကုန်ပြီ၊ ပြစ်ပါတော့လားဆိုတော့လဲ မဟုတ်သေးဘူးလေ ဦးမြမောင် ဒီလိုလာတာ (မှန်ပါ့)။

မဟုတ်သေးဘူးလေဆိုကတည်းကိုက ဒါလောက်မကြောက်ဘူး (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ဝိစိကိစ္ဆာသေသပလား (သေပါပြီ ဘုရား) သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပါတယ် (မှန်ပါ့ ဘုရား) အဝိဇ္ဇာသင်္ခါရကြောင့် (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဖြစ်ပါတယ် ဘုရား)။

ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာကို ပဋိစ္စသမုပ္ပါဒ်လို့ဆိုရင် ဒါဘဲ (မှန်ပါ့) ယခု ရထားတဲ့ခန္ဓာလို့ ပြောရင် ခန္ဓာငါးပါးပြောရပါမယ် (မှန်လှပါ) ပေါ်ပလား (ပေါ်ပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါက တရားခွဲဟောထားပြီ မောင်သစ်ရဲ့ ဘာသတ်တာတုံး (ဝိစိကိစ္ဆာသတ်တာပါ ဘုရား) ဒိဋ္ဌိသတ်ပေးဦး မယ် (မှန်ပါ့) ဒါ ဝိစိကိစ္ဆာကုန်သွားပြီ (မှန်ပါ့)။

ဒိဋ္ဌိသတ်ပေးဦးမယ်

ဒိဋ္ဌိသတ်ပေးဦးမယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ပါနော် (မှန်ပါ့) ဒိဋ္ဌိသတ်တော့မယ်ဆိုတော့ အတိတ်ဘဝက သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကြောင့် ပြုချင်သလိုပြုတဲ့ ကုသိုလ်သင်္ခါရဘုံဘဝဆုတောင်းတဲ့ သင်္ခါရတွေလုပ်ခဲ့တဲ့အတွက် ဒီဘဝမှာ ယောကျ်ား၊မိန်းမတွေ မွေးဖွားလာသသလား ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပေါ်လာသလား မေးယင် ဘယ့်နှယ့်ပြောကြမလဲ (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပေါ်ပါတယ် ဘုရား)။

အဲ ယောကျ်ား၊မိန်းမ နဂိုကိုက မပါဘူး (မပါပါ ဘုရား) ပါသေးရဲ့လား (မပါပါ) သားသမီးကော (မပါပါ ဘုရား) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပဲ (မှန်ပါ့) ခန္ဓာငါးပါးဘဲ၊ သစ္စာအားဖြင့် (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဘဲ ပေါ်လာတယ် (မှန်ပါ့)။

ဒါဖြင့် ဪ ဒါကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တစ်နည်းခန္ဓာငါးပါး၊ တစ်နည်း ဒုက္ခသစ္စာ (မှန်ပါ့)။

ဒီလိုသုံးမျိုးသိထားတော့ ဪ ယောကျ်ားလဲမပါလာ မိန်းမလဲမပါလာပါကလား၊ ဒီတရားတွေထဲ ထပ်ပြန် တလဲလဲ ဖြစ်နေပါကလား၊ ဒုက္ခသစ္စာတွေထပ်ပြန်တလဲလဲ ဖြစ်နေတာပါကလားလို့ မသိရဘူးလား (သိရပါတယ် ဘုရား)။

ဝိညာဏ်ဖြစ်လိုက်၊ နာမ်ရုပ်ဖြစ်လိုက်၊ သဠာယတနဖြစ်လိုက်၊ ဖဿဖြစ်လိုက်၊ ဝေဒနာဖြစ်လိုက် ဟုတ်လား (မှန်ပါ့ ဘုရား) ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဘယ်ကာလတုံးမေးတော့ ပစ္စုပ္ပန်အကျိုးတွေဘဲ ပစ္စုပ္ပန်ကာလ (မှန်ပါ့) ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ ဘုရား)။

ဖြစ်မှုနဲ့ပျက်မှုရှိတာ ဒုက္ခသစ္စာ

အဲ ဒုက္ခသစ္စာခန္ဓာကြီးဘဲ ရပြီးသကာလ ထားလို့ ဒုက္ခသစ္စာဆိုတာက စောစောစီးစီးမှတ်ထားလိုက်တာပေါ့ ဖြစ်မှုနဲ့ပျက်မှုရှိတာ ဒုက္ခသစ္စာလို့ မှတ်လိုက် (မှန်ပါ့ ဘုရား) ဖြစ်မှုနဲ့ပျက်မှုရှိတာ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီတော့ ဒီခန္ဓာငါးပါးဟာ ဦးမြမောင် ဖြစ်မှုနဲ့ပျက်မှုမှတစ်ပါး ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား) ဒါကြောင့် သူ့ကို ဒုက္ခသစ္စာလို့ခေါ်တယ် (မှန်ပါ့)။

ဦးဘသော် သဘောပါပလား (မှန်ပါ့ ဘုရား) ဟို ရမ်းဟောနေတဲ့ တရားမဟုတ်ဘူး ဒီဥစ္စာ (မှန်ပါ့) ရမ်းဟောနေတဲ့ တရား မဟုတ်ဘူး၊ ဘုရားဒေသနာတော်မှာ ဘုရားက ဒီလိုဟောလို့ ဘုန်းကြီးက ဒီလိုပြတာ (မှန်ပါ့ ဘုရား) ဒါက တစ်မျိုး (မှန်ပါ ဘုရား) ခန္ဓာကဒီလိုပြောလို့ ဘုန်းကြီးကဒီလိုပြတာ ဒါကတစ်မျိုး (မှန်ပါ့ ဘုရား)။

ဘုရားကလဲ ဘုရားယူလာတဲ့တရားလို့ ခင်ဗျားတို့က မထင်နဲ့ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ခန္ဓာကြည့်ပြီး ဘုရားကပဋိစ္စသမုပ္ပါဒ်လိုပြောတာ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ ဘုရားနဲ့ ဘယ်သူကအရင်ကျသတုံးလို့မေးရင် ဘယ့်နှယ်ပြောပါ့မယ် (ပဋိစ္စသမုပ္ပါဒ်က အရင်ကျပါတယ် ဘုရား)။

ဒါဖြင့် ဘုရားယူလာတာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ခင်ဗျားတို့က ဘုရားဟော ဘုရားဟောပြောနေလို့ ပြောပါတယ်၊ သူကနာမည်ပေးတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူကဘာပါလိမ့် (နာမည်ပေးတာပါ ဘုရား) နာမည်ပေးတာပါတဲ့၊ ပဋိစ္စသမုပ္ပါဒ်က သူမရှိရင်လဲရှိနေတာဘဲ၊ သူရှိလဲ (ရှိနေတာပါဘဲ ဘုရား)။

နို့မဟုတ်လို့ရှိရင် သူမရှိလို့ရှိရင် ဒုက္ခသစ္စာကြီး ကွယ်ရတော့မယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) အခုတော့သူမရှိ လဲ ဒုက္ခသစ္စာ ပေါ်ပေါက်နေတာဘဲ (မှန်ပါ့ ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ကိုယ့်ခန္ဓာရှိနေရင် ဒုက္ခသစ္စာရှိတယ်ဆိုတာ ဧကန်မှတ်၊ တကယ်မှတ်ပါ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီ ဒုက္ခသစ္စာဟာ ဒါဖြင့်ဝိညာဏ်ဟာလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဖဿပေါ်လဲ (ဒုက္ခသစ္စာပါ ဘုရား) ဝေဒနာပေါ်လဲ (ဒုက္ခသစ္စာပါ ဘုရား) ဦးမြမောင်ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဝိဇ္ဇာဖြစ်လို့ရှိရင် ကိစ္စပြီးတာဘဲ

ဒါဖြင့်ကျုပ်တို့ဉာဏ်နဲ့ ကြည့်ရင် ဒုက္ခသစ္စာချည့်တွေ့ရင်ဒါဟာ ကျုပ်တို့သည် အဝိဇ္ဇာလား ဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား)။

အဲ ဝိဇ္ဇာဖြစ်လို့ရှိရင် ကိစ္စပြီးတာဘဲတဲ့၊ အခုတော့ခန္ဓာကြည့်လိုက်ပြန်ရင် ကျုပ်ကဒုက္ခသစ္စာဘဲလို့ မတွေ့သေးဘူး၊ မောမှပန်းမှဒုက္ခသစ္စာ၊ သေမှကျေမှဒုက္ခသစ္စာ၊ ဒီလိုဖြစ်နေသေးတာ မှားနေတာကိုးဗျ (မှန်ပါ့ ဘုရား)။

ခန္ဓာကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း ဪ ဒုက္ခသစ္စာလို့ဆိုလို့ရှိရင် ခင်ဗျားတို့ဒီဝိဇ္ဇာဟာ ချုပ်ပြီးလို့ကြာလှပြီ၊ မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား)။

အခုတော့ ကြည့်လိုက်ပြန်လဲ ဒုက္ခသစ္စာမမြင်တော့ကို အဝိဇ္ဇာဘဲ ဒီဘဝလာဦးစီးနေတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲဒါဖြင့် ဒီဒကာ ဒကာမတွေ၌တဲ့ ယခု ခန္ဓာထဲမှာ ဘာဘဲပေါ်ပေါ်ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ဦးမြမောင် မနေ့က အလုပ်စဉ်ကလေး ရတယ်မဟုတ်လား (မှန်ပါ့) အဲ့ဒါဘာပေါ်ပေါ် ဒုက္ခသစ္စာဘဲ (မှန်ပါ့ ဘုရား)။

မြင်စိတ်ပေါ်လဲ ဖြစ်ပျက်ဒုက္ခသစ္စာဘဲ၊ ကြားစိတ်ပေါ်ကော ဖြစ်ပျက် ဒုက္ခသစ္စာပါ ဘုရား) အဲ ဒုက္ခသစ္စာ ချည့်လို့သာ စိတ်ထဲ မှတ်ထားလိုက်၊ ရှုချင်တော့ ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ဆိုတာ ဘာတုံး မေးတော့မှ ဒုက္ခသစ္စာလို့ သိ (မှန်ပါ့) ဖြစ်ပြီ ပျက်ပြီ၊ ဖြစ်ပြီ ပျက်ပြီ၊ ဖြစ်ပြီ ပျက်ပြီ နောက်က ဒကာမကြီးတွေ ဒါကို သိနေဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

သိနေတာကတော့ ဖြစ်ပြီး ပျက်နေတာဘဲ သိနေတယ်၊ ဒုက္ခသစ္စာဘဲ သိတာ၊ ဒီ ဒုက္ခသစ္စာထဲက ခန္ဓာကြီးကို ဘုန်းကြီးက ရေးပေးထားတာ ဒုက္ခသစ္စာထဲက မနာယတနဆိုတဲ့ စိတ်ကို ရေးပေးထားတာ (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာသိလို့ပေါ်လာတာ

အဲ့ဒီတော့ စိတ်မြင်လိုက်ရှိရင် ဖြစ်ပျက်ဘဲ တွေ့မှာဘဲ (မှန်ပါ့) ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲ တွေ့လို့ရှိရင် တွေ့တဲ့ဉာဏ်ကလေးက မဂ္ဂသစ္စာ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

မဂ်ဟာ ဆုတောင်းယူရတာလား၊ ဒုက္ခသစ္စာသိလို့ပေါ်လာတာလား (ဒုက္ခသစ္စာသိလို့ ပေါ်လာတာပါ ဘုရား)။

အဲ မဂ်ဟာ ဆုတောင်းလို့မရဘူး (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာသိမှ ပေါ်လာတယ် (မှန်ပါ့)ဘုရား ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့သည် ခန္ဓာထဲ ပေါ်လာသ၍ကို ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ချည့် တွေ့နေလို့ရှိရင်ဖြင့် ယောကျ်ား၊မိန်းမ၊ပုဂ္ဂိုလ်၊သတ္တဝါ၊ငါ၊ သူတစ်ပါးကို မတွေ့တော့ဘူး (မှန်ပါ့) အဲ့ဒါ ဒိဋ္ဌိ ကွာတာဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်တွေ့ရင် ဘာကွာသတုံး (ဒိဋ္ဌိကွာပါတယ် ဘုရား) ဖြစ်ပျက်မတွေ့ခင်ဘဲ ဪ စိတ်ကလေး ပေါ်လာပြီ သိရင်လဲ ဒိဋ္ဌိကွာတာဘဲ (မှန်ပါ့ ဘုရား)။

ဖဿကလေးပေါ်လာပြီ သိရင်လဲ (ဒိဋ္ဌိကွာပါတယ် ဘုရား) ဝေဒနာကလေး ပေါ်လာတာသိသွားရင်ကော (ဒိဋ္ဌိကွာပါတယ် ဘုရား) အေး ပျက်တာ သိရင်ကော (ဒိဋ္ဌိကွာပါတယ် ဘုရား)။

အဲ့ဒီတော့ ဖြစ်ပျက်ရှုတော့ ဒိဋ္ဌိကွာတယ် (မှန်ပါ့) ကြောင်း၊ကျိုးဆက်တတ်တော့ ဝိစိကိစ္ဆာကွာတယ် (မှန်ပါ့ ဘုရား)။

အကြောင်းအကျိုး ဆက်တတ်တော့ (ဝိစိကိစ္ဆာ ကွာပါတယ် ဘုရား) ဖြစ်ပျက်သိတော့ (ဒိဋ္ဌိကွာပါတယ် ဘုရား)။

ဒိဋ္ဌိကွာတယ်ဆိုတော့ ဪ ယနေ့ဆရာဘုန်းကြီးက တရားနှင့်စတယ် အလုပ်ကတော့ ပေးထားပြီ၊ သို့သော်လည်း နောက်က ပြန်သိမ်းနေတာနဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ သတ်ပြီးသကာလမှ အရှုခိုင်းတာဘဲ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာမသတ်ဘဲနဲ့ ရှုခဲ့လို့ရှိရင် ခင်ဗျားတို့ အာပေါက်အောင်ရှု၊ ဘယ်တော့မှနိဗ္ဗာန်မရဘူး (မှန်ပါ့) ဘယ်တော့မှ နိဗ္ဗာန်မရဘူးတဲ့၊ ဒိဋ္ဌိဝိစိကိစ္ဆာ မသတ်ဘဲနဲ့ ရှုခဲ့လို့ရှိရင် ဘယ်တော့မှ နိဗ္ဗာန်မရဘူး (မှန်ပါ့ ဘုရား) သဘောပါလား (ပါ ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဦးမြမောင်တို့ အရှုခိုင်းတော့ စိတ်ကလေးတွေအကုန်ရှု၊ ဆယ့်နှစ်မျိုးတောင် ဘုန်းကြီး ရေးပေးထားတယ် (မှန်ပါ့) ဒါကလေးဟာ ဖြစ်ပျက်ရှုပါ၊ ဒါကလေးဟာ ဖြစ်ပျက်ရှုပါ၊ ဒါကလေးဟာ ဖြစ်ပျက်ရှုပါဆိုတော့ ရှုတိုင်း ရှုတိုင်းဟာ ဘာသတ်နေတယ်လို့ ခင်ဗျားတို့ထင်သတုံး (ဒိဋ္ဌိသတ်နေပါတယ် ဘုရား)။

သောတပန်ဖြစ်ချင်ရင် ဒိဋ္ဌိသတ်

သောတပန်ဖြစ်ချင်ရင် ဒိဋ္ဌိသတ်ရပါတယ်၊ ပေါ်ပလား (ပေါ်ပါပြီ) သောတာပန်ဖြစ်ချင်ရင် ဘာမှမသတ်နဲ့၊ ဒိဋ္ဌိသတ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိစိကိစ္ဆာကို ဒီအထဲ ရောသတ်ချင်ပါသေးတယ် ဘုရား ဆိုလို့ရှိရင် ဥပမာ”နာမရူပစ္စယာ သဠာယတနံ” ဟုတ်လား နာမ်ရုပ်ကြောင့် သဠာယတနဖြစ်တယ် မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

အဲဒီတော့ ဒီစိတ်ကလေး ချုပ်သွားတယ်၊ စိတ်ကလေးက သဠာယတနကိုးဗျ (မှန်ပါ့) အင်း အကြောင်းချုပ်လို့ အကျိုးချုပ်တာဘဲလို့ သိလိုက်ရင် ဝိစိကိစ္ဆာပါသေးတယ် (မှန်ပါ့ ဘုရား)။

ဖြစ်တာလဲ သူ့အကြောင်းက ဖြစ်စေလို့ သူ့အကျိုးဖြစ်တာဘဲ (မှန်ပါ့) ပျက်တာလဲ သူ့အကြောင်းချုပ်လို့ သူ့အကျိုးချုပ်တာဘဲဆိုတော့ အကြောင်းဖြစ်၍ အကျိုးဖြစ်တာဘဲ၊ အကြောင်းချုပ်၍ (အကျိုးချုပ်ပါတယ် ဘုရား)။

အဲ့ဒီလိုသိသွားပြန်တော့လည်း အကြောင်းအကျိုး သိမ်းဆည်းပြီးရှုတဲ့ ဝိပဿနာ ဖြစ်လေသောကြောင့် ဒိဋ္ဌိဝိစိကိစ္ဆာ နှစ်ခုစလုံးကို သေစေတဲ့ ဝိပဿနာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါနဲ့ ဝိပဿနာရှုဆို ရောက်လာ ရှုကွာ ရှုကွာနဲ့ ဒီနည်းနဲ့မရဘူး (မှန်လှပါ) ဒီနည်းနဲ့မရဘူးတဲ့၊ နှစ်ပေါင်း လေးဆယ်အားထုတ်တာ မြင်းမြီးဆွဲ မောင်ဆန္နတို့ သူအကြောင်းအကျိုးမသိမ်းဆည်းတတ်တာနဲ့ နှစ်ပေါင်းလေးဆယ် အားထုတ်တာမရဘူး (မှန်ပါ့ ဘုရား)။

ဘုရားဆီမှာ သွားအားထုတ်တယ်(မှန်ပါ့)သူက အကြောင်းအကျိုးမနိုင်တော့ မသိမ်းဆည်းဘူး (မှန်ပါ့) မသိမ်ဆည်းတော့ မရဘူး၊ ဘုရားပရိနိဗ္ဗာန်စံပြီးမှ ရှင်အာနန္ဒာက ဒီပဋိစ္စသမုပ္ပါဒ်ပြသွားတော့မှ နိဗ္ဗာန်ရတယ် (မှန်ပါ့) ဘယ်လောက်များ ဆိုးဝါးသွားတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့တရား ဘယ်နှစ်ခုပြီးသတုံး ဘာ ဘာသတ်တုံးလို့မေးရင် ဘယ်နှယ့်ဖြေမလဲ (ဒိဋ္ဌိဝိစိကိစ္ဆာ သတ်ပါတယ် ဘုရား)။

အကြောင်းနဲ့အကျိုးဆက်တာသိရင် (ဝိစိကိစ္ဆာသေပါတယ် ဘုရား) အကြောင်းအကျိုးမှာလဲ ပုဂ္ဂိုလ်သတ္တဝါ မပါဘူး၊ ဖြစ်ပျက်သာပါတယ်လို့သိရင် (ဒိဋ္ဌိသေပါတယ်) ဒိဋ္ဌိသေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

စူဠသောတာပန် မဟာသောတာပန်

ဒါဖြင့် ဒီသေပုံ အခုတရားနာရင်းတော့ စူဠသောတာပန် (မှန်ပါ့) နောက်ပွားများလာတဲ့အခါ အမှန်မြင်လာလို့ရှိရင် မဟာသောတာပန်ဖြစ်မယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်တွေ အမှန်မြင်လာရင် (မဟာသောတာပန်ဖြစ်ပါမယ်) မဟာသောတာပန်ဖြစ်မယ်ဆိုတာ အခုရိပ်မိသွားပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ရှုတာကတော့ဖြင့် အခုအတိုင်းဘဲ ရှုပါ (မှန်လှပါ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။